13611

မာတိကာသို့

ဝိသာခ နှင့် ဓမ္မာဒိန္နာ

အမေး-အဖြေ(၂)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့-ဓမ္မာရုံ၌ဟောကြားတော်မူသော

ဝိသာခ နှင့် ဓမ္မာဒိန္နာ

အမေး-အဖြေ(၂)

အလုပ်ပေးတရားတော်

(၁၇-၁၂-၁၉၆၁)

မရှုလို့ရှိရင် အဘယ်တရားကိန်းပါသတုံး

မနေ့က ဝေဒနာတွေက ဝိသာခ သူဋ္ဌေးက မေးလို့ ဓမ္မာဒိန္နာထေရီမက ဖြေလိုက်တယ်(မှန်ပါ့)၊ ဘယ်လိုမေးလိုက် သတုန်းဆိုတော့ သုခဝေဒနာ မရှုလို့ရှိရင် အဘယ်တရားကိန်းပါသတုံး ဒုက္ခဝေဒနာ မရှုလို့ရှိရင် အဘယ်တရား ကိန်းပါသတုန်း ဥပေက္ခာဝေဒနာမရှုလို့ရှိရင် အဘယ်တရားကိန်းပါသတုံးလို့ မေးလိုက်တယ်၊ ဓမ္မဒိန္နာထေရီမာက သုခဝေဒနာဟာ မရှုဘဲထားလို့ရှိရင် တဏှာနုသယလိုက်ပါတယ်တဲ့၊ ရှင်းပြီနော်(မှန်ပါ့)။

သုခဝေဒနာ မရှုကြရင် (တဏှာလိုက်ပါတယ် ဘုရား)၊ တဏှာလိုက်တယ်ဆိုတာ သူကတော့ တိုတိုဖြေထားတာ (မှန်ပါ) ဒီက ဒကာ ဒကာမတွေ မှတ်ဖို့ရာကတော့ တဏှာဥပါဒါန်ကံ ကျအောင် လိုက်တယ်လို့ ယူလိုက်(မှန်ပါ)။

တဏှာ ဥပါဒါန်ကံကျအောင် လိုက်လို့ရှိရင်ဖြင့် ဘဝလဲဆက်တော့မှာပဲ ဆိုပြီး ဇာတိကျအောင် လိုက်လိုက်(မှန်ပါ) ဇာတိ မကျအောင် လိုက်လိုက်တော့ သုခဝေဒနာ မရှုတဲ့ပုဂ္ဂိုလ်ဟာ တဏှာလိုက်တယ်၊ ကံကလဲ နိယာမသဘောနဲ့ လိုက်တယ်၊ ဇာတိကလဲလိုက်တယ်၊ အဲဒီဇာတိဟာ ဘယ်ဇာတိလဲဆိုတဲ့အခါကျလို့ရှိရင် သာယာပြီး သေသောကြောင့် များသောအား ဖြင့် ပြိတ္တာဇာတိ(မှန်ပါ့)။

သုခဝေဒနာ မရှုကြရင် ဘာဖြစ်ကြမယ် ထင်သတုံး (ပြိတ္တာဇာတိပါ ဘုရား)။

ဒါဖြင့် သုခဝေဒနာကို ပြုံးရွှင်ပြီး သကာလ သဘောကျနေတဲ့ ပုဂ္ဂိုလ်ဟာ တိုတိုပြောတော့ အာသဝလို ပြောတော့ ကာမသဝလိုက်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ပြိတ္တာဇာတိပဲ ကျေးဇူးပြုမယ်

ကာမာသဝဆိုတဲ့ဥစ္စာဟာ လောဘကိုဆိုပါတယ်၊ ကာမာသဝ လိုက်လို့ရှိရင် ခင်ဗျားတို့ မှတ်စရာက ဘဝါသဝလဲ လိုက်တာပဲ(မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဘုံဘဝမှာလဲ ဒီလိုပဲ ပျော်ပျော် နေချင်သေးတယ်ဆိုတဲ့ ဘဝါသဝကော (လိုက်ပါတယ် ဘုရား) အဲ ကာမသဝ၊ ဘဝါသဝဟာ လိုက်တော့တာဘဲ(မှန်ပါ)။

အဲဒါကြောင့် မရှုမှတ်တဲ့ ပုဂ္ဂိုလ်မှာ ပြိတ္တာလမ်းကို သွားပါတယ်လို့ဆိုတော့ ရှုမှတ်တဲ့ပုဂ္ဂိုလ်ကတော့ မောင်သစ်တို့ ဦးသံဒိုင်တို့ ရှားမှရှား (မှန်ပါ ရှားပါတယ် ဘုရား) မရှားဘူးလား (ရှားပါတယ် ဘုရား) သုခကလေး ပေါ်တယ်ဆိုပြီး ပြုံးနေတာပဲ၊ ပြုံးပြီး သကာလ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ စားနေတာပဲ၊ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ဒီဟာမျိုး၊ နောက်ငယ်ဦးမယ်ဆိုတာ ပါလာတာပဲ (မှန်ပါ့)၊ နောက်ဝယ်ဦးမယ်ဆိုတာက ဥပါဒါန်(မှန်ပါ) ဝယ်မယ်ဆို အခုသွားဝယ်မှပဲ ဆိုပြီး ကာယကံနဲ့သွား ဝစီကံနဲ့ ဈေးဆစ်မလာကြဘူးလား(လာပါတယ်) ဒါတွေက ဘာတွေတုန်း ကမ္မဘဝ (မှန်ပါ) ကာယကံနဲ့သွားတာလဲ ကမ္မဘဝ၊ ဝစီကံနဲ့ ဆစ်တာကော (ကမ္မဘဝပါ ဘုရား)၊ ကမ္မဘဝတွေပဲ၊ စေတနာဟံ ဘိက္ခဝေကမ္မ ဝဒါမိဆိုတာ ဒါတွေ စေတနာကံ ပေါ်လာတယ်(မှန်ပါ)။

အဲဒီကမ္မဘဝက နောင်သေသည်၏အခြားမဲ့၌ သူကဇာတိကို ကျေးဇူးပြုတယ်(မှန်ပါ) ဇာတိဆိုတော့ များသော အားဖြင့် လောဘတဏှာကလာတော့ ပြိတ္တာဇာတိပဲ ကျေးဇူးပြုမယ်(မှန်ပါ) များသောအားဖြင့် ဆိုပါတယ်(မှန်ပါ)။

ဒါဖြင့် ဒုက္ခဝေဒနာမရှုတဲ့ ဒကာ ဒကာမတွေကျတော့ကို ဒေါသလိုက်တယ်လို့ မှတ်ရမယ်နော် (မှန်ပါ) ဒေါသ လိုက်လို့ရှိရင် ဒေါသ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿဥပါယာသ အဝိဇ္ဇာ သင်္ခါရ၊ သင်္ခါရပြီးတော့ ဝိညာဏ်ဆိုတာလဲ ပဋိသန္ဓေဝိညာဏ်လို့ မှတ်ထားလိုက်ကြစမ်းပါ၊ ဇာတိပဲမှတ်ပါ(မှန်ပါ)၊ ရှင်းပြီလား(ရှင်းပါပြီ)။

အဲဒီဇာတိကလဲ ဘာဇာတိတုံး မေးပြန်တော့ အဝိဇ္ဇာက လာသောကြောင့် များသောအားဖြင့် တိရစ္ဆာန်ဇာတိ (မှန်ပါ) သူကလဲ မသေးလှဘူး (မသေးပါဘူး) သဘောပေါက်ကြပြီလား (ပါပါပြီ ဘုရား)။

ဒါက ဘာအာသဝ လိုက်လာသတုံးဆိုရင် အဝိဇ္ဇာသဝလိုက်လာတယ်(မှန်ပါ)။

အာသဝဆိုတဲ့ ဥစ္စာသည်

ဒါကြောင့် ခင်ဗျားတို့ အာသဝဆိုတဲ့ ဥစ္စာသည် ဘုံအားဖြင့် ဘဝဂ်တိုင်အောင် လိုက်ပါတယ်၊ ဓမ္မအားဖြင့် သောတာပတ္တိမဂ်ရဲ့ ရှေးဂေါတြဘူ တိုင်အောင် လိုက်တယ်(မှန်ပါ)။ ဒီတော့ အတော်ကန့်ကွက်နိုင်တဲ့တရားပဲဆိုတာ ထူးထူးခြားခြားမှတ်ပါ (မှန်ပါ)၊ မပယ်ရင်တော့ဖြင့်် လိုက်မှာပဲ ပယ်သင့်တော့ဖြင့် မလိုက်ကြဘူးလို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချပါ(မှန်ပါ)။

အဲဒါကြောင့် ဒုက္ခပေါ်လဲ ခင်ဗျားတို့သည် ဖြစ်ပျက်ကို ရှုမိအောင်ရှုပါ၊ သဘောပေါက်ပြီလား (ပါ-ပါပြီ) သုခပေါ်လဲ (ရှုမိအောင် ရှုရပါမယ်) ရှုမိအောင်ရှုရမှာပဲ မရှုမိလို့ရှိရင် တိရစ္ဆာန်လမ်း ပြိတ္တာလမ်း၊ အပါယ်လမ်းပဲဆိုတာ ငြင်းနေစရာမလိုပါဘူး(မှန်ပါ)၊ သဘောပေါက်ကြပြီလား(ပါ ပါပြီ)။

ဥပေက္ခာဝေဒနာကို မရှုမိပြန်ဘူး၊ အဝိဇ္ဇာသဝပဲ ပြန်လိုက်တယ်(မှန်ပါ) ဥပေက္ခာဆိုတာ အင်မတန်နူးညံ့ သိမ်မွေ့တယ် ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှ သိနိုင်တာ၊ ဉာဏ်မရှိတဲ့ပုဂ္ဂိုလ် မသိဘူး(မှန်ပါ)။

ဥပေက္ခာဝေဒနာပေါ်တာကို ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှ သိတယ်။ ဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်မသိပါဘူး၊ ဉာဏ်ရှိတဲ့ပုဂ္ဂိုလ် ကျတော့လဲ အခုဆရာသမားက ဟောထားတယ်၊ မျက်စိ၊ နှာခေါင်း၊ လျှာ ဝမ်းထဲမှာပေါ်တဲ့ ဥပေက္ခာဝေဒနာတွေ၊ ဒါတွေဟာ ဥပေက္ခာချည်းပဲလို့မှတ်ကြပါ(မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် ဥပေက္ခာဝေဒနာ မရှုမိလို့ရှိရင်လဲ အဝိဇ္ဇာသဝလိုက်တယ်(မှန်ပါ) အဝိဇ္ဇာသဝလိုက်တဲ့ အခါကြလို့ရှိရင်ဖြင့် အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတာ တိရစ္ဆာန်ဘုံမှာ ဖြစ်တတ်ပါတယ်(မှန်ပါ) ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

လှူတဲ့တန်းတဲ့နေရာတောင်မှ ဪ-ဒါဟာ ကိုယ်ခန္ဓာဖြစ်စေ၊ လှူဖွယ်ဝတ္ထုဖြစ်စေ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မခြုံလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေတဲ့ အဝိဇ္ဇာသဝလိုက်သေးတာပဲ(မှန်ပါ) လှူတာ တန်းတာတောင်မှ ဘုံဘဝတွေ လိုချင်တာကြတော့ အဝိဇ္ဇာသဝပါတယ် (ပါ-ပါတယ် ဘုရား)။

ဒါကြောင့် မနေ့က ပြောခဲ့တယ်၊ အဝိဇ္ဇာသဝက ဆုတောင်းခိုင်းတာ၊ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် ရောက်ရပါ လို၏ဆိုတော့ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်ဟာ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာမှန်း မသိတာက အဝိဇ္ဇာ၊ အဝိဇ္ဇာက ဆုတောင်း ခိုင်းတာ (မှန်ပါ)၊ ဒါကြောင့် အဝိဇ္ဇာသည် တဏှာကိုလဲဖြစ်စေနိုင်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ) မသိတော့ ဆုတောင်း တယ်။ မသိတာက ဘဝတုံး (အဝိဇ္ဇာပါ)၊ ဆုတောင်းတာက (တဏှာပါ)၊ တဏှာဆိုတော့ ကာမာဝစရော၊ ဘဝါသဝရော လိုက်တယ်၊ အဝိဇ္ဇာဘဝလည်း လိုက်တယ်(မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

မဂ်၊ အဘိဉာဏ်တောင် ကျေးဇူးပြုနိုင်တယ်

အဲဒီတော့ကို အလှူတစ်လှူမှာ ဝဋ်ကျွတ်အောင်လှူတဲ့အလှူဟာ ဒကာ ဒကာမတွေ ရှားမှရှားတယ် (မှန်ပါ) ဝဋ်လည်တဲ့အလှူများတယ် (မှန်ပါ) ဝဋ်လည်တာက ဒါနက လည်တာလား၊ ဒါနနောက်ကို အသိမရှိလို့ လည်တာလား၊ ဆိုတာကိုလဲ ဦးသံဒိုင်တို့က အကဲခတ်ရမယ် (ဒါနနောက် အသိမရှိလို့လည်တာပါ ဘုရား) အသိမရှိလို့လည်တာ၊၏

ဒါန ကတော့ မလည်အောင်လှူရင် မလည်ပါဘူး၊ ဒါနကတော့ ဒါနံ ဥပနိဿာယ ဈာန်ဥပ္ပါစေတီ မဂ္ဂံ ဥပ္ပါဒေတိ အဘိညံ ဥပ္ပါဒေတိ မဂ်၊ အဘိဉာဏ်တောင် ကျေးဇူးပြုနိုင်တယ်လို့ ဘုရားက ဟောတော်မူတာပဲ (မှန်ပါ) ဟောပင်ဟောငြား သော် လည်း ဒကာ ဒကာမတွေက အဲဒီကျအောင် မလုပ်ကြဘူးတဲ့၊

ဈာန်ကို ဖြစ်စေတယ်ဆိုလို့ရှိရင် ဈာန်ရစေတဲ့တရားကို ရှုပေးရမယ်၊ မဂ္ဂံဥပ္ပါဒေတိ ဆိုလို့ရှိရင် မဂ်ကိုရစေတဲ့တရားကို ရှုပေးရမယ် (မှန်ပါ)၊ ခင်ဗျားတို့က ဈာန်လဲ မလိုက်၊ မဂ်လဲမလိုက်တော့ကို နောက်ဆုံးပိတ်မှာ ဝိပဿနံဥပ္ပါဒေတိ ဝိပဿနာကလေးလဲ လုပ်ပါဦး မပါဘူးလား (ပါ-ပါတယ်)၊

မဂ္ဂံဥပ္ပါဒေတိ စသည်နဲ့ဟောတော်မူတော့ သူကလည်စေနိုင်တာ မဟုတ်ပါဘူး၊ သူက ဒီလိုထိအောင် အကြာင်းအကျိုး ဆက်နိုင်ပါတယ်လို့ ဟောတာကို ဒကာ ဒကာမတွေက သူဆက်တဲ့ဆီကို မသွားဘဲနဲ့ ကိုယ်ဆက်ချင်တဲ့ဆီကို ဆက်ပစ်လိုက် ကြတယ် (မှန်ပါ)၊ ရှင်းပြီးလား(ရှင်းပါပြီ)၊ ကိုယ်ဆက်ချင်တာဆက်ပစ်လိုက်တော့ အဝိဇ္ဇာတို့ အာဏာတို့ရောက်တယ် (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ) ဘာလိုက်လာသတုံး (အဝိဇ္ဇာ, တဏှာ လိုက်လာပါတယ်)။

ပုညာဘိ သင်္ခါသွားဖြစ်တာပဲ

အဝိဇ္ဇာတို့ တဏှာတို့ လိုက်လာတော့ အဝိဇ္ဇာက အဝိဇ္ဇာသဝ၊ တဏှာက ကာမသဝ၊ ဘဝါသဝ၊ အဲ့ဒါတွေ လိုက်လာတဲ့အခါ ဟိုပဋိစ္စသမုပ္ပါဒ် အဝိုင်းကြီး ဒီကနေပြီး မျက်စောင်းထိုးကြည့်လိုက်တဲ့အခါ ကာမာသဝဟာ ပုညာဘိ သင်္ခါသွားဖြစ်တာပဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)၊

ကာမသဝဟာ ဘာဖြစ်သတုန်း (ပုညာဘိသင်္ခါရ သွားပြီးဖြစ်ပါတယ်) ပုညာဘိသိင်္ခါရဆိုတော့ သွားရောပေါ့ သင်္ခါရပစ္စယာ ဝိညာဏံ။ ဝိညာဏံဆိုတော့ ပိဋိသန္ဓေသက်သွားပြီ ပဋိသန္ဓေက ဇာတိ ဒုက္ခသစ္စာ(မှန်ပါ)။

အဲဒီဒုက္ခသစ္စာ သွားလိုက်တော့ကို ဒါနက ဇာတိလုပ်တာလား၊ ဒကာ ဒကာမတွေ သန္တာန်မှာရှိတဲ့ ပုညာဘိ သင်္ခါရက လုပ်တာလား မေးလိုက် (ပုညာဘိသင်္ခါရကလုပ်တာပါ)။

အဲဒီမှာ မယူတတ် မစပ်တတ်လို့ မြတ်စွာဘုရားအလိုတော်မကျဘဲနဲ့ တစ်ဇွတ်ထိုးဟောလိုက်လို့ရှိရင်ဖြင့် ဒါကို ဒါနဟာ သံသရာရှည်တယ်ကွ ပြောလေ့ရှိကြတယ်(မှန်ပါ)၊ ဒါက ကျမ်းဂန်ကို မညှိတက်လို့ဖြစ်ရတယ်လို့ ဦးသံဒိုင် တို့ မှတ်ကြပါ(မှန်ပါ)။

ကျမ်းဂန်ကတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်သူ့မှ မငဲ့ဘဲနဲ့ ဟောကြားတော်မူတဲ့ နိတတ္ထ ဒေသနာ တော်မှာ ဒါနံ ဥပနိဿယ ဈာနံ ဥပ္ပါဒေတိ မဂ္ဂံ ဥပ္ပါဒေတိ အဘိညံ ဥပ္ပါဒေတိ သမာပတ္တိံ ဥပ္ပါဒေတိ စသည်ဖြင့် ဟော ကြားထားတယ်(မှန်ပါ)။ ဒါဟာ မမြင်ဘဲနဲ့ ဟောပါ့မလား (မဟောပါဘူး ဘုရား)။

ဒါနလုပ်ကြတဲ့အခါ

အဲဒါတွေကို သတိထားကြလို့ရှိရင် ဒါနလုပ်ကြတဲ့အခါ ဈာန်ကလေးလဲရှုပေးပါ။ မဂ်ကလေးလဲရှုပေးပါ၊ ဝိပဿနာကလေးလဲ လုပ်ပေးပါ၊ ဆိုတဲ့အဓိပ္ပါယ် ပါသားပဲ မဟုတ်လား (မှန်ပါ)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ပါပင်ပါငြားသော်လည်း ဒကာ ဒကာမတွေက ဒါနနဲ့ပဲ ကျေနပ်နေကြတယ်၊ စာဂါနုဿတိနဲ့ပဲ ဝမ်းမြောက်မှုနဲ့ ခရီးဆုံးနေကြတော့ သမထလောက်နဲ့ပဲ ခရီးဆုံးနေကြတယ် ဝိပဿနာ ထိအောင် (မပါ-ပါဘူး) ဝိပဿနာထိအောင် မပါတော့ ဒါနကနေပြီးတော့ ဗြဟ္မာဖြစ်အောင် ကျေးဇူးပြုလိုက် တယ်၊ သမထက သဘောကျပြီလား (ကျပါပြီ)။

အဲဒီတော့ ဒါနကလုပ်ထားတာလား တရားဟောလိုလို့ဖြစ်ရတာလား (တရားဟောလိုလို့ဖြစ်ရတာပါ)။

အဲ့ဒါကြောင့် တရားနာ တရားဟောပေမယ့်လည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီး အလိုရှိတဲ့ ဆီကိုရောက် အောင် ဟောနိုင်တဲ့ ဆရာသမားကလည်း ရှားတယ်၊ နာနိုင်တဲ့ ပရိသတ်ကလည်း ရှားတယ်၊ သဘောကျပြီလား (ကျပါပြီ)၊

ဘုရားသခင် ကိုယ်တော်မြတ်ကြီး အလိုရှိတဲ့ဆီ ရောက်အောင်သွားတဲ့ ပုဂ္ဂိုလ်ရှားနေတော့ လမ်းခုလပ် လောက်တွင် သောင်တင်နေတတ်တယ် (မှန်ပါ)၊ ကိုယ်သန်ရာကို ဆွဲငင်ရေးသားထားကြတဲ့ စာအုပ်ကလေးတွေ လောက်သာ ကြည့်ပြီး ဘုရားဟော အစစ်လိုရင်းထိအောင် မသွားနိုင်ကြလို့ရှိရင်လည်း ခင်ဗျားတို့မှာ တိမ်းတယ် စောင်းတတ်မယ် ဆိုတာ မှတ်ကြရလိမ့်မယ် (မှန်ပါ)၊ မမှတ်ထိုက်ဘူးလား(မှတ်ထိုက်ပါတယ် ဘုရား)။ ဒါလည်း အခုခေတ်မှာ အရေးကြီး နေပါတယ်(မှန်ပါ)။

အနုသယ သုံးပါး လိုက်တယ်တဲ့

ကိုင်း-ဒါနဲ့ ဝိသာခသူဋ္ဌေးကမေးလို့ ဓမ္မဒိန္နာထေရီမက ဖြေတဲ့အခါမှာ အနုသယ သုံးပါး လိုက်တယ်တဲ့ (မှန်ပါ) သုခဝေဒနာနောက်က တဏှာ၊ ဒုက္ခဝေဒနာနောက်က ဒေါသ၊ ဥပေက္ခာဝေဒနာနောက်က အဝိဇ္ဇာ နေရာတိုင်းပဲ လိုက်ပါသလားလို့ မေးတော့ နေရာတိုင်းတော့ မလိုက်ပါဘူးတဲ့၊ ရှင်းပြီလား(ရှင်းပါပြီ)။

နေရာတိုင်း မလိုက်ဘူးဆိုတဲ့ ဥစ္စာက ခုနင်က ဝိပဿနာအုပ်ချုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ့်နှယ်တုန်း (မလိုက်ပါ ဘူး)၊ သုခဝေဒနာလာလဲ ဖြစ်ပျက်ရှုမယ်၊ ကျူပ်တို့က (မှန်ပါ)၊ ဒုက္ခဝေဒနာလာလဲ (ဖြစ်ပျက်ရှုပါမယ်)၊ ဥပေက္ခာလာလည်း (ဖြစ်ပျက်ရှုပါမယ်)၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ နေရာတိုင်း လိုက်တယ်လို့ဆိုလို့ ရသေးရဲ့လား(မရပါဘူး)။

အဲဒါကိုလဲ ခွဲခြားပြီး သကာလ သိစေချင်လို့ ဓမ္မဒိန္နာနဲ့ ဝိသာခတို့ အမေးအဖြေကို ဆရာသမားက ထုတ်ဆောင် ပြပြီး ဟောကြားနေပါတယ်(မှန်ပါ ဘုရား)။

ဒါဖြင့် ဝိပဿနာ မပါလို့ရှိရင်တော့ ခင်ဗျားတို့အတွက်လည်း ရတယ်ဆိုရမှာပဲ၊ ဒါနက လည်ရတယ်လို့ (မဆိုရပါဘူး ဘုရား)၊ ဒါက တစ်နည်းဆုံးမဟောကြားတာ(မှန်ပါ)။

ဒုတိယနည်းကို ဟောကြားပါဦးမယ်၊ ဒီအထဲ သွင်းပြီးတော့ (မှန်ပါ)၊ ဒုတိယနည်းက သဒ္ဓံ ဥပနိဿယ ဒါနံ ဒေတိ ဈာနံ ဥပ္ပါဒေတိ-မဂ္ဂံ-အဘိညံ-ဥပ္ပါဒေတိ၊ မဂ္ဂံ အဘိညံတွေတောင်ပါပြီ သကာလ နေတာကို သူက အဲဒါ မလိုချင် ဘဲနဲ့ ခုနင်ကပြောတဲ့ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ လိုချင်ပြန်တော့ သူလိုချင်တာကို ဒါနက ကျေးဇူးပြုလိုက် ရတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဘုရားကတော့ နိဗ္ဗာန်ကျအောင် အကျိုးပေးတယ်၊ ဈာန်မဂ်ဖိုလ်ကျအောင် အကျိုးပေးနိုင်ပါတယ်လို့ ဟောကြားပါလျက်သားနဲ့ ဈာန်မဂ်ဖိုလ်ကို သူမလိုချင်ဘဲနဲ့ သူအရွေးလွဲတာနဲ့ သံသရာလည်ကြောင်းဖြစ်ပါတယ်(မှန်ပါ ဘုရား)၊ ဒီတော့ ဒါနအတွက်ကြောင့်လား၊ အလှူရှင်မိုက်တာလား၊ (အလှူရှင်မိုက်တာပါ ဘုရား)၊ ဒါကိုလည်း အကဲခတ် ရလိမ့်မယ် (မှန်ပါ)။

အလှူရှင်က အရွေးမတတ်လို့

ဒါနက ဆိုးဝါးတာလား၊ အလှူရှင်က အရွေးမတတ်လို့ ဖြစ်ရတာလား (အလှူရှင်က အရွေးမတတ်လို့ ဖြစ်ရတာ ပါ ဘုရား)။

ဒါကို ကိုယ့်အပေါ်တော့ အပြစ်မချဘဲနဲ့ တစ်ဇွတ်ထိုးပြောပြီးတော့ ဒါနဟာ သံသရာရှည်တယ်လို့ ပြောကြတော့ ဪ-ခက်ပါသေးတော့တယ်လို့ မဆိုထိုက်ဘူးလား ဆိုထိုက်မလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် အလှူရှင်က အရွေးလွဲတတ်လို့လဲ ဒါနသည် လောကကြီးထဲလောက်ကိုသာ အကျိုးပေး နေတာပဲ(မှန်ပါ) အလှူရှင်က အရွေးမလွဲလို့ရှိရင်လည်း လောကအပြင်ဘက်ကို အကျိုးပေးတယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ အရွေးလွဲမှုမှာလဲ အပြစ်ရှိတယ်၊ ဝိပဿနာရှုဆိုတဲ့နေရာမှာလဲ မရှုမိတဲ့အပြစ် လည်း သင့်တယ် (မှန်ပါ ဘုရား)၊ သဘောကျပြီလား(ကျပါပြီ ဘုရား)။

ဒီလို ယူမှသာလျှင် သူဟာက ဘုရားသခင် ကိုယ်တော်မြတ်ကြီး အလိုကျဖြစ်မယ်(မှန်ပါ ဘုရား)။

ဒါဖြင့် ပြောဟောနေကြငြားသော်လည်း မောင်သစ်တို့ ဦးသံဒိုင်တို့ ဪ သူက ဒီတွင်လမ်းဆုံးနေတာကိုးလို့ သူ့ကိုပဲ ချိန်ရမယ် ကိုယ်က (မှန်ပါ)။

ဒါကြောင့် ခင်ဗျားတို့ တရားနာတဲ့ ပုဂ္ဂိုလ်များကလည်း ကိုယ်က ဘာမှအသိဉာဏ် အခံကလေးမပါဘဲနဲ့ နာလို့ရှိ ရင်လည်း တရားက သူများပါးစပ်လမ်းဆုံးတာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

သူများပါးစပ် လမ်းဆုံးဆိုတာက ပညာရှိတဲ့ ပုဂ္ဂိုလ်များက ဘုရားဟောဓမ္မမှန်ကျအောင် လမ်းမှန်ကျအောင် နေရာ ဌာနအလိုက် ဆိုဆုံးမရင်လည်း ကိစ္စမရှိဘူးပေါ့ဗျာ(မှန်ပါ)၊ သို့သော် ဒါကလည်း ရှားမှာရှားပဲ (မှန်ပါ)၊ မရှားဘူး လား (ရှားပါတယ်)။

သူများပါးစပ် လမ်းဆုံးနေတော့

အဲဒီတော့ သူများပါးစပ် လမ်းဆုံးနေတော့ ခင်ဗျားတို့သည်ကားဆိုရင် ဒါနက သံသရာရှည်တယ်လို့ ဟောလိုက် တဲ့ဆရာနဲ့ တွေ့ပြန်တော့လဲ သူသံသရာရှည်တဲ့ဘက်ကို လမ်းဆုံးနေတာပဲ(မှန်ပါ)၊

ဒါနသည် ဈာန်မဂ်ဖိုလ်ကို ကျေးဇူးပြု တယ်၊ ဒါနနဲ့ ပတ်သက်ပြီး သမထဝိပဿနာ ခြံရံပြန်လို့ရှိရင်လည်း အမြတ်ဆုံးဒါနပဲ၊ နိဗ္ဗာန်တိုင်အောင် ကျေးဇူးပြု အကျိုးပေးတယ်လို့ ကျမ်းဂန်တွေ မတွေ့ဘူး ပြန်တော့လည်း သူများပါးစပ်လမ်းဆုံတဲ့ ပုဂ္ဂိုလ်က သူဟာ ဒါနကို ပယ်ပစ် လိုက်တယ်(မှန်ပါ)၊ ပယ်ပစ်လိုက်တဲ့ အခါကျလို့ရှိရင် လမ်းဆုံးတဲ့ပုဂ္ဂိုလ်က သူဟာ ဒါနကို ပယ်ပစ်လိုက်တယ်(မှန်ပါ)။

ပယ်ပစ်လိုက်တဲ့အခါ ကျလို့ရှိရင် လမ်းဆုံးတဲ့ပုဂ္ဂုလ်၏ စကားကို သူပယ်လိုက်တာလား၊ သူများပါးစပ်လမ်းဆုံးလို့ ပယ်လိုက်တာလား အကုန်သိတဲ့ သဗ္ဗညုတ မြတ်စွာဘုရားရှင်၏ဉာဏ်ကို လမ်းဆုံးတာလားလို့ မေးဖို့လိုလာတယ်(မှန်ပါ)။

ဒါနဟာ စာဂပဲ၊ ဒါကလေးလဲ မှတ်ပါဦး (မှန်ပါ)၊ စာဂဆိုတာ စွန့်လိုက်တာ၊ စွန့်လိုက်တယ်ဆိုရင် တဏှာသတ် တာပဲ၊ ကိုယ့်ဉာဏ်သွင်း(မှန်ပါ)၊ ကိုယ်ကဉာဏ်သွင်းပါ ဘယ့်နှယ်တုံး (တဏှာသတိပါ ဘုရား)။

လုပ်တတ်လို့ရှိရင် တဏှာသတ်ဒိဋ္ဌိသတ်

ကဲ ငါ့ဟာ အဖြစ်မှစွန့်လိုက်တဲ့ စာဂဖြစ်သွားတော့ ငါ့ဟာ ဟူသောအဖြစ်မှ ဖြုတ်လိုက်တဲ့ ဒိဋ္ဌိဆက်ကော မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်)၊ လုပ်တတ်လို့ရှိရင် တဏှာသတ်ဒိဋ္ဌိသတ်ကြီး ဖြစ်နိုင်တယ်(မှန်ပါ)၊ ကိုယ်မလုပ်တတ် ပြန်တော့လဲ ငါရှိလို့ ငါလှူတာပဲဆိုတော့လဲ ဒိဋ္ဌိက လာပြန်တာပဲ (မှန်ပါ) ငါလှူလို့ ငါခံစားရမှာပဲဆိုရင်လည်း သာယာတဲ့ တဏှာရော လာမှာပဲ၊ မလာပေဘူးလား (လာပါတယ်)။

အဲဒီတော့ ဘာအပေါ်မှာ မှီနေသတုန်းဆိုတော့ ခင်ဗျားတို့ ပညာရှိ လမ်းညွှန်ကောင်းပေါ်မှာ မှီနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ်(ပညာရှိ လမ်းညွှန်ကောင်းပေါ်မှာ မှီနေပါတယ် ဘုရား)၊ ပညာရှိ လမ်းညွှန်ကောင်း ပေါ်မှာ မှီနေတယ်ဆိုတော့ တရားနာတာလည်း ရွေးရမယ် (မှန်ပါ ဘုရား)၊ ဒါသေသေချာချာ မှာပြီနော်(မှန်ပါ)။

ဘာဖြစ်လို့ ရွေးရမှာတုံးလို့ မေးတဲ့အခါ သူဘယ်အခြေအနေတွင် လမ်းဆုံးနေသတုန်း သူ သစ္စာဆိုက် သလား။ မဆိုက်ဘူးလား စရှိသည်နဲ့ ဒါကိုလဲ အမြဲတမ်းစဉ်စားရမယ်(မှန်ပါ) ဒါကို စဉ်းစားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် သစ္စာဆိုက် လို့ရှိရင်ဖြင့် ဒါအဖိုးတန်တယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ သစ္စာမသိသေးရင်တော့ အဖိုးမတန်လှသေး ပါဘူးဘုရား။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာမသိတော့ ငါလဲ သံသရာရှည်ခဲ့ရတယ်၊ မင်းတို့လည်း သံသရာရှည်ခဲ့ရတယ်ဟု ဟောကြားတော်မူတာ(မှန်ပါ)၊ ဒါကြောင့် သစ္စာသိပြီးမှ လုပ်ရင် အင်မတန်ကောင်းပါတယ်၊ သီလဆောက်တည်တယ်၊ သီလရှိပြီးမှ ဝိပဿနာ ကြိုးစားလို့ရတယ်(မှန်ပါ)၊ သီလမရှိလို့ရှိရင် (ကြိုးစားလို့ မရပါဘူး)။

သီလရှိတဲ့ ပုဂ္ဂိုလ်ဘာကို နှလုံးသွင်းရမှာတုန်း

သီလရှိတဲ့ ပုဂ္ဂိုလ်ဘာကို နှလုံးသွင်းရမှာတုန်း၊ ဒီနေ့ပဲ ဟောခဲ့ပါသေးတယ်၊ ဘာနှလုံးသွင်းရမှာတုန်း၊ အနိစ္စတော ဒုက္ခတော အနတ္တတော ရောဂတော သလ္လတော အဃတော ပရတော ပရလောကတော သုညတော အဲဒါတွေ နှလုံး သွင်းပေါ့တဲ့၊ ရှင်မဟာကောဋ္ဌိက-က မေးလို့ ရှင်သာရိပုတ္တရာ ဖြေလိုက်တယ်(မှန်ပါ)။

ဒီလိုဒေသနာတွေရှိတော့ သီလရှိပြီးတော့ ဝိပဿနာ လုပ်ပါ၊ ဒါ သောတာပတ္တိမဂ်ရနိုင်တယ်ဆိုတာ သေချာပြီလား၊ (သေချာပါပြီ)၊ ဒါကိုလဲဖြည့််စွက်ပြီး သကာလ ဒကာ ဒကာမတွေ မှတ်ကြပေါ့(မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ သုခကို ရှုတဲ့အခါကျလို့ရှိရင် ရှုပုံကလေးလည်း ဓမ္မဒိန္နာထေရီမက ဖြေကြားပါတယ်၊ သုခဝေဒနာဟာ ဖြစ်ပေါ်တုန်း သုခပါ ပျက်စီးသွားတော့ ဒုက္ခပါ(မှန်ပါ)။

ဖြစ်ပေါ်တုန်းတော့ (သုခပါ)၊ ပျက်စီးသွားတော့ (ဒုက္ခပါ ဘုရား)။

ဒါဖြင့် သူ့ကို ဒုက္ခသစ္စာလို့ ရှုလိုက်ရင် ပြီးသွားတာပဲ(မှန်ပါ)၊ သုခဝေဒနာက ဖြစ်ပေါ်တုန်းတော့ဖြင့် သုခ၊ သုခ ပျက်စီးသွားတော့ (ဒုက္ခပါ ဘုရား)၊ ဒါကြောင့် ဘုရားက ဒုက္ခသစ္စာလို့ ဟောတော်မူတာပေါ့ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သုခဝေဒနာကို ကျုပ်တို့က ဒုက္ခသစ္စာလို့ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ကာမသယဝ- ပဋိစ္စ သမုပ္ပါဒ် ဘယ့်နှယ်နေသတုန်း (ပြတ်သွားပါတယ်)၊ ဦးသံဒိုင် ကာမာသဝ ပဋိစ္စသမုပ္ပါဒ် မပြတ်ပါနဲ့ဆိုလို့(မရပါဘူး) မရပါဘူး။

အဲဒီလိုရှုပါ၊ ဒီလိုရှုပါတယ်လို့ ဓမ္မဒိန္နာက သင်ပေးတယ်(မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခဝေဒနာ တော့ ဘယ်လိုတုန်းဆိုတော့ ဒုက္ခဝေဒနာဟာ ပေါ်နေတုန်းတော့ ဆင်းရဲတယ်၊ ပျောက်သွားတဲ့ အခါ ချမ်းသာတယ်၊ သဘောကျပြီလား (ကျပါပြီ)၊ အဲဒီတော့ သူ့ကိုလည်း ဒုက္ခဝေဒနာလို့ ရှုပေမယ့်လည်း ခေါ်ဆဲသာရှုပါ၊ ပျက်သွားတဲ့အခါကျလို့ရှိရင် ဖြစ်ပျက်ပဲဆိုရင် ဒါဟာတည့်သွားတာပဲ(မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

နို့-ဥပေက္ခာဝေဒနာတော့ ဘယ်လိုရှုရမှာတုံးဆိုတော့ ဥပေက္ခာဝေဒနာကိုတော့ ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာ အနိစ္စ ဖြစ်တာပါပဲတဲ့၊ ဥပေက္ခာရယ်လို့ တွေ့မှာမဟုတ်ပါဘူး (မှန်ပါ)၊ ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာ အနိစ္စတွေ့တာပဲ ဆိုတာ သေသေ ချာချာဟောတယ် (မှန်ပါ)။

ဒုက္ခသစ္စာပါကလားလို့ရှုရတယ်

သုခဝေဒနံ ဘိက္ခဝေ ဒုက္ခတော ဒဋ္ဌဗ္ဗံ။ ဒုက္ခဝေဒနံ သလ္လတော ဒဋ္ဌဗ္ဗံ-လို့ ဟောတယ်။ သလ္လတော ဆိုကတည်းက မြားငြောင့်ဆူးလို့ ရှုပြီး ဪ-ဒါဟာ ဒုက္ခသစ္စာပါကလားလို့ရှုရတယ် (မှန်ပါ)၊ ဥပေက္ခာဝေဒနာ ဘိက္ခဝေ အနိစ္စတော ဒဋ္ဌဗ္ဗံ-တဲ့။ ဥပေက္ခာဝေဒနာကိုတော့ အနိစ္စလို့ရှုရမယ်တဲ့၊ ဒါဟာရှုနည်းကို ဘုရားက ဝေဒနာသံယုတ်ပါဠိတော်မှာ ဟောကြားတော်တယ်(မှန်ပါ)။ သဘောကျပြီလား(ကျပါပြီ)။

ကောင်းပြီ၊ ဒီလိုနားလည်ထားတော့ ရှင်းသွားပြီဆိုတော့ ဝိသာခသူဋ္ဌေးကလည်း ဓမ္မဒိန္နာ ထေရီမမှာ ရဟန္တာ ဖြစ်တယ်၊ မဖြစ်တယ်လည်း သိချင်းသေးတာကိုး၊ ဒီတော့ ဆက်မေးတယ်၊ သုခဝေဒနာနဲ့ ဘယ်သူနဲ့ ဆန့်ကျင်ဘက်တုံး၊ ဒုက္ခဝေဒနာနဲ့ ဘယ်သူနဲ့ ဆန့်ကျင်ဘက်တုံးလို့မေးပြန်တော့ ဒါယကာသူဋ္ဌေးကြီးတဲ့ သုခနဲ့ ဒုက္ခဟာ တကယ့်ဆန့်ကျင်ဘက် တဲ့(မှန်ပါ့)။

ဒကာ ဒကာမတွေလည်း ဒါလောက်တော့ သိကြပါပြီ။ သုခဝေဒနာနဲ့ ဒုက္ခဝေဒနာဟာ ဘယ်တော့မှ မတည့်ဘူး (မှန်ပါ)၊ တည့်ကြရဲ့လား(မတည့်ပါဘူး)၊ မတည့်ပေမယ့်လည်း ဆန့်ကျင်ဘက်မှန်း သိပြီးထားတော့ ကျုပ်တို့က ဉာဏ်သွင်း မယ် ဒီနေရာမှာ (မှန်ပါ)၊

ဪ ခန္ဓာကိုယ်ထဲမှာ သုခဖြစ်နေရင် ဘယ်တော့မှ ဒုက္ခမဖြစ်ပါကလား၊ ဒုက္ခဖြစ်နေရင် လည်း (သုခမဖြစ်ပါဘူး)။ ဘာကြောင့်တုန်း ဆန့်ကျင်ဘက်၊ တွဲလို့ကို မဖြစ်ကောင်းဘူး(မှန်ပါ)၊ အဲဒီတော့ ကျုပ်တို့ တစ်ခုပဲ ရှုဆိုတဲ့အဓိပ္ပါယ်ပါသွားပြီ (ပါသွားပါပြီ ဘုရား)။

တစ်ခုပဲရှုဆိုတာ ပေါ်နေပါတယ်

ဘာ ပါသွားသတုန်း (တစ်ခုပဲရှုဆိုတဲ့အဓိပ္ပါယ် ပါသွားပါတယ် ဘုရား)၊ အဲဒါက တစ်ခုပဲရှုဆိုတာ ပေါ်နေပါတယ်၊ ဟိုကလည်း ဘယ်သူနဲ့ ဘယ်သူ ဆန့်ကျင်ဘက်တုန်းဆိုတာ မေးတယ် (မှန်ပါ)၊ မေးတဲ့အတွက် သုခနဲ့ ဒုက္ခ ဆန့်ကျင်ဘက် ဒုက္ခနဲ့သုခ ဆန့်ကျင်ဘက်၊ အနုလောက ပဋိလောမ ဆန့်ကျင်ဘက်ပဲ(မှန်ပါ)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒုက္ခရှိရင် သုခမရှိဘူး၊ သုခရှိရင် (ဒုက္ခမရှိပါဘူး) အဲဒီလို ဉာဏ်ကလေး လုပ်ပြီး သကာလ သုခဝေဒနာ ရှိနေခိုက် သုခကို မိအောင်ဖမ်း (မှန်ပါ)၊ ဒုက္ခဝေဒနာရှိရင် (ဒုက္ခဝေဒနာကို မိအောင် ဖမ်းရပါမယ်) ဒုက္ခကို မိအောင်ဖမ်းပြီး သကာလ ခင်ဗျားတို့က သုခရှိနေလို့ ရှိရင်လည်း ဒုက္ခသစ္စာပဲ ရှု၊ ဒုက္ခရှိနေရင် လည်း (ဒုက္ခသစ္စာပဲ ရှုရပါမယ်)။

ဒါဖြင့် သုခဒုက္ခနဲ့တော့ ဘယ်သူနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါသတုံးလို့ မေးတဲ့အခါကျတော့ ထို့အတူပဲ ဥပေက္ခာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်၊ သဘောကျပြီလား(ကျပါပြီ)၊ ဥပေက္ခာနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်ပါသေးတယ်ဆိုတော့ ဥပေက္ခာပေါ်နေရင် သုခနဲ့ ဒုက္ခ မပေါ်ဘူး(မှန်ပါ) ရှင်းကြပြီးလား (ရှင်းပါပြီ)။

ဒါဖြင့် မျက်စိ နား နှာခေါင်း လျှာနဲ့ ဝမ်းထဲမှာ ဥပေက္ခာဝေဒနာ တစ်ခုခု ပေါ်နေရင်လည်း ခင်ဗျားတို့ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ရှုရမှာပဲ၊ နို့မဟုတ်ရင် ရှုစရာမရှိဘူးဖြစ်နေဦးမယ်၊ မဟုတ်ဘူး ဆန့်ကျင် ဘက် တစ်ခုခုကတော့ ပေါ်လျက်ချည်းဘဲ(မှန်ပါ)။

ခန္ခာထဲမှာ ဆန့်ကျင်ဘက် ဝေဒနာ တစ်ခုခုကတော့(ပေါ်လျက်ချည်းပါ ဘုရား)၊ ပေါ်လျက်ချည်းပဲဆိုတာ သေချာကြပြီလား (သေချာပါပြီ)။

ရှုစရာ ရှာမတွေ့ဘူးလို့မပြောကြနဲ့

အေး ဒါကြောင့် တပည့်တော်တို့ ရှုစရာကို ရှာမတွေ့ဘူးလို့များ ခင်ဗျားတို့ မပြောကြနဲ့ (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပ်ပြီ)၊ မရှိဘူးဘုရား တပည့်တောတို့ ရှုစရာဝေဒနာကို ဘာမှမရှိဘူး ဒီလိုတော့မလုပ်နဲ့၊ ဒီလိုလုပ်လို့ရှိရင် အနိစ္စမရှိဘူး ပြောတာနဲ့ အတူတူပဲ(မှန်ပါ)။

ဘယ့်နှယ် ဆိုကြမယ်(အနိစ္စမရှိဘူး ဆိုတာနဲ့ အတူတူပါပဲ)၊ ဒီလိုဆိုလို့ရှိရင်လည်း ဝေဒနာတွေ အကုန်ချုပ်လို့ ဝေဒနာနံ ခယာဘိက္ခု နိစ္ဆာတော ပရိနိဗ္ဗုတော-ဆိုတဲ့အတိုင်း နိဗ္ဗာန်ရောက်သွားတာ ဖြစ်နေမှာပေါ့ (မှန်ပါ)၊ ဒီလို မဟုတ်ပါဘူးတဲ့ ခင်ဗျားတို့ဟာက နိဗ္ဗာန်ရောက်တဲ့ အသွားမဟုတ်ဘူး၊ နိဗ္ဗာန်မရောက်ခင်က ခင်ဗျားတို့ ရှုစရာမရှိဘူး ဆိုတဲ့ အဓိပ္ပါယ်မျိုးဟာ မဟုတ်ပါဘူး၊ ဝေဒနာသုံးပါးအနက် တစ်ခုခုတော့ ရှိရမယ်(မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီး)။

ဝေဒနာမရှိတာက ဒီလိုပါတဲ့၊ အိုးသည် အိုးဖုတ်တယ်၊ အိုးသည် အိုးဖုတ်တဲ့အခါကျတော့ အိုးတွေဟာ ပူနေတာပဲ၊ မပူစေချင်တဲ့အခါ အိုးဖိုထဲကနေပြီ သကာလ သံညှပ်နဲ့ ညှပ်တဲ့ ညှပ်တဲ့ပြီး လည်ပင်းကလေးတွေ ညှပ်ပြီးတော့ ပြင်ဘက် ထုတ်လိုက်တဲ့အခါ အဲဒီအချိန်ကျမှ ဘာမှမရှိဘူး၊ အိုးဖုတ်တဲ့ အခါမှာရှိတဲ့ အပူလည်း မရှိတော့ဘူး၊ နဂိုက အအေးဓါတ် တွေလဲ မရှိတော့ဘူး၊ နဂိုက အအေးဓါတ် တွေလည်း မရှိတော့ဘူး၊ နဂိုက အအေးဖုတ်တာကိုး (မှန်ပါ)၊

အဲဒီတော့ အပြင်ဘက် ထုတ်လိုက်တဲ့ အခါကျတော့မှ အကုန်အေးပြီး သကာလ နေတယ်၊ အဲဒီ အေးလို့ရှိရင်တော့ ဝေဒနာ ဘာမှ မရှိဘူးဆိုတာ၊ အဲဒီလို အပြင်ဘက်ထုတ်လို့ အကုန်အေးသွား ပြန်တော့ အဲဒါ နိဗ္ဗာန်လို့ခေါ်တယ်တဲ့(မှန်ပါ)၊ သဘောကျ ပြီလား (ကျပါပြီ)။

သန္တိလက္ခဏာရှိတဲ့ နိဗ္ဗာန်

အတွင်းမှာ နေတုန်းကတော့ သူရဲ့ ပင်ကိုအေးရှိတယ်။ မီးနဲ့ တိဘက်လို့ အပူရယ်(ရှိပါတယ်)၊ ပြင်ဘက်ကို အိုးတွေ ထုတ်ပြီး သကာလ ချလိုက်တဲ့အခါကျတော့ အလုံးစုံအကုန် အေးသွားတာဘဲ (မှန်ပါ)၊ အဲဒီ အအေးကတော့ သန္တိလက္ခဏာရှိတဲ့ နိဗ္ဗာန်တဲ့ (မှန်ပါ)၊ ဒါဖြင့် ဝေဒနာအကုန်ချုပ်ရင် နိဗ္ဗာန်ပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဝေဒနာကို ဆုံးအောင်လိုက်ကြနော်(မှန်ပါ)။

ဝေဒနာဆုံးအောင်လိုက်ရင် ဘာတွေ့မလဲ (နိဗ္ဗာန်တွေ့ပါမယ်)၊ ဒါကြောင့် ဝေဒနာနံ-ဝေဒနာတို့၏၊ ခယာ- ကုန်အောင်ရှုနိုင်ခြင်းကြောင့်၊ ဘိက္ခု-ရဟန်းသည်၊ နိစ္ဆာတော-နိတ္တဏှော တဏှာ မရှိသည်ဖြစ်၍၊ ပရိနိဗ္ဗုတော ကိလေသ ပရိနိဗ္ဗာန်စံ၏(မှန်ပါ)၊ တဏှာနိရောဓော နိဗ္ဗာနံဘက်ကို ဘုရားဟောချလိုက်တယ်(မှန်ပါ) သဘောပါပြီလား (ပါပါပြီ)။

အဲဒီလို ရှုကြစမ်းပါဆိုတာလဲ သိရပြီ၊ ဆန့်ကျင်ဘက်ကို ပြောလို့ရှိရင်လည်း တစ်ခုတစ်ခုတော့ ဖြစ်ရမယ်၊ သုံးခုတော့ ပြိုင်ပြီး မဖြစ်နိုင်ဘူး(မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

အဲ့ဒီတော့ ကိုယ်က သန္တတိ ကိုဉာဏ်က မထိုးဖောက်နိုင်လို့ ခင်ဗျားတို့ သုခနဲ့ ဒုက္ခရောချင်ရောမယ်၊ ဥပေက္ခာနဲ့ ကော (ရောချင်ရောပါမယ်) ဒါက ကိုယ့်ဉာဏ်က နောက်ကျနေမယ်(မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (ကိုယ့်ဉာဏ်က နောက်ကျနေပါမယ် ဘုရား)၊ ကိုယ့်ဉာဏ်က နောက်ကျလို့ ဒကာ ဒကာမတွေ မှာ သူတို့ကအမြန် ကိုယ့်ကအနှေးဖြစ်တယ်(မှန်ပါ)။

ခန္ဓာက (မြန်ပါတယ် ဘုရား)၊ ဉာဏ်က(နှေးပါတယ် ဘုရား)၊ အဲဒါကျတော့ ဒီလိုမှတ်လိုက်၊ ကိလေသာ ကြား ခိုလို့ဟေ့ (မှန်ပါ)။

ကိလေသာ ကြားခိုလို့

ဘယ်လိုမှတ်ကြမယ် (ကိလေသာ ကြားခိုလို့ပါ ဘုရား)။ ကိလေသာ ကြားခိုရင်တော့ဖြင့် မဂ်ဉာဏ်အရ နွေးလိမ့် မယ်(မှန်ပါ)။

အဲဒါ ကြားမခိုချင်လို့ရှိရင်ဖြင့် တစ်ခါတစ်လေ ဥပေက္ခာချည်း ထပ်ချင်ထပ်နေပါလိမ့်မယ်၊ တစ်ခါတစ်လေ သုခချည်းကော (ထပ်ချင်ထပ်ပါမယ်)၊ တစ်ခါတစ်လေ ဒုက္ခချည်းကော (ထပ်ချင်ထပ်ပါတယ်)၊ ထပ်နေပေမယ့်လဲ ဒုက္ခတစ်ချက်၊ ဉာဏ်တစ်ချက်၊ ဒုက္ခတစ်ချက် ဉာဏ်တစ်ချက် ဥပေက္ခာတစ်ချက် ဉာဏ်တစ်ချက်(မှန်ပါ)၊ ဒီလိုဝေဒနာနဲ့ ဉာဏ်နဲ့ တစ်ချက်စီသွားနိုင်လို့ရှိရင် ကိလေသာကြား မခိုဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါ တစ်ချက်မသွားနိုင်ဘူး၊ တပည့်တော်တို့က နာတာစဉ်တိုက် နာနေတယ်ဆိုရင် ဒေါသကိလေသာ ကြားခို လိမ့်မယ်(မှန်ပါ)၊ ဉာဏ်က မထိုးထွင်းနိုင်တဲ့အတွက် ဒေါသကိလေသာ ကြားခိုလိမ့်မယ်(မှန်ပါ)။

သုခဝေဒနာကို တစ်ချက်စီ ကိုယ်က၊ သူက ဖြစ်ပျက် ကိုယ်ကမဂ်၊ သူကဖြစ်ပျက် ကိုယ်ကမဂ်လို့ ရှုနေလို့ရှိရင် တော့ဖြင့်် ဒကာ ဒကာမတွေ မှတ်ပါ ကိလေသာကြာမခိုဘူး(မှန်ပါ)၊ ဟာ-ချမ်းသာချက် ရှည်နေတယ်ဆိုလို့ရှိရင် တဏှာ ကြားခိုပြီလို့ မှတ်ပါ(မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ချမ်းသာ တာရှည်နေရင် (တဏှာကြားခိုလို့ပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့ မကိုက်တော့ဘူး (မကိုက်ပါဘူး ဘုရား)၊ အဲဒါလည်း သိပ်အရေးကြီးပါတယ်၊ အလုပ်သမားမှာနော်(မှန်ပါ)၊ ဒါကြောင့် အလုပ်သင်တရားလို့ ခင်ဗျားတို့ကို ပြောနေတယ်(မှန်ပါ)။

ဥပေက္ခာနောက်က အဝိဇ္ဇာကြားခိုတယ်

ကဲ တစ်ခါသွားပါဦး ဥပေက္ခာတွေဟာလဲ ဆက်ပြီး သကာလ ဥပေက္ခာချည်း ဆက်တိုက်ဖြစ်နေလို့ ရှိရင်လည်း ဥပေက္ခာကြားထဲမှာ ခင်ဗျားတို့ ဉာဏ်က မဝင်နိုင်တော့ ခင်ဗျားတို့ ဖြစ်ပျက်ကိုမတွေ့ဘူး (မှန်ပါ)၊ တွေ့သေးရဲ့လား (မတွေ့ပါဘူး)၊ မတွေ့လို့ရှိရင်ဖြင့် ဥပေက္ခာ နောက်ကနေပြီး အဝိဇ္ဇာ ကြားခိုတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ အဲ ဒီကဲ့သို့ အဝိဇ္ဇာ ကြားခိုနေလို့ရှိရင်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ်အရ နှေးမယ်(မှန်ပါ) သဘောပေါက်ပြီလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် သုခနောက်က တဏှာကြားခိုနိုင်တယ်၊ ဒုက္ခနောက်က ဒေါသ ကြားခိုနိုင်တယ်၊ ဥပေက္ခာ နောက်က အဝိဇ္ဇာ ကြားခိုနိုင်တယ် ဆိုတာကို သေသေချာချာမှတ်ပါ(မှန်ပါ ဘုရား)။

ဒါ့ကလေးတွေဟာက ဦးသံဒိုင် လွယ်လွယ်မှတ်မနေနဲ့၊ အလုပ်နဲ့တွေ့ကြည့်တော့မှ ကြားခိုတယ် မခိုတယ်ဟာ သေချာတယ်(မှန်ပါ ဘုရား)။

ဒီအတိုင်း တရားပြောတာကို မှတ်ရုံကလေး မှတ်ထားပြီးတော့ အလုပ်နဲ့ တွေ့ပြီးတော့ ငါဟာ ဟိုတစ်ချက် ဒီတစ်ချက် မီရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို အကဲခတ်ပါ(မှန်ပါ)။ ဖြစ်ပျက်တစ်ချက်နဲ့ မဂ်တစ်ချက်နဲ့ မိရဲ့လားဆိုတာ သဘောကျပြီလား (ကျပါပြီ)။

ဝီရိယကလေး တိုးပေးလိုက်ကြ

အကဲခတ်လို့ မမိဘူးဆိုလို့ရှိရင် ဝီရိယသော်လည်းကောင်း တိုးပေးပါ(မှန်ပါ)၊ ဒီနေရာမှာ ဝီရိယလို နေပါလိမ့်မယ် (မှန်ပါ)၊ မမိရင် ဝိရိယလိုပါတယ်၊ ဝီရိယကလေး တိုးပေးလိုက်ကြပါတဲ့။ နိဗ္ဗာန်မရောက်နိုင်တဲ့ ဝိပဿနာတရားရယ်လို့ မရှိဘူး လမ်းမှန်ရင်ပေါ့လေ (မှန်ပါ)။ ကိလေသာကြားခိုနေလို့ မရောက်ကြတာ(မှန်ပါ)၊ ဝိပဿနာဆိုတာဟာ ပုဗ္ဗတာဂမဂ်ပဲ၊ ပုဂ္ဂက ရှေး၊ ဘာဂက အဖို့ရှေးဦးစွာ လုပ်ရမည့် အလုပ်ကို ခင်ဗျားတို့ လုပ်တာပဲ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါကြောင့် သမ္မာဒိဋ္ဌိ ပုရေဇဝံ (သဂါထာဝဂ္ဂသံယု​တ်၊၃၀) -လို့၊ ဝိပဿနာ သမ္မာဒိဋ္ဌိသည် ရှေးဦးစွာ ဖြစ်ရမယ်တဲ့ (မှန်ပါ)။

ဝိပဿနာ သမ္မာဒိဋ္ဌိဟာ ဘာတုန်း (ရှေးဦးစွာ ဖြစ်ရပါမယ်) အဲဒီသူက ရှေးဦးစွာဖြစ်မှု နိဗ္ဗာန်ကို တကယ်မြင် တဲ့ မဂ် သမ္မာဒိဋ္ဌိလိုက်မှာ သူ့ကို ရှေ့သွားမထားလို့ရှိရင် မဂ်သမ္မာဒိဋ္ဌိ မလိုက်နိုင်ဘူး (မလိုက်နိုင်ပါဘူး)၊ သဘောပါ ကြပြီလား (ပါ-ပါပြီ)။

ဒါဖြင့် ဝိပဿနာဉာဏ် ရှေ့သွားရှိမှ နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်လိုက်နိုင်မယ်(မှန်ပါ)၊ ဝိပဿနာ ရှေ့သွားမရှိရင် (မဂ်ဉာဏ်မလိုက်နိုင်ပါဘူး)၊ ဘယ်လိုဟောလိုက်သတုန်းဆိုတော့

ဓမ္မာဟံ သာရထိ ဗြူမိ၊

သမ္မာဒိဋ္ဌိ ပုရေဇဝံ။ (သဂါထာဝဂ္ဂသံယု​တ်၊၃၀)

သမ္မာဒိဋ္ဌိ ပုရေဇဝံ- ဝိပဿနာမဂ်ဟု ဆိုအပ်သော ရှေ့သွားရှိရမယ်တဲ့(မှန်ပါ)၊ အဲ သူရှေ့သွားရှိလို့ သူရင့်ကျက်လာတဲ့ အခါကျတော့ ဓမ္မာဟံ သာရထိ ဗြူမိ မဂ်ဉာဏ်ဓမ္မကို ရထားထိန်း ရထားခေါင်းဆောင် ဟူ၍ ငါဘုရားဟော၏တဲ့ (မှန်ပါ)၊ ဝိပဿနာ သမ္မာဒိဋ္ဌိလာမှ မဂ်သမ္မာဒိဋ္ဌိဟာ နိဗ္ဗာန်မြင်ဖို့ ခေါင်းဆောင်လာတာပဲ၊ နို့မဟုတ်ရင် မလာနိုင်ဘူးတဲ့ (မှန်ပါ)၊ သဘော ပေါက်ကြပြီလား (ပါ ပါပြီ)။

ဝိပဿနာသမ္မာဒိဋ္ဌိထက်လေလေ

ဒါဖြင့် သမ္မာဒိဋ္ဌိနှစ်ခုမှာ ဝိပဿနာသမ္မာဒိဋ္ဌိထက်လေလေ မဂ်သမ္မာဒိဋ္ဌိ နီးကပ်လေလေဘဲ(မှန်ပါ)။

ဝိပဿနာ သမ္မာဒိဋ္ဌိထက်လေလေ(မဂ်သမ္မာဒိဋ္ဌိနီးကပ်လေလေပါ ဘုရား)။ မဂ်သမ္မာဒိဋ္ဌိ နီးကပ်လေလေ ဆိုတော့ ခင်ဗျားတို့ ဘယ်အခါမှ မပျင်းပါနဲ့၊ လမ်းမှန်အားထုတ်ရင် အမှန်ကျေးဇူးများနိုင်ပါတယ်(မှန်ပါ)။

ဝိပဿနာ သမ္မာဒိဋ္ဌိမရှိတဲ့ ပုဂ္ဂိုလ်ဖြင့် လောကုတ္တရာ သမ္မာဒိဋ္ဌိဆိုတဲ့ သမ္မာဒိဋ္ဌိရှိတဲ့ ပုရေဇဝံ ဆိုတဲ့ ဥစ္စာတော့ မရနိုင်ဘူး(မှန်ပါ)၊ ဓမ္မသာရထိ ဗြူမိဆိုတဲ့အတိုင်း မဂ္ဂင်ရထား၏ ခေါင်းဆောင်ကြီးဟာ ပေါ်မလာနိုင်ဘူး (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊

ဝိပဿနာသမ္မာဒိဋ္ဌိမရှိတဲ့ ပုဂ္ဂိုလ်ဟာ မဂ်သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်ရထား၏ ခေါင်းဆောင်ကြီး မပေါ်နိုင်ဘူးဆ ိုတာ သဂါထာဝဂ္ဂ သံယုတ်မှာဟောတယ် (မှန်ပ့ါ) သဘောပါကြပြီလား (ပါ-ပါပြီ) (သဂါထာဝဂ္ဂသံယုတ် အစ္ဆရာသုတ်)။

ရှေးဦးစွာ ဘာအရေးကြီးပါလိမ့်

ဒါဖြင့် ခင်ဗျားတို့ ရှေးဦးစွာ ဘာအရေးကြီးပါလိမ့် (ဝိပဿနာ သမ္မာဒိဋ္ဌိ အရေးကြီးပါတယ်) ဝိပဿနာသမ္မာ ဒိဋ္ဌိကိလေသာကြား မခြားအောင် လုပ်လိုက်လို့ရှိရင် မဂ်သမ္မာဒိဋ္ဌိပေါ်လိမ့်မယ် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ပဋ္ဌာန်းပါဠိတော်ကြီးမှာ အနုလောမံ ဂေါတြဘူဿ လို့ဟော တော်မူတယ် (မှန်ပါ) အနုလောမံ ဖြစ်ပျက်ကိုမြင်တဲ့ အနုလောမဉာဏ်သည် ဂေါတြဘုဿ နိဗ္ဗာန်ကိုမြင်တဲ့ ဂေါတြဘူ အား၊ အနန္တရပစ္စယေနံ ဘနန္တရပစ္စယသတ္တိဖြင့် ပစ္စယော ဥပကာရကော ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏တဲ့၊ ဝိပဿနာ သမ္မာဒိဋ္ဌိရှိပြီးတော့ နိဗ္ဗာန်ကိုမြင်တဲ့ ဂေါတြဘူလာပါတယ် (မှန်ပ့ါ) သဘောပါကြပြီလား (ပါ-ပါပြီ)။

အနုလောမံ ဂေါတြဘူဿ၊ ဂေါတြဘူ မဂ္ဂဿ မလာဘူးလား (လာပါတယ်) အဲဒါတွေ လာတဲ့ဥစ္စာဟာ ပဋ္ဌာန်းပါဠိတော်လို့ မှတ်ကြပါ (မှန်ပ့ါ) ပဋ္ဌာန်းပါဠိတော်ကို ဘာဖြစ်လို့ ဆရာဘုန်းကြီး ဒီနေ့ည ထည့်ဟောရသတုန်းလို့ ခင်ဗျားတို့ကမေးလို့ရှိရင် ပုဂ္ဂိုလ်မငဲ့ဘဲနဲ့ ဓမ္မကိုငဲ့ပြီး ဟောတဲ့ဓမ္မဓိဋ္ဌာန် ဒေသနာတော်ကြီးမို့ ဒီအစဉ်အတိုင်း လုပ်ရင် ဒီအစဉ်အတိုင်း ဖြစ်ရမယ်ဆိုတာကို မှတ်ကြပါ။ ဓမ္မအစဉ်က ဒီအတိုင်း ပေါ်ရမယ် (မှန်ပ့ါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဓမ္မဓိဋ္ဌာန်အားဖြင့် သိရမယ်၊ ပြီးတော့ နေယျတ္ထဒေသနာတောင် သိရမှာမဟုတ်ဘူး၊ နိတတ္ထဒေသနာ တိုက်ဆိုင်ဟောပြန်တယ် (မှန်ပါ)။

ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိပြီးမှ မဂ္ဂသမ္မာဒိဋ္ဌိဆိုတဲ့ နိဗ္ဗာန်မြင်တဲ့ဉာဏ်လာမယ် (မှန်ပ့ါ) ဂေါတြဘူက နိဗ္ဗာန် မြင်ပြီးတော့မှ မဂ်ဉာဏ် လာတယ်ဆိုတာလဲ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်များမှာ ဝိပဿနာ သမ္မာဒိဋ္ဌိမရှိဘဲနဲ့ ဂေါတြဘူဆိုတဲ့ နိဗ္ဗာန်ပထမဦးဆုံးမြင်တဲ့ ဉာဏ်တောင် ရလာနိုင်တော့ မဂ်သမ္မာဒိဋ္ဌိက ဂေါတြဘူတောင် ခြားနေသေးတာ လာနိုင်ပါ့မလား (မလာနိုင်ပါဘူး)။

လုပ်ရင် ရနိုင်တယ်သာ ဆုံးဖြတ်ချက်ချ

အဲဒီတော့ ဝိပဿနာသမ္မာဒိဋ္ဌိ ကိုသာ တွင်တွင်ကျယ်ကျယ်လုပ်နိုင်ပါစေ၊ ဒါဟာ ငါသည် မဂ်ရထိုက်တယ်။ မရထိုက်ဘူးလို့ ဘာမှ အကဲခတ်မနေနဲ့၊ လုပ်ရင် ရနိုင်တယ်သာ ဆုံးဖြတ်ချက်ချ (မှန်ပ့ါ )ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒီမှာ ခင်ဗျားတို့က ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ဆုတ်နစ်တဲ့စိတ် မလာနဲ့ဆိုတော့ သတိပေးလိုက်တယ် (မှန်ပ့ါ) ဆုတ်နစ်တဲ့စိတ်ဆိုတာက ငါက ဒွိဟိတ်မို့ ထင်ခဲ့တာထင်ပါရဲ့၊ ငါ့မှာ ဘယ်သူ့များ ပြစ်မှားဖူးလို့ ဒါလောက်တောင် လုပ်နေလျက်နဲ့ နိဗ္ဗာန်မမြင်သေးတာ ထင်ပါရဲ့ဟာ ဒီဟာတွေ မလာစေနဲ့၊ ဒီဟာတွေဟာ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဟောတယ်၊ သစ္စာတရားကိုဟောလို့ သစ္စာတရားနာတတ်လို့ရှိရင် ဓမ္မာနုဓမ္မပ္ပဋိပတ္ထိ အလုပ်ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင် လုပ်ရင်ရနိုင်တယ်လို့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဒီလိုလာပါတယ် (မှန်ပါ)။

သစ္စာတရားလဲ နာရမယ်၊ ထောင်တတ်တဲ့နားလဲ (ပါရပါမယ်) ပါရမယ်ဆိုလို့ရှိရင် နှလုံးသွင်းသာ ဓမ္မာ နုဓမ္မာပ္ပဏ္ဍိပတ္တိနဲ့ နှလုံးသွင်းလိုက်လို့ရှိရင် ရနိုင်ပါတယ်ဆိုတော့ ခင်ဗျားတို့မှာ သစ္စာဟောတတ်တဲ့ ဆရာနဲ့တွေ့ပြီ ကိုယ်ကိုယ်တိုင်လဲ ဖြစ်ပျက် ဒုက္ခသစ္စာလို့ သိနေပြီ မသိသေးဘူးလာ (သိပါပြီ)။ အဲ ဓမ္မာနု ဓမ္မပ္ပဋိပတ္တိအလုပ်ပဲ (မှန်ပ့ါ) အဲဒါလိုက်သွားလို့ ကိလေသာကြား မခြားလို့ ရှိရင်ရမှာပဲ (မှန်ပ့ါ) ဘာတွေ ညာတွေ လျှောက်တွေးမနေကြနဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ကိုကို မဂ်တားမြစ်တာလဲ ရှိတယ်

အဲဒီတော့ အချို့ကိုယ့်သံသယ ကိုယ့်ကုက္ကုစ္စက ကိုယ့်ကိုယ်အပါယ်ချတာ ရှိတယ် (မှန်ပါ) ကိုယ့်သံသယ ကိုယ့်ကုက္ကုစ္စက ကိုယ့်ကိုကို မဂ်တားမြစ်တာလဲ ရှိတယ် (မှန်ပါ ဘုရား) သဘေကျပြီလား (ကျပါပြီ)။

အဲဒါတွေကတော့ မတတ်နိုင်ဘူးတဲ့၊ ဆရာသမားများက လမ်းစဉ် အမှန်ရှိတာကိုတော့ဖြင့် ပြောတာပဲ အနုလောမပြီး ဂေါတြဘူလာမယ်၊ ဂေါတြဘူလာပြီး မဂ်လာမယ်၊ အနုလောမဆိုတာ ဝိပဿနာဉာဏ် ဂေါတြဘူဆိုတာ မဂ်ပေါ်ဖို့ ရှေ့က လမ်းခင်းတာ၊ ပြီးတော့ သူပြီးတယ်ဆိုလို့ရှိရင် မဂ်ပေါ်တာပဲ၊

အဲဒါလဲ ဝီထိနိယာမ၊ ဝိထိနိယာမဆိုတာ ဘယ်လိုမှ တာလို့မရဘူး၊ ဝိပဿနာဉာဏ်ပြီးရင် မဂ်ဉာဏ် လာတာပဲ၊ ဂေါတြဘူဉာဏ်ပြီးရင်ဖြင့် မဂ်စစ်ဉာဏ် လာတာပဲ၊ ဒါ ဝီထိနိယာမ ဆိုတော့ အဲဒီမှာ သေချာနေတော့ ခင်ဗျားတို့ ဝိပဿနာ လုပ်နေတဲ့ဥစ္စာ၊ ဪ ဝိထိနိယာမအတိုင်း သွားမှာပဲဆိုတာ ကိုယ်က ဆုံးဖြတ်ချက်ချ (မှန်ပ့ါ)။

ဝီထိနိယာမဆိုတာ စိတ်တွေဖြစ်ပေါ်တဲ့ အစဉ်ပဲ၊ နိဗ္ဗာန်မြင်တဲ့ ဂေါတြဘူလိုက်မယ်၊ နိဗ္ဗာန်မြင်တဲ့ မဂ်လိုက်မယ်၊ နိဗ္ဗာန်မြင်တဲ့ဖိုလ် လိုက်မယ်လို့ ခင်ဗျားတို့က ဒီအတိုင်း ဆရာသမားပြောတဲ့အိုင်း ဝိထိနိယာမကို ဖြစ်အောင် လုပ်ပါ။

ဝီထိနိယာမ

ဝီထိဆိုတာ အစဉ်၊ နိယာမ ဆိုတာအမြဲ၊ စိတ်အစဉ်တွေ တစ်ခုပြီးတစ်ခု ဆက်ပြီးတော့ ဖြစ်လာတာ မြဲတာကို ဆိုတယ် (မှန်ပ့ါ) ဒီအစဉ်ကို ဘယ်သူမှတားလို့မရဘူး၊ ဝိပဿနာဉာဏ်ကြီးရင် ဂေါတြဘူဉာဏ် မဂ်ဉာဏ်ပေါ်တာဆိုတာကို ဘယ်သူမှတားလို့ မရပါဘူး (မှန်ပ့ါ)၊ ဂေါတြဘူ ဉာဏ်ပြီးတော့ မဂ်ဉာဏ် ပေါ်တာ ဆိုတာကော (တားလို့မရပါဘူး)။

ဝီထိနိယာမတဲ့ (မှန်ပ့ါ) ဆောင်းဥတုပြီးတော့ နွေဥတုလာတာကို ဒကာ ဒကာမတို့ ဘယ်သူတားလို့မှတောင်မရဘူး (မှန်ပါ) နွေပြီး၊ မိုးဥတုလာတာကော (တားလို့မရပါဘူး) တားလို့ မရဘူး။ နိယာမတွေနော် (မှန်ပါ ဘုရား)။ သစ်ပင်တွေ သူ့ရာသီနဲ့ သူပွင့်တာ ဘယ်သူ တားလို့ရသတုံး (မရပါဘူး)။

အဲဒီ နိယာမတွေက ရှိပြီးသားဖြစ်နေတော့ ဒကာ ဒကာမတွေက ဘာမှ မတွေးကြနဲ့၊ ငါ့မှာ ပါရမီမရှိလို့ထင် ပါရဲ့ ဒွိဟိတ်လို့ထင်ပါရဲ့ ဘယ်သူ့များ၊ ရဟန္တာများ ပြစ်မှားမိလို့ ထင်ပါရဲ့၊ စသည်နဲ့ တွေးတတ်တဲ့အတွေးတွေ မလာစေနဲ့ (မှန်ပ့ါ) ဒါတွေဟာ သံသယ ကုက္ကုစ္စတွေ (မှန်ပ့ါ)။

သံယသ ကုက္ကုစ္စဆိုတာ

သံယသ ကုက္ကုစ္စဆိုတာသည် ဒကာ ဒကာမတို့ အင်မတန် ဆိုးရွားတဲ့တရားလို့ ဆုံးဖြတ်ချက်ချ (မှန်ပ့ါ) ဘယ်လို ဆိုးရွားပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ မဂ္ဂန္တရာယ်ဖြစ်အောင် လုပ်တတ်တယ် (မှန်ပ့ါ)။

ဘာတဲ့တုံး (မဂ်၏ အန္တရာယ်ဖြစ်အောင် လုပ်တတ်ပါတယ် ဘုရား)။ ဒါ ဘယ်သူက ထည့်တာတုံးလို့ မေးပြန် တော့ ဒီ ယောဂီကထည့်တာ (မှန်ပါ့) ယောဂီက ထည့်တာဆိုတော့ သူအားထုတ်နေတဲ့အထဲမှာ သူ့ဟာသူ အားမရ အောင် ထည့်လိုက်တဲ့ တရား (မှန်ပါ)။

ဒါဖြင့် သူအားထုတ်နေတဲ့ဥစ္စာကို သူ့ဟာသူ ထည့်တာ (မှန်ပ့ါ) လက်နဲ့ရေး ခြေနဲ့ဖျက် ဆိုသလို ဖြစ်နေတာ (မှန်ပါ) လက်နဲ့ရေးတယ်ဆိုတာက ဝိပဿဉာဏ် အားထုတ်နေတာ၊ ငါဟာ ဒီလိုပုဂ္ဂိုလ်ထင်ပါရဲ့ဆိုတော့ ခြေနဲ့ ဖျက်ချ လိုက်တာ (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။

အဲဒီတော့ အချည်းနှီး မဖြစ်နိုင်ပါဘူးဆိုတာ ဘုန်းကြီးက အားပေးနေတယ်လို့ ခင်ဗျားတို့က မယူနဲ့၊ ဘုရားက သေသေချာချာဟောခဲ့တာ (မှန်ပ့ါ)။

ဒီဘဝ ဝိပဿနာ အားထုတ်ရင် ဝိပဿနာသမားဟာ သေခါနီးကျတော့ ကဲ ငါတော့ ဖြင့် တကယ်သေရတော့မှာပဲဆိုပြီး သကာလ စိတ္တာနုပဿနာ ရှုနေကျ ပုဂ္ဂိုလ်က စိတ်ကြည့်၊ ဝေဒနာနုပဿနာသမား က ဝေဒနာကြည့်လိုက်လို့ရှိရင် ကိုယ့်ဟာကိုယ် ဆင်ခြင်ပြီး ရှုလိုက်လို့ရှိရင် အဲဒီအချိန်ကျရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ်လို့ ဟောတော်မူသေးတယ် (မှန်ပါ့)။

ဝိပဿနာဇောနဲ့သာ သေပါစေ

ဒီလိုမှ မဖြစ်ပါဘူးဆိုရင် ဒုတိယဘဝ၌ နတ်ပြည်ရောက် ပါတယ်၊ ဒီဇောနဲ့ သေသွားရင် (မှန်ပ့ါ) နတ်သားသွားဖြစ်ရင် နတ်ပြည်ဖြစ်တဲ့ ဥစ္စာမသိသေးခင် နတ်ပြည်မှာ ဝိပဿနာ အရှိန်အစော် အာသေဝနသတ္တိကပါသွားတော့ ဟိုမှာ သူ့ခန္ဓာကို သူဖြစ်ပျက်ရှုလိုက်တာနဲ့ နတ်ပြည်ရောက်တာ မသိခင် သောတာပန်တည်တာက စောနေတယ် (မှန်ပ့ါ) ဒါ ဘုရား သေသေချာချာ ဟောပါတယ်၊ ဝိပဿနာဇောနဲ့သာ သေပါစေ (မှန်ပ့ါ)။

သေခါနီးမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် မဖြစ်ခဲ့သော်ဆိုတော့ နောက်ဘဝဖြစ်နိုင်တယ်ဆိုတော့ အချည်းနှီးပါသေးသလား (မပါပါဘူး) ဒါဖြင့် ဒါဟာ လုပ်ထိုက်တဲ့ တရားပဲ (မှန်ပါ့)။

သေခါနီးမှာပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်တယ်၊ ကိုယ့်ဟာကိုယ် ဆင်ခြင်ရှုနေရင် (မှန်ပ့ါ) ဟာ-ဒီအချိန်မှာ မဖြစ်ထိုက်သေးဘူးဆိုရင် ဟိုဘဝ နတ်ပြည်ရောက်တဲ့အချိန်မှာ ဖြစ်နိုင်တယ်ဆိုတာ သေသေချာချာ ဟောတယ် (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ) အဲဒီတော့ အဟောသိကံ ပါသေးရဲ့လား (မပါပါဘူး)။

ကုက္ကုစ္စလာရင်

အဲ အချည်းနှီးဖြစ်မှာက ဘုန်းကြီးက ဒကာ ဒကာမတွေကို ဘာစိုးရိမ်သတုန်း မေးတဲ့အခါကျတော့ ကိုယ့်လှံက ကိုယ့်ကိုစူးသလို ကိုယ့်သံယသ ကုက္ကုစ္စက ကိုယ့််လမ်းကို ဖျက်ပစ်မှာ စိုးရိမ်ရတယ် (မှန်ပါ)။

ငါက ဒီဘဝ ရထိုက်တဲ့ ပုဂ္ဂိုလ်ဟုတ် မထင်ပါဘူး၊ သမာဓိတောင်မှ ငါက မတည်ဘူး၊ တည်မှ မတည်သေးခင်က ကိုယ်က မတည်ဘူးထင်နေ တတ်တယ်၊ ရှုမှ မရှုခင်ကတည်းက မမြင်သေးဘူးဆိုတော့ ဦးသံဒိုင် ဒါဟာ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ဒါမျိုးက ပါရမီက ဖျက်တာလား၊ ကိုယ့်ကုက္ကုစ္စသံသယက ဝင်ပြီး ချောက်တွန်းတာလား (သံသယကုက္ကုစ္စက ဝင်ပြီး ချောက်တွန်းတာပါ ဘုရား)။ အဲ သူ့ချောက်တွန်းမှုကို ခင်ဗျားတို့ ခံနိုင်ရည်ရှိရန် ဘုန်းကြီးက သတိပေးတယ် ဦးသံဒိုင် တို့ကို လွန်ခဲ့တဲ့ တရားဟောစက ကုက္ကုစ္စလာရင် ကုက္ကုစ္စကို ဖြစ်ပျက်ရှု (မှန်ပ့ါ) ကုက္ကုစ္စဖြစ်ပျက်ရှုလို့ သူချုပ်သွားတော့ မှ ကိုယ့်မူလရှုမြဲ ဝေဒနာဖြင့် ဝေဒနာရှု၊ စိတ်ဖြင့် စိတ်ကိုရှုပါ (မှန်ပါ့)။

ဒေါသဣဿာ၊ မစ္ဆရိယကုက္ကုစ္စ ဆိုတာ ဒေါမနုဿ ဝေဒနာ (မှန်ပါ) ဒီတော့ အဲဒီကုက္ကုစ္စလာရင် ဝေဒနာသမားက ဝေဒနာထဲ သွင်းရှုလိုက်၊ စိတ်သမားက စိတ်ထဲသွင်း လိုက် (မှန်ပါ) စိတ်သမားက ဒေါသစိတ်ထဲသွင်းပြီး ရှုလိုက် (မှန်ပ့ါ) ကုက္ကုစ္စဟာ ဒေါသစိတ်နဲ့ ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်လို့ ဒေါသစိတ်ထဲ သွင်းလိုက်၊ ဝေဒနာသမားကတော့ ဒေါမနုဿ ဝေဒနာထဲ သွင်းချလိုက် ဒေါမနုဿ ဝေဒနာကို ဖြစ်ပျက် ရှုချလိုက် (မှန်ပ့ါ) ကုက္ကုစ္စနေနိုင်သေးရဲ့လား (မနေနိုင်ပါဘူး)။

သူ့ကို အလျင်ရှုပစ်ပါ

အဲကုက္ကုစ္စ ချုပ်သွားပြီးတော့မှ ခင်ဗျားတို့ ဒီပြင်ဝေဒနာ ပေါ်ရင် ဒီ့ပြင်ဝေဒနာကို လိုက်တာပေါ့ (မှန်ပါ့) နို့မဟုတ်ရင် ရှာမနေနဲ့ သူက အရှုခံလာတာကို သူ့ကို အလျင်ရှုပစ်ပါ (မှန်ပ့ါ) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ဒါအင်မတန် အရေးကြီးတဲ့ စကားဆိုတာကော သုံးတတ်ပြီလား (သုံးတတ် ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ သန္တာန်မှာ သံသယဝီစိကိစ္ဆာ လာရင်လဲ သံသယဝီစိကိစ္ဆာကို ရှုပစ်ပါ (မှန်ပ့ါ) သဘောကျ ပြီလား (ကျပါပြီ ဘုရား) ဒါကြောင့် အလျင်တုန်းက ဟောခဲ့တယ် မဟုတ်လား ဦးသံဒိုင်၊ ရန်သူကို မိတ်ဆွေလုပ်ပစ်ပါလို့ (မှန်ပါဟောခဲ့ပါတယ် ဘုရား) နဂိုက သူဟာ အနှောက်အယှက် လာတာ (မှန်ပ့ါ) အနှောင့်အယှက်တရားကို ဘာလုပ်ပစ် ရမလဲ (ဖြစ်ပျက်ရှုပစ်ရပါမယ်) ဖြစ်ပျက်ရှုပစ်တော့ သူ့ကြောင့် မဂ်ရသေးတယ် (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘုရားက ဘယ်လိုဟောသတုံး မေးတော့မှ သဒေါသစိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ။ သဒေါသစိတ်ဆိုတာက မောင်သစ်ဒေါသတစ်ခုတည်း ဖြစ်နိုင်တာမှ မဟုတ်ဘဲ၊ ဣဿာ မစ္ဆရိယ ကုက္ကုစ္စရောပြီး ဝင်တယ် (မှန်ပ့ါ) မဝင်လာဘူး လား (ဝင်လာပါတယ် ဘုရား)။

ဝင်လာတော့ ဒေါသကို ရှုလိုက်လို့ရှိရင် ပင်ရင်းရှုလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တွဲဖက်တွေပါ ဘာဖြစ်သွားသတုံး ပျက်သွားပါတယ် ဘုရား) တွဲဖက်တွေပါ ဖြစ်ပျက်ဖြစ်ရမယ် (မှန်ပ့ါ) အတူတူ ဖြစ်ကြတာ ဧကုပ္ပါဒ ဧကနိရောဓကိုး (မှန်ပ့ါ) ဧကုပ္ပါဒတကွ ဖြစ်တယ်၊ ဧကနိရောဓ ဆိုတာကော (တကွချုပ် ပါတယ်)။ တကွချုပ် တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကုက္ကုစ္စကို ရှုပစ်ပါ

အဲဒီလို ခင်ဗျားတို့ အသုံးချပစ်လိုက်လို့ရှိရင် ဆရာသမားအကူအညီနဲ့ ဪ ဒီလိုလဲ အသုံးချလို့ ဖြစ်သား ဘဲ ဆိုတော့ ကုက္ကုစ္စရှိနေလို့ ကျုပ်တော့ မလုပ်တော့ဘူးမလုပ်နဲ့၊ ကုက္ကုစ္စကို ရှုပစ်ပါ။ ပေါ်ကြပြီ လား (ပေါ်ပါပြီ ဘုရား)။

ဘာလုပ်ကြမယ် (ကုက္ကုစ္စကို ရှုပစ်ရပါမယ် ဘုရား)၊ ကုက္ကုစ္စရှုတော့ ဝေဒနာသမားက ဒေါမနဿဝေဒနာကို ရှုတာ၊ စိတ်သမားက ဒေါသကို ရှုတာဆိုတော့ ပြီးနေတာပဲ (မှန်ပ့ါ) မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။

အဲဒီတော့ အသုံးမချတတ်လို့ရှိရင်လဲ ခင်ဗျားတို့ ဘေးဖြစ်မှာပဲ (မှန်ပ့ါ) အသုံးချတတ်လို့ရှိရင် နိဗ္ဗာန်ရောက် တဲ့ဆေးဖြစ်မှာပဲ ကဲ ဒါနှစ်ခု ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် နေရာကျပါပြီ၊ ခုနင်က ဓမ္မဒိန္နာဖြေတာကို ပြန်ဆက်လိုက်၊ သုခနဲ့ ဒုက္ခနဲ့ ဆန့်ကျင်ဘက် ဒုက္ခနဲ့ သုခနဲ့လဲ ဆန့်ကျင်ဘက်လို့ ဖြေခဲ့တယ်မဟုတ်လား (မှန်ပ့ါ) နို့ ဥပေက္ခာနဲ့ ဘယ်သူနဲ့ ဆန့်ကျင်ဘက်တုန်းလို့ မေးပြန်တော့ အဝိဇ္ဇာနဲ့ ဆန့်ကျင်ဘက်ပဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ဥပေက္ခာနဲ့ အဝိဇ္ဇာ ဆန့်ကျင်ဘက်

ဥပေက္ခာနဲ့ (အဝိဇ္ဇာနဲ့ ဆန့်ကျင်ဘက်ပါ ဘုရား) သုခနဲ့ ဒုက္ခနဲ့ ဆန့်ကျင်ဘက်သိပြီ။ ဒုက္ခနဲ့ သုခနဲ့လဲ ဆန့်ကျင်ဘက် သိပြီးသား (မှန်ပ့ါ) ဥပေက္ခာနဲ့ကော ဘယ်သူနဲ့ ဆန့်ကျင်ဘက်တုံးလို့ မေးတဲ့အခါ ဘယ့်နှယ့်ဖြေသတုံး (အဝိဇ္ဇာနဲ့ ဆန့်ကျင်ဘက်ပါ ဘုရား) ဟုတ်သားပဲ ဥပေက္ခာပေါ်တိုင်းပေါ်တိုင်း မသိတာဟာ သူ့ကြောင့် မသိတာ (မှန်ပ့ါ) ဒါကြောင့် သူ့ဆန့်ကျင်ဘက်လို့ ပြောလိုက်တာ (မှန်ပါ)

ဒါနဲ့ အဲဒီအဝိဇ္ဇာနဲ့ ဘယ်သူနဲ့ ဆန့်ကျင်ဘက် ဖြစ်ပြန်သေးသတုံးတဲ့ ဝိသာခသူဋ္ဌေးက မေးလိုက်တယ် (မှန်ပ့ါ) ဒါကတော့ ဒီလိုပါတဲ့ ဝိဇ္ဇာနဲ့ ဆန့်ကျင်ဘက်တဲ့ (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဆန့်ကျင်ဘက်ဆိုတာသည် ဒကာ ဒကာမတို့ သန္တာန်မှာ မတည့်တာဘဲ (မှန်ပ့ါ) အဝိဇ္ဇာရှိရင် ဝိဇ္ဇာ မရှိနိုင်ဘူး၊ ဝိဇ္ဇာရှိရင်လဲ (အဝိဇ္ဇာမရှိနိုင်ပါ ဘုရား) အဝိဇ္ဇမရှိနိုင်ဘူးဆိုတော့ ခင်ဗျားတို့ ရှုမှတ်နေတာက ဝိဇ္ဇာလမ်း (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) ရှုမှတ်နေရင် အဝိဇ္ဇာအနားသိနိုင်ရဲ့လား (မသိနိုင်ပါဘူး)။ အဝိဇ္ဇာအနား မသိ နိုင်လို့ရှိရင်ဖြင့် ဪ ဒို့အလုပ်သည် ဝိဇ္ဇာဥဒပါဒိ အလုပ်ပဲ (မှန်ပ့ါ) စက္ခုံဥဒပါဒိအလုပ်ပဲ (မှန်ပ့ါ) ဉာဏံဥဒပါဒိ အလုပ်ပဲ (မှန်ပါ) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါနဲ့ အဝိဇ္ဇာနဲ့ ဘယ်သူတုန်း ဆန့်ကျင်ဘက်က (ဝိဇ္ဇာပါ ဘုရား) တစ်ခါ ဝိဇ္ဇာတော့ရှင်းပြီတဲ့ (ဝိဇ္ဇာနဲ့ ဘယ်သူနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါသေးသတုံးတဲ့ မေးပြန်တယ်နော် (မှန်ပ့ါ) ဝိဇ္ဇာနဲ့ဆိုတော့ ဝိမုတ္တိဆိုတဲ့ ဖိုလ်နဲ့ ဆန့်ကျင်ဘက်ဖြစ် တယ် (မှန်ပ့ါ) ဖြစ်ပေမှာပဲ ဖြစ်ထိုက်တာပဲ၊ ဝိမုတ္တိက ဖိုလ်စိတ်ကိုးဗျ။ ဝိဇ္ဇာက ဉာဏ်ကိုးဗျ (မှန်ပ့ါ) ဝိဇ္ဇာက ဉာဏ်ဆိုတော့ ဆန့်ကျင်ဘက်ဖြစ်ရမယ်တဲ့၊

ဝိမုတ္တိနဲ့ ဘယ့်နှယ်ကြောင့် ဆန့်ကျင်ဘက်ဖြစ်ပါသတုံးဆိုတော့ ဖိုလ်က ကိလေသာမှ လွတ်ပြီးသား၊ ဝိဇ္ဇာက မလွတ်သေးဘူး၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ဝိဇ္ဇာက လွတ်မလို့ လွတ်ဆဲရှိသေးတယ်၊ ဟိုက လွတ် ပြီးသားဆိုတော့ ဘယ့်နှယ်နေကြသတုန်း (ဆန့်ကျင်ဘက်ပါ ဘုရား)။

ဒါဖြင့် ဝိမုတ္တိဆိုတဲ့ ဖိုလ်နဲ့တော့ ဘယ်သူနဲ့ ဆန့်ကျင်ဘက်ဖြစ်သတုန်းတဲ့ ဒါယကာ ဝိသာခသူဋ္ဌေး နိဗ္ဗာန်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်တဲ့ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ)။

နိဗ္ဗာန်နဲ့ ဘယ့်နှယ်ဆန့်ကျင်ဘက်ဖြစ်သတုန်း

နိဗ္ဗာန်နဲ့ ဘယ့်နှယ်ဆန့်ကျင်ဘက်ဖြစ်သတုန်း ဖိုလ်ဆိုတာက သင်္ခတတရား၊ ဖိုလ်ပေါ်အောင် အတော်အား ထုတ်ရတယ် (မှန်ပ့ါ)၊ နိဗ္ဗာန်က ဘယ်သူမှ မလုပ်ဘဲနဲ့ ပေါ်တဲ့ သင်္ခတတရား၊ ဒါကြောင့် ဆန့်ကျင်ဘက်တဲ့ (မှန်ပါ့) ဒီတော့ တော်တော်ကျေနပ်သွားပြီ၊ ဝိသာခသူဋ္ဌေးကြီး (မှန်ပါ)။

ဒါကော အခု ဒကာ ဒကာမတွေ ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။ ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဖလံပေစ္စဝေက္ခတိလို့ ဟောပြန်တယ်။ ဒါက ဒီသုတ်မှာမပါဘူး၊ ပဋ္ဌာန်းပါဠိတော်မှာ ဟောတော်မူတာ (မှန်ပါ)၊ ဖလံဖိုလ်ကို ပေစ္စဝေက္ခတိ ဆင်ခြင်ဦးတဲ့ (မှန်ပ့ါ)။

ဖိုလ်ကလဲ သင်္ခါရတရားပဲ၊ သင်္ခါရ တရားဆိုတာ အနိစ္စလမ်းဆုံးတာပဲ၊ အဲဒါကြောင့် ဖလံ ပစ္စဝေက္ခတိ လုပ် ရမှာပဲ၊ မဂ္ဂံ ပေစ္စဝေက္ခတိလဲလုပ် သင်္ခါရတရားတွေပဲ (မှန်ပ့ါ)။ လုပ်ရမှာပဲ ဝိပဿနာရှုဦးပေါ့၊ နိဗ္ဗာန်ကျတော့ ဝိပဿနာ မရှုနဲ့ သင်္ခါရတရား မဟုတ်ဘူး၊ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ နေရုံပဲ။

နိဗ္ဗာန်ကျတော့ (အာရုံပြုနေရုံပါ ဘုရား) အာရုံပြုပြီး သကာလ နေရုံပါပဲဆိုတော့ ဪ- ပျက်စီးတာ တွေတော့ ပျက်စီးတယ်လို့ရှု၊ မပျက်စီးတာကျတော့ အဲဒီလို အာရုံစိုက်ထား၊ (မှန်ပ့ါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပျက်စီးတာတော့ဖြင့် (ဝိပဿနာရှုရပါမယ်) ပျက်စီးတာတော့ဖြင့် ဝိပဿနာရှုရမယ် (မှန်ပါ) မပျက်စီးတဲ့ တရားကျတော့ (အာရုံစိုက်ထားရပါမယ်) အာရုံစိုက်ပြီး ခင်ဗျားတို့ သူ့ကို အာရုံပြုပြီး ချမ်းသာတဲ့စိတ်နဲ့ နေလိုက်လို့ ပြောလိုရင်း (မှန်ပ့ါ) ပစ္စဝေက္ခဏာ မဆင်ခြင်နဲ့တော့ (မှန်ပ့ါ)။

ချုပ်ပြီ ချုပ်ပြီလို့သာ အာရုံပြုနေပါ

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ပြောတယ်။ ဒုက္ခချုပ်လို့ရှိရင်ဖြင့် ဒီ့ပြင်ဟာကို လုပ်မနေနဲ့၊ ချုပ်တဲ့နေရာကို ချုပ်ပြီ ချုပ်ပြီလို့သာ အာရုံပြုနေပါ (မှန်ပ့ါ) သဘောပါပြီလား (ပါ-ပါပြီ)။

ချုပ်တဲ့နေရာကို (ချုပ်ပြီ-ချုပ်ပြီလို့သာ အာရုံပြုနေပါ) ချုပ်ပြီ-ချုပ်ပြီလို့သာ အာရုံပြုနေဆိုတဲ့ ဥစ္စာ၊ ဒါကို ခင်ဗျားတို့ နိဗ္ဗာန်ကို ဝိပဿနာမရှုနဲ့ပြောတာ (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။

နိဗ္ဗာန်ကို ဝိပဿနာမရှုနဲ့၊ ရှုကောင်းတဲ့ တရားမဟုတ်ဘူး၊ ဆင်ခြင်ကောင်းတဲ့ တရားသာဟုတ်တယ် (မှန်ပါ) သုံးသပ်ကောင်းတဲ့အရာ (မှန်ပါ့)သဘောကျပြီလား (ကျပါပြီ)။

သူ့မှာ ဘယ်လက္ခဏာ ရှိပါတယ်၊ ဘယ်သတ္တိ ရှိပါတယ်၊ ဒီလိုတော့ သုံးသပ်ကောင်းပါတယ်၊ ခုနင်က ပြောသလိုဝိပဿနာတော့ မရှုနဲ့ (မှန်ပ့ါ) ဝိပဿနာရှု ဆိုလို့ရှိရင် ဒီတရားက ဘယ်လိုသတ္တိရှိတယ်၊ ဒီတရားဟာ ဖြစ်ပျက်ပဲ၊ ဒီလိုရှိတဲ့ သင်္ခါရတရားကိုသာ ရှုရမှာ (မှန်ပ့ါ) နိဗ္ဗာန်တရားကတော့ ဖြစ်မှု ပျက်မှုမှမရှိတဲ့ အသင်္ခတ တရားပဲ (မှန်ပ့ါ)။

သင်္ခတ တရားကျတော့ ခင်ဗျားတို့ သင်္ခတလို့ပဲ ရှုပါတဲ့၊ အသင်္ခတ တရားကျတော့ ဪ-ဒုက္ခဆုံးတဲ့ နိဗ္ဗာန်ဆိုတာ ဒါပဲ ဒါပဲလို့ဆိုတာ ဆင်ခြင်ရုံဆင်ခြင်နေရမယ် (မှန်ပါ)၊ သဘောပါ ပြီလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဖိုလ်နဲ့ နိဗ္ဗာန်နဲ့လဲ ဆန့်ကျင်ဘက် (မှန်ပ့ါ) ဘယ်လိုဆန့်ကျင်ဘက် ဖြစ်ပါသတုန်း သင်္ခတနဲ့ အသင်္ခတ ကွာတယ် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်ချင်ရင် သင်္ခတကထွက်

ကဲ ဒါဖြင့် တရားနိဂုံးချုပ်လိုက်တော့ ဒကာ ဒကာမတွေ နိဗ္ဗာန်ရောက်ချင်ရင် သင်္ခတကထွက် (မှန်ပါ) သင်္ခတက ထွက်တဲ့ဉာဏ် ရအောင်လုပ်ပါ (မှန်ပ့ါ) သင်္ခတထဲမှာရှိတဲ့ ဉာဏ်သည် ဒကာ ဒကာမတို့ သင်္ခတကို အာရုံပြုနေတဲ့ ဉာဏ်သည် မဂ်ဉာဏ် မဟုတ်သေး၊ ဝိပဿနာဉာဏ်သာဖြစ်သည် (မှန်ပ့ါ) သင်္ခတက ထွက်သွားတဲ့ ဉာဏ်ကျတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုပါ (မှန်ပါ)။

သင်္ခတထဲတွင် အာရုံပြုနေတဲ့ ဉာဏ်ကတော့ ဝိပဿနာဉာဏ် (မှန်ပါ့) သင်္ခတမှ ထွက်သွားတဲ့ဉာဏ်ကတော့ (မဂ်ဉာဏ်ဖိုလ်ဉာဏ်ပါ)၊ နိဗ္ဗာန်အာရုံပြုတဲ့ ဉာဏ်ကို ဆိုလိုသည် (မှန်ပ့ါ)

ဒါဖြင့် ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဘာထူးသတုန်းဆိုတာ ကလေးကိုလဲ ယနေ့ရှင်းပြီး ပြောပေးမယ် (မှန်ပ့ါ) ဝိပဿနာဉာဏ်သည် သင်္ခတကိုသာ အာရုံပြု တယ်၊ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ သင်္ခတအနိစ္စပါလား၊ သင်္ခါရအနိစ္စပါလားလို့ အာရုံပြုတယ်၊ သင်္ခတနဲ့ သင်္ခါရဆိုတာ အတူတူပဲ (မှန်ပ့ါ) သင်္ခါရအနိစ္စပါကလားလို့ ရှုနေတာ ဝိပဿနာဉာဏ်လို့ မှတ်ပါ (မှန်ပါ)။

ဝိပဿနာဉာဏ် လဲ ဆုံးပါပြီဆိုလို့ရှိရင် အသင်္ခတကို တွေ့ရမယ်။ အသင်္ခတဆိုတာ နိဗ္ဗာန် (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။

အသင်္ခတဆိုတာ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ကို တွေ့ရမယ်၊ ဘာကြောင့် တွေ့ရမတုန်းဆိုတော့ သင်္ခတနယ်က လွတ်သွားပကော (မှန်ပ့ါ)။

ဘယ်ကျမှ ဆုံးပါသတုန်း

ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာအဆုံးသည် ဘယ်ကျမှ ဆုံးပါသတုန်းဆိုတော့ သင်္ခတရှုစရာကုန်တဲ့ ဉာဏ်ပေါ်လာလို့ ရှိရင် ဆုံးပြီလို့ အောက်မေ့ပါ (မှန်ပ့ါ)။

သင်္ခတရှုစရာဉာဏ် ကုန်သွားမယ်ဆိုလို့ရှိရင် အသင်္ခတကို အာရုံပြုတဲ့ဉာဏ်ပဲ လာတော့မယ်ဆိုတာ သေချာပါ တယ် (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဘုရားတပည့်တော်တို့ ဝိပဿနာ ရှုနေတာကြာပါပြီ ဘယ်တော့များ ဆုံးပါမတုန်းဆိုတော့ ကိလေသာ မခြားလို့ရှိရင် ဒကာ ဒကာမတို့ သင်္ခတနယ်က ထွက်သွားတဲ့ ဉာဏ်လာလို့ရှိရင်ဆုံးပေါ့ (မှန်ပ့ါ) သင်္ခတနယ်က ထွက်တဲ့ ဉာဏ်လာမှလဲ ဆုံးတာကိုး (မှန်ပ့ါ)။

ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ဆိုရင် ဘယ်မှာ နေသတုန်းဆိုတော့ အသင်္ခတမှာရှိတယ် (မှန်ပ့ါ) ကျုပ်တို့က ဘယ်အထဲနေသတုန်းဆိုတော့ သင်္ခတနယ်ထဲမှာ နေတယ်ဆိုတော့ ဪ-နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ သင်္ခတထဲမှာ နိဗ္ဗာန်ရှာလို့ မတွေ့သေးဘူး (မှန်ပ့ါ)။

သင်္ခတထဲမှာ (နိဗ္ဗာန်ရှာလို့ မတွေ့သေးပါဘူး) အဲဒီအထဲမှာတွေ့ရမည့် နိဗ္ဗာန်ဆိုလို့ရှိရင် ဒိဋ္ဌိနိဗ္ဗာန်သာ မှတ် (မှန်ပါ့)။

သင်္ခတထဲမှာ စားလို့ကောင်း၊ နေလို့ကောင်း၊ ထိုင်လို့ကောင်း၊ သွားလို့ကောင်း၊ တဒင်္ဂချမ်းသာတဲ့ ကာမ သုခလ္လိကာ ယောဂကို နိဗ္ဗာန်ယူလို့ရှိရင် ဒါဟာ ဒိဋ္ဌိနဲ့ယူတဲ့ နိဗ္ဗာန် (မှန်ပ့ါ) သဘောပါပြီလား (ပါပါပြီ) စင်စစ် နိဗ္ဗာန် အစစ်ကတော့ဖြင့် သင်္ခတအဆုံးမှာသာရှိတယ်၊ သင်္ခတနယ်အထွက်တဲ့ ဉာဏ်လာမှ နိဗ္ဗာန်ကိုတွေ့မယ် (မှန်ပါ့)။

နိဗ္ဗာန်ကိုသွားချင်ရင် ဘယ်လမ်းကထွက်ရမှာတုံး

ဒါဖြင့် နိဗ္ဗာန်ကိုသွားချင်ရင် ဘယ်လမ်းကထွက်ရမှာတုံး မေးလို့ရှိရင် သင်္ခတနယ်က ထွက် (မှန်ပါ့)။

နိဗ္ဗာန်ထွက်လမ်းကို ဘယ်ကထွက်ရမှာတုံး (သင်္ခတနယ်က ထွက်ရမှာပါ)။

ဒါဖြင့် သင်္ခတကိုမှ မသိသေးတဲ့ပုဂ္ဂိုလ်များ ဦးသံဒိုင် ဘယ့်နှယ့်လုပ်မလဲ (ထွက်ပေါက်ကို ရှာမတွေ့ဘူး (မှန်ပ့ါ) သင်္ခတတောင် သူမသိသေးဘဲကိုး (မှန်ပါ)။

သင်္ခတမှ မသိသေးဘူးဆိုတော့ ဖြစ်ပေါ်လာတာ သင်္ခတ၊ ပျက်တာက အနိစ္စ၊ ဒါမှ မတွေ့သေးတဲ့ ပုဂ္ဂိုလ်ကျတော့ သူနိဗ္ဗာန် ရောက်လိမ့်မယ်လို့ ဘယ်လိုဆိုကြမလဲ (မရှိပါဘူး)။ ဟောစရာအကြောင်းမရှိဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ရှေးဦးစွာ အကန်းပုထုဇဉ်မှ အမြင်ပုထုဇဉ်ဖြစ်အောင် လုပ်ပါဦး (မှန်ပါ) အမြင်ပုထုဇဉ် လုပ်ပြီးသည်၏ အခြားမဲ့မှာ ဒကာ ဒကာမတို့ အလွန်ထင်ရှားတဲ့ အရိယာတို့၏ အမြင်ဖြစ်အောင် လုပ်မှ မဂ်ဉာဏ် ရမှာ နိဗ္ဗာန်ကိုမြင်ရမှာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အန္ဓပုထုဇဉ်၊ ကလျာဏ ပုထုဇဉ်တို့ရှိရာ အန္ဓပုထုဇဉ်ကတော့ သင်္ခတကို မမြင်ဘူး၊ ကလျာဏပုထုဇဉ်က သင်္ခတကို မြင်တယ် (မှန်ပ့ါ)။

အဲဒီတော့ ပုထုဇဉ်အဖြစ်မှ အရိယာအဖြစ်သို့ ပြောင်းချင်တဲ့အခါကျတော့ အသင်္ခတကိုမြင်လို့ရှိရင် အရိယာ (မှန်ပ့ါ) သင်္ခတမြင်လို့ရှိရင် ကလျာဏပုထုဇဉ် (မှန်ပါ) သင်္ခတတောင်မှ မတွေ့သေးယင်တော့ အန္ဓပုထုဇဉ် (မှန်ပါ)။

သင်္ခတမှ မမြင်သေးရင် အန္ဓပုထုဇဉ်

ရွေးတတ်ပြီလား (ရွေးတတ်ပါပြီ ဘုရား) သင်္ခတမှ မမြင်သေးရင် (အန္ဓပုထုဇဉ်ပါ) သင်္ခတမြင်ရင် (ကလျာဏ ပုထုဇဉ်ပါ) သင်္ခတနယ်ကထွက်တဲ့ အမြင်ကိုမြင်လို့ရှိရင်ဖြင့် (အရိယာအမြင်ပါ ဘုရား)။ သဘာပါပြီလား (ပါပါပြီ)။

အဲဒီလို ခင်ဗျားတို့ ဒီအတိုင်း ဆက်ရမယ်ဆိုတဲ့ဥစ္စာ မှတ်ထားပါ (မှန်ပ့ါ) အန္ဓလို့ဆိုတာက ဘယ့်နှယ်ကြောင့် အန္ဓလို့ ကန်းနေပါလိမ့်မတုံးဆိုတော့ ကလျာဏမိတ္တဆိုတဲ့ ဆရာသမား အမှီသဟဲ ဟောပြော ပြသမည့်သူကို မတွေ့သေး ရင် ဘယ်သူဖြစ်ဖြစ် ကန်းတာပဲ (မှန်ပ့ါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲ ကန်းနေလို့ရှိရင်ဖြင့် ကလျာဏမိတ္တ ဖြစ်ပျက်ကို ပြတတ်တဲ့ဆရာကို ရှာပါ။ ရှာလိုက်တော့ အန္ဓက ကလျာဏသွားပြီးဖြစ်တယ် (မှန်ပ့ါ) ဖြစ်ပြီလား (ဖြစ်ပါပြီ ဘုရား)။

ဒါက အန္ဓကလျာဏသွားဖြစ်တယ်ဆိုတော့ စဉ်းစားကြည့်ပါ ခင်ဗျားတို့၊ ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့ ဟာ သူတို့သိဉ္စည်းဆရာကြီးဆီမှာ ရှိတုန်းက အန္ဓပဲ၊ အဲဒီတုန်းက (မှန်ပ့ါ) နောက်ကျတော့ ရှင်အဿဇိနဲ့ တွေ့တော့ကို ဒကာ ဒကာမတို့ ကလျာဏပဲ သွားဖြစ်တယ် (မှန်ပ့ါ) မကွာဘူးလား (ကွာပါတယ် ဘုရား) ကလျာဏပုထုဇဉ်ကို အန္ဓက ပြောင်းယူကာ ကလျာဏမှ အရိယာဖြစ်လာတယ် (မှန်ပ့ါ)။

အန္ဓက ပြောင်းလာတော့ ရှင်အဿဇိနဲ့ တွေ့တဲ့အခါကျတော့ ပထမ ကလျာဏပုထုဇဉ်ဖြစ်၊ နောက်ကျတော့ သောတာပန်တည်တော့ ကလျာဏ ပုထုဇဉ်မှ အရိယာအဖြစ်သို့ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကလျာဏမိတ္တ ကင်းနေလို့သာ

အန္ဓပုထုဇဉ်ကို ကလျာဏမိတ္တ ကင်းနေလို့သာ ဆိုပါ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ) ဒါဖြင့် တိဟိတ်မရှား ပါဘူး။ ကလျာဏမိတ္တနဲ့ တွေ့လိုရှိရင်ဖြင့် ကလျာဏ ပုထုဇဉ်ဖြစ်မှာပဲ (မှန်ပ့ါ) မဖြစ်နေဘူးလား (ဖြစ်ပါတယ်)။

အဲဒါ ဘုရားလက်ထက် ချွတ်ရတဲ့ပုဂ္ဂိုလ်တွေတောင်မှ မောင်သစ်တို့က တွေးတွေး ဦးသံဒိုင်တို့က တွေးတွေး အစကတော့ အကန်းချည်းပဲ အကန်းထဲမှာ ပထမဆုံးလူ့ပြည်မှာဖြင့် ဘုရားတစ်ပါးတည်း အမြင်စပေါ်လာတာပဲ (မှန်ပ့ါ) အကန်းတောထဲမှာသွားပြီး ငါသည် တရားစည်ကြီး မြည်ဟည်းအောင် တီးရလိမ့်ဦးမယ်ဆိုတဲ့ အဓိပ္ပါယ်ကို ကိုယ်တော်တိုင် သေသေချာချာ ဟောထားတာပဲ (မှန်ပ့ါ)။

ဒါဖြင့် အန္ဓပုထုဇဉ် ဆိုတဲ့အတိုင်း အန္ဓပုထုဇဉ်ဆိုရင် အဟိတ် ပုဂ္ဂိုလ်တွေ၊ ဒွိဟိတ်ပုဂ္ဂိုလ်တွေလို့ ဒီလိုချည်း မယူလိုက်နဲ့ (မှန်ပါ့)။

ကလျာဏမိတ္တမတွေ့ခင်သာ တွေ့သည်နှင့်တစ်ပြိုင်နက်တည်း တိဟိတ်ဆိုရင် ဘာဖြစ်သွားသတုံး (ကလျာဏဖြစ်ပါတယ်) အန္ဓမှ ကလျာဏဖြစ်လာတယ် (မှန်ပ့ါ) ကလျာဏက ကလျာဏအတိုင်း ကြိုးစားသွားလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ အရိယာအမြင် ဖြစ်မယ် (မှန်ပ့ါ)။

ဒါဖြင့် ကိုယ့်ဘဝကိုလဲ ကိုယ်ဝိစိကိစ္ဆာမလာပါနဲ့၊ မတွေ့ခင်ဖြစ်တဲ့အဖြစ်ဆိုတာ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု