ဘေးကြီးလေးပါး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌
ဟောကြားဆုံးမတော်မူအပ်သော
ဘေးကြီးလေးပါး
အလုပ်ပေးတရားတော်
(၁၀-၁၂-၆၀)
ဘေးကြီးလေးပါးကို ပြောရလိမ့်မယ်
ဒီနေ့ ဘေးကြီးလေးပါးကို ပြောရလိမ့်မယ်လို့ မှတ်ထားကြပါ၊ ဘေးကြီးလေးပါးကို ကိုယ်တိုင်သင့်နေတာ ကိုယ်တိုင်သိဖို့ အရေးဟာလဲ မပြောမဆိုလို့ရှိရင် သိမယ်မဟုတ်ပါဘူး (မှန်ပါ ဘုရား)။
ဒါကြောင့် ဘေးကြီးလေးပါး သင့်ပြီးသကာလနေတာ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ သေသေချာချာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောသောကြောင့် ငါတို့သည် ဘေးသင့်ပြီး ဘယ်နေရာများ ရောက်နေပါလိမ့်မလဲဆိုတဲ့ဥစ္စာကို ဝေဖန်ပြီးသကာလ ကိုယ်တိုင်သိမှ ဘေးသင့်နေလို့ရှိရင်လဲ ဘေးလွတ်ရာ ရှောင်နိုင်တယ်၊ ရောက်တဲ့နေရာ မကောင်းလို့ ရှိရင်လဲ မကောင်းတဲ့နေရာမှ ပြောင်းချင်တယ်၊ ဘေးသင့်တာသိမှ ဘေးလွတ်ရာ ပြေးချင်တယ်နော် (မှန်ပါ)၊ ရောက်တဲ့ နေရာ မကောင်းမှန်းသိမှ နေရာရွှေ့ချင်တယ်ဆိုတာ ထုံးစံပါပဲ (မှန်ပါ ဘုရား)။
ဇာတိဘေးဆိုတာ
ဒါကြောင့် အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဟောတာ ဒကာ ဒကာမတွေ ဇာတိဘေးဆိုတာ ပဋိသန္ဓေနေတဲ့ဘေးနော် (မှန်ပါ)၊ ဒါ ဘေးသင့်တဲ့ ပုဂ္ဂိုလ်ဟာ ပဋိသန္ဓေ နေရတာပဲလို့ မှတ်ပါ (မှန်ပါ)။
ဇရာဘေးဆိုတာ ပဋိသန္ဓေနေမိလို့ရှိရင် မအိုချင်ပါဘူးဆိုလို့ ဒကာသစ်၊ ဒကာကြွယ် တို့ ဦးလှဘူး တို့ ရပါ့မလား (မရပါ ဘုရား) မနာချင်ဘူးဆိုရင်ကော (မရပါ ဘုရား) မသေချင်ဘူးဆိုရင်ကော (မရပါ ဘုရား)။
အဲ ဒကာ ဒကာမတွေ ယခု ငါတို့သည်ဆိုရင် ဘေးသင့်နေတာပါလားဆိုတာ သိလာပြီ (မှန်ပါ)၊ ဘာဘေးသင့် နေသတုန်းဆိုလို့ရှိရင် ဇာတိဘေး, ဇရာဘေး, ဗျာဓိဘေး, မရဏဘေးဆိုတဲ့ ဘေးလေးဘေးသင့်ပြီးသကာလနေကြတာ ဘေးသင့်တာသိမှ ဘေးလွတ်ရာပြေးချင်ကြမှာပဲ (မှန်ပါ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် အခု ဘေးဘယ်နှစ်ဘေးသင့်နေကြသတုန်း (ဘေးလေးဘေးပါ ဘုရား)၊ လေးဘေးမှာလဲ အခုဇာတိဘေးက အမိဝမ်းခေါင်းက အပြင်ဘက်ရောက်လာခဲ့တော့ ဇာတိဘေးက လွတ်ခဲ့ပြီ၊ ဇရာဘေးနဲ့ တွေ့နေရပြီ (မှန်ပါ)၊ ဇရာဘေးကလဲ သူဘယ်ထိအောင် အရောက်ပို့မလဲဆိုတာ ဦးဘအုန်း တို့ စဉ်းစားဖို့လိုလာတယ် (လိုလာပါတယ် ဘုရား) ဪ အိပ်ရာဖျာကပ် အနာရောက်တဲ့ဆီကျအောင် ဇရာဘေးက ရောက်အောင် လိုက်ပို့ဦးမှာပဲဆိုတာ ငြင်းဖို့မလိုပါဘူး (မလိုပါ ဘုရား)။
ဗျာဓိဘေးကလဲ သူ့ဗျာဓိနဲ့ပဲ ဇာတ်သိမ်းမှာပဲလားဆိုတော့ မဟုတ်သေးဘူးတဲ့၊ သေမင်း ထိုးအပ်ရာမှာ ကျုပ်တာဝန်ရှိသေးတယ် (မှန်ပါ)၊ ဗျာဓိဘေး သင့်နေတဲ့ ပုဂ္ဂိုလ်ဟာ သေမင်းထိုးအပ်ရမှာ ကျုပ်တာဝန်ရှိသေးတယ်ဆိုပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပစ္စည်း ရှိ-မရှိ သူဆင်းရဲသား၊ ဆင်းရဲသမီး အလုံးစုံ အကုန်မရွေး ဗျာဓိကလဲ မရဏလက်တွင်းကို ဆက်ရမှာပဲဆိုတာ အမှန်ပဲ (မှန်ပါတယ် ဘုရား)။
ဘေးထဲ လမ်းသွားနေတယ်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယခုဘေးထဲ လမ်းသွားနေတယ် ဆိုလို့ရှိရင်ဖြင့် အမှန်ပဲလို့ ဆုံးဖြတ်ချက် ချရမှာပဲ (မှန်ပါ ဘုရား)။
ဇာတိဘေးက ထွက်လာပြီးတော့ အခုဒကာကြွယ် တို့ အခြေအနေ၊ ဦးလှဘူး တို့ အခြေအနေဆိုရင် ဪ ဇရာဘေးထဲ ရောက်ပြီ (ရောက်ပါပြီ ဘုရား)၊ ဗျာဓိဘေးကလဲ တစ်ခါတစ်ရံ ရောက်ခဲ့ပြီဗျ (ရောက်ခဲ့ပါတယ် ဘုရား) သို့သော် မရဏဆီအရောက် မပို့သေးလို့လဲတဲ့ ကျန်ကြတာကိုး (မှန်ပါ ဘုရား)။
အဲဒီတော့ အခုတရားနာနေတဲ့ ဒကာ ဒကာမတွေ တရားဟောတဲ့ ဘုန်းကြီးသည်ကားလို့ဆိုရင် ဘေးလေးဘေး ထဲမှာ အကြမ်းပြေးနေတယ် ဆိုလို့ရှိရင်ဖြင့် မလွဲပါဘူး (မလွဲပါ ဘုရား)၊ ဘေးလေးဘေးထဲမှာ အကြမ်းလျှောက်ပြေးနေ တယ်ဆိုရင် လွဲသေးသလား (မလွဲပါ ဘုရား)။
ဪ ဒါဖြင့် ဒီဘေးတွေဟာ ဆုတောင်းယူကောင်းသလား၊ တောင်းပြီးမယူကောင်းဘူးလားဆိုတာလဲ စဉ်းစား ကြည့်စမ်း (မယူကောင်းပါ ဘုရား)။
ဘယ်ဆု တောင်းယူယူ ဒုက္ခသစ္စာပဲ ရမှာပဲ
ဇာတိကလဲ သစ္စာဖွဲ့ကြည့် ဒုက္ခသစ္စာ၊ ဇရာက ဒုက္ခသစ္စာ၊ ဗျာဓိက ဒုက္ခသစ္စာ၊ မရဏက ဒုက္ခသစ္စာ၊ ဘယ်ဆု တောင်းယူယူ ဒုက္ခသစ္စာပဲ ရမှာပဲ (မှန်ပါ)၊ မသိတဲ့ပုဂ္ဂိုလ်များ ဒကာကြွယ်ရေ သိပ်သနားစရာကောင်းတယ် (ကောင်းပါ တယ် ဘုရား) နတ်ဖြစ်ရပါလို၏ဆိုလို့ရှိရင်လဲ ဇာတိဘေးသင့်လို့ရှိရင် ကျန်တဲ့သုံးဘေးကို လွတ်အောင် ပြေးနိုင်ပါ့မလား (မပြေးနိုင်ပါ ဘုရား)၊ အကုန် အမိခံရမှာပဲ (မှန်ပါ ဘုရား)။
ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးအလိုကျသော အဋ္ဌကထာဆရာများကလဲ “တယော ဘဝေ အဒ္ဒုဃရံဝိယ ဒဋ္ဌဗ္ဗာ” ဆိုတဲ့အတိုင်း ဘုံသုံးပါးဖြင့် ထောင်ပြောင်းတာ မင်းတို့ဖြင့် မရွှေ့ချင်ပါနဲ့၊ ဘုံသုံးပါးက ထွက်ကြပါဆိုတာများ မဖွင့်သင့်ဘူးလားဗျာ (ဖွင့်သင့်ပါတယ် ဘုရား)။
ဒါတွေ ဉာဏ်လှည့်ကြည့်တော့မှ ယခု ကိုယ်နေရတာ လွတ်လွတ်ပဲလား၊ ဘေးသင့်နေတာလားဆိုတာ စဉ်းစား ကြည့်ပါ (ဘေးသင့်နေတာပါ ဘုရား)၊ ဘေးဘယ်နှစ်ဘေးသင့်နေပါလိမ့် (လေးဘေးပါ ဘုရား)၊ လေးဘေးဟာ မသင့်သေး တဲ့ ပုဂ္ဂိုလ်လဲ သင့်ရမှာပဲ၊ သင့်ပြီးသားပုဂ္ဂိုလ်တွေလဲ သင့်ကုန်ပြီလို့ ဆုံးဖြတ်ချက်ချရမှာပဲ (မှန်ပါ ဘုရား)။
ဘေးရှိရင် ဘေးလွတ်ရာ ရှိပါတယ်
ဒါကြောင့် ဘေးရှိရင် ဘေးလွတ်ရာ ရှိပါတယ်ဆိုတာ အဇာတိ ံအဇရံ အဗျာဓိ ံအမတံ-ဆိုတဲ့နေရာလဲ ရှိသေး တာပဲ (မှန်ပါ)၊ အဇာတိံ-ပဋိသန္ဓေနေခြင်းမရှိတဲ့နိဗ္ဗာန်၊ အဇရံ-အိုခြင်းမရှိတဲ့နိဗ္ဗာန်၊ အဗျာဓိံ-နာခြင်းမရှိတဲ့နိဗ္ဗာန်၊ အမတံ-မသေရာဖြစ်တဲ့နိဗ္ဗာန်ဆိုတော့ ဘေးထဲရောက်နေမှန်းသိမှ ဘေးလွတ်ရာကို ကျုပ်တို့ ခင်ဗျားတို့ သွားချင်ကြ မယ်နော် (မှန်ပါ ဘုရား)။
ဒီအတိုင်းသာဆိုလို့ရှိရင် ဘေးမှန်းမသိတဲ့ပုဂ္ဂိုလ်ဟာ ဒကာသစ် ဒီဥစ္စာပဲ ပျော်တော့မှာပဲ (ပျော်မှာပါ ဘုရား)၊ လင်းတပျော် ပျော်သလို ဖြစ်ပါလိမ့်မယ် (မှန်ပါ)၊ လင်းတဟာ ခွေးသားရလေလေ ပျော်လေလေဖြစ်နေတယ် (မှန်ပါ ဘုရား)။
လင်းတ ဘာရလေလေ ပျော်လေလေပါလိမ့် (ခွေးသားရလေလေ ပျော်လေလေပါ ဘုရား)၊ ဘေးကနေ အမြင်ကျယ်တဲ့ပုဂ္ဂိုလ်က ကြည့်လိုက်တော့ ဪ အဖြစ်ကလဲ လင်းတ၊ စားရတာလဲ ခွေးသား၊ ပျော်စရာ တစ်ကွက်မှ မရှိပါကလားဆိုတာ အင်မတန် မထင်ရှားဘူးလား (ထင်ရှားပါတယ်) အဲ့ဒီမှာ အရိယာမျက်လုံးကလေး တပ်ပြီးကြည့် လိုက်တော့ တို့မှာ ဘာသေးသင့်နေသတုန်း (ဘေးလေးဘေး သင့်ပါတယ် ဘုရား)။
လင်းတခွေးသားနဲ့ ပျော်နေပါကလား
ဘေးလေးဘေး သင့်နေတယ်၊ မသင့်သေးတဲ့ပုဂ္ဂိုလ်လဲ သင့်ရမှာပဲ (မှန်ပါ)၊ ဘေးလေးဘေးသင့်နေတာ သိတော့ ဘေးကနေကြည့်နေတဲ့ ပုဂ္ဂိုလ်များကတော့ ဪ လင်းတနဲ့ခွေးသား ပျော်နေပါကလား (မှန်ပါ) ရတဲ့ပစ္စည်းကလဲ ခွေးသားကိုးဗျ (မှန်ပါ)၊ ကိုယ်ကလဲ လင်းတသဘောမျိုးဖြစ်နေတယ်၊ ဒီအထဲပျော်နေပြီ (မှန်ပါ)၊ ဒီအထဲပျော်နေရင် ကိုယ်က ဘယ်သဘောဖြစ်သတုန်း (လင်းတသဘောပါ)၊ ရတဲ့ပစ္စည်းက ဘာဖြစ်နေသတုန်း (ခွေးသားပါ ဘုရား)။
ခွေးသေကောင် သဘောဖြစ်နေတော့ ဘေးကနေပြီးသကာလ လူပညာရှိကကြည့်လိုက်တော့ အင်း ဒီလိုပျော်ပြီး သကာလနေကြတာ လင်းတပျော်-ပျော်နေတာကိုးဆိုရင် ဦးဘအုန်း မလွဲဘူးဗျ (မလွဲပါ ဘုရား)။
သို့သော် ပြောပေးမည့်သူ မရှိရင်ဖြင့် ကိုယ့်ကိုယ်ကို လင်းတလို့ မသိဘူး၊ ကိုယ်ရတဲ့သားသမီး ပစ္စည်းတွေကိုလဲ ခွေးသေကောင်ပုပ်လို့ မသိဘူး (မှန်ပါ)၊ အခုတော့ သေသေချာချာ ဉာဏ်နဲ့ကြည့်တော့မှ ဘေးသင့်နေတဲ့ ပုဂ္ဂိုလ်တွေလို့ သိတော့ ဘေးသင့်တဲ့အထဲမှာ ပျော်ပြီးသကာလ သား, လင်, ခင်ပွန်း, ပစ္စည်းနဲ့ပျော်ပြီးသကာလ နေတဲ့ပုဂ္ဂိုလ်ဟာ လင်းတခွေးသားရလို့ ပျော်သလို ဖြစ်နေတယ် ဆိုတော့ ဪ မသိပျော်၊ မိုက်ပျော်၊ မလိမ္မာပျော်ဆိုတဲ့ အသွားဟာဖြင့် ကျုပ်တို့ ခင်ဗျားတို့ ခေါင်းပေါ်ရောက်ပါတယ် (မှန်ပါ)၊ မသိပျော်၊ မလိမ္မာပျော်၊ မိုက်ပျော် ဖြစ်ပါတယ် (မှန်ပါ ဘုရား)။
ဘေးသင့်နေတာမှ မသိတဲ့ပုဂ္ဂိုလ်
ဒကာသစ် သေသေချာချာ နားထောင်နော် (မှန်ပါ)၊ အင်္ဂုတ္တိုရ် ပါဠိတော်မှာလာတယ်၊ ဘေးကြီးသင့်နေတယ်လို့ (မှန်ပါ)၊ ဘေးသင့်နေတာမှ မသိတဲ့ပုဂ္ဂိုလ်ဟာ လင်းတပျော်ပျော်နေတော့ လင်းတဘဝမှ လွတ်ချင်၊ ကျွတ်ချင်တဲ့စိတ် လာဖို့ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)။
အခုတော့ဖြင့် ဘေးသင့်နေတာသိတော့ အင်းဇာတိဘေးသင့်ပြန်တော့ ဇာတိလွတ်ရာ ရှာရမှာပဲ (မှန်ပါ)၊ ဇရာဘေးသင့်ပြန်တော့ကော (ဇရာဘေးလွတ်ရာ ရှာရမှာပါ ဘုရား)၊ ဗျာဓိဘေး သင့်ပြန်တော့ကော (ဗျာဓိလွတ်ရရှာ မှာပါ)၊ မရဏဘေးသင့်မှာ ဧကန်ဖြစ်နေတော့ကော (မရဏဘေးလွတ်ရာ ရှာရမှာပါ ဘုရား)။
အခုတော့ဖြင့် ဒကာ ဒကာမတွေက မရဏဘေး သင့်တော့မယ်ဆိုရင် ဆရာဝန် ဆေးသမားသာ အားကိုးတော့ တယ် (မှန်ပါ)၊ မရဏမှ လွတ်ရာဖြစ်တဲ့ မဂ္ဂင်လမ်းမတော်ပေါ် အရောက်သွားပါတော့မယ်ဆိုတဲ့စိတ်က မလာတာ ကျုပ်တို့ အမှားတော်ပုံကြီးတယ်လို့ စွဲချက်တင်ရမယ် (မှန်ပါ)။
ဒါ ဘာကြောင့်တုန်းဆိုတာ ဘေးသင့်တာ မသိသောကြောင့် ဘေးလွတ်ရာ မရှာတာပဲ (မှန်ပါ)၊ ဘေးသင့်တာ မသိသောကြောင့် (ဘေးလွတ်ရာ မရှာတာပါ ဘုရား)၊ ဘေးလွတ်ရာ မရှာတာဘဲဆိုတာတော့ ဒကာကြွယ် တို့ ကျုပ်တို့ ထူတယ်၊ အ,တယ်လို့ ဆိုရင် ခံရုံပဲဗျ (မှန်ပါ)။
ဒါကြောင့် ဒကာ ဒကာမတို့ ဘေးလေးဘေး သင့်နေတဲ့ဥစ္စာ ဇာတိဆိုတာ အမိဝမ်းခေါင်းထဲမှာ စားလဲမစားရ၊ အဝတ်လဲမဝတ်ရ (မှန်ပါ)၊ အမေ့ကျင်ကြီးပေါ်လဲ ထိုင်ခဲ့ရသေးတယ်၊ အမေစားတဲ့၊ ခွေးအန်ဖတ်နဲ့တူတဲ့ အစာတွေကလဲ ကိုယ့်ခေါင်းပေါ်မှာ၊ အသက်ရှူပေါက်ကလဲ မပါလာဘူးဆိုတော့ ဘယ်ဘေးသင့်သတုန်း (ဇာတိဘေး သင့်နေပါတယ် ဘုရား)။
အစမကောင်း၊ အလယ်မကောင်း၊ အဆုံးမကောင်း
ဒီကနေ အပြင်ရောက်လို့ နေပူ, လေပူ ဒဏ်ချက်တွေခံရပြန်တော့လဲ ဇရာဘေးသင့်တာပဲ (မှန်ပါ)၊ နောက်ကျ တော့ လေပူ, နေပူကြောင့်ပဲ နှာစေး ချောင်းဆိုး ပန်းနာ အစရှိသည် စွဲပြန်တော့လဲ ဗျာဓိဘေးသင့်တယ် (မှန်ပါ)၊ ဒီကနေ့ ဆရာဝန် လက်လွှတ်လိုက်တော့ မရဏဘေးသင့်တယ် (မှန်ပါ ဘုရား)၊ ကျုပ်တို့၏ အစဉ်ကဖြင့် အစမကောင်း၊ အလယ်မကောင်း၊ အဆုံးမကောင်းနဲ့ ဘေးအပေါင်းကိုသာ မိတ်ဆွေလုပ်ပြီး ပေါင်းနေရတယ် (မှန်ပါ)၊ လွဲပါ့မလား (မလွဲပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ လူ့ဘဝ အရတော်တယ် ဆိုတာကတော့ဖြင့် အင်း တိရစ္ဆာန်များနဲ့ စာရင် တော်သေးရဲ့ပေါ့ဗျာ (မှန်ပါ) စင်စစ်တော့ဖြင့် ဘေးလွတ်ပါရဲ့လား (မလွတ်ပါ ဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ ဘေးလွတ်ရာ ရှာကြပါတော့၊ ဘေးဖြင့် အမျိုးမျိုး သင့်နေပြီ၊ ဘေးလွတ်ရာသာ ယနေ့ရှာကြပါတော့ဆိုတဲ့ တရားကို ဘေးလွတ်ရာ လမ်းပြမည့်တရားကို ဒကာကြွယ် နာရမှာပဲ (မှန်ပါ ဘုရား)။
ကောင်းပြီ၊ ဘယ့်နှယ်ကြောင့် ဒီဘေး သင့်ပါလိမ့်မလဲလို့ဆိုတော့ ဇာတိ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊
ဪ-မသိလို့ လူ့ဘဝ ဖြစ်ရပါလို၏ဆိုတော့ တောင်းခဲ့ပြီ (မှန်ပါ)၊ တောင်းလိုက်တော့ ဘာသစ္စာကြီး ရပါလိမ့် (ဒုက္ခ သစ္စာကြီး ရပါတယ် ဘုရား)၊ ဒီဥစ္စာ အဝိဇ္ဇာ ဒဏ်ချက်သင့်တာပဲ (မှန်ပါ)။
ဦးဘအုန်း ဘာဒဏ်ချက်ပါလိမ့် (အဝိဇ္ဇာဒဏ်ချက်သင့်ပါတယ် ဘုရား) မသိလို့ တောင်းတော့ ကြည့်စမ်း၊ ဇာတိဘေးထဲ ကျုပ်တို့ ခုန်ဆင်းသလို မကျဘူးလား (ကျပါတယ်)၊ ဒကာကြွယ်ရေ ဒီတရားမျိုးတွေက အင်မတန် နိဗ္ဗာန်အရသာ နားလည်မှ ပြောလို့ကောင်းတယ်နော် (မှန်ပါ)။
လူ့ဘဝရရပါလို၏ ဆိုတော့
ကဲ ဒါဖြင့် ဒကာသစ်တို့ လူ့ဘဝရရပါလို၏ ဆိုတော့ ဇာတိဘေး သင့်ရပါလို၏ (မှန်ပါ) ဘာမသိလို့ တောင်းတာ တုန်း (ဒုက္ခသစ္စာ မသိလို့တောင်းတာပါ ဘုရား)။
ဒီတောင်းတဲ့ဆုပဲ ပြည့်လာတော့ ဇရာဘေး ပြည့်လာတယ် (ပြည့်ပါတယ်) မရဏဘေး (ပြည့်ပါတယ်)၊ ပြည့်လိမ့်မယ်ဆိုတာလဲ ဘယ်သူမှ မပေးရဘူး၊ သူ့ဆုတောင်းအတိုင်း သူ့ခန္ဓာလမ်းစဉ်အတိုင်း ပြည့်တာပဲ (မှန်ပါ) မပြည့်ကြဘူးလား (ပြည့်ပါတယ် ဘုရား)။
ဒီထဲကိုနေပြီး ဒကာသစ် တို့၊ ဒကာကြွယ် တို့၊ ဦးလှဘူး တို့က ဪ ဒီဘဝနိဗ္ဗာန် မရသေးလို့ရှိရင် နောက်ဘဝ ဟိုဘုံ ဒီဘုံ ပြောင်းချင်ပြန်သေးတယ်ဆိုလို့ရှိရင်ဖြင့် မသိပြန်ဘူး (မှန်ပါ)၊ မသိတော့ ဘေးကို တောင့်တာယူဦးတော့မှာပဲ (မှန်ပါ ဘုရား)၊ ဒကာကြွယ် နှစ်နာ သုံးနာ မနာပေဘူးလား (နာပါတယ် ဘုရား)။
အဲဒါကြောင့် ဘေးလွတ်ရာ မသိသေးသရွေ့ကာလပတ်လုံး ဘေးလွတ်ရာ ရှာငြားသော်လည်း ဘေးသာလျှင် ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား) ဦးဘအုန်းတို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဘာများအရေးကြီးပါလိမ့်မလဲဆိုတော့ ဘေးလွတ်ရာကို သိဖို့ရာဟာလဲ သစ္စာသိမှ ဘေးလွတ်ရာသိမယ် (မှန်ပါ) ဪ ဒုက္ခသစ္စာရှိရင်ဖြင့် နိရောဓသစ္စာဆိုတဲ့ ဒုက္ခငြိမ်းတဲ့ သစ္စာရှိသေးပါကလားဆိုတာ သစ္စာသိမှပဲ (မှန်ပါ)၊ ဘေးလွတ်ရာ သိချင်လဲ သစ္စာသိမှပဲ (မှန်ပါ)၊ ဘေးလွတ်ရာ သိချင်လို့ရှိရင်လဲ (သစ္စာသိမှပါ ဘုရား)။
သစ္စာမသိရင် သံသရာရှည်တယ်
ဒါကြောင့် သစ္စာမသိရင် သံသရာရှည်တယ်လို့ ဘုရားဟောတော်မူတာ ဒကာကြွယ် သေသေချာချာ မှတ်ပေတော့၊ အင်မတန်မှန်တယ် (မှန်ပါ)၊ မမှန်ကြဘူးလား (မှန်ပါတယ် ဘုရား)။
အခု ကိုယ်တိုင်ပဲ ဒကာ ဒကာမတို့ ပဋိသန္ဓေနေခဲ့ရတုန်းကလဲ ဆင်းရဲလိုက်တာ၊ အဝိဇ္ဇာဖုံးလို့ မေ့ကုန်လို့သာကိုး (မှန်ပါ)၊ အခု တစ်နေ့တခြား အိုမင်းရင့်ရော်ပြီးသကာလ လာလိုက်တာ မျက်စိမွဲ ခါးကိုင်း နားထိုင်းနဲ့ ဪ မဟုတ်လိုက် တာ သေချာနေတာပဲ (သေချာပါတယ် ဘုရား) သူများပြောလား၊ ကိုယ့်တွေ့လား (ကိုယ်တွေ့ပါ ဘုရား)။
တော်တော်ကြာ နာရ, ကျဉ်ရ, ကိုက်ရ, ခဲရ ဒါလဲ ဘေးသင့်တာဟာ သူများပြောလား၊ ကိုယ်တွေ့လား (ကိုယ်တွေ့ပါ) တော်တော်ကြာ သေခါနီးဘဝနဲ့ ဖြစ်ရဦးမည့်အခြေအနေ၊ သေရမည့်အခြေအနေတွေကလဲ ဧကန်ပါပြီး သကာလနေတော့ မလွဲတမ်း တွေ့ရမှာကလဲ မသေချာဘူးလား (သေချာပါတယ်)၊ ဒါကလဲ သူများပြောလား၊ ကိုယ့်ကိုယ် ကို ဆုံးဖြတ်ချက်ချပြီးသားလား (ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက် ချပြီးသားပါ ဘုရား) ငါ ဘယ်နည်းနဲ့မဆို သေရမယ်ဆိုတာက ဆုံးဖြတ်ချက်ချတယ် (မှန်ပါ ဘုရား)။
ဒီလို သိလျက်သားနဲ့ ဒါဟာ ဇာတိက ဘေးပါပဲ၊ ဇရာဟာ ဘေးပါပဲလို့ ဒုက္ခသစ္စာသင့်နေတယ်လို့ မသိသရွေ့ ကာလပတ်လုံး ဒကာသစ် တို့ ဒီဘဝမကောင်း ဟိုဘဝ ပြောင်းချင်တဲ့ဥစ္စာ လာလိမ့်မယ်နော် (မှန်ပါ ဘုရား) ဘယ့်နှယ်ကြောင့် ဒီဘဝမကောင်း ဟိုဘဝပြောင်းချင်ပါလိမ့် (ဘေးမသိလို့ပါ ဘုရား)၊ ဘေးသစ္စာမသိလို့ (မှန်ပါ ဘုရား)။
ဘယ်ဘုံပြောင်းပြောင်း ထောင်ကျတာပဲ
ဘယ်လိုမှတ်ကြမယ် (ဘေးသစ္စာ မသိလို့ပါ) ဘေးသစ္စာမသိလို့ ဆိုးရွားလိုက်တာနော် (မှန်ပါ)၊ အမှန်ကတော့ ဘယ်ဘုံပြောင်းပြောင်း ထောင်ကျတာပဲ (မှန်ပါ)၊ ဪ ခင်ဗျားတို့ ထောင်ပြောင်းဆုဖြင့် ကိုယ်တိုင်မတောင်းသင့်ပါဘူူး၊ ထောင်ထွက်ဆုဖြင့် တောင်းကြပါ (မှန်ပါ ဘုရား)။
ထောင်ပြောင်းဆုဖြင့် (မတောင်းကြပါနဲ့) ထောင်ထွက်ဆုဖြင့် (တောင်းကြပါ) အေး အဲဒီတော့ ထောင်မှ မသိတဲ့ပုဂ္ဂိုလ်ကတော့ ဒကာသစ်ရဲ့ ထောင်မှထွက်ချင်တယ်ဆိုတဲ့သဘော လာပါ့မလား (မလာပါ ဘုရား)။
ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုံးပါးသောဘုံကြီးဟာ နှောင်အိမ်ကြီးကွာ၊ ထောင်ကြီး သုံးခုကွ (မှန်ပါ) ဟိုဘုံရောက်ပြန်တော့လဲ နတ်ပြည်ရောက်သွားလဲ အကောင်းဆုံးနတ်ပြည် ရောက်သွားတယ်၊ ရောက်ရောက်ချင်း ဇာတိဘေးသင့်တာပဲ (မှန်ပါ ဘုရား)။
တော်တော်ကြာ ဇရာဘေးလာမယ် (မှန်ပါ)၊ တော်တော်ကြာ ဗျာဓိဘေးကကော (လာမှာပါ) တော်တော်ကြာ မရဏဘေးကကော (လာမှာပါ) ဪ ဒါဖြင့် ဘယ်ဘုံပြောင်းပြောင်း ဘေးသင့်တာချည်းပါကလား (မှန်ပါ)။
ဒါကြောင့် အဇာတိံ ဆိုတဲ့နေရာ သွားကြစို့ (မှန်ပါ)၊ အဇရံဆိုတဲ့နေရာသွားမှ (မှန်ပါ)၊ အဗျာဓိံ ဆိုတဲ့နေရာ (သွားမှပါ ဘုရား)၊ အမတံ ဆိုတဲ့နေရာ (သွားမှပါ ဘုရား)။
ဒါကအခု ဆရာသမားနဲ့တွေ့လို့ ဒီအသံကလေး သွားရမှာပဲ ဘုရားဆိုတာ ပြောတတ်သေးတယ်နော် (မှန်ပါ)၊ ကိုယ့်အိမ်ကိုယ့်ရာနဲ့ ကိုယ့်သားသမီးနဲ့ ပျော်နေတဲ့ပုဂ္ဂိုလ်ကတော့ ဘေးသင့်ပြီးပျော်၊ ထောင်ထဲမှာပျော်နဲ့ ဘေးသင့်ပြီး သကာလ ပျော်နေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ထောင်ထဲပျော်နေတယ်ဆိုရင်ကော (သေချာ ပါတယ် ဘုရား)၊ လူ့ဘုံထောင်ကြီးထဲမှာပေါ့ဗျာ (မှန်ပါ ဘုရား)။
ဒီထောင်ထဲ ပျော်တဲ့ပုဂ္ဂိုလ်
ဪ ဒီလိုမသိတဲ့ပုဂ္ဂိုလ်တွေကြောင့် မြတ်စွာဘုရားတွေ ဘယ်လိုပွင့်ငြား သော်လဲ ဒီထောင်ထဲ ပျော်တဲ့ပုဂ္ဂိုလ်၊ ဒီဘေးသင့်တာတွေ မသိတဲ့ပုဂ္ဂိုလ်တွေ ဘယ်လိုဆွဲထုတ်မလဲ၊ ဒကာကြွယ် အတော်ခဲယဉ်းတယ်နော် (မှန်ပါ)၊ ကိုယ်ကိုယ် တိုင်တောင်မှ အခုဆရာသမားက နေ့တိုင်း သွန်သင်လမ်းညွှန် ပြသနေတာတောင် တစ်ခါတလေ ကိုယ့်အိမ်ကိုယ့်ရာ များရောက်သွားတဲ့အခါ ပျော်သလိုလို လာသေးတာပဲ (မှန်ပါ ဘုရား) ဒါဆရာကောင်း သမားကောင်းနဲ့ အမြဲတွေ့နေတာ နော် (မှန်ပါ)၊ ဒါတောင်မှ ဒီလိုနေရ ထိုင်ရလို့ရှိရင် တော်သေးရဲ့ကွဆိုတဲ့ တဏှာကများဝင်ပြီး ချော့လိုက်သေးတယ် (မှန်ပါ)။
ဘယ်သူ ဝင်ချော့လိုက်ပါလိမ့် (တဏှာက ဝင်ချော့ပါတယ်)၊ တော်သေးရဲ့လူကလေး ဖြစ်ရငြားသော်လဲ စားဖို့သောက်ဖို့ မတောင့်မတ မကြောင့်မကြနဲ့နေဖို့ ထိုင်ဖို့ လုံလုံခြုံခြုံနဲ့၊ သွားဖို့ လာဖို့ကားအစရှိသည်တို့နဲ့၊ လူထဲ သူထဲသွားဖို့လဲ စိန်ရွှေကလေးနဲ့ တော်သေးရဲ့ဆိုတာ၊ အမယ်လေး ဘေးသင့်နေတဲ့လူက တော်သေးရဲ့ဆိုတာများ ဖြစ်သေး တဲ့ ဥစ္စာ၊ အဝိဇ္ဇာဒဏ်ချက် ဘယ်လောက်ကြီးတယ်ဆိုတာ စဉ်းစားပါတော့ (ကြီးပါတယ် ဘုရား)၊ အဝိဇ္ဇာဒဏ်ချက် ဘယ်လောက်ကြီးတယ်ဆိုတာ စဉ်းစားမိပြီလား (စဉ်းစားမိပါပြီ ဘုရား)။
ကြည့်စမ်းဒကာကြွယ် တစ်ခါတလေ အိမ်ထဲမှာ တစ်ယောက်တည်း ပြုံးတဲ့အခါ ပါသေးတယ်နော် (ပါပါတယ်) ဟိုအိမ်ကြည့်လိုက် ဒီအိမ်ကြည့်လိုက်၊ တို့အိမ်က သာသေးဆိုတာကလေးများ ဒကာသစ်တို့က ပြုံးလိုက်သေးတယ် (မှန်ပါ)၊ ထောင်ကျနေတဲ့လူက ဘာတုန်း (ပြုံးပါတယ် ဘုရား)၊ ဘေးသင့်နေတဲ့ပုဂ္ဂိုလ်က (ပြုံးပါတယ် ဘုရား)။
ဪ ဦးလှဘူး ခက်လိုက်တဲ့ဖြစ်ခြင်း၊ မပြောပါနဲ့တော့ (မှန်ပါ) အင်မတန်မှ သူ့စိတ်ထဲမှာ ဒီဘေးလေးဘေးကို နားမလည်တဲ့ အဖြစ်၊ သစ္စာလေးပါးကို နားမလည်တဲ့အဖြစ်၊ အခုပြောခဲ့တဲ့ သစ္စာလေးပါးကို နားမလည်တဲ့အဖြစ်ဟာလဲ လိုက်တုန်းရှိပါသေးကလားလို့ ဆိုလို့ရှိရင် ငြင်းဖို့မလိုတော့ဘူး (မလိုပါ ဘုရား)။
ရောက်ရာမှာ ပျော်တဲ့ဘဝတဏှာ
ဒါကြောင့် ရောက်ရာမှာ ပျော်တဲ့ဘဝတဏှာက သမုဒယသစ္စာ (မှန်ပါ)၊ ရောက်ရာဘေးထဲ ပျော်နေတာက ဘာသစ္စာတုန်း (သမုဒယသစ္စာပါ)၊ ဘေးထဲတွန်းချလိုက်တာက အဝိဇ္ဇာ (မှန်ပါ ဘုရား)။
ခက်လိုက်တဲ့ဖြစ်ခြင်း ဒကာ ဒကာမတွေ၊ ရန်သူနှစ်ယောက်တော့ ဖမ်းမိပြီ (မှန်ပါ)၊ ဘေးထဲတွန်းချလိုက်တာ (အဝိဇ္ဇာပါ ဘုရား)၊ ရောက်ရာမှာ ဘေးမှာ ဘေးမသိအောင် အပျော်ခိုင်းတာက (တဏှာပါ ဘုရား)၊ အဲဒါဖြင့် အဝိဇ္ဇာ တဏှာဆိုကြပါစို့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘယ်သူပါလိမ့်ဗျာ (အဝိဇ္ဇာနဲ့တဏှာပါ ဘုရား)။
ဒါကြောင့် ဟိုအိမ်သွားကြည့်ပြန်လဲ သားနဲ့ပြုံး၊ သမီးနဲ့ပြုံး၊ အရောင်းအဝယ်နဲ့ပြုံး၊ အကြောင်းမညီညွှတ်လို့ ရန်ဖြစ်ကြ မြို့ထဲရွာထဲမှာ ဒကာကြွယ်၊ ဒါပဲရှိတယ်တဲ့ (မှန်ပါ)၊ ရန်ဖြစ်တဲ့ပုဂ္ဂိုလ်ကလဲ အကြောင်းမညီညွှတ်လို့ ရန်ဖြစ်တို့ သူများပျော်သလို မပျော်ရလေဆိုတဲ့ အဓိပ္ပာယ်ပါတယ် (ပါပါတယ်)၊ အဲဒီတော့ သူလဲဘဝတဏှာကြောင့်ပဲဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဘဝတဏှာ သမုဒယသစ္စာကြောင့်ဆိုရင် ဒကာသစ် ရန်ဖြစ်တဲ့နေရာမှာ သူများပျော်သလို မပျော်ရလို့ ဖြစ်ရတာ (မှန်ပါ ဘုရား)။
တစ်ယောက်နဲ့တစ်ယောက် သားနဲ့ခင်ပွန်းမ၏ ယောကျာ်းနဲ့မတည့်ကြဘူး၊ ဟာ ဘာဖြစ်တုန်းဆိုရင် သူများ ပျော်သလို မပျော်ရလို့၊ သူများပျော်သလို ဘဝထဲပျော်ချင်တာကို မပျော်ရလို့ ဖြစ်ရတဲ့ရန်ပွဲ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါတွေ စဉ်းစားကြည့်တော့မှ ဪ မသိပျော် ပျော်နေတယ်၊ မလိမ္မာပျော် ပျော်နေတယ်၊ လူမိုက်ပျော် ပျော်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ သစ္စာမသိတဲ့ အချိန်ကစပြီးသကာလ အခုပြောတဲ့ လူမိုက်ပျော်ပျော်တဲ့ သုံးပျော်ဟာ ဖြင့် ဘယ်နည်းနဲ့မှ မငြင်းဆန်နိုင်အောင် မှန်နေတယ် (မှန်ပါ) ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ် ဘုရား)။
အခုဘေးက ဘယ်နှစ်ဘေးရှိပါလိမ့်
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုဘေးက ဘယ်နှစ်ဘေးရှိပါလိမ့် (လေးဘေးပါ ဘုရား)၊ ဘေးထဲရောက်အောင် တွန်းချလိုက်တာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ဘေးထဲရောက်တဲ့အခါ ဘေးမှန်းမသိအောင် အပျော်ခိုင်းတာက (တဏှာပါ ဘုရား)။
ဪ ဒါကြောင့်ပဲ ရန်သူနှစ်ယောက်တော့ဖြင့် ဒကာဦးလှဘူး မိပြီဗျာ့ (မှန်လှပါ ဘုရား) ဘေးထဲတွန်းချလိုက် တာက (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာက ဒုက္ခသစ္စာမသိလို့ ဆုတောင်းဟဲ့ဆိုပြီး အဝိဇ္ဇာကခေါင်းဆောင်လုပ်ပြီး သကာလ မသိအောင် ဖုံးကွယ်လိုက်တာက အဝိဇ္ဇာ၊ ဆုတောင်းလိုက်တာက တဏှာ (မှန်ပါ)၊ တစ်ခါရောက်ရာမှာ အပျော်ခိုင်း တာကလဲ တဏှာ (မှန်ပါ)၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။
ဪ ခင်ဗျားတို့ ဒီလူမိုက်နှစ်ယောက်နဲ့ ဒီတရားမိုက်နှစ်ခုနဲ့ ပေါင်းသင်းဆက်ဆံပြီးသကာလ တစ်သံသရာလုံး နေခဲ့ရတော့ ကျုပ်တို့သည် မသိပျော်နဲ့ ထောင်ပျော်ပဲရှိတယ် (မှန်ပါ ဘုရား)။
ဘယ်လိုဆိုကြမလဲ (မသိပျော် ထောင်ပျော်ပဲရှိပါတယ် ဘုရား) မသိပျော်နဲ့ ထောင်ပျော်မှတစ်ပါး ဘာများရှိသေး သတုန်း (ဘာမှမရှိပါ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတု့ိ ဘယ်အခါကာလမှ ကျုပ်တို့မသိပျော်လဲ မဖော်နိုင်၊ သဘောကျပြီလား (ကျပါပြီ)၊ မသိပျော် မဖော်နိုင်တော့ ဘေးလွတ်ရာ ရှာပါ့မလား (မရှာပါ ဘုရား) ထောင်လွတ်ရာက ကြံစည်ပါ့မလား (မကြံစည်ပါ ဘုရား) အဲဒီမကြံစည်နိုင်တာကလဲ တဏှာရဲ့ စွမ်းရည်သတ္တိ (မှန်ပါ ဘုရား)။
ထောင်ချလိုက်တာက အဝိဇ္ဇာ
ထောင်ချလိုက်တာက အဝိဇ္ဇာ၊ အပျော်ခိုင်းတာက တဏှာဆိုသဖြင့် ဒီဆင်းရဲသား ကျောမွဲမှာတော့ဖြင့် လွတ်ရေးကျွတ်ရေး မရှိပါဘူး (မရှိပါ ဘုရား)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ထောင်ချလိုက်တာက (အဝိဇ္ဇာပါ ဘုရား)၊ ထောင်ထဲအပျော်ခိုင်းတာက (တဏှာပါ ဘုရား)၊ ဘေးထဲတွန်းပို့လိုက် တာက (အဝိဇ္ဇာပါ ဘုရား) ဘေးထဲမှာ ဘေးမသိအောင် အပျော်ခိုင်းတာက (တဏှာပါ ဘုရား)။
ကိုင်း ဒကာသစ် ဒီလက်သည် နှစ်ယောက်ကို မိအောင်ဖမ်းနိုင်သရွေ့ ကာလပတ်လုံး ဒကာကြွယ် ဒီထက် ကိုယ်ကျိုးနည်းတော့ မရှိပါဘူး (မရှိပါ ဘုရား)။
ယခုတော့ဖြင့် ဒကာ ဒကာမတွေ ဒီလက်သည်နှစ်ယောက် မိပါ့မလား (မိပါပြီ ဘုရား) ထောင်ချလိုက်တာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား) ဘေးသင့်အောင်လုပ်တာ (အဝိဇ္ဇာပါပဲ ဘုရား)၊ ထောင်ချတာ ဘယ်သူလဲ (အဝိဇ္ဇာပါ ဘုရား)။
သူ့ကြောင့်ကျုပ်တို့ထောင်ကျတာ (မှန်ပါ)၊ သူကလူ့ပြည်ကောင်းတယ်ကွ စသည်နဲ့ လူ့ပြည်ဒုက္ခသစ္စာဖုံးပေး လိုက်တော့ တစ်ခါတည်းလူ့ပြည်ထဲ ကျုပ်တို့က ခုချလိုက်တာပဲ (မှန်ပါ)၊ အဲဒီတော့ လူ့ပြည်ဒုက္ခသစ္စာဖုံးလို့ ခုန်ချပစ်တာ ပေါ့လို့ ဆိုသဖြင့် ထောင်ချလိုက်တာ ဘယ်သူတုန်း (အဝိဇ္ဇာပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)၊ ဘေးထဲတွန်းပို့ လိုက်တာကော (အဝိဇ္ဇာပါ ဘုရား)၊ ကိုင်း ထောင်ထဲပျော် ဘေးထဲအပျော်ခိုင်းတာက (တဏှာပါ ဘုရား)။
ကိုင်း ဒကာသစ် လက်သည်နှစ်ယောက်တော့ တွေ့ပြီ (တွေ့ပါပြီ ဘုရား)၊ ဒကာ ဒကာမတို့ ဘာတွေ့သတုန်း (လက်သည်နှစ်ယောက် တွေ့ပါတယ် ဘုရား)။
ပြုံးမည့်ကြံရင်စဉ်းစားပါနော်
အဲ ဒါယနေ့ကစပြီးသကာလ ပြုံးမည့်ကြံရင်စဉ်းစားပါနော် (မှန်ပါ)၊ ဟ ဘေးထဲပျော်တဲ့ အရူးလားဟလို့ ကိုယ့်ကို ပြန်ပြီးမေးပါ (မှန်ပါ)၊ ထောင်ထဲကျနေတဲ့ အရူးလားဟ၊ မင်းပြုံးချိန်မဟုတ်ဘဲနဲ့ ပြုံးနေတာ အရူးလားဟလို့ အခုဆရာသမားက နည်းပေးသဖြင့် အဝိဇ္ဇာတဏှာ ဒဏ်ချက်မှ မလွတ်သေးတဲ့ပုဂ္ဂိုလ်ပျော်ပြီး သကာလနေတာ ထောင်ထဲပျော်၊ ဘေးထဲပျော်ဆိုတာ ဦးဘအုန်းဟုတ်မှ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီနေ့တရားကို နက်နက်နဲနဲ ပြောရတော့မယ်၊ လွတ်ရေး, ကျွတ်ရေးကို သေသေချာချာ ရှာရတော့မယ် (မှန်ပါ)၊ သို့သော်လွတ်ရေး, ကျွတ်ရေးကို ပြောတာက ဒါလောက်မခက်ဘူး၊ ဝမ်းထဲကတည်းက မျက်စိနှစ်ကွင်း အလင်း မရတဲ့ပုဂ္ဂိုလ် ဖြစ်သောကြောင့် ဘေးမသိတာ ဘေးပေါ်အောင် ပြောရတာကကြာတယ် (မှန်ပါ ဘုရား) ထောင်ထဲကျနေ တာ ကျနေမှန်းသိအောင် ပြောရတာက (ကြာပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် အခုဘေးလေးဘေးသင့်ကြတဲ့ ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့်တုန်းလို့ လက်သည်ရှာကြစို့ (မှန်ပါ)၊ လက်သည်ရှာကြတော့ စဉ်းစားကြည့်ပါလားတဲ့၊ ဒီဘက်ကလာခဲ့တယ်၊ အတိတ်လွန်ခဲ့တဲ့ ဘဝပေါ့ဗျာ (မှန်ပါ)၊ လွန်ခဲ့တဲ့ဘဝက သစ္စာမသိတဲ့ အဝိဇ္ဇာက ခေါင်းဆောင်နေတယ် (မှန်ပါ ဘုရား)။
လွန်ခဲ့တဲ့ဘဝက (သစ္စာမသိတဲ့အဝိဇ္ဇာက ခေါင်းဆောင်နေတယ် ဘုရား)။
ဪ အဝိဇ္ဇာက သစ္စာမသိတော့၊ သစ္စာလေးချက်ကို မသိအောင် သူပဲဖုံးလွှမ်းထားတယ် (မှန်ပါ)၊ သူပဲအုပ်ချုပ် ထားတယ်၊ သူကပဲ ကာကွယ်ထားတယ်ဆိုတာ ငြင်းဖို့လိုသေးသလားး (မလိုပါ ဘုရား)၊ အဲဒီတော့ အဲဒီပုဂ္ဂိုလ်စုံလုံးကန်း မဖြစ်သေးဘူးလား၊ ဖြစ်ပြီလား (ဖြစ်ပါပြီ) နောက်ဘဝက စုံလုံးကန်းသည်ကားလို့ဆိုရင်ဖြင့် သွားမိသွားရာ သွားတာပဲ ဆိုပြီး သင်္ခါရခေါ်လာတယ် (မှန်ပါ)၊ သွားမိသွားရာ လုပ်မိလုပ်ရာ လုပ်တယ် (မှန်ပါ)၊ လုပ်တော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။
အဝိဇ္ဇာစုံလုံးကန်း
ဪ အဝိဇ္ဇာစုံလုံးကန်း (မှန်ပါ)၊ စုံလုံးကန်းမို့ သွားမိသွားရာ သွားလိုက်တော့ ဝဋ်ဘဝတောင့်တာတဲ့ ဇာတိဘေး တွေ့ရမယ်၊ ကုသိုလ်တွေပြု၊ ဇာတိဘေးတွေ မရ-ရအောင် အရယူချင်တဲ့ဆန္ဒတဏှာနဲ့တောင်း တောင်းလိုက်တဲ့အခါကျ တော့ ပထမဇာတိဘေး၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတာ ဇာတိပါပဲ (မှန်ပါ ဘုရား)။
သင်္ခါရပစ္စယော ဝိညာဏံဆိုတာ (ဇာတိပါ ဘုရား)၊ ဝိညာဏံဆိုတာ ပဋိသန္ဓေဝိညာဏ်ကိုးဗျ (မှန်ပါ)၊ အဲပဋိသန္ဓေဝိညာဏ်ဆိုတော့ ပဋိသန္ဓေ ဝိညာဏ်တွင် နေတာမဟုတ်ပါဘူး၊ ပဉ္စဝေါကာရဘုံမှာဆိုရင် ခန္ဓာငါးပါးနဲ့ အတူတကွ ဖြစ်ပါတယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့်ဘေးလေးဘေး ဘယ်သူ့ကြောင့် သင့်ပါလိမ့်မတုန်းဆိုတော့ စုံလုံးကန်းအသွားလွဲလို့ ဖြစ်ရသည် (မှန်ပါ ဘုရား)။
ဒီက အဝိဇ္ဇာက စုံလုံးကန်း (မှန်ပါ)၊ ဒီကန်းတဲ့ပုဂ္ဂိုလ်က သွားမိသွားရာလုပ်မိလုပ်ရာ လုပ်တော့ပုညာဘိသင်္ခါရ ဆိုတဲ့ကုသိုလ်၊ အပုညာဘိသင်္ခါရ ဆိုတဲ့ကုသိုလ်၊ အပုညာဘိသင်္ခါရ ဆိုတဲ့တဏှာနဲ့ ဘုံဘဝတွေ ဆုတောင်းချလိုက်တယ်၊ နိဗ္ဗာန်ရှိလျက်သားနဲ့ မတောင်းဘူး (မတောင်းပါ ဘုရား)၊ ဒါကြောင့် သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ ဇာတိဘေးလာသင့် တယ် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ ဘာဘေးသင့်ပါလိမ့် (ဇာတိဘေးသင့်ပါတယ်)၊ ဇာတိဘေးသင့်တော့ပြေးလို့ လွတ်သေးရဲ့လား (မလွတ်ပါ ဘုရား)၊ ဇရာဘေး (မလွတ်ပါ ဘုရား)၊ မရဏဘေး (မလွတ်ပါ ဘုရား)။
ကဲဒါဖြင့် ဒကာ ဒကာမတို့ ဘေးလေးဘေးသင့်တဲ့ ကျုပ်တို့အတိတ်အကြောင်းဖြင့် ကောင်းကောင်းသိပါပြီ အဝိဇ္ဇာနဲ့သင်္ခါရပဲ (မှန်ပါ ဘုရား)။
ဒါဖြင့် ဒီအဝိဇ္ဇာနဲ့ သင်္ခါရမချုပ်သရွေ့ကာလပတ်လုံး ဇာတိဘေး ချုပ်မယ်မဟုတ်ပါဘူး (မချုပ်ပါ ဘုရား)၊ မရဏဘေး (မချုပ်ပါ ဘုရား) ဗျာဓိဘေး (မချုပ်ပါ ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာနဲ့သင်္ခါရချူပ်မှ နေရာကျမယ် (မှန်ပါ)၊ အဝိဇ္ဇာချုပ်တော့ ဝိဇ္ဇာဥဒပါဒိဖြစ်တယ်၊ သင်္ခါရချုပ်တဲ့အခါကျ အသင်္ခတသွားဖြစ်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့်ဒကာ ဒကာမတို့ ဒီအရေးဟာ မနေ့ကထက် မိုက်ပုံရှင်းတာပါ (မှန်ပါ)၊ ယနေ့တော့ဖြင့် မိုက်တာကို ရှေးဦးစွာပြပြီး လိမ္မာဖို့လမ်းကို ပြတော့မယ် (မှန်ပါတယ် ဘုရား)။
ဘေးလေးဘေးသင့်တာ ဘယ်သူ့ကြောင့်တုန်း
ကိုင်းအားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ ဒီနေ့တရားကို ဂရုစိုက်ပြီးမှတ်၊ ဘေးလေးဘေးသင့်တာ ဘယ်သူ့ကြောင့်တုန်း (အဝိဇ္ဇာသင်္ခါရကြောင့်ပါ ဘုရား)။
မျက်စိမမြင်တဲ့လူ လမ်းသွားလို့ ဟောဒီမှာ ချော်လဲတာပဲ (မှန်ပါ) မျက်စိမမြင်တဲ့လူ လမ်းသွားလို့ ပဋိသန္ဓေ အမိဝမ်းခေါင်းထဲ ချော်လဲတာပဲ (မှန်ပါ ဘုရား)။
မျက်စိမမြင်တဲ့လူ လမ်းသွားလို့ (အမိဝမ်းခေါင်းထဲ ချော်လဲပါတယ်) ဒါဖြင့် အဝိဇ္ဇာသင်္ခါရကြောင့် ချော်လဲတာပဲ (မှန်ပါ)၊ မျက်စိမမြင်တဲ့လူ လမ်းသွားလို့ (ချော်လဲတာပါ ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာသင်္ခါရကြောင့် ချော်လဲလို့ ဇာတိဘေး သင့်တာ (မှန်ပါ ဘုရား)။
ဒါဖြင့် ချော်လဲလို့ရှိရင်ဖြင့် အနာမှရပါ့မလားဆိုတာ စဉ်းစားကြည့်ပါ၊ ယိမ်းယိုင်နေပါ့မလားဆိုတဲ့ ဇရာဘေး ကော မသင့်ရပေဘူးလား (သင့်ရပါတယ်)၊ ချော်လဲလို့ရှိရင် တစ်ခုခုတော့ဖြင့် ဒကာ ဒကာမတို့ အိုမင်းမစွမ်းတော့ ဖြစ်ရတော့မယ် (ဖြစ်ရမှာပါ)၊ အိုမင်းမစွမ်းဖြစ်လို့ရှိရင်ဖြင့် နာမင်းမစွမ်းကလဲ လာတော့မယ် (မှန်ပါ)၊ သေမင်းမစွမ်းက ကော (လာမှာပါ)၊ ဪ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုန်းဆိုတော့ ချော်လဲလို့ (မှန်ပါ)၊ ချော်လဲတော့ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုန်းဆိုတော့ မျက်မမြင်လမ်းသွားလို့ (မှန်ပါ ဘုရား)။
ဘယ်နှယ့်တုန်း၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)၊ မျက်မမြင်ဆိုတာ အဝိဇ္ဇာသင်္ခါရက လမ်းသွားတာ (မှန်ပါ)၊ လမ်းသွားလို့ ဇာတိဘေး သင့်ပြီးချော်လဲရတယ် (မှန်ပါ)၊ ချောလဲလို့ ဒီဘက်မှာ အနာရတယ်၊ ဒီဘက်မှာအနာရလို့ အိုင်းအမာတွေထပြီး ဒီဘက်သေပွဲဝင်ရတယ် (မှန်ပါ)၊ အကောင်းကို ပါသေးရဲ့လား (မပါပါ ဘုရား)။
ဉာဏ်နဲ့ နားထောင်ပါ
ဉာဏ်နဲ့ နားထောင်ပါ၊ ဉာဏ်နဲ့ နားထောင်ပါ၊ ဒါပဋိစ္စသမုပ္ပါဒ် အလိုနဲ့ရှင်းပြတာလို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ ဘုရား)။
ကဲဒါဖြင့် မျက်မမြင်က အဝိဇ္ဇာ၊ သင်္ခါရက သွားမိသွားရာသွားတာ၊ ဝိညာဏံက ချော်လဲတယ် (မှန်ပါ)၊ တစ်ခါတည်း ဘေးသင့်တယ်၊ မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။
ဒါဖြင့် ဘေးသင့်ပါပြီ၊ ဘေးသင့်တဲ့ပုဂ္ဂိုလ်သည်ကားလို့ဆိုရင်ဖြင့် အနာရတယ်၊ အနာရလို့ တစ်ခါတည်း ငန်းတွေမန်းတွေ ကြွတယ်၊ အနာရတာက ဇရာပေါ့ဗျာ (မှန်ပါ)၊ ငန်းတွေ မန်းတွေ ကြွတာက ဗျာဓိပေါ့ဗျာ (မှန်ပါ)၊ ဆေးသမားလက်လွှတ်ရတာက မရဏ (မှန်ပါ ဘုရား)။
ဪ ကျုပ်တို့တစ်သံသရာလုံးမှာဖြင့် မျက်စိမမြင်လမ်းသွား ချော်လဲအနာရ ငန်းမန်းကြွပြီး သေပွဲချည်းဝင်ခဲ့ရ တယ် (မှန်ပါ)၊ ဘယ်သူမှ ပြင်ပေးမည့်သူကို မလာဘူး (မလာပါ ဘုရား)၊ နစ်နာလိုက်တာ ဒကာကြွယ် (နစ်နာပါတယ် ဘုရား)။
သေသေချာချာ ဒကာ ဒကာမတွေ ဉာဏ်နဲ့စဉ်းစားကြည့်တော့မှ ငါတို့နောက်တုန်းကလဲ ဘယ်လိုအခြေအနေမျိုး ဆိုက်ခဲ့ပါလိမ့်မတုန်း၊ စကြဝတေး၊ မန္ဓာတ်တွေများ ဖြစ်ခဲ့လေရော့သလား၊ ဒါဖြစ်တာ မဖြစ်တာကတော့ ဖြစ်ချင်လဲ ဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး၊ ဧကန်ဖြစ်ခဲ့တာကို ပြောပါရစေဆိုတော့ မျက်မမြင်လမ်းသွား ချော်လဲပဲကွ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ ချော်လဲတော့အနာရ၊ အနာရတော့ ငန်းမန်းကြွ၊ ငန်းမန်းကြွတော့ သေပွဲဝင်၊ ဒါပဲပြည့်စုံခဲ့ တယ် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒီဝဋ်မှ မကျွတ်လို့ရှိရင်
ကိုင်း ဒါဖြင့် ဒီဝဋ်မှ မကျွတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဟောဒီအဝိဇ္ဇာက ကိလေသဝဋ်၊ ဟောဒီနှစ်ခုက ကမ္မဝဋ်၊ ဟောဒီလေးခုက ဝိပါကဝဋ်၊ ဝဋ်သုံးပါးလာသင့်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီအဝိဇ္ဇာက ဘာဝဋ်ပါလိမ့် (ကိလေသဝဋ်ပါ)၊ ဟောဒီမျက်စိမမြင်လမ်းသွားတဲ့ နှစ်ခုက ဘာပါလိမ့် (ကမ္မဝဋ် ပါ)၊ ဟောဒီလေးခုက ဘာပါလိမ့် (ဝိပါကဝဋ်ပါ ဘုရား)၊ ဪ ဒါဖြင့်ခင်ဗျားတို့ ကျုပ်တို့ဝဋ်ကောင်မှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ဒကာသစ်ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)၊ ရှင်းသွားပြီ ဒကာ ဒကာမတို့၊ ဪ တော်တော် အရေးကြီးတဲ့ တရားပါလားဆိုတာ နားကြီးကြီးနဲ့ ထောင်မှနော် (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ ဘေးသင့်တာ သေချာပြီလား (သေချာပါပြီ)၊ “တယော ဘဝေ အဒ္ဒုဃရံဝိယ” ဆိုတဲ့အတိုင်း ဝဋ်သင့်တာကော သေချာပြီလား (သေချာပါပြီ ဘုရား)။
ဪ ဘာကြောင့် ဒီဘေးသင့်ပါလိမ့်၊ ဘာကြောင့်ဒီဝဋ်မကျွတ်ပါလိမ့်မတုန်းလို့ ဒကာသစ်စဉ်းစားလိုက်တော့မှ မျက်စိမမြင် လမ်းသွားလွဲလာလို့ပါဘုရား (မှန်ပါ့ ဘုရား) မျက်စိမမြင်တာက အဝိဇ္ဇာ၊ လမ်းသွားလွဲတာက သင်္ခါရ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မျက်စိမမြင် လမ်းသွားလွဲလိုက်တာ ချော်လဲတဲ့ပွဲနဲ့ချည်း တွေ့တယ် (မှန်ပါ)၊ တစ်ဘဝ သွားပြန် တော့ကော (ချော်လဲပါတယ် ဘုရား)၊ ဘယ်သူဘယ့်နှယ်ကြောင့် ပါလိမ့်ဗျာ (မျက်စိမမြင်တဲ့ ပုဂ္ဂိုလ် လမ်းသွားလို့ပါ)၊ မျက်စိမမြင်တဲ့ ပုဂ္ဂိုလ်လမ်းသွားလိုက်တာ ချော်လဲတဲ့ပွဲချည်း တွေ့ရတယ် (မှန်ပါ)၊ ဒကာကြွယ်ချော်လဲတဲ့ပွဲ ဘယ်လောက်များ တွေ့ဖူး သလဲ (မရေတွက်နိုင်ပါ ဘုရား)၊ ဒါဖြင့် ဘယ်တုန်းကမှ အလင်းမရခဲ့ဘူးပေါ့ (မှန်ပါ)။
ဒီတစ်ခါ အလင်းမရလို့ရှိရင်ဖြင့်
အဲ ဒီတစ်ခါ အလင်းမရလို့ရှိရင်ဖြင့် ကိုယ်ကျိုးကြီး နည်းပေါ့ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ကောင်းပြီ ဒါဖြင့်ဒကာ ဒကာမတို့ ဘယ်တော့မှ ဇာတိဒုက္ခသစ္စာလို့လဲ မသိခဲ့ပါဘူး၊ ဇရာဒုက္ခသစ္စာလို့လဲ (မသိခဲ့ပါ) ဘယ်နှယ့် ကြောင့် မသိခဲ့ပါလိမ့်၊ ကိုယ့်ကိုက နောက်ဘဝက စုံလုံးကန်း (မှန်ပါ)၊ သွားမိသွားရာ သွားတဲ့ သင်္ခါရနဲ့ သွားလာခဲ့တာပဲ (မှန်ပါ ဘုရား)။
သွားလို့ ချော်လဲတော့လဲ သူ့ထုံးစံအတိုင်း ချော်လဲလို့ပဲ အောက်မေ့တာပဲ (မှန်ပါ)၊ ချော်မလဲတဲ့နေရာ ရှိတယ်လို့ လဲသူသိပုံမရပါဘူး (မရပါ ဘုရား)၊ ဘယ်သိမတုန်း ဒကာ ဒကာမတွေ၊ ဒီဘဝရောက်တာလဲ မျက်စိနှစ်ကွင်း အလင်းမရ ဘူး ဟိုဘဝတုန်းကလဲ မျက်စိနှစ်ကွင်း အလင်းမလို့ သွားမိသွားရာသွားပြီး ချော်လဲတယ် (မှန်ပါ)၊ ချော်လဲလို့ ဒဏ်ရာ ရတဲ့အချိန် မျက်စိနှစ်ကွင်း အလင်းရပါသလားဆိုတော့ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ မတွေ့ပြန်ဘူး (မှန်ပါ)၊ တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ယခုအချိန်ကလေးကို မျက်စိနှစ်ကွင်း အလင်းရချင်ရ၊ ဒကာကြွယ် နောက်ကျတော့ ငန်းမန်းကြွပြီး သေပွဲဝင်မှတော့ ရလိမ့်မယ်မထင်နဲ့တော့ (မရပါ ဘုရား)။
ချော်လဲပြီးသကာလ ဒဏ်ရာရနေတုန်းကို မျက်စိကလေး ကုပေးမည့်ဆရာ မြန်မြန်ရှာရင်ရှာပါ၊ မရှာရင်ဒီထက် ကိုယ်ကျိုးကြီး နည်းတာတော့ဖြင့် ပြောစရာ မရှိတော့ဘူး (မရှိပါ ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ကိုင်းဒါဖြင့် ခင်ဗျားတို့ ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်အရောင်းအဝယ်နဲ့ ကိုယ်ပြည့်စုံတာကလေးဟာ ဒကာသစ် ဘာမှမဟုတ်ဘူးဆိုတာ သေချာသွားပြီ (သေချာပါပြီ ဘုရား)၊ ထောင်ထဲပျော်ပဲ (မှန်ပါ)၊ ဘေးသင့်ပျော်ပဲ (မှန်ပါ)၊ ဘာပါလိမ့်ဗျာ (ထောင်ထဲပျော်-ဘေးသင့်ပျော်ပါ ဘုရား)။
ဘေးသင့်ပျော်လဲ မှန်တာပဲ
ဒါသေသေချာချာ ဉာဏ်နဲ့တွေးမှ ဒကာကြွယ်တို့က အင်း ကိုယ့်အကြောင်းကလေး ညီညွတ်နေတယ်၊ ဒကာသစ် တို့က ညီညွှတ်နေတယ်ဆိုတော့ တော်ပါသေးရဲ့ဘုရားလို့များ သွားမလုပ်နဲ့နော် (မှန်ပါ)၊ တော်ပါသေးရဲ့ဆိုလို့ အသံထွက် လို့ရှိရင်ဖြင့် ဘေးသင့်ပျော်ပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ ထောင်ထဲပျော်ကော (ဟုတ်ပါတယ် ဘုရား) ထောင်ထဲပျော်လဲ မှန်တာပဲ၊ ဘေးသင့်ပျော်လဲ မှန်တာပဲ (မှန်ပါ ဘုရား)။
ဒီဥစ္စာ အမှန်တရားဆိုတဲ့ ဥစ္စာကတော့ သစ္စာကိုးဗျ (မှန်ပါ)၊ ဇာတိဘေး, ဇရာဘေး, ဗျာဓိဘေး, မရဏဘေး တွေဟာ ဘေးတွေပဲ (မှန်ပါ)၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဘေးလေးဘေးသင့်နေတယ်ဆိုတော့ ဒီအထဲပြုံးလို့ရှိရင်ဖြင့် ဘယ်နှယ့်တုန်းဗျာ (မတော်ပါ ဘုရား) အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။
ဘေးသင့်နေတဲ့ပုဂ္ဂိုလ်ဟာ ပျော်တယ်ဆိုတော့ ခင်ဗျားတို့တောင်မှ လူမမာကနေပြီး ထ, များပြုံးတဲ့အခါ သေခါနီးပြုံးထင်ပါရဲ့ (မှန်ပါ)၊ သေခါနီးမှာ နှုတ်ဆက်တဲ့သဘော ထင်ပါရဲ့ (မှန်ပါ)၊ ပရမ်းပတာနဲ့ သတိလစ်ပြီး ပြုံးတာ ထင်ပါရဲ့တဲ့၊ မထင်ကြဘူးလား (ထင်ပါတယ် ဘုရား)။
ဒီတောင်က မတက်ဘူးထင်တဲ့လူက ထပြီးများ ပြုံးနေတော့ ဦးဘအုန်းတို့က အကဲခတ်တော့ ဒီအတိုင်း မခတ်ပေဘူးလား (ခတ်ပါတယ် ဘုရား)၊ သေခါနီးပြုံးပါကွာ ဒီဥစ္စာမင်းတို့ မျှော်လင့်ချက်မရှိပါဘူး (မှန်ပါ ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့လဲ သားကလေးနဲ့ပျော်လိုက်၊ သမီးကလေးနဲ့ ပျော်လိုက်၊ ပစ္စည်းကလေးရတာနဲ့ပျော်လိုက်၊ အိမ်နဲ့ကားကလေးနဲ့ပျော်လိုက်၊ စိန်ရွှေတွေနဲ့ပျော်လိုက်၊ ဟ ဘာတုန်းဆိုတော့ ဘေးသင့်ပျော်နေတာဟေ့ (မှန်ပါ)၊ ငရဲကျခါနီးမို့ သိပ်ပျော်တယ် ထင်သဟေ့ (မှန်ပါ)၊ ဆိုလိုက်ရင်လွဲပါ့မလား (မလွဲပါ ဘုရား)။
အဲဒီလောက် ခင်ဗျားတို့ ကျုပ်တို့မှာဖြင့် ကလျာဏမိတ္တ၊ ကလျာဏ က-ကောင်းတာ၊ မိတ္တက- အဆွေခင်ပွန်း၊ အခုလို မိတ်ဆွေကောင်း သင်္ဂဟကောင်းနဲ့မှ မတွေ့ဘူးဆိုရင်ဖြင့် ဒါဘေးသင့်ပျော်တာပဲ (မှန်ပါ)၊ ထောင်ထဲ ပျော်ပဲ (မှန်ပါ)၊ ဒကာကြွယ်ဆိုထိုက်ပြီလား (ဆိုထိုက်ပါတယ် ဘုရား)။
ပြုံးချိန် ပျော်ချိန်မဟုတ်သေးပါကလား
အဲဒါအားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ ဪ ပြုံးချိန် ပျော်ချိန်မဟုတ်သေးပါကလား၊ လွတ်ရေး ကျွတ်ရေးသေချာမှ ပြုံးချိန် ပျော်ချိန်ပါကလားဆိုတာကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ အခုအချိန်မှာဖြင့် အရူးပျော် အနှမ်းပျော်မှတစ်ပါး ဦးဘအုန်း ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ကိုင်း ဒါဖြင့်ဒီထောင်ချတဲ့လူ ဘယ်သူပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ဖြင့် မျက်စိမမြင်တဲ့အဝိဇ္ဇာနဲ့ သွားမိ သွားရာသွားတဲ့ သင်္ခါရနှစ်ခု၊ သူတို့လက်သည်ပဲ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အဝိဇ္ဇာနဲ့ သင်္ခါရက ဘာတုန်း (လက်သည်ပါ ဘုရား)၊ ဘေးသင့်အောင် လုပ်တာပဲသူတို့ပဲ၊ ထောင်ထဲမှာ အနေခိုင်းတာလဲ (သူတို့ပါ ဘုရား) ထောင်ထဲကျတာတောင်မှ သူတို့လိုက်ပြီးသကာလ ပြုံးဟဲ့ဆိုပြီးသကာလ အရမ်းပြုံးခိုင်း တာကော (သူတို့ပါ ဘုရား)၊ သူတို့သတ္တိက ထောင်ကျတာတောင်မှ ကျမှန်းမသိဘူး၊ စက်ရှင်ကျတာတောင် ပြုံးလိုက်ဦးမဟ (မှန်ပါ)။
သေခါနီးတောင်မှ နင့်သားသမီး မှာလိုက်ဦး၊ နင့်သားသမီးကလေးတွေက သူတော်ကောင်းကလေးတွေ (မှန်ပါ)၊ ပစ္စည်းဥစ္စာတွေ ရှာလိုက်တဲ့ ကလေးတွေဆိုပြီးသကာလ ခပ်ပြုံးပြုံးကလေး ပေးခဲ့ဦးဟ (မှန်ပါ)၊ နောက်ဘဝထောင်ချ လိုက်တာပဲ၊ အဝိဇ္ဇာသင်္ခါရ ဒီလူသေခါနီး အဆင်းတွန်းမလို့လာတာလဲ (အဝိဇ္ဇာသင်္ခါရပါ ဘုရား)။
ရန်သူအကြီးဆုံးတော့ ယနေ့ဖမ်းမိပါပြီ
ဒကာကြွယ် ရန်သူအကြီးဆုံးတော့ ယနေ့ဖမ်းမိပါပြီ (မှန်ပါ)၊ မမိသေးဘူးလား (မိပါပြီ ဘုရား)၊ ကောင်းပြီ ဒါဖြင့် အဝိဇ္ဇာက-ဝိဇ္ဇာဖြစ်ရမယ် (မှန်ပါ)၊ သင်္ခါရက အသင်္ခါဖြစ်ရမယ် (မှန်ပါ)၊ အဲဒီနှစ်ခုကို ကျုပ်တို့သည် ပြောင်းပြန် လုပ်လိုက်လို့ရှိရင်ဖြင့် ဘေးလွတ်ပြီ (မှန်ပါ ဘုရား)။ ထောင်လွတ်ပြီ (မှန်ပါ)၊ ဆိုနိုင်ကြပြီလား (ဆိုနိုင်ပါတယ် ဘုရား)။
ဘာက ဘာဖြစ်မယ်ဆိုတဲ့ဥစ္စာ ယနေ့အဆုံးဟောတော့မယ်၊ ဒကာ ဒကာမတွေ သတိထားပါ၊ အဝိဇ္ဇာက ဘာဖြစ် ရမလဲ (ဝိဇ္ဇာဖြစ်ရပါမယ်)၊ သင်္ခါရက (အသင်္ခါရ ဖြစ်ရပါမယ်)၊ သင်္ခါရကလဲ သင်္ခါရမပြုပြင်နိုင်လောက်အောင်ကို လုပ်ရမယ်၊ ဒီထောင်မှာ မချနိုင်အောင် လုပ်ရမယ် (မှန်ပါ)၊ အဝိဇ္ဇာကလဲ ဝိဇ္ဇာဖြစ်ရမယ်ဆိုတော့ မျက်လုံးမြင်ရမယ် (မှန်ပါ)၊ မျက်လုံးမြင်တဲ့ ပုဂ္ဂိုလ်သည်လမ်းဖြောင့် သွားနိုင်တဲ့အသင်္ခါရဖြစ်အောင် လုပ်ရလိမ့်မယ် (မှန်ပါ)၊ မလုပ်ရပေ ဘူးလား (လုပ်ရပါမယ် ဘုရား)။
လမ်းဖြောင့်သွားနိုင်တာကတော့ဖြင့် အသင်္ခါရဖြစ်မှာပဲ မပြုပြင်ပဲ လမ်းဖြောင့်ဖြစ်တော့တယ်ဆိုတာ သဘော ကျပြီလား (ကျပါပြီ)၊ အဲဒီနေ့ ဟောတဲ့တရားသည် ဝဋကုသိုလ်တရားမျိုးတွေကို ဆိုသည်၊ ဆုတောင်းမှားကို ဆိုသည် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဝိဝဋ္ဋကုသိုလ်မျိုးကို ဆိုသည်လို့ ဒီလိုမယူနဲ့ (မှန်ပါ)။
အဝိဇ္ဇာက ဘာဖြစ်ရမလဲ
ကိုင်း ဒါဖြင့် တရားနိဂုံးချုပ်ဖို့ နီးပြီ၊ (၁၅)မိနစ်ပဲ ကျန်တော့တယ်၊ အဲဒီတော့ ဒကာ ဒကာမတွေက အဝိဇ္ဇာက ဘာဖြစ်ရမလဲ (ဝိဇ္ဇာဖြစ်ရပါမယ်)၊ သင်္ခါရက (အသင်္ခါရ ဖြစ်ရပါမယ် ဘုရား)။
ဒါဖြင့် အဝိဇ္ဇာနိရောဓော သင်္ခါရနိရောဓောဖြစ်မှ ကိုက်မယ် (မှန်ပါ)၊ အဝိဇ္ဇာသင်္ခါရချုပ်မှ ဝိဇ္ဇာအသင်္ခါရ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)၊ အဝိဇ္ဇာချုပ်တော့ ဝိဇ္ဇာဖြစ်မယ်၊ သင်္ခါရချုပ်တော့ အသင်္ခါရဖြစ်မယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် နောက်ဘဝ ရှုပ်တာကတော့ ကျုပ်တို့မတတ်နိုင်တော့ဘူး၊ ကျုပ်တို့ကလဲ အကန်းသွားသွားလို့၊ အကန်းသည် သွားမည့်သွားရာသွားလို့ ချော်တော့လဲနေပြီ (မှန်ပါ)၊ ချော်လဲတဲ့နေရာမှာ ငါချော်လဲတာ အကောင်းဆုံးပဲ လား၊ အဆိုးဆုံးပဲလားဆိုတာ ကိုယ့်ကိုယ်ကို ဝေဖန်ဖို့ပဲ အရေးကြီးတော့တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ကိုယ့်ကိုယ်ကို ဝေဖန်ဖို့ကလဲ ဇာတိဘေးသင့်နေတုန်းက မဝေဖန်နိုင်ဘူး (မှန်ပါ)၊ ဟောဒီဇရာဘေးနဲ့ ဗျာဓိဘေး မရောက်ခင် ကြားကလေးမှာ ဝေဖန်ရမယ် (မှန်ပါ)။
အိုဘေးမလဲခင် လမ်းရှာပါ
ဇရာဘေးနဲ့ ဗျာဓိဘေး မရောက်ခင်ကြားမှာ (ဝေဖန်ရပါမယ်)၊ ဇာတိကတော့ ဇရာဘေးနဲ့ဗျာဓိဘေး မရောက် ခင်နော် (မှန်ပါ)၊ ဇရာဆိုတာ အိုတာကိုးဗျ၊ ဗျာဓိဆိုတာ ဗိုင်းဗိုင်းလဲတာ (မှန်ပါ)၊ အဲဒီတော့ ဗိုင်းဗိုင်းလဲမှ လမ်းရှာမယ် ဆိုရင်လဲ မတွေ့ပါဘူး (မှန်ပါ)၊ အဲဒီတော့ အိုဘေးမလဲခင် လမ်းရှာပါ ဆိုတော့ ခင်ဗျားတို့ တရားအားထုတ်နိုင်တုန်း မြန်မြန်ရှာလိုက် (မှန်ပါ)၊ ရှေ့မှာ အချိန်မရှိဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ရှေ့မှာ အချိန်ရှိသေးသလား (မရှိပါ ဘုရား)။
အဲဒါခင်ဗျားတို့ တရားကို သုတ်သီးသုတ်ပျာလုပ်လို့ ဘုန်းကြီးကပြောတယ်မထင်နဲ့၊ တရားကို သုတ်သီးသုတ်ပျာ လုပ်စေချင်လို့သာ ဒီလိုပြောတယ်ထင်ရင် အင်မတန် မှားလိမ့်မယ် (မှန်ပါ)၊ ခင်ဗျားတို့ ခန္ဓာကိုယ်က ဟိုဒီပြေးနေလို့ မြန်မြန်လုပ်ပြောတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့ ခန္ဓာကိုယ်က ဇရာကလဲ ဘယ်ပြေးနေတာတုန်း (ဗျာဓိဆီပြေးနေပါတယ်)၊ သူကလဲမည့်ဆီချည်း ပြေးနေတာ ဒကာကြွယ်ရ (မှန်ပါ) အဲဒါမလဲခင်ကလေး ဘုန်းကြီးက တိုက်တွန်းပေးရတာ (မှန်ပါ ဘုရား)။
မလဲခင်ကလေးတော့ ဘာမှတွေ့တာမဟုတ်ဘူး၊ ပြေးမိပြေးရာ ပြေးနေတာပဲ၊ မန္တလေးက တောင်မြို့ပြေးလိုက်၊ တောင်မြို့က မန္တလေးက တောင်မြို့ပြေးလိုက်၊ တောင်မြို့က မန္တလေးပြေးလိုက် ပြေးမိပြေးရာ ပြေးနေတာပဲ၊ အထည်ဈေး ကောင်းကောင်းသလို၊ မကောင်းရင် မကောင်းသလို ပြေးနေတာက ကိစ္စမရှိဘူး၊ ဟိုမှာဒဏ်ရာရဖို့ ကပ်နေပြီဆိုတာ ခင်ဗျားတို့က မသိဘူး (မှန်ပါ)၊ မသိတော့ ဒကာကြွယ်ရေ ဇရာက ဗျာဓိမရောင်ခင်ကလေး မြန်မြန်မျက်စိနှစ်ကွင်း အလင်းရပြီး အသွားမမှားအောင် လုပ်ဖို့ အရေးကြီးတယ် (မှန်ပါ)။
အဝိဇ္ဇာသင်္ခါရချုပ်ဖို့ အရေးကြီးတယ်
မျက်စိနှစ်ကွင်း အလင်းရပြီးတော့ အသွားမမှားအောင် လုပ်ဖို့ အရေးကြီးတယ်ဆိုတော့ အဝိဇ္ဇာသင်္ခါရချုပ်ဖို့ အရေးကြီးတယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အဝိဇ္ဇာသင်္ခါရချုပ်ဖို့ဆိုတော့ ရှင်းပြပါတော့မယ်တဲ့၊ ဒကာ ဒကာမတို့ ဇာတိပဋိသန္ဓေ နေတုန်းကလဲ ဝိပဿနာရှုပါဆိုလို့ ဘယ်သူကတိုက်တွန်းလဲ ရမှာမဟုတ်ပါဘူး (မှန်ပါ ဘုရား)။
ဒါဖြင့် အခုအချိန်မှာဖြင့် ဒကာ ဒကာမတို့ ဇရာထဲရောက်နေပြီ (မှန်ပါ)၊ မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား)၊ ဗျာဓိထဲသို့ ရောက်ပြီလားလို့မေး၊ လဲတော့မလဲသေးဘူးဘုရား၊ ဒါ့ကြောင့် တရားပွဲ လာနိုင်သေးတယ် (မှန်ပါ ဘုရား)။
ဒါဖြင့် ဘယ်အချိန် ကြိုးစားရမှာလဲဆိုတာ ဒကာသစ် အပိုင်းအခြားကလေး မှတ်လိုက်စမ်းပါ၊ ဇရာကဗျာဓိ မရောက်ခင် ကြိုးကားရမှာ (မှန်ပါ)၊ ဆရာဘုန်းကြီးက ပေးနေတာလဲ ဘယ်အချိန်ပါလိမ့် (ဇရာကဗျာဓိမရောက်ခင် ပေးနေတာပါ ဘုရား)၊ ဒီကလဲ မရောက်ခင် ပေးနေတာပဲ (မှန်ပါ)၊ ဒကာ ဒကာမတွေကလဲ (မရောက်ခင်ယူနေတာပါ ဘုရား)၊ ဇရာကဗျာဓိမရောက်ခင် ယူနိုင်တာ (မှန်ပါ)၊ ရှေ့အချိန်တွေ မျှော်လင့်ချက် ရှိပါရဲ့လား (မရှိပါ ဘုရား)။
သို့သော် ခန္ဓာကိုယ်က ဇရာကနေ ဗျာဓိသွားမှုကို ရပ်စဲနေသလား၊ သွားရင်းနဲ့ ယူရမှာပဲလား (သွားရင်းနဲ့ ယူရမှာပါ ဘုရား)၊ သေသေချာချာ ဉာဏ်နဲ့စဉ်းစားပါ၊ သွားရင်းယူရမှာနော် (မှန်ပါ ဘုရား)၊ လွယ်လှသလား (မလွယ်ပါ ဘုရား)။
အဲဒါကြောင့် နက်ဖြန်သန်ဘက်တွေ ဘာတွေနဲ့ လတို့၊ နေတို့ သူ့လမ်းအတိုင်း မှန်မှန်သွားနေတာကို ခင်ဗျားတို့ က နက်ဖြန်နေထွက်၊ နက်ဖြန်လထွက်ဆိုရာမှာ နေတွေ လတွေအမှန်သွားနေကြတယ်၊ ကမ္ဘာ့နိယာမ (မှန်ပါ)၊
ခင်ဗျားတို့က နက်ဖြန်သန်ဘက် ပျောက်သွားနိုင်တယ်
ခန္ဓာကတော့ နိယာမ မဟုတ်ဘူး၊ ခန္ဓာကနက်ဖြန် ဗျာဓိဘက်ကူးနိုင်တယ် (မှန်ပါ)၊ ခင်ဗျားတို့က နက်ဖြန်သန်ဘက်ဆိုတာ နေ, လပြောနေတာ၊ နေ, လကတော့ ခင်ဗျားတို့ ကမ္ဘာမပျက်မချင်း ရှိနေမှာပဲ (မှန်ပါ)၊ ခင်ဗျားတို့က ဒါလောက်ဆိုင်းနိုင် တဲ့ခန္ဓာကိုယ်လား (မဟုတ်ပါ ဘုရား)၊ အဲဒါ ခင်ဗျားတို့က နေ, လတိုင်တည်ပြီး နက်ဖြန်နေထွက်တော့ သန်ဘက်နေထွက် တော့နဲ့၊ နေထွက်ပြောနေတာ ဦးဘအုန်းရေ (မှန်ပါ)၊ အဲဒါခင်ဗျားတို့နဲ့ နေနဲ့တူသလား (မတူပါ ဘုရား) ဟိုကကမ္ဘာပျက်မှ နေ, လတွေပျောက်မှာ၊ ခင်ဗျားတို့က နက်ဖြန်သန်ဘက် ပျောက်သွားနိုင်တယ် (မှန်ပါ ဘုရား)။
အဲဒီတော့ ဇရာက ဗျာဓိအကူးမှာလဲ ဒကာ ဒကာမတို့ တစ်ချက်တိမ်းလိုက်လို့ ဗိုင်းခနဲ လဲလိုက်လို့ရှိရင်ဖြင့် ငန်းမန်း ထတော့မယ် (ထမှာပါ ဘုရား)၊ ငန်းမန်းထရင်အခုဆရာလွှတ်ရမည့် သေပွဲရောက်တော့မယ် (မှန်ပါ)၊ ဒါကြောင့် ဒကာကြွယ်ရေ အချိန်မဆွဲလိုက်ပါနဲ့ဆိုတာ ဟောသင့်မဟောသင့် (ဟောသင့်ပါတယ် ဘုရား)၊ ဉာဏ်ရောက်ကြပြီလား (ရောက်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဇရာက ဗျာဓိသို့ မရောက်ခင်ကလေး အလုပ်လုပ်ကြစို့ (မှန်ပါ ဘုရား)။
ဘယ်အချိန် အလုပ်လုပ်ရမှာပါလိမ့် (ဇရာက ဗျာဓိမရောက်ခင်ကလေး လုပ်ရမှာပါ ဘုရား)၊ အဲဒီအချိန် လမ်းခွဲကလေး ဆရာဘုန်းကြီးက ပြပေးမယ် (မှန်ပါ)၊ ဒီလမ်းခွဲမှ ခင်ဗျားတို့ မလိုက်မိဘူးဆိုလို့ရှိရင်ဖြင့် နောက်စုံလုံးကန်း ပွဲပြန်နွှဲဦးပေါ့ (မှန်ပါ)၊ မနွှဲရပေဘူးလား (နွှဲရပါတယ်) စုံလုံးကန်းပွဲ နွှဲဖို့ကိုဖြင့် ခင်ဗျားတို့ လုပ်ကြဦးမှာပဲ (မှန်ပါ)၊ စုံလုံးကန်း လမ်းသွားကို အဝိဇ္ဇာသင်္ခါရက ပြန်လုပ်လိမ့်မယ် (မှန်ပါ)၊ ပြန်လုပ်ရင် ချော်လဲတဲ့ပွဲ ပြန်ရောက်တော့မယ် (ရောက်မှာပါ ဘုရား)။
ဝိပဿနာ လုပ်လိုက်စမ်းပါ
အဲဒါကြောင့် နောက်ချော်လဲတဲ့ပွဲ ပြန်မရောက်ခင် ဦးဘအုန်းရေ ဇရာနဲ့ ဗျာဓိမရောက်ခင်ကလေး ဝိပဿနာ လုပ်လိုက်စမ်းပါ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်နဲ့ဘယ်မရောက်ခင်ပါလိမ့် (ဇရာနဲ့ ဗျာဓိမရောက်ခင်ပါ ဘုရား)၊ ဇရက သွားတော့ သွားနေတာပဲ ဗျာဓိကို မရောက်ခင်ကလေးပေါဗျာ (မှန်ပါ)၊ မရောက်ခင်ကလေးဆိုတော့ ဒီတရားပွဲတစ်ပွဲလုံးမှာ နက်ဖြန်ဗျာဓိသမားရှိမယ် (မှန်ပါ)၊ နက်ဖြန်ဒီတရားပွဲ မလာနိုင်တဲ့သူ ရှိလိမ့်ဦးမယ်၊ ဗျာဓိပွဲ နွှဲရတာနဲ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့်ဒီနေ့ကစလုပ်၊ ဒီအချိန်ကစလုပ်ဆိုတာ အကောင်းဆုံးပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုင်း အဝိဇ္ဇာက ဝိဇ္ဇာက ဝိဇ္ဇာဖြစ်ဖို့ သင်္ခါရက အသင်္ခါရဖြစ်ဖို့ လုပ်ကြစို့ဆိုတော့ ဒီဇရာခန္ဓာကိုယ်ကြီးကို ခင်ဗျားတို့ ဝေဖန်ရမယ် (မှန်ပါ)၊ ဇရာဘယ်နှစ်ပါး ရှိသတုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဇရာဆိုတဲ့ တရားဟာ ပေါင်းခေါ်တော့ ဇရာ၊ ဖြန့်လိုက်တော့ ခန္ဓာငါးပါးပြန်ရတယ် (မှန်ပါ)၊ အဲဒီခန္ဓာငါးပါးကို ဉာဏ်သွင်းပါ (မှန်ပါ ဘုရား)။
ခန္ဓာငါးပါး ဘာလုပ်ရမလဲ (ဉာဏ်သွင်းရပါမယ်)၊ ဇရာခန္ဓာကြီးကို ဗျာဓိမရောက်ခင် ဉာဏ်သွင်းရမယ် (မှန်ပါ)၊ ဗျာဓိမရောက်ခင် ပုဗ္ဗဘာဂမဂ်ဆိုတဲ့ ဝိပဿနာဉာဏ်သွင်းရမယ် (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)၊ ဒီက အရှိန်ပါသွားမှ ဗျာဓိကျတော့ သွင်းလို့ရတယ် (မှန်ပါ) မရဏကျတော့လဲ (သွင်းလို့ရပါတယ်)၊ ဒီကအရှိန်မပါ ရင်တော့ (မရပါ ဘုရား)၊ မရနိုင်တော့ ဒီခန္ဓာငါးပါးကို ဘာသစ္စာတုန်းလို့ မေးလိုက်တယ် (ဒုက္ခသစ္စာပါ ဘုရား)၊ ဟုတ်တယ် ဒကာ ဒကာမတို့ နဂိုက ဇရာခန္ဓာငါးပါးခေါ်တာပဲ၊ ဇရာက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ သူ့ကိုဖြန့်လိုက်တော့ ဘာတွေဖြန့်လိုက်သတုန်း (ခန္ဓာငါးပါးပါ ဘုရား)၊ ဒုက္ခသစ္စာ ဖြန့်လိုက် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့်ဇရာဆိုတာလဲ ပါကဋဇရာတို့ အပါကဋဇရာတို့ ဆိုတာအသာထား၊ အဲဒါတွေက သံဝေဂဘက် ဟောတာ၊ အခုဝိပဿနာဘက် ဟောမှာဖြစ်နေလို့ ဇရာဟာ ခန္ဓာဘယ်နှစ်ပါးတုန်း (ငါးပါးပါ ဘုရား) ရုပ်၏ဇရာနာမ်၏ ဇရာလို့ရှိနေတော့ ခန္ဓာငါးပါး ပြည့်သွားတာပေါ့ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)၊ အဲဒီခန္ဓာငါးပါးဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ခန္ဓာငါးပါးတစ်ပါးပါးကို
အဲ ဒါကြောင့်ပေါ်လဲ ဒုက္ခသစ္စာရှုပါ ခန္ဓာငါးပါးတစ်ပါးပါးကို (မှန်ပါ)၊ ပျက်လဲ ဒုက္ခသစ္စာရှုပါ (မှန်ပါ)၊ ပျက်လဲ ဒုက္ခသစ္စာကြီးပါ (ဒုက္ခသစ္စာကြီးပါ)၊ ခန္ဓာငါးပါးထဲက စေတနာပေါ်လဲ ဘယ့်နှယ့်လုပ်ကြမတုန်း (ဒုက္ခသစ္စာပါ)၊ ပျက်လဲဒုက္ခသစ္စာပါ၊ ဖြစ်လဲ (ဒုက္ခသစ္စာပါ)၊ ဪ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ ရှုပေး (မှန်ပါ)၊ ရှုပေး (မှန်ပါ)၊ ရှုပေး လိုက်တဲ့အခါကျတော့ နဂိုက ဒီခန္ဓာကြီးဟာ ကောင်းတယ်လို့ မြင်တဲ့ဥစ္စာ အခုတော့ ဒုက္ခသစ္စာလို့မြင်တော့ မကောင်းဘူး ဆိုတာ ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ်)၊ မကောင်းဘူးဆိုတာ ဖြစ်သွားတော့ ခုနင်ကဒီအထဲ မဂ္ဂင် ငါးပါးထဲမှာ ဝိဇ္ဇာက မပေါ်လာသေးဘူးလား (ပေါ်လာပါတယ်)၊ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်မသွားပေဘူးလား (ဖြစ်သွားပါ တယ်)၊ ဖြစ်သွားပြီ ဒကာ ဒကာမတို့၊ အင်းမျက်လုံးကလေးတော့ မြင်ပဟေ့ (မှန်ပါ)၊ မျက်လုံးကတော့ မြင်ပြီဒုက္ခသစ္စာလို့ ဇရာခန္ဓာကြီးကို သေသေချာချာမြင်ပြီ (မှန်ပါ ဘုရား)။
အဲဒါကြောင့် စိတ်ရှုတဲ့ပုဂ္ဂိုလ်ကလဲ စိတ်ဒုက္ခသစ္စာ ရှုနေ၊ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ကကော (ဝေဒနာဒုက္ခသစ္စာ ရှုနေရပါမယ်)၊ ကြိုက်တာတစ်ပါးပါးရှု၊ သတိပဋ္ဌာန်သုံးပါး သတိပဋ္ဌာန်အထဲ အကုန်ဝင်လာတာတဲ့ (မှန်ပါ)။
ဒါကြောင့် ရှင်သာရိပုတ္တာရာက “ဟတ္တိပဒေါပမသုတ်မှာ” ဆင်ခြေရာထဲ ဒီ့ပြင်ခြေရာတွေ ပေါင်းဆုံရသလို သစ္စာထဲ အကုန်ပေါင်းရတယ်၊ သစ္စာရှုရင် အကုန်ပါတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲဒါဖြင့် ဝေဒနာကလေး ဖြစ်ပျက်တွေ့ပြန်လဲ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ စိတ်ကလေး ဖြစ်ပျက်တွေ့ပြန်လဲ (ဒုက္ခသစ္စာပါ)၊ ဖြစ်တာလဲ ဒုက္ခ၊ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ပျက်တာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
သမ္မာဒိဋ္ဌိက မြင်တာကိုး
ဪ ဒီလို သိသွားပြီ၊ ဇရာကို ဖွင့်ကြည့်လိုက်တဲ့အခါ ဒုက္ခသစ္စာလို့ သိသွားတော့ မသိတာအဝိဇ္ဇာ၊ သစ္စာလို့ သိတာက (ဝိဇ္ဇာပါ)၊ ဝိဇ္ဇာဖြစ်နေတော့ သူသိချင်လို့ သိရတာလားဆိုတော့ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ ဒီနေရာမှာ ဒုက္ခသစ္စာပါလို့ ထောက်ပြလို့ သမ္မာဒိဋ္ဌိက မြင်တာကိုး (မှန်ပါ)၊ သဘောကျထောက်ပြလို့ သမ္မာဒိဋ္ဌိက မြင်တာကိုး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါကြောင့် ပညာမဂ္ဂင်နှစ်ခု ပေါင်းကြည့်မှသာလျှင် ဒုက္ခသစ္စာလို့ ဆိုတာသိတယ် (မှန်ပါ)၊ ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် မျက်စိနှစ်ကွင်း အလင်းရပြီလား (ရပါပြီ ဘုရား) မျက်စိနှစ်ကွင်း အလင်းရတဲ့ပုဂ္ဂိုလ်ဟာ သွားမိသွားရာ သွားမလား၊ မဂ္ဂင်လမ်းမတော်ပေါ် သွားမလား (မဂ္ဂင်လမ်းမတော်ပေါ် သွားပါမယ် ဘုရား)။
မဂ္ဂင်လမ်းမတော်ပေါ် သွားသောကြောင့် ဒီဟာတွေကို ဒကာ ဒကာမတွေက စဉ်းစားပါ၊ ဪဖြစ်တာလဲ ဒုက္ခသစ္စာ၊ ပျက်တာလဲ ဒုက္ခသစ္စာလို့ သိတာက သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပ (မှန်ပါ)၊ ဒီနေရာမှာ သတိထားတာ၊ ဝီရိယ စိုက်တာ၊ တည်ကြည်တာတွေက ဒကာ ဒကာမတို့ သိတဲ့အတိုင်း သတိဝီရိယ သမာဓိပေါ့ဗျာ (မှန်ပါ)၊ အဲဒီသမာဓိ မဂ္ဂင်သုံးပါးတည်းဟူသော လမ်းမတော်ပေါ်လဲ ခင်ဗျားတို့ ရောက်ပါပြီ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။ သစ္စာမြင်လို့ မဂ္ဂင်လမ်းမကြီး ပေါ်လာပြီ (မှန်ပါ)၊ သစ္စာမြင်တာသည် မဂ္ဂင်လမ်း ပေါ်တာအတူတူပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ လမ်းမတော်ပေါ်ကတည်းက ခုနင်က သွားမိသွားရာ သွားတဲ့ပုညာဘိသင်္ခါရပြုပြီး အပုညဘိသင်္ခါရ တွေနဲ့ ဆုတောင်းတဲ့အလုပ်ကို လုပ်ပါဦးမလား (မလုပ်ပါ ဘုရား)။
မျက်စိနှစ်ကွင်းလဲ အလင်းရပါပြီ
မလုပ်တော့ ဒီပုဂ္ဂိုလ်သည် မဂ္ဂင်ငါးပါးတည်းဟူသော ကိုယ်ပိုင်ကို ရလိုက်တဲ့အတွက် မျက်စိနှစ်ကွင်းလဲ အလင်းရပါပြီ၊ သွားမိသွားရာကို သွားပါဦးမလား (မသွားပါ ဘုရား) မသွားတော့ မဂ္ဂင်ငါးပါး လမ်းမတော်ကြီးပေါ်တော့ ခင်ဗျားတို့ ရောက်ပါပြီ (မှန်ပါ)၊ သင်္ခါရတွေလဲ ချုပ်သွားနိုင်ပြီ (မှန်ပါ)၊ ကဲဘယ်ဘုံသွားချင်သေးသတုန်း ဒီလိုရှုရင်း မတ္တနဲ့ (မသွားချင်ပါ ဘုရား)၊ မသွားချင်ရင်ဖြင့် သင်္ခါရနှစ်ခု မချုပ်သေးဘူးလား (ချုပ်ပါပြီ)၊ ချုပ်တော့ အဝိဇ္ဇာချုပ်၍ သင်္ခါရချုပ်တာသည် ဒီမဂ္ဂင်ငါးပါးပဲ (မှန်ပါ ဘုရား)။
ဒီမဂ္ဂင်ငါးပါးအလုပ် လုပ်မိလို့ရှိရင်ဖြင့် မျက်စိနှစ်ကွင်းလဲ အလင်းရ၊ ရမ်းပြီးတော့လဲ မသွားတော့ဘူး (မှန်ပါ)၊ ဒုက္ခသစ္စာပေါ် ရမ်းပြီးသွားပါဦးမလား (မသွားပါ ဘုရား)။
ဒါကြောင့် သူတို့နှစ်ခုနဲ့ ဒီခန္ဓာကြီးကို ဒုက္ခသစ္စာ-ဒုက္ခသစ္စာလို့ ခန္ဓာတစ်ပါးကို စိုက်ရှု (မှန်ပါ)၊ စိတ်ကြိုက်ရင် စိတ်ရှု၊ စိတ္တာနုပဿနာနဲ့ရှုပေး (မှန်ပါ)၊ ဝေဒနာကြိုက်ရင် (ဝေဒနာနုပဿနာနဲ့ ရှုပေးရပါမယ်) ရုပ်ကြိုက်ရင် (ကာယာ နုပဿနာနဲ့ ရှုပေးရပါမယ်) ရှုပေးတော့ ဘာသစ္စာတွေ တွေ့သလဲ (ဒုက္ခသစ္စာတွေ တွေ့ပါတယ် ဘုရား)၊ အဲ ဒုက္ခသစ္စာ တွေတွေ့၊ ဒုက္ခသစ္စာပေါ်၌ တည်ကြည်တော့ မဂ္ဂင်ငါးပါး လမ်းမတော်တရားကြီး ပေါ်လာတော့ အရင်လို ကွေ့ထောက်တဲ့ လမ်းတွေဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ ကဲ သင်္ခါရအလုပ်တွေကော လုပ်ဖြစ်သေးရဲ့လား (မလုပ်ဖြစ်ပါ ဘုရား)၊ အဲဒီလို မလုပ်ဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ်သည်ကား ချော်လဲစရာ ဒီဘက်က ဇာတိတွေ ချုပ်-မချုပ် (ချုပ်ပါတယ် ဘုရား)၊ တဏှာ ဥပါဒါန် ကံမှမလာဘဲနဲ့ ဇာတိချုပ်တော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
လမ်းခွဲကလေးရှိတုန်း မြန်မြန်ခွဲလိုက်
ဒါကြောင့် ဒကာ ဒကာမတွေ သတိပေးရတယ်၊ လမ်းခွဲကလေးရှိတုန်း မြန်မြန်ခွဲလိုက်၊ ဖြစ်ပျက်ရှုပေးပါ၊ ဒုက္ခ သစ္စာလို့ ရှုပေးပါ (မှန်ပါ)၊ ရှုတဲ့အခါကျလို့ရှိရင် ယခုဘဝမသိအောင် ဖုံးတဲ့အဝိဇ္ဇာနဲ့ ယခုဘဝ ထောင်ထဲချပြီး ချော့ထား တဲ့တဏှာက လာသေးရဲ့လား (မလာပါ ဘုရား) ဒီဘဝအဝိဇ္ဇာနဲ့တဏှာက မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
အဲ အဝိဇ္ဇာတဏှာ အစဉ်ချုပ်တော့ မဂ္ဂင်ရှစ်ပါး ပြည့်အောင်လုပ်ကြပေါ့ဗျာ (မှန်ပါ)၊ ဒါလောက်ဆိုရင်ပဲ မျက်စိနှစ်ကွင်းတော့ ရေးရေးမြင်ပါပြီ၊ ပူစရာမရှိပါဘူး (မှန်ပါ ဘုရား)။
ဒါဖြင့် ဒီဘဝ ချော့တတ်တဲ့တဏှာ၊ ဒီဘဝမသိအောင် ဖုံးလွှမ်းတတ်တဲ့အဝိဇ္ဇာကော မချုပ်ဘူးလား (ချုပ်ပါပြီ ဘုရား) ဘယ်နှယ့်ကြောင့် ချုပ်သတုန်း၊ ဒုက္ခသစ္စာမြင်တဲ့ဝိဇ္ဇာနဲ့ အသင်္ခါအလုပ်ကို လုပ်နေလို့ (မှန်ပါ)၊ အသင်္ခါရအလုပ်ကို မလုပ်သေးဘူးလား (လုပ်ပါတယ်)၊ လုပ်တော့ အဝိဇ္ဇာနဲ့တဏှာ ဘယ့်နှယ်နေသတုန်း (ချုပ်ပါတယ် ဘုရား)။
အဝိဇ္ဇာတဏှာချုပ်တော့ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏတွေကော (ချုပ်ပါတယ် ဘုရား)၊ ဒါဖြင့် နောက်ချော်လဲ စရာ (မရှိတော့ပါ ဘုရား) နောက်ဒဏ်ရာရစရာ (မရှိတော့ပါ) နောက်ငန်းမန်း ကြွစရာ (မရှိတော့ပါ) နောက်သေပွဲ ဝင်စရာ (မရှိတော့ပါ) အဲဒါဘယ့်နှယ်ကြောင့်တုန်းဆိုတော့ မျက်စိနှစ်ကွင်း အလင်းရပြီး လမ်းသွားမှန်လို့ (မှန်ပါ ဘုရား)။
မျက်စိနှစ်ကွင်း အလင်းရတာက သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ (မှန်ပါ) လမ်းသွားမှန်တာက ခုနင်က သတိတို့ ဝီရိယတို့ သမာဓိတို့ ပေါ်လာတဲ့အတွက် သတိကလဲ ထားပကောဗျာ (မှန်ပါ)၊ လမ်းသွားမှားဦးမလား (မမှားပါ)၊ သမာဓိရှိတဲ့ ပုဂ္ဂိုလ်ပဲ ဒီလမ်းသွားတော့မယ်၊ နောက်လမ်းသွားတော့မယ်လို့ ဆိုစရာလိုသေးသလား (မလိုတော့ပါ ဘုရား)၊ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်ကလဲ ဒီလမ်းသာမသေလမ်းပဲ၊ ကျန်တဲ့လမ်း မသွားတော့ဘူးဆိုပြီး အားမစိုက်ပေဘူးလား (စိုက်ပါ တယ် ဘုရား)။
မဂ္ဂင်ငါးပါး ပုဗ္ဗဘာဂမဂ်ရရင်
အဲဒါကြောင့် ဒကာ ဒကာမတို့သည် မဂ္ဂင်ငါးပါး ပုဗ္ဗဘာဂမဂ်ရရင် ရင့်သန်လာပါက ဟိုမဂ်အလိုလိုလာမှာ (မှန်ပါ)၊ ဒါကြောင့် ဒီခန္ဓာငါးပါး တစ်ပါးပါးကို ဖြစ်ပျက်မြင်အောင် ဒုက္ခသစ္စာဖြစ်ပျက် မြင်အောင်ရှုပါ (မှန်ပါ)။
ဒီက တက်လာလို့ရှိရင်ဖြင့် ဖြစ်ပျက်မုန်းအောင်ရှုပါ (မှန်ပါ)၊ ဒီကတက်လာလို့ရှိရင်ဖြင့် ဖြစ်ပျက်တွေကို ဆုံးသည့်တိုင်အောင် ရှုလို့ရှိရင်လဲ ဒီနေရာ ဇာတိမရှိတဲ့နေရာ၊ ဇရာမရှိတဲ့နေရာ၊ ဗျာဓိကော (မရှိပါ ဘုရား)၊ မရဏကော (မရှိပါ)၊ ဒါဖြင့် ဘေးလေးဘေးလွတ်ပြီး ထောင်မှကျွတ်တဲ့ နေရာကို မြင်အောင်လုပ် (မှန်ပါ)၊ လုပ်မှ မြင်မှာ၊ နို့မဟုတ်ရင် မြင်စရာအကြောင်းမရှိဘူး (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီခန္ဓာငါးပါး ဒုက္ခသစ္စာ (မှန်ပါ)၊ ဒီက ငါးပါးက မဂ္ဂသစ္စာ (မှန်ပါ)၊ ဒီဘက်က ယခုဘဝ လှည့်စားမည့် အဝိဇ္ဇာ တဏှာတွေက မချုပ်သေးဘူးလား (ချုပ်ပါတယ်)၊ အဲဒါက သမုဒယ သေတာ (မှန်ပါ)၊ နောင်လာမည့် ဇာတိဘေး၊ ဇရာဘေး၊ ဗျာဓိဘေး၊ မရဏဘေးတွေ လွတ်သွားတာက နိရောဓသစ္စာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ … ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု … သာဓု … သာဓု…။