သစ္စာလေးပါး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူအပ်သော
(၁၀-၁၁-၆၀)
နိဗ္ဗာန်ကြီး အကျိုးငှာလည်းကောင်း
တရားကို ဒကာ ဒကာမတွေ နှလုံးသွင်းဖို့ရာ အရေးကလဲ ပါတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့) တရားကို ဘယ်လိုကြောင့် ဆရာ ဘုန်းကြီးက ဒီ ဒကာ ဒကာမတွေကို နှလုံးသွင်းခိုင်းပါလိမ့်မတုံး ဆိုတော့ ဒကာ ဒကာမတွေကို ကယ်တင်ချင်တဲ့ စိတ်နဲ့ မိုးကုတ်က ပြန်ပြီးလာတဲ့အခါ ငါတို့အား ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကြီး အလို့ငှာလည်းကောင်း၊ ထောင့်ငါးရာကိလေသာတို့၏ ချုပ်ငြိမ်းခြင်း ရုပ်သိမ်းခြင်းဆိုတဲ့ အပူဓာတ် အလောင်ဓာတ်တို့၏ ငြိမ်းသတ်ရာဖြစ်တဲ့ နိဗ္ဗာန်ကြီး အကျိုးငှာ လည်းကောင်း၊ အပါယ်လေးပါးတည်းဟူသောရန်ဘေးမှ ကင်းဝေးရာ ဖြစ်တဲ့နိဗ္ဗာန်အကျိုးငှာလည်းကောင်း၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်အကျိုးငှာလည်းကောင်း၊ မဂ်လမ်း ဖိုလ်လမ်း ဆိုတဲ့လမ်းကို ပြချင်လို့ ဒကာ ဒကာမတွေအား ချီးမြှောက်ထောက်ပံ့ပါတယ်ဆိုတဲ့ ကြီးလှစွာသော မေတ္တာကရုဏာကြီးနဲ့ ကယ်ယူဆောင် တင်မလို့ဆိုတာ အောက်မေ့လိုက်ပါ (မှန်ပါ့ ဘုရား)။
ကြီးလှစွာသောမေတ္တာ ကြီးလှစွာသောကရုဏာနဲ့ ဒီ ဒကာ ဒကာမတွေကို ကယ်ယူဆောင်တင်မလို့ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
စကြဝတေးမင်း၊ မန္ဓာတ်မင်းစည်းစိမ်ဥစ္စာတွေ ပေးလိုက်ပြန်လို့ရှိရင်လဲ ဒုက္ခတွေသယ်ပေးလိုက်တာနဲ့ အတူတူဖြစ်မှာစိုးရတယ် (မှန်ပါ့) လူချမ်းသာ၊ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ ပေးလိုက်ပြန်လို့ရှိရင်လဲ ဆိုင်းဘုတ်သာ ချမ်းသာတယ်၊ အထည် မချမ်းသာဖြစ်မှာစိုးတဲ့အတွက် ခန္ဓာဇာတ်သိမ်းငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်အလို့ငှာ ကယ်ယူဆောင်တင်ဖို့ စိတ်ထားမြင့်မြတ်စွာနဲ့ မေတ္တာကြီးစွာနဲ့ သယ်ယူမလို့ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ပြီး ဪ ငါတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သံသရာကြီးထဲမှာ အိုဘေးကြီး ထမ်းပြီးလည်ခဲ့ရတယ်၊ နာဘေးကြီးထမ်းပြီး လည်ခဲ့ရတယ်၊ သေဘေးကြီးထမ်းပြီး လည်ခဲ့ရတဲ့အဖြစ်မှ သုံးဆယ့်တစ်ဘုံ မသာ့မသာတွေ မြှုပ်ခဲ့ရတဲ့အဖြစ်မှ မသာဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကြီးဖြင့် ဒီတစ်ခါဖြင့် ဆရာပြတဲ့လမ်းကို မသွေမလွဲတမ်းလိုက်ပြီး သကာလ လှမ်းလို့ရှိရင်ဖြင့် မရောက်လမ်း မရှိတော့ဘူးဆိုတာ မှတ်ပြီး သကာလ တရားကို နာရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ကိုယ့်အရေး ကိုယ်သိပြီး ကြိုးစားဖို့ပါပဲ
ဒါကြောင့် ကြိုးစားပါ၊ ကြိုးစားပါဆိုတာကိုလဲ တိုက်တွန်းနေဖို့ မလိုဘူး ကိုယ့်အရေး ကိုယ်သိပြီး သကာလ ကြိုးစားဖို့ပါပဲဆိုတာ မှတ်ကြစမ်းပါ (မှန်ပါ့)။
အကယ်၍ ဆရာဘုန်းကြီးပြောတဲ့အတိုင်း ဘုရားဟောတော်မူတဲ့ အတိုင်း ဒကာ ဒကာမတွေက သားရေး၊ သမီးရေး၊ စီပွားရေးကြောင့်လည်းကောင်း၊ ရပ်ရေး ရွာရေးကြောင့်လည်းကောင်း၊ ပွဲလမ်းသဘင်အရေးကြောင့်လည်းကောင်း၊ ရှုပ်ထွေးပွေလိမ်တဲ့ အကန့်အကွက်ထဲမှာ မအား မလပ်လို့ ရပ်တန့်ပြီးနေလိုက်လို့ရှိရင် အလယ်လမ်း မလိုက်မိဘဲနဲ့ ကိုယ့်ကိုယ်ကို ဆင်းရဲစေတဲ့ အတ္တကိလမထလမ်း၊ ကာမသုခလ္လိကာ နုယောဂလမ်း ဤလမ်းတွေကို လိုက်မိလို့ရှိရင်ဖြင့် လမ်းကောက်လမ်းမှား ချောက်ကျတော့မယ်ဆိုတာ ဧကန်သိ တကယ်သိထားကြပါ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ စီးပွားရေးအလို ကျန်းမာမှု၊ ချမ်းသာမှု ရမှာကို ဝမ်းသာငြားသော်လဲ ကျန်းမာစစ်၊ ချမ်းသာစစ်ကို မပေးနိုင်တဲ့အတွက် ဘုန်းကြီးများက အဲဒါကို ရပ်တန့်ပြီး သကာလ ကျန်းမာစစ်၊ ချမ်းသာစစ်ကို ရှာကြပါဆိုတာကို မဂ္ဂင်ပေါ်ကနေပြီး သကာလ လမ်းကောင်းပြပါလိမ့်မယ်၊ အဲဒီလမ်းကို လိုက်ကြပါဆိုတာကိုလဲ မဂ္ဂင်ပေါ်ကနေပြီး သကာလ လမ်းကောင်းပြပါလိမ့်မယ်၊ အဲဒီလမ်းကို လိုက်ကြပါ ဆိုတာ မှတ်ကြစမ်းပါနော် (မှန်ပါ့ ဘုရား)။
သုသာန်သွားပါတယ်လို့ ဖြေရုံပါပဲ
ဒီ ဒကာ ဒကာမတွေ အခု ဘယ်လမ်းနဲ့ ဘယ်စခန်းကို အမှန် သွားနေကြသလဲလို့ မေးလိုက်ပါတယ်နော် (မှန်ပါ့) ဘယ်လမ်းနဲ့ ဘယ်စခန်းကို အမှန်သွားနေကြသလဲလို့ မေးလိုက်လို့ရှိရင်ဖြင့် တပည့်တော်တို့ ခန္ဓာကိုယ်ကြီးဟာ ထိုင်လျက်လဲ သုသာန်သွားပါတယ်လို့ ဖြေရုံပါပဲ (မှန်ပါ့) တရားနာရင်းကော (သုသာန်သွားပါတယ် ဘုရား) ရပ်လို့ ဆီးလို့ ပိတ်လို့ ပင်လို့ တားလို့များ ရကြရဲ့လား (မရပါ ဘုရား)။
အိုဘေးက ဆောင်ပို့၊ နာဘေးသို့ ရောက်နေကြတာ အထင်အရှား အမြင်သား ဖြစ်နေသောကြောင့် နောက်ဆုံးပိတ် ညောင်စောင်းပေါ်မှာ လျောင်းစက်တဲ့ ဒုက္ခဝေဒနာနဲ့ကော မကြုံရဘူးလား (ကြုံရပါတယ် ဘုရား)။
ကဲ ကြုံရတာလဲ ဒါဟာ လူချမ်းသာလားမေးရင် ဘယ့်နှယ်ပြောမလဲ (မဟုတ်ပါ ဘုရား) အဲဒါ လူချမ်းသာလို့ ဘယ်လိုပင်ပြော ဘယ်လိုပင် ဟောဟော ဪ ဒါဟာ မဟုတ်တမ်း စကားတွေပဲဆိုတာ လေးစားစွာမှတ်ကြပါ (မှန်ပါ့ ဘုရား) လူချမ်းသာကို ဒုက္ခသစ္စာလို့သာ မှတ်ထားကြပါ (မှန်ပါ့) လူ့ဘဝဇာတိက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဗျာဓိက (ဒုက္ခသစ္စာပါ) မရဏက (ဒုက္ခသစ္စာပါ ဘုရား)။
ဒကာ ဒကာမတို့ တစ်ဘဝလုံး ဇာတိကအစ မရဏအဆုံး ဒုက္ခသစ္စာသာ ဆုံးရတော့တယ်ဆိုတဲ့ဥစ္စာ သိနေလျက်သားနဲ့ သမုတိသစ္စာကသာ ချမ်းသာ၍ ပရမတ္တခန္ဓာကြီးကဖြင့် မချမ်းသာပါလားဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ဒါကြောင့် မချမ်းသာတဲ့လမ်းကိုဖြင့် မညွှန်ပါဘူး၊ ချမ်းသာတဲ့လမ်းကိုပဲ ညွှန်ပြီး သကာလ ဒကာ ဒကာမတွေ ပြပါတော့မယ်ဆိုပြီး သကာလ မိုးကုတ်က ဒီကိုကြွလာတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီး အမြဲတမ်း သွားတဲ့လမ်းက သုသာန်ချည်း သွားနေတယ် (မှန်ပါ့) ခင်ဗျားတို့က စီးပွားရှာသွားတယ်၊ ဘုရားဖူးသွားတယ်၊ အဲဒါက ဒါလောက်မမှန်ဘူးနော်၊ သုသာန်သွားတာ (မှန်ပါတယ် ဘုရား) သုသာန်သွားတာ မှန်တယ်လို့ဆိုတာ အထူး မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါတွေ သေသေချာချာ သိတော့မှ ဪ ငါတို့သွားရာ လမ်းခရီးသည် ကားလို့ဆိုလို့ရှိရင်ဖြင့် သားကလေးပွေ့ပြီး သကာလ သုသာန်သွားတာပဲ၊ သမီးကလေးပွေ့ပြီး သကာလ လဲ (သုသာန်သွားတာပါပဲ ဘုရား)။
နောက်ဆုတ်လှမ်းလို့များ ရသေးရဲ့လား
ဒါဖြင့် ဒီလမ်းက နောက်ဆုတ်လှမ်းလို့များ ရသေးရဲ့လား (မရပါ ဘုရား) နောက်ဆုတ်လှမ်းလို့လဲ မရဘူး၊ ရပ်နေလို့ကော ဒီအလှမ်းက ပျက်ကဲ့လား (မပျက်ပါ ဘုရား) ဒီစခန်းနဲ့ ဒီလမ်းချည်း သွားကြတယ် (မှန်ပါ့)။
ဒါဖြင့် သွားရမည့်လမ်းက သေချာသိပြီး သကာလ နေတော့ ဒကာ ဒကာမတို့ သေလမ်းမှတစ်ပါး နေလမ်းမရှိတော့ဘူးလားဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) သေလမ်းမှတစ်ပါး နေလမ်းမရှိတော့ဘူးလားဆိုတာ မေးဖို့ အခွင့်ရောက်လာတယ် (မှန်ပါ့) သေလမ်းရှိရင်တော့ နေလမ်းရှိရမယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဆရာဘုန်းကြီးသည် ဘယ်အကျိုးငှာ လာပါလိမ့်မတုံး ဆိုတော့ ဒကာ ဒကာမတို့ သေလမ်းရှိလို့ နေလမ်းပို့မလို့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သေလမ်းကတော့ဘုရား၊ ခန္ဓာဆုတောင်းတဲ့လမ်းဟာ သေလမ်းချည်းပဲ၊ ခန္ဓာငြိမ်းရာကိုသွားနေတဲ့ လမ်းကတော့ နေလမ်းလို့ မှတ်ပါ (မှန်ပါ့) ဒါကတော့ ဆုတောင်းရုံတင် တင်းတိမ်မနေဘဲနဲ့ ဉာဏ်စခန်းကို ကျဲကျဲလှမ်းပြီး သကာလ သွက်သွက်လှမ်းရလို့ရှိရင်လဲ ရောက်ပါလိမ့်မယ်ဆိုတာ အလယ်လမ်းကို ဆိုပါတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သေလမ်းရှောင်ပြီး နေလမ်းဆောင်ဖို့ရာ ဟောတဲ့တရားလို့ ဒီနေ့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ဒါဖြင့် နေလမ်းကို ဘယ်ကနေမှန်းလို့ ဘယ်ကနေ မြန်းရမှာတုံးလို့ မေးခဲ့လို့ရှိရင် ဒကာ ဒကာမတို့ မဂ္ဂင်လမ်းလိုက်မှပဲ ရမယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဘယ်လမ်းလိုက်မတုံး (မဂ္ဂင်လမ်း လိုက်ရပါမယ် ဘုရား) မဂ္ဂင် လမ်းလိုက်ရလိမ့်မယ်ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဉာဏ်နဲ့သွားမှ ရမှာပါကလား
