13311

မာတိကာသို့

နီဝရဏဖယ်နည်း (၂)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

နီဝရဏဖယ်နည်း (၂)

အလုပ်ပေးတရားတော်

(၁၄-၁၂-၆၀)

တရားနာနည်း နိဿရည်း

တရားနှလုံးသွင်းကြ၊ တရားကို မှတ်ကြလို့ နှစ်ခု သတိပေးလိုက်တယ်နော် (မှန်ပါ)၊ တရားနာတော့မယ်ဆိုလို့ ရှိရင်ဖြင့် ဘုန်းကြီးပြောတဲ့ တရားကို နားကနာပါလို့ သတိပေးလိုက်တယ် (မှန်ပါ) ဉာဏ်က ခန္ဓာကိုယ်ထဲမှာ အမြဲတမ်း လှည့်ထားပါ၊ ဘယ်နေရာမှာ ပြောနေတယ်၊ ဘယ်နေရာမှာ ဖြစ်တာ ပျက်တာကို ဆရာဘုန်းကြီးက ဉာဏ်နဲ့လက်ညှိုး ညွှန်ပြနေတယ်ဆိုတာကို ပွားမှ ရမှာဖြစ်လို့ ဒကာ ဒကာမတွေကို သတိပေးလိုက်ပါတယ်၊ ဆုတောင်းရုံနှင့် မရပါဘူး၊ ပွားမှရမယ်နော် (မှန်ပါ ဘုရား)။

နားက တရားကိုနာပါလို့ ဒကာ ဒကာမတွေ တရားနာနည်း နိဿရည်းကို ပေးပါတယ်နော် (မှန်ပါ)၊ နားကတော့ ကြားရုံကြားတတ်တာတဲ့၊ ဖြစ်တာ၊ ပျက်တာ၊ မြင်တတ်တာကတော့ ဉာဏ်ကမှ မြင်တတ်တယ် (မှန်ပါ)၊ အဲဒီတော့ နားက တရားနာတယ်ဆိုပေမယ့် နားထောင်ရုံပဲလို့ မှတ်ပါ၊ ဉာဏ်က ခန္ဓာကိုယ်ထဲမှာ ထည့်ထားမှ ဉာဏ်ကမြင်မှာကိုး (မှန်ပါ ဘုရား)။

အဲဒါကြောင့် တရားနာရင်း မဂ်ဖိုလ် မဆိုက်တာသည် (ဝါ) နိဗ္ဗာန် မရတာသည် တရားမနာတတ်လို့ လို့ မှတ်ကြရမယ် (မှန်ပါ)၊ မနာတတ်လို့ပါ ဒကာ ဒကာမတို့၊ အခုဘုန်းကြီးပြောတဲ့နည်း ဘုရားဟောတဲ့အတိုင်း ဦးဘအုန်း တို့ နာကြပါ (မှန်ပါ ဘုရား)။

နားကတော့ တရားကို နာတတ်ရုံပဲ ရှိတယ်၊ နားကကြားတာကို ဉာဏ်ကနေပြီး သကာလ ခန္ဓာထဲမှာ ဘယ်နေရာမှာ ဆိုတယ်ဆိုပြီး အဲဒီနေရာ ဉာဏ်ကလေးက စိုက်စိုက် စိုက်စိုက်ပြီး နှလုံးသွင်းလိုက်လို့ ရှိရင်ဖြင့် နားကတရားနာ ဉာဏ်က ခန္ဓာကိုယ် ဖြစ်ပျက်စီ နှလုံးသွင်းပြီး စိုက်လိုက်လို့ရှိရင် တရားအလယ် လောက်လဲ နိဗ္ဗာန်ရနိုင်တာပဲ၊ တရားအဆုံး မှာလဲ နိဗ္ဗာန်ရနိုင်တာပဲလို့ မှတ်ကြပါ (မှန်ပါ ဘုရား)။

ဉာဏ်စိုက်ပြီး ပွားလို့ရတာ

အဲဒီတော့ နာရုံနဲ့ရသလား၊ ဉာဏ်စိုက်ပွားလို့ ရသလားဆိုတာ ဝေဖန်ကြည့်ပါ (ဉာဏ်စိုက်ပြီးပွားလို့ ရတာပါ ဘုရား)၊ ဉာဏ်စိုက်ပြီး ပွားလို့ရတာလို့ ဒကာ ဒကာမတွေက သေသေချာချာမှတ်ပါ (မှန်ပါ ဘုရား)။

အဲဒီတော့ ဘုရားက ဘာဝနာသုတ်ဆိုပြီး ဟောတော်မူလိုက်တယ် (မှန်ပါ)၊ ဘာဝနာသုတ်ဆိုပြီး ဟောလိုက်တယ်၊ ဒကာ ဒကာမတို့ သတိထား နားထောင်ပါ၊ ရှေ့ပိုင်းမှာ နည်းနည်းထည့်ပေးနေတာ (မှန်ပါ)။

ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး မင်းတို့ကို ဥပမာနဲ့တကွပြမယ်၊ ကြက်မကြီးဟာ ကြက်ဥဆယ်လုံး ဆယ့်နှစ်လုံး စသည် ဥတယ်ကွာတဲ့၊ ဥပြီးသည်၏ အခြားမဲ့၌ အပြင်ဘက်ကနေပြီး သကာလ ငါ့သားကလေးတွေသည် ကောင်းကောင်းမွန်မွန် ပေါက်ပြီး သကာလ ဥခွံထဲမှထွက်ပြီး ကောင်းကောင်းမွန်မွန် အစာရှာစားနိုင်ပါစေလို့ ကြက်ဥကို အပြင်ဘက်ကနေပြီး မေတ္တာပို့ဆုတောင်း နေတယ်၊ ကြက်ဥကလေးတွေက ပုပ်သွားတယ် (မှန်ပါ ဘုရား)။

ကြက်ဥကလေးတွေက ဘာဖြစ်သွားတုန်း (ပုပ်သွားပါတယ်)၊ ဘာဖြစ်လို့ ဒီကြက်ဥကလေးတွေ ပုပ်သွားသတုန်း ဆိုလို့ရှိရင်ဖြင့် ဥသာ ဥတယ် ကြက်ကလေးတွေပေါက်တဲ့အလုပ်ကို မလုပ်လို့ (မှန်ပါ)၊ ဥတော့ ဥပါတယ်၊ ကြက်ကလေးတွေ ပေါက်ပွားလာအောင် ကြက်ကောင်ဖြစ်လာအောင် ဝပ်ရတဲ့အလုပ်ကို မလုပ်လို့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒီကြက်မကြီးဟာ ဒကာ ဒကာမတို့ အင်္ဂုတ္တိုရ်မှာပဲ လာပါတယ်၊ တစ်ခါတစ်ခါ ဝပ်ပေးလိုက်၊ အပူငွေ့ ကလေးပေးလိုက်၊ ကြက်နံ့ပေးလိုက်၊ လေကလေးလုံအောင် ဝပ်ပေးလိုက်၊ အပူငွေ့ပေးလိုက်၊ ကြက်နံ့ပေးလိုက်ဆိုတဲ့ အလုပ် သုံးလုပ်ကို လုပ်လိုက်တယ်နော် (မှန်ပါ ဘုရား)။

ကြက်မကြီးအလုပ်(၃)လုပ်

လေလုံအောင် အတောင်ပံကလေး ဖြန့်ပြီး သကာလ ကာပေးတာ ၁-နံပါတ် အလုပ် (မှန်ပါ)၊ သူ့ရင်ဘတ်က အပူငွေ့ကလေးတွေ ပေးတာက ၂-နံပါတ်အလုပ် (မှန်ပါ)၊ ကြက်တို့၏အနံ့ကို ပေးတာက ၃-နံပါတ် အလုပ် (မှန်ပါ)။

ဒီအလုပ်သုံးလုပ်ကို ဒကာ ဒကာမတို့ ကြက်မကြီး လုပ်မယ်ဆိုလို့ရှိရင်ဖြင့် ငါ့သားကလေးတွေ ပေါက်ပါစေ၊ အပြင်ဘက်ထွက်ပြီး သကာလ ကြက်တို့၏ ပွဲသဘင်ထဲမှာပဲ ကြက်ကောင်အဖြစ်နဲ့ နွှဲနိုင်ပါစေဆိုတာ ဆုတောင်းဖို့ မလိုပါဘူး (မလိုပါ ဘုရား)၊ ကြက်တောင်ဖြန့်အုပ်တဲ့အလုပ်၊ ရင်ဘတ်အပူကို ကြက်ဥကလေးပေါ်မှာပေးတဲ့အလုပ်၊ ကြက်တို့၏အနံ့ကို ပေးတဲ့အလုပ် သုံးလုပ်ကို လုပ်လို့ရှိရင်ဖြင့် ပေါက်ပါစေ ကြက်ပွဲထဲမှာ ကြက်ကောင်ကြီးအဖြစ်နဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ပါစေဆိုတာ ဆုမတောင်းပါနဲ့၊ ကြက်အလုပ် သုံးလုပ်ကို လုပ်ရင် ကြက်ကလေးတွေဟာ ဥထဲမှာရှိတဲ့အရည်တွေက ခန်းခြောက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အရည်တွေကခန်းခြောက်၊ ဥခွံကပါး၊ ကြက်ကောင်ကလေးတွေ၏ နှုတ်သီးဖျား ခြေသည်းဖျားတွေကရင့်လာ တော့ ကြက်ကလေးတွေက အပြင်ဘက် အလင်းရောင်မြင်ပြီး ခြေထောက်ကလေးတွေနဲ့ကန်၊ နှုတ်သီးကလေးတွေနဲ့ လည်ပင်းဆန့်လိုက်တဲ့အခါမှာ နှုတ်သီး ခြေသည်းနဲ့ အခွံပါးနဲ့ သွားထိပြီး ဖြန်းခနဲ ကွဲထွက်သွားတယ် (မှန်ပါ)။

အမေက လုပ်ပေးရသေးရဲ့လား (မလုပ်ရပါ ဘုရား)၊ အမေက သူ့ဝတ္တရားသုံးခုကိုသာ သူလုပ်ရတယ်၊ ကြက် ကောင်းကလေးတွေ ဖြစ်လာတာပဲ (မှန်ပါ)။

အပြင်ဘက်ကနေပြီး ကြက်မကြီး စေတနာထားပြီး ဆုတောင်းနေရုံနဲ့ ကြက်ကလေးတွေ ပေါက်သလား (မပေါက် ပါ ဘုရား)၊ ကြက်မကြီးဟာ သူ့အလုပ်ကိုလုပ်လို့ပဲ ကြက်ကောင်ကလေးတွေ ပေါက်သလားဆိုတာ စဉ်းစားကြည့်စမ်း (ကြက်မကြီးက သူ့အလုပ်ကို လုပ်လို့ ပေါက်တာပါ ဘုရား)။

လုပ်သင့်တဲ့အလုပ်ကို လုပ်မှရမယ်

ထို့အတူပဲ ဒကာ ဒကာမတွေက နိဗ္ဗာန်ရ – ရပါလို့၏လို့ အပြင်ဘက်က ဆုထောင်းနေလို့မရဘူ၊ ဉာဏ်က ခန္ဓာထဲလှည့်ပြီး ကြက်မကြီး လုပ်သင့်တဲ့အလုပ်ကို လုပ်မှရမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဉာဏ်က ခန္ဓာလှည့်သွားပြီး ကြက်မကြီးလုပ်သင့်တဲ့အလုပ် သုံးလုပ် ရှိသလို ဖြစ်ပျက် အနိစ္စ၊ ဖြစ်ပျက် ဒုက္ခ၊ ဖြစ်ပျက် အနတ္တအလုပ်ကို မလုပ်ရင် ရကိုမရဘူး (မှန်ပါ ဘုရား)၊ ဘယ်နည်းနဲ့မှ အဝိဇ္ဇာဥခွံပါး၍ တဏှာအစေး ခြောက်ပြီး သကာလ ဉာဏ်ခြေသည်း လက်သည်း ထက်မယ် မဟုတ်ပါဘူး (မှန်ပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဒီအလုပ်သည် ဒီအတိုင်းနေရမည့် အလုပ်လား၊ ပွားများရမည့် အလုပ်လား (ပွားများရမည့်အလုပ်ပါ ဘုရား)။

ဪ ဒါဖြင့် ဆုထောင်းရမည့်အလုပ်ကို အသာထားပြီး ပွားများရမည့်အလုပ်ကို ပွားလိုက်လို့ရှိရင် ကြက်မကြီး က အပြင်ဘက်ကနေပြီး ငါ့သားကလေးပေါက်ပါစေ၊ ကြက်ပွဲပရိသတ်ကြီးထဲမှာ ကြက်ကောင်ကလေးအဖြစ်နဲ့ ဆင်နွှဲပါ စေဆိုပြီး ဆုတောင်းနေတုန်းက ပုပ်သွားတယ် (မှန်ပါ)၊ ကြက်မကြီးက အလုပ်သုံးလုပ် လုပ်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဥခွံကပါး၊ အရည်ကခန်းခြောက်၊ ကြက်ကလေးတွေ၏ ခြေသည်း လက်သည်းကလေးတွေ ရင့်ကျက်ပြီး သူ့ဟာသူ ဖေါက်ခွဲထွက်လာတယ် (မှန်ပါ)၊ ကြက်မကြီး ကူချင်ကူ မကူချင်နေ ထွက်လာတာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်တဲ့အလုပ်သည် ဆုတောင်းအလုပ်လား၊ ပွားများမှုအလုပ်လားဆိုတာကို စဉ်းစားကြည့်ပါ (ပွားများမှုအလုပ်ပါ ဘုရား)၊ အဲဒါကြောင့် ဆုမတောင်းပါနဲ့လို့ ဆရာဘုန်းကြီးက မကန့်ကွက်ပါဘူး၊ တောင်းတော့ တောင်းတာပေါ့၊ သို့သော် မပွားများဘဲ နေရင်တော့ မရပါဘူး (မှန်ပါ)၊ ပွားများရင်တော့ဖြင့် (ရပါတယ် ဘုရား)။

