နှလုံးသွင်းမှန်ရင် နိဗ္ဗာန်ရောက်တယ်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့- ဓမ္မာရုံ၌ဟောကြားတော်မူသော
နှလုံးသွင်းမှန်ရင် နိဗ္ဗာန်ရောက်တယ်
အလုပ်ပေးတရားတော်
(၁၇-၁၂-၁၉၆၁)
နှလုံးသွင်းမှန်ရင် နိဗ္ဗာန်ရောက်တယ်
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတွေ နှလုံးသွင်းမလွဲစေနဲ့လို့ သေသေချာချာ ဟောတယ်နော် (မှန်ပ့ါ)။
“ယောနိသော ဘိက္ခဝေ မနသိကာရာတော မဟတော အတ္ထာယ သံဝတ္တတိ” ဒီလိုဟောလိုက်တယ် (မှန်ပ့ါ)။
ဘိက္ခဝေ-ရဟန်းတို့၊ ယောနိသော အသင့်အားဖြင့် (ဝါ) မှန်ကန်သော အားဖြင့်၊ မနိသိကရောတော နှလုံးသွင်းသော ပုဂ္ဂိုလ်အား၊ မဟတော ကြီးစွာသော၊ အတ္တာယ-အကျိုးငှာ (ဝါ) နိဗ္ဗာန်ရောက်ခြင်း အကျိုးငှာ၊ သံဝတ္တတိ-ဖြစ်၏။ နှလုံးသွင်းမှန်ရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ) သေသေချာချာ မှတ်ကြပါ။ နှလုံးသွင်းမှန်ရင် နိဗ္ဗာန်ရောက်တယ်။
ဪ ဒါဖြင့် နိဗ္ဗာန်ရောက်ဖို့ရာ အလုပ်တစ်ခုကို ယနေ့ ထူးထူးခြားခြား ဘုရားဟောကို ထုတ်၍ ဟောပြန်တော့ နှလုံးသွင်းမှန်လို့ရှိရင်ဖြင့် နိဗ္ဗာန်ရောက်တာပါဘဲ (မှန်ပါ့)။
နှလုံးသွင်းမှန်လို့ရှိရင် နိဗ္ဗာန်ရောက်တယ်လို့ ဆိုသောကြောင့် ဒကာကြွယ် ဒီလိုမှတ်ကြပေတော့၊ ဖြုန်းကနဲဆိုတော့ နှလုံးသွင်းမှန် ဆိုတာ ဘာမှန်းမသိဘဲနေမှာစိုးရတယ် (မှန်ပ့ါ)။
ဒီခန္ဓာကိုယ်ကြီးက ပင်ကိုကလဲ သဗ္ဗေသင်္ခါရာ အနိစ္စာဆိုသောကြောင့် ဖြစ်ပြီးပျက်တဲ့ အနိစ္စ (မှန်ပ့ါ) ဝေဒနာကြည့်လိုကလဲ အနိစ္စ (မှန်ပ့ါ)၊ ရုပ်ကြည့်လိုက်လဲ (အနိစ္စပါပဲ)။
ဉာဏ်နဲ့ မျက်လုံးမှိတ်ပြီး ကြည့်လိုက်တဲ့အခါ
ဒီလိုတွေ့လို့ရှိရင် ခန္ဓာထဲမှာ ဉာဏ်နဲ့ မျက်လုံးမှိတ်ပြီး ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင် ဝေဒနာကလေးတွေ ကြည့်လိုက်လဲ ဒီနေရာပေါ် ဒီနေရာပျောက်၊ အနိစ္စကလေးတွေပဲ (မှန်ပါ့) စိတ်ကလေး တွေလဲ စားချင်တဲ့စိတ် ပေါ်လာတယ်၊ ပေါ်တဲ့နေရာမှာ ပျောက်သွားတာပဲ၊ စားတဲ့အချိန်မှာ မရှိပါဘူး၊ (မှန်ပ့ါ) ဒေါသ ကလေးပေါ်လာတယ်ဆိုရင်ပေါ်တဲ့ နေရာမှာ ပျောက်သွားတယ် (မှန်ပ့ါ) အနိစ္စကလေးတွေပဲ ပြောသွားတယ် (မှန်ပါ့)။
အဲဒီတော့ ဒါဟာ နှလုံးသွင်းမှန်တဲ့ပုဂ္ဂိုလ်ကျတော့ ငါလဲ မတွေ့ဘူး၊ သူလဲမတွေ့ဘူး၊ ပျောက်ပျက်တာချည်း တွေ့တယ် (မှန်ပါ)။
နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်မှာ (ပျောက်ပျက်တာချည်း တွေ့ပါတယ် ဘုရား) ငါ၊သူ မတွေ့ဘဲနဲ့ ပျောက်ပျက် တာချည်း တွေ့တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပ့ါ)။
ဒါဖြင့် ငါ သူတစ်ပါးမတွေ့၊ ပျောက်ပျက်တာ တွေ့လို့ရှိရင်ဖြင့် ဒကာကြွယ်ရေ ဒါဟာ အနိစ္စတွေ့တာပဲ (မှန်ပါ)။
ဘယ့်နှယ်ကြောင့် အနိစ္စတွေ့ပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက မေးတဲ့အခါကျတော့ အလျင်တုန်းကတော့ နှလုံးသွင်း မှားနေတုန်းကတော့ ငါ့စိတ်ဘဲ၊ စိတ်ကို ငါလုပ်ထားတယ် နှလုံးသွင်းမှားတုန်းကလေး (မှန်ပါ) ငါ ကောင်းစား တာတဲ့။ ဝေဒနာကို ငါလုပ်ထားတယ် (မှန်ပါ) ငါနာတာ ဝေဒနာကို ငါလုပ်ထားတာ (မှန်ပါ) ငါတွေ့တာ ဖဿ၊ ငါလုပ်ထားတာ (မှန်ပါ) ငါသိတာစိတ်ကို ငါလုပ်ထားတယ် (မှန်ပါ)၊ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။
နှလုံးသွင်းမှားနေတယ်
အဲဒါကို ဦးဘအုန်းတို့နဲ့တကွ အားလုံ ဒကာ ဒကာမတွေ မှတ်ဖို့ရာက နှလုံးသွင်းမှားနေတယ် (မှန်ပါ) နှလုံးသွင်း မှားတော့ကို ခန္ဓာငါပါးထဲက တစ်ခု ပေါ်လာလဲ ငါလုပ်ထားတယ် (မှန်ပါ) ဝေဒနာပေါ်လာလဲ ငါနာတယ်၊ ဒုက္ခ ဝေဒနာကို ငါလုပ်ပြီ (မှန်ပါ)၊ ငါကောင်းစားတယ် (သုခဝေဒနာကို ငါလုပ်ပါတယ် ဘုရား) ငါမြင်တယ်ဆိုတော့ ဥပေက္ခာ ဝေဒနာက မြင်တာကို ငါလုပ်ထားတယ်ဆိုတော့ နှလုံးသွင်းမှားနေကြတယ် (မှန်ပါ)။
ဘယ်လိုဆိုကြမလဲ (နှလုံးသွင်းမှားပါတယ် ဘုရား) နှလုံးသွင်းမှားသွားတဲ့အခါကျတော့ငါဆိုတာက ဒိဋ္ဌိ၊ ဒိဋ္ဌိ နောက်က ဒိဋ္ဌုပါဒါန် လိုက်လာလိုက်မယ် (မှန်ပ့ါ) မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ ကော မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား) နှလုံးသွင်းမှားလိုက်တာ ဒကာ ဒကာမတို့ ဒိဋ္ဌိ၊ ဒိဋ္ဌိပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ် တဲ့ ကံဆိုပြီး သကာလ လိုက်လာတော့ ကမ္မဘဝပစ္စယာ အပါယ် ဇာတိ မရောက်နိုင်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါဒကာ ဒကာမတွေ စဉ်းစားပါလား၊ ဘာဖြစ်လို့ပါလိမ့်မတုံး (နှလုံးသွင်းမှားလို့ပါ ဘုရား) နှလုံးသွင်းမှားတဲ့ အဖြစ်ဟာ ဒကာကြွယ်ရေ အပါယ်တောင် ရောက်ပါကလား (ရောက်ပါတယ် ဘုရား) ဒါဖြင့် နှလုံးသွင်းမှားတဲ့ အဖြစ်ဟာ အဖြစ်ဆိုး ကြီးလို့ မောင်ဘသော်တို့ မှတ်ရတော့မယ် (မှန်ပ့ါ)။
နှလုံးသွင်းမှားတဲ့ အဖြစ်ဟာ (အဖြစ်ဆိုးကြီးပါ ဘုရား)။ ဘယ်သူမှလဲ သတ်တာမဟုတ်ဘူး၊ ဘယ်သူ့ပစ္စည်းမှ ခိုးတာမဟုတ်ဘူး၊ ဒကာ ဒကာမတို့ အလကားနေရင်း နှလုံးသွင်းမှားတာနဲ့ ခန္ဓာငါးပါး ငါလုပ်မိတာနဲ့ ဒကာကြွယ်တို့ မောင်ဘသော်တို့ အပါယ်ရောက်သွားတယ် (မှန်ပါ) ဒါဘာဖြစ်လို့ ရောက်ပါလိမ့်မလဲ (နှလုံးသွင်းမှားလို့ပါ ဘုရား)။
ဪ ဒကာ ဒကာမတို့ နှလုံးသွင်းမှားတဲ့ အဖြစ်ဟာ သေးသေးလာ အောက်မေ့ပါတယ် အလွန်ကြီးကျယ်ပါ လား (ကြီးကျယ်ပါတယ် ဘုရား)။
နှလုံးသွင်းမှားတဲ့ အဖြစ်ဟာ အတော်ကြီးတယ်
ဉာဏ်နဲ့ နားထောင်ကြည့်ပါ၊ ဉာဏ်နဲ့ နားထောင်ကြည့်ပါ၊ နှလုံးသွင်းမှားတဲ့ အဖြစ်ဟာ အတော်ကြီးတယ် (ကြီးပါတယ် ဘုရား) ဒကာကြွယ်ကိုယ်တိုင် တွေ့ပြီးပြီ မဟုတ်လားဗျာ (တွေ့ပြီးပါပြီ ဘုရား) သမီးကလေးလို့ဆိုပြီး သကာလ ခန္ဓာငါးပါးကို သမီးရယ်လို့ နှလုံးသွင်းလိုက်လို့ရှိရင် တစ်ခါတည်း စိတ်မချတဲ့ ဒေါသ သောကတွေ လိုက်လာတယ် (မှန်ပါ) သောကကစိုးရိမ်တယ်၊ သူ့အတွက် ဘယ့်နှယ်လုပ်ရပါ့မတုံး၊ ပရိဒေဝက တစ်ယောက်တည်းများ မျက်ရည်ကျ တယ် (မှန်ပါ)။
ဒုက္ခက ကိုယ်၏ဆင်းရဲခြင်း၊ ဒေါမနုဿက စိတ်၏ဆင်းရဲခြင်း၊ ဥပါယာသက အိပ်မပျော်အောင်ပူခြင်း (မှန်ပါ)၊ ဘာဖြစ်လို့ တစ်ယောက်တည်း သူ့ဟာသူ ဖြစ်နေပါလိမ့်မတုန်း (နှလုံးသွင်း မှားလို့ပါ ဘုရား)။
ဪ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သမီးကလေး လုပ်လိုက်လို့ (မှန်ပ့ါ)၊ သမီးရယ်လို့ နှလုံးသွင်း မှားလိုက်တာ၊ ဒကာ ဒကာမတို့ ဒုက္ခလိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား)။ သောကကော လိုက်လာပါတယ်ဘုရား။ တစ်ယောက်တည်း မျက်ရည်ကျတာကော (လိုက်လာပါတယ် ဘုရား)၊ ကိုယ်၏ဆင်းရဲခြင်း ဒုက္ခကော (လိုက်လာပါတယ် ဘုရား) ပြင်းစွာပူပန်တဲ့ ဥပါပါယသကော (လိုက်လာပါတယ် ဘုရား)၊
ဒီလိုလိုက်လာတော့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနုဿ၊ ဥပါယာသဆိုတော့ မသိတဲ့ပုဂ္ဂိုလ်မို့ဖြစ် သောကြောင့် အဝိဇ္ဇာကလဲ တွဲပါလာတယ် (မှန်ပါ)၊ တွဲပါလာတဲ့ အတွက် အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)၊ ဝိညာဏံဆိုလို့ရှိရင် ဒကာ ဒကာမတွေမှာ သင်္ခါရ သည် ပဋိသန္ဓေဝိညာဏ်ထိကို ဖြစ်စေတယ် (မှန်ပါ) အပါယ်လေးပါး ကျသွားနိုင်တယ် (မှန်ပ့ါ)။
အပါယ်သွား နိုင်တဲ့တရား
ဒကာကြွယ် ဘာဖြစ်လို့ ဒီအမေအဖေဟာ အိပ်ရာထဲက အပါယ်သွားပါလိမ့် (နှလုံးသွင်းမှားလို့ပါ ဘုရား) ဒကာ ဒကာမတွေ ဒီနေ့ဟော့မည့် တရားက ခင်ဗျားတို့ သူ့အသက်မသတ်၊ သူ့ပစ္စည်းမခိုး၊ မုသားမပြောဘဲနဲ့ အပါယ်သွား နိုင်တဲ့တရားပဲ (မှန်ပ့ါ)။
