13604

မာတိကာသို့

ဇာတိထက် ကမ္မဘဝက ပိုပြီး ကြောက်စရာကောင်းလှပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော

ဇာတိထက် ကမ္မဘဝက ပိုပြီး

ကြောက်စရာကောင်းလှပုံ

အလုပ်ပေးတရားတော်

(၈-၁၂-၁၉၆၁)

ခန္ဓာတို့၏ ဖြစ်စဉ်ကို ပြတယ်

ဒီအဝိုင်းကြီးဟာ ဒကာ ဒကာမတွေ မိမိတို့ ခန္ဓာကြီး သေလိုက်ဖြစ်လိုက်တွေ ပြောနေတာပဲဆိုတာ မှတ်ရ မယ်နော် (မှန်ပါ့ ဘုရား)။

ဒီအဝိုင်းကြီးဟာ မိမိခန္ဓာကိုယ်ကြီး၏ သေပုံကိုလဲ ပြတယ်၊ သေပြီးသည်၏ အခြားမဲ့၌ ဆက်ပြီး သကာလ ဓမ္မတစ်ခုဖြစ်ပေါ်လာတယ် ဆိုတာကိုလဲ ပြတယ် (ပြပါတယ် ဘုရား) ဒါဖြင့် ခန္ဓာအစီအစဉ်ကို ပြတာပေါ့၊ ခန္ဓာတို့၏ ဖြစ်စဉ်ကို ပြတယ်လို့ မှတ်ထားကြပါ (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးဗောဓိပင်နဲ့ ရွှေပလ္လင်ရင်းမှာ ရှေးဦးစွာ ဆင်ခြင်လိုက်တဲ့အခါ သတ္တဝါတွေမှာ ခဏခဏ အိုပြီး ခဏခဏ သေနေတာ ဘယ်သူ့ကြောင့်ပါလိမ့်မလဲလို့ လက်သည်ရှာလိုက်တယ်နော် (မှန်ပါ့)။

လက်သည် ရှာလိုက်တော့ ဒီအိုသေဆိုတဲ့ တရားနှစ်ခုဟာ ဘယ်ကများလာပါလိမ့်မလဲ၊ သတ္တဝါတွေကြည့်ရတာ အိုလိုက်၊ တော်တော် ကြာသေလိုက်၊ ပြန်ပြီးဖြစ်လိုက်၊ အိုလိုက် သေလိုက် ပြန်ဖြစ်လိုက်နဲ့ မြင်ရတာ သနားတော်မူတယ်၊ (မှန်ပါ့) အိုသေ၏ အဆုံးမရှိဘူးလား အိုသေ၏ အစမရှိဘူးလား၊ အိုသေ၏ အစဖြတ်ရလို့ရှိရင်ဖြင့် အိုသေဟာ လာမှာ မဟုတ်တော့ဘူး (မှန်ပါ့) မြတ်စွာဘုရားတိုင်းပဲ ဒီဥစ္စာကို တွေးတော ပူကြတယ် (မှန်ပါ့)။

ဒီဥစ္စာကို တွေးပါဆိုတာ

အဲဒီတော့ ဒကာ ဒကာမတွေကလဲ ဒီဥစ္စာကို တွေးပါဆိုတာ သတိပေးလိုက်တယ်နော် (မှန်ပါ့)၊ ဒီမှာကြည့်ပါ၊ ဇရာ မရဏဆိုတာ ဝိပါကဝဋ်၊ ဒါဟာ အိုတာနဲ့ သေတာပဲ၊ (မှန်ပ့ါ)။

အခု ဒကာ ဒကာမတွေလဲ ရှိတာပေါ့ ကိုယ့်ခန္ဓာထဲမှာ အခုအိုပြီး၊ မကြာခင်သေတော့မှာပဲ၊ အဲဒါလူတိုင်းပါးစပ် မှာ ဒကာကြွယ် ထွက်နေရတယ် (ထွက်ပါတယ် ဘုရား)။ မထွက်ရဘူးလား (ထွက်ရပါတယ်)။

လူတိုင်းပါးစပ်မှာပဲ ဒီ အိုသေဆိုတာ ထွက်ပြီးနေရတော့ နောက်ဘဝကျတော့လဲ ဒီအထွက်က လွတ်မှာ မဟုတ်ဘူး၊ (မှန်ပါ့) ဟိုဘက်ဘဝတွေ ကျပြန်တော့လဲ (မလွတ်ပါဘူး ဘုရား) ဪ ဒါနဲ့ပဲ ဒကာ ဒကာမတွေ အိုရချည်သေး၊ သေရချည်သေး (မှန်ပါ့) ဒါနဲ့ပဲ ဒကာကြွယ်တို့ဦးလှဖူးတို့ အချိန်ကုန်နေတယ် (ကုန်နေပါတယ် ဘုရား)။

အဲဒါကို သေသေချာချာ တွေးပါလို့ ဘုန်းကြီးများက သတိပေးတယ်နော် (မှန်ပါ့) မြတ်စွာဘုရားလဲ ဒီအတိုင်း တွေးပါတယ်၊ ဒီလိုတွေးဖို့လဲ ဟောထားတော် မူခဲ့တာပဲ (မှန်ပါ့)။

အိုသေ ဘယ်ကလာသတုန်း

ကဲ ဒီလိုတွေးလိုက်တော့ ဒကာ ဒကာမတွေ ပေါ်တယ်နော် (မှန်ပါ့) အိုသေ ဘယ်ကလာသတုန်းလို့ မေးတော့ အလယ်တန်းမှာ ၁၊၂၊၃ အိုသေတွေ့ထားတယ် (မှန်ပါ့)။ သူ့အတန်းတိုင်း လျှောက်ပြီး နောက်ဆုတ်တွေးတာပေါ့ (မှန်ပါ့)။ နောက်ဆုတ်တွေးတော့ ဒီဘက်မှာ ဘာလာပြီး တွေ့သတုံး (ဇာတိ ဇရာ မရဏ တွေ့ပါတယ်) ဪ ဒါဖြင့် ဇာတိဖြစ်လို့ (ဝါ) ပဋိသန္ဓေ နေရလို့ သေတာပဲ(မှန်ပါ့)။

ဒကာကြွယ် ဘယ်လိုဆုံးဖြတ်ချက်ချမတုံး (ပဋိသန္ဓေနေမိလို့ သေရပါတယ် ဘုရား)၊ ပဋိသန္ဓေ နေမိလို့သေ ရတယ်၊ အို, သေ ဘယ်ကလာပါလိမ့် (ပဋိသန္ဓေနေမှုက လာပါတယ်) ဇာတိ ပဋိသန္ဓေက လာတယ်။ အို, သေရဲ လက်သည်ကို ဖမ်းလိုက်တော့ သူ့ကို လာတွေ့တယ် ဒကာကြွယ်ရေ (မှန်ပါ့)။

ဒါ့ကြောင့် အိုသေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဇာတိပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်၏ ကိုယ်ပိုင်ပစ္စည်းလို့ မောင်ဘသော် တို့က မှတ်ရမယ် (မှန်ပါ့)။

အိုသေ ဘယ်ကလာပါလိမ့် (ဇာတိက လာပါတယ်)။ ဒကာ ဒကာမတွေ ဘယ်ကလာလို့ ဒီအိုသေကြီးကို ခဏခဏ နှုတ်ထဲမှာ ကျုပ်အိုပြီး မကြာခင် သေတော့မှာပဲလို့ ညည်းလုံးထုတ်နေတာ ဒီညည်းလုံးဟာလဲ ကျက်သရေ မင်္ဂလာမရှိဆုံးညည်းလုံးပဲ (မှန်ပါ့) ဘယ်ကများ လာပါလိမ့်မလဲလို့ ဒကာ ဒကာမတွေ နောက်ဆုတ်တွေးပါ (ဇာတိက လာပါတယ်)။

ဇာတိပဋိသန္ဓေက လာတယ်။ ဪ သူ့ကြောင့် သေရတာပဲ၊ သူ့ကြောင့် အိုရတာပဲဟေ့၊ သူ့ကြောင့် သေရတာပဲ ဟေ့ ဆိုတာ ဒကာကြွယ် ပေါ်လာတယ် (မှန်ပါ့)။

ဘယ်ဘဝကိုမှ ဆုမတောင်းနဲ့နော်

အဲ့ဒါကြောင့် ဘုန်းကြီးက ဒီနားမှာ ကြားဖြတ်ကလေး စကားပြောလိုက်ပါတယ်။ ဒကာ ဒကာမတို့ ဘယ်ဘဝကိုမှ ဆုမတောင်းနဲ့နော်၊ ပဋိသန္ဓေကစပြီး ရလိမ့်မယ် (မှန်ပါ့) ဘယ်ဘဝမှ မတောင်းကြနဲ့၊ ဘယ်ကစပြီး ရမယ်ထင်သလဲ (ပဋိသန္ဓေကစပြီးရမှာပါ) ပဋိသန္ဓေကစပြီး ရလာမှာကိုးဗျ၊ ဒါကစပြီး ရလာတော့ ခင်ဗျားတို့က အိုရချည်သေး သေရချည်သေး လာတော့မှာပဲ (မှန်ပါ့)။

အဲဒီမှာ ဒကာ ဒကာမတွေက ယောင်ခြောက်ဆယ်ဖြစ်ပြီး မသိကြတော့ အိုသေဆိုတာ ဘယ်ကလာမှန်း မသိတော့ လူဖြစ်ရပါလို၏။ နတ်ဖြစ်ရပါလို၏ဆိုတော့ ဒကာ ဒကာမတို့ ပဋိသန္ဓေမပါဘဲနဲ့ ဘယ်မှာဖြစ်နိုင်လိမ့်မလဲ (မဖြစ်နိုင်ပါဘူး ဘုရား) ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)။

မဖြစ်နိုင်တာ ဒကာ ဒကာမတို့ ဒါရရပါလို၏လို့ ဆုတောင်းကြတယ် (မှန်ပါ့) လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏ ဆိုတာ ဇာတိရရပါလို၏ (မှန်ပါ့) ဒါဖြင့် ခင်ဗျားတို့ဟာက ခင်ဗျားတို့ လိုချင်လို့ ယူတာပဲ ဒီဥစ္စာ (မှန်ပါ့) ခင်ဗျားတို့ လိုချင်လို့ယူတဲ့ ပစ္စည်းဖြစ်နေတယ် (မှန်ပါ့) အခုတော့ ဒကာ ဒကာမတွေရပြန်တော့လဲ ညည်းလုံးထုတ်ကြတယ်၊ ဪ ဒီလိုဖြစ်လိမ့်မယ် မထင်ဘူးတဲ့ (မှန်ပါ့)။

ဒီလိုဖြစ်လိမ့်မယ်မထင်ဘူးဆိုတော့ ခင်ဗျားတို့ဟာက အင်မတန်ဆိုးဝါးနေတယ် (မှန်ပါ့) ဇာတိဆုတောင်းရင် ဒါရမှာပဲ (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မျက်စိက တယ်ပြီးလည်တာကိုး (လည်ပါတယ် ဘုရား)။

ဦးဘအုန်း ဘယ့်နှယ်ဆိုမလဲ (မျက်စိလည်ပါတယ် ဘုရား)။ မျက်စိက သိပ်ပြီးလည်နေတယ်တဲ့၊ အိုသေတော့ ကြောက်တယ်။ ဇာတိတော့ ကြိုက်တယ် (မှန်ပါ့) ဒါလောက် ရူးတာတော့ ရှာလို့ကို မတွေ့တော့ဘူး (မှန်ပါ့) တစ်ခု ကြိုက်လို့ရှိရင်လဲ ဟိုနှစ်ခုကို မုချ ရတော့မှာပဲ (မှန်ပါ့) ဇာတိကြိုက်ရင် ဇရာမရဏဟာ (ရမှာပါ ဘုရား)။

