ဝိသာခနှင့် ဓမ္မဒိန္နာ အမေး – အဖြေ (၁)
မှတ်ချက်။ စာအုပ်ပါရက်စွဲနှင့်အသံဖိုင်မကိုက်ညီပါ။ ထို့ကြောင့် အသံတော်မဖော်ပြနိုင်ပါ။
သက္ကာယ၊ သက္ကာယဒိဋ္ဌိ ၊ ချုပ်ရာ၊ ချုပ်ကြောင်းအကျင့် စသည်ဖြင့် မှတ်သားဖွယ်ရာများ ပါဝင်ပါသည်။ သေချာလေ့လာပါ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ဝိသာခနှင့် ဓမ္မဒိန္နာ
အမေး – အဖြေ (၁)
အလုပ်ပေးတရားတော်
(၁၆-၁၂-၆၁)
အနာဂါမ်ဆိုတာ
န အာဂစ္ဆတီ တိ အနာဂါမီ၊ အနာဂါမီ-အနာဂါမ် တည်ပြီးသောပုဂ္ဂိုလ်သည်၊ န အာဂစ္ဆာတိ-ကာမဘုံသို့ မလာဘူး။ သူရထားတာကတော့ ကာမဘုံနှင့် ထိုက်တန်တဲ့ တရားကို မဟုတ်ဘူး၊ ကာမဘုံ ပယ်စွန့်ပြီးသား တရားကို ရထားတယ် (မှန်ပါ)၊ ရွှေ ငွေ ကျောက်သံပတ္တမြား သား မယား အာရုံ အလုံးစုံ အကုန်ချုပ်ငြိမ်းတဲ့ မဂ်ကို ရထားတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
ဒါနဲ့ ဒကာမက နံနက်မိုးလင်းလဲ ပြောလိမ့်မယ် ထင်ပါရဲ့လို့ စောင့်နေတဲ့အခါ မိုးလင်းတော့လဲမပြော၊ ဒီတော့ သူငိုကာရယ်ကာနဲ့သွားပြီး ကျုပ်မှာ ဘာအပြစ်ရှိသတုံးဆိုတဲ့ အမေးမျိုးသွားပြီး မေးလိုက်တယ်။ ဘာမှအပြစ်မရှိပါဘူး ဆိုတဲ့စကားပြောလိုက်တယ်။ ငါ့မှာက ကုဋေလေးဆယ်ရှိတယ်၊ သင်က ပါလာတာလဲ ကုဋေလေးဆယ်ရှိတယ်၊ ဒီပစ္စည်း တွေကို အစ်မကြီးအဖြစ်နဲ့လည်းကောင်း၊ နှမအဖြစ်နဲ့လည်းကောင်း၊ အမေအဖြစ်နဲ့လည်းကောင်း ငါ့ကို ကျွေးချင်ရာနဲ့ ကျွေး စားနေပါမယ်၊ ဒီပစ္စည်းတွေကို သင်အလိုရှိသလို လုပ်ပါတော့၊ ကာမရာဂကုန်သွားတော့ ပုံထားလိုက်တဲ့ အဓိပ္ပါယ် ပြောတာ (မှန်ပါ)၊
နောက်တစ်ခါ ပြောပြန်တာက တကယ်လို့ ဒီလိုမှ မပြုစုဘူးဆိုလို့ရှိရင်၊ နောက်အိမ်ထောင် တည်ထောင် ချင်လို့ရှိရင် ခွင့်ပြုပါတယ်၊ ဒီပစ္စည်းတွေနဲ့ တကွပဲ ယူသွားခွင့်ပြုတယ်ဆိုတော့ ကာမအာရုံ ကုန်တယ်ဆိုတာ ဦးသံဒိုင် မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)၊ မဂ်သတ္တိ ဘယ်လောက် ကြီးတယ်ဆိုတဲ့ ဥစ္စာပေါ်သွားပြီ (မှန်ပါ)။
မဂ်သတ္တိ ဘယ်လောက်ကြီးတယ်ဆိုတဲ့ဥစ္စာ ပေါ်ပြီ၊ ကိလေသာ ကုန်ပြီလားလို့မေးတော့ ကာမကိလေသာ ကုန်ပါတယ်။ ရူပ အရူပကိလေသာ ကျန်သေးတယ်မှတ်ရမယ်နော် (မှန်ပါ)။
ဒါကြောင့် ကြိုးစားကြပါ ကြိုးစားကြပါလို့ တိုက်တွန်းတာ၊ ဖြစ်ပျက်လုပ်နေတယ် ဖြစ်ပျက်လုပ်သလောက် ကိလေသာပါးတာပဲ၊ ဖြစ်ပျက်မုန်းတယ်၊ မုန်းတာက ပိုပြီးပါးသွားတာပဲ၊ ဖြစ်ပျက်ဆုံးလို့ရှိရင် ဆုံးသလောက် ပိုပြီးပါးတယ်၊ အချည်းနှီးတော့ ဘယ်တော့မှ မဖြစ်ဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ)၊ ဒီရန်သူတွေကိုတော့ဖြင့် ဝိပဿနာ မဂ်ကလဲ နိုင်တာပဲ၊ လောကုတ္တရာမဂ်ကလဲ ပိုပြီးနိုင်တာပဲ (မှန်ပါ)။
ဒီအလုပ်မှတစ်ပါး
ဒါကြောင့် ဒီအလုပ်သည် ခင်ဗျားတို့ အိုဘေး နာဘေး သေဘေးတားတဲ့ အလုပ်ထဲမှာ ဖြင့် ဒီအလုပ်မှတစ်ပါး ရှင်းရှင်းပျောက်တဲ့ဆေး မရှိဘူးဆိုတာကို တရားပွဲ တစ်ပွဲလုံးက ဆုံးဖြတ်ချက် ချရမယ် (မှန်ပါ)၊ ဒီအလုပ်မှတစ်ပါး ကိုးစားရာ အားထားရာမရှိဘူးဆိုတာလဲ ဆုံးဖြတ်ချက်ချ (မှန်ပါ၊ သောတာပန်တည်တယ်ဆိုတာ အပါယ် ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်၊ သကဒါဂါမ် တည်တယ်ဆို ရုန့်ရင်းတဲ့ ကာမဘုံမှာဖြစ်တဲ့ လောဘ ဒေါသ မောဟတွေ ပါးသွားတာပဲ၊ အနာဂါမ်တည်တယ်ဆို ကာမဘုံမှာ စွဲလမ်းတဲ့ လောဘ ဒေါသ မောဟ ကုန်သွားတာပဲဆိုတော့ မောင်သစ် မလုပ်ထိုက် ဘူးလား (လုပ်ထိုက်ပါတယ် ဘုရား)။
ဒါတွေကြောင့် ဆင်းရဲနေကြတာကိုး၊ ဒါတွေဟာ ဆင်းရဲကြောင်း သမုဒယသစ္စာရှိနေရင် ဒုက္ခသစ္စာက လာဦး မှာပဲ၊ အဲဒါတွေ သိပြီးသားဖြစ်နေတော့ ဪ ဒီအလုပ်မှတစ်ပါးတို့ကို ကယ်မည့်ယူမည့်သူတော့ မရှိပါကလား ဆိုတာကို ဆုံးဖြတ်ချက်ချပြီး မှတ်ရမယ် (မှန်ပါ)၊ ယုတ်စွဆုံး ဝိပဿနာမဂ်တောင် အတော် ခရီးပေါက်တယ်ဆိုတာ မှတ်လိုက်စမ်း ပါ (မှန်ပါ)။
ကိုင်း ဒါနဲ့ပဲ အိမ်ထောင်ပြုချင်လည်းပြုတော့ ခွင့်ကောင်းကောင်း ပြုပါတယ်ဆိုပြီး ပြောလိုက်တော့ လောကုတ္တ ရာလို့ဆိုတာ သိသွားတယ် (မှန်ပါ)၊ ဒါဖြင့် လောကုတ္တရာတရားကို ယောကျ်ားသာ ရနိုင်သလား, မိန်းမများလည်း မရနိုင်ဘူးလားလို့ မေးလိုက်တယ်၊ ဟာ ဒါကတော့ အားထုတ်တဲ့လူ မှန်ကဲ့လို့ရှိရင် ယောကျ်ား, မိန်းမ မရွေးပါဘူး မဂ်ဖိုလ်ဆိုတာ ရနိုင်တာချည်းပဲလို့ ပြောလိုက်တဲ့အခါကျတော့ သူလဲ ဒီအလုပ်ကို လုပ်ချင်တယ် ဖြစ်တာပဲ (မှန်ပါ)။
ဘိက္ခုနီမကျောင်းကို သွားကြတယ်
ဒီလို လုပ်ချင်တယ်ဆိုလို့ရှိရင်ဖြင့် ဒီအကြောင်းကိုပဲ မျှော်လင့်နေတာ၊ ဒီအသံထွက်လာတယ်ဆိုတော့ သိပ် ဝမ်းသာတယ်ဆိုပြီး သကာလ ဗိမ္ဗိသာရမင်းဆီသွားပြီး မနေ့က ပြောသလို ရွှေထမ်းစင်သွားပြီး ငှားတယ်၊ ဘုရားကျောင်း ကိုသွားဖို့ လမ်းရှင်းရန်ကိုလည်း ဘုရင့်ဆီမှာပဲ ခွင့်တောင်းပြီးသကာလ ရွှေထမ်းစင်နဲ့ထမ်းပြီး ဘိက္ခုနီမကျောင်းကို သွားကြတယ်။
