13209

မာတိကာသို့

ကိုယ့်အသေကိုယ်ကြည့်ရင် ဝိပဿနာ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

(ကိုယ့်အသေကိုယ်ကြည့်ရင် ဝိပဿနာ)အလုပ်ပေးတရားတော်

(၂၅-၁၁-၆၀)

ဒုက္ခကြီး ကျွတ်ချင်လို့

ဒကာ ဒကာမတို့ ဒီတရားပွဲကြီးကို နားထောင်ကြ၊ ကျင့်ကြံကြ အားထုတ်ကြမလို့ ရည်ရွယ်ချက်နဲ့ အပင်ပန်းခံပြီး သကာလ လာကြတယ်၊ ဒီပင်ပန်းမှုကလေးဟာ အပါယ်ငရဲမှာ တစ်စက္ကန့်ပင်ပန်းသလောက် မခံရပါဘူး၊ အပါယ်ငရဲမှာ တစ်စက္ကန့်ဆိုတာက တစ်ကိုယ်လုံးမှာ အပ်သွားချစရာ မရှိလောက်အောင် ပူမှု-လောင်မှုတွေ ခံရပါတယ်။

အဲဒီတော့ ဒကာကြွယ်၊ ဦးလှဘူးတို့က စဉ်းစားရမယ်၊ ဪ ဒီဒုက္ခဟာ ဆရာသမားဆီလာပြီး တရားနာတာ အင်မတန် ကျဉ်းကျပ်တာပဲ လူတွေကလဲ များဘိသနဲ့၊ ချွေးတွေကလဲ ကျပါဘိသနဲ့၊ ဒီလိုစိတ်မှာ မထားကြပါနဲ့၊ အပါယ်ငရဲနဲ့ နှိုင်းစာပြီ ဒီဒုက္ခကြီး လွတ်ချင်လို့ ဒုက္ခကလေးနဲ့ ရင်းနှီးပြီး ဒုက္ခကြီး ကျွတ်ချင်လို့ ဆိုပြီး သကာလ ဒီဒုက္ခကို ဒုက္ခထဲ မသွင်းဘဲနဲ့ တရားနာကြပါဆိုတာ သတိပေးလိုက်တယ်နော် (မှန်ပါ့)။

အပါယ်ငရဲကျမည့် ဒုက္ခ ပြိတ္တာကြီး ဖြစ်ကတည်းက ဘယ်အခါမှ ရေမသောက်ရတဲ့ဒုက္ခ၊ ဘယ်အခါမှ အစားမမြင်ရတဲ့ဒုက္ခ အဲဒီဒုက္ခတွေနဲ့ စာလို့ရှိရင် ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ဒီဒုက္ခဖြစ်လောက်ကဲ့လား (မဖြစ်လောက်ပါ ဘုရား)။

အဲဒီဒုက္ခ မဖြစ်လောက်တာ ဧကန်သိ တကယ်သိ ဖြစ်ပြီး သကာလ နေတော့ ဘုန်ကြီးတို့ ဒကာ ဒကာမတွေ ဪ ဒီဒုက္ခကလေးကို တို့ သည်းခံပြီး မှတ်လိုက် ယူလိုက်၊ သင်လိုက်၊ ကြားလိုက်၊ အားထုတ်လိုက်လို့ရှိရင်ဖြင့် ဒုက္ခပေါင်း အနန္တ လွတ်ရှာတော့မယ်ဆိုတာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့ ဘုရား)။

ရေကန်ကြီးဥပမာ

လောကီဥပမာကို ဘုရားက ဟောတော်မူတယ်၊ သစ္စသံယုတ်မှာ ပတ်လည် ယူဇနာငါးဆယ်ရှိတဲ့ ရေကန်ကြီး အနက်ကလဲ ယူဇနာငါးဆယ်၊ ရေတွေကလဲ နှုတ်ခမ်းနဲ့ ညီအောင်ရှိတယ်လို့ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

အဲဒီရေကို သမန်းမြက်ကလေးတို့တို့ပြီး ဟိုဘက်ခုနစ်ခါပစ်လိုက်ပါတဲ့၊ ပတ်လည်ယူဇနာငါးဆယ်၊ အနက်လဲ ယူဇနာငါးဆယ်ရှိတဲ့ရေတွေ ပြင်ဘက်မှာ ကျသွားတဲ့ရေတွေနဲ့ စာလိုက်လို့ရှိရင် ပြင်ဘက်မှာကျသွားတဲ့ သမန်းမြက်ဖျားနဲ့ ခုနစ်ခါတို့ပြီး ခါရတဲ့ရေပေါက်နဲ့ ဆိုရင်ဖြင့် နှိုင်းချိန် လောက်ပါရဲ့လား (မနှိုင်းချိန် လောက်ပါ ဘုရား)။

အဲဒီတရားကို နာရတယ်၊ ဒီတရားကို ကြိုးစားရတယ်၊ ဒုက္ခချုပ်တာမြင်ရပြီဆိုမှဖြင့် ပြင်ဘက် သမန်းမြက်ဖြင့် ခုနစ်ခါတို့လောက်ဖြစ်တဲ့ ဒုက္ခလောက်သာ ကျန်တော့တယ် (မှန်ပါ့) ရေကန်အထဲမှာ အပြည့်အနှက် နှုတ်ခမ်းနဲ့အညီရှိတဲ့ ရေလောက် ဒုက္ခတွေ ကုန်သွားပြီ (မှန်ပါ့)။

အဲဒါတွေ ထောက်ပြီး ကြည့်လိုက်တော့မှ ဪ ကြိုးစားလိုက် မဟ၊ မရရအောင် နည်းယူပြီး သကာလ ခန္ဓာဉာဏ်လှည့်မဟဆိုတာကိုဖြင့် ပြင်းပြင်းထန်ထန် စိတ်ထားနဲ့ ကြိုးစားကြပါ (မှန်ပါ့ ဘုရား)။

အဲဒါတွေကို ဘုန်းကြီးတို့ အရင်းကျတဲ့ ဒကာ ဒကာမတွေ ဖြစ်နေတော့ ဒကာကြွယ် အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကမှ သယ်ယူဆောင်တင် အလုပ်ကို မလုပ်တော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ သဘောနဲ့ တဏှာရေထဲမှာ မျောနေတဲ့သဘောနဲ့ အဝိဇ္ဇာ ဖုံးအုပ်နေတဲ့သဘောတွေထဲ မြုပ်မျောနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလိုပဲ လျစ်လျူရှုထားမယ် ဆိုရင်ဖြင့် ဒီတစ်ခါသည် လသာတဲ့ အခါကလေးမှာ ဗိုင်းငင်တဲ့အလုပ်ကို ဒကာ ဒကာမတွေမလုပ်၊ ကယ်ယူတဲ့ပုဂ္ဂိုလ်ကလဲ မကယ်ယူပါတော့ဘူးဆိုလို့ရှိရင်ဖြင့် ယူဇနာငါးဆယ်ပတ်လည်ရှိတဲ့ရေနဲ့အမျှ ဒုက္ခတွေထဲမှာ မြုပ်လိုက်၊ မျောလိုက်၊ အသေကောင်ဖြစ်လိုက်၊ သူများနှိပ်စက်လို့ သူများပါးစပ်ထဲ သေလိုက်၊ သူများလှံချက်မိပြီးသေလိုက်၊ ဒကာကြွယ်တို့ ဦးလှဘူးတို့ ဒီအတိုင်းချည်း ဒုက္ခတွေ တွေ့ရတော့မယ် (မှန်ပါ့)။

တရားနာတဲ့ ဒုက္ခဟာ ဘာမှ မဖြစ်လောက်ဘူး

အဲဒါတွေ ထောက်ပြီး သကာလ ဪ ဒီဒုက္ခဟာ ဘာမှ မဖြစ်လောက်ပါလား (မှန်ပါ့) ဒီဒုက္ခလေးဟာ ဘာမှ မဖြစ်လောက်ဘူး၊ အခု တရားနာတဲ့ ဒုက္ခဟာ ဘာမှ မဖြစ်လောက်ဘူး (မဖြစ်လောက်ပါ ဘုရား) မဖြစ်လောက်ပါဘူးဆိုပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တွေးလိုက် (မှန်ပါ့ ဘုရား)။

ယူဇနာငါးဆယ်ရှိတဲ့ရေနဲ့အမျှ ဒုက္ခတွေ အကုန်ယုတ်လျော့သွားတယ်ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့ ဒီဒုက္ခကို ဦးလှဘူး ဒုက္ခထဲတောင် သွင်းဖို့ မလိုပါဘူး (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ကိုယ့်အရေးကို မသိလို့ ဘုရားက ရေကန်ဥပမာ၊ ရေမှုန်ဥပမာတွေနဲ့ ပြလိုက်ခြင်းကို သေသေချာချာ စဉ်းစားတော့ ခင်ဗျားတို့က ငါးပါးအာရုံ ကာမဂုဏ်ထဲမှာ မြုပ်မှုမျောမှု အလုပ်တွေကို လုပ်နေတဲ့ဥစ္စာ ဒီဒုက္ခတွေကြိုက်လို့ လုပ်နေတာနဲ့ တူတယ် (မှန်ပါ့ ဘုရား)။

မြုပ်မှု မျောမှုအလုပ်ဆိုတာ မျောနေလဲ မသက်သာဘူး မြုပ်သွားကော (မသက်သာပါ ဘုရား) အဲဒီတော့ မျောမြုပ်ထဲမှာ နေကြရမည့်ပုဂ္ဂိုလ်တွေ ကိုယ့်ကိုယ်တိုင် မသိလို့ ကယ်တင်တဲ့ပုဂ္ဂိုလ် ပေါ်လာပြန်တော့လဲ ခင်ဗျားတို့ ရှောင်ဖယ် ရှောင်ဖယ်နဲ့ ညောင်းသလေး၊ ညာသလေး၊ ကိုက်သလေး၊ ခဲသလေး လူတွေ ကြပ်ဘိသနဲ့၊ ချွေးတွေက ထွက်ပါဘိသနဲ့၊ ခရီးက ဝေးပါဘိသနဲ့ ဆိုပြီး ဆင်ခြေလဲပြီး သကာလ နေလိုက်ရင်ဖြင့် ကယ်မည့်သူ လာတိုင်း ပြေးတာနဲ့အတူတူပဲ (တူပါတယ် ဘုရား)။

ဆေးပေးမည့်လူလာလေ ပြေးလေ

ဒကာကြွယ် ဘာနဲ့တူပါလိမ့် (ကယ်မည့်သူလာတိုင်း ပြေးတာနဲ့ တူပါတယ် ဘုရား) ကယ်မည့်သူ လာတိုင်း ပြေးတာနဲ့ တူတယ်ဆိုတော့ ဪ ဘုန်းကြီး တစ်နေ့က ပြောသလို လည်းပင်းဂုတ်မှာ အနီကြီးနဲ့ ခွေးသည် ဆေးပေးမည့်လူလာလေ ပြေးလေ ဖြစ်နေလို့ရှိရင်ဖြင့် ဘေးက တစ်ယောက်က ကြည့်မယ်ဆိုလို့ရှိရင်ဖြင့် ဆေးခွက်ကိုင်တဲ့ ပုဂ္ဂိုလ်ဟာဖြင့် ပျောက်ခြင်းကို အလိုရှိတဲ့ပုဂ္ဂိုလ်ပဲ၊ ပြေးတဲ့ပုဂ္ဂိုလ်ဟာဖြင့် ပျောက်ခြင်းကို မနှစ်သက်တဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဒီပွဲမှာသည်းခံပြီး သကာလ တရားနာကြ လို့ရှိရင် ဆေးခွက်နဲ့လိုက်တဲ့ပုဂ္ဂိုလ်ဟာ အနာပျောက်အောက် ကုတော့မလို့ ဖြစ်သောကြောင့် အနာကုနေတဲ့ဆေးဒဏ်ကြောင့် စပ်သလေး၊ ခါးသလေးဆိုတာ ခဏလေးတော့ တွေ့မှာပဲ (မှန်ပါ့) သို့ရာတွင် တစ်သံသရာလုံး ပျောက်မည့်ကမ္ဘာ့အနာခန္ဓာကြီးသည်ကားလို့ ဆိုရင် ရောဂတောလို့ ဘုရားက ဟောထားတယ် (မှန်ပါ့ ဘုရား)။

ရောဂါအပြည့်ရှိနေတဲ့ခန္ဓာကြီးကို ဝိပဿနာဆေး၊ မဂ်ဆေးနဲ့ ကုလိုက်ရလို့ရှိရင်ဖြင့် ရောဂါခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန်ကို သေသေချာချာ ရောက်ရမှာ ဖြစ်သောကြောင့် ဆေးခွက်ကိုင်ပြီး တရားဟောတဲ့ ဆရာတော်လို ဒကာ ဒကာမတွေ ဝေဒနာသည်တွေကို ကုနေတဲ့ပုဂ္ဂိုလ်ကို ခင်ဗျားတို့က အကုမခံတဲ့သဘောနဲ့ ပြေးခဲ့သည်ရှိသော် ခုနင်က ခွေးကတော့ တိရစ္ဆာန်မို့ ပြေးတယ်လို့ ဆိုစရာရှိတယ်နော် (မှန်ပါ့) လူတွေက မနာတော့ဘူး၊ မကြိုးစားတော့ဘူးဆိုရင် လူတိရစ္ဆာန်မို့ ပြေးတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ် (ရောက်ပါတယ် ဘုရား)။

လည်ပင်းတရမ်းရမ်းနဲ့ ပြေးနေတာပဲ

ဒါတွေ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်စဉ်းစားပြီး သကာလ ဒကာ ဒကာမတွေ စဉ်းစားတော့မှ ဪ တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် အလိုရှိတဲ့ပုဂ္ဂိုလ်က ကုသမလို့ဟာ အလိုရှိသလို ဝေဒနာပျောက်ဖို့ ဆေးရှိတဲ့ပုဂ္ဂိုလ်၊ ဆေးသိတဲ့ပုဂ္ဂိုလ် ကုခဲ့သည်ရှိသော် အဆင်သင့်ခံယူဖို့ပဲ ဒို့အရေး ဒို့အရေးဆိုတာ ဒါပဲလို့မှတ်ကြပါ (မှန်ပါ့) ဆေးကုခံတဲ့ အရေးဟာ ကိုယ့်အရေးလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့ ဘုရား)။

ကိုယ်ကိုယ်တိုင်ကတော့ ဆေးလဲမသိဘူး၊ ကုရမှန်းလဲ မသိဘူး၊ လည်ပင်း တရမ်းရမ်းနဲ့သာလျှင် နက်ဖြန် ဘာဖြစ်နိုင်၊ သဘက် ဘာဖြစ် နိုးနိုးဆိုပြီး တောင်က မြောက်ပြေး၊ မြောက်က တောင်ပြေးနဲ့ လည်ပင်းတရမ်းရမ်းနဲ့ ပြေးနေတာပဲ (မှန်ပါ့ ဘုရား)။

မြောက်က တောင်ပြေးတယ်၊ မန္တလေးပြေးလိုက်၊ တောင်မြို့ပြန်လာလိုက်၊ ဒီနေ့ နေရာမကျခဲ့၊ နက်ဖြန် နေရာမကျခဲ့၊ လည်ပင်းတရမ်းရမ်းနဲ့ တလှုပ်လှုပ်နဲ့ အနာတွေပေါက်လို့ ပြေးနေတာ (မှန်ပါ့) ဘာနာတုံးမေးတော့ ကိလေသာပူပန်တဲ့အနာ (မှန်ပါ့) ဒီအနာမပျောက်သရွေ့ ပုဂ္ဂိုလ်တွေ အပြေးရပ်ပါ့မလား (မရပ်ပါ ဘုရား) အပြေးမရပ်သရွေ့ကာလပတ်လုံးလဲ ရောဂါမသက်သာလို့ ပြေးရတာပဲဆိုတာ သဘောပေါက်ကြပလား (ပေါက်ပါပြီ ဘုရား)။

အဲဒါတွေကြည့်တော့မှ ငါတို့ ရောဂါသည်ကားလို့ဆိုရင် တပြေးပြေး တလွှားလွှားနေတာ အိုခြင်းဆိုး၊ သေခြင်းဆိုး ခေါင်းထဲသာ လိုက်တယ်၊ ရောဂါက မပျောက်ဘူး (မပျောက်ပါ ဘုရား) ဝိပဿနာမဂ်ဉာဏ်ဆေးကိုမှ ငါတို့သည် အေးအေးကလေး ကုတဲ့ပုဂ္ဂိုလ်ထံ အကုအသ မခံခဲ့သည်ရှိသော် ငါတို့ ဟိုပြေးဒီပြေးဟာ ကိလေသာ လောက်ကိုက်လို့ ပြေးတာလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ကိလေသာ လောက်ကိုက်လို့ဆိုတာ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ လောဘက လိုချင်တယ်၊ နက်ဖြန်လဲ သွားဦးမယ်၊ သဘက်လဲ လာဦးမယ်ဆိုတာ လောဘလိုချင်မှု၊ ဒေါသမကျေနပ်မှု၊ မောဟဘယ်လို ဘေးအန္တရာယ်ရန်တွေ တွေ့ပေမယ့်လို့ ရှေ့နေပူ လေပူတွေနဲ့ တွေ့ကြုံငြားသော်လဲ မသိအောင် ဖုံးထားတယ် (မှန်ပါ့ ဘုရား)။

ကိလေသာလောက်လဲ ကိုက်ပြန်

ဒါဖြင့် ခင်ဗျားတို့ ဖြစ်ထွေသည် ကိလေသာလောက်လဲ ကိုက်ပြန်၊ ဒေါသလဲ မကျေနပ်လို့ အပြေးခိုင်းပြန်၊ မောဟကလဲ ရှေ့အန္တရာယ်တွေကို မသိအောင် ဖုံးဖိထားပြန် ဆိုတော့ ခင်ဗျားတို့ ရန်သူသုံးယောက် နှိပ်စက်တာကို အပြေးအလွှားခံနေရတယ် ဆိုလို့ရှိရင် ငြင်းစရာလိုသေးလား (မလိုပါ ဘုရား)။

ဒါ ကြပ်ကြပ် စဉ်းစားနားထောင်ပါ ဒကာ ဒကာမတို့ ဒကာကြွယ်ကြီး ဖြစ်စေ၊ ဦးလှဘူးကြီးဖြစ်စေ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဖြစ်စေ ဒီကနေ မန္တလေးပြေးတာဟာ အကြောင်းရှိလို့ ပြေးတာပေါ့ဘုရား၊ ဒါပဲဖြေမယ် (မှန်ပါ့) ဘာအကြောင်းတုံး မေးလို့ရှိရင် လိုချင်တဲ့ ကိလေသာလောက်ကိုက်လို့ဘုရား (မှန်ပါ့) ဘာအကြောင်းတုံး မေးလို့ရှိရင် လိုချင်မှု ကိလေသာလောက်ကိုက်လို့ဘုရား (မှန်ပါ့) တစ်နည်းအားဖြင့် ကိုယ့်ရမှာကလေး မမီလိုက်မှာ စိုးရိမ်ဒေါသလောက်ကိုက်လို့ဘုရား (မှန်လှပါ ဘုရား) တစ်နည်းအားဖြင့် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် အလကားပြေးတာလား ကိလေသာလောက်ကိုက်လို့ ပြေးတာလား (ကိလေသာ လောက်ကိုက် လို့ပါ ဘုရား)။

