13304

မာတိကာသို့

အဓိပတိသုံးပါး နှင့် တရားအားထုတ်ပါ

ကျေးဇူတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားတော်မူအပ်သော

အဓိပတိသုံးပါး နှင့် တရားအားထုတ်ပါ

အလုပ်ပေးတရားတော်

(၄-၁၂-၆၀)

သိရတဲ့ဥစ္စာ နှစ်မျိုးရှိတယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတွေအား အခုလို အသက်ရှင်စဉ်အခါမှာ သိရတဲ့ဥစ္စာ နှစ်မျိုးရှိတယ်တဲ့၊ မိမိပြုလုပ်ထားတဲ့ အကုသိုလ်ကိုလဲ မိမိသိတာပဲတဲ့၊ ရှင်တုန်းသိတာလဲ အသိပဲ (မှန်ပါ)၊ သေခါနီးမှ မိမိပြုလုပ်ထားလို့ မကောင်းတဲ့နိမိတ်တွေ ထင်လာတော့မှ သိရတာလဲ အသိတစ်မျိုးတဲ့ (မှန်ပါ)၊ ဒါဖြင့် ပြုလုပ်တုန်းက သိတာတစ်မျိုး၊ သေခါနီးမှ နိမိတ်ထင်လာလို့ သိတဲ့အသိကတစ်မျိုး (မှန်ပါ) ဒါဖြင့် ပြုလုပ်တုန်းအသိတစ်မျိုး၊ သေခါနီး အသိတစ်မျိုး (မှန်ပါ)၊ ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ်အသိဆုံးပဲ ဆိုတာက ပစ္စုပ္ပန်ကာလနော် (မှန်ပါ)၊ အဲဒီ သိတုန်းက ပြင်ရင်ရပါတယ်၊ သေခါနီးမှ ပြင်မယ်ဆိုရင်ဖြင့် ရတဲ့ပုဂ္ဂိုလ်ထက် မရတဲ့ပုဂ္ဂိုလ်က များပါတယ် (မှန်ပါ)။

ဒါကြောင့် ယခု ဒကာ ဒကာမတွေက အသက်ထင်ရှားရှိတုန်း ဆရာသမားက ဆုံးမ၊ ဒကာ ဒကာမတွေက လိုက်နာတော့ အခုသိလို့ရှိရင်ဖြင့် အခုပြင်တဲ့အလုပ်ဟာဖြင့် သေခါနီးကျတော့ ပြင်စရာ မရှိတော့ဘူး (မှန်ပါ)။

ဒါကြောင့် အသိသည် လုပ်ဆဲ၌ အသိတစ်မျိုး၊ သေခါနီး မရဏာသန္နဇောကျခါနီး သိတဲ့အသိကကော (တစ်မျိုး ပါ ဘုရား)၊ ဒါကြောင့် တိကနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော် အာဓိပယျေသုတ်တော်မှာ

နတ္ထိ လောကေ ရဟောနာမ၊ ပါပကမ္မံ ပကုဗ္ဗတော။

အတ္တာ တေ ပုရိသ ဇာနာတိ၊ သစ္စံ ဝါ ယဒိ ဝါ မုသာ။ လို့ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်-ပ-အုပ်၊ နှာ-၁၄၇ မှာ ကိုယ်တော်တိုင် ဟောထားပါတယ် (မှန်လှပါ ဘုရား)။

ဘယ်သူမှ မသိဘူးလို့ အထင်မလွဲလိုက်ပါနဲ့

ဪ ငါ အကုသိုလ်ပြုနေတာ ဘယ်သူမှ မသိဘူးလို့ အထင်မလွဲလိုက်ပါနဲ့၊ ကိုယ့်ကိုယ်က အရင်သိပါတယ် တဲ့ (မှန်ပါ)၊ ကိုယ်ပြုလုပ်နေတာ ဘယ်သူမှ မသိဘူးလို့ မထင်ပါနဲ့၊ ကိုယ်သိတယ် (မှန်ပါ)၊ ကိုယ်သိလို့ရှိရင် ကိုယ်စောင့် နတ်သိပြီ၊ ကိုယ်စောင့်နတ် သိလို့ရှိရင် အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ တောစောင့်နတ်၊ အထက် တာဝတိံသာနတ်ပြည် ဗြဟ္မာ့ပြည်ကျအောင် မသိပေဘူးလား (သိပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေက ဘယ်လိုပဲ အကွယ်အကာတွေ ထားပြီး လောဘစိတ်ကလေးပေါ်နေ၊ ဒေါသစိတ်ကလေးပေါ်နေ၊ မောဟစိတ်ကလေးပေါ်နေလဲ အကုသိုလ်ဖြစ်တာကို ဆိတ်ကွယ်ရာအရပ်၊ မသိတဲ့ အရပ်ရယ် လို့ မရှိဘူးဆိုတာမှတ်ပါ (မှန်ပါ)။

ပါပကမ္မံ-မကောင်းမှုကို၊ ပကုဗ္ဗတော-ပြုသောပုဂ္ဂိုလ်အား၊ ပုရိသ-ယောကျ်ား၊ တေ-သင်၏။ အတ္တာ-ကိုယ်က၊ ဇာနတိ-အရင်သိပါတယ်တဲ့ (မှန်ပါ)၊ ဪ ငါတော့ဖြင့် မုသားကလေး သုံးလိုက်ပြီဟေ့၊ ကိုယ်အရင်သိတာပဲ (မှန်ပါ)၊ ကိုယ်အရင်သိပြီးတော့မှ ကိုယ်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ တာဝတိံသာနတ်တွေ၊ ဗြဟ္မပြည် ကျအောင်ပေါ့ဗျာ သိတယ်(မှန်ပါ)။

”သစ္စံ ဝါ ယဒိ ဝါ မုသာ” တဲ့၊ မှန်တာကိုလဲ ကိုယ်သိတာပဲ၊ မုသားပြောလိုက်တာလဲ (သိပါတယ် ဘုရား) ကိုယ်သိတာချည်းပဲ မဟုတ်လား (မှန်ပါ)။

သေခါနီးမှ သိမယ်ဆိုတော့

အဲဒီတော့ကို ယခုအခါကသိရင် ယခု ဆရာဘုန်းကြီးက ပြင်ပေးမယ်ဆိုလို့ရှိရင် ဖြစ်လွယ်ပါတယ် (မှန်ပါ ဘုရား) သေခါနီးမှ သိမယ်ဆိုတော့ ဆရာဘုန်းကြီးက အသေဦးမလား၊ ဒကာ ဒကာမတွေက အသေဦးမလား ဆိုတာ ဒကာကြွယ်သိနိုင်ပါ့မလား (မသိနိုင်ပါ ဘုရား) မသိနိုင်တော့ ပြင်ချိန် မရှိဘူးပေါ့ဗျာ (မှန်ပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့၏ အသက်တမ်းကလေးကလည်း လေကလေး အပြင်ဘက် ထုတ်တဲ့ စိတ်က လေကလေးကို အပြင်ဘက် ထုတ်လိုက်တယ်ဆိုပါတော့ ဒကာသစ်ရာ (မှန်ပါ) ပြန်ရှိုက်တဲ့စိတ် မလာတော့ဘူးဆိုရင် ဘယ့်နှယ်ပြောမလဲ (သေပါတယ် ဘုရား)၊ စိတ်တစ်ခုတည်းနဲ့ အသက်ရှင်နေတော့ နောက်စိတ် မလာရင် သေတာကိုး (မှန်ပါ)၊ ဒီတော့ အသက်တမ်းက ရှည်လေရော့လား၊ တိုလေရော့လား (တိုပါတယ် ဘုရား)။

အင်မတန် တိုတဲ့အထဲမှာ ဒကာ ဒကာမတွေက အချိန်အလွဲသုံးစားလုပ်ဦးမယ်ဆိုရင်ဖြင့် ကိုယ့်သက်တမ်း တိုတာလဲ ကိုယ်မသိဘဲ အချိန်အလွဲသုံးစားလုပ်တဲ့ လောဘနောက်ကိုသာ လိုက်နေကြမယ်ဆိုလို့ရှိရင်ဖြင့် ဪ ကိုယ့်ကိုယ်ကိုမှ ကိုယ် မသနားတဲ့ပုဂ္ဂိုလ်ဆိုတာ ဒီပုဂ္ဂိုလ်တွေပဲလို့ စွဲချက်တင်ရင် မလွဲဘူးပေါ့ဗျာ (မလွဲပါ ဘုရား)။

ဉာဏ်က ခန္ဓာကို မြန်မြန်သာ လှည့်ကြပေတော့

ဒါကြောင့် တရားကို နားကထောင်ပြီး ဉာဏ်က ခန္ဓာကို မြန်မြန်သာ လှည့်ကြပေတော့ (မှန်ပါ)၊ ဘုန်းကြီး ဟောတဲ့တရား နားကထောင်ပေါ့ဗျာ၊ ဉာဏ်က ဘယ်လှည့်မလဲ (ခန္ဓာလှည့်ရပါမယ် ဘုရား)။

မြန်မြန်လှည့်၊ မြန်မြန်လှည့်ပါ၊ နားကထောင်ပြီး ကြားစိတ်ပါ်ပြီး ဉာဏ်က ခန္ဓာကိုယ်ထဲမြန်မြန်လှည့်ပါ၊ ဒါ ဘယ်သူဟောနေတာတုန်း၊ ဘယ်ဖြစ်ပျက် ဟောနေတာတုန်း၊ မြန်မြန်လှည့်ရင် လှည့်လိုက်ပါ၊ မလှည့်လိုက်လို့ရှိရင်ဖြင့် ရှုစိတ်အတွင်းမှာ လှည့်ရင်လှည့်၊ ရှိုက်စိတ်မလာခင် သေသွားလို့ရှိရင်ဖြင့် ဉာဏ်စခန်းတုန်းသွားလိမ့်မယ် (မှန်ပါ ဘုရား)။

ဉာဏ်စခန်းတုန်းသွားလို့ရှိရင်ဖြင့် သာသနာနောက်ထပ် နှစ်ထောင့် ငါးရာ လျော့လျော့ ရှိငြားသော်လည်း ကိုယ့်အတွက် သာသနာမဟုတ်တော့ဘူး (မဟုတ်တော့ပါ ဘုရား) ကိုယ့်သာသနာ ကွယ်သွားပြီ (မှန်ပါ)။

ဒါကြောင့် သာသနာကွယ်ဖို့ရာ နှစ်တွေနဲ့ မတွက်ပါနဲ့၊ ကိုယ့်အသေ နဲ့ တွက်ပါ (မှန်ပါ)၊ သာသနာကွယ်ဖို့ ရာ ဘယ်လိုတွက်ကြမလဲ (နှစ်တွေနဲ့ မတွက်ဘဲ ကိုယ့်အသေနဲ့ တွက်ရပါမယ် ဘုရား) နှစ်တွေနဲ့ သွားတွက်နေရင် သာသနာ နှစ်ထောင့်ငါးရာ လျော့လျော့ကျန်သေးတာပဲ၊ ဘာကိစ္စရှိသတုန်း၊ ဪ မင်းတို့ဘာမှ ကိစ္စမရှိဘူး၊ မင်းသေ သွားလို့ရှိရင် မင်းအတွက် ကွယ်တာပဲဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒါကြောင့် ဒီသာသနာနဲ့ ကြုံဖို့ရာ ဒကာ ဒကာမတွေ အတော်လုံးပမ်းပြီး အပါယ်လေးပါးက တက်ခဲ့ရတဲ့ ဥစ္စာကို နှစ်တွေ လျှောက်တွက်မနေနဲ့၊ ငါ့သာသနာသည် ငါရှင်တုန်း ရှူတုန်း ရှိုက်တုန်း ရှုစိတ် ရှိုက်စိတ်လာတုန်းသာ အဆုံးအမကို နားထောင်နိုင်တဲ့သဘော သတ္တိရှိတယ်၊ ရှူစိတ်ပြီး ရှိုက်စိတ် မလာလို့ရှိရင် ငါ့သာသာကွယ်ပါပေါ့လား၊ ကွယ်လို့ရှိရင်ဖြင့် လူဖြစ်လာလဲ အပါယ်လေးပါးတို့၊ တိရစ္ဆာန်ဖြစ်လာလဲ အပါယ်ကောင်မို့ အပါယ်ရောက်ဖို့ပဲ (မှန်ပါ)၊ ဒါကြောင့် သာသနာသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ကိုယ့်သက်တမ်းပေါ်မှာ မှီတယ်ဆိုတဲ့ ဥစ္စာ ဆုံးဖြတ်ချက်ချ ပါ (မှန်ပါ ဘုရား)။

သာသနာဘယ်မှာတည်ပါလိမ့်

သာသနာဘယ်မှာတည်ပါလိမ့် (ကိုယ့်သက်တမ်းပေါ်မှာ တည်ပါတယ်) လွန်ခဲ့တာကလဲ ကိုယ်နဲ့မဆိုင်ခဲ့ပါ ဘူး၊ ရှေ့နှစ်တွေဆိုတာလဲ ကိုယ်နဲ့ဆိုင်မယ်မဟုတ်ပါဘူး (မှန်ပါ)၊ ကိုယ်ရှူနိုင်တုန်း ရှိုက်နိုင်တုန်း ရှိုက်စိတ် လာတုန်း မှာ အဆုံးအမခံပြီး သကာလ ကျင့်သုံးလို့ ပဋိစ္စသမုပ္ပာဒ် ဉာဏ်နဲ့ဖြတ်လိုက်လို့ သစ္စာတွေကို တိုက်ရိုက်မြင်လာတာသာ ကိုယ့်သာသနာလို့ ဆုံးဖြတ်ချက်ချပါလို့ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ ဘုရား)။

ဒါ အရေးကြီးတဲ့ သတိပဲဆိုတာဖြင့် ဒကာသစ်၊ ဒကာကြွယ်၊ ဦးလှဘူးတို့ ဦးမာဒင်တို့ သိလောက်ပါပြီ (မှန်ပါ ဘုရား) သိလောက်ပါပြီ၊ သိလောက်ပါပြီ၊ ဒါကြောင့် ယနေ့ နက်ဖြန် ရွေးတဲ့ပုဂ္ဂိုလ်ဟာ ဒကာကြွယ် လူမိုက်ဗျ (မှန်ပါ ဘုရား)။

ယနေ့ နက်ဖြန် ရွေးတာဟာ နက်နက်နဲနဲ နားထောင်ကြည့်စမ်း၊ ဒီနေ့တော့ မအားသေးလို့ သာသနာအလုပ်ကို မလုပ်သေးဘူး၊ အပါယ် တံခါးပိတ်တဲ့အလုပ် မလုပ်သေးဘူး၊ နက်ဖြန် ကြိုးစားမယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ သဿတဒိဋ္ဌိနယ်က တောင်မကင်းချင်ဘူး (မှန်ပါ)၊ ဒီနေ့ မလုပ်သေးဘူး၊ နက်ဖြန်ကျအောင် သူ့ရုပ်နာမ်ခိုင်မြဲသေးတယ်ဆိုတဲ့ ဒိဋ္ဌိ ရှိ-မရှိ (ရှိပါတယ် ဘုရား) ရှိရင် ဘာဆိုကြမယ် (သဿတဒိဋ္ဌိပါ ဘုရား)။

ဪ ခင်ဗျားတို့ကလည်း မသိဘူး၊ ဘုန်းကြီးကလဲ နက်နက်နဲနဲ ပြောတတ်တဲ့ ဘုန်းကြီးက ဖြစ်နေပြန်တော့ ခင်ဗျားတို့ ရက်ရွှေ့တာတော့ ဘုန်းကြီးက သာဓု မခေါ်နိုင်ဘူးဆိုတာကိုလဲ ဦးလှဘူးတို့ ဦးမာဒင်တို့ သတိပေးပါ တယ် (မှန်ပါ ဘုရား) ခင်ဗျားတို့ ရက်ရွေ့တာ သာဓုမခေါ်နိုင်ဘူး၊ သာဓုခေါ်လိုက်လို့ရှိရင် ခင်ဗျားတို့ ကိုယ်ကျိုးနည်း ချည်ရဲ့ (မှန်ပါ) ဘာကြောင့်တုန်း၊ ခင်ဗျားတို့ကို ပယောဂဆရာ သဿတဒိဋ္ဌိက နက်ဖြန် လုပ်ပါ့မယ်လို့ပြောတာ (မှန်ပါ ဘုရား)။

သဿတဒိဋ္ဌိက ပြောနေတာလား

ပညာက ပြောတာလား၊ သဿတဒိဋ္ဌိက ပြောနေတာလား (သဿတဒိဋ္ဌိက ပြောတာပါ) သဿတဒိဋ္ဌိက နက်ဖြန်နေရလိမ့်ဦးမယ်ဆိုတော့ သူ ယခု အနိစ္စရောက်နေတာလဲ မမြင်၊ နောက် ရှူစိတ် ရှိုက်စိတ် မလာမှာလဲ သူမမြင်လို့ သဿတဒိဋ္ဌိက ပြောနေတာဆိုတာ ဦးဘအုန်းတို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဆင်ခြေ ဘယ်သူက ဝင်ပြီး လဲနေပါလိမ့်၊ နက်ဖြန် သန်ဘက် ဝါဆိုဦးဟုတ် လား၊ သီတင်းကျွတ်နဲ့ ဘယ်သူက ဝင်လဲနေတာပါလိမ့် (သဿတဒိဋ္ဌိက ဝင်လဲနေပါတယ် ဘုရား)။

ဪ သူကလဲ အပါယ်က လက်လွတ်သွားမှာ စိုးရှာလွန်းလို့ တားရှာတာ (မှန်ပါ)၊ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ် ကတော့ သံသရာခရီးသည်အဖြစ်မှ ဘယ်နည်းနဲ့ လွတ်ပါ့မလဲ (မလွတ်ပါ ဘုရား)။

အဲဒီ မလွတ်တဲ့တရားက ခင်ဗျားတို့ကို ရက်ဆွဲပြီး သကာလ တားနေတာကို ခင်ဗျားတို့က ဉာဏ်သတိကလေး ရှိသေးလို့ ဒါလောက် ပြောဖော်ရသေးတယ်လို့များ ဉာဏ်သတိထဲ မသွင်းလိုက်ပါနဲ့၊ ဒိဋ္ဌိက ဝင်ပြီး ဗိုလ်လုပ်နေတာ (မှန်ပါ ဘုရား)။

ဘယ်သူက ဗိုလ်လုပ်နေတာတုန်း (ဒိဋ္ဌိက ဗိုလ်လုပ်နေပါတယ်) ဘယ်ဒိဋ္ဌိကပါလိမ့် (သဿတဒိဋ္ဌိကပါ ဘုရား)။

ဪ ဒကာ ဒကာမတွေ အခု နက်နက်နဲနဲ ပြောလာတော့မှ ဒကာကြွယ် ရက်ရွှေ့တဲ့ပုဂ္ဂိုလ် နာရီရွှေ့တဲ့ ပုဂ္ဂိုလ် ဘယ်သူက ရွှေ့တာပါလိမ့် (သဿတဒိဋ္ဌိက ရွှေ့တာပါ ဘုရား)၊ သဿတဒိဋ္ဌိက ရွှေ့တာဆိုတော့ ကျေနပ်ကြ ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒါတွေ သေသေချာချာ စဉ်းစားကြည့်တော့မှ ဪ တို့ ဆရာကောင်းနဲ့ မတွေ့ခင်တော့ဖြင့် သူတော် ကောင်းစိတ် ပေါ်လာတာ တော် တော်သေးရဲ့လို့ အောက်မေ့တယ်၊ အခုတော့ဖြင့် သူတော်ကောင်းစိတ် မဟုတ် ပါလား၊ သဿတဒိဋ္ဌိက ဝင်ပြီး ကန့်ကွက်နေတာပါကလား (မှန်ပါ)၊ နက်ဖြန်မှလုပ်၊ သန်ဘက်ခါမှ လုပ်ဆိုတာ ဘယ်သူက ကန့်ကွက်တာတုန်း (သဿတဒိဋ္ဌိက ကန့်ကွက်တာပါ ဘုရား)။

ဒိဋ္ဌိရှိရင် အပါယ်သွားရမယ်

အဲဒီ ဒိဋ္ဌိတစ်ခု ကန့်ကွက်တာကို ခင်ဗျားတို့ နားထောင်နေကြမယ် ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိရှိရင် အပါယ်သွား ရမယ် (မှန်ပါ ဘုရား)၊ ဒိဋ္ဌိရှိရင် (အပါယ်သွားရပါမယ် ဘုရား)။

ဒါဖြင့် အပါယ်သွားမည့်တရားကတားတော့ ခင်ဗျားတို့က ဝမ်းမြောက်ဝမ်းသာ လက်ခံနေလို့ရှိရင်ဖြင့် ဒကာ ကြွယ်တိုက ဦးမာဒင်တို့ သွားပြီပေါ့ဗျာ (မှန်ပါ)၊ မသွားသေးဘူးလား (သွားပါပြီ ဘုရား)။

စဉ်းစားပါ စဉ်းစားပါ၊ ဒီဥစ္စာ အရုပ်ဆိုးလွန်းလို့ ပြောနေတယ် (မှန်ပါ)၊ အင်မတန် အရုပ်ဆိုးလွန်းလို့ ပြောနေပါတယ် (မှန်ပါ ဘုရား)။

တရားနဲ့ တွေးကြည့်ပါ၊ ဪ ငါက ပြောနေတာလား၊ သဿတဒိဋ္ဌိက ပြောနေတာလား (သဿတဒိဋ္ဌိက ပြောနေတာပါ ဘုရား) မဂ်ကို မရလေသမျှ ဒိဋ္ဌိတားလို့ချည်း မှတ်ပေတော့ (မှန်ပါ ဘုရား)။

မဂ်ကို တားလေသမျှ (ဒိဋ္ဌိတားလို့ချည်းပါ ဘုရား) အဲ ဘဝများစွာ သံသရာကလည်း ဒိဋ္ဌိကချည်း တားတယ် (မှန်ပါ ဘုရား)။

ကြည့်ပါ ဒကာ ဒကာမတို့၊ ဘုရားက တရားဟောတယ်၊ ပေယဆိုတဲ့ ဒကာ တစ်ယောက်ကို တရားဟောနေ တယ် (မှန်ပါ)၊ ဟောနေတော့ ဒီတရားဆုံးမှ ပေယဟာ မဂ်ရ ရမှာ ဖြစ်တယ် (မှန်ပါ)၊ တရားနာလို့မပြီးမီမှာပဲ ပေဿဆိုတဲ့ ပေယဟာ အလုပ်ကိစ္စများလို့ ဘုရားထံ ခွင့်ပန်ပြီး အိမ်ကို ထပြန်သွားတယ် (မှန်ပါ) ပြန်သွားတော့ ကိုယ့်ဉာဏ်က ဒီအချိန်မှာ ရင့်နေတဲ့အချိန်၊ တရားဆုံးမှ သူက မဂ်ဖိုလ်ကို ရ ရမှာ (မှန်ပါ)၊ မဇ္ဈိမပဏ္ဏာသပါဠိတော် ကန္ဒရကသုတ်မှာလာတယ် (မှန်ပါ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက **ပေယဆိုတဲ့ပုဂ္ဂိုလ်လဲပြန်သွားရော ဦးဘအုန်း ပေယဟာ မြင့်မြတ်သော သောတာပတ္တိဖိုလ်ဆိုတဲ့အကျိုးထူးကနေ ဆုံးရှုံးသွားပြီဟေ့ (မှန်ပါ)၊

မှတ်ချက်။ ။ ဆဋ္ဌမူ၌ ပေဿဟု​ရှိ၏။

တရားဆုံးအောင် နာလိုက်လို့ရှိရင်

ဒီတရားဆုံးအောင် နာလိုက်လို့ရှိရင်ဖြင့် ဒီတရားဆုံး ဆိုတာလည်း ငါးမိနစ် ဆယ်မိနစ်လောက် ကျန်တော့တာပဲ၊ အဲဒါ ဒီတရားအဆုံးသာ နာမယ်ဆိုလို့ရှိရင် မြင့်မြတ်သော သောတာပတ္တိဖိုလ်ဆိုတဲ့ အကျိုးထူး ရသွားတော့မှာဘဲ (မှန်ပါ)၊ အခုထပြန်သွားတဲ့အတွက် သောတာပတ္တိဖိုလ်ဆိုတဲ့ ကြီးမြတ်တဲ့ အကျိုးထူးမှာ ဆုံးရှုံးရတယ်၊ အခုတော့ဖြင့် ဘုရားလည်း မတတ်နိုင်တော့ဘူး၊ ဘုရားတစ်ဆူကြားမှာ ပေယ၏ အရိုးသည်ကားလို့ဆိုရင် ဆယ့်သုံးမိုင် (တစ်ယူဇနာ) တက်ပေဦးတော့(မှန်ပါ့) ကဲ အသေဘက်သွားပြီ၊ တစ်ယူဇနာတဲ့ (မှန်ပါ)ဆယ့်သုံးမိုင်ဆိုတော့ လေးရက်တက် လေးရက် ဆင်းလောက် ရှိတယ်၊ မနာလားဗျာ (နာပါတယ် ဘုရား)။

အဲဒါ ခဏကလေး ပျက်သွားလိုက်တာ (မှန်ပါ) ဘာဖြစ်လို့တုန်းဆိုတော့ ဒီအချိန် ဉာဏ်က ရင့်ရင့်ရင့်ရင့်ပြီး တက်လာတဲ့အချိန် မြတ်စွာဘုရားကလည်း ရင့်ရင့်ရင့်ရင့်ပြီး တရားကို ဟောတော်မူတဲ့ အချိန် တရားဆုံးခါနီးမှ ပြန်ပြေး တယ် (မှန်ပါ)၊ တရားဆုံးခါနီးမှ ပြန်ပြေးတဲ့အခါကျတော့ နောက်ဘုရား လက်ထက်ကျမှကျွတ်တမ်းဝင်ရမယ် (မှန်ပါ) ဘုရားတစ်ဆူနဲ့ တစ်ဆူကြားမှာလည်း မြေကြီးက တစ်ယူဇနာ (တစ်ဆယ့်သုံးမိုင်) တက်ရတယ်၊ အဲဒါ ကျုပ်တို့ အရိုး အသားတွေက စုတက်လာလို့ မှတ်ပေတော့ (မှန်ပါ ဘုရား)။

ကိုင်း ဘုရားကလည်း ပရိနိဗ္ဗာန် မစံသေးပါဘူး၊ သူလည်း နက်ဖြန် နာနိုင်တယ်ဆိုပြီး သကာက အိမ်ကိစ္စရှိလို့ ပြန်သွားတာနဲ့ ဆယ့်သုံးမိုင်လောက် မြင့်အောင် ကိုယ့်အရိုးတွေ စုံပုံအောင် သေပွဲတွေ ဝင်ပြီး သကာလ နောက်မြတ်စွာ ဘုရား လက်ထက်ကျမှ ကျွတ်တမ်းဝင်ရမယ်ဆိုတော့ တရားပြီးအောင် နည်းနည်းကလေး ဆိုင်းငံ့ရမှာနဲ့ အသေများတာ နဲ့ ချိန်ခွင်နဲ့ ထည့်ချိန် ဘယ်သူက နစ်နာမတုန်း (အသေများတာက နစ်နာပါတယ် ဘုရား)။

အသိဉာဏ်နဲ့ ပုဂ္ဂိုလ်တွေက ပြောတာ

အဲဒါကြောင့် အသိဉာဏ်နဲ့ ပုဂ္ဂိုလ်တွေက ပြောတာကို အသိဉာဏ်နည်းတဲ့ ပုဂ္ဂိုလ်က ဆင်ခြေလဲပြီး သကာလ နေလို့ရှိရင်ဖြင့် ဒကာကြွယ် အမှားတော်ပုံကြီးလှပါတယ် (မှန်ပါ)၊ အမှားတော်ပုံ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အဲဒါ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပြောတာကို ခင်ဗျားတို့က နားထောင်ကြလို့ရှိရင်ဖြင့် ဒီတရားအဆုံးမှာ ကျွတ်တမ်းဝင်နိုင်တဲ့ စွမ်းရည် သတ္တိရှိကြတာပဲတဲ့၊ ဆင်ခြေကလေး လဲပြီး သကာလ နေလိုက်တယ်ဆိုလို့ရှိရင်ဖြင့် ဆင်ခြေကလည်း တခြားကလဲတာ မဟုတ်ဘူး၊ သဿတဒိဋ္ဌိက လဲလိုက်တာ (မှန်ပါ ဘုရား)။

ဘယ်သူက လဲလိုက်တာတုန်း (သဿတဒိဋ္ဌိက လဲလိုက်တာပါ ဘုရား) သဿတဒိဋ္ဌိက လဲလိုက်တော့ ဒကာ ဒကာမတွေကလည်း နားထောင်နေရတယ်၊ ဒိဋ္ဌိဆိုတာ မဂ်တား ဖိုလ်တား နိဗ္ဗာန်တားတဲ့တရား (မှန်ပါ ဘုရား)။

ဦးဘအုန်း ဘာတားပါလိမ့် (မဂ်တား ဖိုလ်တား နိဗ္ဗာန်တားပါတယ် ဘုရား)။

မဂ်တား ဖိုလ်တား နိဗ္ဗာန်တားတဲ့တရား

မဂ်တား ဖိုလ်တား နိဗ္ဗာန်တားတဲ့ တရားကို ခင်ဗျားတို့က အို နက်ဖြန်လည်း ကိစ္စမရှိသေးပါဘူး၊ သန်ဘက် လည်း ကိစ္စမရှိသေးပါဘူးဆိုတော့ သဿတဒိဋ္ဌိက အင်း ငါပြောတာ လိုက်နာနေတယ်ကွ၊ ဒီကောင်တွေတော့ အပါယ် တွင်းက လွတ်ကင်းဖို့ မရှိတော့ဘူးဆိုပြီး၊ ခင်ဗျားတို့က လိုက်နာလေလေ ဒိဋ္ဌိက သံသရာထဲ နစ်မွန်းတာကို ကြိုက်ပြီး ပြုံးလေလေ မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒါကြောင့် ရန်သူပြုံးရင် ခင်ဗျားတို့က မဲ့နေရတော့မယ် (မှန်ပါ) ဒိဋ္ဌိပြုံးရင် ပုဂ္ဂိုလ်က မဲ့ရတော့မယ်၊ ဖြစ်နေတော့ ခင်ဗျားတို့က ဒိဋ္ဌိအကြိုက်ချည်းလိုက်ပြီး သူက နက်ဖြန်လိုလို သန်ဘက်လိုလိုနဲ့ စီးပွားရေးကလေးက ယခုအခါအရေးကြီးတယ်၊ ရှုပ်တယ်၊ လိမ်တယ် ဆိုသလိုလိုနဲ့ ခန္ဓာ၏ အနိစ္စတွေကို သူပြောဟောနေတာလား၊ စီးပွားရေး ဗန်းပြဟောနေတာလား (စီးပွားရေး ဗန်းပြဟောနေတာပါ ဘုရား)။

ခန္ဓာ၏ အနိစ္စကိုလည်း သူက မမြင်အောင်လည်း ဖုံးထားတော့ ဒိဋ္ဌိနဲ့ အဝိဇ္ဇာက တွဲပြီးတော့ ဒီ ဒကာ ဒကာမတွေကို နှိပ်စက်ချလိုက်တယ် (မှန်ပါ)၊ တွဲပြီး နှိပ်စက်ချလိုက်တော့ အဝိဇ္ဇာက ပါလာတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဘက်လှည့်သွားတော့ သံသရာပတ်မိသွားရော (မှန်ပါ ဘုရား)။

ဒိဋ္ဌိဆိုတာလည်း တဏှာနဲ့ အတူယှဉ်သောကြောင့် တဏှာက ဥပါဒါန်ဖြစ်ပြီး ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံနဲ့ ပဋိစ္စသမုပ္ပါဒ် အလယ်ပိုင်းက လှည့်သွားပြန်လည်း ပတ်မိပြန်တာပဲ (မှန်ပါ ဘုရား)။

ဒါဖြင့် အသေမစဲအောင် ခင်ဗျားတို့ကို ကန့်ကွက်တားဆီးနေတာကို ခင်ဗျားတို့က ပြုံးပြီးများ နားထောင်နေ လိုက်သေးတယ်ဆိုလို့ရှိရင် အသတ်ခံရမည့်နွား သေခါနီး ပြုံးသလို ဖြစ်နေတယ် (မှန်ပါ ဘုရား)။

အသားတိုးအောင် ကျွေးနေတာ

ဒကာကြွယ် ဘယ့်နှယ်ဆိုပါ့မလဲ (သေခါနီး နွားပြုံးသလို ဖြစ်နေပါတယ်) မသိလို့ ပြုံးရှာတာ (မှန်ပါ)၊ နွားသေ ခါနီး ပြုံးတယ်ဆိုတော့ ဝဝဖြိုးဖြိုးကလေး သတ်စားရအောင်ဆိုပြီး ကျွေးကြ မွေးကြတာကို သူက ပြုံးကာရွှင်ကာ စားနေမယ်ဆိုရင်ဖြင့် ဒကာသစ်တို့ ဦးဘအုန်းတို့က ဪ တိရစ္ဆာန်က မသိရှာဘူး၊ အသားတိုးအောင် ကျွေးနေတာ (မှန်ပါ) သူ့ကို သနားလို့လား၊ အသားတိုးအောင် ကျွေးတာလား (အသားတိုးအောင် ကျွေးတာပါ ဘုရား)။

ဒီမှာလည်း ထို့အတူပဲ ဒိဋ္ဌိက နက်ဖြန်မှ လုပ်ကွ၊ သန်ဘက်မှ လုပ်ကွဆိုပြီး သကာလ အပါယ်အသားတိုးအောင် လို့ သူက ကျွေးနေတာ (မှန်ပါ) သူကဟောနေတာ ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ ဘယ်သူ့ကို စောင်းဟောနေတယ်လို့ ဦးမာဒင်တို့က အောက်မေ့မနေနဲ့ဦး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား) ဆိုးရွားတဲ့ ပုဂ္ဂိုလ်မို့ ဆိုးရွားတဲ့ ပုံသဏ္ဍာန်တရားကိုယ် အစစ်ကို ဦးဘအုန်း ထုတ်ပြနေပါတယ် (မှန်ပါ) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဒိဋ္ဌိကိုတော့ အရင်နုတ်ပါ

အဲဒီတော့ကို ဒကာ ဒကာမတို့ ဒိဋ္ဌိဆိုတာ အကြီးဆုံးရန်သူနော် (မှန်ပါ) ဘုရားကလည်း ဒိဋ္ဌိဆိုတာကွာ ရင်ဝလှံစူးတာကို ဖြည်းဖြည်းမှ နုတ်ချင်နုတ်ပါ၊ ဒိဋ္ဌိကိုတော့ အရင်ဖြုတ်မိအောင် ဖြုတ်စမ်းပါဆိုတာ အကြီးဆုံးရန်သူ မို့ ဒါလောက် ဟောနေတာပေါ့ (မှန်ပါ)၊ ဦးခေါင်း မီးလောင်နေတာတောင် ဖြည်းဖြည်းမှ ငြှိမ်းချင်ငြှိမ်းပါ၊ ဒိဋ္ဌိကိုတော့ အရင်နုတ်ပါဆိုတဲ့ ဥစ္စာ ဒကာကြွယ် အရေးကြီးလို့လား မကြီးလို့လား (အရေးကြီးလို့ပါ ဘုရား)။

အဲဒီတော့-ဒိဋ္ဌိပြောတာကို ခင်ဗျားတို့က ပြုံးပြီးများ နားထောင်နေကြတယ်၊ မင်းကွာ တော်တော်နဲ့ မသေသေးပါ ဘူး၊ လုပ်နိုင်ပါသေးတယ်၊ ကိုင်နိုင်ပါသေးတယ်၊ မင်းသား မင်းသမီးကလေးတွေ လူလားမြောက်အောင်လည်း မင်းစောင့် နိုင်ပါသေးတယ်လို့ သူက ဟောတာကို ခင်ဗျားတို့ ဗေဒင်ကဟောတာထက် ယုံသေးတယ် (မှန်ပါ့)၊ ပုဏ္ဏားဗေဒင် ဟောတာကမှ လွဲလိမ့်ဦးမယ်၊ ဒိဋ္ဌိဟောတာကျတော့ ပြုံးပြီးများ နားထောင်လိုက်သေးတယ် (မှန်ပါ)၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

အဲ ဒါလောက်တောင် ဆိုးရွားတဲ့ဥစ္စာကို နွားသေခါနီးမှ အသားတိုးအောင်ကျွေးတာကို ကောင်းစေချင်လို့ နွားရှင်က ကျွေးတာလား၊ အလေးချိန်များအောင်လို့ ကျွေးတာလား (အလေးချိန်များအောင်လို့ ကျွေးတာပါ ဘုရား)။

အလေးချိန်များအောင်လို့ ကျွေးတာကို ခင်ဗျားတို့က နွားလို ပြုံးစားနေကြမယ်ဆိုရင် ဒိဋ္ဌိပြောတာ နားထောင် နေကြမယ်ဆိုရင် ဒကာကြွယ် ဒီထက်အ၊ ဒီထက်ထူ၊ ဒီထက်ပိန်းတာတော့ (မရှိပါ ဘုရား) ဒါကြောင့် ပြင်ကြဦးဗျ (မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ပြင်ချိန်ကလည်း တည်းတည်းကျန်ပါတော့တယ်

ဘာလုပ်ရမှာပါလိမ့်၊ (ပြင်ရမှာပါ ဘုရား) ပြင်ချိန်ကလည်း တည်းတည်းကျန်ပါတော့တယ် (မှန်ပါ)၊ နေပြီးတဲ့ အချိန်ကတော့ နေပြီးလို့၊ ဪ နေခဲ့ရပြီ၊ ရှေ့တော့ နက်ဖြန်လား၊ သန်ဘက်လား မသိဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ) ရှူတဲ့စိတ်ပြီး ရှိုက်တဲ့စိတ် မလာရင် (သေပါတယ် ဘုရား) ဒါဖြင့် ရှေ့နေဖို့ရာ သေချာရဲ့လား (မသေချာပါ ဘုရား) မသေချာတော့ပြင်တာကိုလည်း ခပ်ဖြည်းဖြည်းတော့ ပြင်ရမှာဘဲလို့ ဒိဋ္ဌိ အဝင်မခံပါနဲ့ (မှန်ပါ)။

ပြင်တာက ဖြည်းဖြည်းတော့ဖြင့် တစ်စတစ်စ ပြင်ရမှာဘဲလို့ ဒိဋ္ဌိ အဝင်မခံပါနဲ့၊ ယနေ့အပါယ်တံခါးကို ဖွင့် ပေးနေတဲ့ ဒိဋ္ဌိကို ဖြုတ်ပြီး အပါယ်တံခါးကို ပိတ်ပေးမည့် ယနေ့မဂ်နဲ့ ပြင်ချလိုက်ပါ ဆိုတာကို တရားမဟောမီ ရှေ့ အဖို့ကာလ၌ ဦးဘအုန်းသတိပေးလိုက်တယ် (မှန်ပါ ဘုရား) သဘောပါကြရဲ့လား (ပါ ပါတယ် ဘုရား)။

အဲ အိမ်ကျလို့ရှိရင် ခင်ဗျားတို့ သတိထားပါ၊ ဒီသဿတ ဒိဋ္ဌိကအရင်လာလိမ့်မယ် (မှန်ပါ)၊ မင်းမရှိတော့ ဒီအလုပ်ကလေး ဟာနေတယ်၊ အခုမင်းကလည်း အကြောင်းညီညွတ်လို့ ရောက်လာပြန်တော့ မင်းမလုပ်လို့ရှိရင် မင်းလက်မှတ် မထိုးလို့ရှိရင် မင်းမပြောလို့ရှိရင် မပြီးမယ့် အလုပ်တွေ တစ်ပုံကြီးရှိတယ်၊ အဲဒါ ဆက်ပြီး လုပ်ပါဦး ဆိုတော့ ဒီက ခိုင်ခံ့ဦးမယ် ထင်နေတဲ့ သဿတဒိဋ္ဌိက အကုန်လျှောက်ပြီး လုပ်တော့တာပဲ (မှန်ပါ ဘုရား)။

ဟပ်ထိုးပဲလဲလဲ၊ ဟိုနားကျတော့ လက်မှတ်မထိုးနိုင်လို့ လဲသေသေ သူကတော့ အလုပ်ခိုင်းမှာပဲ (မှန်ပါ) ဘယ်လောက်များ ဆိုးရွားနေသလဲ (ဆိုးရွားပါတယ် ဘုရား) ခင်ဗျားတို့ကို သနားတဲ့စိတ်များ ရှိရဲ့လား (မရှိပါ ဘုရား) အဲဒါကို မိတ်ဆွေလုပ်ပြီး ပေါင်းနေတာ ခင်ဗျားတို့မို့ ပေါင်းရက်ပါပေတယ် (မသိလို့ပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် မသိပါလိမ့်မတုန်းဆိုတော့ ဒကာကြွယ်ရေ မြှောက်လုံးကောင်းတဲ့လူမို့ (မှန်ပါ) ဘယ့်နှယ်ကြောင့် မသိပါလိမ့် (မြှောက်လုံး ကောင်းတဲ့လူမို့ပါ ဘုရား)။

ဒိဋ္ဌိက အတွင်ဟောနေတာပဲ

အဲဒါကြောင့် ခင်ဗျားတို့ ဒီအသက် ဒီအရွယ်ကျအောင်ပဲ တစ်ခါတည်း တဏှာခိုင်းတာ ဒိဋ္ဌိခိုင်းတာတွေကို နင်လုပ်မှ နင်ရမှာ၊ သူများက နင့်ကို တစ်ဇွန်းတစ်ယောက်မှ လာပြီးပေးမှာ မဟုတ်ဘူး၊ အို နင်လုပ်မှ နင်ရမှာ၊ မင်း လုပ်မှ မင်းရမှာနဲ့ ဒိဋ္ဌိက အတွင်ဟောနေတာပဲ (မှန်ပါ)။

ဟောလေလေ ဒီက ငမိုက်သားတွေကလည်း ကုန်းရုန်းပြီး သကာလ ငါလုပ်မှ ငါရတာ ဟုတ်သားပဲ၊ အခု ဘယ်လောက်စုမိသလဲ၊ အဲဒါ ငါလုပ်လို့ ငါရတာပဲ ဆိုပြီးတော့ ဒိဋ္ဌိကို အရှင်သခင်ကြီး မှတ်ပြီး သကာလ ပြောဖော် ရပေတယ်လို့ ဦးမချတာ တစ်မည်ကျန်တော့တယ် (မှန်ပါ ဘုရား)၊ ဘယ်လောက်များ ဆိုးရွားတယ်ဆိုတာ ပေါ်ပလား ဒကာကြွယ် (ပေါ်ပါပြီ ဘုရား)။ ဒကာကြွယ်တို့ မိုက်လုံးတွေက (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဆိုးရွားလွန်းလို့ပြောပါတယ်၊ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

အဲဒီတော့ ကဲ တရားသားကို စပါတော့မယ်၊ ဒကာ ဒကာမတို့ ဒိဋ္ဌိကိဖြင့် ရန်သူအကြီးဆုံးမှန်း သိကြပါပြီ (မှန်ပါ့) ဒိဋ္ဌိကိုဖြင့် (ရန်သူအကြီးဆုံးမှန်းသိကြပါပြီ ဘုရား)။

ဒါဖြင့် တရားအားထုတ်တဲ့အခါကျတော့ ဘုရားက သုံးနည်း ဟောခဲ့ပါတယ်၊ ဒီသုံးနည်းနဲ့ အားထုတ်လို့ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် သေသေချာချာ ရနိုင်ပါတယ်။ တရားအားထုတ်တဲ့အခါမှာ သုံးနည်းအနက် တစ်နည်းနည်းနဲ့ အားထုတ်စမ်းပါတဲ့ (မှန်ပါ ဘုရား)၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဧကန်ရနိုင်ပါတယ်တဲ့ (မှန်ပါ ဘုရား)။

သုံးနည်းက ဘာတုန်းဆိုလို့ရှိရင်

သုံးနည်းက ဘာတုန်းဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို အဓိပတိထား၍ အားထုတ်ရခြင်းတစ်မျိုး (မှန်ပါ)၊ (၂)နံပါတ်က သူတစ်ပါးကို အဓိပတိထား၍ အားထုတ်ရခြင်းတစ်မျိုး (မှန်ပါ) ၊ (၂)နံပါတ်က ဘာတဲ့ဗျာ (သူတစ်ပါးကို အဓိကတိ ထား၍ အားထုတ်ရခြင်းပါဘုရား၊ (၃)နံပါတ်က တရားဂုဏ်တော်ကို အဓိပတိထား၍ အားထုတ်ရခြင်းတစ်မျိုးတဲ့ (မှန်ပါ ဘုရား)။

အဲဒီ အဓိပတိသုံးပါးအနက်က တစ်ပါးပါးကိုသာ ဒကာ ဒကာမတွေက ထားတယ်ဆိုရင် ဒိဋ္ဌိမကပ်သော ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်ပါတယ် (မှန်ပါ)၊ တိကနိပါတ် အဂုၤတ္တိုရ်ပါဠိတော်မှာ ဟောပါတယ် (မှန်ပါ ဘုရား)။

အဲဒါ မကြားရသေးတဲ့ ပုဂ္ဂိုလ်ကြားကြပေတော့၊ ကြားပြီးသား ပုဂ္ဂိုလ်များကလည်း ဒီအတိုင်းပဲ ဆက်ပြီး ကြိုးစားကြပေတော့ ဆိုပြီး သကာလ ဒီတရားကို ဦးဘအုန်းစရပါတယ် (မှန်ပါ ဘုရား)။

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ အဓိပတိ ဘယ်နှစ်ပါး ထားရမလဲ (သုံးပါးထားရပါမယ်) ကိုယ့်ကိုယ်ကို (အဓိပတိ ထားရပါမယ်)၊ အဓိပတိထားပါ၊ အကြီးအမှူးထားပြီး ကြိုးစားရမယ် (မှန်ပါ)၊ သူတစ်ပါးကို (အကြီးအမှူးထားပြီး ကြိုးစားရပါမယ်) တရားဂုဏ်တော်ကို (အကြီးအမှူးထားပြီး ကြိုးစားရပါမယ်) တရားဂုဏ်တော်ကို (အကြီးအမှူးထား ပြီး ကြိုးစားရပါမယ် ဘုရား)။

အဓိပတိထားပြီး ကြိုးစားရမယ်ဆိုတော့ တစ်ပါးပါးကို ထားလို့ရှိရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရမယ် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် တရားထိုင်တော့မယ်၊ ဘုရား၊ တရား၊ သံဃာ လှူပြီး သကာလ သီလကိုလည်း ဖြူစင်အောင် ဆောက်လုပ်ထားပြီး တရားပေးတော်မူပါဆိုတာ တောင်းပြီး တရားအားထုတ်တော့မယ်လို့ ဆိုလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကို တရားမစမီ မင်းသည်စားစရာမရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး (မှန်ပါ)။

ကိုယ့်ကိုယ်ကို မြှောက်ပေးရမယ်

ကိုယ့်ကိုယ်ကို မြှောက်ပေးရမယ် (မှန်ပါ) စားစရာမရှိလို့ တရားအားထုတ်သည် မဟုတ်ပါလား၊ ဝတ်စရာမရှိ လို့ တရားအားထုတ်သည် မဟုတ်ပါဘူး၊ နေစရာ ထိုင်စရာမရှိလို့ (တရားအားထုတ်သည် မဟုတ်ပါ ဘုရား) ဒီဘဝ ကောင်းစားရေး ဟိုဘဝကောင်းစားရေးကို အလိုရှိလို့ တရားအားထုတ်သည် မဟုတ်ပါဘူး (မှန်ပါ)။

ဒီဘဝမှာလည်း အန္တရာယ်ကင်းလို့ ဘေးရှင်းအောင်ပေါ့ဗျာ၊ နောက်ဘဝမှာလည်း လူချမ်းသာ၊ နတ်ချမ်းသာ ဆိုတာ ဒါကို အလိုရှိလို့ အားထုတ်သည် မဟုတ်ပါဘူးဆိုပါမှ တဏှာဒိဋ္ဌိက ပယ်ပြီးသာဖြစ်သွားတယ် (မှန်ပါ)၊ ဪ တော်တော်အရေးကြီးပါဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် မိမိကိုယ်ကို ဦးဘအုန်း အဓိပတိထားရလိမ့်မယ် (မှန်ပါ) တရားအားထုတ်တော့မယ်ဆိုလို့ရှိရင် စားစရာမရှိလို့ ငါတရားအားထုတ်သည် မဟုတ်ဘူးလို့ ပြင်ထားပါ (မှန်ပါ)၊ ဝတ်စရာမရှိလို့ (တရားအားထုတ်တာ မဟုတ်ပါ ဘုရား) နေထိုင်စရာရှိလို့ (တရားအားထုတ်တာ မဟုတ်ပါ ဘုရား)။

ဒီဘဝကောင်းစားရေး၊ ဟိုဘဝကောင်းစားရေးဆိုတာကို အလိုရှိလို့ (တရားအားထုတ်သည် မဟုတ်ပါ ဘုရား) ဇာတိမှ လွတ်လိုလို့၊ ဇရာမှ လွတ်လိုလို့၊ ဗျာဓိမှ လွတ်လိုလို့၊ မရဏမှ လွတ်လိုလို့၊ ပဋိသန္ဓေနေခြင်းဘေး၊ အိုခြင်းဘေး၊ နာခြင်းဘေး၊ သေခြင်းဘေးဆိုတာတွေ ဘေးတကာ ရန်တကာမှ လွတ်လိုလို့သာလျှင် အားထုတ်ပါတယ်ဆိုပြီး သကာလ အားထုတ်ကြည့်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘဝတဏှာပါရင်တော့ မရဘူး (မှန်ပါ)၊ ဤဘဝ ထိုဘဝကောင်းစားရေးကို အလိုရှိလို့ အားထုတ် ရင်တော့ ဒါမရနိုင်ဘူးတဲ့ (မှန်ပါ) ဘယ့်နှယ်ကြောင့် မရနိုင်သတုန်းဆိုတော့ တရားတစ်ပွဲလုံး ဉာဏ်ရင့်ပြီးသား ပုဂ္ဂိုလ်တွေ ဖြစ်နေ တော့ သိပြီ၊ ဤဘဝကောင်းစားရေး ဆိုတာလည်း ဤခန္ဓာ ခင်တဲ့ တဏှာပါတယ် (မှန်ပါ့) ဟိုဘဝကောင်းစားရေးဆို တော့ ဟိုဘဝခန္ဓာ ဒီထက်ကောင်းစားချင်တဲ့ တဏှာကော (ပါ ပါတယ် ဘုရား) ဒါပါရင် တရားအားထုတ်လို့ မရဘူး တဲ့ (မှန်ပါ)။

ကိုယ်က အလိုရှိတဲ့ တဏှာမပါစေနဲ့

ဒါပါလာရင် တရားအားထုတ်လို့မရဘူး (မှန်ပါ့ ဘုရား) တစ်ချို့ ဒကာ ဒကာမတွေက မသိသေးတော့ ဪ တရားအားထုတ်တာ သည်ကားဆိုလို့ ရှိရင်ဖြင့် ပစ္စုပ္ပန်လည်း တရားအားထုတ်လို့ ကျန်းမာချမ်းသာ လာတာပဲလို့ ဒီလို မယူလိုက်ပါနဲ့၊ သူ့ဟာသူ ကျန်းမာတာကိုတော့ ဘုန်းကြီးက မကန့်ကွက်ပါဘူး၊ ကိုယ်က အလိုရှိတဲ့ တဏှာမပါစေနဲ့ (မှန်ပါ)။

သူ့ဟာသူ နိဗ္ဗာန်မရသေးလို့ နတ်ရွာသုဂတိရောက်သွားတာကိုလည်း မကန့်ကွက်ပါဘူး၊ သို့သော် ကိုယ်က လိုချင်လို့အားထုတ်တဲ့အဖြစ် မပါစေနဲ့ (မှန်ပါ) ကိုယ်က လိုချင်လို့ အားထုတ်လို့ရှိရင် တဏှာ ဒိဋ္ဌိ ပါ ပါတယ် ၊ (မှန်ပါ) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် အခုပြောခဲ့သလို ကိုယ့်ကိုယ်ကို မင်းသည် ယခု တရားထိုင်တော့မယ်၊ တရားအားထုတ်တော့မယ်၊ စားစရာမရှိလို့ မင်းတရားအားထုတ်တာလည်း မဟုတ်ဘူး၊ ဝတ်စရာမရှိလို့ တရားအားထုတ်တာလည်း (မဟုတ်ပါ ဘုရား) နေစရာ ထိုင်စရာမရှိလို့ တရားအားထုတ်တာလည်း (မဟုတ်ပါ ဘုရား) ဟိုဘဝ ဒီဘဝ ကောင်းစားရေး အလိုရှိလို့ (တရားအားထုတ်တာ မဟုတ်ပါ ဘုရား) ဇာတိ, ဇရာ, မရဏတို့မှ လွတ်လိုလို့ (တရားအားထုတ်တာပါ ဘုရား) အဲဒီစိတ်ကလေးတစ်လုံးနဲ့ တရားအားထုတ်လိုက်စမ်းပါ (မှန်ပါ)။

အဲဒီစိတ်ကလေးစိတ်လုံးနဲ့ ကိုယ့်ကိုယ်ကို အဓိပတိထားပြီး တရားအားထုတ်လိုက်လို့ရှိရင် ဒကာ ဒကာမတို့ မြန်မြန်လည်း ဖြစ်ပျက်အနိစ္စကြီးကို မြင်ပါလိမ့်မယ် (မှန်ပါ့)၊ မြန်မြန်လည်း မဂ်ဆိုက်နိုင်ပါတယ်၊ ဘာကြောင့်တုန်း၊ တဏှာက လုံးဝမှ မခြံရံတော့ပဲ (မှန်ပါ့) ဒိဋ္ဌိကော (မခြံရံပါ ဘုရား)။

တဏှာ ဒိဋ္ဌိ မခြံရံတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ့်ကိုယ်ကို အဓိပတိထားပြီး တရားအား ထုတ်လိုက်လို့ရှိရင်လည်း ဒကာ ဒကာမတို့ မဂ်ဖိုလ်ဆိုက်နိုင်ပါတယ် (မှန်ပါ) ထားတတ်ကြပလား (ထားတတ်ပါပြီ ဘုရား)။

သူတစ်ပါးကို အဓိပတိထားပြီး အားထုတ်တဲ့

ကောင်းပြီ၊ တစ်ခါတစ်လေကျတော့ တရားအားထုတ်ရင် မတ္တနဲ့ သူတစ်ပါးကို အဓိပတိထားပြီး အားထုတ်တဲ့ ဥစ္စာ ဘုရားက ဟောတော်မူပြန်တယ် (မှန်ပါ ဘုရား) (၂)နံပါတ်၊ (၂)နံပါတ်နော် (မှန်ပါ ဘုရား)။

သူတစ်ပါးကို အဓိပတိထားပြီး တရားအားထုတ်ရမယ်ဆိုတာက မင်းသည် စားစရာမရှိလို့၊ ဝတ်စရာမရှိလို့၊ နေစရာမရှိလို့၊ ဟိုဘဝ ဒီဘဝ လိုချင်လို့ တရားအားထုတ်တာ မဟုတ်ဘူးဆိုပြီး တရားအားထုတ်ရင်း မတ္တနဲ့ပေါ့ဗျာ (မှန်ပါ ဘုရား)။

သားကိစ္စကလေး ပေါ်သလိုလို သမီးကိစ္စကလေး ပေါ်သလိုလို၊ အရောင်းအဝယ်ကိစ္စ နဝကမ္မကိစ္စတွေ ပေါ် သလိုလို ဖြစ်လာတော့ ဖြစ်လာတော့ ကိုယ့်ကိုယ်ကို ဟေ့ ယောဂီပုဂ္ဂိုလ် မင်းသည်ကားလို့ဆိုရင်ဖြင့် မင်းကိုယ်သာ မင်းအသိဆုံး၊ မကောင်းဘူးဆိုတာ၊ တစ်ခါ မင်းသန္တာန်မှာ အခု ကာမဝိတက်ဆိုတဲ့ လောဘတွေ လာနေတယ်၊ ဗျာပါဒ ဝိတက်ဆိုတဲ့ စိတ်မချတွေ လာနေတယ်၊ ဝိတိ ံသဝိတက်ဆိုတဲ့ သူတစ်ပါးကို ဘယ်လိုချိုးလိုက်မယ်၊ ဘယ်လိုနှိမ်လိုက်မယ် ဆိုတဲ့ ဝိတက်တွေ လာနေတယ်၊ မင့်ကိုယ်စောင့်နတ်ကလည်း သိတယ်ကွ၊ ဒိဗ္ဗစက္ခုအဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်တွေကလည်း (သိပါတယ်)၊ အကုန်သိတယ် မင်းမရှက်ဘူးလား (မှန်ပါ) အဲဒါတွေ ရှက်ပြီး သကာလ ၊ မင်းသန္တာန် ဒီဟာတွေ မလာစေနဲ့ ကွ၊ မင်းကို သူတစ်ပါးက အကုန်သိတယ် (မှန်ပါ ဘုရား)။

အဲဒီလို သူတစ်ပါးကို ကြောက်ခြင်း၊ လန့်ခြင်း၊ ရှက်ခြင်းဖြစ်ပြီး အကြီးအမှူးထားသဖြင့်လည်း မိမိတရားခရီး ပေါက်နိုင်ပါတယ် (မှန်ပါ ဘုရား)။

ဒီဟာမျိုးကလည်း အရေးကြုံမှ လာတတ်တာနော် (မှန်ပါ) အရေးကြုံလို့ သမာဓိကလေးကောင်းပြီး သကာလ ဖြစ်ပျက်ကလေးများ စိပ်မယ်ကြံမှ သူက ကြားထိုးကလေးလာတာ (မှန်ပါ ဘုရား)။

ဒီလိုကြားထိုးလာတတ်တယ်

အဲဒီတော့မှ ဘုန်းကြီးက သတိပေးလိုက်ပါတယ်၊ ဒီလိုကြားထိုးလာတတ်တယ် (မှန်ပါ)၊ ကြားထိုးဆိုတာက တခြားမဟုတ်ဘူး၊ ဒကာ ဒကာမတို့၊ ဒီလိုဖြစ်ပျက်ထဲမှာ သားရေး, သမီးရေး, စီးပွားရေးက ကြားထိုးလာတတ်တယ် (မှန်ပါ) ကြားထိုးလာလို့ရှိရင် ဒကာ ဒကာမတွေ ဘုန်းကြီးက သတိပေးထိုက်ပါတယ် ယောဂီအလုပ်သမားတွေမို့ (မှန်ပါ ဘုရား)။

ကြားထိုး လာတိုင်း လာတိုင်း ကြားထိုးတဲ့စိတ်ဟာ ဒကာ ဒကာမတို့ အရှုခံလာတာလို့ မှတ်လိုက်ပါ (မှန်ပါ ဘုရား)။

ကြားထိုးလာတာ ဘယ်လိုမှတ်မယ် (အရှုခံလာတာပါ ဘုရား) “ဧဟိ-လာခဲ့၊ ပဿ-ရှုပါ” ဆိုပြီး ကာမဝိတက် ဆိုတဲ့ ကြံစသည်တဲ့ လောဘကလေးလာလို့ရှိရင်လည်း သူ့ကို ဖြစ်ပျက်ရှုချပါ (မှန်ပါ)၊ ဗျာပါဒဝိဘတ် စိတ်မချတာကလေး ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ သူတို့က ကြားထိုးလာတာကိုးဗျ၊ (မှန်ပါ) ဒါဖြင့် ကြားထိုးလာတော့ နဂိုက ဖြစ်ပျက်နဲ့ အလုပ် သူ့ကိုလည်း ဖြစ်ပျက်ရှုလိုက်တော့ ကြားထိုးသဘော ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)၊ ကြားထိုးသဘော မရောက်တော့ သူက ပဋိစ္စသမုပ္ပါ၏် ဆက်မလို့ ခေါင်းဆောင်အဖြစ်နဲ့ ဝင်လာတာ (မှန်ပါ)၊ ခေါင်း ဆောင်ကို ကျုပ်တို့က အနိစ္စဆိုတဲ့ ဖြစ်ပျက်သိတဲ့ ဉာဏ်နဲ့ ဦးဘအုန်း ချေမှုန်းပစ်ရတယ် (မှန်ပါ) အနိစ္စသိတဲ့ဉာဏ်နဲ့ ချေမှုန်းပစ်တော့ သူက ပဋိစ္စသမုပ္ပါဒ် စမလို့ လာတာ ဒကကြွယ်ဆက်သွားနိုင်သေးရဲ့လား (ဆက်မသွားပါ ဘုရား)။

ဒါဖြင့် အရင်ရှုနေတာက ဖြစ်ပျက်အနိစ္စ၊ ကြားထိုးလာတဲ့ တရားကလည်း (ဖြစ်ပျက် အနိစ္စပါပဲ)၊ သူ့ကိုလည်း ဖြစ်ပျက်အနိစ္စ ရှုလိုက်တော့ အနိစ္စချင်း ဆက်မသွားဘူးလား (ဆက်သွားပါတယ် ဘုရား)။

ကိလေသာ ကြားမထိုးစေပဲနဲ့

အဲဒီလို ကိလေသာ ကြားမထိုးစေပဲနဲ့ ကြိုးစားလိုက်မယ်ဆိုရင် ဆရာကောင်း၏လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရား ငါးပါးနှင့်လည်း ပြည့်စုံ၍အဆုံးအမအတိုင်း လိုက်နာ အားထုတ်မယ်ဆိုရင် မနက် အားထုတ်လို့ရှိရင် ညနေရနိုင်ပါတယ် (မှန်ပါ ဘုရား)။

အခုတော့ ဒကာ ဒကာမတွေက ဆရာသမားက နည်းပေးထားတာလည်း မရှိတော့ ခင်ဗျားတို့ အို ဒီနေ့ အားထုတ်ရတာ မဟုတ်တဲ့ စိတ်တွေက တယ်ပြီးဝင်တယ်၊ ဒီနေ့ အစားက နေရာမကျလို့လား၊ အဝတ်က နေရာမကျ လို့လား၊ ပါရမီကပဲ ဒီ့ပြင် အနှောင့်အယှက်တွေကလည်း ဒီနေ့ သိကြားဗြဟ္မာတွေကပဲလာဖျက်လို့လားနဲ့ အင်း အိမ် စောင့်နတ်တွေကပဲ ကိုယ့်မကြည်ညိုလို့ ဖျက်သလိုလို ဘာမှမဟုတ်ဘူး၊ ကိုယ့်ကိလေသာက ကိုယ့်ကြားထိုးတာ (မှန်ပါ ဘုရား)။

ဘယ်သူက ကြားထိုးတာတုန်း (ကိုယ့်ကိလေသာ ကိုယ့်ကြားထိုးတာပါ)၊ အဲဒီကြားထိုးတော့ နဂိုက ကိလေသာ ရန်သူကို စစ်တိုက်နေတာ၊ သူကကြားထိုးလာတော့ ဒီကြားထိုးတာလည်း နာမ်လား ရုပ်လားလို့ မေးတော့ ကြားထိုး တာလည်း နာမ်ပဲ(မှန်ပါ)၊ နာမ်ဖြစ်လည်း “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတဲ့အတိုင်း သူ့ဟာဖြစ်ပျက်ရှုလိုက်ပါလား (မှန်ပါ့) ဖြစ်ပျက်ရှုလိုက်တော့ အရင်ကလည်း ကြားမထိုးခင်ကလည်း အနိစ္စ၊ ကြားထိုးလာတဲ့ တရားကကော (အနိစ္စ ပါ ဘုရား) ဒီတော့ အနိစ္စချင်းဆက်မသွားဘူးလား (ဆက်သွားပါတယ် ဘုရား)။

ဒီနည်းကို ဦးစားပေးပြီး မှတ်ရမယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနည်းကလေး သေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်တုန်း (ဒီနည်းကို ဦးစားပေးပြီး မှတ်ရပါမယ်) ဦးမာဒင် ဘယ်လိုမှတ်မယ် (ဒီနည်းကို ဦးစားပေးထားမှတ်ရပါမယ် ဘုရား) ဒီနည်းကို ဦးစားပေးပြီး မှတ်ရလိမ့်မယ်၊ ဘာကြောင့်တုန်းဆိုတော့ ကြားထိုးလာတာ လား၊ ကျုပ်တို့ကို အရှုခံလာတာလား (အရှုခံလာတာပါ ဘုရား) အရှုခံလာတာဆိုတော့ “ဧဟိ-လာပါ၊ ပဿ-ကျုပ်လည်း ရှုပါ” ကိုး (မှန်ပါ)၊ ကျုပ်လည်း ရှုပါဆိုတော့ မရှုဘဲနဲ့ခင်ဗျားတို့က ထပြေးတယ်ဆိုတော့ ဆေးခွက်ကိုင်တာနဲ့ ခွေးနာက ပြေးသလိုဖြစ်နေပြီ (မှန်ပါ ဘုရား)။

ဆေးခွက်ကိုင်တာ ခွေးနာက ဘယ့်နှယ်နေတုန်း (ပြေးပါတယ် ဘုရား) ဪ မိုက်လိုက်တဲ့ခွေး၊ သူ့ကို ကုမလို့လာ တာ ထပြေးတယ်လို့ ခင်ဗျားတို့က မပြောကြဘူးလား (ပြောပါတယ် ဘုရား) ဒီမှာလည်း အရှုခံလာတယ်ဆိုတော့ သူကပဲ မဂ်ဉာဏ် ဖိုလ်ဉာစ်ပေးမလို့ လာတဲ့ဥစ္စာ၊ ခင်ဗျားတို့က ဒီနေ့တော့ဖြင့် ဘာဖြစ်တယ်လို့ မပြောတတ်ဘူး၊ ကျုပ်ဖြင့် တရားထဲကို စိတ်မနေဘူး၊ မဟုတ်တာတွေချည်း လာနေတယ်၊ ဒီနေ့တော့ ဒီအတိုင်း အေးဆေးနေလိုက်ဦး မယ်ဆိုပြီး ဝိုင်းဖွဲ့ပြီး စကားပြောနေလိုက်ရင် သွားပါလေရောဗျာ၊ ဆေးချက်နဲ့ အနာနဲ့ လွဲကုန်တာပဲ (မှန်ပါ ဘုရား)၊ မလွဲဘူးလား (လွဲပါတယ် ဘုရား)၊ နောက်တော့ ဆေးချက်နဲ့ အနာနဲ့ မလွဲစေနဲ့နော် (မှန်ပါ့)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရှေးတုန်းကတော့ ဒီနည်းလမ်း ပေးမည်သူနဲ့ မတွေ့ခင်တုန်းကတော့ ဒကာသစ်က ဒီနေ့ဘာဖြစ်တယ် မပြော တတ်ဘူး၊ တရားထဲကို စိတ်မဝင်စားဘူး၊ ရှုစကတော့ တော်ပါရဲ့ဗျာ၊ အလယ်မှာ ဗွေဖောက်လာတယ်တဲ့ (မှန်ပါ)၊ ဗွေ မဖောက်ပါဘူး ဒကာသစ်ရ၊ ဗွေမဖောက်ပါဘူး ဒကာအုန်းရ အရှုခံလာတာပါ (မှန်ပါ ဘုရား)။

အရှုခံလာတာပါ

ဘာလုပ်လာတာပါလိမ့်၊ (အရှုခံလာတာပါ ဘုရား)၊ အရှုခံလာတာကို ခင်ဗျားတို့ ဒီနေ့ပဲ ကံမကောင်းလို့၊ အကြောင်းမသင့်လို့ အိမ်စောင့်နတ်က ကိုင်တော့မလိုလို၊ ခင်ဗျားတို့ဟာက တော်တော်ခက်နေတာက (မှန်ပါ)၊ မခက် ဘူးလား (ခက်ပါတယ် ဘုရား)၊ အဲဒီတော့ ဒီနေ့တော့ဖြင့် ပျော်ပျော်နေ သေခဲဆိုပြီး အပြင်ထွက်ပြီး သကာလ ဆေးလိပ် သောက်လိုက်ဦးတော့မလိုလို၊ လက်ဖက်ရည် သောက်ဦးတော့မလိုလို ဆိုတော့ ဒကာသစ်ရေ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

နစ်နာတာ ဘယ်ကျအောင် နစ်နာမလဲဆိုတော့ ရှုနေရင်းမတ္တနဲ့ ကာမဝိဘတ်ဆိုတဲ့ လောဘက လာမယ် (မှန်ပါ့) လောဘလာတော့ ဘုန်းကြီးပြောနေကျပဲ၊ ခွေးသူခိုးမ ဝင်လို့ရှိရင် ခွေးသူခိုးမနောက်က ခွေးကလေးတွေ အကုန်လိုက်မယ်လို့ပြောထားတယ် (မှန်ပါ့)၊ ခွေးသူခိုးမ အိမ်ထဲကို မအေကြီးသာ မဝင်စေနဲ့၊ကလေးတွေ မလာဘူး (မှန်ပါ့)၊ သူ့သာ အဝင်ခံလို့ရှိရင် သူမွေးထားတဲ့ ခွေးသူခိုးကလေးတွေကကော (လာမှာပါ ဘုရား) ဒီမှာလည်း ခွေးသူခိုးမ နဲ့တူတဲ့ တဏှာသာ အဝင်ခံရင် ဥပါဒါန်နောက်က လိုက်တော့မယ်၊ သူ့သားတွေပါ လိုက်လိမ့်မယ်(မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဥပါဒါန်လာရင် ကံကကောင်း (လာပါမယ်)၊ ကံလာရင်ဇာတိကော (လာပါတယ်)၊ ဇာတိလာရင် ဇရာ, မရဏတွေကော (လာပါမယ်) အဲ ခွေးသူခိုးမကြီး လက်ခံမိတာ မိုးကြိုးပစ်တာထက် နာသေးတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရှုခံလာတာကို ရှုဉာဏ်နဲ့ သွားရှုလိုက်

ဒါဖြင့် ဒီခွေးမကြီးကို ဘာလုပ်ကြရမတုန်း (ဖြစ်ပျက်ရှုပစ်ရပါမယ်) ဖြစ်ပျက်ရှုပစ်လိုက်တော့ သူက ကြားထိုး သဘောလား ကျုပ်ကို ရှုပါလို့ လာတာလား (ရှုပါလို့ လာတာပါ) အဲ ရှုပါလို့လာတော့ “ဧဟိ-ပဿိကောနဲ့” သွားကိုက် တယ်၊ “ဧဟိ-လာခဲ့ပါ၊ ပဿ-ကျုပ်ကို ရှုပါ” ဆိုတော့ သူ့ကို “ဧဟိ-ပဿိကော” ဆိုတဲ့အတိုင်း အရှုခံလာတာကို ရှုဉာဏ်နဲ့ သွားရှုလိုက်လို့ရှိရင် အရင် ရှုလိုက်လို့ရှိရင် အရင်ရှုနေတဲ့ ကမ္မဋ္ဌာန်းနဲ့ နောက်ကြားထိုး ကမ္မဋ္ဌာန်းနဲ့ဟာ တစ်သားတည်း မသွားဘူးလား (သွားပါတယ်)၊

တစ်သားတည်းသွားတော့ ဘုရားက ကိလေသာကြားထိုးတာ မဟုတ်ဘူး ကွတဲ့ (မှန်ပါ) ကိလေသာ ကြားမထိုးလို့ရှိရင် ဆရာကောင်း၏ လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့် လည်း ပြည့်စုံ၍ အဆုံးအမအတိုင်း လိုက်နာအားထုတ်ရင် မနက်အားထုတ် ညနေ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရနိုင်တယ် တဲ့ (မှန်ပါ့) ဒီစကားကို တော်တော်လေးလေးစားစား မှတ်ရလိမ့်မယ် (မှန်ပါ ဘုရား) ဦးဘအုန်းဘယ်လိုမှတ်တယ် (လေးလေးစားစား မှတ်ရပါမယ် ဘုရား) လေးလေးစားစားမှတ်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ကာမဝိတက်ဆိုတဲ့ လောဘလာလည်း ဖြစ်ပျက်လာရှု၊ ကိုယ်ရှုနေတဲ့ ကြားထဲမှာ သူတိုးလာလို့ ရှိရင် (မှန်ပါ)၊ ဗျာဝါဒဝိတက် ဆိုတဲ့ ဒေါသလာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဝီဟိယဝိတက် ဆိုတဲ့ ကြီးစွာသော ပဋိဃဆိုတဲ့ ရိုက်ချင် နှက်ချင်တဲ့စိတ် လာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ခွေးသူခိုးမကြီး ဝင်လာတာကို

ဖြစ်ပျက်သာရှုလိုက်တော့ သူတို့သည်ကားလို့ဆိုလို့ရှိတော့ ခွေးသူခိုးမကြီး ဝင်လာတာကို ကျုပ်တို့က ချေမှုန်း ပစ်သလို သူ့သားသမီးတွေနဲ့တကွ နောက်က ဒေါသ သောက ပရိဒေဝ လိုက်နိုင်သေးရဲ့လား (မလိုက်နိုင်ပါ ဘုရား) မထိုက်နိုင်လို့ ရှိရင်ဖြင့် မူလဟာ လိုက်နိုင်လို့ရှိရင်ဖြင့် ကျုပ်တို့မှာ ကိလေသာကြားထိုးရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ကိလေသာ ကြားထိုးမရှိလို့ရှိရင် ဘုရားက ဗောဓိ ရာဇကုမာရမင်းသားကို ဟောထားတာက ဆရာ ကောင်းတို့၏ လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍ အဆုံးအမအတိုင်း လိုက်နာ အားထုတ်ရင် ညနေ အားထုတ်ရင် မနက်ရပါတယ်တဲ့ (မှန်ပါ) အခုတော့ ခင်ဗျားတို့က ကြားထိုးကို မရှုတတ်တော့ကို တစ်သက်လုံး အားထုတ်နေလည်းကြားထိုးဝင်ရင် ကြားထိုးကို မရှုတတ်ရင် မရပါဘူး (မှန်ပါ ဘုရား)။

ဒီနည်းကို သေသေချာချာမှတ်ပါ၊ ဒီကြားထိုးကို ခင်ဗျားတို့က မထုပ်တက်တော့ မာရ်နတ်ထင်နေတယ်၊ ဒီမာရ် နတ်ကို ဘာလုပ်ရမှာတုန်း (ဖြစ်ပျက်ရှုရပါတယ်) မာရ်နတ် မဟုတ်ပါဘူးလို့ ဘုန်းကြီးက အတိအလင်း တာဝန်ခံတယ် (မှန်ပါ)။ ဧဟိ-လာပါ၊ ပဿ-ရှုလှည့်ပါဆိုတော့ သူက အရှုခံလာတာဆိုတာကော ခင်ဗျားတို့ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။

”သန္ဒိဋ္ဌိကော” တဲ့အရင်တုန်းက ကိုယ်တိုင် မမြင်ရဘူး၊ အခုသူလာပြီဆိုတာ သိနေတော့ သန္ဒိဋ္ဌိကောနဲ့လည်း သွားကိုက်တယ် (မှန်ပါ ဘုရား)။

သန္ဒိဋ္ဌိကောဆိုတာ

သန္ဒိဋ္ဌိကောဆိုတာ အခုကြားထိုးတရားကို ကြားထိုးလို့ မသိဘူးလား (သိပါတယ်)၊ သိကတည်းက သန္ဒိဋ္ဌိကော ဟုတ်-မဟုတ် (ဟုတ်ပါတယ် ဘုရား)။

အရင်တုန်းကတော့ သန္ဒိဋ္ဌိကော ဆိုတဲ့ဥစ္စာ စာထဲတွင် ဆိုသံ ကြားဖူးနေတာ၊ အခုတော့ သူကြားထိုးနေပြီ ဆိုတာ ကိုယ်တိုင် အသိသားပဲ (မှန်ပါ) ဒါဖြင့် သူ့ကို ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲ သန္ဒိဋ္ဌိကောဖြစ်အောင် ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် ဧဟိ ပဿိကောနဲ့လည်းသွားပြီး မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

ဧဟိ ပဿိကောဆိုတဲ့ ဥစ္စာလည်း ဒီအထဲမှာ ကိုက်သွားတော့ အကာလိကောဆိုတဲ့ ဥစ္စာတစ်ခါတည်း ခွေးသူခိုး မကြီးနဲ့ တူတဲ့တဏှာကို ကျုပ်တို့က ချေမှုန်းဖြစ်ပျက်ရှုလိုက်တဲ့အတွက် ခွေးငယ်ကလေးတွေနဲ့ တူတဲ့ တဏှာ ဥပါဒါန် ကံဇာတိ ဇရာမရဏတွေ လာခွင့်ရသေးရဲ့လား (မရပါ ဘုရား) ဟော အခါမလင့် အကျိုးပေးတဲ့ အကာလိကော သဘောကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါ သိန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်အောင် ခင်ဗျားတို့က ရှုလိုက်လို့ရှိရင် ခွေးသူခိုးမကိုသာ သန္ဒိဋ္ဌိကောနဲ့ရိုက် မိလို့ရှိရင် အကာလိကော သဘောသို့ သက်ရောက်လာပြီး ခွေးငယ်တွေနဲ့တူတဲ့ တဏှာ ဥပါဒါန် ကံတွေဟာ ဒကာ ဒကာမတို့ ဒီအိမ်ထဲမှာ မတည်နိုင်တော့ဘူး (မှန်ပါ)၊ ဒီခန္ဓာအိမ်ထဲမှာ တည်ပါဦးမလား (မတည်ပါ ဘုရား)။

အဲဒါတွေ နည်းကောင်းနည်းနာ ဆရာသမားက ပေးနေတော့ ဪ တို့မှာ မာရ်နတ် ဝင်လာတာ မဟုတ်ဘူး ဟေ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မြန်မြန်ယူပါလို့ သူက ငါ့ ရှုပါ၊ ငါ့ ရှုပါ လို့ အရှုခံ တရားသစ် ဝင်လာတာ (မှန်ပါ) သဘောပါ ကြပလား (ပါ ပါပြီ ဘုရား)။

ခွေးနာဆေးခွက်ကိုင်တာနဲ့ ပြေးနေသလို

ဘယ်လို ပါကြပါလိမ့် (တရားသစ် ဝင်လာတာပါ)၊ တရားသစ် ဝင်လာတာကို ခင်ဗျားတို့က ရန်သူထင်နေတယ် (မှန်ပါ) ခုနင်က ပြောခဲ့သလို ခွေးနာဆေးခွက်ကိုင်တာနဲ့ ပြေးနေသလိုဖြစ်နေတယ် (မှန်ပါ ဘုရား)။

ဒီမှာလည်း ထိုနည်းတူပဲ၊ သူဝင်လာရင် ခင်ဗျားတို့က ဒီနေ့ ဘာဖြစ်ပါလိမ့်မတုန်း၊ ဦးဘအုန်းတို့ ဒကာသစ်တို့က ဒီနေ့ဘာဖြစ်ပါလိမ့်မတုန်း၊ ဒီနေ့ရှုရတာ အစာမကြေသလိုလို ကျုပ်ဖြင့် နက်ဖြန်မှပဲ ကျကျနန လုပ်တော့မည့် ပုံလိုလို (မှန်ပါ)၊ အဲဒါ ခင်ဗျားတို့ကို မိတ်ဆွေအဖြစ်နဲ့ လာတာကို ရန်သူမှတ်ပြီး သကာလ ပြေးလို့ရှိရင်ဖြင့် ဒီထက် ကိုယ်ကျိုး နည်းတာ မရှိဘူး (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

သူက ဘာလာလုပ်တာတုန်း (အရှုခံ လာတာပါ ဘုရား) အရှုခံလာတာဟာ မိတ်ဆွေအဖြစ်နဲ့ လာတာ၊ ကျုပ်လည်း အနိစ္စတရားပါပဲ၊ ခင်ဗျားတို့ ရှေ့မှာပဲ ပျောက်ပြပါမယ်ဆိုပြီး မပြဘူးလား (ပြပါတယ် ဘုရား) အဲဒီပြတာကို ဒကာ ဒကာမတွေက အရှုခံလာတာကို ရန်သူထင်ပြီး သကာလ ခုနင်က ပြောခဲ့တဲ့ ခွေးနာ ဆေးခွက်ကိုင်တာနဲ့ ပြေး သလို ခင်ဗျားတို့ ယောဂီတွေက ထထ, ထထပြေးမယ်ဆိုရင် ဘယ်မှာနေရာကျနိုင်တော့မလဲ (မကျနိုင်ပါ ဘုရား)၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

မင်းအိမ်စောင့်နတ်တွေက လည်း အကုန်သိတယ်

ဒါဖြင့် တရားအားထုတ်ရင် ကာမဝိတက်လာလည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရငရပါမယ်) အဲ ဖြစ်ပျက် မရှုနိုင်လို့ရှိရင်ဖြင့် မင်းမိုက်နေတာ မင်းကိုယ်စောင့်နတ်တွေလည်းသိတယ်ကွ (မှန်ပါ့ ဘုရား) တောစောင့်နတ်၊ တောင် စောင့်နတ်၊ ကျောင်းစောင့်နတ်၊ ဓမ္မာရုံစောင့်နတ်တွေကလည်း အကုန်သိတယ်ကွ (မှန်ပါ)၊ မင်းအိမ်စောင့်နတ်တွေက လည်း အကုန်သိတယ် (မှန်ပါ ဘုရား)။

အဲဒါတော့ မင်းရှက်စရာကြီး၊ မင်းဒီဟာတွေ မလာအောင်လုပ်၊ အခု ဆရာဘုန်းကြီး ပြောခဲ့တဲ့အတိုင်း လာလို့ရှိရင်လည်း သူ့ကို ဖြစ်ပျက်ရှုပစ်၊ အနိစ္စရှုပစ်ဆိုတော့ ခင်ဗျားတို့ဟာ ကိလေသာ ကြားထိုးတယ် ဆိုကြမလား မထိုးဘူးဆိုကြမလား (မထိုးပါဘူး ဘုရား)၊ ဖြစ်ပျက်ပဲ ကျုပ်တို့က မြင်တာကိုးဗျ (မှန်ပါ) တဏှာရယ်လို့ မမြင်ပါဘူး၊ ဖြစ်ပျက်ပဲမြင်တယ်၊ လောဘရယ်လို့ မမြင်ပါဘူး (ဖြစ်ပျက်ပဲ မြင်ပါတယ် ဘုရား)။

ဒါဖြင့် နဂိုကလည်း ကျုပ်တို့က ဖြစ်ပျက်ရှုနေတာ၊ နောက်လာတဲ့ တရားကြားထိုးတရားလည်း ဘာမြင်သတုန်း (ဖြစ်ပျက်ပဲ မြင်ပါတယ်) အဲဒီကဲ့သို့ ဖြစ်ပျက်ချည်းဆက်နေတဲ့အခါကျတော့ ကိလေသာ ကြားထိုးရယ်လို့ ဆိုစရာရှိသေး ရဲ့လား (မရှိပါ ဘုရား)။

အဲ ကိလေသာ ကြားထိုးလို့ ဆိုစရာမရှိရင်ဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဦးလှဘူးတို့ ဆရာကောင်း၏ လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍ အဆုံးအမအတိုင်း လိုက်နာအားထုတ်ရင် ညနေ အားထုတ် မနက်ရနိုင်တာသေချာတယ် (မှန်ပါ)၊ ထပြေးလိုက်လို့ရှိရင်ဖြင့် နက်ဖြန်လည်း သူလာလိမ့်ဦးမယ်၊ သတိသာ ထားပေတော့၊ နက်ဖြန်လည်း ကာမဝိတက်လာမှာဘဲ (မှန်ပါ)။

ဘာဖြစ်လို့တုန်း၊ မဂ်နဲ့မှ မပယ်ရသေးတော့ သူကချက်ကောင်း စောင့်နေတာကိုး (မှန်ပါ)၊ ချက်ကောင်းစောင့် နေတော့ နက်ဖြန်ကျတော့ ဒီထက်ကြီးတဲ့ ဝိတက်တောင် လာလိမ့်ဦးမယ် (မှန်ပါ)၊ နက်ဖြန်ကျတော့ မလုပ်ဖြစ်တဲ့ ဝိတက်တောင်လာရင် ကိုယ်ကျိုးနည်းပြီ၊ သက်ဆိုးရှည် ဖြစ်သွားလိမ့်မယ် (မှန်ပါ)။

ငါးပါး မှောက်ပါလိမ့်မယ်

မလုပ်ဖြစ်တဲ့ ဝိတက်လာရင် (သက်ဆိုးရှည်ဖြစ်သွားလိမ့်မယ် ဘုရား) ဘယ်အိမ်ကဖြင့် မမာလို့တဲ့၊ နေ့လယ် လည်း မအားလို့ ညနေသွားရဦးတော့မယ်ဆိုလို့ ရှိရင်ဖြင့် ဒီအလုပ်ခွင်ကို ဝင်ဖြစ်သေးရဲ့လား (မဝင်ဖြစ်ပါ ဘုရား) အဲ အရင်ဝိတက်ထက် နောက်ဝိတက်က မကြီးဘူးလား (ကြီးပါတယ် ဘုရား)၊အဲ ကြီးလာတဲ့အခါကျတော့ သဿတဒိဋ္ဌိ ကလည်း ဒီအထဲကနေပြီး သူကလည်း အကူအညီ ကလည်း ပေးလိုက်သေးတယ်ကွာ၊ ဒီနေ့တော့ ဟန်မရသေးဘူး၊ နက်ဖြန်မှ ကြိုးစားတာပေါ့တဲ့၊ (မှန်ပါ)၊ အံမာလေး အဲဒါလည်း ခင်ဗျားတို့က သာဓုဗျာဆိုပြီးများ လိုက်နာနေရင် ငါးပါး မှောက်ပါလိမ့်မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဆိုးရွားတာတွေကိုလည်း သေသေချာချာ ဘုန်းကြီးက ဖော်ပြောနေတယ် (မှန်ပါ ဘုရား)။

ကဲ ဒါဖြင့် သူတစ်ပါးကို အကြီးအမှူးထားပြီး ကိုယ်စောင့်နတ်၊ ရွာစောင့်နတ်၊ တောစောင့်နတ် စသည်တို့ သိမှာစိုးသဖြင့်လည်း တရားကို ပိုမိုပြီး ကြိုးစားလိုက်ပါ (မှန်ပါ)၊ ဝီရိယပိုပြီး ကြိုးစားလိုက်ပါဆိုတာ သဘောပါပလား (ပါ ပါပြီ ဘုရား) ကောင်းပြီ၊ ဒါဖြင့် သူတစ်ပါး ငဲ့သဖြင့်လည်း ကိုယ်မဂ်ဖိုလ် ရနိုင်ပါတယ် (မှန်ပါ)။

တရားကို အဓိပတိထားပုံ

ဒါဖြင့် (၁)နံပါတ်က ကိုယ့်ကိုယ်ကို ငဲ့သဖြင့်လည်း (မဂ်ဖိုလ်ရနိုင်ပါတယ်) (၂) နံပါတ်က သူတစ်ပါးကို အဓိပတိထားသဖြင့်လည်း (မဂ်ဖိုလ်ရနိုင်ပါတယ်) (၃)နံပါတ်က တရားကို အဓိပတိထားသဖြင့်လည်း (မဂ်ဖိုလ်ရနိုင်ပါ တယ် ဘုရား) ကိုင်း တရားကို အဓိပတိထားပုံ ပြောကြပါစို့။

ဘုရားအဆူဆူပင် ဒကာ ဒကာမတို့ သွာက္ခတော ဘဂဝတော ဓမ္မောမဟောကြဘူးလား (ဟောကြပါတယ် ဘုရား)၊ ဘဝဂတော-မြတ်စွာဘုရားသခင်သည်၊ ဓမ္မော-တရားကို၊ သွာက္ခတော-အကောင်းချည်း ဟောတာပဲ၊ နိဗ္ဗာန် ရောက်ဖို့ချည်း ဟောတာပဲ (မှန်ပါ ဘုရား)။

အဲဒီတော့ ကိုယ်က တရားအားထုတ်နေရင်း မတ္တနဲ့၊ ဘာစိတ်တွေ ညာစိတ်တွေ၊ သားစိတ်၊ သမီးစိတ်၊ ဆွေစိတ်၊ မျိုးစိတ်၊ ရောင်းစိတ်၊ ဝယ်စိတ်တွေ ဝင်လာလို့ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သွာက္ခာတော ဘဂဝတော ဓမ္မောတဲ့၊ သူ့တရားအားထုတ်လို့ရှိရင်ဖြင့် ကောင်းတဲ့နိဗ္ဗာန် ရောက်ပါလိမ့်မယ်လို့ ရဲဝံ့စွာ သူကတာဝန်ခံပါလျက်သားနဲ့ မင်းကတရားဖျက်မလို့ ကမ္မဋ္ဌာန်းယောင်ဆောင်နေတာလားလို့ ကိုယ့်ကိုယ့်ကို မေးရမယ် (မှန်ပါ ဘုရား)။

ဘုရားဟောထားတာက သွာက္ခာတော ဘဂဝတော ဓမ္မောကိုး၊ မြတ်စွာဘုရားက တရားတော်ကို နိဗ္ဗာန်ရောက် အောင်ဟောတော်မူ၏တဲ့၊ မင်းကတရားထိုင်နေတာဟာ ဘုရားက နိဗ္ဗာန်ရောက်အောင် ဟောတဲ့ တရားကို မင်းကထိုင် နေတာ၊ ထိုင်နေတော့ မင်းက သားဝိတက်, သမီးဝိတက်, ဆွေဝိတက်, မျိုးဝိတက်တွေ မင်းကဝင်လာလို့ရှိရင်ဖြင့် ဘုရားက နိဗ္ဗာန်ရောက်အောင် ဟောတော်မူပါလျက်သားနဲ့ မင်းက တရားကို ဖျက်နေတာလားလို့ ကိုယ့်ကိုကိုမေး (မှန်ပါ ဘုရား)။

တရားတော့ မပျက်စေနဲ့ကွာ၊ မင်း အပါယ်ကျတာ အရေးမကြီးဘူး၊ ဘုရားတရားတော့ မဖျက်နဲ့ဟေ့၊ ကိုယ့်ကိုယ် ကို ဆုံးမရမယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားတရားကိုတော့ မင်းက မဖျက်ပါနဲ့ကွာ၊ မင်းဟန်မကျတာ မင်းဟာမင်း အသာနေစမ်းပါ၊ ခပ်ကုပ်ကုပ်နဲ့ မင်းဟာ မင်းနေလို့ရှိရင် မင်းဟာမင်းအပါယ်သွားတာတော့ ဘယ်သူကမှ မင်းကို မသနားပါဘူး၊ တရားတော့ မဖျက်ပါ နဲ့၊ တရားကတော့ နိဗ္ဗာန်ရောက်တဲ့တရားပါ၊ ဖြစ်ပျက်သာ ရှုလိုက်လို့ရှိရင် (မှန်ပါ ဘုရား)။

လာတဲ့တရားတွေကို အကုန်လာ ဖြစ်ပျက်ရှု

အခု မင်းအားထုတ်ပြီး သကာလ နေတဲ့ဥစ္စာ တရားဖျက်လာသလိုဖြစ်နေတယ်၊ ကာမဝိတက်တွေလာ၊ ဗျာပါဒ ဝိတက်တွေလာ၊ ဝိဟိံသဝိတက်တွေလာ၊ ထိနမိဒ္ဓတွေလာ၊ ဥဒ္ဓစ္စ ကုက္ကုစ္စတွေလာနဲ့ မင်း တရားဖျက်လာနေတာလား၊ မြတ်စွာဘုရား ဟောတဲ့တရားဟာ နိဗ္ဗာန်ရောက်တဲ့တရား မင်းလုပ်နေပုံကဖြင့် တရားဖျက်နေပါပေါ့လားလို့ ကိုယ့်ကိုယ်ကို စွပ်စွဲပါ (မှန်ပါ)၊ အဲဒီတော့ တရားကို အဓိပတိထားသဖြင့် တရားက နိဗ္ဗာန်ရောက်ပါတယ်လို့ ဘုရားဟောခြင်းကြောင့် ကိုင်း လာတဲ့တရားတွေကို အကုန်လာ ဖြစ်ပျက်ရှု (မှန်ပါ့)။

ဘယ်လိုပါလိမ့်ဗျာ (လာတဲ့တရားတွေကို ဖြစ်ပျက်ရှုရပါမယ် ဘုရား) လာတဲ့တရားတွေကို အကုန်ဖြစ်ပျက်ရှု၊ လာဆိုတာကလည်း တခြား မဟုတ်ပါဘူး၊ ပုထုဇဉ်သန္တာန်မှာ ပုထုဇဉ်စိတ်တွေ လာမှာဘဲ၊ ပုထုဇဉ်စိတ်တွေကို ဘာလုပ် ရမှာတုန်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အဲ တခြား တရားရှုစရာလားတဲ့ အရိယာစိတ်လည်း ခင်ဗျားတို့ မရှုနိုင်ပါဘူး၊ ခင်ဗျားတို့ သန္တာန်ပေါ်လာတဲ့စိတ် ဟူသရွေ့က ပုထုဇဉ်စိတ် (မှန်ပါ ဘုရား)။

ပုထုဇဉ်စိတ်ကို ပုထုဇဉ်ဉာဏ်နဲ့ရှုရင် အရိယဉာဏ်ဟာ ရင့်သွားရမယ်(မှန်ပါ)၊ မရင့်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား) မရှုခင်ကတည်းက အရိယာဖြစ်နေတယ်လို့ ထုံးစံကောရှိရဲ့လား (မရှိ ဘုရား) အဲ ပုထုဇဉ်သန္တာန်ရှိတဲ့ စိတ်ကို ရှုတာနဲ့ ပုထုဇဉ်က အရိယာဖြစ်ရတာချည်းပဲ (မှန်ပါ)။

အဲဒီတော့ ဦးမာဒင်တို့ ဒါ အားတက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား) နောက်ကျတော့ တပည့်တော် ဘယ်ဟာရှုရမှာတုန်း မမေးနဲ့၊ ခင်ဗျား ပုထုဇဉ်လား၊ အရိယာလား မေးလိုက်လိမ့်မယ် (မှန်ပါ)။

ပုထုဇဉ်သန္တာန်မှာ ဘာစိတ်လာလာ ရှုသာရှု

တပည့်တော် ပုထုဇဉ်ပါ၊ ပုထုဇဉ်သန္တာန်မှာ ဘာစိတ်လာလာ ရှုသာရှု (မှန်ပါ) နေ့လယ်က ဟောသလို အသေစိတ်ကို အရှင်စိတ်က ရှုနေမယ်ဆိုရင်ဖြင့် ရှုစရာတွေ ရှားသေားရဲ့လား (မရှားပါ ဘုရား) ဖြစ်ပျက်က အသေ ကိုးဗျ၊ ရှုဉာဏ်က အရှင်ကိုးဗျ (မှန်ပါ) ဒါဖြင့် အသေကို ဘာလုပ်ရမလဲ (အရှင်ကနေပြီး ရှုနေရပါမယ် ဘုရား) အသေကို အရှင်က နေရှုဆိုတဲ့ အဓိပ္ပါယ်က မမိသေးဘူးလား (မိပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ပုထုဇဉ်စိတ်သာ လာတော့ ပုထုဇဉ်စိတ်အသေတွေကို ပုထုဇဉ်စိတ်အရှင်က ရှုပေါ့ (မှန်ပါ့) ရှုပါများလာတော့ ပုထုဇဉ်က အရိယာဖြစ်လာတာပဲ (မှန်ပါ)၊ ဘယ်သူကမှ ရဟန္တာအဖြစ်နဲ့ မွေးလာတယ်ဆိုတာ မွေးကို မမွေးဘူး (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မိမိသန္တာန်မှာ တရားအားထုတ်ရင်း တခြားသော စိတ်တွေ၊ သားစိတ်၊ သမီးစိတ်၊ ဆွေစိတ်၊ မျိုးစိတ်၊ စိတ်မချ လက်မချတွေ၊ ရှေ့ရေးတွေ၊ နောက်ရေးတွေနဲ့ ဒကာ ဒကာမတွေက တွေးလုံးတွေများ ထုတ်နေလို့ရှိရင် မင်းဟာကွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ကောင်းစွာ ဟောထားတော်မူလို့ အကုန် နိဗ္ဗာန်သွား နိုင်တဲ့ တရားကို မင်းလာမဖျက်ပါနဲ့၊ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဘုရားဟောထားတဲ့ တရားကို လာ ဖျက်ရာမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် တရားကို အဓိပတိထားသဖြင့် ကိုယ့်ကိစ္စ မပြီးဘူးလား (ပြီးပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ တရားကလည်း သန္ဒိဋ္ဌိကောဆိုတော့ သာမံသဿိတဗ္ဗော၊ ကိုယ်တိုင်မြင်ရတယ် (မှန်ပါ)၊ သူတစ်ပါး ပြောသံကြားလောက်နဲ့ မြင်တာကတော့ နိဗ္ဗာန်နဲ့ လှမ်းသေးတယ် (မှန်ပါ)၊ ကိုယ်တိုင်မြင်ရမှ (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။

ကိုယ်တိုင်မြင်ရင် နိဗ္ဗာန်ရောက်မယ်

ကိုယ်တိုင်မြင်ရင် နိဗ္ဗာန်ရောက်မယ်ဆိုတော့ ခင်ဗျားတို့စဉ်းစားကြည့်၊ မနေ့ညကပဲ ပြောခဲ့ပါသေးတယ် ဒကာ ဒကာမတို့၊ ညအချိန်များ ကြမ်းပိုးကလေးကကျောကို ကိုက်တယ်၊ သန်းကလေးက ခေါင်းကိုက်တယ် (မှန်ပါ) အောင်မယ် လက်က အဲဒီနေရာသွားနေတယ်၊ မှောင်ကြီးထဲတောင် သွားတတ်တယ် (မှန်ပါ)။

ဘာကြောင့်တုန်းဆိုတော့ ယားတဲ့နေရာက ခေါ်လို့ (မှန်ပါ) ယားတဲ့နေရာက ခေါ်လို့ ဘာနဲ့သွားသတုန်းဆို တော့ အယားပျောက်ချင်တဲ့ တဏှာနဲ့သွားတယ်၊ ဪ တဏှာနဲ့တော့ သွားတတ်တယ်၊ ဉာဏ်နဲ့ သွားလိုက်ပါလား (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာနဲ့သွားရမတုန်း (ဉာဏ်နဲ့သွားရပါမယ် ဘုရား) တဏှာနဲ့တော့ လက်ကလေးက တစ်ခါတည်း ချောင်းပြီးများ ဖမ်းမည့်ပုံတောင် သွားလိုက်သေးတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် တဏှာနဲ့ သွားရမှာလား၊ ဉာဏ်နဲ့သွားရမှာလား (ဉာဏ်နဲ့ သွားရမှာပါ ဘုရား) ဉာဏ်နဲ့ သွားလိုက်တဲ့ အခါကျတော့ ကိုယ်သွားသည်နဲ့ တစ်ပြိုင်နက်တည်း ဟိုမှာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) ဝေဒနာကလေးပေါ်လာ လည်းပဲ ဝေဒနာပေါ်လာတဲ့နေရာ ဉာဏ်နဲ့သွားလိုက်တော့ ဝေဒနာက္ခန္ဓာသမားက ပျက်စီးပြီ (မှန်ပါ)၊ ဉာဏ်ခန္ဓာသမား က ဪ ပျက်စီးပေါ့လို့ မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒီကဲ့သို့ သိန္ဒိဋ္ဌိကောတဲ့ ကိုယ်တိုင်မြင် ခုနင်ကပြောခဲ့တဲ့ ကိုယ်တိုင်ညအချိန်တောင်မှ ကြမ်းပိုးဖမ်းသွား သလို၊ ဒီမှာလည်း ဉာဏ်နဲ့ ဘယ်စိတ်ပေါ်ပေါ် ရှေ့စိတ်တွေကို နောက်ဉာဏ်နဲ့ချည်း သွားပေးပါ (မှန်ပါ)။

ရှေ့စိတ်ကို (နောက်ဉာဏ်နဲ့ချည်း သွားပေးရပါမယ်) နောက်ဉာဏ်နဲ့ သွားပေးတော့ သန္ဒိဋ္ဌိကော မဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား) သူများပြောထား၊ ကိုယ်တွေ့လား (ကိုယ်တွေ့ပါ ဘုရား)။

အကာလိကော လာမှာ

ကိုယ်တွေ့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မစိုးရိမ်နဲ့တော့၊ သန္ဒိဋ္ဌိကော ပြီးရင် ဘာလာလိမ့်မယ် ထင်သတုန်း (အကာလိကော လာမှာပါ ဘုရား) ဒီကဖြစ်ပျက်ကလေးဆီကို ဒီက မဂ္ဂင်ငါးပါးနဲ့သွားလိုက်၊ သွားလိုက်တဲ့အခါကျတော့ ဖြစ်ပျက်၊ ရှေ့အနိစ္စတွေက ဖြစ်ပျက်ဖြစ်သွားတော့ သန္ဒိဋ္ဌိကောက သွားလိုက်တဲ့အခါ ကျတော့ ဒီက မဂ်မဖြစ်ဘူးလား (ဖြစ်ပါတယ်) အဲဒီတော့ ဝေဒနာပစ္စယာ တဏှာတွေ ဒီဘက်က လာသေးရဲ့လား (မလာပါ ဘုရား)၊ ဒီက ဒုက္ခပစ္စယာ ဒေါသောတွေကော (မလာပါ)၊ အဝိဇ္ဇာ ပစ္စယာ မောဟောတွေကော (မလာပါ ဘုရား) မလာတော့ ပဋိစ္စသမုပ္ပါဒ်ကြီး ဘယ့်နှယ်ဖြစ်သွားသတုန်း (ပြတ်သွားပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်ပြီး ဘုရားဖြစ်တာ

ဘုရားဟာ ဘာဖြစ်လို့ ဘုရားဖြစ်ပါလိမ့်မလဲဆိုရင် ပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါး စတဲ့ဘုရားဖြစ်ကြောင်း တရားတွေ ဖြည့်ကျင့်ခဲ့လို့ ပဋိစ္စသမုပ္ပါဒ်ပြတ်ပြီး ဘုရားဖြစ်တာ (မှန်လှပါ ဘုရား) ရဟန္တာ ဘာဖြစ်လို့ ရဟန္တာဖြစ်ပါလိမ့် (ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ပါ ဘုရား) သောတာပန် ဘာဖြစ်လို့ သောတာပန်ဖြစ်ပါလိမ့် (ပဋိစ္စသမုပ္ပါဒ် ပြတ်လို့ပါ ဘုရား) သောတာပန်မှာ အပါယ်သွားစေတတ်တဲ့ ပဋိစ္စသမုပ္ပါဒ် သေသေချာချာပြတ်တယ် (မှန်ပါ)။

သကဒါဂါမ် ဘာဖြစ်လို့ သကဒါဂါမ်ဖြစ်ပါလိမ့်၊ ရုန့်ရင်းတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ ဖြတ်နိုင်လို့ (မှန်ပါ) ရုန့်ရင်းတဲ့ လောဘ၊ ဒေါသ၊ မောဟ ပဋိစ္စသမုပ္ပါဒ်မပြတ်ဘူးလား (ပြတ်ပါတယ်) အနာဂါမ်ကျတော့ကော ကာမရာဂနဲ့ ပတ်သက်တဲ့ လောဘ၊ ဒေါသ၊ မောဟ တွေ မပြတ်ဘူးလား (ပြတ်ပါတယ်) အဲဒါပြတ်လို့ ဘာဖြစ်သတုန်း၊ အနာဂါမ် (မှန်ပါ)၊

ရဟန္တာကျတော့ ရူပရာဂ၊ အရူပရာဂ-ရူပဘုံ ကိုလိုချင်တဲ့လောဘ၊ အရူပဘုံကို လိုချင်တဲ့ လောဘတွေနဲ့ တကွ အဝိဇ္ဇာတို့ပါ ပြတ်သွားသောကြောင့် သန္ဒိဋ္ဌိကောရှိရာကို သွားလိုက်တော့ နောက်က ရူပရာဂကော (မလာတော့ပါ ဘုရား) အရူပရာဂတွေ လာသေးရဲ့လား (မလာပါ ဘုရား) အဝိဇ္ဇာတွေကော (မလာတော့ပါ ဘုရား) ဒါကြောင့် ရဟန္တာ ဖြစ်သွားတယ်ဆိုတော့ သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင်သွားလို့ ဖြစ်တာချည်းပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သန္ဒိဋ္ဌိကော ရှိလို့ရှိရင်ဖြင့်

သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင်သွားတော့ ဖြစ်ပျက်ဆီကို ကိုယ်တိုင် မရောက်ဘူးလား (ရောက်ပါတယ်) အဲ သန္ဒိဋ္ဌိကော ရှိလို့ရှိရင်ဖြင့် နောက်က အကာလိကောလိုက်တယ် (မှန်ပါ)။

သန္ဒိဋ္ဌိကောဆိုတာက ဖြစ်ပျက်ရှိရာကို မဂ်နဲ့ သေသေချာချာသွား (မှန်ပါ) သွားလိုက်လို့ရှိရင်ဖြင့် မဂ်သွားသည် ဖြစ်လေသောကြောင့် ပဋိစ္စသမုပ္ပါဒ် အစကလည်းပြတ်ပါတယ်၊ အလယ်ကကော (ပြတ်ပါတယ် ဘုရား) အဆုံးကကော (ပြတ်ပါတယ် ဘုရား) ဒါ အကာလိကော ဟုတ်-မဟုတ် (ဟုတ်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေက ဘယ်တော့များ အကျိုပေးပါ့မတုန်းဆိုတော့ အခုလုပ်ကြည့် (မှန်ပါ) အခုလုပ်ကြည့်ရင် ဘယ့်နှယ်တုန်း (အခုအကျိုးပေးပါတယ် ဘုရား)။

ဪ ခင်ဗျားတို့က ထီကလေးထိုးပြီး သကာလ ဘုရားပန်းတင်၊ နတ်ကလေးသွားပြီး တိုင်တည်နဲ့ အဲဒါ အကာလိကော မဟုတ်ပါဘူးတဲ့ (မှန်ပါ) အခုရှုလို့ ဖြစ်ပျက်က အခုခေါ်တဲ့နေရာ အခုသွားလိုက်လို့ ရှိရင်ဖြင့် သန္ဒိဋ္ဌိကော သဘောနဲ့ သေသေချာချာ သွားလိုက်လို့ရှိရင် အကာလိကော နောက်က ပဋိစ္စသမုပ္ပါဒ် ပြတ်-မပြတ် (ပြတ်ပါတယ် ဘုရား) အပါယ် သွားတတ်တာတွေလည်း (ပြတ်ပါတယ်) ရူပဘုံ အရူပဘုံ ဖြစ်မှာတွေကော (ပြတ်ပါတယ်)၊ ဒါဘယ့် နှယ်ကြောင့် ပြတ်ပါလိမ့်မတုန်း ဆိုတော့ အို သန္ဒိဋ္ဌိကောနဲ့ ခေါ်ရာသွားလို့ အကာလိကော ဖြစ်ကော (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲ သန္ဒိဋ္ဌိကောဆိုတဲ့ဥစ္စ အလယ်ကနေပြီး ကိုယ်တိုင်မြင်အောင်သာ ယားရင်ပဲ ယားတဲ့ဆီသွား၊ နာရင် နာတဲ့ဆီသွား၊ မယားမနာလို့ရှိရင် မယားမနာပဲနဲ့ ခေါ်တဲ့စိတ်တွေဆီသွား၊ သွားလို့ရှိရင်ဖြင့် ကိုယ်တိုင် မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။

ကိုယ်တိုင်ဘယ်လိုမြင်ရတယ်ဆိုတာ

ကိုယ်တိုင်ဘယ်လိုမြင်ရတယ်ဆိုတာ နည်းနည်းကလေးရှင်းပြပါဦးမယ် ဒကာ ဒကာမတို့၊ ဪ ခုနင်က ခေါ်တယ်၊ ခေါ်တုန်းက မိမိက သွားလိုက်တယ်၊ သွားတဲ့အခါ မတွေ့တော့ဘူးဆိုတာတော့ မထင်ရှားဘူးလား (ထင်ရှား ပါတယ်)၊ ခေါ်ကော မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား) သွားတော့ တွေ့ရဲ့လား (မတွေ့ပါ ဘုရား)။

ဒါဖြင့် ခေါ်လည်း ခေါ်တယ်၊ သေလည်း သေတယ် (မှန်ပါ့)၊ ခေါ်တဲ့တရားသည် ခေါ်ကော မခေါ်ဘူးလား (ခေါ်ပါတယ်)၊ သေကော (သေပါတယ် ဘုရား)၊ သွားတဲ့အခါကျတော့ ခေါ်လို့သွားတော့ ဘာတွေ့သတုန်း (သေတာ တွေ့ပါတယ်)၊ ဒါဖြင့် ခေါ်လို့သွားတော့ အသေတွေ့တယ်ဆိုတော့ ခေါ်တာက ဖြစ်တာ၊ အသေတွေ့တာက ပျက်တာ (မှန်ပါ) ဖြစ်ပျက်သွားတွေ့တယ် (မှန်ပါ)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ခေါ်တာက ဘာတုန်း (ဖြစ်တာပါ ဘုရား) သွားတော့ မတွေတာက (ပျက်တာပါ ဘုရား)။

အဲဒီတော့ သွားတဲ့ ပုဂ္ဂိုလ်မှန်လို့ရှိရင် ဖြစ်ပျက်တွေ့ပါတယ် (မှန်ပါ) မသွားလို့ ရှိရင်တော့ဖြင့် (မတွေ့ပါ ဘုရား)။

သွားပြန်တော့လည်း အလွဲသွားကလေးလည်း ရှိသေးတယ်၊ တယ်လည်း စိတ်ပျက်စရာ ကောင်းသကိုး ဆိုပြီး ဒေါသနဲ့ သွားတဲ့အခါကျလို့ရှိရင် ဒေါသ၊ သောက၊ ပရိဒေဝတွင် မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား) အဲ အလွဲမှား သွားပြန်တော့လည်း သိန္ဒိဋ္ဌိကောဖြစ်အောင်လုပ်ရင် ရပြန်တာပဲ (မှန်ပါ) အမှန်သွား သွားပြန်တော့လည်း (သန္ဒိဋ္ဌိကော ဖြစ်တာပါပဲ ဘုရား)။

အလွဲသွားတော့ မသွားလိုက်ပါနဲ့

သို့သော် ဘုန်းကြီးက ဘုရားသာသနာတွင်းမို့ ဒကာ ဒကာမတို့ အလွဲသွားတော့ မသွားလိုက်ပါနဲ့၊ အမှန်သွား ကလေးကို သွားလိုက်စမ်းပါဆိုတော့ ဉာဏ်သွားကလေး သွားလိုက်စမ်းပါ (မှန်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တစ်ကိုယ်လုံးမှာရှိတဲ့ တရားတွေဟာ သန္ဒိဋ္ဌိကော (မှန်ပါ)၊ ဆရာပေးတဲ့ သွားနည်းကလေး က ဉာဏ်နဲ့သာ သွားပါဆိုတာသည်ကားလို့ဆိုရင်ဖြင့် သူကတော သန္ဒိဋ္ဌိကော ဆိုတဲ့အတိုင်း ဖြစ်ပျက်က ခင်ဗျားတို့ ကိုယ်တိုင်မြင်အောငသ် လာကြည့်ပါ၊ လာကြည့်ပါလို့ မခေါ်ဘူးလား (ခေါ်ပါတယ်)၊ ကိုယ်တိုင်မြင်အောင် ဆိုတာ သန္ဒိဋ္ဌိက၊ လာကြည့်ပါဆိုတာ ဧဟိပဿိက (မှန်ပါ)၊ ဒီတရား တစ်ခုတည်းကိုက သန္ဒိဋ္ဌိကဂုဏ်လည်း ရှိတယ်တဲ့၊ ဧဟိပဿိက ဂုဏ်လည်းရှိတယ် (မှန်ပါ) မရှိဘူးလား (ရှိပါတယ် ဘုရား)။

သန္ဒိဋ္ဌိကောဆိုတာက ကိုယ်တိုင်မြင်အောင်လို့ မခေါ်ဘူးလား (ခေါ်ပါတယ်) လာကြည့်ပါလို့ကော (ခေါ်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ပွဲ၊ ရုပ်ရှင်တို့ ကြော်ငြာတဲ့အခါကျတော့ ခင်ဗျားတို့ ကိုယ်တိုင်မြင်ရအောင် ရုံသို့စောစော ကြွပါ၊ မဟုတ်ဘူးလား (မှန်ပါ ဘုရား)။

ကြော်ငြာလာကမ်းတော့ ဒီအတိုင်းမပါဘူးလား၊ (ပါ ပါတယ် ဘုရား)၊ ခင်ဗျားတို့ ကိုယ်တိုင်မြင်အောင် ရုံလာ ကြည့်ပါဆိုတော့ အရုပ်တွေ မတွေ့ရဘူးလား (တွေ့ရပါတယ်)၊ ဒီမှာလည်း ခင်ဗျားတို့ကို သန္ဒိဋ္ဌိကောက ကိုယ်တိုင်မြင် ရအောင် လာကြည့်ပါ (မှန်ပါ) ကိုယ်တိုင်မြင်ရအောင် ဆိုတာက ဘယ်သူပါလိမ့် (သန္ဒိဋ္ဌိကောပါ ဘုရား) လာကြည့်ပါ ဆိုတာက (ဧဟိပဿိကောပါ ဘုရား)။

မဂ်ဉာဏ်နဲ့သာ သွားပေးစမ်းပါ

အဲဒီကြော်ငြာအတိုင်းရုပ်ရှင်ရုံသွားသလို ခင်ဗျားတို့ခန္ဓာခေါ်တိုင်း ကိုယ်တိုင်မြင်ရအောင် လာကြည့်ပါဆိုတဲ့ စကားနှစ်လုံးကို ခင်ဗျားတို့ ဟောဒီ မဂ်ဉာဏ်နဲ့သာ သွားပေးစမ်းပါ၊ ဟောဒီဘက်က အကာလိကော ဆိုတာတွေ မလာဘူးဆိုတော့ ဘုန်းကြီးကို ဆိုချင်သလိုဆို (မှန်ပါ)၊ သေသေချာချာ အခါမလင့် အကျိုးပေးတာတွေ မထင်ရှားပေ ဘူးလား (ထင်ရှားပါတယ် ဘုရား)။

ဒါဖြင့် တရားကို အဓိပတိပြုသဖြင့်လည်း သန္ဒိဋ္ဌိကောဆိုတာ ကိုယ်တိုင်မြင်ရမတဲ့၊ ဧဟိပဿိကာကလည်း လာခဲ့ပါလို့ ဆိုတယ်၊ အကာလိကောကလည်း အခါမလင့် အကျိုးပေးပါတယ်ဆိုတဲ့ဥစ္စာ ငါ့ကို အကျိုးမပေးသေးဘူး လို့ လုပ်မနေနဲ့၊ ကိုယ်တိုင်မြင်အောင်လည်း သွားပြီးတော့ ကြည့်ပါ (မှန်ပါ ဘုရား)။

ကိုယ်တိုင်မြင်အောင် သွားကြည့်လို့ရှိရင်ဖြင့် အမြင်ခံရတာက ဖြစ်ပျက်၊ သွားတာက မဂ် (မှန်ပါ) တွေ့ရတာက လည်း မဂ်ပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့သာ ကိုက်မယ်ဆိုရင် ကိလေသာ ကြားထိုးသေးရဲ့လား (မထိုးပါ ဘုရား) လာတဲ့ ကိလေသာကိုလည်းဖြစ်ပျက် ဖြစ်အောင်လုပ် (မှန်ပါ) ရှုတာ ဘာဖြစ်သွားမလဲ (သန္ဒိဋ္ဌိကောပါ ဘုရား)။

ဒါဖြင့် ကိလေသာကြားထိုးတာလား၊ အနိစ္စလည်း ဆက်လာသလား (အနိစ္စပဲ ဆက်လာပါတယ် ဘုရား)။

မနက်အားထုတ် ညနေရတယ်

ဒီလိုဆိုလို့ရှိရင် ဗောဓိရာဇကုမာရ မင်းသားကို ဟောသလိုပဲ ဆရာကောင်း၏ လမ်းညွှန်ချက်လည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍အဆုံးအမအတိုင်း လိုက်နာအားထုတ်ရင် ဒကာ ဒကာမတို့ မနက်အားထုတ် ညနေရတယ်၊ ညနေအားထုတ် မနက်ရပါတယ်ဆိုတာ မှားသေးသလား (မမှားပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တရားကို အဓိပတိထားသဖြင့်လည်း သန္ဒိဋ္ဌိကောတွေကို အကာလိကောတွေကို အဓိပတိထားသဖြင့်လည်း ကျုပ်တို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရနိုင်ဘူးလား (ရနိုင်ပါတယ် ဘုရား)။

ဒါဖြင့် အဓိပတိသုံးပါး တစ်ပါးပါးကို ဦးမာဒင်တို့ ဒကာကြွယ်တို့သာ အားထုတ်မယ်ဆိုလို့ရှိရင်ဖြင့် မရ မရှိနိုင်ဘူးလို့ ဘုန်းကြီးက တာဝန်ခံပါတယ် (မှန်ပါ) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု။