13307

မာတိကာသို့

မာဂဏ္ဍီအယူနှင့် ဘုရားအမေးအဖြေ

ကျေးဇူတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌

ဟောကြားဆုံးမတော်မူအပ်သော

မာဂဏ္ဍီအယူနှင့် ဘုရားအမေးအဖြေ

အလုပ်ပေးတရားတော်

(၇-၁၂-၆၀)

ဘာရဒွါဇအနွယ်ရှိတဲ့ ပုဏ္ဏား

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကုရုတိုင်း ကမ္မာသဓမ္မနိဂုံးမှာ သီတင်းသုံးနေတယ်၊ ထိုကဲ့သို့ သီတင်းသုံး တဲ့အခါမှာ ဘာရဒွါဇအနွယ်ရှိတဲ့ ပုဏ္ဏားတစ်ယောက်က တောထဲမှာ ပရိဗိုဇ်ရဟန်း လုပ်ပြီး သကာလ နေတယ်၊ မြက်အခင်း နေရာကလေး ရှင်းထားတယ်၊ ရှင်းထားတဲ့အပေါ်မှာ ညနေကျရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လာပြီး သီတင်း သုံးနေတယ် (မာဂဏ္ဍိယသုတ်၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ နှာ-၁၆၉)

တစ်နေ့သ၌ကျတော့ အဲဒီဘာရဒွါဇပုဏ္ဏား၏ မိတ်ဆွေဖြစ်တဲ့ မာဂဏ္ဍိပရိဗိုဇ်ကြီးက အလည်လာတယ် အလည် လာတော့သူ့ကျောင်းဝိုင်း လှည့်ပတ်ကြည့်ထဲအခါ မြက်ခင်းကလေး သွားတွေ့တယ်၊ ဒီမြက်ခင်းကလေးကတော့ သူတော် ကောင်းရဟန်းများ နေတာနဲ့တူတယ်လို့ ဘာရဒွါဇပုဏ္ဏားကို မေးလိုက်တော့ ဟုတ်တယ်၊ ဂေါတမ မြတ်စွာဘုရားဆိုတာ အသင်မသိဘူးလား၊ ဂေါတမမြတ်စွာဘုရား ဆိုတာ ဒီကို လာလာပြီး သီတင်းလေ့ရှိပါတယ်လို့ ပြောလိုက်တော့ မာဂဏ္ဍီ ပရိဗိုဇ်ကြီးက

ဪ-မကောင်းသဖြင့် ကြားရတာပဲ အညွန့်တုံးဖြစ်သော အရှင်ဂေါတမ၏ အိမ်ရာကို မြင်ရတာပဲတဲ့ (မှန်ပါ)၊ ဂေါတမဘုရားဆိုတဲ့ အသံကိုပဲ သူ မကြားနိုင်ဘူး၊ မကြားချင်ဘူး၊ ဂေါတမဘုရားဆိုတာ သူရထားတဲ့စာနဲ့မညီ လို့ မကြားချင်ဘူး၊ သူတို့စာထဲမှာ ဒီအတိုင်းပါတယ်တဲ့ (မှန်ပါ)ဒါကြောင့် ဂေါတမဘုရားဆိုတဲ့ အသံကြားရတာကို သူ့စိတ်ထဲမှာ မကောင်းသဖြင့် ကြားရတာပဲလို့ ဘာရဒွါဇပုဏ္ဏားကို သူကပြောတယ် (မှန်ပါ ဘုရား)။

မာဂဏ္ဍီပရိဗိုဇ်ကလည်း

ဘာရဒွါဇပုဏ္ဏားက ဒီလိုမပြောပါနဲ့၊ မင်းပညာရှိ၊ ပုဏ္ဏားပညာရှိ၊ သူကြွယ်ပညာရှိ၊ ရဟန်းပညာရှိအလုံးစုံဟာ သူတို့ကြည်ညိုလို့ သူ့ဆီမှာ နည်းယူ၊ သူ့တရားနာပြီး အကုန်ချမ်းသာကျန်းမာပြီး ကျွတ်တမ်းဝင်ကြတာတဲ့ (မှန်ပါ) မာဂဏ္ဍီပရိဗိုဇ်ကလည်း ငါ အရှင်ဂေါတမကို တွေ့ရင် မျက်နှာချင်းဆိုင်လည်း အညွန့်တုံးဟု ပြောဝံ့ပါသည်။ ဘာ့ကြောင့် လဲဆိုတော့ ငါတို့ကျမ်းဂန်၌ ဤအတိုင်းလာသောကြောင့်တဲ့ (မှန်ပါ)။

ဘာရဒွါပုဏ္ဏားကလည်း အရှင်မာဏ္ဍီအတွက် ဝန်မလေးပါလျှင် ဤအရှင်ဂေါတမအား ပြောကြားပေးပါမယ်လို့ ပြောလိုက်တယ် (မှန်ပါ) မာဂဏ္ဍီပရိဗိုဇ်ကလည်း ငါပြောဆိုသည့်အတိုင်းသာ အရှင်ဂေါတမအား ပြောဆိုပါလို့ ပြော လိုက်ပါတယ် (မှန်ပါ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ဒီမာဂဏ္ဍီပုဏ္ဏားကြီး ချွတ်ဖို့ကို ၄-၅ရက်က ကြိုတင်ပြီး ဒီမြက်ခင်း ပေါ်လာပြီး သီတင်းသုံးနေရတာ၊ ဒီအကြောင်း ပေါ်ပေါက်လာလိမ့်မယ်ဆိုတာ မြင်ပြီးသား (မှန်ပါ ဘုရား)။

ဒါနဲ့ ဘုရားက မာဂဏ္ဍီပရိဗိုဇ်ကြီးနဲ့ ဘာရဒွါဇပုဏ္ဏားတို့ ပြောဆိုနေတာကို ဒိဗ္ဗသောတအဘိဉာဏ်နဲ့ကြား တော်မူတယ် (မှန်ပါ)။

ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူ၍ ဘာရဒွါဇ ပုဏ္ဏား၏ မီးတင်းကုပ်သို့ ကပ်တော်မူ၍ ခင်းထားသာမြက်ခင်းမှာ ထိုင်တော်မူတယ် (မှန်ပါ ဘုရား)။

ဒိဗ္ဗသောတ အသိဉာဏ်နဲ့ ကြားပြီးပြီ

မြက်ခင်းမှာထိုင်ပြီးတော့ ဘာရဒွါဇပုဏ္ဏား၊ ခုနင်က ဒီမြက်ခင်းနဲ့ အကြောင်းစပ်ပြီး သကာလ မာဂဏ္ဍီပရိဗိုဇ် ကြီးနဲ့ သင်ဘာများ ပြောနေကြသတုန်းလို့ မေးလိုက်တယ်၊ ဘုရားက ဒိဗ္ဗသောတ အသိဉာဏ်နဲ့ ကြားပြီးပြီကောဗျ၊ ကြားတော့ တစ်ခါတည်း ကောက်မေးလိုက်တယ် (မှန်ပါ)မေးလိုက်တော့ ဪ ဒီနှစ်ယောက်တည်း ပြောနေတဲ့ဥစ္စာ အဝေးကြီးကပဲ ကြားနေတယ်ဆိုပြီး ကြက်သီးမွှေးညှင်းထလာတယ် (မှန်ပါ)။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ ဘာရဒွါဇပုဏ္ဏားတို့ပြောနေတဲ့ စကားတွေ မပြီးပြတ်သေးခင်မှာဘဲ မာဂဏ္ဍီပရိဗိုဇ်ကြီးကလည်း ဘုရားအနားလာပြီး စကားစမြည်ပြောတော့ မာဂဏ္ဍီပရိဗိုဇ်ကြီး မင်းကကြီးပွားရေး ဖြတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ တခြားမဟုတ်ပါဘူး၊ မင်းပြောနေတဲ့ အဓိပ္ပာယ်ကတော့ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံဆိုတဲ့ အာရုံခြောက်ပါးရှိတယ်၊

အဲဒီ အာရုံခြောက်ပါးမှာ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှာဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်တို့ မွေ့လျော်ပျော်ပိုက်နှစ်ခြိုက်၊ အဲဒီ အာရုံခြောက်ပါးမှာ စက္ခုဝိညာဏ် စသည်ဖြစ်လို့ရှိရင် သတိနဲ့စောင့်စည်းတယ်၊ စောင့်စည်းဖို့လည်း တရားဟောတယ်၊ ဒါကိုရည်ရွယ်၍ ကြီးပွားခြင်းကို ဖျက်ဆီးသူ (အညွှန့်တုံးအောင်ပြုသူ)ဟု မင်းပြောတာလားလို့ဆိုတော့ ဟုတ်ပါတယ်လို့ ဝန်ခံတယ် (မှန်ပါ ဘုရား)။

မာဂဏ္ဍီ ငါမေးမယ်

မာဂဏ္ဍီပရိဗိုဇ်ကြီးတို့က ပဋိစ္စသမုပ္ပါဒ်မပြတ်မှ ကြိုက်တာကိုး၊ ဘုရားက ပဋိစ္စသမုပ္ပါဒ်ပြတ်မှ ကြိုက်တယ် ဆိုတာ သိနေတော့ ဒါနဲ့ အာရုံခြောက်ပါးလုံး လှည့်မေးပြီးတော့ မာဂဏ္ဍီ ငါမေးမယ်၊ အချို့သူသည် စက္ခုဝိညာဏ်ဖြင့်သိအပ်ကုန် သော ချစ်ခင်နှစ်သက်ဖွယ် ရူပါရုံတို့ဖြင့် မွေ့လျော်ပျော်ပါး၍ နောင်အခါ၌ ရူပါရုံတို့၏ ဖြစ်ခြင်း ချုပ်ခြင်း အပြစ်ထွက် မြောက်ရာတို့ကို ဟုတ်တိုင်းမှန်စွာသိ၍ရူပါရုံ၌ တပ်နှစ်သက်ခြင်းတဏှာကို စွန့်၍ ရူပါရုံကြောင့်ဖြစ်သော ပူလောင်ခြင်း ကို ပယ်ဖျောက်၍ ဆာလောင်မွတ်သိပ်ခြင်း ကင်းလျက် အတွင်းသန္တာန်၌ ငြိမ်းအေးသောစိတ်ဖြင့်နေ၏။ မာဂဏ္ဍီ သင်သည် ဤသူကို မည်သို့ ဆိုပါမည်နည်းလို့မေးတော်မူတယ် (မှန်ပါ) အရှင်ဂေါတမ ဘာမျှဆိုဖွယ် မရှိပါလို့ မာဂဏ္ဍီက လျှောက်တယ် (မှန်ပါ)။

မာဂဏ္ဍီ ငါသည် ရှေးလူဖြစ်စဉ်အခါ၌ ငါးပါးအာရုံကာမဂုဏ်တို့ဖြင့် ပြည့်ပြည့်စုံစုံ မွေ့လျော်ပျော်ပါး ခဲ့ဖူးပါတယ်၊ ငါသည် လူဖြစ်စဉ်အခါတုန်းက ရွှေနန်းသုံးဆောင်ပေါ်မှာ မောင်းမပေါင်းများစွာ ခြံရံပြီး သကာလ နေခဲ့ထိုင်ခဲ့ပါတယ်၊ အဲဒီအပြစ်တွေကို ငါမြင်သောကြောင့် ဒီအပြစ်တွေကို စွန့်လွှတ်ပြီး သကာလ ဘုရားအဖြစ်သို့ ငါရောက်လာခဲ့တယ်၊ ဒီအာရုံတွေ ဖြတ်ခဲ့တယ်ပေါ့ဗျာ (မှန်ပါ)။

အဲဒီတော့ ငါသည် သည်ထက်ကောင်းမြတ်တဲ့ နိဗ္ဗာန်ဆိုတဲ့ အာရုံတွေ့ပြီး သကာလ နေတဲ့အတွက် ဒီလောကီ အာရုံတွေကို ငါပြန်ပြီး သကာလ တောင့်တခြင်း၊ မျှော်လင့်ခြင်း၊ ကြောင့်ကြပြီး မရှိပါဘူးတဲ့။

နတ်ပြည်ရောက်နေတဲ့ ပုဂ္ဂိုလ်ဥပမာ

လောကီဥပမာ ပြောမယ်ကွာတဲ့၊ နတ်ပြည်ရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လူ့ပြည်က အာရုံတွေကို ခင်သေးတယ်၊ မင်သေးတယ်၊ ကြင်နာသေးတယ်ဆိုတာ ရှိပါရဲ့လားလို့ ဘုရားကမေးတော့ မာဂဏ္ဍီက မရှိဘူးတဲ့၊ ဘာကြောင့်လဲလို့မေးတော့ လူ့ကာမဂုဏ်ထက် နတ်ကာမဂုဏ်က သာလွန်လို့ပါတဲ့၊ ထို့အတူပဲ ငါသည် ကာမဂုဏ်တို့၏ အပြစ်တွေကို မြင်ပြီး ပယ်စွန့်ပြီး သကာလ ချမ်းသာတဲ့ နိဗ္ဗာန်ကို အာရုံပြုနေရတဲ့အတွက် ကာမဂုဏ်ကို မှီဝဲသော သတ္တဝါတို့၏ ကာမဂုဏ်မျိုးကို မတောင့်တ မမွေ့လျော်ပြီ၊ အခုအခါမှာ ချမ်းသာတကာတို့၏ အထွတ်အထိပ်ရောက် နေတဲ့ အဓိပ္ပာယ်ချမ်းသာ ပြည့်စုံနေပါပြီလို့ ပြောလိုက်တယ် (မှန်ပါ)။

မင်းတို့ကတော့ ဘာနဲ့တူသတုန်းလို့ မေးတဲ့အခါကျလို့ရှိရင် ရောဂါရနေတဲ့၊ နူနာစွဲနေတဲ့ ပုဂ္ဂိုလ်နဲ့ တူသကွာတဲ့၊ နူနာစွဲနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ နူနာပိုးကိုက်တဲ့အခါကျတော့ မီးကင်နေရတာတဲ့ အရသာ ရှိတယ်လို့ ထင်နေတယ်၊ သဘောပါကြပလား (မှန်ပါ ဘုရား)။

နူနာရှိတဲ့ ပုဂ္ဂိုလ်ဟာ ဦးမာဒင်တို့ကလည်း မြင်ဖူးမှာပဲ၊ မီးဖိုကလေးတဲ့ ကင်နေကြရတယ်၊ ဘာကြောင့်တုန်း ဆိုတော့ ပိုးကိုက်လို့ ကင်တာ၊ မီးကင်လိုက်တဲ့အခါကျတော့ ပိုးတွေက အတွင်းဝင်ပြီး ပြေးတဲ့အခါ အသားကိုကိုက်တာ နည်းနည်း သက်သာခွင့်ရတယ်ပေါ့ဗျာ (မှန်ပါ)။

ကိလေသာအနာက မရှိတော့

ငါ့မှာတော့ ကိလေသာအနာက မရှိတော့ မီးကင်စရာမရှိဘူးကွတဲ့၊ မင်းတို့ကတော့ အနာရှိလို့ ဘာဖြစ်ဖြစ် မီးကင်ချင်ကြတယ်၊ တဏှာတည်းဟူသော အနာရှိလို့ စီးပွားရချင် လိုချင်တဲ့၊ မီးစချင်တဲ့အလုပ်၊ စီးပွားတည်းဟူသော မီးဖိုနားကပ်ချင်ကြတယ်၊ သားမယားဟူသော မီးဖိုနားကပ်ချင်ကြတယ်၊ ငါ့မှာတော့ အနာမရှိလို့ ဒီအနား မကပ်ချင်ဘူး၊ ဦးမာဒင်တို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဟိုမှာလည်း စက်တွေနား တပည့်တော်လည်း ညနေပြန်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ပေါ်ပါပြီ (မှန်ပါ ဘုရား၊ တဏှာလောဘနာ ထလို့ပါ) အင်း ကိလေသာ နူနာထလို့ မီးကင်ချင်လို့ တပည့်တော် ညနေလောက် စိတ်ကူးတယ် လို့ လျှောက်တဲ့ ဥစ္စာများ လန့်သွားသလား မပြောတတ်။

ဒါ ဘုရားကိုက ဟောတော်မူတာနော်၊ အခု ဒကာရင်း ဆရာရင်းမို့ ဆုံးမနေတာ (မှန်ပါ) ဪ ဦးမာဒင် ဘယ့်နှယ်ကြောင့် ဒါလောက်တောင် ဆရာသမား ကြည်ညိုလေးစားစွာနဲ့ ဒီကို တကူးတကလည်း လာသေးရဲ့၊ ညနေ စောစောစီးစီး ပြန်ချင်တာက ဘာကြောင့်ပါလိမ့်မတုန်းလို့ အကြောင်းမေးလိုက်တော့ စီးပွားရေးသောကဆိုတဲ့ ကိလေသာ နူနာထပကောလို့ ပေါ်လာတယ်၊ အနာထလို့ မီးဖိုနား ကပ်ချင်တာ (မှန်ပါ)။

ဘုရားက ဒါနဲ့ကွာတဲ့ တစ်နေ့သ၌ ဒီနူနာရောဂါရှိတဲ့ ပုဂ္ဂိုလ်ဟာ မင်းတို့ မာဂဏ္ဍီတို့ကတော့ နူနာထပြီး သကာလ နေတဲ့အတွက် သားသမီး ဆွေမျိုး ဉာတကာ ပစ္စည်းရှာဖွေချင်နဲ့ ပူရမည့်အနားကို ကပ်ချင်တာကိုး-တဲ့ (မှန်ပါ ဘုရား)။

ဥပမာ-စက်နားကပ်တော့ စက်ပူရမယ်၊ သားမယားနားကပ်တော့ သားမယားပူရမှာကိုး၊ အဲဒီတော့ ကိုယ်က လည်း အနာရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီအနား မနေရလို့ရှိရင်ဝေးနေလို့ရှိရင်ပဲ ဘယ့်နှယ်များ နေရစ်မတုန်း၊ ကျန်းမာရေး ဘယ့်နှယ်နေရစ်မတုန်းဆိုတာတွေဟာ မီးသာလှုံချင်နေတာပဲ၊ မီးနဲ့ ဝေးဝေးကို နေချင်တဲ့ စိတ္တုပ္ပါဒ် လာကို မလာဘူး (မှန်ပါ ဘုရား)။

မင်းတို့ နူနာရှိလို့ မီးကင်ချင်တာ

ဒါကြောင့် ကိုယ့်အဖြစ်ဟာ ဦးမာဒင် အဖြစ်ဆိုးကြီးပါလားဆိုတာ ပေါ်လာပြီ (မှန်ပါ) ဒါနဲ့ ဘုရားက မင်းတို့ နူနာရှိလို့ မီးကင်ချင်တာကွတဲ့၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်မပြတ်ချင်တာဆိုတာဟာ နူနာရှိလို့ မီးကင်ချင်တာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကိုင်းကွာ ဒါဖြင့် အဲဒီနူနာရှိတဲ့ ပုဂ္ဂိုလ်ဟာ သူ့အမေ အဖေတွေက ဆေးတွေဝါးတွေ ကျွေးပြီး သကာလ ဆရာသမားနဲ့ ကုသလို့ နူနာတွေ ပျောက်သွားတဲ့အခါကျတော့ မီးပုံနားကို ကင်ပါဦးဆိုလို့ ကင်ချင်သေးရဲ့လားလို့ မေးလိုက်တယ်၊ ကဲ ဦးမာဒင်ပဲ ဖြေစမ်းပါဦး (မကင်ချင်တော့ပါ ဘုရား)။

ဘာဖြစ်လို့ မကင်ချင်တာတုန်းလို့ မေးတဲ့အခါ နူနာပျောက်သွားလို့ (မှန်ပါ) ၊ နူနာပျောက်လို့ပါတဲ့၊ နူနာပျောက် ရင် မီးမကင်ချင်ပါဘူးတဲ့၊ ယခုတော့ နံနက်ရောက်ရင် ညနေပြန်ချင်တယ်ဆိုတာက မီးကင်အပြတ်ကို မရသေးလို့ အတော်ဆိုးနေသေးတာ (မှန်ပါ ဘုရား)။

ဘုရားက ဆက်လက်ပြီးတော့ ကဲကွာတဲ့၊ ဒီနူနာရှိတဲ့ ပုဂ္ဂိုလ်ကို ဆေးတွေဝါးတွေနဲ့ ကုသလို့ အကုန်ပျောက်တဲ့ အခါကျတော့ အားကောင်းလှတဲ့ ပုဂ္ဂိုလ်နှစ်ယောက်က အတင်းဆွဲပြီး မီးဖိုနားကို ပို့တယ်တဲ့၊ ဒီအခါကျတော့ ကျွန်တော့် ကို မနှိပ်စက်ကြပါနဲ့တောင် အော်သေးတယ်တဲ့၊ နူနာပျောက်တဲ့အတွက် (မှန်ပါ)၊ တစ်ခါတည်း တွန့်လိမ်ပြီး သကာလ ကျုပ်တော့ဖြင့် မီးဖိုနား မကပ်ပါရစေနဲ့ (မှန်ပါ ဘုရား)။

နဂိုက မီးကို ပူမှန်း မသိဘူးလားတဲ့၊ ဘုရားက ဆက်မေးတယ်၊ မီးကတော့ နဂိုကလည်း ပူတာပါပဲတဲ့၊ အဲ ထို့ အတူပဲကွာတဲ့၊ အဲဒီတော့ နူနာရှိတဲ့ ပုဂ္ဂိုလ်က မီးကင်ရမှ ကျေနပ်တယ် (မှန်ပါ) နူနာရှိတဲ့ ပုဂ္ဂိုလ်က မီးကင်ရမှ ကျေနပ်သလို မင်းတို့ကတော့ ပဋိစ္စသမုပ္ပါဒ်ပြတ်မှာကို သိပ်စိုးရိမ်နေတာတဲ့ တဏှာ၊ ဥပါဒါန်၊ ကံ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဒါတွေချည်း လိုချင်တာပဲ (မှန်ပါ ဘုရား)။

မြင်လိုက်တယ်၊ မြင်တယ်လို့ဆိုရင် လိုချင်တယ်၊ လိုချင်ရင်စွဲလမ်း၊ စွဲလမ်းရင်အားထုတ်၊ အားထုတ်ရင် ဇာတိ ပဋိသန္ဓေတွေ ပြန်ပြီး မရပေဘူးလား (ရပါတယ်)။ တဏှာ ဥပါဒါန် ကံပြီးရင် ဇာတိမလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဟာ အာရုံနားကပ်မိလို့

အဲဒီတော့ ဒါဟာ အာရုံနားကပ်မိလို့ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဆိုတဲ့ အာရုံနား ကပ်မိတဲ့အခါကျလို့ရှိရင် အာရုံကိုမြင်တယ်၊ အာရုံကို ကြားတယ်၊ အာရုံကို ကြံစည်တယ်ဆိုလို့ရှိရင်ဖြင့် ဥပါဒါန်လာမယ်၊ ဥပါဒါန်လာလို့ရှိရင် ကာယကံ၊ ဝစီကံနဲ့ အားထုတ်မယ်၊ ကာယကံ၊ ဝစီကံနဲ့ အားထုတ်လို့ရှိရင်ဖြင့် ကမ္မဘဝ ပစ္စယာ ဇာတိဆိုတာ မလာပေဘူးလား (လာပါတယ်)၊ ဇာတိပစ္စယာ ဇရာ မရဏဆိုတာ ဦးမာဒင်ပြေးလို့ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)၊ ဒါ ဘယ်နားကပ်မိလို့လဲ အာရုံနား ကပ်မိလို့ဖြစ်ရတာ (မှန်ပါ ဘုရား)။

သို့သော်လည်း ဒီအာရုံတွေကို အပြစ်တွေမြင်တယ်၊ ဒီအာရုံတွေရဲ့ အပြစ်တွေမြင်တယ်ဆိုရင် ဒီအာရုံတွေ ဝိပဿနာရှုလိုက်တယ်၊ ရှုလိုက်တယ် ဆိုတော့ မြင်ပြီးရှုလိုက်တယ်ဆိုရင်ပဲ တဏှာက ပြတ်ထွက် သွားတယ်၊ တဏှာ ပြတ်တော့ ဥပါဒါန် ကံ ဇာတိဇရာ မရဏ လာသေးရဲ့လား (မလာပါ ဘုရား)။

အဲဒီတော့ ဘုရားက လောကကြီးပွားရေး ပြတ်ဆိုတာ ဒုက္ခပြတ်တာကိုဆိုတာ၊ မာဂဏ္ဍှီတို့ကတော့ ဒုက္ခပြတ် မှာကို အလွတ်စိုးရိမ်နေတာ (မှန်ပါ)၊

ဦးမာဒင်တို့လည်း စက်တစ်လုံးက နှစ်လုံး၊ နှစ်လုံးက သုံးလုံး၊ သုံးလုံးက လေးလုံး၊ ငါးလုံးပေါ့၊ အနာပျောက်မှာ စိုးလွန်းလို့ (မှန်ပါ)၊ အနာ ငါးလုံးပေါက် ရလေလေ သူ့ဟာက ကျေနပ်လေလေကိုး (မှန်ပါ)၊ ငါးလုံးပေါက်လေလေ ကြိုက်လေလေပဲ၊ ဒါဘာတုန်း၊ ရူးတုန်း မဟုတ်လား (မှန်ပါ)။

ကိုယ့်အရူးကိုယ်သိရင် ဆေးရှာတယ်

ရူးတုန်း ရူးတုန်းပဲ၊ ဒါကြောင့် ပုထုဇဉ်ဆိုတာ ကိုယ့်အရူးကိုယ်သိရင် ဆေးရှာတယ်နော် (မှန်ပါ)၊ ကိုယ့်အရူး ကိုယ်မသိလို့ရှိရင် ရူးသည်ထက် ရူးတာပဲ (မှန်ပါ)၊ အခု စက်အလုံးပေါင်းများစွာရှိတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရူးလို့ ပိုကောင်းတုန်းပေါ့ (မှန်ပါ ဘုရား)။

ကဲ မီးကင်လို့ အနာပျောက်သွားတဲ့ ပုဂ္ဂိုလ်ကျတော့ မီးဖိုနားကို အားကောင်းကောင်း လူနှစ်ယောက်က သူ့ကို ကပ်စမ်းပါလို့ လက်တွေဆွဲပြီး မီးဖိုနား ပို့ငြားသော်လည်း ပျောက်နေပြီ၊ မလုပ်ပါနဲ့၊ ကျုပ်ကို မနှိပ်စက်ပါနဲ့လို့ မလာဘူူးလား၊ လာမလား (လာပါတယ်) ဘာဖြစ်လို့တုန်း၊ အနာပျောက်လို့ (မှန်ပါ၊ အနာပျောက်လို့ပါ ဘုရား)။

ဒီမှာလည်း တဏှာ ဥပါဒါန် ကံ ပျောက်သွားလို့ရှိရင်ဖြင့် တဏှာ ဥပါဒါန်သာပျောက်သွားမယ်ဆိုရင် ဦးမာဒင် ဒီအာရုံတွေနားကို ကပ်ပါဦးမလား (မကပ်ပါ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ကြောင့် အခုပြန်ပြီး ကပ်နေပါလိမ့်၊ ဘုန်းကြီးလာတာတောင် ရက်ရွေး လရွေးနဲ့၊ မီးဖိုနားက ဖြုန်းခနဲ ခွါလိုက်ရမှာ အတော်ကိုခွကျနေတယ်၊ (မှန်ပါ) မဆိုထိုက်ဘူးလား၊ (ဆိုထိုက်ပါတယ် ဘုရား) မီးဖိုနားက ခွါရမှာကို အတော်ခဲယဉ်းနေပြီ၊ မနည်းရုန်းခဲ့ရတယ်များ တစ်ချို့က ပါသေးတယ်ဗျ၊ ဟာ ဘယ်က ရုန်းရတာတုန်း ပြောပြစမ်းပါဦး၊ မီးဖိုနားကကို သူ့ဟာက (မှန်ပါ) အံမလေး ဖြစ်မှဖြစ်ရလေကတည်းက ကျနေတာပဲ (မှန်ပါ ဘုရား)။

အခု တဏှာကင်းသွားလို့ ဥပါဒါန်ကင်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရူပါရုံမီးဖို။ ပ။ ဓမ္မရုံမီးဖိုဆိုတဲ့ မီးဖိုခြောက် ဖိုတွေနား ကပ်ချင်သေးရဲ့လား (မကပ်ချင်ပါ ဘုရား) အပြစ်မြင်သွားပြီဗျ (မှန်ပါ ဘုရား)။

ဒါဖြင့် ခုနင်က ပုဂ္ဂိုလ်ကို မေးတယ်တဲ့၊ မင်းနဂိုတုန်းကတော့ ဘာဖြစ်လို့ မီးကင်ချင်သတုန်း၊ အနာရှိလို့ မီး ကင်တာပါ၊ အခုတော့ မီးဖိုနား ဘာဖြစ်လို့ မကပ်ချင်သတုန်း၊ အနာပျောက်လို့ (မှန်ပါ ဘုရား)။

ဒီမှာလည်း ဆရာသမားဆီလာတာ၊ အနာပျောက်စေချင်တယ် (မှန်ပါ) ခင်ဗျားတို့ အနာများလေလေ ဘုန်းကြီး က စိုးရိမ်လေလေပဲ (မှန်ပါ) လောကီမေတ္တာနဲ့ ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ သူများတော့ မေတ္တာပို့ကြမှာပါပဲ ဒီက ဆရာဘုန်းကြီးကတော့ ဒီအနာတွေ ပျောက်ပါစေသားလို့ ဟိုများ မီးလောင်သွား၊ ခင်ဗျားတို့ တစ်မျိုးအားဖြင့် လူချမ်းသာဖြစ်ပြီ မဟုတ်ဘူးလား (မှန်ပါ ဘုရား) အဲဒီကျမှ လူချမ်းသာ ဖြစ်မှာကိုးဗျ (မှန်ပါ ဘုရား)။

နူနာရှိလို့ မီးကင်ချည်း သွားနေတာ

နို့မဟုတ်ရင်ဖြင့် ဘွိုင်လာနား ကပ်ရတာတစ်မျိုး၊ အင်ဂျင်နား ကပ်ရတာက တစ်မျိုး၊ စက်များ ဖြုန်းခနဲရပ် သွားမယ်ဆို ဘာဖြစ်ပါလိမ့်ဆိုပြီး ထိတ်ခနဲ သွားလိုက်သေးတယ် (မှန်ပါ)၊ ဟိုအရပ်က ဥဩတွေ ဆွဲသတဲ့ဆိုလို့ရှိရင် ဒီနားများ မီးသွေးရောက်လာလို့ ပြေးရသေးတယ် (မှန်ပါ)၊ အံမာလေး တစ်ခါတည်း မီးဖိုနား မကပ်ရရင် ကိုယ့်စက်ဆီ ကို အရင်ပြေးတာဗျ (မှန်ပါ)၊ ဒါဘာတုန်းဆိုတော့ နူနာရှိလို့ မီးကင်ချည်း သွားနေတာ (မှန်ပါ ဘုရား)။

မီးနဲ့များ ဝေးနေတဲ့အခါကျတော့ ဘယ့်နှယ်များ နေရစ်မတုန်း၊ ဘယ့်နှယ်မှ မနေရစ်ဘူး၊ မီးနဲ့ဝေးရင် အေးတာပဲ (မှန်ပါ ဘုရား)။

အဲဒီလို ဉာဏ်က မရောက်သေးတော့ တစ်ခါတည်း စပါးကလေး သိမ်းပါရစေဦး၊ ဘာဖြစ်လို့တုံး၊ မီးဖိုနားကပ်ရ အောင်လို့ (မှန်ပါ) ဟိုမှာအရှုံးအမြတ်ရှိတော့ မြတ်တယ်ဆိုတာ လောဘမီးက ဟုန်းခနဲတောက်တယ်၊ အဲဒီဟုန်းခနဲ တောက်တဲ့နေရာ ကပ်နေချင်တာကိုး (မှန်ပါ) ကဲ ဦးမာဒင်တို့ အပြစ်ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သူများကတော့ တယ်ဝီရိယကောင်းတဲ့ လူကြီးပါကလားလို့ ပြောကြမယ်၊ဘုန်းကြီးတို့ကတော့ ဝီရိယကောင်းတာ မဟုတ်ဘူး၊ မီးလှုံများတဲ့ လူကြီးလို့ ပြောရမှာပဲ (မှန်ပါ) မီးလှုံများတယ် ဆိုကတည်းက ပိုးကိုက်များတယ်ဆိုတာ သေချာပြီပေါ့ (မှန်ပါ)။ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အနာပျောက်တဲ့လူနဲ့ မပျောက်တဲ့လူ

အဲဒါကြောင့် ဪ အနာပျောက်တဲ့လူနဲ့ မပျောက်တဲ့လူဟာ အတော်ကွာခြားတယ်ဆိုတာ ခုနင်က ပုဂ္ဂိုလ် နှစ်ယောက်ထိုးပြလိုက်သဖြင့် မရှင်းသေးဘူးလား (ရှင်းပါပြီ) အနာရှိတုန်းကတော့ မီးကင်တယ်နော်၊ နောက်အနာဂတ် ပျောက်တော့ မီးနားဆွဲသွားတာတောင် သူကြိုက်သေးရဲ့လား (မကြိုက်ပါ ဘုရား)။

ဒီမှာ ဆရာဘုန်းကြီးဆီ လာတာက အနာပျောက်အောင်လို့ ကုပေးနေတာ၊ ခင်ဗျားတို့က မီးဖိုနဲ့ဝေးလို့ရှိရင် မအေးရတော့ဘူးလို့ ထင်နေတယ်၊ စင်စစ်တော့ မီးဖိုနဲ့နီးလေ ပူလေပဲ (မှန်ပါ)၊ ခုနင်ကတော့ မီးဖိုနဲ့ဝေးလို့ ဘယ့်နှယ် တုံး၊ နေရာမှ ကျပါ့မလား၊ ဆရာဘုန်းကြီးနား ကျရင်တော့ တားတော့ တားဦးမှာဘဲ၊ ဒီရက်နဲ့တော့ ပြန်ရမှာမဟုတ်ဘူး ဆိုကတည်းက ခင်ဗျားတို့ စိတ်ထဲမှာ မီးဝေးတာကိုပင် အေးတယ်လို့မှ မထင်ပဲကိုး (မှန်ပါ ဘုရား)။

အင်မတန် ဆိုးရွားနေတယ်ဆိုတာ ဒါ ဘေးကနေ ကြည့်မှနော်၊ ကိုယ့်ဟာကိုယ်ကြည့်နေရင် မသိဘူး၊ (မှန်ပါ၊ မသိပါ ဘုရား) ဒီက သူတော်ကောင်းကနေပြီး ကြည့်တဲ့အခါကျတော့ ဦးမာဒင်ကြီး ဘာဖြစ်နေပါလိမ့်မတုန်း၊ ဟာ ပိုးလောက်ထိုးတုန်းရှိ သေးတယ်၊ မီးကင်တုန်းရှိသေးတယ် (မှန်ပါ)။

အခု ဒီလာပြီး ကိုယ်တိုင်တွေ့ပြန်တော့လည်း မီးဖိုနဲ့ နည်းနည်းဝေးကာရှိသေးတယ်၊ မီးဖိုနား ပြန်ပါရစေတော့၊ အံမာလေး ပိုးလောက်ထိုးချက် သန်လိုက်တဲ့ဖြစ်ခြင်း၊ ဒါ မျက်စိလည်တာ၊ အဝိဇ္ဇာကြောင့် မျက်စိလည်နေတာ (မှန်ပါ)၊ အဝိဇ္ဇာကြောင့် သင်္ခါရအလုပ်ကို လုပ်ချင်တာ (မှန်ပါ)၊ အဝိဇ္ဇာမရှိရင် ဒီသင်္ခါရအလုပ်၊ ကာယကံအလုပ်၊ ဝစီကံအလုပ် ကို လုပ်ချင်ပါဦးမလား (မလုပ်ချင်ပါ ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာ မချုပ်သေးသရွေ့ ကာလပတ်လုံး ဒီမီးကင်တဲ့အလုပ်ဟာ ပုထုဇဉ်တို့၏ အလုပ်ပဲ (မှန်ပါ ဘုရား)။

ဒါတွေ မီးဖိုမှန်းသိလို့ ငါထွက်လာခဲ့တယ်

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ အလောင်းတော်ဘဝက မောင်းမပေါင်းများစွာနဲ့ တီးတာ မှုတ်တာကအစ အမျိုးသမီးတွေကိုချည်းသာ ဖြေဖျော်စေပြီး ခံစားလာတာက ဒီအပြစ်တွေမြင်လို့ တောထွက်လာတာ အခုတော့ မီးဖိုနား ရောက်ရမှာကို သူအင်မတန်ကြောက်ပါတယ်တဲ့၊ ဒါတွေ မီးဖိုမှန်းသိလို့ ငါထွက်လာခဲ့တယ်လို့ ဆိုပြီး မာဂဏ္ဍီကို ဟောတာပဲ (မှန်ပါ ဘုရား)။

တို့ကတော့ အနာပျောက်ပြီတဲ့၊ မင်းတို့ကတော့ အနာမပျောက်သေးလို့ ဆွေပြတ် မျိုးပြတ်ဖြစ်မှာကို မင်းသိပ် စိုးရိမ်တယ်တဲ့ (မှန်ပါ) သဘောပါပြီပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဦးမာဒင် အခုအခြေအနေမှာ ဘာဖြစ်နေသတုန်းလို့ ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်တဲ့အခါကျတော့ အနာမပျောက်သေးဘူး (မပျောက်သေးပါ ဘုရား) အနာမပျောက်သေးတော့ ဒါလူထဲဝင်လို့ မဖြစ်သေးဘူး (မှန်ပါ)၊

ညီတော်အာနန္ဒာသင်္ဂါယနာပွဲ ဝင်မယ်လုပ်တော့ ကိလေသာစော်နံတယ်လို့ ပြောသလိုဖြစ်နေဦးမယ်၊ ဟင် ဒီထဲကျနေ ပြီ (မှန်ပါ)၊ တကယ် ဝိပဿနာနံ့တွေ မွှေးကြိုင်တဲ့တောထဲရောက်လာတော့မှ ကိုယ့်မှာ ဆိတ်သိုးစော်နံ ဖြစ်နေတယ်၊ နဂိုကတော့လူကြီးလူကောင်းလုပ်နေကြတာ၊ ဟိုမှာ ကိလေသာနူနာသမားချည်း စုနေတာကိုးဗျ (မှန်ပါ)၊ သူလည်း မီးကင်နေ ငါလည်းမီးကင်နေဆိုတော့ ကိုယ့်မီးဖိုနဲ့ကိုယ် နေကုန်နေကြတာပဲ (မှန်ပါ ဘုရား)။

ကဲဒါနဲ့ ဘုရားက ဆက်ပြီး သကာလ ဟောတော့ မာဂဏ္ဍီက ဒါဖြင့် ဘုရားတဲ့၊ အနာရှိတဲ့ပုဂ္ဂိုလ် မီးကင်ချင်တယ်၊

အနာမရှိလို့ လာတာပါတဲ့

အနာမရှိတဲ့ ပုဂ္ဂိုလ် မီးမကင်ချင်ဘူးဆိုတာ သူသဘောကျပါပြီတဲ့၊ ကျပေမယ့် တပည့်တော် သဘောကျ ထားတာက တစ်မျိုးဖြစ်နေတယ်၊ တပည့်တော်ဟာ အခု ဘုရားဆီ အလည်အပတ် ရောက်လာတယ် ဆိုတာ အနာမရှိလို့ လာတာပါ၊ သူ ပကတိ ကျိုးပဲ့နေတဲ့အနာ၊ ငန်းမန်းပြည်ထ နေတဲ့အနာမှ အနာထင်နေသေးလို့ နားက မလည်သေးဘူးဗျ (မှန်ပါ)၊ မလည်သေးတော့ ဘုရားက ဂါထာရွတ်လိုက်တယ်၊

”အာရောဂျပရမာ လာဘာ၊ နိဗ္ဗာနံ ပရမံ သုခံ။

အဋ္ဌင်္ဂိကောစ မဂ္ဂါနံ၊ ခေမံ အမတဂါမိနံ။ (မဇ္ဈိမနိကာယ်ပါဠိ၊ နှာ – ၁၇၆)

ဆိုတဲ့ ဂါထာကို ရွတ်လိုက်တယ် (မှန်ပါ ဘုရား)။

အာရောဂျ ပရမာလာဘာဆိုတဲ့ဥစ္စာ ကိလေသာနာမရှိလို့ရှိရင် ကြီးစွာသောလာဘ်ကြီးပဲတဲ့ (မှန်ပါ) ကိလေသာ နာ ရှိလို့ရှိရင်ဖြင့် စက်တစ်လုံးတည်ပြီး အိမ်မှာ ငွေပုံနေတာတောင်မှ မတော်သေးဟ အောက်မေ့မှာဘဲ (မှန်ပါ ဘုရား)။

အဲဒီတော့ ဒီကိလေသာနာ မရှိလို့ရှိရင်ဖြင့် အန္တရာယ်ကင်းလို့ ဘေးရှင်းတာပဲ၊ ကိလေသာ အန္တရာယ်လည်း ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ သံသရာ အန္တရာယ်ကော (မရှိပါ ဘုရား)၊ မရှိတော့ဘူး၊ ကိလေသာနာ ကင်းသွားလို့ရှိရင် အဲဒါကြောင့် အာရောဂျပရမာလာဘာ၊ ကိလေသာတည်း ဟူသော အနာမရှိခြင်းသည် လွန်ကဲသော လာဘ်ကြီးဟု ဟောတော်မူသော (မှန်ပါ ဘုရား)။

ရှင်ဘုရင်လုပ်နေပေမယ့် ဟိုပုဂ္ဂိုလ်က လူချမ်းသာမှ မဆိုနိုင်ပဲ (မှန်ပါ) တိုင်းပြည် သိမ်းချည်မလားဆိုတဲ့ ဥစ္စာကတော့ ဒါကို လူချမ်းသာမှ မဆိုနိုင်ဘဲ (မှန်ပါ)၊စိတ်ထဲမှာတော့ ကြောင့်ကြမှု၊ တောင့်တမှု ရှိနေတာပဲ (မှန်ပါ)၊

ရသရွေ့ မတင်းတိမ်တဲ့ ပုဂ္ဂိုလ်ဟာ

”ဓမ္မပဒ မှာတော့ သန္တုဋ္ဌိ ပရမံ ဓနံ”လို့ ဟောတော်မူသေးတယ်၊ ရသရွေ့ မတင်းတိမ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လောက် သိန်းတစ်ရာ ချမ်းသာ လူဆင်းရဲပဲတဲ့ (မှန်ပါ ဘုရား)။

အခုကျောင်းရောက်လာတော့ ကျောင်းမှာရှိတာနဲ့ပဲ ပြီးလိုက်၊ ရှိတဲ့လက်ဖက်ရည်နဲ့ပဲ ပြီးလိုက်ဆိုတော့ အေးနေ တာပဲ (မှန်ပါ) ဟာ ရေခဲသေတ္တာကြီးထဲက ဘာထုတ်ခဲ့ပါဦးဟ၊ ညာထုတ်ခဲ့ပါဦးဟဆိုရင် ဒါတွေ ရှုပ်ကုန်ပြီ၊ ရှုပ်ပွကုန် ပြီ၊ ရသရွေ့နဲ့ မရောင့်ရဲ့လို့ရှိရင်ရှုပ်တာပဲ (မှန်ပါ)၊ ရသရွေ့နဲ့ ရောင့်ရဲတဲ့ ပုဂ္ဂိုလ်ကျတော့ လူချမ်းသာပဲ (မှန်ပါ)။

”အဋ္ဌင်္ဂိကော စ မဂ္ဂါနံ” ခရီးသွားလမ်းအပေါင်းတို့တွင် မဂ္ဂင်ရှစ်ပါးလမ်းသည်သာလျှင် နိဗ္ဗာန်ရောက်ကြောင်း လမ်းတဲ့၊ ဒီ့ပြင်လမ်းတွေက ကွေ့ထောင့်တဲ့ လမ်းချည်းပဲ၊ ကွေ့တယ် ထောင့်တယ်လို့ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ ဘုရား)။

”ခေမံ အမတဂါမိနံ” နိဗ္ဗာန်သို့ရောက်တဲ့ မဂ္ဂင်လမ်းသည်သာလျှင် လမ်းကောင်း လမ်းမြတ်အစစ်ပါပဲတဲ့၊ ကျန်တဲ့လမ်းတွေ၊ ခင်ဗျားတို့ စီးပွားရေးလမ်းတွေကတော့ဖြင့် အမျိုးမျိုး အနှောင့်အယှက် အဖျက်အဆီး နှိပ်စက်တဲ့ လမ်းပဲ (မှန်ပါ)၊ ဒီအထဲမှာ ခင်ဗျားက အပျော်ကြီးပျော်နေတဲ့ ဥစ္စာ ဘာဖြစ်လို့တုန်းလို့ မေးတဲ့အခါ ကျလို့ရှိရင်ဖြင့် ကိုယ့်ကိလေသာမီးက မသေသေးတော့ မီးဖိုနားပဲ ကပ်နေရတာပဲ (မှန်ပါ)။

အဲဒီတော့ မြို့ထဲ ရွာထဲ လူတွေ လုပ်ကွင်းမှာ မကြည့်ပါနဲ့တဲ့၊ မီးဖိုထဲ မီးလှုံနေတဲ့ လူတွေချည်းပဲ (မှန်ပါ) ကိုယ်နဲ့ သမီးယောက်ဖ ကြည့်လိုက်ပြန်လည်း မီးဖိုကြီးသမား (မှန်ပါ)၊ ကိုယ့်ကြည့် လိုက်ပြန်လည်း မီးဖိုက သေးတာ မဟုတ်ဘူး (မှန်ပါ ဘုရား)။

နူနာသမား ချင်းမိတ်ဖွဲ့သလိုဖြစ်နေတယ်

အဲဒီတော့ ခင်ဗျားတို့ဟာက အတုခိုးစရာ မရှိဘူးတဲ့၊ နူနာသမား ချင်းမိတ်ဖွဲ့သလိုဖြစ်နေတယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာချင်းမိတ်ဖွဲ့နေသတုန်း (နူနာသမားချင်း မိတ်ဖွဲ့နေပါတယ်) ဖြစ်မှ ဖြစ်ရလေဗျာ၊ တစ် ယောက်နဲ့ တစ်ယောက် ရှောင်ပြေးရမှာ (မှန်ပါ ဘုရား)။

မင်းကလည်း နူနာရှိတယ်ကွ၊ မင်းပိုးတွေ ငါ့ကိုကိုက်၊ ငါ့ပိုးတွေက မင်းကိုက်ပြီး သကာလ နူနာတစ်ကိုယ်လုံး တစ်ခါတည်း လူထဲ မဝင်နိုင်အောင်ဖြစ်လိမ့်မယ်၊ သံသရာမှ နိဗ္ဗာန်သွားတဲ့ပွဲ မဝင်နိုင်အောင် ဖြစ်လိမ့်မယ်လို့ ခင်ဗျားတို့ ကစဉ်းကိုမစဉ်းစားဘူး၊ အဲဒီကျအောင် နူနာသမားချင်း ဗုံတီးမြှောက်နေတာ ခင်ဗျားတို့က အဟုတ်မှတ်နေတာဗျ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ၊ မီးဖိုနားက မခွါချင်ဖြစ်နေပါတယ် ဘုရား)။

ဒါကလည်း မပျောက်သေးခင်ကပါ၊ ခုနင်က နူနာ ပျောက်ပြီး သကာလ သွားတော့ လူနှစ်ယောက်က ပွေ့ပြီး ခေါ်သွားတာတောင်မှ သူလိမ်တွန့် ရုန်းကန်နေတယ်၊ ကျုပ်ကို မီးဖိုနား မချပါနဲ့၊ ကျုပ်ကို မီးဖိုနား မချပါနဲ့ ဆိုပြီး ရုန်း ကန်နေတယ်၊ မင်း နဂိုတုန်းက ဘာဖြစ်လို့ မီးလှုံနေသတုန်း ဆိုတော့ ကိုယ့်ရောဂါ မပျောက်ခင်တုန်းက လှုံတာပါ အခုတော့လှုံပါဆိုလို့ ဘယ့်နှယ်တုန်း (မလှုံပါ ဘုရား)။

အဲဒီတော့ ဪ ငါ့ကို လူနာသည်အဖြစ်နဲ့ ဘုရားဟောအတိုင်း ဆရာဘုန်းကြီးက ဟောနေပါကလား၊ ငါဟာ မီးဖိုနား မခွါနိုင်ဘူးဆိုတာ ဘာဖြစ်ပါလိမ့်မတုန်း၊ နူနာကြီးရှိသေးလို့ပဲ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ နူနာနဲ့လူကို နိဗ္ဗာန်က လက်ခံပါ့မလား (မခံပါ ဘုရား) ဘေးမရှိတဲ့လူမှ လက်ခံတာ (မှန်ပါ)၊ နူနာတွေနဲ့ ပုဂ္ဂိုလ်ကို (လက်မခံပါ ဘုရား)။

နိဗ္ဗာန်လက်မခံနိုင်တဲ့အထဲ အပါအဝင်

ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်လက်မခံနိုင်တဲ့အထဲ အပါအဝင် ကျနေတယ်(မှန်ပါ) နိဗ္ဗာန် လက်မခံတဲ့အထဲ အပါအဝင် ကျနေတယ်၊ နာလှချည်လားတဲ့၊ ဥပမာတစ်ခု ဒုက္ခတွေ ချုပ်ငြိမ်းရုပ်သိမ်းသွားကြလို့ သူတို့ ချမ်းသာနေတဲ့ အထဲမှာ တို့မပါဘူးထဲက ဖြစ်နေတယ် (မှန်ပါ)၊ လွန်လှချည်လား (မှန်ပါ)။

ဒါကြောင့် ခင်ဗျားတို့ လူ့လောကတောထဲမှာ ကြောက်စရာကောင်းတယ်ဆိုတာ မပေါ်ဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် မနက်ကပဲ ပြောခဲ့ရတယ်၊ မင်းတို့ သေသွားတော့ကွာ အငတ်မသာလို့ရေးကြစမ်းပါလို့ ဖိတ်စာရေး တဲ့အခါကျတော့ (မှန်ပါ)၊ ဘယ်သူတွေ ဘယ်ဒီဂရီ ဘယ်ဂုဏ်ထူးတွေ မလုပ်ပါနဲ့တော့၊ ဒီဥစ္စာတွေ အပိုပါပဲလို့ (မှန်ပါ)၊ အငတ်မသာတစ်ယောက်တော့ သွားပြန်ပြီလို့ဆိုပြီး သကာလ မသာဖိတ်စာ ဒီအတိုင်းဖိတ်လို့ရှိရင် တည့်တာကတော့ လွန်နေတာပဲ၊ မင်းတို့ လောကီဂုဏ်ကတော့ဖြင့် ပြင်လိမ့်မယ်၊ နောက်လူအတွက် သံဝေဂ ရလိမ့်မယ်လို့။

ဦးမာဒင် ငတ်တာက ဒီဘဝ မပြေရုံတင် မဟုတ်ဘူး၊ ဟိုဘဝ ဆက်ပြီး ကူးလိုက်သေးတယ်လို့၊ အင်း ဟုတ်တယ်၊ ဟိုဘဝ ဆက်ပြီးကူးတယ်၊ ဘယ်လောက်များ ဆိုးရွားသွားတယ်ဆိုတာ (မှန်ပါ ဘုရား)။

ကဲ နူနာပျောက်တဲ့လူနဲ့ မပျောက်တဲ့လူ မီးဖိုနားကပ် မကပ်လာတယ်၊ ဒီတရားမှာ ရှင်းပလား (ရှင်းပါပြီ)၊ စက်တွေ ဘာတွေနား မကပ်ချင်တဲ့ ပုဂ္ဂိုလ်က ဘာတုန်း (နူနာပျောက်လို့ပါ)၊ သားတွေ မယားတွေ အပူတွေနဲ့ ဝေးလေ ကြိုက်လေက နူနာပျောက်လို့၊ သူတို့ ကိုယ်မရှိရင် ဘယ်လို နေရစ်လိမ့်မတုန်းဆိုတဲ့ ပုဂ္ဂိုလ်က နူနာကို မပျောက်သေး ဘူး (မှန်ပါ)။

အနာထုတက်နေတဲ့ အထဲကပဲ

ဒါဖြင့် ဦးမာဒင် ဘယ်အထဲကတုန်းလို့ မေးစရာ မလိုတော့ဘူး (မှန်ပါ ဘုရား) အနာထုတက်နေတဲ့ အထဲကပဲ (မှန်ပါ)၊ အနာထုတက်နေတဲ့ထဲကပဲ ဆိုလို့ရှိရင် မလွဲဘူးဆိုတဲ့ဥစ္စာ သေသေချာချာမှတ်ပါ (မှန်ပါ ဘုရား)။

နိဗ္ဗာန်သို့ရောက်တဲ့ပုဂ္ဂိုလ်ဟာ ကိလေသာနူနာ မရှိတဲ့ပုဂ္ဂိုလ်မှ လက်ခံတယ်ဆိုတော့ နိဗ္ဗာန်က လက်ခံတဲ့အထဲ ကလား၊ လက်မခံတဲ့အထဲကလား၊ ကိုယ့်ကိုယ်ကို စဉ်းစားပါ (မှန်ပါ၊ လက်မခံတဲ့အထဲကပါ ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အာရောဂျပရမာ လာဘာ ကိလေသာနာ ကင်းခြင်းသည် လွန်ကဲ သော အကြီးဆုံးလာဘ်ပဲဆိုတော့ ကိလေသာရန်သူကင်းလို့ ဘုရားဖြစ်လာတာ၊ အလုံးစုံသိမြင်တဲ့ ဉာဏ်ကြီးရလာတာ (မှန်ပါ) နဂိုက ကိလေသာတောထဲနေတုန်းက သဗ္ဗညုတဉာဏ်တွေ ရရဲ့လား (မရပါ ဘုရား)။

မီးဖိုနားမှာ မီးလှုံနေတုန်းက မရပါဘူး (မှန်ပါ)၊ မီးဖိုကို အပြစ်တွေ အကုန်မြင်ပြီး သကာလ ယသော်ဓရာနဲ့ တကွ သားရာဟုလာကလေး အကုန်စွန့်၊ ဗိုလ်ခြေများစွာ ပိတ်မှရနိုင်တဲ့ တံခါးကြီးတွေကို တွန်းလှန်ထွက်လာတော့မှပဲ သဗ္ဗညုတဉာဏ်တော်ရတော်မူတယ်၊ နို့မဟုတ်ရင် ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားလည်း တွန်းထိုးပြီး ထွက်ခဲ့ရမှာ (မှန်ပါ) ဟာ မတွန်းနိုင်သေး၊ မထွက်နိုင်သေးဘူး ဆိုလို့ ရှိရင်တော့ဖြင့် စကြဝတေး မင်းစည်းစိပ်မျိုးကို ပန်းတစ်ပွင့်နဲ့ရတာကို တကယ်အားထုတ်မှရတဲ့ မဂ္ဂင်လမ်းနဲ့ ကန့်လန့်ကြီး နေရစ်လိမ့်မယ် (မှန်ပါ ဘုရား)။

အာရောဂျပရမာကြောင့် လာနိုင်တာ

အဲဒီတော့ ပရိဗိုဇ်ကို ဒီဂါထာ ရွတ်ဟောလိုက်တဲ့အခါကျတော့ ပရိဗိုဇ်က တပည့်တော် အရှင်ဘုရားဆီကို အခု လာနိုင်တာက အာရောဂျပရမာကြောင့် လာနိုင်တာ၊ အနာရှိရင် တပည့်တော် မလာနိုင်ပါဘူး။

ပရိဗိုဇ် မင်းက အနာမရှိလို့ ငါဘုရားနား လာနိုင်တယ်လို့ိဆိုတော့ ဘယ်ဟာ အနာမရှိတုန်းဆိုတော့ သူ့ရင် ဘတ်ကို ပုတ်ပြတယ် မာဂဏ္ဍိက (မှန်ပါ)၊ တပည့်တော် အနာမရှိဘူးတဲ့။

ဟာ မင်းဟာ အနာမရှိလို့ မင်းကိုယ်မင်း ထင်ပြီး သကာလ နေတဲ့ဥစ္စာ ငါတစ်ခု ဥပမာပြောမယ်လို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ)၊ လူတစ်ယောက်ဟာ ဝမ်းတွင်းထဲက မျက်စိနှစ်ကွင်း အလင်းမရှိဘူးကွတဲ့၊ အဲဒီတော့ နေရှိတာ လဲမသိ၊ လရှိတာလည်း မသိ၊ သူများပြောတဲ့အခါကျတော့လည်း သူမသိ၊ သူမျက်လုံး ကန်းလာတာလည်း သူမသိ၊ အဲဒီလို မင်းလည်း ပညာမျက်လုံးကန်းလာတော့ အနာရှိလို့ အနာရှိတယ်လို့ မသိပဲကိုးတဲ့ (မှန်ပါ ဘုရား)။

ဒါဖြင့် အနာကင်းခြင်းကို ကျွနု်ပ်သိနိုင်မည့်နည်းလမ်း၊ နိဗ္ဗာန်ကို ကျွန်ုပ်မြင်နိုင်မည့်နည်းလမ်းဖြင့် အရှင်ဂေါ တမသည် ကျွနု်ပ်အား တရားဟောခြင်းငှာ စွမ်းနိုင်သည်ဟု ကျွနု်ပ်ယုံကြည်ပါသည်လို့ မာဂဏ္ဍီပရီဗိုဇ်က လျှောက်ထား တယ် (မှန်ပါ) အခုတော့ မင်းစိတ်ထဲမှာ အနာရှိလို့မှ အနာရှိမှန်း မသိဘဲကိုးဆိုတာ ဒီနေရာမှာ ဘုန်းကြီးတို့က ဦးမာဒင်ကို အနာပြတော့မယ် (မှန်ပါ)။

ခန္ဓာကြီးစောင့်ကြည့်နေ

အနာပြရတော့မယ်ဆိုတော့ ဆရာသမားဆီ တို့မနက်က လျှောက်တဲ့အတိုင်း ကမ္မဋ္ဌာန်းတောင်းယူပြီး ဒီအတိုင်း ခန္ဓာကိုယ် စောင့်ကြည့်နေ၊ ခန္ဓာကြီးစောင့်ကြည့်နေ၊ စောင့်ကြည့်နေတော့ ဟိုနေရာက ကျင်သလိုလို၊ ဒီနေရာက နာသလိုလို ခေါင်းထဲက ထိုးချင်သလိုလို အနာတွေပေါ်လာတယ်၊ စောင့်ကြည့်မှ အနာကပေါ်တာ (မှန်ပါ ဘုရား)။

စောင့်ကြည့်တော့ နည်းနည်းမှ ထိုင်လို့ရရဲ့လား (မရပါ)၊ မရဘူး၊ ဟိုနေရာ ရွေ့ချင်သလိုလို၊ ဒီနေရာ ပြောင်းချင် သလိုလို (မှန်ပါ)၊ တောလေးဆယ်မှာ ရောဂတောဆိုတဲ့ဥစ္စာ ခန္ဓာကိုယ်ကြီးဟာ ရောဂတော အနာတွေ အကုန်အပြည့် ရှိတယ်ဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒီပေါ်လာတော့မှ ကိုင်း အနာဒုက္ခသစ္စာပါလား၊ အနာဒုက္ခသစ္စာတွေပါလားလို့ ဦးမာဒင်က ကြည့်ပေး (မှန်ပါ)၊ ကြည့်ပေးတော့ကို အနာတွေက ခဏခဏ ပေါ်လိုက်, ပျောက်လိုက်, ပေါ်လိုက် ပျောက်လိုက်၊ ဒီအနာပေါ်ပြီး ဒီအနာသေလိုက်၊ ဒီအနာပျောက်သွားပြီး ဟိုအနာ ဆက်ပေါ်ပြီး ဟိုအနာပျောက်လိုက်၊ ဒါဟာဦးမာဒင် တစ်ယောက် တစ်ယောက် သေနေတာလို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ ဘုရား)။

ဒါဖြင့် တစ်ခုသောစိတ်နဲ့ အသက်ရှင်တယ်ဆိုတော့ ဦးမာဒင်ကို အလုပ်ပေးလိုက်ပါမယ်၊ အသေကို အရှင်နဲ့ ကြည့်ပါနော် (မှန်ပါ)၊ အသေကို အရှင်နဲ့ ကြည့်ပါဆိုတော့ ဒါကထိုင်နေတော့ ဒူးက အနာပေါ်တယ်၊ ဘယ်က အနာပေါ် တယ် ပေါ်လာတဲ့ဥစ္စာက ဦးမာဒင်တစ်ယောက် ပေါ်လိုက် သေလိုက် ပေါ်လိုက်သေလိုက်၊ ဦးမာဒင်က ဒီမဂ္ဂင်ငါးပါး တည်းဟူသော နောက်စိတ်နဲ့ ဒီအရှင်က ဒီအသေတွေ ကြည့်ပါ (မှန်လိုက်)။

ကိုယ့်အသေ ကိုယ့်မမြင်ဘူးလား

ဒါဖြင့် ကိုယ့်အသေ ကိုယ့်မမြင်ဘူးလား (မြင်ပါတယ်) ၊ နာတယ်ဆိုတာ ကိုယ်နာတာပဲ၊ မိမိဝေဒနာ နာတာ မဟုတ်ဘူး (မှန်ပါ့) အဲဒီ နာတာကလေးဟာ နာပြီးပျောက်မသွားဘူးလား (ပျောက်သွားပါတယ်) ဒါဖြင့် ဒါဟာ ဦးမာဒင် တစ်ယောက်သေတာပဲ (မှန်ပါ) ၊ အဲဒါကို နောက်တစ်ယောက်က ဦးမာဒင်ဆိုပြီး ဆိုင်းဘုတ် ဆွဲပြီး သကာလ ဒီ ဦးမာဒင်က မဂ္ဂင်ငါးပါးနဲ့ ကြည့်ပေးပါ၊ ကြည့်ပေးလိုက်တဲ့အခါကျတော့ အနာက အနိစ္စ၊ ကြည့်ပေးတာက မဂ္ဂသွား ဖြစ်တယ် (မှန်ပါ) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်တော့ “ဝေဒနာ ပစ္စယာ” ဒီအတိုင်း မကြည့်ဘဲနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာပစ္စယာ ဒေါသ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ မလာပေဘူးလား (လာပါတယ်)၊ အဝိဇ္ဇာ မပါဘဲနဲ့ ဒါတွေ လာပါ့မလား (မလာပါ ဘုရား) မလာတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုပြီး ဒီဘက် ပြန်မလှည့်ပေဘူးလား (လှည့်ပါမယ် ဘုရား)။

အဲဒါ ဘယ်လိုကြည့်ရမှာတုန်းဆိုတော့ ဒီအတိုင်းစောင့်ပြီးကြည့်နေတဲ့အခါကျတော့ ဟိုနေရာကယား၊ ဒီနေရာ ကနာ၊ ဟိုစိတ်ကလေးပေါ်လာ၊ ချောင်းဆိုးချင်လို့ပေါ်လာ၊ ပေါ်လာတာတွေကို မဂ်ဉာဏ်ငါးပါးနဲ့ ကြည့်ပေးလို့ရှိရင် ဒီဘက်က အနာဖြစ်ကြောင်းတွေ ဒါတွေ မပြတ်ပေဘူးလား၊ ပြတ်မလား (ပြတ်ပါမယ် ဘုရား) ဒါဖြင့် ဝေဒနာကဖြစ် ပျက်၊ ရှုတာက မဂ် (မှန်ပါ)၊ သေတာတွေက ဒေါသ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ အဝိဇ္ဇာတွေ အကုန်သေတာ ပဲ (မှန်ပါ)၊ အဝိဇ္ဇာပစ္စယာ, သင်္ခါရာ, သင်္ခါရ ပစ္စယာ ဝိညာဏံတွေ လာပါဦးမလား (မလာပါ ဘုရား)။

မလာတော့ကို ရောဂါပျောက်တာတွေပဲ၊ ရောဂါဖြစ်ကြောင်းတွေ ပျောက်တော့ ဒီဘက်မှာခန္ဓာရောဂါတွေ လာပါဦးမလား(မလာပါ ဘုရား) နောက်ထပ် ခန္ဓာငါးပါးရောဂါတွေ မလာပါဘူးတဲ့၊ ဒေါသ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ အဝိဇ္ဇာ၊ အဝိဇ္ဇာပစ္စယာ၊ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ကျအောင်ပဲ ဝိညာဏ်ဆိုတာ ခန္ဓာငါးပါးပေါ်မှာ (မှန်ပါ)၊ ဒါတွေ ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား)။

မဂ်ဝင်လိုက်လို့ရှိရင် မပေါ်ဘူး

ဒါ မဂ်ဝင်လိုက်လို့ရှိရင် မပေါ်ဘူးတဲ့၊ ဒီအနာတွေ အကုန်ပျောက်သွားတော့မှာဘဲ (မှန်ပါ)၊ ဒါဖြင့် ဒါတွေ စောင့်ကြည့်ပြီး သကာလ ဒါတွေ ဦးမာဒင်ညမှာ စောင့်ကြည့်နေတဲ့အခါမှာ အနာဘယ်နေရာမှာ မကင်းပါလားဆိုတာ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။

ပေါ်လာတဲ့အခါကျတော့ ဒီအနာကလေးတွေကို ရောဂတောလို့လည်း ဟောထားတယ်၊ ရောဂတောလို့ ဟော ထားတော့ ဟုတ်သားပဲ၊ စောင့်ကြည့်မှ တစ်ကိုယ်လုံး ရောဂါချည်းပဲဆိုတာ ပေါ်လာတယ် (မှန်ပါ)၊ ပေါ်လာတဲ့အခါ ကျတော့ ပေါ်တဲ့ရောဂါက အနိစ္စ၊ သိတာက မဂ္ဂသွားလေရဲ့ (မှန်ပါ) နို့မဟုတ်ရင် ဒီအနာက ဒုက္ခ ဝေဒနာဖြစ်သော ကြောင့် ဒေါသ သောက ပရိဒေဝ ဥပါယာသ အဝိဇ္ဇာသင်္ခါရနဲ့ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒီဟာတွေ မလာအောင် ဘယ့်နှယ်လုပ်သတုန်းဆိုလို့ရှိရင် အနာကို အနာမှန်း သိတဲ့ဉာဏ်ကလေး လာလို့ရှိရင် ဒါတွေဟာ အနာဖြစ်ကြောင်းတွေ ချုပ်သွားတာပဲ (မှန်ပါ) မချုပ်ပေဘူးလား (ချုပ်ပါတယ်) ဒီခန္ဓာကြီး ပေါ်ဦးမလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဦးမာဒင်တို့က အနာဆက်ရနေတာ ဘာကြောင့်ပါလိမ့်မတုန်းဆိုတော့ ဟောဒီမဂ်က မဝင်လို့ အနာဆက် ရတာ (မှန်ပါ) ပစ္စုပ္ပန်အနာကြောင့် သံသရာအနာ ရပြန်တယ် (မှန်ပါ) မရဘူးလား (ရပါတယ် ဘုရား)။

ဒါက ပစ္စုပ္ပန်ကြောင့် စောင့်ကြည့်နေ၊ အနာပေါ်တယ်၊ အနာပေါ်လို့ ဒီက ဒုက္ခဝေဒနာ ပစ္စယာ ဒေါသ သောက ပရိဒေဝ ဥပါယာသ အဝိဇ္ဇာ သင်္ခါရဟုတ်လား (မှန်ပါ)၊ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါး မလာသေးဘူးလား (လာပါတယ် ဘုရား)။

ပစ္စုပ္ပန်အနာကို အပြစ်မရှုမိတာနဲ့

ဒါဖြင့် ပစ္စုပ္ပန်အနာကို ခင်ဗျားတို့ အပြစ်မရှုမိတာနဲ့ သံသရာနာရပြန်ရေ၊ မရဘူးလား (ရပါတယ် ဘုရား)။

ဒါကြောင့် စောင့်ကြည့်ကြစို့၊ ဒီနေရာတွေကို တပည့်တော် ဇာတ်သိမ်းပါမယ်ဘုရား၊ ပစ္စုပ္ပန်အနာကို မသိဘဲ နဲ့ သံသရာနာကို ဇာတ်မသိမ်းနိုင်ပါဘူး၊ ပစ္စုပ္ပန်အနာ သိမှသာလျှင် သံသရာနာ ဇာတ်သိမ်းနိုင်ပါတယ် ဆိုတာ သိလို့ရှိရင် ဖြင့် ပစ္စုပ္ပန်အနာကို အနာလို့ မယူဘဲနဲ့ ဒီဥစ္စာ ဒုက္ခသစ္စာ၊ ယားတာလည်း ဒုက္ခသစ္စာ၊ နာတာလည်း ဒုက္ခသစ္စာ၊ ပေါ်တဲ့ စိတ်ကလေးတွေကော (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီ ဒုက္ခသစ္စာချည်း ရှုရှု-ရှုရှုပေးတော့ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ (မှန်ပါ)၊ ရှေ့က ချုပ်သွားတာက ဒုက္ခသစ္စာ၊ နောက်သိလိုက်တာက မဂ္ဂသစ္စာ (မှန်ပါ)၊ မဂ်ဆိုတာ ကိလေသာဖြတ်တယ်ဆိုတော့ ဒေါသ ကိလေသာတွေ ဖြတ်ချလိုက် တယ်၊ ဖြတ်ချလိုက်တော့ သူနဲ့တွဲနေတဲ့ အဝိဇ္ဇာကော ရောမသေဘူးလား (သေပါတယ်)၊ ရောသေတော့ သင်္ခါရကော (မဖြစ်ပါ ဘုရား)၊ သင်္ခါရမဖြစ်တော့ နောက်ခန္ဓာ၊ ဒီအနူရောဂါရှိတဲ့ ခန္ဓာငါးပါး လာသေးရဲ့လား (မလာပါ ဘုရား) မလာလို့ရှိရင်ဖြင့် ပစ္စုပ္ပန်ရောဂါသိတဲ့ ပုဂ္ဂိုလ်များမှ အနာဂတ်ရောဂါ ငြိမ်းစေနိုင်တယ်ဆိုတာ ပေါ်လာတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒီလမ်းမှတစ်ပါး ဦးမာဒင်ဖြတ်လမ်းမရှိဘူး (မှန်ပါ)။

ဒါဖြင့် ဒီနေ့ကစပြီး သကာလ ခန္ဓာကိုယ်ကို ဘာမှ မလုပ်ဘဲနဲ့ စောင့်ကြည့်နေလို့ရှိရင် ရောဂါက အရင်ပြပါ လိမ့်မယ် (မှန်ပါ)၊ ယားတဲ့ရောဂါ၊ နာတဲ့ရောဂါ၊ အောင့်တယ် ညောင်းတယ် ကောင်းတယ်ဆိုတာလည်း ခင်ဗျားတို့အထင် က ကောင်းတာကိုး၊ သူလည်းဖြစ်ပျက်၊ သုခဝေဒနာလည်း ဒုက္ခ မကင်းပါဘူး၊ သုခဝေဒနာလည်း ဒုက္ခသစ္စာပဲ (မှန်ပါ)၊ ဥပေက္ခာဝေဒနာ ပေါ်တာလည်း ဒုက္ခပဲ၊

ဒုက္ခတစ်လုံးတည်း ပေပြီးရှု

ဘယ်စိတ်ပေါ်လာလာ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” လို့ဆိုတာကြောင့် ဒုက္ခချည်းပဲ (မှန်ပါ)၊ ပေါ်လာတာဟူသရွေ့ ဦးမာဒင် ဒုက္ခတစ်လုံးတည်း ပေပြီးရှု (မှန်ပါ)၊ ပေရှုပေးတော့ အရှုခံရတာက ဒုက္ခ၊ ရှုဉာဏ်က မဂ္ဂ (မှန်ပါ)၊ ဒီဘက်က နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ (မှန်ပါ)၊ သစ္စာလေးပါးကော မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်လည်း မှန်တယ် သစ္စာလည်းဆိုက်တယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒီဥစ္စာဟာ အမှန်တရားပဲ၊ သစ္စာဆိုက်ရင် အမှန်တရား (မှန်ပါ) ပဋိစ္စသမုပ္ပါဒ်ပြတ်ခဲ့သော် အမှန်တရား (မှန်ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်ခဲ့သော် (အမှန်တရားပါ) သစ္စာဆိုက်ခဲ့သော် (အမှန်တရားပါ ဘုရား)၊ အမှန်တရားက ဒါပဲ ရှိတယ်၊ ဒီ့ပြင် တရားတွေက ဒီသမုဒယပြီး ဟိုသမုဒယသွားတာပဲ၊ ဒီဒုက္ခပြီးတော့ ဟိုဒုက္ခမရဘူးလား (ရပါတယ် ဘုရား)။

ဒါကြောင့် အလောင်းကြီးထမ်းဖို့ အလိုမရှိပါနဲ့၊ မဟုတ်ဘူးလား (မှန်ပါ)၊ အလောင်းကလေး ဇာတ်သိမ်းပြီး အလောင်းကြီးတော့ဖြင့် မဖြစ်ချင်ပါနဲ့ (မှန်ပါ)၊ ဒါ မတားရပေဘူးလား၊ တားမြစ်ရမလား (တားရပါမယ်) တားရမှာပဲ၊ ဘယ့်နှယ် အခုကို ကိုယ့်အလောင်းကလေး ကိုယ်ထမ်းပြီး ဆရာဘုန်းကြီးဆီ လာခဲ့ရပြီ(မှန်ပါ)၊ နတ်ပြည်ကို ဒီအလောင်း ကြီး ထမ်းသွားရဦးမယ်ဆိုတော့ ကျုပ်တို့ ဒွန်းစဏ္ဍားမျိုး မဟုတ်ဘူးလို့ ပြောလိုက်ဖို့ ကောင်းတယ် (မှန်ပါ)၊ မကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)။

ဉာဏ်နဲ့ကြည့်ပြောရင် (မှန်ပါ) အခု အလောင်းကလေး ထမ်းနေရတယ်၊ လေးတောင် အလောင်းကလေး ထမ်းနေရတယ်၊ ဟိုကျတော့ သုံးဂါဝုတ်ရှိတာကို ထမ်းရမယ် (မှန်ပါ)၊ ဒါဖြင့် ကျုပ်တို့က ဒွန်းစဏ္ဍားမျိုး မဟုတ်ဘူး ဆိုတဲ့ ဥစ္စာ ဒီကနေပြီး ဖြတ်မှရမယ် (မှန်ပါ)၊ ဒီကနေ မဖြတ်လို့ရှိရင် ဘယ်နည်းနဲ့မှ မရတော့ဘူး (မှန်ပါ)၊ ဒီမှာ စိတ်အမျိုးမျိုးပေါ်မယ်၊ ဝေဒနာအမျိုးမျိုး ပေါ်ချင်တာ ပေါ်တာတွေက ရောဂါ ပေါ်တာချည်း ဆုံးဖြတ်ချက်ချ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခဏလေးဖြစ်ပြီး ခဏကလေးနဲ့သေတာ

ဒါဖြင့် ရောဂါ ဟုတ်တယ်၊ မဟုတ်တယ် ဦးမာဒင်က စဉ်းစားဖို့ အရေးပေးလာတယ်၊ ရောဂါနဲ့မို့ တစ်ယောက် နဲ့ တစ်ယောက် ခဏလေးဖြစ်ပြီး ခဏကလေးနဲ့သေတာ (မှန်ပါ)၊ ရောဂါရှိလို့ သေတာပေါ့၊ မဟုတ်ဘူးလား (မှန်ပါ)၊ ဒုက္ခဝေဒနာကလေးဖြစ်လည်း ဖြစ်ပြီး ပျက်သွားတာပဲ၊ ရောဂါနဲ့ သေတာကိုး (မှန်ပါ)၊ သုခဝေဒနာကလေးဖြစ်လည်း ဖြစ်ပြီးသေတာပဲ၊ သုခနဲ့သေသွားတာပဲ၊ ဥပေက္ခာ ဝေဒနာကလေးကော ဖြစ်ပြီးသေတာပဲ (မှန်ပါ) ဒါဖြင့် ဝေဒနာနဲ့သေ တာချည်းမကျဘူးလား (ကျပါတယ်)၊ “ယံကိဉ္စိ ဝေဒယိတဓမ္မံ၊ သဗ္ဗန္တံ ဒုက္ခသ္မိန္တိ” အကုန်ဖြစ်သမျှ ဒုက္ခအစစ်ချည်းပဲ ဆိုတာနဲ့ကော မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဒီဟာတွေ ပေါ်သရွေ့ ဦးမာဒင်က ဒီဟာတွေ ဒုက္ခသစ္စာ၊ ဒါ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာလို့ စောင့်ကြည့် နေရင် သူတို့က ဒုက္ခသစ္စာချည်းပဲ ပြောတဲ့အခါကျတော့ ဟုတ်သားပဲ၊ ဟုတ်သားပဲလို့ ခေါင်းညိတ်ပြီး လိုက်သွားပါ၊ ခေါင်းညိတ်ပြီးလိုက်-လိုက်တော့ ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာ ရတော့တယ်၊ ဒီဘက်က သမုဒယတွေ ပြတ်တယ်၊ ဒီဘက်က နောက်လာမည့် ဒုက္ခတွေကော (ပြတ်ပါတယ် ဘုရား)။

ပြတ်တယ်ဆိုတော့ ဪ ဒီဥစ္စာသည် ဖြတ်တာက မဂ္ဂဥစ္စာ၊ သေတာက သမုဒယသစ္စာ၊ နောက်ခန္ဓာ မလာ တာက နိရောဓသစ္စာ၊ အရှုခံရတာက ဒုက္ခသစ္စာ (မှန်ပါ) ကဲ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ သမုဒယသစ္စာသေ၍ နိရောဓ ပေါ်လာတာ (မှန်ပါ)၊ ဟော ကိုက်နေတာပဲ၊ ပဋိစ္စသမုပ္ပါဒ်လည်း ပြတ်တယ်၊ သစ္စာလည်း ကိုက်လို့ (မှန်ပါ ဘုရား)။

တရားအားထုတ်ကြတယ် ဆိုတာ

အဲဒီတော့ကို တရားအားထုတ်ကြတယ်၊ တရားအားထုတ်ကြတယ် ဆိုတာ ဘာတုန်းလို့မေးလို့ရှိရင်၊ ရှေ့ပိုင်းကို ပြောလို့ရှိရင် ကိုယ့်အသေကိုယ်ကြည့်တာ (မှန်ပါ)၊ သဘောကျပလား (မှန်ပါ ဘုရား)။

ဦးမာဒင် စိတ်နှစ်ခုနဲ့ အသက်ရှင်သလား၊ တစ်ခုနဲ့ အသက်ရှင်သလားလို့ မေးရင် ဘယ့်နှယ်ဖြေပါမတုန်း (တစ်ခုနဲ့ အသက်ရှင်ပါတယ်) ဒါဖြင့် ဒီတစ်ခုချုပ်သွားရင် ဒီတစ်ခုနဲ့ အသက်ရှင်တယ် (မှန်ပါ) ဒါဖြင့် အသေကို အရှင်နဲ့ ကြည့်ပါ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အသေကို အရှင်နဲ့ကြည့်တော့ ကိုယ့်အသေလား၊ သူများအသေလား (ကိုယ့်အသေပါ ဘုရား) အဲ ကိုယ့်အသေ ကိုယ်မြင်တော့ အသေမြင်လာလိမ့်မယ်၊ ကိုယ့်အသေ ကိုယ်မြင်တော့ ကြာတော့ မုန်းလိမ့်မယ်၊ မုန်းလို့ရှိရင် သေတာဟာ ဒုက္ခသစ္စာလို့ ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ချက်ချနိုင်တဲ့အခါ ဒီက မဂ္ဂင်ရှစ်ပါး မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အခုတော့ မဂ္ဂင်ငါးပါးပဲ ရဦးမယ်၊ ကိုယ့်အသေကို ကိုယ့်မလိုချင်တဲ့ ဉာဏ်အစစ်ဖြစ်လာလို့ရှိရင် သီလမဂ္ဂင် သုံးပါး ဝင်လာမယ် (မှန်ပါ)၊ မဝင်လာဘူးလား (ဝင်လာပါတယ်) ဝင်လာရင် သေတာပန်တည်ရမယ်၊ သောတာပန်တည် ရင် ဒီဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသတွေ ဒီဟာတွေနဲ့ ရောပြီး သေတာပဲ (မှန်ပါ)၊ သေလို့ရှိရင်ဖြင့် အပါယ်လေးပါး တည်းဟူသော ခန္ဓာကြီးဟာ လွတ်သွားပြီ၊ “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” ဆိုတဲ့အတိုင်း အပါယ်လေးပါး လွတ်ကင်း တဲ့ ပထမမဂ်ဖြင့် မြင်အပ်သော နိဗ္ဗာန်ခန္ဓာတော့ ရမှာပဲ (မှန်ပါ)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဝိပဿနာအလုပ်ဆိုတာ

ဒါဖြင့် ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့်မလဲလို့ မေးဖို့လိုလာပါတယ်။ ဝိပဿနာအလုပ်ဆိုတာ ကိုယ့်အသေ ကိုယ်ရှုတဲ့အလုပ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်အသေ ကိုယ်ကြည့်တဲ့အလုပ်ဆိုတော့ အသေကို ဘယ်သူနဲ့ ကြည့်ရမတုန်း၊ အသေကို အရှင်ကမှ မြင်ရမှာ ပေါ့ဗျ (မှန်ပါ)၊ အသေကို အသေချင်း ကြည့်လို့ကော မြင်ပါ့မလား (မမြင်ပါ ဘုရား) ကြည့်လို့လည်း မဖြစ်နိုင်ပါဘူး (မှန်ပါ)။

ဒါကြောင့် အခု ဘုန်းကြီး တရားဟောနေတာ ဦးမာဒင်ကို ဒကာရင်း ဆရာရင်းမို့ အရှင်ကလေး ပေါ်နေတဲ့ အချိန်ကိုချည်း နည်းပေးတော့၊ ဒီအရှင် မလာတော့ဘူးဆိုရင် ကျုပ်လည်း မပေးနိုင်တော့ဘူး (မှန်ပါ)၊ ပေးနိုင်ပါဦး မလား (မပေးနိုင်ပါ ဘုရား)။

ဒါကလေးဟာ သာသနာတွင်းမှာသာ ပေါ်တာနော်၊ သာသနာတွင်းမှာ ဆရာကောင်း သမားကောင်းနဲ့တွေ့မှ ပေါ်တယ် (မှန်ပါ) ဆရာကောင်း သမားကောင်းနဲ့ တွေ့တယ်ထားဦး၊ ကာလဝိပ္ပတ္တိကာလဖြစ်ပြီး စစ်တွေ ဘာတွေ ဖြစ်လာတဲ့ စစ်အတွင်းကာလမျိုးဆိုရင်လည်း ရပါ့မလား (မရနိုင်ပါ ဘုရား) ဖြစ်ချင်ရင်ဖြုန်းခနဲပဲ၊ ဒေါသ၊ လောဘ၊ မောဟသမားတွေ လက်ထဲမှာ လက်နက်ကောင်းရောက်နေတယ် မဟုတ်ဘူးလား (မှန်ပါ) အဲဒီတော့ ကျုပ်တို့ အချိန်ဆိုင်း လို့ရှိရင် မှားလိမ့်မယ်ဆိုတာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

သေခြင်းဆိုး သေသွားနိုင်တယ်

ဟာ ဦးမာဒင်က ဝါဆိုရင်ဖြင့် တပည့်တော် ကျေနပ်တာပဲ၊ ဘယ်လို ညာလိုနဲ့ ပြောပေမယ့် ဥပမာ- ဝါမဆိုခင် အဏုမြူစစ် ဖြစ်လာရင် ပဋိရူပ ဖြစ်ပါ့ဦးမလား (မဖြစ်နိုင်ပါ ဘုရား) မဖြစ်လို့ရှိရင်ဖြင့် အသိဉာဏ်ကလေး သာမညနဲ့ပဲ ရပ်စဲပြီး သကာလ အလုပ်အဆုံး မရောက်ပဲနဲ့ သေခြင်းဆိုး သေသွားနိုင်တယ် (မှန်ပါ) မသေနိုင်ဘူးလား (သေနိုင်ပါ တယ် ဘုရား)။

သေနိုင်တော့ကို ဟိုဟာတွေဟာ ဘယ်အချိန် ထ,လုပ်လုပ်ရတယ်၊ ဥပမာ-စပါးစိုက်တဲ့လူရှိရင် စပါးဟာ နေ့တိုင်းပေါ်မှာဘဲ၊ စပါးစိုက်တဲ့လူသာ ရှိပစေ၊ စပါးစိုက်တဲ့ လူကလည်း မရှိပါနဲ့ဆိုလို့ မရဘူး၊ ရှိမှာချည်းပဲ (မှန်ပါ) အဲဒီတော့ ဆန်စက်ကြိတ်တဲ့ ပုဂ္ဂိုလ်က သူပေါ်တိုင်း ကြိတ်နေမယ်ဆိုရင် ခင်ဗျားလည်း မအားဘူး၊ စက်ကလည်း သံမို့သာပေါ့ဗျာ၊ လူဖြင့် ပျင်းရိလာမှာပေါ့ (မှန်ပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးက ပြောရတယ်၊ ဦးမာဒင် အရင်နှစ်တွေက ဘာလုပ်ခဲ့သတုန်း၊ ဒါပဲလုပ်ခဲ့တယ်တဲ့ (မှန်ပါ) ဒီနှစ်ကော ဘာလုပ်မှာတုန်း၊ ဒါပဲ လုပ်နေတာပဲ (မှန်ပါ) အို ခင်ဗျား သားမယားနဲ့ ရန်ဖြစ်တဲ့နည်း ကျုပ်က ပေးရဦးမယ်၊ သားမယားက ချဉ်ပေါင်ရွက်ဟင်းနဲ့ ငရုတ်သီးထောင်းချည်း ထည့်ကျွေးနေစမ်းပါ၊ တစ်နေ့နေ့ ရန်ဖြစ် ရမယ် (မှန်ပါ ဘုရား)။

မဖြစ်ရပေဘူးလား (ဖြစ်ရမှာပါ ဘုရား)၊ ဘာဖြစ်လို့တုန်း၊ ငါ အကောင်းရှာကျွေးနေလျက်သားနဲ့ကွာ၊ ချဉ်ပေါင် ဟင်း ငရုတ်သီးထောင်းချည်း ကျွေးနေတယ်ကွ ဆိုသလိုပေါ့၊ ဒီမှာလည်း ချဉ်ပေါင်ဟင်း ငရုတ်သီးထောင်းချည်းစား နေရသလို၊ နေ့စဉ်ဒီစက်တွေနဲ့ လုပ်နေရတာ ဘယ်နှယ့်ကြောင့် ဒီစက်တွေနဲ့ ရန်မဖြစ်တာတုန်း၊ မဖြစ်ချင်သေးဘူးလား (ဖြစ်ချင်ပါပြီ ဘုရား)။

တစ်နေ့ကျတော့လည်း ဒီစက်နဲ့ပဲ၊ ဟင် ပြင်ရဦးမှာနဲ့ ဘယ်နှစ်အိတ် ကျရတာနဲ့ ဆီဘယ်နှစ်ပုံး ထွက်ရတာနဲ့၊ ဒါပဲ ခင်ဗျားလည်း စက်ငါးလုံး ကြိတ်တာနဲ့ သေရပါလိမ့်မယ်၊ သေရင်လည်း သေခြင်းဆိုးဗျ၊ ဟင် (မှန်ပါ သေခြင်းဆိုး ပါ ဘုရား) အဲဒါ ဒကာ ဒကာမတွေက သေခြင်းဆိုး ဆဲတာများ မနာနေနဲ့ဟေ့၊မင်းတို့ ငါ့ကို နိမိတ်ပေးနေဖို့မလိုဘူး၊ ငါကိုယ်တိုင်က ဖြစ်ပြီးသားလို့ပြော (မှန်ပါ၊ ဒီအတိုင်းပါ ဘုရား)။

မသိဆိုးရွားနေကြတာ

ကဲ ဒါလောက်ထိအောင် ခင်ဗျားကို မသိဆိုးရွားနေကြတာ (မှန်ပါ)၊ ဒါ ဒကာရင်း ဆရာရင်းမို့ ဒါလောက် ပြောပါတယ်၊ ချဉ်ပေါင်ဟင်း ငရုတ်သီးထောင်း သဘောကျပြီ မဟုတ်လား၊ (မှန်ပါ)၊ ဘယ်လောက်ကြာပြီတုန်း ချဉ်ပေါင် ဟင်း ငရုတ်သီးထောငိး စားလာတာ ဘယ့်နှယ်ကြောင့် ရန်မဖြစ်သေး သတုန်း၊ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

အဲဒါ ကိလေသာရူး ထနေလို့ဘုရား၊ မီးဖိုရှိနေလို့ မီးကင်ချင်တာဘုရား (မှန်ပါ) ဒီ့ပြင် ဘာဖြေစရာ ရှိသေး သတုန်း၊ (ဒါပဲ ဖြေရမှာပါ ဘုရား)၊ ကိလေသာနူနာ မပျောက်သေးသရွေ့ ကာလပတ်လုံး ဒီမီးကင်ချင်တဲ့ အလုပ်ကို ဖျောက်လို့မရဘူး (မှန်ပါ ဘုရား)။

နူနာပျောက်အောင် ဆိုတော့ ဟောဒီမှာကြည့် ကိုယ့်အသေကိုယ် မြင်တဲ့အခါကျလို့ရှိရင် ဟောဒီကိလေသာ နူနာတွေ ဘယ့်နှယ်နေကြသတုန်း (မှန်ပါ၊ ပျောက်ပါတယ် ဘုရား) ပျောက်လို့ရှိရင် ကိလေသာခန္ဓာကြီးပါ၊ နောက် လာနိုင်ပါဦးမလား (မလာပါ ဘုရား) မလာတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီအနား မီးဖိုနားကပ်ပါဆိုတော့ (မကပ်ပါ ဘုရား)။

မီးလှုံချင်လွန်းလို့ပါ

ကဲ ဒါဖြင့် သူများရူးတာကို ကိုယ်တော မရူးချင်ဘူးဆိုတဲ့စိတ် ပြောင်းမိမှာဘဲ (မှန်ပါ) နဂိုတုန်းကတော့ ရူး နေတာပေါ့ဗျာ၊ သူမရ ငါမရနဲ့ စပါးလုဝယ်နေရ ဈေးဆစ်ကြနဲ့ ဘာဖြစ်ကြတာတုန်း ဆိုတော့ မီးလှုံချင်လွန်းလို့ပါ (မှန်ပါ)၊ မီးလှုံချင်လွန်းလို့မှ တစ်ပါး ဒီ့ပြင်လည်း မရှိဘူ (မှန်ပါ)။

ကဲကွာ နည်းနည်းနဲ့ မီးဖိုကြီးဖြစ်အောင် လုပ်ရမယ်ကွဆိုပြီး လျှောက်စုနေရတဲ့ လူက ဒါလုပ်မှာဘဲ၊ တို့ကလည်း ကွာ ဒီလူတွေ ငွေကုန်သွားလို့ရှိရင် စောင့်ဝယ်မကွဆိုတဲ့ လူကလည်း မီးဖိုကြီးဖြစ်မှာဘဲ (မှန်ပါ)၊ အံမာလေး တစ်ခါတည်း မီးဖိုမကြီးမှာတော့ တစ်ယောက်မှ မရှိဘူး (မှန်ပါ)၊ မီးဖိုးကြီးပဲ မြင်နေရတာပဲ (မှန်ပါ)၊ ဘာဖြစ်လို့တုန်းဆိုတော့ ပိုးကြီးကိုက်လို့ (မှန်ပါ)၊ ပိုးကြီးကိုက်လို့ လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ ဘုရားမှာတော့ ဒီအနာတွေက ကင်းသွားတော့တာပဲ၊ မီးနားကို မကပ်တော့ဘူးတဲ့၊ (မှန်ပါ) ဪ အနိစ္စသင်္ခါရပဲ၊ သင်္ခါရတွေ အနိစ္စလမ်းဆုံးမှာပဲ၊ သင်္ခါရတွေဟာ အနိစ္စလမ်းဆုံးမှာဘဲ ဆိုပြီး သကာလ ဒီဟာတွေ အဖိုးမတန်ဘူးဆိုပြီး မီးဖိုတွေကို အပြစ်မြင်တယ်။

ကဲ ဘုရားအလောင်း သူတော်ကောင်းကတော့ အပြစ်မြင်သတဲ့၊ ဦးမာဒင်တို့ အခုထက်ထိ (၆၅)နှစ်ရှိပြီ၊ အပြစ်မမြင်သေးဘူး (မှန်ပါ ဘုရား) အခုထက်ထိ မီးဖိုးငါးဖိုကို တစ်ယောက်ထဲ လှုံနေတယ်ဆိုပါတော့ (မှန်ပါ)။

အံမာလေး ဖြစ်မှဖြစ်ရလေ၊ ဒါကလေး သားအမွေပေးဖို့ ကြိုးစားရအုံးမယ်ဆိုရင် သွားပြန်ရောဗျာ၊ မင်းတော့ လှုံရစ်ဦးကွာ၊ မီးလောင်သေရစ်ထဲကပေါ့ ငါတော့ဖြင့် သေခြင်းဆိုးသေပေါ့၊ မင်းတို့လည်း သေရစ်ကြဦး၊ ဒါ အမွေကောင်း လား ခင်ဗျားတို့ စဉ်းစားကြည့်စမ်းပါဦး (အမွေဆိုးပါ ဘုရား)။

ဦးမာဒင် တပည့်တော်ဘုရား၊ တော်တော်ကလေးလည်း ဆရာတော်ဘုရား တရားတော်ကို တော်တော်စိတ်ဝင် စားပါတယ်၊ ဝင်စားလို့ တပည့်တော် သားတွေ သမီးတွေကိုလည်း တပည့်တော် သူတို့ကို အလွတ်မထားပါဘူး၊ အကုန်လုံး တရားနာရပါစေမယ်။

ဒီအလုပ် မလုပ်လို့ရှိရင်

ကဲ ဒါဖြင့် ဒီအလုပ် မလုပ်လို့ရှိရင် ဒီအနာတွေ ပျောက်ပါ့မလား (မပျောက်ပါ ဘုရား) သုခဝေဒနာ ပစ္စယာ တဏှာ ဥပါဒါန်ကံ လာဦးမှာဘဲ (မှန်ပါ) သုခ ဝေဒနာရှိလို့ရှိရင် တဏှာ ဥပါဒါန်ကံ၊ ဒီဘက်က ဇာတိ ဇရာ မရဏ ပြေးလို့ လွတ်ပါ့မလား (မလွတ်ပါ ဘုရား) မလွတ်တော့ဘူး။

အဲဒီတော့ သုခဝေဒနာကို ကျုပ်တို့က မင်းသုခဝေဒနာအစစ် မဟုတ်ဘူး၊ မင်းအဖြစ်မှာ သုခ၊ အပျက်ကျတော့ ဒုက္ခပဲ မင်းလမ်းဆုံးတာပဲ (မှန်ပါ) မဆုံးဘူးလား (ဆုံးပါတယ် ဘုရား)၊ ဆုံးတော့လည်း သူလည်း ဒုက္ခသစ္စာပဲ (မှန်ပါ ဒုက္ခသစ္စာပါ) ဥပေက္ခာဝေဒနာဆိုတာလည်း အဖြစ်မှာပဲ သူဒုက္ခပဲ၊ အပျက်မှာလည်း ဒုက္ခပဲ၊ အလုံးစုံဒုက္ခပဲ (မှန်ပါ ဘုရား)။

ဒါဖြင့် ဒါတွေ ဒုက္ဓသစ္စာ ပေါ်တိုင်းပေါ်တိုင်း ဦးမာဒင် စောင့်ကြည့်နေလို့ရှိရင် ခန္ဓာကတော့ ဒုက္ခသစ္စာမှ တစ်ပါး ဘာမှမပြောဘူး (မှန်ပါ)၊ ဒုက္ခသစ္စာလို့ မပြောပေဘူးလား (ပြောပါတယ်)၊ ဒုက္ခသစ္စာပဲ သူပြောစရာရှိတယ် (မှန်ပါ)။

ဒုက္ခသစ္စာလို့ သူပြောတော့ ဒုက္ခက ဆင်းရဲတာ၊ သစ္စာကအမှန်၊ သူတို့က အမှန်ပဲပြောရမယ် (မှန်ပါ ဘုရား) အဲဒီတော့ ဦးမာဒင်တို့က နေရာပြောင်းမပစ်ပါနဲ့တဲ့၊ နေရာပြောင်းပစ်လို့ရှိရင် သူအမှန်ပြောတာ ပျောက်သွားလိမ့်မယ် (မှန်ပါ)၊ နေရာပြောင်းမယူဘဲနဲ့ စောင့်သာကြည့်နေလို့ရှိရင် ဒုက္ခသစ္စာ၊ စောင့်ကြည့်တာက မဂ္ဂသစ္စာ၊ သေတာက တဏှာ ဥပါဒါန်ကံ ကံသေလို့ရှိရင်ဖြင့် ဇာတိဇရာ မရဏ မလာတာ (မှန်ပါ)။

ဇာတိပေါင်း အနန္တချုပ်သွား တယ်

အဲဒီတော့ ဇာတိဇရာ မရဏ မလာတာသည် ဘယ်လောက်မလာမှာတုန်း ဆိုတော့ ဇာတိပေါင်း အနန္တချုပ်သွား တယ်၊ ဇရာပေါင်းကော (အနန္တချုပ်ပါတယ် ဘုရား) ဗျာဓိပေါင်းကော (အနန္တပါပဲ ဘုရား)၊ အနန္တချုပ်သွားတော့ကို ဒီ ဒုက္ခတွေချည်း ကျုပ်တို့ ရှုလိုက်တာနဲ့ ဒီဘက်က အနန္တချုပ် သွားလို့ရှိရင်ဖြင့် ဒီဒုက္ခကလေးကို ကျုပ်တို့ သည်းခံရှုရလိမ့် မယ် (မှန်ပါ)၊ မရှုရပေဘူးလား (ရှုရပါတယ် ဘုရား)။

အဲဒီတော့ကို အလျား ယူဇနာငါးဆယ်၊ အနံ ယူဇနာငါးဆယ်၊ အနက်ယူဇနာငါးဆယ်ရှိတဲ့ ရေတွေဟာ ရေထဲမှာ ကျီးသောက်လို့ရအောင် ရေနဲ့ နှုတ်ထမ်းရေးနဲ့ ညီနေတယ် (မှန်ပါ)၊ အဲဒီရေထဲမှ သမန်းမြက်ကလေးနဲ့ နှစ်ပြီး ခါပစ်လိုက်၊ ခါပစ်လိုက်တဲ့ရေနဲ့ အထဲမှာ ကျန်တဲ့ရေနဲ့ ဘယ်သူက များပါလိမ့်မတုန်း၊ (ခါပစ်တဲ့ ရေက နည်းနည်းလေးပါ၊ ကျန်တဲ့ရေက အလွန်များပါတယ် ဘုရား)။

အဲဒီလိုပဲတဲ့၊ ဟောဒီက မဂ်ရပြီးလို့ရှိရင် ဒီဘက်ခါပစ်တဲ့ရေလောက်သာ ကျုပ်တို့ ဒုက္ခရှိတော့တယ်၊ အလွန် ဆုံးခုနှစ်ဘဝပေါ့၊ (မှန်ပါ)၊ ဒါကို ဆက်လက်ပြီး ဆရာကောင်း သမားကောင်းနဲ့ ကြိုးစားလိုက်လို့ရှိရင် ဦးမာဒင်ကလည်း ဇွဲကောင်းကောင်းနဲ့ ကြိုးစားလိုက်လို့ရှိရင် ဒီခုနှစ်ဘဝလည်း ပျောက်သွားမှာဘဲ (မှန်ပါ ဘုရား)။

အဲဒီတော့ အနန္တဒုက္ခတွေ ပေါ်မည့်ဥစ္စာ ကျုပ်တို့ ဒီဒုက္ခကလေးကို ဉာဏ်နဲ့ကြည့်ရုံပဲ (မှန်ပါ)၊ အဲဒီတော့ ဒီဒုက္ခသစ္စာကို ပေါ်လာတာကလေးဦးမာဒင် ခန္ဓာကိုယ်ထဲမှာ ဘာပေါ်လာလာ ဒုက္ခသစ္စာမှတစ်ပါး ဘာမှ မပေါ်လာဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ပါဠိတော်နဲ့ ကိုက်ပါရဲ့လား ဆိုတော့ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” အကျဉ်း ငါ ဟောတော့မယ်ကွာတဲ့၊ ဘာပေါ်လာလာ ဒုက္ခသစ္စာဆိုတော့ တန်းမနေဘူးလား (တန်းနေပါတယ် ဘုရား)။

စောင့်ကြည့်တဲ့အလုပ်ဟာ အတော်ကောင်းတဲ့အလုပ်

ကိုင်း ဒါဖြင့် ဒုက္ခသစ္စာ၊ စောင့်ကြည့်တာက (မဂ္ဂသစ္စာပါ ဘုရား) သေတာက (သမုဒယသေတာပါ)၊ နောက် ဒုက္ခ မလာတာက (နိရောဓသစ္စာပါ)၊ ဒုက္ခနိရောဓော နိဗ္ဗာနံ ကိုး (မှန်ပါ ဘုရား)။

ကောင်းပြီ နောင်မလာတာက “ဒုက္ခနိရောဓော နိဗ္ဗာနံ” ဆိုသဖြင့် ဪ တို့မှာ စောင့်ကြည့်တဲ့အလုပ်ဟာ အတော်ကောင်းတဲ့ အလုပ်ပါလား ဆိုတာ ယနေ့ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ အခု သေသေချာချာ ကြည့်လိုက်တော့ အနာတွေလည်း သိလာပြီ မဟုတ်လား (မှန်ပါ) ဒီဟာနဲ့ တစ်ဖန်ကြည့်လိုက်ပြန်တော့ ဒီဘက်အနာပျောက်လိမ့်မယ်ကော မသိဘူးလား (သိပါတယ် ဘုရား)။

ဒါဖြင့် ဒီအနာကလေး သိထားရင် ဒီဘက်အနာကြီးတွေ အကုန်ပျောက်မယ် (မှန်ပါ)၊ ဒီအနာကလေးကို တပည့်တော့ သည်းမခံနိုင်ပါဘူး၊ ဒီအနာကလေးနဲ့ပဲပျော်နေပါတယ်ဆိုသဖြင့် ဒီအနာကြီးတွေဟာ ခင်ဗျားကိုယ်ပိုင် ပစ္စည်း ဖြစ်ရမယ်(မှန်ပါ) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါကြောင့် နည်းနည်းကလေး သည်းခံလိုက်လို့ရှိရင် များများကြီး ဒုက္ခတွေဇာတ်သိမ်းသွားမယ် (မှန်ပါ)၊ နည်းနည်းဒုက္ခမှ ခင်ဗျားတို့ဟာက ဒီဒုက္ခနဲ့ကင်းရင်တပည့်တော်တို့ မနေနိုင်ဘူးဘုရား၊ သားဒုက္ခ, သမီးဒုက္ခ, ဆွေဒုက္ခ, မျိုးဒုက္ခ ကိုယ့်ကိုယ်ကို ဒုက္ခတွေနဲ့ကင်းရင် မနေနိုင်ဘူးဆိုလို့ရှိရင် ဟိုဘက်က အနန္တ ဒုက္ခတွေလာဦးမယ်၊ ဘယ်သူမှ အမျှပေးဝေလို့ မရတဲ့ဆီ ရောက်ဦးမယ် (မှန်ပါ)၊ မရောက်ပေဘူးလား (ရောက်မှပါ ဘုရား)။

တကယ်တမ်း ကယ်မှာယူမှာကလည်း ဒီမဂ်မှတစ်ပါး ကယ်ယူမည့် တရားရှိရဲ့လား (မရှိပါ ဘုရား) မရှိဘူးတဲ့၊ ဒီ့ပြင် ဒါနကုသိုလ်၊ သီလကုသိုလ် အစရှိသည်တို့က ကယ်တော ကယ်နိုင်ပါတယ်၊ ခေတ္တယာယီပဲ ဖြစ်တယ်၊ ဒိဋ္ဌိမှ မကွာပဲ (မှန်ပါ)၊ အခုဒါကတော့ ဒိဋ္ဌိကွာတယ် (မှန်ပါ)၊ ပေါ်လာတာ စောင့်ကြည့်တိုင်း ကြည့်တိုင်း ဒုက္ခသစ္စာချည်းပဲ ဆိုသဖြင့် ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခမှတစ်ပါး ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား)၊

ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တာလဲ ဒုက္ခပဲ၊ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခမှတစ်ပါး ဘာမှမရှိဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒီအထဲမှာ ငါ-သူတစ်ပါး-ယောကျာ်း-မိန်းမ ပါသေးသလား (မပါ,ပါ ဘုရား) မပါတော့ဘူး၊ သူက ဒုက္ခသစ္စာ မပါတာသိတာက (မဂ္ဂသစ္စာပါ)၊ သေတာက သမုဒယသစ္စာ၊ နောင်ရမှာက နိရောဓသစ္စာ (မှန်ပါ)၊ ရှင်းမသွားဘူးလား (ရှင်းပါပြီ ဘုရား)။

အနာကြည့်၍ အနာသိတဲ့ပုဂ္ဂိုလ်မှ

အဲဒါ အနာကြည့်၍ အနာသိတဲ့ပုဂ္ဂိုလ်မှ ဒီသစ္စာချုပ်တယ်၊ အနာကြည့်၍ အနာသိတဲ့ ပုဂ္ဂိုလ်မှ ဒီသစ္စာချုပ်တယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီအနာကြည့်တဲ့ ပုဂ္ဂိုလ်ကလည်း ရှားမှရှားပဲ (မှန်ပါ၊ ရှားပါတယ်) ဒီအနာကို သူကြည့်တာက ဘယ်လို ကြည့်သတုန်းလို့ များသောအားဖြင့် တစ်မြို့လုံးမှာ ကြည့်လိုက်တဲ့ အခါကျတော့ ဒါက သုခဝေဒနာ ထားပါတော့၊ သုခဝေဒနာပစ္စယာ တဏှာ ဥပါဒါန်ကံ၊ ဟော ဇာတိ ဇရာ မရဏ၊ သူဒီလမ်းချည်းသွားနေတယ် (မှန်ပါ) ဒီကြားထဲ မဂ်ဝင်သေးရဲ့လား (မဝင်ပါ ဘုရား)။

ကဲ တစ်ခါ ဒုက္ခဝေဒနာပစ္စယာ ဒေါသ၊ သောက၊ မရိဒေဝ၊ ဥပါယာသ၊ အဝိဇ္ဇာ၊ သင်္ခါရ၊ ဇာတိ၊ ဇရာ၊ မရဏလာဦးမှာဘဲ (လာဦးမှာပါ ဘုရား) သူက ဒီလမ်းသာ သွားနေမှာဘဲ (မှန်ပါ ဘုရား)။

ဥပေက္ခာဝေဒနာဖြစ်တယ်၊ ပျက်တယ်လို့ မသိတော့ မသိတာက အဝိဇ္ဇာ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရာ ပစ္စယာ ဝိညာဏံ လာဦးမှာဘဲ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

စောင့်ကြည့်တဲ့ အလုပ် မရှိလို့

ဒါဖြင့် သူ့ဟာက နောက်ဒုက္ခဖြစ်လမ်းချည်းသွားနေမှာဘဲ (မှန်ပါ)၊ ဒါဘယ့်နှယ်ကြောင့်တုန်း၊ စောင့်ကြည့်တဲ့ အလုပ် မရှိလို့ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

စောင့်ကြည့်တဲ့အလုပ်ရှိတဲ့အခါကျတော့ ဘာဖြစ်လာသတုန်းလို့ ဆိုလို့ရှိရင် ဒုက္ခကို ရှုလိုက်တယ်၊ ဒေါသ၊ သောက၊ ပရိဒေဝ၊ ဥပါယာသ၊ အဝိဇ္ဇာဆိုတာ မလာတော့ ပဋိစ္စသမုပ္ပါဒ် အဆုံးကနေ မပြတ်ဘူးလား (ပြတ်ပါတယ်) အဆုံးနားက ပြတ်သွားတယ် (မှန်ပါ)။

ဟောဒီအလယ်ဟာကို စောင့်ကြည့်တဲ့ ပုဂ္ဂိုလ်ကျတော့ သုခဝေဒနာကို ဒုက္ခသစ္စာလို့ ရှုလိုက်တဲ့အခါကျတော့ တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏဆိုတာ အလယ်ကနေ မပြတ်ဘူးလား (ပြတ်ပါတယ်) ဒုက္ခရှုတုန်းက အဆုံးကပြတ်တယ်နော် (မှန်ပါ) သုခရှုတော့ (အလယ်က ပြတ်ပါတယ် ဘုရား)။

ကဲ ဟောဒီ ဥပေက္ခာဝေဒနာ ရှုလိုက်ဦးမယ်တဲ့၊ ဥပေက္ခာဝေဒနာ ပေါ်တိုင်းပေါ်တိုင်း မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ဒါ ဥပေက္ခာတွေ ပေါ်တာပဲ (မှန်ပါ)၊ အဲဒီဥပေက္ခာ ပေါ်တိုင်း ပေါ်တိုင်း ဦးမာဒင် ဖြစ်ပျက်တွေ ရှုလိုက်၊ ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်ဆိုတော့ သူက အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားတယ် (မှန်ပါ)၊ အစက မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဖြတ်လမ်းမှတစ်ပါး

ချုပ်တော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ လာသေးရဲ့လား(မလာပါ ဘုရား)၊ မလာတော့ ဥပေက္ခာ ရှုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် အစကနေပြတ်တယ် (မှန်ပါ့)၊ သုခရှုလို့ရှိရင် အလယ်ကပြတ်တယ် (မှန်ပါ)၊ ဒုက္ခရှုရင် အဆုံးကပြတ်တယ်၊ ပြတ်တာချည်းပဲ (မှန်ပါ)။

ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ဖြတ်လမ်းမှတစ်ပါး နိဗ္ဗာန်သွားလမ်း မရှိပါဘူး (မရှိပါ ဘုရား)၊ မရှိတော့ဘူးဆိုတာ သေချာသွားပြီတဲ့၊ ပြီးတော့ သစ္စာလည်းဆိုက်သေးတယ် (မှန်ပါ)။

အဆုံးက ပေါ်လာတဲ့နေရာ လိုက်ပြမယ်၊ ဒုက္ခဝေဒနာပေါ်လာရင် ယားတယ် ယံတယ် နာတယ်ဆိုတဲ့ ဥစ္စာတွေ ဖြစ်ပျက်ရှု၊ ဖြစ်ပျက်ရှုလို့ သူက မဂ်ဖြစ်တော ဒုက္ခဒေါမနဿ သောက ပရိဒေဝ ဥပါယာသဆိုတော့ ဒါ ဒုက္ခသစ္စာ၊ သူကမဂ္ဂသစ္စာ၊ ဒီအကြောင်းတရားတွေက သမုဒယသစ္စာ၊ ဒီဘက်က နိရောဓသစ္စာမလာပေဘူးလား (လာပါတယ်) သစ္စာလေးပါးထဲသွားကိုက်တယ် (မှန်ပါ ဘုရား)။

ကဲ သုခ ရှုကြဦးစို့ဆိုတော့ သုခကလေး ပေါ်လာတယ်၊ ဖြစ်ပျက်ရှုလိုက်၊ ဖြစ်ပျက်ရှုလိုက်တော့ တဏှာ ဥပါဒါန် ကံက မချုပ်ဘူးလား (ချုပ်ပါတယ်)၊ ကံချုပ်ကတည်းက ဒီဘက်က ဇာတိ ဇရာ မရဏ လာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ သူက ဒုက္ခသစ္စာ၊ သူက မဂ္ဂသစ္စာ၊ ဒီသုံးခုက သမုဒယချုပ်တာ၊ ဒီက နိရောဓ ပေါ်တာ (မှန်ပါ) ဟော သစ္စာနဲ့ သွားကိုက်တယ် (မှန်ပါ) ဒါက ဥပရိပဏ္ဏာသပါဠိတော်၊ မဟာစတ္တာရီသသုတ်မှာ ဒီအတိုင်း လာပါတယ်၊

ဒီက ဥပေက္ခာ ရှုကြဦးစို့၊ ဥပေက္ခာဝေဒနာက ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက် သူက ဒုက္ခသစ္စာ၊ သူက မဂ္ဂ သစ္စာ၊ ဒီဘက်က အဝိဇ္ဇာ သင်္ခါရ ချုပ်သွားတာက သမုဒယချုပ်တာ (မှန်ပါ)၊ သင်္ခါရ ပစ္စယာ ဝိညာဏံဆိုတဲ့ ခန္ဓာငါးပါး ချုပ်သွားတာက နိရောဓသစ္စာ၊ သစ္စာသွားကိုက်တယ် (မှန်ပါ)၊ သစ္စာ သွားကိုက်တယ်၊ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်ဆိုလို့ ရှိရင်ဖြင့် ဒီတရားမှတစ်ပါး မှန်တဲ့တရားမရှိဘူး (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

သစ္စာလေးပါးလည်း ဖြစ်တယ်

ဒါဖြင့် ကျုပ်တို့ ဒီအလုပ်မှတစ်ပါး ကိုးစားရာ အားထားရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတော့ဘူး၊ ဦးမာဒင် ဒီကို လာကျိုးလည်း နပ်ပါပြီတဲ့၊ ဒုက္ခရှုလိုက်လို့ရှိရင် သစ္စာလေးပါးလည်း ဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ် အဆုံးက လည်း ပြတ်တယ် (မှန်ပါ) သုခရှုလိုက်လို့ရှိရင် သစ္စာလေးပါးလည်း ဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ် အလယ်ကလည်း ပြတ်တယ် (မှန်ပါ) ဥပေက္ခာရှုလိုက်လို့ရှိရင် သစ္စာလေးပါးလည်းဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ် အစကလည်း ပြတ်တယ် (မှန်ပါ) မပြတ်ဘူးလား (ပြတ်ပါတယ်) ဒါသေသေချာချာ သဘောကျပြီနော် (မှန်ပါ) ကဲ ရီကော်ဒါထဲမှာလည်း ပါသွားလိမ့်မယ် (မှန်ပါ ဘုရား)။

အဲဒါတွေ သိပြီး သကာလ မှ ဪ ဒါဟာ သာသနာတွင်းတရား အစစ်ပါလား (မှန်ပါ)၊ ပေါ်လာပလား (ပေါ်ပါပြီ ဘုရား) သာသနာတွင်းတရားဟာ ဝိပဿနာတရားပဲ၊ ဒီ့ပြင် ဘာလှူ၊ ဘာရတယ်ဆိုတာကတော့ သာသနာပ မှာလည်း ရှိနိုင်တာပဲ၊ ကမ္မဿကတဉာဏ်မျိုးဟာ သာသနာပမှာလည်း ရှိနေတယ် (မှန်ပါ)၊ ဒီ ဝိပဿနာ ဉာဏ်ဆိုတာက သစ္စအနုလောမိကဉာဏ်၊ သစ္စာကို သိတဲ့ဉာဏ်တဲ့ (မှန်ပါ ဘုရား)။

သစ္စာ သိ၊ မသိကြည့်ပါ၊ ယံကိဉ္စိ ဝေဒယိတဓမ္မံ သဗ္ဗန္တံ ဒုက္ခသ္မိန္တိ ဆိုတာ ဒုက္ခသစ္စာချည်း သိနေတာပဲ (မှန်ပါ ဘုရား)။

သာသနာတွင်းတရားအစစ်

ဘာသိနေတာတုန်း (သစ္စာသိနေတာပါ ဘုရား)၊ ဒုက္ခသစ္စာချည်းသိတယ် ဆိုတော့ သာသနာတွင်း တရားအစစ် (မှန်ပါ ဘုရား)။

ပါတိမောက္ခသံဝရကို ထိန်းသိမ်းနေကြသူများ သရဏဂုံသုံးပါး တည်သူများ၊ သရဏဂုံသုံးပါး အထွတ်တင်၍ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး သီလဆောက်တည်ကျင့်သုံးသူများ၊ ဝိပဿနာ၏ အခြေခံအဖြစ် သမထကမ္မဋ္ဌာန်း ပွားသူများ၊ ဝိပဿနာတရားကျင့်ကြံအားထုတ်သူများ၊ နိဗ္ဗာန်ရည်စူး၍ ဒါနကောင်းမှု ပြုသူများကိုလည်း သာသနာတွင်းသားလို့ ခေါ်နိုင်တယ် (မှန်ပါ)။

ဒါဖြင့် ဦးမာဒင်လည်း အခု ကမ္မဿတဉာဏ်တွေလည်း လုပ်ခဲ့တာ များပါပြီ၊ သစ္စာနုလောမိကဉာဏ်ကို ကြိုးစားလုပ်ပါ (မှန်ပါ)၊ဒါမှ သာသနာတွင်းသား အစစ်ဖြစ်မယ် (မှန်ပါ) သစ္စာနုလောမိကဉာဏ် ဖြစ်တဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ်က ဘယ့်နှယ်နေသတုန်း (ပြတ်ပါတယ်)၊ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်ဆိုတာက ခန္ဓာစဉ်ပြတ်တာကို ဆိုတယ် (မှန်ပါ ဘုရား)။

ခန္ဓာစဉ်ပြတ်တာ

ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် ဆိုတာက ဘာပြတ်တာကို ဆိုတာတုန်း (ခန္ဓာစဉ်ပြတ်တာကို ဆိုတာပါ) ခန္ဓာစဉ် ဟူသရွေ့က ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ အဲ ဒုက္ခသစ္စာဟူသရွေ့ အကုန်ပြတ်တယ် (မှန်ပါ ဘုရား)။

ဒီတော့ ဪ တို့မှာဖြင့် ဒီအရေးဟာ ဒီထက်ကြီးတဲ့ လာဘ်ကြီးမရှိတော့ဘူး (မှန်ပါ)၊ ဒီနေ့ အကြီးဆုံးသော လာဘ်မဟုတ်ပါ၊ ဒုက္ခပွားတာပဲ (မှန်ပါ) ဒီဥစ္စာ အကြီးဆုံးသော လာဘ်ကြီးရတဲ့နေ့ဆိုပြီး ဒီနေ့ မှတ်တမ်းတင်ထားပါတဲ့ (မှန်ပါ)၊ ဪ ဒီနေ့ သုနက္ခတ္တံ သုမင်္ဂလံ ဆိုတဲ့အတိုင်း ကောင်းသော နက္ခတ်နဲ့ ကြုံတယ်ဆိုတာ ဒီသူတော်ကောင်းအလုပ် လုပ်တာကောင်းသော နက္ခတ်ပဲ (မှန်ပါ) သုမင်္ဂလံဆိုတာ ကောင်းသော သူတော်ကောင်းတရားတွေ ဝမ်းထဲရောက်လာတာ သုမင်္ဂလံပဲ (မှန်ပါ) ကောင်းကင်က နက္ခတ်ကို ဆိုတာမဟုတ်ဘူး၊ ကောင်းကင်က နက္ခတ်က ဘာမှလုပ်နိုင်တာ မဟုတ်ဘူး၊ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒါဖြင့် အနာရှိတာ သိပြီလား (သိပါပြီ)၊ အနာရှိတာ သိပြီနော် (မှန်ပါ၊ သိပါပြီ ဘုရား) စောင့်ကြည့်မှပဲသိ မယ်တဲ့၊ အခုစောင့်ကြည့်တော့ ဒီအနာ သုံးလုံးလှည့်ပြီး ပေါက်မနေဘူးလား (ပေါက်နေပါတယ်)၊ ဒီအနာ သုံးလုံးအပြင် စိတ်တွေအနာတွေကကော နည်းသလား (မနည်းပါ ဘုရား) ရုပ်နာမ်တွေကကော (မနည်းပါ ဘုရား)၊

မနည်းတဲ့အထဲက ပေါ်ချင်တာပေါ် ခင်ဗျားသန္တာန်မှာ နဂိုက ဒုက္ခသစ္စာသမားမို့ ဒုက္ခသစ္စာမှတစ်ပါး ပေါ်စရာမရှိဘူး (မရှိပါဘုရား၊ ဒုက္ခသစ္စာသာ ပေါ်ပါတော့တယ်) ဒါပဲ ပေါ်တော့တယ်၊ ဒုက္ခသစ္စာကိုယ်က မဂ္ဂသစ္စာ ပေါ်အောင် ဂရုစိုက် (မှန်ပါ) သူကတော့ ဒုက္ခသစ္စာ ပေါ်မယ်၊ ကိုယ်က မဂ္ဂသစ္စာ မပေါ်ဘူးဆိုရင် ဒါ ခက်တယ် (မှန်ပါ ဘုရား)။

ဘာဖြစ်လို့ ဘုရားဖြစ်သွားသတုန်း

အဲ ဘုရားဟာ ဘာဖြစ်လို့ ဘုရားဖြစ်သွားသတုန်းလို့ မေးတဲ့အခါကျတော့ ဒုက္ခသစ္စာ ပေါ်တာကို မဂ္ဂသစ္စာနဲ့ မြင်သွားလို့ ဘုရားဖြစ်တာ (မှန်ပါ ဘုရား)။

ခင်ဗျားတို့လဲ ကြုံရာစီး တပည့်တော်တို့ အခုနိဗ္ဗာန်ရ အခုယူမယ်ဆိုလို့ရှိရင် အခု ဒုက္ခသစ္စာမြင်ရင် အခု ရမှာပဲ (မှန်ပါ ဘုရား)။

အဲဒီတော့ သာဝကပါရမီဉာဏ်မှာ သစ္စာတရားနာရမယ်၊ သစ္စာရယ်လို့ ကိုယ့်ဉာဏ်မှာ နှလုံးသွင်းရမယ်၊ ဒီလို နှလုံးသွင်းလို့ရှိရင် သာဝကပါရမီဉာဏ်သိနိုင်တာပဲ (မှန်ပါ)၊ နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းဆိုတာတွေက သာဝကရိုးရိုးမှာ မဆိုလိုပါဘူး၊ တစ်အသင်္ချေ နှစ်အသင်္ချေဟောတာက ဘုရားမှာ လေး အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ပစ္စေကဗုဒ္ဓါမှာ နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အဂ္ဂသာဝကကြီးမှာ တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း (မှန်ပါ)၊

အခုနိဗ္ဗာန်ရရင် အခုနိဗ္ဗာန်ယူမယ်ဆိုတဲ့ သာဝကရိုးရိုးကျတော့ သစ္စာတရားနာရမယ်၊ သစ္စာ နှလုံးသွင်းလို့ ဉာဏ်စိုက်နိုင်ရင် ပြီးနိုင်ပါတယ် (မှန်ပါ)၊ ဒီလိုဆိုတော့ ရှင်းမနေသေးဘူးလား (ရှင်းပါတယ် ဘုရား)။

ရတာပဲ ယူပါတော့မယ်

ဒါဖြင့် ဦးမာဒင်တို့က ဆုကြီးလဲ ပန်နေတာမဟုတ်ဘူး၊ ရတာပဲ ယူပါတော့မယ်၊ ဒုက္ခသိမ်းရင် ကြိုက်တာပါပဲ၊ ဒီအထဲက မနေဘူးလား (နေပါတယ်)၊ ဒီအထဲကနေလို့ရှိရင်ဖြင့် ခန္ဓာကိုယ် စောင့်ကြည့်တဲ့ အလုပ်ဟာ အကောင်းဆုံး ပဲ (မှန်ပါ)၊

စောင့်ကြည့်ပါလို့ ဆရာဘုန်းကြီးက ဘယ့်နှယ်ကြောင့် ဟောရသတုန်းလို့မေးတဲ့အခါကျတော့မှ မိလိန္ဒ ပဉှာမှာ ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်များ သိအောင် ဘယ့်နှယ်ဖမ်းရမတုန်းဆိုတော့ သားကောင်ကိုဖမ်းရင် မမိနိုင်ဘူး၊ သားကောင်က ကျားတို့ သစ်တို့ထက် အပြေးသန်တာတွေက အများကြီးရှိနေတာ (မှန်ပါ)၊ စောင့်ပြီးဖမ်းတာ ဘယ့်နှယ် နေသတုန်း (မိပါတယ် ဘုရား)။

အဲဒီမှာ ဝိပဿနာဟာ ခန္ဓာကိုယ်ထဲမှာ အခု ဝေဒနာဟောတော့ ဝေဒနာစောင့်ဖမ်းနေပါ (မှန်ပါ)၊ ဖမ်းနေ တော့ ဟိုနေရာက ယားတယ် ဆိုရင်လည်း ဒုက္ခဝေဒနာကို ဖြစ်ပျက်ရှု၊ ဒီနေရာက အကောင်းလုံး ပေါ်လာလည်း သုခ ဝေဒနာကို ဖြစ်ပျက်ရှု (မှန်ပါ)၊ ဒီနေရာက မြင်လုံး, ကြားလုံး, နံလုံး, စားလုံးကလေးပေါ်လာတယ်ဆိုလည်း ဒီနေရာ ဖြစ်ပျက်ရှု (မှန်ပါ)၊

ဝမ်းထဲက ဝမ်းသာ ကြံလုံးကလေး ပေါ်လာလည်း ဖြစ်ပျက်ရှု၊ ဝမ်းနည်းတဲ့ ကြံလုံးလာလည်း ဖြစ် ပျက်ရှု၊ အလယ်အလတ်စား ကမ္မဿကာလာတဲ့ အခါကျတော့ ကိုယ့်ဝေဒနာတွေကို ဖြစ်ပျက်ရှုနေတော့ ဖြစ်တော့ ဝေဒနာက ဖြစ်ပျက်ဟုတ်လား (မှန်ပါ) ရှုတာက မဂ်ပါဘုရား၊ ဒီအတိုင်းသွားမှာပဲ (မှန်ပါ)။

ဘယ်တော့ နိဗ္ဗာန်ရမှာတုန်း

အဲဒီတော့ ဘယ်တော့ နိဗ္ဗာန်ရမှာတုန်းလို့ ဦးမာဒင်က ဆက်မေးဖို့ အရေးကြီးတယ်။ ဟောဒီ ဝေဒနာတွေသာ ခန္ဓာကိုယ်ထဲမှာ ဝေနာက္ခန္ဓာချည်းပဲတစ်ကိုယ်လုံး (မှန်ပါ)၊ ဝေဒနာက္ခန္ဓာ ဖြစ်လို့ရှိရင် သညာ သင်္ခါရ ဝိညာဏ်၊ ရူပက္ခန္ဓာတွဲလျက် ဖြစ်မှာပဲ၊ ဝေဒနာကုန်ရင် ကျန်တာတွေကော မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

ဒါဖြင့် “ဝေဒနာနံ ခယာ ဘိက္ခု နိစ္ဆာတော ပရိနိဗ္ဗုတော” တဲ့ ဘုရားက (မှန်ပါ)၊ ဝေဒနာနံ-ဝေဒနာတို့၏၊ ခယာ-ကုန်ခြင်းကြောင့်၊ ဘိက္ခု-ရဟန်းသည်၊ နိစ္ဆာတော-နောက်က တဏှာ မရှိပြီဖြစ်၍၊ ပရိနိဗ္ဗုတော-ကိလေသပရိနိဗ္ဗာန် စံသည်၊ ဟောတိ – ဖြစ်၏။ (မှန်ပါ)၊ ပထမအကြိမ်ကုန်ရင် သောတာပန်၊ နောက်ဆက်ရှုလို့ ဒုတိယအကြိမ် ကုန်ရင် သကဒါဂါမ်၊ နောက်ဆက်ရှုရင် အနာဂါမ်၊ နောက်ဆက်ရှုရင် ရဟန္တာပဲ၊ ကုန်အောင်သာ ရှုပါတဲ့ (မှန်ပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဟာ ဝေးသလား နီးသလားလို့မေးရင် ဒါကုန်အောင် လိုက်နိုင်ရင် ရောက်တာပဲ (မှန်ပါ)၊ ဒါ ဘယ်တော့မှ ကုန်မှာတုန်းလို့ မေးတဲ့အခါကျတော့ ခင်ဗျားက ဖြစ်ပျက်ရှုလို့ သူ့ကို ဖြစ်ပျက်မြင်ပြီး သူ့ကို ဒုက္ခသစ္စာ ရယ်လု့ိမင်းက မလိုချင်တော့ဘူးဆိုရင် ဖျတ်ဆို အကုန်ချုပ်တာပဲ (မှန်ပါ)၊ ချုပ်သွားတဲ့အခါကျတော့ မဂ်ဉာဏ်မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)၊ မဂ်ဉာဏ်ပေါ်တော့ ဒါ ပစ္စုပ္ပန်ခန္ဓာရှိတုန်း နိဗ္ဗာန် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်က နိရောဓသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ၊ သေတာက သမုဒယသစ္စာ၊ ရှေ့ပိုင်းတွင်လဲ သစ္စာရတာပဲ (မှန်ပါ ဘုရား)။

နီဝရဏခွါဖို့က ခဲယဉ်းနေတာ

ဒါဖြင့် ဒီအလုပ်ဟာ နည်းကျသွားရင် ခဲယဉ်းသလား၊ မခဲယဉ်းဘူးလား (မခဲယဉ်းပါ ဘုရား)၊ သူက မခဲယဉ်းဘူး၊ နီဝရဏခွါဖို့က ခဲယဉ်းနေတာ (မှန်ပါ၊ ဟုတ်ပါတယ် ဘုရား)။

တို့မှာ တစ်သက်လုံး လုပ်လာတော့ ခင်ဗျားတို့က အားမရနိုင်ဘူး၊ ဒီဟာကလေး လုပ်ပါဆိုတဲ့အခါကျတော့ ဒီဟာ အချိန်ရွေးရလိမ့်ဦးမယ် ဆိုတော့ ဟိုတော့ အချိန်မရွေးဘူး၊ ဒီကျမှ အချိန်ရွေးနေတယ်ဆိုလို့ရှိရင် အကောင်း အဆိုးမခွဲတတ်လို့ (မှန်ပါ)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အကောင်းအဆိုး မခွဲတတ်လို့ ဒီအချိန်ကို သုံးလိုက်လို့ရှိရင် အကောင်းချည်းရမယ်၊ ဟိုအချိန်ကို သုံးလိုက်လို့ ရှိရင် အဆိုးချည်းရမယ် (မှန်ပါ)၊ အဲဒါအဆိုးချည်းရမှာကို ခင်ဗျားတို့က အားကျတယ်၊ အကောင်းချည်းရမှာကို ရက် ရွှေ့မယ် (မှန်ပါ)၊ ဒါ ဘယ်သူ့အပြစ်တုန်းဗျာ၊ ပြော ပြောစမ်းပါဦး (မှန်ပါ၊ တပည့်တော်တို့ အပြစ်ပါ ဘုရား)။

အဲဒီတော့ ကလေးလိုပဲ၊ ခင်ဗျားတို့မှာ ဘယ့်နှယ်ဖြစ်နေသတုန်း၊ မြည်တယ်လို့မအောက်မေ့နဲ့နော်၊ ဆုံးမရမှာပဲ (မှန်ပါ)၊ ခင်ဗျားမှာ ကိလေသာအနာ မပျောက်ခင် အနာထပ်ပေါက်ပါရစေဦးဆိုတော့ ဘယ့်နှယ်နေမလဲ၊ ကောင်းပါ ဦးမလား (မကောင်းပါ ဘုရား)၊ အနာမပျောက်လို့ ဆရာဘုန်းကြီးက အနာပျောက်ဆေး ပေးနေတဲ့ဥစ္စာ အနာပေါက်ပါရ စေဆိုတော့ ခင်ဗျားတို့ လျှောက်လုံးကလဲ နားမခံသာဘူး (မှန်ပါ)၊ နားခံသာရဲ့လား (မခံသာပါ ဘုရား)။

ဉာဏ်မှန် ထောင်ကြည့်လို့ ပြောတာ

အဲဒါလောက် အရုပ်ဆိုးနေတဲ့ ဥစ္စာဆိုလို့ရှိရင် ဒါဟာ ဉာဏ်မှန် ထောင်ကြည့်လို့ ပြောတာပါ (မှန်ပါ)၊ ဉာဏ်မှန်ကို ထောင်ကြည့်မယ်ဆိုတော့ ခန္ဓာကိုယ်ဟာ တစ်နေ့က ဦးသံဒိုင် ဟောရသလို ခင်ဗျား အိုစာ မင်းစာ ရှာထားတာ၊ ဉာဏ်မှန် မထောင်ကြည့်တော့ အိုမှန်းမသိလို့ မစားဘဲနဲ့ ဒါထပ်ပြီး အသစ်ရှာနေတာကိုးလို့ (မှန်ပါ)၊ အိုမှန်းက မသိ ဘူး၊ ဉာဏ်မှန်နဲ့ ထောင်မကြည့်ပဲကိုး၊ အခု ခင်ဗျားက ဆံပင်ဖြူကုန်မှ အိုတာလဲ လွန်ကုန်ပြီ၊ ဉာဏ်မှန် ထောင်မကြည့် တော့ လုပ်ပါရစေဦး ဖြစ်နေတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ဟာ ဉာဏ်မှန်မပါဘူးတဲ့၊ အဝိဇ္ဇာမှန်ကြီးသာ ထောင်ကြည့်နေကြတယ် (မှန်ပါ)၊ အဝိဇ္ဇာ မှန်ကြီးထောင်ကြည့်တော့ လုပ်နိုင်ပါသေးတယ်ကွ၊ ငါ သူများ ထမ်းသလို ထမ်းနိုင်ပါသေးတယ်၊ သူများပြောသလို ပြောနိုင်ပါသေးတယ်၊ အခု ကလေးတွေက ခေတ်မမီဘူး၊ ငါက ခေတ်မီသလိုလို(မှန်ပါ)၊ ခေတ်မီတာက အပါယ်ခေတ်မီ နော် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အပါယ်ခေတ်မီတာ ပြောနေကြတာ

ခေတ်မီတာ သုံးနေကြတာက များသောအားဖြင့် ဝိပဿနာမျက်စိနဲ့ ကြည့်ရင် အပါယ်ခေတ်မီတာ ပြောနေကြ တာ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ဒီအနာဟာ ရှုရင်းမတ္တနဲ့ ပျောက်မည့်အနာ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ရှုရင်းမတ္တနဲ့ ပျောက်လို့ရှိရင်ဖြင့် အနာပျောက်အောင် ခင်ဗျားလိုက်နိုင်လို့ရှိရင် အနာပျောက်တာ နိရောဓသစ္စာ (မှန်ပါ)၊ မဟုတ်လား (မှန်ပါ)၊ ပျောက်တာသိတာ (မဂ္ဂသစ္စာပါ)၊ အနာဖြစ်ကြောင်းတွေ သေတာက သမုဒယသေတာ (မှန်ပါ)၊ နောက် ဘယ်တော့မှ မပေါက်တာက ခန္ဓာမရှိတဲ့ အနုပါဒိသေသနိဗ္ဗာန်၊ ဒါကတော့ သဥပါဒိ သေသနိဗ္ဗာန်၊ ခန္ဓာရှိတုန်း ပျောက်သွားတာက သဥပါဒိသေသ နိဗ္ဗာန်၊ ရှင်းပလား (ရှင်းပါပြီ)၊ သဘောပါပြီနော် (ပါပါပြီ ဘုရား)။

ကဲ ဒီတရားမဆုံးသေးဘူး၊ နက်ဖြန်မှ ဆက်မှာ (မှန်ပါ)။

သာဓု သာဓု သာဓု။