ဘယ့်နှယ့်ကြောင့် ဒီတရားတွေ ဒီလိုပေါ်ပေါက်လာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ဪ-ငါကား သူတော်ကောင်းတရား မနာရလို့ နှလုံးသွင်းမှားတယ် (မှန်ပါ) ခန္ဓာငါးပါး အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားကို သမီးလုပ်ပစ်လိုက်တယ်၊ သားလုပ်ပစ်လိုက်တဲ့အတွက် ကျုပ်တို့မှာ သားပေမယ့်လဲ သမီးလို ပူနေရတာပဲတဲ့၊ ဒကာ ဒကာမ တွေဖြစ်နေလိုက်ကြတာ (မှန်ပ့ါ)။
သူများမှာတော့ သမီးကိုး၊ သူတို့ကတော့၊ သမီးဆိုတော့ သမီးပူပူတာပဲ၊ (မှန်ပ့ါ) ကျုပ်တို့မှာလဲ သားဆိုတော့လဲ ဘယ်သွားသွား စိတ်ချရတယ်မရှိပါဘူး (မှန်ပ့ါ) အိမ်ပြန်လာကြမှပဲ၊ သူတို့ပြန်လာမှာပဲ ဘဝင်အေးပြီးတော့ အိပ်မိတော့ တယ် (မှန်ပ့ါ) မပြန်လာသေးရင် ဘယ့်နှယ်နေကြသတုန်း (မအိပ်မိသေးပါဘူး)။
ဘာဖြစ်လို့ မအိပ်တာတုန်း ဒကာကြွယ် ပြောပါဦး (နှလုံသွင်းမှားလို့ပါ ဘုရား) ဘယ်တုန်းက မှားလိုက်တာတုန်း ဒကာကြွယ်ပြောပါဦး၊ ခန္ဓာငါးပါးကို သားသမီး လုပ်တယ် (မှန်ပ့ါ) အနိစ္စ၊ ဒုက္ခ၊ အနတ္တကို (သားသမီးလုပ်ပါတယ် ဘုရား) သားသမီး လုပ်ပစ်လိုက်တဲ့အတွက် ကိုယ့်အရုပ် ကလေးနဲ့ကိုယ် လွမ်းဆွေးနေတာနဲ့ တယ်တူတယ် (မှန်ပ့ါ) ကိုယ့်သစ်သားရုပ်ကလေးနဲ့ ကြံဖန်ပြီး သကာလ ကိုယ့်ဓာတ်ပုံ ကလေးနဲ့ကိုယ် လွမ်းဆွေးနေတာနဲ့ တယ်တူတယ် (မှန်ပ့ါ ဘုရား) မတူဘူးလား (တူပါတယ် ဘုရား)။
ခန္ဓာငါးပါးကို ယောက်ျားမိန်းမလုပ်ပြီး
ခန္ဓာငါးပါးကို ယောက်ျားလုပ်ပြီး မိန်းမလုပ်ပြီး သကာလ လွမ်းဆွတ်ဆွေးနေတယ်ဆိုတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်စမ်းပါလား သွားပြီးကိုင်ကြည့်တော့လဲ ဓာတ်ပုံ၊ စက္ကူကြီး (မှန်ပ့ါ) ဒါကြီးကို ကြည့်တဲ့ပြီး သကာလ ဦးဘအုန်း လွမ်းတယ်၊ ဆွေးတယ်၊ သတိရတယ်နဲ့ နှစ်ပတ်လည်တွေများ လုပ်နေလိုက်တာ (မှန်ပ့ါ) ဘာလုပ်တုန်းဆိုတော့ အို ဓာတ်ပုံကို လူလုပ်ပြီး နှလုံးသွင်းပြီး လွမ်းဆွတ်နေသော (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဘာဖြစ်ကြတာတုန်း (နှလုံးသွင်းမှားတာပါ)။
သေသေချာချာပြောပါ ဒကာကြွယ်၊ ဒကာကြွယ်တို့ ဇာတ်ထုပ်က အတော်ဆိုးတယ် (မှန်ပ့ါ) သွားကြည့်တော့လဲ စက္ကူဓါတ်ပုံကြီး (မှန်ပ့ါ) ဒါကို နှစ်ပတ်လည် သတိရလွမ်းဆွတ်ပြန်သတဲ့ (မှန်ပ့ါ) သတိရလို့ရှိရင် သွားပြီး ကိုင်ပါလား၊ ဒါဟာ ခင်ပွန်းသည်လား၊ စက္ကူလားလို့ (စက္ကူပါ ဘုရား) စက္ကူဆိုတော့ ရုပ်ပဲ မဟုတ်ဘူးလား (မှန်ပ့ါ) အဲဒီ စက္ကူရုပ်ကို အကြောင်းရင်းခံပြီး သကာလ တစ်နှစ်ပြည့်သွားပြီ၊ ဘယ်နှစ်ရက်စွန်းသွားပြီနဲ့ တစ်ခါတည်း အိပ်မပျော် စားမဝင်နဲ့ (မှန်ပ့ါ) ဒကာကြွယ် ဘာဖြစ်နေတာတုံး (နှလုံးသွင်းမှားလို့ပါ ဘုရား)။
ဒကာ ဒကာမတို့ သမီးမဟုတ်တာကို သမီးလို့ နှလုံးသွင်းလိုက်လို့ရှိရင် ငယ်ငယ်တုန်းက ကျုပ် ဒီလိုနေခဲ့တာပဲ၊ အခုတော့ အချိန်အရွယ်ကလေးက ရောက်လာတော့ ကျုပ်စိတ်ထဲ တစ်မျိုးဖြစ်တယ် (မှန်ပ့ါ) ဘာတစ်မျိုး ဖြစ်တာတုံး ဆိုတော့ ခန္ဓာငါးပါးကို သမီးပျိုလုပ်ပစ်လိုက်တယ် (မှန်ပ့ါ) ဒါဖြင့် ကိုယ်လုပ်ပြီး ကိုယ်ပူတာကိုး (မှန်ပ့ါ)။
ဝိပလ္လာသ ရူးတာပါ
ဒကာကြွယ်သူများက ပေးတဲ့အပူလား၊ ကိုယ့်စိတ်ကနေပြီး သမီးပျိုလုပ်၊ လုပ်ပြီး သကာလ မှ ကိုယ့်ဟာကိုယ်ပူ (မှန်ပ့ါ) ဦးဘအုန်း ဘာလုပ်တာတုံး ပြောပဲ ပြောစမ်းပါဦး ခင်ဗျားဟာ (နှလုံးသွင်းမှားတာပါ ဘုရား) ဝိပလ္လာသ ရူးတာပါလို့သာ ဖြေပါ၊ ဒီ့ပြင် ဘာမှမရှိဘူး မောင်ဘသော် (မှန်ပ့ါ) ဒီ့ပြင် ဘာရှိသေးသတုံး (ဘာမှ မရှိပါဘူး ဘုရား)။
ဒကာ ဒကာမတို့ သမီးလုပ်တာလဲ ဘယ်သူက လုပ်တာတုန်း (ကိုယ်ကလုပ်တာပါ) ကိုယ့်နှလုံးသွင်း မှားက လုပ်တာပါ (မှန်ပ့ါ) ကဲ သမီးမဟုတ်တာ သမီးလုပ်တာက နှလုံးမှားက လုပ်တယ်၊ လုပ်ပြီး သကာလ ကိုယ်လုပ်ထားတာ နှလုံးသွင်းမှားက လုပ်ထားတာပဲဆိုပြီး ဒီတွင်မရပ်ဘူး၊ ရပ်သေးရဲ့လား (မရပ်ပါဘူး)၊ နှလုံးသွင်းမှားတော့ သမီးလုပ်ဖြစ် ရော (မှန်ပ့ါ) သမီးလုပ်ဖြစ်တဲ့ အခါကျတော့ အပျိုကလေး အရွယ်ကလေးလဲ ဖြစ်နေပြန်၊ မသိမလိမ္မာတဲ့ အရွယ်ကလေးလဲ ဖြစ်နေပြန်တော့သွားလဲ နောက်ကတန်းလန်း၊ ထားခဲ့ပြန်လဲစိတ်မချ (မှန်ပ့ါ ဘာဖြစ်နေတာတုန်း သမီး လုပ်ပစ်လို့ပေါ့ ဘုရား သမီးလုပ်ဖြစ်သွားတာ (မှန်ပ့ါ)။
အနိစ္စ၊ ဒုက္ခ၊ အနတ္တကလေးကို ဘာလုပ်သတုံး (သမီးလုပ်ပါတယ် ဘုရား) သမီးလုပ်လိုက်တဲ့ အခါကျတော့ ဘယ်သူက လုပ်တာတုံး ကိုယ့်နှလုံးသွင်းမှားက လုပ်ပြီး သကာလ တစ်ခါတည်း ဦးဘအုန်းရေ နှလုံးသွင်းမှားကလဲ လုပ်ပြီးပါရော စိတ်မချလက်မချ ဆိုတာတွေ လာကုန်တယ် (လာပါတယ် ဘုရား)၊ တော်တော်ကြာကျတော့ သူက ပြောသေးတယ်၊ အမေအဖေလုပ်တဲ့ ပုဂ္ဂိုလ်က ဒကာကြွယ် နင်တို့အတွက်နဲ့ မျက်စိမှိတ်တောင် မလွယ်ဘူးတဲ့ (မှန်ပ့ါ) မျက်စိမှိတ်တောင် မလွယ်ဘူးတဲ့၊ သူ့ကို ဘယ်သူကများ မလွယ်အောင် လုပ်ထားပါလိမ့် (မှန်ပ့ါ)။
နင်တို့အတွက်နဲ့ မျက်စိမှိတ်တောင် မလွယ်ဘူးတဲ့
နင်တို့အတွက်နဲ့ မျက်စိမှိတ်တောင် မလွယ်ဘူးတဲ့ ဒကာကြွယ် (မှန်ပ့ါ) သူ့မျက်စိဖွင့်ထားလို့ ရသလိုလို၊ ရတာလဲ မဟုတ်ဘူး၊ အလကားပြောနေတော့ (မှန်ပ့ါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူက လုပ်တာတုန်း ဒီသမီးကို (နှလုံးသွင်းမှားက လုပ်တာပါ) နှလုံးသွင်းမှားက အိပ်မပျော်အောင် လုပ်တာ ပါ ကိုယ်လုပ်ထားတဲ့ နှလုံးသွင်းမှားက လုပ်တာ (မှန်ပ့ါ) ဟိုကအထည်ရှိတာလား၊ မရှိတာလား (မရှိတာပါ ဘုရား) ဪ-ခက်နေပြီကော အရုပ်ငိုချင်းချတာ ဘေးကပွဲကြည့်တဲ့လူက ငိုချင်းချသလို ဖြစ်နေပြီကော (မှန်ပါ) သဘောကျပြီ လား (ကျပါပြီ ဘုရား)။
အရုပ်က ငိုချင်းချတာကို ချင်ဗျားတို့က ဖြစ်မှဖြစ်ရလေနဲ့ ဒေါသထွက်လို့ ရိုက်တဲ့လူကို ဒကာကြွယ်တို့က (မှန်ပ့ါ) ဘာဖြစ်တာတုန်း (နှလုံးသွင်းမှားတာပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ မျက်ရည်ကျတာ ဟူသရွေ့ဟာ မောင်ဘသော် အရှိကို တကယ်ဖြစ်၍ မျက်ရည်ကျတာ လားမှားပြီး ကျတာလား (မှားပြီး ကျတာပါ ဘုရား) ဒါဖြင့် အကောင်းကျဆိုမလား အရူးကျဆိုမလား (အရူးကျပါ ဘုရား) ဪ ရူးတဲ့ပုဂ္ဂိုလ်က ငိုချင်းချနေတာ သနားစရာ ရှိသေးသလား (မရှိပါဘူး ဘုရား) သနားမိတယ်၊ ထင်ပါတယ်၊ ကိုယ်တောင်မှ ရောငိုချင်သေးတယ်၊ ထင်ပါရဲ့ ဒကာကြွယ့်အသွားက ကြည့်ရတာက အတော်ဆိုးနေတာ (မှန်ပ့ါ)။
ဟိုက နှလုံးသွင်းမှားလို့ အရူးထပြီး သူ့ဟာသူဖြစ်နေတာ၊ မင်းဘာဖြစ်နေသတုန်း၊ မင်းလိုဖြင့် ငါလဲ စိတ် မကောင်းဘူးလို့ သွားပြီးများဖြစ်ခဲ့သေးသလား (မဖြစ်ပါဘူး ဘုရား)။
အဲဒါ နှလုံးသွင်းမှားလို့ အကုန်ပြင်ကြမှပဲ (မှန်ပ့ါ) နှလုံးသွင်းမှားဟာ ဦးဘအုန်း မဂ်ဖိုလ်ကို ကန့်ကွက်တယ်နော် (မှန်ပ့ါ)။
နှလုံးသွင်းမှားဟာ ဘာတုံး (မဂ်ဖိုလ်ကို ကန့်ကွက်ပါတယ်) တကယ့်ဆုကြီး လာဘ်ကြီးကို ပိတ်ပါတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပ့ါ)။
ဒကာ ဒကာမတို့ နှလုံးသွင်းမှားဟာ ကြောက်စရာကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ကဲ-ဒါဖြင့် ရွာထဲမှာ ဟိုအိမ်မှာလဲ မျက်စိမျက်နှာမသာ၊ ဟိုအိမ်ကြည့်ပြန်လဲ မျက်နှာရှစ်ခေါက်ချိုးနဲ့၊ ဟိုအိမ်ကြည့် ပြန်လဲ လင်နဲ့မယား အဆင်မပြေ၊ ဟိုအိမ်ကြည့်ပြန်လဲ သမီးက ဒုက္ခရောက်အောင် လုပ်သွားလို့၊ ဟိုအိမ် ကြည့်ပြန်တော့လဲ သားက တေလေဖြစ်နေလို့ အိပ်မပျော်ဘူး (မှန်လှပါ)။
ဘယ့်နှယ်တုန်း ဘာဖြစ်နေကြတာတုန်း ပြောကြစမ်းပါဦး အိမ်တိုင်းစေ့ ဒီဥစ္စာဘာဖြစ်နေကြတာတုန်း ပြောစမ်းပါဦး(နှလုံးသွင်းမှားလို့ပါ ဘုရား) ရော ခက်ကုန်ပြီကော အိမ်တိုင်းစေ့ အပါယ်သွားမည့်ပုံချည်း ပါကလား(မှန်ပ့ါ)။
အိမ်တိုင်းစေ့ ဘယ်သွားမည့်ပုံတုံး
