13301

မာတိကာသို့

ဒီခန္ဓာပစ်ချပြီး-နောက်ခန္ဓာမရတာ အကောင်းဆုံး

ကျေးဇူတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားတော်မူအပ်သော

ဒီခန္ဓာပစ်ချပြီး-နောက်ခန္ဓာမရတာ အကောင်းဆုံး

ရှင်ဆန္ဒဝတ္ထု (၁)

အလုပ်ပေးတရားတော်

(၂-၁-၆၁)

မေတ္တာသုံးချက် ထားရတယ်

ဒကာ ဒကာမတွေကို တရားဟောတဲ့ ဘုန်းကြီးစိတ်ဆန္ဒဟာ တရားနာနိုင်ပါစေတဲ့ မေတ္တာရှေ့ထားတယ် (မှန်ပါ့) နာပင်နားငြားသော်လည်း သိပါစေဆိုတာလည်း ရှင်းလင်းအောင်ပြောပြနေတယ် (မှန်ပါ့) သိရုံကလေးနဲ့ မပြီးနိုင်တဲ့အတွက် ကျင့်နိုင်ပါစေဆိုတော့လဲ မေတ္တာသုံးချက် ထားရတယ် (မှန်ပါ့)၊ ဒီလိုဟောရင်ဖြင့် တရားဟောတာ ဖြင့်ကောင်းသော ဟောခြင်းပဲဆိုတာဖြင့် ဒါတရားဟောတာဖြင့် ဒကာ ဒကာမတွေ မှတ်ကြပေတော့ (မှန်ပါ့ ဘုရား)။

ကိုယ်က ပြောလို့ရှိရင်လဲ တရားဓမ္မကို မသိသေးတဲ့ ပုဂ္ဂိုလ်ကို ပြောလို့ရှိရင်လဲ (၁) နံပါတ်အနေဖြင့် နားထောင် နိုင်ပါစေဆိုတာ မေတ္တာရှေ့ထားရပါတယ် (မှန်ပါ့) နားထောင်ပြီ သကာလ သိပါစေဆိုတာက (၂) နံပါတ် (မှန်ပါ့)၊ မသိလို့ရှိရင် စိတ်မဆိုးပါနဲ့တဲ့၊ မသိ သိအောင်ပြောပါ (မှန်ပါ့) သိပြီးသည်၏ အခြားမဲ့၌ သိရုံနဲ့ မပြီးသေးဘူး၊ (၃) နံပါတ် ကျင်ပါဦးဆိုတာလဲ ပြောပေးကြပါ (မှန်ပါ့ ဘုရား)။

ဒါကြောင့် အားလုံးသော ဒကာ ဒကာမတို့ ယနေ့သည်ကားလို့ ဆိုရင်ဖြင့် မနေ့က ပုဏ္ဏသုတ်ကို ဟောခဲ့တယ်၊ ဆက်ဟောလို့ရှိရင် ရပါတယ်တဲ့၊ အလုပ်တရားတွေက မပါတော့ဘူး၊ ဒါကြောင့် မန်းစက်တော် ခြေတော်ရာကိုပဲ ပြန်ပြောရမလိုဖြစ်နေတော့ ယနေ့ ဆန္နသုတ်ကို ပြောင်းပါတယ်။

အပြစ်အကင်းဆုံးနည်း

အဲဒီမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောတာ တစ်လုံးတည်းနဲ့ ဒကာကြွယ်၊ ဦးလှဘူးတို့ သိပ်မိတယ်နော် (မှန်ပါ့)၊ သာရိပုတ္တရာ တဲ့ မင်းမှတ်ထားစမ်းပါကွာတဲ့၊ အရေးကြီးတဲ့ အချက်ကလေးတစ်ခု၊ ဘုရားက ရှင်သာရိပုတ္တရာ ကို အမိန့်ရှိတယ် (မှန်လှပါ ဘုရား) သတ္တဝါတစ်ဦး တစ်ယောက် ခန္ဓာရလို့ရှိရင် သေရမှာပဲ သတ္တဝါ တစ်ဦးတစ်ယောက် ခန္ဓာရရင် (သေရမှာပါ) သေရမှာ ဧကန်ပါပဲတဲ့ သေရမှာဧကန်ပါပဲ (မှန်လှပါ) သေပြီး သကာလ နောက်ခန္ဓာမရတဲ့ သေနည်းဟာ အပြစ်အကင်းဆုံးနည်းဟေ့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

သေတော့သေမှာပဲ သေပြီး နောက်ခန္ဓာမရတာဟာ အပြစ် အကင်းဆုံးပဲ နောက်ခန္ဓာမရတာ (အပြစ်ကင်းဆုံး ပါ ဘုရား) အပြစ်အကင်းဆုံးပဲ ဆိုသဖြင့် ဒကာ ဒကာမတို့ ဘုရားက ဆန္နသုတ်မှာပဲ သေသေချာချာ ရှင်သာရိပုတ္တရာ ကို မှာနေတော့ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာ မရတာဟာ အပြစ်ကင်းတာပဲ (မှန်ပါ့ ဘုရား)။

ဒကာသစ်ရေ ဒါဟာ ဘုရားဟောတာနော် (မှန်ပါ့) အဲဒီ ဘုရားဟောကို ဒကာ ဒကာမတွေက သိထားတော့ မှ ဪ ငါတို့ရှေ့ကလွဲခဲ့တယ်၊ ဘယ်လိုများ လွဲခဲ့ပါလိမ့်မတုန်းဆိုတော့ ဒီခန္ဓာကြီး စုတေမနေ သေလွန်ရလို့ ရှိရင်ဖြင့် နောက်ဘဝ လူပြန်ဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင် ဆိုတာတွေက မလာကြပေဘူးလား (လာကြပါတယ်)၊ အပြစ် သင့်အောင် လုပ်တာ (မှန်ပါ ဘုရား)။

အပြစ်သင့်အောင် လုပ်တာပဲ ဒကာ ဒကာမတို့ (မှန်ပါ့) အခု ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်သာရိ ပုတ္တရာကို ဟောလိုက်တာ နားထောင်ကြည့်ကြပါ ဒီခန္ဓာ ပစ်ချပြီး စွန့်ပြီး နောက်ခန္ဓာမရတာ အပြစ်အကြီးဆုံး ကင်းတာပဲ အဲဒါအကောင်းဆုံးပဲ (မှန်ပါ့) သဘောကျပါကြပလား (ပါပါပြီ ဘုရား)။

ဒီခန္ဓာရပြီး နောက်ခန္ဓာမရတဲ့အလုပ်

ဒါဖြင့် ဒီခန္ဓာရပြီး နောက်ခန္ဓာမရတဲ့အလုပ်ဟာ ဘာပါလိမ့် (အပြစ်အကင်းဆုံးအလုပ်ပါ ဘုရား)၊ အပြစ်အ ကင်းဆုံး အကောင်းဆုံး အလုပ်လို့ ဒကာ ဒကာမတွေ ဉာဏ်မလွဲပါနဲ့နော် (မှန်ပါ့)၊ ဉာဏ်မလွဲကြပါနဲ့ဆိုတာ ဒကာ ကြွယ်ရ အထူးပဲ သတိပေးရတယ် (မှန်ပါ့)၊ မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား)၊ ဉာဏ်မလွဲကြပါနဲ့ဆိုတာ သတိပေးလိုက်ပါတယ် (မှန်လှပါ ဘုရား) ဒီဉာဏ်လွဲသွားကြလို့ရှိရင် ကိုယ်ကျိုးနည်းပေါ့ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ ဘုရား)။

အခု ဘုရားက သေသေချာချာ ဟောတော့ ဒီခန္ဓာပစ်ချပြီး ဟိုခန္ဓာမရလို့ရှိရင် ဒါအပြစ်ကင်းတာပဲကွတဲ့ (မှန်ပါ့)၊ ဒီခန္ဓာစွန့်ပြီး ဟိုခန္ဓာ ရရင်ဖြင့် အပြစ်အကြီးဆုံးသော အပြစ်သင့်တာပဲကွ (မှန်ပါ) ဒီလို ဟောတာကို သေသေချာချာ နာရတော့မှ ဪ ခန္ဓာဆိုတဲ့ဥစ္စာ ဒုက္ခသစ္စာမို့ ဘုရားက ဒုက္ခရောက်မှာစိုးရှာတာကိုး (မှန်ပါ့)၊ မပေါ်လာ သေးဘူးလား (ပေါ်လာပါပြီ)၊ နောက်ခန္ဓာက ဇာတိကစပြီး ရ, ရမှာကိုး၊ ဇာတိ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာ ပါ ဘုရား)။

အဲ ဒုက္ခသစ္စာထဲကနေပြီး ဒုက္ခသစ္စာ ပြန်ရလို့ရှိရင် အမြတ်မရတဲ့ အပြင် အရှုံးထွက်တယ်လို့ ဆိုလိုက်ရင်လဲ မလွဲပါဘူး (မလွဲပါ ဘုရား)။

လုပ်ဖြစ်အောင် လုပ်ပါ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီခန္ဓာပစ်ချပြီး ဟိုခန္ဓာ မရတဲ့အလုပ်ကိုဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ လုပ်ဖြစ်အောင် လုပ်ပါ (မှန်ပါ)၊ ဘယ်လိုမှာပါလိမ့် (လုပ်ဖြစ်အောင် လုပ်ပါ) လုပ်ဖြစ်အောင် လုပ်ပါ၊ ဒကာ ဒကာမတို့ ဘယ်လိုဆိုပါလိမ့် (လုပ်ဖြစ်အောင် လုပ်ပါ) လုပ်ဖြစ်အောင် လုပ်ပါဆိုတာ မသိတဲ့ပုဂ္ဂိုလ်များလဲ ဆရာပြောတာ မှတ်၍ ဘုရားဟောကို သဘောကျပြီး သကာလ ကိုင်း ဒါပဲပေးလိုက်တော့မယ်၊ ဒီခန္ဓာစွန့်ပြီး နောက် ခန္ဓာမရတဲ့ အလုပ်ကိုပဲ နိုးနိုးကြားကြားနဲ့ ကြိုးကြိုးစားစား လုပပါတော့မယ်ဆိုတဲ့ စိတ်ကိုဖြင့် ဒကာ ဒကာမတို့ ကိုယ်မသိလို့နေငြားသော်လဲ ဘုရားအသိကို အမှန်ထားပြီး သကာလ ဆုံးဖြတ်ချက်ချပြီး ဒကာသစ်ရေ၊ မရ ရအောင် သာလုပ်တော့ (မှန်ပါ ဘုရား)။ ဒီခန္ဓာ ပစ်ချပြီးတော့ နောက်ခန္ဓာမရတဲ့ အလုပ်ကို လုပ်တော့မဟေ့ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာပစ်ချပြီးတော့ (နောက်ခန္ဓာမရတဲ့အလုပ်ကို လုပ်ရမှာပါ ဘုရား) နောက်ခန္ဓာမရတဲ့ အလုပ်ကိုပဲ အရယူ ကြပါတော့ဆိုတာ အားလုံးပြောလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ဒီအဓိပ္ပါယ်တွေကို ဥပရိပဏ္ဏာသပါဠိတော် ဆန္နောဝါဒသုတ်နှင့် သဠာယတနဝဂ္ဂသံယုတ် ပါဠိတော် ဆန္နသုတ်မှာ ဟောတော်မူပါတယ်(မှန်ပါ့) ပါဠိတော်ဆိုတော့ ကိုယ်တော်တိုင် နှုတ်တော်က ဟောတော်မူတာပါ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)၊

အဲဒီတော့ တိမ်းစရာ၊ စောင်းစရာ မရှိရင် နှစ်ခွန်းသောစကားကို မပြောဘဲနဲ့ တစ်ခွန်းတည်းနဲ့ အမှန်ကိုပြောတဲ့ ကိုယ်တော်မြတ်ကြီးကိုးဗျ (မှန်ပါ) နှစ်ခွဖြစ်တဲ့စကားကို ဘယ်တော့မှမပြောဘူး (မှန်ပါ့) တစ်ခွန်းတည်း နဲ့ အမှန်ပြောတဲ့ ကိုယ်တော်ကြီးက ဒီခန္ဓာပစ်ချပြီး နောက်ခန္ဓာမရလို့ရှိရင် အပြစ်အကင်းဆုံး အကောင်းဆုံးသော သေခြင်းပဲတဲ့ (မှန်ပါ) ဒကာကြွယ်မှတ်မိပလား (မှတ်မိပါပြီ ဘုရား)၊ ဘယ်လိုများ မှတ်မိကြပါလိမ့် (အပြစ်အကင်းဆုံး အကောင်းဆုံးသေခြင်းပါ ဘုရား)၊ အကောင်းဆုံးအလုပ်ပဲဆိုတာ ကျေကျေနပ်နပ်သဘောကျကြပါ (မှန်လှပါ ဘုရား)။

ဘုရားအလိုတော်ကျ ဖြည့်စွက်ပါဦးမယ်

ကိုင်း ဒါဖြင့် ဘုန်းကြီးများက ဘုရားအလိုတော်ကျ ဖြည့်စွက်ပါဦးမယ်ဆိုတော့ ဒကာကြွယ်တို့ ဒီအပေါ်မှာ ခွက်ကလေး နှစ်ခုချထားတယ် (မှန်ပါ) ဒီဘဝ နောက်ဆုံးပိတ် ဒုက္ခသစ္စာ ဘာပါလိမ့်မတုန်းဆိုတော့ စုတိစိတ်(မှန်ပါ) ဒီဘဝနောက်ဆုံးပိတ် ဒုက္ခသစ္စာ ဘာပါလိမ့် (စုတိစိတ်ပါ ဘုရား) စုတိစိတ်ဆိုတော့ သေတဲ့စိတ်ပေါ့ဗျာ၊ ဒီစိတ်ပြီးရင် ဒီဘဝမှာဖြင့် ကုန်ရော (မှန်ပါ့ ဘုရား)။

အဲဒီတော့ စုတိ စဝနတာ ဆိုတဲ့ဥစ္စာ စုတိဆိုတာ သေတာ၊ စဝနဆိုတာ သေသည်၏အဖြစ်ပါပဲ၊ အဲဒီတော့ ဒါကို မရဏလို့ ခေါ်လိုက် (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဘယ်လိုခေါ်ကြမယ် (မရဏလို့ ခေါ်ပါတယ် ဘုရား) မရဏမ္ပိ ဒုက္ခံ (မှန်ပါ ဘုရား)၊ ဒကာ ဒကာမတို့ ဘာတဲ့ (မရဏမ္ပိ ဒုက္ခံပါ ဘုရား)။

ဪ ဒီဘဝမှာ ကျုပ်တို့ နောက်ဆုံးပိတ် ဘာနဲ့ နိဂုံးချုပ်ရပါလိမ့်မတုန်းဆိုတော့ ဒုက္ခသစ္စာနဲ့ နိဂုံးချုပ်ရ တယ် (မှန်ပါ့) နောက်ဆုံးပိတ် ဘာနဲ့နိဂုံးချုပ်ရ (ဒုက္ခသစ္စာနဲ့ နိဂုံးချုပ်ရပါတယ်) ဒုက္ခသစ္စာနဲ့ နိဂုံးချုပ်ရတယ်ဆိုတာ သေချာသလား (သေချာပါတယ် ဘုရား) ကိုင်း ဒါဖြင့် စုတိက အနန္တရပစ္စည်း၊ ပဋိသန္ဓေက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်၊ အနန္တရပစ္စယော အခြားမရှိမူ၍ ကျေးဇူးပြုတယ်လို့ ပဋ္ဌာန်းပါဠိတော်မှ လာတော့ စုတိပြီးရင် ပဋိသန္ဓေ မလာဘူး လား (လာပါတယ် ဘုရား)။

ပဋိသန္ဓေဆိုတာ ဇာတိပဲ

ပဋိသန္ဓေဆိုတာ ဇာတိပဲ၊ ဇာတိဆိုတာကို “ဇာတိ သဉ္ဇာတိ ဩက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဇာတိ”၊ မဟာသတိပဋ္ဌာနသုတ်မှာ မလာဘူးလား (လာပါတယ်) အဲဒီတော့ ပဋိသန္ဓေက ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာပြီး ဒုက္ခသစ္စာပြန်ရမှာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး သိပ်စိုး ရိမ်ပါကလား (မှန်ပါ ဘုရား)။

ဒုက္ခသစ္စာပြီးတော့ (ဒုက္ခသစ္စာပြန်ရမှာ သိပ်စိုးရိမ်ပါတယ် ဘုရား) အဲဒါဟာ အကြီးဆုံးသော အပြစ်သင့်တာ ပဲဆိုတာ ဒကာသစ် မမှန်သေးဘူးလား (မှန်ပါတယ် ဘုရား) ဒါကြောင့် ဤခန္ဓာပစ်ချပြီး ဟိုဘက်ခန္ဓာမရတဲ့သေခြင်းဟာ အကောင်းဆုံးပဲဆိုတော့ စုတိပြီး ပဋိသန္ဓေမလာတာဟာ အကောင်းဆုံးပဲလို့ ဆိုလိုတာပဲ (မှန်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် အကောင်းဆုံးပါလိမ့်မတုန်းလို့ ဒကာသစ်တို့က ဝေဖန်လိုက်တော့မှ စုတိနဲ့ပဋိသန္ဓေဟာလဲ အနန္တရအခြားမရှိမူ၍ ကျေးဇူးပြု၍ နေပြန်တော့ ဒီပဋိသန္ဓေကလဲ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ဒါဖြင့် ဒုက္ခပြီး ဒုက္ခဆက်တာကို ကိုယ်တော်မြတ်ကြီး များစွာမကြိုက်လို့ ဟောတော်မူတာပဲ (မှန်ပါ ဘုရား)။

ဒီလိုသစ္စာကို မသိတော့ သံသရာရှည်တယ်ဆိုတော့ ဒီဘဝက စုတေမနေ သေလွန်တော့ နောက်ဘဝမှာ လူ ကောင်း နတ်ကောင်း ဖြစ်ရပါလို၏ဆိုတော့ ဟောဒီဇာတိဒုက္ခသစ္စာကြီးကို ကိုယ်ပိုင် ဖြစ်ရပါလို၏။ (မှန်ပါ) ဒီဇာတိ ဒုက္ခသစ္စာကြီးကို (ကိုယ်ပိုင်ဖြစ်ရပါလို၏) ကိုယ်ပိုင်ဖြစ်ရပါလို၏ဆိုတော့ ဒုက္ခသစ္စာဆိုတာ ဒကာ ဒကာမတို့ နင်နေရစ် တော့လို့ဆိုရမှာ ကျုပ်တို့က သိမ်းပိုက်ရမှာ မဟုတ်ပါဘူး (မှန်ပါ ဘုရား)။

နင်နေရစ်တော့လို့ဆိုရမှာ

ဘယ်လိုပါလိမ့်ဗျာ (နင်နေရစ်တော့လို့ ဆိုရမှာပါ) နင်နေရစ်တော့လို့ဆိုရမှာ၊ အခု ကျုပ်တို့က ဆုတောင်းယူ ကြတဲ့ပုဂ္ဂိုလ်များ သိမ်းပိုက်ရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဪ ဒါသည်ကားဆိုရင်ဖြင့် လူလိမ္မာလို့ ဆိုကြမလား၊ လူမိုက်လို့ဆိုကြမလား (လူမိုက်ပါ ဘုရား) ဒုက္ခလွတ် ရာသာ ရှာမှာကိုးဗျ (မှန်ပါ) ဒုက္ခပြန်ပြီး သိမ်းပိုက်ချင်လို့ရှိရင်ဖြင့် ဒကာသစ် သိပ်လွဲပြီး (လွဲပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရေးကြီးတဲ့အချက်ကလေးမှာ နာရီသုံးမတ်၊ နာရီဝက်လောက် ပြောဆိုနေတာ ဒကာ ဒကာမတို့ လေရှည်တယ်လို့များ မအောက်မေ့ကြနဲ့နော် (မှန်ပါ)၊ မအောက်မေ့ကြနဲ့တဲ့၊ ဒီဥစ္စာ ဟာ သာမညအရေးကြီးလို့ရှိရင် ဘုန်းကြီးတို့သည် အပင်ပန်းခံ အမောခံပြီး သကာလ ဘယ်မှာပြောနေမလဲ ဒကာ ကြွယ်ရာ၊ ဒါလွယ်သဟေ့ သွားကြစို့၊ ရှေ့သာ မှတ်စရာရှိတယ်၊ ဒီလို ရှေ့ကိုတိုးသွားမှာပေါ့ (မှန်ပါ) မဟုတ်ဘူးတဲ့ ဒီမှာ မသိတဲ့ပုဂ္ဂိုလ်များက ဒီဘဝ စုတေမနေ သေလွန်ရလို့ရှိရင် နောက်ဘဝ လူကောင်း နတ်ကောင်း ဖြစ်ရပါလို၏ ဆိုတော့ ဒီဇာတိကို သိမ်းပိုက်မှာစိုးလို့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာကို သိမ်းပိုက်မှာစိုးလို့လဲ (ဇာတိကို သိမ်းပိုက်မှာစိုးလို့ပါ ဘုရား) ဇာတိက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ကိုင်း ဒကာ ဒကာမတို့ ဘာသိမ်းပိုက်ရာရောက်သတုန်း (ဇာတိကို သိမ်းပိုက်ရာ ရောက်ပါတယ် ဘုရား) ဒါဖြင့် အပြစ် သင့် မသင့် (သင့်ပါတယ် ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီခန္ဓာစွန့်ပစ်ပြီး ဟို ခန္ဓာမရတာဟာ အပြစ်ကင်းတာပဲကွ (မှန်လှ ပါ ဘုရား) သာရိပုတ္တရာရေ ဒီခန္ဓာစွန့်ပြီ ဟိုခန္ဓာမရတာ အပြစ်ကင်းတာပဲကွဆိုတဲ့ဥစ္စာ ဒကာကြွယ်ရေ ထိပ်ကို သံမှိုနဲ့နှက်သလို မှတ်ရတော့မယ် (မှန်ပါ) မမှတ်ရသေးဘူးလား (မှတ်ရမှာပါ ဘုရား)၊ ဟိုနောက်က ဒကာ ဒကာမတွေ အဝေးကြီးက လာကြရတယ်နော်၊ သေသေချာချာ မှတ်သွားကြပါ။

တစ်ချက်တည်းမှားလိုက်တာ

နောက် ခန္ဓာမရတဲ့ လုပ်ကိုင်နည်းကိုတော့ နောက် ပြောပါလိမ့်မယ် (မှန်ပါ) သို့သော် အပြစ်သင့်ပုံကလေး ကြီးကျယ်လွန်းလို့ ဒါကို ရှင်းရှင်းလင်းလင်း အနန္တရ ပစ္စည်းနဲ့ အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် လုပ်လိုက်ပြီး သကာလ ပြလိုက်ခြင်းကြောင့် ပဋ္ဌာန်းနည်းနဲ့ ကြည့်လဲမကောင်း (မှန်ပါ) ကိုယ်တော်မြတ်ကြီး မှာတော်မူပုံကို ကြည့်လိုက်ပြန်တော့ မကောင်းလို့ ပယ်တယ်ဆိုတာလဲ သေချာတယ် (မှန်ပါ)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒီဇာတိသာရမယ်ဆိုတော့ ဒကာသစ်ရေ ဇရာမသိမ်းပိုက်ချင်ပါဘူး ဆိုလို့ကော (မရပါ ဘုရား) မရဘူး၊ ဗျာဓိ မသိမ်းပိုက်ချင်ပါဘူးဆိုလို့ (မရပါ ဘုရား) မရဘူးနော် မရဏကို မသိမ်းပိုက်ချင်ပါဘူးဆိုလို့ (မရပါ ဘုရား) ဪ တစ်ချက်မှားလို့ရှိရင်ဖြင့် လေးချက်တောင်ခံရပါကလား (မှန်ပါ ဘုရား) တစ်ချက်မှားရင် (လေးချက် ခံရပါတယ် ဘုရား) ဇာတိတစ်ချက်မှားလိုက်တာနဲ့ ဇရာ ဗျာဓိ မရဏ ပေါင်းလိုက်တော့ လေးချက်ခံရတယ် (မှန်ပါ ဘုရား) တစ်ချက်တည်းမှားလိုက်တာ ဘယ်နှစ်ချက်ခံရတုန်း (လေးချက်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒါလောက်တောင် ရှေ့သွားခေါင်းဆောင်ကလဲ ပြသနေပါလျက်သားနဲ့ နောက်လိုက်တွေဖြင့် ကျွံနစ်ပြီး သကာလ ဗွက်ထဲမှာ မနေရစ်ပါစေနဲ့ (မှန်ပါ) ဒီခန္ဓာစွန့်ပြီး ဟိုဘက်ခန္ဓာမရတာဟာ အကောင်းဆုံးသော သေခြင်းပဲကွ (မှန်ပါ ဘုရား)၊ ဒီခန္ဓာရပြီး (ဟိုခန္ဓာ မရတာအကောင်းဆုံးသော သေခြင်းပါ ဘုရား)။

စုတိက အနန္တရပစ္စည်း

သေသေချာချာ မှတ်ကြစမ်းပါ၊ ဘုရားကလဲ ဟောတယ်၊ အနန္တရ ပစ္စည်းနဲ့လဲ အခုရှင်းပြလိုက်တယ်၊ စုတိက အနန္တရပစ္စည်း၊ ပဋိသန္ဓေက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် (မှန်ပါ့) စုတိက အကြောင်း ပဋိသန္ဓေကကော (အကျိုးပါ ဘုရား) စုတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ) ပဋိသန္ဓေက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အခြားများရှိသေးသလား (မရှိပါ ဘုရား) ဪ ဒါကြောင့် ဘုရား ဒါလောက်ရက်ရက် စက်စက် ပယ်တာပဲ (မှန်ပါ) ဒီ အပြစ်ဖြင့် မသင့်စေချင် ဘူးကွာ၊ ဒီအပြစ်အသင့်စေချင်ဘူးကွ၊ သာရိပုတ္တရာ-ရ ဆိုတဲ့ဥစ္စာ ဒကာကြွယ်တို့ ဦးလှဘူးတို့ အင်မတန် လေးလေး စားစား မှတ်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် စုတိက ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား) သစ္စာကို ထိုက်သလောက် သိသွားကြပြီ (မှန်ပါ) ပဋိသန္ဓေကကော ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဪ သစ္စာသိသွားတဲ့ပုဂ္ဂိုလ်များကတော့ ဒီသစ္စာသိပြီးရင် ဆုံးပါရစေတော့ လာမှာပေါ့ဗျာ (မှန်ပါ ဘုရား) နောက် ဒုက္ခသစ္စာဖြင့် မရပါရစေနဲ့ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် သစ္စာမသိသေးတဲ့ပုဂ္ဂိုလ်ကတော့ ဒီဘဝ စုတေမနေ သေလွန်ရသည်ရှိသော် လူကောင်း နတ်ကောင်း ဖြစ်ရပါလို၏ဆိုတော့ သူတို့ကသာအကောင်းထင်တာ ဒုက္ခသစ္စာကြီး (မှန်ပါ) ဒုက္ခသစ္စာ လေးချက်လိုက်လာတယ် (မှန်ပါ) အကောင်းလား၊ အဆိုးလား ဒကာ ဒကာမတို့ (အဆိုးပါ ဘုရား) ဝေဖန်နိုင်ပလား (ဝေဖန်နိုင်ပါတယ်)

ဇာတိပိ (ဒုက္ခာပါ ဘုရား) ဇရာပိ (ဒုက္ခာပါ ဘုရား) ဗျာဓိပိ (ဒုက္ခောပါ ဘုရား) မရဏမ္ပိ (ဒုက္ခံပါ ဘုရား)။

ဆုတောင်းကလေး တစ်ချက်မှားလိုက်လို့

ကိုင်း ဒကာ ဒကာမတို့ ဒီဘဝက တစ်ချက်မှားလိုက်လို့၊ ဆုတောင်းကလေး တစ်ချက်မှားလိုက်လို့ ညွှတ်မှု ကလေး တစ်ချက်မှားလိုက်ရင် တစ်ခါတည်းဒုက္ခလေးချက်ကို ခံရတော့မယ် (မှန်ပါ)၊ မခံရပေဘူးလား (ခံရပါတယ် ဘုရား)။

ဒါတွေ ဝေဖန်ပြီး သေသေချာချာသိတော့မှ ဪ တို့ တစ်သံသရာလုံးမှာဖြင့် ဒီဆုတောင်း တဏှာနဲ့ တောင်းတဲ့ဆု နှိပ်စက်နေတာကိုးဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) တဏှာနဲ့ တောင်းတဲ့ဆု (နှိပ်စက်နေ တာပေါ်လာပါတယ် ဘုရား) နှိပ်စက်နေတာ ပေါ်လာတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီအကြောင်းကို ရှင်သာရိပုတ္တရာက မေးလို့ ဘုရားကဖြေပါတယ် (မှန်ပါ)၊ ကောင်းပြီ ဒါဖြင့် ဒကာသစ် သစ္စာကို နားလည်ပြီလား (နားလည်ပါပြီ ဘုရား) သစ္စာနားလည်တော့ ဒကာ ဒကာမတွေ သစ္စာသဘော သိလို့ရှိရင်ဖြင့် ဪ စုတိဒုက္ခပြီး ပဋိသန္ဓေဒုက္ခ လိုချင်ကြသေးသလား (မလိုချင်ပါ ဘုရား) ဪ ဒါဖြင့် ပြတ်သွား ပြီ (မှန်ပါ) ဘာဖြစ်လို့ ပြတ်ပါလိမ့်မလဲလို့ အမေးထုတ်ကြည့်စမ်း (သစ္စာသိလို့ပါ) ကဲ ဒါဖြင့် သစ္စာသိမှ သံသရာ ပြတ်တယ် (မှန်ပါ) သစ္စာမသိရင် (သံသရာမပြတ်ပါ ဘုရား) သံသရာရှည်တယ်ဆိုတာ ကောင်းကောင်းကြီး ပေါ်လာ ကြပလား (ပေါ်လာပါပြီ ဘုရား)။

အဲဒီပေါ်လာတာ ထောက်တော့မှ ဪ ရှေးတုန်းကတော့ သစ္စာမသိရင် သံသရာရှည်တယ်၊ သစ္စာသိမှ သံသရာပြတ်တယ်ဆိုတာဒီလိုလက်တွေ့ မပြတော့ ပြောသံကြားလောက်နဲ့ကတော့ ဒကာကြွယ်တို့က မယုံသေးဘူး (မှန်ပါ)၊ အခုတော့ အနန္တရပစ္စည်း ဆုပ်ကိုင်ပြီး သကာလ ပြလိုက်သဖြင့် စုတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ) အဲဒါက အနန္တရပစ္စည်း (မှန်ပါ) ပစ္စည်းဆိုတာ အကြောင်းတရားပေါ့ (မှန်ပါ) ပဋိသန္ဓေကကော ဘာပါလိမ့် (ပစ္စယုပ္ပန်ပါ ဘုရား) အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ပိုးမျိုရှစ်ဆယ်တို့၏ စားဖတ် ဝါးဖတ်

ဪ ကျုပ်တို့သည်ကားလို့ဆိုရင်ဖြင့် တုတ်တစ်ချက်နဲ့ တုတ်တစ်ချက်ဝေးဖို့ရာတောင်မှ အရိုက်ခံနေရသေး တဲ့ပုဂ္ဂိုလ်က ဆုတောင်းရသေးတာပဲ၊ အခုဒီမှာ အရိုက်ခံနေရတာ မဝေးတာနဲ့ တွေ့နေတော့ ဦးလှဘူး တယ်ပြီးနာချက် ပြင်းတယ် (ပြင်းပါတယ် ဘုရား) မရဏန္တိကဒုက္ခကို မဆံ့မပြဲ ခံပြီးတော့ သေခါနီးမှာ ဝိညာဏ်ချုပ်ရတော့မယ်ဆိုတော့ မနည်းဆင်းရဲတာ (မှန်ပါ)၊ ဒီဆင်းရဲပြီး ကျွတ်ကရောလား အောက်မေ့တယ်၊ ပဋိသန္ဓေ အမိဝမ်းခေါင်းထဲ သွားပြီး သကာလ ကလလ ရေကြည်သွားဖြစ်ရတဲ့ အဖြစ်ကဖြင့် ပိုးမျိုရှစ်ဆယ်တို့၏ စားဖတ် ဝါးဖတ် သွားဖြစ်တယ် (မှန်ပါ)၊ မနာဘူးလား (နာပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် သစ္စာမသိသေးသရွေ့ကာလပတ်လုံးဖြင့် ကိုယ်ကျိုးနည်းရ ချေသေးရဲ့ဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ကြပါ (မှန်လှပါ ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

အင်မတန် အရေးကြီးတဲ့ ဒီဥစ္စာကိုပဲ ပြောလာတာ ဒကာသစ်ရေ (၁၅) မိနစ်ရှိသွားပြီ (မှန်ပါ) ၁၅-မိနစ်ရှိ သွားပြီ အရေးကြီးလွန်းလို့ ပြောနေတာ (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာသိကြပြီလား (မှန်ပါ)၊ စုတိက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) နောက် ပဋိသန္ဓေ ပေါ်လာရင်ကော (ဒုက္ခသစ္စာပါ) ပဋိသန္ဓေဆိုတာ ပေါ်အောင်လုပ်တဲ့ပုဂ္ဂိုလ်မို့ ပေါ်တာပဲ (မှန်ပါ)၊ ဘာသစ္စာ ပေါ်လာသတုန်း (ဒုက္ခသစ္စာ ပေါ်ပါတယ်) ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုန်း (ပေါ်အောင်လုပ်လို့ပါ ဘုရား)၊ ပေါ်အောင်လုပ်လို့။

အဝိဇ္ဇာတဏှာက ပေါ်အောင်လုပ်လို့

ပေါ်အောင်လုပ်တယ်ဆိုတာသည် ဘယ်သူပါလိမ့်မတုန်းဆိုတော့ စုတိဒုက္ခသစ္စာမသိလို့ မသိတဲ့ အဝိဇ္ဇာတဏှာ က ပေါ်အောင်လုပ်လို့ (မှန်ပါ ဘုရား)၊ မသိတဲ့ အဝိဇ္ဇာ တဏှာက (ပေါ်အောင် လုပ်လို့ပါ) ပေါ်အောင်လုပ်လိုက်တယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝေဒနာခံစားကြည့်စမ်းပါ၊ ဗျာဓိခံစားကြည့်လို့ရှိရင်ပဲ တော်ပေါ့ တန်ပေါ့ဆိုတာ နောက်လာပါလိမ့်မယ် (မှန်ပါ) သို့သော် ဝေဒနာခံစားပြီး ဒီတောင်က မတက်လို့ သေရတဲ့အခါကျလို့ ရှိရင် အလုပ်ချိန်က ကင်းသွားတယ် (မှန်ပါ)၊ အလုပ်ချိန်က ရှိသေးသလား (မရှိပါ ဘုရား)၊ မရှိတော့ ဒီကြားမှာလဲ ဒကာ ဒကာမတို့ အမှားကို မပြင်နိုင်တဲ့ အခြေအနေရောက်မှာ စိုးသောကြောင့် ယခုလို လာနိုင်, သွားနိုင်စဉ် အခြေအနေက နားထောင်ပြီး သကာလ ပဋိသန္ဓေ ပြတ်တဲ့အလုပ်ကို လုပ်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ဒကာကြွယ် ဘာလုပ်ရမှာတုန်း (ပဋိသန္ဓေပြတ်ရတဲ့အလုပ်ကို လုပ်ရမှာပါ) ဘယ့်နှယ်ကြောင့် ပဋိသန္ဓေပြတ်စေ ချင်ပါလိမ့်မလဲလို့ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးလှဘူးတို့က မေးရင် ဘယ့်နှယ်ဖြေကြပါမတုန်း (ဒုက္ခပြတ်အောင် လို့ပါ ဘုရား) ဪ ဒုက္ခသစ္စာ ပြတ်စေချင်လွန်းလို့ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ) ဘာပြတ်စေချင်လို့လဲ (ဒုက္ခသစ္စာပြတ်စေချင်လို့ပါ ဘုရား) ဪ သူက ဘယ်ကများ လာလို့ပါလိမ့် (ဒုက္ခသစ္စာက လာပါတယ် ဘုရား)။

ဒုက္ခသစ္စာက လာတာကို ဒုက္ခသစ္စာနဲ့ ပြန်တွေရမယ်ဆိုတော့ ဒီကနေပြီး ရိုက်လွှတ်လိုက်တော့ ဟိုနားကျလာ တဲ့အခါကျတော့ ဓားနဲ့ခုတ်လိုက်တယ်ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) ဒီက ရိုက်လွှတ်လိုက်၊ ဟိုကျ တော့ ဓားနဲ့ခုတ်ဆိုတော့ ရိုက်လွှတ်တာလဲ ဒုက္ခပဲ၊ ဟိုကျတော့ ဓားနဲ့အခုတ်ခံရတာကော (ဒုက္ခပါပဲ) ဘယ်ဟာ ကောင်းတာပါသတုန်း (ဘယ်ဟာမှ ကောင်းတာမပါပါ ဘုရား)။

စုတိက ရိုက်နှက်ပြီးထုတ်လိုက်လို့

ဒီမှာလဲ စုတိက ရိုက်နှက်ပြီး သကာလ ထုတ်လိုက်လို့ ပဋိသန္ဓေဘက်ကူးပြန်တော့လဲ ပဋိသန္ဓေဘက်သို့ ကံက ပစ်ချလိုက်ပြန်တော့လဲ ဓားခုတ်ခံရတဲ့ ဒုက္ခသစ္စာနဲ့ သွားတွေ့သလို တွေ့ပြန်တော့လဲ ဒကာ ဒကာမတိုက သက်သာခွင့်ကြားကို မပါဘူး (မှန်ပါ)၊ ဒကာသစ် ပါသေးသလား (မပါပါဘူး ဘုရား) သက်သာခွင့်ကြား, မပါဘူးဆိုတာ ဒကာ ဒကာမတွေ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ သတိပေးရတယ်၊ မပျော်ပါနဲ့ဦး၊ ဒါကလေးလွတ်အောင် လုပ်လိုက်ပါဦး (မှန်ပါ)၊ စုတိပြီး ပဋိသန္ဓေမလာတာကလေးလုပ်လိုက်စမ်းပါ၊ မပျော်ပါနဲ့ဦး (မှန်ပါ) သားနဲ့လဲ မပျော်လိုက်ပါနဲ့ဦး၊ သမီးနဲ့လဲမပျော်လိုက်ပါနဲ့ဦး၊ ဆွေမျိုးဉာတကာတွေနဲ့လဲ မပျော်လိုက်ပါနဲ့ဦး၊ ကိုယ့်ကိစ္စကလေးက ကျန်နေသေးလို့ပါ (မှန်ပါ ဘုရား)။

ဒကာကြွယ် ဘယ်လို သတိပေးပါလိမ့် (ကိုယ့်ကိစ္စကလေး ကျန်နေသေးလို့ပါ ဘုရား) ဘာကျန်နေပါလိမ့်မတုန်း ဆိုတော့ စုတိပြီး ပဋိသန္ဓေ မလာတဲ့အလုပ်ကလေး မအောင်မြင်သေးလို့ (မှန်ပါ ဘုရား)။

ဘာပါလိမ့်ဗျာ (စုတိပြီး ပဋိသန္ဓေမလာတဲ့ အလုပ်ကလေး မအောင်မြင်သေးလို့ပါ ဘုရား) ဒါကြောင့် မပြုံးနဲ့ ဦးဆိုတော့ အခု တုတ်ရိုက်ခံရပြီး တော်တော်ကြာဓားခုတ်ခံရမည့်ပုဂ္ဂိုလ်က ပြုံးလို့ရှိရင်ဖြင့် အရူးပြုံး အနှမ်းပြုံး ဖြစ်မှာစိုးရိမ်လို့ ကိုယ့်အရေးမကုန်သေးလို့ ဒါလောက် တိုက်တွန်းပါတယ် (မှန်ပါ ဘုရား)၊ ဘာမကုန်သေးလို့ပါလိမ့် (ကိုယ့်အရေးမကုန်သေးလို့ပါ ဘုရား)။

တစ်ချက်မှား၊ လေးချက်နာ

ကိုင်း ဒါလောက် ပြောလို့ရှိရင်ဖြင့် ဒကာသစ်ရေ ကျေနပ်လောက်ပါပြီ (ကျေနပ်ပါပြီ ဘုရား) ကဲ မှားစရာများ ရှိကြသေးသလား (မရှိပါ ဘုရား) မှားစရာမရှိတော့ဘူး၊ တော်ပြီ စုတိက ဒုက္ခပြီးတော့ နောက် လူကောင်း ဖြစ်ရပြန် တယ်ဆိုတာလဲ အကောင်းက အပြောသာ ရှိတာ၊ အစစ်ကတော့ ပဋိသန္ဓေဒုက္ခသစ္စာရပြန်တာပဲ (မှန်ပါ)၊ ဒါကြောင့် တစ်ချက်မှား၊ လေးချက်နာဆိုတော့ ဦးလှဘူးတို့ ဒကာကြွယ်တို့ ကောင်းသေးရဲ့လားဗျာ (မကောင်းပါ ဘုရား) ကိုင်း ဒီအမှားမျိုးကိုဖြင့် ဒကာကြွယ် မကြုံအောင် ကြိုးစားရလိမ့်မယ် (မှန်ပါ)၊ အားလုံး တရားတစ်ပွဲလုံး ဒီအမှားကိုဖြင့် ဘယ်လိုစဉ်းစားရမယ် (မကြုံအောင် ကြိုးစားရပါမယ် ဘုရား) မကြုံအောင် ကြိုးစားရလိမ့်မယ်ဆိုတာ ကျေကျေနပ်နပ် သဘောကျကြပလား (ကျပါပြီ) ကဲ သဘောကျလို့ ရှိရင်ဖြင့် ရှင်သာရိပုတ္တရာက မေးလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဖြေကြားတဲ့ ဥပရိပဏ္ဏသပါဠိတော်၊ ဆန္နသုတ်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်အသေမျိုး အကောင်းဆုံးတုန်းကွလို့ မေးတဲ့အခါကျတော့ ဒီခန္ဓာစွန့်ပစ်ပြီး ဟိုခန္ဓာမရတာ သာရိပုတ္တရာအကောင်းဆုံးကွ (မှန်ပါ)၊ ဒကာကြွယ်ဟန်ရပလား (ဟန်ရပါပြီ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျပြီလား (ကျပါ ပြီ ဘုရား) ဒီခန္ဓာ စွန့်ပစ်ပြီးတော့ကို (ဟိုခန္ဓာမရတာ အကောင်းဆုံးပါ ဘုရား) နောက်ခန္ဓာမရတာ အကောင်းဆုံး (မှန်လှပါ ဘုရား)။

ဓမ္မာနုပဿနာ သတိပဋ္ဌာန် သွားဖြစ်တယ်

အေး ဒါကြောင့် ဘာပဲလှူလှူ၊ ဘာပဲတန်းတန်း ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခတို့မှ မုချစစ်စစ်၊ ဧကန်လွတ်ရခြင်း ဖြစ်ရပါလို၏ ဆိုပြီးတော့ လှူကြ, တန်းကြ, ပေးကြ, ကမ်းကြစမ်းပါ၊ အားထုတ်ကြစမ်းပါ ဆိုတာကို ပဲ ဖြည့်စွက်လိုက်ပြန်တယ် (မှန်ပါ) မလှူနဲ့, မတန်းနဲ့ , မပေးနဲ့, မကမ်းနဲ့လို့ ဟောတာမဟုတ်ပါဘူး၊ လှူလဲလှူကြပါ၊ လှူဒါန်းပေးကမ်းခြင်းကြောင့် ဒီဇာတိဒုက္ခ, ဒီဇရာဒုက္ခ, ဒီဗျာဓိဒုက္ခ, ဒီမရဏဒုက္ခတွေမှ လွတ်ရေး ကျွတ်ရေးကို ရည်မှန်းပြီး သကာလ လှူဒါန်းပါတယ်ဆိုလို့ရှိရင် သစ္စာသိပြီး လှူတဲ့အလှူ (မှန်ပါ) (ဝါ) ဝိပဿနာခြံရံပြီး လှူတဲ့ အလှူ (မှန်လှပါ ဘုရား) ဇာတိဒုက္ခကို သူသိတာကိုးဗျ (မှန်ပါ) ဇာတိဒုက္ခကို သူသိတော့ ဓမ္မာနုပဿနာ သတိပဋ္ဌာန် သွားဖြစ်တယ် (မှန်ပါ ဘုရား)။

အဲဒီ ဓမ္မာနုပဿနာသတိပဋ္ဌာန်နဲ့ လှူလိုက်, တန်းလိုက်, ပေးလိုက်, ကမ်းလိုက်တဲ့အခါကျတော့ဖြင့် သံသရာ ပြတ်သွားတယ် (မှန်ပါ)၊ ပြတ်ချင်လို့ ပြတ်တာလား၊ သစ္စာသိမှုကြောင့်လား (သစ္စာသိမှုကြောင့်ပါ ဘုရား)။

ကိုင်း ဒါလောက်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ နာရီဝက်လဲ နီးသွားတော့ ဒီအရေးဟာကြီးလွန်းလို့ တို့ဆရာ ဘုန်းကြီး၊ ဒါလောက် ဆုံးမနေပါကလားဆိုတာလဲ ဦးလှဘူးတို့ ကျေနပ်လောက်ပါပြီ (ကျေနပ်ပါပြီ ဘုရား) ဒါ ဘယ် အခါမှ မမေ့နဲ့နော် (မှန်လှပါ ဘုရား)။

ဘယ်အခါကာလမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီစခန်းနဲ့ ဒီလမ်းကို မသွားချင်ပါနဲ့ဆိုတာကိုဖြင့် ဘုရား အကြိုက်ဆုံး ဖြစ်နေသောကြောင့် ကိုယ်ကမကြောက်ငြားသော်လဲ ဘုရားကြောက်တဲ့ အလုပ်သာ အမှန်ထားပြီး ကိုယ် ကြောက်လိုက်ပါတော့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဤဆန္နဝတ္ထုအကြောင်းကို မပြောမီ ရှေ့အဖို့ကာလ၌ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ် အမြင်ကလေးကို ပြောစမ်းပါရစေ၊ ဝိပဿနာဉာဏ်အမြင်ဆိုတာ ဘယ်လိုမြင်မှ တပည့်တော်တို့ ဝိပဿနာ ဉာဏ်အမြင် မှန်ပါလိမ့်မလဲလို့ မေးဖို့လိုလာတယ် (လိုပါတယ် ဘုရား)။ မလိုဘူးလား (လိုပါတယ် ဘုရား)။

ဝိပဿနာဉာဏ်အမြင်ဆိုတဲ့ဥစ္စာ

အဲ ဝိပဿနာဉာဏ်အမြင်ဆိုတဲ့ဥစ္စာ ရှင်ဆန္နက ဖြေထားတာလဲ ရှိပါတယ်၊ ဒကာ ဒကာမတို့နော် (မှန်ပါ)၊ ဝိပဿနာဉာဏ် အမြင်ဆိုတဲ့ အရေးဟာ ဒကာ ဒကာမတို့ ကိုယ်လုပ်နေတဲ့ဥစ္စာကို ဘယ်လိုမှ အမြင်မှန်ရတယ်ဆိုတာ ပေါ်ဖို့ပေါ့ဗျာ (မှန်ပါ) ကိုယ်လုပ်နေတာကို (ဘယ်လိုမှ အမြင်မှန်ရတယ်ဆိုတာ ပေါ်ဖို့ပါ ဘုရား) အဲဒီတော့ ဒီအမြင် မှန်ကလေးကို ဒကာကြွယ် ရှေ့ထားပြီး ပြောပါဦးမယ် (မှန်ပါ ဘုရား)။

အမြင်မှန်ကလေးကို ဒကာ ဒကာမတွေ သတိထားစမ်းပါ (မှန်ပါ) တို့ ဝိပဿနာလုပ်နေတာ ဒုက္ခလွတ်ချင်လို့ လုပ်နေတာပဲ၊ ဘယ်အမြင်မှန်ရရင် တို့လွတ်ပြီဆိုတဲ့ ကိုယ့်ဆုံးဖြတ်ချက်ကလေးနဲ့ ကိုယ်နေပြီး ကိုယ်ပြုံးနေရအောင် ဒါကို နားထောင်ရတော့မယ် (မှန်ပါ)၊ မထောင်ရပေဘူးလား (ထောင်ရမှာပါ ဘုရား)။

ဒကာ ဒကာမတို့သန္တာန်မှာ ဥပမာမယ် မြင်စိတ်ကလေး ဖြစ်တယ်နော် (မှန်ပါ)၊ ဒီကနေ မျက်လုံးဖွင့်ကြည့် လိုက်တယ်၊ စိမ်းစိမ်းကလေးတွေ ပါကလားလို့မြင်တယ်နော် (မှန်ပါ)၊ အဲဒီမြင်စိတ်ကလေးကိုလဲ ဒကာ ဒကာမတွေက ရှိ မရှိ အကဲခတ်ကြည့်စမ်းပါ၊ နောက်က မဂ္ဂင်နဲ့ အကဲခတ် ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် မဂ္ဂင်ငါးပါးနဲ့ပဲ ဒကာသစ်က အကဲခတ်တာပေါ့ (မှန်ပါ) ဒုတိယအဆင့် (၁)ကို (၂) နဲ့ အကဲခတ်ရမယ် (မှန်ပါ)၊ (၁)ကို (၂-နဲ့ အကဲ ခတ် ရမှာပါ) (၁)က မြင်စိတ်ကိုးဗျ၊ (၂)က အကဲခတ်တဲ့စိတ် (မှန်ပါ)။ (၁) က (မြင်စိတ်ပါ ဘုရား) (၂)က (အကဲခတ်တဲ့ စိတ်ပါ ဘုရား)။

အကဲခတ်လိုက်တော့ ဒကာ ဒကာမတို့ ဘယ်လို အကဲခတ်မိ ပါလိမ့်မလဲဆိုတာ မေးဖို့ လိုလာတယ် (လိုပါတယ် ဘုရား) မြင်စိတ်ကလေးက မြင်လဲ မြင်တယ် ကိုယ်အကဲခတ်တဲ့ အချိန်မှာလဲ ရှာမတွေ့ဘူး (မှန်ပါ) မြင်သွားတာလဲ ဒီနေရာက (မှန်ပါ)၊ မြင်သွားတာလဲ မျက်လုံးထဲက (မှန်လှပါ) ကြည့်လိုက်တဲ့ အချိန်ကျတော့လဲ ဝမ်းထဲက ဉာဏ်ကနေ ပြီး လှမ်းပြီး သကာလ သူ့ကို ကြည့်လိုက်တဲ့အချိန်ကျတော့လဲ သူရှိသေးရဲ့လား (မရှိပါ ဘုရား)။

ချုပ်တာ ကလေးကို မြင်သွားတယ်

ဪ ဒါဖြင့် “နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ၊” ချုပ်တာ ကလေးကို မြင်သွားတယ် (မှန်ပါ)။ ဘာကလေး မြင်သွားပါလိမ့် (ချုပ်တာကလေးမြင်သွားပါတယ်) ချုပ်တာလေး မြင်သွားတယ် (မှန်လှပါ ဘုရား) ချုပ်တာကလေး မရှိတာကလေး မြင်သွားပါတယ် (မှန်ပါ)။

ဘာလေးမြင်သွားပါလိမ့် (မရှိတာကလေးကို မြင်သွားပါတယ် ဘုရား) ဒါဖြင့် မြင်စိတ်ကို မြင်တာလား၊ မရှိတာကို သိတာလား (မရှိတာကို သိတာပါ)၊ ဟော သေသေချာချာ ဟောနေပြီ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ သေသေချာချာ ဟောနေပြီ (မှန်ပါ)၊ မြင်စိတ်ကလေးကို တပည့်တော် နောက်ကနေကြည့် တော့ သူမြင်နေတာလဲ တပည့်တော်အသိသားပဲ၊ သူပျက်တာလဲ အသိသားပဲဆိုရင် လွဲသလား (လွဲပါတယ်)၊ လွဲတယ် တဲ့ဒီအသိဟာ (မှန်ပါ)၊ ဘယ်လိုသိရမှာတုန်းဆိုတော့ မရှိဘူးလို့သာ သိတာကမှ အမှန်တဲ့ (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်ဟာကမှ အမှန်ပါလိမ့် (မရှိဘူး သိတာအမှန်ပါ ဘုရား) မရှိဘူးသိတာမှ အမှန်ပဲဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) ဒါဖြင့် နာမ်-နာမ်ချင်းရှု၊ ရှေ့ကဟာလဲ နာမ်၊ နောက်ကဟာလဲ ဉာဏ်၊ နာမ်ကို ဉာဏ်နဲ့ရှုရင်ဖြင့် မရှိတာ သိရမှာပဲ (မှန်ပါ ဘုရား)။ နာမ်ကို ဉာဏ်နဲ့ရှုရင် (မရှိတာ သိရမှာပါ)။

အဲဒါ ရှင်ဆန္နက အဖြေရှာတယ်၊ မင်းမြင်တာ ပြောစမ်းလို့ ရှင်သာရိပုတ္တရာက မေးတဲ့အခါကျတော့ “နိရောဓံ ဒိသွာ နိရောဓ့ အဘိညာယ” (မှန်ပါ) နိရောဓံ ချုပ်သွားတာကို၊ ဒိသွာ-မြင်၍ တဲ့။ ချုပ်သွားပြီဆိုတာကို မြင်လိုက် တယ် (မှန်ပါ) “နိရောဓံ အဘိညာယ” နိရောဓံ ချုပ်သွားပြီဆိုတာကို (ဝါ)မရှိဘူးဆိုတာကို၊ အဘိညာယ သိ၍ နောက်က သိပြီ၊ ချုပ်ပျောက်သွားတာကို သိရမယ် (မှန်ပါ)၊ မြင်ရတာတော့ ဟုတ်ပါရဲ့လား (မဟုတ်ပါဘူး ဘုရား) ဘာသိရမလဲ (ချုပ်ပျောက်သွားတာကို သိရပါမယ် ဘုရား)၊ ချုပ်ပျောက်သွားတာကို သိရမယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

(၁) နာမ်ကို (၂)ဉာဏ်နဲ့ရှုပါ

ဒါဖြင့် ချုပ်ပျောက်သွားတာသည် အနိစ္စ (မှန်ပါ ဘုရား) သိတာသည် (မဂ္ဂပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ တိုတိုမှတ်ထားတာပေါ့၊ (၁) နာမ်ကို (၂)ဉာဏ်နဲ့ရှုပါ (မှန်ပါ) (၁) နာမ်ကို (၂-ဉာဏ်နဲ့ရှုပါ) (၁) နာမ်ကို (၂-ဉာဏ် နဲ့ရှုပါ) ဝိပဿနာဖြင့် ဒါချည်းပဲ မှတ်ပါ (မှန်လှပါ)၊ များများလဲမသင်တော့ပါဘူး၊ ဒကာ ဒကာမတို့ နားရှုပ်မှာစိုးလို့၊ ဘယ်လိုရှုကြမယ် (၁-နာမ်ကို ၂-ဉာဏ်နဲ့ ရှုရပါမယ် ဘုရား)။ (၁) နာမ်ကို (၂-ဉာဏ်နဲ့ ရှုရမှာပါ ဘုရား)။

ရှုလိုက်တဲ့အခါကျတော့ ဒကာသစ် ဘာတွေ့မတုန်း (မရှိတာ တွေ့ပါမယ်) အားလုံး ဒကာ ဒကာမတွေ ဘာတွေ့မတုန်း (မရှိတာတွေ့ပါမယ် ဘုရား) မရှိတာပဲတွေ့မယ်ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား) ဪ ဒါဖြင့်မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ (မှန်ပါ ဘုရား) မရှိတာ (အနိစ္စပါ ဘုရား) သိတာ (မဂ္ဂပါ ဘုရား)

ဒီလိုဆိုတော့ဖြင့် ဒကာ ဒကာမတွေ ဝိပဿနာအမြင်ဆိုတာ ဒီလိုအမြင်ပါကလား (မှန်ပါ) ဝိပဿနာအမြင်ဟာ (ဒီလိုအမြင်ပါ ဘုရား) ဒီလိုအမြင်ပဲဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) မရှိတာက (အနိစ္စပါ) သိတာတာ (မဂ္ဂပါ ဘုရား) ချုပ်ပျောက်သွားတာက (အနိစ္စပါ) ချုပ်ပျောက်သွားတာမှန်း သိတာက (မဂ္ဂပါ) ပေါ်ကြပြီလား(ပေါ် ပါပြီ ဘုရား)။

ဒကာသစ်တို့ ခန္ဓာကိုယ် ဉာဏ်လှည့်ပြီး သကာလ ဒီ့ပြင်ဟာတွေ မလှည့်ပါနဲ့ဦးပေါ့ဗျာ၊ ရုပ်ကိုမလှည့်ဘဲနဲ့ စိတ္တာနုပဿနာနဲ့ မြင်စိတ် ကလေးလှည့်၊ ကြားစိတ်ကလေးလှည့်၊ ကြံစည်စိတ်ကလေးလှည့်၊ ဤကဲ့သို့ လှည့်ပြီး သကာလ နေတဲ့အခါကျလို့ရှိရင်ဖြင့် အပျက်က ရှေ့ကျပြီး သကာလ ဒကာ ဒကာမတို့ အမြင်က နောက်ကျမယ် (မှန်ပါ ဘုရား)။

အပျက်က ရှေ့ကျ၊ အမြင်က နောက်ကျ

အဲဒါကြောင့် အပျက်က ရှေ့ကျ၊ အမြင်က နောက်ကျပြီး သကာလ နေတော့မရှိတာပဲ သိမှာပဲ (မှန်ပါ)၊ အပျက်က ရှေ့ကျ၊ အမြင်က (နောက်ကျပါတယ် ဘုရား) အဲဒီတော့ ဘာတွေ့မယ် ထင်ကြသတုန်း (မရှိတာပဲ တွေ့ပါမယ် ဘုရား) ပေါ်ကြပါပြီ (မှန်ပါ)။

ဪ ဒီနေ့ ဝိပဿနာတရားကြီးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေအား အထူးတလည် ရှုပုံရှုနည်းကိုပြော ရသဖြင့် ဘုန်းကြီးများက သိပါစေတော့ ဆန္ဒနဲ့ပြောတော့ သိလည်း သိတဲ့ အသံတွေက ထွက်လာတော့ ဒကာကြွယ် သိပ်ဝမ်းမြောက်ပါတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဥစ္စာ ဒါလောက် ဝမ်းမြောက်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ တစ်သံသရာလုံး ဒီ အသိမျိုး သိပြီးခဲ့ရင် ခင်ဗျားတို့ သာသနာတွင်းသားဖြစ်လို့ အခုအချိန် ရှာမတွေ့တော့ဘူး (မှန်ပါ)၊ ဘယ်ဘုရားရှင် သာသနာမဆို ဒါကလေးသာ တွေ့မယ်ဆိုရင် အဲဒီ ဘုရားရှင် သာသနာတော်မှာ ဇာတ်သိမ်းခဲ့ကြရပြီ (မှန်ပါ) အခု တော့ ဇာတ်မသိမ်းနိုင်ဘဲနဲ့ ကျုပ်တို့မှာ အခုထက်တိုင်တိုင် ခန္ဓာဝန်ထမ်းသမား ခန္ဓာဝန်ကြီး ထမ်းပြီး သကာလ အရှက်တကွဲ အကျိုးနည်းနဲ့ ကျုပ်အသုဘ လိုက်ပို့ပါဦးဆိုတာကြီးကို တောင်းပန်နေရတယ် (မှန်ပါ) မတောင်းပန်ရ ဘူးလား (တောင်းပန်ရပါတယ် ဘုရား)။

ဒကာသစ်က ကိုယ့်အသုဘ လိုက်ပို့ပါလို့ တောင်းပန်နေရတယ်ဆိုတာ မသိသေးဘူး၊ ရှင်းပြဦးမယ်၊ ဘုန်းကြီးက (မှန်ပါ့) ကွာ မသာကလေးလာဖိတ်တယ် ဆိုလို့ရှိရင်ဖြင့် မသွားရင် မတော်ဘူးကွတဲ့၊ ကိုယ့်မှာလဲ ကိစ္စတွေနဲ့တဲ့ (မှန်ပါ)။

လာပြီ ခင်ဗျားတို့ဟာက မသွားရင် ဘာတဲ့တုန်း (မတော်ပါ ဘုရား) ကိုယ့်မှာလဲ ဘာတဲ့ (ကိစ္စတွေနဲ့ပါ) ဪ ကိုယ့်မှာလဲ မသာကိစ္စရှိလို့ ပြောနေတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ မသွားရင် ဘာတဲ့ (မတော်ပါ ဘုရား)၊ ဘယ့်နှယ်ကြောင့်တုန်း (ကိုယ့်မှာလဲ ကိစ္စရှိသေးလို့ပါ ဘုရား) ဘာကိစ္စရှိတုန်း (မသာကိစ္စရှိလို့ပါ ဘုရား) ပေါ်လာပြီဗျ (မှန်ပါ) ပေါ်လာပြီ ပေါ်လာပြီ။

မသွားရင် မတော်ဘူးကွ

ခင်ဗျားတို့က မြို့သုံး သုံးနေတော့ မသွားရင် မတော်ဘူးကွ ကိုယ့်မှာလဲ သားနဲ့မယားနဲ့ ကိစ္စဆိုတာ ရှိချင်ရှိလာ မှာတဲ့ (မှန်ပါ) ရှိချင် ရှိလာမှာကို မဟုတ်ဘူး၊ ရှိမှာသေချာပါတယ် (မှန်ပါ ဘုရား)။

အဲဒီလို သေချာတော့ သူများမသာတွေ လိုက်ပို့ပြီး သကာလ နေကြရတာဟာ ပို့ချင်လို့ ပိုရတာလား၊ ကိုယ့် မသာကိစ္စအတွက် ငဲ့ရတာလား (ကိုယ့်မသာအတွက်ကြောင့် ငဲ့ရတာပါ ဘုရား)၊ ဒကာကြွယ် ပေါ်ပြီ (မှန်ပါ) ပေါ်ပြီ ဟိုက ဖိတ်စာကလေးတွေနဲ့ လာတဲ့အခါကျလို့ရှိရင် ဒီဖိတ်စာတော့ ဟေ့ မသွားရင် မဖြစ်ဘူး (မှန်ပါ့) ဘာတဲ့တုန်း (မသွားမဖြစ်ပါ ဘုရား) ဘယ့်နှယ်ကြောင့် မသွားရင် မဖြစ်ပါလိမ့် (ကိုယ့်မှာလဲ ကိစ္စရှိလို့ပါ) ကိုယ့်ကိစ္စရှိတယ်၊ ကိုယ့် ကိစ္စက ဘာကိစ္စပါလိမ့် (မသာကိစ္စပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ပြောနေကြတာက သူသေ ငါပို့ပေါ့ကွာ၊ ငါသေရင် သူပို့ပေါ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။ သူသေရင်တော့ (ငါပို့ပါ ဘုရား) ငါသေရင်တော့ (သူပို့ပါ ဘုရား)။

ဪ ဒါကြောင့် ဖိတ်စာ လာတိုင်းလာတိုင်း ခင်ဗျားတို့မှာဖြင့် မသွားမဖြစ်တဲ့ကိစ္စတွေ ပေါ်တာ ဘာပါလိမ့် မတုန်းဆိုတော့ ဒကာ ဒကာမတွေ ချုပ်တာကလေး မမြင်တဲ့အတွက်ကြောင့် ခန္ဓာကြီးရတော့ မသွား မဖြစ်ဘူး၊ ကိုယ့်မှာလဲ မသာကိစ္စကြီး ရှိနေသေးတယ်လို့ ပြောလိုက်တာ (မှန်ပါ)။

နာနာပြောနေတယ်လို့ မအောက်မေ့လိုက်ပါနဲ့ (မအောက်မေ့ပါ ဘုရား) နာနာပြောနေတယ်လို့ မအောက် မေ့ပါနဲ့၊ သဘောသွားက ကိုက်ပါတယ် (မှန်ပါ)၊ ဒကာသစ် ငြင်းချင်သေးသလား (မငြင်းချင်ပါ ဘုရား) ဟာ ဘုန်းကြီးက သူတရားပလ္လင်ပေါ်ရောက်တဲ့အခါ တို့ကို နင်းပြောနေတာပဲလို့ ဒီလိုများ ဒကာကြွယ်က မအောက်မေ့လိုက်ပါနဲ့ (မှန်ပါ) ခင်ဗျားတို့ ငဲ့လုံးကိုသာ ထောက်ကြည့်ပါတော့၊ ဘာကြောင့် ဒါလောက်တောင် ငဲ့ရတယ်ဆိုတဲ့ ဥစ္စာ မပေါ် သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဖိတ်စာတစ်ခု ရောက်လာတယ်၊ မသွားရင် မတော်ဘူးတဲ့၊ ဘယ့်နှယ်ကြောင့်မတော် သတုန်း (ကိုယ့်ကိစ္စ ရှိလို့ပါ ဘုရား)။

ကိုယ့်ကိစ္စရှိ မခက်ဘူးလား

ကိုယ့်ကိစ္စရှိ မခက်ဘူးလားလို့ ပါးစပ်ကကို ထွက်တယ် (မှန်ပါ) မထွက်ဘူးလား၊ ထွက်သလား (ထွက်ပါတယ် ဘုရား)၊ ဟာ ဘာကိစ္စတုန်းလို့ ဝေဖန် (မသာကိစ္စပါ) သာခန်းနာခန်းတဲ့ (မှန်ပါ) လာပြီ ခင်ဗျားတို့က (မှန်ပါ) နာခန်းဆိုကတည်းက ကိုယ်ပါနေပြီ (မှန်ပါ) သာခန်းဆိုရင်ကော (ပါနေပါပြီ ဘုရား) ပါနေတော့။

ဒကာ ဒကာမတွေ ဪ ဒါဖြင့် ဘယ့်နှယ်ကြောင့် ဒီစကားတွေ ဒီအသုံးအနှုန်းတွေ သုံးစွဲပြီ သကာလ နေရ ပါလိမ့်မလဲလို့ အမေးထုတ်တော့ သာသနာတွင်းတရားကို အားမထုတ်ခဲ့တဲ့အတွက် ဒီအသုံးနဲ့ပဲ ခင်ဗျားတို့ အချိန် ကုန်နေတယ် (ကုန်နေပါတယ် ဘုရား)။

မန္တလေးတို့လို အမရပူရတို့လို မြို့ကြီးတွေ ကျလာပြီဆိုမှဖြင့် ဖိတ်စာတွေဟာ တစ်ချို့လဲ မတတ်သာလို့ ချောင်ထိုးလိုက်ရတယ် (မှန်ပါ) တစ်ချို့တော့လဲ မမီ-အမီ ကားနဲ့ပြေးလိုက်ရတယ် (မှန်ပါ)၊ မပြေးရဘူးလား ဒကာကြွယ် တို့ (ပြေးရပါတယ် ဘုရား) ဒကာကြွယ် အပြေးသန်လှချည်လား၊ မသန်ရင်မဖြစ်ဘူးဘုရား၊ ကိုယ့်မှာလဲ မသာရှိတယ် (မှန်ပါ ဘုရား) ဘယ်လိုကြောင့်ပါလိမ့် (ကိုယ့်မှာလဲ မသာရှိလို့ပါ ဘုရား) အဲဒီတော့ ကိုယ့်မသာကျတော့ ဘယ့်နှယ် တုန်း၊ သူတို့ အကူအညီ ယူရလိမ့်မယ် (မှန်ပါ့)၊ ဦးလှဘူး ဘာယူရမတုန်း(သူတို့အကူအညီယူရမှပါ ဘုရား) သူတို့ အကူအညီ ယူရလိမ့်မယ်ဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီနေ့တော့ဖြင့် ဒီကိစ္စတွေဟူသရွေ့ မသွားမဖြစ်တဲ့ကိစ္စတွေ ဟူသရွေ့ဟာ သူများအတွက်က ဒါ လောက်အရေးမကြီးဘူး၊ ကိုယ့်အတွက် ပါနေပါကလားဆိုတာကဖြင့် ရှင်းလို့လင်းလို့နေတော့တယ် (မှန်ပါ) ပေါ် ပြီလား (ပေါ်ပါပြီ ဘုရား)။

မျက်နှာကြီးမသာမို့ သွားကြတယ်

ခင်ဗျားတို့က လောကီအလိုကျတော့ မျက်နှာကြီးမသာမို့ သွားကြတယ်လို့ ထင်ချင်ထင်ကြလိမ့်မယ် (မှန်ပါ) မထင်ကြဘူးလား (ထင်ကြပါတယ် ဘုရား) ကားတွေကို စီတန်းနေတာပဲ၊ ကားကို တစ်တန်းကြီးသွားတာပဲ၊ မျက်နှာ ကြီး မသာများတယ်လဲ မျက်နှာကြီးသကိုးဆိုတာက ခင်ဗျားတို့က မျက်နှာကြီးမသာလို့ ထင်ရှာကြတယ်၊ သွားတဲ့ ပုဂ္ဂိုလ်တွေ မေးကြည့်တော့ ကိုယ့်မသာအတွက်ပါကလား (မှန်ပါ)။

ဟာ ဘုန်းကြီးက ပြောင်းပြန် ပြောနေတာကိုးလို့များ ထင်သေးသလား (မထင်ပါ ဘုရား) ပြောင်းပြန်ပြော မဟုတ်ဘူး၊ တည့်ပြောနေတာ (မှန်ပါ)၊ ဒကာကြွယ် ဒီမသာကလဲ ရှေ့သွားနောက်လိုက်လို့ ခင်ဗျားတို့က ယူထားတာ (မှန်ပါ) မယူဘူးလား (ယူပါတယ် ဘုရား) အဲ ရှေ့သွားနောက်လိုက် ဆိုတာလဲမှန်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

ဒါဖြင့် တစ်သံသရာလုံးဟာ ကျုပ်တို့ လူရယ်လို့ဖြစ်၊ နတ်ရယ်လို့ဖြစ်တဲ့အခါ ကျလို့ရှိရင်ဖြင့် တစ်ခါတလေ သူတော်ကောင်း အလုပ်တွေများ မသာပို့တဲ့ အချိန်နဲ့ကုန်နေတယ် (ကုန်နေပါတယ် ဘုရား)။

သူတော်ကောင်း အလုပ်တွေ မလုပ်ဖြစ်တာ ဒကာကြွယ်၊ ဘာတဲ့ (မသာပို့နဲ့ အချိန်ကုန်နေပါတယ် ဘုရား)၊ တခါတလေ ဒကာသစ်ူတို့၊ ဒကာကြွယ်တို့ တရားနာများ မလာနိုင်ဘူး (မှန်ပါ) ဟာ ဘာဖြစ်နေကြပါလိမ့်မတုန်း (မသာပို့နဲ့ အချိန်ကုန်နေပါတယ် ဘုရား) သူများ မသာအတွက် အချိန်ကုန်တာလား၊ ကိုယ့်မသာအတွက်ငဲ့ပြီး အချိန် ကုန်နေတာလား (ကိုယ့်မသာအတွက်ငဲ့ပြီး အချိန်ကုန်တာပါ ဘုရား) အံမာလေး အခုမှ ပေါ်ပေတော့တယ် (မှန်ပါ ဘုရား)

ဒကာကြွယ် ဘုန်းကြီးစကားတတ်လို့ ပြောနေတာ မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) ဘယ်သူ့အတွက် အချိန်ကုန်နေတာတုန်း (ကိုယ့်အတွက် အချိန်ကုန်နေတာပါ ဘုရား)။

ဒါဖြင့် မသာဇာတ်သိမ်း ငြိမ်းတဲ့အလုပ်ဟာဖြင့် ဒကာ ဒကာမတို့ ကိုယ့်မသာ ကိုယ်မလိုချင်ရင် မသာပို့ ငြိမ်းပါတယ် (မှန်ပါ) ပေါ်ပြီ ပေါ်ပြီ ဒကာကြွယ် (ပေါ်ပါပြီ ဘုရား) ကိုယ့်မသာ ကိုယ်မလိုချင်ရင် (မသာပို့ ငြိမ်းပါ တယ် ဘုရား)။

ကိုယ့်မသာကိုယ်မြင်

ဒါဖြင့် ဟောဒီ မြင်စိတ်ကလေးဟာ ဒကာ ဒကာမတို့သန္တာန်မှာ ဝိညာဏက္ခန္ဓာ ခေါ်ပါတယ် (မှန်ပါ)၊ ဝိညာဏက္ခန္ဓာ လို့မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား) အဲဒီ ဝိညာဏက္ခန္ဓာကလေးဟာ ဖြစ်ပြီး မပျက်လားဗျာ (ပျက်ပါတယ် ဘုရား)၊ ဘယ်သူ့မသာတုန်း (ကိုယ့်မသာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်မသာကိုယ်မြင်ပြီး သကာလ ကိုယ့်မသာကိုယ်မုန်းပြီး ကိုယ့်မသာကိုယ် မလိုချင်လို့ရှိရင်ဖြင့် ခုနင်က ကိစ္စတွေ ဇာတ်သိမ်းပါတယ် (မှန်ပါ ဘုရား) ဘယ်သူက မသာ လာဖိတ်စရာကော ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ကိုယ့်မသာမှ မရှိတော့ပဲ (မှန်ပါ ဘုရား)။

ဒကာကြွယ် ဒီစကား သေးသေးသိမ်သိမ်ကလေး ဆရာဘုန်းကြီး ပြောနေတယ်လို့ ဒီလို မမှတ်လိုက်ပါနဲ့ (မှန်ပါ ဘုရား) မသာဇာတ်သိမ်းဆိုတာ နိဗ္ဗာန်ကို ပြောပါတယ် (မှန်ပါ ဘုရား) မသာဇာတ်သိမ်းဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ကို ပြောတာပါ ဘုရား)။

အခုတော့ဖြင့် ဒကာ ဒကာမတွေက မလွှဲသာတာတွေက တယ်များသကိုး (များပါတယ် ဘုရား) ဒကာကြွယ် ဘာတွေသိပ်များသတုန်း (မလွှဲသာတာတွေ များပါတယ် ဘုရား) ဘယ်သူက မလွှဲသာတာတုန်းဗျ၊ သူတို့က လွှဲသွားလို့ ပေါ့လဲ၊ ကိုယ်ကတော့ မလွှဲသာဘူး ပြောနေပြီ (မှန်ပါ) သူတို့က သုသာန်သွားတာဟာ လွှဲသွားတာ ကျုပ်တို့ကို (မှန်ပါ)၊ ခင်ဗျားတို့က ဘာဖြစ်လို့ မလွှဲသာရတာတုန်း (ကိုယ့်ကိစ္စရှိလို့ပါ) ရှင်းသွားပြီ (မှန်ပါ ရှင်းသွားပါပြီ) ခင်ဗျားတို့ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

မသာရှင်ကတော့ လွှဲသာလို့ လွှဲသွားပြီ

မသာရှင်ကတော့ လွှဲသာလို့ လွှဲသွားပြီ (မှန်ပါ) နောက်က ပို့တဲ့လူကဘာတဲ့ (မလွှဲသာလို့ပါ ဘုရား) ဘယ့် နှယ် မလွှဲသာတုန်း (ကိုယ့်မသာ ကိစ္စရှိလို့ပါ) အံမာလေး နေရာကျလိုက်တာ (မှန်ပါ)၊ ဒကာ ဒကာမတို့ ဒီအကြောင်း ကောင်းကောင်း မသိဘူးနော် (မှန်ပါ) ယနေ့တော့ဖြင့် ရှင်းလို့လင်းလို့ ဒကာကြွယ် သိပြီလား (သိပါပြီ)

ကားကလေးများ နဲ့ အမြန်ပြေးလိုက်ရတဲ့အခါကောမပါဘူးလား (ပါပါတယ်)၊ မတော်တာနဲ့ လမ်းက ဖြတ်ပြီးတော့များ ကျုပ်ပါ ပါသေး တယ်လို့ ခေါင်းပေါင်းစ ထောင်ပြလိုက်ရတာများ ပါသေးတယ် (မှန်ပါ၊ ပါပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ပြရ ပါလိမ့်မတုန်းလို့ မေးလို့ရှိရင်ဖြင့် ဒကာသစ် အဓိပ္ပါယ် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ဘယ်လိုများ ပေါ်ပါလိမ့် (ကိုယ့် ကိစ္စရှိလို့ပါ ဘုရား) ကိုယ့်မသာလဲ ဒီလိုပဲပို့ပါစေတော့ (မှန်ပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ မလွှဲသာဆိုတာ ပေါ်ပါပြီ၊ ဟိုလူကလွှဲသွားတာတောင် ကိုယ်က မလွှဲသာတုန်း ရှိသေးတယ် (မှန်ပါ) ဘယ်သူနဲ့ မလွှဲသာတုန်းလို့ မေးတဲ့အခါကျတော့ သူကတော့ နောက်မသာ မပို့တော့ပါဘူး၊ ဒါပေမယ့် သူ့အမျိုးတွေက ကျုပ်ကို မသာပို့ဖို့ ကျန်သေးတယ် (မှန်ပါ့ ဘုရား)

ဟိုလူကတော့ လွှဲသွားတဲ့ ပုဂ္ဂိုလ်က တော့ ခင်ဗျားတို့ကို နောက်ထပ်လာပို့တော့မှာ မဟုတ်ပါဘူး၊ သူ့အမျိုးတွေပို့ဖို့ရာ အရေးကို ခင်ဗျားတို့က ဆွယ် တရားဟောလိုက်တယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အံမယ်လေး ကြောက်စရာကြီးပါလား ဒကာ ဒကာမ တို့ (မှန်လှပါ ဘုရား) ပေါ်ပြီလား ခင်ဗျားတို့ (ပေါ်ပါပြီ ဘုရား)။

ကဲ ဦးလှဘူးတို့ကော ဒီအလုပ်မျိုး ဘယ်လောက်လုပ်ဖူးသတုန်း (အများကြီးလုပ်ခဲ့ရပါတယ် ဘုရား) နေ့တိုင်း လိုလို လုပ်နေရတာပဲ (မှန်ပါ) လွှဲသာတာတော့ လွှဲရမယ်၊ မလွှဲသာတာတော့ ကိုယ်တိုင် သွားပို့လိုက်ရ (ပို့ရပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)

လွှဲသာတာတော့ (လွှဲရပါတယ် ဘုရား) လွှဲသာတာတော့ လွှဲလိုက်တယ်တဲ့၊ မလွှဲ သာတာကျတော့ (ကိုယ်တိုင်ပို့လိုက်ရပါတယ် ဘုရား)၊ ကိုယ်တိုင်သွားပို့လိုက်ရတယ်ဆိုတော့ ကိုယ်တိုင်လဲ အစမ်းသွား ကြည့်လိုက်ရတယ်၊ ဖြည်းဖြည်းလာခဲ့ပါ့မယ်၊ ဒီအဓိပ္ပါယ်လဲ ရောက်သေးတယ် (မှန်ပါ၊ ရောက်ပါတယ် ဘုရား) မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။

သာသနာ အတွင်း တရားမနာခဲ့ဖူးတော့

အဲဒါတွေ ဉာဏ်နဲ့ သေသေချာချာစဉ်းစားပြီး သကာလ ကြည့်မှ ဒကာကြွယ်တို့ လုပ်နေတဲ့အလုပ်ဟာ သာသနာ အတွင်း တရားမနာခဲ့ဖူးတော့ ဒီငဲ့လုံးတွေနဲ့ ဒီမလွှဲသာကိစ္စတွေဟာ တို့မှာ ဘာကြောင့် တွေ့ပါလိမ့်မတုန်း ဆိုတော့ ချုပ်ပျောက်သွားတာက ကိုယ့်အသေ ကိုယ်မမြင် တော့ ကိုယ့်အသေ ကိုယ်မမုန်း၊ ကိုယ့်အသေကို ကိုယ်လိုချင်နေသေးလို့ အသုဘပြန်ပြီးတွေ့နေရတာ (မှန်ပါ့ ဘုရား)။

တရားထဲ သွင်းပါပြီ ဒကာ ဒကာမတို့၊ ကိုယ့်အသေ ကိုယ်လိုချင်နေလို့ဘာတွေပြန်ပြီး တွေ့တွေ့နေရတာတုန်း (အသုဘတွေ ပြန်တွေ့နေရပါတယ်) ဒီဝိပဿနာအလုပ်နဲ့ ကိုယ့်အသေ ကိုယ်မြင်လို့ ကိုယ့်အသေကိုယ် မလိုချင်လို့ ရှိရင် နောက်ခန္ဓာ ဘယ့်နှယ့်တုန်း (ပြတ်သွားမှာပါ ဘုရား) အဲဒီကျတော့ မလွှဲသာတဲ့ ကိစ္စရယ်လို့ လာပါဦးမလား (မလာပါ ဘုရား)။

အခုတော့ ကိုယ့်မသာကိုပဲ ကိုယ်ကနောက်ထပ် လိုချင်နေတော့ မလွှဲသာကိစ္စဟာ ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး (မပြီးပါ ဘုရား) ကဲတရားထဲ ရောက်ကြပလား (ရောက်ပါပြီ ဘုရား) တရားထဲ ရောက်ဖို့ အရေးကြီးပါတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီး ဒါဖြင့် ဒကာ ဒကာမတို့ သာသနာတွင်းတရားဟာ အလွန်အရေးကြီးတယ်ဆိုတာ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား) ဘယ့်နှယ်ကြောင့် ပေါ်လာပါလိမ့်မလဲလို့ မေးတော့မှ ဪ မလွှဲသာလို့ မသာဇာတ်သိမ်းတဲ့ အလုပ်ပါကလား (မှန်ပါ့ ဘုရား)၊ မသာဟူသရွေ့ (ဇာတ်သိမ်းတဲ့အလုပ်ပါ ဘုရား)။

ကိုယ့်အသေကိုယ်မြင်တော့

ကိုယ့်အသေကိုယ်မြင်တော့ ကိုယ့်အသေကိုယ်မမုန်းပေဘူးလား (မုန်းပါတယ်) မုန်းရင် ကိုယ့်အသေကိုယ် လိုချင်သေးရဲ့လား (မလိုချင် ဘုရား) မလိုချင်တဲ့ဉာဏ်ရလို့ရှိရင် နောက်ခန္ဓာပေါ်ပါဦးမလား (မပေါ်ပါ ဘုရား) မပေါ်လာ သည်နဲ့ တစ်ပြိုင်နက်တည်း ဘယ်က မသာဖိတ်စာများ ကိုယ့်ဆီကို လာဦးမလား (မလာပါ ဘုရား) မလွှဲသာ ကိစ္စကြောင့် အမြန်ပြေးဖို့ ဝတ္တရားတွေ မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ တော်တော် အရေးကြီးတဲ့စကားပါကလားဆိုတာ ဝိပဿနာမလုပ်ခဲ့တဲ့ဖြစ်တွေဟာ ငဲ့လုံး စောင်းလုံး တွေနဲ့ မသာရှာတဲ့ အလုပ်ဆိုတဲ့ဥစ္စာ တော်တော်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာ ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဝိပဿနာအမြင်သည် ဒကာ ဒကာမတို့ ဒါလောက်ဆိုရင်သိပါပြီ (မှန်ပါ့) “နိရောဓ ဒိသွာ နိရောဓိ အဘိညာယ” ဆိုတဲ့အတိုင်း ချုပ်တာကလေးကို မရှိဘူး မရှိဘူးလို့သိတာ ဘာအမြင်ပါလိမ့် (ဝိပဿနာအမြင်ပါ) မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား) (၁)နံပါတ်ကို (၂)နံပါတ်နဲ့ ကြည့်လိုက်တဲ့အခါ ကျတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား) ရှိတယ်ဆိုရင်လည်း ခင်ဗျားတို့ စိတ်နှစ်စိတ်ပြိုင်နေမှာပေါ့ (မှန်ပါ့)၊ စိတ်တစ်ခုက ဆေးလိပ်သောက်ချက်တယ်၊ စိတ်တစ်ခုကရေသောက်ချင်တယ်၊ ဒီလိုပြိုင်ပြီး စိတ်နှစ်စိတ်ဖြစ်ကောင်းရဲ့လား (မဖြစ်ကောင်းပါ ဘုရား) သတ္တဝါသန္တာန် မှာ တစ်စိတ်နဲ့သာ အသက်ရှင်ရမှာကိုး (မှန်ပါ့)နှစ်စိတ်ပြိုင်ပြီး ဖြစ်ကောင်းပါရဲ့လား (မဖြစ်ကောင်းပါ ဘုရား)။

(၁)အသေကို (၂)အနေနဲ့ မြင်ရမှာပါကလား

အဲဒါတွေထောက်ပြီး ကြည့်တော့မှ ဪ ဒါဖြင့် (၁)အသေကို (၂)အနေနဲ့ မြင်ရမှာပါကလား (မဖြစ်ကောင်း ပါ ဘုရား)။

အဲဒါတွေ ထောက်ပြီး ကြည့်တော့မှ ဪ ဒါဖြင့် (၁)အသေကို (၂)အနေနဲ့မြင်ရမှာပါကလား (မှန်ပါ့)၊ (၁)အသေကို (၂)အနေနဲ့မြင်ရမှာပါဘုရား၊ (၂)ကတော့ အနေဘက်ကနေကြည့်ပါ (မှန်ပါ့)၊ (၁)အသေကို (၂-အနေနဲ့ မြင်ရမှာပါ) ၂-အနေနဲ့ မြင်ရမယ်ဆိုတဲ့ ဥစ္စာ ဒကာကြွယ်ရေ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား) (၁)အသေကို (၂-အနေနဲ့မြင်ရမှာပါ) ၂ အနေနဲ့ မြင်ရမယ်ဆိုတာရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် အသေကို အရှင်နဲ့ ကြည့်တဲ့ အလုပ်သည် ဝိပဿနာအလုပ် (မှန်ပါ့ ဘုရား) အသေကို အရှင်နဲ့ကြည့်တဲ့အလုပ်သည် (ဝိပဿနာအလုပ်ပါ ဘုရား)။

ဪ ဝိပဿနာဆိုတာ ဘာပါလိမ့်မလဲ အောက်မေ့တယ်၊ ဒီနေ့ ဆရာ ဘုန်းကြီး ရှင်းရှင်းလင်းလင်းပြောလိုက် တော့မှ အသေကို အနေကကြည့်တာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ၊ ဘာပါလိမ့် (အသေကို အနေကြည့် တာပါ ဘုရား) ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

အသေကို အသေက ကြည့်လို့တော့ မဖြစ်ဘူး (မှန်ပါ့) အသေကို အနေကကြည့်ရင်တော့ (ဖြစ်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဒါဖြင့်အသေက အနိစ္စ၊ အနေက မဂ္ဂ(မှန်ပါ ဘုရား)။ အသေက (အနိစ္စပါ ဘုရား)၊ အနေက (မဂ္ဂပါ ဘုရား)၊ အသေက (အနိစ္စပါ ဘုရား) အနေက (မဂ္ဂပါ ဘုရား)။

ဒီစကားတွေက ဒကာကြွယ်က အောက်မေ့လိမ့်မယ်၊ ဘုန်းကြီးက သိပ်ပြီးဆန်းဆန်း သုံးတာကိုးလို့ အောက်မေ့ လိမ့်မယ်၊ မှန်လိုက်တာမှ လွန်လို့ (မှန်ပါ)၊ ဆန်းဆန်းသုံးတာလား၊ တကယ်အဓိပ္ပါယ်ကျရောက်သလား (တကယ်အဓိပ္ပာယ် ရောက်ပါတယ် ဘုရား)။

အဓိပ္ပာယ် အင်မတန် ကျရောက်လို့ ဒီဒကာ ဒကာမ တွေကို အသင်ကြီး သင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဒကာသစ်မှတ်ပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အသေကို အနေနဲ့ကြည့်တာ ဝိပဿနာ

ကောင်းပြီ ဒါဖြင့် အသေကို အနေနဲ့ကြည့်တာ ဝိပဿနာ(မှန်ပါ့) အသေကို (အနေနဲ့ကြည့်တာ ဝိပဿနာပါ) အသေကို (အနေနဲ့ကြည့်တာ ဝိပဿနာပါ ဘုရား) သဘောကျပြီ (ကျပါပြီ ဘုရား) ဘယ်သူ့အသေတုန်းလို့ မေးတဲ့အခါ ကျတော့ ကိုယ့်အသေကို ကိုယ့်အနေနဲ့ ကြည့်တာ (မှန်ပါ့) ကိုယ့်အသေကို (ကိုယ့်အနေနဲ့ ကြည့်တာပါ ဘုရား) မမေ့စေ နဲ့ ခင်ဗျားတို့ အိမ်ကျတော့နော် (မှန်ပါ့ ဘုရား)။

ကိုယ့်အသေကို (ကိုယ့်အနေနဲ့ ကြည့်ရမှာပါ ဘုရား) ကိုယ့်အသေကို ကိုယ့်အနေနဲ့ကြည့်တာ၊ သေသွားတော့လည်း ကြည့်လို့မှ မဖြစ်တော့ဘဲကိုး (မှန်ပါ့) အနေရှိလို့သာ ကြည့်ဖြစ်ပါတယ် ဆိုတဲ့ အဓိပ္ပာယ်က ရှင်းနေပါတယ် (မှန်ပါ့ ဘုရား) မရှင်းသေးဘူးလား(ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘာကို မြင်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ချုပ်ပျောက်သွားတာကို မြင်တာကိုး (မှန်ပါ့) အဲဒီလို မြင်တဲ့အခါကျတော့ ဒီဟာကလေးဟာမြင်စိတ်ကလေးက အသေ၊ ရှိ-မရှိ သိတာက အနေ (မှန်ပါ့ ဘုရား)။

မြင်စိတ်ကလေးက (အသေပါ ဘုရား) ရှိ-မရှိ သိတာက (အနေပါ ဘုရား) ဒါဖြင့် အသေကို အနေက ကြည့်တာ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား) အသေကိုအနေက ကြည့်တာ (ဝိပဿနာပါ ဘုရား) နေရာကျပြီတဲ့ ဒကာကြွယ် ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား) ပေါ်ပြီနော် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတို့ ကိုယ့်မသာကို ကိုယ်အကြည့်ခိုင်းတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာတဲ့တုန်း (ကိုယ့်မသာ ကိုယ်အကြည့်ခိုင်းတာပါ ဘုရား) ကိုယ့်မသာကို ကိုယ်အကြည့်ခိုင်းတာဆိုတာ ဪ အသုဘပါ ကလား၊ ဪ ဒုက္ခသစ္စာပါကလားဆိုတာ မပေါ်ပါနဲ့လို့ ဒကာကြွယ်ရကို မရဘူး (မရပါ ဘုရား) ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

အဲဒါကြောင့် အင်မတန် အဖိုးတန်တော့တယ်ဆိုတာ ယနေ့ အလုပ်စခန်းချည်းပြောနေတာ၊ ဝတ္တုကို မစသေး ပါဘူး ဒကာသစ်ရာ (မှန်ပါ့) ဒါဖြင့် ဘယ်စိတ်ပေါ်လာလာ ပေါ်တဲ့စိတ်က အသေ၊ ကြည့်တဲ့စိတ်က အနေ (မှန်ပါ့ ဘုရား) ပေါ်တဲ့စိတ်က (အသေပါ ဘုရား) ကြည့်တဲ့စိတ်က (အနေပါ ဘုရား)။

အဲ ကြည့်တာက အနေနဲ့သာ ကြည့်နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အသေကို အနေနဲ့ကြည့်တော့ အလုပ် သည် ဝိပဿနာဆိုတာ ဒကာကြွယ် မှတ်ပေတော့ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ထိုင်ကြည့်ကြပါ

ကောင်းပြီ၊ ဒါဖြင့် ထိုင်ကြည့်ကြပါ၊ အိမ်ကျတဲ့အခါကျတော့၊ ဝိပဿနာဆိုတာ ဘယ်လိုထိုင်ရမှာတုန်း၊ အို အသေကို ကိုယ်အနေနဲ့ကြည့်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဒကာကြွယ် ဘယ်လိုမှတ်ပါ့ (အသေကို အနေနဲ့ ကြည့်ရမှာပါ ဘုရား) ကိုယ်က အသေဖြစ်သွားရင် ဘယ်မှာ ကြည့်လို့ ဖြစ်ပါတော့မလဲ။ (မဖြစ်ပါ ဘုရား)၊ ဒါကြောင့် အသေကို အနေနဲ့ကြည့်တာ ဝိပဿနာ (မှန်လှပါ ဘုရား)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ကြည့်လိုက်တဲ့အခါကျတော့ အသေတွေချည်း တွေ့နေတယ် (မှန်ပါ့) အဲဒီမှာ ကြည့်ခြင်းကြောင့် ဒီကနေ ကြည့်လိုက်တယ်၊ အသေကို အနေနဲ့ ကြည့်လိုက်တယ် (မှန်ပါ ဘုရား) ကြည့်လိုက်တဲ့အခါကျတော့ ချုပ်ပျောက် သွားတဲ့ အသေကလေးမမြင်ရဘူးလား (မြင်ရပါတယ် ဘုရား) (မြင်ရပါတယ် ဘုရား) မရှိဘူး – မရှိဘူး ဆိုတာကလေး မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

တွေ့ရတဲ့အခါကျတာ့ “ဧတံ မမ၊ ဧတံ-ဤသေသွားတာသည်၊ မမ ငါ၏ သန္တကံ-ဥစ္စာတည်း” ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) ငါ့ဟာလို့ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) ငါ့ကိုယ်ကော (မဖြစ်ပါ ဘုရား) “ဧသောဟ မသ္မိ၊ ဧသော- ဤတရားသည်၊ အဟံ-ငါသည်၊ အသ္မိ-ဖြစ်၏” လို့ဆိုနိုင်သေးရဲ့လား (မဆိုနိုင်ပါ ဘုရား)၊ “ဧသောမေ အတ္တာ၊ ဧသော- ဤတရားသည်၊ မေ-ငါ၏၊ အတ္တာ-အစိုးရစွာသော ကိုယ့်အတ္တတည်း”လို့ ဆိုနိုင်သေးရဲ့လား (မဆိုနိုင်ပါ ဘုရား)။

ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ပါကလား

ဒါကြောင့် ပါဋ္ဌိလိုပြောတော့ ရှုပ်နေမှာစိုးလို့ မထည့်တာ၊ ဒီတော့ ခင်ဗျားတို့က ဒီအသေဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ပါကလားလို့ သိသွားရင် ပြီးတာပဲ (မှန်ပါ့)၊ ငါ့ကိုယ်ကော (မဟုတ်ပါ ဘုရား) ငါ့ဟာကော (မဟုတ်ပါ ဘုရား) ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား)၊ အဲဒါ တဏှာ မာန ဒိဋ္ဌိ စင်တဲ့အမြင်ပဲ (မှန်ပါ့ ဘုရား) ၊ ဦးလှဘူး ဘာစင်တဲ့ အမြင်ပါလိမ့် (တဏှာ မာန ဒိဋ္ဌိစင်တဲ့ အမြင်ပါ ဘုရား)။

ဒါဖြင့် တဏှာမာနဒိဋ္ဌိက ဒီဘက်ကနေပြီး သကာလ ဒကာ ဒကာမတို့ တဏှာရော၊ မာနရော၊ ဒိဋ္ဌိရော သေတယ် (မှန်ပါ)၊ ကိုယ့်အသေကို ကိုယ့်အနေနဲ့ကြည့်လိုက်တာများ ဘာကျေးဇူးရှိပါလိမ့်မတုန်း ဆိုလို့ရှိရင်ဖြင့် တဏှာ မာန ဒိဋ္ဌိသေပါတယ် (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (တဏှာ မာန ဒိဋ္ဌိသေပါတယ် ဘုရား) တဏှာလည်း ပပဉ္စ၊ မာန လည်း ပပဉ္စ၊ ဒိဋ္ဌိလည်း ပပဉ္စပဲ (မှန်ပါ့)ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တဏှာလည်း ဘာတုန်း (ပပဉ္စပါ)၊ မာနကော (ပပဉ္စပါ)ဒိဋ္ဌိကော (ပပဉ္စပါ) သံသရာတန်းပေးမလို့၊ သံသရာကို ချဲ့မလို့ (မှန်ပါ့)၊ ကြည့်ပါ သံသရာချဲ့လိုက်တော့ တဏှာ ဥပါဒါန် ကံဟိုဘက်မှာ ဇာတိဇရာမရဏ သူချဲ့တာပဲ (မှန် ပါ့)၊ မာနဥပါဒါန် ကံ ဟိုဘက်မှာ ဇာတိဇရာမရဏ မလာပေဘူးလား (လာပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား) ဒီဋ္ဌိဥပါဒါန် ကံ ဟိုဘက်မှာ ဘာလာမတုန်း (ဇာတိ ဇရာ မရဏ လာပါ့မယ်) ဘယ်သူများ ချဲ့လိုက်ပါလိမ့် (တဏှာ မာန ဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် အသေကို အနေနဲ့ကြည့်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် သေသေချာချာသာ မြင်ကြပါစေ၊ ငါ့ကိုယ်ဆိုတဲ့ တဏှာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ငါ့ဟာ ဆိုတာတဲ့မာနကော (မရှိပါ ဘုရား) ငါ့ဥစ္စာဆိုတဲ့ ဒိဋ္ဌိကော (မရှိပါ ဘုရား) မရှိတော့ ဘာသေသွားသတုန်း (တဏှာ, မာန, ဒိဋ္ဌိသေပါတယ်) တဏှာ မာန ဒိဋ္ဌိသေသွားတယ်ဆိုတာ ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့်စုပေါင်းပြီး ပြောလိုက်တော့ ပပဉ္စသေတယ် (မှန်ပါ)။

ပပဉ္စသေပါတယ်

ဘယ်လိုမှတ်ကြမယ် (ပပဉ္စသေပါတယ် ဘုရား) ပပဉ္စဆိုတာ မြန်မာလိုပြန်လိုက်တော့ သံသရာချဲ့တတ်တဲ့ တရားသုံးသေသွားပြီ (မှန်ပါ့) ဟိုဘက်မှာ မသာကောင် ပေါ်သေးသလား (မပေါ်နိုင်ပါ ဘုရား) ဒါဖြင့် ဒီအလုပ်ဟာ မသာဇာတ်သိမ်းတဲ့အလုပ်ပါကလား (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (မသာဇာတ်လမ်းတဲ့ အလုပ်လို့ မှတ်ရမှာပါ ဘုရား) ၊ ဒါဖြင့် ဒကာသစ် သေပျော်ပြီ (သေပျော်ပါပြီ ဘုရား) မသေပျော်ဘူးလား (သေပျော်ပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့မှာ သေစရိတ်ကလေး ထားကြဦးဟေ့ စသည်နဲ့ လာရပြီ (မှန်ပါ့ လာရပါတယ် ဘုရား) ဒကာ ဒကာမတွေ ဘာကလေးပူပန်ကြသတုန်း (သေစရိတ်ကလေးထားဖို့ ပူပန်ကြပါတယ် ဘုရား)။

ဖြစ်မှဖြစ်ရလေ၊ ဒီ့ပြင်ဟာ ဒါလောက် မပူဘူးနော်၊ အခုတော့ဖြင့် ခြိုးခြံစားကြနော်၊ သေတဲ့အခါကျလို့ရှိရင် ဖျာလိပ်နဲ့ ပတ်ပစ်ရရင် မကောင်းဘူး၊ ၅ိ-တန်၊ ၁၀ိ-တန် ခေါင်းနဲ့ဘာနဲ့ သွားရမှ တော်သေးတယ် (မှန်ပါ့)၊ ဘာအတွက် ပါလိမ့် (သေစရိတ်အတွက်ပါ ဘုရား) ဘယ့်နှယ်ကြောင့် ဒီသေစရိတ်ကို ဒကာသစ်တို့ကလည်း ပဓာနထားနေရပါလိမ့် မတုန်းဆိုတော့ သေထည်ကို ဆုတောင်းယူမိလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါ့ ဘုရား) ဘယ်လိုမှတ်ကြမယ် (သေထည် ကို ဆုတောင်းယူမိလို့ မှတ်ရမှာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးက တစ်ခါတစ်ခါ ပြောရတယ်၊ မသိတဲ့ ပုဂ္ဂိုလ်တွေက ဒီမသာလိုများ သေစမ်းချင်တယ် လို့ မသာကြီးချတာတွေများ ဒကာ ဒကာမတွေက လှမ်းပြီး သကာလ အရူးများ ထလိုက်သေးတယ် (ထကြပါတယ် ဘုရား) ပိုက်ဆံတွေကြဲလို့၊ ရွှေထီးတွေ မိုးလို့ ဟုတ်လား၊ ကားတွေက တန်းလို့၊ အလှူအတန်းတွေက မြိုင်လို့ဆိုလို့ ရှိရင်ဖြင့် ဒီလိုများတော့ သေပျော်ပါတယ်တဲ့၊ ထပ်ရူးလိုက်သေးတယ် (မှန်ပါ့)။

ဘာဖြစ်တာပါလိမ့် (ထပ်ရူးတာပါ ဘုရား) ထပ်ပြီး ရူးလိုက်သေးတယ်ဆိုတာ ဒီလမ်းနဲ့ ဒီစခန်းကို ဘာဖြစ်လို့ လိုချင်ရတာတုန်း၊ ဒီမသာစိတ်က ဘာဖြစ်လို့ ပေါ်လာတာတုန်းဆိုရင် ကိုယ့်မသာကိစ္စရှိလို့ သူပေါ်တာကိုး (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ မသာကို အားကျစရာ မလိုဘူး၊ မသာဇာတ်သိမ်းငြိမ်းတဲ့ တရားသာလျှင် အရေး ကြီးတော့တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အခု မရှိတော့ဘူး ဆိုတာ သိဖို့ပါပဲ

ကောင်းပြီး ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်ကလေး ပေါ်လာလာချုပ်တာကလေး မြင်အောင် ကြည့်လိုက် (မှန်ပါ့) ချုပ်တာဆိုတာသည် ဒကာ ဒကာမတို့ ဖျတ်ခနဲ မီးလေးငြိမ်းသွားတာ မြင်တာမဟုတ်ပါဘူး (မှန်ပါ့) ဪ ခုနင်က ဒီနေရာမှာ ရှိတယ်၊ အခု မရှိတော့ဘူး ဆိုတာ သိဖို့ပါပဲ (မှန်ပါ့)။

ခုနင်က ဒီနေရာမှာ (ရှိပါတယ်) အခုကြည့်လိုက်တဲ့ အချိန်မှာ (မရှိပါ ဘုရား) အဲဒါဟာ ချုပ်သွားတာ မြင်တာ ပါပဲ (မှန်ပါ့)၊ ဒကာကြွယ်လို့ရှင်းပလား (ရှင်းပါပြီ ဘုရား) ချုပ်သွားတာ မြင်တယ်ဆိုတာ မီးကလေး ဖျတ်ခနဲငြိမ်းတာ မြင်သလိုလား (မဟုတ်ပါ ဘုရား) မရှိတာကို (သိတာပါ ဘုရား)၊ မရှိတာမြင်ရတာ သိတော့ ခင်ဗျားတို့ ယနေ့တော့ဖြင့် ဗဟုသုတနှစ်လုံးတော့ ပေးလိုက်ရမယ်၊ ပုရေဇာတပစ္စယော(မှန်ပါ့)။

ပုရေဇာတဆိုတာ ပုရေကရှေး၊ ဇာန က-ဖြစ်တာ၊ သူကရှေ့ကနေပြီး သကာလ ဖြစ်နှင့် ချုပ်နှင့်ပါပြီ၊ ခင်ဗျားတို့ မြင်တဲ့စိတ်က နောက်ကပေါ်တာ (မှန်ပါ့) သူက ရှေ့ ဖြစ်နှင့်ပြီးပါပြီ၊ သဘောကျမလား (ကျပါပြီ ဘုရား)၊ မြင်တဲ့စိတ်က နောက်မကျဘူးလား (ကျပါတယ် ဘုရား) အဲသူ့ ပုရေဇာတပစ္စည်း သူက ပုရေဇာတပစ္စယုပ္ပန် (မှန်ပါ့) သဘောကျပ လား (ကျပါပြီ ဘုရား) သူက ဘာပါလိမ့် (ပုရေဇာတပစ္စည်းပါ ဘုရား) ဒါကလေးက ဘာပါလိမ့် (ပုရေဇာတပစ္စယုပ္ပန် ပါ ဘုရား) အာရမ္မဏပုရေဇာတ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒါတွေ သေသေချာချာ ဆရာဘုန်းကြီး ပဋ္ဌာန်းနည်းနဲ့ ဝေဖန်လိုက်တဲ့အခါကျတော့မှ ပုရေဇာတပစ္စည်း ကောင်းကောင်း သဘောကျတော့မှ ပုရေ-ရှေး၌၊ ဇာတော-ဖြစ်သည်တည်း၊ ပုရေဇာတော-ရှေးကဖြစ်ပြီး ချုပ်နှင့်သည် (မှန်ပါ)။

ဒီကကြည့်တဲ့အချိန်မှာ သူရှိသေးရဲ့လား

ကဲ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒီကကြည့်တဲ့အချိန်မှာ သူရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတာသည် ပုရေဇာတပစ္စည်း၊ ရှိတာသည် ပုရေဇာတပစ္စယုပ္ပန် (မှန်ပါ) မရှိတာသည် (ပုရေဇာတပစ္စည်းပါ ဘုရား)ရှိတာသည် (ပုရေဇာတပစ္စယုပ္ပန်ပါ ဘုရား) အဲဒီလိုပြောတော့လည်း ဒါပဋ္ဌာန်းနည်းနဲ့လည်း ကိုက်နေတယ် (မှန်ပါ့) မကိုက်ဘူးလား၊ (ကိုက်ပါတယ် ဘုရား)။

ဒါဖြင့် အဲဒါတွေ လိုက်မနေပါနဲ့တော့ ဒကာ ဒကာမတို့ မရှိတာက အနိစ္စ၊ သိတာက (မဂ္ဂပါ ဘုရား) အသေကို အနေနဲ့ ကြည့်တာက ဝိပဿ်နာ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) အသေကို အနေနဲ့ ကြည့်တာ (ဝိပဿနာပါ ဘုရား)။

မေ့မှာစိုးလို့ ဒကာကြွယ်၊ ဒါလောက်ထပ်ပြောနေရတာ (မှန်လှပါ ဘုရား) ဒါတောင်လမ်းမှာ ခလုတ်မတိုက်ပါ မှ ခင်ဗျားတို့၊ ခလုတ်တိုက်ရင် ခက်သေးထဲက ကျနေတယ် (မှန်ပါ) ခလုတ်တိုက်ရင် ခက်သေးထဲကကျနေတယ် (မှန်ပါ့)ခလုတ်တိုက်ရင် ပါးစပ်က ထွက်ချင်တာ ထွက်တာ၊ ဒါကိုမထွက်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

အေး ဒါကြောင့် ခလုတ်တိုက်လည်း ဒီဟာကလေးကို သတိရပါစေ (မှန်ပါ့) အသေကို အနေနဲ့ ကြည့်တာပဲ၊ အသေကို အနေနဲ့ ကြည့်တာပဲ ဆိုတာကိုတော့ မပျောက်ပါစေနဲ့လို့ ထပ်ပြန်တလဲလဲ သတိပေးလိုက်ပါတယ် (မှန်ပါ ဘုရား)။

ဒီအမြင်မှန်သာရမယ်ဆိုရင်

ဒါကို ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး ဒါလောက်မှာလိမ့်မလဲလို့ ဒကာသစ်တို့က မေးလို့ရှိရင် သံသရာစခန်း သတ်လို့ (မှန်ပါ့) ဒီအမြင်မှန်သာရမယ်ဆိုရင်ဖြင့် ဘာတုန်း (သံသရာစခန်းသတ်ပါတယ် ဘုရား) ဒါဟာ အမြင်မှန်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဘာတဲ့ဗျာ (အမြင်မှန်ပါ ဘုရား)။

အမြင်မှန်ပဲဆိုတာ ကြည့်ပါလား၊ သူက ရှေ့ကျတယ်၊ ရှုတာက (နောက်ကျပါတယ်) ပျက်တာက (ရှေ့ကျပါတယ်) မြင်တာက (နောက်ကျပါတယ် ဘုရား) အဲဒီတော့ ပျက်တာက ပုရေ၊ မြင်တာက ပုစ္ဆာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ပျက်တာက (ပုရေပါ ဘုရား) ပုရေဆိုတာ ရှေ့ကတယ်၊ မြင်တာက (ပုစ္ဆာပါ ဘုရား) ပုစ္ဆာဆိုတာ နောက်ကျတယ် (မှန်ပါ့) ဪ သူက ရှေ့က၊ သူက နောက်ကပါလားဆိုတော့ ကျေနပ်သွားတယ် (မှန်ပါ့ ဘုရား)။

နှစ်စိတ် ပြိုင်မပေါ်ကောင်းတာကို ဒကာ ဒကာမတွေက မှတ်ထားတော့ ဪ မရှိတာက အနိစ္စကို သွား ပြီးတော့ ထောက်ခံချက်ပေးတယ် (မှန်ပါ ဘုရား)၊ မရှိတာ အနိစ္စ (သိတာက မဂ္ဂပါ ဘုရား) မရှိတာ (အနိစ္စပါ ဘုရား)၊ သိတာက (မဂ္ဂပါ ဘုရား)။

ကဲ ဒကာသစ် ဒီနေ့တော့ဖြင့် စုံလို့ပဲ (မှန်ပါ့) ရှုနည်းနားလည်အောင် ဒကာ ဒကာမတို့ ယနေ့ဟာ အကောင်းဆုံး ပြောတဲ့နေ့ပဲ (မှန်ပါ့) ကျေကျေနပ်နပ်နဲ့ ဒီဥစ္စာကို လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ) မလုပ်ချင်ရင်ဖြင့် မသာပေးချင်လို့ ပဲ (မှန်ပါ့) ကြမ်းသလား အဓိပ္ပာယ်က ဟုတ်နေသလား (ဟုတ်ပါတယ် ဘုရား)။

လူကြီးက ဘာဖြစ်ချင်သတုန်း

မကြမ်းပါဘူးနော်၊ အဓိပ္ပာယ်က အင်မတန်ဟုတ်နေတယ် မသာ ပေါ်ချင်သလိုလို၊ ကလေးဖြစ်ချင်သလိုလို (မှန်ပါ့) လူကြီးက ဘာဖြစ်ချင်သတုန်း (ကလေးဖြစ်ချင်ပါတယ် ဘုရား) လူကြီးက ကလေးစကား မပြောစမ်းပါနဲ့ဆို တော့ ခင်ဗျားတို့က အတော်နာတယ် (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။ လူကြီးက ဘာတဲ့ ကလေးစကား မပြောစမ်းပါနဲ့ဘုရား။

အဲဒါ မလုပ်လို့ရှိရင် လူကြီးက ကလေးစကား ပြောရလိမ့်မယ် (မှန်ပါ့) လူကြီးက (ကလေးစကား မပြောစမ်း ပါနဲ့ပါ ဘုရား) မရှက်ဘူးလားဗျာ (ရှက်ပါတယ် ဘုရား) ဟာ ဒီတရားပွဲတွင် ရှက်တာ ခင်ဗျားတို့ဟာက၊ အိမ်ကျတော့ တော်အောင်နေတော့ ခက်တယ် (မှန်ပါ့) ဒီအထဲတွင်သာ မရှက်ပါနဲ့၊ အိမ်ကျအောင်တစ်ရှက်တည်း ရှက်နေလိုက် စမ်းပါဆိုတာကိုလည်း မှာပါတယ် (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီအလုပ် မလုပ်ရန် လူကြီးကဘာဖြစ်ရမတုန်း (ကလေးဖြစ်ရပါမယ်) ကလေးဖြစ်ရမယ်ဆိုတော့ ဒကာကြွယ် တို့က ရမ်းပြောတဲ့စကား ထင်နေမှာစိုးတဲ့အတွက် ဒီအလုပ်မလုပ်လို့ရှိရင် ဟောဒီမှာ စုတိ၊ ဟောဒီမှာ ပဋိသန္ဓေကလေး လာပြီး ဖြစ်မယ် (မှန်ပါ့) မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

လူကြီးစုတိလည်း ပြီးပါရော၊ ကလေးပဋိသန္ဓေဆိုတာလာပြီ (လာပါပြီ ဘုရား) လူကြီး ဘာဖြစ်ရသတုန်း(ကလေး ဖြစ်လာရပါတယ် ဘုရား) ကလေးလာဖြစ်ရတော့ ကလေးသံပဲထွက်တော့မှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အရင်တုန်းကတော့ နှပ်တွေသိမ်းလို့၊ ကျင်ကြီးကို ကျင်ကြီးစွန့်တဲ့နေရာသွားစွန့်၊ ကျင်ငယ်ကိုလည်း ကျင်ငယ် စွန့်တဲ့နေရာ သွားစွန့်တယ်၊ အရှက်ကလေးရှိတယ် (မှန်ပါ့)၊ ကလေးဖြစ်ရတော့ (အရှက်မရှိပါ ဘုရား) ဪ ဒီလူကြီး တွေက အတော်ခက်ပါကလား၊ လူကြီးက ကလေးဖြစ်ရတဲ့ အလုပ်ပြန်လုပ်တာ အတော်နာတယ် (မှန်ပါ့) လူကြီးက ကလေးဖြစ်ရတဲ့ အလုပ်လုပ်တာ (အတော်နာပါတယ် ဘုရား) ဆုတောင်းရင်တော့ ဖြစ်လိမ့်မယ်နော် (ဖြစ်ပါတယ် ဘုရား)။

ကလေးစကား မပြောစမ်းပါနဲ့

လူကြီးကသာ ကလေးဖြစ်သွားရင်တော့ ခင်ဗျားတို့ အခုပြောဆိုတဲ့ စကားနဲ့သာအသုံးချကြည့်ပါ ဦးလှဘူး (မှန်ပါ့) ဟေ့ လူကြီးက လူကြီးပီပီ ပြောစမ်းပါ၊ ကလေးစကား မပြောစမ်းပါနဲ့၊ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

လူကြီး လူကြီးပီပီ ပြောစမ်းပါ၊ ကလေးစကား မသုံးစမ်းပါနဲ့ဆိုရင် တော်တော်နာတယ် (နာပါတယ် ဘုရား)၊ ဒီအလုပ် မလုပ်ရင်တော့ လူကြီးက ကလေးဖြစ်ရတော့မယ် (ဖြစ်ရမှာပါ ဘုရား) ၊ အခု အရှက်အကြောက်ရှိတယ်၊ မသေခင်အရှက်အကြောက် ရှိတယ်၊ သေပြီးလို့ ကလေးဖြစ်တော့ (အရှက်အကြောက် မရှိပါ ဘုရား) ဟာသွားပြီ၊ ဒီလူကျွမ်းပြန်ပြီ (မှန်ပါ့)၊ ကျွမ်းမပြန်သေးဘူးလား (ပြန်ပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ နာအောင်ပြောတာလား၊ ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ်ကိုက်ပါ ဘုရား) ဖြစ်စဉ်ကိုက် ပါ ဒကာသစ်ရ၊ နာအောင်ပြောတာ မဟုတ်ပါဘူး (မဟုတ်ပါဘူး ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမလဲ၊ လူကြီးက ကလေးတော့ဖြင့် မဖြစ်ရပါစေနဲ့ ဆိုပြီး ကြိုးစားပြီး လုပ်ရမယ် (မှန်ပါ့ ဘုရား) လူကြီးက (ကလေးတော့ မဖြစ်ပါရစေနဲ့ဆိုပြီး ကြိုးစားပြီး လုပ်ရမှာပါ ဘုရား) ကြိုးစားလုပ်ရလိမ့်မယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား) လူကြီးက ကလေးမဖြစ်ချင်ရင် ဘာလုပ်ရမယ် (ဝိပဿနာအလုပ် ကို ကြိုးစားရလိမ့်မယ်) (မှန်ပါ့ ဘုရား) ဝိပဿနာအလုပ်ကို မလုပ်လို့ရှိရင် (ကလေးပြန်ဖြစ်ပါလိမ့်မယ် ဘုရား)။

ကလေးဖြစ်ရလို့ရှိရင်ဖြင့် အရင်တုန်းကတော့ ကိုယ်က ချီခဲ့ရတယ်၊ အခုသည်ကားလို့ဆိုရင် ကိုယ့်ကို သူများက ချီရတယ်၊ ပြောင်းပြန်ဖြစ်ပြီး သကာလ တတစ်ပြန် သားတစ်ပြန်ဖြစ်နေရင် သေသေချာချာ ဒုက္ခရောက်မယ် (မှန်ပါ့)၊ ဘဝတစ်ပြန် သားတစ်ပြန်ဆိုလို့ရှိရင် ဦးလှဘူး နားထောင်လို့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ အရင်တုန်းကတော့ဖြင့် ကိုယ့်ကျင်ကြီးကို သူများက ကျုံးတယ်ဆိုလို့ရှိရင်ဖြင့် ကျင်ကြီးကျုံးပြန်လှည့် ရလိမ့်မယ် (မှန်လှပါ ဘုရား) မလှည့်ရပေဘူးလား (လှည့်ရမှပါ ဘုရား)။ အဲဒီတော့ ဒကာကြွယ် ဘယ်အလှည့်ကောင်း သတုန်း (ဘယ်အလှည့်မှ မကောင်းပါ ဘုရား) ဘယ့်အလှည့်မှ မကောင်းဘူး (မကောင်းပါ ဘုရား) အခု မသာပြီး နောက်မသာ ဖြစ်ရတာလည်း (မကောင်းပါ ဘုရား) အခုလူကြီးဖြစ်ပြီး နောက်ကလေးဖြစ်ရတာလဲ (မကောင်းပါ ဘုရား) အခု လူမမာဖြစ်ပြီး နောက်လူမမာဖြစ်ရတာကော (မကောင်းပါ ဘုရား) အခု လူပျိုဖြစ်ပြီး နောက်လူအိုဖြစ်ရတာ ကော (မကောင်းပါ ဘုရား)။

ဘယ်စိတ်ပေါ်ပေါ် ချုပ်တာကို မြင်အောင်ကြည့်ပါ

ဒါဖြင့် အဲဒီသစ္စာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီအချက်အလက်တွေကို အလုံးစုံမဖြစ်ချင်တော့ပါဘူး (မှန်ပါ) ဖြစ်ချင် သေးရဲ့လား (မဖြစ်ချင်ပါ ဘုရား) သစ္စာမသိတဲ့ပုဂ္ဂိုလ်မှာ ဤလေးချက်ကဖြင့် ဒကာသစ် မလာပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်ပေါ်ပေါ် ချုပ်တာကို မြင်အောင်ကြည့်ပါ (မှန်ပါ့ ဘုရား) ဘာစိတ်ပေါ် ပေါ် (ချုပ်တာမြင်အောင် ကြည့်ရမှာပါ ဘုရား)၊ ချုပ်သွားတာက ရှေ့က၊ မြင်တာက (နောက်ပါ ဘုရား) အဲ ရှေ့စိတ်ကို နောက်စိတ်က ကြည့်ရမယ်ဆိုကတည်းက အထည်ကတော့ မြင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) အထည်ကတော့ မြင်စရာမရှိဘူး၊ ဒကာ ဒကာမတို့ မရှိတာပဲ သိမှာပါ (မှန်ပါ့)။

ဘာသိမယ်ထင်သတုန်း (မရှိတာပဲ သိမှာပါ ဘုရား) မရှိတာကိုပဲ သိရတဲ့အသိသည် ရှင်ဆန္ဒမြင်တဲ့အသိ၊ ရှင်ဆန္ဒက ရှင်သာရိပုတ္တရာကို လျှောက်ထားပြတဲ့အသိပဲ (မှန်ပါ့)၊ ရဟန္တာဖြစ်မည့် ရှင်ဆန္ဒ၏အသိ (မှန်ပါ့)။

သူ့ကို ကျယ်ကျယ် ဟောပြီး သကာလ နေတာ ရှင်ဆန္ဒဝတ္ထုကိုတော့ နက်ဖြန်မှ ဟောမှာပါ ဒကာကြွယ်ရ (မှန်ပါ့) သူ့အသိကို သူ ဒီလိုသိလို့ ရဟန္တာဖြစ်သွားတယ်ဆိုတော့ နက်ဖြန်တော့ ရုပ်လုံးပေါ်မှာဘဲ (မှန်ပါ့ ဘုရား) မပေါ်ပေဘူးလား (ပေါ်မှာပါ ဘုရား)။

ဒီနေ့တော့ဖြင့် အလုပ်စခန်းလှည့်ပြပြီး သကာလ ခင်ဗျားတို့ သံဝေဂသဘောနဲ့လည်း ဇာတိစတဲ့ ဒုက္ခတွေ ပြန်ဖြစ်ရမှာကို ထိတ်လန့်ရွံရှာလာအောင် ပြောခဲ့ပြီ (မှန်ပါ့) အလုပ်စခန်း မလုပ်လို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းတာတွေ လည်း အမျိုးမျိုးအဖုံဖုံပြောခဲ့ပြီ (မှန်ပါ့)၊ လူကြီးက ကလေးပြန်ဖြစ်တာ ဇာတိဒုက္ခအကြောင်းကော(ပြောခဲ့ပါပြီ) ဒီဘဝ စုတေပြီ ပဋိသန္ဓေနေရပြန်တာဟာ အကြီးဆုံးသောဒုက္ခကွလို့ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒါတွေ ဒကာသစ်တို့ သေသေချာချာကြည့်တော့မှ ဪ နိဂုံးချုပ်ကြစို့နော် (မှန်ပါ့) ဘာမသိလို့ ဤဖြစ်ထွေ တွေ ဒါလောက် ဖြစ်ရပါလိမ့်မလဲ (သစ္စာမသိလို့ပါ ဘုရား)။

သစ္စာမသိလို့ရှိရင်ဖြင့်

အဲ သစ္စာမသိလို့ရှိရင်ဖြင့် အသေကိုရှာတတ်တာ (၁-နံပါတ်)၊ လူကြီးက ကလေးဖြစ်တာ (၂-နံပါတ်ပါ)၊ ၂-နံပါတ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) မသာပို့မှားတာက (၃-နံပါတ်ပါ)၊ ၃-နံပါတ်တဲ့၊ ဒါတွေ အကုန် လိုက်နေရမယ် (မှန်ပါ ဘုရား)။

ဒါဖြင့် သစ္စာမသိတဲ့ဖြစ်ထွေဟာ အားလုံး ဒကာ ဒကာမတို့ ကျုပ်တို့မှာ အတော်ကိုပဲ အလုပ်ရှုပ်တယ် (မှန်ပါ)၊ မကောင်းတဲ့အလုပ်တွေ အကုန်ပေါ်လာတာပဲ (ပေါ်ပါတယ် ဘုရား) ကလေးဖြစ်တော့ကော ကိုယ့် ကျင်ကြီး၊ ကိုယ့် ကျင်ငယ် ချွဲသလိပ်မှ သိမ်းပစ်နိုင်သေးရဲ့လား (မသိမ်းနိုင်ပါ ဘုရား) အဲဒါလဲ ဒကာ ဒကာမတို့ အသေပြီးတော့ နောက်ထပ် အနေလာလို့ ဖြစ်ရတာ (မှန်ပါ)၊ မဖြစ်ရဘူးလား (ဖြစ်ရပါတယ်)၊ သူက ထိပ်ပုတ်၊ ခေါင်းရိုက်၊ အော်လိုက်၊ ငေါက်လိုက် ခံရတာတွေကော (ဖြစ်ရပါတယ် ဘုရား) ဒါ ဘာတုန်းလို့ မေးတော့ သစ္စာမသိလို့ ဖြစ်ရတဲ့အဖြစ်တွေပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

လူလားမြောက်လို့ မသာတွေ လည်ပို့ပြီး ကိစ္စတွေ မအားတာကော (သစ္စာမသိလို့ ဖြစ်ရတာပါ) သစ္စာ မသိတော့ နောက်ခန္ဓာက ရတယ် (မှန်ပါ)၊ နောက်ခန္ဓာရတော့ နောက်ခန္ဓာအတွက်ကော မငဲ့ရဘူးလား (ငဲ့ရပါတယ်) အဲဒီငဲ့မှုတွေအတွက်နဲ့လဲ အချိန်ကုန်ပြီး သကာလ ဒကာ ဒကာမတို့ ကိုယ့်အရေးကို လုပ်ရချိန် မပါတော့ပါဘူး (မပါပါ ဘုရား) အင်မတန်ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဘယ်အသေက အကောင်းဆုံးတုန်း

ဒါဖြင့် တရားနိဂုံးချုပ်တော့မယ်၊ ဒကာ ဒကာမတို့ အသေမှာ ဘယ်အသေက အကောင်းဆုံးတုန်းမေးရင် ဒီခန္ဓာပစ်ချပြီး နောက်ခန္ဓာ မရတာ အကောင်းဆုံး (မှန်ပါ) နောက်ခန္ဓာမရချင်ရင် အရဟတ္တမဂ်ကို ရအောင် အားထုတ်၊ အရဟတ္တမဂ်ကို ရရင် နောက်ခန္ဓာမရတော့ဘူး၊ အရဟတ္တမဂ်ကို မရသေးရင် (နောက်ခန္ဓာရမှာပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ချုပ်တာကို မြင်အောင်ကြည့်လို့ တကယ်မြင်လာရင် အရဟတ္တမဂ်ရရင်ဖြင့် နောက်ခန္ဓာ မရတော့ပါ ဘူး (မှန်ပါ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု …သာဓု…သာဓု။