ကံကောင်းလို့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မယူပါနှင့်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ကံကောင်းလို့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မယူပါနှင့်
အလုပ်ပေးတရားတော်
(၆-၈-၁၉၆၁)
မှားတာကို မှားမှန်းမသိလို့
ဒကာ၊ ဒကာမတို့ သတ္တဝါဟာ မှားတာကို မှားမှန်းမသိလို့ ပြင်မယ်ဆိုတဲ့စိတ် ဘယ်တော့မှ မပေါ်လာဘူး (မှန်ပါ့)။
အဲဒါ ဘုရားတစ်ဆူ တစ်ဆူ ပွင့်တော်မူလို့ သာသနာထားခဲ့လို့ အားလုံးသော ပုဂ္ဂိုလ်တွေကို ကယ်တင်ညွှန်ပြ တဲ့ ဟောတတ်တဲ့ပုဂ္ဂိုလ်လဲ ပေါ်ပါမှ၊ ဪ -မှားနေပါကလား၊ ပြင်မှတော်မယ်ဆိုတဲ့ စိတ်ဟာ ပေါ်လာကြရတယ် (မှန်ပါ့)။
နို့မဟုတ်ရင်ဖြင့် သတ္တဝါတွေဟာ ရုပ်နာမ်ဓမ္မတွေကို နိစ္စတွေပဲ၊ သုခတွေပဲ၊ အတ္တတွေပဲ၊ သုဘတွေပဲလို့ အမှားတွေနဲ့သာ နစ်မွန်းပြီး ဒီဟာတွေကို ကျော်မထွက်တော့ဘူး၊ ဒီဟာတွေဟာ အနိစ္စတွေပဲ၊ ဒုက္ခတွေပဲ၊ အနတ္တတွေပဲ အသုဘတွေပဲလို့ လှည့်ကိုမသွားဘူး (မှန်ပါ့) ဒီလိုနဲ့ပဲ အမှားနဲ့နေပြီး အမှားနဲ့ သေသွးကြတာပဲ (မှန်ပါ့)။
ဘယ်လိုပါလိမ့် (အမှားနဲ့နေပြီး အမှားနဲ့ သေသွားကြပါတယ် ဘုရား)။
အမှားနဲ့နေပြီး အမှားနဲ့သေ
ဘယ်လိုပါလိမ့် (အမှားနဲ့နေပြီး အမှားနဲ့သေရပါတယ် ဘုရား)ဪ -ဒါဖြင့် လူ့ပြည်လာလို့ရှိရင် ဒကာ ဒကာမတို့ ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ မတွေ့ပြီဆိုမှဖြင့် မိဘရိုးရာ အတိုင်း အမှားနဲ့နေသွားတာပဲ (မှန်ပါ့) သေတော့လဲ အမှားနဲ့သေသွားတယ် (မှန်ပါ့) ဒါဖြင့် အမှားနဲ့နေ အမှားနဲ့သေဆိုတော့ မှားသော ပုဂ္ဂိုလ်တို့၏ ရောက်ရာဌာနဖြစ်တဲ့ အပါယ်လေးပါးမှ တစ်ပါးလွတ်စရာ အကြောင်းမရှိဘူး (မှန်ပါ့)။ ဒကာကြွယ် ရှိပါ့မလား (မရှိပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြင်ပေးမည့်သူ ရှိတုန်းကို ခင်ဗျားတို့က အပြင်ခံကြလို့ ရှိရင်ဖြင့် အမှန်နဲ့နေပြီး သကာလ အမှန်နဲ့ သေလို့ရှိရင်ဖြင့် အမှန်ဆိုတာ သမ္မာဒိဋ္ဌိပဲ (မှန်ပါ့) အမှန်နဲ့နေပြီး အမှန်နဲ့ သေလို့ရှိရင် ဖြင့် အမြင်မှန်နဲ့ သေသွားသောကြောင့် အမြင်မှန် သမ္မာဒိဋ္ဌိသည် နိဗ္ဗာန်ကို ကျေးဇူးပြုတာပဲ (မှန်ပါ့)။
ဒါ့ကြောင့် ယနေ့သည် ဒကာ၊ ဒကာမတို့ မနေ့က စ,ထားတဲ့ အရာအတိုင်းပဲ အမှားတွေကို မှားမှန်းသိပြီး သကာလ စိတ်ထဲမှာ ဪ -မှားတာဖြင့် ဧကန်ပဲလို့ ဆုံးဖြတ်ချက်ချလို့ရှိရင်ဖြင့် အမှန်ကို ဆရာဘုန်းကြီးက တစ်ခါ ပြမယ် (မှန်ပါ့)။
ဒီအမှန်ကိုဖြင့် မရောက်ရောက်အောင် ကြိုးစားမယ်
ထိုကဲ့သို့ပြတဲ့အခါကျတော့ ဒီအမှန်ကိုဖြင့် မရောက်ရောက်အောင် ကြိုးစားမယ်ဆိုပြီး ကြိုးစားလိုက်လို့ ရှိရင်လဲ ဒကာ ဒကာမတို့ အမည်းရှိရင် အဖြူရှိသလိုပဲ အပူရှိရင် အအေးရှိသလိုပဲ၊ အမှားရှိရင်ဖြင့် အမှန်ရှိ၊ အမှန် ရှိလို့ရှိရင်ဖြင့် လမ်းကောင်းမြင်၊ လမ်းကောင်းမြင်လို့ ရှိရင်ဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန်ကို ဤလမ်းအတိုင်း လျှောက် သွားရင် ရောက်တာပါပဲ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဟောဒိက ယခုရထားတဲ့ ခန္ဓာငါးပါးလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။
ယခုရထားတာက ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။ ခန္ဓာငါးပါးမှာ ဒကာ ဒကာမတို့ အမှတ်မှားဆိုတာက စိတ်ထဲမှာ မိဘရိုးရာက သင်ထားတဲ့ အမှတ်မှားကလဲ တစ်ချက် (မှန်ပ့ါ) အသိမှားကကော (တစ်ချက်ပါ ဘုရား) အယူမှားကကော (တစ်ချက်ပါ ဘုရား) ဒါဟာ ဝိပလ္လာသသုံးချက် (မှန်ပါ့)။
ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကို ဒကာ ဒကာမတွေသည်ကား လို့ဆိုရင်ဖြင့် တစ်ဘဝမှာလဲ အမှတ်မှား၊ အသိအယူမှား နဲ့ပဲ ကိစ္စကုန်ခဲ့ရတယ် (မှန်ပါ့) နောက်ဘဝကျလာပြန်တော့ ဘာလုပ်ကြပြန်ပါလိမ့်မတုံး၊ မေးတော့ အမှတ်မှားအသိမှား အယူမှားတွေနဲ့ပဲ ထပ်ဆင့်တယ် (မှန်ပါ့)။
အမှတ်မှား၊ အသိမှား၊ အယူမှား
ဒါဖြင့် ဒကာ ဒကာမတွေမှာ အမှတ်မှား၊ အသိမှား၊ အယူမှားကို ဘယ်တော့မှ ချေဖျက်နိုင်မယ့် ဉာဏ် မရှိပါဘူး (မှန်ပါ့)။
ဒါဖြင့် ဒီတံတိုင်းကြီး ဒကာ,ဒကာမတို့ စပြီးတည်ထောင်တာကလဲ အုတ်မြစ်ကလဲ ခိုင်မာလိုက်တာ (မှန်ပါ) ဆင့်ဆင့်ပြီးတက်တဲ့ အုတ်တွေကလဲ အထပ်များလိုက်တာ (မှန်ပါ့) ထုကြီးကလဲ ကြီးမားလိုက်တာ (မှန်ပါ့) ဆင့်လို့ မြင့်မားလိုက်တာကလဲ ဗြဟ္မာပြည်ဘဝဂ်တိုင်အောင် မကပါဘူး (မှန်ပါ့) ဒီတံတိုင်းကြီးတွေက လေးဘက်လေးတန်က ဝိုင်းရံပြီး သကာလ နေတဲ့ ခန္ဓာငါးပါးဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါ့ကြောင့် ဒီခန္ဓာငါးပါးမှာ အမှတ်မှား၊ အသိမှား၊ အယူမှား၊ တော်တော်ကြာ အမှတ်မှား၊ အသိမှား၊ အယူမှား တော်တော်ကြာ ပတ်ပြန်ပြီ ဒကာ ဒကာမတို့ အမှတ်မှား၊ အသိမှား၊ အယူမှားတွေနဲ့ဆိုတော့ ဒီခန္ဓာကြီးဟာ ဒကာ ဒကာမ တို့ သိတဲ့အတိုင်း ကဲ-ထွက်ပေါက်ကို ပါရဲ့လား (မပါပါ ဘုရား) အမှတ်မှား၊ အသိမှား၊ အယူမှားတွေပဲ လုပ်နေတယ် ဆိုရင် လွဲပါ့မလား(မလွဲပါ ဘုရား)။
ဒါဖြင့် ဒကာ၊ ဒကာမတွေ သေသေချာချာ ဉာဏ်နဲ့ စဉ်းစားကြည့်တော့ ခန္ဓာငါးပါးကြီးထဲမှာ ရှိတဲ့ အမှတ်မှား၊ အသိမှား၊ အယူမှားဆိုတဲ့ဝိပလ္လာသ သုံးချက်ကို ဒကာကြွယ်ရေ ဘယ်တော့မှလဲ မဖြိုဖျက်ခဲ့ဘူး (မှန်ပါ့)။
ဘယ်အခါမဆို ထပ်ဆင့်တက်ထပ်ထုကြီးအောင် လုပ်တယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား) တစ်နေ့ တစ်နေ့မှာ ဒကာ ဒကာမ ဘယ်လောက်များ ထပ်လို့ ဘယ်လောက်များ မြင့်မားအောင်လုပ်တယ်ဆိုတာ ဉာဏ်နဲ့ပြန်ရင် မရေတွက်နိုင်ပါဘူး (မှန်ပါ့)။
သားကလေးဆိုလို့ ရှိရင် အမှတ်မှားပြီ
မယုံလို့ရှိရင် ဒါသည်ကားလို့ဆိုရင် သားကလေးဆိုလို့ ရှိရင် အမှတ်မှားပြီ (မှန်ပါ့)။ သားကလေး ဆိုရင် ခင်ရမှာပဲ ဆိုတာက (အသိမှားပါ ဘုရား)။ အာကိုးရမှာပဲဆိုရင်ဖြင့် (အယူမှားပါ ဘုရား)။
ဒီသားကလေး တစ်ယောက်မှာပင် ဒကာ, ဒကာမတို့ တစ်နေ့မှာ အမှားသုံးချက်ဘယ်နှစ်ခါထပ်သတုံး မရေ တွက်နိုင်ပါဘူး ဘုရား) ဘဝများစွာကလဲ ချေဖျက်ခဲ့ ပါရဲ့လား (မချေဖျက်ခဲ့ပါ ဘုရား)။
အခုလဲ ဘာလုပ်ကြသတုန်း (ထပ်ပြီးမှားပါတယ် ဘုရား) နောင်ကိုလဲ ဆရာကောင်းသမားကောင်းနဲ့ မတွေ့လို့ရှိရင်ဖြင့် ဒီတံတိုင်းကို ထုထူအောင် လုပ်မယ် မြင့်မားအောင်လုပ်မယ်ဆိုတာ ဒကာသစ် ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
တံတိုင်းသုံးထပ်၏ အလယ်မှာ မွေးဖွားတယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘယ်အထဲမှာ မွေးပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ထုကြီးမားတဲ့ တံတိုင်းသုံးထပ် မြင့်မားတဲ့ တံတိုင်းသုံးထပ်၏ အလယ်မှာ မွေးဖွားတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါ ခင်ဗျားတို့ကိုယ်တိုင်ပဲ၊ တစ်နေ့မှဪ -ဒါအမှတ်မှားပါကလား၊ ဒါအသိမှားပါကလား ဒါအယူမှား ပါကလား လို့ ပြင်ဖို့ ဆင်ဖို့ရာလဲ တစ်ခါမှမပေါ်လာဘူး (မပေါ်ပါဘူး ဘုရား) ပေါ်လာကြရဲ့လား (မပေါ်ပါဘူး ဘုရား) မပေါ်လာ တော့ ဘာလုပ်နေသတုံး၊ မေးရင် ထပ်ဆင့်နေကြတယ် (မှန်ပါ့)။
ဘယ်လိုဖြေကြမလဲ (ထပ်ပြီး ဆင့်ပါတယ် ဘုရား) ထပ်ပြီးထုကြီးအောင် လုပ်တယ်ဘုရား၊ ထပ်ပြီး ဆင့်တယ် ဘုရားလို့ဆိုရင် ခင်ဗျားတို့ မုသားမဖြစ်ပါဘူး (မဖြစ်ပါဘူး ဘုရား)။