ဦးဘအုန်း ဘယ့်နှယ်တုံး စဉ်းစားမိပါသလား၊ အိမ်တိုင်းစေ့ ဘယ်သွားမည့်ပုံတုံး (အပါယ်သွားမည့်ပုံပါ)။
ကဲ ဒကာကြွယ် ခင်ဗျားတို့လုပ်ထားတဲ့ ကုသိုလ်လေးနဲ့ ဥပမာ ကိုက်တာလေးတစ်ခု တည်ထားတယ်ဆိုပါတော့ ဒကာကြွယ် နှလုံးသွင်းမှားတဲ့အချိန်နဲ့ တိုက်တည်တဲ့အချိန်နဲ့ ဘယ်ဟာကများသတုံး (နှလုံးသွင်းမှားတဲ့အချိန်က များနေပါတယ်)။
နှလုံးသွင်းမှားလို့ပေါ့၊ တစ်ခါတစ်လေ ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်မှာလဲ မျက်နှာတွေ မကောင်း၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်မှာလဲ (မျက်နှာတွေ မကောင်းပါ) သားသမီးလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာလဲ မျက်နှာတွေ မကောင်းပါ၊ ဟ – ဘာဖြစ်နေကြတာတုံး ဒီတစ်အိမ်လုံးမှာဆိုတော့ (နှလုံးသွင်းမှားတာပါ ဘုရား)။
သားကလဲ အမေမဟုတ်တာကို အမေလုပ် ပြီးစိတ်ဆိုးလိုက်တာနဲ့ အမေကို စိတ်ဆိုးတယ် (မှန်ပ့ါ) အမေကလဲ မျက်စိမျက်နှာ မသာတာလဲ သမီးမဟုတ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သမီးလုပ်ပြီး သကာလ သူပဲအနေအထိုင်မတက်တာ၊ သူပဲ ဆိုးဝါးတာ၊ သူ့အတွက် အရှက်ကွဲ ရတာ ဒကာ ဒကာမတွေ တစ်ခါတည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တပျောက်၊ နှလုံးသွင်းမှားကြီးနဲ့ အတည်လုပ်ပစ်လိုက်တယ် (မှန်ပ့ါ)။
အတည်လုပ်ပစ်လိုက်တော့ အမေမိဘလုပ်တဲ့ ပုဂ္ဂိုလ်များမှာ သမီးဆိုးလို့ချည်းပဲလား (ကိုယ့်နှလုံးသွင်း မှားလို့ မျက်ရည်ကျ ရင်ထုရတာချည်းလား၊ ကိုယ့်နှလုံးသွင်းမှားလို့ မျက်ရည်ကျ ရင်ထုရတာပါ ဘုရား)။
ဦးဘအုနး သနားစရာလားဗျာ မသနားစရာလားဗျာ ပြောပါဦး (မသနားစရာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သေသေချာချာစဉ်းစားကြပါ ဒကာ ဒကာမတို့ မူရင်းက ဘုရား ဟောတော်မူတာနော် (မှန်ပ့ါ) ဘုန်းကြီးက ဘုရားဟောကို ခင်ဗျားတို့ နားလည်အောင် စကားသိုင်းဝိုင်းပြီး တစ်ဆင့်ခံ ပြောနေရတာ(မှန်ပ့ါ)။
ရွာထဲမှာ ဟိုအိမ်ဒီအိမ်ကြည့် မောင်ဘသော်၊ မျက်စိမျက်နှာ မသာတဲ့အိမ်တွေ၊ ဘယ်အိမ်မှ တယ်သာလှတယ် မရှိပါဘူး (မှန်ပါ့) အဲဒါ ဘာဖြစ်နေကြတာတုံး (နှလုံးသွင်းမှားလို့ပါ) ယောက်ျားက မိန်းမအပေါ်မှာ မိန်းမလုပ်လုပ်ပြီး နှလုံးသွင်းမှားလိုက် (မှန်ပ့ါ)။
ကြက်ညီနောင် အိုးမဲသုတ်တိုက်သလို
မိန်းမလုပ်တဲ့ပုဂ္ဂိုလ်ကလဲ ကိုယ့်ကိုယ်ကို မိန်းမထင်ပြီး၊ ယောက်ျားအပေါ် နှလုံးသွင်း မှားလိုက် ၊ ဒါနဲ့ ဘာဖြစ်နေကြသတုံး (မျက်နှာမသာမယာ ဖြစ်နေကြပါတယ်) ရိုက်ကြတယ်၊ နှက်ကြတယ်၊ အပြောအဆို ပြောကြတယ် တစ်ခါတည်း နင်ဘဲ ငဆဖြစ်ကြတယ်နဲ့ (မှန်ပ့ါ) ဘာဖြစ်ကြတာတုံး (နှလုံးသွင်းမှားတာပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့က ကြက်ညီနောင် အိုးမဲသုတ်တိုက်သလိုဖြစ်နေပြီ (မှန်ပါ)။
ဦးဘအုန်း ဘယ့်နှယ်ဖြစ်နေသတုံး (ကြက်ကို အိုးမည်းသုတ်ပြီးတိုက်တာပါ) ကြက်ညီနောင်တည့်ပါဦး (မှန်ပါ) ကြက်ကညီနောင် နဂိုက ဒီအမေက မွေးဖွားပေါက်ဖွားလာတာ၊ တစ်မေတည်းက ဥတဲ့ ဥနှစ်လုံးက ပေါက်ဖွားလာတာ၊ တစ်မိဝမ်းတွင်း ဆိုကြပါစို့ (မှန်ပ့ါ) အဲဒါအိုးမည်းသုတ်ပြီး တိုက်လိုက်တော့ ခွပ်ကရော (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။
ဒီမှာလဲ ခင်ဗျားတို့သည်ကားလို့ဆိုရင် ယောက်ျားကလဲ မိန်းမမဟုတ်တာကို မိန်းမလုပ်နေလို့၊ အို ဒီမိန်းမက အသုံးအဖြုန်းကြီးတယ်၊ သူကကြွားတယ်၊ ဒါ့ကြောင့် အသုံးအဖြုန်းများတယ်၊ အဖတ်ကို မတင်ဘူး (မှန်ပါ) အင်း အနိစ္စ၊ ရုပ်နာမ်ကို မိန်းမလုပ်ပြီး သကာလ ယောက်ျားကလဲ မျက်နှာမကြည်၊ မသာမယာဖြစ်လာတာပဲ (မှန်ပါ့)။
မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကလဲ ယောက်ျားကို တယ်ဖြုန်းတာ သူက ရသရွေ့ဖြုန်းနေတာတဲ့၊ လာပြီကော ဒကာ ဒကာမတိုပ (မှန်ပ့ါ) ဟိုကလဲ နှလုံးသွင်းလွဲပြန်တယ် (မှန်ပ့ါ) နဂိုက ချစ်ပါတယ်၊ ခင်ပါတယ်၊ ရိုးမြေကျ ပေါင်းပါမယ်ဆိုတဲ့ ညီနောင်စိတ် ပျောက်ပြီ (မှန်ပါ) မပျောက်သေးဘူးလား (ပျောက်ပါပြီ ဘုရား) ဟ ဘယ့်နှယ်ကြောင့် ပျောက်သွားတာတုံး ဆိုတော့ အယောနိသော မနသိကာရက အိုးမည်းသုတ်လိုက်တာ (မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အယောနိသောမနသိကာရ
ဘာဖြစ်တာတုံး (အယောနိသောမနသိကာရက အိုးမည်းသုတ်တိုက်တာပါ) အဲ အယောနိသော မနသိကာရက အိုးမည်းသုတ် တိုက်လိုက်တာဦးဘအုန်း လင်နဲ့ မယားဟာ အလျင်တုန်းက ယုယုယယ သွားတူလာဖက် ဘုရားသွား ကျောင်းတက် တရားဓမ္မ အားထုတ်အတူတူကို မဖြစ်လာတော့ဘူး (မှန်ပ့ါ)။
ဘယ်သူကနေပြီး အိုးမည်း သုတ်လိုက်သတုံး မေးတဲ့အခါကျတော့ အယောနိသောမနသိကာရက အိုးမည်းသုတ်လိုက်တယ် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ)။ အိုးမည်း သုတ်လိုက်တော့ ကြက်ညီနောင် ဘာဖြစ်ကြတာတုန်း (ခွပ်ကြပါတယ် ဘုရား)။
ဒီမှာလဲ ဒကာနဲ့ ဒကာမမတည့်တာ ခင်ဗျားတို့ယုံပြီလား (ယုံပါပြီ) ဘယ်သူက အိုးမည်းသုတ် လိုက်သတုံး (အယောနိသောမနသီကာရက အိုးမည်းသတ်ပါတယ်) ယောက်ျားကလဲ မိန်းမလို့ ဆိုလိုက်တော့ တစ်ခါတည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တပျောက်သွားပြီး မိန်းမဆိုပြီး အိုးမည်းသုတ်ပစ်လိုက်တယ် (မှန်ပ့ါ)။
မိန်းမကလဲ ဒါဟာ သူ့ခင်ပွန်းသည်လို့ ဆိုပြီး အိုးမည်းသုတ်ပစ်လိုက်တယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တရယ်လို့ မထင်မြင်တော့ပါဘူး (မှန်ပ့ါ) အိုးမည်းသုတ်ပစ်လိုက် တဲ့အခါကျတော့ သူလုပ်သရွေ့ဟာက အမှား (မှန်ပ့ါ) ဒါနဲ့ပဲ တစ်ခါတည်း ခွဲကြစို့တော့ ပြုကြစို့တော့ ကွာကြစို့တော့ သဘောတူပြတ်ကြစို့တော့ စသည်နဲ့ ဒီလိုနေလို့တော့ ဖြစ်မှာမဟုတ်ဘူး၊ အစရှိသည်နဲ့ ရန်ဖြစ်ကုန်ကြတယ် (မှန်ပ့ါ) ဘယ်သူကနေပြီး အိုးမည်းသုတ်လိုက်တာပါလိမ့် (အယောနိသောမနသိကာရကပါ)။
ဒကာ ဒကာမတို့ အယောနိသောမနသိကာရလောက် ရန်တိုက်ကောင်းတာ မရှိပါကလား (မရှိပါဘူး ဘုရား)။ ဦးဘအုန်း တွေ့ဘူးရဲ့လားခင်ဗျားတို့ (မတွေ့ဘူးပါဘူး ဘုရား) အယောနိသော မနသိကာရလောက် လင်မယား ကွဲပြား အောင် နှစ်ယောက်စလုံး အပါယ်သွားအောင် လုပ်နိုင်တာ ရှိသေးရဲ့လား (မရှိပါဘူး)။
နှစ်ကောင်စလုံးဟာ ဟင်းအိုးထဲ ရောက်ကြရတယ်
ကြက်နှစ်ကောင် ခွပ်ကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တစ်ကောင်နဲ့ တစ်ကောင် ဒေါသကြီးနေတော့ ရန်သူနဲ့ တွေ့တော့ နှစ်ကောင်စလုံးဟာ ဟင်းအိုးထဲ ရောက်ကြရတယ်၊ အချက်အပြုတ်ခံကြရတယ် (မှန်ပ့ါ) ဒီမှာလဲ ခင်ဗျားတို့ ဒီအယောနိသောမနသိကာရကြောင့် ဒိဋ္ဌိဖြစ်ပြီး သကာလ ငါ့ကြောင့် သူ့ကြောင့်ဆိုတာ ဖြစ်လာတယ်။ (မှန်ပ့ါ) ဖြစ်ပြီး တော့ ဒိဋ္ဌိဥပါဒါန်တွေနဲ့ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံကနေပြီး သကာလ ကမ္မဘဝပစ္စယာ ဇာတိဆိုပြီးတော့ အပါယ်ရောက်နိုင်ရော (မှန်ပါ) ဘယ်သူကနေပြီး ရန်တိုက်လိုက်တာပါလိမ့် (အယောနိသောမနသိကာရကပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ အယောနိသောမနသိကာရကြောင့် ဒါက ရှင်တဲ့ပွဲရှိသေးတယ် (မှန်ပါ) တော်တော် ကြာကျတော့ အသက်အတိုင်းနေတော့ သေပွဲဆိုတာက လာပြန်တယ် (မှန်ပ့ါ)၊ မလာဘူးလား (လာပါတယ်) သေပွဲကျ တော့လဲ ဘာဖြစ်လို့ မဖြီး၊ မလိမ်းရေမချိုး၊ အဝတ်အစား ပြောင်ပြောင်လက်လက်မဝတ်ဘဲ ဘာဖြစ်နေသတုံး၊ ခင်ပွန်းသည် ပျက်စီးသွားလို့ (မှန်ပ့ါ)။
ခင်ပွန်းသည်တဲ့ (မှန်ပ့ါ) အနိစ္စ၊ ဒုက္ခ၊ အနတ္တဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်သွားလို့ လိုပြောရဲ့လား (မပြောပါဘူး) ဘယ့်နှယ့်ပြောသတုံး (ခင်ပွန်းသည်လို့ ပြောပါတယ်)။
ခင်ပွန်းသည် အနိစ္စရောက်သွားလို့ ခင်ပွန်းသည် တစ်ပြည်တစ်ရွာစွန့်သွားလို့ ယဉ်အောင် သုံးရင်ပေါ့ဗျာ (မှန်ပ့ါ) ယဉ်အောင် သုံးရင် ဒါပဲသုံးတာပဲ (မှန်ပါ့) အဲဒီတွင်မှ တစ်ခါတည်း နောက်ဇာတ်ကြောင်းတွေ ကိုင်သာနေရင် နောက်ဇာတ်ကြောင်း လှန်တော့မလို့ အောက်မေ့ပေတော့၊ နှလုံးသွင်းမှားချည်း လာတော့မှာပဲ (မှန်ပ့ါ) မလာသေးဘူးလား (လာပါတယ် ဘုရား)။
ငိုချင်းအချခိုင်းတာလဲ ဘယ်သူတုံး
ဒါဖြင့် ငိုချင်းအချခိုင်းတာလဲ ဘယ်သူတုံး (အယောနိသောမနသိကာရပါ) ဟာ-ဒကာကြွယ် ခက်ကုန်ပြီ ခင်ဗျားတို့ ဂြိုဟ်တွေ့ပြီ (မှန်ပ့ါ) ဦးဘအုန်း ဂြိုဟ်တွေ့ပြီ (မှန်လှပါ) ဘာကိုတွေ့သလဲ (အယောနိသောမနသိကာရ တွေ့ပါတယ်) ယောနိသောမနသိကာရ ပျောက်ပြီကော (ပျောက်ပါပြီ ဘုရား)။
ယောနိသောမနသိကာရ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အင်မတန်တည့်မှာပေါ့ (မှန်ပ့ါ) အခုတော့ အယောနိသော မနသိကာရကြောင့် ရှင်ကွဲဆိုတာလဲ ခင်ဗျားတို့က ကံမကောင်းလို့ချည်း မအောက်မေ့နဲ့ ဒကာကြွယ် လက်သည်ရှာပါဦး (အယောနိသောမနသိကာရပါ ဘုရား) သေလို့ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါတည်း ချုံးပိန်ခြောက်သွားတာတွေ ကြည့်လိုက်ပြန်တော့လဲ (အယောနိသော မနသိကာရ ပါ ဘုရား)။
သုံးနှစ်သုံးသီး မမေ့တာ ကြည့်လိုက်ပြန်တော့လဲ (အယောနိသောမနသိကာရပါ ဘုရား) သုသာန် သူများမသာသွားဖို့ မြေပုံမှားပြီး ငိုတာတွေကို ကြည့်လိုက်ပါဦး (အယောနိ သောမနာသိကာရပါ ဘုရား) မြေပုံမှားငိုတာလဲ ရှိသေးတယ် (မှန်ပ့ါ)။
ဒီအကြောင်းတွေ အယောနိသောမနသိကာရ ကြောင့် ဖြစ်တာတွေကို ဒကာ ဒကာမတစ်ယောက်က စကားရှည်ရှည်နဲ့ ပြောနေမယ်ဆိုရင် ဘေးကနားထောင်တဲ့ လူနားကို ညည်းတာပဲ မပြီးဘူး (မှန်ပ့ါ) ဘာတွေချည်း ပြောနေမယ် ထင်သတုံး (အယောနိ သောမနသိကာရ ပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့မှာ နိဗ္ဗာန်မရောက်နိုင်တဲ့ လက်သည်တစ်ယောက်တော့ မိပြန်ပြီ (မှန်ပ့ါ) ဘာမိသလဲ (အယောနိသောမနသိကာရမိပါတယ် ဘုရား) အင်းတော်ပဲ တော်သေးတယ်နော် (မှန်ပ့ါ) နဂိုကတော့ ဒို့အိမ်မှာ သူများ ပယောဂများ တိုက်ထားသလားမသိဘူး၊ လင်နဲ့မယား အဆင်ကိုမပြေပါဘူး(မှန်ပ့ါ)။
ဘယ်သူကများ အဆင်မပြေအောင် လုပ်ထားပါလိမ့်
ဘယ်ဟုတ်မတုန်း ပယောဂ (မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်သူကများ အဆင်မပြေအောင် လုပ်ထားပါလိမ့် (အယောနိသောမနသိကာရ ပါ ဘုရား)၊ အယောနိသော မနသိကာရက မိန်းမလုပ်ထားပြီ၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကလဲ ယောက်ျားလုပ်ထားပြီ (မှန်ပ့ါ)။
အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို ယောက်ျားလုပ်ထားတယ် (မှန်ပ့ါ) ယောက်ျားကလဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို (မိန်းမလုပ် ထားပါတယ် ဘုရား) ဒီတော့ အနိစ္စ၊ဒုက္ခ၊ အနတ္တကကွယ်ပြီး သကာလ ယောက်ျား၊ မိန်းမ၊ ဖြစ်နေတယ် (မှန်ပ့ါ)။
ယောက်ျား မိန်းမဖြစ်လာတဲ့အခါကျတော့ တစ်ယောက်က အသုံးအဖြုန်းကြီးသလေး တစ်ယောက်က အနေအထိုင် မကောင်းဘူးလေး နဲ့ ရှုပ်လာပြန်ပြီ (မှန်ပါ့) မရှုပ်သေးဘူးလား (ရှုပ်ပါတယ် ဘုရား) ဒါဘာကြောင့်ပါလိမ့် (အယောနိ သောမနသိကာရ ကြောင့်ပါ ဘုရား)။ ယောက်ျား မိန်းမရယ်လို့ နှလုံးသွင်းမှားက စတယ် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာကြွယ်၊ ဒီလို နှလုံးသွင်းမမှားတဲ့အိမ် ရွာထဲမှာ ဘယ်နှစ်အိမ်ရှိသတုန်း (မရှိပါဘူး ဘုရား) ဒါကြောင့် အပါယ်စာတွေ အဖြစ်များကြတာပေါ့ (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ)။
အဲဒါ- ဆရာသမားများက ခင်ဗျားတို့ကို ကျကျနနသဘောပါအောင် ပြင်ပေးနိုင်ရင် ပေးပါ၊ မပေးရင်တော့ ဒီ့ပြင် ကယ်မည့်လူရယ်လို့ ရှိမှာမဟုတ်ဘူး (မှန်ပ့ါ) ဟိုအိမ်ကြည့်လိုက်လဲ နှလုံးသွင်းမှားနဲ့ပဲ၊ ဟိုမှာ အကြင် လင်မယား သိပ်ပြီး ယုယတာပဲဆိုပြီး ဘေးကများ အားကျကြတယ် (မှန်ပါ)။
နှလုံးသွင်းမှားနဲ့ တဏှာပွားနေတာ
သူတို့အကြင် လင်မယားဟာ မောင်လိုနှမလိုပဲ ကြင်ကြင် နာနာရှိလိုက်တာ၊ ညှာညှာတာတာရှိလိုက်တာတဲ့ ဒါလဲ နှလုံးသွင်းမှားနေတာ (မှန်ပ့ါ) ဒါကလဲ ဪ အင်မတန် လိမ္မာတဲ့ယောက်ျား ကိုယ်ကနေပြီး အနာမခံလို့ရှိရင် ဘယ်ဖြစ်မတုံး (မှန်ပ့ါ) သူကလဲ နှလုံးသွင်းမှားနဲ့ တဏှာပွားနေတာ (မှန်ပ့ါ) တဏှာဥပါဒါန်ကံပြီးတော့ အပါယ်ဇာတိပဲ များနေတာပဲ (မှန်ပ့ါ) နှလုံးသွင်းမှားတာပဲ သူကလဲ (မှန်ပ့ါ)။
နှလုံးသွင်း အချိုးမကျတဲ့ အိမ်ကျပြန်တော့လဲ နှလုံးမှားလို့ပဲ အချိုးမကျတာပဲ (မှန်ပ့ါ) ဒါကျတော့လဲ များသော အားဖြင့် သောကပရိဒေဝ အဝိဇ္ဇာ သင်္ခါရ ဝိညာဏ်ဆိုပြီးတော့ နှလုံးသွင်းမှာ အချိုးမကျ အဆင်မပြေတဲ့ အိမ် ကျတော့လဲ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဘက်လှည့်ပြန်တယ် (မှန်ပ့ါ)။
နှလုံးသွင်းက မှားတော့ မှားတာပဲမှားပေမယ့် ယုယုယယနေတဲ့အိမ် ကြည့်ပြန်တော့ တဏှာဥပါဒါန်ကံ ဇာတိ (မှန်ပ့ါ) ဇာတိဆိုပေမယ့် အများအားဖြင့်တော့ အပါယ် ဇာတိက များပါလိမ့်မယ် (မှန်ပ့ါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
တစ်ချို့ဟာ ဒကာ ဒကာမတွေမှာ သေချိန်မရောက်ဘဲနဲ့သေသွားတာတွေ မောင်ဘသော် မင်းကြားဘူးရဲ့လား (ကြားဘူး ပါတယ် ဘုရား) အဲဒါ ဘာထင်သတုံး (နှလုံးသွင်းမှားလွန်းလို့ပါဘုရား၊ အသက်အတိုင်း နေကြရလိမ့်မယ် ထင်ပြီး တည်ထောင်ကြတာ၊ အခုတော့ သူကအလျင်စွန့်သွားတော့ ကျုပ်လဲလိုက်မှတော်မယ် (မှန်ပါ) အင်း ဘာဖြစ်ပြန်ပြီလဲ (မှန်ပ့ါ) အင်း ဘာဖြစ်ပြန်ပြီလဲ (နှလုံးသွင်းမှားတာပါ ဘုရား)၊
ကံမကောင်းလို့သေတာလား
ဒါ ကံမကောင်းလို့သေတာလား၊ သူ့ဟာသူ လိုက်ချင်လို့ လိုက်တာလား (သူ့ဟာသူ လိုက်ချင်လို့ လိုက်တာပါ)၊ ဒါဖြင့် ဒါဟာ ဘာကသတ်တာတုံး၊ ကံက သတ်တာလား နှလုံးသွင်း မှာက သတ်တာလား (နှလုံးသွင်းမှားက သတ်တာလို့ဆိုရပါမယ် ဘုရား) ရိပ်မိပြီလား (မှန်ပ့ါ)။
ဒကာကြွယ် နှလုံးသွင်းမှား ဘယ်လောက်အရာ ကျယ်တယ်ဆိုတာ မကျယ်ဘူးလား (ကျယ်ပါတယ် ဘုရား)။
ဒါဖြင့်ယနေ့ နှလုံးသွင်းမှားကိုမှ ဦးဘအုန်း ထည့်မပေးလိုက်လို့ရှိရင်ဖြင့် အမှားတွေ သွားရာလမ်းကိုဖြင့် မလွတ်တမ်းဘဲ ရောက်ရတော့မယ် (မှန်ပ့ါ ဘုရား) မရောက်ရပေဘူးလား (ရောက်ရပါတယ် ဘုရား) ဒါဖြင့် အင်မတန် အရေးကြီးတဲ့တရားဆိုတာ ဒကာကြွယ် ပေါ်တော့တာပဲ (ပေါ်ပါတယ် ဘုရား)။
တစ်မြို့လုံး ရန်တိုက်တာလဲ ဘယ်သူတုန်း (နှလုံးသွင်းမှားပါ)၊ တစ်မြို့လုံး ပြုံးစရာ မဟုတ်ဘဲနဲ့ ပြုံးနေတာတွေ ကြည့်ပြန်တော့ကော (နှလုံးသွင်းမှားပါ ဘုရား) မဲ့စရာမရှိဘဲနဲ့ မဲ့နေတာတွေ ကြည့်လိုက်ပြန်တော့ (နှလုံးသွင်း မှားပါ ဘုရား)။
ဒကာကြွယ် မြို့ထဲမှာတော့အပြုံးနဲ့အမဲပဲ ရှိမှာပါပဲ၊ ဒီ့ပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါဘူး ဘုရား) အပြုံးကလဲ ဘာပါလိမ့် (နှလုံးသွင်းမှားပါ ဘုရား) ခက်ကုန်ပြီကော ဦးဘအုန်း လက်သည်တော့ ဒီနေ့ ကောင်းကောင်းမိပြီ (မှန်ပ့ါ)။
ဒကာ ဒကာမတွေ ခွေးနဲ့ကြောင်နဲ့ တည့်အောင်လဲ နှလုံးသွင်းမှားပဲ၊ အစားကလေးပြပြီ၊ ခဏခဏ ကျွေးနေတော့ ခွေးနဲ့ကြောင်လဲ တည့်ချင်တည့်နေတာ (မှန်ပ့ါ) ဒါလဲ နှလုံးသွင်းမှားပဲ (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)၊ ခုနင်ကပြော ခဲ့တဲ့ကြက်ညီနောင် ခွပ်ကြတာလဲ၊ (နှလုံးသွင်းမှားပါ ဘုရား) ဒါဖြင့် နှလုံးသွင်းမှားဟာ ဒကာ ဒကာမတို့ ချိုပြီး အပါယ်ချ တာလဲရှိတယ်။
ဘယ်ဟာ ကြိုက်ကြသတုန်း
ဒါဖြင့် ဘယ်ဟာ ကြိုက်ကြသတုန်း (ဘယ်ဟာမှ မကြိုက်ပါဘူး ဘုရား) ဟာ တစ်ခုခုတော့ ခင်ဗျားတို့ ကြိုက်ကြဦးမှာပါ (မှန်ပ့ါ)။
