နီဝရဏဖယ်နည်း (၁)
သံသရာတွင်း နေထိုင်ရပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူအပ်သော
နီဝရဏဖယ်နည်း (၁)
သံသရာတွင်း နေထိုင်ရပုံ
အလုပ်ပေးတရားတော်
(၁၃-၁၂-၆၀)
သံသရာထဲမှာ ဘယ်လိုနေခဲ့ကြရသတုန်း
ဒကာ ဒကာမတွေ သံသရာထဲမှာ ဘယ်လိုနေခဲ့ကြရသတုန်းဆိုလို့ရှိရင်ဖြင့် ဇာတိပြီးတော့ ဇရာသွားတာပဲနော် (မှန်ပါ ဘုရား) ဇရာပြီးတော့ ဗျာဓိသွားကြတယ်၊ ဗျာဓိပြီးတော့ မရဏဆိုတဲ့ သေမှုသွားရတယ် (မှန်ပါ)၊ သေမှုကျပြန် တော့လဲ တစ်ခါ လူကောင်းကနေပြီး သကာလ တိရစ္ဆာန်ဖြစ်မယ်ဆိုရင် ခေါင်းပြောင်းပြီး သကာလ ဇာတိပြန်သွားရတယ် (မှန်ပါ)၊ ဇာတိကနေ တစ်ခါ ဘယ်လှည့်ပြန်သတုန်း (ဇရာလှည့်ပါတယ်)၊ ဇရာကနေ (ဗျာဓိလှည့်ပါတယ်) ဗျာဓိကနေပြီး (မရဏလှည့်ပါတယ်)၊ မရဏကျတော့ တစ်ခါ ခေါင်းပြောင်းကြဦးစို့ (မှန်ပါ)၊ အကြောင်းမညီညွတ်လို့ရှိရင်ဖြင့် ငရဲခေါင်း ပြောင်းပြီး သကာလ မရဏကနေ ဘယ်သွားကြမယ် ထင်ကြသတုန်း (ဇာတိသွားရမှာပါ)၊ ဇာတိပဲ သွားရမှာပဲ၊ ဇာတိကနေ ဇရာ၊ ဇရာက ဗျာဓိ၊ ဗျာဓိက မရဏ၊ မရဏကျတော့ ခေါင်းပြောင်းပြီး ငရဲ၊ ငရဲက တက်လာပြီး တိရစ္ဆာန်ဘုံ ပြန်တက်၊ တိရစ္ဆာန်ခေါင်းပြောင်းပြီး ဘယ်ရောက်ပြန်သတုန်း (ဇာတိပဲ ပြန်ရောက်ရပါတယ် ဘုရား)။
ဪ သံသရာတစ်ခုလုံးမှာ ငါတို့ ဘယ်လိုနေထိုင်ခဲ့ရတယ်ဆိုတာ ခေါင်းပြောင်းပြီး ဇာတိဝင်နေရတာပဲ (မှန်ပါ)၊ ခေါင်းပြောင်းပြီး (ဇာတိဝင်နေရပါတယ် ဘုရား) ခေါင်းပြောင်းဆိုတာကတော့ ပဋိသန္ဓေပြောင်းတော့ ပုံသဏ္ဌာန် ပြောင်းတာကို ဆိုပါတယ်၊ ဇာတိကတော့ မထူးပါဘူး (မှန်ပါ)။
ဒါက ဘာနဲ့လှည့်တာတုန်းဆိုတော့ သတ္တဝါဟူသော သမုတိသစ္စာနဲ့ လှည့်ပြတာပါ (မှန်လှပါ)၊ ဒါ ပဋိစ္စသမုပ္ပါဒ် အကျဉ်း လှည့်ပြတာနော် (မှန်ပါ ဘုရား)။
ကိုင်း သစ္စာနဲ့ လှည့်ပြကြဦးစို့ဆိုတော့ ဇာတိက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ ဇရာကကော (ဒုက္ခသစ္စာပါ)၊ ဗျာဓိက (ဒုက္ခသစ္စာပါ)၊ မရဏက (ဒုက္ခသစ္စာပါ)၊ မရဏကျတော့ ခုနကလိုပဲ ဇာတိပြောင်းရဦးမှာပဲ၊ နိဗ္ဗာန်မရသေးရင်လေ (မှန်ပါ)၊ အဲ့ဒီတော့ ဇာတိပြောင်းတော့ ဇာတိက ဘာသစ္စာပြန်ဖြစ်သတုန်း (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် သစ္စာလို လှည့်တော့ ဒုက္ခအဝိုင်းကြီး (မှန်ပါ ဘုရား)။ သစ္စာလိုလှည့်တော့ (ဒုက္ခအဝိုင်းကြီးပါ ဘုရား)။
ခေါင်းပြောင်းလှည့်တယ်
ပုဂ္ဂိုလ်သတ္တဝါဟူသော သမုတိသစ္စာနဲ့ လှည့်လိုက်တော့ ခေါင်းပြောင်းလှည့်တယ် (မှန်ပါ)၊ သတ္တဝါဟူသော အဖြစ်နဲ့လှည့်တော့ ဘယ်လို လှည့်ပါလိမ့် (ခေါင်းပြောင်းလှည့်ပါတယ် ဘုရား) ဒါဖြင့် ကျုပ်တို့ ပွဲထဲ ကြည့်တဲ့အခါကျတော့ လူတစ်ယောက်က ဘီလူးလုပ်ထွက်လာလာ၊ မျောက်လုပ်ထွက်လာလာ၊ မြင်းလုပ်ထွက်လာလာ အဲ့ဒီဇာတ်ထုပ်နဲ့ ကျုပ်တို့ သံသရာထဲ လည်ခဲ့ရပြီ၊ ခေါင်းပြောင်းရတဲ့ ဇာတ်ထုပ်နဲ့ ဦးဘအုန်း ထူးသေးသလား (မထူးပါ ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် ဒီလိုပြောင်းရပါလိမ့်မလဲ၊ တို့ အရှက်တကွဲ အကျိုးနည်းလမ်းချည်း လျှောက်နေရပါလိမ့် မလဲလို့မေးဖို့ မကြုံဘူးလား (ကြုံပါတယ် ဘုရား)၊ အဲဒါ ဖုံးလွှမ်းထားတဲ့ တရားကို မဖယ်တတ်တဲ့အတွက် သံသရာ ရှည်သွားတာ (မှန်လှပါ ဘုရား) ဖုံးလွှမ်းထားတဲ့ တရားကို (မဖယ်တတ်လို့ သံသရာရှည်တာပါ ဘုရား)၊ ဖုံးလွှမ်းထားတဲ့ တရားကို ဖယ်တတ်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ခေါင်းပြောင်းစရာလဲ မရှိဘူး၊ ဒုက္ခစက် လည်စရာလဲ မရှိဘူး (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ ခေါင်းပြောင်းစရာကော (မရှိပါ ဘုရား)၊ ဒုက္ခစက် လည်စရာကော (မရှိပါ ဘုရား)။
ကိုင်း ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကို ယနေ့ တိုတိုနဲ့နှစ်မျိုး လှည့်ပြလိုက်တယ်နော် (မှန်ပါ)၊ ပထမက ပုဂ္ဂိုလ်ပညတ်နဲ့ လှည့်ပြတယ်၊ ဒုတိယက သစ္စာနဲ့ လှည့်ပြတယ်၊ ဒကာသစ် ကျေနပ်ပြီလား (ကျေနပ်ပါပြီ)၊ အားလုံး ဒကာ ဒကာမ တွေကော (ကျေနပ်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီအလှည့်ကြီးကို တစ်လှည့်တည်း လှည့်နေရပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ ဖုံးလွှမ်း ထားတဲ့တရားကို မဖယ်တတ်လို့ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (ဖုံးလွှမ်းထားတဲ့တရားကို မဖယ်တတ်လို့ပါ ဘုရား) ဖုံးလွှမ်းထားတဲ့တရားကို မဖယ်တတ်လို့ ဤကဲ့သို့ အလှည့်ကြီး လှည့်နေတယ်ဆိုတာ မှတ်လိုက်ကြစမ်းပါ (မှန်ပါ)၊ ပထမက ပုဂ္ဂိုလ်သတ္တဝါအဖြစ်နဲ့ လှည့်ပြတယ်လို့ မှတ်ရမယ်နော် (မှန်ပါ)၊ ဒုတိယက သစ္စာနဲ့လှည့်ပြတယ်လို့ မှတ်ရမယ်နော် (မှန်ပါ) ပဋိစ္စသမုပ္ပါဒ်တော့ ပဋိစ္စသမုပ္ပါဒ်ချည်းပဲ (မှန်ပါ ဘုရား)။
ဘယ်အလှည့်နဲ့ လှည့်ချင်သတုန်း
ဒကာကြွယ် ဘယ်အလှည့်နဲ့ လှည့်ချင်သတုန်း (ဘယ်အလှည့်နဲ့မှ မလှည့်ချင်ပါ ဘုရား)၊ ပုဂ္ဂိုလ်အဖြစ်နဲ့လှည့်လဲ ခေါင်းပြောင်းလှည့်နေတာပဲ (မှန်ပါ)၊ ဇာတိပင်လယ်၊ ဇရာပင်လယ်၊ ဗျာဓိပင်လယ်၊ မရဏပင်လယ်ထဲပဲ လှည့်နေတာပဲ (မှန်ပါ ဘုရား)။
သစ္စာအဖြစ်နဲ့ တစ်ခါ ပရမတ်ဆိုက်အောင် သစ္စာအဖြစ်နဲ့ လှည့်စမ်းပါဆိုတော့ ဇာတိဒုက္ခသစ္စာပြီး ဇရာဒုက္ခသစ္စာ မသွားပါနဲ့ဆိုလို့မရ (မှန်ပါ)၊ ဗျာဓိဒုက္ခသစ္စာ မရောက်ပါစေနဲ့ဆိုလို့ (မရပါ ဘုရား)၊ မရဏကနေပြီး ဇာတိကို မရောက် ပါစေနဲ့ဆိုလို့ (မရပါ ဘုရား)၊ ဒါက ဘာနဲ့ လှည့်ပြတာတုန်း (သစ္စာနဲ့လှည့်ပြတာပါ)၊ သစ္စာနဲ့လှည့်တဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အရင်ဟာက သမုတိသစ္စာနဲ့လှည့်တဲ့ ပဋိစ္စသမုပ္ပါဒ်လို့ ဦးဘအုန်း တို့ မှတ်ပါ (မှန်ပါ)၊ ဒကာကြွယ် ဘယ်လို လှည့်လို့မှ သူ့ဟာက ယထာဘူတ မကျဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ အဲ့ဒါက ဘယ့်နှယ်ကြောင့် လှည့်နေရပါလိမ့် မတုန်းလို့ ယခုလာကြတဲ့ ဒကာ ဒကာမတွေကော သံဃာတော်တွေရော မေးကြပါစို့ဆိုရင်ဖြင့် ဖုံးလွှမ်းထားတဲ့တရားကို မဖယ်တတ်လို့ (မှန်ပါ ဘုရား)။
မှတ်မိကြပြီလား (မှတ်မိပါပြီ)၊ ဘာပါလိမ့်ဗျာ (ဖုံးလွှမ်းထားတဲ့တရားကို မဖယ်တတ်လို့ပါ ဘုရား)။
အဲ့ဒါ အခုဘဝတောင် မဖယ်တတ်သေးရင်တော့ သမုတိသစ္စာ ပဋိစ္စသမုပ္ပါဒ်၊ ပရမတ္ထသစ္စာ ပဋိစ္စသမုပ္ပါဒ် ဒီလိုပဲ လှည့်နေဦးမှာပဲ (မှန်ပါ ဘုရား)။
ဒါကြောင့် ယနေ့တော့ဖြင့် အလုပ်သမားတွေအတွက်ချည်းပဲ သီးသန့်ဟောပါတော့မယ်ဆိုပြီး သကာလ ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်သင်္ဂါရဝသုတ်ကို ဒကာ ဒကာမတွေအား ဝိပဿနာလဲ ရှုတတ်အောင် ဖယ်လဲဖယ်ရှားတတ်အောင် ဒကာသစ် အလုပ်သင်မည့်တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
ဘာတရားဟောမှာပါလိမ့် (အလုပ်သင်တရားပါ ဘုရား)၊ အလုပ်မပါဘဲနဲ့ ဆုတောင်းသက်သက်နဲ့တော့ဖြင့် မရောက်နိုင်ဘူး (မှန်ပါ)၊ တောင်းပြီး သကာလ လုပ်ယူမှ ရမယ် (မှန်ပါ)၊ တောင်းတာကတော့ တောင်းရုံပဲ၊ ဖယ်ရှား တတ်တာကတော့ ဝိပဿနာကမှ ဖယ်ရှားတတ်တာကိုး (မှန်ပါ ဘုရား)။
အဲ့ဒီတော့ တောင်းရုံတော့ တောင်းတတ်တယ်၊ မဖယ်ရှားတတ်ဘူးဆိုလို့ရှိရင်လဲ ဆုတောင်းပြည့်ဖို့ မလွယ် ပါဘူး (မှန်ပါ)၊ ဆုတောင်းပြည့်ချင်လို့ရှိရင် သဒ္ဓါ သီလ သုတ စာဂ ပညာလို့ ဆိုထားတာကိုး (မှန်ပါ)၊ ပဏ္ဏာသက ပညာမပါဘဲနဲ့ ဘယ့်နှယ်လုပ်ပြည့်မလဲဆိုတော့ အခု ဖယ်ရမယ်ဆိုတာ ပညာနဲ့ဖယ်ရမှာ (မှန်ပါ ဘုရား)။
တရားငါးပါးပြည့်စုံမှ ဆုတောင်း ပြည့်စုံပါတယ်
ဒါကြောင့် ဆုတောင်းပြည့်ချင်လို့ရှိရင် သဒ္ဓါ သီလ သုတ စာဂ ပညာဆိုတဲ့ တရားငါးပါးပြည့်စုံမှ ဆုတောင်း ပြည့်စုံပါတယ် (မှန်ပါ)၊ ဒါဖြင့် ပညာအလုပ်စခန်းမပါရင် ပြည့်ပါ့မလား (မပြည့်ပါ ဘုရား)။
အဲ့ဒါကြောင့် ဒကာ ဒကာမတွေက ဆုတောင်းမကဲဘဲနဲ့ ပညာကဲပေးလို့ရှိရင်ဖြင့် ပိုကောင်းမယ်လို့ ဆရာဘုန်းကြီး များက အမြင်ကျယ်ကျယ်နဲ့ သတိပေးလိုက်တယ် (မှန်ပါ ဘုရား)၊ ဆုတောင်းချင်တော့ တောင်းတာပေါ့၊ သို့သော် သူ့ကိုမကဲဘဲနဲ့ ပညာစခန်းကို ကဲပေးလိုက်မယ်ဆိုလို့ရှိရင်ဖြင့် လိုရာခရီးပြီးပါလိမ့်မယ် (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဆုတောင်းက ကဲရမှာလား၊ ပညာစခန်းကဲရမှာလား (ပညာစခန်းကဲရမှာပါ ဘုရား) ပညာစခန်းဆိုတာ ကတော့ဖြင့် ပညာကို ဖုံးနေတဲ့ဥစ္စာ၊ ပညာမထိုးဖောက်နိုင်အောင် ဖုံးနေတဲ့တရားက နီဝရဏတရား (မှန်ပါ ဘုရား)၊ မြန်မာလို ရေတွက်ပြတော့ လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ ဒါကို နီဝရဏတရားလို့ ဆိုတယ် (မှန်ပါ ဘုရား)။
မဂ်ဉာဏ်ဖုံးလွှမ်းတဲ့တရားငါးခု
ဒါကလေးတော့ ဒကာ ဒကာမတွေက ယနေ့ တရားမှာ ဖယ်ရှားရမည့်တရားကို မဖယ်တတ်မှာလဲ စိုးလို့ ခန္ဓာကိုယ်ထဲမှာလဲ သူတို့က အများကြီးဝင်နိုင်တဲ့တရားဖြစ်နေလို့ ဒါကလေးတော့ဖြင့် အားလုံး တရားတစ်ပွဲလုံး သည်းခံပြီး သကာလ (၁) နံပါတ်လဲ မှတ်ရလိမ့်မယ် (မှန်ပါ)၊
(၁) နံပါတ်က ဘာပါလိမ့် (လောဘပါ ဘုရား)၊
(၂) နံပါတ်က (ဒေါသပါ ဘုရား)၊
(၃) နံပါတ်က (ထိနမိဒ္ဓပါ)၊
(၄) နံပါတ်က (ဥဒ္ဓစ္စကုက္ကုစ္စပါ ဘုရား)၊
(၅) နံပါတ်က (ဝိစိကိစ္ဆာပါ ဘုရား)။
ဒကာ ဒကာမတွေ ဒီဟာတွေ နာမည်လဲ မသိ၊ ဖုံးလာပြန်လဲ မသိဆိုရင် ဘယ့်နှယ်လုပ်ပြီး သကာလ ဒီအဖုံးကို ဖွင့်နိုင်ပါ့မတုန်း (မဖွင့်နိုင်ပါ ဘုရား)။
အဲ့ဒါကြောင့် ဒီနေ့တရားပွဲမှာ ဒကာ ဒကာမတို့အတွက် ဟောတာဖြစ်နေလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီး ကလဲ ဒကာ ဒကာမတွေအတွက် အလွန်အရေးကြီးတဲ့အချက်၊ မဂ်ဉာဏ်ဖုံးလွှမ်းတဲ့တရားငါးခုလို့ ဆိုထားတယ် (မှန်ပါ ဘုရား)။
ဪ ငါတို့သည် မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရလို့ သမုတိသစ္စာ ပဋိစ္စသမုပ္ပါဒ်ကို ခေါင်းပြောင်းပြီး သကာလ လှည့်ခဲ့ရတယ် (မှန်ပါ)၊ ပရမတ္ထသစ္စာ ပဋိစ္စသမုပ္ပါဒ်အနေနဲ့တော့ ဒုက္ခချည်း လှည့်ခဲ့ရတယ် (မှန်ပါ ဘုရား)။
အဲ့ဒါသည် ဖုံးလွှမ်းတဲ့တရားကို ဘယ်အခါကာလမှ မဖယ်ခဲ့၊ ဖယ်တဲ့နည်းလဲမရတဲ့အတွက် ဒီသံသရာနှစ်ခုမှာ ဒိုင်းဒိုင်းပြေး လည်နေရတယ် မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့မှာဖြင့် ဪ ငါတို့အရေးကြီးတဲ့အချက်အလက် ဒါ ဖယ်လိုက် လို့ရှိရင် မဂ်ဉာဏ်ရမယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ)၊ မဂ်ဉာဏ်ရရင် သမုတိသစ္စာ ပဋိစ္စသမုပ္ပါဒ်လဲပြတ်၊ ပရမတ္ထသစ္စာ ပဋိစ္စသမုပ္ပါဒ်လဲ (ပြတ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒုက္ခပြတ်မည့်တရားဖြစ်သောကြောင့် ဒုက္ခကို မမြင်အောင်ဖုံးထားတဲ့ တရားကိုဖြင့် ငါတို့၏ ရန်သူအကြီးစားဖြစ်ခြင်းကြောင့် နာမည်နဲ့တကွ မှတ်ပြီး သကာလ သတ်မဟဲ့ဆိုတဲ့စိတ် မွေးရလိမ့်မယ် (မှန်ပါ ဘုရား)။
နောက် ဒကာ ဒကာမတွေ အေးအေးကလေး မနေလိုက်ပါနဲ့၊ ကိုယ့်အရေးလို့ မှတ်ကြပါ (မှန်ပါ ဘုရား)။
ခုနက ပဋိစ္စသမုပ္ပါဒ်ဟာ ဒီငါးခုကို မဖယ်နိုင်လို့ ဒီ ငါးခုတားတာနဲ့ ဒီပဋိစ္စသမုပ္ပါဒ်ကြီး ဒိုင်းဒိုင်းပြေး လည်နေ ရတယ်ဆိုတာလဲ ဘုရားက ဟော၊ ဆရာဘုန်းကြီးကလဲ တစ်ဆင့်ပြောနဲ့ ဒါနားလည်ကြပါတော့ ဆိုတဲ့ဥစ္စာ ပြောရပါတယ် (မှန်ပါ ဘုရား)။
နီဝရဏတရား
ဒီ ငါးခုကို တိုတိုပေါင်းခေါ်ရင် နီဝရဏတရား၊ မြန်မာလို ရှင်းရှင်းပြောပါဆိုတော့ မဂ်ဖိုလ် ပိတ်ပင်တတ်တဲ့ တရား (မှန်ပါ ဘုရား)၊ မြန်မာလိုပြောတော့ ဘာတဲ့ (မဂ်ဖိုလ် ပိတ်ပင်တတ်တဲ့ တရားပါ ဘုရား) မဂ်ဖိုလ်ပိတ်ပင်တဲ့ တရားဆိုတော့ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဘဝများစွာ သံသရာက ဘုရားအဆူဆူပွင့်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရခဲ့၊ ပဋိစ္စသမုပ္ပါဒ်မပြတ်ခဲ့၊ ဘယ်သူကြောင့်ပါလိမ့်မတုန်းလို့ လက်သည် အရအမိကလဲ မဖမ်းနိုင်၊ လက်သည်ချေမှုန်းတတ်တဲ့ ဉာဏ်ကလဲ မပါတော့ ဒီတရားငါးခုက ပိတ်ပင်ထားလိုက်တဲ့ဖြစ်ခြင်း၊ ပဋိစ္စသမုပ္ပါဒ်ထဲမှာ ကျုပ်တို့သည် ဒုက္ခစက်ရဟတ်ကြီးသာ လည်နေ ရတယ် (မှန်ပါ)၊ ခေါင်းပြောင်းပြီးသာ သွားနေရတယ်ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါကြောင့် ဒီတရားအရေးသည် ဒကာ ဒကာမတို့ သူများအရေးလား၊ ကိုယ့်အရေးလား (ကိုယ့်အရေးပါ ဘုရား)၊ အဲ ကိုယ့်အရေးမှန်း သိလာရင်ပဲ ဒကာကြွယ် တော်လှပြီနော် (မှန်ပါ)၊ အင်မတန် အရေးကြီးပါတယ် ဆိုတဲ့သဘော ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒီတရားငါးခုကို ပေါင်းခေါ်တော့ ဘယ်လိုခေါ်မယ် (နီဝရဏတရားပါ)၊ နီဝရဏတရားဆိုတာ ပိတ်ပင်တတ်တဲ့ တရား၊ ဉာဏ်မဝင်အောင် ပိတ်ပင်ထားသောကြောင့် ပဋိစ္စသမုပ္ပါဒ် မပြတ်အောင် လုပ်တဲ့တရား (မှန်ပါ) ပဋိစ္စသမုပ္ပါဒ် ဆက်အောင် ကျေးဇူးပြုတတ်တဲ့တရားလို့ ဒကာ ဒကာမတွေ ထူးထူးခြားခြားမှတ်ပါ (မှန်ပါ)။
ဒီအရေးဟာ ဘယ်သူ့အရေးပါလိမ့်
ကိုင်း ဒီအရေးဟာ ဘယ်သူ့အရေးပါလိမ့်ဗျာ (ကိုယ့်အရေးပါ ဘုရား)၊ ကိုယ့်အရေးပဲ ဒကာ ဒကာမတို့၊ ပစ္စည်းရှိဖို့အရေး မဟုတ်ပါဘူး၊ ဆင်းရဲဖို့အရေး မဟုတ်ပါဘူး၊ တကယ့်ဒုက္ခကြီး အကြီးအကျယ်လွတ်ဖို့ အရေးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အရေးငါးခုတရားကို ကိုယ်ဖယ်ရှားတတ်မှသာလျှင် ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ပြတ်တော့မပေါ့ (မှန်ပါ)၊ မိမိရှိတဲ့ပဋိစ္စသမုပ္ပါဒ် သားက လာဖြတ်လို့လဲ မရဘူး၊ ကိုယ့်ဉာဏ်နဲ့ကိုယ် ဖြတ်ရမယ် (မှန်ပါ)၊ သမီးရှိတဲ့ပဋိစ္စသမုပ္ပါဒ်ကို အဖေက ဖြတ်ပေးလို့မရဘူး၊ သဘောကျပြီလား (ကျပါပြီ)၊ အေး သူ့ဉာဏ်နဲ့သူ ဖြတ်မှရမယ်ဆိုတာ ဒကာသစ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ယောကျ်ားမှာရှိတဲ့ ဒုက္ခစက်ရဟတ်ကြီးကို ယောကျ်ား၏ ဉာဏ်နဲ့ ဖြတ်ရလိမ့်မယ် (မှန်ပါ)၊ မိန်းမမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို (မိန်းမဉာဏ်နဲ့ ဖြတ်ရမှာပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် မိန်းမကလဲ ကိုယ့်ဉာဏ်နဲ့ကိုယ် ဖြတ်ရမယ်ဆိုတော့ ဒီငါးခုပုံထားတာ ကိုယ့်ဉာဏ်နဲ့ကိုယ် ဖယ်လိုက်ရင် ဖြတ်ပြီးသား ဖြစ်ပါတယ် (မှန်ပါ ဘုရား)။
အဲ ဒါကြောင့် ဒကာကြွယ်တို့၊ ဦးလှဘူး တို့ ဂရုစိုက်စမ်းပါဆိုတာကို တကယ့်ကရုဏာကြီးကြီးနဲ့ ပြောနေ ပါတယ် (မှန်ပါ)၊ သာမညလို့ မမှတ်ပါနဲ့နော် (မမှတ်ပါ ဘုရား)၊ ဘုရားအဆူဆူနဲ့တွေ့၊ တွေ့ချင်တိုင်းတွေ့၊ ဒီငါးပါးကို ဖယ်မထုတ်တတ်လို့ရှိရင် ဘုရားသာ ပရိနိဗ္ဗာန်စံသွားမယ်၊ ကျုပ်တို့ကတော့ သံသရာထဲမှာ ကျွမ်းထိုးမှောက်ခုံသွားမှာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘုရားက ဘယ်လိုပင် တရားဟောသော်လဲ ကျုပ်တို့က ဒီငါးပါးကို မဖယ်တတ်ဘူး ဖယ်မပစ်ဘူးဆိုလို့ရှိရင် သံသရာထဲမှာ ဒုက္ခစက်ရဟတ်လည်၊ ခေါင်းပြောင်းပြီး သကာလ နေကြ (မှန်ပါ)၊ ဒီလိုသာလျှင်ရှိတော့တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုယ့်အရေးချည်း မှတ်ကြစမ်းပါ
ဒါကြောင့် အားလုံး ဒကာ ဒကာမတို့ အကုန်ဆိုင်တဲ့တရားမို့ ကိုယ့်အရေးချည်း မှတ်ကြစမ်းပါနော် (မှန်ပါ)။
ပြန်ပြောကြစမ်းပါဦး ၁ – နံပါတ်က ဘယ်သူတုန်း (လောဘပါ)၊ ၂ – နံပါတ်က (ဒေါသပါ)၊ ၃ – နံပါတ်က (ထိနမိဒ္ဓပါ)၊ ၄ – နံပါတ်က (ဥဒ္ဓစ္စကုက္ကုစ္စပါ)၊ ၅ – နံပါတ်က (ဝိစိကိစ္ဆာပါ)၊ ပေါင်းခေါ်တော့ ဘာတရားတဲ့တုန်း (နီဝရဏတရားပါ)၊ မြန်မာလိုဆိုတော့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တားတဲ့ တရားပါ (မှန်ပါ ဘုရား)။