ဒါဖြင့် ဒကာ ဒကာမတို့ နေလမ်း ဘယ်က သွားကြမယ် (မဂ္ဂင်လမ်းက သွားရပါမယ် ဘုရား) မဂ္ဂင်လမ်းဆိုတာ ဒကာ ဒကာမတို့ တခြားမဟုတ်ပါဘူးတဲ့၊ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ဆိုတဲ့ဌာန ရောက်တဲ့လမ်းမကြီးကို မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒီလမ်းက ကံနဲ့သွားရမှာလား ဉာဏ်နဲ့သွားရမှာလားဆိုတဲ့ မေးခွန်းက တစ်ခါတည်း ပေါ်လာတယ်နော် (မှန်ပါ့) ထိုကဲ့သို့ ပေါ်လာတော့ ဘုန်ကြီးတို့ ဒကာ ဒကာမတွေက လေးလေးစားစား မှတ်လိုက်တော့ ဉာဏ်နဲ့သွားမှ ရမှာပါကလား (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဉာဏ်နဲ့သွားမှ ရမှာပါ ဘုရား) ဉာဏ်နဲ့သွားမှ ရမှာ ဖြစ်နေတော့ ဉာဏ်ကျဲကျဲလှမ်းမှ ရမယ်ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒါဖြင့် အဲဒီလမ်းကို သွားပါတော့မယ်ဘုရား၊ တပည့်တော်တို့ သေရာတွေချည်း လှမ်းခဲ့ရတာ ကြာပါပြီ၊ နေရာလမ်းကို ညွှန်ကြားတော်မူပါဆိုတော့ ဒကာ ဒကာမတို့ အသေအဆုံးကို မြင်လို့ရှိရင်ဖြင့် နေရာလမ်းကို တွေ့ပါလိမ့်မယ်၊ အသေဆုံးသွားလို့ရှိရင်ဖြင့် အနေဖြစ်တဲ့ နိဗ္ဗာန်လမ်းမကြီး တွေ့ပါလိမ့်မယ် (မှန်ပါ့) အသေဆုံးအောင် လိုက်မှသာလျှင် အနေနိဗ္ဗာန်တွေ့တော့မယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
အခုတော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိန်းတစ်ရာ ချမ်းသာလဲ အသေမှာ လမ်းဆုံးတော့ ဪ အသုဘမှာ လမ်းဆုံးပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေတို့ ဒကာ ဒကာမတို့ကို သတိပေးချင်တာက ရှေးဦးစွာ သံဝေဂကလေးလဲ သတိထားကြပါဦး (မှန်ပါ့) သံဝေဂဆိုတာ ဘာပါလိမ့်မလဲလို့ မေးတဲ့အခါ ထိတ်လန့်အောင် ဟောတာကို သံဝေဂလို့ ခေါ်တယ် (မှန်ပါ့ ဘုရား)။
ထိတ်လန့်အောင် ဟောတာ ဘာခေါ်ကြမယ် (သံဝေဂပါ ဘုရား) ဪ ထိတ်လန့်အောင် ဟောလို့ ထိတ်လန့်ရတာလားလို့ ဆက်ပြီးတော့ မေးခဲ့သည်ရှိသော် ထိတ်လန့်စရာရှိလို့ ထိတ်လန့်တာပါလို့ပဲ ပြင်ပြီး မှတ်လိုက်ပါဦး (မှန်ပါ့) နို့မဟုတ် သံဝေဂကို ချောက်တယ် လှန့်တယ် ထင်နေလို့ရှိရင်လဲ ဒကာ ဒကာမတွေက လေးလေးစားစား ကြောက်ကြမယ် မဟုတ်ဘူး (မှန်ပါ့ ဘုရား)။
သေပုံ သေနည်းကလေး ပြောပါဦး
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် သေပုံ သေနည်းကလေး ပြောပါဦး ဆိုတာကိုပဲ ရှင်းပြဦးမယ်နော် (မှန်ပါ့) သေပုံ သေနည်းကလေး ရှင်းကြပါဦးစို့။
ဒကာ ဒကာမတို့ သေတော့မယ်ဆိုလို့ရှိရင် ကိုယ်သွားရာခရီး မမြင်ဘဲနဲ့ ဦးလှဘူးတို့ ဒကာသိုက်တို့ မသေဘူးတဲ့ (မှန်လှပါ)၊ ကိုယ်သွားရာခရီး မမြင်ဘဲနဲ့ (မသေပါ ဘုရား) ဒီတော့ ဝိညာဏ် မချုပ်ဘူးဆိုပါတော့ (မှန်လှပါ) သွားရာခရီး မသိပဲနဲ့ (ဝိညာဏ် မချုပ်ပါ ဘုရား) ဝိညာဏ် မချုပ်ဘူးတဲ့ ဒကာ ဒကာမတို့ (မှန်လှပါ) သွားရာ ခရီးမသိပဲနဲ့ (ဝိညာဏ် မချုပ်ပါ ဘုရား) ဝိညာဏ်မချုပ်ဘူးဆိုတော့ ဒီကနေပြီး သကာလ မိစ္ဆာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ အလုပ်တွေ လုပ်ထားပြီးဆိုမှဖြင့် များသောအားဖြင့် လောဘနဲ့ သေရင် ပြိတ္တာ၊ ဒေါသနဲ့ သေရင် ငရဲ၊ မောဟနဲ့ သေရင် တိရစ္ဆာန်ဆိုတာကလဲ ရှိနေပြန်တော့ ဘယ်သူမှ သား၊ လင်၊ ခင်ပွန်းတွေ အနားက မမြင်ရဘဲနဲ့ သေမည့်သူ တစ်ယောက်တည်း ဝိညာဏ်ချုပ်ခါနီးကျတော့ ခွေးနက်ကြီးတွေ မြင်ရ၊ ငရဲအိုးတွေ မြင်ရ၊ ငရဲမီးတွေ မြင်ရနဲ့ ကိုယ်တစ်ယောက်တည်း မြင်ရတာ (မှန်လှပါ ဘုရား)။
ဘယ်သူ မြင်ရတာပါလိမ့် (သေမည့်သူ တစ်ယောက်တည်း မြင်ရတာပါ ဘုရား) ကိုယ်တစ်ယောက်တည်း မြင်ရတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ရင်သွေးဖြစ်တဲ့ သားသမီးတွေကလဲ မြင်ရတာ မဟုတ်ဘူး၊ အနားမှာ ဆေးနဲ့ဝါးနဲ့ လူလာရင် တိုးတိုးပြောပါဆိုတာနဲ့ အဝတ်ကလေး ဖုံးကာဖိကာနဲ့ ခြေထောက်ကလေးစမ်းကာ ဖိကာနဲ့၊ နေကြတာက အကူအညီသာ ရတယ်၊ ကိုယ်သွားရမည့်လမ်းကို မြင်ကြတာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။
လောဘ၊ ဒေါသ၊ မောဟနဲ့သာ အချိန်ကုန်ပြီး သားရေး၊ သမီးရေး၊ စီးပွားရေးတွေ၊ မတရားမှုတွေနဲ့ သေတော့မယ်ဆိုတော့ ငရဲသွားရမည့် ပုဂ္ဂိုလ်ဆိုရင် ကိုယ်သွားရမည့်လမ်း ခွေးနက်ကြီးတွေ မြင်လာတယ်၊ ငရဲမီးတွေ တဟုန်းဟုန်း တောက်နေတာ မြင်လာမယ် (မှန်ပါ့ ဘုရား)။
ဪ ငါသည်ကားလို့ဆိုရင် လူတိုင်းလိုနေမိလို့ ဆရာသမားတွေ ဟောကြ ပြောကြ နားထောင်မိလို့ သားရေး၊ သမီးရေး၊ စီးပွားရေး၊ အရေးကြီးနေတာနဲ့ ငါသွားရမည့်လမ်းကဖြင့် အပါယ်လေးပါးပါကလား ခွေးနက်ကြီးတို့ ငရဲအိုး ငရဲမီးလျှံတွေရှိတဲ့ နေရာဌာနကို ငါမြင်နေရပြီ၊ ငါဖြင့် ကိုယ်ကျိုးနည်းပေါ့ဆိုပြီး မျက်ရည်ကျတယ် (မှန်ပါ့) မသေသေးပါဘူး၊ မျက်ရည်သာကျတယ် (မှန်ပါ့ ဘုရား) သေပလား (မသေသေးပါ ဘုရား)။
ချောက်လှန့်တယ် မထင်ပါနဲ့
အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ တို့ကြောက်အောင် ဘုန်းကြီးက ဟောနေတယ်လို့ မထင်ပါနဲ့၊ ချောက်လှန့်တယ် မထင်ပါနဲ့၊ ကိုယ်တွေ့ကျမှ မှားခဲ့တယ်ဆိုတော့ ခရီးလွန်ပြီး မရနိုင်တော့လို့ အစောကြီး သတိရဖို့ သင်ကြားနေတယ်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ စဉ်းစားပါဦး၊ စဉ်းစားပါဦး၊ သားကလဲ မကယ်နိုင်၊ သမီးကလဲ မကယ်နိုင်၊ ပစ္စည်းကလဲ ကယ်နိုင်ကြရဲ့လား (မကယ်နိုင်ပါ ဘုရား) ဒါတွေကို မြင်ပြီး သကာလ သေရတော့မယ် (မှန်ပါ့) အဲဒီအချိန်မှာ ဒကာ ဒကာမတို့ သေသေချာချာ ဂရုစိုက်ပြီး နားထောင်ပါ၊ ခေါင်းအုံးပေါ်မှာ မျက်ရည်တွေ ဟိုဘက်စီး၊ ဒီဘက်စီးကျတယ်၊ ကိုယ်ကျိုးနည်းပေါ့၊ အနေဆိုးနေခဲ့လို့ဖြင့် ငါဖြင့် အသေဆိုး ကြုံပါပေါ့လား (မှန်ပါ့ ဘုရား)။
အနေဆိုးနေခဲ့လို့ အသေဆိုးဖြင့် ကြုံပါပေါ့လားဆိုပြီး သကာလ ဒကာ ဒကာမတို့ မျက်ရည်ကြီးငယ်တွေ ကျရတယ် (မှန်ပါ့) ဘယ်သူမှ မမြင်ရဘူးနော် (မှန်လှပါ) သူတစ်ယောက်တည်း မြင်ရတယ်၊ သူတစ်ယောက်တည်း ကိုယ်ကျိုးနည်းပြီဆိုပြီး ဝမ်းနည်းပြီး မျက်ရည်တွေကျတယ် (မှန်လှပါ ဘုရား) ဝေဒနာက မသက်သာ သွားရမည့်လမ်းခရီးက ကြောက်စရာကြီး (မှန်ပါ့ ဘုရား)။
ဝေဒနာက (မသက်သာပါ ဘုရား) သွားရမည့်လမ်းခရီးက (ကြောက်စရာကြီးပါ ဘုရား) ဒကာ ဒကာမတို့ ဘယ်အချိန်ပါလိမ့် သေခါနီးအချိန် (မှန်ပါ့ ဘုရား)။
ဦးဘအုန်း ဘယ်အချိန်ပါလိမ့် (သေခါနီးအချိန်ပါ ဘုရား) တယ်ကြောက်စရာကောင်းပါလား ဒကာ ဒကာမတို့ (ကြောက်စရာ ကောင်းပါတယ် ဘုရား) အင်မတန် ကြောက်စရာ ကောင်းတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒီ သွားရမည့်လမ်းခရီး နိမိတ်တွေ ထင်ပြီး သကာလ ပါးစပ် ကလေးဖြဲတာနဲ့ ထွက်သက်လေထွက်ပြီး ဝင်သက်က မလာတော့ဘူး (မှန်ပါ့) အဲဒီအချိန်မှာ စုတိစိတ်ကျပြီး ဖျတ်ခနဲဆို ခွေးနက်ကြီးတို့ရှိတဲ့ ငရဲအိုး၊ ငရဲမီးလျှံထဲမှာ ငရဲကောင်ကြီး သွားဖြစ်တယ် (မှန်ပါ့) သားတွေ၊ သမီးတွေက အမျှဝေလို့ ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား) ဒကာ ဒကာမတို့ ပြုံးခဲ့သလောက် မဲ့ရလေခြင်း (မှန်ပါ့ ဘုရား)။
