13402

မာတိကာသို့

ဝိပဿနာအစ စိတ်ဝိညာဏ်က စဖြစ်ပုံ သမ္မာဒိဋ္ဌိ ၅မျိုးမှ

မဂ္ဂသမ္မာဒိဋ္ဌိ ယှဉ်သောတရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရား အမရပူရမြို့ ဓမ္မာရုံ၌

ဟောကြားတော်မူသော

ဝိပဿနာအစ စိတ်ဝိညာဏ်က စဖြစ်ပုံ သမ္မာဒိဋ္ဌိ ၅မျိုးမှ

မဂ္ဂသမ္မာဒိဋ္ဌိ ယှဉ်သောတရားတော်

(၂၇-၂-၆၀)

လူမိုက်နဲ့ လူလိမ္မာသည် ဘာထူးသတုန်

ဗာလ ပဏ္ဍိတသုတ်မှ ခွဲပြီး သကာလ ကာခဲ့သည်တဲ့၊ “လူမိုက်နဲ့ လူလိမ္မာသည် ဘာထူးသတုန်း” လို့မေးလို့ရှိရင်၊ လူမိုက်က အမှောင်ထဲကလာပြီး၊ အမှောင်နေပြီး သကာလ အမှောင်ထဲသို့ သွားသည်ဆိုတာ ရှင်းသွားပြီလား (ရှင်းပါပြီ ဘုရား)။

လူလိမ္မာကတော့ အမှောင်ထဲကတော့ လာတာပဲတဲ့ အလင်းထဲမှာ နေသွားရ၊ စုတေမနေ သေလွန်သည့် အခြားမဲ့၌ အလင်းဆိုတဲ့ နိဗ္ဗာန်ဘက် ပြန်ရောက်သွားတယ် (မှန်ပါ့)။

နိဗ္ဗာန်ဘက် ရောက်သွားတယ်ဆိုတော့ ဪ အလားပင် ထူငြားသော်လဲအနေမတူလို့ အရောက်ကျတော့ ခြားနားသွားတယ်လို့မှတ်ရမယ် (မှန်ပါ့)။

ဘယ်လိုကြောင့် ခြားနားရပါလိမ့်မလဲလို့မေးတော့ ဒကာ ဒကာမတွေ မဂ္ဂဗြဟ္မစရိယ အကျင့်ကို ကျတော့ လူမိုက်က မကျင့်ဘူး၊ လူလိမ္မာကတော့ မဂ္ဂဗြဟ္မစရိယ အကျင့်ကိုကျင့်တဲ့အတွက် အလင်းမှာနေတဲ့ အဓိပ္ပါယ် သေသေ ချာချာရောက်ပြီး သကာလ ၊ အလင်းဖြစ်တဲ့ နိဗ္ဗာန်ဘက်ဆီသို့ပဲ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်၊ ကိလေသာ အနှောင်ဓာတ်ငြိမ်းတဲ့ နိဗ္ဗာန် ဒီဘက်ကို ရောက်သွားသည်ဆိုတော့ မဂ္ဂဗြဟ္မစရိယ ကျင့်လို့ပဲ၊ မဂ္ဂဗြဟ္မစရိယ တန်ခိုးသတ္တိဆိုတာလဲ သိပြီးသား ဖြစ်နေတော့။

မဂ္ဂဗြဟ္မစရိယဆိုတာ ဘာပါလိမ့်

မဂ္ဂဗြဟ္မစရိယဆိုတာ ဘာပါလိမ့်မလဲ မေးတော့၊ မဂ္ဂဗြဟ္မစရိယတို့ အဋ္ဌကထာဆရာ ဖွင့်လိုက်တဲ့အတွက် ဪ မဂ်အကျင့်ဆိုသည်ကားလို့ ဆိုလို့ရှိရင်၊ မဂ်အကျင့်ဆိုတာ မသိမှာစိုးလို့ ဘုန်းကြီးက ပြောရလို့ရှိရင်၊ သမ္မာဒိဋ္ဌိ အလုပ်လို့ မှတ်ရမယ် (မှန်ပါ့)။

မဂ်အကျင့်ဟာ ဘာအလုပ်ပါလိမ့် (သမ္မာဒိဋ္ဌိအလုပ်ပါ ဘုရား)၊ မဂ်အကျင့်ဟာ ဘာအလုပ်ပါလိမ့် (သမ္မာဒိဋ္ဌိ အလုပ်ပါ ဘုရား)၊ သမ္မာဒိဋ္ဌိအလုပ်လို့ မှတ်ထားတော့ ဒါဖြင့် သမ္မာဒိဋ္ဌိအလုပ်လုပ်မှာပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေကပဲ ဆုံးဖြတ်ချက်ချတာမှန်ပါတယ်တဲ့။

သမ္မာဒိဋ္ဌိ အလုပ်လုပ်မှဟေ့၊ ဒါမှ လူလိမ္မာ ဖြစ်မယ်ဟဆိုတာတော့ ရှင်းပါတယ်၊ သမ္မာဒိဋ္ဌိက ၅မျိုးတောင်ရှိပြီး သကာလ နေပြန်တော့ ဦးဝတို့၊ ဦးခင်မောင်တို့၊ ဒါမဝေဖန်လဲ မဖြစ်ပြန်သေးဘူး (မှန်ပါ့)၊ မဂ္ဂဗြဟ္မစရိယအကျင့်ဟာ သမ္မာဒိဋ္ဌိအလုပ် (မှန်ပါ့ ဘုရား)။

သမ္မာဒိဋ္ဌိဖြစ်ပေါ်လာအောင် ကျင့်တဲ့အလုပ်၊ အဲဒီသမ္မာဒိဋ္ဌိ မနေ့က ဟောခဲ့တယ်၊ ဒကာ ဒကာမတို့ ဘယ်နှစ်ပါး ပြားသတဲ့ (၅ပါးပြားပါတယ် ဘုရား)။

ဘယ်ဟာက များများလုပ်ရမယ့် အလုပ်

ငါးပါးပြားသည်ဆိုတဲ့ဥစ္စာ ရှင်းပြီး သကာလ နေတော့ ဒီငါးပါးကပဲ ငါးပါးထဲမှာကလဲ ဘယ်ဟာက များများ လုပ်ရမည့်အလုပ်၊ ဘယ်ဟာက လုပ်ရုံကိုင်ရုံနဲ့ပြီမယ့်အလုပ်၊ ဘယ်ဟာက များများလုပ်ရမယ့် အလုပ်ဆိုတဲ့ဥစ္စာ၊ ဘယ်ဟာ ကဘယ်လိုအကျိုးပေးတယ် ဆိုတာကိုလဲ ဒကာသစ်တို့ ဒကာဝတို့ သိဖို့အရေးကြီးတယ် (မှန်ပါ့)၊ ရှေးဦးစွာ မနေ့ဟာပဲ ခပ်ကျဉ်းကျဉ်းစတာပေါ့ (မှန်ပါ့ ဘုရား)။

(၁) ကမ္မဿကထာ သမ္မာဒိဋ္ဌိ ၁နံပါတ်၊ ဈာနသမ္မာ ဒိဋ္ဌိက ၂နံပါတ်လို့မှတ်ထားတာပေါ့ (မှန်ပါ့)၊ ကောင်းပြီ ဝိပဿနာသမ္မာဒိဋ္ဌိ (၃နံပါတ်ပါ ဘုရား)၊ မဂ္ဂသမ္မာဒိဋ္ဌိ (၄နံပါတ်ပါ ဘုရား)၊ ဖလသမ္မဒိဋ္ဌိက (၅နံပါတ်ပါ ဘုရား)။

အဲဒီကဲ့သို့ သမ္မာဒိဋ္ဌိ ၅မျိုးတောင်ရှိနေပြန်တော့ မဂ္ဂဗြဟ္မစရိယအကျင့်လို့ ဆိုပြန်တော့ ဪ -သမ္မာဒိဋ္ဌိ အလုပ်တော့ မှန်ပါရဲ့၊ မဂ္ဂဗြဟ္မစရိယအလုပ်ဆိုတာ သမ္မာဒိဋ္ဌိအလုပ်ပဲ၊ ဒီထဲမှာ သမ္မာဒိဋ္ဌိအစစ်က ဝေဖန်လိုက်တဲ့အခါ မှာ သာသနာတွင်း သာသနာပလဲ ဦးဘအုန်း ဝေဖန်ရလိမ့်အုံးမယ် (မှန်ပါ့)။

အဲဒီကဲ့သို့ ဝေဖန်တဲ့အခါကျတော့ ကမ္မဿကထာ သမ္မာဒိဋ္ဌိက ကောင်းတာလုပ် ကောင်းကျိုးပေးမယ်၊ မကောင်းတဲ့ဒုစရိုက်တွေလုပ်ရင် (မကောင်းကျိုးပေးပါမယ် ဘုရား)၊ ဒီလောက်သိတဲ့ဉာဏ်ဟာလဲ သမ္မာဒိဋ္ဌိတော့ဖြစ်ပါရဲ့၊ သမ္မာဒိဋ္ဌိတော့ဖြစ်ပါတယ်တဲ့ ဒကာ ဒကာမတို့။

သမ္မာဒိဋ္ဌိပင် ဖြစ်ငြားသော်လဲ၊ သူဟာ ဒကာ ဒကာမတွေ သန္တာန်မှာ ကိန်းအောင်ပြီး သကာလ နေတော့ သူကိန်းတဲ့အခိုက် သမ္မာဒိဋ္ဌိတော့ ဖြစ်ပါရဲ့၊ ဖြစ်ပင်ဖြစ်ငြားသော်လဲ ခန္ဓာဝန်, ဒုက္ခဝန်မှ ကျွတ်စေသလား, မကျွတ်စေ ဘူးလားဆိုတဲ့ ဥစ္စာကိုလဲ ဦးဘအုန်းတို့ ဝေဖန်ဖို့လိုပါတယ်၊ ဦးဇံရင် မလိုဘူးလား (လိုပါတယ် ဘုရား)။

ကမ္မဿကတာ သမ္မာဒိဋ္ဌိ

လိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မနေ့ကပြောခဲ့တဲ့အတိုင်း ဘဝသမ္ပတ္တိဘဝနဲ့ ပြည့်စုံမှု၊ ဘောဂသမ္ပတ္တိ ဆိုတဲ့ စီးပွားဥစ္စာရတနာတို့၏ နောက်ဘဝပြည့်စုံမှု၊ အဲဒါ သူ့သတ္တိရှိလို့ (မှန်ပါ့)၊ အင်္ဂုတ္ထိုရ်အဋ္ဌကထာ ဆရာကဖွင့်ပြ တယ်၊ ဪ ဒါဖြင့် ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိလောက်ကို ကမ္မဿကတာ သမ္မာဒိဋ္ဌိက အကျိုးပေးနိုင်တော့ –

ဪ ဒါသည် သာသနာပလဲ ဒီအလုပ်မျိုးလုပ်မယ်ဆိုရင်လဲ လုပ်လဲလုပ်နေကြတယ်၊ လုပ်မယ်ဆိုလဲရတယ် ဆိုတာလဲ ဦးဘအုန်းတို့ ရှင်းရောပေါ့ (မှန်ပါ့)၊ ဦးခင်မောင်တို့ အားကိုလောက်ပြီလား တစ်ခါမေးလိုက် (မကိုးလောက် ပါ ဘုရား)၊ မကိုးလောက်ပါဘူး။

ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိ, ဆိုတာ သမ္ပတ္တိမို့ ထည့်ရတယ်၊ စင်စစ်စဉ်းစားကြည့်တော့ ဘဝပစ္စယာ ဇာတိ ဆိုတဲ့ အတိုင်းဒုက္ခသစ္စာတော့ မလွတ်သေးပါဘူး (မှန်ပါ့)။

မလွတ်သေးတော့ကို အင်း သာသနာပလဲရှိတဲ့ တရားလို့မှတ်လိုက်တာပေါ့ဗျာ၊ နောက်တစ်ခါ ဒုတိယ ၂နံပါတ် ကျတော့ကိုတဲ့ ဈာနသမ္မာဒိဋ္ဌိခေါ်ဆိုသောကြောင့်။

ဈာနသမ္မာဒိဋ္ဌိ

ဪ ဈာန်တရားတွေကို ပထဝီ, ပထဝီ, အာပေါ, အာပေါနဲ့ စီးဖြန်းနေပြီး သကာလ ဈာန်အလုပ်ကို ပွားများ ပြီး သကာလ နေနိုင်တာကိုလဲ သမ္မာဒိဋ္ဌိတော့ သမ္မာဒိဋ္ဌိပါပဲတဲ့၊ ဈာန်ပေါ်မှာ သမ္မာဒိဋ္ဌိ ဈာန်နဲ့ ယှဉ်တဲ့သမ္မာ ဒိဋ္ဌိဖြစ်ပြီး သကာလ နေတော့ သူကလဲ ရူပ, အရူပဘုံတွေပဲ အကျိုးပေးပြန်တော့၊ အင်း ဇာတိ, ဇရာ, မရဏလွတ်ပါရဲ့လား လို့မေးလို့ရှိယင် ဘယ်နှယ့်ဖြေကြမယ် (မလွတ်ပါ ဘုရား)။

ဒါဖြင့် သူလဲ သာသနာပ သမ္မာဒိဋ္ဌိပဲလို့ မှတ်လိုက်ပေါ့ (မှန်ပါ့)၊ ဘယ်နှစ်မျိုးရှိသွားပြီလဲ (နှစ်မျုးိရှိပါပြီ ဘုရား)၊ ၂မျိုးရှိပြီး သကာလ သွားတော့ ဪ ဒီ၂ခုဟာဖြင့် အင်း ၅ခုနဲ့ စာလို့ရှိရင်ဖြင့် ယုတ်ညံ့တယ်လို့ဆိုတဲ့ ဥစ္စာကို ဗုဒ္ဓ ဘာသာမြန်မာလူမျိုးမှာတော့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)၊ သို့သော် တစ်ပါးသော ဘာသာမှာတော့ ဒါ လောက် တောင်မှ မရှိတော့ ဦးဘအုန်းရေ အခက်ကြီးပဲ (မှန်ပါ့ ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိ

ကဲ ဒါဖြင့် ၃နံပါတ် ၃က ဘာသမ္မာဒိဋ္ဌိတဲ့ ဒကာ ဒကာမတို့ (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိ၊ ဝိပဿနာ သမ္မာဒိဋ္ဌိကတော့ တစ်ခါတည်း ဆက်လုပ်သွားလို့ရှိယင်ဖြင့် နိဗ္ဗာန်တိုင်တိုင် အကျိုးပေးနိုင်တယ်။

ဪ နိဗ္ဗာန်ဆိုတာ နိရောသေစ္စာ၊ နိရောဓသစ္စာဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ ဒုက္ခနိရောဓော နိဗ္ဗာနံ၊ တဏှာနိရောဓော နိဗ္ဗာနံ ဆိုသောကြောင့် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာချုပ်တာပါလား (မှန်ပါ့)။

ဒါဖြင့် သမုဒယသစ္စာချုပ်လဲ အေးချမ်းပါတယ် (မှန်ပါ့)၊ ဒုက္ခသစ္စာချုပ်လဲ အေးချမ်းပါတယ်၊ ဪ ဒါဖြင့် သန္တိသုခရိုက်တဲ့ နိဗ္ဗာန်တိုင်တိုင် အကျိုးပေးနိုင်တာက ဝိပဿနာ သမ္မာဒိဋ္ဌိပဲလို့ အားလုံး ဒကာ ဒကာမတို့မှတ်ထား လိုက်ကြတာပေါ့ (မှန်ပါ့)။

ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိက အထူးအရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတွေ ဒီခေတ်ဒီအခါ ခုလိုကြုံတဲ့ အခါမှာဖြင့် လက်မလွတ်တမ်း ကြိုးစားရမယ် (မှန်ပါ့)၊ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

မဂ္ဂသမ္မာဒိဋ္ဌိလာပြီဆိုတော့

ဘယ်သမ္မာဒိဋ္ဌိကြိုးစားရမယ် (ဝိပဿနာသမ္မာဒိဋ္ဌိကို ကြိုးစားရမှာပါ ဘုရား)၊ အဲ ဝိပဿနာသမ္မာဒိဋ္ဌိ ကြိုးစား ပြီဆိုမှာဖြင့် မဂ္ဂသမ္မာဒိဋ္ဌိ လာပါလိမ့်မယ်၊ မဂ္ဂသမ္မာဒိဋ္ဌိလာပြီဆိုတော့ မဂ်ဉာဏ်ထဲမှာပါတဲ့ သမ္မာဒိဋ္ဌိဖြစ်လာသော ကြောင့် ဦးခင်မောင်ရေ ခန္ဓာဝန် ဒီဒုက္ခကြီးကို ဖြတ်နိုင်ပါတယ် (မှန်ပါ့)။

ဒုက္ခဝန်ကို ဖြတ်နိုင်တယ်ဆိုတော့ သမုဒယမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ သမုဒယ ချုပ်ကတည်းက ကိလေသဝဋ်ပြတ်၊ ကမ္မဝဋ်ပြတ်၊ ဝိပါကဝဋ် မလာတော့ဘူး၊ ဪ မဂ်ရတယ်ဆိုရင် ဝဋ်ပြတ်ပါလားဆိုတာ မှတ်ထား လိုက်ကြတာပေါ့ (မှန်ပါ့ ဘုရား)။

ဖလသမ္မာဒိဋ္ဌိဆိုတာ

ဖလသမ္မာဒိဋ္ဌိဆိုတာကတော့ ဝဋ်ပြတ်ရုံတင်မကဘူးဟေ့၊ နောက် ပဋိသန္ဓေကို မလာတာဘဲဟေ့ (မှန်ပါ့)၊ ပဋိသန္ဓေထိအောင် တားမြစ်ချပစ်လိုက်တယ် (မှန်ပါ့)၊ ဦးဘအုန်းတို့ရေ အလွန်ကျေးဇူးများပေါ့ဗျာ (မှန်ပါ့)၊ သို့သော် ၃ရယ်၊ ၄ရယ်။ ၅ရယ်ရှိတဲ့အနက်က ၃မပြည့်စုံရင် (၄)၊ (၅)ပြည့်စုံနိုင်မယ် မဟုတ် ဆိုတာ ဒကာ ဒကာမတွေက မှတ်ပါ (မှန်ပါ့ ဘုရား)။

(၃) မပြည့်စုံရင် (၄)၊(၅) (မပြည့်စုံပါ ဘုရား)၊ ဒါဖြင့် ဒီထဲမှာ ကျုပ်တို့အားလုံးသော ဒကာ ဒကာမတွေ၏ သင်ရ, ပြရ, လုပ်ရ, ကိုင်ရမယ့် အချက် ၃နံပါတ်ပဲ (မှန်ပါ့)၊ အဲဒါ အရေးကြီးတယ်ဆိုတဲ့ ဥစ္စာ လေးလေးစားစားမှတ် ပါ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒါအရေးကြီးလို့​ဖြင့် ဆရာဘုန်းကြီးက ယနေ့တော့ ရှင်းရှင်း လင်းလင်းတော့၊ မနေ့ကထက် ပိုပြီး သကာလ လုပ်နည်းကိုင်နည်းနဲ့တကွ ပြမှာတော့ အမှန်ပါပဲ၊ သို့ရာတွင် ဒကာ ဒကာမတို့ ဒီဟာတွေ့ဘူး၊ မတွေ့ ဘူးကို စဉ်းစားကြည့်တဲ့အခါ တွေ့ဖူးရင် ခန္ဓာချုပ်ပြီ (မှန်ပါ့)။

နောက်တုန်းက မတွေ့ဖူးခဲ့ဘူး (မှန်ပါ့)၊ သဘောပါကြပြီလား (မှန်ပါ့)၊ နောက်တုန်းက မတွေ့ဘူးတဲ့အတွက် ယခု ဒကာ ဒကာမတွေ ဘယ်သူနဲ့ အဖော်လုပ်နေရလဲ ဆိုရင် အိုဘက်တဲ့ခန္ဓာကြီးနဲ့ အဖော်လုပ်နေကြရတယ် (မှန်ပါ့ ဘုရား)။

နာတတ်တဲ့ ခန္ဓာကြီးနဲ့ (အဖော်လုပ်နေကြရပါတယ် ဘုရား)၊ အင်း သေတယ်တဲ့ ခန္ဓာကြီးနဲ့ (အဖော်လုပ်နေရ ပါတယ် ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိသာ လုပ်ယူမယ်ဆိုလို့ရှိရင်

အဖော်လုပ်ပြီး သကာလ နေရတော့ ဪ ဒို့ ဝိပဿနာ သမ္မာဒိဋ္ဌိသာ လုပ်ယူမယ်ဆိုလို့ရှိရင် အရဟတ္တဖိုလ် နိဗ္ဗာန်တိုင်တိုင် အကျိုးပေးနိုင်ပါတယ်ဆိုရက်သားနဲ့ အခု ခန္ဓာကြီးရလာတာ ထောက်လိုက်ကတည်းကိုက ဝိပဿနာ သမ္မာဒိဋ္ဌိ အနည်းငယ်မျှတို့ကြည့် ဆားမြည်းကြည့်ဖော် မရဘူးဆိုတဲ့ အဓိပ္ပါယ်ရှင်းလင်းပြီးပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာအကျိုးပေးကြီးလို့ ထောက်ကြည့်တော့မှ (ပေါ်လာပါတယ် ဘုရား)၊ ခန္ဓာကြီးအခုရလာတာက အိုဘေးနဲ့ ခွဲလို့ရကြရဲ့လား (မရပါ ဘုရား)၊ နာဘေးနဲ့ ခွဲလို့ရကြရဲ့လား (မရပါ ဘုရား)၊ သေဘေးနဲ့ခွဲလို့ရကြနဲ့လား (မရပါ ဘုရား)။

ဘာဖြစ်လို့ ခွဲမရသတုန်းဆိုတော့ ဝိပဿနာ သမ္မာဒိဋ္ဌိလုပ်ဖူးလို့ရှိရင် အရဟတ္တဖိုလ် နိဗ္ဗာန်တိုင်တိုင် အကျိုးပေး နိုင်ပါတယ်ဆိုရက်သားနဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ မလုပ်ဘူးတဲ့ ပုဂ္ဂိုလ်တွေမို့ ဤကဲ့သို့ အိုဘေး, နာဘေး, သေဘေးတွေနဲ့ ခန္ဓာကိုယ်ကြီးအထူဖြစ်ပြီး သကာလ နေရတာထောက်တော့ ဘယ်နေ့မှ စိတ်ချ လက်ချ နေရတဲ့နေ့ပါကြရဲ့လား (မပါ ပါ ဘုရား)။

ဘယ်နေ့မှ စိတ်ချလက်ချနေရတဲ့နေ့မပါဘူး၊ တော်ကြာ နဖူးစမ်းရ၊ အင်း ဘာဖြစ်ပါလိမ့်မတုန်း ဆိုစမ်းနေရတယ် (မှန်ပါ့ ဘုရား)။

တော်တော်ကြာ ဒီအစာကလေး စားမယ်လုပ်၊ တည့်မှတည့်ပါ့မလား စိတ်ချ လက်ချနေရလို့လား (မနေရပါ ဘုရား)၊ ဒီနေရာသွားလို့ ငှက်ဖျားသင့်မလား၊ စိတ်ချ လက်ချ နေရရဲ့လား (မနေရပါ ဘုရား)။

အင်း စိတ်ချ လက်ချ မနေရဘူးနော် (မှန်ပါ့ ဘုရား)၊ ဒီရေလေး ညနေဆင်းချိုးတယ်ဆိုလို့ရှိရင် ဪ ညများ ဖောက်ပြန်ပြီး သကာလ နှာစီးချောင်းဆိုးနဲ့ ဖျားများနေမလား ဦးခင်မောင် စိတ်ချလက်ချ နေချိန်များ ပါရဲ့လား (မပါ-ပါ ဘုရား)။

ဒီနေ့ နေပူထဲ သွားမိတဲ့အတွက် အင်း ညများဘယ်လိုများ နှာစေး ချောင်းဆိုး ဖျားလာအုံးမလား ဒကာ ဒကာမတွေ မတွေးရဘူးလား (တွေးရပါတယ် ဘုရား)။

စိတ်ချ လက်ချ နေလို့ရရဲ့လား

စိတ်ချ လက်ချ နေလို့ရရဲ့လား (မရပါ ဘုရား)၊ ဘာဖြစ်လို့ မရတာတုန်းဆိုတော့ ဝိပဿနာသမ္မာဒိဋ္ဌိ မလုပ်ဘူး လို့ ဒီခန္ဓာကြီးရထားလို့ အိုဘေး, နာဘေး တွေနဲ့ အပြည့်စုံ၊ ဒီခန္ဓာကြီးရထားတဲ့အတွက် စိတ်ချလက်ချ စားချင်စားလို့ စိတ်ချလက်ချသွားရတယ်လို့ စိတ်ချလက်ချ အိပ်ရတယ်လို့ ရှိကိုမရှိဘူး (မှန်ပါ့)။

ပြူတင်းပေါက်ကလေး ဖွင့်အိပ်မိပြန်လဲ၊ ဪ မတော်အအေးပတ်ခက်ရချည်ရဲ့၊ ပိတ်ထားပြန်တော့လဲ အပူတွေ လောင်ပြီး ခက်ရချည်ရဲ့၊ စိတ်တွေ့သလို ဘယ်ဟာများ စိတ်ချလက်ချနေလို့ရမှာလဲ (ဘယ်ဟာမှ စိတ်ချလက်ချ နေလို့​မရပါ ဘုရား)။

ဘယ်ဟာမှ စိတ်မချရတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ထောက်ပြီး သကာလ ကြည့်လိုက်တဲ့အခါကျတော့ မှ ဪ -ဝိပဿနာသမ္မာဒိဋ္ဌိ ဦးခင်မောင်တို့၊ ဒကာသစ်တို့ မောင်မြရွှေတို့ လုပ်ဖူး၊ မလုပ်ဘူး စဉ်းစားစမ်း (မလုပ်ဘူး ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်တဲ့အလုပ် အစစ်ကို မလုပ်ဘူးသေးဘူး၊ ဝေးသောအကြောင်းတွေသာ လုပ်ဖူးကြရဲ့၊ နီးသောအကြောင်း မလုပ်ဘူးကြဘူး (မှန်ပါ့ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချမယ် (နီးသော အကြောင်းကို မလုပ်ဘူးပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ယခုဘဝ ယခုတွေ့ကြရတာပဲဆိုတာတော့ဖြင့် ဘာမှ သံသယမရှိနဲ့တော့ (မှန်ပါ့)၊ ခန္ဓာက သက်သေခံနေပြီ၊ အခုရထားတဲ့ ခန္ဓာကြီးက သက်သေမခံဘူးလား (သက်သေခံပါတယ် ဘုရား)။

ဒုက္ခမျိုးစုံ အကုန်လက်ခံတယ်

အခုရထားတဲ့ ခန္ဓာကြီးကကော ဒကာ ဒကာမတွေ ဒုက္ခမျိုးစုံ အကုန်လက်ခံတယ်ကိုဗျ (မှန်ပါ့)၊ ခန္ဓာကြီး ဘာတွေလက်ခံတုန်း (ဒုက္ခမျိုးစုံလက်ခံပါတယ် ဘုရား)။

အဲဒီတော့ သူကလဲ ဒုက္ခသစ္စာ၊ ငါကလဲ ဒုက္ခသစ္စာ၊ သူကလဲသံခိတ္တေနပဉ္စုပါဒါနက္ခန္ဓာပိဒုက္ခသစ္စာလို့ဆိုသော ကြောင့် ခန္ဓာ၅ပါးကလဲ ဒုက္ခသစ္စာ၊ ဘေးတကာ ရန်တကာတွေကလဲ လာလာပြီး သကာလ အညှီရှိလို့ ယင်အုံဆိုသလို လာကြတာတွေကလဲ နှိပ်စက်မလို့လာကြတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒုက္ခပေါ်ဒုက္ခဆင့်ပြီးတော့ မနေကြဘူးလား (နေကြပါတယ် ဘုရား)၊ အဲဒါ ဘယ်ပုဂ္ဂိုလ်မျိုးဟာ ဒီအတွေ့ ဒီအကြုံဒီ အဆုံနှင့် နေကြရသတုန်း မေးလို့ရှိရင် ဝိပဿနာ သမ္မာဒိဋ္ဌိ မလုပ်ဘူးလို့ (မှန်ပါ့ ဘုရား)၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)၊ ဘယ့်နှယ်ကြောင့်ပါလိမ့် (ဝိပဿနာ သမ္မာဒိဋ္ဌိမလုပ်မိလို့ပါ ဘုရား)၊ ကိုင်း ဒီတစ်ခါ မလုပ်ဘူး ကြလို့ရှိရင် ကိုယ်ကျိုးတော့ နည်းပြီ (မှန်ပါ့)။

ဒီတစ်ခါမလုပ်ဘူးလို့ရှိရင် ဪ ဒို့အလွဲအချော်ဖြင့် ကမ်းကုန်အောင် လွဲပေါ့ချော်ပေါ့ဆိုတဲ့ ဥစ္စာ ဘာမှသံသယ မရှိနဲ့တော့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

လုပ်ဖြစ်အောင် လုပ်ပါ

လုပ်ဖြစ်အောင် လုပ်ပါလို့​ တိုက်တွန်းလိုက်တယ်၊ လုပ်ဖြစ်အောင် လုပ်ပါလို့ဆိုတော့ လုပ်နည်း ကိုင်နည်းကို လည်း နောက်ပိုင်းမှရှင်းလင်းပြီး သကာလ ပြမှာ ဖြစ်နေသောကြောင့် သံသရာစခန်း မသတ်နိုင်တာ ဒီဟာကိုမျိုးစေံ မရခဲ့လို့။

ဒီဟာကိုပဲ ဆုံခဲ့ ကြုံခဲ့တဲ့သဘော၊ ဘယ်အခါ ကာလမှ မရောက်ခဲ့တဲ့အတွက် ဦးခင်မောင်၊ ဦးဘအုန်းတို့ ကျုပ်တို့ ဒီခန္ဓာကြီးနဲ့ အဖော်လုပ်နေရတာ (မှန်ပါ့ ဘုရား)၊ သဘောပါပြီနော် (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ တစ်သံသရာလုံး ကျုပ်တို့လူမိုက်အဖြစ်နဲ့ အချိန်ကုန်ခဲ့သလား၊ လူလိမ္မာအဖြစ်နဲ့ အချိန်ကုန်ခဲ့သလား တွေးလိုက်တော့ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