အဲဒီလောက်တောင် ဒကာ ဒကာမမှာ ဒီတံတိုင်းကြားထဲမှာ မှောင်လိုက်တာကလဲ ပိန်းလို့ ဒီထဲမှာ အဝိဇ္ဇာနဲ့ နေတာကိုးဗျ (မှန်ပါ့) ခန္ဓာငါးပါးသမားက ဘာနဲ့နေပါလိမ့် (အဝိဇ္ဇာနဲ့ နေပါတယ် ဘုရား) အဝိဇ္ဇာနဲ့နေတဲ့အထဲ ဝိပလ္လာသ သုံးသပ်ချက်က စေ့နေအောင် ပိတ်လိုက်ပြန်တော့ မှောင်မဲတဲ့အထဲမှာ နေရတော့တာပဲဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးက ပြောပါတယ် ဒကာ ဒကာမတို့ ဘုရားသခင်က ပြင်ဘက်က ဖွင့်ပါတယ်၊ ခင်ဗျားတို့က ဘုရားမလာနိုင်အောင် တံတိုင်း ထပ်နေပါတယ် (မှန်ပါ) တံတိုင်းသုံးထပ်နေ့တိုင်း အချိန်ရှိသလောက် နေ့တိုင်းထပ် တယ်ဆိုရင် နေ့တိုင်းလွဲပါ့မလား (မလွဲပါ ဘုရား)။
ဘာဖြစ်လို့ ဒါလောက်အထပ်ထူပြီး ထုကြီးအောင် မြင့်မားအောင် ထပ်ကြပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) ဘုရားအဆူဆူ ပွင့်တာတောင် မကျွတ်အောင်လို့ဘုရား(မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ငါသိသလို သိစေရမယ်
ကိုင်း ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါသိသလို သိစေရမယ်။ တိဏ္ဏော တာရေယျ’ ငါဘုရားသည် ကူးမြောက်သလို ဟိုမှာ ဘက်ကမ်း နိဗ္ဗာန်ကူးမြောက်ရအောင် သူတို့ကိုကယ်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက် ကြီးဟာ အင်မတန် ကြီးပါတယ် (ကြီးပါတယ် ဘုရား)။
‘မုတ္တော မောစေယံ” တဲ့ ငါလွှတ်သလို ဒီထောင်ထဲက ဝိပလ္လာသ ထောင်ကြီးထဲက လွတ်အောင် သူတို့ကို ငါကယ်မယ်ဆိုတဲ့ ကြိမ်းဝါးခဲ့တဲ့ ရည်ရွယ်ချက်ကြီးဟာ ဦးဇံရင် သေးသလား (မသေးပါဘူး ဘုရား) မသေးဘူးဗျ၊ အလွန်ကြီးမားတယ် (မှန်ပါ့)၊
‘ဗုဒ္ဓေါ ဗောဓေယျံ’ ငါသစ္စာလေးပါးသိသလို ငါနိဗ္ဗာန် မြင်သလို သူတို့ကို မြင်စေအောင် ကြိုးစားမယ်ဆိုတဲ့ ကြိမ်းဝါးတဲ့ အသံကြီးဟာ ဒကာ,ဒကာမတို့ သုမေဓာဘဝကတည်း ကစပြီး ကြိမ်းဝါးတော်မူခဲ့တာ (မှန်ပါ့) ဒီရည်ရွယ်ချက်အတိုင်းကော လုပ်မသွားဘူးလား (လုပ်သွားပါတယ် ဘုရား)။
လုပ်သွားတော့ ဘုရားတစ်ဆူမှာ ဝေနေယျ လူနတ်ဗြဟ္မာပေါင်း နှစ်ဆယ့်လေးသင်္ချေ, ကုဋေရှစ်ဆယ်, ဗိုလ်ခြေ တစ်သိန်းကျွတ်သွားတဲ့သတ္တဝါတွေရှိတယ် (မှန်ပါ့) ကျုပ်တို့ ဘယ့်နှယ့်ကြောင့် ကျန်ရစ်ပါလိမ့်မတုံး၊ ဒါလောက် ကြိမ်းဝါးပြီး လာခဲ့တဲ့ ကိုယ်တော်ကြီး ကျုပ်တို့ကို ကန်တော့ဆွမ်းလုပ်သွားတာ ဘာကြောင့်ပါလိမ့်မတုံးလို့ မေးခွန်းထုတ်ဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
ဘုရားကတော့ဖြင့် သူကြိမ်းဝါးတော်မူခဲ့တဲ့ ရည်ရွယ်ချက်ကို မစွန့်ပါဘူး (မှန်ပါ့)။ ကျုပ်တို့က မကြွလာနဲ့ မကြွလာနဲ့ဆိုပြီး ကာရံထားတဲ့ ဝိပလ္လာသတံတိုင်းကြီးက ကိုယ်တော်ကြီးကို ဝင်ခွင့်မရအောင် ကာလို့ဆီးလို့လို့ မှတ်လိုက် စမ်းပါ (မှန်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဝိပလ္လာသတံတိုင်းကြီး ကာဆီးထား
ဘယ်လိုပါလိမ့် ကျုပ်တို့က (ဘုရားဝင်ခွင့်မရအောင် ဝိပလ္လာသတံတိုင်းကြီး ကာဆီးထားပါတယ် ဘုရား) ကာမှုဆီးမှုက တစ်နေ့ကို ဘယ်နှစ်ခါ ကာဆီးပါလိမ့် (မရေတွက်နိုင်ပါဘူး ဘုရား) မရေတွက်နိုင်အောင် ကာဆီးထားတော့ ဒကာကြွယ် ဘုရားဝင်ခွင့်ရသေးရဲ့လား (မရပါဘူး ဘုရား)။
ဪ ကျုပ်တို့ ကံမကောင်း အကြောင်းမသင့်လို့ ကျန်ရစ်ရတာလား၊ ကိုယ့်ဟာကိုယ် ကာဆီးပြီး သကာလ ဘုရားကို ဝင်ခွင့်မပေးလို့ ကျန်ရစ်ရတာလား (ဘုရားကို ဝင်ခွင့်မပေးလို့ ကျန်ရစ်ရတာပါ)။
ကာသစ်မှတ်မိပြီနော် (မှတ်မိပါပြီ ဘုရား)ဪ တပည့်တော်တို့ သိပ်ပြီး ကံနည်းတဲ့ ပုဂ္ဂိုလ်တွေ ဘုရားလို့ ဆိုကြပြီလား၊ မိုက်လုံးသန်လွန်းလို့ပဲလို့ ဆိုကြမလား (မိုက်လုံးသန်လွန်းလို့ပါ ဘုရား)။
သေသေချာချာ စဉ်းစားကြပါ၊ သေသေချာချာ စဉ်းစားကြပါ။ ဒကာကြွယ် စဉ်းစားမိရဲ့လား (စဉ်းစားမိပါ တယ် ဘုရား) ဦးဇံရင်တို့လဲ စဉ်းစားမိရဲ့လား (စဉ်းစားမိပါတယ် ဘုရား) တစ်နေ့ ဘယ်နှစ်ထပ် ကာသတုံး (မရေတွက်နိုင် ပါ ဘုရား) သားကလေး သမီးကလေး ခင်မှပဲ အားကိုးရမှာပဲ ဟောနေ့တိုင်း ကာနေတယ် (မှန်ပါ့) နေ့တိုင်း မကာဘူးလား (ကာပါတယ်)။
ငါ့ကို ငါမခင်ဘယ်သူခင်မလဲ (ငါ့ကိုယ်ငါအားကိုးတယ်။ မလာဘူးလား (လာပါတယ်) ဒါကလဲ တစ်နေ့ ဘယ်နှစ်ခါလောက်ပေါ်ပါလိမ့် (မရေတွက်နိုင်ပါ ဘုရား)။ ဒီအလုပ် ငါသွားမှပြီးမယ်ဆိုရင်ပဲ ဒိဋ္ဌိသံကြီးကာပြီးမှ ထွက် တာပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
အဲဒါလောက်တောင် ဒကာ ဒကာမ ဘုရားအဆူဆူ ပွင့်ခဲ့ငြားသော်လဲ လွတ်ရေးကျွတ်ရေး ကျုပ်တို့ မပါတာ ဟာဖြင့် ဝိပလ္လာသတံတိုင်း သုံးထပ်ကြီးက ထူအောင်လုပ်မြင့်မားအောင်လဲ နေ့တိုင်း လုပ်သောကြောင့် ဘုရား၊ တရား၊ သံဃာဝင်ခွင့်မရလို့ ဒါလောက်တောင် ဒုက္ခပင်လယ် ဝေရစ်ရတယ် ဆိုတာ မှတ်ပေတော့ (မှန်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) တယ်မဆိုးဘူးလားဗျာ (ဆိုးပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နာပရူပ ပရိစ္ဆေဒကျမ်းမှာ အနောဂမနပါကာရဝိပလ္လာသ ပရိက္ခံတ္တံ၊ ခုန်ကျော် လွှား၍ သွားဖို့မလွယ်၊ ကြီးကျယ်မြင့်ဆိုင်း၊ တံတိုင်းပမာ၊ ဝိပလ္လာဖြင့် ကွယ်ကာရစ်သိုင်း ဝိုင်းဝန်း၍ နေခြင်းကြောင့် လည်းကောင်း ခန္ဓာကိုယ်ကြီး ဝိုင်းနေလိုက်တော့ ဝိပလ္လာသတွေ ဒကာ ဒကာမတို့ တစ်ထပ်ကြီး တစ်ပုံကြီးဆိုတာသိပြီ လား (သိပါပြီ)။
ကိုယ့်ဟာကိုယ် ခုန်ထွက်ဖို့လဲ မလွယ်ဘူး
ကိုယ့်ဟာကိုယ် ခုန်ထွက်ဖို့လဲ မလွယ်ဘူးဗျ (မလွယ်ပါဘူး) ကျော်လွှားသွားဖို့ရော (မလွယ်ပါဘူး ဘုရား) မလွယ်ဘူးဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
အဲဒါတွေ ထောက်ကြည့်တော့မှဪ ကျော်ဖို့ လွှားဖို့ ဆိုတာ စိတ်ကူးမှ မထည့်ဘူးတာပဲ (မှန်ပါ့) မထည့်ဘူး တဲ့ပြင် ဘုန်းကြီးတို့ ဒကာ ဒကာမက ဒီသားနဲ့ ဒီသမီးန့ ဒီမြေးနဲ့ နိဗ္ဗာန်ဝင်တာတောင်မှ အစုံအလင် ဝင်ပါရစေဆိုပြီး ဆုတောင်းကြတယ်၊ နို့ နိဗ္ဗာန်ဝင်ရင် ဒီသား၊ ဒီသမီးတွေ၊ ဒီအစုံနဲ့ ဝင်ရိုးထုံးစံ မရှိဘူးဗျ (မှန်ပါ့) ဒီအမှတ်တွေဖြစ် နေရင်ပဲ တံတိုင်းက ကာပြီးသားဖြစ်နေတယ် (မှန်ပါ့)။ ဝင်နိုင်ပါ့မလား (မဝင်နိုင်ပါဘူး ဘုရား) မဝင်နိုင်ဘူးဆိုတာ သေချာကြပြီလား (သေချာပါပြီ)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာတွေသည် ဒီတံတိုင်းကို ချိုးပေးမည့်ပုဂ္ဂိုလ်၊ ဖျက်ပေးမည့်ပုဂ္ဂိုလ်၊ ဖောက် ထွင်းပေးမည့်ပုဂ္ဂိုလ် ‘ဒီလိုဖော်ကပါဟ ဒီလိုခုန်ပါဟ ဒီလိုကျော်ပါဟဆိုတဲ့ ပုဂ္ဂိုလ်မှ မပေါ်လာတော့ဘူး ဆိုလို့ရှိရင် မှောင်ထဲမွေးပြီး မှောင်ထဲသေ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (မှောင်ထဲမွေးပြီး မှောင်ထဲသေပါ ဘုရား)။ မှောင်ထဲသေမှတစ်ပါး ဘာရှိသေးသတုံး (မရှိပါဘူး ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပါ ဘုန်းကြီး ခဏခဏပြောပါတယ်။ တီကောင်ဟာ မျက်လုံးပါပါရဲ့လား (မပါ-ပါဘူး ဘုရား) မှောင်ထဲလဲ မမွေးဘူးလား (မွေးပါတယ်) နောက်ကြက်တွေ ဘာတွေက စားတွင်းထဲ ဘာထဲလိမ့်ကျ၊ သဲတွေဘာတွေနဲ့ ရစ်ပတ်ပြီး သေတော့မှောင်ထဲပဲ သေရတယ် (မှန်ပါ့)။
မှောင်ထဲပဲ မွေးပြီးမှောင်ထဲပဲ သေ