ပြုံးခဲ့သလောက် မဲ့ရလေခြင်း
ဘယ့်နှယ်ဆိုကြမယ် (ပြုံးခဲ့သလောက် မဲ့ရလေခြင်းပါ ဘုရား) ပြုံးခဲ့သလောက် မဲ့ရလေခြင်းဆိုတာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ကဲ ဦးလှဘူး လွန်ကုန်ပြီ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ လွန်ကုန်ပါပေါ့လား (မှန်ပါ့) ဪ လူတိုင်းလို နေခဲ့လို့ ကိုယ်ကျိုး နည်းကုန်ကြပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နတ်ရွာသုဂတိသွားရမည့်ပုဂ္ဂိုလ် နိဗ္ဗာန်သွားမည့်ပုဂ္ဂိုလ်ကျတော့ အိုးခြမ်းအိုးပဲ့တွေကို စွန့်ပြီး ရွှေအိုး ငွေအိုးရတော့မယ်ဆိုတော့ ပြုံးပြီး သကာလ သေရှာကြတယ် (မှန်လှပါ ဘုရား) အခုလို ဝိပဿနာ ဉာဏ်တွေရအောင် လုပ်ထားတဲ့ပုဂ္ဂိုလ်ကျတော့ ပြုံးပြီး သေရှာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက
”ဈာယထ ဘိက္ခဝေ၊ မာ ပမာဒတ္ထ၊
မာ ပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ၊
အယံ ဝေါ အမှာကံ အနုသာသနီ”
(သံယုတ်ပါဠိတော်၊ ဒု၊ နှာ-၅၃၅၊ ကာယဂတာသတိသုတ်)
ဘိက္ခဝေ-ငါ၏ချစ်သား ချစ်သမီးများတို့၊ ဈာယထ၊ မသေခင် ကာလက ဝိပဿနာရှုကြ၊ မာပမာဒတ္ထ-မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေလိုက်ပါနဲ့ (မှန်ပါ့) မေ့လျော့ ပေါ့ဆပြီးမနေနဲ့ (မှန်ပါ့) သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် မေ့လျော့ပေါ့ဆပြီး မနေလိုက်ပါနဲ့ (မှန်ပါ့)။
ပစ္ဆာ၊ သေရာညောင်းစောင်း လျောင်းစက်တဲ့ အခါကာလကျကာမှ၊ အိမ်ရာပေါ် ရောက်ပြီ (မှန်ပါ့) ဝိပ္ပဋိသာရိနော၊ ငါလူတိုင်းလိုနေခဲ့လို့ ငါမေ့ခြင်းကဖြင့် အသေဆိုး သေရတော့ပြီတကားဟု နှလုံးမသာမယာခြင်း ရှိကြကုန်သည်။ မာအဟုဝတ္ထ၊ အဲဒီအချိန်ကျမှ မဖြစ်ကြကုန်လင့် (မှန်ပါ့) မှာတော်မူလိုက်တာ ဘုရားက (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ပေါ့သလောက် မပေါ့စေချင်လွန်းလို့ မှာလိုက်တဲ့ဖြစ်ခြင်း နည်းသလား (မနည်းပါ ဘုရား)။
ကိုယ်ကျိုးနည်းနဲ့ သေချင်သလား
ဝိပဿနာအလုပ်တော့ မလုပ်ခဲ့ (မှန်ပါ့) ခေါင်းအုံးပေါ် မျက်ရည် စီးကျပြီး ကိုယ်ကျိုးနည်းနဲ့ သေချင်သလား၊ ဒီလို သတိပေးလိုက်တာ (မှန်ပါ့ ဘုရား)။
ဒါကြောင့် အခု ဖြီးကာလိမ်းကာ ဟန်လုပ်ကာ စိန်တွေဝတ်၊ မြတွေ ဝတ်၊ ကား သောင်းကျော်တန်တွေစီး၊ ဒါတွေဟာ ဘာမှမဟုတ်ဘူး၊ ဘယ်သူ ကယ်နိုင်ကြသေးသတုံး (ဘယ်သူမှ မကယ်နိုင်ပါ ဘုရား)။
အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟောတဲ့အတိုင်း ဆရာဘုန်းကြီးက ဒီ ဒကာ ဒကာမတွေ အသေဆိုးနဲ့ဖြင့် မတွေ့ကြပါစေနဲ့တော့ ဆိုပြီး ဝိပဿနာအလုပ်ပဲ ဟောပြီး ဝိပဿနာအလုပ်ပဲ လုပ်ခိုင်းရတယ်ဆိုတာ ဒကာ ဒကာမတို့ ခင်ဗျားတို့အရေး၊ ဆရာ့အရေးမဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့အရေးပါ (မှန်ပါ့) ဆရာ့အရေး ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ဆရာ့အရေးက ဓမ္မဒါန ကုသိုလ်ပဲ ရတယ် (မှန်ပါ့) ဒကာ ဒကာမတွေ အရေးကဖြင့် ဪ မသိလို့နေခဲ့တဲ့ဥစ္စာ အခု ဆရာဘုန်ကြီး လမ်းညွှန်လို့ ဝိပဿနာမဂ်ဉာဏ်အလုပ်ပဲ လုပ်ပါတော့မယ်ဆိုတာ ယနေ့ ဆုံးဖြတ်ချက် ချစေချင်တယ် ဆိုတဲ့ဥစ္စာ တကယ့်မေတ္တာကြီးကြီးနဲ့ ပြောနေပါတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ညီအကိုမောင်နှမတွေ အမိအဖတွေ မတော်ဖူးသူ မည်သည် မရှိနိုင်ပါဘူး၊ အလွန်ကို ကရုဏာကြီးကြီးနဲ့ သတိပေးနေတယ်ဆိုတာ အခု သေသေချာချာ ဉာဏ်နားနဲ့ ထောင်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဉာဏ်နားနဲ့ ထောင်ကြစမ်းပါ၊ တကယ့်စေတနာနဲ့ တကယ် ပြောပြီး သကာလ နေတာ၊ အခု ခေါင်းအုံးပေါ် မျက်ရည်စီးကျတယ်ဆိုတာ သေရမည့်လမ်းခရီးမြင်လို့ ကိုယ်ကျိုးနည်းပေါ့ဆိုပြီး သောကတွေဖြစ်ပြီး မျက်ရည်ကျတာ (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတွေကလဲ သူများ ရက်ကန်းခတ်သလို သူများ အရောင်းအဝယ် ရောင်းသလို ကောင်းချင်၊ သူများက သိန်းသောင်းကိုင်လို့ရှိရင် ကိုယ်ကသန်းလောက်ကိုင်ပြီး ရောင်းဝယ်ချင်တဲ့ မဟုတ်တာတွေ အားကျပြီး သကာလ အသေဆိုးသေစရာအလုပ်တွေကို ဒကာ ဒကာမတွေက အမောဆိုက်ခံပြီး သကာလ အမိုက်လိုက်နေတဲ့ဥစ္စာ မတော်လွန်းလို့ သတိပေးပါတယ် (မှန်ပါ့ ဘုရား)။
သာမညကရုဏာလို့ ဆိုကြမလား (မဟုတ်ပါ ဘုရား) အင်မတန် ကြီးမာတဲ့ကရုဏာနဲ့ ဒကာ ဒကာမတွေ ဆရာဘုန်းကြီး ပြောနေတယ်ဆိုတာ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့ ဘုရား)။
ဝိပဿနာဉာဏ်မီးနဲ့ ရှို့ပစ်
ကိုင်း ဒါနဲ့ ဒကာ ဒကာမတို့ ဂတိနိမိတ်တွေ ထင်တဲ့ပုဂ္ဂိုလ်ဆိုရင် သွားရာလမ်းခရီး မထင်ဘဲနဲ့ သေပါ့မလား (မသေပါ ဘုရား) အဲဒါကြောင့် ဘုရားက “ဈာယထ ဘိက္ခဝေ၊ မာ ပမာဒတ္ထ” ဘိက္ခဝေ-ငါ၏ ချစ်သား တပည့်များတို့၊ ဈာယထ-ကိလေသာအမှိုက်သရိုက်တွေကို ဝိပဿနာမဂ်ဉာဏ်မီးနဲ့ မြှိုက်ရှို့ပြီး ပစ်ကြကုန်လော၊ ဝိပဿနာဉာဏ်မီးနဲ့ ရှို့ပစ်လိုက်စမ်းပါတဲ့ (မှန်ပါ့)။
မာ ပမာဒတ္ထ – သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် ခန္ဓာ၏ ဖြစ်ပျက်ကို မေ့လျော့ပေါ့ဆပြီး မနေလိုက်ပါနဲ့ (မှန်ပါ့) ခန္ဓာ၏ ဖြစ်ပျက်ကို (မေ့လျော့ပေါ့ဆပြီး မနေပါနဲ့တဲ့ ဘုရား)။
ပစ္ဆာ-သေရာညောင်းစောင်း လျောင်းစက်တဲ့အခါကာလကျကာမှ။ ဝိပ္ပဋိသာရိနော – ငါ သူများနေသလို နေခဲ့လို့ အမှားကြီးမှားပြီး အသေ ဆိုးဖြင့် သေရတော့မည်တကား နှလုံး မသာမယာခြင်း ရှိကြကုန်သည်၊ မာအဟုဝတ္ထ – အဲဒီအချိန်ကျကာမှ မဖြစ်ကြကုန်လင့် (မှန်ပါ့ ဘုရား)။
အဲဒီအချိန်ကျတော့မှ မဖြစ်နဲ့တော့ကွတဲ့၊ မရဘူး၊ ဆေးချက်ကုန် ခရီးလွန် ကုန်ပြီတဲ့ (မှန်ပါ့) သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ သေရမှာလဲ ယုတ်စွအဆုံး သင်ဓုန်းဓားပေါ်မှာ ယင်ကောင်ကလေးက အုံနေတယ်၊ အဲဒီယင်ကောင်အပေါ် လက်ဆော့ဆော့နဲ့ ဒုတ်ကလေးဖိလိုက်လို့ရှိရင် ထက်လှစွာသော သင်ဓုန်းဓားပေါ်မှာ ယင်ကောင်ကလေး ပြတ်မသွားပေဘူးလား (ပြတ်သွားပါတယ် ဘုရား)။
အဲဒါတောင် ဂတိနိမိတ်ထင်ပြီးမှ သွားရာသိပြီးမှ သေရတယ်ဆိုတော့ မည်သူမဆို ဒီအတိုင်းပဲ ဂတိနိမိတ်ထင်ပြီး သွားရာသိပြီးမှ သေရတယ်ဆိုတော့ မည်သူမဆို ဒီအတိုင်းပဲ သေကြရမှာပဲ (မှန်ပါ့) လွတ်နိုင်တဲ့ ပုဂ္ဂိုလ်ရှိပါ့မလား (မရှိပါ ဘုရား)။
ဒါကြောင့် ဘုန်းကြီးက ဒကာ ဒကာမတို့ အသေလမ်းရှိလို့ရှိရင် အနေလမ်းလဲ ရှိပါသေးတယ်၊ ပြောင်းကြပါသီး၊ အချိန်ရှိသေးတယ်ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့)။
ဒီလိုမှ မပေးလို့ရှိရင်လဲ ရပ်ထဲ ရွာထဲမှာဖြင့် ပေးမည့်လူလဲ ရှိမှာ မဟုတ်ပါဘူး (မှန်ပါ့) ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ကြီးမားလှသော ကရုဏာမေတ္တာနဲ့ ဘုရား၏တပည့်သားဖြစ်လို့ ကိုင်း ဒကာ ဒကာမတို့ အသေလမ်းရှိလို့ ရှိရင်ဖြင့် အနေလမ်းကို သွားကြပါဆိုတာ ခေါင်းဆောင်လုပ်ပြီး ဟောနေတာ (မှန်ပါ့ ဘုရား)။
ကယ်ယူဆောင်တင်နေတယ်
အသေလမ်းရှိလို့ရှိရင် အနေလမ်းကို ခေါင်းဆောင်လုပ်ပြီး ညွှန်ပြပါတော့မယ် ဆိုပြီး သကာလ ကယ်ယူဆောင်တင်နေတယ်ဆိုတာဖြင့် ဒီ တရားပွဲမှာ သေသေချာချာ မှတ်ပါ (မှန်ပါ့) မပေါ့ပါနဲ့ မပေါ့ပါနဲ့ဆိုတာ အထူးသတိပေးရတယ်နော် (မှန်ပါ့) သေသေချာချာ စဉ်းစားကြပါ။
ကိုင်း ဒါနဲ့ အရှင်ဘုရား သံဝေဂလမ်းကဖြင့် ကြောက်စရာကြီးပါလား၊ တပည့်တော်တို့ ဘယ်ဟာ အားကိုးရမှာတုံးဆိုတော့ ဒကာ ဒကာမတို့ ရှုပွားတဲ့လမ်း အားကိုးကြစို့ (မှန်ပါ့ ဘုရား)။
ဘာအားကိုးကြမယ် (ရှုပွားတဲ့လမ်း အားကိုးရပါမယ်) ရှုပွားတဲ့လမ်း အားကိုးကြစို့ဆိုတာ ဒကာ ဒကာမတွေ တခြားတော့မဟုတ်ပါဘူး ကိုယ့်စိတ်ကိုယ်ရှုပါ (မှန်ပါ့) ဘယ်လိုမှာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ်ရှုရမှာပါ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးနဲ့ ရှင်သာရိပုတ္တရာကပါ သူ တစ်ပါးစိတ် အကဲခတ်ရတာ ခဲယဉ်းတယ်၊ ကိုယ့်စိတ်ကိုယ် အကဲခတ်ရတာ လွယ်တယ် (မှန်ပါ့) ဈေးသည်တစ်ယောက်ဟာ သူတစ်ပါးက ဈေးဆစ်တာ အမှန်ကိုသိဖို့ အတော်ခဲယဉ်းတယ်နော် (မှန်ပါ့ ဘုရား)။
ဈေးသည်တစ်ယောက်ဟာ ဈေးဝယ်တစ်ယောက်ကို ဝယ်ချင်လို့ ဆစ်တာလား၊ ဈေးသိချင်လို့တင် စုံစမ်းရေးဆစ်တာလားဆိုတာ ဦးလှဘူးတို့ ဒကာသိုက်တို့ ဦးဘအုန်းတို့ အကဲခတ်ရတာ မခက်လားဗျာ (ခက်ပါတယ် ဘုရား) ဒီတော့ ကိုယ့်စိတ်ကိုယ် ရှေ့စိတ်ကို နောက်က ဖြစ်တဲ့စိတ်နဲ့ အကဲခတ်ရတာ မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။
အနေလမ်းကို ဆောင်ဖို့ရာ
ဒါဖြင့် ဒကာ ဒကာမတို့ ရှေ့စိတ်ဆိုတဲ့ (၁)နံပါတ်ကို နောက်စိတ်ဆိုတဲ့ (၂)နံပါတ်နဲ့ အကဲခတ်ပါ (မှန်ပါ့) နည်းပေးပြီ၊ နည်းပေးပြီ (မှန်ပါ့) အသေလမ်းကိုရှောင်ပြီး အနေလမ်းကို ဆောင်ဖို့ရာ နည်းပေးနေပြီ ဒကာ ဒကာမတို့ (မှန်ပါ့) (၁)နံပါတ်ကို (၂)နံပါတ်စိတ်နဲ့ရှုပါ (မှန်ပါ့) (၁)နံပါတ်စိတ်ကို (၂)နံပါတ်နဲ့ အကဲခတ်ရမှာပါ။ သေသေချာချာ မှတ်ပါ၊ ဒါ အလုပ်စခန်းပေးနေတယ် (မှန်လှပါ) (၁)နံပါတ်စိတ်ကို (၂)နံပါတ်နဲ့ အကဲခတ်ရမှာပါ၊ (၂)နံပါတ်နဲ့ အကဲခတ်ပါဆိုတယ သတိပေးလိုက်ပါတယ် (မှန်ပါ့)။
(၁)နံပါတ်စိတ်ကို (၂-နံပါတ်နဲ့ အကဲခတ်ရမှာပါ) ပေါ့တော့တော့မနေပါနဲ့ (မှန်ပါ့) တို့ဒကာ ဒကာမတွေ ဘာကို ဘာနဲ့ အကဲခတ်ကြမလဲ (၁-နံပါတ်စိတ်ကို ၂-နံပါတ်နဲ့ အကဲခတ်ရမှာပါ ဘုရား) (၁)နံပါတ်စိတ်ကို (၂-နံပါတ်နဲ့ အကဲခတ်ရမှာပါ)။
(၂)နံပါတ်စိတ်နဲ့ အကဲခတ်လိုက်စမ်းပါ၊ (၂)နံပါတ်ဉာဏ်နဲ့ အကဲ ခတ်လိုက်စမ်းပါ ဆိုတာကို သတိပေးလိုက်ပါတယ် (မှန်လှပါ) (၁)နံပါတ်စိတ်ကို (၂-နံပါတ်စိတ်နဲ့ အကဲခတ်ရမှာပါ) ၂-နံပါတ်စိတ်နဲ့ အကဲခတ်ရင် အတည့်ကြီး တည့်ပါလိမ့်မယ် (မှန်ပါ့)။
ကိုင်း “ဥပမာယ မိဓေကစ္စေ၊ အတ္ထံ ဇာနန္တိ ပဏ္ဍိတာ” (ဇာတကပါဠိ၊ ဒု၊ နှာ-၅၅) ဆိုတဲ့အတိုင်း ဥပမာကလေးနဲ့ ပြောလိုက်မယ်ဆိုရင်ဖြင့်တဲ့ အထင်ရှား အမြင်သား ဖြစ်ပါလိမ့်မယ် (မှန်ပါ့)။
ဒကာ ဒကာမတို့သန္တာန်၌ အသက်ကလေးရှူတယ် ရှိုက်တယ် ဆိုတဲ့ စိတ်ကလေးမရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီစိတ်ကလေးကိုလဲ ရှူတဲ့စိတ်ဟာ ထုတ်ရင်မရှိဘူး၊ လေကိုထုတ်တဲ့စိတ်ဟာလဲ လေပြန်ရှိုက်ရင် မရှိဘူး၊ အဲဒါကို ရှုပါ (မှန်ပါ့) အဲဒီတော့ မရှိတာက အနိစ္စ၊ အကဲခတ်တာက မဂ္ဂ (မှန်ပါ့) မရှိတာက (အနိစ္စပါ)၊ အကဲခတ်တာက (မဂ္ဂပါ) ဪ ဒါဖြင့် အနိစ္စနဲ့ မဂ္ဂတွဲပေးပါ (မှန်ပါ့ ဘုရား)။
(၁)နံပါတ်စိတ်ကို (၂)နံပါတ်နဲ့ ရှုရမယ်
သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့၊ ရှင်သာရိပုတ္တရာကလဲ ဟော ဘုရားကလဲ ဟောလို့ ဘုန်းကြီးက သတိပေးပါတယ်၊ ဒါကြောင့် ဒကာ ဒကာမတွေက မေ့လျော့ပေါ့ဆနေလို့ တော်ပါ့မလား (မတော်ပါ ဘုရား) (၁)နံပါတ်စိတ်ကို (၂)နံပါတ်နဲ့ ရှုရမယ်။
ဥပမာ ပြောကြပါစို့၊ စိတ္တဇဝါယောစိတ်ကလေးကို ထုတ်လိုက်တယ်၊ အဲဒီစိတ်ကလေးသည်ကားလို့ဆိုရင် ပြန်ရှိုက်တဲ့ဝါယော သွင်းတဲ့အခါ ရှိသေးသလား (မရှိပါ ဘုရား) မရှိတာကို ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား) မရှိမှန်းသိတာ (မဂ္ဂပါ) နေရာကျလိုက်တာ ဒကာ ဒကာမတို့ အနိစ္စနဲ့ မဂ္ဂ ကိုက်သွားတယ် (မှန်ပါ့) လေကလေး ထုတ်တဲ့ စိတ်က ဖြစ်ပျက်၊ သိတာက မဂ် (မှန်ပါ့ ဘုရား)။
လေကလေးထုတ်တဲ့စိတ်က ဘာတုံး (ဖြစ်ပျက်ပါ ဘုရား) အေး လေကလေးထုတ်တဲ့စိတ်က ဖြစ်ပြီး ပျက်မသွားဘူးလား (ပျက်သွားပါတယ် ဘုရား) သူက ဖြစ်ပျက်၊ သိတဲ့ဉာဏ်က (မဂ်ပါ ဘုရား) အကဲခတ်တဲ့ ဉာဏ်က (မဂ်ပါ ဘုရား) အဲ (၁)ဆိုတဲ့ဖြစ်ပျက်ကို (၂)ဆိုတဲ့မဂ်နဲ့ အကဲ ခတ်လိုက် (မှန်ပါ့) အကဲခတ်လိုက်တော့ ဒကာ ဒကာမတို့ အနိစ္စ မဂ္ဂ ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။
အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော၊
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ၊
(သံယုတ်ပါဠိတော်၊ပ၊ဝေပုလ္လပဗ္ဗတသုတ်၊နှာ-၃၉၈)
ဆိုတဲ့အတိုင်း အနိစ္စနောက်ကနေပြီး မဂ္ဂကလေး လိုက်ပေးပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) တစ်ခါ ဆေးလိပ် သောက်ချင်တဲ့ စိတ်ကလေးဟာ ပေါ်လာတယ်၊ ရှိမရှိ အကဲခတ်လိုက်စမ်း (မရှိတော့ပါ ဘုရား) အကဲခတ်လိုက်တော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဘယ်ရှိတော့မှာတုံး၊ အကဲခတ်လိုက်တဲ့စိတ်က သီးသန့် ပေါ်လာတာ (မှန်ပါ့) သတ္တဝါတို့မှာ နှစ်စိတ်ပြိုင်ပြီး မဖြစ်ကောင်းဘူး၊ တစ်စိတ်တည်းဖြစ်တယ်၊ တစ်စိတ်နဲ့ အသက်ရှင်နေရတယ်ဆိုတယ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ပျက်သွားတဲ့ ဆေးလိပ်သောက်ချင်တဲ့စိတ်က အနိစ္စ၊ မရှိဘူးလို့သိတဲ့ စိတ်က (မဂ္ဂပါ ဘုရား)။
မရှိဘူးလို့သိတာက မဂ္ဂ
အဲဒီကဲ့သို့ မဂ္ဂဖြစ်သွားတော့ ဆေးလိပ်သောက်ချင်တာက တဏှာ (မှန်ပါ့) မရှိဘူးလို့သိတာက မဂ္ဂဆိုတော့ မဂ်တဏှာကို သတ်ချလိုက်တော့ တဏှာကနေပြီး ဦးဘအုန်း ဥပါဒါန်သွားနိုင်သေးရဲ့လား (မသွားနိုင်ပါ ဘုရား)။
ဥပါဒါနပစ္စယာ ကမ္မဘဝေါကော သွားနိုင်သေးရဲ့လား (မသွားနိုင်ပါ ဘုရား) မသွားနိုင်တော့ ဒါဟာ ပဋိစ္စသမုပ္ပာဒ် နောက်ခန္ဓာဇာတ်ကြီး မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာအာဃတနဓာတ်တို့၏ မပြတ်လည်ရာ သံသရာဆိုတဲ့ သံသရာကြီးဟာ အနိစ္စနောက် မဂ္ဂလိုက်တော့ သံသရာကြီး ပြတ်မသွားဘူးလား (ပြတ်သွားပါတယ် ဘုရား)။
သံသရာပြတ်တယ်ဆိုတာ တခြားမှတ်မနေပါနဲ့၊ သံသရာဆိုတာက “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” လို့ ဘုရားက ဟောသောကြောင့် ဒုက္ခစက် ပြတ်သွားတာ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဒုက္ခစက် ပြတ်သွားတာပါ ဘုရား) ဒုက္ခစက် ပြတ်သွားတာဆိုတာ ကျေနပ်ကြပလား (ကျေနပ်ကြပါပြီ ဘုရား)။
ဪ ဒါဖြင့် တို့ဆရာဘုန်းကြီးသည် တို့ကို ဘယ်လိုများ ကယ်တင်ပါလိမ့်မတုံးလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (နောက်ဒုက္ခတွေ မရအောင် ကယ်တင်ပါတယ် ဘုရား)။
ဒါဖြင့် (၁)နံပါတ်စိတ်ကို (၂)နံပါတ်နဲ့ အကဲခတ်တော့ (၁)နံပါတ်စိတ်က အနိစ္စ၊ (၂)နံပါတ်အကဲခတ်တာက မဂ္ဂ (မှန်ပါ့) သူ့နောက်က မလာတာက သံသရာပြတ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာ ဒကာမတို့ သံသရာဆိုတာ ခန္ဓာကို ဆိုပါတယ်၊ ခန္ဓာငါးပါးတွေ ဖြစ်ပေါ်လာတာ သံသရာမဟုတ်လား (မှန်ပါ့) လာတဲ့ခန္ဓာငါးပါးက ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ) ဪ ဒုက္ခသစ္စာတွေ ပြတ်သွားတာပါကလားဆိုတာ မသေချာလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဆရာဘုန်ကြီးက ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်းလို့ ဆုပေးလိုက်တာဟာ ဪ ဒီလိုဖြစ်မှ ဒုက္ခခပ်သိမ်း ငြိမ်းပါကလားဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား) ထောင့်ငါးရာ ကိလေသာတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်းဆိုတော့ ဥပါဒါန်တွေ ကံတွေ လာသေးရဲ့လား (မလာပါ ဘုရား) မဂ်က ဖြတ်ချလိုက်တယ်နော် (မှန်ပါ့ ဘုရား)။
ဒုက္ခသတ်၍ ကိလေသာရပ်တဲ့တရား
အဲဒီတော့ ဪ ဒီတရားသည် ဆရာဘုန်ကြီးက တို့ကို ကယ်တင်တဲ့တရားက ဒုက္ခသတ်၍ ကိလေသာရပ်တဲ့တရားပါကလား (မှန်ပါ့ ဘုရား)။
ဒုက္ခသတ်၍ (ကိလေသာရပ်တဲ့တရားပါ ဘုရား) ကိလေသာရပ်တဲ့ တရားဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒီလိုမှ မဖြတ်တတ်၊ ဒီလိုမှ မရပ်တတ်လို့ရှိရင် တစ်နေ့လုံးစာ အနာဂတ် ဒုက္ခရောက်ဖို့ ကြိုးစားနေကြတာပဲလို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဝိပဿနာတရားဟာ ခက်သလားလို့ မေးလိုက်လို့ရှိရင် ဒကာ ဒကာမတွေ ကိုယ့်စိတ်ကို ကိုယ်အကဲမခတ်လို့ ခက်တာ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (ကိုယ်အကဲမခတ်လို့ ခက်တာပါ) ကိုယ်စိတ်မှ ကိုယ်အကဲမခတ်တတ်လို့ရှိရင်ဖြင့် သူတစ်ပါးစိတ် အကဲခတ်လို့ မရတော့ဘူး (မှန်ပါ့ ဘုရား)။
ကိုယ့်စိတ်မှကိုယ် အကဲမခတ်တတ်လို့ရှိရင် သူများစိတ်ကို ဘယ်အကဲခတ်တတ်တော့မလဲ ဒကာ ဒကာမတို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာတရားဟာ စိတ္တာနုပဿနာကို ဟောနေတယ်လို့ ယောဂီတွေ ဗဟုသုတပညာရှိတဲ့ပုဂ္ဂိုလ်တွေက မှတ်လိုက်တာပေါ့ (မှန်ပါ့) ဘယ်လိုစိတ်ကို အကဲခတ်ရမှာတုံးဘုရာ့ ဆိုတော့ (၁)နံပါတ် စိတ်ကို (၂)နံပါတ်စိတ်နဲ့ အကဲခတ် (မှန်ပါ့ ဘုရား)။
အကဲခတ်လိုက်တဲ့အခါကတော့ (၁)နံပါတ်စိတ်က ရှိသေးရဲ့လား (မရှိပါ ဘုရား) အကဲခတ်တဲ့ (၂)နံပါတ်စိတ်နဲ့ အသက်ရှင်မနေဘူးလား (ရှင်နေပါတယ်) အဲဒါတွေ သိတဲ့အခါကတော့ ဪ ကိုယ့်အသေကိုယ်သိတာ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြပါ့မယ် (ကိုယ့်အသေ ကိုယ်သိတာပါ ဘုရား) ကိုယ့်အသေ ကိုယ်သိတာဆိုတာ ပေါ်လာကြပလား (ပေါ်ဘာပါပြီ ဘုရား) ဒါဖြင့် ကိုယ့်အသေ ကိုယ်သိရင် ယထာဘူတဉာဏ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ကိုယ့်အသေ ကိုယ်သိရင် (ယထာဘူတဉာဏ်ပါ ဘုရား)။
ဒါက ကိုယ့်အသေကိုယ်သိရင် ယထာဘူတဉာဏ်လို့ ဆရာဘုန်းကြီး က ဉာဏ်သစ်လောင်းပြီး သကာလ ပေးလိုက်ခြင်းသည် ဘဝပေါင်းများစွာ သံသရာကြီးထဲမှာ သမုတိကိုယ်သေတာတောင်မှ ကိုယ်မသိဘူး (မှန်ပါ့) သေရလိမ့်မယ်ဆိုတာတော့ သိတယ်၊ သေတာတော့ သူသိသေးရဲ့လား (မသိပါ ဘုရား) သေတဲ့ပုဂ္ဂိုလ်က သူသေတာ သူသိသေးရဲ့လား (မသိပါ ဘုရား) အဲဒါကြောင့် သံသရာရှည်ခဲ့တာ (မှန်ပါ့ ဘုရား)။
ကိုယ့်အသေကိုယ်မသိလို့
သေသေချာချာ မှတ်စမ်းပါ၊ ဒီစကားဟာ ကြံလုံးဖန်လုံးရယ်လို့ မယူလိုက်ဘဲနဲ့ ဒကာ ဒကာမတွေက ကိုယ့်အသေကိုယ်မသိလို့ နိဗ္ဗာန် မရောက်ကြတာပဲဆိုတာကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချချင်လို့ ဟောတာ (မှန်ပါ့) ကိုယ်အသေကို ဦးဘအုန်း တယ်ပြီး သိခဲတယ် (မှန်ပါ့ ဘုရား)။
ကိုယ့်အသေကို (သိခဲ့ပါတယ် ဘုရား) အင်မတန် သိခဲတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘဝတိုင်းတော့ သေခဲ့ပါရဲ့၊ ဪ ငါသေသွားပြီလို့ သိရဲ့လား (မသိပါ ဘုရား) သေရလိမ့်မယ် ဆိုတာတော့ (သိပါတယ် ဘုရား) သေနေတဲ့အခါကျတော့ (မသိပါ ဘုရား)။
အခုဟာက ဒီလိုမဟုတ်ပါဘူး ဒကာ ဒကာမတို့၊ စိတ်တစ်ခုနဲ့ အသက်ရှင်တယ် ဆိုတော့ ဆေးလိပ်သောက်ချင်တဲ့စိတ်ကလေးနဲ့ အသက်ရှင်နေတယ်၊ ဖျတ်ဆို ဘုန်းကြီးက ဆေးလိပ်သောက်ချင်တဲ့စိတ်ကို အကဲခတ်လိုက်တော့ (၁)ကို (၂)နဲ့ အကဲခတ်လိုက်စမ်းဟေ့၊ အကဲခတ်လိုက်တဲ့အခါကျတော့ ဆေးလိပ်သောက်ချင်တဲ့ ဒကာသိုက်၊ ဆေးလိပ်သောက်ချင်တဲ့ ဦးလှဘူး သေသွာပြီ (မှန်ပါ့) သောက်ခြင်းကို အကဲခတ်တဲ့ စိတ်နဲ့ အသက်ရှင်နေတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ပထမသေတာက ဦးလှဘူး၊ ဒုတိယအကဲခတ်တာက ဦးလှဘူး ဒါဖြင့် ကိုယ့်အသေကိုယ် မမြင်ဘူးလား (မြင်ပါတယ် ဘုရား) ဧကစိတ္တသမာယုတ္တာကိုး တစ်ခုသောစိတ်နဲ့ အသက်ရှင်ရတယ်ဆိုတော့ ဒီရှင်တဲ့ တစ်ခုသောစိတ်၊ စိတ်သေသွားတာကလေးကို ကိုယ်က မဂ္ဂဆိုတာနဲ့ နောက်က အကဲခတ်လိုက်တော့ ကိုယ်မရှိတော့ဘူး (မှန်ပါ့) ကိုယ့်စိတ်ကလေးကော (မရှိတော့ပါ ဘုရား) မရှိတော့ဘူး၊ အကဲခတ်တာသာ ရှိတော့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အကဲခတ်တာနဲ့ အသက်ရှင်နေတယ် (မှန်ပါ့) ဟိုသေတာက အကဲခတ်နိုင်သေးရဲ့လား (မခတ်နိုင်ပါ ဘုရား) သေတာအကဲမခတ်နိုင်တော့ ဒကာ ဒကာမတွေက ဪ ဦးလှဘူးတစ်ယောက် သေပေါ့၊ သေပေါ့လို့ အကဲမခတ်နိုင်ဘူးလား (ခတ်နိုင်ပါတယ် ဘုရား)။
ဒီအသေကြီးကိုဖြင့် ဒကာ ဒကာမတို့ ကြပ်ကြပ်ကြည့်မေးလိုက်စမ်းပါ (မှန်ပါ့) ကိုယ့်စိတ်ကလေးဟာ ပေါ်လာလိုက် ပျောက်သွားလိုက်၊ ပေါ်လာလိုက် ပျောက်သွားလိုက်နေတာကို အကဲခတ်ရင် အကဲခတ်တိုင်း သိတာပေါ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) အကဲခတ်ရင် အကဲခတ်တိုင်း သိတဲ့အခါကျတော့ ဘာသိတာပါလိမ့်မတုံး ဆိုတော့ ဒကာ ဒကာမတွေက စာလိုသုံးရင် အနိစ္စသိတယ်၊ မြန်မာလို သုံးတဲ့အခါကျတော့ ကိုယ့်အသေကို ကိုယ်သိတယ် (မှန်ပါ့) မြန်မာလိုသုံးတော့ (ကိုယ့်အသေ ကိုယ်သိတာပါ ဘုရား)။
အသေသိနေတဲ့ပုဂ္ဂိုလ်
ဪ ဒကာ ဒကာမတို့ ဒီလိုကိုယ့်အသေ ကိုယ်သိတဲ့ပုဂ္ဂိုလ်ကျတော့ နောက်ဘဝ ဘာဖြစ်ချင်သေးသတုံး (ဘာမှ မဖြစ်ချင်ပါ ဘုရား) အသေသိနေလို့ (မှန်ပါ့) အသေသိနေတဲ့ပုဂ္ဂိုလ် နောက်ဘဝ ငါ ဘာဖြစ်ချင်တယ်လို့ လာသေးရဲ့လား (မလာပါ ဘုရား)။
အခုတော့ ဒီအသေကို မမြင်ကြတော့ ဆွမ်းတော် ကွမ်းတော် စသည် လှူတဲ့ အခါမှာ နောက်ဘဝ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ရပါလို၏ဆိုတာ ဒီအနိစ္စသေ၊ တကယ်အလောင်းပျောက်သေကို မသိလို့ ဘဝတဏှာ ကြီးစိုးနေတယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဦးဘအုန်းတို့ သေသေချာချာ မှတ်၊ ဟိုက ဥက္ကဋ္ဌကြီးတွေ သေသေချာချာ မှတ်ကြစမ်းပါ၊ ဒီတစ်လုံးဟာ တရားသားဆိုတာ မှတ်ကြစမ်းပါ (မှန်ပါ့) ဒါဖြင့် တစ်သံသရာလုံးဟာ ကိုယ့်အသေကိုယ်သိတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင်ဖြင့် ကိုယ့်မဂ်နဲ့ကိုယ် နိဗ္ဗာန်သွားနိုင်တယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ကိုယ့်အသေကိုယ်မသိရင် ဘယ်လောက် ဆိုးဝါးတယ်ဆိုတဲ့ ဥစ္စာ ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒါ ဝိပဿနာဉာဏ် မပါတာ (မှန်ပါ့) ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဝိပဿနာဉာဏ် မပါတာပါ ဘုရား)။
ဝိပဿနာဉာဏ် မပါတာဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဒီဘဝမှာ ခေါင်းဆောင်လမ်းပြကောင်း ပုဂ္ဂိုလ်တွေနဲ့ တွေ့လို့မှ ကိုယ့်အသေကိုယ်သိတဲ့လမ်းကို မလှမ်းတော့ပါဘူးဆိုရင်ဖြင့် ခင်ဗျားတို့ ကိုယ်ကျိုးနည်းပေါ့ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတွေအတွက် သနားကရုဏာ ကြီးတယ်ဆိုတာကိုလဲ ခင်ဗျားတို့ ယုံကြည့်ကြပါတော့ (မှန်ပါ့ ဘုရား) အသိကျယ်တဲ့ ပုဂ္ဂိုလ်တွေမို့ သနားမှုကျယ်တယ်ဆိုတာလဲ ယုံကြည်ပါတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရှိလျက်နဲ့ မသိတာ အဆိုးဆုံး
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကားလို့ဆိုရင် ကိုယ့်အသေ ကိုယ်မမြင်ဖူးသေးဘူး (မှန်ပါ့) သူများအသေတော့ မသာပို့ဖူးကြတယ် (ပို့ဖူးပါတယ် ဘုရား) ကိုယ့်အသေကျတော့ (ကိုယ်မသိပါ ဘုရား) တယ်လဲ ဖျင်းပါကလား၊ ရှိလျက်နဲ့ မသိတာ အဆိုးဆုံးပါကလား (မှန်ပါ့ ဘုရား)။
ဘယ်ဟာ အဆိုးဆုံးပါလိမ့် (ရှိလျက်နဲ့ မသိတာ အဆိုးဆုံးပါ ဘုရား) ဒကာသိုက် ဘာအဆိုးဆုံးလဲ (ရှိလျက်နဲ့ မသိတာ အဆိုးဆုံးပါ ဘုရား) မရှိလို့ မသိတာတော့ အပြစ်မတင်ပါဘူး၊ ရှိလျက်နဲ့ မသိတာတော့ အပြစ်တင်ရလိမ့်မယ် (မှန်ပါ့) မတင်ထိုက်ပေဘူးလား (တင်ထိုက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဝိပဿနာဘယ်နေရာမှာ အားထုတ်ရမှာတုံး ဒကာ ဒကာမတို့၊ နေရာကို ဘုရားက ဆိတ်ငြိမ်သောနေရာသာ ဟောတာပါ၊ ဝိပဿနာရှုစရာရှိတဲ့ တရားကတော့ ကိုယ်ခန္ဓာပါပဲ (မှန်ပါ့) ဒါကြောင့် (၁)နံပါတ်စိတ်ကို (၂)နံပါတ်စိတ်နဲ့သာ ရှုပါတော့ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (၁-နံပါတ်စိတ်ကို ၂-နံပါတ်စိတ်နဲ့ ရှုရပါမယ် ဘုရား) ၁-က အနိစ္စ၊ ရှုတာက မဂ္ဂ (မှန်ပါ့)၊ ဒါဖြင့် မဂ်ကဆုတောင်းနေရုံ တောင်းရမည့် အလုပ်လား၊ ရှုမှတ်တဲ့အလုပ်လား (ရှုမှတ်တဲ့အလုပ်ပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရရပါလို၏။ မရှုဘဲနဲ့ တောင်းရုံတောင်းနေလို့ကတော့ မရနိုင်ဘူး၊ ၁-စိတ်ကို ၂-စိတ်နဲ့ အကဲခတ်ရင် ရနိုင်တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
တရားက ဟောစရာတွေက ဒကာ ဒကာမတွေ အိတ်သွန်ဖာမှောက် ပေးချင်ပါတယ်၊ ခင်ဗျားတိုက အိတ်ကလေးက သေးနေလို့ မယူနိုင်မှာကို ဘုန်ကြီးက စိုးရိမ်တယ် (မှန်ပါ့)။
အိတ်သွန်ဖာမှောက် အကုန်ပေးနိုင်တယ်၊ ခင်ဗျားတို့ ဉာဏ်စွမ်းနဲ့ ခင်ဗျားတို့ တက်ဖွယ်ရာကို နောက်တစ်ခါ မလာရအောင် ပေးနိုင်ရဲ့၊ သို့သော် ခြောက်လသား ကလေးကလေးကို ထမင်းလုတ် ကျုပ်တို့က ကြက်ဥလောက် ခွံ့လို့ရှိရင် သီးသွားပြီး ခလေးကို နှိပ်စက်တာနဲ့ တူမှာစိုးလို့သာ အလျှော့ကြီးလျှော့နေရတယ်လို့ အောက်မေ့ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အလျှော့ကြီး လျှော့လိုက်ရတာ စင်စစ်တော့ဖြင့် ဒကာ ဒကာမတို့ သစ္စာဆိုက်အောင် ဟောနေတယ် (မှန်ပါ့) ကဲ ဒါဖြင့် (၁)ကို (၂)နဲ့ အကဲခတ် (မှန်ပါ့) (၁)က အနိစ္စ (၂)က မဂ္ဂ (မှန်ပါ့ ဘုရား)။
ရှိသေးသလား၊ မရှိသေးသလားဆိုတာ အကဲခတ်
အကဲခတ်တာက မဂ္ဂချည်းဖြစ်တယ် (မှန်ပါ့) အကဲခတ်တာက ဘယ်အကဲခတ်ရမှာတုံးလို့ မေးခွန်းထုတ်တဲ့အခါကျတော့ ရှိသေးသလား၊ မရှိသေးသလားဆိုတာ အကဲခတ်ပါ (မှန်ပါ့) အကဲခတ်တဲ့ ပုဂ္ဂိုလ်ဟာ မရှိတော့ဘူးဆိုတာ သိမလာဘူးလား (သိလာပါတယ်) ဒါဖြင့် မရှိတာက အနိစ္စ၊ သိတာက (မဂ္ဂပါ ဘုရား) သူ့ဟာက ရှင်းနေတာပဲ (မှန်ပါ့)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ၊ သေတာက အမုဒယ၊ ရောက်တာက နိဗ္ဗာန (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အနီးကလေးပါကလား ဒကာ ဒကာမတို့ (မှန်ပါ့) ကွေ့သွားနေလို့ ဝေးနေကြတာ (မှန်ပါ့ ဘုရား)။
နီးလျက်သားနဲ့ ကွေ့သွားတာနဲ့ (ဝေးနေပါတယ် ဘုရား) ခင်ဗျားတို့ မျက်စိလည်တာ သေချာပြီ (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါတွေ အကဲခတ်ကြည့်တော့မှ ဪ လမ်းညွှန်ကောင်း ဆိုတာ အင်မတန်လိုပါကလား (မှန်ပါ့) မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက လှည်းဦးစီးကြီးပမာ လမ်းညွှန်ကောင်းပြပါလျက်သားနဲ့ ဒေဝဒတ်နောက်လိုက်နေရင်လဲ ရမှာမဟုတ်ဘူး (မှန်ပါ့) ဘီလူးစာသာ ခံစရာရှိတယ် (မှန်ပါ့ ဘုရား)။
ဒေဝဒတ်ဆိုတာ ဘာဆိုတာတုံးဆိုတော့ လောဘ၊ ဒေါသ၊ မောဟ နောက်လိုက်နေရင် ဒေဝဒတ်နောက်လိုက်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒေဝဒတ် နောက်လိုက်နေရင် လှည်းသားပေါင်းငါးရာဟာ ဘီလူးစာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဒေဝဒတ် နောက်လိုက်နေရင်
အေး ဒီမှာလဲ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော ဒေဝဒတ် နောက်လိုက်နေရင် ခေါင်းအုံးပေါ်မှာ မျက်ရည်စီးကျမှာ သေချာတယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား) အဲဒါကြောင့် တရားကို သေသေချာချာ ပြောပြီး သကာလ ကာ ဒကာ ဒကာမတွေ ဘုန်းကြီးဟောနေတာကတော့ဖြင့် ရှင်းရှင်းဘွင်းဘွင်းပဲ ဆယ်နှစ်ဟောလို့ ကုန်မှာ မဟုတ်ဘူး (မှန်ပါ့) မကုန်ပါဘူး အခု ဆယ်နှစ်လဲ မကတော့ပါဘူး (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ ဒကာ ဒကာမတွေ ပုထုဇဉ်လား အရိယာလားလို့ မေးတဲ့အခါကျတော့ တပည့်တော်များ ပုထုဇဉ်တွေပါဘုရားလို့ တစ်ပွဲလုံးက ဖြေပါလိမ့်မယ် (မှန်ပါ့) ပုထုဇဉ်ဖြစ်ရင် အရိယာစိတ်ပေါ်နိုင်ပါ့မလားလို့ မေးရင် ဘယ့်နှယ်ဖြေပါမလဲ (မပေါ်နိုင်ပါ ဘုရား) ဒါဖြင့် ပုထုဇဉ်စိတ်တွေကို ဝိပဿနာရှုကောင်းတာချည်းပေါ့ (မှန်ပါ့ ဘုရား)။
သိမ်းပြီ သိမ်းပြီ ဒကာ ဒကာမတို့ တရားကို သိမ်းကြုံးပြောတယ် (မှန်ပါ့) ဒေါသစိတ်တွေကော (ရှုကောင်းပါတယ်) ဣဿာ စိတ်တွေကော (ရှုကောင်းပါတယ်) မစ္ဆရိယစိတ်တွေကော (ရှုကောင်းပါတယ်) ငိုက်မျည်းတဲ့ ထိနမိဒ္ဓစိတ်တွေကော (ရှုကောင်းပါတယ်) သံသယရှိတဲ့ ဝိစိကိစ္ဆာ စိတ်ကော (ရှုကောင်းပါတယ်) ပျံ့လွင့်နေတဲ့ ဥဒ္ဓစ္စစိတ်တွေကော (ရှုကောင်းပါတယ်) ငါ့သား၊ ငါ့သမီး ထင်နေတဲ့ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်တွေကော (ရှုကောင်းပါတယ်) လာသရွေ့ ရှုပါ (မှန်ပါ့)။
မရှိတာသိအောင် လုပ်နေ
လာသရွေ့ ဖြစ်ပျက်ချည်းပဲ (မှန်ပါ့) မရှိတာက (အနိစ္စ) သိတာက (မဂ္ဂပါ) အဲဒီတော့မှ မရှိတာသိအောင် လုပ်နေတာ၊ ဪ အခု ပေါ်လာပြီး မရှိပြန်ဘူးလို့ ဒီလိုသာ သိနေလို့ရှိရင် မရှိတာက အနိစ္စ၊ မရှိဘူးလို့ သိတာက (မဂ္ဂပါ ဘုရား) သေတာက (သမုဒယ သေတာပါ) ရောက်မှာက (နိဗ္ဗာန်ပါ) ကိုက်ပြီ၊ သစ္စာလေးပါး တစ်ခါတည်း ထွက်သွားတယ်ဆိုတာ ပေါ်လာကြပါပလား (ပေါ်လာပါပြီ ဘုရား)။
နားကြီးကြီးနဲကထောင်နော်၊ သစ္စာတရား နာရတယ်ဆိုတော့ ဒကာ ဒကာမတို့ မရှိတာက အနိစ္စ၊ မရှိတာသည် ဒုက္ခသစ္စာ၊ သိတာသည် မဂ္ဂသစ္စ၊ သေတာသည် (သမုဒယသစ္စာပါ) ရောက်ရမှာသည် (နိရောဓသစ္စာပါ ဘုရား) သစ္စာနဲ့ဝေဖန်လိုက်တာ ကောင်းကောင်းသဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ အရိယာလား၊ ပုထုဇဉ်လား (ပုထုဇဉ်ပါ ဘုရား) ပုထုဇဉ်မှာ ဘာစိတ်တွေ ပေါ်မယ် (ပုထုဇဉ်စိတ်ပဲ ပေါ်ပါတယ်) ပုထုဇဉ်စိတ်ဟူသရွေ့ များသောအားဖြင့် ဝိပဿနာ မရှုကောင်းတာ ရှိပါရဲ့လား (မရှိပါ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက် ချမလဲ (အကဲမခတ်တတ်လို့ပါ ဘုရား) ရူးပဲ ရူးလွန်းလှတယ်၊ သူများတော့ အကဲခတ်တယ်၊ ကိုယ့်ကိုယ်တော့ အကဲမခတ်ဘူး (မှန်ပါ့) ခင်ဗျားတို့ ဉာဏ်မှန်မရှိတော့ အကဲခတ်ဖို့ ဉာဏ်မလာဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ့်စိတ် ကိုယ်အကဲခတ်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ကစပြီး ကိုယ့်စိတ် ကိုယ် အကဲခတ်လို့ရှိရင် နိဗ္ဗာန်ရောက်နိုင် ပါတယ် (မှန်ပါ့) ဘယ်လိုဆုံးဖြတ်ချက်ချပေးပါလိမ့် (ကိုယ့်စိတ် ကိုယ် အကဲခတ်လို့ရှိရင် နိဗ္ဗာန်ရောက်နိုင် ပါတယ် ဘုရား)။
ဒါဖြင့် ရှေးတုန်းက ဒကာ ဒကာမတွေ ဘာဖြစ်နေသတုံးလို့ မေးလို့ရှိရင် ကိုယ့်စိတ်ကို ကိုယ်မသိဘူး ဘုရား၊ ကိုယ့်စိတ်ကိုယ်မနိုင်ဘူး ဘုရား၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဒါကြောင့် “ပုထုဇ္ဇနော ဥမ္ပတ္တကော” ဆိုတာ ဘုရားက ပုထုဇဉ်ဆိုတာ အရူးလို့ဆိုတာ၊ ခင်ဗျားတို့က ဪ ဆိုရက်လေခြင်းလို့ ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား)။
ကိုယ့်စိတ်ကိုယ်မှ အကဲမခတ်တတ်တဲ့ပုဂ္ဂိုလ်တွေကိုး (မှန်ပါ့) ရူးလဲ ရူးလွန်းလှတယ်၊ အ-ပဲ အ-လွန်းလှတယ်၊ ထူပဲ ထူလွန်းလှတယ်လို့ ဘုန်းကြီးက ပြောတော့ ဘုန်းကြီးက ပလ္လင်ပေါ်နေလို့ ပြောတယ်လို့ ခင်ဗျားတို့ မထင်ပါနဲ့ (မထင်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ရှင်သာရိပုတ္တရာက သူတစ်ပါးစိတ် အကဲခတ်ရ မှန်သည်ရှိ၊ မမှန်သည်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်ရတာ မှန်သည် (မှန်ပါ့) ဒကာကြွယ် ကိုယ့်စိတ်ကိုယ် အကဲခတ်ရတာက မှန်တော့ နိဗ္ဗာန်အရောက်မြန်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့ တရားအားထုတ်ကြတာဟာ ဟိုသွားရတော့မလိုလို တောင်မြို့လာရဦးတော့မလိုလိုနဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ ခက်နေပြီ၊ တရားရှိတာက ကိုယ့်သန္တာန်မှာ၊ အားထုတ်ဖို့ နေရာရွေးနေတာက တခြားဆိုတော့ ဪ ဒီအနားရှိတဲ့တရား တို့မကြည်ညိုဘူး၊ ဒီအဓိပ္ပာယ် ရောက်နေတယ် (မှန်ပါ့) ဟိုနေရာရှိတဲ့တရားမှ တို့ ကြည်ညိုတယ် ဆိုတော့ အတော်ကို မဆိုးနေဘူးလား (ဆိုးနေပါတယ် ဘုရား)။
အဲဒါတွေ ဒကာ ဒကာမတွေ သိစေချင်လွန်းလို့ ဟိုသွားကြရင် ဆိတ်ငြိမ်တာတော့ အမှန်ပါပဲ၊ ရလွယ်နိုင်ပါတယ်၊ ကိုယ့်ဟာကိုယ်ကျတော့ ဟိုမှ မနေနိုင်တဲ့ပုဂ္ဂိုလ်က အိမ်မှာတော့ မလုပ်ကောင်းဘူး မှတ်နေမှာစိုးလို့ ဟောရပါတယ် (မှန်ပါ့)။
သွားလဲ သွားကြပါ ရိပ်သာတွေကို
သွားလဲ သွားကြပါ ရိပ်သာတွေကို၊ တိုက်တွန်းပါတယ် ကာယဝိဝေကရှိမှ စိတ္တဝိဝေကရှိမှ ဖြစ်မယ်၊ ဘုရားက ဟောပါတယ် စိတ္တဝိဝေက ဖြစ်မှ ဥပဓိဝိဝေကဆိုတဲ့ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့) သို့သော် ခင်ဗျားတို့အိမ်က ထွက်ဖို့ ကြံတော့ စာရင်းချုပ်လို့ မပြီး အင်းချုပ်လို့ မပြီးနဲ့ ရှုပ်ပွေနေတဲ့ ကိစ္စတွေက ဘယ်သူက မမာလို့ မိတ်ဆွေသင်္ဂဟ ကလေး ဘယ်နေ့ ချိန်းထားလို့နဲ့ပဲ သွားဖြစ်မှာ မဟုတ်ဘူး၊ အဲဒီကြားမှာ ကားကားကြီးသေမှာစိုးလို့ ကိုယ့်စိတ်ကိုယ်ရှုလို့ ဟောနေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်စိတ်ကို ကိုယ်ရှုပါဆိုတော့ ခင်ဗျားတို့က အိမ်ကထွက်ဖို့ရာ ကလေးက ရှေ့ကို နှစ်လှမ်း စဉ်းစားလို့ရှိရင် နောက်ကို သုံးလှမ်း ပြန်ရောက်တယ် (မှန်ပါ့) မရောက်ဘူးလား၊ ရောက်လား (ရောက်ပါတယ် ဘုရား) အဲဒီလောက် အရုပ်ဆိုးအကျည်းတန်နေတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်စိတ်မှ ကိုယ်မရှုတော့ဘူးဆိုရင် အချိန်ရွေးနေတာနဲ့ သေဘေးက ဝင်လာတယ် (မှန်ပါ့ ဘုရား)။
အဲဒီဘေး ဝင်လာတဲ့အခါကျတော့မှ အလုပ်က မပြီးသေ၊ အသေက ဦးသွားတော့ မျက်ရည်စက်လက်နဲ့ အေးကွက် မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
သေရာညောင်စောင်း လျောင်းစက်တဲ့အခါ
အဲဒီကျမှ မှားခဲ့ပြီဆိုတော့ ဪ ဆရာဘုန်းကြီးက အဟောရှာ သားပဲ “ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ၊ မာ ပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ” ဆိုတဲ့အတိုင်း သေရာညောင်စောင်း လျောင်းစက်တဲ့အခါကျတော့ နှလုံးမသာ မယာခြင်း မဖြစ်ကြကုန်လင့်၊ ယခုကပင် ဝိပဿနာရှုထားကြဆိုတာ ဟောလျက်သားနဲ့ ငါမိုက်ခဲ့လို့ ငါမဖြစ်သင့်တာ ဖြစ်ပါပေါ့လား ဆိုပြီး ခေါင်းအုံးပေါ် မျက်ရည်စီးကျတယ် (မှန်ပါ့) နာလိုက်တဲ့ ဖြစ်ခြင်း၊ အသေက ဦးသွားတယ်၊ တရားက နောက်ကျတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ တရားအားမထုတ်သေးတဲ့ပုဂ္ဂိုလ်များသည် ဪ အသေဦးအောင်လို့ စောင့်ရဦးတော့မယ်၊ ဒီအဓိပ္ပာယ် ရောက်တယ် (ရောက်ပါတယ် ဘုရား) ဪ မိုက်လိုက်တဲ့ဖြစ်ခြင်း အသေဆိုတာ ရှောင်ရမှာ၊ စောင့်ရမှာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။
အသေဆိုတာ ဘာပါလိမ့် (ရှောင်ရမှာပါ) ခင်ဗျားတို့က ဘယ့်နှယ် လုပ်နေသတုံး (စောင့်နေကြပါတယ်) ဘာနဲ့ စောင့်သတုံးဆိုတော့ ထမင်းစားစောင့်လိုက်၊ ဧည့်သည်ကိစ္စကြောင့် စောင့်လိုက်၊ ဘာစောင့်တာပါလိမ့် (အသေကို စောင့်တာပါ)။
အစောင့်ကောင်းတာလား၊ ရှောင်ရမှာလား (ရှောင်ရမှာပါ ဘုရား) ရှောင်ရမှာ စောင့်တယ်ဆိုတော့ ဒီထက်ရူး ဒီထက်မိုက်တာ ရှိနိုင်ပါဦးမလား (မရှိပါဘူး ဘုရား) လည်ပင်းထိုးအပ်လိုက်တာနဲ့ကော (တူပါတယ် ဘုရား) လည်ပင်းကို ခုတ်ချင်သလို ခုတ်ပါတော့ ထစ်ချင်သလို ထစ်ပါလားဆိုပြီး ထိုးအပ်လိုက်တာနဲ့ တူတယ် (မှန်ပါ့ ဘုရား)။
အဲဒါ ဒကာ ဒကာမတွေ အနာဂတ်ဘေးဟာ ခင်ဗျားတို့ စောင့်လို့ ဖြစ်တာ (မှန်ပါ့) အနာဂတ်ဘေး ဆိုတာ လာလတ္တံ့ဘေးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) စောင့်တဲ့ပုဂ္ဂိုလ်မှ တွေ့တာနော် (မှန်ပါ့) မစောင့်တဲ့ပုဂ္ဂိုလ်ကျတော့ သေဘေးမလာခင် အနိစ္စနဲ့ မဂ္ဂနဲ့ ဉာဏ်က ဦးအောင်လုပ်လိုက်မယ်ဆိုလို့ရှိရင်လဲ သေဘေးလာလို့ သေရတောင်မှ မျက်ရည်စက်လက်နဲ့ ကိုယ်ကျိုးနည်းပြီ ဆိုတဲ့ ညည်းလုံးမျိုးနဲ့ မသေရပါဘူး (မှန်ပါ့ ဘုရား)။
ပုထုဇဉ်မှာ ဘာစိတ်ပေါ်ပါလိမ့်
ဒါကြောင့် ဒကာ ဒကာမတွေ ဒီပုဂ္ဂိုလ်တွေဟာ အရိယာတွေလား၊ ပုထုဇဉ်တွေလား (ပုထုဇဉ်တွေပါ ဘုရား) ပုထုဇဉ်မှာ ဘာစိတ်ပေါ်ပါလိမ့် (ပုထုဇဉ်စိတ်ပဲ ပေါ်ပါတယ် ဘုရား) ပုထုဇဉ်စိတ်ဟူသရွေ့ ဝိပဿနာ မရှုကောင်းတာပါရဲ့လား (မပါပါ ဘုရား) ဒီတစ်လုံး အလွန် အရေးကြီးတယ် (မှန်ပါ့) တရားတစ်ပွဲလုံးပဲ အလွန်အရေးကြီးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ပုထုဇဉ်စိတ်ပေါ်တိုင်းသာ ရှုနေမယ်ဆိုရင်ဖြင့် ပုထုဇဉ်ဆိုတာက အရူး (မှန်ပါ့) အဲဒီအရူးစိတ်တွေကို နောက်ကနေပြီး ဆေးဝါးနဲ့ မဂ်ဉာဏ်တည်းဟူသော ဆေးရည်နဲ့ သောက်ဖျန်းပြီး သကာလ နေမယ်ဆိုရင် အရူး ပျောက်ပြီး သကာလ အကောင်းရောက်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
သို့သော်လဲ တပည့်တော်တို့ နက်ဖြန်မှ လာမယ်ဘုရားဆိုလို့ရှိရင် ယနေ့ ရူးပါရစေဦး (မှန်ပါ့) သဘက်ခါ လာအားထုတ်မယ်ဆိုရင်ကော (ရူးပါရစေဦး) ဟာ နားကြားပြင်းတောင်ကတ်စရာကြီး (မှန်ပါ့ ဘုရား)။
နားကြားပြင်းကတ်တယ်ဆိုတာ ခင်ဗျားတို့က ဘုန်းကြီးနှယ် လွန်လွန်တယ် လို့များ ဆိုချင်သေးသလား ကိုယ်က အရူးသန်ချင်လို့လား ဆိုတာ စဉ်းစားစမ်းပါဦး (ကိုယ်က အရူးသန်ချင်သေးလို့ပါ ဘုရား) မဟုတ်ဘူး၊ အရူးဟာ အရူးသက်ရှည်လေ ဆိုးလေနော် (မှန်ပါ့ ဘုရား)။
အရူးသက်ရှည်လေ ဆိုးလေ
ဘယ်လိုဆိုကြမယ် (အရူးသက်ရှည်လေ ဆိုးလေပါ ဘုရား) အရူးသက်ရှည်ဆိုလို့ရှိရင်ဖြင့် ရူးရာကသွပ် သွပ်ရာကနေပြီး သကာလ အရူးတို့ သွားရာလမ်းဖြစ်တဲ့ အပါယ်လေးပါးမှ တစ်ပါး ဒီ့ပြင်ရောက်ခန်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒါစိုးရိမ်လို့ ခင်ဗျားတို့ကလဲ ပျင်းလိုက်တဲ့ဖြစ်ခြင်းကလဲ ဘယ်နေ့ ဘယ်ရက်ကျမှ အားထုတ်မယ် ဆိုတော့ အသေစောင့်ကြတာ (မှန်ပါ့) စောင့်ကောင်း မစောင့်ကောင်း (မစောင့်ကောင်းပါ ဘုရား) အတော် ဆိုးဝါးနေပါကလား (ဆိုးဝါးနေပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဟောဒီစိတ်ပေါ်ရင် ဟောဒီစိတ်ကို အခု မိအောင်ရှု (မှန်ပါ့) ပုထုဇဉ်စိတ်ပဲဗျာ၊ ပုထုဇဉ်ဆိုတာ စိတ်ထဲမှာတောင် တိုက်ကြီးတည်ပြီး ကားကြီးဝယ်နေသေးတာ (မှန်ပါ့) ဒီတိုက်ကြီး တည်တဲ့စိတ် ဖြစ်ပျက်ရှုချ (မှန်ပါ့) ကားကြီးဝယ်တဲ့စိတ်လဲ (ဖြစ်ပျက်ရှုရပါ့မယ်) ဖြစ်ပျက်ရှုချလိုက်တော့ ကားကြီးဝယ်ချင်တဲ့ တဏှာ စိတ်က အနိစ္စ၊ ရှုတာက မဂ္ဂ (မှန်ပါ့ ဘုရား)၊ တိုက်ကြီးတည်ချင်တဲ့ တဏှာစိတ်က အနိစ္စ၊ ရှုတာက (မဂ္ဂပါ)။
ဆိုတော့ တဏှာက ဘာဖြစ်သွားသတုံးဆိုတော့ တဏှာက ဖြစ်ပျက်သွားတော့ ဒုက္ခသစ္စာ၊ ရှုတာက (မဂ္ဂသစ္စာ) နောက်ဥပါဒါန်တွေ လာသေးသလား (မလာပါ ဘုရား) မလာတော့ ဥပါဒါန်ချုပ်တာက အကြီးစား တဏှာသေတာ (မှန်ပါ့) ကံဇာတိ ဇရာ မရဏ မလာတာက နိရောဓသစ္စာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီတစ်ချက်တည်းနဲ့ ကိစ္စပြီးချင်လို့ ဒါလောက်ရူးနေတာကိုးလို့ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဝိပဿနာမဂ်ဆိုတော့
ဒါက ဒီခန္ဓာကြီးထဲမှာ ဒကာ ဒကာမတို့ ထိုင်စက စိတ်တွေ အခုရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတာ သိပလား (သိပါပြီ ဘုရား) မရှိတာ ဘာတုံး (အနိစ္စပါ) သိတာက (မဂ္ဂပါ) ဪ နေရာ ကျလိုက်တာ ဝိပဿနာမဂ်ရတယ် (မှန်ပါ့) ဝိပဿနာမဂ်ဆိုတော့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ငါးပါးပဲ ရတယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် မရှိတာဟာ သူများ သေတာလား မိမိသေတာလား (မိမိသေတာပါ ဘုရား) မိမိသေတာတွေ မြင်ရတော့ မုန်းမလား၊ မမုန်းဘူးလား (မုန်းပါတယ် ဘုရား) ဒါဖြင့် မိမိသေတာတွေကို များများသိနေရင် မုန်းဉာဏ်ဆိုတဲ့ နိဗ္ဗိန္ဒဉာဏ် မတက်ပေဘူးလား (တက်ပါတယ် ဘုရား)။
ဒီတော့ ဉာဏ်ခွဲလိုက်၊ မိမိသေတာကို မိမိသိတာက ယထာဘူတဉာဏ် (မှန်ပါ့) မိမိအသေကို များများရှုလို့ ဪ ဒီအသေတွေကဖြင့် မုန်းစရာကြီးပါကလား၊ ရွံစရာကြီးပါကလားလို့ ဉာဏ်ထဲမှာ တက်မလာပေဘူးလား (တက်လာပါတယ်) အဲဒါက နိဗ္ဗိန္ဒဉာဏ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
နိဗ္ဗိန္ဒဉာဏ် တက်လာပေမဲ့ ဒကာ ဒကာမတွေ မလျှော့နဲ့ဦး၊ ရှုဦး၊ ပုထုဇဉ်မှာ ပေါ်တဲ့စိတ်တွေကို ရှောင်ပြီး ရှုနေပါ၊ ရှုရှု၊ ရှုနေတော့ ဪ ကိုယ့်အသေတွေကို ကိုယ်မုန်းစရာပါကလား၊ ဒီအသေတွေ ဆုံးမှ နိဗ္ဗာန် ရောက်မှာပါကလား၊ ဒီအသေတွေ မုန်းစရာကြီးပါလား၊ ဒီအသေတွေ ဆုံးမှ နိဗ္ဗာန် ရောက်မှာပါကလား၊ ဒီအသေဒုက္ခကြီး မွေးရတဲ့ဒုက္ခ သေရတဲ့ ဒုက္ခ (မှန်ပါ့ ဘုရား)။
မွေးဆိုတာ စိတ်ကလေးပေါ်လာတာက မွေးတာ (မှန်ပါ့) စိတ်ကလေး ပျက်သွားတာက (သေတာပါ ဘုရား) ဪ မိမိခန္ဓာဟာ မွေးသေသက်သက်ကြီးပါလား အနေမပါပါဘူး၊ အမွေးနဲ့ အသေပဲရှိတယ် (မှန်ပါ့ ဘုရား)။
အမွေးနဲ့ အသေပဲရှိတယ်
ဘာပဲရပါလိမ့် (အမွေးနဲ့ အသေပဲရှိပါတယ်) ဒါကြောင့် ဒကာ ဒကာမတွေ ကိုယ်မွေးတာကိုလဲ ကိုယ်မြင်ဖူးပါပြီ၊ ကိုယ်သေတာကော (မြင်ဖူးပါပြီ ဘုရား) မွေးသေ ဘဝကြီးကို မြင်တာက ယထာဘူတဉာဏ်၊ တမွေးတည်းမွေး၊ တသေတည်း သေနေတော့ တမုန်းတည်းမုန်းနေတာ ဘာတဲ့ (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။
ဒါဖြင့် မွေးတာလဲ စိတ်ပေါ်လာတာလဲ ဒုက္ခသစ္စာ၊ စိတ်ကလေး ပျက်သွားတာကော (ဒုက္ခသစ္စာပါ ဘုရား) အဲဒီလိုဆိုတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ သွားမြင်တယ် (မှန်ပါ့ ဘုရား)။
ဘာမြင်တာပါလိမ့် (ဖြစ်ပျက် ဒုက္ခမြင်ပါတယ် ဘုရား) ဖြစ်တာလဲ ဒုက္ခသစ္စာ၊ ပျက်တာဟာလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ နှစ်ပါးကို ခင်ဗျားတို့ အကြည့်ခိုင်းတယ် (မှန်ပါ့ ဘုရား)။
အဲဒါတွေ သိတော့ သစ္စဉာဏ်မရသေးဘူးလား (ရပါတယ်) ဒီ ဒုက္ခကြီးနဲ့တော့ဖြင့် မနေချင်တော့ပါဘူး လွတ်ချင်လှချည်ရဲ့ဆိုတဲ့ ဉာဏ် မလာဘူးလား (လာပါတယ်) လာလို့ရှိရင် ဉာဏ်ရင့်သန်လာတော့ ဖျတ်ခနဲဆို ပုထုဇဉ်စိတ်တွေ အကုန်ပျောက်သွားတယ် (မှန်ပါ့ ဘုရား)။
ဘယ်စိတ်မှ မလာတော့ဘူး၊ ရှုနေတဲ့စိတ်တွေ ဖြစ်ပျက်တွေ မလာတော့ဘူး (မှန်ပါ့) ဘယ်စိတ်မှ မလာတော့ ကိုယ့်ရှေ့မှာ မသာတွေ ဇာတ်မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား) မသာဆိုတာသည် ဒကာ ဒကာမတို့ မရဏတွေပဲ “မရဏမ္ပိ ဒုက္ခံ” ဆိုတဲ့ ဒုက္ခသစ္စာတွေ လာသေးရဲ့လား (မလာတော့ပါ ဘုရား)။
အသေတွေ ရပ်သွားတာက နိရောဓသစ္စာ
ဒါဖြင့် အသေတွေ ရပ်ပါပေါ့လား၊ အခုမြင်တဲ့နေရာဟာ မသေတဲ့ နေရာပါကလား၊ အသေကို ရှာမတွေ့ပါဘုရား၊ အခုမြင်နေတဲ့ အသေတွေ ရပ်သွားတာက နိရောဓသစ္စာ (မှန်ပါ့) အသေရပ်ပြီလို့ သိတာက မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာ (မှန်ပါ့ ဘုရား)။
အသေရပ်သွားတာက (နိရောဓသစ္စာပါ) အသေမရှိတော့ပါပဲလားလို့ ထင်မြင်တာက (မဂ္ဂသစ္စာ) မဂ်ကလဲ ဆင်ခြင်၊ ဖိုလ်ကလဲ ဆင်ခြင်၊ ပစ္စဝေက္ခဏာ ဉာဏ်ကလဲ ဆင်ခြင်၊ မလာသေးဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် အသေရပ်တာ ဘာသစ္စာ (နိရောဓသစ္စာ) အသေရပ်တာတွေ သိတာက (မဂ္ဂသစ္စာပါ) အဲဒီကျအောင် အားထုတ်လို့ရှိရင်ဖြင့် တပည့်တော်တို့ ဘယ်တော့မရမှာတုံး ဘုရားလို့ မမေးနဲ့ ဒကာ ဒကာမတို့၊ ဖြစ်ပျက်မြင်အောင်ရှု (မှန်ပါ့) ဖြစ်ပျက်ကို (မုန်းအောင်ရှုရပါမယ်) ဖြစ်ပျက်ကို (ဆုံးအောင်ရှုရပါ့မယ်) ဒီဥစ္စာ ဘုန်းကြီး နည်းပေးနေတယ် (မှန်ပါ့ ဘုရား)။
ရှေးဦးစွာ ဘာပါလိမ့် (ဖြစ်ပျက်မြင်ရပါ့မယ်) အဲဒါ ယထာဘူတဉာဏ်၊ ဖြစ်ပျက်မြင်ရင် (ယထာဘူတဉာဏ်ပါ) ဖြစ်ပျက်တွေ ကြည့်ဖန်များလာလို့ မုန်းလာရင် (နိဗ္ဗိန္ဒဉာဏ်ပါ) ဖြစ်ပျက်ဆုံးသွားရင် (မဂ်ဉာဏ် ပါ ဘုရား)။
ဒါဖြင့် ဝေးသလား (မဝေးလှပါ ဘုရား) လှေကားသုံးထစ်ရှိတယ်၊ သုံးထစ်နဲ့ရောက်တဲ့ဥစ္စာ ခင်ဗျားတို့က ဪ နိဗ္ဗာန်များ ဘယ်တော့များမှ ရောက်ပါ့မလဲ၊ ကျုပ်ဖြင့် စိတ်များဖြင့် ပျက်ပေါ့၊ ဤသံသရာကြီးထဲ လှန်လိုက် မှောက်လိုက်နဲ့ ကျင်လည်ရတာလွန်လို့၊ အို ကိုယ့်အသေမှ ကိုယ်မမြင်ရင် ဒီသံသရာကြီးထဲ အလကားပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဝိပဿနာဆိုတာ ဘာပါလိမ့်
ကိုယ့်အသေ ကိုယ်မမြင်ရင် (လူ့ဘဝကြီးမှာ အလကားပါ) ဒါဖြင့် ဝိပဿနာရှု၊ ဝိပဿနာရှုဆိုတာ ဘယ်လိုမှ မမှတ်နဲ့၊ ကိုယ့်အသေ ကိုယ်ကြည့်ခိုင်းတာပါ (မှန်ပါ့) ဝိပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်အသေ ကိုယ်ကြည့်ခိုင်းတာပါ) ရုပ်သေတာကရုပ် ရှုတဲ့သဘော ကိုယ့်ရုပ် သေတာ ကိုယ့်အကြည့်ခိုင်းတာ (မှန်ပါ့)။
နာမ်ရှုတဲ့ပုဂ္ဂိုလ်က (ကိုယ့်နာမ်သေတာ ကိုယ့်အကြည့်ခိုင်းတာပါ) ကိုယ့်နာမ်ကို အရှုခိုင်းတာ ဆိုတာက ကိုယ့်အသေ ကိုယ်အကြည့်ခိုင်းတာ (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ အသေဟူသရွေ့ ဒုက္ခသစ္စာ (မှန်ပါ့) သေတာမြင်သရွေ့ လောကီမဂ္ဂသစ္စာ (မှန်ပ့ါ) ဒါက တစ်မျိုး၊ အသေတွေက (ဒုက္ခသစ္စာပါ)ဒုက္ခသစ္စာ၊ အဲဒီအသေတွေ မြင်နေတာက (မဂ္ဂသစ္စာပါ) လောကီမဂ္ဂသစ္စာ။
ကဲ ရှေ့ဆက်လိုက် အသေမုန်းပြီ ဆိုကြစို့နော် (မှန်ပါ့) အသေဆုံးတာက ဘာသစ္စာ (နိရောဓသစ္စာပါ)၊ နိရောဓသစ္စာနော်၊ အသေဆုံးတာ မြင်တာက (မဂ္ဂသစ္စာပါ) လောကုတ္တရာ မဂ္ဂသစ္စာ (မှန်ပါ့) ခွဲတတ်ကြပြီလား (ခွဲတတ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာအလုပ် နိရောဓဆိုက်တဲ့ ပုဂ္ဂိုလ်ဟာ တချို့က မေ့သွားတယ် မိုက်သွားတယ် မသိအောင် ဖြစ်သွားတယ်ဆိုတာ အဲဒါ အရူးလို့မှတ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) အရူးလို့ မှတ်ပါတဲ့၊ ဖြစ်ပျက် မြင်နေတာကလဲ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက (မဂ္ဂသစ္စာပါ)။
လှေကား သုံးထစ်နဲ့ ရောက်မယ့် နိဗ္ဗာန်
ကဲ သတိပြတ်ကဲ့လား (မပြတ်ပါဘူး ဘုရား) ဖြစ်ပျက်မုန်းတာလဲ ဒုက္ခသစ္စာပဲ (မှန်ပါ့) မုန်းတဲ့ဉာဏ်ကလဲ မဂ္ဂသစ္စာ (မှန်ပါ့) လောကီမဂ္ဂသစ္စာ ရှင်းပလား (ရှင်းပါပြီ ဘုရား) နောက် ဖြစ်ပျက်တွေ ဆုံးသွားတာက ဘာသစ္စာတဲ့ (နိရောဓသစ္စာပါ) အဆုံးမြင်တာက (မဂ္ဂသစ္စာပါ) လောကုတ္တရာ မဂ္ဂသစ္စာ ဆိုတော့ ဉာဏ်ဆိတ်နေတဲ့အခါ ဉာဏ်ကင်းနေတဲ့အခါ ပါသေးလား (မပါပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကဲ ဒါဆို လှေကား သုံးထစ်နဲ့ ရောက်မယ့် နိဗ္ဗာန်ကို မသွားချင်ပါဘူးဆိုလို့ တော်ပါ့မလား(မတော်ပါ ဘုရား) ဒီတော့ ဘာလုပ်ကြမယ် (ရောက်အောင် သွားကြပါမယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။