အတ္တဒိဋ္ဌိတန်းလန်းဆိုရင် နိဗ္ဗာန်မမြင်နိုင်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော
အတ္တဒိဋ္ဌိတန်းလန်းဆိုရင်
နိဗ္ဗာန်မမြင်နိုင်
အလုပ်ပေးတရားတော်
(၁၄-၁၂-၁၉၆၁)
နိဗ္ဗာန်ထားမြစ်တာ ဘယ်သူတုံး
အားလုံး ဒကာ ဒကာမတွေ နိဗ္ဗာန်ထားမြစ်တာ ဘယ်သူတုံးလို့ မေးလို့ရှိရင်ဖြင့် ဒိဋ္ဌိလို့ မှတ်ထားကြပါနော် (မှန်ပ့ါ) နိဗ္ဗာန်မရောက်အောင် တားမြစ်ထားသော ဒိဋ္ဌိဆိုတာ သေသေချာချာ မှတ်ထားကြပါ။
နိဗ္ဗာန်ကို အနီးကလေးနဲ့ မရောက်နိုင်တာလဲ ဒိဋ္ဌိပဲ (မှန်ပ့ါ) ဒိဋ္ဌိရှိပြိဆိုမှဖြင့် ဒကာကြွယ် မှတ်ပေတော့ ဘယ်တော့မှ နိဗ္ဗာန်မရဘူးလို့ (မှန်ပ့ါ)၊ ဒိဋ္ဌိရှိနေရင် ဘယ်အခါကာလမှ နိဗ္ဗာန်မရ။ ဒိဋ္ဌိကိုမခွါနိုင်ရင် ဘယ်လို ဆုတောင်း ဆုတောင်း ဘယ်လိုဒါတွေ လှူဒါန်းမရပါဘူး(မှန်ပ့ါ)။
ကောင်းပြီ ၎င်းဒိဋ္ဌိသည် ဘယ့်နှယ့်ကြောင့် တပည့်တော်ကို ဝမ်းထဲမှာ ကိန်းပါလိမ့်မလဲလို့ဆိုတော့ လက်သည် ကို ရှာကြစို့နော် (မှန်ပ့ါ)။
အဲဒီလက်သည်ရှာတဲ့အခါကျတော့ကို ပဋိစ္စသမုပ္ပါဒ် အခုပြထားတဲ့ ခန္ဓာကိုယ်ပုံစံကြီးကို (ဝါ) ခန္ဓာဖြစ်စဉ်ကို နားမလည်လို့ လို့မှတ်ပါ့ (မှန်ပါ့)။
ဒိဋ္ဌိဘယ်ကလာသတုံး
ဒိဋ္ဌိဘယ်ကလာသတုံးလို့ဆိုရင်ဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားမလည်မှု ကလာတယ် (မှန်ပါ)၊ ကိုယ့်ခန္ဓာဖြစ်စဉ်ကိုယ်မသိမှုက လာတယ်လို့ ဒကာကြွယ်မှတ်ရလိမ့်မယ် (မှန်ပ့ါ) ကိုယ့်ခန္ဓာဖြစ်စဉ် မသိမှုက လာတော့တတ်နိုင်လို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ ဘယ်လိုပဲ အားထုတ်အားထုတ် ဒိဋ္ဌိမကွာရင် မရပါဘူး။ (မှန်ပါ)။
ဘယ်လိုပဲမြင်မြင် ဒိဋ္ဌိမပြုတ်ရင် ရကိုမရဘူးလို့ မှတ်စမ်းပါ (မှန်ပါ)။
ဒိဋ္ဌိကို အသိဉာဏ်နဲ့ ဖြုတ်ထားမှုမရှိလို့ ရှိရင်ဖြင့် အနိစ္စ ဒုက္ခ အနတ္တတွေ၊ ဆရာသမားတွေက ဟောလို့ ဖြစ်ပျက်တွေ မြင်စေကာမူ ဒိဋ္ဌိကို ဉာဏ်ထဲမှာ မပြုတ်ဘဲနဲ့ ဖြုတ်ပြီးတော့ မကျင့်လို့ရှိရင်ဖြင့်မောင်ဘသော်တို့ မရဘူးလို့မှတ်ပါ (မှန်ပ့ါ) ရှင်းပြီနော် (ရှင်းပါပြီ)။
ဒါဖြင့် ခဏခဏ သတိပေးရတယ်ဒကာကြွယ်၊ ဝိပဿနာရှုမှု၊ ရှေ့ထားမလား၊ ဒိဋ္ဌိဖြုတ်မှု၊ ရှေ့ထားမလား၊ ဆိုတာ မေးခွန်းမေးရတယ် (မှန်ပ့ါ) မေးတော့ ဒကာ ဒကာမတွေ ဘယ်လို အဓိပ္ပါယ်ရသတုံး (ဒိဋ္ဌိကို အလျင်ဖြုတ်ရပါမယ်) ဒိဋ္ဌိဖြုတ်ဖို့ကို ရှေ့ထားပြီးမှ ဝိပဿနာအားထုတ်ပါ (မှန်ပ့ါ) ဘာနဲ့ သွားကိုက်သတုန်းလို့ မေးတော့ ဉာတပရိညာ သိမှု ရှိမှု တီရဏပရိညာ ပွားများလို့ ရပါတယ် (မှန်ပ့ါ) ပွားမှုရှိမှု ၎င်းတရားတွေ ဒိဋ္ဌိဝိစိကိစ္ဆာတွေပယ်မှု ဖြစ်နိုင်တယ် (မှန်ပ့ါ)။ သိမှု မရှိလို့ရှိရင် ပွားမှုတွေ ခရီးမရောက်ဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပ့ါ)။
ဒါ့ကြောင့် မြင်းမြီးဆွဲ မောင်ဆန်လို ခင်ဗျားတို့ ပြောနေကြတဲ့ ဆန္ဒမထေရ်တို့များ ပွားလိုက်တာ နှစ်ပေါင်းလေး ဆယ်ကျော် အနိစ္စ အနတ္တတွေပွားတယ်၊ ဉာတပရိညာမစင်ကြယ်တော့ တစ်ခါတည်း ဒိဋ္ဌိမကွာတဲ့အတွက် ဒကာကြွယ် နိဗ္ဗာန်ကို မရနိုင်ဘူး (မှန်ပ့ါ) နောက် ရှင်အာနန္ဒာက ဒိဋ္ဌိခွါတဲ့နည်းကို ပေးလိုက်တော့မှ ဖြစ်ပျက် အားထုတ်တော့ သူနိဗ္ဗာန်ရတယ် (မှန်ပါ့)။
အဲဒီလို ဝတ္ထု သက်သေသာဓကတွေ အသေအချာရှိနေတော့ ဒကာ ဒကာမတွေ ဒိဋ္ဌိရှေ့ထားပြီး ခွါရမယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့)။
ဒိဋ္ဌိခွါမှုကို ရှေ့ထားပြီးမှ
ဝိပဿနာ အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုမှု ဒိဋ္ဌိခွါမှုရယ်လို့ နှစ်မှုရှိတယ်နော် (မှန်ပါ့) အဲဒီနှစ်မှု ရှိရာတို့တွင် ဒိဋ္ဌိခွါမှုကို ရှေ့ထားပြီးမှ အနိစ္စ, ဒုက္ခ, အနတ္တရှုမှုကို နောက်ထားလို့ရှိရင်ဖြင့် လမ်းစဉ်မှန်ပြီလို့ မှတ်ပါ (မှန်ပါ) နို့မဟုတ်ရင် ဘယ်လိုပဲ အားထုတ်အားထုတ် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒိဋ္ဌိမကွာလို့ရှိရင် နှစ်ပေါင်းလေးဆယ်ကျော် အားထုတ်တဲ့ ရှင်ဆန္ဒမထေရ်ဟာ မရပါဘူးဆိုတာ ကျမ်းဂန်တွေမှာ ရှိနေပါတယ် (မှန်ပါ့)။
အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားထုတ်မှုဖြင့် မလွဲပါစေနဲ့ ရှေ့ထားရမှာကို နောက်ထားရမှာကို (နောက်ထားရပါမယ်) ဒီဟာ မလွဲပါစေနဲ့ဆိုတာကို ဦးဘအုန်းတို့ မောင်ဘသော်တို့ သတိပေးရမယ် (မှန်ပါ ဘုရား)။ ရှေ့နောက် လွဲနေပြီဆိုရင်ဖြင့် မောရုံပဲ ရှိမယ်။ မဂ်ဖိုရ်ရဖို့ မလွယ်ဘူး (မှန်ပ့ါ)။
ဒါ့ကြောင့် ဆရာသမား ကောင်းကောင်းတွေနဲ့တွေ့ဖို့ အရေးကြီးပါတယ်။ ဘုရားဟော ကျမ်းဂန်တွေနဲ့ တွေ့မယ် ဆိုရင် ဒကာ ဒကာမတွေ အားလုံးပဲ အလိုရှိလို့ ဆန္ဒကောင်းကောင်းနဲ့ ကြိုးစားသော်လဲ ဆရာလိုမှုကြောင့်လဲ ကိုယ့်မှာ ခရီးမရောက်ဘဲဖြစ်တတ်တယ် (မှန်ပ့ါ) ဒါ့ကြောင့် ရွေးရမယ် ချယ်ရမယ်ဆိုတာလဲ သေသေချာချာ မှတ်ပါ (မှန်ပ့ါ)။
ဒိဋ္ဌိဘယ့်နှယ်ကြောင့် မကွာနိုင်သတုန်း
ကိုင်း-ဒါဖြင့် ဒီဥစ္စာ ဒိဋ္ဌိဘယ့်နှယ်ကြောင့် မကွာနိုင်သတုန်းလို့ မေးတဲ့အခါကျတော့မှ ပဋိစ္စသမုပ္ပါဒ် နားမလည် လို့ (မှန်ပ့ါ) ခန္ဓာဖြစ်စဉ် အကြောင်းအကျိုးကို နားမလည်လို့ ဖြစ်ရပါတယ်ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ပါနော် (မှန်ပ့ါ) ခန္ဓာဖြစ်စဉ် အကြောင်းအကျိုးကို နားမလည်လို့ရှိရင်လဲ ဒိဋ္ဌိဖြစ်တာပဲ (မှန်ပ့ါ)။
ကဲ-ဒါဖြင့် ဒကာကြွယ်တို့ နာပြီးသားပဲ ဝတ္ထုတစ်ခုကို ထုတ်ကြည့်ပါနော် (မှန်ပါ့) ဘုရားလက်ထက်က ဇေတဝန် ကျောင်းမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးနဲ့ ရှင်သာရိပုတ္တရာတို့ သီတင်းသုံး နေထိုင်ကြတယ်။ (မှန်ပ့ါ) ယမကဆိုတဲ့ ရဟန်းက ပဋိစ္စသမုပ္ပါဒ်ကို သူနားမလည်ဘူး။
ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ သစ္စာလဲ နားမလည်တော့ဘူး (မှန်ပါ)။ ဘာ့ကြောင့်တုန်းဆိုတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာက အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် ဆိုတာက ပဋိစ္စသမုပ္ပါဒ် (မှန်ပါ ဘုရား) နောက်ဆုံးပိတ်ကျတော့ ဧဝမေတဿ ကေဝလဿ သမုဒယော ဟောတိဆိုတော့ ဒုက္ခ သစ္စာကို တစ်ခါဟောလိုက်တယ် (မှန်ပ့ါ) ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ် တစ်ခုလုံးဟာ ဒုက္ခသစ္စာလို့ ဟောလိုက်တယ်။
အဲဒါ ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ ဒကာ ဒကာမတွေ အကြောင်းအကျိုး ဆက်တာလဲ မသိသောကြောင့် ဒိဋ္ဌိဖြစ်ရတယ် (မှန်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ တစ်ခုလုံး ဒုက္ခသစ္စာလို့ မသိသောကြောင့်လဲ ပုဂ္ဂိုလ်သတ္တဝါ ဖြစ်နေတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ယမက,က ဘယ့်နှယ်ဖြစ်နေသတုန်း
အဲဒါ-သေသေချာချာမှတ်ပြီး ကြည့်တဲ့အခါကျတော့မှ ယမက,က ဘယ့်နှယ်ဖြစ်နေသတုန်းဆိုတော့ မောင်ဘဇော် တို့ သေသေချာချာမှတ်ရမယ်နော် (မှန်ပ့ါ) ဘုရားဟောတော်မူတာ သူသိပါတယ်တဲ့၊ ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူး လို့ ယူလိုက်တယ် (မှန်ပ့ါ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အကဲခတ်ဖို့ လိုလာတာပေါ့၊ ရဟန္တာ ပရိနိဗ္ဗာန်စံရင် ဘာမှမဖြစ်တော့ဘူး ဆိုရင် ဘာလုပ်ဖို့တုန်း၊ ကိုယ့်ခန္ဓာအဆုံးအရှုံးခံတာ ဘာလုပ်ဖို့တုန်း၊ ပင်ပန်းလိုက်တာ အားထုတ်လိုက်ရတာလဲ မနည်းလှ ဘူး။ နောက် ရဟန္တာဖြစ်ပြီး သကာလ ပရိနိဗ္ဗာန်စံတော့ ဘာမှ မဖြစ်တော့ဘူးလို့ ယူလိုက်သဖြင့် ဘာမှ မကျိုးမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ဝင်မလာဘူးလား (ဝင်လာပါတယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူက ဘယ့်နှယ်ယူပါလိမ့် မောင်ဘသော် (ရဟန္တာသေရင် ဘာမှ မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ် ယူထားပါတယ်။ ဦးဘအုန်း ဒါမျိုးကို ဥစ္ဆေဒဒိဋ္ဌိဘက်ရောက်သွားတယ် ခေါ်တယ် (မှန်ပ့ါ)။
အဲဒီတော့ ဒကာ ဒကာမတို့ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတဲ့ ဥစ္စာသည်ကားလို့ဆိုရင် ပြတ်သွားတော့တာပဲ ဘာမှမရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးကို ယမက ရဟန်းက ယူထားတယ်နော် (မှန်ပါ့) ဘာဒိဋ္ဌိယူထားပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိ ယူထားပါတယ် ဘုရား)။
ဘယ့်နှယ့်ကြောင့် ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါလိမ့်မတုံး
အဲဒီတော့ ဒကာ ဒကာမတွေက ဒီယမကဆိုတဲ့ ရဟန်းဟာ ဘယ့်နှယ့်ကြောင့် ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါလိမ့်မတုံးလို့ မေးဖို့လိုလာတယ် (လိုပါတယ် ဘုရား) လိုတော့ ဘုန်းကြီးတို့ဟာ ဒီဥစ္စာကို ရှင်းပေးရမယ်နော် (မှန်ပ့ါ) ဘယ်လိုရှင်းပေး ရမလဲလို့ မေးတဲ့အခါကျတော့ ဥပမာမယ် ရဟန္တာမှာလဲ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပဲ ရှိတယ်။ (မှန်ပါ့) ရဟန္တာဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဝိပဿနာဉာဏ်နဲပ ဒီဟာတွေကို သူရှုရမှာပဲ ဒကာကြွယ် (မှန်ပ့ါ) ဒီခန္ဓာငါးပါးကို ဘယ့်နှယ်တုံး (ရှုရမှာပါ ဘုရား) ၂-နံပါတ်ထဲမှာ ပါတဲ့ခန္ဓာငါးပါးကို သူရှုရမယ်။ ရှုတဲ့အခါကျတော့ အနိစ္စတွေ သူမြင်မှာပေါ့၊ ဒုက္ခတွေမြင်၊ အနတ္တတွေမြင်ဆိုတာတော့ သူမြင်မှာပဲ (မှန်ပ့ါ)။
ဘာနဲ့ မြင်သတုံးဆိုတော့ မဂ်နဲ့မြင်ရမယ်၊ မဂ်နဲ့မြင်တော့ ဒီဟာတွေ ဒုက္ခသစ္စာတွေ တစ်ဆုံးသွားတော့ တစ်မဂ်ရ။ လေးခါထိအောင်ဆုံးသွားတော့ ရဟန္တာဖြစ်တယ် (မှန်ပါ့) ဒီနေရာမှာ မဂ်ကလေးထားပြီး ရှုပေါ့ဗျာ၊ ရှုလိုက်တဲ့ အခါ လေးခါဆုံးသွားတဲ့အခါကျတော့ ရဟန္တာဖြစ်တယ် (မှန်ပ့ါ)။
ရဟန္တာဖြစ်သွားတော့ သူရှုတဲ့ဉာဏ်သည် ဒုက္ခရှုစရာမရှိဘူး။ ဒုက္ခဆုံးသွားတယ်။ သူဘာနဲ့ နေမတုန်းလို့ မေးတော့ ဒကာ ဒကာမတို့ ဒီမှာကြည့် ဝေဒနာနိရောဓါ တဏှာနိရောဓေါ နိဗ္ဗာနံဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ထွက်လမ်း(မှန်ပ့ါ) ဝေဒနာချုပ်လို့ တဏှာချုပ်သွားတဲ့အခါကျတော့ နိဗ္ဗာန်ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ်)။
ဒုက္ခချုပ်လို့ရှိရင် နိဗ္ဗာန်ရှိတယ်
ဒါဖြင့် ဒကာကြွယ်က စဉ်းစား၊ မောင်ဘသော်က စဉ်းစား ဒုက္ခရှုစရာမရှိတော့ ဘယ်ဟာတွေ သူမြင်နေမလဲ မေးလို့ရှိရင် နိဗ္ဗာန်မြင်နေမှာပဲ (မှန်ပါ့) ဒါဖြင့် ဒုက္ခချုပ်လို့ရှိရင် နိဗ္ဗာန်ရှိတယ် (မှန်ပ့ါ)။
ဒုက္ခချုပ်လို့ရှိရင် (နိဗ္ဗာန်ရှိပါတယ် ဘုရား)။
ဒါကို သေသေချာချာမှတ်ကြပါနော် (မှန်ပ့ါ) ရှုလို့မဂ်ပေါ်လာတော့ ဒုက္ခမရှိတော့ဘူး။ မရှိတော့ ဒီဉာဏ်ဟာ ဘယ်ကိုလှည့်သွားသတုံး (နိရောဓသစ္စာဘက် လှည့်သွားပါတယ်) ဒါဖြင့် ဒုက္ခချုပ်အောင် ရှုနိုင်တဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်တွေ့ တာပဲ၊ နိဗ္ဗာန်ရှိတာပေါ့နော် (မှန်ပါ့)။
အဲဒါ ဒီပုဂ္ဂိုလ်သေသွားတဲ့အခါကျတော့ မဂ်လေးပါးရပြီး ရဟန္ဓာဖြစ်ဖို့ ပရိနိဗ္ဗာန်စံတဲ့ အခါကျတော့ နိဗ္ဗာန် ရောက်တာပေါ့ (မှန်ပ့ါ) ရှိတဲ့ နိဗ္ဗာန်ကို ရောက်တယ် (မှန်ပါရောက်ပါတယ် ဘုရား) မသေခင်တော့ မြင်ရော အမြင်နဲ့ ရောက်သွားတယ် (မှန်ပ့ါ) နောက် ရဟန္တာသေသွားတဲ့အခါကျတော့ နိဗ္ဗာန်ကို လူကိုယ်တိုင် သန္တိသုခသဘောရသွားတယ် (မှန်ပ့ါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒါဖြင့် ရဟန္တာသေရင် ဘာမှမဖြစ်ဘူးလား (မဟုတ်ပါဘူး) ဘာမှ မဖြစ်တော့ဘူး ယူတာလွဲတယ်။ ဘယ့်နှယ် ကြောင့် လွဲသတုန်းလို့ မေးတဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ်ဝဋ်ဒုက္ခ ပြတ်သွားချုပ်သွားလို့ရှိရင် နိဗ္ဗာန်ပဲလို့ သူမသိဘဲကိုး (မှန်ပ့ါ) ပဋိစ္စသမုပ္ပါဒ်က ဒုက္ခသစ္စာ (မှန်ပ့ါ) ပဋိစ္စသမုပ္ပပါဒ် တစ်ခုလုံး ဒုက္ခသစ္စာ၊ မယုံရွတ်ကြည့်ပါ ဒုက္ခက္ဓန္ဓဿလို့ ပါလိမ့်မယ် (မှန်ပါ့) အဝိဇ္ဇာပစ္စယာ အစ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ မသုဒယောဟောတိ ဆိုတော့ ဪ-တစ်ခုလုံး ဒုက္ခသစ္စာပါကလား (မှန်ပါ ဘုရား) ဒကာကြွယ် ရှင်းသွားပြီလား (ရှင်းပါပြီ ဘုရား)။
၂-နံပါတ်ကို ဆုံးအောင် ရှုလိုက်တော့
အဲဒီဒုက္ခတွေဆုံးအောင် ရှုနိုင်တဲ့ ဒကာ ဒကာမတွေသည်ကားလို့ဆိုရင် ၂-နံပါတ်ကို ဆုံးအောင် ရှုလိုက်တော့ ဉာဏ်ဘယ်ရောက်သွားပါလိမ့် နိဗ္ဗာန်ကို အာရုံပြုသွားတယ်။ အာရုံပြုသောအားဖြင့် သူမြင်နေရပြီ၊ ရှင်းပြီလား (ရှင်းပါပြီ) ဒါဖြင့် နိဗ္ဗာန်ဟာ ရှိ-မရှိ အကဲခတ်စမ်း (ရှိနေပါတယ် ဘုရား) နိဗ္ဗာန်ဟာ ရှိပြီး သကာလ နေတယ်ဆိုတာပေါ်နေပြီ (ပေါ်ပါတယ်)။ ဒုက္ခ မဆုံးသေးတဲ့ပုဂ္ဂိုလ်တော့ မတွေ့သေးဘူးပေါ့ဗျာ (မှန်ပ့ါ) ဒုက္ခလဲဆုံးသွားရော (နိဗ္ဗာန်တွေ့ပါတယ် ဘုရား)။
ဪ ဒါဖြင့် ရဟန္တာသေလို့ရှိရင် ဘာမှမဖြစ်ဘူးဆိုတဲ့ ဥစ္စာ နိဗ္ဗာန်မရှိဘူး ယူရာ မကျဘူးလား (ကျပါတယ်) ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူး၊ ယမကယူတဲ့ အယူဟာ နိဗ္ဗာန်မရှိဘူးလို့ ယူလိုက်တယ် (မှန်ပ့ါ) ဒါဖြင့် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တယ် (မှန်ပါ) သဘောပါပြီလား (ပါ-ပါပြီ)။
ဒါဖြင့် ယမကရဟန်းမှာ ဥစ္ဆေဒဒိဋ္ဌိ ရှိနေတော့ ဘုရားလက်ထက် ရှင်သာရိပုတ္တရာတို့ လက်ထက်မှာပဲ သူ့မှာ နိဗ္ဗာန်မရဘဲ ဖြစ်နေတယ် (မှန်ပါ့) ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ ခံနေတာနဲ့ သူ့မှာ မရနိုင်ဘဲ ဖြစ်နေတယ် (မှန်ပ့ါ) ဘယ်သူ တားပါလိမ့်မလဲ၊ နိဗ္ဗာန်မရအောင် ဘယ်သူက ကန့်ကွက်ပါလိမ့်မလဲ လို့မေးရင် ဘယ့်နှယ်ဖြေ ပါ့မလဲ (ဥစ္ဆေဒဒိဋ္ဌိက ကန့်ကွက်တာပါ ဘုရား) အဲ ဒိဋ္ဌိကန့်ကွက်တယ် (မှန်ပါ့)။
ဒါ့ကြောင့် ဒကာ ဒကာမတွေ ဒိဋ္ဌိအလျင်ခွါပြီးမှ ဝိပဿနာရှုပါ (မှန်ပါ့) သူ့မှာ ဝိပဿနာတော့ ရှုပါရဲ့ ဒိဋ္ဌိ မခွါမိလို့ ဒကာကြွယ်ရေ ကိုယ်ကျိုးနည်းနေတယ်။ (မှန်ပ့ါ) သဘောပါပြီလား (ပါပါပြီ)။
ရှုမှုကို ၂-နံပါတ်ထားပါ
ဒါဖြင့် ဝိပဿနာရှုမှုနဲ့ ဒိဋ္ဌိခွါမှု ၁-နံပါတ် ဘယ်သူ့ထားပါ့မယ် (ဒိဋ္ဌိခွါမှု ၁-နံပါတ်ထားရပါမယ် ဘုရား) အေး-ပြီးတော့မှ ရှုမှုကို ၂-နံပါတ်ထားပါ။ (မှန်ပ့ါ)။
ဒီအစဉ်ကိုဖြင့် နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်, ဒုက္ခသိမ်းချင်တဲ့ ပုဂ္ဂိုလ်, ဒုက္ခသိမ်းချင်တဲ့ ပုဂ္ဂိုလ်မှန်ပါက ဘယ်တော့ မဖျက်ပါနဲ့ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပ့ါ) အလကား ခင်ဗျားတို့ တောင်လုပ်၊ မြောက်လုပ်လုပ်နေပါနဲ့။ ဒီပဋိစ္စ သမုပ္ပါဒ် နားလည်အောင် နားထောင်ပါ။ ဒါဟာ ဒိဋ္ဌိစွဲတာပဲ (မှန်ပ့ါ) ကွာသွားပြီဆိုတော့ ရှုပါ(မှန်ပ့ါ)။
ကိုင်း ဒါဖြင့် ဒကာ,ဒကာမတို့ ဒီမှာ ပဋိစ္စသမုပ္ပါဒ်ရှိပါတယ်။ အတိတ်က အဝိဇ္ဇာသင်္ခါရ (မှန်ပ့ါ) ဒီနေရာမှာ သေတယ်၊ အတိတ်ဘဝက အဝိဇ္ဇာသင်္ခါရသမားဟာ ဒီနေရာမှာ မသေဘူးလား (သေပါတယ်) သေပြီးတော့ နိဗ္ဗာန် မရသေးတဲ့အတွက် ဝိဉာဏ်နာမ်ရုပ်သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဒုတိယဘဝပေါ်လာတယ်။ (ပေါ်ပါတယ် ဘုရား) အဲဒါကို ပစ္စုပ္ပန်အကျိုးတစ်လွှာလို့ ခေါ်တာပေါ့ဗျာ၊ ပစ္စုပ္ပန်ခန္ဓာကြီးပေါ်လာတယ် (မှန်ပ့ါ) မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။ ဘယ့်နှယ်ကြောင့် ပစ္စုပ္ပန်ခန္ဓာကြီး ပေါ်ရပါလိမ့်မတုန်းဆိုတော့ အတိတ်အကြောင်းတွေကြောင့် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အတိတ်အကြောင်း ဘာပေါ်လာသတုံး (ပစ္စုပ္ပန်ခန္ဓာကြီး ပေါ်လာပါတယ် ဘုရား) ပြတ်လား (မပြတ်ပါဘူး ဘုရား)။ ဟာ အကြောင်းပေါ့ဗျာ။ ဒီငါးခုက (အကျိုးပါ ဘုရား) အကျိုးဟုတ်တယ်၊ မဟုတ်တယ်လဲ ဒကာ ဒကာမတို့ ဒီမှာ အပြသားပဲ။ ဒီမှာ ပစ္စုပ္ပန်အကျိုးလို့ ပြထားတယ် (မှန်ပ့ါ) ဒါကအတိတ်အကြောင်း ဒါက ပစ္စုပ္ပန်အကျိုးဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ်) ပြတ်ကဲ့လား (မပြတ်ပါဘူး) အကြောင်းအကျိုးတော့ (ဆက်နေပါတယ် ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားပါတယ်
အဲ-ယမက ဒီလိုယူတာ မဟုတ်ဘူး၊ ပြတ်တယ်ပဲယူလိုက်တော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဘာဒိဋ္ဌိ ဖြစ်သွား သတုန်း (ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား)။
ဒါဖြင့် ဝိပဿနာ အားမထုတ်လို့ရှိရင် ပစ္စုပ္ပန်ဘဝမှာလဲ တဏှာ ဥပါဒါန် ကံတွေ ပြန်ပေါ်တယ် (ပေါ်ပါတယ် ဘုရား)။ ပေါ်တော့ ဒီအနာဂတ်နဲ့သွားဆက်တယ် (မှန်ပါ့) ဇာတိ၊ ဇရာ၊ မရဏတွေနဲ့ ဘယ့်နှယ်နေသတုံး (ဆက်ပါ တယ် ဘုရား) ကဲ-ဒါဖြင့် အဆက်ပြတ်တဲ့လား (မပြတ်ပါဘူး) မပြတ်လို့ ဒကာ ဒကာမတွေ ဒီမှာ အစပ်ကလေးတွေ ဆက်စပ်တာပြထားတယ် (မှန်ပ့ါ) ဒီဆက်စပ်တာပြလိုက်သဖြင့် ဥစ္ဆေဒဒိဋ္ဌိမဖြစ်အောင်လို့ ပြလိုက်တာ (မှန်ပ့ါ) ရှင်းပြီ လား (ရှင်းပါပြီ)။
ဒကာကြွယ် ဥစ္ဆေဒဒိဋ္ဌိဖြစ်သေးသလား (မဖြစ်ပါဘူး) ဪ-ဒီအကြောင်းနဲ့ ဒီအကျိုးဟာ ဘယ့်နှယ်တုန်း (ဆက်ပါတယ် ဘုရား)၊ ဒီလိုဆက်နေလို့ရှိရင် ဒီလိုပဲ ပြန်ဆက်မှာပဲ (မှန်ပါ့)။
ဒီလိုသိထားတော့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကြီးဟာ ဒီလိုပါလားလို့ သိထားတော့ ဥစ္ဆေဒဒိဋ္ဌိဝင်တယ် (မှန်ပ့ါ) ရှင်းပြီ လား (ရှင်းပါပြီ) ဥစ္ဆေဒဒိဋ္ဌိစင်လို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ) အကြောင်းအကျိုးတွေ ဆက်နေတယ်၊ အတိတ်နဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ် (ဆက်ပါတယ် ဘုရား) ဆက်မယ်ဆိုတာသိသဖြင့် ဘယ်ဒိဋ္ဌိ စင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိစင်သွားတယ်ဆိုတော့ ဒါဟာ ဘယ့်နှယ်ကြောင့် ဒကာကြွယ်တို့ မောင်ဘသော်တို့ နားလည်ပါလိမ့် မတုန်းဆိုတော့ ခန္ဓာပဋိစ္စသမုပ္ပါဒ်နားလည်လို့ (မှန်ပ့ါ) ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ်ကို ကျေပွန်သောကြောင့် ဥစ္ဆေဒဒိဋ္ဌိ မရှိပါဘူး (မှန်ပါ့)။
သဿတဒိဋ္ဌိလဲ နည်းနည်းခွါခွါပေးလိုက်ပါဦးမယ်
တစ်ခါ သဿတဒိဋ္ဌိလဲ နည်းနည်းခွါခွါပေးလိုက်ပါဦးမယ် ကြုံကြိုက်တဲ့ အချိန်မှာ ဒကာကြွယ်နော် (မှန်ပါ့)၊
အတိတ်ဘဝက ခန္ဓာကိုယ်ထဲမှာ အဝိဇ္ဇာသင်္ခါရတွေ ပြုလုပ်တယ်(မှန်ပါ)၊ ဒီဘက်မှာ ဝိညဏ်နာမ်ရုပ် သဋ္ဌာယ တနုဖဿဝေဒနာသာ ပါလာတယ်။ အဝိဇ္ဇာ သင်္ခါရကပါလာသေးရဲ့လား (မပါ,ပါဘူး ဘုရား)၊ မပါတော့ ဒီဘက်က တရားဟာ (မလိုက်ပါဘူး ဘုရား)၊ ဒီဘက်က တရားကလိုက်လာတယ်ဆိုရင် သဿဒိဋ္ဌိဖြစ်မယ် (မှန်ပါ)၊ တရားအထည် ကိုယ်ဒြပ်ကြီးတော့ လိုက်ကဲ့လား (မလိုက်ပါဘူး)၊ အကြောင်းအကျိုးတော့ဆက်တယ် (မှန်ပါ)၊
ဒီလိုတရားဒြပ်ကြီး မလိုက်ဘူးလို့ ယူဆသဖြင့် ဘယ်ဒိဋ္ဌိ စင်သွားသတုံး (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား)၊ သဿတဒိဋ္ဌိစင်သွားတယ်နော် (မှန်ပါ)၊ ဒီတရားက အတိတ်ဘဝက အတိတ်မှာပဲ ချုပ်ခဲ့တယ်။ ပစ္စုပ္ပန်ဘက်ကို လိုက်လာသေးရဲ့လား (မလိုက်ပါဘူး)၊ ဒီလိုသိလိုက်ပြန်တော့လဲ ဒကာကြွယ် ဘာစင်သတုန်း (သဿတဒိဋ္ဌိစင်ပါတယ်)၊ သဘောပါပလား (ပါပါပြီ)။
ကာလသုံးပါး ဘဝသုံးပါး အစပ်တွေ ကြည့်လိုက်ပြန်တော့လဲ ဥစ္ဆေဒဒိဋ္ဌိစင်တယ် (မှန်ပါ)၊ အတိတ်ကတရားတွေ အဝိဇ္ဇာသင်္ခါရတွေဟာ ပစ္စုပ္ပန်မှာဖြစ်တဲ့ ဝိညာဏ်နာမ်ရုပ်ထဲမှာ ပါလာသေးရဲ့လား (မပါ,ပါဘူး)၊ မပါတော့ ဒကာ ဒကာမတို့ ဒီဥစ္စာသည် လိုက်တယ်လို့ ဆိုမလား ဘယ့်နှယ် ဖြေကြမတုံး (မလိုက်ပါ ဘုရား)၊ မလိုက်ပါဘူး။
ဒီလိုသိလိုက် တော့၊ မလိုက်ဘူးလို့ သိတော့ ဘယ်ဒိဋ္ဌိ စင်သွားတယ်၊ ဒီတရားက ဒီလို လိုက်လာတယ် ဆိုရင်တော့ ခိုင်တယ် မြဲတယ် ယူမယ် (မှန်ပါ)၊ ဒီတရားမပျက်စီးဘူး ယူမှာပေါ့လေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
အဲဒါတွေ မသိဘဲနဲ့ အားထုတ်ပြီး သကာလ နေကြမယ်ဆိုရင် ဒကာကြွယ် ဒိဋ္ဌိမကွာရင် မဂ်ဖိုလ်မရနိုင်ဘူး၊ ပင်ပန်းရုံပဲ (မှန်ပါ)၊ ကုသိုလ်တော့ ရတာပေါ့လေ (မှန်ပါ)၊ အခုယမကမှာ ဥစ္ဆေဒဋ္ဌိရှိတာနဲ့ မဂ်ဖိုလ်ရသေးရဲ့လား (မရပါဘူး)၊ ရှင်ဆန္ဒကတော့ သဿတဒိဋ္ဌိရှိတာနဲ့ မရနိုင်ဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
အဲ့ဒါကြောင့် ဒီဒိဋ္ဌိတွေ မစင်ဘဲနဲ့ ခင်ဗျားတို့ ဘယ်လိုပဲအားထုတ် နေ့ရောညရော အားထုတ်မောရုံပဲ (မှန်ပါ)၊ ကုသိုလ်တော့ရပါရဲ့ နိဗ္ဗာန်တော့ မရဘူး (မှန်ပါ)၊ အဲ့ဒါ သေသေချာချာမှတ်ပါ (မှန်ပါ)။
သစ္စာအနုလောမိက ဉာဏ်တောင် မရပါဘူးတဲ့
ပါဠိတော်လိုချင်လို့ရှိရင် “ကိဉ္ဇိ သင်္ခါရံ နိစ္စတော ပဿတော အနုလောမ ခန္တိယာ သမန္နာဂတော ဘဝိဿ တီတိနေတံ ဌာနံ ဝိဇ္ဇတိ။” ဆိုတဲ့ဒေသနာတော် အင်္ဂုတ္တုရ်ပါဠိတော်မှာရှိတယ်နော် (မှန်ပါ)၊ တစ်စုံတစ်ခု သင်္ခါရကို နိစ္စလို့ ယူနေရင်(ဝါ) သဿတ ဒိဋ္ဌိရှိနေရင် သောတာပတ္တိမဂ် မပြောပါနဲ့ သစ္စအနုလောမိက ဉာဏ်တောင် မရပါဘူးတဲ့ (မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့အတွက်မှာဖြင့် ကိုယ်ကလဲ ဘာမှမပါတော့ ဒကာကြွယ် ဆရာကောင်းတွေ့ဖို့ သိပ် အရေးကြီးပါတယ် (ကြီးပါတယ် ဘုရား)၊ ကိုယ်က ဘာမှမပါတော့ ဘယ်သူပြောတာ ဟုတ်နိုးနိုး၊ ဟိုလူပြောတာ ဟုတ်နိုးနိုး၊ ဒီလူပြောတာ ဟုတ်နိုးနိုးနေရင်တော့ လွဲကုန်ပြီ (မှန်ပါ)၊ မလွဲပေဘူးလား (လွဲပါတယ်)၊ ဒီအလွဲတွေကြောင့်လဲ သံသရာ သိပ်ရှည်ပါတယ် (မှန်ပါ)။
ကိုင်း-ဒါဖြင့် ယမက-က ရဟန္တာသေရင် ဘာမှမဖြစ်တော့ပါဘူးလို့ ယူလိုက်တယ်။ ဘာဒိဋ္ဌိပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိ ပါ ဘုရား)။
ဒကာ ဒကာမတွေ ရှုကြည့်ပါ၊ ခန္ဓာငါးပါးကို ခင်ဗျားတို့ဉာဏ်နဲ့ ဖြစ်ပျက်ရှု့ကြည့်ပါ။ ဖြစ်ပျက်ဆုံးသွားရင် ဘယ်ရောက်မယ်ထင်တုံး (နိဗ္ဗာန်ရောက်ပါမယ်)၊ ဒါဖြင့် နိဗ္ဗာန်ရှိတာပေါ့၊ ဖြစ်ပျက် ဒီဘက်မှာ (မှန်ပါ)၊ ဝေဒနာနိရော တဏှာနိရောဓော နိဗ္ဗာန် (မှန်ပါ)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ကိုင်း- ရဟန္တာသေရင် ဘာမှဖြစ်မသွားဘူးလား ဒုက္ခချုပ်လို့ ချမ်းသာတဲ့သဘော ဖြစ်မသွားဘူးလား (ချမ်းသာတဲ့သဘော ဖြစ်သွားပါတယ်)၊ ဒါဖြင့် နိဗ္ဗာန်ရှိတာပေါ့ (မှန်ပါ)။
ရဟန္တာ သေရင် ဘာမှ မဖြစ်တော့ဘူးဆိုတော့ နိဗ္ဗာန်မရှိတဲ့ အဓိပ္ပါယ်ယူလိုက်တယ် (မှန်ပါ)၊ သူ့ကို ဘာဒိဋ္ဌိ ခေါ်ကြမတုံး (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ဒါဟာ ဘုရားလက်ထက် တော်မှာ ဦးဘအုန်း ရှိခဲ့တဲ့အယူ(မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ)။
ဝါဒဖြန့် သလိုဖြစ်နေတာပေါ့
ဒါနဲ့ သူက ရဟန္တာသေရင် ဘာမှမဖြစ်ဘူး။ ဘုရားဟောတော်မူတာ သူသိပါရဲ့နဲ့ ဟိုပြော ဒီပြောနဲ့ ဝါဒဖြန့် သလိုဖြစ်နေတာပေါ့ (မှန်ပါ)၊ အဲဒီကဲ့သို့ ဝါဒတွေ ဖြန်တော့ ရဟန်းတွေက ငါရှင် ပြောနေတာတွေ အလွဲတွေပါ။ ဘုရားဒီလိုမဟောပါဘူး။ ခန္ဓာဆုံးလဲ နိဗ္ဗာန်။ တဏှာဆုံးလည်း နိဗ္ဗာန်ဆိုတော့ နိဗ္ဗာန်ရှိနေတဲ့ဥစ္စာ၊ ခန္ဓာ, တဏှာဆုံးတဲ့ ဥစ္စာ နိဗ္ဗာန်ပဲ။
ငါရှင်ဟာက ဘာမှမဖြစ်တော့ဘူးဆိုတာ နိဗ္ဗာန်မရှိဘူးယူရာရောက်ပါတယ်။ အဲ့ဒါကြောင့် ဒီ အယူကို စွန့်ပါ။ မတော်ပါဘူး။ ဒါဟာ ဥစ္ဆေဒဒိဋ္ဌိခေါ်ပါတယ် – အဓိပ္ပါယ်မျိုးကိုဝိုင်းပြီး ပြောကြတော့ သူဟာ မစွန့်နိုင်ဘူးတဲ့။ ဘုရားဟောတာလည်း ဒီအတိုင်းပဲဟောတာ၊ သူအသိသားပဲ ဆိုတဲ့သဘောနဲ့ အတင်းပဲ ခံနေတယ် (မှန်ပါ)။
ဒါနဲ့ ဘေးက ရဟန်းတွေက ရှင်သာရိပုတ္ထရာကို သွားလျှောက်ကြတယ်။ “အရှင်ဘုရား ယမကတော့ဖြင့် ဒီလိုယူနေပါတယ်။ အဲဒါကြောင့် အရှင်ဘုရား ညနေကျလို့ရှိရင်ဘုရား၊ သနားသောအားဖြင့် ယမကရှိရာ သွားပေးပါ ဆိုတော့ ရှင်သာရိပုတ္တရာက ဆိတ်ဆိတ်နေပြီး ဝန်ခံလိုက်တယ် (မှန်ပါ)။
ဒါနဲ့ ညနေကျတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ယမက နေတဲ့ နေရာဌာနကို ကြွသွားပါတယ် (မှန်ပါ)၊ ယမက မင်းအယူကို ပြောစမ်းပါဦးလို့ မေးတော့ –
“တထဟံ ဘဂတာ ဓမ္မံ ဒေသိတံ အာဇာနာမိ။ ဟထာခီဏာသေဝေါ ဘိက္ခု ကာဃဿ သေဒါ ဥစ္ဆိာတိ ဝိနဿတိ, နှဟောတိ ပရံ မရဏာ။”
ဘာမှ မဖြစ်တော့ဘူးတဲ့
ဘုရားဟောတာ သူသိပါရဲ့တဲ့။ ရဟန္တာသေရင် မြတ်တာပဲ၊ ဘာမှ မဖြစ်တော့ဘူးတဲ့။ ဒီလို သူကဖြေလိုက်တယ် (မှန်ပါ)။
သူက ရဟန္တာကို ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ယူထားတာ (မှန်ပါ)၊ ဒီမှာကြည့်၊ ဒကာ ဒကာမတို့၊ စောစောရှင်းပြ ထားမယ်။ ဒီအထဲမှာ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ရဟန္တာရယ်လို့ အတ္တအနေဖြင့် ယူစရာမလိုပါဘူး (မှန်ပါ)၊ ဝိညာဏ်, နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေပဲရှိတယ်၊ ချုပ်တော့လဲ ဒါတွေပဲချုပ်သွား တာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ဒါတွေဟာ ရဟန္တာကော ဟုတ်ရဲ့လား သတ္တဝါအနေအားဖြင့် (မဟုတ်ပါဘူး ဘုရား)၊ ဒကာ, ဒကာမတွေကော ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား)။ ရုပ်နဲ့နာမ်-ခန္ဓာငါးပါးပါပဲ (မှန်ပါ)၊ ပဋိစ္စသမုပ္ပါဒ်အလိုလဲ ငါးပါးပဲ။ ခန္ဓာအလိုအား ဖြင့်လဲ ငါးပါးပဲ။ ရဟန္တာရယ်လို့ ပါရဲ့လား (မပါပါ ဘုရား)။ အဲ့ဒီတော့ မပါတော့ သူက ပုဂ္ဂိုလ်သတ္တဝါလုပ်ပြီး ဦးဘအုန်း ပြောနေတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ-ဒါနဲ့ ရှင်သာရိပုတ္တရာက ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတဲ့ဥစ္စာ ယူသလား။ ယူပါတယ်ဘုရား (မှန်ပါ)။
ဒီပုဂ္ဂိုလ်ဟာ တော်တော် ခက်နေပါပေါ့လား။ ဥစ္ဆေဒဒိဋ္ဌိယူနေပြီ။ ဒီတော့ ရှင်သာရိပုတ္တရာက မေးစိစစ်တော် မူရရှာတယ် (မှန်ပါ့)။
ကဲ့ ဒါဖြင့် ယမက ခန္ဓာငါးပါးရှိတယ်။ ရူပက္ခန္ဓာတစ်ခုကိုပဲမေးတယ် (မှန်ပါ)၊ ရုပ်ဟာ အနိစ္စလား နိစ္စလားလို့ မေးလိုက်တယ်။ ဒီလိုတော့ သူက နဂိုက အားထုတ်သိရှိထားတော့ အနိစ္စလို့ ဖြေတာပဲ (မှန်ပါ)၊ ဒုက္ခလား သုခလားလို့ မေးလိုက် ပြန်တော့ကော (ဒုက္ခပါ ဘုရား)၊ သူက အားထုတ်ထားတဲ့ ပုဂ္ဂိုလ်ကိုဖြေတာပေါ့ (မှန်ပါ)၊ သို့သော် ခုနကပြောသလို ဒိဋ္ဌိခံနေလို့သာ မဂ်ဖိုလ်မရတာ (မှန်ပါ)၊ အနတ္တလား အတ္တလားလို့ မေးလိုက်တယ် (အနတ္တပါ ဘုရား)။
သောတာပန်တည်တယ်
ဒီလိုနဲ့ မေးရင်းမေးရင်းနဲ့ ခန္ဓာဉာဏ်စိုက်ပြီး ကြည့်ရာက သောတာပန်တည်တယ်။ သောတာပန်တည်သွား တော့မှ ရှင်သာရိပုတ္တရာက ဆက်လက်ပြီး မေးတော်မူတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တဆုံးအောင် ရှု့လိုက်တာကိုး (မှန်ပါ)၊ ဆုံးအောင်လုပ်လိုက်တဲ့အခါကျတော့ သောတာပန်တည်ပြီး နိဗ္ဗာန်ကို ကိုယ်တိုင်မြင်လာပြီကိုး (မှန်ပါ)။
ဒီတွင်မှ ရှင်သာရိပုတ္တရာက ယမက မင်းဟာ ရုပ်ကို ရဟန္တာလို့ ဆိုမလားတဲ့။ မဆိုပါဘူးဘုရားလို့ ဖြေတယ်။ ရှင်းသွားပြီ။ ဒီကျတော့ ဒုက္ခသစ္စာမှန်း သိပြီ (မှန်ပါ)၊ ဝေဒနာကို ရဟန္တာလို့ဆိုမလား (မဆိုပါဘူး ဘုရား)၊ သညာ သင်္ခါရကော (မဆိုပါဘူး ဘုရား)၊ ဝိညာဏ်ကော (မဆိုပါဘူး ဘုရား)၊ ဒါဖြင့် ရုပ်က္ခန္ဓာမှ တစ်ပါးကို ရဟန္တာဆိုမလားလို့ မေးပြန်တယ်။ ဘယ်နှယ့် ပြောကြမလဲ (မဆိုပါဘူး ဘုရား)၊ ဝေဒနာက္ခန္ဓာမှတစ်ပါး ရဟန္တာဆိုမလား (မဆိုပါဘူး ဘုရား)။ ဒီလိုနဲ့ ခန္ဓာငါးပါးကို အကုန်မေးလိုက်တယ် (မှန်ပါ)။
ဒါဖြင့် ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါး အပေါင်းကို ရဟန္တာဆိုမလားလို့ မေးပြန်တယ် (မှန်ပါ)၊ မေးတော့ သူ ဘယ်နှယ့်ဖြေသတုံး (မဆိုပါဘူး ဘုရား)၊ အဲ ရဟန္တာရယ်လို့ မတွေ့ဘူး။ ခန္ဓာငါးပါးသာရှိတာကို သောတာပန်ဖြစ်လို့ သိသွားပြီ။ ဖြစ်ပျက် သိသွားပြီ (မှန်ပါ)၊ ဒါဖြင့် ရုပ်မှတစ်ပါး ဝေဒနာမှ တစ်ပါးတွေကို ရဟန္တာ ဆိုမလားလို့ မေးတော့ မဆိုပါဘူးဘုရားလို့ ဖြေတယ်။ ဒီကျတော့ ဒကာကြွယ် တည့်သွားပြီ (မှန်ပါ)။
မင်း နဂိုက ပြောတာကလေး ဟာ ဘယ်နှယ်တုံး
ဒါဖြင့် မင်းသည်ကားလို့ ဆိုလို့ရှိရင် ရဟန္တာသေလို့ရှိရင် ဘာမှမဖြစ်ဘူးဆိုတာ မင်း နဂိုက ပြောတာကလေး ဟာ ဘယ်နှယ်တုံး။ ဒီ-အဓိပ္ပါယ်မျိုးတွေပြန်ပြီး မေးပြန်တယ် (မှန်ပါ)၊ ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ကလေးဟာ ဘာတုံးလို့ မေးလိုက်ပါတယ် (မှန်ပါ)။
အဲဒီလို မေးလိုက်တဲ့အခါကျတော့ အလျင်တုန်းကတော့ ဒီလို ဒိဋ္ဌိဖြုတ်ပေးမည့်သူကလဲ မေတွေ့ခဲ့တော့ ဝိပဿနာသာ ရှု့နေရတယ်၊ သူ့မှာ ပုဂ္ဂိုလ်သတ္တဝါ ဖြစ်နေတယ် (မှန်ပါ)၊ အခုတော့ဖြင့် ပုဂ္ဂိုလ်သတ္တဝါရယ်လို့ မရှိတော့ ရဟန္တာရယ်လို့လည်း မရှိဘူး။ ရဟန္တာဆိုတဲ့အခေါ်ဟာ ပုဂ္ဂိုလ်သတ္တဝါထဲကကိုး (မှန်ပါ)။
ပုဂ္ဂိုလ်သတ္တဝါ နဂိုကမူ ရှိရင်းစွဲ မဟုတ်တော့ မရှိပါဘူးလို့ ဖြေရမှာပဲ (မှန်ပါ)၊ အရှင်ဘုရားတည်းဟူသော ဆရာကောင်းနဲ့တွေ့လို့ တပည့်တော်မှာ ကောင်းကောင်း မွန်မွန်အယူမှန်ကန်ပြီး သောတာပန်အဖြစ်သို့ ရောက်ပါမယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ သူ ကျေးဇူးတင်တယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အနိစ္စ, ဒုက္ခ, အနတ္တ လက္ဓဏာရေးသုံးပါ အရှု့ခိုင်းလိုက်တော့ သူ့မှာ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ရဟန္တာ ဆိုတဲ့ သမုတိက ပျောက်သွားတယ်။ ပျောက်ကတည်းက ဥစ္ဆေဒဒိဋ္ဌိက လွတ်နေပြီ (လွတ်ပါတယ် ဘုရား)၊ မလွတ်သေး ဘူးလား (လွတ်ပါတယ် ဘုရား)၊ ရဟန္တာသေစရာလဲ မရှိတော့ဘူး (မှန်ပါ)။
အခုများ မေးခဲ့ရင် ဘယ်နှယ့်ဖြေမတုံး
ရဟန္တာရယ်လို့ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ မရှိအောင် ဟောထားတော့ ရဟန္တာသေစရာကော (မရှိပါဘူး ဘုရား)၊ အဲဒီကတည်းက လွတ်သွားတယ် (မှန်ပါ)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ အားလုံးသော ရဟန်းတွေကလည်း နဂိုတုန်းက ယမကဟာ ဒိဋ္ဌိယူနေတယ်လိုပ ပြောကြတယ်။ ဒီတော့ မင်းကိုဘေးက ရဟန်းတွေက မေးကြလိမ့်မယ် ငါရှင် ယမက ရဟန္တာသေရင် ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္စာ ရှင်ယမက နဂိုတုန်းက (ပြောဖူးပါတယ်)၊ အခုများ မေးခဲ့ရင် ဘယ်နှယ့်ဖြေမတုံး (မှန်ပါ)။
