နီဝရဏ ၅ ပါးမှ
ဒေါသနှင့် ထိနမိဒ္ဓဖယ်နည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌
ဟောကြားတော်မူသော
နီဝရဏ ၅ ပါးမှ
ဒေါသနှင့် ထိနမိဒ္ဓဖယ်နည်း
တရားတော်
(၁၈-၁၂-၆၀)
နီဝရဏတရား ငါးပါး
နီဝရဏတရား ငါးပါးကိုပဲ ဆက်ဟောရမယ်၊ အလျင်သုတ်ကတော့ သိင်္ဂါရဝပုဏ္ဏားလေးဟောတာ၊ အခုဟာ ကတော့ အဇာတသတ်ကို ဟောတဲ့ နီဝရဏတရား ငါးပါးလို့ ခွဲခြားပြီးတော့ မှတ်ပါတဲ့ (မှန်ပါ့ ဘုရား)။
အဓိပ္ပါယ်တော့ဖြင့် အဇာတသတ် ဟောပေမယ့်ဖြင့် အဓိပ္ပါယ်တစ်မျိုးထားပြီး ဟောတယ်လို့ မယူနဲ့၊ ဒီတရား၏ ဂုဏ်သတ္တိကြီးပွားပုံ, ဆိုးရွားပုံကို ပိုပြောတာပဲရှိတယ်လို့ မှတ်မှာပဲ (မှန်ပါ့ ဘုရား)။
စင်စစ်အားဖြင့် ဒီဥစ္စာ၊ နီဝရဏတားဆိုတဲ့ ဥစ္စာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန် တရားကို တားမြစ်တတ်တဲ့ နီဝရဏ တရားလို့ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။
ကာမစ္ဆန္ဒ နီဝရဏဆိုတာ
အဲဒီတော့ မနေ့က ပြောခဲ့တယ်၊ ကာမစ္ဆန္ဒ နီဝရဏဆိုတာ လောဘဆိုတာပါ (မှန်ပါ့ ဘုရား)၊ ၁ နံပတ်က လောဘပါပဲ၊ ကာမ အလိုရှိတာ ဆန္ဒကလဲ အလိုရှိတာပဲ၊ နီဝရဏက ပိတ်ပင်တာ။
အလိုရှိတာ တဏှာလောဘနဲ့ အလိုရှိတာ, တဏှာလောဘနဲ့ အလိုရှိနေတဲ့ ကိစ္စတွေရှိနေလို့ရှိရင်ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူးကွာလို့ ဘုရားက ဟောတာ (မှန်လှပါ ဘုရား)။
ဒါကြောင့် ကာမစ္ဆန္ဒ နီဝရဏကို ဒကာ ဒကာမတွေ တရားကိုယ်ကောက်လို့ရရင် လောဘလို့ပဲ မှတ်ထားပါ (မှန်ပါ့)။
လောဘရှိနေတဲ့ ပုဂ္ဂိုလ် မနေ့ကဟောခဲ့တယ်၊ ဒကာကြွယ်တို့ သိပါပြီတဲ့၊ ဣဏံဝိယ ကာမစ္ဆန္ဒော၊ ကာမစ္ဆန္ဒော ကာမစ္ဆန္ဒ လောဘရှိနေတဲ့ ပုဂ္ဂိုလ်သည်၊ ဣဏံဝိယ ကြွေးဆပ်ဖို့ရာ၊ ကြွေးရှာနေသော ပုဂ္ဂိုလ်နှင့်တူ၏ (မှန်ပါ့ ဘုရား)၊ ကြွေးဆပ်ဖို့ရာ (ကြွေးရှာနေသောသူနှင့် တူပါတယ် ဘုရား)။
ကြွေးဆပ်ဖို့ရာ ကြွေးရှာနေသော ပုဂ္ဂိုလ်နဲ့ တူတယ်ဆိုတော့ ဒကာကြွယ်တို့၊ ဒကာသစ်တို့ သိပါပြီတဲ့၊ ငါတို့ ဈေးသွားတာ ဘာလုပ်ဖို့တုန်းဆိုတော့ ကြွေးဆပ်ဖို့ အရှာသွားတာလို့ မနေ့က ဖြေကြ (မှန်ပါ့)။
အိမ်ကျတော့ ရတဲ့ပစ္စည်းတွေ သားတွေ, မယားတွေ, ထိုးအပ်တဲ့အခါကျတော့ ကြွေးဆပ်တာပဲ (မှန်ပါ့)။
ရလိုက် အပ်လိုက် အရှာထွက်လိုက် ဆပ်လိုက်ဆိုတာ ဒီကာမစ္ဆန္ဒ နီဝရဏကြောင့် ဒီဟာတွေ ခင်တွယ်ပြီး သကာလ နေတဲ့ တရားကြောင့် ကြွေးဆပ်တဲ့အလုပ်သာ တွင်တွင်ကြီးလုပ်ပြီး သကာလ ကြွေးပြေတဲ့အလုပ်ကို ဒကာ ဒကာမတွေ မလုပ်ဖြစ်ပါဘူး (မှန်ပါ့)၊ ကြွေးဆပ်တဲ့အလုပ်ကို တွင်တွင်ကြီး လုပ်ဖြစ်ကြတယ် (လုပ်ဖြစ်ပါတယ် ဘုရား)။
တဏှာသေရင် ကြွေးပြေတာပဲ
ကြွေးပြေတဲ့ အလုပ်ကျတော့ (မလုပ်ဖြစ်ပါ ဘုရား)၊ တဏှာသေရင် ကြွေးပြေတာပဲ (မှန်ပါ့)၊ တဏှာသေယင် ကြွေးပြေတာကို ဒကာ ဒကာမတွေက တဏှာခိုင်းတာ လုပ်ပြီး သကာလ နေတော့ ကြွေးရှာ ထွက်လိုက် ကြွေးဆပ်လိုက်၊ ပစ္စည်းရှာထွက်လိုက်၊ ကြွေးဆပ်လိုက်။
ရက်ကန်းတစ်စင် ထောင်လိုက်တယ်ဆိုလို့ရှိရင် ဒါကြွေးရှာထွက်တာ (မှန်ပါ့)၊ ရတဲ့ အထည်လေးရောင်းပြီး သားတွေ မယားတွေနဲ့ စားလိုက် သောက်လိုက် ပေးလိုက်ကမ်းလိုက်ဆိုတာ၊ ဒါဘာလုပ်တာတုန်း (ကြွေးဆပ်တာပါ ဘုရား)။
အဲဒါ တစ်သက်လုံးမှာ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ကြွေးကလဲ တင်လိုက်တဲ့ဖြစ်ခြင်း နေ့တိုင်းလဲ ကြွေးရှာထွက်သေးတယ်၊ နေ့တိုင်းလဲ သူတို့ ထိုးအပ်ရသေးတယ်၊ ကြွေးဆပ်ရသေးတယ်ဆိုတာလဲ သေတာ သေသွားရ တယ် အားသေးရဲ့လား (မအားပါ ဘုရား)။
ဪ မအားရအောင် ဘယ်သူက နှိပ်စက်နေတယ်ဆိုတဲ့ဥစ္စာ ပေါ်လာရောပေ့ါ (ပေါ်လာပါတယ် ဘုရား)၊ ဘယ်သူပါလိမ့်ဗျာ (လောဘပါ ဘုရား)၊ လောဘပဲတဲ့၊ စာလိုသုံးတော့ ကာမစ္ဆန္ဒနီဝရဏနော် (မှန်ပါ့)။
တရားကိုယ်အစစ် ရှာလိုက်လို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လောဘပဲလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒီလောဘကို မသေသရွေ့ကာလပတ်လုံးဖြင့် ကျုပ်တို့သည်၊ ကြွေးရှာတဲ့၊ ကြွေးဆပ်ဖို့ ရှာတဲ့ အလုပ်လဲ ဇာတ်သိမ်းနိုင်မယ် မဟုတ်ဘူး (မှန်ပါ့)။
ကြွေးဆပ်တဲ့အလုပ်လဲ ပြီးမြောက်နိုင်မယ် မဟုတ်ပါဘူး (မှန်ပါ့)၊ အတော်ဆိုးရွားတဲ့ အလုပ်ပါလား (မှန်ပါ့)။
ဒကာ ဒကာမတို့၊ ဒါဖြင့် ဒီလောဘသေအောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဟာ ဆေးသမားကွ (မှန်ပါ့)။
အန်စေတတ်တဲ့ ဆေးလဲ ပေးရတယ်
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဟာ ဆေးသမားပါကွ၊ ဆေးသမားဆိုတာ အန်စေတတ်တဲ့ ဆေးလဲ ပေးရတယ်ကွ (မှန်ပ့ါ)။
ဆေးလဲ တိုက်တော့တိုက်တာပဲ၊ အထဲ မကောင်းတာတွေရှိလို့ရှိရင် အန်စေတတ်တဲ့ဆေးလဲ ပေးရပါတယ် (မှန်ပါ့)။
အဲဒီတော့ င့ါမှာလဲ အန်စေတတ်တဲ့ မဂ္ဂင်ဆေးကြီးရှိပါတယ်ကွာ၊ အဲဒီဆေးတွေနဲ့ မင်းတို့ အန်ပစ်ကြစမ်းပါ၊ သူရှိနေသရွေ့ကာလပတ်လုံး ကြွေးရှာထွက်ရတာနဲ့ ကြွေးဆပ်တာပဲ မင်းတို့ အချိန်ကုန်ပြီး သကာလ အိုခြင်းဆိုး, နာခြင်းဆိုး, သေခြင်းဆိုးနဲ့ အပါယ်ကို အရောက်ဆိုတာ၊ မင်းတို့ကိစ္စ ပြီးမြောက်စရာရှိပါတယ်ဆိုတာ မြင်တာနဲ့ လောဘ အန်ထုတ်တဲ့ဆေးကို ခင်ဗျားတို့ သောက်ဖြစ်အောင် သောက်ရလိမ့်မယ် (မှန်ပါ့)။
လောဘအန်ထုတ်တဲ့ဆေး ဘာလုပ်ရမယ် (သောက်ရမှာပါ ဘုရား)၊ သောက်ဖြစ်အောင် သောက်ရတော့မယ် ဆိုလို့ရှိရင်ဖြင့် ဆေးဆိုတာသည် မတည့်တာ ပေးရတာဘဲဆိုလို့ရှိယင်ဖြင့်
ဒကာ ဒကာမတို့၊ လောဘသေတာ ဆိုလို့ရှိရင် ခန္ဓာထဲမှာ လောဘရှိနေရင် ခုနကပြောတဲ့အတိုင်း ဆိုးကျိုး တွေ ပေးနေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ ဒီနေရာမှာ ဘာသွင်းရမတုန်းဆိုလို့ရှိရင် အလောဘကို သွင်းရလိမ့်မယ် (မှန်ပါ့)၊ လောဘရှိနေရင် ဘာသွင်းရမယ် (အလောဘသွင်းရပါမယ် ဘုရား)။
အလောဘ သွင်းရလိမ့်မယ်
အလောဘ သွင်းရလိမ့်မယ်ဆိုတော့ လောဘကလဲ သူ့ဖြစ်ဖော်ဖြစ်ဘက်တွေနဲ့အတူ အနုသယသဘောနဲ့ ဝမ်းထဲမှာကိန်းနေတာ (မှန်ပါ့)။
အလောဘကလဲ သူကလဲ ဖြစ်ဖော် ဖြစ်ဘက်တွေနဲ့တကွ တစ်ခါတည်း ဒကာ ဒကာမတို့၊ မဂ္ဂင်ငါးပါးနဲ့တကွ တွဲပြီး သကာလ သူ့ထဲ သွင်းပါမှခင်ဗျားတို့ လောဘအန်ပြီး သကာလ အလောဘအတွင်းရောက်မှဘဲ ကြွေးရှာတဲ့အလုပ် ကြွေးဆပ်တဲ့တဲ့အလုပ် ဇာတ်သိမ်းတော့မယ်ဆိုတာမှတ်ရမယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘာလုပ်ရမှာတုန်း မေးတော့မှ အန်ဆေး သောက်ရလိမ့်မယ် (မှန်ပါ့)၊ ဘာလုပ်ရမှာပါ လိမ့် (အန်ဆေးသောက်ရမှာပါ ဘုရား)။
အန်ဆေးသောက်ရလိမ့်မယ်လို့ သေသေချာချာမှတ်ကြပါ (မှန်ပါ့)၊ အန်ဆေးဆိုတာဘာတုန်း ဆိုလို့ရှိရင်ဖြင့် သမ္မာဒိဋ္ဌိ ဦးစီးတဲ့ အလုပ်လုပ်ပေး (မှန်ပါ့)။
ဒီခန္ဓာကြီးထဲမှာ လောဘလာရင် ဖြစ်ပျက်ရှုပေး (မှန်ပါ့)၊ လောဘ မလာတဲ့အခါတော့ ကျန်တဲ့ခန္ဓာတွေ ဖြစ်ပျက်ရှုပေး၊ ဖြစ်ပျက်ရှုပေးလိုက်တော့ လောဘလဲမရှိဘူး၊ ကျန်တဲ့ခန္ဓာပေါ်မှာလဲ ခင်တဲ့တဏှာကော (မရှိပါ ဘုရား)။
မရှိတဲ့အခါကျတော့ လောဘတွေ ဒီတိုက်ရိုက်ဝင်နေတဲ့ လောဘရော-လောဘကို၊ လောဘ၏ အာရုံဖြစ်တဲ့ တရားတွေကိုလဲ လောဘ၏အာရုံမဖြစ်အောင် ကျုပ်တို့က အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာတွေနဲ့ ဦးလှထူးတို့က ရှုပေးလိုက်ပြီဆိုမှဖြင့် အင်း-လောဘနေစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
သမ္မာဒိဋ္ဌိမဂ္ဂင်ဆေး
လောဘအန်ထွက်သွားပြီ (မှန်ပါ့)၊ ဘယ်နှယ့်ကြောင့် လောဘအန်ထွက်သွားပါလိမ့်မတုန်းလို့ ဆိုလို့ရှိရင်ဖြင့် သမ္မာဒိဋ္ဌိမဂ္ဂင်ဆေး၊ အမှန်မြင်တဲ့ မဂ္ဂင်ဆေး သောက်လိုက်တဲ့အတွက် အန်ထွက်သွားပါတယ် (မှန်ပါ့)။
အဲဒီတော့ ဒီဟာက ဘာဟောပါလိမ့်မလဲလို့ နောက်ထပ်ဆရာဘုန်းကြီးက ယနေ့ အထူးပြောတာ ဘာပါလိမ့် မလဲ မမေးပါနဲ့တဲ့။
ဝိပဿနာရှုဖြစ်မှ အန်ထွက်မယ်၊ ဘယ်လို မှတ်ကြမယ် (ဝိပဿနာရှုဖြစ်မှ အန်ထွက်ပါမယ် ဘုရား)။
ဝိပဿနာရှုဖြစ်အောင် ရှုဆိုတာ လောဘလာရင် လောဘဖြစ်ပျက်ရှု (မှန်ပါ့)၊ ဒါဖြင့် လောဘလာရင် လောဘ ဖြစ်ပျက်ရှုလိုက်တော့ လောဘနေနိုင်သေးရဲ့လား (မနေနိုင်ပါ ဘုရား)။
လောဘ၏အာရုံဖြစ်တဲ့ဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့်စိတ်၊ ရုပ်ဖြင့်ရုပ်၊ ကြိုက်ရာတစ်ခုခုကို ဖြစ်ပျက် ရှုပြန် တော့ကော လောဘနေနိုင်သေးရဲ့လား (မနေနိုင်ပါ ဘုရား)။
အဲဒါသည်ကားဆိုရင် သမ္မာဒိဋ္ဌိတည်းဟူသော ဆေးတော်ကြီးကို သွင်းလိုက်တာနဲ့၊ အလောဘတွေနဲ့ယှဉ်တဲ့ သမ္မာဒိဋ္ဌိ ဆေးတော်ကြီးကို သွင်းလိုက်တာနဲ့ ဒကာ ဒကာမတွေ ခုနကမကောင်းတဲ့ တရားတွေ အန်ထုတ်သွားတယ် (မှန်ပါ့)။
အန်ထုတ်သွားတော့ ရောဂါသည်မှာ အင်း-နဂိုတုန်းကဖြင့် ကြွေးတင်နေတဲ့ ရောဂါကြီးဟာဖြင့် ဆပ်လို့လဲမပြီး ရှာလို့လဲမပြီးတဲ့ အလုပ်ကြီးဟာ သူမရှိတဲ့တစ်နေ့မှာ ဒကာ ဒကာမတို့ ဆပ်ချင်တဲ့စိတ်လဲ မလာတော့ပါဘူး၊ ရှာချင်တဲ့စိတ် ကော (မလာတော့ပါ ဘုရား)။
အဲဒီတော့ သူမရှိလို့ ဒီရောဂါ ကင်းသွားလို့ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဝိပဿနာ သမ္မာဒိဋ္ဌိ
အဲဒါကြောင့် ဝိပဿနာ သမ္မာဒိဋ္ဌိတည်းဟူသော မဂ္ဂင် ၅ ပါးနဲ့ အလောဘတို့ကတွဲပြီး သကာလ လောဘဖြစ် ပျက်ရှု၊ လောဘမှတစ်ပါး ဖြစ်ပျက်ရှုတဲ့ အန်ဆေးကို မသောက်ဖူးသရွေ့ကာလပတ်လုံး သူတို့အတွင်းမှာ အနုသယ သဘောနဲ့ ဒကာကြွယ် ကိန်းနေလိမ့်မယ် အောက်မေ့ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ရှုတတ်ပလား(ရှုတတ်ပါပြီ ဘုရား) လောဘလာရင်ဘယ့်နှယ်လုပ်ကြမတုန်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်ရှုရပါလိမ့်မယ်နော် (မှန်ပါ့)၊ သူပြီးသွားလို့ရှိရင်လဲ လောဘ၏ တည်ရာဌာနတွေကိုကော ဘာလုပ်ရမ တုန်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
လောဘ၏တည်နေရာဌာနတွေကိုလဲ ဒကာ ဒကာမတို့၊ လောဘက ခန္ဓာကိုယ်ကို ခင်သေးတာပဲ (မှန်ပါ့ ဘုရား)၊ အဲဒီခန္ဓာကိုယ်ထဲကလဲ ဝေဒနာတို့, စိတ်တို့, ရုပ်တို့ ဘာလုပ်ရမတုန်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်ရှုတဲ့ အခါကျတော့ အင်း ခုနက လောဘက ဟဒယဝတ္ထုပေါ်ကိန်းနေတာ၊ ဖြစ်ပျက်ရှုတဲ့ သမ္မာဒိဋ္ဌိနှင့် တကွ အလောဘတို့က ခန္ဓာကိုယ်ထဲရောက်တော့ သူက အန်ထွက်သွားပါတယ် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဆေးသမားကောင်းပါကွာဆိုပြီး သတ္တာဒေဝမနုဿာနံ-နတ်လူတို့၏၊ သတ္တာ-ဆရာပါပဲကွ (မှန်ပါ့)။ ဝါ ဆေးဆရာကြီးပါပဲကွ။
တိကိစ္ဆကော ဘိက္ခဝေ။ ဘိက္ခဝေ ရဟန်းတို့ တိကိစ္ဆကော ဆေးသမားဟူသည်၊ အဟံ ငါဘုရားပါပဲ။ ငါဟာ ဆေးသမားတဲ့၊ လောကကြီး ရောဂါသည်တွေ အကုန်လည်ကုနေတာကွ၊ သူကိုယ်တိုင် တာဝန်ခံထားတယ်နော် (မှန်ပါ့)။
ရောဂါတာရှည်လေ၊ ကျွန်သက်ရှည်လေ
အဲဒါကြောင့် ဒကာ ဒကာမတို့၊ ဒီရောဂါတာရှည်လေလေ၊ ကျွန်သက်ရှည်လေလေ (မှန်ပါ့)၊ လောဘ ဝမ်းထဲ ကိန်းလေလေ၊ ကျွန်သက်ရှည်လေလေဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ကျွန်သက်ရှည်တဲ့ တရားကို ကျုပ်တို့ အန်ထုတ်လိုက်ရလို့ရှိရင်ဖြင့် ကျုပ်တို့ ကျွန်ဘဝမှ လွတ်ကင်းတယ်၊ တဏှာစာရင်းမှ လွတ်ကင်းတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အေး ဒါကြောင့် ဒီကျွန်အဖြစ်မှ လွတ်ကင်းဖို့ရာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးလို့ရတဲ့ သဗ္ဗညုတ ဉာဏ်တော်နဲ့ရှာလိုက်တော့ သမ္မာဒိဋ္ဌိဆေးမူတစ်ပါး အန်ဆေး မရှိဘူး (မရှိပါ ဘုရား)။
သမ္မာဒိဋ္ဌိဆေးမှတစ်ပါး (အန်ဆေးမရှိပါ ဘုရား)၊ ဆေးမရှိဘူးဆိုပြီး ဒီအန်ဆေးချည်း ဝိပဿနာရှု၊ ဒါရိုက်ခိုင်း တာလဲ ဝိဿနာရှုပါ၊ ဝိပဿနာ ရှုပါဆိုတာ ဒကာကြွယ်ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
အန်ဆေးသောက်နေတာ (မှန်ပါ့)၊ ဘာဆေး သောက်နေတာပါလိမ့် (အန်ဆေးသောက်နေတာပါ ဘုရား)၊ အင်း-ရောဂါက ဘာတုန်းဆိုလို့ရှိရင်ဖြင့် ကြွေးတင်တဲ့ ရောဂါရှိနေတယ် (မှန်ပါ့)။
ကြွေးဆပ်ချင်တဲ့ ရောဂါရှိနေတယ်၊ စိတ်ရူးပေါက်နေတဲ့ရောဂါရှိနေတယ်၊ ကြွေးရှာချင်တဲ့ရောဂါ၊ ကြွေးဆပ်ချင် တဲ့ရောဂါသာရှိနေတယ် ဒကာ ဒကာမတို့၊ ဒကာ ဒကာမတွေ ကြွေးပြေချင်တဲ့သဘော သူ့မှာ ပင်ကိုစိတ် ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ပင်ကိုစိတ်မရှိတာ အတွင်းရောဂါရှိလို့ပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လောဘလာရင် ဘာလုပ်ရမတုန်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
အဲ သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိနဲ့ ရှုပစ်ပါ (မှန်ပါ့)၊ ပျောက်သွားပြီဆိုတဲ့ အခါကျတော့ သူကိန်းရာဌာန တွေကို ဒကာသစ်တို့က ဘာလုပ်ရမတုန်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက် ရှုလိုက်တဲ့အခါကျတော့ ဝမ်းထဲမှာ သမ္မာဒိဋ္ဌိတည်းဟူသော ဆေးတော်ကြီး ရောက်မသွား ပေဘူးလား (ရောက်သွားပါတယ် ဘုရား)။
မဂ္ဂင်ငါးပါးတည်းဟူသော ဆေးတော်ကြီး
သမ္မာဒိဋ္ဌိ မဂ္ဂင်ငါးပါးတည်းဟူသော ဆေးတော်ကြီး ရောက်သွားတဲ့အခါကျတော့ လောဘနဲ့တကွ တွဲနေတဲ့ မိစ္ဆာဒိဋ္ဌိဖြစ်ပြီး သကာလ ငါ့သား၊ ငါ့မယား၊ ငါကျွေးမှရမယ်ဆိုတဲ့ ဒိဋ္ဌိတည်းဟူသော ရောဂါတွေ အန်ထွက်သွားတယ် (မှန်ပါ့)။
သမ္မာဒိဋ္ဌိ ဆေးလဲသောက်မိပါရော မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ ရောဂါတွေ အန်ထွက်သွားရတယ်ဆိုတော့ ဒကာကြွယ်ရေ၊ သောက်ထိုက် မသောက်ထိုက် (သောက်ထိုက်ပါတယ် ဘုရား)။
အေး ဒါကြောင့် သောက်ကြစမ်းပါ၊ သောက်ကြစမ်းပါဆိုတာ၊ လောဘလာရင် လောဘဖြစ်ပျက်ရှု၊ လောဘ မလာလို့ရှိရင် လောဘမှတစ်ပါး ခန္ဓာကိုယ်ထဲမှာ အနိစ္စတွေ တစ်ပုံကြီးရှိတယ် (မှန်ပါ့)။
အဲဒါ အကုန်လျှောက်ပြီး ဝိပဿနာရှုနေလို့ရှိရင်ဖြင့် ငါရောဂါပျောက်တဲ့ဆေး၊ ငါသောက်နေတာပဲ၊ ငါအရူး မဟုတ်တော့ဘူး၊ အလျင်တုန်းကတော့ မောမှန်းမသိ ပန်းမှန်းမသိ ကြွေးဆပ်ပြီး သကာလ ပြီးတဲ့အလုပ်လဲ မဟုတ်ဘဲနဲ့ မပြီးတဲ့အလုပ်ကြီးကို မအားအောင် လုပ်ပြီး သကာလ နေတာဟာ ရောဂါရှိနေလို့ (မှန်ပါ့ ဘုရား)၊ ဘာရှိနေလို့ (ရောဂါ ရှိနေလို့ပါ ဘုရား)။
ဒါ ဒကာသစ်၊ ပြီးအုံးမလား (မပြီးနိုင်ပါ ဘုရား)၊ ကြွေးသွားရှာရတဲ့ အလုပ်ကလဲမပြီး (မပြီးပါ ဘုရား)၊ ကြွေး ဆပ်ရတဲ့အလုပ်ကကော (မပြီးပါ ဘုရား)၊ မပြီးဘူးတဲ့။
တစ်သိန်းလောက် ချမ်းသာပြီး သကာလ အိမ်မှာ စုထားနိုင်တဲ့ ငွေရှိတာတောင်မှ ကိုယ်က ကြွေးဆပ်ချင်တဲ့ ရောဂါက မပြေသေးတော့ တော်ပြီ တန်ပြီလို့ ကြွေးရှာသမားက ရပ်စဲရဲ့လား (မရပ်စဲပါ ဘုရား)။
မိစ္ဆာဒိဋ္ဌိရောဂါကို ဘယ်ဆေးနဲ့မှ ပျောက်ပါ့မယ်
အင်း တယ်ကြီးတဲ့ ရောဂါပါလား (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတွေ အလွန်ကြီးတဲ့ ရောဂါဆိုတာ ပေါ်ကြမလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် ဒီရောဂါကို၊ မိစ္ဆာဒိဋ္ဌိရောဂါကို ဘယ်ဆေးနဲ့မှ ပျောက်ပါ့မယ် (သမ္မာဒိဋ္ဌိ ဆေးနဲ့မှ ပျောက်ပါမယ် ဘုရား)။
အဲ မိစ္ဆာဒိဋ္ဌိ ဆေးတော်ကြီးကိုမှ မသောက်ကြတော့ဘူး ဆိုလို့ရှိရင် ဒကာကြွယ်တို့ တစ်သံသရာလုံး ပစ္စုပ္ပန်မှာ လူငနွား၊ သေတဲ့အခါ အပါယ်သွား (မှန်ပါ့ ဘုရား)။
ပစ္စုပ္ပန်မျာ (လူငနွားပါ ဘုရား)၊ လူငနွား၊ ဖြစ်နေလို့ ပြေးကြွေးရှာလိုက် ဆပ်လိုက်၊ စဉ်းစားကြည့် ပါလား၊ ဒကာ ဒကာမတို့၊ လူငနွားဆိုတာက နွားက မြက်စားပြီး သကာလ လူကို ဆန်လုပ်ကျွေးရတာ (မှန်ပါ့)။
နွားက ဘာလုပ်ရတုန်း (မြက်စားရပါတယ် ဘုရား) လူကိုတော့ ဆန်ဖြစ်အောင် လုပ်ကျွေးရတယ် ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတွေ၊ ကိုယ်ကတော့ အရိုးအရင်းလေးစားပြီး သားတွေ မယားတွေကျတော့ အသားတွေ ကျွေးပြီး သကာလ သူတို့ဝတ်ပြန်စားပြန်တော့လဲ ယောကျ်ားဝတ်တာ စားတာနဲ့ မိန်းမဝတ်တာ စားတာနဲ့ ဒကာကြွယ်ပဲ ကြည့်ပါ၊ ဘယ်သူက အဖိုးတန်တွေ သူ့ဆီမှာ ဘယ်သူကများတယ်ဆိုတာ သူတို့နားကပ်တစ်ခုပဲ ရတီချိန်များ များသ လောက် အဖိုးက တန်တယ် (မှန်ပါ့ ဘုရား)။
ဘီးတစ်ခု ရတီချိန်များ များသလောက် အဖိုးတန်တယ် (မှန်ပါ့ ဘုရား)၊ ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား) အဲဒီတော့ ကိုယ်ကတော့ အရိုးအရင်စား သာမည အထည်လေးဝတ်ပြီး သကာလ သူတို့ဖို့ အဖိုးထိုက်တာတွေ လုပ်ကျွေးနေရတယ်ဆိုတော့ လူငနွားမဟုတ်ရင် ဘာပြောစရာ ရှိသေးတုန်း (မရှိပါ ဘုရား)၊ သဘောပါပြီလား (ပါပါ ပြီ ဘုရား)။
အဒီတော့ ခင်ဗျားတို့က ဘဝင်များမြင့်ပြီး သကာလ ရှေ့သွား နောက်လိုက်ညီတယ်လို့ အောက်မေ့နေတယ်၊ ကိုယ်က အစုတ်နဲ့ ဟိုက စိန်တွေ, ရွှေတွေနဲ့။
မြက်စားပြီး တင်းတိမ်နေတယ်
ရှေ့သွား နောက်လိုက် ညီတယ်ဆိုပြီးများ တင်းများ တင်းတိမ်နေလိုက်သေးတယ် (မှန်ပါ့ ဘုရား)၊ အမလေး မြက်စားပြီး တင်းတိမ်နေတယ်၊ ဘယ်လောက်များ ဆိုးတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒါတွေ စဉ်းစားပြီး ကြည့်တော့မှ ဪ ဒါ ရောဂါက ထွက်လာတဲ့အသံ (မှန်ပါ့)၊ ရှေ့သွား နောက်လိုက် ညီလိုက်တာတဲ့၊ သူများက ဘေးက လက်ခုပ်တီးပေးတဲ့အခါကျတော့ ကိုယ့်မှာတော့ လက်စွပ်ကလေး တစ်ကွင်းလောက်နဲ့ ဟိုမှာတော့ လယ်တုန်ရော, ဘာရော အလုံးစုံ အကုန်စုံလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါ ရှေ့သွားနောက်လိုက် ညီတယ်လို့ သူများက လက်ခုပ်တီးပေးလိုက်တဲ့အခါကျတော့ ဒီနွားက ပိုရုန်းချင်တာ ပေါ့ဗျာ (မှန်ပါ့)။
မဆိုရဘူးလား (ဆိုရပါတယ် ဘုရား)၊ အဲ့ဒါတွေ စဉ်းစားကြည့်တော့မှ ကျုပ်တို့သည်ကားဆိုလို့ရှိရင် ရောဂါ ရှိလို့ တင်းတိမ်တာ (မှန်ပါ့ ဘုရား)။
ဟိုက မြက်စားပြီး သကာလ ဆန်တွေကို လူတွေလုပ်ကျွေးရတဲ့ နွားလိုပဲ ဒီရောဂါရှိနေလို့ရှိရင် နွားလိုပဲ ရောဂါမပျောက်လို့ရှိရင်ဖြင့် ကိုယ်တော့ တော်ရုံပဲ။
သူတို့ မိန်းမသားဆိုတော့ ပွဲနေ, ပွဲထိုင်ကများတယ်၊ သူတို့တော့ ခြယ်ခြယ်လှယ်လှယ်ရှိမှ အဲ သိုင်းသိုင်းဝိုင်း ဝိုင်းရှိမှာ တော်တယ်ဆိုပြီး ဒို့ယောကျ်ားတော့ တယ်အရေးမကြီးဘူး၊ ဘန်ကောက် လုံချည်လောက်ဆို တော်တာပါပဲ။
ဒီလိုနဲ့ပဲ တင်းတိမ်ပြီး သကာလ နေတဲ့ဥစ္စာ ရှာတာကိုယ်ရှာတာ၊ ဝတ်တာက သူတို့ဝတ်တာ (မှန်ပါ့)၊ ဒီအတိုင်း မနေဘူးလား။
အဲဒီတော့ ကိုယ်ရှာတာကို ဝတ်တာက သူတို့ဝတ်တာကိုး၊ ကိုယ်က တင်းတိမ်နေတယ်ဆိုတည်းက ကိုယ်စားရလို့ တင်းတိမ်နေတာလား၊ မစားရဘဲနဲ့ တင်းတိမ်နေတာလား (မစားရဘဲနဲ့ တင်းတိမ်နေတာပါ ဘုရား)။
ရောဂါရှိနေပြီ
ဒါဖြင့် ရောဂါရှိနေပြီ (မှန်ပါ့)၊ မစားရဘဲနဲ့ တင်းတိမ်နေတယ်ဆိုတည်းက ရောဂါရှိနေပြီ (ရှိပါတယ် ဘုရား)။ (မဟုတ်ဘူးလား)။
ရောဂါရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ထမင်းမစား, ဟင်းမစားနိုင်တဲ့အခါကျလို့ရှိရင် ဘယ့်နှယ်ကြောင့် မစားသတုန်း မေးလို့ရှိရင် ဖျားလို့, နာလို့, ရင်ပြည့်လို့ဆိုတာတွေ အဖြေထွက်လာပါတယ်၊ မထွက်ဘူးလား (ထွက်လာပါတယ် ဘုရား)။
ဒီမှာလဲ ကိုယ်တော့ မဝတ်ရချင်နေပါစေ၊ သူတို့လှလှပပနဲ့ နေရင်ပဲ တော်ပါပြီဆိုတော့ ဘာရောဂါရှိနေလို့တုန်း ဆိုတော့ ကမစ္ဆန္ဒနီဝရဏ ရှိနေလို့။
ဘာရောဂါရှိနေလို့ (ကမစ္ဆန္ဒနီဝရဏ ရောဂါရှိနေလို့ပါ ဘုရား)၊ ကမစ္ဆန္ဒနီဝရဏ ရောဂါရှိတာဟာ ကိုယ်တော့ဖြင့် အရိုးအရင်းစားမယ်၊ အသားသူ့ကို ကျွေးမယ်၊ ကိုယ်သာမညလောက်ပဲ ဝတ်မယ် ဟုတ်လား။
ထည်ထည်ဝါဝါ အဖိုးတန်ပစ္စည်းတော့ သူတို့ဖို့ထားမယ်ဆိုတော့ ကိုယ်ကတော့ မစားချင်, မသောက်ချင်တဲ့ ရောဂါရှိနေပြီ၊ မရှိဘူးလား ဦးလှဘူး (ရှိပါတယ် ဘုရား)။
အဲဒါတွေ ရှိနေတာထောက်လို့ရှိရင်ဖြင့် ရိုးရိုးပဲလား ရောဂါရှိနေလို့လား (ရောဂါရှိနေလို့ပါ ဘုရား)။
အဲဒါ အန်ဆေး မသောက်တော့ဘူး၊ ဘုရားက အန်ဆေးမတိုကဘူး၊ ဆရာသမားက အန်ဆေးမတိုက်တော့ဘူး ဆိုလို့ရှိရင် ဒီလူ ဒီရောဂါနဲ့သေမှာ (မှန်ပါ့ ဘုရား)၊ မသေပေဘူးလား (သေမှာပါ ဘုရား)။
ဒီရောဂါနဲ့ သေတဲ့အခါကျတော့ အသေဆိုးလဲဖြစ်ရလိမ့်မယ် (မှန်ပါ့)၊ ရောက်ရာဘဝ အနေဆိုးကကော (ဖြစ်ရမှာပါ ဘုရား)၊ ဒကာကြွယ် ဒါကြောင့် ဒီလောက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆရာသမား အဖန်ဖန် ပြောဆိုတာကော သဘောပါကြရဲ့လား (ပါကြပါတယ် ဘုရား)။
အေး ဒါကြောင့် အရိယာများဟာ ဘယ့်နှယ်ကြောင့် အရိယာဖြစ်ရပါလိမ့်မတုန်း၊ သူတို့မှာ သားလဲမရှိ, သမီးလဲမရှိ, ကိုယ့်ကိုယ်ကိုလဲ ဒီလောက် ဂရုမစိုက်၊ ဒီအန်ဆေးတွေသောက်မိတဲ့အတွက် ကျွန်အလုပ်တွေ ဇာတ်သိမ်းပစ် လိုက်တယ် (မှန်ပါ့)။
အန်ဆေးတွေသောက်ပြီး (ကျွန်အလုပ်တွေ ဇာတ်သိမ်းပစ်ပါတယ် ဘုရား)၊ ကျွန်အလုပ်တွေ သိမ်းပစ်လိုက်ရ တယ်ဆိုတာ ဪ ဒကာကြွယ်တို့ ကျွန်ခံလို့ အားမရတာ၊ ဒကာသစ်တို့ ကျွန်ခံလို့ အားမရတာဟာ ရောဂါရှိသေးတယ် နော် (မှန်ပါ့)။
ဒိဋ္ဌိပယောဂ ဝင်နေတယ်
ဒကာ ဒကာမတွေ ဘာရှိသေးတုန်း (ရောဂါရှိနေပါတယ် ဘုရား)၊ ခင် ရောဂါရှိနေတယ် (မှန်ပါ့)။
ခင်ရောဂါရှိပြီး သကာလ နေတော့ ဒါရောဂါအမှန်ပဲလား၊ ပယောဂပဲလားဆိုတာတွေးအုံး (မှန်ပါ့ပယောဂပါ ဘုရား)၊ ဒိဋ္ဌိပယောဂ ဝင်နေတယ်။
အင်း ငါရှိရဲ့နဲ့ သူတို့ ဒီလိုထားလို့ မတော်ဘူးဆိုတဲ့ ဒိဋ္ဌိပယောဂရော (ရှိပါတယ် ဘုရား)၊ အဲဒီ ပယောဂကို သမ္မာဒိဋ္ဌိတည်းဟူသော ဆေးတော်ကြီးကို မသောက်လို့ရှိရင် မိစ္ဆာဒိဋ္ဌိတည်းဟူသော ပယောဂ၊ ဘယ်တော့မှ အန်ထွက်မှာ မဟုတ်ဘူး၊ ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါ ဘုရား)၊ အဲဒါကြောင့် ဒကာ ဒကာမတွေ အန်ဆေးကို ဘုရားသည် တိုက်ဖို့ရာ ပွင့်ထွန်းပေါ်လာခဲ့တယ်။
ဘုရားများ တရားဟောနေတာလဲ အန်ဆေးတိုက်နေတယ်လို့ဆိုတာ သေသေချာချာ မှတ်ထားပါ (မှန်ပါ့)၊ အဲဒီအန်ဆေးလဲ တိုက်တော့မယ်လို့ ဆိုလို့ရှိရင် ဒကာ ဒကာမတွေက ရောဂါက ကမ္ဘာကပေါ်လာတဲ့ရောဂါ ဖြစ်နေတော့ အန်ဆေးသောက်ရတော့မယ်ဆိုတော့ ရက်ရွေးနေသေးတယ် (မှန်ပါ့)။
ရက်ရွေးချင်တယ်၊ အသက်ကြီးအောင်လဲ စောင့်ချင်သေးသလိုလို မလာတတ်ဘူးလား (လာတတ်ပါတယ် ဘုရား)၊ ရောဂါက ပြောနေတဲ့ အသံတွေက တယ်များပါလား (မှန်ပါ့)။
ဒကာကြွယ် နက်ဖြန် ဒီအိမ်က ထွက်ခဲ့ဗျာ၊ ဟာ ဒီလို ဟုတ်သေးမထင်ပါဘူး၊ ဒါ လူလာပြောတာလား၊ ရောဂါက ပြောတာလား (ရောဂါက ပြောတာပါ ဘုရား)။
ရောဂါပြောတာ၊ ရောဂါ မပျောက်သေးဘူး (မှန်ပါ့၊ မပျောက်သေးဘူး မပျောက်သေးဘူး၊ ဒီဥစ္စာကြီး ခင်ဗျား သံပေါက်ကြိတ်စက်ကြီး ဖြုတ်ပစ်စမ်းပါလား၊ နားကလဲငြီးနဲ့၊ တစ်ဖြောင်းဖြောင်း ခတ်နေတာနဲ့ ကျက်သရေ မင်္ဂလာ မရှိဘူး။
ကာသဝိဝေကလဲ မဖြစ်ပါဘူး၊ ကိုယ်လဲ မဆိတ်ပါဘူး၊ စိတ်လဲ မဆိတ်ပါဘူး၊ ဒီဟာတွေ ဖြုတ်ပစ်စမ်းပါဆိုတော့ တစ်စတစ်စ ဖြုတ်ပါရစေ (မှန်ပါ့)၊ အင်း ရောဂါရှိတယ် (မှန်ပါ့)၊ ရောဂါရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ပယောဂက ပြောတာ
အန်ဆေး၊ သောက်ချင်သေးလား (မသောက်ချင်ပါ ဘုရား)၊ မသောက်ချင်လို့ရှိရင်ဖြင့် မပျောက်ချင်သေးတဲ့ အဓိပ္ပါယ်လဲ ပါတယ်၊ ဒါဖြင့် ဒကာသစ်ရေ ဒီဥစ္စာ လူမမာလား၊ ပယောဂလား၊ လူကပြောတာလား၊ ပယောဂက ပြောတာလား (ပယောဂက ပြောတာပါ ဘုရား)။
အင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူမသောက်ချင်နေ တိုက်ရမှာပဲ (မှန်ပါ့)၊ ဒါကြောင့် သောက်ပြန်တော့ ပျောက်သွားတဲ့အခါကျတော့ ခုနက အရိယာသူတော်ကောင်းတွေနဲ့ တိုးမိတဲ့ အခါကျတော့လဲ ဪ-နဂို အမှားတော်ကြီး ရှက်များနေလိုက်သေးတယ်။
မရှက်ပေဘူးလား (ရှက်ပါတယ် ဘုရား)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ ‘အရိယာ ဝမ္မနဆေး’ ဆိုတဲ့ ဥစ္စာ ဝိပဿနာရှုတာ၊ အရိယာ၏ ဝမ္မနဆေး၊ ဝါ အန်တဲ့ဆေး (မှန်ပါ့)၊ ဘာဆေးတဲ့ဗျာ (အန်ဆေးပါ ဘုရား)၊ မိစ္ဆာဒိဋ္ဌိရောဂါ တွေ အကုန် အန်ထုတ်တဲ့ဆေးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အာနန္ဒာ၊ ဒါအဆိပ်တွေကွ
ဘုရားသခင် ကိုယ်တော်မြတ်ကြီး မနက် မိုးလင်းသွားတဲ့အခါကျတော့ ရွှေတုံးငွေတုံးကြီးတွေ လယ်ထဲတွေ့ တယ်ဗျာ၊ အာနန္ဒာ၊ ဒါအဆိပ်တွေကွ၊ အဆိပ်တွေကွ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ အဆိပ်တွေကွ၊ အဆိပ်တွေ ကွလို့ပြောတော့ ဒကာ ဒကာမတို့၊ ရောဂါမရှိတဲ့ ပုဂ္ဂိုလ်မို့ အဆိပ်တွေကွ၊ အဆိပ်တွေကွလို့ ပြောတာပေါ့ (မှန်ပါ့ ဘုရား)။
အဲဒီ အဆိပ်တွေ ကြီးလှစွာသော မြွေကြီးကွ၊ အင်မတန် အဆိပ်ပြင်းတယ်ကွလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ အဲဒီ လယ်သမားက ကြားတဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြီးလှစွာသော မြွေကြီး၊ အလွန်အဆိပ်ပြင်းတယ်လို့ ပြောတယ်ဆိုပြီး ဘုရားနဲ့ ညီတော် အာနန္ဒာ ပြန်သွားမဟုတ်လားဗျာ (ပြန်သွားပါတယ် ဘုရား)။
ပြန်သွားပြီး သကာလ လယ်သမားက ငါသွားကြည့်ဦးမယ် ဒီမြွေဘယ်လောက်ကြီးသတုန်း၊ ဘယ်လောက် အဆိပ်ပြင်းသတုန်း သွားကြည့်တဲ့အခါကျတော့ ရွှေတုန်းကြီးတွေ ဖြစ်နေတယ် (မှန်ပါ့)၊ ရွှေတုံးကြီးတွေ ဖြစ်ပြီး သကာလ နေတော့ သူက သိမ်းပိုက်လိုက်တာပေါ့ဗျာ (မှန်ပါ့)။
ဟိုက မနက်ခင်း မိုးလင်းတော့မြို့ထဲက ခြေရာခံလိုက်လာတော့ ဓားပြတွေ ထားပစ်ခဲ့တဲ့ ပစ္စည်းတွေ ဖြစ်နေ တော့ သူ့ရိုက်နှက်ဖမ်းတာပေါ့၊ မြွေကိုက်တာပေါ့ဗျာ (မှန်ပါ့)၊ အဆိပ်ဟုတ် မဟုတ် သတိထားစမ်း (ဟုတ်ပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ၊ မျိုမိတဲ့ပုဂ္ဂိုလ်ကျတော့ ဒုက္ခက ချက်ချင်းမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲ ဒကာ ဒကာမတွေလဲ မျက်စိက အထင်လွဲပြီး သကာလ နေတော့ မျိုမိကြတယ်ဆိုတဲ့အဓိပ္ပါယ် မပါဘူးလား (ပါပါတယ် ဘုရား)၊ အဲ ဒီတင်မှ လယ်သမားကနေပြီး သကာလ ဓားပြတွေကရိုက် ပုလိပ်တွေကလိုက်၊ လိုက်လာကြတဲ့ အခါကျလို့ရှိရင်ဖြင့် သူခိုးတာမဟုတ်ဘူး၊ သူဝှက်တာမဟုတ်ပါဘူး၊ ဟုတ်တော့လဲ မဟုတ်ဘူး၊ မဟုတ်ပေမယ့် သူ့လက် တွင်းမီတာကိုး (မှန်ပါ့)။
ဒီအကြောင်း ဘုရားသိပါတယ်
”ဒီအကြောင်း ဘုရားသိပါတယ်၊ ဒီအကြောင်းဘုရားသိပါတယ်” ဆိုတဲ့ တစ်လုံးတည်း ထွက်နေတော့ ခက်နေ တာပေါ့ (မှန်ပါ့ ဘုရား)၊ ဘုရားလဲမသိဘူးလား (သိပါတယ် ဘုရား)။
ဘုရားက ဒီနား ညီတော် အာနန္ဒာကြည့်စမ်းဟေ့ အင်မတန် ပြင်းထန်တဲ့အဆိပ်ရှိတဲ့ မြွေကြီးတွေကွ ပြောသွား တယ်၊ သူက ဒါဟာ အဆိပ်ရှိတဲ့မြွေရယ်လို့ မထင်ဘူး၊ သူစိတ်ထဲ ရောဂါထနေတော့၊ ဒီဟာရရင် ချမ်းသာလိမ့်မယ်ထင်လို့ သွားပြီး သိမ်းပိုက်လိုက်တာ ချက်ချင်း အရိုက်အနှက်ခံရတယ် (မှန်ပါ့ ဘုရား)။
မခံရဘူးလား (ခံရပါတယ် ဘုရား)၊ အဲ ရောဂါရှိတဲ့ ပုဂ္ဂိုလ်ကတော့ ပြောင်းပြန်ထင်တာ ဒီမြွေပဲ သွားဖမ်းသလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ဘုရားက ရောဂါမရှိလို့ ညီတော် အာနန္ဒာ အဝေးက ရှောင်ကွ၊ အဆိပ်ပြင်းတဲ့ မြွေကြီးဆိုပြီး ပြန်သွားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဒကာကြွယ်ရေ အခုတော့လဲ ဒကာ ဒကာမတွေက မိုးလင်းလာ မြွေအရှာထွက်တည်းက ဖြစ်နေတယ် (မှန်ပါ့)၊ ဘာဖြစ်လို့ ကိုယ့်ကိုက်အောင်လို့ (မှန်ပါ့)။
သဘောကျပလား (ကျပါတယ် ဘုရား)၊ ကိုယ့်ကိုက်တယ် မကိုက်တယ်ဆိုတာ များများရတဲ့နေ့ အအိပ်ပျက် တာသာ ကြည့်ပေတော့ (မှန်ပါ့)။
အထားအသိုနှင့်တကွ သတိထားရတာပဲ စဉ်းစားပေတော့ (မှန်ပါ့)၊ ညတွင်းကိုပဲ ကိုယ့်စိတ်ကို ဝမ်းထဲချည်းပဲ ဝင်ကိုက်တာပဲ (မှန်ပါ့)။
ဘယ်ကိုက်တုန်း (ဝမ်းထဲဝင်ကိုက်ပါတယ် ဘုရား)၊ ဒီ့ပြင် မြွေက ခြေမျက်စိ အထက်ကိုက်ဖို့ အတော်ခဲယဉ်း တယ် (မှန်ပါ့)။
ဒီမြွေကိုက်လိုက်ပြီဆိုမှဖြင့်
ဒီမြွေကိုက်လိုက်ပြီဆိုမှဖြင့် ဝမ်းထဲရောက်အောင် ကိုက်တယ် (မှန်ပါ့)၊ အိပ်မပျော်အောင် ကိုက်တယ် (မှန်ပါ့)။
သဘောကျပလား (ကျပါတယ် ဘုရား)၊ အဲဒီတွင် ဘုရားပဲ သက်သေထူနေတယ်ဆိုတဲ့ဥစ္စာ ဓမ္မပဒမှာ သေချာ လာတယ် ဒကာကြွယ်ရေ (မှန်ပါ့)။
ခက်လိုက်တာ ရာဇဝတ်သားကလဲ၊ ဒီလူကလဲ သူမယူကြောင်း ဘုရားသိပါတယ်၊ သူမယူကြောင်း ဘုရားသိ တယ်လို့ဆိုတဲ့ဥစ္စာ ဘုရားပဲ သက်သေထူနေလို့ အတော်ကျပ်နေတယ် (မှန်ပါ့)၊ အတော်ကျပ်နေတဲ့ အခါကျတော့ ကောသလမင်းကြီးဆီ ပို့လိုက်တယ်။
ဒီရာဇဝတ်သားက သူမခိုးဘူးလို့ ပြောတယ်၊ ဘုရားသိတယ်လို့ဆိုတော့ ဘုရားကို ရုံးတော်အမိန့် ခေါ်ဖို့လဲ အတော်ခဲယဉ်းတယ် (မှန်ပါ့)။
ဒါနဲ့ ကောသလမင်းကြီးက ကဲကွာ မင်းဟာ ဘယ်လိုသိတုန်းမေးတော့ မင်းက ဘုရားသိတယ်၊ ဘုရားသက်သေ စရိတ်နဲ့ ငါက ခေါ်လို့ရတာ မဟုတ်ဘူး (မှန်ပ့ါ)။
အဲဒီတော့ ငါနဲ့ ညနေ မင်းနဲ့သွားရအောင်ကွ (မှန်ပါ့)၊ ဆိုပြီး ဘုရားဆီ သွားရှင်းရတာ (မှန်ပါ့)၊ “အရှင်ဘုရား မနက်က ဘယ်များ ကြွမိပါတုန်းဘုရား” “ဟော လယ်တောတဲ့ကွာ ညီတော်အာနန္ဒာနဲ့ ငါနဲ့ အဆိပ်ပြင်းတဲ့ မြွေကြီး တစ်ကောင် တွေ့ခဲ့တယ်ကွ (မှန်ပါ့)။
အဲဒီမြွေကြီးတော့ ငါမြင်ပြီး သကာလ ကြည့်စမ်း, ကြည့်စမ်း အာနန္ဒာ၊ ဒါအဆိပ်ပြင်းတဲ့ မြွေကြီးဆိုပြီး ဒို့ပြန်လာခဲ့ တယ်ကွဆိုတော့ (မှန်ပ့ါ)၊ စကားက ရှင်းသွားတယ် (မှန်ပ့ါ)။
သူမခိုးတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက
“ဟနန္တိ ဘောဂဒုမ္မေဓံ၊ နောစ ပါဒဂဝေသိနော၊
ဘောဂံ တဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေဝ အတ္ထာနံ”။
ဘောဂါ စည်းစိမ်ဥစ္စာ ရတနာတို့သည်၊ ဒုမ္မေဓံ ပညာမရှိတဲ့ ပုဂ္ဂိုလ်ကို၊ ဟနန္တိ သူက သတ်ကုန်၏၊ ဝါ သူက ကိုက်ကုန်၏ (မှန်ပ့ါ)၊ သူက ကိုက်တာပဲတဲ့။
နောစ ပါဒ ဂဝေသိနော နိဗ္ဗာန်ရောက်အောင်လဲ ဒီတရားက, ဒီပစ္စည်းက မပို့ပါဘူးတဲ့၊ အပါယ်ရောက်အောင် လဲ ပို့ချလိုက်တာပဲ (မှန်ပါ့)။
မိမိကိုယ်ကို ကိုက်သတ်ပြီး အပါယ်ချလိုက်တာ
ဘောဂ တဏှာယ ဒုမ္မေဓော၊ ဒုမ္မေဓော ပညာမရှိသော ပုဂ္ဂိုလ်သည်၊ ဘောဂတဏှာယ ကျွန်သပေါက် အလုပ်ကို လုပ်မိတဲ့အကွက်ထဲ၊ ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေဝ အတ္တာနံ၊ မိမိကိုယ်ကို ကိုက်သတ်ပြီး အပါယ်ချလိုက်တာတဲ့ (မှန်ပါ့)။
ဘယ်လောက်များဆိုတုန်း (ဆိုးပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီဒကာ ဒကာမတို့၊ ဒီလောက်တောင်ပဲ ဆိုးရွားတဲ့ပစ္စည်း၊ ဒီလောက်တောင်ပဲ ကျုပ်တို့မှာ ကျွန်သပေါက်လုပ်တဲ့ ပစ္စည်းလို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါဖြင့် ဒီရောဂါကို၊ ဒီလောဘ ရောဂါကို၊ ကာမစ္ဆန္ဒ နီဝရဏေရောဂါကို အန်ဆေးမှ မသောက်တော့ဘူးဆိုရင် ဘယ်တော့ ပျောက်တော့မတုန်း (မပျောက်ပါ ဘုရား)။
ဒီမပျောက်တာက ဒီ့ပြင် ဝေဒနာက အင်း ခုနစ်ရက်ခံရတယ်၊ ခုနစ်ရက်ရှိ ပျောက်ပါတယ်၊ အင်း ကျုပ်တော့ဖြင့် နှစ်ဆယ့်နှစ်ရက်ရှိ ပျောက်ပါတယ်ဟုတ်လား။
ဒီလို အစရှိသည်နဲ့ ရက်ကန့်သတ်ရှိသေးတယ်၊ ခင်ဗျားတို့ လောဘ ကိန်းနေတဲ့ပုဂ္ဂိုလ်က ကြွေးရှာထွက်တာနဲ့ ကြွေးပြန်ဆပ်နေတာ ရက်ဘယ်လောက်တုန်းလို့မေးရင် (မရေတွက်နိုင်ပါ ဘုရား)။
ကန့်သတ်ချက်ရှိကြရဲ့လား၊ တယ်ကြီးတဲ့ ရောဂါပါလား (မှန်ပါ့)၊ ဒါဖြင့် အရိယာဆေးမှပဲ ရတော့မယ် ဒကာ ဒကာမတို့၊ ဒီ့ပြင် ဆေးတော့ဖြင့် (မရတော့ပါဘူး ဘုရား)။
ဒါဖြင့် အရိယာဆေးက ဘာပါလိမ့်မတုန်းဆိုတော့ လောဘလာရင် လောဘ ဖြစ်ပျက်ရှု (မှန်ပါ့)၊ လောဘ မရှိလို့ရှိရင် မှီရာဖြစ်တဲ့ ခန္ဓာတွေကို (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အဲဒီ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဝမ်းထဲမှာ သမ္မာဒိဋ္ဌိတွေ ရောက်မသွားလား (ရောက်သွားပါတယ် ဘုရား)၊ ကိုင်း-မိစ္ဆာဒိဋ္ဌိနဲ့ တွဲနေတဲ့လောဘနဲ့ မိစ္ဆာဒိဋ္ဌိနဲ့ တွဲနေတာတွေ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
သူတို့ အန်ထုတ်လိုက်တော့လဲ ဒါတွေ အဆိပ်တွေပဲလို့ သိတာ (မှန်ပါ့)၊ သူတို့အန်ထုတ်လိုက်တဲ့ ဘုရားနဲ့ ညီတော်အာနန္ဒာ အန်ထုတ်ပြီးသား ပုဂ္ဂိုလ်တွေ ဖြစ်နေတော့
ဪ ညီတော် အာနန္ဒ ကြည့်စမ်းဟေ့၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေကြီးပဲဆိုတော့ သူတို့က သိမ်းပိုက်သေး လား၊ ကြောက်တာနဲ့ ပြန်သွားကြသလား (ကြောက်တာနဲ့ ပြန်သွားကြပါတယ် ဘုရား)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။
ရောဂါပျောက်တဲ့ပုဂ္ဂိုလ်နဲ့၊ ရောဂါရှိတဲ့ ခုနက တောင်သူလယ်သမားတော့ အရိုက်ခံလိုက်ရတယ် ဒကာသစ်ရေ (မှန်ပါ့)၊ ရောဂါပျောက်တဲ့ ကိုယ်တော်မြတ်ကြီး နှစ်ပါးတော့ ပြန်သွားတယ်၊ ရှေ့တောင်မတိုးဘူး (မှန်ပ့ါ)။
ဒီအဆိပ်ရှိတဲ့ မြွေကြီး ကြောက်လွန်းလို့
ဒီအဆိပ်ရှိတဲ့ မြွေကြီး ကြောက်လွန်းလို့၊ လန့်လွန်းလို့ဆိုတာ သဘောပါပလား (ပါပါတယ် ဘုရား)၊ ကိုင်း ဒါဖြင့် ဒီရောဂါ အန်တဲ့နည်းကော ရမလား (ရပါပြီ ဘုရား)။
လောဘလာရင် (ဖြစ်ပျက်ရှုရပါတယ် ဘုရား)၊ သူမရှိရင် (သူ့မှီရာဌာန ခန္ဓာဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ သူ့မှီရာ ဌာန ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အဲဒီကဲ့သို့ ဖြစ်ပျက်ရှုလိုက်လို့ရှိရင် ခင်ဗျားတို့ အန်ဆေးတော့ သောက်မိပါပြီ (မှန်ပါ့)၊ အဲဒီတော့ ရောဂါ ပျောက်တယ်ဆိုတာ အရိယာ ဖြစ်တယ်ပြောတာ (မှန်ပါ့)။
ရောဂါပျောက်တယ်ဆိုတော့ (အရိယာဖြစ်တယ်လို့ ပြောတာပါ ဘုရား)၊ အရိယာ ဖြစ်တာကို ဆိုပါတယ်ဆိုတော့ အခု ဒကာသစ်တို့၊ ဒကာကြွယ်တို့ဟာ ရောဂါလေးက မပျောက်သေးတော့ မကင်းတရားလေးက ရှိသေးတယ် (မှန်ပါ့ ဘုရား)။
ဒါလေးထါက်လာတယ်၊ ဒါ ဘယ်က ထွက်လာတာတုန်း၊ ခုနက လူစင်စစ်က ထွက်လာတာလား၊ ဒကာ ဒကာမတွေ ရောဂါက ထွက်လာတဲ့အသံလား (ရောဂါက ထွက်လာတဲ့ အသံပါ ဘုရား)။
ဖြုန်းခနဲ တိတိတောက်တောက်ကြီး ပြတ်တောက်သွားလို့တော့ တော်သေးမထင်ပါဘူး (မှန်ပ့ါ)၊ ဒါ ဘယ်သူက ထွက်လာတဲ့အသံတုန်း (ရောဂါက ထွက်လာတဲ့အသံပါ ဘုရား)။
ဪ ရောဂါသံတွေကလဲ ဒကာကြွယ် တယ်ပရိယာယ်များပါလား (များပါတယ် ဘုရား)၊ အင်း ရက်ကလေး ဆိုင်းပြီး တစ်စတစ်စများ သွားရရင်တော့ ဖြစ်မလား မပြောတတ်ဘူး (မှန်ပါ့)။
ရောဂါက ထွက်လာတဲ့အသံ
ဘယ်သူက ထွက်လာတဲ့အသံတုန်း (ရောဂါကထွက်တဲ့အသံပါဘုရား)၊ ဒါ ရောဂါက ထွက်လာတဲ့အသံလို့ ဒကာ ဒကာမတွေက မသိဘူး။
ဒီလူကြီး ဒကာသစ်တို့လို၊ ဒကာကြွယ်တို့လို၊ ဒကာအုန်းတို့လိုကျတော့ တော်လိုက်တာ၊ သူတော်ကောင်းများ ထွက်လာတဲ့အသံ၊ အဖိုးတန်လိုက်တာ ကျုပ်တို့တော့ ခင်တော့တာ မဟုတ်ပါဘူး၊ တစ်နေ့နေ့တော့ ထွက်ဖို့ စိတ်ကူးနေတယ် ဆိုတော့ ဘေးက တော်လိုက်တာဆိုတော့ ဘုန်းကြီးတို့ကတော့ တော်တယ် မဆိုပါဘူး။
ရောဂါက ထွက်လာတဲ့အသံကြီး၊ ဒီဥစ္စာ ရောဂါပျောက်တဲ့ အသံဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ ဘာက ထွက်လာတာတုန်း (ရောဂါက ထွက်လာတာပါ ဘုရား)။
အဲဒါ ဘေးကဟာတွေ သွားမယုံနဲ့ ဒကာကြွယ်၊ ဒကာသစ်တို့ရ၊ ရောဂါက ထွက်လာတဲ့အသံက သေချာတယ် (မှန်ပါ့)။
ဖြုန်းခနဲ ရောဂါကို နှိမ်နင်းတဲ့ ဆေးသောက်ပါတော့မယ်၊ အားထုတ်တဲ့ဆေး သောက်ပါတော့မယ်၊ ချက်ချင်း သောက်ပါမယ်၊ ဒီလိုလာတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
တစ်စတစ်စေတော့ သောက်ရမှာပဲ၊ ကောင်းတဲ့ဆေးဆိုတော့ မသောက်ဘဲတော့ မဖြစ်ဘူး၊ သို့သော် ဖြုန်းခနဲ ပျောက်သွားရင်တော့ ခက်တယ် (ဒါလေးပါနေတယ် (မှန်ပါ့)၊ မပါဘူးလား၊ (ပါပါတယ် ဘုရား)၊ ဒကာကြွယ် ဆင်ခြေ ပေါ်ပလား (ပေါ်ပါတယ် ဘုရား)။
ဘယ်သူက ဆင်ခြေလဲနေတုန်း (ရောဂါက ဆင်ခြေလဲနေတာပါ ဘုရား)၊ ကာမစ္ဆန္ဒနီဝရဏ တရားက မဂ်, ဖိုလ် တားတယ်ဆိုတာ ပေါ်သွားပြီ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒေါသဆိုတဲ့ တရားသည်
ကိုင်း-ဒါဖြင့် ဒုတိယ အဆက်သွားကြပါစို့၊ ဒါ မနေ့က ပြီးတဲ့တရားကို ဒကာ ဒကာမတွေ ရှင်းသထက် ရှင်းအောင်လို့ အန်ဆေးတိုက်ပြီး ထုတ်ပစ်လိုက်တယ်ဆိုတာ မှတ်လိုက်တာပါ့ (မှန်ပါ့)။
ဒီတစ်ခါက ဗျာပါဒေါ ရောဂသဒိသော၊ ဗျာပါဒေါ ဒေါသဆိုတဲ့ တရားသည်၊ ရောဂသဒိသော ရောဂါကပ်နေ သော ပုဂ္ဂိုလ်နဲ့တူ၏။
ဪ သူကတော့ ဒေါသ ကိန်းနေလို့ရှိရင်ဖြင့် သူက မဂ်တား, ဖိုလ်တားတာ မှန်ပါတယ်၊ သို့သော် လောကီ ဥပမာနဲ့ ဘုရားက ဟောလိုက်တော့ ရောဂါရှိသူနဲ့ တူသကွာ (မှန်ပါ့)။
ရောဂါရှိတဲ့ ပုဂ္ဂိုလ်များမှာတဲ့၊ ဥပမာ သည်းခြေရောဂါ ဖြစ်နေတယ်၊ သည်းခြေရောဂါဖြစ်နေတဲ့ ပုဂ္ဂိုလ် အချိုတောင် ခါးနေတယ် (မှန်ပါ့ ဘုရား)။
သည်းခြေ မကောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ အချိုတောင် ဘယ့်နှယ်တုန်း (ခါးနေပါတယ် ဘုရား)။
တစ်ခါတလေ ဒကာကြွယ်တို့ မမာတဲ့ မကျန်းတဲ့အခါကျလို့ရှိရင်ဖြင့် အင်မတန် ကောင်းတာကို ကူညီပြီး သကာလ ကောင်းသထက်ကောင်းအောင်၊ နုသထက်နုညက်အောင်၊ စားလွယ် သောက်လွယ်ဖြစ်အောင် အမျိုးမျိုး ဖန်တီးပေးပေမယ့် ပါးစပ်ထဲကျ ခါးနေတယ် (ခါးနေပါတယ် ဘုရား)။
မခါးဘူးလား (ခါးပါတယ် ဘုရား)၊ ဘယ့်နှယ်ကြောင့် ခါးပါလိမ့် (သည်းခြေရောဂါရှိနေလို့ပါ ဘုရား)၊ ရောဂါရှိလို့ ခါးနေတယ်၊ ဘယ်လိုကြောင့် ခါးပါလိမ့် (ရောဂါရှိလို့ ခါးနေပါတယ် ဘုရား)။
သည်မှာလဲ ဒေါသဆိုတာလေးဟာ ဝမ်းထဲရှိပြီဆိုမှဖြင့် ဟိုအိမ်ကလာပြီး သကာလ ‘ဒီလိုဆူမနေပါနဲ့၊ ဒီလို အော်မနေပါနဲ့၊ ဒီလိုရင်ထု မနေပါနဲ့၊ ဒီလောက်တောင် ဒေါသကြီးမနေပါနဲ့’ ပြောကြတယ်။
ရှင်တို့မသိပါဘူး (မှန်ပါ့)၊ ဟိုက တရားဟောဖို့လာရင် ရှင်တို့ မသိပါဘူး၊ ရှင်တို့မသိပါဘူး၊ အန်ချည်း ထုတ်နေ တာပဲ။
ဘယ့်နှယ်တုန်း၊ ချိုတာတွေ လာပေးတာကို စားဖြစ်တဲ့လား (မစားဖြစ်ပါဘူး ဘုရား)၊ ချိုတာတွေ လာပေးတာ ကို ခင်ဗျားတို့ မသိပါဘူး၊ အန်ချည်းထုတ်နေတယ်၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ကျုပ်ဟာ ကျုပ်မှသိပါတယ်ဆိုပြီး သကာလ သူ့ရောဂါအကြောင်းသာ သူပြောနေတော့တာပဲ၊ ဒကာ ဒကာမကြီး (မှန်ပါ့ ဘုရား)၊ သဘောပါပလား (ပါပါတယ် ဘုရား)။
သည်းခြေရောဂါရှိနေတဲ့ ပုဂ္ဂိုလ်
ဒါဖြင့် ဒေါသရှိနေတဲ့ ပုဂ္ဂိုလ်သည် ဘာနဲ့တူသတုန်းဆိုတော့ သည်းခြေရောဂါရှိနေတဲ့ ပုဂ္ဂိုလ်နဲ့ ဘုရားက တူသကွ (မှန်ပါ့)။
ချိုတာပေးတာလဲ (ခါးပါတယ် ဘုရား)၊ ချဉ်တာပေးလဲ (ခါးပါတယ် ဘုရား)၊ ဆိမ့်တာပေးလဲ (ခါးပါတယ် ဘုရား)၊ ဘာပေးလို့မှ မရဘူး (မှန်ပါ့)၊ သူဘာဖြစ်နေတုန်း (တစ်ခါတည်း ခါးနေတာပါပဲ)။
တစ်ခါတည်း ခါးနေပဲဆိုတော့ အဲဒါကြောင့် ဗျာပါဒဆိုတဲ့ ဒေါသရှိတဲ့ ပုဂ္ဂိုလ်များမှာ သည်းခြေနာ စွဲနေတာနဲ့ တူသကွ၊ ဒကာသစ် မဟောဘူးလား (ဟောပါတယ် ဘုရား)။
အဇာတသတ်ကို ဟောနေတာနော် (မှန်ပါ့)၊ ဒီနေ့ အားလုံးနဲ့လဲ ဆက်ဆံပါတယ် ဆိုတာကိုလဲ မှတ်ရမယ် (မှန်ပါ့)၊ ဒီနေ့ ဥပမာ အိမ်မှာ လင်နဲ့မယားဖြစ်စေ၊ သားနဲ့အမိဖြစ်စေ၊ အင်းသမီးနဲ့ အမေဖြစ်စေ၊ အချိုးမကျတဲ့အခါ တရားနာသွားတဲ့ အချိန်ရောက်ရင် မခေါ်ပါနဲ့၊ ကျုပ်ဒီနေ့ မလိုက်နိုင်ဘူး (မှန်ပါ့)။
ဘာဖြစ်တာတုန်း (ရောဂါထနေပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ ဘာဖြစ်တာတုန်း (ရောဂါ ထနေပါတယ် ဘုရား)။
ဟိုမှာ နဂိုက ရောဂါထပြီး သကာလ နေတဲ့အခါကျတော့ တရားဆိုတာ မှန်ကန်တာကို လုပ်ပါတယ် (မှန်ပါ့)။
ရောဂါကို ပျောက်စေနိုင်တယ် (မှန်ပါ့)၊ အို မလိုက်ဘူး၊ မလိုက်ဘူး၊ ဒီနေတော့ လိုက်ရင်လဲ ကျေးဇူးရှိမယ် ကျုပ်မထင်ဘူး၊ ကျုပ်စိတ်ထဲ အလုံးကို မကျေဘူး (မှန်ပါ့)။
အမယ်လေး ဇာတ်ထုပ်သာ ထည့်ခင်းလာတယ်၊ တရားကို ထည့်မပြောပါဘူး၊ ပြောသေးရဲ့လား (မပြောပါ့ ဘုရား)၊ အင်း ဘာဖြစ်နေတာတုန်း ဒကာကြွယ် (ရောဂါထနေပါတယ် ဘုရား)။
ဒကာသစ် ဘာဖြစ်နေ (ရောဂါထနေပါတယ် ဘုရား)၊ ရောဂါထနေတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါ တယ် ဘုရား)။
ရောဂါထနေတဲ့နေ့ ဘုန်းကြီးက လာပြီး သကာလ ခင်ဗျားမလာတာ လေးငါးရက်ရှိပါပေါ့လား၊ ဘာဖြစ်နေတုန်း၊ မပြောပါနဲ့ဘုရား (မှန်ပါ့)။
တရားကို မပြောပါနဲ့တဲ့၊ စဉ်းစားတော့မှ ရောဂါသတ္တိဟာ ဒကာကြွယ် တယ်ပြနေပါလား (ပြနေပါတယ် ဘုရား)၊ ဦးလှဘူး မပြဘူးလား (ပြပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ရောဂါရှိတဲ့ ပုဂ္ဂိုလ်နဲ့ တူတော့ ဒီရောဂါကိုလဲ ဒကာ ဒကာမတွေ အန်ဆေးတိုက်ရလိမ့်မယ်နော် (မှန်ပါ့)၊ ဘာလုပ်ရမတုန်း (အန်ဆေးတိုက်ရပါမယ် ဘုရား)။
အန်ဆေးတိုက်ရလိမ့်မယ်လို့ မဆိုထားဘူးလား (ဆိုထားပါတယ် ဘုရား)၊ အဲဒီတော့ သဒေါသ စိတ္တံ သဒေါသ စိတ္တန္တိ ပဇာနာတိ။ တော်တော် တိုက်ရုံနဲ့ မရဘူးနော် (မှန်ပါ့)။
ဒကာကြွယ် ရောဂါကြီးတယ်၊ ဦးလှဘူး ရောဂါက (ကြီးပါတယ် ဘုရား)၊ ကျုပ်က အကဲခတ်နေတာ ကြာပြီဗျ၊ နှစ်လ၊ သုံးလရှိပြီ မူကို မမှန်ဘူး၊ အင်း တော်တော်ကြီးတဲ့ရောဂါပါလား (မှန်ပါ့)။
ဘာကြောင့် ဒကာကြွယ် ရောဂါက စုထားတာကိုဗျ (မှန်ပါ့ ဘုရား)၊ အင်း အခုမှ ကျုပ်က အန်ထုတ်တာဗျ (မှန်ပ့ါ)။
ဉာဏ်တွေအန်ထုတ်ပြီးရောဂါတွေ မျိုထားတာ
အခု သူအန်ထုတ်တာကလဲ ဒကာ ဒကာမတို့၊ ဘာတွေအန်ထုတ်တာတုန်းဆိုတော့ ဉာဏ်တွေအန်ထုတ်ပြီး ရောဂါတွေ မျိုထားတာ၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
အလျင် ဟောထားတဲ့ တရားတွေရော ဘာတွေရော အကုန် ဒါတွေ သတိမရအောင် အလျင်ဟာတွေ အန်ထုတ် (မှန်ပါ့)၊ အခုသားနဲ့ မယားနဲ့ အလိုမကျ ဒေါသတွေ ဝမ်းထဲမှာ စားမြုံပြန်နေတယ် (မှန်ပါ့)၊ ဒီလိုကျမနေဘူးလား (ကျနေပါတယ် ဘုရား)။
ကိုင်း ကျုပ်အခု ဒကာ ဒကာမတွေ ပြောတာ ဒကာကြွယ်တို့ ဒီဒကာသစ်တို့ ကြားဖူးပါလိမ့်မယ်၊ ကျုပ်က အန်ထုတ်ချင်တာ ကြာလှပြီ (မှန်ပါ့)။
အင်း ဘာတွေများ အန်ထုတ်မှာပါလိမ့် (တရားတွေ အန်ထုတ်မှာပါ ဘုရား)၊ တရားတွေ အန်ထုတ်ပြီး မတရား တာတွေ အကုန်မျိုမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မတရားတာတွေက အတွင်းရောက်တဲ့အခါကျတော့ တရားတာတွေဟာ အသာနေလိုက်စမ်းပါ၊ တရား ကျုပ်သိ တယ် (မှန်ပါ့)၊ အမယ်လေး အန်များထုတ်လိုက်သေးတယ် (မှန်ပါ့)။
ဒကာကြွယ် ဒီလောက်ထိအောင် အရုပ်ဆိုးတာတွေကော ကြားဖူးရဲ့လား (ကြားဖူးပါတယ် ဘုရား)၊ ကြားဖူး တယ်၊ ကြားဖူးတယ် ဒကာ ဒကာမတို့။
ဒါကြောင့် ‘အရိယာ ဝိဝေစန’ ဆိုတဲ့ ‘အရိယာ ဝမ္မနဆေးမှ ခင်ဗျားတို့ ကျကျနန မသောက်ဘူးဆိုလို့ရှိရင်တော့ ဖြင့် ဒီရောဂါနဲ့ သေတော့ စဉ်းစားကြည့်စမ်း ရူးတယ်၊ မရူးတယ်ဆိုတာ ကိုယ့်ရင်ကိုယ်ထုတာ၊ သူများရင် သွားထုတာလား ကိုယ့်ရင် ကိုယ်ထုတာလား (ကိုယ့်ရင်ကိုယ်ထုတာပါ ဘုရား)။
ကိုယ့်ရင် ကိုယ်ထုတော့ ကိုယ်နာတာပေါ့
ကိုယ့်ရင် ကိုယ်ထုတော့ ကိုယ်နာတာပေါ့ (မှန်ပါ့ ဘုရား)၊ သို့သော်လဲ ဒါဒီလိုထုလိုက်ရမှ ကျေနပ်တယ်ဆိုတော့ ဒါ ဘာထင်ကြသတုန်း (ရောဂါပါ ဘုရား)။
သူဝမ်းထဲက ဒေါသရောဂါစွဲနေတာ (မှန်ပါ့)၊ ဗျာပါဒေါရောဂ သဒိသော၊ သဒိသောကို ဘုရားက (မှန်ပါ့)၊ ဗျာပါဒေါ ဒေါသဆိုတဲ့ ဗျာပါဒသည်၊ ရောဂါသဒိသော ကိုယ့်ရင်ကိုယ်ထုတတ်၏ (မှန်ပါ့)၊ တစ်ခါတစ်လေများ ကြမ်းပေါ်များ ပစ်လဲှလိုက်သေးတယ် (လှဲပါတယ် ဘုရား)။
ဘာဖြစ်တာတုန်း မေးရင်ဘယ့်နှယ်ပြောမတုန်း (ရောဂါထနေတာပါ ဘုရား)၊ ရောဂါထနေတာ (မှန်ပါ့)၊ အဲဒီ့ အချိန်မှာ ဒကာသစ်ကဖြစ်စေ၊ ဦးလှဘူးကဖြစ်စေ၊ ဒကာကြွယ်ကဖြစ်စေ၊ အိမ်နီးချင်းတွေကပေါ့ဗျာ သွားပြီး ဖျောင်းဖျ တဲ့ သဘောနဲ့ ပြောလိုက်လို့ရှိရင် မလာခဲ့ကြနဲ့၊ မလာခဲ့ကြနဲ့ (မှန်ပါ့ ဘုရား)။
ကိုယ့်အပြစ်နဲ့ကိုယ် ရှိပါစေ (မှန်ပါ့)၊ အမယ် သူရောဂါနဲ့သူ သေပါစေ (မှန်ပါ့)၊ ဒီလိုများ မရှိဘူးလား (ရှိပါ တယ် ဘုရား)။
ဒီလို ချော့ချော့မော့မော့နဲ့ ဒကာကြွယ်တို့က စကားပြောခပ်ပြေပြေနဲ့ ဒကာသစ်တို့က ပြောတတ် ဆိုတတ်ရှိ တာနဲ့ သွားပြီး ပြေတာတောင်မှ တော်တော်နဲ့ လက်ခံရဲ့လား (မခံပါဘူး ဘုရား)။
တစ်ခါတစ်လေလျှော့၊ လက်လျှော့ ပြန်ခဲ့ရတယ် (မှန်ပါ့)၊ ပါသေးတယ်၊ ပါသေးတယ်၊ လက်လျှော့ ပြန်ခဲ့ရတဲ့ အခါ အဲဒါ ဘာတုန်းဆိုတော့ သိကြရဲ့လား (သိပါတယ် ဘုရား) ဗျာပါဒ ဖြစ်နေတာ (မှန်ပါ့)။
သည်ဒေါသဖြစ်နေတဲ့ ဒေါသရောဂါစွဲနေတယ် (မှန်ပါ့)၊ ခုနက အရိယာများသောက်တဲ့ အနိစ္စ ဉာဏ်ဆေးတွေ ဒုက္ခဉာဏ်ဆေးတွေ အနတ္တဉာဏ်ဆေးတွေ၊ ဒုက္ခသစ္စာဆိုတဲ့ ဉာဏ်ဆေးတွေ၊ အနတ္တတွေပါကွာ။
ဒီလို စိတ်ဆိုးမနေပါနဲ့၊ ဒါကိုယ်လိုချင်လို့ ရတာမဟုတ်ပါဘူး၊ ပျောက်သွားတယ်ဆိုလို့ရှိရင်လဲ သူ့သဘောနဲ့ သူ ပျောက်သွားတာပါလို့ အမျိုးမျိုးအဖုံဖုံပြောပင် ပြောငြားသော်လဲ ဒါတွေ ကျုပ်သိတယ်၊ အမယ် အန်ထုတ်တယ် (မှန်ပါ့)။
ဒီတရားတွေ ကျုပ်သိတယ်ဆိုပြီး ဝမ်းထဲ ထားသလား၊ အန်ထုတ်သလား (အန်ထုတ်ပါတယ် ဘုရား)၊ အန်ထုတ် တယ် မထုတ်တယ် သေချာလိုက်တာနဲ့ ဒကာကြွယ်ရေ မပြောပါနဲ့၊ မပြောပါနဲ့ဆိုတော့ သူ့နားထဲ အဝင်ခံရဲ့လား (မဝင်မခံပါ ဘုရား)။
ဒီထဲက ဘယ့်နှယ်နေတုန်း (အန်ထုတ်ပါတယ် ဘုရား)၊ ဒါဖြင့် ရောဂါမှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။
ရောဂါရနေတဲ့ ပုဂ္ဂိုလ်နဲ့တူ၏
အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဗျာပါဒေါ ရောဂသဒိသော၊ ဗျာပါဒေါ ဗျာပါဒ ဆိုတဲ့ဒေါသ တည်း ရောဂသဒိသော ရောဂါရနေတဲ့ ပုဂ္ဂိုလ်နဲ့တူ၏။ ဒီအချိန်သွားပြီး သကာလ မဝင်နဲ့ အလိုက်မသိတဲ့အထဲကို ပါသွားမယ် (မှန်ပါ့)။
သဘောကျပြီလား (ကျပါတယ် ဘုရား)၊ အရိယာဆေးတိုက်လို့ (မရပါဘူး ဘုရား)၊ အရိယာဆေးတိုက်လို့မရတဲ့ အခါချည်း ကြုံနေတော့တယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
အေး ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အရိယာ ဝမ္မနဆေးကို တိုက်ချင်ငြားသော်လဲ တချို့တိုက် လို့မရဘူး၊ ဒေဝဒတ်တို့ကျတော့ တိုက်လို့ကိုမရဘူး၊ အဝိစိကျသွားတယ် (မှန်ပ့ါ)။
သူ့ယောက္ခမ သုပ္ပဗုဒ္ဓဟာ ဒီဆေးကို တိုက်လို့မရတာနဲ့ ဒေါသနဲ့ ဒကာသစ် သူလဲ အဝိစီကျတယ် (မှန်ပါ့)။
စိဉ္စမာနတို့ ဒီအတိုင်းမကျဘူးလား (ကျပါတယ် ဘုရား)၊ အဲ ဦးလှဘူး ရိပ်မိပလား၊ ဘယ်လောက်ဆိုတဲ့ ရောဂါလဲ ဆိုတာ ရိပ်မိပလား။
သူများနှိပ်စက်သလား ကိုယ့်ကို နှိပ်စက်သလား (ကိုယ်ကို နှိပ်စက်ပါတယ် ဘုရား)၊ ကိုယ့်ကိုလဲ နှိပ်စက်တယ်၊ သူများကလဲ ကြည်ညိုစရာအတွက် ပါသေးရဲ့လား (မပါပါ ဘုရား)၊ မပါဘူး၊ အဝတ်မနိုင်, ပဝါမနိုင်နဲ့ဖြစ်ကုန်ပေါ့ပဲ (ဖြစ်ကုန်ပါတယ် ဘုရား)။
မဖြစ်သေးဘူးလား၊ အဲဒါသည်ကားဆိုလို့ရှိရင် ဒကာ ဒကာမတို့၊ ဘာဖြစ်လို့ ဒီကိစ္စ ကြုံရသတုန်းဆိုရင်၊ ရောဂါထလို့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ဒီရောဂါတွေ မပျောက်သရွေ့ကာလပတ်လုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌တဲ့၊ ဘယ်ခါကာလမှ ရောဂါကင်းတဲ့အရိယာ အသွင်အပြင်တော့ ဖြစ်မှာ မဟုတ်တော့ပါဘူး (မှန်ပါ့ ဘုရား)။
အနုကလေးကစပြီး ရှုကြပါ
ဖြစ်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)၊ ဒါဖြင့် ဒီလိုလုပ်ကြစို့၊ ဒေါသ ဖြစ်လာတယ်ဆိုလို့ရှိရင် အနုကလေးက ရင့်ရတယ်ဆိုတာကော သေချာပလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ အနုကလေးကစပြီး ရှုကြပါ (မှန်ပါ့)၊ ဘယ်လိုလုပ်ရမယ် (တရားလေးကစပြီး ရှုရပါမယ် ဘုရား)။
ဒီနေရာမှာ မေတ္တာ သွင်းလိုက်မယ်ဆိုရင် ဟိုကတော့ အင်မတန် ကန့်လန့်ကြီးသွားဖြစ်တယ် (မှန်ပါ့)၊ တစ်ခါ တည်းဖြစ်ပျက်ဉာဏ်နဲ့ မြန်မြန်ဒေါသကို ဖြစ်စလေးကတည်းက ရောဂါစလာပြီ, ရောဂါစလာပြီလို့ သိတိုင်းသိတိုင်း၊ ဒေါသလာတိုင်းလာတိုင်း ဘာလုပ်ကြမတုန်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ပြီးမှရှုရင် မရဘူးနော် (မရပါဘူး ဘုရား)၊ တစ်ခါတည်း ပေါ်စကနေပြီး သကာလ ဒကာ ဒကာမတွေ နုနုလေးက ဟိုဘက်လှည့်စိတ်ကူးမယ်ဆိုကတည်းက မကူးပါနဲ့ဆိုတဲ့ ဥစ္စာစသိမ်းမှ (မှန်ပါ့)။
ဟိုမှာ အသိမ်းအဆည်း မတတ်လို့ အင်း အပေးအယူလွဲလို့ ဒါတွေက ကိုယ်ကျိုးနဲတာတွေကို ပြန်တွေးတော့ မယ်ဆိုတိုင်း, ဆိုတိုင်း မပြောခင်ကတည်းကပဲ တစ်ခါတည်းတဲ့ ကိုယ့်ဒေါသကို မြန်မြန်ရှုပစ်ပါ (မှန်ပါ့)။
ဒေါသဟာ အဋ္ဌသာလိနီ အဋ္ဌကထာ ဆရာများက ဒေါသကြီးတဲ့ ပုဂ္ဂိုလ် ဒီဒေါသ မရှုမိတဲ့ပုဂ္ဂိုလ်ဟာ အချိန် မရောက်ဘဲနဲ့ အိုရမယ် (မှန်ပ့ါ)။
အချိန်အရွယ် မရောက်ဘဲနဲ့ နာခြင်းများရမယ်
အချိန်အရွယ် မရောက်ဘဲနဲ့ နာခြင်းများရမယ် (မှန်ပါ့)၊ အချိန်အရွယ် မရောက်ဘဲနဲ့ သေခြင်း ရောက်ရမယ် ဆိုတော့ တယ်ဆိုးတဲ့ရောဂါ (မှန်ပါ့)။
ဒီရောဂါလောက်ကြီးတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ ဖြစ်တော့မယ်လို့ လာစကတည်းက ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အဲ ဖြစ်ပျက်ရှုတဲ့အခါကျတော့ မိစ္ဆာဒိဋ္ဌိကြောင့် အမြင်မှားကြောင့် ဒေါသဖြစ်ရတာကို (မှန်ပါ့ ဘုရား)၊ ဒီသားပဲ ဒီသမီးပဲဆိုတော့ မိစ္ဆာဒိဋ္ဌိ ဝင်မလာဘူးလား (ဝင်လာပါတယ် ဘုရား)။
သမ္မာဒိဋ္ဌိဆေးကို သောက်ဖြစ်အောင် သောက်လိုက်စမ်းပါ (မှန်ပါ့)၊ ဒီဒေါသဖြစ်ပျက်ရှု (မှန်ပါ့)။
အဲဒီ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ မိစ္ဆာဒိဋ္ဌိကြောင့် ဖြစ်တဲ့ရောဂါသည် ဒကာကြွယ်ရေ၊ သမ္မာဒိဋ္ဌိဆေး သောက်လို့ရှိရင် မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။
အေး ပျောက်ဖူးတဲ့ သက်သေ သာဓကတွေ၊ ဝတ္ထုတွေ ထုတ်မယ်ဆိုလို့ရှိရင်ဖြင့် ပဋာစာရီသာ ကြည့်တော့၊ ဘယ်လောက် ရောဂါနှယ်, ဘယ်လောက်ကြီးချက် သန်တယ်ဆိုတာ (မှန်ပါ့)၊ အဝတ်တောင် မကပ်အောင် ဖြစ်သွားတာ၊ ဒါ ဒေါသပဲ။
အဝတ်တောင် မကပ်အောင် ဖြစ်သွားတာပါလိမ့် (ဒေါသပါ ဘုရား)၊ ဒေါသ ဖြစ်သွားတယ်ဆိုတာ သေချာ ပလား (သေချာပါတယ် ဘုရား)။
အဲဒီ ဒေါသကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ‘အရိယဝမ္မန’ ဆေးဆိုပြီး အရိယာများတိုက်တဲ့ အန်စေ တတ်တဲ့ဆေးတိုက်တဲ့အခါကျတော့မှ အဝတ်ကလေး ကောက်ဝတ်လာပါတယ် (မှန်ပါ့)။
အရှက်မရှိတော့ ခါးတောင်း အလျင်ကြိုက်ကြတယ်
ဒကာကြွယ် သေချာပလား (သေချာပါတယ် ဘုရား)၊ အဲဒါကြောင့် ဒကာ ဒကာမတွေ ဒီယောကျ်ားချင်းရန်ဖြစ် တော့မယ်ဆိုတော့ တောသူ တောင်သားကျတော့ ကြည့်ပါလား၊ အရှက်မရှိတော့ ခါးတောင်း အလျင်ကြိုက်ကြတယ် (မှန်ပ့ါ)။
အဝတ်ကပ်သေးရဲ့လား (မကပ်တော့ပါ ဘုရား)၊ အဝတ်တစ်ကိုယ်လုံးမှာ မကပ်တော့ဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)၊ မိန်းမတွေ အရှက်မရှိချင်တဲ့ အခါကျတော့၊ ဒေါသတွေ ဖြစ်လာကြတဲ့အခါကျတော့ ထမီ တိုတိုဝတ်လာတယ်။
ဘယ့်နှယ်ကြောင့် တိုဘာလိမ့်မတုန်းလို့မေးတော့ (အရှက်မရှိလို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ ဒါဖြင့် ဒါသည် ရောဂါရှိမရှိ (ရှိပါတယ် ဘုရား)။
ဒေါသရောဂါလေဗျာ (မှန်ပါ့)၊ ဒေါသ ရောဂါလေဗျာ (ရှပါတယ် ဘုရား)၊ အဲဒါကြောင့် သူ့အတွက် သာလား လို့ရှိရင် ဟိရိဩတ္တပတွေကင်း၊ ပစ္စုပ္ပန်မှာလဲ ရုပ်တွေအမျိုးမျိုး မပြောင်းဘူးလားဗျာ (ပြောင်းပါတယ် ဘုရား)။
မျက်စိတွေ မျက်ဆံတွေ ပြူးမလာဘူးလား (ပြူးလာပါတယ် ဘုရား)၊ အဲဒါ ဘယ်သူ့ သတ္တိတွေပါလိမ့် (ဒေါသ သတ္တိတွေပါ ဘုရား)၊ အဲ ဒေါသရောဂါ၏ သတ္တိတွေနော် (မှန်ပါ့)။
နောက်ကျတဲ့အခါကျတော့ ဒီရောဂါနဲ့ပဲ သေကြကျေကြ တစ်ယောက်နဲ့တစ်ယောက် ရိုက်ကြနှက်ကြ လက်လွန် ခြေလွန်ဖြစ်ကုန်ပြီး သကာလ ရုံးကန်ကနားရောက်ကြ၊ သေတဲ့ပုဂ္ဂိုလ် အပါယ်ရောက်၊ ဒီရောဂါ မကြီးဘူးလား (ကြီးပါ တယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ဗျာပါဒဆိုတဲ့ ဒေါသဟာ ရှိရင်ဘုရားက ရောဂါရှိတဲ့ပုဂ္ဂိုလ်၊ အချဉ်ပေးလဲ ခါးတာပဲ၊ အချိုပေးလဲ ခါးတာပဲဆိုတာ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
အရိယာတို့၏ ‘ဝမ္မန’ ဆေး
ဒါကြောင့် ငါတည်းဟူသော ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အရိယာတို့၏ ‘ဝမ္မန’ ဆေးဆိုတဲ့ အန်တဲ့ ဆေးပေးမှသာလျှင် ဒီရောဂါပျောက်တယ် (မှန်ပါ့)။
ကြည့်စမ်း၊ ပဋာစာရီ ရောဂါပျောက်လို့ နောက်ကျတော့ ဧတဒဂ်တောင် မရဘူးလားဗျာ (ရပါတယ် ဘုရား)။
တစ်ချို့မှာ နန်းတော်ထဲနေတဲ့ပုဂ္ဂိုလ်တွေ နောက်ရောဂါထနေတုန်းကတော့ နုနေကြတာပဲ (မှန်ပါ့)၊ အေး အဲဒါတွေ သည် ‘ဇနပဒကလျာဏီ’ တို့ ဘယ်သူတို့ပေါ့ဗျာ (မှန်ပါ့)။
နောက်ကျရောဂါ ပျောက်သွားတဲ့အခါကျတော့လဲ အလျင်ဟာတွေ ရောဂါတွေ အန်ထုတ်ပစ်လိုက် ပြန်တော့လဲ ချမ်းသာအစစ် ဧကန်ဖြစ်သွားတာပဲ မဖြစ်ကြဘူးလား (ဖြစ်ကြပါတယ် ဘုရား)။
ဒါကြောင့် ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့က ဒေါသလာတိုင်းလာတိုင်း ဘာလုပ်ကြမတုန်း (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။
အဲ သူ့နိုင်ဆေးမှသာလျှင်၊ ခင်ဗျားတို့ မဂ်ဖိုလ်ပိတ်တဲ့တရား နိုင်ပြီးမှသာလျှင် မဂ်ဖိုလ်ရောက်ကြောင်းအစစ် ကိုလုပ်ပါ။ (မှန်ပါ့)၊ မဂ်ဖိုလ်ကို တားမြစ်တဲ့တရားကို ချေမှုန်းပြီးမှ မဂ်ရကြောင်းဖြစ်တဲ့ တခြားသော တရားတွေကို (လုပ်ရပါမယ် ဘုရား)။
သူမှ မဖယ်ဘဲနဲ့ ဒီ့ပြင်ဟာ ရှုမယ်ဆိုရင် ရကိုမရဘူး (မှန်ပ့ါ)၊ ရနိုင်ပါ့မား (မရနိုင်ပါ ဘုရား)၊ သူလာရင်သူရှု၊ သူမလာရင် သူမှီရာတွေရှု (မှန်ပါ့)။
သဘောကျပလား (ကျပါပြီ ဘုရား)၊ သူလာရင် (သူ့ကို ရှုရမှာပါ ဘုရား)၊ သူမရှိရင် (သူမှီရာတွေ ရှုရမှာပါ ဘုရား)။
သူမှီတာတွေ ရှုဆိုတော့ သူ့ခန္ဓာတွေမှီနေတာ (မှန်ပါ့)၊ စဉ်းစားကြည့်ပါလား၊ သူနေပုံကို သဘောမကျဘူးဆို တော့ သူလုပ်တာကို သဘောမကျဘူးဆိုတော့ ခန္ဓာဘက်ချည်းလှည့်နေတာပဲ (မှန်ပါ့)၊ သူပြောပုံ သဘောမကျဘူးဆိုတော့ ခန္ဓာချည်း အသံလှည့်နေတာ (မှန်ပါ့)။
သူနေပုံထိုင်ပုံ သဘောမကျဘူးဆိုလို့ရှိရင်၊ ဒါ ခန္ဓာဘက်လှည့်နေတာပဲ (မှန်ပါ့)၊ မလှည့်ဘူးလား (လှည့်ပါ တယ် ဘုရား)၊ အဲဒါကြောင့် ကိုယ့်ခန္ဓာလဲရှု၊ သူ့ခန္ဓာလဲရှုဆိုပြီး သကာလ ဇာတ်သိမ်းမှသာလျှင် ရပ်နိုင်တယ် (မှန်ပါ့ ဘုရား)။
ဒေါသဟာ ဖားပြုပ်နဲ့တူတယ်
နို့မို့လို့ရှိရင် ဒီဒေါသကို ဒကာ ဒကာမတွေက ကြီးပွားအောင် ထားမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ အချို့နေရာ ကျတော့ ဒေါသဟာ ဒကာ ဒကာမတို့၊ ဖားပြုပ်နဲ့တူတယ်တောင် ပြောလိုက်သေးတယ် (မှန်ပါ့)၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော်ကျတော့ ဒေါသဟာ ဖားပြုပ်နဲ့တူတယ်တောင် ပြောလိုက်သေးတယ် (မှန်ပါ့)။
ဟာ ဖားပြုပ်လေးငယ်ငယ်လေး ဒကာကြွယ်တုတ်ကလေးနဲ့ တို့တို့ပေးစမ်း၊ အို ခုံးလာတာပဲ (မှန်ပါ့)၊ တကယ် တော့ အကောင်က နဂိုက ငယ်ငယ်လေးတောင်မှ ဘယ့်နှယ်ဖြစ်လာတာတုန်း (ကြီးလာပါတယ် ဘုရား)။
ကြီးလာပြီး သကာလ ဒကာ ဒကာမတို့၊ ဒီဖားငယ်ငယ်လေး ဘာ့ကြောင့် ကြီးလာပါလိမ့်မတုန်းမေးတော့ သူ ဒေါသက ကြီးလာတာကိုး (မှန်ပါ့)။
ဒေါသကြီးလာတော့ ဘေးနားက ဝိုင်းပြီး ကျီးတွေဘာတွေက ဟိုကတို့၊ ဒီကဆိတ်နဲ့ သူက ပြန်ကိုက်နိုင်သေးရဲ့ လား (မကိုက်နိုင်ပါ ဘုရား)၊ မကိုက်နိုင်တဲ့ အချိန်ကျမှ ကျီးကဖမ်းယူသွားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဒေါသသည်ကားဆိုလို့ရှိရင် အင်း ဤကဲ့သို့ ဆိုးရွားတဲ့အဖြစ်မျိုး မုချပေးစေနိုင်တယ်ဆိုတာ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒေါသသည် ပဋိစ္စသမုပ္ပါဒ်မှာ အဆုံးကနေပြီး စတတ်ပါတယ် (မှန်ပါ့)။
ဒေါသလာလို့ရှိရင်ဖြင့် တော်တော်ကြာ ကျလို့ရှိရင်ဖြင့် ဒေါသနဲ့ ပြောမိဆိုမိ ဆိုတဲ့အခါကျတော့ နဖူးပေါ် လက်တင် ဆင်ခြင်စဉ်းစားကြည့်တဲ့အခါကျတော့ သောကက လိုက်လာတယ် (မှန်ပါ့)။
ပထမကတော့ ပြောလိုက်တယ်၊ စကားလွန်ပြောလိုက်တယ် (မှန်ပါ့)၊ စကားလွန် ပြောလိုက်တုန်းကတော့ ဒေါသနော် (မှန်ပါ့ဒေါသပါ ဘုရား)။
နဖူးပေါ် လက်တင်စဉ်းစားတော့
နောက်နဖူးပေါ် လက်တင်စဉ်းစားတော့ (မှန်ပါ့)၊ လွန်ကုန်တော့ သောကဖြစ်မလာဘူးလား (ဖြစ်လာပါတယ် ဘုရား)၊ ဪ ကိုယ့်ဟာနဲ့ကိုယ် မျက်ရည်ကျလာတော့ ပရိဒေဝ ဖြစ်လာတယ် (မှန်ပါ့)။
အဲ ကိုယ့်ဘာသာကိုယ် မအိပ်နိုင်ဖြစ်လာတော့ ဒုက္ခဖြစ်လာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
အင်း ကိုယ့်ဟာကိုယ်ကြီးများ အခဲမကျေဖြစ်နေပြီး ကိုယ့်မိုက်ပြစ်ကြီးကို ကိုယ်စွဲချက်တင်နေတော့ ဒေါမနဿ ဖြစ်လာတယ် (မှန်ပါ့)။
နောက်ကျတော့ ဒကာ ဒကာမတို့၊ ဝမ်းထဲပူလာပြီး သကာလ လာတဲ့အခါကျတော့ ရေတွေ ဘာတွေဆာလောင် လာတဲ့ ဥပါယာသကော (ပေါ်လာပါတယ် ဘုရား)၊ ဥပါယာသ ဖြစ်လာတော့ ဒေါသ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ သူက ပြန်မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဆက်ပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ဒကာကြွယ် မသိလို့ဖြစ်မိတာ (မှန်ပါ့)၊ မသိလို့ဖြစ်မိတာဆိုတော့ အဝိဇ္ဇာက တွဲလျက်ကြီးမနေဘူးလား (နေပါတယ် ဘုရား)။
အဝိဇ္ဇာတွဲပြန်တော့ ဒီဘက် ဆက်မယ်ဆိုတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)၊ ဟော ဘဝဆက်သွားတယ် (မှန်ပါ့)၊ ဘာ ဆက်သွားတယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ သူ အစက မခင်မိလို့ရှိရင် ဒီဘဝ ဆင်းရဲ, ဟိုဘဝ ဆင်းရဲဆိုတာ ငြင်းစရာလိုသေး သလား (မလိုပါ ဘုရား)၊ ဒီဘဝမှာလဲ ဇာတိဒုက္ခ, ဇရာဒုက္ခ မလွတ်သေး (မှန်ပါ့)။
အင်း သူက ကျေးဇူးပြုလိုက်တော့ နောက်ဘဝ ဇာတိ, ဇရာ, မရဏတွေက ဆက်လာတယ် (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဇာတိရှိလျက်နဲ့ ဇာတိရှာ၊ ဇရာရှိလျက်နဲ့ (ဇရာရှာပါတယ် ဘုရား)။
ဗျာဓိရှိလျက်နဲ့ ဗျာဓိရှာတယ်
ဗျာဓိရှိလျက်နဲ့ (ဗျာဓိရှာပါတယ် ဘုရား)၊ မရဏရှိလျက်နဲ့ (မရဏရှာပါတယ် ဘုရား)၊ ဒကာကြွယ် လူမိုက် အကြီးစားဖြစ်သွားပြီ (မှန်ပါ့)၊ ဒီဘဝင် ပြီးသလား၊ နောက်ပါ ဆက်သွားသလား (နောက်ပါ ဆက်သွားပါတယ် ဘုရား)။
အဲဒါကြောင့် ဒီရောဂါကိုတဲ့ ဒကာ ဒကာမတို့၊ မေတ္တာနဲ့ ကုနိုင်ကု၊ မကုနိုင် ဝိပဿနာနဲ့ကု (မှန်ပါ့)၊ ရှေးဦးစွာ ဘာနဲ့ကုမယ် (မေတ္တာနဲ့ကုရပါမယ် ဘုရား)၊ ဒီပုဂ္ဂိုလ် မေတ္တာပို့တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဟာ မရတော့ဘူး ဆိုလို့ရှိရင် ဖြစ်ပျက်ရှု (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ မေတ္တာဝင်နိုင်ဖို့ရာ တော်တော်မလွယ်ဘူးနော်၊ မလွယ်တော့ ဘာလုပ်မယ် (ဖြစ်ပျက်ရှုရပါမယ်)။
ကိုယ့်ဒေါသကို ဖြစ်ပျက်ရှု (မှန်ပ့ါ)၊ သဘောပါကြလား (ပါပါတယ် ဘုရား)၊ အဲဒီလို ရှုလိုက်ပြီဆိုမှဖြင့် ပဋိစ္စ သမုပ္ပါဒ်ကြီးက အို အဆုံးနားက ပြတ်တယ်ဆိုတော့ ဆက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အဆုံးကပြတ်လို့ ဆက်စရာမရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်ဆုံးတာသည် ဒုက္ခနိရောဓော ဟောတိ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ် (ဒုက္ခနိရောဓော ဟောတိပါ ဘုရား)၊ ဒုက္ခနိရောဓော ဟောတိဆိုသဖြင့် ဒကာ ဒကာမတွေပဲ စဉ်းစားတော့။
ပဋိစ္စသမုပ္ပါဒ် ဆုံးတယ်ဆိုတာ ဒုက္ခဆုံးတယ်ဆိုတာ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်ဆုံးတာသည် ဘာပါလိမ့် (ဒုက္ခ ဆုံးတာပါ ဘုရား)၊ ဒုက္ခဆုံးတာဆိုတော့ ဪ သူရှုလိုက်တဲ့အတွက် ကျုပ်တို့ သည်ဘဝမှာ အရူးအနှမ်းတွေလဲပျောက် (မှန်ပါ့)။
ဟိုဘဝ ဒုက္ခတွေဇာတ်သိမ်း (မှန်ပါ့)၊ ဪ ဒီနည်းမှ တစ်ပါးဖြင့် အရိယာတို့၏ ဆေးကိုမှ မသောက်ရလို့ ရှိရင်ဖြင့် ဒကာကြွယ် ဒီရောဂါပျောက်ဖို့ မမြင်တော့ဘူး (မှန်ပါ့)။
ဒေါသဖြစ်တိုင်း, ဖြစ်တိုင်း ဘာလုပ်ကြမယ်
သဘောပါကြပလား (ပါပါတယ် ဘုရား)၊ ရှင်းပြီနော် ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒေါသဖြစ်တိုင်း, ဖြစ်တိုင်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ကဲ သူဖြစ်ပျက်ရှုလို့နိုင်တဲ့ အခါကျတော့ ဘယ်သူ့ ဆက်ရှုမယ် (သူမှီရာခန္ဓာကို ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
သူမှီရာ ခန္ဓာဖြစ်ပျက်ရှုပေတော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ တည်ရာမှီရာတွေပါ ရှုသွားတော့ ကို ဒါကလဲ အဓိပ္ပါယ် တစ်မျိုးလို့ ဒကာသစ်က မှတ်ပါ (မှန်ပါ့)။
ပထမ သူရှု (မှန်ပါ့)၊ သူရှုလို့ သူပျောက်သွားရင် (သူမှီရာ ခန္ဓာကို ရှုရပါမယ် ဘုရား)၊ သူမှီရာ ခန္ဓာရှုလိုက်တော့ မှီရာ ပြုတ်သွားတော့ တည်ရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒီမှာ သူလက်စ အကုန် သတ်သွားတယ် (မှန်ပါ့)၊ ပထမ သူကပ်လိုက်တယ်၊ နောက်သူမှီရာကို သတ်လိုက် တယ်ဆိုတော့ ပထမအိမ်မှာ လူမိုက်တစ်ယောက်ရှိတယ်၊ လူမိုက်သစ်ဖြစ်တယ်။
နောက်လူမိုက်နေတဲ့အိမ်ပါ မီးရှို့ပစ်လိုက်တယ်ဆိုတော့ မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီလို နှစ်လုပ်ဖြစ်တဲ့နည်းသည် အရိယာတို့၏ အန်ဆေးပေးတဲ့နည်းဆိုတဲ့ဥစ္စာ အင်္ဂုတ္တိုရ်ပါဠိတော်မှာ သေသေ ချာချာလာတယ်။
အဲဒါကြောင့် ဒကာ ဒကာမတွေ ဖြစ်ပျက်ရှုတာ အကောင်းဆုံးပဲဆိုတော့ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)၊ ကိုင်း ဒါဖြင့် ဒီဒေါသကိုလဲ ဒီအတိုင်း ရှုတတ်တော့။
၃ နံပါတ်ဖြစ်တဲ့ ဥစ္စာကို ဆက်ပါဦး (မှန်ပါ့)၊ ၃ နံပါတ်က ထိနမိဒ္ဓ နီဝရဏ (မှန်ပါ့)၊ ၃ နံပါတ်က ဘာပါလိမ့် (တိနမိဒ္ဓပါ ဘုရား)၊ ထိနဆိုတာ ကိုယ့်စိတ်မနိုင်တာ၊ မိဒ္ဓသည်ကား ဆိုလို့ရှိရင် ကိုယ့်စေတသိက် ကိုယ်မနိုင်တာ (မှန်ပါ့)။
ထိနမိဒ္ဓ အကျဉ်းထောင်ကျနေတဲ့ပုဂ္ဂိုလ်နဲ့ တူတယ်
ကောင်းပြီ ကိုယ့်စိတ်ကိုယ်မနိုင်တာပေါ့ဗျာ၊ အဲဒီနီဝရဏ တရားနှစ်ပါးကလဲ ထိနမိဒ္ဓံ ဗန္ဓာဂါရံ (မှန်ပါ့)၊ ထိနမိဒ္ဓံ ထိနမိဒ္ဓ ခန္ဓာကိုယ်ထဲ ကိန်းနေသည်ရှိသော်၊ ဗန္ဓာဂါရံ အကျဉ်းထောင်ကျနေသော ပုဂ္ဂိုလ်နှင့်တူ၏ (မှန်ပါ့)၊ အကျဉ်းထောင်ကျနေတဲ့ပုဂ္ဂိုလ်နဲ့ တူတယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘာနဲ့တူသတဲ့ (အကျဉ်းထောင်ကျတဲ့ ပုဂ္ဂိုလ်နဲ့တူပါသတဲ့ ဘုရား)၊ အကျဉ်းထောင်ကျနေတဲ့ ပုဂ္ဂိုလ်ပြင်ဘက်မှာ ဘာဖြစ်နေတယ်ဆိုတာ သိရဲ့လား (မသိပါ ဘုရား) ကဲဒါဖြင့် စဉ်းစားကြစို့၊ အိပ်ချင်တယ်၊ ငိုက်,ငိုက် သွားတယ်ဆိုတာ ထိနမိဒ္ဓ (မှန်ပါ့)။
အိပ်ချင်တယ်ဆိုတာ ထိနမိဒ္ဓ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အင်း ငိုက်သွားတဲ့အခါကျတော့ ကဲ-ငိုက်တယ်ဆိုပြီး သကာလ , အိပ်ရာထဲ သွားပြီး သကာလ အိပ်ရာထဲပဲ အိပ်လိုက်တယ်ဆိုပါစို့ (မှန်ပါ့)၊ ဒီနေရာတွင်ပဲ လှဲအိပ်ကြစို့ဟုတ်လား (မှန်ပါ့)။
ဘုရားတွေ ဘယ်လိုပွင့်ပွင့် တရားတွေ ဘယ်လိုဟောဟော ဒကာ ဒကာမတို့ ခြင်ဘယ်လိုကိုက်ကိုက် သိသေး ရဲ့လား (မသိပါ ဘုရား)။
ထောင်ကျတဲ့ပုဂ္ဂိုလ် ပြင်ဘက်မှာ မြို့ထဲမှာ ဘာဇာတ်ခင်းနေတယ်ဆိုတာ သိသေးရဲ့လား (မသိပါ ဘုရား)။ ဒီလိုပါကွာ ထိနမိဒ္ဓဟာ မင်းတို့ လောဘ, ဒေါသထက် ကြောက်စရာကောင်းတယ် မဂ်တား ဖိုလ်တားဆိုတာလဲတစ်မျိုး ပါပဲကွာ (မှန်ပါ့)။
ဘယ်လိုများ တားပါလိမ့်
သူတားပုံကလဲ ထောင်ချထားတာဟေ့ (မှန်ပါ့)၊ ဘယ်လိုများ တားပါလိမ့် (ထောင်ချထားပါတယ် ဘုရား) ဒကာ ဒကာမတွေ ထိနမိဒ္ဓံ ဗန္ဓာဂါရံ ထိနမိဒ္ဓံ ထိနမိဒ္ဓဆိုတဲ့ တရားဆိုးသည် ဗန္ဓာဂါရံ အကျဉ်းထောင်ချသည်နှင့်တူသည် ဟောတိ=ဖြစ်၏။ မဆိုဘူးလား (ဆိုပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သူသာဝင်လာလို့ရှိရင် ခန္ဓာကိုယ်ထဲက အိုနေတာလဲ သူမသိဘူး (မှန်ပါ့) နာနေ တာလဲ သူမသိဘူး (မှန်ပါ့)။
အင်း ဖြစ်ပျက်နေတာကော (မသိပါ ဘုရား) အင်း မြို့ထဲရွာထဲမှာ ဘုရားတွေပွင့်နေတာကော (မသိပါ ဘုရား)။ ကဲ-ဒီတရားတွေ မိုးလိုစွေနေတာကော (မသိပါ ဘုရား)။ ဟဲ့ ဘာဖြစ်နေတာတုန်း (ထောင်ကျနေလို့ပါ ဘုရား)။
အင်း ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။ အင်း ဘယ်လိုများဖြစ်နေပါလိမ့် (ထောင်ကျနေပါတယ် ဘုရား)။ ထောင်ကျနေတဲ့ ဖြစ်တွေဟာ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဒါကြောင့် မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား)။
ဒီပြန်ပတ်တယ်လို့ ဟောနေတယ်လို့ သေသေချာချာမှတ်ပါ (မှတ်ပါ့) ဒီအဇာတသတ်ဟာ အဝီစိသွားမယ့် အဇာတသတ်နော် (မှန်ပါ့) ဒီတရားနာရလို့ လောဟကုမ္ဘီငရဲ ပြန်ကျရတော့ အဆပေါင်းထောင်သောင်း သက်သာ သွားတယ် (မှန်ပါ့)။
ခင်ဗျားတို့ကတော့ သူလို ကံကြီးထိုက်တဲ့ပုဂ္ဂိုလ်တွေ မဟုတ်တော့ ဝိပဿနာဉာဏ်ဝင်လိုက်ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်တယ် (မှန်ပါ)။ အပါယ်လေးပါး တံခါးပိတ်နိုင်တယ် ဆိုပြီး ဟောတာပါ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ထိနမိဒ္ဓ လာတယ်ဆိုလို့ရှိရင်ဖြင့်
ဒါဖြင့် ထိနမိဒ္ဓ လာတယ်ဆိုလို့ရှိရင်ဖြင့် ဘုရားကထောင်ကျနေတဲ့ ပုဂ္ဂိုလ်နဲ့တူသကွာ (မှန်ပါ့)။
ဒါဖြင့် ကျုပ်တို့ စဉ်းစားကြဖို့၊ ကျုပ်တို့ စဉ်းစားစရာက ဘယ်လိုတုန်းလို့ မေးလို့ရှိရင် တကာကြွယ် ဘုရားအဆူဆူ တွေ သဲမှုန်မျှပွင့်သွားတယ်ဆိုတာ လူတိုင်းပဲသိကြပါတယ် (မှန်ပါ့)။
တစ်ဆူနဲ့ မတွေ့တစ်ဆူနဲ့ တွေ့ဖို့ရာလဲ ကြုံကြိုက်စရာ အကြောင်းတွေလဲ ရှိပါလိမ့်မယ်။ ရှိပင်ရှိငြား သော်လဲ ရှိပါလိမ့်မယ်။ ရှိပင်ရှိငြားသော်လဲ ကျုပ်တို့သည် ထိနမိဒ္ဓ ဒဏ်ချက်ကို ခွါခက်ပြီး သကာလ မထုတ်နိုင်တာနဲ့ဘဲ ဘုရား တွေက ပွင့်လိုက်၊ ကိုယ်က အိပ်ရာထဲကနေပြီး သကာလ ဘာမှမသိလိုက်နဲ့ ဒကာကြွယ် အဲဒီမှာ လွဲကုန်တယ် (မှန်ပါ့)။
အင်မတန် အအိပ်ကြီးတဲ့ဘဝတွေ ရောက်သွားမယ် ကာလနဂါးတို့လို တစ်ဆူနဲ့တစ်ဆူကြားမှာ တစ်ကြိမ်နိုးဆို ဘယ့်နှယ်လုပ်မတုန်း အင်မတန်မဆိုးပေဘူးလား။ အဲဒီတော့ ထိနမိဒ္ဓသည် ဒီ့ပြင်နေရာထက်လဲ ကြောက်စရာကောင်း ပါတယ် (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ဒီပြင်နေရာထက် ကြောက်စရာကောင်းတုန်းဆိုရင် သူကမသိအောင် လုပ်တဲ့အထဲမှာ ဗိုလ်စွဲနေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒီပြင် ဒေါသသမားက ခုနက လောဘသမားက လောဘဖြစ်နေတယ်ဆိုတာ သူသိသေးတယ်၊ လောဘမနိုင် နိုင်တာရှိရမယ်၊ လောဘဖြစ်တယ်လို့ သိတယ် (မှန်ပါ့)။
ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ကလဲ ကျုပ်ဒေါသဖြစ်တယ်လို့ ပြောတော့သိသေးတယ် မဟုတ်လား (သိပါတယ် ဘုရား)။
ထိနမိဒ္ဓသမားက ဘာများသိသတုန်း (မသိပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ လောဘ ဒေါသထက် ထိနမိဒ္ဓက ပိုကြောက်စရာကောင်းတယ် (မှန်ပါ့) လောဘ, ဒေါသထက် (ပိုကြောက်စရာ ကောင်းပါတယ် ဘုရား)။
မသိတာတွေချည်း များမနေဘူးလား
ထိနမိဒ္ဓ ပိုကြောက်စရာကောင်းတယ်ဆိုတာ သဘောကျလား (ကျပါတယ် ဘုရား) ထိနမိဒ္ဓသည် ကိုယ်ခန္ဓာကြီး ဘာဖြစ်နေတယ်ဆိုတာ မသိဘူး၊ ကိုယ်ခန္ဓာကြီး (မသိတော့ပါ ဘုရား)။
ဘုရားပွင့်လဲ (မသိပါ ဘုရား) တရားတွေ မိုးလိုစွေနေတာ (မသိပါ ဘုရား) မသိတာတွေချည်း များမနေဘူးလား (များနေပါတယ် ဘုရား)။
ဒါဖြင့် သူကျွတ်တမ်းဝင်ဖို့ ဒကာသစ် ဒီပြင်ဟာတွေက သူ့ဟာသူ ပြန်ရှုနိုင်သေးတယ် (မှန်ပါ) သူက ရှုနိုင်တဲ့ စွမ်းရည်သတ္တိပါပါရဲ့လား (မပါပါ ဘုရား)။
ဪ ဒါဖြင့် လောဘ, ဒေါသနဲ့ ထိနမိဒ္ဓ ဒကာ ဒကာမတွေ ဘယ်ဟာက ပိုကြောက်စရာကောင်းတုန်း (ထိနမိဒ္ဓက ပိုကြောက်စရာကောင်းပါတယ် ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။
သြော်-ထိနမိဒ္ဓပ သံသရာရှည်တဲ့အထဲမှာဖြင့် ရှည်အောင်လုပ်တဲ့အထဲမှာ ဒုက္ခဆင်းရဲပွဲကြီးမှာ အမြဲနွှဲဖို့ရာ လုပ်တဲ့အထဲမှာသူတားမြစ်ဆုံးဘဲ (မှန်ပါ့)၊ ဆိုနိုင်-မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။
ထိနမိဒ္ဓ ဗန္ဓာဂါရံလို့ ဆိုလိုက်တယ် (မှန်ပါ့) ဘုရားတွေကတော့ ဘေးကသာလှည့်ပွင့်နေရတယ် သူ့အထဲရောက် သေးရဲ့လား (မရောက်ပါ ဘုရား)။
သူ့ခန္ဓာထဲ ဉာဏ်တွေသွင်းနိုင်သေးရဲ့လား (မသွင်းနိုင်ပါ ဘုရား) လောဘသမား ဉာဏ်သွင်းလိုက်ရင် ရတယ် (မှန်ပါ့) အင်း လောဘသမား ဉာဏ်သွင်းလိုက်ရင် (ရပါတယ် ဘုရား)။
ထိနမိဒ္ဓသမားက ကြားကို မကြားတဲ့အတွက် ဘယ်လို ပြောမတုန်း (မသိနိုင်ပါ ဘုရား) လောဘ, ဒေါသထက် ထိနမိဒ္ဓက ဒကာကြွယ် ပိုကြောက်စရာကောင်းတယ်။
ဟိုဟာတွေက ဉာဏ်သွင်းရင် (ရပါတယ် ဘုရား)။ လောဘမဖြစ်ပါနဲ့ တောင်းပန်လို့ ရေရေလည်လည်ပြော လူကြားထဲမှာ ချေချေငံငံ ပြောလိုက်ရင် ဖြတ်ဆို ငြိမ်သွားတယ် (မှန်ပါ့ ဘုရား) ဒေါသကလဲ ဖြတ်ဆိုငြိမ်သွားတာပဲ (မှန်ပါ့)။
သူကတော့ ဒီလို သွင်းလို့ကို လက်မခံဘူး (မှန်ပါ့)။ သွင်းလို့ကော ကြားသေးရဲ့လား (မကြားပါဘူး ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ တရားမှာဖြင့် လောဘ, ဒေါသနဲ့ ထိနမိဒ္ဓ ဘယ်ဟာ ပိုကြောက်စရာ ကောင်းတုန်း (ထိနမိဒ္ဓက ပိုကြောက်စရာကောင်းပါတယ် ဘုရား)။
ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ထိနက ကိုယ့်စိတ်ကို မနိုင်တာ၊ မိဒ္ဓက ကိုယ့်စေတသိက်ကို မနိုင်တာ (မှန်ပါ့)။
ဒီမနိုင်တဲ့တရားနှစ်ခုသည်ကား ဆိုလိုရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထောင်ကျတာဟေ့ (မှန်ပါ့) ဘာထောင်တုန်းမေးတော့ သံသရာထောင် (မှန်ပါ့)။
ဘယ်ထောင်ပါလိမ့်မတုန်း မေးတော့ (သံသရာထောင်ပါ ဘုရား) သံသရာထောင်ထဲမှာသာ သူသွားရတော့ တာပဲ။ သံသရာ ထောင်ထဲဆိုတော့ အို နာ သေ ကွဲ မွဲ ပေါ့ဗျာ (မှန်ပါ့) သံသရာထောင်ထဲ ဘာရှိသတုန်း (အို နာ သေ ကွဲ မွဲပဲရှိပါတယ် ဘုရား)။
နောက်တစ်ခါဖြစ်ပြန်တော့ကော (အို နာ သေ ကွဲ မွဲ ပါပဲ ဘုရား) နောက်တစ်ခါ ပြန်ဖြစ်တော့ကော (အို နာ သေ ကွဲ မွဲပါပဲ ဘုရား)။
ထိနမိဒ္ဓသတ္တိ
ဪ ဒါ ထိနမိဒ္ဓ သတ္တိဗျာ (မှန်ပါ့)၊ ထိနမိဒ္ဓသတ္တိ၊ တရားတွေ လက်မခံတာသူပဲ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ထိနမိဒ္ဓကို ‘သံခိတ္တ စိတ္တံ သံခိတ္တ စိတ္တန္တိပဇာနာတိ’နဲ့ ရှုပစ်ပါ (မှန်ပါ့) သံခိတ္တစိတ္တံ (သံခိတ္တစိတ္တန္တိ ပဇာနာ တိပါ ဘုရား) ဒါ ထိနမိဒ္ဓပဲ။
သံခိတ္တစိတ္တန္တိ ထိနမိဒ္ဓကို အဲဒီ တရားနှစ်ခုကို ဖြစ်ပျက်ရှုပြီး သကာလ မှ သူ့နိုင်မှဒီ့ပြင်ဟာလှည့်လို့ရမယ် (မှန်ပါ့) သူ့မနိုင်တော့ဘူးဆို အိပ်ရာထဲ လှဲတော့တာပဲ (မှန်ပါ့)၊ သဘောပါပြီလား (ပါပါတယ် ဘုရား)။
ကဲ လောဘနဲ့ ဒေါသနဲ့ ထိနမိဒ္ဓ ဘယ်ဟာကပိုပြီးတော့ ကြောက်စရာကောင်းတုန်း (ထိနမိဒ္ဓက ပိုကြောက်စရာ ကောင်းပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
ကဲ ဒီနေ့ ဒီတွင်တော်ကြဦးစို့။
သာဓု…သာဓု…သာဓု။