13509

မာတိကာသို့

ဝေဒနာကမ္မဌာန်းရှုနည်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော် ဘုရားကြီး

အမရပူရဓမ္မာရုံ၌ ဟောကြားတော်မူသော

ဝေဒနာကမ္မဌာန်းရှုနည်း

အလုပ်ပေးတရားတော်

(၂၃-၉-၁၉၆၂)

ဝေဒနာသုံးမျိုးရှိတယ်

ဒကာ ဒကာမတွေ ခန္ဓာကိုယ်မှာ ဝေဒနာသုံးမျိုးရှိတယ်လို့မှတ်ထားပါ။ ဆင်းရဲတဲ့ဝေဒနာတစ်မျိုး၊ ချမ်းသာတဲ့ ဝေဒနာကတစ်မျိုး၊ ချမ်းသာဆင်းရဲမဟုတ်ပဲနဲ့ အလတ်စားဝေဒနာကတစ်မျိုးလို့ ဝေဒနာသုံးမျိုးရှိတာကို မှတ်ထားရမယ်၊ (မှန်ပါ)။

ဝေဒနာသုံးမျိုးကတော့ ဒီဒကာ ဒကာမတွေမှာ တစ်ခုမရှိ တစ်ခုရှိရမယ်လို့ မှတ်ထားရမယ်။ ဝေဒနာက ဒကာ ဒကာမတွေ သန္တာန်၌ ချမ်းသာက ဝေဒနာတစ်မျိုးရှိတယ်နော် (မှန်ပါ)။ ဆင်းရဲတဲ့ဝေဒနာ (တစ်မျိုးမျိုး ရှိတယ်)။ ချမ်းသာဆင်းရဲမဟုတ်ပဲ ကြားဝေဒနာကော (တစ်မျိုးရှိပါတယ်)။ ပေါင်းတော့ သုံးမျိုးရှိတယ်။

ဒါ့ကြောင့် ဒီဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ကို ဝေဒနက္ခန္ဓာလို့ ဟောတော်မူတယ်။ ဝေဒနက္ခန္ဓာလို့ ဟောတော်မူခြင်းသည် ဝေဒနာသုံးမျိုးတစ်ခုခုရှိနေလို့ ဝေဒနက္ခန္ဓာလို့ ဟောလိုက်ပါတယ် (မှန်ပါ)။

အဲဒီတော့ ဒီဝေဒနာသုံးမျိုးရှိနေလို့ ဘယ်အချိန်မှ ဝေဒနာမကင်းဘူးဆိုတဲ့ဥစ္စာ ကိုယ့်ဟာကိုယ်မှတ်ထားကြပါ (မှန်ပါ)။

ဘယ်အချိန်ဝေဒနာကင်းသတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဘယ်အချိန်မှမကင်းပါဘူး)။

ဘယ်အချိန်မှ ဝေဒနာမကင်းဘူး

ဘယ်အချိန်မှ ဝေဒနာမကင်းဘူး၊ တစ်ခါတစ်လေ ဆင်းရဲတဲ့ဝေဒနာဖြစ်နေတယ်။ တစ်ခါတစ်လေတော့လဲ ချမ်းသာတဲ့ဝေဒနာဖြစ်နေတယ်။ တစ်ခါတစ်လေကျတော့လဲ ချမ်းသာဆင်းရဲမပါတဲ့ ဥပေက္ခာဝေဒနာ ဆိုတာ ဖြစ်နေတယ်လို့ မှတ်ရမယ် (မှန်ပါ)။

အဲဒါကြောင့် ဒီဝေဒနာတွေကို ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက်- တစ်ပါးပါးကို ဉာဏ်နဲ့ကြည့်လိုက်တဲ့ ပုဂ္ဂိုလ်မှာတွေ့ရမယ် (မှန်ပါ)။

တွေ့တဲ့အခါကျလို့ရှိရင်ဖြင့် ဪ- ဝေဒနက္ခန္ဓာပဲလို့ ဒီခန္ဓာကိုယ်ကြီးကို သိထားရမယ် (မှန်ပါ)။ ဘာ့ကြောင့်တုံးဆိုတော့ ဘယ်အချိန်မဆို ဉာဏ်နဲ့ မျက်စောင်းထိုးကြည့် ဝေဒနာက္ခန္ဓာမတွေ့တဲ့အချိန်တော့ မရှိပါဘူး (မှန်ပါ)။

ဒါ့ကြောင့် မောင်သစ်တို့၊ မောင်ချစ်စိန်တို့က ဝေဒနာကင်းနေတဲ့အခါမရှိဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ ဒီဝေဒနာတွေ အကုန်ကင်းရင် နိဗ္ဗာန်လို့မှတ်စမ်းပါ (မှန်ပါ)။

ဒီဝေဒနာတွေ အကုန်ကင်းရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ)။ နိဗ္ဗာန်ဆိုတာ ဝေဒနာမရှိတာကို ဆိုသည်လို့ မှတ်ထားကြပါ (မှန်ပါ)။

အဲဒီတော့ ဒီဝေဒနာသည် ဘယ်အချိန် ဉာဏ်နဲ့ကြည့်လိုက်ကြည့်လိုက် တစ်ခုခုတွေ့ခဲ့သော် ဒီပုဂ္ဂိုလ်ဟာ ဉာဏ်မျက်လုံးရပြီလို့ မှတ်ရမယ် (မှန်ပါ)။ ဝေဒနာ မတွေ့သေးပါဘူး ဆိုလို့ရှိရင်ဖြင့် ဉာဏ်မျက်လုံး မရလို့ပဲ။ ဘာ့ကြောင့်တုံး တစ်ခုခုအမြဲရှိနေတဲ့ဥစ္စာကို ရှိတာမသိလို့ပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

ဉာဏ်နဲ့ကြည့်လိုက်လို့ရှိရင် တွေ့ရမယ်

အေး-ဒါကြောင့် ဝေဒနာသုံးမျိုး အမြဲတမ်းရှိနေတာကို ဉာဏ်နဲ့ကြည့်လိုက်လို့ရှိရင် တွေ့ရမယ် (မှန်ပါ)။

ဝေဒါနာသုံးမျိုးကတော့ ပုထုဇဉ်မှာလဲရှိတာပဲ။ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာလဲ ဝေဒနာသုံးမျိုးရှိတာပဲ၊ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်မှာလဲ ဝေဒနာသုံးမျိုးရှိတာပဲ။ ရှိတာကတော့ ထူးသေးသလား (မထူးပါဘူး)။

အကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်မှာလဲ ဝေဒနာသုံးမျိုးခံစားလျက်ပဲ (မှန်ပါ)။ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မှာလဲ ဝေဒနာသုံးမျိုးခံစားလျက်ပဲလို့ မှတ်ရမယ်နော် (မှန်ပါ)။

ဒါနဲ့ ရဟန်းတစ်ပါးကလျှောက်တယ်၊ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်လဲ ဝေဒနာသုံးမျိုးဟာ အမြဲတမ်းရှိနေတာပဲ၊ ဝေဒနာသုံးမျိုး တစ်ခုခုရှိနေတာပဲ။ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာလဲ ဝေဒနာသုံးမျိုး တစ်ပါးပါးရှိပြီး သကာလ နေတာပဲ။ ဝေဒနာခံစားတာချင်း အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်နဲ့၊ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ် ဘာထူးသတုံးဆိုတဲ့ဥစ္စာ ဘုရားကို ရဟန်းတစ်ပါးက လျှောက်တယ် (မှန်ပါ)။

နားလည်ကြပြီနော် (နားလည်ပါတယ်)။ လူတစ်ယောက်မှာ ဝေဒနာဘယ်နှစ်မျိုးရှိသတုံး (သုံးမျိုးရှိပါတယ်)။ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်လဲ သုံးမျိုးရှိတာပဲ။ အကြားအမြင်ဗဟုသုတရှိတဲ့ပုဂ္ဂိုလ်မှာကော (သုံးမျိုးပါပဲ ဘုရား)။ သုံးမျိုးရှိတာပဲ – မထူးဘူး။

သို့သော်လဲ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်မှာ ဝေဒနာသုံးမျိုးရှိပုံက နောက်လိုက်မှာ ကွာခြားကြတယ် (မှန်ပါ)။ နောက်လိုက်ဆိုတာက သုခဝေဒနာမှာလဲ နောက်လိုက်ရှိတာပဲ၊ ဒုက္ခဝေဒနာမှာလဲ နောက်လိုက်ရှိတာပဲ။ ဥပေက္ခာမှာလဲ နောက်ကလိုက်တဲ့ ဝေဒနာရှိတာပဲ။ အဲဒီတော့ နောက်က လိုက်ပုံချင်းတော့ ခြားနားတယ် (မှန်ပါ)။

နောက်ကလိုက်တာတော့ ထူးတယ်

အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မှာလဲ ဝေဒနာသုံးမျိုးပေါ်တာပဲ။ သို့သော် နောက်ကလိုက်တာတော့ ထူးတယ်။ သုခဝေဒနာနောက်က ဝေဒနာလိုက်ပုံ၊ ဒုက္ခဝေဒနာနောက်က ဝေဒနာလိုက်ပုံ ဒါတွေခြားနားတယ်လို့ တရားနာတဲ့ပုဂ္ဂိုလ်တွေ မှတ်ထားရမယ် (မှန်ပါ)။

ဒါဘယ့်နှယ်ကြောင့် ဒီတရားကို ဟောပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့် စိတ်ရှုလဲဝေဒနာပါ၊ ဝေဒနာရှုလဲ စိတ်ပါနေလို့ ဝိပဿနာရှုတတ်ပါစေတော့ဆိုတဲ့သဘောနဲ့ ဒီအကြောင်းကို ရှင်းလင်းပြီး သကာလ ပြနေတယ်လို့ မှတ်ရမယ် (မှန်ပါ)။

ဒါနဲ့ ရဟန်းတစ်ပါးကလျှောက်တယ်၊ အရှင်ဘုရားအကြားအမြင် မရှိတဲ့ပုဂ္ဂိုလ်လဲ ဝေဒနာသုံးမျိုးက လာတာပဲ၊ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်လဲ ဝေဒနာသုံးမျိုးကလာတာပဲ။ လာပုံချင်း ဘာခြားနားသတုံးဆိုတော့ ခြားနားပုံရှင်းပြမယ်ဆိုပြီး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝေဒနာကမ္မဋ္ဌာန်းစီးဖြန်းတဲ့ပုဂ္ဂိုလ်များ ခံစားပုံကို ထူးထူးခြားခြား ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဝေဒနာသံယုတ်မှာ ဟောတော်မူတယ်လို့ မှတ်ထားရမယ်နော် (မှန်ပါ)။

အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်

အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်ကို ငါစဟောမယ်တဲ့။ ဥပမာမယ်- ခြေထောက်မှာ ဆူးကလေးစူးတယ်ဆိုလို့ရှိရင် ခဲကလေးနင်းမိတယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဒုက္ခဝေဒနာပေါ်မှာပဲ (မှန်ပါ)။ မပေါ်ပေဘူးလား (ပေါ်ပါတယ်)။