ဒကာကြွယ် ခင်ဗျားတို့ကြိုက်တာကို ဘုန်းကြီးသိပါတယ်၊ ယောက်ျားကလည်း မိန်းမကို ယုယုယယနဲ့၊ မိန်းမ လုပ်တဲ့ပုဂ္ဂိုလ်ကလည်း ယောက်ျားကို လေးလေးစားစားနဲ့ အဲဒီလို အိမ်ထောင်သည်ဆိုတာတော့ ရှာမှရှား (မှန်ပါ့)၊ ဦးဘအုန်း အိမ်နီးချင်းတွေက ချီးမွမ်းကုန်ပြီ (မှန်ပါ့)၊ သည်းခံနိုင်ကြတယ်၊ ဒီလို ကြုံဖို့ကျဖို့ဆိုတာ မလွယ်ဘူးဆိုတော့ ဟိုမှာ နှလုံးသွင်းမှားနေတာတော့ သိတာမဟုတ်ဘူး (မှန်ပါ့)၊
သိရဲ့လား (မသိပါဘူး) မသိပေမယ့် ဟိုအိမ်ကိုတော့ အကြိုက်ပဲ၊ ဒို့ အိမ်ကလူနဲ့တော့ ကွာပါ့ကွာ (မှန်ပါ့) မလာဘူးလား (လာပါတယ်)၊ လာတယ် လာတယ် ဒို့အိမ်ကဟာ တွေနဲ့တော့ မယှဉ်ပါနဲ့တော့ကွာ၊ ဒီကတော့ ထော်လော်ကန့်လန့် ဇောက်တီးဇောက်ချ အစရှိသည်နဲ့ မလာဘူးလား လာမလား (လာပါတယ် ဘုရား) ဒါ ဘယ်ကလာတာတုန်း (နှလုံးသွင်းမှားက လာတာပါ ဘုရား)။
ဟိုကလည်း နှလုံးသွင်းမှားလို့ပြုံးနေတာကိုပဲ ဒို့လည်းဒီလိုဖြစ်ချင်သေးတယ်၊ ဒီလိုမှားချင်သေးတယ်၊ ဟိုကလည်း သဘောကျလျက်ပဲ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ အပြုံးကြိုက်သလား အမဲ့ကြိုက်သလား (ဘယ်ဟာမှ မကြိုက်ပါဘူး)၊ အခုတော့ ပါးသွားပြီ တော်သေးတယ် (မှန်ပါ့) တော်သေးတယ် တော်သေးတယ်၊ နို့မဟုတ်ရင် အပြုံးကြိုက်တွေပဲ (မှန်ပါ့)။
ဒကာကြွယ်တို့ ဘာကြိုက်သတုံး (အပြုံးကြိုက်တွေပါ ဘုရား)။
ခင်ဗျားတို့ ဆုံးမနေတာ ကြည့်ပါလား၊ ဥပမာ ဟိုမှာ လင်နဲ့မယား ရန်ဖြစ်လို့ရှိရင် “လင်နဲ့မယား လျှာနဲ့သွား” တွေဘာတွေနဲ့ ရှုပ်လာကုန်ပြီမဟုတ်လား (မှန်ပါ့) အဲဒါတွေရှုပ်ပြီး သကာလ လာတာ လူကြီးတွေကိုက တစ်ခါတည်း နှလုံးသွင်းမှားလာတာ (မှန်ပါ့) တစ်ခါတည်း ဒကာကြွယ် ကိုယ်တတ်တဲ့ပညာနဲ့ နှလုံးသွင်းမှားအောင် လုပ်တော့ တာပဲ (မှန်ပါ့) ရိပ်မိပြီလား (မှန်ပါ့)။
ဦးဘအုန်း လူကြီးလုပ်ချင်သေးလား ခင်ဗျားတို့ (မလုပ်ချင်ပါဘူး ဘုရား) လုပ်ရင် ကိုယ်ပါရောပြီး မှားမှာပဲ (မှန်ပါ့)။
ငရဲ၏ လက်သည်
ဒါဖြင့် ဒကာ ဒကာမတွေကို လောဘတဏှာဖြစ်ရတော့ ပြုံးတယ် (မှန်ပါ့) ဒေါသ သောက စသည် ဖြစ်ရတော့ မဲ့တယ် (မှန်ပါ့) ဒီတော့ ပြိတ္တာဘုံသွားတဲ့ လက်သည်လည်း အပြုံးသမားတွေက ပြိတ္တာဘုံသွားတယ် (မှန်ပါ့)၊ ငရဲသွားတဲ့ ပုဂ္ဂိုလ်က အမဲ့သမားတွေကသွားတယ် (မှန်ပါ့) ဒါဖြင့် ပြိတ္တာဘုံ၏လက်သည်လည်း နှလုံးသွင်းမှားပဲ (မှန်ပါ့) ငရဲ၏ လက်သည်လည်း (နှလုံးသွင်းမှားပါ ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။
ဒကာကြွယ် ပြိတ္တာနဲ့ငရဲ ဘယ်ဟာကကောင်းသတုံး (ဘယ်ဟာကမှ မကောင်းပါဘူး) ဒါဖြင့် နှလုံးသွင်းမှားကို ဇာတ်သိမ်းမှရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
နှလုံးသွင်းမှားလိုက်တဲ့ ဖြစ်ခြင်း ဒကာ ဒကာမတို့ ယနေ့ ရှင်းပြပါမယ်တဲ့၊ ဒီမှာကြည့်ကြပါ ဒကာ ဒကာမတို့၊ ဥပမာမယ် ကာမဘုံလို့ဆိုပြီး အထက်နားမှာ ပြထားတယ်နော် (မှန်ပါ့)၊ ဒါတွေက ကာမာသစ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ၊ အလယ်ကဟာက အာသဝေါတရား လေးပါးပေါ့နော် (မှန်ပါ့)၊ အာသဝဝင်ရိုးကြီးပေါ့ဗျာ (မှန်ပါ့)၊ ဝင်ရိုးကြီး က သူလှည့်တာပေါ့ဗျာ (မှန်ပါ့)။
ဒကာ ဒကာမတွေ လူ့ပြည်ကမနေ သေလွန်ရလို့ရှိရင် ကာမဆယ့်တစ်ဘုံထဲမှာ လူ့ပြည်ရယ်၊ နတ်ပြည်ခြောက် ထပ်ရယ် မကြိုက်ပေဘူးလား (ကြိုက်ပါတယ်)၊ ကြည့် အာသဝလှည့်ပုံ (မှန်ပါ့) ဒီအာသဝ လှည့်လိုက်လို့ ကာမဘုံပေါ် လာတယ်၊ ဒီဝင်ရိုးသာ မလည်မယ်ဆိုရင် ဒီပုဂ္ဂိုလ်အတွက် ကာမဘုံဟာ ပေါ်ပါ့မလား (မပေါ်ပါဘူး)။
ဒီအာသဝ ဝင်ရိုးကနေပြီး ပို့လိုက်တာပဲ
အပါယ်ပို့လိုက်တာလည်း ဒီအာသဝ ဝင်ရိုးကနေပြီး ပို့လိုက်တာပဲ (မှန်ပါ့)၊ အရူပဘုံပို့လိုက်တာကော (အာသဝ ဝင်ရိုးက ပို့ပါတယ် ဘုရား)၊ ရူပဘုံတွေ ဗြဟ္မာဖြစ်အောင် ပို့လိုက်တာကော (အာသဝကနေပြီး ပို့လိုက်တာပါပဲ)၊ သူလှည့်ပြီး ပို့နေတာ (မှန်ပါ့) ကာမဘုံ နတ်ပြည်ခြောက်ထပ် ပို့လိုက်တာကော (အာသဝက ပို့တာပါပဲ)။
ဒါဖြင့် သူပို့တဲ့နေရာမှာ ဒကာ ဒကာမတွေကြည့်ပါ၊ သူက ဒေါက်ကြီးပါပဲ၊ ဝင်ရိုးပေါ်ထောက်နေတဲ့ ဒေါက်ပဲ၊ တွေ့ပြီနော် (တွေ့ပါပြီ)။
ဒေါက်တွေ ဒကာ ဒကာမတို့ ဒီအာသဝကြီး လည်သလို မလိုက်ရဘူးလား (လိုက်ရပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကာမဘုံ ကြိုက်တဲ့ပုဂ္ဂိုလ်လည်း အိုသေ အကွပ်ကြီးနဲ့ သွားတွေ့ရတယ် (မှန်ပါ)၊ အပါယ်ကြိုက်တဲ့ ပုဂ္ဂိုလ်လည်း အိုသေတွေ့တယ် (မှန်ပါ့)။
ရူပဘုံကြိုက်တဲ့ ပုဂ္ဂိုလ်ကော (အိုသေနဲ့ သွားတွေ့ပါတယ်)၊ ဒါဖြင့် သူလှည့်ပို့နေတဲ့ဥစ္စာ အို၊ သေ လမ်းချည်းပို့တယ် (မှန်ပါ့)။
အာသဝဝင်ရိုးကြီး လှည့်လိုက်တာဘယ်ကိုပို့သလဲ (အိုသေလမ်းချည်းပို့ပါတယ်)၊ ကာမပို့လိုက်တော့လည်း (အို၊ သေလမ်းပါပဲ) ရူပပို့လိုက်တော့လည်း (အိုသေလမ်းပါပဲ)၊ အပါယ်ပို့လိုက်တော့ကော (အိုသေလမ်းပါ ဘုရား)၊ အရူပ ပို့လိုက်တော့ကော (အိုသေလမ်းပါ ဘုရား)။
ဒါဖြင့် အာသဝကို ခင်ဗျားတို့လွတ်မှ ဒီဝင်ရိုးကျိုးမှသာလျှင် ဒီဘုံတွေမရောက်မယ် (မှန်ပါ့) မရောက်မှ ဒီအိုသေအကွပ်ကြီးနဲ့ ခင်ဗျားတို့နဲ့ အိုးစားကွဲမယ် (မှန်ပါ့)၊ နို့မဟုတ်ရင် ကွဲပါ့မလား (မကွဲပါဘူး) ဒါက ပဋိစ္စသမုပ္ပါဒ်ကို ချုံးပြတာ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
သစ္စာ နားမလည်တုန်းကကြိုက်တယ်
ခင်ဗျားတို့က ကာမာသဝဆိုတဲ့ ဥစ္စာက ခုနက နှလုံးသွင်းမှားတော့ တစ်ခါတည်း ကာမဘုံ ရောက်လို့ရှိရင် နတ်ပြည်ခြောက်ထပ်မှာ ကျင်လည်ရမယ်ဆိုလို့ရှိရင် ဒကာကြွယ်တို့က နဂိုက မကြိုက်ဘူးလား၊ သစ္စာ နားမလည်တုန်းက (ကြိုက်ပါတယ် ဘုရား)၊ သစ္စာ သဘောမကျခင်တုန်းက ကာမဘုံရောက်ကြောင်း ဖြစ်တဲ့ ဆွမ်းတွေ၊ ကွမ်းတွေ၊ ကျောင်း တွေ မလုပ်ပေဘူးလား (လုပ်ပါတယ်)၊
လုပ်တဲ့အခါကျတော့ ကာမာသဝက နေပြီးပို့ပါတယ် (မှန်ပါ့) ကာမသဝကနေ ပို့တော့ ကာမဘုံ မရောက်ဘူးလား (ရောက်ပါတယ်)။ ဒီကျတော့ ဘာနဲ့တွေ့သလဲ (အို၊ သေနဲ့ တွေ့ပါတယ်)၊ အိုသေ သံပတ်ခွေကြီးနဲ့ တွေ့ပါတယ် (မှန်ပါ့)၊ မလွယ်ဘူးဗျ၊ ဘာဖြစ်လို့တုန်းပို့တဲ့လူက ဝင်ရိုးကိုးဗျ (မှန်ပါ့)၊
အာသဝ ဝင်ရိုးကိုး (မှန်ပါ့) သူပို့လိုက်လို့ ရောက်တဲ့ဥစ္စာကျတော့ အို၊ သေပဲ သူပို့တတ်တယ် (မှန်ပါ့) အပါယ်ပို့တာလဲ အို၊ သေပဲ တွေ့မှာပဲ (မှန်ပါ့)၊ ရူပဘုံပို့လိုက်ပြန်လဲ (အို၊ သေပဲတွေ့မှာပါပဲ)၊ အရူပဘုံပို့လိုက်ပြန်လဲ (အို၊ သေပဲ တွေ့မှာပါပဲ)။
ဒါကြောင့် သုံးဆယ့်တစ်ဘုံမှာဖြင့် အိုသေ အုပ်ချုပ်နေတယ်ဆိုပြီး သံပတ်ခွေကြီးပြတာ၊ အိုသေဟာ သံပတ်ခွေ ကြီးဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဒါတွေက အကန့်တွေ (မှန်ပါ့) ဒါတွေကော (အကန့်တွေပါ ဘုရား)၊ ဘုံတွေ ဟူသရွှေ့ အကန့်တွေချည်းပဲလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)။
နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်၏ သွားရာလမ်း
ဒါဖြင့် ဒါတွေ နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်၏ သွားရာလမ်း (မှန်ပါ့)၊ ကြည့်လေ နှလုံးသွင်းတော့ကို ခင်ကြမင်ကြတာ နှလုံးသွင်းမှားလို့ (မှန်ပါ့)၊ ကာမဘုံခင်တာလဲ ဘာပါလိမ့်ဗျာ (နှလုံးသွင်းမှားလို့ပါ ဘုရား)၊ ကာမဘုံမှာ ဒုက္ခသစ္စာရယ်လို့ မသိတော့ဘူး၊ ချမ်းသာတယ်ရယ်လို့ နှလုံးသွင်းမှားလိုက်တယ် (မှန်ပါ့)။
အဲဒီတော့ ကာမဘုံကို ဘယ်သူက ပို့လိုက်သလဲ (အာသဝက ပို့လိုက်ပါတယ်)၊ အာသဝက ပို့လိုက်တော့ ကာမဘုံရောက်တော့ ဒါနဲ့သွားတွေ့တယ် (မှန်ပါ့)၊ ဒါက ဘာပါလိမ့် (အိုသေပါ ဘုရား)၊ အိုသေ သံပတ်ခွေကြီး (မှန်ပါ့)၊ အိုသေ အကွပ်ကြီးပေါ့ဗျာ (မှန်ပါ့)၊