ဒုက္ခကို ရမ်းပြီးကြိုက်တယ်

အဲဒီတော့ ဒကာ ဒကာမတွေက ကြိုက်တာက တစ်မျိုး၊ ရတာကတစ်မျိုး (မှန်ပါ့) ကြိုက်တာကလဲ ဇာတိကြိုက် တယ် (မှန်ပါ့) ဒါလဲ မသိလို့ ကြိုက်တာ၊ သူ့ကိုကြည့်ပါ၊ ဘာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါတွေ ကြိုက်လိုက်ပြန်တော့ကော (ဒုက္ခသစ္စာပါ ဘုရား) ဒါကို ခင်ဗျားတို့က ရမ်းပြီး ကြိုက်နေကြတယ် (မှန်ပါ့) ဘာကို ရမ်းပြီး ကြိုက်နေကြသလဲ (ဒုက္ခကို ရမ်းပြီးကြိုက်ပါတယ်) ဪ သစ္စာ မသိတာလောက် ဆိုးတာတော့ဖြင့် ဦးဘအုန်း မရှိတော့ဘူး (မှန်ပါ့)။

ဘာကို ရမ်းကြိုက်နေကြတာတုံး (ဒုက္ခကို ရမ်းကြိုက်နေကြတာပါ) ဒုက္ခသစ္စာကို ရမ်းကြိုက်တာ၊ ဒုက္ခရယ် သစ္စာရယ် (မှန်ပါ့)၊ ဒီအကွက်ထဲပါတာ ဒုက္ခသစ္စာချည်းကိုး (မှန်ပါ့) အဲဒီတော့ ခင်ဗျားတု့ိ ဆုတောင်းယူတာ ဒုက္ခ ရောက်ရပါလို၏ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ဘာကို ဆုတောင်းယူကြသတုံး (ဒုက္ခရောက်ရပါလို၏ ဆုတောင်းပါတယ်) ခင်ဗျားတို့ ပါးစပ်ကမို့ ထွက်ရဲကြပါ ပေဗျာ (မှန်ပါ့)ဒကာကြွယ် နတ်ဖြစ်ရပါလို၏ ဆိုရင် ဇာတိဖြစ်ရပါလို၏ (မှန်ပါ) ကဲ ထည့်ပါဦး၊ နောက်ကျတော့ နတ်ဖြစ်ရပါလို၏ဆိုရင် ဒုက္ခရောက်ရပါလို၏ ထည့်ထည့်ပေးပါ။ ဒီလိုဆိုရင် မတောင်းရဲတော့ဘူး (မှန်ပါ့)။ တောင်းရဲပါ့ မလား (မတောင်းရဲပါ ဘုရား) အဲဒါကြောင့် သစ္စာသိမှ သံသရာ ပြတ်တယ်ဆိုတဲ့ စကားဟာ ဦးဘအုန်းတို့ မောင်ဘသော် တို့ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေက လူဖြစ်ရပါလို၏ဆုတော့ ဒါတောင်းတာ (မှန်ပါ့) နတ်ဖြစ်ရပါလို၏ ဆိုတော့ ကော (ဒါပဲကောင်းတာပဲ) ဗြဟ္မာဖြစ်ရပါလို၏ ဆိုရင်တော့ (ဒါပဲကောင်းပါတယ်) ဒါဖြင့် ဒါကို ရတာပေါ့ (မှန်ပ့ါ) ဘာရသတုန်း (ဒုက္ခသစ္စာရပါတယ်)။

ဒီလိုရလိမ့်မယ်လို့ စောစောစီးစီး သိလို့ရှိရင်လဲ ဦးဘအုန်းတောင်းမည်မဟုတ်ပါဘူး (မတောင်းပါဘူး ဘုရား) အခုတော့ သစ္စာမသိတော့ တောင်းတယ်၊ သစ္စာမသိတာအဝိဇ္ဇာပဲ။ သူက အတောင်းခိုင်းတာ (မှန်ပါ့)။

အဝိဇ္ဇာက အတောင်းခိုင်းတာ

ဘယ်သူက အတောင်းခိုင်းတာတုံး (အဝိဇ္ဇာက အတောင်းခိုင်းတာပါ)။

ခင်ဗျားတို့ အရှင်သခင် လုပ်နေတဲ့ အဝိဇ္ဇာကိုက သစ္စာသိရဲ့လား (မသိပါဘူး) မသိတဲ့သူက ခိုင်းတာများ ခင်ဗျားတို့ပါးစပ်က ရက်ရက်စက်စက် ထွက်ကြတာများ တော်တော်မသိလို့ပဲ (မှန်ပါ့) တော်ရုံတန်ရုံနဲ့ဆိုရင် ဒကာကြွယ် မထွက်ဘူးနော် (မှန်ပါ့) အလွန့်အလွန် မိုက်လုံးသန်၊ မသိလုံးသန်လွန်းလို့ ထွက်လာတာ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဦးဘအုန်း သာမညမိုက်ရင် ဘယ့်နှယ့်တုံး (မပေါ်ပါဘူး ဘုရား)။ အဲဒါများ ကိုယ့်အိမ်မှာတောင် မဟုတ်သေးဘူး ဘုရားရှေ့မှောင်တောင် သွားပြီး လူဖြစ်ရပါလို၏။ နတ်ဖြစ်ရပါလို၏ စသည်နဲ့ လုပ်လိုက်ကြသေးတယ် (မှန်ပါ ဘုရား)။

ဒီ့ပြင်နေရာမှာ လုပ်တာက အရေးမကြီးလှပါဘူး၊ ဘုရားရှေ့မှာ ဒီလိုဝိဇ္ဇာနဲ့ မိုက်မဲတာမျိုး မလုပ်သင့်ဘူး (မှန်ပါ့) လက်အုပ်လဲ ချီသေးတယ် ဒကာကြွယ်၊ ပြီးတော့ ဘာလုပ်သေးသတုံး (မိုက်ပါတယ် ဘုရား)၊ ဘယ်ရှေ့မှာတုံး (ဘုရားရှေ့မှာပါ) ဪ ဘုရှားရှေ့မှာ ဘုရားကမချီးမွမ်းတာ သွားပြီ လုပ်ကြပါပေတယ် (မှန်ပါ့) ဘုရားက ဘုံဘဝထဲမှာ ကျင်လည်မှုဆိုရင် လက်ဖျစ်တစ်တွတ်ခန့် နေရဖို့တောင် ချီးမွမ်းတာမဟုတ်ဘူး (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

စဉ်းစားကြည့်ပါ၊ ဒီဇာတိကို မသိလို့တောင်းတာ၊ မသိတာက အဝိဇ္ဇာ၊ အဲ သူက အတောင်းခိုင်းတာ (မှန်ပါ့) ဘယ်သူက အတောင်းခိုင်းတာတုံး (အဝိဇ္ဇာက အတောင်းခိုင်းတာပါ)။

ဆုတောင်းပြည့် ဘုရားရှေ့မှာ မိုက်မိ

ဒကာကြွယ် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒီ့ပြင်နေရာသွားပြီ၊ မိုက်သလား၊ ဆုတောင်းပြည့် ဘုရားရှေ့မှာ မိုက်မိသလား (ဘုရားရှေ့မှာပါ ဘုရား) ဆုတောင်းပြည့်ထည့်ပါဦးကွ မောင်ဘသော်ရ (မှန်ပါ့) ဒီ့ပြင် ဘုရားရှေ့မှာတောင် သူတို့ ဒါလောက် တောင်းချင်တာမဟုတ်ဘူး၊ ရွှေကြက်ယက်တို့လို၊ မဟာမြတ်မုနိတို့လို ဒီလိုမှ တောင်းချင်တာ၊ ပြည့်မှ ပြည့်ပါ့မလားလို့ ကျောက်တုံးမ,ရသေးတယ် (မှန်ပါ့) လေးတာ အဖက်တင်မှာပေါ့။ ကျောက်တုံးကလဲ လေးလေးနဲ့ ဒုက္ခသစ္စာကလဲ လေးလေးနဲ့တော့ ပြည့်ပြီ (မှန်ပ့ါ)။

ဒကာကြွယ် ပြည့်မှ ပြည့်ပါ့မလားတောင် စိုးရိမ်သေးတယ် (မှန်ပါ့) ဘာသစ္စာ တောင်းယူတာတုံး (ဒုက္ခသစ္စာ တောင်းယူတာပါ) ဟာ ဒုက္ခဆိုတာ မတောင်းဘဲနဲ့တောင် ရနေသေးတဲ့ဥစ္စာ ခင်ဗျားတို့ တောင်းယူတော့ အပြည့်အစုံ ရတာပေါ့ (မှန်ပ့ါ)။

ဦးဘအုန်း မလွန်ဘူးလား (လွန်ပါတယ် ဘုရား) ခင်ဗျားတို့ ပြောသံကြားတိုင်းမယုံနဲ့ ဒီဟာကိုကြည့်ပါ ပဋိစ္စ သမုပ္ပါဒ်ကို (မှန်ပ့ါ) ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောလဲ ရှိတာပဲ၊ မဟောလဲ ဒီလမ်းစဉ်က ရှိတာပဲ(မှန်ပါ့) အဲဒီတော့ လူဖြစ်ရပါလို၏ဆိုတော့ ဇာတိကောင်းတာ (မှန်ပါ့) ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် သိလို့ တောင်းတာလား၊ မသိလို့ တောင်းတာလား (မသိလို့ တောင်းတာပါ ဘုရား)။

မသိတာ ဘယ်သူတုန်းဆိုတော့ (အဝိဇ္ဇာပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ဘယ်သူနဲ့တောင်းတာတုန်း (အဝိဇ္ဇာနဲ့ တောင်းတာပါ ဘုရား) အဝိဇ္ဇာဟာ ကုသိုလ်လား အကုသိုလ်လား (အကုသိုလ်ပါ ဘုရား) ဘုရားရှေ့သွားပြီး အကုသိုလ်နဲ့ ဖုံးပြီး တောင်းမနေပါနဲ့ (မှန်ပါ့)။

တို့ပါးစပ်နှယ် အရှက်မရှိလိုက်တာ

ဒကာကြွယ် ခင်ဗျားတို့မို့ ထွက်ရက်ပါပေ့ခင်ဗျာ (မှန်ပါ့) ဒီလိုထွက်တာ ဒကာ ဒကာမတွေ အတော်ဆိုးတယ်နော် (မှန်ပ့ါ) အခု သေသေချာချာ ဆရာဘုန်းကြီးက ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နဲ့ အကွက်ကျကျ ဖော်ပြောလေ့လာတော့မှ ဪ တို့ပါးစပ်နှယ် အရှက်မရှိလိုက်တာ (မှန်ပါ့) ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အရှက်ကို မရှိဘူး (မှန်ပါ့) ဘယ်မှာရှိလိမ့်မတုံး၊ အဝိဇ္ဇာရှိနေတဲ့ ပုဂ္ဂိုလ်ဟာ အရှက်အကြောက် မရှိပါဘုူး (မှန်ပါ့)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါ့ကြောင့် ခင်ဗျားတို့ ဘုရားရှေ့ လက်အုပ်ချီပြီး သကာလ အဝိဇ္ဇာစခန်း သွား ဖွင့်တာပေါ့ (မှန်ပါ့)။

ဒကာကြွယ် ကဲ ကိုယ်မိုက်တာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒီ့ပြင်နေရာ မိုက်တာဟာ လူမသိ သူမသိ အရေးမကြီးပါဘူး (မှန်ပါ့)၊ ဒီဟာက လူပုံအလယ်မှာ ပြည့်မှ ပြည့်ပါ့မလားလို့ အော်များ အော်လိုက်သေးတယ် (မှန်ပါ့) တစ်ချို့ဘုရားရှိခိုးနေလိုက်တာများ ဆူညံနေတာပဲ (မှန်ပါ့)။ ရှိခိုးတာကတော့ နည်းနည်းပါ၊ ရှိခိုးပါ၏ဆိုရင် ပြီးတာပဲ (မှန်ပါ့)။

ဆုတောင်းကြီးက တစ်ခါတည်း အော်ပြီး တောင်းကြတယ် (မှန်ပါ့) ပန်းလိုလှချင်လို့ (မှန်ပါ့) ပန်းလိုလှချင်လို့ဆိုတော့ ဒါဖြစ်ပါရစေပဲ (မှန်ပ့ါ) အဆင်းလှ ဆိုတာပဲ ဒီဒုက္ခတောင်းတာပဲ၊ အနာမဲ့ ပါရစေဆိုတာကော (ဒါပဲတောင်းတာပါပဲ)၊ ဒါတောင်းတာပဲ ခင်ဗျားတို့ဟာ ဇာတိကို တောင်းတာပဲ (မှန်ပါ့) ဘာသသသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

သိလို့တောင်းတာလား၊မသိလို့ တောင်းတာလား (မသိလို့ တောင်းတာပါ) မသိရင် ဘယ်သူနဲ့ တောင်းသလဲ (အဝိဇ္ဇာနဲ့ တောင်းပါတယ် ဘုရား) အဝိဇ္ဇာဟာ ဘုရားရှေ့မှာ တော်မတော် (မတော်ပါ ဘုရား) မတော်ပေမယ့် ခင်ဗျား တို့က ခက်နေတယ်၊ ဒီ့ပြင်လူတွေလဲ ဒီလိုပဲ တောင်းတယ်တို့လဲ တောင်းရမှာပဲ၊ တောင်းရင် ကောင်းတယ်လို့ ထင်တာပဲ (မှန်ပ့ါ)။

တောင်းတဲ့တရားကိုလဲ သေသေချာချာစစ်ပါဦး

တောင်းတဲ့တရားကိုလဲ သေသေချာချာစစ်ပါဦး၊ မင်းဟာ သူတော်ကောင်းလား၊ သူယုတ်မာလား ငါ့ကို အတောင်းခိုင်းနေတာလို့လဲ မတွေးမိပါဘူး (မတွေးမိပါဘူးပါ ဘုရား)၊

သတ်မည့်သူကို အတောင်းခိုင်းတယ်(မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အသေပေးမည့်သူကို (အတောင်းခိုင်းပါတယ် ဘုရား) ကဲ ဦးလှဖူးတို့လောက် မိုက်တာ ဦးဘအုန်းတို့ လောက်မိုက်တာတော့ မရှိပါဘူး (မရှိပါဘူး ဘုရား)။

ဟာ ဘာမသိလို့ ဒါလောက်မိုက်နေတာတုံးလို့ အပြစ် ရှာပါဦး၊ လက်သည်ရှာပါဦး (သစ္စာမသိလို့ပါ ဘုရား)၊ သစ္စာမသိတော့ ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား) ဒါဖြင့် ဘာနဲ့ တောင်းသတုန်း (အဝိဇ္ဇာနဲ့ တောင်းပါတယ် ဘုရား) ဟာဘုရားရှေ့သွားပြီး မိုက်လုံးသန်နေလိုက်တာ (မှန်ပါ့) ဒါပဲဆိုဖို့ရှိ တော့တယ်၊ ဦးဘအုန်းရေ (မှန်ပါ့ ဘုရား) ဒီ့ပြင်ဆိုစရာရှိသေးရဲ့လား (မရှိပါဘူး)၊

ဒကာကြွယ်တို့နောက်ကို မမိုက်ကြနဲ့ တော့ (မှန်ပါ ဘုရား) ဘာဖြစ်လို့တုံး အသက်ကကြီးပြီ။ ဆရာကောင်းတပည့်တွေလဲ ဖြစ်ကုန်ပြီ (မှန်လှပါ) ဒီပဋိစ္စ သမုပ္ပါဒ်က ဘုရားမပွင့်လဲ ရှိတယ်၊ ဘုရားပွင့်လဲ ရှိတယ်။ မဟုတ်ဘူးလား (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဇရာမရဏ ဘယ်ကလာသတုံး (ဇာတိက လာပါတယ်) ဪ ဇာတိက လာတယ်သိပြီ။ ဒါဖြင့် ဒကာ ဒကာမတွေ ဇာတိကလာတယ်ဆိုတာ။ ဒါဖြင့် ဘယ်ဇာတိမဆို ခင်ဗျားတို့ မတောင်းလေနဲ့ (မှန်လှပါ) တောင်းယင် အိုသေရမယ် (မှန်ပါ့) သီလရင်တွေဘက်ကလဲ ရှာမရှည်ကြနဲ့နော် ဆုတောင်းမှုကို (မှန်ပါ့)။

တစ်ချို့ သီလရှင်တွေများ လျှာရှည်နေလိုက်တာတွေ ဘုရားကြီးထဲမှာများ မနည်းပါဘူး (မှန်ပါ) သူတို့ရှာရှည်တာ ကြည့်ပြီး နောက်ကလူတွေက လိုက်ပြီး လျှာရှည်နေရင် သာပြီး ခက်ကုန်ဦးမယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒီဇာတိ ဘယ်ကလာပါလိမ့်မတုန်း

ကဲ ဒါဖြင့် သွားကြပါစို့၊ ဒီတရားကို ဟောဒီအဆက်ကလေးက ပြတယ်နော် (မှန်ပါ့) သူနဲ့သူ ဆက်ပါသေးတယ် လို့ပြောတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ်) ဇာတိနဲ့ ဘာနဲ့ဆက်သတုန်း ကမ္မဘဝနဲ့ ဆက်ပါတယ်။ ဪ ဒီဇာတိ ဘယ်ကလာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ ကာယကံ၊ ဝစီကံနဲ့ ဆုတောင်းတာက လာတယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ကမ္မဘဝဆိုတာ ကာယကံ၊ ဝစီကံ (မှန်လှပါ) ကာယကံနဲ့ လက်အုပ်ချီတယ်၊ ဝစီကံ ဆုတောင်းတယ် (မှန်ပါ့) အဲ သူတောင်းလို့ သူရတာ (မှန်ပ့ါ) ဒါဖြင့် ဇာတိလက်သည် တွေ့ပြန်ပြီ (မှန်ပါ့) ဘာတုန်း (ကမ္မဘဝပါ ဘုရား) ကမ္မ ဘဝဆိုတော့ စာသံပါနေတယ် (မှန်ပ့ါ) တပည့်တော်တို့ ကာယကံနဲ့ လက်အုပ်ချီပြီး ဝစီကံနဲ့ ဆုတောင်းတာပါဘုရား (မှန်ပါ့) ဦးဘအုန်း ပေါ်ပြီလားဗျာ (ပေါ်ပါပြီ ဘုရား)။

ကာယကံနဲ့တော့ (လက်အုပ်ချီပါတယ် ဘုရား) ဝစီကံနဲ့တော့ (ဆုတောင်းပါတယ် ဘုရား) အဲ သူကလာတာ သူကာလာတာ (မှန်ပါ့) ဇာတိ၏ လက်သည်တွေ့ပြန်ပြီ (မှန်ပါ့)၊ ဘာတွေ့သတုံး (ကမ္မဘဝတွေ့ပါတယ်) အကျယ်ချဲ့ လိုက်တော့ ဒကာ ဒကာမတွေ ကာယကံနဲ့ရှိခိုးပြီး ဝစီကံနဲ့ တောင်းတာ (မှန်ပါ ဘုရား)။

တပည့်တော် ရိုသေစွာရှိခိုးပါ၏ ဘုရား (တောင်းတဲ့ဆုလဲ ပြည့်ရပါလို၏ (မှန်ပါ့) ရိုသေစွာကလဲ ပါသေးတယ် (မှန်ပါ) အံမာ ဒုက္ခသစ္စာများ မပြည့်မှာ အတော်စိုးရိမ်တယ် (မှန်ပါ့) အနာမပေါက်မှာကို စိုးရိမ်နေတယ် (မှန်ပ့ါ)။

အနာပေါက်လို့ရှိရင် မဖျားဘူးတဲ့

ခင်ဗျားတို့ ပြောတယ်၊ အနာပေါက်လို့ရှိရင် မဖျားဘူးတဲ့ (မှန်ပါ့) ဒါကို ကြိုက်သလို ဖြစ်နေတယ် (မှန်ပါ့) အနာပေါက်နေပေါ့ဗျာ၊ ယင်းသေရုံရှိတော့တာပေါ့ (မှန်ပ့ါ) ရိပ်မိပြီလား (မှန်ပါ့)။

ခင်ဗျားတို့ပြောပုံက တစ်ဘက်စွန်းကလေးက တော်တော်ပါတယ် (ပါပါတယ်) အနာပေါက်တာဟာ အပူတွေ ထွက်တာတဲ့၊ အဖျားအနာကင်းတယ် ပြောချင်ပြောနေကြတာ (မှန်ပါ) ဦးဘအုန်း တော်တော် ဆိုးဝါးတယ်နော် (ဆိုးဝါး ပါတယ် ဘုရား) မိတ်က တစ်ကိုယ်လုံး ပေါက်နေတာ မိတ်နာတွေ ပေါက်နေတာဟာ ဒီကလေး ကျန်းမာတော့မှာပဲ (မှန်ပါ့) ဘယ်မှာ မှာရမှာတုံး၊ အခုကို မမာလို့ ခက်နေတာ (မှန်ပါ့) အခုကို မာကြရဲ့လား (မမာပါဘူး)။

အဲဒီလို ခင်ဗျားတို့ဟာက တောင်လှည့်မြောက်လှည့်နဲ့ တစ်ခုမှလဲ မှန်တာကမပါ (မှန်ပါ့) ဒကာကြွယ်ဒီလိုများ ပြောမိသလား (ပြောမိပါတယ် ဘုရား) ခင်ဗျားတို့ အဲဒီအထဲက လူတစ်ယောက်ပါပဲ (မှန်ပါ့) ဘယ်မှာ အနာပေါက်နေတဲ့ အထဲ ဖျားရဦးမယ်ဆိုတော့ မောင်ဘသော် သေရုံကျန်တော့တယ် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ဒကာမတို့ ဇာတိဘယ်ကလာသတုံး (ကမ္မဘဝက လာပါတယ်) ဒါဖြင့် ဇာတိလက်သည် ယနေ့တွေ့ပြီး ကာယကံ ဝစီကံကမ္မဘဝ သွားတွေ့တယ် (မှန်ပ့ါ)

ဦးဘအုန်း ဘာတွေ့သလဲ (ကာယကံ၊ ဝစီကံသွားပြီး တွေ့ပါတယ်) ခင်ဗျားတို့ကလဲ ကာယကံ ဝစီကံနဲ့ ဆုတောင်း ပြီး သကာလ ဟောဒီဒုက္ခမှ လွတ်ရပါလို၏ဆိုရင် ဘယ်လောက်များ ကောင်းမတုံး (ကောင်းပါတယ် ဘုရား)။

ဒီလိုတော့ မထည့်ကြဘူး(မှန်ပါ့) ကာယကံနဲ့ ရှိခိုး၊ ဝစီကံနဲ့ ဆုတောင်းပြီး လူဇာတိ, နတ်ဇာတိ၊ လူ့ဘဝ၊ နတ်ဘဝဖြစ်ရပါလို၏။ (မှန်ပါ့) ဒီဟာကို သွားပြီး မကြည့်ကြဘဲကိုး (မှန်ပ့ါ) ဒကာကြွယ်၊ ဒီဟာကြည့်စမ်းပါဦး ဘာသစ္စာ တဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒကာ ဒကာမတွေ ဒါကြည့်ပြီးလို့ သိသွားကြမယ်ဆိုရင်တော့ မကောင်းတော့ပါဘူး (မှန်ပါ ဘုရား) တစ်ခုတော့ အဲဒီသစ္စာက မသိခဲ့ကြဘူး (မှန်ပါ့) သစ္စာ မသိခဲ့တော့ ကိုင်း သူများဒကာတွေလဲ ဒီလိုဘဲ ရွတ်တာပဲကွ၊ ငါတို့လဲ ရွတ်ရဦးမယ် မတတ်သာဘူး။ သူတို့လဲ ဘယ်သွားမှားမှန်း မသိဘူး။ ငါလဲ ဘယ်သွားမှန်းမသိဘူး။ ဒီကို ရောက်တာပဲ (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အတုခိုးသင့်တာမှ ခိုးရမယ်

အဲဒါကြောင့် အတုခိုးသင့်တာမှ ခိုးရမယ်။ မခိုးသင့်တာကိုတော့ ဒကာကြွယ် (မခိုးရပါဘူး ဘုရား) ခင်ဗျားတို့ ဟာက အကုန်ခိုးချနေတယ် (မှန်ပါ့) အကုန်ခိုးချနေတော့ ရှေ့သွားက မမှန်တော့ နောက်ကလူကလဲ ချောကျကုန်တာပေါ့ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ကမ္မဘဝဟာ ဇာတိထက် ကြောက်စရာ ကောင်းတယ် (မှန်ပ့ါ) မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ကာယကံ၊ ဝစီကံတွေဟာ ဘယ်သူ့ထက် ကြောက်စရာကောင်းသတုံး (ဇာတိထက် ကြောက်စရာကောင်းပါ တယ်) ဘုံဘဝလိုချင်တဲ့၊ ဒုက္ခသစ္စာလိုချင်တဲ့ ကာယကံ၊ ဝစီကံဟာ ဇာတိထက် ကြောက်စရာကောင်းတယ် (မှန်ပါ့) ဘာ့ကြောင့်တုံး သူလုပ်မှ ဇာတိပေါ်မှာ (မှန်ပါ) သူမလုပ်ရင် (ဇာတိမပေါ်ပါဘူး)။

ဇာတိနဲ့ ကမ္မဘဝကော ဘယ်ဟာကြောက် စရာကောင်းသတုန်း

ဦးဘအုန်း ရိပ်မိပြီနော် (မှန်ပါ) ဒကာကြွယ်ကော (ရိပ်မိပါပြီ ဘုရား) ဇာတိနဲ့ ကမ္မဘဝကော ဘယ်ဟာကြောက် စရာကောင်းသတုန်း (ကမ္မဘဝ၊ ကြောက်စရာကောင်းပါတယ်) သူလုပ်မှ ဇာတိဖြစ်တာကိုး (မှန်ပါ့) သူမလုပ်လို့ရှိရင် (ဇာတိမဖြစ်ပါဘူး)။

ဒကာကြွယ်တို့က ဒီဥစ္စာတောင် အားပေးလိုက်သေးတယ် (မှန်ပါ့) ကာယကံနဲ့ စင်စင်ကြယ်ကြယ် ကောင်း ကောင်းမွန်မွန် လုပ်ကြကွ၊ ဝစီကံကလဲကွာ၊ ဒီအချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆွမ်းကျွေးတယ် ဆိုတာ လုပ်ကြကိုင်ကြပေါ့ကွ ကာယကံ၊ ဝစီကံဆိုတာ အတော်ကြီးတယ်။

ကာယကံညံ့နေရင် နောင်ဘဝ မင်းအရုပ်ဆိုးမယ်။ လာပြီ လာပြီ ဘဝတဏှာ ဘဝပတ္ထနာ အားပေးမှုတွေကို (မှန်ပါ့) ကာယကံက မင်းညံ့ဖျင်းလို့ရှိရင် ပန်းကန် စင်စင်ကြယ် ကြယ် မဆေးလို့ ရှိရင် မင်းအရုပ်ဆိုးမယ် (မှန်ပါ့)။

နောက်ဘဝကတော့ ပါတာချည်းပဲ

ဝစီကံက ညံ့ပြီဆိုမှဖြင့်လဲ မင်းသည်ကားလို့ဆိုရင် နောက်ဘဝမှာ ဘယ်လိုဖြစ်တတ်တယ် စသည်နဲ့ နောက်ဘဝကတော့ ပါတာချည်းပဲ (ပါပါတယ် ဘုရား) နောက်ဘဝဆိုတာ ဒါကိုဆိုတာ။ ဘာကိုဆိုတာတုံး (ဒုက္ခသစ္စာကိုဆိုတာပါ)။

အဲ ဒုက္ခသစ္စာဆိုတော့ဒါဟာ တူတူပေါ့ (မှန်ပ့ါ) နောက်ဘဝ မင်းဒုက္ခသစ္စာဖြစ်တော့ မင်းနည်း နည်းညံ့မယ်။ ဒုက္ခသစ္စာ ကြီးကြီးဖြစ်ရတာကောင်းတယ် (မှန်ပါ့) ဦးဘအုန်းတို့ ဟောနည်းတွေကလဲ ဒီကိုသွားတာပါပဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါခင်ဗျားတို့ သားသမီးတွေများ ဒီအမွေဖြင့် မပေးကြပါနဲ့၊ ကလေးတွေ မသိလို့ ဒုက္ခသစ္စာထဲက မထွက်နိုင်ဘဲ ရှိကုန်ရော့မယ် (မှန်ပါ့) အခုအချို့ ပေးတုန်းရှိသေးတယ် (ပေးတုန်းပါ ဘုရား) တော်တော့် ကြောက်စရာကောင်းတယ် နော် (မှန်ပါ) ချစ်လို့ပေးတာလား၊ နောက်ထပ်သေအောင်လို့ ပေးတာလား(နောက်ထပ်သေအောင်လို့ ပေးတာပါ ဘုရား)။

ဪ ကိုယ်ကိုယ်ကိုယ်ပဲ တစ်ခါငိုလို့မပြီးဘူး (နှစ်ခါငိုချင်သေးတယ် (မှန်ပါ) ဒီအဓိပ္ပာယ် မရဘူးလား (ရပါတယ် ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ပဋိစ္စသမုပ္ပါဒ်ကို ပဋိလောမ ဟောတယ်လို့ မှတ်ပါ့(မှန်ပါ့) ပဋိလောမဆိုတာ အကြောင်းရင်းလက်သည်ကို ပြန်ရှာတာ (မှန်ပ့ါ)။

ဒီကမ္မဘဝကို ဘယ်သူလုပ်ပါလိမ့်မတုံး

ဒကာ ဒကာမတွေ ခင်ဗျားတို့ ပါတဲ့စာရွက်ကိုလဲ ကြည့်ပေါ့ဗျာ။ ဘုန်းကြီးပြတာကိုလဲ နှလုံးသွင်း ဂရုစိုက်ကြပေါ့ (မှန်ပါ့) ဒီကမ္မဘဝဟာ ကြောက်စရာကောင်းတာပေါ်ပြီ (မှန်ပ့ါ) ဒီကမ္မဘဝကို ဘယ်သူလုပ်ပါလိမ့်မတုံး ဆိုတော့ နောက်ဆက်တွဲ ရှာပါဦး (ဥပါဒါန်ကြောင့်ပါ ဘုရား)။

ဥပါဒါန်ရှိလို့ဖြစ်တာ (မှန်ပါ့) ဒါ့ကြောင့် ဥပါဒါနပစ္စယာ ပါထားတယ် ကမ္မဘဝေါဆိုပြီး (မှန်ပါ့)။

ဒကာကြွယ် ကံနဲ့ဥပါဒါန် ဘယ်ဟာကြောက်စရာကောင်းသတုံး (ဥပါဒါန်က ကြောက်စရာကောင်းပါတယ်)။

ဒီကလေး ကလေးကို လှစေချင်၊ ပစေချင် နောက်ဘဝ ဝစေချင်ဆိုတဲ့ သဘောကလေး စေတနာ ရောက်လာလို့ ရှိရင် ဒီကလေးအပေါ်မှာ မစွဲလမ်းဘဲနဲ့ ဒီအသံမထွက်ဘူး(မှန်ပါ့) ထွက်ပါ့မလား (မထွက်ပါ ဘုရား)။ မထွက်ပါဘူး၊ ဒကာ ဒကာမတို့ အဲဒီတော့ ဥပါဒါန်ရှိတယ် (မှန်ပါ့)။

ဒါကြောင့် ဥပါဒါန်နဲ့ ကမ္မဘဝ ဘယ်ဟာ ကြောက်စရာကောင်းသတုံး (ဥပါဒါန်က ကြောက်စရာကောင်းပါတယ်) သူလဲ သမုဒယသစ္စာပဲ၊ သူကော (သမုဒယသစ္စာပါ) ဒါဖြင့် သမုဒယ သစ္စာလုပ်တဲ့ပုဂ္ဂိုလ်တော့ ဒီဒုက္ခကတော့ မလွတ်တမ်းပဲ (မလွတ်ပါဘူး ဘုရား)။ ဒကာ ဒကာမတွေ ရှင်းပြီလား (ရှင်းပါပြီ)။

ဪ ခင်ဗျားတို့ မသိလို့ နေ့တိုင်းပဲ ဒီအဝိုင်းကြီးကို တောက်ပြီး သကာလ ဦးဘအုန်းပြနေရတယ် (မှန်ပါ့) မပြရင် ဦးဘအုန်း ရှင်းကိုမရှင်းဘူး။ ရှင်းပါ့မလား(မရှင်းပါဘူး ဘုရား)။ ဒီအထဲကတောင်မှ ဗွေက ဖောက်ချင်သေးတယ် (မှန်ပ့ါ)။

နောက်ဘဝမင်းတို့ သွားရောပေါ့ကွာ

အိမ်ရောက်လို့ရှိရင် ဒကာကြွယ်တို့က ရှေးရိုးကလေးမစွန့်ချင်သေးဘူး။ ပြောနေကျ အသံကလေးက လာသေး တာဗျ (မှန်ပါ့) အို ဒီလိုသာ မင်းတို့နေရင် နောက်ဘဝမင်းတို့ သွားရောပေါ့ကွာတဲ့ (မှန်ပါ့) နောက်ဘဝ သွားရော့ပေါ့ကွာ ဆိုတော့ နောက်ဘဝမှာ မင်းသည်ကားလို့ဆိုရင် ဆိုးဝါးလိမ့်မယ်၊ ဒါကလေးတောင် ကောင်းကောင်းလုပ်ဆိုတော့ ဒါကလေးတောင် ပါပါသွားသေးတယ်၊ နှုတ်ကတတ် နေတာကိုးဗျ၊ (မှန်ပါ့) မပြောကြဘူးလား ဒကာ ဒကာမတို့ (ပြောပါတယ် ဘုရား)။

ကိုယ့်အိမ်က သားသမီးကလေးတွေ မလိမ္မာလို့ ဘုရားရှေ့သံဃာရှေ့မှာ ကုန်းကွမသွားလို့ လူကြီးသူမ ရှေ့မှာ ကုန်းကွမသွားလို့ရှိရင် ကောင်ကလေး ခက်လိုက်တာ နောက်ဘဝမှာ ဒီကောင်ကလေး ဒီ့ထက်ဆိုးလိမ့်မယ်တဲ့။ တစ်ခါတည်းဆုံးမသလိုလိုနဲ့ ဒီကောင်ကလေးကို နောက်ဘဝ ကောင်းစားရေး လောက်ကိုသာ ရည်ရွယ်တဲ့ ဘဝတဏှာနဲ့ ဒုက္ခသစ္စာပေးတာပဲ (မှန်ပါ့)။

ကုန်းကွသွားလို့ ဟုတ်လား၊ လူကြီးရှေ့ဆိုတာ ရိုသေရတယ်။ ကိုင်းရှိုင်းရတယ်၊ မင်းတို့ကတော့ ဝတ္တရား တွေက တယ်ပျက်တာကိုး။ ဘဝကူးတော့ ခက်ပါသေးတယ် (မှန်ပါ့)။ ဟာ ဒါလဲ ဘဝကူးတော့ ခက်ပါသေးသတဲ့။ အပြောမှားသွား ပြီ (မှန်ပါ့) နဂိုက ဘဝကူးရင် ဒုက္ခသစ္စာရနေတာ ခက်စရာ ထူးပြီးမလိုတော့ပါဘူး (မှန်ပါ့) လိုသေးသလား (မလိုပါဘူး)။

အဲဒါတွေက ဒကာကြွယ်တို့က နှုတ်တက်မနေပါနဲ့နော် (မှန်ပါ့) နှုတ်တက်မနေပါနဲ့ သစ္စာသိအောင်သာ ပြောပေးကြပါ (မှန်ပါ့)။

လူကြီးတွေကို ပြင်နေရတာ

အခုတရားပွဲမှာ မနည်းပါဘူး လူဦးရေနော် (မှန်ပါ့) ဒကာကြွယ် လူကြီးတွေကို ပြင်နေရတာလား၊ ကလေးတွေ ကို ပြင်နေရတာလား၊ (လူကြီးတွေကို ပြင်နေရတာပါ ဘုရား)။ ဟာ ဦးဘအုန်း မရှက်နဲ့နော် (မှန်ပါ့) မရှက်နဲ့ မရှက်နဲ့ အရွယ်တွေလဲ မသေးပါဘူး၊ ဘုန်းကြီးက ဘာဖြစ်လို့တုန်း၊ ပိုရှက်သွားမှာစိုးလို့ (မှန်ပါ့) အခုဟာက လူကြီးတွေကို ပြင်နေရတာ (မှန်ပါ့)။

လူကြီးတွေကို ပြင်ပြီး သကာလ နေရတာ ဘုန်းကြီးက သက်သက်ပြင်ပေးနေရတာလား လူကြီးတွေ၏ လမ်းစဉ်က လွဲနေလို့လားဆိုတာ မောင်ဘသော်တို့က အကဲခတ်(လူကြီးတွေကလွဲလို့ နေလို့ပါ ဘုရား)။

လွဲနေတယ်၊ ဘဝကောင်းစားရေးကိုသာ ပြောတတ်တယ်၊ ဘဝပြတ်ရေးကို (မပြောတတ်ပါဘူး ဘုရား) မပြော တတ်တော့ သစ္စာမသိတော့ဘူး (မှန်ပါ့) သစ္စာသိသေးရဲ့လား (မသိပါဘူး ဘုရား)။

အဲ့ဒါကြောင့် ဒကာကြွယ် ကလျာဏမိတ္တဆိုတဲ့ ဆရာသမားဟာ အင်မတန် အရေးကြီးတယ်ဟောတာ (မှန်လှပါ) မကြီးဘူးလား (ကြီးပါတယ်)။

တစ်ချို့ဘိုးတွေဘွားတွေ ဦးဘအုန်းတို့ ဘိုးတွေ ဘွားတွေဟာ ဒီအတိုင်း သေသွားလိမ့်မယ်ဆိုတာ ဘယ်သူမှ ငြင်းနေဖို့ မလိုဘူး (မလိုပါဘူး ဘုရား)၊ ဘဝကောင်းစားရေးဆိုသာ မသောက်နဲ့ပဲ သေသွားတာပဲ (မှန်ပါ့) ဘဝကောင်းစား ရေးဆိုတော့ ဒါက ဘဝကောင်းစားရေးဆိုတာက (ဒုက္ခသစ္စာပါပဲ ဘုရား) ကောင်းစားရေး ပါကိုမပါဘူး (မှန်ပါ့)။

ဘဝကောင်းစားရေးပဲ ပြောကြတယ်

ဒီဘက်မှာ ဒါဘဝပါပဲ၊ နတ်ဘဝ၊ လူ့ဘဝပါပဲ ဇာတိဆိုတာ (မှန်ပါ့) ကောင်းစားရေးလား၊ ဆင်းရဲရေးလား (ဆင်းရဲရေးပါ ဘုရား) အဲဒါ မသိရှာကြဘူး (မှန်ပါ့) မသိတော့ ဘဝကောင်းစားရေးပဲ ပြောကြတယ်။ နင်တော့ ဘဝကူး ခက်လိမ့်မယ်။ ဒီဘဝမှာ နင့်စိတ်ကလဲကြမ်း နင်အရုပ်ဆိုးသလို နောက်ဘဝနင်တော့ ဒီ့ထက်ဆိုးဦးမှာပဲ၊ အစရှိသည်နဲ့ ကလေးတွေ အပေါ်များ ဒကာကြွယ်တို့က အားလုံပေ့ါဗျာ လူကြီးတွေက ဆုံးမသွန်သင်နေလိုက်တာ ဘဝနဲ့ ဆုံးမကြတာပါပဲ (မှန်ပါ့)။

ကိုင်း ဒါတွေတော့ ပြင်ပါတော့ ဒကာကြွယ်နော် (မှန်ပ့ါ) အားလုံး ဒကာ ဒကာမတွေ ပြင်ကြပါတော့ (မှန်ပါ့) ခင်ဗျားတို့ ဆုံးမတဲ့အတိုင်း ကလေးတွေက ဘဝနှစ်သက်သွားလို့ရှိရင်ဖြင့် ဆုံးမတဲ့ ပုဂ္ဂိုလ်ကလဲ သစ္စာမသိလို့ သံသရာ လည်း နားထောင်လဲပုဂ္ဂိုလ်ကလဲ သစ္စာမသိလို့ သံသရာလည် (မှန်ပ့ါ)။

ဒီအတိုင်း မနေဘူးလား (နေပါတယ်) နှစ်ဦး နှစ်ဝကျေးဇူးမရှိပါဘူး (မှန်ပါ့)၊ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ဒါ့ကြောင့် ပြင်ကြပါဦး (မှန်ပါ့)။

ခင်ဗျားတို့ အချိန်မီ သေးတယ်

ဒကာ ဒကာမတွေ ဘုန်းကြီးတစ်ခါတစ်ခါပြောတဲ့အခါ နားထောင်ဖို့ သိပ်ကောင်းတယ်၊ ခင်ဗျားတို့ အချိန်မီ သေးတယ်ပြောတာ (မှန်ပ့ါ)။

ဦးဘအုန်းဘယ်နှယ့်ပြောသတုံး (အချိန်မီသေးတယ် ပြောပါတယ်) ပြင်ချိန်ကလေးရသေးတယ် (မှန်ပ့ါ) ပြင်ချိန်မရမည့် နောက် သားနောက်မြေးတွေ ရှေ့ကသေသွားနှင့်တာ တွေကျတော့ ငါးပါးမှောက်ကုန်တယ် (မှန်ပ့ါ) ဒကာကြွယ် တွေးချင်တိုင်းတွေးတော့ သေသေချာချာပဲ (မှန်ပ့ါ)။

ပြင်ချိန်မရမည့် မမီလိုက်တဲ့ကလေးတွေပေါ့ဗျာ (မှန်ပ့ါ)ပြင်ချိန်မမီတဲ့ ခုနင်က ပြောတဲ့ သက်ကြီးအိုမတွေ။ ပြီးတော့ ကျောင်းကန်ဘုရားလဲ မလာနိုင်သေမည့်ဘက်ကိုလဲ ရှေးရှုနေပြီ (မှန်ပ့ါ)။

ဒီအထဲကလဲ ပြင်ပေးမည့်သူဆီကိုလဲ သူကမလာနိုင်၊ သေမည့်ဘက်ကိုလဲ သူကမလာနိုင်၊ ဒီလိုနဲ့ ဇွတ်မှိတ်ပြီး သကာလ ပြောချင်ရာပြောဆိုချင်ရာဆို ဆိုပြီး သကာလ ဆွမ်းကလေးလောင်းပြီး သကာလ ကဲ ကျုပ်တို့တော့ သေတဲ့အခါ ရိက္ခာယူဖို့ပဲ၊ ဒါမှပဲ ကျုပ်တို့ နောက်ဘဝလဲ ခံသာရည်ရှိမှာပဲတဲ့ (မှန်ပ့ါ)။

ဒါနောက်ဘဝပါပဲ ဒကာ ဒကာမတို့၊ ဘယ်မှာတုံး ခံသာရည်တဲ့လား (မဟုတ်ပါဘူး ဘုရား) ဘာတဲ့တုန်း (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာကို ခံသာရည်လုပ်နေလို့ရှိရင် ဦးဘအုန်း သေသေချာချာ လွဲတာပေါ့ (မှန်ပါ့) ဒီဒုက္ခသစ္စာက လွတ်တဲ့လမ်းကို သွားပါ (မှန်ပါ ဘုရား)။

ကမ္မဘဝနဲ့ ဥပါဒါန်ဘယ်ဟာကြောက်စရာ

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတွေ ကမ္မဘဝနဲ့ ဥပါဒါန်ဘယ်ဟာကြောက်စရာကောင်းသတုံး (ဥပါဒါန်က ကြောက် စရာကောင်းပါတယ် ဘုရား) သူကအကြောင်း၊ သူရှိမှ သူလာမှာ (မှန်ပါ့ ဘုရား) ဒီဥပါဒါန်ကလဲ သမုဒယသစ္စာပဲ (မှန်ပ့ါ)။

တစ်ခါသွားပါဦး ဥပါဒါန်ထက် တဏှာကကြောက်စရာကောင်းတယ် (မှန်ပါ့) တဏှာမရှိဘဲနဲ့ ဥပါဒါန် ဖြစ်ပါ့ မလား (မဖြစ်ပါဘူး ဘုရား) ဒါဖြင့် တဏှာသည် ဒကာ ဒကာမတို့ ဥပါဒါန်ထက် ကြောက်စရာ ကောင်းတယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) သူတို့သုံးခုစလုံး ဘာသစ္စာတုံး (သမုဒယသစ္စာပါ) ဒါဖြင့် သူတို့ သုံးခုရှိတဲ့ ပုဂ္ဂိုလ်ဟာ ဒီဒုက္ခသစ္စာ သုံးခုကိုရတယ် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီဒါဖြင့် ဒကာ ဒကာမတို့၊ ဒီတဏှာဟာလဲ သူ့ကို ကျေးဇူးပြုတဲ့ လက်သည်မရှိဘဲနဲ့ အရမ်းပေါ်တာ မဟုတ်ဘူး သဘောကျပြီလား (ကျပါပြီ) အရမ်းပေါ်တာမဟုတ်တော့ဒီမှာ ဆက်ပြတယ် ဘာတဲ့တုန်း (ဝေဒနာပါ ဘုရား) ဒါ့ကြောင့် ဝေဒနာပစ္စယာ တဏှာ (မှန်ပါ့)။

တဏှာနဲ့ ဝေဒနာ ဘယ်ဟာ ကြောက်စရာ

တဏှာနဲ့ ဝေဒနာ ဘယ်ဟာ ကြောက်စရာကောင်းသတုံး (ဝေဒနာပါ ဘုရား) ဝေဒနာကြောင့် တဏှာဖြစ်ရမယ် (မှန်ပ့ါ)။

ဒါ့ကြောင့် ဘုန်းကြီးများက ဦးဘအုန်းတို့ ဒကာကြွယ်တို့ကို ဝေဒနာဖြစ်ပျက်ရှုပါလို့ ပြောရတာ (မှန်ပါ့) ဝေဒနာကို ဖြစ်ပျက်ရှုပါဆိုတဲ့ ဥစ္စာ ဒကာကြွယ်တို့ စကတည်းက ဒါကို မေးတယ် (မှန်ပ့ါ) ပေးသင့်မပေးသင့် (ပေးသင့်ပါ တယ် ဘုရား)။

သူ့ကို ဖြစ်ပျက် ရှုလို့ရှိရင် ဖြစ်ပျက် မဂ်ဆိုပြီး ဒီဟာကလေးဟာ ပြတ်သွားမယ် (မှန်ပ့ါ) ဒီဘက်ကူးသေးရဲ့လား (မကူပါဘူး) အဲဒါ့ကြောင့် သင်ပေးနေတာ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ တစ်ခါသွားကြစို့ ဒကာ ဒကာမတို့၊ ဝေဒနာနဲ့ တဏှာဘယ်ဟာက ကြောက်စရာ ကောင်းသတုံး (ဝေဒနာ ကြောက်စရာကောင်းပါတယ်)၊ ဝေဒနာသုံးမျိုးစလုံးကြောက်စရာ (မှန်ပ့ါ) ဘာ့ကြောင့် ကြောက်စရာ ကောင်းသတုန်းလို့ မေးတဲ့အခါကျတော့မှ ဝေဒနာကြောင့် တဏှာဖြစ်ရတယ် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာကြောင့် တဏှာဖြစ်ရတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ကြပါနော် (မှန်ပါ့) ဆင်းရဲတဲ့ပုဂ္ဂိုလ်လဲ ချမ်းသာခြင်းကို အလိုရှိတယ် (မှန်ပ့ါ) ဆင်းရဲတာက ဒုက္ခဝေဒနာအလိုရှိတာက (တဏှာပါ) ကိုင်း ဆင်းရဲတာကလဲ သူလာတာပဲ (မှန်ပါ)။

ဒကာကြွယ် ချမ်းသာတဲ့ ပုဂ္ဂိုလ်ကလဲ ချမ်းသာသည်ထက် ချမ်းသာချမ်းသာချင်တာပဲ (ချမ်းသာတာက ဘာဝေဒနာ (သုခဝေဒနာ) သိပ်ပြီး ပိုပြီး ချမ်းသာချင်တာက (တဏှာပါ ဘုရား) အဲ ဒါကြောင့် ဝေဒနာကလာတာ (မှန်ပ့ါ) ဒါဖြင့် ဒုက္ခဝေဒနာပစ္စယာ (တဏှာပါ ဘုရား) သုခဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

ချမ်းသာလဲ မဟုတ် ဆင်းရဲလဲ မဟုတ်ဘဲ အလယ်ကနေတဲ့ အလတ်စား ဥပက္ခော ဝေဒနာကလဲ ဘာဖြစ်ချင် သတုန်း (ချမ်းသာချင်တာပါပဲ ဘုရား) ကျုပ်တို့ အလယ်အလတ် တော်ပါပြီလို့ ဘယ်သူမှ ရပ်မနေဘူး (မှန်ပါ့) ချမ်းသာလို ချင်တာက ဘာတုံး (တဏှာပါ ဘုရား) ဥပေက္ခာ ဝေဒနာပစ္စယာလဲ တဏှာပဲ (မှန်ပ့ါ) ဒါ့ကြောင့် ဝေဒနာနဲ့ တဏှာ ဘယ်ဟာက ကြောက်စရာကောင်းသတုန်း (ဝေဒနာက ကြောက်စရာကောင်းပါတယ် ဘုရား)။

ဝေဒနာမရှိဘဲနဲ့ ဒီတဏှာ မလာဘူး

ဒကာ ဒကာမတွေက ဝေဒနာကို မကြောက်ဘူး၊ ပြောသာပြောနေကြတာ ဝေဒနာကို မကြောက်ဘူး (မှန်ပါ့) စင်စစ်တော့ဦးဘအုန်း ဝေဒနာကို ကြောက်ရမှာ (မှန်ပ့ါ) အခု သေသေချာချာကြည့်တော့ ဝေဒနာမရှိဘဲနဲ့ ဒီတဏှာ မလာဘူး (မှန်ပ့ါ) ဒီတဏှာမရှိဘဲနဲ့ ဒကာ ဒကာမတွေ ဒီဒုက္ခသစ္စာတွေ လာပါ့မလား(မလာပါ ဘုရား)။

ဒါဖြင့်ပြောစမ်းပါ၊ ဝေဒနာနဲ့တဏှာ ဘယ်ဟာကြောက်စရာကောင်းသတုံး (ဝေဒနာက ကြောက်စရာ ကောင်းပါ တယ် ဘုရား)။ သို့သော် ချမ်းသာတဲ့ပုရဂ္ဂိုလ်က ချမ်းသာကို ကြောက်သလားလို့မေးရင် ဘယ့်နှယ်ပြောမလဲ (မကြောက်ပါ ဘူး ဘုရား) ဒါဖြင့် ဝေဒနာ ကြောက်စရာကောင်းတယ်လို့ မောင်ဘသော် ပါးစပ်ကဖြေတာနဲ့ လိုက်သေးရဲ့လား (မလိုက်ပါ ဘူး ဘုရား) ဝေဒနာအကြောင်းကို မသိတော့တဏှာဖြစ်မယ်၊ တဏှာဖြစ်ရင် သမုဒယ သစ္စာလာမယ် (မှန်ပါ့) သမုဒယ သစ္စာလာရင် လွတ်ပါ့မလား(မလွတ်ပါဘူး)။

အဲဒီတော့ ချမ်းသာတဲ့ပုဂ္ဂိုလ်ဟာ၊ ချမ်းသာကို ကြောက်တယ်လို့ ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ရှာမှရှား (ရှားပါတယ် ဘုရား) ချမ်းသာဖို့ပဲ လိုက်ရှာနေကြတာပဲ (မှန်ပ့ါ)။

ဒါဖြင့် ဝေဒနာကို ခင်ဗျာတို့က ကြိုက်တဲ့တရားဖြစ်နေသလား၊ ကြောက်တဲ့တရား ဖြစ်နေသလား (ကြိုက်တဲ့ တရားဖြစ်နေပါတယ်)၊ ဝေဒနာဟာ ဦးဘအုန်း လူကြိုက်များတယ် (မှန်ပါ) သုခဝေဒနာဟာ ဘာတုံး (လူကြိုက်များတယ်) ကဲ ဒါဖြင့် သုခဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ဒါ့ကြောင့် လူကြိုက်မျာလို့ပေါ့(မှန်ပ့ါ) ရှင်းပြီလာ (ရှင်းပါပြီ ဘုရား)။

ချမ်းသာတာကို ကြိုက်တယ်

ချမ်းသာတာကို ကြိုက်တယ်၊ မကြိုက်တယ်ဆိုတာ ခင်ဗျားတို့ အသက်အရွယ်ကြီးလို့ အလုပ်အကိုင် မရှိဘဲနေတဲ့ ပုဂ္ဂိုလ်တောင်မှ သူနဲ့တန်မည့် အလုပ်ကိုလုပ်ရမယ်၊ စီးပွားရေးလဲ ဖြောင့်မယ်ဆိုရင် အသက်ထွက်ခါနီးဝိညာဉ်ချုပ်ခါနီး တောင်မှ လုပ်ဦးမလိုလိုပဲ (မှန်ပါ့) မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား) ဘယ်လောက် သုခဝေဒနာ ကြိုက်တယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့၊ အခု အချိန်တိုင်တိုင် အလုပ်အနားမယူနိုင်သေးဘဲ ကိုယ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းနဲ့ လုပ်နေသေးတာ ဘာကြိုက်လို့တုံး (သုခဝေဒနာကြိုက်လို့ပါ ဘုရား) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

ဘာမှမလုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေကတောင်မှ အင်း-တို့တော့ဖြင့် မျက်စိကလဲမွဲပြီး ခါးကလဲကိုင်း၊ နားကလဲ ကိုင်းနဲ့ အိမ်စောင့်ပဲ ခိုင်းကြတော့ဟေ့၊ ဒီ့ပြင်ဟာတေ့ မတတ်နိုင်တော့ဘူးတဲ့ (မှန်ပါ့)၊ ဘာဖြစ်လို့တုံး၊ ဒီအိမ်က ပစ္စည်းပျောက်မှာ စိုးလို့၊ ပျောက်ခြင်းကို သူမကြိုက်ဘူး၊ ရှိခြင်းကိုသာ သူကြိုက်တယ်။ ဒါ့ကြောင့် ဒရဝမ်ဆုတောင်း သူက တောင်းလိုက်သေး တယ်(မှန်ပါ့)။

ဒကာကြွယ် ဒရဝမ်ဆုတောင်းပြီး အိမ်မှာ ပျော်နေတဲ့ လူတွေတစ်ပုံကြီး (ရှိပါတယ် ဘုရား) မြေးတွေကလဲ မလိမ္မာသေးဘူး၊ သမီးအကြီးတွေ၊ သမီးအငယ်တွေကလဲ ထော်လော်ကန့်လန့်တွေ၊ အသုံးအဖြုန်းမသေချာဘူး၊ ရှေ့ရေး နောက်ရေး မသိဘူး၊ တို့ကလဲ ရှေ့ရေးနောက်ရေး သိခဲ့ပြီကွ၊ အဲဒီတော့ ငွေဝင်မရှိ ငြားသော်လဲ စောင်မိတဲ့ သဘောနဲ့ နေရဦးမယ်တဲ့ (မှန်ပါ့) နှင်ထုတ်တာတောင် မသွားဘူး (မှန်ပ့ါ) သူဘာကြိုက်နေတာတုန်း (ဝေဒနာကြိုက်နေတာပါ) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပဲ။ ခင်လို့ စောင့်ပေးနေတာ (မှန်ပ့ါ) မခင်ယင် နင်တို့အိမ်ခြေဦး၊ မလှည့်ဘူး ပြောလိမ့်မယ် (မှန်ပါ့) ပေါ်နေပြီ (မှန်ပ့ါ)။

တဏှာက ပင်စင်ပေးတယ်လို့ ရှိရဲ့လား

ဒါဖြင့် ဒကာကြွယ်၊ တဏှာက ပင်စင်ပေးတယ်လို့ ရှိရဲ့လား (မရှိပါဘူး ဘုရား) တဏှာသည် သတ္တဝါတစ်ဦး တစ်ယောက်ကို သနားလို့ ကဲ မင်းလွတ်တော့ ကျွတ်တော့ မင်းကိုဖြင့် မခိုင်းတော့ဘူး၊ ခိုင်းလို့လဲ မကောင်းတော့ဘူး ဆိုပြီး ပင်စင်ပေးလိုက်တာများ ကြားဖူးရဲ့လား (မကြာဘူးပါဘူး ဘုရား) အတော်အခိုင်းရက်စက်ပါတယ် (မှန်ပါ့ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ခြေထောက် ထော့နင်း ထော့နင်းနဲ့ပေမယ့်လဲ ဒကာကြွယ် ထော့နင်းအလိုက် ခိုင်းသေးတယ် (မှန်ပါ့) ချိုင်း ထောက်ကလေးရှာပြီး သွားပါလား၊ တဏှာက ခိုင်းတာလေ(မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဘယ်သူ့ကိုများ သူလွှတ်သတုံး (ဘယ်သူမှ မလွှတ်ပါဘူး ဘုရား)လေးဘက်သွားကလေး ကလေးများ ခိုင်းထားလိုက်တော့ ဟိုနားမှာ ထမင်းရှိတယ် သွားတဲ့၊ တဏှာက ခိုင်းတာ၊ ကလေး ကလေးက ဟပ်ထိုးလဲရှာတယ် (မှန်ပ့ါ) လဲပေမယ့် မလျှော့ဘူး၊ တဏှာကတော့ ခိုင်းတာပဲ (မှန်ပါ့)။

ကလေးလဲ သူခိုင်းတယ်ဟုတ်လား (မှန်ပ့ါ) လူလတ်ပိုင်းလဲ (ခိုင်းပါတယ် ဘုရား) လူကြီးပိုင်းလဲ (ခိုင်းပါတယ် ဘုရား) ဒါဖြင့် ဒကာကြွယ် ခင်ဗျားတို့အပေါ် ဘယ်သူအုပ်ချုပ်နေသတုန်း (တဏှာအုပ်ချုပ်နေပါတယ် ဘုရား) ကြည့်ပါ ကြည့်ပါ ဒါဖြင့် ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) သူအုပ်ချုပ်နေတယ် (မှန်ပ့ါ)။

ဒကာကြွယ်တို့၏ ခေါင်းဆောင်ကြီးတွေ့ပြီ (မှန်ပါ့) ဘာပါလိမ့် (သမုဒယသစ္စာပါ ဘုရား)။

အဲဒါကြောင့် တစ်နိုင်ငံလုံး ကမ္ဘာတစ်ဝန်းလုံး နတ်ပြည်ခြောက်ထပ် ဗြဟ္ဗပြည်ပါ သူတစ်ယောက်တည်း အုပ်ချုပ်နေတာ (မှန်ပ့ါ) ဦးဘအုန်းတို့ အမတ်မများဘူးနော် အမတ်ပေါင်းတစ်ရာနှင့် နှစ်ရာ အုပ်ချုပ်နေတာ မညှာတာ ဘူး (မှန်ပါ့) တစ်ယောက်တည်း အုပ်ချုပ်တာနဲ့ အကွက်စေ့နေတာပဲ (မှန်ပါ့) တစ်အိမ်တစ်အိမ်မှာ မင်းတို့ အိမ်မှာ လူစေ့တက်စေ့ အလုပ်ရှိသေးရဲ့လား မေးလု့ိရှိရင် မြိုင်ဆိုင်လှပါဘုရားတောင် ပြောလိမ့်ဦးမယ် (မှန်ပ့ါ) တစ်ယောက် တည်းပဲ ဘယ်သူတုံးဗျ အုပ်ချုပ်တာ (တဏှာပါ ဘုရား)။

ဘယ်သူ့ကိုများ လွှတ်သေးသတုံး (ဘယ်သူ့မှမလွတ်ပါဘူး) ကလေးကို ကလေးနေရာနဲ့ အဘိုးကြီးကို အဘိုးကြီး နေရာနဲ့ ခိုင်းပြီး သကာလ ထားလိုက်တာ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဒုက္ခသစ္စာပေးလိုက် တယ် (မှန်ပါ့) ခိုင်းနိုင် သလောက်ခိုင်းပြီးဘာသစ္စာပေးလိုက်သတုံး (ဒုက္ခသစ္စာပေးပါတယ်) တဏှာက ခိုင်းနိုင်သလောက် ခိုင်းပြီးတော့ကို သူ့အကြောင်းကြောင့် သူ့အကျိုး ဒုက္ခသစ္စာပဲ ပေးတယ်ဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

သစ္စာမသိတဲ့ပုဂ္ဂိုလ် မရိပ်မိဘူး

ဒါတောင်ပဲ ဒကာကြွယ် သစ္စာမသိတဲ့ပုဂ္ဂိုလ် မရိပ်မိဘူး၊ (မှန်ပါ့) ငါ့ကို တဏှာက ခိုင်းနေပါပေါ့လား။ သူခိုင်းလို့ ဒုက္ခရောက်တော့မှာပဲလို့ ညဉ်းတာများ တွေ့ဖူးရဲ့လား (မတွေ့ဘူးပါ ဘုရား) ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ရုံတော့ လုပ်ရသေးတယ် ဘုရား) တဏှာကိုတောင် ဂုဏ်ယူလိုက်သေးတယ် (မှန်ပ့ါ) ကိုယ်လုပ်မှလဲ ကိုယ်မျက်နှာ ကောင်းရတယ် (ဘုရားတဲ့)။

အင်း ဒကာကြွယ်၊ ဒီအတိုင်း ထိုင်စားနေလို့ ရှိရင်ဘယ့်နှယ်တုန်း (မျက်နှာကောင်းမရပါဘူး ဘုရား) အဲဒါ မျက်နှာကောင်းရအောင် နည်းနည်းသူက ဦးကထမ်းတော့ကိုယ်ကလဲ ပဲ့ကထမ်းမှပေါ့ (မှန်ပါ့) ဘယ်သူက ခိုင်းတာတုံး (တဏှာက ခိုင်းတာပါ)။

မအားဘူး၊ ကျုပ်ကြီးလှပြီဆိုလို့တော့ အို ကြီးပေမယ့်လဲ ကိုယ်၏ စောင်မခြင်း၊ နှုတ်၏ စောင်မခြင်း ရှိသေး တယ်လို့ တဏှာချော့ပြီး ခိုင်းတာ (မှန်ပါ့) ဒကာကြွယ်တို့က တဏှာကများ ချော့လိုက်ပြီ ဆိုမှဖြင့် မော့လို့ပေါ့ဗျာ(မှန်ပါ့)။

ဘယ်ဟာက လုပ်ရမတုံး၊ ဘယ်ဟာကိုင်ရမတုံး ငါနဲ့တန်တာငါ့ကိုခိုင်းပေါ့ဆိုတော့ ဘာဖြစ်လာသတုန်း ပြုံးပြုံးပဲလား (ပြုံးပြုံးပါ ဘုရား) ဘယ်သူက ခိုင်းတာတုံး (တဏှာက ခိုင်းတာပါ ဘုရား)။ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) ဘာရချင်လို့ ခိုင်းတာပါလိမ့် (ဒုက္ခရချင်လို့ ခိုင်းတာပါ) သူခိုင်းတာကို ပြုံးသွားမနေနဲ့ (မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

မိုးလင်းရင် သူက အလျင်လာတတ်တယ်

မိုးလင်းရင် သူက အလျင်လာတတ်တယ်နော်၊ ဝိပဿနာဉာဏ်က အလျင်မလာတတ်ဘူး (မှန်ပါ့) ဘယ်သူက အလျင်လာတတ်သတုံး (တဏှာက အလျင်လာတတ်ပါ ဘုရား) တဏှာက အလျင်လာတတ်ရင် ဒီနေ့ ဂြိုဟ်ဝင်ပြီ အောက်မေ့ပါ(မှန်ပ့ါ ဘုရား) ဒီနေ့အမောဆိုက်မည့်နေ့ပဲ (မှန်ပ့ါ)။

တဏှာက အလျင်ဝင်လာရင် ဘယ့်နှယ်အောက်မေ့မလဲ (အမောဆိုက်မည့်နေ့ပါ ဘုရား) စောစောစီးစီးကိုက သူက လာတတ်တယ် (မှန်ပါ့) သူဝင်လာလို့ရှိရင် ဒီနေ့တော့ ပြဿဒါး မှတ်ပေတော့ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ပြဿဒါးပါ ဘုရား) ရက်ရာဇာ၊ ပြဿဒါးဆိုတာ မကြောက်နဲ့၊ ဦးဘအုန်း ဒီပြဿဒါးကို ကြောက်ပါ (မှန်ပါ့) တဏှာက စောစောစီးစီး ဝင်လာလို့ရှိရင် တစ်ခုပြီးတစ်ခု ခိုင်းမှာပဲ (မှန်ပ့ါ) ပြီးတယ်လို့ကော ရှိပါ့မလား (မရှိပါဘူး) နက်ဖြန်ဖို့ ချန်ထားခဲ့ဦး၊ နက်ဖြန်မှထလုပ်(မှန်ပါ့) ဘယ်လောက်ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ် ဘုရား) အဲဒီတဏှာ ဘယ်ကလာသတုံးဆိုတော့ ဝေဒနာကြောင့်လာတာ (မှန်ပါ့) ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာနဲ့ တဏှာ ဘယ်ဟာက ကြောက်စရာကောင်းသတုံး (ဝေဒနာကြောက်စရာကောင်းပါတယ်)။

အနိစ္စဆိုတာ ဖြစ်ပျက်ပဲ

ဒါဖြင့် ဝေဒနာကို ဝေဒနာအဖြစ် မကြည့်စေနဲ့ အနိစ္စအဖြစ် ကြည့်ပေးစမ်းပါ (မှန်ပါ့) အနိစ္စအဖြစ်နဲ့ ကြည့်ပေး လိုက်တဲ့အခါကျတော့ ဖြစ်ပျက်မဂ်လာဖြစ်တယ် (မှန်ပ့ါ) အနိစ္စဆိုတာ ဖြစ်ပျက်ပဲ (မှန်ပ့ါ) ဖြစ်ပျက်မဂ်ဆိုတဲ့အခါကျတော့ ဒီတဏှာက မော့ပြီး ပြန်သွားရတယ်၊ မလာနိုင်တော့ဘူး (မှန်ပါ့) လာနိုင်သေးရဲ့လား (မလာပါဘူး) ဒီသမုဒယမှ မရှိတော့ဘဲ ဦးဘအုန်း ၄ နံပါတ်ဒုက္ခဘယ့်နှယ်တုံး (မလာပါဘူး) အဲဒါ မနက်စောစော သတိထားကြစမ်းပါ (မှန်ပ့ါ)။

ဒကာကြွယ်၊ ဘယ်အချိန်သတိထားရမတုံး (မနက်စောစော သတိထားရပါမယ်) ဘယ်သူလာမှာ စိုးရိမ်လို့တုံး (တဏှာလာမှာစိုးရိမ်လို့ပါ) သူလာလို့ရှိရင် ဒကာကြွယ်က ဒီနေ့တော့ ပြဿဒါးဟေ့ ဒီလိုအောက်မေ့ ပစ်လိုက်ပါ (မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) ပြဿဒါးရက်ပဲ ငါတို့တော့ဖြင့် သူ့အောက်က ခေါင်းပြူနိုင်မှာ မဟုတ်ဘူး၊ သူခိုင်းသရွေ့ လုပ်ရုံပဲ ရှိတော့တယ် (မှန်ပါ့)။

တော်တော်ကြာ ဒကာကြွယ်တို့က သူ့အကြောင်း မသိပြီမှဖြင့် ဒီနေ့စောစောစီးစီးကလဲ သူလာလို့ အလုပ်တွေ ထလုပ်ရသေးတယ်၊ ညနေကျတော့လဲ အကြောင်းညီညွှတ်တော့ ပိုက်ဆံရချင်လဲရတော့ မောကျိုးနပ်တယ်လို့ ဖြေမပစ် လိုက်နဲ့ (မှန်ပါ့) ဖြေပစ်မှာလဲ ကြောက်ရသေးတယ် (မှန်ပ့ါ) ပဋိစ္စသမုပ္ပါဒ်ကတော့ ဘယ်နှစ်ပတ်လည်လို့ ဘယ်လောက် ဆက်သွားမှန်းတောင် မသိဘူး။ သူက မောကျိုးနပ်တယ် ပြောတုန်းရှိသေးတယ် (မှန်ပ့ါ) ကိုယ်ဖြင့် ဒယ်အိုးကို ဘယ့်နှယ် လို့ ဒီကနေပြီး လုပ်တယ်လို့မသိဘူး၊ သူက မောကျိုးနပ်တယ်လို့ ထင်တုန်းရှိသေးတယ် (မှန်ပါ့ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဖဿကိုလဲ ဖြစ်ပျက်ရှုနိုင်ရင် အလွန်ကျေးဇူးများတယ်

ကိုင်း-ဒါဖြင့် ဝေဒနာကြောက်စရာကောင်းတယ်နော် (မှန်ပ့ါ) ဝေဒနာဟာ ဘယ်ကလာသတုံး (ဖဿကလာပါ တယ် ဘုရား) ဒါဖြင့် ဝေဒနာထက် ကြောက်စရာကောင်းတာလဲ တွေ့ပြန်ပြီ (မှန်ပါ့) ဘာကိုတွေ့သတုန်း (ဖဿတွေ့ပါ တယ်)။

အဲဒါကြောင့် ခင်ဗျားတို့ ဖဿကိုလဲ ဖြစ်ပျက်ရှုနိုင်ရင် အလွန်ကျေးဇူးများတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဦးဘအုန်း ဘာရှုရမယ် (ဖဿကိုဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ကဲဒါဖြင့် ဖဿကို ရှုချင်ရှု၊ သဠာယတနထဲက ပါတဲ့စက္ခု,သောတေ၊ ဃခန,ဇိဝှါ, ထဒယ၊ မန-ပေါ့ဗျာ အဲ့ဒါ တွေလဲ ကြိုက်ရာနှစ်သက်ရာကို ရှုပါ (မှန်ပ့ါ) နာမ်ရင်လဲရှု၊ ရုပ်ရင်လဲ ရှုရတာပါပဲ။ သူ့အကြောင်းနဲ့ သူ့အကျိုးတွေပဲ ရတာချည့်ပဲ (မှန်ပါ့)။

ကဲ-သွားကြပါစို့။ ဝိညာဏ်ဘယ်ကလာသတုံး (သင်္ခါရကလာပါတယ်) သဘောကျပြီနော် (ကျပါပြီ) သင်္ခါရဆို တာလဲ (ကုသိုလ်စေတနာနဲ့ အကုသိုလ်စေတနာပဲ (မှန်ပါ့) ဒီသင်္ခါရက ဘယ်ကလာသတုံး (အဝိဇ္ဇာက လာပါတယ်)။

ကိုင်း-ဒကာကြွယ်ရေ၊ ဇာတိဇရာမရဏ၏ လက်သည်ကို အရင်းကျကျ တွေးလိုက်တော့ သူပဲ တွေ့တယ်၊ မတွေ့သေးဘူးလား (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာချုပ်မှ ဒကာကြွယ်ရေ တစ်တန်းလုံးပြုတ်မယ် (မှန်ပါ့) တစ်ဝိုင်းလုံး ပြုတ်မယ် (မှန်ပ့ါ ဘုရား)။

အဝိဇ္ဇာဆိုတာက သစ္စာမသိတာ

ဒါ့ပြင် ဒီလိုလုပ်ကြပါစို့၊ အဝိဇ္ဇာဆိုတာက သစ္စာမသိတာ (မှန်ပ့ါ) ဒကာကြွယ်က ကိုယ်စိတ်ကလေး တစ်ခုကို မနာယတနထဲ ပါတဲ့ စိတ်ကလေးတစ်ခုပေါ့ဗျာ (မှန်ပ့ါ) သောကစိတ်လာတဲ့ ဒကာကြွယ်က ဖြစ်ပျက်ရှုလိုက်ပါ (မှန်ပါ့) လောဘစိတ်ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ရှုတာက မဂ္ဂသစ္စာပါ (မှန်ပ့ါ)။

ဒီပဋိစ္စသမုပ္ပါဒ်ထဲမှာ မဂ္ဂသစ္စာ တစ်လုံးမှ မပါဘူး၊ ခင်ဗျားတို့ အခုဆရာသင်ပေးလို့ ဪ မဂ္ဂသစ္စာကလေး ဆိုတာ ပါးစပ်ထဲ ရောက်လာတယ် (မှန်ပ့ါ) ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) မြင်တာက (မဂ္ဂသစ္စာပါ) အဲဒါ ဒီတစ်ခါပဲရဘူးလား (မှန်ပ့ါ) ဒီအထဲမှာ ပဋိစ္စသမုပ္ပါဒ်ထဲမှာ နောက်ဘဝတွေတုန်းကတော့ ပါကိုမပါခဲ့ဘူး(မှန်ပ့ါ) ပါသေးရဲ့လား (မပါပါဘူး)။

အဲဒီဘဝကျမှ ဒကာကြွယ်တို့ဖြစ်ပျက်ရှုပေးဘုန်းကြီးက (မှန်ပ့ါ) ဘယ်တရားကို ရှုရမှာလဲ ဝေဒနာတွေလဲ ဖြစ်ပျက်ရှု၊ စိတ်တွေလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ရှုတာက (မဂ္ဂသစ္စပါ)၊ အခုပါဖူး တာပဲ၊ ဒါ့မဂ်ရလိုက်တာပဲ၊ ပုဗ္ဗဘာဂမဂ်တော့ ရသွားပြီ မဟုတ်လား (မှန်ပ့ါ)။

ရှေးကတော့ဖြင့် ဒကာကြွယ်ပါဖူးရဲ့လား (မပါဖူးပါဘူး) ရှေးက ဘာဖြစ်နေသတုံး ပဋိစ္စသမုပ္ပါဒ်မှာ သမုဒယ +ဒုက္ခ၊ သမုဒယ+ဒုက္ခ၊ သမုဒယ+ဒုက္ခ ဒါပဲဖြစ်နေတယ်။ မဂ္ဂမပါဘူး (မှန်ပ့ါ) ပါသေးရဲ့လား (မပါပါဘူး)။

မဂ္ဂသစ္စာဟာ ဘယ်အခါမှ မကြုံဖူးခဲ့ကြဘူး

ဒါ့ကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်မရခဲ့တာ ဒကာကြွယ်သေချာတယ် (မှန်ပ့ါ ဘုရား) ဘာ့ကြောင့်တုန်း ဆိုတော့ ဖြစ်ပျက်ဆိုတဲ့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာကို ဘယ်တော့မှမရှုဘူး (မှန်ပ့ါ) ဘယ်တော့မှမရှုခဲ့တော့ ဖြစ်ပျက်ကလဲ ဉာဏ်ထဲမှာ မရှိဘူး၊ ဖြစ်ပျက်မရှိတော့ သိတဲ့ မဂ်ကလဲ မလာဘူး (မှန်ပ့ါ) အဲဒီတော့ မဂ္ဂသစ္စာဟာ ဘယ်အခါမှ မကြုံဖူးခဲ့ကြဘူး (မကြုံဖူးခဲ့ကြပါဘူး ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒါကြီးဟာ သမုဒယကလဲ အမှောင်၊ ဒုက္ခကလဲ အမဲ (မှန်ပ့ါ) အမှောင်ရယ်-အမဲရယ်၊ အမှောင်ရယ် -အမဲရယ်ပဲ လှည့်နေခဲ့တယ် (မှန်ပါ့)။

တစ်သံသရာလုံး ဘာတွေလှည့်နေသတုံး (အမှောင်နဲ့အမဲပဲ လှည့်နေပါတယ်)။ အမှောင်နဲ့ အမဲထဲတော့ ဘုရားဝင်လို့ မရဘူး (မှန်ပ့ါ)။

ဒကာ ဒကာမတို့ အမှောင်နဲ့အမဲထဲမှာ (ဘုရားဝင်လို့ မရပါဘူး) ဘုရားမှ ဝင်လို့မရရင် ဘုရားဟောမည့် တရားကလဲ မဝင်နိုင်ဘူး(မှန်ပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား) ဘာတွေပဲ လှည့်နေသတုံး(အမှောင်နဲ့ အမဲလှည့်နေပါတယ်) ဒကာကြွယ်ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)။

ဒီက အဝိဇ္ဇာကအမှောင်၊ ဒီက ဒုက္ခသစ္စာကအမဲ (မှန်ပါ့) သမုဒယသစ္စာကအမှောင်၊ ဒုက္ခသစ္စာက (အမဲပါ ဘုရား)။

တစ်သံသရာနေခဲ့ရပုံကလေး အမိန့််ရှိစမ်းပါဦး

ဪ-တပည့်တော်တို့ တစ်သံသရာနေခဲ့ရပုံကလေး အမိန့််ရှိစမ်းပါဦး ဘုရားဆိုလို့ရှိရင် မောင်ဘသော် ဒါပဲ ပြောရမှာပဲ (မှန်ပ့ါ) အမှောင်နဲ့အမဲ လှည့်နေတယ်၊ ဘယ်အခါကာလမှ မျက်စိနှစ်ကွင်း အလင်းမရခဲ့ဘူး၊ အမှောင်နဲ့ အမဲထဲပဲ နေခဲ့ရတယ်။ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဘယ်အထဲ နေခဲ့ရသတုန်း (အမှောင်နဲ့အမဲထဲချည့်နေခဲ့ရပါတယ်) ဘယ်တုန်းကမှ မျက်စိနှစ်ကွင်းအလင်းကဖြင့် (မရခဲ့ပါဘူး) မရခဲ့ဘူးဆိုတော့ မဂ်အလင်းဘယ်တော့ကမှ မပါခဲဘူးလို့ ပြောတာ (မှန်ပါ့)။

ဒကာကြွယ် ဘာတဲ့ (မဂ်အလင်း ဘယ်တော့ကမှ မပါခဲ့ပါဘူး ဘုရား) သေချာကြပြီလား (သေချာပါပြီ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာရှုဖြစ်အောင် ရှုပါ (မှန်ပ့ါ) ဖြစ်ပျက်ကိုသာရှု၊ ဒါဒုက္ခသစ္စာရှုတာပဲ (မှန်ပ့ါ) ကိုယ့်သန္တာန်ဝေဒနာတွေလဲ ဝေဒနာကို ဖြစ်ပျက်ရှု၊ စိတ်တွေ့လဲ (စိတ်ကိုဖြစ်ပျက်ရှုရပါတယ်) သို့သော် ရောပြီးမရှုနဲ့။ ဘာဖြစ်လို့တုန်း စိတ္တာနုပဿနာလို့ သီးသန့်ရှိတယ်၊ ဝေဒနာနုပဿနာလို့လဲ သီးသန့်ရှိတယ် (မှန်ပ့ါ) သီးသန့်ရှိတော့ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာငါးမျိုးလှည့်ရှု (မှန်ပ့ါ) စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်က စိတ်တွေကို လှည့်ရှုပါ (မှန်ပ့ါ) ဒါတော့ ခင်ဗျားတို့ ပုံစံနဲ့တကွ အလျင်ပြောခဲ့ပြီးပါပြီ (မှန်ပ့ါ) စိတ္တနုပဿနာမှာပါဠိတော်က ၁၆-မျိုးလာတယ်။ ဒါပေမယ့် ခင်ဗျားတို့ ရှုတတ်မည့် ၁၃မျိုးကိုရှု၊ ဝေဒနာရှုရင် ၅မျိုးရှုဖို့ ဦးဘအုန်းပြောခဲ့ပြီ (မှန်ပ့ါ)။

အဲဒါတွေကိုဖြစ်ပျက်ရှုနေလို့ရှိရင် ဖြစ်ပျက်၊ မဂ်ဆိုတာလာတာပဲ၊ (မှန်ပ့ါ) ဖြစ်ပျက်နဲ့မဂ်နဲ့ တည့်သွားတော့ ဒီတစ်ခါ မဂ်ပေါ်တာပဲ၊ ဒီမဂ်ကို ဝိပဿနာမဂ်လို့ မှတ်ပါ (မှန်ပါ့) ဒီဝိပဿနာမဂ်ရင့်သွားလို့ရှိရင် လောကုတ္တရာမဂ် (မှန်ပ့ါ)။

ဖြစ်ပျက်ကိုမြင်တဲ့ မဂ်သည် လောကီမဂ်

ကောင်းပြီဒါဖြင့် ဒီနှစ်မဂ်ဘာထူးသတုံးလို့ မေးဖို့ သိဖို့ အရေးကြီးတယ် (မှန်ပါ) ဖြစ်ပျက်ကိုမြင်တဲ့ မဂ်သည် လောကီမဂ်၊ ဝိပဿနာမဂ်(မှန်ပါ) ဖြစ်ပျက်မရှိတဲ့နိဗ္ဗာန်ကို မြင်တဲ့ မဂ်သည် လောကုတ္တရာမဂ် (မှန်ပ့ါ) ဒါကို သေသေ ချာချာမှတ်ကြပါ (မှန်ပ့ါ)။

ဖြစ်ပျက်မြင်တဲ့မဂ်က ဘာတုန်း (ဝိပဿနာမဂ်ပါ ဘုရား)။ ဖြစ်ပျက်ဆုံးသွားတဲ့ နိဗ္ဗာန်ကိုမြင်တဲ့ မဂ်က ဘာတုန်း (လောကုတ္တရာမဂ်ပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာမဂ် ရှုဖန်များလို့ ရင့်သန်လာပြီဆိုရင် လောကုတ္တရာမဂ် ကူးပြောင်းတာပဲ (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကဲ နာရီစေ့ပြီ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု