အလေးဂရုပြု၍ နေစရာ ရှင်ဆန္နဝတ္ထု (၃)
ကျေးဇူတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌
ဟောကြားဆုံးမတော်မူအပ်သော
အလေးဂရုပြု၍ နေစရာ ရှင်ဆန္နဝတ္ထု (၃)
အလုပ်ပေးတရားတော်
(၄-၁-၆၁)
ကိုးကွယ်ရာ အားထားရာမရှိလို့ရှိရင်ဖြင့် မတော်ဘူး
မနေ့က တရားအဆက်ကိုပဲ ဒကာ ဒကာမတွေ နားထောင်ရမှာပါပဲ၊ သို့ရာတွင် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟောထားတာကလေး ရှေ့ပိုင်းမှာ ဒကာ ဒကာမတွေ မှတ်စေချင်တယ်နော် (မှန်ပါ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ပထမဗောဓိ၌ ဗောဓိပင်နှင့် ရွှေပလ္လင်ပေါ်မှာ သီတင်းသုံးနေတဲ့အခါ ဘုရားအဖြစ်သို့ရောက်ပြီး ဥရုဝေလတော အဇပါလညောင်ပင်ရင်းမှာ သီတင်းသုံးပြီး သကာလ နေတဲ့အခါ စိတ်ကူး ပေါ်ပေါက်လာတယ် (မှန်ပါ) ဘယ်လိုစိတ်ကူး ပေါ်ပေါက်လာပါလိမ့်မလဲလို့ဆိုတော့ ဒကာ ဒကာမတွေ သူက အကြီးဆုံး ကိုယ်တော်ကြီးဖြစ်ပြီး သကာလ နေတော့ လောကကြီးထဲမှာ ကိုးကွယ်ရာ အားထားရာမရှိလို့ရှိရင်ဖြင့် မတော်ဘူးလို့ စိတ်ကူးထဲမှာ အောက်မေ့တယ် (မှန်ပါ ဘုရား)။
ငါသည် ကိုးကွယ်ရာ အားထားရာ မရှိဘဲနဲ့နေခဲ့သော် မတော်ဘူးလို့ သူ့စိတ်ထဲမှာ အောက်မေ့တယ် (မှန်ပါ)၊ မတော်တော့ အလေးပြုပြီး နေစရာရှာရမှာပေါ့ဗျာ (မှန်ပါ) ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ အလေးဂရုပြုစရာ အားထားရာ ရှာပုံကို သတိထားကြပါ (မှန်ပါ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တွေးလိုက်တယ်၊
ငါသည် ကိုးစားရာ အားထားရာ မရှိဘဲနေလို့တော့ မတော်ဘူး၊ ကိုးစားရာ အားထားရာကို ရှာမှပဲဆိုပြီး သကာလ လောကကြီးထဲမှာ ငါ့ထက် သီလသာလျှင်လဲ ငါ့မှာ သီလတွေ ပိုပြီးပြည့်အောင် အဲဒီပုဂ္ဂိုလ်ကို အားထားပြီး ငါနေမယ်၊ ငါ့ထက် သမာဓိသာတဲ့ပုဂ္ဂိုလ်ရှိလို့ရှိရင်လဲ သူ့ဆီက သမာဓိကို ဖြည့်စွက်ယူပြီး သကာလ ငါသမာဓိ ပြည့်သည်ထက် ပြည့်အောင် ငါယူမယ်၊ ငါ့ထက် ပညာသာတဲ့ ပုဂ္ဂိုလ်ရှိလို့ ရှိရင် ပညာသာတဲ့ ပုဂ္ဂိုလ်ရှာပြီး သကာလ ငါသည်ကားလို့ဆိုရင်ဖြင့် ပညာတွေ ထပ်ပြည့်အောင် ငါနေမယ်၊ ငါ့ထက် အရဟတ္တဖိုလ်ကို သိကျွမ်းလိမ္မာတဲ့ပုဂ္ဂိုလ်ရှိခဲ့လို့ရှိရင် သူ့ဆီကနည်း ထပ်ယူပြီး သကာလ ပြည့်သည်ထက်ပြည့် ဖြည့်သည်ထက်ဖြည့်ပြီး သကာလ ငါနေမယ်လို့ လေးချက်တွေးလိုက်တယ် (မှန်ပါ ဘုရား)။
လေးချက်ဆိုတာက
လေးချက်ဆိုတာက သူ့ထက် သီလသာရင်လဲ ဆည်းကပ် အလေးပြုမယ်၊ သူ့ထက် သမာဓိသာရင်ကော (ဆည်းကပ်အလေးပြုပါ့မယ်) ဘုရားက အလေးပြုဆည်းကပ်မှာနော် (မှန်ပါ)၊ သူ့ထက် ပညာသာရင် ဘာတုန်း (ဆည်းကပ်ပါ့မယ်)၊ သူ့ထက် ဝိမုတ္တိဆိုတဲ့ အရဟတ္တဖိုလ် သာရင်ကော (ကိုးကွယ် ဆည်းကပ်ပါမယ် ဘုရား)။
ဒကာ ဒကာမတို့ မြတ်စွာဘုရားဟာ ဗောဓိပင်နဲ့ ရွှေပလ္လင်ကို အောင်တော်မူပြီး အလေးပြု ကိုးစားစရာမရှိဘဲ နေလို့မတော်ဘူး၊ အလေးပြု ကိုးစားရာရှိမှ တော်မယ်ဆိုတဲ့စိတ်ပေါ်ပြီး သကာလ လေးမျိုးရွေးချယ်လိုက်တယ်နော် (မှန်ပါ ဘုရား)။
သူ့ထက်သီလသာလျှင်လဲ ကိုးကွယ်ဆည်းကပ်မယ် (မှန်ပါ ဘုရား) သူ့ထက်သမာဓိသာရင်ကော (ကိုးကွယ် ဆည်းကပ်မှာပါ ဘုရား) သူ့ထက်ပညာသာလျှင်ကော (ကိုးကွယ်ဆည်းကပ်မှာပါ ဘုရား) သူ့ထက် ဝိမုတ္တိဆိုတဲ့ အရဟတ္တ ဖိုလ်တွေသာရင်ကော (ကိုးကွယ်ဆည်းကပ်မှာပါ ဘုရား)။
ဒီလို စိတ်ကူးပြီး သကာလ ကိုင်း သီလကစပြီး သကာလ ငါ့ထက် သီလသာတဲ့ပုဂ္ဂိုလ်ကို ငါ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ကြည့်မယ်ဆိုပြီး လူ့လောက၊ နတ်လောက၊ ဗြဟ္မာလောကတွေကို ဒကာကြွယ် ကြည့်လိုက်တယ်နော် (မှန်ပါ ဘုရား) လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ထဲမှာ ပုဂ္ဂိုလ်သတ္တဝါတွေကို လျှောက်ကြည့်လိုက်တယ်၊ ဘုရားထက် သီလသာတဲ့သူကို တစ်ဦးမှမတွေ့ဘူး (မှန်ပါ ဘုရား)။
ဪ ဒါဖြင့် သီလသာတဲ့လူ တစ်ဦးမျှမတွေ့လို့ရှိရင်ဖြင့် ရှိပါစေတော့၊ သီလဘက်ကဖြင့် ကိုးစားရာ အားထားရာ ငါ့ထက်သာတဲ့သူ မရှိလို့ ကိုးစားရာ အားထားရာ ထိုက်တဲ့သူမရှိတော့ဘူး၊ သမာဓိဘက်က သာတဲ့ပုဂ္ဂိုလ်ကို ရှာဦးမယ်ဆိုပြီး ဒကာသစ် ရှာပြန်တယ် (မှန်ပါ)၊ သမာဓိဘက်က သာတဲ့ပုဂ္ဂိုလ် ရှာပြန်တော့လဲ လူ့လောက နတ်လောက ဗြဟ္မာလောကထဲမှာ လျှောက်ပြီး ရှာလိုက်တယ် (မှန်ပါ) ရှာလိုက်တဲ့အခါကျတော့လဲ တစ်ဦးမှ မတွေ့ဘူး (မှန်ပါ ဘုရား)။
ဒါနဲ့ တစ်ခါဆက်ပြီး သကာလ သူ့ထက် ပညာသာတဲ့ပုဂ္ဂိုလ်တွေ့လို့ရှိရင်လဲ ကိုးစားအားထားမယ်ဆိုပြီး ဒကာသစ် ရှာလိုက်ပြန်တော့လဲ ပညာသာတဲ့ပုဂ္ဂိုလ်တစ်ဦးမှ မတွေ့ဘူး (မှန်ပါ) အရဟတ္တဖိုလ် ရတဲ့အထဲမှာ သူ့ထက်၊ ထက်မြတ်တဲ့ပုဂ္ဂိုလ်ကို ရှာပြီး သကာလ မေးမြန်းမယ်၊ ကိုးစားအားထားမယ်၊ အလေးဂရုပြုနေမယ်လို့ဆိုပြီး သကာလ ရှာလိုက်ပြန်တော့လဲ သူရထားတဲ့ အရဟတ္တဖိုလ်ထက် ကြီးကျယ်တာ ရှာလို့မတွေ့ဘူး (မှန်ပါ)။
ဘာကိုကိုးစား အားထားရပါမလဲ
ရှာလို့မတွေ့တော့မှ ဪ ဒါဖြင့် ငါ့မှာကိုးစားအားထား၍ နေစရာပုဂ္ဂိုလ် မရှိဖြစ်နေပါပေါ့ကလား၊ ငါ့ထက်သာ တဲ့ပုဂ္ဂိုလ်က သီလအားဖြင့်လဲမရှိ၊ သမာဓိအားဖြင့်လဲမရှိ၊ ပညာအားဖြင့်လဲမရှိ၊ ဝိမုတ္တိအရဟတ္တဖိုလ် အားဖြင့် လဲမရှိဘဲ ဖြစ်ပြီး သကာလ နေတော့ ကိုးစားအားထားရာ အလေးဂရုပြုနေစရာ ပုဂ္ဂိုလ်ကဖြင့် မဲ့၍နေချေပြီ၊ ဘာကိုကိုးစား အားထားရပါမလဲလို့ စဉ်းစားတော်မူလိုက်တယ် (မှန်ပါ)။
အခုပြောခဲ့တဲ့ လေးမျိုးတော့ဖြင့် ရှာမတွေ့ဘူးပေါ့ဗျာ (မှန်ပါ ဘုရား)။
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါသည် ဘယ့်နှယ်ကြောင့် အလုံးစုံသိမြင်တော်မူတဲ့ ဘုရားအဖြစ်သို့ ရောက်လာပါလိမ့်မတုန်းလို့ဆိုတော့ တရားကြောင့် ဘုရားဖြစ်လာတာကိုးလို့ တွေးမိတယ် (မှန်ပါ)၊ ဘယ်လိုတွေးမိပါလိမ့် (တရားကြောင့် ဘုရားဖြစ်လာတာကိုးလို့ တွေးမိပါတယ် ဘုရား)၊ တရားကြောင့် ဘုရားဖြစ်လာတယ်လို့ ဒကာ ဒကာမတွေ တွေးတော်မူတယ်နော် (မှန်ပါ)၊ အဲဒီကဲ့သို့ တွေးမိတော့ ငါသိတဲ့တရားကိုပဲ ကိုးကွယ်ဆည်းကပ်မှ တော်တော့မယ်ဆိုပြီး ဒီဉာဏ်ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သူ့ထက် သီလ, သမာဓိ, ပညာ, ဝိမုတ္တိ သာလွန်တဲ့ သူဆိုတဲ့ ပုဂ္ဂိုလ်အနေအားဖြင့် မရှိဘဲဖြစ်နေတော့ ကိုးစားအလေးပြုရာ မဲ့နေခြင်းကြောင့် မတော်ဘူးလို့ အောက်မေ့တော် မူလို့ ကိုးစားအားထားရာ ရှာလိုက်တဲ့အခါမှာ တရားကြောင့် ဘုရားဖြစ်လာသောကြောင့် တရားပဲ ငါသည် နှလုံးသွင်းပြီး သကာလ နေဖို့ပဲလို့ ဆုံးဖြတ်ချက် ချတော်မူတယ် (မှန်ပါ)။
တရားကိုပဲ နှလုံးသွင်းကြပါ
ဒီဟာက ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေကို ဒီတရားကို ဟောပါလိမ့်မလဲလို့ မေးလို့ရှိရင် ဒကာ ဒကာမတို့၊ ဘုရားအဓိကထားတာ၊ ဘုရားလေးစားတာသည် တရားကို အဓိကရိုသေလေးစားသောကြောင့် ခင်ဗျားတို့မှာ ဘယ်အချိန်၊ ဘယ်ကာလ ဘယ်နာရီ ဘယ်စက္ကန့်မဆို တရားကိုပဲ နှလုံးသွင်းကြပါ (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဘာကို နှလုံးသွင်းကြရမှာတုန်း (တရားကို နှလုံးသွင်းကြရပါမယ် ဘုရား) တရားကို ကိုးကွယ်၊ တရားကို နှလုံးသွင်းရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါသွားပြီ (မှန်ပါ)။
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တရားပဲ ကိုးကွယ်မှပဲ၊ တရားပဲ အားထားမှပဲဆိုပြီး ဆုံးဖြတ်ချက်လဲ ချပါရော၊ ဘုရားနှစ်ဆူ သုံးဆူမီတဲ့ သဟမ္ပတိဗြဟ္မာကြီးဆိုတာ ဒကာသစ်တို့ ကြားဖူးပါလိမ့်မယ် (မှန်ပါ)။
သဟမ္ပတိ ဗြဟ္မာကြီးက ကွေးတဲ့လက် ဆန့်သလောက်အချိန်နဲ့ ဘုရားရှေ့မှောက်ရောက်ကာ ဗောဓိပင်နဲ့ ရွှေပလ္လင်ရိပ်မှာ လက်ဝဲတစ်ဘက် ပခုံးတင်ပြီး သကာလ ရှိခိုးဝပ်ချပြီး၊ အရှင်ဘုရား မြတ်စွာဘုရား တွေးလုံးဟာ သိပ်မှန်ပါတယ်ဘုရား၊ လွန်လေပြီးသော မြတ်စွာဘုရားတွေလဲ တပည့်တော် မီလိုက်ပါတယ်၊ ရှေးဘုရားတွေလဲ ဒီလိုပဲ တွေးလုံးတွေးပြီး သကာလ သူတို့ထက် သီလ, သမာဓိ, ပညာ, ဝိမုတ္တိသာတဲ့ ပုဂ္ဂိုလ်ကို ရှာတော်မူကြပါတယ်၊ မတွေ့ကြတာနဲ့ တရားကို ပဲ ကိုးစားအားထား အလေးပြုနေကြတယ် ဆိုတဲ့ဥစ္စာလွန်လေပြီးသော မြတ်စွာဘုရားတွေလဲ ဒီအတိုင်းပါပဲတဲ့ (မှန်ပါ)။
ဒါတွင်သာ မကသေးပါဘူး၊ တပည့်တော် ဉာဏ်မီသလောက် လျှောက်ရလို့ရှိရင် အနာဂတ်ဘုရားတွေလဲ ဒါကိုပဲ ကိုးစား အားထားကြပါလိမ့်မယ် (မှန်ပါ)၊ အရှင်ဘုရားကလဲ တရားကိုပဲ ကိုးစားအားထား နေတော့မယ် ဆိုတော့ တပည့်တော် ထောက်ခံချက်ပေးပါတယ် (မှန်ပါ)၊ ဒါပဲ ကိုးကွယ်ထိုက်တယ် ဆိုတာ ထောက်ခံချက်ပေးပါတယ်တဲ့ (မှန်ပါ)။
သဟမ္ပတိဗြဟ္မာကြီးက ထောက်ခံချက်ပေးတယ်
ကြည့်စမ်း ဒကာ ဒကာမတို့ ဘုရား နှစ်ဆူ၊ သုံးဆူ မှီတဲ့ သဟမ္ပတိဗြဟ္မာကြီးက ထောက်ခံချက် လာပြီးပေးတယ် (မှန်ပါ) ဘုရားအကြံအစည်းနဲ့ ဒီက ထောက်ခံချက် ပေးလိုက်တာနဲ့ ဒကာသစ် တစ်ထပ်တည်း သွားကျတယ် (မှန်ပါ)၊ မကျဘူးလား (ကျပါတယ် ဘုရား)။
အဲဒီတော့ မြတ်စွာဘုရားသည် တရားကိုပဲ ကိုးစားအားထားပြီး အလေးပြုတဲ့အရေးဟာ ငါ့အရေးပဲဆိုပြီး ဘုရားသည် ဘယ်အချိန်မဆို တရားဟောစရာရှိရင်ဟော၊ ဟောပြီးလို့ရှိရင် ဖလသမာပတ်ဝင်စားပြီး နိဗ္ဗာန် အာရုံပြုနေ လိုက်တာပဲ (မှန်ပါ)၊ တရားပဲ ကိုးကွယ်နေလိုက်တယ် (မှန်ပါ) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ ပေါ့ပေါ့တန်တန် မနေဘဲနဲ့ ဪ ငါ့မှာ ဘယ်သူ့ကို အားကိုး နေရတယ်ဆိုတာက အားကိုးလုံးတွေက ဒီ့ပြင်ဟာ အားကိုးလို့ရှိရင် ဖျတ်ခနဲ့ ပျက်စီးသွားတယ် (မှန်ပါ) သား၊ လင်၊ ခင်ပွန်း အားကိုးလိုက်ပြန်ရင်လဲ (ဖျတ်ခနဲ ပျက်စီးသွားပါတယ် ဘုရား) ဖျတ်ခနဲ နာမှုကြီးဟာ ဗိုင်းခနဲပြလိုက်၊ သေမှုကြီးဟာ ဗိုင်းခနဲလဲပြလိုက် (မှန်ပါ)။
ဪ ဒါဖြင့် တို့ ဘာကို အားကိုးရပါ့မလဲလို့ ဒကာ ဒကာမတွေ ရှာလို့ရှိရင်လဲ ဖြစ်ပျက်မြင်တဲ့ဉာဏ် ကိုသာ အားကိုးကြ (မှန်ပါ)၊ ဖြစ်ပျက်မြင်တဲ့ဉာဏ်ကိုပဲ (အားကိုးရပါမယ် ဘုရား) ဖြစ်ပျက်အဆုံး ဆိုတဲ့နိဗ္ဗာန်ကို မြင်လို့ရှိရင်လဲ အဲဒါကို အားကိုးကြ (မှန်ပါ)၊
အဲဒါကို အားကိုးရမယ်ဆိုတာ ဘယ်သူက နည်းပေးပါလိမ့်မတုန်းဆိုတော့ ဘုရားသည် ဘုရားဖြစ်လာတာ တရားကြောင့် ဘုရားဖြစ်လာသောကြောင့် ဒကာ ဒကာမတို့ ဘုရားသည် ကိုးကွယ်ရာမရှိ မတော်လို့ သူရတဲ့တရားကိုပဲ သူပြန်သရဇ္ဈာယ် သုံးသပ်ပြီး သကာလ သူအာရုံပြုပြီး သကာလ နေတယ်ဆိုတဲ့ဥစ္စာ အထင်အရှား ဖြစ်သွားပါတယ် (မှန်ပါ)။
တခြားတော့သွားပြီး အားမကိုးလိုက်နဲ့နော်
ဒါကြောင့် ခင်ဗျားတို့ တိုတိုနဲ့ရှင်းရှင်း ဒကာ ဒကာမတွေကို အရင်းအချာတွေမို့ ပြောရလို့ရှိရင် ဒကာသစ် တခြားတော့သွားပြီး အားမကိုးလိုက်နဲ့နော် (မှန်ပါ) သမီးအားကိုးထားရင် သမီးက ဖျတ်ခနဲ ဖောက်ပြန် ပျက်စီး သွားလို့ရှိရင်လဲ မျက်ရည်နဲ့ မျက်ခွက် ကျန်ရစ်လိမ့်မယ် (မှန်ပါ) ရွှေကလေး အားကိုးထားတော့ ရွှေကလေးက မသုံးရတော့ဘူး၊ ပျက်စီးသွားတယ်ဆိုရင်လဲ သွားပြန်တာပဲ (မှန်ပါ)၊ တိုက်ကလေး အားကိုးထားပြန်လဲ တိုက်ကလေးက အားကိုးထား ပြန်လဲ တိုက်ကလေးက ပျက်စီးသွားတယ် ဆိုလို့ရှိရင်လဲ ဘယ့်နှယ်လုပ်ကြမလဲ၊ ဘာမှ မတတ်နိုင်ဘူး (မတတ်နိုင်ပါ ဘုရား)။
ကားဆိုတာကလဲ ထို့အတူပဲ၊ အင်မတန် ပျက်စီးနိုင်တဲ့အကြောင်းတွေ များတော့ တစ်ခုခုသော အကြောင်း ကြောင့် ပျက်စီးသွားနိုင်တယ်၊ ဒါကြောင့် ကားကို အားကိုးလို့လဲ မဖြစ်ဘူး (မှန်ပါ) ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) အဲဒီတော့ ဘာအားကိုးရမှာလဲ၊ ခန္ဓာကိုယ် အားကိုးပြန်တော့လဲ ခန္ဓာကိုယ်က ဖောက်ပြန်သွားတော့ ဘယ့်နှယ်လုပ်ကြ မတုန်း (ဘယ့်နှယ်မှ မတတ်နိုင်ပါ ဘုရား) အဲဒီတော့ ဒကာ ဒကာမတွေ ဘာကို အားကိုးကြရမှာတုန်း (တရားကိုပဲ အားကိုးရပါမယ် ဘုရား)။
အဲ တရားအားကိုးတော့မှ တရားက မျက်ရည်ကြီးငယ်ကို မကျစေတာ၊ ခန္ဓာအားကိုးလို့ရှိရင် ခန္ဓာအတွက် စိတ်ပျက်ပြီး ကျုပ်ဒီအလုပ်ကြီးလုပ်ရမှာ စိတ်ပျက်လှချည်ရဲ့ဆိုပြီး မျက်ရည်ကြီးငယ်ကျရမယ် (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ ကားအားကိုးလို့လဲ မဖြစ်၊ ရွှေအားကိုးလို့လဲမဖြစ်၊ ငွေအားကိုးလို့လဲ ထို့အတူပဲ၊ ပျက်စီးဆုံးပါးမှုတွေနဲ့တွေ့ရင် အလကားဖြစ်သွားမှာပဲ (မှန်ပါ)၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။
အားကိုးရာ အစစ်
အဲဒီတော့ အားကိုးရာ အစစ်ကို ရွေးချယ်လိုက်တော့ ဪ ဘုရားဟောအတိုင်း တို့ဆရာဘုန်းကြီး ဆုံးမထားတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်တဲ့ဉာဏ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တမုန်းတဲ့ဉာဏ်၊ အနိစ္စ၊ ဒုက္ခမရှိဘဲနဲ့ အဆုံးမြင်တဲ့ဉာဏ်၊ ဒီဉာဏ်တွေကိုသာ ငါတို့ ကိုးစားရာ၊ အားထားရာ အစစ်ဖြစ်ခဲ့လို့ရှိရင် မျက်ရည်မျက်ခွက်ဇာတ်သိမ်းပါတယ် (မှန်ပါ ဘုရား) ရင်ထုမနာဇာတ်လဲ (သိမ်းပါတယ် ဘုရား) ဒါ အားကိုးလွဲမှာ စိုးလို့ ဒီဥစ္စာ ရှေ့ပိုင်းကနေပြီးထုတ်ပါတယ် (မှန်ပါ ဘုရား)။
ဒကာကြွယ် ဒါဖြင့် ဘာအားကိုးတော့မယ် (တရားအားကိုးပါ့မယ် ဘုရား) ဒီအားကိုးထိုက်တဲ့အကြောင်းကိုလဲ ဆရာဘုန်းကြီးက ချဲ့ထွင်ပြီး သကာလ ပြောလိုက်လို့ရှိရင် ဒကာသစ်တို့ ပိုမိုပြီး သကာလ သဘောကျဖို့ အချက်တွေရှိပါသေးတယ် (မှန်ပါ ဘုရား)။
ဒကာသစ်တို့ အမိဝမ်းခေါင်းထဲ ရောက်လာတာ ကိုယ့်ကိုယ်တိုင် ခြေကျင်နဲ့ ကိုယ့်ကိုယ်တိုင်လေယာဉ်နဲ့ ကိုယ့်ကိုယ်တိုင် လှည်းနဲ့လာပြီး သကာလ အမိဝမ်းခေါင်းထဲ ရောက်လာတာလား၊ တရားစီမံသလို တရားပို့လိုက်လို့ ရောက်ရလာတာလားဆိုတာ အကဲခတ်ကြ (တရားစီမံသလို တရားပို့လိုက်လို့ ရောက်ရတာပါ ဘုရား)။
ဒါဖြင့် တရားစီမံသလို ခံရတော့ ကောင်းတဲ့တရား အားကိုးလိုက်လို့ရှိရင် ကောင်းတဲ့တရားစီမံသလို ခံရလိမ့်မယ် (မှန်ပါ)၊ အဲဒါကြောင့် ကျုပ်တို့က ဝိပဿနာဉာဏ် မဂ်ဉာဏ်တွေကို အားကိုးလိုက်လို့ရှိရင်ဖြင့် ကျုပ်တို့ နိဗ္ဗာန်မှ တစ်ပါး သွားစရာ၊ လွဲစရာ၊ ချော်စရာ၊ ချွတ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အားကိုးလွဲလို့ရှိရင်
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အားကိုးလွဲကြလို့ ရှိရင်ဖြင့် အင်မတန် ကိုယ်ကျိုးနည်းလိမ့်မယ် (မှန်ပါ ဘုရား)၊ အားကိုးလွဲလို့ရှိရင် (ကိုယ်ကျိုးနည်းမှာပါ ဘုရား)။
အဲဒါကြောင့် အခု မျက်ရည်ကျနေရတဲ့ပုဂ္ဂိုလ်တွေ၊ ရင်ထနေတဲ့ ပုဂ္ဂိုလ်တွေ၊ နှလုံးမသာမယာနဲ့ နေတဲ့ ပုဂ္ဂိုလ်တွေ၊ အိပ်မပျော် စားမဝင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဒကာသစ်ရေ အကဲသာခတ်တော့၊ ဘာလွဲတယ်ဆိုတာ ပေါ်လာလိမ့်မယ် (မှန်ပါ)၊ အားကိုးလွဲတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ ဘယ့်နှယ်ဖြစ်ကြပါလိမ့် (အားကိုးလွဲတာပါ ဘုရား) ကြောက်စရာ ကောင်းတာ (မှန်ပါ ဘုရား)။
ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြားညွှန်ပြ ဆုံးမတဲ့ အားကိုးနည်းကို အားမကိုးရဘူးလို့ ဘုရားက မဆိုပါဘူး၊ အားကိုးတော့ မလွဲစေနဲ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ) အားကိုးတော့ (မလွဲစေနဲ့ပါ ဘုရား) အားကိုး မလွဲစေနဲ့လို့ ဒကာ ဒကာမတွေကို သတိပေးရတယ် (မှန်ပါ ဘုရား)။
အခု အားကိုးလွဲတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ ဟိုအိမ်ကြည့်လိုက် မျက်ရည်နဲ့ မျက်ခွက်၊ ဒီအိမ်ကြည့်လိုက်လို့ရှိရင်လဲ မျက်နှာညှိုးငယ်နဲ့ ဦးလှဘူးတို့၊ ဒကာသစ်တို့ ဘာဖြစ်နေတာပါလိမ့်မတုန်းလို့ မေးလို့ရှိရင် မကြားဘူးလားလို့ သူတို့ကတော့ ပြောမှာပဲ၊ ဘယ်သူ ဘာဖြစ်သွားလို့ (မှန်ပါ)၊ အဓိပ္ပာယ်က ဘာဖြစ်သွားသတုန်း (အားကိုးလွဲတာပါ ဘုရား) ရိပ်မိကြ ပြီလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ဟိုအိမ် ဒီအိမ်မှာ မျက်စိမျက်နှာ မကြည်သာ ဖြစ်ပြီး သကာလ နေတာကွ၊ သုံးဆယ့်တစ်ဘုံ နတ်ပြည်၊ ဗြဟ္မာ့ပြည်က စပြီး သကာလ မကြည်မသာဖြစ်တာတွေကစပြီး သောက ပရိဒေဝတွေ မငြိမ်းတာသည်ကားလို့ ဆိုရင် ခုနင်က သတိပဋ္ဌာန်အလုပ်ဖြစ်တဲ့ ဖြစ်ပျက်မြင်တဲ့ဉာဏ်ကို၊ ဖြစ်ပျက်မုန်းတဲ့ဉာဏ်ကို၊ ဖြစ်ပျက်အဆုံးမြင်တဲ့ဉာဏ် တွေကိုသာ အားကိုးထားမယ်လို့ ဆိုလို့ရှိရင် ဒါတွေကတော့ဖြင့် နိဗ္ဗာန်အရောက်ပို့နေတဲ့အတွက် ပြုံးလို့ရွှင်လို့ပေါ့ဗျာ (မှန်ပါ)၊ ဒီလိုမနေရဘူးလား (နေရပါတယ် ဘုရား)။
အသုဘတွေ စုနေတာကလဲ တစ်မျိုး
အခု သုံးဆယ့်တစ်ဘုံသားတွေ ကြည့်လိုက်ပြီဆိုမှဖြင့် ဒကာသစ်ရေ ဘယ်အိမ်မှာဖြင့် သူတို့စီးပွားရေး ဖြောင့်နေတယ် တစ်အိမ်လုံး တပြုံးပြုံးနဲ့ နေတယ်ဆိုပြီး တော်တော်ကြာ တစ်ပြုံးလုံး ရင်ထုမနာ ဖြစ်နေပြန်ပြီ (မှန်ပါ) တောက်လျှောက် သွားတဲ့အိမ်ရယ်လို့ရှိရဲ့လား (မရှိပါ ဘုရား)။
မရှိပါဘူးတဲ့၊ အသုဘတွေ စုနေတာကလဲ တစ်မျိုး၊ ဝေဒနာသည်တွေ စုနေတာက (တစ်မျိုးပါ ဘုရား)၊ ဒုက္ခဝေဒနာတွေ စုနေတာက (တစ်မျိုးပါ ဘုရား)၊ အဲဒီတော့ “ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ”ဆိုတဲ့အတိုင်း ဒုက္ခသစ္စာ တွေက ဖောက်ပြန်ပြလိုက်ပြန်တော့ ဒီလိုများ ဖြစ်လိမ့်မယ် မထင်ဘူးတဲ့၊ ခင်ဗျားတို့ အသွားကလေ (မှန်ပါ)၊ အားကိုးလွဲ တာတွေ၊ အားကိုး လွဲတာတွေ (မှန်ပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ အားကိုးလွဲတာလောက် နှိပ်စက်ခံရတာတော့ ဒကာကြွယ် မရှိဘူးဗျ (မှန်ပါ)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ပြောတဲ့တရားကို သေးသေးသိမ်သိမ်နဲ့ မမှတ်ဘဲနဲ့၊ ဪ ဟိုအိမ်ကြည့်လိုက်လဲ အားကိုးလွဲလို့ ဒုက္ခရောက်နေပြီ၊ ဒီဘက်အိမ်ကြည့်လိုက်ပြန်လဲ (အားကိုးလွဲလို့ ဒုက္ခရောက်နေ ပါတယ်) ကိုယ့်ကိုယ်ကို ကြည့်လိုက်ပြန်လဲ (အားကိုးလွဲလို့ ဒုက္ခရောက်ပါတယ်)၊ ကိုယ့်ကိုယ်ကလဲ လေးလုံးခြောက်ဖက် ကြီးနဲ့သွားဟဲ့၊ လာဟဲ့၊ ရောင်းဟဲ့၊ ဝယ်ဟဲ့နဲ့ ဆိုလျက်နဲ့ပဲ ဗိုင်းခနဲ သွက်ချာပါဒလဲလိုက်ပြန်ပြီ (မှန်ပါ ဘုရား) ဗိုင်းခနဲ သွက်ချာပါဒလဲ လိုက်ပြန်တော့လဲ ငါ့အိမ်မှာ ငါမှမရှိရင် ခက်ရချည်ရဲ့ဆိုတဲ့ မျက်ရည်တွေက ထွက်လာတယ် (ထွက်ပါ တယ် ဘုရား) မထွက်လာဘူးလား (ထွက်လာပါတယ် ဘုရား) ဒါဟာ ဘာဖြစ်တာပါလိမ့် (အားကိုးလွဲတာပါ ဘုရား)။
အားကိုးလွဲတာထက် အမှားကြီးတာရှိသေးရဲ့လား
ဪ အဲဒါဖြင့် ဒကာ ဒကာမတို့ အားကိုးလွဲတဲ့အဖြစ်လောက် မျက်ရည်ထွက်ရတာဖြင့် မရှိတော့ပါဘူး (မရှိပါ ဘုရား) ဘယ်လို ဆုံးဖြတ်ချက်ချကြမလဲ (အားကိုးလွဲတာလို့ ဆုံးဖြတ်ချက် ချရမှာပါ ဘုရား) အားကိုးလွဲတာထက် အမှားကြီးတာဖြင့် ရှိကြသေးရဲ့လား (မရှိပါ ဘုရား)။
အေး ဒါကြောင့် မျက်ရည်လယ် ဘယ်ကလာပါလိမ့် အားကိုးလွဲက လာတယ်(မှန်ပါ)၊ အိပ်မပျော်တာ ဘယ်က လာပါလိမ့် (အားကိုးလွဲက လာပါတယ်) ဆေးလိပ်သောက်လို့မှ အရသာမရှိတာ ဘယ်ကလာပါလိမ့် (အားကိုး လွဲကလာ ပါတယ် ဘုရား) အားကိုးလွဲက လာတာချည်းပဲ (မှန်ပါ)၊ အချိန်အရွယ်မရောက်ဘဲနဲ့ အိုမင်းမစွမ်းဖြစ်ပြီး သကာလ မျက်နှာကြည့်လို့မှ မဖြစ်လောက်အောင် ညှိုးငယ်ပြီးများ ပိန်ခြောက်ပြီး သကာလ အဆီစားလို့မှ အသားမဖြစ်ဆိုတာ တွေဟာလဲ ဘယ်ကလာပါလိမ် (အားကိုးလွဲက လာပါတယ် ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ကပင် အားထားစရာ အလေးပြုစရာမရှိဘဲနေလို့ မတော်ဘူးလို့ ဟောပါတယ် (မှန်ပါ)၊ အားကိုးအစစ် ရှာလိုက်တဲ့အခါမှာ တရားကြောင့် ဘုရားဖြစ်လာတာ ဒီတရားပဲ နှလုံးသွင်းနေတော့မယ်ဆိုတော့ အားကိုးတည့်သွားတယ် (မှန်လှပါ ဘုရား) မတည့်ဘူးလား (တည့်ပါတယ် ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတို့ ကိုယ့်ဝိပဿနာတရားကလေးကို အားကိုးပြီး ဝိပဿနာအဆုံ နိဗ္ဗာန် မြင်နိုင်တဲ့ ဉာဏ်ရောက်ပြန်လို့ရှိရင်လဲ နိစ္စနိဗ္ဗာန်၊ ဓုဝနိဗ္ဗာန်၊ သုခနိဗ္ဗာန်ဆိုသောကြောင့် သူက တိမ်းတယ်၊ စောင်းတယ်၊ ရွဲတယ်၊ ပဲ့တယ်၊ ပြိုတယ်၊ ပျက်တယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အားကိုးမလွဲကြပါစေနဲ့
ဪ ဒါကြောင့် အားကိုးမလွဲကြပါစေနဲ့ ဆိုတဲ့ ဥစ္စာဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးလဲ သူကိုယ်တိုင် ဆုံးဖြတ်ချက်ချတော့ သဟမ္ပဗြဟ္မာကြီးက ထောက်ခံချက်ပေးပြန်တော့ ပိုမိုပြီး သကာလ မှန်တဲ့အကြောင်း ထင်ရှားလာတယ် (မှန်ပါ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ တရားပဲအားကိုးကြစို့ (မှန်ပါ) တရားပဲအားကိုးစရာ အားထားစရာ ရှိပြီး သကာလ နေသောကြောင့် တရားပဲ ခင်ဗျားတို့ အချိန်ကုန်ကြလို့ ရှိရင်ဖြင့် အဘိဇ္ဈာ ဒေါမနဿတွေလဲ ချုပ်ပါတယ် (မှန်ပါ)၊ သောက ပရိဒေဝတွေကော (ချုပ်ပါတယ် ဘုရား) ဒုက္ခဒေါမနဿတွေ (ချုပ်ပါတယ် ဘုရား)။
အေး ဒါကြောင့် သတိပဋ္ဌာန်ဝိပဿနာတရားကြီးမှတစ်ပါး ခင်ဗျားတို့ အဘိဇ္ဈာဒေါမနဿကိုလဲ ကုန်စေနိုင်တဲ့ တရားမရှိ၊ ဒုက္ခဒေါမနဿကို ချုပ်စေနိုင်တဲ့တရားမရှိသောက ပရိဒေသဝတို့ကို လွန်မြောက်စေနိုင်တဲ့ တရားလဲ မရှိသောကြောင့် အားကိုးဖြင့် ယနေ့ကစပြီး သကာလ မလွဲအောင်လုပ်ပါ (မှန်ပါ)၊ လွဲရင် မျက်ရည် ထွက်ရလိမ့်မယ် (မှန်ပါ) လွဲရင် အိပ်မပျော် ဖြစ်ရလိမ့်မယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီရုပ်နာမ်ကြီးကိုတောင် အားမကိုးလိုက်ပါနဲ့
ယုတ်စွအဆုံး ကိုယ့်ကိုယ်ဆိုတဲ့ ဒီရုပ်နာမ်ကြီးကိုတောင် အားမကိုးလိုက်ပါနဲ့၊ အားကိုးရင် ရုပ်နာမ်ကြီးဟာ ဗိုင်းခနဲ့ သွက်ချာပါဒ၊ ဗိုင်းခနဲ မျက်စိနာလာတာပဲ၊ ဖြုတ်ခနဲ တိမ်ကျနိုင်တာပဲ (မှန်ပါ)၊ မလာဘူးလား (လာပါတယ် ဘုရား) သွားရင်းလာရင်းနဲ့ပဲ ခေါင်းခဲလာတယ် (မှန်ပါ) သွားရင်း လာရင်းနဲ့ပဲ နှလုံးရောဂါတဲ့၊ သွားရင်း လာရင်းနဲ့ သွေးတိုးတဲ့ (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါကြောင့် သူ့ကိုလဲ အားကိုးရလိမ့်မယ်လို့ မဆိုဘဲနဲ့ တစ်ခါတည်း ဖြစ်ပျက်မြင်တဲ့ဉာဏ် ဖြစ်ပျက်မုန်းတဲ့ဉာဏ် ဖြစ်ပျက်အဆုံးမြင်တဲ့ဉာဏ်၊ ဒီဉာဏ်တွေကိုသာ ဒကာ ဒကာမတို့ ကိုယ်ရအောင် ကိုယ်အားကိုးကြပါ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အားကိုးရမည့် တရားကိုပဲ ပြပါတော့မယ် (မှန်ပါ) ဘာပြမယ်ထင်ကြတုန်း (အားကိုးရမည့်တရားကို ပြမှာပါ ဘုရား) ဒကာ ဒကာမတို့ အားကိုးလွဲလို့ မျက်ရည်ပွဲနဲ့ နွှဲခဲ့ရတယ်နော် (မှန်ပါ)၊ အားကိုးမှန်လို့ရှိရင်ဖြင့် ပြုံးတဲ့ ဉာဏ်ကလေးနဲ့နေကြရလိမ့်မယ် (မှန်ပါ)၊ အားကိုးမှန်ရင် (ပြုံးတဲ့ဉာဏ်ကလေးနဲ့ နေကြရမှာပါ ဘုရား)၊
ဟဒယ သုသီတလ မဂ္ဂ ဒဿနေန ဆိုတဲ့အတိုင်း နှလုံး၌ ငြိမ်းအေးခြင်းလက္ခဏာရှိတဲ့ မဂ္ဂသစ္စာလာမှ ပူပန်မှုတွေ ငြိမ်းတယ်လို့ ပဋိသမ္ဘိဒါမဂ္ဂမှာ ဆိုထားပါတယ် (မှန်ပါ)။
ဒီဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ရမှငြိမ်းမတဲ့
“ဟဒယသုသီတလ မဂ္ဂဒဿနေန သန္တာပဋ္ဌော”၊ ဟဒယသုသီတလမဂ္ဂဒဿနေန နှလုံး၌ ငြိမ်းအေးခြင်း လက္ခဏာရှိတဲ့ မဂ္ဂသစ္စာရမှသာလျှင်၊ သန္တာပဋ္ဌော-ခုနင်က ပြောခဲ့တဲ့ မျက်ရည်ငိုရေ အပူဓာတ်တွေ၊ အပူစက်တွေ ငြိမ်းသွားတယ်တဲ့ (မှန်ပါ)၊ ဒီဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ရမှငြိမ်းမတဲ့၊ နို့မဟုတ်ရင် ဒီအပူတွေငြိမ်းနိုင် ပါ့မလား (မငြိမ်းနိုင်ပါ ဘုရား)၊ အေး အားကိုးလွဲလို့ အပူရတယ် (မှန်ပါ) အားကိုးမှန်တော့ အပူသိမ်းတယ် (မှန်ပါ ဘုရား) အားကိုးလွဲတော့ (အပူရပါတယ်) အားကိုးမှန်တော့ (အပူသိမ်းပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ အားမကိုးရဘူးလို့လဲ ဘုရားက ဟောတာ မဟုတ်ပါဘူး၊ အားကိုးသား မလွဲကြစေဖို့ ဟောတာ (မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကဲ ယနေ့ တရားမှာဖြင့် အားကိုး ပြပါတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ မနေ့က ဝတ္ထု (သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော်၊ နှာ-၂၈၁၊ ဆန္နသုတ်)မှာ ရှင်ဆန္နက မမာတော့ ရှင်သာရိပုတ္တရာက လူမမာ သွားမေးတဲ့အခါမှာ သူဟာ လည်ပင်း ဓားနဲ့လှီးပြီး သေတော့မယ်လို့ ပြောတယ်၊ ငါ့ရှင်ဆန္န ဒီလိုမလုပ်ပါနဲ့၊ ဒီလိုမကြံစည်ပါနဲ့၊ ငါ့ရှင်မှာ ပြုစုမည့်သူမရှိရင် ငါပြုစုပါ့မယ်၊ ဓာတ်စာဆေးဝါးမရှိလဲ ငါရှာပေးပါ့မယ်လို့ ရှင်သာရိပုတ္တရာက ရှင်ဆန္နလူမမာအတွက် တာဝန်မခံလား (တာဝန်ခံပါတယ် ဘုရား)။
ဒါတွေ့ကို တပည့်တော် မစွဲလမ်းပါဘုရားတဲ့၊ တပည့်တော်ဟာ အခု ဓားနဲ့လှီးပြီး သေမယ်ဆိုတဲ့ အဓိပ္ပာယ်က နောက်တစ်ဖန် ပဋိသန္ဓေမနေရမည့်ပုဂ္ဂိုလ်အဖြစ်ကို တပည့်တော်က ရောက်နေလို့ ဒီခန္ဓာကြီး ဝိပါကဝဋ် ကျိုးကြီးခံနေရ တဲ့အဖြစ်ကို တပည့်တော် ရွံလွန်းမုန်းလွန်းလို့ ဝိပါကဝဋ်ဆုံးအောင်လို့၊ နောက်ပဋိသန္ဓေလဲ မနေမှာ ဧကန်ဖြစ်ကာ တရားထူးရတဲ့အတွက် လည်ပင်းကို ဓားနဲ့လှီးပြီး သေမယ်လို့ စိတ်ကူးတာပါဆိုတော့ ဒကာသစ်ရယ် အတော်ရဲတဲ့ပုဂ္ဂိုလ် (မှန်လှပါ) သာမည ရဲတာလား အကြီးအကျယ် ရဲတာလား (အကြီးအကျယ်ရဲတာပါ ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အလုပ်တော်တော် လုပ်ထားပါတယ်
အလုပ်လုပ်ထားတာကလဲ သူ့ဟာက တော်တော်လုပ်ထားတာနော် (မှန်ပါ) ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့် (အလုပ်တော်တော် လုပ်ထားပါတယ် ဘုရား)။
ရှင်သာရိပုတ္တရာက တာဝန်ယူပြီး ပြုစုပါ့မယ်ဆိုငြားသော်လည်း သူက ပြောလိုက်တာ “ဒုက္ခဿ အန္တံ ကရိဿတိ” ဆိုတဲ့အတိုင်း ဒုက္ခအဆုံးကို သူမြင်နေပြီ ပြောတာပေါ့ဗျာ (မှန်ပါ) သူရဟန္တာဖြစ်နေပြီ ပြောတာပါပဲ၊ ရဟန္တာဖြစ်နေတဲ့ အတွက် ဒီခန္ဓာကြီး စွန့်ရငြားသော်လည်း “ဂတဒ္ဓိနော- ခရီးဆုံးသောပုဂ္ဂိုလ်အား၊ ဝိသောကဿ – သောကကင်းသော ပုဂ္ဂိုလ်အား” ဆိုတဲ့ ဓမ္မပဒလာတဲ့အတိုင်း ခရီးဆုံးနေတဲ့ ပုဂ္ဂိုလ်မို့ လည်ပင်းဓားနဲ့လှီးပြီး သတ်ငြား သော်လည်း စုတိပြီး ပဋိသန္ဓေ မလာတော့ဘူးလို့ ပြောလိုက်တာ (မှန်ပါ) ဒကာကြွယ် သူ့အထင်မှာ တော်တော်ကြီးတယ်နော် (ကြီးပါတယ် ဘုရား)။
ဒါနဲ့ ရှင်သာရိပုတ္တရာက ရှင်ဆန္နကဖြင့် သိပ်ပြီး သကာလ သူ အထင်ကြီးနေပါပေါ့လား၊ သူ့ကိုယ်တိုင်တွေ့တဲ့ တရားကလေး မေးဦးမှပါပဲတဲ့ (မှန်ပါ ဘုရား)။
ရှင်သာရိပုတ္တရာက မေးလိုက်တယ်
ဒကာ ဒကာမတို့ ဒါဟာ ဒကာ ဒကာမတို့ရဲ့အလုပ်စဉ် ပြောတော့မယ် (မှန်ပါ) သူကိုယ်တိုင် မြင်ပုံကလေး ငါမေးမှ တော်တော့မယ်ဆိုပြီး ရှင်သာရိပုတ္တရာက မေးလိုက်တယ်- စက္ခုံ အာဂုသော ဆန္န စက္ခုဝိညာဏံ စက္ခုဝိညာဏ ဝိညာတဗ္ဗေ ဓမ္ဗေ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တတိ” သမနုပဿသိ ဒါပါဠိလို မေးပုံတွေ (မှန်ပါ) မင်းသည်ကားလို့ဆိုရင် ဥပမာမယ် ဒီက အဆင်းရူပါရုံ၊ ဒီက မျက်စိခေါ်တဲ့ စက္ခုပသာဒရုပ်၊ ဒီက မျက်စိနာမ်ခေါ်တဲ့ စက္ခုဝိညာဏ်စိတ်၊ အဲဒီ သုံးခုရှိတယ်၊ မျက်စိရုပ် မျက်စိနာမ်ဆိုတာတွေက သူ့ခန္ဓာတွေပေါ့ဗျာ (မှန်ပါ) အဲဒါတွေကို မင်းသည်ကားလို့ဆိုရင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ စွဲသေးသလားလို့ မေးလိုက်တယ် (မှန်ပါ)၊ သူက ဘယ့်နှယ် ဖြေသတုန်း (မစွဲပါဘူးတဲ့)၊ မစွဲဘူးလို့ဖြေတယ် (မှန်ပါ) မစွဲဘူးလို့ဖြေတော့ တဏှာ မာန ဒိဋ္ဌိသေနေတဲ့ပုဂ္ဂိုလ် (မှန်ပါ)၊ ဒိဋ္ဌိသေတော့ သောတပန်၊ တဏှာသေတော့ ရဟန္တာကိုးဗျ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ သူ့မှာ တဏှာရော မာနရော ဒိဋ္ဌိရော သေတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး သကာလ နေတဲ့အတွက် သူ့ဟာသူ ဒါတွေကို တပည့်တော် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲဘူးဘုရားတဲ့ (မှန်ပါ ဘုရား)။
ဒါနဲ့ ရှင်သာရိပုတ္တရာက ဆက်မေးတယ်၊ ဒီဟာတွေ မစွဲတာက ဘယ်လိုမြင်လို့ ဒီတရားတွေက ဘယ်လိုပြောလို့ မစွဲတာတုန်းတဲ့ (မှန်ပါ)၊ ဒါဟာ အလုပ်သမားအတွက်မှာ အတော်အရေးကြီးတယ် (မှန်ပါ)၊ ဒီတရားတွေဟာ ဘယ်လို ပြောလို့ မစွဲတာတုန်း၊ မစွဲပုံကလေး ရှင်းစမ်းပါဆိုတော့ ဒီတရားတွေကို စိတ်ကလေး ကြည့်လိုက်ပြန်လဲ ချုပ်ပျောက်သွား တာပဲ မြင်တယ် (မှန်ပါ)၊ ရုပ်ကလေး ကြည့်လိုက်ပြန်လဲ (ချုပ်ပျောက်သွားတာပဲ မြင်ပါတယ်) ကုန်တာ ပျောက်တာပဲ မြင်သတဲ့ (မှန်ပါ ဘုရား)။
စိတ်ကလေး ကြည့်လိုက်ပြန်တော့လဲ (ကုန်တာ ပျောက်တာ မြင်ပါတယ်) ရုပ်ကလေး ကြည့်လိုက်ပြန်လဲ (ကုန်တာပျောက်တာ မြင်ပါတယ် ဘုရား)။
ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲလမ်းပါဘူးတဲ့
အဲဒီလို ကုန်တာပျောက်တာချည်း မြင်နေတော့ တပည့်တော် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲလမ်းပါဘူးတဲ့ (မှန်ပါ) ကုန်တာပျောက်တာ ဒကာ ဒကာမတို့ သိတဲ့အတိုင်း “အနိစ္စ ဒုက္ခ အနတ္တ”၊ ကုန်တာ ပျောက်တာကို မြင်တာဟာ လောကီမဂ္ဂ (မှန်ပါ)၊ ကုန်တာ ပျောက်တာ မြင်တာက (လောကီမဂ္ဂပါ ဘုရား) ဒီလိုမြင်တော့ တဏှာ ဥပါဒါန်ကံတွေက ခဏတဖြုတ် သေမနေဘူးလား (သေနေပါတယ်) တဏှာ မာန ဒိဋ္ဌိတွေက မသေဘူးလားဗျာ (သေပါတယ် ဘုရား)။
သူမြင်ပုံကလေးဟာ ဒကာ ဒကာမတွေ ဝိပဿနာဘုန်းကြီးနဲ့ ဝိပဿနာ ဒကာ ဒကာမတွေ ဒီနေရာမှာ တော်တော်အရေးကြီးနေပါကလား ဆိုတာလဲ သတိထားကြပါ (မှန်ပါ ဘုရား)။
ကုန်တာ ပျောက်တာကလေး မြင်ပါတယ်ဘုရားတဲ့၊ စက္ခုသ္မိံအာဝုသောသာရိပုတ္တ စက္ခုဝိညာဏေ စက္ခုဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ စက္ခုံ စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ “နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ” သမနုပဿာမိလို့ ပါဠိလို ရွတ်ပြလိုက်တယ် (မှန်ပါ)၊ ကုန်တာပျောက်တာကလေးကို မြင်တော့ ဒကာသစ် သူဟာ “ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ” လို့ မစွဲပါဘူးတဲ့ (မှန်ပါ)၊ ဒီတော့ အမြင်လမ်းစဉ်ကတော့ တည့်နေတယ် လမ်းမှန်တယ်၊ မတည့်ဘူးလားဗျာ (တည့်ပါတယ် ဘုရား)။
ကုန်တာ ပျောက်တာကလေးမြင်တော့ သူက ဘာတဲ့ (ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲပါဘူး) ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲဘူးဆိုတော့ ငါ့ကိုယ်ဆိုတာက တဏှာပေါ့ဗျာ (မှန်ပါ)၊ ငါ့ဟာဆိုတာက မာန၊ ငါ့ဥစ္စာဆိုတာက ဒိဋ္ဌိ (မှန်ပါ)၊ တဏှာ မာန ဒိဋ္ဌိနဲ့ သူမစွဲပါဘူးတဲ့၊ ကုန်တာ ပျောက်တာကလေး မြင်လိုက်တဲ့အခါကျတော့ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲပါဘူးဆိုတော့ ကုန်တာပျောက်တာသည် ဒုက္ခသစ္စာ (မှန်ပါ)၊ ကုန်တာ ပျောက်တာ မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။
အမှန်ကတော့ ခဏချုပ်နေတာ
အဲ လောကီမဂ္ဂသစ္စာကလေး သူရနေတော့ လောကီမဂ္ဂသစ္စာနဲ့ပဲ သူ့စိတ်ထဲမှာ တဏှာ မာန ဒိဋ္ဌိအမြစ်နဲ့တကွ ပြတ်ပြီလို့ သူက ထင်လိုက်တယ် (မှန်ပါ)၊ ရှင်ဆန္နကလေ (မှန်ပါ ဘုရား) လောကီမဂ္ဂင်နဲ့ပဲ သူက တဏှာ မာန ဒိဋ္ဌိတွေ အမြစ်နဲ့တကွ ပြတ်ပြီလို့ ထင်လိုက်တယ်၊ အမှန်ကတော့ ခဏချုပ်နေတာ (မှန်ပါ ဘုရား)။
ဒကာကြွယ် မှတ်မိပြီလား (မှတ်မိပါပြီ) အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ ဒီအရေးဟာ ဆန္နဝတ္ထု တစ်ခုလုံးမှာ ဒီအရေးတော်တော် အရေးကြီးပါတယ်။ ဒါ သေသေချာချာ မှတ်ကြပါ (မှန်ပါ ဘုရား)၊ ကုန်တာ ပျောက်တာ ကလေးက ဒုက္ခသစ္စာ၊ မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ်ကလဲ လောကီမဂ်ရှိသေးတယ် ဒကာကြွယ် (မှန်ပါ)၊ နောက်က တဏှာ မာန ဒိဋ္ဌိ ခဏတစ်ဖြုတ် သေနေတာ (မှန်ပါ)၊ သေပေမယ့်လဲ အမြစ်နဲ့တကွ ပြတ်သွားတာလား၊ ခေတ္တရပ်စဲနေတာလား (ခေတ္တရပ်စဲနေတာပါ ဘုရား) အဲဒီတော့ ဝိပဿနာဉာဏ်ပဲ မကျသေးဘူးလား (ကျပါတယ် ဘုရား) ဝိပဿနာမဂ်ပဲ ဒကာကြွယ် ဖြစ်နေတယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါ နောက်ပိုင်းက ဒကာ ဒကာမတွေ ဘေးကနေတဲ့ ဒကာ ဒကာမတွေ ဪ ကုန်တာပျောက်တာ မြင်တာတော့ အမြင်ကတော့ အမြင်မှန်ပဲ၊ သို့သော် အမြင်မဆုံးသေးဘူးလို့ မှတ်ကြရမယ် (မှန်ပါ ဘုရား)၊ ဘယ်လိုမှတ်ကြ ရမယ် (အမြင်မဆုံးသေးဘူးလို့ မှတ်ကြရမှာပါ ဘုရား)။
ဘာကြောင့် အမြင်မဆုံးသေးသတုန်း
အမြင်မဆုံးသေးဘူး ဆိုတဲ့ အဓိပ္ပာယ်ကလေး စောစောကလေး ရှင်းထားစမ်းပါ (မှန်လှပါ ဘုရား)၊ ဘာကြောင့် အမြင်မဆုံးသေးသတုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ကုန်တာ၊ ပျောက်တာသည် သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သင်္ခါရတရား၏ အနိစ္စကို သူမြင်နေတယ် (မှန်ပါ)၊ သဗ္ဗေ သင်္ခါရ ဒုက္ခာ၊ သဗ္ဗေဓမ္မော အနတ္တာ၊ သံခိတ္တေတ ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာဆိုတော့ သူဟာ ဒါတွေကို မြင်နေတယ်၊ အနိစ္စဒုက္ခသစ္စာတွေကို မြင်နေတယ် (မှန်ပါ ဘုရား)၊ မြင်နေတော့ သင်္ခါရနယ်က လွတ်ပြီလား (မလွတ်သေးပါ ဘုရား)၊ သင်္ခါရနယ်က မလွတ်သေးဘူး၊ သင်္ခါရတရားတို့၏ ဖြစ်ပျက်ကို သူမြင်နေတာ (မှန်ပါ)။
အားလုံး မှတ်ကြစမ်းပါ၊ သူမြင်နေတဲ့ဖြစ်ပျက်က သင်္ခါရဖြစ်ပျက်ကို သူမြင်နေတာ၊ သင်္ခါရတို့၏ ခယဝယကို သူမြင်နေတယ် (မှန်ပါ)၊ အသင်္ခတနိဗ္ဗာန်ကို သူမြင်ပြီလား (မမြင်သေးပါ ဘုရား) မမြင်သေးပေမဲ့ သူက ဘဝင်မြင့်တဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ သူမြင်နေတာဟာ ဒါပဲ (မှန်ပါ) အဲဒီတော့ သူသေလို့ရှိရင် တဏှာ မာနဒိဋ္ဌိက ချုပ်နေပြီတဲ့၊ နောက်ခန္ဓာ ပဋိသန္ဓေနေစရာအကြောင်း မရှိတော့ဘူး၊ ဒါကြောင့် လည်ပင်းကို ဓားနဲ့လှီးပြီး သေလိုက်မယ်ဆိုတော့ အမြင်ကတော့ ဝိပဿနာပဲ ရှိသေးတယ်၊ အထင်က ရဟန္တာဖြစ်နေပြီ ထင်တယ် (မှန်ပါ ဘုရား)။
အမြင်က ဝိပဿနာ၊ အထင်ကရဟန္တာ
အမြင်က (ဝိပဿနာပါ)၊ အထင်က (ရဟန္တာထင်နေပါတယ် ဘုရား)၊ ဒီလိုလဲ လွဲမှာစိုးရသေးတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီး ဘုရား)။
သေသေချာချာ မှတ်ကြပါ ဒကာ ဒကာမတို့ ဒီနေရာမှာ အေးအေးဆေးဆေးပြောပြီး သကာလ နေတာဟာ ဒကာကြွယ် သာမညအရေး မဟုတ်လို့ ပြောတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကုန်တာပျောက်တာ သင်္ခတနယ်လား၊ အသင်္ခတနယ်လား (သင်္ခတနယ်ပါ ဘုရား) သင်္ခတနယ်ပဲ ရှိသေးတယ်၊ ကုန်တာပျောက်တာ မြင်တာကလဲ လောကီမဂ်ပဲဖြစ်နေတယ် (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ)၊ လောကီမဂ်ဖြစ်နေတော့ တဏှာ မာန ဒိဋ္ဌိ မသေသေးဘူးလို့ ဘုန်းကြီးတို့က မဆိုပါဘူး (မှန်ပါ) သေပါတယ်၊ ခဏကလေးသေတာ (မှန်ပါ)၊ အမြစ်နဲ့တကွ အနုသယတွေပါ သေတာလို့ ဆိုလို့ရရဲလား (မရပါ ဘုရား)။
အဲဒါကလေးတွေ သေသေချာချာ ကြည့်တော့မှ ဪ အမြင်က ဝိပဿနာ ရှိသေးတယ်၊ အထင်ကတော့ ရဟန္တာထင်နေတယ် (မှန်ပါ)၊ ရှင်ဆန္နမှာလေ (မှန်ပါ ဘုရား) အမြင်ကဘာတဲ့ (ဝိပဿနာပါ)၊ ဝိပဿနာဉာဏ်နဲ့ မြင်နေတာ (မှန်ပါ)၊ သို့ပေမယ့် သူက ရဟန္တာတို့၏ မဂ်လေးပါး အမြင်နဲ့ ယူထားတယ် (မှန်ပါ)၊ ယူမထားဘူးလား (ယူထားပါတယ် ဘုရား)။
အဲဒီတော့ ရှင်သာရိပုတ္တရာက အမေးလေးကို ရပ်လိုက်တယ်၊ ဪ ရှင်ဆန္နမှာ အမြင်တော့ မှန်သားပဲ၊ အမြင်က မဆုံးသေးဘူး (မှန်ပါ)၊ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးက သိတာပေါ့ဗျာ (မှန်ပါ ဘုရား)။
အမြင်ကျန်သေး သည်လို့ ယူလိုက်ပါ
ကဲ ဒကာ ဒကာမတွေကော အကဲခတ်မိကြပြီလား (ခေတ်မိပါပြီ ဘုရား) ကိုယ်လုပ်တဲ့အခါမှာလဲ ဒီအတိုင်းပဲ ထင်ရလိမ့်မယ် (မှန်ပါ)၊ ဒါလောက်မြင်နေသေးလို့ရှိရင် တို့သည်ကားလို့ဆိုရင်ဖြင့် အမြင်တော့ မှန်ပါရဲ့၊ အမြင်ကျန်သေး သည်လို့ ယူလိုက်ပါ(မှန်ပါ)၊ အမြင်ကတော့ (မှန်ပါတယ် ဘုရား)၊ ကျန်သေးတယ် (ကျန်ပါသေးတယ် ဘုရား) ယူလိုက်လို့ ဆိုတာ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါက ဘယ်လိုမှ သံသယမရှိပါနဲ့၊ ပါဠိတော်မှာ တိုက်ရိုက်ရှိနေလို့ တိုက်ရိုက်ဟောနေတဲ့ဆရာပဲလို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပေတော့ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် အမြင်ကျန်သေးတယ်ဆိုတာကော ဒကာသစ် ကျေနပ်ပြီလား (ကျေနပ်ပါပြီ) အဲဒီတော့ ဒီလိုသွားရမှာကိုးဗျ။
ဥဂ္ဂစ္ဆတိ ယထာဒိစ္စော၊ ပုရက္ခိတွာရုဏံ တထာ၊
ဝိပဿနံ ပုရက္ခိတွာ၊ မဂ္ဂဓမ္မော ပဝတ္တတိ။ (ဂါထာနံပါတ်-၁၇၇၉)
နာမရူပပရိစ္ဆေဒအဋ္ဌကထာမှာ လာတယ်၊ နေထွက်ဖို့ရာ အရုဏ်တက်လာသလို (ဝါ) အရုဏ်တက်မှု ရှေ့သွားပြုပြီးမှ နောက်မှ နေထွက်လာရသလို၊ ထို့အတူပဲ လောကုတ္တရာမဂ်ဟာလဲ ဝိပဿနာမဂ်ကို ရှေ့သွားပြုပြီးမှ ဖြစ်ပေါ်လာရတယ် (မှန်ပါ)၊ အခုဟာက ဘာဖြစ်နေသတုန်းဆိုတော့ အရုဏ်တက်ရုံပဲရှိသေးတယ်၊ နေမှမထွက်သေးဘဲ (မှန်ပါ ဘုရား)။
အရုဏ်တက်တာကိုပင် နေထွက်ပြီ ထင်နေတယ်
”ဝိပဿနံ ပုရက္ခိတွာ” ဆိုတဲ့အတိုင်း ရှေ့သွား ဝိပဿနာရှိသေးတယ် (မှန်ပါ)၊ “မဂ္ဂဓမ္မော ပဝတ္တတိ” ဆိုတော့ ဝိပဿနာမဂ်ဆုံးမှ လောကုတ္တရာမဂ်လာမှာကိုးဗျ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) ဝိပဿနာမဂ် ဆုံးပြီလား (မဆုံးသေးပါ ဘုရား) မဆုံးသေးတာကို ရှင်ဆန္နက ဝိပဿနာရှေ့သွား ကလေးကို အခုမှ အရုဏ်တက်တာ ကလေးကိုပင် နေထွက်ပြီလို့ ထင်နေတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ အထင်ကြီးလွန်းသွားတယ် (ကြီးလွန်းပါတယ် ဘုရား) ဒါကြောင့် သူ့ဟာသူ ရဟန္တာဖြစ်ပြီး လည်ပင်းဓားနဲ့လှီးသေမယ်၊ နောက် ပဋိသန္ဓေနေစရာ မရှိဘူးလို့ ရှင်သာရိပုတ္တရာကို ပြောင်ပြောင်ပဲ လျှောက်လိုက်တယ် (မှန်ပါ) သဘောပါကြပြီလား (ပါပါပြီ)၊ အမြင်က မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။
အေး ဒါကြောင့် ဆရာဘုန်းကြီးက ကျန်တဲ့အမြင်ကလေးကို ထုတ်ပြဦးမယ် (မှန်ပါ) ခင်ဗျားတို့ ဒီအမြင်ရောက်မှ ကိုယ့်ဟာကိုယ်လဲ စိတ်ချကြဆိုတဲ့ အရေးကို တစ်ခါတည်း ကိုယ့်ဆုံးဖြတ်ချက်ကလေးနဲ့ ကိုယ်မှန်အောင်သွားနော် (မှန်ပါ)။
”ဝိပဿနံ ပုရက္ခိတွာ မဂ္ဂဓမ္မော ပဝတ္တတိ” ဆိုသဖြင့် ရှေ့သွား ဝိပဿနာမဂ်ပဲ ရှိသေးတယ်၊ တကယ့် လောကုတ္တရာမဂ် မလာသေးဘူး (မှန်ပါ)၊ မလာသေးတော့ ဒီခယဝယတွေဟာ ဒကာ ဒကာမတို့ မနေ့ကလဲ ပြောခဲ့ပါ တယ်၊ သိကြားမင်းက လျှောက်တဲ့အခါကျလို့ရှိရင် တဏှာအမြန်ဆုံးကုန်ပြီး ခယဝယအဆုံးကို ရောက်တဲ့တရားကို တပည့်တော်အား ဟောပါလို့ စူဠတဏှာသင်္ခယသုတ် မူလပဏ္ဏာသ ပါဠိတော် (နှာ-၃၁၈) မှာ လာပြန်သေးတယ် (မှန်လှပါ ဘုရား)၊ အစ္စန္တပရိယောသာနော ဆိုတဲ့အတိုင်း ခယဝယအဆုံးကို လွန်တဲ့ နိဗ္ဗာန်ကိုမြင်မှ လောကုတ္တရာမဂ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခယဝယကို လွန်သွားရမယ်
ဘာလွန်ရမတုန်း (ခယဝယကို လွန်ပြီး မြင်ရပါမယ် ဘုရား) ဒကာသစ်တို့ သေသေချာချာမှတ်နော် (မှန်ပါ)၊ ခယဝယဆိုတာက ကုန်တာ ပျောက်တာ၊ အဲဒီ ကုန်တာပျောက်တာကို မလာရဘူး (မှန်ပါ)၊ ခယဝယကို လွန်သွားရမယ် ဆိုတော့ ရှုနေတဲ့ ခယဝယဟာ ရှုနေရင်းမတ္တနဲ့ မလာတော့ဘူး၊ သစ္စာပိုင်းခြားပြီးပြီဆိုတော့မှ နိဗ္ဗာန်မြင်တာ (မှန်ပါ) အဲဒီကျတော့မှ ဒီမဂ်က လောကုတ္တရာမဂ် သွားဖြစ်တယ် (မှန်ပါ)။
ခုနင်က ရှုနေတဲ့မဂ်က ဘာဖြစ်သတုန်း (လောကုတ္တရာမဂ် ဖြစ်လာပါတယ်) ဘာမြင်သွားသတုန်းဆိုတော့ ခယဝယ ကုန်သွားတဲ့ နိဗ္ဗာန်မြင်တယ် (မှန်ပါ)၊ ခယဝယဆိုတာ မလာတော့ဘူး (မှန်ပါ)၊ အဲဒီမလာတဲ့အဆုံး ရောက်အောင် မြင်မှသာလျှင် ဒီကျတော့မှ လောကုတ္တရာမဂ် ထွက်ပေါ်လာတယ် (မှန်ပါ)။
လောကုတ္တရာမဂ် ပေါ်လာတော့မှ “နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏပစ္စယေနပစ္စယော၊ နိဗ္ဗာန်ကို အာရုံပြုတဲ့ လောကုတ္တရာမဂ် ပေါ်လာတယ် (မှန်ပါ)၊ နိဗ္ဗာန်က အာရုံအပြုခံပြီး လောကုတ္တရာမဂ် ပေါ်လာပြီ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တပည့်တော် ဘယ်လိုရှာရမှာတုန်းဆိုတော့ ဖြစ်တာ ပျက်တာ ကလေးမြင်လို့ရှိရင် ဆုံးအောင် လိုက်ပါ (မှန်ပါ) ဆုံးအောင်လိုက်တဲ့ အခါကျတော့ ခယဝယ ကုန်မသွားဘူးလား (ကုန်သွားပါတယ်)၊ ဖြစ်ပျက်တွေ ကုန်သွားပါ လိမ့်မယ်၊ ကုန်သွားတဲ့အခါကျတော့ ဖြစ်ပျက်ဆိုတာက ဒုက္ခသစ္စာ (မှန်ပါ)၊ ဒုက္ခဿအန္တံ ကရိဿတိ၊ ဒုက္ခအဆုံးကို ပြုနိုင်ပါလိမ့်မယ် (ဝါ) နိဗ္ဗာန်ရပါလိမ့်မယ် (မှန်ပါ ဘုရား)။
ဒုက္ခအဆုံးကို မြင်မှ နိဗ္ဗာန်
ဒီလိုဆိုလိုတယ် ဒကာ ဒကာမတို့ ဒုက္ခအဆုံးကို မြင်မှ နိဗ္ဗာန်ကိုးဗျ (မှန်ပါ)၊ အခု သူ့ဟာက သင်္ခါရဒုက္ခကြီး ကိုမြင်ပြီး ရဟန္တာဖြစ်နေတယ် ထင်တာ (မှန်ပါ)။
သူက ဘယ်လိုထင်နေပါလိမ့် (သင်္ခါရ ဒုက္ခမြင်ပြီး သူ့ကိုယ်သူ ရဟန္တာလို့ ထင်နေပါတယ် ဘုရား) သင်္ခါရဒုက္ခ မြင်ပြီး သူကိုယ်သူ ရဟန္တာထင်နေတာ (မှန်လှပါ ဘုရား)၊ သင်္ခါရဒုက္ခဆုံးပြီလား (မဆုံးသေးပါ ဘုရား) အဲ မဆုံးသေးဘဲ အဆုံးကို မမြင်သေးဘဲနဲ့ သူ့ကိုယ်သူ ရဟန္တာ ဖြစ်နေတယ် ထင်နေတယ်၊ ဒီတွင်မှ ရှင်သာရိပုတ္တရာကတော့ အမေးရပ်လိုက်တယ်၊ ကိုယ်တော်ကြီးကတော့ သိပြီပေါ့ဗျာ၊ ရှင်ဆန္နဟာ သင်္ခါရဒုက္ခကလေး မြင်ကာမျှနဲ့ အဓိမာန (အထင်ကြီးမှု) ဖြစ်ပြီး သကာလ နေတော့တယ် (မှန်ပါ)။
ဒီတော့ ရှင်သာရိပုတ္တရာနဲ့ အတူပါလာတဲ့ ညီတော်ရှင်မဟာစုန္ဒကအနားမှာ ရှိတယ် (မှန်ပါ)၊ ရှင်မဟာစုန္ဒကလဲ ရဟန္တာပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
ရှင်ဆန္နအတွက် ခက်လိုက်တာ၊ ဘာမှ သူ့ဟာက မဟုတ်သေးဘူး၊ ဝိပဿနာဉာဏ်ပဲ ရှိသေးတယ်၊ ဝိပဿနာ မဂ်ပဲ ရှိသေးတယ် (မှန်ပါ)၊ ဒါကို သူက ရဟန္တာထင်ပြီး သကာလ နေတဲ့အတွက် ကြားဖောက်ပြီး သကာလ ရှင်မဟာစုန္ဒက သတိပေးစကး ပြောကြားတယ် (မှန်ပါ) အရှင်ဘုရားတဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြားထားတာ ရှိပါတယ်၊ အမြဲသတိပြုဖို့ ဟောကြားထားတာပါ (မှန်ပါ)။
ဒါကလေး နှလုံးသွားပါဦး
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး အမြဲဆုံးမပြီး ဝိပဿနာယောဂီပုဂ္ဂိုလ်တွေကို ဆုံးမတာ ရှိပါတယ် ဘုရား၊ ဒါကလေးကို အရှင်ဘုရား နှလုံးသွင်းပါဦးတဲ့ (မှန်ပါ့) အရှင်ဘုရား အမြင်လိုသေးတယ်လို့ မပြောဘူး (မှန်ပါ့) ဒါကလေး နှလုံးသွားပါဦးဆိုတဲ့ အဓိပ္ပာယ်နဲ့ လူမမာကို ချော့ပြီး ကျွေးသလိုပေါ့ဗျာ (မှန်ပါ့) ဒါကလေးကတော့ အဆိပ်လည်း မဖြစ်ပါဘူးတဲ့၊ အားကလေးရှိအောင် စားလိုက်ပါဦးဆိုတဲ့ အဓိပ္ပာယ်မျိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
”နိဿိတဿ စလိတံ အနိဿိတဿ စလိတံ နတ္ထိ” စတဲ့ ပါဠိတော် (သဠာယတနဝဂ္ဂသံယုတ်၊ ဆန္နသုတ်၊ နှာ-၂၈၄) ကိုရွတ်လိုက်တယ် (မှန်ပါ့) နိဿိတဿ-တဏှာဒိဋ္ဌိမှီနေသော ပုဂ္ဂိုလ်အား၊ စိတ္တံ-စိတ်သည်၊ စလိတံ -လှုပ်သည်၊ ဟောတိ-ဖြစ်သည်၊ အနိဿိတဿ-မမှီသော ပုဂ္ဂိုလ်အား၊ စိတ္တံ-စိတ်သည် စလိတံ-လှုပ်ခြင်းသည်၊ နတ္ထိ-မရှိတဲ့ (မှန်ပါ့) မှီနေရင်လှုပ်တယ်တဲ့ (မှန်ပါ့) မမှီရင် (မလှုပ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာ ဒကာမတွေ မှီနေရင် လှုပ်သည် မမှီရင် မလှုပ်ဘူးဆိုတော့ ဒီတရား အသာချိတ်ထားပါဦး၊ ခင်ဗျားတို့ အတွက်ကလေး နည်းနည်းဖြည့်စွက်မယ်နော် (မှန်ပါ့) ဒကာသစ်ကတော့ ဒီမှာနေတာပဲ၊ နေပင်နေငြားသော်လည်း ဆိုင်တွေရှိတယ်၊ သားမယားနဲ့ တိုက်တာတွေရှိတယ်၊ ဟိုမှာ ဘာဖြစ်သတဲ့၊ ကားတိုက်သကဲ့သို့ ကြားလိုက်ရင် ဒကာသစ် ကားနဲ့ တိုက်သကဲ့သို့ ကြားလိုက်ရင် ဒီကနေပြီးဟိုက်ခနဲဖြစ်သွားတယ် (မှန်ပါ့) မသွားဘူးလား (သွားပါတယ်) ဪ ဒကာသစ် တဏှာနဲ့ ဟိုက ကားနဲ့ဟာ မှီနေတယ် (မှန်ပါ) ၊ ဟိုက ကားလှုပ်ရင် ဒီကလှုပ်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာကြွယ်ဒီမှာလာပြီး တရားနာနေတယ်၊ အိမ်က ကားတိုက်သတဲ့လို့ကြားရင် ဟိုကားနီကြီးနဲ့ပဲ တိုက်သတဲ့လို့ ကြားရင်၊ ဟာ ဆိုတာကလေးဟာ လာလိမ့်မယ် (လာပါတယ် ဘုရား) ဘယ့်နှယ်ကြောင့်လာပါလိမ့်မတုန်း၊ ဒီကားနဲ့ လောဘတဏှာနဲ့က ဟိုသွားဆက်နေတယ်၊ (မှန်ပါ့) နဂိုက ဆက်နေတယ်။
အဝေးကြီးက ပေမယ်လို့ လှုပ်တယ်
ဒါကြောင့် နိဿိတဿ-ကားပေါ်မှာ လောဘစိတ်မှီနေသော ပုဂ္ဂိုလ်အား စလိတံ-ဟိုက ကားလှုပ်သည်ရှိသော်၊ စိတ္တံ-ဒီမှာရှိတဲ့စိတ်သည်၊ စလိတံ-လှုပ်သည်၊ ဟောတိ-ဖြစ်၏လို့ ဆိုတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဝေးကြီးက ပေမယ်လို့ လှုပ်တယ် ဒကာသစ်ရေ (လှုပ်ပါတယ် ဘုရား)။
ဥပမာ-ရန်ကုန်ကောလိပ်ကျောင်းမှာ ကိုယ့်သမီးလေးတစ်ယောက် ထားတယ်ဆိုကြပါစို့၊ အဲဒီသမီးကလေး တစ်ယောက်က ကြေးနန်းစာကလေးတစ်စောင်မလာသည့်တိုင်အောင် လူကြုံကပြောလိုက်တော့ ကလေးတော့ဖြင့် မျက်နှာကြည့်မကောင်းဘူး၊ ဟိုက စကားယဉ်သုံးလိုက်သည်၊ ဖျတ်ဆို ဒီက အမေမိဘက လှုပ်တယ် (လှုပ်ပါတယ် ဘုရား) ဘာဖြစ်လို့တုန်း၊ မှီနေလို့၊ ဟိုမှာ အမြဲဆက်ပြီး မှီနေတယ် (မှန်ပါ ဘုရား)။
ဟိုကလေးမကလေးဆီမှာ အမေမိဘစိတ်က တစ်ခါတည်း သွားမှီနေတယ် (မှန်ပါ့)၊ မှီနေတော့ ကလေးမကလေး ဣန္ဒြေပျက်လိုက်ရင်ပဲ ဒီက ဘယ့်နှယ်နေသတုန်း (လှုပ်ပါတယ် ဘုရား)။
ဒါကြောင့် “နိဿိတဿ-မှီနေသော ပုဂ္ဂိုလ်အား၊ စလိတံ-အဝေးကြီးကပင်သော်လည်း လှုပ်သည်” ဟောတိ-ဖြစ်၏ (မှန်ပါ့)၊
ခင်ဗျားတို့ကသာ ဝေးတယ်ထင်တာ ဟုတ်လား၊ အာရုံအာရမ္မဏိက အဖြစ်နဲ့တော့ မှီနေတယ် (မှန်ပါ့ ဘုရား) ဘယ်လိုဆိုကြပါ့ (အာရုံ အာရမ္မဏိကအဖြစ်နဲ့တော့ မှီနေလို့ပါ ဘုရား) မှီနေတော့ တတ်နိုင်လို့ မိုင် (၆၀၀၀) ကျော်ဝေးတဲ့ အင်္ဂလန်ကျွန်းပင် သွားထားပါ၊ ဟိုကဘာတဲ့ဆိုရင် ဒီကလှုပ်ပြီ၊ (လှုပ်ပါပြီ ဘုရား) ဒကာ ဒကာမတွေ သွားထားပြီး မှီနေရင်တော့ လှုပ်မှာပဲ (မှန်ပါ့) သွားသွား မမှီရင်တော့ (မလှုပ်ပါ ဘုရား)။
လောကွတ်ကတယ်ချော်တာကိုး
အခုတော့ဖြင့် သေသူပြန်အောက်မေ့လိုက် လှုပ်လိုက်၊ ရှင်သူ ပြန်အောင်မေ့လိုက် (လုပ်လိုက်ပါ ဘုရား)၊ သွားသွား မှီသကိုး၊ ခင်ဗျားတို့က လောကွတ်ကတယ်ချော်တာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) လောကွတ်က ချော်နေတဲ့ အခါကျတော့ လှုပ်ချင်လို့ချော်တာ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘယ်သားသမီး ဘယ်အာရုံနဲ့မှ သူတို့ဆီကို မဆက်နိုင်တော့ပါဘူးဆိုရင် ဘာဖြစ်ဖြစ်လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား) ဆက်သွယ်နေရင် (လှုပ်ပါတယ် ဘုရား) ဒါဖြင့် နိဿိတဿ ဆက်သွယ်၍နေသောပုဂ္ဂိုလ်၏၊ စိတ္တံ-စိတ်သည်၊ “စလိတံ ဟိုက အကြောင်းရှိသည်ရှိသော် ဒီက လှုပ်သည်” ဟောတိ-ဖြစ်၏ (မှန်ပါ့) အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ ဘုရား) ခင်ဗျားတို့က ဝေးတာ နီးတာ လိုရင်း ဟုတ်သလား၊ မှီနေတာက လိုရင်းလား (မှီနေတာက လိုရင်းပါ ဘုရား) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
အဲ မှီတာက လိုရင်းဖြစ်နေတော့ တုံးကို မှီနေတဲ့ ပုဂ္ဂိုလ်ဟာ တုံးလှုပ်တော့ မှီနေတဲ့လူက (လှုပ်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား) တိုက်ပေါ်မှာ မှီနေတဲ့ ပုဂ္ဂိုလ်ကလည်း တိုက်ကို ငလျင်လှုပ်လိုက်တော့ (လှုပ်ပါတယ်)၊ တိုက်လှုပ်တာနဲ့ရော လှုပ်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာ မျက်ရည် မျက်ခွက် သောကပရိဒေဝ ဗျာပါဒတွေနဲ့နေကြရတာ မှီမှီနေလို့၊ ဒါတွေ ခဏခဏ မျက်ရည်မျက်ခွက် ပေါ်ပေါ်နေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) မမှီတော့ပါဘူးဆိုတော့ (မပေါ်တော့ပါ ဘုရား) ဪ ခင်ဗျားတို့က အမှီမရှိရင် ဘုရားတောင် မပွင့်ဘူးလို့ ပြောချင်ပြောဦးမယ်၊ ခင်ဗျားတို့ဘက်က ရှေ့နေကြီးကလည်း အတော်ကြီးတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)၊
ခင်ဗျားတို့ဘက်က ရှေ့နေက ဘုရားတောင်အမှီနဲ့ ပွင့်ရတယ် ဆိုတော့ ဘုရားကိုတောင် ဆွဲထည့် လိုက်သေးတယ် ကိုယ့်ဘက်ရှေ့နေလိုက်ပါပြီ (မှန်ပါ့ ဘုရား) အံမာလေး ကြောက်စရာပါလား (မှန်ပါ ဘုရား)။
မခိုင်တာချည်း မှီပြီး နေကြတော့
ဒကာ ဒကာမတို့ အလွန်ဆိုးနေပါလား (ဆိုးပါတယ် ဘုရား) အင်း အခုတော့ အမှီကလေးတွေက ခင်ဗျားတို့က မခိုင်တာချည်း မှီပြီး သကာလ နေကြတော့ မခိုင်တာတွေမို့ ပြုတ်ပြုတ်ပျက်ပျက်ပြီး ကျသွားတဲ့အခါကျတော့ ခင်ဗျားတို့ ဘယ်လိုနေရစ်ရသတုန်း မေးကြည့်တာပေါ့၊ ဒကာကြွယ် ဘယ်လိုနေရစ်ရသတုန်း (လှုပ်ပါတယ် ဘုရား) လှုပ်နေတာလည်း သောကနဲ့လှုပ်လိုက်၊ ပရိဒေဝနဲ့ လှုပ်လိုက်၊ ရှေ့ရေးတွေးပြီးလှုပ်လိုက်၊ နောက်ရေး တွေးပြီးတော့ကော (လှုပ်ပါတယ် ဘုရား) အခုအရေးတွေးပြီး (လှုပ်ပါတယ် ဘုရား)၊ လှုပ်စရာရှာနေကြတာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒကာ ဒကာမ တွေက လှုပ်စရာမရှိလို့ တုံးရှာတဲ့ ပုဂ္ဂိုလ်တွေကလည်း အများကြီးပါကလား (မှန်ပါ့ ဘုရား)။
ဒကာကြွယ် တစ်ယောက်တည်းနေလို့ရှိရင် မမှီလို့ရှိရင် လှုပ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဟာ ဒါဖြင့် မှီစရာ ရှာဦးမှပဲ လှုပ်ရအောင်ဟေ့၊ ဒီလိုမလာကြဘူးလား (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကိုက အမြီးမငြိမ်တဲ့ ငှက်ကလေးနဲ့တူတယ် (မှန်ပါ့) မလှုပ်ရရင် မဖြစ်သလိုလိုဖြစ်နေတယ် (မှန်ပါ ဘုရား) သဘောပါကြပလား (ပါ ပါပြီ ဘုရား)၊ ဒါကြောင့် ဘယ်သူမှ မမှီရင် ဘယ်သူမှ မလှုပ်ပါဘူး (မှန်ပါ့ ဘုရား)၊ ဘယ်သူ့မှ မမှီရင် ဘယ်သူမှ မလှုပ်ပါဘူး (မှန်ပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ဟိုမှီနေ၊ ဒီမှီနေဆိုတော့ ရွှေတွေရှိရင် ရွှေကြောင့်လှုပ်တာပဲ၊ ရွှေဈေးကျရင် တက်ရင် လှုပ်ပြီ (မှန်ပါ) ဒကာ ဒကာမတို့ သဘောကျရဲ့လား (ကျပါပြီ ဘုရား)။
ရွှေကလေးကို ကိုယ်ကစုထားတယ်၊ ရွှေဈေးက ဖျတ်ခနဲ ကျသွားရင် ဒကာသစ် ဘယ်နှယ့်နေမလဲ (လှုပ်ပါတယ် ဘုရား) ဘာဖြစ်လို့တုန်း (မှီနေလို့ပါ ဘုရား) မှီနေလို့ ကားက လေးတစ်စီး ဝယ်သွားတယ်၊ နောက်ကားတွေက လာလိုက်ပြန်တော့ ဒီဟာတွေက ဈေးကျကုန်ပြီဆိုရင် ဘယ့်နှယ်တုန်း (လှုပ်ပါတယ် ဘုရား) အထည်မျိုးစုံတွေ နိုင်ငံခြားက ဈေးလျှော့ပြီး ဝင်လာသတဲ့ဆိုရင်ကော (လှုပ်ပါတယ် ဘုရား) ဘာဖြစ်လို့ တုန်း (မှီနေလို့ပါ ဘုရား)။
မှီပြီး လှုပ်စရာ မရှိရင် မနေတတ်
ခင်ဗျားတို့ကလည်း မှီပြီး လှုပ်စရာ မရှိရင် မနေတတ်၊ မှီစရာမရှိရင် ဘုရားတောင် မပွင့်ဘူးဆိုတာ မျိုးကလည်း သံမှိုနဲ့ စွဲသလို စွဲနေတာပဲ (မှန်ပါ့) ဒကာ ဒကာမတို့ သည်ကားလို့ဆိုရင် မှီစရာမရှိရင် နေလို့ မဖြစ်ကြဘူး၊ ဒကာကြွယ် လှုပ်ချင်လို့ (မှန်ပါ) ဘယ့်နှယ်ဆိုကြပါ့ (လှုပ်ချင်လို့ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သမီးကလေး အားကိုးနေတယ်၊ သမီးကလေးက ပက်ခနဲ ဘယ်လိုဖြစ်သွားတယ်ဆိုတော့ မှီလို့ လှုပ်တာ (မှန်ပါ့) သားကလေး အားကိုးနေရာ သူ့သားက မယားနောက် လိုက်သွားသကဲ့ဆိုတော့ မှီလို့ လှုပ်တာ (မှန်ပါ) မမှီရင် (မလှုပ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ကိုတဲ့ ရှင်မဟာစုန္ဒက နိဿိတဿ စလိတံ စသည်ဖြင့် အရှင်ဘုရား မှီနေလို့ လှုပ်တာ၊ အရှင်ဘုရား ခန္ဓာကိုယ် အရှင်ဘုရား မှီနေလို့ ဓားနဲ့ လည်ပင်းလှီးပြီး သေတော့မယ်ဆိုတာ အရှင်ဘုရား ခန္ဓာကိုယ် အရှင်ဘုရား မှီနေသေး တယ်လို့ သတိပေးလိုရင်းပဲ (မှန်ပါ) ၊ ဒါကြောင့် အရှင်ဘုရား ခန္ဓာကိုယ်ကို ဝေဒနာတွေကနှိပ်စက်တော့ သေတာ ကောင်း တယ်ဆိုတော့ အရှင်ဘုရား လှုပ်တာပါလို့ သိစေလိုတာ(မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တရားတော်နဲ့ ရိပ်မိအောင်လို့ ပြောနေတာ (မှန်ပါ) နိဿိတဿ အရှင်ခန္ဓာကိုယ် မှီနေသော ပုဂ္ဂိုလ်အား၊ စလိတံ- ဓားနဲ့လှီး၍ သတ်မယ်လို့ လှုပ်ခြင်းသည်၊ ဟောတိ-ဖြစ်၏၊ (မှန်ပါ)။
အမှန်ကတော့ ဒေါသဖြစ်နေတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာဖြစ်တာပါလိမ့် (ဒေါသဖြစ်နေတာပါ ဘုရား) ဒေါသဖြစ်ပြီး လှုပ်နေတာ ဆိုတာရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
တဏှာဒိဋ္ဌိ လုံးလုံးမကုန် သေးဘူး
ကဲ ဒါဖြင့် ရှင်ဆန္ဒသည် ဝိပဿနာဉာဏ်အမြင်တော့ မမှန်ဘူးလား (မှန်ပါတယ် ဘုရား) တဏှာဒိဋ္ဌိ လုံးလုံးမကုန် သေးဘူးဆိုတာ ပေါ်လာတယ် (မှန်ပါ) ဒါကြောင့် သူ့ခန္ဓာသူ ဓားနဲ့ လှီးတဲ့ပြီး သကာလ သတ်သေပါတော့မယ်၊ နောက်ပဋိသ န္ဓေ မနေရတဲ့ ပုဂ္ဂိုလ်ပဲဆိုတော့ စကားကဖြင့် ကြီးသပေါ့ဗျာ (မှန်ပါ) သို့သော် ဒီခန္ဓာကြီးကို ဒီလိုတော့ ဝေဒနာခံစားပြီး မနေချင်ဘူး၊ သေတာ အေးတယ်ဆိုတဲ့ ဒေါသ ပါ-မပါ (ပါ ပါတယ် ဘုရား) အဲဒီတော့ ခန္ဓာကိုယ်ခင်လို့ ဒေါသဖြစ်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် “နိဿိတဿ စလိတံ” ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒကာကြွယ် အင်္ဂလန်မှာရှိတဲ့ သားသမီး ဖြစ်စေကာမူ ဒီကနေပြီး အာရုံပြုလိုက်ရင် လှုပ်တာပဲ (လှုပ်ပါတယ် ဘုရား) နဂိုကဆက်နေသကိုး (မှန်ပါ့) မှီနေသကိုးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါကြောင့် ဝေးတာ နီးတာက လိုရင်းလား၊ မှီတာက လိုရင်းလား (မှီတာက လိုရင်းပါ ဘုရား) အဲ အနီးအနားမှာ ရှိပေမယ့် မဆိုင်ဘူးဆိုတဲ့ “ပရတော သူစိမ်းပြင်ပ” လိုထားလိုက်စမ်းပါ၊ အနတ္တ သဘောထားလိုက်စမ်းပါဆိုတော့ လှုပ်သေး ရဲ့လား (မလှုပ်ပါ ဘုရား)။
ခင်ဗျားတို့ အိမ်နီးချင်းများကို ဟိုဘက်က ဥပမာ သူစိမ်းတစ်ယောက်သေသတဲ့၊ အခုမှ ရွှေ့လာတာလည်း မကြာသေး ဘူး၊ ကျုပ်တို့ဖြင့် မိတ်ဆွေတောင်မဖြစ်သေးဘူး၊ ဖျတ်ခနဲ ရောက်လာတ (၃-၄)ရက်ရှိသေးတယ်၊ သေပြီဆိုရင် မလှုပ်ပါလူး၊ ဒီဘက်က (မလှုပ်ပါ ဘုရား) ဘာမှ မခင်သေးပဲကိုး (မှန်ပါ့) နည်းနည်းကလေး ခင်လာတော့ ဟင်းသွား၊ ဟင်းယူကလေး၊ ညရေးညတာ အကူအညီကလေးရလာပြီ ဆိုမှဖြင့် ဖြစ်မှ ဖြစ်ရလေနော်၊ လာပြီ (မှန်ပါ့) မလာသေးဘူးလား (လာပါပြီ ဘုရား) အဲဒီကျတော့ မှီကြပကောဗျ (မှန်ပါ့)၊ မှီတော့ ဘယ့်နှယ့်ဖြစ်နေသတုန်း (လှုပ်ပါတယ် ဘုရား)၊ မှီတော့ လှုပ်တယ်ဆိုတော့ သဘောကျပလား (ကျပါပြီ ဘုရား)။
လှုပ်-မလှုပ်တာ မှီ-မမှီပေါ်မှာ မှီနေတယ်
ဒါဖြင့် ဒီဥစ္စာ လှုပ်-မလှုပ်တာ ဒကာ ဒကာမတို့ မှီ-မမှီပေါ်မှာ မှီနေတယ်ဆိုတဲ့ အဓိပ္ပာယ် ဆုံးဖြတ်ချက်ချရမယ် ဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အေး ဒါကြောင့် ခင်ဗျားတို့ သားကလေးတစ်ယောက် ထွန်းကားလာပြန်လည်း အားကိုးရချည်သေးရဲ့၊ သမီး ကလေးတစ်ယောက် ထွန်းကာလာပြန်လည်း (အားကိုးရချည်သေးရဲ့) ခင်ဗျားတို့က မှီမယ် စိတ်ကူးနေတာပဲ (မှန်ပါ) တယ် လည်းလှုပ်ချင်သကိုး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ) လှုပ်ချင်လို့ရှိရင် လှုပ်ဆိုတာ ဘာတုန်း မျက်ရည်နဲ့ မျက်ခွက် ဖြစ်ချင်တယ်ဆိုတာ (မှန်ပါ ဘုရား)။
လှုပ်ဆိုတာ ဘာပါလိမ့် (မျက်ရည်နဲ့ မျက်ခွက်ဖြစ်ချင်တယ်ဆိုတာပါ ဘုရား)။
ဒါကြောင့် တဏှာဥပါဒါန် မချုပ်သရွေ့ ကာလပတ်လုံး တစ်လှုပ်တည်းလှုပ်နေလိမ့်မယ် ဆိုတာ ဒကာကြွယ်၊ ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါကြောင့် ဒကာ ဒကာမတို့ ဒီတဏှာကိုဖြင့် မသတ်ရင် မဖြစ်ဘူး (မှန်ပါ) တဏှာကြီးတော့ ဥပါဒါန်-ဥပါဒါန်ဆိုတာ စွဲပြီးကပ်ပြီး မှီနေတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဥပါဒါန်ဆိုတာ ဖြုတ်လို့ မရတာဆိုတော့ (မှန်ပါ ဘုရား)။
ဖြုတ်လို့မရဘူး ကတည်းက ဒကာ ဒကာမတို့ ဟိုက အနိစ္စအပေါ်မှာ အမြဲဆုပ်ထားပြီဆိုမှဖြင့် ဟိုကလည်း အနိစ္စ ရောက် ဒီကလည်း လှုပ်လို့ ကောင်းပေါ့ (မှန်ပါ)၊ ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။
ဒီတရားဟာ နိဗ္ဗာန်ရောက်နိုင်ပါတယ်
အဲဒါကြောင့် ရှင်မဟာစုန္ဒဟောတဲ့ တရားကလေးဟာလည်း နိဗ္ဗာန်ဟောတာပါ (မှန်ပါ) ရောက်ပါလိမ့်မယ် ဒကာ ဒကာမတို့ ဒီတရားဟာ နိဗ္ဗာန်ရောက်နိုင်ပါတယ် (မှန်ပါ)၊ ကဲ လှုပ်-မလှုပ် ဒကာသစ်ရိပ်မိပလား (ရိပ်မိပါပြီ)၊ အာရုံအားဖြင့် မှီနေရင် ဘာတုန်း (ရောက်ပါတယ်) မမှီတော့ (မရောက်ပါ ဘုရား) မင့်ကို ဆွေပြတ်မျိုးပြတ် ကြော်ငြာလိုက်ပြီ ဆိုတော့လည်း ကြော်ငြာတုန်းက သူဟာ လှုပ်လို့ ကြော်ငြာတာပါပဲ (မှန်ပါ)၊ နောက်ကျတော့ ဟိုမှာဘဲ ဣန္ဒြေမရ ဘာမရနဲ့ ရောဂါဝေဒနာ ရပြီး ပျက်စီးတယ်ဆိုတော့ လှုပ်သေးရဲ့လား (မလှုပ်တာ ဘုရား) တဏှာနဲ့ သူက မမှီတော့ မလှုပ်ဘူး (မှန်ပါ)၊ သေတာ ကောင်းတယ် ဒီလိုလာတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
စဉ်းစားကြည့်စမ်း၊ ဥပမာမယ် အနောက်နိုင်ငံမှာ ကျွန်းပါ မြေမျို သွားသတဲ့၊ လူတွေလည်း အကုန်ပါသွားသတဲ့၊ ပင်လယ်ရေလွှမ်းပြီး မီးတောင်ပေါက်ကွဲသွားလို့ (မှန်ပါ)၊ မြန်မာပြည်က ဘယ်သူမှ ဆွေမျိုးမရှိလို့ ဪ ကမ္မဿကာပဲ (မှန်ပါ)၊ မှီမှ မမှီပဲကိုးဗျ (မှန်ပါ)၊ မမှီတော့ ဘယ့်နှယ့်တုန်း၊ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား) ကမ္မဿကာနဲ့ ထိုင်များနေလိုက် သေးတယ် (မှန်ပါ)၊ တဏှာမပါတော့ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)။
တဏှာသာပါလို့ရှိရင် ဟိုမှာ သားတွေ၊ သမီးတွေ ကျောင်းနေဖို့ ပို့ထားရင်ကိုယ်ကျိုးဖြင့်နည်းပေါ့၊ အော်ပြီ၊ ဒီကျရင် (မှန်ပါ)၊ ဒီကျရင်တော့ မအော်သေးဘူးလား (အော်ပါတယ် ဘုရား)၊ မှီနေရင်တော့ ဘာတုန်း (လှုပ်ပါတယ်)၊ မမှီရင်တော့ (မလှုပ်ပါ ဘုရား)။
မှီ-မမှီ အကဲခတ်ရမယ်
ဒါဖြင့် ခင်ဗျားတို့ လှုပ်-မလှုပ်တာ ဘယ်ဟာကို အကဲခတ်ရမှာတုန်း (မှီ-မမှီ အကဲခတ်ရပါမယ်) မှီ-မမှီ အကဲခတ်ရ မယ်ဆိုတော့လည်း ခင်ဗျားတို့ကလည်း ခက်လိုက်တဲ့ဖြစ်ခြင်းက အမှီမရှိရင် ဘုရားတောင် မပွင့်ဆိုတာ ခင်ဗျားတို့ ဘယ်က သင်ထားတယ် မပြောတတ်ဘူး၊ ဒကာကြွယ်တို့ သင်ထားတာကလေ (မှန်ပါ)၊ ကျွန်းကိုးမှီ ကိုင်းကျွန်းမှီပေါ့ကွ စသည်နဲ့ ယောကျာ်းနဲ့ မိန်းမများပြောနေလိုက်တာ (မှန်ပါ ဘုရား) ငိုချင်ကြသေးလို့ပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ကြောက်စရာကြီး ပါလား၊ ဒကာ ဒကာမတို့ ဘယ်ကများ စကားတွေ တတ်ထားတယ် မသိဘူး၊ တဏှာက သင်ထားတာကိုး (မှန်ပါ့ ဘုရား)။
ဒကာသစ် ဘယ်သူက သင်ထားသတုန်း (တဏှာက သင်ထားပါတယ်) အဲဒီတော့ တဏှာသင်ထား တဲ့အတိုင်းသာ လုပ်နေလို့ရှိရင် ငိုပွဲချည်း ဆင်မယ်စိတ်ကူးပါ (မှန်ပါ) တဏှာက သင်ထားတဲ့အတိုင်းသာ လုပ်နေရင် (ငိုပွဲချည်းပါ ဘုရား)၊ တဏှာက သင်ထားတာက မှီသာ မှီကွ ဆိုပြီး သူကလည်း အနိစ္စချည်း အမှီခိုင်းတယ် (မှန်ပါ ဘုရား)။
ဘာတွေ အမှီခိုင်းသတုန်း (အနိစ္စတွေချည်း အမှီခိုင်းပါတယ်) အနိစ္စ အမှီခိုင်း၊ ဒုက္ခ အမှီခိုင်း၊ အနတ္တ အမှီခိုင်း၊ ဒုက္ခသစ္စာ အမှီခိုင်းနဲ့ ပျက်စီးဒုက္ခရောက်မှာချည်း အမှီခိုင်းနေတယ် (မှန်ပါ)၊ အဲဒီ ပျက်စီးမှာချည်း အမှီခိုင်းနေတော့ ပျက်စီးမှာ တွေက များလေလေ အရိုးနဲ့အရေ ကျန်လေလေပဲ (မှန်ပါ) မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဿိတဿ စလိတံတော့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
သူ့ခန္ဓာကိုယ်သူခင်နေသေးတယ်ဗျ
ရှင်ဆန္ဒက ဒကာ ဒကာမတို့ မှီလို့ လှုပ်တာလား၊ မမှီပဲနဲ့ ဓားနဲ့ လည်ပင်းလှီးပြီး သေမယ်လို့ ပြောတာလား (မှီလို့ လှုပ်တာပါ) သူ့ခန္ဓာကိုယ်သူခင်နေသေးတယ်ဗျ၊ ဒီခန္ဓာကိုယ်ကြီးကို စိတ်ပျက်ပြီး သကာလ အကောင်းမှ မဟုတ်ပဲ၊ သေပစ်အေးသကွ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
လောဘနဲ့ စွဲမရလို့ ဒေါသနဲ့ သွားမှီနေတယ် (မှန်ပါ)၊ အဲဒီကဲ့သို့ မှီနေတဲ့အတွက် နိဿိတဿ စလိတံလို့ ရှင်မဟာ စုန္ဒက အနားကနေပြီး ရွတ်တာ (မှန်ပါ)၊ ဦးဘအုန်း မှားသေးသလား (မမှားပါဘူး ဘုရား) ကဲ ဒါဖြင့် သူဘဝင်မြင့်နေတယ် ဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ ဘုရား)။
”အနိဿိတဿ စလိတံ နတ္ထိ” အနိဿိတဿ-ဘယ်သူ့မှ မှီမနေတဲ့ ပုဂ္ဂိုလ်အား၊ စလိတံ- လှုပ်ခြင်းသည်၊ နတ္ထိ- မရှိဘူးတဲ့၊ ကိုယ့်ခန္ဓာကိုတောင်မှ ကဲကွာလို့ဆိုပြီး ပရတောလုပ်လိုက်ပါ၊ နဂိုက မင်းအသေမို့ အခုသေနေတာပဲလို့ မြင်နေတဲ့ ပုဂ္ဂိုလ်ကျတော့ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)။
အဲ သူစိမ်းပြင်ပလို့ ကြည့်လိုက်တဲ့အခါ ဒုက္ခသစ္စာမို့ ဒုက္ခသဘောပြောလို့ရှိရင် လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)၊ မမှီတော့ (မလှုပ်ပါ ဘုရား) တဏှာ ဒိဋ္ဌိ မမှီတော့ မလှုပ်ဘူး၊ တဏှာ ဒိဋ္ဌိ ကင်းတဲ့ဉာဏ်နဲ့ ကြည့်လိုက်တော့ လှုပ်သေးရဲ့ လား (မလှုပ်ပါ ဘုရား)။
ဒါကြောင့် ခန္ဓာကြီးက ဖျပ်ဖျပ်-ဖျပ်ဖျပ်နဲ့ ဒကာ ဒကာမတွေ သန္တာန်မှာ ပျက်စီးနေတာတွေ ကြည့်လိုက်တော့ ဒကာကြွယ် လှုပ်ဦးမလား (မလှုပ်ပါ ဘုရား)တဏှာ မပါပဲကိုးဗျ (မှန်ပါ) ရှုလို့ ကောင်းလိုက်တာဗျာ၊ နေရာကျလိုက်တာ ဆိုတာဉာဏ်နဲ့ချည်း ရှုနေတော့ ခန္ဓာကတော့ သေနေတာ အမှန်ပဲ (မှန်ပါ)။
ခန္ဓာကတော့ ဘာတုန်း
ခန္ဓာကတော့ ဘာတုန်း (သေနေတာ အမှန်ပါ ဘုရား) သို့သော် ခင်ဗျားတို့က ခုနင်က တဏှာ ဒိဋ္ဌိနဲ့ မှီသလို မျက်ရည်ကြီးငယ်တွေ ထွက်သေးသလား (မထွက်ပါ ဘုရား)၊ ဉာဏ်ကလေးနဲ့ရှုလို့ ကောင်းတယ်တောင် ဖြစ်လာတယ် (မှန်ပါ)။
ဘယ့်နှယ်ဖြစ်ပါလိမ့် (ဉာဏ်ကလေးနဲ့ ရှုလို့ ကောင်းတယ်တောင်ဖြစ်လာပါတယ်)ရှုလို့ ကောင်းတယ်တောင် ဖြစ်ပြီး သကာလ နေတဲ့အတွက် ဪ တဏှာမပါတဲ့အချိန်ကျတော့ ရှုကောင်းတယ် (မှန်ပါ) တဏှာနဲ့ကြည့်လိုက်တဲ့အခါကျတော့ ခေါင်းကလေးပူတာ သွားပြီး စမ်းကြည့်၊ နင် ဘာဖြစ်သတုန်းဆိုပြီး ထိတ်ခနဲသွားတာပဲ (မှန်ပါ)၊ မသွားပေဘူးလား (သွားပါ တယ် ဘုရား)။
အဲဒီလို ဖြစ်ပြီး သကာလ နေတဲ့ အခါကျတော့ ဒကာ ဒကာမတို့ မှီတတ်တာနဲ့ မမှီတတ်တာသည် လှုပ်မှု-မလှုပ်မှု မှာကွာတယ် (မှန်ပါ ဘုရား)၊ မှီတာနဲ့ မမှီတာ ဘာကွာပါလိမ့် (လှုပ်မှု မလှုပ်မှု ကွာပါတယ် ဘုရား)။
ဒါဖြင့် ရှင်ဆန္ဒလှုပ်သလား၊ မလှုပ်ဘူးလား၊ တရားတစ်ပွဲလုံး အကဲခတ်စမ်း (လှုပ်ပါတယ် ဘုရား)၊ ဒါဖြင့် သူ့ခန္ဓာ သူမှီပြီ (မှန်ပါ့) သူ့ခန္ဓာမှာ တဏှာ ဥပါဒါန်နဲ့ မမှီဘူးလား (မှီပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ မှီနေသေးတာကို သိလို့ ရှင်မဟာစုန္ဒက “နိဿိတဿ စလိတံ” ကိုနှလုံးသွင်းပါဘုရား (မှန်ပါ)၊ မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ်) “အနိဿိတဿ စလိတံ နတ္ထိ” ဘုရာ့၊ မမှီလို့ရှိရင် အရှင်ဘုရား ဒီစကားမျိုးတွေ ပြောမှာ မဟုတ်ဘူးလို့ သတိရစေလိုရင်းပဲ (မှန်ပါ) မမှီရင် သူ့ခန္ဓာကို သူရှုပြီးနေမှာဘဲ (မလာပါ ဘုရား) အဲ ဖော်သာ မပြောတာ အဓိပ္ပာယ်က ဒီရောက်နေတယ် (မှန်ပါ) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ကိလေသာလည်း ငြိမ်းသောကြောင့်
”စလိတော အသတိ ပဿဒ္ဓိ ဟောတိ၊ စလိတေ-လှုပ်ခြင်းသည်၊ အသတိ- မရှိခဲ့သည်ရှိသော်၊ တဏှာ ဥပါဒါန် ချုပ်သွားခဲ့သည်ရှိသော် ပဿဒ္ဓိ-ကိုယ်လည်း ငြိမ်းပါတယ်၊ စိတ်လည်းငြိမ်းပါတယ် (မှန်ပါ) အဋ္ဌကထာများ အလိုဖြင့် ကိလေသာလည်း ငြိမ်းသောကြောင့် လှုပ်ခြင်း မရှိပါဘူး (မှန်ပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်များ အာရုံပြုနေတော့ ကိုယ်လည်းငြိမ်း၊ စိတ်လည်းငြိမ်း၊ ကိလေသာ ကော(ငြိမ်းပါတယ်) ငြိမ်းနေတာပဲဆိုတာလည်း သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲဒါ တဏှာ မာန ဒိဋ္ဌိ ချုပ်နေတဲ့အခါကျ လို့ရှိရင် ကိုယ်လည်းငြိမ်း၊ စိတ်ကော (ငြိမ်းပါတယ်) ကိလေသာကော (ငြိမ်းပါတယ်)၊ ငြိမ်းတယ်၊ သူထိုက်တန်သလောက်ပေါ့ ဗျာ (မှန်ပါ ဘုရား)။
အဲ တန်သဘောက် ငြိမ်းနေလို့ရှိရင် ဪ ဒါဟာ တဏှာ ဒိဋ္ဌိနဲ့ မမှီဘဲနဲ့ ဉာဏ်နဲ့ အာရုံပြုနေတဲ့အတွက် ဉာဏ်နဲ့ နိဗ္ဗာန်ကို ဒုက္ခချုပ်တဲ့ဆီ အာရုံပြုနေလို့ရှိရင်ဖြင့် ကိုယ်ငြိမ်း၊ စိတ်ငြိမ်း၊ ကိလေသာငြိမ်း ဖြစ်ပါလိမ့်မယ်ဆိုတာ သေသေချာချာ လာပါတယ် (မှန်ပါ)။
ဖြစ်ပျက်ဆုံးသည့် တိုင်အောင်လိုက်
ဒါဖြင့် ဒီကို မရောက်၊ ရောက်အောင် လုပ်ရမှာပေါ့ (မှန်ပါ့)၊ တဏှာ ဒိဋ္ဌိ မမှီအောင် ဖြစ်ပျက်ဆုံးသည့် တိုင်အောင် လိုက်ကြည့် ဒကာကြွယ်ရေ (မှန်ပါ) ဒကာကြွယ် ဘယ်ရောက်အောင် လိုက်ရမှာတုံး (ဖြစ်ပျက်ဆုံးသည့်တိုင်အောင် လိုက်ရမှာ ပါ ဘုရား)၊ ဖြစ်ပျက်ဆုံးသည့် တိုင်အောင် လိုက်လို့ရှိရင် ကိုယ်ကော (ငြိမ်းပါတယ်) စိတ်ကော (ငြိမ်းပါတယ်)၊ ကိလေသာ ထိုက်တန်သလောက်ကော (ငြိမ်းပါတယ် ဘုရား)။
အဲ သူ့မဂ်နဲ့ သူပေါ့ဗျာ (မှန်ပါ)၊ လောကီမဂ်ဖြင့် လောကီမဂ်လောက် ငြိမ်းမှာဘဲ၊ လောကုတ္တရာမဂ်ဖြင့် လောကုတ္တရာ မဂ်လောက် ငြိမ်းလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒီအငြိမ်းသုံးခုရမှာဘဲ
အဲဒီ အငြိမ်းသုံးခုကို ခင်ဗျားတို့ ဖြစ်ပျက်ဆုံးရင် ဒီအငြိမ်းသုံးခုရမှာဘဲ (မှန်ပါ) မရပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား) လှုပ်တာတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲ လှုပ်နေရင် မဟုတ်သေးဘူး၊ အငြိမ်းသုံးခုရမှ ဟုတ်တယ်ဆိုတာ သေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ ဘုရား)။
တရားက မဆုံးသေးဘူး၊ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု…သာဓု…သာဓု။