ဒီလိုမေးခဲ့ရင် တပည့်တော် ဒီလိုဖြေပါ့မယ်ဘုရားလို့လျှောက်တယ် (မှန်ပါ)၊ မေးလို့ရှိရင် တပည့်တော် ဒီလိုဖြေ ပါ့မယ်ဆိုတော့ မသိခင်က ဖြေမှာလား အခု နိဗ္ဗာန်သိပြီးမှဖြေမျာလား (နိဗ္ဗာန် သိပြီးမှ ဖြေမှာပါ)၊ ခန္ဓာငါးပါးဟာ အနိစ္စတရားလို့ တပည့်တာ်သိပါပြီတဲ့။ အဲ့ဒီ အနိစ္စတရားဟာ ဒုက္ခပါတဲ့ (မှန်ပါ)၊ အဲဒီတော့ ဒုက္ခတွေချုပ်သွားပြီ၊ ဒုက္ခတွေကုန်သွားပြီလို့ တပည့်တော် ဖြေရုံမှတစ်ပါး ဘာမှမရှိပါဘူးတဲ့ (မှန်လှပါ ဘုရား)။
ရဟန္တာသေရင် ဘယ်သွားသတုံးမေးရင်ဖြင့် ဒုက္ခချုပ်သွားပြီ ဒုက္ခကုန်သွားပြီ။ ဒါပဲ ဖြေမယ် (မှန်လှပါ ဘုရား)။
ပျောက်သွားတယ်, ပြတ်သွားတယ်လို့ ဖြေသလား ဒုက္ခချုပ်သွားပြီ ကုန်သွားပြီလို့ ဖြေသလား (ဒုက္ခကုန်သွားပြီ လို့ ဖြေပါတယ် ဘုရား)။
ဒုက္ခချုပ်တာဘာခေါ်မတုံး
ဒါဖြင့် ဒုက္ခချုပ်သွားပြီ ဒုက္ခကုန်သွားပြီဆိုတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဒုက္ခချုပ်တာဘာခေါ်မတုံး (နိဗ္ဗာန်ပါ ဘုရား)၊ အဲ သူက နိဗ္ဗာန်ကိုဖြေတယ် (မှန်ပါ)၊ နိဗ္ဗာန်ရှိတဲ့အကြောင်း ဖြေလာတယ် (မှန်ပါ)၊ ဒီအချိန်မှာ သူဟာ သောတာပန်တည်ပြီးပြီလို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ ဘုရား)။
ဒါကြောင့် အရင်တုန်းကတော့ဖြင့် ပုဂ္ဂိုလ်သတ္တဝါလို့ယူနေတဲ့ ဒိဋ္ဌိရှိနေလို့ (သက္ကယဒိဋ္ဌိ)၊ ခန္ဓာငါးပါးကို ရဟန္တာ လုပ်ယူနေတယ် (မှန်ပါ)။
ခန္ဓာငါးပါးကို ဘာလုပ်ယူနေသတုံး (ရဟန္တာလုပ်ပြီးယူနေပါတယ် ဘုရား)၊ ခန္ဓာငါးပါးကို ရဟန္တာလုပ်နေတော့ ပုဂ္ဂိုလ်ဖြစ်နေတယ်။ အတ္တစွဲ သက္ကာယစွဲဖြစ်နေတယ် (မှန်ပါ)၊
ပုဂ္ဂိုလ်သတ္တဝါဆိုတော့ နဂိုကမရှိတော့ ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးဆိုတော့ နဂိုက မရှိတာကို မရှိသလို ပြောနေတယ် (မှန်ပါ)၊ နဂို ပုဂ္ဂိုလ်ရယ်လို့ မရှိတာကို မရှိ သလို ပြောနေတယ်။ အဓိပ္ပါယ်မပါလှတဲ့ စကားတွေပေါ့ဗျာ (မှန်ပါ)၊ သဘောပါပလား(ပါပါပြီ)။
ကိုင်း-ဒါဖြင့် ဒကာကြွယ် သေသေချာချာ စဉ်းစားတော့ ပုဂ္ဂိိုလ်သတ္တဝါဆိုတာ နဂိုကရှိရဲ့လား (မရှိပါဘူး) နဂိုကမရှိတော့ ပုဂ္ဂိုလ်သတ္တဝါရှိတယ်လို့ ယူလိုက်လို့ရှိရင်ဖြင့် ဒါဟာ သဿတဒိဋ္ဌိဖြစ်စေ, ဥစ္ဆေဒဒိဋ္ဌိဖြစ်စေ တစ်ခုခုလာ တာ့မယ် (မှန်ပါ)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
ခင်ဗျားတို့တွင်ပဲ ကြည့်ကြပါဦး အင်း မည်သူဖြင့် အသက်ထွက်သွားပြီ။ ပုဂ္ဂိုလ်သတ္တဝါယူထားတော့ အသက် ထွက်သွားပြီတဲ့ (မှန်လှပါ ဘုရား)၊ ဒကာကြွယ် သဿတဒိဋ္ဌိသူပြောနေတယ် (မှန်ပါ ပြောပါတယ် ဘုရား) ဘယ်သူတုန်း ဆိုတော့ အို-ဘယ်သူဘယ်ဝါပေါ့တဲ့ (မှန်ပါ)၊
ဒါဟာ ဘယ်က လာတာပါလိမ့် (သဿတဒိဋ္ဌိက လာတာပါ ဘုရား)၊ သဿတဒိဋ္ဌိက လာတာတော့ဟုတ်ပြီ။ ဒီ သဿတဒိဋ္ဌိဘယ်က လာသတုန်းလို့မေးရင် ပုဂ္ဂိုလ်သတ္တဝါက လာတယ် (မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အသက်ထွက်သွားပြီတဲ့
ပုဂ္ဂိုလ် သတ္တဝါကလာတာ ဖြစ်နေတော့ ဘယ်သူဖြင့် အသက်ထွက်သွားပြီတဲ့။ အသက်က ထွက်သွားတဲ့ အဓိပ္ပါယ်ပြောနေတာ သူသဿတဒိဋ္ဌိသုံးတယ်၊ (သုံးပါတယ် ဘုရား)၊ မသုံးဘူးလား (သုံးပါတယ် ဘုရား)၊ ဘယ်သူတုန်းလို့ မေးလို့ရှိရင် မည်သူမည်ဝါလို့ သူ့နာမည် တပ်လာတယ် (တပ်ပါတယ် ဘုရား)၊ တပ်တော့ ပုဂ္ဂိုလ်ထွက်လာတယ် (မှန်ပါ)။ ပုဂ္ဂိုလ်ရှိလို့ အသက်ထွက်တယ်ဆိုတဲ့ ဒိဋ္ဌိလာတယ် (လာပါတယ် ဘုရား)။
အဲဒါမျိုးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်တော့မှ မသုံးပါလေနဲ့ (မှန်ပါ)၊ အသက်ဟာ ထွက်သွားတယ်လို့ ထုံးစံမရှိ၊ ဒီနေရာဖြစ်၍ ဒီနေရာချုပ်တယ်မှတစ်ပါး၊ ဘာမှမရှိ (မှန်ပါ)၊ အသက်ဆိုတောသည် ရုပ်ဇီဝိတိန္ဒြေ, နာမ်ဇီဝိ တိန္ဒြေတို့ကိုခေါ်တယ် ဦးဘအုန်း (မှန်ပါ)၊ ဇီဝိတရုပ်နဲ့ ဇီဝိတိန္ဒြေနာမ်ကို ခေါ်ပါတယ်။ အဲဒါကလေးက ဒီနေရာဖြစ်၍ ဒီနေရာမှာချုပ်တာ ဒကာကြွယ် ဘယ်မှာ ထွက်သွားရမလဲ၊ ထွက်စရာရှိရဲ့လား (မရှိပါဘူး)၊ သူလဲ ဖြစ်ပျက်ပဲ မဟုတ်လား (မှန်ပါ)၊
ဖြစ်ပြီးပျက်တဲ့ အနိစ္စကြီးဟာ ဘယ်မှာထွက်မတုံး (မှန်ပါ)၊ အဲဒါ ဒကာကြွယ်တို့ လူစုတွေက ပုဂ္ဂိုလ်သတ္တဝါ ပေါ်လာရင် အသက်ထွက်ပြီဆိုတာ လာတာပဲ (မှန်ပါ)၊ ဘယ်သူ အသက်ထွက်သွားသလဲ ဆိုတော့ ဘယ်သူဆိုကတည်းက ပုဂ္ဂိုလ်ကပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊
ပေါ်လာလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်ပေါ်ရင်ဖြင့် အသက်ထွက်တယ်ဆိုတာ လာမှာပဲ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ)၊ အဲဒါ ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ)။
ဘယ်မှာတုံး အသက်ရယ်လို့ ပါရဲ့လား
ဒီမှာကြည့်ပါလား ဒကာ ဒကာမတို့ အတိတ် ဘဝက အဝိဇ္ဇာသင်္ခါရဆိုတဲ့ ဒီဟာ နှစ်ခုကြောင့် ဒီဘဝမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပေါ်တယ် (မှန်ပါ) မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ဘယ်မှာတုံး အသက်ရယ်လို့ ပါရဲ့လား (မပါပါဘူး)၊ မပါပါဘူးတဲ့၊ ဒါဟာ အတိတ် ဘဝကနေပြီး အကြောင်းဆိုက်လိုက်လို့ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ပေါ်တာပဲ (မှန်ပါ)။ အသက်က ဒီဘက်ကို ပြောင်းလာတယ်လို့ ရှိရဲ့လား (မရှိပါဘူး ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ပြောနေကြတာ ဘဝပြောင်းတယ်ဆိုတာ သေသေချာချာလွဲတယ် (မှန်ပါ)၊ ဘဝပြောင်း တယ်ဆိုကတည်းက အထုတ်ထမ်းပြီးပြောင်းတယ်လို့ယူတာ (မှန်ပါ)၊ အထုပ်ထမ်းပြီးပြောင်းတယ်ဆိုကတည်းက ဒီလူပဲ ဟိုဘက်သွားတဲ့ အဓိပ္ပါယ်ရနေတယ် (မှန်ပါ)၊ အဲဒါကြောင့် အတည်မကျဘဝတစ်ပါးသို့ ပြောင်းသွားတယ် ဆိုတာလဲ သဿတဒိဋ္ဌိပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီ ဒိဋ္ဌိတွေသာရှိနေလို့ မခွါနိုင်ရင် ခင်ဗျားတို့ အာပေါက်အောင် အားထုတ် မဂ်ဖိုလ်တော့ မရဘူး (မှန်ပါ)၊ အဲဒီတော့ ဒီ ဒိဋ္ဌိတွေခွါရန် ဒီပဋိစ္စသမုပ္ပါဒ်ကို နားလည်ရမယ် (မှန်ပါ)၊
အတိတ်ဘဝက အဝိဇ္ဇာသင်္ခါရကို အားထုတ်ခဲ့တဲ့ အတွက် ဒီဘဝမှာ ဘာပေါ်သတုန်း (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပေါ်ပါတယ်)၊ ဒီဘဝမှာလဲ ဒကာ, ဒကာမတွေက အငြိမ်နေသောကြောင့် ဘာတွေ အားထုတ်နေပြန်သတုန်း (တဏှာ ဥပါဒါန်တွေ အားထုတ်ပါ တယ်)၊
ဒါတွေ အားထုတ်လိုက်တော့ စုတေမနေ သေလွန်တဲ့အခါမှာ အနာဂါတ်မှာ ဘာဖြစ်သတုန်း (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဖြစ်ပါတယ်)၊ ဒါလဲ အကြောင်းအကျိုးဆက်တာပဲ မြားက ပြတယ် (မှန်ပါ)၊ ဘဝပြောင်းဆိုတာ ပါသေးရဲ့လား (မပါပါဘူး)၊ ဘဝပြောင်းပါလို့ရှိရင် သဿတဒိဋ္ဌိ (မှန်ပါ)။
ဒီအယူကို ဖြုတ်ပစ်ကြပါ
အဲ့ဒါကြောင့် ခင်ဗျားတို့ ဒီအသုံးအစွဲ ဒီအယူကို ဖြုတ်ပစ်ကြပါ (မှန်ပါ)၊ ဘဝပြောင်းဆိုတာ ဝိပဿနာ အရာမှာမဂ်ဖိုလ်ရအောင် လုပ်တဲ့နေရာမှာ သိပ်ဆိုးပါတယ် ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)၊ အဲဒီဘဝပြောင်း အယူမစွန့်နိုင်လို့ပြောင်းတယ်လို့ တကယ် ယူနေရင်တော့ ခင်ဗျားတို့ ဝိပဿနာအလုပ်ကို အာပေါက်အောင်အားထုတ် ဘယ်တော့မှ နိဗ္ဗာန်မရလို့ မှတ်ပါ (မှန်ပါ)။
ဘာဒိဋ္ဌိခံနေလိုပလဲ (သဿတဒိဋ္ဌိခံနေပါတယ် ဘုရား)၊ ဦးဘအုန်း ရှင်းပလား (ရှင်းပါပြီ)။ အတော်အရေးကြီးတယ်၊ လူအများနဲ့ကော မဆက်ဆံဘူးလား (ဆက်ဆံပါတယ် ဘုရား)၊ ဆက်ဆံဆို အကုန် လိုလိုပဲ ဘဝပြောင်းသွားလေပြီလို့ ယူကြတယ် (ယူကြပါတယ် ဘုရား)။
ဘဝပြောင်းသွားသလား ဆိုတော့ ဒီမှာကြည့်ပါလား အတိတ်ဘဝက ဘာတုန်း (အဝိဇ္ဇာသင်္ခါရပါ)၊ ဒီဘဝ စုတေတော့ ဒီဘက်ဘဝမှာ ဘာပေါ်သတုန်း (ခန္ဓာငါးပါးပေါ်ပါတယ်)၊ အဲ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပေါ်တယ် (မှန်ပါ)၊
ဘယ်မှာတုန်း ဒီဘက်ဘဝကဟာတွေ လိုက်ရဲ့လား (မလိုက်ပါဘူးပါ ဘုရား)၊ ဒါလိုက်ရင် ပြောင်းတယ်လို့ ဆိုမှာပေါ့ (မှန်ပါ)၊ ပြောင်းနိုင်ရဲ့လား (မပြောင်းနိုင်ပါဘူး)၊ မပြောင်းနိုင်ဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ)။
သူတို့က ဖြစ်တဲ့နေရာမှာ ချုပ်ကြတာပဲ
တစ်ခါ ဒီဘဝမှာလည်း ခင်ဗျားတို့က ခန္ဓာငါးပါးဆိုတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာထဲက တဏှာ ဥပါဒါန်ကံတွေက ပေါ်ကြပြန်တယ် (ပေါ်ပါတယ် ဘုရား)၊ ပေါ်ပြန်တော့ စုတိမနေ သေလွန်သွားတဲ့အခါ ဇာတိ ဇရာမရဏ ရတယ်ဆိုတော့ သူတို့ လိုက်သေးသလား (မလိုက်ပါဘူး ဘုရား)၊ မလိုက်ပါဘူး၊ သူတို့က ဖြစ်တဲ့နေရာမှာ ချုပ်ကြတာပဲ (မှန်ပါ)။ တဏှာ တဏှာဖြစ်တဲ့ နေရာမှာ ချုပ်၊ ဥပါဒါန်ကကော (ဥပါဒါန်ဖြစ်တဲ့နေရာမှာ ချုပ်ပါတယ်)၊ ကံကကော (ကံဖြစ်တဲ့နေရာမှာပဲချုပ်ပါတယ် ဘုရား)၊ ဒီတော့ လိုက်သေးရဲ့လား (မလိုက်ပါဘူး)၊ ဒီဘက်လိုက်လို့ရှိရင် ဒီထဲမှာဘဲ ရေးရဦးမှာလေ၊ တဏှာ, ဥပါဒါန် ကံလို့ ရေးရမယ် (မှန်ပါ)၊ ရေးဖို့လိုသေးသလား (မလိုပါဘူး)၊ ဒီဘက် ပေါ်တာက ဇာတိ ဇာရာ မရဏပဲ ပေါ်ပါတယ် (မှန်ပါ)၊ ဒါကြောင့် ဒီမှာကြည့်ပါ ဝိပါကဝဋ်ရှစ်ပါးဆိုပြီး ဒီကငါးပါးနဲ့ ဒါပဲရေးတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ယမကယူတာ ဦးဘအုန်း လွဲ-မလွဲ (လွဲပါတယ် ဘုရား)၊ ဘယ်နှယ့်ကြောင့် လွဲရပါလိမ့်မတုံးဆိုတော့ ပုဂ္ဂိုလ်သတ္တဝါနဲ့ ယူထားလို့ (မှန်ပါ ဘုရား)၊ နဂိုက ပုဂ္ဂိုလ်သတ္တဝါဆိုတာ အတိတ်ဘဝကကော ပါရဲ့လား (မပါပါဘူး)၊ ယခုဘဝမှာကော (မပါ-ပါဘူး)၊ ယခုဘဝ အားထုတ်တဲ့အထဲမှာကော (မပါပါဘူး)၊ နောက်ပေါ်တဲ့ ဘဝထဲမှာကော (မပါ-ပါဘူး)။ ပုဂ္ဂိုလ်သတ္တဝါ မပါဘူး (မှန်ပါ)။
သက္ကာယဒိဋ္ဌိက လာနေတယ်
အဲ ပုဂ္ဂိုလ်သတ္တဝါမရှိဘဲနဲ့ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတော့ ပုဂ္ဂိုလ် သတ္တဝါဆိုတဲ့ သက္ကာယဒိဋ္ဌိက လာနေတယ် (မှန်ပါ)။ ရှင်းပါလား (ရှင်းပါပြီ)။
အဲဒါကြောင့် ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးဆိုတာက ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ)၊ ဘဝ ပြောင်းသွားတယ်ဆို တာက (သဿတဒိဋ္ဌိပါ)။ သေရင် ဘာမှမဖြစ်ဘူးယူတာက (ဥစ္စေဒဒိဋ္ဌိပါ ဘုရား)။ အဲဒီ ဒိဋ္ဌိနှစ်ခု တစ်ခုခု ရှိနေရင် ခင်ဗျားတို့ နိဗ္ဗာန်မရနိုင်ဘူး (မှန်ပါ)။ တရားအားထုတ်လို့ မဂ်ဖိုလ်တော့ မရနိုင်ပါဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကမ္ဘာများစွာက ဘုရားအဆူဆူ ပွင့်တော်မူကြတာ ဂင်္ဂါသဲမှုန်နဲ့အမျှ ပွင့်သွားတော်မူကြတယ် (မှန်ပါ)၊ ဒီအထဲမှာ ကျုပ်တို့မပါတာ ဒိဋ္ဌိနှစ်ခု တစ်ခုခုခံနေလို့ (မှန်ပါ ဘုရား)၊ ဒီဘဝမှာလည်း ဆရာသမားများက ကောင်းကောင်းမွန်မွန် ရှင်းမပေးသေးလို့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီး ပြောမပေးရင် ဒကာကြွယ် ဒီ ဒိဋ္ဌိဟာ ရှိနေသေးတာပဲ (ရှိပါတယ် ဘုရား)၊ ဘဝပြောင်းဆိုတဲ့အယူ ရှိနေတယ် (မှန်ပါ)။
ဘဝပြောင်းသလားဆိုတော့
အခုသိရတော့ ဘဝပြောင်းသလားဆိုတော့ ဒကာ, ဒကာမတို့ ကြည့်ပါလား ပြောင်းနိုင်သေးရဲ့လား (မပြောင်း နိုင်ပါဘူး)၊ ဒါဘာဘဝတုံး (အတိတ်ဘဝပါ)၊ အတိတ်ဘဝက အဝိဇ္ဇာသင်္ခါရ (မှန်ပါ)၊ ဒီဘက်မှာ ဝိညာဏ်နာမ်ရုပ် ပေါ်တယ် (မှန်ပါ)၊ ဒါတွေ အတိတ်ကဟာတွေ လိုက်လာသေးသလား (မလိုက်ပါဘူး)၊ လိုက်လာရင်တော့ ပြောင်းတယ်ဆို ရမှာပေါ့ (မှန်ပါ)၊ မလိုက်ရင်တော့ (မပြောင်းပါဘူး)၊ မပြောင်းပါဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်ခါ တဏှာ ဥပါဒါန်ကံတို့ကြောင့် အနာဂတ် ဘဝလေးမလာဘူးလား (လာပါတယ်)၊ ဒီကဟာတွေ ပြောင်း သေးရဲ့လား (မပြောင်းပါဘူး)၊ မပြောင်းရင် ဒီတွင်ချုပ်ရမယ် (မှန်ပါ)၊ နာမ်ရုပ်တွေမဟုတ်လား၊ နာမ်ရုပ်ဆိုတာ ဖြစ်တဲ့နေရာမှာပဲချုပ်တယ် (မှန်ပါ)၊ ဘယ်မှ မပြောင်းနိုင်ဘူး (မှန်ပါ)၊ သေတဲ့နေရာမှာချုပ်၊ ဖြစ်တဲ့နေရာမှာပျက်၊ ဘယ်မှမပြောင်းဘူးဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခု ဝိပဿနာလုပ်ကြည့်တော့ ဒကာကြွယ်တို့ ဒီနားမှာပေါ်တဲ့ ဝေဒနာကလေးဟာ ဟိုနေရာရွှေ့ပြီးများ ပျက်သေးသလား (မပျက်ပါဘူး ဘုရား)၊ ဒီနေရာဖြစ်ပြီးတော့ ဒီနေရာတွင်ပဲ ပျက်တာပဲ (မှန်ပါ)၊ စိတ်ကလေးကြည့် လိုက်ပြန်တော့ (ဒီနေရာဖြစ်ပြီး ဒီနေရာပျက်တယ်)၊ ရုပ်ကလေး၊ ကြည့်လိုက်ပြန်တော့ (ဒီနေရာဖြစ်, ဒီနေရာမှာဖြစ် တယ်)၊ ဒီခန္ဓာ ငါးပါးရှိတာပဲ၊ အခုပျက်တာတွေကြည့်တော့ ဘယ်များပြောင်းသေးသတုံး (မပြောင်းပါဘူး ဘုရား)၊ ဟိုဘဝက ဒီဘဝကို ပြောင်းနိုင်ရဲ့လား (မပြောင်းနိုင်ပါဘူး)။ ပြောင်းလို့ရှိရင် အနိစ္စတရားလို့ ဟောဖို့တောင် မလိုဘူး (မှန်ပါ)၊ ဒုက္ခသစ္စာတရားလို့ကော (ဟောဖို့မလိုပါဘူး)၊ အနတ္တတရားလို့ကော (ဟောဖို့မလိုပါဘူး)၊ အဲဒါ အနိစ္စ ဒုက္ခ အနတ္တ ကန့်ကွက်တဲ့ဒိဋ္ဌိ (မှန်ပါ)၊ သဘောပါလား (ပါပါပြီ)။
ဘယ်သူ့ကို ကန့်ကွက်ပါလိမ့်
ဘယ်သူ့ကို ကန့်ကွက်ပါလိမ့် (အနိစ္စ ဒုက္ခ အနတ္တကို ကန့်ကွက်ပါတယ်)၊ အနိစ္စ ဒုက္ခ အနတ္တဟာ နိဗ္ဗာန်ရောက် ကြောင်းတရား၊ အဲဒါကို သူက ကန့်ကွက်လိုက်တယ် (မှန်ပါ)၊ သဿတဒိဋ္ဌ, ဥစ္ဆေဒဒိဋ္ဌိက ကန့်ကွက်ခြင်းကြောင့် ခင်ဗျားတို့ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ ဝိပဿနာကို ရှေ့ထား မရှုပါနဲ့ဦး။ ဒိဋ္ဌိခွါမှု ပဋိစ္စသမုပ္ပါဒ် နားလည်မှုကို ရှေ့ထားပါဆိုတာ ပြောရပါတယ် (မှန်ပါ ဘုရား)၊ ရှင်းပြီလား (ရှင်ပါပြီ ဘုရား)။
ဒါကလဲ ဒကာကြွယ် မလွယ်ဘူးနော်။ မလွယ်ဘူး။ မလွယ်ဘူး ပဋိစ္စသမုပ္ပါဒ်ဆိုတာလဲ ခင်ဗျားတို့ ဒီအတိုင်းကြီးကို ယူမနေခဲ့နဲ့ဦး၊ ခင်ဗျားတို့ ခန္ဓာဟာ အတိတ်က ဒီလိုဖြစ်ခဲ့တယ်၊ ယခု ဒီအထဲမှာလို့ သိရမယ် (မှန်ပါ)၊ ဒီအထဲမှာ ယခု ဝိပဿနာ အားမထုတ်ဘဲ ပုဂ္ဂိုလ် ဒါတွေ ပေါ်နေတယ် (မှန်ပါ)၊ စုတေလို့ရှိရင် ခင်ဗျားတို့ ဒါတွေရလိမ့်မယ် (မှန်ပါ)၊ ဒါခင်ဗျားတို့၏ ခန္ဓာထဲမှာ ဒီအစဉ်တွေ ရှိနေတယ်လို့ ပြောတာ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။
ကိုင်း-ဒါဖြင့် ယမကကို ရှင်သာရိပုတ္တရာက ပေးလိုက်ကတည်းက ရုပ်ကို ပုဂ္ဂိုလ်ခေါ်မလား၊ မခေါ်ပါဘူးလို့ သူဖြေတယ်၊ ဝေဒနာကို ရဟန္တာခေါ်မလား (မခေါ်ပါဘူး)၊ အဲဒါ ပုဂ္ဂိုလ်သတ္တဝါ ပျောက်အောင် လုပ်ပစ်လိုက်တယ် (မှန်ပါ)။
ပုဂ္ဂိုလ်သတ္တဝါပျောက်အောင် လုပ်ပစ်လိုက်တဲ့ အခါ
ဦးဘအုန်း ဘာလုပ်ပစ်သတုံး ပုဂ္ဂိုလ် သတ္တဝါပျောက်အောင် လုပ်ပစ်လိုက်တဲ့ အခါကျတော့ ရဟန္တာကို ပုဂ္ဂိုလ်စွဲထားတာ ပျောက်သွားတယ် (မှန်ပါ)၊ အဲဒီ ပျောက်တဲ့ အချိန်ကျတော့မှ အနိစ္စ ဒုက္ခ အနတ္တ ဟောချလိုက်တာ။ သဘောကျပလား (ကျပါပြီ ဘုရား)။
အနိစ္စ ဒုက္ခ အနတ္တ ဟောလိုက်တော့ သူက နဂိုကလည်း ကျင့်သားရပြီးသားဖြစ်တော့ ဒိဋ္ဌိအလျင်ဖြုတ်ပြီး ဟောလိုက်တော့ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာထိအောင် ဖြစ်သွားတာ (မှန်ပါ)။
ဒီတော့မှ ယမက နဂိုက ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူး။ ဘုရားဟောတာ ငါသိပါတယ်လို့ ပြောခဲ့တာ ဟာ အခုမင်းကို မေးရင် ဘယ်နှယ့်ဖြေမတုံး ဆိုတော့ ဦးဘအုန်း ပုဂ္ဂိုလ်သတ္တဝါကိုထည့်ပြီး ဖြေသေးရဲ့လား (မဖြေပါ ဘူး)၊ အကြင် ရုပ်တရားဟာ အနိစ္စပါ၊ အကြင် ဝေဒနာတရားဟာ အနိစ္စပါ၊ ထိုအနိစ္စဖြစ်တဲ့ တရားဟာ ဒုက္ခပါပဲ (မှန်ပါ)၊ အဲဒီ ဒုက္ခတွေ ချုပ်သွားတယ် ကုန်သွားတယ်လို့ တပည့်တော် ဖြေမှာပါဘုရားတဲ့ (မှန်ပါ ဘုရား)။
ရဟန္တာဆိုတဲ့ ပုဂ္ဂိုလ်သတ္တဝါ အယူကိုဖြုတ်ပြီးတဲ့ အခြားမဲ့မှ အမှန်ပြောလာတယ် ဒုက္ခချုပ်သွားပြီလို့ ပြောလိုက် တယ် (မှန်ပါ)။ ဒုက္ခချုပ်သွားတော့ ဒုက္ခနိရောဓော နိဗ္ဗာန်ပေါ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်နားလည်ရမယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမလုပ်ခင် ပဋိစ္စသမုပ္ပါဒ်နားလည်ရမယ် (မှန်ပါ)၊ ပဋိစ္စသမုပ္ပါဒ် နားလည် ရလိမ့်မယ်ဆိုတာ အခု ခန္ဓာကိုယ်ထဲမှာ ဥပမာ-ဝေဒနာပေါ်တယ်။ ဘယ်ဝေဒနာပေါ်တယ်၊ ဘယ်ဝေဒနာပေါ်တယ် ဆိုတာကို ကိုယ့်ဟာကိုယ် သိပြီး ဖြစ်ပျက်ရှု့ပါ (မှန်ပါ)၊ စိတ်ပေါ်တယ်၊ ဘယ်စိတ် -ဘယ်စိတ်ပေါ်တယ်ဆိုရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ပေါ်တယ်လို့လည်း သိရမယ်။
ပုဂ္ဂိုလ်သတ္တဝါပေါ်တာ မဟုတ်ဘူး။ ရုပ်ပေါ်ရင်လည်း ရုပ် ပေါ်တယ်လို့သိပါ။ နာမ်ပေးလာရင် (နာမ်ပေါ်တယ်လို့ သိရပါတယ်)၊
အဲတစ်ခုခုတော့ဖြင့် သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးတော့ ရှု့ရလိမ့်မယ် (မှန်ပါ)၊ ရှုလိုက်တဲ့ အခါကျတော့ ရဟန္တာတို့ မိန်းမတို့ ဒကာကြွယ်ပျောက် မပျောက် (ပျောက်ပါတယ် ဘုရား)၊ အဲ့ဒါတွေဟာ ဓမ္မသဘာဝကလေးပဲဆိုပြီး သတ္တဝါစွဲ ပျောက်ပြီးသည်နောက်မှ ခင်ဗျားတို့ ဒါကလေးတွေကို ဖြစ်ပျက်ရှုပါ (မှန်ပါ)၊
ဒါ ပုဂ္ဂိုလ်သတ္တဝါဟုတ်သေးရဲ့လား (မဟုတ်ပါဘူး)၊ မဟုတ်တော့ ဒါတွေ သည်ကားလို့ ဆိုရင်ဖြင့် သင်္ခါရတရားဖြစ်သွားတယ် (မှန်ပါ)၊ အဲဒီကျတော့မှ သဗ္ဗေသင်္ခါရ အနိစ္စနဲ့ ဦးဘအုန်း သွားပြီး တိုက်တယ် (မှန်ပါ)။
သင်္ခါရတရား ဖြစ်ရင် ပျက်မှာပဲ
ဘာတရားတွေများ ပေါ်သတုန်း (သင်္ခါရတရားတွေပေါ်ပါတယ် ဘုရား)။ စိတ်ပေါ်လည်းသင်္ခါရ၊ ဝေဒနာပေါ်လဲ (သင်္ခါရပါ ဘုရား) သင်္ခါရတရားတွေက ဘယ်မှာ လမ်းဆုံးသတုံး (အနိစ္စလမ်းဆုံးပါတယ်)၊ သင်္ခါရတရားတို့ မည်သည်မှာ သင်္ခါရတရား ဖြစ်ရင် ပျက်မှာပဲ ဆိုပြီး သကာလ ဉာဏ်တည့်ထားပါ။ (မှန်ပါ)၊ ဉာဏ်ထည့်ထားသည်နဲ့ တစ်ပြိုင်နက်တည်း သင်္ခါရတရားကလေးဟာ ဖြစ်လိုက် ပျက်လိုက်နဲ့ လာတော့တာပဲ (မှန်ပါ)၊ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ခန္ဓာငါးပါးပဲ ဒကာ ဒကာမတွေက ဝေဒနာကြိုက်ရင် ဝေဒနာပေါ့ဗျာ၊ စိတ်ကြိုက်ရင် စိတ်ရှု့ပေါ့။ ငါးပါးစလုံး ပေါင်းမရှုနဲ့ မဖြစ်ဘူးတဲ့ ဉာဏ်က မနိုင်ဘူး (မှန်ပါ)၊ ငါးပါးစလုံးတော့ ပေါင်းမရှုနဲ့ မဖြစ်ဘူးတဲ့ ဉာဏ်က မနိုင်ဘူး (မှန်ပါ့)၊
ကဲ-ဒါဖြင့် တစ်ခုခုသင်္ခါရကလေး ကြည့်လိုက်တော့ ဒကာကြွယ် ဘာတွေတွေ့သတုံး (အနိစ္စတွေ့ပါ တယ်)၊ အဲ့ အနိစ္စတွေ့တယ်၊ ဖြစ်တယ် ပျက်တာ တွေ့တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)၊ ဪ ဒါဖြင့် ဖြစ်တာပျက်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒုက္ခသစ္စာတွေ့ပြီ (မှန်ပါ)၊ ဖြစ်တာပျက်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ နဂိုက ပုဂ္ဂိုလ်သတ္တဝါရှိရဲ့လား (မရှိဘူး ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။
အဲ ယခုဘဝရထားတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာတွေဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊
ဒါဖြင့် ဒကာကြွယ်တို့ရှိတဲ့ ဖြစ်ပျက်တာ ဒုက္ခသစ္စာပဲ (မှန်ပါ)၊ ဝေဒနာတွေ့လဲ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ သညာ တွေ့လဲ (ဒုက္ခသစ္စာပါ)၊ ရုပ်တွေ့လဲ (ဒုက္ခသစ္စာပါ)၊ အဲ တွေ့တာကို သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးကို တစ်ခုတည်း မှတ်ပြီး ရှုပါ (မှန်ပါ)၊
မလိုချင် တဲ့ဉာဏ်ဟာ အလိုလိုလာမှာ မဟုတ်ဘူး
အဲ တစ်ခုတည်း ရှုလိုက်တဲ့အခါကျတော့ ဒုက္ခသစ္စာဖြစ်ပျက်သွားတွေ့တယ် (မှန်ပါ)၊ အဲဒီ ဖြစ်ပျက်တွေ့တဲ့ အခါကျမှ ဒီဖြစ်ပျက်တုန်းပဲ ဉာဏ်လာအောင် ထပ်ပြန်တလဲလဲ ကြိုးစား (မှန်ပါ)၊ ကြိုးစားလိုက်တဲ့အခါ မုန်းလာပြီဘုရား ဒီ ဖြစ်ပျက်တွေမုန်းလာပြီ၊ မုန်းလာလို့ရှိရင်ဖြင့် သူမလိုချင်တဲ့ ဉာဏ်လာလိမ့်မယ် (မှန်ပါ)၊ မလိုချင် တဲ့ဉာဏ်ဟာ အလိုလိုလာမှာ မဟုတ်ဘူး၊ ဒါတွေဟာ ဒုက္ခသစ္စာလို့ မှန်မှန်ကြီး သိလာမှ လာမယ် (မှန်ပါ ဘုရား)။
ဪ ဖြစ်ပျက်တွေဟာ ဘာတွေပါလိမ့် (ဒုက္ခသစ္စာတွေပါ၊ ခဏခဏ ဒုက္ခရောက်နေတာကိုး (မှန်ပါ)၊ သူများ ဒုက္ခလား၊ မိမိဆုတောင်းပြည့်လို့ ရထားတဲ့ ဒုက္ခလား မိမိဆုတောင်းလို့ရထားတဲ့ (ဒုက္ခပါ)၊ မိမိဆုတောင်းပြည့်လို့ ရထားတဲ့ ဒုက္ခဆိုတာ သေချာပါတယ် (မှန်ပါ)။
အဲဒီ ဒုက္ခတွေကို ရှုဖန်များလာတဲ့အခါ ဒုက္ခသစ္စာပဲ၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲလို့ ရှုဖန်များလာတဲ့အခါ ဒကာကြွယ်ရေ ကိုယ့်ဒုက္ခဟာ ကိုယ့်ဉာဏ်ထဲမှာ သိတယ် (မှန်ပါ)၊ သိတဲ့အခါကျတော့ ဒီဒုက္ခကြီးနဲ့ မနေချင်တဲ့စိတ် ပေါ်လာတယ် မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)၊ မလိုချင်တဲ့ စိတ်ပေါ်လာတဲ့ အချိန်မှာ မလိုချင်တာ မဂ်ဉာဏ်ပဲ (မှန်ပါ)၊ မပျော်မွေ့ဘူး၊ မနေချင်တော့ဘူး၊ မလိုချင်တော့ဘူး(မှန်ပါ)။
အဲဒီမှာ ဒုက္ခသစ္စာချုပ်သွားပြီ ဒုက္ခနိရောဓော နိဗ္ဗာနံဆိုတဲ့ နိဗ္ဗာန်ဟာ မျက်မှောက်ပြုသောအားဖြင့် မြင်လာ တယ်၊ ပေါ်လာတယ်ဆိုကြပါစို့ (မှန်ပါ)၊ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဦးဘအုန်း ဘာပေါ်လာသတုံး (နိဗ္ဗာန် ပေါ်လာပါတယ်)၊ ဒါကြောင့် ဒုက္ခသစ္စာမမြင်ဘဲနဲ့တော့ နိဗ္ဗာန်မပေါ် ဘူး (မှန်ပါ)။
ဖြစ်ပျက် ဒုက္ခသစ္စာကို မမြင်ဘဲနဲ့ (နိဗ္ဗာန်မပေါ်နိုင်ပါဘူး ဘုရား)၊ သေချာပလား (သေချာပါပြီ)။
ဒုက္ခလဲချုပ်သွားရော နိဗ္ဗာန်ပေါ်လာတယ်
ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ စုတိစိတ်ကျတဲ့ အခါကျတော့ ဒုက္ခလဲချုပ်သွားရော နိဗ္ဗာန်ပေါ်လာတယ် (မှန်ပါ ဘုရား)၊ ရဟန္တာသေတာလား- ဒုက္ခဆုံးသွားတာလား (ဒုက္ခဆုံးတာပါ ဘုရား)၊ သတ္တဝါသေတာလား ဒုက္ခဆုံးတာလား (ဒုက္ခဆုံး တာပါ ဘုရား)။
အဲ့ ဒုက္ခဆုံးတာကို ခင်ဗျားတို့က မသိတော့ ဒကာ, ဒကာမတို့က ရဟန္တာသေရင် နိဗ္ဗာန်ရောက်တယ် ဆိုတာ ဘာမှ မရှိဘူး ယူပစ်လိုက်တယ် (မှန်ပါ)၊ ဒုက္ခဆုံးတာ ဦးဘအုန်း- သုခနိဗ္ဗာန်- သန္တိလက္ခဏာ ပေါ်လာတယ် (မှန်ပါ)။
ဒါကြောင့် နိဗ္ဗာန်ကို မသိလို့ရှိရင် ခင်ဗျားတို့ ဥစ္ဆေဒဒိဋ္ဌ အစွန်းရောက်သွားတယ် (မှန်ပါ)။
နိဗ္ဗာန်ရှိတယ်လို့ မသိလို့ရှိရင် (ဥစ္ဆေဒဒိဋ္ဌိအစွန်းရောက်သွားတတ်ပါတယ်)၊ သဘောပါပလား (ပါပါပြီ)။
ဒုက္ခချုပ်သွားလိုပ သုခဖြစ်ပျက်တာကို လောကီ ဥပမာကလေးနဲ့ ခန့်မှန်းသိကြရအောင် ပြောပြဦးမယ် (မှန်ပါ)၊ ဒါမှ နိဗ္ဗာန်ရဲ့ သန္တိသုခလက္ခဏာကို သဘောကျမယ် (မှန်ပါ)၊
ကျောက်ကြီးပေါက်တယ် ဆိုကြပါစို့
