ကံကောင်းလို့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မယူပါနှင့်
”နိဗ္ဗာန်အကြောင်း”
ဒုက္ခပျောက်ဆေး မဂ်ရေအေး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ကံကောင်းလို့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မယူပါနှင့်
”နိဗ္ဗာန်အကြောင်း”
ဒုက္ခပျောက်ဆေး မဂ်ရေအေး
အလုပ်ပေးတရားတော်
(၆-၈-၁၉၆၁)
ခန္ဓာဟာ သံသရာတဲ့
တရားနာတယ် ဆိုတာက အသက်ရှင်တုန်း နာနိုင်ကြတယ်နော် (မှန်ပါ့) အသက်ရှင်တုန်း နာနိုင်ကြတော့ ဘာကိုနာရမလဲလို့ မေးလို့ရှိရင်ဖြင့် သံသရာမှ ပြုတ်စေတတ်တဲ့ တရားကို အသက်ရှင်တုန်းနာရမယ် (မှန်ပါ့)။ နို့မို့ ဒီခန္ဓာကြီးဟာ သံသရာလို့ မှတ်ထားကြပါ (မှန်ပါ့)။
ခန္ဓာဟာ သံသရာတဲ့၊ ဘာတုံးဆိုတော့ ဒကာ ဒကာမတို့၊ ဒီဘဝမှာ စုတိဆိုတဲ့ ခန္ဓာကြီးနဲ့ စုတိစိတ် ကျတယ်။ ဘာသစ္စာနဲ့လဲ (ဒုက္ခသစ္စာနဲ့ပါ) ဪ စုတိဒုက္ခသစ္စာနဲ့ ဒီဘဝမှာ ဒကာ ဒကာမတွေ ဇာတ်သိမ်းရတယ် (မှန်ပါ့)။ စုတိပြီးတော့ကို သံသရာဆက်လာတော့မယ်ဆိုရင် ပဋိသန္ဓေဆိုတာ လာတော့မယ် (မှန်ပါ့) တစ်ခုခုတော့ ဝမ်းခေါင်း ထဲ၌ ပဋိသန္ဓေဆိုတာ နေကြရလိမ့်မယ်။ ကံပစ်ချသလို မနေရပေဘူးလား (နေရပါတယ်)။
ကဲနေတာ နေရပါစေတော့ ဒီပဋိသန္ဓေဆိုတာလဲ ဇာတိ၊ ဇာတိပိ ဒုက္ခာ’လို့ဆိုတဲ့အတိုင်း သစ္စာတရား ဖြစ်လေ သောကြောင့် ဒကာ ဒကာမတွေသည် ဘယ်သစ္စာနဲ့ တစ်ခါတွဲရပြန်သလဲ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ပဋိသန္ဓေဆိုတာ ဘာသစ္စာ၊ ဒုက္ခသစ္စာပါ၊ ဪ ဒုက္ခသစ္စာနဲပ တွဲနေကွဲနေရတယ်၊ မှန်ပ့ါ)။
ဒုက္ခသစ္စာနဲ့ သေပြီး ဒုက္ခသစ္စာနဲ့ နေရတယ်
သေတုန်းက ဘယ်သစ္စာနဲ့ သေခဲ့ကြသလဲ (ဒုက္ခသစ္စာနဲ့ သေခဲ့ကြတယ်)၊ ပဋိသန္ဓေနေတယ်ဆိုတော့ နေတဲ့သစ္စာ ကလဲ ဒကာသစ်ရေ၊ ဘယ်သစ္စာပါလိမ့် (ဒုက္ခသစ္စာပါ)။
ဒကာကြွယ်ရေ၊ ဦးလှဖူးရေ ဒုက္ခသစ္စာနဲ့ သေပြီး ဒုက္ခသစ္စာနဲ့ နေရတယ် (မှန်ပါ့)၊ ဘယ်မှာ ကံကောင်းအကြောင်း သင့်တယ် ဆိုတဲ့ စကားသုံးနိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။ သေတုန်းက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ နေတော့ (ဒုက္ခသစ္စပါ)။
နောက်ဘဝနေပြီးသည်၏ အခြားမဲ့၌ အိုတယ် ဆိုတဲ့ အိုတရားကြီးနဲ့ နေရပြန်တော့လဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ)၊ ဇရာပိ ဒုက္ခာ-ဆိုတဲ့ ဒုက္ခသစ္စာနဲ့ပဲ ဦးလှဖူးတို့ ဒကာကြွယ်တို့ နေကြရပြန်တယ် (မှန်ပါ့)။
တစ်ခါ နာကြကျင်ကြ၊ ကိုက်ကြ၊ ခဲကြပြန်တော့ ဘယ်သစ္စာနဲ့ နေရသလဲ (ဒုက္ခသစ္စာနဲ့ နေရပါတယ်) ဪ ဒီဝေဒနာက ဒီတောင်က မတက်ပြန်ဘူးဆိုတော့လဲ သေပွဲဝင်ရတယ် (မှန်ပါ့) သေပွဲဝင်ရတော့လဲ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒါဖြင့် သေတာတော့ အထူးအဆန်း မဟုတ်ပါဘူး၊ သေရတာပါပဲဆိုပြီး စုတိပြီးနောက် တစ်ခုသော ဝမ်းခေါင်း ပဋိသန္ဓေနေရပြန်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။
အဲဒီမှာ ဒကာသစ်တို့ အားလုံးသော ဒကာ ဒကာမတွေက စဉ်းစားကြပါတော့ ကျုပ်တို့ဖြင့် ဒုက္ခစက်ကြီးသာ လှည့်နေတော့တယ် (မှန်ပါ့) ဘာလှည့်နေပါလိမ့် (ဒုက္ခစက်ကြီးသာ လှည့်နေပါတယ်)။
ဒုက္ခစက်ကြီးသာ လှည့်နေတော့တယ်
ဒုက္ခစက်ကြီးသာ လှည့်နေတော့တယ်ဆိုတဲ့ ဥစ္စာ ဒါကျုပ်တို့၏ ဖြစ်စဉ်အတန်း အဝိုင်းကြီးပေါ့ဗျ (မှန်ပါ့) ကျုပ်တို့၏ ဖြစ်စဉ်အဝိုင်းကြီးဟာ ဒါပဲဆိုတာ ဒကာ, ဒကာမတွေက မှတ်ပြီး သကာလ ထားတော့ဪ တို့လူဘဝ နတ်ဘဝ, ဗြဟ္မာဝလို့ ပြောဆိုသံတော့ ကြားဖူးပါရဲ့ ခန္ဓာတွေ လှည့်နေပုံကြည့်ရတာကတော့ အဲဒီပြောဆိုသံကြားတာနဲ့ ခန္ဓာလှည့်နေပုံနဲ့ဖြင့် တစ်ခြားစီပဲ (မှန်ပါ့) ခန္ဓာလှည့်နေပုံကတော့ ဘာစက်ကြီးလှည့်နေပါလိမ့် (ဒုက္ခစက်ကြီးလှည့် နေပါတယ်)။
ပြောသံကြားကတော့ လူခန္ဓာပြီး နတ်ခန္ဓာ, နတ်ခန္ဓာပြီး ဗြဟ္မာခန္ဓာ, ဗြဟ္မခန္ဓာပြီး လူခန္ဓာလို့ ပြောတော့ ပြောနေကြတာပဲတဲ့၊ အပြောက တစ်မျိုးအတွေ့က တစ်မျိုးဖြစ်နေတယ် (မှန်ပါ့)၊ အတွေ့က ဘာစက်ကြီး လည်နေပါလိမ့် (ဒုက္ခစက်ကြီး လည်နေပါတယ်)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ သတိပေးလိုက်ပါတယ်။ အပြောမယုံနဲ့ ဒကာ ဒကာမတွေ သတိပေး လိုက်ပါတယ်။ အပြောမယုံနဲ့ ဒကာ ဒကာမတွေ ကိုယ်တွေ့ယုံကြ (မှန်ပါ့)။
အပြောကို (မယုံရပါဘူး) ကိုယ်တွေ့ကို (ယုံရပါမယ်)။ ကိုယ်တွေ့ကျတော့ ဘာစက်ကြီးလည်းနေသတုံး (ဒုက္ခ စက်ကြီးလည်နေပါတယ်) ဒုက္ခစက်ကြီး လည်နေတယ်ဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဘယ်လောက်ကြာခဲ့ပြီလဲတဲ့ ဒကာသစ်၊ ဒကာကြွယ်တို့ ဦးလှဖူးတို့ မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ။ (မရေတွက် နိုင်ပါ ဘုရား)။ အရှင်ဘုရား ဘုရားတောင်အစရှာမတွေ့ပါဘုရား (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ဘုရားတောင်အစရှာမတွေ့ပါ ဘုရား) ဘာစက်လည်နေတာပါလိမ့် (ဒုက္ခစက်လည် နေတာပါ) ဒကာကြွယ်ရေ ကြောက်စရာကြီး (ကြောက်စရာကြီးပါ ဘုရား) အင်မတန် ကြောက်စရာကောင်းပါလား (မှန်လှပါ ဘုရား)။
သူများ ပြောသံကြား မယုံနဲ့နော်
ဒကာ ဒကာမတို့ ခင်ဗျားတို့ သူများ ပြောသံကြား မယုံနဲ့နော်၊ ကိုယ့်ခန္ဓာလှည့်နေတာယုံကြည်ကြပါ (မှန်ပါ့) လူများကတော့ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာလို့ ချမ်းသာတွေကို ဒကာကြွယ် ဆိုင်းဘုတ်တော့ ဆွဲကြလိမ့် မယ် (မှန်ပါ)။ သူများဆွဲတာနဲ့ ခင်ဗျားတို့က နှုတ်ယောင်လိုက်ပြီး သကာလ လူချမ်းသာဖြင့် ရရပါလို၏၊ နတ်ချမ်းသာဖြင့် ရရပါလို့၏၊ ဗြဟ္မာချမ်းသာဖြင့် ရရပါလို၏လို့ မယောင်လိုက်ပါနဲ့နော် (မှန်ပါ့) ခန္ဓာ လှည့်ပုံကတော့ ဘာစက်ကြီး လည်နေပါလိမ့် (ဒုက္ခစက်ကြီး လည်နေပါတယ် ဘုရား) အဲ ဆိုင်းဘုတ်ယုံမလား၊ ကိုယ်ကိုယ်တိုင် လည်ရတာ ယုံမလား (ကိုယ်ကိုယ်တိုင်လည်ရတာ ယုံပါမယ်)။
ဪ ဒါဖြင့် ဒီစက်ကြီးဟာလဲ အစရှာမတွေ့ဘူး တစ်ဝိုင်းတည်းသာဝိုင်းပြီး တစ်လည်တည်းသာ လည်နေတော့ တာပဲဆိုတဲ့ဥစ္စာ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ့်ကြောင့် ဒီအလည်ကြီး ဒုက္ခစက်ကြီးသာလျှင် လည်နေရပါလိမ့်မလဲလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် ဘုရားဖြစ်မှ တွေးကြည့်ပြန်တော့လဲ ဪ သစ္စာမသိလို့လည်ရတဲ့ အဖြစ်ဆိုးပါလားလို့ ပေါ်လာတယ် (မှန်ပါ)။ ဘယ်လိုပေါ်လာပါလိမ့် (သစ္စာမသိလို့ လည်ရတဲ့ အဖြစ်ဆိုးပါ ဘုရား)။
ငါဘုရားသခင် ကိုယ်တော် မြတ်ကြီးလဲ သစ္စာမသိခင်တုန်းက သူတို့လိုပဲ လည်ခဲ့ရတဲ့ အဖြစ်ဆိုးနဲ့ နေခဲ့ရတယ် (မှန်ပါ့) ငါ၏ တပည့်သားတွေကိုလဲ ငါမှ တရားတည်းဟူသော ဆေးကို မကုလို့ရှိရင်ဖြင့် ဒီဝေဒနာစက်ကြီးသာ လည်နေတော့မှာ ဆိုတာ သနားတော်မူတယ် (မှန်ပါ့)။
ဒီဝေဒနာ ဒုက္ခစက်ကြီးသာ လည်နေတော့မှာပဲဆိုတာ ဒကာကြွယ် သနားတော်မူတယ် (မှန်ပါ့) ဒါ့ကြောင့် ဆေးမီရင် လူနာသည် သက်သာပါလိမ့်မယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။ ဆေးမီရင် (လူနာ သက်သာသွားမှာပါ ဘုရား)။
သစ္စာဆေးကို တိုက်ကျွေးတော့မယ်
အဲဒါကြောင့် ဒကာ, ဒကာမတွေ၊ ဘုန်းကြီးသည် ယနေ့သစ္စာဆေးကို တိုက်ကျွေးတော့မယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့ ဘုရား)၊ ဆေးမီသေးပါတယ်နော် (မှန်လှပါ ဘုရား)။
အခုသစ္စာဆေး တိုက်ကျွေးတာမှ မမီလိုက်လို့လွန်သွားတဲ့ ပုဂ္ဂိုလ်တွေ တိုက်ငြားသော်လဲ မသောက်တဲ့ ပုဂ္ဂိုလ် တွေအတွက်ဖြင့် ဘာများဖြစ်ကြမှာပါလိမ့်မလဲလို့ ဒကာသစ်တိုး ဒကာကြွယ်တို့က မေးလို့ရှိရင်ဖြင့် ဒုက္ခစက်လည်ပတ် နေတော့မှာပဲ (မှန်ပါ့)။
သစ္စာဆေးမမီလိုက်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုဖြစ်ကြမယ်ထင်သတုံး (ဒုက္ခစက်သာလည်ပတ်နေမှာပါ) သစ္စာ နဲ့ တွေ့ပါလျက်သားနဲ့ သစ္စားနားထဲ မထောင်တဲ့ ပုဂ္ဂိုလ် မကျင့်တဲ့ ပုဂ္ဂိုလ်များလဲ သူတို့သည် ဘာဖြစ်ကြမလဲ ဆိုတာကော တွေးမိကြရဲ့လား (တွေးမိပါတယ်) ဘယ်လို တွေးမိကြသဲ (ဒုက္ခစက်သာ လည်ပတ်နေမှာပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အာဠာရ ရသေ့ကြီးများ ကျတော့ ဘုရားက သစ္စာသိပြီးလို့ သစ္စာဟောမယ်လို့ ဟောဖို့ရာလဲ ဉာဏ်လဲရပါ ရော အစောက စောသွားတယ်။ ကမ္ဘာပေါင်းခြောက်သောင်း ဒုက္ခစက်လည်နေရတယ် (မှန်ပါ့) လူနာဆေးမမီလိုက် တာနဲ့ ကမ္ဘာပေါင်းများစွာ ဒုက္ခစက်လည်ရတယ် (မှန်ပါ့) နာလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)။
သစ္စာဆေး တိုက်ကျွေးမှု မမီလိုက်တာနဲ့ အာဠာရရသေ့ကြီး ဒါလောက်ထိအောင် ဒုက္ခစက်လည်ရပါတယ် (မှန်ပါ့) ကမ္ဘာပေါင်း သောင်းချီပြီး လည်ရတယ်၊ နှစ်ပေါင်း မဟုတ်ဘူးနော် ကမ္ဘာပေါင်းလည်ရတာ ဒကာ ဒကာမတို့ (မှန်ပါ့)။
ဥဒက ရသေ့ကြီးက ဘုရားက သစ္စာသိတဲ့ရက်နဲ့ သူကသေနှင့်တာတစ်ရက်တည်းစောသွားတယ် (မှန်ပါ့) သေတာတစ်ရက်တည်း စောသွားတာနဲ့ ဘုရားက ဟောမယ်လို့ စဉ်းစား၊ စဉ်းစားလိုက်တဲ့အခါ အသေတစ်ရက် စောနေတာနဲ့ ကမ္ဘာပေါင်း ရှစ်သောင်းကျော် ဒကာ, ဒကာမတို့ ဒုက္ခစက်လည်ပြီးကျန်ရစ်ရတယ် (မှန်ပါ့)။
ဦးဘအုန်း သွားရောပေါ့ဗျာ (သွားပါပြီ ဘုရား) တစ်ချက်တည်း ဆေးလွဲ သွားလိုက်တာ ကမ္ဘာပေါင်း ရှစ်သောင်း ဒုက္ခစက်လည်ရတယ် ဦးလှဖူးရေး၊ ဒီထက်အရှုံးများ ရှိသေးသလား (မရှိပါ ဘုရား)။
အဲ့ဒါကြောင့် တရားနာတဲ့ ဒကာ, ဒကာမတွေ တရားအားထုတ်နေတဲ့ ဒကာ ဒကာမတွေ သစ္စာမမီလိုက်လို့ အရှုံးခြင်းကြီးရှုံးရတယ် (မှန်ပါ့) အာဠာရ, က ဘယ်လောက်တဲ့ (ခြောက်သောင်းပါ) ဥဒက, က ဘယ်လောက်တဲ့ (ရှစ်သောင်းပါ ဘုရား)၊ ကမ္ဘာပေါင်း ခြောက်သောင်းနဲ့ ရှစ်သောင်းကျော် ရှုံးလိုက်ရတာ ဒကာသစ်ရေ ဒုက္ခစက်လည် နေရတယ် (မှန်ပါ့) သုခ မပါဘူးနော် (မှန်ပါ့) ခံနိုင်ရည်ရှိပါ့မလား (မရှိပါဘူး ဘုရား)။
ဘယ်သူမှ ခံနိုင်ရည် ရှိပါ့မလား (မရှိပါဘူး ဘုရား) ဘယ်သူမှ ခံနိုင်ရည် ရှိမယ်လို့ ဒီတရားပွဲထဲမှာ သတ္တိကောင်း (မပါပါဘူး ဘုရား) မပါနိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဘယ်သူ့ကို သစ္စာဆေး အလျင်တိုက်ပါ့မတုံး
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်လာပြီး ဘယ်သူ့ကို သစ္စာဆေး အလျင်တိုက်ပါ့မတုံးလို့ ရှာတဲ့အခါကျတော့ ပဉ္စဝဂ္ဂီငါးဦးကို သွားတွေ့တယ် (မှန်ပါ့) သူတို့ကျတော့ သစ္စာဆေးမီတဲ့အတွက် ခုနင်က ကမ္ဘာပေါင်း ရှစ်သောင်း သမားတွေလို မဟုတ်တော့ဘူး၊ ဒုက္ခစက်ပြတ်ပြီး သကာလ သုခကြီးသာ ရတော့တယ်ဆိုတာ အထင်အရှား ပေါ့ဗျာ (မှန်ပါ့)။
အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ သစ္စာဆေးပဲ ယနေ့ တိုက်ကျွေးပါတော့မယ်ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့)။ သစ္စာဆေးပဲ တိုက်ကျွေးလို့ရှိရင်ဖြင့် ကမ္ဘာပေါင်း ခြောက်သောင်းလဲ ဒုက္ခစက် မလည်တော့ပါဘူး။ (မှန်ပါ့) ကမ္ဘာပေါင်းရှစ်သောင်းလဲ (ဒုက္ခစက် မလည်တော့ပါ ဘုရား)။
ဒုက္ခစက်ဆိုတာ တစ်ခြားမဟုတ်ပါဘူး ဒကာ, ဒကာမတွေသူများပါးစပ်ထဲ သေရတဲ့ ဘဝတွေ ပြောတာပါ (မှန်ပါ့) အပါယ်ငရဲမှာ သူများညှဉ်းဆဲတာ ခံနေရတဲ့ ဘဝတွေ ပြောတာပါ (မှန်ပါ)။
ကိုင်း ဒါဖြင့် ဒကာ, ဒကာမတို့ ဒီကို တရားနာလာကြတဲ့ ဒကာ,ဒကာမတွေ တရားအားထုတ်ကြတဲ့ ဒကာ, ဒကာမတွေဟာ ဒကာကြွယ်ဆေးမီသေးတယ်လို့ဆိုကြစို့ (မှန်ပါ့) ဘယ်လောက် ကိုယ့်ကံထူးတယ် ဆိုတာပေါ်လာ ကြပြီလား (ပေါ်လာပါပြီ)။
ကိုင်း ဒကာ, ဒကာမတွေ ဆေးမမီလို့ လွန်ကျွံကုန်တာတွေ ကျုပ်တို့ ဝမ်းနည်းစရာမလိုပါဘူး (မှန်ပါ့) ဆေးမီတဲ့ ပုဂ္ဂိုလ် မသောက်မီမှာ ဝမ်းနည်းစရာကောင်းတယ် (မှန်ပါ့)။ ဆေးမမီလိုက်လို့ အသေစောသွားတဲ့ ပုဂ္ဂိုလ်တွေ အတွက်ဖြင့် လွမ်းနေစရာလဲ မလိုပါဘူး။ တိုက်ကိုမတိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါသွားတယ် (ပါသွားပါတယ် ဘုရား)။ ဆေးမီလျက် နဲ့ မသောက်လိုက်ရတဲ့ ပုဂ္ဂိုလ်အတွက်မှာ သာပြီး အရုပ်ဆိုးအကျည်းတန်တော့တယ် ဆိုတာ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။
ဒါ့ကြောင့် ဒီဒကာ, ဒကာမတွေ ဆေးလဲ မီတယ် သောက်ဖြစ်အောင်လဲ သောက်ပါဆိုပြီး ဒီနေရာက နေပြီး မေတ္တာရှေ့ထားပြီး ပြောကြားနေပါတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ, ဒကာမတို့ အချိန်ကြာပြီး သကာလ မနေဘဲနဲ့ သစ္စာဆေးကို တိုက်ကျွေးကြစို့ (မှန်ပါ့ ဘုရား) သစ္စာဆေးကို တိုက်ကျွေးကြစို့ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ သစ္စာဆိုတာ တစ်ခြားမဟုတ်ပါဘူး။ နီးလျက်နဲ့ လဲ မဝေးကြပါနဲ့ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့) ယခုတရားနာနေတဲ့ ခန္ဓာငါးပါး စုံပါတယ်နော် (မှန်ပါ့) ငါးပါးစုံနေတဲ့ ခန္ဓာငါးပါးထဲက တစ်ပါးပါး ဖောက်ပြန်တာဟာ သစ္စာသာ မှတ်ပေတော့ (မှန်ပါ့)။
ခန္ဓာငါးပါးထဲက ဝေဒနာပေါ်ပြီး ဝေဒနာ ပျောက်တာလဲ သစ္စာပဲ (မှန်ပါ့) စိတ်ပေါ်ပြီး စိတ်ကလေး ပျက်စီးသွား တာလဲ (သစ္စာပါ ဘုရား)။