ပေါ်တဲ့အခါကတော့ ဒုက္ခနောက်က သူက ဒေါမနဿဝေဒနာလိုက်တယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒုက္ခဝေဒနာနောက်က (ဒေါမနဿဝေဒနာလိုက်ပါတယ်)၊ အကြားအမြင်မရှိပဲကိုးဗျ (မှန်ပါ)။ အရိယာတို့၏ တရားကို မနာဖူးဘူး။ အရိယာတို့၏ တပည့်သားမဖြစ်ဘူး။ ဤကဲ့သို့ဖြစ်ပြီးသကာနေတော့ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီးတော့နေတယ်။ ခြေထောက်ဆူးစူးတော့ ဒုက္ခဝေဒနာကလေး ရှေးဦးစွာပေါ်လာတယ်။

ဝမ်းထဲမှာ ဒေါမနဿဝေဒနာဆိုတာ နောက်ကလိုက်လာတယ်။ ဪ-သူ့မှာဖြင့် ဒုက္ခဝေဒနာပေါ်တာက တစ်ချက်။ ဝမ်းထဲမှာ ဒေါမနဿဝေဒနာက တစ်ချက် (မှန်ပါ)။ ခြေထောက်မှာ ဒုက္ခဝေဒနာပေါ်တယ်။ ဝမ်းထဲမှာ ဒေါမနဿဝေဒနာပေါ်တယ်ဆိုတော့ သူ့မှာ တစ်ချက် ထိလိုက်တယ်ဆိုလို့ရှိရင်ဖြင့် တစ်ချက် အကုသိုလ်ဖြစ်တာပဲ-မဆိုထိုက်ဖူးလား၊ (ဆိုထိုက်ပါတယ်)။

ခြေထောက်မှာက ဒုက္ခဝေဒနာပေါ်တယ် ဒကာ ဒကာမတို့နော် (မှန်ပါ)။ ခြေထောက်မှာ ဒုက္ခဝေဒနာပေါ်တော့ ဝမ်းထဲက ဘာပေါ်သတုံး (ဒေါမနဿဝေဒနာပေါ်ပါတယ်)။

ဪ- အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်များ ခြေထောက်မှာ ဒုက္ခဝေဒနာပေါ်တော့ ဝမ်းထဲမှာ ဒေါမနဿဝေဒနာ ပေါ်ရပြန်တယ်ဆိုတော့ ဒေါမနဿဝေဒနာဆိုတာက အကုသိုလ်နော် (မှန်ပါ)။

အဆိုးဝေဒနာလိုက်လာတယ်

အဲဒီ ဒုက္ခဝေဒနာပေါ်ရုံတင်နဲ့ သူမပြီးသေးဘူး၊ ဝေဒနာတစ်မျိုးပေါ်လိုက်တာနဲ့ နောက်လိုက်တာက အကောင်းလိုက်သလား၊ အဆိုးလိုက်သလား (အဆိုးလိုက်ပါတယ်)။ ဒေါမနဿဝေဒနာဆိုတဲ့ အဆိုးဝေဒနာလိုက်လာတယ်။

တစ်ခါတင်မရပ်ဘူးတဲ့။ သူ့စိတ်ထဲမှာဪ-ဒီခြေထောက်ဆူးစူးတဲ့ဝေဒနာသည် ဒေါမနဿလိုက်ရုံသာမက ဘယ်တော့များမှ သက်သာပါ့မလဲ- ဘယ်တော့များမှ သက်သာပါ့မလဲဆိုတဲ့ တောင့်တတဲ့တဏှာတောင် ပေါ်လာတယ်။(မှန်ပါ)။ မပေါ်ဘူးလား (ပေါ်ပါတယ်)။ ဘယ်တော့သက်သာပါ့မလဲဆိုတဲ့ သက်သာခြင်းကို အလိုရှိတဲ့ တဏှာမလိုက်ဘူးလား (လိုက်ပါတယ်)။

ဟာ- သူ့မှာကြည့်စမ်းမောင်သစ်။ ဒုက္ခနောက်က ဒေါမနဿလိုက်ပြီးပြီ။ ဒေါမနဿနောက်က တစ်ခါ ဘာလိုက်လာပြန်သလဲ (တဏှာလိုက်ပါတယ်)။ တဏှာလိုက်လာပြန်တော့ တဏှာဥပါဒါန်ပဲ၊ ပဋိစ္စသူမုပ္ပါဒ် ကြည့်ကြ ဒကာ ဒကာမတို့ (မှန်ပါ)။

ဒုက္ခနောက်က ဒေါမနဿလိုက်တယ်။ ၁-နံပါတ်။ ဒေါမနဿလိုက်တယ်ဆိုကတည်းက မင်းတို့ပဋိစ္စသမုပ္ပါဒ် ရပြီးသား ပုဂ္ဂိုလ်တွေဆိုတော့ သောကပရိဒေဝ ဥပါယာသ အဝိဇ္ဇာ သင်္ခါရကျအောင် မလာဘူးလား (လာပါတယ်)။

သူအပြစ်သင့်သွားပြီကွ၊ မောင်ချစ်စိန်ရ၊ (မှန်ပါ)။မသင့်သေးဘူးလား (သင့်သွားပါပြီ)။ ပဋိစ္စသမုပ္ပါဒ် လည်သွားပြီ။ အဆုံးကနေ အစပြန်မရောက်ဘူးလား (ရောက်ပါတယ်)။ အဝိဇ္ဇာသင်္ခါရကျအောင် ပြန်ရောက်သွားပြီ။

တစ်ခါ ဒါတင်မရပါဘူးတဲ့။ ဒီပုဂ္ဂိုလ်က။ ဘာဖြစ်ပြန်သတုံးလို့ မေးတဲ့အခါကတော့ ဒေါမနဿနောက်က ပျောက်ချင်တဲ့ တဏှာက လာပြန်တယ် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

ပျောက်ချင်တဲ့တဏှာလာတယ်

ဘာလာပြန်သတုံး (ပျောက်ချင်တဲ့တဏှာလာပါတယ်)။ ပျောက်ချင်တဲ့တဏှာပြီးတော့ ဘာလာသတုံး (ဥပါဒါန်လာပါတယ်)။ ဥပါဒါန်ကံကျအောင်မလာဘူးလား (လာပါတယ်)။ ဒီပုဂ္ဂိုလ်မှာ နောက်ကလိုက်လာတာ ခုနက ဒေါမနဿ။ အခုတော့ တဏှာ။ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ပျောက်ချင်တဲ့တဏှာလိုက်ပြီး သကာလ လာပြန်တော့ သူ့မှာ ပဋိစ္စသမုပ္ပါဒ် ခုနကလဲတစ်မျိုးပေါ်တယ်၊ အခုလဲတစ်မျိုးပေါ်တယ်၊ နှစ်မျိုးရှိသွားပြီ (မှန်ပါ)။

အဲဒီတော့ ပျောက်ချင်တဲ့တဏှာပေါ်ပြီး သကာလ ဒီဝေဒနာလေးကို သူပဋိစ္စသမုပ္ပါဒ်လည်သွားတယ်-ဆက်သွားတယ်လို့ သူ့ဟာသူတော့သိရဲ့လား (မသိပါဘူး)။

မသိတော့ကိုး ဒီဝေဒနာကလေးကို သူဪ-ဖြစ်တတ်တဲ့တရား၊ ပျက်တတ်တဲ့တရားလို့ ဒုက္ခဝေဒနာပေါ်စကောရှုမိသေးရဲ့လား (မရှုမိပါဘူး)။ မရှုမိခြင်းကြောင့်လဲ နောက်ထပ်တစ်ခါ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်အစကော လိုက်မလာဘူးလား (လိုက်လာပါတယ်)။

ဒါဖြင့် အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မှာ ဒုက္ခဝေဒနာနောက်က ဒေါသ၊ သောက တစ်ပတ်လိုက်-လိုက်တယ်၊ (မှန်ပါ)။ တဏှာ ဥပါဒါန်ကံကော (တစ်ပတ်လိုက်ပါတယ်)။ အဝိဇ္ဇာသင်္ခါရ (တစ်ပတ်လိုက်ပါတယ်)။

အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့မှာ ဆူးကလေးစူးရင်လဲ ပဋိစ္စသမုပ္ပါဒ်သုံးမျိုးပေါ်တယ် (မှန်ပါ)။

ဆူးကလေးစူးရင် အပ်ကလေးစူးလို့ ဒါကလေးပေါ်ရင် ဘယ်နှစ်မျိုးပေါ်သတုံး (သုံးမျိုးပေါ်ပါတယ်)။ အကြားအမြင်မရှိတော့ သံသရာကို လည်သွားတာပဲ (မှန်ပါ)။

အပါယ်သွားတာချည်း မလာဘူးလား

ဘယ့်နှယ်တုံး မောင်ချစ်စိန်- အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ်မှာ သိပ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ်)။ ပဋိစ္စသမုပ္ပါဒ်သုံးမျိုးစလုံးကလဲ အပါယ်သွားတာချည်း မလာဘူးလား (လာပါတယ်)။ ပြတ်တယ်လို့ပါရဲ့လား (မပါပါဘူး)။ ပြတ်တယ်လို့ မပါပါဘူး၊ အပါယ်သွားတာချည်းပဲလာနေတယ်ဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ)။

ကဲတစ်ခေါက်ပြန်ပြောပါဦးမယ်။ ဒါအကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်၏ ပဋိစ္စသမုပ္ပါဒ်သုံးမျိုးလည်ပုံ။ ဝေဒနာက ကမ္မဋ္ဌာန်းမှာဖြစ်စဉ်ကဖြင့် အတော်ကလေးဆိုးနေပြီဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ်)။

ထပ်ပြောပါတယ်-ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ကြည့်ကြပါ။ ၂-နံပါတ်ကွက်မှာ ဒုက္ခဝေဒနာပေါ်တယ်။ ၂-နံပါတ်မှာ ဆူးစူးတဲ့ဒုက္ခဝေဒနာပေါ်တယ် ထားပါတော့။ ပေါ်လိုက်လို့ရှိရင် ဒုက္ခဝေဒနာနောက်က ဒုက္ခရောက်တော့ ဒေါသ၊ သောကတွေ မရောက်ပေဘူးလား (ရောက်ပါတယ်)။ ဒေါသ၊ သောက၊ ပရိဒေဝ၊ ဥပါယာသ သွားလိုက် အဝိဇ္ဇာသင်္ခါရ မလာဘူးလား (လာပါတယ်)။ ပဋိစ္စသမုပ္ပါဒ်တစ်ပတ်လှည့်မသွားပေဘူးလား (လှည့်သွားပါတယ်)။ အကြားအမြင်မရှိတော့ ဒုက္ခနောက်က ဒေါသလိုက်လာလိမ့်မယ်။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခဝေဒနာနောက်က ဒေါသလိုက်ပါလာခဲ့သဖြင့် ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ကြီးဟာ လှည့်သွားပြန်တယ်ဆိုတာ မှန်သွားပြီ (မှန်ပါ)။

တစ်ခါ ဒီတွင်မရပ်သေးဘူးတဲ့။ သူက ဒေါသလိုက်ပြီးနောက်ဪ-ဒီဆူးစူးတဲ့ဝေဒနာဟာ ဘယ်တော့ပျောက်ပါ့မလဲ-ပျောက်ချင်လိုက်တာဆိုတော့ ဒုက္ခဝေဒနာနောက်က တစ်ခါတဏှာပဲပြန်လိုက်တာတယ် (မှန်ပါ)။ မလိုက်ဘူးလား (လိုက်ပါတယ်)။

ဝေဒနာပစ္စယာ တဏှာဖက်လှည့်သွားပြန်ပြီ။ ခုနင်ကတော့ ဝေဒနာပစ္စယာ ဒေါမနဿ။ အခုတော့ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။ တဏှာ ဥပါဒါန်ကံနဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးလည်မသွားဘူးလား၊ (လည်သွားပါတယ်)။

ပဋိစ္စသမုပ္ပါဒ်ဘယ်နှစ်မျိုးလိုက်နေသတုံး

အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်ဟာ ၁-နံပါတ်က ဒေါသသောကလိုက်ပြီး အပါယ်ရောက်လိုက်သေးတယ်။ ၂-နံပါတ်ကျတော့လဲ ပျောက်ချင်တဲ့ တဏှာလာပြန်ပြီ။ တဏှာဥပါဒါန် ကံ ဇာတိ ဇရာ မရဏဘက်လှည့်သွားတယ် (မှန်ပါ)။ တစ်ခါ ဒီဝေဒနာကလေးပေါ်နေတဲ့ဥစ္စာ ဝေဒနာပေါ်တယ်။ ဝေဒနာပျက်တတ်လို့ ဝေဒနာပေါ်ပျက် မသိပြန်ဘူး။ မသိတော့ အဝိဇ္ဇာလာပြန်တယ် (မှန်ပါ)။ မလာဘူးလား (လာပါတယ်)။

ဒါဖြင့် အဝိဇ္ဇာသင်္ခါရမလာဘူးလား (လာပါတယ်)။ လာတော့ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မှာ မောင်ချစ်စိန် ပဋိစ္စသမုပ္ပါဒ်ဘယ်နှစ်မျိုးလိုက်နေသတုံး (သုံးမျိုးလိုက်ပါတယ် ဘုရား)။

ကဲ – စဉ်းစားကြည့်ကြပါတော့တဲ့။ အခုတရားနာတဲ့ပုဂ္ဂိုလ်တွေကော ဒီဥစ္စာ အခုဖျပ်ကနဲ နှလုံးသွင်းဖို့မလွယ်တော့ တရားမှ မနာဖူးတဲ့ပုဂ္ဂိုလ်များဒီလိုဖြစ်တတ်တယ်ဆိုတာ မသိတဲ့ပုဂ္ဂိုလ်များအတွက်မှာ မောင်သစ် ဘယ်လိုစဉ်းစားမလဲ၊ ဒီလိုချည်းလာနေမှာပဲ (လာမှာပါ ဘုရား)။ ဒီပြင် ဘာလာစရာရှိသေးသတုံး (မရှိပါဘူး)။

သူတို့မှာ ဆူးတစ်ခါ စူးလိုက်ရင် ခလုတ်ကလေးတစ်ခါ တိုက်လိုက်ရင် ပဋိစ္စသမုပ္ပါဒ်သုံးမျိုးနဲ့ အပါယ်လမ်း ပွင့်သွားတယ်။ အပါယ်လေးပါးပဋိစ္စသမုပ္ပါဒ်မလာပေဘူးလား (လာပါတယ်)။

အပါယ်သုံးခါလောက် လမ်းပွင့်သွားတယ်

အဲဒါဉာဏ်နဲ့စဉ်းစားကြည့်တော့ အကြားအမြင်မရှိတဲ့ ဉာဏ်ဟာ ဟေ- တကယ်ကြောက်စရာ ကောင်းပါလား- ဆူးစူးတာ တစ်ခုတည်းနဲ့ပဲ အပါယ်သုံးခါလောက် လမ်းပွင့်သွားတယ်။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။ ကျောက်ခဲကလေးနင်းမိကော (အပါယ်တံခါးပွင့်ပါတယ်)။ သုံးမျိုးစလုံးပွင့်တယ် (မှန်ပါ)။

စဉ်းစားကြည့်ပါတဲ့၊ ဘုန်းကြီးရှင်းပြပါ့မယ်။ ဆူးစူးတယ် ခြေထောက်မှာ။ ကျောက်ခဲကလေးနင်းမိတယ်။ ပုလင်းကွဲကလေးရှိမိတယ်၊ သံပြားကလေးခြစ်မိတယ်၊ ဒုက္ခဝေဒနာက ပေါ်လာတယ်။ ပေါ်တဲ့နောက်ကနေပြီး ဒေါမနဿ ဒေါသဖြစ်လိုက်တာ မကျေမချမ်းနဲ့ မလာဘူးလား (လာပါတယ်)။

ဒေါသနဲ့သေလျှင် အများအားဖြင့် ငရဲပြည်သွားရတယ်။ ငရဲရောက်တဲ့ပဋိစ္စသမုပ္ပါဒ်၊ ငရဲရောက်နိုင်တယ် (မှန်ပါ)။ ဒေါသနဲ့သေရင် ငရဲအရောက်များတယ်။ နောက်တစ်ခါပျောက်ချင်တဲ့တဏှာနဲ့ သူနေပြန်တော့ကော တဏှာဥပါဒါန်ကံနဲ့ သွားပြန်တော့ကော တဏှာဆိုတာ များသောအားဖြင့် ပြိတ္တာဘုံသွားတာများတယ် (မှန်ပါ)။ တဏှာနဲ့ဖြစ်ပေါ်နေတဲ့အတွက် ပြိတ္တာဘုံလမ်းပွင့်သွားနိုင်တယ် (မှန်ပါ)။ နောက်တစ်ခါ ဒီဒုက္ခဝေဒနာကလေးဟာ ပေါ်တယ်ပျောက်တယ်လို့ သူ့စိတ်ထဲမှာ ရှုကိုမရှုဘူးတဲ့။ ရှုမိသေးရဲ့လား (မရှုမိပါဘူး)။

မရှုမိလိုက်တော့ သစ္စာမသိလိုက်တော့ဘူး။ ပေါ်ပျောက်ဟာ ဒုက္ခသစ္စာပါလား၊ အနိစ္စပါလား၊ ဒုက္ခပါလား၊ အနတ္တပါလားလို့ မရှုမိပြန်ဘူး (မှန်ပါ)။ မရှုမိတော့ အဝိဇ္ဇာကလာပြန်တာပဲ။ မောဟနဲ့ သွားပြန်တယ် (မှန်ပါ)။ မသွားဘူးလား (သွားပါတယ်)။ မောဟဆိုတာက အများအားဖြင့် ဒေါသနဲ့သေရင်ငရဲ။ လောဘနဲ့သေရင် ပြိတ္တာ။ မောဟနဲ့သေတော့ တိရစ္ဆာန်ဘုံ၊ ဒါများသောအားဖြင့် ဖြစ်တတ်တယ် (မှန်ပါ)။

သူ့ဓမ္မက သူ့ကိုဆွဲဆောင်သွားတာ

ဒီတော့ ဆူးတစ်ခါစူးတာ အပါယ်လေးပါးတံခါးပွင့်သွားတယ်လို့ ဘုန်းကြီးကပြောတာလား- သူ့ဓမ္မက သူ့ကိုဆွဲဆောင်သွားတာလား (သူ့ဓမ္မက သူ့ကို ဆွဲဆောင်သွားတာပါ)။

သူ့ဓမ္မကသူ့ကို ဆွဲဆောင်သွားတယ်ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အကြားအမြင်မရှိတဲ့အတွက် နစ်နာလိုက်တာဆိုတဲ့စကားဟာ ယနေ့သုံးရတော့မှာပဲ (မှန်ပါ)။

အကြားအမြင်မရှိတဲ့အတွက် ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ (နစ်နာပါတယ် ဘုရား)။ ပစ္စုပ္ပန်လဲနစ်နာ၊ သံသရာလဲနစ်နာပဲဟင် (မှန်ပါ)။

အကြားအမြင်မရှိတဲ့အဖြစ်ဟာ ဒကာ ဒကာမတို့ ငရဲတိရစ္ဆာန်ပြိတ္တာ မောင်သစ်အကုန်သွားတာပဲ (မှန်ပါ)။ ဒါဘယ့်နှယ်ကြောင့်သွားရသတုံးလို့မေးရင် ဘယ့်နှယ်အဖြေထွက်ကြမလဲ (အကြားအမြင်မရှိလို့ပါ)။

အကြားအမြင်မရှိလို့ပဲ။ ဒီလိုသတ်ရမယ်၊ ဘယ်လိုရှုရမယ်၊ ဒီဟာတွေငရဲတိရစ္ဆာန်ပြိတ္တာမသွားအောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အကြားအမြင်မရှိတော့ ဦးနက် အတော်ခက်နေတယ် (ခက်ပါတယ် ဘုရား)။ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

မောင်သစ် အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ် အဖြစ်ဟာ အင်မတန်မှ နစ်နာပါလားဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ်)။

မရှုတတ်တဲ့ပုဂ္ဂိုလ်က များမယ်

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့၊ ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုတတ်တဲ့ပုဂ္ဂိုလ်နဲ့ မရှုတတ်တဲ့ ပုဂ္ဂိုလ်လဲ ဘယ်ဟာကများသတုံးလို့ မေးတဲ့အခါကျတော့ မရှုတတ်တဲ့ပုဂ္ဂိုလ်က များမယ် (မှန်ပါ)။ မရှုတတ်တဲ့ပုဂ္ဂိုလ်ကများတော့ သေသည်၏အခြားမဲ့၌ ဒီဥစ္စာခလုတ်ထိမယ်၊ ဆူးငြိမယ်ဆိုတာလဲ ခဏခဏတွေ့ပါလိမ့်မယ်။ မဟုတ်ဖူးလား (မှန်ပါ)။ သူတို့မှာ ခလုတ်ထိတိုင်း ဆူးငြိတိုင်း ဘယ်တံခါးချည်း ပွင့်ကုန်သတုံး (အပါယ်တံခါးပွင့်ပါတယ်)။ ရှင်းကြပြီလား (ရှင်းပါတယ် ဘုရား)။

ဘာဖြစ်လို့ပါလိမ့်မောင်သစ် (အကြားအမြင်မရှိလို့ပါ ဘုရား)။

အကြားအမြင်မရှိတဲ့သတ္တိ။ ခင်ဗျားတို့လှူတာ၊ ပေးတာ၊ ကမ်းတာကလောက် ဒါလောက်မများပါဘူး (မှန်ပါ)။ ဒီမှာ အခု ခဏခဏ ထိမိခိုက်မိကျော်မိလွှားမိတဲ့ ဒုက္ခဒေါမနဿဝေဒနာတွေဖြစ်တာကတော့ တစ်နေ့ ဘယ်နှစ်ကြိမ်ဖြစ်တယ်လို့တောင် မရေတွက်နိုင်ပါဘူး။ ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါဘူး)။ မရေတွက်နိုင်ဘူးတဲ့။ ဒုက္ခဆိုတာ မောတာလဲဒုက္ခပဲ၊ ပင်ပန်းတာလဲ (ဒုက္ခပါပဲ)။

အဲဒီဒုက္ခပေါင်းက တစ်နေ့ကို ဘယ်လောက်လာသတုံး၊ (မရေတွက်နိုင်ပါဘူး)။ အဲဒီနောက်ကနေပြီး ပဋိစ္စသမုပ္ပါဒ်သုံးမျိုး သုံးမျိုးလိုက်တာကလဲ ခဏခဏလိုက်နေမှာပဲ (မှန်ပါ)။ တစ်ခုမလိုက် တစ်ခုလိုက်နေမှာပဲ (မှန်ပါ)။ လိုက်တော့ ဆွမ်းကျွေးနေတဲ့အချိန် ဘုရားရှိခိုးနေတဲ့အချိန်နဲ့ သူလိုက်နေတဲ့အချိန်နဲ့ ဘယ်ဟာကများသတုံး (သူလိုက်နေတဲ့အချိန်ကများပါတယ်)။

လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိမရောက်ပါဖူး

ဒါဖြင့် လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိမရောက်ပါဖူး၊ အပါယ်ချည်းသွားတာပါပဲကွာဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောလိုက်တာ ဒကာသစ်ဟောထိုက်တယ် (မှန်ပါ)။ ဒကာ ဒကာမတွေ ဘယ့်နှယ်တုံး ဟောထိုက်ပါရဲ့လား (ဟောထိုက်ပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့က တော်ရုံတန်ရုံကုသိုလ်လောက်ကို အသားယူပြီး ကျုပ်တို့ကုသိုလ်တွေပြုထားလိုက်တာ ဒါလောက် အသားယူနေတာပဲ။ ဒီကြားထဲမှာ အပါယ်သွားစရာတွေ မိုးမွှန်နေတာတော့ သိကိုမသိလိုက်ဘူး။ (မှန်ပါ)။ သိသေးရဲ့လား (မသိပါဘူး)။

အပါယ်သွားတာ မိုးမွှန်နေတာပါပဲ။ အဲဒီလိုဖြစ်ပြီး သကာလ နေတော့ မသိတဲ့အဖြစ်ဟာ အတော်ဆိုး ပါလား (ဆိုးပါတယ် ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (မသိတဲ့အဖြစ်က အတော်ဆိုးပါတယ် ဘုရား)။

ဒါကြောင့် ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းမပေါင်းပဲနဲ့ နိဗ္ဗာန်မရနိုင်ဘူးဆိုတဲ့ဥစ္စာ ပေါ်ရောပေါ့ (မှန်ပါ)။

ကလျာဏမိတ္တမည်မျှလောက်အရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတို့ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။ အကြားအမြင်ရှိအောင်ဆိုတာ ကလျာဏမိတ္တကမှ ပြောနိုင်မှာကိုး (မှန်ပါ)။ ဒီ့ပြင် လူကပြောနိုင်ပါ့မလား (မပြောနိုင်ပါဘူး)။ သေချာကြပြီလား (သေချာပါပြီ)။

ဒါ့ကြောင့် ခင်ဗျားတို့ဒုက္ခကတော့ ရောက်ဖူးတာများပြီ။ ဆူးစူးမိတယ်၊ ကျောက်ပေါက်မိတယ်၊ ဖျားမိတယ်ဟုတ်လား။ ခေါင်းကိုက်တယ်၊ လေနာတယ်၊ ရင်ကြပ်တယ် ဆိုတဲ့ဒုက္ခတွေကတော့ လူတိုင်းမှာ ဒကာ ဒကာမတွေ မတွေ့ဖူးတဲ့ပုဂ္ဂိုလ်ရှိသေးရဲ့လား (မရှိပါဘူး)။

သို့သော် သူ့ကိုဘယ်လို အဆုံးသတ်ရမယ်။ ဘယ်လိုအပါယ်လွတ်အောင် တို့ကြိုးစားရမယ်။ ဒီဒုက္ခတော့ ပေါ်နေပြီ။ သူဟာ အပါယ်လေးပါး ရောက်တယ်လို့ ဆိုနေပြီ။ ဘယ်လို သူ့ကိုမရောက်တဲ့နည်း ရှာမယ်ဆိုတဲ့စိတ်ဟာ လာကို မလာဘူး။ (မလာပါဘူး)။

ဘာ့ကြောင့်မလာသတုံး

ဘာ့ကြောင့်မလာသတုံး- အကြားအမြင်က နည်းနည်းမှ မရှိဘူး (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာသစ်တို့လဲ ဒီအရွယ်ကြီးသာရောက်လာတယ် အကြားအမြင်ကမရှိဘူး (မရှိပါဘူး)။ ဒီအရွယ်ကြီးသာ ရောက်လာတယ် ဒီအကြားအမြင်မရှိတော့ ဟိုဖြစ်စဉ်ကတော့လိုက်နေမှာပဲ (မှန်ပါ)။ ခုနကပြောတဲ့ဖြစ်စဉ်ကတော့ ရှောင်လို့ရှားလို့ရသေးရဲ့လား (မရပါဘူး)။

အဲဒါကြောင့် ခင်ဗျားတို့ ကလျာဏမိတ္တ သူတော်ကောင်းလို အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်ကိုပေါင်းပါမှာ၊ ဆည်းကပ်ပါ၊ မှီဝဲပါဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ဥစ္စာ အခုလိုအချက်တွေ ကိုယ်သိရတော့မှဪ- အကြားအမြင်မရှိတဲ့အဖြစ်လောက် အဖြစ်ဆိုးတာမရှိတော့ပါလား ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ်)။ အကြားအမြင်မရှိတဲ့အဖြစ်ဟာ အဖြစ်ဆိုးပဲဆိုတာ သေချာကြပြီလား (သေချာပါပြီ)။

ကဲ- ကိုယ်ကိုယ်တိုင်ပဲ အပါယ်ရောက်ဖို့ တရားပေါင်းဘယ်လောက်များခဲ့သတုံးလို့ ကိုယ့်ဟာကိုယ်စစ်ဆေးကြည့်ပါ။ မရေတွက်နိုင်တော့ဘူး (မှန်ပါ)။ မရေတွက်နိုင်ဘူး။ ဒါဘယ့်နှယ်ကြောင့်တုံး လို့မေးတော့ ဘယ့်နှယ်ဆိုကြမလဲ (အကြားအမြင်မရှိလို့ပါ ဘုရား)။ အကြားအမြင်မရှိတော့ ဘယ်လိုနည်းနဲ့သူ့ကို ပိတ်ပင်ရမယ်၊ ဆီးတားရမယ်၊ ဘယ်လိုကန့်ကွက်ရမယ်ဆိုတဲ့သဘောက မပေါ်လာတော့ဘူး (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အကြားအမြင်က သိပ်အရေးကြီးပါလား

မပေါ်လာတော့ ဘုန်းကြီးတို့ဒကာ ဒကာမတွေမှာ အကြားအမြင်က သိပ်အရေးကြီးပါလား- အကြားအမြင်ဟာလဲ သူတော်ကောင်းကလျာဏမိတ္တနဲ့ပေါင်းမှ ရပါကလား၊ နို့မဟုတ်လို့ရှိရင် မရပါကလားဆိုတာ ပေါ်လာပြီ (မှန်ပါ)။

ဒါဖြင့် အကြားအမြင်မရှိတဲ့အဖြစ်ဟာ အဖြစ်ဆိုးကြီးဆိုတာဖြင့် ယနေ့ရှင်းသွားပြီ (မှန်ပါ)။ အကြားအမြင်မရှိတဲ့အဖြစ်ဟာ အကြီးဆုံးသော ဆိုးသောအပြစ် ကြီးဆိုးသောနစ်နာခြင်းကြီးဆိုတဲ့ဥစ္စာ သေသေချာချာပေါ်ပါပြီ (မှန်ပါ)။ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)။

ဝေဒနာတစ်ခုရောက်တယ်ဆိုရင် သူ့မှာဖြင့် ပဋိစ္စသမုပ္ပါဒ်သုံးမျိုးလောက် ဖြစ်တယ် ဆိုတဲ့ဥစ္စာ အထူးသဖြင့် ပြောစရာ လိုသေးသလား (မလိုပါဘူး)။

ကဲ ဒါဖြင့် အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်ကတော့ ဒီလိုမဖြစ်ပါဘူး၊ ဝေဒနာကတော့ပေါ်တာပါပဲ။ ပေါ်ပင်ပေါ်ငြားသော်လဲ သူတို့ကတော့ ဒုက္ခဝေဒနာပေါ်တယ်ဆိုရင် ဒုက္ခဝေဒနာကိုပဲ ဉာဏ်နဲ့ဖြစ်ပျက် ရှုလိုက်တယ် (မှန်ပါ)။ ဖြစ်ပျက်ရှုလိုက်တဲ့အခါကတော့ ဒေါသ၊ သောကတွေ လာသေးရဲ့လား (မလာပါဘူး)။

ဝိပဿနာရှုလိုက်တဲ့ အတွက်

ဪ- သူကတော့ အကြားအမြင် ရှိတဲ့အတွက် ဒုက္ခဝေဒနာကလေး၏ ပေါ်မှုပျက်မှုကိုပဲ ဝိပဿနာရှုလိုက်တဲ့ အတွက် သူ့မှာဖြင့် ပဋိစ္စသမုပ္ပါဒ်သုံးမျိုးစလုံးပြတ်သွားတယ်၊ (မှန်ပါ)။

ဘယ့်နှယ်ဆိုကြမလဲ (ပဋိစ္စသမုပ္ပါဒ်သုံးမျိုးစလုံးပြတ်ပါတယ်)။

ဒေါသ၊ သောကပရိဒေဝဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်လဲ မလာဘူး (မှန်ပါ)။ တဏှာ ဥပါဒါန်ကံဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကော (မလာပါဘူး)။ အဝိဇ္ဇာသင်္ခါရဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကော (မလာပါဘူး)။

ဪ-ဒါဖြင့် ဒုက္ခဝေဒနာလာတိုင်းလာတိုင်း၊ ဒီဒကာ ဒကာမတွေမှာ အကြားအမြင်ရှိပြီးသား ဖြစ်နေတော့ ဖြစ်ပျက်ရှုပေးပါ (မှန်ပါ)။ နို့မဟုတ်လို့ရှိရင် နောက်က ဒေါသလိုက်မှာစိုးလို့နော် (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

တစ်ခါ အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ်မှာတဲ့ သုခပေါ်ပြန်တော့ သူကတဏှာ လိုက်သွားတယ်။ အကြားအမြင် မရှိတော့ (မှန်ပါ)။ တဏှာ ဥပါဒါန်ကံ မလိုက်ဘူးလား (လိုက်ပါတယ်)၊ ချမ်းသာတဲ့ဝေဒနာကလေးပေါ်ရင် သူကြိုက်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်ဆိုတဲ့ တဏှာ ဥပါဒါန်ကံမလိုက်ဘူးလား (လိုက်ပါတယ်)။ ဒါ ဘယ်ပုဂ္ဂိုလ်တုံး သူက (အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်ပါ ဘုရား)။ အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ်ဆိုတဲ့ဥစ္စာ ထင်ရှားသွးပြီနော် (မှန်ပါ)။

အဲဒီတော့ သူ့မှာ ခုနကပြောခဲ့တဲ့ ပြိတ္တာဘုံ ရောက်နိုင်တဲ့လမ်းပဲ၊ ပဋိစ္စသမုပ္ပါဒ်က ဆက်သွားတယ်။ မသွားဘူးလား (သွားပါတယ်)။ တစ်ခါ သုခဝေဒနာပေါ်တာ မရှုခြင်းကြောင့်လဲ အဝိဇ္ဇာပစ္စယာ သင်္ခါရာတွေ နောက်ကမလိုက်ဘူးလား (လိုက်ပါတယ်)။ ဒီတော့ တိရစ္ဆာန်ဘုံရောက်နိုင်တဲ့လမ်းလဲ သူမလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဒုက္ခသစ္စာလို့ရှုလိုက်တယ်

အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်ကတော့ သုခဝေဒနာပေါ်လာလဲ ဒါကလေးပဲဖြစ်ပြီးပျက်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဒုက္ခသစ္စာလို့ရှုလိုက်တယ်။ ရှုလိုက်တော့ သူ့မှာ ခုနက ပြောခဲ့တဲ့တဏှာလဲမလာဘူး၊

အဝိဇ္ဇာလဲမလာဆိုတော့ မောင်သစ်သူ့မှာ သုခပေါ်လဲ နိဗ္ဗာန်ရောက်နိုင်တာပဲ။ မဟုတ်ဘူးလား (မှန်ပါ)။

ဘာကွာသွားတာတုံးမေးတော့ ဘယ့်နှယ်ဖြေကြပါ့မလဲ (အကြားအမြင်မရှိတာနဲ့ ရှိတာ ကွာသွားပါတယ်)။ သဘောပါကြပြီလား (ပါပါပြီ)။

အကြားအမြင်ရှိတာနဲ့ မရှိတာကွာသွားတယ်။ နည်းနည်းနောနောခြားနားတာလား၊ မိုးနဲ့မြေကြီးမကဘူး (မှန်ပါ)။ မိုးနဲ့မြေကြီးဟာ ဝေးတယ်ဆိုငြားသော်လဲ လှမ်းကြည့်လို့ရှိရင် အပေါ်ကောင်းကင်အောက်က မြေကြီးဆိုတာ သိရသေးတယ် (မှန်ပါ)။ အဲဒါက သိနိုင်စရာရှိသေးတယ်၊ အခုဟာက နိဗ္ဗာန်နဲ့အပါယ်ဆိုတော့ ဒကာသစ်အင်မတန်ကွာခြားသွားတယ် (မှန်ပါ)။ မကွာခြားဘူးလား (ကွာခြားပါတယ်)။ အပါယ်လေးပါးနဲ့ နိဗ္ဗာန်ဆိုတော့ ဒုက္ခအကြီးနဲ့ သုခအကောင်းဆုံးနဲ့ကွာခြားသွားတယ် (မှန်ပါ)။ အကြီးဆုံးသော ဒုက္ခနဲ့ အချမ်းသာဆုံးသော သုခနဲ့ ခြားနားသွားတယ်ဆိုတော့ အင်မတန်ကိုပဲ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်က ခရီးရောက်ပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ)။ မပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒါကြောင့် အခု ဝိပဿနာကိုရှုလဲနေကြပြီ၊ ဒကာ ဒကာမတို့ သုခလာလဲဘာတုံး (ဖြစ်ပြီး ပျက်တာပါပဲ)။ ဖြစ်ပြီးပျက်တဲ့ဓမ္မပဲလို့သာ ဉာဏ်နဲ့တည့်အောင်ရှု။ ရှုလိုက်လို့ရှိရင် တဏှာ ဥပါဒါန်သေ အဝိဇ္ဇာသင်္ခါရသေ ဆိုတဲ့ဥစ္စာဖြင့် ပြောစရာမလိုတော့ပါဘူး။ လိုသေးသလား (မလိုပါဘူး)။ ရှင်းကြပြီနော် (မှန်ပါ)။

ဥပေက္ခာတွေပေါ်တော့ ပေါ်ပါတယ်

တစ်ခါသွားပါဦးတဲ့။ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်ဟာ ဥပေက္ခာတွေပေါ်တော့ ပေါ်ပါတယ်။ သူ့ဟာသူကိုပေါ်မှန်းမသိဘူး (မှန်ပါ)။ ဥပေက္ခာတွေပေါ်ပါရဲ့ မြင်လိုက်တယ်၊ ကြားလိုက်တယ်၊ နံလိုက်တယ်၊ စားလိုက်တယ်၊ ဘယ်သူက ဘာဖြစ်လို့ ကမ္မဿကာထားတာတွေကောမရှိဘူးလား (ရှိပါတယ်)။ သူ့ဟာသူ ဥပေက္ခာဖြစ်တယ်လို့သိရဲ့လား (မသိပါဘူး)။ မသိတော့လို့ ဥပေက္ခာဖြစ်တာမှ မသိတော့ ဖြစ်ပျက်မသိတော့ဘူး။ ဥပေက္ခာကလေး၏ ဖြစ်မှုပျက်မှုသိသေးရဲ့လား (မသိပါဘူး)။ မသိတော့ အဝိဇ္ဇာမလိုက်ဘူးလား (လိုက်ပါတယ်)။ အဝိဇ္ဇာပစ္စယာသင်္ခါ သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ သဘောတွေ မလာပေဘူးလား (လာပါတယ်)။

သူ့မှာ အကြားအမြင်မရှိတဲ့အတွက် ဒကာ ဒကာမတွေ သူ့မှာ ဥပေက္ခာဖြစ်တာ တိရစ္ဆာန်လမ်းပွင့်တယ်၊ မောဟဖြစ်တာကိုး၊ မောဟပဋိစ္စသမုပ္ပါဒ်လာလို့ရှိရင် တိရစ္ဆာန်ဘုံရောက်ဖို့များတယ်ဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)။

ဒါဖြင့် အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာ ဥပေက္ခာဖြစ်တယ်လို့ဆိုတာ ဖြစ်မှန်းလဲမသိ၊ ပျက်မှန်းလဲ မသိတဲ့အတွက် သူ့အတွက်မှာဖြင့် ကြောက်စရာကြီးပဲ၊ သူ့သန္တာန် ဥပေက္ခာဖြစ်ရင်ပဲ တိရစ္ဆာန်ဘုံလမ်း ပွင့်တာက များတေယ် (မှန်ပါ)။ ပေါ်ကြရဲ့လား (ပေါ်ပါတယ်)။

အပါယ်လေးပါးသွားတဲ့လမ်းသာ ပွင့်နေတယ်

ကိုင်းဒါဖြင့် သူ့မှာ ဝေဒနာသုံးမျိုးကလဲ ရှိနေပြန်၊ အကြားအမြင်ကလဲမရှိလို့ ဘယ်လိုလုပ်ရမယ် ဆိုတာမသိတော့ တစ်နေ့လုံး တစ်ညလုံး အသက်ရှင်သရွေ့ ကာလပတ်လုံး အများဆုံးက အပါယ်လေးပါး သွားတဲ့လမ်းသာ ပွင့်နေတယ်။ ဒီ့ပြင် ဘယ်နည်းရှိသေးသတုံး (မရှိပါဘူး)။

အကြားအမြင် ရှိတဲ့ပုဂ္ဂိုလ်မှာ အပါယ်လေးပါးသွားတဲ့နည်းမှတစ်ပါး ဒီ့ပြင်နည်းကများသေးရဲ့လား (မများပါဘူး)။ တယ်ကြောက်စရာ ကောင်းပါလား (မှန်ပါ)။

ဒါတွေက တော်ရုံတန်ရုံ ဒါန၊ သီလလောက်နဲ့ တားမြစ်ဖို့မလွယ်ဘူး၊ အပါယ်တံခါးပိတ်တယ် လို့ဆိုလို့ မရနိုင်ဘူး။ ဒါနရှိလျက်နဲ့ အပါယ်သွားနေတာတွေရှိတာပဲ။ သီလရှိလျက်နဲ့ကော (အပါယ်သွားနေတာ ရှိပါတယ်)။ သမထအားထုတ်လျက်နဲ့ကော (အပါယ်သွားနေတာရှိတာပါပဲ)။ အဲ-ဝိပဿနာနဲ့မဂ်ကမှ တားမြစ်နိုင်တယ်။ ဒီ့ပြင်တရားက အပါယ်မတားနိုင်ဘူးဆိုတာ အထူးတလည်ပဲပြောဖို့မလိုတော့ပါဘူး (မှန်ပါ)။

အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်က မဂ်ဉာဏ်ဖိုလ်ဉာဏ်ရနိုင်တယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရှင်းကြပြီလား (ရှင်းပါပြီ)။ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်နဲ့ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ် ဘာထူးသတုံးဆိုတော့ တိုတိုရှင်းကြပါစို့ဆိုတော့ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်က အပါယ်တံခါးပွင့်တယ်၊ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်က မဂ်ဉာဏ်ဖိုလ်ဉာဏ်ရနိုင်တယ်။ ရှင်းပြီလား (ရှင်းပါပြီ)။

မောင်သစ် ဘယ်လောက်ခြားနားသလဲ (ခြားနားပါတယ် ဘုရား)။ ဦးနက် မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

ဒါသိဖို့ရာတောင်မှလဲ မောင်ချစ်စိန်လွယ်မှမလွယ်ပဲ (မလွယ်ပါဘူး ဘုရား)။ မလွယ်တော့ကို ဝေဒနာသုံးမျိုးကတော့ မပေါ်ပါနဲ့ဆိုလို့ တားလို့ဆီးလို့မရဘူး (မှန်ပါ)။ သဘောကျကြပြီလား (ကျပါပြီ)။ ဝေဒနာသုံးမျိုးကတော့ လှည့်ပေါ်မှာပဲ။ ပေါ်တိုင်းပေါ်တိုင်းလဲ မသိလို့ရှိရင် သူ့မှာ အပါယ်သွားဖို့ကများနေတယ်။ နိဗ္ဗာန်သွားဖို့က ပါသေးရဲ့လား (မပါပါဘူး)။ ဘယ့်နှယ်ကြောင့်ပါလိမ့် (အကြားအမြင်မရှိလို့ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

အကြားအမြင်ရှိရင် ဘယ်ဝေဒနာပေါ်ပေါ် (မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်ပါတယ်)။

ပဋိစ္စသမုပ္ပါဒ်တွေကလဲ ဘယ်တော့ရပ်ဦးမှာတုံး

နို့ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်တွေအတွက်မှာဖြင့် ဝေဒနာကလဲ မပြတ်ဆိုတော့ အပါယ်လမ်းကြောင်း ပဋိစ္စသမုပ္ပါဒ်တွေကလဲ ဘယ်တော့ရပ်ဦးမှာတုံး (မှန်ပါ)။ ဝေဒနာကလဲ မပြတ်ဘူးနော် (မှန်ပါ)။ အပါယ်သွားဖို့ပဋိစ္စသမုပ္ပါဒ်ကကော (မပြတ်ပါဘူး)။ မပြတ်တော့ကို မောင်ချစ်စိန် သုဂတိသွားဖို့တောင် မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ်)။

သူက ခန္ဓာထဲကနေပြီး သကာလ အမြဲတမ်းဒလစပ်ဖြစ်နေတဲ့သဘောပဲဆိုတာ သေချာကြပြီလား (သေချာပါပြီ)။

ဥပမာပြောကြပါစို့။ ဒါနပြုလိုက်တယ်၊ ဒါနပြုလိုက်တော့ ဝမ်းမြောက်ဝမ်းသာနဲ့ နောက်ဘဝတော့ဖြင့် လူချမ်းသာ၊ နတ်ချမ်းသာရတော့မှာပဲဆိုတဲ့ တောင်းတတဲ့တဏှာက ပါလာသလား (လာပါတယ်)။ တဏှာ ဥပါဒါန်ကံဆိုရင် သွားပြီကောကွ (မှန်ပါ)။ ဇာတိ၊ ဇရာ၊ မရဏ မရပေဘူးလား (ရပါတယ်)။

သီလဆောက်တည်လို့ ငါတော့ နောက်ဘဝအသက်ရှည်မှာပဲဆိုတာလောက်ဆိုရင်ဖြင့် အသက်ရှည်ခြင်းလိုချင်တဲ့ တဏှာဥပါဒါန်ကံကလာဦးမှာပဲ (လာမှာပါ)။ မလာပေဘူးလား (လာပါတယ်)။ လာပြန်လို့ရှိရင်လဲ သုဂတိရောက်သွားပြန်၊ ဒုက္ခသစ္စာနဲ့ မနေရပေဘူးလား နေရမလား (နေရပါမယ်)။

အဲဒီလိုအကြားအမြင်မရှိတော့ ပြုတဲ့ကုသိုလ်ကကိုက ပဋိစ္စသမုပ္ပါဒ်တွေနောက် လိုက်နေတယ်၊ မကောင်းတဲ့ ပဋိစ္စသမုပ္ပါဒ်တွေ တစ်ပတ်ကြီးလိုက်နေတယ်ဆိုတာ အထင်အရှားဖြစ်ပြီး သကာလ နေပါတယ်။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်များ အင်မတန်ကြောက်စရာ

ကိုင်း ဒါဖြင့် အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်များ အင်မတန်ကြောက်စရာ ကောင်းပါလားဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ)။

ဒါဖြင့် ဝေဒနာကမ္မဋ္ဌာန်းကို သုခလာလဲဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ်)။ ဒုက္ခလာလဲ (ဖြစ်ပျက်ရှုရပါမယ်)။ ဒေါမနဿလာလဲ (ဖြစ်ပျက်ရှုရပါမယ်)။ သောမနဿလာလဲ (ဖြစ်ပျက်ရှုရပါမယ်)။ သောမနဿလာလဲ (ဖြစ်ပျက်ရှုရပါမယ်)။ ဥပေက္ခာလာလဲ (ဖြစ်ပျက်ရှုရပါမယ်)။

အဲ-ခင်ဗျားတို့က မရှုပဲနေရင်သာ။ သူတို့ကတော့ လှည့်ပြီးလာနေမှာပဲ (မှန်ပါ)။ ဘာ့ကြောင့်တုံးဆိုတော့ ဝေဒနက္ခန္ဓာကိုးဗျ (မှန်ပါ)။ ဝေဒနက္ခန္ဓာဆိုတော့ ဦးနက်ဝေဒနာသုံးမျိုးကင်းပြီး သကာလ နေတဲ့အခါများ ပါသေးရဲ့လား (မပါပါဘူး)။ မပါတော့ ဒါမရှုမိလို့ရှိရင် ခုနက ဆိုင်ရာဆိုင်ရာ ပဋိစ္စသမုပ္ပါဒ် အပါယ်သွားတာတွေက လိုက်လာမှာပဲ (မှန်ပါ)။ ရှုမိလို့ရှိရင်လဲ မဂ်ဉာဏ်ဖိုဉာဏ်ပေါ်ကြမှာပဲ။ မကွာခြားဘူးလား (ကွာခြားပါတယ်)။

အဲဒါကြောင့် ရှင်သာရိပုတ္တရာကို မေးလိုက်တယ်၊ သာရိပုတ္တရာ ကလျာဏမိတ္တနဲ့ပေါင်းရလို့ရှိရင်ဖြင့် ဘယ်လောက်များ ကျေးဇူးများမယ်လို့ မင်းဉာဏ်ထဲမှာမြင်သလဲဆိုတော့ ကလျာဏမိတ္တနဲ့ပေါင်းတယ် ဆိုလို့ရှိရင် ဘုရား အလုံးစုံအကုန်လုံး သူ့ကြောင့်ပဲ ကလျာဏမိတ္တက ဆောင်သွားလို့ နိဗ္ဗာန်ရောက်တာပဲ။ အလုံးစုံဟာ ကလျာဏမိတ္တကြောင့်ပြီးပါတယ်တဲ့ (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ)။

ဆရာသမားက ခင်ဗျားတို့ကိုဆောင်တာပဲ

ဒါဖြင့် နိဗ္ဗာန်ရောက်တဲ့နေရာမှာ ခင်ဗျားတို့ ကလျာဏမိတ္တက အခုလိုသင်ကြားပြသတဲ့ ဆရာသမားက ခင်ဗျားတို့ကိုဆောင်တာပဲ။ ခင်ဗျားတို့ကဖြင့် ဗလာသဘောလာတာပဲဆိုတာပေါ်နေပြီ။ မပေါ်လာဘူးလား (ပေါ်လာပါပြီ)။

ဗလာပဲတဲ့။ ဘာမှမပါလာဘူး။ သူ့အမှီပြုပြီး သကာလ နိဗ္ဗာန်ရောက် ကြရတယ်နော် (မှန်ပါ)။ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်ရမှာပဲဆိုတဲ့။ ဥစ္စာရှင်းရှင်းကြီးမပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ကိုယ့်မွေးအမေနဲ့ အဖေက သင်လွှတ်လိုက်တာတွေက ဝေဒနက္ခန္ဓာသုံးပါးရှိတယ်လို့လဲ မပြောဘူး။ ဒီနောက်က ဘာတွေဘာတွေလိုက်တာကိုလဲ မင်းတို့ဘယ်လိုပိတ်ပင်ကြဆိုတာ ဘယ်သူမှ ပြောတတ်တာမဟုတ်တော့ မောင်သစ်သိပ်ခဲယဉ်းတာပဲ (ခဲယဉ်းပါတယ်)။ မင်းပညာသင်ကွာ။ အိမ်ထောင်ကျတော့ ဒါလုပ်ကျွေးရလိမ့်မယ်။ ဒါလောက်သင်လွှတ်လိုက်တာပဲ (မှန်ပါ)။ ဒီ့ပြင် ဘာပါသေးသတုံး (ဘာမှမပါပါဘူး)။ ဘာမှမပါဘူးတဲ့။ အပါယ်တံခါးပိတ်ပေးဖို့မပါဘူး၊ နိဗ္ဗာန်တံခါးဖွင့်ပေးဖို့ကော (မပါပါဘူး)။

မပါတော့ ကလျာဏမိတ္တနဲ့မှ မတွေ့လို့ရှိရင် ကိုယ်ကျိုးတော့အကြီးအကျယ်နည်းတာပဲ (မှန်ပါ)။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

မပြတ်ဝိပဿနာနဲ့ နေမှတော်မည်

အခုဒီနေ့ဟောတဲ့တရားဟာက ခန္ဓာကိုယ်ထဲမှာ မပြတ်ဝိပဿနာနဲ့ နေမှတော်မည့်တရားလို့ ဟောတာနဲ့ အတူတူပဲ (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ)။

ဝေဒနာသုံးမျိုးကတော့ ကင်းလို့ရရဲ့လား (မရပါဘူး)။

ခုနကဟောခဲ့ပါတယ်တဲ့။ စကတည်းက ဝေဒနာမရှိရင် လူသေ (မှန်ပါ)။ အဲဒီတော့ မရှိတဲ့အချိန်ရယ်လို့လဲ ဆိုစရာအကွက်မြင်သေးရဲ့လား (မမြင်ပါဘူး)။ ရှိတဲ့အချိန်ချည်းပဲ (မှန်ပါ)။

ကိုယ်ကမရှုမိလို့ရှိရင်လဲ အပါယ်လေးပါးသွားတဲ့ဝေဒနာတွေ။ ဝေဒနာပစ္စယာတဏှာ၊ ဝေဒနာ ပစ္စယာ ဒေါသော၊ ဝေဒနာပစ္စယာ မောဟောဆိုတာမျိုးတွေသာလျှင်လာနေမှာပဲ (မှန်ပါ)။ အမှန်အဖြောင့် ကောင်းတဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ပေါ်စရာမြင်သေးရဲ့လား (မမြင်ပါဘူး)။

အဲဒါကြောင့် ခင်ဗျားတို့ ဘယ်ရောက်ရောက်ကလျာဏမိတ္တဒီလိုထူးထူးခြားခြား ထိုးထိုးထွင်းထွင်း ကိုယ့်ခန္ဓာဖြစ်စဉ်နဲ့ ကိုက်အောင်ပြောတတ်တဲ့ ဆရာတော့ရှာမှဖြစ်မယ် (မှန်ပါ)။ မရှာရင်တော့ မဖြစ်ဘူးတဲ့။ ရိုးရာအတိုင်းသာနေကြလို့ရှိရင်တော့ဖြင့် အပါယ်ပဲပြန်ရောက်မှာပဲ (မှန်ပါ)။ မရောက်ပေဘူးလား (ရောက်မှာပါ ဘုရား)။

ဝေဒနာတွေက တစ်နေ့အကြိမ်ပေါင်း ဘယ်လောက်

ဒီဝေဒနာတွေက တစ်နေ့အကြိမ်ပေါင်း ဘယ်လောက်ဆိုတာ ဥပေက္ခာက ဘယ်နှစ်ကြိမ်ပေါ်လို့ သောမနဿက ဘယ်နှစ်ကြိမ်၊ ဒေါမနဿက ဘယ်နှစ်ကြိမ်၊ သုခက ဘယ်နှစ်ကြိမ်၊ ဒုက္ခက ဘယ်နှစ်ကြိမ်လို့ ရေတွက်ကြရဲ့လား (မရေတွက်နိုင်ပါဘူး)။

ပေါ်တိုင်းပေါ်တိုင်း မရှုမိလို့ရှိရင်လဲ သူ့စခန်းနဲ့သူ့လမ်းကတော့ မပို့ပေဘူးလား-ပို့မလား (ပို့မှာပါ ဘုရား)။ ဘယ်လောက် ကြောက်စရာကောင်းသတုံး (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

အဲဒါကြောင့် လူတစ်သိန်းသေလို့ သုဂတိကိုတစ်ယောက်မရောက်ပါဘူး၊ နိဗ္ဗာန်ဆိုတာဝေးပါတယ်ဆိုတာ ဒါတွေနဲ့ဝေဖန်လိုက်တော့မှ မောင်ချစ်စိန်၊ ဪ- ဟုတ်ပါလား ဆိုတာပေါ်လာတယ် (မှန်ပါ)။ ဪ-ဟုတ်ပါလား၊ အလွန်ဆိုးဝါးပါကလား၊ အလွန်နစ်နာပါလား။ ဒါ့ကြောင့်လဲ သုဂတိသွားတာ မရှိသလောက်နည်းတာပဲ။

မြတ်စွာဘုရားက သစ္စသံယုတ်မှာ ဟောတော်မူတာများ ယုံကြည်စရာသိပ်ကောင်းပါတယ် (မှန်ပါ ဘုရား)။ ပဋိစ္စသမုပ္ပါဒ်ဖြစ်စရာနဲ့ကြည့်မှ ယုံကြည်စရာသိပ်ကောင်းတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ရှင်သာရိပုတ္တရာကိုကြည့်ပါ

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပေတော့တဲ့။ ကလျာဏမိတ္တနဲ့မပေါင်းရင် မရဘူးဆိုတာ ဒီ့ပြင်ပုဂ္ဂိုလ်ကိုမကြည့်နဲ့ ရှင်သာရိပုတ္တရာကိုကြည့်ပါ (မှန်ပါ)၊ ရှင်သာရိပုတ္တရာသည် တစ်သေင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးသား လက်ယာရံ အဂ္ဂသာဝကကြီးဖြစ်ဖို့၊ ပုဏ္ဏားမျိုးထဲသွားပြီး ပဋိသန္ဓေနေရတော့ သူ့အမေက ဗြဟ္မာကိုးကွယ်တယ်။

ဒါနဲ့ သူထွက်မြောက်စရာရှာမှပဲ သူဌေးသားအဖြစ်နဲ့ပျော်ပါးနေလို့ မတော်ဘူးဆိုပြီး သိဉ္စည်းဆရာကြီးဆီ ရောက်သွားတယ်။ ရောက်သွားတော့ သူဟာ သိဉ္စည်းတို့ အဝတ်မျိုးဝတ်၊ သိဉ္စည်းတို့ဆွမ်းခံစားတဲ့ အကျင့်မျိုးကို ကျင့်သေးတာပဲ။ မိစ္ဆာဒိဋ္ဌိအကျင့်ပေါ့ (မှန်ပါ)။

ဒါဟာ ထွက်ရလမ်း မဟုတ်ပါဘူးလို့ သူ့ဟာသူတွေးမိတယ်။ ဒါနဲ့သူ့ဆရာကြီးပြောပြီး ထွက်ရလမ်းရှာဦးမယ် ဆိုပြီး သကာလ ဒီအဝတ်တော့ဝတ်လျက်ပဲ၊ ထွက်ရလမ်းရှာတော့မှ ပဉ္စဝဂ္ဂီငါးပါးထဲက ရှင်အဿဇိ မထေရ်က ဆွမ်းခံကြွလာတယ်။ သူကမြင်တော့ ဒီပုဂ္ဂိုလ်ဣန္ဒြေလဲရှိတယ်။ အဆင်အပြင်လဲ အင်မတန် ထူးခြားတယ်။ ဝမ်းထဲမှာ တရားထူးတရားမြတ် ရှိလိမ့်မယ်ဆိုပြီး မြင်တာနဲ့သိတယ် (မှန်ပါ)။

မြင်တာနဲ့ပဲသိတယ်။ တရားထူးတရားမြတ် ရှိလိမ့်မယ်၊ သွားပုံလာပုံ၊ ဣန္ဒြေရပုံမြင်လို့သိတယ်။ အရှင်အဿဇိကလဲ ဆွမ်ခံကြွတယ်။ သူကလဲ နောက်ကဆွမ်းခံရင်းလိုက်တယ် (မှန်ပါ)။

တရားထူးရှိတဲ့ပုဂ္ဂိုလ်ပဲဆိုပြီး

လိုက်တာကတော့ တခြားကြောင့်တော့ မဟုတ်ပါဘူး၊ ဆွမ်းခံကိစ္စပြီးလို့ရှိရင် သူမေးမလို့။ တရားထူးရှိတဲ့ပုဂ္ဂိုလ်ပဲဆိုပြီး သူလိုက်တော့ မြို့အပြင်ဖက်ရောက်ကြတော့ အရှင်ဘုရား အရှင်ဘုရားနေပုံထိုင်ပုံ၊ ဣန္ဒြေတွေအလွန် ကြည်လင်လှပါသည်။ ဝမ်းထဲမှာ တရားမြတ်ရှိပါလိမ့်မယ်။

အဲဒီတော့ အရှင်ဘုရား ဘယ်ဆရာကို ရည်ညွှန်း၍ရဟန်းပြုခဲ့ပါသနည်း စသည်ကိုမေးလျှောက်တယ်။ ရှင်အဿဇိက ဂေါတမမြတ်စွာဘုရား၏ တပည့်ပါလို့ပြောတယ် (မှန်ပါ)။

ဒါနဲ့ အရှင်ဘုရားဆရာက ဟောကြားတဲ့တရားကို ဟောကြားတော်မူဖို့တောင်းပန်တော့-ငါ့မှာ ရဟန်းဖြစ်စ မကြာသေး၍ အကျယ်တဝင့် မဟောတတ်သေးပါဆိုပြီးတော့ သစ္စာလေးပါး ပဋိစ္စသမုပ္ပါဒ်နဲ့ပတ်သက်တဲ့ ဒီဂါထာကို ဟောတယ်။

ယေဓမ္မာဟေတုပ္ပဘဝါ၊ တေ သံဟေတုံတထာဂတောအာဟ။

တေသဉ္စနိရောဓော။ ဧဝံ ဝါဒီ မဟာသမဏော။

ဒီဂါထာရဲ့ဆိုလိုရင်းကတော့ အကြောင်းတရားဖြစ်လို့အကျိုးတရားဖြစ်တယ်။ အကြောင်းတရားချုပ်လို့ အကျိုးက ချုပ်တယ်။ ဒါကိုပြောလိုရင်း (မှန်ပါ)။

ဧဝံ ဝါဒီ မဟာသဏော။ မဟာသမဏော-ရဟန်းကြီးဖြစ်တော်မူသော ဂေါတမမြတ်စွာဘုရားသည် ဧဝံဝါဒီ- ဤသို့ဟောလေ့ရှိ၏။

အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်

အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်တယ်ဆိုတော့ ဘာဟောလိုက်သတုံး ဆိုတော့ ဖြစ်ပျက်ပဋိစ္စသမုပ္ပါဒ်ကို ဟောလိုက်တယ် (မှန်ပါ)။

အဲဒီလိုဟောလိုက်တာနဲ့ ခန္ဓာဉာဏ်လှည့်လိုက်တယ်။ ခန္ဓာကိုယ်ထဲမှာ အကြောင်းဖြစ်လို့ အကျိုး ဖြစ်နေတာပဲ၊ ဖဿဖြစ်လို့ ဝေဒနာဖြစ်နေတာ၊ ဖဿချုပ်လို့ ဝေဒနာချုပ်တာပဲ။ ဉာဏ်က အဲဒီရောက်တယ် (မှန်ပါ)။

အကြောင်းဖြစ်ရင် (အကျိုးဖြစ်ပါတယ်)။ အကြောင်းချုပ်ရင် (အကျိုးချုပ်ပါတယ်)။

အဲဒီကနေပြီး သကာလ ခန္ဓာထဲ ဉာဏ်လှည့်လိုက်တယ်၊ဪ- ခန္ဓာထဲမှာ ဖဿစသည်ဖြစ်လို့ ဝေဒနာစသည်ဖြစ်နေတာပဲ။ ဖဿချုပ်လို့ (ဝေဒနာချုပ်ပါတယ်)။ ခန္ဓာထဲမှာ ဖြစ်ခြင်းချုပ်ခြင်းပဲရှိပါလား၊ ဖြစ်ပျက်သာရှိပါလားလို့ ဉာဏ်လှည့်လိုက်တော့ ဆွမ်းခံရင်းမတ္တနဲ့ တရားလဲနာလိုက်ရော တစ်ခါတည်း သောတာပန်တည်တာပဲ (မှန်ပါ)။ ဖြစ်ပျက်မြင်လိုက်တာ။ ဖြစ်ပျက်မြင်-ဖြစ်ပျက်မုန်း-ဖြစ်ပျက်ဆုံးပေါ့လေ (မှန်ပါ)။ အဲဒီမှာ သောတာပန်တည်ပြီး သကာလ သွားတယ်။

ဪ-ဒါဖြင့် ဒကာ ဒကာမတို့ ဖဿဖြစ်ရင် ဝေဒနာဖြစ်တယ်၊ ဖဿချုပ်ရင် ဝေဒနာချုပ်တယ်၊ ခင်ဗျားတို့မှာနော် (မှန်ပါ)။

အဲဒီတော့ ဖြစ်ပျက်ပဲ ရှိလိမ့်မယ်။ ဝေဒနာပေါ်တိုင်းပေါ်တိုင်း (မှန်ပါ)။ သံသယရှိလို့ရှိရင် ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မလဲ၊ အို-အကြောင်းဖြစ်လို့ဖြစ်တယ် (မှန်ပါ)။ ဘယ့်နှယ်ကြောင့် ချုပ်သွားပါလိမ့်မတုံး၊ သံသယပေါ်လာလို့ရှိရင်လဲ အကြောင်းချုပ်လို့ ချုပ်တယ်၊ ဒီလိုနှလုံးသွင်းလိုက်ရင် ပြီးတာပဲ (မှန်ပါ)။ ရှုတတ်ကြပြီလား (ရှုတတ်ပါပြီ)။

ဝေဒနာသုံးမျိုး၊ ဝေဒနာငါးမျိုးကြိုက်တာရှု

ဝေဒနာသုံးမျိုး၊ ဝေဒနာငါးမျိုးကြိုက်တာရှု၊ သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဆိုတဲ့ငါးမျိုး (မှန်ပါ)။

အဲဒီငါးမျိုးကို ဒကာ ဒကာမတွေကလှည့်ပြီး သကာလ ရှုနေလို့ရှိရင်ဖြင့် ဝေဒနာနံ ခယာ ဘိက္ခု၊ နိစ္ဆာတောပရိနိမ္ဗုတော။ ဒီဝေဒနာတွေကို ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဝေဒနာဆုံးအောင် ရှုနော် (မှန်ပါ)။ ရှုလိုက်လို့ရှိရင်ဖြင့် ဝေဒနာပျောက်တယ်ဆိုတာ ခန္ဓာပျောက်တာပဲ (မှန်ပါ)။ ဝေဒနာဟာသုံးပါးတောင် ရှိပါတယ်။

ဝေဒနာတွေအကုန်ပျောက်တော့ ခန္ဓာကျန်နေသေးရဲ့လား (မကျန်ပါဘူး)။ အဲဒီတော့ ခန္ဓာပျောက်တဲ့လမ်းလို့ အဓိပ္ပာယ်ကော ပေါ်ပြီလား (ပေါ်ပါပြီ)။

ဝေဒနာသုံးပါးရှိတာကိုး။ ဝေဒနာသုံးပါး ဘယ်ဟာမှရှုစရာမရှိဘူးဆိုတော့ ဝေဒနက္ခန္ဓာချည်းပဲ၊ ဒီ့ပြင်ခန္ဓာကြည့်စရာလိုသေးသလား (မလိုပါဘူး)။

မလိုတော့လို့ ဝေဒနာနံ-ဝေဒနာတို့၏၊ ခယာ-ကုန်ခြင်းကြောင့်၊ ဘိက္ခု-ရဟန်းသည်၊ နိစ္ဆာတော့ နိတ္တဏှော-တဏှာမရှိသည်ဖြစ်၍ ပရိနိဗ္ဗူတော-ခန္ဓာရှိလျှက်နဲ့ ကိလေသာပရိနိဗ္ဗာန်စံသည်၊ ဟောတိ-ဖြစ်၏။ ဆိုတော့ ခန္ဓာရှိလျက်နဲ့ပဲသောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်တယ်ပြောတာပဲနော် (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ ဒီနေ့ အကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်ဝေဒနာပေါ်ပုံနဲ့ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ဝေဒနာပေါ်ပုံနဲ့လဲ သိပ်ခြားနားတယ် (မှန်ပါ)။ မခြားနားဘူးလား (ခြားနားပါတယ်)။

အနက်သဘောကို အလိုရှိတယ်

အဲဒီတော့ အနက်နဲ့ပါဠိမှာလဲ ရှင်သာရိပုတ္တရာက ဘာကို အလိုရှိသတုံး (အနက်ကိုအလိုရှိပါတယ်)။ အနက်သဘောကို အလိုရှိတယ်။ အနက်ကိုပြောပါဆိုသောကြောင့် ဒီမှာအနက်တွေချည်းပဲ၊ သဘောတွေချည်းပဲပြောနေတယ်ဆိုတာ သဘောကျကြပြီလား (ကျပါပြီ)။

ပြီးတော့ ဘာဟောလိုက်သတုံးဆိုတော့ ရှင်အဿဇိကအကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်း ချုပ်ရင် အကျိုးချုပ်တယ်ဆိုတော့ ခန္ဓာကိုယ်တစ်ကိုယ်လုံးလဲ ဒါပဲရှိတယ်။ ဒီ့ပြင်ဘာရှိသေးသတုံး (မရှိပါဘူး)။

အကြောင်းဖြစ်ရင် (အကျိုးဖြစ်ပါတယ်)။ အကြောင်းချုပ်ရင် (အကျိုးချုပ်ပါတယ်)။ ဒါပဲရှိတယ်ဆိုတာ သိပြီး သကာလ နေတော့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်ပဲရှိတယ်။ ရုပ်ဆိုတာလဲ အပြော-ဖြစ်ပျက်ပဲ (မှန်ပါ)။ ဝေဒနာဆိုတာလဲ (အပြောပါ ဘုရား)။ ရှိတာကတော့ (ဖြစ်ပျက်ပါ ဘုရား)။

အေး-ခန္ဓာငါးပါးစလုံး ခန္ဓာငါးပါးလို့သာ ဆိုရပါတယ်တဲ့ အပြီးသတ်တော့ ဖြစ်ပျက်ပဲရှိတယ် (မှန်ပါ)။

အဲဒါကို ဒကာ ဒကာမတွေက မြင်အောင်ကြည့် မုန်းအောင်ကြည့်လို့ရှိရင်ဖြင့် ဆုံးအောင်ကြည့်လို့ရှိရင် နိဗ္ဗာန်ပဲဆိုတာ ငြင်းစရာလိုသေးသလား (မလိုပါဘူး)။

ဝေဒနာကမ္မဋ္ဌာန်းဟောတယ်

အဲဒါကြောင့် ရှင်အဿဇိနဲ့ သောတာပန်တည်တယ် (မှန်ပါ)။ နောက်ကျတော့ အထက်မဂ်တွေ တက်ချင်တော့ ဒီဃနခပရိဗိုရ်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝေဒနာကမ္မဋ္ဌာန်းဟောတယ်။ ဝေဒနာကမ္မဋ္ဌာန်းဟောတော့ သူက နောက်ကယပ်ခတ်ပေးပြီးတော့ တရားနာတယ်။ အဲဒီတရားနာရင်းမတ္တနဲ့ ဒီဃနခက သောတာပန်တည်တယ်။ သူက ဝေဒနာကမ္မဋ္ဌာန်းကိုရှုမှတ်ပြီးနေတယ်။ ဒီဃနခကလဲ ဝေဒနာမေးနေတာပဲ။ အဲဒါနဲ့ ဝေဒနာသုံးမျိုးကိုလှည့်ပြီးရှုရင်းမတ္တနဲ့ ဘုရားနောက်ကယပ်ခတ်ပေးရင်း ခန္ဓာထဲမှာ ဉာဏ်လှည့်ပြီးကြည့်လိုက်တယ်။ အဲဒီတော့မှ ရဟန္တာဖြစ်တယ် (မှန်ပါ)။

ရှင်အဿဇိနဲ့တွေ့တုန်းက သောတာပန်ပဲတည်တယ်၊ (မှန်ပါ)။ ဒါ့ကြောင့် ရှင်အဿဇိကို ကလျာဏမိတ္တ သူထားတယ် (မှန်ပါ)။ဪ-သူ့ကြောင့် သောတာပန်တည်တာပဲ။ အောက်မဂ်ရတယ်ဆိုတော့ အထက်မဂ်က လွယ်သွားတယ် (မှန်ပါ)။

ဒါ့ကြောင့် သူဟာနေ့တိုင်း သတင်းမေးတယ်။ ဒီနေ့သူ့ဆရာရှင်အဿဇိဘယ်မှာ ကျိန်းပါလိမ့်မတုံး။ ဒီနေ့အနောက်ရွာမှာ ကျိန်းတယ်ဆိုလို့ရှိရင် သူက အရှေ့မှာနေလို့ရှိရင် သူ့ဦးခေါင်းဟာ အနောက်ကိုပြုတယ်။ ဒီနေ့မြောက်ဖက်မှာ ကျိန်းတယ်ဆိုရင် သူ့ဦးခေါင်းကို မြောက်ကိုလှည့်ပြီး ဝတ်ချပြီးအိပ်တယ် (မှန်ပါ)။

ဒါကြောင့် ဘေးရဟန်းတွေက ရှင်သာရိပုတ္တဟာ ပုဏ္ဏားမျိုးပဲ၊ အခုထက်ထိ အနောက်ကိုခေါင်းပြုတုံးပဲ၊ ဘာပဲလို့ ကဲ့ရဲ့ခြင်းခံကြရသေးတယ် (မှန်ပါ)။ ဒါနဲ့ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆရာ့ဂုဏ် ရည်မှတ်ပြီး သူ့ဆရာကို သူဦးတိုက်ပြီးအိပ်တာ။ ပုဏ္ဏားအယူမဟုတ်ဘူး ဒီဥစ္စာ။ ဆရာကိုရိုသေလေးစားတဲ့ သဘော။ ဒါကို သေသေချာချာ လိုက်နာကြဆိုပြီး၊ ဘုရားကတောင် နည်းပေးလိုက်တယ် (မှန်ပါ)။

ဦးခေါင်းကို ဘယ်အရပ်ထားရမယ်

ဒါကြောင့် ဦးခေါင်းကို ဘယ်အရပ်ထားရမယ်ဆိုတဲ့ စည်းကမ်းဟာ လိုရင်းမဟုတ်ဘူး။ ကိုယ့်ကျေးဇူးရှင် ရှိရာကို ကိုယ့်ဦးခေါင်းပြုတာ အကောင်းဆုံးပဲ (မှန်ပါ)။ ဟာ တောင်ကို ခေါင်းပြုမှ၊ မြောက်ခေါင်းပြုရင် ဘာဖြစ်တတ်သလေး၊ ဘာလေး၊ ညာလေး ဆိုတာတွေဟာ အပိုတွေ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘာမှမဟုတ်ဘူး၊ ဒီဥစ္စာတွေ။ ကိုယ့်ဆရာသမားရှိတဲ့ဆီခေါင်းပြုပြီး သကာလ ၊ဪ- ငါ့မှာ ဒီကလျာဏမိတ္တကြောင့် တရားထူးတရားမြတ်ရပေးတယ်ဆိုပြီး သကာလ ရှင်သာရိပုတ္တရာကတော့ ဆရာရှိတဲ့ဖက်ပြုတယ်(မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

အထက်တက်ချင်ဝေဒနာနဲ့တက်

အဲဒီမှာ ကလျာဏမိတ္တနဲ့ပေါင်းလိုက်လို့ သောတာပန်တည်တယ်။ သောတာပန်တည်ပြီး နောက်ကျတော့ ဘုရားယပ်ခတ်ရင်းနဲ့ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဖြစ်သို့ ရောက်သွားတယ်လို့ဆိုတဲ့ဥစ္စာ ဝေဒနာနဲ့ရောက်သွားတာ (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါ့ကြောင့် ဝေဒနာကမ္မဋ္ဌာန်းဟာလဲ သူ့နေရာနဲ့သူကောင်းတာပဲ။ အထက်တက်ချင်ဝေဒနာနဲ့တက်၊ သောတာပန်တည်ချင်ရင် စိတ္တာနုပဿနာနဲ့တက်။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ချင်ရင် ဝေဒနာနုပဿနာနဲ့တက်။ ဒီစက္ကူကြည့်ပါလား (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကဲ- ယနေ့ ဒီတွင် တော်ကြပါစို့။

သာဓု သာဓု သာဓု