ဒါ ဘာဝနာသုတ်ဆိုပြီး သကာလ သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာ သေသေချာချာဟောပါတယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ အဲဒီတော့ ပွားများနည်း နိဿရည်းကို ပြကြပါစို့ဆိုတော့ မနေ့ကတရားကို ဆက်ကြစို့ (မှန်ပါ)။

မဂ်ဖိုလ်တားမြစ်တဲ့ တရားငါးပါ

ဒကာ ဒကာမတို့ မဂ်ဖိုလ်တားမြစ်တဲ့ တရားငါးပါးလို့ မနေ့က ဟောခဲ့တယ် (မှန်ပါ)၊ ဒီဘက်က လောဘ၊ ဒီဘက်က ဒေါသ၊ ဒီဘက်က ထိနမိဒ္ဓ၊ ဒီဘက်က ဥဒ္ဓစ္စကုက္ကုစ္စ၊ ဒီဘက်က ဝိစီကိစ္ဆာ ဘယ်နှစ်မျိုးရှိပါလိမ့် (ငါးမျိုးရှိပါတယ် ဘုရား)။ ဒီငါးမျိုးပေါင်းခေါ်ရင် ဒကာသစ် ဘာတရားတဲ့တုန်း (နီဝရဏငါးပါးပါ ဘုရား)။

နီဝရဏဆိုတာသည် ဒကာ ဒကာမတို့ မဂ်လမ်း ဖိုလ်လမ်းကို မတတ်ဖြစ်အော် ပိတ်ပင်တဲ့တရားလို့ မှတ်လိုက် စမ်းပါ (မှန်ပါ)၊ ဒါကြောင့် နီဝရဏတရားလို့ခေါ်လိုက်ပါတယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်ပါပြီ ဘုရား)။

အဲဒါတွေကို ပွားများပြီးမှ မထုတ်ဘူးဆိုလို့ရှိရင်တော့ ဒကာအုန်းတို့၊ ဒကာကြွယ်တို့ သွားပြီး၊ ပွားများပြီးတော့ကို ထုတ်ပစ်ရမယ် (မှန်ပါ)၊ ပွားများပြီးဖယ်၊ ပွားများပြီး ရှင်းပစ်ရမယ်ဆိုတာ လေးစားစွာနဲ့ သတိပေးလိုက်ပါတယ် (မှန်ပါ့)၊ ဒီအလုပ်ကိုဖြင့် လက်မလျှော့ကြပါနဲ့လို့ တရားနာတဲ့ ဒကာ ဒကာမတွေ အရေးကြီးတဲ့အချက်ကို အရေးကြီး သလို နှစ်ရက်ဆက် ပြောတယ်လို့မှတ်ပါ (မှန်ပါ ဘုရား)။

ဆုတောင်းပြီး ဘယ်လိုပဲတောင်းနေ ဒါတွေ မဖယ်လို့ရှိရင် ဒကာကြွယ်တို့၊ ဦးလှတိုးတို့ စဉ်းစားကြည့်၊ ရ-မရ (မရပါ ဘုရား)၊ သူတို့က ပေါင်းခေါ်တော့ ဘာတရားတဲ့တုန်း (နီဝရဏတရားပါ)၊ ဆုတောင်းရုံသာ တောင်းနေတယ်၊ ဝမ်းထဲမှာတော့ ဒါတွေက ရှိနေတယ်၊ ဒါတွေကို ဖယ်မပစ်ဘူးဆိုရင် ဘယ်တော့ရမှာတုန်း (မရပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ဆရာကောင်း သမားကောင်း လိုတယ်ဆိုတာ ဒကာကြွယ် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ရိပ်မိကြပါဆိုတာ သေသေချာချာ သတိပေးလိုက်ပါတယ် (မှန်ပါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်က တရားဟာ ဘာတရားတဲ့ (လောဘတရားပါ)၊ ဒီဘက်က (ဒေါသ တရားပါ)၊ ဒီဘက်က (ထိနမိဒ္ဓ)၊ ဒီဘက်က (ဥဒ္ဓစ္စကုက္ကုစ္စပါ)၊ ဒီဘက်က (ဝိစိကိစ္ဆာပါ)၊ ဒီတရားတွေ ဝမ်းထဲမှာ တစ်ခုခုရှိနေမယ် ဆိုလို့ရှိရင် ဘယ်နည်းနဲ့မှ ကိုယ့်ဉာဏ်လဲ မရင့်ကျက်ဘူး၊ ဉာဏ်တည်ရာဌာနကလဲ သူတို့ တည်နေတာနဲ့ ဉာဏ်တည်ရာ ဌာနလဲ မရတော့ဘူး (မှန်ပါ ဘုရား)။

ဉာဏ်တည်ရာဌာနကို ရသေးရဲ့လား

သူတို့ကလဲ ဟဒယဝတ္ထုပေါ်မှာပင် တည်နေတာ့၊ မဂ်တား ဖိုလ်တားတွေက တည်နေတာ့ ဉာဏ်က တစ်ခါတည်း ဖြစ်ပျက်မမြင်၊ ဖြစ်ပျက်မမုန်း၊ ဖြစ်ပျက်အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံမပြုနိုင်၊ ဉာဏ်တည်ရာဌာနကို ရသေးရဲ့လား (မရပါ)။ ကဲ ဦးဘအုန်း ကိုယ်ကျိုးနည်းပြီ (နည်းပါပြီ ဘုရား)။

ဒါ သူ့တို့ ပွားထုတ်ရမယ်နော် (မှန်ပါ)၊ ပွားထုတ်ရမယ် ဒကာ ဒကာမတို့၊ ဒါကြောင့် သတိထားကြပါလို့ ပြေလိုက်ပါတယ် (မှန်ပါ)၊ အဲဒါ မနေ့ကလဲ ဟောပြီးသားဖြစ်နေလို့ ဒီနေ့ ၁-နဲ့ ၂-ကို ခပ်ကျဉ်းကျဉ်းနဲ့သိမ်းပြီး ၃-၄-၅ ကို အကျယ်တဝင် ပြောကြရအောင်နော် (မှန်ပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သင်္ဂါရဝပုဏ္ဏားက ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို သွားပြီ သကာလ မေး လိုက်ပါတယ်၊ အရှင်ဘုရား တပည့်တော်ဟာ တစ်ခါတစ်လေကျတော့ ရတဲ့မန္တာန်တွေ အကုန်ပျောက်တယ်ဘုရား၊ တစ်ခါတလေကျပြန်တော့လဲ မန္တာန်တွေ ရတဲ့ဟာတွေ အကုန်ပေါ်တဲ့အပြင် မေ့နေတာတွေတောင်မှ ပေါ်လာပါသေး တယ်၊ အဲဒါ ဘယ့်နှယ်ကြောင့်တုန်းတဲ့ သိင်္ဂါရဝပုဏ္ဏားက မေးလျှောက်တယ် (မှန်ပါ ဘုရား)။

အဲ့ဒီအကြောင်းနှစ်ခုကို ငါရှင်းပြရာ၌ မင်းကို ဥပမာနဲ့ပြောရင် မင်းနားလည်ပါလိမ့်မယ်တဲ့၊ ရေခွက်ထဲကို ရေအပြည့်ထည့်၊ ဆေးနီ ဆေးဝါ ဆေးပြာတွေနဲ့ ရောပြီးထည့်ကွတဲ့ (မှန်ပါ့)၊ ကိုယ့်မျက်နှာရိပ်ကို ဒီအထဲဟပ်ကြည့်ပါ၊ မျက်နှာနဲ့ဟပ်ကြည့်ပေါ့လေ (မှန်ပါ) ကိုယ့်မျက်ခုံး ဘယ်လိုနေတယ်၊ ကိုယ့်မျက်လုံး ဘယ်လိုနေတယ်၊ နှာခေါင်း ဘယ်လို နေတယ်ဆိုတာ သိပါ့မလား (မသိပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မသိသလဲ၊ ဒီရေရိပ်ထဲရှိတဲ့ဥစ္စာပဲ၊ ရေဆိုတာ မှန်ပဲ၊ ရှေးကတော့ ရေမှန်ကိုးဗျ (မှန်ပါ)၊ အဲ့ဒီရေမှန်ထဲမှာ ကြည့်တာ ဘယ့်နှယ်ကြောင့် မမြင်ရသလဲမေးတော့ ဒကာသစ်၊ ဒကာအုန်း တို့က အဖြေထုတ်စမ်းပါ (ဆေးနီ ဆေးဝါ ရောထားလို့ပါ ဘုရား) ဪ ကြည်မည့်ဥစ္စာ မကြည်ရအောင် ရောထားတယ် (မှန်ပါ)။

ကိုယ့်မျက်နှာရိပ် မထင်ခြင်း၏အကြောင်းသည်

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်မျက်နှာရိပ် မထင်ခြင်း၏အကြောင်းသည် ရေထဲမှာ မျက်နှာရိပ်ဟာ ရေငြိမ်ငြိမ်နဲ့ ရေကြည်ကြည်နဲ့ဆိုလို့ရှိရင်ဖြင့် ဒါထင်ရမှာပဲ၊ အခုတော့ ဘယ့်နှယ်ကြောင့် မထင်သတုန်းဆိုတော့ ရေထဲမှာ ဆေးနီ ဆေးပြာ ဆေးဝါတွေ ရောနေတယ် (မှန်ပါ)၊ အဲဒီအရောတွေ မဖယ်ဘဲနဲ့တောာ့ဖြင့် ကိုယ့်မျက်နှာရိပ် ကိုယ်မြင့်နိုင်ပါ့ မလား (မမြင်နိုင်ပါ ဘုရား)။

ထို့အတူပဲ သင်္ဂါရဝပုဏ္ဏားရတဲ့ ဟဒယဝတ္ထုတည်းဟူသော သွေးရေတွေထဲမှာ လောဘဆိုတဲ့ ဆေးနီ ဆေးဝါ ဆေးပြာ တွေရောနေတယ်ကွတဲ့၊ အဲဒီအချိန်မှာ မင်းမန္တာန်တွေ နှလုံးသွင်းငြားသော်လဲ မမြင်နိုင်၊ မထင်နိုင်ဘူး (မှန်ပါ)၊ ထို့အတူ ခန္ဓာကိုယ်ထဲမှာ “သဗ္ဗသေင်္ခါရ အနိစ္စာ” ဆိုတော့ အကုန် အနိစ္စ ဘယ်အချိန်ကြည့်ကြည့် ရှိရမည့် ဥစ္စာကို မမြင်တာသည် ဒကာ ဒကာမတို့ ဉာဏ်မျက်လုံးကို နီဝရဏဆိုတဲ့ လောဘက ဖုံးနေတယ် (မှန်ပါ)။

ဉာဏ်မျက်လုံးကို (နီဝရဏဆိုတဲ့ လောဘက ဖုံးနေပါတယ်)၊ နီဝရဏဆိုတဲ့လောဘက ဖုံးနေတဲ့အတွက် ဒကာ ဒကာမတို့ မမြင်ဘူး (မှန်ပါ ဘုရား)။

ခန္ဓာကိုယ်ထဲမှာ အထင်အရှားရှိတာက အနိစ္စ ဒုက္ခ အနတ္တတွေ မရှိဘူးလား (ရှိပါတယ်)၊ အနိစ္စ ဒုက္ခ အနတ္တဆိုတာ စာသုံးပေသုံးစကားနော် (မှန်ပါ)၊ အဲ့ဒါကို တိုတိုနဲ့ သဘောပေါက်ရန် ဘုန်းကြီးက အနိစ္စလဲ ဖြစ်ပျက်၊ ဒုက္ခလည်း ဖြစ်ပျက်၊ အနတ္တလည်းဖြစ်ပျက်၊ အသုဘလဲ ဖြစ်ပျက်၊ ဒုက္ခသစ္စာလဲ (ဖြစ်ပျက်ပါပဲ)၊ အဲ ဖြစ်ပျက်တွေ မမြင်တာ ဘာဖြစ်လို့ပါလိမ့်မတုန်းဆိုတော့ ခန္ခာက ဖြစ်ပျက်ခန္ဓာကြီး၊ အနိစ္စာ ဝတ သင်္ခါရာဆိုတော့ အနိစ္စနဲ့ သင်္ခါရပဲ ရှိတယ်၊ သင်္ခါရဆိုတာ ဖြစ်တာ၊ အနိစ္စဆိုတာ ပျက်တာ (မှန်ပါ)၊ အနိစ္စနဲ့ သင်္ခါရပဲရှိတယ် (ဝါ) ဖြစ်ပျက်သာရှိတာကို ပင်ကိုရှိလို့ ဒကာ ဦးလှဘူး တို့က မှတ်ထားလိုက်စမ်းပါ (မှန်ပါ ဘုရား)။

အဲ့ဒါကို ဆရာဘုန်းကြီးက ဉာဏ်နဲ့ကြည့်၊ ဉာဏ်နဲ့ကြည့်ဆိုတော့ မမြင်ဘူးဘုရာ့၊ ဟာ-ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ရောနေပြီ (မှန်လှပါ ဘုရား)။

ဘယ်လိုဆိုကြမယ် (ရောနေလို့ မမြင်တာပါ ဘုရား)၊ ရောနေပြီနော် (မှန်ပါ)၊ မရှိလို့ မမြင်တာလား၊ ကြည့်စရာ အပေါ်မှာ ကြည်ကြည်လင်လင် မရှိလို့လား (ကြည့်စရာအပေါ်မှာ ကြည်ကြည်လင်လင် မရှိလို့ပါ ဘုရား)။

လောဘက မည်းနက်တဲ့တရား

အဲ လောဘဆိုတာက “တဏှာ ဓမ္မာ၊ သုက္ကာ ဓမ္မာ” ဆိုတဲ့အထဲမှာ ကဏှာဓမ္မာ မည်းနက်တဲ့တရား၊ လောဘက မည်းနက်တဲ့တရားဖြစ်ပြီး သကာလ နေတော့ ဦးဘအုန်း ရေ ရေထဲမှာ မဲနယ်တွေ ရောနေပြီ (မှန်ပါ ဘုရား)၊ ဘယ်လိုပင် မျက်နှာနဲ့ ရေနဲ့ဟပ် ရေပြင်ပေါ်မှာ ဟပ်ကြည့်စမ်း (မမြင်နိုင်ပါ ဘုရား)၊ မဲနယ်သတ္တိပေါ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီမဲနယ်ကို ကျုပ်တို့သည် စစ်၍ ဆည်ပစ်လိုက်စမ်းပါ၊ ပြီးတော့မှ ရေငြိမ်ငြိမ်၌ ကြည့်လိုက်စမ်းပါ၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာ နဂို ဖြစ်ပျက်တွေဟာ ဖြစ်ပျက်ချည်း ပေါ်လာတယ် မပေါ်လာဘူးလား (ပေါ်ပါတယ်)၊ အဲဒီတော့ ဖယ်ရှားတတ်ဖို့အရေးဟာ ဆရာမပြ နည်းမရဆိုတာ ဒကာကြွယ် ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ လောဘက အရင်ရောက်နေလို့ရှိရင်ဖြင့် လောဘကိုပဲ ဖယ်ရမယ်ဆိုတဲ့ အတိုင်း ဘာဝေတဗ္ဗကိစ္စနဲ့ ပွားရမယ်ဆိုတဲ့အတိုင်း ဒီလောဘကို ဖြစ်ပျက်ရှုချ (မှန်ပါ)၊

သူကို “သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ” ဆိုတဲ့အတိုင်း ဖြစ်ပျက်ရှုချ၊ သူ့ကို ပဇာနာတိနဲ့ လုပ်လိုက်စမ်းပါ (မှန်ပါ)၊ သူ့ကို ပဇာနာတိနဲ့ ဖြစ်ပျက် ရူလိုက်တဲ့အခါကျတော့ သူက ဖြစ်ပျက် ဆိုတော့ အနိစ္စ၊ အနိစ္စဆိုတာ “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ”၊ ဟုတွာ-နဂိုရှိက ရေထဲ၌ဖြစ်၍ အဘာဝဋ္ဌေန-ရေထဲ၌ ပျောက်သွားခြင်းသည်ပင်လျှင်၊ အနိစ္စံ-အနိစ္စပဲဆိုသလို မဲနယ်နှင့် တူတဲ့ လောကတရားကို အနိစ္စသဘောနဲ့ ဖြစ်ပြီး ပျက်တဲ့တရားပဲလို့ ရှုပစ်လိုက်တဲ့အခါကျတော့ သူက ဟဒယဝတ္ထုပေါ်မှာ နေနိုင်သေးရဲ့လား (မနေနိုင်ပါ ဘုရား)။

သူ့ကို ဖယ်ပြီးမှ ဒကာ ဒကာမတွေက ရေထဲကို မျက်နှာရိပ်ဟပ်သလို ကြည့်လိုက် သလို ဉာဏ်နဲ့ ခန္ဓာကိုယ်ဖြန့်လိုက်ပြီ ဆိုမှဖြင့် ဒကာကြွယ် နဂိုက အနိစ္စတွေဟာ အကုန်ပေါ်လာပါတယ် (ပေါ်လာပါတယ် ဘုရား)၊ ဒါဖြင့် ဖယ်ထုတ်ပစ်လိုက်တော့လဲ ပေါ်လာတယ်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အနိစ္စ ဘယ်နှစ်ချက် ရသတုန်း

ဒါဖြင့် အနိစ္စ ဘယ်နှစ်ချက် ရသတုန်းလို့မေးတော့ ဖယ်ထုတ်တဲ့ အနိစ္စက တစ်ချက် (မှန်ပါ)၊ ပင်ကိုရှိတဲ့ အနိစ္စက တစ်ချက် (မှန်ပါ)၊ အဲဒီတော့ ပထမအနိစ္စကို မဖယ်ဘဲနဲ့ ဒုတိယအနိစ္စကို မြင်ချင်လို့တော့ ဒကာသစ် မရ ဘူးမှတ် (မှန်ပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဪ တော်တော် အရေးကြီးတဲ့ အချက်အလက်ကြီးပါလားဆိုတာ ဒကာကြွယ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ဒါကြောင့် မနေ့က ပြောခဲ့တယ်၊ ဒကာ ဒကာမတွေကို ဪ ဒီနေ့ တရားရှုလို့မဖြစ်ဘူး၊ မဟုတ်တဲ့စိတ်တွေက တယ်ဝင်တယ်၊ စုန်းကဝေများ ဖမ်းရော့သလား၊ ကိုယ်က ပါရမီ မရှိရော့သလား၊ နက်ဖြန်မှ ရှုပါတော့မလေဆိုပြီး ထပြေးတတ်တယ် (မှန်ပါ ဘုရား)။

ထပြေးတော့ ဘုန်းကြီးက မနေ့က ပြောလိုက်တယ်၊ ထပြေးတာ မဟုတ်ဘူး၊ ခင်ဗျားတို့ လူကသာ ထပြေးတာ နော်၊ ခန္ဓာကိုယ်ထဲက အကြောင်းတရားတွေက အပါယ်လေးပါး ပို့ထားတာ (မှန်ပါ ဘုရား)။

ဒီတဏှာဆိုတဲ့ လောဘကလေးကို မရှုမိတော့ တဏှာ, ဥပါဒါန်, ကံ, အပါယ်, ဇာတိ, ဇရာ, မရဏ မလာ ပေဘူးလား (လာပါတယ် ဘုရား) ထပြေးတာလား၊ အပါယ်လေးပါး ဒယ်အိုးရှာ ထွက်တာလား (အပါယ်လေးပါး ဒယ်အိုးရှာ ထွက်တာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ပါရမီ မရှိတာ ဘုန်းကြီးက ဒါလောက် ကိစ္စမရှိဘူး၊ ဒယ်အိုးရှာထွက်တာကို သာပြီး စိုးရိမ်တယ် (မှန်ပါ)၊ စင်စစ်တော့ ဘာထွက်တာသေချာသတုန်း (ဒယ်အိုးရှာထွက်တာ သေချာပါတယ် ဘုရား)။

ဒယ်အိုးရှာထွက်တာ

ဒယ်အိုးရှာထွက်တာက သေချာတယ်ဆိုတော့ မရှာရပါဘူး၊ “ကမ္မံ သတ္တေဝိဘဇတိ” ဆိုတဲ့အတိုင်း ခင်ဗျားတို့ ဒီကံက စီမံတဲ့အတိုင်း ခံရုံပဲ ရှိတော့တယ် (မှန်ပါ)၊ ရောနေတော့ သူ့ကို ဖယ်မထုတ်ဘူး ဆိုတော့ သူက ကြီးပွားလာတယ် (မှန်ပါ)၊ တဏှာကြီးပွားတော့ ဥပါဒါန် (မှန်ပါ)၊ ဥပါဒါန် ကြီးပွားတော့ ဘာလုပ်သတုန်း (ကံပါ ဘုရား)၊ ကံကြီးပွားလာတော့ (ဇာတိပါ ဘုရား)၊ အဲ အပါယ်ဇာတိ ဇရာ မရဏတွေ မလာနိုင်ဘူးလား (လာနိုင်ပါတယ် ဘုရား)။

အဲ့ဒီဟာကို ခင်ဗျားတို့က ဘာဝေတဗ္ဗကိစ္စနဲ့ ပွားထုတ်ရမည့်အလုပ်၊ ရှုထုတ်ရမည့်အလုပ်ကို ဒကာအုန်း တို့က ပေါ့လိုက်တဲ့အတွက် ဒယ်အိုးရှာထွက်တဲ့သဘော ရောက်သွားတယ် (ရောက်သွားပါတယ် ဘုရား)။

ဒါဖြင့် ဦးလှဘူး ရေ ကျုပ်တို့သည် ဆရာမပြ နည်းမရဆိုတဲ့အတိုင်း သူ့ကို အရင် ရှုပစ်ရတယ် (မှန်လှပါ ဘုရား)၊ သူ့ကို ရှုဖို့ ဘယ်ပါဠိတော်က ညွှန်သတုန်းဆိုတော့ “သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ” သတိပဋ္ဌာန်ပါဠိတော် စိတ္တာနုပဿနာခန်းမှာ (မှန်ပါ)၊ သရာဂံ ဝါ စိတ္တံ-သရာဂစိတ်ပေါ်နေတာကို၊ သရာဂံ စိတ္တန္တိ-သရာဂစိတ်ဟူ၍ (ဝါ) လောဘစိတ်ဟူ၍၊ ပဇာနာထိ ဖြစ်ပျက်မိအောင် ကြည့်ပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်မိအောင် ကြည့်

ဖြစ်ပျက်မိအောင် ကြည့်လိုက်တဲ့အခါကျတော့ သူရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတော့မှ ခင်ဗျားတို့ ဘုန်းကြီး ပေးထားတဲ့ ဝေဒနာကမ္မဋ္ဌာန်းကို ကြိုက်ရင် ဝေဒနာကမ္မဋ္ဌာန်း ဖြစ်ပျက်ရှု (မှန်ပါ)၊ စိတ်ကမ္မဋ္ဌာန်းကြိုက်ရင် (စိတ် ကမ္မဋ္ဌာန်း ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

အဲဒီတော့ သူတို့ကလဲ နဂိုကလဲ ဘာတရားတွေတုန်းဆိုတော့ ဝေဒနာကလဲ ဖြစ်ပျက်၊ စိတ်ကကော (ဖြစ်ပျက်ပါ ဘုရား)၊ နဂိုအရှိတွေ မဟုတ်လား (အရှိတွေပါ ဘုရား)၊ နဂိုအရှိကို ဘယ့်နှယ်ကြောင့် မမြင်သတုန်းဆိုတော့ ခုနင်ကဟာက ဖြစ်ပျက် ဖယ်ပြီးမထုတ်လို့ (မှန်ပါ)၊ လောဘ ဖြစ်ပျက်ကို ဖယ်မထုတ်မိလို့ သူကို မမြင်ဘဲဖြစ်နေတာ (မှန်ပါ)၊ ရေထဲမှာ ဆေးရောနေလို့ မျက်နှာရိပ် မထင်လာသလို ခန္ဓာရိပ်မထင်လာဘဲ ဖြစ်နေတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာရိပ်က အနိစ္စ၊ ဒုက္ခ၊ အနတ္တ မဟုတ်လား (မှန်ပါ)၊ အဲဒါ ဉာဏ်နဲ့ ကြည့်တဲ့အခါကျလိုရှှိရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တအရိပ်တွေဟာ ကိုယ့်ဉာဏ်ထဲမှာ ထင်လာတယ် (မှန်ပါ)၊ ဒါဖြင့် ဖယ်တတ်ကြပြီလား (ဖယ်တတ်ပါပြီ)၊ ဒါဖြင့် သူ့အရင်ရှု (မှန်ပါ)၊ လောဘကို (အရင်ရှုရမှာပါ ဘုရား) ပြီးတော့မှ ဆရာသမားဆီက တောင်းထားတဲ့ ကိုယ့်စရိုက်နဲ့ သဘာဝနဲ့ သင့်လျော်တဲ့ ကမ္မဋ္ဌာန်းကို (ရှုရမှာပါ ဘုရား)၊ ရှုရမယ်ဆိုတာ သေချာပြီလား (သေချာပါပြီ)၊ အဲဒီတော့ ထ,ပြေးရင် ဒယ်အိုးရှာ ထွက်တယ် (မှန်ပါ)၊ ဒယ်အိုးရှာ ထွတ်တာပဲဆိုတာ ဪ အပါယ်သံသရာ စခန်းသွားဦးတော့မှာပဲ ဆိုတာပါတဲ့ (မှန်ပါ ဘုရား)။

ပါရမီတွေ ဘာတွေ တွေးမနေနဲ့၊ နည်းမရလို့ မထင်တာကိုးဗျ (မှန်ပါ)၊ နည်းရရင် (ထင်မှာပါ ဘုရား)။

ဘာကြောင့်တုန်းဆိုလို့ရှိရင်ဖြင့် မန်ကျည်းပင် ကြည့်လိုက်လို့ရှိရင် မန်ကျည်းရွက် ကြွေတဲ့အခါ ကြည့်ပါ၊ ကြွေတဲ့မျိုးမို့ ဦးဘအုန်း မန်ကျည်းရွက်ဟာ ကြွေနေတာပဲ (မှန်ပါ)၊ အဲ့ဒီ မန်ကျည်းရွက် ကြွေနေတာကို ကျုပ်မမြင်ဘူးလို့ ဆိုလို့ရှိရင်ဖြင့် မျက်လုံးပေါ် ဖုံးနေတာ ရှိပါလိမ့်မယ် (ရှိပါတယ် ဘုရား)၊ မန်ကျည်းရွက်က ကြွေတတ်တဲ့ အမျိုးကိုးဗျ၊ ကျုပ် မမြင်ပါဘူးလို့ဆိုလို့ရှိရင် အများကလဲ မန်ကျည်းရွက်တွေ အောက်မှာပုံနေ၊ သူကလဲ ကြွေတာမမြင်ဘူးဆိုတော့ သူမျက်လုံး တစ်ခုခုတော့ဖြစ်ပြီ (မှန်ပါ ဘုရား)။

နီဝရဏဖုံးနေပြီ

ဒီမှာလဲ ခန္ဓာကိုယ်ကြီးက ဘယ်အခါမဆို အနိစ္စပါလို့ရှိလျက်ကယ်နဲ့ ကြည့်လိုက်တဲ့အခါ မမြင်လို့ရှိရင်ဖြင့် ခုနင်က မန်ကျည်းပင်မမြင်တဲ့လူ တိမ်သလာဖုံးနေသလို သူ့မှာ “နီဝရဏဖုံးနေပြီ” (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ)၊ နီဝရဏဖုံးနေလို့ မမြင်တာကို နီဝရဏဖယ်ပစ်လိုက် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

