စိတ္တာနုပဿနာရှုနည်း၊ အလွန်မှတ်သားဖွယ်များ
အသံဖိုင်ခေါင်းစဉ်= နှလုံးသွင်းအမှန်နှင့်ဉာဏ်နှင့်တထပ်တည်းဖြစ်နေရမည်တရားတော်
စာအုပ်ထဲမှခေါင်းစဉ်= စိတ္တာနုပဿနာရှုနည်း၊ အလွန်မှတ်သားဖွယ်များ
အသံမကြည်ပါ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော် ဘုရားကြီး
အမရပူရဓမ္မာရုံ၌ ဟောကြားတော်မူသော
စိတ္တာနုပဿနာရှုနည်း၊ အလွန်မှတ်သားဖွယ်များ
အလုပ်ပေးတရားတော်
(၃-၁၀-၁၉၆၂)
စိတ္တာနုပဿနာဟောနေတယ်
အခု ဒီဒကာ ဒကာမတွေကို စိတ္တာနုပဿနာဟောနေတယ်။ စိတ္တာနုပဿနာဟောနေတော့ကို ပုံစံများကြည့်ပါလို့ ပြောထားတယ်။
ပုံစံများကြည့်တော့ စိတ်ဘယ်နှစ်မျိုး ပါကြသတုံး။ (ဆယ့်နှစ်မျိုးပါ) ဆယ့်နှစ်မျိုးပါတယ်။
ပုံစံမှာကြည့်တော့ စိတ်ဆယ့်နှစ်မျိုး ပါတယ်ဆိုတာ ဒကာ ဒကာမတွေသိနေပြီ။ (မှန်ပါ့)။
စိတ်ဆယ့်နှစ်မျိုးတို့၏ ပင်ကိုသဘောက အာရုံကို ညွတ်တွားတတ်တဲ့ သဘောသည် စိတ်၏သဘော။ (မှန်ပါ့)၊ အာရုံရှိရာသို့ ပြေးသွားတတ်တဲ့သဘောဟာ စိတ်၏ပင်ကိုသဘောလို့မှတ်ပါ။ (မှန်ပါ့)။
အဲဒီ စိတ်၏ပင်ကိုသဘောကို အာရုံရှိရာသို့၊ ပြေးသွားတတ်တဲ့စိတ်ဟာ သူ့ဖြစ်စဉ်ကို မသိပါနဲ့။ သူ့ဖြစ်စဉ်ကို အစအဆုံးသာလျှင် ရောက်အောင်ကြည့်ပါလို့ သတိပေးလိုက်တယ်။ နော် (မှန်ပါ့)။
သူ့ဖြစ်စဉ် အစအဆုံး ကြည့်လိုက်တဲ့အခါကျတော့ သူ့ကိစ္စပြီးတဲ့အခါ သူ့အထည်ဒြပ်ပါ ရုပ်သိမ်းတယ်။ (မှန်ပါ့)။
သူ့ကိစ္စပြီးတဲ့အခါကျတော့ သူ့အထည်ဒြပ်ပါ ရုပ်သိမ်းတယ်လို့မှတ်ပါ။ (မှန်ပါ့)၊ သူက အာရုံလဲ ပြုလိုက်တာပဲ။ ဒီထဲမှာဖြစ်ပြီး သကာလ ခဏပဲ ပျက်စီးသွားတယ်ဆိုတာ ဒကာ ဒကာမတွေ သိမှာပဲနော် (မှန်ပါ့)။
ဒါဖြင့် အာရုံပြုတာကို လိုရင်းမဟုတ်ဘူး၊ ဒကာ ဒကာမတွေမှတ်ထားစမ်းပါ။ သူ့ပင်ကိုသဘောလေးတွေ ကြည့်လို့ရှိရင်ဖြင့် ဖြစ်လဲဖြစ်တယ်။ ပျက်လဲပျက်တယ် ဆိုတာကို မှတ်ရလိမ့်မယ်။ (မှန်ပါ့)။
ဖြစ်လဲဖြစ် ပျက်လဲပျက်
ဘယ်လိုမှတ်ကြမယ် (ဖြစ်လဲဖြစ်ပြီး ပျက်လဲပျက်သွားပါတယ် ဘုရား)။
ဖြစ်လဲဖြစ် ပျက်လဲပျက်။ ဪ၊ စိတ်ဟာ မြင်စိတ်ကြည့်လိုက်ပြန်လဲ အာရုံလဲပြုသွားတာပဲ။ ပြုပြီးတော့ ပျက်သွားတာပဲ ဆိုတာပဲ၊ ဆိုတာလဲမမှားပါဘူး (မှန်ပါ့)။
ကြားစိတ်ကလေး ကြည့်လိုက်ပြန်လဲ ထို့အတူပဲ။ ကြားခြင်းကြောင့် ပေါ်လဲပေါ်တာပဲ၊ ပျက်လဲပျက်တယ်။
ဒါဖြင့် စိတ်၏ပင်ကိုသဘောက အာရုံလဲပြုတာပဲနော် (မှန်ပါ့)။ ဖြစ်ဆဲမှာအာရုံပြုပြီး သကာလ ခဏလေးပျက်သွားတဲ့ဥစ္စာ သူ့ပင်ကိုသဘောလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။
ဒါဖြင့် စိတ်ဟူသည်၏ ပင်ကိုသဘောသည် အာရုံပြုတာက ဖြစ်တာ၊ အာရုံမပြုနိုင်တာက ပျက်တာ (မှန်ပါ့)။ ရှင်းပါသလား (ရှင်းပါပြီ)။
အာရုံပြုတာက (ဖြစ်တာပါ)၊ အဲ အာရုံမပြုနိုင်တဲ့အခါကျတော့ (ပျက်ပါတယ်)။
ပျက်တယ်လို့ ဆိုတော့ သူ့ပင်ကိုသဘောဟာက အာရုံပြုဆဲမှာဖြစ်လို့ အာရုံမပြုနိုင်တဲ့အခါ ပျက်သွားတော့ ထိုဖြစ်မှု၊ ပျက်မှုပဲရှိတယ်ဆိုတဲ့ဥစ္စာ ထင်ရှားပါတယ် (မှန်ပါ့)။
ဘယ်သူက ထင်ရှားသတုံးလို့ မေးတဲ့အခါကျတော့ကို အာရုံပြုနေတုန်းတော့ သူသိတယ်။ သူပျက်သွားတဲ့အခါကျတော့ သိသေးရဲ့လား (မသိပါဘူး)။
မသိတော့ သူ့မှာ ဖြစ်မှုလဲရှိတယ်။ ဘယ်လိုဖြစ်နေသတုံး သူဖြစ်တာလဲ သိရမယ်နော်။ သူက အဆင်းကို အာရုံပြုနေတယ်။ ဒါ သူဖြစ်တာပဲ။ နောက် သူအဆင်းကို အာရုံမပြုနိုင်ဘူးဆိုတော့ သူပျက်တာပဲ၊ မဟုတ်ဘူးလား (မှန်ပါ့)။
အာရုံနဲ့ဝေဖန်ကြည့်
အဲဒါတွေ ဒကာ ဒကာမတွေကသိထားတော့ကို ဖြစ်မှု ပျက်မှုဟာ သူ့ပင်ကိုသဘောရှိတယ်ဆိုတဲ့ဥစ္စာ ဘာနဲ့ဝေဖန်ရမတုံးလို့ မေးတဲ့အခါကျတော့ အာရုံနဲ့ဝေဖန်ကြည့် နော် (မှန်ပါ့)။
သူရှိတယ် မရှိတယ်၊ စိတ်ဖြစ်တယ်၊ မဖြစ်တယ်ဟာ အာရုံနဲ့ဝေဖန်ကြည့်။ အဖြူနဲ့တွေ့ကြရင် အဖြူမြင်တဲ့စိတ်ဟာ ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ်)။
တော်တော်ကြာ အဖြူမမြင်ပြန်ဘူးဆိုတော ဒီစိတ်ကလေးဟာ ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားတယ် (မှန်ပါ့)။ဖြစ်လဲဖြစ်တယ် ပျက်လဲပျက်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားတယ်။
အဲဒါ ဘာရှုရမှာတုံးလို့မမေးနဲ့။ ဖြစ်လဲဖြစ်လို့ ပျက်လဲပျက်တာကို ရှုရမှာပဲ (မှန်ပါ့)၊ သဘောပေါက်ပါလား (ပေါက်ပါပြီ)။
ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်။ ဒါ သူ့စိတ်၏ ပင်ကိုသဘောပဲ။ (မှန်ပါ့)။
အဲဒီတော့ စိတ်က အာရုံမရှိဘဲနဲ့လဲ မပေါ်နိုင်ဘူးနော် (မှန်ပါ့)။
အာရုံမရှိဘဲနဲ့လဲ (မပေါ်နိုင်ပါဘူး)။
မပေါ်နိုင်ဘူးတဲ့။ အဲဒီတော့ အာရုံကြောင့်လဲ ပေါ်တယ် နော် (မှန်ပါ့)၊ သူပေါ်လိုက်တော့လဲ ပေါ်ပြီးသည်၏အခြားမဲ့၌ သူ့အသက်တမ်းကုန်လို့လဲ ပျက်တယ်။ (မှန်ပါ့)၊ ရှင်းပါလား (ရှင်းပါပြီ)။
အာရုံကြောင့်လဲ (ပေါ်ပါတယ်)၊ အသက်တမ်းကုန်လို့လဲ (ပျက်ပါတယ်)။
ဒါဖြင့် ပေါ်တာနဲ့ ပျောက်တာပဲရှိတယ်။ (မှန်ပါ့) သဘောပေါက်ပါလား (ပေါက်ပါပြီ)။
ဘာရှိသတုံး (ပေါ်တာနဲ့ပျောက်တာပဲ ရှိပါတယ်) ပေါ်တာနဲ့ပျောက်တာပဲရှိတယ်လို့ မှတ်ထား။ ဪ စိတ်၏ ပင်ကိုသဘောပြောစမ်းပါဆိုတော့ ပေါ်တာနဲ့ ပျောက်တာဟာ သူ့ပင်ကိုသဘော (မှန်ပါ့)၊ ရှင်းကြပါလား (ရှင်းပါပြီ)။
အဲဒီတော့ ပေါ်တာနဲ့ပျောက်တာကို ကျုပ်တို့က ပကတိမျက်လုံးနဲ့မကြည့်ဘဲနဲ့ ဉာဏ်မျက်လုံးနဲ့ကြည့်ရတယ်။ (မှန်ပါ့)။
ဉာဏ်မျက်လုံးနဲ့ကြည့်
ဉာဏ်မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျတော့ သမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့ မဂ္ဂင်ငါးပါးမှာ သမ္မာဒိဋ္ဌိ ခေါင်းဆောင်တယ်။ အဲဒီသမ္မာဒိဋ္ဌိ ခေါင်းဆောင်တော့ သမ္မာဒိဋ္ဌိခေါင်းဆောင်ထားပြီး သကာလ ဦးသွင်တို့ကကြည့်ပေးရမယ်။ (မှန်ပါ့)။
ကြည့်ပေးတဲ့အခါကျတော့ ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်ဆိုတာ ကျုပ်တို့ဉာဏ်ထဲမှာ မထင်လာပေဘူးလား (ထင်လာပါတယ်)။
အဲဒီကဲ့သို့ ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါ မထင်လာပေဘူးလား (ထင်လာပါတယ်)၊ ထင်တဲ့ဥစ္စာသည် ခန္ဓာပျက်တာပဲမှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ဘာလို့တုံး။ ဝိညာဏက္ခန္ဓာပျက်တာကိုး (မှန်ပါ့)။
သူတစ်ပါး ဝိညာဏက္ခန္ဓာလား မိမိဝိညာဏက္ခန္ဓာလား (မိမိဝိညာဏက္ခန္ဓာပါ) မိမိဝိညာဏက္ခန္ဓာပျက်တယ်လို့ မှတ်ထားလိုက်စမ်းပါနော် (မှန်ပါ့)။
ဪ ဒါဖြင့် မိမိဝိညာဏက္ခန္ဓာပျက်တာကို ဝိညာဏ်က စိတ်ပဲနော် ခန္ဓာက အစု။ ဘာကြောင့်တုံးဆိုတော့ စိတ်ဟာ သူတစ်ခုတည်းဖြစ်နေတာမဟုတ်ဘူး၊ သညာဝေဒါနာ သင်္ခါရ ဟုတ်လား (မှန်ပါ့)။ သူနဲ့အတူတကွ ဖြစ်ပေါ်တဲ့ရုပ်ဆိုတော့ အစုကြီးပျက်တယ်။ (မှန်ပါ့)။
ဒါကြောင့် ဝိညာဏတွင် ပျက်တာမဟုတ်ဘူး၊ ခန္ဓာပါ ပျက်တယ်။ သဘောကျပါလား (ကျပါပြီ)၊ ဒါဖြင့် ဝိညာဏ်အစုကြီးပျက်တယ်။ ရှင်းပါလား (ရှင်းပါပြီ)။
ဝိညာဏ်အစုကြီးပျက်တယ်
ဘာပျက်သတုံး (ဝိညာဏ်အစုကြီးပျက်ပါတယ်)။
သာမညပြောတော့ ဝိညာဏ်ပျက်တယ်၊ (မှန်ပါ့)၊ ဟုတ်လား။ သေသေချာချာ ဉာဏ်နဲ့ ဝေဖန်လိုက်တဲ့ အခါကျတော့ ဝိညာဏ်နဲ့တကွ အစုကြီးပျက်တယ်။ (မှန်ပါ့) သဘောကျပါလား (ကျပါပြီ)။
ဝိညာဏ်နဲ့တကွ (အစုကြီးပျက်ပါတယ်) အစုကြီးပျက်တယ်လို့ ဒကာ ဒကာမတွေက ယူပါနော် (မှန်ပါ့)။
အဲဒီ အစုကြီးပျက်တာကို အစုကြီးကို မြင်သလား၊ ပြဋ္ဌာန်းတာမြင်သလားလို့ မေးတဲ့အခါကျတော့မှ ဟဲ့ ပျက်တော့အတူတူပျက်တာပဲ။ ဉာဏ်ထဲမှာထင်တော့ ပြဋ္ဌာန်းတာပဲထင်တယ်။ ပြဋ္ဌာန်းတာက စိတ်က ပြဋ္ဌာန်းနေတယ် (မှန်ပါ့) သဘောကျပါလား (ကျပါပြီ)။
မြင်စိတ်က ပြဋ္ဌာန်းနေတော့ မြင်စိတ်ပျက်တာပဲ၊ မြင်တာပဲ။ ကျန်တာတွေကတော့ဖြင့် အစုသဘောနဲ့သာ ပါသွားရတယ်။ သူတို့ကိုမြင်လိုက်တယ်လဲ မဟုတ်ဘူး။ ရှင်းပါလား (ရှင်းပါပြီ)။
ခေါင်းဆောင်ကိုသာမြင်လိုက်တယ်။ နောက်လိုက်တွေကို (မမြင်ပါဘူး)။
ဘာကြောင့်တုံး ဆိုတော့ ဟိုဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့၊ တခြားသောတရားတွေက ဝေဒနက္ခန္ဓာ သညက္ခန္ဓာ သင်္ခါရက္ခန္ဓာတွေက စိတ်လောက် ကိုယ်က အာရုံထဲမှာ ဉာဏ်နဲ့စိုက်ထားတဲ့အခါ စိုက်သာ စိုက်ထား လိုက်တော့ ဟိုဟာတွေက မထင်မရှားဘဲနဲ့ပေါ်ပြီး မထင်မရှားဘဲနဲ့ ပျက်ရတယ် (မှန်ပါ့) သဘောပေါက်ပါလား (ပေါက်ပါပြီ)။
ဒါဖြင့် ဝိညာဏ်သာပျက်သလား၊ ခန္ဓာပါပျက်သလား မေးတော့ ဘယ့်နှယ်ပြောမလဲ (ခန္ဓာပါ ပျက်ပါတယ်) အဲ ဝိညာဏက္ခန္ဓာ အနိစ္စံဆိုတာ လိုက်သွားပြီ (မှန်ပါ့) ဝိညာဏံ အနိစ္စံ၊ ဝိညာဏက္ခန္ဓာ အနိစ္စံ အတူတူပဲ (မှန်ပါ့)။
ဘာနဲ့မြင်သတုံးဆိုတော့ သမ္မာဒိဋ္ဌိနဲ့
အဲဒီကဲ့သို့ ပျက်မှုကြီးကို ဒကာ ဒကာမတွေက မြင်တော့ ဘာနဲ့မြင်သတုံးဆိုတော့ သမ္မာဒိဋ္ဌိနဲ့ မြင်တယ် ဘုရာ့။
ဆိုတော့ ဒကာ ဒကာမတွေ ပေးထားတဲ့စာရွက်ကလေးမှာ သမ္မာသင်္ကပ္ပလဲ ပါပါတယ် နော် (မှန်ပါ့)၊ သမ္မာဝါယာမလဲ ပါတယ်၊ သမ္မာသတိလဲ ပါတယ်၊ သမ္မာ သမာဓိလဲ ပါပါတယ်။ သို့သော်လဲ ဒီစိတ်တစ်လုံး၏ ဖြစ်မှုစိတ်ကလေး၏ ပျက်မှုကိုတော့ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပမှ နှစ်ခုကသာ ခေါင်းဆောင်ပြီး မြင်သွားတယ်နော် (မှန်ပါ့)၊ ကျန်တဲ့သုံးခုက နောက်လိုက်အဖြစ်နဲ့သာ၊ အကူအညီအဖြစ်နဲ့သာ သူတို့က ပေးကြရတယ်။ မြင်တာကတော့ သမ္မာဒိဋ္ဌိကမြင်တယ် (မှန်ပါ့)၊ ရှင်းပါလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီနေရာ သမ္မာဒိဋ္ဌိက ပညာဖြစ်သောကြောင့် ပဋိစ္စသမုပ္ပာဒ်ကြည့်လိုက်တဲ့အခါမှာ ဒုတိယအကွက် စိတ်ကို တတိယအကွက်မရောက်ခင် မဂ္ဂင်ငါးပါးနဲ့ ရှုပါလို့ ဆရာဘုန်းကြီးက သင်ထားတယ် (မှန်ပါ့)၊ မသင်ဘူးလား (သင်ပါတယ်)။
ထိုကဲ့သို့သင်ထားတော့ ဒီထဲမှာလဲ မဂ္ဂင်ငါးပါးထဲလဲ ဘယ်သူဆရာဖြစ်နေသလဲ (သမ္မာဒိဋ္ဌိမဂ္ဂင်) သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပနဲ့ ကျန်တာတွေက အကူအညီအဖြစ်နဲ့ မြင်ခွင့်ကို အကူအညီပေးကြတာလို့ မှတ်ပါ (မှန်ပါ့)။
ပညာမဂ္ဂင်ကသာ ပြဋ္ဌာန်းနေတယ်
မြင်ခွင့်ကို (အကူအညီပေးကြတာပါ)၊ အကူအညီပေးကြတာလို့ မှတ်လိုက်တော့ကို ဪ ဒါဖြင့် တို့လုပ်နေတာက ပညာမဂ္ဂင်နဲ့ သမာဓိမဂ္ဂင်နှစ်ခုတွဲပြီး သကာလ ဒီအထဲပါငြားသော်လဲ ပညာမဂ္ဂင်ကသာ ပြဋ္ဌာန်းနေတယ်၊ သမာဓိမဂ္ဂင်သုံးပါးက မပြဋ္ဌာန်းပါလားဆိုတာ အစောကြီးမှတ်လိုက်စမ်းပါ (မှန်ပါ့)။
ပညာမဂ္ဂင်က ဦးသွင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပနော် (မှန်ပါ့)၊ သမာဓိမဂ္ဂင်က သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ (မှန်ပါ့)၊ ရှင်းပါလား (ရှင်းပါပြီ)။
အဲဒီတော့ ပညာမဂ္ဂင်နဲ့ သမာဓိမဂ္ဂင်ပါငြားသော်လဲ စိတ်ဖြစ်ပျက်ကို တကယ်စူးစူးစိုက်စိုက်မြင်တာကတော့ ပညာမဂ္ဂင်ကသာ မြင်တယ်။ သမာဓိမဂ္ဂင်က (မမြင်ပါဘူး)။
မမြင်ပေမယ့်လဲ အကူအညီပေးတယ်။ (မှန်ပါ့) သဘောပေါက်ပါလား (ပေါက်ပါပြီ)။
မမြင်ပေမယ့်လဲ (အကူအညီပေးပါတယ်)။
ဪ ဒါဖြင့် ဝိပဿနာရှုနေခိုက်မှာ တစ်ခုသော စိတ်၏ဖြစ်မှုပျက်မှုကို သမာဓိပညာတို့က မြင်တယ် (မှန်ပါ့) ဆိုတော့ ဆိုရမှာပဲနော် (မှန်ပါ့)။
သမာဓိပညာရှိလို့ မြင်သည်။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
သို့သော် သမာဓိကမြင်သလား ပညာကဦးစီးနေသလားလို့ဆိုတော့ ဘယ့်နှယ်ဖြေကြမလဲ (ပညာက ဦးစီးနေပါတယ်)၊ ပညာက ခေါင်းဆောင်လုပ်နေတယ်။ (ဝါ) ပညာက ဦးစီးနေတယ်ဆိုတာ သေချာသွားပြီ (မှန်ပါ့)။
ဒါဖြင့် ပညာကမြင်တော့ကို ကျန်တာတွေက အခြံအရံ အကူအညီအဖြစ်နဲ့သာ အားပေးကြတယ်။ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
အဲဒီတော့ကို ပဋိစ္စသမုပ္ပာဒ်မှာကြည့်လိုက်တော့ ဒုတိယအကွက် စိတ်ကို တတိယအကွက်မရောက်ခင် မဂ္ဂင်ငါးပါးနဲ့ကြည့်လိုက်ပါ နော် (မှန်ပါ့)။
မဂ္ဂင်ငါးပါးနဲ့ ကြည့်လိုက်တော့ ခေါင်းဆောင်က ပညာမဂ္ဂင်ဖြစ်သွားတယ်။ နော် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ်)။
အဲဒီတော့ နောက်က ကိလေသာ လာသေးသလား။ တဏှာဥပါဒါန်က လာသေးသလား (မလာပါဘူး)။
ပဋိစ္စသမုပ္ပာဒ်မှာကြည့်ပါ။ တဏှာဥပါဒါန်ကံ (မလာပါဘူး)။
ပညာနဲ့ကိလေသာမှ လွတ်သွားပြီ
တဏှာဥပါဒါန်ကံ မလာဘူး။ ဒါဖြင့် ပညာနဲ့ကိလေသာမှ လွတ်သွားပြီ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ပညာနဲ့ နောက် ကိလေသာမှလွတ်သွားတယ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒုတိယကွက်နဲ့ တတိယကွက်ကြားထဲမှာ မဂ္ဂင်သွင်းလိုက်တဲ့အတွက် ပညာမဂ္ဂင်ကို ခေါင်းဆောင်လုပ်ပြီး သွင်းလိုက်တဲ့အတွက် တတိယအကွက်ဖြစ်တဲ့ တဏှာဥပါဒါန်ကံလာသေးရဲ့လား (မလာပါဘူး)။
တဏှာဥပါဒါန်ကံ မလာတာသည် အားလုံး ဒကာ ဒကာမတို့ပညာကြောင့် နောက် ကိလေသာ လွတ်မြောက်သွားတယ် (မှန်ပါ့)။
နောက် ကိလေသာသည် ကျုပ်တို့၏ကံအဖြစ်နဲ့ကံကို အားပေးနိုင်သေးသလား လို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (မပေးနိုင်ပါဘူး)။
တဏှာမှမလာတော့ ကံကလဲ သူချည့် ရှေ့သွားအဖြစ်နဲ့လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး)။ တဏှာမလာတော့ ဥပါဒါန်မလာဘူး။ ဥပါဒါန်မလာတော့ ကံမလာ (မှန်ပါ့)၊ ပေါ်ကြပါလား (ပေါ်ပါပြီ)။
အဲဒီတော့ ဒီလိုကံမလာတော့ကို ဥပါဒါန်မလာလို့ တဏှာမလာဘူး။ ကံ ဥပါဒါန် တဏှာ တတိယကွက်မှာ လာသေးသလား (မလာပါဘူး)။
ဘယ်အချိန်မှာ မလာတာတုံးဆိုတော့ ယခု ပစ္စုပ္ပန်ပညာမဂ္ဂင်ဝင်နေမယ့်အချိန် မလာတာပဲ (မှန်ပါ့)။
ဘယ်အချိန်က မလာသတုံး (ပစ္စုပ္ပန်ပညာမဂ္ဂင် ဝင်နေတဲ့အချိန် မလာပါဘူး)။
အဲ ပစ္စုပ္ပန်ကာလပဲ။ ပညာမဂ္ဂင်ဝင်နေလို့မလာတော့ ဪ ဒါဖြင့် ပညာနဲ့ ကိလေသာလွတ်သွားတယ် (မှန်ပါ့)၊ ရှင်းပါလား (ရှင်းပါပြီ)။
ဘာနဲ့ကိလေသာတွေ လွတ်သွားသလဲ (ပညာနဲ့ကိလေသာတွေ လွတ်သွားပါတယ်)။
ပညာနဲ့ကိလေသာ လွတ်သွားတယ်လို့ဆိုတော့ ဒီနေရာမှာ သမထဟာ သမာဓိဆိုတဲ့သုံးခုဟာ ပါပင်ပါသော်ငြား သော်လည်း သူတို့သည်တဲ့ ပဓာနမဟုတ်လို့ မှတ်နော် (မှန်ပါ့)။
သူတို့ဘာတုံး အပဓာန။ မပြဋ္ဌာန်းတဲ့ အဖြစ်နဲ့ပါသွားတယ် (မှန်ပါ့)၊ ပြဋ္ဌာန်းတဲ့ခေါင်းဆောင် အဖြစ်ကတော့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပလို့ ဦးသွင်မှတ်ပါ (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ်)။
ဒါသဘောတွေ သေသေချာချာ နားထောင်ပါ။ သဘောတွေပြောနေတဲ့အတွက် ဪ သမာဓိက အလကားပဲ။ ပညာကမှ ကိလေသာ လွတ်စေနိုင်တယ်။ ပေါ်ကြပါလား (ပေါ်ပါပြီ)။
တတိယ အကွက်လာသေးလား (မလာပါဘူး)၊ အဲဒါဘယ်သူ့ကြောင့်တုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (ပညာကြောင့်ပါ ဘုရား)။
ပညာကြောင့်ဆိုတော့ ပညာက ဒုတိယအကွက်နဲ့ တတိယအကွက်ကြားထဲမှာ သူဝင်နေတယ် (မှန်ပါ့) မဝင်လာသေးဘူးလား (ဝင်လာပါတယ်)။
အဲ ဒုတိယအကွက်နဲ့ တတိယအကွက်ကြားထဲ ပညာဝင်လာတော့ တတိယအကွက်မှာ တဏှာဥပါဒါန်ကံ ဆိုတဲ့ သမုဒယသစ္စာလာသေးလား (မလာပါဘူး)။
ကိလေသာရော ကံရော လွတ်သွားတာ
ဒါဖြင့် ဒီကိလေသာတွေ ကိလေသာရော ကံရော လွတ်သွားတာ ဘယ်သူ့ကြောင့်တုံးလို့ မေးလို့ရှိရင် လွတ်မြောက်သွားတော့ သူတို့မလာဘဲ နေလိုက်တာဟာ ဘယ်သူ့ကြောင့်တုံးလို့မေးလို့ရှိရင် ပညာကြောင့်ပဲ (မှန်ပါ့) ပေါ်ကြပါလား (ပေါ်ပါပြီ)။
ဘယ်သူ့ကြောင့်တုံး (ပညာကြောင့်ပါ ဘုရား) ပညာကြောင့်။
ဒါကြောင့် ပညာကမှ သူ့ဖြစ်ပျက် မြင်စိတ်ကလေး၏ ဖြစ်ပျက်ကို ပညာကမှ ဒုက္ခသစ္စာသိတာ (မှန်ပါ့) သမာဓိသုံးခုက မသိဘူး (မှန်ပါ့)။
ဒါကြောင့် သမာဓိမဂ္ဂင်သုံးခုက သစ္စာသိရဲ့လား (မသိပါဘူး)၊ ဖြစ်ပျက်ဒုက္ခသစ္စာကို သိရဲ့လား။ (မသိပါဘူး)၊ ပညာမဂ္ဂင်ကတော့ (သိပါတယ်)။
ဒါကြောင့် သစ္စာသိ မသိ ကွာနေတယ်။ သမာဓိက နိဗ္ဗာန်မရောက် (မှန်ပါ့)၊ ရှင်းပါလား (ရှင်းပါပြီ) ပညာကမှ (နိဗ္ဗာန်ရောက်ပါတယ်)။
ဒါ သေသေချာချာမှတ်ပါ။ သစ္စာသိ မသိနဲ့ ဝေဖန်လိုက်တော့မှ ရှင်းသွားတယ် (မှန်ပါ့)၊ ပေါ်ပါလား (ပေါ်ပါပြီ)။
ဒါကြောင့် ဒီထဲမှာ သမာဓိပညာက ငါးခုတော့ ပါပါတယ်ဆိုတာ ဘုရားကဟောလို့ ဆရာဘုန်းကြီးက ဟောတယ် နော် (မှန်ပါ့)။
သို့သော် ဖြစ်ပျက်ဒုက္ခသစ္စာကို မြင်တာကတော့ကို ဘယ်သူကမှ မြင်တယ် (ပညာကမှမြင်ပါတယ်)၊ ပညာကမှ မြင်တယ်ဆိုတာ ကျေနပ်ပါလား (ကျေနပ်ပါပြီ)။
ဒါဖြင့် ဒီနေရာက သစ္စာမြင်တာပေါ့၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ဟိုဟာတွေက သစ္စာမြင်သလား၊ သစ္စာမြင်ဖို့ အကူအညီပေးရတာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (သစ္စာမြင်ဖို့ အကူအညီပေးရတာပါ ဘုရား)။
သမာဓိသက်သက်သည် သစ္စာမမြင်
သူတို့ကမြင်တာတော့မဟုတ်ဘူး (မှန်ပါ့)၊ ဒါကြောင့် သမာဓိသက်သက်သည် သစ္စာမမြင်သောကြောင့် နိဗ္ဗာန်မရောက်နိုင်ဘူး။ ပညာက သစ္စာမြင်၍ နိဗ္ဗာန်ရောက်တယ် (မှန်ပါ့)။
ဒီစကားတစ်လုံးဟာ ဦးသွင်ရဲ့ သေးသေးကွေးကွေး မှတ်မနေနဲ့။ (မှန်ပါ့)၊ ဒါ တော်တော်အရေးကြီးတဲ့စကား ဟင် (မှန်ပါ့)၊ သစ္စာနဲ့ဝေဖန်ပြောနေတာကိုး (မှန်ပါ့)။
ဟေ့ နောက်က ဒကာ ဒကာမတွေက နားလည်ရဲ့လား (မှန်ပါ့)၊ ပညာကဘာမြင်သတုံး (သစ္စာမြင်ပါတယ်)၊ ဖြစ်ပျက်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ အဲ ပညာကမြင်တယ်၊ သမာဓိက မြင်ကို မမြင်ဘူး (မှန်ပါ့) သမာဓိက ဒီနေရာရောက်အောင် ပညာပို့ပေးတာပဲရှိတယ်။ ခင်ဗျားနေရာတော့ ခင်ဗျားရောက်ပြီ၊ ခင်ဗျားသာစီမံတော့ဆိုပြီး သကာလ ရောက်အောင်ပို့တာပဲရှိတယ်တဲ့။ သူကတော့ ဒီနေရာမှာ ဘာရှိတယ်လို့ သိတာမဟုတ်ဘူး (မှန်ပါ့)။
ရောက်အောင်တော့ပို့ပေးတယ် (မှန်ပါ့)၊ ဒီနေရာဘာရှိတယ်လို့တော့ (မသိပါဘူး)၊ မသိဘဲဆိုတဲ့ အဓိပ္ပာယ်လဲ ရှင်းပါလား (ရှင်းပါပြီ)။
ကောင်းပြီ။ ဒါဖြင့် ပညာမှကိလေသာ လွတ်နိုင်တယ်။ ဆုံးဖြတ်ချက်လိုက် နော် (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ပညာမှကိလေသာလွတ်နိုင်ပါတယ်)။ ပညာမှ ကိလေသာကိုလွတ်မြောက်နိုင်တယ် (မှန်ပါ့)၊ ရှင်းကြပါလား (ရှင်းပါပြီ)၊ သမာဓိနဲ့ ကိလေသာ မလွတ်မြောက်နိုင် (မှန်ပါ့)၊ သဘောပေါက်ပါလား (ပေါက်ပါပြီ)။
တန်ဖိုးပြာဋိဟာပြနိုင်ရုံပဲ
သမာဓိက လောကီမှာ တန်ဖိုးပြာဋိဟာပြနိုင်ရုံပဲရှိတယ်။ ဟုတ်လား (မှန်ပါ့)၊ သံသရာမှ ထွက်မသွားနိုင်ဘူး။
တန်ခိုးပြာဋိဟာ ပြနိုင်တာက သမာဓိတန်ခိုး (မှန်ပါ့)၊ သံသရာဒုက္ခဝဋ်မှထွက်သွားတာက ပညာတန်ခိုး (မှန်ပါ့ ဘုရား)၊ မထူးခြားသေးဘူးလား (ထူးခြားပါတယ် ဘုရား)၊ထူးခြားသွားပြီဆိုတာ သေသေချာချာမှတ်ပါ။ နော်(မှန်ပါ့)။
အဲဒီတော့ တန်ဖိုးပြာဋိဟာပြနိုင်တာက သမာဓိတန်ခိုး။ သံသရာဝဋ်မှ ထွက်သွားနိုင်တာက ပညာတန်ခိုး။ နော် (မှန်ပါ့)၊ ရှင်းပါလား (ရှင်းပါပြီ)။
ရှင်းတော့ကို တန်ဖိုးပြာဋိဟာ ပြနိုင်ငြားသော်လည်း ဒုက္ခဝဋ်က မကျွတ်သေးလို့ရှိရင် လူတန်းစားထဲကပဲ ရှိသေးတယ်၊ အိုဘေး နာဘေး သေဘေးနဲ့ပဲ (မှန်ပါ့)၊ လူတန်းစား မဖြစ်ဘူးလား (ဖြစ်ပါတယ်)။
လူတန်းစားထဲက ဆိုတော့ ဘာထူးခြားသတုံးမေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မထူးခြားပါဘူး)၊ ဘာမှမထူးခြားဘူး (မှန်ပါ့)။
လောကကြီးမှာ လူပုံအလယ်မှာ ကောင်းကင်ပျံမြေလျှိုး သူတစ်ပါးပြောတာသိ၊ ဒိဗ္ဗစက္ခုဆိုရင် အဝေးရှိတဲ့အာရုံတွေမြင် ဒိဗ္ဗသောတာဆိုရင် အဝေးရှိတာတွေကြား သူအဲဒါလိုတာပဲရှိတယ်နော် (မှန်ပါ့)။
အိုဘေး နာဘေး သေဘေးမှာ သူတစ်ပါးနဲ့ သမာဓိသမားနဲ့ ဒီ့ပြင်တိရစ္ဆာန်တွေနဲ့၊ ဒီ့ပြင်လူတွေနဲ့ သမာဓိလုပ်တဲ့လူနဲ့ တစ်တန်းတည်းပဲ ရှိသေးတယ်ဆိုတာ မှတ်လိုက် (မှန်ပါ့)၊ ရှင်းပါလား (ရှင်းပါပြီ)။
အဲဒါကြောင့် ဘာမှခရီးမပေါက်သေးတဲ့အလုပ်တစ်ခုပဲလို့ဆိုတာ ဒီတရားပွဲမှာမှတ်ရမယ် (မှန်ပါ့)၊ သဘောပါပါလား (ပါပါပြီ)။
ကြည့်စမ်းပါလား ဟိုစိတ်ကလေးဖြစ်ပျက်ဆီ သူရောက်အောင်တော့ ပို့လိုက်တယ်တဲ့၊ ဟိုစိတ်၏ပင်ကို သဘောကို သူမသိတော့ဘူး (မှန်ပါ့ မသိပါဘူး)၊ ဒါဖြင့် သူသစ္စာမသိတာပေါ့ (မှန်ပါ့)။
စိတ်၏ပင်ကို သဘောဖြစ်မှု ပျက်မှု ဒုက္ခသစ္စာ အဲဒါ သူသိခဲ့သလား။ သွားတော့ ငါးခုစလုံး ဟိုအာရုံရှိရာ သွားကြတာပဲ။ မဟုတ်ဘူးလား (မှန်ပါ့)။
သွားပြီးတော့ သူသိသလားလို့မေးတော့ သမာဓိမဂ္ဂင်သုံးပါးက သိသလား ပညာမဂ္ဂင်နှစ်ပါးက သိသလားမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ပညာမဂ္ဂင်နှစ်ပါးက သိပါတယ်)။
ပညာမဂ္ဂင်နှစ်ပါးကသိတော့
ပညာမဂ္ဂင်နှစ်ပါးကသိတော့ သူက ဪ ပညာရှိတစ်ယောက်ကို ဟုတ်လား။ ပညာအသုံးချမည့်နေရာကို ပညာပြတိုက်ကို လိုက်ပို့ပေးပါဆိုလို့ သူက ပညာပြတိုက်ရှိရာသာသိတယ်။ ပညာပြတိုက်၏အရသာကို သူမသိဘူး (မှန်ပါ့)။
ဒီလို နောက်ကလိုက်ပို့တဲ့လူတစ်ဦးတစ်ယောက်သာသိတယ်၊ ပညာ့အရသာကို ပညာ၏အရသာကို ခံစားဖို့၊ ပညာခံစားတဲ့အရသာမျိုးကို ခံစားဖို့ သူ့မှာဝတ္တရားမရှိဘူး၊ သမာဓိမဂ္ဂင်မှာ (မှန်ပါ့)၊ သဘောပါပါလား။ (ပါပါပြီ) ကဲ ဒါဖြင့် ရှင်းပါပြီ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ပညာနဲ့ ကိလေသာလွတ်အောင်လုပ်တဲ့နည်းကို ဆရာဘုန်းကြီးက ဟောနေတယ်လို့ မှတ်ရတော့မယ်။ နော် (မှန်ပါ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ လာတဲ့အခါ ဖြစ်မှုပျက်မှုကို ရှုပေးဆိုပြီး သကာလ အားပေးလိုက်တယ်။ သမာဓိကို အထူးမပေးတော့ဘူး (မှန်ပါ့)၊ ပေါ်ကြပါလား (ပေါ်ပါပြီ)။
ဘယ့်နှယ်ကြောင့် သမာဓိအား မပေးတာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ သာသနာပတရား ဖြစ်တာလဲတစ်မျိုး နော်(မှန်ပါ့)၊ သာသနာပတရား ဖြစ်တာလဲတစ်မျိုးဆိုတာကောသိပါလား (သိပါပြီ)၊ သူသည် ဝဋ်ကျွတ်ဖို့လဲ မကူးနိုင်ဘူးဆိုတာကော (သိပါပြီ ဘုရား)။
သိတော့ကိုတဲ့ ဒီမှာအကူအညီမှုလောက်ပဲ သူ့ကိုခိုင်းတော့တယ်၊ ခုခေါင်းဆောင်အဖြစ်နဲ့ သူ့ကို မခိုင်းတော့ဘူး (မှန်ပါ့)၊ ကျေနပ်ပါလား (ကျေနပ်ပါပြီ)။
ဒါက သေသေချာချာမှတ်ပါ၊ သေသေချာချာမှတ်ပါ။
ကိုင်း ဒါဖြင့် မြင်စိတ်ကလေးသည် ဖြစ်မှုပျက်မှုကို မြင်တာသည် သမာဓိကမြင်သလား ပညာက မြင်သလား (ပညာကမြင်ပါတယ်)။
ပညာကမြင်သောကြောင့် ပညာကဒုတိယကွက်မှာ ရှိတဲ့စိတ်တွေကို မနာယတန စိတ်တွေကို မြင်တယ်၊ ဟုတ်လား (မှန်ပါ့)။
ပညာက ဘယ်နေရာကမြင်သတုံး
ပညာက ဘယ်နေရာကမြင်သတုံး မေးတော့ မနေ့ညပဲပြောခဲ့ပါသေးတယ်။ ဒုတိယနဲ့ တတိယကြားထဲမှာ လာပြီးမြင်တယ်။ မပြောဘူးလား (ပြောပါတယ်)။
ဒုတိယနဲ့တတိယကြားထဲမှာလာပြီး မြင်တယ်ဆိုတာ သဘောပါပါလား (ပါပါပြီ)။
ဒါဖြင့် တတိယဆိုတဲ့ တဏှာဥပါဒါန်ကံ ဦးသွင်လာ မလာ (မလာပါဘူး)။
မလာတော့ ပညာကြောင့်လွတ်တာလား၊ သမာဓိကြောင့် လွတ်သွားတာလား ဒီတတိယအကွက် မလာတာ။ (ပညာကြောင့်လွတ်သွားတာပါ)၊ ပညာကြောင့်လွတ်သွားတာဆိုတာ သဘောပါကြပါလား (ပါပါပြီ)။
ဒါကြောင့် ခင်ဗျား လုပ်နေတဲ့ဥစ္စာ တစ်ချက်မြင် တစ်ချက်လွတ်သွားတာပဲ ကိလေသာတွေ (မှန်ပါ့)။
တစ်ချက်မြင်ရင် (တစ်ချက်လွတ်သွားပါတယ်)။
အဲ များများမြင်လို့ရှိရင် ဒီကိလေက ဝေးသွားမှာပဲ။ မဝေးပေဘူးလား (ဝေးပါတယ်)။
ကောင်းပြီ၊ ဒါကိလေသာဝေးဖို့အလုပ်၊ ဝေးရာကနေပြီး ပျောက်သွားဖို့အလုပ်ဟာ ခင်ဗျားတို့ သမာဓိအလုပ်လား ပညာ၏အလုပ်လားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ (ပညာ၏အလုပ်ပါ ဘုရား)၊ ပညာ၏အလုပ်ဆိုတာ ကျေနပ်ပါလား (ကျေနပ်ပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒီနေရာ အရေးကြီးတော့တယ်ဆိုတာ ပေါ်ရော့ပေါ့ (မှန်ပါ့)။
ဒါကြောင့် ပညာဟိ သေဌော လောကသ္မိံ ၊ (ဣတိဝုတ္တကပါဠိ၊ ၂၁၉။ သုတ္တနိပါတ်ပါဠိတော်)။ လောကသ္မိံ လောကကြီးထဲ၌၊ ပညာဟိ-ပညာဧဝ ပညာသည်သာလျှင်၊ သေဋ္ဌော အမြတ်ဆုံးတဲ့ (မှန်ပါ့)၊ သမာဓိမြတ်တယ်လို့ မလာဘူး (မှန်ပါ့)၊ ပညာမြတ်တယ်လို့ ဟောတယ် ဘုရားကနော် (မှန်ပါ့)။
ထိုးဖောက်ပြီးမြင်နိုင်တယ်
ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ ယာယံ ပညာ- အကြင်ရှုတဲ့ပညာသည်၊ နိဗ္ဗေဓဂါမိနီ သူတစ်ပါး မထိုးဖောက်နိုင်တဲ့ နေရာကို ထိုးဖောက်ပြီးမြင်နိုင်တယ် (မှန်ပါ့)။
သူတစ်ပါး မထိုးဖောက်နိုင်တဲ့နေရာကို (ထိုးထောက်ပြီးမြင်နိုင်ပါတယ်)၊ သဘောပါမလား (ပါပါပြီ)။
ဒီဖြစ်ပျက်ဆိုတဲ့ဥစ္စာ ဗြဟ္မာကြီးတွေက မျက်လုံးပေါင်း ထောင်သောင်းနဲ့ကြည့်ပြီး ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင်မြင်ငြား သော်လဲ ဖြစ်ပျက်ကိုမြင်မှ မမြင်ဘဲနော် (မှန်ပါ့)။
ပညာကတော့ အဝိဇ္ဇာထုကြီး ထိုးဖောက်ပြီး သကာလ မမြင်ဘူးလား (မြင်ပါတယ်)။
အဲဒါကြောင့်
ပညာဟိ သေဋ္ဌော လောကသ္မိံ၊
ယာယံနိဗ္ဗေဓဂါမိနီ။
ယာယ သမ္မာ ပဇာနာတိ။
ဇာတိဘဝပရိက္ခယံ။(ဣတိဝုတ္တကပါဠိ၊ ၂၁၉။)
ယသ္မာ အကြင်ကြောင့်၊ သာစ ထိုပညာသည်သာလျှင်၊ ပဇာနာတိ ဖြစ်ပျက်ဒုက္ခသစ္စာကိုသိ၏ တဲ့ (မှန်ပါ့)။ သဘောပါပြီလား (ပါပါပြီ)။
ဖြစ်ပျက်ဒုက္ခသစ္စာသိတော့ ဘာဖြစ်သတုံးမေးတော့ ဇာတိဘဝပရိက္ခယံ။ ဇာတိတွေ ဇရာတွေ မရဏတွေ လာသေးရဲ့လား (မလာပါဘူး)။
ဘယ်လာတော့မတုံး။ တတိယအကွက်မှမလာဘဲနဲ့ ဇာတိ ဇရာ မရဏဆိုတဲ့ စတုတ္ထအကွက်က လာလို့ဖြစ်ပါဦးမလား (မဖြစ်ပါဘူး)။ ရှင်းပြီလား (ရှင်းပါပြီ)။
ကဲ ဒါဖြင့် ပညာအားကိုးထိုက်တယ်ဆိုတာဖြင့် ပေါ်သွားပြီ (ပေါ်သွားပါပြီ)၊ မပေါ်သေးဘူးလား (ပေါ်သွားပါပြီ)။
ပညာအားကိုးထိုက်တယ် ဆိုတာ ပေါ်သွားပြီ။ ဒါက သုတ္တနိပါတ်ပါဠိတော်လို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဝတ္ထုသက်သေ သာဓကလေးနဲ့ ပြောကြစို့တော့နော် (မှန်ပါ့)၊ ဝတ္ထုသက်သေ သာဓကလေးနဲ့ ပြောကြစို့ဆိုတော့ ဒို့ဒကာ ဒကာမတို့ နိဒါနဝဂ္ဂသံယုတ်ပါဠိတော် မဟာဝဂ်မှာပါပါတယ်တဲ့။ သုသိမပရိဗိုဇ်ဟောတော့ ဒါဟောတာပဲ။ ပညာပဲဟောတယ် (မှန်ပါ့)။
မောင်ချစ်စိန် ဘာဟောသတုံး (ပညာပဲဟောပါတယ်)။
သုသိမပရိဗိုဇ်ဝတ္ထု
သုသိမပရိဗိုဇ်က ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဖြစ်ပေါ်လာတဲ့အခါ၊ ရာဇဂြိုဟ်ပြည်မှာနေတဲ့အခါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပွင့်ထွန်းပေါ်ပေါက်လာတော့ သုသိမတို့ ဒိဋ္ဌိအယူတွေယူတော့ ငတ်ကြပြတ်ကြတယ်။
ဒီတင် ဒိဋ္ဌိအစည်းအဝေးဖွင့်ပြီး သကာလ သုသိမကို မင်းဉာဏ်ထက်တယ်ကွာ၊ ရှင်ဂေါတမဆီသွားပညာသင်ကွာ။ ပြီးတော့မှ ပြန်လာပြီး ဒို့ဆီကိုသင်ပေး။ သင်ပေးပြီး ဒို့တရားလုပ်ဟောလို့ရှိရင် ရှင်ဂေါတမကိုပဲ ကိုးကွယ်ချင်တာတွေပေါမှာပေါ့ကွ ဆိုပြီး သကာလ ၊ သုသိမကို သဘောတူဆုံးဖြတ်ချက်ချပြီး သကာလ ဘုရားဆီ သင်္ကန်းဝတ်ပြီး ပညာသင်ခိုင်းတယ်ဆိုတာ အရင်တုန်းက ပြောဖူးပြီနော် (မှန်ပါ့)။
ပြောဖူးပါတယ်တဲ့။ သို့သော်လဲ ပညာအရေးကြီးလို့ ယခုအခါမှာ ပြန်ထုတ်လာတယ်လို့ မောင်သစ်မှတ်ရမယ် (မှန်ပါ့)။
ဒါနဲ့ ဘုရားဆီသွားတော့ ရှင်အာနန္ဒာဒီအရင်ဝင်ပြီး ရှင်အာနန္ဒာကို အပို့ခိုင်းတယ်။ (မှန်ပါ့)။
စိတ်ကောင်းနဲ့သွားတာလား၊ တရားတွေခိုးဖို့သွားတာလား (တရားတွေခိုးဖို့သွားတာပါ)။
တရားတွေခိုးဖို့သွားတယ်ဆိုတာကတော့ ထင်ရှားပါတယ်။ သူက အဖွဲ့ကလွှတ်ထားတဲ့လူကိုနော် (မှန်ပါ့)။
ဒိဋ္ဌိအဖွဲ့ကနေပြီး တရားအခိုးလွှတ်လိုက်တယ်။ တရားအခိုးလွှတ်လိုက်ပြီး ပြန်လာပြီး သူတို့ ဒီတရားကိုပဲ သူတို့ဝါဒနဲ့ရောပြီး သကာလ ဟောဖို့ ပြောဖို့ ဒကာဒကာမတွေကို ပြောရ ဟောရလို့ရှိရင် လာဘ်သပ္ပကာပေါမှုကို ရည်ရွယ်ချက်ထားပြီး သက်သက် သူလျှိုတစ်ယောက်ပဲဆိုတာ မောင်သစ်မှတ်ထားပါ (မှန်ပါ့)။
အဲဒီကဲ့သို့ လွှတ်ထားတော့ ရှင်အာနန္ဒာ သူဝင်ကပ်တော့ ရှင်အာနန္ဒကလဲ ဪ ဒီပုဂ္ဂိုလ် သူသိမဆိုတာ ဒိဋ္ဌိထဲမှာလဲ ခေါင်းဆောင်ကြီးပဲ။ ဗေဒင်တွေဘာတွေလဲ အတော် တော်တဲ့လူ၊ တော်တော်လက်မှုပညာတော့ ညံ့တဲ့လူတွေမဟုတ်ဘူး။ သူတို့က ခေါင်းဆောင်လဲ လုပ်နေသေးတယ်။ ဂေါတမ သာသနာတော်ကို ပြားပြားဝပ်ပြီး သကာလ ရောက်ချင်ပါတယ်ဆိုတာတော့ဖြင့် ငါလဲ သာဝကဉာဏ်နဲ့ တွေးကြည့်မသိဘူး။ ဘုရားမှသိမှာပဲ ဘုရားထံခေါ်သွားမှပဲ၊ သူ့သာသနာ့ဘောင်မှာ နေမယ်ဆိုငြားသော်လည်း ငါအခွင့်ပေးလို့ မဖြစ်ဘူးဆိုပြီး ဘုရားဆီခေါ်သွားတယ် (မှန်ပါ့)။
ဘုရားဆီ သုသိမ ခေါ်သွားတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြည့်လိုက်ပါတယ်၊ ငါဘုရားကြည်ညိုလို့လားလို့ ဉာဏ်နဲ့ကြည့်လိုက်တော့ ဒီလိုလဲမဟုတ်ဘူး။
တရားခိုးမလို့လာတာကိုး
ငါဘုရား၏တရားကို ကြည်ညိုလို့လားလို့ ဘုရားကတွေးလိုက်တယ်။ သုသိမလာတာ။ ဟာ ဒီလိုလဲမဟုတ်ဘူး။
သူဟာ ငါ၏တပည့်သားတွေ ကြည်ညိုလို့လားလို့ တွေးလိုက်တယ်၊ ဒီလိုလဲမဟုတ်ဘူး။ ဘုရားဉာဏ်ထဲမှာ မြင်လိုက်တယ် (မှန်ပါ့)။
နောက်တစ်ခါ ဆက်တွေးပြန်တော့ ဪ တရားခိုးမလို့လာတာကိုးဆိုတာ ပေါ်လာတယ် (မှန်ပါ့)။
တစ်ခါ ဆက်တွေးပြန်တယ် ဘုရာက။ တရားခိုးပြီး သကာလ သူဘာဖြစ်မှာတုံးလို့။ တရားခိုးပြီး ခိုးရင်းမတ္တနဲ့ကျွတ်တမ်းဝင်လိမ့်မယ်ဆိုတာ မြင်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
တရားခိုးရင်း မတ္တနဲ့ ဘာဖြစ်မယ်ထင်သတုံး (ကျွတ်တမ်းဝင်ပါတယ်)။
ကျွတ်တမ်းဝင်မှာမြင်တာတဲ့ ညီတော်အာနန္ဒာ သူ့သင်္ကန်းဝတ်ပေးလိုက်ပါကွာဆိုတဲ့အခွင့်ကို ပေးလိုက်တယ်ဆိုတာ ဒကာ ဒကာမတွေ သိရောပေါ့နော် (မှန်ပါ့)။
ပေးတဲ့အခါကျတော့ သုသိမက ဟန်ကျပြီဟေ့။ ခိုးခွင့်တော့ဖြင့် အတွင်းသူအတွင်းသားအဖြစ်နဲ့ကို ငါပါ ဝါရတယ်။ ဂုဏ်ရတာပဲဆိုပြီး သူ သိပ်ဝမ်းသာတယ်။ (မှန်ပါ့)။
ဝမ်းသာတော့ အခုလိုသီတင်းကျွတ်ချိန်ကျတော့ တောတွင်းမှာရှိတဲ့ ရဟန်းတွေများစွာက တစ်ဝါတွင်းလုံးအားထုတ်တဲ့အခါမှာ ခရီးပေါက်ရောက်ပြီး ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတဲ့ နိဗ္ဗာန်မြင်တဲ့ အရဟတ္တမဂ်ဉာဏ်၊ အရဟတ္တဖိုလ်ဉာဏ်တွေရကြတယ်။ (မှန်ပါ့)။
ရကြတာနဲ့ ပဝါရဏာပြုပြီး ဘုရားဆီကန်တော့ကြတယ်။ ဘုရားဆီကန်တော့လာကြတဲ့အချိန်မှာ မင်းတို့ဘယ့်နှယ်တုံး ဘုရားကမေးလိုက်တယ်။ မင်းတို့ ရဟန်းကိစ္စများ ပြီးကြရဲ့လားကွာ။ ပြီးပါတယ်ဘုရား။ ခီဏာဇာတိ ဝုသိတံ ဗြဟ္မစရိယံဆိုတဲ့အတိုင်း နာပရံဣတ္တတ္တာယာတိပဇာတိ ဆိုတာ တပည့်တော်တို့ အာသဝေါတရား ကုန်ပါပြီ။ ဇာတိနောက်တစ်ခါပြုစရာ လုံးဝမရှိပါဘူး ဆိုတော့ သုသိမကလဲ ဒီကိုယ်တော်တွေလာတာနဲ့ပဲ နောက်ကလိုက်သွားတော့ ဒီအဖြေတွေကြားတယ် (မှန်ပါ့)။
ဒီရဟန္တာတွေနဲ့သွားတွေ့တယ်
ခီဏာ ဇာတိ ဝုသိတ ဗြဟ္မစရိယံ၊ နာပရံဣတ္တတ္တာ ယာတိ ပဇာနာတိဆိုတဲ့ ပါဠိတွေဟာ အရေးကြီးတဲ့ပါဠိတွေပဲ၊ သို့သော်လည်း ဒီနေရာတွင် အရှင်ဘုရားတို့ ဘာပြောနေသတုံး မေးတော့ မဖြစ်သေးဘူးဆိုပြီး ဒီကိုယ်တော်တွေက ဘုရားလျှောက်ထား ဝပ်ချပြီး ဘေးနားကကျောင်းတွေ အာဂန္တုအဖြစ်နဲ့သွားကြတဲ့အခါ သုသိမက မယောင်မလည်နဲ့လိုက်သွားပြီး ဒီရဟန္တာတွေနဲ့သွားတွေ့တယ်။ နော် (မှန်ပါ့)။
အရှင်ဘုရားတို့ အရှင်ဘုရားတို့ဆီလျှောက်တာဟာ ရဟန္တာဖြစ်ပြီလို့ လျှောက်တာ မဟုတ်ဘူးလား၊ ဟုတ်တယ်ကွ။
အရှင်ဘုရားတို့ ရဟန္တာဖြစ်လို့ရှိရင် ကောင်းကင်ပျံနိုင်ရဲ့လား၊ မြေလျှိုးနိုင်ရဲ့လားလို့ သမာဓိအစွမ်းတွေမေးတယ် (မှန်ပါ့)။
သူတစ်ပါးပြောတာသိရဲ့လား၊ သူတစ်ပါးစိတ်တွေ သိရဲ့လား၊ အဝေးကအသံတွေ နားထောင်နိုင်ရဲ့လား၊ ကောင်းကင်မှာသွားနိုင်လား၊ နေတို့လတို့ကို လက်နဲ့သုံးသပ်နိုင်ရဲ့လားနဲ့ စုံလို့ပေါ့လေ (မှန်ပါ့)။
သူမေးတာတွေက ဘာတွေမေးတာတုံး (သမာဓိအစွမ်းတွေမေးပါတယ်)၊ သမာဓိကိစ္စတွေမေးနေတယ်။
အဲဒီတော့ ဟိုပုဂ္ဂိုလ်တွေက ဖြေလိုက်တယ်။ ခုနင်က ရဟန္တာပုဂ္ဂိုလ်တွေက ပညာဝိမုတ္တာ ခေါ မယံ သုသိမ။ သုသိမ သုသိမရဟန်း၊ မယံ ငါတို့သည်၊ ပညာဝိမုတ္တာ ပညာနဲ့ကိလေသာမှ လွတ်လာကြကုန်၏။ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ)။
ပညာနဲ့လွတ်လာတာ ငါတို့ သမထ မပါဘူးကွ။ သမထနဲ့ ရဟန္တာဖြစ်လာတာမဟုတ်ဘူးကွ။ ပညာနဲ့ရဟန္တာဖြစ်လာကြတယ်လို့ အတိအလင်းဖြေလိုက်တယ်။ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ)။
ဒါကြောင့် ဒီနေရာစကားဖြတ်လိုက်ပါတယ်။ စကားခြားလိုက်ပါသေးတယ်။ ခင်ဗျားတို့ရှုနေတာ ပညာနဲ့ရှုနေတာ၊ သမာဓိက ကူညီတယ်လို့သာမှတ်။ (မှန်ပါ့)။ သူနဲ့ကိလေသာလွတ်မှာပဲ (မှန်ပါ့)။
သူက သမုဒယသိမ်း၍ ဒုက္ခငြိမ်းမယ်ဆိုတာ ရဲရဲတင်းတင်းကြိုးစားပါဆိုတာကို လေးနက်စွာသတိပေးလိုက်တယ်။ (မှန်ပါ့)၊ ပညာဦးစီးပြီးတော့လုပ်။ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဒီမှာ ရဟန္တာတွေကဖြေလိုက်တာ ပေါ်ပြီမဟုတ်လား (ပေါ်ပါပြီ)။
ပညာနဲ့ကိလေသာမှ လွတ်လာကြကုန်၏
သုသိမ သုသိမရဟန်း။ မယံ ငါတို့သည်၊ ပညာဝိမုတ္တာ ပညာနဲ့ကိလေသာမှ လွတ်လာကြကုန်၏ဆိုတော့ ပညာနဲ့ ဒို့လွတ်လာကြတာတဲ့၊ သမာဓိနဲ့လွတ်လာကြတယ်လို့ မပြောဘူး နော် (မှန်ပါ့)။
အဲဒီမှာ သုသိမက အရှင်ဘုရားတို့ အရှင်ဘုရားတို့က ပညာနဲ့ကိလေသာလွတ်ပြီး ရဟန္တာ ဖြစ်လာကြတယ်ဆိုတော့ ကျဉ်းလွန်းပါတယ်။ အကျယ်ဖြေစမ်းပါ (မှန်ပါ့)။
ဘယ်လိုလွတ်လို့ ဘယ်လိုကိလေသာတွေချုပ်ငြိမ်း ရုပ်သိမ်းပြီး ဘယ်လိုရဟန္တာဖြစ်လာတယ်ဆိုတဲ့ ဥစ္စာလဲ တပည့်တော်အကျယ်တဝင့် သိစမ်းချင်သေးတယ်ဆိုတော့ ဟိုပုဂ္ဂိုလ်တွေက ရိပ်မိတယ်နော်။ ငါတို့ဘယ်လိုပင် အကျယ်ဖြေငြားသော်လဲ ဒီပုဂ္ဂိုလ်ဟာ တင်းတိမ်မယ့် ပုဂ္ဂိုလ်မဟုတ်ဘူး။ သိမှာလဲမဟုတ်ဘူး။ ဘာမှ အခံမပါတဲ့လူဟာ ဘာနဲ့ပြောနေနေ ဘာမှ သိမှာမဟုတ်ဘူး။ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
အို သူ့မှာပါလာတဲ့အိတ်ပေါက်ကြီးနဲ့ဥစ္စာ၊ ဘာထည့်ထည့် ဒီထဲယိုကျသွားမှာပဲ။ အဖတ်တင်စရာပါသေးရဲ့လား၊ (မပါပါဘူး)၊ အဲဒီလိုဖြစ်နေတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့)။
ဒါနဲ့ ဟိုကိုယ်တော်တွေက မင်းသိချင်သိ မသိချင်နေကွ။ ဟုတ်လား။ ဒို့တော့ ဝိပဿနာရှုတော့ ပညာဦးစီးပြီး ရှုလိုက်တာပဲ။ ပညာဦးစီးရှုလိုက်လို့ ပညာက ဒုက္ခသစ္စာမြင်တာနဲ့ သမုဒယသစ္စာပယ်ပြီး နိရောဓမျက်မှောက်ပြုတာပဲကွ (မှန်ပါ့)။
ဒါဖြေလိုက်တော့ အခု ဒီကိုယ်တော်တွေဖြေတာ နားမလည်ပါဘူး၊ ဘုရားဆီသွားမေးတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဘယ်သွားမေးမယ်စိတ်ကူးပြန်သတုံး (ဘုရားဆီသွားမေးမယ်စိတ်ကူးပါတယ်)။
ဘုရားဆီသွားမေးမယ်စိတ်ကူးပြန်တယ်ဆိုတော့ ဒီဟာအဖြေမှန်ပဲဆိုတာလဲ ၁ နံပါတ်အဖြေမှန်ပဲဆိုတာလဲ ယခုပြောပြီးသားလို့ မှတ်ထားလိုက်ပါ (မှန်ပါ)၊၁ နံပါတ် အဖြေမှန်ပါပဲ နော် (မှန်ပါ့)။
ဒါနဲ့ သူ မကျေနပ်တာနဲ့ ဘုရားဆီသွားလိုက်တယ်။ ဘုရားဆီသွားလိုက်တော့ ဘုရားကလဲသိပြီးသား (မှန်ပါ့)။ ဟိုရဟန်းတွေနဲ့မေးတဲ့အကြောင်း ပြောတဲ့အကြောင်းကို သူဈာန်လမ်းတွေ၊ သမထလမ်းတွေမေးပြီး သကာလ နောက်ဆုံးပိတ် ဟိုကိုယ်တော်တွေက ဒို့သမထနဲ့ နိဗ္ဗာန်ရောက်လာတာ မဟုတ်ဘူး၊ ဝိပဿနာနဲ့ နိဗ္ဗာန်ရောက်လာတာလို့ ဖြေလိုက်တယ် နော် (မှန်ပါ့)။
အဲဒီကဲ့သို့ဖြေတာတွေကို ဘုရားဆီရောက်တော့ တပည့်တော် ဟိုကိုယ်တော်တွေ ဖြေတာ မရှင်းမလင်းဖြစ်ပါတယ်။ ဒါကြောင့် အရှင်ဘုရားဖြေပေးပါဦး တဲ့။
ရှေးဦးစွာ ဝိပဿနာဉာဏ်အားထုတ်ကွ
ကဲကွာ မင်းမှတ်ထား၊ ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ ပစ္ဆာနိဗ္ဗာနေဉာဏံ။ ဒါ ဘုရားက ဖြေလိုက်တယ်။ သုသိမ သုသိမ ရဟန်း။ ပုဗ္ဗေ ရှေးဦးစွာ အခါကာလ၌ ဓမ္မဋ္ဌိတိဉာဏံ ဝိပဿနာဉာဏ်သည် ဟောတိ ဖြစ်၏။ ရှေးဦးစွာ ဝိပဿနာဉာဏ်အားထုတ်ကွတဲ့။ (မှန်ပါ့)၊ ပစ္ဆာ နောက်ကာလ၌၊ နိဗ္ဗာနေဉာဏံ နိဗ္ဗာဖြစ်တဲ့ မဂ်ဉာဏ်သည်၊ ဟောတိ ဖြစ်ပေါ်လာ၏။ ရှေ့က ဝိပဿနာဉာဏ်သာအားထုတ်။ နောက်ကနိဗ္ဗာန်ဖြစ်တဲ့ မင်္ဂဉာဏ်ပေါ်လာလိမ့်မယ်တဲ့ကွ။ (မှန်ပါ့)၊ ဉာဏ်လို့ ဟောထားတယ် (မှန်ပါ)၊ ရိပ်မိသလား (ရိပ်မိပါပြီ)။
သမာဓိပါသေးသလား (မပါပါဘူး)၊ အဲ သမာဓိကို မပါဘူး၊ ကိုယ်တော်တိုင် ဟောတဲ့ပါဠိဆိုတာ ဦးသွင်မှတ်ဖို့ပဲ (မှန်ပါ)။
ပုဗ္ဗေခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာနိဗ္ဗာနေဉာဏံ။ အဲဒီလို ရှေ့ပိုင်းက ဝိပဿနာဉာဏ်အား ထုတ်ပါ။ နောက်နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ် ပေါ်လာပါလိမ့်မယ် (မှန်ပါ)။
အဲဒီတော့ ဒကာဒကာမတွေ ဘုန်းကြီးက ဖြည့်စွက်ပြီး သင်ပေးခဲ့ပါတယ်။ ရှေးဦးစွာ စိတ်ကလေး၏ စိတ္တာနူပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ ဖြစ်ပျက်ကိုမမြင်ဘဲနဲ့ ငါတို့နိဗ္ဗာန်မြင်လိမ့်မယ်ဆိုတာ ဘယ်တော့မှမလာစေနဲ့ (မှန်ပါ)။
ရှေးဦးစွာ ဖြစ်မှုပျက်မှုမြင်ရဦးမယ် (မှန်ပါ)၊ မြင်ပြီးတော့ ဖြစ်မှုပျက်မှုမြင်ပြီးတော့မှ ဒီစိတ်တွေ၏ ဖြစ်ပျက်ဆုံးသွားတဲ့အခါ နိဗ္ဗာန်မြင်လာမှာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒါ ဒီအတိုင်းလုပ်ရလိမ့်မယ်ဆိုတာကို အလုပ်စဉ်နဲ့တကွ ပြထားပြီဆိုတာ ကျေကျေနပ်နပ် သဘောကျပြီလား (မှန်ပါ)။
ဘုရားက ဝိပဿနာဉာဏ်ရှေ့ထားကွ၊ နောက်မဂ်ဉာဏ်လိုက်လာလိမ့်မယ်တဲ့၊ ဒါ ဘုရားအဖြေ မြန်မာလိုနော်(မှန်ပါ)။
ဒီလိုဖြေလိုက်တော့ သူလာတာက ဘာမှမပါတဲ့အပြင် အိတ်ပေါက်ကြီးနဲ့လာတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ ဘုရားက အပြည့်ထည့်ပေးလို့ရှိရင်လဲ ယိုကျမယ်ဆိုတာသိပြီးသားဖြစ်တော့ ဟေ့ သုသိမ၊ မင်းသိချင်သိ၊ မသိချင်နေကွာ။ ရှေ့ပိုင်းက ဝိပဿနာဉာဏ်အားထုတ်ရတယ်၊ နောက် မဂ်ဉာဏ်လိုက်လိမ့်မယ်၊ ဒါပဲ တိုတိုပြောလိုက်တယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ခင်ဗျားတို့ ရန်ကုန်ကလာတဲ့လူတွေ ရှေ့ပိုင်းက ဘာလုပ်ကြမလဲ (ဝိပဿနာအားထုတ်ရပါမယ်)၊ ဝိပဿနာဉာဏ်ကလေးရင့်လာရင် နောက်ဘာဉာဏ်ပေါ်မယ်။ (မဂ်ဉာဏ်ပေါ်ပါမယ်)။
ဝိပဿဉာဏ်ပြီး မဂ်ဉာဏ်လာတာပဲ
မဂ်ဉာဏ်ပေါ်မယ်ဆိုတော့ ပြီးနေပြီပေါ့။ ဝိပဿဉာဏ်ပြီး မဂ်ဉာဏ်လာတာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒီတော့ ဝိပဿနာဉာဏ်သည် ဥဒယဗ္ဗယကစပြီး သကာလ ခင်ဗျားတို့ဉာဏ်စဉ်အတိုင်း သွားမယ်ဆိုလို့ရှိရင်လဲ အနုလောမဉာဏ်တိုင်ပဲ၊ ဒါဟာ ဝိပဿနာဉာဏ်ချည်းပါတဲ့။ ဘာမှမထူးပါဘူး (မှန်ပါ)။
အဲဒီတော့ ဖြစ်ပျက်မြင်တဲ့ဉာဏ်တွေ ဖြစ်ပျက်ဆုံးတဲ့ ဉာဏ်တွေဟာ ဝိပဿနာဉာဏ်ချည့်သာမှတ် (မှန်ပါ)။
ဝိပဿနာဉာဏ်က ဘာဖြစ်သတုံး (ဖြစ်ပျက်ကိုမြင်ပါတယ်) ဖြစ်ပျက်ကိုမြင်တယ်။ ဖြစ်မှုပျက်မှုကို မြင်တယ်။ တစ်နည်းအားဖြင့်လဲ အပျက်ချည်းလဲမြင်ချင်မြင်မယ်။ သူကတော့ဖြင့် မဂ်ရဖို့လဲ မြင်မှာပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဝိပဿနာဉာဏ်က ဘာမြင်မယ် (ဖြစ်ပျက်ကိုမြင်ပါမယ်) ဖြစ်ပျက်သင်္ခါရမြင်တယ် (မှန်ပါ)။
နောက် သူရင့်ကျက်လာတဲ့အခါ ဒကာဒကာမတွေ မဂ်ဉာဏ်ပေါ်လာပြီး၊ မဂ်ဉာဏ်က ဘာမြင်တယ်၊ (နိဗ္ဗာန်မြင်ပါတယ် ဘုရား)၊ ဖြစ်ပျက်မရှိတဲ့ နိဗ္ဗာန်မြင်တယ် (မှန်ပါ)။
အဲဒီ နိဗ္ဗာန်မြင်လို့ရှိရင် ဒါပထမ သောတာပန်ဖြစ်တာပဲဆိုတာ သေသေချာချာမှတ်ဖို့ပဲ(မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် ဘုရားက ပုဗ္ဗေခေါ သုသိမဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေဉာဏံ။ သုသိမ သုသိမရဟန်း၊ ပုဗ္ဗေ ရှေးဦးစွာကာလ၌ ဓမ္မဋ္ဌိတိဉာဏံ ဝိပဿနာ၌ဖြစ်အောင်လုပ် (မှန်ပါ)၊ ပစ္ဆာ နောက်ကာလ၌ နိဗ္ဗာနေဉာဏံ နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်သည် ဟောတိ ဖြစ်မယ်ဆိုတော့ ဝိပဿနာဉာဏ်သာ အားထုတ်ပါကွာ၊ မဂ်ဉာဏ်အလိုလိုလာပါလိမ့်မယ်။ (မှန်ပါ)၊ ရှင်းပါလား (ရှင်းပါပြီ)။
ဝိပဿနာဉာဏ်အားထုတ်ရင်
ဝိပဿနာဉာဏ်အားထုတ်ရင် (မဂ်ဉာဏ်အလိုလိုလာပါလိမ့်မယ်) သမာဓိချည်းအားထုတ်လို့ရှိရင် ဝိပဿနာဉာဏ်ကိုမလာဘူး (မှန်ပါ)၊ မဂ်ဉာဏ်ဆိုတာ ဝေးပါသေးရဲ့ဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ)၊ ပေါ်ကြပါလား (ပေါ်ပါပြီ)။
ကောင်းပြီ၊ ဒါ ဘယ်သူကဟောသတုံး သုသိမကို ဘုရားကဟောတာ (မှန်ပါ)။
ဒီထက် သေချာစရာ ဦးသွင်မလိုတော့ဘူး (မှန်ပါ)၊ ဒါအရှင်းဆုံးပဲ၊ အလင်းဆုံးပဲနော် (မှန်ပါ)၊ အရှင်းဆုံးအလင်းဆုံးဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ပဋိစ္စသမုပ္ပာဒ်နဲ့ ပြန်ပြီးညှိကြည့်လိုက်တော့ ရှေးဦးစွာ ဒုတိယအကွက်ရှိတဲ့ ဒုက္ခသစ္စာဖြစ်ပျက်ကို မောင်ကိုကြီးတို့ မမြင်ဘူးလား (မြင်ပါတယ်)။
မြင်လာတဲ့အခါကျတော့ ဒါ ဝိပဿနာဉာဏ်သာမှတ်နေ။ နောက်ကျတော့ ရှေ့အကွက်မှာရှိတဲ့ ဖြစ်ပျက်တွေဟာ ပျောက်ဆုံးသွားရင် ဘာခေါ်ကြမယ်။ (မဂ်ဉာဏ်ပါ ဘုရား)။
မဂ်ဉာဏ်ပဲတဲ့။ ဒါရှုနေတော့ မဂ်ဉာဏ်ဖြစ်သွားတယ် (မှန်ပါ)။
ဒုတိယအကွက်မှာ ရှိတဲ့ နာမ်ရုပ်တွေ အကုန်ပျောက်အောင် ရှုနိုင်လို့ရှိရင်၊ စိတ်ရှုလိုက်ရင်လဲ စိတ်ဆုံးရင် အကုန်ဆုံးတာကိုး (မှန်ပါ)၊ အဲဒီမှာ မဂ်ဉာဏ်ပေါ်လာတယ်။ နိဗ္ဗာန်ပေါ်လာပြီး မဂ်ဉာဏ်ပေါ်လာတာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဘယ်သူဟောတာတုံး ဆိုတာကော သေချာပါလား (သေချာပါပြီ)၊ ဘုရားက သုသိမဟောတယ် (မှန်ပါ)။
အဲဒီတော့ သုသိမက ဒီလောက်ပြောတာလဲ သူ့စိတ်ထဲမှာ ဘာမှ ဒိဋ္ဌိတွေထဲက ကူးမြောက်ပြီးလာတဲ့ ပုဂ္ဂိုလ်ရည်ရွယ်ချက်က ဒါတရားခိုးလာတာ။ အားထုတ်မယ်လို့လာတာ မဟုတ်ဘူး။ ထွက်ရပ်လမ်းလိုချင်လို့ လာတာမဟုတ်ဘူး။ သံဝေဂပါလို့ လာတာမဟုတ်ဘူး။ ဒီလိုဖြစ်နေတော့ မောင်ချစ်စိန် သူမကျေနပ်ဘူး (မှန်ပါ)။
ဒကာ ဒကာမတွေ သုသိမက ကျေနပ်ရဲ့လား (မကျေနပ်ပါဘူး)၊ မကျေနပ်ဘူး။
အင်မတန်မှ ကျဉ်းလွန်းတယ်
မကျေနပ်တော့ အရှင်ဘုရား အရှင်ဘုရား ဟောတော်မူတာလဲ အင်မတန်မှ ကျဉ်းလွန်းတယ်ဆိုတော့ မကျဉ်းဘူးကွ၊ ရှေ့ပိုင်းက ဝိပဿနာဉာဏ်အားထုတ်၊ နောက် မဂ်ဉာဏ်ပေါ်လိမ့်မယ်ဆိုတဲ့ဥစ္စာ မင်းကမသိလို့။ မင်းက ငါဘုရားသာသနာတော်မှာကွာ တဲ့၊ သမာဓိကို အနှစ်သာရထားပြီး ငါဟောတာ မဟုတ်ပါဘူးတဲ့ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ငါဘုရားသာသနာတော်မှာ သမာဓိကို အနှစ်သာရထားတာမဟုတ်ဘူး၊ သမာဓိအကျိုးကြောင့် နိဗ္ဗာန်ရလိမ့်မယ်လို့လဲ ငါမဟောဘူး၊ သမာဓိက နိဗ္ဗာန်မြင်တယ်လို့လဲ ငါမဟောဘူး (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
သမထက နိဗ္ဗာန်မြင်တယ်လို့လဲ ငါမဟောဘူး၊ သမထအကျိုးအကြောင်း နိဗ္ဗာန်ရောက်လိမ့်မယ်လို့လဲ ငါမဟောဘူး (မှန်လှပါ)၊ ဝိပဿနာကြောင့်သာ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ငါဟောတယ်။ ဒါထည့်ပြပြန်တယ်။ ဒါ အဋ္ဌကထာ အာဘော်နော် (မှန်ပါ)။
အဲဒီကဲ့သို့ပြောပြီး သကာလ ဪ ဘုရားက သူ့ကို ဟောရင်းကြည့်တယ်။ အင်း သုသိမ ဉာဏ်ကလေးတော့ နည်းနည်းရင့်လာပြီလား၊ မရင့်ဘူးလားဆိုလိုက်တော့ ဉာဏ်ကလေးက တော်တော်ရင့်လာတဲ့အချိန်မှာ ဘုရားက ဖြစ်ပျက်ပဲ ဆက်ဟောလိုက်တယ်။
သုသိမရေ စိတ်ကလေးဟာ အနိစ္စလား၊ နိစ္စလား မေးတယ်။ အရှုခိုင်းတယ် (မှန်ပါ)၊ စိတ်ကလေးမေးတာ အရှုခိုင်းတာပဲ (မှန်ပါ)။
အနိစ္စလား နိစ္စလား
အနိစ္စလား နိစ္စလား (အနိစ္စပါ ဘုရား)၊ အဲဒီအနိစ္စဖြစ်တဲ့ တရားဟာကွာ စိတ်ကလေးဟာ ဒုက္ခလား၊ သုခလား (ဒုက္ခပါ ဘုရား)၊ အဲဒီ အနိစ္စ ဒုက္ခဖြစ်တဲ့တရားကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါ ဘုရား)။
ဒါဖြင့်ကွာ အဲဒီစိတ်ကလေးကို ဒီအတိုင်းရှု၊ ရှုလို့မင်း မြင်လာလို့ရှိရင် အတိတ်စိတ်တွေလဲ ဒီအတိုင်း၊ အနာဂတ်စိတ်တွေလဲ ဒီအတိုင်း၊ ပစ္စုပ္ပန်စိတ်တွေလဲ ဒီအတိုင်းပဲ အနိစ္စ ဒုက္ခ အနတ္တ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်တဲ့ တရားချည်းဘဲလို့ မင်းရှုကွ (မှန်ပါ)။
နောက်ကျတော့ သူ တစ်မဂ်၊ နှစ်မဂ်၊ သုံးမဂ်ကျအောင်ပဲ ဆက်ဆက် ဆက်ဆက်နဲ့ ဝိပဿနာကနေ မဂ်တက်လိုက်၊ နောက် ဝိပဿာနာကနေ တစ်မဂ်တက်လိုက်၊ လေးမဂ်ရသွားတယ်။ လေးမဂ်ပြည့်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဝိပဿနာချည်း ပြလိုက်တာပဲနော် (မှန်ပါ)၊ ဝိပဿနာချည်းပြလိုက်တော့ သူ ရဟန္တာဖြစ်သွားတယ်ဆိုတာ ဒကာဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ)။
အဲဒါ သေသေချာချာမှတ်တော့မှ ဘုရားက သုသိမ မင်းဟာ ငါမေးကြည့်တယ်တဲ့၊ ဇာတိ ဘယ်က လာသတုံးကွတဲ့၊ ရဟန္တာဖြစ်တော့မေးတယ် (မှန်ပါ)၊ ဟာ ဇာတိဟာ ဘုရားဥပါဒါန်ကလာပါတယ်။ ပဋိစ္စသမုပ္ပာဒ်သွားမြင်တယ် (မှန်ပါ)။
ဥပါဒါန်ဘယ်ကလာသတုံး၊ သေသေချာချာကြည့် ပဋိစ္စသမုပ္ပာဒ်ကို (တဏှာကလာပါတယ်)၊ တဏှာကလာတယ်။
တဏှာဘယ်ကလာသတုံး (ဝေဒနာကလာပါတယ်) ဝေဒနာဘယ်ကလာ (ဖဿကလာပါတယ်)၊ အဲ ဖဿဘယ်ကလာ (သဠာယတနကလာပါတယ်)၊ သဠာယတနဘယ်ကလာသတုံး (နာမ်ရုပ်ကပါ)၊ အဲ နာမ်ရုပ် ဘယ်ကလာသတုံး (ဝိညာဏ်ကလာပါတယ်)။ ဝိညာဏ် ဘယ်ကလာသတုံး (သင်္ခါရကပါ)။ သင်္ခါရဘယ်ကလာသတုံး (အဝိဇ္ဇာကလာပါတယ်)။
အနုလောမ ပဋိလောမ
ဪ ဒါ သုသိမ မင်း ဒီအတိုင်းရှုစမ်း (မှန်ပါ)။ ဒါဖြင့်ကွာ အဝိဇ္ဇာချုပ်ရင် သင်္ခါရကော (ချုပ်ပါတယ်)၊ သင်္ခါရချုပ်ရင် (ဝိညာဏ်ချုပ်ပါတယ်) ဝိညာဏ်ချုပ်ရင် (နာမ်ရုပ်ချုပ်ပါတယ်)၊ နာမ်ရုပ်ချုပ်ရင် (သဠာယတနချုပ်ပါတယ်)၊ သဠာယတနချုပ်ရင် (ဖဿချုပ်ပါတယ်)၊ ဖဿချုပ်ရင် (ဝေဒနာချုပ်ပါတယ်)၊ ဝေဒနာချုပ်ရင် (တဏှာချုပ်ပါတယ်)၊ တဏှာချုပ်လို့ရှိရင် (ဥပါဒန်ချုပ်ပါတယ်)၊ ဥပါဒါန်ချုပ်ရင် (ကံချုပ်ပါတယ်)၊ ကံချုပ်ရင်ကော (ဇာတိချုပ်ပါတယ်)။
အဲ ဇာတိချုပ်တာပဲတဲ့၊ မင်း ဒါတွေကို မင်းသိပြီတဲ့ သုသိမ၊ မင်းအဖြေပေးပြီတဲ့၊ အနုလောမ ပဋိလောမ အဖြေပေးလိုက်တယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
အနုလောမ ပဋိလောမ အဖြေပေးလိုက်တယ် (မှန်ပါ)၊ အဖြေပေးပြီးတော့မှ ဘုရားက ကဲ မင်းသိပြီတဲ့၊ ကဲ မင်း ကောင်းကင်ပျံနိုင်ရဲ့လားလို့ မေးလိုက်တယ် (မှန်ပါ)၊ မင်း ကောင်းကင်ပျံနိုင်ရဲ့လားဆိုတော့ မပျံနိုင်ဘူးဘုရားတဲ့၊ မြေလျှိုးနိုင်ရဲ့လား (မလျှိုးနိုင်ဘူး)၊ သူတစ်ပါးပြောတာကော သိရဲ့လား (မသိဘူး)၊ ဒါတွေက သမာဓိလမ်းတွေကိုး (မှန်ပါ)။
ကောင်းကင်ပျံပြီး မင်းသွားနိုင်ရဲ့လား၊ နေကြီးလကြီး လက်နဲ့ သုံးသပ်နိုင်ရဲ့လား၊ မသုံးသပ်နိုင်ပါဘူးဆိုပြီး သကာလ တပည့်တော် မှားပါပြီဘုရား၊ တပည့်တော်သည် စိတ်ကောင်းနဲ့လာတာမဟုတ်ပါဘူး၊ တပည့်တော် တရားသူခိုးဖြစ်ပါတယ်၊ ပေးတဲ့အပြစ် ခံပါမယ်ဆိုတဲ့ ဝန်ခံချက်တွေ အကုန်ပေးတော့တာပေါ့ဗျာ နော် (မှန်ပါ)။
မင်းအပြစ်ကို ဒို့သည်းခံတယ်
ပေးတဲ့အပြစ် ဝန်ခံပြီး သကာလ နေတော့ အေး မင်းကပေးတဲ့အပြစ် ဝန်ခံပါ့မယ်ဆိုတဲ့အတိုင်း မင်းဟာတဲ့ တကယ်ဆိုလို့ရှိရင်ဖြင့် တရားလာခိုးပြီး ဒိဋ္ဌိတွေကို ဝါဒဖြန့်ပြီး ဒိဋ္ဌိသာသနာတော် ကြီးပွားရေးကို၊ မင်းအပါယ်ရောက်ကြောင်းတွေကို တိုးတက်ပြီး ကြီးပွားမောင်လို့ မင်းလုပ်မလို့လာတာပဲ တဲ့၊ သို့ရာတွင် မင်း သည်လာလို့ဆိုရင် အခု ဆရာကောင်း သမားကောင်းနဲ့တွေ့တဲ့အတွက်၊ ကလျာဏမိတ္တ သူတော်ကောင်းနဲ့တွေ့တဲ့အတွက် မင်းသည် အဖိုးတန်သွားပြီ ဆိုပြီး သကာလ ဘုရားက မင်းအပြစ် မင်းသိတဲ့အတွက် မင်းအပြစ်ကို ဒို့သည်းခံတယ်ဆိုပြီး သကာလ ပြီးသွားပါတယ်၊ နော် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့၊ သူများဖြစ်တာ ကိုယ်သာဓုခေါ်လို့ အပိုပဲ၊ (မှန်ပါ)၊ ရှင်းပါလား (ရှင်းပါပြီ)။
သူများဖြစ်တာကို (ကိုယ်သာဓုခေါ်လို့ အပိုပါပဲ)။
ခင်ဗျားတို့ နဂိုတုန်းက ဘယ်သူကဘာလုပ်တယ်ဆိုရင် သာဓုပဲခေါ်နေတယ်၊ ဘယ်သူကဖြင့် သီလဖြူစင်တယ်၊ သာဓုခေါ်တယ် ခေါ်လိုက်တာ၊ ဒါမလိုချင်ဘူး ဘုန်းကြီးတို့က (မှန်ပါ)။
ဒါမလိုချင်ဘူးတဲ့၊ ဒါက သာဓုဆိုတဲ့ဥစ္စာ ဘာအသုံးကျသတုံးမေးတော့ ဝမ်းမြောက်တာတစ်လုံးပဲရှိတယ်၊ သဘောကျပါလား (ကျပါပြီ)။
အေး ပုညကိရိယာဝတ္ထုထဲကဖြစ်နေတယ်၊ ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်အောင်လုပ်ပါ (မှန်ပါ)။
ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်အောင်လုပ်ပါ
ဘာတဲ့တုံး (ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်အောင် လုပ်ရပါမယ်)။
သူများသာဓုခေါ်တာ အာပေါက်လှပြီ၊ ခင်ဗှားတို့ဟင် (မှန်ပါ)။
သူများသာဓုခေါ်တာသည် ဟုတ်လား၊ ဒကာ ဒကာမတို့ ကိုယ့်အကျိုးမပြီးဘူး (မှန်ပါ)၊ သာမညကုသိုလ်တော့ ရတယ် (မှန်ပါ)။
ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်လို့ရှိရင်ဖြင့် ကိုယ့်ကိုယ်အတွက် ဝမ်းမြောက်တာဖြစ်သောကြောင့် ကိုယ့်ကိုယ်ကို အပါယ်တံခါးပိတ်လို့ ကိုယ်ဝမ်းမြောက်တာဖြစ်သောကြောင့် အဲဒါမှသာလျှင် ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်မှ အကောင်းဆုံးတရား (မှန်ပါ)။
ဘယ်လိုဆိုကြမယ် (ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်မှ အကောင်းဆုံးတရားပါ ဘုရား)။
နောက် သူတစ်ပါးခေါ်မယ်ကြံရင် ငါ့မှာ ရှိပါလားလို့ ပြန်စစ်ဆေးပါဦး သူတစ်ပါးစိတ်ကူးတိုင်း စိတ်ကူးတိုင်း (မှန်ပါ)၊ သူတစ်ပါး သာဓုခေါ်မလို့ စိတ်ကူးတိုင်း စိတ်ကူးတိုင်း ဘာလုပ်ကြရမယ် (ကိုယ့်ကိုယ်ကို ပြန်စစ်ဆေးပါ)။
အဲ သူတစ်ပါးချည်း သာဓုခေါ်နေတာတော့လဲ ကိုယ် အာပေါက်ပြီး ကိုယ့်ကိုယ်ကိုတော့ သာဓုခေါ်စရာ တစ်စက်မှ မပါသေးဘူး ဆိုလို့ရှိရင် ကိုယ်သာဓုခေါ်တာသိပြီး ခေါ်တာ (မှန်ပါ)၊ ရိပ်မိပါလား (ရိပ်မိပါပြီ)။
ကိုယ့်ကိုယ်ကို သာဓုခေါ်တာကတော့ (သိပြီးခေါ်တာပါ)၊ သူတစ်ပါးခေါ်တာက (ရမ်းပြီးခေါ်တာပါ) ရမ်းခေါ်တာကတော့ မမှန်ဘူး (မှန်ပါ့) ရိပ်မိပါလား (ရိပ်မိပါပြီ)။
ရမ်းခေါ်တယ်ဆိုတော့
သူတစ်ပါးခေါ်တာကတော့ (ရမ်းပြီးခေါ်တာပါ)၊ ရမ်းခေါ်တယ်ဆိုတော့ သူတစ်ပါးလုပ်နေတယ်လို့ သာဓုသာခေါ်နေတာ၊ သူတစ်ပါးပြုတာ၊ ရေစက်ချ အမျှဝေလို့ သာဓုခေါ်ကြပါဆိုပြီး အမျှဝေလို့ခေါ်တာ၊ ရမ်းပြီးခေါ်တာ (မှန်ပါ)၊ ရိပ်မိပါလား (ရိပ်မိပါပြီ)။
အဲဒီဟာ ခင်ဗျားတို့သာဓုကလဲ ရမ်းခေါ်တယ်ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ)။
ဒို့က ဘုံဘဝတောင့်တပြီးနေတုန်း သာဓုခေါ်လို့ဆိုရင် ကိုယ်ကဘာတုံး၊ ကောင်းတာလုပ်နေတုံး ခေါ်တာလား၊ မကောင်းတဲ့ဇော ပြဋ္ဌာန်းနေတုံးခေါ်တာလား (မကောင်းတဲ့ဇော ပြဋ္ဌာန်းနေတုံး သာဓုခေါ်တာပါ)။
ဒါဖြင့် အဲဒီသာဓုပြန်ယူ (မှန်ပါ)၊ မရမ်းဘူးလား ရမ်းသလား ဟင်၊ (ရမ်းပါတယ်)၊ ဦးသွင် အဆော်ဆိုးနေပြီဟင် (မှန်ပါ)၊
ကဲ ဒါဖြင့် သာဓုအရမ်းခေါ်ခဲ့တာသည် မှားတယ်လို့တော့မဆိုပါဘူး၊ ခင်ဗျားတို့ရည်ရွယ်ချက် ဪ သူလှူလို့ ခေါ်တယ်လို့ ဒီလိုပြောင်းလိုက်လို့ရှိရင်လဲ တော်ပါသေးတယ်နော် (မှန်ပါ)။
သို့သော် သူ့အတွက် သက်သက်ရည်မှန်းပြီး သူ့အတွက် သာဓုခေါ်တဲ့နေရာက မကောင်းဘူး (မှန်ပါ)။ သူပြုလုပ်တဲ့ကုသိုလ်ကို သာဓုခေါ်တာကတော့ ကောင်းတယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။
သူရည်မှန်းတဲ့ဆီကို သဘောကျလို့ သာဓုခေါ်လိုက်ရင် မကောင်းဘူး (မှန်ပါ)၊ ရှင်းပါလား (ရှင်းပါပြီ)၊ ဟာ ဝဋ်ကျွတ်ချင်လို့ သူလှူတာကို ရည်မှန်းခေါ်လိုက်လို့ရှိရင်လဲ ဒီသာဓုအဖိုးတန်တယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။
သာဓုဘယ်နှမျိုးရှိသတုံး
ဒါဖြင့် သာဓုသည် ရမ်းခေါ်သာဓုတစ်မျိုး၊ အသင့်အတင့်သိပြီးခေါ်တဲ့ သာဓုတစ်မျိုးနော် (မှန်ပါ)၊ ထူးထူးချွန်ချွန် သိပြီးခေါ်တဲ့ သာဓုတစ်မျိုးလို့ သာဓုဘယ်နှမျိုးရှိသတုံး (သုံးမျိုးရှိပါတယ်)။
ဘယ်သာဓု ခေါ်တာများသတုံး ရမ်းခေါ်ချည့်ပါပဲ ဟင် (ရယ်သံများ)၊ ဘယ်သာဓု ခေါ်ခဲ့ကြသတုံး မေးရင်ဖြင့် ဒကာ ဒကာမတွေ ဟိုကအမျှဝေတာနဲ့ ဒီကစီးကိုက်အောင်ခေါ်တာပဲရှိတယ်၊ ဒီ့ပြင် ဘာမှမရှိဘူး (မှန်ပါ) ဟုတ်ပြီလား (မှန်ပါ)။
ဟိုက အမျှဝေတာနဲ့၊ သာဓုခေါ်တာနဲ့ စီးကိုက်အောင် ခေါ်တာပဲရှိတယ်၊ အဲဒီကတည်းက ရမ်းခေါ်တယ် ဆိုတာ သေချာတယ် (မှန်ပါ)၊ မသေချာဘူးလား (သေချာပါတယ်)။
ခင်ဗျားတို့ဟာက ပြင်စရာတွေ မနည်းဘူး ပါလာတယ် (မှန်ပါ)၊ ဦးသွင် နည်းသလား (မနည်းပါဘူး)၊ ပြင်စရာတွေကို တစ်ပုံကြီးပါလာတယ် ဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာဒကာမတွေ၊ သာဓုအမှန်ဆုံးခေါ်ချင်လို့ရှိရင်ဖြင့် ဘယ်သူ့ကို စစ်ဆေးရမတုံး (ကိုယ့်ကိုယ်ကို စစ်ဆေးရမယ်)။
အဲဒါတော့ သိပြီနော် (မှန်ပါ)၊ အဲဒါတော့ သိပြီ၊ ငါသာဓုခေါ်ထိုက်တဲ့ အဖြစ်ရောက်ပြီလား၊ ကိုယ့်ကိုယ်ကို ကိုယ့်ကိုယ်ကို ဟုတ်လား (မှန်ပါ)၊ သာဓုမခေါ်ထိုက်သေးတဲ့အဖြစ် ရောက်နေသေးသလား ဆိုတာကို စစ်ဆေးပါ (မှန်ပါ)။
စစ်ဆေးတဲ့ အခါကျလို့ရှိရင် ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်တဲ့အရေးသည် အသေ စိတ်ချတဲ့အရေး (မှန်ပါ)၊ ကိုယ့်ကိုယ်ကိုမှ သာဓုမခေါ်နိုင်တဲ့အရေးသည် ဂတိမမြဲသေးတဲ့အရေး၊ ဒီလိုဝေဖန်ရမယ် (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။
ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်တဲ့အရေးသည် အပါယ်တံခါးပိတ်လို့ စိတ်ချရတဲ့အရေးမို့ ကိုယ့်ကိုယ်ကို သာဓုခေါ်တာ၊ သူသိပြီးခေါ်တာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်တဲ့အချိန်ကျမှ
အဲဒါကြောင့် သူတစ်ပါးသာဓုခေါ်စေလို့ မင်းတို့က ဝမ်းမမြောက်ကြနဲ့ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်တဲ့အချိန်ကျမှ ကိုယ်ဝမ်းမြောက်ကြ (မှန်ပါ)၊
ဒါ အင်မတန်အရေးကြီးတဲ့ စကားတွေဆိုတာကော ဦးသွင်ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ မောင်သစ်ရော ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘယ်သူ့သာဓုခေါ်နိုင်မှ အမှန်ရောက်သတုံး (ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်မှ အမှန်ရောက်ပါတယ်)။
ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်တဲ့အခါကျတော့ ကိုယ့်အကြောင်း ကိုယ့်ထက်သိတဲ့လူ မရှိတော့ဘူး၊ ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်ဖို့အရေးသာလျှင် အရေးအကြီးဆုံးထား (မှန်ပါ)၊ ရှင်းပါလား (ရှင်းပါပြီ)။
အဲဒီတော့ နဖူးပေါ်လက်တင်ပြီး သကာလ စဉ်းစားလိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်မယ့် အလုပ်ကိုဖြင့် လုပ်ဖြစ်အောင်လုပ်ထားမှသာလျှင် အသေရဲကြမယ် (မှန်ပါ)၊ နို့မဟုတ်လို့ရှိရင် အသေရဲစရာ အကွက်ရှိသေးရဲ့လား (မရှိပါဘူး)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာလုပ်လို့ ဖြစ်ပျက်ကလေး တစ်ချက်မြင်ရင် သာဓုခေါ်နိုင်ပြီ အောက်မေ့ပါ (မှန်ပါ)၊ ဒါကလေးမမေ့စေနဲ့၊ (မှန်ပါ)၊
ဖြစ်ပျက်ကလေး ငါဘယ်အချိန်တုန်းက ရှုလိုက်တာ သေသေချာချာ မြင်တယ်၊ ဖြစ်ပြီးပျက်သွားတဲ့ စိတ်ကလေးတွေဟာ သေသေချာချာမြင်တယ်၊ အဲဒီအချက်တော့ ငါအားကိုးရမှာပဲ၊ ဒါကလေးဟာ ငါ့ကိုယ်မှာ သာဓုခေါ်ထိုက်တဲ့ အလုပ်ကလေး တစ်ခုပဲလို့ဆိုပြီး မဂ္ဂင်ထိုက်တဲ့အလုပ်ကလေး ဝိပဿနာမဂ်ဆိုက်တဲ့ အလုပ်ကလေးကိုး (မှန်ပါ)။
ဒီမဂ်ကတော့ တစ်သံသရာလုံးမှာ ဒီတစ်ခါလောက်သာ ပေါ်တာ (မှန်ပါ)၊ ဒီပြင် ဒါနသီလတွေက ပေါပါတယ်၊ သီလမှာ ငါးပါးသီလတွေက နေ့တိုင်းလိုလိုပဲ ခင်ဗျားတို့မှာ မတရားမုသားဖြစ်မှာ မပြောပါဘူးဆိုတဲ့ ဂုဏ်ရှိန်ကလေးတွေကလဲ သာမညရှိပါတယ် (မှန်ပါ)။
ဒီဖြစ်ပျက်ကို တစ်ချက်ကလေးမြင်တဲ့သဘော
ဒီဖြစ်ပျက်ကို တစ်ချက်ကလေးမြင်တဲ့သဘောကတော့ တော်တော်နဲ့မတွေ့နိုင်ပါဘူး (မှန်ပါ)။
အဲဒီတော့ အခု သာသနာတွင်းဖြစ် ဆရာကောင်း သမားကောင်းက လမ်းပြပြပီး သကာလ နေတော့ ဒီ ဒကာ ဒကာမတွေမှာ မြင်လဲမြင်တယ်၊ မှန်လဲမှန်တယ်၊ ပညာဦးစီးတာလဲသိတယ်၊ ပညာအမြတ်ဆုံးလို့လဲ ဆရာဘုန်းကြီး ကလဲ ဟောခဲ့တယ်နော် (မှန်ပါ)။
အဲဒါကြောင့် ဒီပညာသည်ကား ဆိုလို့ရှိရင်ဖြင့် သူတစ်ပါးမဖောက်ထွင်းနိုင်တဲ့ အဝိဇ္ဇာထုကြီးကို ဖောက်ထွင်း နိုင်သောကြောင့် ဝိဇ္ဇာ ဥဒပါဒိ ဖြစ်နိုင်တယ် (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။
သူတစ်ပါးမဖောက်ထွင်းနိုင်တာကို ဖောက်ထွင်းနိုင်တဲ့အတွက် ဘာတုံး (ဝိဇ္ဇာဥဒပါဒိပါ ဘုရား)။
ဝိဇ္ဇာဥဒပါဒိဖြစ်ရမှာပဲ တဲ့၊ ဉာဏ်ရောင်ကလင်းလို့လဲ အာလောကောဥဒပါဒိဆိုတာ သူပရိယာယ်တွေလို့မှတ်ပါ၊ ဝိဇ္ဇာဥဒပါဒိဖြစ်ရင် ကျန်တာတွေအကုန်ဖြစ်တာပဲ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ စိတ္တာနုပဿနာသည် တကယ်လုပ်လို့ရှိရင်ဖြင့် တကယ်သာ မရှိတာကလေးကို သိရင် တော်ပြီနော် (မှန်ပါ)။
ရှေ့ကဖြစ်ပျက်ကို နောက်က ဉာဏ်မဂ်နဲ့ကြည့်လိုက်တဲ့အခါကတော့ မရှိဘူးဆိုတာကလေးသိဖို့က အရေးကြီးတယ် (မှန်ပါ)။
ရှေ့ကဖြစ်ပျက်ကို နောက် ဉာဏ်မဂ်နဲ့ကြည့်လိုက်တဲ့အခါ ဘယ်လိုမြင်ရမလဲ (မရှိဘူးလို့ မြင်ရပါမယ်)။
ရှိရာက မရှိဘူးလို့သိသွားတော့
ရှေ့ကဖြစ်ပျက်ကလေးဟာ မရှိတော့ဘူးလို့သိတယ်၊ ရှိရာက မရှိဘူးလို့သိသွားတော့ ဪ မိမိခန္ဓာသည်ကားလို့ ဆိုရင်ဖြင့် ဖြစ်ပြီး ပျက်တဲ့ သဘောမှတစ်ပါးဘာမှမရှိပါကလား၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ သဘောမှတစ်ပါး ဘာမှမရှိပါကလား၊ မဖြစ်ပါစေနဲ့လို့၊ မပျက်ပါစေနဲ့လို့ တောင့်တတဲ့သဘောနဲ့လဲ ဘာမှမနေပါ၊ တော့လား အနတ္တသဘောသာရှိပါတော့လား ဆိုပြီး သကာလ ဒါကိုသာလျှင် ခင်ဗျားတို့ ဖြစ်ပျက်နှလုံးသွင်းနေလို့ရှိရင်ဖြင့် ယောနိသောမနသီကာရနဲ့ ပညာနဲ့တွဲပြီးသားဖြစ်သွားတယ် (မှန်ပါ)။
ဘာတဲ့တုံး (ယောနိသော မနသီကာရနဲ့ ပညာနဲ့တွဲပြီးသားဖြစ်သွားပါတယ်)။
ယောနိသောမနသီကာရနဲ့ ပညာနဲ့တွဲပြီးသားဖြစ်သွားတော့ကိုတဲ့ ဒကာ ဒကာမတွေ ယောနိသောမနသီကာရဆိုတာ ယောနိသောမနသိကာရ စေတသိက်ပဲ (မှန်ပါ)။ သူက ပညာနဲ့တွဲလိုက်တဲ့အခါကျတော့ ယောနိသော မနသီကာရက ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ နှလုံးသွင်းထားတယ်၊ သွင်းထားတဲ့အတိုင်း ဉာဏ်ကမြင်လိုက်တဲ့အခါကျတော့ နှလုံးသွင်းမှန်နဲ့ ဉာဏ်အမြင်နဲ့ သွားကိုက်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
နှလုံးသွင်းမှန်နဲ့ (ဉာဏ်အမြင်နဲ့ သွားကိုက်ပါတယ်) ဉာဏ်အမြင်နဲ့သွားပြီးကိုက်တဲ့အခါကျတော့ကို ဒီဒကာ ဒကာမတွေ၌ နှလုံးသွင်းမှန်နဲ့ ဉာဏ်အမြင်နဲ့ကိုက်လို့ရှိရင် သာဝကပါရမီဉာဏ်ပြီးတယ် (မှန်ပါ)၊ ပြီးတယ်ဆိုတာတခြားမဟုတ်ဘူး၊ အခု သောတာပန် တည်နိုင်တယ်ဆိုတာ ပြောတာ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။
ဒါဖြင့် နှလုံးသွင်းမှန်နဲ့ ဉာဏ်အမြင်နဲ့ကိုက်ရမယ်၊ နှလုံးသွင်းကလဲ ဒုက္ခသစ္စာဆီကိုပဲ နှလုံးသွင်းရမယ်၊ ဉာဏ်အမြင်နဲ့ကြည့်လိုက်တဲ့ အခါကျတော့ ဪ ဟုတ်သားပဲလို့ ဆုံးဖြတ်ချက် ချနိုင်ရမယ် (မှန်ပါ)၊ ဒီနှစ်ချက်ညီလို့ရှိရင် သာဝကပါရမီဉာဏ် (ဝါ) သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်ဖို့ကိစ္စ ပြီးပါတယ်ဆိုတဲ့ဥစ္စာ သေသေချာချာဟောထားတယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။
နှလုံးသွင်းမှန်နဲ့ ဉာဏ်နဲ့ တစ်ထပ်တည်းဖြစ်ပါစေ
ဒါဖြင့် နှလုံးသွင်းမှန်နဲ့ ဉာဏ်နဲ့ တစ်ထပ်တည်းဖြစ်ပါစေ (မှန်ပါ)။
နှလုံးသွင်းမှန်က အမှန်နှလုံးသွင်းတာက ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲလို့ နှလုံးသွင်းမှန်နဲ့ထားလိုက် (မှန်ပါ)၊ ဉာဏ်နဲ့ သွားကြည့်လိုက်တော့လဲ ဟုတ်သားပဲလို့ ဒုတိယဆုံးဖြတ်ချက်ချနိုင်ရမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။
နှလုံးသွင်းမှန်နဲ့ ဉာဏ်နဲ့ တစ်ထပ်တည်းသွားလို့ရှိရင် သာဝကပါရမီဉာဏ်မှာ ပြည့်စုံပြီလို့ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။
ဒါဖြင့် နိဂုံးချုပ်ကြပါစို့။ သမထလိုရင်းမဟုတ်ဘူး၊ ဝိပဿနာလိုရင်းလို့ ဆိုတဲ့သစ္စာကို ဘုရားကိုယ်တော်တိုင် ဆုံးဖြတ်ချက် ချတဲ့ ပါဠိတော် ယနေ့လုံလောက်ပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ကဲ ယနေ့ ဒီတင်တော်ပြီ။
သာဓု သာဓု သာဓု။