ဒကာကြွယ် ခန္ဓာကိုယ်ထဲမှာ အပ်သွားချစရာ မရှိအောင် ကျောက်ကြီးပေါက်တယ် ဆိုကြပါစို့ (မှန်ပါ)၊ တစ်ကိုယ်လုံး အပ်သွားချစရာ ကျောက်ကြီးပေါက်ပါတယ် ဘုရား၊ ခေါင်းရော ဘာရော အဆက်ရော ပြင်ဘက်ရော ဝမ်းထဲရောဆိုတော့ ဟာ-ဒကာကြွယ် ဘာဖြစ်ချင်သတုန်းလို့ ဘုန်းကြီးကပဲ ဆရာဒကာပဲ မေးတယ်ထားပါတော့ (မှန်ပါ)၊ တပည့်တော် ဒါပျောက်ချင်တာပေါ့ဘုရား ဒီပြင်တော့ ဘာမှအရေးမကြီးပါဘူး၊ ဒါပဲ ဖြေမှာပဲ (ဖြေမှာပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ ဘုန်းကြီးကလဲ ဆေးကောင်း ဝါးကောင်း ရှိတယ်၊ ဝိဇ္ဇာမိုရ်ဆေးမျိုး သိကြားဆေးမျိုး ဆိုကြပါစို့ (မှန်ပါ)။ အဲဒီဆေးမျိုးနဲ့ ကုလိုက်တဲ့အခါ ဒကာကြွယ်ရေ ကျောက်တွေ အကုန်ပျောက်သွားတယ်၊ သဘောကျပလား (ကျပါပြီ)။
ပျောက်သွားတဲ့အခါကျတော့ ဒကာကြွယ် နဂိုတုန်းက ဒုက္ခရောက်နေတယ်။ အခုတော့ ဒုက္ခ ရောက်သေးသလား မေးရင် ဘယ်နှယ့်ဖြေမလဲ (မရောက်တော့ပါဘူး)၊ မရောက်တော့ဘူး။ သဘောပါပလား (ပါပါပြီ)။
ဒါဖြင့် ဒုက္ခရောက်တဲ့နေရာမှာ သုခပေါ်တာပဲ (မှန်ပါ)၊ ဒုက္ခချုပ်တဲ့နေရာမှာ (သုခပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် သုခ ရှိ-မရှိ (ရှိပါတယ် ဘုရား)၊ အဲဒါလို့ပဲ နိဗ္ဗာန်ဟာ သန္တိလက္ခဏာသဘော ဒုက္ခချုပ်ငြိမ်းတဲ့ သဘောရှိတယ် ယူမှ ဥစ္ဆေဒဒိဋ္ဌိလွတ်တယ် (မှန်ပါ)၊ ရှိတယ်လို့မယူရင် (ဥစ္ဆေဒဒိဋ္ဌိမလွတ်ပါဘူး ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိ မလွတ်ပါဘူးဆိုတော့ တရားအားထုတ်မယ်ကြံရင် နိဗ္ဗာန်ရှိတယ်ဆိုတာကိုလည်း ခင်ဗျားတို့ အခုလို ရှင်းရှင်းလင်းလင်းသိထားမှ အားထုတ် တော့ ရနိုင်တယ် (မှန်ပါ)၊ နို့မဟုတ်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိခံနေရင် ရကိုမရနိုင်ဘူးလို့ ဒကာကြွယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် တစ်ကိုယ်လုံး အနာပေါက်နေတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)။ အဲဒီ အနာတွ ပျောက်သွားပြီ ဒကာသစ် ဘာသစ္စာတုံး (သုခသစ္စာပါ)၊ ဒါဖြင့် ဒုက္ခသစ္စာချုပ်ပြီးရင် သုခသစ္စာရမြဲပဲ (မှန်ပါ)၊ ဒါဖြင့် နိဗ္ဗာန် ရှိ-မရှိ (ရှိပါတယ် ဘုရား)။
ဒုက္ခတွေများ အကုန်ချုပ်သွားရင် ဘာပေါ်မတုံး
ခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒုက္ခတွေများ အကုန်ချုပ်သွားရင် ဘာပေါ်မတုံး (နိဗ္ဗာန်ပေါ် မှာပါ)၊ ဘာသစ္စာတုံး (သုခသစ္စာပါ)၊ အဲ အခုနက ကျောက်ပေါက်တာ ပျောက်သလိုမှတ်ပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ရှိ-မရှိ (ရှိပါတယ် ဘုရား)။
ယမက-ရှိတယ်လို့ ယူသလား မရှိဘူးလို့ ယူသလား (မရှိဘူးလို့ ယူပါတယ်) ဘယ့်နှယ်ကြောင့်မရှိဘူး ယူပါလိမ့် မတုန်းမေးတော့ သူ့မှာ ဥစ္ဆေဒဒိဋ္ဌိရှိနေတယ် (မှန်ပါ)၊
ဘယ့်နှယ်ကြောင့် ဒီဥစ္ဆေဒဒိဋ္ဌက လာပါလိမ့်မတုန်းမေးတော့ ရဟန္တာကိုပုဂ္ဂိုလ်သတ္တဝါ သက္ကာယစွဲနဲ့ တကယ်ရဟန္တာလို့ထင်နေတာ။
ပုဂ္ဂိုလ်သတ္တဝါအနေနဲ့တော့ ဘယ်မှာ ရဟန္တာ ရယ်လို့ ရှိပါ့မလဲ ဒကာ ဒကာမတို့၊ ဒါတွေဟာ ကြည့်ပါလား ခန္ဓာငါးပါးပဲ။ ရဟန္တာလည်း ခန္ဓာငါးပါးပဲ။ ပဋိစ္စသမုပ္ပါဒ် အလို ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပဲ (မှန်ပါ)၊ ခန္ဓာကိုဖွဲ့လိုက်တော့ (ခန္ဓာငါးပါးပါ ဘုရား)၊ ခန္ဓာငါးပါးပဲ ရှိတယ် (မှန်ပါ)၊
ဒီခန္ဓာငါးပါးကို မဂ်ဉာဏ်နဲ့ ရှုလိုက်တော့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ (မှန်ပါ)၊ ဒုက္ခသစ္စာ မှန်းသိတော့ သူပျောက်သွားတယ်၊ သူပျောက်သွားတဲ့အခါ ဒုက္ခတွေပျောက်ပြီး ဒီနေရာ ဘာအစားထိုးမလဲ (သုခ အစားထိုးပါတယ်)။
ဒါဖြင့်-ဒုက္ခမှန်းသိတဲ့ ပုဂ္ဂိုလ်ကတော့ သုခအစားထိုးတယ် (မှန်ပါ)၊ ပုဂ္ဂိုလ်သတ္တဝါဖြစ်နေတဲ့ ပုဂ္ဂိုလ်ကတော့ ခိုင်တယ်ထင်ရင်လဲ ယူလိမ့်မယ် (မှန်ပါ)၊ ပြတ်တယ်ဆိုရင်ကော (ယူမှာပါ ဘုရား)၊ အဲ ပုဂ္ဂိုလ်သတ္တဝါ သက္ကာယစွဲနေရင် တော့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ တစ်ခုခုလာလိမ့်မယ် (မှန်ပါ)၊ ဒကာကြွယ် သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါ တယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့ကို သနားလို့ ဟောပေးနေတာ (မှန်ပါ)၊ ခင်ဗျားတို့ လုပ်တာတွေ ဒီအတိုင်း မတည့်မှာစိုးလို့ (မှန်ပါ)။
ဒိဋ္ဌိအပင်းခံနေရင် မရနိုင်ဘူး
ဒီ ဒိဋ္ဌိတွေ မကွာဘဲနဲ့ သဿတကလဲ ခင်ဗျားတို့က သဘောမကျ၊ ဥစ္ဆေဒလဲ သဘောမကျ၊ ပုဂ္ဂိုလ်သတ္တဝါ အဖြစ်နဲ့လဲ ယူနေမယ်ဆိုရင် ဘယ်လိုအားထုတ် ဖြစ်ပျက်တွေမြင်တယ်ထား ဒိဋ္ဌိအပင်းခံနေရင် မရနိုင်ဘူး (မှန်ပါ)၊ ဦးဘအုန်း သဘောပါပလား (ပါပါပြီ ဘုရား)။ ဘာအပင်းခံနေသလဲ (ဒိဋ္ဌိအပင်းခံနေပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ရောက်လာရင် အားထုတ်တာများတာ့ ခေတ္တဆိုင်းပါဦး ဝမ်းထဲမှာ ဒိဋ္ဌိ ရှင်းပါဦး၊ ရှင်းပြီးတော့မှ ရုပ်နာမ်ပေါ်အောင်ပြော၊ ဒိဋ္ဌိကို အလျင်ရှင်းပါ။ ရှင်းပြီးသည်နောက် ရုပ်နာမ်တွေကို ခွဲပေး၊ ခွဲပြီးတော့မှ တစ်ခုခုသော ရုပ်နာမ်ကို အရှု့ခိုင်း။ ဒီလိုဆိုရင် အစဉ်တည့်မတ်သွားပြီ။ ကြိုးစားကြပါ (မှန်ပါ)၊ ရောက်လာရှုဟဲ့ ရှုဟဲ့ဆိုတာမျိုးတော့ ရမ်းပြီးတော့ လုပ်မနေပါနဲ့။ ဒိဋ္ဌိမကွာဘဲဖြစ်နေရင် ကျေးဇူးရှိတန်သလောက် မရှိဘဲ နေပါဦးမယ် (မှန်ပါ့)၊ သဘာပါပလား (ပါပါပြီ)။
ဘာကြောင့်တုန်းဆိုတော့ ဒိဋ္ဌိ အပင်းခံနေလို့ ရှိရင်ဖြင့် ဒကာကြွယ် ဘယ်တော့မှမရနိုင်။ ရှင်ဆန္န နှစ်ပေါင်း လေးဆယ်ကျော် (မှန်ပါ)၊ ရှင်ယမကလဲ ဒိဋ္ဌိခံနေတော့ မမြင်ဘူး၊ ရှင်သာရိပုတ္တရာက ဒိဋ္ဌိခွါပေးမှ သူဟာရဟန္တာဖြစ် တယ် (မှန်ပါ)၊ ဒီဝတ္ထုတွေက မထင်ရှားဘူးလား (ထင်ရှားပါတယ်)။
ဉာတပရိညာပြီးမှ တီရဏပရိညာလုပ်
ဒါဖြင့် အားထုတ်မှုနဲ့ ဒိဋ္ဌိခွါမှုကို ရှေ့နောက် ဘယ်ဟာထားမယ် (ဒိဋ္ဌိခွါမှုကို ရှေ့ထားရပါမယ်)၊ ဘုရားကလည်း ပရိညာသုံးပါမှ သိမှုပြီတော့ ပွားမှုကို လုပ်ဖို့ ချပေးပါတယ်။ ဉာတပရိညာပြီးမှ တီရဏပရိညာလုပ်၊ တီရဏပရိညာပြီးမှ ပဟာနဆိုတဲ့ပယ်တဲ့ ပရိညာလုပ်ရတယ် (မှန်ပါ)၊ ဘုရားကလည်း ပရိညာသုံးပါးအစဉ်ကို ဟောတော်မူခဲ့တော့ ဒကာကြွယ် ဒိဋ္ဌိခွါမှုကို အလျင်ရှေ့ထားပါ (မှန်ပါ)၊ ဒိဋ္ဌိခွါတဲ့နည်းကို ရှေ့ထားပြီးနောက်မှ အားထုတ်မှုကို နောက်လုပ်ပါ (မှန်ပါ)၊ ဒိဋ္ဌိခွါပြီးလို့ အားထုတ်၊ အားထုတ်ပြီတော့မှ အားထုတ်ဖန်များတော့ ပယ်မှုဆိုတာ လာပါလိမ့်မယ် (မှန်ပါ)၊ ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်မှုဆိုတဲ့ သောတာပန်ကိစ္စဟာ လာပါလိမ့်မယ် (မှန်ပါ)။
သူ့မှာ ဘာခံနေသလဲ
ကဲ ယမကမှာ နဂိုကအားထုတ်ထားတော့ အနိစ္စ-ဒုက္ခ-အနတ္တ တည့်အောင် ဖြေတတ်သားပဲ (မှန်ပါ)၊ ဖြေပေ မယ့်လဲ သူ့မှာ ဘာခံနေသလဲ (ဒိဋ္ဌိခံနေပါတယ်)၊ နောက်တော့ ရှင်သာရိပုတ္တရာက ပုဂ္ဂိုလ်သတ္တဝါတွေ ဟုတ်ကဲ့လား လို့ ခွါပေးပြိး မေးလိုက်တော့ ဒိဋ္ဌိကွာသွားပြီး ဝိပဿနာရှုတော့ ရဟန္တာမဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ အလျင် ဘာခံနေ လို့တုံး (ဒိဋ္ဌိခံနေလို့ပါ)၊
အဲ အလျင်က အားမထုတ်လို့လား၊ အားထုတ်လို့လား (အားထုတ်ပါတယ်)၊ အားထုတ်လျက်နဲ့ သူရဟန္တာဖြစ်ရဲ့လား (မဖြစ်ပါဘူး)၊ အဲ ဥစ္ဆေဒဒိဋ္ဌိ အပင်းခံနေလို့ ဒကာ ဒကာမတို့ ဘယ်ဝေဒနာမှ မပျောက်ဘူး ဒိဋ္ဌိ ကိလေသာဝေဒနာခံနေတဲ့အတွက် ဘယ်ကိလေသာဝေဒနာမှ မပျောက်တော့ဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ သဘောပါပြီလား (ပါပါပြီ)။