ဖြစ်မှုကလေးတွေ ပျက်မှုကလေးတွေ
ဪ တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သစ္စာသိရအောင် ကိုယ်ခန္ဓာထဲ ပေါ်လာတဲ့ဖြစ်မှုကလေးတွေ ပျက်မှု ကလေးတွေကို ဘာခေါ်ကြမယ် (သစ္စာပါ ဘုရား) သစ္စာပဲနော် (မှန်ပါ့)။
ဒါဖြင့် ဒကာကြွယ်တို့က ကိုယ့်ခန္ဓာပေါ်၌ ဝေဒနာပေါ်ရင် ဝေဒနာကလေးဟာ ဖြစ်မှုလဲရှိတယ်၊ ပျက်မှု လဲရှိတယ် (မှန်ပ့ါ) စိတ်ကလေး ပေါ်လာရင်ကော (ဖြစ်မှုလဲရှိတယ် ပျက်မှုလဲရှိပါတယ်)။
စိတ်ကလေးပေါ်လာတာဟာ ဒကာသစ်ရာ ဖြစ်တာပါပဲ (မှန်ပါ့)။ စိတ်ကလေး သက်တမ်းစေ့လို့ ပျောက်သွား တာ (ပျက်တာပါ ဘုရား)။ အဲဒါဟာ ဒုက္ခသစ္စာ (မှန်ပါ့)။
ဪ ဒါဖြင့် ခုနင်က အာဠာရ, ဥဒကတို့မှာ ဒီခန္ဓာမရှိဘူးလား ရှိသလားလို့ မေးကြလို့ရှိရင် ဒီခန္ဓာရှိပါရဲ့ (မှန်ပါ့) ဒကာကြွယ်ရေ သစ္စာမှန်း မသိသွားရှာဘူး (မှန်ပါ့) ဒါတွေ ဒုက္ခသစ္စာပါကလားလို့ သိမသွားရှာဘူး (မှန်ပါ့) သစ္စာသိတာသည်ကားလို့ဆိုရင် ဉာဏ်ပဲ (မှန်ပါ့) ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ (မှန်ပါ့)။
အဲဒီမဂ္ဂသစ္စာကလေးနဲ့ သိသိသိသိပြီး သကာလ ခန္ဓာကိုယ်မှာ ပေါ်တိုင်း ပေါ်တိုင်း ဝိပဿနာခေါ်တဲ့ ပုဗ္ဗဘာဂ မဂ်ကလေးနဲ့ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေက သိသိနေရမနော် (မှန်ပါ့) ဖြစ်ပျက်ကလေးဟာ (ဒုက္ခသစ္စာပါ) သိတဲ့ ဉာဏ်ကလေးက ဘာပါလိမ့် (မဂ္ဂသစ္စာပါ)။
ဒီလိုချည်း ဒကာ, ဒကာမတွေက ခန္ဓာကိုယ်ထဲမှာ ကြည့်ကြည့်ပြီး သကာလ နေလိုက်စမ်းပါဆိုတာကို ဘုန်းကြီးက သစ္စာရေ တိုက်ကျွေးမယ် (မှန်လှပါ)။
ဖြစ်မှုပျက်မှုကဒုက္ခသစ္စာ
ခန္ဓာကိုယ်ထဲ ဖြစ်မှုပျက်မှုက (ဒုက္ခသစ္စ့ာပါ) ဖြစ်မှုပျက်မှု ကလေးကိုယ်တိုင် မြင်လိုက်တာကလေးက (မဂ္ဂ သစ္စာပါ) ကိုယ်ပိုင်ဉာဏ်ကလေးကလဲ မဂ္ဂသစ္စာကလေး ဖြစ်နေတော့ ဒီဒကာ, ဒကာမတွေမှာ သံသရာ ကျင်လည်ခဲ့ရ တယ်ဆိုတာ ဒီဉာဏ်ကလေးမပေါ်လိုက်တာပဲ (မှန်ပါ့) သံသရာကျင်လည်ပြီး သကာလ အိုဘေး, နာဘေး သေဘေးတွေနဲ့ သားကွဲမျိုးကွဲ ဆွေဲကွဲမျိုးကွဲရူးလိုက်နောက်လိုက် အဝတ်မကပ်တဲ့ဘဝတွေ ဖြစ်လိုက်၊ ဒယ်အိုးထဲ အော်ကာဟစ်ကာနဲ့ နေတဲ့ဘဝတွေဖြစ်လိုက်၊ တိရိစ္ဆာန်များလို လေးချောင်းထောက်, ကင်းခြေများလို ခြေတွေအများ ကြီးနဲ့ ထောက်သွားတဲ့ ဘဝတွေဖြစ်လိုက်သူများ ပါးစပ်ထဲ သေရတဲ့ ဘဝတွေ ဖြစ်လိုက် ခုနင်က သစ္စာမဂ် ရေစင်ကလေး မသောက်လိုက်ရလို့ပဲ (မှန်ပါ့)။
သစ္စာသိတဲ့ မဂ်ရေစင်ကလေး မသောက်လိုက်ရတဲ့အတွက် ဒီဥစ္စာ ဒကာ,ဒကာမတို့ ဒီဒုက္ခတွေဟာ စက် ရဟက်လို လည်နေရတယ်ဆိုတာ တကာကြွယ်ရိပ်မိပြီး (ရိပ်မိပါပြီ ဘုရား) ဦးလှဖူး ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) ဒီမဂ် ရေစင်ကလေး မသောက်လိုက်ရတဲ့အဖြစ်ဟာ တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒါ့ကြောင့် ဒကာ,ဒကာမတို့ ခင်ဗျားတို့ကို ဆရာဘုန်းကြီးတွေက ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်ရှုပါ၊ ဖြစ်ပျက် ရှုပါလို့ ဆိုတာ မဂ်ရေစင်သောက်ပါလို့ ပြောတ (မှန်ပါ့)။
အဲဒီသစ္စာမဂ် ရေစင်ကလေးတစ်ခွက် သောက်လိုက်ရတော့ ဒကာ,ဒကာမတွေ ဘာဖြစ်သွားသလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်) ဪ နောက်လာမည့် ဒုက္ခစက်ရဟက်ကြီး အကုန်ရပ်စဲရတယ် (မှန်ပါ့)။
ဒီမဂ်ရေစင်တစ်ခွက်နဲ့ အကုန်ပျောက်ပါတယ်
နောက်လာမည့် စက်ရဟက်ကြီးဟာ အကုန်ရပ်စဲရတယ်ဆိုတော့ ဒါကလေး သောက်ဖို့ရာဟာ ဒုက္ခပေါင်း ကမ္ဘာများစွာ လည်ရဦးမှာ ဒီမဂ်ရေစင်တစ်ခွက်နဲ့ အကုန်ပျောက်ပါတယ် (မှန်ပါ့) မသောက်သင့်ဘူးလား (သောက်သင့် ပါတယ်)။
ဒါကြောင့် ဘုန်းကြီးဆီမှာ နေကြတဲ့ တရားအားထုတ်နေကြတဲ့ ယောဂီတွေ၊ တရားနာပြီးနေကြတဲ့ ဒကာ,ဒကာမ တွေ အချိန်တိုင်း သောက်ပေးစမ်းပါ (မှန်ပါ) ဒုက္ခပျောက်ဆေး မဂ်ရေအေးဆိုတာ ဒါပါပဲ (မှန်ပါ့)။
ဒါဖြင့် ဒကာသစ်ရေ ဒီ့ပြင်ဟာ ထမင်းမစားရရင် နေပါစေ၊ ထမင်းမစားရလို့ ဟိုဘက်မှာ ခွေးလဲ မဖြစ်နိုင် ပါဘူး၊ ငရဲလဲ မကျပါဘူး (မှန်ပါ့) ဒါကလေး မသောက်ရလို့ရှိရင်ဖြင့် ဟိုက်ဘက်ငရဲလဲ ကျရဦးမယ်။ ခွေးတိရိစ္ဆာန်, ဝက်တိရိစ္ဆာန်တွေလဲ ဖြစ်ရဦးမယ်ဆိုတော့ အို မစားရချင်နေပါစေ၊ ဒီမဂ်ရေအေးပဲ သောက်နေတော့မယ်ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့သည် ဒုက္ခစက်ရဟက်ကြီး ရပ်စဲသွား ပါလိမ့်မယ် (မှန်ပါတယ် ဘုရား)။
ဒါ့ကြောင့် ဒကာကြွယ် ဘန်ကောက်ထည်တွေ မမြတ်တာ မပူစမ်းပါနဲ့၊ မိုးမရလို့ မခတ်ရရင် မပူစမ်းပါနဲ့ ဒကာသစ်ကလဲ ဆိုင်မှာ ဘယ်သူမှ လာမဝယ်လို့ မရောင်းရမှာ မပူစမ်းပါနဲ့ (မှန်ပါ့)။ ဒီမဂ်ရေစင် အေးအေးကို မသောက်ရတဲ့ အရေးသာလျှင် ခက်ပါတယ်(မှန်ပါ့)။
ဒါ့ကြောင့် ဒါကလေး ကြိုးစားကြစမ်းပါ ဆိုတော့ ဘုန်းကြီးက တစ်ဖက်သတ်တွန်းတယ်လို့ ခင်ဗျားတို့ ဒီအသံ မထွက်ပါနဲ့ တွေ့ကြုံလိုက်ရတာ ကမ္ဘာများစွာ (မှန်ပါ) ဦးဘအုန်း မနာလားဗျာ (နာပါတယ် ဘုရား)။
ဖြစ်ပျက်သည် ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာလို့ မှတ်ပါ၊ ရှုတဲ့ဉာဏ်ကလေး ကိုယ့်ဝမ်းထဲ မရောက်လိုက် တာနဲ့ ဥဒကရသေ့ကြီးက ကမ္ဘာပေါင်း ရှစ်သောင်းကျော် ဒုက္ခစက်ရဟတ်ကြီး လည်ရတယ် (မှန်ပါ) မနာဘူးလား (နာပါတယ်)။
ဇွတ်တိုက်နေရတယ်
အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကြိုက်လဲ သောက်ရမှာပဲ၊ မကြိုက်လဲ (သောက်ရမှာပဲ)။
မကြိုက်လဲ သောက်ဆိုတော့ ဘုန်းကြီးက ဇွတ်တိုက်တာလားဆိုတော့ ခင်ဗျားတို့က ပျောက်စေတတ်တဲ့ ဆေး ပေးငြားသော်လဲ ခါးသလေး, အန်သလေး မအားဘူးလားဆိုတာတွေဟာ ကလေးရှောင်-ရှောင်ပြီး ကလေးမိုက် မိုက်နေလို့ မကြိုက်လဲသောက်ဟေ့ (မှန်ပါ့) ဇွတ်တိုက်နေရတယ်ဆိုတာ သဘောပါပြီလား (ပါပါပြီ)။
အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ကမ္ဘာပေါင်းများစွာ ဒုက္ခကြီးကို ဒါကလေးတစ်စက်နဲ့ ပျောက်ပါတယ်ဆိုတဲ့ ဥစ္စာဦးဘအုန်း မသောက်ထိုက်ဘူးလားဗျာ (သောက်ထိုက်ပါတယ် ဘုရား) ဒါဖြင့် ပေပြီး သောက်ပါလို့ ဒကာကြွယ်တို့ တောင်းပန်ပါတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ,ဒကာမတွေ ကြိုးစားကြပါစို့။ ကြိုးစားကြပါဦးနော် (မှန်ပါ့)။
ကြိုးစားလိုက်တော့ ဘုရားတဲ့၊ တပည့်တော်တို့ ဘယ်အပေါ်မှာ ကြိုးစားရမှာလဲလို့ မေးတော့ ဒကာ၊ ဒကာမတို့ မိမိခန္ဓာအပေါ်ကို မိမိဉာဏ်နဲ့ လျှောက်ပြေးပါ (မှန်ပါ)။ မိမိခန္ဓာပေါ်ကို (မိမိဉာဏ်နဲ့ လျှောက်ပြေးရပါတယ် ဘုရား)။
မိမိခန္ဓာပေါ်ကို မိမိဉာဏ်နဲ့ လျှောက်ပြီး ပြေးတဲ့အခါကျတော့ ‘အနိစ္စာဝတ သင်္ခါရာ’ကိုး၊ ဖြစ်လိုက်ပျက်လိုက် နေတာပဲ (မှန်ပါ)။ ဝတ ဧကန္တေန စင်စစ်အားဖြင့်၊သင်္ခါရာအကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ သင်္ခါရ တရားတို့သည် အနိစ္စာ ဖြစ်ပြီး၍ မရှိကြေတော့ဘူးကွဲတဲ့ (မှန်ပါ့) ဖြစ်ပြီး၍ မရှိတာချည်းဘဲတဲ့၊ မင်းတို့ ခန္ဓာထဲမှာ (မှန်ပါ့) ဒါဖြင့် ခန္ဓာထဲမှာ ပေါ်လိုက် ပျက်လိုက် တရားနှစ်ခုသာ ရှိတော့တယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်လာပါပြီ)။
အနိစ္စနဲ့ သင်္ခါရ လှည့်နေတာပဲ
မိမိခန္ဓာထဲဘာသာလျှင်ရှိပါလိမ့် (ပေါ်လိုက်ပျက်လိုက်သာ ရှိပါတယ်) ပေါ်လိုက် ပျက်လိုက် ဆိုတာသာ ဒကာသစ်ရှိတယ် (မှန်ပါ့) အဲဒါအနိစ္စနဲ့ သင်္ခါရ လှည့်နေတာပဲ (မှန်ပါ့) သဘောကျပြီလာ (ကျပါပြီ)။
အနိစ္စနဲ့ သင်္ခါရလှည့်နေတာ သင်္ခါရဆိုတာသည် အခုပေါ်တာ၊ ပေါ်လာတဲ့တရားကလေးပျက်သွားတော့ ဘယ့်နှယ်ဆိုမယ် (အနိစ္စပါ)။
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဝေဒနာကလေး ပေါ်လိုက်ပျက်လိုက် ၊ စိတ်ကလေး ပေါ်လိုက် (ပျက်လိုက်ပါ ဘုရား) သညာကလေး ပေါ်လိုက် (ပျက်လိုက်ပါ ဘုရား) အဲဒါ တစ်ခုခုကို မှတ်ပြီး သကာလ ဝေဒနာကြိုက်တဲ့လူက စိတ်ရှုလို့ သစ္စာကြိုက်တဲ့လူက သစ္စာနာမည်တပ်ပြီး ရှုလို့ ရုပ်ကြိုက်တဲ့ လူက ရုပ်တွေကိုပဲ ဖြစ်ပျက်ရှုလို့ နေကြပါမူကား ရှုတဲ့ ဉာဏ်ဟာ မဂ်ရေသောက်နေတာပဲ (မှန်ပါ့)။
ရှုတဲ့ဉာဏ်ဟာ ဘာပါလိမ့် (မဂ်ရေသောက်နေတာပါ ဘုရား) ဪ မဂ်ရေစင်အေးကိုဖြင့် သောက်သုံးပြီး သကာလ နေကြတာပဲဆိုတာ ဘယ်အခါ ကာလမဆို ယုံကြပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။
အဲဒီကဲ့သို့ ရှုဖန်များလာတဲ့အခါကျတော့ ဝိပဿနာမဂ်ဆိုတာကလေးဟာက ဝမ်းထဲရောက်ပြီး သကာလ လာတော့ ဒကာ, ဒကာမတွေ ကိလေသာတွေဟာ ပါးသွားတာပဲ (မှန်ပါ) သူလာတယ်ဆိုရင် တဏှာ ဥပါဒါန် ကံတွေ ဘယ့်နှယ်ဖြစ်သတုံး (ပါးသွားပါတယ် ဘုရား)။
ဘယ့်နှယ့်ကြောင့် ပါးရပါလိမ့်မတုံး
ဘယ့်နှယ့်ကြောင့် ပါးရပါလိမ့်မတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်) ကိလေသာထုကြီး ဘယ့်နှယ့်ကြောင့် ပါးရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာ,ဒကာမတို့ ခုနင်က ရှုတဲ့ ဉာဏ်က မဂ်စားကိုးဗျ (မှန်ပ့ါ)။
ရှုတဲ့ဉာဏ်က ဝိပဿနာ မဂ်စားကနေပြီး ကိလေသာထုတွေ ဆစ်သစ်ဆစ်ဆစ်ပြီး ပစ်လိုက်တဲ့အခါ ဝါးများ၊ အပေါ်ယံတွေ ဆစ်လိုက်တော့အောက်က အသားပါးသလို၊ ဒီမှာလဲ ရှုဖန်များလို့ ရှိရင်ဖြင့် ဒကာသစ်ရေ ကိလေသာထုဟာ ပါးရတာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ကိုင်းဒါဖြင့် ဒီကိလေသာထုပါး လာသည်လားလို့ ဆိုလို့ ရှိရင်ဖြင့် ကျုပ်တို့မှာ ဒုက္ခအကြောင်း ပါးခြင်းကြောင့် ဒုက္ခအကျိုးပါးတာပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
အကြောင်းပါသောကြောင့် (ဒုက္ခအကျိုးပါးပါတယ် ဘုရား)။ အကျိုးဒုက္ခပါးတယ်ဆိုတာ သေချာပြီလား (သေချာ ပါပြီ)။ ဒါ့ကြောင့် တဏှာစရိုက်ပေါ်တဲ့ ပုဂ္ဂိုလ် ဝေဒနာဖြစ်ပျက်ရှုပါ (မှန်ပါ) ငါ-ငါ့လို အစွဲများတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ကိုရှုပါ (မှန်ပါ) တဏှာများတဲ့ပုဂ္ဂိုလ်ဟာ (ဝေဒနာကို ရှုရပါမယ်) ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ဟာ (စိတ်ကို ရှုရပါမယ်)။ စိတ်ကို ကြပ်ကြပ်ရှုပေးပါတဲ့။
ပညာဉာဏ်ကလေးက ပါလာတဲ့ ပုဂ္ဂိုလ်ဟာ၊ ပင်ကိုကကတည်းက ဘယ်ဟာသင်လိုက်သင်လိုက် တတ်လွယ် သိလွယ်တဲ့ ပုဂ္ဂိုလ်ဟာဖြင့် သစ္စာရှုပါ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) အင်မတန်ထိုင်းတဲ့ ပုဂ္ဂိုလ် ဉာဏ်အထိုင်းဆုံး ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့် ရှုပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
အနာနဲ့ဆေးသင့်အောင် ပေးနေတယ်
ဉာဏ်ထိုင်းတဲ့ ပုဂ္ဂိုလ် ဘာရှုရမယ် (ရုပ်ကိုရှုရပါမယ်) တဏှာများတဲ့ ပုဂ္ဂိုလ် (ဝေဒနာရှုရပါမယ်)။ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ် (စိတ်ကို ရှုရပါမယ်)။ ပင်ကိုက ဉာဏ်ကလေးပါလာတဲ့ ပုဂ္ဂိုလ် (သစ္စာရှုရပါမယ်)။ ဒါဟာ အနာနဲ့ဆေးသင့်အောင် ပေးနေတယ်လို့ ဦးလှဖူး မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဘယ်လိုမှတ်ရပါ့မယ် (အနာနဲ့ဆေးသင့်အောင် ပေးနေပါတယ် ဘုရား)။
ဟာ ဒါဖြင့် အနာနဲ့ ဆေး သင့်အောင်ပေးလို့ရှိရင်ဖြင့်တို့ ဒကာ, ဒကာမတွေ သူ့အနာနဲ့ သူ့ဆေးနဲ့သာ အံကျ ဖြစ်နေလို့ရှိရင် ဒုက္ခစက်ကြီးလည်တဲ့ အနာကြီးဟာဖြင့် ဦးဘအုန်း ပျောက်မှာပါဘဲ (မှန်ပါ့ ဘုရား) မပျောက် ရှိပါ့မလား (မရှိပါ ဘုရား)။
ဒါ့ကြောင့် ရူပက္ခန္ဓာလဲ ခန္ဓာကိုယ်ထဲ ရှိတာပဲ၊ ဝေဒနာ ခန္ဓာလဲ ရှိတာပဲ၊ ဝိညာဏက္ခန္ဓာလဲ ရှိတာပဲ၊ ကျန်တဲ့ သင်္ခါရက္ခန္ဓာဆိုတဲ့ ဓမ္မာနုပဿနာတွေလဲ မရှိလားဗျာ (ရှိပါတယ် ဘုရား)။ အဲဒီတော့ ကျုပ်တို့ရှုနေတာ ဘယ်မှာရှုရမှာ ပါလိမ့်မလဲလို့ မေးတော့ ခန္ဓာဉာဏ်လှည့် (မှန်ပါ့)။
ဘယ်လိုမှာပါလိမ့် (ခန္ဓာဉာဏ်လှည့်ရပါမယ်)။ခန္ဓာကို ဉာဏ်လှည့်လိုက်ပါ (မှန်ပါ့) ခန္ဓာဉာဏ်လှည့်တော့ ခန္ဓာကဝေဒနာက ထူးထူခြားခြား၊ ပေါ်တဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဝေဒနာကိုလှည့်လိုက်တာပေါ့ (မှန်ပါ့) စိတ်ထူးထူးခြားခြား ပေါ်လာတဲ့ ပုဂ္ဂိုလ်ကျတော့ (စိတ်လှည်ရပါမယ်) စိတ်ပေါ်ကို ဉာဏ်လှည့်လိုက် ဒကာသစ်ရေနော် (မှန်ပါ့) သဘောပါကြ ပြီလား (ပါပါပြီ ဘုရား)။
သစ္စာသိတဲ့ ဉာဏ်တည်း
အဲဒီကဲ့သို့ ဉာဏ်လှည့်လိုက်တဲ့အခါ ကျတော့ဒီဉာဏ်သည် သစ္စာသိတဲ့ဉာဏ် (မှန်ပါ့)။ သစ္စာသိတဲ့ ဉာဏ်တည်း ဟူသော မဂ်ဆေးသောက်လိုက်ရတဲ့အတွက် သံသရာစက်ရဟက်ကြီးမှာ လည်ပတ်တဲ့ ကိလေသာတွေ ပါးသွားတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဝိပဿနာ မရှုဘဲနဲ့ ဒကာကြွယ် ကိလေသာပါပါ့မလား (မပါးပါ ဘုရား) သမုဒယသစ္စာမပါးနိုင်ပါဘူး (မှန်ပါ) သဘောပါကြပြီလား (ပါပါပြီ)။
ကဲ တစ်ခါတည်း ဝေဒနာဖြစ်ပျက်တွေလဲ ဆုံးလို့၊ စိတ်ဖြစ်ချက်တွေလဲဆုံးလို့ ရုပ်ဖြစ်ပျက်တွေလဲဆုံးလို့ ကိုယ်ကြိုက်ရာ ကိုယ်ဆုံးကြပါစေ (မှန်ပါ့) အဆုံးလိုက်လိုက်ပြီ ဆိုမှဖြင့် တကယ့်မဂ္ဂသစ္စာကြီး ပေါ်မလာဘူးလား (ပေါ်လာပါတယ်)။ မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂသစ္စာကြီး ပေါ်မလာဘူးလား (ပေါ်လာပါတယ်)။
ပေါ်လာလို့ဆိုရင်ဖြင့် တစ်မဂ်ပေါ်ရင်သော သောတာပန် (မှန်ပါ့) နောက်တစ်ခါ တစ်မဂ်ပေါ်လာရင် သကဒါ နောက်တစ်ခါ တစ်မဂ်ပေါ်လာရင် ရဟန္တာပဲ (မှန်ပါ့) နောက်ခန္ဓာကြီးလာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။
ဒါဖြင့် ဒီရဟန္တာပုဂ္ဂိုလ် စုတေစိတ်ကျသွားပြီလို့ မဆိုနိုင်ဘူးလာ (ဆိုနိုင်ပါတယ်) ရဟန္တာပုဂ္ဂိုလ် စုတေစိတ် ကျသွားတာ၊ ဪ-ရဟန္တာပုဂ္ဂိုလ် စုတေစိတ်ကျသွားတာ ဘယ်များကြွသွားပါလိမ့်မလဲလို့ မေးလို့ ရှိရင်တော့ ဒုက္ခတွေ သိမ်းသွားရှာပြီ (မှန်ပါ့)။
ဘယ်လိုဆိုကြပါ့မယ် ဒုက္ခတွေ သိမ်းသွားပါတယ် ဘုရား)။
ရဟန္တာဖြစ်သွားတယ်
လေးမဂ်ရတော့ ရဟန္တာဖြစ်သွားတယ်။ ရဟန္တာဖြစ်သွားတော့ ရဟန္တာအဖြစ်နဲ့ပဲ ဒကာကြွယ် ပရိနိဗ္ဗာန် စံကြစို့ နော် (မှန်ပါ့) အဲဒီပရိနိဗ္ဗာန်စံတဲ့ ရဟန္တာသည် ဘယ်များကြွသွားသတုံးလို့ မေးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် လှည့်လိုက်ပါလား၊
ဇာတိဒုက္ခကစပြီး ချုပ်သွားတယ် (မှန်ပါ့) ဇရာ ဒုက္ခလာသေးရဲ့လား (မလာပါ ဘုရား) ဗျာခိ မရဏဒုက္ခ (မလာပါ ဘုရား) သောက ပရိဒေဝ ဒုက္ခဒေါမနုဿ ဥပါယာသ (မလာပါ ဘုရား) ဪ-ဒါဖြင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတာသည် ဒုက္ခသိမ်းသွားတာကိုး (မှန်ပါ့) သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ရဟန္တာ ပုဂ္ဂိုလ်များပရိနိဗ္ဗာန်စံကာ ဘာပါလိမ့် (ဒုက္ခသိမ်းသွားတာပါ ဘုရား)၊ ပုထုဇဉ်တွေ သေကြတာက ဘာပါလိမ့်, ဒုက္ခဖြစ်တာပါ၊ ဒုက္ခဆက်သွားတာ (မှန်ပါ့)။
ဪ ဒါဖြင့် ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်နဲ့ ဒုက္ခဆက်တဲ့ပုဂ္ဂိုလ်နဲ့ တကာကြွယ်၊ တယ်ခြားနားပါလား (ခြားနာပါတယ် ဘုရား) ခြားနားအောင် ဘယ်သူလုပ်သတုံးလို့ မေးတော့ မဂ်ကလုပ်တာ (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ရဟန္တာပုဂ္ဂိုလ်များသည် ဒီဘဝ စုတေစိတ်ကျသွားပြီး မဂ်လေးတန်ရလို့ ရဟန္တာအဖြစ်သို့ ရောက်ပြီး အားလုံး တရားတစ်ပွဲလုံးက ဒကာ,ဒကာမတွေ ရဟန္တာ စုတိစိတ်ပြီးတော့ကို နောက်ပဋိသန္ဓေစိတ် လာသေးရဲ့လား (မလာပါ ဘုရား) နာမှု၊ သေမှုကော (မလာပါ ဘုရား)။ ဪ ဒါဖြင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတော့ ဘာတွေများ သိမ်းသွားပါလိမ့် (ဒုက္ခတွေ သိမ်းသွားပါတယ်)။
ဒုက္ခသိမ်းသွားတာကို ဆိုတာ
ဪ ဒါဖြင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတာဟာ ဒုက္ခသိမ်းသွားတာကို ဆိုတာကိုးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) ဘာမှမဖြစ်တာလား၊ ဒုက္ခသိမ်းတာလား (ဒုက္ခသိမ်းတာပါ ဘုရား)။
ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခသိမ်းလို့ ဒုက္ခငြိမ်းတဲ့ သဘောသို့ မရောက်ဘူးလား (ရောက်ပါတယ်)။
ပုထုဇဉ်များသေတဲ့ အခါကျတော့ တစ်ခုသော ဒုက္ခဝန်ချပြီး သကာလ ဒုတိယ ဒုက္ခဝန်ထမ်းတာပဲ (မှန်ပါ့)။
ပုထုဇသ်ကတော့ ပထမ ဒုက္ခချပြီးတော့ (ဒုတိယ ဒုက္ခဝန်ထမ်းပါတယ်)၊ အင်း ဒါပုထုဇဉ်တို့၏ အခြေအနေ ဖြစ်စဉ်ကဖြင့် ဒုက္ခပြောင်းထမ်းတာပဲ (မှန်ပါ့ အသေဒုက္ခပြီး အနေဒုက္ခယူလိုက်ပြန်တာပဲ (မှန်ပါ့)။
အသေဒုက္ခပြိးတော့ (အနေဒုက္ခ ယူလိုက်တာပါပဲ) ဪ ပုထုဇဉ်သေတာကတော့ ဘယ်လို ဆက်သွားပါလိမ့် မတုံးဆိုတာဖြင့် ယနေ့ သဘောကျပါပြီ (ကျပါပြီ)။ ပုထုဇဉ်သေတဲ့အခါ အသေဒုက္ခချထားပစ်ခဲ့ပြီးတော့ အနေဒုက္ခ ထမ်းတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (အသေဒုက္ခချပစ်ခဲ့ပြီးတော့ အနေဒုက္ခထမ်းပါတယ်)။
ရဟန္တာ ပုဂ္ဂိုလ်များကတော့ အသေဒုက္ခလဲ ချပြီးတော့ သွားပါရော၊ အနေဒုက္ခလဲ မထမ်းတော့ဘူး(မှန်ပါ့ ဘုရား)။
ရဟန္တာများကတော့ (အသေဒုက္ခ ချပြီးတော့ အနေဒုက္ခမထမ်းတော့ပါဘူး ဘုရား) မထမ်းတော့ ဒီရဟန္တာ ပုဂ္ဂိုလ် ဘယ်များကြွသွားပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ဘုရား၊ ဘယ်ကြွသွားပါလိမ့်၊ ပရိနိဗ္ဗာန်စံပြီး ဘယ်ကြွသွားပါလိမ့် မေးလို့ရှိရင်ဖြင့် ဘယ်မှမကြွဘူး ဒကာ ဒကာမတို့ သူ့ဒုက္ခဒီတွင်ထားခဲ့ပြီး ဒုက္ခတွေ သိမ်းသွားလေ ပေါ့ဆိုလိုက်တာပေါ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲ
ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲ (ဒုက္ခသိမ်းတာပါ ဘုရား) ပေါ်လာပြီနော် (မှန်ပါ့)။ ဒုက္ခသိမ်း တာဟာ နိဗ္ဗာန် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ဒုက္ခသိမ်းတာပါ ဘုရား)။ အသေဒုက္ခတွေ သိမ်းပြီး အနေဒုက္ခတွေ မလာတာဟာ နိဗ္ဗာန် (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ)။
ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်သည်ကားလို့ဆိုရင် ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတဲ့ ပုဂ္ဂိုလ်ပဲ ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မြတ်, ပုဂ္ဂိုလ်မွန် ပဲလို့ ဆိုထိုက်ကြပြီလား (ဆိုထိုက်ပါပြီ) တစ်ခြားသော ပုဂ္ဂိုလ်တွေကတော့ ဒီဒုက္ခပြီး ဟိုဒုက္ခတွေ ဆက်ထမ်းနေရတဲ့ အတွက် လူတိုင်းထဲကပဲလို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်သေလို့ရှိရင်ဖြင့် ဘာမှမဖြစ်တာလား၊ ဒုက္ခသိမ်းတဲ့ သဘောလသို့ သက်ရောက်တာ လား (ဒုက္ခသိမ်းတဲ့ သဘောလို့ သက်ရောက်တာပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် ဒုက္ခသိမ်မးတာပါဘုရား။ အဲ နိဗ္ဗာန်ဆိုတာ ဒုက္ခသိမ်းတာပဲလို့ဆိုတာ ဦးဘအုန်း တို့ သေသေချာချာမှတ်ပါတဲ့ (မှန်ပါ့)။
ကိုင်းဒါဖြင့် ဘာ့ကြောင်းတုံးလို့ မေးတော့ ခုနင်က တရားချီးကတည်းက ပါခဲ့ပြီ ဒကာ ဒကာမတို့ ဒီဘဝမှာ ဒကာ,ဒကာမတို့၏ နောက်ဆုံးပိတ်ဒုက္ခ ဘယ်ဟာပါလိမ့်မတုံးလို့ ဆိုတော့ သေတဲ့ ဒုက္ခ (မှန်ပါ့) ပုထုဇဉ်များကျတော့ သေတဲ့ဒုက္ခပြီးတော့ ဝမ်းခေါင်းထဲ ပဋိသန္ဓေနေရတဲ့ ဒုက္ခ ဆက်မလာ ဘူးလား (ဆက်လပါတယ်) အပါယ်ဖြင့် အပါယ် ရောက်ရတဲ့ ဒုက္ခဆက်မလာဘူးလား (ဆက်လာပါတယ်) ဪ ပုထုဇဉ်များတော့ ဒုက္ခပြီး ဒုက္ခဆက်တယ် (မှန်ပါ့)။
ပုထုဇဉ်ကတော့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဒုက္ခပြီး ဒုက္ခဆက်ပါတယ်)
မှတ်ထား-မှတ်ထား-မှတ်ထား၊ ပုထုဇဉ်ကတော့ တစ်ခုသော ဒုက္ခပြီးရင် တစ်ခုသော ဒုက္ခဆက်ပြီး သကာလ ထမ်းရပါတော့တယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
ကဲ ဒါက ရဟန္တာပုဂ္ဂိုလ်၏ စုတိနော် (မှန်ပါ့)။ နောက်ဆုံးပိတ်စိတ်၊ နောက်ဆုံးပိတ်စိတ်သည် ရဟန္တာပုဂ္ဂိုလ် ၏ စုတိစိတ်ကျရော ပဋိသန္ဓေစိတ်လာသေးရဲ့လား (မလာပါ ဘုရား)။
ဒီရဟန္တာပုဂ္ဂိုလ်သေပြီး ဘာဖြစ်သေးသတုံး
ဒါဖြင့် ဒီရဟန္တာပုဂ္ဂိုလ်သေပြီး ဘာဖြစ်သေးသတုံး မေးလို့ဘာမှ ဘာဖြစ်တယ်လို့ မယူနဲ့ ဒကာ,ဒကာမတို့ နော် (မှန်ပါ့) ဖြစ်တယ်ဆိုရင် သဿတဒိဋ္ဌိဘက်သွားလိမ့်မယ် (မှန်ပါ့)။
ဒါ့ကြောင့် ဒီရဟန္တာပုဂ္ဂိုလ်ဘယ်များ ကြွသွားပါလိမ့်မလဲ နောက်ဆုံးပိတ်ဘဝဘယ်များကြွသွားပါလိမ့်မလဲ လို့ ကြွသွားပါလိမ့်မလဲလို့ မမေးနဲ့ (မှန်ပါ့)။ ကြွသွားတယ်ဆိုရင် သဿတဒိဋ္ဌိ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီပုဂ္ဂိုလ် ဘယ်မှ မကြွတော့ဘူးလားလို့ မေးလို့ရှိရင်ဖြင့် ဘယ်မှမကြွဘူးဆိုလို့ရှိရင်လဲ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားမယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) နိဗ္ဗာန်ကြွသွားပြီဆိုတော့လဲ (သဿတဒိဋ္ဌိဖြစ်ပါတယ်)။
အဲဒါ တစ်ချို့က နိဗ္ဗာန်ကြွသွားပြီလို့ ဆိုချင်ဆိုတတ်တယ်၊ ကြွသွားတယ် ဆိုတာ တစ်လမ်းပြီး တစ်လမ်း ကြွတာကို ဆိုပါတယ် (မှန်ပါ့)။ သဘောကျပြီလား (ကျပါပြီ) အရှင်ဘုရားဆိုတော့ အေးပြီ။ ဒီဘဝစုတေသေလွန်ရင် နိဗ္ဗာန်ကြွရုံ ရှိတော့တယ် (မှန်ပါ့) ဟာ နိဗ္ဗာန်ကြွတဲ့ ပုဂ္ဂိုလ်ဖြစ်ရဦးတော့ မလိုလို (မှန်ပါ့)။
ဘယ်လောက် ဒီဟာအရုပ်ဆိုး အကျည်းတန်ပြီးသကာမို့ သိမှုတွေကလဲ ဒကာကြွယ် များပြားနေတယ် (မှန်ပါ့) အခု သေသေချာချာ ရှင်းတော့မှ ရဟန္တာပုဂ္ဂိုလ် စုတိပြီးတော့ ဘာတွေသိမ်းသွားသလဲ (ဒုက္ခသိမ်းသွားပါတယ်)။
ပုထုဇဉ် ပုဂ္ဂိုလ်များကတော့ ဒီဘဝစုတိပြီးတော့ နောက်ဘာတွေ ဖြစ်သေးသတုံးဆိုတော့ ဒီဘဝဒုက္ခပြီး နောက်ဘဝဒုက္ခတွေ ပြန်ဖြစ်တာပဲ (မှန်ပါ့) ဒုက္ခပြန်ဆက်တယ် (မှန်ပါ့)။
ရဟန္တာပုဂ္ဂိုလ်ကတော့ ဒီဘဝဒုက္ခပြီးတော့ နောက်ဘာဒုက္ခတွေ ထမ်းပိုးနေသေးသလား (မပိုးပါ ဘုရား) ဒါဖြင့် သူက ဒုက္ခသိမ်းတဲ့ ပုဂ္ဂိုလ် (မှန်ပါ့) ပုထုဇဉ်က ဒုက္ခဆက်တဲ့ ပုဂ္ဂိုလ်(မှန်ပါ့) ရဟန္တာပုဂ္ဂိုလ်က (ဒုက္ခသိမ်းတဲ့ ပုဂ္ဂိုလ်ပါ)။
ဒုက္ခသိမ်းသွားပါတယ်
ဟာ ဒါဖြင့် အားလုံး တရားတစ်ပွဲလုံး မေးလိုက်ပါတယ် ဒကာ,ဒကာမတို့၊ ရဟန္တာ ပုဂ္ဂိုလ်သေတဲ့အခါ ဘယ်များကြွသွားသတုံးမေးတဲ့အခါ ဘယ့်နှယ့်ဖြေမတုံး (ဒုက္ခချုပ်သွားပါတယ် ဘုရား) ဒုက္ခသိမ်းသွားပါတယ် ဆိုတာသာ တစ်ပြိုင်နက်အသံထွက်ပါတော့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဘယ်များ ကြွသွားပါလိမ့် (ဒုက္ခသိမ်းသွားတာပါ ဘုရား)။ ဘယ်မှမကြွဘူး၊ ဒုက္ခတွေသိမ်းသွားတာပဲ (မှန်ပါ့) သူ့ဒုက္ခတွေ သူ့မဂ်ဉာဏ်နဲ့ သူသိမ်းသွားတော့တယ်ဆိုတာ မှတ်ထိုက်တာပေါ့ (မှန်ပါ့)။
ဒါဖြင့် ဒကာ,ဒကာမတို့ ဒုက္ခသိမ်းတာသည် ကျုပ်တို့ မခုမဂ်ဉာဏ်, ဖိုလ်ဉာဏ်ရအောင် လုပ်နေကြတာ ဒုက္ခသိမ်းချင်လို့လုပ်တာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ကျုပ်တို့ အခု အလုပ်လုပ်နေကြတဲ့ ဒကာ,ဒကာမတွေ ဘယ်အကျိုးငှာ အလုပ်လုပ်နေကြတာပါလိမ့် (ဒုက္ခသိမ်း ချင်လို့ လုပ်တာပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ, ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဒုက္ခသိမ်းတာ နိဗ္ဗာန်ပဲ (မှန်ပါ့)။
နိဗ္ဗာန်ဆိုတာ (ဒုက္ခသိမ်းတာပါ ဘုရား)။ တကာကြွယ်တို့၊ ဦးလှဖူးတို့ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် နိဗ္ဗာန်ဆိုတာသည် ဒကာ,ဒကာမတို့ ရဟန္တာဟု ပုဂ္ဂိုလ်သေတော့ ပြတ်သွားသလားတဲ့၊ ဒုက္ခသိမ်းခြင်းသို့ ရောက်သွားသလား (ဒုက္ခသိမ်းခြင်းသို့ ရောက်သွားပါတယ်)။
ဒါဖြင့် ပြတ်သွားတာကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) သူသည်ကား ဒုက္ခဇာတ်သိမ်းသွားရှာပြီလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။
ဒါဖြင့် ဒကာ,ဒကာမတို့ ရဟန္တာသေလို့ရှိရင်ဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်သဘော ရောက်သွားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒုက္ခသဘောမှ သုခသဘောသို့
ဒါဖြင့် ဒုက္ခသဘောမှ သုခသဘောသို့ သက်ရောက်သွားတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။ ဒုက္ခချုပ်၍ သုခပေါ်လာသော ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
ဪ နိဗ္ဗာန်ဆိုတာ ဘာမှ အထူးတလည် တွေးမနေကြပါနဲ့ ဒုက္ခခပ်သိမ်းငြိမ်းအေးတဲ့ သဘောဟာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရဟန္တာန်ပုဂ္ဂိုလ်များသည် ဘာများဖြစ်သွားသတုံးလို့ မေးလို့ရှိရင် ဒုက္ခသိမ်းသွားတာပဲလို့ ဖြေရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ,ဒကာမတွေ ဒီနိဗ္ဗာန်ကိုယနေ့ကစပြီး ပြောရခြင်းဟာ မနေ့ကလဲ ကတိကဝတ်ထားခဲ့ ရတယ်၊ နက်ဖြန် နိဗ္ဗာန်ပြောမယ်လို့ဆိုတာ ဒီနိဗ္ဗာန်ဟာ ဝတ္ထုမပါဘဲနဲ့လဲ ရဟန္တာ ပရိနိဗ္ဗာန်စံတဲ့ အခါကျတော့ ဘာများ ဖြစ်သွားသတုံးလို့ မေးရင်ဘယ့်နှယ်ဖြေကြမတုံး (ဒုက္ခသိမ်းသွားပါတယ် ဘုရား)။
ပုထုဇဉ်များသေတဲ့အခါကျတော့ ဘယ်လိုများ ခင်ဗျားတို့ မှတ်ကြမလဲ (ဒုက္ခဆက်ပါတယ် ဘုရား) ဒုက္ခဆက်တယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။ ဒုက္ခဆက်တာနဲ့ ဒုက္ခသိမ်းတာ မခြားနားဘူးလား (ခြားနားပါတယ်)။
ယမကရဟန်းဝတ္ထု
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက်က သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ရှင်သာရိပုတ္တရာ သီတင်းသုံးနေတယ်၊ ရဟန်းငယ်တစ်ပါးကလဲ သူ့ဘွဲ့က ယမကတဲ့ (မှန်ပါ့)။
ယမကဟာ သူ့စိတ်ထဲမှာ အကြံပေါ်ပေါက်လာတယ်၊ ဪ ရဟန္တာများ သေသွားတဲ့အခါကျလို့ရှိရင် ဘာမှ မဖြစ်တော့ဘူးတဲ့ဆိုတော့ ဥစ္ဆေဒိဋ္ဌိ သူယူပစ်လိုက်တယ် (မှန်ပါ့) မယူလိုက်ဘူးလား (ယူလိုက်ပါတယ် ဘုရား)။ ဘာဒိဋ္ဌိ ယူလိုက်ပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိယူလိုက်ပါတယ်)။
ဒုက္ခသိမ်းသွားတယ်လို့ သူက မယူဘူး (မှန်ပါ) ရဟန္တာသေရင် ပျောက်သွားတာပဲ။ ဆေးခိုးလို့ ပျောက်သွားတာ ပဲဆိုတော့ ဘာဒိဋ္ဌိထဲ သက်ရောက်သလဲ (ဥစ္ဆေဒဒိဋ္ဌိထဲ သက်ရောက်ပါတယ်) သေသေချာချာမှတ်ပါ၊ ဒကာ, ဒကာမတို့ နော် (မှန်ပါ့)။
ဥစ္ဆေဒိဋ္ဌိသက်ရောက်သွားတဲ့အခါကျတော့ သူက သူ့ဝမ်းထဲတွင် ယူတဲ့လူက ရဟန္တာသေရင် ဘာမှမဖြစ်တော့ ဘူး (မှန်ပါ)။ ဟိုမှာ ဘာမှမဖြစ်တာ မဟုတ်ဘဲ ဒကာ, ဒကာမတို့ ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းသွားတဲ့ သဘောဖြစ်သွား တာပေါ့ (မှန်ပါ့)။
နဂိုက ဥပမာ တကာကြွယ်က အနာကြီးပေါက်နေတယ်။ နာလိုက်တာဘုရား။ တပည့်တော်ဖြင့် ဒီဝေဒနာနဲ့ပဲ သေလိမ့်မယ်ထင်တယ်။ နောက်တော့ ဆေးကောင်း၊ဝါးကောင်းနဲ့ တွေ့တဲ့အခါကျတော့ တကာကြွယ် ဒီအနာကြီး ပျောက်သွားတယ် (မှန်ပါ)။ ဒါဖြင့် အနာပေါက်တာနဲ့ အနာပျောက်တာဟာ မထူးခြားဘူးလား (ထူးခြားပါတယ်)။ အနာပေါက်တာသည် ဆင်းရဲတယ် (မှန်ပါ့) အနာပျောက်တာသည် (ချမ်းသာပါတယ်)။
အနာပေါက်တာနဲ့ အနာပျောက်တာ
ဒီမှာလဲ ခန္ဓာဒုက္ခဖြစ်တာသည် ဆင်းရဲတယ်၊ ခန္ဓာဒုက္ခကြီးချုပ်သွားလို့ရှိရင်ဖြင့် ချမ်းသာတယ် (မှန်ပါ ဘုရား) အနာပေါက်တာနဲ့ အနာပျောက်တာလိုပဲ ကွာခြားပါတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ခန္ဓာဝန်ထမ်းသမားသည် ဒုက္ခနဲ့ မခွဲရသောကြောင့် ဒုက္ခတွေ ရှုပ်နေတယ် (မှန်ပါ့) နောက်ဒီဒုက္ခ တွေ ကိလေသာတွေ, ခန္ဓာတွေ ငြိမ်းသွားတော့ လောင်စာနဲ့ မီးသိမ်းတဲ့သဘောကော မရောက်ဘူးလား (ရောက်ပါတယ်) ဒါဖြင့် ငြိမ်းအေးမှ ငြိမ်းအေးပါ့မလား (ငြိမ်းအေးပါတယ်)။
ဪ ဒါဖြင့်ရင် ရဟန္တာသေတာ ငြိမ်းအေးခြင်းသဘော ရောက်သွားတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
အဲဒီလိုပမယူဘဲနဲ့ ယမက,ကရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုပြီး သူက ဒီအယူဖောက်ပြန်သွားတယ် (မှန်ပါ့) ဖောက်ပြန်သွားတော့ ဘေးက ရဟန်းတွေက ဆုံးမကြတယ်။ ယမကသေရင် မင်းက ဘာမှမဖြစ်တော့ဘူးဆိုတဲ့ ဥစ္စာ မင့်အယူဟာ ဥစ္ဆေဒဒိဋ္ဌိပါကွ၊ ဒီအယူ မယူပါနဲ့ကွ ဆိုတော့ဟာ မဟုတ်ဘူး တပည့်တော် ဒီလိုပဲသဘောကျတယ်။ ဒိလိုယူရမှာပဲ၊ ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးတဲ့ (မှန်ပါ့)။
ဒီလိုယူတော့ ရဟန်းတွေက ပြောကြ,ဆိုကြ,ဆုံးမကြငြားသော်လဲ တကာကြွယ် သူ့အယူ အစွန့်ပါဘူး (မှန်ပါ့) မစွန့်တော့ ရဟန်းတွေက သူတို့ ပြောမရတာနဲ့ ရှင်သာရိပုတ္တရာ သွားပြောကြတယ်၊ အရှင်ဘုရား၊ ယမက, လော့ ဥစ္ဆေဒ ယူနေပြီဘုရား၊ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးချည်းဘဲ ပြောနေတယ် (မှန်ပါ့) ဪ ဒီကိုယ်တော်ဟာ ဥစ္ဆေဒိဒိဋ္ဌိ ဇွဲနေပါပေါ့လားလို့ ရှင်သာရိပုတ္တရာက သိတယ် (မှန်ပါ့)။
ထိုကဲ့သို့ သိတဲ့အခါကျတော့ ကဲကွာ ငါပဲ ဆုံးမပါမယ်ဆိုပြီး ရှင်သာရိပုတ္တရာက ညနေကျတော့ ယမကနေတဲ့ ကျောင်းသွားတယ် (မှန်ပါ့)။ ယမက ရဟန္တာသေရင် ဘာဖြစ်သတုံးကွလို့ မေးတယ် (မှန်ပါ့) ဒီတော့ ယမက,က ရဟန္တာသေရင် ပျောက်ပျက်သွားတယ်။ ဘာမှမဖြစ်တော့ဘူးတဲ့၊ ဒီတော့ ရှင်သာရိပုတ္တရာက ဪ မင့်ဟာ မိစ္ဆာဒိဋ္ဌိ အယူ၊ ဥစ္ဆေဒဒိဋ္ဌိ အယူပါလား၊ (မှန်ပါ့) ဆိုပြီး သကာလ ဒကာ,ဒကာမတို့ ရဟန္တာဆိုတဲ့ ဥစ္စာ အခေါ်ပဲနော် (မှန်ပါ့) တကယ်ရှိတာလား၊ အခေါ်ပဲလား (အခေါ်ပါ ဘုရား) ရှိတာ ပြောကြပါစို့ဆိုတော့ ခန္ဓာငါးပါး (မှန်ပါ့)။
မရှိတာဟော မရှိဘူးပြောတာနဲ့ တယ်တူနေတာပဲ
ရှိတာပြောပြောကြပါစို့ (ခန္ဓာငါးပါး) အဲ ဒကာ,ဒကာမတို့ ရဟန္တာခေါ်လို့ရရဲ့လား (မရပါဘူး) ဝေဒနာကိုကော (ခေါ်လို့မရပါ ဘုရား)။ သညာကိုကော (မရပါ ဘုရား)။ သင်္ခါရက္ခန္ဓာတွေကော (မရပါ ဘုရား) စိတ်ကိုကော ရဟန္တာခေါ်လို့ ကို ရရဲ့လား (မရပါ ဘုရား) ဒါဖြင့် သူက ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးဆိုတော့ သူ့စကားဟာ မရှိတာဟော မရှိဘူးပြောတာနဲ့ တယ်တူနေတာပဲ (မှန်ပါ့)။ နဂိုကမှ မရှိတာ နောက်ဘာမှ မရှိဘူးပြောတော့ ဘာထူးသေးသတုံး (ဘာမှမထူးပါ ဘုရား) နဂိုတုန်းက ရဟန္တာမှ မရှိတာကို မရှိတာကိုထားတယ် (မှန်ပါ)၊ မရှိတဲ့ ပစ္စည်းသည် ပျောက်ပျက် သွားတယ်ဆိုတော့ ဒီစကားဟာ မမှန်တဲ့စကားဘဲ (မှန်ပါ့)။
မရှိတဲ့ပစ္စည်း ပျောက်ပျက်သွားတယ်ဆိုတော့ ဒကာသစ်ကိုယ့်အိမ်ရှေ့မှာ ကိုယ်သုံးကြည့်ပါ၊ ကိုယ့်အိမ်မှာ မရှိတဲ့ပစ္စည်းပျောက်သွားတယ်ဟေ့၊ ဒီစကား သုံးထိုက် မသုံးထိုက် (မသုံးထိုက်ပါ ဘုရား)။
တကာကြွယ်တို့ အိမ်မှာ သုံးကြည့်စမ်း၊ ငါ့အိမ်မှာဟေ့ နဂိုကလဲ မရှိဖူးဘူး၊ ဒီပစ္စည်းဟာ အခုပျောက်သွား တယ်ကွလို့ ပြောရင် အဖေရူးသလားလို့တောင် မေးကြလိမ့်မယ် (မှန်ပါ့) မေးမလား၊ မမေးဘူးလား (မေးမှာပါ)။
ဒီမှာလဲ သူက အရူးထတာက ဥစ္ဆေဒဒိဋ္ဌိ အရူးထတာက ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတော့ ဒီထဲ ရဟန္တာကောပါရဲ့လား (မပါပါ ဘုရား)။ နို့ ဘာမှမဖြစ်ဘူးဆိုတဲ့ စကားသုံးစရာကော ရှိရဲ့လား (မရှိပါ ဘုရား)။
ယမကကို ဥစ္ဆေဒဒိဋ္ဌိ အရူးထပြီကွ
အဲဒါကြောင့် ယမကကို ဥစ္ဆေဒဒိဋ္ဌိ အရူးထပြီကွဆိုတာ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။
ကိုင်းယမက မင်းကို ငါဆုံးမပါမယ်ကွာ၊ နားထောင်စမ်းပါဦး ဆိုပြီး ရုပ်တရားပဲ ရဟန္တာ ဆိုမလားလို့ မေးလိုက်တယ် (မှန်ပါ့) မဟုတ်ပါဘူးဘုရားဟု ယမက ကဖြေတယ် (မှန်ပါ)။
ဒီလိုဖြေတာနဲ့ပဲ သူသည်ကားလို့ဆိုရင် ‘ဧဝံ ပဿံ ဘိက္ခဝေ သုဘဝါ အရိယသာဝကော ဝေဒနာယပိ နိဗ္ဗိန္ဒဘိ’ ဆိုတဲ့အတိုင်း သူဒီလိုပဲ မေးရင်းမေးရင်း ဝေဒနာက္ခန္ဓာပေါ်မှာ ဖြစ်ပျက်တွေ မြင်ပြီးတော့ မုန်းလာတယ် (မှန်ပါ) မုန်းပြီးတော့ ဝေဒနာက္ခန္ဓာတွေကို သူသည် ဒုက္ခသစ္စာပဲ မလိုချင်တော့ပါဘူူးဆိုပြီး ဖြစ်ဒုက္ခ, ပျက်ဒုက္ခပါပဲ ဆိုပြီး ဆုံးဖြတ်ချက်ချပြီး ရှုလိုက်တော့ သူသောတာပန်တည်တယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် အနိစ္စ, ဒုက္ခ, အနတ္တရှုပြီး သစ္စာမြင်လိုက်တာနဲ့ ယမက ဘာဖြစ်သွားသတုံး (သောတာပန်တည် ပါတယ်)။
အဲဒါကြောင့် ခင်ဗျားတို့လဲ ဝေဒနာကို ဖြစ်ပျက်ရှုပါ (မှန်ပါ)။ စိတ်ဖြစ်ပျက်ရှုပါ၊ ရှိုက်တာရှု (မှန်ပါ) ရှုလို့ ဖြစ်ပျက်မြင်ရင် ယထာဘူတဉာဏ် (မှန်ပါ့) ဖြစ်ပျက်မုန်းရင် (နိဗ္ဗိန္နဉာဏ်ပါ) ဟာ ဒီဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာတွေ ပဲလို့ ပိုင်ပိုင်နိုင်နိုင် သိလို့ဆုံးသွားရင် (မဂ်ဉာဏ်ပါ) ဆုံးသွားတာမြင်တဲ့ ဉာဏ်ဟာ မဂ်ဉာဏ်မရပေဘူးလား (ရပါတယ် ဘုရား)။
သောတာပန်တည်ပြီးမှ မေးပြန်တယ်
အဲဒါ ယမကလဲ ဒီအတိုင်းလာတာပဲ (မှန်ပါ့) ရသွားတော့ ရှင်သာရိပုတ္တရာက ရိပ်မိတယ် ငါ့ရှင် ယမကဟာ နဂိုတုန်းက ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်, ယခုအခါ သူသောတာပန်တည်သွားပြီဆိုတော့ သောတာပန်တည်ပြီးမှ မေးပြန်တယ် (မှန်ပါ့)။
ယမက ခန္ဓာငါးပါးရှိတယ်ကွ၊ အဲဒီမှာ ရုပ်တရားကို ရဟန္ဓာလို့ ဆိုမလားလို့ မေးလိုက်တယ်၊ မဆိုရပါဘူးဘုရား တဲ့ (မှန်ပါ့) ဝေဒနာတရားကို ရဟန္တာလို့ ဆိုကြမလား (မဆိုရပါဘူး ဘုရား)။ စိတ်တရားကို ရဟန္တာလို့ဆိုကြမလား (မဆိုရပါ ဘုရား) ခန္ဓာငါးပါးကို ရဟန္တာလို့ ဆိုနိုင်ကြပါမလား (မဆိုနိုင်ပါ ဘုရား) တစ်ခါသွားပါဦး၊ ခန္ဓာငါးပါးကို ကြည့်လို့ကော ရဟန္တာလို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)၊ ခန္ဓာငါးပါး၊ ကြဉ်ပြန်တော့လဲ ရဟန္တာလို့ ဆိုစရာရှိပါ့ မလား (မရှိပါ ဘုရား) ဒါဖြင့်ကွာ မင်းသည်ကားလို့ဆိုရင် ခန္ဓာငါးပါး၊ အပေါင်းကိုကော ရဟန္တာလို့ ဆိုမလားတဲ့ (မဆိုရပါ ဘုရား)၊ မဆိုနိုင်ဘူးလို့ ယမကက ဖြေတယ်၊ ဒီဒကာ, ဒကာမတွေ အခုဖြေသလိုဖြေတာပဲ (မှန်ပါ့)။
ဒါဖြင့် ရူပက္ခန္ဓာမှ တစ်ပါးသောတရားကို ရဟန္တာဆိုမလားတဲ့ (မဆိုနိုင်ပါ ဘုရား) ဝိညာဏက္ခန္ဓာမှ တစ်ပါးသော တရားကို ရဟန္တာဆိုမလား (မဆိုနိုင်ပါ ဘုရား)။
အဲ ယမက ဒီအတိုင်းဖြေတော့ ဪ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာတရားသာ ရှိတယ်လို့ သူသိမနေသေးဘူး လား (သိပါတယ်) ယကမကော သိနေပါပြီ ဒကာ,ဒကာမတို့ (မှန်ပါ့)။
ဒါဖြင့်ကွာတဲ့ မင်းအခုယူတာတွေဟာ အကုန်မှန်ပြီး သကာလ နေတယ်၊ နဂိုတုန်းကတော့ မင်းဟာ ရဟန္တာ သေရင် ဘာမှမဖြစ်တော့ဘူး၊ ပျက်တာပဲ ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူကြီးဟာ မင်းဘယ့်နှယ့်ကြောင့် နဂို အယူတုန်းတဲ့ (မှန်ပါ့) အရှင်ဘုရားတည်းဟူသော သစ္စာဟောတတ်တဲ့ ဆရာသမားမတွေ့ခင်တုန်းက ယူတာပါဘုရားလို့ လျှောက် တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
နဂိုကယူတဲ့ ဒိဋ္ဌိအယူပါဘုရား
အရှင်ဘုရားတည်းဟူသော အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ မပေါင်းသင်းခင်တုန်းက နဂိုကယူတဲ့ ဒိဋ္ဌိအယူပါဘုရား လို့ ဖြေလိုက်တယ် (မှန်ပါ)။
ကိုင်း သာဓု သာဓုကွာ မင်းသည်ကားလို့ဆိုရင် ဝိပဿနာရှုလိုက်တာနဲ့ အခု သောတာပန်တည်ပြီး သို့သော်လဲ ငါ မကျေနပ်သေးဘူးကွ၊ မင်းကိုမေးရဦးမယ်၊ ‘ဖွတ်မြီးနဲ့ ဖွတ်ချည်’ ဆိုတဲ့ လောကီပုံပြင်အတိုင်းလိုပေါ့ဗျာ (မှန်ပါ) အခုလဲ မင်းသောတာပန်တည်ပြီး မင်းကို အခြားသော ပုဂ္ဂိုလ်များက ရဟန္တာသေရင် ဘယ်သွားသတုံးလို့ မင်းကိုမေးရင် မင်းက အဖြေထွက်စမ်းတဲ့ (မှန်ပါ့)။
ဒကာကြွယ်တယ်အဖိုးတန်တဲ့ စကားပါလား (မှန်ပါ့) သူနဂိုတုန်းက မှားနေတာကိုး၊ သူ့အမှားကို သူ့အပြင် ခိုင်းတာပဲ (မှန်ပါ့)။
အရှင်ဘုရားတဲ့၊ ရဟန္တာသေရင် ဘယ်သွားသတုံလို့ မေးလို့ရှိရင် တပည့်တော်က ဝေဒနာတရားဟာ အနိစ္စပဲလို့ တပည့်တော်ဆိုပါ့မယ် (မှန်ပါ့) ရဟန္တာ ဒီဝေဒနာက္ခန္ဓာစသည်တွေကို ဖြေရမှာပေါ့ဗျာ (မှန်ပါ့) ဝေဒနာ တရားဟာ အနိစ္စပဲ၊ ၎င်းကိစ္စတရားဟာ ဒုက္ခပဲ၊ အဲဒီ ဒုက္ခတရားဟာ ကုန်ပြီလို့ ဖြေရုံပါပဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
စိတ်တရားဟာ အနိစ္စပဲနော် (မှန်ပါ့) အနိစ္စ တရားကို ဒုက္ခလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒါဖြင့် ရဟန္တာများသေတဲ့အခါ ဘယ်သွားသတုံးဆိုတော့ ဒုက္ခဆုံးသွားတယ်လို့ ဆိုရုံပါပဲ (မှန်ပါ့) တပည့်တော် ဒီအတိုင်း ဖြေပါ့မယ်ဘုရားလို့ ယမကက ဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ၊ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲ (ဒုက္ခဆုံးတာပါ ဘုရား)။
အနိစ္စတရားဟာ ဒုက္ခမဖြစ်ဘူးလား (ဖြစ်ပါတယ်) အဲဒီဒုက္ခတွေ ချုပ်ငြိမ်းသွားတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
နိဗ္ဗာန်ဆိုတာ
ဪ နိဗ္ဗာန်ဆိုတာ ဒကာ, ဒကာမတို့ ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
ဒါဖြင့် ယမကက သူကိုယ်တိုင် နိဗ္ဗာန်ကို သူကိုယ်တိုင် မဖြေဘူးလား (ဖြေပါတယ်) ခန္ဓာငါးပါးဟာ အနိစ္စ တရားပါဘုရား၊ ၎င်းအနိစ္စတရားဟာ ဒုက္ခပဲ၊ အဲဒီဒုက္ခ ကုန်ဆုံးသွားတယ်လို့ ဖြေရုံပါပဲတဲ့၊ ရဟန္တာသေရင် ဘာမှ မဖြစ်ဘူးလို့ မဖြေပါဘူးတဲ့ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ)။
ခန္ဓာငါးပါး တရားဟာ ဘာတရားတဲ့ (အနိစ္စတရားပါ) ၎င်းကိစ္စတရားဟာ ဒုက္ခလား, သုခလား (ဒုက္ခပါ) ဒုက္ခတွေဆုံးသွားတာသည် ရဟန္တာသေလု့ိရှိရင်ဖြင့် ဒုက္ခဆုံးတယ်ဆိုရုံပါပဲ (မှန်ပါ့) ခင်ဗျားတို့လဲ ဒီအတိုင်း အားထုတ်ရင် ဒုက္ခဆုံးတာ ရကြမှာပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဒကာ,ဒကာမတို့ ဖြစ်ပျက်မြင်အောင်ရှု(မှန်ပါ) ဖြစ်ပျက်မုန်းအောင် (ရှုရပါမယ်) ဖြစ်ပျက် (ဆုံးအောင် ရှုရပါမယ်) ဖြစ်ပျက်ဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ)။
အဲဒီဒုက္ခဆုံးရင်ဖြင့် ခင်ဗျားတို့ ရှုနေတဲ့ ဉာဏ်ဟာ ဘာတွေ့ရ မတုံး (နိဗ္ဗာန်တွေ့ရပါမယ်) ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မတွေ့ပေဘူးလား (တွေ့ရပါတယ်)။ ဒုက္ခအဆုံးမတွေ့ပေဘူးလား (တွေ့ပါ တယ်) အဲဒီတွေ့သည့်တိုင်အောင် အားထုတ်လို့ရှိရင်ဖြင့် ပထမတွေ့ရင်သောတာပန် (မှန်ပါ့)။
ဒုက္ခအဆုံးတွေ့ အောင် လိုက်ဖို့ရာ
ဒုတိယတွေ့ရင် သကဒါ ဂါမ်၊ တတိယတွေ့ပြန်လို့ရှိရင် (အနာဂါမ်ပါ) စတုတ္ထတွေ့ပြန်ပြီဆိုရင် (ရဟန္တာပါ ဘုရား)။ ရဟန္တာပဲဆိုတော့ ဒုက္ခအဆုံးတွေ့ အောင် လိုက်ဖို့ရာသည် ဒုက္ခရှိတဲ့ နောက်လိုက်သွား (မှန်ပါ့)။
တုံးတွေ့တယ်ဆိုရင် တုံးနောက်ကို ဒကာသစ်က လိုက်သွားတာပေါ့၊ တုံးအရှည်အတိုင်း လိုက်သွားရင် တုံး အဆုံးကို (တွေ့ရပါမယ်) တုံးရှိနေရင် တုံးအဆုံးရှိတာပေါ့ (မှန်ပါ့)။
ဒီမှာလဲ ခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ အဲ ဒုက္ခသစ္စာ, ဒုက္ခသစ္စာလို့ ဉာဏ်နဲ့ကြည့်ပြီးတော့ လိုက်သွားရင် ဒုက္ခဆုံးတာတွေ့မှာပဲ (မှန်ပါ့)။ ဒုက္ခဆုံးတာတွေ့တော့ ဆုံးတာက နိရောဓသစ္စာတွေ့တာက မဂ္ဂသစ္စာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) သေတာက သမုဒယသစ္စာ၊ နောက် ခန္ဓာတွေ မလာတာကလဲ အနုပါဒိသေသ နိရောဓသစ္စာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။