အဇာတသတ်ကိုဟော
နီဝရဏ ၅ပါးမှ ကာမစ္ဆန္ဒနီဝရဏရှင်းတရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရား အမရပူရမြို့ ဓမ္မာရုံ၌
ဟောကြားတော်မူသော
အဇာတသတ်ကိုဟော
နီဝရဏ ၅ပါးမှ ကာမစ္ဆန္ဒနီဝရဏရှင်းတရားတော်
(၁၇-၁၂-၆၀)
သာသနာတွင်းတရား သာသနာပတရား
သာသနာတွင်းတရား သာသနာပတရားလို့ နှစ်မျိုးရှိတယ်ဆိုတာကို မှတ်ရမှာပဲ (မှန်ပါ့ ဘုရား) ပေးလိုက် ကမ်းလိုက် လှူလိုက် တန်းလိုက် သီလလေးတွေ ဆောက်တည်လိုက် သာသနာပလဲ ရှိနေတာပဲမှတ်ပါ (မှန်ပါ့)။
လှူဒါန်းပေးကမ်း သီလဆောက်တည်မှု (သာသနာပလဲရှိပါတယ် ဘုရား)။ ရှိတာပဲတဲ့ အဋ္ဌကထာဆရာတွေက
‘ဝိပဿနာနံ သာသနသ္မိံယေဝ ဟောတိ” ဝိပဿနာနံ ဖြစ်ပျက်ရှုတဲ့ဝိပဿနာသည် သာသနသ္မိံယေဝ သာသနာရှိမှသာလျှင် ဟောတိ ဖြစ်နိုင်၏ဆိုတော့ ဝိပဿနာက သာသနာတွင်းတရား (မှန်ပါ့)။
အဲ့ဒီတော့ သာသနာနဲ့ ကြုံတဲ့အချိန်မှာ သာသနာတွင်း တရားလုပ်ပြီး သကာလ နေကြဖို့အချိန်ပဲလို့မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ သာသနာတွင်းတရား ဝိပဿနာဆိုတဲ့ဥစ္စာ ဝိပဿနာလုပ်ခါ ကြိုးစားချင်ပြန်တယ် ဆိုပြန်တော့လဲ ဘယ်သူအရေးကြီးပြန်တုန်းလို့ မေးတဲ့အခါကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကကွာ ဆရာကောင်း သမားကောင်း အရေးကြီးတယ် (မှန်ပါ့)။
ဆရာကောင်း သမားကောင်းနဲ့တွေ့ရင် နေအရုဏ်တက်တာနဲ့တူတယ်ကွ (မှန်ပါ့) သူနဲ့တွေ့ပြီဆိုလို့ရှိရင်ဖြင့် တဲ့ မင်းတို့ မဂ္ဂင်အလုပ်ပွားများ ဖြစ်တော့မှာပဲတဲ့။
အဲဒီ ဝိပဿနာ မဂ္ဂင်အလုပ်တွေ ပွားများဖြစ်လို့ရှိရင်ဖြင့် မင်းတို့ နေထွက်တာလို့မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် သူတော်ကောင်းနဲ့ တွေ့တာ ဘာတုန်းများ (နေအရုဏ်ဘက်တာပါ ဘုရား) အရုဏ်တက်တာပဲ မှတ်လိုက် တာပေါ့ ဒကာသစ်ရာ (မှန်ပါ့ ဘုရား)။
ဝိပဿနာအလုပ် လုပ်လာပြီ
ကိုယ်ကိုယ်တိုင် ဝိပဿနာအလုပ် လုပ်လာပြီဆိုမှဖြင့် (နေထွက်တာပါ ဘုရား)၊ ဆရာကောင်းသမားကောင်းနဲ့ တွေ့ရင် ဘယ်လိုယူမယ် (အရုဏ်တက်တာပါ ဘုရား)။
ကိုယ်ကိုယ်တိုင် ဝိပဿနာ ရှုနေလို့ ဆရာပြောတဲ့ နည်းအတိုင်း မှတ်ပြီး လုပ်ကြမယ် ဆိုရင်ဖြင့် (နေထွက်တာပါ ဘုရား)။
ကိုယ် ကိုယ်တိုင် ဝိပဿနာ ရှုနေလို့ ဆရာပြောတဲ့ နည်းအတိုင်းမှတ်ပြီး လုပ်ကြမယ်ဆိုရင်ဖြင့် (နေထွက်တာပါ ဘုရား)။
ဪ ဝိပဿနာနည်းပြ နည်းပေးတဲ့ ဆရာသမားနဲ့တွေ့လိုရှိရင် အရုဏ်တက်တယ်။
ဝိပဿနာအလုပ် ကိုယ်တိုင် လုပ်လာလို့ရှိရင် နေထွက်တယ်ဆိုတော့ တို့ဒီအတိုင်းနေတဲ့ ပုဂ္ဂိုလ်တွေမှာဖြင့် အမြဲတမ်းမှောင်နေပါလားဆိုတဲ့ အဓိပ္ပာယ်ရတယ် (မှန်ပါ့ ဘုရား)။
ဒီအတိုင်း ဆရာလဲမရှာဘူး ဝိပဿနာလဲ ကိုယ်တိုင်လဲ မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဘယ်အခြေအနေ ဆိုက်နေတုန်း (အမြဲတမ်း မှောင်နေပါတယ် ဘုရား) အမြဲတမ်းမှောင်နေတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီအမှောင်တွင်းနေတဲ့ ပုဂ္ဂိုလ်သည် ဘာတွေလုပ်လို့ဘာတွေ ကိုင်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ အမှန်အကန်အလုပ်ဆိုတာ အမှောင်ထဲဘာမှ မလုပ်နိုင်တော့ဘူး (မှန်ပါ့ ဘုရား)။
အမှန်အကန် ဘာမှ မလုပ်နိုင်ဘူးဆိုတော့ ရန်ကုန်မှာဖြစ်စေ မန္တလေးမှာဖြစ်စေ ဘုန်းကြီးကို အမျိုးမျိုးအဖုံဖုံ ဒီဆရာကောင်းလဲ မတွေ့ဘူး၊ ဒီဝိပဿနာ အလုပ်လဲ မလုပ်ဘူးဆိုရင်ဖြင့် သာသနာအပြင်က ဖြစ်ပြီး သကာလ မှောင်ထဲ မွေး မှောင်ထဲနေ မှောင်ထဲသေဖြစ်ပါလိမ့်မယ် (မှန်ပါ့)။
မွေးတဲ့အခါလဲ (မှောင်ထဲမှာပါ ဘုရား) နေတဲ့အခါ (မှောင်ထဲမှာပါ ဘုရား) သေတဲ့အခါ (မှောင်ထဲမှာပါ ဘုရား) ဘယ်အခါမှ သူ့မှာ အလင်းရမသွားရှာဘူး (မရနိုင်ပါဘူး ဘုရား)။
ရမသွားတော့ကိုတဲ့ မှောင်ထဲမွေးဆိုတာလဲ အဝိဇ္ဇာအုပ်နေပါတယ်ဆိုတာ ပြောတာ (မှန်ပါ) အဝိဇ္ဇာတဏှာ အုပ်ချုပ်နေတယ် ပြောတာပါပဲ (မှန်ပါ)။
မှောင်ထဲနေတယ် ဆိုတာ
မှောင်ထဲနေတယ် ဆိုတာကော (အဝိဇ္ဇာ, တဏှာအုပ်ချုပ်နေတာပါ ဘုရား) မှောင်ထဲသေတယ်ဆိုတာကော (အဝိဇ္ဇာ, တဏှာအုပ်ချုပ်နေတာပါ ဘုရား)။
အဝိဇ္ဇာ, တဏှာအုပ်ချုပ် သေသွားတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတော့ အပါယ် လေးပါးပဲ ရောက်ရောက်သွားတယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဆရာသမားကောင်းရှာပြီး သကာလ အရုဏ်တက်အောင် လုပ်ဖို့ အရေးကြီးပါတယ် (မှန်ပါ့)။
ရှာလို့ရတဲ့ ဆရာသမားဆီက နည်းနာနိဿယတွေယူပြီး ကိုယ့်ခန္ဓာကိုယ်ကြီးနဲ့ အနိစ္စတွေဆိုတဲ့ ဖြစ်ပျက်တွေ ရှုဖို့ အရုဏ်တက်အောင် နေထွက်အောင် လုပ်ကြပါဆိုတာ တိုက်တွန်းရပြန်တယ် (မှန်ပါ့)။
ဝိပဿနာ သာသနာတွင်းမှ ပေါ်လာတယ်ဆိုတာ သေချာတယ်မဟုတ်လား (သေချာပါတယ် ဘုရား) အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ကိုယ်တိုင် မသိလို့ရှိရင် မှန်းပြောတာမှတ်ပြီး သကာလ ဪ- ငါတို့သည် ဆရာကောင်းသမားကောင်းလဲ မတွေ့ရသေး၊ သူတော်ကောင်း အလုပ်ကိုလဲ ဝိပဿနာအလုပ် မလုပ်ရသေးလို့ရှိရင်ဖြင့် ငါတို့မှာ မွေးထဲကလဲမှောင်ထဲမှာ, နေတော့လဲ မှောင်ထဲမှာ, သေတော့လဲမှောင်ထဲမှာပဲ နောက်ဘဝရောက်ပြန်တော့လဲ မှောင်ထဲနေရာပဲ ရောက်ရမယ်ဆိုရင်ဖြင့် လမ်းကောင်းပေါ်ဘယ်တော့ ရောက်မလဲဆိုတဲ့ဥစ္စာ မေးရလိမ့်မယ် (မှန်ပါ့ ဘုရား)။
လမ်းကောင်းပေါ် ရောက်စရာမြင်သေးရဲ့လား
လမ်းကောင်းပေါ် ရောက်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား) ဒါဖြင့်သူ့မှာ ခလုတ်ကံသင်း ချိုင့်ကျင်း တွေနဲ့ တွေ့ပြီး သေပွဲဝင်ဖို့ပါပဲ (မှန်ပါ့ ဘုရား)။
ခလုတ်ကံသင်း ချိုင့်ကျင်းတွေနဲ့ သေပွဲဝင်ဖို့ပဲ (မှန်ပါ့ ဘုရား) ခလုတ်တံသင်းချိုင့်ကျင်းတွေနဲ့ သေပွဲဝင်ဖို့ပဲ ဆိုတာ အမှောင်ထဲမွေး, အမှောင်ထဲနေ, အမှောင်ထဲသေတဲ့ ပုဂ္ဂိုလ်များကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ကံမကောင်း အကြောင်းမသင့်လို့ မှောင်ထဲမွေး, မှောင်ထဲနေ, မှောင်ထဲသေတာလားလို့မေးရင် ဒါ ကံမကောင်းလို့ မဟုတ်ဘူးလို့ဆိုကြပါ (မှန်ပါ့ ဘုရား)။
ကလျာဏ မိတ္တဆိုတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူအရုဏ်တက်ကလေးတောင်မှ မရှာဘူး (မှန်ပါ့ ဘုရား)။ အဲဒီတော့ သူ့သန္တာန်အလင်းရပြီး နေထွက်ဖို့ရာ အရေးဟာ လုံးဝ မရှိဘူးဟေ့ (မှန်ပါ့ ဘုရား)။
လုံးဝမရှိတော့ အမှောင်ထဲမွေး, အမှောင်ထဲနေ, အမှောင်ထဲသေပြီးကာ သွားတော့ ကိုယ့်မှန်းချေပေါက်တယ်လို့ ပါသေးရဲ့လား ဒါကြောင့် လူ့ဘဝကနေပြီး နောက်ချေးပိုးထိုးဖြစ်သွားတာ ဒါ မှောင်ထဲနေလို့ မှောင်ထဲကနေပြီး ဖြစ်ချင် သလို ဖြစ်သွားတာ (မှန်ပါ့ ဘုရား)။
မှောင်ထဲ နေလို့ မှောင်ထဲသေ
လူ့ဘဝကနေပြီး သဘပတ္တဇာတ်မှာ ခွေးမကြီးသွားဖြစ်တာတွေ ထောက်ပြန်တော့လဲမှောင်ထဲမွေးပြီး မှောင်ထဲ နေလို့ မှောင်ထဲသေလို့ပဲ အသေဆိုးနဲ့ ခွေးဖြစ်သွားရတယ်ဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ဒီနေ့ဆုံးမချင်တာက သာသနာတွင်း ဝိပဿနာလို့မှတ်ပါ (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘာမှတ်ကြမယ် (သာသနာတွင်း ဝိပဿနာပါ ဘုရား)။
ဝိပဿနာ မလုပ်ရသေးရင် သာသနာတွင်းမှာ နေငြားသော်လဲ သာသနာနှင့် မတွေ့သေးဘူးဆိုတဲ့ဥစ္စာ မှတ်ထားဖို့အရေးကြီးတယ် (မှန်ပါ့ ဘုရား) သဘောပါပြီလား (ပါပါတယ် ဘုရား)။
ဝိပဿနာသာသနာတွင်း သာသနသ္မိံယေဝ ဟောတိ၊ ဆိုတော့ ဝိပဿနာရှုမှုသည် သာသနာတွင်းမှာသာလျှင် လုပ်နိုင်တယ်ဆိုတဲ့ဥစ္စာ အထင်အရှားရှိပြီး သကာလ နေတဲ့အတွက်
ကိုယ့်ကိုယ်မှ အရုဏ်တက်မှုကိုဘယ်နေရာများ အရုဏ်လေးတက်အောင် ငါလိုက်ရပါမတုန်း ဘယ်နေရာများ ငါအလင်းရအောင် နေထွက်တဲ့ဆီတွေ့ပါ့မလဲ ဒါမှမရှာလို့ရှိရင်ဖြင့် တိရစ္ဆာန်များလိုပဲ ဒကာ ဒကာမတွေ မွေးတုန်းက တိရစ္ဆာန်နေတော့ တိရစ္ဆာန်, သေတော့ တိရစ္ဆာန်သေ (မှန်ပါ့ ဘုရား)။
ဖြစ်ရတော့မယ်ဆိုတာဖြင့် ငြင်းစရာမလိုအောင် မှန်နေတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) သဘော ကျပြီလား (ကျပါတယ် ဘုရား)။
ကလျာဏမိတ္တအလျင်ရှာအုန်းကွ
ဒါဖြင့် ဒကာ ဒကာမတို့ ဘာလုပ်ကြမယ် (ဝိပဿနာအလုပ် အားထုတ်ရပါမယ် ဘုရား) ဝိပဿနာလုပ်မယ်ကြံ တော့လဲ ရှေးဦးစွာ ကလျာဏမိတ္တ။ ကလျာဏက ကောင်းတဲ့။ မိတ္တက ဆရာဆိုလဲ ဟုတ်တယ် အဆွေခင်ပွန်းလဲ ဟုတ်တယ်။ ကလျာဏမိတ္တအလျင်ရှာအုန်းကွ (မှန်ပါ့ ဘုရား) အဲဒါအလျင်ရှာမှ အရုဏ်တက်တဲ့ အခြေအနေရောက် ပါတယ် (မှန်ပါ့ ဘုရား)။
နောက် ဒီအတိုင်း သူပေးတဲ့နည်းအတိုင်းလုပ်ပြီး ဒီခန္ဓာထဲမှာ ဖြစ်ပျက်ကလေးတွေ တွေ့ပြီဆိုတော့ ဪ နေထွက်ပေါ့ကို အခုမှစပြီး ဒါ ငါ့မှာ အလင်း ရတာပါလားလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) ရှင်းပြီးလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံး ငါတို့ဘာဖြစ်ခဲ့သတုန်းလို့ မေးလို့ရှိရင်ဖြင့် ဘာဖြစ်တယ် လို့တော့ အမှန်မယူနဲ့တော့ ဖြစ်တာအမျိုးစုံဖြစ်ခဲ့တယ်ဆိုတာ ထားပြီး သကာလ မှောင်ထဲမွေး, မှောင်ထဲနေ, မှောင်ထဲသေခဲ့ရတယ် လို့ဆိုတာ ဆုံးဖြတ်ချက်ချပါတော့ (မှန်ပါ့ ဘုရား)။
ဒီတစ်ခါ ဒီဆရာသမားကောင်းတွေနဲ့လွဲ ကိုယ်ကျင့်ကြံမှုအကောင်းတွေနဲ့ လွဲလို့ရှိရင်ဖြင့် ငါတို့ ဘာဖြစ်မှာတုန်း ဆိုတဲ့မေးလုံးကို မမေးပါနဲ့တော့ (မှန်ပါ့ ဘုရား)။
မှောင်ထဲမှာပဲ ဥပမာမယ် မျက်မမြင်တဲ့ သတ္တဝါလေး မျက်လုံး မမြင်သလိုဘဲ ဓမ္မာရုံပေါ်လျှောက်သွားနေမှာပဲ (မှန်ပါ့ ဘုရား) ဟိုဘက် ကျစရာရှိရင်လဲ သူကျမှာပဲ ဟိုဘက်က စားမဲ့အကောင်က စောင့်နေလို့ရှိရင်လဲ အစားခံဖို့ရာ သွားမှာပဲ (မှန်ပါ့ ဘုရား)။
ဟိုဘက်ကချောက် ကျစရာရှိရင်လဲ သူက ဦးတည်ရာ သွားနေတာကိုဗျာ့ ချောက်ကျစရာရှိ ထိုးချပြန်လဲ အင်း မျက်လုံးက အလင်းမရတော့ ဒကာသစ် ဒီအတိုင်း သွားရမှာပဲ (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်အဖြစ်ဆိုလဲ ကိုယ်သိမှသာလျှင်အဖြစ် ကောင်းရှာချင်တယ်ဆိုတာလဲ သေသေမှတ် (မှန်ပါ့ ဘုရား)။
အဖြစ်ဆိုးကို ဉာဏ်ကထိုးထွင်းပြီး သကာလ လမ်းပြပေးမည့်သူ မရှိလို့ရှိရင် ကိုယ့်အဖြစ်ဟာ တော်လှပြီလို့ အောက်မေ့နေလိမ့်မယ် (မှန်ပါ့ ဘုရား)။
မတော်သေးတာ တော်ပြီထင်လို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ အနာမသိတဲ့ ဝေဒနာသည်လို ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
အနာမသိတဲ့ ဝေဒနာသည်ကားလို့ဆိုရင်ဖြင့် အနာ၏အနာအကြောင်း ကောင်းကောင်းမှမသိတော့ သူ့စိတ်ထဲ မှာ အနာရှိတယ် မထင်ဘူး ရှိတဲ့အနာလဲ ပျောက်ပြီ ထင်နေတယ်။
အနာရှိတာမသိတဲ့ လူမမာ
အနာက မတက်ကြွသေးလို့ သူကောင်းတယ်ထင်နေတယ်။ အနာတော့ရှိလျက်ပဲ အဲဒီရှိလျက်ကို အနာရှိလျက်နဲ့ အနာရှိတာမသိတဲ့ လူမမာသည်ကားလို့ဆို တော်ကြာ ဒီအနာနဲ့ပဲ ဝိညာဉ်ချုပ်ရပါလိမ့်မယ် (မှန်ပါ့ ဘုရား) မချုပ်ရပေ ဘူးလား (ချုပ်ရပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဝိညာဉ် ချုပ်ရပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ အနာရှိတာ အနာရှိတယ်လို့မသိ သောကြောင့် အနာတက်ကြွပြီးတော့ သေပွဲဝင်လိုက်ရတာ (မှန်ပါ့ ဘုရား)။
ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား) ဒီမှာလဲ သာသနာတွင်းသို့ မြန်မြန် ရောက်အောင်ဝင်တယ်ဆိုတာ ဒကာကြွယ်တို့ကို လက်ယပ်ခေါ်နေတယ် (မှန်ပါ့)။
ဒါမှသာလျှင် အရုဏ်လေးတက်လို့ အလင်းထဲရောက်ပြီး သကာလ ကိုယ်သွားချင်တဲ့လမ်း အဖြောင့်သွားနိုင်မှာ (မှန်ပါ့ ဘုရား)။
နို့မို့လို့ရှိရင် အမှောင်ထဲမှာ မွေးရတဲ့အတွက် အဝိဇ္ဇာအမှောင်ကြီးထဲ မွေးရတဲ့အတွက် သွားမိသွားရာသွားလို့ ကျမိကျရာကျရတယ် သူများပါးစပ်ထဲမှာ စားမိစားရာ အစားခံရ ဒီလိုချည်းပဲ ဇာတ်သိမ်းခဲ့ရတယ်ဆိုတာ တစ်သံသရာ လုံးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ခုချမ်းသာမှု, ကျန်းမာမှုလေးကို မကြည့်ပါနဲ့တဲ့ ခုချမ်းသာ ကျန်းမာတယ်ဆိုတာ ကိုယ့်မျက်လုံး မှောင်ထဲမြင်နေတာ သူပြောတာပါ (မှန်ပါ့ ဘုရား)။
မှောင်ထဲမှာ စမ်းတွေ့တာလေး သူချမ်းသာတယ်ပြောတာပါ (မှန်ပါ ဘုရား)။ အလင်းရလို့ ချမ်းသာတယ် ပြောတာလား စမ်းမိစမ်းရာစမ်းမိလို့ သူချမ်းသာတယ် ပြောတာလား (စမ်းမိစမ်းရာကို ချမ်းသာတယ် ပြောတာပါ ဘုရား)။
အကန်းပျော် ပျော်တာ
ဒါကတော့ အလင်းရှိတဲ့ပုဂ္ဂိုလ် မျက်စိနှစ်ကွင်း အလင်းရတဲ့ပုဂ္ဂိုလ် ဪ ဒီဥစ္စာ အကန်းပျော် ပျော်တာပါလား ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) ဘယ်လို ဆုံးဖြတ်ချက်ချမတုန်း (အကန်းပျော် ပျော်တယ်လို့ ဆုံးဖြတ်ချက်ချပါမယ် ဘုရား)။
အကန်းပျော် ပျော်နေတဲ့ ပုဂ္ဂိုလ်ကို အမြင်ရှိတဲ့ပုဂ္ဂိုလ်က စဉ်းစားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဪ ဟိုဘက်နား ကျရင် သူက ချောက်ကျတော့မယ် (မှန်ပါ့ ဘုရား)။
ဒီမှာ အကန်းပျော် ပျော်နေတာ ဟိုဘက်နား ကျရင်ချောက်ကျတော့မယ်ဆိုတာ အမြင်သမားကတော့ သိသပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အကန်းပျော်ဇာတ်သိမ်းပြီး သကာလ အမြင်တို့၏ အမြင်ရှိသော ပုဂ္ဂိုလ်၏ အဖြစ်သို့ ရောက်အောင်ဖြင့် ကလျာဏမိတ်ကောင်းရှာပြီး ဝိပဿနာလုပ်ပါဆိုတာ မဟာဝဂ္ဂသံယုတ် ပါဠိ တော်မှာ သေသေချာတိုက်တွန်းလို့ ယနေ့ စောစောပဲ ဒါ ပြောပါတယ် (မှန်ပါ့ ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။
ယနေ့ စောစောပဲ ပြောပါတယ် ရှင်းပြီနော် ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ မနေ့က သိင်္ဂါလသတို့သားက မေးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဉာဏ်မပေါ်ပုံဟာ ဒီလိုဖြစ်ပါတယ် ဉာဏ်ကိုပေါ်ပြီး သကာလ ဉာဏ်ဖုံးနေတာ ဖော်လိုက်လို့ရှိရင် ဉာဏ်ပေါ်လာပါတယ်ဆိုတဲ့ ငါးချက်လဲပြည့်သွားပါပြီ (မှန်ပါ့ ဘုရား)။
ပြီးသွားပြီနော် အဲဒီငါးချက်ပဲ အဇာတသတ်ကို ဟောတာလေးကို ဒကာ ဒကာမတွေ ယနေ့နာရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ ဒီငါးချက်ပဲ ဒီငါးချက်ပဲတဲ့၊ ဘယ်သူ့ ဟောသတုန်းမေးရင် ဘယ့်နှယ်ပြောမတုန်း (အဇာတသတ် ဟောပါတယ် ဘုရား)။
အေး အဇာတသတ် အဖသတ်ပြီးမှ ဒီတရားနာရရှာတယ်၊ အဖသတ်ပြီးမှ ဒီတရားနာရတော့ ဒကာ ဒကာမတွေ အဖသာ မသတ်ရသေးရင် ဒီတရားနဲ့ ကိစ္စပြီးတယ် (မှန်ပါ့ ဘုရား)။
ဒီတရားနဲ့ထွက်ရလမ်းပေါက်ပြီး သကာလ ဒုက္ခဇာတ်သိမ်းမှာပဲ (မှန်ပါ့ ဘုရား) သို့သော် အဖသတ်ပြီးမှ ဒီတရားနာရတဲ့အတွက် အဝီစိမကျဘဲနဲ့ အဝီစိငရဲအောက် အဆပေါင်းများစွာ သက်သာတဲ့ လောဟကုမ္ဘီငရဲဆိုတော့ အင်း သက်သာတဲ့နေရာ ကျသွားသေးတယ်ဆိုတော့ ဓာရေတီတိ ဓမ္မောဆိုတဲ့အတိုင်း ဆောင်ဖော်တော့ ရသေးတာပဲ (မှန်ပါ့ ဘုရား)။
ကောင်းတာ ဆောင်ဖော်တော့ ရသေးတယ် (ရပါသေးတယ် ဘုရား) အေး ဒါကြောင့် ဒကာ ဒကာမတွေ ဒီတရားကို ဝိပဿနာဉာဏ်နဲ့ စဉ်းစားပြီး သကာလ လာကြပါဆိုတာ သတိပေးလိုက်တယ်နော် (မှန်ပါ့ ဘုရား)။
ဟောတာကို ဒါက လောဘ ကာမစ္ဆန္ဒနီဝရဏ ဒီက ဒေါသ ဗျာပါဒ နီဝရဏ ဒီက နှစ်ခုတွဲ ထိနမိဒ္ဓနီဝရဏလို့ မှတ်လိုက်တာပေါ့။
ထိနမိဒ္ဓနီဝရဏ
ဒီကနှစ်ခုထဲက ထိနမိဒ္ဓနီဝရဏ သူတို့က ခန္ဓာကိုယ်ထဲဝင်ရင် တွဲဝင်တယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒီဘက်က ဥဒ္ဓစ္စကုက္ကုစ္စဆိုတော့လဲ သူတို့ လာလို့ရှိရင် တစ်ခုတည်း မလာဘူး၊ နှစ်ခုချည်းလာတယ် (မှန်ပါ့ ဘုရား) ဒီဘက်က ဝိစီကိစ္ဆာနီဝရဏ အင်း ဒီနီဝရဏတရားဘယ်နှစ်ပါးရှိပါလိမ့် (ငါးပါးရှိပါတယ် ဘုရား)။
အတွဲက နှစ်ခုပေါ့ဗျာ (မှန်ပါ့ ဘုရား) သီးသန့်တွေက တစ်ခုစီ (မှန်ပါ့ ဘုရား) ဒါက ဒကာကြွယ်တို့ ဦးလှဘူးတို့ သေသေချာချာ မှတ်ရတော့မယ် (မှန်ပါ့ ဘုရား) မဂ်ဖိုလ်တားတဲ့တရား ငါးခု (မှန်ပါ့ ဘုရား)။
ချမ်းသာကိုတားတဲ့တရား ငါးချ (မှန်ပါ့ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (ချမ်းသာကို တားတဲ့တရား ငါးခုပါ ဘုရား) ချမ်းသာတားတယ်ဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ် တားတဲ့တရား ငါးခု (မှန်ပါ့ ဘုရား)။
ဒါတွေ ဒကာ ဒကာမတွေ သန္တာန်ထဲမှာ အချို တကျနဲ့ လှည့်ပတ် ဝင်နေကြမယ်ဆိုရင်ဖြင့် ဘယ်အခါကာလမှ ချမ်းသာစစ် ချမ်းသာမှန်ရတော့မယ် မဟုတ်ပါဘူး ဆိုတဲ့ ဥစ္စာ ဒကာကြွယ် သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ဒီ ငါးခု အလှည့်ကျ ဝင်နေတာကို မဖယ်တတ်မရှားတက်ဘူး ဆိုလို့ရှိရင်ဖြင့် သူတို့ကတော့လာတော့မှာပဲ (မှန်ပါ့)၊ လာခဲ့သော် ဖယ်နည်းရှားနည်းကိုလဲ မသိပါဘူးဆိုလို့ရှိရင်ဖြင့် သူတို့စီမံသလိုခံရုံ (မှန်ပါ့ ဘုရား)။
သူတို့က ဘယ်လိုစီမံသလဲဆိုရင် သူတို့ တစ်ခုခု စလာလို့ရှိရင် ဪ ပဋိစ္စသမုပ္ပါဒ် စတာပဲ (မှန်ပါ့)။
အင်း သူ့ဖယ်ထုတ်နိုင်ရင်ထုတ် မထုတ်နိုင်ရင်ဖြင့် သူနဲ့ပတ်သက်တဲ့ သူက အကြောင်းလုပ်ပြီး သူတို့မိတ်ဆွေ တည်းဟူသော အကျိုးတွေလှည့်ပြီး ပေးသွားမှာပဲ (မှန်ပါ့)။
ကာမစ္ဆန္ဒနီဝရဏဆိုတော့
ဥပမာ-ကာမစ္ဆန္ဒနီဝရဏဆိုတော့ မနေ့က ဟောခဲ့တယ် (လောဘပါ ဘုရား) လောဘကို မဖယ်တတ်တော့ပါဘူး ဆိုလို့ရှိရင် တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏ (မှန်ပါ့)။
ဦးဘအုန်း သွားရမှာလား မသွားရဘူးလား (သွားရမှာပါ ဘုရား) မဖယ်တတ်ရင်လေ (မှန်ပါ့)။
ဖယ်ပစ်လိုက်မယ် ဆိုလို့ရှိပြန်လို့ရှိရင်လဲ လောဘချုပ်သွားလို့ရှိရင်ဖြင့် တဏှာချုပ်သွားတာ အဓိပ္ပာယ်က တဏှာချုပ်သွားသောကြောင့် လောဘက တဏှာပဲကိုး (မှန်ပါ့)။
ဥပါဒါန်ချုပ်, ကံချုပ်, ဇာတိ, ဇရာ, မရဏချုပ် (မှန်ပါ့) ဖယ်ဘတ်တဲ့ ပုဂ္ဂိုလ်မှာ ချုပ်မှာပါ မဖယ်တတ်တဲ့ ပုဂ္ဂိုလ်ဆက်မှာပဲ (မှန်ပါ့)။
ဖယ်တတ်တဲ့ပုဂ္ဂိုလ်မှာ (ချုပ်ပါတယ် ဘုရား) မဖယ်တတ်တဲ့ပုဂ္ဂိုလ် (မချုပ်ပါ ဘုရား) ဆက်မှာပဲဆိုတာ သေသေ ချာချာ မှတ်ပြီး သကာလ (မှန်ပါ့)။
နာနေကျ ဒကာ ဒကာမတွေက သိပြီးသားဖြစ်နေပါပြီ (မှန်ပါ့) ကဲ ဒီနေ့ဥစ္စာတော့ မနေ့က သိင်္ဂါရဝဟောတော့ ယနေ့ အဇာတသတ်ကျတော့ ဘုရားက ဒီတရားပဲ အပြစ်ကြီးပုံပဲ ဒကာအုန်းရေ သေသေချာချာ ဟောခဲတယ် (မှန်ပါ့)။
ဣဏံ ဝိယ ကာမစ္ဆန္ဒော။ ကာမစ္ဆန္ဒော လောဘဆိုတဲ့ ကာမစ္ဆန္ဒောသည် ဣဏံ ဝိယ ကြွေးတင်နေတဲ့ သူနဲ့တူ၏ (မှန်ပါ့) လောဘ ခန္ဓာကိုယ်ထဲ ရောက်လာရင် ဘာနဲ့တူသတဲ့ (ကြွေးတင်တဲ့ ပုဂ္ဂိုလ်နဲ့တူပါသတဲ့ ဘုရား)။
ကြွေးတင်နေတဲ့ ပုဂ္ဂိုလ်ပဲ
ကြွေးတင်နေတဲ့ ပုဂ္ဂိုလ်ပဲတဲ့ ကြွေးတင်နေတဲ့ပုဂ္ဂိုလ်မှာဖြင့် အားချိန်လဲမရှိဘူး စိတ်လဲမချမ်းသာဘူး (မှန်ပါ့)
အားချိန် (မရှိပါ ဘုရား) စိတ်ကော (မချမ်းသာပါ ဘုရား) အိပ်လို့ စားလို့ကော ကောင်းနိုင် ပါရဲ့လား (မကောင်း နိုင်ပါ ဘုရား)။
အဲ သူသာ ရောက်လာမယ်ဆိုလို့ရှိရင် အဇာတသတ်တဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကြွေးတင်တဲ့ ပုဂ္ဂိုလ်နဲ့တူတယ် (မှန်ပါ့) ဘာနဲ့တူသတဲ့ (ကြွေးတင်တဲ့သူနဲ့ တူပါတယ် ဘုရား) ကြွေးတင်တဲ့ပုဂ္ဂိုလ်နဲ့တူသွားပြီတဲ့။
ဒကာ ဒကာမတို့ ကိုင်း ဒါဖြင့် ကိုယ်တိုင် ကြွေးတင်တဲ့ ပုဂ္ဂိုလ်နဲ့ တူ-မတူ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးဘအုန်းတို့ ဦးလှဘူးတို့ စဉ်းစားရမယ် (မှန်ပါ့ ဘုရား)။
ကြွေးတင်တဲ့ပုဂ္ဂိုလ်နဲ့တူတယ် မတူတယ်ဆိုတာ ဥပမာ အိမ်ထောင်ကျတယ်ဆိုတော့ ခင်ပွန်းမ တစ်ယောက် ရပြီး သူနဲ့ပေါင်းသင်းလို့ သားတွေ သမီးတွေ မွေးဖွားလာတယ် ထားကြပါစို့ (မှန်ပါ့)။
ယောကျ်ားလုပ်တဲ့ ပုဂ္ဂိုလ်မှာ သူတို့ဝဖို့၊ သူတို့လှဖို့၊ သူတို့လူချင်းတူတူဖြစ်ဖို့ အရှာမထွက်ရဘူးလား (ထွက်ရပါ တယ် ဘုရား)။
အရှာထွက်တာ ဟုတ်ပါတယ်တဲ့ အရှာထွက်ပြီး သကာလ ဘယ်သူ့ကို ထိုးအပ်ရသတုန်း ရတဲ့ပစ္စည်းကို ကြွေးရှင်တွေပေးဆပ်ရတယ် ဝတ်ကြ စားကြကွာ ဒါ ဝတ်ကြကွာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အင်း ဒါဝတ်ကြ ဒါစားကြ ဒီလိုနေကြ ဒီလိုထိုင်ကြ ဒါက လက်ဝတ်လက်စားအတွက် ဒါက အပေါ်ထည် အင်္ကျီတွေအတွက် အင်း ဒါက ဒီထက်ပိုလာပြန်လို့ရှိရင် ကား, စိန်အစရှိသည်တို့အတွက် (မှန်ပါ့)။
ကြွေးဆပ်ဖို့အတွက် သွားရှာရတယ်
ဒကာသစ်ရေ နေ့တိုင်းသွားပြီး သကာလ ကြွေးဆပ်ဖို့အတွက် သွားရှာရတယ် (မှန်ပါ့ ဘုရား) ပြန်လာတော့ ဆပ်ရတယ် (မှန်ပါ့)။
နေထိုင်း ဈေးချိုသွားလိုက်တာက ဘာပါလိမ့် (ကြွေးဆပ်ဖို့ အရှာသွားတာပါ ဘုရား) ကြွေးဆပ်ဖို့ အရှာ ထွက်ပါတယ် (မှန်ပါ့ ဘုရား)။
ပြန်လာတဲ့အခါကျတော့ ကိုယ့်လက်ထဲ တစ်ပြားမှမရှိဘဲ သူတို့ကို ထိုးအပ်ပြီး သကာလ ဒါအစားဖို့ ဒါကဝတ်ဖို့ ဒါက မြူနီစီပါယ်အခွန်ဆောင်ဖို့ ဒါက အမြတ်တော်ကြေးဆောင်ဖို့ အစရှိသည်နဲ့ သူတို့ ဒါ ဝတ်ဖို့စားဖို့တွေကို ထိုးအမ်းရပြန်တော့ ဒီမှာ ဆင်းရဲသား အသွားသမားမှာ စဉ်းစားကြည့်စမ်းပါ ကြွေးရှိလို့ ပြန်ဆပ်ရရှာတယ် (မှန်ပါ့)။ ဘာဖြစ်လို့ (ကြွေးရှိလို့ပါ ဘုရား)။
ပြန်ဆပ်တာက ဪ ဒီကြွေးမျိုးက ဆားတစ်လျက်နဲ့ ကျေတဲ့ကြွေးမျိုးလား မသေမချင်းဆပ်ရတဲ့ကြွေးမျိုးလား ဆိုတဲ့ဥစ္စာကိုလဲ ကိုယ့်ကိုယ်ကို အကဲခတ်ရလိမ့်မယ် (မသေမချင်းဆပ်ရမယ့် ကြွေးမျိုးပါ ဘုရား)။
ဒကာကြွယ် ဘာတဲ့ဗျာ (မသေမချင်းဆပ်ရမယ့်ကြွေးပါ ဘုရား) မသေမချင်း ဆပ်ရမယ့်ကြွေး ဪ မသေ မချင်း ဆပ်ရတဲ့ကြွေးဆိုလို့ရှိရင်ဖြင့် သေတော့ ကျေသွားသလားလို့ဆိုတော့ မေးပြန်တော့လဲ ဆပ်ချင်ရဲ့ တန်းလန်းနဲ့ ခေါင်းထဲဝင်ရတယ် (မှန်ပါ့ ဘုရား)။
ဪ-ဘယ်လိုများ ဆပ်ရမလဲ နဂိုတုန်းက ငါရှာကြွေးနေတာ အခုတော့ဖြင့် ခြေတို့လက်တို့နဲ့ သားငယ်, သမီးငယ်နဲ့ အင်း နဂိုကလဲ လယ်လယ်ဝယ်ယ်မရှိတာနဲ့ ဆိုပြီးတော့ တစ်သက်လုံးကြွေးဆပ်ပြီး သကာလ ဆပ်သွားသေး တယ်။ ကြွေးဆပ်လို့ မဝဘဲနဲ့လဲ သေသွားသေးတယ် (မှန်ပါ့ ဘုရား)။
တယ်လဲဆိုးပါလား (ဆိုးပါတယ် ဘုရား) ကြွေးလဲ နေ့တိုင်းကော (ဆပ်ပါတယ် ဘုရား) ဝ,သွားသလား (မဝပါဘူး ဘုရား)။
မဝဘဲနဲ့လဲ သေသွားတယ်လို့ဆိုသဖြင့် ပထမက ကြွေးရှိတဲ့ပုဂ္ဂိုလ်နောက်ကျတော့ ကြွေးဆပ်လို့ မပြေဘဲနဲ့ သေသွားတယ်ဆိုတဲ့အထဲလဲ ရောက်သွားတယ် (မှန်ပါ့ ဘုရား)။
သေခြင်းဆိုးပေါ့ဗျာ
သေခြင်းဆိုးပေါ့ဗျာ (မှန်ပါ့ ဘုရား) သေခြင်းဆိုးက တစ်သက်လုံးဈေးသွားပြီး သကာလ ကြွေးဆပ်ဖို့ရှာ (မှန်ပါ့ ဘုရား) ညနေအိမ်ပြန်အပ် (မှန်ပါ့ ဘုရား)။
ကြွေးရှိတဲ့သူဆီ ပြန်အပ်ရတယ် (မှန်ပါ့ ဘုရား) သားအတွက် ဘယ်လောက်, သမီးအတွက် ဘယ်လောက် အင်း မိန်းမအတွက် ဘယ်လောက် ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။
အင်း ဒကာကြွယ်ရေ နေ့တိုင်း သွားလာနေရတာ ဘာရှာထွက်တာပါလိမ့် (ကြွေးဆပ်ဖို့ အရှာထွက်တာပါ ဘုရား) ကြွေးဆပ်ဖို့အရှာထွက်တယ်လို့ စဉ်းစားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဘာလုပ်တာပါလိမ့် (ကြွေးဆပ်ဖို့ အရှာထွက်တာပါ ဘုရား) အင်း ညနေကျတော့ ဘယ်သူ့ အပ်ရပါလိမ့် (ကြွေးရှင်အပ်ရပါတယ် ဘုရား)။
မနက်ကျတော့ ဒီပုဂ္ဂိုလ် ဘာလုပ်ပြန်ပါလိမ့် (ကြွေးဆပ်ဖို့ အရှာထွက်ပါတယ် ဘုရား) ကြွေးဆပ်ဖို့ပဲ အရှာထွက် တယ်။ ညနေ ဘာလုပ်ပြန်တုန်း (ကြွေးဆပ်ရပါတယ် ဘုရား)။
ဒါ လောဘသတ္တိ (မှန်ပါ့ ဘုရား) လောဘဆိုတာဟေ့ သူကကိန်းလို့ရှိရင် ကြွေးရှာဖို့ကြွေးဆပ်ဖို့ အရှာ ထွက်တာရယ် ကြွေးဆပ်တာရယ် ဒီနှစ်လုပ်သာလုပ်တယ် (မှန်ပါ့ ဘုရား)။
အငတ်ခံမိုက်တာပဲ
ကိုယ်ကတော့ အငတ်ခံမိုက်တာပဲဟေ့ (မှန်လှပါ ဘုရား) ကိုယ်ကတော့ ဘာတဲ့တုန်း (အငတ်ခံမိုက်ပါတယ် ဘုရား) လွန်လွန်းလှချည်လား, လွန်လွန်းလှချည်လား (မှန်ပါ့ ဘုရား)။
ဒီက မိန်းမတွေ, သားတွေ, သမီးတွေက ကောင်းကောင်းမွန်မွန် လုပ်ချင်တယ်, ကြွားချင်တယ်, မော်ချင်တယ်, ကိုယ်နဲ့ မတန်တာကို ဝယ်ချင်တယ်, ချမ်းချင်တယ် ဆိုတာတောင်မှ အေး ငါလဲ မောလှပြီ မင်းတို့က သိပ်ပြီး သကာလ မဖြုန်းကြပါနဲ့ သိပ်မရှာနိုင်တော့ဘူးဆိုတာ ကိုယ့်ပါးစပ်က ကိုယ်ထွက်လာတယ် (မှန်ပါ့ ဘုရား)။
ဒီအထဲက ကြွေးတင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်သေချာတယ် (မှန်ပါ့) ဒကာအုန်း ဒီအသံတွေ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။
သိပ်မလုပ်ကြနဲ့ သိပ်မလုပ်ကြနဲ့ဟေ နောက်ပိုင်းက ကြည့်ပြီးလုပ်ကြပါဆိုတော့ ကြွေးတော့ တင်လာပြီ (မှန်ပါ့ ဘုရား) အဲဒီ ကြွေးတင်တဲ့အထဲက ကြည့်လုပ်ကြပါအုန်းဆိုတာလဲ တောင်းပန်ရပြန်တယ် (မှန်ပါ့ ဘုရား)။
ဘယ်လို တောင်ပန်ရသတုန်းမေးတော့ ငါ အရင်လို့ မရှာနိုင်တော့ဘူး မဆပ်နိုင်တော့ဘူး အသက်အရွယ်တွေ ကြီးလာပြီ (မှန်ပါ့ ဘုရား) ဒါ မဆပ်ဘူး ပြောတာမဟုတ်ဘူး။ အရင်လို မဆပ်နိုင်တော့ဘူးပြောတာ (မှန်ပါ့ ဘုရား)။
ထောင်ကျတဲ့ လူတောင်ဒီလောက် မဆင်းရဲဘူး
ကဲကွာ ငါတော့ ပန်းလှပြီကွာ နေ့တိုင်း အကြွေးရှာထွက်ရတာ မနက်ရှာ ညနေကြွေးပြန်ဆပ်ရတယ် နေ့တိုင်း ကြွေးရှာထွက်ရတယ် ရှာပြီး ညနေပြန်ဆပ်ရတယ် ဒါလောက်ဆင်းရဲတဲ့ဘဝဟာ ထောင်ကျတဲ့ လူတောင်ဒီလောက် မဆင်းရဲဘူး (မှန်ပါ့ ဘုရား)။
ဒီမှာ ထောင်ပြင်ဘက်မှာနေတဲ့ ပုဂ္ဂိုလ်က ဒီ ကာမစ္ဆန္ဒနီဝရဏဆိုတဲ့ တဏှာက တဏှာတရားရှိနေတော့ ကြွေးဆပ်နေတဲ့အလုပ်ဟာ ပြီးသေးရဲ့လား (မပြီးပါ ဘုရား)။
မပြီးတာ ပြင်းသလားလို့ မေးတဲ့အခါကျတော့ မဝမှာနဲ့မလှမှာတောင် စိုးရိမ်သေးတယ်ဆိုတော့ တော်တော် ကြွေးတင်ကြီးနေတဲ့ပုဂ္ဂိုလ်မို့လို့ ဒီစိတ်ကူးပေါ်တာပဲ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ် (ကြွေတင်နေလို့ ဒီစိတ်ကူးပေါ်တာပါ ဘုရား) ဟာ လွန်လှချည်လား (မှန်ပါ့ ဘုရား) ဒကာကြွယ် ကိုယ့်အကြောင်းသိပြီလား (သိပါပြီ ဘုရား) ဒကာသစ်ကော (သိပါပြီ ဘုရား)။
ဘယ်လို သိတာတုန်း (ကြွေးတင်နေလို့ ကြွေးဆပ်ရတာသိပါတယ် ဘုရား) ကြွေးတွေရှိနေတာ အမလေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ ဦးဘအုန်း ကိုယ့်အကြောင်းကိုယ်သိပြီလား (သိပါပြီ ဘုရား)။
ဒါတောင် ခင်ဗျားတို့က အိမ်ကျ ဘဝင်မြင့်ပြီး သကာလ ကြွေးဆပ်နေရတဲ့သူက ငါမရှိ သိရစ်လိမ့်မယ်များ ပြောလိုက်သေးတယ် (မှန်ပါ့)။
အံ့လဲ အံ့ပါပါရဲ့ (မှန်ပါ့) ငါမရှိသိရစ်လိမ့်ဆိုတော့ ကျွန်တစ်ယောက်ပျောက် မင်းတို့ခက်မယ်ပြောတာ (မှန်ပါ့)။
ကျွန်ကြွားများ ကြွားလိုက်သေးတယ်
ဘယ်လိုပြောပါလိမ့် (ကျွန်တစ်ယောက်ပျောက် သိရစ်လိမ့်မယ် ပြောတာပါ ဘုရား)၊ ကြွေးဆပ်မယ့်လူက ဗိုင်းဗိုင်းလဲ မင်းတို့ ကိုယ်ကျိုးနည်းမယ်လို့ (ပြောတာပါ ဘုရား) ကျွန်ကြွားများ ကြွားလိုက်သေးတယ် ဒကာကြွယ် ဘာကြွားကြွား (ကျွန်ကြွား ကြွားပါတယ် ဘုရား)။
ကျက်သရေများကော ရှိရဲ့လား (မရှိပါ ဘုရား) ရော ကျက်သရေမရှိတာများ ပါးစပ်က ထွက်နေပြီဆိုတော့ ဦးဘအုန်းရေ သွားပြီ (မှန်ပါ့)။
ထွက်ဖူးကြလား (ထွက်ဖူးပါတယ် ဘုရား) ထွက်ဖူးတယ် ဒကာကြွယ်ရ မြုံမနေနဲ့ (မှန်ပါ့) ရိပ်မိပြီလား မြုံမနေနဲ့ မြုံမနေနဲ့။
ဒီဥစ္စာ အားလုံး အိမ်မှာ လူကြီးသူမတွေကလဲ မနက်ကြွေးရှာထွက် ညနေ ကြွေးဆပ်တဲ့ ပုဂ္ဂိုလ်တွေ့မှဖြင့် ဟိုက အသုံးအဖြုန်းကြီးနေလို့ရှိရင် ငါမရှိ သိရစ်လိမ့်မယ်ဆိုတာ လာသေးတယ် (မှန်ပါ့) ငါလို ဆပ်မယ့်သူ လာမှာ မဟုတ်ဘူး ပြောတာ (မှန်ပါ့)။
ငါ့ကျွန်ကြီး ‘တစ်’နံပါတ်ထဲ ထည့်ဟလို့ ပြောတာ (မှန်ပါ့) အမလေး ကြောက်စရာကြီးပါလား ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။
ဒါကြောင့် ‘လောဘ’ဆိုတဲ့ တရားရှိနေလို့ရှိရင် ကြွေးဆပ်လို့ မပြီးအောင် ခိုင်းစေတဲ့တရားလို့ ဘုရားက အဇာတသတ်ကို ဟောတာပါ (မှန်ပါ့)။
ဣဏံ ဝိယ ကာမစ္ဆန္ဒော၊ ကာမစ္ဆန္ဒော ကာမစ္ဆန္ဒ ဆိုတဲ့ လောဘရှိတဲ့ပုဂ္ဂိုလ်သည် ဣဏံဝိယ ကြွေးတင်တဲ့ ပုဂ္ဂိုလ်နဲ့တူတယ် (မှန်ပါ့) မနက်ကြွေးရှာထွက် ကြွေးဆပ်ဖို့ ရှာထွက်တယ် ညနေဘာလုပ်တယ် (ကြွေးဆပ်ပါတယ် ဘုရား)။
ကြွေးဆပ်တဲ့ လူက ဟိုကနေပြီး သကာလ ပြန်ပြန် ဆပ်သလောက် ကိုယ်ပိုပြီး သုံးလိုက်တဲ့ အခါကျလို့ရှိရင် သူက ကျွန်စိတ်ပေါက်လာသေးတယ် (မှန်ပါ့)။
ကျွန်စိတ်မပေါက်ဘူးလား
ကျွန်စိတ်မပေါက်ဘူးလား (ပေါက်ပါတယ် ဘုရား) ကြည့်လုပ်ကြ ကြည့်လုပ်ကြ ကြည့်လုပ်ကြဆိုတာ ဘယ်သူ ပြောတာတုန်း သခင်က ပြောတာလား ကျွန်က ပြောတာလား (ကျွန်က ပြောတာပါ ဘုရား)။
ငါမရှိ သိရစ်လိမ့်မယ်ဆိုပြီး ကြွားလုံး ထုတ်တာလဲ သခင်က ထုတ်တာလား ကျွန်ကထုတ်တာလား (ကျွန်က ထုတ်တာပါ ဘုရား)။
ဒါလဲ မရိပ်မိဘူး (မရိပ်မိခဲ့ပါဘူး ဘုရား) မရိပ်မိဘူး ငါ့အိမ် ငါအကြီး ငါအမိုက်ဆုံးလို့ ရိပ်ကိုမရိပ်မိဘူး (မရိပ်မိပါဘူး ဘုရား) ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။
အမလေး လွန်လှချည်လား ခင်ဗျားတို့ အခု မနည်းထုတ်ပြောတာတောင် ခင်ဗျားတို့က ခပ်ပြုံးပြုံးပဲ ရှိသေးတယ် (မှန်ပါ့)။
သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် ဘုရားဟောတာ ဒကာကြွယ် လွဲသလား (မလွဲပါဘူး ဘုရား)။
ကိုင်း ဒီကနေ့ ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ ရန်ကုန်သွား ဘာလုပ်ကြတာတုန်း ရထားတွေ, လေယာဉ်ပျံတွေနဲ့ မော်တော်ကားတွေနဲ့ ဘာလုပ်ကြတာတုန်းလို့ မေးလို့ရှိရင် ဒကာသစ် အဖြေတစ်ခုတည်း ထွက်တော့ (ထွက်မှာပါ ဘုရား) ဘယ်လို ထွက်ပါလိမ့် (ကြွေးအရှာထွက်တာပါ ဘုရား)။
ပြန်လာတဲ့အခါကျလို့ရှိရင် ဆပ်စရာများလာရင် အမယ်ပြုံးများနေလိုက်သေးတယ် (မှန်ပါ့) ဆပ်စရာများ လားလို့ရှိရင် (ပြုံးနေပါတယ် ဘုရား)။
ဆပ်စရာများပါလာလို့ရှိရင် ဒကာကြွယ်တို့က ဘယ့်နှယ်နေတုန်း (ပြုံးနေပါတယ် ဘုရား) ဒီတစ်ခါသွားရကျိုးနပ် တယ်ကွ (မှန်ပါ့)။
သွားရကျိုးနပ်တယ်လို့ ပြုံးများ နေလိုက်သေးတယ် (မှန်ပါ့) ဆပ်စရာနည်းနေတဲ့အခါကျလို့ရှိရင် အိမ်က မျက်စိ မျက်နှာတွေကလဲ ကြည့်ရတာတွေကတော့ ကိုယ်ခင်ပြီးသားဖြစ်နေတယ်။
ဆပ်စရာနည်းလို့ရှိရင်ဖြင့် သွားတော့ သွားတာပဲဟေ့ အကြောင်းက မညီညွတ်ဘူး မင်းတို့က ထင်ပါရဲ့ အို ကိုယ့်ကံကို မပါဘူး (မှန်ပါ့)။
ကိုယ့်ကံကို မပါဘူး (မှန်ပါ့မပါ ပါဘူး ဘုရား) ကိုယ်ကံကိုမပါဘူး သူက ကျွန်ဘက်ကကိုး ကိုယ့်ကံကို မထည့်နိုင် တော့ဘူး (မထည့်ပါ ဘုရား)။
ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) အမလေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ ရိပ်မိပြီမဟုတ်လား။
ဒါ ဒကာသစ်ရေ မနေ့က တရားနဲ့ မတူဘူး၊ ဒီဥစ္စက (မှန်ပါ့) သူတစ်လုံးရှိနေလို့ ရှိရင်ဖြင့်တဲ့ ကြွေးတင်နေတဲ့ ပုဂ္ဂိုလ်အစစ် ဖြစ်ရတယ်ဆိုတာ ဘုရားက သိအောင် ဦးဘအုန်း ဟောတာဗျာ့ (မှန်ပါ့ ဘုရား)။
ခင်ကြွေးမင်ကြွေးဆပ်ဖို့ကို
ကိုင်း မှန်ကော မှန်ရဲ့လား (မှန်ပါ့ ဘုရား)၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ဖြည့်ဆည်းပူးလို့ ရလာတဲ့ သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဟိုလူက သည်သွား ဒီလူက ဟိုသွား ဘာလုပ်ကြတာပါလိမ့်ဆိုတာ ဘုရားက မြင်တော်မူတယ် (မှန်ပါ့ ဘုရား)။
ခင်လို့ မဝတော့ ဆင်လို့မဝဖြစ်လာတာပေါ့၊ ခင်ကြွေးမင်ကြွေးဆပ်ဖို့ကို (မှန်ပါ့ ဘုရား) သားလဲခင်လို့ မဝ, သမီးလဲ ခင်လို့ မဝ အဲဒီကဲ့သို့ဖြစ်လာတော့ ဆပ်လို့ကို ပြီးနိုင်သေးရဲ့လား (မပြီးနိုင်ပါ ဘုရား)။
ဒါကြောင့် ဒီအထဲက ကျွန်က ကျွန်ဆုတောင်းလိုက်သေးတယ် ငါသာ ကျန်းမာရင် ဘာပူစရာရှိတုန်း အို ခွကျသွားတာပေါ့ (မှန်ပါ့ ဘုရား)။
အတော်ဆိုးသွားပြီဗျာ (မှန်ပါ့) ငါ ကျန်းမာရင်လို့ ဒကာကြွယ်တို့က ကြွားလုံးက ထုတ်လိုက်သေးတယ် (မှန်ပါ့) မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။
အေး ငါ့သာ ဝိုင်းသာ မေတ္တာပို့ကြကွာ ဒါမှ ရုံးနိုင်မှာ နွားဆုတောင်းတာလိုကျနေပြီ (မှန်ပါ့) အတော့ကို ဆိုးနေတယ် မဆိုးဘူးလား ဒကာကြွယ် (ဆိုးပါတယ် ဘုရား)။
အဲဒီလောက်တောင်ပဲတဲ့ ဒီဥစ္စာလောကအကြောင်းကို ကောင်းကောင်း မသိခဲ့တဲ့အတွက် ကိုယ်ကိုယ်တိုင် နွားဆုတောင်းတာ တောင်းမှန်းမသိသေးဘူး (မသိပါ ဘုရား)၊ ဒကာကြွယ်ဒီအတိုင်းပဲနော် (မှန်ပါ့)။
ငါသာ ကျန်းမာရင် မင်းတို့ဘာပူစရာရှိတုန်း အားများပေးလိုက်သေးတယ် (မှန်ပါ့ ဘုရား) ပေးသလား (ပေးပါ တယ် ဘုရား) ဘာဆုပါလိမ့် (နွားဆုပါ ဘုရား)။
ချိုမပေါက်တာတစ်မယ်ကျန်တော့တယ်
အမလေး ကြောက်စရာကြီးပါလား ခင်ဗျားတို့ ချိုမပေါက်တာတစ်မယ်ကျန်တော့တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။
ဟာ ဒို့ဆရာက ဒို့သိပ်ပြောတာပဲလို့ ထင်ချင်လဲထင်မယ် ဖြစ်ဉ် ဒီထက်ဆိုတယ်မှတ်ပါ (မှန်ပါ့) ဖြစ်စဉ်က ဒီထက်ဆိုးတယ်လို့မှတ်ပါ ဦးဘအုန်းရ (မှန်ပါ့)။
နွားက တကယ်မမာလို့ ပါးစပ်က သွားရေတွေယိုလို့ ကျပြီး သကာလ နေတဲ့အခါ နွားမမာဘူးဟေ့ ဒီနွားကို ထမ်းပိုးထဲ မထည့်နဲ့ဆိုတည်းကိုက အမြင်ကြည်ပြီးပါသေးတယ်။
လေနာပေမယ့် လေနာဆေးဆောင်သွားတယ်။ ဒီက ခေါင်းကိုက်ပေမယ့်လဲ ခေါင်းကိုက်ပျောက်ဆေး ဆောင်ပြီး သွားသေးတယ် သူ့မျာဘယ်တော့မှ ထမ်းပိုးနဲ့ မပြတ်တော့ပါဘူး (မပြတ်ပါ ဘုရား) ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား) အမလေး ဒကာကြွယ် ဒီလောက် မိုက်မဲခဲ့ကြတာ ရိပ်မိကြပြီလား (ရိပ်မိပါတယ် ဘုရား)။
ဘယ်သူ့သတ္တိ ဖြစ်မယ်ထင်ကြတုန်း
ဒါ ဘယ်သူ့သတ္တိ ဖြစ်မယ်ထင်ကြတုန်း (ကာမစ္ဆန္ဒနီဝရဏသတ္တိပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ ခုထက်ထိပဲ ဒကာ ဒကာမတွေ ဒီလို ဆရာကောင်းသမားကောင်းက ဖော်မပြောလို့ရှိရင်ဖြင့် ခင်ဗျား တို့က သွားကျိုးနပ်တယ်လို့ ပြောသေးတယ် (ပြောပါတယ် ဘုရား)။
ကိုယ့်အကျိုး နပ်တာလား သွားကျိုးနပ်တယ်ဆိုတော့ ကိုယ်ဟာ လွတ်လပ်ရေးရသွားတာလား ဟုတ်လား (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ကျွန်ခံခဲ့လို့ အင်း ကျွန်အလုပ် လခအပြည့်အစုံရခဲ့တာကို သူပြောတာလား (ကျွန်အလုပ် လခအပြည့်အစုံရခဲ့တာ ပြောပါတယ် ဘုရား)။
ဒါ ပြောတာဗျာ့ သူက နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း သူသည် ကျုပ်ဖြင့်လွတ်လပ်ရေး ရပြီလို့ ပြောတာ လားတဲ့၊ ကြွေးဆပ်စရာများများရတာနဲ့ ကြွေးရှင်ကြည်သာတာကို ကျေနပ်တာလား (ကြွေးရှင် ကြည်သာတာကို ကျေနပ်ပါတယ် ဘုရား)။
ဟာ လွန်လွန်းတယ် ခင်ဗျားတို့ဥစ္စာ မလွန်လွန်းဘူးလား (လွန်လွန်းပါတယ် ဘုရား) ဒကာကြွယ် ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။
ရိပ်မိရင် မသွားဘူးကွာ, မဆပ်ဘူးကွာ ဆိုပါတော့လားတဲ့။ အထုံကလေးက ပါနေသေး ဘာထုံပါလိမ့်လို့ မေးဖို့ လိုနေတယ် (မှန်ပါ့ ဘုရား)။
ကျွန်ထုံ ထုံနေတာ
ဘာထုံပါလိမ့် (ကျွန်ထုံ ထုံနေတာပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား) အမလေး ဒကာ ဒကာမတွေ ဒါဖြင့် ဒီလောဘ မသေသရွေ့ ဒီကြွေးဆပ်တဲ့ ကျွန်သည်ကားဆိုလို့ရှိရင်ဖြင့် ကျွန်ဇာတ်သိမ်းနိုင်ပါ့မလား (မသိမ်းနိုင်ပါ ဘုရား)။
ဒါဖြင့် ဒီလောဘကို ခင်ဗျားတို့ မသတ်ရင်ဖြစ်ကို မဖြစ်ဘူး (မှန်ပါ့ ဘုရား) ဒီလောဘ စဉ်းစား ကြည့်စမ်းပါ ကြွေးဆပ်ဖို့ ပေါ်လာတာ (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဟိုက သားသမီးလေး တစ်ယောက် တိုးလာပြန်လို့ရှိရင် ဒါ ငါ့တာဝန်ပေါ့ ဘာပူစရာရှိတုန်း (မှန်ပါ) ဟာ ကြွေးဆပ်သမားက အတော်ရဲ့နေပြီ (ရဲနေပါတယ် ဘုရား)။ မရဲဘူးလား (ရဲပါတယ် ဘုရား)။
သားသမီးလေးက အိမ်ထောင်ကျပြန်တော့ သားမက်ကလေးက ယောင်ချာချာနဲ့ တွေ့ပြန်တယ် အဲ ရှိပါစေလေ သူတို့ ပျော်ပျော်နေ ပြီးတာပဲ ဒို့ရှိတုန်းတော့ ပူစရာမလိုပါဘူး (မှန်ပါ့)။
လွန်လွန်းတယ်ဗျာ ဒီလောက် ဆပ်နိုင်အောင်ပဲ ခင်ဗျားတို့ အတော်ကိုပဲ ကိုယ့်ကိုယ်ကို ကျွန်ဂုဏ်ယူတဲ့ လူတွေထဲမှာ အပါအဝင်ဖြစ်နေတယ် ဒကာသစ်ရ (မှန်ပါ့) မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါ ဘယ်သူ့ သတ္တိပေါ်ကြပြိလား (ပေါ်ပါတယ် ဘုရား) ဘယ်သူပါလိမ့် (ကာမစ္ဆန္ဒနီဝရဏသတ္တိပါ ဘုရား) လောဘသတ္တိ ကာမစ္ဆနီဝရဏ၏ စွမ်းရည်သတ္တိဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ‘ဣဏံဝိယ ကာမစ္ဆန္ဒော’ လို့ အဇာတသတ်ကို ဟောလိုက်တယ် ကာမစ္ဆန္ဒော ကာမစ္ဆန္ဒဆိုတဲ့ လောဘ သည် ဣဏံဝိယ သတ္တဝါသန္တာန်၌ ကိန်းသည်ရှိသော် ကြွေးတင်နေတဲ့ပုဂ္ဂိုလ်နဲ့တူ၏ (မှန်ပါ့) သဘောကျပြီလား (ကျပါ တယ် ဘုရား)။
ကိုယ့်ခန္ဓာ ကျွန်ခံရတာက တစ်မျိုး
တစ်သက်လုံး သားကျွန် မယားကျွန်နဲ့ ဆပ်ပြီး သူတို့ ထိုးအပ်ပြီး ဆပ်နေတာလဲ တစ်ပုံပဲ (မှန်ပါ)။
ခန္ဓာကျွန်ခံနေရတာကော (တစ်ပုံပါ ဘုရား) ခင်ဗျားတို့ ဟာက နွားများက သက်သာစရာ အကွက်ပါသေးတယ် ကိုယ့်ခန္ဓာ ကျွန်ခံရတာက တစ်မျိုး (မှန်ပါ့)။
ကိုယ့်ခန္ဓာခင်လို့လေ (မှန်ပါ့) ခန္ဓာပွားတွေ ကျွန်ခံရတာက တစ်မျိုး (မှန်ပါ့) ခန္ဓာပွားတွေကလဲ သူက မွေးဖွားလာတဲ့ ခန္ဓာပွားတွေ။
အဲဒီခန္ဓာပွားတွေက ဆက်ပွား လာတော့ ဒီအဖိုးကြီး အဖွားကြီးက ဘာဆက်လုပ်ရတုန်း ဘာလုပ်ရပြန်တုန်း (ခံရပါသေးတယ် ဘုရား)။
အမွေလေး များ မပေးရစ်ခဲ့ရမှာ စိုးလို့မှ စုနိုင်သမျှ စုရသေးတယ် (မှန်ပါ့) အိုခြင်း ဆိုးရှာပြီးတော့ (မှန်ပါ့) မစုရဘူးလား (စုရပါတယ် ဘုရား)။
မတော်လို့များ ဆဲနေရစ်မလားလို့ ခက်လိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ့) ဒကာကြွယ် သဘောပါပြီလား (ပါပါတယ် ဘုရား)။
ဒါဖြင့် သူကိန်းသရွေ့ ကာလပတ်လုံး ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင် ကြွေးတင်နေတဲ့ ပုဂ္ဂိုလ်အဖြစ်မှ လွတ်ပါ့မလား (မလွတ်ပါ ဘုရား) ဒါဖြင့် ခင်တုန်းကြွေးဆပ် သေတော့ မကျေမနပ်ဘဲနဲ့ အပါယ်သွား (မှန်ပါ့)။
ကြည့်လဲပြောအုန်း ကျွန်ဘဝ ကြိုက်သလား တိရစ္ဆာန်ဘဝကြိုက်သလား ခုအတိုင်းတော့ဖြင့် ကျွန်ဘဝ မကြိုက်ပါဘူး ဆိုတာလဲ ဦးဘအုန်း အသံထွက်မှာပဲ တိရစ္ဆာန်ဖြစ်ရမယ် ဆိုတော့ မကြိုက်ဘူးပြောမှာဘဲ အိမ်ကျတော့ လုပ်စရာ ကိုင်စရာ ရှိတော့ ငါသွားပါ့မယ် တွေလာလိမ့်မယ် ဘာဖြစ်တာတုန်း (ကျွန်စိတ်ပြန်ပေါက်လာတာပါ ဘုရား)။
ကျွန်စိတ် ပြန်ပေါက်တယ်
ကျွန်စိတ် ပြန်ပေါက်တယ် သဘောကျပလား (ကျပါတယ် ဘုရား) နင်တို့ မိန်းမတွေက မရေမရာနဲ့ ခရေစေ့ တွင်းကျ ဘာမှမရှိဘူး ကိုယ်ကိုယ်တိုင် သွားလိုက်တာက အေးသေးတယ် ကိုယ်ကိုယ်တိုင်သွားတော့ မမြင်ဘူးလား ငါသွားတော့ ခရီးပေါက်ပြီး သကာလ ငွေလေးများရခဲ့ လိုချင်တာ ရတယ် ပြောချင်တာ ပြောခဲ့ရတယ် နောင်ရေး ဘယ်လောက်သက်သာသွားတုန်း နင်တို့ပါ စိတ်မချမ်းသာရဘူးလား အမလေး ငွေမရတဲ့အချိန် စိတ်ချမ်းသာမှုနဲ့ ပြန်ဆပ်တယ် (မှန်လှပါ့)။
ခင်တုန်းကို ဘာလုပ်တုန်း (ကြွေးဆပ်ပါတယ် ဘုရား)။ ခင်တုန်း ကြွေးဆပ်သေတော့ ကြွေးဆပ်ရတာ ကျေနပ်ပြီး သေသွားတာလား မကျေနပ်ဘဲနဲ့ သေသွားတာလား (မကျေနပ်ဘဲနဲ့ သေသွားတာပါ ဘုရား)။
မကျေနပ်ဘဲနဲ့ သေတော့ ဒေါသနဲ့သေတယ် (မှန်ပါ့)၊ ဒေါသနဲ့သေတော့ တိရစ္ဆာန်ဘုံသွား ဪ ကျွန်လဲဆပ်ခဲ့ ရသေးတယ် လူစင်စစ်ကလဲ တိရစ္ဆာန်ဖြစ်ရသေးတယ်ဆိုတော့ ခင်ဗျားတို့ဟာ လူ့ပြည်တုန်းကလဲ ဂုဏ်မတက်ခဲ့ဘူး ဟိုကျတော့ ဂုဏ်ပျက်ကုန်ပြီ တိရစ္ဆာန်ဘုံဖြစ်သွားပြီ ဒကာကြွယ် ဘယ်ဟာကြိုက်တုန်း (ဘယ်ဟာမှ မကြိုက်ပါဘူး ဘုရား)။
ကျွန်ဘဝပဲ ကြိုက်သလား တိရစ္ဆာန်ဘဝပဲကြိုက်သလား (ဘယ်ဘဝမှ မကြိုက်ပါ ဘုရား) ဟုတ်ကဲ့လား ကြည့်လဲ ပြောကြပါဦး (မှန်ပါ့ ဘုရား)။
ကြည့်လဲ ပြောအုန်း ကျွန်ဘဝကြိုက်သလား တိရစ္ဆာန်ဘဝကြိုက်သလား (ဘယ်ဘဝမှ မကြိုက်ပါ ဘုရား) ဘယ့်နှယ်တုန်း ဒကာသစ် ပေါ်ကြပြီလား (ပေါ်ပါတယ် ဘုရား)။
ကောင်းကျိုးပေးသလား ဆိုးကျိုးပေးသလား
ဖြစ်မှဖြစ်ရလေ ဘယ့်နှယ်တုန်း ဒကာသစ် ပေါ်ကြပြီလား ဒါက အဇာတသတ်ကို ဟောတာပါ ဒကာကြွယ်ရ တယ်လဲ နက်နဲပါလား (နက်နဲပါတယ် ဘုရား) အင်မတန် နက်နဲတယ် ဒကာ ဒကာမတို့ လောဘဟာ ကောင်းကျိုးပေး သလား ဆိုးကျိုးပေးသလားဆိုတာ အခု တရားဟောကြည့်တော့မှပဲ ပေါ်လာကြတယ် (မှန်ပါ့ ဘုရား)။
ဘာတွေချည်းပေး (ဆိုးကျိုးတွေချည်း ပေးပါတယ် ဘုရား) ရှင်တုန်းလဲ ကျွန်ဖြစ်အောင် ဆိုးကျိုးပေးတယ် (မှန်ပါ့) သေတော့ တိရစ္ဆာန်ဖြစ်အောင် ဆိုးကျိုးပေးတယ် (မှန်ပါ့)။
ဦးဘအုန်း ဒီနှစ်ခု ဘယ်ဟာ မဲချယူမလဲ (ဘယ်ဟာမှ မယူချင်ပါဘူး ဘုရား) ဘယ်ဟာမှ မရချင်ဘူး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။
ဘာမှ မရချင်လို့ရှိရင် ကျွန်စာရင်းက လွတ်ကင်းအောင် လုပ်ရလိမ့်မယ် (မှန်ပါ့) ဘယ်လိုလုပ်ရမယ် (ကျွန်စာရင်းက လွတ်ကင်းအောင် လုပ်ရပါမယ် ဘုရား)။
ဒါဖြင့် သူသတ်ရင် ခင်ဗျားတို့ ဘယ်သူမှ မခင်တဲ့အတွက် ကိုယ့်ကိုယ်ကိုလဲ မခင်တဲ့အတွက် ကိုယ့်ကိုအတွက်လဲ လွတ်သွားတယ် (မှန်ပါ့)။
ကိုယ့်ကိုယ်ကိုမှ မခင်တဲ့ ပုဂ္ဂိုလ်ဖြစ်လေသောကြောင့် ကိုယ့်သားသမီးဆိုတာအတွက်လဲ မရှိနိုင်တော့ပါဘူး (မှန်ပါ့) ရှိနိုင်ပါအုန်းမလား (မရှိနိုင်ပါ ဘုရား)။
ဒါငြဖ့် ဒီကျွန်စာရင်းကတော (လွတ်ကင်းသွားပါတယ် ဘုရား) လွတ်ကင်းသွားတာကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သမုဒယသစ္စာတည်းဟူသော မင်းတို့သည်ကားဆိုလို့ရှိရင်ဖြင့် ဒီတရားကိုသာ ပယ်လိုက်ရင် နိရောဓသစ္စာ မျက်မှောက်ပြုနိုင်ပါတယ်ကွဆိုတာ ဦးဘအုန်း ဟောသင့် မဟောသင့် (ဟောသင့်ပါတယ် ဘုရား) ပေါ်ကြ ပြီလား (ပေါ်ပါပြီ ဘုရား)။
သမုဒယသစ္စာကိုသာ ပယ်ကြစမ်းပါ
သမုဒယသစ္စာကိုသာ ပယ်ကြစမ်းပါ နိရောဓသစ္စာဆိုတဲ့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့နေရာ မရောက်မရှိပါဘူးကွာ ဆိုတဲ့ ဥစ္စာများ သံယုတ်တစ်ကျမ်းလုံးမှာ ဒီအတိုင်းပဲ ပါလာတာပဲ (မှန်ပါ့)။
သမုဒယသစ္စာသာ ပယ်နိုင်ရင် ကျန်တဲ့သစ္စာအကုန် ဒုက္ခသစ္စာလဲ ပိုင်းခြားနိုင်တာ နိရောဓသစ္စာကိုလဲ ကိုယ်ကိုယ်တိုင် ရောက်တော့တာပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယသစ္စာကလဲ အလုပ်မလုပ်လို့ရှိရင်တော့ဖြင့် ဘယ်နည်းနဲ့ ထွက်ပြေးလိမ့်မယ် ဆိုတာတော့ မအောက်မေ့နဲ့ သူ အောင်းသရွေ့ ကာလပတ်လုံးလဲ ကိုယ်ကျွန်သဘော ချည်းဖြစ်မှာပဲ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
အခုတော့ ဒကာ ဒကာမတွေက ဘယ်လိုဖြစ်နေတုံး ဟိုအိမ်ကလဲ ယောက်ျားခေါင်းဆောင် ဟိုဘက်အိမ်ကလဲ့ မိန်းမခေါင်းဆောင် (မှန်ပါ)။
ဒီလိုပဲရှာပြီး သကာလ နေကြတော့ ဟိုအိမ်ကလဲ စုံလုံးကန်း ဒီဘက်အိမ်ကလဲ စုံလုံးကန်းဆိုတော့ အရှက်ကို မရှိဘူး (မှန်ပါ့ ဘုရား)။
သူလဲ ကျွန်ပဲ ငါလဲ ကျွန်ပဲလို့ကော သိသေးရဲ့လား (မသိပါ ဘုရား) မသိတော့ ကျွန်တွေက ဘယ့်နှယ်ဖြစ်နေတုန်း ဒီအိမ်မှာ ယောက်ျား ခေါင်းဆောင်ဆိုတော့
အင်း ကျွန်ကလဲ ဦးဘအုန်းရဲ့ ခေါင်းဆောင်ဖြစ်နေတယ် နားမှ မလည်ဘဲကိုးဗျာ့ (မှန်ပါ့) ဟိုအိမ်ကလဲ မိန်းမက ခြယ်လှယ်နေတော့ လယ်လယ်ပယ်ပယ်ရှိတယ်ဆိုတော့ မိန်းမခေါင်းဆောင်နေပြန်တော့ ကျွန်ရယ်လို့ သိသေးရဲ့ လား (မသိပါ ဘုရား)။
ဒါကြောင့် ခုနက ကျွန်ကြွားတွေ အများကြီး လာတယ် (မှန်ပါ့ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား)။
ဪ ဒါကြောင့် ဒကာ ဒကာမတို့ ဉာဏ်မပွင့်သေးသရွေ့ ကာလပတ်လုံးဟာဖြင့် ကိုယ့်ကိုယ်ကို သမုဒယသစ္စာ ကျွန်စိတ်ပေါက်နေတာကို ကိုယ်တိုင်ဉာဏ်နဲ့ကတော့ဖြင့် မသိပါဘူး (မသိပါ ဘုရား)။
ဒါ ဒီတရားကို ဘုရားက ပယ်ရမည့်တရားလို့ ဟောလိုက်ပါတယ် (မှန်ပါ့) သမုဒယသစ္စာကို ဘာလုပ်ရမယ်တဲ့ (ပယ်ရမယ့်တရားပါတဲ့ ဘုရား)။
ခင်ဗျားတို့က သိမ်းပိုက်ရမယ့်တရား (မှန်ပါ့) ခင်ဗျားတို့က ဘယ့်နှယ်ဖြစ်နေတုန်း (သိမ်းပိုက်နေပါတယ် ဘုရား)။
ပယ်သတ်ရမယ့်တရားပါတဲ့
ဘုရားက (ပယ်သတ်ရမယ့်တရားပါတဲ့ ဘုရား) အဲဒါဖြင့် ခင်ဗျားတို့ ဗုဒ္ဓဘာသာ မဟုတ်ဘူး (မဟုတ်သလို ဖြစ်နေပါတယ် ဘုရား)။
ဒီအတိုင်း သဘောမကျဘူးလား (ကျပါတယ် ဘုရား)။ ဘုရားကဘာတဲ့ (သမုဒယ ပယ်ရပါမယ် ဘုရား) ခင်ဗျား တို့ကတော့ (သိမ်းပိုက်နေကြပါတယ် ဘုရား)။
သိမ်းပိုက် အိပ်ဆောင် ထားရမှာကျတော့ လောဘလေးရှိလို့ ငါ ဒါလေးရလိုက်သေးတယ် (မှန်ပါ့) အံမာ ဒီတစ်ခါအခါ အသွားတည့်သွားသေးတယ် ကိုယ့်လောဘလေးကိုယ် (မှန်ပါ့)။
လောဘကလေးကိုပဲ အပါယ်ချမယ့် တိရစ္ဆာန်ဖြစ်မယ့် တရားကိုပင်လျှင် ခင်ဗျားတို့ တစ်ခါတည်း ကျေးဇူးတင် လိုက်သေးတယ် (မှန်ပါ့)။
ဒီလောက်အ, ဒီလောက်ထူးတာများ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ဒါကြောင့် ဘုရားက လောဘရှိနေတဲ့ပုဂ္ဂိုလ်ကြွေးတင်နေတဲ့သူနဲ့ တူတယ်ကွ (မှန်ပါ့) မဟောဘူးလား ဟော သလား (ဟောပါတယ် ဘုရား)။
ဣဏံ ဝိယ ကာမစ္ဆန္ဒော ကြွေးတင်နေတဲ့ ပုဂ္ဂိုလ်က တစ်သောင်းထင်တယ် တစ်သောင်းကျေသွားရင် ဒကာသစ် မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။
ခင်ဗျားတို့ ဘယ်တော့ ကျေတုန်း (မကျေပါ ဘုရား)။ ဒါဖြင့် ဟိုကြွေးက ဘုရားဟောတာ မဟုတ်ဘူး (မှန်ပါ့)။ ခင်ဗျားတို့ ခင်ကြွေးကိုဆိုတာ (မှန်ပါ့)။
ခင်တော့ သားခင်, သမီးခင်, ခင်ပွန်းခင်, ဆွေခင်, မျိုးခင်, ခန္ဓာခင်ဆိုတော့ ခင်ကြွေးက ခန္ဓာကိုယ်ထဲ ဆပ်လို့မပြီးဘူး။
ခန္ဓာကိုယ်ကလဲ မနက်ဆပ် ညဆပ်နဲ့ သူကျွေးဖို့ရှာရတာလဲ (မပြီးနိုင်ပါ ဘုရား) ဘာဖြစ်လို့ရှာရတုန်း မေးရင် (ဒီခန္ဓာကြီး ခင်လို့ ဘုရား)။
အို ကိုယ်တင် ဝလို့ မပြီးသေးဘူး ကိုယ်အခြံအရံတွေပါ ဝဖို့ဆိုပြီး သကာလ ဦးဘအုန်း ဘာလုပ်ရပြန်တုန်း (ရှာရပြန်ပါတယ် ဘုရား)။
ပြီး ဘာလုပ်ရပြန်တုန်း (ဆပ်ရပါတယ် ဘုရား) ကြွေးဆပ် ဒါဖြင့် ကိုယ့်ခန္ဓာဆပ်လို့ကလဲ မအား အခြံအရံ ခန္ဓာတွေဆပ်လို့ကလဲ (မအားပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါတဲ့ ဒီဝန်တွေ ပိပြီး သကာလ သေပါလိမ့်မယ် (မှန်ပါ့ ဘုရား) ဝန်တွေ ပိပြီး သကာလ (သေမှာပါ ဘုရား)။
တချို့များ ဒီဝိညာဉ်မချုပ်နိုင်ဘူး (မှန်ပါ့ ဘုရား) ဝန်ပိနေလို့ (မှန်ပါ ဘုရား) သားအတွက်ကလဲ ဝန်လေးလိုက်တာ သူကလဲ မလိမ်မမာနဲ့ စာကလဲ စကောစကနဲ့ လူထဲလဲကောင်းကောင်း မဝင်သေးဘူး ဝင်ပြန်တော့လဲ အပေါင်းအသင်း ကလဲမှား (မှန်ပါ့ ဘုရား)။
ဝန်ပိနေလိုက်တာ
ဪ ဝန်ပိနေလိုက်တာ ဝန်ပိ တစ်ခါတလေ ညများနဖူးပေါ် လက်တင်ပြီး ဝန်ပိနေတဲ့အခါ ပါသေး (မှန်ပါ့ ဘုရား)။
အသက်တောင်မှန်မှန်မရှူနိုင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ့်နှယ်ဟာတုန်း ဒါဘာဖြစ်တာတုန်း (ဝန်ပိနေတာပါ ဘုရား)။
တွေးလုံးကြီးများနဲ့ နောက်မှ တစ်ချက်တစ်ချက်မှ ရှူးခနဲ ရှိုက်ခနဲ ရှူတာကပါသေးတယ် (မှန်ပါ့ ဘုရား) ဒါ ဘာဖြစ်နေတာတုန်း (ဝန်ပိနေတာပါ ဘုရား)။
အင်း ဘာဝန်တွေပါလိမ့်ဗျာ ကြွေးရှင်တွေက လာစီးနေလို့ ကြွေးရှင်တွေက လာစီးနေလို့ သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း သမီး ကြည့်လိုက်ပြန်တော့ အချိုးကမကျ သားကြည့်လိုက်ပြန် စိတ်မချရသေးဘူး ဟုတ်လား မိန်းမ ကြည့်လိုက်လို့ရှိရင် စကားတာ ကောင်းတာ ငွေဝင်လမ်းကမရှိ။
အင်း ဒီလိုများဖြစ်ပြီး သကာလ နေတဲ့အခါကျတော့ ခုနက ဆပ်လိုတဲ့ အများကြီးဆပ်ပြီး သကာလ နေရငြား သော်လဲ သူ့စိတ်ထဲ နောင်ရေးအတွက် မဆပ်ရမှာစိုးရိမ်ပြီး သက်ပြင်းကြီးများ ချလိုက်သေးတယ် (မှန်ပါ့ ဘုရား)။၊
အလွန်ဆိုးပါလား ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား) ကဲ လောဘရှိနေရင် ဘာနဲ့တူပါလိမ့် (ကြွေးရှိတဲ့လူနဲ့ တူပါတယ် ဘုရား)။
ကြွေးတင်နေတဲ့သူနဲ့ တူတယ်
ကြွေးတင်နေတဲ့သူနဲ့ တူတယ် ဒါဖြင့် သူ့ကို ဖြုတ်လိုက်ရလို့ရှိရင်ဖြင့် အန္တရာယ်ကင်း ဘေးကင်း လွှတ်လိုက်သလို မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
ခင်ဗျားတို့ကလဲ လွှတ်လိုက်ရမှာကိုပဲ အတော်ကြောက်နေတယ် (ကြောက်နေပါတယ် ဘုရား) ခင်တဲ့ပုဂ္ဂိုလ်နဲ့ ခွဲရမှာ (ကြောက်နေပါတယ် ဘုရား)။
ဘာလို့ကြောက်တုန်း ဆိုတော့ ကျွန်စာရင်းက လွတ်ကင်းမှာစိုးလို့ (မှန်ပါ့ ဘုရား) ဘာဖြစ်လို့ ကြောက်ပါလိမ့် (ကျွန်စာရင်းက လွတ်ကင်းမှာစိုးလို့ပါ ဘုရား) ဒကာကြွယ် ဒါတော့ဗျာ ကြောက်ဖို့ မကောင်းဘူးထင်ပါရဲ့ ကောင်းရဲ့လား (မကောင်းပါ ဘုရား)။
လွတ်လွတ်လပ်လပ်ဖြစ်ရင် မအေးဘူးလား (အေးပါတယ် ဘုရား) နဂိုက ကျွန်မှန်းမသိတော့ ဒီကျွန်က လွတ်ရမှာကိုပဲ အတော်ခဲယဉ်းနေတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါဖြင့် လောဘတရားကို ခင်ဗျားတို့ ဒီအတိုင်းဘာခန္ဓာကိုယ်ထဲမှာ ခဏခဏ ကိန်းအောင်းလို့ရှိရင် ကျုပ်တို့ သည်ကား ကြွေးတင်နေတဲ့ပုဂ္ဂိုလ်လို့ပဲတဲ့ တစ်နေ့မှ အလုပ်နဲ့လက်နဲ့ မပြတ်ရဘူး တစ်နေ့မှ ကြွေးဆပ်တဲ့ ဇာတ်ကိုလဲ သိမ်းလို့ရပ်စဲလို့ ရပါအုန်းမလား (မရပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။
လောဘဖြစ်ပျက်ရှု
ကိုင်း ဒါဖြင့် ဒကာကြွယ် ဘာလုပ်ရမတုန်း (လောဘဖြစ်ပျက်ရှုရပါမယ် ဘုရား) လောဘဖြစ်ပျက်ရှု လောဘ လာတိုင်းလာတိုင်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
သူ ဖြစ်ပျက် ရှုနိုင်ရင်ရှု မရှုနိုင်ရင် သူမလား တခြားဝေဒနာရှုရှု စိတ်ရှုရှု ရှုလိုက်ရင် သူ လာသေးရဲ့လား (မလာပါ ဘုရား)။
ဒါဖြင့် သာသနာတွင် တရားအားထုတ်မှ ကျွန်စာရင်းကလွတ်ကင်းမယ် (မှန်ပါ့)၊ သာသနာတွင်း တရားအား ထုတ်မှ (ကျွန်စာရင်းက လွတ်ကင်းပါတယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဘာတရားအားထုတ်မှ (သာသနာတွင်း တရားအားထုတ်မှပါ ဘုရား)၊ ဒကာကြွယ် တော်သေးတယ်နော် (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ နောက်ပိုင်းမှာ သာသနာတွင်း တရားလေးကယ်ဖော်ရလို့ (တော်ပါသေးတယ် ဘုရား)။
ကျွန်စာရင်းထဲက တော်ပြီကွ၊ တန်ပြီကွ၊ ဒို့လူထဲ မသွင်းနဲ့တော့ကွ၊ ဒီအပြောလေး လာသေးတာ၊ သာသနာပ ဆိုရင်ဖြင့် ဦးဘအုန်း၊ ဒကားသစ်တို့ရပါအုံးမလား (မရပါ ဘုရား)။
မရဘူးနော် အခုတော့ နည်းနည်းရိပ်မိလို့ တော်ပြီကွာ၊ ပင်ပန်းလှပြီ၊ ရှာပြီးကြွေးခဲ့တာ နှစ်ပေါင်းသုံးလေးဆယ် ရှိပြီ၊ အဲ အခုတော့ဖြင့် ဒို့လူရာလဲ မသွင်းပါနဲ့တော့ကွာ ဖိတ်စာလာလဲ မရှိဘူးသာ ပြောလိုက်ပါတော့ (မှန်ပါ့ ဘုရား)။
နည်းနည်းလေး ဒို့ကျွန်ခံရမှန်းသိလာပြီ၊ ဝန်လေးလာပြီ၊ ဝန်လေးလာတာ ဝိပဿနာ ဉာဏ်ဝင်လာလို့ဗျ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဘာလေးဝင်လာလို့ (ဝိပဿနာဉာဏ်လေး ဝင်လာလို့ပါ ဘုရား)။
အေး ဝိပဿနာဉာဏ်လေး ဝင်လာ၊ သာသနာတွင်းတရားလေး ဝင်လာရင် တော်ပြီ၊ တန်ပြီ၊ လျှော့တော့မယ် မလုပ်တော့ဘူးကွ၊ ကျွန်သက်ရှည်မှာတော့ ကြောက်ပြီကွ၊ တော်တော်ကြာ သပေါက်ဖြစ်တဲ့ တိရစ္ဆာန်ဘဝ ကူးရအုံးမှာ (မှန်ပါ့ ဘုရား)။
ဘယ်သူ့ အကြောင်း သိတာပါလိမ့်
ဒါတွေသိလာတာ လောဘကြောင့် သိလာတာ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်သူ့ အကြောင်း သိတာပါလိမ့် (လောဘအကြောင်းသိတာပါ ဘုရား)။
အင်း ဒီလောဘကို ဒကာ ဒကာမတို့ သူမရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သမုဒယသစ္စာ ပယ်ကြ ကွာ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က အရင့်သုံးဆယ်အောက်မေ့နေတာ၊ ခင်ဗျားတို့ ကျွန်စာရင်းက လွတ်ကင်းအောင် ကယ်တင်တာ (မှန်ပါ့ ဘုရား)၊ ကျွန်စာရင်း လွတ်ကင်းအောင်လို့ ကယ်တင်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲ့ဒါ ကျေးဇူးတင်စရာလား ဒကာ ဒကာမတို့၊ သူလက်သပ်မွေးရတာ ကျွန်စာရင်းက မလွတ်ကင်းအောင် လုပ်နေတာ သူရှိနေလွတ်ပါ့မလား (မလွတ်ကင်းပါ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့၊ စဉ်းစားကြည့်၊ ဈေးချိုတစ်ခုလုံးလား၊ နေ့တိုင်း နေမကောင်း ထိုင်မသာ အင်မတန် လဲနေမှ မသွားတာနော် (မှန်ပါ့)။
နေသာထိုင်သာရှိနေရင် (သွားပါတယ် ဘုရား)၊ ဘာလုပ်သွားကြတာတုန်း (ကြွေးဆပ်ဖို့ အရှာသွားတာပါ ဘုရား) ကြွေးဆပ်ဖို့အရှာထွက်တာ (မှန်ပါ့ ဘုရား)။
အရှာထွက်တဲ့အတူ ဆက်ပြီး သကာလ ကဲ ညပါအိပ်နေပါတော့လားဆိုတော့ ဒီလိုလဲ နေလို့မဖြစ်ဘူး (မှန်ပါ့ ဘုရား)၊ ဆပ်ချိန်ကျပြန်လာ (ပြန်လာပါတယ် ဘုရား)။
ဟိုက ဘယ်လောက်ရတုန်း မေးလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဘယ်လောက် ဘယ်လောက်ရတယ်ဆိုပြီး ရော့, ရော့အစရှိသဖြင့် ပေးလိုက်ရလို့ရှိရင် ခပ်ပြုံးပြုံးပဲ ပေးချလိုက်တယ် (မှန်ပါ့ ဘုရား)။
နည်းနည်းပေးရတဲ့နေ့ကျလို့ရှိရင် မျက်နှာက ဘယ့်နှယ်နေတုန်း (အိုနေပါတယ် ဘုရား)၊ ဘာဖြစ်လို့တုန်း (လိုသ လောက်မပေးနိုင်လို့ပါ ဘုရား)။
ကျွန်ခံရတာက လိုသလောက် မဆပ်လို့ (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ကြောင့် (လိုသလောက်မဆပ်လို့ပါ ဘုရား)၊ ဒကကြွယ်လွန်ကုန်ပြီဗျာ့ (မှန်ပါ့ ဘုရား)။
မလွန်လွန်းဘူးလား (လွန်လွန်းပါတယ် ဘုရား)၊ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဣဏံ ဝိယ ကာမစ္ဆန္ဒော၊ ကာစ္ဆန္ဒော လောဘဆိုတဲ့ ကာမစ္ဆန္ဒသည်၊ ဣဏံ ဝိယကြွေးတင်တဲ့ပုဂ္ဂိုလ်နဲ့တူ၏ (မှန်ပါ့ ဘုရား)၊ မဆိုဘူး လား (ဆိုပါတယ် ဘုရား)။
ကျွန်သမားချင်းကြည့်နေ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ကျွန်သမားချင်းကြည့်နေ၊ ဘယ်သူက ခေါင်းပေါင်းစထောင်၊ ဘယ်သူက ဘယ်နှစ်သောင်းတန်ကား စီးနိုင်တယ်၊ ကျွန်ချင်းကြည့်တာကိုး (မှန်ပါ့ ဘုရား)။
တကယ့်သခင်စိတ်ပေါက်ပြီး သကာလ အရိယာမျက်လုံးနဲ့ ကြည့်တော့ ဪ သူတို့မို့ ကြွေးရှာနိုင်ပါတယ်၊ နောက် တစ်နေ့လဲ ကြွေးရှာပြန်ဆပ်၊ နောက်တစ်နေ့တော့ ဘာလုပ် (ကြွေးဆပ်ဖို့ရှာပါတယ် ဘုရား)။
နောက်တစ်နေ့ကျပြန်ကော (ရှာပြီး ဆပ်ရပါတယ် ဘုရား)၊ မမာတဲ့ အခါကျတော့ ဘယ်လိုများ ညည်းလုံးထုတ် ပါလိမ့်၊ ကြွေးရှာမထွက်ရလို့ ကြွေးမဆပ်ရလို့ ခက်ရေချည့်ရဲ့ (မှန်ပါ့)။
ဟော မမာတဲ့အခါကျတော့ ကြွေးကလဲ အရှာမထွက်နိုင်၊ မဆပ်ရတော့ဘူး၊ မဆပ်ရတဲ့အခါကျလို့ရှိရင်ဖြင့် မျက်စိ မျက်နှာသာသေးရဲ့လား (မသာပါ ဘုရား)။
မြန်မြန်ကုကြစမ်းပါ, သကြစမ်းပါ၊ ဒါငါပဲ ခေါင်းဆောင်လုပ်နေရတာ၊ ငါလဲရင် မခက်ဘူးလား (မှန်ပါ့ ဘုရား)။
ငါ့ မြန်မြန်ထူပေးကြ (မှန်ပါ့ ဘုရား)၊ ဦးဘအုန်းတောင်းပန်ဖူးသလား (တောင်းပန်ဖူးပါတယ် ဘုရား)၊ ဘာဖြစ် ချင်လို့တုန်း (ကြွေးရှာဆပ်ချင်လို့ပါ ဘုရား)။
ခုနက ကြွေးရှာထွက်မှု ရပ်စဲရတာလဲ (မကြိုက်ပါ ဘုရား)၊ ကြွေးမဆပ်ရတဲ့နေ့မှာလဲ ဝမ်းနည်းတယ်၊ ကြွေးမဆပ် ရတဲ့နေ့မှာ (မကြိုက်ပါ ဘုရား)၊ ကြွေးမရှာရတဲ့နေ့မှာ (ဝမ်းနည်းပါတယ် ဘုရား)။
ဝမ်းနည်းတယ် သဘောကျပလား (ကျပါတယ် ဘုရား)၊ အဲဒါ ခင်ဗျားတို့က ကိုယ့်ကိုယ်ကို အခုသေသေချာချာ ပြောတော့မှ ဪ ဒို့ဟာ အတော်ဆိုးတဲ့ ကျွန်ပါလား (မှန်ပါ့ ဘုရား)။
အတော်ဆိုးတဲ့ ကျွန်ပါလား (ဆိုးပါတယ် ဘုရား)၊ ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ အိမ်မှာခိုင်းနေတဲ့ ကျွန်က ဒကာ ဒကာမတို့၊ ဒီလောက်အရေးမကြီးဘူးနော် (မှန်ပါ့ ဘုရား)။
ဒီနေ့ လခမပေးဘူး ဒီနေ့ထွက်မယ် (မှန်ပါ့)၊ ခင်ဗျားတို့ကတော့ ဒီနေ့မရလဲ နက်ဖြန်ခါရလိမ့်မယ်ဆို မထွက်ဘူး တဲ့ (မှန်ပါ့ ဘုရား)။
ထွက်သေးရဲ့လား (မထွက်ပါ ဘုရား)၊ ထွက်ကိုမထွက်ဘူး ဒကာကြွယ်ရ (မှန်ပါ့ ဘုရား)၊ ဒီလိုပဲ မျှော်လင့်ချက်နဲ့ သာ ခေါင်းထဲဝင်လိုက်ရတာပဲ၊ ဘယ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ဝိပဿနာတစ်ခုခုရှု
ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီလိုလုပ်ကြဆိုတော့ ခန္ဓာကိုယ်ထဲမှာ ဘုန်းကြီးဟောနေတဲ့ ဝိပဿနာတစ်ခုခုရှု (မှန်ပါ့ ဘုရား)။
ဝေဒနာရှုချင်ရင် ဝေဒနာရှု၊ စိတ်ကြိုက်ရင် စိတ်ရှု (မှန်ပါ့)၊ ရှုလိုက်တော့ ရှုတာက အနိစ္စ၊ ရှုတဲ့ဉာဏ်က မဂ္ဂ၊ သူဝင်ခွင့်ရ, မရ (မရပါ ဘုရား)။
ခုနက ကြွေးတင်လောဘဝင်ခွင့် ရ, မရ အဲဒါကြောင့် ဒီလိုရှုနေတဲ့အချိန် နောက်ဒီလိုရှုလို့ တစ်ခါတည်း ဒကာ ဒကာမတို့၊ သမုဒယကို အခုတော့ ယာယီမလာတာကိုဗျာ့ (မှန်ပါ့ ဘုရား)။
နောက် အဟုတ် မလာတော့ တိုင်အောင် ရှုလိုက်မယ်၊ ကျုပ်တို့က နိဗ္ဗာန်မြင်တဲ့တိုင်အောင်, သူမလာသည့် တိုင်အောင် ရှုလိုက်မယ်ဆိုလို့ရှိရင် ဒီလူတွေဟာ ဝန်ပေါ့ပြီး ကျွန်စာရင်းက လွတ်ကင်းသွားတယ်ဆိုရင် သေချာတယ် မဟုတ်လား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒီအလုပ်မှတစ်ပါး ကျုပ်တို့မှာ ကြွေးဆပ်တဲ့အလုပ်ကို ဇာတ်သိမ်းစရာ ဇာတ်သိမ်းတဲ့ဉာဏ်လည်း ဝိပဿနာပဲ ကျန်တော့တယ် (မှန်ပါ့)။
ဦးဘအုန်း ဘာပဲကျန်တော့တုန်း (ဝိပဿနာပဲကျန်တော့တယ် ဘုရား)၊ ဒါမှ မလုပ်တတ်တော့လို့ရှိရင်ဖြင့် ကျွန်ဘဝက ဘယ်လိုလွတ်ရပါ့မလဲ ဆိုတာ ဘယ်တေ့ာမှ စိတ်မကူးနဲ့ (မှန်ပါ့)။
တိရစ္ဆာန်ဖြစ်လဲ တိရစ္ဆာန်မလေးနဲ့ အိမ်ထောင်ကျပြီး သကာလ ကိုယ့်ခန္ဓာအတွက် ကျွန်၊ တိရစ္ဆာန်မ မွေးဖွားလာ။
တိရစ္ဆာန်မ ကျွန်ပဲ၊ ကြက်ဖကြီးတွေကြည့်ပါလား၊ ဟို ရှာကြွေးနေတာ၊ ယက်ပြီး သကာလ ကြွေးနေတာ၊ ခေါ်ပြီး သကာလ ကြွေးနေတာပဲ (မှန်ပါ့)။
မြင်ဖူးကြလား (မြင်ဖူးပါတယ် ဘုရား)၊ သူတစ်ယောက် တည်းယက်တစ်အုပ်ကြီးရှာကြွေး (မှန်ပါ့)၊ ပြီးတော့ ခင်ဗျားတို့ လူစုတွေက ကြွေးနိုင်ပါရစေ၊ သူ့လက်အောက်ခံမစားပါရစေနဲ့ ဆိုတာများ ပါသေးတယ် (မှန်ပါ့ ဘုရား)။
ကျွန်ဆုတောင်းကြတာ
အင်း ဘာဆုတောင်းကြတာတုန်း (ကျွန်ဆုတောင်းကြတာပါ ဘုရား)၊ ကြီးကျယ်လှချည့်လား၊ အမယ်လေး ဒကာကြွယ် ဒီဆု တောင်းဖူးသေးလား (တောင်းဖူးပါတယ် ဘုရား)။
ဟာ-တောင်းဖူးတယ်၊ တောင်းဖူးတယ် ခင်ဗျားတို့ ဒီဆုကကိုယ်သာ ဒီကျန်းမာ ကိုယ့်ကိုယ် ကျန်းမာအောင် အင်မတန်စောင့်ရှောက်ရတယ်။
သူတို့ ပြုံးပြုံးရွှင်ရွှင်နဲ့ စားနေရင် ကျုပ်တို့က စိတ်ချမ်းသာတယ်၊ သူတို့က စူစူအောင့်အောင့်နဲ့ဆို ကျုပ်ကလဲ သေချင်တယ် (မှန်ပါ့)။
ဘယ့်နှယ်ဖြစ်တာတုန်း၊ ပြော-ပြောပါအုံး (ကျွန်က ကျွန်ခံရတာ ကြည်ကြည်သာသာ စားမှ ကျေနပ်တာပေါ့ လေ (မှန်ပါ့)။
ဒီ ကြည်ကြည်သာသာမစားလို့ရှိရင်ဖြင့် ကျွန်ခံရကျိုးမနပ်တဲ့အတွက် ကျုပ်တော့ သေလိုက်ချင်တယ် (မှန်ပါ့)၊ ဦးဘအုန်း ဒီဆုက ပါသေးလား (ပါ-ပါတယ် ဘုရား)။
ဒကာကြွယ် လွန်ကုန်ပြီထင်တယ်၊ ဒါကြောင့် ဒီလောက်ပြင်းပြင်းထန်ထန် ဟောနေရပါလိမ့်မတုန်းလို့မေးလို့ရှိ ရင် ကျွန်မှန်းမသိတာ သူ့ကြောင့် ကျွန်ဖြစ်ရတယ်ဆိုတဲ့ လောဘကို ခင်ဗျားတို့ မချင်နိုင်မှာစိုးလို့ လောဘအပြစ်တွေ လျှောက်ပြောနေတာ (မှန်ပါ့)၊ ဘယ်သူအပြစ်ပါလိမ့် (လောဘအပြစ်ပါ ဘုရား)။
လောဘအပြစ်တွေ လျှောက်ပြောနေတယ် ဆိုတာသဘောကျပလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် ဒီလောဘကို ဘယ်လိုလုပ်သတ်ကြသလဲ၊ ဒီကျွန်စာရင်းက လွတ်ကင်းအောင်၊ တဏှာကျွန်စာရင်းက လွတ်ကင်းအောင် ဘယ်လိုလုပ်မ ဘဲလို့မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဒါဖြင့် ကိုယ့်ခန္ဓာကိုယ်ကြီးဟာ ကိုယ်အချစ်ဆုံးပဲ (မှန်ပါ့ ဘုရား)။
ကိုယ်မချည့် အမိတော်ခဲ သားတော်ခဲ သမီးတော်ခဲကို အတ္တာနံ စေ ပိယံ ဥ တွာဆိုတဲ့အတိုင်း ကိုယ့်ခန္ဓာကို အချစ်ဆုံးဆိုတော့၊ ခန္ဓာကိုယ်ကြီးကို မသိလို့ ချစ်နေတာ (မှန်ပါ့ ဘုရား)။
ဝိဇ္ဇာဉာဏ်လေး ဘုန်းကြီးကပေးလိုက်တယ်
မသိလို့ချစ်နေတော့၊ သိတဲ့ ဝိဇ္ဇာဉာဏ်လေး ဘုန်းကြီးကပေးလိုက်တယ်၊ ခန္ဓာငါးပါး ဖြန့်လေ၊ ဖြန့်ပြီး သကာလ ရှုပက္ခန္ဓာတစ်ခုတည်း စိုက်ရှုစမ်းဟေ့ ဆိုတော့ ဘာတွေ တွေ့ရမတုန်း (ဖြစ်ပျက်တွေတွေ့ရပါမယ် ဘုရား)။
ဖြစ်ပျက်တွေတွေ့၊ အနိစ္စတွေတွေ့၊ အနိစ္စတွေမို့ မုန်းလား ခင်သေးရဲ့လား (မခင်တော့ပါ ဘုရား)။
ဒီအနိစ္စတွေများ ဆုံးသွားမယ်ဆိုရင်ဖြင့် ကျုပ်တို့ မကြိုက်ပေဘူးလား (ကြိုက်ပါတယ် ဘုရား)၊ ဒုက္ခသစ္စာဆုံး သွားတာကို (ကြိုက်ပါတယ် ဘုရား)၊ သဘောပါပလား (ပါ ပါတယ် ဘုရား)၊ ဒါကြောင့် ကိုယ့်အခင်ဆုံးမို့ ခန္ဓာဝိပဿနာ ရှုရတယ် (မှန်ပါ့ ဘုရား)။
ခန္ဓာအခင်ဆုံးမို့ (ခန္ဓာဝိပဿနာ ရှုရပါတယ် ဘုရား)၊ အဲဒါကြောင့် ဝိပဿနာဟာ သာသနာပ ပေါ်သလား သာသနာတွင်း ပေါ်သလား (သာသနာတွင်း ပေါ်ပါတယ် ဘုရား)။
အဲ အခုအချိန်လုပ်ရင်လုပ်ပါ (မှန်ပါ့ ဘုရား)၊ နောက် ခင်ဗျားတို့ မျှော်လင့်ချက်မရှိပါနဲ့၊ မျှော်လင့်ချက်မရှိပါနဲ့ ဦးဘအုန်းရ (မှန်ပါ့ ဘုရား)။
ကျွန်ချည်းဖြစ်နေမှာဘဲ၊ သပေါက်ချည်းဖြစ်နေမှာဘဲ၊ ဘယ်တော့မှ သခင်အဖြစ်နဲ့ ခင်ဗျားတို့တည်တံ့ပြီး သကာလ နေနိုင်ဖို့ရာ အခွင့်အရေးရမှာ မဟုတ်တော့ဘူး (မရနိုင်ပါ ဘုရား)၊ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)၊ (သဘောကျပလား)၊ (ကျပါပြီ ဘုရား)။
ဒကာကြွယ်တို့လူစု မျက်လုံးတွေမွဲ၊ ဆံတွေဖြူလို့၊ သွားတွေကျိုးကုန်ပြီ၊ ဦးလှဘူးတို့လဲ တို့အတူပဲ (တူပါတယ် ဘုရား)၊
အိုလို့လား၊ အချိန်မရောက်ဘဲနဲ့ ဖြစ်ရတာတွေလဲချည်း မပါဘူးလား (ပါ ပါတယ် ဘုရား)၊ ဦးဘအုန်းရေ အို လို့ဖြစ်တာလဲ ရှိတာပဲနော် (မှန်ပါ့ ဘုရား)။
အချိန်မရောက်ဘဲနဲ့ သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူ ပူမိလို့ရုပ်တွေတစ်ခါတည်း ထန်းပလပ်ကဲ့သို့ ဖြစ်သွားတာလဲ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါတွေကတော့ ဘာတုန်းလို့မေးတဲ့အခါကျတော့ ကျွန်လုပ်တွေများလွန်းလို့ (မှန်ပါ့ ဘုရား)၊ ကျွန်လုပ်တွေများ လွန်းလို့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ခင်ဗျားတို့ နှလုံးရောဂါတို့ ဘာတို့ဆိုတာလဲ ပေါ်ပြီမဟုတ်လား (ပေါ်ပါတယ် ဘုရား)၊ ဒါဘယ်အလုပ်ကြောင့် ဖြစ်ပေါ်လာတာတုန်း၊ ကျွန်အလုပ်တွေ အများကြီး လုပ်ရလို့နှလုံးတွေ ထိခိုက်ကုန်လို့ (မှန်ပါ့ ဘုရား)။
သဘောကျပလား (ကျပါတယ် ဘုရား)၊ ကြွေးဆပ်ချင်တာ များများကြီးဆပ်ချင်တာ မဆပ်ရလို့ ဒီအဓိပ္ပါယ်ပဲ မကျဘူးလား (ကျပါတယ် ဘုရား)။
ကျွန်ဆုက မတောင်းကောင်းဘူး
ဪ ခင်ဗျားတို့ ကျွန်ဆုက မတောင်းကောင်းဘူး (မှန်ပါ့)၊ ကောင်းကောင်း မကောင်းကောင်း (မကောင်း ကောင်းပါ ဘုရား)။
ဒီဘဝ စုတေမနေ သေလွန်ရ၊ ဟိုဘဝ နတ်ဖြစ်ရပါလို၏။ ဗြဟ္မာဖြစ်ရပါလို၏ ဆိုလို့ရှိရင် ဒါ ကျွန်ဆုတောင်း တာ (မှန်ပါ့)၊ ဘာဆုတောင်း (ကျွန်ဆုတောင်းတာပါ ဘုရား)။
တယ်အရုပ်ဆိုးပါလား (ဆိုးပါတယ် ဘုရား)၊ ဟိုဘဝကျတော့ ကိုယ့်ခန္ဓာ ကျွန်လဲကျွန်ပဲ (မှန်ပါ့)၊ ကိုယ်နဲ့အတူနေ သားတွေ, မယားတွေ, ဘာတွေကော (ကျွန်ခံရပါတယ် ဘုရား)။
ကျွန်ခံရတာပဲ မဟုတ်လား (မှန်ပါ့ ဘုရား)၊ နောက်ကျွန်ခံရလို့ ကျွန်မှန်းမသိတဲ့ ပုဂ္ဂိုလ်မှာ ဝ,သေလားလို့ မသေချင်ဘဲနဲ့ သေသွားတာလားလို့ (မသေချင်ဘဲနဲ့ သေသွားရပါတယ် ဘုရား)။
အဲ လောဘကို မသိလို့ရှိရင်ဖြင့် ဒကာကြွယ် ခက်တယ် (မှန်ပါ့)၊ ကျွန်ခံမှန်းလဲမသိ (မသိပါ ဘုရား)၊ ကျွန်ခံတာ ကို ဝ, ပြီးသေသွားတယ်လို့ကောရှိလား (မရှိပါ ဘုရား)။
ဘယ်လိုနေရစ်ကြပါလိမ့်မလဲဆိုတဲ့ စိတ်ကများနေတယ် (များပါတယ် ဘုရား)၊ ဦးဘအုန်း ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။
ဒါဖြင့် ‘ဣဏံဝိယကာမစ္ဆန္ဒော’ ဆိုတဲ့ စားလုံးဟာ ခရီးပေါက်တယ်ဆိုတာ ပေါ်ပလား၊ ဒါဖြင့် ဒီလိုလုပ်ကြစို့ (မှန်ပါ့ ဘုရား)၊ သူ့တိုက်ရိုက်ရှုနိုင်ရင်ရှု၊ မရှုနိုင်ရင် သူခင်တဲ့ ခန္ဓာကိုယ်ကြီး ဖျက်ရမယ် (မှန်ပါ့)။
သူက ခန္ဓာအခင်ဆုံးမဟုတ်လား (မှန်ပါ့)၊ ခန္ဓာကိုယ်ကို အခင်ဆုံး၊ ခန္ဓာကိုယ် ကြွေးဆပ်ချင်လို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ဒါဖြင့် ဒီခန္ဓာကိုယ်ကို ငါးပါးခွဲလိုကင် ဒကာ ဒကာမတို့၊ ကိုယ့်ခန္ဓာ ဘယ်နှစ်ပါးခွဲရမတုန်း (ငါးပါး ခွဲရပါမယ် ဘုရား)။
ငါးပါး ခွဲလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ခန္ဓာငါးပါး ဝိပဿနာရှု (မှန်ပါ့ ဘုရား)၊ တဏှာသေချင် ရင် ဝေဒနာရှု၊ သဘောကျပလား (ကျပါပြီ ဘုရား)။
တဏှာသေချင်ရင် (ဝေဒနာဝိပဿနာရှုရပါမယ် ဘုရား)၊ ဘာကြောင့်တုန်း ဝေဒနာပစ္စယာတဏှာ သဘောကျ ပြီလား (ကျပါတယ် ဘုရား)၊ တဏှာ သေချင်ရင် (ဝေဒနာဝိပဿနာရှုရပါတယ် ဘုရား)။
ဒါဖြင့် ဒီထဲက ငါးပါးလုံးရှုမနေပါနဲ့၊ ဝေဒနာတစ်လုံးတည်း ဝိပဿနာရှုပါတော့ (မှန်ပါ့)၊ ဘာရှုကြမယ် (ဝေဒနာရှုရမှာပါ ဘုရား)၊ ဝေဒနာတစ်လုံးကို မဂ္ဂင် ငါးပါးနဲ့ရှု (မှန်ပါ့)။
မျက်လုံးဟာ ဝေဒနာပေါ် (ဥပေက္ခာ ဝေဒနာရှုရပါမယ် ဘုရား)၊ ပေါ်တိုင်း ပေါ်တိုင်း မြင်စိတ်ကလေးဖြစ်ပျက် ရှု (မှန်ပါ့)၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဝေဒနာပစ္စယာ တဏှာ လာသေးလား (မလာပါ ဘုရား)။
သူက အနိစ္စဖြစ်တော့ ရှုတာက မဂ္ဂ
ဝေဒနာပစ္စယာမှမဖြစ်တော့ဘဲ ဝေဒနာနိရောဓဖြစ်သွား၊ ငါ အနိစ္စဖြစ်သွားပြီ (မှန်ပါ့)၊ သူက အနိစ္စဖြစ်တော့ ရှုတာက မဂ္ဂဖြစ်သွားတော့ နောက်တဏှာလာသေးလား (မလာပါ ဘုရား)။
အဲဒီအချိန်လေး ရှုတဲ့အချိန်မှာ တစ်စက္ကန့်ရှုရင် တစ်စက္ကန့်ကျွန်စာရင်းက လွတ်တယ် (မှန်ပါ့)၊ တစ်စက္ကန့်ရှု ရင် (တစ်စက္ကန့် ကျွန်စာရင်းက လွတ်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီအချိန်မှာ အသက်ရှူရတာလဲကောင်းတယ် (မှန်ပါ့)၊ ဒီ့ပြင် ဝိတက်တွေကော လာသေးလား (မလာပါ ဘုရား)၊ ဘာဖြစ်လို့ ကျွန်ဝိတက်တွေ လုံးဝမလာတော့ပါဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့၊ မျက်လုံး, နား, နှာခေါင်း, လျှာမှာ ဥပေက္ခာ ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ကိုယ်ပေါ်မှာ သုခ, ဒုက္ခပေါ်တယ် (မှန်ပါ့)၊ ဒုက္ခပေါ်လဲ ဘာလုပ်ရမယ်၊ ဖြစ်ပျက် ရှုရမယ် (ရှုရပါမယ် ဘုရား)။
သုခပေါ်လဲ ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်ရှုတာက (မဂ်ပါ ဘုရား)။
မဂ်ပေါ်ရင် တဏှာက ဘယ့်နှယ်နေတုန်း (သေပါတယ် ဘုရား)၊ တဏှာက သေသွားတယ်ဆိုတာ ဒကာသစ် ယုံကြည်ပလား (ယုံကြည်ပါတယ် ဘုရား)။
ဒီတဏှာ သေတဲ့အချိန်မှာ ကျုပ်တို့သည် ကြွေးဆပ်ဖို့အရှာထွက်တဲ့ဘဝမှ ခေတ္တလွတ်တယ် (မှန်ပါ့)၊ ခေတ္တလေး လွတ်တဲ့အချိန် သဘောကျပလား (ကျပါပြီ ဘုရား)။
ခေတ္တလွတ်တဲ့အချိန်လေးဟာ ဒီအချိန်ပဲရှိတယ်နော် (မှန်ပါ့)၊ ဒီ့ပြင် အချိန်ကျတော့ စိတ်ကူးတဏှာရယ်, ကိုယ်တိုင်လုပ် တဏှာရယ်, သူကချည်းပဲ ကျွန်သပေါက်အဖြစ်နဲ့ ခိုင်းမနေဘူးလား (ခိုင်းနေပါတယ် ဘုရား)။
မသာဖိတ်ရင် ကျွန်မသာလို့ဖိတ်
အဲဒါကြောင့် ခင်ဗျားတို့ ဒီဝိပဿနာ အလုပ်မလုပ်ဘဲနဲ့ ခရီးပေါက်အောင် မလုပ်ဘဲနဲ့ သေတဲ့မသာဖြစ် မသာဖိတ်ရင် ကျွန်မသာလို့ဖိတ်၊ မသာဖိတ်ရင် (ကျွန်မသာလို့ဖိတ်ရမှာပါ ဘုရား)။
အင်း ကျွန်မသာ ဝဋ်ကျွတ်ပြီး ကျွန်အဖြစ်မှ လွတ်သေသွားတာလား၊ ကျွန်ခံရင်းတန်းလန်းနဲ့ သေသွားတာလား (ကျွန်ခံရင်း တန်းလန်းနဲ့ သေသွားတာပါ ဘုရား)။
ဒါဖြင့် ဒကာအုန်း ဘယ့်နှယ်ဆိုကြမယ် (ကျွန်မသာ ဆိုကြပါမယ် ဘုရား)၊ ကျွန်မသာပဲဖြစ် (မှန်ပါ့)၊ ဒကာကြွယ် ဘယ့်နှယ်ဖိတ် (ကျွန်မသာလို့ ဖိတ်ပါတယ် ဘုရား)၊ မှားသလားဗျာ (မမှားပါဘူး ဘုရား)။
မမှားပါဘူးဗျာ၊ ခင်မှုတန်းလန်း, မင်မှုတန်းလန်း, ကြွေးဆပ်ချင်ရဲ့ စာရင်းမချုပ်, အင်းမချုပ်နဲ့ သေသွားရှာ တယ် (မှန်လှပါ)၊ ဆပ်ဖို့ရာတွေလေ (မှန်လှပါ)၊ အကုန်ပြောသွားနိုင်သေးရဲ့လား (မပြောနိုင်ပါ ဘုရား)။
ပြောနိုင်သွားတာလဲ ကြွေးဆပ်သွားတာပဲ၊ သို့သော် သူ့စိတ်ထဲက ပြောသာ သွားရတာ၊ နောက်ထပ် ဆပ်ချင်တဲ့ စိတ်ကုန်ပါ့မလား (မကုန်ပါဘူး ဘုရား)။
ဟာ-မကုန်သေးလို့ရှိရင်ဖြင့် ကျွန်မသာပဲဖြစ် (မှန်ပါ့)၊ ဘယ်လိုဖြစ်ကြ (ကျွန်သာပဲဖြစ်ပါတယ် ဘုရား)။
ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ သံဃာတစ်ရာနဲ့ ဆန်အိတ် ဆီပုံးလှူတာပေမယ့် ကျွန်မသာပဲ များနေတယ်၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ကိုယ်ပေါ်မှာ သုခပေါ်လဲ ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဒုက္ခပေါ်လဲ (ဖြစ် ပျက်ရှုရပါမယ် ဘုရား)။
အဲ ဖြစ်ပျက် ရှုလို့ရှိရင်ဖြင့် တဏှာသေနေတာပဲ (မှန်ပါ့)၊ သောမနဿလေ၊ ပေါ်လာရင်ကော (ဖြစ်ပျက်ရှု ပါမယ် ဘုရား)။
ဒေါမနဿလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဥပေက္ခာလေးပေါ်လာရင်ကော (ဖြစ်ပျက်ရှုရပါ မယ် ဘုရား)၊ အကုန်ဖြစ်ပျက်ရှုလိုက်တော့ကို ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ ဘုရား)။
တဏှာနိရောဓောဖြစ်တဲ့အချိန်မှာ ကျွန်စာရင်းက လွတ်သွားပြီ (မှန်ပါ့)၊ အဲဒီတော့ ဒီတဏှာ ဒကာဒကာမတို့ ရှုကြပါစို့ ဆိုလို့ရှိရင်ဖြင့် ဒီဖြစ်ပျက်ဆုံးလို့ရှိရင် တဏှာဆုံးတာပဲ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက် မတွေ့တော့ဘူးဆိုလို့ရှိရင် တဏှာဆုံးတာပဲ၊ အင်း ပထမ တဏှာဆုံးတာ ဒိဋ္ဌိတဏှာဆုံးတာပေါ့ဗျာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်သာခင်ဗျားတို့ရှု, ဖြစ်ပျက်မုန်းအောင်ရှု, ဖြစ်ပျက်ဆုံးအောင် ရှုလိုက်လို့ရှိရင်ဖြင့် ဖြစ်ပျက်ဆုံးအောင် ရှုခိုင်းတာလား၊ ဒကာသစ်ရေ တဏှာအသတ်ခိုင်းတာလား (တဏှာအသတ်ခိုင်းတာပါ ဘုရား)။
တဏှာ အသတ်ခိုင်းတာလား၊ ကျွန်စာရင်းက လွတ်ကင်းခိုင်းတာလား (ကျွန်စာရင်းကလွတ်ကင်းခိုင်းတာပါ ဘုရား)၊ ဒါဖြင့် ဒီအလုပ် မလုပ်ချင်တဲ့အချိန် ခင်ဗျားတို့ ဘယ်လိုများဆုံးဖြတ်ချက်ချကြမယ် (ကျွန်စိတ်ပေါက်နေပါတယ် ဘုရား)။
ကျွန်စိတ်ပေါက်နေသေးလို့ မလုပ်ချင်သေးဘူး
ကျွန်စိတ်ပေါက်နေသေးလို့ မလုပ်ချင်သေးဘူး၊ ဘယ်လိုဆုံးဖြတ်ချက်ချမယ် (ကျွန်စိတ်ပေါက်လို့ မလုပ်ချင် သေးပါဘူး ဘုရား)။
လုပ်ချင်တဲ့အချိန်ကျတော့ ကျွန်စာရင်းက လွတ်ကင်းချင်တဲ့အချိန်ပဲဆိုတာလေးက မခြားနားဘူးလား (ခြားနား ပါတယ် ဘုရား)၊ အဲဒါဟာ အခု ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့တွေ့လို့ ခင်ဗျားတို့ အရုဏ်လေးတက် (မှန်ပါ့ ဘုရား)။
ကိုယ်တိုင်လုပ်မှ နေထွက်ပြီး အလင်းရောက်မယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)၊ ကျွန်စာရင်းမှ လင်းမသွားဘူးလား (လင်းသွားပါတယ် ဘုရား)။
လွတ်ချင်တဲ့ စိတ်တွေ များမလာဘူးလား (များလာပါတယ် ဘုရား)၊ ဒါဖြင့် ဒကာဒကာတို့၊ ဝေဒနာသုံးပါးသာ လှည့်ရှု (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)၊
ကဲ ဒီနေ့ ဒီတင်တော်ကြပါအုံးစို့။
သာဓု…သာဓု…သာဓု။