13507

မာတိကာသို့

မီးတစ်ဆယ့်တစ်ပါးလောင်နေပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော် ဘုရားကြီး

အမရပူရဓမ္မာရုံ၌ ဟောကြားတော်မူသော

မီးတစ်ဆယ့်တစ်ပါးလောင်နေပုံ

အလုပ်ပေးတရားတော်

(၃၁-၈-၁၉၆၂)

ခန္ဓာငါးပါးအစုကြီးဟာ ဒါထင်းပုံကြီးပဲ

လူတွေဟာ လူခန္ဓာကြီးရထားတယ်ဆိုတော့ ဒီခန္ဓာကြီး အခုတရားနာနေတဲ့ ဒကာ ဒကာမတွေ၏ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးအစုကြီးဟာ ဒါထင်းပုံကြီးပဲတဲ့။ ခန္ဓာငါးပါးအစု အစုကြီးကို ထင်းပုံကြီးလို့ မှတ်ထားပါနော်။ (မှန်ပါ)။

ထင်းပုံကြီးဆိုတာ ဘာဖြစ်နေသတုံးလို့မေးတဲ့အခါကတော့ လောဘမီးကလဲ ဒီအထဲမှာဖြစ်တယ်၊ ဒီခန္ဓာပဲလောင်တာပဲ (မှန်ပါ)။ ဒေါသမီးကလဲ ဒီခန္ဓာထဲမှာပဲဖြစ်တော့ ဒေါသနဲ့ကြုံတဲ့အခါ ဒီခန္ဓာကြီးပဲလောင်တာပဲ၊ ဒေါသအားကြီးတဲ့အခါ ဒေါသထွက်လာတာပဲ (မှန်ပါ)၊ မောဟအားကြီးတဲ့အခါလဲ ထို့အတူပဲ သံသယဝိစိကိစ္ဆာအားကြီးပြီးလာတဲ့အခါမှာလဲ မောဟမီးက လောင်လို့ ပျာနေတာပဲ (မှန်ပါ)။

အဲဒါဦးကျော်မောင်တို့၊ ဦးဘသော်တို့၊ ဦးမြမောင်တို့ ခန္ဓာကိုယ်ကြီးဟာ ပျာယာခတ်နေတာဟာ မီးလောင်လို့ချည်းမှတ်ရမယ် (မှန်ပါ)၊ ဘာနဲ့ ပျာယာခတ် မီးလောင်လို့ပဲလို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ)။

တော်တော်ကြာကျတော့ သောကမီး နဖူးပေါ်လက်တင်ပြီး၊ အကြောင်းမညီညွန်လို့ ဆုံးရှုံးသွားလို့ ရှေ့မျှော်လင့်ချက်ကြီးတွေ ထားတဲ့အခါမှာ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ သောကမီးတွေ အိပ်များမပျော် မျက်လုံးကြီးများ ကျယ်လို့နေတဲ့အခါ ရှိသေးတယ် (မှန်ပါ)၊

သောကမီးလောင်နေတာ

အဲဒါက သောကမီးလောင်နေတာ (မှန်ပါ)၊ သောကမီးလောင်ပါများတဲ့အခါကျတော့ မျက်ရည်ကလေး ကလယ်ကလယ်နဲ့ ဒီခန္ဓာကြီးထဲကပဲ ထွက်လာတာပဲ၊ ပရိဒေဝမီးကလဲ လောင်ပြန်တာပဲ (မှန်ပါ)၊ ဒီထဲကနေပြီး သကာလ ဒုက္ခမီးကလောင်လိုက်၊ မကျေနပ်တဲ့ ဒေါမနဿမီးကလဲလောင်လိုက်၊ နောက်ကျတဲ့အခါကျလို့ရှိရင်ဖြင့် အစာအာဟာရတွေတောင်မှ ရေတွေဘာတွေတောင်မှ ဆာလာတဲ့ ဥပါယာသမီးကလဲလောင်လိုက်နဲ့ ခန္ဓာကိုယ်ကြီးမှာ ဆယ့်တစ်မီးလောင်နေတယ် (မှန်ပါ)။

လောဘ ဒေါသ မောဟ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဥပါယာသ ဇာတိ ဇရာ မရဏဆိုတဲ့ ဆယ့်တစ်မီးတွေဟာ လောင်ပြီးနေတယ်။ ဘယ်သူ့လောင်နေသတုံးလို့ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့၊ ဦးဘစောတို့ မေးလို့ရှိရင် ခန္ဓာကြီးလောင်နေတာ (မှန်ပါ)၊ သူ့အထဲဖြစ်တာကိုး၊ သူ့ထဲဖြစ်ပြီး သူပဲလောင်နေတာပဲ (မှန်ပါ)၊ ဪ ဒို့ခန္ဓာကြီးဟာ အချိန်မရွေးလဲ လောင်ခံနေရတဲ့ မီးလောင်စာကြီး ပါလားလို့ မှတ်ထားကြပါ (မှန်ပါ)။

အချိန်မရွေး အလောင်ခံနေရတဲ့ မီးလောင်စာကြီးဖြစ်ပြီး သကာလ နေတော့ ဒါကိုလဲ ဒကာ ဒကာမတွေက ဪ ဘယ့်နှယ်ကြောင့် ဒီမီးတွေဟာ ဒို့ခန္ဓာကြီးလောင်နေပါလိမ့်မတုံးလို့ တွေးရမယ်။ တွေးတဲ့အခါကျတော့ ဪ လောင်စာရှိလို့ လောင်တာပဲ။ လောင်စာမရှိရင် မီးချည်းသက်သက်ဟာ မနေနိုင်ဘူး၊ မဆိုင်ဘူးလား (ဆိုင်နိုင်ပါတယ်)။

လောင်စာရှိရင် မီးချည်းသက်သက် ဦးကျော်မောင်တို့၊ ဦးမြမောင်တို့ နေနိုင်ပါ့မလား (မနေနိုင်ပါဘူး)။

ဪ ဒါဖြင့် အခု ခင်ဗျားတို့ ပြေးဟယ်၊ လွှားဟယ်၊ ကျောက်တွေရောင်းဟယ်၊ ဝယ်ဟယ်။ ဦးကျော်မောင်တို့က ရောင်းဟယ်၊ ဝယ်ဟယ်နဲ့ မအားမလပ်အောင်ဖြစ်နေတာ ဘာတုံး၊အို လိုချင်ရချင်တဲ့မီး လောင်နေတာ (မှန်လှပါ)။ လိုချင်ရချင်တဲ့အတိုင်း တစ်ခါမရပြန်တော့ ခဲလေသမျှသဲရေကျပဲကွာ ဆိုပြီး သကာလ ဒေါသမီးလာလောင်ပြန်တာပဲ (မှန်ပါ)၊ ဘယ်သူ့ကိုလောင်သတုံး (ခန္ဓာလောင်ပါတယ်၊ ဒီခန္ဓာကြီးပဲ လောင်တယ် (မှန်ပါ)။

ဇာတိဇရာ မရဏမီးက လောင်နေတယ်

ဪ ဒါဖြင့် ခင်ဗျားတို့ဟာ အလုပ်အကိုင်လုပ်နေတော့ လောဘ၊ ဒေါသ၊ မောဟ သောက ပရိဒေဝ ဒုက္ခဒေါမနဿဥပါယာသကလောင်တယ်၊ အလုပ်အကိုင်မရှိဘဲနဲ့ အိပ်ရာထဲ ဘဝင်ကျပြီး အိပ်နေတဲ့ အခါကျတော့ ဇာတိဇရာ မရဏမီးက လောင်နေတယ် (မှန်ပါ)၊ ဇာတိကလဲ ခဏခဏဖြစ်ပြီး၊ ခဏခဏပြောင်း။ ဇရာကလဲ တေဇောမီးက လောင်နေတော့ အိပ်ရင်းအို၊ အိပ်ရင်းနာ၊ အိပ်ရင်းသေမယ်၊ သေခါနီးဖြစ်။ အသက်တမ်းတိုသွားတာကိုးဗျ၊(မှန်ပါ)၊ အသက်တမ်းတိုးသွားတော့ ဦးမြမောင် သေကံနီးမဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ အသက်တမ်းကတိုးတိုးသွားတာကိုးဗျ၊ အိပ်လေတိုးလေပဲ (မှန်ပါ)။ တိုးတော့ သေကံနီးမဖြစ်ဖူးလား (ဖြစ်ပါတယ်)၊ အဲဒါက မရဏမီးမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ဟာ ထိုင်နေလဲ မီးလောင်စာကြီး၊ အိပ်နေလဲ မီးလောင်စာကြီးပဲ။ ဪ ဒီခန္ဓာကြီးဟာ ထိုင်နေတော့ကို ခုနကပြောခဲ့တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ သောက ပရိဝေဒ ဒုက္ခ ဒေါမနဿ ဥပါယာသ ဆိုတဲ့ ရှစ်မီးပါလောင်တယ် (မှန်ပါ)၊ အိပ်နေတဲ့အခါကျတော့ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ သုံးမီးလောင်တယ်။ ထိုင်နေတော့ ဒီမီးသုံးပါးအပြင် ခုနက ရှစ်မီးပါလောင်တယ် (မှန်ပါ)။

ဆယ့်တစ်မီးလောင်နေနိုင်တယ်

ဒါဖြင့် ဒကာမကြီးတို့ မှတ်၊ သွားလာလုပ်ကိုင်နေတဲ့အခါ ဆယ့်တစ်မီးလောင်နေနိုင်တယ်။ အိပ်နေတဲ့အခါကျတော့ သုံးမီးတော့ လောင်နေသေးတယ်။ အားလုံး မီးဘယ်နှမီးရှိသလဲ (ဆယ့်တစ်မီးရှိပါတယ် ဘုရား)။

ဪ ဒီဆယ့်တစ်မီးဟာ ဦးကျော်မောင်တို့၊ ဦးဘသောတို့၊ ဦးမြမောင်တို့ အမြဲလောင်ပြီး သကာလ နေတော့ တစ်ခါတည်း ခန္ဓာကိုယ်ကြီးဟာ ရှေးမူတွေအကုန်ပျောက်ပျောက်သွားတယ်။ ရှေးမူတွေ အရေတွေတင်းနေတာတွေ၊ ဆံပင်တွေနက်နေတာတွေ၊ သွားတွေစီနေတာတွေ အကုန်ပျောက်တာပဲ (မှန်ပါ)။ လောင်လောင်၊ လောင်ပြီး သကာလ လာလိုက်တာ၊ အိပ်နေလဲလောင်၊ မအိပ်ပဲနေလဲလောင်ပြီး သကာလ နေတော့ ခင်ဗျားတို့မှာ မသိလို့လား၊ မီးလောင်နေတဲ့ခန္ဓာကြီးရထားတယ် (မှန်ပါ)။ ရှင်းပြီလား။ (ရှင်းပါပြီ)။

ဘာရထားသတုံး (မီးလောင်နေတဲ့ခန္ဓာကြီးရထားပါတယ်)။ မီးလောင်နေတဲ့ခန္ဓာကြီး ရထားတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားလိုက်တော့မှ ဪ ဒါကြောင့် ဘုရားအလောင်း သူတော်ကောင်းများဟာ လောင်စာသိမ်း၍ မီးငြိမ်းတာကို ကြိုက်တာကိုး (မှန်ပါ)၊ လောင်စာသိမ်း၍ မီးငြိမ်းတာက နိဗ္ဗာန်ပဲ (မှန်ပါ)။

အခုတော့ ခင်ဗျားတို့ဟာက မအိပ်မနေဘဲနေတဲ့အခါလဲ ဆယ့်တစ်မီးကလောင်၊ အိပ်နေတဲ့အခါတောင် သုံးမီးကတော့ လောင်နေသေးတယ်ဆိုတော့ ဘယ်အချိန်မီးမလောင်တဲ့အချိန် ရှိသတုံးလို့မေးရင်၊ ဘယ့်နှယ်ပြောမလဲ၊ (မရှိပါဘူး)။

လောင်စာနဲ့မီးတွဲပြီး

ဘယ်အချိန်မှ မရှိဘူးလို့ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့၊ ဦးဘသော်တို့ကသိတော့ လောင်စာနဲ့မီးတွဲပြီး သကာလ နေတာဟာ ကျုပ်တို့မသိတော့ကို ဒီခန္ဓာကြီးဖြစ်ရတာ အကောင်းမှတ်ပြီး သကာလ နေပြန်တော့လဲ ဒီခန္ဓာကြီးဟာ အရတော်လေစွ။

သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ အရောင်းကလေးအဝယ်ကလေး အသင့်အတင့်ဖြောင့်နေတဲ့အခါကတော့ ဉာဏ်မျက်လုံးနဲ့စိုက်ပြီး မကြည့်တဲ့အခါကျတော့ မီးလောင်တာကို မမြင်ဘူး၊ ဆယ်တစ်မီး လောင်နေတာ လဲမမြင် သုံးမီးလောင်နေတာပဲ (မမြင်ပါဘူး)၊ မမြင်တော့ ခင်ဗျားတို့ဟာက ကိုယ့်ကိုယ်မီးလောင်နေတာ ကိုယ်မမြင်ဘူး ဆိုကတည်းကိုက ခက်ပြီ၊ ဒီလူတွေဟာ အတော်ခက်နေပြီလို့ ဦးကျော်မောင်တို့၊ ဦးမြမောင်တို့ဆိုရတော့မယ်၊ (ဆိုရပါမယ် ဘုရား)။

ကိုယ့်ကိုယ်မီးလောင်နေတာ ကိုယ်မသိတာပဲ (မှန်ပါ)၊ ဪ၊ ခက်လိုက်တဲ့ဖြစ်ခြင်း။ အဲဒီတော့ မီးလောင်နေမှန်းမသိတဲ့ပုဂ္ဂိုလ်က မီးသိမ်းတာ လောင်စာမရှိတာကို ဘယ်နည်းနဲ့မှ သူကြိုက်မယ်မဟုတ်ဘူး (မှန်ပါ)၊ ကြိုက်ပါ့မလား (မကြိုက်ပါဘူး)။ အဲဒါကြောင့် မကြိုက်ခဲ့လို့ ခင်ဗျားတို့နိဗ္ဗာန် ဘယ်တော့မှမရခဲ့တာ (မှန်ပါ)၊ နိဗ္ဗာန်ဆိုတာ လောင်စာသိမ်း၍ မီးငြိမ်းတာနိဗ္ဗာန် (မှန်ပါ)၊ အဲဒီတော့ ခင်ဗျားတို့က လောင်စာနဲ့မီးလောင်နေတာကို မမြင်တဲ့ပုဂ္ဂိုလ်က လောင်စာသိမ်း၍ မီးငြိမ်းတာကို ဘယ်မှာကြိုက်ပါ့မလဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

မီးလောင်နေမှန်းသိမှ မီးငြိမ်းမဲ့ဆီကို ကြိုက်မှာ

ဒါ-ကြပ်ကြပ်စဉ်းစားပါ၊ ကြပ်ကြပ်စဉ်းစားပါ၊ ဦးကျော်မောင်တို့၊ ဦးမြမောင်တို့၊ ဦးဘသော်တို့ ကြပ်ကြပ်စဉ်းစားပါနော် (မှန်လှပါ)၊ မီးလောင်နေမှန်းသိမှ မီးငြိမ်းမဲ့ဆီကို ကြိုက်မှာကိုးဗျ (မှန်ပါ)။

အဲဒီတော့ မီးလောင်နေမှန်းမှမသိတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မီးငြိမ်းတဲ့ဆီ ကြိုက်ပါ့မလားဆိုတော့ မီးငြိမ်းတဲ့ဆီ ရရပါလို၏ ဆုတောင်းငြားသော်လဲ ထုံးစံအတိုင်း ရိုးရာအတိုင်း တောင်းတာသာဖြစ်ပြီး သကာလ နေတော့ လောင်စာသိမ်း၍ မီးငြိမ်းတာကို ဘယ်နည်းနဲ့မှ မကြိုက်ပါဘူး (မှန်ပါ)၊ ကြိုက်ပါ့မလား (မကြိုက်ပါဘူး)။

ခင်ဗျားတို့ အခုဧည့်သည်အာဂန္တုတွေ၊ ဆရာသမား အားကိုးပြီး သကာလ လာကြလို့နေကြ ထိုင်ကြ ပြန်တော့လဲ ခင်ဗျားတို့အတွက်ဟာက နိဗ္ဗာန်မသွားနိုင်သေးဘူး၊ ကိုယ့် ကိုယ်မီးလောင်ကိုပြရဦးမယ် (မှန်ပါ)။ ခက်လိုက်တဲ့ဖြစ်ခြင်းမှ ဦးဘသော် ဘယ်ကစရမှာတုံးဗျ (ကိုယ့်ကိုယ် မီးလောင်တာက စရမှာပါ)။

မီးလောင်တာပြောရဦးမှာ

အမလေး ဒကာ ဒကာတွေ မီးလောင်တာပြောရဦးမှာဆိုတော့ မီးငြိမ်းဆီနိဗ္ဗာန်ကို လောင်စာသိမ်း၍ မီးငြိမ်းတဲ့နိဗ္ဗာန်ကြီးရောက်ဖို့အရေးကို မောင်ချစ်စိန် အဝေးကြီးထားဟောနေရတယ် (မှန်ပါ)။

အဲဒီတော့ မီးလောင်တာကိုမြင်ဖို့ မျက်လုံးတပ်ပေးရဦးမယ် (မှန်ပါ)၊ ကဲ ဦးကျော်မောင်အစက စရမယ်ဆိုတာသေချာပြီလား (သေချာပါပြီ)။

အစကစရမယ်ဆိုတာ သေချာပြီး သကာလ နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အကန်းတွေ ငါ့ဆီရောက်လာပြန်ပြီလို့ပြောလို့ရှိရင် ခင်ဗျားတို့ နာစရာမလိုပါဘူး (မနာပါဘူး ဘုရား)၊ လိုသေးသလား (မလိုပါဘူး ဘုရား)။

အကန်းတွေ ရောက်လာတာလို့ ဆိုလို့ရှိရင် ဦးကျော်မောင်ကြီးတို့၊ ဦးဘသော်ကြီးတို့က ငါ့များ အသက်ကြီးမှ အကန်းဆိုခံရလေခြင်းလို့များ လုပ်မနေနဲ့ဦး (မှန်ပါ ဘုရား)၊ လုပ်ရင် မမြင်ကိုမမြင်ဘူးဗျ (မှန်ပါ)။

ကြည့်စမ်းပါလား အခုပြောပြမှ မအိပ်ဘဲနေတဲ့အခါကတော့ ဆယ့်တစ်မီးထိလောင်နေတယ်၊ အိပ်နေတာတောင် သုံးမီးတော့လောင်သေးတယ်၊ (မှန်ပါ)။ ဒီဇာတိဇရာ မရဏဆိုတဲ့မီးက ရှင်နေတာလဲ အမြဲတမ်း မပြတ်လောင်လျက်ပဲ (မှန်ပါ)၊ ဒါကြောင့် ရှင်နေတော့ ဆယ့်တစ်မီး၊ အိပ်တော့ သုံးမီး (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် လောဘ ဒေါသ မောဟ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ဇာတိ ဇရာ မရဏ ဒီဆယ့်တစ်မီးက ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးကို အမြဲတမ်းလောင်ပြီး သကာလ နေပါတယ်ဆိုတော့ ဒါကဉာဏ်မျက်လုံး တပ်ပေးတဲ့ ပုဂ္ဂိုလ်ရှိမှသာလျှင် ဦးမြမောင်တို့မြင်မှာပဲ (မှန်လှပါ)။

ဒီအတိုင်းသာ ဆိုလို့ရှိရင်ဖြင့် လူဖြစ်တာ အတော်အကျိုးထူးသဟေ့၊ လူ့ဘဝရခဲတယ်ဆိုတာ ဒို့ပြောသံ ကြားဖူးတယ်၊ ဒို့အရကြီးရလာတာ တော်ပဲတော်သေးတယ် အစရှိသည်နဲ့ ဦးကျော်မောင်တို့က ကြွားလုံးထုတ်နေဦးမှာရှိသေးတာကိုးဗျ (မှန်ပါ)။ ဘယ်မှာ ကြွားလုံးထုတ်တဲ့ ဥစ္စာကြီးအပိုပဲ၊ မီးလောင်နေတဲ့ ခန္ဓာကြီးရထားတဲ့ဥစ္စာကြီးပဲ၊ ကြွားလုံးထုတ်နေတဲ့ဥစ္စာ စုံလုံးကန်းက ကြွားလုံးထုတ်တာပေါ့ (မှန်ပါ)။

စုံလုံးကန်းက ကြွားလုံးထုတ်တာ

စုံလုံးကန်းက ကြွားလုံးထုတ်တာ ဒကာ ဒကာမကြီးမှတ်ထား (မှန်ပါ)။ စုံလုံးကန်းကကြွားလုံးထုတ်တာကို ခင်ဗျားတို့ကလဲ သာမညမျက်စိဖြင့်ကြည့်ပြီး တော်သေးသဟေ့ တော်သေးသဟေ့ဆိုတဲ့ဥစ္စာ၊ မီးလောင်ခံနေရတာက မီးမှ မသေသေးတဲ့ပုဂ္ဂိုလ်က မီးမှ မငြိမ်းသေးတဲ့ပုဂ္ဂိုလ်က ဦးဘသော်ကြီး တော်သေးတယ်ပြောတာ မသိလို့ပြောတာ (မှန်ပါ)၊ သူ့မှာဖြင့် အန္တရာယ်ကင်းလို့ ဘေးရှင်းသလားလို့မေးတဲ့အခါကျတော့ စုံလုံးကန်းမို့ ရှင်းတယ်ထင်နေတာ (မှန်ပါ)၊ စုံလုံးကန်းမဟုတ်ရင် (ဘေးရှင်းတယ် မထင်ပါဘူး)။

အဲဒီတော့ အခုတရားစပြီး သကာလ ဒကာ ဒကာမတွေ ပြောရမယ်ဆိုတော့ မျက်လုံးပြောင်းတပ်ပေးရမှာက စရမှာ (မှန်ပါ)။

ဘာက စရမှာတုံး (မျက်လုံးပြောင်းတပ်ပေးတာက စရမှာပါ)၊ မျက်လုံးကို ပြောင်းတပ်ပေးရဦးမှာ (မှန်ပါ)၊ ဒီအတိုင်းကို မရနိုင်ဘူးတဲ့၊ မျက်လုံးကို ပြောင်းတပ်ပေးဦးမှရမယ် (မှန်ပါ)။

အဲဒီတော့ အခုဆရာဘုန်းကြီးက ပြောထားတယ်၊ လောဘမီးဟာလဲနေ့တိုင်းပဲ ငွေလိုချင်၊ ရွှေလိုချင်၊ သားသမီးခင်ချင်နဲ့ရှိနေတယ် (မှန်ပါ)၊ သူကလဲ ဟဒယဝတ္ထုပေါ်ကနေပြီး သကာလ တစ်ကိုယ်လုံးကို လောင်တော့တာပဲ၊(မှန်ပါ)၊ ဒေါသမီးကလဲ အလိုမကျပြီဆိုမှဖြင့် မျက်ရည်ကြီးငယ်တွေ ကျလာတာပဲ (မှန်ပါ)၊ လောင်ချက် ဘယ်လောက် ပြင်းထန်သတုံး (ပြင်းပါတယ်)။

မောဟမီးကလောင်လိုက်တယ်ဆိုတဲ့ဥစ္စာကလဲ ဒုက္ခသစ္စာတွေရှိနေတာ မြင်ကိုမမြင်တော့ဘူးဗျ၊ တွေဝေပြီးလောင်နေတာ (မှန်ပါ)၊ မှိုင်းတိုက်ထားသလိုဖြစ်နေပါတယ်၊ မြင်သေးရဲ့လား (မမြင်ပါဘူး)။

အဲဒီတော့ ဟိုကိစ္စ၊ ဒီကိစ္စတွေ၊ ဟိုသွားစရာရှိသေးတယ်၊ ဒီလာစရာရှိသေးတယ်၊ ဟိုမှာ ရစရာရှိသေးတယ်၊ ဟိုမှာ ပေးစရာရှိသေးတယ်တဲ့ (မှန်ပါ)၊ ပေးစရာရှိတာလဲ စိုးရိမ်လို့ပဲ၊ ရစရာရှိတာလဲ ရချင်လို့ပဲ၊ အဲဒီတော့ သွားလိုက်၊ လာလိုက်၊ ပြန်လိုက်နဲ့၊ ဟာ ဒါဘာဖြစ်နေတာတုံးလို့ မောင်သစ်မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (မီးလောင်လို့ပါ)၊ မီးလောင်လို့ တောင်ပြေး၊ မြောက်ပြေး၊ ပြေးနေတာ (မှန်ပါ)၊ ဦးကျော်မောင်ကြီး ရိပ်မိပြီလား၊ (မှန်ပါ)။

မီးလောင်လို့ပြေးနေတာ

ဘာဖြစ်နေကြတာတုံး (မီးလောင်လို့ပြေးနေတာပါ)၊ ဒီအတိုင်းပြေးရတာ အားမရလို့ မော်တော်ကားနဲ့ပြေး၊ မြန်မြန်လောင်ပြီးပြေးရအောင် မဟုတ်ဘူးလား၊ လေယာဉ်ပျံနဲ့တောင်ပြေးကြ (မှန်ပါ)။ ဒီပြေးလုံးတွေ ဒါလောက်သန်ပြီး သကာလ နေတာ ဘာဖြစ်လို့တုံးဆိုတေ့ မီးလောင်လို့ဘုရား၊ အငြိမ်နေလို့ကို မရလို့၊ လောင်လွန်းလို့ ပြေးရတာပါ (မှန်ပါ)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒီမီးတွေက လောင်ပြီး သကာလ နေတာ ဒီခန္ဓာကြီးပဲလောင်တယ်၊ တခြားရွှေ့ပြီးလောင်တာလဲ မဟုတ်ဘူး (မှန်ပါ)။ အပြေးခိုင်းတာလဲ အတွင်းမီးကလောင်လို့ အပြေးခိုင်းတာ (မှန်ပါ)၊ အပူခိုင်းတာကော (အတွင်းမီးကပါပဲ)၊ အတွင်းမီးက အပူခိုင်းလို့ တစ်ကိုယ်လုံးကိုရှိန်နေတာ (မှန်ပါ)။

အဲဒီကဲ့သလို့နေတဲ့အထဲမှာမှ တစ်ခါတည်းမီးလောင်ပြီး သကာလ ဟိုပြေး၊ ဒီပြေး၊ ဟိုပူ၊ ဒီပူ၊ ဟိုဆွေး၊ ဒီဆွေး နဲ့ ဦးဘသော် အိပ်ရင်းမှားလောင်နေလိုက်တဲ့ဖြစ်ခြင်း၊ ဟင် (မှန်ပါ)၊ မအိပ်ခင်များလောင်နေလိုက်တဲ့ဖြစ်ခြင်း၊ မောင်သော်နဲ့ အိပ်ပျော်တယ်ကိုရှိရဲ့လား (မရှိပါဘူး)၊

ဘာဖြစ်နေတာတုံးဆိုတော့၊ အို တွေးလုံးလောင်နေတာဘုရား (မှန်ပါ)၊ တွေးလုံးလောင်တော့ မျက်စိကိုကျယ်ပြီး သကာလ ဘယ်လိုလုပ်ရတော့မလို၊ ဘယ်လိုကိုင်ရတော့မလို အကြံကိုထုတ်နေကြတာပဲ၊ မထုတ်ရဘူးလား (ထုတ်ရပါတယ်)၊ အားလုံးဘာဖြစ်ကြတာတုံးမေးရင် ဘယ့်နှယ်ဖြေမလဲ (အတွင်းမီး လောင်နေတာပါ)။

အတွင်းမီးလောင်နေတော့ ခန္ဓာကိုယ်ကြီးက အိပ်ချိန်တောင် အိပ်လို့ရရဲ့လားလို့မေးတဲ့အခါကျတော့ လောင်ချက် ပြင်းထန်နေတာနဲ့ အိပ်မပျော်ဘူး (မှန်ပါ)။

အဲဒီတော့ အငြိမ်နေလို့မရတာ ဒီဒကာ ဒကာမတွေက လျှာရှည်လှချည်လားကွ၊ ဒီနေရာချည့် သွားလှ ချည်လားကွ၊ ဒီအရောင်းအဝယ်ချည့် လုပ်လှချည်လားကွ ဆိုတော့ မီးကလောင်လွန်းလို့ မနေနိုင်လို့ (မှန်ပါ)၊ မီးကလောင်လွန်းလို့ လောဘမီးကလဲ နည်းနည်းကလေးရတော့ မစားလောက်၊ မသောက်လောက်။

များများကြီးလောင်မှကြိုက်

များများကြီးလောင်မှကြိုက် (မှန်ပါ)၊ ဒေါသမီးကလဲ နည်းနည်းဖြစ်ရလို့ရှိရင်ဖြင့် နေရာမကျဘူး၊ များများကြီးစိုးရိမ်ရတဲ့ပစ္စည်းကို လုပ်ကိုင်ရမှ၊ များများကြီးကျေးဇူးရှိတယ်ထင်ပြီး သကာလ ၊ မောင်သစ်ရေ စိုးရိမ်ရတဲ့ပစ္စည်း များများလောင်တာပဲ (မှန်ပါ)၊ သောကမီးကလဲ နည်းနည်းလောင်တာ ကြိုက်သလား၊ များများလောင်တာ ကြိုက်သလား (များများလောင်တာ ကြိုက်ပါတယ် ဘုရား)။

အမလေး ဖြစ်မှဖြစ်ရပလေ၊ မီးကြိုက်သမားတွေဆိုရင် လွဲပါ့မလား (မလွဲပါဘူး)၊ မီးဆိုတာ ကြိုက်ရမှာလား၊ ရှောင်ရမှာလားလို့မေးလို့ရှိရင် (ရှောင်ရမှာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ရှောင်ရမှာကို ကြိုက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ အတော်ဆိုးပါတယ် (ဆိုးပါတယ်)၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်)။

အဲဒီတော့ ပြန်ပြောကြပါစို့။ ဒီခန္ဓာကြီးမှာ မအိပ်သေးခင် ဒီအတိုင်းနေရင် ဆယ့်တစ်မီးလောင်တယ် (မှန်ပါ)၊ ရှူရှိုက်ပြီး ဘာမှမသိတဲ့အချိန် (အိပ်နေတဲ့အချိန်)မှာ သုံးမီးလောင်တယ် (မှန်ပါ)။

မအိပ်ဘဲနေတဲ့အချိန်ကတော့ ဘယ်နှစ်မီးတဲ့၊ (ဆယ့်တစ်မီးပါ)၊ အိပ်နေတဲ့အချိန်ကျတော့ (သုံးမီးပါ ဘုရား)။

ဪ ခင်ဗျားတို့က ဒါကို လူ့ဘဝ အရတော်လေစွများ ခင်ဗျားတို့ ဘယ်သူကများ ဟောထားလို့ ဒီဟာကြီးကို တော်သေးရဲ့ဆိုတဲ့ စကားကလေးများသုံးနိုင်ပါလိမ့်မတုံးလို့ ဦးကျော်မောင် မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)၊ မီးမမြင်လို့ဘုရား (မှန်ပါ)၊ အဖြေထွက်ပြီလား (ထွက်ပါပြီ)၊ ဘယ်လိုထွက်ပါလိမ့် (မီးမမြင်လို့ပါ ဘုရား)။

မီးမမြင်လို့တပည့်တော်တို့ဘုရား၊ မမြင်ဆို တပည့်တော်တို့ကလဲဘုရား ကိုယ့်ခန္ဓာကြီး လောင်နေတာကို မမြင်ဘူး (မှန်ပါ)၊ ကိုယ့်ခန္ဓာအတွင်းသားမီးက အပြင်ကိုယ်ခန္ဓာကြီးကို ဦးဘသော် လောင်နေတာ မမြင်မယ့်မမြင်တာ၊ ကြောင်တောင်ကန်းလုပ်နေတာ (မှန်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကြောင်တောင်ကန်းကလေးမွေးလာ

ကြောင်တောင်ကန်းကိုလဲ ဘုန်းကြီးတို့က အပြစ်မတင်ပါဘူး၊ ခင်ဗျားတို့ကလျာဏမိတ္တ ဆိုတဲ့ ပြောဆို ညွှန်ကြားမယ့် ဆရာသမားမရခဲ့တော့ ကြောင်တောင်ကန်း ကလေးမွေးလာပြီး၊ ကြောင်တောင်ကန်း ကလေးနဲ့နေ၊ ကြောင်တောင်ကန်း ကလေးအဖြစ်နဲ့ သေဦးမှာပဲ (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ ဘုရား)။

အမလေး ဘုန်းကြီးကပြောလိုက်တာ ဒါကို နည်းနည်းနောနော မဟုတ်ဘူးလို့ ဦးမြမောင်က ဒီလိုနာမနေနဲ့၊ ဘုန်းကြီးပြောတာက နည်းသေးတယ် (မှန်ပါ)။ ကြောင်တောင်ကန်းဇာတ်ထုပ် ပေါ်လာပါလိမ့်မယ်။

ခင်ဗျားတို့ကိစ္စကလေးတွေဆိုတဲ့ အငယ်စားဟာ အငယ်မီးလောင်တယ် (မှန်ပါ)၊ ကိစ္စဟာကြီးလာပြီဟေ့ဆိုတော့ အကြီးမီးလောင်တယ် (မှန်ပါ)၊ ဒီထက်ကြီးတော့ ဒီထက်တုန်လှုပ်တယ် (မှန်ပါ)၊ ကိစ္စငယ်တော့ တုန်လှုပ်မှု မသေးဘူးလား (သေးပါတယ်)။

အဲဒီတော့ မောင်ချစ်စိန် ကိစ္စ ကိစ္စဆိုတာ မီးချည်းမှတ် (မှန်ပါ)၊ ကိစ္စဟာ ခင်ဗျားတို့ကိစ္စဟာ ဘုရားကိစ္စ၊ တရားကိစ္စာမှမဟုတ်ဘဲကိုး။ မဟုတ်ဘူးလား (မှန်ပါ)၊ ဘုရားကိစ္စ၊ တရားကိစ္စ မှမဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟကိစ္စတွေဘဲ။ သောက ပရိဒေဝ ဒုက္ခဒေါမနဿ၏ ကိစ္စတွေဆိုရင် လွဲပါ့မလား (မလွဲပါဘူး)။

ဒီမီးဟာက လောင်ရင်ငြိမ်းလို့ရရဲ့လား၊ မရဘူးလား၊ အကဲခတ် (မရပါဘူး)၊ ဟိုကသားက မမာဘူးဆိုရင် ချက်ချင်းပြေးချင်တယ် (မှန်ပါ)။ သမီးနေမကောင်းဘူးဆိုရင် (ချက်ချင်းပါပဲ ဘုရား)။

ကဲ၊ ခွေးဟာ မီးလောင်ရင် ဒီနားတွင်နေသလား လျှောက်ပြေးနေသလားလို့မေးပါ (လျှောက်ပြေး နေပါတယ် ဘုရား)၊ ဘာဖြစ်လို့တုံး ဒီခွေးမီးလောင်လို့ပေါ့ဗျ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

လူကလဲ ဟိုလျှောက်ပြေး ဒီလျှောက်ပြေး ပြေးတဲ့ ဒကာ ဒကာမတွေဆိုရင်ဖြင့် ဝမ်းတွင်းမှာ လောင်နေတယ် (မှန်ပါ)၊ မလောင်ရင်ပြေးပါ့မလား (မပြေးပါဘူး ဘုရား)၊ အဲဒီတော့ ပြေးတာထောက်လို့ရှိရင် လောင်တာအတွင်းမှာရှိတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အေးသွားတာလား မီးပြောင်းလောင်တာလား

ကဲ၊ ဒါဖြင့် ဒီလိုလောင်နေတာမှ ကိုယ့်ဟာကိုယ်မသိတော့ သွားလိုက်ရမှ အေးသွားသကိုး တဲ့။ ဘယ်ဟုတ်လိမ့်မတုံး သွားလိုက်ရမှ အေးသွားတာမဟုတ်ဘူး။ ပူလို့လာခဲ့တာ (မှန်ပါ)၊ မြင်လိုက်ရတဲ့အခါကျလို့ရှိရင်ဖြင့် သောကဒုက္ခ ဒေါမနဿကငြိမ်းပြီး ဇာတိ၊ ဇရာ၊ မရဏက တောက်နေလျက်ရှိတယ် (မှန်ပါ)၊ အေးသွားတာလား မီးပြောင်းလောင်တာလား (မီးပြောင်းလောင်တာပါ)၊ ဒါကို ခင်ဗျားတို့က အေးသွားတယ်ထင်တာကိုး (မှန်ပါ)။

ကဲ- မီးခေါ်တော့ အတော်ခေါ်ယူရတယ် (မှန်ပါ)၊ ခင်ဗျားတို့ သားနားကိုသွားလိုက်တယ်၊ သားကကျန်းမာချမ်းသာသွားသတဲ့ဆိုတော့၊ မြင်ရမှအေးသွားတော့တယ်ဆိုတော့ အရင်လာတုန်းကတော့ မီးတစ်မီးလောင်လာတယ်၊ အေးသွားတဲ့အချိန်ကျတော့ အဖျင်းဆုံး ဘယ်နှစ်မီးရှိသေးသတုံး (သုံးမီးပါ ဘုရား)၊ ဇာတိ၊ ဇရာ၊ မရဏ ကတော့ ထထောက်လျက်ပဲ (မှန်ပါ)။ အဲဒီကတော့ လျှော့လို့ရရဲ့လား (မရပါဘူး)။

ကဲ- တစ်ခါတော်ပါပြီကွာ၊ ဒီအတွက်တော့ဖြင့် စိတ်အေးရပါပြီ။ ဟိုမှာ လုပ်စရာကိုင်စရာတွေရှိသေးတယ်၊ ပြန်ဦးမယ်ဆိုတော့ ပြေးပြန်ပြီ၊ ဆယ့်တစ်မီးနဲ့ပြေးတာပဲ၊ (မှန်ပါ)၊ တော်တော်ကြာ ရောင်းစရာ၊ ဝယ်စရာတွေက ကိုယ်လိုချင်တဲ့ဈေးနဲ့ပြီးသွားတဲ့အခါ အခုမှပဲ ရင်ချောင်သွားပေတော့တယ် ဆိုတော့ မီးပြောင်းလာပြန်ပြီ။ သုံးမီးလောင်ပြန်ပြီ (မှန်ပါ)။

အဲဒီတော့ ဒီဒကာ ဒကာမတွေ ဘယ်တော့မီးနဲ့ ခန္ဓာနဲ့ပြတ်သတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (ဘယ်တော့မှမပြတ်ပါဘူး)။

ဒါကို ခင်ဗျားတို့က အခုဆရာဘုန်းကြီးက လမ်းခင်းပြီး အမှန်အကန်ပြောလို့သာ၊ ဪ ကိစ္စကြီးရင် ဆယ့်တစ်မီး၊ ကိစ္စမရှိရင်တောင် အဖျင်းဆုံး သုံးမီးတော့ လောင်နေသေးပါကလား (မှန်ပါ)၊ ဘယ်တော့များ ခင်ဗျားတို့ မီးနဲ့လောင်စာနဲ့ငြိမ်းနေတဲ့အချိန်ပါရဲ့လား (မပါပါဘူး)။

အဲဒီတော့ ဒါမှမသိတဲ့ပုဂ္ဂိုလ်က မီးနဲ့လောင်စာလောင်နေတယ်လို့မသိတဲ့ပုဂ္ဂိုလ်က လောင်စာသိမ်း၍ မီးငြိမ်းတဲ့နိဗ္ဗာန်ကြီးကြိုက်ပါတယ်လို့ပြောတာ မောင်သစ်အလကားပြောတာပေါ့ (မှန်ပါ)။

ကိုယ်မီးလောင်နေတဲ့ဥစ္စာ ကိုယ်သိမှ ဪ မီးလွတ်ရာဖြင့် ရောက်ရာရောက်ကြောင်း ကြိုးစားမှပဲဆိုတာက မီးကိုမြင်မှ ပြေးချင်တာ (မှန်ပါ)။ အေးရာအေးကြောင်းကို ရှာချင်တာ (မှန်ပါ)။ နို့မဟုတ်ရင် ရှာချင်ပါ့မလား (မရှာချင်ပါဘူး)။

ဘုရားရှေ့သွားပြီး နိဗ္ဗာန်ရရပါလို၏

ဒါဖြင့် ခင်ဗျားတို့ဘုရားရှေ့သွားပြီး နိဗ္ဗာန်ရရပါလို၏။ ဟင်၊ ဦးကျော်မောင်ကြီးတို့ ဆွမ်းတော်ကွမ်းတော်ပွဲနဲ့ ဖယောင်းတိုင်ကလေးမီးထွန်းစိုက်ပြီးတော့ နိဗ္ဗာန်ရရပါလို၏။ မီးတော့ မြင်တာမဟုတ်ဘူး၊ သူ့ဟာက (မှန်ပါ)၊ မီးမြင်တာမဟုတ်ဘူး၊ ဒီမီးငြိမ်းရပါလို၏လို့ ဆုတောင်းဖူးရဲ့လား (မတောင်းဖူးပါဘူး) မတောင်းဖူးဘူး၊ ဒါဖြင့် ရဖို့ အတော်ဝေးနေပြီ။

ဒီမီးမှ မမြင်တဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်က ဒီမီးသိမ်း၍ ငြိမ်းတဲ့ဥစ္စာပဲ၊ မောင်ချစ်စိန် ဒီမီးမှမမြင်တဲ့ပုဂ္ဂိုလ်ဟာ မီးငြိမ်းရာကို လိုချင်တယ်ဆိုတာ ရိုးရိုးတောင်းမှဖြစ်ရမယ် (မှန်ပါ)။ တကယ်လိုချင်တာလား (မဟုတ်ပါဘူး ဘုရား)။

အခုလိုချင်တာက ဘယ်လိုဟာမျိုးတုံး (ရိုးရာလိုချင်မှုမျိုးပါ)၊ တကယ်လိုချင်တာဖြစ်ပါ့မလား (မဖြစ်ပါဘူး)၊ အဲဒါကြောင့် ခင်ဗျားတို့နိဗ္ဗာန်မရခဲ့ကြတာ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်လိုချင်ရချင်တာအမှန်ဖြစ်တဲ့ကုသိုလ်က မအိပ်ပဲနေရင် ဆယ့်တစ်မီး၊ အိပ်နေရင် သုံးမီးလောင် နေတာကို ဉာဏ်နဲ့မြင်ပြီး သကာလ နေမှ “ဝိပါကဝဋ် တယ်ကြီးပါလား” ဆိုတာပေါ်လာတယ် (မှန်ပါ)။

ဝိပါကဝဋ် ဘယ့်နှယ်တုံး (ကြီးပါတယ် ဘုရား)၊ ဝိပါကဝဋ်ကြီး ဝဋ်ခံနေရတာတယ်ကြီးပါလား။ ကောင်းကောင်းနေလို့ကိုရတဲ့အချိန် ပါသေးရဲ့လား (မပါပါဘူး)၊ အဲဒီဝဋ်သိတော့မှ ဒီဝဋ်မှ ကျွတ်ရပါ လို၏၊ လာမှာကိုးဗျ (မှန်ပါ)။

ဒီဝဋ်မှမသိတဲ့ပုဂ္ဂိုလ်က ဒီဝဋ်မှကျွတ်တဲ့နိဗ္ဗာန်ကို ဘယ့်နှယ်တုံး (ရမ်းတောင်းနေတာပါ ဘုရား)၊ ရမ်းတောင်းပဲ။ တကယ်လိုချင်မှာမဟုတ်ဘူး (မှန်ပါ)။

မျက်လုံးကို အရင်ဖွင့်ရဦးမဟ

အဲဒါကြောင့် ခင်ဗျားတို့ အခုဒီကိုလာပြီး သကာလ ဆရာသမားရယ်လို့ အားကိုးအားထားနဲ့ လာကြပြန်တော့၊ ဪ တရားမဟောရသေးဘူး၊ ဟေ့ မျက်လုံးကို အရင်ဖွင့်ရဦးမဟ (မှန်ပါ)၊ ဒါအရင်လုပ်ရမှာ ဦးဘသော်ရ (မှန်ပါ)။

ဘာအရင်လုပ်ရမှာတုံး (မျက်လုံးအရင်ဖွင့်ရမှာပါ ဘုရား)။ လောင်စာနဲ့မီး တွဲနေတာကြီးကို သူမြင်အောင်မျက်လုံးအရင်ဖွင့်ပေးရဦးမယ်။ မဆိုထိုက်ဖူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဦးမြမောင်တို့ ဟင်္သာတပြန်လိုက်၊ ဘယ်သွားလိုက်၊ ဘာဖြစ်နေတာတုံး။ ခင်ဗျားဟာ ကိုယ့်နေရာနဲ့ကိုယ် ဣန္ဒြေရရနေတာ မဟုတ်ဘူးလို့ဆိုတော့ အို-အရှင်ဘုရားမသိပါဘူး၊ ပေါ်တုန်းကပေါ်တာလိုက်ရတာ (မှန်ပါ)၊ ပေါ်တုန်းပေါ်တာတဲ့၊ အမြဲပေါ်နေတာတော့ သူမသိဘူး၊ (မှန်ပါ)။ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ အဲဒါတွေဟာ မီးလောင်လို့ပြေးသွားနေတာသာ မှတ်ပေတော့ (မှန်ပါ)။

မီးလောင်တဲ့သတ္တဝါများဟာ အငြိမ်နေလို့ရရဲ့လား (မရပါဘူး)၊ မရသလိုဘဲ ဒီမှာလဲ အငြိမ်နေလို့မရဘူး၊ ဒီမှာနေပါ အမြဲနေပါဆိုလဲမရဘူး၊ အရှင်ဘုရားတို့ မသိသေးလို့တဲ့။ ဘာသိမလဲ ကျုပ်တို့က ခင်ဗျားတို့ကတော့ မီးလောင်နေတာကိုး (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အဲဒီထဲက ခင်ဗျားတို့က မီးလောင်ခံနေတာကြီးကို မသိတော့ ခင်ဗျားတို့ ဘယ့်နှယ်ဖြစ်ပြန်သတုံး ဆိုလို့ရှိရင်ဖြင့် အခုမီးလောင်နေတဲ့ ခန္ဓာကိုယ်ကြီးဟာ လောင်ဆဲပဲနော် (မှန်ပါ)။ လောင်လို့သေမှပဲ မီးငြိမ်းမယ်မဟုတ်လား (မှန်ပါ)။

ထင်းရှာနေတဲ့အထဲ ပါသေးတယ်

ငြိမ်းပေမယ့် ခင်ဗျားတို့က သေရင်ငြိမ်းသွားတာပဲ ထင်ကြလိမ့်မယ်၊ မဟုတ်ဘူး၊ ခင်ဗျားတို့ သေရင် ငြိမ်းမှာကြောက်လို့ကို ထင်းရှာနေတဲ့အထဲ ပါသေးတယ် (မှန်ပါ)။

အမလေး ကြောက်စရာကြီးပဲ (မှန်ပါ)၊ သေရင် ငြိမ်းမှာ ကြောက်လို့ဘာတုံး (ထင်းရှာနေပါတယ်)၊ ထင်းရှာထားတယ်၊မတော်ဒီမီးကလေးငြိမ်းသွားရင် ခက်ချေရဲ့ (မှန်ပါ)၊ ဒီခန္ဓာမီးလောင်နေတာကြီးခက်ချေရဲ့ဆိုပြီး သကာလ ထင်းရှာတယ်ဆိုတော့ ခင်ဗျားတို့ဟာစဉ်းစားကြည့်ပါတဲ့၊ အခု သားကလေး သမီးကလေး ပစ္စည်းကလေးတွေကို ဥပါဒါန်၏အာရုံလို့ခေါ်တယ်။

သားသမီးပစ္စည်းတွေကို ဘာခေါ်ကြမယ် (ဥပါဒါန်၏ အာရုံပါ ဘုရား)၊ အဲဒါကလေးတွေကို မခင်ဘူးလား (ခင်ပါတယ် ဘုရား)၊ ဒါက ရွှေကလေးထားပါတော့ဗျာ၊ ရွှေကလေး ငွေကလေး သားကလေး သမီးကလေး ဟုတ်လား (မှန်ပါ)၊ ဦးကျော်မောင်တို့၊ ဦးမြမောင်တို့၊ ဦးဘသော်တို့က ဒါကလေးခင်လိုက်တော့ တဏှာမလာပေဘူးလား (လာပါတယ်)၊

တဏှာလာတော့ တဏှာပစ္စယာဥပါဒါန်မလာဘူးလား (လာပါတယ်)၊ ဥပါဒါနပစ္စယာကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ ဇာတိဆိုတော့ ထင်းရှာထားတယ်။ ထင်းပြတ်သွားမှာစိုးလို့ (မှန်ပါ)၊

ဇာတိမလာခင် မရဏက ဒီတွင်ကုန်မှာကိုးဗျ (မှန်ပါ)၊ ကုန်ပြီး သကာလ ဇာတိဆိုတဲ့နောက်ဘဝ ဒီသားဒီသမီး ဒီမြေး ဒီမြစ်နဲ့ အကြောင်းညီညွတ်ပြီး သကာလ နိဗ္ဗာန်တစ်ခု တစ်ဝေးကြီးသွားရပါလို၏၊ အစရှိသည်နဲ့ နိဗ္ဗာန်ယောင်ယမ်း ထည့်လိုက်သေးတယ်၊ သူများကြားကောင်းအောင် (မှန်ပါ ဘုရား)။

အဲဒီလိုထည့်လိုက်ပြန်တော့ ဘာကလေးလှူလှူ ဘာကလေးတန်းတန်း နောက်ဘဝကောင်းစားရေးဆိုပြီး ထင်းရှာထားတယ် (မှန်ပါ)၊ ဒီမီးမငြိမ်းခင်က ရှာတာလား ငြိမ်းပြီးမှ ရှာတာလား (မငြိမ်းခင်က ရှာတာပါ)။

ဒီမီးနဲ့ ဒီထင်းကလဲတောက်တုန်း

အံမာ၊ ဒီမီးနဲ့ ဒီထင်းကလဲတောက်တုန်း။ ဟိုဘက်လဲ ထင်းဆောင်ထားတယ် (မှန်ပါ)။ မိုက်ချက်ပြင်းထန်လှချည့်လား (ပြင်းပါတယ် ဘုရား)။ ပေါ်ပြီလား။ (ပေါ်ပါပြီ ဘုရား)။

ဘာပြင်းထန်တာတုံး (မိုက်ချက်ပြင်းထန်တာပါ ဘုရား)၊ မိုက်ချက်ပြင်းထန်လှချည့်လားဆိုရင်ဖြင့် ငြင်းစရာလဲမလိုဘူး (မလိုပါဘူး ဘုရား)။

မိမိခန္ဓာကြီးခင်တာလဲ တဏှာဥပါဒါန်ကမ္မဘဝ (မှန်ပါ)၊ သူတစ်ပါးခန္ဓာခင်တာကော (တဏှာဥပါဒါန်ကမ္မဘဝပါ ဘုရား)။ ပစ္စည်းတွေခင်တာကောဗျား (တဏှာဥပါဒါန်ကမ္မဘဝပါ ဘုရား)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ကဲ-ဒီကြည့်ကြ၊ ဒီကြည့်ကြ။ ဒါတစ်ခါပေါ်လာပြီ။ ဒီကြည့်- ဒါက မိမိခန္ဓာကြီးဗျ ၂-နံပါတ်က (မှန်ပါ)၊ ဒါကြီးကို တဏှာဥပါဒါန်ကံနဲ့ မခင်ဘူးလား (ခင်ပါတယ် ဘုရား)၊ ကံနဲ့ခင်တဲ့အခါကျတော့ သေသည်၏ အခြားမဲ့၌ ဇာတိ မရပေဖူးလား (ရပါတယ်)။

အဲဒီတော့ကို ဒီကဝိညာဏ်ဆိုတာလဲ ဇာတိပဲ။ ဝိညာဏ်နာမ်ရုပ်သဠာယတနဖဿဝေဒနာဆိုတာ ခန္ဓာငါးပါးမဟုတ်လား။ ခန္ဓာငါးပါးမှာ ဇာတိက မစဘူးလား (စပါတယ် ဘုရား)။

အဲဒီတော့ ဒီဇာတိမကုန်ခင် ခင်ဗျားတို့က ဒီခန္ဓာကြီးကို ခင်တွယ်တဲ့ တဏှာဥပါဒါန်ကံတွေ မလုပ်ကြဘူးလား (လုပ်ပါတယ်)၊ လုပ်တဲ့အခါကျတော့ကို ဒီတဏှာဥပါဒါန်ကံတွေက ခင်ဗျားတို့က နောက်ဘဝ ကောင်းစားရေးလုပ်မယ်ဆိုတော့၊ နောက်ဘဝကောင်းစားရေးဇာတိမလာပေဘူးလား (လာပါတယ်)၊ ဒါဖြင့် ဒီဇာတိချုပ်လို့ရှိရင် ဒီဇာတိလာရပါလို၏ဆိုတာ မပါပေဘူးလား (ပါပါတယ်)၊ ဒီထင်းနဲ့ မီးသိမ်းပြီးသည်၏အခြားမဲ့၌ ဟုတ်လား၊ ဒီ ထင်းကို ပြန်ထည့်ရပါလို၏- မလာဘူးလား (လာပါတယ်)၊ ဒါဖြင့် ခင်ဗျားတို့ဟာ မီးသေမှာကြောက်နေတဲ့လူတွေပဲ (မှန်ပါ)။

ဘယ်လိုဆိုကြမယ် (မီးသေမှာကြောက်နေတဲ့လူတွေပါ)။

မီးသေမှာကြောက်နေတယ်

ဖြစ်မှဖြစ်ရပလေ၊ မီးသေမှာကြောက်နေတယ်။ မီးဆိုတာ ငြိမ်းလေကောင်းလေပဲ (မှန်ပါ)၊ ခင်ဗျားတို့ကလဲ မီးသေမှာကြောက်လို့ ထင်းရှာထားတယ်၊ ရှာထားတော့ ဒီနေရာမှာ ကမ္မဘဝ-စေတနာကံနဲ့ ဆုတောင်းလိုက်တာက ဘဝတိုင်းဘဝတိုင်းဆိုတော့ ထင်းပေါင်းဘယ်လောက်တုံး (မရေမတွက်နိုင်ပါဘူး)။

ဘဝတိုင်းဘဝတိုင်း၊ ဒီသား ဒီသမီး ဒီမြေး ဒီမြစ်နဲ့ ဒီခန္ဓာနဲ့နေရပါလို၏ဆိုတော့ ထင်းတွေကို မပြတ်ထည့်နိုင်ရပါလို၏ (မှန်ပါ)၊ ဆိုရာမကျဘူးလား ကျသလား၊ (ဆိုရာကျပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က မီးငြိမ်းချင်တာလားတဲ့-ထင်းရှာထားတာ အသစ်ရှာထားတာထောက်ရင် အခုမီးကိုလဲ ငြိမ်းသွားမှာတောင် စိုးရိမ်သေးတယ် (မှန်ပါ)။

ဘယ့်နှယ်ဆိုကြမလဲ (အခုမီးကိုငြိမ်းသွားမှာ စိုးရိမ်ပါတယ်) စိုးရိမ်နေတယ်၊ ဒီခန္ဓာကြီးထဲမှာ တဏှာ ဥပါဒါန်ကံတွေ ဇာတိ ဇရာ မရဏတွေ ဒီခန္ဓာကြီးလောင်နေတာ (မှန်ပါ)၊ ၂-နံပါတ်ကိုလောင်နေတာ (မှန်ပါ)၊ တဏှာဥပါဒါန်ကံတွေက ၂-နံပါတ် မလောင်ဘူးလား၊ (လောင်ပါတယ်)။

လောင်ရင်းမတ္တနဲ့ခင်ဗျားတို့က အနာဂတ်ကောင်းစားရေးဆိုပြီး သကာလ ၊ အနာဂတ်မှတ်ပြီး သကာလ ဒါနသီလကံတွေကို အနာဂတ်လူချမ်းသာနတ်ချမ်းသာဖြစ်ရပါလို၏ဆိုတော့ အနာဂတ်ဇာတိ ဇရာ မရဏမီးလောင်ရပါလို၏ဆိုတာ မပါဘူးလား (ပါပါတယ်)၊ ဇာတိကထင်းပဲ မဟုတ်လား၊ ခန္ဓာတောင်ဖြစ်တာကိုး (မှန်ပါ)၊ အဲဒီတော့ ဒီထင်းနဲ့ ဒီမီးနဲ့ ပြန်မတွဲဘူးလား (တွဲပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတွေမှာ ဒီထင်းမကုန်ခင် ဒီမီးမသိမ်းခင် ထင်းပဲရှာထည့်နေတဲ့အဓိပ္ပာယ် မရောက်ဖူးလား (ရောက်ပါတယ်)။

ထင်းနဲ့မီးနဲ့ အမြဲလောင်တယ်

ဒါဖြင့် ခင်ဗျားတို့သည် ဘယ့်နှယ်ကြောင့်လာရသတုံး ဆိုတော့ ဒီတရားတွေဟာ တဏှာဥပါဒါန်တို့၏ အာရုံတွေပဲ၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ၂-နံပါတ်ထဲ ပါတဲဟာတွေပေါ့ဗျာ (မှန်ပါ)။ တဏှာဥပါဒါန်တို့နဲ့ တွဲနေတယ်။ မတွဲဘူးလား (တွဲပါတယ်)။ တဏှာဥပါဒါန်ကံနဲ့တွဲတော့ကို ထင်းနဲ့မီးနဲ့ အမြဲလောင်တယ်။

လောင်ရင်း မတ္တနဲ့ အနာဂတ်အတွက် ခင်ဗျားတို့က ဒီကံနဲ့ထင်း ရှာထားတယ် (မှန်ပါ)၊ အနာဂတ်ဘဝမှာ ဇာတိ ဇရာ မရဏ ဦးဘသော်ကြီးမပါဘူးလား (ပါပါတယ်)၊ အဲဒါဘာရှာထားတုံး (ထင်းရှာထားတာပါ)၊ ဒီမီးသေလို့ရှာထားတာလား၊ မသေခင်ရှာထားတာလား (မသေခင်ရှာထားတာပါ)၊ ဘာဖြစ်လို့တုံးဆိုလို့ရှိရင်ဖြင့် မီးမသေခင်ထင်းကုန်သွားမှာစိုးလို့ အစားထိုးရအောင်လို့ ရှာထားတဲ့အနာဂတ်ဘဝ (မှန်ပါ)။

ဒါဖြင့် ဘဝဆုတောင်းတဲ့ပုဂ္ဂိုလ်များဟာ ဟိုဘဝဒီဘဝ ဆုတောင်းတဲ့ပုဂ္ဂိုလ်များဟာ ထင်းရှာတဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ)၊ ထင်းရှာနေတဲ့ပုဂ္ဂိုလ်တွေဆိုတဲ့ အခုလောင်နေတဲ့မီးငြိမ်းမှာကြောက်လို့ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဘာကြောက်လို့တုံး (အခုလောင်နေတဲ့မီးငြိမ်းမှာ ကြောက်လို့ပါ ဘုရား)။

ဒီကနေဖြစ်ပျက်ရှုရမယ်

ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့သည် ငြိမ်းချင်လို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘာလုပ်ရမတုံးလို့ မေးတဲ့အခါကျတော့ ဒီမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ၂-နံပါတ်မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ရှိတော့၊ ဒီထဲမှာ စိတ်ကြိုက်လို့ရှိရင် စိတ်ကလေးတွေကို ဒီကနေဖြစ်ပျက်ရှုရမယ် (မှန်လှပါ)။

ဖြစ်ပျက်ရှုတော့ ဒီတဏှာ ဥပါဒါန်တည်းဟူသော မီးတွေမသေဘူးလား၊ သေသလား (သေပါတယ် ဘုရား)၊ သေတဲ့အခါကျတော့ ဒီထင်းပြန်ပြီဖြစ်ဦးမလား (မဖြစ်နိုင်ပါဘူး)။

ဒါဖြင့် အခုဘုန်းကြီးဟောမယ့်တရားက ခင်ဗျားတို့ ထင်းရှာတဲ့တရားမဟုတ်ဘူး၊မီးသိမ်းတဲ့တရား (မှန်လှပါ)။ ထင်းကုန်အေင်လုပ်တဲ့တရား (မှန်လှပါ)။ ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)။

ဘာလုပ်တာတုံး (မီးသိမ်းတဲ့တရားပါ)။ ထင်းကုန်အောင်လုပ်တဲ့တရား (မှန်ပါ)။ သဘောပါပလား။ (ပါပါပြီ)။

ဘာတရားဟောမှာပါလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းတဲ့တရားပါ ဘုရား)၊ မီးဆိုတာက တတိယအတွက် လောင်စာဆိုတာက စတုတ္ထအတွက်၊မဟုတ်ဖူးလား (မှန်ပါ)၊ နောက်ထပ်မီးလဲသိမ်း လောင်စာလဲ ငြိမ်းအောင် ဒါကို ဘုန်းကြီးတို့က အခုဦးကျော်မောင်ကြိုးစား၊ ဦးမြမောင်ကြိုးစား၊ ဦးဘသော်ကြိုးစား။ ခင်ဗျားတို့ဟာမဟုတ်ဘူး။ မပြောထိုက်ဖူးလား (ပြောထိုက်ပါတယ်)။

ကိုယ့်စိတ်ကိုယ်ရှုကြလို့ရှိရင်

ဒါ ဝိပဿနာရှုမှပဲ ဒီအထဲက ကိုယ့်စိတ်ကိုယ်ရှုကြလို့ရှိရင်လဲ ရှုတာက မဂ်ဖြစ်သွားမှာပဲ (မှန်လှပါ)၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)၊ အရှုခံရတာက ဖြစ်ပျက်ဆိုရင် ရှုတာကမဂ်ဖြစ်မယ် (မှန်ပါ)၊ မဂ်ဖြစ်တော့ ဒီတဏှာဥပါဒါန်ဆိုတဲ့မီး ဘယ့်နှယ်နေသတုံး (ငြိမ်းပါတယ်)။ ဒီထင်းကော (သိမ်းပါတယ်)၊ ဒီမီးငြိမ်းမယ် ဒီထင်းသိမ်းမယ်။ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဝိပဿနာအလုပ်မှတစ်ပါး မီးငြိမ်းတာနဲ့ ထင်းကုန်တဲ့အလုပ် ရှာတွေ့ပါ့မလား (မတွေ့ပါဘူး)၊ ဒါဖြင့် ဒီအလုပ်ဟာ ခင်ဗျားတို့ ကြိုးစားလုပ်ရမယ့်အလုပ် (မှန်ပါ)။

ဘယ့်နှယ်ဆိုကြပါ့မလဲ (ကြိုးစားလုပ်ရမယ့်အလုပ်ပါ ဘုရား)။

ကြိုးစားလုပ်ရမယ့် အလုပ်ဆိုတာက ကိုယ့်မီးကိုယ်ငြိမ်းပြီး သကာလ ကိုယ့်ထင်းကိုယ်သိမ်းတာ (မှန်လှပါ)။

ဝိပဿနာအလုပ် ဆိုတာဘာပါလိမ့် (ကိုယ့်မီးကိုယ်ငြိမ်းပြီး သကာလ ကိုယ့်ထင်းကိုယ်သိမ်းတာပါ ဘုရား)။

အဲ-ကိုယ့်မီးကိုယ်သိမ်းပြီး သကာလ ကိုယ့်ထင်းကိုယ်သိမ်းတဲ့အလုပ်ကို ခင်ဗျားတို့က ဟာ၊ဒီဥစ္စာတော့ ထိုက်တန်သလောက်ကြိုးစားရမယ်ဆိုတော့ ဘာပြောကြတာတုံး- ဒီဥစ္စာ။ ဘုန်းကြီးတော့ နားကိုမလည်ဘူး (မှန်ပါ)။ ထိုက်တန်သလောက်တော့ ကြိုးစားရဦးမယ်ဆိုတာ (မှန်ပါ)။

ကိုယ့်မီးကိုယ်ငြိမ်းပြီး ကိုယ့်ထင်းကိုယ်သိမ်းတဲ့ဥစ္စာ ထိုက်တန်သလောက်ကြိုးစားရမယ်ဆိုတော့ မီးကိုတော့ ဒီအထဲကလေးပုံတစ်ပုံလောက်သာ ငြိမ်းချင်တဲ့သဘော (မှန်ပါ)။ မီးသုံးပုံ ထင်းသုံးပုံတော့ ကျန်ချင် ကျန်နေချင်သေးတဲ့သဘော မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ်)။

အဲဒါ ခင်ဗျားတို့က အင်း-ဒါလောက်တော့ ပါရမီတော့ ပြည့်လောက်ပြီထင်ပါရဲ့တဲ့။ ဘယ်မှာပါရမီဖြစ်ရမလဲ။ ပါရမီကိုဖြစ်ဖို့မလွယ်သေးဘူး (မှန်ပါ)။

ပါရမီဆိုတာ

ပါရမီဆိုတာ ဟိုဘက်ကမ်းတစ်ဖက် ရောက်ဖို့ဟာတွေကို ပါရမီဆိုတယ်။

“ပါရံ ဂမေတီတိ ပါရမီ။”

ပါရံ-ကမ်းတစ်ဖက်သို့။ ဂမေတိ-ရောက်စေတတ်၏။ ဣတိတသ္မာ-ထို့ကြောင့်။ ပါရမီ-ပါရမီမည်၏ဆိုတော့ ဒီမီးကုန်မှ ပါရမီ-ဟိုဘက်ရောက်အောင်ပို့မှာ (မှန်ပါ)၊ မီးမကုန်ရင်တော့ (မပို့နိုင်ပါဘူး)။

အဲဒီတော့ ခင်ဗျားတို့သုံးနေနဲ့ ပါရမီက မီးလျှော့တဲ့ ပါရမီ။ ဘုရားပြောတဲ့ပါရမီက မီးကုန်အောင်လုပ်ဆိုတဲ့ပါရမီ။ ဘယ့်နှယ်ကွာလှချေလား (မှန်လှပါ ဘုရား)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ခင်ဗျားတို့ ဒီမီးကို ငြိမ်းအောင်လုပ်လိုက်လို့ရှိရင် ပါရမီပြည့်တာပဲ (မှန်ပါ)၊ ဒီမီးမငြိမ်းနိုင်လို့ရှိရင် (ပါရမီမပြည့်ပါဘူး)။ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ဒီလိုလုပ်ကြပေတော့တဲ့။ ဘုရားက ဥပါဒနိယေသုဓမ္မေသုအဿဒါနုပဿိနော တဏှာပဘဝတိ။ တဏှာပစ္စယာဥပါဒနံ ဥပါဒနပစ္စယာဘဝေါ။ ဘဝပစ္စယာဇာတိ။ ဟောဒါဟာဥပါဒါန်အာရုံတွေပဲ၊ ဝိညာဏ်နာမ်ရုပ်သဠာယတနဖဿဝေဒနာ ခန္ဓာငါးပါးမှတ်လိုက်စမ်းပါ (မှန်ပါ)။ ဒါဟာ ဥပါဒါန်၏ဘာတုံး (အာရုံတွေပါ)၊ အဲဒါကို သာယာမယ်ဆိုရင် ဒီခန္ဓာကို သာယာမယ်ဆိုရင် တဏှာဥပါဒါန်ကံဖြစ်မယ် (မှန်ပါ)၊ ကံဖြစ်တဲ့ ပုဂ္ဂိုလ်ဟာတဲ့ ကံလုပ်နေတာ မဟုတ်ပါဘူးကွ။ အခု ဒီခန္ဓာကြီးကို မီးလောင်နေတဲ့ဥစ္စာ ထင်းရှာတာပါတဲ့ (မှန်ပါ)။

ဘုံဘဝရောက်ကြောင်း လုပ်နေတဲ့ပုဂ္ဂိုလ်

ဘုံဘဝရောက်ကြောင်း လုပ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘာရှာသတုံး (ထင်းရှာနေတာပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

အဲဒါကျုပ်တို့တော့ အလိုက်အထိုက်ပါရမီရှိပြီ။ ဒီဘဝက စုတေမနေ သေလွန်ရင် ကျုပ်တို့ဖြင့် အပါယ်လေးပါးတော့ မရောက်တော့ပါဘူးတဲ့ နတ်ရွာသုဂတိတော့ဖြင့် သေချာလောက်ပါပြီဆိုတာ နတ်ထင်းရှာတာ (မှန်ပါ)။

ဘာထင်းရှာထားတာတုံး (နတ်ထင်းရှာထားတာပါ ဘုရား)၊ ဒါဖြင့် အပါယ်လေးပါးရောက်တဲ့ပုဂ္ဂိုလ်လဲ အပါယ်ခန္ဓာထင်ရှားတာရှိတာပဲ (မှန်ပါ)၊ နတ်ပြည်ဗြဟ္မာ့ပြည်ရောက်တဲ့ပုဂ္ဂိုလ်ကော (နတ်ပြည် ဗြဟ္မာ့ပြည်ထင်း ရှာတာပါ ဘုရား)။

အဲဒီတော့ ထင်းရှာလို့ရှိရင် ဒီထင်းထဲမှာ မီးပေါ်လာပါသလား၊ မပေါ်ဘူးလား (ပေါ်လာမှာပါ ဘုရား)။ နတ်ပြည်ကျတော့ နတ်လောဘ နတ်ဒေါသ နတ်မောဟ လာဦးမှာပဲ (မှန်ပါ)၊ ဗြဟ္မာ့မောဟလာဦးလာမှာပဲ (မှန်ပါ)။ သူ့ထင်းနဲ့သူ သွားလောင်ဦးမှာပဲ (မှန်ပါ)။ အချိုးကျပါ့မလား (အချိုးမကျပါဘူး ဘုရား)။

အချိုးမကျတော့ ခင်ဗျားတို့အခုအလာကြီးလာကြရတာဖြစ်နေတော့ အို၊ ဒီမီးကို သိမ်းအောင်လုပ်တာ အေးပါတယ် (မှန်ပါ)၊ ဒီမီးနောက်ကို မဆက်အောင် မဟုတ်ဘူးလား (မှန်ပါ)၊

ဒီမီးနောက်မဆက်အောင် သိမ်းလိုက်လို့ရှိရင်ဖြင့် ဒီမီးကြောင့် တဏှာ ဥပါဒါန် ကံတွေကြောင့် နောက်ခန္ဓာ လာမှာကိုးဗျ (မှန်ပါ)၊ အဲဒီတော့ ဒီမီးနှစ်ခု သိမ်းလိုက်လို့ရှိရင် ဒီကံလာပါဦးမလား (မလာပါဘူး)၊ ဒီကံမလာရင် ဒီထင်းကော (မလာပါဘူး)၊ အနာဂတ် ဇာတိ ဇရာ မရဏ လာဦးမလား (မလာတော့ပါဘူး)၊ မလာလို့ရှိရင်ဖြင့် ကျုပ်တို့ ဒီဘဝတွင်သိမ်းလိုက်ပြီးတာပဲ၊ (မှန်ပါ)။

ချက်ချင်းငြိမ်းတာကြိုက်လို့ရှိရင်

မီးတာရှည်လောင်နေတာနဲ့ ချက်ချင်းငြိမ်းတာနဲ့ ဦးဘသော် ဘယ်ဟာကြိုက်သတုံး (ချက်ချင်းငြိမ်းတာ ကြိုက်ပါတယ် ဘုရား)၊ ချက်ချင်းငြိမ်းတာကြိုက်လို့ရှိရင် ချက်ချင်း ငြိမ်းတဲ့အလုပ်ကို လုပ်ပါ (မှန်ပါ)၊ တစ်စတစ်စများ စိတ်ကူးနေသေးသလား (မကူပါဘူး)၊

တစ်စတစ်စစိတ်ကူးနေတာဟာ ကိုယ့်ကိုယ်ကိုယ် မသနားတာတော့ ထင်ရှားတယ် (မှန်ပါ)၊ လောင်ချက်ကလေးရှည်ပါရစေဦးဆိုတာနဲ့ တစ်စတစ်စနဲ့ထူးသေးရဲ့လား (မထူးပါဘူး)၊ မထူးပါဘူးဗျ၊ ဟန်ပြောနေတာပါ။ စကားယဉ်သလိုလိုနဲ့ လောင်ချက်ရှည်ပါရစေဆိုတဲ့ အဓိပ္ပာယ် မပါဘူးလား၊ပါသလား (ပါပါတယ် ဘုရား)၊ ရှင်းပြီလား၊ (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ အလုပ်ပေးရတော့မယ်။ အလုပ်မပေးရင်ဖြင့် ဒီမီးငြိမ်းမှာ မဟုတ်တော့ဘူး (မှန်ပါ)။

ကဲ-ဒါဖြင့် ဒီထဲမှာ သဠာယတနဆိုတဲ့ဥစ္စာ စက္ခုသောတ ဃာန ဇီဝှာ ကာယ မနလို့ခေါ်တယ်၊ စာလိုသုံးတော့။ မနဆိုတာစိတ်ပဲ (မှန်ပါ)၊ အဲဒီစိတ်ကို ခင်ဗျားတို့မှတ်ပြီး သကာလ စိတ်ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှုလို့ရှိရင် စိတ်ကဖြစ်ပျက်။ ရှုတာက ဒီနာကလေးမှာ ဟဒယဝတ္ထုပေါ်မှာ မဂ်ကလေးပေါ်တယ် (မှန်ပါ)၊ မဂ်ပေါ်တော့ တဏှာဥပါဒါန်ကံ လာမလား၊ မလာဘူးလား (မလာပါဘူး)၊ ဒီအဆက်မပြတ်ဘူးလား ပြတ်မလား (ပြတ်ပါတယ်)။

ဒီအဆက်ပြတ်တယ် ဆိုကတည်းက ကျုပ်တို့သည် ဒီမီးကောမသိမ်းဘူးလား (သိမ်းပါတယ်)၊ ဒီလောင်စာကော မကုန်ဘူးလား (ကုန်ပါတယ်)၊ အနာဂတ်လောင်စာတွေကုန်တယ်။

ဒီမီးငြိမ်းသွားလို့ရှိရင်ဖြင့် ဒါနိဗ္ဗာန်ကိုးဗျ

အဲဒီတော့ ဒီမီးသိမ်းလို့ ဒီမီးငြိမ်းသွားလို့ရှိရင်ဖြင့် ဒါနိဗ္ဗာန်ကိုးဗျ (မှန်ပါ)၊ ဒီခန္ဓာ ဒီဘဝတွင်ပဲ ငြိမ်းသွားလို့ရှိရင် နိဗ္ဗာန်ပဲ။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ကဲ-ဒါဖြင့် ဒီဘဝငြိမ်းတာကို ကျုပ်တို့လုပ်ကြစို့တော့တဲ့။ ထင်းပြန်မထည့်နဲ့တော့ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

ကဲ-ထင်းပြန်မထည့်နဲ့ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ထင်းပြန်မထည့်တဲ့အလုပ်ဟာ အလုပ်နည်းပေးမှပဲရမယ် (မှန်ပါ)၊ မောင်သစ်ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဟောဒီ သဠာယတနဆိုတာ မှတ်လိုက်စမ်းပါတဲ့။ စက္ခု သောတ ဃာန ဇီဝှာ ကာယ မနပဲ (မှန်ပါ)၊ မနဆိုတာ စိတ်။ အဲဒီမနတစ်ခုတည်းရှုစမ်းပါ။ အဲဒီစိတ်ကို ပေါ်လာတိုင်းလာတိုင်း အနိစ္စပါကလား၊ အနိစ္စပါကလားလို့ ဉာဏ်ကလေး နောက်ကလိုက်ပေး။ ဘယ်စိတ်ပေါ်ပေါ်လိုက်ရမယ် (မှန်ပါ)၊ အဲဒီတော့ စိတ်က အနိစ္စ၊ ရှုတာက မဂ္ဂသွားဖြစ်တယ် (မှန်ပါ)။

စိတ်က (အနိစ္စပါ ဘုရား)၊ ရှုတာက (မဂ္ဂပါ ဘုရား)၊ ဒီတော့ ဒီအဆက်ပြတ်-မပြတ် (ပြတ်ပါတယ် ဘုရား)၊ ပြတ်လို့ရှိရင်ဖြင့် မီးကော ဒီဘဝတွင် မသိမ်းနိုင်ဘူးလား (သိမ်းနိုင်ပါတယ်) ဒီလောင်စာကော လာပါဦးမလား (မလာတော့ပါဘူး)။

ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတာသည် ရှုမှပဲရမယ် (မှန်ပါ)၊ မရှုလို့ရှိရင် (မရပါဘူး)။ မရနိုင်ဘူးဆိုတာ သဘောပါပြီလား (ပါပါပြီ)။

အဲဒီတော့ အိပ်နေတုန်းလဲ ခင်ဗျားတို့ သုံးမီးလောင်တယ်၊ နိုးနေတုန်းတော့ ဆယ့်တစ်မီးလောင်တယ် (မှန်ပါ)။

အဲဒါသိပြီး သကာလ နေတော့ ခင်ဗျားတို့သန္တာန်ရုပ်ကလေးပေါ်လာလဲ ပျက်သွားလိုက်၊ စိတ်ကလေးပေါ်လာလဲပျက်သွားလိုက်၊ ပျက်ချင်လို့ပျက်တာမဟုတ်ဘူး ဦးကျော်မောင် လောင်လို့ပျက်တာ (မှန်ပါ)၊ ဖျက်ဆီးတဲ့တရားက ဖျက်ဆီးလို့ပျက်တာဆိုတာ သဘောပါပြီလား (ပါပါပြီ)။

ကဲ-ဒါဖြင့် အလုပ်စဉ်ပဲ မောင်သစ် ရေးရမလား မရေးရဘူးလား (ရေးရပါမယ်)။ ရေးတာကိုပြီးမှ ရေးပါတော့။ ဦးကျော်မောင်တို့ဟောတဲ့တရား ဦးမြမောင်တို့ဟောတဲ့တရားဖြစ်နေတော့ ဥပမာမယ် အာရုံတစ်ခုကို မြင်တယ်ဆိုရင် နဂိုကမြင်တာလား၊ အခုမှမြင်စိတ်ကလေး ပေါ်တာလား (အခုမှမြင်စိတ်ကလေးပေါ်တာ)။

ဖြစ်ပြီးပျက်တယ်လို့ ဉာဏ်ကရှုရှုပေးပါ

အဲဒီမြင်စိတ်ကလေးဟာ မြင်ပြီးသူကပျက်တာပဲ။ သူကအနိစ္စ (မှန်ပါ)၊ အဲဒါကို ခင်ဗျားတို့က ဝမ်းထဲကနေပြီး သကာလ ဒါကလေးဟာ ဖြစ်ပြီးပျက်တယ်လို့ ဉာဏ်ကရှုရှုပေးပါ (မှန်ပါ)၊ ရှုပေးတဲ့အခါကျတော့ ဖြစ်ပျက်ရှုတာက မဂ်ဆိုတာ တဏှာ ဥပါဒါန် ၃-နံပါတ်ကူးသေးရဲ့လား (မကူးတော့ပါဘူး)၊ ၃-နံပါတ် မကူးတဲ့အလုပ်ဟူသရွေ့ အလုပ်မှန်ဟုမှတ်ပါ (မှန်ပါ)။

၃-နံပါတ်မကူးတဲ့အလုပ်ဟူသရွေ့ (အလုပ်မှန်ပါ ဘုရား)၊ ၃-နံပါတ်ကူးတဲ့အလုပ်ဟူသရွေ့ အလုပ်မှားလို့မှတ် (မှန်ပါ)။

အဲဒီတော့ ၃-နံပါတ်မကူးအောင် ကြားစိတ်ကလေးပေါ်လဲ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့က ဘာလုပ်ကြမလဲ (ဖြစ်ပျက် ရှုရပါမယ်)၊ ရှုတော့ ဒီမှာဖြစ်ပျက်၊ ဝမ်းထဲမှာ (မဂ်ပါ ဘုရား)။

နို့မဟုတ်လို့ရှိရင် ကြားလိုက်တာ ကောင်းတယ်ဆိုတဲ့ တဏှာလာရင် ဥပါဒါန်လာမယ်၊ ဥပါဒါန်လာရင် ကံလာမယ်၊ ကံလာရင် သေသည်၏အခြားမဲ့၌ ဇာတိ ဇရာ မရဏ မလာပေဘူးလား (လာမှာပါ ဘုရား)။

လာမှာဖြစ်နေတော့ ကြားစိတ်ကလေးပေါ်လဲ ကျုပ်တို့က ဖြစ်ပြီးပျက်တယ်လို့ သူလာတဲ့အချိန် ဖမ်းရှုလိုက်ပါ (မှန်ပါ)၊ ဖမ်းရှုလိုက်တဲ့အခါ ဖြစ်ပျက် မဂ်ဆိုတော့ တဏှာဥပါဒါန်ကံ လာသေးရဲ့လား (မလာတော့ပါဘူး)၊ ဇာတိ ဇရာ မရဏ (မလာတော့ပါဘူး)၊ ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတာဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒါက ထင်းမရှာတဲ့အလုပ် (မှန်ပါ)။

ဒါန သီလတွေ လုပ်ပြီး သကာလ ဘုံဘဝဆုတောင်းတာက ဘာဆိုကြမယ် (ထင်းရှာတဲ့အလုပ်ပါ ဘုရား)၊ ထင်းရှာတဲ့အလုပ်ကို မလုပ်ကောင်း (မှန်ပါ)၊

ဒါန သီလကို မလုပ်နဲ့ဆိုတာ မဟုတ်ဘူး၊ ထင်းရှာတဲ့ ဆုတောင်းမျိုး၊ ထင်းရှာတဲ့ စေတနာထားတာမျိုး (ဝါ) ဘုံဘဝကိုသာ မျှော်ကိုးပြီး ဝဋ္ဋကုသိုလ်ဖြစ်ရုံသာ ဒါမျိုးမလုပ်ကောင်းတာ ပြောတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ဖြစ်ပျက်ပြန်ရှုလိုက်

ကဲ-တစ်ခါ နှာခေါင်းထဲမှာ ဦးကျော်မောင်တို့၊ ဦးဘသော်တို့၊ ဦးမြမောင်တို့ နံစိတ်ကလေးပေါ်တယ်၊ ဘာလုပ်မလဲ ၊ ခင်ဗျားတို့ ဒီအတိုင်းနေမလား (မနေပါဘူး ဘုရား)။ ဖြစ်ပျက်ပြန်ရှုလိုက်၊ ရှုလိုက်တော့ နံစိတ်ကလေးဟာ ဒီနေရာမှာဖြစ်ပျက်၊ ရှုတာက ဒီနေရာမှာ မဂ်ဆိုတော့ ဒီ၃-နံပါတ်တော့ မလာတော့ဘူး (မလာတော့ပါဘူး ဘုရား) ၃-နံပါတ်မလာရင် ၄-နံပါတ်လဲလာသေးရဲ့လား (မလာတော့ပါဘူး)၊ ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတာဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ကဲ-အခုသုံးခုပြီးသွားပြီ။ ကဲ-လျှာပေါ်မှာ စားစိတ်ကလေးပေါ်တယ်၊ မနက်က ခင်ဗျားတို့ ထမင်းစား ကြတယ်။ စားတိုင်းစားတိုင်း ချိုချဉ်ဖန်ငန်သိတဲ့ စိတ်ကလေး ပေါ်တာပဲ။ အဲဒီပေါ်တဲ့စိတ်ကလေးကို ခင်ဗျားတို့ဝမ်းထဲကနေပြီး သကာလ မျိုချလိုက် ပျက်သွားလိုက်။ ပျက်သွားပြီ။ ပျက်သွားပြီလို့ သိသိပြီးစားပါ (မှန်ပါ)။ သိသိပြီးစားတော့ ဖြစ်ပျက်မဂ်ဆိုတော့ ၃-နဲ့ ၄-နံပါတ်လာသေးရဲ့လား (မလာတော့ပါဘူး)။

ကဲ-ကိုယ်ပေါ်မှာယားတယ်၊ ယားတဲ့စိတ်ကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)။ အဲ-ကိုယ့်စိတ်ကို ဖြစ်ပျက်ရှု (မှန်ပါ)၊ ကိုယ့်စိတ်ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်မဂ်ဆိုတော့ မပြတ်ဘူးလား ပြတ်သလား (ပြတ်ပါတယ်)။

နာတဲ့စိတ်ကလေးပေါ်လာရင်ကော (ဖြစ်ပျက်ရှုမှာပါပဲ)၊ ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်မဂ်ဆိုကတည်းက ၃-နံပါတ် လာသေးရဲ့လား (မလာပါဘူး)။

ကောင်းပြီ၊ တစ်ခါသွားပါဦး။ ကိုယ်ပေါ်မှာ လေကလေးတိုက်၊ မီးကလေးလှုံလို့ ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ်ကလေးပေါ်မလာဘူးလား (ပေါ်လာပါတယ်)၊ ပေါ်လာရင် ကောင်းတဲ့စိတ်ကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါ့မယ်)၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်သွားတဲ့အခါကတော့ ၃-နံပါတ်ကူးသေးရဲ့လား (မကူပါဘူး)၊ ၃-နံပါတ်မကူးတဲ့ အလုပ်ဟူသရွေ့ကို မီးငြိမ်းတဲ့အလုပ်၊ ထင်းသိမ်းတဲ့အလုပ် (မှန်ပါ ဘုရား)။

မီးသိမ်း၊ ထင်းကုန်

ဒါက ၃-နံပါတ်အတွက်က မီးတွေ၊ ၄-နံပါတ်အတွက် ထင်းတွေ (မှန်ပါ)။ မီးသိမ်း၊ ထင်းကုန်။ ဟုတ်လား (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ)။

ကဲ-တစ်ခါသွားပါဦး။ ဒါဖြင့် ဘယ်ဧည့်သည်ငါးယောက်နဲ့တူတဲ့စိတ်ငါးခု ပြီးသွားပြီ (မှန်ပါ)။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်နော် (မှန်ပါ)။

ကဲ-တစ်ခါ ဝမ်းထဲမှာ ဒီမှာနေပေမယ့်လဲ ဦးကျော်မောင်တို့က မိတ္ထီလာရောက်ချင်ရောက်သွားမှာ စိတ်က (မှန်ပါ)၊ အဲဒီတော့ အဲဒီလွမ်းဆွတ်တဲ့စိတ်ကလေးလာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုဆိုတော့ ဒီမနာယတနပဲရှုနေတာပဲ (မှန်ပါ)၊ ဖြစ်ပျက်မဂ်ဆိုတော့ ၃-နံပါတ်လာသေးရဲ့လား (မလာပါဘူး)၊ ၄-နံပါတ်ကော (မလာသေးပါဘူး)၊ မလာတော့ဘူးဆိုတော့ မီးသိမ်းတယ်၊ ထင်းကုန်တယ်ဆိုတဲ့ဥစ္စာ မသေချာဘူးလား (သေချာပါတယ်)။

ကဲ-တစ်ခါသွားပါဦးတဲ့။ ဒေါသစိတ်ကလေးပေါ်လာတယ်၊ ငါကွာ ဟိုဟာကလေး မပြောခဲ့မိဘူး။ ဒေါသကလေး ဖြစ်သလိုလိုပေါ့ဗျာ (မှန်ပါ)၊ ဒါကလေး ငါမပြောခဲ့မိဘူး။ ဘယ်သူ့ဆီမှာ ဘာကလေးဟာ တကယ်အရေးကြီးတဲ့ အချက်ကလေးမပြောခဲ့မိဘူးဟေ့။ မိန်းမတိုင်ပင်သလိုလို ဘာလိုလိုနဲ့ ဒေါသစိတ်ကလေး အနုစားကလေးလာလို့ရှိရင်လဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)။ ဖြစ်ပျက်ဆိုတော့ ရှုတာက မဂ်ဖြစ်မှာပဲ၊ ဒေါသစိတ်ကလေးက ဖြစ်ပျက်ရှုတာက မဂ် (မှန်ပါ)။

ဝမ်းထဲမှာ လောဘ ဒေါသ မောဟ ပေါ်တယ်

အဲဒီတော့ ဒါတွေက ဝမ်းထဲမှာ လောဘ ဒေါသ မောဟ ပေါ်တယ်၊ ပေါ်တာကိုပဲ လာတိုင်းလာတိုင်း ဖြစ်ပျက်ရှုပါ (မှန်ပါ)။

တခါတလေကျတော့ ဝမ်းထဲမှာ အလောဘဆိုတာကလေးလဲ ပေါ်တယ်၊ ငါကွာ ဘာကလေး လှူချင်လိုက်တာ ဘာကလေး တန်းချင်လိုက်တာ။ ဒါကိုရှုပစ်ပါ (မှန်ပါ) ဘာလှူချင်တယ် ဘာတန်းချင်တယ် ဆိုတဲ့ဥစ္စာကို ရှုပစ် (မှန်ပါ)၊ ဒါကို ဝီတရာဂစိတ်လို့ ခေါ်တယ်၊ စိတ္တနုပဿနာမှာ။ ဘုရားက ဝီတရာဂစိတ်တ္တံ ဝီတရာဂစိတ္တန္တိပဇာနာတိလို့ဟောတယ်။ သူ့ကိုလဲ ရှုရမှာပဲ (မှန်ပါ)၊ ဝိကရာဂစိတ်လာလိမ့်မယ်- အကောင်းထင်ပြီးမွေးမထားနဲ့။ ဝိပဿနာကျတော့ မွေးမထားရဘူး (မှန်ပါ) သမထလုပ်ငန်းမှာတော့ ဒီဝီတရာဂစိတ်မျိုးကို မွေးထားရတယ်။ သမထမှာတော့ စာလာနုဿတိဆိုပြီး မွေးထားရတယ် (မှန်ပါ)၊ ဝိပဿနာကျတော့ ရှုပစ်ပါ (မှန်ပါ)။

ရှုမပစ်လို့ရှိရင်ဖြင့် လှူချင်တန်းချင်၊ ပေးချင်ကမ်းချင်တဲ့စိတ်ကလေးဟာက ဘဝမှာ ရေစက်ဆုံရအောင်ဟေ့။ ဟော-တဏှာကလာပြီ။ မလာဘူးလား (လာပါတယ်)၊ တဏှာလာရင် ဥပါဒါန်က (လာပါမယ်)၊ ဥပါဒါန်လာရင် ဒီကံကကော (လာပါတယ်)၊ ကမ္မဘဝလာရင် (ဇာတိလာပါတယ်)၊ ဇာတိ ဇရာ မရဏဆိုတဲ့ သဘောလာရင် ကောင်းပါဦးမလား (မကောင်းပါဘူး)၊ အဲဒါကြောင့် လှူချင်တဲ့စိတ်ကလေးလာလဲ ဘာလုပ်ပစ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။

နို့မဟုတ်လို့ ဖြစ်ပျက်မရှုလို့ရှိရင် သူက ခင်ဗျားတို့ကို ဒါကလေးဟာကွာ စိတ်ထဲမှာ အလုံးအခဲကလေး ဖြစ်နေတယ် ဆိုတော့ ဖြစ်ပျက်ရှုတဲ့ဉာဏ် ဝင်ခွင့်ရသေးရဲ့လား (မရပါဘူး)။

ဒါဖြင့် ဖြစ်ပျက်ရှုတဲ့ဉာဏ်က မဂ်ဉာဏ်။ မဂ်ဉာဏ်ကို ဟိုကုသိုလ်ကလေးသွားတားတယ် (မှန်ပါ)။

မဂ်ဉာဏ်ကုသိုလ်ကြီး

တစ်နေ့က ဥပုသ်နေ့ကဟောခဲ့တယ်။ မဂ်ဉာဏ်ကုသိုလ်ကြီးကို လှူချင်တဲ့ သာမညကုသိုလ်တွေက သွားတားတယ် (မှန်ပါ)၊ ကောင်းသေးရဲ့လား (မကောင်းပါဘူး) တစ်သိန်းတန်နဲ့ တစ်ရာတန်နဲ့ တစ်ရာတန်က တစ်သိန်းကို ဖျက်ချလိုက်တယ် (မှန်ပါ)။အဖိုးတန်သေးရဲ့လား (မတန်ပါဘူး) အဲ-အင်မတန်မနစ်နာဘူးလား (နစ်နာပါတယ်)။

အဲဒါကြောင့် ဘုရားက ဝီတရာဂ စိတ္တံဝီတရာဂစိတ္တာန္တိ ပဇာနာတိ။ ဝီတရာဂစိတ္တံ-ရာဂမရှိသော စိတ်ကို (ဝါ) လှူချင်တန်းချင်၊ ပေးချင်ကမ်းချင်တဲ့စိတ်ကို။ ဝီတရာဂစိတ္တန္တိ-ဝီတရာဂစိတ်-ဖြစ်ပျက်အနိစ္စဟူ၍၊ ပဇာနာတိ-သိအောင်လုပ်၏၊ ရှု၏ တဲ့။ (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ)။

အဲဒါက ကုသိုလ်ကြီးကို ကုသိုလ်ကလေးက ဖျက်နိုင်ပုံ (မှန်ပါ)။ တိုတိုပြောတော့ ကာမဝစရလောကုတ္တရာကိုဖျက်သည်။ နာလိုက်တာ (မှန်ပါ)။

ဘယ့်နှယ်တုံး (နာပါတယ် ဘုရား)၊ ဘယ့်နှယ်ဆိုကြမလဲ (ကာမာဝစရက လောကုတ္တရာကိုဖျက်ပါတယ်)။

ဟာ-ဒါဖြင့် သေရောပေါ့ဗျ။ ဘုရားဖြစ်မယ့် အလုပ်ကြီး၊ စကြဝတေးမင်းဖြစ်အောင် စကြာရတနာက ဝင်ဖျက်သလိုဖြစ်နေတယ် (မှန်ပါ ဘုရား)။ ဘုရားဖြစ်မယ့်အလုပ်ကို စကြမင်းဖြစ်မယ့်ရတနာကို လက်ခံကျေနပ်နေရင်

ဘယ့်နှယ်တုံး ပျက်မလား မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)၊ အဲ-စကြာရတနာက နောက်အပါယ်ကျဦးမယ်မဟုတ်လား (မှန်ပါ ကျရပါဦးမယ်)။ ဘုရားဖြစ်တော့ ဒုက္ခဇာတ်မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။

အပါယ်ဇာတ်သိမ်းတဲ့ဥစ္စာကို

နို့ အပါယ်ဇာတ်သိမ်းတဲ့ဥစ္စာကို အပါယ်ဇာတ်မသိမ်းတဲ့တရားက လာဖျက်တဲ့ဥစ္စာ မနာဘူးလား (နာပါတယ် ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး တောထွက်တော့ ခုနစ်ရက်ကြာလျှင် စကြာရတနာ ရောက်ပါလိမ့်မယ်လို့ မာရ်နတ်ကြီးလာပြီး မပြောဘူးလား (ပြောပါတယ် ဘုရား)။

စကြာရတနာဘာလုပ်ဖို့တုံး၊ငါးပါးအာရုံ ကာမဂုဏ်ခံစားပြီး သကာလ လှူဒါန်းပေးကမ်းပြီးနေတယ်ဆိုငြားသော်လဲ အပါယ်ရောက်ရဦးမှာ။ မဟုတ်လူးလား (ဟုတ်ပါတယ် ဘုရား)၊ ဒါကြောင့်မြတ်စွာဘုရားအလောင်းတော်က ပယ်မပစ်ဘူးလား (ပယ်ပစ်ပါတယ်)၊ ဟိုဟာလဲ ကုသိုလ်အကျိုးပေးတာပဲ မဟုတ်လား (မှန်ပါ)၊ ဘုရားဖြစ်မယ့် ကုသိုလ်ကြီးကိုလာပြီး ကန့်ကွက်တဲ့အဓိပ္ပာယ်ဖြစ်နေတယ်။ ဒါကြောင့် မာရ်နတ် ဖျက်တယ်လို့ မဆိုဘူးလား (ဆိုပါတယ်)။

ဝိပဿနာအားထုတ်ချိန်မှာ ဘာမှမစဉ်းစားရ

အဲဒါကြောင့် ကုသိုလ်ကလေးကို ဒီအချိန်မှာ ခင်ဗျားတို့အရပ်ကျတော့ ခင်ဗျားတို့ဖြစ်စေ အလုပ်ကြီးတဲ့အချိန်မှာဖြစ်စေ ဘာလှူချင်တယ်၊ ဘာတန်းချင်တယ်၊ လုပ်ချင်လုပ်၊ မလုပ်ချင်နေ။ ဒီဝိပဿနာအားထုတ်ချိန်မှာ ဘာမှမစဉ်းစားရ (မှန်ပါ)၊ ဘာဖြစ်လို့မစဉ်းစားရသတုံးဆိုတော့ ဘုရားဖြစ်မှာ မာရ်နတ်ဖျက်မှာစိုးလို့။ ပေါ်ပြီလား (ပေါ်ပါပြီ)။

တချို့ ဒကာ ဒကာမတွေကတော့ ဒီလိုမဟုတ်ဘူး။ နည်းရောင်းများရောင်းတောင်းပြည့်ပြီးရောတဲ့။ တောင်းပြည့်ဆိုပေမယ့်လဲ အဖိုးမတန်တာတွေ ပြည့်နေရင် အလကားပေါ့ မဟုတ်ဘူးလား (မှန်ပါ)၊ အမှိုက်တောင်းထဲ တောင်းပြည့်နေပေမယ့်လဲ အဖိုးမတန်ဖူး၊ ခင်ဗျားတို့ မီးခံသေတ္တာထဲ အနည်းငယ်သော စိန်ကလေး ၄-၅-၁၀ ရတီရှိတာ အဖိုးတန်တယ်။ မဟုတ်ဘူးလား (မှန်ပါ)၊ အဲဒါကြောင့် နည်းရောင်းများရောင်း တောင်းပြည့်ဆိုတာကို မလိုချင်ပါနဲ့။ အစစ်ကို အတုက မဖျက်စေနဲ့ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (အစစ်ကို အတုမဖျက်စေနဲ့)။

အစစ်ဖြစ်အောင်က ဥပမာမယ် ခင်ဗျားတို့ လောဘစိတ်ရှုလိုက်တယ်ဆိုရင် လောဘကဖြစ်ပျက်၊ ရှုတာက မဂ်ဆိုတော့ ဒါဝိပဿနာမဂ်ပေါ့လေ။ ဝိပဿနာမဂ်ဆိုရင်ပဲ လောကုတ္တရာမဂ် မကြာခင်လာနိုင်တော့တာပဲ (မှန်ပါ)၊ အစစ်မကျဘူးလား (ကျပါတယ်)၊ ခုနက ဘဝသမ္ပတ္တိရည်မျှော်တဲ့ ဝဋ္ဋ ကုသိုလ်ကလေး ပြုချင်သေးတယ် ဆိုတော့ မဂ်ဟုတ်ရဲ့လား (မဟုတ်ပါဘူး)၊ ရှုတာမှမဟုတ်ဘဲကိုးသူက။

အနိစ္စဖြစ်တာ ဟုတ်ရဲ့လား၊ သူကဝဋ္ဋ ကုသိုလ်က (မဟုတ်ပါဘူး)၊ ဒုက္ခမြင်တာကော (မဟုတ်ပါဘူး)၊ မဟုတ်သေးတော့ ဒါဟာဘာလဲဆိုတော့ ကာမေအဝစရတီတိကာမာဝစရံဆိုတဲ့အတိုင်း ကာမ ဘုံကျင်လည် ရမယ်ဝဋ်ကုသိုလ်ပဲ (မှန်ပါ)၊ ကောင်းသေးရဲ့လား (မကောင်းပါဘူး)။

ကျင်လည်ရမယ်ဆိုကတည်းက

ကျင်လည်ရမယ်ဆိုကတည်းက အဝိုင်းပြေးရမယ်ပြောတာ (မှန်ပါ) ခင်ဗျားတို့က ကျင်လည်ရမယ် ဆိုတဲ့ဥစ္စာ အကောင်းများမှတ်နေသလား၊ ဘယ်လိုဟာတုံး၊ အခုပဋိစ္စသမုပ္ပာဒ်နဲ့ ကြည့်လိုက်တော့ ဘယ်လိုတုံး (အဝိုင်းပြေးရမှာပါ)။ အဝိုင်းပြေးရမှာကို ကျင်လည်ရမယ်ပြောတာ ဦးမြမောင်ရ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။

အဲဒါကြောင့် ခင်ဗျားတို့ဒီမှာ စိတ်အေးလက်အေးနဲ့ ရိုးရိုးတန်းတန်းပဲ တရားအားထုတ်ကြပါ။ ဘာကိစ္စကလေးရှိသေးတယ်၊ လောဘကိစ္စ၊ ဒေါသကိစ္စ၊ ဝဋ္ဋကုသိုလ်ကိစ္စကို အသာချိတ်ထားဦး။ တရားကို မျက်ခြည်မပြတ်ဖို့ သမာဓိထားကြစမ်းပါ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။

ဘာလုပ်ရမတုံး ဒါဖြင့်။ လောကုတ္တရာကုသိုလ်ဖြစ်ပေါ်ရေးကိုသာ လုပ်နေရမယ် (မှန်ပါ)၊ နို့မဟုတ်ရင် တော်ထွက်တော်မူလာတဲ့ ကိုယ်တော်မြတ်ကြီးကို စကြာရတနာနဲ့ဝင်ပြီးပေါက်လိုက်သလို ဖြစ်သွားမှာစိုးရတယ် (မှန်ပါ)၊ မစိုးရဘူးလား (စိုးရပါတယ်)။

အဲဒါကြောင့် ကာမာဝစရဝဋ်ကုသိုလ်က လောကုတ္တရာကို မဖျက်ပါစေနဲ့ (မှန်ပါ)၊ ဒါကရောက်လာတဲ့ ဒကာ ဒကာမတွေမို့ မှာရတာ။

ကုသိုလ်ကြီးရမှာ ပျက်သွားတယ်

ဟင်္သာတက ဒကာမကြီးတွေကော နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား)၊ ဘယ်လိုနားလည်သတုံး၊ ကာမာဝစရဝဋ္ဋကုသိုလ်က (လောကုတ္တရာကုသိုလ်ကို မဖျက်စေနဲ့)၊ မနှောင့်ယှက်စေနဲ့။ နှောင့်ယှက်လို့ရှိရင် နစ်နာသွားလိမ့်မယ့် (မှန်ပါ)။ သူများသာဓုခေါ်ပေမယ့် သွားမယုံလိုက်နဲ့။ ကုသိုလ်ကြီးရမှာ ပျက်သွားတယ်။

ဒီဟာကိုတော့ ဘယ်သူ့မှာသာဓုခေါ်မှာမဟုတ်ဘူး၊ ဝမ်းထဲဖြစ်နေလို့မသိကြဘူး။ ဟိုကုသိုလ်ရိုးရိုးကတော့ ဆွမ်းကျွေးလိုက်တယ်၊ ဘာကြီးလုပ်လိုက်တယ်ဆိုတော့ အထည်က ပေါ်လာတာကိုး။ ဒီတော့ သာဓု-သာဓု-သာဓု။ ဘေးက မခေါ်ကြဘူးလား (ခေါ်ပါတယ်)၊ ခေါ်ပင်ခေါ်ငြားသော်လဲ သူ့သာဓုကို ခင်ဗျားတို့စဉ်းစားကြည့်တဲ့။ ကာမာဝစရခေါ်တာလား၊ လောကုတ္တရာခေါ်တာလား (ကာမာဝစရခေါ်တာပါ)၊ ကာမာဝစရခေါ်တော့ ဒီကာမာဝစရ ဒီမှာလှည့်နေမှာပဲ (မှန်ပါ)၊ မလှည့်ပေဘူးလား (လှည့်ပါတယ်)။

အဲဒါကြောင့် ဒါတွေအသာချိတ်ထားပြီး သကာလ ဒီအလုပ်ကိုသာ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့ ကြိုးစားနေရမယ် (မှန်ပါ)။ ဒီ့ပြင် ဘာတွေ ဘာတွေ နောက်မှစဉ်းစားကြပါ။ ဒါကို သဘောပါပြီလား (ပါပါပြီ)။

ဒါဖြင့် ကုသိုလ်စိတ်လာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါ့မယ်)။

မေတ္တာစိတ်ကလေးပို့ချင်တယ်ဘုရား။ အရပ်က ကျန်းကျန်းမာမာရှိအောင်ဆိုပြီး ပေါ်လာလို့ရှိရင် မေတ္တာစိတ်ကိုပဲ ဖြစ်ပျက်ရှုရမှာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ကုသိုလ်ပြုချင်တာလဲ (ဖြစ်ပျက်ရှုရမှာပါပဲ)၊ မေတ္တာပို့ချင်တာကော (ဖြစ်ပျက်ရှုရပါမယ်)၊ မေတ္တာပို့ချင်တာလဲ ဖြစ်ပျက်ရှုရမှာပဲ၊ အဒေါသစိတ်ကိုးဗျ (မှန်ပါ)၊ ဒါဖြင့် အလောဘစိတ်ဆိုတဲ့ ကုသိုလ်လာလဲ ဖြစ်ပျက်မှု၊ အဒေါသစိတ်ဆိုတဲ့ မေတ္တာလာရင်ကော (ဖြစ်ပျက်ရှုရမှာပါပဲ)။

ဖြစ်ပျက်ရှုပစ်ရမှာပဲ

ဖြစ်ပျက်ရှုပစ်ရမှာပဲ။ ဘာဖြစ်လို့တုံး ဆိုလို့ရှိရင် သူတို့ဟာ မာရ်နတ်တစ်မျိုးတွေပဲ။ သူတို့ကို လက်ခံထား လို့ရှိရင် ကုသိုလ်ကြီးကိုဖျက်မှာ။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ကဲ-ဒါကြောင့် လောကုတ္တရာဖြစ်မှာကို ကာမာဝစရက မဖျက်ပါစေနဲ့ (မှန်ပါ)။

မောင်သစ် ဘယ့်နှယ်တုံး (လောကုတ္တရာကို ကာမဝစရက မဖျက်စေနဲ့)။

ဟိုဟာက လောကပြင်ဘက်ထွက်တဲ့ တရားမို့လောကုတ္တရာကိုး (မှန်ပါ)။ ကာမာဝစရကတော့ လောကထဲမှာပဲ ကာမဘုံ၌ကျင်လည် တတ်သောကြောင့် ကာမာဝစရ။ မကွာဘူးလား (ကွာပါတယ် ဘုရား)။

ဝိပဿနာရှုတဲ့ အလုပ်ကိုသာ လုပ်နေကြပါ

အဲဒါကွာတာကို ခင်ဗျားတို့က ဘာမှမသိတော့ အင်း-တရားကလေးအထမြောက်အောင် တရားအကူအညီ ပေးအောင် ပြုလိုက်ဦးမှထင်ပါရဲ့။ ဒီလိုစိတ်ကူးမနေနဲ့။ အသာချိတ်ထားပါဦး။ ဒီဟာတွေကို (မှန်ပါ)။ ကိုယ့်ဟာကိုယ်သာ ဣရိယာပုတ်မျှတအောင်လုပ်။ ကျန်းမာရေးကြည့်ပြီး လုပ်ပြီး ဝိပဿနာရှုတဲ့ အလုပ်ကိုသာ လုပ်နေကြပါ၊ (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ)။

ဒါဖြင့် ရှုရမယ့်စိတ်က မြင်စိတ်ကိုလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ကြားစိတ်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ နံစိတ် (ဖြစ်ပျက်ရှုရပါမယ်)၊ စားစိတ် (ဖြစ်ပျက်ရှုရပါမယ်)၊ တစ်ကိုယ်လုံးမှာ ယားယံနာတဲ့စိတ် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖျောက်မပစ်ကြပါနဲ့ ရှုပါ၊ (မှန်ပါ)။

ကဲ-တစ်ခါဝမ်းထဲကျတော့ လောဘစိတ်ပေါ်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ ဒေါသစိတ်ပေါ်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ မောဟစိတ်ပေါ်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ လှူချင်တန်းချင်တဲ့ အလောဘစိတ်ပေါ်ရင် (ဖြစ်ပျက်ရှုရမှာပါပဲ)၊ မေတ္တာထားချင်တဲ့ အဒေါသစိတ်ပေါ်ရင်ကော၊ (ဖြစ်ပျက်ရှုရမှာပါပဲ)။

အကုန်ရှုပါ။ ဒါတွေကိုမရှုမိမှာ အင်မတန်စိုးရိမ်ပါတယ် (မှန်ပါ)၊ နို့မဟုတ်ရင် ဟိုဟာတွေကို အကောင်းကြီးမှတ်ပြီး တင်းတိမ်နေကြလိမ့်မယ်။ မွေးထားလိမ့်မယ်။ (မှန်ပါ)။ မမွေးပေဘူးလား (မွေးပါတယ် ဘုရား)။ မွေးထားတော့ အကောင်းစစ်လား အကောင်းတုလား (အကောင်းတုပါ ဘုရား)၊ အကောင်းစစ်ရမှာကို အကောင်းတုနဲ့ ပြီးရတော့ မနာဘူးလား (နာပါတယ် ဘုရား)၊ အဲ-နာသောကြောင့် လှူချင်တန်းချင်တဲ့ အလောဘစိတ်လာလဲ ဖြစ်ပျက်ရှုပါ၊ အဒေါသစိတ်လာလဲ (ဖြစ်ပျက်ရှုရမှာပါပဲ)။

ဘာမှမပေါ်လို့ရှိရင်

ဖြစ်ပျက်ရှုဆိုတော့ ဘာမှမပေါ်လို့ရှိရင် ဦးမြမောင်တို့ကမှတ် ရှုတဲ့စိတ်ကလေးကိုဖြစ်ပျက်ရှု၊ ရှိုက်တဲ့စိတ်ကလေးကော (ဖြစ်ပျက်ရှုရပါမယ်)။

ဒါကလေးနှစ်ခုကို အမြဲလက်ကိုင်ထားပြီးရှုပါ။ ခုနင်က မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ကောင်းစိတ်၊ ယားစိတ် ယံစိတ်၊ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အဲဒါတွေက အကြောင်းတိုက်ဆိုင်မှ ပေါ်လာကြတာ။ ပေါ်လာတော့လဲ သူတို့ကိုလဲ မိအောင်ရှု။ သူတို့ရှုစရာမရှိတဲ့အချိန်မှာ ရှုစိတ်နဲ့ ရှိုက်စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ)။

ရှုစိတ် ရှိုက်စိတ်ဆိုရာ၌

ရှုစိတ် ရှိုက်စိတ်ဆိုရာ၌ လေကိုရှုရင် ကာယနုပဿနာ။ စိတ်ကိုရှုရင်စိတ္တာနုပဿနာ (မှန်ပါ)၊ သဘောပါပြီလား (မှန်လှပါ)။

အဲဒါတွေ ခင်ဗျားတို့က သေသေချာချာရှုပြီး သကာလ နေလို့ရှိရင်ဖြင့် ဟောဒီမှာ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက မဂ္ဂသစ္စာ (မှန်လှပါ)။ ဖြစ်ပျက်က ဒီမှာက ဒီမှာကြည့်ပါလား ဒုက္ခသစ္စာ။ ရှုတာက (မဂ္ဂသစ္စာပါ)။ ရှုတာက ဒီကြားထဲမှာ မဂ္ဂသစ္စာဖြစ်လာတယ်၊ ဒီကျော်လာရင်သာ သမုဒယသစ္စာဖြစ်မယ်။ ဒီကြားထဲဝင်ရင် (မဂ္ဂသစ္စာပါ)။

မဂ္ဂသစ္စာဆိုတော့ မဂ်ဟာ ကိလေသာဖြတ်တယ်ဆိုတော့ ဒီကိလေသာ လာခွင့်ပေးသေးသလား (မလာတော့ပါဘူး) အဲ-မဂ္ဂသစ္စာက ဒီမြားကို ဖြတ်ပစ်လိုက်တယ် (မှန်ပါ)၊ ဒါဖြင့် ဖြစ်ပျက်မဂ်-ဖြစ်ပျက်မဂ်-ဖြစ်ပျက်မဂ်နဲ့ ခင်ဗျားတို့ ကိုက်အောင်လုပ်နေပါ။ ဘာမှမပေါ်တဲ့အခါရှုစိတ်ရှိုက်စိတ်ရှုပါ (မှန်ပါ)။

အပြင်ဧည့်သည်၊ အတွင်းဧည့်သည်၊ အိမ်သည်

ဒါဖြင့် အပြင်ဧည့်သည်စိတ်က ငါးယောက်။ အတွင်းဧည့်သည်က (ငါးယောက်ပါ ဘုရား)၊ အိမ်သည်က (နှစ်ယောက်ပါ ဘုရား)၊ အဲဒါနှစ်ခုကို ဆက်ရှုပြီး သကာလ ခင်ဗျားတို့ အမြဲတမ်းနေ (မှန်ပါ)၊ ဦးကျော်မောင်လဲ သိပြီး၊ ဦးဘသော် (သိပါပြီ ဘုရား)။

အဲ-သိလို့ရှိရင် ဒါကိုရှုနေလို့ရှိရင် တဏှာ၏အာရုံတွေကို ဖြတ်နေတာ (မှန်ပါ ဘယ်သူနဲ့ဖြတ်တာတုံး ဆိုတော့ မဂ်နဲ့ဖြတ်တာ။ သူတို့နှစ်ခု အဆက်ပြတ်သွားအောင်လုပ်တာ၊ မဟုတ်ဘူးလား (မှန်ပါ)၊ ခန္ဓာနဲ့တဏှာ အဆက်ပြတ်သွားအောင် မလုပ်ဘူးလာား (လုပ်ပါတယ် ဘုရား)၊ ခန္ဓာနဲ့တဏှာ အဆက်ပြတ်အောင် ဘယ်သူက ဝင်လုပ်သလဲ (မဂ်ကဝင်လုပ်ပါတယ် ဘုရား)။

မဂ်ကဝင်လုပ်ပါတယ်

မဂ်ကလုပ်တော့ တဏှာမှပါလာလို့ရှိရင် ဥပါဒါန်မလာ၊ ကံမလာ၊ ဇာတိ ဇရာ မရဏမလာ။ ဇာတိ ဇရာ မရဏမလာရင် သောက ပရိဒေဝကော လာပါဦးမလား (မလာတော့ပါဘူး ဘုရား)။

သောကပရိဒေဝတွေမလာရင် အဝိဇ္ဇာကော လာပါဦးမလား။ (မလာပါဘူး) ဒါရှင်းမသွားသေးဘူးလား (ရှင်းပါတယ် ဘုရား)၊ ကိုင်း- ဒီအတိုင်းသာ ဒါကို အရင်းထားပြီးတော့ ရှု (မှန်ပါ)။

ပြီးတော့ ကိုယ့်ဟာကိုယ်စဉ်းစားစရာက ငါဆက်သွားပြီဆိုရင် မြန်မြန်ဖြတ် (မှန်ပါ)။ ဆက်တာကတော့ ခဏခဏဆက်လိမ့်မယ်၊ မရှုရင်ဆက်မှာပဲ (မှန်ပါ)၊ ရှုရင် ပြတ်မှာပဲ (မှန်ပါ)။

အဲဒီတော့ ဝိပဿနာခရီးပေါက်တယ် မပေါက်တယ် ဒီပုံစံကြည့်လိုက်။ ရှုရင်ဘာတုံး (ပြတ်ပါတယ်)၊ မရှုရင် (ဆက်ပါတယ်)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ကဲ တော်ပြီ ဒီနေ့။

သာဓု-သာဓု-သာဓု။