ဒါကဝင်ရိုး ဒါက ဒေါက်၊ ဒါက သံပတ်ခွေ အထိန်းတွေ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ ဘယ်ရောက်ရောက် အိုသေက ထိန်းသွားတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဦးဘအုန်း ဒီနေ့ ပဋိစ္စသမုပ္ပါဒ်ပြတာကတစ်မျိုး (မှန်ပါ့)၊ နှလုံးသွင်းမှားတဲ့ပုဂ္ဂိုလ်၏ သွားရာ လမ်းခရီး (မှန်ပါ့)။
ဒကာကြွယ် ဘာတဲ့တုံး (နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်၏သွားရာလမ်းခရီးပါ)၊ ဘယ်သွားသတုံးဆိုတော့ ဒီလေးမျိုးပဲ သွားတယ် (မှန်ပါ့)၊ ဒီလေးမျိုးသွားတော့ ဒီဘုံတွေပဲ မရောက်ဘူးလား (ရောက်ပါတယ်) ဒီဘုံရောက်တော့ ဘာတွေ တွေ့သတုံး (အိုသေတွေ့ပါတယ်)။
နှလုံးသွင်းမှားပြီး တောင်းတာပဲ
ဪ ခင်ဗျားတို့ နတ်ပြည်ရောက်ရပါလို၏ ဆိုတာလဲ နှလုံးသွင်း မှားပြီး ကတာင်းတာပဲ (မှန်ပါ့)၊ ဗြဟ္မာပြည် ရောက်ရပါလို၏ဆိုတာလဲ နှလုံးသွင်းမှားပြီး တောင်းတာပဲ နှလုံးသွင်းမှားတဲ့ အာသဝ၊ ရှင်းပြီလား (ရှင်းပါပြီ)။
သားမယား စားဖို့ပဲ၊ အပါယ်လေးပါးနဲ့ အကုသိုလ် မကြောက်နိုင်ပါဘူး၊ မုသားမပါ လင်္ကာမချော၊ ခေတ် ကလည်း ဒီလိုမှလုပ်မစားလို့ရှိရင် ဖြစ်ကိုမဖြစ်ဘူး၊ သားတွေ သမီးတွေတစ်ပြုံကြီးနဲ့ ကုန်စရာ ကျစရာ အကြောင်းကိစ္စ တွေက သေးတာမဟုတ်ဘူး၊ လုပ်မှပဲဆိုပြီး လုပ်လိုက်တဲ့ အခါကျတော့ ကာမာသဝကြောင့် အပါယ်ကျတယ် (မှန်ပါ့)၊ ဘာတွေ့သတုန်း (အိုသေတွေ့ပါတယ် ဘုရား)၊ အပါယ်ကျတော့လည်း အိုသေပဲ ပြန်ပြီး အုပ်ချုပ်တယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ယခု ဘုံလေးမျိုး ပြပြီး သကာလ နိဂုံးချုပ်လိုက်တော့ အိုသေက အုပ်ချုပ်တယ် (မှန်ပါ့)၊ အဲဒါ ဘယ်ပုဂ္ဂိုလ် တို့၏ သွားရာလမ်းလဲလို့ မေးတဲ့အခါကျတော့မှ နှလုံးသွင်းမှားလို့ အာသဝပေါ်တယ် (မှန်ပါ့)၊ အာသဝပေါ်လို့ ဒီဘုံတွေ ရောက်ရတယ် (မှန်ပါ့) ဒီဘုံတွေရောက်ရလို့ အိုသေ ဒုက္ခသစ္စာနဲ့ တွေ့ရတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီဘုံတွေက ပဒေါင်းပေါ့ဗျာ
ဦးဘအုန်း လွန်ကုန်ပြီ (မှန်ပါ ဘုရား)၊ မနေ့က ပဋိစ္စသမုပ္ပါဒ်ကို ချုံ့ပြလိုက်တော့ ဒါရတယ် ဒကာ ဒကာမတို့ (မှန်ပါ့) အာသဝဟာ ဝင်ရိုး၊ ဒီဘုံတွေက ပဒေါင်းပေါ့ဗျာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ) အိုသေက အကွပ်ကြီး (မှန်ပါ့)။
ဒါဖြင့် ဒီအထဲမှာ ကာမဘုံဆိုတဲ့ နတ်ဘုံကြိုက်လား ဒကာကြွယ် (မကြိုက်ပါဘူး)၊ ကြိုက်ရင် ခင်ဗျား အိုသေ ကျတော့ မငြင်းနဲ့နော် (မှန်ပါ့)၊ ရူပဘုံကြိုက်သလား (မကြိုက်ပါဘူး)၊ ကြိုက်ရင် အိုသေ မငြင်းနဲ့၊ အိုသေ တွေ့ရမယ် (မှန်ပါ့)၊ အရူပဘုံဆိုတာ ဗြဟ္မာတွေ သိပ်အသက်ရှည်တာပဲလို့ သွားမကြိုက်နဲ့ ဘာတွေ့ရမယ်ထင်သတုန်း (အိုသေ တွေ့ရပါမယ်)။
ဒါဖြင့် ဘယ့်နှယ်ကြောင့် အိုသေတွေ တွေ့ရပါလိမ့်မတုန်းဆိုတော့ အို ဒီဝင်ရိုးပို့ရာသွားနေရလို့ (မှန်ပါ့)၊ အာသဝပို့ရာကို (သွားနေရပါတယ် ဘုရား)။
ဒကာ ဒကာမတို့ မြင်ကြပြီလား (မြင်ကြပါပြီ) ဒါဖြင့် ခင်ဗျားတို့ ဆုတောင်းယူသရွှေ့ နိဗ္ဗာန်မှတစ်ပါး ကျန်တဲ့ ဘုံးဘဝတွေကဖြင့် မသိလို့ တောင်းတာ (မှန်ပါ့)၊ မသိတာက ဒကာ ဒကာမတို့က အဝိဇ္ဇာသာ၊ တောင်းတာက ကာမသဝ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ ကာမဘုံတောင်းရင် ကာမာသဝ၊ ရူပဘုံ တောင်းရင် (ဘဝါသဝပါ ဘုရား)။
အဲဒီတော့ အာသဝသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ရယ်လို့ လေးမျိုးရှိတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ငါဖြစ်ချင်တာ သူများဖြစ်ချင်တာမဟုတ်ဘူးဆိုတော့ ဒိဋ္ဌာသဝကလဲ ပါပြီးသား (မှန်ပါ့)၊
ဒီဝင်ရိုးကြီးလှည့်ရာကို သွားရမယ်
ဒါဖြင့် ဒီဝင်ရိုးကြီးလှည့်ရာကို ခင်ဗျားတို့ သွားရမယ် (မှန်ပါ့)၊ ဒီတော့ အောက်ရောက်လဲ အိုသေပဲ၊ အထက်ရောက်လဲ (အိုသေပါ ဘုရား) ဘေးရောက်လဲ (အိုသေပါ ဘုရား)၊ ဘယ်နေရာ ကြိုက်သတုံး ဒကာကြွယ် (ဘယ်နေ ရာမှ မကြိုက်ပါဘူး ဘုရား)။
ဒါဖြင့် ဒီအာသဝ ဘယ်ကလာသတုံး မေးတော့မှ ယနေ့ တရားမှာမှတ်လိုက်ပါ၊ နှလုံးသွင်းမှားကလာတာ (မှန်ပါ့) လက်သည်ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
နှလုံးသွင်းမှားတော့ နတ်ပြည်လိုချင်တဲ့ ကာမာသဝပေါ်တယ် (မှန်ပါ့)၊ နတ်ပြည်မှာ ချမ်းသာတယ်ဆိုတော့ နတ်ပြည်မှာ အနိစ္စ၊ ဒုက္ခ ရယ်လို့ နှလုံးသွင်းက မှန်သေးရဲ့လား (မမှန်ပါဘူး ဘုရား)၊ မမှန်တော့ လိုချင်တဲ့ ကာမာသဝ မလာဘူးလား (လာပါတယ်)၊ ဒါဖြင့် ကာမာသဝက တစ်ခါ လှည့်လိုက်တော့ကို ကာမဘုံရောက်သွားတယ် (မှန်ပါ)၊ ရောက်သွားတော့ ဘာတွေနဲ့တွေ့သလဲ အိုသေတွေနဲ့ တွေ့ပါတယ်။
ကဲ နှလုံးသွင်းမှားတော့ ကာမာသဝပေါ်တယ် (မှန်ပါ့)၊ ကာမာသဝပေါ်လို့ လုပ်လိုက်တဲ့အခါကျတော့ အိုသေ သွားတွေ့တယ် (မှန်ပါ့)၊
ကာမဘုံတော့ရောက်ပါတယ်၊ ရောက်ပင်ရောက်ငြားသော်လည်း အိုသေပဲသွားတွေ့တယ်၊ သဘောကျပြီလား (ကျပါပြီ)၊ နှလုံးသွင်းမှားတော့ ငါ့သား၊ ငါ့မယားဆိုတော့ ဒိဋ္ဌသဝ မလာဘူးလား (လာပါတယ်)၊ ဒိဋ္ဌာသဝဆိုကတည်းက ဝင်ရိုးပဲ၊ မလှည့်ပေဘူးလား (လှည့်ပါတယ်)၊ လှည့်တဲ့အခါကျတော့ အပါယ်မသွားပေဘူးလား သွားသလား (သွားပါတယ်)၊ ဒါဖြင့် ဒိဋ္ဌာသဝကြောင့်လည်း အပါယ်သွားရတယ်ဆိုတာ ရိပ်မိပြီ (မှန်ပါ့)။
ဘာနဲ့ လက်စသတ်သတုံး
ဟောဒီ အဝိဇ္ဇာသဝကလဲ ရူပဘုံ၊ အရူပဘုံဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တရယ်လို့ သိသေးရဲ့လား (မသိပါဘူး)၊ နှလုံးသွင်းမှားတော့ အဝိဇ္ဇာသဝကလဲ လာတာပဲ (မှန်ပါ့)။ လာတဲ့အခါကျတော့ အဝိဇ္ဇာသဝနဲ့ ခင်ဗျားတို့ အားထုတ် လိုက်တဲ့အခါကျတော့ ရူပဘုံ၊ အရူပဘုံ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊
ရောက်တော့ နောက်ဆုံးပိတ် ဘာနဲ့ လက်စသတ်သတုံး (အိုသေနဲ့ လက်စသတ်ရပါတယ်)၊ ဒါဘယ်ကလာတာတုံး (နှလုံးသွင်းမှားကလာပါတယ်)။
ကဲ ဒါဖြင့် ဒီလိုဆက်ကြစို့၊ နှလုံးသွင်းမှားကြောင့် အာသဝပေါ်တယ်၊ အာသဝပေါ်သောကြောင့် ဘုံလေးမျိုးကို ကြိုက်တယ်၊ ကြိုက်ခြင်းကြောင့် အိုသေလေးမျိုးနဲ့ တွေ့ရပါတယ် (မှန်ပါ) ကဲပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဦးဘအုန်း သေသေချာချာမှတ်စမ်းပါ ဒီဥစ္စာ၊ နှလုံးသွင်းမှားတော့ ဘာပေါ်သတုံး (အာသဝပေါ်ပါတယ်)၊ အာသစပေါ်တော့ ဘုံလေးမျိုးရောက်တယ်၊ မရောက်ဘူးလား (ရောက်ရပါတယ်)၊ ကာမရူပ၊ အရူပ၊ အပါယ်တို့သို့ မရောက်ရပေဘူးလား (ရောက်ရပါတယ်)၊ အဲဒီဘယ့်နှယ်ကြောင့် ရောက်သွားသတုံးလို့ မေးတဲ့အခါကျတော့ နှလုံးသွင်း မှားလို့ (မှန်ပါ ဘုရား)၊
နှလုံးသွင်းမှားတော့ အာသဝပေါ်တယ် (မှန်ပါ့)၊ အာသဝက လှည့်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ကာမရူပ အပါယ်လေးပါးဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ်) ပေါ်လာတဲ့အခါကျတော့ ဟိုမှာ ကောင်းကောင်းနေရမလား၊ အိုသေနဲ့ တွေ့ရမလား (အိုသေနဲ့တွေ့ရပါမယ်)၊ ပေါ်ကြပါပြီ (မှန်ပါ့)။
နှလုံးသွင်းမှားကြောင့် ဘာပေါ်သတုံး
ဒါဖြင့် ယနေ့တရားမှာ ဒကာကြွယ် သိပ်အဖိုးတန်တယ် (တန်ပါတယ်) နှလုံးသွင်းမှားကြောင့် ဘာပေါ်သတုံး (အာသဝပေါ်ပါတယ်)၊ ဒီအာသဝတွေနဲ့ ဆုတောင်းသောကြောင့် ဒီဘုံတွေ မရဘူးလား (ရပါတယ်)၊ ဒီဘုံတွေရတော့ နိဂုံးချုပ်တော့ ဒီဘုံတွေဟာ ဘယ်မှာ ဇာတ်သိမ်းရသတုန်း (အိုသေမှာ ဇာတ်သိမ်းရပါတယ်) ဟော ဒုက္ခသစ္စာမှာသွားပြီး ဇာတ်သိမ်းတယ် (မှန်ပါ)။
ဒါဖြင့် ဒကာကြွယ် ဒီပုံလဲသေသေချာချာ မှတ်ထားဦး (မှန်ပါ့)၊ ဟိုဘက်က တစ်မျိုးပေါ့ဗျာ၊ ဒီဘက်ကလဲ တစ်မျိုးပဲ၊ မကုန်လို့ ဒီဘက်ဆက်ပြီးရေးရတာ (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ)။
အဲဒါ စက္ကူပုံထဲမှာတော့ မပါသေးဘူး၊ ကိုယ့်ဟာကိုယ် နောက်ထပ်ထည့်ချင်ရင် ထည့်လို့ရပါတယ်၊ ရေးပြီးတော့ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာကြွယ် နှလုံးသွင်းမှားခြင်းကြောင့် အာသဝပေါ်တယ်၊ အာသဝပေါ်သောကြောင့် ဒီဘုံတွေ ရောက်ရတယ်၊ ဘုံတွေရောက်ရလို့ အိုပွဲသေပွဲ ဆင်ရမယ် (မှန်ပါ့)၊ ဟော နှလုံးသွင်းမှား၏ စွမ်းရည်သတ္တိ ဦးဘအုန်း သေးသလားဗျာ (မသေးပါဘူး) ဒကာ ဒကာမတို့ သိပ်ဆိုးရွားပါလား (ဆိုးရွားပါတယ် ဘုရား)။
အခု ဒကာကြွယ်တို့ နှလုံးသွင်းမှားတော့ အိုသေတွေ နီးနေပြီဗျ (နီးပါပြီ ဘုရား) နဂိုက ကာမဘုံ ကြိုက်တာကိုးဗျ၊ ကာမဘုံကြိုက်တော့ ရောက်မလာဘူလား (ရောက်လာပါတယ်)၊ ဘယ့်နှယ်ကြောင့် ကာမဘုံကို နင်က ကြိုက်မိပါလိမ့် မတုံး (နှလုံးသွင်းမှားလို့ပါ ဘုရား)၊ နှလုံးသွင်းမှားတော့ ကာမဘုံကြိုက်တဲ့ တဏှာပေါ်လာတယ်၊ အဲဒီတဏှာဟာ အာမာသဝ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)။
နှလုံးသွင်းမှားက ပို့လိုက်တာ
အဲဒီ ကာမာသဝက လှည့်ပို့လိုက်တော့ ဒကာကြွယ် ဒီကာမဘုံ ရောက်လာတယ်၊ ဒီရောက်မည့်တည်းတည်း ရှိတော့တယ်၊ အိုသေနဲ့ ကပ်နေပြီ (မှန်ပါကပ်နေပါပြီ)၊ ဒကာကြွယ် ဒါဟာ ဘယ်သူက ပို့လိုက်တာပါလိမ့် (နှလုံးသွင်းမှားက ပို့လိုက်တာပါ) နှလုံးသွင်းမှားကြောင့် ကာမာသဝ၊ ကာမာသဝကြောင့် ကာမဘုံမှာဖြစ်၊ ကာမဘုံမှာ ဒကာကြွယ်ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက်လာဖြစ်တယ် (မှန်ပါ) ပုဂ္ဂိုလ်တစ်ယောက်လာဖြစ်တော့ ဒီအိုသေစက်ကွင်းက မလွတ်နိုင်ဘူး (မှန်ပါ့) လွတ်နိုင်ပါ့မလား မလွတ်နိုင်ပါဘူး။
ဒါဖြင့် ဒကာကြွယ် နှလုံးသွင်းမှားတာ သေးသေးမအောက်မေ့နဲ့ (မှန်လှပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဲ မှတ်မိအောင် တစ်ခေါက်ပြန်ပြောပါဦးမယ် ဒကာ ဒကာမတို့ နှလုံးသွင်းမှားမှုသည် အာသဝလေးပါးကို ပေါ်စေတယ် (မှန်ပါ့) အာသဝလေးပါးကို ပေါ်စေသောကြောင့် ဘုံလေးမျိုး ရောက်ချင်သလို ရောက်ရတယ် (မှန်ပါ့)၊ ကာမရူပ အပါယ်တွေပေါ့ဗျာ (မှန်ပါ့)၊ ရောက်ချင်သလို ရောက်ရ သောကြောင့် သေချင်သလို သေခြင်းဆိုးသေရတယ် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဒါကို သေသေချာချာ မှတ်ပါနော် (မှန်ပါ့)၊ နှလုံးသွင်းမှားတော့ ဘာတွေပေါ် သတုံး (အာသဝတွေပေါ်ပါတယ်) ဟောဒီ အာသဝတွေပေါ်တယ်၊ ကာမသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝတွေ ပေါ်တယ်။ အတိုကောက် ရေးထားကြနော် (မှန်ပါ့) ဒါတွေ ပေါ်ပြီး သူကနေ လှည့်ပို့လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့သိတဲ့အတိုင်း ဘုံလေးမျိုး ရောက်ရာမှာ မပေါ်သေးဘူးလား (ပေါ်ပါတယ်)။
ဘုံလေးမျိုးရောက်တော့ အကောင်းနေရသလား အဆိုးနေရသလားဆိုတာ ဟောဒီ အိုသေဆိုတဲ့ အကွပ်ကြီး ထဲက မထွက်နိုင်ဘူး (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ)။
ကိုင်း ဒကာ ဒကာမတို့ အာသဝနယ်က မလွတ်လို့ရှိရင် အိုသေ လမ်းဆုံး (မှန်ပါ့)။
အိုသေ ဘယ်ကလာပါလိမ့်မတုံး
ဒါဖြင့် အာသဝကို ဒကာ ဒကာမတို့ ပြောင်းပြန်ပြန်ပြီး မေးကြဦးစို့ ပဋိလောမနည်းနော် (မှန်ပါ့)၊ အိုသေ ဘယ်ကလာပါလိမ့်မတုံး (ဘုံလေးမျိုးကလာပါတယ်)၊ ဘုံလေးမျိုး ဘယ်သူလှည့်လို့ ပို့လို့ ရောက်ရသတုံး (အာသဝက ပို့လို့ပါ) အာသဝ ဝင်ရိုးက လှည့်ပို့လိုက်တယ် (မှန်ပါ့)။
အာသဝ ဝင်ရိုးဖြစ်အောင် ဘယ်သူက လုပ်ပါလိမ့်မတုန်း (နှလုံးသွင်းမှားက လုပ်ပါတယ် ဘုရား) အဲ နှလုံးသွင်းမှားက သာပြီးဆိုးတယ်၊ ဒကာကြွယ် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အားလုံး တရားပွဲတစ်ပွဲလုံး ဒကာ ဒကာမတို့ နှလုံးသွင်းမှားက ဘာကိုလုပ်သတုန်း (အာသဝကို လုပ်ပါတယ်)၊ အဲ ကျုပ်တို့ကို လှည့်ပေးစမ်းပါဗျာ၊ ဘုံလေးမျိုး လှည့်ပေးစမ်းပါ (မှန်ပါ့)၊ ဒါမှ ကျုပ်တို့ လေးဘုံမှာ လေးသေသေရအောင် (မှန်ပါ့)၊
ဒါကြောင့် မရောက် ရောက်အောင် ပို့ပေးစမ်းပါဆိုတော့ အာသဝက လှည့်ပို့တယ် (မှန်ပါ့)၊ လှည့်ပို့တော့ အပါယ်မှာ သေခဲ့ရ၊ ကာမဘုံမှာ သေခဲ့ရ၊ ရူပဘုံနှင့် အရူပဘုံကော (သေခဲ့ကြရပါတယ်)။
ဒါဟာ ခင်ဗျားတို့ သေချင်လို့ သေရတာလား အာသာပို့လို့ သေရတာလား (အာသဝပို့လို့သေရတာပါ)၊ အာသဝကိုလဲ ဘယ်သူက ပေါ်စေတာပါလိမ့် (နှလုံးသွင်းမှားက ပေါ်စေတာပါ)။
နှလုံးသွင်းမှန် ပြောင်းလိုက်လို့ရှိရင်
ဒါဖြင့် ဒီလိုသွားကြဦးစို့၊ နှလုံးသွင်းမှားကို ဒကာကြွယ်တို့က နှလုံးသွင်းမှန် ပြောင်းလိုက်လို့ရှိရင်ဖြင့် ဝင်ရိုးကျိုးပြီ (မှန်ပါ့)၊ ဝင်ရိုးကျိုးရင် ဘုံတွေ မလာဘူး (မှန်ပါ့)၊ ဘုံတွေမလာရင် အိုသေ အကွပ်ကြီးနဲ့ (မတွေ့ရပါဘူး)၊ ဒါဖြင့် ကျုပ်တို့ နိဗ္ဗာန်ရောက်ဖို့ရာ နှလုံးသွင်းမှန်ဖို့ အရေးကြီးတယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့၊ နှလုံးသွင်းမှန်ရင် ကိစ္စပြီးပါတယ် (ပြီးပါတယ် ဘုရား)၊ နှလုံးသွင်းမှန်ရင် ကိစ္စပြီးပါတယ် ဆိုတာ ဒကာကြွယ် လေးလေးစားစား မှတ်ပါတော့ (မှန်ပါ့)၊ အင်မတန် အရေးကြီးတဲ့ တရားဆိုတာ ယနေ့ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ခုနက စောစောက အပြစ်တွေလဲ အများကြီး ပြခဲ့ပါတယ် (မှန်ပါ့)၊ မျက်နှာ မကြည်မသာ ရှိတာလဲ နှလုံးသွင်း မှားပဲ (မှန်ပါ့) ပြုံးနေကြတာလဲ (နှလုံးသွင်းမှားပါ)၊ အဲဒီတော့ အပြုံးလဲ မလိုက်ကြပါနဲ့၊ အမဲ့လည်း မကြိုက်ကြပါနဲ့ (မှန်ပါ့)၊ အဲဒါ နှလုံးသွင်းမှားကချည်း၊ လာတာဖြစ်ပါတယ်၊ (မှန်ပါ့)
အရိယာပုဂ္ဂိုလ်တို့၏ ပြုံးတာကိုမဆိုပါဘူး၊ အရိယာ တို့၏ ပြုံးတာကတော့ အိုသေလွတ်ဖို့ သူတို့ပြုံးတာ (မှန်ပါ့)၊ ခင်ဗျားတို့ကတော့ အိုသေ သွားမလို့ ပြုံးတာ (မှန်ပါ့)၊ မကွာခြားဘူးလား (ကွာပါတယ်)။
ရဟန္တာများမှာတော့ မဲ့ခြင်းမရှိဘူး၊ သံဝေဂပဲရှိတယ်၊ ခင်ဗျားတို့ကတော့ မဲ့စရာရှိရင် အရုပ်ကို ဆိုးသွားတာပဲ (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊
ဘယ့်နှယ်ကြောင့်မဲ့တာတုံး
ဘယ့်နှယ်ကြောင့်မဲ့တာတုံး ဆိုတော့ နှလုံးသွင်းမှားလို့ (မှန်ပါ့)၊ နှလုံးသွင်း မှားတော့ အဝိဇ္ဇာသဝက လာပါရော (မှန်ပါ့)၊ အဝိဇ္ဇာသဝကနေပြီး ဒကာ ဒကာမတို့ အပါယ်ပို့လိုက်လိမ့်မယ် (မှန်ပါ)၊ မပို့ဘူးလား (ပို့ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှားသည့် ဝင်ရိုးကိုဖြစ်စေတယ် (မှန်ပါ့)၊ ဝင်ရိုးဖြစ်စေသောကြောင့် ဝင်ရိုးကလှည့်လိုက်တာ ဘုံးလေးမျိုးပေါ်လာတယ် (မှန်ပါ့)၊ ဘဝလေးမျိုးပေါ်လာတယ် (မှန်ပါ့)၊ ဘဝလေးမျိုး ပေါ်လာ သောကြောင့် သေခြင်းဆိုးသေရတယ် (မှန်ပါ့)၊ အိုသေလမ်းဆုံးရတယ် (မှန်ပါ့)၊ မဆုံးရဘူးလား (ဆုံးရပါတယ် ဘုရား)၊ ကဲ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် နှလုံးသွင်းမှားလို့ သံသရာလည်တယ် (မှန်ပါ့)။
ဦးဘအုန်း ဘယ်လိုမှတ်ကြမယ် (နှလုံးသွင်းမှားလို့ သံသရာလည်ပါတယ် ဘုရား)။
ဒါကြောင့် သံယုတ်ပါဠိတော်ကြီးမှာ လာတယ်၊ ရှင်မဟာကောဋ္ဌိက-က ရှင်သာရိပုတ္တရာကို မေးတယ်၊ ရဟန္တာကြီးနှစ်ပါး မေး ဖြေကြတာပါ (မှန်ပါ့)၊ အရှင်ဘုရား၊ သီလရှိတဲ့ပုဂ္ဂိုလ် ဘယ်ဟာကို နှလုံးသွင်းမှန်နဲ့ လုပ်ရမတုံး (မှန်ပါ့) သီလရှိတဲ့ ပုဂ္ဂိုလ်မှာ နှလုံးသွင်းမှန်ကို လုပ်လိုက်စမ်းပါ (မှန်ပါ) သီလဆောက်တည်ပြီး၊ နှလုံးသွင်းမှန်ကို လုပ်စမ်းပါတဲ့ (မှန်ပါ)၊ ခန္ဓာကိုယ်မှာ ဝေဒနာကြိုက်ရင် ဒကာကြွယ် ဝေဒနာကို ဖြစ်ပျက်ရှုစမ်းပါ (မှန်ပါ့) စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်က (စိတ်ကိုဖြစ်ပျက်ရှုရပါမယ်)၊ ရုပ်ကိုကြိုက်တဲ့ ပုဂ္ဂိုလ်က (ရုပ်ကိုဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပဲ ရောက်လာတယ်