ကိလေသာ လောက်ကိုက်လို့ ပြေးတာ မထင်ရှားကြဘူးလား (ထင်ရှားပါတယ်) အဲဒီတော့ ဘေးကနေပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့တကွ သူတော်ကောင်းတွေ ကြည့်တော့ ဪ ပြေးမည့်လမ်းခရီးကလဲ လေပူနေပူတွေနဲ့ သူခိုး၊ ဓားပြကြားတွေထဲ ခလုပ်တံသင်းတွေ ကြားတွေထဲ (မှန်ပါ့) မော်တော်ကားများလိုက်လို့၊ မော်တော် ကားကပဲ လမ်းမှာချို့ယွင်းပြီး ချောက်ထဲ တွန်းချမလား မပြောနိုင်ဘူး (မှန်ပါ့၊ မပြောနိုင်ပါဘူး ဘုရား)။

ကိလေသာလောက်ကလဲ အတင်းကိုက်နေတော့ မပြေးဘဲကလဲ မနေနိုင်၊ အဝိဇ္ဇာကလဲ ဘေးအန္တရာယ်တွေ မသိအောင် ဖုံးထားတယ် (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာက အန္တရာယ်မသိအောင်ဖုံး

ဒီလိုနဲ့များ ဒကာ ဒကာမတွေ အဝိဇ္ဇာက အန္တရာယ်မသိအောင်ဖုံး၊ လောဘလောက်ကိုက်၊ ဒေါသလောက်က မကျေနပ်လို့ ခဏခဏတွန်း၊ ဒီလိုနဲ့ သွားရင်းမတ္တနဲ့ သက်ဆိုးရှည်ပြီး သကာလ နေတယ်၊ နောက်ဆုံးပိတ်ကျတော့ သေပွဲဝင်ရမယ့် အလုပ်ကော မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်တည်းဟူသော လောကုတ္တရာမဂ်တည်းဟူသော ဆေးနဲ့မှ ဒီ ဒကာ ဒကာမတွေ ကိလေသာလောက်ကိုက်နေတဲ့ရောဂါကို ဒီဆရာဘုန်းကြီး ကုသမပေးတော့ပါဘူး ဆိုလို့ရှိရင် အဝိဇ္ဇာမှောင်ကြီးက ရန်သူတွေကို ကွယ်ပြီး သကာလ အတိုးခိုင်းတာပဲ၊ ခင်ဗျားတို့ သေပွဲဝင်ရတော့မယ် (မှန်ပါ့) လောက်ကိုက်လို့လဲ ငြိမ်းငြိမ်းမနေနိုင်ဘူးဆိုတဲ့ ထပ်ပြန် တလဲလဲနဲ့ ဒကာကြွယ် တွန်းလိမ့်မယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ လမ်းမှာ ဟပ်ထိုးလဲပြီး သေပွဲတွေဝင်သွားမယ်ဆိုတော့ ဟ ဒီခွေးနာ ဘာဖြစ်တာတုံးဆိုတော့ အို ခွေးနာသည်ကားလို့ဆိုရင် ချောက်ကျသေတယ် (မှန်ပါ့ ဘုရား)။

ခွေးနာ ချောက်ကျသေ

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ခွေးနာ ချောက်ကျသေပါတယ် ဘုရား) ခွေးနာလောက်ကိုက်တာနဲ့ ချေက်ကျသေရှာတယ်ဘုရား (မှန်ပါ့ ဘုရား)။

ဒကာကြွယ် နာစရာမရှိပါဘူး (မရှိပါ ဘုရား) ဖြစ်စဉ်ကော ကိုက်ပါရဲ့လား (ကိုက်ပါတယ် ဘုရား)။

အဲဒါ စိုးရိမ်တော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ သွားလာနေကြတာဟာ ကိုယ်သွားလာနေတဲ့ လမ်းခရီးလဲ ကြည့်ပါဦး အန္တရာယ်ကင်းလို့ ဘေးရှင်းတဲ့လမ်းလား (မဟုတ်ပါ ဘုရား)။

ဒီလမ်းချည်း ဘယ့်နှယ်ကြောင့် တစ်ပြေးတည်းပြေး၊ တစ်လွှားတည်း လွှားပြီး သကာလ နေပါလိမ့်မတုံး မေးပြန်တော့ ဘာလောက်ကိုက်လို့လဲ (ကိလေသာ လောက်ကိုက်လို့ပါ ဘုရား)။

ဪ လမ်းကြမ်းထဲ ကိလေသာလောက်ကိုက်လို့ ပြေးတော့ အဝိဇ္ဇာမှောင် ကြီးကလဲ ပိတ်ဆီးထား ပြန်တော့ အန္တရာယ်တွေ မမြင်၊ ဘေးရန်တွေ မမြင်၊ မာန်တွေ မမြင်ဆိုတော့ အန္တရာယ်တွေ၊ မာန်တွေလဲ ဒကာကြွယ် နေရာတိုင်းရှိတယ် (ရှိပါတယ် ဘုရား)။

ဒီအထဲ အတင်းတိုးပြီး သကာလ ကိလေသာလောက်ကိုက်တယ်၊ လောဘက မြန်မြန်သွားဟဲ့၊ ဒီရန်ထဲမှာပဲ နင်တိုးဟဲ့၊ နင့်သက်တမ်း နင် အလကားဖြုန်းဟဲ့ဆိုပြီး သကာလ တွန်းထိုးပြုပြီး ဒီရန်သူ သုံးယောက် ဝိုင်းပြီး နှိပ်စက်လိုက်တာ ဒကာ ဒကာမတွေ အနေဆင်းရဲပြီး သကာလ အသေငရဲပဲ ရောက်ရတော့မယ် (မှန်လှပါ ဘုရား) မရောက်ရပေဘူးလား (ရောက်ရပါတယ် ဘုရား)။

သေစရာမရှိတဲ့နိဗ္ဗာန်ပို့မလို့ ဟောနေတဲ့တရား

အဲဒါတွေကို စိုးရိမ်လို့ ဆရာဘုန်းကြီးသည် ဒီဒကာ ဒကာမတွေအား ကိလေသာလောက်တွေကိုလဲ ဝိပဿနာမဂ် လောကုတ္တရာမဂ်တည်း ဟူသော ဆေးတွေနဲ့ “သေအောက် ကျေအောင် လုပ်ပေးမယ်” ရှေ့အန္တရာယ်တွေ ရှိတာကိုလဲ အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် လုပ်လို့ရှိရင်ဖြင့် အန္တရာယ်တွေ၊ မာန်တွေ၊ ရန်တွေ မြင်ပြီး သကာလ သူတို့သည် အဝိဇ္ဇာချုပ်လို့ တဏှာသေခဲ့သည်ရှိသော် လောက်ကိုက်လဲ သက်သာ ချောက်ကျလဲ လမ်းဆုံးပြီး သကာလ နေစရာလဲ ကောင်း၊ သေစရာမရှိတဲ့နိဗ္ဗာန်ပို့မလို့ ဟောနေတဲ့တရားပဲလို့ ဆုံးဖြတ်ချက် ချပါ (မှန်လှပါ ဘုရား)။

ဒါဟာ စကားပြောကောင်းလို့ အသွယ်အဝိုက်ကောင်းလို့ မထင်နဲ့၊ ကိုယ့်ဖြစ်စဉ်ကိုက် ပြောတယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ တောင်က မြောက်သွား၊ မြောက်က တောင်သွားတာ၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) ဘာဖြစ်လို့ပါလိမ့် (ကိလေသာ လောက်ကိုက်လို့ပါ ဘုရား) ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။

ကိလေသာလောက်ကိုက်သတဲ့နော် (မှန်ပါ့) ဒကာ ဒကာမတို့ ဘာဖြစ်ကြသတုံး (ကိလေသာလောက်ကိုက်ပါတယ် ဘုရား) ကိလေသာလောက်က ဘယ်သူ့ကိုက်တာပါလိမ့်မတုံး မေးတော့ ခန္ဓာကိုက်တာ (မှန်ပါ့ ဘုရား)။

ကိလေသာလောက်ကိုက်တာ ဘယ်သူ့ ကိုက်တာပါလိမ့် (ခန္ဓာကိုက်ပါတယ် ဘုရား)။

ခန္ဓာကိုက်တော့ လောက်ကိုက်တဲ့ပုဂ္ဂိုလ်သည် ပြေးမိပြေးရာ မပြေးမိပေဘူးလား (ပြေးပါတယ်) ပြေးမိပြေးရာ ပြေးတော့ ချောက်တွေ ကျင်းတွေ တံသင်းတွေနဲ့ မတိုက်မိ မခိုက်မိပေးဘူးလား (ခိုက်မိပါတယ် ဘုရား)။

လူသေမသေရ၊ ခွေးသေ သေရ

အဲ-လောဘရှိလာပြီဆိုမှဖြင့် ဒေါသကလဲ အတင်းမောင်းနှင်ပြီး သကာလ မောဟဆိုတဲ့တရားက ချောက်ကျင်းမမြင်အောင် လုပ်ပြီဆိုမှဖြင့် “လူသေမသေရ၊ ခွေးသေ သေရ” ဆိုတဲ့အဓိပ္ပာယ် ဒကာကြွယ် ဦးလှဘူးတို့ မရောက်ကြပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ကိလေသာလောက် သေမှသာလျှင် ဒကာ ဒကာမတို့ ကျုပ်တို့မှာ အပြေးရပ်တော့မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မျက်စိကလေး မြင်အောင် လုပ်ပေးမှသာလျှင်လဲ အန္တရာယ်တွေ ရှိကြောင်း မြင်တော့တယ် (မှန်ပါ့) အန္တရာယ်ရှိကြောင်း သိပြန်တော့လဲ ဒီလမ်း မတိုးတော့ဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာတည်းဟူသော အမှောင်ရန်သူတွေပေါလှတဲ့ အမှောင် ကိလေသာ တည်းဟူသော လောက်ကိုက်သူကို ယနေ့ ဇာတ်သိမ်းရအောင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာအမှောင်ကြီးကို ယနေ့ အလင်းပေးရအောင် (မှန်ပါ့) ကိလေသာလောက်တွေကိုလဲ ယနေ့ မဂ်ဆေး ဝိပဿနာဆေးနဲ့ အသက်အရေးကို ကြီးစွာသော အရေးလုပ်ပြီး သကာလ သတ်ကြရအောင် ဒီတရားပွဲ ကြိုးစားကြပါလို့ တိုက်တွန်းတယ်နော် (မှန်ပါ ဘုရား)။

ဟို ဒကာ ဒကာမတွေ ကြည့်လိုက်ပြန်လဲ ပျာယာခတ်နေတယ်၊ ဒီ ဒကာ ဒကာမတွေ ကြည့်လိုက်ပြန်လဲ ပျာယာခတ်နေတာပဲ (မှန်လှပါ) အားလုံးသော ဒကာ ဒကာမတွေကို အိမ်လိုက်ကြည့်တော့ အငြိမ်မရှိဘူးဗျ၊ သူတို့အိမ်ကြည့်ရတာ ဣန္ဒြေရလိုက်တာဆိုတဲ့အိမ်များ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဟာ ဒါဖြင့် ဒီဘက်အိမ်က မရှိဘူး၊ ဟိုဘက်အိမ်က ဘာဖြစ်နေသတုံး မေးပြန်တော့ ပျာယာခတ်နေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)တစ်ခါ ဈေးချိုတစ်ခုလုံး လျှောက်ကြည့်ပြန်တော့လဲ ဘာဖြစ်နေသတုံး (ပျာယာခတ်နေပါတယ် ဘုရား)။

ဟာ ဘာဖြစ်တာတုံး၊ ဣန္ဒြေမရ တည်တည်ကြည်ကြည် မနေရ၊ ဟာ ဘာဖြစ်ကြပါလိမ့်မတုံးလို့ ဉာဏ်မျက်လုံးကလေးနဲ့ ဒကာကြွယ်တို့ ဦးလှဘူးတို့က ကြည့်လိုက်တာပေါ့ဗျာ (မှန်ပါ့) ကြည့်လိုက်တော့ မမြင်သေးဘူးလား (မြင်ပါတယ် ဘုရား) ဪ ရောဂါသည်တွေပါလား (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမယ် (ရောဂါသည်တွေပါ ဘုရား) ရောဂါသည်တွေပါလား ဆိုတာ ငြင်းလို့ရပါ့မလား (မရပါ ဘုရား)။

ချောက်ကျင်းတွေထဲ ကျသေမှာပါ

ဒီရောဂါတွေ ပျောက်တဲ့ဆီ ပြေးတာလား၊ ချောက်ကျမည့်ဆီ ပြေးတာလားလို့ ဒီရောဂါသည်ကိုလဲ ဒီရောဂါနဲ့ ဒီနေရာတွင် ဝပ်သေမှာလား၊ ဟိုပြေး ဒီပြေးနဲ့ ချောက်ကျင်းတွေထဲ ကျသေမှာပဲလား ရောဂါသည်ကိုလဲ မေးပါဦး (ချောက်ကျင်းတွေထဲ ကျသေမှာပါ ဘုရား) အံမာလေး နေတော့ ရောဂါနဲ့၊ သေတော့ ချောက်ကျင်းကျတယ် (မှန်ပါ့) နေတော့ (ရောဂါနဲ့ပါ) သေတော့ (ချောက်ကျင်းကျမှာပါ ဘုရား) ဘယ်မှာ သက်သာခွင့်ပါကြရဲ့လား (မပါပါ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အနေဆိုးနေပြီး အသေဆိုးဖြင့် သွားလေရဲ့ (မှန်ပါ့) ဆိုထိုက်- မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) နေတော့ ဘာတုံး (အနေဆိုးပါ ဘုရား) သေတော့ (အသေဆိုးပါ ဘုရား) ဒကာကြွယ် ဘယ်နေရာ ကောင်းခန်း ပါသေးသလဲ (မပါပါ ဘုရား)။

ဒါတွေ အနေဆိုးကို သေစေချင်တဲ့ ကိလေသာလောက်တွေ ဝိပဿနာမဂ်နဲ့ သတ်ရလိမ့်မယ် (မှန်ပါ့) အသေဆိုး မသေချင်လို့ရှိရင် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်မှပဲ စိတ်အေးရတော့မယ် (မှန်လှပါ ဘုရား) ဒါမှ အမြင်မှန် ရမှာကိုးဗျ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်သူ ပျာယာခတ်လို့ သိန်းပေါင်းများစွာ ချမ်းသာသတဲ့ဆိုတာ ဝမ်းမသာလို့ ပြောတဲ့ စကား မဟုတ်ပါဘူးနော် (မှန်ပါ့) သူ့မှာ လောက်ကိုက်တဲ့အနာကြောင့် မသက်သာတာချည်းကိုသာ ဘုန်းကြီးတို့ မြင်နေလို့ သနားတာပါ (မှန်လှပါ ဘုရား)။

လောက်ကိုက်နာနဲ့ ခွေးသည် ပြေးမိပြေးရာ ပြေးနေခဲ့သော် ချောက်ကျင်းမှ ကျပါ့မလား (ကျပါတယ် ဘုရား) လောက်ကိုက်တဲ့ ခွေးဟာ အလင်းနေချင်သလား၊ အမှောင်ပြေးချင်သလားပဲ အကဲခတ် စမ်းပါဦး (အမှောင်ပြေးချင်ပါတယ် ဘုရား) ဪ အဝိဇ္ဇာ အမှောင်ထုကြီးထဲမှာ ပြေးချင်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကိလေသာလောက်ကိုက်လို့

ဒကာကြွယ်ရေ အားလုံး ဒကာ ဒကာမတွေကို အင်မတန် ကရုဏာ ရှေ့ထားပြီး သကာလ ကိလေသာလောက်ကိုက်လို့ မှောင်ထဲချည်း ပြေးနေတာတွေ မြင်သောကြောင့် လောက်ကိုက်တာကလဲ မသက်သာ၊ ချောက်ထဲကျတာကလဲ မကောင်း၊ အသုဘဖြစ်မှာ စိုးရိမ်လို့ လောက်ကိုက်နာကို ပျောက်အောင် ကုမကွ၊ အမှောင်နဲ့ အလင်းကို ခွဲခြားပြီး အလင်း ကလေးရအောင်ကိုလဲ မျက်စိနှစ်ကွင်း အလင်းကလေးရအောင် ကြိုးစားပေးမယ်ဆိုပြီး ဟောနေရတာ (မှန်ပါ့) လွယ်ကူပါ့မလား (မလွယ်ကူပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အံမာလေး ဒကာ ဒကာမတွေ ငါပြောတာ ဘာပြောတာပါလိမ့်မတုံးဆိုတာကော ယနေ့တော့ ရိပ်မိကောင်းပါပြီ (ရိပ်မိပါပြီ ဘုရား) ဘယ့်နှယ်ကြောင့်ပါလိမ့် (ကိလေသာလောက်ကိုက်လို့ပါ ဘုရား)။

ကိလေသာလောက်ကိုက်တဲ့ပုဂ္ဂိုလ်ဟာ လမ်းရွေးသေးသလား (မရွေးပါ ဘုရား) ရမယ်ဆို ဘယ်လမ်းဖြစ်ဖြစ် (ပြေးပါတယ် ဘုရား) ဘယ်လမ်းက အန္တရာယ် ကင်းသတုံးဆိုတော့ မဂ္ဂင်လမ်းသာ အန္တရာယ်ကင်းတယ်၊ လောကီလမ်းတွေက အန္တရာယ်ကင်းတာရှိရဲ့လား (မရှိပါ ဘုရား)။

ဟာ မကင်း ကင်းကင်း ရမယ်ဆို သွားရမှာပဲ၊ လောက်ကလဲ ကိုက်ပြန်၊ ဒကာ ဒကာမတွေ ရမယ်ဆိုတဲ့ လောက်က ကိုက်ပြီးနေပြန်တော့ သွားမိသွားရ သွားတဲ့အခါကျတော့ အန္တရာယ်မကင်းတဲ့ ရောဂါဥပါဒ် အန္တရာယ်တွေများတဲ့အထဲ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) အဲဒါကို အမှောင်ကို ခွင်းနိုင်တဲ့ အလင်းဝိဇ္ဇာမရလို့ဖြစ်ရခြင်း ဖြစ်ပါတယ် (မှန်လှပါ ဘုရား) သိပ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဘယ်လိုနေ ဘယ်လိုသေပါလိမ့်မတုံး

တစ်သံသရာလုံး တပည့်တော်တို့ ဘယ်လိုနေ ဘယ်လိုသေပါလိမ့်မတုံး ဘုရားလို့ဆိုတော့ ကိလေသာ လောက်ကိုက်ပြီး ချောက်ကျသေခဲ့တဲ့ ဘဝချည်းပဲ (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိလေသာလောက်ကိုက်ပြီး ချောက်ထဲကျသေခဲ့တဲ့ဘဝချည်းပါ ဘုရား) ကိလေသာလောက်ကိုက်ပြီး ချောက်ကျချည်း သေခဲ့ရတာချည်းပဲ (မှန်ပါ့) သေမိသေရာ သေတော့တာပဲ (မှန်ပါ့) ဟို ခေါက်ဆွဲဖို ဝင်စားလို့ ရေနွေးပူနဲ့ အပက်ခံပြီး သေလိုက်ရတဲ့ ဖြစ်ခြင်းတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ကိလေသာလောက်ကိုတော့ ခေါက်ဆွဲဖိုမှ စားရလိမ့်မယ်ထင်တော့ ကိလေသာလောက်ကလဲ ခေါက်ဆွဲဖို တွန်းလွှတ်တဲ့အခါကျလို့ရှိရင် ခေါက်ဆွဲဖိုကနေပြီး သကာလ ဒီအနားမှာ ငါတို့ဝယ်ထားတဲ့ သားငါးတွေ သူပဲ စားတတ်တာပဲဆိုပြီး ရေနွေးပူနဲ့ပက်တော့ သေခြင်းဆိုး မသေရဘူးလား (သေရပါတယ် ဘုရား) လောက်ကိုက်လို့ သွားမိသွားရာ သွားပြန်တော့ သေခြင်းဆိုး သေရတယ် (မှန်ပါ့ ဘုရား)။

ဒီ ဒကာ ဒကာမတွေလဲ အခု ဘယ့်နှယ် ဖြစ်နေသတုံးဆိုတော့ ဒကာကြွယ်တို့ ဦးလှဘူးတို့ မေးခဲ့သော ဘယ့်နှယ်ဖြေကြပါ့မလဲ (လောက်ကိုက်ပါတယ် ဘုရား) ကိလေသာ လောက်ကိုက်ပြီး သွားမိသွားရာ သွားလို့ ဘယ်မှာ ငှက်ဖျားသင့်ပြီး သေသတဲ့ဘုရား (မှန်ပါ့) ဘယ်မှာ ကားတိုက်လို့တဲ့၊ ဘယ်မှာ ဘာဖြစ်လို့တဲ့ မကြားရဘူးလား (ကြားရပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် အဲဒီအသေဆိုးကြီးတွေနဲ့ သေရပါလိမ့်မတုံးဆိုတာတော့ လောက်ကိုက်လို့ အတည်တကျ နေမရလို့ပါ (မှန်ပါ့) ဘယ်လို ဆိုကြပါ့မလဲ (လောက်ကိုက်လို့ အတည်တကျ နေမရပါဘူး) ဒါ လူတိုင်းအလုပ်နော် (မှန်ပါ့)။

ကိလေသာ ခပ်သိမ်းငြိမ်းတဲ့ မဂ်ရေစင်ဖျန်းလို့

အဲဒီတော့ ဘုန်းကြီးများက ကိလေသာ ခပ်သိမ်းငြိမ်းတဲ့ မဂ်ရေစင်ဖျန်းလို့ (မှန်ပါ့) သွားမိသွားရာ ရန်သူထဲ သွားမည့်ဥစ္စာကိုလဲ အမြင်ဓါတ် ဝိဇ္ဇာဓါတ်ကြီးကို ပေး၍ ကိလေသာလောက်တွေကို မဂ်ရေစင်နဲ့ ဖျန်းပြီး သေစေ၊ အမြင်ဓါတ်ဖြစ်တဲ့ ဝိဇ္ဇာဓါတ်တွေကို ပေးရလို့ရှိရင်ဖြင့် လောက်မကိုက်သောကြောင့် မပြေး၊ မပြေးလို့ သေခြင်းဆိုး မသေရ (မှန်ပါ့)။

ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) လောက်မကိုက်သောကြောင့် ပြေးရသေးရဲ့လား (မပြေးရပါ ဘုရား) ပြေးမိပြေးရာ မပြေးလို့ သေခြင်းဆိုး သေစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာနဲ့တဏှာပဲ၊ တဏှာတည်းဟူသော လောက်ကိုက်တော့ အဝိဇ္ဇာမှောက်ကြီးက ဖုံးထားတော့ ပြေးမိပြေးရာပြေး၊ သေခြင်းဆိုးချည်း သေရတဲ့ ဘဝတွေ နည်းနည်းနောနော ဘဝတွေ မဟုတ်သောကြောင့် ဒီတစ်ခါဖြင့် လောက်သေဆေးနဲ့ မျက်စိနှစ်ကွင်း အလင်းရတဲ့ဆေး ပေးရတော့မယ် (မှန်ပါ့ ဘုရား) မပေးရဘူးလား (ပေးရပါတယ် ဘုရား)။

ဒါကို ခင်ဗျားတို့ မျက်စဉ်းခတ်ပေးမည့် ကြံရင် ပြေးပြီး သကာလ မနေလိုက်ပါနဲ့ (မှန်ပါ့ ဘုရား) ဆေးခွက်ကိုင်ပြီး လောက်တွေကို သတ်ပေးမလို့ လာတာကိုလဲ မြင်တိုင်း မပြေးလိုက်ပါနဲ့ဆိုတဲ့ ဥစ္စာကိုလဲ ဒကာကြွယ် တောင်းပန်ပြီး ကုနေရတယ် (မှန်ပါ့) ဘယ်လိုလုပ်ပြီး ကုသရပါလိမ့် (တောင်းပန်ပြီး ကုသရမှာပါ ဘုရား)။

တောင်းပန်ပြီး ကုသနေရတယ်ဆိုတော့ ခင်ဗျားတို့ အတွက်မှာဖြင့် အတော် ကျက်သရေယုတ်တယ် (မှန်ပါ့ ဘုရား) ရောဂါကို တောင်းပန် ကုနေရပါတယ် ဆိုကတည်းက ရောဂါသည်က အရူးဖြစ်နေတယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (ရောဂါသည်ဟာ အရူးဖြစ်နေပါတယ် ဘုရား)။

အံမာလေး ရောဂါလဲ ရသေးတယ်၊ အရူးကလဲ ထလိုက်သေးတယ် ဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုးဖြင့် နည်းပေါ့ (နည်းပါတယ် ဘုရား) တယ်လဲ ဆိုးဝါးပါလား (ဆိုးဝါးပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အမတနိဗ္ဗာန်ဆိုတာတော့ဖြင့် ရောက်တော့မှာပဲ

အေး ဒါကြောင့် ဒီတစ်ခါ ဆေးကုခံချင်ခံ၊ ဟုတ်လား (မှန်ပါ့) မျက်စဉ်းပေးလို့ရှိရင်လဲ အလင်းရလိမ့်မယ်၊ ကိလေသာလောက်တွေလဲ မဂ်ရေစင် ဖျန်းလို့ရှိရင်ဖြင့် ကိလေသာလောက်တွေ သေလို့ရှိရင်ဖြင့် နိရောဓဆိုတဲ့ ဓုဝနိဗ္ဗာန်၊ သုခနိဗ္ဗာန်၊ အမတနိဗ္ဗာန်ဆိုတာတော့ဖြင့် ရောက်တော့မှာပဲ (မှန်ပါ့ ဘုရား) ကဲ ဒါဖြင့် ရောက်အောင် ကြိုးစားကြစို့နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာ လောက်တွေ ကိုက်တာနဲ့ အမှောင်ကို အလင်းရဖို့အရေးဟာ ဘာလုပ်ရမှာပါလိမ့်မတုံးလို့ မေးလို့ ရှိရင်ဖြင့် အားလုံးဒကာ ဒကာမတွေ ဝိပဿနာမဂ်ကို ရှေးဦးစွာ လုပ်ရမယ် (မှန်ပါ့ ဘုရား) အဲ ဝိပဿနာမဂ်ကို ရှေးဦးစွာ လုပ်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဝိပဿနာမဂ် ရင့်ကျက်လာလို့ရှိရင် ဝိပဿနာမဂ်က အနန္တရပစ္စည်း (မှန်ပါ့) လောကုတ္တရာမဂ်က အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် (မှန်ပါ့) အခြားရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဝိပဿနာမဂ်နဲ့ ကိလေသာလောက်တွေကို သေစေပြီး သကာလ လောကုတ္တရာမဂ်နဲ့ “ဝိဇ္ဇာ ဥဒပါဒိ အာလောကော ဥဒပါဒိ” ဆိုတဲ့ အလင်းကိုဖြင့် ပေးတော့မှာပဲဆိုတဲ့ ဥစ္စာ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ သေသေချာချာကြီး မှတ်ပေတော့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဝိပဿနာမဂ်၊ လောကုတ္တရာမဂ်၊ မဂ် ဘယ်နှစ်မျိုး ရှိပါလိမ့် (နှစ်မျိုးပါ ဘုရား) ဝိပဿနာမဂ်က အနန္တရပစ္စည်း၊ လောကုတ္တရာမဂ်က အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် (မှန်ပါ့) ဒါက စာလိုသုံးတာ (မှန်ပါ့ ဘုရား)။

မြန်မာလို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နားလည်မှု ပြောကြပါစို့ ဆိုတော့ ဝိပဿနာမဂ်က အကြောင်း၊ လောကုတ္တရာမဂ်က (အကျိုးပါ ဘုရား) အဲ ဝိပဿနာမဂ်အားထုတ်မှ လောကုတ္တရာမဂ်ရမယ် (မှန်ပါ့) ဝိပဿနာမဂ် အားမထုတ်ခဲ့သော် (လောကုတ္တရာမဂ် မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာလောက်ကိုက်တာကို သေစေချင်လို့ရှိရင် ဝိပဿနာမဂ်ကို လုပ်ပါ (မှန်ပါ့) အာလောကော ဥဒပါဒိ ဆိုတဲ့ သွားတဲ့နေရာမှာ မဂ်ကို လုပ်ပါ (မှန်ပါ့) အာလောကော ဥဒပါဒိဆိုတဲ့ သွားတဲ့နေရာမှာ အလင်းရမှ အန္တရာယ်ကို ရှောင်နိုင်တယ်ဆိုတာ သိရတော့ဖြင့် လောကုတ္တရာမဂ်ကို အရောက်အားထုတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘယ်မဂ်ရမှ ဘယ်မဂ်ရမှာပါလိမ့်

သို့သော် လောကုတ္တရာမဂ်ကို ဒကာသစ်တို့ ခုန်တက်လို့ ရပါ့မလား (မရပါ ဘုရား) ဘယ်မဂ်ရမှ ဘယ်မဂ်ရမှာပါလိမ့် (ဝိပဿနာမဂ်ရမှ လောကုတ္တရာမဂ်ရမှာပါ ဘုရား) ဝိပဿနာမဂ်ရမှ လောကုတ္တရာမဂ် ရလိမ့်မယ်ဆိုတာကိုလဲ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ဘယ်မှာ ဟောပါလိမ့်မတုံး မေးတဲ့အခါကျတော့ နိဒါနဝဂ္ဂသံယုတ်(နှာ-၃၄၄)မှာ ကြည့်လိုက်တဲ့အခါကျတော့ သုသိမသုတ်မှာ ဘယ်လို ဟောသတုံးဆိုတော့ “ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ”၊ သုသိမ-သုသိမပရိဗိုဇ်၊ ပုဗ္ဗေ-ရှေးအဖို့၌၊ ဓမ္မဋ္ဌိတိဉာဏံ-ဝိပဿနာဉာဏ်သည်၊ ဟောတိ-ဖြစ်၏၊ မင်းတို့ ရှေးဦးစွာ လုပ်ရမှာက ဝိပဿနာဉာဏ်တဲ့ (မှန်ပါ့)။

”ပစ္ဆာ နိဗ္ဗာနေ ဉာဏံ” ပစ္ဆာ-နောက်ကာလ၌၊ နိဗ္ဗာနေဉာဏံ -နိဗ္ဗာန်ကို အာရုံပြုနိုင်တဲ့ မဂ်ဉာဏ်သည်၊ ဟောတိ-ဖြစ်၏၊ နောက်မှ လောကုတ္တရာ မဂ်ဉာဏ်လာပါတယ်ကွာတဲ့ (မှန်ပါ့ ဘုရား) ဒါဖြင့် ရှေ့က ဘာမဂ်တုံး (ဝိပဿနာမဂ်ပါ ဘုရား) နောက်က ဘာမဂ်တုံး (လောကုတ္တရာမဂ်ပါ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာမဂ်ကို ရှေးဦးစွာ ကြိုးစားပါလို့ ဒကာကြွယ်တို့ တိုက်တွန်းတယ် (မှန်ပါ့ ဘုရား) မှတ်ထားနော် (မှန်ပါ့) ဝိပဿနာမဂ်ကတော့ ဖြစ်ပျက်ကို မြင်ပါတယ် (မှန်ပါ့) လောကုတ္တရာမဂ်ကတော့ ဖြစ်ပျက်ဆုံးတာကို မြင်တယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာမဂ်က ဘာမြင်ပါလိမ့် (ဖြစ်ပျက်မြင်ပါတယ် ဘုရား) မှတ်ထားနော် (မှန်ပါ့) လောကုတ္တရာမဂ်ကတော့ (ဖြစ်ပျက်ဆုံးတာကို မြင်ပါတယ်) ဖြစ်ပျက်ဆုံးတာကို မြင်တယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်မှ ဖြစ်ပျက်အဆုံးမြင်မှာ

ဒါဖြင့် ဖြစ်ပျက်မြင်မှ ဖြစ်ပျက်အဆုံးမြင်မှာပေါ့ (မှန်ပါ့) ဝါးအစကို မမြင်ဘဲနဲ့ ဝါးအဆုံးကို ဒကာကြွယ်တို့ ဦးလှဘူးတို့ မြင်ချင်ပါတယ်ဆိုလို့ (မမြင်ပါ ဘုရား) ဝါးမှ မတွေ့တဲ့ပုဂ္ဂိုလ်ဟာ ဝါးအစလဲ မတွေ့ပါဘူး၊ ဝါးအဆုံးကော (မတွေ့ပါ ဘုရား) ဝါးအစတွေ့လို့ ဝါးအဆုံးလိုက်မယ်ဆိုရင်ဖြင့် ဘယ့်နှယ်တုံးဗျာ (တွေ့ပါတယ် ဘုရား)။

အဲ ဝိပဿနာမဂ်ရပြီးလို့ ကိလေသာလောက် သေပြီဆိုမှဖြင့် ဒကာ ဒကာမတို့ လောကုတ္တရာမရ်ဆိုတဲ့ အလင်းကြီးဟာ ရပါတယ် (ရပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားကိုပဲ ဝိပဿနာမဂ်ကိုပဲ စကြပါဆိုတဲ့ အဓိပ္ပာယ်ကိုပဲ ပြောရတော့တယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဝိပဿနာမဂ်လုပ်ဖို့ သင်လဲသင်မယ် နော်၊ ခန္ဓာထဲလဲ ဉာဏ်လှည့်လိုက်ပါ၊ ဒီအချိန်ကလေး ဉာဏ်လှည့်လိုက်တော့ ခင်ဗျားတို့ စကြဝတေးမင်း စည်းစိမ်ချမ်းသာတွေထက် သာတယ်လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား)။

ဒီအချိန် တစ်ချက်လောက် ဉာဏ်လှည့်လိုက်ရရင်ပဲ “ဧကာဟံ ဇီဝိတံ သေယျော” ဆိုတဲ့အတိုင်း အသက်တစ်ရာရှည်ရတာထက် ဖြစ်ပျက် တစ်ချက် မြင်ရတာက မြတ်ပါတယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဓမ္မပဒပါဠိတော်မှာ ဟောထားတဲ့အတိုင်း ရှေးဦးစွာ ဝိပဿနာမဂ်ကို ရမှသာလျှင် လောကုတ္တရာမဂ်ကို ရနိုင်တယ်လို့ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ သုသိမပရိဗိုဇ်ကို ဟောထားသည့်ဖြစ်လေသောကြောင့်လဲ ကျုပ်တို့သည် ရှေ့ပိုင်းကစပြီး လုပ်ကြပါစို့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာစလုပ်ရမလဲ (ဝိပဿနာမဂ်လုပ်ရပါမယ်) ရှေ့ပိုင်း ကစပြီး ဝိပဿနာမဂ်ကို လုပ်ကြပါစို့ (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေ ဒါ ကိလေသာလောက်ကိုက်တာ ကုတော့မလို့ (မှန်ပါ့) ပြီးတော့မှ မျက်စိအလင်းကုရမှာ (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်နဲ့ အရင်လုပ်ပါမှ

ကိလေသာလောက်ကိုက်တာ ဝိပဿနာဉာဏ်နဲ့ အရင်လုပ်ပါမှ ဒကာ ဒကာမတို့ လောကုတ္တရာမဂ် ရနိုင်တယ်ဆိုတာလဲ သေချာပလား (သေချာပါပြီ) အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သာသတီတိ သတ္ထာ” ဆိုတဲ့အတိုင်း ငါက ဆေးသမားကြီးကွာ၊ မင်းတိုက လူနာသည်တွေကွ တဲ့ (မှန်ပါ့ ဘုရား)။

ဘုရားက ဘာတဲ့ (ဆေးသမားကြီးပါ ဘုရား) ဒကာ ဒကာမတွေက ဘာလဲ (လူနာသည်တွေပါ ဘုရား) အဲဒီဆေးသမားနဲ့ လူနာသည်ကားလို့ဆိုရင် ဆေးသမားက ပညာသည်မှတ်လိုက်စမ်း (မှန်ပါ့) လူနာသည်တွေကတော့ဖြင့် အနာရှိလို့လဲ ရှိမှန်းမသိဘူး (မှန်ပါ့) အနာလွန်မှ သိပြန်တော့လဲ ကုလို့မရပါဘူး (မရပါ ဘုရား)။

အဲဒါကြောင့် အခု ဒကာ ဒကာမတွေအတွက်မှာ စဉ်းစားရတာကဖြင့် ဒကာ ဒကာမတို့ အနာကလဲ မလွန်သေး၊ ဆေးသမား၏ဆေးတွေက ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ဆေးတွေ ထားပစ်ခဲ့တော့ ဘုန်းကြီးကလဲ ဆေးသမားဖြစ်ပြီး ကုသပေးနေတဲ့အချိန်မှာ အနာမလွန်ခင် ဆေးကလေး တွေ့ကြလို့ရှိရင်ဖြင့် ခင်ဗျားတို့သည် လောက်ကိုက်ပျောက်ပြီး သကာလ အလင်းရသောကြောင့် ငြိမ်ငြိမ်နေတဲ့ သန္တိလက္ခဏာရှိတဲ့နိဗ္ဗာန်ကြီး ရပါလိမ့်မယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိုယ့်ခန္ဓာကို ကိုယ်ကြည့်ကြစို့

ကဲ ဒါဖြင့် ကြိုးစားကြပါစို့ဆိုတာ တရားတစ်ပွဲလုံးကလဲ ဆုံးဖြတ်ချက်ချကြပါတော့ (မှန်ပါ့ ဘုရား) တရားတစ်ပွဲလုံး ဆုံးဖြတ်ချက်ချကြပါစို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဘယ်ဟာ အားထုတ်ရမှာတုံး၊ အို ဒကာ ဒကာမတို့ ဘယ်ဟာ အားထုတ်ရမှာတုံးလို့ မမေးပါနဲ့တော့ ဒီခန္ဓာကြီးထဲမှာ စိတ်ဟာလဲ ခန္ဓာပဲ (မှန်ပါ့) ဝေဒနာကော (ခန္ဓာပါ ဘုရား)။

ရုပ်ဟာကော (ခန္ဓာပါ ဘုရား) သညာသင်္ခါရတွေကော (ခန္ဓာပါ ဘုရား) ဪ ဒါဖြင့် ကိုယ့်ခန္ဓာကို ကိုယ်ကြည့်ကြစို့ (မှန်ပါ့ ဘုရား)။ ဘာကြည့်ရမှာပါလိမ့် (ကိုယ့်ခန္ဓာကိုကိုယ်ကြည့်ရမှာပါ) ကိုယ့်ခန္ဓာကို ကိုယ်ကြည့်ကြစို့ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်ဆိုတာ ဘာပါလိမ့်မတုံး မေးလို့ရှိရင် ကိုယ့်ခန္ဓာကို ကိုယ်ကြည့်တာ ဝိပဿနာမဂ် (မှန်လှပါ ဘုရား) ဘယ်လိုမှန်ကြမယ် (ကိုယ့်ခန္ဓ ကိုကိုယ်ကြည့်တာ ဝိပဿနာမဂ်ပါ ဘုရား)။ သေသေချာချာမှတ်ကြပါ၊ ကိုယ့်ခန္ဓာကိုယ်ကြည့်တာ ဘာပါလိမ့် (ဝိပဿနာမဂ်ပါ ဘုရား)။

ဝိပဿနာမဂ်ဆိုတာ ကိုယ့်ခန္ဓာကိုယ်ကြည့်လို့ မြင်လို့ရှိရင်ဖြင့် ဝိပဿနာမဂ်ဖြစ်တော့တာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်ဆိုတာ တခြားလား အောက်မေ့နေတယ်၊ ကိုယ့်ခန္ဓာ ကိုယ်ကြည့်ဖို့ပါပဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ်ပေါ်ရင်စိတ်ကိုကြည့်ပါ

ကိုယ့်ခန္ဓာကလဲ ဘုရား၊ ခန္ဓာငါးပါးတောင် ဘုရားဆိုတော့ ငါးပါးလုံး မကြည့်နဲ့လို့ ဘုန်းကြီးက သတိပေးလိုက်တယ် (မှန်ပါ့) ဝေဒနာပေါ်ရင် ဝေဒနာကြည့်ပါ (မှန်လှပါ ဘုရား) စိတ်ပေါ်ရင် (စိတ်ကိုကြည့်ပါ) စိတ်ကိုကြည့်ပါဆိုတော့ ဝိညာဏက္ခန္ဓာကို ကြည့်တာပေါ့ (မှန်လှပါ ဘုရား)။

ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မြင်တယ် မမြင်တယ်ဆိုတာ ဘုန်းကြီးရှင်းပြမယ် (မှန်ပါ့) မြင်တယ်၊ မမြင်တယ်ဆိုတာ ရှင်းပြပါ့မယ် ဒကာ ဒကာမတို့ သေသေချာချာ နားထောင်ပါ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒကာ ဒကာတို့၏ အသက်သည် ပထမစိတ် ဖြစ်တယ်၊ ပထမစိတ်နဲ့ လူရှင် ဖြစ်ရတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့) ဒုတိယစိတ်ဖြစ်လာရင် (ဒုတိယစိတ်နဲ့ လူရှင်ပါ ဘုရား) ပထမစိတ် ဖြစ်လာရင် (ပထမစိတ်နဲ့ ရှင်ပါတယ်) ပထမစိတ်နဲ့ လူရှင်နော် (မှန်ပါ့) ဒုတိယစိတ် ဖြစ်လာရင် (ဒုတိယစိတ်နဲ့ ရှင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ပထမစိတ်နဲ့ လူရှင်သည် ဒုတိယစိတ်ဖြစ်တဲ့အခါကျတော့ကို ဒကာ ဒကာမတို့ အသေမဖြစ်သေးဘူလား (ဖြစ်ပါတယ် ဘုရား) ဒုတိယစိတ်က အရှင်ဖြစ်နေပြီ (မှန်ပါ့ ဘုရား) ကဲ ဒုတိယစိတ်က ရှင်နေပြန်တော့ ဒုတိယစိတ်ကလဲ ဖြစ်ပြီးပျက်သွားတဲ့ သဘောကလေးနဲ့ ကုန်ဆုံးသွားတော့ တတိယစိတ်နဲ့ အသက်မရှင်ရဘူးလား (ရှင်ရပါတယ် ဘုရား) ဒါဖြင့် ဒုတိယစိတ်နဲ့ ဒကာကြွယ်တစ်ယောက် ဒုတိယဦးလှဘူး တစ်ယောက် ဆုံးရှုံးတယ် သေသွားပြီဆိုလို့ရှိရင်ဖြင့် လွဲပါ့မလား (မလွဲပါ ဘုရား)။

ကိုယ့်အသေကို ကိုယ်ကြည့်တာ ဝိပဿနာ

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အသေကို ကိုယ်ကြည့်တာ ဝိပဿနာ (မှန်ပါ့) ကိုယ့်ခန္ဓာကိုယ်ကြည့်တာ (ဝိပဿနာပါ ဘုရား) ကိုယ့်အသေ ကိုယ်မြင်တာ (ဝိပဿနာပါ ဘုရား) ဪ ဒါဖြင့် ဒကာကြွယ် နေရာကျပါပေါ့လား (မှန်ပါ့) နေရာကျပါပေါ့လား ဒကာ ဒကာမတို့၊ ကိုယ့်အသေ ကိုယ်မြင်တာ (ဝိပဿနာပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီအသေတွေကို မမြင်ကြလို့ ဒကာကြွယ်ရေ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတွေ ဖြစ်ဖို့ ဆုတောင်းကြတာ (မှန်ပါ့ ဘုရား) ဒီအသေတွေ ခဏခဏသေနေတဲ့ အသေတွေကို မမြင်ကြတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နောက်ဘဝ လူဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်တဲ့ တဏှာလာတာကိုးဗျ (မှန်ပါ့ ဘုရား) ဒီအသေ မြင်ကြရင်ဖြင့် ဖြစ်ချင်တဲ့ တဏှာ ကြီးပွားချင်တဲ့ ကိလေသာဆိုတဲ့ လောက်တွေ သေရမယ် (မှန်ပါ့ ဘုရား) မသေပါနဲ့ဆိုလို့ (မရပါ ဘုရား)။

မရပါဘူးဆိုသဖြင့် ဪ ဒကာ ဒကာမတို့ ကိလေသာလောက်ကိုက်လို့ ဟိုပြေး၊ ဒီပြေး၊ ပြေးတာဟာ အသေမမြင်လို့ပါလား (မှန်ပါ့ ဘုရား) ပေါ်လာတယ်နော် (ပေါ်လာပါတယ် ဘုရား)။

ကိလေသာလောက်ကိုက်လို့ ဟိုပြေး ဒီပြေးနဲ့ မန္တလေး ပြေးလိုက်၊ တောင်မြို့ပြန်လာလိုက်၊ ဒီကနေ ရန်ကုန်ပြေးလိုက်၊ ရန်ကုန်ကနေ လှည့်ပြန်လာလိုက်၊ ဟာတစ်ခါတည်း ဒေါင်ချာစိုင်းလို့ (မှန်ပါ့ ဘုရား) တစ်ခါတလေကျတော့ တချို့သော ပုဂ္ဂိုလ်ကျတော့ သေခဲ့ရတာပါပဲ (မှန်ပါ့ ဘုရား) ပြန်လာတဲ့ဆီ ရောက်သေးရဲ့လား (မရောက်ပါ ဘုရား) မှောင်ထဲ ခွေးနာ ပြေးသလို ပြေးရလို့ ချောက်ကျ (မှန်ပါ့) ခွေးနာလောက်ကိုက်လို့ပြေးတော့ ချောက်ကျပြီးသေရ (မှန်ပါ့ ဘုရား)။

ဒီအဓိပ္ပာယ်တွေချည်းပဲ ဒကာ ဒကာမတွေ သံသရာတစ်ခုလုံးမှာ မဆုံးနိုင်အောင် ပြေးလား-လွှားလား ချောက်ကျလားနဲ့ပဲ အချိန်ကုန်ခဲ့ရတယ် (မှန်လှပါ ဘုရား)။

လောက်နိုင်ဆေးကို အရင်ပေးနေတယ်

ဘာနဲ့ အချိန်ကုန်ခဲ့ရသလဲ (ပြေးလား လွှားလား ချောက်ကျလားနဲ့ အချိန်ကုန်ခဲ့ရပါတယ် ဘုရား) ပြေးလား လွှားလား ချောက်ကျပြီး သကာလ သေခဲ့ကြေခဲ့ရတဲ့ဘဝတွေ များလွန်းလို့ ဒကာ ဒကာမတွေ တယ်ဆိုးတဲ့ ကိလေသာလောက်ပါလားဆိုပြီး လောက်နိုင်ဆေးကို အရင်ပေးနေတယ်ဆိုတာကို ဒကာကြွယ် ဦးလှဘူးတို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

လောက်နိုင်ဆေး အရင်ပေးနေရတယ် (မှန်ပါ့) လောက်နိုင်ဆေး ဘာပါလိမ့် မတုံးဆိုတော့ ကိုယ့်အသေ ကိုယ်မြင်တဲ့ဉာဏ် (မှန်ပါ့) ကိုယ့်အသေ ကိုယ်မြင်တဲ့ ဉာဏ်သည် ကိလေသာလောက်ကို သေစေနိုင်တဲ့ဉာဏ်ဆေးပြ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဥပမာ လည်လွန်းတဲ့ စက်ဘီး တစ်ခုရှိပါတယ်၊ စက်လည်း ဒီဇယ်ထည့် မောင်းမောင်း၊ ဓာတ်ဆီထည့် မောင်းမောင်း၊ ဒကာကြွယ် ဘီးကြီးက သိပ်လည်တာပဲ (လည်ပါတယ် ဘုရား) ဟာ တစ်မိနစ်ဆိုလျှင် နှစ်ထောင်လောက် လည်တယ် နှစ်ထောင့် ငါးရာလောက် လည်တယ်ဆိုပါတော့ (မှန်ပါ့) စိတ်တွေလဲ ဒီလိုပါပဲတဲ့၊ တစ်စိတ်ပြီး တစ်စိတ်ဖြစ်နေတာပဲ၊ ဒီလိုလည် ဖြစ်နေတာပဲ ဆိုတာကို မှတ်ထားကြစမ်းပါ (မှန်ပါ့ ဘုရား)။

နိုးမှန်းသိတဲ့စိတ်သာ ရှိတော့တယ်

အဲဒီကဲ့သို့ မှတ်ထားကြတဲ့အခါကျတော့ ဒကာ ဒကာမတို့ မနက်ထ စဉ်းစားကြစမ်း၊ အိပ်ရာက နိုးလာတော့ နိုးလာတဲ့ စိတ်ကလေး မလာဘူးလား (လာပါတယ်) နိုးတဲ့စိတ်ကလေးဟာလဲ ဖျတ်ဆိုနိုးလာပြီး သကာလ နိုးမှန်းသိတဲ့ စိတ်ကလေးကလဲ နောက်က လိုက်မလာဘူးလား (လာပါတယ် ဘုရား) အဲဒီအချိန်မှာ နိုးတဲ့စိတ်ကလေးဟာ ရှိသေးရဲ့လား (မရှိပါ ဘုရား) နိုးမှန်းသိတဲ့စိတ်သာ ရှိတော့တယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သေသေချာချာ ဟောတယ်နော်၊ “အဘိက္ကန္တေ ပဋိက္ကန္တေ” နဲ့ လာလိုက်တဲ့ဖြစ်ခြင်း၊ မသိရမည့်နေရာများ ရှိသေးသလား (မရှိပါဘုရာ) အဲဒါဟာ ကိုယ့်အသေ ကိုယ်သိခိုင်းနေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကဲ နိုးတဲ့စိတ်ကလေးဟာ နိုးမှန်းသိပြီး သကာလ ဒီနိုးမှန်းသိတဲ့ စိတ်ကလေးဟာ ထမှပါပဲဆိုတာနဲ့ စိတ်ကလေးလာတော့ ခုနင်က နိုးတဲ့ စိတ်ကလေး ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

မရှိတော့ နိုးတဲ့စိတ်ကလေးက အနိစ္စဟုတ်လား (မှန်ပါ့) မရှိဘူးလို့ သိတာကလေးက (မဂ္ဂပါ ဘုရား) ဒီလိုကလေး လိုက်ပေးပါတဲ့၊ အခုတော့ ဒကာ ဒကာမတွေက ဒီလိုဝိပဿနာမဂ်မလိုက်ဘဲ ဖြစ်နေတော့ နိုးပြီး နိုးလို့ ရှိရင်ဖြင့် လက်ဖက်ရည်အခန်းရင်လဲ သွားမယ်၊ ကုဋီကျင်ငယ် အခန်းရင်လဲ သွားမယ်လို့ဆိုတော့ ဒီကြားထဲ မဂ်မသွင်းဘူးဗျ (မှန်ပါ့) သွင်းသေးရဲ့လား (မသွင်းပါ) နိုးမှန်းသိတဲ့ စိတ်ကလေးဟာ ရှိသေးသလား မရှိတော့ဘူးလားဆိုတာ ဒကာကြွယ်ရေ ဝိပဿနာရှုရမယ် (မှန်ပါ့ ဘုရား)။

ရှုလိုက်တဲ့အခါကျတော့ နိုးမှန်းသိတဲ့စိတ်ကလေးသည် ရှိသလား မရှိဘူးလားလို့ တွေးလိုက်တာပေါ့ဗျာ (မှန်ပါ့) တွေးလိုက်တဲ့ အခါကျတော့ နိုးမှန်းသိတဲ့စိတ်ကလေး ရှိသေးသလား (မရှိပါ ဘုရား) အဲ မရှိတာ ဘာခေါ်ကြမယ် (အနိစ္စပါ) မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား)။

ဝိပဿနာမဂ္ဂဖြစ်လာတော့ ဪ ဒကာ ဒကာမတို့ နိုးပြီးလဲ သေပြန်တာကိုး (မှန်ပါ့) ဘယ့်နှယ် ဆိုကြမလဲ နိုးပြီးလဲ သေပြန်တာပဲ (မှန်ပါ့) နိုးကာရှိသေးတယ်၊ တစ်ယောက်သေပြန်ပြီ ဒကာကြွယ်ရ (မှန်လှပါ ဘုရား) နိုးတဲ့လူတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား) နိုးတဲ့စိတ်ကလေး (မရှိပါ ဘုရား) နိုးပြီး ဘာဖြစ်သွားပါလိမ့် (သေသွား ပါတယ် ဘုရား) နိုးပြီး သေသွားတယ်ဆိုတဲ့ အဓိပ္ပာယ်လဲ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

ကိုယ့်အသေကိုယ်မြင်တာ

ဒါဖြင့် ဝိပဿနာဆိုတာ ဒကာ ဒကာမတို့ ကိုယ့်အသေ ကိုယ်ကြည့်တာ ဝိပဿနာ (မှန်ပါ့) ကိုယ့်ခန္ဓာ ကိုယ်ကြည့်တာ (ဝိပဿနာပါ ဘုရား) ကိုယ့်အသေကိုယ်မြင်တာ (ဝိပဿနာပါ ဘုရား)။

နိုးတဲ့စိတ်ကလေးကို ရှိ-မရှိ နောက်က ဒကာကြွယ်တို့၊ ဦးလှဘူးတို့ အကဲခတ်လိုက်စမ်းပါ (မှန်လှပါ) အကဲခတ်လိုက်တဲ့ စိတ်လာရင် ဘယ့်နှယ်တုံး (သေသွားပါတယ် ဘုရား) ဪ အိပ်ရာကနိုးပြီး သေသွားပြန်ပြီ (မှန်ပါ့) ကိုယ့်အသေ ကိုယ်မမြင်လိုက်ဘူးလား (မြင်ပါတယ် ဘုရား)။

အဲ ဝိပဿနာမဂ်နဲ့ ကြည့်ပြီဆိုမှဖြင့် ကိုယ့်အသေ ကိုယ်မြင်တော့တယ် (မှန်ပါ့) မမြင်ဘူးလား (မြင်ပါတယ်) ဒါဖြင့် နိုးတဲ့စိတ်က အနိစ္စ၊ နိုးတဲ့စိတ်မရှိတာကို သိတာက (မဂ္ဂပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလို သိထားတဲ့အခါကျတော့ ဒီနေ့ အိပ်ရတာနိုးရတာဖြင့် ကောင်းလိုက်တာပဲဆိုတဲ့ တဏှာ လာသေးရဲ့လား (မလာပါ ဘုရား)။

နောက် ဒီလိုချည်းပဲ နိုးပါရစေ၊ ဒီလိုကောင်းကောင်းအိပ်ပြီး ကောင်ကောင်း နိုးချင်တဲ့ ဥပါဒါန်တွေ စွဲလမ်းမှုတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒီလိုလာလို့ရှိရင် ကာယကံ၊ ဝစီကံနဲ့ ပေါ့ပေါ့ပါးပါးနဲ့ ထနိုင်တယ်၊ ဆိုနိုင်တယ်၊ ပြောနိုင်တယ်၊ ကြည်ကြည်လင်လင်ပဲ အစရှိသည်နဲ့ ကာယကံ၊ ဝစီကံတွေ မလာပေဘူးလား (လာပါတယ်) အဲဒီလိုလာတော့ တဏှာဥပါဒါန်ကံတွေက မဆက်ဘူးလား (ဆက်ပါတယ်) တဏှာဥပါဒါန်ကံတွေ ဆက်တော့ ဇာတိ ဇရာ မရဏ နေပါ့မလား (မနေပါ ဘုရား)။

ဒါသည်ကားဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ပဲ စဉ်းစားပါတော့ ကိုယ့်အသေ ကိုယ်မမြင်တဲ့ပုဂ္ဂိုလ်ဟာ တဏှာဥပါဒါန်ကံ ဆက်တယ် (မှန်ပါ့ ဘုရား)။

ကိုယ့်အသေ ကိုယ်မမြင်တဲ့ပုဂ္ဂိုလ်

ကိုယ့်အသေ ကိုယ်မမြင်တဲ့ပုဂ္ဂိုလ်ကျတော့ (တဏှာ ဥပါဒါန် ကံ ဆက်ပါတယ်) ကိုယ့်အသေ ကိုယ်မြင်တဲ့ ပုဂ္ဂိုလ်ကျတော့ တဏှာ ဥပါဒါန် ကံ ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ပဲ ဝေဖန်ပါတော့၊ ကိုယ့်အသေ ကိုယ်မြင်တာ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား) ဟုတ်ပြီ၊ “ဧကစိတ္တသမာယုတ္တာကိုးဗျ” တစ်ခုသောစိတ်နဲ့ အသက်ရှူနေတဲ့ လူတစ်ယောက် တစ်ယောက်မှာ နှစ်စိတ်နဲ့ အသက်မရှင်ပဘူးတဲ့ (မှန်ပါ့) တစ်စိတ်နဲ့ အသက်ရှင်နေတာဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) နိုးတော့ ဘယ်သူနဲ့ အသက်ရှင်နေသတုံး (နိုးစိတ်နဲ့ အသက်ရှင်နေပါတယ် ဘုရား)။

အဲဒီနိုးစိတ်ကလေးကို နောက်ကနေ ကြည့်တာပေါ့ ဒကာ ဒကာမတို့ ဘယ်လောက်ပဲ စိတ်တွေ ခြားခြား နောက်ကနေပြီး ကြည့်လိုက်တဲ့အခါကျတော့ နိုးစိတ်ကလေးဟာ ကြည့်တဲ့စိတ် ပေါ်လာတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဘာရှိနိုင်ပါ့မလဲ ဒကာ ဒကာမတို့၊ ကြည့်တဲ့စိတ်နဲ့ အသက်ရှင်နေရတာပဲ၊ နိုးတဲ့စိတ်က သေပြီးသား ဖြစ်နေတယ် (မှန်ပါ့) ဒါဖြင့် အသေကို အရှင်ကနေ ကြည့်တာ ဘာခေါ်ကြမယ့် (ဝိပဿနာပါ ဘုရား) အသေကို အရှင်ကနေ မကြည့်ရင် ပဋိစ္စသမုပ္ပာဒ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အသေကို အရှင်ကနေ မကြည့်ရင် (ပဋိစ္စသမုပ္ပာဒ်ပါ ဘုရား) ပဋိစ္စသမုပ္ပာဒ် ဒုက္ခသစ္စာတန်းပြီ (မှန်ပါ့ ဘုရား)။ အသေကို အရှင်ကနေ ကြည့်ရင် (ဝိပဿနာပါ ဘုရား)။

အသေကို အရှင်ကနေပြီး မကြည့်လို့ရှိရင် ဒုက္ခသစ္စာပွားပေါ့ (မှန်ပါ့) ဒီစကားမသေးပါဘူး ဒကာကြွယ်၊ ဉာဏ်နားနဲ့ထောင်ကြည့်မှ ကြီးကျယ်မှန်း သိတယ် (မှန်ပါ့ ဘုရား) ဉာဏ်နားနဲ့ထောင်ကြည့်မှ ဒကာ ဒကာမတို့ ကြီးကျယ်မှန်း သိတယ်ဆိုတာ သေသေချာချာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

အသေကို အရှင်က သိတော့ ဘာတုံး(ဝိပဿနာပါ ဘုရား) အသေကို အရှင်က မသိလို့ရှိရင်ဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ (မှန်ပါ့ ဘုရား) အသေကို အရှင်က မသိလို့ရှိရင် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား) အသေကို အရှင်က သိရင် (ဝိပဿနာပါ ဘုရား)။

သံသရာဆက်ပုံနဲ့ သံသရာ ပြတ်ပုံ

ဒါကလေး နှစ်လုံးရတာနဲ့ပဲ ဪ သံသရာဆက်ပုံနဲ့ သံသရာ ပြတ်ပုံဟာ တယ်ခြားနားပါလားဆိုတာ ကောင်းကောင်းကြီး ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဒကာသစ် မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

အသေကို အရှင်က မြင်တော့ ဘာတဲ့ (ဝိပဿနာပါ ဘုရား) ဟုတ်သားပဲ၊ ရှေ့သေတာကို နောက်ရှင်နေတဲ့ ဝိပဿနာဉာဏ်နဲ့ အသက် ရှင်နေတော့ အဲ ဒီဉာဏ်က ကြည့်လိုက်တဲ့အခါကျတော့ အသေက အနိစ္စ၊ အရှင်က မဂ္ဂ (မှန်ပါ့) အသေက (အနိစ္စပါ) အရှင်က (မဂ္ဂပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

သေတော့ သေတာပဲ၊ ရှင်တော့ ရှင်နေတာပဲတဲ့၊ ရှင်စိတ်တွေ မသိတဲ့စိတ်တွေ လာမယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

မသိတဲ့စိတ်တွေ လာတဲ့အခါကျတော့ဖြင့် အသေစိတ်က ဒုက္ခသစ္စာကို မသိတဲ့စိတ် လာနေတော့ ဒုက္ခသစ္စာ မသိတော့ “ဒုက္ခေ အညာဏံ” ဆိုတဲ့ အဝိဇ္ဇာလာတယ် (မှန်ပါ ဘုရား)။

အသေကို အရှင်က မသိလို့ရှိရင်

ဒါဖြင့် အသေကို အရှင်က မသိလို့ရှိရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာ (မှန်ပါ့) အသေကို အရှင်က သိလို့ရှိရင် (ဝိပဿနာပါ ဘုရား)။

ဒီနှစ်လုံးကို မမေ့ပါနဲ့(မှန်ပါ့) အသေကို အရှင်က သိရင် (ဝိပဿနာပါ) အသေကို အရှင်က မသိရင် (ပဋိစ္စသမုပ္ပာဒ်ပါ ဘုရား)။

အို ဒီနှစ်လုံးဟာ ဒကာကြွယ်၊ ပထမတစ်လုံးက ဘုရားပွင့်တာ (မှန်ပါ့) ဒုတိယနောက်စကားက ဘုရားပရိနိဗ္ဗာန်စံတာ (မှန်ပါ့) ဘုရားပရိနိဗ္ဗာန်စံသွားတော့ ခင်ဗျားတို့ သန္တာန်ဟောမည့် ပြောမည့်ပုဂ္ဂိုလ် မရှိတာပဲ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် အသေကို အရှင်က သိရင် ဘုရားပွင့်တာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) အသေကို အရှင်က မသိလို့ရှိရင် ဘုရားပရိနိဗ္ဗာန်စံတာ (မှန်ပါ့) ခင်ဗျားတို့ ဆုံးမသွန်သင်တဲ့ပုဂ္ဂိုလ် မရှိတော့ဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အသေကို အရှင်က သိရင် (ဝိပဿနာပါ ဘုရား) ဝိပဿနာတဲ့ ဒါ ဝိပဿနာဉာဏ် ပေါ်လာတာ (မှန်ပါ့) ဪ သေတာက အနိစ္စ၊ သိတဲ့ဉာဏ်က မဂ္ဂဆိုတော့ ဝိပဿနာမဂ် မဖြစ်လာဘူးလား (ဖြစ်လာပါတယ် ဘုရား) ရှင်းလို့ ဒကာကြွယ်ရေ (မှန်ပါ့) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

အသေကို အရှင်က မသိခဲ့သော် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား) အသေကို အရှင်က မသိတော့ မသိတာသည်ကားလို့ဆိုရင် ခဏခဏ စိတ်ကလေးတွေဟာ ပျက်စီးနေတယ်၊ နိုးတဲ့စိတ်ကလေးဟာ ပျက်စီးတာ သူ မသိပါဘူးတဲ့၊ မသိတာက အဝိဇ္ဇာ (မှန်ပါ့) အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတဲ့ တော်အောင်လျော်အောင် အလုပ်တွေ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

မသိတာအဝိဇ္ဇာ၊ သိတာဝိပဿနာ

ဒါဖြင့် အသေကို အရှင်က မသိရင် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား) သဘောကျပလား (မှန်ပါ့) ဒကာ ဒကာမတွေ ဒီတရားကြားရ ဒီလိုသိရတဲ့အခါကျတော့ ငါတို့ဟာ မသိတာ အဝိဇ္ဇာ (မှန်ပါ့) သိတာ ဝိပဿနာ (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ဝိပဿနာ ရှုရတယ်ဆိုလို့ရှိရင်ဖြင့် ဒါ ဘုန်းကြီးများက ကိလေသာလောက်ကိုက် တာတော့ဖြင့် ဒကာကြွယ်ရေ လောက်သေတော့မယ်ဆိုတာ ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား)။

အခုပြောခဲ့တာတွေ ဒကာကြွယ် သေသည့်တိုင်အောင် မှတ်ထားပါ (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး အရေးတကြီး ထိပ်သံမှို နှာက်သည်ထက် မြဲအောင် သေသည့်တိုင် မှတ်ပါလို့ ဆိုရသတုံးဆိုတော့ ဝိပဿနာလဲ ကင်းလိုက်ရော၊ “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ။ပ။ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဆိုတဲ့ ပဋိစ္စသမုပ္ပာဒ်ကြီးစာ ဒကာကြွယ်တို့ မဆုံးတော့ဘူး (မှန်လှပါ ဘုရား) ဆုံးပါဦးမလား (မဆုံးပါ ဘုရား)။

“ဒုက္ခက္ခန္ဓဿ သမုဒယော” ကြီး မဆုံးတော့ဘူးဆိုလို့ရှိရင် ဒုက္ခစက်ကြီးသာ လည်တော့လို့ ပြောတာပဲ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အသေကို အရှင်က သိရင် (ဝိပဿနာပါ ဘုရား) အသေကို အရှင်က မသိရင် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား)။

ဒါဖြင့် ရှင်တော့ ရှင်နေတာပဲ၊ မသိရှင် ရှင်နေလို့ရှိရင်ဖြင့် ဪ စုံလုံးကန်း လမ်းသွားနေတာပဲ (မှန်လှပါ ဘုရား)။

စုံလုံးကန်း လမ်းသွားနေတာ

ဘယ့်နှယ်ဆိုကြမလဲ (စုံလုံးကန်း လမ်းသွားနေတာပါ ဘုရား) အသေကို အရှင်က မသိဘူး၊ ရှင်တော့ ရှင်နေတယ် သူ့ဟာ (မှန်ပါ့) ရှင်ပြီး လုပ်ချင်တာတွေလုပ်၊ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ရောင်းရေး ဝယ်ရေး တောင်ပြေး မြောက်ပြေး (မှန်ပါ့) ဒါတွေသာ လုပ်ပြီး သကာလ နေတဲ့အခါကျတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်းပဲ စုံလုံးကန်း လျှောက်ပြေးနေတာ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ် ဆိုပါ့မလဲ (စုံလုံးကန်း လျှောက်ပြေးနေပါတယ် ဘုရား) ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရင်းလို့ ချာလို့ ခပ်ကြမ်းကြမ်း ပြောပြီး သကာလ သွန်သင်ဆုံးမနေရတယ်၊ စုံလုံးကန်းက ဒီဥစ္စာလေးလုံး ရှိရင် ဒီထက်ဆိုးမယ်နော် (မှန်ပါ ဘုရား) လေးလုံးက ထည့်ရဦးမှာ၊ အခုတော့ စုံဆိုတော့ နှစ်ခုတည်းကန်းသေးတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သံသရာရှည်ရတာ စုံလုံးကန်းရှည်နေတယ်ဆိုရင် ရှေ့မှာရှိတဲ့ ခလုတ်လဲ စုံလုံးကန်းတိုက်ရမည့် ခလုတ်ပဲ (မှန်ပါ့) ရှေ့မှာ ရှိတဲ့ ကျင်းတွေကလဲ စုံလုံးကန်းကျရမည့်ကျင်းတွေ (မှန်ပါ့) အရှေ့မှာရှိတဲ့ မြွေတွေ ကင်းတွေကလည်း စုံလုံးကန်းကိုက်မလို့ စောင့်နေတာတွေ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလောက် ဆိုးဝါးသွားမှာစိုးတဲ့အတွက် ဒကာ ဒကာမတို့ အသေကို အရှင်က သိရင် ဘာခေါ်မယ် (ဝိပဿနာပါ ဘုရား) အသေကို အရှင်က မသိရင် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ) အဲ ဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတာ စုံလုံးကန်းလမ်းသွားတာ ဆိုတာ (မှန်ပါ့ ဘုရား)။

ချောက်တွေချည်း ကျနေတယ်

အဲ တစ်သံသရာလုံး ကျုပ်တို့ တစ်ခါတလေ လူ့ပြည်အမိဝမ်းခေါင်း ချောက်ထဲကျလိုက် (မှန်ပါ့) တော်တော်ကြာ ခွေးဝမ်းခေါင်း ဆိုတဲ့ ချောက်ထဲကကော (ကျပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ကျပါလိမ့်မတုံး (စုံလုံးကန်း လမ်းသွားလို့ပါ ဘုရား)။ စုံလုံးကန်းလမ်းသွား ဘယ့်နှယ်ကြောင့် သွားဖြစ်ပါလိမ့်မတုံးဆိုတော့ အသေကို အရှင်က မသိလို့ (မှန်ပါ့ ဘုရား) အသေကို အရှင်က မသိလို့ဆိုတော့ ရှင်တော့ ရှင်နေတာပဲ၊ စုံလုံးကန်းရှင် ဖြစ်နေလို့ ချောက်တွေချည်း ကျနေတယ် (မှန်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ယနေ့ ဟောတဲ့တရားဟာ ဒကာ ဒကာမတွေလဲ ဒီမြို့ရောက်မှ ဆိုရင်လဲ ဟောကို မဟောရသေးပါဘူး (မှန်ပါ့) ဪ ဒါဖြင့် အသေကို အရှင်က သိလို့ရှိရင် ဒါ ဝိပဿနာဉာဏ်အစစ် (မှန်ပါ့) ရှင်တော့ ရှင်နေတယ်တဲ့ စုံလုံးကန်းရှင် ရှင်နေတော့ ကိုယ်သေတာ ကိုယ်သိသေးရဲ့လား (မသိပါ ဘုရား) မသိတော့ မသိတာက အဝိဇ္ဇာ ပြုတာက သင်္ခါရ (မှန်ပါ့) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

ကြောက်စရာ ကောင်းလိုက်တာ ဒကာ ဒကာမတို့ နဂိုတုန်းကလည်း အဝိဇ္ဇာပစ္စယာ သင်္ခါရာက လာခဲ့တယ် (မှန်ပါ့) ယခုလဲ ဘာလုပ်နေပြန်ပါလိမ့်မတုံး (အဝိဇ္ဇာပစ္စယာ သင်္ခါရာ လုပ်နေပါတယ် ဘုရား) အို ဒါဖြင့် အမှောင်ထဲက လာပြီး အမှောင်ထဲ ပြန်သွားပါပြီ (မှန်ပါ့) ဘယ့်နှယ် ဆိုကြမလဲ (အမှောင်ထဲက လာပြီး အမှောင်ထဲကလာပြီး အမှောင်ထဲ ပြန်သွားပါတယ် ဘုရား) အမှောင်ထဲလာပြီး အမှောင်ထဲပြန်သွားတော့ ချောက်တွေ ကျင်းတွေ ဆိုတော့ အပါယ်လေးပါး ချောက်တွေ အမိဝမ်းခေါင်း ဆိုတဲ့ ကျင်းတွေဟာ စုံလုံးကန်းတို့၏ ကိန်းရာ အောင်းရာ ရောက်ရာ ဒုက္ခထောင်ကြီးတွေပဲ (မှန်ပါ့ ဘုရား) လွဲပါ့မလား (မလွဲပါ ဘုရား) အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ အင်မတန်ကြားရခဲ ကြုံရခဲတော့ ဒီကိုယ့်အသေ ကိုယ်ကြည့်တဲ့ဥစ္စာ ဝိပဿနာဆိုတာကိုလဲ ဒကာကြွယ် တစ်သက်နဲ့ တစ်ကိုယ်ကြားရတာ အင်မတန် ကြားရခဲတယ်နော် (မှန်ပါ့) မှန်လိုက်တာ (မှန်ပါတယ် ဘုရား) မှန်လိုက်တာလဲ လွန်နေတာပဲ (မှန်ပါ့)။

အသေက ဒုက္ခသစ္စာ၊ မသိတာက အဝိဇ္ဇာ

ကိုယ့်အသေ ကိုယ်မသိတာ ဘာတဲ့ (ပဋိစ္စသမုပ္ပာဒ် ဆက်တာပါ) ကိုယ့်အသေမှ ကိုယ်မသိတော့ အသေက ဒုက္ခသစ္စာ၊ မသိတာက အဝိဇ္ဇာကိုးဗျ (မှန်ပါ့) ဒါဖြင့် “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါကြောင့် ယနေ့ ဘုန်းကြီးတို့ ဘာများ ဆုံးမပါလိမ့်မတုံး၊ ကိုယ့် အသေ ကိုယ်သိတာ (ဝိပဿနာပါ ဘုရား) ကိုယ့်အသေ ကိုယ်မသိတာ (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား)။

ဪ တစ်သံသရာလုံး ဒီနှစ်ခုမှာ ဘယ်ဟာနဲ့နေပါလိမ့်မလဲ ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်အကဲခတ်ကြည့် ပေါ်လာလိမ့်မယ် (ပေါ်ပါတယ်) ပေါ်လာတော့ ဘယ်ဟာ တွေ့ပါလိမ့်၊ ကိုယ့်အသေ ကိုယ်မသိတာ (ပဋိစ္စသမုပ္ပာဒ် ဆက်တာပါ ဘုရား) ဒါနဲ့ အချိန်ကုန်လာတယ် (မှန်လှပါ ဘုရား)။

ဘယ်လောက်များ နစ်နာတယ်ဆိုတာဖြင့် ဒကာသစ်တို့ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား) ဦးလှဘူး အသေ မစောလိုက်နဲ့ဦး၊ ကိုယ့်အသေ ကိုယ်သိတဲ့ အလုပ်လုပ်စမ်းပါ (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘုန်းကြီး ဘာကို မေတ္တာရပ်ပါလိမ့်ဗျာ (ကိုယ့်အသေ ကိုယ်သိတဲ့ အလုပ်လုပ်ပါ ဘုရား) ကိုယ့်အသေ ကိုယ် သိပြီးမှ သေစမ်းပါလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ကိုယ့်အသေက အနိစ္စ၊ ကိုယ်သိတာက မဂ္ဂ (မှန်ပါ့) ကိုယ့်အသေ ကိုယ်မသိတာက ဒကာ ဒကာမတို့ အဝိဇ္ဇာ (မှန်ပါ့) ပြုချင်သလို ပြုတာက (သင်္ခါရပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ လမ်းနှစ်လမ်း ဟောတဲ့အနက် သမ္မာမဂ္ဂလမ်းက၊ မိစ္ဆာမဂ္ဂလမ်းက ကိုယ့်အသေ ကိုယ်မသိတာ (မှန်ပါ့)။

သမ္မာမဂ္ဂလမ်း၊ မိစ္ဆာမဂ္ဂလမ်း

အဲဒီတော့ သမ္မာမဂ္ဂလမ်း၊ မိစ္ဆာမဂ္ဂလမ်းရယ်လို့ ဟောတယ်၊ အဲဒါတွေ ဝေဖန်ကြည့်တော့မှ ဒကာ ဒကာမတို့ ကိုယ့်အသေ ကိုယ်မသိတဲ့အချိန် များနေလို့ရှိရင် ဪ ငါသည် စုံလုံးကန်းလမ်း သွားနေပါပေါ့လား (မှန်ပါ့) ငြင်းစရာ လိုသေးသလား (မလိုပါ ဘုရား) ဒါကြောင့် ကိုယ့်အသေ ကိုယ်သိတဲ့အလုပ်ဟာ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား)။

ဒါဖြင့် မူလစကားကလေး ပျောက်သွားရော့မယ် ဒကာ ဒကာမတို့ ဝိပဿနာ ရှေ့ထားရမယ်နော် (မှန်ပါ့) နိုးတဲ့စိတ်ကလေးကို နိုးတဲ့စိတ် ကလေးရှိမရှိ ရှုလိုက်စမ်း ဒကာကြွယ် (မရှိပါ ဘုရား) မရှိတာ အနိစ္စ၊ သိတာက (မဂ္ဂပါ) မရှိတာကို သိတာ ဘာခေါ်မယ်၊ ဝိပဿနာ (မှန်ပါ့ ဘုရား)။

မရှိတာကို သိတာက (ဝိပဿနာပါ) ဒီလိုနိုးတဲ့စိတ်ကိုလဲ သိရမယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ဟောထားတော့ “သယာနော ဝါသာယာနောမှီတိ ပဇာနာတိ” ကိုးဗျ (မှန်ပါ့) အိပ်တယ်ဆိုရင် အိပ်တယ်လို့ သိရမယ်၊ နိုးတယ်ဆိုရင် (နိုးတယ်လို့ သိရပါမယ် ဘုရား) အဲဒီကဲ့သို့ သိတဲ့စိတ်ကလေးနဲ့ ဆိုတော့ ကိုယ့်အသေ ကိုယ်သိတာ (မှန်ပါ့)။

စိတ်တစ်ခုနဲ့ အသက်ရှင်တယ်ဆိုတော့ အရင်စိတ်က သေ၊ နောက်စိတ်က သိ၊ သဘောကျပလား (ကျပါပြီ ဘုရား) အဲဒီနောက်စိတ် သေပြန်တော့ နောက် တတိယစိတ်ကသိဆိုတော့ ကိုယ့်အသေ ကိုယ်သိ မသွားပေဘူးလား (သိသွားပါတယ် ဘုရား)။

ကိလေသာမခြားဘဲနဲ့ သိရင်ပြီးတာပါပဲ

အဲဒါ ဘဝတွေ ဝီထိတွေ ဘယ်လောက်ခြားခြား သတိပဋ္ဌာန် ကိစ္စမရှိဘူး၊ ကြားထဲ ကိလေသာမခြားဘဲနဲ့ သိရင် ပြီးတာပါပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ တရားမှာ နှစ်လုံးတည်း ဟောနေတာမှ အိမ်ပြန်မပါလို့ရှိရင် ကိုယ်ကျိုးနည်းကြလိမ့်မယ် (မှန်ပါ့) မနည်းကြပေဘူးလား (နည်းပါတယ် ဘုရား)။

ကိုယ့်အသေ ကိုယ်သိတာ (ဝိပဿနာပါ ဘုရား) ကိုယ့်အသေ ကိုယ်မသိတာ (ပဋိစ္စသမုပ္ပာဒ် ဆက်တာပါ ဘုရား) ဒါလိုရင်း တော်တော်ဆိုက်တယ်နော် (မှန်ပါ့) ဒကာကြွယ် အကုန်မပြီးသေး ဘူးလား (ပြီးပါတယ် ဘုရား) ဝိပဿနာဉာဏ်မှာ အကုန်ပြီးတဲ့သဘော ပြောနေတာနော် (မှန်ပါ့) ကိုယ့်အသေ သိတိုင်း သိတိုင်း ဝိပဿနာအလုပ် လုပ်နေတာ (မှန်ပါ့ ဘုရား) ကိုယ့်အသေ ကိုယ်မသိတိုင်း မသိတိုင်း သံသရာလည်နေတာ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ကိုယ့်အသေ ကိုယ်သိတိုင်း ဝိပဿနာအလုပ် လုပ်နေတာပါဘုရား၊ မသိတိုင်း မသိတိုင်း သံသရာလည်နေတာ) ဒကာကြွယ်ရေ ဒါဖြင့် ဝိပဿနာသမားနဲ့ ဝိပဿနာ မလုပ်တဲ့လူနဲ့ဟာ ဝိပဿနာလုပ်တဲ့ လူကတော့ဖြင့် ကိုယ့်အသေ ကိုယ်မြင်တာကိုးဗျ (မှန်ပါ့) ဝိပဿနာမလုပ်တဲ့ပုဂ္ဂိုလ်က ကိုယ့်အသေ ကိုယ်မမြင်တော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတဲ့ စုံလုံးကန်း ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။

ငါစုံလုံးကန်းချိန် ဘယ်လောက်တုံး

အဲ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်တာပေါ့၊ ငါစုံလုံးကန်းချိန် ဘယ်လောက်တုံး၊ မြင်တဲ့အချိန် ဘယ်လောက်တုံး (မှန်ပါ့) တွေးကြည့်လိုက်ရင် သိပြီ၊ မသိသေးဘူးလား (သိပါပြီ ဘုရား) စုံလုံးကန်းတဲ့အချိန်က ဘယ်လောက်တုံး၊ မြင်တဲ့အချိန်က ဘယ်လောက်တုံး မချိန်တတ်ဘူးလား (ချိန်တတ်ပါတယ် ဘုရား)။

အဲဒီတော့ စုံလုံးကန်းအချိန်မှာတော့ ခလုတ်တွေ ကျင်းတွေ ကန်သင်းတွေဆိုတဲ့ သင်္ခါရအလုပ်တွေ လုပ်ချင်တာ လုပ်လိမ့်မယ် (မှန်ပါ့) မြင်တဲ့အခါကျတော့ ခုနင်က တဏှာဥပါဒါန် ကံတွေက မသေဘူးလား (သေပါတယ် ဘုရား)။

ဒါဖြင့် ရန်သူနိုင်တဲ့အချိန်ဟာ နည်းပြီးတော့ ရန်သူပွားတဲ့အချိန်က များခဲ့သော် ကိုယ်ကျိုးနည်းကြလိမ့်မယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရတယ် ဒကာ ဒကာမတွေကလဲ ဪ ဘုန်းကြီး တရားနာရပြီဆိုမှဖြင့် တပည့်တော်များမှ စုံလုံးကန်းအချိန်ကို ယနေ့ တပည့်တော်တို့ ထူးထူခြားခြား သိလာတယ် (မှန်ပါ့) မသိကြဘူးလား (သိပါတယ် ဘုရား)။

ကိုယ့်အသေ ကိုယ်မမြင်တိုင်း ဘာအချိန်ပါလိမ့် (စုံလုံးကန်း အချိန်ပါ ဘုရား) စုံလုံးကန်းအချိန်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီ စုံလုံးကန်းအချိန်ဆိုတာကတော့ တခြားကြောင့် ပြောတာ မဟုတ်ပါဘူးတဲ့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”၊ အဝိဇ္ဇာဆိုတာ မသိတာ စုံလုံးကန်း (မှန်ပါ့) သင်္ခါရာဆိုတာ ပြုတာ (မှန်ပါ့) ပြုတာဟာ အကောင်းပြုတာလား၊ အဆိုးပြုတာလားဆိုတော့ အို အဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရာပဲ ဒကာသစ်ရာ အဆိုးပြုတာတွေပေါ့ (မှန်ပါ့) သင်္ခါရပစ္စယာ ဝိညာဏံ ဆိုတော့ ဒုက္ခသစ္စာကြီး ပေါ်မလာဘူးလား (ပေါ်လာပါတယ်) ရှင်းကြမလား (ရှင်းပါပြီ ဘုရား)။

ဘုရားတစ်ဆူ တစ်ဆူပွင့် ဝိပဿနာက ပေါ်လာတာ

အဲ ဒုက္ခရောက်တဲ့ဘက် ပြေးပြေးမသွားဘူးလား (သွားပါတယ်) ဒါကြောင့် ဒကာကြွယ်တို့၊ ဦးလှဘူးတို့ မျက်စိနှစ်ကွင်း အလင်းရတဲ့အချိန်ကလေးလဲ ကိုယ့်အသေကိုယ်မြင်တဲ့အချိန်ကလေးလဲ ဒကာ ဒကာမတို့ ဘုရားတစ်ဆူ တစ်ဆူပွင့် ဝိပဿနာက ပေါ်လာတာနော် (မှန်ပါ့) ဒီအထဲ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ စုံလုံးကန်းအချိန်တွေ နုတ်မယ်ဆိုလို့ရှိရင် အားလုံး ဒကာ ဒကာမတွေ ဘာကျန်သေးသတုံး (မကျန်ပါ ဘုရား) ကန်းချိန်နဲ့ မြင်ချိန် ဘယ်အချိန်က များသတုံး (ကန်းချိန်က များပါတယ် ဘုရား)။

ခက်လိုက်တာ၊ ခက်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ ဒကာ ဒကာမတို့ မြည်တယ် တွန်တယ်လဲ အောက်မေ့ မနေပါနဲ့တော့၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတော့ (မှန်ပါ့) စုံလုံးကန်းအချိန်နဲ့ မြင်ချိန် ဘယ်ဟာများသတုံး (စုံလုံးကန်းချိန် များပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က ဖွင့်လျှောက်တာ မရှက်လို့ပဲ (မှန်ပါ့) မရှက်လို့ဘဲ လျှောက်တဲ့ အဓိပ္ပာယ် ရောက်နေပြီ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား) ဟုတ်နေတော့လဲ ဒါမှန်တယ်လို့ ဆုံးဖြတ်ချက် ချရမယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဆရာဘုန်းကြီးကို လေးစားသောအားဖြင့်လည်းကောင်း၊ ကိုယ့်စုံလုံးကန်း၊ ချောက်တွေ ကျင်းတွေက ကျပြီးသေမှာကို၊ သေခြင်းဆိုးသေမှာတွေကို စိုးရိမ်သောကြောင့်လည်းကောင်း ကိုယ့်ကိုယ် သနားသောအားဖြင့်ပေါ့ဗျာ (မှန်ပါ့) ဒကာ ဒကာမတွေ ကိုယ့်အသေ ကိုယ်မြင်တဲ့ အလုပ်ဖြင့် ကြိုးစားပါလို့ တိုက်တွန်းရတယ် (မှန်ပါ့) မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

အေး ဒါကြောင့် ဒီလိုတိုက်တွန်းမည့်ဥစ္စာကလဲ ဒကာကြွယ် အကြောင်းပြပြီး တိုက်တွန်းရတာ မလွယ်ဘူးနော် (မှန်ပါ့) ကိုင်း ဒကာ ဒကာမတို့ နိုးတဲ့ စိတ်ကလေးကို ရှိ-မရှိ တွေးတယ်ဆိုတော့ ဘယ့်နှယ်တုံး နိုးတဲ့စိတ်ကလေးဟာ (မရှိပါ ဘုရား) မရှိတာက (အနိစ္စပါ) သိတာက (မဂ္ဂပါ ဘုရား)။

ဒါဖြင့် ကိုယ့်အသေ ကိုယ်သိတာ (ဝိပဿနာပါ) ဟောဒီအထဲ သွားဝင်တာပဲ (မှန်ပါ့) နိုးတာမှ နိုးမှန်းမသိ၊ နိုးပြီး သကာလ ဒကာ ဒကာမတွေ ကျင်ငယ်အိမ် သွားရဦးမယ်ဆိုတော့ နိုးတဲ့ရုပ်နာမ်သေတာ သိသေးရဲ့လား (မသိပါ ဘုရား) မသိတော့ သူသည်ကားလို့ဆိုရင် မသိသွား သွားပြန်ပြီ (မှန်ပါ့) စုံလုံးကန်းသွားပြီလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်အသေ ကိုယ်မသိတာ (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ) အဝိဇ္ဇာပစ္စယာ သင်္ခါရာ စုံလုံးကန်း လမ်းသွားတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။

နောက်ကို မဲ့မှာစိုးလွန်းလို့

ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘုန်းကြီးအရင်းအချာ ဆိုတော့ ပြောရတယ် (မှန်ပါ့) ဘယ်လိုပြောသတုံးဆိုတော့ ခင်ဗျားတို့ အခုပြုံးသလောက် နောက်ကို မဲ့မှာစိုးလွန်းလို့နော် (မှန်ပါ့) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

အခု ပြုံးတာဟာ ဒကာ ဒကာမတို့ မချိသွားဖြဲကိုးဗျ (မှန်ပါ့) ပြုံးလို့ကော အရသာရှိတာကလေး သိပ်ပါရဲ့လား (မပါပါ ဘုရား) နောက် အပါယ်ငရဲရောက်လို့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ”များ ပေါ်လာတော့မယ့်ချိန်နဲ့ မျက်ရည်ကျချိန်နဲ့ ကယ်ပါ ယူပါ တစာစာ အော်ချိန်ပဲ ရှိတော့တယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ် ရှေ့ထားပါဆိုတာ

ဒါကြောင့် အခုပြုံးတာကလေး အကုန်လျှော့ပြီး သကာလ အခု ဣန္ဒြေရရနဲ့ ကိုယ့်အသေ ကိုယ်ကြည့်တဲ့အလုပ်ကို လုပ်ပါ၊ ဝိပဿနာဉာဏ် ရှေ့ထားပါဆိုတာ လေးနက်စွာနဲ့ တိုက်တွန်းတယ် (မှန်ပါ့) မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် နိုးပြီး သကာလ ဒကာ ဒကာမတွေက ကျင်ငယ် စွန့်ချင်တယ်၊ ကျင်ငယ်စွန့်ချင်တဲ့ စိတ်ကလေးကိုပဲ ဒကာ ဒကာမတွေ နောက်ကစိတ်နဲ့ ပြန်ကြည့်လိုက် စမ်းပါ၊ စွန့်ချင်တဲ့စိတ်ကလေးဟာ ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတာက (အနိစ္စပါ) သိတာက (မဂ္ဂပါ) ဒါဖြင့် ကိုယ့်အသေ ကိုယ်သိတာ (ဝိပဿနာပါ ဘုရား)။

ဒီအတိုင်း ရိုးရိုးကလေး ထသွားတဲ့ပုဂ္ဂိုလ်တော့ ကိုယ့်အသေကိုယ် မသိတာ (ပဋိစ္စသမုပ္ပာဒ် ဆက်တာပါ) အဝိဇ္ဇာပစ္စယာ သင်္ခါရာ (ဝါ) စုံလုံးကန်း လမ်းသွားတာ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဣရိယာပထပဗ္ဗ၊ သမ္ပဇညပဗ္ဗ ဆိုတာတွေ ကိုယ့်အသေ ကိုယ်ကြည့်ခိုင်းနေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဝိပဿနာဉာဏ်၊ ဒကာ ဒကာမတွေ ရှေ့စိတ်ကို နောက်စိတ်နဲ့သာ ဝေဖန်ပြီး သကာလ သိကြပါတော့ဆိုတော့ ဝိပဿနာ မှတ်လိုက်တာပေ့ါ (မှန်ပါ့ ဘုရား)။

ထိုင်ချင်တဲ့စိတ်လာလဲ ထိုင်ချင်တဲ့စိတ် ဖြစ်ပျက်ရှု (မှန်ပါ့) ထချင်တဲ့စိတ်လာရင်ကော (ထချင်တဲ့စိတ် ဖြစ်ပျက်ရှုရပါမယ်) သွားချင်တဲ့စိတ်လာရင်ကော (သွားချင်တဲ့စိတ် ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲဒီတော့ ထိုင်တဲ့စိတ်သည် အသေပဲ (မှန်ပါ့) သိတာသည် ဝိပဿနာပဲ (မှန်ပါ့) ရှိ-မရှိ ကြည့်လိုက်တော့ အသေကို အရှင်က ကြည့်တာပဲ (မှန်ပါ့) သဘောပါကြရဲ့လား (ပါပါတယ်) ဘာကို ကြည့်တာပါလိမ့် (အသေကို အရှင်က ကြည့်တာပါ) အသေကို အရှင်ကကြည့်တာ ဆိုတာ ကောင်းကောင်းပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အသေကို အရှုခိုင်းတာ

ဪ ဒါဖြင့် ဝိပဿနာဆိုတာ အသေကို အရှုခိုင်းတာ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဒါကြောင့် အနိစ္စ ဆိုတာလဲ ဖြစ်ပြီး ပျက်တာပဲ (မှန်ပါ့) အသုဘဆိုတာလဲ သေသွားတာပဲ (မှန်ပါ့)၊ ဒုက္ခသစ္စာ ဆိုတာလဲ ဒုက္ခရောက်သွားတာပဲ (မှန်လှပါ) ဒုက္ခ ဆိုတာလဲ ဒကာ ဒကာမတို့၊ ဒုက္ခသစ္စာထဲ အပါအဝင်ပဲ (မှန်ပါ့) အနတ္တဆိုတာလဲ အင်း သေသွားလိုက်တဲ့ဖြစ်ခြင်း မသေပါနဲ့ဆိုလို့ကို ရသေးလား (မရပါ ဘုရား) အင်း ဒါကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာ၊ အသုဘဆိုတာ ဒကာကြွယ် စာမှာသာ နာမည်ပြားပါတယ်၊ စင်စစ် ကိုယ့်အသေ ကိုယ်မြင်တာ ဝိပဿနာပါပဲ (မှန်ပါ့ ဘုရား)။

ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ကိုင်း ဒါဖြင့် နာရီကလဲ နီးလာတော့ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်ဆိုတဲ့ဥစ္စာသည် ရှေ့စိတ်ကို နောက်ဉာဏ်က ရှုတာ (မှန်ပါ့ ဘုရား) ဝိပဿနာဆိုတာ ဘာပါလိမ့် (ရှေ့စိတ်ကို နောက်ဉာဏ်က ရှုတာပါ ဘုရား)။

ကြမ်းကြမ်းပြောတော့ ကိုယ့်အသေ ကိုယ်ကြည့်တာ (ဝိပဿနာ ပါ ဘုရား) ကိုယ့်အသေ ကိုယ်မြင်တာ (ဝိပဿနာပါ ဘုရား) ကိုယ့်အသေ ကိုယ်မမြင်တာ (အဝိဇ္ဇာပစ္စယာ သင်္ခါရပါ) အဝိဇ္ဇာပစ္စယာ သင်္ခါရဆိုတော့ သွားရောပေါ့နော် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် အဲဒီကဲ့သို့ ဒကာ ဒကာမတွေက ကိုယ့်အသေ ကိုယ်ကြည့်ပြီးတော့ သကာလ စိတ်တွေကို ကြည့်လိုက်၊ ဝေဒနာ ကြိုက်တဲ့ပုဂ္ဂိုလ်က ဝေဒနာလေးတွေနဲ့ သေတာကြည့်လိုက်တော့ ဝေဒနာက္ခန္ဓဆိုတာ သေပြန်တော့လဲ သူနဲ့ သဟဇာတဖြစ်တဲ့စိတ်တွေရော သညာသင်္ခါရတွေကော ရောမနေဘူးလား (ရောနေပါတယ် ဘုရား)။ သူနဲ့ သဟဇာတဖြစ်တဲ့ ရုပ်တွေကော (သေပါတယ် ဘုရား) ရော-သေတော့ တစ်ခုသေရင် အကုန်သေတာပဲဆိုတာ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့) ဪ တစ်ခန္ဓာလုံး သေတာပါကလားလို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့) တစ်ခန္ဓာလုံးသေတာပါလားလို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့) ငါးပါးလုံး သေတာပါလား လို့မှတ်ထားလိုက်ပေါ့ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်အသေ ကိုယ်မြင်တော့ ခန္ဓာငါးပါး ခဏခဏ ပြောင်းလွဲတာ မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။

သူစိမ်းသဘောနဲ့ မြင်နေရမယ်

မြင်တဲ့အခါကျတော့ ဘုန်းကြီးက အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေကို ကြည့်နည်းကလေး ပေးချင်တယ် (မှန်ပါ့) ဘယ်လိုမြင်တာမှ ကောင်းသတုံးဘုရား၊ ကိုယ့်အသေ ကိုယ်မြင်တာ ကြောက်လုံးနဲ့ မမြင်နဲ့ (မှန်ပါ့) ကြောက်လုံးနဲ့ မကြည့်နဲက (မှန်ပါ့) ဪ ဒီဥစ္စာ အရင်သေသွားတဲ့ဥစ္စာ သေသွားတာက သူစိမ်း၊ သူစိမ်းသဘောနဲ့ မြင်နေရမယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမြင်ရမတုံး (သူစိမ်းသဘောနဲ့ မြင်ရပါမယ်) သူစိမ်းသဘောနဲ့ မြင်မှ ပရတောဆိုတာ သွားပြီး ကိုက်တယ် (မှန်ပါ့ ဘုရား)။

ဪ သူစိမ်း သဘောပဲ၊ မသေပါနဲ့လို့ဆိုလို့လဲ မရဘူး၊ ဒီခန္ဓာငါးပါးသည်ကားလို့ ဆိုလို့ရှိရင် မသေပါနဲ့ဆိုလို့လဲ မရဘူး၊ နေပါဆိုလို့လဲ နေတာ မဟုတ်ဘူး၊ သူပေါ်ရင် ပေါ်လာတယ်၊ သူပျက်ချင် ပျက်သွားတာပဲလို့ သူစိမ်းသဘောနဲ့ ခုနင်က ကိုယ့်အသေ ကိုယ်ကြည့်ကြည့်နေစမ်း (မှန်ပါ့) ငါသေလို့ ဝမ်းနည်းမနေလိုက်ပါနဲ့ (မှန်ပါ့) သူစိမ်းသဘောနဲ့ ကြည့်ပြီး နေလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုကြည့်နေရမလဲ (သူစိမ်းသဘောနဲ့ကြည့်ပြီးနေရပါမယ်) သူစိမ်းသဘောနဲ့ ကြည့်နေတော့ ဪ သေလိုက်တာ၊ ဪ သေလိုက်တာ၊ ဪ သေလိုက်တာလို့ ကိုယ့်အသေတွေ ကိုယ်မြင်နေရတော့ သူစိမ်းသဘောတွေချည်း ကြည့်နေတော့ ကြောက်ခြင်းလဲ မရှိဘူး၊ လန့်ခြင်းကော (မရှိပါ ဘုရား) သူစိမ်းသဘောနဲ့ဆိုတော့ တုန်လှုပ်တဲ့သဘော ရှိသေးရဲ့လား (မရှိပါ ဘုရား) သူမရှိတော့ ဒီဥစ္စာ ပရတောဆိုတဲ့ အနတ္တသဘော မြင်တယ် (မှန်ပါ့ ဘုရား)။

သူစိမ်းမြင် မြင်အောင် ကြည့်ပါ

ဒါဖြင့် မြင်တဲ့အခါမှာလဲ သူစိမ်းမြင် မြင်အောင် ကြည့်ပါ (မှန်လှပါ ဘုရား) အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ မြင်တဲ့အခါ ဘယ်လိုအမြင်နဲ့ မြင်ရမယ် (သူစိမ်းအမြင်နဲ့ မြင်ပါ့မယ် ဘုရား)။

ဪ သူစိမ်းသဘောပဲ၊ ဒီနေရာမွေး ဒီနေရာသေရှာတယ် (မှန်ပါ့) ဒီနေရာမွေး ဒီနေရာ သေရှာတာပါကလားလို့ မြင်တဲ့ဉာဏ်က ကြည့်ပေးလိုက်စမ်းပါ (မှန်ပါ့) ကြည့်ဖန်များပြီဆိုမှဖြင့် သူစိမ်းသဘော၊ သူ့ဟာသူ ဖြစ်ကြောင်း တိုက်ဆိုင်လို့ ဖြစ်ပြီး ချုပ်ငြိမ်း ရုပ်သိမ်းသွားတာပဲဆိုတာ ကြည့်ပေးလိုက်စမ်းပါ (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ကြည့်ပေးတော့ ဝိပဿနာဉာဏ်ရင့်လာပါလိမ့်မယ် (မှန်ပါ့) ရင့်လာတဲ့အခါကျတော့ သူစိမ်းနဲ့ မပေါင်းချင်တာ လာမလား မလာဘူးလား (လာပါတယ်) သူစိမ်းနဲ့ မပေါင်းချင်ဆိုတာ လာရတော့မယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဘာလာမယ် ထင်ကြသလဲ (သူစိမ်းနဲ့ မပေါင်းချင်တာ လာပါမယ်) သူစိမ်းနဲ့ အတူတူ မနေချင်တာဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီကဲ့သို့ လာတဲ့အခါကျလို့ရှိရင် မနေချင်ဘူး၊ မပေါင်းချင်ဘူး ဆိုတော့ ဒကာ ဒကာမတွေ သန္တာန်ဝမ်းထဲ ကိန်းနေတဲ့အနုသယတဏှာ ပါးသွားတယ် (ပါးပါတယ် ဘုရား) ဒါ ငါ့ဟာ မဟုတ်ဘူးဆိုတာလဲ သိထားပြီ၊ သူစိမ်းမှန်း သိသွားပြီ (မှန်ပါ့) အဲဒီမှာ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်သွားတယ် (မှန်ပါ့ ဘုရား)။

သူစိမ်းနဲ့ မပေါင်းချင်ဘူးလို့ အစစ်သာ လာလို့ရှိရင် ဒီသူစိမ်းတွေ တည်းဟူသော ဖြစ်ပျက်တာ ဒကာကြွယ် ဘယ်တော့မှ မလာတော့ဘူး (မှန်လှပါ ဘုရား) မလာတော့ အသေမလွတ်သွားဘူးလား (လွတ်သွားပါတယ်) ဘယ်သူ့အသေတွေ လွတ်ပါလိမ့် (ကိုယ့်အသေတွေ လွတ်ပါတယ် ဘုရား)။

အဲ မိမိအသေလွတ်သွားတော့ မသေရာမှန် ပြည်နိဗ္ဗာန်ဆိုတာ ကိုယ့်အသေကိုယ် မမြင်ရတော့ဘူး (မှန်ပါ့) ကိုယ့်အသေ မရှိတာက နိဗ္ဗာန်၊ မရှိဘူးလို့ မြင်တာက မဂ်ဉာဏ်ပါ (မှန်ပါ့ ဘုရား)။

ကိုယ့်အသေမရှိတာက (နိဗ္ဗာန်ပါ) မရှိဘူးလို့ သိတာက (မဂ်ဉာဏ်ပါ ဘုရား) အဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် ဆိုတာ ဖြစ်နိုင်ပါတယ် (မှန်ပါ့ ဘုရား)။

မရှိဘူးလို့ သိတာက မဂ်ဉာဏ်

ဒါဖြင့် ကိုယ့်အသေ ကိုယ်သိတာ ဝိပဿနာ (မှန်ပါ) ကိုယ့်အသေ မရှိတာကို မရှိဘူးလို့ သိတာက မဂ်ဉာဏ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားမှာ သုံးချက်မှတ်ရမှာပေါ့ (မှန်ပါ့) ကိုယ့်အသေ ကိုယ်သိတာက (ဝိပဿနာပါ) ကိုယ့်အသေ ကိုယ်မသိတာက (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ) ကိုယ့်အသေမရှိတာ ကိုယ်သိတာက (မဂ်ဉာဏ်ပါ) အဲဒီလို သုံးခုရောတော့မှ ဪ သံသရာခရီးသည်လမ်းက တစ်မျိုးပါလား၊ သံသရာ စခန်းသတ်တဲ့ပုဂ္ဂိုလ်တို့၏ အမြင်က တစ်မျိုးပါလားဆိုတဲ့ဥစ္စာ ထူးထူးခြားခြားကြီး မလာသေးဘူးလား (လာပါတယ် ဘုရား)။

ထူးထူးခြားခြားလာတော့မှ နိဒါနဝဂ္ဂသံယုတ်၊ ၁၀-သုသိမသုတ် (နှာ-၃၄၀)၊ ပါဠိတော်လာဝတ္ထု ကိုးချင်တယ် (မှန်ပါ့) သုသိမပရိဗိုဇ်က ဒကာ ဒကာမတို့ ဘယ်လို ဖြစ်လာမတုံးဆိုတော့ သူက တိတ္ထိကိုးဗျ၊ ပရိဗိုဇ်ဆိုတော့နော် (မှန်လှပါ ဘုရား)။

ပရိဗိုဇ်ပေမဲ့လဲ သူက ဉာဏ်ကောင်း ပရိဗိုဇ် (မှန်ပါ့) ဘုရားပွင့် လာတဲ့အခါမှာ နေထွက်လာတဲ့အခါ ပိုးစုန်းကြူးတွေဟာ အရောင်မထွက်နိုင်သလို တိတ္ထိတွေ နဂိုက ဘုရားလုပ်ပြီးနေကြတော့ လာဘ်သပ်ပကာတွေ အင်မတန်ပေါ၊ ကျောင်းကန်တွေ အင်မတန်ပေါပေါ့ဗျာ (မှန်ပါ့) ဘုရားလဲ ပွင့်လာပါရော၊ နေကြီးထွက်တော့ ပိုးစုန်းကြူးတွေ ပျောက်ရသလို လာဘ်သပ်ပကာတွေနည်း၊ ကျောင်းကန်တွေ ဆောက်မည့်သူမရှိ၊ အဝတ်သင်္ကန်းမှ လှူဒါန်းပေးကမ်းမည့် သူမရှိလောက်အောင် ဖြစ်တော့ တိတ္ထိတွေကလဲ စည်းဝေးကြတယ်၊

သုသိမပရိဗိုဇ်

ဪ ဂေါတမဘုရားပွင့် ထွန်းပေါ်လာကတည်းက တို့မှာဖြင့် ပိုးစုန်းကြူးပမာ အရောင်တွေဖြင့် ငုပ်လျှိုး သွားပြီး သကာလ ပျောက်ကွယ်မတတ် ဖြစ်ကုန်ပြီ (မှန်ပါ့ ဘုရား)။

အဲဒီတော့ တို့လဲ သူ့လို တရားဟောဖို့ကလဲ တို့မှာ အမြင်စွမ်းရည်သတ္တိက မရှိ၊ အဲဒီတော့ တို့လဲ ဉာဏ်ပညာကောင်းတစ်ယောက်ရှာပြီး ခေါ်မှဆိုတာ့ သုသိမပရိဗိုဇ်ကို သွားတွေ့တယ် (မှန်ပါ့ ဘုရား)။

သုသိမပရိဗိုဇ်ကို သွားခေါ်ချေဆိုပြီး လာတဲ့အခါကျတော့ သုသိမ တို့တိတ္ထိတွေမှာ အခု ဒုက္ခအကြီးအကျယ် ရောက်နေပြီကွ၊ မင်းမှ မကယ်လို့ ရှိရင်လဲ ကယ်မည့်သူ မရှိတော့ဘူး၊ မင်းက ဉာဏ်ကောင်းတယ်၊ အဲဒါကြောင့် မင်းကိုပဲ တို့က အဆိုသွင်းထောက်ခံပါတယ်ကွာ၊ ဂေါတမ ဘုရားဆီ သွားပြီး သင်္ကန်းဝတ်တော့ ဂေါတမဘုရားက ဟောလုံး ပြောလုံးတွေ အကုန်နည်းယူခဲ့ဟေ့၊ ပြီးတော့ မင်းတို့ကိုလာပြီး သင်ပါ၊ တို့က တို့တရားနဲ့ ဂေါတမဘုရားတရားနဲ့ ရောပြီး ဟောလို့ရှိရင် နည်းနှစ်မျိုးတောင် ဖြစ်နေတယ်၊ အဲဒီတော့ တို့မှာ လာဘ်သပ်ပကာပေါမှာပေါ့ဆိုပြီး သုသိမက ဒါနဲ့ သူတို့ဂိုဏ်းကောင်းစားရေး ဖြစ်နေတော့ ကိုင်း တာဝန်ယူပါ့မယ်တဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာကောင်းစားရေးတဲ့တုံး (ဂိုဏ်းကောင်းစားရေးပါ) တိတ္ထိဂိုဏ်းကြီး ကောင်းစားရေး ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါနဲ့ သူတို့ဂိုဏ်းဂဏ ကောင်းစားရေး သူတို့ အမျိုးသား ကောင်းစားရေးနဲ့ သူက တာဝန်ယူပြီး ဘုရားထံ သွားမလို့ စိတ်ကူးလိုက်တဲ့အခါ ဘယ်သူ့ထံ အရင်ကပ်ရပါမတုံး၊ အဝင်ကောင်းမှ နေရာကျမယ်၊ မတော် နှင်ထုတ်ရင်ဖြင့် ခက်နေမယ်၊ ရှင်သာရိပုတ္တရာဆီလဲ သွားလို့ မတော်ဘူး၊ ရှင်မောဂ္ဂလာန်ဆီလဲ သွားလို့ မတော်ဘူး၊ ရှင်အာနန္ဒာဆီ သွားမှ တော်မယ်၊ သူ့ဆီသွားကပ်လို့ ရလို့ရှိရင် ဘုရားဆီကို အမြန်ရောက်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီး ရှင်အာနန္ဒာဆီ သွားကပ်ပါတယ်။

ရှင်အာနန္ဒာက အကဲတော့ ခတ်မိတယ်

ရှင်အာနန္ဒာ ကျုပ် တိတ္ထိသာသနာမှာ မပျော်ပါဘူး၊ ရှင်အာနန္ဒာ တို့ သာသနာပဲ ကြည်ညိုတယ်၊ ဘုရားအဆုံးအမပဲ ကျင့်လိုပါတယ်၊ ဒါကြောင့် သင်္ကန်းဝတ်ချင်ပါတယ်၊ ဘုရားကို အရှင်အာနန္ဒာ လျှောက်ပေးစမ်းပါ ဆိုတော့ ရှင်အာနန္ဒာက အကဲတော့ ခတ်မိတယ်၊ သုသိမဟာ တိတ္ထိမှာ ခေါင်းဆောင်၊ ခေါင်းဆောင်ကနေပြီး ဒီသာသနာတော် ကြည်ညိုပါတယ်ဆိုတဲ့ဥစ္စာ ရိုးမှ ရိုးရဲ့လား၊ အဘိညာဏ်လဲ မရတော့ မသိဘူးပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

ဒါနဲ့ သင်္ကန်းဝတ်ပေးမယ်၊ မပေးဘူးလို့ သူက တာဝန်မခံဘူး၊ ဘုရားကမှ သိမှာပဲ၊ အဲဒီတော့ ဘုရားဆီပို့မှပဲဆိုပြီး သုသိမနဲ့ ရှင်အာနန္ဒာ ဘုရားဆီ သွားကြတယ် (မှန်ပါ့ ဘုရား)။

ဘုရားဆီကျတော့ ရှင်အာနန္ဒာက လျှောက်တယ်၊ သုသိမပရိဗိုဇ်က တပည့်တော်တို့ သာသနာတော်ကြည်ညိုလွန်းလို့ ဒီသာသနာကြီးထဲမှာ ရဟန်းပြုပြီး သကာလ တရားဓမ္မတွေ ကျင့်ချင်ကြံချင်ပါသတဲ့လို့ လျှောက်တော့ ဘုရားက ကြည့်လိုက်တယ်၊ ဪ သုသိမ လာတာ ရည်ရွယ်ချက်ကောင်းနဲ့တော့ လာတာမဟုတ်ဘူး၊ စိတ်ကောင်းပါရဲ့လား (မပါပါ ဘုရား) ဘယ်ပါမလဲ ဒကာ ဒကာမတို့၊ တရားခိုးယူမလို့ လာတာပဲ (မှန်ပါ့) တရားခိုးယူရန် လာရတာဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တရားနည်းခိုးရင်းနဲ့ သူရဟန္တာဖြစ်လိမ့်မယ်

သို့သော်လဲ တရားနည်းခိုးရင်းနဲ့ သူရဟန္တာဖြစ်လိမ့်မယ်လို့ မြင်တော်မူတယ် (မှန်ပါ့) အံမာ သူခိုးပုံကလဲ နေရာ အကျကြီးဗျ (မှန်ပါ့) ခိုးရင်းနဲ့ ဘာဖြစ်မှာပါလိမ့် (ရဟန္တာ ဖြစ်မှာပါ ဘုရား)

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခိုးမှာကိုလဲသိ၊ ခိုးရင်းနဲ့ ရဟန္တာဖြစ်မှာကိုလဲ သိတယ် (မှန်ပါ့) အဲဒီလို သိနေတဲ့အတွက် ဘုရားက အာနန္ဒာ သုသိမကို ရေချိုးစေပြီး ရဟန်းခံပေးလိုက်လို့ အမိန့်ရှိတယ်၊ သုသိမကတော့ ကျေနပ်ပြီ၊ ငါတော့ တရားခိုးခွင့် ရပြီပေါ့ဗျာ (မှန်ပါ့ ဘုရား)။

သူကလဲ အင်မတန် ကျေနပ်တယ်၊ ကျေနပ်ပေမဲ့ ဘုရားက နှစ်ဖက်သိတယ်၊ ကိုယ်ကတော့ ခိုးဖို့ရာကလေး အကြောင်း ညီညွတ်တာသာ သိတယ် (မှန်ပါ့) ဘုရားကတော့ ခိုးရင်းမတ္တနဲ့ သူ ဘာဖြစ်မယ်လို့ သိသလဲ (ရဟန္တာဖြစ်မယ်လို့ သိပါတယ် ဘုရား) အဲ ရဟန္တာဖြစ်မယ်ဆိုတာ သိတော်မူတာနဲ့ ရှင်အာနန္ဒာကို ရဟန်းခံပေးလိုက်ကွာလို့ဆိုပြီး ရဟန်းခံပေးတယ် (မှန်ပါ့ ဘုရား)။

ရဟန်းဖြစ်ပြီး တစ်ခါတည်း သူက တရားတွေ ခိုးယူစုံထောက် လုပ်တော့တာပဲ (မှန်ပါ့) ဒါနဲ့ ဝါကျွတ်တဲ့အခါကျတော့ ရဟန်းတော် အချို့က ဘုရားဆီလာကြတယ်၊ ဪ ဒီကိုယ်တော်တွေ တယ်ထူးတယ်၊ သူတို့နဲ့ မြှောင်ပြီး ဘုရားဆီ လိုက်မှပဲဆိုပြီး လိုက်သွားတယ်၊ ဒီရဟန်းတွေကလဲ တပည့်တော်ဘုရား ပဋိသန္ဓေနေမှုတော့ နောက်ကို မရှိဘူး ဘုရား၊

ကျင့်စရာ အလုပ်တွေလဲ အကုန်ကျင့်ပြီးပြီ

“ “ဝုသိတံ ဗြဟ္မစရိယံ” ကျင့်စရာ အလုပ်တွေလဲ အကုန်ကျင့်ပြီးပြီ ဘုရား၊ ဝိပဿနာဉာဏ်ရော မဂ်ဉာဏ်ရော တပည့်တော်တို့ ကျင့်ပြီးပြီ (မှန်ပါ့) ရဟန္တာတွေ ဖြစ်ပြီလို့ ပြောကြတာပေါ့ဗျာ (မှန်ပါ့) “ကတံ ကရဏီယံ” ကရဏီယံ- ပြုအပ် ပြုထိုက်သော ၁၆-ပါးသော မဂ်ကိစ္စကို၊ ကတံ-ပြုအပ်ပြီ (မှန်ပါ့) ပြုစရာတွေ တပည့်တော်တို့ အကုန်ပြုလုပ်ပြီးပြီဘုရား၊ နောက်ထပ်လုပ်စရာမလိုတော့ဘူး (မှန်ပါ့ ဘုရား)။

ကျုပ်တို့ ပုထုဇဉ်တွေကတော့ ဒါနလုပ်ပါဦးဟ၊ သီလလုပ်ဦးဟ ပြုစရာတွေ ရှိသေးသကိုးဗျ (မှန်ပါ့) သူတို့မှာတော့ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

နာပရံ ဣတ္ထတ္တာယာတိ ပဇာနာမ၊ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက်လဲ တပည့်တော်တို့ လုပ်စရာ မရှိတော့ပါဘူးလို့ ဘုရားကို လျှောက်ထားကြတယ်။ အဲဒီလို ရဟန်းများလျှောက်ထားတာကို သုသိမကလဲ ကြားတယ်။

ဒါနဲ့ ဘုရားက ဒီကိုယ်တော်တွေကို ကဲ-ကဲ မင်းတို့ ခရီးရောက်မဆိုက် ဖြစ်တယ်၊ အညောင်းအညာ ဖြေကြဦး သွားကြဦး၊ လာကြဦးဆိုပြီး ဘုရားက ခွင့်ပြုလိုက်တဲ့အခါ ရဟန်းတွေ ဟိုကျောင်း ဒီကျောင်း ဝင်ကြ သွားကြတာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အရှင်ဘုရားတို့ ကောင်းကင်ပျံနိုင်သေးရဲ့လား

သုသိမက ဘုရားဆီလဲ မမေးချင်တော့ ဒီကိုယ်တော်တွေနောက် လိုက်မှပဲဆိုပြီး လိုက်သွားတယ် (မှန်ပါ့) ရဟန္တာနောက် လိုက်သွားပြီး အရှင်ဘုရားတို့ ဘုရားဆီမှာ အရှင်ဘုရားတို့ လျှောက်တာ၊ “ခီဏာ ဇာတိ” ပဋိသန္ဓေနေမှုကုန်ပြီ၊ “ဝုသိတံ ဗြဟ္မစရိယံ” မြတ်သောအကျင့်တွေလဲ အကုန်ကျင့်ပြီးပြီ “ကတံ ကရဏီယံ” ပြုအပ်ပြုထိုက်သော ၁၆-ပါးသော မဂ်ကိစ္စကိုပြုပြီးပြီဆိုတော့ အရှင်ဘုရားတို့ ကောင်းကင်ပျံနိုင်သေးရဲ့လားလို့ သွားမေးတယ် (မှန်ပါ့) ကန့်လန့်လုပ်ပြီး သွားမေးတယ် (မှန်ပါ့) မဂ်ဖိုလ်ရတိုင်း ကောင်းကင်ပျံနိုင်တာ မဟုတ်ဘူးလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

အဲဒီလမ်းက ဝိပဿနာသက်သက်နဲ့ တက်လာတာ (မှန်ပါ့) ဝိပဿနာသက်သက်ဖြင့် မဂ်ဖိုလ်ရတဲ့ပုဂ္ဂိုလ်ဟာ ကောင်းကင် မပျံနိုင်ပါဘူး (မှန်ပါ့) နောက်မှ သီးသန့် ပထမဈာန် အဘိညာဏ်တွေ အားထုတ်ယူရင်တော့ တက်ချင် တက်နိုင်တယ် (မှန်ပါ့ ဘုရား)။

အဲဒီလို ဖြစ်ပြီး သကာလ နေတော့ သုသိမ တို့ကောင်းကင်လဲ မပျံနိုင်ဘူးကွ၊ မြေလဲ မလျှိုးနိုင်ဘူးကွ၊ ကိလေသာကုန်တာတော့ အမှန်ပဲ၊ ရဟန္တာဖြစ်တာတော့ အမှန်ပဲ (မှန်ပါ့ ဘုရား) အို အရှင်ဘုရားတို့ပြောတာ တယ်ရှုပ်သကိုး၊ ရဟန္တာဆိုရင် ကောင်းကင်ပျံ မြေလျှိုးရမယ်ကိုး (မှန်ပါ့) သူ ဒါလောက် မှတ်ထားတာ (မှန်ပါ့)။

ဒီ ဒကာ ဒကာမတွေလဲ ဘယ်သူဟာ ရဟန္တာဆိုပေတဲ့ ကောင်းကင်ပျံ မြေလျှိုးများ မှတ်မနေနဲ့နော် (မှန်ပါ့) မြေကြီးက တစ်ထွာမှ မခွါနိုင်တဲ့ ရဟန္တာတွေကလဲ ပုံနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါနဲ့ ဒီအတိုင်းပဲ သွားမေးတော့ အရှင်ဘုရားတို့ တပည့်တော်ကို သေသေချာချာ ဖြေစမ်းပါဘုရားတဲ့၊ ငါတို့ ဖြေရမှာကတော့ကွာ ။

”ပညာဝိမုတ္တာ ခေါ မယံ အာဝုသော သုသိမ”

(နိဒါနဝဂ္ဂသံယုတ် ပါဠိ နှာ-၃၄၄)

အာဝုသော သုသိမ-ငါ့ရှင် သုသိမ၊ မယံ-ငါတို့သည်။ ပညာဝိမုတ္တာ – ဝိပဿနာပညာနဲ့ နိဗ္ဗာန်ရခဲ့ကြကုန်၏ (ဝါ) ကိလေသာမှ လွတ်ခဲ့ကြကုန်၏။

ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်နဲ့ ရဟန္တာဖြစ်လာတယ်

ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်နဲ့ ရဟန္တာဖြစ်လာတယ်၊ သမထမပါဘူးလို့ ပြောလိုက်တာ (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘာတဲ့တုံး (သမထမပါပါ ဘုရား) သမထ မပါဘဲနဲ့ ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ရပြီး ရဟန္တာဖြစ်ခဲ့တာပဲ (မှန်ပါ့ ဘုရား)။

ကဲ သဘောကျပလား (ကျပါပြီ) ရှေ့ပိုင်းက ဘာပါလိမ့် (ဝိပဿနာဉာဏ်ပါ) သူ့နောက်က (မဂ်ဉာဏ်ပါ ဘုရား) အဲ ဝိပဿနာဉာဏ်သာ အားထုတ်ပါ၊ မဂ်ဉာဏ်က နောက်က လိုက်လိမ့်မယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

အဲဒီလို ရဟန္တာတွေက ဖြေလိုက်တယ်၊ တို့ကွာ ဝိပဿနာဉာဏ်နောက် ပညာနဲ့ ကိလေသာမှ လွတ်ခဲ့ပါတယ် (မှန်ပါ့ ဘုရား) ကိလေသာ ခန္ဓာကိုယ်ထဲ မရှိအောင် ပညာနဲ့ လုပ်ခဲ့တာကွလို့ ဖြေလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေကိုလဲ ဒီလမ်းကို ဘုန်းကြီးက ဟောနေတယ် (မှန်ပါ့)၊ ရှေ့က ဝိပဿနာလုပ်ပါ၊ နောက်က မဂ်လိုက်လာလိမ့်မယ် (မှန်ပါ့) ရှေ့က ဝိပဿနာမဂ်နဲ့ ကိုယ့်အသေ ကိုယ်မြင်လို့ရှိရင် နောက် ကိုယ့်အသေ ကိုယ်မမြင်တဲ့ မဂ်ဉာဏ်လိုက်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်အသေ ကိုယ်မြင်တာ ဝိပဿနာဉာဏ် (မှန်ပါ့) ကိုယ့်အသေတွေ ကိုယ်မရှိတော့ဘူးလို့သိတာ (မဂ်ဉာဏ်ပါ ဘုရား) အဲဒီနှစ်ဉာဏ် သွားရမှာဖြင့် နှစ်ဉာဏ်စလုံး ပညာပဲ၊ ပညာနဲ့ ကိလေသာမှ လွတ်ခဲ့တယ် (မှန်ပါ့) ရှေ့ဉာဏ်က တဒင်္ဂလွတ်ခဲ့တယ်၊ နောက်ဉာဏ်က သမုစ္ဆေဒအားဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသမှ လွတ်ခဲ့တယ် (မှန်ပါ့)။

ပညာနဲ့ကိလေသာမှ လွတ်တယ်ဆိုတာ

အဲဒီလိုတော့ သုသိမက ကိုယ်တော်တို့ ဟောနေတာ နားမလည်ပါဘူး၊ ပညာနဲ့ကိလေသာမှ လွတ်တယ်ဆိုတာ တပည့်တော် နားမလည်ဘူးတဲ့၊ ကဲ နားလည်ချင်လည်၊ မလည်ချင်နေ တို့တော့ ပညာနဲ့ ကိလေသာမှ လွတ်ခဲ့တာပဲ၊ ဒီနှစ်ဉာဏ်နဲ့ လွတ်ခဲ့တာပဲ ပြောတာပဲ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒါ ရဟန္တာကိုယ်တော်ကြီးတွေက ဟောတာ (မှန်ပါ့) သို့သော် သုသိမက တိတ္ထိဘက်က လာတော့ ဒကာသစ် ကျေကျေနပ်နပ် သဘောကျနိုင်ပါ့မလား (မကျပါ ဘုရား) မကျဘူးတဲ့၊ စကားပြောလိုက်တော့ ဘယ်မှာ ကျေကျေနပ်နပ် သဘောကျ နိုင်ပါ့မလဲ (မှန်ပါ့ ဘုရား)။

အဲဒီတွင်မှ ဘုရားဆီသွားမယ်ဆိုပြီး ဘုရားဆီ သွားလိုက်တယ် (မှန်ပါ့) ဘုရားဆီရောက်တော့ အရှင်ဘုရား ဟိုရဟန္တာပုဂ္ဂိုလ်တွေက ကောင်းကင်လဲ မပျံနိုင်ဘူး၊ မြေလဲမလျှိုးနိုင်ဘူး၊ သူတို့က ပဋိသန္ဓေနေခြင်းကုန်ပြီ၊ ကျင့်စရာကိစ္စမရှိတော့ဘူး ပြောနေတယ်ဘုရား တပည့်တော်အား ရှင်းပေးတော်မူပါဘုရားတဲ့၊ သူ-တရားခိုးမလို့လာတဲ့ ပုဂ္ဂိုလ်ကိုးဗျ (မှန်ပါ့ ဘုရား)။

ရှေ့က ဝိပဿနာဉာဏ်

ဘုရားက “ပုဗ္ဗေ ခေါ သုသိမ ဓမ္မိဋ္ဌိတိဉာဏံ၊ မစ္ဆာ နိဗ္ဗာနေ ဉာဏံ” လို့ ဟောလိုက်မယ် (မှန်ပါ့) သုသိမ-သုသိမ၊ ပုဗ္ဗေ-ရှေ့ကာလ၌၊ ဓမ္မဋ္ဌိတိဉာဏံ-ဖြစ်ပျက်ကိုရှုတဲ့ ဓမ္မဋ္ဌိတိဉာဏ်သည်၊ ဟောတိ-ဖြစ်၏၊ ဝိပဿနာအရင်လုပ်ကွတဲ့ (မှန်ပါ့) ဒါဘယ်သူ ဟောပါလိမ့် (ဘုရားက ဟောပါတယ် ဘုရား)။

ပစ္ဆာ-နောက်ကာလ၌။ နိဗ္ဗာနေဉာဏံ- နိဗ္ဗာန်ကို မြင်တဲ့ဉာဏ် သည်၊ ဟောတိ-ဖြစ်၏။ နောက် မဂ်ဉာဏ်လိုက်လာလိမ့်မယ်လို့ ဟော လိုက်တာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရှေ့က ဘာဉာဏ်တဲ့ (ဝိပဿနာဉာဏ်ပါ) နောက်က (မဂ်ဉာဏ်ပါ ဘုရား) ဘုရားက ဒီအတိုင်းဟောတာ နှစ်ဉာဏ်ပေါ့ဗျာ (မှန်ပါ့) ခုနင်က ရဟန္တာမထေရ်မြတ်တွေကတော့ တို့ဉာဏ်နဲ့ ကိလေသာမှ လွတ်ခဲ့တယ်လို့ တစ်လုံးတည်း ပြောလိုက်တယ် (မှန်ပါ့) ဘုရားကတော့ မဟုတ်ဘူး၊ “ပုဗ္ဗေ ခေါ သုသိမ ဓမ္မိဋ္ဌိတိဉာဏံ၊ မစ္ဆာ နိဗ္ဗာနေ ဉာဏံ” လို့ ဟောလိုက်တယ် (မှန်ပါ့) နိဒါနဝဂ္ဂသံယုတ်ပါဠိတော်နော် (မှန်ပါ့ ဘုရား) အဲဒီတော့ ရှေ့က ဝိပဿနာဉာဏ်သာ အားထုတ်၊ နောက်မဂ်ဉာဏ်ပေါ်လာလိမ့်မယ်လို့ ဟောလိုက်တယ်နော်(မှန်ပါ့ ဘုရား)။

သုသိမက အရှင်ဘုရား တပည့်တော် နားမလည်ပါဘူး၊ အရှင်ဘုရား ဟောတာ ကျဉ်းလွန်းပါတယ်ဆိုတော့ ရှေးဦးစွာ ဝိပဿနာ အားထုတ်ရမယ်ကွ၊ ဝိပဿနာ အားထုတ်လို့ရှိရင် နောက် မဂ်ဉာဏ်ရမယ်၊ ဒါပဲကွဆိုတော့ သူက နားမလည်ဘူးပေါ့ဗျာ (မှန်ပါ့) နားမလည်တာနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူလဲ ဉာဏ်ရင့်လာပေါ့လေဆိုပြီး တစ်ခုသောတရားကို ဖြစ်ပျက်ရှုခိုင်းတယ် (မှန်ပါ့)။

လေးခါလောက်လဲ ဆုံးရော ရဟန္တာလဲ ဖြစ်ရော

ဖြစ်ပျက်ရှုခိုင်းတော့ ဝေဒနာကလေးတစ်ခု စိတ်ကလေးတစ်ခု ဖြစ်ပျက်ရှုခိုင်းလို့ ဘုရားရှေ့တော်မှာပဲ ရှုတာပဲ၊ နောက်ရှုရင်းမတ္တနဲ့ ဖြစ်ပျက်တွေ မုန်းလာတယ်၊ ဖြစ်ပျက်တွေ မုန်းပြီး သကာလ ဖြစ်ပျက်တွေ ဆုံးသွားတယ်၊ သူ့အသေတွေ သူဆုံးသွားတယ်၊ လေးခါလောက်လဲ ဆုံးရော ရဟန္တာလဲ ဖြစ်ရော ဆိုကြပါစို့ (မှန်ပါ့ ဘုရား)။

ဒီတွင်မှ သူ ရဟန္တာဖြစ်တာကို ဘုရားသိလို့ သုသိမ မင်း ကောင်းကင် ပျံနိုင်ရဲ့လားလို့ မေးတယ်၊ မပျံနိုင်ပါဘူးလို့ ဖြေတယ်။ မြေကော လျှိုးနိုင်ရဲကလားကွ၊ မလျှိုးနိုင်ပါဘူးဘုရား၊ သူများ ပြောတာဆိုတာကိုကော ပရိစိတ္တဝိဇာနနဉာဏ်နဲ့ သိရဲ့လားကွ၊ ဒိဗ္ဗစက္ခုနဲ့ မြင်ပါရဲ့လားကွ မသိပါ၊ မမြင်ပါဘူးဘုရား။

ကိုင်း အဲဒါ ငါဘုရားဟောတာ ရှင်းပြီလားတဲ့၊ ရှေ့က ဝိပဿနာဉာဏ်၊ နောက်က မဂ်ဉာဏ်နဲ့ ဒီလို ဉာဏ်စဉ် နှစ်-စဉ်နဲ့ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ကောင်းကင်ပျံ မြေလျှိုးတဲ့လမ်း မဟုတ်ဘူးကွ ရဟန္တာဖြစ်တဲ့လမ်း သက်သက်ပဲကွတဲ့ (မှန်ပါ့ ဘုရား)။

ရှင်းပလား (ရှင်းပါပြီ ဘုရား) ကောင်းကင်ပျံ မြေလျှိုးတဲ့လမ်းက သမထကနေတက်မှ ကောင်းကင်ပျံ မြေလျှိုးတဲ့လမ်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်တာ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား) ကိုယ့်အသေ ကိုယ်မမြင်တာ (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား) ကိုယ့်အသေဆုံးတာ ကိုယ်မြင်တာ မဂ်ဉာဏ်၊ ဒါပဲ ဟောနေတာ၊ အခု (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခု မင်းကောင်းကင်ပျံနိုင်ရဲ့လား

အဲဒီကဲ့သို့ ဒကာ ဒကာမတွေကလဲ သိတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ သုသိမ မင်းရဟန္တာဖြစ်တော့ အခုကြည့်လေ အခု မင်းကောင်းကင်ပျံနိုင်ရဲ့လား၊ မင်း မြေလျှိုးနိုင်ရဲ့လား၊ မင်း သူတစ်ပါး စိတ်တွေ သိပါရဲ့လား၊ နောက်ကြောင်းတွေ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်နဲ့ သိပါရဲ့လား (မသိပါ ဘုရား) အဲဒီတွင်မှ သုသိမသဘောပေါက်ပြီး မြတ်စွာဘုရားရဲ့ ခြေတော်ကို ဝပ်ဆင်းပြီး လျှောက်ထားတယ် တပည့်တော်မှာ အပြစ်ရှိရင်လဲ သည်းခံတော်မူပါ၊ တပည့်တော် ရိုးရိုးပုဂ္ဂိုလ် မဟုတ်ပါဘုရား၊ တရားခိုးဖို့ လာတာ ဒါကြောင့် သည်းခံတော်မူပါ တဲ့ (မှန်ပါ့ ဘုရား)။

အေး မင်းစိတ် မင်းသိလို့ရှိရင်လဲ မင်းဟာလဲ မင်းကုစားလို့ နောင်စောင့်စည်းလို့ရှိရင်ဖြင့် ငါဘုရားရှင်တို့၏ ရှေးထုံးတမ်း အစဉ်အလာမှာဖြင့် ဒီအပြစ်တွေဟာ ပြေပျောက်ပါတယ်လို့ မိန့်တော်မူတယ် (မှန်ပါ့)။

ရှေ့ကဝိပဿနာဉာဏ် နောက်ကမဂ်ဉာဏ်

သို့သော် ဘုရားရှင်က လိုရင်း ဟောတော်မူတာက ရှေ့က ဝိပဿနာဉာဏ်၊ နောက်က (မဂ်ဉာဏ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်တာ (ဝိပဿနာပါ ဘုရား) ကိုယ့်အသေ ကိုယ်မမြင်တာ (အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဘုရား) ကိုယ့်အသေ ဆုံးတာကို ကိုယ်မြင်တာ (မဂ်ဉာဏ်ပါ ဘုရား) အဲ ကိုယ့်အသေ ကိုယ်မြင်တဲ့ ဝိပဿနာဉာဏ်ကို ရှေ့ထားပြီး ကိုယ့်အသေ ဆုံးတာ ကိုယ်မြင်တဲ့ မဂ်ဉာဏ်ကို နောက်ထားပြီး ကြိုးစားလို့ရှိရင်ဖြင့် သုသိမ တရားခိုးဖို့ လာတာတောင် ရဟန္တာ ဖြစ်ပါသေးတယ် (မှန်ပါ့)။

ခင်ဗျားတို့ ဒီအတိုင်း ကြိုးစားလို့ရှိရင် အောင်မြင်ပါလိမ့်မယ်ဆိုတာ သေသေချာချာမှတ် (မှန်ပါ့ ဘုရား)။

ကဲ ယနေ့ နာရီ စေ့ပြီ၊ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု