13210

မာတိကာသို့

သက္ကာယဒိဋ္ဌိ ခွါရေးတရား

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

(သက္ကာယဒိဋ္ဌိ ခွါရေးတရား)အလုပ်ပေးတရားတော်

(၂၆-၁၁-၆၀)

ဆရာကောင်းနဲ့ပေါင်းကြပါ

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကလျာဏမိတ္တဆိုတဲ့ ဆရာကောင်း နဲ့ဖြင့် ပေါင်းဖြစ်အောင် ပေါင်းကြပါဆိုတဲ့ဥစ္စာ အချိန်တွေ အလကား အကုန်ခံပြီး သကာလ ဖြစ်သွားမှာစိုးလို့ (မှန်ပါ့) ဒကာကြွယ်၊ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ကြောက်စရာ အင်မတန် ကောင်းပါတယ်၊ ဝိပဿနာရှု၊ ဝိပဿနာရှု ဆိုတဲ့ဥစ္စာ ဖြစ်ပျက်သာ ရှုကွာ၊ မင်းသန္တာန် အနိစ္စသာ ရှိတာပဲ၊ ဒုက္ခသာ ရှိတာပဲ၊ အနတ္တသာ ရှိတာပဲ၊ အဲဒါကလေးတွေ မြင်အောင်သာ ရှုဟေ့ ဆိုရုံနဲ့ မပြီးသေးဘူး (မှန်ပါ့) မပြီးသေးပါဘူးတဲ့၊ ရှုပါလျက်သားနဲ့ အခု ရရဲ့လား (မရပါ ဘုရား) အနုရာဓ မရဘူး၊ ဆန္ဒ မရဘူး၊ ယမက မရဘူး (မှန်ပါ့) ဘာတွေကြောင့်တုံး မေးတဲ့အခါ ကျတော့ကို ဒိဋ္ဌိဝိစိကိစ္ဆာ ဆိုတာတွေ အပင်းသဘောနဲ့ ခန္ဓာကိုယ်ထဲမှာ အနုသယသဘောနဲ့ ကိန်းအောင်းနေတဲ့အတွက် လုပ်တော့ လုပ်ပါရဲ့၊ မရဘဲ ဖြစ်နေတယ် (မှန်လှပါ ဘုရား)။

(၁)ကို (၁)နေရာမှာ ထား

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ (၁)ကို (၁)နေရာမှာ ထား၊ (၂)ကို (၂)နေရာမှာထား၊ (၃)ကို (၃)နေရာထားမှသာလျှင် ကျုပ်တို့သည် ဂဏန်းအစီအစဉ်ကိုက်သလို အလုပ်စဉ်မှာလဲ (၁)က သက္ကာယဒိဋ္ဌိ ပြုတ်ရမယ် (မှန်ပါ့)၊

(၂) ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် သိရမယ်(မှန်ပါ့)

(၃)ဒုက္ခသစ္စာရယ်လို့ သိရမယ်၊

(၄) မဂ်ဉာဏ်ဆိုတဲ့ဥစ္စာသည် ဒုက္ခသစ္စာသိမှ ပိုင်းခြားတဲ့ မဂ်ဉာဏ်ပေါ်နိုင်တယ် (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ အရေးကြီးစွာပဲ ပြောပါတယ် (၁)နံပါတ်က သက္ကာယဒိဋ္ဌိခွါရမယ် (မှန်ပါ့) (၂)နံပါတ်က ခန္ဓာ့ပဋိစ္စသမုပ္ပာဒသိရမယ် (၃) နံပါတ်က ဒုက္ခသစ္စာသိရမယ်၊ အဲဒီဒုက္ခသစ္စာကို ခန္ဓာကြီးဟာ ဒုက္ခသစ္စာပါလားလို့ ပိုင်ပိုင်နိုင်နိုင်သိမှ (၄)နံပါတ် မဂ်ဉာဏ် ပေါ်မယ် (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

ဒါဖြင့် (၁)က ဘာလုပ်ရမယ် (သက္ကာယဒိဋ္ဌိ ခွါရပါမယ်) (၂)က ဘာသိရမယ် (ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် သိရမယ်) (၃)ကဘာသိရမယ် (ဒုက္ခသစ္စာသိရပါမယ်) (၄)က ဒုက္ခသစ္စာသိပြီးမှ မဂ်ဉာဏ် ပေါ်နိုင်တယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်အရေးဆိုတာ ဘာပါလိမ့်

ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ တရားနာတယ်ဆိုတာသည် ကိုယ့်အရေးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) တရားနာတာ သူများ အရေးလား၊ ကိုယ့်အရေးလား (ကိုယ့်အရေးပါ ဘုရား)။

ကိုယ့်အရေးဆိုတာ ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ တပည့်တော်တို့ ဒီဘဝကနေ စုတေမနေ သေလွန်လို့ရှိရင်ဖြင့် ဒုက္ခငြိမ်းတဲ့ နိဗ္ဗာန်ရောက်ချင်လို့ပါဘုရား ဆိုပြီး နာကြ အားထုတ်ကြတာပဲ (မှန်ပါ့ ဘုရား)။

အဲဒါ ကိုယ့်အရေးမဟုတ်လားဗျ (ဟုတ်ပါတယ် ဘုရား) ကိုယ့်အရေးကို အလုပ်စဉ် (၁)၊(၂)၊(၃)၊(၄) ကင်းလို့လဲ ကိုယ့်အရေး ပြီးပါ့မလား (မပြီးပါ ဘုရား)။

ဒါကြောင့် ဦးလှဘူးတို့ ဒကာကြွယ်တို့ ပြုတ်ပြီးသားပုဂ္ဂိုလ် ဖြုတ်ဖို့ မလိုပါဘူး(မှန်ပါ့) ဖြစ်ပျက်ရှုရုံပါပဲ (မှန်ပါ့) အခုဆွယ်ပြီး သကာလ ဒကာ ဒကာမတွေ ရှေ့ပိုင်းက အခုသယ်ပြီး ပြောနေတဲ့အဓိပ္ပာယ်က အခုမှ တရားလာနာကြတဲ့အသစ်တွေ တရားအားထုတ်မလို့ ရည်ရွယ်ချက်ရှိတဲ့ပုဂ္ဂိုလ်တွေအတွက် အသစ်ပြောရပါတယ် (မှန်လှပါ ဘုရား)။

ဥပမာ ဒကာသစ်တို့လို ဇွဲနဲ့ ဒကာကြွယ်တို့လို ဦးလှဘူးတို့လို ကျတော့ ဟာမလုပ်နဲ့တော့၊ မလုပ်နဲ့တော့၊ ဒိဋ္ဌိကို ခင်ဗျားတို့သည်ကား သိမှုနဲ့ အထူးဖြုတ်စရာမလိုပါဘူး၊ ကျင့်မှုနဲ့သာဖြုတ်လိုက်ပါလို့ ဟောရုံပါပဲ (မှန်ပါ့) အဲဒီမှာ ချွင်းချက်ရှိတဲ့ ဒကာ ဒကာမတွေအတွက်ဆိုပြီးတော့ ဒိဋ္ဌိအရင်ဖြုတ်ပါဦးလို့ ဟောရတယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင်

ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် ဘာကို နားလည်အောင် အရင်သိရမှာတုံး (ပဋိစ္စသမုပ္ပာဒ်ကို သိရပါ့မယ်) ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်နားလည်ရမယ်၊ စာကို ရွတ်နေရုံ ရွတ်နေတဲ့ ပဋိစ္စသမုပ္ပာဒ် မဟုတ်ပါဘူး (မှန်ပါ့) ဘာသိရမလဲ (ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကို သိရပါမယ်) ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ဆိုတာ လက်ရှိခန္ဓာကြီး ယခုပေါ်နေတဲ့ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် (မှန်ပါ့ ဘုရား)။

အဲဒါ သိတော့မှ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဆိုတဲ့ ဒုက္ခသစ္စာပေါ်လာတယ် (မှန်ပါ့) အဲဒီဒုက္ခသစ္စာလို့ သိတော့မှ တို့သည် ဒုက္ခငြိမ်းချမ်းတဲ့ အလုပ်လုပ်မှပဲဆိုတဲ့ မဂ်ဉာဏ်သည် သိပြီးသားပုဂ္ဂိုလ်မှ ဉာဏ်က ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်ပိုင်းခြားလို့ အောင်မြင်ခြင်းသို့ ရောက်ပါတယ် (မှန်ပါ့)။

ဒါကြောင့် အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ ယနေ့ အစပြန်ပြီး သကာလ ဟောနေတယ် ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘာပြန် ဟောနေတာပါလိမ့် (အစက ပြန်ဟောနေတာပါ ဘုရား) ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဒီပုံစံကို ကြည့်တာပေါ့၊ ၁-နံပါတ် ဘာလုပ်ရမယ် (သက္ကာယဒိဋ္ဌိခွါရပါမယ်) ကဲသက္ကာယဒိဋ္ဌိ ခွါတော့မယ် ဒကာ ဒကာမတို့ (မှန်ပါ့) ဒကာ ဒကာမတို့ သန္တာန်မှာ သက္ကာယဒိဋ္ဌိ ခွါတော့မယ်ဆိုလို့ရှိရင် ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် နားမလည်ရင် မခွါနိုင်ဘူး (မှန်ပါ့ ဘုရား)။

ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကို ပြကြစို့

ကိုင်း ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကို ပြကြစို့ (မှန်ပါ့) မွေးခဲ့တဲ့ပဋိစ္စသမုပ္ပာဒ်ကို မဆိုပါဘူး၊ ယခု တရားပွဲထဲမှာ ပေါ်လာတဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကို အရေးတကြီးလိုပါတယ်လို့ ဦးလှဘူး မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘာကြောင့်တုံးဆိုတော့ အတိတ်ကို ရှုနေလို့ ချုပ်ပြီးသာဖြစ်လို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရနိုင်ပါဘူး (မှန်ပါ့) အနာဂတ် မရောက်သေးတာ ရှုလို့လဲ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရနိုင်ဘူး (မှန်ပါ့) ပစ္စုပ္ပန် ခန္ဓာပဋိစ္စသမုပ္ပာဒ်ကို ရှုမှတ်မှသာလျှင် ဒိဋ္ဌိကွာပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်တယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ယခုဖြစ်ဆဲ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကို အရေးတကြီးပြတော့မယ်ဆိုတာ ဒကာ ဒကာမတွေ လေးလေးစားစားနဲ့ ပုံစံကြည့်ပြီး မှတ်ကြပါ (မှန်ပါ့ ဘုရား) လေးလေးစားစားနဲ့ ပုံစံကြည့်ပြီး မှတ်ကြပါလို့ဆိုတာ အထူးပဲ တိုက်တွန်းနေတယ်ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒကာ ဒကာမတို့သည် ကိုယ့်ကိုယ်ကို ကိုယ့်သန္တာန်မှာပဲ ကိုယ့်မျက်လုံးနဲ့ ကိုယ်၏ မျက်နှာအဆင်းတွေ ဆံပင်နက်ပုံတွေ၊ အသားအရေ၏ ဖြူပုံ ညိုပုံတွေကို ကိုယ့်မျက်လုံးကလေးနဲ့ ကိုယ်ကြည့်တာပေါ့၊ ဒါက မျက်လုံးပေါ့ဗျာ (မှန်ပါ့) ကိုယ့်ခန္ဓာအဆင်း ကိုယ့်မျက်လုံးနဲ့ ကြည့်လိုက်ပါ၊ မျက်လုံးဆိုတော့ ရုပ်မျက်လုံးပေါ့ဗျာ (မှန်ပါ့)။

မြင်စိတ်ကလေးဆိုတာ ပေါ်လာတယ်

အဲဒီရုပ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ရုပ်မျက်လုံး ကြည့်လိုက်လို့ရှိရင်ဖြင့် ရုပ်မျက်လုံး အကြည်ဓာတ်နဲ့ ကိုယ့်ခန္ဓာ ဖြူနီ ကြောင်ကြားဆိုတဲ့ အဆင်းနဲ့ ဒကာသစ် တည့်ပေးလိုက်ပါ (မှန်ပါ့) တည့်ပေးလိုက်တဲ့အခါကျတော့ မြင်စိတ်ကလေးဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာ ကိုယ်ကြည့်လိုက်တော့ ဘာလေး ပေါ်လာသတုံး (မြင်စိတ်ကလေး ပေါ်လာပါတယ်) ကိုယ့်မျက်လုံးနဲ့ ကိုယ့်သန္တာန်ရှိတဲ့ ဖြူနီကြောင်ကြားအဆင်းတွေနဲ့ တည့်လိုက်ဆိုတဲ့အခါကျတော့ ဪ ငါ ဖြူတယ်၊ ငါမဲတယ်ဆိုတဲ့ဥစ္စာကလေးဟာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား) ဒီမြင်စိတ်ကလေး ပေါ်လာတယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာသစ်တို့ စဉ်းစားရမယ်၊ ဒီမြင်စိတ်ကလေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရုပ်နာမ်နှစ်ခု တိုက်ဆိုင်ထားတာနဲ့ နာမ်တစ်ခု ပေါ်တာပဲ (မှန်ပါ့) ဟော မျက်လုံးရုပ်၊ ဟော ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဖြူတယ် မည်းတယ်ဆိုတာ အဆင်းပေါ့ဗျာ (မှန်ပါ့) အဲဒီမျက်လုံးရုပ်နဲ့ အဆင်းရုပ်နဲ့ တိုက်လိုက်တဲ့အခါကျတော့ လူသေမဟုတ်ပဲ လူရှင်ဖြစ်တဲ့အတွက် မြင်စိတ်ကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီနှစ်ခုက အကြောင်းပေါ့ဗျာ (မှန်ပါ့) အလယ်ပေါ်လာတာ ကလေးက (အကျိုးပါ ဘုရား) ဒါဖြင့် ဒီလိုဆိုလိုက် ဖြစ်ကြောင်းက နှစ်ခု၊ ဖြစ်ကျိုးက တစ်ခု (မှန်ပါ့)။

ဖြစ်ကြောင်းက (နှစ်ခုပါ) ဖြစ်ကျိုးက (တစ်ခုပါ ဘုရား) ဒါ သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့၊ မျက်လုံးကလေး မြင်တိုင်း မြင်တိုင်း ဪ ဒါဟာ အကြောင်းနှစ်ခုကြောင့် အကျိုးတစ်ခု မြင်စိတ်ပေါ်လာတာပဲလို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

အကြောင်းနှစ်ခုကြောင့် အကျိုးတစ်ခု

အဲဒီမှာကိုယ့်ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ဆိုတဲ့ဥစ္စာ အကြောင်းနှစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တော့ အကြောင်းနှစ်ခုက ပဋိစ္စသမုပ္ပာဒ်၊ ရှင်းပလား (မှန်ပါ့) အကျိုးတစ်ခုက ပဋိစ္စသမုပ္ပန္န (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ အကြောင်းနဲ့ အကျိုးပါလားလို့ သိကြပလား (သိပါပြီ ဘုရား) အကြောင်း နှစ်ခုနဲ့က အကျိုးတစ်ခု ပေါ်တာပါလားလို့ သိပြီနော် (မှန်ပါ့ ဘုရား)။

ထိုကဲ့သို့ သိတဲ့ပုဂ္ဂိုလ်တွေကျတော့ အင်း ငါလှသားပဲ၊ ငါမြင်တယ်ဆိုတဲ့ဥစ္စာ လာသေးရဲ့လား (မလာပါ ဘုရား) ဪ အကြောင်းနှစ်ခုကြောင့် အကျိုးတစ်ခု ဖြစ်တာပဲ (မှန်ပါ့ ဘုရား)။

နို့မဟုတ်လို့ရှိရင် ဒါကလေးဟာ ငါမြင်သားပဲ၊ ငါဖြူတယ် ငါသိတယ်ဆိုတာ ငါမြင်သားပဲဆိုတော့ ပဋိစ္စသမုပ္ပာဒ်ကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပန္န (ဝါ) အကြောင်းနှစ်ခုကြောင့် မြင်တဲ့အကျိုးတစ်ခုကို ဒကာသစ်တို့က ဉာဏ်ထဲမှာ မရောက်နိုင်တဲ့အတွက် ငါအချောသားပဲ၊ ငါအလှသားပဲ၊ ငါအရုပ်ဆိုလာပြီ ဆိုတဲ့ မြင်စိတ်ကလေးကို ငါစွဲ စွဲနေတယ် (မှန်ပါ့ ဘုရား) ဒီမှာ သက္ကာယဒိဋ္ဌိ ဝင်လာတယ် (ဝင်လာပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခု ဘာပြုတ်သွားပါလိမ့်

ဒါ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်နော် (မှန်ပါ့) ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်သိလို့ အခု ဘာပြုတ်သွားပါလိမ့် (သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား) မြင်တဲ့ စိတ်ကလေးအပေါ်၌ သက္ကာယဒိဋ္ဌိ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် မြင်စိတ်ကလေး ပေါ်လာတာကို သိလိုက်သဖြင့် ရှေးအခါတုန်းက ဒကာကြွယ်တို့၊ ဦးလှဘူးတို့က ငါ့ကိုယ် ငါမြင်တာပေ့ါကွာ ငါအကန်းမှ မဟုတ်ဘဲ (မှန်ပါ့) ဆိုတော့ မြင်စိတ်ကို ငါရယ်လို့ မထင်ဘူးလား (ထင်ပါတယ် ဘုရား)။

အဲဒီတော့ ပရမတ္ထအားဖြင့် ထင်ရှားရှိတဲ့မြင်စိတ်ကလေးကို ငါရယ်လို့ စွဲလိုက်တာကိုး (စွဲပါတယ်) စွဲတဲ့အခါကျတော့ ဒီမျက်လုံးကလေးဟာ အခုမြင်တဲ့အခါ မြင်မယ်၊ မမြင်တဲ့အခါ တိမ်သလာတွေ ဖုံးသွားတဲ့အခါ မမြင်ဘူးဆိုတော့ ငါခက်တာပဲ (မှန်ပါ့ ဘုရား)။

ရှေးတုန်းက ငါမြင်တယ်ထင်နေတော့ ဒါကလေးက တိမ်သလာဖုံးလို့ မျက်စိရောဂါ ကပ်ရောက်လာလို့ ကြည့်တဲ့အခါ ငါတော့ ခက်ပြီ (မှန်ပါ့) ဒကာ ဒကာမတို့ နဂိုက ငါမြင်တာ ထင်ထားတော့ ငါခက်တာ လာတာ (မှန်ပါ့) နဂိုက ငါမြင်တယ် မထင်ရင် ငါခက်တာ လာနိုင်ပါ့လား (မလာနိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဒီနေရာမှာ သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များသည် သောကပရိဒေဝ ဒုက္ခဒေါမနဿ လာတယ်နော် (မှန်ပါ့) မျက်လုံးကလေး အကြောင်းမညီညွတ်တဲ့အခါ ကျတော့ဖြင့် ဒီဘဝ လူဖြစ်ရှုံးပြီ ဆိုလိုက်တယ် (မှန်ပါ့) မရှုံးဘူးလား (ရှုံးပါတယ် ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့် ဒီသောကပရိဒေဝတွေ လာပါလိမ့်မတုံး၊ ငါလူဖြစ်ရှုံးပြီဆိုတာ သောကပေါ့ဗျာ (မှန်ပါ့) စိုးရိမ်တဲ့သဘောတွေ လာတာ မဟုတ်လား (မှန်ပါ့ ဘုရား)။

သောကပရိဒေဝတွေ ဘယ့်နှယ်ကြောင့် လာပါလိမ့်

ဒါဖြင့် သောကပရိဒေဝတွေ ဘယ့်နှယ်ကြောင့် လာပါလိမ့်မတုံးလို့မေးတော့ နဂိုတုန်းက ပဋိစ္စသမုပ္ပာဒ် အကြောင်းနှစ်ခုကြောင့် အကျိုးတစ်ခု ဖြစ်တာကို ငါစွဲထားလို့ ယခုတော့ဖြင့် ငါကိုယ်ကျိုးနည်းပြီတဲ့ (မှန်လှပါ) တယ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ နဂိုက ဘာဖြစ်လို့ အခုသောကပရိဒေဝ လိုက်ပါလိမ့် (ငါစွဲထားလို့ပါ ဘုရား) နဂိုက ငါစွဲထားတယ် (မှန်ပါ့) ဪ ဒါဖြင့် မျက်လုံးနဲက ပတ်သက်ပြီး သကာလ ချုံးပွဲချပြီး သကာလ ကျုပ်တော့ဖြင့် ဒီထမင်းအိုးနဲ့ ဒီသားသမီးတွေနဲက ကျုပ်က ဒုက္ခရောက်ပြီ၊ ဒီမျက်လုံးအတွက်နဲ့ ကျုပ်ဖြင့် ကိုယ်ကျိုးနည်းတော့တာပဲဆိုပြီး ရူးကာ နောက်ကာနဲ့ သောကပရိဒေဝ လောဘတွေဟာ ဒကာကြွယ် စဉ်းစားပါလား (မှန်ပါ့) နဂိုက မျက်လုံးကို ဘာစွဲထားသလဲ (ငါစွဲထားပါတယ် ဘုရား)။

ငါစွဲထားတော့ ဒီမျက်လုံးကလေးက ငါထင်နေတော့ ဒီမျက်လုံးကို တိမ်သလာဖုံး ရောဂါဥပါဒ် အန္တရာယ်တွေကရ၊ ဆေးဆရာတွေက လက်လျှော့လာ၊ ဒီလိုဖြစ်သွားတော့ ခုနင်က ငါထင်နေတဲ့ပုဂ္ဂိုလ်မှာ ဒကာ ဒကာမတို့ပဲ စဉ်းစားပါတော့၊ ကျုပ် ကိုယ်ကျိုးနည်းပြီတဲ့ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ပြောကြပါသလဲ၊ ကျုပ်တော့ဖြင့် ကိုယ်ကျိုးနည်းပြီလို့ ပြောကြပါတယ်၊ ကျုပ်တော့ ကိုယ်ကျိုးနည်းပြီဆိုတော့ ဘယ့်နှယ်ကြောင့် ကိုယ်ကျိုးနည်းတာတုံး၊ ပြောစမ်းပါဦး၊ မေးတဲ့အခါကျတော့ ကျုပ်ဆိုတာနဲက ငါဆိုတာ မထူးဘူးပေါ့ဗျာ (မှန်ပါ့) ကျုပ်ကိုယ်ကျိုးနည်းပြီဆိုတဲ့ စိုးရိမ်လုံးတွေ မလာဘူးလား (လာပါတယ် ဘုရား)။

စိုးရိမ်လုံး လာတယ်ဆိုရင်ဖြင့်

စိုးရိမ်လုံး လာတယ်ဆိုရင်ဖြင့် သောကပရိဒေဝတွေ မျက်ရည်တွေ ကျလာမယ် ဆိုတာလဲ ဧကန်ပေါ့ဗျာ (မှန်ပါ့) ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းဆိုတဲ့ ကာယိကဒုက္ခ စေတသိကဒုက္ခတွေကော (လာပါတယ် ဘုရား) ဥပါယာသဆိုတဲ့ ပြင်းစွာစိတ်ထဲ ချုံးပွဲချလာတာတွေကော (လာပါတယ် ဘုရား)။

ဒကာသစ်ရော ဒီဟာတွေ ဘယ့်နှယ်ကြောင့် လာပါလိမ့်မတုံးလို့ မေးတော့မှ ဘယ်လိုဖြေကြမတုံး (ငါစွဲထားလို့ပါ) ဪ နဂိုတုံးက ပဋိစ္စသမုပ္ပာဒ်တရားကြောင့် ဖြစ်တဲ့ ပဋိစ္စသမုပ္ပန္နတရားကိုယ်အကြောင်း နှစ်ခုကြောင့်ဖြစ်တဲ့ အကျိုးတစ်ခုတရားကို ငါရယ်လို့ သက္ကာယဒိဋ္ဌိတည်းဟူသော ငါက ဝင်ပြီးစွဲထားတယ်၊ မြင်စိတ်ကို ငါရယ်လို့ ဝင်ပြီးစွဲလိုက်တဲ့ ဒိဋ္ဌုပါဒါန်က စွဲလိုက်တဲ့အတွက် ဖျတ်ဆို ဒီမျက်လုံးကလေးက ပျောက်ပျက်သွားတယ်၊ ရောဂါရသွားတယ်၊ တိမ်သလာ ဖုံးသွားတယ်ဆိုသဖြင့် ငါခက်တော့တာပဲဆိုတာ လာရတယ်(မှန်ပါ့) မလာရပေဘူးလား (လာရပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် လာရပါသလဲဗျာ (ငါစွဲထားလို့ပါ ဘုရား)။

နဂိုက ပဋိစ္စသမုပ္ပန္နတရားကို နားမလည်တဲ့ အကြောင်းနှစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တာကို နားမလည်တော့ ဒါ ငါစွဲထားလိုက်တယ် (မှန်ပါ့) ငါတော့ဖြင့် ပိုးကြည့်နေတာလဲ ဒီမျက်လုံးချည်းပဲ၊ ချည်ကြည့်နေတာလဲ ငါပဲ၊ ချည်ကြည့်နိုင်တာလဲ ဒီအိမ်မှာ ငါပဲရှိတယ်၊ ပိုးကြည့်နိုင်တာလဲ ငါပဲ၊ ကောင်းတယ် မကောင်းဘူး အကန့်တွေ ဘာတွေ ပါတယ် မပါဘူး၊ ပိုးပြတ်တွေ ပါတယ် မပါဘူး၊ ချည်ပြတ်တွေ ပါတယ် မပါဘူး ဆိုတာလဲ ငါပဲ ကြည့်တယ်၊ အခုတော့ဖြင့် ငါတော့ ကိုယ်ကျိုး နည်းပြီ (မှန်ပါ့) မျက်လုံး အကြောင်းမညီညွတ်ဘူး (မှန်ပါ့) မျက်လုံး အားနည်းပြီဆိုကတည်းက သောက မလာဘူးလား (လာပါတယ် ဘုရား) ပရိဒေဝကော (လာပါတယ် ဘုရား) ဒုက္ခကော (လာပါတယ်) ဒေါမနဿကော (လာပါတယ်) ဥပါယာသ ပြင်းစွာ ပင်ပန်းမှုကြီးကော (လာပါတယ် ဘုရား)။

ငါမဟုတ်တာကို ငါလုပ်ထားတာ

ဘယ့်နှယ်ကြောင့် လာပါလိမ့်မတုံးလို့ လက်သည်ရှာ ဒကာသစ်ရေ (ငါစွဲထားလို့ပါ) ဪ နဂိုက ငါမဟုတ်တာကို ငါလုပ်ထားတာကိုး (မှန်ပါ့ ဘုရား)။

စဉ်းစားကြည့်ပါ၊ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇဘိ စက္ခုဝိညာဏံ” စက္ခုဝိညာဏံဆိုတဲ့ မြင်စိတ် ပေါ်တာပါ (မှန်ပါ့) အဲဒီ မြင်စိတ်ကလေးကို သူက နဂိုက ဘယ့်နှယ်စွဲထားသတုံး (ငါစွဲထားပါတယ်) ငါမြင်တယ်၊ ဒါငါပဲ (မှန်ပါ့) အခုတော့ဖြင့် ဒီမျက်လုံးက နေရာမကျတော့တဲ့အတွက် ငါကိုယ်ကျိုးနည်းပါပေါ့လား (မှန်ပါ့)၊ ဒီကိုယ်ကျိုးနည်းပါပေါ့လားဆိုတဲ့ သောကပရိဒေဝဒုက္ခ ဒေါမနဿတွေဟာ စဉ်းစားသာ ကြည့်ပါတော့ ဒကာ ဒကာမတို့၊ သက္ကာယဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်မှ ဖြစ်ရပါတယ် (မှန်ပါ့) နဂိုက အစွဲလွဲတဲ့ပုဂ္ဂိုလ်မှ (ဖြစ်ရပါတယ် ဘုရား) မြင်စိတ်ကို ငါထင်တဲ့ပုဂ္ဂိုလ်မှ (ဖြစ်ရပါတယ် ဘုရား) အဲဒါကြောင့် ပဋိစ္စသမုပ္ပာဒ် မသိရင် သက္ကာယဒိဋ္ဌိ မပြုတ်ပါဘူး (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် အကြောင်းနဲက အကျိုးမသိရင် ဒကာသစ် ဘာတဲ့ (သက္ကာယဒိဋ္ဌိ မပြုတ်ပါ ဘုရား) သက္ကာယဒိဋ္ဌိ မပြုတ်လို့ရှိရင်ဖြင့် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေ လာရမလား (လာရပါမယ်) အဲဒီတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေ လာပြီဆိုမှဖြင့် အဝိဇ္ဇာကကော မပါဘူးလား (ပါပါတယ် ဘုရား)။

ဒါဖြင့် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဆိုတာ မသိသောပုဂ္ဂိုလ်တို့ ဖြစ်တာဖြစ်လေသောကြောင့် အဝိဇ္ဇာက လာတယ် (မှန်ပါ့) အဝိဇ္ဇာလာတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ) သင်္ခါရပစ္စယာ (ဝိညာဏံပါ) ဟော – သံသရာတစ်ပတ်ပတ်သွားပြီ (မှန်ပါ့) နောက် ပဋိသန္ဓေ နေတဲ့ဆီ ရောက်သွားပြီ (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိ မပြုတ်လို့ပါ

ဪ ဒကာ ဒကာမတို့ ဒီလက်သည် အကြောင်းအရင်းရှာလိုက်တာ ယခုဘဝမှာလဲ သောကပရိဒေဝနဲ့၊ သေတော့တဲ့ ပဋိသန္ဓေဒုက္ခနဲ့ လာရပြန်တယ် (မှန်ပါ့) သေပြီးသည့်အခြားမဲ့၌ ပဋိသန္ဓေဒုက္ခ လာရတယ်၊ ဪ ဘယ့်နှယ်ကြောင့် လာပါလိမ့်မလဲလို့ တွေးတဲ့ အခါကျတော့ လက်သည် အရင်းကျကျရှာတော့ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် နားမလည်၊ ဒိဋ္ဌိကပ်ပြီး သကာလ နေသောကြောင့် သောကပရိဒေဝ ဒုက္ခ ဒေါမနဿ လာရတယ် (မှန်ပါ့) အဲဒါလာသောကြောင့် အဝိဇ္ဇာတွေ ပေါ်ပြီး သင်္ခါရတွေ ပေါ်လာပြန်တာ (မှန်ပါ့) ဆိုတော့ သံသရာပတ်မသွားဘူးလား (ပတ်သွားပါတယ်) ဘာမပြုတ်လို့ပါလိမ့် (သက္ကာယဒိဋ္ဌိ မပြုတ်လို့ပါ ဘုရား)။

ဒါကြောင့် ဒီတရားနာတဲ့ ဒကာ ဒကာမတွေ ဪ တို့ ဆရာဘုန်းကြီး ပစ္စုပ္ပန်ပဋိစ္စသမုပ္ပာဒ် အရင်းကျကျ သက္ကာယဒိဋ္ဌိဖြုတ်ပေး နေပါကလားဆိုပြီး ဒကာ ဒကာမတို့ လေးစားစွာနဲက နာကြ (မှန်ပါ့ ဘုရား)။

ဒကာကြွယ်တို့၊ ဦးလှဘူးတို့ အာလုံး ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် နားမလည်ရင် သက္ကာယကို မပြုတ်ဘူး (မပြုတ်ပါ ဘုရား) ပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)။

အေး ဒါကြောင့် နားကထောင်ပြီး ဉာဏ်ကြီးကြီးနဲ့ စဉ်းစားမှသာလျှင် ဪ သက္ကာယဒိဋ္ဌိမဖြုတ်ဘဲနဲ့ ဖြစ်ပျက်ရှုလို့ရှိရင် သက္ကာယဒိဋ္ဌိတန်းလန်းနဲ့ပဲ နေမှာပဲ (မှန်ပါ့) သက္ကာယဒိဋ္ဌိတန်းလန်းနဲ့ နေလို့ရှိရင်ဖြင့် ဒီဟာကလေးတစ်ခု ပျက်စီးသွားရင် သောကပရိဒေဝ ဒုက္ခ ဒေါမနဿ လာမလား၊ မလာဘူးလား (လာပါမယ် ဘုရား) လာရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာတွေကကော (လာမှာပါ ဘုရား)။

သက္ကာယဒိဋ္ဌိတန်းလန်းနဲ့မို့

ဪ သံသရာပြတ်တဲ့ “အနိစ္စ ဒုက္ခ အနတ္တ ဝိပဿနာရှုပါလျက်သားနဲ့ ဘယ့်နှယ်ကြောင့် သံသရာကြီး ပြန်ဆက်ပါလိမ့်လဲ” လို့ အမေးထုတ်ခဲ့သော ဒကာ ဒကာမတွေ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား) ဘာကြောင့်ပါလိမ့် (သက္ကာယဒိဋ္ဌိတန်းလန်းနဲ့ မို့ပါ ဘုရား)။

ဒါကြောင့် သက္ကာယဒိဋ္ဌိမပြုတ်တဲ့ ဝိပဿနာအလုပ်ဟူသရွေ့ ဒကာကြွယ်ရေ ပင်ပန်းသလောက် ခရီးမရောက်ဘူးနော် (မှန်ပါ့) ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ပင်ပန်းသလောက် ခရီးမရောက်ပါ ဘုရား)။

ဒါကြောင့် ဒီ ဒကာ ဒကာမတွေ ပင်ပန်းခံပြီး သကာလ လာကြတော့ ဆရာဘုန်းကြီးကလဲ တစ်သံသရာလုံး ဒုက္ခကို ဖြစ်စေတဲ့သက္ကာယဒိဋ္ဌိ တစ်သံသရာလုံးကို ပေးနေသမျှ သောကပရိဒေဝ ဒုက္ခ ဒေါမနဿတွေ ပေးတာ (မှန်ပါ့) ကြည့်စမ်းပါလား၊ ငါမြင်တယ်၊ ငါပိုးထည်မြင်တယ်၊ ချည်ထည်မြင်တယ်၊ ယခုတော့ဖြင့် ငါခက်ပြီ၊ ဟော သောကလာပြီ (မှန်ပါ့) မြင်တာကလေးတွေက နဂိုက ငါလုပ်ထားတာကိုး (မှန်ပါ့) ငါလုပ်ထားတော့ မြင်တာကလေးက ပျက်စီးသွားတဲ့အခါ၊ တိမ်သလာဖုံးသွားတဲ့အခါကျတော့ ငါ့အိမ်မှာဖြင့် ငါဖြင့် မပြောဘဲ မပြောချင်ဘူး၊ ငါဖြင့် ကိုယ်ကျိုးနည်းပြီ ဟော ဒကာသစ်လာပြီ (မှန်ပါ့) မလာသေးဘူးလား (လာပါပြီ) ဘယ့်နှယ်ကြောင့် ဒီသောကပရိဒေဝ ဒုက္ခ ဒေါမနဿတွေနဲ့ အိပ်မပျော် စားမဝင်ဖြစ်ပြီး သကာလ ရူးနောက်နောက် ဖြစ်ရပါလိမ့်မလဲလို့ ဒကာကြွယ် စဉ်းစားစမ်း (သက္ကာယဒိဋ္ဌိ မပြုတ်လို့ပါ ဘုရား)။

သက္ကာယဒိဋ္ဌိစွဲထားတယ်၊ နဂိုက မြင်စိတ်ကလေး ငါထင်ထားတယ် (မှန်ပါ့) ဘာထင်ထားပါလိမ့် (မြင်စိတ်ကလေး ငါထင်ထားပါတယ် ဘုရား) မြင်စိတ်ကလေး ငါထင်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲ

အဲဒီတော့ ဒီငါကလေးသာ ပြုတ်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် နဂိုကလဲ ဖြစ်ပျက်၊ နောက်လာမှာတွေလဲ (ဖြစ်ပျက်ပါ ဘုရား) နောက်လာမှာလဲ (ဖြစ်ပျက်ပါပဲ ဘုရား) ဒီလိုဆိုတော့ ဪ သူ့သဘောနဲ့သူ ဖြစ်ပြီး သူ့သဘောနဲ့သူ အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲကိုး သိနေတဲ့အခါ ကျလို့ရှိရင်ဖြင့် ဪ အကြောင်းကလဲ ဒုက္ခသစ္စာ၊ အကျိုးကလဲ ဒုက္ခသစ္စာပဲလို့ ဆိုပြီး သကာလ သိနေတဲ့ ပုဂ္ဂိုလ်ကျတော့ အလယ်လမ်း လိုက်မိတဲ့အတွက် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပာဒ်နားမလည်လို့ရှိရင် သောကပရိဒေဝ ဒုက္ခဒေါမနဿ ချုပ်ပါ့မလား (မချုပ်ပါ ဘုရား)။

ဪ ဒါကြောင့် တရားမများသေးပါဘူး ဒကာ ဒကာမတို့ ယခု ခန္ဓာဖြစ်တဲ့ ပဋိစ္စသမုပ္ပာဒ်အပေါ်မှာ သက္ကာယဒိဋ္ဌိ ဖြုတ်ပေးနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီမျက်လုံး အကြည်ရုပ် ဒီကအဆင်း ဖြူနီကြောင်ကြား ကိုယ်ခန္ဓာပေါ့ဗျာ (မှန်ပါ့) နှစ်ခုတည့်လိုက်တဲ့အခါကျတော့ ဒကာသစ်တို့ ဒကာကြွယ်တို့ ဘာစိတ်ပေါ်သတုံး (မြင်စိတ်ပေါ်ပါတယ်) ဪ ဒါမြင်စိတ်နော်၊ ငါမဟုတ်ဘူးနော် (မှန်ပါ့) မြင်စိတ်သက်သက်ပဲ၊ ငါများ ပါသေးသလား (မပါပါ ဘုရား)။

ဪ ဒါဖြင့် ဒီအထဲမှာမှ မြင်စိတ်ထဲမှာမှ ငါမပါလို့ရှိရင်ဖြင့် “တိဏ္ဏံ သင်္ဂတိဖဿော ဖဿပစ္စယာ ဝေဒနာ” ထဲမှာကော ငါပါပါ့မလား (မပါပါ ဘုရား)။

ဒီဖဿကြောင့် ဒီဝေဒနာ ဖြစ်တယ်ဆိုတော့ ဒီပဋိစ္စသမုပ္ပာဒ်ကြောင့် ဒီပဋိစ္စသမုပ္ပန္န ဖြစ်တော့တယ်ဆိုတာ သိထားတော့ ဝေဒနာထဲ ငါမပါဘူး၊ ဝေဒနာပစ္စယာ တဏှာထဲကော ငါပါရဲ့လား (မပါပါ ဘုရား) တဏှာပစ္စယာ ဥပါဒါနံထဲကော (မပါပါ ဘုရား)။

အဲဒီတော့ ဒါတွေဟာ ငါမပါဘူးလို့ သိသိ၊ သိသိထားတော့ ဒကာ ဒကာမတွေ ဒီတရားတွေဟာ အကြောင်းအကျိုးတွေပဲ (မှန်လှပါ) အကြောင်းအကျိုးချည်းပဲ (မှန်ပါ့) မြင်စိတ်ကြောင့် ခံစားတဲ့သဘော ဖြစ်တယ်၊ ခံစားတဲ့ဝေဒနာ မဖြစ်ဘူးလား (ဖြစ်ပါတယ်) မိမိလုပ်ထားတာလား အကြောင်းကြောင့် အကျိုးပေါ်နေတာလား (အကြောင်းကြောင့် အကျိုးပေါ်နေတာပါ ဘုရား)။

အဲဒီကျတော့ အကြောင်းအကျိုးတွေသာ ဒီလိုဆက်ပြီး အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲ၊ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာတွေ (မှန်ပါ့) အကြောင်းချုပ်လို့ အကျိုးချုပ်တာတွေ မြင်ရတော့တာပဲ ဆိုပြန်တော့လဲ ဒုက္ခချုပ်တာတွေပဲ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် နားလည်ပြန်တော့လဲ

ဪ ပဋိစ္စသမုပ္ပာဒ် နားလည်ပြန်တော့လဲ ဒုက္ခအကြောင်းပြု၍ ဒုက္ခအကျိုးဖြစ်တယ် (မှန်ပါ့) ဒုက္ခအကြောင်းချုပ်၍ (ဒုက္ခအကျိုးချုပ် ပါတယ်) ခန္ဓာထဲမှာ ဒါပဲရှိတယ် (မှန်ပါ့ ဘုရား)။

အဲဒီလို သိထားတဲ့အခါကျလို့ရှိရင်ဖြင့် ငါကြားရှုပ်လို့ ရသေးရဲ့လား (မရပါ ဘုရား) မရတဲ့အခါကျတော့ ဪ ဒါအကြောင်းဖြစ်လို့ အကျိုး ဖြစ်တာပဲလို့ ဉာဏ်ကလေးက စောင့်ကြည့် ဘေးကနေပြီးတော့ (မှန်ပါ့) အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲလို့ ဉာဏ်ကလေး စောင့်ကြည့်ပါ (မှန်ပါ့ ဘုရား)။

ထိုကဲ့သို့ စောင့်ကြည့်တဲ့အခါကျတော့ သောက ပရိဒေဝ လာသေးရဲ့လား (မလာပါ ဘုရား) ဪ အကြောင်းဖြစ်၍ အကျိုးဖြစ်နေတာပဲ၊ အကြောင်းချုပ်၍ (အကျိုးချုပ်တာပါ ဘုရား) ဤကဲ့သို့ သိနေတော့ ဪ ဖြစ်တာနဲ့ ချုပ်တာ ရှိတာပဲလို့ မသိကြဘူးလား (သိကြပါတယ် ဘုရား)။

အဲဒီတော့ တစိမ်းကို မိမိက ကြည့်နေသလိုပေါ့ဗျာ (မှန်ပ့ါ) ခန္ဓာက တစိမ်း၊ ဉာဏ်က မိမိထားပါတော့ (မှန်ပါ့) ဉာဏ်တည်းဟူသော မိမိက ခန္ဓာတည်းဟူသော တစိမ်းကို ကြည့်သလို ကြည့်နေတော့ ဪ ပရတောဆိုတဲ့အတိုင်း တစိမ်းသဘောအတိုင်း ဖြစ်လိုက် ချုပ်လိုက၊ ဖြစ်လိုက် ချုပ်လိုက် နေတာပါလားလို့ ဉာဏ်ထဲမှာ ထင်မလာဘူးလား (ထင်လာပါတယ် ဘုရား)။

ထင်လာတဲ့အခါကျလို့ရှိရင်ဖြင့် အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်လို့ ဉာဏ်ထဲမှာမြင်တော့ ဒိဋ္ဌိကပ်သေးရဲ့လား (မကပ်ပါ ဘုရား) ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် နားလည်လိုက်တာ ဘယ်သူ ကွာသွားသတုံး (ဒိဋ္ဌိကွာသွားပါတယ် ဘုရား)။

သောတာပန် ဘာကြောင့် တည်ပါလိမ့်မလဲ

ကောင်းပြီ ဒါဖြင့် ဒိဋ္ဌိကွာလို့ရှိရင်ဖြင့် သောတာပန် ဘာကြောင့် တည်ပါလိမ့်မလဲဆိုတော့ (ဒိဋ္ဌိကွာလို့ပါ) သောတာပန် ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မလဲ (ဒိဋ္ဌိကွာလို့ပါ ဘုရား)။

အဲဒီတော့ အဋ္ဌကထာဆရာများကလဲ ဒိဋ္ဌိကွာရင် ဝိစိကိစ္ဆာကွာပြီးသားပါဆိုတော့ အကြောင်းဖြစ်လို့ ဘာတုံး (အကျိုးဖြစ်ပါတယ်) ဒီတော့ ဘယ်က လာပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာ လာသေးရဲ့လား (မလာပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိကွာရင် ဝိစိကိစ္ဆာ သေတယ် (မှန်ပါ့) ဝိစိကိစ္ဆာ အထူးခွါစရာ မလိုတော့ပါဘူး (မလိုပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိကွာတာနဲက (ဝိစိကိစ္ဆာကွာပါတယ် ဘုရား) ဝိစိကိစ္ဆာ ကွာသွားတာပဲ ဒကာသစ်ရေ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်အရေးသည် အင်မတန်ကြီးတဲ့ အရေး၊ ဝိပဿနာရှုဖို့ အရေးဟာ ဒိဋ္ဌိစင်ပြီးမှ ရှုရမည့်အရေး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိခွါမှုနဲ့ ဝိပဿနာရှုမှု (၁)နံပါတ် ဘယ်သူ့ထားမယ် (ဒိဋ္ဌိခွါမှုထားရပါ့မယ်) ဒိဋ္ဌိခွါမှု(၁)ထားပါ ဒကာကြွယ်ရ (မှန်ပါ့) ဝိပဿနာရှုမှုကို (၂-ထားရပါမယ် ဘုရား) အခုတော့ ရောက်ရင် ရှုဟဲ့ ရှုဟဲ့ ဆိုတာမျိုးနဲ့တော့ ဪ လိုသေးတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်လာတယ် (ပေါ်လာပါတယ်) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် ဆိုတာ

ကိုင်း ယနေ့ ဒကာ ဒကာမတွေ စပြီး ပြလိုက်တယ်၊ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် ဆိုတာ ယခုဖြစ်တဲ့ ခန္ဓာပြလိုက်တယ် (မှန်ပါ့) ဒီက မျက်လုံးအဆင်းနဲ့ တွေ့ကြတဲ့ အခါကျတော့ မြင်စိတ်ကလေး ဘယ့်နှယ်နေကြသလဲ (ပေါ်ပါတယ်) ဒါမြင်စိတ်ကလေး ပေါ်တာနော်(မှန်ပါ့) ငါပေါ်တာ သူပေါ်တာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒီလို သိထားတော့ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်သိထားတဲ့အတွက် ငါအစောကြီး ပြုတ်တယ် (မှန်ပါ့) မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား) ငါအစောကြီး ပြုတ်နေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကိုင်း တစ်ခါ စက္ခုဝိညာဏ်ဖြစ်တယ်ဆိုကတည်းက နာမက္ခန္ဓာလေးပါးနဲ့တွဲဖြစ်တယ် (မှန်ပါ့) နာမက္ခန္ဓာလေးပါး တွဲမဖြစ်ရဘူးလား (ဖြစ်ပါတယ် ဘုရား) မြင်စိတ်ကလေးဖြစ်တယ်ဆိုတာ မြင်လို့မှတ်တဲ့သညာ၊ ခံစားဆိုတဲ့ဝေဒနာ၊ ဒီလိုခန္ဓာလေးပါးနဲ့ တွဲမဖြစ်ရဘူးလား (ဖြစ်ရပါတယ် ဘုရား)။

အေး ဒါဖြင့် နာမက္ခန္ဓာလေးပါးနဲ့ ဖြစ်နေတော့ ဒီအထဲမှာ ဝေဒနာက ပါနေတော့ ဝေဒနာပစ္စယာ (တဏှာ) ဝေဒနာက ပဋိစ္စသမုပ္ပာဒ်တရား၊ တဏှာက အကျိုးဖြစ်တဲ့ ပဋိစ္စသမုပ္ပန္နတရား၊ ဒကာသစ်ရေ အကြောင်းအကျိုးပဲ လာတယ် (မှန်ပါ့) အကြောင်း အကျိုးပဲ ပြန်လာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အကြောင်း အကျိုးပဲ ပြန်လာတယ်ဆိုတာ သိပြန်တော့ ဒီမြင်စိတ်ထဲမှာလဲ ငါပါရဲ့လား (မပါပါ ဘုရား) မြင်စိတ်က ကျေးဇူးပြုတဲ့တဏှာထဲမှာကော (မပါပါ ဘုရား) တဏှာချုပ်ပြီး ဥပါဒါန်ပေါ်လာတော့ တဏှာကြောင့် ဥပါဒါန်ဖြစ်တဲ့အထဲ ငါပါရဲ့လား (မပါပါ ဘုရား) ဥပါဒါန်ကြောင့် ကံဖြစ်တဲ့အထဲမှာကော (မပါပါ ဘုရား) ဪ ဒါဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်သိမှ ငါပြုတ်တယ် (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်သိမှ ငါပြုတ်ပါတယ် ဘုရား) ဒါ အရေးကြီးတယ် ဆိုတာ တတ်သိနားလည်တဲ့ ပုဂ္ဂိုလ်များက အရေးကြီးတယ်ဆိုတော့ ဘေးက တရားနာတဲ့ ပုဂ္ဂိုလ်တွေက ငါက တော်အောင် နားထောင်ပြီး တော်အောင်နေလို့ မတော်ဘူး၊ ဒါအပါယ်သွားတဲ့ ရေသောက်မြစ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပါယ်သွားတဲ့ ရေသောက်မြစ်

ဘာပါလိမ့်ဗျာ (အပါယ်သွားတဲ့ ရေသောက်မြစ်ပါ ဘုရား) အဲ ဒိဋ္ဌိဟာ အပါယ်သွားတဲ့ ရေသောက်မြစ် (မှန်ပါ့ ဘုရား) သောတာပန် တည်ချင်ရင် ဒိဋ္ဌိခွါရမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒိဋ္ဌိခွါရင် ဝိစိကိစ္ဆာ ပါသွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာသစ်တို့ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ဝေဒနာက ပဋိစ္စသမုပ္ပာဒ် အကြောင်းတရား၊ တဏှာက (အကျိုးတရားပါ) ဒါဖြင့် ဒီမြင်တာ ငါဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ခင်တာကော ငါဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

မြင်တာလဲ မြင်စိတ်၊ ခင်တာက တဏှာ (မှန်ပါ့) ငါပါသလား (မပါပါ ဘုရား) မြင်တာလဲ မြင်စိတ်၊ ခင်တာက တဏှာ (မှန်ပါ့) ငါပါသေးသလား (မပါပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံ) တဏှာပစ္စယာ ဥပါဒါနံဆိုတော့ စွဲလမ်းတာကော ဒကာသစ် ငါလား (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့်ဗျာ (ဥပါဒါန်ပါ ဘုရား)။

စွဲလမ်းတာနဲ့ ကာယကံ၊ ဝစီကံတွေများ အားထုတ်တာနဲ့၊ ကာယကံနဲ့ သွားလိုက် ဝစီကံနဲ့ ပြောလိုက်၊ ဒီလိုကော အားထုတ်ကြဖူးလား (ထုတ်ပါတယ် ဘုရား) အဲဒါတွေ ငါလုပ်တာလား သူလုပ်တာလား မေးလို့ရှိရင် ကံကလုပ်နေတာ (မှန်ပါ့) ပစ္စုပ္ပန်ကံပေါ့ဗျာ (မှန်ပါ့) အဲ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတာ ဒီအထဲမှာ ပါပြီးသား ဖြစ်နေတယ် (မှန်ပါ့)။

ငါပြုတ်ကျသွားတယ်

ဒါဖြင့် ယခုမျက်လုံးပေါက်ကနေ ပြလိုက်တဲ့ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကို ပိုင်ပိုင်နိုင်နိုင် အကြောင်းအကျိုးတွေကို ဒကာ ဒကာမတွေ ဝေဖန်ပြီး သကာလ ပြောလိုက်သဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ငါပြုတ်ကျသွားတယ် (မှန်ပါ့) မြင်တာလဲ ငါမဟုတ် (မှန်ပါ့) လိုချင်တာလဲ (ငါမဟုတ်) စွဲလမ်းတာလဲ (ငါမဟုတ်ပါ ဘုရား)။

အားထုတ်တာလဲ (ငါမဟုတ်ပါ ဘုရား) မြင်တာ ဘယ်သူပါလိမ့် ဆိုတော့ မြင်စိတ် (မှန်ပါ့) လိုချင်တာ ဘယ်သူပါလိမ့် တဏှာ (မှန်ပါ့) စွဲလမ်းတာ ဘယ်သူပါလိမ့် (ဥပါဒါန်) အားထုတ်တာ ဘယ်သူပါလိမ့် (ကံပါ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ် ဆိုတဲ့အစဉ်တွေဟာ မျက်လုံးပေါက်ကတော့ လာနေတာပဲ (မှန်ပါ့) လာတိုင်း လာတိုင်း ပစ္စုပ္ပန်ပဋိစ္စသမုပ္ပာဒ်ဟာ ဒါပါပဲ (မှန်ပါ့) အကြောင်းတွေ အကျိုးတွေက ဒကာသစ် ဆက်မနေဘူးလား (ဆက်နေပါတယ်) ထိုကဲ့သို့ ဆက်နေတာမြင်တော့ ပုဂ္ဂိုလ်သတ္တဝါ ငါသူတစ်ပါး ရောသေးသလား (မရောပါ ဘုရား)။

အဲဒီလို သိထားတော့ ဒါ သူ့အကြောင်းနဲ့ သူ့အကျိုး၊ သူ့အကြောင်းနဲက သူ့အကျိုး၊ ဒကာ ဒကာမတွေ ဒီလို ဝေဖန်သိနေတော့ “နင်သွားတော့ဟယ်” လို့ ငါဆိုတဲ့ သက္ကာယဒိဋ္ဌိ နှင်ရသေးသလား (မနှင်ရပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီသက္ကာယဒိဋ္ဌိ မနှင်ဘဲနဲ့ သွားပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်သိလို့ ဘုရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ မပါဘဲနဲ့ ခင်ဗျားတို့ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်လိမ့်မယ်လို့ ဘယ်သူက ပြောပြော အုန်းသီးဆီဆွတ်မျိုလို့ ပါးစပ်ရောက်ရောက် ရင်ထဲ ရောက်ရောက် ရောက်မယ်သာရောက် မဂ်ဉာဏ် ဖိုလ်ဉာဏ်တော့ မရဘူး (မှန်ပါ့) ဒါတော့ အရင်ဖြုတ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကို အရင်ဖြုတ်ရမယ်

ဒါကို အရင်ဖြုတ်ရမယ်ဆိုတာ ကျေကျေနပ်နပ် သဘောကျပါ (မှန်ပါ့) ဒါဖြုတ်မယ် ကြံတော့လဲ ဘာပဋိစ္စသမုပ္ပာဒ်ကို နားလည်ရမတုံး (ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် နားလည်ရပါမယ် ဘုရား)။

ဒါဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် နားမလည်တဲ့ပုဂ္ဂိုလ်တွေဟာ ဒကာကြွယ်၊ ဒိဋ္ဌိက ဘယ့်နှယ်တုံး (မပြုတ်ပါ ဘုရား) ဒိဋ္ဌိမပြုတ်ဘဲနဲ့ ဖြစ်တာ ပျက်တာ အနိစ္စတွေ ရှုနေကြမယ်ဆိုလို့ရှိရင် ဒိဋ္ဌိက ဝမ်းထဲမှာ ဒိဋ္ဌာနုသယ (မှန်ပါ့) ဒိဋ္ဌာနုသယဆိုတော့ ဒိဋ္ဌာနုသယ (မှန်ပါ့) မဂ်နဲ့ မပယ်သရွေ့ ကာလပတ်လုံး ဘယ်အခါမဆို ရှိနေတယ် ဆိုတော့ ဒီအနုသယက ဖြုံပါ့မလား (မဖြုံပါ ဘုရား) မဖြုံတော့ ဒကာကြွယ် သိပ်ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် အားထုတ်သလောက် ခရီးပေါက်ပါ့မလား မေးလိုက်တယ် (မပေါက်ပါ ဘုရား) ဘာနားမလည်လို့ပါလိမ့် (ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ပါ ဘုရား) ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် နားမလည်တော့ ဘာမပြုတ်သတုံး (ဒိဋ္ဌိမပြုတ်ပါ ဘုရား) ဒိဋ္ဌိမပြုတ်တော့ သစ္စာကော သိသေးရဲ့လား (မသိပါ ဘုရား)။

ဪ ခက်ပြီ ခက်ပြီ ဒကာကြွယ်ရေ ခက်ပြီ၊ သဘောကျပလား (ကျပါပြီ ဘုရား) အင်မတန် လိုသေးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်လာပါပြီ ဘုရား)။

အဲဒါကြောင့် ယနေ့ကစပြီး ဒီတရားပွဲကစပြီး သကာလ ဒကာ ဒကာမတွေ အလုပ်ခိုင်းတော့ လုပ်တော့ လုပ်ပါတယ်တဲ့၊ တစ်ခါ ဝိပဿနာကူးတော့မယ်ဆိုရင်ဖြင့် ဒါမပါရင် မရပါဘူး (မှန်ပါ့) ဒိဋ္ဌိခွါတဲ့နည်း မရရင် (မရပါ ဘုရား) ဘယ်နည်းနဲ့မှ မရဘူး ဒိဋ္ဌိအပင်းခံမှာပဲ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်တွေ မြင်ပါလျက်သားနဲ့ နိဗ္ဗာန်မရတာ

ရှင်အနုရာဓရဟန်း ဖြစ်ပျက်တွေ မြင်ပါလျက်သားနဲ့ နိဗ္ဗာန်မရတာ ဘာမခွါလို့ပါလိမ့် (ဒိဋ္ဌိမခွါလို့ပါ ဘုရား) ရှင်ဆန္န ဖြစ်ပျက်တွေ မြင်ပါလျက်သားနဲ့ နိဗ္ဗာန်မရတာ (ဒိဋ္ဌိမခွါလို့ပါ ဘုရား) ဖြစ်ပျက်မမြင်လို့လား (မြင်ပါတယ်) ဘယ့်နှယ်ကြောင့် မရတာတုံး (ဒိဋ္ဌိမခွါလို့ပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒိဋ္ဌိမခွါရင် ဝိပဿနာဉာဏ် လုပ်ငြားသော်လဲ ခရီးမပေါက်ဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဒိဋ္ဌိမခွါရင် (ဝိပဿနာခရီး မရောက်ပါ ဘုရား) ဒိဋ္ဌိမခွါတဲ့အတွက် နိဗ္ဗာန်လဲ သဘောမကျဘူး (မှန်ပါ့)။

ဘယ်မှာ သဘောကျနိုင်ပါ့မတုံး၊ ဒိဋ္ဌိမခွါလို့ရှိရင် ဘယ်လောက်ပဲ ပညာရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ် ဒိဋ္ဌိခွါနည်း နိဿယည်းကို သူသဘောမကျတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင်ဖြင့် နိဗ္ဗာန်ဆိုတာ ဘယ်နည်းနဲ့မှ သဘောမကျနိုင်ပါဘူး (မှန်ပါ့)။

ဒါကြောင့် “ဒိဋ္ဌိနိရောဓော နိဗ္ဗာနံ” ကိုး (မှန်ပါ့) သောတာပတ္တိမဂ် ရမည့်နိဗ္ဗာန်ဟာ ဒိဋ္ဌိချုပ်ရမည့် နိဗ္ဗာန်ဆိုတော့ ဒိဋ္ဌိမချုပ်ဘဲ တရားအားထုတ်နေတယ်၊ ဒိဋ္ဌိကို မခွါတတ်ဘူးဆိုရင်ဖြင့် ဒိဋ္ဌိမချုပ်လို့ နိဗ္ဗာန်ကော သဘောကျပါ့မလား (မကျပါ ဘုရား)။

ကလျာဏမိတ္တ ဆရာကောင်း

အဲဒါကြောင့် ဒကာကြွယ် ကလျာဏမိတ္တ ဆရာကောင်း သမားကောင်းတွေ အလွန်အရေးကြီးတော့တယ် ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် စကားချီထားတဲ့အတိုင်း ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် မသိရင် ဘာမပြုတ်သတုံး (ဒိဋ္ဌိမပြုတ်ပါ ဘုရား) ဒိဋ္ဌိမပြုတ်ပါဘူးနော် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် သိသွားပြန်တော့ (ဒိဋ္ဌိပြုတ်ပါတယ်) ဒိဋ္ဌိပြုတ်သွားလို့ရှိရင် ပထမ(၁)နံပါတ် အောင်မြင်ပြီ (မှန်ပါ့) ဒိဋ္ဌိပြုတ်တော့ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်သိရော၊ သိတော့ ဒီခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကြီးဟာ ဘာသစ္စာတုံး သိဖို့ အရေးကြီးသေးတယ် (မှန်ပါ့) မကြီးဘူးလားဗျာ (ကြီးပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဘုန်းကြီးများ အပင်ပန်းခံသလောက် ခင်ဗျားတို့ ဉာဏ်အိတ်ထဲ ရောက်ကြပါစေဆိုတာကိုလဲ စေတနာကောင်းထားပါတယ် (မှန်ပ့ါ) ခင်ဗျားတို့မှာ ရှိတဲ့ဉာဏ်အိတ်ထဲ မရောက်မှာကို အင်မတန် စိုးရိမ်ပါတယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိခွါနည်း နိဿယည်း

ဒီဉာဏ်အိတ်ထဲမှာမှ ဒိဋ္ဌိခွါနည်း နိဿယည်းဆိုတဲ့ သမ္မာဒိဋ္ဌိ မရောက်လို့ရှိရင် ခင်ဗျားတို့ ဟဒယဝတ္ထု ဆိုတဲ့အထဲမှာဖြင့် ဒိဋ္ဌိအမြဲလိုက်နေတယ် (မှန်ပါ့) ယခုပြောနေတဲ့ ဉာဏ်ရမှ ဝမ်းထဲမှာ အမေမိဘလက်ထက် ရိုးရာစွဲလာတဲ့ ဒိဋ္ဌိဟာ ပြုတ်ထွက်သွားမယ် (မှန်ပါ့) နို့မဟုတ်ရင် ပြုတ်စရာအကြောင်းကို မရှိပါဘူးဆိုတာ သေသေချာချာ မှတ်ပါ(မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဟောဒီမြင်စိတ်ကလေး ချုပ်သွားတော့ ဖဿ နိရောဓာ ဘယ့်နှယ်ဆိုကြပါ့မလဲ (ဝေဒနာနိရောဓောပါ) ဪ မြင်စိတ် ချုပ်ပြီးမှ ဝေဒနာချုပ်တာဆိုတော့ဖြင့် မြင်စိတ်ဟာ ဖြစ်လဲ ဖြစ်တယ်၊ ပျက်လဲ ပျက်တယ်ဆိုတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒီဝေဒနာကလေးဟာကော ဒုက္ခသစ္စာပါပဲ၊ ဖြစ်လဲ ဖြစ်တယ် (ပျက်လဲပျက်ပါတယ်) ဖြစ်ပျက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် တဏှာကလဲ ဖြစ်လဲဖြစ် ပျက်လဲပျက်၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဥပါဒါန်ကလဲ ဖြစ်လဲဖြစ် ပျက်လဲပျက်၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒီဝေဒနာကလေး ဟာကော (ဒုက္ခသစ္စာပါ) ကံကလဲ ဖြစ်လဲဖြစ် ပျက်လဲပျက်၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒီအတန်းကြီးဟာ ဘာတန်းပါလိမ့်

ဒါဖြင့် ဒီအတန်းကြီးဟာ ဘာတန်းပါလိမ့်မတုံးမေးလို့ရှိရင် (ဒုက္ခသစ္စာတန်းကြီးပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိပြုတ်ပြီးမှ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် သိတယ်၊ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်သိပုံကလဲ ရိုးရိုးသိတာ မဟုတ်ဘူး၊ ဪ ဒုက္ခတန်းကြီးပါလား (မှန်ပါ့) မသိကြဘူးလား (သိပါတယ် ဘုရား)။

အဲဒီတော့လဲ ဒီလိုခန္ဓာ့ပဋိစ္စသမုပ္ပာဒ် ဒိဋ္ဌိခွါပြီးမှ ဪ ဖြစ်တာရော ပျက်တာရော ဒုက္ခသစ္စာပါကလားလို့ ဓမ္မာနုပဿနာနဲ့ ရှုချ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဖဿလဲ ဖြစ်ပျက်ရှု (မှန်ပါ့) မြင်စိတ်လာလဲ (ဖြစ်ပျက်ရှုရမှာပါ) ဝေဒနာလာလဲ (ဖြစ်ပျက်ရှုရမှာပါပဲ) တဏှာလာလဲ (ဖြစ်ပျက်ရှုရမှာပဲ) ဥပါဒါန်လာလဲ (ဖြစ်ပျက်ရှုရမှာပဲ) ကံလာရင်ကော (ဖြစ်ပျက်ရှုရမှာပါပဲ) ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာ) ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒီတော့ မဂ္ဂသစ္စာဆိုတာ မဂ်ပေါ်ချင်ပြန်တော့ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကြီး ဒုက္ခသစ္စာသိမှ မဂ်ဉာဏ်ပေါ်တယ် (မှန်ပါ့) နို့မဟုတ်ရင် ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

ဪ ဒကာသစ်တို့ ဒကာကြွယ်တို့ ပဋိစ္စသမုပ္ပာဒ် မသိဘဲနဲ့ ဒုက္ခသစ္စာကြီးလဲ ရှင်းနိုင်ပါ့မလား (မရှင်းနိုင်ပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိကွာချင်ရင် ပဋိစ္စသမုပ္ပာဒ်နားလည်ရမယ် (မှန်ပါ့) ပဋိစ္စသမုပ္ပာဒ်နားလည်မှု၊ ဖြစ်ချုပ်ကို နားလည်မှု ရှိတော့မှလဲ ဒကာ ဒကာမတို့ ပွားများတဲ့ ဝိပဿနာသည် ဒိဋ္ဌိကွာပြီးသား ဖြစ်တယ် (မှန်ပ့ါ) သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့ ဒါအရေးမကြီးလားဗျာ (ကြီးပါတယ် ဘုရား) ဒီအရေးကို ဒကာ ဒကာမတွေ လေးလေးစားစား မလိုက်စားတော့ပါဘူး ဆိုရင်ဖြင့် ဖြစ်ပျက်ရှုငြားသော်လည်း ဒိဋ္ဌိကွာဖို့ မလွယ်ကူးဘူး (မှန်ပါ့) သစ္စာမသိရင် ကွာပါ့မလား (မကွာပါ ဘုရား)။

ဒိဋ္ဌိတန်းလန်းနဲ့ ဖြစ်ပျက်ရှုခဲ့သော်

ဒါဖြင့် ဒိဋ္ဌိတန်းလန်းနဲ့ ဖြစ်ပျက်ရှုခဲ့သော် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင် (မှန်ပါ့) သဘောပါကြပလား (ပါပါတယ်) ကိုင်း ဒါဖြင့် ဒိဋ္ဌိတန်းလန်း ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်သိတော့ ဘာကွာသွားသတုံး (ဒိဋ္ဌိကွာပါတယ် ဘုရား)။

ခန္ဓပဋိစ္စသမုပ္ပာဒ် အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်လို့ သိလိုက်တဲ့အခါကတော့ တစ်ခါတည်း သစ္စာဉာဏ် ရောက်မလာဘူးလား (ရောက်လာပါတယ် ဘုရား) ဪ ဒိဋ္ဌိကွာလို့ ရောက်တဲ့ဉာဏ် (မှန်ပါ့) ဒိဋ္ဌိမကွာရင် (မရောက်ပါ ဘုရား) ဒီဉာဏ်မရနိုင်ဘူးဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီဉာဏ်ရတော့မှ ဖြစ်တာ ဒုက္ခသစ္စာပဲ၊ ဝေဒနာတွေဟာလဲ ဖြစ်ပျက် ဒုက္ခသစ္စာ၊ တဏှာလဲ ဖြစ်ပျက်ဒုက္ခသစ္စာပဲ၊ ဒီနေရာ ဒေါသတွေလာလဲ ဖြစ်ပျက်ဒုက္ခသစ္စာပဲ မောဟတွေလာရင်ကော (ဒုက္ခသစ္စာပါ) အကုန်လုံး ဒုက္ခသစ္စာတွေပဲဆိုပြီး သကာလ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပဋိစ္စသမုပ္ပာဒ်အဆုံးမှာ “ကေသဝလဿ ဒုက္ခက္ခန္ဓဿ” ဒုက္ခအစုကြီးလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဒုက္ခသစ္စာချည်းပဲလို့ ဟောတော့ ဖြစ်ပျက်တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ) သိတာက (မဂ္ဂပါ) အဲဒီမှာ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ် အကြောင်း အကျိုးသိသွားပြန်တော့လဲ ဖြစ်တာလဲ ဒုက္ခသစ္စာ၊ ပျက်တာလဲ ဒုက္ခသစ္စာလို့ ဒကာ ဒကာမတွေ သိသွားတော့ နောက်ဘဝလိုချင်တဲ့တဏှာ သေမလား မသေဘူးလား (သေပါတယ် ဘုရား) ဘာကြောင့်တုံး၊ နောက်လာရင်လဲ ဒီဖြစ်ပျက်ဒုက္ခသစ္စာပဲ လာမှာပဲ (မှန်ပါ့) ဖြစ်ပျက် ဒုက္ခသစ္စာမှတစ်ပါး တခြားလာစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ကိုင်း ယခု ဖြစ်ပျက်ဒုက္ခသစ္စာကိုဖြင့် မြင်တိုင်း မြင်တိုင်း ရှုတိုင်း ရှုတိုင်း လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား) မလိုချင်ရင် မလိုချင်တဲ့ မဂ်ဉာဏ်၊ ဝိရာဂဉာဏ် ပေါ်လာတော့ ဖျတ်ဆို ကိုယ်ရှုနေတဲ့ ဒုက္ခသစ္စာတွေ ဘာဖြစ်သွားသတုံး (ချုပ်သွားပါတယ် ဘုရား)။

ဒုက္ခချုပ်တာ ဘာသစ္စာ

ဒါဖြင့် ချုပ်သွားတဲ့အခါကျတော့ ဒုက္ခချုပ်တာ ဘာသစ္စာ (နိရောဓသစ္စာပါ) ချုပ်သွားပြီလို့ သိတာက (မဂ္ဂသစ္စာပါ) တကယ်ချုပ် သွားတာတွေကတော့ ဒုက္ခတွေပါပဲ (မှန်ပါ့) ချုပ်သွားတော့ ဘာမှ ဒီနေရာ ဒုက္ခတွေ မတွေ့ဘဲနဲ့ နေတာက နိရောဓသစ္စာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတွေက စဉ်းစားလိုက်ပါဦးတဲ့၊ ယခုခန္ဓာထဲမှာရှိတဲ့ ဒုက္ခအစဉ်တန်းကြီးဖြင့် ချုပ်ပျောက်သွားပြီ (မှန်ပါ့) ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကြီး ပျောက်သွားတယ်ဆိုကတည်းကိုက ခန္ဓာကျန်ဦးမလား (မကျန်ပါ ဘုရား) ခန္ဓာဆိုတာ ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုးတွေ ခဏခဏ ဆက်တာကိုးဗျ (မှန်ပါ့) ခန္ဓာ့သံသရာကြီးချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား)။

အဲ ချုပ်သွားတဲ့အခါကျတော့ ခန္ဓာ့သံသရာချုပ်တာလား၊ ဒုက္ခသစ္စာဆိုတာတွေ ချုပ်တာလား (ဒုက္ခသစ္စာတွေ ချုပ်တာပါ) ဪ ခန္ဓာ့သံသရာ ဒုက္ခသစ္စာကိုး (မှန်ပါ့) အဲဒီ ဒုက္ခသစ္စာတွေက ချုပ်သွားတော့ ခန္ဓာ့သံသရာကြီး ချုပ်မသွားဘူးလား၊ (ချုပ်ပါတယ်) ရှိလျက်နဲ့ ခန္ဓာတော့ ရှိတယ်၊ ဉာဏ်ထဲမှာ ချုပ်သွားတယ် (မှန်ပါ့ ဘုရား)။

သဥပါဒိသေသနိဗ္ဗာန်

ခန္ဓာကတော့ (ရှိလျက်ပါ ဘုရား) ဉာဏ်မှာသွားတော့ ဪ ခန္ဓာရှိလျက်နဲ့ ဉာဏ်ထဲမှာ ချုပ်သွား သောကြောင့် အခု ချုပ်သွားတာကလေးဟာ ခန္ဓာရှိလျက်နဲ့ ချုပ်သွားသောကြောင့် သဥပါဒိသေသနိဗ္ဗာန် (မှန်ပါ့) ဆိုကြပါစို့ ဥပမာ (မှန်ပါ့) ဒီအတိုင်း ဆက်လက်ရှုသွားလို့ မဂ်လေးတန် ရသွားလို့ နောက် ပဋိသန္ဓေ မလာတာကလဲ အနုပါဒိသေသနိဗ္ဗာန် (မှန်ပါ့ ဘုရား)။

နောက် ပဋိသန္ဓေ မလာတာက (အနုပါဒိသေသနိဗ္ဗာန်ပါ ဘုရား) ဒါဖြင့် အခုချုပ်သွားတဲ့ နိဗ္ဗာန်မှ မရဘဲနဲ့ သေရင် ရမည့်နိဗ္ဗာန်ကြီးဟာ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာပဲ ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတဲ့နိဗ္ဗာန်ကြီး ကိုယ်ပိုင်ရတော်မူတယ် (မှန်ပါ့) မရဘူးလားဗျာ (ရပါတယ် ဘုရား) သူ့ ပဋိစ္စသမုပ္ပာဒ် သူရှုလိုက်ရတာ (မှန်ပါ့ ဘုရား)။

ဘယ်သူ့ ပဋိစ္စသမုပ္ပာဒ် ရှုတာပါလိမ့် (သူ့ပဋိစ္စသမုပ္ပာဒ် သူရှုတာ ပါ) အဲ သူ့ခန္ဓာကြီး တစ်ခုပြီးတစ်ခု ဖြစ်၊ အကြောင်းအကျိုးတွေ ဆက်နေတာကြောင့် ဒုက္ခချုပ်နေတာမှ တစ်ပါး ဘာမှမရှိတော့ဘူးဆိုတဲ့ ဉာဏ်က ရောက်လာပြီး သကာလ သွားတော့ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် သိသွားတဲ့အတွက် ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ ပထမမဂ်အစရတယ် (မှန်ပါ့) မရပေဘူးလား (ရပါတယ်) သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ တရားသားချည်း ပြောနေတယ်၊ အစေလ ကဿပတောင် မထည့်နိုင်ဘူး၊ နာရီစေ့လို့နော် (မှန်ပါ့ ဘုရား)။

ဝိပဿနာရှုတော့မယ်ဆိုလို့ရှိရင်

ကဲ ဝိပဿနာရှုတော့မယ်ဆိုလို့ရှိရင် ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကြီး ကြည့်ပြီး သကာလ ဒါဟာ ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုးတွေပဲ (မှန်ပါ့) ငါ့ကိုယ် ငါ့ဟာ လုံးဝမပါဘူး ဆိုပြီး ရှု (မှန်ပါ့ ဘုရား)။

ရှုလိုက်တဲ့အခါကျတော့ ပဋိစ္စသမုပ္ပာဒ်တစ်ခုလုံး ဘုရားက သေသေချာချာဟော၊ ကျုပ်တို့ ဉာဏ်ထဲမှာ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမှတစ်ပါး ဘာမှမရှိဘူးဆိုတဲ့ ဖြစ်ပျက်ဒုက္ခသစ္စာကြီးကို ဖြိုင်ဖြိုင် ရှုပေးပါ (မှန်ပါ့)။

ဖြိုင်ဖြိုင်ရှုလို့ ဒုက္ခသစ္စာမြင်ရင် ယထာဘူတဉာဏ်ပေါ့ဗျာ (မှန်ပါ့) ဒုက္ခသစ္စာကြီး မုန်းရင် (နိဗ္ဗိန္ဒဉာဏ်) ဒီ ဒုက္ခသစ္စာကြီး ရှုရင်းမတ္တနဲ့ ဒကာသစ်ရေ ပျောက်ထွက်သွားတယ် အဲဒီ ဖြစ်ပျက်အဆုံးကို မြင်ရတဲ့ ဉာဏ်ကို ဘာဉာဏ်ခေါ်မလဲ (မဂ်ဉာဏ်ပါ ဘုရား)။

ဒါဖြင့် ဒီအတိုင်း အားထုတ်၊ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ပေါ်၌ အကြောင်းနဲက အကျိုးဖြစ်ပျက်တွေ အကုန်သာ ရှုလိုက်လို့ရှိရင် ဒိဋ္ဌိကွာတာပဲ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိကွာလို့ရှိရင်ဖြင့် ညနေ အားထုတ်၊ မနက် မဂ်ရပါတယ် (မှန်ပါ့) မနက်အားထုတ် ညနေ ရပါလိမ့်မယ်လို့ သေသေချာချာ ဟောထားပါတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ ကိုင်း ဒီအတိုင်း အလုပ်လုပ်ကြပါတဲ့။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု