13302

မာတိကာသို့

တွင်းအောင်းသော ကြွက်ပမာ

ပုဂ္ဂိုလ် (၄)မျိုး ရှင်ဆန္နဝတ္ထု (၂)

ကျေးဇူတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားတော်မူအပ်သော

တွင်းအောင်းသော ကြွက်ပမာ

ပုဂ္ဂိုလ် (၄)မျိုး ရှင်ဆန္နဝတ္ထု (၂)

အလုပ်ပေးတရားတော်

(၃-၁-၆၁)

ကြွက်လေးမျိုး ဥပမာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတွေအား သူ့အမြင်တော်ကြီးနဲ့ ပြောပြီး သကာလ ဒကာ ဒကာမတွေကို အမှန်သိစေချင်တယ်ဆိုတာ မှတ်ရမယ် (မှန်ပါ)၊ သူ့အမြင်က ကြွက်လေးကောင် ဥပမာနဲ့ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်များမှာ ဟောထားတာ၊ လူတွေမှာ အားငယ်စရာ မရှိဘူး၊ ကြွက်လေးမျိုး ဥပမာနဲ့ငါပြပါမယ် ဆိုပြီး သကာလ ဒကာကြွယ်ရေ အားမငယ်ရအောင် ပြတဲ့နေရာလဲ အရှိသားပဲ (မှန်ပါ ဘုရား)။

တစ်ကောင်သော ကြွက်ကတော့ တွင်းသားတူး၍ မအောင်းတတ်ဘူးတဲ့၊ တွင်းတော့ တူးတတ်တယ်၊ မအောင်း တတ်ဘူး၊ ဒီကြွက်က တစ်မျိုး (မှန်ပါ ဘုရား)၊ တွင်းသာတူး၍ (မအောင်းတတ်ပါ ဘုရား) အဲဒီကြွက်မျိုးကလဲ တစ်မျိုးပဲလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

တစ်ကောင်သောကြွက်ကတော့ တွင်းတော့မတူးတတ်ဘူး၊ သူများ တူးတဲ့တွင်းကိုတော့ အောင်းတတ်တယ်တဲ့ (မှန်ပါ)၊ သူဟာ အောင်းတတ်ရုံပဲ စွမ်းရည်သတ္တိရှိတယ်၊ တွင်းမတူးတတ်ဘူး (မှန်ပါ ဘုရား)။

တစ်ကောင်သော ကြွက်ကတော့ဖြင့် ဒကာ ဒကာမတို့ တွင်းလဲ မတူးတတ်ဘူး၊ အောင်းလဲ မအောင်းတတ် ဘူးဆိုတဲ့ တတိယကြွက်မျိုးပေါ့ဗျာ (မှန်ပါ ဘုရား)၊ တတိယကြွက်ကတော့ ဘာတဲ့ (တွင်းလဲ မတူးတတ်ဘူး၊ အောင်းလဲ မအောင်းတတ်ပါ ဘုရား)။

စတုတ္ထကြွက်ကတော့ တွင်းလဲ တူးတတ်တယ်၊ အောင်းလဲ အောင်းတတ်တယ်ဆိုတော့ သူဟာ ကြွက်ဗိုလ်ပေါ့ဗျာ (မှန်ပါ ဘုရား)။

ကြွက်ဘယ်နှစ်မျိုးရှိပါလိမ့် (လေးမျိုးရှိပါတယ် ဘုရား)၊ (၁)နံပါတ်ကြွက်ကတော့ တွင်းသာ တူးတတ်၍ မအောင်းတတ်ဆိုတာ (၁)နံပါတ်ကြွက်မျိုးပေါ့ဗျာ (မှန်ပါ)၊ (၂)နံပါတ်ကြွက်ကတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ အောင်းတော့ အောင်းတတ်ပါတယ်၊ တွင်းတော့ မတူးတတ်ဘူး (မှန်ပါ)၊ (၃)နံပါတ်ကြွက်ကတော့ တွင်းလဲ မတူးတတ်ဘူး၊ အောင်းလဲ မအောင်းတတ်ဆိုတော့ သူ့မှာ အန္တရာယ်များသပေါ့ဗျာ (မှန်ပါ) (၄)နံပါတ် ကြွက်ကတော့ သူ့ဟာသူလဲ တူးတယ်၊ သူ့ဟာသူလဲ အောင်းတတ်တဲ့အတွက် သူ့မှာ အန္တရာယ်ကင်းလို့ ဘေးရှင်းတယ်ဆိုတာ မှတ်ရမှာပေါ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒါက ဘယ့်နှယ်ကြောင့် ဒီကြွက်တွေကို ဘုရားက ဥပမာထားပြီး အဓိကဟောရပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှာ အဖြေထွက် လာတယ်လို့ ဒကာ ဒကာမတွေ မှတ်ရမယ်နော် (မှန်ပါ) (၁)နံပါတ်ကြွက်ကတော့ ဘာတုန်း (တွင်းသာ တူးတတ်တယ် မအောင်းတတ်ပါ ဘုရား။)

(၁) နံပါတ်ကြွက်သည် တွင်းသာ တူးတတ်တယ်၊ မအောင်းတတ်

အဲဒီဥစ္စာကတော့ တခြား မဟုတ်ပါဘူး၊ မြတ်စွာဘုရားဒေသနာတော် စာပေကျမ်းဂန်တွေ အမျိုးမျိုးအဖုံဖုံ ခန္ဓာအာယတနဓာတ်သစ္စာတွေကို သင်တော့ သင်ပါရဲ့၊ သို့သော် သေသေချာချာ သင်ရုံပဲသင်ပြီး သကာလ အားမထုတ် တဲ့အတွက် ဒကာ ဒကာမတို့ (၁) နံပါတ်ကြွက်သည် တွင်းသာ တူးတတ်တယ်၊ မအောင်းတတ်တဲ့အတွက် အန္တရာယ် ကင်း၍ ဘေးမရှင်းသလို ဒီမှာလဲ ဘေးမရှင်းပါဘူး (မှန်ပါ)၊ စာတွေ ပေတွေတော့ တတ်ပါရဲ့၊ အလုပ်ကို မလုပ်တဲ့အတွက် သူ့မှာ အန္တရာယ်ကင်းလို့ ဘေးမရှင်းဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

(၂)နံပါတ်ကြွက်ကတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေနဲ့ သိပ်တူပါတယ်၊ စာတွေ ပေတွေတော့ မတတ်ဘူး (မှန်ပါ)၊ တွင်းတော့ မတူးတတ်ဘူး၊ အောင်းတော့ အောင်းတတ်တယ်ဆိုတော့ အန္တရာယ်ကင်းတယ် (မှန်ပါ)၊ ထို့အတူပဲ စာတွေ ပေတွေတော့ မတတ်ဘူးတဲ့၊ ဆရာသမားတူးထားတဲ့တွင်းကို အောင်းရုံပဲ၊ ဥပမာ စာတွေ ပေတွေကို ဒကာ ဒကာမတွေက ဉာဏ်နဲ့ကူးယူပြီး သကာလ အောင်းလိုက်တဲ့အတွက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ထိအောင် ရနိုင်ပါတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် စာမတတ်ပေမယ့်လဲ နည်းနာနိဿယျကောင်းကို ရပြီး သကာလ ကြိုးစားလို့ရှိရင်လဲ အထမြောက်နိုင် တယ်ဆိုတာ ဘုရားက ဟောလိုက်တယ် (မှန်ပါ ဘုရား)။

(၃) နံပါတ်ကြွက်ကတော့ ဒကာ ဒကာမတို့ စာပေလဲ မတတ်ပေါ့ဗျာ (မှန်ပါ) ကျင့်လဲ မကျင့်ဆိုတော့ ဘယ့် နှယ်တုန်း (မရပါ ဘုရား) မရဘူးဆိုတာ အထူးသေချာနေတယ် (မှန်ပါ)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

(၄) နံပါတ်ကတော့ ဒကာ ဒကာမတို့ စာပေလဲတတ်တယ်၊ ကျင့်လဲကျင့်တယ်ဆိုတော့ ဆိုဖွယ်ရာမရှိအောင်ဘဲ ကောင်းတော့တယ်ဆိုတာလဲ ပြောဖို့ မလိုတော့ပါဘူး (မှန်ပါ ဘုရား)။

အဲဒီတော့ အခု တရားနာလာကြတဲ့ ဒကာ ဒကာမတွေထဲမှာဖြင့် များသောအားဖြင့် ပြောကြပါစို့ဆိုရင်ဖြင့် တွင်းတော့ မတူးတတ်ဘူးဘုရား၊ အရှင်ဘုရား ဟောတော်မူတဲ့အတိုင်း တပည့်တော်တို့ မှတ်သားပြီး ကျင့်ရမှာပဲဆိုလို့ ရှိရင်လဲ သူလဲအန္တရာယ်ကင်းလို့ ဘေးရှင်းတဲ့အထဲ ပါပါတယ် (မှန်ပါ ဘုရား)။

တွင်းမတူးတတ်ဘဲနဲ့ အောင်းခြင်းကြောင့်

ဒါဖြင့် အခု တရားနာနေကြတဲ့ ဒကာ ဒကာမတွေသည် တွင်းမတူးတတ်ဘဲနဲ့ အောင်းခြင်းကြောင့် အိုဘေး, နာဘေး, သေဘေး သောက ပရိဒေဝဆိုတဲ့ စိုးရိမ်မှု၊ ငိုကြွေးမှု စတဲ့ ဘေးတွေ အကုန်ကင်းပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ငါတို့အားငယ်စရာမရှိဘူးဆိုတဲ့ဥစ္စာကိုလဲ (၂)နံပါတ်မှာ အပါအဝင်ဖြစ်ပြီး ဘုရားက ဟောထားတယ် (မှန်ပါ ဘုရား)။

ဒါကြောင့် ဘာမှ အားမငယ်ဘဲနဲ့ ဘုန်းကြီးပြောတာကိုသာ လိုက်နာကျင့်ကြံကြမယ်ဆိုရင် ဆရာဘုန်းကြီးက တွင်းတူးထားတယ်၊ ဒီတွင်းထဲ အောင်းရုံပဲ (မှန်ပါ)၊ ဒီတွင်းထဲ အောင်းလိုက်တယ်ဆိုရင်ဖြင့် အန္တရာယ်မှ ကင်းပါ့မလား၊ ဘေးမှရှင်းပါ့မလားလို့ သံသသယမရှိပါနဲ့ (မရှိပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် စာတတ်ရုံနဲ့လဲ မပြီးသေးဘူး၊ ကျင့်ဦးမှ ဆိုတဲ့ အဓိပ္ပာယ်ဟာ ဒကာကြွယ် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား) တွင်းသာတူးပြီး မအောင်းလို့ရှိရင်လဲ ဒီကြွက်ဟာ သိမ်းတို့၊ စွန်တို့၊ ကြောင်တို့၏ အစာဖြစ်ရမယ် (မှန်ပါ)၊ သူများတူးတဲ့တွင်းမှာပဲ အောင်းရင်လဲ သူ့မှာ သိမ်းတို့၊ စွန်တို့၊ ကြောင်တို့၏အန္တရာယ်မှ မလွတ်ပေဘူးလား (လွတ်ပါတယ်) အဲ ဒကာ ဒကာမတွေကတော့ ဒီ (၂) နံပါတ်ကြွက်လိုပါပဲ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

စိုးရိမ်စရာ ကောင်းတာကတော့ ဘာတုန်းလို့ မေးတဲ့အခါကျတော့ စာပေကျမ်းဂန်ကလဲ မတတ်၊ တရားနာပြီး အားမထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ဖြင့် တွင်းလဲမတူးတတ်၊ အောင်းလဲမအောင်းတတ်ဆိုရင် သိမ်းတို့၊ စွန်တို့၊ ကြောင်တို့၏ အစာတော့ ဖြစ်လိမ့်မယ်ဆိုတာ အပါယ်လေးပါး၏ အစာဖြစ်လိမ့်မယ်လို့ ပြောတာပါပဲ(မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ (၄) နံပါတ် ပုဂ္ဂိုလ်ကတော့ စာပေကျမ်းဂန်တွေလဲတတ်ပါတယ်၊ ကျင့်လဲ ကျင့်ပါတယ်ဆိုတော့ သူ့တော့ဖြင့် ဒကာ ဦးလှဘူးရေအတိုင်းထက် အလွန်ကောင်းပေါ့ဗျာ (ကောင်းပါတယ် ဘုရား)။

တွင်းအောင်းမှုဟာ ပဓာနပဲ

သို့သော်လဲတဲ့ တွင်းအောင်းမှုဟာ ပဓာနပဲ (မှန်ပါ) ဘယ်လိုမှတ်ကြမယ် (တွင်းအောင်မှု ပဓာနပါ ဘုရား) တွင်းအောင်းမှုဟာ ပဓာနပဲဆိုတာ သေချာကြပလား (သေချာကြပါပြီ ဘုရား) အဲဒီတော့ တွင်းအောင်းတာ ပဓာနပဲ ဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သောကဆိုတာ စိုးရိမ်မှု လူတိုင်းမှာ ရှိကြတယ်၊ သားအတွက်၊ သမီးအတွက်၊ ပစ္စည်းအတွက်၊ ရှေ့ရေးအတွက်၊ နောင်ရေးအတွက်ဆိုတာ သောကရှိကြတယ်နော် (မှန်ပါ)၊ သောကတွေ အားကြီး လာပြီဆိုမှဖြင့် မျက်ရည်ကလေး ကလယ်ကလယ်နဲ့ ပရိဒေဝဆိုတဲ့ သဘောလေးဟာ ပေါ်ပေါ်လာတယ် (မှန်ပါ ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒီတော့ တွင်းအောင်းပစ်လိုက်ပါလို့ ဘုရားက ဟောတယ်၊ (မှန်ပါ)၊ တွင်းသာ အောင်းလိုက်စမ်းပါတဲ့၊ ဒီဥစ္စာ သောကတည်းဟူသောဘေး၊ ပရိဒေဝတည်းဟူသော ကြောက်စရာကောင်းတာတွေ အကုန်ချုပ်ငြိမ်း၍ ရုပ်သိမ်းပါ လိမ့်မယ်ဆိုတာ သေသေချာချာ ဟောပါတယ် (မှန်ပါ ဘုရား)။

ကဲ ဒကာ ဒကာမတို့ တွင်းအောင်းဆိုတာ ဘာတုန်းလို့ မေးစရာရှိတဲ့အခါကျတော့ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ သစ္စာသိဖို့ အရေးကြီးတယ် (မှန်ပါ)၊ တွင်းအောင်းဆိုတာ ဘာပါလိမ့် (သစ္စာသိဖို့ပါ ဘုရား) သစ္စာသိဖို့ အရေးကြီးပါတယ်ဆိုတော့ သစ္စာဆိုတာ ဒကာ ဒကာမတွေက စာထဲမှာ သိရတဲ့သစ္စာကတော့ ပေါင်းချုံးပြီး သကာလ အလုံးစုံရေးထားတဲ့သစ္စာနော် (မှန်ပါ)၊ အဲဒါမလိုချင်ပါဘူး (မှန်ပါ)၊ ကိုယ့်ခန္ဓာထဲမှာ ဥပမာ ယားတာကလေး တစ်ခု နာတာကလေးတစ်ခု, ခန္ဓာကိုယ်ထဲမှာ ပေါ်လာတယ်၊ ပေါ်လာတာသည်ကားလို့ဆိုရင် ယားတယ်၊ နာတယ်ဆိုကတည်း က ဒုက္ခကလေးပဲ (မှန်ပါ)၊ ဒုက္ခကလေးဖြစ်လာတယ် (မှန်ပါ) ဒုက္ခကလေးဖြစ်လာတော့ ဒါကလေးဟာလဲ ခဏကလေး ကြည့်လိုက်တဲ့အခါ ပျောက်သွားတယ် (မှန်ပါ)၊ ဪ ဒါကလေးဟာ ဒုက္ခသစ္စာပါကလားလို့ သိဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)၊ ဒါကတော့ ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာလို့ သိလိုက်တော့

ဒါဖြင့် အဲဒါကို တွင်းအောင်းတယ်ခေါ်တယ်၊ ဒုက္ခသစ္စာလို့ သိလိုက်တော့ ခန္ဓာကိုယ်ထဲမှာ ကိုယ့်ခန္ဓာသည် ဒါဝေဒနာက္ခန္ဓာပါကလား၊ ဝေဒနာက္ခန္ဓာကလေး၏ ဖြစ်ပေါ်မှု ဒုက္ခ၊ ပျက်ဆုံးမှုဒုက္ခ၊ ဖြစ်ပေါ်မှုဒုက္ခ၊ ပျက်ဆုံးမှုဒုက္ခလို့ ဒကာ ဒကာမတွေက ကြည့်ပေးလိုက်တာပေါ့ (မှန်ပါ) ကြည့်ပေးလိုက်တဲ့အခါကျတော့ ဝေဒနာနောက်ကနေပြီး သကာလ ကြည့်တဲ့ဉာဏ်ကလေး လိုက်လို့ရှိရင် သောကပေါ်လာဦးမလား (မလာပါ ဘုရား) စိုးရိမ်ခြင်း (မလာပါဘူး ဘုရား) မလာတော့ဘူး၊ ပရိဒေဝကော (မလာပါ ဘုရား) ရှေ့က ဒုက္ခချုပ်သွားလို့ နောက်က ဒေါမနဿ သောကပရိဒေဝတွေ အကုန်ချုပ်ရတယ် (မှန်ပါ) ရှေ့က ဒုက္ခသစ္စာချုပ်သွားတာနဲ့ နောက်က သောကပရိဒေဝတွေ အကုန် မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲဒါတွေ ဉာဏ်နဲ့ကြည့်တော့မှ တွေးလုံးတွေ ထုတ်နေတာအပိုပဲ (မှန်ပါ) မျက်ရည်ကျဖို့ တွေးလုံးတွေထုတ်နေတာ အပိုဘဲ၊ ဒါတွေ ငြိမ်းအောင်ဖြင့် ငါ့သန္တာန်မှာ ပေါ်လာတဲ့ ဝေဒနာကလေးတွေရှုလို့ ဖြစ်ပေါ်လာတဲ့စိတ်ကလေးတွေ တစ်ခုခုမှတ်ပြီး သကာလ ရှုနေလို့ရှိရင်ဖြင့် ဒုက္ခနဲ့ ဒေါမနဿလဲချုပ်တယ် (မှန်ပါ) သောကနဲ့ ပရိဒေဝကော (ချုပ်ပါတယ် ဘုရား)။

ဒါကြောင့် “ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ၊ သောကပရိဒေဝါနံ သမတိက္ကမာယဒုက္ခဒေါမနဿတွေ ချုပ်ပါ တယ်” ကွာ မင်းတို့ ငါပြောတာသာလုပ်စမ်းပါ၊ မင်းတို့ ခုနစ်စင်တန်းအောင် တွေးမနေစမ်းပါနဲ့၊ ဒီဒုက္ခဒေါမနဿတွေ သေသေချာချာ ချုပ်ပါတယ်ကွ၊ သောက ပရိဒေဝ သေသေချာချာ လွန်မြောက်နိုင်ပါတယ်ကွ၊ မလာနိုင်ပါဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဟောထားတယ် (မှန်ပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေက တွေးလုံးတွေ၊ သားစိတ်၊ သမီးစိတ်ဆွေစိတ် မျိုးစိတ် ခင်ပွန်းစိတ် တွေကြောင့် အမျိုးမျိုးအဖုံဖုံ လာလို့ရှိရင် ကိုယ့်ခန္ဓာထဲက ဝေဒနာကလေးတွေ ဖြစ်ပျက်ရှုချလိုက် (မှန်ပါ) ဒုက္ခဝေဒနာပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ်) ဒုက္ခကို ဖြစ်ပျက်ရှုလိုက်တော့ သူက ဒုက္ခသစ္စာ၊ ဖြစ်ပျက်ရှုတာက မဂ္ဂဆိုတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း သောကပရိဒေဝ နောက်က လာသေးရဲ့လား (မလာပါ ဘုရား)။

သောကပရိဒေဝ မလာအောင်ဟာ ငါဘုရားဆေးတော်ဟာ သောက်တိုင်းပျောက်တဲ့ ဆေးပဲဆိုပြီး ဒကာ ဒကာမတွေက တွင်းအောင်းတတ်တဲ့ကြွက်လိုပဲ အခု ဘုန်းကြီးပြောတာ မှတ်ရှုနေမယ်ဆိုရင်ဖြင့် သောက ပရိဒေဝ သောကဆိုတဲ့ စိုးရိမ်ခြင်း၊ ပရိဒေဝဆိုတဲ့ ငိုကြွေးခြင်း၊ ဒါတွေ အကုန်ချုပ်ပါတယ် (မှန်ပါ ဘုရား)။

ဖြစ်ပြီး ပျက်တာပဲလို့ မြန်မြန်တွေးချလိုက်ပါ

ဒါဖြင့် ဘာပူစရာလိုသလဲမေးတော့ ဒကာ ဒကာမတွေက အတွေးလွဲရင်ဖြင့် သောကပရိဒေဝတွေ လာနေမယ် (မှန်ပါ)၊ အခု ပေါ်လာတာကလေးဟာ ဥပမာ သောက-စိုးရိမ်စိတ်ကလေး သားအတွက် သမီးအတွက် ပေါ်လာတယ်၊ အဲဒီ စိုးရိမ်မှုကလေးကိုပဲ ဒီစိတ်ကလေးဟာလဲဖြစ်ပြီး ပျက်တာပဲလို့ မြန်မြန်တွေးချလိုက်ပါ (မှန်ပါ)၊ တွေးချလိုက်တဲ့ အခါကျတော့ သောကလေးချုပ်သွားပြီ ဒကာ ဒကာမတို့ မဂ်ကလေးကျန်နေတယ် (မှန်ပါ) ဒါဖြင့် နောက်က ပရိဒေဝ လိုက်နိုင်သေးရဲ့လား (မလိုက်နိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဖြတ်လမ်းအရှိသားနဲ့၊ ဒကာ ဒကာမတွေက မဟုတ်တာတွေးပြီး သကာလ မျက်ရည်စက် လက်ဖြင့်ချင်လို့ကိုး၊ ကိုယ့်အကျိုး ကိုယ်မသိလို့ ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာဖြင့် ဪ ဒကာ ဒကာမတွေ အပါယ်နှုတ်ဆက် နေတာနဲ့ တူလိုက်တာ (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အခု ပြောတဲ့အတိုင်း တွင်းကို မတူးတတ်ငြားသော်လဲ ဆရာဘုန်းကြီး ပြောတဲ့ အတိုင်း ဒုက္ခသစ္စာတည်းဟူသော သစ္စာတွင်းထဲမှာ ဉာဏ်နဲ့အောင်းပြီး သကာလ နေလိုက်လို့ရှိရင်ဖြင့် ဒုက္ခ ခပ်သိမ်း ကင်းငြိမ်းနိုင်ပါတယ် ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီး တရားလာနာကြတဲ့ ဒကာ ဒကာမတွေ ကြွက်လေးမျိုးမှာ ဘယ်ဟာနဲ့ တူတယ်ဆိုတာ ဒကာသစ် သိရောပေါ့ (မှန်ပါ)၊ ဒုတိယကြွက်နဲ့ မတူးဘူးလားဗျာ (တူပါတယ်ဘုရား၊ တွင်းတောဖြင့် (မတူးတတ်ပါဘူး လားဗျာ) အောင်းတော့ (အောင်းတတ်ပါတယ် ဘုရား)။

အဲ အောင်းဆိုတာလဲ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ဘယ်ဖြစ်ပျက်လာလာ ဒုက္ခသစ္စာပဲလို့ ရှုမှတ်နေရင် သမုဒယ သစ္စာချုပ်သွားပါတယ် (မှန်ပါ ဘုရား)၊ နိရောဓသစ္စာ နောက်က အလိုလိုလိုက်လာတာပဲ (လိုက်လာပါတယ် ဘုရား)။

စာမတတ် ဘဲနဲ့ နိဗ္ဗာန်ရောက်သွားနိုင်တယ်

အဲဒီတော့ တွင်းမတူးတတ်ဘဲနဲ့ နိဗ္ဗာန်တည်းဟူသော မြို့ထဲမှာ အောင်းတတ်တယ်ဆိုတဲ့အဓိပ္ပာယ်၊ စာမတတ် ဘဲနဲ့ နိဗ္ဗာန်ရောက်သွားနိုင်တယ် (မှန်ပါ)၊ စာမတတ်ဘဲနဲ့ (နိဗ္ဗာန်ရောက်သွားနိုင်ပါတယ် ဘုရား) အဲဒီကဲ့သို့ ရောက်သွား တယ်ဆိုတော့ ဒကာ ဒကာမတွေသည် ဘာပူစရာ ရှိတော့သတုန်း (မရှိပါ ဘုရား)။

အဲဒါကြောင့် ဘာကလေးပေါ်လာတာ ကိုယ့်စိတ်ထဲမှာပေါ့လေ စားချင်တဲ့စိတ်ပေါ်လဲ ဖြစ်ပျက်ရှုပေးပါ (မှန်ပါ)၊ သွားချင်တဲ့စိတ်ကလေး ပေါ်လာရင်လဲ (ဖြစ်ပျက်ရှုပေးရပါမယ်)၊ ဖြစ်ပျက်သာ ရှုပေးလိုကတော့ သွားချင်တဲ့စိတ်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်ရှုတဲ့မဂ်က (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂသစ္စာဖြစ်သွားတော့ နောက်ပိုင်းက သမုဒယတွေ မသေဘူးလား (သေပါတယ် ဘုရား) သမုဒယသေသွားတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဒုက္ခနိရောဓဆိုတာက သမုဒယသေရင်ရပြီးသားပဲ (မှန်ပါ)၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

အဲဒါတွေ သေသေချာချာ သိမှတော့ ဪ ငါတို့သန္တာန်မှာ ရှုစရာတရားတွေဟာက အမြဲတမ်း ပေါ်နေတာပါ ကလား (မှန်ပါ)၊ တွေးလုံးပေါ်လဲ ဘာလုပ်ရမတုန်း (ဖြစ်ပျက်ရှုရပါမယ်) ဆွေးလုံးပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ်) ငိုချင်တဲ့ စိတ်ကလေးပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုတာက မဂ်ဝိဇ္ဇာဖြစ်နေတော့

ငိုချင်တဲ့စိတ်ကလေးကျတော့ “သဒေါသံဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ” ဆိုပြီး ဖြစ်ပျက်ရှုချလိုက်တာပေါ့ (မှန်ပါ)၊ စာလိုပြောရင် မသိဘဲနေမှာစိုးတော့ ဖြစ်ပျက်သာ ရှုချလိုက်ပါ (မှန်ပါ) အဲဒီကဲ့သို့ ဖြစ်ပျက်ရှုချလိုက်ပြီဆိုမှဖြင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” တွေဟာ နောက်ကလိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)၊ ဘယ်လိုက်မလဲ ဒကာ ဒကာမတို့၊ စဉ်းစားကြည့်ပါ၊ ဖြစ်ပျက်ရှုတာက မဂ်ဝိဇ္ဇာဖြစ်နေတော့တို့ ဟိုဘက်က အဝိဇ္ဇာသင်္ခါရ အကုန်ချုပ်တယ် (မှန်ပါ)။

အဲဒါကြောင့် ခင်ဗျားတို့ ဆရာသမားများက ရှေ့က ခေါင်းဆောင်ပြီး သကာလ တွင်းတူးပေးထားတယ် ခင်ဗျား တို့က အောင်းရုံကလေးကို ကိုယ်အောင်းတဲ့အတွက် ကိုယ်လဲ အပါယ်လေးပါးတည်းဟူသော အန္တရာယ်တွေ အကုန်လွတ် ပြီး သကာလ နိဗ္ဗာန်တည်းဟူသော လုံခြုံရာသို့ ရောက်မသွားဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် တွင်းတူးပေးတဲ့ပုဂ္ဂိုလ်က တူးလို့မှ မအောင်းတဲ့ ကြွက်ဟာဖြင့် သိမ်း၊ စွန်၊ ကြောင်တို့၏အစာ ဖြစ်ချင်လို့ပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ကဲ ဦးလှဘူး ရိမ်မိလောက်ပါပြီဗျာ (ရိပ်မိပါပြီ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့က ဘယ်ဘက်မှာ နေရမှာတုန်းဗျာ (တွင်းအောင်းတဲ့ဘက်က နေရမှာပါ ဘုရား) တွင်းအောင်းတဲ့ဘက်က နေတယ်ဆိုတာသည် တခြားမဟုတ်ပါဘူး၊ ဖြစ်ပျက်ရှုတဲ့ဘက်ကနေရင် ဒါ တွင်းအောင်းနေတာပဲ (မှန်ပါ)၊ ဖြစ်ပျက်ရှုတဲ့ဘက်ကနေရင် (တွင်းအောင်းနေတာပါ ဘုရား)၊ တွင်းအောင်းနေတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား) သေတာက (သမုဒယ သေတာပါ ဘုရား) လုံခြုံတာကို ဘာခေါ်ကြမယ် (နိရောဓသစ္စာပါ ဘုရား)။

အဲ ခင်ဗျားတို့က တွင်းအောင်းတဲ့အခါ နိဗ္ဗာန်ရောက်တော့ ဘယ်ဘေး၊ ဘယ်အန္တရာယ်၊ ဘယ်ရန်မာန်တွေ လာသေးသလဲ (မလာပါ ဘုရား) အဲဒီတော့ လုံခြုံသွားတယ်ဆိုတဲ့ အဓိပ္ပာယ် မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဒီလမ်းကိုဖြင့် မလွဲတမ်းလိုက်ပါ

အေး ဒါကြောင့် ဒကာ ဒကာမတွေ ဒီလမ်းကိုဖြင့် မလွဲတမ်းလိုက်ပါဆိုတာ သတိပေးနေတယ် (မှန်ပါ ဘုရား)၊ ဒီလမ်းကို မလွဲတမ်းလိုက်ပါဆိုတာ (သတိပေးနေတာပါ ဘုရား)၊ သတိပေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေမှာ ကိုယ်တူးတဲ့ တွင်းလဲ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ဆရာတူးတဲ့တွင်းကော (ဟုတ်ပါတယ် ဘုရား) ဒကာ ဒကာမတွေက အသာ ကလေး အောင်းရုံပဲ (မှန်ပါ ဘုရား)။

အဲဒီမှာ အသာအောင်းရုံမှ ပျင်းသေးတယ်၊ ဖျင်းသေးတယ်ဆိုလို့ ရှိရင်ဖြင့် သိမ်း၊ စွန်တို့၏ အစာဆိုသလို အပါယ်လေးပါး၏အစာ မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ် ဘုရား) အဲဒါတွေ သေသေချချာသိတော့မှ ဪ ငါတို့ စိတ်ကူးတွေဟာ တယ်ဆိုးရွားပါကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ စိတ်ကူးမျိုးစုံ အကုန်သိမ်းပြီး သကာလ ပေါ်တဲ့စိတ်ကူးကို ဖြစ်ပျက်ရှုပါ (မှန်ပါ)၊ ပေါ်တဲ့စိတ်ကူးကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်ပျက်ရှုလိုက်တဲ့အခါ စိတ်ကူးက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ရှုတာက (မဂ္ဂသစ္စာပါ)၊ သေတာက (သမုဒယသစ္စာပါ) လုံခြုံအောင် အောင်းနိုင်တာက (နိရောဓသစ္စာပါ) ဒါ အင်္ဂုတ္တိုရ်မှာ လာတာကလေးကို ဒကာသစ် ရှေ့ပိုင်းက ပြောပေးပါတယ် (မှန်ပါ) ကိုင်း ဒါဖြင့် မနေ့ကစတဲ့ ဆန္ဒဝတ္တုကို ဆက်ကြပါစို့ (မှန်ပါ)။

ဖလသမာပတ်ဝင်စားတာ

ဒကာ ဒကာမတို့ ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒဆိုတာ ဒကာကြွယ် ညီအစ်ကိုနော် (မှန်ပါ) အဲဒီ ညီအစ်ကိုနှစ်ပါးက ဂိဇ္ဈကုဋ်တောင်ပေါ်မှာ နေ့လယ်သွားပြီးတော့ ဖလသမာပတ် ဝင်စားနေတယ်၊ ဖလသမာပတ် ဝင်စားတယ်ဆိုတာ ဖြစ်ပျက်ချုပ်ငြိမ်း ရုပ်သိမ်းတဲ့နိဗ္ဗာန်ကို အာရုံပြုပြီး ဖိုလ်စိတ်တွေ ဖြစ်နေတာကို ဖလသမာပတ် ဝင်စားတယ် ပြောတာပါပဲ (မှန်ပါ) ဖြစ်ပျက် ချုပ်ငြိမ်းတဲ့ဆီကို အာရုံပြုနေတာ ဘာတဲ့ (ဖလသမာပတ်ဝင်စားနေတာပါ ဘုရား) ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ ဆီကို ဉာဏ်များများ စိုက်ထားတာ ဖလသမာပတ်ဝင်စားတာလို့ခေါ်တယ် (မှန်ပါ ဘုရား)၊ ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ဆီကို ဉာဏ်များများလှည့်ထားတား ဘာခေါ်ကြမယ် (ဖလသမာပတ်ဝင်စားနေတယ်လို့ခေါ်ပါတယ် ဘုရား)။

အဲဒီမှာ သူတို့ ဂိဇ္ဈကုဋ်တောင်ပေါ်မှာ ညီအစ်ကိုနှစ်ပါး ဝင်စားနေကြတယ်(မှန်ပါ)၊ ရှင်ဆန္နဆိုတဲ့ ရဟန်းကလဲ တောင်ခြေရင်းမှာ ကျောင်းကလေးတစ်ကျောင်းနဲ့နေပါတယ် (မှန်ပါ)။

အဲဒီမှာ ကျောင်းကလေးတစ်ကျောင်းနဲ့နေပြီး သူက ဘာဖြစ်နေသတုန်းဆိုတော့ မကျန်းမမာတာ ပြင်းထန် နေတယ် (မှန်ပါ ဘုရား)။

ဒါနဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒက ဖလသမာပတ်က တော်လောက်ပါပြီဆိုပြီး ထ,လာတဲ့အခါကျတော့ ရှင်သာရိပုတ္တရာက ငါ့ရှင်စုန္ဒ၊ ရှင်ဆန္နဟာ တောင်ခြေရင်းကျောင်းကလေးမှာ မမာဘူးလို့ သတင်းရတယ်၊ အဲဒီတော့ ဒီမမာတဲ့ဆီ သွားမေးရတာဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ချီးမွမ်းတဲ့အလုပ်ကွ၊ လူမမာသွားမေးတဲ့အလုပ်၊ လူမမာပြုစုတဲ့အလုပ်ဟာ ဘုရားအလွန်ချီးမွမ်းတဲ့အလုပ်၊ တို့သွားရအောင်ဆိုပြီး တောင်းပေါ်ကဆင်းပြီး ရှင်ဆန္ဒကျောင်း သို့ ဒကာကြွယ် သွားကြတယ် (မှန်ပါ ဘုရား)။

ရှင်ဆန္ဒကျောင်းသို့ သွားကြတယ်

အဲဒီလိုနဲ့ သွားကြတဲ့အချိန်မှာ ရှင်ဆန္ဒဆီရောက်သွားတော့ ရှင်သာရိပုတ္တရာက ငါ့ရှင် ရောဂါဝေဒနာ ဘယ့်နှယ် နေသတုန်းမေးတော့ ဟာ ရောဂါဝေဒနာကတော့ ဘုရားရှေ့သာတိုးတယ်၊ နောက်မဆုတ်ပါဘူးဘုရား၊ ကြိုးနဲ့လည်ပင်း ပတ်ထားသလို ခေါင်းကြီးကလဲ တစ်ခါတည်း တင်းကျပ် နေအောင် ပတ်ထားသလိုပဲ၊ ဝမ်းထဲမှာလဲ ဘုရား ဓားငယ် ကလေးနဲ့မွှေသလို လေတွေကလဲ ထလိုက်တာ၊ ပူလိုက်တာကလဲဘုရား လူနှစ်ယောက်က တပည့်တော်ကို ခြေနဲ့လက်ကိုင် ပြီး မီးပုံထဲမှာ ကင်သလို တပည့်တော်မှာ ပူပြီး သကာလ နေပါတယ်ဘုရား၊ ဒါကြောင့် ဘယ်နေရာကမှ မသက်သာပါဘူး တဲ့ (မှန်ပါ ဘုရား)။

ဘယ်နေရာကမှ မသက်သာဘူးတဲ့၊ ခေါင်းထဲ ကြိုးနဲ့ ပတ်ထားသလို၊ ဝမ်းထဲကလဲ ဓားငယ်ကလေးနဲ့ မွှေလိုက် သလိုပဲတဲ့ (မှန်ပါ)၊ တစ်ကိုယ်လုံးမှာလဲ လူနှစ်ယောက်က ခြေကိုင် လက်ကိုင်ပြီး သကာလ မီးထဲမှာ ကင်သလို ဖြစ်နေပါ တယ် တစ်ကိုယ်လုံး အပူတွေများနေပါတယ်ဘုရား၊ ဒါကြောင့် တပည့်တော်မှာ ဘယ်နေရာမှ မသက်သာပါဘူးတဲ့ (မှန်ပါ)။

အဲဒီတော့ တပည့်တော်က စိတ်ကူးရှိတယ်ဘုရား၊ ဒီခန္ဓာကြီးနဲ့ နေရတာဖြင့် ဒီဒုက္ခတွေပဲ များနေမှာပဲ၊ ကိုယ့်ဟာကိုယ်လည်ပင်းမှာ ဓားနဲ့လှီးပြီး သေမယ်လို့ စိတ်ကူးပါတယ်ဘုရား (မှန်ပါ ဘုရား)။

ဒါ ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်နော် (မှန်ပါ) ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ် သေကြောင်းကြံတယ် ဆိုတာ ဒကာ ဒကာမတို့ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

ကြံချင်လို့ ကြံတာမဟုတ်ဘူးလို့ ဦးလှဘူးတို့ ဒကာကြွယ် ဒကာသစ်တို့က မှတ်လိုက်စမ်းပါ (မှန်လှပါ)၊ ဒီခန္ဓာကြီး စွန့်ပစ်ရရင် ဟိုခန္ဓာ သူမရတော့ဘူး၊ သူတော့ ရဟန္တာဖြစ်နေပြီလို့ သူ့စိတ်ထဲမှာ တစ်ခါတည်း ဆုံးဖြတ်ချက်ချတယ် (မှန်ပါ)။

သေတော့ မသေလိုက်ပါနဲ့

သူ့ဟာက ဘယ့်နှယ်ထင်ပါလိမ့် (ရဟန္တာဖြစ်နေပြီ ထင်ပါတယ် ဘုရား)။ ရဟန္တာဖြစ်နေပြီလို့ သူဆုံးဖြတ် ချက်ချလိုက်ပါတယ်ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား) ဒါနဲ့ ရှင်သာရိပုတ္တရာက လွှဲပြီ ပြောလိုက်တယ်၊ ငါ့ရှင်ဆန္န ဒီလို လည်ပင်းဓားနဲ့ လှီးပြီး သကာလ သေတော့ မသေလိုက်ပါနဲ့၊ ဓာတ်စာမရှိလဲ ငါရှာပြီး ပေးပါ့မယ်၊ ဆေးမရှိလဲ ငါပဲရှာပါ့မယ်၊ ပြုစုမည့်သူမရှိလဲ ငါပဲကိုယ်တိုင်လာပြီး ပြုစုပါ့မယ်၊ ဒီလိုသေကြောင်းတော့ မကြံပါနဲ့ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ရှင်သာရိပုတ္တရာ ပြောပုံကနော် (မှန်ပါ)၊ ဆေးမရှိလဲ သူရှာပေးမယ်၊ ဓာတ်စာမရှိလဲ သူရှာပေးမယ်၊ ပြုစုမည့်သူမရှိလဲ သူပြုစုပါ့မယ်တဲ့၊ ကိုယ့်ဟာကိုယ်သေကြောင်းတော့ မကြံစည်ပါနဲ့လို့ တားဆီးလိုက်တယ် (မှန်ပါ)။

အရှင်ဘုရား တပည့်တော်က ဒီလိုကိစ္စတွေကြောင့် မဟုတ်ပါဘူးတဲ့၊ ဆေးမရှိလို့လဲ မဟုတ်ပါဘူး၊ ဓာတ်စာ မရှိလို့လဲ မဟုတ်ပါဘူး၊ ပြုစုမည့်သူ မရှိလို့လဲ မဟုတ်ပါဘူး၊ တပည့်တော်သည် နောင်တစ်ဖန် ပဋိသန္ဓေမနေမည့်ပုဂ္ဂိုလ်မို့ လှီးချင်တာပါတဲ့ (မှန်ပါ ဘုရား)။

ဒကာ ဒကာမတွေ သူ့ဟာသူ သူ့အထင်မှာတော့ ရဟန္တာဖြစ်နေပြီ (မှန်ပါ) ဘယ်လိုများဖြစ်နေတုန်း (သူ့ကိုယ်သူ ရဟန္တာဖြစ်နေတယ် ထင်နေတာပါ ဘုရား) လည်ပင်းလှီးသေငြားသော်လဲ ဒီခန္ဓာစွန့်ပြီး ဟိုခန္ဓာမရတော့ဘူး၊ ဒါကြောင့် သူရဲရဲတင်းတင်းပဲ လှီးတော့မယ်ဆိုတဲ့စိတ်ဟာ ပေါ်လာတယ် (မှန်ပါ)၊ ဒကာ ဒကာမတို့ သူ အားထုတ်ထားတဲ့ ဝိပဿနာဉာဏ်ဟာ မဂ်ဉာဏ်ကျအောင် မဂ်လေးပါးတောင်အကုန် ပြည့်စုံနေပြီဆိုတဲ့ အခြေအနေမျိုးရောက်အောင် သူ့စိတ်ထဲမှာဖြင့် ဘဝင်မြင့်ပြီး သကာလ အကြီးစား ဖြစ်နေခဲ့တယ် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ရဟန္တာဖြစ်ပြီလို့ သူ့စိတ်ထဲမှာ ဧကန်ယူထားတာပေါ့ဗျာ (မှန်ပါ) ဒကာကြွယ် ဒီလိုယူထားတယ်နော် (ယူထားပါတယ် ဘုရား) ဒီလိုယူထားတော့ ရှင်သာရိပုတ္တရာက သူ့ဟာသူတော့ဖြင့် အတော်ပဲ အထင်ကြီးနေပြီ၊ ရဟန်း ကိစ္စပြီးပြီလို့ယူဆနေပြီ၊ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက်လဲ လုပ်စရာမရှိတော့ဘူး၊ ရဟန္တာဖြစ်စဉ်ဖြင့် ဧကန်တစ်ကယ် သူရောက်ပြီဆိုပြီး သကာလ လည်ပင်းလှီးမယ်လို့ ကြံစည်တာပဲ၊ သို့သော်လဲ သူ့ဝိပဿနာဉာဏ်မြင်ပုံကလေးတော့ မေးကြည့်ဦးမယ် (မှန်ပါ)။

ဝိပဿနာဉာဏ်မြင်ပုံ

ဒကာ ဒကာမတို့ ဘာမေးကြည့်မှာတုန်း (ဝိပဿနာဉာဏ်မြင်ပုံ မေးမှာပါ ဘုရား) သူရဟန္တာဖြစ်ရန် ကျင့်တဲ့ ဝိပဿနာဉာဏ်မြင်ပုံလမ်းစဉ် ဟုတ်-မဟုတ် နောင်လာ နောက်သားတွေလဲ မှတ်စေတော့ (မှန်ပါ)၊ အထက်က ရဟန္တာ ကြီးက သူ့သာ ရဟန္တာဖြစ်ရင် ဒကာကြွယ် မသိဘဲနေပါ့မလား (မနေပါ ဘုရား)။

သို့သော်လည်း သူ့မြင်ပုံဟာ အမြင်မှန်လား၊ မြင်ပုံလိုသေးသလား ဆိုတာ သိရအောင် ရှင်ဆန္န ဘဝင်မြင့်နေ တာလား၊ အဟုတ်ကို ရဟန်းကိစ္စ ပြီးနေတာလား ဆိုတာသိရအောင် ဒကာ ဒကာမတို့ ရှင်သာရိပုတ္တရာ မေးပုံ ကလေးကို သတိထားရမယ် (မှန်ပါ ဘုရား)။

ဒီဝတ္ထုကို နာဖူးတဲ့ပုဂ္ဂိုလ်များလဲ နာဖူးပါတယ် (မှန်ပါနာဖူးပါတယ်) မနာဖူးတဲ့ပုဂ္ဂိုလ်တွေအတွက်မှာလဲ ဪ ငါတို့ ဝိပဿနာဉာဏ်ဟာ ဘယ်လိုအခြေအနေရောက်မှ ဆုံးတယ်ဆိုတာလဲ ပေါ်လာအောင် ငါတို့ ဝိပဿနာဉာဏ်သည် ဘယ်လို အခြေအနေရောက်မှ ဆုံးတယ်ဆိုတာလဲ သိရအောင် ဒကာ ဒကာမတို့ ဒီဥစ္စာလေးလေးစားစားနဲ့ အလုပ်စခန်းနဲ့ မှတ်ရတော့မယ် (မှန်ပါ ဘုရား)။ ဘယ်လိုမှတ်ရမှာတုန်း (အလုပ်စခန်းနဲ့ မှတ်ရမှာပါ)။

အဲဒါ သူ့ဝတ္ထုကို ဒကာ ဒကာမတွေက နားထောင်ပြီးတော့ ဪ သူ့မြင်ပုံဟာ အမှန်သားပဲ၊ တို့မြင်ပုံနဲ့ ကိုက်-မကိုက်လဲ အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေက နှိုင်းချိန်ကြည့်တာပေါ့ (မှန်ပါ)၊ အားမထုတ်ရသေးတဲ့ ပုဂ္ဂိုလ်ကလဲ ဒီအတိုင်းပဲ အားထုတ်တာပေါ့ဆိုတာ ဘုန်းကြီးကပဲ ဖြည့်စွက်သတိပေးပါတယ် (မှန်ပါ ဘုရား)။

ဒီအတိုင်းမြင်လို့ရှိရင် အမြင်မှန်နေပြီ

အားထုတ်ပြီးသားပုဂ္ဂိုလ်က ဒီအတိုင်းမြင်လို့ရှိရင် အမြင်မှန်နေပြီ (မှန်ပါ) အားမထုတ်သေးတဲ့ပုဂ္ဂိုလ်က အခု အမြင်မှန်ကို ပြောသဖြင့် ဒီအမြင်မှန်ရအောင် တို့က ကြိုးစားမယ် (မှန်ပါ)၊ အဲဒါ အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ နည်းယူဖို့ဟောတဲ့ ဥပရိပဏ္ဏာသ ပါဠိတော်မှာလာတဲ့ ဆန္နသုတ်ဆိုတဲ့ ဥစ္စာကို ဒကာ ဒကာမတို့ သေသေ ချာချာ မှတ်ဖို့ကောင်းပါတယ် (မှန်ပါ ဘုရား)။

ရှင်းရှင်းလင်းလင်း ဖြစ်အောင်လဲ ပြောပါ့မယ်၊ ဘုန်းကြီး ဖြည့်စွက် ပြောတန်သမျှလဲ ပြောပါမယ်၊ ရှင်သာရိပုတ္တရာကမေးလို့ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်က ဖြေတာတွေလဲ ပါပါလိမ့်မယ် (မှန်ပါ)၊ အဲဒါကြောင့် ပေါ့ပေါ့တန်တန်နဲ့ မမှတ်ဘဲနဲ့ လေးလေးစားစားနဲ့ ဒီတရားကို မှတ်စမ်းပါဆိုတာကိုပဲ တွင်းမှမတူးတတ်တဲ့ ပုဂ္ဂိုလ်ကို တူးတတ်တဲ့ပုဂ္ဂိုလ်က အောင်းဖို့ရာနည်းပေးတာကိုဖြင့် ခင်ဗျားတို့ ကြိုးကြိုးစားစားနဲ့ အောင်းရလိမ့်မယ် (မှန်ပါ ဘုရား) မအောင်းထိုက်ဘူးလား (အောင်းထိုက်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ တရားထဲ လေးစားတဲ့စိတ်ရှိပြီလာ (ရှိပါပြီ) ရှင်သာရိပုတ္တရာက မေးတော့ သူကလဲ သူ့ကိုယ်သူ ရဟန္တာဖြစ်ပြီ၊ နောက်ပဋိသန္ဓေ မနေရမည့်ပုဂ္ဂိုလ်ပါဘုရား၊ ဒါကြောင့် တပည့်တော်ဟာ လည်ပင်းဓားနဲ့လှီးပြီး သေမယ်လို့ စိတ်ကူးပါတယ်ဆိုတော့ ကဲ ငါ့ရှင် တရားကလေး တစ်ခု မေးချင်တယ်တဲ့၊ တရားကလေးတစ်ခု မေးချင် တယ်တဲ့ ဒကာ ဒကာမတို့ (မှန်ပါ)၊ တရားကလေး မေးချင်တယ်ဆိုတော့ စာအတိုင်း ပြောသွားလို့ ဒကာ ဒကာမတွေ နားလည်မှာ မဟုတ်လို့ ပုံစံချပြမယ်နော် (မှန်ပါ ဘုရား)။

တရားကလေးတစ်ခု မေးချင်တယ်ဆိုတော့ မေးပါဘုရားဆိုတော့ သူ့အမြင်ဟာ အတော်မှန်ကန်၍ သူ အထင် ကြီးမည်ဆိုလျင်လည်း ကြီးလောက်သည့်အမြင်ပဲဆိုတော့ ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ် (မှန်ပါ)၊ ဒါကြောင့် ကြိုးကြိုးစားစားကလေး မှတ်ပြီး သကာလ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ သိမ်းတဲ့အမြင်ကိုဖြင့် ငါတို့အတွက် အတော်အရေးကြီးတဲ့ အမြင်ပါကလား၊ ဒီအမြင်မှန်ရအောင် ငါတို့ကြိုးစားရမှာပဲဆိုတဲ့ စိတ်မွေးပြီး နာရမယ် (မှန်ပါ) မနာရပေဘူးလား (နာရပါတယ်) အပါယ်လေးပါး တံခါးပိတ်တဲ့အမြင်ကိုးဗျ (မှန်ပါ ဘုရား)။

ငါ့ရှင်ဆန္န ငါမေးစမ်းပါရစေ

ငါ့ရှင်ဆန္န ငါမေးစမ်းပါရစေ၊ အဆင်းကလေးတစ်ခုရှိတယ်၊ ဟောဒီမှာ မြင်တဲ့ရုပ်ကလေးလဲရှိတယ်၊ အဆင်း ရုပ်နဲ့ မြင်ရုပ်နဲ့နှစ်ခုတည့်တဲ့အခါ မြင်စိတ်ကလေးမပေါ်ဘူးလား (ပေါ်ပါတယ်)၊ ဒါဖြင့် “စက္ခုံ စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ပါဠိတော်နဲ့ ကိုက်နေတယ် (မှန်ပါ ဘုရား)။

အဲဒီသုံးခုတို့သည် ကားဆိုလို့ရှိရင် “ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသောမေအတ္တာဆိုတဲ့” အခြင်းအရာ သုံးမျိုးဖြင့် စွဲလမ်းပါသလားတဲ့ (မှန်ပါ) စာလိုပြောတော့ ဒကာ ဒကာမတွေ နားမလည်မှာစိုးရတယ်၊ ဒါကြောင့် နားလည်အောင် ပြောလိုက်တော့ ဒီသုံးခုကို တစ်ခုခုကြည့်ပြီး သကာလ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ စွဲသေးသလားတဲ့ (မှန်ပါ)၊ မစွဲပါဘုရား လို့ ပြန်လျှောက်တယ် (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ အဆင်းကိုလဲ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲပါဘူးတဲ့၊ မြင်တဲ့ရုပ်ကလေးကိုကော (ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲပါ ဘုရား) မြင်တဲ့စိတ်ကလေးကိုကော (ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲပါ ဘုရား) မစွဲဘူးတဲ့၊ ဒါဟာ ရှင်ဆန္နမြင်တဲ့အမြင်နော် (မှန်ပါ)၊ အသံ နားထောင်ကြည့်စမ်းပါ၊ ငါ့ကိုယ်ဆိုတာက တဏှာ၊ ငါ့ဟာဆိုတာက မာန၊ ငါ့ဥစ္စာဆိုတာက ဒိဋ္ဌိ၊ အဲဒီတော့ တဏှာ မာနဒိဋ္ဌိပြုတ်တဲ့ အမြင်ဗျ (မှန်ပါ ဘုရား)။

သူ ဝိပဿနာရှုပါတယ်တဲ့၊ ရှုတဲ့အခါကျတော့ ဒီဥစ္စာတွေဟာ ဖြစ်ပြီး ပျက်တာတွေ၊ ဖြစ်ပြီး ပျက်တာတွေပဲ၊ အဆင်းကလဲ ဖြစ်ပျက်ပဲ၊ မျက်လုံးရုပ်ကကော (ဖြစ်ပြီးပျက်ပါတယ် ဘုရား) မြင်စိတ်ကလေးကကော (ဖြစ်ပြီး ပျက်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေကတော့ ကြိုက်ရာရှုပေါ့ဗျာ (မှန်ပါ)၊ စိတ္တာနုပဿနာဆိုရင် မြင်စိတ်ရှု၊ ရုပ်ရှုရင် အဆင်းရုပ်နဲ့ မြင်ရုပ်ကိုရှုပေါ့ (မှန်ပါ ဘုရား)။

ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ စွဲသေးသလား

အဲဒါတွေ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ စွဲသေးသလားလို့ မေးတော့ ဒါတွေဟာ တပည့်တော် သုံးခုစလုံးကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုတဲ့ တဏှာ မာန ဒိဋ္ဌိနဲ့ မစွဲပါဘူးဘုရားတဲ့ (မှန်ပါ ဘုရား)။

ဒါတွေကို သူ ဘယ့်နှယ်ကြောင့် မစွဲတယ်ဆိုတာလဲ ဒကာ ဒကာမတွေ ရိပ်မိကြပါပြီ (ရိပ်မိပါပြီ ဘုရား) ဖြစ်ပျက်မြင်လို့ အပျက်မြင်လို့ မစွဲတာ (မှန်ပါ)၊ ဘယ့်နှယ်ကြောင့် မစွဲတုန်း (ဖြစ်ပျက်မြင်လို့ မစွဲတာပါ ဘုရား) အဆင်းရုပ် ကြည့်လိုက်ပြန်လဲ ဘာတုန်း (ဖြစ်ပြီး ပျက်တာပါပဲ) အနိစ္စပဲ မြင်လိုက်တယ် (မှန်ပါ)၊ မြင်စိတ်ကလေး ကြည့်လိုက် ပြန်တော့ကော (ဖြစ်ပြီး ပျက်သွားတာပါပဲ)၊ ဖြစ်ပျက် အနိစ္စပဲ သူမြင်လိုက်တယ် (မှန်ပါ ဘုရား)။

မြင်ရုပ်ကလေး ကြည့်လိုက်ပြန်တော့ကော (ဖြစ်ပျက်အနိစ္စပဲ မြင်ပါတယ်) ဖြစ်ပျက် အနိစ္စပဲ သူမြင်လိုက်တော့ သူတို့က အနိစ္စမြင်တာက မဂ္ဂဖြစ်နေတော့တဏှာလဲ အလိုလို သေနေတယ် (မှန်ပါ)၊ မာနကကော (သေပါတယ်)၊ ဒိဋ္ဌိကော (သေပါတယ် ဘုရား) ဒါကြောင့် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ တပည့်တော် မထင်ပါဘူးဘုရား၊ ဖြစ်ပြီး ပျက်သွားတာ မြင်နေလို့တဲ့ (မှန်ပါ ဘုရား)၊ ရှင်ဆန္နက ဖြေနေတာနော် (မှန်ပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှုပုံနဲ့လဲ ကိုက်ပါတယ်၊ ဘယ်စိတ်ကလေးလာလာ ခင်ဗျားတို့ ဘာတွေ့ကြသတုန်း (ဖြစ်ပျက်ပဲ တွေ့ပါတယ်)၊ ဖြစ်ပျက်ပဲ တွေ့တာပဲဆိုတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ ဒါတွင်းအောင်းကြတာကိုးဗျ (မှန်ပါ ဘုရား)၊ ဖြစ်ပျက်က (ဒုက္ခသစ္စာပါ)၊ မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။

ရှေ့က ဒုက္ခ၊ နောက်က မဂ္ဂ

ဒီလိုသိတဲ့ပုဂ္ဂိုလ်ကျတော့ ဪ ရှေ့က ဒုက္ခ၊ နောက်က မဂ္ဂ(မှန်ပါ)၊ ဒုက္ခသစ္စာကို မဂ္ဂသစ္စာက သိပြီး သကာလ နေတော့ နောက် တဏှာ မာနဒိဋ္ဌိဆိုတဲ့ သမုဒယသစ္စာ သုံးခုဟာ သေနေတယ် (မှန်ပါ) မသေဘူးလားဗျာ (သေပါတယ် ဘုရား)။

တဏှာ မာန ဒိဋ္ဌိဆိုတဲ့ သမုဒယသစ္စာ သုံးခုက (သေပါတယ် ဘုရား) သေတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)၊ အဲဒါ သဘောကျတော့မှ ဒကာ ဒကာမတွေ စဉ်းစားမိပြီ၊ ဪ ဒါဟာ တို့ ဆရာသမား ပြောတဲ့အတိုင်း မှတ်ပြီးတော့ အားထုတ်လိုက်တာ တို့အမြင်သည် အမြင်မှန်ကလားလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား)။

ထို့အတူပဲ အသံရယ်၊ နားရယ်၊ ကြားစိတ်ရယ်၊ ဒီသုံးခုကို ဘယ်လိုများ မြင်ပါလိမ့်မလဲ၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့များ စွဲသေးသလားလို့ မေးလိုက်ပြန်တယ်၊ မစွဲပါဘူးဘုရားတဲ့ (မှန်ပါ)၊ ဒကာသစ် ဘယ့်နှယ်ကြောင့် မစွဲပါလိမ့် (ဖြစ်ပြီး ပျက်သွားတာ မြင်လို့ပါ ဘုရား) တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ ဘယ်လို ဖြေကြပါ့မလဲ (ဖြစ်ပြီး ပျက်တာ မြင်လို့ပါ ဘုရား) အဲ ဖြစ်ပြီးပျက်တာ မြင်လို့ ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ မစွဲဘူးတဲ့ (မှန်ပါ ဘုရား)၊ ဦးလှဘူး (မစွဲပါဘူး ဘုရား) ဖြစ်ပျက်မြင်ရင် စွဲကိုမစွဲဘူး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဖြစ်ပေါ်လာပြီး ပျက်သွားတာ သိလိုက်တဲ့အတွက်

ဥပမာမယ် ဒီကြားစိတ်ကလေးဗျာ ကြားစိတ်ကလေးဟာ ကြားပြီးပျက်သွားတာပဲလို့ ဒီကနေ နောက်ကနေ မဂ်နဲ့ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ ဒီကြားစိတ်ကလေးဟာဖြစ်ပြီး ပျက်သွားတာ သေသေချာချာသိတော့ နဂိုတုန်းက ကိုယ့်သန္တာန်ပေါ်လာလို့ ကိုယ့်ဝိညာဏက္ခန္ဓာ ထင်တာကလေးဟာ အခုတော့ဖြင့် အကြောင်းနှစ်ခု တိုက်ဆိုင် လို့ ဖြစ်ပေါ်လာပြီး ပျက်သွားတာ သိလိုက်တဲ့အတွက် င့ါကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား) ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ဆိုလို့မရတာ ရှုလိုက်တဲ့အတွက် မဂ်လာလို့ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုတာက ဝင်ခွင့်ကို မရ ဘူး (မှန်ပါ)၊ ဒကာကြွယ် ရသေးရဲ့လား (မရပါ ဘုရား)၊ အားလုံးတရားတစ်ပွဲလုံး ရသေးလား (မရပါဘူး ဘုရား)။

ဒါကြောင့် ဖြစ်ပျက်ဟာ ဒကာ ဒကာမတို့ စကားလိုသုံးလိုက်တော့ အနိစ္စဆိုလဲ ဖြစ်ပျက်ပဲ (မှန်ပါ)၊ ဒုက္ခဆိုတာလဲ (ဖြစ်ပျက်ပါပဲ)၊ အနတ္တဆိုတာလဲ (ဖြစ်ပျက်ပါပဲ)၊ ဒုက္ခသစ္စာဆိုတာကော (ဖြစ်ပျက်ပါပဲ) အဲဒါကြောင့် အိမ်ရောက်လို့ရှိရင် ရှုဖြစ်အောင် ရှုစမ်းပါ (မှန်ပါ)၊ ဟာ ဒါ ဘာတုန်းလို့ဆိုရင်ဖြင့် ငါတွင်းအောင်းတာ (မှန်ပါ ဘုရား)။

တွင်းအောင်းတာ ဘာတုန်းဆိုတော့ ကြွက်တွင်းအောင်းလို့ရှိရင် အန္တရာယ်ကင်းတယ် (မှန်ပါ)၊ တို့မှာလဲ ဖြစ်ပျက်ရှုနေလို့ရှိရင်ဖြင့် နိဗ္ဗာန်တည်းဟူသော ရန်သူမျိုးငါးပါးတို့၏ ကင်းရာဖြစ်တဲ့နိဗ္ဗာကို တို့အောင်းနေတာပဲဆိုပြီး သကာလ အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ အန္တရာယ်ကင်းချင်ရင် ဒါသာ ရှုနေ(မှန်ပါ) အန္တရာယ်ကင်းချင်ရင် (ဒါပဲရှုနေရမှာပါ ဘုရား) ဒါပဲ ကြိုးစားရှုပါဆိုတာကို သတိပေးလိုက်ပါတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တဏှာ မာန ဒိဋ္ဌိ လာသေးရဲ့လား

တဏှာ မာန ဒိဋ္ဌိ လာသေးရဲ့လား (မလာပါ ဘုရား) အဲ တဏှာ မာန ဒိဋ္ဌိ မလာကတည်းကိုက ဒကာ ဒကာမတွေ နှိပ်စက်မည့် ရန်သူတွေ အကုန်သေပြီ (မှန်ပါ)၊ တဏှာရှိရင် ခင်လို့ ပူလိမ့်မယ်၊ မာနရှိလိုရှိရင် ငါ အောက်ကျလိမ့်မယ် စသည်တွေ လာလိမ့်မယ်၊ ဒိဋ္ဌိရှိလိုရှိရင် ငါမှဖြစ်ရလေခြင်းကကော (လာမှာပါ ဘုရား) အဲဒါတွေ အကုန်ဖြုတ်ချလိုက်တော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿကို ဒီမဂ်က နိုင်တယ် (မှန်ပါ) ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)။

အဲ မဂ္ဂသစ္စာ သိလိုက်တော့ ခုနင်ကပြောခဲ့တဲ့တဏှာတည်း ဟူသော ခင်မင်မှုကြောင့် စိုးရိမ်သောကတွေကော (မလာပါ ဘုရား) မာနတည်းဟူသော ထောင်လွှားမှုကြောင့် ငါဖြင့် အခု အောက်ကျရတော့မယ် ဆိုတဲ့ ဒေါမနဿ တွေကော (မလာပါ ဘုရား) ဒိဋ္ဌိတည်းဟူသော တရားရှိနေလို့ရှိရင် ငါတော့ဖြင့် အခက်ကြုံပေါ့ဆိုတာကော မလာဘူးလား (လာပါတယ်) အဲဒါ တွင်းမအောင်းတဲ့ပုဂ္ဂိုလ်မှာ ဒါချည်းလာမှာပဲ (မှန်ပါ) ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်ကျတော့ (မလာပါ ဘုရား)၊ ဒါတွေ မလာတော့ဘူးဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သာသနာတွင်း ကြုံရ၊ ဆရာသမားများနဲ့လဲကြုံရ၊ ဒီလိုအချိန် ကောင်းကလေးကြုံရ၊ အချိန်ကောင်းဆိုတာ ခင်ဗျားတို့လဲ မနာမဖျားကြသေးလို့ မသေကြသေးလို့ ဒီကို လာနိုင်ကြပြီး ဒီလိုပဲ နာနိုင်ကြတယ်၊ ဆရာဘုန်းကြီးကလဲ အိုတော့ အိုပြီ၊ နာတာကတော့ မလဲသေးဘူး၊ မသေသေးလို့ တွင်းတူးပေး နေတယ်၊ ခင်ဗျားတို့ အောင်းရအောင် (မှန်ပါ ဘုရား)။

ဆရာဘုန်းကြီးက ဘာတုန်း (တွင်းတူးပေးနေပါတယ် ဘုရား) ခင်ဗျားတို့က ဘာတုန်း (အောင်းရမှာပါ ဘုရား)။

အဲဒီတော့ တွင်းတူးပေးနေတဲ့ပုဂ္ဂိုလ်က တွင်းတူးပေးနေလို့မှ ကိုယ့်အန္တရာယ်ကင်းတဲ့နေရာ မအောင်းဘူးဆိုရင် ဒီကြွက်ထက် မိုက်တာတော့ (မရှိပါ ဘုရား) သဘောပါကြပြီလား (ပါပါတယ် ဘုရား)။

ကိုယ့်အရေး ကိုယ်သိပါ

ဒါကြောင့် ကိုယ့်အရေး ကိုယ်သိပါဆိုတော့ ကျန်းမာချင်လိုက်တာ၊ ချမ်းသာချင်လိုက်တာတော့လွန်လို့၊ တွင်းတော့ မအောင်းချင်ဘူးဆိုရင် ဘယ်မှာသာလျှင် အန္တရာယ်ကင်းလို့ ဘေးရှင်းနိုင်ကြပါ့မလဲ (မရှင်းနိုင်ကြပါ ဘုရား) မယုံရင် လက်တွေ့လုပ်ကြည့်ပါ (မှန်ပါ)၊ ပဋာစာရီ ရူးနေတဲ့ သောက ပရိဒေဝဟာ တစ်ခါတည်း ဖြစ်ပျက်ရှုချလိုက်တာ ဖြစ်ပျက်မြင်လာတော့ အဝတ်တွေ ကောက်ဝတ်လာတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတော့ အရူးဝေဒနာတွေ၊ အနှမ်းဝေဒနာတွေ အကုန်ပျောက်နိုင်တယ်ဆိုတာ မသေချာဘူးလား (သေချာပါ တယ်) အဲဒါ သောကအရူး၊ ပရိဒေဝအရူးတွေ အကုန်ပျောက်နိုင်တာ သိလျက်သားနဲ့ လုံခြုံတဲ့တွင်းကိုဖြင့် သောက ပရိဒေဝငြိမ်းတဲ့ တွင်းကိုဖြင့် အောင်းဖြစ်အောင် အောင်းပါဆိုတာ ရှုဖြစ်အောင် ရှုပါလို့ အားလုံးပဲ တိုက်တွန်း ပါတယ် (မှန်ပါ ဘုရား)။

နို့မဟုတ် ခင်ဗျားတို့ အိပ်ရာထဲ ရောက်ပြီဆိုမှဖြင့် တွေးချင်တာတွေးလို့ ဆွေးချင်တာဆွေးနေတာ လာကြပြီ (မှန်ပါ) ဘာမှ အသုံးမကျတာတွေနော် (မှန်ပါ ဘုရား)။

အဲဒီတော့ အိပ်ရာထဲရောက်တယ်ဆိုရင်ဖြင့် အခု လယ်စိတ်ပေါ်သလဲ၊ ပေါ်တဲ့စိတ် ဖြစ်ပျက်ရှုချ၊ ထိနမိဒ္ဓ ပေါ်နေရင် ထိနမိဒ္ဓ ဖြစ်ပျက်ရှုချပါ (မှန်ပါ)၊ စိတ်ပျံ့လွင်တယ်ဆိုရင်တော့ (ပျံ့လွင့်တဲ့စိတ် ဖြစ်ပျက်ရှုရပါမယ်) ပျံ့လွင့်တဲ့ ဥဒ္ဓစ္စကိုပဲ ဖြစ်ပျက်ရှုချ (မှန်ပါ) သို့လော သို့လော တွေးနေပြန်လို့ ရှိရင်ကော (တွေးတဲ့စိတ် ဖြစ်ပျက်ရှုရပါမယ်)၊ အဲဒါ တွင်းအောင်းတာပဲ (မှန်ပါ ဘုရား)။

သူတို့ ရှေ့ကို ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား) မဆက်နိုင်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ၌ အေးချမ်းမသွားဘူးလား (အေးချမ်းသွားပါတယ်) အဲ အခု ရှုနေတုန်း အေးချမ်းစ၊ ရှုလို့များ ဒီဟာတွေ အကုန် ချုပ်ငြိမ်းရင်ဖြင့် တစ်ခါတည်း အေးချမ်းအကြီးဆုံးရပါလိမ့်မယ် (မှန်ပါ ဘုရား)။

ကိုယ့်သောက ပရိဒေဝငြိမ်းဖို့ အရေး

ဒါကြောင့် ဒကာ ဒကာမတွေ ကိုယ့်အရေး ကိုယ်သိကြပြီလား (သိပါပြီ ဘုရား) ကိုယ့်သောက ပရိဒေဝငြိမ်းဖို့ အရေးဟာဖြင့် ကိုယ့်အရေးပဲ (မှန်ပါ)၊ ကိုယ့်သောက ပရိဒေဝ ငြိမ်းအောင်ဆိုတာ ကိုယ့်သန္တာန်ပေါ်တဲ့စိတ်ကို ကိုယ်ရှု (မှန်ပါ)၊ ကိုယ့်သန္တာန်ပေါ်တဲ့ဝေဒနာကို (ကိုယ်ရှုရပါမယ် ဘုရား)။

ရှုလိုက်လို့ရှိရင် အရှုခံရတာက ဒုက္ခသစ္စာ၊ ရှုဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား) သောကပရိဒေဝ ငြိမ်းတာက သမုဒယသေတာ (မှန်ပါ) ငြိမ်းပြီး သကာလ ချမ်းသာအစစ် ကိုယ်ပိုင်ရတာက နိရောဓသစ္စာ (မှန်ပါ) အဲဒီမှာ အောင်းရ ပါတယ် (မှန်ပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာမှ မပူပါနဲ့၊ ဒီအလုပ် လုပ်ဖြစ်ဖို့ပဲ စိတ်ကူးပါ၊ ဒါမလုပ်ရသေးလို့ ရှိရင် အဲဒါကို အပူကလေးထားပါ (မှန်ပါ) ဒါ မလုပ်ရသေးလို့ရှိရင်ဖြင့် တွင်းကို မအောင်းရသေးဘူး၊ ဘယ်မှာ အန္တရာယ်ကင်းလိမ့်မတုံးဆို ဒီတွင်းထဲ အောင်းချင်အောင်ပါ (မှန်ပါ) ဟ ဘယ်သူတူးထားတဲ့ တွင်းတုန်းဆို ဆရာ ဘုရားကြီး နှစ်ပေါင်းသုံးလေးဆယ် ပရိယတ်တွေ သင်လာပြီ သကာလ ပဋိပတ်တရားတွေ ကြိုးစားပြီး သကာလ သူတူးထားတဲ့တွင်း (မှန်ပါ ဘုရား)၊ ဒီတွင်းထဲမှာ ကိုယ်က အသာကလေးဝင်နေပြီး သကာလ ဖြစ်ပျက်ရှု တွင်းအောင်း တာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ခူးထားတဲ့ထမင်းကို စားရုံကလေး ပျင်းတာကတော့ လွန်လွန်းတယ်လို့ဆို ရလိမ့်မယ် (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုရမှာပါ ဘုရား) စပါးကနေပြီး ဆန်ဖြစ်အောင်လုပ်၊ ဆန်ကနေပြီး သကာလ ရေနွေးတွေနဲ့ ထမင်းဖြစ်အောင်လုပ်၊ စားပွဲပေါ်ရောက်အောင် ပို့ပြီးတာတောင်မှ စားဖို့ရာ ပျင်းလှသေးတယ်ဆိုလို့ရှိရင် ဒကာသစ် မကောင်းတော့ပါဘူး (မကောင်းတော့ပါ ဘုရား)၊ အင်မတန် ဆိုးရွားတဲ့အဓိပ္ပာယ်ထဲ ကိုယ်ပါသွားတယ် (မှန်ပါ) မပါပေဘူးလား (ပါပါတယ် ဘုရား)။

အောင်းဖြစ်အောင် အောင်းပါ

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ကြပ်ကြပ်ဂရုစိုက်ပြီး သကာလ ဪ တို့ဆရာဘုန်းကြီး တူးထားတာ နှစ်ပေါင်း သုံးလေးဆယ်တွင်းကို ငါတို့ အန္တရာယ်ကင်း၊ ဘေးကင်းအောင် ခိုင်းတဲ့ဥစ္စာ ငါတို့က စွန်တို့၊ သိမ်တို့၊ ကြောင်တို့၏ အစာဖြစ်အောင် ငါတည်းဟူသော ကြွက်ဟာ မိုက်အားသန်လှချည်လားလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး အောင်းဖြစ်အောင် အောင်းပါ (မှန်ပါ)၊ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး (အောင်းဖြစ်အောင် အောင်းရမှာပါ ဘုရား) အောင်းဖြစ်အောင် အောင်းပါဆိုတဲ့ အကြောင်း ကိုဖြင့် ကောင်းကောင်းကြီး သတိပေးလိုက်ပါတယ် (မှန်ပါ) မပေးသင့် ဘူးလား (ပေးသင့်ပါတယ် ဘုရား)။

ကိုင်း ဒါနဲ့ ဒကာ ဒကာမတို့ ဒါတွင်းအောင်တဲ့နည်းရပြီလား (ရပါပြီ ဘုရား) တွင်းအောင်းတယ်ဆိုတာ ဘာပါလိမ့် (ဖြစ်ပျက်ရှုတာပါ) ဖြစ်ပျက်ရှုပြီး သကာလ နေတော့ သောကပရိဒေဝတွေ ဘယ့်နှယ်နေသတုန်း (ချုပ်ပါတယ် ဘုရား) ဒုက္ခ ဒေါမနဿတွေကော (ချုပ်ပါတယ်ဆရာ)။

ဪ ဒါဖြင့် ကျုပ်မှာ သောကများလွန်းလို့ ဝိပဿနာမရှုနိုင်ဘူးလို့ မလုပ်ပါနဲ့ (မှန်ပါ)၊ ဒုက္ခများလွန်းလို့ ဝိပဿနာ မရှုနိုင်ဘူး မလုပ်ပါနဲ့(မှန်ပါ) ပရိဒေဝတွေများလွန်လို့ ဝိပဿနာရှု၊ သောကလာရင် သောကရှု၊ ပရိဒေဝ လာရင် (ပရိဒေဝရှုရပါမယ် ဘုရား)။

အေးချမ်းသွားတာက သမုဒယသေတာ

ဒုက္ခလာရင် (ဒုက္ခရှုရပါမယ်)၊ ဒေါမနဿလာရင် (ဒေါမနဿရှုရပါမယ်)၊ ဥပါယာသလာရင် (ဥပါယာသရှု ရပါမယ်)၊ ပုထုဇဉ်သန္တာန်မှာ ပေါ်တဲ့စိတ်တွေကိုး (မှန်ပါ)၊ အဲဒါတွေ အကုန်လိုက်ရှုလိုက်ရင်ဖြင့် ဒါတွေအကုန် မငြိမ်းဘူးလား (ငြိမ်းပါတယ်)၊ ဘယ့်နှယ်ကြောင့် ငြိမ်းသတုန်းဆိုတော့ သူတို့က ဒုက္ခသစ္စာ၊ ရှုတာက (မဂ္ဂသစ္စာပါ)၊ အေးချမ်းသွားတာက သမုဒယသေတာ (မှန်ပါ)၊ တကယ်တမ်းကိစ္စပြီးသွားတာက နိရောဓသစ္စာ (မှန်ပါ)၊ သဘောပါကြ လား (ပါပါတယ် ဘုရား)။

အဲဒီတော့ ဘယ်ကနေရှုရှု ရတာပဲ “ဧကော ဓမ္မောပဲ” တဲ့ “ဧကောဓမ္မော”ဆိုတာက ဖြစ်တာပျက်တာကလေး တစ်ခုတည်းကို ထိုင်ထားရင်ပြီးတာပဲ (မှန်လှပါ) ဒကာကြွယ် ဘာရှုရှုဗျာ၊ ဖြစ်ပျက်တွေ့မှာပါပဲ (မှန်လှပါ ဘုရား) ဧကောဓမ္မော မဟုတ်သေးဘူးလား (ဟုတ်ပါတယ် ဘုရား) ဒီ့ပြင် ဘာများရှိသေးသတုန်း (မရှိပါ ဘုရား)။ ဒကာကြွယ် ဘာရှုရှုဗျာ၊ ဖြစ်ပျက်တွေ့မှာပါပဲ (မှန်လှပါ ဘုရား)။ ဧကောဓမ္မော မဟုတ်သေးဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကိုင်း ဒါနဲ့ ဒကာ ဒကာမတွေ ရှင်ဆန္နကို မေးလိုက်တော့ တပည့်တော်ဖြစ်ပျက်တွေ အကုန်မြင်တဲ့အတွက် ဒီခန္ဓာကြီးကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ စွဲလမ်းတာမျိုး မရှိပါဘူးဘုရားဆိုတော့ သူက ပပဉ္စသေပြီတဲ့ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ရှင်သာရိပုတ္တရာက ဪ ဖြေပုံကတော့ တကယ်ကောင်းတာပဲ အဖြေကောင်းတဲ့ဆန္ဒပဲ၊ တကယ် ကောင်းတဲ့ ကိုယ်တော်ပဲ၊ သို့သော်လဲ ငါသေချာသည်ထက် သေချာအောင် မေးဦးမယ် (မှန်ပါ ဘုရား) ဆိုတော့ ဒါကတော့ မင်းရှုလို့ တဏှာ မာန ဒိဋ္ဌိ သေတယ်လို့ဆိုတော့ ရှုလို့မြင်တဲ့ အမြင်လေးတော့ ငါ့ကိုလည်း ပြောဦးမှပေါ့ကွ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ မြင်တဲ့အမြင်လေးတော့ (ပြောဦးမှပါ ဘုရား) မြင်တဲ့အမြင်လေး ရှင်သာရိပုတ္တရာက မေးတော့ တပည့်တော် မြင်တဲ့အမြင်ကတော့ တခြားမဟုတ်ပါဘူးဘုရားတဲ့၊ ရှုလိုက်လို့ရှိရင်ဖြင့် မရှိတာလေးချည်း တွေ့တွေ့နေပါ တယ်တဲ့ (မှန်ပါ)။

ကုန်တာပျောက်တာလေး ချည်းတွေ့နေတယ်

ကုန်တာပျောက်တာလေး ချည်းတွေ့နေတယ် (မှန်လှပါ ဘုရား) ခယဝယလေးချည်း တွေ့နေတယ် (မှန်လှပါ ဘုရား) ခယကလဲ ကုန်တာ (မှန်ပါ) ဝယကလဲ ပျက်တာ (မှန်ပါ) အင်း ကုန်တာနဲ့ ပျက်တာချည်း တပည့်တော် တွေ့နေတယ်တဲ့ (မှန်လှပါ ဘုရား)။

အဆင်းရှုတော့လဲ ကုန်တာပျက်တာတွေ့တာပဲတဲ့ (မှန်လှပါ) စိတ်ရှုတော့လဲ (ကုန်တာပျက်တာတွေ့ပါတယ်)၊ ဝေဒနာရှုလိုက်တော့လဲ (ကုန်တာပျက်တာတွေ့ပါတယ် ဘုရား)။

ကွာ မင်းဟန်ကျလိုက်တာကွာ၊ မြင်ပုံကလေးကလဲ ဟုတ်လိုက်တာ(မှန်ပါ) ဒကာ ဒကာမတို့ ဒီအမြင်ကလေး အတုခိုးရမယ်နော် (မှန်ပါ ဘုရား) ဘာအတုခိုးရမှာလဲ (ဒီအမြင်ကလေးကို အတုခိုးရမှာပါ ဘုရား) အင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်ဆန္န ဖြေတာက အတုခိုးစရာကလေးနော်(မှန်ပါ)၊ အတုခိုးစရာကလေး၊ ရှင်သာရိပုတ္တရာက မေးလို့ ရှင်ဆန္နက ဖြေလိုက်တာ (မှန်ပါ)၊

တပည့်တော် ဘာမှမတွေ့ဘူးဘုရားတဲ့၊ ဝေဒနာလဲ မတွေ့ဘူး၊ စိတ်လဲ မတွေ့ဘူး၊ ရှုလိုက်ပြီဆိုမှဖြင့် ကုန်တာ ပျက်တာကလေးချည်း တွေ့တာပဲတဲ့ (မှန်ပါ)၊ “နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ” ကိုး (မှန်ပါ)၊ နိရောဓံ ချုပ်ပျောက်သွားတာကို၊ ဒိသွာ မြင်၍ နိရောဓံ ချုပ်ပျောက်သွားတာကို၊ အဘိညာယ သိ၍ (မှန်ပါ)၊ ဒါပဲ မြင်ပါတယ်ဆိုတော့ ဒကာသစ် အမြင်ကတော့ မှန်နေပြီ (မှန်ပါ)၊ နောက်က ဒကာ ဒကာမတွေ (အမြင်မှန်ပါတယ် ဘုရား)။

အဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ ဝိပဿနာရှုတဲ့အခါမှာ ကုန်သွားပြီ၊ ပျောက်သွားပြီ၊ ရှုလိုက်တိုင်း ရှုလိုက်တိုင်း ရှုစရာကလေးဟာဖြင့် ကုန်သွားပြီ၊ ပျောက်သွားပြီ၊ နောက်တစ်ခါ ပေါ်လာတာလဲ ကုန်တာပဲ မြင်တာပဲ (မှန်ပါ)၊ နောက်တစ်ခါ ပေါ်လာတာကော (ကုန်တာပဲ မြင်ပါတယ် ဘုရား)။

ကုန်တာ ပျောက်တာချည်း မြင်အောင်သာ ကြည့်နေလို့ရှိရင်ဖြင့် ကုန်တာ ပျောက်တာဟာ ဒုက္ခသစ္စာ၊ မြင်တာ သည် (မဂ္ဂသစ္စာပါ)၊ အဲဒီကဲ့သို့ ဒကာ ဒကာမတွေ ရှုမြဲတိုင်း ရှု၊ ရှုမြဲတိုင်းရှု၊ အဲဒါဟာ အရှုမှန်ပဲ (မှန်ပါ)၊ ဒါ ရဟန္တာ ဖြစ်မည့် ရှင်ဆန္န အမြင်ပါ ဒကာ ဒကာမတို့ (မှန်ပါ)၊ ရဟန္တာဖြစ်နိုင်သည့် အမြင်ပါ၊ အင်မတန်မှ မှန်ကန်တဲ့ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်၏ အမြင်ဆိုတာ ဒကာကြွယ်သေချာပြီလား (သေချာပါပြီ ဘုရား)။

ကုန်တာပျက်တာ မြင်အောင်ကြည့်ပါ

အဲဒါကြောင့် တပည့်တော်တို့ ဘယ်လိုများ လုပ်ရမတုန်းလို့မေးတော့ ကုန်တာပျက်တာ မြင်အောင်ကြည့်ပါ (မှန်ပါ)၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်ဟာ တွေ့မှု၌သာ လမ်းမဆုံးစေနဲ့၊ ဘယ်စိတ်နဲ့မှ လမ်းမဆုံးစေနဲ့၊ ဘာတွေ့အောင် လုပ်ရမလဲ (ကုန်တာ ပျောက်တာ တွေ့အောင် လုပ်ရပါမယ် ဘုရား)။

ကုန်တာပျောက်တာ မြင်အောင်ကြည့်ပါ (မှန်ပါ) ကုန်တာ ပျောက်တာမြင်အောင်ကြည့်တယ်ဆိုတဲ့သဘောဟာ ဒကာသစ် သိပ်အဖိုးတန်ပါကလား (တန်ပါတယ် ဘုရား) ဘာကြောင့် ဆရာဘုန်းကြီးက အဖိုးတန်ပါတယ်လို့ ပြောရ သတုန်းလို့ မေးတဲ့အခါကျတော့ ရှိရာက ကုန်သွားတာကိုး (မှန်ပါ ဘုရား)။

ဘယ်လိုပါလိမ့် (ရှိရာက ကုန်သွားလို့ပါ ဘုရား) ဘာမှ မရှိတာကို ကုန်တာပျောက်တာ မြင်တာမှမဟုတ်ဘဲ၊ ခုနင်က ဒီနေရာလေးမှာရှိတယ်၊ အခုမရှိတော့ဘူးဆိုတော့ ကုန်တာ မဟုတ်လား (မှန်ပါ)၊ ပျောက်တာလဲ (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ ရှိတာကလေး ခုနင်က ဒီနေရာကလေးမှာ မြင်စိတ်ကလေးပေါ်တယ်၊ ရှုလိုက်ပါ၊ ကုန်သွားပြီ၊ ပျောက်သွားပြီ (မှန်ပါ)၊ ကြားစိတ်ကလေးပေါ်တယ်၊ ရှုကြည့်စမ်း (ကုန်သွားပြီ ပျောက်သွားပါပြီ ဘုရား) နံစိတ်ကလေး ပေါ်ပြီ၊ ဒကာ ဒကာမတို့ (ကုန်သွားပါပြီ ပျောက်သွားပါပြီ)၊ ရှုလိုက်တဲ့အခါမှာ ကုန်တာပျောက်တာပဲ မြင်တယ်ဆိုတော့ အဋ္ဌကထာဆရာက “ခယဝယံ ဒိသွာ”လို့ ဖွင့်ထားတယ်၊ ခယဝယ မြင်သွားတာတဲ့ (မှန်ပါ ဘုရား)။

ဝိပဿနာရှုနည်း၊ နိဿရည်း

ကဲ ဒကာ ဒကာမတို့ နှာခေါင်းထဲမှာ နံစိတ်ကလေး၊ မွှေးတဲ့စိတ်ကလေးပေါ်လာတယ် ကြည့်လိုက်စမ်း (ကုန်တာပျောက်တာပဲရှိပါတယ်) ကုန်တာပျောက်တာပဲ တွေ့တယ် ဒကာသစ်ရေ (မှန်ပါ)၊ ကုန်တာ ပျောက်တာချည်း တွေ့မှာပါပဲ၊ သတိထားမိကြပြီလား (ထားမိပါတယ် ဘုရား) ဝိပဿနာရှုနည်း၊ နိဿရည်းဖြင့် အထူးပေးနေပါ ကလား ဆိုတာ ပေါ်လာတယ်(မှန်ပါ)၊ ဘယ်သူမြင်ပုံပါလိမ့်မတုန်းဆိုတော့ ရှင်ဆန္န မြင်ပုံ (မှန်ပါ)။

ဘယ်သူ့ မြင်ပုံပါလိမ့် (ရှင်ဆန္နမြင်ပုံပါ ဘုရား) ဒါက ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်နော်၊ ဒကာ ဒကာမတို့ နည်းရမ်းပြီး ပေးနေတာ မဟုတ်ပါဘူး (မှန်ပါ) ဆရာဘုန်းကြီး အာဘော်နဲ့ ပေးနေတဲ့သဘော၊ ဆရာဘုန်းကြီးစိတ်ထားနဲ့ သူကြိုက်တာ သူပေးနေတယ်လို့ ဒီလိုမယူပါနဲ့ (မှန်ပါ) ဒီလိုမယူပါနဲ့တဲ့၊ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်က ဒီလိုမြင်ပါတယ်လို့ ပြောတာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်က ကုန်တာပျောက်တာချည်း မြင်ပါတယ်လို့ ပြောနေတာ (မှန်ပါ)။

အဲဒီတော့ ကြည့်ကြပါတဲ့ သေသေချာချာ၊ စိတ်ကိုကြိုက်ရင် စိတ်ကိုရှုကြည့်၊ ဝေဒနာကြိုက်ရင် ဝေဒနာရှုကြည့်၊ ရှုနည်းမသိရင် လာပြီးမေးကြတာပေါ (မှန်ပါ)၊ ရှုနည်းလဲ နေ့တိုင်းလိုလိုပဲ ပြောနေတယ်၊ အဲဒီတော့ ဘာမြင်မှ အမြင်မှန် ပါလိမ့် (ကုန်တာပျောက်တာမြင်မှ အမြင်မှန်ပါ ဘုရား) နောက်က ဒကာ ဒကာမတွေ (ကုန်တာပျောက်တာကို မြင်မှ အမြင်မှန်ပါ ဘုရား)။

ဘာမြင်မှ အမြင်မှန်လို့ဆိုမတုန်း

ကုန်တာ ပျောက်တာကို မြင်ရမယ်နော် (မှန်ပါ)၊ ဘာကြောင့်တုန်းလို့မေးတဲ့အခါ ခန္ဓာကိုယ်ထဲမှာ “အနိစ္စာ ဝတ သင်္ခါရာ” ဆိုတဲ့အတိုင်းပဲ ကုန်တာပျောက်တာတွေသာ ရှိနေတာကိုး (မှန်ပါ)၊ ကုန်တာပျောက်တာ ရှိနေတော့ ဘာမြင်မှ အမြင်မှန်လို့ဆိုမတုန်း (ကုန်တာပျောက်တာမြင်မှပါ ဘုရား)။ အဲ ကုန်တာပျောက်တာကို နောက်က ရှုတိုင်း ရှုတိုင်း မြင်တဲ့အခါကျတော့ အဲဒီကုန်တာပျောက်တာကို ငါ့ကိုယ်လို ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား) ငါ့ဟာလို့ကော (မရပါ ဘုရား) ငါ့ဥစ္စာလိုတော့ (မရပါ ဘုရား)၊ အဲဒီမှာ တဏှာ မာနဒိဋ္ဌိက သေသွားတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ရှင်ဆန္ဒမြင်ပုံက သိပ်အဖိုးတန်တယ်၊ ဘာရှုရှု ကုန်တာ ပျောက်တာ မြင်ပါတယ်ဆိုတော့ လမ်းမှန်ပဲ ဆိုပြီး ရှင်သာရိပုတ္တရာက သူ့အမေးကို ရပ်လိုက်တယ် (မှန်ပါ)၊ သူအမေးကလေး ရပ်လိုက်ပါတယ် ဒကာ ဒကာမတို့၊ ရပ်ပြီးတော့ နဂိုလာတုန်းက ညီဖြစ်တဲ့ ရှင်စုန္ဒမထေရ်ကလဲ ဒကာသစ်ပါသေးတာကိုး (မှန်ပါ)၊ ရှင်စုန္ဒက အနားက ထိုင်ပြီး သကာလ နေတော့ ကုန်တာပျောက်တာ မြင်တဲ့အခါကျလို့ရှိရင်ဖြင့် သူဟာ မြင်တော့ မြင်တာဟာ အမြင်မှန်ပဲ၊ မြင်တာထက် သူက ပိုအထင်ကြီးနေတယ်၊ ဘဝင်မြင့်နေတယ်ပေါ့ဗျာ (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ ဒီနေရာမှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေအား ကရုဏာရှေ့ထားပြီး သကာလ ပြောလိုတာက ပြောလိုတာက ဒီအမြင်ဟ ဝိပဿနာအမြင်မှန်ပဲ (မှန်ပါ)၊ ဒီအမြင်ဟာ (ဝိပဿနာအမြင်မှန်ပါ ဘုရား) ဝိပဿနာမြင်တဲ့ အမြင်ကတော့ဖြင့် (မှန်ပါတယ် ဘုရား)၊ သို့သော်လဲ သူကတော့ဖြင့် မဂ်ရပြီလို့ကို ထင်နေတာ (မှန်ပါ) မဂ်အမြင်က မဟုတ်ဘဲ ဖြစ်နေတယ် (မှန်ပါ)၊ ဝိပဿနာမဂ် အမြင်တော့ မှန်ပါရဲ့၊ လောကုတ္တရာမဂ်အမြင်က မမှန်သေးဘူး (မှန်ပါ ဘုရား)။

မဂ်က နှစ်မျိုးရှိတာကိုး

ကဲ ဒါကလေး ဝေဖန်ကြ၊ ကုန်တာပျောက်တာ မြင်တာက ဘာအမြင်ပါလိမ့် (ဝိပဿနာအမြင်ပါ ဘုရား) ဝိပဿနာအမြင် (မှန်ပါ) မဂ်က နှစ်မျိုးရှိတာကိုး ဝိပဿနာမဂ်အမြင်ကတော့ ထည့်သွားပြီ (မှန်ပါ) လောကုတ္တရာ မဂ်အမြင်ကတော့ (မထည့်သေးပါ ဘုရား)။

သို့သော် လောကုတ္တရာမဂ်အမြင်လို့ သူထင်ပြီး သကာလ ဒါလောက်မြင်တယ်ဆိုလို့ရှိရင် ငါလည်ပင်းကို ဓားနဲ့ လှီးပြီး သေလို့ရှိရင် နောက်ပဋိသန္ဓေမလာတော့ဘူးလို့ ထင်နေတယ်ဆိုတော့ ဒကာသစ်တို့ တရားတစ်ပွဲလုံးကပဲ ဒကာ ဒကာမတွေက စဉ်းစားတာပေါ့၊ ဪ ဘဝင်မြင့်သလောက် အထင်ကြီးသလောက် အမြင်က အထက်မရောက် သေးဘူး (မှန်ပါ)။

ဘယ်လို မှတ်ကြမယ် (အထင်ကြီးသလောက် ဘဝင်မြင့်သလောက် အမြင်က အထက်မရောက်သေးပါ ဘုရား) ဘဝင်မြင့်သလောက် (အထက်မရောက်သေးပါ ဘုရား) အမြင်က အထက်မရောက်သေးဘူးဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။

အေး အဲဒီလို သေချာတော့မှ ဪ မှန်တော့ မှန်တာပဲ၊ မှန်ပေမယ့် အမြင်မဆုံးသေးဘူး (မှန်ပါ)၊ မမှန်ဘူးလို့ တော့ မဆိုနဲ့ (မှန်ပါ)၊ မှန်တာကတော့ သေချာနေတယ်၊ အမြင်ဆုံးပြီလား (မဆုံးသေးပါ ဘုရား)။

ဝိပဿနာ မဂ္ဂင်ငါးပါး၏အမြင်

ကဲ ဒါဖြင့် ဘုန်းကြီးက ထည့်ပေးမယ်၊ ဒကာ ဒကာမတွေ အခုနောက်ပြောတဲ့အချက်ကလေး ဂရုစိုက်လိုက်၊ ကုန်တာ ပျောက်တာ မြင်တာဟာ ဝိပဿနာ မဂ္ဂင်ငါးပါး၏အမြင် (မှန်ပါ)၊ ကုန်တာ ပျောက်တာ မြင်တာက (ဝိပဿနာမဂ္ဂငါးပါး၏အမြင်ပါ ဘုရား) တော်တော်ကြာ သူရှေ့လာပြန် ကုန်တာ ပျောက်တာ မြင်ဦးမှာပဲ (မှန်ပါ ဘုရား)။

နောက်တစ်ခု ပေါ်လာပြန်ကော (ကုန်တာပျောက်တာ မြင်မှာပါပဲ) ဒါ ဘယ်မဂ်၏ အမြင်ပါလိမ့် (ဝိပဿနာ မဂ်၏အမြင်ပါ) ဝိပဿနာမဂ်၏ အမြင်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းထားလိုက်တာပေါ့ (မှန်ပါ)၊ သို့သော် ဒီအမြင်ကို သူ့စိတ်ထဲမှာ ငါသည် လောကုတ္တရာမဂ်မှ လေးတန်တောင်ရပြီးပြီ (မှန်ပါ)၊ ဒါကြောင့် ငါ့ကိုယ်ငါ လည်ပင်းဓားနဲ့ လှီးပြီးသေလို့ရှိရင် နောက်ပဋိသန္ဓေ မနေရတော့ဘူးလို့ သူ့စိတ်ထဲမှာ ဘဝင်မြင့်တာက ပိုတယ် (မှန်ပါ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (သူ့စိတ်ထဲမှာ ဘဝင်မြင့်တာက ပိုပါတယ် ဘုရား)။

ဒါက လောကုတ္တရာ မဂ်အမြင်မှ မရောက်သေးဘဲ (မှန်ပါ) လောကုတ္တရာ မဂ်အမြင်ကတော့ ဒီလိုပါ၊ ဒကာ ဒကာမတို့ ကုန်တာ ပျောက်တာကို ရှာလို့ မတွေ့တော့ဘူး (မှန်ပါ) ဘယ်လိုမှ ရှာလို့မတွေ့တော့ဘူး (မှန်ပါ)။ ကုန်တာ ပျောက်တာကို (ဘယ်လိုမှရှာလို့မတွေ့ပါ ဘုရား)၊ ကုန်တာပျောက်တာ မရှိတာက ဒုက္ခသစ္စာကိုး၊ အဲဒီဒုက္ခသစ္စာ ရှာမတွေ့တဲ့အခါကျတော့မှ နိရောဓသစ္စာမြင်တယ် (မှန်ပါ) အဲဒီကျမှ မဂ္ဂင်ရှစ်ပါးက လာပြီးဖြစ်တာ၊ ဒါ လောကုတ္တရာ အမြင် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန် အစားထိုးလာမှ လောကုတ္တရာအမြင်

ကုန်တာ ပျောက်တာ မတွေ့ဘဲနဲ့ ရှင်းလင်းပြီး သကာလ ဪ ဒါဟာ မသေရာမှန် ပြည်နိဗ္ဗာန်လို့ နိဗ္ဗာန် အစားထိုးလာမှ လောကုတ္တရာအမြင် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ကုန်တာ ပျောက်တာကို မြင်နေတာက ဘာတဲ့ (လောကီမဂ် အမြင်ပါ) ကုန်တာပျောက်တာကို မမြင်ဘဲနဲ့ ဒကာ ဒကာမတို့ ကုန်တာပျောက်တာကို မမြင်တော့ပါဘူး၊ မသေတဲ့နိဗ္ဗာန်ကို မြင်တော့ (လောကုတ္တရာမဂ် အမြင်ပါ ဘုရား)၊ လောကုတ္တရာမဂ်အမြင်ပဲ ဒီအမြင်နှစ်ခုကို ထူးထူးခြားခြား မှတ်ရမယ် (မှန်ပါ ဘုရား)။

ဒါ ဆရာဘုန်းကြီးက သတိပေးပြီ (မှန်ပါ ဘုရား) သတိပေးပြီးတဲ့၊ ခယဝယ အတိက္ကန္တံ ဆိုတဲ့ဥစ္စာသည် ဒကာ ဒကာမတို့ ခယဝယကို လွန်ပြီး သကာလ ခယဝယမရှိဘဲနဲ့ မြင်တဲ့အမြင်ဟာ လောကုတ္တရာအမြင် (မှန်ပါ)၊ ခယဝယတွေ နဂိုတုန်းက တွေ့ထားတယ်၊ နောက်တော့ ဒီခယဝယတွေကို မတွေ့ဘဲ ဖြစ်ပြီး သကာလ ကုန်တာ ပျောက် တာကို မတွေ့ဘဲနဲ့ ရှေ့မှာရှင်းပြီး သကာလ ကုန်တဲ့ပျောက်တဲ့ သင်္ခါရလောကကို လွန်သွားတယ် (မှန်ပါ)၊ အသင်္ခတဘက် ကူးသွားတယ် (မှန်ပါ ဘုရား)။

သင်္ခတလွန်သွားပြီ (မှန်ပါ ဘုရား) ဘယ်ကူးသွားသလဲ (အသင်္ခတဘက်ကူးသွားပါတယ်) အသင်္ခတဆိုတာ နိဗ္ဗာန်ပါပဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) အဲဒါတွေ ကြည့်လိုက်တော့မှ ကုန်တာပျောက်တာတွေ ဆုံးသွားပြီး သကာလ မှ နိဗ္ဗာန်မြင်တာ (မှန်ပါ့ ဘုရား)။

အဲဒီ အမြင်ကတော့ ဒကာ ဒကာမတွေက ယနေ့ စောစောစီးစီး မှတ်ထားတော့ ဪ အမြင်ကျန်သေးတဲ့ အရှင်ဆန္နကိုး (မှန်ပါ ဘုရား)၊ ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (အမြင်ကျန်သေးတဲ့ အရှင်ဆန္နပါ ဘုရား)။

သူတော်ကောင်းနဲ့ မပေါင်းလို့ရှိရင်

ဒါကြောင့် ဒကာ ဒကာမတို့ “ကလျာဏမိတ္တ”ဆိုတဲ့ သူတော်ကောင်းနဲ့ မပေါင်းလို့ရှိရင် ဒကာကြွယ် ကိုယ့်အမြင်ကလေးနဲ့ ကိုယ် ဟုတ်နေလိမ့်မယ်နော် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကျုပ်တို့ဖြင့် ဖြစ်ပျက် ဘယ်အချိန် ရှုလိုက် ရှုလိုက် ခယဝယ များတော့ဖြင့် မှိုပေါက်အောင် မြင်တာပါပဲ၊ ဒါကြောင့် ကျုပ်တို့ သေရမှာ မကြောက်ပါဘူး (မှန်ပါ)၊ မကြောက်ဘူးဆိုတာက သုဂတိလောက်သာ သေချာနေတာ၊ နိဗ္ဗာန်မသေချာသေးဘူး (မှန်ပါ)၊ ကုန်တာပျောက်တာမှ မဆုံးသေးဘဲ (မှန်ပါ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ကုန်တာ ပျောက်တာ မဆုံးသေးပါ ဘုရား)၊ ကြည့်လေ ဒကာ ဒကာမတို့ သိကြားမင်းက မေးတဲ့နေရာဌာနမှာ အရှင်ဘုရား ခယဝယကို လွန်တဲ့ နိဗ္ဗာန်ရောက်ချင်ပါတယ် (မှန်ပါ ဘုရား) ဒါကြောင့် အဲဒီတရား ဟောစမ်းပါလို့ စူဠတဏှာသင်္ခယသုတ်မှာ သေသေချာချာဟောထားတယ် (မှန်ပါ)၊ ခယဝယအတိက္ကန္တံ ခယဝယကို လွန်တဲ့နိဗ္ဗာန်ကို တပည့်တော် အမြန်ဆုံးနည်းနဲ့ ရောက်ချင်တယ်ဘုရား၊ ဟောစမ်းပါဘုရားလို့ မလျှောက်ဘူးလား (လျှောက်ပါတယ် ဘုရား) အဲဒီပါဠိတော်ကလဲ သေသေချာချာရှိနေတော့ ခယဝယကုန်မှ နိဗ္ဗာန် (မှန်ပါ ဘုရား)။

ခယဝယကုန်မှ နိဗ္ဗာန်

ဘယ်လိုဆိုကြပါ့မယ် (ခယဝယကုန်မှ နိဗ္ဗာန်ပါ ဘုရား) အေး ခယဝယကုန်မှ နိဗ္ဗာန်ဆိုတော့ ရှုရင်မတ္တနဲ့ တွေ့လိုက်ကုန်ပြန်ပြီ၊ ပျောက်ပြန်ပြီ၊ ရှုလိုက်၊ ကုန်ပြန်ပြီ ပျောက်ပြန်ပြီ၊ ဒါတွေချည်း ဆက်တွေ့နေသေးလို့ရှိရင် ဒကာ ဒကာမတွေ ဝိပဿနာမဂ်လို့ မှတ်လိုက် (မှန်ပါ)၊ ကျေးဇူးမရှိဘူးလားဆိုတော့ ရှိပါတယ်၊ တစ်ဆင့်တက်လိုက်ရင် ပြီးတော့မယ် (မှန်ပါ) ကျေးဇူးအင်မတန် ရှိပါတယ်၊ တစ်ဆင့်တက်ရင် ပြီးတော့မယ်ဆိုတာ သေချာပါတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ရှုဖန်များတော့ ရှေ့ပိုင်းမှာ ရှုစရာမလိုဘူး၊ ကုန်တာ ပျောက်တာချည်းပဲ တစ်ခါတည်း ဆုံးသွားတယ်၊ ခယဝယလွန်သွားပြီ (မှန်ပါ)၊ လွန်သွားတဲ့အခါကျတော့ ခယဝယအဆုံးမှာ နိဗ္ဗာန် (မှန်ပါ)၊ ခယဝယ လွန်သွားတဲ့နိဗ္ဗာန်ကို မြင်သွားပြီ (မှန်ပါ)၊ မြင်သွားတော့မှ ဒီက မဂ္ဂင်ရှစ်ပါး သွားဖြစ်တယ် (မှန်ပါ ဘုရား)။

ခုနင်ကတုန်းကတော့ ငါးပါးနဲ့ ခယဝယ မြင်နေတာ (မှန်ပါ)၊ နိဗ္ဗာန်မြင်တဲ့အခါကျတော့ ရှစ်ပါးနဲ့ ခယဝယ အဆုံးကို မြင်တယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ)၊ အဲဒီအမြင်ရောက်အောင် ကြိုးစားရမယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ရှင်ဆန္နက ဒကာသစ် ဒီလိုရောက်ပါရဲ့လား (မရောက်ပါ ဘုရား)၊ တပည့်တော် ခယဝယကို မြင်ပါတယ်၊ ဒါကြောင့် ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မရှိဘူးဆိုတာ ဟုတ်ပါတယ်ဆိုတော့ သူဟာ ဝိပဿနာမဂ်နဲ့ သတ်တဲ့ တဏှာ မာန ဒိဋ္ဌိ ဖြစ်တေယ် (မှန်ပါ) ဘယ်လိုမှတ်မယ် (ဝိပဿနာမဂ်နဲ့ သတ်တဲ့ တဏှာ မာန ဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား) မဂ္ဂင်ရှစ်ပါးပြည့်တဲ့ လောကုတ္တရာမဂ်နဲ့ တဏှာ မာန ဒိဋ္ဌိ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

ရှင်စုန္နကလဲ ရဟန္တာမို့သိတယ်

တစ်ဆင့်ကျန်နေတယ်၊ တစ်ဆင့်ကျန်နေတော့ ဒကာ ဒကာမတို့ ရှင်စုန္နကလဲ ရဟန္တာမို့သိတယ်၊ ရှင်ဆန္နဟာ သူ့ဟာသူ ဘဝင်မြင့်နေတာ၊ စင်စစ်တော့ ပုထုဇဉ်ပဲ ရှိသေးတယ်လို့ ဆုံးဖြတ်ချက်ချပြီး (မှန်ပါ ဘုရား)။

သူ့ဟာသူ ဘဝင်မြင့်နေတာတဲ့ ဒကာကြွယ်၊ ရှင်စုန္ဒက သိတယ်၊ ပုထုဇဉ်မှန်း သိတယ်၊ အမြင်ကတော့ ဘယ့်နှယ်နေသတုန်း (မှန်ပါတယ် ဘုရား)၊ မှန်တော့ မှန်ပါတယ်တဲ့ ဒကာ ဒကာမတို့၊ သို့သော် အမြင်က ဆုံးရဲ့လား (မဆုံးပါ ဘုရား) အမြင်က မဆုံးဘဲ ဖြစ်နေသေးတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်လာပါပြီ) အဲဒါတွေ သေသေချာချာ သိတော့မှ ဪ-ဆရာမကူရင် မဖြစ်ပါလား (မှန်ပါ ဘုရား)၊ ဦးလှဘူး ဘယ်လိုပါလိမ့် (ဆရာမကူရင် မဖြစ်ပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီမှာ ရှင်သာရိပုတ္တရာကတော့ အထူးမပြောဘူး၊ မင်းဟာ ထိုး လုပ်ပါဦးလို့လဲ မတိုက်တွန်းဘူး (မှန်ပါ)၊ ဘာတိုက်တွန်းမလဲ ဒကာ ဒကာမတို့ သူကတော့ အင်း မင်းအမြင်လေးဖြင့် အမြင်မှန်ပဲ လမ်းစဉ်ကလဲ မှန်နေတာကိုး၊ ဒါပေမဲ့လဲ အကျေနပ်ကြီးလား အကျေနပ် ထက်ဝက်လောက်လား (ထက်ဝက်လောက်ပါ ဘုရား)၊ ဘာကြောင့်တုန်း ဆိုတော့ ဝိပဿသနာမဂ်အမြင်ပဲ ရှိသေးတာကိုး၊ လောကုတ္တရာမဂ်က (မရောက်သေးပါ ဘုရား)။

ရှင်သာရိပုတ္တရာက စကားရပ်လိုက်တော့ ရှင်စုန္ဒက ရှင်ဆန္နကို ပြောတယ်၊ အရှင်ဘုရား မြတ်စွာဘုရား ဟောတော်မူတာရှိပါတယ် (မှန်ပါ)၊ မြတ်စွာဘုရားက အမြဲနှလုံးသွင်းဖို့ ဆုံးမဟောကြားထားတာရှိပါတယ် (မှန်ပါ)၊ အဲဒါကို သတိပြုပါဦး၊ လိုသေးတယ်လို့ ပြောလိုတာပါပဲ (မှန်ပါ ဘုရား)။

ဆက်နှလုံးသွင်းပါဦးတဲ့

”နိဿိတဿ စလိတံ အနိဿိတဿ စလိတံ နတ္ထိ၊

စလိတေ အသတိ ပဿဒ္ဓိ ဟောတိ၊ ပဿဒ္ဓိယာ သတိ နတိ

န ဟောတိ၊ နတိယာ အသတိ အာဂတိဂတိ န ဟောတိ၊

အာဂတိဂတိယာ အသတိ စူတူပပါတော န ဟောတိ၊

စုတူပပါတေ အသတိ နေဝိဓ န ဟုရံ န ဥဘယမန္တရေန

ဧသေဝန္တော ဒုက္ခဿ”။

(သဠာယတနဝဂ္ဂသံယုတ်-၄၊ ဆန္နဝဂ်-၄၊ ဆန္ဒသုတ်-နှာ-၂၈၄)

ရှင်စုန္ဒက ဒီပါဠိကို ရွတ်လိုက်တယ်၊ ဒါ နှလုံးသွင်းပါဦး (မှန်ပါ) ပုထုဇဉ်ပဲ ရှိသေးတာသိလို့ အရှင်ဘုရား ဒါကလေး လုပ်ပါဦးလို့ ဆိုလိုတယ်၊ အရှင်ဘုရား တရားလိုပါသေးတယ်လို့ မပြောဘူး (မှန်ပါ)၊ အခုပြောတဲ့ ပါဠိတော် အတိုင်း အရှင်ဘုရား ဆက်နှလုံးသွင်းပါဦးတဲ့ (မှန်ပါ)၊ ဒါကလေး ဟောလိုက်တယ်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် နှလုံးသွင်းကလေးကလဲ တော်တော်ပြောရမယ်၊ နာရီကလဲ စေ့တော့ နက်ဖြန်မှ နှလုံးသွင်းကို ပြောကြစို့ (မှန်ပါ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။