ပဋိစ္စသမုပ္ပာဒ် နားမလည်လို့
အပါယ်တွင်လူစည်နေပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော် ဘုရားကြီး
အမရပူရဓမ္မာရုံ၌ ဟောကြားတော်မူသော
ပဋိစ္စသမုပ္ပာဒ် နားမလည်လို့
အပါယ်တွင်လူစည်နေပုံ
အလုပ်ပေးတရားတော်
(၂-၁၀-၁၉၆၂)
အမြဲနေထိုင်ကြတာက အပါယ်လေးဘုံ
ဒကာ ဒကာမတွေ ဘာဖြစ်လို့ အပါယ်မှာ ကိုယ့်အိမ်အဖြစ်နဲ့ နေကြရသလဲလို့ မေးဖို့ ပေါ်လာတယ်။
စတ္တာရော အပါယာ သကဂေဟ သဒိသာ။(ဓမ္မပဒအဋ္ဌကထာ၊ ပ၊ ၆)
စတ္တာရော-လေးပါးကုန်သော၊ အပါယာ- အပါယ်ဘုံတို့သည်၊ သကဂေဟ ဒိသာ-အမြဲနေထိုင်ရာ မိမိအိမ်ဂေဟာကြီးနဲ့ တူလှပေ၏။
ဒကာ ဒကာမတွေ အမြဲနေထိုင်ကြတာက အပါယ်လေးဘုံ။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဆိုတာ ခေတ္တအလည်လာကြတာမှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
အမြဲနေတဲ့နေရာက ဘယ်မှာပါလိမ့် (အပါယ်လေးဘုံပါ ဘုရား)။
လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို နေကြထိုင်ကြတာက အလည်လာကြတာလို့ မှတ်ပါ (မှန်ပါ)။
ဪ-ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ အခု ဆရာဘုန်းကြီးနဲ့တွေ့ကြတယ်။ ခေတ္တတွေ့ကြတာပါလား။ တို့ ဘယ်က လာပါလိမ့်မတုံးဆိုတော့ အမြဲတမ်း နေရာမေးလို့ရှိရင် အပါယ်လေးပါးက လာကြတာလို့ မှတ်ရမယ်နော် (မှန်ပါ)။
စတ္တာရော အပါယာ သကဂေဟသဒိသာ ဓမ္မပဒအဌကထာမှာ (မှန်ပါ) စတ္တာရော အပါယာ အပါယ်လေးဘုံတို့သည် သကဂေဟသ ဒိသာ၊ အမြဲနေရာ မိမိအိမ်ဂေဟာကြီးပါပေတည်း။ အပါယ်လေးပါးဟာ မောင်သစ်တို့မှတ်ရမှာက အမြဲနေတဲ့နေရာ (မှန်ပါ)။
နောက်အပါယ်လေးပါးနဲ့ မဆုံဖို့ရာ
အခုလာကြ၊ နေကြထိုင်ကြတာတွေ ကတော့ဖြင့် ဪ- ခေတ္တအလည်လာကြတာပဲ (မှန်ပါ)၊ ဒီလို မှတ်ထားလိုက်တော့ကို ဒို့ဟာ အခုကြုံတဲ့အချိန်ကလေးဟာ နောက်အပါယ်လေးပါးနဲ့ မဆုံဖို့ရာ အခု အရေးအကြီးဆုံး တာဝန်ရှိပါလား၊ ဒါ မှတ်ရမယ် (မှန်ပါ)။
သားရေး၊ သမီးရေး၊ စီးပွားရေးတွေကို အရေးတကြီးထားပြီး စကားပြောနေတဲ့လူက အခုပြောတဲ့ အပါယ်လေးပါး ကိုယ့်အိမ်ကိုယ်ရာကြီးက လာခဲ့ရတာကို မသိသောပုဂ္ဂိုလ်တို့၏ တောင့်တမှု တစ်ခုသာ မှတ်ရမယ် (မှန်ပါ)။
တောင့်တမှုတစ်ခုသာ မှတ်ရမယ်။ ဒါကြောင့် ဒီနေ့ အရေးတကြီး ဒကာ ဒကာမတွေကို ဆုံးမသွန်သင်နေတယ်။
ဘယ့်နှယ်ကြောင့် အပါယ်လေးဘုံ မိမိအိမ်အဖြစ်နဲ့ အမြဲနေရပါလိမ့်မတုံး။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို ခေတ္တအလည်လာကြတာဆိုတဲ့ အဓိပ္ပာယ်လဲရောက်တော့ အလည်လာကြတယ် ဆိုတာဟာ ခဏကလေး လာဖြစ်တာ (မှန်ပါ)။
အဲဒါ ဘယ့်နှယ်ကြောင့်တုံးမေးတော့ ဟာ-ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ကွာတဲ့၊ ပဋိစ္စသမုပ္ပာဒ်ကို ကိုယ့်ခန္ဓာဖြစ်စဉ် မဖြတ်တတ်လို့ဟေ့ တဲ့။ ဒါ အကြောင်းပြတယ်နော် (မှန်ပါ)။
ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပာဒ်ကို မဖြတ်တတ်လို့ အပါယ်လေးဘုံကို အမြဲနေတဲ့ အိမ်နေရာဖြစ်တယ်လို့ဆိုတာ မှတ်မိကြပြီလား (မှတ်မိပါပြီ)။
အခုတရားနာနေကြတာ ခင်ဗျားတို့ အပါယ်လေးပါးက ခေတ္တ အလည်လာကြတာနော် (မှန်ပါ)။
ဖြစ်စဉ်နားလည်တော့ သံသရာ ကြောက်တယ်
ဒီနေရာပြန်မရောက်ချင်လို့ရှိရင် ဆရာဘုန်းကြီးပြောလတ္တံ့ဖြစ်တဲ့ ပဋိစ္စသမုပ္ပာဒ်ကို ရှေးဦးစွာဖြစ်စဉ်ကို နားလည်ရမယ်။ နောက်ဖြစ်စဉ်ကို နားလည်ရမယ် (မှန်ပါ)။ ဖြစ်စဉ်နားလည်တော့ သံသရာ ကြောက်တယ် (မှန်ပါ)။ ဖြစ်စဉ်နားလည်တော့ သံသရာမှ ထွက်ချင်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဖြစ်စဉ်နားလည်တော့ (သံသရာကြောက်ပါတယ်) သံသရာကြောက်တယ်။ဪ-အပါယ်လေးပါး ပြန်ရဦးမှာပါလားဆိုပြီး သံသရာကြောက်တယ်။ ဖြစ်စဉ်နားလည်တော့ သံသရာမှထွက်လို့ ဝမ်းမြောက်ကြရတယ် (မှန်ပါ)။
အဲဒီတော့ ဒါဘယ်မှာဟောပါလိမ့်မတုံးဆိုတော့မှ ဦးသွင်က သေသေချာချာမှတ်။ ကုရုတိုင်းမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော်မူတယ် (မှန်ပါ)။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ဒုက္ခဝဂ်မှာ ဟောတယ် (မှန်ပါ)။
ကိုင်း-ဒါဖြင့် ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေ အပါယ်လေးပါး ရောက်ရပါလိမ့်မတုံး ဆိုတဲ့အခါကျလို့ ရှိရင်ဖြင့်-
“ယေဟိ ကေစိ ဒိဋ္ဌိယော သန္နိဿိတာ၊ သဗ္ဗေတေ ပစ္စယံ ဥဇုံကာတုံ။
အသက္ကောန္တာ ယေဝ” လို့ အဋ္ဌကထာဆရာ ဆုံးဖြတ်တယ်။ (နိဒါနဝဂ္ဂသံယုတ် အဋ္ဌကထာ၊ ဒုက္ခဝဂ်-နိဂါနသုတ်အဖွင့်)။
မင်းတို့ဘာတုံးလို့မေးတော့ အလုံးစုံဒိဋ္ဌိဖြစ်လို့ အပါယ်ကျတယ်ကွ တဲ့။ အဲဒီ ဒိဋ္ဌိကလဲ ပစ္စယပရဂ္ဂဟ ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ဖြစ်ရတာ (မှန်ပါ)။
အားလုံး အပါယ်သွားတာ ဘာဖြစ်လို့သွားသတုံးဆိုလို့ရှိရင်ဖြင့် ပစ္စယပရဂ္ဂဟ ဆိုတဲ့ ပဋိစ္စသမုပ္ပာဒ်ကို နားမလည်လို့နော် (မှန်ပါ)။
ဘယ့်နှယ်ကြောင့် ဒိဋ္ဌိဖြစ်သတုံး
အားလုံးတို့ ပုဂ္ဂိုလ်တို့ ဘယ့်နှယ်ကြောင့် ဒိဋ္ဌိဖြစ်သတုံးဆိုလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
အားလုံးသော ပုဂ္ဂိုလ်တို့ ပဋိစ္စသမုပ္ပာဒ်နားမလည်ရင် ဘာဖြစ်မယ် ထင်ကြသလဲ (အပါယ်ကျပါတယ်)။ ဒိဋ္ဌိဖြစ်မယ်၊ အပါယ်ကျတာတော့ သေချာပြီးသား။ ထားပါ။ ဒိဋ္ဌိဖြစ်မယ် (မှန်ပါ)။ ရှင်းကြပြီလား(ရှင်းပါပြီ)။ ဒိဋ္ဌိဖြစ်ပြီးမှ အပါယ်သွားရမှာ (မှန်ပါ)။
အဲဒီတော့ ခင်ဗျားတို့သည် ဒီအကြောင်းကို ဆရာဘုန်းကြီးက ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောထားတာကို တစ်ဆင့်ပြောနေတော့ ခင်ဗျားတို့ အရေးကြီးတဲ့ပုဂ္ဂိုလ်က အရေးကြီးလာပြီ၊ အရေးကြီးတယ်ဟူသော အထိမ်းအမှတ်နဲ့ပဲ ခင်ဗျားတို့ နားထောင်ပြီး အလုပ်လုပ်မှ၊ နားမလည်တဲ့လူဟာ ကိုယ့်ဟာကိုယ် အရေးကြီးနေတဲ့အလုပ်ဟာ အရေးကြီးတဲ့အလုပ်လို့မဆိုနဲ့ (မှန်ပါ)။
အရေးအကြီးဆုံးနားလည်ထားတဲ့ ပုဂ္ဂိုလ်က အရေးကြီးတယ်ဆိုတာသာ ကိုယ်နားမလည်ငြားသော်လဲ အရေးကြီးပြီဟေ့ဆိုပြီး ယူလိုက်ပေတော့ (မှန်ပါ)။ရှင်းပြီလား (ရှင်းပါပြီ)။
ကိုယ်အရေးကြီးနေတယ်။ စားမှုသောက်မှု နေမှုထိုင်မှု၊ လူလားမြောက်ဖို့၊ လူချင်းတူတူဖြစ်လို့ ဒါ ဦးသွင်တို့လူစုက အရေးတကြီးလုပ်နေတာပါ (မှန်ပါ)။
ခင်ဗျားတို့ နားလည်ထားတာက သူငယ်နှပ်စားကလေး နားလည်ထားတဲ့အလုပ်ပါ (မှန်ပါ)။ တကယ်ရှေ့မြင်နောက်မြင် တစ်သံသရာလုံးမြင်ဆိုတဲ့ ကိုယ်တော်မြတ်ကြီး ပြောတဲ့စကားသာလျှင် အရေးတကြီးမှတ်ကြပါ (မှန်ပါ)။
အပါယ်လေးပါး ဘယ်သူ့ကြောင့်ရောက်ရသတုံး
ကိုင်း-ဒါဖြင့် အပါယ်လေးပါး ဘယ်သူ့ကြောင့်ရောက်ရသတုံး။ ဒိဋ္ဌိကြောင့်ရောက်ရတယ် (မှန်ပါ)။ ဒိဋ္ဌိဘယ်သူ့ကြောင့် ပေါ်လာပါလိမ့်မတုံး (ပဋိစ္စသမုပ္ပာဒ်နားမလည်လို့ပါ)။ ပေါ်ပြီဗျ (ပေါ်ပါပြီ)။
အပါယ်လေးပါး ဘယ့်နှယ်ကြောင့်ရောက်ရပါလိမ့် (ဒိဋ္ဌိကြောင့် ရောက်ရပါသည်)။ ဒိဋ္ဌိဘယ်သူ့ကြောင့် ပေါ်လာပါလိမ့် (ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ ပေါ်လာတာပါ)။
ပဋိစ္စသမုပ္ပာဒ်နားမလည်လို့ ဆိုတော့ ခင်ဗျားတို့ဒီဟာမှ နားမလည်လို့ရှိရင် ဒိဋ္ဌိကမပြုတ် (မှန်ပါ)။ ဒိဋ္ဌိက မပြုတ်လို့ရှိရင်ဖြင့် စတ္တာရော အပါယာ သကဂေဟသဒိသာ၊ စတ္တာရော-လေးပါးကုန်သော၊ အပါယာ- အပါယ်ဘုံတို့သည်၊ သကဂေဟသဒိသာ- အမြဲနေရာ မိမိအိမ်ဂေဟာပဲ။ ပေါ်ပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒီဒကာ ဒကာမတွေ အရေးအကြီးဆုံးအချက် မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ ပဋိစ္စသမုပ္ပာဒ်နားလည်မှ ဒိဋ္ဌိပြုတ်မယ်၊ ဒိဋ္ဌိပြုတ်မှအပါယ်တံခါးပိတ်မယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)၊ အကြောင်းအကျိုးလဲ ဆက်ပြီလား (ဆက်ပါပြီ)။
ကိုင်း-ဒါဖြင့် ရှင်အာနန္ဒာက သောတာပန် (မှန်ပါ)။ မန္တာနီပုဏ္ဏေးမ၏သားဆီမှာ သူတရားနာရလို့ သူနဲ့တကွ သံဃာတစ်ရာ၊ ရဟန်းငယ်တစ်ရာ သောတာပန်တည်တယ်။ ဘုရားဆီမှာ တည်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူး- ရှင်အာနန္ဒာက (မှန်ပါ)။
အဲဒါနဲ့ သူ ဘုရားဝေယျာဝစ္စပြုနေတော့ တစ်နေ့သ၌ ကုရုတိုင်းမှာ တစ်နေရာမှာသွားပြီး သောတာပတ္တိ ဖလသမာပတ်ဝင်စားတယ် (မှန်ပါ)။
ဖလသမာပတ် ဝင်စားတယ်
သောတာပတ္တိ ဖလသမာပတ် ဝင်စားတယ်ဆိုတော့ မောင်သစ်တို့က မသိဘူး။ ဖြစ်ပျက်တွေရှုနေတာ ဖြစ်ပျက်အဆုံးရှိတဲ့ နိဗ္ဗာန်ကို များများကြီး အာရုံပြုနေတာကို ဖလသမာပတ်ဝင်စားတယ်ဆိုတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဖလသမာပတ် ဝင်စားတယ်ဆိုတာ ဘာပါလိမ့်မလဲလို့ မေးမနေနဲ့။ ခင်ဗျားတို့ ဒုက္ခသစ္စာဖြစ်ပျက်ကို အာရုံပြုပြီး ဒုက္ခချုပ်ဆုံးသွားတာနဲ့ ဒုက္ခချုပ်ဆုံးတဲ့နိဗ္ဗာန်ကို အာရုံပြုပြီး တာရှည်နေထိုင်တာကို ဖလသမာပတ် ဝင်စားတယ်လို့ ဆိုလိုက်ပါတယ် (မှန်ပါ)။
အဲဒီဖလသမာပတ်က နိဗ္ဗာနံ ဖလဿလို့ ဘုရားကဟောထားသောကြောင့် နိဗ္ဗာန်နဲ့ဖိုလ်အမြင်နဲ့ချည်း တွဲနေတာကို ဆိုသည်(မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ဘာနဲ့ဘာတွဲနေတာတုံး၊ (နိဗ္ဗာန်နဲ့ဖိုလ်အမြင်နဲ့တွဲနေတာပါ)။
အဲ-နိဗ္ဗာန်နဲ့ဖိုလ်အမြင်နဲ့ တွဲနေတာ။ နိဗ္ဗာန်ဆိုတာက ဒုက္ခချုပ်ရာ။ ဒုက္ခချုပ်ရာကို ဖိုလ်အမြင်က အာရုံပြုပြီး သကာလ သောတာပတ္တိဖိုလ်က အာရုံပြုပြီး သကာလ နေပါတယ်။ အဲဒါ ဖလသမာပတ်လို့ ခေါ်သည်။ သောတာပတ္တိ ဖလသမာပတ်။
ပဋိစ္စသမုပ္ပာဒ်ကိုစဉ်းစားလိုက်တယ်
အဲဒီဖလသမာပတ် ဝင်စားပြီး သကာလ တော်တော်ကလေးကြာလို့ ဉာဏ်ကဖြူစင်နေတုံး၊ ဖလသမာပတ် မဝင်စားတော့ပါဘူး ဆိုပြီး ခဏထိုင်နေလိုက်တယ်။ ထိုင်နေရင်း ရှင်အာနန္ဒာက ပဋိစ္စသမုပ္ပာဒ်ကို အဝိဇ္ဇာပစ္စယာက စပြီး ဒုက္ခက္ခန္ဓာဟ သမုဒယော ဟောတိကျအောင် တစ်ချက်တည်း စဉ်းစားလိုက်တယ်။
တစ်ခါ ဒုက္ခဘယ်ကလာပါလိမ့်မတုံးလို့ ပဋိလောမပြန်ပြီး စဉ်းစားလိုက်တဲ့ အခါကျလို့ရှိရင် မနေ့ကပြောတဲ့ အတိုင်း ပြောင်းပြန်နောက်ဆုတ် တွေးလိုက်တော့ အဝိဇ္ဇာ၏ဒဏ်ချက်ပဲလို့ သိတာက တစ်မျိုးဆိုတော့ အသွားတစ်ချက် အပြန်တစ်ချက် တွေးလိုက်တယ် (မှန်ပါ)။
အလယ်ကနေဖောက်ပြီး သကာလ အစကျအောင် တွေးလိုက်ပြန်တယ်တဲ့။ အင်း-ဝေဒနာဘယ်က လာသတုံး။ ဖဿကလာ။ ဖဿ ဘယ်က လာပါလိမ့်မတုံး။ သဠာယတနက လာတယ်။ သဠာယတန ဘယ်ကလာသတဲ့တုံး ဆိုလို့ရှိရင်ဖြင့် နာမ်ရုပ်ကလာ။ နာမ်ရုပ်ဘယ်ကလာ-ဝိညာဏ်ကလာတယ်၊ ဝိညာဏ်ဘယ်ကလာသတုံး- သင်္ခါရက။ သင်္ခါရဘယ်ကလာသတုံး-အဝိဇ္ဇာကလာတယ် (မှန်ပါ)။ အလယ်ကဖောက်ပြီး အရင်းပြန်တွေးလိုက်ပြန်တယ်။
တစ်ခါ တဏှာ ဘယ်ကလာပါလိမ့်မတုံးဆို၊ ဝေဒနာကလာတယ်၊ တဏှာဘယ်ကလာသတုံး-ဥပါဒါန်။ ဥပါဒါန်ဘယ်ကလာသတုံး- တဏှာကလာတယ်။ ကံဘယ်ကလာသတုံး-ဥပါဒါန်ကလာတယ်ဆိုပြီး အလယ်ကနေ ဖောက်ပြီး အဆုံးကျအောင် တွေးချလိုက်တယ် (မှန်ပါ)။
ပဋိစ္စသမုပ္ပာဒ်ဟာ အင်မတန်မှ ခက်တယ်
တွေးလိုက်တဲ့အခါကတော့ အင်း-ပဋိစ္စသမုပ္ပာဒ်လေးခုဟာ အကုန်ပေါ်နေတယ် (မှန်ပါ)။ ငါသိပြီတဲ့၊ သူက ရှေးတုန်းကကြားဖူးတုန်းက ပဋိစ္စသမုပ္ပာဒ် အင်မတန်မှ ခက်တယ်လို့သူကြားဖူးတယ် (မှန်ပါ)။
ရှင်အာနန္ဒာက ပဋိစ္စသမုပ္ပာဒ်ဟာ အင်မတန်မှ ခက်တယ်၊ အင်မတန်လဲ ထင်ဖို့၊ မြင်ဖို့မလွယ်ဘူးလို့ သူ့စိတ်ထဲမှာ အောက်မေ့ထားတာကိုး (မှန်ပါ)။
ယခု သာဝကဉာဏ်ကလေးနဲ့၊ သောတာပန်ဉာဏ်နဲ့ တွေးလိုက်တာတောင်မှ အတော်ပေါ်တယ်။ သူ့ဟာသူတော့ ဘဝင်မြင့်နေတယ် (မှန်ပါ)။
သူ့ဟာသူတော့ ဘဝင်မြင့်နေတော့ ငါ့ဉာဏ်ဟာ တကယ်ပဲလား၊ တကယ့်ကိုပဲ ဆုံးဖြတ်နေသလား။ အင်မတန်ဟုတ်နေပြီလို့ ကိုယ့်ဟာကိုယ်နဲ့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြီး သကာလ နေလိုက်တဲ့ ရှင်အာနန္ဒာက ဘုရားနား သွားကပ်တယ်။
အရှင်ဘုရား။ တပည့်တော် သောတာပန်ပုဂ္ဂိုလ်ဖလသမာပတ် ဝင်စားပြီးသည့်အဆုံးမှာ မဝင်စားတော့ပါဘူး ဆိုပြီး ပဋိစ္စသမုပ္ပာဒ်လေး ချက်ချင်း ပြန်တွေးလိုက်တယ်။ အစက-အဆုံး၊ အဆုံးက-အစ၊ အလယ်က နေပြီး အရင်း၊ အလယ်ကနေပြီး အဆုံးဆိုတဲ့ လေးချက်ကို တပည့်တော် ပြန်တွေးလိုက်တယ်။ (ပေါ်တယ် ဘုရား)။ ဉာဏ်ထဲ ထင်ထင်လာတယ်တဲ့။
ဟာ-မင်းဒီလိုမဆိုနဲ့၊ ဒီလိုမဆိုနဲ့။ သာဝကပါရမီဉာဏ်ကလေးလောက်နဲ့ ဒါကြီး-သမုဒ္ဒရာကြီး ကူးခပ်နိုင်တယ်လို့ မင်းက ထင်မနေနဲ့ဦး၊ ဘုရားက မြည်လိုက် တွန်လိုက်တာ ပေါ့လေ-နော် (မှန်ပါ)။ ဒီပဋိစ္စသမုပ္ပာဒ် နားမလည်လို့ပေါ့ကွ၊ အပါယ် လူစည်နေတယ်။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
အပါယ် လူစည်နေတယ်
ဘယ့်နှယ်ကြောင့် လူစည်ပါလိမ့်။ (ပဋိစ္စသမုပ္ပာဒ်နားမလည်လို့ လူစည်ပါတယ်)။
ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ အပါယ်လူစည်နေတယ်။ နားမလည်တော့ စည်မှာပဲ။ ဒိဋ္ဌိက အပါယ်ချ လိုက်တာကိုး (မှန်ပါ)။
ဒိဋ္ဌိက ဘယ့်နှယ်ကြောင့်လာသတုံး ဆိုတော့ ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုး နားမလည်မှုကြောင့် လာတာလို့ဆိုတော့ ရှင်းသွားတာပေါ့ (မှန်ပါ)။
ဒါဖြင့်- ခင်ဗျားတို့ အပါယ်နဲ့ငရဲ လွဲပွဲကြီးနဲ့ ကြုံရပါလို၏ဆိုတဲ့ပုဂ္ဂိုလ်များကိုဖြင့် ခန္ဓာပဋိစ္စသမုပ္ပာဒ်မှ နားမလည်လို့ ခင်ဗျားတို့ထုံးစံအတိုင်း သီလကလေးလောက် ဒါနကလေးသက်သေပြု သေပျော်နေကြရင်တော့ သွားပါလိမ့်ဦးမယ်၊ အပါယ်လေးပါးကို (မှန်ပါ)။ မသွားပေဘူးလား (သွားပါတယ်)၊ ဒီမှာ ဘုရားက သေသေချာချာဟောပြီ။
ဟေ့- အာနန္ဒာ။ မင်းက ဘဝင်မြင့်မနေနဲ့ကွ။ မာလာဝံ အာနန္ဒာကိုး- ဒီလိုမဆိုနဲ့ကွ၊ မင်း ဒါကြောင့် သတ္တဝါတွေ စာပေါင်းသိုက်လိုရှုပ်ပြီး အစကအဆုံး၊ အဆုံးကအစ ပြန်ချင်သလိုပြန်၊ လှန်ချင်သလိုလှန်၊ အစရှာမတွေ့အောင်ဖြစ်နေတယ်။ ဒါပဋိစ္စသမုပ္ပာဒ် နားမလည်မှုပေါ့ကွ၊ အပါယ်လူစည်နေတာ ပဋိစ္စသမုပ္ပာဒ် နားမလည်မှုပေါ့ကွ၊ သူ့ကြောင့် ဒိဋ္ဌိဖြစ်တာကွ၊ ပဋိစ္စသမုပ္ပာဒ်နားမလည်မှုကြောင့် ဒိဋ္ဌိဖြစ်တာ (မှန်ပါ)။ ဒိဋ္ဌိဖြစ်လို့အပါယ်လူစည်နေတာ မင်းကလွယ်တယ်လို့ မထင်လိုက်ပါနဲ့လို့ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောရှာတယ်နော် (မှန်ပါ)။ သဘောကျကြပြီလား (ကျပါပြီ)။
ဒါဖြင့် အပါယ်တံခါးပိတ်ချင်လို့ရှိရင် ခင်ဗျားတို့ကိုယ်ခန္ဓာ ပဋိစ္စသမုပ္ပာဒ်ကိုကိုယ် ချက်ချင်းသိရမယ် (မှန်ပါ)။ ကိုယ်ခန္ဓာ ပဋိစ္စသမုပ္ပာဒ်ကို (ကိုယ်ချက်ချင်းသိရပါမယ်) အကြွေးမထားရဘူး၊ အကြွေးထားရင် ပဋိစ္စသမုပ္ပာဒ် တန်းပြီးနေပြီ။ အကြွေးထားရင် ကံမြောက်သွားပြီ (မှန်ပါ)။
အကြွေးထားရင် ကံမြောက်သွားပြီ
ဥပမာမယ်- ဘုန်းကြီးရှင်းပြပါမယ်။ ဒကာ ဒကာမတွေကိုမြင်တဲ့စိတ်ကလေးပေါ်တယ် ဦးသွင်ရဲ့။ နော်-(မှန်ပါ) မြင်တဲ့စိတ် ပေါ်တယ်ဆိုလို့ရှိရင် ဒီမြင်တဲ့စိတ်ကို အကြွေးထားလိုက်ပြီ ဆိုမှဖြင့် ပဋိစ္စသမုပ္ပာဒ်ရယ်လို့လဲမတွေး။
ဪ- ဒါဖြစ်ပေါ်တာကိုးလို့လဲမသိ ဆိုတော့ မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်မယ် ဆိုတာတွေက တန်းနေတာပဲ (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ)။
မြင်တယ်၊ လိုချင်တယ်၊ မရရအောင် အားထုတ်မယ် ဟုတ်လား။ စွဲလမ်းတယ်ဆိုတာတွေက ရပ်လို့ရသေးရဲ့လား (မရပါဘူး)။
ဓမ္မနိယတ ဓမ္မနိယာမလို့ ဆိုထားတာကိုး (မှန်ပါ)။ ဓမ္မနိယာမအားဖြင့် ဒီလိုသွားတာပဲကွ၊ မင်းတို့က ဖြတ်နိုင်ဖြတ်။ မဖြတ်နိုင် သူ့ဓမ္မနိယာမကတော့ သွားမှာပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဘုရားပွင့်ပွင့်- မပွင့်ပွင့် ဒါမဆိုင်ဘူးကွ။ သူ့ဓမ္မနိယာမအဖြစ်နဲ့ပဲ သူသွားတယ်။ မင်းတို့ဉာဏ်ကလေးနဲ့ မင်းတို့ တားနိုင် ဆည်းနိုင် ရပ်နိုင်လို့ရှိရင်ဖြင့် ဟုတ်ကြမှာပဲ။ သဘောကျပြီလား (မှန်ပါ)။
ဒါကြောင့် ဒီဒကာ-ဒကာမတွေကို အရင်းထားပြီး သတိပေးလိုက်ပါတယ်။ ခင်ဗျားတို့အပါယ်လေးပါးကို ခင်ဗျားတို့ ပဋိစ္စသမုပ္ပာဒ်က ပို့တယ် (မှန်ပါ)။
ခင်ဗျားတို့ အပါယ်လေးပါး အခု ခင်ဗျားတို့ တဏှာဥပါဒါန်ကံက ပို့လိုက်ပြီ (မှန်ပါ)။ ဟုတ်လား (မှန်ပါ)။
ဒါဖြင့် အပါယ်မှာ ငရဲမီးတွေတဟုန်းဟုန်း ငရဲအိုးတွေကတပွက်ပွက် (မှန်ပါ)။ ဟာ ဘယ်ကနေ တည်ပါလိမ့်မတုံး။ အိုး-ဒီကနေ တဏှာ ဥပါဒါန်ကံက တည်ထားတာ (မှန်ပါ)။ ဒီက ကံကုန်တဲ့ အခါကျတော့ ခင်ဗျားတို့အိုးထဲမှာ အဆင့်ဆင့် ရောက်သွားတယ်ဆိုတာက ငြင်းဖို့မလိုဘူး (မလိုပါဘူး)။ လိုသေးသလား (မလိုပါဘူး)။
ပဋိစ္စသမုပ္ပာဒ်ကတည်တာ
ဘယ်ကတည်တာတုံး (လူ့ပြည်က တည်တာပါ)။ လူ့ပြည်ကနေပြီး ပဋိစ္စသမုပ္ပာဒ်ကတည်တာ။ နတ်ပြည်ကနေပြီး ပဋိစ္စသမုပ္ပာဒ်တရားက တည်လိုက်ပါတယ် (မှန်ပါ)။ ရှင်းပြီနော် (ရှင်းပါပြီ)။
ဒါဖြင့် လူ့ပြည်ကျောင်းဆောက် နတ်ပြည် ဘုံပေါက် ဆိုတာနဲ့ လူ့ပြည်မှာ ပဋိစ္စသမုပ္ပာဒ် မဖြတ်နိုင်လို့ တဏှာဥပါဒါန်ကံတွေကို မဖြတ်နိုင်တဲ့အတွက် အပါယ်မှာ ကိုယ်နေဖို့ဘုံပေါက်တာလဲ သဘောကျဖို့ ကောင်းတယ် (မှန်ပါ)။ မကောင်းဘူးလား (ကောင်းပါတယ်)။
ကျောင်းဆောက်တာ ခင်ဗျားတို့ ဘုန်းကြီးတွေက မြှောက်ဟောတော့ အလွန်ဝမ်းသာပစ်လိုက်တယ် (မှန်ပါ)။ နန္ဒိယတို့ ဝတ္ထုတွေ ထောက်လိုက်လို့ရှိရင် ဟင် (မှန်ပါ)။
အပါယ်ဘုံပေါက်တာ ဟောမယ်ဆိုရင် ခင်ဗျားတို့က မျက်ရည်ကျမယ်ထင်တယ်။ သို့သော် အပါယ်မှာ ပေါက်တာက များတယ်။ နတ်ပြည်ပေါက်တာက အတော်နည်းတယ် (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကိုင်း-ဒါဖြင့် ဒီဒကာ-ဒကာမတွေ မျက်လုံးဖွင့်လိုက်လို့ရှိရင် ရပ်နိုင်ရင်ရပ်၊ မရပ်နိုင်ရင်ဖြင့် အပါယ်မှာ ငရဲအိုးတစ်အိုး ဘုံပေါက်ပြန်ပြီသာမှတ်ပေတော့ (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ)။
နားပေါက်ကကြားလို့ ရပ်နိုင်ရင်ရပ်ပါ။ ဖြတ်နိုင်ရင်ဖြတ်ပါ၊ မဖြတ်နိုင်လို့ရှိရင် ငရဲအိုးတစ်အိုး ဘုံပေါက်ပြန်ပြီ။ (မှန်ပါ)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
ငရဲသွားဖို့ ဘုံပေါက်တွေထုတ်နေတာ
တစ်နေ့ ခင်ဗျားတို့ငရဲမှာ ဘယ်လောက် တည်ဆောက်သတုံးလို့ မေးလို့ရှိရင် မောင်ချစ်စိန် ဖြေစမ်း။ (မရေတွက်နိုင်ပါဘူး)။ မရေတွက်နိုင်ဘူး ဆိုတော့ မောင်ချစ်စိန် အတော်ခက်နေတယ် (မှန်ပါ)။
ဒါကြောင့် မျက်လုံးက ဖွင့်တတ်ဖို့အရေးကို မျက်လုံးဖွင့်တဲ့နည်း သင်ပေးနေတယ်နော် (မှန်ပါ)။ နားမထောင်တတ်တဲ့နည်းကို နားထောင်တတ်တဲ့နည်း သင်ပေးနေတော့ ခင်ဗျားတို့သည် ပဋိစ္စသမုပ္ပာဒ်ကြောင့် အပါယ်လေးပါးပေါ်တာကို ဒီမျက်လုံးပေါက်က ပဋိစ္စသမုပ္ပာဒ်ကလဲ ငရဲသွားဖို့ ဘုံပေါက်တွေထုတ်နေတာပဲ (မှန်ပါ)။ နားပေါက်က ပဋိစ္စသမုပ္ပာဒ်ကလဲ ငရဲသွားဖို့ ဘုံပေါက်တွေ ထုတ်တာပဲဆိုတာကောသဘောကျပြီလား (ကျပါပြီ)။
အေး-ဒါကြောင့် မထုတ်ချင်ဘူးဆိုလဲ ရတယ်၊ ထုတ်ချင်ပါတယ်ဆိုလဲ မိဘဆိုင်ရာအတိုင်း နေရုံပဲ (မှန်ပါ)။ ဟာ- မထုတ်ချင်ပါဘူးဘုရား- တပည့်တော်တို့ ဒီမှာအကြောက်ကြီး ကြောက်ပါတယ် ဆိုလို့ရှိရင်လဲ ဖြတ်လမ်း ရှိတယ်နော် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။
ကောင်းပါပြီ၊ ဒါဖြင့် ညီတော်အာနန္ဒာက ဘဝင်မြင့်ပြီး သကာလ ပဋိစ္စသမုပ္ပာဒ်လေးမျိုးစလုံး တွေးကြည့်လိုက်တော့ ပေါ်လိုက်တာ- အစက အဆုံးကျအောင် အဓိပ္ပာယ် မောင်သစ် ပေါ်နေတယ် (မှန်ပါ)။
အဆုံးကအစ ပြန်ရှာပြန်တော့ကော (ပေါ်ပါတယ်)၊ အလယ်ကနေပြီး အဆုံးပြန်ရှာပြန်တော့ကော (ပေါ်ပါတယ်)၊ အလယ်ကနေပြီး အစရှာပြန်တော့ကော (ပေါ်ပါတယ်)။
အင်း- သူ့စိတ်ထဲ သာဝကဉာဏ်နဲ့တောင် ဒါလောက်ပေါ်တာ၊ သူများတော့ခက်တယ်လို့ပြောကြတယ်၊ ခက်တယ်လို့ပဲထင်ကြတယ်၊ ငါ့မှာတော့ အလွယ်လေးပါလား- အစရှိသည်နဲ့ ဘဝင်မြင့်နေလို့ ဘုရားက ညီတော်အာနန္ဒာ- မင်း သာဝကပါရမီကလေးနဲ့ ဒါလောက်မလွယ်ပါနဲ့ကွ၊ ဘဝင်မမြင့်ပါနဲ့ကွ၊ ဒါ နားမလည်လို့ ငါလဲ သံသရာရှည်ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ အတူတူပဲ (မှန်ပါ)။
သတ္တဝါတွေ အကုန် အပါယ်သွားနေကြတဲ့ ရေသောက်မြစ်မှာသူ့ကို နားမလည်မှုဟေ့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
သတ္တဝါတွေ အကုန်အပါယ် ရောက်နေတာပါတဲ့ (သူနားမလည်မှုပါ) ပဋိစ္စသမုပ္ပာဒ်နားမလည်မှု။ ရှင်းကြပြီလား (ရှင်းပါပြီ)။
အပါယ်မှာစည်ကားနေကြတာ ဘာကြောင့်ပါလိမ့်
သတ္တဝါတွေ အပါယ်မှာစည်ကားနေကြတာ ဘာကြောင့်ပါလိမ့်မတုံးမေးရင် (ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ပါ ဘုရား)ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ပါဘုရား။
ပဋိစ္စသမုပ္ပာဒ်နားမလည်မှု အလွန်ကြောက်စရာ ကောင်းတယ်ဆိုတာ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)။
အဲဒီတော့ ဘုန်းကြီးတို့ ဒါနတွေ ပြုတာတွေလဲ ခင်ဗျားတို့အတွက် ဝမ်းသာတာပဲ။ သီလဆောက်တည် တာလဲ ဝမ်းသာတာပဲ။ ဘုရားကြိုက်တဲ့အလုပ်တွေပဲ။ သို့သော် ဒါ နားမလည်သေးလို့ရှိရင်ဖြင့် တဲ့ ကမ္မဿကတဉာဏ်လောက်နဲ့ အချိန်ကုန်နေလို့ရှိရင်ဖြင့် တို့ ဒါနားလည်မှ ပစ္စယပရိဂ္ဂဟဉာဏ် (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ)။
ဒါန သီလဟာ ကမ္မဿကတဉာဏ်လောက် ရှိသေးတာကိုး (မှန်ပါ)။ ကမ္မဿကတဉာဏ်လောက်က ဘယ်လောက်မှ ဒိဋ္ဌိမကွာဘူးဆိုတာ မှန်ပါ-(မှန်ပါ)။ ပဏ္ဏာသမှာ သေသေချာချာ ဖွင့်ပါတယ်-နော် (မှန်ပါ)။
ကမ္မဿကတဉာဏ် ဒိဋ္ဌိမကွာဘူး (မှန်ပါ)။ ပစ္စယပရိဂ္ဂဟဉာဏ်ကျမှ ဒိဋ္ဌိဉာတပရိညာနဲ့ ကွာတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ကိုင်း- ဒါဖြင့် ညီတော်အာနန္ဒာ။ ငါဟောပြမယ်ကွာ၊ မင်းသေသေချာချာ နားထောင်ကွ၊ ပဋိစ္စသမုပ္ပာဒ် ဆိုတဲ့ဥစ္စာ အင်မတန်မှအရေးကြီးတဲ့ အလုပ်ပါကွာဆိုပြီး ပဋိစ္စသမုပ္ပာဒ်ကို နားလည်မှသာလျှင် အလုပ်ရှာ တွေ့မယ်။ သူနားမလည်ရင် အလုပ်ရှာမတွေ့ဘူး (မှန်ပါ)။
သူနားမလည်ရင် (အလုပ်ရှာ မတွေ့ပါဘူး)၊ အလုပ်ရှာမတွေ့ဘူး။
ဒကာ-ဒကာမတို့ သူ့ကိုနားမလည်ဘူးဆိုရင် အလုပ်လဲ ရှာမတွေ့တော့ဘူး (မှန်ပါ)၊ အတော်ခဲယဉ်းပါတယ်။
သိမှုမှမပါဘဲနဲ့ လုပ်နေရတဲ့အခါ
အဲဒါကြောင့် ဆရာဘုန်းကြီးတွေကဖြစ်ဖြစ်၊ ခင်ဗျားတို့လူဆရာတွေကဖြစ်ဖြစ် လုပ်ပါလုပ်ပါကွ၊ ဒါ အပါယ်တံခါးပိတ်တဲ့ အလုပ်ပါပဲ ဆိုငြားသော်လဲ သူက လုပ်ပါဆိုလို့လုပ်နေတာ၊ ကိုယ်ကသိမှုမှမပါဘဲနဲ့ ပစ္စယပရိဂ္ဂဟ ဉာဏ်ဆိုတဲ့ မောင်သစ်တို့၊ ဦးသွင်တို့ သိမှုမှမပါဘဲနဲ့ လုပ်နေရတဲ့ အခါကျလို့ရှိရင် ဖြစ်တဲ့ဆန္ဒမှာ သိမှုမပါဘဲ နှစ်ပေါင်းလေးဆယ် လုပ်ကြည့်တယ်၊ နိဗ္ဗာန်မရဘူး (မှန်ပါ)။
မောင်ဆန် မောင်ဆန်- ဖွားဖက်တော်မောင်ဆန်။ နှစ်ပေါင်းလေးဆယ်၊ ဆက်လုပ်ကြည့်တယ်၊ သိမှုမပါတော့ ဖြစ်ပျက်တွေ မြင်လျက်သားနဲ့၊ အနိစ္စတွေမြင်လျက်သားနဲ့ ရကိုမရဘူး (မှန်ပါ)။ ဒါလောက်အရေးကြီးတယ်ဆိုတာ သိမှု မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
နောက်မှ ရှင်အာနန္ဒာနဲ့တွေ့လို့ ဒီကိုယ်တော်ပဋိစ္စသမုပ္ပာဒ် နားမလည်ဘဲ ရမ်းလုပ်နေတာကိုလို့ ပေါ်လာတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ပိဋိစ္စသမုပ္ပာဒ်နားမလည်ဘဲနဲ့ ရမ်းလုပ်နေတာကိုးဆိုတော့မှ ပဋိစ္စသမုပ္ပာဒ်နားလည်မှ ဒိဋ္ဌိကွာတယ် (မှန်ပါ)။ ဒိဋ္ဌိကွာမှ ခင်ဗျားတို့ ဥဒယဗ္ဗယဖြစ်ပျက်ကို အားထုတ်လို့ ခရီးပေါက်နိုင်တယ်ဆိုတာ သဘောပါကြပြီလား (ပါပါပြီ)။
အေး- ဒါကြောင့် စာလိုပဲ ပြောပါတော့မယ်။ ကိုင်း- ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပဋိစ္စသမုပ္ပာဒ်ဟာ ကွာတဲ့ ဘယ်လောက်ထိအောင် နားမလည်ဖို့ရာ အကြောင်းများသတုံးလို့ ဆိုလို့ရှိရင်၊ ငါဘုရားလဲ မပွင့်ဘူးဆိုလို့ရှိရင် စာပေါင်းသိုက်ရှုပ်သလို ရှုပ်နေတာ၊ အစနဲ့အရင်း အလယ်ရှာမတွေ့ဘူးတဲ့ (မှန်ပါ)။
အရင်းအဖျား သိနိုင်ပါ့မလား
စာပေါင်းသိုက်လုပ်ထားတဲ့ စာကလေးတွေဟာ တောင်ကငင်လို့မြောက်တိုး၊ မြောက်ကငင်လို့ တောင်တိုး (မှန်ပါ)။ အင်း- ဒီဥစ္စာအုန်းခွံထဲဆွဲလာတဲ့အစကလေးမှာ အရင်းဘယ်ဟာ၊ အဖျားဘယ်ဟာလို့ တက်ပြီး ဘေးကကြည့်တဲ့ပုဂ္ဂိုလ်က မောင်သစ် အရင်းအဖျား သိနိုင်ပါ့မလား (မသိနိုင်ပါဘူး)၊ စာပေါင်းသိုက်လေ (မှန်ပါ)။
ရက်ကန်းသည်တွေ ရက်ကန်းချည်ထုပ်ကြီးကြွက်ကိုက်တဲ့အခါကျတော့ ကြွက်ကိုက်ပြီး ကြွက်တွေက ဟိုကဖြတ် ဒီကဖြတ်နဲ့ ရှုပ်ထား၊ ဟိုကဖြတ်စား၊ ဒီကဖြတ်စားနဲ့ အရင်းအဖျားရှာတော့ အမှန်တွေ့ပါ့မလား (မတွေ့ပါဘူး)။
အဲဒီလိုရှုပ်နေတာကွ-တဲ့။ အာနန္ဒာ-မင်းက ဘဝင်မြင့်မနေနဲ့။ ပဋိစ္စသမုပ္ပာဒ်ဆိုတာ အဲဒီလိုရှုပ်နေတာ။ အဲဒီလိုရှုပ်နေတဲ့ ပဋိစ္စသမုပ္ပာဒ် မင်းကပေါ်သလိုလို သာဝကပါရမီဉာဏ်နဲ့ မင်းကဟုတ်လှပြီထင်မနေနဲ့။ ဒီလိုမဆိုနဲ့ကွဆိုပြီး ဘုရားသခင်မြည်တော်မူတယ်-နော် (မှန်ပါ)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အလုပ်လုပ်ဖို့တော့ဖြင့် အတိတ်ပဋိစ္စသမုပ္ပာဒ်လဲမလိုပါဘူး၊ အနာဂတ်ဖြစ်ပေါ်မယ့် ပဋိစ္စသမုပ္ပာဒ်ကိုလဲ မလိုချင်ပါဘူး (မှန်ပါ)။ ပဋိစ္စသမုပ္ပာဒ်ကိုလဲ မလိုချင်ပါဘူး (မှန်ပါ)။ ပဋိစ္စသမုပ္ပာဒ်စာရွက်မှာ ၂-အကွက်နဲပ ၃-အကွက်သာ အရေးကြီးတယ် (မှန်ပါ)။
ဘာတဲ့တုံး- (၂အကွက်နဲ့ ၃ အကွက်သာ အရေးအကြီးဆုံးပါ ဘုရား)။ ၂အကွက်နဲ့ ၃အကွက်သာ အရေးကြီးတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
ဘာဖြစ်လို့တုံးဆိုတော့ ၁အကွက်က လွန်ပြီးသား (မှန်ပါ)။ မလိုချင်တော့ဘူး (မှန်ပါ)။ အလုပ်နဲ့ ဖြတ်တော့မယ် ဆိုတာ ၁အကွက်မလိုချင်တော့ပါဘူး (မှန်ပါ)။ ၄-အကွက်လဲ မလိုချင်တော့ဘူး။ သဘောပါပြီလား (ပါပါပြီ)။
၂နဲ့၃ပဲ အရေးကြီးတယ်
မောင်သစ် ဘယ်အကွက် ဘယ်အကွက်လဲ (၂အကွက်နဲ့ ၃အကွက်ပါ ဘုရား)၊ ၂နဲ့၃ပဲ အရေးကြီးတယ် (မှန်ပါ)။၂နဲ့၃ မှာဖတ်ကြည့်တော့ ၂ကလဲ ပစ္စုပ္ပန်၊ ၃ကလဲ ပစ္စုပ္ပန် (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။
၂ကလဲ (ပစ္စုပ္ပန်ပါ ဘုရား)၊ ၃ကလဲ (ပစ္စုပ္ပန်ပါ ဘုရား) အေး-သေသေချာချာကြည့် – သေသေချာချာကြည့်ပါ။ အဲဒါ ၂နဲ့၃အကွက်ဟာ ၂အကွက်က ဒုက္ခသစ္စာ၊ ၃အကွက်က သမုဒယသစ္စာ (မှန်ပါ)။
၂အကွက်က (ဒုက္ခသစ္စာပါ ဘုရား) ၃အကွက်က (သမုဒယသစ္စာပါ)၊ သမုဒယသစ္စာ။
ဒါဖြင့် ဒုက္ခသစ္စာပဲ အခုလက်ရှိခန္ဓာကြီးဆိုတော့ဪ-ဟုတ်ပြီ၊ ဟုတ်ပြီ၊ ပစ္စုပ္ပန် အခုရထားတဲ့ ခန္ဓာကြီးပါလားဆိုတာပေါ်တယ် (မှန်ပါ)။
ကွာ- အခုဖြစ်နေတဲ့ခန္ဓာကို လိုချင်ပါတယ်။ ခုနက တရားထိုင်စက၊ တရားဟောစဖြစ်တဲ့ ခန္ဓာကြီးကို မလိုချင်ပါဘူး (မှန်ပါ)။ ဘာဖြစ်လို့တုံး။ ချုပ်ပြီးလို့မလိုချင်ဘူး (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
အခုတရားနာဆဲ၊ ရှုဆဲ ဒါကိုပဲလိုချင်တယ် (မှန်ပါ)။ အဲဒါ ၂-ထဲမှာ၊ အခုခန္ဓာထဲမှာ မောင်သစ်၊ ဦးသွင်ဘာပဲပေါ်ပေါ် ဒုက္ခသစ္စာမှ တစ်ပါး တခြားပေါ်စရာမောင်ချစ်စိန်မရှိ (မရှိပါဘူး ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ)။
ဒုက္ခသစ္စာမှတစ်ပါး တခြားသစ္စာ (မရှိပါဘူး)။
ဝိပဿနာ မလုပ်တော့ပါဘူး၊ သူတော်တာ တော်တာပဲ၊ ဒါဖြင့် ဓမ္မနိယာမအတိုင်း သွားပေတော့၊ ခန္ဓာငါးပါး နောက်နေပြီး ပထမ ၁နံပါတ်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ ခန္ဓာငါးပါးပဲနော် (မှန်ပါ)။ ခန္ဓာငါးပါး နောက်ကနေပြီး သကာလ တဏှာ ဥပါဒါန်ကံလိုက်နေတာ ခင်ဗျားတို့ သာသနာတွင်းမဟုတ်ဘဲနဲ့ သာသနာပသမားမှာ ဒါသာလိုက်တာပဲ (မှန်ပါ)။ ၂အကွက်ကနေပြီး တဏှာ ဥပါဒါန်ကံသာလိုက်တာပဲ (မှန်ပါ)။
ဟာ-တပည့်တော်တို့ အပါယ်တံခါးလဲ ပိတ်ချင်ပါတယ်ဘုရား။
၂နဲ့၃ကြားမှာ မဂ်ဝင်ရမယ်
သာသနာတွင်းတရားလဲ ကြိုးစားပါမယ်ဆိုလို့ရှိရင်ဖြင့် ၂နဲ့၃ကြားမှာ မဂ်ဝင်ရမယ် (မှန်ပါ)။
ဘာတုံး- (၂နဲ့၃ကြားမှာ မဂ်ဝင်ရပါမယ်)၊ ၂နဲ့၃ကြားမှာ မဂ်ဝင်ရမယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ)။
၂နဲ့၃ကြား မဂ်ဝင်မှာသာလျှင် ခင်ဗျားတို့ဪ-ငါသည်သာသနာ ၂၅၀၀ ပျော့ပျော့ကျန်နေတဲ့အနက်က သာသနာတွင်းငါရောက်သေးတယ်၊ ၂နဲ့၃ကြား မဂ်ဝင်မှ သာသနာတွင်းသားကလေး လာဖြစ်လာတယ် (မှန်ပါ)။
၂နဲ့၃ကြား မဂ်မဝင်လို့ရှိရင်ဖြင့် သာသနာအတွင်းသားမဟုတ်ဘဲနဲ့ သာသနာတွင်းမှာဖြစ်ငြားသော်လဲ သာသနာပပုဂ္ဂိုလ်ပဲ ဆိုလိုက် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဘာပုဂ္ဂိုလ်လဲ (သာသနာပပုဂ္ဂိုလ်ပါ)။ သာသနာပပုဂ္ဂိုလ်ပါပဲလို့ဆိုလိုက်ကြ (မှန်ပါ)။
ဦးသွင်ကြီး တော်-တော်သေးတယ်နော် (မှန်ပါ)။ မောင်သစ်တို့လူစု-မင်းတို့တော်-တော်သေးတယ် (မှန်ပါ ဘုရား)။
အဲဒီတော့ ဒီဝိဿနာနဲ့ ဒါနားမလည်လို့ရှိရင်ဖြင့် ဖြစ်ဆဲ ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ အင်း-၂ က ၃ ကူးတော့မှာပဲ (မှန်ပါ)။
ဘယ့်နှယ်ဆိုမလဲ (၂က ၃ကူးမှာပါပဲ)။ ၂က ၃ကူးမယ်။ ၃သာကူးလို့ရှိရင် သေရင် ၄ပဲ (မှန်ပါ ဘုရား)။ မဟုတ်ဘူးလား (မှန်ပါ)။ ၄ ဆိုရင် အပါယ်လေးပါးသာချလိုက် (မှန်ပါ)။ ၄နံပါတ်ကို အပါယ်၊ ဇာတိ၊ ဇရာ၊ မရဏသာ နှလုံးသွင်းလိုက်ပါတော့ (မှန်ပါ့ ဘုရား)။
ကိုင်း- ဒါဖြင့် ဒကာ-ဒကာမတွေ ညီတော်အာနန္ဒာ သူလွယ်တာပဲ ပြောနေတဲ့ဥစ္စာက သူတွေးလို့ သူလွယ်တယ် ပြောတာ။ စင်စစ် သူနားလည်တာက သောတာပန်ပဋိစ္စသမုပ္ပာဒ်၊ သောတာပန်ဖြတ်ထားတဲ့ ပဋိစ္စသမုပ္ပာဒ်သာ သူတွေးလိုက်တယ်။ သကဒါဂါမ် ပဋိစ္စသမုပ္ပာဒ်ရှိသေးတယ် (မှန်ပါ)။ အနာဂါမ် ပဋိစ္စသမုပ္ပာဒ် ၂ခုကို သူနားမလည်ပါဘူး (မှန်ပါ)။ ဘာဖြစ်လို့တုံး မရောက်သေးလို့ (မှန်ပါ)။
အဲဒါ သူရောက်သရွေ့ကလေးနဲ့ သူက ဘဝင်မြင့်နေလို့ပါ ဘုရားက မြည်ရတယ် တွန်ရတယ် (မှန်ပါ)။ ပေါ်လာကြပြီလား (ပေါ်လာပါပြီ)။
အဲဒါကြောင့် မာဟေဝံ အာနန္ဒာဆိုတဲ့ဥစ္စာ၊ ဤသို့မဆိုနဲ့ကွ- အာနန္ဒာရဆိုတဲ့ဥစ္စာ မောင်သစ် မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ်)။
သူက ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံသာ သူဖြတ်တတ်တယ် (မှန်ပါ)။ တဏှာဥပါဒါန်ကံ သူဖြတ်နိုင်ပါ့မလား (မဖြတ်နိုင်ပါဘူး)၊ ဘယ်ဖြတ်နိုင်လိမ့်မလဲ- သူသောတာပန်ရှိပါသေးတယ်။ ဟင်-မှန်ပါ။
သောတာပန်သည် ဒိဋ္ဌိသာသတ်၍
သောတာပန်သည် ဒိဋ္ဌိသာသတ်၍ တဏှာ သေပါရဲ့လား (မသေပါဘူး)။ မသေပါဘူးတဲ့၊ ကာမ ရာဂ နုသယ- ဘဝ ရာပါ နုသယတွေကျန်နေပါသေးတယ် (မှန်ပါ)။ မကျန်သေးဘူးလား (ကျန်ပါတယ်)။
အေး-ဒါကြောင့် ဒီဒကာ-ဒကာမတွေမှာ ခင်ဗျားတို့ ဒိဋ္ဌာနုသယတစ်လုံးတော့ဖြင့် ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ ရှိရင် ဒိဋ္ဌာနုသယနဲ့ ဝိစိကိစ္ဆာနုသယ ဘယ်တော့မှ မပြတ်ပါဘူး (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဒီ-ဒိဋ္ဌာနုသယနဲ့ ဝိစိကိစ္ဆာနုသယ-မပြတ်ဘူး၊ ပဋိစ္စသမုပ္ပာဒ်နားမလည်ရင် (မပြတ်ပါဘူး)၊ မပြတ်ဘူး၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
မပြတ်သရွေ့ကာလပတ်လုံးလဲ ငရဲမျိုးစေ့ဟာ ဒိဋ္ဌိနဲ့ ဝိစိကစ္ဆာမှတ်လိုက်စမ်းပါ (မှန်ပါ)။
ငရဲမျိုးစေ့ဟာ (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပါ ဘုရား)၊ ဒိဋ္ဌိနဲ့ဝိစိကစ္ဆာလို့မှတ်လိုက်စမ်းပါ၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ကိုင်း-ဒါဖြင့် ဒကာ-ဒကာမတို့ စိတ်အစဉ်ကို ဘုန်းကြီးပြောပြပါမယ်၊ မိဘရိုးရာဖြစ်စဉ်ကတော့ဖြင့် ကြားတယ်၊ ဥပမာ-နားထဲကကြားတယ်၊ ကြားစိတ်ကလေးတော့ပေါ်တာပဲ ဦးသွင် (မှန်ပါ)။
ကြားလို့ရှိရင် ခင်ဗျားတို့က ဘာဖြစ်တတ်သတုံးလို့မေးလို့ရှိရင် အသံကြားလို့ရှိရင်ဖြင့် ခင်ဗျားတို့က ကိုယ်နဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ချစ်ခင်လာတယ်၊ တဏှာလာတယ် (မှန်ပါ)။ ချစ်ခင်လို့ရှိရင်လဲ စွဲလန်းမှုဆိုတာက ဓမ္မနိယာမဖြစ်နေလို့ မောင်သစ် ရပ်ပါ့မလား (မရပ်ပါဘူး)၊ အင်း-စီးပြီးခေါ်လိုက်ဦးမှပဲဆိုတဲ့ ဝစီကံတွေကော လာမလား-မလာဘူးလား (လာမှာပါ ဘုရား)။
မြင်-မြင်ချင်းချစ်ခင်
ဟာ-ဒါဖြင့် ခင်ဗျားတို့အိမ်ကို ချစ်ခင်တဲ့မိတ်ဆွေ လာလို့ရှိရင်ဖြင့် မြင်-မြင်ချင်းချစ်ခင်။ မြင်-မြင်ချင်းစွဲလမ်း၊ မြင်-မြင်ချင်း ဝစီကံနဲ့လာပါ၊ ထိုင်ပါ၊ ကြွပါ ဒကာကြီးသွင်တို့ကော လောကွတ် ကောင်းကောင်း ဆိုသွားရောပေါ့ဗျာ။ ဟင် (မှန်ပါ)။
ကာယကံပဲ ဝစီကံမလာဘူး (မှန်ပါ)။ ကာယကံအဖြစ်နဲ့ လက်သွားဆွဲမှာပဲ၊ လက်ဆွဲခြင်းကိစ္စရှိလို့ရှိရင်တော့ (မှန်ပါ)။
ဒါ-ဘာဖြစ်သွားတာတုံးလို့မေးတဲ့အခါကတော့ ဟေ-ကြားလို့ခေါ်သံကြားလိုက်တာနဲ့ အပြင်ထွက်သွားတာ (မှန်ပါ)။
ဒီကြားထဲ စိတ်ကနေပြီး ပဋိစ္စသမုပ္ပာဒ် တန်းလိုက်တာ မောင်ချစ်စိန် မြင်လိုက်သလား (မှန်ပါ)။ ကြားတယ်-ခင်တယ်-စွဲလမ်းတယ်-လက်သွားဆွဲမယ် (မှန်ပါ)။ မလာဘူးလား (လာပါတယ် ဘုရား)။ ကြားတယ်-ခင်တယ် စွဲလမ်းတယ်-လက်သွားဆွဲမယ်၊ ဝစီကံနဲ့ ဟိုကြွပါ၊ ဒီကြွပါပြောမယ် (မှန်ပါ)။ မပြောပေဘူးလား (ပြောပါတယ်)။
အဲဒါ မင်းတို့ကတော့ဖြင့် ဒါ ဘယ်လိုထင်ကြသတုံးမေးတဲ့အခါကျတော့ ဧည့်ဝတ်ကျေတယ် (ရယ်သံ)၊ ဒီလိုမှမလုပ်ရင်လဲ ခင်ဗျားတို့က မဖြစ်ဘူးဆိုတာလဲ လာဦးမှာပဲ (ရယ်သံများ)၊ ဧည့်ဝတ်တကယ်ကျေပွန်တာကိုး (မှန်ပါ)။
ကျေပါ့ လား၊ သူတောင်းစားကိုဆိုတော့ ခင်ဗျားတို့က ဒီကျတော့လဲ မြန်မြန်သွားပါစေကတည်းက၊ မဟုတ်ဘူးလား (မှန်ပါ)။ အဲဒီကတည်းက တဏှာဦးစီးနေတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
အဲဒီတော့ ခင်ဗျားတို့ပြောတာက ထမင်းရည်ပူလာလျှာလွှဲဆိုတဲ့အတိုင်း ဒီပဋိစ္စသမုပ္ပာဒ် တကယ်ဖြစ်နေတာ ကိုတော့ဖြင့် ဒီလိုမှမလုပ်လို့ရှိရင်ဖြင့် တပည့်တော်တို့ လူသားတွေမှာ အခက်ချည်းပဲ ဆိုတဲ့ဥစ္စာ ဒါ ဘုန်းကြီးကတော့ဖြင့် ပြောလိုက်ပါတယ်၊ မသေခင်ကခက်နေတာ၊ သေရင် ဒီထက်ခက်ဦးမယ်ကွ (ရယ်သံများ)။
မသေခင်က ဒီလောက်ခက်နေတာ
မသေခင်က ဒီလောက်ခက်နေတာ၊ သေရင် ဒီ့ထက်ခက်ဦးမှာပဲဆိုတာ မသေချာဘူးလား (သချာပါတယ်)။
ကိုင်း-ဒါဖြင့် ဒါ ပဋိစ္စသမုပ္ပာဒ် တန်းလိုက်တာပဲမဟုတ်လား (မှန်ပါ)။ ကြားတယ်- ကြားတဲ့စိတ် ကလေး ပေါ်တယ်၊ ကြားတာနဲ့တစ်ခါတည်း ဒကာ-ဒကာမတွေက ဒီအသံဟာ မိတ်ဆွေအသံပဲဆိုပြီး ခင်လိုက်တော့ ခင်လိုက်ရင် စွဲလမ်းတာပဲ၊ စွဲလမ်းလို့ရှိရင် ခုနက ကာယကံ၊ ဝစီကံ (၂)ခုဟာက ထိုင်ပါ-ဟုတ်လား၊ မလာတာကြာပြီ၊ မျှော်နေတာတောင်- ဒီအသံတွေ ဘာတွေတောင် ထည့်သုံးလိုက်သေးတာ (ရယ်သံများ) မသုံးဘူးလား (သုံးပါတယ်)။
သုံးလိုက်ကတည်းက ဒါပဋိစ္စသမုပ္ပာဒ် မတန်းသေးဘူးလား၊ တန်းသလား (တန်းပါတယ်)။
တန်းတော့ ကမ္မဘာဝပစ္စယာ သေသည်၏အခြားမဲ့၌ မြားကလေးပြတ်သွားပြီးတော့ ဒကာ-ဒကာမတို့မြားအတိုင်းသွားရင် ဇာတိလာမယ် (မှန်ပါ)။ မလာဘူးလား (လာပါတယ်)။
ဘာဇာတိတုံးလို့မေးတဲ့အခါကျတော့မှ အို-မင်းတို့ကြည့်ပါလားကွ၊ သူ့အထက်ကဟာတွေ လျှောက်ကြည့်တော့ သူလိုသဘောထားပါသလား မေးရုံရှိတော့တယ်၊ ဟင် (မှန်ပါ)။ ပါရဲ့လား (မပါပါဘူး)၊ မပါဘူးတဲ့၊ တဏှာဥပါဒါန်လာတွေ့နေတယ် (မှန်ပါ)။ မတွေ့ဘူးလား (တွေ့ပါတယ်)။
အဲဒီတော့ ဒီကမ္မဘဝပစ္စယာဇာတိဟာ အပါယ်ဇာတိပဲဖြစ်ရမယ် (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
အပါယ်ဇာတိဆိုတဲ့ဥစ္စာဪ-ဒါဖြင့် မသေခင်ကိုယ်က ကံမြောက်နေပြီ (မှန်ပါ)။ ဦးသွင်ဆိုထိုက်သလား (ဆိုထိုက်ပါတယ်)။
မသေခင် ကံမြောက်နေပြီ
မသေခင် ကံမြောက်နေပြီ၊ အဲဒါ မသေခင် ကမ္မသမင်္ဂီလို့ မှတ်လိုက်ပါ (မှတ်ပါ)။
မသေခင် ဘယ်လိုမှတ်ကြမယ် (ကမ္မသမင်္ဂီလို့ပါ)၊ ကံတွေစုထားတဲ့ပုဂ္ဂိုလ် (မှန်ပါ)။
မသေခင် ငါသေလို့ရှိရင် ဒီအထုပ်ကြီးနဲ့ သွားမယ်ဆိုတဲ့အဓိပ္ပာယ် (မှန်ပါ)။
အကုသိုလ်ကံ အထုပ်ကြီးနဲ့ဟုတ်လား (မှန်ပါ)။ သွားမယ်ဆိုတော့ ကမ္မသမင်္ဂီဆိုတာ ကံနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ် (မှန်ပါ)။ ပုဂ္ဂိုလ်ဆိုတော့ မရှိဘူးပေါ့လေ၊ သို့သော် ဒီကံတွေဟာ အဟောသိကံဖြစ်သွားမှာစိုးလို့ ကမ္မသမင်္ဂီလို့ ဟောလိုက်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ကိုင်း-ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် သူ့အလိုလိုချည်းလဲဖြစ်နေပြီ၊ အသံကြားတာနဲ့လဲ ဖြစ်နေလို့ရှိရင်ဖြင့် အနံ့-နံလို့ရှိရင်လဲ ဒီအတိုင်းလာဦးမှာပဲ မောင်သစ်ရ (မှန်ပါ)။ မလာပေဘူးလား (လာပါတယ်)။
အဲဒါက ပဋိစ္စသမုပ္ပာဒ် မောင်သစ်တို့တွေးစမ်း၊ အလယ်ကဖောက်စနေတာ (မှန်ပါ)။
ဦးသွင် ဘယ်ကစသတုံး (အလယ်က ဖောက်စနေပါတယ်)၊ အလယ်က ဖောက်စနေတယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။
အလယ်က ဖောက်စလိုက်တာလို့ဆိုတော့ ဪ -ဒီကံဟာ စဉ်းစားကြည့်စမ်း။ ပဋိစ္စသမုပ္ပာဒ် ကြည့်ကြစမ်း၊ ဒကာ-ဒကာမတွေ ပစ္စုပ္ပန်လား၊ အတိတ်လားလို့ မေးတော့ အဲဒီထဲမှာ ခင်ဗျားတို့ ရေးထားတာပါ ပါလိမ့်မယ်-ဘာတဲ့တုံး (ပစ္စုပ္ပန်ပါ ဘုရား)။
ပစ္စုပ္ပန်ကံပဲ။ နောက်မှ အတိတ်ဖြစ်ရမှာ (မှန်ပါ)။ ဟိုအကျိုးပေးတော့မှ အတိတ်ဖြစ်မယ်၊ ယခုတော့ ဘာတုံး (ပစ္စုပ္ပန်ပါပဲ)။
အဲဒီ ပစ္စုပ္ပန်ကံဟာ လေကိုလွင့်မသွားအောင်၊ ပြာလိုပျောက်မသွားအောင် ဒီအတိုင်းစုထားလိုက်တဲ့ တဏှာဥပါဒါန်ကရှိတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဘယ်သူကစုထားသလဲ (တဏှာဥပါဒါန်ကစုထားပါတယ်)။
အဲဒါကြောင့် ဒီတဏှာ မလှီးသရွေ့ ကာလပတ်လုံး ကမ္မသမင်္ဂီပုဂ္ဂိုလ်ပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ ဘာတဲ့တုံး (ကမ္မသမင်္ဂီပုဂ္ဂိုလ်ပါ ဘုရား)၊ နေရာကျပြီနော် (မှန်ပါ)။
အဲဒီတော့ကို ကံသစ်လား ကံဟောင်းလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ကံသစ်ပါ ဘုရား)၊ ပြောကြပါလေ-ရဲရဲ၊ ပဋိစ္စသမုပ္ပာဒ်ကြည့်ပြောပါ။ ဘာတဲ့တုံး (ကံသစ်ပါ)။
ပစ္စုပ္ပာန်လို့ဆိုနေပေါ့၊ သူ့ကို အသစ်အဟောင်းတွေ ရွေးနေဖို့လိုသေးသလား (မလိုပါဘူး)၊ ဘာတဲ့တုံး (ပစ္စုပ္ပာန်ပါ ဘုရား)။
အဲဒါ ခင်ဗျားတို့က မျက်လုံးဖွင့်လိုက်၊ နားကလေးထောင်လိုက်တာနဲ့ ကံသစ်ဖြစ်သွားတာ (မှန်ပါ)။
နားထောင်လိုက်တာနဲ့ ဘာပေါ်လာသတုံး (ကံသစ်ပေါ်လာပါတယ်)။
ခွေးနှစ်ကောင်က နောက်ကလိုက်
ကံသစ်တစ်ခုပေါ်လာတော့ ကံဟောင်းတွေက နောက်က ခင်ဗျားတို့က ရှေ့က ပြေး၊ ကံဟောင်း ခွေးနှစ်ကောင်က နောက်ကလိုက်၊ ဥပမာပေါ့ဗျာ (မှန်ပါ)။
မီရာမှာ ကိုက်သတ်မလို့ နောက်ကလဲလိုက်သေး (မှန်ပါ)။ ရှေ့ကခွေးဝိုင်းကလဲ လိုက်ပြန်တော့ အန္တရာယ်တော့ကင်းဖို့မမြင်ဘူး၊ ဟင်- (မမြင်ပါဘူး)။
အန္တရာယ်ကင်းလို့ ဘယ့်နှယ်တုံး (မမြင်ပါဘူး)။ နောက် ကံဟောင်း ခွေးနှစ်ကောင်ကလဲ ကိုက်လျက် (မှန်ပါ)။ ရှေ့က ကံသစ် ခွေးကိုလဲ ကိုယ်ကမွေးထားပြန်တယ် (မှန်ပါ)။ အဲဒီတော့ ကိုယ့်ခွေးနဲ့ ကိုယ့်ကိုယ်ပဲ၊ ခွေးသုံးကောင်ဝိုင်းကိုက်ရင် သေမှသေပါ့မလားဆိုတာလဲ စဉ်းစားရသေးတယ် (မှန်ပါ)။
ဘယ့်နှယ်ထင်ကြသလဲ (သေပါတယ် ဘုရား)၊ သေခြင်းဆိုးလား၊ သေခြင်းကောင်းလားတော့ တွေ့ပါပြီ (သေခြင်းဆိုးပါ ဘုရား)၊ သေခြင်းဆိုးပါပဲ၊ ရှင်းပြီလား (ရှင်းပါပြီ)။
အခု ကံသစ်ကလဲ ဦးသွင်ရဲ့ ခက်နေပြီ၊ ကံဟောင်းကလဲ နောက်က မပယ်နိုင်သေးရင် မဂ်နဲ့ မပယ်နိုင်သေးရင် ကိုက်လိမ့်မယ် (မှန်ပါ)။
ကံဟောင်းကလိုက်၊ ကံသစ်က တည်ထောင်လျက်ဆိုတော့ မောင်သစ် အတော်ဆိုးပြီ (ဆိုးပါပြီ ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
အဲ-ဉာဏ်မျက်လုံးနဲ့ကြည့်မှ (မှန်ပါ)။ နောက်ကကုသိုလ်ကံ အကုသိုလ်ကံတွေကလဲ လိုက်လျက်-နော် (မှန်ပါ)။ ကံဟောင်းကလဲ နောက်ကလိုက်လျက်၊ ကံသစ်ကလဲရှိလျက်ဆိုတော့ ကံသစ်ကလဲ အခုကြားတယ်၊ ခင်တယ်၊ စွဲလမ်းတယ် ဟုတ်လား (မှန်ပါ)။ အင်း-သွားခေါ်မယ်ဆိုတဲ့ ကာယကံ၊ ဝစီကံတွေကလဲ ပြုလျက်ဘဲမနေဘူးလား (နေပါတယ်)၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
မဂ်ပဲတတ်နိုင်တယ်
ဒါဖြင့် ကံသစ်၊ ကံဟောင်းလိုက်နေတော့ကို ဒကာ-ဒကာမတို့ ကံဟောင်းကိုလဲသေအောင် ကံသစ်ကိုလဲ ပျောက်အောင် မဂ်ပဲတတ်နိုင်တယ် (မှန်ပါ)။ ဒါတော်တော် အရေးကြီးတဲ့စကား (မှန်ပါ)။
တော်တော်အရေးကြီးတဲ့စကား နားထောင်မိကြပြီလား (မှန်ပါ)။ ကံဟောင်းကိုလဲ အဟောသိကံဖြစ်အောင် ကံသစ်ကိုလဲ အကျိုးမပေးနိုင်အောင် ခင်ဗျားတို့ ဘာအားကိုးကြမလဲ (မဂ်ကိုပဲအားကိုးရပါမယ်)။ ဒါပဲအားကိုးရာအစစ်ပဲ (မှန်ပါ)။ ဒီပြင်များ အားကိုးရာမြင်သေးရဲ့လား (မမြင်ပါဘူး)။
အဲ-ဒီနေ့ အားကိုးရာ ဒီတစ်လုံးကလေးတွေ့လိုက်တာ ဦးသွင်-ခင်ဗျား သေပျော်သွားပြီ (မှန်ပါ)။ နက်ဖြန်ကျတော့ ဒီကံသစ် ကံဟောင်း ခွဲလိုက်တာ ပြောလိမ့်မယ် (မှန်ပါ)။ နဝပုရဏဝဂ်ကယ်လို့ ရှိသေးတယ်။ (နဝပုရဏဝဂ်။ သဠာယနဝဂ္ဂသံယုတ်ပါဠိတော်မှာ။) နဝ-က အသစ်။ ပုရဏက အဟောင်း (မှန်ပါ)။ နဝပုရဏဝဂ် ကယ်လို့ရှိသေးတယ်၊ ဒီသံယုတ်မှာပဲ ကံသစ် ကံဟောင်းဖြတ်ပုံကို (မှန်ပါ)။
ဒီကနေ့တော့ ယခု ရှင်အာနန္ဒာက ဘဝင်မြင့်နေလို့ ရှင်အာနန္ဒာတရားပဲ ဟောရတယ် (မှန်ပါ)။
ကိုင်း-ဒကာ-ဒကာမတို့ ခင်ဗျားတို့ အန္တရာယ်ကင်း ဘေးကင်းဖို့ တရားနာနေကြတာလား၊ ကံဟောင်း ပြတ်ချင်လို့ နာနေကြတာလား (ကံဟောင်းပြတ်ချင်လို့ပါ ဘုရား)။ ကံဟောင်းက အသေနှိပ်စက်မလို့ လိုက်နေတာ (မှန်ပါ)။
သဿတကိုလဲမယူနဲ့နော်
အဲဒီတော့ ခင်ဗျားတို့ဟာ လိုက်တဲ့ဓမ္မက အမြဲလိုက်နေပါလျက်သားနဲ့ သဿတကိုလဲမယူနဲ့နော် (မှန်ပါ)။ သဿတကိုလဲ သွားမယူနဲ့တဲ့။ သဿတသဘော မဟုတ်ဘူး ဒီဥစ္စာ၊ ကမ္မသမင်္ဂီဖြစ်နေလို့ လိုက်တဲ့သဘော၊ ဘုရားဟောရတာနော် (မှန်ပါ)။ ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ)။
နောက်ကလိုက်နေတာများ ရှိကြသလား (ရှိပါတယ် ဘုရား) ရှိတယ်။ မဂ်မပေါ်သေးရှိတယ် (မှန်ပါ)။ မဂ်မပေါ်သေးရှိတော့ လွတ်လွတ်လပ်လပ် တရားနာနေကြတာလား-မသေခင်နာနေရတာလား (မသေခင်နာနေရတာပါ)။ ဒါဖြင့် သေခါနီးပါပြီ (မှန်ပါ)။
ဘယ်လိုဆိုကြမယ် (သေခါနီးပါပြီ)။ သေခါနီးတရားနာနေကြတာ။ မသေခင်ကလေးကိုး (မှန်ပါ)။
သေတဲ့တစ်နေ့ကျလို့ရှိရင် ခင်ဗျားတို့ ရွာပြင်၊ မြို့ပြင်ထုတ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်လဲ ရှင်းလင်းနေတာပေါ့ (မှန်ပါ့ ဘုရား)။ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
အဲဒီတော့ကို ကံဟောင်းလဲ အဟောသိကံဖြစ်အောင် ကံသစ်လဲ အသုံးချမဖြစ်အောင်ဆိုတာဟာ စဉ်းစားပါ။ အကဏှ အသုတ္တဖြစ်တဲ့မဂ်ပဲ- မောင်သစ်အားကိုးရမယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ အကဏှ အသုတ္တဖြစ်တဲ့ မဂ်ပဲ အားကိုးရမယ် (မှန်ပါ)။
ဘာအားကိုးရမယ် (မဂ်ကိုပဲ အားကိုးရပါမယ်)။ အကဏှ-ထည့်ပါဦး (အကဏှ အသုတ္တဖြစ်တဲ့ မဂ်ပဲ အားကိုးရပါမယ်)။
မမည်း မဖြူတဲ့တရားကို အားထုတ်ရမယ် (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။ ဘာထားထုတ်ရမလဲ- (မမည်းမဖြူတဲ့တရား အားထုတ်ရပါမယ်)။ မမည်း မဖြူတဲ့တရားကို အားထုတ်ရမယ်။ ရှင်းပြီနော် (ရှင်းပါပြီ)။
မမည်းမဖြူတဲ့တရားဆိုတာ
ဟ-မမည်းမဖြူတဲ့တရားဆိုတာ ဘာတုံးလို့ မေးတော့မှ ဝိပဿနာမဂ်- (မှန်ပါ)။ ဝိပဿနာက နီးသောအကြောင်း-ဟုတ်လား (မှန်ပါ)။ ဝိပဿနာက ဥပနိဿယပစ္စည်း။ မဂ်က ဥပနိဿယပစ္စည်း၏ ပစ္စယုပ္ပန်။ သေသေချာချာမှတ်။ ဝိပဿနာမဂ်မပါဘဲနဲ့ လောကုတ္တရာမဂ်က မပေါ်နိုင်ဘူး (မှန်ပါ)။ ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘူး)။
ဒါဖြင့် ဝိပဿနာမဂ်က ဥပနိဿယပစ္စည်း၊ လောကုတ္တရာမဂ္ဂင်ရှစ်ပါးက ဥပနိဿယပစ္စည်း၏ ပစ္စယုပ္ပန်လို့ သေသေချာချာမှတ်ကြပါနော် (မှန်ပါ)။
ဒါဖြင့် ခင်ဗျားတို့ အခုကျုပ်တို့ရှုနေကြတဲ့ ယောဂီပုဂ္ဂိုလ်တွေဟာ ဥပနိဿယပစ္စည်းထဲ နေကြတာပဲ (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဘာလုပ်နေကြသလဲ (ဥပနိဿယ ပစ္စည်းလုပ်နေကြပါတယ်)။ ဥပနိဿယပစ္စည်း လုပ်နေကြတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
အားကြီးသောအကြောင်းတရားလုပ်နေကြတာဘုရား (မှန်ပါ)။ ဘာဖြစ်လို့ အားကြီးသောအကြောင်းဖြစ်အောင် လုပ်နေသတုံးလို့ မေးတဲ့အခါကျတော့မှ ဒီ-ရှစ်ပါးစေ့အောင်လို့ဘုရား။ ငါးပါးမတော်သေးဘူး၊ ရှစ်ပါးပြည့်အောင်လို့ လုပ်နေတာပါ (မှန်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။
ငါးပါးမူတည်နေတာသည် ဘယ်အကျိုးငှာတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ရှစ်ပါးပြည့်အောင်လို့ပါ)။ ရှစ်ပါးပြည့်စေခြင်းအကျိုးငှာလုပ်နေကြတာ (မှန်ပါ)။
ငါးပါးသည် ဥပနိဿယပစ္စည်း၊ ရှစ်ပါးသည် ဥပနိဿယပစ္စည်း၏ ပစ္စယုပ္ပန် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ကောင်းပြီ-ဒါဖြင့် ဒကာ-ဒကာမတို့ ကံဟောင်းကလဲ ခင်ဗျားတို့နောက်ကလိုက်တယ်၊ ကံသစ်ကလဲ ရှေ့က မိုးထားပြန်တယ်ဆိုတော့ဪ-ကိုယ့်ရန်သူကို ကိုယ့်ရှေ့ကလဲ ရှိမှန်းမသိခဲ့ဘူး။ ယခုလဲ နောက်ထပ်ရှိသေးပြန်တယ်ဆိုတော့ မောင်သစ် အတော်ဆိုးသွားပြီ (မှန်ပါ)။ မဆိုးဘူးလား (ဆိုးပါတယ်)။
ကိုယ့်ရန်သူကို ကိုယ့်နောက်ကလဲမွေးပြီးကို-ဟင် (မှန်ပါ)။ ယခုလဲ အသစ်မွေးပြန်တယ်ဆိုတော့ ဦးသွင် သွားပြီဗျ (မှန်ပါ)။ မသွားသေးဘူးလား (သွားပါတယ်)။ အင်မတန်ကြောက်စရာ ကောင်းတယ် ဆိုတာ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)။ ပေါ်ပြီတဲ့။
အပါယ်မသွားတဲ့အယူ
ဒီဟာသာ နားထောင်ကွ၊ အပါယ်မသွားတဲ့အယူ ငါပြောပြမယ်ဆိုတော့မှ ၂-နံပါတ်အကွက်မှာရှိတာ ပစ္စုပ္ပန်အကွက် (မှန်ပါ)။ ဟုတ်လား (မှန်ပါ)။ ၂နဲ့၃ကြားထဲမှာရှိတာ အကန့်သဘောလုပ်ထားတဲ့နေရာ မဂ်ဝင်ပေးလိုက်ပါမောင်သစ်ရ (မှန်ပါ)။
မောင်ချစ်စိန် ဘယ်နေရာဝင်မှာတုံး (၂နဲ့၃ ကြားထဲမှာပါ)။ ၂နဲ့၃ကြား မဂ်ဝင်ပေးလိုက် (မှန်ပါ)။
၂နဲ့၃ကြားမှာ (မဂ်ဝင်ပေးလိုက်ရမယ်)။ မဂ်ဝင်ပေးရမယ်ဆိုတာကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
အဲဒီတော့ ဝိညာဏံ အနိစ္စံ။ သောတဝိညာဏံအနိစ္စံဆိုတဲ့အတိုင်း။ အဲဒီဝိဇ္ဇာ ဥဒပါဒိပဲ (မှန်ပါ)။ ဒါကလေးဖြစ်ပျက် မြင်လိုက်လို့ရှိရင် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားတယ် (မှန်ပါ)။
အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားတော့ကို ဒကာ-ဒကာမတို့ ဝိဇ္ဇာမဂ္ဂင် မလာသေးဘူးလား (လာပါတယ်)။
အဝိဇ္ဇာက ဝိဇ္ဇာဖြစ်တော့ ဝိဇ္ဇာမဂ္ဂင်ဖြစ်သွားတယ် (မှန်ပါ)။ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်)။
ခုနက ၃-အစ-တဏှာက အစကိုး မောင်ချစ်စိန် (မှန်ပါ)။
၃-အစ ဘယ်သူကစသလဲ (တဏှာကစပါတယ်)။
သေသေချာချာကြည့်။ ၃-အစ ဘယ်သူကစသတုံး (တဏှာကစပါတယ် ဘုရား)။
၃-ရှေ့နားမှာ မဂ်ဝင်သွားတာပဲနော် (မှန်ပါ)။ ၃-ရှေ့နားမှာ မဂ်ဝင်ပါလို့ ပြောလိုက်တယ် (မှန်ပါ)။
၃-ရှေ့နားမဂ်ဝင်လိုက်တဲ့အခါကျတော့ ဒကာ-ဒကာမတို့ ခင်ဗျားတို့အလုပ်လုပ်တော့ဪ-ငါလုပ်နေတဲ့ ဝိပဿနာမဂ်သည် ၃-ရှေ့နားမှာ ပေါ်တာပါလား (မှန်ပါ)။
၂-နောက် ၃-ဖြစ်တယ်နော် (မှန်ပါ)။ ၂-နောက် ၃-ဖြစ်တာ မပေါ်ဘူးလား (ပေါ်ပါတယ်)။
အဲဒီကြားထဲ မဂ်ကလေးသည် ဒကာ-ဒကာမတို့ သေသေချာချာစဉ်းစားတော့ သူသည် ဝိပဿနာမဂ်ဖြစ်သွားပြီ။ ဘယ်အချိန် ဝိပဿနာမဂ်ဖြစ်သတုံး မေးဖို့မလိုဘူးလား (လိုပါတယ်)။
အဲဒီတော့ ဦးသွင် ဒါသေသေချာချာမှတ်ရလိမ့်မယ် (မှန်ပါ)။
အရှုခံတရားကလဲစိတ်
အကြောင်းတရားကလဲ အရှုခံတရားကလဲစိတ်။ နာမ်ပဲ-နော် (မှန်ပါ)။ရှုတဲ့ဉာဏ်ကလဲ နာမ်ပဲလို့မရှိဘူးလား (ရှိပါတယ်)။ နော်-အရှုခံနေရတာကလဲ နာမ်စိတ်။ ရှုဉာဏ်တရားကလဲ နာမ်စိတ်လို့ပဲဆိုကြပါစို့- နော်(မှန်ပါ)။
နာမ်-နာမ်ချင်းတော့ဖြင့် ဟိုကအရှုခံတရားက စိတ်ဆိုတော့ အဗျာကတဖြစ်နေတယ် (မှန်ပါ)။
စိတ်ဆိုတော့ကို (အဗျာကတဖြစ်နေပါတယ်)။ အဗျာကတဖြစ်နေတယ်။ ဒီကရှုတဲ့ဉာဏ်တရားက ကုသလာဓမ္မာဖြစ်နေတယ်။ ဟိုကအဗျာကတာဓမ္မာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဟိုကမြင်စိတ်ဆိုတော့ အဗျာကတအကျိုးတရားနော် (မှန်ပါ)။
အဲဒီတော့ အဲဒီအဗျာကတနာမ်ကို ကုသိုလ်နာမ်နဲ့ ရှုရမယ် (မှန်ပါ)။ ဦးသွင် အဗျာကတနာမ်ကို (ကုသိုလ်နာမ်နဲ့ ရှုရမယ်)။
ကုသိုလ်နာမ်နဲ့ရှုရမယ်ဆိုတော့ဪ-နာမ်ချင်းပေမယ့်လဲ အဗျာကတနာမ်ကို ကုသိုလ်နာမ်နဲ့ရှုတော့ မတူဘူးဆိုတဲ့ဥစ္စာကို သိစေချင်လို့ ကုသိုလ်နဲ့အဗျာကတခွဲပြလိုက်တာ (မှန်ပါ)။
ဒါဖြင့် အဗျာကတချုပ်ပြီးမှ ကုသိုလ်ဖြစ်မှာပဲ၊ ကုသိုလ်နဲ့ အဗျာကတမပြိုင်နိုင်ဘူး (မှန်ပါ ဘုရား)။ ပြိုင်နိုင်သေးရဲ့လား (မပြိုင်နိုင်ပါဘူး)။
အဲဒါကို ဒီနေ့ အထူးတလည်ခွဲပေးလိုက်တယ်လို့ မောင်သစ်ကမှတ်ထား (မှန်ပါ)။
ဘာဖြစ်လို့တုံး- အဗျာကတချုပ်ပြီးမှ ကုသိုလ်ဖြစ်ရမှာကိုး (မှန်ပါ)။ ကုသိုလ်ဖြစ်နေတုံးလဲ အဗျာကတမဖြစ်နိုင်ဘူး (မှန်ပါ)။ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး)။
အဲဒီတော့ကို ဒါကြောင့် ဧတစိတ္တသမာယုတ္တာ-တစ်ခုသောစိတ်နဲ့အသက်ရှင်တယ်ဆိုတာ ခုနက မြင်စိတ်လာတာနဲ့ အသက်ရှင်နေတာ (မှန်ပါ)။ နောက် ရှုတဲ့အခါကျတော့ ရှုတော့ ကုသလာ ဓမ္မာနဲ့အသက်ရှင်နေတယ် (မှန်ပါ)။ မကွာဘူးလား (ကွာပါတယ်)။
အချိန်ကောတူကြရဲ့လား (မတူပါဘူး)။ အချိန်မတူဘူးဆိုတာပေါ်ပြီလား (ပေါ်ပါပြီ)။
အချိန်မတူဘူးဆိုတာ
အဲ အချိန်မတူဘူးဆိုတာပေါ်တော့မှ ကဲ-ဒါဖြင့် ဟုတွာ အဘာဝဌေန အနိစ္စံ။ ဟုတွာ-ဖြစ်ပြီး၍ အဘာဝဌေန-ဤနေရာ၌မရှိခြင်းသည်ပင်လျှင်၊ အနိစ္စံ-အနိစ္စဉာဏ်ဝင်စရာအကွက်ပဲ (မှန်ပါ)။ မြင်စိတ်ကို ရှုမယ် (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဖြစ်ပြီးပျက်သွားပြီဆိုတဲ့ မရှိမှုကိုကြည့်ရမှာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ဘာ့ကြောင့်တုံး- အဗျာကတချုပ်ပြီးမှ ကုသိုလ်ကပေါ်ရတာကိုး (မှန်ပါ)။ အဗျာကတချုပ်ပြီးမှ (ကုသိုလ်ပေါ်ရပါတယ်)။
စက္ခုဝိညာဏံ အနိစ္စံဆိုတာ အဗျာကတ။ ဟုတ်လား (မှန်ပါ)။ တံဝိပဿတိဆိုတာက ကုသိုလ် (မှန်ပါ)။ သူ့ကို ရှုတယ်ဆိုတာက ကုသိုလ်မဖြစ်ဘူးလား (ဖြစ်ပါတယ်)။
ကဲ-မောင်သစ်ပဲ စဉ်းစားကြည့်စမ်း။ဪ-အဗျာကတနဲ့ ကုသိုလ်ကလဲ မပြိုင်နိုင်ပါလား။ ဒါကြောင့် အဗျာကတချုပ်ပြီးမှ ကုသိုလ်ကရှုရတာပါလားဆိုတော့ ပိုမိုရှင်းမသွားဘူးလား (ရှင်းသွားပါတယ်)။ ဒါက ခွဲနည်းကျဉ်းကျဉ်းနဲ့ ခွဲပေးလိုက်သည်လို့ မှတ်ရမယ်နော် (မှန်ပါ)။
ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာပါပဲ။ သို့သော်လည်း ဇာတ်ကိုက မတူဘူးဆိုတော့ မောင်သစ် သာပြီးပိုရှင်းတာပေါ့ (မှန်ပါ)။ ဟိုက အဗျာကတဇာတ်။ နောက်က ကုသိုလ်ဇာတ် (မှန်ပါ)။ ဇာတ်တူရဲ့လား (မတူပါဘူး)။ ဇာတ်မတူတာ တစ်ပြိုင်နက်ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး)။
မဖြစ်နိုင်တော့ဪ-ဝိပဿနာသည် ပစ္စုပ္ပန်အတိတ်ပဲ။ ဟုတ်လား (မှန်ပါ)။ ကြားမဝင်သောကြောင့် ပစ္စုပ္ပန်ချုပ်ပြီးသားဖြစ်လေသောကြောင့် အတိတ်။ မှန်တာပဲ (မှန်ပါ)။
အရှုခံရှုဉာဏ်ကြားထဲမှာ ဘယ်သူမှမဝင်လို့
တစ်ပါးသောရှုဉာဏ်နဲ့ အရှုခံရှုဉာဏ်ကြားထဲမှာ ဘယ်သူမှမဝင်လို့။ ဝင်တော့ဝင်တာပေါ့လေ။ တစ်ပါးသော တရားမဝင်လို့ ပစ္စုပ္ပန် (မှန်ပါ)။ အမှန်အားဖြင့် အတိတ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ အမှန်ကတော့ ချုပ်ပျောက်ပြီးမှ ရှုနိုင်တာကိုး (မှန်ပါ)။ အမှန်အားဖြင့် ဘယ့်နှယ်ဆိုကြမလဲ (ချုပ်ပျောက်ပြီးမှ ရှုနိုင်ပါတယ်)။ ချုပ်ပျောက်ပြီးမှ ရှုနိုင်တဲ့အတွက်အတိတ်ပဲဆိုတာ သေချာပြီလား (သေချာပါပြီ)။
သေချာတော့လဲ ဒါဖြင့် ၂-အကွက်မှာရှိတဲ့ကြားစိတ်ကိုဟုတ်လား (မှန်ပါ)။ ၂-အကွက်နဲ့ ၃-အကွက်ကြားထဲမှာ ဝိပဿနာမဂ် ကုသလာဓမ္မာဝင်လိုက်တော့ကို မောင်သစ် ဖြစ်ပျက် မဂ်ကိုက်သွားတယ် (မှန်ပါ)။ မကိုက်ဘူးလား (ကိုက်ပါတယ်)။
ဖြစ်ပျက် မဂ်ကိုက်သွားတော့ကို ပစ္စုပ္ပန်ကွက်ထဲမှာပါလို့သာ ပစ္စုပ္ပန်ဆိုရမှာပဲ၊ စင်စစ် အတိတ်က (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ)။ အကွက်အားဖြင့် (ပစ္စုပ္ပန်ပါ)။ ကိုယ့်ဉာဏ်နဲ့ တွေ့လိုက်တဲ့ အခါကတော့ (အတိတ်ပါ)။ အတိတ်ဖြစ်သွားတယ် ဆိုတာ သေချာပြီလား (သေချာပါပြီ)။ အေး- ဒါတရားအဆန်းဟောတာ မဟုတ်ပါဘူး၊ လက်တွေ့ပြနေတာပါ (မှန်ပါ)။ လက်တွေ့ပြနေတာ။ ပစ္စုပ္ပန်တည့်မှ တည့်မှဆိုတာ သူများကပြောသံကြားနဲ့ ခင်ဗျားတို့က တည့်နေလို့မဖြစ်ဘူး။ ဟုတ်ပြီလား (မှန်ပါ)။
သေသေချာချာ ဝတ္ထုနဲ့ဖြစ်စဉ်နဲ့ ကိုက်ကြည့်လိုက်တော့-ကိုက်ကြည့်တော့မှ မောင်သစ် ရှင်းတယ် (ရှင်းပါတယ် ဘုရား)။ သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့်-ကဲ တစ်ခါ ဒီဟာစဉ်းစားလိုက်တော့ ပစ္စုပ္ပန်ကံပေါ်သေးသလားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ။ ရှုတဲ့ပုဂ္ဂိုလ်မှာ ပေါ်သေးသလားမေးရင် ဘယ့်နှယ်ဖြေမလဲ (မပေါ်ပါဘူး)။ မပေါ်တော့ဘူး။
မောင်သစ် ပေါ်သေးရဲ့လား (မပေါ်တော့ပါ ဘုရား)။ တဏှာမှမလာဘဲနဲ့ ဥပါဒါန်ကံက ဘယ့်နှယ်တုံး (မလာပါဘူး)။
မလာတော့ဘူးဆိုတာ ဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုံးလို့မေးတော့ကို ဒကာ-ဒကာမတို့ ဪ- မဂ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒုက္ခသစ္စာကိုသိတဲ့အခါမှာ သမုဒယပယ်လို့ပဲဆိုတာ ကံသမုဒယ ပယ်ချလိုက်တာ (မှန်ပါ)။ တဏှာဥပါဒါန်ကံ သမုဒယပယ်ချလိုက်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ လောကီမဂ်ကိစ္စ (မှန်ပါ)။ လောကီမဂ်ကိစ္စဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။
ရှေ့ကဖြစ်ပျက် ဒုက္ခသစ္စာ
ရှေ့ကဖြစ်ပျက် ဒုက္ခသစ္စာကိုး။ ဖြစ်ပြီး ပျက်ပြီး ဒုက္ခသစ္စာကို မြင်နေတဲ့ အခိုက်အတန့်မှာ နောက်က သမုဒယသစ္စာပယ်ပါတယ် (မှန်ပါ)။ မပယ်ဘူးလား (ပယ်ပါတယ်)။
ဒါဖြင့် ဒုက္ခပိုင်းခြား သမုဒယပယ်တယ်၊ မဂ္ဂက ပွားများတယ် ဆိုတာကို လောကီမဂ်မှာလဲ ရပါတယ်တဲ့-နော် (မှန်ပါ)။ နိရောဓအစစ်သာ မျက်မှောက်မပြုနိုင်သေးတာ။ သုံးချက်ကတော့ ပေါ်နေပြီ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။
တော်တော်အရေးကြီးတယ်လို့ဆိုတာကော သိကြပြီလား (သိပါပြီ)။ နားကြီးမှ အဖိုးတန်မယ်။ နားသေးရင်တော့ မရပါဘူး (မှန်ပါ)။ နားသေးရင်တော့ မရဘူးတဲ့။
ကိုင်း-ဒါဖြင့် ဒီလိုဖြတ်လိုက်တဲ့အခါကျတော့ စာပေါင်းသိုက်လို ဟိုဘက်ပြန်လှည့်ပယ်ပြီး လှည့်ဝင်လာ သေးရဲ့လား (မလာပါဘူး)။
စာပေါင်းသိုက်လို အစရှာမတွေ့၊ အရင်းရှာမတွေ့၊ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး)။
မဟုတ်တော့ဘူးတဲ့။ ဉာဏ်နဲ့ဖြတ်လိုက်တဲ့ အချိန်ကျတော့(မှန်ပါ)။ နို့မဟုတ်ရင် အတိတ်ကဏ္ဍမဆုံးခင် ပစ္စုပ္ပန်ကဝင်ပြီး ခန္ဓာကြီးဝင်ထိုးဦးမှာပဲ (မှန်ပါ)။ မထိုးဘူးလား (ထိုးပါတယ်)။
အဲဒါကြောင့် အရင်းအစတွေ ပျောက်မကုန်ဘူးလား (ပျောက်ကုန်ပါတယ်)။ အတိတ်ကံကြောင့် ငါသေရသလား၊ ပစ္စုပ္ပန်ကံကြောင့် ငါသေရသလားဆိုရင် မသိတော့ဘူး (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ)။
အခုတော့သိသွားပြီ။ ငါသေတာ အတိတ်ကံကြောင့် ပစ္စုပ္ပန်လာဆက်သွားပြီ။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒီလိုပိုင်းခြားနိုင်တာက ပဋိစ္စသမုပ္ပာဒ်ထွက်လမ်း နားလည်လို့ အစအဆုံး ရွေးတတ်တာ (မှန်ပါ)။ ဒါနားမလည်လို့ ရှိရင် စာပေါင်းသိုက် အစရှာသလို ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး)။
မဖြစ်တော့ဘူးတဲ့။ သိနည်းနဲ့ သိသွားပြီ။ဪ-ဝိပဿနာမဂ်ပေမယ့်လို့ ထိုက်တန်သလောက် အရေးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားပါပြီ (မှန်ပါ)။ မရှင်းသေးဘူးလား (ရှင်းပါပြီ)။
ဒီမဂ်ကလေးရင့်အောင်
အဲဒီမဂ်ကို ခင်ဗျားတို့ရင့်အောင် ဘယ့်နှယ်လုပ်ရမှာတုံး။ ဒီမဂ်ကလေးရင့်အောင် ဘယ့်နှယ်လုပ်ရမှာတုံး ဆိုတဲ့မေးခွန်း မောင်သစ်ထွက်မလာဘူးလား (ထွက်လာပါတယ်)။
ဟာ-ရင့်ဆိုတဲ့ဥစ္စာကတော့ဖြင့် ရင့်ဆိုတာ- အို-ပါရမီရှိမှဆိုတော့ ရင့်ဆိုတာမျိုးဟာ ဥပမာ သူတို့နိုင်ငံခြားကနေပြီး ဘဲဥ၊ ကြက်ဥဖောက်ကြတယ်နော် (မှန်ပါ)။ အပူဒီဂရီတိုးပေးတာပဲ (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ)။
ဘဲကောင်က တစ်ခါတည်း ပေါက်လာတာပဲ၊ အပူဒီဂရီလဲ အစဉ်အတိုင်းပေးလိုက်တာပဲ (မှန်ပါ)။ သို့သော်သူကပေးတဲ့ဒီဂရီကို ဟိုက အမြန် အပြည့်ပေးလိုက်တယ် (မှန်ပါ)။ ဒီကတော့ အီလက်ထရိတ်က ပိုပြီးမလွှတ်နိုင်တော့၊ အမှန်အတိုင်း ပေးသွားတော့ သူကတော့ တစ်သီတင်း နှစ်သီတင်းလောက်မှ ကြက်ကောင်ကလေးတွေဖြစ်ပြီး ရင့်မယ်ပေါ့လေ (မှန်ပါ)။
အဲဒီ ဒီဂရီလောက်ကို မြှင့်မြှင့်ပြီး ပေးလိုက်တဲ့အခါကျတော့ သူက မြန်တယ်-ဟုတ်လား (မှန်ပါ)။ မြန်မြန်မပေါက်ပေဘူးလား (ပေါက်ပါတယ်)။
မြန်မြန်ဥမယ်၊ မြန်မြန်အကောင်ကလေးတွေဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်ရှင်းသွားပြီ (မှန်ပါ)။
ထို့အတူပဲ ခင်ဗျားတို့ဝီရိယပြင်းထန်သလောက် မဂ်မြန်မယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဝီရိယထက်သန်သလောက် (မဂ်မြန်ပါမယ်)။ မဂ်မြန်မယ်။
ဉာဏ်ထက်သန်သလောက် (အသိထက်သန်မယ်)။
အဲဒါ ပါရမီပဲလို့ မှတ်လိုက်
အသိထက်သန်သလောက် (မဂ်မြန်ပါမယ်) မဂ်မြန်မှာပဲဆိုတာကတော့ အဲဒါ ပါရမီပဲလို့ မှတ်လိုက် (မှန်ပါ)။ သာဝကမှာ ဒါ ပါရမီပဲ။ အတိတ်မပါဘူး (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
သာဝကမှာ ဝီရိယပြင်းထန်ပြီး သကာလ ၊ သတိအမှန်ထားပြီး သကာလ ပညာကိုဖြစ်ပျက်နဲ့တည့်လို့ရှိရင် ကိစ္စပြီးပါတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ သဘောပါပြီလား (ပါပါပြီ)။
ကဲ ယနေ့ ဒီတွင် တော်ပါဦး။
သာဓု သာဓု သာဓု။