ဘိက္ခုနီမကျောင်းရောက်တော့ ဘိက္ခုနီမတွေက စစ်ဆေးသေးတာပေါ့လေ၊ အကြင်လင်မယား မမျှတကြလို့ ဒီလိုဖြစ်တာလား၊ သို့မဟုတ် မျှတပါရဲ့တားလို့ မေးတဲ့အခါကတော့ ဝိသာခ သူဌေးက ‘ဒီဥစ္စာ သဒ္ဒါသက်သက်ပါ၊ ဒီပြင်ဘာမှ မပါပါဘူး’လို့ ပြောလိုက်တဲ့အခါကျတော့ ဘိက္ခုနီမတွေက သုံးဆယ့်နှစ်ကောဋ္ဌာသလွန်သင်ပြသ နှလုံးသွင်း ခိုင်းပြီး ခေါင်းရိတ်၊ ဘိက္ခုနီမပြုလုပ်ပေးကြတယ် (မှန်ပါ)၊ ဘိက္ခုနီမပြုလုပ်ပေးလိုက်တော့ သူက အင်မတန်ချော အင်မတန်လှတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပြန်၊ ပစ္စည်းကလည်းရှိ မိတ်ဆွေသင်္ဂဟကလည်း ပေါပြန်ဆိုတော့ ဆွမ်းခံပြန်သွားလဲ မအားရ၊ ကျောင်းနေပြန်လည်း ဧည့်သည်ကမပြတ်၊ အလှူအတန်း အပေးအကမ်းတွေကလဲ များလွန်းလို့ (မှန်ပါ)၊ ငါသည် ဒါကြောင့် ဒီအလုပ်ကိုလုပ်လာတာ မဟုတ်ဘူး။ ဒီဟာတွေဟာ အန္တရာယ်တွေပဲဆိုပြီးသကာလ ဘိက္ခုနီမ ဆရာကြီးကို လျှောက်ထားခွင့်တောင်းပြီး သကာလ တောထဲသွားနေတယ်။ တောထဲသွားပြီး ကမ္မဋ္ဌာန်းအားထုတ်တော့ ရက်မကြာခင်မှာပဲ ဒီဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်တွေမုန်းဆိုတော့ လေးခါလောက် မဂ်အဆင့်ဆင့် တက်တော့ ရဟန္တာမ ဖြစ်လာတယ်။ ခုနှစ်ရက်လောက်နဲ့ပဲ တောထဲက ပြန်လာခဲ့တယ် (မှန်ပါ)။
ပြန်လာတော့ ဝိသာခသူဋ္ဌေးက တွေးတယ်၊ အမျိုးသမီး မိန်းမများဆိုတာဖြစ်လွယ် ပျက်လွယ်ကိုး၊ အိမ်ပဲလွမ်း လွန်းလို့ပြန်ပြန်လာတယ်တင်ပါရဲ့၊ အဝေးလည်း သွားသေးတယ်၊ ခုနှစ်ရက်လောက်နဲ့ ပြန်လာတယ်ဆိုတော့ တွေးတယ်၊ ဟိုမှာ တရားထူးရလာတာကို သူမှမသိဘဲ (မှန်ပါ)၊ မသိလို့ ပြန်လာတဲ့အခါကျတော့ သူ့စိတ်ထဲမှာ သူ ပြန်လာလို့ရင် ခက်ချေရဲ့၊ ဘိက္ခုနီမလူထွက် ဖြစ်နေရင် ရှက်စရာကြီး၊ ရှင်ဘုရင်ကစပြီး သိပြီးသား ကိစ္စလဲ ဖြစ်တယ် စသည်တို့ကို တွေးတောပြီးကျောင်းတော့ သွားဦးမှ ဖြစ်မယ်ဆိုပြီး ဘိက္ခုနီမ ကျောင်းတော်ကိုသွားလိုက်တယ် (မှန်ပါ)။
သွားပြီးတော့ မပျော်မွေ့လို့ပြန်လာသလားလို့ မေးရမှာကလဲ ပညာရှိသဘော မရောက်ဘူး၊ ပစ္စည်းဥစ္စာတွေငဲ့လို့ ပြန်လာသလားလို့ မေးရမှာကလည်း ပညာရှိသဘော မရောက်ဘူး ဒါနဲ့ ပညာရှိသဘောနဲ့ မေးမူပဲဆိုပြီး ပုစ္ဆာပြဿနာ ကို စီစဉ်လိုက်ပါတယ်၊ သူကလည်း အနာဂါမ် ပုဂ္ဂိုလ်ကြီးဆိုတော့ စီစဉ်တတ်ပြီးသားဖြစ်နေတယ်။
သက္ကယဆိုတာဘာပါလိမ့်
ဒါနဲ့မေးလိုက်တယ်၊ သက္ကယ သက္ကယဆိုတာ အရှင်ဓမ္မဒိန္နာဘာကိုခေါ်ပါသတုံးလို့ မေးလိုက်တယ်။ သက္ကာ ယတင်မေးလိုက်တယ်၊ ဒိဋ္ဌိမပါသေးဘူး (မှန်ပါ) အဲဒီတွင် ဟိုက ဖြေလိုက်ပါတယ်၊ သက္ကာယဆိုတာ ဥပဒါနက္ခန္ဓာ ဆိုတဲ့ ခန္ဓာငါးပါးကို ဆိုပါတယ်။ လောကီခန္ဓာငါးပါးကို ဆိုပါတယ် (မှန်ပါ)၊ လောကီ ခန္ဓာငါးပါး ပြောစမ်းပါဦးဆို တော့ ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏပါဒါနက္ခန္ဓာဆိုတဲ့ ယခုလက်ရှိ ခန္ဓာငါးပါးကို ဆိုပါတယ်လို့ ဖြေလိုက်တယ် (မှန်ပါ)။
မယုံသေးဘူး ဟိုက ဖြေတော့ ဖြေနေတာပဲ၊ ဖြေပင်ဖြေငြားသော်လည်း စာသိနဲ့ ဖြေနေရင်လည်း ဖြစ်တာမျိုးကိုး၊ စာသိလောက်ကိုလဲ သူကမကြိုက်ဘူး၊ ဉာဏ်သိကိုကြိုက်တာ (မှန်ပါ)၊ စာကကျက်ထားရင်ရတာကိုး။ ကိုရင်ကလေးက ဖြစ်ဖြစ် ကျက်ထားရင်ရတယ် (မှန်ပါ)။
ဒါနဲ့ သူစိတ်ထဲ မကျေနပ်တာနဲ့ သာဓု သာဓု သာဓု သက္ကာယတော့ဖြင့် ဖြေတတ်ပြီ (မှန်ပါ) သူဖြေတတ်တာ အရေးမကြီးပါဘူး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အရေးကြီးတယ်။ ဒကာ ဒကာမတွေ သိဖို့ရာက သက္ကာယဆိုတာ အခု ခန္ဓာငါးပါးလို့သာ မှတ်လိုက်ပါတော့ (မှန်ပါ)။
အခုရှိနေတဲ့ ခန္ဓာငါးပါးကို ဘာခေါ်ကြမလဲ (ဥပါပါနက္ခန္ဓာ-ပါ ဘုရား)၊ သက္ကာယလို့သာ ခေါ်လိုက်ပါတော့ နော် (မှန်ပါ)။
ကောင်းပြီ ဒါဖြင့် ယခု ခန္ဓာငါးပါးဟာ သက္ကာယဆိုတာ ဒကာ ဒကာမတွေလည်းသိပါပြီ။ သန္တော ကာယော သက္ကာယော။ သန္တော ပရမတ္ထအားဖြင့် ထင်ရှားရှိသော။ ကာယော ရုပ်နာမ်အစုအပေါင်းတည်။ သက္ကာယော ထင်ရှားရှိ နေတဲ့ ရုပ်နာမ် အစုအပေါင်းကို သက္ကာယလို့ခေါ်ပါတယ်။
သက္ကာယဖြစ်ကြောင်းကလေးပြောစမ်းပါဦး
သာဓု သာဓု သာဓု-တဲ့၊ သက္ကာယသိလို့ ဝမ်းမြောက်တယ်၊ ခင်ပွန်းဟောင်းဖြစ်သည့် ဝိသာခသူဋ္ဌေးကြီးက (မှန်ပါ)၊ သက္ကယတော့သိပါပြီ၊ သက္ကာယဖြစ်ကြောင်းကလေးပြောစမ်းပါဦးတစ်ဆင့်တက်ပြီးမေးပြန်ပြီ (မှန်ပါ)၊ သက္ကာယတော့ သိပါပြီတဲ့ သက္ကာယဖြစ်ကြောင်း ကလေးပြောစမ်းပါဦးတဲ့(မှန်ပါ့)ဖြစ်ကြောင်းဆိုတော့ တခြားမဟုတ်ပါ ဘူးတဲ့၊ သက္ကာယဆိုတာ ဆုတောင်း တဏှာ လာတာ (မှန်ပါ)၊ ယာယံတဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟာတာ တကြတကြာ ဘိနန္ဒိနီ၊ သေယျထိဒံ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဒါကို ဓမ္မဒိန္ဒိထေရီမက ဖြေလိုက်ပါတယ် (မှန်ပါ)၊ သက္ကာယဖြစ်ကြောင်းဆိုတဲ့ ရုပ်နာမ်ဖြစ်ကြောင်းဟာ တဏှာကလာတာပါပဲ (မှန်ပါ)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးဟာ သက္ကဟနော် (မှန်ပါ)၊ အဲဒါဘယ်ကလာတာတုံး (တဏှာကလာတာပါ)၊ ဒီတဏှာသည်ကားလို့ဆိုရင် သက္ကာယဖြစ်ကြောင်းဆိုတဲ့ ဥစ္စာဖြေလိုက်ပါတယ်။
ဟုတ်ပါတယ်တဲ့။ သူဖြေပေမယ့်လဲ ကိုယ်ဉာဏ်ထဲမှာလဲ သဘောကျနေဖို့ ဒကာ ဒကာမတွေက လိုပါတယ် (မှန်ပါ)၊ ဒီလိုတဲ့အခါကျတော့ စဉ်းစားကြည့်တာပေါ့၊ ဪ တဏှာ ဥပဒါန်ကံ မရှိဘဲနဲ့ ခန္ဓာမပေါ်ဘူး (မပေါ်ပါဘူး)။
ဒါဖြင့် ဒီအထဲမှာ ကံဆိုတာလဲ ဥပါဒါန်လက်အောက်မှာ၊ ဥပါဒါန်ဆိုတာလဲ တဏှာလက်အောက် မှာပဲ၊ ဪ-သူလက်သည်ပဲ၊ တဏှာ ဥပါဒါန်ကံတို့ကြောင့် ခန္ဓာပေါ်လာတယ်ဆိုတော့ အရင်းကျကျရှာတော့ (တဏှာပဲ တွေ့ပါတယ် ဘုရား)။
တဏှာကဖြစ်စေတာ
ဒါဖြင့် ဒီတဏှာ မသေသရွေ့ ခင်ဗျားတို့ သက္ကာယခန္ဓာကြီးဟာရှိနေပါပဲ (ရှိနေမှာပါ ဘုရား)၊ ဒီတဏှာမသေ သရွေ့သက္ကာယ ခန္ဓာကြီးဟာ ရှိနေလိမ့်မယ်ဆိုတဲ့ဥစ္စာ မှတ်ထားပါနော် (မှန်ပါ)၊ ဒီခန္ဓာကြီးရှိနေလို့ရှိရင်ဖြင့် အိုဘေး နာဘေး သေဘေးဟာတော့ သူ့အထဲက ပါပြီးသားဖြစ်နေတယ်။ မပါဘူးလား (ပါပါတယ်)၊ အိုတတ်တဲ့ တရားတွေကလဲ သူ့အထဲမှာ ဇရာကပါတယ်၊ နာတတ်တဲ့တရားတွေကလည်း အပြည့်ပါတယ်၊ သေတတ်တဲ့တရားတွေကလည်း သူ့မှာပါ တယ် (မှန်ပါ)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ဒါဘယ်သူတည်ထောင်လိုက်တာတုံး၊ ဘယ်သူက ဖြစ်စေတာတုံး မေးရင် ဘယ့်နှယ်ဖြေကြမလဲ (တဏှာကဖြစ်စေတာပါ)။
တဏှာကဖြစ်စေတယ်၊ ဟုတ်သားပဲ ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ကြီးဟာ ဘယ်သူကဖြစ်စေတယ်ဆိုတာ ဘုံဘဝ တပ်နှစ်သက်တတ်တဲ့ တဏှာက ဖြစ်စေတယ်။ ဘဝကို တပ်မက်နှစ်သက်တတ်တဲ့တဏှာက ဖြစ်စေတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
တဏှာက ဖြစ်စေတော့ ခင်ဗျားတို့ အခုတရားနာကြတဲ့ပုဂ္ဂိုလ်တွေ ဘယ်ကိုသွားနေကြရသတုံး ဆိုတော့ မပြောပါနဲ့တော့ ဘုရား၊ အိုဘေး နာဘေး သေဘေး မင်းဘေး စိုးဘေး သူခိုးဘေးတွေ အကုန်အဝိုင်းခံနေရတယ် (မှန်ပါ)၊ သက္ကာယဝိုင်းကြတယ်၊ ဒီသက္ကယထဲမှာ ဒါတွေအပြည့်အစုံရှိတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
သက္ကာယထဲမှာ (ဒါတွေအပြည့်အစုံရှိပါတယ် ဘုရား)၊ အိုဘေး နာဘေး သေဘေး မင်းဘေး စိုးဘေး သူခိုးဘေး တွေရှိတယ် (မှန်ပါ)၊ အဲ့ဒီတော့ မှတ်ထားလိုက်ကြပါ၊ အညှီရှိလို့ယင်အုံတယ် (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် (အညှီရှိလို့ ယင်အုံပါတယ် ဘုရား)၊ သက္ကာယရှိလို့ ခုနကဘေးတွေလာတာ (မှန်ပါ)၊ သက္ကာယသာမရှိဘူးဆိုရင် (ဘေးတွေမလာပါဘူး ဘုရား)၊ ဘေးမလာဘူးဆိုတာ သေချာကြပလား (သေချာပါပြီ)။
သက္ကာယရှိပြီးသကာလနေတော့ ခင်ဗျားတို့လေတိုက်ပြန်တော့ လေတိုက်ပြန်ပြီ၊ နေပူပြန်တော့ (နေပူပါတယ်)၊ အပူဘေး သင့်တာပဲ (မှန်ပါ)၊ အေးပြန်တော့ကော (အေးဘေးသင့်ပါတယ်)၊ အဲဒီ သက္ကာယရှိနေလို့ ဖြစ်ရတာ။ ရှင်း ပလား (ရှင်းပါပြီ)။
ကောင်းပြီ၊ ဒီသက္ကာယကို သူ့ကိုဖြစ်စေတဲ့တရားက အယုတ်တမာတရားဖြစ်နေတော့ အယုတ်တမာအမည်ပဲ ပေါ်တာပဲ (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် (အယုတ်တမာ အမည်ပဲ ပေါ်ပါတယ်)၊ ဒါပဲပေါ်ရမယ်၊ သူ့ကို ဖြစ်စေတဲ့အကြောင်းက တဏှာကိုးဗျ (မှန်ပါ)၊ တဏှာ ဖြစ်စေတယ်ဆိုတော့ သူကအယုတ်တမာတရား၊ အယုတ်တမာတရား ဖြစ်နေတော့ကို အယုတ်တမာ အကျိုးပေးပဲ သူက ဖန်ဆင်းတတ်တယ်၊ လုပ်တတ်တယ်၊ ကျေးဇူးပြုတတ်တယ်၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။
တဏှာ မချုပ်သရွေ့ သက္ကာယမချုပ်
ဪ ဒါဖြင့် သူမချုပ်သရွေ့ သက္ကာယမချုပ်ဘူး (မှန်ပါ)၊ တဏှာ မချုပ်သရွေ့ (သက္ကာယမချုပ်ပါဘူး ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ကို အလုပ်လုပ်ကြပါ အလုပ်လုပ်ကြပါဆိုတာက သက္ကာယအပြစ် မြင်လို့ရှိရင်ဖြင့် သက္ကာယဖြစ်ကြောင်းဟာ ခင်ဗျားတိုပသန္တာန်မှာ ဝမ်းထဲမှာ နောက်ကဖြစ်ခဲ့ပြီးတဲ့ ဖြစ်ကြောင်းသတ္တိတော့ မချုပ်ဘူးထား ပါဦး၊ အခုဝမ်းထဲပေါ်မည့် သမုဒယတော့ ဖြစ်ပျက်မြင်တဲ့ ဝိပဿနာဉာဏ်က ချုပ်စေတာပဲ (မှန်ပါ)၊ တဒင်္ဂအားဖြင့် ချုပ်စေတာပဲ၊ ချုပ်စေတော့ ဪ ဒါဖြင့် ဒီဟာ အားကိုးရာပါလား၊ အားထားရာပါကလား။ သက္ကာယဖြစ်တဲ့ ခန္ဓာကိုယ် ကြီး၏ဖြစ်ပျက် ဒုက္ခသစ္စာကို မြင်လို့ရှိရင်ဖြင့် တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သက္ကာယနယ်က လွန်မြောက်မှာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
သက္ကာယနယ်တွင် လွန်မြောက်ချင်လို့ရှိရင် သက္ကယဆိုတာ နာမည်သက္ကယ။ သစ္စာဖွဲ့ရင် ဒုက္ခသစ္စာ။ ရှင်းပလား (ရှင်းပါပြီ)၊ ဒီဒုက္ခသစ္စာကို မြင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ သမုဒယသစ္စာဟာ ပါးရမှာပဲ၊ မပါးပေဘူးလား (ပါးပါးပါတယ် ဘုရား)၊ အဲ သမုဒ္ဒယသစ္စာ ပါးတယ်ဆိုရင်ဖြင့် ခင်ဗျားတို့ ဘာမှ မပူနဲ့၊ ဒုက္ခနည်းသွားတော့မှာပဲ (မှန်ပါ)။
ခင်ဗျားတို့ ဒီပြင်ဟာကိုမကြည့်ပါနဲ့ တစ်ယောက်နဲ့ တစ်ယောက် အလွန်ခင်လို့ရှိရင် ဟိုတစ်ယောက်မှာ အကြောင်းတစ်ခု မလျော်တာတွေ့လို့ရှိရင် စိတ်ထိခိုက်တာပဲ၊ မထိခိုက်ဘူးလား (ထိခိုက်ပါတယ်)၊ ဒါဟာ အလွန်ခင် လို့ရှိရင် အလွန်ထိခိုက်တာပဲ။ နည်းနည်းခင်ရင် (နည်းနည်းထိခိုက်တာပါပဲ)၊ အလတ်စားခင်ရင် (အလတ်စားထိခိုက် ပါတယ်)။
အဲဒီကတည်းက ဪ-သက္ကာယဖြစ်ကြောင်း၊ သမုဒယသစ္စာကြောင့် ဟိုမှာ သက္ကာယ ဖေါက်ပြန်လို့ရှိရင် သမုဒယကလဲ တဏှာဥပါဒါန်ကံ သောကပရိဒေဝ ဒုက္ခဒေါမနဿ မလာဘူးလား (လာပါတယ်)၊ အဲဒါ ဘယ်က လာတာတုန်းလို့မေးလို့ရှိရင်ဖြင့် သက္ကာယရှိလို့ သက္ကာယဖြစ်ကြောင်းကို ခင်ဗျားတို့ကလဲ မပယ်နိုင်တဲ့အတွက် သက္ကယမှာ ဖောက်ပြန်သွားတဲ့အခါမှာ ခင်ဗျားတို့မှာ တဏှာတင်မကတော့ဘူး သောက ပရိဒေဝတွေ ပါလာတော့တာပဲ (မှန်ပါ)၊ မလာဘူးလား (လာပါတယ်)၊ သဘောကျပလား (ကျပါပြီ)။
သက္ကာယချုပ်ရန် ပြောစမ်းပါတဲ့
ကောင်းပြီ၊ ဒါဖြင့် သက္ကာယဖြစ်ကြောင်းတော့ သိပြီ။ ဒီတော့ ဝိသာခသူဋ္ဌေးက ကျေနပ်ပါတယ်၊ သူကလည်း သိပြီးသားကို (မှန်ပါ)၊ နောက်ဆင့်မေးပြန်တယ်၊ အရှင်ဓမ္မဒိန္နာ သက္ကာယချုပ်ရန် ပြောစမ်းပါတဲ့၊ သက္ကာယချုပ်ဆိုတာ တခြားမဟုတ်ပါဘူး၊ တဏှာချုပ်ရင် ချုပ်တာပဲတဲ့ (မှန်ပါ)။
တဏှာချုပ်ရင် သက္ကာယ ဘယ်နှယ်တုံး (ချုပ်ပါတယ်)၊ ဒါဖြင့် ဒကာ ဒကာမတွေ သူမချုပ်သရွေ့ ခန္ဓာမချုပ်ဘူး (မှန်ပါ)၊ သူချုပ်ရင် (ခန္ဓာချုပ်ပါတယ်)၊ ခန္ဓာချုပ်တယ်ဆိုတော့ သူဟာ လက်သည်ပါကလား၊ အိုဘေး နာဘေး သေဘေး တည်ထောင်တဲ့ သမုဒ္ဒယ ချုပ်လိုက်လို့ရှိရင် သက္ကာယပါ ပြုတ်သွားတဲ့အတွက် အိုဘေး နာဘေး သေဘေး ပါပျောက်တယ် (မှန်ပါ)။
ဒါဖြင့် တိုတိုမှတ်လိုက်တော့၊ သမုဒယချုပ်လို့ ဒုက္ခချုပ်တာပါ (မှန်ပါ ဘုရား)။
ဘယ့်နှယ် ဆိုကြမလဲ (သမုဒယ ချုပ်လို့ ဒုက္ခချုပ်တာပါ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် အဲဒီဟာကလေး မှတ်လိုက်တော့၊ တဏှာ နိရောဓေါ နိဗ္ဗာန်နံဆိုတာ ပေါ်လာတယ် (မှန်ပါ)၊ တဏှာချုပ်ရင် (သက္ကာယချုပ်ပါတယ်)၊ ခန္ဓာကချုပ်သွားတယ်၊ တစ်နည်း ခန္ဓာရှိပါစေဦး ဘုရားမှာ ခန္ဓာကြီးနဲ့ တရားဟောနေတာပါပဲ။ မဟောဘူးလား (ဟောပါတယ်)။ သို့သော် တဏှာချုပ်တဲ့အတွက် သူသည် ကိလေသာချုပ် ငြိမ်းတဲ့ နိဗ္ဗာန်တော့ ရောက်နေပြီ၊ ခန္ဓာချုပ်ပြီးတဲ့နိဗ္ဗာန် မရောက်သေးဘူး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိလေသာ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ (ရောက်ပါပြီ ဘုရား) ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ (မရောက်သေးပါ ဘုရား)။
ဒါကို မှတ်ကြပါတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကိလေသာမာရ်ကိုသာ အောင်၍ ခန္ဓမာရ် မအောင် သေးဘူး၊ ပရိနိဗ္ဗာန် မစံရသေးတော့ (မှန်ပါ)။
ကိလေသမာရ်တော့ အောင်ပါပြီ
ကိလေသမာရ်တော့ (အောင်ပါပြီ ဘုရား) အောင်ပြီ ဗောဓိပင်နဲ့ ရွှေပလ္လင်ကတည်းက အောင်တယ်၊ အဲဒီမှာ မဂ်လေးတန်နဲ့ ဖြတ်ချလိုက်တယ် (မှန်ပါ့)၊ ခန္ဓမာရ်တော့ သူမှာ ဆွမ်းကျွေးရတုန်း ကျောက်မောင်းဆင်ချမည့် လူနဲ့ အဆဲအရေး ခံရတာနဲ့ မရှိဘူးလား (ရှိပါတယ် ဘုရား) တော်တော်ကြာကျလို့ရှိရင် ဘုရားမှာ လေနာထလို့ ထန်းလျက် ရေအိုးတွေနဲ့ ပုဏ္ဏားတွေက လှူရတဲ့ကိစ္စတွေမရှိဘူးလား (ရှိပါတယ်)၊ အဲဒါ ဘယ့်နှယ်ကြောင့်တုံး လို့မေးရင် မောင်သစ် ဘယ့်နှယ် ဖြေပါ့မလဲ (ခန္ဓမာရ် မအောင်သေးလို့ပါ ဘုရား)။
အဲဒါကို ဘုရားမှာ မာရ်ငါးပါး အောင်တာကိုး ဆိုတော့ သိမ်းကြုံးပြီးခေါ်ထားတာ၊ ပရိနိဗ္ဗာန် မစံခင် အောင်တဲ့ မာရ်နဲ့ ပရိနိဗ္ဗာန်စံမှ အောင်တဲ့မာရ်ကို မကွဲဘဲ ဖြစ်နေတယ် (မှန်ပါ့) ခန္ဓမာရ်နဲ့ မစ္စုမာရ်ကို ပရိနိဗ္ဗာန်စံပြီးမှ အောင်တယ်၊ ကျန်တဲ့ ကိလေသမာရ်၊ ဒေဝပုတ္တ မာရ်တို့ကိုတော့ အောင်ပါတယ်၊ အဘိသင်္ခါရမာရ် ဆိုတော့ ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်နေတာကို တားမရပါဘူး၊ အဲဒီမာရ်ကိုတော့ မနိုင်သေးဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာမာရ်ရယ် မစ္စုမာရ်။ ပြုပြင်နေရတဲ့ အဘိသင်္ခါရမာရ် အခုအောင်ပြီလား (မအောင်သေးပါဘူး)၊ ဒါဖြင့် နှစ်ပွဲအောင်မြင်ပြီး သုံးပွဲကျန်တယ် (မှန်ပါ) ဒါဖြင့် မာရ်ငါးပါးအောင်မြင်တော်မူသော လို့ဆိုတာ သက်တော် ထင်ရှားရှိတုန်း စုံပြီလား မရှိမှ စုံတာလားမေးရင် ဘယ့်နှယ်ဖြေမလဲ (သက်တော်ထင်ရှား မရှိမှ ငါးပါးစလုံးပါ ဘုရား)။
မာရ်ငါးပါး အောင်တယ်လို့
အဲဒါ ဘုန်းကြီးက မန္တလေးမှာ ဟောတယ်၊ မန္တလေးမှာဟောတော့ တချို့ပုဂ္ဂိုလ်များက ဟာ-မာရ်ငါးပါး အောင်တယ်လို့ စာအုပ်တွေက အကုန်ရေးနေတာ၊ ဘုန်းကြီးက အကုန် မအောင်မြင်သေးဘူးဟု ဟောနေပြန်ပြီဟု ပြောကြတယ်၊ ကန့်လန့်ဖြစ်နေပြီကော (မှန်ပါ) အဲဒီတော့ သူ့ဟာက စာအုပ်သာစူးနေတာ၊ ဘုန်းကြီးပြောတာကို သူ သဘောမစူးဘူးဖြစ်နေတယ် (မှန်ပါ) ခန္ဓမာရ်က ပရိနိဗ္ဗာန်စံမှ အောင်မြင်မှာ၊ ခန္ဓမာရ် အောင်မြင်လို့ရှိရင်ဖြင့် သူ့ခန္ဓာတော်ကြီး သူဖြစ်ချင်သလို ဖြစ်ရမှာပေါ့၊ လေနာ ရင်နာ ထရပါ့မလား (မထရပါဘူး)။
ပရိနိဗ္ဗာန်ကော စံရပါ့မလား (မစံရပါဘူး) မစ္စုမာရ်ဆိုတာ နောက်ဆုံးဘဝတောင်မှ သေတတ်တဲ့ တရားတွေ သူမနိုင် ပရိနိဗ္ဗာန်စံတော်မူတာပဲ၊ အဘိသင်္ခါရဆိုတာလဲ ပြုပြင်နေရာသေးတာပဲ၊ ခန္ဓာကိုယ်တော်ကြီး စကြႍသွားပေးရတယ်။ ဆွမ်းအချိန်မှန်မှန် ဘုန်းပေး တော်မူရတယ်၊ ရေတောင် ချိုးပေးတော်မူရသေးတယ်။ ရေနွေးလိုတဲ့ အခါ ရေနွေး၊ ရေအေးလိုတဲ့အခါကော (ရေအေးပါ ဘုရား)။ ဒါပြုပြင်နေရသေးတာပဲ (မှန်ပါ့) အဲဒီမာန်တွေကို အနုပါဒိသေသ နိဗ္ဗာန်မစံခင် မအောင်သေးဘူး၊ ဆိုတာကို မကျေနပ်ဘူး၊ ခက်လိုက်တာမှ (မှန်ပါ့ ဘုရား)။
ပရိနိဗ္ဗာန်စံတော်မူရင်တော့ ငါးခုစလုံးပေါ့။ မစံသေးခင် ဒီနှစ်ခုပဲ မုချအောင်သေးတယ်၊ ကျန်တဲ့သုံးခုက ကိုယ်တော်မြတ်ကြီးမှာ ဒီဝဋ်ကမကျွတ်သေးဘူး ဆိုတာကို သူကျက်ထားတဲ့ ဘုရားရှိခိုးစာနဲ့ဆိုတော့ မကျေနပ်ဘဲဖြစ်နေလို့ ဘုန်းကြီးကို လျှောက်သေးတယ်။
မှတ်ချက်။ ။(ဒေဝပုတ္တမာရ်ကား ဗဟိဒ္ဓမာရ်ဖြစ်၍ အောင်တော်မူပြီး လျဉ်းပါးရန်မရှိ၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ အဘိသင်္ခါရမာရ်၊ မစ္စုမာရ်တို့ကား အဇ္ဈတ္တနှင့် စပ်ယှဉ်လျက်ရှိ၏။ ထိုလေးပါးတွင် ကိလေသမာရ်ကား ကိလေသဝဋ် သမုဒယသစ္စာဖြစ်၍ ဗောဓိပင်ကပင် အောင်မြင်ခဲ့ပြီး ခန္ဓမာရ်၊ အဘိသင်္ခါရမာရ်၊ မစ္စုမာရ် သုံးပါးကား ဝိပါကဝဋ် ဒုက္ခသစ္စာ ဖြစ်သည်၊ ထိုမာရ်သုံးပါးကို အနုပါဒိသေသနိဗ္ဗာန်ကျမှ မုချအောင်မြင် သည်။ သဥပါဒိသေသအခိုက်၌ ဝိပါကဝဋ်ကြီး ခံစားရဆဲရှိသေး၍ အနုပါဒိသေသကျမှ မုချအောင်မြင်တော့ မည်ကို ရည်ရွယ်၍ မာရ်သုံးပါးအောင်သည်ဟု ဆိုခြင်းဖြစ်၏။)
ကိုင်း-ဒါဖြင့် သက္ကာယရှိနေသေးလို့ရင်ဖြင့် ဒီမာရ်သုံးခု ကျန်မှာပဲ၊ ဒီမာရ်သုံးခုက သက္ကာယဆုံးမှ ချုပ်မှာကိုး (မှန်ပါ့)၊ မဂ်လေးတန်ကိုတော့ မြတ်စွာဘုရား ရတော်မူပြီးသား။ ကိလေသမာရ်ကို အောင်မြင်တော်မူတယ်၊ ဒေဝပုတ္တ မာရ်ကို အောင်မြင်တော်မူခဲ့ပြီ၊ ဒါ ဘာမှ ငြင်းစရာမလိုပါဘူး။ ကဲ-ဒါဖြင့် သဘောကျပြီလား (ကျပါပြီ)။
သက္ကာယချုပ်ကြောင်း အကျင့်ပြောစမ်းပါ
သက္ကာယချုပ်ကြောင်း အကျင့်ပြောစမ်းပါလို့မေးပြန်တယ်။ ခုနကမေးတာက သက္ကာယချုပ်ကြောင်းကိုတော့ တဏှာချုပ် ရင်ပြီးတာပဲ၊ တဏှာချုပ်လို့ရှိရင် ဒီသက္ကာယဟာ နောက်သက္ကာယ လာစရာလိုသေးသလား (မလိုပါဘူး)၊ တဏှာချုပ်ရင် နောက်သက္ကာယ လာစရာ မရှိတော့ဘူး။ ခန္ဓာရှိလျက်နဲ့ ကိုယ်တော်ကြီး နိဗ္ဗာန်ရောက်ပြီလို့ ပြောရတယ် (မှန်ပါ့)၊ ခန္ဓာရှိငြားသော်လည်း နိဗ္ဗာန်ရောက်ပြီ အာရုံပြုသောအားဖြင့် ရောက်ပြီ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
အာရုံပြုသောအားဖြင့်ရောက်ပုံကို ဒကာ ဒကာမတွေ ရှင်းပြပါဦးမယ်၊ အာရုံပြုသောအားဖြင့် ရောက်တယ် ဆိုတာ အခုလိုတရားနာတွေက ဘုရားဆီမှာ အများကြီး။ မြတ်စွာဘုရားက သစ္စာလေးပါး ဟောနေလို့ရှိရင် ဒကာ ဒကာမတွေ ရှူရှိုက် ရှူရှိုက်ဆိုတာ လူတိုင်းရှိတယ်။ အဲဒီ ရှူနေတုန်းလည်း အားစိုက်နေတယ်တဲ့၊ ရှိုက်နေတုန်းလည်း အားစိုက်နေတယ်။ ဒီအချိန်မှာ တရားမနာနိုင် နှလုံးမသွင်းနိုင်ကြဘူး။ ဒီစိတ်တွေကြားထဲမှာ သူ နိဗ္ဗာန်ကိုအာရုံပြုနေ တယ်။ ဒါလောက် မြန်တယ်။
ဒီစိတ်တွေ ကြားထဲမှာ (နိဗ္ဗာန် အာရုံပြုနေပါတယ်)၊ နိဗ္ဗာန် အာရုံပြုနိုင်တယ်ဆိုတော့ ဪ-ဒါဖြင့် ခန္ဓာပင် ရှိသေးငြားသော်လည်း နိဗ္ဗာန်ကိုတော့ အာရုံပြုသောအားဖြင့် ရောက်နေပြီ (မှန်ပါ့)။
ခန္ဓမာရ်သာ မအောင်သေးတာ၊ နိဗ္ဗာန်တွေက (ရောက်နေပါပြီ)၊ ရောက်နေပြီ။ အာရုံပြုသောအားဖြင့် ရောက်နေပြီ။
အချိန်ကို အလကား အဖြစ်မခံပါဘူး
မြတ်စွာဘုရားက အချိန်ကို အလကား အဖြစ်မခံပါဘူး။ ဥပမာ ဘုန်းကြီးတို့ တရားဟောနေတုန်း ခင်ဗျားတို့ ရှူရှိုက်နေလည်း တောက်လျှောက်ပြောပဲ။ ဘုရားကတော့ အလကားအချိန်ကို အဖြစ်မခံပါဘူး၊ ရှူတဲ့ ရှိုက်တဲ့ကြားမှာ တရားအားမထုတ်နိုင်ဘူး၊ နှလုံးမသွင်းနိုင်ဘူး၊ ရှူတဲ့ရှိုက်တဲ့ကြားထဲမှာ ငါဟောမယ်ဆိုပြီး ကြားထဲမှာ ကိုယ်တော်မြတ် ကြီးက ဟောလို့ရတယ်။ ဒီကြားထဲ ဘာလုပ်နေသတုံးလို့ မေးတော့ ဖြစ်ပျက်အာရုံပြုပြီး ဖျတ်ဆိုချုပ်သွားတော့ နိဗ္ဗာန်အာရုံ ပြုနေတော်မူတယ်။ ဖလသမာပတ်နဲ့ နေတော်မူတယ် (မှန်ပါ့)။ ကိုယ်တော်မြတ်ကြီးလည်း ဖြစ်ပျက်ကစရတာပဲ။ မှတ်မိ ကြပြီလား (မှတ်မိပါတယ်)။
နိဗ္ဗာန်တွေ့ချင်လို့ရှိရင် ဘယ်ကစရမလဲ (ဖြစ်ပျက်က စရပါတယ်) ဖြစ်ပျက်က စရမှာပဲ၊ ဖြစ်ပျက်မြင်ပြီးတော့မှ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ၊ ဝေါဒါန်က ဖြစ်ပျက်ပြီးတော့မှ မဂ်ဖိုလ်က နိဗ္ဗာန် အာရုံပြုတာကိုး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် သဘောအားဖြင့်လဲ (တော်တော်နားလည်ပါပြီ)။ သက္ကာယချုပ်ကြောင်း အကျင့်ကို ပြောစမ်း ပါဦး အရှင်ဓမ္မဒိန္နာလို့ ဝိသာခသေဋ္ဌေးက မေးတယ် (မှန်ပါ့) မဂ္ဂင်ရှစ်ပါးဟာ သက္ကာယချုပ်ကြောင်း အကျင့်လို့ဖြေ လိုက်တယ် (မှန်ပါ့)။
အဲဒီတော့ မဂ္ဂင်ရှစ်ပါးဟာ သက္ကာယချုပ်ကြောင်း အကျင့်ဆိုတာကို ဒကာ ဒကာမတွေမှတ်ထားစရာက ခန္ဓာ ချုပ်ကြောင်းအကျင့်ကို ပြောတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဖြစ်ပျက်ရှုရင် မဂ္ဂင်ငါးပါး
မဂ္ဂင်နဲ့ ဖြစ်ပျက်ရှုနေတဲ့ဥစ္စာ၊ ဖြစ်ပျက်ရှုရင် မဂ္ဂင်ငါးပါးက ပထမလာရမယ်။ လောကုတ္တရာကျရင် ရှစ်ပါးလာ ရမယ် (မှန်ပါ့)၊ တစ်မဂ်ရပြီးသားပုဂ္ဂိုလ်ဆိုရင် ရှစ်ပါးနဲ့ရှု၊ တစ်မဂ်မှ မရသေးတဲ့ပုဂ္ဂိုလ်ဆိုရင် ငါးပါးနဲ့ရှုတယ်၊ သဘောကျပြီလား (ကျပါပြီ)။
တစ်မဂ်ရပြီးသား ပုဂ္ဂိုလ် ရှုရင် (ရှစ်ပါးနဲ့ရှု)၊ ရှစ်ပါးနဲ့ ဖြစ်ပျက်ကိုရှု၊ တစ်မဂ်မှမရသေးတဲ့ ပုဂ္ဂိုလ်ရှုရင် (ငါးပါးနဲ့ရှုရပါမယ်)၊ ငါးပါးနဲ့ ရှုတယ်ဆိုတာ မှတ်ထားလိုက်တော့၊ ဪ ငါးပါးလဲ မဂ်ဉာဏ်ပဲ ရှစ်ပါးလဲ မဂ်ဉာဏ်ပဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
အဲဒီတော့ ခင်ဗျားတို့ လုပ်နေတဲ့ ဥစ္စာလဲ မဂ္ဂင်ပါပဲ၊ မရသေးတဲ့ ပုဂ္ဂိုလ်အတွက်မှာ၊ ရပြီးထိုက်တဲ့ ပုဂ္ဂိုလ်အတွက် မှာလဲ မဂ္ဂင်ပဲ၊ ငါးပါးနဲ့ ရှစ်ပါးလဲ ကွာမယ် (မှန်ပ့ါ) ရှစ်ပါးသမားက ဘာတိုးလာသတုံးဆိုတော့ ခင်ဗျားတို့ သိပြီးသား အတိုင်း သီလမဂ္ဂင်သုံးပါးတိုးလာတယ် (မှန်ပ့ါ) သီလမဂ္ဂင်သုံးပါးက လောကီ အခိုက်အတန့်မှာ သီလ၏ အစွမ်းဖြင့်သာ ဖြစ်တယ်။ ဘာဝနာအခိုက်မှာ မပါလာသေးဘူးဖြစ်နေတယ်၊ လောကုတ္တရာကျမှ ပါလာတယ်။ ဒါကြောင့် ခင်ဗျားတို့မှာ တော့ ငါးပါးနဲ့ ရှုနေရတယ်။ သဘောကျပြီလား (ကျပါပြီ)။
ဝီရတီ မဂ္ဂင်သုံးပါးသည် လောကီကုသိုလ်၌ သုံးပါးလုံးတစ်ပြိုင်နက်မယှဉ်နိုင်၊ ဝိတိက္ကမိတဗ္ဗဝတ္ထုတို့မှ ရှောင်ကြဉ် ခိုက်သီလ တစွမ်းဖြင့်သာ ဖြစ်ပေါ်၏။ သို့ဖြစ်၍ဘာဝနာဖြစ်သော ဝိပဿနာမဂ်အခိုက်၌ ဝိရတီသုံးပါး မပါဝင်ခြင်းဖြစ် သည်။
ငါးပါးနဲ့ ရှုပေမယ့်လဲ မဂ်တော့မဂ်ပဲ၊ ဘာကြောင့် မဂ္ဂင်ခေါ်ရသတုံးဆိုတော့ ကိလေသာကို တဒင်္ဂသတ်နိုင်တယ် (မှန်ပ့ါ) ကိလေသာကို တဒင်္ဂသတ်နိုင်တဲ့အတွက် မဂ္ဂင်ပဲ၊ (မှန်ပါ) မဂ္ဂင်ဆိုတာ ကိလေသာသတ်တာကို မဂ္ဂင်ခေါ်တယ် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိလေသာသတ်တယ် ဆိုရင်
ဒါဖြင့် ကိလေသာသတ်တယ် ဆိုရင်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း ဟုတ်သွားပြီ (မှန်ပ့ါ) နိဗ္ဗာန်ရောက်ကြောင်း ဟုတ်သွားပြီဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ငါတို့လုပ်နေတဲ့အလုပ်ဟာ ဘာဆုမှ မတောင်းဘဲနဲ့ ဖြစ်-ပျက်ရှုနေတဲ့အလုပ်ဟာ နိဗ္ဗာန် ရောက်ကြောင်းလို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဖြစ်ပျက်မြင်နေတာနဲ့ ဒါဟာ ဘာအကြောင်း ဖြစ်သွားသလဲ (နိဗ္ဗာန်ရောက်ကြောာင်းဖြစ်ပါတယ် ဘုရား)။
ဝိသာခသူဋ္ဌေးကြီးကမေးလို့ ဓမ္မဒိန္နာထေရီမက ဖြေကြားတာ သဘောကျပြီလား (ကျပါပြီ) နိဗ္ဗာန်ရောက် ကြောင်းအကျင့် ပြောစမ်းပါဆိုတော့ မဂ္ဂင်ရှစ်ပါးလို့ ဖြေကြားလိုက်တယ် (မှန်ပ့ါ) ဒါကို နောက်တော့ ဘုရားက ထောက်ခံချက်ပေးလိမ့်မယ် (မှန်ပ့ါ)။
အဲဒါကြောင့် ဒီအလုပ်ကိုဖြင့် လုပ်မိအောင် လုပ်ကြပါ။ နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်မှဖြင့် ဒီအလုပ်မပါဘဲနဲ့ ရောက်လိမ့်မယ်လို့ ဒီလိုမယူကြပါနဲ့လို့ ဆရာသမားက အတိအလင်း ဆုံးမတယ်။ (မှန်ပ့ါ ဘုရား) ဒါကတော့ ပါရမှာပဲ၊ ဒါကတော့ မပါရင် မဖြစ်ဘူး (မှန်ပ့ါ) ဘယ်လိုပဲ ဒါန သီလတွေက အကျိုးပေးတော့ နေစေကာမူ နိဗ္ဗာန်ဝင်ခါနီး မဂ်ရခါနီးကျတော့ သူပါရဦးမှာပဲ (မှန်ပ့ါ) မပါရင်တော့ (မဖြစ်ပါဘူး ဘုရား) မဖြစ်ပါဘူးဆိုတာ သေသေချာချာမှတ်ပါ (မှန်ပ့ါ)။
အခုကြည့်ပါ၊ ဝိဿာခသူဋ္ဌေးကြီးကလဲ အနာဂါမ်၊ ပုစ္ဆာအမေးခံရတဲ့ သူ့ရဲ့ ခင်ပွန်းမဟောင်းဖြစ်တဲ့ ဓမ္မဒိန္နာ ထေရီမကလဲ ရဟန္တာ၊ ဘယ်သူကဖြေတာတုံးမေးတော့ (ရဟန္တာကဖြေတာပါ ဘုရား) အနာဂါမ်ဖြစ်တဲ့ ပုဂ္ဂိုလ်ကလဲ သာဓု သာဓု ခေါ်တာပဲ၊ သူကလဲ အနာဂါမ်ဆိုတော့ ဒီလမ်းစဉ် သိပြီးသားကိုး။ ဪ-မဂ္ဂင်ရှစ်ပါးမှ တစ်ပါး နိဗ္ဗာန်ရောက် ကြောင်းတရား မရှိဘူးဆိုပြီး သာဓုခေါ်လိုက်တာ(မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
မဂ္ဂင်ရှစ်ပါးသာ အစစ်ပဲ
ဒါဖြင့် ခင်ဗျားတို့ဟာ ဆရာတွေ မတွေ့ခင်တုန်းကတော့ ခင်ဗျားတို့အထင်မှာ အမျိုးမျိုးနဲ့ နိဗ္ဗာန်ဝင်သွား လိမ့်မယ်လို့ အောက်မေ့ကြလိမ့်မယ် (မှန်ပါ) မဂ္ဂင်ရှစ်ပါးသာ အစစ်ပဲဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပ့ါ)။
ဒီ့ပြင်ဟာတွေကော ဘုရား၊ ဒါန သီလတွေ တပည့်တော်တို့ လုပ်နေတဲ့ ကုသိုလ်တွေကောလို့မေးရင် အဲဒါတွေက မဂ္ဂင်၏ အထောက်အပံ့တွေ ဖြစ်ပါတယ်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုဆိုကြမယ် (မဂ္ဂင်၏ အထောက်အပံ့တွေပါ ဘုရား)၊ အဲ မဂ္ဂင်၏ အထောက်အပံ့ သူတို့ကပေးတော့ ကျုပ်တို့ ခင်ဗျားတို့မှာ မဂ္ဂင်ဟောကြားတဲ့ ဆရာသမားသများနဲ့ တွေ့ပြီး မဂ္ဂင်အလုပ်လုပ်တတ်တဲ့ ဉာဏ်တွေရတာပေါ့ (မှန်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါ့ကြောင့် မနေ့ကတုန်းက နှစ်ပစ္စည်းပြောခဲ့တယ်၊ သူတို့က ဥပနိဿယပစ္စည်း၊ မဂ္ဂင်ကပစ္စည်းလို့ ပြောခဲ့တယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါန၊ သီလ၊ သမထတွေက ဘာတုံး (ဥပနိဿယပစ္စည်းပါ)၊ မဂ္ဂင်ရှစ်ပါးက (မဂ္ဂပစ္စည်းပါ ဘုရား)၊ အဲ ဘုရားကိုယ် က နှစ်ပစ္စည်း ဟောထားတယ်၊ ဥပနိဿယ ပစ္စည်းလည်းပါရမယ်၊ မဂ္ဂပစ္စည်းမပါရင်လည်း (မပြီးပါ ဘုရား) အဲဘုရားက ဒီလိုဟောထားတော့ ခင်ဗျားတို့က ဒီလိုရှိပါကလား ဆိုတာ ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ချက်ချကြပါ သူပြောလူပြော လမ်းဆုံးမနေကြနဲ့ (မှန်ပ့ါ)။
အခု ဒီမှာပဲ နိဗ္ဗာန်ရောက်ကြောင်းအကျင့် ပြောစမ်းပါဆိုတော့ ဝိသာခသူဋ္ဌေးက မေးလို့ ဓမ္မဒိန္နာထေရီမက သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးပဲတဲ့ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရား ဘယ်နှစ်ပါး ရှိသတုံး (ရှစ်ပါးရှိပါတယ် ဘုရား) ရှစ်ပါးရှိတယ်လို့ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပ့ါ)။
ရှစ်ပါးဟာ ဘာတုံးဆိုတော့
ရှစ်ပါးဟာ ဘာတုံးဆိုတော့ သီလ-သမာဓိ-ပညာ ခွဲလိုက်ပါဦး(မှန်ပ့ါ) သီလ-သမာဓိ-ပညာကိုဆိုပါတယ်။ ရှစ်ပါးကို သုံးပုံပုံလိုက်ရင် သုံးပါးရတယ်။ နောက်တော့ ပြပါမယ်။ အခုတော့ သူ့အမေနဲ့ သူ့ အဖြေက နောက်ဆုံးပိတ် လောက်မှ အဲဒါက မေးတာကိုး၊ အခုအချိန်မှာ သူ့ကို ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။ သို့သော် ဒီရှစ်ပါး သုံးပုံ ပုံလိုက်လို့ရှိရင် သီလ-သမာဓိ-ပညာပဲ ဖြစ်တယ်။ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါ့ကြောင့် သီလလဲ နိဗ္ဗာန်ရောက် ကြောင်းဆိုတာ ပေါ်လာတယ် (မှန်ပ့ါ) သမာဓိလဲ (နိဗ္ဗာန်ရောက်ကြောင်းပါ ဘုရား) ပညာလဲ (နိဗ္ဗာန်ရောက်ကြောင်းပါ ဘုရား) သို့သော် ခေါင်းဆောင်အကြီးဆုံးကတော့ ပညာပဲ (မှန်ပ့ါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ ယနေ့ည ဒကာ ဒကာမတွေ မှတ်စုမှတ်ရမှာက သက္ကာယလဲ သိပြီ။ သက္ကာယ ဖြစ်ကြောင်းလဲ (သိပါပြီ) သက္ကာယချုပ်ရာလဲ (သိပါပြီ ဘုရား) ချုပ်ရာအကျင့်ကော (သိပါပြီ) သိပြီတဲ့၊ လေးခုသိသွားပြီ (မှန်ပ့ါ) ဝိသာခသူဋ္ဌေးက မေးလို့ ဓမ္မဒိန္နာထေရီမက ဖြေတာ၊ ဒီဥစ္စာဖြင့် တရားမှန်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပ့ါ) အမေးသမားအနာဂါမ်၊ အဖြေသမား ရဟန္တာ ဆိုတော့ တိမ်းစရာ စောင်းစရာရှိသေးသလား (မရှိပါဘူး) သူတို့ကိုယ်တွေကို မေးကြဖြေကြတာ၊ သာဓုခေါ်တဲ့ ပုဂ္ဂိုလ်ကလဲ သူကိုယ်တွေ့ကို ခေါ်တာ (မှန်ပါ့)၊ ဖြေတဲ့ ပုဂ္ဂိုလ်ကလဲကိုယ်တွေ့ကို ဖြေတာ (မှန်ပ့ါ)ဒါ့ကြောင့် ဒါဟာ တိမ်းစရာ စောင်းစရာမရှိတဲ့ တရားလို့ သေသေချာချာမှတ်ပါ (မှန်ပ့ါ) သဘောပါကြပြီနော် (ပါပါပြီ)။
ဥပါဒါနက္ခန္ဓာ ဆိုတာ ပြောစမ်းပါဦး
ဒါနဲ့ ဝိသာခ သူဋ္ဌေးက မကျေနပ်သေးဘူး၊ သူ့စိတ်ထဲမှာ (မှန်ပ့ါ) ဒီ့ပြင် ပုစ္ဆာကို မေးဦးမှပဲဆိုပြီး ဥပါဒါနက္ခန္ဓာ ဆိုတာ ပြောစမ်းပါဦးလို့ ထပ်မေးတယ် (မှန်ပ့ါ)။ ဥပါဒါနက္ခန္ဓာဆိုတာ ယခုလက်ရှိဖြစ်တဲ့ ခန္ဓာ၊ ဥပါဒါန်တရားတို့၏ အာရုံဖြစ်တဲ့ ခန္ဓာပေါ့လို့ ဖြေလိုက်တယ် (မှန်ပ့ါ)။
ဒါဖြင့် အရှင်ဓမ္မဒိန္နာ မေးပါရစေဦး၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့ တစ်ခြားစီလားတဲ့၊ ဒီလိုလာပြန်တယ် (မှန်ပ့ါ) ဆိုထားတာ က ဥပါဒါနက္ခန္ဓာကိုး၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့တွဲခေါ်နေတာ၊ ဥပါဒါန်နဲ့ခန္ဓာနဲ့ တစ်ခြားစီလား၊ သို့မဟုတ် အတူတူပဲလား ဒါကလေး ဆင့်မေးပြန်တယ်။
ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တူတူပဲလား တစ်ခြားစီလားတဲ့။ တူတူလဲမဟုတ်ဘူး၊ တစ်ခြားစီလဲ မဟုတ်ဘူး၊ ရိပ်မိကြ ပြီလား (ရိပ်မိပါပြီ)။ အတူတူဆိုရင်လဲ ရောနေမှာပဲ၊ တစ်ခြားစီလား ဆိုရင်လဲ မဟုတ်ဘူးဆိုတော့ ဒီအဖြေဟာ တော်တော်မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
တူတူပဲလား မေးပြန်တော့ တူတူလဲ မဟုတ်ဘူးတဲ့၊ တစ်ခြားစီလားမေးပြန်တော့ (မဟုတ်ပါဘူး) တစ်ခြားစီလဲ မဟုတ်ဘူးဆိုတော့ ဒီဒကာ ဒကာမတွေ ရှင်းဖို့ရာ ဘုန်းကြီးများက ကြားဝင်ရတယ်၊ မဝင်ရင် မဖြစ်ပါဘူးတဲ့ (မှန်ပါ့)။
ဥပါဒါနက္ခန္ဓာလို့ ဆိုထားတယ်၊ သက္ကာယ ဟာ ဥပါဒါနက္ခန္ဓာပဲ (မှန်ပ့ါ) အဲဒီ ဥပါဒါနက္ခန္ဓာမှာ ခင်ဗျားတို့ သိဖို့ရာက ခန္ဓာက သူ့ဟာသူနေတာ သဘောကျပြီလား (ကျပါပြီ) ခန္ဓာဟာ ဥပမာ သားမယားခန္ဓာက သူ့ဟာသူနေတာ။ ဒီက ဥပါဒါန်မရှိဘဲ ပုဂ္ဂိုလ်ဆိုရင် သူက သက္ကာယသာဖြစ်တယ်၊ ဥပါဒါနက္ခန္ဓာမဖြစ်ဘူး၊ ဒီကနေပြီး ဥပါဒါန်သွားပြီးမှ ဥပါဒါနက္ခန္ဓာ (မှန်ပ့ါ)။
ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာဆိုတာ အတူတူလားလို့ မေးလို့ရှိရင် နဂိုက ဒီတရားက ကျန်တဲ့ နာမက္ခန္ဓာလေးပါး၊ ရူပက္ခန္ဓာနဲ့ မတူတော့ ခန္ဓာငါးပါးကိုး။ ဟိုဘက်က ခန္ဓာငါးပါး၊ ဒီဘက်က တဏှာနှစ်ခုကြားထဲမှာ ဆက်မိမှ ဥပါဒါနက္ခန္ဓာ (မှန်ပ့ါ) မဆက်မိလို့ရှိရင် ဒါကို ဥပါဒါနက္ခန္ဓာလို့ သွားပြီး မဆိုနဲ့၊ သဘောကျပြီလား(ကျပါပြီ)။
ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တစ်ခြားစီလားလို့မေးတဲ့ အခါကျလို့ရှိရင် တစ်ခြားစီလဲ မဟုတ်ဘူးတဲ့၊ စပ်နေတယ်၊ အာရုံနဲ့ အာရမ္မဏိကအားဖြင့် စပ်နေကြတယ်။ (မှန်ပ့ါ)၊ ရှင်းပြီလား (ရှင်းပါပြီ) ဒီကအာရုံ ခန္ဓာငါးပါးက ဝမ်းထဲက ဥပါဒါန်က အာရမ္မဏိက (မှန်ပ့ါ)။
အာရုံ အာရမ္မဏိက အားဖြင့်
အာရုံ အာရမ္မဏိက အားဖြင့် စပ်နေသလား တစ်ခြားစီလားလို့ မေးတဲ့အခါကျတော့ ဆက်နေတယ်။
တူသလားလို့ မေးပြန်တော့ (မတူပါဘူး) ဒီကတဏှာကိုး။ ဒီက တဏှာမှ ကြွင်းတဲ့ရုပ်နာမ်ဆိုတော့ တစ်ခြားစီ မနေဘူးလား (နေပါတယ်)။
ကိုင်း ဒါဖြင့် ဘယ်အချိန်မှ ဥပါဒါနက္ခန္ဓာ ဖြစ်သတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။ ဥပါဒါန်မပြုတ် တဲ့ ပုဂ္ဂိုလ်မှာ (ဝါ) တဏှာမပြုတ်တဲ့ ပုဂ္ဂိုလ်မှာ မိမိခန္ဓာ ခြင်ကောင်, ယင်ကောင် ကိုက်စားတတောင် မကြိုက်ဘူး၊ ဆက်နေတယ်။ (မှန်ပ့ါ) မဆက်ဘူးလား(ဆက်ပါတယ်)။
ဘာဖြစ်လို့ ဒီခြင်ကောင်၊ ယင်ကောင်တွေက သွေးတွေ စုပ်တာကို ခင်ဗျားတို့က မောင်းရသတုံး ရှင်းရသတုံးလို့ မေးလို့ရှိရင်ဖြင့် ဒီတဏှာက ဒီခန္ဓာနဲ့ ဆက်သွယ်နေတယ် (မှန်ပ့ါ)။ ခင်တဲ့ခန္ဓာနဲ့ ဆက်သွယ်ပြီးသကာလနေတော့ ခင်တဲ့ ခန္ဓာထိလို့ရှိရင် မခံနိုင်ဘူး၊ ဆိုကတည်းက ခင်တာက ဒီအထဲသွားနေတယ် (မှန်ပါ သွားပါတယ် ဘုရား) ခန္ဓာ ထဲကို မသွားဘူးလား (သွားပါတယ် ဘုရား) ဒါကြောင့် ဒီခန္ဓာကို ဥပါဒါနက္ခန္ဓာ၊ ဥပါဒါန်တို့၏ မှီရာ ခန္ဓာနော် (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဘာတုံး (ဥပါဒါန်တို့၏ မှီရာ ခန္ဓာပါ ဘုရား) ဥပါဒါန်တို့၏ မှီရာခန္ဓာဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာသည် ရောတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်၊ မရောတဲ့ပုဂ္ဂိုလ်လဲ (ရှိပါတယ် ဘုရား) ဘုရား- ရဟန္တာတို့ကျတော့ (မရောပါဘူး ဘုရား) ဥပါဒါက္ခန္ဓာလို့ သွားမဆိုနဲ့ ခန္ဓာပဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဥပါဒါန်နဲ့ သွားပြီး ငြိနေတယ်
ခင်ဗျားတို့ ကျုပ်တို့ကျတော့ အထိမခံ ရွှေပန်းကန်ဖြစ်နေတော့ ဥပါဒါန်နဲ့ သွားပြီး ငြိနေတယ် (မှန်ပ့ါ) ဒီအထဲမှာရှိတဲ့ တဏှာဥပါဒါန်နဲ့ သွားပြီး မငြိဘူးလား (ငြိပါတယ် ဘုရား) ငြိတယ်၊ မငြိတယ်၊ ဘာမှ သွားမကြည့်နေနဲ့၊ သူမ မမာလို့ရှိရင် စိတ်ပျက်ပြီး မာမာကျန်းကျန်းရှိလို့ရှိရင် နှစ်သက်တယ်(မှန်ပါ) ဒါဘာဖြစ်လို့တုံးဆိုတော့ ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ ငြိနေတယ် (မှန်ပ့ါ) သဘောပါပြီလား (ပါပါတယ်)။
ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တစ်ခြားစီလားလို့ မေးတော့ အာရုံပြုတဲ့ပုဂ္ဂိုလ်ကတော့ ဆက်နေတယ်၊ မပယ်သေး တဲ့ ပုဂ္ဂိုလ်က ဆက်နေတယ် (မှန်ပ့ါ) ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ စပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကော မရဘူးလား (ရပါတယ်) အာရုံအာရမ္မဏိကအားဖြင့် စပ်ပါတယ်၊ အတူကောနေသလားလို့မေးပြန်တော့ အတူမနေဘူး (မှန်ပါ) အတူမနေတာက တစ်ခြားမဟုတ်ပါဘူး၊ စွဲလမ်းက ခန္ဓာကတစ်မျိုး၊ ခန္ဓာက တစ်မျိုး (မှန်ပ့ါ) သဘောက တူကြရဲ့လား (မတူပါဘူး) သဘောကတော့ မတူဘူး အကြောင်းအကျိုးကတော့ ဆက်နေတယ် (မှန်ပါ့)။
ဒါ့ကြောင့် သဘောမတူတာ ထောက်လိုက်လို့ရှိရင် အတူတူလားလို့ မေးတော့လဲ သဘောမတူလို့ မတူဘူး (မှန်ပါ) တစ်ခြားစီလား မေးပြန်တော့ တစ်ခြားစီလဲ မဟုတ်ဘူးတဲ့၊ ငြိနေတဲ့ပုဂ္ဂိုလ်မှာ တစ်ခြားစီလဲ မဟုတ်ဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ငြိနေတဲ့ပုဂ္ဂိုလ်မှာ (တစ်ခြားစီ မဟုတ်ပါဘူး) အတူတူလားလို့ မေးပြန်တော့လဲ မတူဘဲ၊ ဒီက တဏှာ၊ ဒီက ကျန်တဲ့ ရုပ်နာမ်ဆိုတော့ ဒီလိုဖြေလိုက်တဲ့အခါကျတော့ ဪ ဥပါဒါန်နဲ့ ခန္ဓာဟာ တစ်ခြားစီလားလို့ မေးပြန်တော့ တစ်ခြားစီလို့လဲ မဆိုနဲ့ အတူတူလို့လဲ (မဆိုရပါဘူး) ငြိနေတဲ့ ပုဂ္ဂိုလ်ကျတော့ တစ်ခြားစီ မဟုတ်ပြန်ဘူး၊ အာရုံ အာရမ္မဏိက စပ်နေတယ် (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ) အတူတူလားလို့ မေးပြန်တော့လဲ ဒီကတဏှာ၊ ဟိုက တဏှာမပါတဲ့ ရုပ်နာမ်ဖြစ်နေတယ် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တစ်ခြားစီလဲ မဟုတ်ဘူးနော် အတူတူလဲ မဟုတ်ဘူး၊ ဒီပုစ္ဆာ ပြေပြီလား (ပြေပါပြီ ဘုရား) သဘေကျသွားပြီနော် (မှန်ပါ့)။
သက္ကာယဒိဋ္ဌိဆိုတာ ပြောစမ်းပါဦး
ကဲ သဘောကျသွားတော့ကို ရှေ့ကို ဆက်မေးတယ်၊ အရှင်ဓမ္မဒိန္နာ သက္ကာယဒိဋ္ဌိဆိုတော့ ပြောစမ်းပါဦးတဲ့ မေးပြန်တယ်၊သက္ကာယဒိဋ္ဌိကို ပြောစမ်းပါဦးတဲ့။
သက္ကာယဒိဋ္ဌိက ဆိုတာက ဒီလိုပါတဲ့၊ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ဟာ အရိယာတို့၏ စကားကို မနာဘူးတဲ့ ပုဂ္ဂိုလ်များမှာ မနေ့ကပြောသလို ရုပ်ကို ငါထင်ပါတယ်၊ ဝေဒနာကို ငါထင်ပါတယ်၊ သညာကို (ငါထင်ပါတယ်) သင်္ခါရကို (ငါထင်ပါတယ်) ဝိဉာဏ်ကို (ငါထင်ပါတယ်)၊ အဲဒါသက္ကာယဒိဋ္ဌိပါပဲတဲ့။ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာဖြစ်ပါ တယ် (မှန်ပါ) အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ သက္ကာယသာ ဖြစ်ပါတယ်။ ဒိဋ္ဌိမဖြစ်ပါဘူး၊ ရှင်းပြီလား (ရှင်းပါပြီ)။
အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရင် (သက္ကာယဒိဋ္ဌိဖြစ်ပါတယ်) အဲ သက္ကာယနဲ့ ဒိဋ္ဌိက ရောနေတယ်၊ ဒါက သက္ကာယ၊ ဒီက ဒိဋ္ဌိက ဒီထဲသွားရှုပ်နေတယ် (မှန်ပ့ါ) မရှုပ်ဘူးလား (ရှုပ်ပါတယ်)။
ကောင်းပြီ ဒါဖြင့် အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ရုပ်ကို ငါ ဝေဒနာကို ငါ သညာကို ငါ သင်္ခါရကို ငါ ဝိဉာဏ်ကို ငါလို့ ယူလိုက်တဲ့အတွက် သက္ကာယဒိဋ္ဌိဖြစ်ပါတယ် (မှန်ပ့ါ) သဘောပါပြီလား (ပါပါပြီ)။
ဒါဖြင့် သက္ကာယဒိဋ္ဌိဆိုတဲ့ ဥစ္စာသည် သက္ကာယထဲမှာ ဒိဋ္ဌိဝင်ရှုပ်တဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါ (မှန်ပ့ါ) အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်များမှာ သက္ကာယဆိုတဲ့ ခန္ဓာထဲမှာ ဒိဋ္ဌိဝင်ပြီးသကာလ အုပ်ချုပ်တယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သက္ကာယဆိုတဲ့ လောကီခန္ဓာထဲမှာ (ဒိဋ္ဌိကဝင်ပြီး အုပ်ချုပ်နေပါတယ်) ဒိဋ္ဌိက ဝင်ရှုပ်နေတယ်၊ ဒါက ဘယ်လို ပုဂ္ဂိုလ်တုံးမေးတော့ ဘယ့်နှယ်ဖြေကြမတုံး (အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မို့ ဒါဟာ ဝင်ပြီး ရှုပ်နိုင်တာပဲ (မှန်ပ့ါ) ဒါဖြင့် တရားမနာရတဲ့ ပုဂ္ဂိုလ်အတွက်မှာ သက္ကာယ ဒိဋ္ဌိပြုတ်ဖို့ အတော်ခဲယဉ်းပါတယ် (ခဲယဉ်းပါတယ် ဘုရား)။ အကြားအမြင်မှ မရှိတော့ဘဲ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သောတာပန်တည်ခြင်း၏ အကြောင်းမှာ
ဒါ့ကြောင့် သောတာပန်တည်ခြင်း၏ အကြောင်းမှာ သူတော်ကောင်းနဲ့ ပေါင်းရမယ် တရားနာရမယ်ဆိုတာ တစ်ခါတည်း ပါလာတယ် (မှန်ပါ) သပ္ပုရိသုပသံသေဝေါ သောတာပတ္ထိ အင်္ဂ၊ သဒ္ဓမ္မဿဝနံ သောတာပတ္တိ အင်္ဂ ယောနိသောမနသိကာရော သောတပတ္တိအင်္ဂ၊ ဓမ္မာနုဓမ္မပ္ပဋိ ပတ္ထိသောတာပတ္ထ်အင်္ဂ၊ သောတာပန်ဖြစ်ချင်ရင် ဒီလေးချက် တော့ ပြည့်စုံရမယ် (မှန်ပ့ါ) ရှေးဦးစွာ သူတော်ကောင်းကလျာဏ မိတ္တပုဂ္ဂိုလ်များနဲ့ ပေါင်းရမယ် (မှန်ပ့ါ) ပြီးတော့ ဘာလုပ်ရမလဲ (တရားနာရပါမယ်) ပြီးတော့မှ နှလုံးသွင်းမှန်အောင် လုပ်ရမယ် (မှန်ပ့ါ) တရားနာတော့ နှလုံးသွင်းက မှန်လာတယ် (မှန်ပါ့) နှလုံးသွင်းမှန်ပြီးတော့ မှန်တဲ့ အတိုင်း ကျင့်ရမယ် (မှန်ပ့ါ) ဒီလေးချက် မညီလို့ရှိရင် သောတာပန် တည်လိမ့်မယ်လို့ မဟောပါဘူး (မှန်ပ့ါ) ဟောနိုင်ပါ့မလား (မဟောနိုင်ပါဘူး)။
ဒါဖြင့် သက္ကာယဒိဋ္ဌိ သက္ကာယဒိဋ္ဌိဆိုတာ ဘာတုံးလို့ ခုနင်က ဝိသာခသူဋ္ဌေးကမေးတော့ ဝေဒနာ ငါထင်ပါတယ်၊ သညာငါထင်ပါတယ်၊ သင်္ခါရငါထင်ပါတယ်၊ ဝိညာဏ်ကို ငါထင်ပါတယ်၊ ဒါဟာ အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်မှာ သက္ကာယဒိဋ္ဌိဖြစ်တယ်၊ သက္ကာယထဲမှာ ဒိဋ္ဌိဝင်နေတယ် (မှန်ပ့ါ) ဘယ်ပုဂ္ဂိုလ်တုံး (အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ပါ)။
အကြားအမြင်မရှိတဲ့ အန္ဓ ပုထုဇဉ်ပုဂ္ဂိုလ်မှာဖြင့် သက္ကာယဒိဋ္ဌိဖြစ်ပါတယ်၊ ဒါဖြင့် အကြားအမြင်က ဘယ်ကလာ သတုန်းမေးတော့ တရားနာလို့ လာတယ် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒီတရားနာမှုကလဲ ဘယ်သူ့ကို ဆည်းကပ်မှတုန်းဆိုတော့ သူတော်ကောင်း ဆည်းကပ်မှ (မှန်ပ့ါ) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