အဲဒီလို ဖြစ်ပျက် ရှုလိုက်တဲ့အခါကျတော့ ယောက်ျား မိန်းမ ပျောက်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပဲ ရောက် လာတယ် (မှန်ပါ့) ဒါကျတော့ ဘာဖြစ်လို့ပါလိမ့် (နှလုံးသွင်း မှန်လို့ပါ ဘုရား)၊ နှလုံးသွင်းမှန်တော့ အာသဝလာသေးရဲ့လား (မလာပါဘူး) အာသဝမှမလာဘဲနဲ့ လှည့်ပို့စရာ ဘုံရှိသေးရဲ့လား (မရှိပါဘူး)၊ ဘုံမှမရှိဘဲနဲ့ သေစရာကော (မရှိပါဘူး) ဒါဖြင့် ဒကာ ဒကာမတွေ သံသရာစခန်းသတ်ချင်ရင် နှလုံးသွင်းမှန်ဖို့ (မှန်ပါ့)။
ဒါကြောင့် ရှင်မဟာကောဋ္ဌိက-က သီလရှိတဲ့ပုဂ္ဂိုလ်ကို ဘယ်ဟာကို နှလုံးသွင်းမှန်ရမှာတုန်း ဆိုတော့ ခန္ဓာငါးပါး ကို အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ ရောဂတော၊ သလ္လတော၊ အဃတော၊ ပရတော၊ ပရလောကတော၊ သုညတော ဆိုပြီး သကာလ ခန္ဓာငါးပါးကို ဖြစ်ပျက်နှလုံးသွင်းလိုက်ပြီဆိုလို့ရှိရင် နှလုံးသွင်းမှန်သွားတာပဲ (မှန်ပါ့)။
အဲဒီတော့ ဖြစ်ပျက်ဆိုတော့ အနိစ္စဟုတ်လား (မှန်ပါ့) မြင်တာက မဂ္ဂဆိုတော့ အဝိဇ္ဇာ ရှိသေးရဲ့လား (မရှိပါ ဘူး)။ တဏှာကော (မရှိပါဘူး)၊ ဒိဋ္ဌိကော (မရှိပါဘူး)၊ ဘဝတဏှာကော (မရှိပါဘူး)၊ အာသဝလေးပါးစလုံးဟာ ဖြစ်ပျက် မြင်လိုက်တာနဲ့ ဒကာကြွယ် ကာမာသဝလဲမမြင် ကာမဘုံလဲ မလိုချင်တော့ဘူး (မှန်ပါ့)၊ ရူပဘုံကော (မလိုချင် ပါဘူး)၊ အရူပဘုံကော (မလိုချင်ပါဘူး)၊ အပါယ်လေးဘုံကော (မလိုချင်ပါဘူး)၊ ဒိဋ္ဌာသဝလဲ မဖြစ်တော့ဘူး (မှန်ပါ့) မဖြစ်တော့ အပါယ်လည်းမရောက်တော့ဘူး (မှန်ပါ့)။
ဖြစ်ပျက်မြင်လိုက်တော့
အဲဒီ ဖြစ်ပျက်မြင်လိုက်တော့ နှလုံးသွင်းက မှန်သွားတယ်။ နှလုံးသွင်းမှန်သွားတော့ ဝင်ရိုးကျိုးပြီ (မှန်ပါ့)၊ ဝင်ရိုးကျိုးတော့ ဒေါက်တွေ တပ်လို့ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး)၊ ဒေါက်တွေမှ တပ်လို့ မဖြစ်လို့ရှိရင် အကွပ်နဲ့တူတဲ့ ဇာရာ မရဏသည် ဒကာ ဒကာမတွေ အိုအောင် သေအောင် လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါဘူး)။
ဒါဖြင့် ဒီနေ့တရားဟာ ဒကာ ဒကာမတို့ သတ္တုချလိုက်တော့ ဘာအရေးကြီးသတုံး (နှလုံးသွင်းမှန်ဖို့ အရေးကြီး ပါတယ်)။
ဒါဖြင့် နှလုံးသွင်းမှန်ရင် အာသဝဝင်ရိုးကျိုးတယ် (မှန်ပါ့)၊ အာသဝဝင်ရိုးကျိုးသောကြောင့် ဘုံဒေါက်တွေကော (ပြုတ်ပါတယ်)၊ ဒေါက်တွေ ပြုတ်သောကြောင့် အကွပ်ကြီးကော ရှိသေးရဲ့လား (မရှိပါဘူး)၊ အဲ သံသရာလည်မှု စခန်းကြီးအဝိုင်းကြီး အကုန်သိမ်းတာပဲ (မှန်ပါ့) ဝင်ရိုးရော ဒေါက်ရော အကွပ်ကြီးရော အကုန်မသိမ်းဘူးလား (သိမ်းပါ တယ် ဘုရား)။
အဲဒီလို သိမ်းတာ သိရတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဒို့နှလုံးသွင်းမှန်ဖို့ သိပ်အရေးကြီးပါ ကလား (ကြီးပါတယ်)။
နှလုံးသွင်းမှန်ဆိုတာက ဘာကြည့်လိုက်လိုက် ခန္ဓာကိုယ်ကို ဝိပဿနာဉာဏ် ထိုင်တော့မယ်ဆိုတော့ ဖြစ်ပျက် ကလေးတွေ တွေ့ရင် ငါနှလုံးသွင်းမှန်ပြီဟေ့ (မှန်ပါ့)။
နှလုံးသွင်းမှန်ကတည်းက
ဖြစ်ပျက်တွေ့ရင် (နှလုံးသွင်းမှန်ပါပြီ ဘုရား)၊ နှလုံးသွင်းမှန်ကတည်းက ဝင်ရိုး ဘယ့်နှယ်နေသလဲ (ကျိုးပါတယ် ဘုရား)၊ ဒေါက်တွေကော (ပြုတ်ပါတယ်)၊ သံပတ်ခွေကြီးကော (ပြုတ်ပါတယ်)၊ ဒါဖြင့် ဒကာ ဒကာမတို့ သံသရာထဲမှာဖြင့် အခြေကနေပြီး ဖျက်ချလိုက်ပြီ (မှန်ပါ့) ဒကာ ဒကာမတို့က ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကိုင်း-ဒါဖြင့် အရှင်ဘုရား၊ သီလရှိတဲ့ပုဂ္ဂိုလ် နှလုံးသွင်းမှန်ပြီး ဘယ်ဟာလုပ်ရမှာတုံးဆိုတော့ ခန္ဓာကိုယ်ကို အနိစ္စတော၊ ဒုက္ခတော၊ ရောဂတောစသည် ရှုလိုက်ရင်ပြီးတာပဲ (မှန်ပါ့)။
စာတွေကများနေတော့ ဒါတွေကို ရအောင်လည်း မကျက်နိုင်တော့ ကိုယ့်ဟာကိုယ်ကြည့်တော့ ဖြစ်ပျက် မြင်ရင် ဒါတွေ အကုန်ပါသွားတာပဲ (မှန်ပါ့)၊ ဖြစ်ပျက်မြင်တော့ ဒကာ ဒကာမတို့ နှလုံးသွင်းက ဘယ့်နှယ်နေသတုံး (မှန်ပါတယ်) နှလုံးသွင်းမှန်တော့ ယောနိသော မနသိကာရ ဖြစ်သွား တယ် (မှန်ပါ့)။
အဲဒီကျတော့မှ ယောနိသော ဘိက္ခဝေ မနသိကရောတောဟေယော အတ္တာယ သံဝတိ (မှန်ပါ့)၊ ဘိက္ခဝေ ရဟန်းတို့။ ယောနိသော မနသိကရောတော ဖြစ်ပျက်ဟူ၍ သင့်တင့်သောအားဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်အား မဟတော ကြီးစွာသော။ အတ္တာယ နိဗ္ဗာန်ဟူသော အကျိုးငှာ၊ သံဝတ္တိ ဖြစ်၏။ နိဗ္ဗာန်ရောက်နိုင်တယ်လို့ ဟောတာ (မှန်ပါ့)။
ဒကာ ဒကာမတို့ နှလုံးသွင်းမှန်ရင် (နိဗ္ဗာန်ရောက်ပါတယ်)။
ဝင်ရိုးကျိုးတော့ ဒေါက်ပြုတ်တယ်
ဘုရားက ကျဉ်းကျဉ်းဟောတာပါ။ ဘုန်းကြီးတို့က ဒကာ ဒကာမတို့ နားလည်အောင် ပဋိစ္စသမုပ္ပါဒ်နဲ့ ပြပါတယ်၊ ပြတဲ့ အခါကျတော့ ယောနိသောမနသိကာရဖြစ်တော့ ဝင်ရိုးကျိုး၊ ဝင်ရိုးကျိုးတော့ ဒေါက်ပြုတ်တယ် (မှန်ပါ့)၊
ဒေါက်ပြုတ် တော့ အချုပ်ဆိုတဲ့ သံပတ်ခွေကြီးက (ပြုတ်ပါတယ် ဘုရား)၊ ပြုတ်သွားတဲ့အတွက် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်အကုန်ရပ်ပြီ (ရပ်ပါတယ် ဘုရား)၊ မရပ်သေးဘူးလား (ရပ်ပါတယ်)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် ကျုပ်တို့ ဘာအရေးကြီးသတုံး (နှလုံးသွင်းမှန်ဖို့ အရေးကြီးပါတယ်)။
အဲဒီတော့ အိမ်ကျတော့ နှလုံးသွင်းတာပေါ့ဗျာ (မှန်ပါ့)၊ ခန္ဓာကိုယ်ကို မျက်လုံးမှိတ်ပြီး နှလုံးသွင်း (မှန်ပါ့)၊ ဟိုနေရာကလေးမှာ ယားတယ်၊ ဖြစ်ပြီးပျက်တာပဲ (မှန်ပါ့)၊ နာတယ် ဖြစ်ပြီးပျက်တာပဲ (မှန်ပါ့)၊ လှုပ်တယ်ဖြစ်ပြီး ပျက်တာပဲ (မှန်ပါ)။
ဒါဖြင့် စိတ်ကလေး ပေါ်တာလဲ (ဖြစ်ပြီးပျက်တာပဲ)၊ ဘယ်စိတ်ပေါ်ပေါ် (ဖြစ်ပြီးပျက်တာပဲ)၊ အဲဒါ နှလုံးသွင်း ပေတော့ (မှန်ပါ့)၊ ငါ့တစ်ကိုယ်လုံးဟာလဲ ယောက်ျားလဲမရှိ မိန်းမလဲမရှိ၊ ဖြစ်ပျက်သာ ရှိနေတယ် (မှန်ပါ့)။
မဂ်ဆိုတာ သန်လျက်
ဒါဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့် (နှလုံးသွင်း မှန်လို့ပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက်မြင်ပြီ (မှန်ပါ)၊ ဒါဖြင့် ဖြစ်ပျက် မုန်းစရာပါကလား (မှန်ပါ)၊ မလာပေဘူးလား (လာပါတယ်)၊ ဖြစ်ပျက်ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာဆိုတော့ လိုချင်သေးရဲ့လား (မလိုချင်ပါဘူး)၊ မလိုချင်တော့ မဂ်ဉာဏ်ပေါ်လာတယ် (မှန်ပါ့)၊
အရဟတ္တမဂ် ဓါးသန်လျက်ဆိုတဲ့ အတိုင်း မဂ်ဆိုတာ သန်လျက် (မှန်ပါ့)၊ ဒီသန်လျက်သည် ဒကာ ဒကာမတို့ ဝင်ရိုးကို ခုတ်ဖြတ်ပစ်လိုက် (မှန်ပါ့)၊ ဒေါက်တွေ ဖျက်ဆီးပစ်လိုက်၊ အကွပ်တွေ ဖြုတ်ချလိုက် (မှန်ပါ့)၊ မဂ်ပေါ်လာတော့ ဒါတွေအကုန်ပျက်တယ် ပြုတ်တယ် ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဖြစ်ပျက်ရှုတာမှတစ်ပါးကယ်မည့်သူမရှိ
ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာမှတစ်ပါး ခင်ဗျားတို့ သံသရာစခန်းကို ရပ်မေးမည့်သူ မရှိဘူး (မှန်ပါ့)၊ နှလုံးသွင်းမှားကဖြင့် ခုနကပြောခဲ့တဲ့အတိုင်း နှလုံးသွင်းမှားလို့ ဝင်ရိုးပေါ် ဝင်ရိုးပေါ်လို့ ဒေါက်တွေပေါ်၊ ဒေါက်တွေ ပေါ်လို့ အကွပ်နဲ့ကြုံရ (မှန်ပါ့)၊
နှလုံးသွင်းမှန်တော့ ဝင်ရိုးပြုတ် (မှန်ပါ့)၊ ဝင်ရိုးပြုတ်တော့ ဒေါက်တွေကေကော (ပြုတ်ပါတယ်)၊ ဒေါက်တွေပြုတ်တော့ အကွပ်ကကော (ပြုတ်ပါတယ်)၊ သံသရာစခန်းဆက်ပြီဆိုတာ သေချာပြီလား (သေချာပါပြီ)။
ဒါဖြင့် ဖြစ်ပျက်ရှုတာမှတစ်ပါး ကယ်မည့်သူ ယူမည့်သူမရှိဘူး (မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။