မဂ်ဉာဏ်ဖိုလ်ဉာဏ်တားတဲ့ တရားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်လိုက်တော့ ဪ ဘုရားနဲ့တွေ့လဲ သူတို့ကို ဖယ်မပစ်နိုင်ရင် တားမှာပဲ (မှန်ပါ)၊ တရားနဲ့တွေ့လဲ (သူ့မဖယ်နိုင် တားမှာပါ)၊ တရားဟောတဲ့ ဘုန်းကြီးကဟော ကိုယ်က ဒီဖယ်နည်းကို မသိတော့ ကိုယ်ကိုယ်တိုင်ကလဲ မဖယ်လို့ရှိရင်ဖြင့် တားမှာပဲ (မှန်ပါ)၊ ဘုရားနဲ့ တွေ့တောင် ကိုယ်က ဖယ်မပစ်ရင်ဖြင့် ဘုရားကသာ ပရိနိဗ္ဗာန်စံ၊ ကိုယ့်မှာဖြင့် သံသရာထဲ ကျွမ်းသဒ္ဓါလန်ဖြစ်ရတော့မယ်ဆိုတာ ဘာမှ သံသယမရှိကြနဲ့ (မှန်ပါ)။
ဒါကြောင့် ဒီအရေးဟာ ဘယ်သူ့အရေးပါလိမ့် (ကိုယ့်အရေးပါ ဘုရား)၊ ကိုယ့်အရေးဆိုတာ သေသေချာချာ မှတ်ကြစမ်းပါတဲ့ (မှန်ပါ)၊ ကဲ ဒါဖြင့် ဒီဟာနဲ့ပတ်သက်ပြီး စပ်ဆိုင်လာတဲ့ဝတ္ထု ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာ သင်္ဂါရဝသုတ်ဆိုတာ ရှိတယ်၊ သင်္ဂါရဝပုဏ္ဏားက အမေးသမား (မှန်ပါ)။
သင်္ဂါရဝပုဏ္ဏားက ဘုရားအား လျှောက်ထားတယ်။
တပည့်တော်မှာဘုရား တစ်ခါတလေ ပုဏ္ဏားတို့ ထုံးစံအတိုင်း ရပြီးသား ဗေဒင်ကျမ်းဂန်စာတွေကို ညရွတ်ဖတ် သရဇ္ဈာယ်တဲ့အခါ မေ့ကုန်ပါတယ်ဘုရား၊ ရပြီးသားစာတွေ မေ့သတဲ့ (မှန်ပါ)၊ တစ်ခါတလေ ကျပြန်တော့လဲ ရပြီးသား စာတွေပေါ်တဲ့အပြင် မေ့နေတာတွေတောင်မှ ဉာဏ်ထဲမှာ ထင်ထင်လာပါတယ်ဘုရားတဲ့ (မှန်ပါ)၊ အဲ့ဒါ ဘယ့်နှယ်ကြောင့် တုန်းတဲ့ (မှန်ပါ ဘုရား)။
ဖယ်နည်း ရှားနည်း နိဿရည်း
မေးပုံ သိပ်ကောင်းပါတယ် ဒကာ ဒကာမတို့ (ကောင်းပါတယ် ဘုရား)၊ မေးပုံ သိပ်ကောင်းသလောက် ဒကာ ဒကာမတွေမှာ ဖယ်နည်း ရှားနည်း နိဿရည်းကို ရတော့မယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ) ဒီဟာတွေ ဖယ်နည်း ရှားနည်း နိဿရည်းကို ရသည်နဲ့ တစ်ပြိုင်နက်တည်း ပဋိစ္စသမုပ္ပါဒ် နှစ်ခုစလုံး ပြတ်နိုင်တယ်၊ အလုပ် လုပ်မယ်ဆိုရင် (မှန်ပါ)။
ဒကာအုန်း ဂရုစိုက်ပါနော် (မှန်ပါ)၊ နောက်က ဒကာ ဒကာမတွေ သာမညအရေးလား၊ ကိုယ့်အရေးလား (ကိုယ့်အရေးပါ ဘုရား)၊ ကိုယ့်အရေးကို ကျုပ်ဖြင့် မေ့သွားတယ်ဆိုလို့ရှိရင် ကိုယ့်အရေး ကိုယ်မေ့လို့ရှိရင်ဖြင့် ကိုယ်ခေါင်း ပြောင်းဖို့ ကိုယ်တန်ဆာဆင်နေတာပဲ (မှန်ပါ)၊ ကိုယ့်ဒုက္ခလည်ဖို့ရာကို ကိုယ်မေ့ပစ်တာပဲတဲ့ (မှန်ပါ ဘုရား) မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပေါ့ပေါ့တန်တန်နဲ့ ဆရာဘုန်းကြီးကလဲ ပေးနေပြီ ကမ်းနေပြီ ပြောနေပြီလို့ မအောက်မေ့ပါနဲ့ (မှန်ပါ)၊ ဒကာ ဒကာမတွေကလဲ သာမညကလေးနဲ့ တရားနာရင် ကုသိုလ်ရမယ်ဆိုရုံ ကလေးလောက် အာသီသထားပြီးတော့ မလာခဲ့ကြပါနဲ့ (မှန်ပါ)၊ ကိုယ့်ဒုက္ခစက်ကြီး ကိုယ်ပြတ်ချင်လို့ ဒုက္ခပြတ်နည်း နိဿရည်းဖြင့် သွားယူမဟ ဆိုတဲ့သဘောနဲ့ဖြင့် ဘယ်အချိန်မဆို လာကြပါ (မှန်ပါ)၊ ကုသိုလ်ရရုံလောက်ဆိုတဲ့သဘောနဲ့ တော့ မလာခဲ့ကြပါနဲ့နော် (မှန်ပါ ဘုရား)။
ကုသိုလ်ရတယ်ဆိုတာကတော့ ရေအိုးစင်တည်လဲ ကုသိုလ်ရတာပေါ့၊ လမ်းမှာ တံမြတ်စည်းလှည်းနေလဲ ကုသိုလ်ရတာပါပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သုဂတိလောက်နဲ့ မပြီးသေးပါဘူး
ဒါလောက်ကလေးကို မျှော်ကိုးမနေကြပါနဲ့ ဒုက္ခပင်လယ်ဝေစရာ ရှိနေတော့ ဒါလောက်ကလေးလောက် ဆိုလို့ရှိရင် သုဂတိလောက်နဲ့ မပြီးသေးပါဘူး (မှန်ပါ)၊ သုဂတိရောက်တော့လဲ သုဂတိ ဇာတိ ဇရာ မရဏ လည်သေး တာပဲ၊ သံသရာပြင်ဘက် မရောက်သေးပါဘူး (မှန်ပါ)။
ဒါကြောင့် သံသရာပြင်ဘက်ကို အရောက်ကြီး ရောက်တဲ့အလုပ်ကိုဖြင့် ဖယ်ရှားတတ်မှ ရောက်နိုင်ပါတယ် ဆိုတာ လေးစားစွာနဲ့ ယနေ့မှတ်ပါ (မှန်ပါ ဘုရား)၊ ဒါ တရားအဖိုးတန်အောင် ပြောနေတယ်လို့ ဒီလိုမယူနဲ့၊ အဖိုးတန် လွန်းလို့ တန်အောင်ပဲ တန်ဆာဆင်နေရတယ်မှတ်ပါ (မှန်ပါ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သိင်္ဂါရဝ ပုဏ္ဏားမေးပုံကလေး သိပ်ကောင်းတယ်နော် (မှန်ပါ)၊ ဘုရားရှင်အား သိင်္ဂါရဝပုဏ္ဏားက အရှင်ဘုရား ဗေဒင်ကျမ်းဂန်တွေကို တပည့်တော်သင်ပြီးသားဖြစ်နေတော့ တစ်ခါတလေကျတော့လဲ သင်ပြီးသားစာတွေဟာ နှုတ်တက်အာဂုံရနေတာတွေ မေ့ပါတယ်ဘုရား၊ တစ်ခါတလေကျပြန်တော့လဲ တပည့်တော်မှာ မရသေးတဲ့ စာတွေတောင်မှ တစ်ပိုင်းတစ်စတွေ ပေါ်ပေါက်လာတယ်တဲ့ (မှန်ပါ)၊ အဲ့ဒီအကြောင်းအရင်း အထောက်အပံ့ အကြောင်းကို တပည့်တော်အား ရှင်းပေးတော်မူပါလို့ သင်္ဂါရဝပုဏ္ဏား လျှောက်တယ်နော် (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် မင်းကို ငါရှင်းပြပါ့မယ်တဲ့ (မှန်ပါ)၊ ဒကာ ဒကာမတို့ စိတ်ဆိုတာ ဟဒယဝတ္ထုနှလုံးသွေး ကြည်ပြီး သကာလ နေတဲ့အထဲမှာ စိတ်က အာရုံဒွါရတိုက်ဆိုင်ပြီး စိတ်က ဖျတ်ခနဲ ဖျတ်ခဲ အဲ့ဒီမှာ ပေါ်ရတယ်နော် (မှန်ပါ)၊ မနောဝိညာဏ်စိတ်တွေက သူ့ဆီမှာပဲ ပေါ်ရတယ်၊ စက္ခုဝိညာဏ်စိတ်ကတော့ မျက်လုံးထဲပေါ့ဗျာ (မှန်ပါ)။
သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာညာဏ်၊ ကာယဝိညာဏ် စိတ်တွေကတော့ သူ့နေရာနဲ့သူ အသီးသီးမှာ ပေါ်ပါတယ်၊ တကယ့်ဉာဏ်ပညာကတော့ နှလုံးသွေးထဲမှာ မှီပြီး ပေါ်ရပါတယ် (မှန်ပါ)၊ နှလုံးသွေးက နောက်နေမယ် ဆိုလို့ရှိရင် ဒီအထဲ ပေါ်တဲ့စိတ်ဟာလဲ နောက်တောက်တောက်ကလေး ဖြစ်လာတာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
နှလုံးသွေးနောက်ရင်
ဒါဖြင့် နှလုံးသွေးနောက်ရင် ဒီအထဲ ပေါ်တဲ့ဉာဏ်လဲ နောက်တာပဲ၊ မသိတဲ့ဉာဏ်လာဖြစ်နေတယ် (မှန်ပါ)၊ နှလုံးသွေးကြည်တဲ့အထဲ ပေါ်တဲ့ဉာဏ်ဆိုရင်လဲ ကြည်ကြည်လင်လင်ပဲ အကုန်တွေ့ရတာပဲ (မှန်ပါ ဘုရား)။
သင်္ဂါရဝပုဏ္ဏား ငါဖြေမယ်၊ မင်းသေသေချာချာ နားထောင်လို့ ဘုရားက စကားပျိုးပြီး ငါဥပမာကလေး တစ်ခုပြောမဟေ့၊ ကြည်လင်နေတဲ့ ရေခွက်တစ်ခု ရေထည့်ခဲ့ကွ၊ အဲ့ဒီအထဲမှာ ဆေးနီ၊ ဆေးပြာ၊ ဆေးဝါတွေ ရောလိုက် ကွာတဲ့၊ ရောလိုက်ပြီမဟုတ်လားဗျာ (မှန်ပါ ရောပါပြီ)၊ အဲ့ဒီလို ရောပြီးတော့ ရေတွေငြိမ်နေအောင်ထား၊ မျက်နှာနဲ့ ရေနဲ့ ဟပ်ကြည့်ပါ၊ မျက်နှာရိပ် မထင်ပါဘူးကွာတဲ့ (မှန်ပါ)၊ ထင်နိုင်ပါ့မလား (မထင်နိုင်ပါ ဘုရား)၊ ရေကြည်ဟုတ်ရဲ့လား၊ အရောင်အမျိုးမျိုးရောနေသလား (အရောင်အမျိုးမျိုး ရောနေပါတယ် ဘုရား)။
အဲ အရောင်အမျိုးမျိုး ရောနေတော့ ကိုယ့်မျက်လုံး၊ ကိုယ့်မျက်ဆံ၊ ကိုယ့်နှာခေါင်း၊ ကိုယ့်သွား အစရှိသည်တို့ကို ဘယ်လိုပင်မျက်နှာနဲ့ဟပ်ပြီး ကြည့်ငြားသော်လဲ မြင်ဖို့ရာ အခွင့်အရေးမရှိဘူးတဲ့ (မှန်ပါ၊ မရှိပါ ဘုရား) ဘာဖြစ်လို့ ပါလိမ့် (အရောင်အမျိုးမျိုးရောလို့ပါ ဘုရား)၊ ရေထဲမှာ အရောင်ရောနေလို့ (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ ဘုရား) ရေထဲမှာ (အရောင်ရောနေလို့ပါ ဘုရား) ရေထဲမှာ အရောင်ရောနေလို့တဲ့ ဒကာ ဒကာမတို့။
ရေဟာ ပင်ကို အကြည်ပဲနော် (မှန်ပါ)၊ အဲ ကျုပ်တို့ရဲ့ နဂိုဘဝင်စိတ်ဟာလဲ အကြည်ပါပဲ၊ ဟဒယဝတ္ထု နှလုံးသွေး ကလဲ အကြည်ပါပဲ၊ အဲ့ဒီအထဲမှာ ကျုပ်တို့က လောဘစိတ်ကလေး ပေါ်လာလို့ရှိရင် လောဘစိတ်က ရှစ်မျိုးတောင် ရှိတယ် (မှန်ပါ)၊ ရှစ်မျိုးတောင်ရှိတော့ ဒီလောဘက ဘယ်လောဘ ရယ်လို့ မဆိုတော့ဘူး၊ တစ်မျိုးပြီးတစ်မျိုး ဒိဋ္ဌိနဲ့ ယှဉ်တာတွေ၊ ဒိဋ္ဌိနဲ့ မယှဉ်တာတွေ အသင်္ခါရတွေ၊ သသင်္ခါရတွေ၊ လောဘစိတ်အမျိုးမျိုးပေါ့ဗျာ (မှန်ပါ ဘုရား)။
အဲ့ဒါ နှလုံးသွေးထဲမှာ ရောနေပြီဆိုမှဖြင့် ဉာဏ်နဲ့ကြည့်လို့ ခန္ဓာထဲမှာ ဖြစ်ပျက်တွေရှိလို့ ဖြစ်ပျက်တွေ ကြည့်လဲ မမြင်ဘူးတဲ့ဗျ (မှန်ပါ)၊ ဘာကြောင့်တုန်းဆိုတော့ လောဘစိတ်ရှစ်ခုတည်းဟူသော ဆေးနီ ဆေးပြာ ဆေးဝါတွေက ဟဒယဝတ္ထု နှလုံးသွေးထဲမှာ ရောနေတော့ ဒီအထဲမှာ ဟာ ငါ သရဇ္ဈာယ် ပါဦးမယ်၊ ခန္ဓာကိုယ်ကြည့်ပါဦးမယ်ဆိုပြီး သကာလ ဉာဏ်နဲ့ကြည့်ငြားသော်လဲ ဒကာ ဒကာမတို့ မမြင်နိုင်ပါဘူးတဲ့ (မှန်ပါ ဘုရား)။
ဆေးနီဆေးဝါဆေးပြာတွေ ရောနေလို့
ဘယ့်နှယ်ကြောင့် မမြင်နိုင်ပါလိမ့် (လောဘတည်းဟူသော ဆေးနီ ဆေးဝါ ဆေးပြာတွေ ရောနေလို့ပါ ဘုရား) အဖြူထဲမှာ အမျိုးမျိုးရောနေခဲ့လို့ဆိုရင် မြင်ပါ့မလား (မမြင်ပါ)၊ ဖြူစင်တဲ့ဉာဏ်သည်သာလျှင် ဒကာ ဒကာမတို့ ထိုးထွင်းသိနိုင်ပါတယ် (မှန်ပါ ဘုရား)။
အဲ့ဒီတော့ ဒကာ ဒကာမတို့ ရေခွက်ထဲမှာ ရေထည့်၊ ဆေးနီ ဆေးဝါ ဆေးပြာတွေရောပြီး မျက်နှာရိပ်နဲ့ ဟပ်ကြည့်တဲ့အခါ မျက်နှာရိပ် မထင်တာသည် ရေဖြူမှာ အရောရှိနေလို့ (မှန်ပါ ဘုရား)၊ ရေစင်ကြယ်ထဲမှာ (အရော ရှိနေလို့ပါ ဘုရား)။
ဒါဖြင့် အရောကို မဖယ်တတ်တဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် မျက်နှာရိပ်ထင်နိုင်ပါ့မလား (မထင်နိုင်ပါ)၊ ဒီမှာလဲ ကိုယ့်ခန္ဓာထဲမှာ ဝိပဿနာဉာဏ်နဲ့ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတဲ့ခန္ဓာကြီး ကြည့်ပါမယ်ဆိုလို့ရှိရင် အရော မရှိရင် လူတိုင်းမြင်ပါတယ် (မှန်ပါ)၊ အရောမရှိရင် (လူတိုင်းမြင်ပါတယ် ဘုရား)။
ဆေးနီ ဆေးဝါ ဆေးပြာနဲ့တူတဲ့ လောဘမူစိတ်ရှစ်ခု၊ တစ်ခုခုမှ အရောမရှိဘူးဆိုလို့ရှိရင်ဖြင့် နဂိုက ခန္ဓာကိုယ်ကြီးဟာ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ အနိစ္စတွေ ပြောနေတယ် (မှန်ပါ)၊ ဟိုနေရာက ယား၊ ပျက်သွားလိုက်၊ ဒီနေရာက ယံ၊ ပျက်သွားလိုက်၊ ဒီဟာကလေးက ကြားပြီး ပျက်သွားလိုက်၊ ဒီဟာကလေးက နံပြီးပျက်သွားလိုက်၊ ဒီဟာကလေးက ကြံပြီး ကြံတဲ့စိတ်ကလေး ပျက်သွားလိုက် နှလုံးသွေး စင်စင်ကြယ်ကြယ်ပေါ်မှာရှိတဲ့ဉာဏ်ကလေး ကသာ ကြည်နေမယ်ဆိုရင် အို အပျက်ချည်းပါလားလို့ ပေါ်လာပါတယ် (မှန်ပါ ဘုရား)။
ဆုတောင်းရတာလား၊ ခုနကဟာတွေ ဖယ်ပစ်လိုက်လို့လား (ဖယ်ပစ်လိုက်လို့ပါ ဘုရား)၊ ရောနေရင် မမြင် ဘူးနော် (မှန်ပါ)၊ မရောရင် (မြင်ပါတယ် ဘုရား)။
အနိစ္စရှိလို့ အနိစ္စမြင်ရမယ်
အဲ့ဒီတော့ ဘုန်းကြီးက တစ်ခါ အကူအညီပေးပြန်တယ် ဒကာ ဒကာမတို့ ဒါက သင်္ဂါရဝသုတ်ကို ဟောတာ (မှန်ပါ)၊ သတိပဋ္ဌာန်သုတ်ကို ဒီအထဲရောထည့်လိုက်ပါ၊ ရောထည့်လိုက်တော့ ဒကာ ဒကာမတွေက ခန္ဓာကိုယ်ကြည့်ရင် အနိစ္စရှိလို့ အနိစ္စမြင်ရမယ် မဟုတ်လားဗျာ (မှန်ပါ) “သဗ္ဗေသင်္ခါရာ အနိစ္စာ” ဆိုတော့ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ ဘာတွေ ဟောတာတုန်း၊ အနိစ္စဟောတာပါ၊ အနိစ္စချည်းရှိတယ်ကွ၊ ဘယ်တော့မှ နိစ္စဆိုတာ မရှိဘူးကွ (မှန်ပါ)၊ မမြင်ဘူး ဘုရာ့ဆိုရင် ရောနေလို့ (မှန်ပါ)။
လောဘရောနေပြီ၊ ဒကာ ဒကာမတို့၊ (၁) နံပါတ် ရောနေတယ်၊ သားကိစ္စ၊ သမီးကိစ္စ၊ သားခင်တဲ့ကိစ္စ၊ သားကို လိမ္မာစေချင်တဲ့ကိစ္စ၊ ပစ္စည်းရချင်တဲ့ကိစ္စတွေ ရောနေမယ်ဆိုလို့ရှိရင်ဖြင့် ခုနက နှလုံးသွေးကြည်ကြည်ထဲမှာ ဆေးနဲ့တူတဲ့ဟာတွေ ရောနေတော့ ဉာဏ်ဝင်ခွင့် မရသောကြောင့် ဒကာ ဒကာမတို့ မျက်နှာရိပ် မထင်သလိုပဲတဲ့ အနိစ္စအရိပ်တွေ၊ ဒုက္ခအရိပ်တွေ၊ အနတ္တအရိပ်တွေ၊ အသုဘအရိပ်တွေ၊ ဒုက္ခသစ္စာအရိပ်တွေ မထင်နိုင်ပါဘူးတဲ့ (မှန်ပါ)၊ ဘုရားက သင်္ဂါရဝ ဟောနေတဲ့ သုတ်နော် (မှန်ပါ ဘုရား)။
အဲ့ဒါကြောင့် ဘုန်းကြီးများက ဖြည့်စွက်လိုက်ပါတယ်၊ ဒကာ ဒကာမတွေ ဪ အနိစ္စတွေလဲ မမြင်ဘူး၊ ဘာများရောနေပါလိမ့်မတုန်း၊ ကိုယ့်ဟာကိုယ်ကြည့်လိုက်၊ ဪ ငါသည် သားကိစ္စရောနေတယ်၊ သားခင်တဲ့ကိစ္စ၊ သမီးခင်တဲ့ကိစ္စတွေ ရောနေတယ် (မှန်ပါ ဘုရား)။
ဒါဖြင့် လောဘစိတ်ကလေးဟာ နှလုံးသွေးထဲ သူက အရင်ရောက်နေတယ် (မှန်ပါ)၊ အဲ့ဒီရောက်တာကလေးကို ခုနက ရေကြည်ချင်လို့ ဆယ်ပစ်သလိုပေါ့ဗျာ၊ တစ်ခါတည်း သူ့ကို အရင်ဖြစ်ပျက်ရှုပစ်လိုက် (မှန်ပါ ဘုရား)။
ဘယ့်နှယ်လုပ်ရမယ် (သူ့ကို အရင် ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ သူ့အရင် ဖြစ်ပျက်ရှုပစ်လိုက်တော့ သူရှိသေး ရဲ့လား (မရှိပါ ဘုရား)။
အဲ ဖယ်ပစ်လိုက်တဲ့အခါကျတော့မှ ဉာဏ်က ဒီအထဲဝင်ပြီး ခန္ဓာထဲမှာရှိတာတွေ ကြည့်လိုက်တာပေါ့ (မှန်ပါ)၊ ကြည့်လိုက်တဲ့အခါကျတော့ ဒကာကြွယ်ရေ နဂိုအရှိမို့ အသိပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ ပုဏ္ဏားက မေးတယ်၊ ရပြီးသားတွေတောင် ပျောက်တယ်ဆိုတာက ခုနကပြောခဲ့တဲ့ အရောရှိရင် ပျောက်တယ် (မှန်ပါ)၊ အရောမရှိလို့ရင် ရပြီးသား မပျောက်တဲ့အပြင် မေ့နေတာတွေတောင် ပေါ်ပါတယ် (မှန်ပါ ဘုရား)။
ဝိပဿနာရှုနည်း ပေးလိုက်ပါပြီ
တော်တော်အရေးကြီးတယ်၊ ဘုရားကလဲ အကြီးဆုံးသောဉာဏ်နဲ့ ဖြေရှင်းနေတာ (မှန်ပါ ဘုရား)။
ကဲ ဒကာ ဒကာမတွေကို ဘုန်းကြီးက ဝိပဿနာရှုနည်း ပေးလိုက်ပါပြီတဲ့၊ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီး ကတော့ ဝေဒနာကြည့်လဲ အနိစ္စတွေ တွေ့ရမှာပဲ (မှန်ပါ)၊ စိတ်တွေရုပ်တွေကြည့်လဲ (အနိစ္စတွေ့ရမှာပါ ဘုရား)။
မတွေ့ဘူးဘုရာ့၊ တပည့်တော်တို့ အရှင်ဘုရားကသာ ပြောတော့ လွယ်တာ၊ တပည့်တော်တို့ကြည့်တဲ့အခါ မတွေ့ဘူးဘုရာ့ ဆိုရင်ဖြင့် ရောနေပြီ (မှန်ပါ ဘုရား)။
ဦးဘအုန်း ဘယ်လိုပါလိမ့် (ရောနေပါပြီ ဘုရား)၊ ရောနေပြီ၊ ရောနေပြီ၊ ငါးခု တစ်ခုခုရောနေလို့ရှိရင် ဉာဏ်ဝင်ခွင့် မရဘူး (မှန်ပါ)၊ မရတော့ ပင်ကိုအရှိကို မြင်နိုင်သေးရဲ့လား (မမြင်နိုင်ပါ ဘုရား)။
အဲ ရောနေတဲ့အခါ ကိုယ့်မျက်နှာရိပ်နဲ့ ဟပ်လိုက်တဲ့အခါ ကိုယ့်အရိပ်ကိုယ်မထင်သလိုကွ၊ တစ်ခုခုရောနေတယ် (မှန်ပါ)၊ ဒါဖြင့် မြင်တတ်တဲ့တရားကို ဖုံးထားတာက အရောပဲ (မှန်ပါ)၊ မြင်ရမည့်ဥစ္စာ ဖုံးထားတာ (အရောပါ ဘုရား)။
ဒါဖြင့် အရောဖယ်ပစ်လိုက်လို့ရှိရင်ဖြင့် ကိုယ့်အရိပ် ကိုယ်မြင်ရမယ် (မှန်ပါ)၊ ကိုယ့်အရိပ်ဆိုတာက အနိစ္စအရိပ်၊ ဒုက္ခအရိပ်၊ အနတ္တအရိပ်၊ အသုဘအရိပ်၊ ဒုက္ခသစ္စာအရိပ်ဟာ ကိုယ့်အရိပ်ချည်းမှတ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒီ အရိပ်တွေကို ကိုယ်ကိုယ်တိုင် မြင်ချင်ပါမူကား အရောဖယ်ကြပါ (မှန်ပါ)၊ အရောဖယ်နည်း နိဿရည်း ကတော့ဖြင့် ဘုရားက သတိပဋ္ဌာန် ပါဠိတော်မှာ “သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ သမုဒယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ” စသည်ဖြင့် ဟောထားသောကြောင့် သူ့အရင် ရှုပစ်လိုက် (မှန်ပါ)၊ ရောတဲ့တရားကို အရင် ရှုပစ်လိုက် (မှန်ပါ ဘုရား)။
ရောတဲ့တရားကို အရင်ရှုပစ်
ဒကာကြွယ် ဘယ့်နှယ်လုပ်မယ် (ရောတဲ့တရားကို အရင်ရှုပစ်ရပါမယ် ဘုရား)၊ ရှိသေးရဲ့လား သူက (မရှိတော့ပါ ဘုရား)၊ သူက အနိစ္စမို့ ပျောက်သွားပြီးတော့မှ ကျုပ်တို့က နောက် သူ့ကို မရှုဘဲနဲ့ ခန္ဓာပြန်ပြီး လှည့်လိုက် (မှန်ပါ)၊ ခန္ဓာပြန်လှည့်လိုက်တဲ့အခါကျတော့ အနိစ္စအရိပ်, ဒုက္ခအရိပ်, အနတ္တအရိပ်တွေ ဉာဏ်ထဲ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။
အဲ ဆေးတွေ ဖယ်ပစ်လိုက်တော့လဲ မျက်နှာရိပ် ထင်သလိုပဲ၊ လောဘကို အရင်ရှုပစ်လိုက်တဲ့ အခါကျလို့ရှိရင် ဖြင့် ကျန်တဲ့အနိစ္စတွေ အကုန်ပေါ်လာတယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါတယ် ဘုရား)။
ဦးလှဘူး သေသေချာချာမှတ်နော် (မှန်ပါ့)၊ ဝိပဿနာရှုနည်း နိဿရည်းမှာဖြင့် အင်မတန်ကောင်းလှတဲ့ သုတ်တော်ပါပဲ (မှန်ပါ)၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘုန်းကြီးကလဲ ခန္ဓာငါးပါးတစ်ကိုယ်လုံး အနိစ္စတွေ ပြည့်လို့လို့ ပြောတယ်၊ ကျုပ် ရှုကြည့်တော့လဲ မမြင်ပါဘူး၊ အဲ့ဒီတော့ ကျုပ်မှာဖြင့် ပါရမီရှိတယ် မထင်ပါဘူး၊ အဲ့ဒီတော့ လှူဒါန်း ပေးကမ်းရုံလောက်နဲ့ ဒီလိုနေဖို့ ထင်ပါရဲ့လို့ ခင်ဗျားတို့ နောက်ဆုတ်တဲ့ စိတ်တွေများ မပေါ်ကြပါနဲ့၊ မဖယ်တတ်လို့ ဖြစ်ရတာပါ (မှန်ပါ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (မဖယ်တတ်လို့ဖြစ်ရတာပါ) အခုတော့ ဖယ်တတ်ပါပြီလား (ဖယ်တတ်ပါပြီ ဘုရား)၊ ဘယ်လိုဖယ်ရမလဲ (ပေါ်တဲ့တရားကို ဖြစ်ပျက်ရှုရပါ့မယ်)၊ ပေါ်လာတဲ့တရားကို ဖြစ်ပျက်ရှု၊ လောဘကလေးပေါ်လာရင် လောဘကို ဖြစ်ပျက်ရှုချ (မှန်ပါ)၊ လောဘကလေး ဖြစ်ပျက်ကုန်မှ၊ ဒီ့ပြင်ဝေဒနာ လိုက်လိုက်၊ စိတ်လိုက်လိုက်၊ ရုပ်လိုက်လိုက်၊ ပင်ကိုရှိတွေ အကုန်မျက်နှာရိပ် ထင်သလိုပေါ့ဗျာ၊ ဉာဏ်ကြည်လင်လာတဲ့အတွက် ခုနက ပြောခဲ့တဲ့ ဟဒယဝတ္ထုနှလုံးသွေး ကြည်လင်လာသဖြင့် ဉာဏ်ပေါ်ရသည် ဖြစ်လေသောကြောင့် ဒီဉာဏ်သည် ခန္ဓာကိုယ် တစ်ကိုယ်လုံး ဖြန့်လိုက်လို့ရှိရင် အို အနိစ္စချည်းပါကလား၊ တစ်ခါတည်း ထင်လာတာပဲ (မှန်ပါ)။
ဒါဖြင့် ဖယ်ကြည့်မှ မြင်နိုင်တယ် (မှန်ပါ့)၊ ဖယ်မကြည့်ရင် (မမြင်နိုင်ပါ ဘုရား)၊ ဒါဖြင့် အနိစ္စရိပ်၊ ဒုက္ခရိပ်၊ အနတ္တရိပ်တွေကို ဖုံးတဲ့တရား ဖြစ်သောကြောင့် သူ့ကို နီဝရဏတရား (မှန်ပါ ဘုရား)။ ဘယ်လိုဆိုကြမယ် (နီဝရဏ တရားပါ ဘုရား) နီဝရဏဆိုတာ ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဒကာအုန်း သာမညမနာနဲ့၊ ဒကာသစ်တို့ သာမည မနာပါနဲ့၊ သေသေချာချာ ဂရုစိုက်ပြီး နာကြပါ (မှန်ပါ)၊ ဖယ်တတ်ပြီလား (ဖယ်တတ်ပါပြီ)၊ အားလုံး ဒကာ ဒကာမတွေ ဖယ်တတ်ကြပြီလား (ဖယ်တတ်ပါပြီ ဘုရား)။
ဖုံးနေလို့ မမြင်ဘူးလို့ ဟောတာ
တော်တော်အရေးကြီးတယ်နော် (မှန်ပါ)၊ ဘုရားက ဒါ ဖုံးနေလို့ မမြင်ဘူးလို့ ဟောတာပဲ (မှန်ပါ)၊ အဲ့ဒီတော့ သူ့ကို ဖြစ်ပျက်ရှုလိုက်၊ ရှုလိုက်တော့ သူက အနိစ္စဖြစ်သွားရော၊ အနိစ္စဖြစ်သွားတော့ သူမရှိတော့ဘူး၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတဲ့အချိန်ကျမှာ ခုနက ဉာဏ်က ရေကြည်ထဲမှာ မျက်နှာနဲ့ဟပ်သလို၊ မျက်နှာရိပ်နဲ့ တည့်လိုက်သလို ကိုယ့်နှာခေါင်း၊ ကိုယ့်မျက်လုံး၊ ကိုယ့်နား အခြေအနေတွေ အကုန်မမြင်ရပေဘူးလား (မြင်ရပါတယ်)၊ ဒီမှာလဲ ကိုယ့်ခန္ဓာ ကိုယ်ကြီး ပင်ကိုအနိစ္စ သဘော အခြေအနေတွေ အကုန်မြင်တာပဲ (မှန်ပါ)၊ မမြင်ပါနဲ့ဆိုလို့ (မရပါ ဘုရား)၊ သဘောပါ ပြီလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒီနည်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဝိပဿနာရှုတဲ့နည်းမှာဖြင့် မဖယ်ဘဲနဲ့ ရှုနေကြလို့ရှိရင်ဖြင့် ကျုပ်ပါရမီမရှိလို့ ကျုပ်မမြင်ဘူးဆိုပြီး နောက်ဆုတ်တတ်တော့ သံသရာထဲ နစ်မွန်းရဦးတော့မယ် (မှန်ပါ ဘုရား)။
ဒါကြောင့် ပါရမီ မရှိလို့ဆိုတဲ့စကားမျိုးကို အသာချိတ်ထားပြီး ဟောဒီမှာ ဝမ်းထဲမှာပေါ်တဲ့လောဘ (မှန်ပါ)၊ ဒါကလေးကို ခုနကလို ဖြစ်ပျက်ရှုပြီး မဖယ်တတ်ပါဘူးဆိုလို့ရှိရင်ဖြင့် လောဘဆိုတာ တဏှာပဲ မဟုတ်လား (မှန်ပါ)၊ တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏ ဘက် အကုန်လှည့်သွားမယ် (မှန်ပါ)၊ သူ့ကိုမဖယ်လိုက်ရင် ပဋိစ္စသမုပ္ပါဒ် ဆက်တော့တာပဲ၊ သူကစပြီး ဖြစ်ပြီပဲ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဖယ်ပြီးမှ ရှုလို့တွေ့တာ
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မဖယ်တတ်ရင် သံသရာရှည်ပြီ၊ ဖယ်တတ်တဲ့အခါကျတော့ကို (သံသရာ တိုပါတယ်)၊ သူက ဝမ်းထဲပေါ်နေတာ သူ့ကို ဖြစ်ပျက်ရှုလိုက် (မှန်ပါ)၊ ဖြစ်ပျက်အနိစ္စ ဆိုတော့ ပျောက်မသွားဘူးလား (ပျောက်သွားပါတယ်)၊ ပျောက်သွားပြီးမှ ဒီဘက်က ကျန်ခန္ဓာတွေ ရှုလိုက်တော့ ဘာတွေ တွေ့မယ်ထင်ကြသတုန်း (အနိစ္စတွေ တွေ့ပါတယ်)၊ အနိစ္စတွေ တစ်ပုံကြီး မတွေ့ပေဘူးလား (တွေ့ပါတယ်)၊ ဝေဒနာရှုလဲ ဝေဒနာ မတွေ့ဘူး၊ အနိစ္စတွေ့တယ်၊ စိတ်ရှုလဲ စိတ်မတွေ့ဘူး၊ အနိစ္စတွေ့တယ် (မှန်ပါ)၊ အနိစ္စရှိ၍ အနိစ္စတွေ့တာ ဘာဖြစ်လို့တုန်း၊ ဖယ်ပြီးမှ ရှုလို့တွေ့တာ (မှန်ပါ ဘုရား)။
ဦးဘအုန်း ဘာတဲ့တုန်းဗျာ (ဖယ်ပြီးမှ ရှုလို့တွေ့တာပါ ဘုရား)၊ ဒကာ ဒကာမတွေ ဒီတရားဆုံးမယ် မဆုံးမယ်တော့ မပြောနိုင်ဘူး၊ အင်မတန် အဖိုးတန်လွန်းလို့ တစ်လုံးကိုပဲ မနည်းပြောနေရတယ် (မှန်ပါ) ဒီတစ်လုံး သိရသဖြင့်လည်း ကျန်တာတွေ ဖယ်တတ်မှာပဲ (မှန်ပါ ဘုရား)။
ကဲ ဒကာသစ်တို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)၊ ဒါဖြင့် ဝိပဿနာရှုတော့ အိမ်မှာထိုင်ပြီး ဘုရားရှေ့မှာ ဖြစ်စေ၊ အိပ်ရာထဲမှာဖြစ်စေ ရှုကြ၊ ပက်လက်ဖြစ်ဖြစ်ရှု၊ ကြိုက်သလိုရှုကြည့်တော့ အနိစ္စတွေ မမြင်ဘူး၊ မမြင်ရင် ခုနက အနိစ္စ – နိစ္စတွေ ရောနေပြီ (မှန်ပါ)၊ ဟဒယဝတ္ထုပေါ်မှာ ရောနေပြီနော် (မှန်ပါ)၊ ရောနေရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ရောတဲ့တရားကို ရှုပစ်လိုက် (မှန်ပါ ဘုရား)။
ရောတဲ့တရားကို ရှုပစ်လိုက်တော့ သူက အနိစ္စဖြစ်သွားရော၊ အနိစ္စဖြစ်သွားတော့ သူက အရောကုန်မသွား သေးဘူးလား (ကုန်သွားပါတယ်)၊ ကဲ နောက်ထပ် ဆက်ရှု (မှန်ပါ)၊ နောက်ထပ် ဆက်ရှုခန္ဓာထဲ၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာတွေ ရှုကြည့်စမ်း ဘာတွေ့မယ်ထင်သတုန်း (အနိစ္စတွေ တွေ့မှာပါ ဘုရား)၊ အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဒုက္ခသစ္စာတွေ မတွေ့ပါနဲ့ဆိုလို့ (မရပါ ဘုရား)။
ဘယ့်နှယ်ကြောင့် အတွေ့လွယ်သွားပါသလဲ
ဪ ဘယ့်နှယ်ကြောင့် အတွေ့လွယ်သွားပါသလဲလို့ ဒကာ ဒကာမတွေကို အမေးထုတ်လို့ရှိရင် အရောကို ဖယ်ကြည့်လို့ (မှန်ပါ)။ (ဝါ) ကန့်ကွက်တာ ဖယ်ကြည့်လို့၊ စာလို သုံးလိုက်ရင် နီဝရဏ ဖယ်ကြည့်လိုက်လို့ (မှန်ပါ ဘုရား)၊ နီဝရဏဖယ်ကြည့်လိုက်တဲ့အတွက် ပင်ကိုအရှိ ပေါ်လာတယ်ဆိုတော့ အရင်ဟာ ဖယ်တာလဲ ဝိပဿနာ၊ နောက်တွေ့တာ တွေလဲ (ဝိပဿနာပါ)၊ ဟော ဝိပဿနာချည်း ထပ်သွားတယ် (မှန်ပါ)။
ကဲ ဒကာ ဒကာမတွေကလဲ ချေးထူတဲ့ ဒကာ ဒကာမတွေမို့ ကျုပ်က ပါရမီရှိ မထင်ပါဘူး၊ ဘုရားက မြင်တယ်လို့ ဟောတယ်၊ ဘုန်းကြီးကလဲ မြင်နိုင်တယ်လို့ ဘုရားဟောကို တစ်ဆင့်ပြောပြတယ်၊ ကျုပ်က မမြင်ပါဘူး၊ ကျုပ်မှာဖြင့် မာရ်နတ်တွေက များထင်ပါရဲ့ ဟုတ်လားဆိုပြီး သကာလ ထပြေးတော့ ခုနက ရှုပေးတဲ့ဥစ္စာက မလာတော့ ဒီတဏှာက သူဆက်တော့မယ် (မှန်ပါ)၊ လောဘက မဆက်ပေဘူးလား (ဆက်ပါတယ်)၊ လောဘက တဏှာမဟုတ်လား (ဟုတ်ပါတယ် ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။
ကိုင်း ခင်ဗျားတို့ မဖယ်တတ်လို့ သံသရာသွားပြီ၊ ခေါင်းပြောင်းတဲ့လမ်းရောက်သွားပြီ (မှန်ပါ ဘုရား)၊ ဒုက္ခစက် လည်တဲ့လမ်း (ရောက်သွားပါပြီ ဘုရား)၊ ရောက်သွားပြီဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကဲ အားလုံး တရားတစ်ပွဲလုံး ဖြေကြစမ်းပါ၊ ဘယ့်နှယ်ကြောင့် ဒီစက်ကြီးလည်သွားပါလိမ့်မတုန်း (မဖယ်တတ်လို့ ပါ ဘုရား) မဖယ်တတ်တော့ သူက နီဝရဏတရားဆိုတော့ မတားဘူးလား (တားပါတယ်)၊ မဂ်ဉာဏ်လာခွင့်ကို တားပစ် တယ် (မှန်ပါ)၊ ဒါဖြင့် သူ့ကို ဘယ်တရားလို့ ခေါ်ကြမလဲ (နီဝရဏတရားပါ ဘုရား)။
ဪ စာမှာ နီဝရဏတရားဆိုတာကို တို့က မသိဘူး၊ သူက ပဋိစ္စသမုပ္ပါဒ် စဆက်ပေးတာကို သူ့ကို မဖြတ်တတ်လို့ နီဝရဏဖြစ်ရလေခြင်း (မှန်ပါ)၊ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ)၊ တော်တော် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဝိပဿနာ လုပ်မည့်ကြံလို့ရှိရင်
သေသေချာချာ ဂရုစိုက်မှတ်ပါ (မှန်ပါ)၊ အဲ့ဒီတော့ ဝိပဿနာ လုပ်မည့်ကြံလို့ရှိရင် ဖယ်နည်း ရှားနည်း နိဿရည်းနဲ့မှ မဖယ်ပြန်လို့ရှိရင်လဲ ဒကာကြွယ် ပါရမီပေါ် အပြစ်ချတတ်ပါတယ် (မှန်ပါ)၊ မချတတ်ပေဘူးလား (ချတတ်ပါတယ်)၊ ကျုပ်က ပါရမီကံက တော်တော်ချို့တဲ့ပုံရတယ်၊ အပြီးသတ်တော့ ပါရမီကံရယ်လို့ မဟုတ်လှပါဘူး၊ ပစ္စုပ္ပန်ဧည့်သည်က ဝင်ရှုပ်နေတာ (မှန်ပါ ဘုရား)။
ဘယ်သူက ဝင်ရှုပ်နေသတုန်း (ပစ္စုပ္ပန်ဧည့်သည်က ဝင်ရှုပ်နေပါတယ် ဘုရား)၊ ဧည့်သည်က ဝင်ရှုပ်နေတာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပါရမီပေါ်သွားချတော့ ပါရမီနဲ့ ဝေးလှပါတယ် (မှန်ပါ)၊ အခု ဧည့်သည်ကို ပါရမီလို့ ဆိုကြမလား (မခေါ်ပါ)၊ ပါရမီဆိုတာက နောက်က အထုံအကြီးဆုံးကိုခေါ်တာ (မှန်ပါ)၊ အခု ဧည့်သည်က လာဝင်ရှုပ် နေတာကို နောက်က အထုံကြီးလို့ဆိုမလား၊ အခု ဧည့်သည်လို့ ဆိုမလား (အခု ဧည့်သည်ပါ ဘုရား)။
အဲ့ဒီကျအောင် ခင်ဗျားတို့မပါးတော့ ဒကာကြွယ် တို့၊ ဦးလှဘူး တို့ ဪ အနာတခြား ဆေးတခြား ဖြစ်သွားတယ် (မှန်ပါ)၊ အနာက အခုပေါက်တဲ့အနာ၊ ကျုပ်မှာ ဝဋ်နာထင်ပါရဲ့ဆိုတော့ ခက်ကရော (မှန်ပါ) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
အနာက အခုမှ ပေါက်တာ၊ ကျုပ်က ဝဋ်နာထင်ပါရဲ့ဆိုတော့ ဝဋ်နာဖြစ်ရင် နင်သေမှာပေါ့ ပြောရုံပဲရှိတော့တယ် (မှန်ပါ)၊ ဒီ့ပြင် ဘာရှိသတုန်း (ဘာမှမရှိပါဘူး ဘုရား)၊ အခု ညှော်နံလို့ အခုပေါက်တဲ့ အနာပဲ၊ အခု သားသမီးတည်း ဟူသော ညှော်နံလို့ အခု လောဘဇော ပေါက်လာတဲ့ဥစ္စာပဲ (မှန်ပါ)၊ ဒါကို ခင်ဗျားတို့က ဝဋ်နာကြီး ထင်နေတော့ ဒီ ဒကာ ဒကာမတွေ ဆိုးရွားလိုက်တဲ့ဖြစ်ခြင်း၊ ဆရာကောင်း သမားကောင်း နည်းမရတော့ အခုမှ ပေါက်တဲ့အနာကို ဝဋ်နာကြီး ထင်နေတယ်ဆိုလို့ရှိရင် ဒကာကြွယ် ရေ သွားပြီ (မှန်ပါ)။
အဲ့ဒါကြောင့် “ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော” ဟုတ်တိုင်းမှန်စွာ သိဖို့ရာ ဆရာသမားကို ရှာမှီးဖြစ်အောင် ရှာမှီးကြဟေ့လို့ ဟောတော်မူတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ပါရမီ အပြစ်ချနေတာတွေ အကုန်သိမ်းပါ
အဲ့ဒါ ပါရမီ အပြစ်ချနေတာတွေ အကုန်သိမ်းပါ ဒကာ ဒကာမတို့ (မှန်ပါ)၊ အခု လုပ်တာဟာ ပါရမီလို့ မှတ်ပါ (မှန်ပါ)၊ ဒါဖြင့် အခုပေါက်တဲ့အနာ ဖယ်ရှားတတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ရေထဲမှာ ဆေးနီ ဆေးဝါ ဆေးပြာတွေကို စစ်ပစ်လိုက်သော်လည်းကောင်း၊ ဆယ်ပစ်လိုက်သော်လည်းကောင်း၊ ပြီးတော့မှ ရေကို ငြိမ်အောင် ထားပြီး ကြည့်လိုက်ရင် ဒီရေပါပဲ၊ မရောတဲ့ရေဆိုတော့ မျက်နှာရိပ်ထင်လာတယ် (မှန်ပါ) ရောလို့ ကိုယ့်မျက်နှာရိပ် မထင်တာ (မှန်ပါ)။
အဲ့ဒါကြောင့် ကိုယ့်အနိစ္စရိပ်၊ ကိုယ့်ဒုက္ခရိပ်၊ ကိုယ့်အနတ္တရိပ်၊ ကိုယ့်ဒုက္ခသစ္စာရိပ်တွေကို မမြင်တာ ဒကာသစ် ဘယ်အတွက်ကြောင့်ပါလိမ့်မတုန်း (လောဘရောလို့ပါ)၊ လောဘရှစ်မျိုး တစ်မျိုးမျိုး ရောနေတယ် (မှန်ပါ)၊ အဲဒီရောတာကို အခု ဝိပဿနာဉာဏ်နဲ့ ဖယ်ပစ်လိုက်၊ ဖယ်ပစ်လိုက်ခြင်းကြောင့်လဲ ဝိပဿနာဉာဏ် တစ်ချက်ရတာပဲ၊ ခဏိကသဘောနဲ့ ကိလေသာတွေ ပြတ်ထွက်သွားတာပဲ (မှန်ပါ)။
နောက် သူ့ဖယ်ပြီးမှ ခန္ဓာကိုယ်ကို ဘုရားက ရှိပါတယ်ဆိုတာတွေကို လျှောက်ပြီး ဉာဏ်ဖြန့်လိုက်ရင်ကော ဒကာအုန်း ဘယ့်နှယ်နေမတုန်း မြင်ရမလား၊ မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)၊ ဖယ်ပြီးကြည့်၊ မဖယ်ဘဲနဲ့ ရမ်းကြည့် နေလို့သာ မမြင်တာကိုး (မှန်ပါ)၊ အခုတော့ ဖယ်ပြီးကြည့်တော့ ဘယ့်နှယ်နေသတုန်း (မြင်ရပါတယ်)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဖယ်တုန်းကလဲ ဝိပဿနာဉာဏ်၊ နောက်ကြည့်တာလဲ ဝိပဿနာဉာဏ်၊ သံသရာပြတ်၏ (မှန်ပါ)၊ မပြတ်ပါနဲ့ဆိုလို့ (မရပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ပါရမီချည်းချမနေကြပါနဲ့
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဆရာကောင်း သမားကောင်းဆီက နည်းမရရင် ထင်ရာပြောနေ ကြလိမ့်မယ် (မှန်ပါ)၊ ပါရမီချည်းချမနေကြပါနဲ့၊ ထင်ရာ ပြောနေကြတာ ဒကာ ဒကာမတို့၊ အခု ဝတ္ထုသက်သေနဲ့ သေသေချာချာ လာတာ (မှန်ပါ)၊ ဘုရားက သင်္ဂါရဝပုဏ္ဏားကို ကွာတဲ့ ရောတဲ့ ရေထဲက ဆေးနီ ဆေးဝါ ဆေးပြာတွေကို ဖယ်ပစ်လိုက်၊ ဆယ်ပစ်လိုက်ပါ၊ ဒီတော့မှ မျက်နှာရိပ် ဟပ်ကြည့်စမ်းပါတဲ့၊ အရိပ်ထင်ပါလိမ့်မယ်တဲ့ (မှန်ပါ)။
ကဲ ဒကာသစ် အရိပ်ထင်မလား မထင်ဘူးလား (ထင်ပါတယ် ဘုရား)၊ ရေကြည်ရင် ထင်ရမှာကိုးဗျ (မှန်ပါ)၊ ရောနေရင်တော့ (မထင်ပါ ဘုရား)။
ဒါဖြင့် အရောဖယ်တဲ့နည်း ကျုပ်တို့က အသုံးချလိုက်တော့ ရောတဲ့လောဘကို သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိနဲ့ နောက်ကနေ လုပ်နေပါ (မှန်ပါ)၊ သမုဒယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ ဆိုပြီး သူ့ကို ဖြစ်ပျက်ရှုချ၊ ဖြစ်ပျက် ရှုချလိုက်တော့ သူရှိသေးရဲ့လား (မရှိပါ ဘုရား)။
မရှိတဲ့အချိန်ကျတော့ ဒီ့ပြင် ကိုယ်လုပ်နေကျကမ္မဋ္ဌာန်း စိတ်ကြိုက်ရင် စိတ်ကို ရှုကြည့်စမ်း၊ ဘာတွေ တွေ့မယ် ထင်သတုန်း (အနိစ္စတွေ တွေ့ပါတယ်)၊ အဲ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေကို ဒကာ ဒကာမတို့ မတွေ့ပေဘူးလား (တွေ့ပါတယ်)၊ ဘယ့်နှယ်ကြောင့် အခုတော့ တွေ့ပါလိမ့်မတုန်း (ဖယ်ကြည့်လို့ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါ ပါရမီချမလား ဖယ်နည်း ရှားနည်း ကောင်းလို့လား (ဖယ်နည်း ရှားနည်းကောင်းလို့ပါ ဘုရား)၊ ဖယ်နည်း ရှားနည်း ကောင်းလို့ရတဲ့အလုပ်ကို ခင်ဗျားတို့က အရင်လိုဖြင့် အနားက ဆူလွန်းလို့ထင်ပါရဲ့၊ ကျုပ်ဖြင့် ဒီနေ့တော့ သမာဓိမရလို့ တရားမထင်ဘူး၊ ဒီနေ့တော့ ထပြီး ပြေးတာ အေးတယ်တဲ့၊ ထပြေးရင် ပဋိစ္စသမုပ္ပါဒ်က ဆက်သွားတာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်က ဆက်ချင်လို့
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်က ဆက်ချင်လို့ စောင့်နေရတဲ့အထဲ ခင်ဗျားတို့က ဆက်အောင်လုပ်တဲ့ အားပေးမှုကြီး ပါနေတော့ ဪ ခေါင်းပြောင်းရတာ နည်းပဲနည်းသေးတယ်၊ ဒုက္ခသစ္စာ စက်ရဟတ်ကြီးလည်နေတာ နည်းပဲနည်းသေးတယ် (မှန်ပါ)၊ ပြောထိုက် – မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတွေ ဖယ်နည်း ရှားနည်း နိဿရည်းကို ရပါပြီလား (ရပါပြီ ဘုရား)၊ ဒါဖြင့် ရေထဲမှာ ရှုပ်နေတဲ့ဥစ္စာ၊ ရေထဲမှာ ရှိနေတဲ့ဥစ္စာကို အရင်ဆယ်ပြီး သကာလ ဉာဏ်နဲ့ဆယ်ပြီး တစ်ခါရှု၊ ပြီးတော့မှ တစ်ခါ ရေတစ်ခုလုံးကို အကုန်ရှုလိုက်တဲ့အခါကျလို့ရှိရင် ရေကြည်လာလို့ရှိရင် ကိုယ့်မျက်နှာရိပ် ကိုယ်ကြည့်လိုက်တဲ့အခါမှာ ကိုယ့်မျက်လုံးနဲ့ ကိုယ့်မျက်နှာရိပ်မြင်သလို ကိုယ့်ခန္ဓာကိုယ် ကိုယ့်ဉာဏ်ထဲ အကုန်မြင်လာတယ် (မှန်ပါ ဘုရား)။
ဒကာအုန်း၊ ဒီနည်း ဘယ်လောက် အပေးကောင်းသတုန်း (ကောင်းပါတယ် ဘုရား)၊ ဘုရားက ပေးတာနော် (မှန်ပါ)၊ ဒကာ ဒကာမတို့ ဘုရားပေးတဲ့နည်း ဘယ်လောက်ကောင်းတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒီကရှေ့ကို ပါရမီချကြမလားတဲ့ ဖြစ်ပျက်မတွေ့တဲ့ ဒကာ ဒကာမတွေ ရောနေလို့လားဆိုရင် ဒီနှစ်ခု ဘယ်ဟာကို အဓိကထားကြမလဲ (ရောနေလို့ပါ ဘုရား)။
ဘုရားမဟောလဲ ဒီခန္ဓာကြီးက အနိစ္စပဲ၊ ဘုရားဟောလဲ (အနိစ္စပါ ဘုရား)၊ ခန္ဓာကြီးက ဘုရားလက်ထက်ကျမှ ဖြစ်လာတဲ့ အနိစ္စလား၊ သဘာဝကိုက အနိစ္စလား (သဘာဝကိုက အနိစ္စပါ ဘုရား)၊ သဘာဝကိုက အနိစ္စရှိနေတာ၊ ဘယ်အချိန်ကြည့်ကြည့် မြင်ဖို့ရာဟာ ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ကိုယ့်ရောနေတာ ကိုယ်မသိလို့ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ရောတာ ဖယ်လိုက်ဟေ့
ကဲ ဒါဖြင့် ဘုရားဟောတဲ့နည်းအတိုင်း ဆရာဘုန်းကြီးက ရောတာ ဖယ်လိုက်ဟေ့ဆိုတော့ ရောတာကို အရင်ရှုချလိုက် (မှန်ပါ)၊ ပြီးတော့မှ ကိုယ်ကြိုက်တဲ့ ကမ္မဋ္ဌာန်းကို ခန္ဓာကိုယ်ကိုလှည့်ရှု (မှန်ပါ)၊ ကိုယ့်မျက်နှာရိပ် ကိုယ်ထင်သလို ဉာဏ်ကိုဆိုပါသည်။ စကားမို့ ထင်ရှားအောင် ပြောနေရပါတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် နေရာကျပြီလား (ကျပါပြီ ဘုရား)၊ ဒါကြောင့် ဝိပဿနာရှုနည်း နိဿရည်းကိုဖြင့် ယနေ့ အကောင်းဆုံးနည်း ပေးနေသည်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ခုနက ဆေးနီ ဆေးဝါ ဆေးပြာ ရောနေတဲ့အတွက် ဒကာ ဒကာမတို့ ဘယ်လိုမျက်နှာနဲ့ ရေခွက်ပေါ် ဟပ်ကြည့်ငြားသော်လဲ အရိပ်မထင်တော့ ဆေးနီ ဆေးဝါ ဆေးပြာတွေ ဖယ်လိုက်တော့ အရိပ်ထင်တယ် (မှန်ပါ)၊ ဒီမှာလဲ ကန့်ကွက်တဲ့တရား အရင်ရှုလိုက်လို့ရှိရင်ဖြင့် မကန့်ကွက်တဲ့တရားတွေ မြင်ရတော့မယ် (မြင်ရပါတယ် ဘုရား)။
ဪ ဖယ်နည်း ရှားနည်း နိဿရည်းကို နဂိုက မူတည်ခဲ့တာဖြင့် ယခုတော့ ရှင်းပေါ့ လင်းပေါ့ဆိုတာ သေချာသွားပြီ (သေချာပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)၊ နေရာကျပြီနော်၊ ဒါက လောဘအတွက် ဟောပါတယ် (မှန်ပါ ဘုရား)။
ကဲ တားတာက ငါးမျိုးကိုး ဒကာသစ် (မှန်ပါ)၊ ဒုတိယအချက်ကို ဟောဦးမယ် ဒကာ ဒကာမတို့ အချိန်ရှိသေး တယ် (မှန်ပါ)၊ ဒုတိယအချက်က ဒကာ ဒကာမတွေ ဒေါသပဲ၊ ဒေါသဆိုတော့ ခန္ဓာကိုယ်ထဲမှာ ဟဒယဝတ္ထု နှလုံးသွေးထဲမှာ ပွက်ပွက်ပွက်ပွက် ဆူနေတယ် (မှန်ပါ)၊ ဒီအချိန်မှာ ခန္ဓာကိုယ် ဖြစ်ပျက်ကို ဉာဏ်ကလေးနဲ့ သွင်းကြစမ်းပါ မြင်ရပါ့မလား (မမြင်ပါ ဘုရား)၊ ခင်ဗျားတို့ ရေနွေးဆူနေတဲ့အထဲမှာ မျက်နှာဟပ်ကြည့်စမ်းပါ (မမြင်ရပါ ဘုရား)၊ ရေကိုက အခိုး ထနေတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒေါသဆူပြီး ဒေါသခိုးထနေသကိုး
အဲ့ဒီအချိန်ကျပြန်လို့ရှိရင်လဲ သင်္ဂါရဝပုဏ္ဏားရေ မမြင်နိုင်ဘူးတဲ့ (မှန်ပါ)၊ ဒေါသဖြစ်နေတဲ့အချိန်မှာ ဉာဏ်နဲ့ ခန္ဓာကိုယ်ကြည့်၊ အနိစ္စ, ဒုက္ခ, အနတ္တ, ဒုက္ခသစ္စာကို ဘယ်တော့မှ မမြင်ဘူးကွ (မှန်ပါ)၊ ရေဆူဆူအခိုး ထနေသလို ဒေါသဆူပြီး ဒေါသခိုးထနေသကိုး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။
အဲ့ဒီတော့ ဒကာ ဒကာမတွေ ခုနက နည်းပေးတဲ့အတိုင်း ဒကာသစ် နည်းပေးလိုက်တယ် (မှန်ပါ)၊ အဲ့ဒီ ဒေါသစိတ်ကလေး ဘာလုပ်ပစ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုလိုက်တော့ သူ့ကို ဆယ်ပစ်လိုက်တယ် (မှန်ပါ)၊ သူ့ကို အေးအောင်လုပ်ပစ်လိုက်တယ် (မှန်ပါ)၊ အေးအောင် လုပ်ပစ်လိုက်တော့ ရေက မငြိမ်ဘူးလား (ငြိမ်ပါတယ် ဘုရား)။
အဲ သူ့ကို ဖြစ်ပျက်ရှုပြီးတော့မှ ခန္ဓာလှည့်ရှုလိုက်တော့ ရေကြည် ရေငြိမ် ရေအခိုးသေသွားတော့မှ မျက်နှာ ဟပ်ကြည့်လိုက်တော့ မျက်စိ မျက်နှာ သွား အစရှိသည်ကို မမြင်ရဘူးလား (မြင်ရပါတယ်)၊ ဘယ့်နှယ်ကြောင့် မြင်ရသတုန်းဆိုတော့ ရေအေးပြီး ကြည်သွားလို့ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် မြင်ရပါလိမ့် (ရေအေးပြီး ကြည်သွားလို့ပါ) အဲ ဒါဖြင့် ဒေါသကို အရင်ရှုပစ်လိုက်ပါ (မှန်ပါ)၊ ကျုပ်ဒီနေ့ ဒေါသ ဖြစ်တယ်၊ ဒီနေ့တော့ ကမ္မဋ္ဌာန်းကို မထိုင်သေးဘူး၊ အံမာ ဒကာသစ်တို့ ဖြစ်ပုံလေ (မှန်ပါ၊ ဖြစ်ပါတယ် ဘုရား)၊ ဒေါသဖြစ်လို့ ကျုပ်တော့ ဒီနေ့ ကမ္မဋ္ဌာန်းမထိုင်သေးဘူး ဆိုတော့ ဪ ခက်လိုက်တဲ့ဖြစ်ခြင်း ခေါင်းပြောင်းချင်ပြန်ပြီ (မှန်ပါ ဘုရား)။
သောကက နောက်ကလိုက်မယ်
ဒေါသက ဖြစ်နေတော့ သောကက နောက်ကလိုက်မယ်၊ ပရိဒေဝကော (လိုက်ပါမယ်)၊ ဒုက္ခဒေါမနဿကော (လိုက်ပါမယ်)၊ ဥပါယာသကော (လိုက်ပါမယ်)၊ အဝိဇ္ဇာကော (လိုက်ပါမယ်)၊ အဝိဇ္ဇာ ပစ္စယာလာရင် သင်္ခါရက (လာပါမယ်)၊ ကိုင်း ခင်ဗျားတို့ဟာ ခေါင်းပြောင်းတဲ့ဘက် သန်သွားတာပဲ (သန်ပါတယ် ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့်တုန်းလို့ ဒကာသစ်တို့ မေးရင် ဖြေတတ်ပြီလား (ဖြေတတ်ပါပြီ)၊ ဘယ်လိုဖြေကြမယ် (ဒေါသကို မဖယ်ရှားတတ်လို့ပါ ဘုရား) ဒေါသကို မဖယ်ရှားတတ်လို့ ဒေါသ ပဋိစ္စသမုပ္ပါဒ် လှည်သွားတယ် (မှန်ပါ)၊ ပဋိစ္စသမုပ္ပါဒ်အဆုံးကနေ ပြန်ပတ်တယ် (မှန်ပါ)၊ ဒကာသစ် ဘယ်လောက် ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။
ဒါဖြင့် ဒေါသလာလို့ရှိရင်လဲ ခင်ဗျားတို့ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှု၊ သူ့အရှိန်ပြေအောင် ရှု (မှန်ပါ)၊ နည်းနည်းကလေး ဒေါသလာလဲ ဖြစ်ပျက်ရှု များများဒေါသလာလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုလို့ ဒေါသတွေ အရှိန်ပြေမှ ကိုယ်နေ့တိုင်း ထိုင်နေကျကမ္မဋ္ဌာန်းကို ဝေဒနာကြိုက်ရင် ဝေဒနာကို ရှုကြည့်စမ်း၊ မမြင်ရဘူးလား (မြင်ရပါတယ်)၊ ဘာကြောင့်တုန်း၊ ရေအခိုးသေလို့ ကြည်သွားပြီ၊ ငြိမ်သွားပြီ ဘုရားဆိုတော့ လိုရာခရီး အပြီးတိုင် မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။
အကယ်၍ ဒကာသစ်တို့ကဖြစ်စေ၊ ဒကာကြွယ် တို့ကဖြစ်စေ ငါဒီနေ့ စိတ်မကောင်းဘူးကွာ၊ ဒီနေ့တော့ ကမ္မဋ္ဌာန်းမထိုင်သေးဘူးကွဆိုတော့ အဲ့ဒါ စိတ်မကောင်းတာ ကိစ္စမရှိဘူး၊ ခင်ဗျားဟာ အပါယ်သွားနိုင်တယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အပါယ်သွားနိုင်တယ်
စိတ်မကောင်းတာလား၊ အပါယ်သွားနိုင်တာလား (အပါယ်သွားနိုင်တာပါ)၊ ကြည့်လေ စိတ်မကောင်းတာက ဒေါသ၊ ဒေါသနောက်က သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသ အဝိဇ္ဇာ လှည့်သွားတယ် (မှန်ပါ)၊ သဘောပါကြ ပြီလား (ပါပါပြီ ဘုရား)။
စိတ်မကောင်းတာလား၊ အပါယ်သွားတာလား (အပါယ်သွားတာပါ)၊ အဲ့ဒါ ခင်ဗျားတို့က ဪ စိတ်မကောင်းလို့ သူ့ဟာသူ အိပ်ရာသွားရှာတာ ထင်ပါရဲ့တဲ့၊ အဲ့ဒါ အိပ်ရာရှာတာ မဟုတ်ဘူး၊ ဒယ်အိုးရှာတာ (မှန်ပါ)၊ အိပ်ရာသွားရှာတာ မဟုတ်ဘူး (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတော့ ဒီအဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရ၊ ဒီအဝိဇ္ဇာကလဲ ဒီကလာတဲ့ဒေါသနဲ့ယှဉ်တဲ့ အဝိဇ္ဇာ၊ အဝိဇ္ဇာဆိုတာ မောဟ၊ အကုသိုလ်စိတ်တစ်ဆယ့်နှစ်ခု အကုန်ပါနေတာ၊ ဒေါသနဲ့ ယှဉ်တဲ့အဝိဇ္ဇာဆိုကတည်းက တိရစ္ဆာန်ဘုံသွားဖို့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ တိရစ္ဆာန်ဘုံ မကလို့ ဒီထက်ကြီးတဲ့ငရဲသွားဖို့ဆိုတော့ အိပ်ရာသွားရှာတာလား၊ ဒယ်အိုးရှာတာလား (ဒယ်အိုးရှာတာပါ ဘုရား)။
နောက်ဒယ်အိုးရှာတော့ မထွက်ကြနဲ့ဗျာ (မထွက်ပါ ဘုရား)၊ ဦးဘအုန်း (မထွက်ပါ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဒယ်အိုးရှာများ ထွက်ချင်သေးသလား (မထွက်ချင်ပါ ဘုရား)၊ ကျုပ်စိတ် မစမ်းနဲ့ဆိုရင် ဒယ်အိုးရှာ ထွက်ပြီသာ အောက်မေ့ပေတော့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကျုပ်စိတ် မစမ်းနဲ့ဆိုရင် (ဒယ်အိုးရှာ ထွက်တာပါ ဘုရား)၊ ကြည့်လေ ဒေါသဖြစ်ရင် သောကပရိဒေဝ အဝိဇ္ဇာ သင်္ခါရ ဝိညာဏံ လာရမှာလား၊ မလာရဘူးလား (လာရမှာပါ ဘုရား)။
မူလကမ္မဋ္ဌာန်းဆိုတာ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဒေါသကို ဘာလုပ်ပစ်ရမယ် ဒကာသစ်တို့ (ဖြစ်ပျက်ရှုရမှာပါ ဘုရား) သူ့ကို ရှုပြီးရင် ဒီအတိုင်းနေရမှာလား၊ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ရမှာလား (မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ရမှာပါ)၊ မူလကမ္မဋ္ဌာန်းဆိုတာ ဆရာပေးထားတဲ့ ဝေဒနာကြိုက်လို့ရှိရင် ဝေဒနာချည်း ဖိပြီးရှုရမည့်ကမ္မဋ္ဌာန်း (မှန်ပါ)၊ စိတ်ကြိုက်ရင် (စိတ်ကိုဖိပြီး ရှုရမှာပါ)၊ အဲ့ဒါတွေကို မူလကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် နှစ်ခုကိုတော့ဖြင့် ဖယ်တတ်ရှားတတ်ပြီဆိုတာ သေချာကြ ပြီလား (သေချာပါပြီ ဘုရား)။
ဒီ နီဝရဏတရားနှစ်ခုဟာ နိဗ္ဗာန်မဂ်ဖိုလ် ပိတ်ပင်တယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ် ဆက်သွားတာ (မှန်ပါ)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
စာလိုပြောတော့ နိဗ္ဗာန်မဂ်ဖိုလ်ကို တားတယ်၊ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ လက်တွေ့ပြလိုက်တော့ ဪ ပဋိစ္စသမုပ္ပါဒ် တန်းပြီးတော့ နှစ်ဘဝ ဆက်သွားပြီ၊ သုံးဘဝဆက်သွားပြီ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲ့ဒီတော့ ဒကာ ဒကာမတို့ ခေါင်းပြောင်းခုတ်တဲ့လမ်းကို လိုက်ကြတာ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်)၊ ဒုက္ခစက်လည်တဲ့လမ်းကို လိုက်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒေါသလာရင် ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ရှုပြီးဘာလုပ်ကြမယ် (မူလကမ္မဋ္ဌာန်း ပြန်ကောက် ရပါမယ် ဘုရား)၊ မူလကမ္မဋ္ဌာန်းကို ပြန်ရှု၊ အဲ့ဒီကျတော့ ရေလဲမဆူတော့ပါဘူး၊ အခိုးလဲ မထတော့ပါဘူးဆိုတော့ ကိုယ့်မျက်နှာရိပ် ကိုယ်ကြည့်တော့ မျက်စိမှာ အကုန်မြင်ရသလို ဖြစ်ပျက်သည် ကိုယ့်ခန္ဓာဖြစ်ပျက်ကို မမြင်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။
မဖယ်တတ်လို့ဆိုမလား
အဲ့ဒါ ပါရမီကိုပဲ အပြစ်ချကြမလား မဖယ်တတ်လို့ဆိုမလား (မဖယ်တတ်လို့က များပါတယ် ဘုရား)၊ ပါရမီ ချည်းချနေကြတာကလဲ ခင်ဗျားတို့အတွက် အတော်ခက်နေတယ်နော် (မှန်ပါ)၊ ပါရမီချည်း ယိုးမနေကြပါနဲ့၊ ရိုးရိုး သာဝကမှာ ဖယ်တတ်ရှားတတ်ရင် ပြီးနိုင်ပါတယ် ဘုရားဆုပန်တဲ့ပုဂ္ဂိုလ်တွေ ကျတော့ ပါရမီလိုပါတယ် (မှန်ပါ)၊ အဂ္ဂသာဝက မဟာသာဝကကြီးတွေမှာ ပါရမီလိုပါတယ်၊ ပကတိသာဝက တွေကျတော့ အခုပြောတဲ့ ဖယ်နည်းရှားနည်း နိဿရည်းကို ရရင်ပြီးနိုင်ပါတယ် (မှန်ပါ ဘုရား)၊ သဘာကျပြီလား (ကျပါပြီ ဘုရား)။
ဖယ်နည်းရှားနည်း နိဿရည်းရကတည်းက သူ သစ္စာမမြင်သေးဘူးလား (မြင်ပါတယ်)၊ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာဆိုတော့ သစ္စာတရားနာရလို့ သစ္စာလဲသိလို့ ဖယ်လိုက်တော့ ပြီးသွားတာပဲ (မှန်ပါ)၊ မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။
ဒကာကြွယ် ဘယ်နှစ်မျိုး ပြီးသွားပြီလဲ (နှစ်မျိုးပြီးသွားပါပြီ ဘုရား) ဘယ်နှစ်မျိုးကျန်သေးသတုန်း (သုံးမျိုး ကျန်သေးပါတယ် ဘုရား) သုံးမျိုးကျန်တဲ့အထဲက ပြောဖို့ ဆယ်မိနစ်ကျန်သေးတယ်၊ ရကောင်းပါသေးတယ်၊ မရရင်လဲ နက်ဖြန် ဆက်တာပေါ့နော် (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ပထမဟာကတော့ ရေထဲမှာ ဆေးနီ ဆေးဝါ ဆေးပြာ ရောသလို ဟဒယဝတ္ထု နှလုံးသွေးထဲမှာ လောဘ ဖြစ်တာခေါ်တယ် (မှန်ပါ)၊ ဒုတိယဟောတာက နှလုံးသွေး ဆူနေတယ်လို့ ဟောတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ထိနမိဒ္ဓဆိုတာ
ကဲ သုံးနံပါတ်ကို ဒကာ ဒကာမတွေ ဟောပါဦးမယ်၊ အဲ့ဒီသုံးနံပါတ်က ဘာတုန်းဆိုလို့ရှိရင် ခင်ဗျားတို့ ခုနက ပြောခဲ့တဲ့ ထိနမိဒ္ဓနီဝရဏ (မှန်ပါ)၊ ထိနမိဒ္ဓဆိုတာ ကိုယ့်စိတ်ကို ကိုယ်မနိုင် ကိုယ့်စေတသိက်ကို ကိုယ်မနိုင်၊ ငိုက်ငိုက်သွားတာ (မှန်ပါ)၊ ကိုယ့်စိတ်ကိုယ် ထိန်းလို့ရသေးရဲ့လား (မရပါ ဘုရား)၊ ကိုယ့်စေတသိက် ကိုယ်ထိန်းလို့ကော (မရပါ ဘုရား)၊ အဲ့ဒါကို ထိနမိဒ္ဓ နီဝရဏလို့ ခေါ်ပါတယ် (မှန်ပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
အဲ့ဒီ ထိနမိဒ္ဓ နီဝရဏဆိုတဲ့ဥစ္စာသည် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သင်္ဂါရဝ မင်းသည်ကားလို့ဆိုရင် ရပြီးသားစာတွေ ပျောက်တယ်၊ မေ့နေတာလဲ လုံးဝကို မပေါ်လာဘူး၊ တစ်ခါတလေကျတော့ ရပြီးသား စာတွေ ပေါ်လိုက်တာ၊ မရသေးတာတွေတောင်မှလဲ ပေါ်ပေါ် လာသေးတယ် ဆိုတဲ့ဥစ္စာ ဟဒယဝတ္ထုနှလုံးသွေးထဲမှာ ထိနမိဒ္ဓ ရောနေလို့တဲ့ (မှန်ပါ)၊
ရေခွက်တစ်ခုရှိတယ်၊ ရေကန်တစ်ခုရှိတယ်၊ အဲ့ဒီရေကန်မှာ မှော်တွေအုပ်ပြီးတော့နေမယ်၊ ဗေဒါပင်တွေလဲ အုပ်ပြီးတော့နေမယ်၊ ဥပမာ ထားပါတော့ (မှန်ပါ)၊ အဲ့ဒီအုပ်တဲ့အထဲ ဘယ်လိုပဲ မျက်နှာရိပ်ဟပ်ဟပ် ကိုယ့်မျက်နှာရိပ် မြင်ရပါ့မလား (မမြင်ရပါ ဘုရား)၊ ရေပေါ်မှာ ဒကာ ဒကာမတို့ မှော်တွေ မှိုနတို စသည်တွေ အမျိုးမျိုးအဖုံဖုံ အုပ်မနေဘူးလားဗျာ (အုပ်နေပါတယ်)၊ အဲ့ဒီအုပ်နေတော့ ဘယ်လိုပင် မျက်နှာဟပ်ကြည့်ကြည့် မျက်နှာရိပ် မြင်ရပါ့မလား (မမြင်ရပါ ဘုရား)၊ ဘာဖြစ်လို့၊ အအုပ်ရှိလို့ကိုး (မှန်ပါ ဘုရား)။
ထိနမိဒ္ဓဆိုတာ ဒီလိုပဲတဲ့ ဒကာ ဒကာမတို့၊ ငိုက်တဲ့စိတ် မျဉ်းတဲ့စိတ် (မှန်ပါ)၊ ငိုက်မျဉ်းတဲ့စိတ်က ဟဒယဝတ္ထုပေါ်မှာ အုပ်နေလို့ရှိရင် ဉာဏ်ဝင်ခွင့်မရဘူး (မှန်ပါ ဘုရား)။
အဲ့ဒီတော့ ခုနက ပြောခဲ့တဲ့အတိုင်း ရေမှော်တွေကို ဖယ်ရှားပစ်လိုက်ပြီး မျက်နှာရိပ်ဟပ်လိုက်တဲ့အခါ ကိုယ့်မျက်နှာရိပ် ရှင်းရှင်းလင်းလင်း မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။
ထို့အတူပဲ ဒကာ ဒကာမတို့ ထိနမိဒ္ဓကို ဖြစ်ပျက်ရှုပစ်ပါ ရှုပြီးတော့မှ ဒကာသစ်ရေ မူလကမ္မဋ္ဌာန်း ပြန်ကောက် (မှန်ပါ)၊ ဘာဖြစ်လို့တုန်း၊ ရေမှော်ဖယ်ပြီးမှ မျက်နှာရိပ်ကြည့်တော့ ထင်သလိုပေါ့ဗျာ (မှန်လှပါ ဘုရား)။
ထိနမိဒ္ဓကို အရင် ဖြစ်ပျက်ရှုပစ်လိုက်ပါ
ကိုယ့်မျက်နှာလှတယ်၊ အရုပ်ဆိုးတယ်၊ အကျည်းတန်တယ် ဆိုတာတွေဟာ သူများပြောလား၊ ကိုယ့်ဟာကိုယ် ကြည့်တာနဲ့ ကိုယ်မြင်တာလား (ကိုယ်ဟာကိုယ်ကြည့်တာနဲ့ မြင်တာပါ ဘုရား)၊ ဘာဖြစ်လို့ ဖယ်ပြီး ကြည့်တာကိုး (မှန်ပါ)၊ ရေမှော်တွေ ဖယ်ကြည့်တော့ မြင်သလို ဒီမှာလဲ ဟဒယဝတ္ထု နှလုံးသွေးထဲမှာပေါ်တဲ့ ထိနမိဒ္ဓကို အရင် ဖြစ်ပျက်ရှုပစ်လိုက်ပါ (မှန်ပါ)၊ ဖြစ်ပျက်ရှုပြီးသည့်နောက်မှ မူလကမ္မဋ္ဌာန်း ပြန်ကောက်လို့ရှိရင် ပထမဖြစ်ပျက်ကလဲ ပဋိစ္စသမုပ္ပါဒ် ပြတ်တာပဲ (မှန်ပါ)၊ ဒုတိယအနေဖြင့် မူလကမ္မဋ္ဌာန်းတွေလဲ ပြတ်တာပဲ (မှန်ပါ)၊ ဒုတိယအနေဖြင့် မူလကမ္မဋ္ဌာန်းတွေလဲ ထင်မြင်လာသောကြောင့် ထင်မြင်ခံရတာက အနိစ္စ၊ ထင်မြင်တဲ့ဉာဏ်က မဂ္ဂဖြစ်သွားတယ် (မှန်ပါ)၊ ခုနကပြောတဲ့ သမုတိ ပဋိစ္စသမုပ္ပါဒ်ကော မပြတ်ဘူးလား (ပြတ်ပါတယ်)၊ ဒုက္ခစက်ကြီးကော (ပြတ်ပါတယ်)၊ အဲ့ဒါ ဖယ်ရှား ရှုလိုက်ပြန်တော့လဲ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
အဲ့ဒါကြောင့် မဖယ်ရှားတတ်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီနေ့တော့ နေ့လယ်က မောလာထင်ပါရဲ့၊ အညောင်းများထင်ပါရဲ့ ဒါကြောင့် ဒါလောက်ငိုက်နေတာ၊ နက်ဖြန်မှ ထရှုတော့မယ် (မှန်ပါ)၊ နက်ဖြန်မှ ထရှုတာ မဟုတ်ပါဘူး၊ ထိနမိဒ္ဓဆိုတာ “ထိနမိဒ္ဓံ ပဉ္စသု သသင်္ခါရိကစိတ္တေသု” ဆိုသောကြောင့် လောဘနဲ့ ဒေါသ ဖြစ်တာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မသေသေးလို့ အကျိုးမပေးသေးတာ
အဲ့ဒီတော့ လောဘလာလို့ရှိရင် လောဘက တဏှာဥပါဒါန် ကံဇာတိ ဇရာ မရဏဆိုတော့ အပါယ်လေးပါး ရှာတာ (မှန်ပါ)၊ နက်ဖြန်မှ ရှုတာလား၊ အပါယ်လေးပါးရောက်ဖို့ လုပ်ပြီးပြီလား (အပါယ်လေးပါး ရောက်ဖို့ လုပ်ပြီးပါပြီ ဘုရား)၊ ကံကတော့ မြောက်သွားပြီ၊ မသေသေးလို့ အကျိုးမပေးသေးတာ၊ သေရင် အကျိုးပေးနိုင်တယ် (မှန်ပါ ဘုရား)။
ဒေါသလာပြန်တော့လဲ ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာ သင်္ခါရ က မလာပေဘူးလား (လာပါတယ်)၊ အဲ့ဒီကဲ့သို့ လာပြန်လဲ မနက်ဖြန်မှ ရှုမှာလား၊ အပါယ်လေးပါးရောက်ဖို့ ဖြစ်ပြီးတာလား (အပါယ်လေးပါးရောက်ဖို့ ဖြစ်ပြီးတာပါ ဘုရား)။
အဲ့ဒါကြောင့် အပါယ်လေးပါး ရောက်နိုင်တာ စောင့်မနေဘဲနဲ့ သူ့ကို အရင်ဖယ်ပစ်တာသည် ခရီးရောက်တယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း …ယနေ့ ဒီတွင် တော်ကြဦးစို့
သာဓု …သာဓု …သာဓု။