နီဝရဏဖယ်ပစ်လိုက်ဆိုတော့ ဖယ်နည်းကော ရပြီလား (ရပါပြီ)၊ ဘယ်လိုလုပ်မယ် (ဖြစ်ပျက်ရှုပစ်ရမယ်)၊ သူ့ကို အရင်ဖြစ်ပျက်ရှုပစ်ပါ (မှန်ပါ ဘုရား)။

သူ့ကို အရင်ဖြစ်ပျက်ရှုဆိုတော့ ဒီနေ့ စကားတစ်လုံး တိုးပေးလိုက်မယ်၊ ရှုစရာက သူက ပေါ်လာတာ၊ ဒီ့ပြင် ဟာတွေက မပေါ်လာသေးဘူး၊ သူက ရှေ့ထွက်အဖြစ်နဲ့ ပေါ်လာတာ (မှန်ပါ ဘုရား)။

ဇာတ်သဘင် သွားကြည့်တဲ့အခါ အပျိုတော်ထွက်လာတယ်ဆိုတာ ရှေ့ထွက်ပေ့ါဗျာ (မှန်ပါ)၊ ကျုပ်တို့ဖြင့် ဇာတ်သွားကြည့်ဦးမယ် ဆိုသော်လဲ ဇာတ်တော့ ဘယ်မှာ ဖြုန်းခနဲတွေ့နိုင်ပါ့မတုန်း၊ ရှေ့ထွက်ပဲ အရင်တွေ့မှာပေါ့ (မှန်ပါ)၊ ဒီမှာလဲ ထို့နည်းတူပဲ ပုထုဇဉ်ဆိုတော့ ကိလေသာထူပြောတဲ့ပုဂ္ဂိုလ်ဆိုတော့ ရှေ့ထွက်ကို အရင်လာတွေ့တယ် (မှန်ပါ)၊ အဲဒီ ရှေ့ထွက်ကိုပဲ ခင်ဗျားတို့ကရှု (မှန်ပါ)၊ ရှေ့ထွက်ကို ဖြစ်ပျက်ရှုရင် နောက်ထွက်တွေဟာ ရှုမိမှာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ကျေနပ်ကော ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် နေရာကျပါပြီ၊ လောဘလာရင် ဖြစ်ပျက်ရှု၊ ပြီးမှ မိမိရဲ့ မူလကမ္မဋ္ဌာန်း ဆက်ရှု (မှန်ပါ ဘုရား)။

ဒကာသစ် ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) ဒါဖြင့် နီဝရဏတရားဟာ ပိတ်ပင်နိုင်သေးရဲ့လား (မပိတ်ပင် နိုင်ပါ ဘုရား)၊ သူ့ကို ကျုပ်တို့က ဖယ်ထုတ်တတ်တဲ့နည်း ရသွားပြီ (ရပါပြီ ဘုရား)။

ဘယ်လိုပါလိမ့်ဗျာ (ဖယ်ထုတ်တတ်တဲ့ နည်းရပါပြီ ဘုရား)၊ ဖယ်ထုတ်တတ်တဲ့နည်းရသွားလို့ ဒကာ ဒကာမတွေ ဘာပူစရာရှိသေးသတုန်း (မရှိပါဘူရား)၊ ဒီနေရာမှာ ပါရမီချည်း အပြစ်တင်ချနေတတ်ကြတာဟာ တော်တော်ဆိုးတယ် နော် (မှန်ပါ)၊ ကျုပ်မှာအကန့်အကွက် အဆီးအတားတွေက သူများနဲ့ မတူဘူးဗျ၊ သူက ဒီလိုလာတာ (လာပါတယ် ဘုရား)၊ သူများနဲ့ မတူဘူး၊ ကျုပ်တရားထိုင်ပေမယ့်လဲ ဒါတွေက ရှုပ်ရှုပ်နေတယ် (မှန်ပါ)၊ ဪ ခက်လိုက်ပါဘိတော့တယ် ဒကာ ဒကာမတို့၊ ဒါတွေဟာ အရှုခံလာတာလို့ မှတ်ပါ (မှန်ပါ ဘုရား)။

ဒါတွေဘယ်လိုမှတ်ကြမယ် (အရှုခံလာတာပါ ဘုရား)။

ဧဟိ-လာခဲ့၊ ပဿ-ငါ့ကိုရူပါ

အရှုခံလာတယ်၊ မလာတယ် ခင်ဗျားတို့ ဓမ္မဂုဏ်တော် ခြောက်ပါးမှာကြည့်ပါလား၊ “ဧဟိ ပဿိကော၊ ဧဟိ-လာခဲ့၊ ပဿ-ငါ့ကိုရူပါ” (မှန်ပါ) သူက သူ့ကိုလာရှုပါလို့ပြောတာ ခင်ဗျားတို့က မရှုဘူး၊ ဘယ်ဟာက ကန့်ကွက်နေတယ်၊ ကျုပ်က ဒယ်အိုးပြေးမယ်ဆိုတော့ ဘယ်ကောင်းတော့မတုန်း (မကောင်းပါ ဘုရား)၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

အဲ့ဒါလောက်ထိအောင် ခင်ဗျားတို့ မသိဆိုးရွား အယုတ်တမာ အကျည်းတန်နေတယ်ဆိုတာ ဆရာကောင်း နည်းမရရင် သွားရောပေါ့ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဧဟိပဿိကော မှတ်မိပြီလား (မှတ်မိပါပြီ)။ ခုနင်က ဆေးနီ, ဆေးဝါ, ဆေးပြာနဲ့တူတဲ့ လောဘက ကျုပ်ကိုဖယ်၊ ကျုပ်ကိုဖယ်ပါ၊ ခင်ဗျား မျက်နှာကို မြင်ပါလိမ့်မယ်တဲ့ (မှန်ပါ)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ ကျုပ်ကို ဖယ်ပါဆိုတော့ ခင်ဗျားတို့က အနိစ္စသိတဲ့ဉာဏ်နဲ့ ဖယ်ချလိုက်တာပေါ့ (မှန်ပါ)၊ အနိစ္စသိတဲ့ ဉာဏ်နဲ့ ဖယ်ချလိုက်တော့ လောဘက ကျုပ်ကလဲ အနိစ္စပါပဲလို့ ပြောပြီးသွားမှာပဲ (မှန်ပါ)၊ မပြောပေဘူးလား (ပြောပါ တယ် ဘုရား)။

ဧဟိ-လာခဲ့၊ ပဿ-ရှုပါလို့၊ သူက ခေါ်တော့ ကျုပ်တို့ ဉာဏ်က သူ့အရင်ဖယ်ပါ၊ သူ့အရင်ရှုပါလို့ပြောတာပါပဲ (မှန်ပါ)၊ ကဲ သူ့ကို အရင်ရှုပါလို့ ပြောတာပါပဲ (မှန်ပါ)၊ ကဲ သူ့ကို အရင်ရှုလိုက်တော့ ဒကာသစ်ရေ သူကအနိစ္စဖြစ် သွားတော့ စင်ကြယ်မသွားဘူးလား (စင်ကြယ်သွားပါတယ်)၊ အဲနောက်ကျတော့ ခင်ဗျားတို့ ခန္ဓာကြီးက ပင်ကိုအရှိ လိုက်လိုက်ပါလား(မှန်ပါ)၊ ဘာတွေတွေ့မယ်ထင်သတုန်း (အနိစ္စတွေ တွေ့မှာပါ ဘုရား)။

အနိစ္စတွေ တွေ့မယ်ဆိုတော့ ဒကာ ဒကာမတို့ လောဘက အနိစ္စ၊ ရှုတာက မဂ္ဂ၊ သဘောကျပြီလား (ကျပါပြီ)၊ ဒီတော့ သူက တားမလို့ လာတာက အခုတော့ ကျုပ်တို့ကို အကူအညီပေးသွားတယ် (မှန်ပါ ဘုရား)။

နည်းကောင်းနည်းမှန် ရလို့ မလာတာ

သူက တားမလို့လာတာ (မှန်ပါ)၊ လောဘက တဏှာ မဟုတ်လား (မှန်ပါ)၊ တဏှာကနေပြီး ဥပါဒါန်ကျအောင် သူ ကျေးဇူးပြုမယ်၊ ဥပါဒါန်ကနေ ကံကျအောင် ကျေးဇူးပြုပြီး သကာလ ဇာတိ ဇရာ မရဏဆိုတဲ့ အပါယ်လေးပါး ကျအောင် သူက ပို့မလို့ ကန့်ကွက်တဲ့တရားအနေနဲ့လာတာ (မှန်ပါ)၊ ကန့်ကွက်တဲ့တရားအနေနဲ့ လာနိုင်သေးရဲ့လား (မလာနိုင်ပါ)၊ မလာနိုင်တော့ ခင်ဗျားတို့ နည်းကောင်းနည်းမှန် ရလို့ မလာတာ၊ ဒကာ ဦးလှဘူးရ (မှန်ပါ)၊ အခုတော့ဖြင့် နည်းကောင်း နည်းမှန်ရပြီလား (ရပါပြီ)၊ သူကလာပြီး ကန့်ကွက်တာ သူကို ဘယ့်နှယ်လုပ်မယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

သူ့ကို ဝိပဿနာရှုချလိုက်၊ သူ့ကို ရှုပြီးပြီလားဆိုရင် ဒကာအုန်း ဘယ်ပြန်လှည့်မယ် (မူလကမ္မဋ္ဌာန်းကို ပြန်လှည့်ရပါမယ် ဘုရား)၊ မူလကမ္မဋ္ဌာန်းဆိုတာ ခင်ဗျားတို့ ကြိုက်တဲ့မူလရှုနေကျ ကမ္မဋ္ဌာန်း၊ ဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့်စိတ်၊ ရုပ်ဖြင့်ရုပ်၊ အဲဒီကြိုက်ရာကို ရှုပါ (မှန်ပါ ဘုရား) မမိစရာရှိသေးရဲ့လား(မရှိပါ ဘုရား)။

ဒါဖြင့် ဖယ်တုန်းကလဲ အနိစ္စတစ်ချက်ရတယ် (မှန်ပါ)၊ ဖယ်ပြီးတော့လဲ အနိစ္စများစွာရတယ်၊ ဒီလိုဆိုတော့ အနိစ္စနဲ့ မဂ္ဂနဲ့ချည်း သွားနေပြီ (သွားပါတယ် ဘုရား)၊ အနိစ္စနဲ့ မဂ္ဂသွားတော့ ဥပါဒါန်ချုပ်၊ ကံချုပ်၊ ဇာတိ၊ ဇရာ၊ မရဏ ချုပ်ဆိုတော့ အပါယ်လေးပါးချုပ်တယ် (မှန်ပါ)၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲ ဒါတွေကို ဒကာ ဒကာမတွေက လေးစားစွာနဲ့ ဪ တယ်အဖိုးတန်ပါကလား၊ ဖယ်နည်းမရလို့ရှိရင် တို့ပါရမီပေါ်ချမလို့ (မှန်ပါ)၊ တစ်နည်း သူတော်ကောင်းအလုပ်ကို မာရ်နတ်ဝင် ထင်ပါရဲ့လို့ ခင်ဗျားတို့က ဆင်ခြေ အမျိုးမျိုးလဲပြီး ထ-မလို့ ဒယ်အိုးရှာ ထွက်မလို့ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲ့ဒါတွေ ဒကာသစ်တို့က မပါးသေးခင်တုန်းကတော့ ဟိုလူတိုင်ပင်၊ ဒီလူတိုင်ပင်၊ ဒီနေ့တော့ ဘယ့်နှယ်တုန်း၊ စောလှချည်လား၊ အလုပ် မလုပ်တော့ဘူးလား၊ ဟာ ဒီနေ့ လုပ်လို့ မဖြစ်ဘူူး၊ ငါ ဘာဖြစ်တယ် မသိဘူးတဲ့ (မှန်ပါ)၊ ဘာမှမဖြစ်ဘူး၊ ဆေးရောနေတာ ရှိတာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဆေးကို အရင်ဖယ်လိုက်ဟေ့

ဘာဖြစ်တာပါလိမ့် (ဆေးရောနေတာပါ ဘုရား)၊ ဆေးရောနေတာကို အခုဆရာဘုန်းကြီးက နည်းပေးလိုက်တော့ ဆေးကို အရင်ဖယ်လိုက်ဟေ့ (မှန်ပါ)၊ မပြီးသေးဘူးလား (ပြီးပါပြီ)၊ အဲ ဆေးအရင် ဖယ်လိုက်ဟေ့ဆိုတော့ ပြီးသွားတော့ ခုနင်က ပြောခဲ့တဲ့ဉာဏ်နဲ့ မျက်နှာရိပ်ကို ကြည့်လိုက်တော့ အနိစ္စတွေ အနိစ္စတွေဆိုတာ အကုန်ပေါ်လာပါတယ် (ပေါ်လာပါတယ် ဘုရား)။

အဲဒါကြောင့် ၁-နံပါတ်အတွက်ဖြင့် ခင်ဗျားတို့ ဆေးလဲ ဖယ်ပါ၊ ပြီးတော့မှ မျက်နှာရိပ်ကို ကိုယ့်ခန္ဓာရိပ်ကို ကိုယ့်ဉာဏ်နဲ့ကြည့်ပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုယ့်ခန္ဓာရိပ်ကို ကိုယ့်ဉာဏ်နဲ့ ကြည့်ပါဆိုတော့ လိုရာခရီးကို အပြီးတိုင်ရောက်ပါလိမ့်မယ်ဆိုတာ ဘုရားက တာဝန်ခံပါတယ် (မှန်ပါ ဘုရား)။

သူတို့ကိုမှ ဖယ်ရှားနည်းမရတော့ဘူးဆိုရင့်ဖြင့် တဏှ မဖယ်မရှားနိုင်ရင် တဏှာ ဥပါဒါန်ကံ ဇာတိ ဇရာ မရဏ၊ သွားပေါ့ အပါယ်လေးပါးခရီး (မှန်ပါ)၊ ကမ္မဋ္ဌာန်းထိုင်နေရာမှာ ကမ္မဋ္ဌာန်းအကျိုးကျေးဇူး မရတဲ့အပြင် ကမ္မဋ္ဌာန်း ခွင်က ထခြင်းကြောင့် ဒကာ ဒကာမတွေ အပါယ်လေးပါးရောက်သွားနိုင်တယ် (မှန်ပါ ဘုရား)။

ကမ္မဋ္ဌာန်းထိုင်ရာက ထ, လိုက်ချင်ရင်ပဲ ဘာဖြစ်သွားသတုန်း (အပါယ်လေးပါးစခန်း ပွင့်သွားပါတယ် ဘုရား)။

သူက ဧဟိ ပဿိကောအနေနဲ့ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား) ဧဟိက ဘာတုန်း (လာပါ)၊ ပဿိက,က (ရှုပါ)၊ ငါလာရင် ငါ့ကို အရင်ရှုပါ ပြောနေတာ (မှန်ပါ)၊ ငါ့ကို အရင်ရှုလို့ သူက သေသေချာချာ ပြောနေတယ် (မှန်ပါ) ခင်ဗျားတို့က သူ့ကန့်ကွက်တယ်တဲ့ (မှန်ပါ)၊ ဪ ခက်လိုက်တာ ခင်ဗျားတို့ သူက မိတ်ဆွေအဖြစ်နဲ့လာတာ ခင်ဗျားတို့က ရန်သူအဖြစ်နဲ့မှတ်ပြီး ပြေးပြန်တာကိုး (မှန်ပါ)၊ ရန်သူအဖြစ်နဲ့ ပြေးရှာကြတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ရှင်သာရိပုတ္တရာ နုစဉ်အခါတုန်းက

ဪ ရှင်သာရိပုတ္တရာ နုစဉ်အခါတုန်းက ဆင်ကြီးသူဖြစ်တယ် (မှန်ပါ)၊ ဆင်ဖြစ်တဲ့အခါမှာ တောထဲ ရှားငုတ်စူး တယ်၊ ရှားငုတ်စူူးတာနဲ့ သစ်ခုတ်တဲ့ လူတွေ အနားသွားပြီး လှဲအိပ်နေလိုက်တယ်၊ ဒီဆင်ကြီး ဘယ့်နှယ်ကြောင့်ပါလိမ့် မတုန်းဆိုပြီး ကြည့်တော့မှ သစ်ငုပ်စူးနေတာ မြင်တော့ သူတို့က ညှပ်တွေ ပဲကွပ်တွေ စသည်တို့နဲ့ဆွဲထုတ်ကြတယ်၊ အနာကို ရေဆေး ကုသပေးကြတယ်၊ ကုလို့ပျောက်တဲ့ အခါကျတော့ ရှင်သာရိပုတ္တရာ အလောင်းတော်ဆင်က၊ ဦးဘအုန်း ဒီသစ်ခုတ်သမားတွေ လိုချင်တဲ့ဆီရောက်အောင် သူကချည်း ဆွဲပေးတယ် (မှန်ပါ)၊ သူကချည်း အစွယ်နဲ့ထိုးပေးတော့ ကျေးဇူးတင်တယ် (မှန်ပါ ဘုရား)။

နောက်ကျတော့ သူအသက်ကြီးလာလို့ သူမလုပ်နိုင်တော့ တောထဲမှာ သူ့သားကလေး သွားခေါ်တယ်၊ ဆင်ငယ်ကလေး လာတော့ ခုနက သစ်ခုတ်သမားတွေက ပြေးကြတယ်၊ ကောင်းကြသေးရဲ့လား (မကောင်းပါဘူး ဘုရား)။

ဆင်ကြီးကတော့ သူ့ကိုယ်စားလှယ် လွှတ်လိုက်တာ၊ ငါလုပ်ပေးသလို သွားပြီး ဆက်လုပ်ပေးချေဆိုပြီး လွှတ် လိုက်တယ်၊ အဲဒီမှာ ပြေးကြတော့ ကူညီမည့်လူကိုမြင်လို့ ပြေးတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ဒီမှာလဲ လောဘက ဧဟိ လာခဲ့ပါ၊ ပဿ-ရှုပါဆိုတာ ခင်ဗျားတို့ ထပြီးပြေးတော့ သစ်ခုတ်သမားတွေ မိုက် သလို မိုက်နေတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ သူက ရှုပါလို့ ပြောနေတာ ခင်ဗျားတို့က ထပြီးပြေးတယ် (မှန်ပါ)။

ဟိုကတော့ ကျေးဇူးဆပ်မလို့လာတာကို (မှန်ပါ)၊ ခင်ဗျားတို့က ဘာတုန်း (ထပြေးပါတယ် ဘုရား)၊ ဪ ရန်သူနဲ့ မိတ်ဆွေ မကွဲတာ ခင်ဗျားတို့ အခက်ဆုံးပဲ (မှန်ပါ)၊ ဆိုထိုက်ပြီလား (ဆိုထိုက်ပါတယ်)၊ ကဲ ဥပမာလဲ ပြီးပြီ၊ ဒကာ ဒကာမတု့ိ ၁-နံပါတ်ကို ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဒေါသကျတော့

၂-နံပါတ်ဆိုတာ တရားကိုယ်က ဘာတဲ့ (ဒေါသပါ ဘုရား)၊ ဒေါသကျတော့ ဘုရားက ရေဟာကွာ ဆူနေတယ်၊ အငွေ့တွေ ထွက်နေတယ်တဲ့၊ ရေခွက်ထဲက ရေဟာ မျက်နှာနဲ့ ဟပ်ကြည့်စမ်းပါ၊ ကိုယ့်အရပ်ထင်ပါ့မလား (မထင်ပါ ဘုရား)။

မထင်လို့ရှိရင်ဖြင့် ဒီဆူနေတဲ့ရေ ငြိမ်အောင်လုပ်ဖို့၊ အခိုးထွက်တာ မထွက်အောင်လုပ်ဖို့ဆိုသလို အောက်ကမီး လျှော့ပေါ့ဗျ (မှန်ပါ)၊ မလျှော့ရပေဘူးလား (လျှော့ရပါတယ်)၊ ဒီမှာလဲ ထို့အတူပဲ ဒေါသကြောင့် ဆူပွက်နေတာကို ဒေါသကို ဖြစ်ပျက်ရှုပေး (မှန်ပါ)၊ ဒေါသဖြစ်ပျက်ရှုပြီးသည့်နောက်မှ ခုနက မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပါ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီဟာကော ပါဠိတော်ရှိပါရဲ့လားဆိုတော့ “သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ” (မှန်ပါ)၊ မဟုတ်ဘူး လား (မှန်ပါ)၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒေါမနာဿ ဝေဒနာ ဖြစ်ပျက်ရှုချလိုက်ဆိုတော့ လွတ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ ခုနက သစ်ခုတ်သမားတွေလို မဖြစ်စေနဲ့နော် (မှန်ပါ) ဆင်ကလေးကို သစ်ဆွဲဖို့ ကူညီဖို့ သူ့အဖေက ကိုယ်စားလှယ်လွှတ်လိုက်တာ၊ သစ်ခုတ်သမားတွေက အရင်ဆင်နဲ့မတူဘူး၊ ပြေးမှပဲဆိုပြီး ပြေးကြတယ် (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့ ထပြေးစရာလား၊ ကျုပ်ကို အရင်ရှုပါလို့ပြောတာလား (ရှုပါလို့ပြောတာပါ)၊ ကျုပ်ကို အရင်ရှုပါလို့ ပြောတာကို ခင်ဗျားတို့က ဘယ့်နှယ်လုပ်ကြသလဲ (ထပြေးပါတယ် ဘုရား)၊ ဒီနေ့တော့ စိတ်က မချမ်းသာဘူး၊ မချမ်းသာဘူးတဲ့ တစ်နေ့လုံးဟာ ဟိုလူနဲ့ ပြောပြန်လဲ အပေါက်မတည့်ဘူး၊ ဒီလူနဲ့လဲ အချိုးမကျဘူး၊ အိမ်ထဲဂြိုလ်ဝင်နေ ထင်ပါရဲ့၊ အံမာ ဒကာကြွယ် တို့က ရှည်သွားပြီး (ရှည်ပါတယ် ဘုရား)။

ဂြိုလ်ဝင်တာမဟုတ်ဘူး၊ ကိုယ့်ဝမ်းထဲ ဒေါသဝင်နေတာ (မှန်ပါ)၊ တစ်အိမ်လုံး ဘယ်ဂြိုလ်မှ မဝင်ဘူး စိတ်သာချ၊ ကောင်းကင်က ဂြိုလ်တွေက ကောင်းကင်သွားလို့ကို မအားဘူး၊ ခင်ဗျားတို့ဆီ ဝင်ရမှာဝေးလို့ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းကင်ဂြိုဟ်ကလဲ ဘယ်သူဆီမှ ဝင်တာမဟုတ်

အဲဒီတော့ ကောင်းကင်ဂြိုဟ်ကလဲ ဘယ်သူဆီမှ ဝင်တာမဟုတ်ဘူး၊ ဒကာကြွယ်တို့က မယုံနဲ့၊ ရာဟုက သူ့လမ်း သူသွားတာ (မှန်ပါ)၊ စနေကကော (သူ့လမ်းသူသွားတာပါ)၊ သူ့လမ်းသူ သွားတာကို တို့အိမ်ဝင်တယ်ဆိုရင်ဖြင့် ခင်ဗျားတို့ အင်မတန် ဘုန်းကံကြီးရင်ဖြင့် ဝင်ကောင်း ဝင်လိမ့်မယ်၊ ဒီအတိုင်းတော့ဖြင့် ဝင်ကို မဝင်နိုင်ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘာဂြိုဟ်မှ မဝင်ဘူး၊ ကိုယ့်ဟာကိုယ်လုပ်ထားတဲ့ ဂြိုလ်ဝင်နေတာ (မှန်ပါ)၊ ကိုယ့်သားသမီးနဲ့ အလိုမကျတဲ့ဂြိုဟ်၊ ကိုယ့်နှလုံးသွင်းမှားလို့ ဖြစ်ရတဲ့ဂြိုဟ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုယ့်နှလုံးသွင်းမှားလို့ ဆိုတာက သားသမီးက ကောင်းစွာ နေပါလျက်သားနဲ့ သူက တော်အောင်နေတယ် ထင်တော့ ကိုယ်က နှလုံးသွင်းမှားတာပေါ့ဗျ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီး၊ ဒါဖြင့် သမီးက နေမကောင်းတာနဲ့ စိတ်ပျက်တယ်၊ သူ့ခိုင်းစေနေရတာက သူက နေမကောင်းဘူး၊ အိပ်ရာထဲခွေနေတော့ စိတ်ပျက်တယ်၊ ဟာ နေမကောင်းရင် ခန္ဓာကြီးက နေမကောင်းတာ အနတ္တပါလားဆိုတော့လဲ ပြီးသားတာပဲ (မှန်ပါ)၊ မဟုတ်ဘူလား (မှန်ပါ)၊ မဟုတ်ဘူး သူကိုက နေမကောင်းတာ များလွန်းတယ်ဆိုရင်တော့ သွားပါပြီ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဖယ်ရှားတယ်ပြီလား

ဒါဖြင့် ဒကာ ဒကာမတို့ ဖယ်ရှားတယ်ပြီလား (ဖယ်ရှားတတ်ပါပြီ) ဖယ်ရှားတတ်ဖို့နည်းဟာ တယ်အရေးကြီး ဒကာသစ်ရေ (ကြီးပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ဘယ်ဟာကို အရင်ရှုရမယ်၊ ဒေါသကို အရင်ရှုပစ် (မှန်ပါ) ဒေါသတွေ ရှုပစ်လိုက်လို့ ဒေါသတွေ မရှိတဲ့အချိန်ကျတော့ မူလကမ္မဋ္ဌာန်းပြန်ကောက် (မှန်ပါ)၊ မူလကမ္မဋ္ဌာန်းမသိဘဲ နေမှာစိုးရင် ကိုယ်အမြဲတမ်း ရှုနေတဲ့ဖြစ်ပျက်ဝေဒနာတို့ စိတ်တို့ကိုမှတ် (မှန်ပါ)။

ဒကာကြွယ် ရိပ်မိပြီလား (ရိပ်မိပါပြီ) အကယ်၍ ခင်ဗျားတို့က ဂြိုဟ်ဝင်ထင်လို့ရှိရင် ခင်ဗျားတို့ ဂြိုဟ်ဝင်တယ် ထင်တဲ့အတိုင်း ဒီဂြိုဟ်ဟာ သာမညဂြိုဟ်မဟုတ်ဘူး၊ အပါယ်လေးပါး ဝင်လာတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းကင်ကဂြိုဟ် ဝင်လာသလား၊ အောက်ဂြိုဟ်ဘက်ကို လှည့်သွားတာလား (အောက်ဂြိုဟ်ဘက်ကို လှည့်သွားပါ ဘုရား)၊ အံမာလေး ကြောက်စရာကောင်းလှချည်ရဲ့၊ အထက်ဂြိုဟ်ကို အပြစ်တင်ပြီး အောက်ဂြိုဟ်ဘက်ကို လှည့်နေတယ် (မှန်ပါ)၊ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒေါသမရှုမိတော့ ဒေါသ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အဝိဇ္ဇာ, သင်္ခါရဘက် လှည့်မသွားဘူးလား (လှည့်သွားပါတယ်)၊ ကဲ အောက်ဂြိုဟ်ဘက် မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

အဲဒါ ဂြိုဟ်က လှည့်ခိုင်းတာလား၊ ဂြိုဟ်မဖယ်တတ်လို့ ဖြစ်ရတာလား (ဂြိုဟ်မဖယ်တတ်လို့ ဖြစ်ရတာပါ)၊ အဲ ခင်ဗျားတို့၏ အပြစ်ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ ဆရာကောင်း သမားကောင်း မရှာတဲ့အပြစ်၊ ဒီအပြစ်တွေကို ခင်ဗျားတို့က ဂြိုဟ်ဝင်ပြီးတော့ကို ဆရာကောင်း သမားကောင်းက ဒီလိုဖယ်ရတယ်ကွ၊ သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္ထန္တိ ပဇာနာတိ လုပ်ကွ (မှန်ပါ)၊ ဒေါမနဿံ ဝါ ဝေဒနံ ဝေဒိယမာနော ဒေါမနဿံ ဝါ ဝေဒနံ ဝေဒိယာမီတိ ပဇာနာတိ၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဒီပါဠိနဲ့ရှု (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ရှုလိုက်တော့ ဆူနေတဲ့ရေက ငြိမ်သွားမှ

အဲ့ဒီလို ရှုလိုက်တော့ ဆူနေတဲ့ရေက ငြိမ်သွားမှ ဒကာသစ် မျက်နှာရိပ်ကို ဟပ်ကြည့် (မှန်ပါ)၊ ရေငြိမ်သွားတော့ ဘယ့်နှယ်တုန်း (မြင်ရပါတယ် ဘုရား)၊ ဘယ်နေရာမှာ ဘာ၊ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ အကုန် မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။

အဲ့ဒီအခါကျတော့မှ နဂိုက သဗ္ဗေသင်္ခါရာ အနိစ္စာဆိုတဲ့အတိုင်း နဂိုအရှိထွက်လာတယ် (မှန်ပါ)၊ ဘယ့်နှယ် ကြောင့် ထွက်လာပါလိမ့်၊ ဖယ်ရှားတတ်လို့ ထွက်လာတယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ထွက်လာပါလိမ့် (ဖယ်ရှားတတ်လို့ ထွက်လာပါတယ်)၊ မဖယ်ရှားတတ်ရင် ဒယ်အိုးအရှာထွက် ဦးမယ်နော် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါ မနေ့က ပြောပြီးလို့ ဒကာ ဒကာမတို့ သိမ်းကြစို့ ဒေါသကိုနော် (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ ၃-နံပါတ်က ဘာတဲ့တုန်း (ထိနမိဒ္ဓပါ ဘုရား)၊ သင်္ဂါရဝပုဏ္ဏားကမေးလို့ ရပြီးသားမန္တာန်တွေလဲ ပျောက်တယ်၊ မေ့နေတာတွေလဲ ပေါ်မလာဘူးဆိုတော့ ဘယ်မှာရမတုန်းကွတဲ့၊ ရေထဲမှာ မှော်တွေဖုံးနေတယ်တဲ့ (မှန်ပါ)။

ရေထဲမှာ မှော်ဖုံးနေတော့ မျက်နှာဟပ်ကြည့်စိမ်းပါ၊ ဒကာ ဒကာမတို့ (မရပါ ဘုရား)၊ မျက်နှာနဲ့ ဟပ်ကြည့် စမ်းပါ၊ ကိုယ့်အရိပ်ကလေးတွေ၊ မျက်လုံးကလေးတွေ၊ မျက်ခုံးကလေးတွေ စသည် ဘယ့်နှယ်တုန်း (မမြင်ရပါ ဘုရား)၊ ဟာ ဒါဖြင့် မှော်ကို ဖယ်ပစ်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ထိနမိဒ္ဓဆိုတာ ငိုက်မျဉ်းတာ

ထိနမိဒ္ဓဆိုတာ ငိုက်မျဉ်းတာ၊ လေးလံတာ၊ ဒါကြောင့် မှော်ဥပမာနဲ့ ဘုရားက ပြလိုက်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီမှော်ဖယ်ပစ်လိုက်တော့ အိမ်ချင်တဲ့စိတ်လာရင် အိပ်ချင်တဲ့စိတ်ဖြစ်ပျက်ရှု (မှန်ပါ)၊ ကိုယ်စိတ်ကို ဖြစ်ပျက်ရှု (မှန်ပါ)၊ ကိုယ့် စေတသိက်မနိုင်တာ (ကိုယ့်စေတသိက် ဖြစ်ပျက်ရှုရမှာပါ ဘုရား) အဲ ဒါ စာလိုပြောနေတာပါ အိပ်ချင်တဲ့စိတ် ဖြစ်ပျက်ရှု (မှန်ပါ)၊ ငိုက်တဲ့စိတ်ကို ဖြစ်ပျက်ရှု၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ထိနမိဒ္ဓဆိုတာက ငိုက်မျဉ်းတဲ့စိတ်ကိုဆိုတာ အဲဒါကို ဖြစ်ပျက်ရှုပြီးလို့ သူမရှိတဲ့ အချိန်ကျတော့မှ မူလ ကမ္မဋ္ဌာန်းကို ပြန်ကောက် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မူလကမ္မဋ္ဌာန်းဆိုတာ ဘာပါလိမ့် ဝေဒနာရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာ (မှန်ပါ)၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်က (စိတ်ပါ ဘုရား)၊ ရုပ်ရှုတဲ့ပုဂ္ဂိုလ်က (ရုပ်ပါ ဘုရား)။

အဲ့ဒီလို ရှုလိုက်တဲ့အခါကျတော့ ရေမှော်ဖယ်နည်း နိဿရည်းကို ရသလို ဒီမှာလဲ ထိနမိဒ္ဓကို ခင်ဗျားတို့က ကျုပ် ဒီနေ့တော့ အိပ်ချင်ပြီဗျာ သမာဓိရမှာမဟုတ်ပါဘူး၊ အဲ့ဒီတော့ အိပ်တာကောင်းတယ်၊ အံမာ ထိနမိဒ္ဓက တွန်းပေး လိုက်တယ် အိပ်တဲ့ဘက်ကို (မှန်ပါ)၊ သူက အိပ်တဲ့ဘက် တွန်းပေးလိုက်တော့ မင်းဟာကွာ မင့်ရှိတဲ့အသက် တိုစေသတည်း၊ အသက်တိုမသွားဘူးလား (တိုပါတယ် ဘုရား)၊ ဘာဖြစ်လို့တုန်း၊ အိပ်တာနဲ့ နုတ်ပစ်လိုက်တော့ ဟိုဘက်က နေစရာနည်း သလား မနည်းဘူးလား (နည်းပါတယ် ဘုရား)။

ကဲ အသက်တိုစေသတည်းဆိုတာနဲ့ (အတူတူပါပဲ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အသက်တိုစေသတည်းဆိုတာ

အသက်တိုစေသတည်းဆိုတာကို ဒကာ ဒကာမတို့ တိုက်ရိုက်သာ ပါးစပ်က ထွက်စေပြီး ဆုပေးတဲ့ပုဏ္ဏားက ပေးပေး၊ ဘုန်းကြီးကပေးပေး၊ ပေးမယ်များဆိုရင် ခင်ဗျားတို့ ထတောင်ရိုက်ဦးမယ် (မှန်ပါ)၊ သို့ပေမယ့် ကိုယ့်ဟာ ကိုယ်တော့ တိုစေသတည်းချည်း လုပ်နေတယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အသက်တိုစေသတည်းဆိုတဲ့ဆုများ ပေးမယ်ဆိုရင် ဒကာကြွယ် ဒီကျောင်းကို နောက်လာမယ် မဟုတ်ဘူးနော် (မလာပါ ဘုရား)၊ ဘာဖြစ်လို့ မလာသတုန်း (မကြိုက်လို့ပါ)၊ ကိုယ့်ဟာကိုယ်တော့ လုပ်ယူမယ် (မှန်ပါ ဘုရား)။

ဘယ့်နှယ်တုန်း (ကိုယ့်ဟာကိုယ်တော့ လုပ်ယူပါတယ်)၊ ကိုယ့်ဟာကိုယ်တော့ ထိနမိဒ္ဓဝင်လာတယ်၊ ဒီနေ့တော့ အလုပ်လုပ်လို့ ဖြစ်ပုံမရပါဘူး၊ အသက်တိုတဲ့လမ်း ဝင်လိုက်ဦးမယ် (မှန်ပါ)၊ သွားပြီ ခြောက်နာရီလား၊ ခုနစ်နာရီလား၊ အသက်တမ်းနုတ်ပစ်တာ၊ နေစရာထဲက အသေဖြစ်သွားတာ (မှန်ပါ ဘုရား)။ နေစရာထဲက (အသေဖြစ်သွားတာပါ ဘုရား) ဒါ အသက်တမ်းနှုတ်ပစ်လိုက်တာမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

အဲ့ဒါ ခင်ဗျားတို့က မသိရှာတော့ လူကြီးတွေက ဘယ်လိုဆုံးမသတုန်း၊ နင့်ဟာ အလုပ်လုပ်မဖြစ်လဲ အိပ်လိုက်ဦး လေ၊ တစ်ရေးတစ်မော အိပ်လိုက်ဦး၊ ပြီးတော့ ထ,လုပ်တာပေါ့တဲ့၊ ပြီးတော့ လင်းသွားရော (မှန်ပါ)၊ ဘယ်တော့ဖြစ်မှာ တုန်း (ဘယ်တော့မှ မဖြစ်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတို့ လူကြီးတွေ ဆုံးမပုံကလဲ တော်တော်အဖိုးတန်သားပဲ၊ ဒကာကြွယ် ဆုံးမဖူးရဲ့လား (ဆုံးမဖူး ပါတယ်)၊ ဆုံးမဖူးပါတယ်၊ ဒီဥစ္စာတွေက အင်မတန်ကြောက်စရာကောင်းပါတယ် (မှန်ပါ)၊ မင်းနေမကောင်းရင် အိပ်လိုက် ဦးလေ (မှန်ပါ)၊ အိပ်ချင်လျက်နဲ့ အလုပ်လုပ်နေရင် ခရီးပေါက်မှာ မဟုတ်ပါဘူး (မှန်ပါ)၊ ဒီလိုသာ သင်တတ်တာကိုး၊ ခက်လိုက်တာ ဒကာကြွယ်၊ သင်ပြနည်း နိဿျည်းကလဲ သိပ်လိုပါကလား (လိုပါတယ် ဘုရား)။

အိပ်ချင်တဲ့စိတ်ကို အရင်ရှုပ်ပစ်ကွ

ဘုရားကတော့ ဒီလိုမှမဟုတ်ဘဲ အိပ်ချင်တဲ့စိတ်ကို အရင်ရှုပ်ပစ်ကွ (မှန်ပါ)၊ ပြီးတော့မှ မင်းကြိုက်တဲ့ ဝါသနာ ပါတဲ့ ကမ္မဋ္ဌာန်းကို ဖြစ်ပျက် ပြန်ရှု (မှန်ပါ)၊ ဘုရားကဖယ်ပြီးရှုလို့ ပြောတာ၊ ခင်ဗျားတို့ကတော့ အိပ်ချင်သေး အိပ်လိုက်ဦး (မှန်ပါ)၊ တစ်ရေးတစ်မော အိပ်လိုက်ဦးတဲ့၊ တစ်ရေးတစ်မောက လင်းမှနိုးတာဗျ (မှန်ပါ) လွယ်တာဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) မဟုတ်ဘူး ဒါဖြင့် သက်တမ်းတိုအောင်လုပ်လိုက်ဦး (မှန်ပါ)၊ ဒါဖြင့် နေလို့အချိန်ထဲက နုတ်လိုက်ဦး ပေါ့ဗျာ၊ ဒါမှ သေခါနီးဖြစ်အောင်လို့ (မှန်ပါ)၊ ဒါ လူကြီး ဆုံးမတာ (မှန်ပါ ဘုရား)။

ဒကာ ဒကာမတွေ ရိပ်မိပြီလား (မှန်ပါ)၊ ကိုယ့်ကိုယ်ကိုလဲ အသက်တမ်းတိုချင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒီအတိုင်းပဲ ထိနမိဒ္ဓဝင်လာရင်ဖြင့် အိပ်လိုက်ဦး၊ အိပ်လိုက်တော့ ဉာဏ်ကလေးရတယ်၊ ဥပမာ-ထိနမိဒ္ဓရှုပြီး နောက်တစ်နာရီမှာ မဂ်ဉာဏ်ရမယ်ဆိုရင် အိပ်လိုက်တာ နုတ်ပစ်လိုက်တာနဲ့ မဂ်ဉာဏ်က အလကားဆုံးသွားတယ် ရနိုင်သေးရဲ့လား (မရနိုင်ပါ ဘုရား)။

ပေယလို ဖြစ်သွားတာပေါ့၊ ဒီတရားအဆုံးမှာ သောတာပတ္တိဖိုလ် ဆိုက်ရမည့်ဥစ္စာ တရားမဆုံးခင် ကိစ္စရှိလို့ ပြန်ထွက်သွားတော့ တရားရသေးရဲ့လား (မရပါ ဘုရား)၊ အဲ့ဒီလိုလဲ ခင်ဗျားတို့မှာ အနစ်နာကြီး နာတတ်တယ် ဆိုတာ ကိုလဲ မှတ်ထားရတယ် (မှန်ပါ)၊ ဒကာသစ် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ထိနမိဒ္ဓကို ဘာလုပ်ပစ်ရမယ် (ဖြစ်ပျက်ရှုပစ်ရပါမယ်)၊ ဖြစ်ပျက်ရှုပစ်လိုက်တဲ့အခါကျတော့ ရေခွက်ထဲမှာ ရှိတဲ့ရေမှော် ရေကန်ထဲမှာ ရှိတဲ့ရေမှော် ဖယ်ပြီး သကာလ ဒကာ ဒကာမတို့ ဤအတိုင်းသာ ခင်ဗျားတို့သည် မျက်နှာရိပ် ပြန်ဟပ်လို့ရှိရင် နဂိုအရှိ ထွက်လာမှာပဲ (မှန်ပါ ဘုရား)။

ဒီ ဖြစ်ပျက်တွေဟာ ဘုရားဟောလို့ ဖြစ်ပျက်လား၊ နဂိုရှိဖြစ်ပျက်လား (နဂိုရှိဖြစ်ပျက်ပါ ဘုရား)၊ အဲဒီတော့ နဂိုအရှိ ဖြစ်ပျက်ကို ထိနမိဒ္ဓက ဖုံးတော့ ဖယ်သာပစ်လိုက်စမ်းပါ ဉာဏ်နဲ့ (မှန်ပါ)၊ အဲ့ဒီ ဖယ်နည်းကျတော့ ဘုရားက ဘယ်လို ဟောသတုန်းဆိုတော့ သံခိတ္တံ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ (မှန်ပါ ဘုရား)။

ဘာတဲ့တုန်း (သံခိတ္တံ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိပါ ဘုရား)။

ပါဠိတော်ထဲ သွင်းလိုက်ပါပြီ

ဒကာ ဒကာမတို့ ပါဠိတော်ထဲ သွင်းလိုက်ပါပြီ (မှန်ပါ)၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်ပါဠိတော်ရတဲ့ ပုဂ္ဂိုလ်များက သံခိတ္တံ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ ဦးဘအုန်း လုပ်လိုက်စမ်းပါ၊ လုပ်လိုက်တာက သူ့ကို ဖြစ်ပျက်ရှုလိုက်ပေါ့ဗျာ (မှန်ပါ)၊ သံခိတ္တစိတ်ဆိုတာ ထိနမိဒ္ဓခေါ်တာနော် (မှန်ပါ)၊ အဲဒီထိနမိဒ္ဓကို ဖြစ်ပျက်ရှုလိုက်တော့ သူက ဖြစ်ပျက်ပြီး ချုပ်မသွားဘူးလား (ချုပ်သွားပါတယ်)၊ ချုပ်သွားတော့ ကျုပ်တို့ ဉာဏ်ကလေးက ဘယ်သူနဲ့တွဲရစ်ရမယ် ထင်သတုန်း ခန္ဓာနဲ့ တွဲရစ်ပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကာကွယ်တားဆီးတာကို ကျုပ်တို့က ဖယ်ပစ်လိုက်ရမယ် (မှန်ပါ)၊ ကာကွယ်တာ ဖယ်ပစ်လိုက်တော့ကို ပင်ကို အရှိနဲ့ သွားတွေ့တယ် (မှန်ပါ)၊ မတွေ့ရပေဘူးလား (တွေ့ပါတယ် ဘုရား)။

ပင်ကိုအရှိနဲ့ သွားတွေ့တဲ့အခါကျတော့ ပင်ကိုအရှိက သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ (အနတ္တာပါ ဘုရား)၊ အဲ သူတို့နဲ့ သွားတွေ့တယ် (မှန်ပါ ဘုရား)။

ဒါဖြင့် အနိစ္စနဲ့ မဂ္ဂနဲ့ တွေ့ပြီ (မှန်ပါ)၊ ဒုက္ခနဲ့ မဂ္ဂနဲ့ တွေ့ပြီ (မှန်ပါ)၊ အနတ္တနဲ့ မဂ္ဂနဲ့ (တွေ့ပါပြီ)၊ ဒုက္ခစ္စာနဲ့ မဂ္ဂနဲ့ (တွေ့ပါပြီ ဘုရား)၊ အဲ့ဒီလိုတွေ့သွားပြန်တော့ ဖယ်တတ်လို့တွေ့တာ (မှန်ပါ)၊ ဖယ်စဉ်ကလဲ တစ်ခါတွေ့ခဲ့တယ်၊ ဖယ်ပြီးတော့လဲ ဆက်တွေ့တယ် (မှန်ပါ ဘုရား)။

ဖယ်စဉ်ကကော (တစ်ခါတွေ့ပါတယ်) ဖယ်ပြီးတော့ကော (ဆက်တွေ့ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ထိနမိဒ္ဓဟာ ခင်ဗျားတို့ အသက်တမ်းနုတ်တဲ့အထဲမှာ ဗိုလ်စွဲမယ်နော် (မှန်ပါ ဘုရား)၊ ခင်ဗျားတို့ အခု ကပျာကယာတွက်ရင် ၇၅-နှစ် သက်တမ်းလောက်ရှိတော့တယ် (မှန်ပါ)၊ ထိန မိဒ္ဓနုတ်တာ တစ်ဝက် ပါတယ်ဗျ (မှန်ပါ)၊ ညအချိန် အိပ်တာဟူသရွေ့ ပုထုဇဉ်တို့မှာ သူ့သတ္တိချည်းပဲ များတယ်၊ သူကနေ တွန်းပို့လိုက်တာပဲ (မှန်ပါ)၊ အဲဒီတာ့ ဒီအထဲမှာ ခင်ဗျားတို့ ၇၅-နှစ်ရှိတော့ ထက်ဝက်ချိုးလိုက်၊ ဘယ်လောက်ကျန်တော့သတုန်း (၃၇-နှစ်ခွဲလောက်ပဲ ကျန်ပါတော့တယ် ဘုရား)၊ အဲဒီမှာ သားရေး, သမီးရေ, စီးပွားရေး နုတ်ပါဦးဆိုတော့ ဗလာပဲ ကျန်တော့ မှာပဲ (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အတော်ဆိုးမနေဘူးလား (ဆိုးပါတယ် ဘုရား)။

ဗလာထဲကမှ နုတ်မယ်ဆိုတော့

ဒီအထဲကနေပြီး သကာလ ခင်ဗျားတို့က နေ့လည်မှာ တစ်ရေး တစ်မောကလေး အစရှိသည်နဲ့ အိပ်တာကလေး ထည့်ဦးမယ်ဆိုရင်တော့ ဗလာထဲကတောင် နုတ်ရဦးတော့မလိုလို ကျနေပြီ (မှန်ပါ)၊ ဗလာထဲကမှ နုတ်မယ်ဆိုတော့ ရှိစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ အသက်တမ်းတိုတဲ့အထဲ အနုတ်ကများပြီး သကာလ မအားတာတွေက ရှုပ်နေ တော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရမှရပါ့မလား ဒကာကြွယ် (မရနိုင်ပါ ဘုရား)၊ အနုတ်ကလဲ များလွန်းတယ် (မှန်ပါ)၊ ထိနမိဒ္ဓနုတ်လိုက်တာက အသက်တမ်း တစ်ဝက်၊ သားရေး, သမီးရေး, စီးပွားရေး နုတ်လိုက်တာက အဲ့ဒီတစ်ဝက်ထဲက နေပြီး သကာလ တစ်ဝက်ကျော်ကျော် နုတ်ချင်နုတ်ဦးမှာ (မှန်ပါ)၊ မနုတ်ပေဘူးလား (နုတ်ပါတယ်)၊ ဒီအထဲမှာ မမာ မကျန်းတွေ နုတ်လိုက်ရင်ကော (ကုန်ပါရော ဘုရား) တော်တော်ကို ဆိုးရွားပါလား (ဆိုးပါတယ် ဘုရား)၊

အဲဒီတော့ တပည့်တော်တို့ လုပ်လဲ လုပ်ပါရဲ့ဘုရား၊ ဘယ့်နှယ်ကြောင့် မရပါလိမ့်၊ အိုး အနုတ်များလို့သာ ဆင်ခြေပေးကြပါတော့ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် နောက်ကို ဒကာ ဒကာမတွေက လာပြောရင် ကျွန်မတို့ အတော်အားထုတ်ပါတယ်၊ ဘာမှ နေရာမကျသေးဘူး၊ အို နေရာမကျတာလဲ မင်းသိပ်ပြီး စိတ်မပင်ပန်းပါနဲ့ကွာ၊ အနုတ်တွေများလို့ပါလို့ အဖြေပေး (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒီတော့ ပါရမီ မရှိလို့လား၊ အနုတ်များလို့လား (အနုတ်များလို့ပါ ဘုရား)၊ ဘယ်သူက အနုတ်များတာတုန်းဆို တော့ ထိနမိဒ္ဓ ဗိုလ်စွဲပြီး နုတ်သွားတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် အဇာတသတ်အား ဟောတဲ့ သာမညဖလသုတ်မှာ “ထိနမိဒ္ဓံဗန္ဓနာဂါရံဝိယ” စသည်ဖြင့် ကျယ်ဝန်းစွာ ပါပါတယ် (မှန်ပါ)၊ သို့သော် ဒီနေ့ ဒီတရားမဆုံးမှာစိုးလို့ ဆုံးချင်မှလဲ ဆုံးမယ် ဒကာသစ်ရေ (မှန်ပါ)။

ထိနမိဒ္ဓ နုတ်တတ်ကြပြီလား

ကဲ ဒါဖြင့် ဒကာသစ်ရေ ထိနမိဒ္ဓ နုတ်တတ်ကြပြီလား (နုတ်တတ်ပါပြီ)၊ အဲ စာလိုသုံးရင် “သံခိတ္တံ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ” ပဲနော် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲ သူ့ကိုလက်ခံထားလို့ရှိရင် လောဘလက်ခံရင် တဏှာ ဥပါဒါန်ကံ ဇာတိ ဇရာ မရဏ သွားပြီ၊ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ)၊ ဒေါသလက်ခံလိုက်လို့ရှိရင် ထိနမိဒ္ဓကလဲ တစ်ခါတလေကျတော့လဲ စိတ်မချမ်းသာ လက်မချမ်းသာနဲ့ဖြစ်လို့ ဆုတ်နစ်ပြီး အိပ်တဲ့အခါ ရှိသေးတယ်၊ ဒေါသကြောင့် အိပ်တာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒါကျတော့ ဒေါသ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အဝိဇ္ဇာ, သင်္ခါရ မလှည့်ဘူးလား (လှည့်ပါတယ်)၊ အဲ ပဋိစ္စသမုပ္ပါဒ် အလယ်ကနေပြီး အောက်ဆင်းလိုက်၊ အဆုံးနားကနေပြီး အောက်ဆင်းလိုက်၊ အောက်လမ်းချည်း မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

အဲ့ဒါ ဒကာသစ်တို့၊ ဦးလှဘူး-တို့ မဖယ်ရှားတယ်လို့ ဖြစ်ရတဲ့ အကြီးဆုံးသော မိုက်ပြစ်သင့်တာပဲဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သူလဲ ပဋိစ္စသမုပ္ပါဒ် ဆက်မလို့လာတဲ့ ထိနမိဒ္ဓသည် မဂ်ဖိုလ်တားတယ်ဆိုတာ သေချာပြီလား (သေချာသွားပါပြီ)၊ သူက လာရင်းကတော့ဖြင့်တဲ့ ခင်ဗျားတို့ ဖယ်ရှားရင်ဖယ်ရှား၊ မဖယ်ရှားရင် တားမယ် (မှန်ပါ)၊ တားတာကြည့်ပြီး ဘုရားက နီဝရဏလို့ ဟောတာ (မှန်ပါ)၊ ဖယ်နည်းကို “သံခိတ္တံ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနတိ” ဖယ်နည်းတော့ ဒီလိုရှိတယ် (မှန်ပါ)၊ ဒီလိုနှစ်နည်းနှစ်မျိုးကို ပြောမှသာလျှင် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ လိုရင်း ကိုက်တယ် (မှန်ပါ)။

နည်းကျအောင် မသိဘဲဖြစ်တတ် တယ်

ဒါက အင်္ဂုတ္တိုရ်နဲ့ ဒီဃနိကာယ်မဟာဝါ၊ မဇ္ဈိမနိကာယ် မူလပဏ္ဏာသတို့ကိုရောပြီး ဟောတာ (မှန်ပါ)၊ ဟိုတစ်ခု တည်း သွားကြည့်နေလို့ရှိရင် ဒီလိုစုံမှာမဟုတ်ဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ သို့သော်လည်း ပါတန်သလောက် ပါငြားသော်လဲ ကိုယ်သွားကြည့်မယ်ဆိုရင် မယူတတ်ဘူး (မှန်ပါ)၊ ဘယ်လိုယူရမယ်လို့ နည်းကျအောင် မသိဘဲဖြစ်တတ် တယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အခုတော့ ဒကာ ဒကာမတို့ ထိနမိဒ္ဓဝင်ရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ရေထဲ ဘာဖုံးနေတာနဲ့ တူပါလိမ့် (မှော်ဖုံးနေတာနဲ့ တူပါတယ်)၊ အဲ မှော်ဖယ်လိုက်လို့ရှိရင် ရေထဲမှာ မျက်နှာရိပ်ထင်သလို ဒီမှာလဲ သူ့အရင် ဖြစ်ပျက်ရှုပြီးမှ ကျုပ်တို့ ဉာဏ်နဲ့ ခန္ဓာရှုမယ်ဆိုလို့ရှိရင်ဖြင့် မျက်နှာရိပ် ထင်သလို အကုန်ထင်တာပဲဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာသစ်ရေ တတိယအချက် အောင်သွားပြီ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ ကဲ စတုတ္ထပြောကြစို့၊ စတုတ္ထက ဘာတဲ့ (ဥဒ္ဓစ္စ ကုက္ကုစ္စပါ ဘုရား)၊ ဥဒ္ဓစ္စဆိုတာ စိတ်က မငြိမ်ဘူး၊ ထားရာမှာကို မနေဘူး (မှန်ပါ ဘုရား)။

အဲ့ဒီတော့ မြတ်စွာဘုရားက သင်္ဂါရဝပုဏ္ဏား ရေကို လေတိုက်လို့ လှုပ်နေတယ်ကွ၊ မင်းမျက်နှာရိပ်နဲ့ ဟပ်ကြည့်ပါ၊ အရိပ်ထင်ပါ့မလား မေးလိုက်တယ် (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမလဲ (မထင်ပါ ဘုရား)၊ ရေလှုပ်နေလို့ မထင်တာ၊ သဘောကျ ပြီလား (မှန်ပါ)၊ ဒီရေလှုပ်နေလို့ မထင်တော့ ရေလှုပ်တာကို ငြိမ်အောင် လုပ်ရလိမ့်ဦးမယ် (မှန်ပါ)။

စိတ်လှုပ်နေတယ်ဆိုတော့ ဥဒ္ဓစ္စပဲ

ဒါဖြင့် ဒီဥဒ္ဓစ္စကို ဒကာသစ် ဘာလုပ်ပစ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ သူ့ကြောင့် လှုပ်နေတာကိုးဗျ၊ စိတ်လှုပ်နေတယ်ဆိုတော့ ဥဒ္ဓစ္စပဲ၊ လှုပ်တဲ့စိတ်ကို ဖြစ်ပျက်ရှုပစ်ပါ (မှန်ပါ)၊ လှုပ်တဲ့စိတ်ကို ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဥဒ္ဓစ္စမိသွားတယ် (မှန်ပါ)၊ ဥဒ္ဓစ္စမိတော့ သူအနိစ္စဖြစ်တော့ ပညာဉာဏ်နဲ့ ချေမှုန်းပစ်လိုက်တဲ့အတွက် ဥဒ္ဓစ္စသည် ပြေးရရှာတယ် (မှန်ပါ)၊ မပြေးရဘူးလား (ပြေးရပါတယ် ဘုရား)။

အဲဒါ သတိပဋ္ဌာန် ပါဠိတော်ထဲ သွားကြပါဦးစို့ ဒကာ ဒကာမတွေ (မှန်ပါ)၊ “ဝိက္ခိတ္တံ ဝါ စိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိ ပဇာနာတိ။ ဝါက္ခိတ္တံ ဝါ စိတ္တံ-ပျံ့လွင့်တဲ့စိတ်ကို၊ ဝိက္ခိတ္တံစိတ္တန္တိ-ပျံ့လွင့်တဲ့စိတ်ဟူ၍၊ ပဇာနာတိ-ဖြစ်ပျက်သိအောင် လုပ်ပါတဲ့ (မှန်ပါ)၊ ဦးဘအုန်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် စိတ်ပျံ့လွင့်ရင် ပျံ့လွင့်တဲ့စိတ်ကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ အခုတော့ ဒကာသစ်တို့ လူစုတွေက ဒီလို နည်းမရသေးခင်က ဘယ်လိုဖြစ်သတုန်းလို့မေးတဲ့အခါ စိတ်က ထားရာကို မနေဘူးဘုရား (မှန်ပါ)၊ အဲ့ဒီတော့ ကျုပ်ဘာဖြစ်တယ် မသိဘူး၊ ဘာမှမဖြစ်ဘူး၊ သံသရာဒုက္ခထဲ လည်ဦးမလို့ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူက ဘာတုန်းဆိုလို့ရှိရင် ဥဒ္ဓစ္စဆိုတဲ့ဥစ္စာ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ ဆိုတဲ့ဥစ္စာသည် အဝိဇ္ဇာလဲပါတယ်၊ ဒေါသလဲပါတယ် (မှန်ပါ)၊ ဒါ အဝိဇ္ဇာပစ္စယာ သင်္ခါရာ သွားချင်လို့ (မှန်ပါ)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ)၊ အဲ့ဒီတော့ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ရဟတ်ကြီး လည်မလို့လာတာ (မှန်ပါ)။

ဒီဥဒ္ဓစ္စမရှုလို့ရှိရင် သူ ဘာလုပ်မလို့ လာတာပါလိမ့် (ဒုက္ခစက်ရဟတ်ကြီးလည်မလို့ လာတာပါ)၊ ပဋိစ္စသမုပ္ပါဒ် အစကစပြီး လည်မလို့လာတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ အလယ်ကဖောက်ပြီး လည်မလို့ လာတာလို့လဲ မှတ်လိုက် စမ်းပါ (မှန်ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒီတော့ အခု ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုလိုက်ပြီးတော့မှ ဒကာသစ် ဘယ်လိုလှည့်ရမလဲ (မူလကမ္မဋ္ဌာန်းကို ပြန်လှည့်ပါ့မယ်)၊ မူလကမ္မဋ္ဌာန်းကို ပြန်လှည့်၊ ဆရာဘုန်းကြီး ပေးထားတဲ့ ကမ္မဋ္ဌာန်းတွေ ပြန်လှည့် (မှန်ပါ)။

တားတာကို အရင်ရှုရမယ်

တားတာကို အရင်ရှုရမယ် (မှန်ပါ)၊ တားတာကို အရင်ရှုပြီးတော့မှ ဒကာသစ် ဘာလုပ်ရမယ် (မူလကမ္မဋ္ဌာန်း ကို ပြန်လှည့်ရပါ့မယ် ဘုရား)။

မူလကမ္မဋ္ဌာန်းကို ပြန်လှည့်တော့ အခု ရေငြိမ်မှ မျက်နှာရိပ်ဟပ်လိုက်တော့ကို ကိုယ့်မျက်ခုံး မျက်လုံး အကုန် မမြင်ရပေဘူးလား (မြင်ရပါတယ်)၊ ဘာ့ကြောင့်တုန်း ရေငြိမ်သွားလို့ (မှန်ပါ ဘုရား)။

ဒီမှာလဲ ဥဒ္ဓစ္စဆိုတဲ့ ပျံ့လွင့်တဲ့စိတ်က ငြိမ်သွားတဲ့အတွက် သူမရှိတော့ကို ဒကာ ဒကာမတို့ ပင်ကိုဉာဏ်ဟာ ရေငြိမ်တဲ့ဆီမှာ မျက်နှာဟပ်ရသလို ခန္ဓာကြီးဟပ်ကြည့်လိုက်တဲ့အခါ အနိစ္စတွေ တစ်ခါတည်း ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)၊ ဉာဏ်ထဲ အကုန်မပေါ်လာဘူးလား (ပေါ်လာပါတယ်)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ စိတ်တွေက တောင်ရောက် မြောက်ရောက်နဲ့ ဘုရား၊ အလုပ်လုပ်လို့များ မဖြစ်ပါဘူးတဲ့၊ အလုပ်လုပ်လို့ မဖြစ်လို့ရှိရင် အပါယ်သွားဖို့တော့ ဖြစ်တော့မယ် (မှန်ပါ)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့က လောကီအလုပ်ကျတော့ စိတ်မငြိမ်ပေမယ့်လဲ စိတ်ကလေးပြေအောင် လုပ်လိုက် ဦးမှကိုး (မှန်ပါ)၊ လောကုတ္တရာ အလုပ်ကျတော့ ဒကာသစ်တို့က စိတ်မငြိမ်တဲ့နေ့ကျတော့ ထိုင်ပေမယ့် ကျေးဇူးရှိမယ် မထင်ဘူးတဲ့ (မှန်ပါ)၊ ဟာ ဘယ့်နှယ် ကျေးဇူးမရှိရမတုန်း၊ ဖယ်ရှားပြီး ကြည့်လိုက်ရင် ဘယ့်နှယ်နေသတုန်း (ကျေးဇူး ရှိပါတယ် ဘုရား)။

သို့သော်လဲ အခုလို ဆရာသမားဆီက ဘုရားဟောတဲ့အတိုင်း နည်းမရပြီဆိုမှဖြင့် မငြိမ်သေးတဲ့နေ့တော့ မလုပ်သေးဘူးတဲ့ (မလုပ်ပါ ဘုရား)၊ မလုပ်သေးဘူးဆိုတော့ ဘာလုပ်မှာတုန်း (သံသရာလည်ကြောင်းတွေ လုပ်မှာပါ ဘုရား)။

မယုံရင် စဉ်းစားကြည့်ပါ၊ သူဟာ မောဟပါ၊ ဥဒ္ဓစ္စဆိုတာ မောဟစိတ်၌ ယှဉ်ပါတယ်၊ မောဟဆိုတော့ အဝိဇ္ဇာ မနေဘူးလား (နေပါတယ်)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ)၊ ဝိညာဏပစ္စယာ (နာမရူပံပါ)၊ ဒုက္ခသစ္စာတစ်တန်းကြီး ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဖယ်ရမည့်တရားကို မဖယ်တတ်တဲ့ဖြစ်ထွေ

အဲ ဒကာ ဒကာမတို့ ဖယ်ရမည့်တရားကို မဖယ်တတ်တဲ့ဖြစ်ထွေက အတော်ဆိုးသွားတယ် (ဆိုးပါတယ်)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဘယ်လိုကြောင့် ခင်ဗျားတို့၊ အင်း စိတ်တွေက မငြိမ်ဘူး၊ မငြိမ်တဲ့အတွက် ဒီနေ့ ကမ္မဋ္ဌာန်းအားထုတ်ရငြားသော်လဲ တယ်ပြီးခရီးမပေါက်ဘူး၊ ညောင်းရုံပဲ ရှိမှာပဲဆိုတာတွေလဲ ဘုန်းကြီးတို့ ကြားရတယ် (မှန်ပါ)၊ ဦးဘအုန်း တို့လဲ တစ်ခါတလေ ဒီစိတ်တွေ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒါ ယခု ဆရာဘုန်းကြီးပေးတဲ့နည်း၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဟောတော်မူတဲ့ နည်း၊ သင်္ဂါရဝကို ဟောတဲ့နည်း၊ သတိပဋ္ဌာန်ပါဠိတော်မှာ ဝိက္ခိတ္တံ ဝါ စိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိ ပဇာနာတိ-လို့ ဘုရားက သေသေချာချာ ဟောထားတဲ့အတွက် ဝိက္ခိတ္တစိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘာရှုရမလဲ (ဝိက္ခိတ္တစိတ်ကို ဖြစ်ပျက်ရှုရပါမယ်)၊ ဝိက္ခိတ္တစိတ်ကို ဆိုတော့ ဥဒ္ဓစ္စပဲ (မှန်ပါ) မြန်မာလိုပြန်ရင် မငြိမ်တဲ့ စိတ်ပဲ (မှန်ပါ ဘုရား)။ အဲ့ဒီ မငြိမ်တဲ့စိတ် ဘာလုပ်ကြရမလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

သူက စိတ်တော့ စိတ်ပဲတဲ့၊ သူများစိတ်လို တည်တဲ့စိတ်မဟုတ်လို့ မငြိမ်တဲ့စိတ်လို့ နာမည်ပေးလိုက်တယ် (မှန်ပါ ဘုရား)၊ အဲ့ဒီမငြိမ်တဲ့ စိတ်ဟာ သူများလိုပဲ သူလဲ ငြိမ်တာ မငြိမ်တာ အနိစ္စတရားပဲ (မှန်ပါ)၊ အဲဒီတော့ အနိစ္စ တရား ဖြစ်သောကြောင့် သူက ဧဟိ-လာခဲ့၊ ပဿ-ရှုပါ၊ သူက ငါ့ကို ရှုလို့ပြောတာ (မှန်ပါ)၊ ခင်ဗျားတို့က ထပြေးတယ်၊ ထပြေးတော့ ခုနက ပြောသလို ဒုက္ခသံသရာ ပြေးတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ပိတ်ပြီး အပါယ်သွားခိုင်းတယ်

ပြေးစရာလား၊ ရှုစရာလား (ရှုစရာပါ ဘုရား)၊ အဲ ရှုစရာကို ရှုပါဆိုတော့ ပြေးရင် သူက နီဝရဏတရားမို့ နိဗ္ဗာန်ပိတ်ပြီး အပါယ်သွားခိုင်းတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဥဒ္ဓစ္စကို ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ မရှုရင် သူက နိဗ္ဗာန်လဲ ပိတ်မယ်၊ အပါယ်လဲ ပို့မယ် (မှန်ပါ)၊ ကျုပ်တို့ ကိုယ်ကျိုးမနည်းသေးဘူးလား (နည်းပါတယ် ဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ တစ်သံသရာလုံးမှာ မဖယ်တတ်လို့ နိဗ္ဗာန်မရောက်ခဲ့တာ (မှန်ပါ)၊ ဖယ်တတ်ရင် (နိဗ္ဗာန်ရောက်မှာပါ ဘုရား)။

အဲဒီတော့ ယနေ့ ဟောတဲ့တရား မနေ့က ဟောတဲ့တရားမှာ ဖယ်နည်းကတစ်မျိုး၊ မူလကမ္မဋ္ဌာန်းရှုနည်းက တစ်မျိုး (မှန်ပါ)၊ ဖယ်နည်းကလဲ ဝိပဿနာပဲ၊ မူလကမ္မဋ္ဌာန်း ရှုနည်းကလဲ (ဝိပဿနာပါ ဘုရား)။

အဲ့ဒီလို နှစ်ချက် နှစ်ချက်တွဲပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုးစားမယ်ဆိုလို့ရှိရင်ဖြင့် ဖယ်နည်းဟာပိုမိုပြီး အရေးကြီးပါတယ် (မှန်ပါ)၊ ဒီဖယ်နည်းကို စူးစူးစိုက်စိုက်နဲ့ ဆရာသမား ပြောတဲ့အတိုင်း၊ ဘုရားဟောတဲ့အတိုင်း သေသေချာချာ ဖယ်တတ်ကြမယ်ဆိုရင် ဦးဘအုန်း ဘာမှမပူနဲ့ (မှန်ပါ ဘုရား)၊ နိဗ္ဗာန်မဂ်ဖိုလ်မရခဲ့တာ ဒီနီဝရဏတရား တားထားလို့ (မှန်ပါ)၊ ဘယ့်နှယ်ကြောင့် နီဝရဏဖြစ်ရပါသတုန်းဆိုတော့ ဖယ်နည်းမကျင်လည်မှု (မှန်ပါ ဘုရား)။

ဖယ်နည်း ကျင်လည်ကြပြီလား

ဘယ်လိုဆိုကြပါ့မယ် (ဖယ်နည်းမကျင်လည်မှုပါ)၊ ဖယ်နည်းမကျင်လည်မှုဆိုတော့ အခု ဖယ်နည်းကို သင်္ဂါရဝ သုတ်မှာ ဟောပြီ (မှန်ပါ)၊ ဟောတော့ ဒကာ ဒကာမတွေက ဖယ်နည်း ကျင်လည်ကြပြီလား (မှန်ပါ၊ ကျင်လည်ပါပြီ ဘုရား)။

ဒါဖြင့် မဂ်ဖိုလ် တားမြစ်တဲ့တရား ခင်ဗျားတို့ သန္တာန်မှာ လာရင် ဖယ်တတ်တဲ့အတွက် ခင်ဗျားတို့ မဂ်ဖိုလ်ရနိုင် ပါတယ် (မှန်ပါ)၊ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု … သာဓု … သာဓု။