ကဲကျုပ်တို့သည်လည်း နောက်တုန်းက ဘယ်လို နေခဲ့ရတယ်ဆိုတာ ဒကာကြွယ် ရိပ်မိပြီလား (ရိပ်မိပါပြီ) ဘယ်လိုရိပ်မိပါလိမ့်ဗျ (မှောင်ထဲပဲ မွေးပြီးမှောင်ထဲပဲ သေပါတယ် ဘုရား)။ ဘယ့်နှယ့်ကြောင့် မှောင်ပါလိမ့်မတုံး တံတိုင်းကြီးက မြင့်မားလွန်းလို့ (မှန်ပါ့) ထုကြီးကကော (ထူပါတယ် ဘုရား)။
ကိုင်း ဒီတစ်ခါပဲ ဆရာသမားနဲ့ တွေ့ကြလို့ပဲ ဒိဋ္ဌိကို ဦးဇံရင်တို့ လူစု၊ ဒကာကြွယ်တို့ လူစု၊ ဒကာသစ်တို့ လူစု ဒီတံတိုင်းကို သညာဖျက်ချမကွ၊ စိတ်ကိုဖျက်ချမကွ၊ ဖြိုဖျက်ပစ်မကွဆိုတာမလာလို့ရှိရင်ဖြင့် ဒီအဝန်းအဝိုင်းကြီးမှာ ရှိတာက သုံးဆယ့်တစ်ဘုံ၊ ဒီထဲမှာပဲမွေးပြီး ဒီထဲမှာပဲသေ၊ ဒီထဲမှာ ငရဲကျ၊ ဒီထဲမှာ အသုဘမြှုပ်၊ ဒီမြေပေါ်မှာ လယ်ယာလုပ်စား (မှန်ပါ့) ဒါလောက်ထိအောင် ဆိုးဝါးတယ်ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဖြစ်ပျက်ဥဒယဗ္ဗယဉာဏ်များ အားထုတ်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်တော်က အရောင်ထွက်လာတယ် (မှန်ပါ့)။ ငရဲတောင်ရောက်တယ်။ ငရဲကို အကုန်လင်းသွား တာပဲ၊ အသက်လဲ ဗြဟ္မာပြည်ထိအောင် စကြဝဠာတစ်ခုလုံး အကုန်လင်းသွားတာပဲ။ (မှန်ပါ့) ဒါပေမယ့် ကျုပ်တို့တံတိုင်း အတွင်းမှာဘုရား ရောက်မလာဘူး (မှန်ပါ့) ကိုင်း ဘယ်လောက်များ ကာထားတယ်ဆိုတာ (မှန်ပါ့)။
မြတ်စွာဘုရား၊ ဥဒယဗ္ဗယဉာဏ်ရောက်လို့
မြတ်စွာဘုရား၊ ဥဒယဗ္ဗယဉာဏ်ရောက်လို့ ဩကာသေဆိုတဲ့ အရောင်ထွက်လာလိုက်တာ ဦးဇံရင် အဝီစိငရဲ များ အကုန်လင်းသတဲ့ (မှန်ပါ့) လောကန္တရိက် ငရဲကြီးတွေဟာ လင်းသတဲ့။ အကနိဋ္ဌ ဗြဟ္မာတိုင် အောင်ကော (လင်းပါ တယ် ဘုရား)။
ဗြဟ္မာရောင်တွေ အကုန်ကျော်ဖြတ်ပြီး ဘုရားရှင်၏ ဥဒယဗ္ဗယ ဉာဏ်ရောင်တွေသာလျှင် လွှမ်းမိုး သွားသတဲ့ (မှန်ပါ့) ဘုရားပွင့်ပြီဆိုတာ သိကြတယ် (မှန်ပါ့) အဲဒီထဲမှာ ကျုပ်တို့ဆီအရောင်တောင် ဟပ်မလာဘူး၊ ဘယ်လောက်များ ကျုပ်တို့ကာချက် သန်ဘယ်၊ စူးချက်သန်တယ်၊ ထုကြီးကျယ်မြင့်အောင် လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ မိုက်မဲတဲ့စိတ်တွေ ဘယ်လောက်များတယ်ဆိုတာဖြင့် ဒကာကြွယ်ပြောဖို့လိုသေးသလား (မလိုပါဘူး ဘုရား) ဦးဇံရင်တို့ ဒီတစ်ခါကျော်ရင် ကျော်ကြပါ၊ မကျော်ရင်တော့သွားပြန်ပြီ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အမှားသုံးချက်ထပ်ပြီး သကာလ တံတိုင်းဆိုတာကော ရိပ်မိပြီလား (ရိပ်မိ ပါပြီ) အမှတ်မှား၊ အသိမှား အယူမှား (မှန်ပါ့)။
ဒါဖြင့် ဒီအမှတ်မှား၊ အသိမှား ၊အယူမှားတွေ အစွန့်ဘဲနဲ့ သေသွားကြတယ်ဆိုကြပါစို့နော် (မှန်ပါ့) အယူမှားနဲ့ သေသွားတယ်လို့ ဘုန်းကြီးက စွဲချက်တင်တယ်၊ ဦးဇံရင်တို့ ဒကာကြွယ်တို့က ငြင်းဦးမလား (မငြင်းပါ ဘုရား) ကြည့်လေ ဒိဋ္ဌိအယူမှားနဲ့ သေသွားတယ်ဆိုရင် အများအားဖြင့် အပါယ်သွားမှာက များပါတယ် (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
လူတစ်သိန်းသေလို့ သုဂတိတစ်ယောက် မရောက်ဘူး
ဒါဖြင့် ဒကာ ဒကာမ လူတစ်သိန်းသေလို့ သုဂတိတစ်ယောက် မရောက်ဘူးဆိုတဲ့စကားကို ယုံကြပြီလား (ယုံပါပြီ ဘုရား) ဘာနဲ့သေသွားကြသလဲ (အယူမှားနဲ့သေသွားပါတယ်)။
မယုံရင် စဉ်းစားကြည့်ပါ၊ ငါ့အားကိုးရာဖြစ်တဲ့ ရွှေကလေး၊ ငွေကလေးနဲ့ဖြင့် ငါခွဲရတော့မယ်၊ အယူမှားမပါဘူး လား (ပါပါတယ် ဘုရား) ငါ့သား၊ ငါ့သမီးကလေးတွေနဲ့ ဆိုတဲ့ အယူမှားကော (ပါပါတယ်) ခင်လျက် မင်လျက်နဲ့ မတတ်နိုင်လို့ သေရတော့မယ်ဆိုတောကော (ပါပါတယ်)။
ဒါဖြင့် အမှတ်မှားနဲ့လဲသေ၊ အသိမှားနဲ့ကော (သေပါတယ်) အယူမှားနဲ့ကော (သေပါတယ် ဘုရား)။
ဒကာကြွယ် မသာပေါင်းဘယ်လောက်ပို့ဖူးသတုံးဆိုတော့ (များပါတယ် ဘုရား) ဦးဇံရင်တို့ ဘယ်လောက်ပို့ ဖူးသတုန်း (အများကြီးပါ ဘုရား) အဲဒီမသာတွေဟာ ဘာမသာတွေတုံးလို့ ဆုံးဖြတ်ချက်ချစမ်းပါ (အမှတ်မှား၊ အသိမှား၊ အယူမှားနဲ့ သေတဲ့မသာတွေပါ) ခင်ဗျားတို့ ဒီအထဲမှာ အရေးအကြီးဆုံးပြောစမ်းပါဆိုတော့ အယူမှားနဲ့ သေသွားလေရဲ့ (မှန်လှပါ) ဒါငြင်းဖို့ လိုကြသေးသလား (မလိုပါ ဘုရား)။
ဒိဋ္ဌိမစွန့်သရွေ့ ဘယ့်နှယ်ဆိုကြမလဲ (မယူမှားနဲ့ သေပါတယ် ဘုရား) ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ် ကြီးက လူတစ်သိန်းသေလို့ သုဂတိတစ်ယောက် မရောက်ပါဘူးလို့ သစ္စသံယုတ်ပါဠိတော်ကြီးမှာ ဟောတော်မူတဲ့ အဖြစ်ကိုဖြင့် ဦးဇံရင် ယုံကြည်ကြပါတော့ (မှန်ပါ့) ဘာအမှားနဲ့ သေသွားသတုံး (အယူမှားနဲ့ သေသွားပါတယ်)။
အဲဒါ ခင်ဗျားတို့က မိစ္ဆာဒိဋ္ဌိမှ အယူမှားနဲ့ သေတာတို့ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိဝင်တွေက မှားဖို့ခဲယဉ်းတယ်လို့ ထင်နေကြတယ်။ အဲဒါ ဒီအမှားကို နားမလည်ဘဲကိုး (မှန်ပါ့) ဒီအမှားဟာ အများကြီးမဟုတ်လား (မှန်ပါ့) ရင်းပြီလား (ရှင်းပါပြီ) ကျုပ်တို့မှာလဲ အမှတ်မှား အသိမှား မယူမှားရှိတာပဲ သဘောကျပြီလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ဪ ဒီတစ်ခါကြုံကြိုက်တာဖြင့် ကောင်းသော ကြုံကြိုက်ခြင်းပဲ၊ ဒီအမှားသုံး ချက်ကိုဖြင့် ဖြိုခွဲနိုင်တဲ့ ဉာဏ်ကိုဖြင့် မရရအောင် နာပြီး သကာလ ဖြိုခွဲနိုင်တဲ့ ဉာဏ်နဲ့ပဲ တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်သွားပါတော့မယ် ဆိုလို့ရှိရင်လဲ ဂရုစိုက်မှတ်ပြီး ဂရုစိုက် လုပ်ကြပေတော့ (မှန်ပါ့)။ နို့ မဟုတ်လို့ရှိရင်ဖြင့် နေခြင်း ဆိုးနဲ့ သေခြင်းဆိုးသာမှတ် (မှန်ပါ့)။ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဒီအမှားသုံးခု မကျော်နိုင်ရင်
ဒီအမှားသုံးခု မကျော်နိုင်ရင် ဘယ့်နှယ်ဆိုကြမလဲ (နေခြင်းဆိုးနဲ့ သေခြင်းဆိုးပါ ဘုရား)။ နေခြင်းဆိုးက သားဟူသော အမှတ်, သမီးဟူသော အမှတ်ဆိုရင် သူ့မှတ်သားကတည်းကိုက သူ့အတွက် စိတ်မချတာ လာပြီ (မှန်ပါ့)။ သူ့အတွက် ခင်လုံး, မင်လုံး ပိုတာကော (လာပါပြီ ဘုရား)။ သူ့ကိုပဲအားကိုးလုံး ထားတာတွေကော (လာပါပြီ)။ ဒါဖြင့် နေချိန်မှာလည်း ဒကာ, ဒကာမတို့ အောက်ကျ, နောက်ကျ နေရလိမ့်မယ် (မှန်ပါ့)။ သေချိန်မှာလဲ အပါယ်ကျရပါ လိမ့်မယ် (မှန်ပါ့)။ ဒါဖြင့် အနေ အောက်ကျ, အသေ အောက်ကျ (မှန်ပါ့)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ကဲ ဒါဖြင့် ခင်ဗျားတို့ လူ့ပြည်ကို ခဏလာကြတာနော် (မှန်ပါ့)။ လူ့ပြည် ခဏလာကြတာ ဘုရားသခင်ကိုယ် တော်မြတ်ကြီးက ဉာဏ်တော်နဲ့ချိန်လိုက်တယ်။ ဒကာကြွယ် ခဲတစ်ခုကို ကောင်းကင် မြောက်လိုက်စမ်းပါ၊ ကောင်းကင်မှာ ရပ်တဲ့အချိန်ဟာ ဘယ်လောက်များကြာမတုံး (မကြာပါဘူး ဘုရား)။ အဲ ခင်ဗျားအတိုင်းပဲ၊ လူ့ပြည်လာတာက ကောင်း ကင် ရပ်သလောက်ရှိတယ်။ အပါယ် နေတာကခဲမြေကြီးပေါ် နေသလောက်ကြာတယ်ဆိုတော့ ကမ်းကုန်ပြီ ဒကာ, ဒကာမတို့ (မှန်ပါ့)။ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဒါကြောင့် ဒကာကြွယ် စီးပွားရေး၊ ကြီးပွားရေးတွေ အသာချိတ်ထားစမ်းပါ။ ကိုယ့်ကိုယ် ကယ်တင်စမ်းပါ (မှန်ပါ့)။
ဘယ်လိုပါလိမ့် (ကိုယ့်ကိုယ် ကယ်တင်ရပါမယ် ဘုရား)။ စီးပွားရေး၊ ကြီးပွားရေး (အသာချိတ်ထား ရပါမယ်) ကိုယ့်ကိုယ် ကယ်တင်စမ်းပါ၊ စီးပွားရေး၊ ကြီးပွားရေးက ကိုယ့်နောက်ပါမှာ မဟုတ်လို့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ကိုယ့်ကိုယ် ကယ်တင်တဲ့ ဉာဏ်ကသာ
ကိုယ့်ကိုယ် ကယ်တင်တဲ့ ဉာဏ်ကသာ ဒကာ, ဒကာမတို့ ကိုယ့်ကိုယ်ကို ချမ်းသာရာနိဗ္ဗာန်ဆောင်လိမ့်မယ် ဆိုတာ ငြင်းဖု့ိလိုသေးသလား (မလိုပါဘူး ဘုရား)။ ဘုန်းကြီးပြော ပြောနေတယ်လို့လဲ ဦးဇံရင်တို့က မယူလိုက်ပါနဲ့၊ တကယ်သနားလို့ တကယ်ပြောတယ်လို့ မှတ်ပါ (မှန်ပါ့) ရှင်းပြီးလား (ရှင်းပါပြီ)။
အခု တဏှာ မျက်လုံးနဲ့ကြည့်နေတော့ စီးပွားရေးဟာ တောင့်တင်းမှ နေရာကျတယ်လို့ ထင်ကြတယ်၊ ဉာဏ်မျက်လုံးနဲ့ကြည့်လိုက်တော့ နက်ဖြန် သေရမှာဟေ့ဆိုတော့ တောင့်တင်းကာ အလကား ဖြစ်သွားတယ် (မှန်ပါ့) ဒကာကြွယ်ဘာအသုံးကျပါဦးမလဲ (ဘာမှ အသုံးမကျတော့ပါဘူး ဘုရား)
နက်ဖြတ် ၁၂နာရီနဲ့ ၅မိနစ်မှာ ကြိုးဒဏ်ပေးခံ ရမယ်ဆိုတော့ ၁၂နာရီအချိန်မှာ ထီပေါက်ရင် ဒီလူ ဝမ်းသာမလား မသာဘူးလား (မသာနိုင်ပါ ဘုရား) ဘာကြောင့် မသာသတုံး ဆိုတော့ သေခြင်းဆိုးက နီးနေပြီ (မှန်ပါ့)။ သဘောကျပြီလား (ကျပါပြီ)။
ခင်ဗျားတို့ ကျုပ်တို့မှာလဲ သေ တတ်တဲ့ခန္ဓာကြီး ရထားတာ၊ သူ့ကိုနေ့တိုင်း အစားနဲ့ တောင်းပန်၊ အဝတ်နဲ့တောင်းပန်၊ ဆေးနဲ့တောင်းပန်၊ ဝါးနဲ့ တောင်းပန်လို့ ဖြုန်းခနဲ မလဲလိုက်တာကိုးဗျ (မှန်ပါ့) မတောင်းပန်ရင် ထိုးလဲမယ်(မှန်ပါ့) မလဲပေဘူးလား (လဲပါတယ်)။
အဲဒီတော့ ခင်ဗျားတို့မှာလဲ အောက်ကျနောက်ကျနဲ့ ဒီခန္ဓာကြီး တောင်းပန်နေရတဲ့ အလုပ်လဲ မကောင်းပါဘူး။ (မှန်ပါ့) ကိုယ့်စိုး ကိုယ်ပိုင်နေရရင် ကောင်းပါတယ်။ တောင်းပန်နေရတဲ့ အလုပ်ဟာ (မကောင်းပါ ဘုရား)။
ခန္ဓာကိုယ်တောင်းပန်နေရတဲ့အချိန်
ဦးဇံရင် ရိပ်မိပြီလား (ရိပ်မိပါပြီ) တောင်းပန်နေရတဲ့ အလုပ်ဟာ ဂုဏ်ရှိသလားဗျာ (မရှိပါဘူး)။ အစားနဲ့ တောင်းပန်ရတာလဲ လေနာက မသေပါနဲ့၊ အဝတ်နဲ့ တောင်းပန်ရတာလဲ အအေး၊ အပူမိပြီး မသေပါနဲ့ (မှန်ပါ့)။ သဘောကျပြီလား (ကျပါပြီ) ဆေးကလေးနဲ့ တောင်းပန်ရတာလဲ ထိုနည်းအတူပဲ၊ လေနာ၊ ရင်နာကလေး စသည်နဲ့ မဆက်ပါနဲ့ ဆိုပြီး ပူဇော်တောင်းပန်ရတယ်(မှန်ပါ) ခင်ဗျားတို့ ကြည်ကြည်သာသာနဲ့ မျက်နှာရွှင်ရွှင်ပျပျနဲ့ နေရတဲ့အချိန်နဲ့ ခန္ဓာကိုယ် တောင်းပန်နေရတဲ့အချိန်နဲ့ ဘယ်ဟာက များသတုံး (ခန္ဓာကိုယ်တောင်းပန်နေရတဲ့ အချိန်က များပါတယ်) ဒါကို ဒကာကြွယ်တို့က ငါက အနှိပ်သည်တစ်ဆယ်တန် ခံနိုင်တယ်ဆိုပြီး ဂုဏ်များ ရှိကြသေးသလားဗျာ (မရှိပါ ဘူး ဘုရား)။
တောင်းပန်ရတာကိုပင် တစ်ချို့က ဂုဏ်များယူနေလိုက်ကြသေးတယ်(မှန်ပါ) အနှိပ်သည်ပေမယ့် ကျုပ်နှိပ် သည့် အနှိပ်သည်ဖြင့် တစ်ခါနှိပ်ရင် အစိတ်သုံးဆယ်တောင်ပေးရတယ်၊ ကျုပ်တို့မို့ပဲ တော်တော်သေးရဲ့လို့ ဂုဏ်ယူ နေလိုက်သေးတယ်၊ (မှန်ပါ့) အံမာလေး တောင်းပန်ရတာ ဂုဏ်ယူနေကြတယ်။ ဒါလောက်မျက်စိလည်တာ တွေ့ဖူးရဲ့လား၊ ဦးဇံရင် ခင်ဗျားတို့ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
အဲဒါကြောင့် တောင်းပန်နေရတဲ့ ခန္ဓာဝန်ကြီးသည် ဘယ့်နှယ့်ကြောင့် ရပါလိမ့်မတုံးမေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။ ဟောဒီအမှတ်မှားကြောင့် ဟောဒီ၊အသိမှားကြောင့်၊ ဟောဒီ အယူမှားကြောင့် ဒီခန္ဓာကြီး ရနေတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ခန္ဓာပြန်ရတဲ့ ပုဂ္ဂိုလ်များ အမှားသုံးချက်ကြောင့် ပြန်ရတာ (မှန်ပါ့)။
ခန္ဓာပြန်ရတဲ့ ပုဂ္ဂိုလ်များ ဘာကြောင့်ပါလိမ့် (အမှားသုံးချက်ကြောင့်ပါ)။
၃ နံပါတ်အမှားကျော်လွန်ရင် ဒိဋ္ဌိကွာ
အမှားသုံးချက်ကျော်လွန်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ရဟန္တာဖြစ်ပါတယ် (မှန်ပါ) ၃ နံပါတ်အမှားကို ကျော်လွန် လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါတော့ ပထမ နိဗ္ဗာန်ရပါတယ် (မှန်ပါ)
၃ နံပါတ်အမှားကျော်လွန်ရင် ဒိဋ္ဌိကွာပြီတော့ (မှန်ပါ့)။
၁-နံပါတ်အမှားများကို ကျော်လွန်လို့ရှိရင် ဒုတိယ၊ တတိယနိဗ္ဗာန် ရပါတယ် (မှန်ပါ့) ၂-နံပါတ် အမှားများ ကျော်လွန်သွားနိုင်လို့ရှိရင်တော့ ဒကာ ဒကာမတို့ စတုတ္ထနိဗ္ဗာန်ဆိုတာ အဆုံးဖြစ်တဲ့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရပါတယ် (မှန်ပါ့)။
ဒါ့ကြောင့် ဒီအမှားသုံးချက်ကို ဟောပြောမှုကလဲရှား၊ ခင်ဗျားတို့ကလဲ ဘယ်အကျင့်နဲ့ ပယ်ရမယ်ဆိုတာလဲ မသိတော့ မှောင်ထဲမွေးပြီး မှောင်ထဲသေတဲ့အဓိပ္ပါယ်က ထင်ရှားတယ် (ထင်ရှားပါတယ် ဘုရား)။
ဒါကြောင့် အားလုံးက ဒကာ,ဒကာမတွေ ဒီလိုအခွင့်ကို ဆက်လက်သွားလို့ရှိရင်ဖြင့် တို့ဖြင့် ကိုယ်ကျိုးနည်းပေါ့လို့ အောက်မေ့လိုက်စမ်းပါ (မှန်ပါ့) တရားနာစေချင်လို့ ပြောတာလား ခင်ဗျားတို့ သနားလို့ ပြောတာလား (သနားလို့ ပြောတာပါ ဘုရား)။
စဉ်းစားကြည့်ပါ၊ ဘာလှူကွာ၊ ဘာတန်းကွာ၊ ဒါနိဗ္ဗာန်ရတာပဲဆိုတော့ ဦးဇံရင်သာမညတော့ ဟုတ်နေတယ်၊ အမှားသုံးချက် မကျော်ဘဲနဲ့ ဘယ့်နှယ် နိဗ္ဗာန်ရနိုင်မတုံး (မှန်ပါ့)။
ဒိဋ္ဌိမကျော်ဘဲနဲ့ သောတာပန် တည်နိုင်ပါ့မလား (မတည်နိုင်ပါ ဘုရား) သညာ မကျော်ဘဲနဲ့ သဂဒါဂါမ် အနာဂါမ် (မတည်နိုင်ပါ ဘုရား) စိတ္တဆိုတဲ့ သုတစိတ္ထတို့ သုခ စိတ္တတို့ယူနေတာ မကျော်နိုင်လို့ရှိရင်လဲ ရဟန္တာဖြစ်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
ဝိပလ္လာသ ဆယ့်နှစ်ပါးကို အသီးသီးပယ်နိုင်မှ
ဒါကျော်နိုင်မှ ဖြစ်ကြရမှာ (မှန်ပါ့)၊ ဝိပလ္လာသ ဆယ့်နှစ်ပါးကို အသီးသီးပယ်နိုင်မှ ဖြစ်တာ၊ ပထမမဂ်က ရှစ်ပါးပယ်တယ်၊ ဒုတိယမဂ်နဲ့ တတိယမဂ်က နှစ်ပါးပယ်တယ်၊ စတုတ္ထမဂ်က နှစ်ပါးပဲ ပယ်တယ်၊ အဲ့ဒါတွေဝယ်ပြီးမှ ရဟန္တာဖြစ်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ဘာပယ်မှ ကိစ္စပြီးမယ်ဆိုတဲ့ တရားကိုလဲ ခင်ဗျားတို့ သေသေချာချာချာ မှတ်ထားပါ (မှန်ပါ့) ဒါ မပယ်သေးသရွေ့ ဘာလုပ်နေနေ မရသေးဘူး (မှန်ပါ့) ရပါ့မလား (မရပါဘူး ဘုရား)။
ဒါဖြင့် ခင်ဗျားတို့က ပယ်ရာမှာဝေးလို့ ပယ်ကောင်းမှာ ကာထားတယ်လို့တောင် မသိသေးတဲ့ ပုဂ္ဂိုလ်အတွက်မှာ ဒကာကြွယ်ခက်ကရော (ခက်ပါတယ် ဘုရား) ဒုကာသစ် ဘယ့်နှယ်တုံး (ခက်ပါတယ် ဘုရား) သေသေချာချာ ခက်တယ် ဆိုတာ ဒကာ ဒကာမ ယုံကြပြီလား (ယုံပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဒီတရားလက်လွှတ်ရင် ခင်ဗျားတို့ ဘယ့်နှယ်ထင်ကြသတုံး (သွားပါပြီ ဘုရား) ဒီပယ်မှုတွေကို ဘုန်းကြီးက ဉာဏ်အသီးသီးနဲ့ ပယ်ခိုင်းတော့မှာကိုးဗျ (မှန်ပါ့)။ ဝိပဿနာရှုပြီး အပယ်ခိုင်းလိုက်တော့ ဒီတံတိုင်းတွေ အမှောင်ခွင်းပြီး အလင်းရောက်မှာပဲ (မှန်ပါ့) အဝိဇ္ဇာနယ်ကနေပြီး ဝိဇ္ဇာနယ်ရောက်ရမယ် (မှန်ပါ) မရောက်သေး ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒီတော့ ဒါမပယ်ဘဲနဲ့ ဘယ်သူက ဘာပြောပြော ခင်ဗျားတို့ မှတ်ကြ၊ နိဗ္ဗာန်မရောက်နိုင်ဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဒိဋ္ဌိမပယ်ဘဲနဲ့ပထမနိဗ္ဗာန်ကို (မရောက်ပါ ဘုရား) သညာမပယ်ဘဲနဲ့ ဒုတိယနိဗ္ဗာန်ကို (မရောက်ပါ ဘုရား) သုဘ၊ သုခ၊ စိတ္တတွေ မပယ်ဘဲနဲ့ ဒကာ ဒကာမတို့ စတုတ္ထနိဗ္ဗာန်ကို (မရောက်ပါဘူး ဘုရား) ရကို မရဘူး စိတ်ချ (မှန်ပါ)။ အင်္ဂုတ္တိုရ်ပါဠိတော်မှာ သေသေချာချာ ဘုရားဟောတယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
အဲဒီတော့ အားလုံး ဒကာ ဒကာမ မေတ္တာရှေ့ထားပြီး ဘုန်းကြီးပါးစပ် တစ်ပေါက်တည်းက ပြောရတာလဲ မလွယ်လှပါဘူး (မှန်ပါ ဘုရား) ပြောရတာ မလွယ်လှပါဘူး၊ ခင်ဗျားတို့ကလဲ နဂိုက ကိုယ်ခံပညာ ဘာမှ ပါလာတာ မဟုတ်ဘူး၊ ဒီကျမှ အသစ်ချည်းဘဲဆိုတော့ ဒီတစ်လုံးတည်းကို မနည်းရှင်းအောင် ပြောရတော့ပယ်နည်း၊ ရှားနည်းသည် ကားလို့ ဆိုရင်ဖြင့် ဝိပဿနာဉာဏ်, မဂ်ဉာဏ်မှတစ်ပါး ဒကာကြွယ် မရှိဘူးနော် (မှန်ပါ့)၊ ဒါဖြင့် သူ့ကို မလုပ်ရင် နိဗ္ဗာန်မရနိုင်၊ သဘောကျပြီလား (ကျပါပြီ)။
ဝိပဿနာအလုပ်၊ မဂ်ဉာဏ်အလုပ်ကို မလုပ်ရင်
ဝိပဿနာအလုပ်၊ မဂ်ဉာဏ်အလုပ်ကို မလုပ်ရင် (နိဗ္ဗာန်မရနိုင်ပါ) သူကမှ ဒိဋ္ဌိပယ်မယ်၊ သညာကို ပယ်မယ်၊ စိတ္တကို ပယ်မယ် (မှန်ပါ့) ဒီ့ပြင်ဟာ ပယ်လို့ရရဲ့လား (မရပါဘူး ဘုရား) မယုံရင် ဒါနသက်သက် လုပ်ကြည့်ပါ၊ ပယ်လို့ မရဘူး၊ ရပါ့မလား (မရပါဘူး ဘုရား)။
သီလသက်သက် ဆောက်တည်ကြည့်ပါ (မရပါဘူး ဘုရား)၊ ဝိပလ္လာသကို ပယ်နိုင်ပါ့မလား (မပယ်နိုင်ပါဘူး ဘုရား)။
သမထ သက်သက်လုပ်ကြည့်ပြန်တော့ကော ကသိုဏ်းရုပ်ကြီးတွေ ငါ့ဟာတောင် လုပ်နေလိုက်သေးတယ် (မှန်ပါ့) ကံသိုဏ်းရုပ်ကြီးတွေ ကြည့်ပြီး ကောင်းကင်ပျံ မြေလျှိုးနေတော့ ငါနေရာ ကျတယ်ဆိုတဲ့ ဒိဋ္ဌိဝိပလ္လာသတောင် သူ့ကိုယ်မှာ ဖုံးနေလိုက်သေးတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဝိပလ္လာသ သုံးချက်ဟာ အားလုံးပေါင်းလိုက်ရင် ဆယ့်နှစ်ပါးရှိပါတယ်၊ ဆယ့်နှစ်ပါးကို ဒကာ ဒကာမ တွေ၊ ပထမမဂ်ကို ရနိုင်တဲ့နည်းလမ်း ဘုန်းကြီးကလဲ ဟောမယ်၊ ဒကာ ဒကာမကလဲ ရအောင်ပဲ ကြိုးစားမယ်ဆိုရင် ရှစ်ပါးတစ်ခါတည်းပြုတ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပြီပါပြီ)။
ကိုင်း-ဒါဖြင့် ခင်ဗျားတို့ အမှားတော်ပုံကြီးဟာဖြင့် ယနေ့သိကြပြီလား (သိပါပြီ ဘုရား)၊ တံတိုင်းကြီး ဘယ်လောက်မြင့်ပါလိမ့် (အလွန်မြင့်ပါတယ် ဘုရား) ဘယ်လောက်များထူထပ်ပါလိမ့် (အလွန်ထူပါတယ်) ဘယ်ဘဝက စပြီး တည်ထောင်လို့ ဘယ်ဘဝကျအောင် ဆင့်လာတာလဲဆိုတော့ ဘဝတိုင်း ဆင့်လာတာပဲ (မှန်ပါ) ဘယ်တော့များ ဖြိုဖျက်ခဲ့တဲ့ဘဝ ပါရဲ့လား (မပါပါဘူး ဘုရား)။
ဒါကြောင့် “ခုန်ကျော်လွှား၍ သွားဖို့မလွယ်၊ ကြီးကျယ်မြင့်ဆိုင်း တံတိုင်းပမာ၊ ဝိပလ္လာဖြင့်၊ ကွယ်ကာရစ်သိုင်း၊ ဝန်းဝိုင်း၍ နေခြင်းကြောင့်လည်းကောင်း” ဆိုခဲ့တာ (မှန်ပါ့) ဘုရားဘယ်လို ဟောဟောသူတို့မှာ သဘောမပါနိုင်ဘူး၊ တံတိုင်းကာနေလို့တဲ့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အလုပ်နဲ့ရှင်းကြမယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ကြပါစို့တဲ့ အမှားသုံးချက်ကို သေသေချာချာ သရုပ်နဲ့တကွ ရှင်းကြပါစို့ နော် (မှန်ပါ့) အလုပ်နဲ့ရှင်းကြမယ်ဆိုတော့ အမှားကလေး ဆယ့်နှစ်ချက် သေသေချာချာ မှတ်ပါဦး (မှန်ပါ့)။
ဒီအတိုင်း ပါးစပ်ကပြောသွားရင် ဦးမြ ဘယ်သူမှ မမှတ်မိနိုင်လို့ ပုံစံချချပြနေရတယ် (မှန်ပါ့)။
ဒကာ ဒကာမ ဘယ်တော့ကမှ ဘုရားသာသနာတော်နဲ့ကလဲ ကောင်းကောင်း မကြုံခဲ့ရ၊ ကြုံပြန်တော့လဲ ကိုယ့်ဝိပလ္လာသ တံတိုင်းအတွင်းက မကြားဘဲနေကြတယ် (မှန်ပါ့)။ ဤကဲ့သို့ အဖြစ်ဆိုးနဲ့ နေရသည်ဖြစ်လေသောကြောင့် ဒကာ ဒကာမမှာ အမှားဘယ်နှစ်ချက်ဆိုတဲ့ ဥစ္စာ အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာတဲ့ ဝိပလ္လာသတွေကို ရှင်းပြဦးမယ်နော် ကျွတ်တမ်းမဝင်နိုင်တဲ့ အမှားတွေကို ရှင်းပြဦးမယ် (မှန်ပါ့)။
ပြီးတော့မှ ဆက်ပြပါမယ်။ ဒီအမှားကို ပယ်နည်းပြမယ် (မှန်ပါ့)။
ဒီခန္ဓာကိုယ်ကြီးမှာ ရှိတာက ‘သဗ္ဗေ သင်္ခါရာ အနိစ္စ’ ဆိုတဲ့ အနိစ္စပဲ ရှိတယ်။ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
‘သဗ္ဗေ သင်္ခါရ ဒုက္ခာ’ ဆိုတဲ့ အတိုင်း ခန္ဓာကိုယ်ကြီးထဲမှာ ဖြစ်ပျက် ဒုက္ခပဲ ရှိတယ် (မှန်ပါ့)။
‘သဗ္ဗေ ဓမ္မာ အနတ္တာ’ ဆိုသောကြောင့် ခန္ဓာကိုယ်ကြီးထဲမှာ ရုပ်ကြည့်ကြည့်၊ နာမ်ကြည့်ကြည့်၊ ကြည့်လိုက်ရင် အနတ္တထဲ ဝင်လာတာပဲ (မှန်ပါ)၊ အသုဘဆိုတဲ့အတိုင်း ဒကာ ဒကာမ သန္တာန်ရှိတာကတော့ သုံးဆယ့်နှစ်ကောဌာသ အသုဘပဲ ရှိတယ်။ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒီတော့ ဒကာ ဒကာမ၏ ခန္ဓာကိုယ်ထဲမှာ ပင်ကိုရှိတာကဖြင့် အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ပင်ကိုရှိတာက ဘာပါလိမ့်
ပင်ကိုရှိတာက ဘာပါလိမ့် (အနိစ္စ, ဒုက္ခ, အနတ္တ,အသုဘပါ ဘုရား)။
မှတ်ထားကြပါ၊ မှတ်ထားကြပါ၊ ပင်ကိုရှိတာကတော့ ဒါပဲ၊ ဘုရားက ထုတ်ဖော်မဟောခင်လဲ ဒါဘဲ ရှိနေနှင့်တာပဲ၊ ဘုရားက ထုတ်ဖော်ဟောလဲ (ဒါပဲရှိပါတယ် ဘုရား)။ ဒါတော့ ပြင်လို့ ရသေးရဲ့လား (မရပါ ဘုရား)။
ခင်ဗျားတို့ ကျုပ်တို့အထင်က ဘယ့်နှယ်ဖြစ်နေသတုံးလို့ ဒကာသစ်တို့ ကျုပ်တို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
ကျုပ်တို့အထင်က မွေးကတည်းက ပြသပေးမည့် ဆရာသမားနဲ့ကလဲ မတွေ့ခဲ့သေး၊ ဘဝများစွာ၊ သံသရာက ကြီးထွားခဲ့ဆိုတော့ သားကလေးတစ်ယောက် မွေးဖွားလာလို့ရှိရင် ဒါခန္ဓာကိုယ် ထားပါတော့နော် (မှန်ပါ့) အနိစ္စကို နိစ္စလို့ သိတဲ့ စိတ္တဝိပလ္လာသလဲ (လာပါတယ်)။
အနိစ္စတစ်ချက်တည်းကို အမှားသုံးချက်လိုက်တယ်
အနိစ္စကို နိစ္စလို့ယူတဲ့ ဒိဋ္ဌိဝိပလ္လာသကော (လာပါတယ် ဘုရား) ဒါဖြင့် အနိစ္စကို မသိလို့ ဝိပလ္လာသ ဘယ်နှစ်ချက်လာသတုံး (သုံးချက်လာပါတယ်) ကြည့်စမ်း၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ အနိစ္စတစ်ချက်တည်းကို အမှားသုံးချက်လိုက်တယ် (မှန်ပါ) မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ကဲ တစ်ခါသွားပါဦး ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ‘သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာမိ ဒုက္ခာ’ လို့ မဟောဘူးလား (ဟောပါတယ် ဘုရား) ဟောပေမယ့် ကျုပ်တို့ စိတ်ထဲမှာ မထင်လာဘူး (မှန်ပါ့) မထင်လာတော့ ဒုက္ခကို သုခလို့ မှတ်တဲ့ သညာဝိပလ္လာသ လာပြန်တယ် (မှန်ပါ) ဒုက္ခကို သုခလို့သိတဲ့ စိတ္တဝိပလ္လာသ (လာပါတယ် ဘုရား) ဒုက္ခကို သုခလို့ယူတဲ့ ဒိဋ္ဌိဝိပလ္လာသ (လာပါတယ် ဘုရား) ဒါဖြင့် ဒုက္ခရောက်တာအမှား ဘယ်နှစ်ချက်လိုက်လဲ (သုံးချက်လိုက် ပါတယ် ဘုရား)။
တစ်ခါတစ်လေ ခင်ဗျားတို့က ယပ်တောင်ကလေးခတ်၊ ထမင်းကလေးများ စားကောင်းတဲ့အခါဪ ချမ်းသာ လိုက်တာ ချမ်းသာလိုက်တာနဲ့ ဒီခန္ဓာကိုယ်ကြီး ယပ်တောင်ကလေးခတ်ပြီး ချမ်းသာရတာကို ခင်ဗျားတို့ တော်သေးရဲ့ တောင် ပြောချင်ပြောနေကြသေးတာ (မှန်ပါ့) အတော်ဆိုးနေတာ (မှန်ပါ့) ဘဝမြင့်စရာမရှိရင် အလကား ကြံဖန်ပြီးမြင့် နေတာက ရှိသေးတယ်ဗျ (မှန်ပါ့)။
ကဲ တစ်ခါသွားပါဦးတဲ့ ခန္ဓာကိုယ်ကြီးဟာ ‘သဗ္ဗေ ဓမ္မာ အနတ္တာ’ ဘယ်အခါမဆိုဦးဇံရင်ကြည့်ပါ ဖျပ်ဖျပ်ဖျပ်ဖျပ် ပြောင်းလဲနေတာပဲ (မှန်ပါ့) အဲဒီ အနတ္တကို ငါလို့မှတ်တဲ့ ဥဇ္ဇာက သညာဝိပလ္လာသ (မှန်ပါ့)။
အနတ္တကို အတ္တလို့ မှတ်တာက (သညာဝိပလ္လာသပါ ဘုရား) အနတ္တလို့ သိတာက (စိတ္တဝိပလ္လာသပါ ဘုရား)။ အနတ္တကို အတ္တလို့ယူထားတာက (ဒိဋ္ဌိဝိပလ္လာသပါ ဘုရား)၊ ဒါဖြင့် အနတ္ထနောက်က အမှားဘယ်နှစ်ချက် (သုံးချက်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
သုံးဆယ့်နှစ်ကောဋ္ဌာသ
ခင်ဗျားတို့ ကျုပ်တို့ ခန္ဓာကိုယ်ကြီးဟာ ဘယ်လို ဖျက်ကြည့်ကြည့် သုံးဆယ့်နှစ်ကောဋ္ဌာသထက် ပိုတဲ့အသုဘ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) အဲဒီအသုဘကိုပင်လျှင် ကိုယ့်ခန္ဓာထဲ ရင်ကြည့်လိုက်၊ ကျော့ကြည့်လိုက်၊ ပေါင်ကြည့်လိုက် လက်မောင်းတန်း ကြည့်လိုက်လို့ရှိရင်ဖြင့် ကြည့်ကောင်းပါသေးရဲ့ (မှန်ပ့ါ) ဒကာ ဒကာမ ကိုယ့်ဟာကိုယ် မှန်ကလေး များ ထောင်ကြည့်တဲ့အခါ တော်သေးရဲ့ အရွယ်နဲ့ဆိုရင်တင်တာကတောင် များနေသေးတယ်၊ ပြောချင်လဲ ပြောနေကြတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။ အဲဒါတွေရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အသုဘကို သုဘလို့ မှတ်တာ ဘာတုံး (သညာဝိပလ္လာသပါ) အသုဘကို သုဘလို့ သိနေတဲ့ဥစ္စာက (စိတ္တဝိပလ္လာသပါ) အသုဘကို သုဘလို့ တကယ်ယူနေတာက (ဒိဋ္ဌိဝိပလ္လာသပါ)။
အာလုံးပေါင်းလိုက်တော့ ဘယ်နှစ်ပါးရှိသတုံး (ဆယ့်နှစ်ပါးပါ ဘုရား) အဲဒီ ဆယ့်နှစ်ပါးဟာ တစ်နေ့ ဘယ်နှစ်ခါ ဖြစ်သတုံးသာ မေးတော့ (မရေတွက်နိုင်ပါဘူး ဘုရား)။ ဒါခန္ဓာကြီး ထွက်ပေါက်မပေးတဲ့ တရား ဆယ့်နှစ်ပါးဆိုတာ ရိပ်မိလား(ရိပ်မိပါပြီ ဘုရား)။
အဲဒါကို ဦးဇံရင်အလုပ်နဲ့မှ သေသေချာချာ ကျုပ်တို့ဖြစ်ပျက်ကို မကြည့်လို့ ဖြစ်ပျက်ကို မမုန်းလို့၊ ဖြစ်ပျက် မဆုံးခဲ့သော် ဖွင့်ပါ့မလား၊ (မဖွင့်ပါဘူး ဘုရား)။ ဘယ်နည်းနဲ့မှ မဖွင့်ဘူး (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်မလုပ်ဘဲနဲ့များ နိဗ္ဗာန်ရတယ်ဆိုတာများ ခင်ဗျားတို့ ယုံကြပါ့မလား (မယုံပါ ဘုရား) မယုံပါနဲ့၊ ဘယ်သူက ဘာပြောပြော မယုံနဲ့ (မှန်ပါ့) ဒါတွေက လိုရင်းတရားတွေပဲ။
မပယ်ဘဲနဲ့ဖြစ်နိုင်ပါ့မလား
ဒါတွေကို မပယ်ဘဲနဲ့ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။ ပယ်ယင်လဲ အလုပ်လုပ်မှပဲရမယ်။ (မှန်ပါ့) အသိနဲ့ ပယ်လို့လဲ မရသေးဘူး၊ အမှားနဲ့တောင် ကိစ္စမပြီးသေးဘူး၊ နောက်ဆုံးပိတ် အပယ်နဲ့မှ ကိစ္စပြီးတယ် (မှန်ပါ) ဒါကြောင့် ဉာတပရိညာ တိရဏပရိညာ ပဟာနပရိညာလို့ ပရိညာသုံးပါးကို ဟောရပြန်တယ် (မှန်ပါ့)၊
အဲဒါကို ခင်ဗျားတို့ ယူနေတာက ဒကာကြွယ် သိရင်ပြီးတာပဲတဲ့ (မှန်ပါ့) ဒါဖြင့် ဉာတပရိညာနဲ့ နိဗ္ဗာန် ရောက်တယ်၊ ကိစ္စပြီးတယ် ပြောနေတာပေါ့ (မှန်ပါ့) ပွားမှုပါသေးရဲ့လား (မပါပါဘူး) အဲဒီမှာ တစ်ချို့က သောတာပန် တည်တယ်ဆိုပြီး သကာလ ဒကာကြွယ် ဒကာ ဒကာမမှာ နဂိုက ပျင်းရတဲ့အထဲမှာ အဲဒါမျိုးတွေ သွားပြောလိုက်တော့ မြှုပ်ပါရောလား (မှန်ပါ) တစ်သံသရာလုံး နစ်နာသွားနိုင်တာပဲ (မှန်ပါ့)။
အဲ့ဒါကြောင့် အပြောမှားနဲ့ တွေ့ရမှာပဲ အင်မတန်ကြောက်စရာ ကောင်းပါတယ် (မှန်ပါ့)။ ဒိဋ္ဌိမပယ်ဘဲနဲ့ ဘယ်တော့မှ သောတာပန်မဖြစ်ဘူး။ ခင်ဗျားတို့ မသေမချင်း မှတ်ပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) သညာမပယ် ဘဲနဲ့ သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား) စိတ္တဝိပလ္လာသ မပယ်ဘဲနဲ့ ရဟန္တာ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) ဖြစ်ကို မဖြစ်နိုင်ဘူး၊ သေသေချာချာ မှတ်ထားပါ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
သညာဝိပလ္လာသ၊ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသ
ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စနောက်က အမှားဘယ်နှစ်ချက်လဲ (သုံးချက်ပါ ဘုရား) ရေစမ်းပါ (သညာဝိပလ္လာသ၊ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသပါ ဘုရား)။
ဒုက္ခနောက်ကတော့ အမှားဘယ်နှစ်ချက်တုံး (သုံးချက်ပါ) ကဲ ရေစမ်းပါဦးဗျာ (သညာ၊ စိတ္တ၊ ဒိဋ္ဌိဝိပလ္လာသ ပါ ဘုရား)။
အနတ္တ နောက်ကကော အမှားဘယ်နှစ်ချက်တုံး (သုံးချက်ပါ)။ ကဲ ရေစမ်းပါဦး (သညာ၊ စိတ္တ၊ ဒိဋ္ဌိဝိပလ္လာသပါ ဘုရား)။
အသုဘနောက်ကကော (သုံးချက်ပါ ဘုရား) ရေစမ်းပါဦး (သညာ၊ စိတ္တ၊ ဒိဋ္ဌိ ဝိပလ္လာသပါ ဘုရား)။
ဦးဇံရင်၊ ဘယ်နှစ်ချက်ရသတုံး (အာလုံး ဆယ့်နှစ်ချက်ပါ ဘုရား) ဆယ့်နှစ်ချက်ဆိုတော့ ဒီဥစ္စ ပထမမဂ်ရရင် ရှစ်ချက်ပယ်နိုင်တယ်၊ ဒုတိယတတိယမဂ် ရလို့ရှိရင်ဖြင့် ကျန်သေးချက်ထဲက နှစ်ချက်ပယ်နိုင်တယ် (မှန်ပါ) စတုတ္ထမဂ် ရလို့ရှိရင်ကုန်လိမ့်မယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ)။
ဒီမဂ်တွေကလဲ မပွားဘဲ နေရမှာလား၊ ပွားရမှာလား (ပွားရမှာပါ)။ ဒါဖြင့် ဒကာကြွယ်တို့ ဦးဇံရင်တို့ ရိပ်မိပြီ (မှန်ပါ့) ဒီအလုပ် မလုပ်ရင် (မရပါဘူး ဘုရား) သေချာကြပြီလား (သေချာပါပြီ)။
ဒါဟာခက်အောင် ပြောနေတာလား၊ အမှန်ပြောနေတာလား (အမှန်ပြောနေတာပါ)။ ဒါ့ကြောင့် အလွယ်ပြော တာကို မယုံကြနဲ့ ဒကာ, ဒကာမတို့နော် လုပ်မှရမည့်တရား လုပ်ရမှာပဲ (မှန်ပါ့) လုပ်တာကတော့ဖြင့် ကိုယ့်ဉာဏ်စွမ်း ကြည့်ပြီး ခုနစ်ရက်နဲ့ ပြီးတာလဲရှိတယ်၊ ညနေအားထုတ်ရင် မနက်ရတာလဲရှိတယ် (မှန်ပါ့)။
နိဗ္ဗာန်သွားတဲ့နေရာမှာ ဉာဏ်က ပို့တာ
ဒါကတော့ဖြင့် လုပ်တော့လုပ်ရမှာပဲ၊ ကိုယ့်ဉာဏ်စွမ်းရှိသလောက် ရနိုင်ကြမှာပဲ။ ကံစွမ်းတော့ ဒီနေရာမှာ မထည့်နဲ့၊ ကံမဆိုင်ဘူး၊ ဒီနေရာမှာ (မှန်ပါ့) နိဗ္ဗာန်သွားတဲ့နေရာမှာ ဉာဏ်က ပို့တာ၊ ကံက တိုက်ရိုက်မပို့ပါဘူး (မှန်ပါ့)။
နိဗ္ဗာန်ဘယ်သူကပို့သတုံး (ဉာဏ်က ပို့ပါတယ် ဘုရား)။ မဂ္ဂင်ရှစ်ပါးထဲမှာ ကံပါရဲ့လား၊ ခေါင်းဆောင်အဖြစ်နဲ့ သေသေချာချာ စဉ်းစားကြည့်စမ်းပါ၊ (မပါပါ ဘုရား)။ သမ္မာဒိဋ္ဌိ (လ) သမ္မာ သမာဓိဆိုတော့ ဒကာကြွယ် ကံပါရဲ့လား မပါပါ ဘုရား)၊ အဲဒီတော့ ကံကောင်းလို့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မယူပါနဲ့ (မှန်ပါ့)။ ဉာဏ်ကောင်းလို့ နိဗ္ဗာန်ရောက်လိမ့် မယ်လို့တော့ (ယူရပါမယ်) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမ ဒီဟာတွေ ပယ်တာကံကောင်းတာလား၊ ဉာဏ်ပယ်တာလား (ဉာဏ်က ပယ်တာပါ)။
ဒါဖြင့် သူ့ကိုပယ်လိုက်ရင် ပထမနိဗ္ဗာန်၊ ဒုတိယနိဗ္ဗာန်၊ တတိယနိဗ္ဗာန် မရဘူးလား (ရပါတယ်) ကံကပယ် တာလား ဉာဏ်ကပယ်တာလား၊ (ဉာဏ်က ပယ်တာပါ ဘုရား) နိဗ္ဗာန်သည် ကံလမ်းလား၊ ဉာဏ်လမ်းလား (ဉာဏ်လမ်းပါ ဘုရား)။ သေချာပြီလား၊ (သေချာပါပြီ ဘုရား) သေချာလို့ ရှိရင်ဖြင့် ဉာဏ်ကိုပြပါတော့မယ်ဆိုတာ သေသေချာချာ မှတ်ကြစမ်းပါ (မှန်ပါ့) ဦးဇံရင် ဘာပြမှာပါလိမ့် (ဉာဏ်ကိုပြမှာ မပါပါ ဘုရား)။
သူသာလျှင် ထိုးဖောက်နိုင်တယ်
ပညာ ဟိ သေဋ္ဌာ လောကသ္မိံ၊ ယာယံ နိဗ္ဗေဓဂါမီနီ၊ ယာယ သမ္မာ ပဇာနာတိ၊ ဇာတိဘဝပရိက္ခယာ-လို့ ဣတိဝုတ်ပါဠိတော်မှာ ဟောတယ် (မှန်ပ့ါ) လောက၌ ပညာသည်သာလျှင် မထိုးဖောက်နိုင်တဲ့ ဝိပလ္လာသတွေတို့ သူသာလျှင် ထိုးဖောက်နိုင်တယ် (မှန်ပါ့)။
အမှားတွေကို ပညာကမှ ဘာလုပ်နိုင်သတုံး (ထိုးဖောက်နိုင်ပါတယ် ဘုရား) ထိုးဖောက်နိုင်တယ်၊ ပြင်ဆင်နိုင် တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ) ယာယ သမ္မာပဇာနာတိ၊ ယာယ အကြင်ပညာဖြင့် သမ္မာ ကောင်းမွန်စွာ၊ ပဇာနာတိဟုတ်တိုင်းမှန်စွာ အနိစ္စကို အနိစ္စလို့ သိ၏။ ဒုက္ခကို ဒုက္ခလို့သိ၏။ အနတ္တကို အနတ္တလို့သိ၏။ အသုဘကို အသုဘလို့သိ၏ ပေါ့ဗျာ(မှန်ပါ့)။
ဇာတိဘဝပရိက္ခယာ အဲဒီပညာကသာလျှင် ဇာတိ၊ ဇရာ၊ မရဏတွေ ချုပ်အောင် ငြိမ်းအောင်၊ သိမ်းအောင် လုပ်နိုင်တာ သူသာ ရှိသကွလို့ ဟောတော်မူတယ် (မှန်ပါ့) သဘောပါကြပြီလား(ပါပါပြီ)။
ဒါဖြင့် နိဗ္ဗာန်သည်ကံပိုလို့ ရောက်မှာလား ဉာဏ်ပို့လို့ရောက်မှာလား (ဉာဏ်ပို့လို့ ရောက်မှာပါ ဘုရား) သေသေချာချာမှတ်ပါ။ ဒီဥစ္စာကိုနော် (မှန်ပါ) သေသေချာချာမှတ်ကြပါ ဒကာ၊ ဒကာမတို့ ဉာဏ်နဲ့သွားရမှာပေါ့ (မှန်ပါ့)။
ဘုရားဖြစ်ချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမ ဒါနပါရမီကံဆိုတာကိုလဲ လွန်ကဲအောင်ပင် ဖြည့်ကျင့်ရပါတယ်။ သီလပါရမီဆိုတာကော (လွန်ကဲအောင် လုပ်ရပါတယ်)။ ကျုပ်တို့ ပကတိ ရိုးရိုး သာဝကသမား တွေကတော့ ဉာဏ်တစ်လုံးပါရင်ပင် ရောက်နိုင်ပါတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ခန္ဓာထဲမှာ ဘာရှိသတုံး
ကိုင်း ဒါဖြင့် ပြန်ပြီး တစ်ခေါက် ပြောပါဦးမယ် ဒကာ ဒကာမတို့ မှားချက်က သိပ်ပြင်းထန်ပါကလား (မှန်ပါ့) ဒါက အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒါ ခင်ဗျားတို့ ခန္ဓာ (မှန်ပါ့)။
ခန္ဓာထဲမှာ ဘာရှိသတုံး (အနိစ္စ၊ဒုက္ခ၊ အနတ္တပါ ဘုရား)။
အဲဒါ ခင်ဗျားတို့က ဘယ်လိုများ မှောက်မှားနေတယ်ဆိုတာ ရှင်းပေးပါမယ်။ အနိစ္စကို နိစ္စလို့မှတ်တဲ့ သညာ ဝိပလ္လာသဟုတ်လား (မှန်ပါ့)၊ အနိစ္စကို နိစ္စလို့ သိတဲ့ စိတ္တဝိပလ္လာသ (မှန်ပါ့) အနိစ္စကို နိစ္စကို ယူထားတဲ့ ဒိဋ္ဌိဝိပလလ္လာသ (မှန်ပါ့) ဘယ်နှစ်ချက်ရသတုံး (သုံးချက်ပါ ဘုရား)။
ဒုကကို သုခလို့မှတ်ထားတာကဘာတုံး (သညာဝိပလ္လာသပါ) ဒုက္ခကို သုခလို့ သိနေတာက (စိတ္တဝိပလ္လာသပါ) ဒုက္ခကို သုခလို့ ယူထားတာက (ဒိဋ္ဌိဝိပလ္လာသပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ တစ်ခုတစ်ခုမှာ ဘယ်နှစ်ချက်ရပါလိမ့် (သုံးချက်ရပါတယ်) အားလုံး ပေါင်းလိုက်တော့ သုံးလေးလီ (၃x၄=၁၂) ဘယ်လောက်ပါလိမ့် (ဆယ့်နှစ်ချက်ပါ ဘုရား)။
ကဲဒါဖြင့် ဒကာကြွယ် ရိပ်မိပြီလား (ရိပ်မိပါပြီ)။ ဒကာကြွယ်မှာ အမှားပေါင်း ဘယ်လောက်ရှိသတုံး (ဆယ့်နှစ် ချက်ရှိပါတယ်) ထပ်တူတွေကို ထပ်လိုက်မယ် ဆိုရင်တော့ မရေတွက်နိုင်ဘူး (မှန်ပါ့) ထပ်တူပေါင်းပြီး ထပ်လိုက်လို့ရှိရင် ဆယ့်နှစ်ခုပဲ ရှိတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဘယ်တော့ပြင်ခဲ့သတုန်း မေးလိုက်တယ်
ဘဝများစွာ သံသရာက ဦးဇံရင် ဘယ်တော့ပြင်ခဲ့သတုန်း မေးလိုက်တယ် (ဘယ်တော့မှမပြင်လိုက်ပါ ဘုရား)။ နောက်က ဒကာ ဒကာမ ဘယ်တော့ ပြင်ခဲ့သတုံး (ဘယ်တော့ ကမှ မပြင်ခဲ့ပါ ဘုရား)။
ဒါဖြင့် မပြင်ခဲ့တော့ ဒီဘဝကျတော့ ဒီအမှတ်၊ ဒီအသိဒီအယူတွေဟာ ပြန်ယူသလား၊ မယူဘူးလား၊ (ယူပါ တယ် ဘုရား)။ ဒါဖြင့် ထပ်ပြီး ဆင့်တယ်(မှန်ပါ့)။ သဘောကျပြီလား (ကျပါပြီ)။
ထပ်ဆင့်တော့ ထုသေးလို့လား၊ ကြီးပြီးသား ထပ်ဆင့်တာလား (ကြီးပြီးသား ထပ်ဆင့်တာပါ) နိမ့်လို့ ဆင့်တာ လား၊ မြင့်တဲ့အပေါ်မှာ မြင့်သည်ထက်မြင့်အောင် ဆင့်တာလား (မြင့်သည်ထက်မြင့်အောင် ဆင့်တာပါ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ ဘုရားအဆူဆူမှာ ဒီတံတိုင်းကြီးတွေ ကာနေလို့ ဘုရားမဝင်နိုင်ဘူးဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) အင်မတန် မဆိုပါဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ကိုင်းဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမ ဒီတရားကိုမှ ပယ်ခြင်း ဖျောက်ခြင်း မလုပ်ကြပါဘူးဆိုရင် ခင်ဗျားတို့ ဘုရားမှာ ရှိခိုးကြတော့ အရှင်ဘုရား ဒီတပည့်တော်တို့ ဤဆွမ်း၊ ဤကွမ်းကြောင့် ပဋိဘဝတိုတိုနဲ့ မဂ်ဖိုရ်ရ ရပါလို၏တဲ့ ဆုတောင်းရုံသာတောင်းတယ်၊ ဒါကို ပယ်ဖို့တော့ မလုပ်ဘူး (မှန်ပါ့) ဘယ်ကနေပြီး တောင်းသတုံးလို့ မေးတဲ့အခါကျတော့ ဝိပလ္လာသစွန့်ဖို့တောင်းရင် ရတယ် (မှန်ပါ့) မစွန့်ချင်ဘဲနဲ့ တောင်းရင် (မရပါ ဘုရား)။
မလုပ်ဘဲနဲ့ အလကား လိုချင်ရင်
ဒါဖြင့် ခင်ဗျားတို့ ဘုရားရှေ့မှာ သွားနေတဲ့ပုဂ္ဂိုလ်များ စွန့်ချင်တာလား (မစွန့်ဘဲနဲ့ အလုပ်မလုပ်ဘဲနဲ့ အလကား လိုချင်တာလား၊ (အလကားလိုချင်တာပါ ဘုရား) မလုပ်ဘဲနဲ့ အလကား လိုချင်ရင် (ဘယ်သူ့မှ မပေးဘူး) စိတ်သာချ (မှန်ပ့ါ) ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။
ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ယူရမည့် အလုပ်ကို လုပ်ယူပါ။ တောင်းယူရမည့် အလုပ်ကို တောင်းယူပါ (မှန်ပါ့)။
ဒါ့ကြောင့်ဘုန်းကြီးတို့ စာအုပ်ထဲမှာလဲ ပါတယ်၊ နတ်ပြည် ဗြဟ္မပြည်ကို နတ်ရွာ သုဂတိကို ပန်းတစ်ပွင့်တည်းနဲ့ တောင်းယူဟေ့ ရတယ် (မှန်ပါ့) နိဗ္ဗာန်ကတော့ ဘာဝေတဗ္ဗကိစ္စနဲ့ ပွားယူရမယ်ဆိုတော့ လုပ်ယူရမယ်ဆိုတော့ လုပ်ယူရ မှာ (မှန်ပါ့)။
ဒါဖြင့် နိဗ္ဗာန်စစ်ကိုတော့ ဘာလုပ်ယူရမတုံး (ပွားယူရပါမယ်) လူ့ပြည်၊နတ်ပြည်ကျတော့ (တောင်းယူရပါမယ် ဘုရား) ဗြဟ္မာပြည်ဆိုတာတောင် သာမက အားထုတ်ယူမှ ရတယ် (မှန်ပါ့) ဒါလဲ တောင်းရုံသက်သက်နဲ့ မရသေးဘူး (မှန်ပါ့)။
လူ့ပြည်နတ်ပြည် ကတော့ဖြင့် ဆွမ်းနဲ့ကွမ်းနဲ့ တောင်းယူရင် (ရပါတယ် ဘုရား) နိဗ္ဗာန်ကျတော့ (ဝိပဿနာ အလုပ်ကို မလုပ်ဘဲနဲ့ (မရပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အချောင်ကြိုက်သမားနဲ့ဖြင့် ဒီတရားပွဲလာကို မလာနဲ့၊ ရကိုမရဘူး၊ စိတ်သာချ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
သေသေချာချာ လုပ်ယူရလိမ့်မယ် ဆိုတာသာအောက်မေ့ (မှန်ပါ့) သို့သော် အားမလျှော့ပါနဲ့တဲ့၊ လုပ်ရမှာက တော်တော်များများ လုပ်ရမှာလား၊ ဘုရား၊ ဒီအသံမလာပါနဲ့ (မှန်ပါ့)။
ကိုယ့်ဉာဏ်စွမ်း ပေါ်မှာ မှီပါတယ်
ခင်ဗျားတို့ ဉာဏ်စွမ်းကြီးလို့ မနက်အားထုတ် ညနေရတဲ့နည်းလဲ ရှိတယ် (မှန်ပါ့)။ ခုနှစ်ရက် အားထုတ်လို့ ရတဲ့နည်းကော (ရှိပါတယ် ဘုရား) အဲဒါက ကိုယ့်ဉာဏ်စွမ်း ပေါ်မှာ မှီပါတယ် (မှန်ပါ့)။
ဒါ့ကြောင့် ဘုရားက ယောဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တဝဿာနိ၊ သတိပဋ္ဌာန်၊ အားထုတ်လို့ရှိရင် အဖျင်းဆုံး ခုနှစ်နှစ် အားထုတ်ရတယ်ကွတဲ့ (မှန်ပါ့) တစ်ခါ နောက်ဆုံးပိတ် ဟောလိုက်ပြန် တော့ ခုနှစ်ရက်နဲ့လဲ ရတယ်ကွ (မှန်ပါ့)။
ဒါဘယ်သူဟောတာတုံး (ဘုရားဟောတာပါ) ဘုရားဟောတာဖြစ်နေတော့ တစ်ချို့ခုနှစ်နှစ် ဟော့တယ်၊ တစ်ချို့ ခုနှစ်ရက်ဟောတယ်လို့ ဒကာကြွယ်တို့က အမျိုးမျိုးပါလားလို့ ဆိုချင်သလား (မဆိုချင်ပါဘူး ဘုရား) ခင်ဗျားတို့ ကိလေသာထုထူတဲ့ ပုဂ္ဂိုလ်မှာ ခုနှစ်နှစ်အားထုတ်ရမယ် (မှန်ပါ့) ကိလေသာ အလတ်စား ရှိတဲ့ပုဂ္ဂိုလ်မှာ ခုနှစ်လအားထုတ်ရမယ် (မှန်ပါ့) ကိလေသာပါးတဲ့ပုဂ္ဂိုလ် ခုနှစ်ရက်နဲ့ရမယ်(မှန်ပါ့) ကိလေသာပေါ် မှီတာပဲ (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့က ဘုန်းကြီးဆီမှာ အားထုတ်ရတာ ကြာပြီဘုရား၊ အခုထက်တိုင်တိုင်ပဲ ဖြစ်ပျက်မတက် သေးဘူးတဲ့ (မှန်ပါ့) ကိလေသာထုထူနေတယ်၊ ရိပ်မိပြီလာ (ရိပ်မိပါပြီ)။
ဘာဖြစ်လို့ ပြောတာတုံး (ကိလေသာထုထူနေလို့ ပြောတာပါ)။
ငါကိလေသာထုထူတယ်
အဲဒီတော့ အသာမြုပြီး အားထုတ်ရမယ် ငါကိလေသာထုထူတယ်၊ ပြောလဲ မပြောချင်ဘူး၊ ကြိုးစားရမှာပဲ၊ မတတ်နိုင်ဘူး၊ ဒီလိုပဲ လုပ်ရမှာပဲဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ) သဘောပါပြီလား (ပါပါပြီ)။
အဲဒီတော့နောက်ကို ညဉ်းလဲ မညဉ်းကြနဲ့နော် (မှန်ပါ့) ညဉ်းလို့ရှိရင်ဖြင့် ကိုယ့်အပြစ်ကိုယ် ထုတ်ပြောတာနဲ့ အတူတူဖြစ်နေကြမယ် (မှန်ပါ့) တပည့်တော်ဖြင့် ဘယ်လောက်ကြာပြီဘုရား၊ အခုထက်ထိ ဖြစ်ပျက်ရှိသေးတယ်၊ မုန်းတောင်မမုန်းသေးဘူး၊ ဆုံးဖို့ရာအသာထားပါဦး (မှန်ပါ့)၊ မြုံပြီးနေပါ၊ ကိလေသာထု ထူနေလို့ (မှန်ပါ့) ကိုယ့်အထုပ် ဖြည်ပြသလိုဖြစ်နေတယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
ကိုယ့်အထုပ်က သေးသေးလား၊ ကိလေသာထုပ်ကြီးက ကြီးကြီးလား(ကြီးကြိးပါ ဘုရား)၊ ကြီးတဲ့ဥစ္စာ ဖြည်ပြနေ တယ်၊ ဖြည်ပြလေလေ အရုပ်ဆိုးလေလေနေမှာပဲ (မှန်ပါ့)၊ မဆိုးပေဘူးလား (ဆိုးပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မရဘူးဟောသလား၊ ရမယ်ဟောသလား (ရမယ်ဟောပါတယ်) ရမယ် ဟောပါလျက်သားနဲ့ကိုယ်က နုန့်နှေးလို့ရှိရင် ကိလေသာထု ထူလို့မှတ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
လုပ်နည်းပြမယ်နော်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လုပ်နည်းပြမယ်နော် (မှန်ပါ့) လုပ်နည်းကိုင်နည်း ပြမယ်ဆိုတော့ ဝိပလ္လာသက သညာဝိပလ္လာသက လေးခု၊ စိတ္တဝိပလ္လာသက လေးခု၊ ဒိဋ္ဌိဝိပလ္လာသကလေးခုစီ မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီတော့ ‘အရှင်ဘုရား၊ အလုပ်ပေးပါတော့၊ တပည့်တော်တို့ဒီတံတိုင်းလဲ ကျော်ချင်ပါပြီ။ ဒီဒုက္ခကြီးလဲ သိမ်းချင်ပါပြီ ဆိုလို့ရှိရင်ဖြင့် သညာဝိပလ္လာသတို့ စိတ္တဝိပလ္လာသတို့ကို ဘုန်းကြီးမဟောသေးပါဘူး။ ဒိဋ္ဌိဝိပလ္လာသကို အလျင်ဖြုတ်ရမယ် (မှန်ပါ့) ဒါမှ သောတာပန်တည်နိုင်မှာကိုး (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘာအလျင်ဖြုတ်ရမတုံး (ဒိဋ္ဌိဝိပလ္လာသကို အလျင်ဖြုတ်ရပါမယ်) ဒါဖြင့် ဒိဋ္ဌိဖြုတ်ခန်း ဝိပဿနာဉာဏ်ကို ဟောရမှာပေါ့ (မှန်ပါ့) တရားရမ်းသောလို့ရှိရင် ဦးဇံရင် အစဉ်လွဲနေမယ် (မှန်ပါ့)၊ ဒိဋ္ဌိ မဟောသေးဘဲနဲ့ သညာဝိပလ္လာသ အလျင်ဟောလို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။ ဒါတွေက သညာက ကျန်နေသေးတာဗျ၊ သကဒါဂါမ် အနာဂါမ် တောင်မှအရှင်ဘုရား ဆွမ်းဘုဉ်းပေးလို့ ကောင်းပါရဲ့ လား ဆိုတော့ ကောင်းပါတယ်ဆိုရင် သုခသညာ ကျန်နေတယ် (မှန်ပ့ါ) အဲဒီတော့ ဒါတွေ အလျင်ဟောနေရင် တရားစဉ် လွဲနေဦးမယ် (မှန်ပါ့)။
ဒါဖြင့် ဘာအလျင်ဖြုတ်ရမလဲ (ဒိဋ္ဌိဝိပလ္လာသကို အလျင်ဖြုတ်ရပါမယ်) ဒီဋ္ဌိဖြုတ်မယ်ကျန်တော့ ဒကာ၊ ဒကာမ တို့ ပဋိစ္စသမုပ္ပဒ်ပြန်ပြရမယ် (မှန်ပါ့)။
ဒိဋ္ဌိဖြုတ်ချင်ရင် ဘာနားလည်ရမယ် (ပဋိစ္စသမုပ္ပါဒ်နားလည်ရပါမယ် ဘုရား)။
ဒိဋ္ဌိ အလျင်ဖြုတ်ရပါမယ်
ဝိပလ္လာသ ဆယ့်နှစ်ပါးရှိတဲ့အနက်က ရှေးဦးစွာ ဝိပဿနာဉာဏ်နဲ့ဖြုတ်ရမှာ ဘယ်ဟာကို ဖြုတ်ရမတုံး (ဒိဋ္ဌိ အလျင်ဖြုတ်ရပါမယ်၊) စိတ္တဝိပလ္လာသ၊ သညာဝိပလ္လာသတို့ကို အကုန်ဖြုတ်လို့ရပါ့မလား၊ (မရပါ ဘုရား)
ဒါဖြင့် တရား ဟောစဉ်မှာ အစဉ်တည့်ဖို့ မလိုဘူးလား (လိုပါတယ်) ဦးဇံရင်လိုပြီ (မှန်ပါ့) ရမ်းဟောနေလို့ မကိုက်ဘူးလိုပြီ (မှန်ပါ့)။
ဒကာ ဒကာမ ၁ နံပါတ်လှေကားထစ်က တက်မှ ၂နံပါတ်ရောက်မယ်၊ ၂နံပါတ်တက်ပြီးမှ ၃ နံပါတ်ကတက်မှ ၄ နံပါတ်တက်ရမယ် (မှန်ပါ့) ၁ နံပါတ်မတက်ဘဲနဲ့ ၂နံပါတ်ခိုင်း၊ ၃ နံပါတ်မတက်ခိုင်း၊ အတက်ခိုင်းဆိုလို့ရှိရင် ချော်ကျချင်လဲကျ၊ အမောရင်လဲ ဆိုက်ရမယ်၊ မတက်ဖြစ်ရင်လဲ မတက်ဖြစ်ဘူး ဆိုတာသေချာပါတယ် (မှန်ပ့ါ)။
ဒါ့ကြောင့် ခင်ဗျားတို့ ဝိပလ္လာသ ဆယ့်နှစ်ပါးရှိတဲ့အနက်က ဘယ်ဟာကို အလျင်ဖြုတ်ရမတုံး (ဒိဋ္ဌိအလျင်ဖြုတ် ရပါမယ်) သေသေချာချာ မှတ်ကြပါ (မှန်ပါ့)
တရားကို အတွင်းသာ ဟောနေငြားသော်လဲ ဒါတွေ မဖြုတ်ရင် ဦးဇံရင် ဘယ့်နှယ်လုပ်ရမလဲ မရဘူးဗျ (မှန်ပါ့) ဒါပယ်နည်းကိုပဲ ခန္ဓာကိုပေါ်မှာ ပြရဦးမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဝိပလ္လာသ ဆယ့်နှစ်ပါးရှိတဲ့အနက်က ဘယ်ဟာကို ပယ်မှ ပထမနိဗ္ဗာန်ရမတုံး (ဒိဋ္ဌိပယ်မှ ရပါတယ်)။ ဒါဖြင့် ဒိဋ္ဌိပယ်နည်း နိဿရှည်းကို ရှေးဦးစွာ ဟောရမယ်(မှန်ပါ့) ဒီပြင်ဟာ ဟောရင် (လွဲနေပါတယ် ဘုရား)။ ရှေ့ နောက်အစဉ်လွဲနေတယ်(မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က မနာတတ်ပေမယ့် ဆရာဘုန်းကြီးကတော့ ပြင်ပေးရမှာပဲ (မှန်ပါ့) ခင်ဗျားတို့ကတော့ တရားဆိုရင် ကုသိုလ်ရတာပေါ့၊ ဒါလောက်သာ သဘောထား တတ်ကြတယ်၊ (မှန်ပါ့) ကုသိုလ်သာဖြစ်ချင်လို့ရှိရင် ခင်ဗျားတို့ စာအုပ်ဖတ်နေလဲ ကိုသိုလ်ဖြစ်တာပဲ (မှန်ပါ့) ကုသိုလ်ဖြစ်တာလောက်နဲ့ မဂ်ရတာနဲ့က တစ်ခြားစီ (မှန်ပါ့)။
မဂ်ရတာက တစ်ခြား
ကုသိုလ်ဖြစ်တာက လမ်းမှာ တံမြက်စည်းလှည်း၊ ရေအိုးစင် တည်ထောင်ဖြစ်ပါတယ် (မှန်ပါ့) မဂ်ရဖို့ကျတော့ ပယ်စဉ် နားလည်မှန်ကန်ပြီး အားထုတ်ယူမှရမယ် (မှန်ပါ့)။ သဘောပါကြပြီလား (ပါပါပြီ) ဒါဖြင့် ကုသိုလ်ဖြစ်ရုံကတစ်ခြား မဂ်ရတာက တစ်ခြား (မှန်ပါ့)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လာဘ်ရတာက တစ်ခြား နိဗ္ဗာန်ရတာက တစ်ခြားလို့ ဟောတော်မူတယ် (မှန်ပါ့)။
အညာ ဟိ လာဘူပနိသာ၊ သညာနိဗ္ဗာနဂါမီနီ
ဧဝမေတံ အဘိညာယ၊ ဘိက္ခုဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ဝိဝေကမနုဗြူဟယေ။
ဓမ္မဝဒမှာပါတယ်၊ (မှန်ပါ့) လာဘူပနိသာ လာဘ်ရတဲ့ အလုပ်က၊ အညာတစ်ပါးပဲ၊ ဒါနပြုပြီး နောက်ဘဝကြီး ပွားချင်တာ အဲ့ဒါက တစ်ခြားတဲ့ (မှန်ပါ့) အညာနိဗ္ဗာနဂါမိနီနိဗ္ဗာန်ရောက်ကြောင်း အလုပ်က တစ်ခြားတဲ့ (မှန်ပါ့) ဧဝမေတံ အဘိညာယ ဒီနှစ်ခုကို ခွဲသိမှာတဲ့ (မှန်ပါ့) ခွဲမသိရင် တော်ပါ့မလား (မတော်ပါဘူး)။
ဒါဖြင့် လာဘ်ရကြောင်းကတစ်ခြား၊ နိဗ္ဗာန်ရကြောင်းက တစ်ခြား (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ခင်ဗျားတို့လာဘ်ရချင်တာလား၊ နိဗ္ဗာန်ရချင်တာလား (နိဗ္ဗာန်ရချင်တာပါ ဘုရား) မုသားတော့ မပါစေနဲ့နော်၊ ဗေဒင်မေး တော့ ဘယ်တော့များ လာဘ်ကလေး ရွှင်ပါ့မလဲ မေးနေကြတော့ ခင်ဗျားတို့ဟာ ခက်လိုက်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကဲ ဒါဖြင့် နိဗ္ဗာန်ရောက်ကြောင်းနဲ့ လာဘ်ရကြောင်းဟာ တူတူလာ၊ တစ်ခြားစီ (တစ်ခြားစီပါ ဘုရား)။ ဒါဖြင့် ဒကာ,ဒကာမတို့။ နိဗ္ဗာန်ရောက်ကြောင်းပဲ ကြိုးစားပါ (မှန်ပါ့)။
လာဘ်ထဲမှာ အနာကင်းခြင်းဟာ အကြီးဆုံး
‘အာရောဂျပရမာ လာဘံ လာဘ်ထဲမှာ အနာကင်းခြင်းဟာ အကြီးဆုံး (မှန်ပါ့) နိဗ္ဗာနံ ပရမံ သုခံ အဲဒီလာဘ်တွေ ထက်လဲ နိဗ္ဗာန်ဟာ အကြီးဆုံးချမ်းသာပဲဆိုတော့ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လာဘ်ရချင်လို့ရှိရင် လာဘ်ရချင်တဲ့ အလုပ်ကို လုပ်ပါ (မှန်ပါ) နိဗ္ဗာန်လိုချင်ရင် နိဗ္ဗာန်ရတဲ့ အလုပ်ကို လုပ်ပါ (မှန်ပါ့) တစ်ခြားစီဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ပထမ နိဗ္ဗာန်လိုချင်ရင် ဘာပယ်ရမတုံး (ဒိဋ္ဌိကို ပယ်ရပါမယ်)။ ဒိဋ္ဌိ ပယ်ရတော့မယ်ဆိုတော့ ဒီခန္ဓာပြရလိမ့်မယ် (မှန်ပါ့)
အနိစ္စဖြစ်တဲ့ခန္ဓာကိုယ်ကို အနိစ္စပေါ်အောင် ဘုန်းကြီး ဟောရလိမ့်မယ် (မှန်ပါ့) ဒုက္ခဖြစ်တဲ့ ခန္ဓာကိုယ်ကို (ဒုက္ခပေါ်အောင် ဟောရပါမယ်) အနတ္တဖြစ်တဲ့ ခန္ဓာကိုယ်ကို အနတ္တဖြစ်အောင် ဟောရပါမယ် အသုဘဖြစ်တဲ့ ခန္ဓာကိုယ်ကို (အသုဘပေါ်အောင် ဟောရပါမယ်)။
အဲဒါပေါ်အောင် ဟောလိုက်တော့မှ အားကိုးလုံး မရှိတော့မှ ဒါတွေ ဒိဋ္ဌိပြုတ်မယ်၊ (မှန်ပါ့) ဒီဒိဋ္ဌိပြုတ်မှ ပထမ နိဗ္ဗာန်ရမယ် ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
အဲဒါကြောင့် ဒိဋ္ဌိပြုတ်နည်း နိဿရည်း ဒီနေ့နာရီစေ့ပြီး နက်ဖြန်မှာ ဒိဋ္ဌိဖြုတ်မယ်။