သဘောကျပြီလား (မှန်ပါ့ ဘုရား)၊ ဒီနေ့ ဒကာ ဒကာမတွေ ဝိပဿနာ သမ္မာဒိဋ္ဌိမလုပ်ဘူးလို့ ခန္ဓာကိုယ်ကြီး ရတာထောက်သဖြင့် နောက်တုန်းက တပည့်တော်တို့သည် ကားဆိုလို့ရှိရင် ဗာလပဏ္ဍိတသုတ်နဲ့ ဝေဖန်လိုက်သော်၊ အင်းမှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေတဲ့ ဘဝတွေချည်းပဲ ကြုံရတယ်၊ ဆုံရတယ်ဆိုတာ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကဲ ဦးဇံရင်တို့ နောက်ဘဝက ကျုပ်တို့လူလိမ္မာဖြစ်ခဲ့လေသလား လူမိုက်ဖြစ်ခဲ့လေသလားလို့ ဗာလပဏ္ဍိတ သုတ်နဲ့ ထောက်ကြည့် (လူမိုက်ဖြစ်ခဲ့ပါတယ် ဘုရား)၊ လူမိုက်ဖြစ်ခဲ့တယ်ဆိုတာ သေချာပြီမဟုတ်လား (သေချာပါပြီ ဘုရား)၊ လူမိုက်ဖြစ်တာသည် ဒကာ ဒကာမတို့ အဝိဇ္ဇာတဏှာတည်းဟူသော အမှောင်ထဲက လာခဲ့တယ် (မှန်ပါ့ ဘုရား)။

အမှောင် နဲ့ပဲ နေခဲ့တယ်

ပစ္စုပ္ပန်ဘဝမှာလဲ ခန္ဓာ ၅ပါးကို အဝိဇ္ဇာတဏှာနဲ့အုပ်ချုပ်ပြီး သကာလ အနိစ္စ, ဒုက္ခ, အနတ္တမသိဘဲနဲ့ အမှောင် နဲ့ပဲ နေခဲ့တယ် (မှန်ပါ့ ဘုရား)၊ သေသည့် အခြားမဲ့၌ အဝိဇ္ဇာ, တဏှာကို စီမံရာဖြစ်တဲ့ အပါယ်လေးပါးတည်းဟူသော အမှောင်ထဲပဲ ရောက်သွားကြရတယ် (မှန်ပါ့)၊ မသွားကြရဘူးလား (သွားကြရပါတယ် ဘုရား)။

အဲဒါတွေ ထောက်ကြည့်တော့ ကျုပ်တို့သည် ဪ နောက်တုန်းကဘာများ ဖြစ်ခဲ့ပါလိမ့်မတုန်းဆိုတော့ ဘာဖြစ်တာဆိုတာ ပုဂ္ဂိုလ်နဲ့ ရေတွက်အုံး၊ ခွေးဖြစ်ခဲ့တယ်, ကြက်ဖြစ်ခဲ့တယ်, နတ်ဖြစ်ခဲ့တယ်, နွားဖြစ်ခဲ့ကြတယ်, ဗြဟ္မာဖြစ်ခဲ့တယ်။

ဖြစ်တာတော့ဖြင့် မဖြစ်ဘူးတာတော့ မရှိပါဘူး၊ သို့သော် အမိုက်ချည်းပဲလို့သာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ မဖြစ်ဘူးထာတော့ (မရှိပါ ဘုရား)၊ အင်း မဖြစ်ဘူးတာတော့ မရှိဘူး၊ ဘယ်လိုများဖြစ်ခဲ့ပါလိမ့်၊ အင်း အလိမ္မာနဲ့အမိုက် ဝေဖန်တဲ့အခါကျတော့ ဘယ်လိုဝေဖန်လို့ရပါလိမ့် (အမိုက်ကများပါတယ် ဘုရား)။

ဒါဖြင့် ဦးဘအုန်း သေချာပြီ၊ ဦးခင်မောင်မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ ဒီတစ်ခါ အလိမ္မာလေးနဲ့ ဇာတ်သိမ်းငြိမ်းကြမယ်ဆိုလို့ရှိရင် ကျုပ်တို့သည် ကိုယ့်ကိုယ်ကိုသနားတဲ့ပုဂ္ဂိုလ်လဲဖြစ်မယ်၊ တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကိုလဲ ကြည်ညိုလေးစားစရာ ရောက်မှာဘဲ (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကို သနားတဲ့ပုဂ္ဂိုလ်ထဲလဲ ပါသွားမယ်၊ တိုက်တွန်းတဲ့ပုဂ္ဂိုလ်ကိုလဲ (ကြည်ညိုလေးစားစရာရောက်ပါ တယ် ဘုရား)၊ ကြည်ညိုလေးစားရာလဲ ရောက်ပါမယ်ဆိုတော့ မလုပ်သေးတဲ့အချိန်မှာ ခင်ဗျားတို့ စဉ်းစားပေါ့၊ ဒို့ဆရာ ဘုန်းကြီးက ဒို့အကြောင်း သိပြီး သကာလ ဒို့နေ့တိုင်း အမြဲတမ်း တိုက်တွန်းနေတယ်၊ ဒို့ မလုပ်ဖြစ်ဘူး ထားလိုက်ပါတော့ နော်။

ကိုယ့်ကိုယ်ကို အမှောင်ထဲကလာပြီး အမှောင်ထဲသွားမယ်၊ အမှောင်ထဲနေပြီး အမှောင်ထဲသွားမှာဘဲ သနားတဲ့ အဖြစ်ပါသေးရဲ့ (မပါပါ ဘုရား)၊ ဒါဖြင့် ကိုယ့်ကိုယ်ကိုလဲ မသနား၊ အင်း ဟောကြားတဲ့ ပုဂ္ဂိုလ်ကိုလဲ မငဲ့ဆိုတော့ ဘုရားလဲ မငဲ့ သဘောကျခဲ့ရလား။

ဒီထက်မိုက်တာများ ရှာမတွေ့ဘူး

ကိုယ့်ကိုယ်ကိုလဲ မသနားဆိုတော့ ဪ ဒီထက်မိုက်တာများ ရှာမတွေ့ဘူး (မှန်ပါ့)၊ ဘယ်လိုဆိုကြမယ် ဒီထက်မိုက်တာ ရှာမတွေ့ပါဘူး (မှန်ပါ့)၊ဘယ်လိုဆိုကြမလဲ (ဒီထက်မိုက်တာရှာမတွေ့ပါဘူး)။

ဘုရားကလဲ တိုက်တွန်းရှာတယ်၊ သနားလွန်းလို့ တိုက်တွန်းရှာတယ်၊ မဟာကရုဏနဲ့ တိုက်တွန်းရှာတယ်၊ အဲဒီတော့ တိုက်တွန်းတဲ့အတိုင်း လုပ်လို့ရှိရင် ဘုရားလဲငဲ့ရာ ရောက်တာပေါ့ (မှန်ပါ့)။

ကိုယ့်ကိုယ်ကိုလဲ အမှောင်ထဲသွားရမှာကြောက်လားလို့၊ အပါယ်လေးပါးတည်းဟူသော အမှောင်တိုက်ထဲကို ဆင်းပြီး သကာလ သွားရမှာကြီးကိုမှ ဒကာ ဒကာမတွေ မသနားတော့ပါဘူးဆိုလို့ရှိရင် ဝိပသဿနာ မလုပ်ရင် မသနားလို့ပါဘဲ (မှန်ပါ့ ဘုရား)။

အဲဒီမှာ ဒကာ ဒကာမတွေသည်ကား လို့ဆိုလို့ရှိရင် အရှုံးကြီးရှုံးပြီး သကာလ အမြုပ်ကြီးမြုပ်သွားလိမ့်မယ် ဆိုတဲ့ ဥစ္စာ ကိုယ့်ကိုယ်အတွက်ကို စဉ်းစားပါ၊ သဘောပါကြပလား (ပါပါတယ် ဘုရား)၊ ကိုယ့်ကိုယ် အတွက်ကို ဘုန်းကြီးက ဖြင့်လိုရင်းချည်း ပြောပေးနေတယ် ဦးခင်မောင်ရေ။

ကိုယ့်ကိုယ်ကို သနားရင် ဘာလုပ်ရမယ် (ဝိပဿနာလုပ်ရပါမယ် ဘုရား)၊ ဘုရားကရုဏာ ကိုပြန်ငဲ့ရင်ကော (ဝိပဿနာလုပ်ရပါမယ် ဘုရား)။

တရားနဲ့ ပူဇော်ဘာသာ သာယာပါတယ်

”မင်းတို့ ဆွမ်းတွေ ကွမ်းတွေနဲ့ ပူဇော်ပသသာ မသာယာပါဘူးကွာ၊ မင်းတို့ရထားတဲ့ တရားနဲ့ ပူဇော်တာသာ သာယာပါတယ်’ဆိုတဲ့ ဥစ္စာသေသေချာချာမဟောဘူးလား (ဟောပါတယ်ဘုရာ)။

အင်း သူပြောတဲ့အတိုင်း လိုက်နာလို့ (မှန်ပါ့ ဘုရား)၊ အင်း သားသမီးဖြစ်စေကာမူ၊ ဒကာ ဒကာမတွေ သား သမီးတွေနဲ့ နေကြတာပဲ၊ သူ့သားသမီးလုပ်စာ မစားရရင်နေပါစေ၊ အမေမိဘပြောတာ နားထောင်ရင် ကျေနပ်ပါပြီ ဆိုတဲ့ ဥစ္စာမပါကြဘူးလား (ပါပါတယ် ဘုရား)။

သူတို့ပေးတာ ကျွေးတာမစားရရင်နေပါစေ၊ အမေမိဘပြောတဲ့ စကားနားထောင်ရင် ကျေနပ်ပါပြီဆိုတာ လေးက ခင်ဗျားတို့ အသားယူတဲ့စကား (မှန်ပါ့)၊ အသားမယူကြဘူးလား (ယူပါတယ် ဘုရား)။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ဝိပဿနာတရားအားထုတ်ကြပါဆိုတဲ့ဥစ္စာ၊ ခင်ဗျားတို့က ထော်လော်ကန့်လန့်လုပ်ပြီး မလုပ်ရသေးဘူး။

မနက်ဖြန်မှ, သေခါနီးမှနဲ့၊ ဒီလိုဆိုလို့ရှိရင် ခင်ဗျားတို့သည်ကားလို့ဆိုလို့​ရှိရင် ကောင်းသော သားသမီး ဦးခင်မောင်ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)၊ ထော်လော်ကန့်လန့် သားသမီးပဲမဖြစ်နေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

ထော်လော်ကန့်လန့်သားသမီးဖြစ်ခဲ့လို့ရှိရင်ဖြင့် အမေမိဘတွေ ကျေနပ်တဲ့သဘောရှိပါ့မလား၊ မကျေနပ်တဲ့ သဘောရှိမလား (မကျေနပ်တဲ့သဘောရှိပါတယ် ဘုရား)။

စကားနားထောင်ရင် တော်ပါပြီ

အဲဒီတော့ သူ့ကရုဏာ ငဲ့ရာရောက်သေးရဲ့လား (မရောက်ပါ ဘုရား)၊ မင်းတို့လုပ်စာ မစားရချင် နေပါစေကွ ပြောတဲ့ စကားနားထောင်ရင် တော်ပါပြီ (မှန်ပါ့)။

ဘုရားကလဲ ဒီအသွားပဲ မင်းတို့လှူတာ တန်းတာ ပေးတာ ကမ်းတာကို အသာထားစမ်းပါ၊ ငါပြောတဲ့အတိုင်း ကျင့်ပြီး တရားနဲ့ပူဇော်စမ်းပါဆိုတဲ့ ဥစ္စာ ကဲ ဦးခင်မောင်တို့ မသေချာသေးဘူးလား၊ ဒါလေးတောင်မှ ခင်ဗျားတို့ကလဲ မလုပ်ချင်သေးဘူး။

အင်း ဘာကြောင့် မလုပ်ချင်တာတုန်း၊ အို ထော်လော်ကန့်လန့် လုပ်ပါရစေအုံး၊ ဒီအဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ သဘောပါကြပလား (မှန်ပါ့)။

အမယ်လေး ခင်ဗျားတို့ အတော်ရုပ်ဆိုးနေတယ်၊ မဆိုဘူးလား၊ (ဆိုးပါတယ် ဘုရား)၊ ကြီးလို့ အရုပ်ဆိုးတာ ပြောတာမဟုတ်ဘူး (မှန်ပါ့)၊ ဝမ်းထဲက ဆိုးနေတာပြောတာ (မှန်ပါ့ ဘုရား)။

ဝမ်းထဲက အရုပ်ဆိုးပြီး သကာလ ဘယ်သူ့ တုဖက်ပြီး သကာလ ဆိုးနေတာတုန်းဆိုတော့ အတုမရှိတဲ့ဘုရားကို ကန့်လန့်လုပ်တာ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား၊ အတုမရှိတဲ့ဘုရားကို (ကန့်လန့်လုပ်တာပါ ဘုရား)။

ဟာ အလွန် နစ်နာတယ်ဆိုရင်ဖြင့် မလွဲတော့ဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ ကိုင်း ကိုယ့်ကိုယ်လဲ မသနား၊ အတု မရှိတဲ့ ဘုရားကိုလဲ ပြိုင်ကန့်လန့်လုပ်ဆိုတော့ ဒီပုဂ္ဂိုလ်တွေဟာ ဦးခင်မောင်ဘယ်လိုစဉ်းစားမတုန်း (ဗာလလူမိုက်ပါ ဘုရား)။

သေချာပြီ ခင်ဗျားတို့ မနေ့ကအတိုင်းပဲ တစ်သံသရာလုံးက ဒို့ကဗာလဆိုတဲ့ အကြိမ်နဲ့ အမှောင်ထဲမွေး အမှောင်ထဲနေ အမှောင်ထဲသေလာတဲ့အဖြစ်ဟာ ဒို့ ဝါဒမစွန့်ဘူးကွ (မှန်ပါ့ ဘုရား)၊ ဒီဥစ္စာ မရောက်ဘူးလား ရောက် လား (ရောက်ပါတယ် ဘုရား)။

အခု ပြင်ကြဆင်ကြရင် ရသေးတယ်

အဲဒါ အခု ပြင်ကြဆင်ကြရင် ရသေးတယ်နော် (မှန်ပါ့ ဘုရား)၊ ဘယ်လိုဟောပါလိမ့် (ပြင်ကြဆင်ကြရပါမယ် ဘုရား)၊ မပြင်တော့ဘူး တပည့်တော်တို့ သာသနာပလေးနဲ့ အချိန်ကုန်ပါတော့မယ်၊ သာသနာပသမ္မာဒိဋ္ဌိကနှစ်မျိုးကို ဗျ (မှန်ပါ့)။

ဒါလေးနဲ့ပဲ တပည့်တော်တို့ တင်းတိမ်နေပါတယ်လို့ဆိုလို့ရှိရင်ဖြင့်လဲ ဘုရားပူဇော်စရာ ဓမ္မနှင့်ပူဇော်စရာမရှိ ဘူး (မှန်ပါ့ ဘုရား)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ကြပ်ကြပ်စဉ်းစားပြီး သကာလ ကိုယ့်ကိုယ်ကို သနားသောအားဖြင့် မဟာကရုဏာကို ထောက်ညှာ သောအားဖြင့်လည်းကောင်း လုပ်မယ်ဆိုတဲ့ စိတ်ကို သန်သန်ထွားထွား မွေးစမ်းပါ ဆိုတာကိုဖြင့် အများကြီးတိုက်တွန်း ပါတယ် (မှန်ပါ့ ဘုရား)။

ဦးဇံရင် မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)၊ ခင်ဗျားတို့ သူ့စကား နားမထောင်ခဲ့လို့ ခုဖြင့် သားကြောင့်ဆင်းရဲ သမီးကြောင့်ဆင်းရဲ , ပစ္စည်းကြောင့်ဆင်းရဲ , မင်းစိုးရာဇကြောင့် ဆင်းရဲ, နှစ်ဆယ့်ငါးပါး သောဘေး၊ ကိုးဆယ့်ခြောက်ပါးသော အနာရောဂါတွေနဲ့ ဝေဒနာတွေနဲ့ လူးလိမ့်ပြီး ခံနေရတဲ့ အထဲကတောင်မှ နား မထောင်ချင်သေးဘူးဆိုရင် ခက်ပြီ။

ဪ အင်မတန် အရုပ်ဆိုးမနေဘူးလား (ဆိုးပါတယ် ဘုရား)၊ ကဲ ပြင်ပါအုံး ဒကာ ဒကာမတို့ ပြင်ကြပါအုံး ဝိပဿနာသမ္မာဒိဋ္ဌိလုပ်ပါအုံး (မှန်ပါ့ ဘုရား)။

ဦးဇံရင်တို့ ပေါ်ပြီနော် (မှန်ပါ့ ဘုရား)၊ ဦးဘတင်ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ တစ်သံသရာလုံး ဗာလ, ပဏ္ဍိတဆိုရင် ကျုပ်တို့ဘာနဲ့အချိန်ကုန်ခဲ့ကြတုန်း (ဗာလနဲ့အချိန်ကုန်ခဲ့ကြပါတယ် ဘုရား)။

ဗာလနဲ့အချိန်ကုန်ခဲ့တယ်ဆိုတော့ အသေဝနာစ ဗာလာနံဆိုတဲ့အတိုင်း မမှီဝဲထိုက်တဲ့ မိစ္ဆာဒိဋ္ဌိကြီး မှီဝဲခဲ့တယ် (မှန်ပါ့ ဘုရား)။

မှီဝဲထိုက်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိ

မှီဝဲထိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတဲ့၊ မှီဝဲထိုက်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိကို ကျုပ်တို့ မှီဝဲတဲ့အခါမပါပါဘူး (မှန်ပါ့ဘုရး)။ ဘယ်တော့မှ ဧတံမင်္ဂလမုတ္တမံဆိုတဲ့ မြတ်လှတဲ့ နိဗ္ဗာန်ကြီး မရခဲ့တာလဲ၊ မှီဝဲလွဲလို့ဆိုတာ မနေ့ကလဲ ပြောခဲ့ရှင်းခဲ့ပြီး ပါပြီ (မှန်ပါ့ ဘုရား)။

သဘောကျပြီနော် (ကျပါပြီ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာသမ္မာဒိဋ္ဌိ ဟောတော့မယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိ အလုပ်သည် မဂ္ဂဗြဟ္မစရိယအလုပ်လို့ မှတ်စမ်းပါ၊ (မှန်ပါ့ ဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိ အလုပ်ဟာ (မဂ္ဂဗြဟ္မစရိယအလုပ်ပါ ဘုရား)။

မဂ္ဂဗြဟ္မစရိယအလုပ်၊ ကဲ ဒါဖြင့် ဒီနှစ်ခုကိုဖြုတ်ကြပါစို့၊ ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယ အလုပ်ဆိုတာ ဝိပဿနာသမ္မာ ဒိဋ္ဌိက စလုပ်ရမယ်၊ ရှေးဦး ဝိပဿနာသမ္မာ ဒိဋ္ဌိလုပ်ကြမယ်ကြံလို့ရှိရင်၊ သမ္မာဒိဋ္ဌိ၊ သမ္မာက မှန်ကန်တာ ဒိဋ္ဌိက မြင်တာ၊ အမှန်ကိုမြင်ဖို့ရာ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

အမှန်အကန်မြင်ဖို့ရာ အရေးကြီးတယ်ဆိုတော့ ဦးဘတင်က စဉ်းစား၊ မြင်စရာမရှိဘဲနဲ့၊ မြင်ချင်လို့တော့ ဖြစ်မှာမဟုတ်ဘူး (မှန်ပါ့ ဘုရား)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

မြင်စရာရှိမှသာလျှင် ကျုပ်တို့သည် အမှန်အကန်မြင်တယ်၊ အမှားမြင်တယ်ဆိုတာ ဝေဖန်လို့ရမယ်၊ (မှန်ပါ့ ဘုရား)၊ ဘယ်သူ့အပေါ်မှာ မြင်ရမှာတုန်းဆိုတဲ့ မေးခွန်းဟာ ပေါ်လာတယ်(မှန်ပါ့ ဘုရား)။

ဘယ်သူ့အပေါ်မှာ အမှန်အကန်မြင်ရမှာတုန်းဆိုတော့၊ အဲဒီတော့ စဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် အပေါ်မှာမြင်ရ မယ် (မှန်ပါ့ ဘုရား)၊ စဖြစ်တဲ့ ခန္ဓာပဋိစ္စအပေါ်မှာ အမှန်အကန်မြင်ရမယ် (မှန်ပါ့ဘရား)၊ သဘောကျပြီလား (ကျပါ ပြီ ဘုရား)။

ဘာတဲ့တုန်း (စဖြစ်တဲ့ ခန္ဓာပဋိစ္စသမုပ္ပါဒ်အပေါ်မှာ အမှန်အကန်မြင်ရပါမယ် ဘုရား)၊ ဒီ့ပြင်ဟာတွေ ရှိမှမရှိဘဲ ကိုဗျ (မှန်ပါ့ ဘုရား)။

စဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ပေါ် မမိလိုက်လို့ရှိရင်ဖြင့် အလယ်ပဋိစ္စသမုပ္ပါဒ် အပေါ်မှာ မိအောင်လုပ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

အစ မမိလို့ရှိရင် (အလယ်မိအောင်လုပ်ရပါမယ် ဘုရား)၊ အလယ်မိအောင်လုပ်ရမလိမ့်မယ်ဆိုတဲ့ဥစ္စာ လေးစား စွာနဲ့ မှတ်ထားရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒီလို မမှတ်မိတော့ဘူးဆိုလို့ရှိရင်ဖြင့် မဂ္ဂဗြဟ္မစရိယ အကျင့်ဟာ ဘယ်ပေါ်မှာကျင့်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ မရောက်တော့ဘူး (မှန်ပါ့ ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ရတော့မယ် (မှန်ပါ့ ဘုရား)။

သုံးနံပါတ်နဲ့ အလုပ်လုပ်ရတော့မယ်

ဒါ သုံးနံပါတ်နဲ့ အလုပ်လုပ်ရတော့မယ် (မှန်ပါ့ ဘုရား)၊ သုံးနံပါတ်သည် ဝိပဿနာ သမ္မာဒိဋ္ဌိလို့လဲ ဆိုချင်ဆို ကြပါ မဂ္ဂဗြဟ္မစရိယ အကျင့်လို့လဲ ဆိုချင်ဆိုကြပါတဲ့။

ဒါ တစ်ထပ်တည်းပါပဲ၊ အဲဒါ သတိထားတော့ ဘယ်သူ့အပေါ်ကျင့်ရပါလိမ့်မတုန်းဆိုတော့ စဖြစ်တဲ့ခန္ဓာပဋိ စ္စပေါ်မှာကျင့်ပါ (မှန်ပါ့ ဘုရား)။

ဝိပဿနာရှုရှုဆိုတာ ဘယ်ပေါ်မှာ ရှုရမှာပါလိမ့်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘယ်ပေါ်မှာပါလိမ့် (စဖြစ်တဲ့ခန္ဓာပဋိစ္စသမုပ္ပါဒ်ပေါ်မှာပါ ဘုရား)၊ အဲ စဖြစ်တဲ့ခန္ဓာပဋိစ္စသမုပ္ပါဒ်ပေါ်မှာ ရှုရမယ် (မှန်ပါ့)။

ဒီတစ်လုံးကို သေသေချာချာ မှတ်ပါ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတို့၊ ဝိပဿနာ ရှုရမယ်ဆိုလို့ရှိရင် ဘယ်ဟာ ရှုရမှာတုန်းဆိုတဲ့ အဓိပ္ပာယ်ဟာ။

ဪ ဒို့သည်ကား ဆိုလို့ရှိရင် ဝိပဿနာတော့ ဆရာဘုန်းကြီးကလဲ ရှုခိုင်းတာပဲ၊ ဘယ်ဟာပေါ်မှာ ရှုရပါလိမ့် မတုန်း၊ အသုဘပဲ သုဿန်သွားပြီး ရှုရတော့မလိုလို (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ရှုစရာတွေ လွဲနေပြန်လို့ရှိရင် သမ္မာဒိဓိကဖြစ်ပါ့မလား၊ (မဖြစ်ပါဘူး ဘုရား)၊ မဖြစ်တော့ ဒကာ ဒကာမတွေ အခုပြောတဲ့တစ်လုံးဟာ အရေးမကြီးဘူးလား (အရေးကြီးပါတယ် ဘုရား)။

ဘာတဲ့တုန်း (စဖြစ်တဲ့ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို ရှုရပါမယ် ဘုရား)၊ စဖြစ်တဲ့ခန္ဓာပဋိစ္စသမုပ္ပါဒ်ပေါ်မှာ ခင်ဗျားတို့ ကြည့်ရမယ် (မှန်ပါ့)၊ ဦးခင်မောင် ဘယ်ဥစ္စာအရေးကြီးဆုံးတုန်း (စဖြစ်တဲ့ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ရှုရတာ အရေးကြီးဆုံး ပါ ဘုရား)။

အဲဒီတော့ စဖြစ်တယ်လို့ဆိုတော့ ဘယ်အချိန်မှာ ငတုံးဆိုတော့ အို အဝိဇ္ဇာပစ္စယာကစဟတယ်၊ အဲဒါ မင်းတို့ နဲ့မဆိုင်ဘူးကွ ပြီးခဲ့ပြီ (မှန်ပါ့ ဘုရား)။

သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ သင်္ခါရာ၊ အဝိဇ္ဇာပစ္စယာလဲ မင်းတို့သွားရှုမနေနဲ့၊ သင်္ခါရလဲ သွားရှုမနေ နဲ့ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝိညာဏ်ကိုရှုဟေ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဝိညာဏ်မှာလဲ ပဋိသန္ဓေနေတုန်းက ဝိညာဏ် ကို သွားမရှုနဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခုပေါ်လာတဲ့ ဝိညာဏ်ကိုရှု

ခုပေါ်လာတဲ့ ဝိညာဏ်ကိုရှု (မှန်ပါ့ ဘုရား)၊ ဝိညာဏ်မှာလဲ (ခုပေါ်တဲ့ဝိညာဏ်ရှုရမှာပါ ဘုရား)၊ ယခုပေါ်လာတဲ့ ဝိညာဏ်ဆိုတော့ ဒကာ ဒကာမတို့ မြင်စိတ်ဟာ စက္ခုဝိညာဏ်ခေါ်တယ် (မှန်ပါ့ ဘုရား)။

ကြားစိတ်ဟာ သောတာဝိညာဏ်ခေါ်တယ် (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား၊ နံစိတ်ဟာ ဃာနဝိညာဏ်ခေါ်တယ် (မှန်ပါ့ ဘုရား)၊ စားစိတ်ဟာ ဇိဝှါဝိညာဏ်ခေါ်တယ် (မှန်ပါ့)၊ ကိုယ်ပေါ်မှာယားယံကောင်းတဲ့စိတ်ဟာ (ကာယဝိညာဏ် ခေါ်ပါတယ် ဘုရား)၊ ဝမ်းထဲက ကြံတွေးဆနေတာ (မနောဝိညာဏ်ခေါ်ပါတယ် ဘုရား)။

ဟောဒီ ဝိညာဏဓာတ်ခြောက်ပါးဟာ အရေးကြီးတော့တယ်၊ ဒါ စပေါ်တာပဲ ဦးဇံရင်ရ (မှန်ပါ့ ဘုရား)၊ သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဝိညာဏ်က စတာချည်းပဲ (မှန်ပါ့)။

ဝိညဏ်က စတာချည်းပဲ၊ ကြည့်လိုက်နာရီသံ ကြားရင် ကြားတဲ့ဝိညာဏ်ကစတယ် (မှန်ပါ့)၊ ဒီကနေ မီးကြည့် လိုက်တယ် မြင်တဲ့ ဝိညာဏ်ကစတယ် (မှန်ပါ့)၊ ဘယ်ကမှ မစဘူးဒီကချည်းစတာပဲ (မှန်ပါ့)။

ဪ ဒါဖြင့် အစတော့ တွေ့ပေါ့ဟေ့၊ ဝိပဿနာရှုစရာအစတွေ့ပေါ့၊ ခန္ဓာအစဝိဉာဉ်က (မှန်ပါ့)၊ဝိပဿနာ ရှုစရာအစဝိညာဏ်က (မှန်ပါ့)၊ ဒါသေသေချာချာမှတ်ပါ (မှန်ပါ့)။

ဝိပဿနာ ရှုစရာအစဘယ်ကပါလိမ့်

အားလုံး ဒကာ ဒကာမတွေ ဝိပဿနာ ရှုစရာအစဘယ်ကပါလိမ့် (ဝိညာဏ်ကပါ ဘုရား)၊ ဝိပဿနာရှုစရာအစ (ဝိညာဏ်ကပါ ဘုရား)။

ဝိညာဏ်ကချည်းစတယ်နော် (မှန်ပါ့ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ကြားတယ်ဆိုလို့​ရှိရင် နား ဝိညာဏ်လေးမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

နံတယ်ဆိုရင် နှာခေါင်းဝိညာဏ်ပေါ်တယ်၊ စားတယ်ဆိုရင် လျှာဝိညာဏ်ပေါ်တယ်၊ ယားတယ်၊ ယံတယ် ကောင်း တယ်ဆိုရင် (ကာယဝိညာဏ်ပေါ်ပါတယ် ဘုရား)၊ ကိုယ်ဝိညာဏ်။

ကြံတယ် စည်တယ်ဆိုရင် (မနောဝိညာဏ်ပါ ဘုရား)၊ ဝိညာဏ်ဘယ်နှစ်ပါးပါလိမ့် (ခြောက်ပါးပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိညာဏ်ဓာတ်ခြောက်ပါး၊ ဦးဘအုန်းဘာပါလိမ့် (ဝိညာဏ်ဓာတ်ခြောက်ပါးပါ ဘုရား)။

ဝိညာဏဓာတ် ခြောက်ပါး

ဝိညာဏဓာတ် ခြောက်ပါးဆိုတော့ ဪ ကိုယ့်သန္တာန်ပဋိစ္စသမုပ္ပါဒ်အစ ပဝတ္တိဝိညာဏ်ကဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (မှန်ပါ့)။

ဒါဖြင့် မြင်တဲ့စိတ်ကလေး၊ ကြားတဲ့စိတ်ကလေး၊ နံတဲ့စိတ်ကလေး၊ စားတဲ့လျှာပေါ်ပေါ်တဲ့ စိတ်ကလေး၊ ယား တဲ့ ယံတဲ့ ကောင်းတဲ့ ကိုယ်ပေါ်ပျံ့နှံ့ ပေါ်တဲ့စိတ်ကလေး၊ ဝမ်းထဲမှာ အိပ်ရာထဲ တနွေးနွေးကြံတဲ့ စိတ်ကလေး ဘယ် နှစ်မျိုးပါလိမ့် (ခြောက်မျိုးပါ ဘုရား)၊ အဲဒါ ဝိညာဏ်ဓာတ် ခြောက်ပါး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိညာဏ်ဓာတ်ခြောက်ပါးလို့ သိထားတာပေါ့ (မှန်ပါ့)၊ အဲဒါ ဝိပဿနာ ရှုစရာအစ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကဆို တော့ ဝိညာဏ်ခန္ဓာက စတာချည်းပဲဆိုတာ မှတ်လိုက် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝိပဿနာရှုစရာဆိုတာ ခြေရှုရတော့မလိုလို လက်ရှုရတော့မလိုလို၊ ဘယ်ရှုရတော့မလိုလိုနဲ့အစကရှာ မတွေ့ဘူးဗျ (မှန်ပါ့ ဘုရား)။

သတိပဋ္ဌာန်းမှာတော့ ရေးတော့ ရေးထားတာပဲ၊ ရေးပင်ရေးငြားသော်လဲ ဒီလောက်ပေါ်အောင်က မပြော နိုင်ဘူး (မှန်ပါ့)၊ မြုပ်ပြီး သကာလ နေတယ် (မှန်ပါ့)။

မှန်တော့ မမှန်ဘူးလား မှန်ပါတယ်တဲ့၊ မှန်ပင် မှန်ငြားသော်လဲ ဟိုက သဟဇာတဖြစ်တာတွေကို ခွဲရေးထား တာ ဘုန်းကြီးပြောတာက သဟဇာတိဖြစ်တာတွေကို ပေါင်းပြီး ပြောထားတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)

ဟိုကတော့ ဝေဒနာ သီသန့်ရှု၊ စတ်ဆိုးသီးသန့်ရှု (မှန်ပါ့)၊ သူက သီးသန့်ချည်းလာတာ (မှန်ပါ့ ဘုရား)၊ဖြစ်တဲ့ အခါ သီးသန့်က ဖြစ်မှမဖြစ်တာ (မှန်ပါ့)၊ ဖြစ်ကြရဲ့လား (မဖြစ်ပါ ဘုရား)၊ သီးသန့်ဖြစ်ကို မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ် ရှင်းရှင်းမှတ်ထားလိုက်ကြတာပေါ့ (မှန်ပါ့အရှင် ဘုရား)။

ကဲ ဒါဖြင့် ဝိညာဏ်လာတယ် ဆိုတော့၊ ဥပမာမယ် မြင်စိတ်ကလေးလာတယ်ဆိုတော့၊ ဘုန်းကြီးက ပြောတော့ ကြားစိတ်ကလေး လာတယ် (မှန်ပါ့)၊ အဲဒီ ကြားစိတ်လာတော့ ကြားစိတ်ကလေးဟာ သူ့ချည်းသက်သက်တော့ ဦးဘအုန်း မဖြစ်ဘူး၊ ဝေဒနာနှင့်တကွ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

သညာနဲ့တကွ (ဖြစ်ပါတယ် ဘုရား)၊ သင်္ခါရဆိုတဲ့ စေတနာတွေနဲ့တကွ (ဖြစ်ပါတယ် ဘုရား)၊ ဪ နာမက္ခန္ဓာ လေးပါး (ဖြစ်ပါတယ် ဘုရား)။

လူသေမှာ ဖြစ်သလားဆိုတော့ လူရှင်မှာမှ ဒီကြားစိတ်ကလေးပေါ်တာ (မှန်ပါ့)၊ လူရှင်မှာမှ သောတပသာဒရုပ်၊ ရုပ်ကလဲ မပါဘူးလား (ပါ ပါတယ် ဘုရား)၊ အဲဒီတော့ ခန္ဓာဘယ်နှစ်ပါးတုန်း (ငါးပါးပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီအထဲမှာ ထင်ထင်ရှားရှားကြီးကတော့ သောတဉ္စပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတဝိညာဏံလို့ဆို လိုက်တော့ ဝိညာဏ်ကပဲစတယ် (မှန်ပါ့ ဘုရား)၊ သေချာကြပလား (သေချာပါတယ် ဘုရား)။

အဲ ဝိညာဏ်ကပဲ စနေတော့ ဝိညာဏ်ဟာ သူတစ်ခုတည်းဖြစ်တာလား၊ တွဲတဲ့ခန္ဓာတွေနဲ့အတူ ပေါင်းဖြစ်တာ လား (မှန်ပါ့ ပေါင်းဖြစ်ပါတယ် ဘုရား)၊ ပေါင်းဖြစ်တော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီထဲက ထက်ရာရှု၊ ထက်မြက်တဲ့ တစ်ခုကို ရှုယင် ကျန်လေးခုပါ ပါသွားတာပဲ (မှန်ပါ့ ဘုရား)။

ထက်မြက်တဲ့ တစ်ခုကို ရှုလိုက်ရင်

ထက်မြက်တဲ့ တစ်ခုကို ရှုလိုက်ရင် (ကျန်လေးခုပါပါ ပါတယ် ဘုရား)၊ ဒို့ ဘုန်းကြီးက ဘယ့်နှယ်ကြောင့် ဝိပဿနာအစ ခန္ဓာမှာ ပေါ်လာတဲ့ ဝိညဏ်က စရှုလို့ဆိုရသတုန်းဆိုတော့ ခင်ဗျားတို့ ခန္ဓာသာ သိပ်ထင်ရှားတယ် (မှန်ပါ့)၊ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)၊ ထင်ရှားတယ်တဲ့။

အဲဒီတော့ တရားရှာစရာလိုသေးလား (မလိုပါ ဘုရား)၊ မလိုတော့ဘူး ဆိုတဲ့ဥစ္စာ ရှင်းပြီမဟုတ်လား (မှန်ပါ့)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ရှုကြပါစို့တဲ့၊ ဒီအထဲမှာ ဥပမာ ဝိညာဏ်ဆိုရင် ဝေဒနာပါမလား (ပါ ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် မနေ့က ဝိညာဏ်ပြောခဲ့တဲ့အတွက် ဒီနေ့ ဝေဒနာလှည့်ပြောမယ်ဆိုတော့၊ ဝေဒနာထည့်ပြော၊ ဝေဒနာရှုပေါ့ဗျာ၊ ဝိညာဏ်ထည့်ရင် (ဝိညာဏ်ရှုရပါမယ် ဘုရား)။

သို့သော် ပေါ်တာက သိဝိညာဏ်၊ ဝိညာဏ်ပေါ်လာသိတယ်လို့မှတ် (မှန်ပါ့)၊ ကျေနပ်ကြပြီလား (ကျေနပ်ပါ ပြီ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝေဒနာရှုကြပါစို့ဆိုတော့ အဲဒီမှာ မြင်စိတ်ထဲ ပါတဲ့ ဝေဒနာကောင်း တယ် မကောင်းဘူးလို့ မရွေးဘူး၊ အလတ်စား ဝေဒနာဥပေက္ခာဝေဒနာ။

ဘာဝေဒနာ (ဥပေက္ခာ ဝေဒနာပါ ဘုရား)၊ မျက်လုံးမှာလဲ ဥပေက္ခာဝေဒနာ၊ နားထဲမှာ (ဥပေက္ခာဝေဒနာပါ ဘုရား)၊ နှာခေါင်းထဲ (ဥပေက္ခာဝေဒနာပါ ဘုရား)၊ လျှာပေါ်မှာ (ဥပေက္ခာဝေဒနာပါ ဘုရား)။

အဲဒီ ဥပေက္ခာဝေဒနာက ဒီလေးချက် နေရာမှာတော့ဖြင့် ဒီဝိဉာာဏ်လေးခု ပေါ်ရင် ဥပေက္ခာဝေဒနာမှ တစ်ပါးဘာနဲ့မှ မရောဘူးဆိုတာ မှတ်ထားလိုက်ကြတာပေါ့ (မှန်ပါ့)။

ကောင်းပြီ အဲဒီတော့ ဝေဒနာထည့်လို့ရှိရင်လဲ ဦးဘအုန်းဘာရှုရမယ် (ဝေဒနာရှုရပါမယ် ဘုရား)၊ စိတ်ထည့်ရင် လဲ (စိတ်ရှုရပါမယ် ဘုရား)။

တစ်ခုရှုအကုန်ပါ မပါ (ပါ ပါတယ် ဘုရား)၊ ပါတာကို သိပြီး သကာလ နေတော့မှ ဒကာ ဒကာမတွေက ၃နံပါတ် ဝိပဿနာနဲ့ ကျုပ်တို့က အလုပ်လုပ်ရလိမ့်မယ် (မှန်ပါ့)။

သမ္မာဒိဋ္ဌိအလုပ်လုပ်ရမယ်

ဘာနဲ့ အလုပ်လုပ်ရမယ် (၃နံပါတ်နဲ့ အလုပ်လုပ်ရပါမယ် ဘုရား)၊ ၃နံပါတ် ဝိပဿနာ သမ္မာဒိဋ္ဌိအလုပ်လုပ် ရမယ်ဆိုတော့ ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာက ဟောဒီတစ်ခုထဲ ပါပါတယ်။

သို့သော် သူပါလို့ရှိရင်ဖြင့်လဲ ဝိပဿနာ သမ္မာဒိဋ္ဌိပါလို့ရှိရင် သမ္မာသင်္ကပ္ပလဲ မပါလို့မပြီးဘူး (မှန်ပါ့ ဘုရား)။ အင်း သမ္မာသတိ, သမ္မာဝါယမ, သမ္မာသမာဓိဆိုတဲ့ သမာဓိ မဂ္ဂင်သုံးပါးကလဲ မပါမဖြစ်ဘူး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဝိပဿနာ မဂ္ဂင်ငါးပါး မနေဘူးလား (နေပါတယ် ဘုရား)၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပနော်၊ အဲ့ဒီတော့ ဝိပဿနာမှာဖြင့် ဒကာ ဒကာမတို့ ဒီငါးခုနဲ့ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ပေါ်လာတဲ့ ဝိညာဏ်ကိုရှုရှု၊ ဝေဒနာကိုပဲရှုရှု ဦးဘတင် ဒါ မိတာပဲ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ရှုလိုက်တဲ့အခါကျတော့ကို ဘာကိုသိရမလဲမေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ မရှိတောတွေ့လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘာကို တွေ့ရမယ် (မရှိတာကို တွေ့ရပါတယ် ဘုရား)၊ ဘာဖြစ်လို့မရှိတာ တွေ့ပါလိမ့်မတုန်းဆိုတော့ ဦးခင်မောင်တို့ ဦးဘအုန်းတို့က မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ဟော့ဒီ ကြားတဲ့ ဝိညာဏ်ကလေးက ကြားပြီးချုပ်သွားတယ်၊ ဘုန်းကြီးက မှားထားတဲ့အတိုင်း ဘုရားကမှာထားတဲ့ အတိုင်း မင်းတို့ရှုဖြစ်အောင်ရှု၊ ရှုဖြစ်တဲ့အလုပ်လုပ်၊ ရှုဖြစ်တဲ့မဂ္ဂင်ပေါ်လာတယ်လို့ မဆိုထိုက်ဘူးလား၊ (ဆိုထိုက်ပါတယ် ဘုရား)၊ ရှုဖြစ်တော့ မဂ္ဂင်ပေါ်တော့ကို ကြားတဲ့သဘောလေးရှိသေးရဲ့လား (မရှိေတော့ပါ ဘုရား)။

ကြားတဲ့ ဥပေက္ခာဝေဒနာ၊ ကြားတဲ့စိတ်ကလေးဘယ့်နှယ်နေကြမလဲ (မရှိတော့ပါ ဘုရား)၊ မရှိတော့တဲ့ ဒါဖြင့် ဒကာ ဒကာမတို့ မရှိတာသိအောင်လုပ်ပါ (မှန်ပါ့ ဘုရား)။

ဦးဇံရင် ဘာတဲ့တုန်း (မရှိတာ သိအောင်လုပ်ရပါမယ် ဘုရား)၊ မရှိတာ သိအောင်လုပ်ရမယ်ဆိုတော့ ဒကာ ဒကာမတို့ ဘယ်လိုလုပ်ရမတုန်း (မရှိတာသိအောင် လုပ်ရပါတယ် ဘုရား)။

မရှိတာ သိအောင်လုပ်ရမယ်ဆိုတော့ မရှိတာကဘာတုန်းလို့ မေးတဲ့အခါကျတော့ ဖြစ်ပြီးမရှိတာဖြစ်လေသော ကြောင့် ဒကာ ဒကာမတို့ သင်္ခါရတရားပျက်သွားတာပဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (သင်္ခါရတရား ပျက်သွားတာပါ ဘုရား)၊ သင်္ခါရတရား ပျက်သွားတယ်တဲ့၊ သင်္ခါရတရားဆို တာခင်ဗျားတို့ အားထုတ်ပြီးထားတဲ့ တရားဖြစ်လေသောကြောင့် သင်္ခါရတရား (မှန်ပါ့ ဘုရား)။

သင်္ခါရတရားကို ဝိပဿနာဉာဏ်နဲ့ ရှုပါ

အဲဒီ သင်္ခါရတရားကို ဝိပဿနာဉာဏ်နဲ့ ရှုပါဆိုတော့ ဝိပဿနာဉာဏ်စိတ်ကလေးလဲ ပေါ်ပါရော၊ ဦးဘအုန်း ရေ၊ သင်္ခါရတရားက ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် သင်္ခါရတရားသည်၊ အနိစ္စအဖြစ်သို့ ရောက်မသွားသေးဘူးလား (ရောက်ပါတယ် ဘုရား)။

အင်း သင်္ခါရ တရားသည် အနိစ္စအဖြစ်သို့ ရောက်ပြီး သကာလ သွားတော့ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ် အမြင်လိုက်ပါလိမ့်မယ်။

ဪ သင်္ခါရတရားအနိစ္စရောက်ပေါ့လို့ ဝိပဿနာဉာဏ်က သိလိုက်သလား မသိလိုက်ဘူးလား (သိလိုက်ပါ တယ် ဘုရား)၊ သင်္ခါရတရား (အနိစ္စ ရောက်သွားပါတယ် ဘုရား)။

အနိစ္စရောက်သွားပြီလို့ သိလိုက်တဲ့အခါကျတော့ ဪ ဝိပဿနာဉာဏ်ဟာ ဘာမြင်တုန်းလို့မေးရင် (သင်္ခါ တရားအနိစ္စရောက်တာမြင်ပါတယ် ဘုရား)၊ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ် ဘာဖြစ် (အနိစ္စဖြစ်ပါတယ် ဘုရား)၊ သင်္ခါရတရား အနိစ္စရောက်တာမြင်တယ်၊ ပဋိစ္စသမုပ္ပါဒ် စဖြစ်တဲ့တရား၊ စဖြစ်တဲ့သင်္ခါရက္ခန္ဓာကိုယ်၊ ဝေဒနာက္ခန္ဓာကိုယ်အနိစ္စရောက်တာ မြင်တယု်မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

ဦးခင်မောင်ရေ ရှင်းပြီလား (ရှင်းပါပြီး ဘုရား)၊ ဒါမှ သဗ္ဗေသင်္ခါရ အနိစ္စကို ခင်ဗျားတို့ရှင်းမယ်နော် (မှန်ပါ့ ဘုရား)။

သင်္ခါရတရားအနိစ္စရောက်တာကို ဘယ်သူကမြင်ပါလိမ့် (ဝိပဿနာဉာဏ်ကမြင်ပါတယ် ဘုရား)။

အနိစ္စရောက်တာ ဘယ်သူကမြင်ပါလိမ့်

ဝိပဿနာဉာဏ်က မြင်သည်လို့ ဒကာ ဒကာမတွေမှတ်ထားပါ (မှန်ပါ့)၊ သင်္ခါရတရား၊ အနိစ္စရောက်တာ ဘယ်သူကမြင်ပါလိမ့် (ဝိပဿနာဉာဏ်က မြင်ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်ကမြင်တယ် (မှန်ပါ့ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒီသင်္ခါရတရားရှေ့ပိုင်းက ပေါ်တဲ့သင်္ခါရတရား ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ အနိစ္စရောက်သွားတာမြင်လိုက်သဖြင့် –

ဪ ပြုပြင်လိုက် အနိစ္စရောက်လိုက် (မှန်ပါ့)၊ ပြုပြင်လိုက် အနိစ္စရောက်လိုက်သွားမြင်တယ် (မှန်ပါ့ ဘုရား)၊ ပြုပြင်လိုက် (အနိစ္စရောက်လိုက်ပါ ဘုရား)၊ ပြုပြင်လို့ပေါ်လာလိုက် (အနိစ္စရောက်လိုက်ပါ ဘုရား)။

အဲဒီတော့ ပြုပြင်လို့ ပေါ်လိုက်ဆိုတာ ဖြစ်တာ (မှန်ပါ့ ဘုရား)၊ အနိစ္စရောက်လိုက်ဆိုတာ ပျက်တာ (မှန်ပါ့)။

ဖြစ်ပျက်ပဲလို့ နိဂုံးချုပ်လိုက်တော့ ဖြစ်ပျက်သွားဖြစ်၊ နိဂုံးချုပ်လိုက်တော့ ဘာသွားဖြစ် (ဖြစ်ပျက် သွားဖြစ်ပါ တယ် ဘုရား)။

ဖြစ်ပျက်သွားပြီး သကာလ ၊ ဪ ဝိပဿနာဘာဖြစ်ပါလိမ့်မတုန်း သင်္ခါရ တရားတို့၏ ဖြစ်မှု ပျက်မှုကို မြင် သည် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သင်္ခါရတရားတို့၏ (ဖြစ်မှု, ပျက်မှု မြင်ပါတယ် ဘုရား)၊ သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို မြင်တယ်လို့ဆို တော့ဖြစ်တာလေးပဲ မီးဝင်းသွားသလို၊ ပျက်တာလေးပဲ မီးငြိမ်းသွားသလို မြင်တာလား မေးဖို့ ကြုံလာတယ် (မှန်ပါ့ ဘုရား)။

ဟ ဒီလိုမြင်ရင် စိတ်နှစ်ခုပြိုင်နေမှာပေါ့ (ပြိုင်ပါတယ် ဘုရား)၊ ဒီလိုမမြင်ပါဘူး (မှန်ပါ့)။

မရှိတာ သိသွားတယ် (မှန်ပါ့)၊ ဘယ်လိုဆိုကြမယ် (မရှိတာသိသွားတာပါ ဘုရား)၊ မရှိတာသိ (မှန်ပါ့)၊ ဦးခင်မောင် ဘာတဲ့တုန်း (မရှိတာပါသိတာပါ ဘုရား)၊ နို့မို့နှစ်ခုပြိုင်နေအုံးမှာပေါ့ဗျာ (မှန်ပါ့)။

ဖြစ်တာလေး ကျုပ်မြင်ပါတယ်ဆိုလို့ရှိရင်ဖြင့် မြင်တဲ့တရားကလဲ ဖြစ်ဆဲ၊ ပျက်မယ့်တရားကလဲ ဖြစ်ဆဲ (မှန်ပါ့)၊ ဘယ်ကလာ ဖြစ်နိုင်မှာလဲဗျ။

ဘုရားဉာဏ်တောင် မမြင်ဘူး ဒီဥစ္စာ (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ အင်း ဘယ်လိုဟာ မြင်တာပါလိမ့်မတုန်းဆိုလို့ရှိရင် (မရှိတာ မြင်တာပါ ဘုရား)။

မရှိဘူး ခုနက ဒီနေရာမှာ ရှိနေတာလေး မရှိတာကို မြင်လိုက်တာ (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ မရှိတာကို သိတာပဲနော် (မှန်ပါ့)။

ဥဒယဗ္ဗယ ဘာဖြစ်လို့ဟောပါလိမ့်

နို့ ဥဒယဗ္ဗယ ဘာဖြစ်လို့ဟောပါလိမ့်၊ သမ္မဿနလို့ ဘာဖြစ်လို့ဟောပါလိမ့် (မှန်ပါ့)၊ အို ဥဒယဗ္ဗယ ဟောဟော၊ သမ္မဿနာ ဟောဟော ဦးခင်မောင်ရ၊ သူဟောချင်တာဟော၊ စင်စစ်တော့ဖြင့် ရှေ့ပိုင်းမှာ ဖြစ်ပြီး ပျက်သွားတာကို ဖြစ်ပြီး ပျက်သွားတာရှိလို့ ဖြစ်ပြီး ပျက်သွားတာကို ပြောသွားတာ၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ကတော့ မရှိတာသိတာပဲ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ရှေ့ပိုင်းကတော့ သူ့သဘောကတော့ဖြင့် ဖြစ်ပြီး ပျက်သွားတာအမှန်ဘဲ (မှန်ပါ့)၊ ခင်ဗျား ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်မှာတော့ မရှိတာဘဲ တွေ့လိုက်တာပဲ (မှန်ပါ့)။

မရှိဘူး မရှိဘူး ဒါတွေချည်းတွေ့နေတာပဲ၊ ပေါ်လာတဲ့ ဓမ္မလေးမရှိဘူး၊ မရှိတာချည်းတွေ (မှန်ပါ့)၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်သူမရှိတာတုန်း မေးတော့၊ ခုနက သင်္ခါရတရားမရှိတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် သင်္ခါတရားဆိုတာ သဗ္ဗေသင်္ခါရ အနိစ္စာ၊ မရှိတာက အနိစ္စ၊ သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် အနိစ္စာဝက သင်္ခါရာ၊ သင်္ခါရာ သင်္ခါရတရားတို့သည်၊ ဝတ စင်စစ်၊ အနိစ္စာ အနိစ္စမှာ လမ်းဆုံး၊ မရှိ တာမှာ လမ်းဆုံးကုန်၏ (မှန်ပါ့)၊ ဝိပဿနာဉာဏ် ဘာမြင်ရမှာတုန်း (မရှိတာ မြင်ရမှာပါ ဘုရား)။

အဲဒီ ပါဠိတော် သွားပြီး ကိုက်တယ်၊ သေသေချာချာ ကိုက်ညီရမယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား) ကောင်းပြီ ဝိပဿနာဉာဏ်နဲ့ ရှုလိုက်တော့ အင်း ဒါ ဒကာ ဒကာမတို့ ၃နံပါတ် သမ္မာဒိဋ္ဌိနော်၊ အခု ရှုနေတာ ဘာပါ လိမ့် (၃နံပါတ် သမ္မာဒိဋ္ဌိပါ ဘုရား)။

၃နံပါတ် သမ္မာဒိဋ္ဌိက ပဋိစ္စသမုပ္ပါဒ် အစပိုင်းရှုလိုက်တဲ့အခါကျတော့ရင်ဖြင့် သင်္ခါရနဲ့ အနိစ္စကို သူမြင်တယ် လို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

သင်္ခါရတရား ပျက်သွားတာချည်း သူမမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ အင်း ဒါဖြင့် အနိစ္စာ ဝတသင်္ခါရာ ချည်းပဲ မြင်တယ်လို့ မဆိုထိုက်ဘူးလး (ဆိုထိုက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် သူမြင်တဲ့ ကျေးဇူးဟာ ဘာများခံစားရပါလိမ့်မလဲလို့ ဒကာ ဒကာမတွေကို မေးကြမယ်နော် (မေးကြပါမယ် ဘုရား)၊ သင်္ခါရတရာ ပျက်သွားတာ တပည့်တော်တို့ မရှိတာပဲ သိလိုက်ပါတယ်ဘုရား။

သက္ကာယဒိဋ္ဌိပြုတ်တာ

အဲဒါ ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိက အပါယ်သွားစေတတ်တဲ့ သက္ကာယဒိဋ္ဌိသတ်နေလို့၊ သင်္ခါရ ပျက်တာ မြင်တဲ့ပုဂ္ဂိုလ်က သက္ကာယဒိဋ္ဌိပြုတ်တာလို့မှတ်တယ် (မှန်ပါ့)။

အပါယ်သွားစေတတ်တဲ့ သက္ကာယဒိဋ္ဌိပြုတ်သွားပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘာပြုတ်သွား သတုန်း (အပါယ်သွားစေတတ်တဲ့ သက္ကာယဒိဋ္ဌိပြုတ်သွားပါပြီ ဘုရား)၊

အပါယ်သွားစေတတ်တဲ့ သက္ကာယဒိဋ္ဌိပြုတ်သွားပြီ ဒကာ ဒကာမတွေရ၊ ဪ ဝိပဿနာဉာဏ်ဟာ သူမှဘဲ၊ သူမှမပါလို့ရှိရင် အပါယ်တံခါးပိတ်တဲ့ တရားတောင် မစသေးပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒါ သေချာစဉ်းစားပါ (မှန်ပါ့)၊ ဝိပဿနာမှ မလုပ်သေးတဲ့ပုဂ္ဂိုလ်ဟာဖြင့် အပါယ်တံခါးမပိတ်တဲ့၊ အပါယ်ကို တကယ်တမ်း ရောက်စေနိုင်တာကတော့ သက္ကာယဒိဋ္ဌိကိုဗျ (မှန်ပါ့)၊

အဲဒီ ဒိဋ္ဌိသတ်တဲ့ အလုပ်မှ မလုပ်သေးလို့ ဒီ့ပြင် အလုပ်တွေလုပ်နေမယ်၊ ဈာန်, သမာပတ်တွေ လုပ်နေမယ် ဆိုလို့ရှိရင်ဖြင့်အင်း ဗြဟ္မာ့ပြည်ကနေ ဝက်ပြန်ဖြစ်နိုင်တယ်ဆိုတဲ့ ဥစ္စာကလဲ ဝတ္ထုသက်သေ သာဓကနဲ့ အလုံအလောက် သား (မှန်ပါ့)။ အပါယ်လေးပါး ကျတော့ မလုံလောက်ဘူးလား (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း အဲဒါ ဘယ့်နှစ်ကြောင့် ဗြဟ္မာ့ပြည်ကနေ ဝက်ပြန်ဖြစ်တဲ့ဆီ တိရစ္ဆာန် အပါယ်လေးပါး ဆင်းရပါလိမ့် မတုန်းလို့ အမေးထုတ်သော်၊ အို ဒိဋ္ဌိမပြုတ်ကြလို့ (မှန်ပါ့)။

ဦးခင်မောင်ဘာတဲ့တုန်း (ဒိဋ္ဌိမပြုတ်လို့ပါ ဘုရား)၊ ကဲဒါဖြင့် သင်္ခါရ၊ သင်္ခါရတရား ပျက်သွားပြီလို့၊ တတိယ သမ္မာဒိဋ္ဌိနဲ့ ရှုလိုက်တဲ့ အခါကျတော့ အင်း ငါပျက်တာ သူပျက်တာလို့ ဆိုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

သင်္ခါရတရားပျက်တာတဲ့ (မှန်ပါ့)၊ ဘယ်သူပျက်တာပါလိမ့် (သင်္ခါရတရားပျက်တာပါ ဘုရား)။

ဪ သင်္ခါရတရား ပျက်တာလို့ဆိုတာ သိသွားတော့၊ နဂိုကလဲ သင်္ခါရတရားပျက်သွား၊ သင်္ခါရတရားမို့လဲ ပျက်စီးသွားတယ်ဆိုတော့ ယောက်ျားသေတာ, မိန်းမသေတာဟုတ်လား၊ ငါသေတာ သူသေတာဆိုတာ ပါသေးလား (မပါပါ ဘုရား)။

အပါယ်မျိုးစေ့သတ်ခိုင်းတာဟေ့

ဪ ဒါ ဝိပဿနာဉာဏ်နဲ့ ရှုလိုက်လို့ သင်္ခါရတရားပျက်တာလေးတွေကို မရှိတာလေးတွေကို မရှိဘူးလို့မြင် လိုက်တာဟာ ဪ ဒီအလုပ်ဝိပဿနာသမ္မာဒိဋ္ဌိကိုး။

ဘယ့်နှယ်ကြောင့် ဘုရားက လုပ်ခိုင်းပါလိမ့် မေးတော့ အပါယ်မျိုးစေ့သတ်ခိုင်းတာဟေ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာသတ်ခိုင်းပါလိမ့် (အပါယ်လေးပါးသွား ဒိဋ္ဌိသတ်ခိုင်းတာပါ ဘုရား)၊ အပါယ်မျိုးစေ့ သတ်ခိုင်းတာ၊ ဪ ဝိပဿနာအလုပ်ဆိုတော ဦးဘတင်ရေ၊ သူ့အလုပ်မှအပါယ်မျိုးစေံကစိတ်ချရတယ် (မှန်ပါ့)၊ ဒါဖြင့် အပါယ်မျိုးစေ့ကို သူပဲ သတ်တာပဲဆိုတာ ဦးဘအုန်းပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ သင်္ခါရတရား၊ အဲဒီပေါ်လာတဲ့ တရားလေးပျက်သွားတာ အနိစ္စတရား၊ ဖျတ်ဆိုပေါ်လာတဲ့တရားလေးက (သင်္ခါရတရား)။

ပေါ်လာတဲ့ တရားလေးပျက်သွားတော့ (အနိစ္စတရားပါ ဘုရား)၊ ဪ ဒါဖြင့် ဒကာ ဒကာမတို့၊ ပေါ်လာတဲ့ တရားလေးက သင်္ခါရ၊ ပျက်သွားတာ (အနိစ္စပါ ဘုရား)။

အဲဒါလေးကို ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ မရှိတာလေးမမြင်လိုက်ဘူးလား (မြင်ပါတယ် ဘုရား)။

အင်း မရှိတာလေး မြင်လိုက်တော့ သင်္ခါရတရား၊ ပျက်သွားတာသူမြင်လိုက်တယ် (မှန်ပါ့)၊ အဲဒီတော့ သင်္ခါရ တရားလို့ သိသဖြင့်လဲ ငါသူ ပါသေးလား (မပါ ပါ ဘုရား)။

ပျက်သွားတာ မြင်သဖြင့် ငါပျက်, သူပျက်ဟုတ်သေးရဲ့လား၊ မဟုတ်ပါဘုရား၊ သင်္ခါရတရားလို့သိလိုက်ကတည်း ကိုက အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့သင်္ခါရ။

ပဋိစ္စသမုပ္ပါဒ်တရားလေး သိလိုက်ကတည်းက သက္ကာယဒိဋ္ဌိပြုတ်ပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိက ပြုတ်တဲ့အခါ ပျက်သွားတဲ့အခါကျတော့ ဪ ငါမဟုတ်တာလဲ သေချာလိုက်တာ (မှန်ပါ့)၊ ပေါ်လာတာ ကလဲ သူများပြုပြင်လို့ ပေါ်လာတဲ့ သင်္ခါရတရား၊ ပျက်သွားတာလဲ ငါမဟုတ် (မှန်ပါ့)။

အင်း ပေါ်လာတုန်းကလဲ ငါမဟုတ်ဘူး၊ ပျက်သွားတော့လဲ ငါမဟုတ်ဘူး (မှန်ပါ့)၊ ပေါ်လာပြီ (မှန်ပါ့)၊အင်း ဖြစ်လာတုန်းကလဲ (ငါမဟုတ်ပါ ဘုရား)။

သူများပြုပြင်လို့ ပေါ်လာတဲ့သင်္ခါရတရား

ဘယ်ဟုတ်မလဲ ဒကာ ဒကာမတို့ ၊ သူများပြုပြင်လို့ ပေါ်လာတဲ့သင်္ခါရတရား၊ အာရုံဒွါရတိုက်ပြီး ပေါ်လာတဲ့ သင်္ခါရတရား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပေါ်လာတုန်းကလဲ ဘာဆိုကြမယ် (သင်္ခါရတရားပါ ဘုရား)၊ ပျက်သွားတော့လဲ (သင်္ခါရတရား ပျက်လာတာပါ ဘုရား)၊ ဒါဖြင့် ပေါ်လာတုန်းကလဲ သင်္ခါရတရား၊ ပေါ်လာတာ ငါသူတစ်ပါးဆိုတာ ပါသေးလား (မပါ ပါ ဘုရား)။

ပျက်သွားတော့လဲ မဆိုင်မပိုင်လို့၊ ပျက်သွားတော့လဲ ငါသူတစ်ပါးဆိုလို့ ရသေးလို့လား (မရပါ ဘုရား)။

ဒါဖြင့် သင်္ခါရနဲ့ အနိစ္စသိတဲ့ ဒကာ ဒကာမတွေ၊ ဪ ဝိပဿနာသမ္မာဒိဋ္ဌိက၊ သံသရာကို တကယ်အပါယ် ရောက်စေတတ်တဲ့ တရားကို ဝိပဿနာသမ္မာဒိဋ္ဌိက ဖြတ်ပါလားဆိုတာ ပေါ်လာတယ်။

ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်သူကဖြတ်ပါ့လိမ့် (ဝိပဿနသမ္မာဒိဋ္ဌိကဖြတ်တာပါ ဘုရား)၊ အဲ့ဒါ ပေါ့ပေါ့ တန်တန်နဲ့ ဒကာ ဒကာမတွေက ဒါ မမြင်ဘူးဆိုရင် ဪ ဒို့ သန္တာန်ဖြင့် ငရဲမျိုးစေ့ ဝမ်းထဲအပြည့်အစုံရှိနေတယ်။

ငါသေရင် လိုက်တောင်မပို့နဲ့၊ အပါယ်ရောက်မယ်ဆိုတာ ဆုံးဖြတ်ချက် ချ (မှန်ပါ့)၊ သဘောကျပလား (သဘော ကျပါတယ် ဘုရား)။

သင်္ခါရတရား ပျက်တာကို တစ်ခါမျှ မမြင်ဘူးလို့ဆိုရင် ဒိဋ္ဌိကဘယ်တော့မှ မကွာဘူး (မှန်ပါ့)၊ ဦးဘအုန်း ဘယ့်နှယ်တုန်း (ဒိဋ္ဌိမကွာပါ ဘုရား)၊ ဦးခင်မောင်ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အင်း နို့မို့ရင် ငါသူဘယ်တော့ ပျောက်မတုန်းဗျ (မပျောက်ပါ ဘုရား)၊ ငါ့ကိုယ်, ငါ့ဟာပျောက်နိုင်ပါ့မလား (မပျောက်နိုင်ပါ ဘုရား)၊ ငါ, ငါ့ဥစ္စာကော (မပျောက်နိုင်ပါ ဘုရား)။

ငါဆိုတာက ဒိဋ္ဌိ

ငါဆိုတာက ဒိဋ္ဌိ၊ ငါ့ဥစ္စာဆိုတာက တဏှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ငါဆိုတာ (ဒိဋ္ဌိပါ ဘုရား)၊ ငါ့ဥစ္စာဆိုတာ (တဏှာပါ ဘုရား)၊ ငါဆိုတာ (ဒိဋ္ဌိပါ ဘုရား)။

အေး တဏှာ, ဒိဋ္ဌိက တွဲရက်ငါရှိရင် ငါ့ဥစ္စာရှိတာပဲ၊ ငါရှိရင် (ငါ့ဥစ္စာရှိပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ငါကဘာတဲ့ (ဒိဋ္ဌိပါ ဘုရား)၊ ငါ့ဥစ္စာက (တဏှာပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့၊ တဏှာ , ဒိဋ္ဌိက ပပဉ္စတရားဆိုတော့ သံသရာချဲ့တရားမို့ အပါယ်ချဲ့လိုက်မယ်ဟေ့ (မှန်ပါ့ ဘုရား)၊ မချဲ့ဘူးလား ချဲ့မှာလား၊ (ချဲ့ပါတယ် ဘုရား)၊ ဦးအောင်ဇံဝေတို့၊ ဦးဇံရင်တို့ ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ခုနင်ကသမ္မာဒိဋ္ဌိမှ မလုပ်ဘူးတဲ့ပုဂ္ဂိုလ်က ငရဲမျိုးစေ့ဆိုတဲ့ဒိဋ္ဌိက ဘယ့်နှယ်လုပ် ကွာမတုန်းဗျ (မကွာပါဘူး ဘုရား)၊ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

ဒါကြောင့်ခင်ဗျားတို့က ဪ ဒို့သည်ကားလို့​ဆိုလို့ရှိရင်ဖြင့် အလုံးစုံအကုန် ဘာမှလိုလေသေးမရှိအောင် လုပ်နေကြတာပဲလို့ ဆိုငြားသော်လဲ ဘုန်းကြီးတို့က မတင်းတိမ်သေးဘူး (မှန်ပါ့ ဘုရား)။

ငရဲမျိုးစေ့ မပြုတ်သရွေ့ ကာလပတ်လုံး ငရဲမိတ်ဆွေ မပြတ်သေးပါဘူး (မှန်ပါ့ ဘုရား)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ ငရဲမိတ်ဆွေတွေနဲ့ (မပြတ်သေးပါ ဘုရား)။

ငရဲနဲ့မိတ်ဆွေ ပြတ်ချင်ဘာလုပ်ရမလဲ (သမ္မာဒိဋ္ဌိ အလုပ်လုပ်ရပါမယ် ဘုရား)၊ သင်္ခါရတရားပျက်တာမြင်ရ မယ်၊ မိတ်ဆွေပြတ်ချင်လို့ရှိရင် (သင်္ခါရပြတ်ဘာမြင်ရပါမယ် ဘုရား)၊

သင်္ခါရတရားက အပျက်ဆိုသဖြင့် ဝိညာဏ်လေးပေါ်ပေါ်၊ ဝေဒနာလေးပေါ်ပေါ်၊ ပေါ်ချင်ရာပေါ် ဒီဥစ္စာခုမှ ပေါ်လာတဲ့တရား (မှန်ပါ့ ဘုရား)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

နဂိုကရှိနှင့်တာလား (မဟုတ်ပါ ဘုရား)၊ အခုမှအသံနှင့်နွားကိုက်လို့ ပေါ်လာတာမဟုတ်လား (ဟုတ်ပါတယ် ဘုရား)၊ အခုမှ အနံ့နံလို့ ပေါ်လာတာ (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် အာရုံဒွါရတို့က ပြုပြင်လိုက်လို့ ပေါ်လာတာမဟုတ်လား (ဟုတ်ပါတယ် ဘုရား)၊ အနံ့က ပြုပြင်လို့ပေါ် လာတာ၊ အဆင်းက ပြုပြင်လို့ ပေါ်လာတာ၊ အသံက ပြုပြင်လို့ပေါ်လာတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သူဘာတရားခေါ်ကြမလဲ (သင်္ခါရတရားပါ ဘုရား)၊ သင်္ခါရတရားပေါ်မှန်းသိထဲက၊ ငါမဟုတ်ပါလား သင်္ခါရတရားပါလား (မှန်ပါ့ ဘုရား)။

သဘောကျပလား (ကျပါပြီ ဘုရား)၊ ငါမဟုတ်ပါလား၊ အင်း သင်္ခါရတရားပါလားလို့သိ၊ အဲဒီလိုသိတဲ့ ပုဂ္ဂိုလ် သိပြီးတော့ အပျက်သိတာပဲ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ အဲဒီတော့ သင်္ခါရတတရားကိုလဲ ဟောပြီးပြီ၊ သင်္ခါရတရားပျက်တာကိုပဲ အပျက်ပြသွားပြီ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က နောက်က ဪ သင်္ခါရတရားလေးရှိလေသလား၊ မရှိလေသလား၊ တွေးတတ်တာ ဝိပဿနာသမ္မာ ဒိဋ္ဌိ၊ သင်္ခါရတရား ရှိလေသလား၊ မရှိလေသလား အကဲခတ်ကြည့်တာ (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)။

အသိနဲ့ ခွါတာ

အဲဒီမှာ ဒကာ ဒကာမတို့၊ ဒိဋ္ဌိ ကွာသွားတာ ခင်ဗျားတို့အသိနဲ့ ခွါတာ (မှန်ပါ့ ဘုရား)၊ ရှင်းကော ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)၊ ကွာသွားပြီနော်၊ ဒိဋ္ဌိ ကွာသွားရင် ဘာမျှမပူပါနှင့် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိကွာသွားရင် ဘာမှ မပူပါနဲ့တော့ ဒကာ ဒကာမတို့၊ အင်း ဝိပဿနာဉာဏ်ဟာ ဦးဇံရင်တို့ အတော်အရေး မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

သူက ဘာလုပ်ရရှာတာတုန်းဗျ (ဒိဋ္ဌိခွါတာပါ ဘုရား)၊ အင်း ရှေ့ပိုင်းက ဒိဋ္ဌိသတ်နေတာ (မှန်ပါ့ ဘုရား)၊ ရှေ့ပိုင်းက ဘာလုပ်နေတာတုန်း (ဒိဋ္ဌိသတ်နေတာပါ ဘုရား)။

သင်္ခါရတရား ပျက်တယ်ဆိုတာ သိအောင် လုပ်နေတာ (မှန်ပါ့)၊ ဘာသတ်နေတာ (ဒိဋ္ဌိသတ်နေတာပါ ဘုရား)။

သေသေချာချာ စဉ်းစားစမ်းပါ ခင်ဗျားတို့၊ သူများပြောသံကြားနဲ့ ယောင်မပြောပါနဲ့ (မှန်ပါ့ ဘုရား)၊ နော် ဒီတရားဟာ သူများပြုပြင်လို့ ပေါ်လာတဲ့တရားဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

သူများ ပြုပြင်လို့ ပေါ်လာတာ ဘာတရားတုန်း (သင်္ခါရတရားပါ ဘုရား)၊ အို ခင်ဗျားတို့ စဉ်းစားကြည့်ပါလား အသံကြောင့် ပေါ်လာတယ်။

တစ်နည်းအားဖြင့် အနံ့ကြောင့် ပေါ်လာတယ်၊ နှာခေါင်းစိတ်ကလေး၊ ပါးစပ်ဆိုလို့ရှိရင် ချို, ချဉ်, ငန်ကြောင့် ပေါ်လာတယ်၊ ကိုယ်ပေါ်ပေါ်တဲ့စိတ်ဖြစ်ခဲ့လို့ရှိရင် အထည်အလိပ်ဝတ်လို့ ပေါ်လာတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

ကြံတဲ့စိတ်ကလေး ကြည့်လို့ရှိရင်လဲ ဟိုမှာ အာရုံဘက်ကို ဘဝင်နဲ့လှည့်လိုက်လို့ ကြံတဲ့စိတ်ကလေး ပေါ်လာတယ် ဒါဖြင့် ပေါ်လာတဲ့တရားဟူသရွေ့ ဘာတရားခေါ်ကြမယ် (သင်္ခါရတရားခေါ်ပါတယ် ဘုရား)။

သင်္ခါရတရားဟာ ဘယ်မှာလမ်းဆုံးတုန်း

ဒါဖြင့် သင်္ခါရတရားဟာ ဘယ်မှာလမ်းဆုံးတုန်း (အပျက်မှာလမ်းဆုံးပါတယ် ဘုရား)၊ အင်း အနိစ္စာ ဝတသင်္ခါရာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စာ ဝတ (သင်္ခါရာပါ ဘုရား)၊ ဝတ စင်စစ်လို့ သေသေချာချာ ထောက်ခံချက်ပေးလိုက်၊ သင်္ခါရာ မင်းတို့ သန္တာန်ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ် အစတရားသည်၊ အနိစ္စာ ပျက်ကြကုန်၏၊ မြင်အောင်ကြည့်ကွာ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ တပည့်တော်တို့ မြင်ပါပြီဘုရား၊ မရှိဘူး မရှိဘူး မရှိဘူးလို့ တပည့်တော်တို့သိပါတယ်၊ သိတော့ ဘာကျေးဇူးရှိတုန်း ဦးဘအုန်းတို့ မေးရင် ဘယ့်နှယ်ဖြေကြမတုန်း (ဒိဋ္ဌိကွာပါတယ် ဘုရား)။

ဒိဋ္ဌိကွာသွားတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိဆိုတာ နင်သွားတော့ဆိုလို့ရတာလား၊ သင်္ခါရတရားပျက်တာမြင်မှ ကွာတာလား (သင်္ခါရတရား ပျက်တာမြင်မှ ကွာတာပါ ဘုရား)။

သင်္ခါရတရား ပျက်တာမြင်မှ ကွာမယ်ဆိုတော့ အလုပ်မလုပ်တဲ့ လူဟာ ကျုပ်ဖြင့် ဒိဋ္ဌိကွာပေါ့ဆိုရင် အလကား ပါးစပ်ပြောနေတာလို့ မှတ်ပါ (မှန်ပါ့)။

သူသေတော့ သိလိမ့်မယ်၊ အပါယ်ရောက်နေမယ် (မှန်ပါ့)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီတော့ကို သင်္ခါရတရားပေါ်လာတိုင်း ပျက်သွားတာကို ခင်ဗျားတို့ တတိယ သမ္မာဒိဋ္ဌိနဲ့ ဦးဘအုန်း ဘာလုပ် ရမတုန်း (ရှုရမှာပါ ဘုရား)။

မရှိတာတွေ့ရမယ်

ရှုရမယ်၊ ကြည့်ရမယ် (မှန်ပါ့)၊ အဲဒီတော့ ဘာတွေတွေ့မယ်ထင်ကြတုန်း (မရှိတာတွေတွေ့ရမှာပါ ဘုရား)။

မရှိတာတွေ့ရမယ်၊ ဪ မရှိတာ ဘယ်တရားမရှိတာပါလိမ့် (သင်္ခါရတရားမရှိတာပါ ဘုရား)။

သင်္ခါရတရား မရှိတာကို တွေ့ရမယ်ဆိုတော့ ပုဂ္ဂိုလ်မရှိဘာ ခင်ဗျားတို့ တွေ့တာမဟုတ်ဘူး ယောက်ျားမရှိ တာတွေ့တာမဟုတ်ဘူး၊ မိန်းမ မရှိတာကို (တွေ့တာမဟုတ်ပါ ဘုရား)၊ သင်္ခါရတရား (မရှိတာကိုတွေ့တာပါ ဘုရား)။

ဪ ပုဂ္ဂိုလ် သတ္တဝါနဂိုက ကင်းနေတယ် (မှန်ပါ့)၊ နဂိုက ကင်းပြီး သကာလ နေတာကိုဗျာ (မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တဝါကင်းနေတဲ့ ဓမ္မတွေရဲ့ အနိစ္စမြင်တာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပုဂ္ဂိုလ် သတ္တဝါမရှိ၊ မရှိတဲ့ ဓမ္မ၏ အနိစ္စကို (မြင်တာပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာဉာဏ်ဟာ ဘာကျေးဇူး ခံစားရသလဲလို့ ဘုန်းကြီးက ဒကာ ဒကာမတွေမေးလို့ရှိရင်ဖြင့် ဪ ဝိပဿနာဉာဏ် ဒိဋ္ဌိကင်းရှင်းတာ ပါဘုရား(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဉာဏ်က ဘာလုပ် (ဒိဋ္ဌိကင်းတာပါ ဘုရား)၊ သေချာမှတ်ပါ ဒကာ ဒကာမတို့၊ ဒီနေ့တရားမှာ ဘုန်းကြီး၊ အလွန်အရေးကြီးတဲ့ အလုပ်စခန်းကိုဟောနေတယ် (မှန်ပါ့)။

ခင်ဗျားတို့ ဘယ်ဝိညာဏ် ပေါ်ပေါ်သင်္ခါရတရား (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် အစဆိုလဲ၊ သင်္ခါရ တရားဆိုရင်လဲ (ဟုတ်ပါတယ် ဘုရား)။

အဲဒါတွေသည်ကားလို့ ဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်အစလို့ သိလိုက်ပြန်လို့ရှိရင်လဲ၊ ပဋိစ္စသမုပ္ပါဒ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်သတ္တဝါမှ မဟုတ်ဘဲ အကြောင်းကြောင့် အကျိုးတရားလို့ဆိုကြတာပဲ (မှန်ပါ့)။

သဘောကျရဲ့လား (ကျပါပြီ ဘုရား)၊ အင်း ပဋိစ္စသမုပ္ပါဒ်ဖြစ်ပျက်ဆိုရင်လဲ ဒကာ ဒကာမတွေမမှားဘူး သင်္ခါရ တရားဖြစ်ပျက်ဆိုရင်လဲ (မမှားပါ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါကင်းတာချည်းပဲ၊ အင်း ဖြစ်တာလဲ ဒုက္ခ။ ပျက်တာလဲဒုက္ခပဲလို့ ယူလိုက်လို့ရှိရင် ဒိဋ္ဌိပါသေး လား (မပါ ပါ ဘုရား)။

ဒိဋ္ဌိခွါတယ်လို့မှတ်

ဒကာ ဒကာမတို့ ဖြစ်ပျက်တစ်လုံးကို ပိုင်ပိုင်နိုင်နိုင် ရှုလို့ရှိရင် စကားသာများနေတယ်၊ ဒိဋ္ဌိခွါတယ်လို့မှတ် (မှန်ပါ့)။

ဖြစ်ပျက်တစ်လုံးကို ပိုင်ပိုင်နိုင်နိုင်သာ ရှုနေရင် (ဒိဋ္ဌိခွါနေတာပါ ဘုရား)၊ ဦးခင်မောင် ကောင်းကောင်းကျေနပ် ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အစရှုဆိုတော့လဲ ဖြစ်ပျက် ရှုခိုင်းတာ (မှန်ပါ့)၊ သင်္ခါရ ပျက်တတ်တာ ရှုရင်ကော (ဖြစ်ပျက် အရှုခိုင်းတာပါ ဘုရား)။

ဖြစ်ပျက် အရှုခိုင်းတာပဲဆိုတဲ့ဥစ္စာ သေချာပြီး သကာလ နေသောကြောင့် ဒကာ ဒကာမတို့၊ ဝိပဿနာ ရှုခြင်းဟာ ဘာအကျိုးခံစားရတုန်းဆိုတော့၊ အပါယ်ကျစေတတ်တဲ့ ဒိဋ္ဌိကိုခွါနေသည်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာ ဉာဏ်သည် ဝိပဿနာ ရှုခြင်းကြောင့် ဘာကျေးဇူးခံစားရသတုန်း (ဒိဋ္ဌိကို ကွာစေပါတယ် ဘုရား)။

ဒါကြောင့် ရုပ်နာမ်ကွဲကာမျှဆိုတာက ဉာတပရိညာနဲ့ ကွာတာလို့ အားလုံးမှတ်ကြ၊ ဖြစ်ပျက်မြင်ပြီးခွါလိုက် တော့မှ ဪ သင်္ခါရ တရားဆိုခြင်းကြောင့် ပုဂ္ဂိုလ်သတ္တဝါမပါဘူး (မှန်ပါ့ ဘုရား)၊ ပျက်သွားတာကို သိခြင်းကြောင့်လဲ (ပုဂ္ဂိုလ်သတ္တဝါ မပါ ပါဘူး ဘုရား)၊ အဲ နှစ်ခုစလုံးမပါဘူး၊ တစ်နည်း သင်္ခါရ တရားကိုမြင်လိုက်လို့လဲ ဥစ္ဆေဒ ဒိဋ္ဌိကွာတယ် (မှန်ပါ့ ဘုရား)။

ပျက်သွားတာ မြင်လိုက်သဖြင့်လဲ သဿတဒိဋ္ဌိ ကွာသွားတယ် (မှန်ပါ့ ဘုရား)၊ ဘယ်လောက်အဖိုးတန်သွား တယ် (မှန်ပါ့ ဘုရား)၊ ဘယ်လောက်အဖိုးတန်သွားတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သင်္ခါရတရား မြင်လိုက်သဖြင့်လဲ (ဥစ္ဆေဒဒိဋ္ဌိကွာပါတယ် ဘုရား)၊ ဥစ္ဆေဒိဋ္ဌိလဲမရှိဘူး ကောင်းပြီတဲ့၊ ဥစ္ဆေဒဒိဋ္ဌိ မရှိတာတော့ သဘောကျပြီ၊ ပျက်သွားတာ မြင်လိုက်ပြန်တယ် (သဿတဒိဋ္ဌိကွာပါတယ် ဘုရား)။

သဿတဒိဋ္ဌိလဲ မရှိတော့ဘူး၊ အတ္တဒိဋ္ဌိကော (မရှိတော့ပါ ဘုရား)၊ သက္ကာယဒိဋ္ဌိကော (မရှိတော့ပါ ဘုရား)၊ သူက ခွါနေတာ (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်သည် ဒိဋ္ဌိသုံးမျိုးကို ခွါနိုင်ပါတယ်

ဒါကြောင့် ဝိပဿနာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတို့ လေးလေးစားစားမှတ်ကြစို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဪ ဝိပဿနာဉာဏ်သည် ဒိဋ္ဌိသုံးမျိုးကို ခွါနိုင်ပါတယ် မဟုတ်လား (မှန်ပါ့ ဘုရား)၊ ဦးဇံရင် ဝိပဿနာဉာဏ် ကဘာတဲ့ (ဒိဋ္ဌိသုံးမျိုးကို ခွါနိုင်ပါတယ် ဘုရား)။

သင်္ခါရတရားမြင်တုန်းက ဘာဒိဋ္ဌိကွာ (ဥစ္ဆေဒဒိဋ္ဌိကွာပါတယ် ဘုရား)။

ကောင်းပြီပျက်တာလေး ပျက်သွားပြန်တယ်လို့ ဝိပဿနာ ဉာဏ်ကနေသိလိုက်ပြန်တော့ကော သဿတဒိဋ္ဌိနှင့် (အတ္တဒိဋ္ဌိစင်ပါတယ် ဘုရား)။

အေး အတ္တဒိဋ္ဌိ သက္ကာယ ဒိဋ္ဌိနော်ဒါတွေ အကုန်ကွာပါတယ် (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဉာဏ် ဒိဋ္ဌိသတ်တဲ့ ဉာဏ်သက်သက်မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်ဟာ ဘာပါလိမ့် (ဒိဋ္ဌိသတ်တဲ့ဉာဏ်ပါ ဘုရား)၊ ဒိဋ္ဌိသတ်တဲ့ဉာဏ်လို့ ဒကာ ဒကာမတွေ သေသေ ချာချာပိုင်ပိုင်နိုင်နိုင် သိရပါတယ် (မှန်ပါ့ ဘုရား)။

ဪ ဝိပဿနာရှု, ဝိပဿနာရှုဆိုလို့ ကျုပ်တော့ ရှုတော့ရှုနေတာပဲ၊ ဘာမှမမြင်သေးဘူးဆိုရင် ဟ-ဘာမှ မမြင်မြင်ဖြစ်တာ ပျက်တာလေးတွေ မရှိဘူး မရှိဘူး သိရင်တော်ပြီ။

မင်းတို့ သန္တာန်မှာ အပါယ်လားကြောင်း ဒိဋ္ဌိကတော့ပြုတ်နေပြီ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အပါယ်ကိုမသွားဘူး

ဒိဋ္ဌိကတော့ဖြင့် (ပြုတ်ပါပြီ ဘုရား)၊ ပြုတ်နေပြီဆိုကတည်းက ဒီပုဂ္ဂိုလ်တွန်းချ အပါယ်ကိုမသွားဘူး (မှန်ပါ့ ဘုရား)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒိဋ္ဌိရှိမှ အပါယ်သွားတာကိုး (မှန်ပါ့ ဘုရား)၊ ဥပမာမယ် စဉ်းစားကြည့်ပါ တံငါလုပ်တဲ့ပုဂ္ဂိုလ်ဟာ ငါစားဖို့ ဒိဋ္ဌိကလာ, မလာ (လာပါတယ် ဘုရား)။

ဦးခင်မောင် ဘာလာတုန်း (ဒိဋ္ဌိလာပါတယ် ဘုရား)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ အင်း လိမ်ချင်တဲ့ ပုဂ္ဂိုလ်လဲ ဘယ့်နှယ်ကြောင့်၊ သူများ ပစ္စည်းယူဖြစ်ပါလိမ့်မတုန်းဆိုတော့ –

ငါဝတ်ဖို့, ငါစားဖို့ ဒိဋ္ဌိကချည်း လာနေတာ (မှန်ပါ့ ဘုရား)၊ ဘယ်ကလာတာတုန်း (ဒိဋ္ဌိကချည်း လာနေတာပါ ဘုရား)၊ ဒိဋ္ဌိကချည်းလာတာပဲ ဆိုတဲ့ဥစ္စာ အကုသိုလ်တို့၏ ရေသောက်မြစ်ကဒိဋ္ဌိပဲ (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ဆိုကြမယ် (ဒိဋ္ဌိကအကုသိုလ်တို့၏ ရေသောက်မြစ်ပါ ဘုရား)။

ဒိဋ္ဌိမှ တစ်ပါး ရှိသေးရဲ့လား၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမရှုတဲ့ ပုဂ္ဂိုလ်ဟာ သင်္ခါရတရားပျက်တာကိုလဲ မမြင်၊ ပဋိစ္စသမုပ္ပါဒ် အစကိုလဲ ကိုယ်က မမှီလိုက်ဆိုရင်ဖြင့် ဦးဘတင် ဘယ်လိုမှ ဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ့ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်မသိလို့လဲ မပြုတ်ဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ်အလုပ်သည် ဒကာ ဒကာမတို့ ဝိပဿနာရှုတာသည်ကား ဆိုရင် ဘယ်အကျိုးငှာလဲ ဆိုလို့ရှိရင် အပါယ်လေးပါးတံခါး ပွင့်စေတဲ့ ဒိဋ္ဌိသတ်နေတယ်သာမှတ်ပေတော့ (မှန်ပါ့ ဘုရား)။

ဝိပဿနာရှုတာ ဘာပါလိမ့် (အပါယ်တံခါးပွင့် စေတဲ့ ဒိဋ္ဌိသတ်နေတာပါ ဘုရား)၊ ဒိဋ္ဌိသတ်နေတာ၊ ကျုပ်ဖြင့် ဝိပဿနာသာ လုပ်နေရတယ် ဘာမှကျေးဇူး, မရှိသေးဘူးလို့များ ဘယ်အခါကာလမှ မသုံးမိလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိသတ်နေတာ ခရီးရောက်နေတာ

ဒိဋ္ဌိသတ်နေတာ ခရီးရောက်နေတာလို့ အောက်မေ့ရမယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ ဒကာ ဒကာမတို့၊ သာသနာတွင်းမှန် မမှန် စဉ်းစားကြည့်တော့မှ ဒိဋ္ဌိကို သေသေ ချာချာနိုင်တာပဲ (မှန်ပါ့ ဘုရား)၊ ဘယ်နှယ့်ဆိုကြမယ် (ဒိဋ္ဌိကိလေသာကို သေသေချာချာနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိကိလေသာ နိုင်သဖြင့် ဒိဋ္ဌိနဲ့တွဲနေတဲ့ ငါရှိလို့ ဥစ္စာဆိုတဲ့ တဏှာကလဲ ရောပါပြီ၊ ပြုတ်သွားတယ် (မှန်ပါ့ ဘုရား)၊ မသေဘူးလား (သေပါတယ် ဘုရား)။

အလွန်ကျေးဇူးများတယ်

ဦးခင်မောင်ရေ၊ ဒီနေ့အတွက်မှာ အလွန်ကျေးဇူးများတယ် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိသည် ဒကာ ဒကာမတို့ ၃နံပါတ် သမ္မာဒိဋ္ဌိက ဘယ်လောက်ထိအောင် ကျေးဇူးများသတုန်း ဆိုလို့ရှိရင်ဖြင့် –

အပါယ်လေးပါး ကျစေတတ်တဲ့ ခင်ဗျားတို့ ဝမ်းထဲမှာ တစ်သံသရာလုံး သူ့ကြောင့် မိုက်နေတဲ့ အမိုက်ထဲကလာ ပြီး အမိုက်ထဲနေတဲ့ ဒီ ဒိဋ္ဌိအမိုက်အမှားဟာ အကြီးဆုံးပဲ (မှန်ပါ့ ဘုရား)။

အဲဒီ ဒိဋ္ဌိအမိုက်အမှား စင်တဲ့နေ့လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ပဏ္ဍိတလဲ ဝင်လာပြီ (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား ရှင်းပြီနော်။

ကဲ နက်ဖြန်မှ ဆက်ကြဦးစို့။

သာဓု…သာဓု…သာဓု။