ဩဃလေးပါးမှာ နစ်မြုပ်နေပုံနှင့် ၎င်းမှထွက်ပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မင်္ဂလာတိုက်၌ ဟောကြားဆုံးမတော်မူအပ်သော
(၂၇-၃-၆၀)
ဩဃဆိုတဲ့ဥစ္စာ
ဩဃဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ရမယ်၊ ဒကာ ဒကာမတွေ သန္တာန်မှာ ဒီတရားလေးခု အခုကိန်းလာပြီ ဆိုမှဖြင့် ဝဲထဲမှာ သစ်ရွက်ကလေး ချလိုက်တဲ့အခါ ဝဲက လှည့်လှည့် လှည့်လှည့်ပြီး တော်တော် ကြာတော့ အလယ်တည့်တည့်မှာ မြုပ်ပြီးသွားတယ် (မှန်ပါ့ ဘုရား)။
ဝဲထဲ သစ်ရွက်ချလိုက်တဲ့အခါ လည်ပြီး အလယ်ထဲ ကျဉ်းမြောင်းတဲ့နေရာ ရောက်တဲ့အခါကျတော့ မြုပ်သွားတာ၊ ဩဃဆိုတာ ဝဲလို့ မှတ်ကြစမ်းပါ (မှန်ပါ့) ဝဲဩဃနဲ့ တူတယ်ဆိုတာ ဒါပဲ။
အဲဒီဩဃလေးပါးက ဒကာ ဒကာမတွေ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ အတွက် ယနေ့ ဩဃလေးပါးတည်းဟူသော ပင်လယ်က ထွက်ပြီး သကာလ ဩဃမရှိတဲ့နေရာကို ရောက်အောင်သွားတဲ့ နည်းလမ်းကို ဘယ်လမ်းက သွားရမည်ဆိုတာ နတ်သားတစ်ဦးက မေးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြေကြားတာကို ဒကာ ဒကာမတွေ အလုပ်စခန်းနဲ့တကွ သိရလိမ့်မယ်လို့ မှတ်ထားရလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။
ဩဃလေးပါးကိုအရင်ပြောပါ့မယ် နတ်က မေးတဲ့ဥစ္စာ တစ်နေ့က တစ်ခါဟောခဲ့တယ်၊ ဒါနဲ့ ဆင်တူပါပဲ၊ သို့သော်လဲ ဝဲဩဃမှ လွတ်မြောက်ပုံကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တစ်မျိုးဟောထားတဲ့ အတွက် ဒကာ ဒကာမတွေ တစ်မျိုးပဲ၊ ဪ ဒီလို ကျင့်ရင်လဲ ရသေးတယ်ဆိုတာ သိရမယ် (မှန်ပါ့ ဘုရား)။
ဩဃလေးပါး
ကာမောဃဆိုတာ (၁)နံပါတ်နော် (မှန်ပါ့) ဘဝေါဃဆိုတာ (၂-နံပါတ်)၊ ဒိဋ္ဌောဃဆိုတာ (၃-နံပါတ်)၊ အဝိဇ္ဇောဃဆိုတာ (၄-နံပါတ်ပါ ဘုရား) ၄-နံပါတ်တဲ့၊ ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃဆိုတာ ပြောသံတော့ ကြားဖူးပါတယ်၊ သို့သော် ကိုယ့်သန္တာန်ထဲမှာ ဘယ်တရားကို ဆိုတာ သိထားရတော့မှ ဒါက ကာမောဃလာပေါ့၊ ဘဝေါဃလာပေါ့၊ ဒိဋ္ဌောဃလာပေါ့၊ အဝိဇ္ဇောဃလာပေါ့ ဆိုတာကို မသိလို့ရှိရင်လဲ မဖြတ်တတ်ဘူး (မှန်ပါ့) လာတာသိမှသာလျှင်လဲ ဒကာ ဒကာမတို့ ဒါတွေဟာ ကာမောဃလာတာပဲ ဆိုတာ ဖော်ပြပြီး သကာလ မသိလို့ရှိရင် သတိပဋ္ဌာန်ကမဖြစ်၊ သတိပဋ္ဌာန် မဖြစ်လို့ရှိရင် သတိပဋ္ဌာနဘာဝနာမဖြစ်လို့ မှတ်ထားရမယ် (မှန်ပါ့) သတိပဋ္ဌာန်ဖြစ်မှ သတိပဋ္ဌာနဘာဝနာ ဖြစ်ပါတယ်၊ သတိပဋ္ဌာန် မဖြစ်ရင် (သတိပဋ္ဌာနဘာဝနာ မဖြစ်ပါ ဘုရား)။
ကာမောဃဆိုတာက
ဒါကိုလဲ ရှင်းပြီး သကာလ ဒကာ ဒကာမတွေ သေသေချာချာပဲ ပြောပါ့မယ်၊ ကြိုးလဲ ကြိုးစားကြပါ၊ ကာမောဃဆိုတာက ဒကာ ဒကာမတွေ အဆင်းကလေးမြင်လို့ရှိရင်ဖြင့် ကြိုက်တယ်၊ ခင်တယ်၊ နှစ်သက်တယ် ဆိုတဲ့ လောဘတဏှာကလေးဟာ ကာမောဃပဲ၊ အဆင်းကလေးဟာလဲ ကာမတဏှာ၏ အာရုံဖြစ်တယ်၊ အဲဒါကို သာယာတဲ့တဏှာကို ကာမောဃလို့ ဆိုတယ်၊ ဒါဖြင့် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဒါဟာ မောဃ၏ အာရုံတွေ ဖြစ်တယ်နော် (မှန်ပါ့ ဘုရား)။
အဲဒါကို သာယာတဲ့ တဏှာကို ဘာခေါ်ကြမလဲ (ကာမောဃပါ ဘုရား) အဆင်းကလေး သာယာရင် (ကာမောဃ) အသံကလေး သာယာရင် (ကာမောဃ) အနံ့ကလေး သာယာရင်လဲ ကာမေဃဆိုတဲ့ တရားကလေးက ဝမ်းထဲမှာ ရောက်လာတာပဲ (မှန်ပါ့) အရသာကလေး သာယာရင်ကော (ကာမေဃ) အတွေ့အထိလေးတွေ သာယာရင် (ကာမောဃပါ ဘုရား) အဲ ကာမောဃဆိုတဲ့ဥစ္စာ ငါးပါးအာရုံ ကာမဂုဏ်ကို ခင်တွယ်တဲ့ တဏှာကို ဆိုသည် (မှန်ပါ့ ဘုရား) ငါးပါးအာရုံ ကာမဂုဏ်ကို ခင်တွယ်တဲ့တဏှာ ဘာဆိုကြမယ် (ကာမောဃပါ) ကာမောဃလို့ မှတ်ထားပါ (မှန်ပါ့)။
ဘဝေါဃဆိုတာ
ကဲ ကာမောဃတော့ သိပြီ၊ ဩဃတစ်ပါးတော့ သေချာသွားပြီ၊ ဘဝေါဃဆိုတာ ဒကာ ဒကာမတွေ ရူပဘုံ၊ အရူပဘုံကို ရောက်ချင်တယ်၊ ရထားတဲ့ဈာန်ကလေးကို သာယာတဲ့တဏှာကို ဘဝေါဃလို့ မှတ်ကြပါ (မှန်ပါ့) ရူပဘုံ၊ အရူပဘုံ ရောက်ချင်တဲ့တဏှာ၊ အဲဒီရပြီးသား ဈာန်ကလေးကို သာယာနေတဲ့ တဏှာရယ်၊ အဒီတဏှာကို ဘဝေါဃလို့ ခေါ်ပါတယ် (မှန်ပါ့ ဘုရား)။
ရူပဘုံ၊ အရူပဘုံ ရောက်ချင်တဲ့တဏှာကိုလဲ ဘာခေါ်ကြမယ် (ဘဝေါဃ) သူရနေတဲ့ဈာန်ကလေး သူမလွှတ်နိုင် သာယာနေတာကိုလဲ (ဘဝေါဃပါ) ဘဝေါဃဆိုတာ ဒါပဲဆိုတာ သတိထားကြပါ။
ဒိဋ္ဌောဃဆိုတာ
ဒိဋ္ဌောဃဆိုတာ ဒကာ ဒကာမတို့ ငါ့ကိုယ်ငါ့ဟာ ထင်နေတာတွေ မျက်လုံးလဲ ငါပဲ၊ ဆံပင်လဲ ငါပဲဆိုတဲ့ သက္ကာယဒိဋ္ဌိနှစ်ဆယ်တို့ ဒသဝတ္ထုက ဒိဋ္ဌိဆယ်ပါးတို့ ဒိဋ္ဌိ(၆၂)ပါးတို့ စသည်တွေဟာ ဒိဋ္ဌောဃလို့ မှတ်ကြစမ်းပါ (မှန်ပါ့) ဒိဋ္ဌောဃဆိုတာ ဒိဋ္ဌိဩဃပါပဲ (မှန်ပါ့ ဘုရား)။
ဒါတွေဟာ ဒကာ ဒကာမတွေမှာ ရှိနေတော့ မြတ်စွာဘုရားနဲ့ တပည့်သာဝကတွေလို ပုဂ္ဂိုလ်ကမှ မကယ်တော့ဘူးဆိုရင် ဒီဝဲဩဃ လေးပါးထဲမှာ လည်ပြီး မြုပ်နေကြမှာ (မှန်ပါ့) အဲဒါကို စိုးရိမ်လို့ ဒီတရားကို ဟောရပါတယ်လို့ ဒကာ ဒကာမတွေ မှတ်ထားကြစမ်းပါ (မှန်ပါ့ ဘုရား)။
အဝိဇ္ဇောဃဆိုတာ
အဝိဇ္ဇောဃဆိုတာကတော့ ခန္ဓာကိုယ်ကြီးက ဒုက္ခသစ္စာမသိဘူး၊ လောဘက သမုဒယသစ္စာလို့ မသိဘူး၊ သိရင် အဝိဇ္ဇောဃမဖြစ်၊ မသိရင် အဝိဇ္ဇောဃ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) နိဗ္ဗာန်ကို မသိရင်လဲ (အဝိဇ္ဇောဃပါ ဘုရား) မဂ်ဉာဏ်လေးပါးကို မသိပြန်ရင်လဲ (အဝိဇ္ဇောဃပါ ဘုရား) မဂ်ဉာဏ်လေးပါးကို မသိတာကို ဘာခေါ်ကြမယ် (အဝိဇ္ဇောဃပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဩဃလေးပါးဆိုတာ ဒကာ ဒကာမတို့ ဝဲဂယက်ကြီးပါပဲတဲ့၊ သတ္တဝါတွေ အောက်ရောက်တယ် ဆိုတာက ဒကာ ဒကာမတွေ ဘယ်သူပို့လို့ ရောက်တယ်ဆိုတာ ငရဲသို့ ဘယ်သူပို့လိုက်ပါ လိမ့်မလဲ၊ တိရစ္ဆာန်ဘုံကို ဘယ်သူပို့လိုက်ပါလိမ့်မလဲ၊ ဗြဟ္မာဘုံက အောက်ပြန်ကျအောင် ဘယ်သူပို့လိုက်ပါလိမ့်မလဲ၊ နတ်တွေ တိရစ္ဆာန်တွေ ဖြစ်အောင် ဘယ်သူက ပို့လိုက်ပါလိမ့်မတုံး၊ လူတွေသည်ကားလို့ဆိုရင် အောက်ငရဲ အောက်အောက်ချည်း ရောက်သွားတာ ဘယ်သူပို့လိုက်ပါလိမ့်မတုံးဆိုတော့ ဝဲဩဃကြီးက လည်လည်ပြီး အလယ်မှာကျဉ်းပြီး သကာလ သတ္တဝါတွေကို အောက်မြုပ်အောင် လုပ်ပစ်လိုက်တယ် (မှန်ပါ့) အဲဒါ ဩဃလေးပါးလို့ ခေါ်လိုက်ပါတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သူတို့လေးပါးကို ဘာခေါ်ကြမယ် (ဩဃလေးပါးပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ အခု လူ့ပြည်ကနေပြီး ဘယ်မှ မသွားရသေးတော့ ဪ ဝမ်းထဲမှာတော့ ဩဃလေးပါးကို ဘုန်းကြီးများက ဒကာ ဒကာမတို့ ဒါတွေဖြတ်ကြပေတော့၊ ဒီတရားတွေသည်ကားလို့ဆိုရင် ခင်ဗျားတို့ လည်ပတ်ပြီး သကာလ ခင်ဗျားတို့ကို အောက်ဆွဲချတော့မှာ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ရုံးသွားလိုက်ကွာ၊ ဈေးသွားလိုက်ကွာ
အိမ်မှာ ငြိမ်ငြိမ်မနေပါရစေနဲ့၊ တဏှာလောဘက အခု ချာချာလည်အောင် မခိုင်းဘူးလား (ခိုင်းပါတယ်) ဟာ ရုံးသွားလိုက်ကွာ၊ ဈေးသွားလိုက်ကွာ ဟာ ပြန်လာဦးကွာ၊ အိမ်မှာလဲ စိတ်မချရဘူး၊ တစ်ခါ လှည့်ပြီး မြို့ပတ်လိုက်ဦးကွာ ဟိုမှာ ဆွေမျိုးမိတ်သင်္ဂဟတွေ ရှိတယ်လို့ ဦးခင်မောင် လည်နေအောင် ခိုင်းနေတာ (မှန်ပါ့) လည်အောင်ခိုင်းပြီး သကာလ ခိုင်းလဲခိုင်းသေး၊ တချို့သူ့ကြောင့်လဲ နေရသေးတယ်၊ သေသည်၏အခြားမဲ့၌ ဩဃဆိုတဲ့ဝဲမှာ ပထမလည်တယ်၊ နောက်တော့ ဝဲက ကျဉ်းသွားပြီး မြုပ်သွားတယ်ဆိုတာ ဦးခင်မောင်တို့ တွေ့ဖူးမှာပေါ့ (မြင်ဖူးပါတယ် ဘုရား)။
ဒါဖြင့် လောဘဆိုတာသည် ဒကာ ဒကာမတို့ ဝဲဩဃသဘောနဲ့ သတ္တဝါတွေကို အရှေ့သွားခိုင်း၊ အနောက်သွားခိုင်း၊ မြောက်သွားခိုင်းနဲ့ လှည့်ပတ်မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား) သေသည်၏ အခြားမဲ့၌ကော အမြှုပ်ခိုင်းတယ် (မှန်ပါ့) အခုတော့ အလှည့်ခိုင်းတယ် (မှန်ပါ့) သေတော့ (အမြှုပ်ခိုင်းပါတယ်) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် နက်ဖြန် စဉ်းစားကြပါ ဒကာ ဒကာမတို့၊ ဪ ငါဘယ်သွားမှာပါလိမ့်မတုံး၊ ဩဃလှည့်တဲ့ဆီ သွားရမှာပဲဆိုတာ သေချာပါတယ် (မှန်ပါ့ ဘုရား)။
လောဘကလေး ပေါ်လာတယ်၊ ဒကာသစ်တို့ ဆိုင်သွားလိုက်ဦး၊ ဩဃလှည့်လိုက်တာနဲ့ ဟိုရောက်ရတယ်၊ ဒါနဲ့ ကုန်ကလေးလိုနေပြန်ပြီ ယူလိုက်ဆိုတော့ ဩဃလှည့်လိုက်ပြန်တာနဲ့ အိမ်ပြန်လှည့်ခဲ့ရတယ် (မှန်ပါ့ ဘုရား)။
အိမ်ရောက်တော့ ငါအိမ်မှာ ထိုင်နေလို့ ဘယ်ဖြစ်မလဲ၊ အဝယ်သမားတွေ စောင့်နေတယ်ဆိုရင်လဲ ဟိုကိုလှည့်ရမှာပဲ (မှန်ပါ့) ဒါဖြင့် အခု ဘာလုပ်ခိုင်းနေကြသတုံး၊ ဩဃက (အလည်ခိုင်းနေပါတယ်) သေတော့ ဘယ်လိုခိုင်းလိုက်သတုံး (အမြုပ်ခိုင်းပါတယ် ဘုရား)။
လှည့်နေတုန်းက သတိထားမိလို့ရှိရင်
အဲဒါ ဒကာ ဒကာမတွေက သေမှဩဃက ကြောက်ရတယ်လို့ အောက်မေ့မနေနဲ့၊ လှည့်နေတုန်းက သတိထားမိလို့ရှိရင်ဖြင့် မလှည့်ဘူးကွာဆိုရင်ဖြင့် မမြုပ်ဘူးကွာ ဖြစ်ရမယ် (မှန်ပါ့ ဘုရား) မလှည့်ဘူးကွာ ဆိုရင် (မမြုပ်ဘူးကွာဖြစ်ရမှာပါ) လှည့်မယ်ဆိုရင်ဖြင့် (မြုပ်မှာပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ နက်ဖြန်ဘာလုပ်ကြမှာတုံးလို့ ဦးခင်မောင်မေးဖို့ လိုလာတယ် (မှန်ပါ့) ဩဃလှည့်သလို လှည့်ရမှာပဲ ဘုရား၊ သဘောကျပလား (ကျပါပြီ ဘုရား) ဩဃက တောင်သွားခိုင်း လိုက်လဲ သွားကြရမှာပဲ၊ မြောက်သွားခိုင်းရင် (သွားရမှာပဲ) အရှေ့သွားခိုင်းရင် (သွားရမှာပါပဲ) အောက်ပြည်အသွားခိုင်းရင် သွားရမှာပါပဲ အထက် ပြန်လာခဲ့ခိုင်းရင် (သွားရမှာပါပဲ ဘုရား) ဒါဖြင့် သူလှည့်နေသလို ဒကာ ဒကာမတွေက လှည့်နေတယ် (မှန်ပါ့ ဘုရား)။
အဲဒါဟာ ဒကာ ဒကာမတို့ကို ကာမောဃ လှည့်နေတာ၊ ၎င်း ကာမောဃ လှည့်နိုင်သရွေ့ လှည့်ပြီး သကာလ ဦးဘတင် နောက်ဆုံးပိတ် တစ်နေ့ကျတော့ သူ့ကိုသာ ခင်ဗျားတို့က မဖြတ်တောက်တော့ဘူးဆိုရင် မြှုပ်ဖို့ပဲ (မှန်ပါ့ ဘုရား) ဪ ဒါဖြင့် ရှင်တုန်းကတော့ အလှည့်ခိုင်းပြီး သေတာ့ မြုပ်ခိုင်း၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အခုတော့ ဘယ့်နှယ်တုံး (အလှည့်ခိုင်းပါတယ် ဘုရား) သေတော့ (အမြုပ်ခိုင်းပါတယ်) ဪ ဒါဟာ ဆရာကောင်း သမားကောင်း မတွေ့လို့ရှိရင် လှည့်နေရတဲ့ပုဂ္ဂိုလ်ဟာ ငါ ဘာလုပ်နေသလဲ၊ အို- ငါ အရောင်းအဝယ် လုပ်နေတယ်လို့ပြောမယ် (မှန်ပါ့) ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့၊ အရောင်းအဝယ်လုပ်တာ မဟုတ်ဘူးနော်၊ အဲဒါ ဩဃလှည့်နေတာ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဩဃ လှည့်နေတာပါ ဘုရား) ဩဃ လှည့်နေတာ သားတွေ သမီးတွေများတဲ့ပုဂ္ဂိုလ်များ ဟိုအိမ် စိတ်မချလို့ ဟိုအိမ် စိတ်ကရောက်သွား၊ ဒီအိမ်စိတ်မချလို့ ဒီအိမ်စိတ်ကရောက်သွား၊ ဟိုအိမ်မှာ ခလေးတွေမှ နေကောင်းရဲ့လားဆိုတာ ဟိုအိမ်ရောက်သွားဆိုတော့ သူကတော့ ထိုင်နေပေမယ့် ဦးဘတင် ဩဃလှည့်လျက်ပဲ (မှန်ပါ့) တချို့ကျတော့ လူပါလှည့်တယ်၊ တချို့ကျတော့ ဩဃလှည့်တယ်၊ ခင်တဲ့တဏှာ လောဘတင် လှည့်နေတယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် နေ့တိုင်း ဘာလုပ် နေကြသလဲလို့မေးရင် အဖြေထွက်ကြပါလိမ့်မယ် (မှန်ပါ့) ဘယ်လိုပါလိမ့် (ဩဃလှည့်နေပါတယ် ဘုရား) ဪ မသိရှာကြဘူး၊ အလှည့်များရင် ဘာဖြစ်မယ် ထင်ပါလိမ့် (မြုပ်မှာပါ ဘုရား)။
နားမလည်သဘောမပေါက်လို့ရှိရင် မြစ်ထဲမှာရှိတဲ့ရေထဲ သစ်ရွက်ကလေးသာထည့်ကြည့်ပါ ဦးခင်မောင် (မှန်ပါ့) ပထမခပ်ကျယ်ကျယ် လည်မယ်၊ နောက်တော့ ခပ်ကျဉ်းကျဉ်း နောက်ကျတော့ (မြုပ်သွားမှာပါ ဘုရား)။
ဖြစ်ပျက်မရှုရင်ဖြင့် လည်ပြီအောက်မေ့
အဲဒါ ဩဃဆိုတဲ့ဥစ္စာသည် ဘယ်အချိန်များ တို့အပေါ် လာပါလိမ့်မတုံးဆိုလို့ရှိရင် သွားတဲ့အခါ သွားတဲ့စိတ်ကလေး ဖြစ်ပျက်မရှုရင်ဖြင့် ဦးခင်မောင် လည်ပြီ အောက်မေ့ (မှန်ပါ့) သားဆီသွားတဲ့စိတ်ကလေး သွားရင်းမတ္တနဲ့ ဖြစ်ပျက်မရှုလို့ရှိရင် သူလှည့်သလို လည်မှာပဲ (မှန်ပါ့ ဘုရား)။
သူက ပြန်ဆို ပြန်ခဲ့၊ သူက သွားဆိုသွားခဲ့ (သွားမှာပါပဲ ဘုရား) သူက ရပ်ဆိုရင် (ရပ်မှာပါ ဘုရား) သူသွားတာ သားသမီး နေကောင်းပါပြီဆိုတော့ အပူရပ်တယ်၊ နေမကောင်းသေးဘူးဆိုရင်တော့ (အပူ တိုးလာပါတယ် ဘုရား) အဲဒါ သူ လှည့်ချင်သလို လှည့်နေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နေ့တိုင်း ဘာလုပ်နေကြသတုံး (ဩဃလှည့်နေပါတယ် ဘုရား) ဩဃလှည့်တဲ့အတိုင်း ခံနေရတယ်၊ ဪ ခင်ဗျားတို့ ဩဃမဖြတ်တတ်ဘူး၊ ဒီဒကာ ဒကာမတွေတော့ဖြင့် ဒီဩဃ လှည့်နေမှ လှည့်မှန်းလည်းမသိ၊ မဖြတ်တတ်တော့ဘူးဆိုရင် မြုပ်တော့မှာပဲဆိုတဲ့ဥစ္စာကို သေသေချာချာ မှတ်ကြရမှာပဲ (မှန်ပါ့ ဘုရား)။
မြုပ်တော့မှာပဲဆိုတာ ဘယ့်နှယ်တုံး (သေချာပါတယ်) သေချာနေတယ်ဆိုတော့ ဘုန်ကြီးတို့ ဒကာ ဒကာမတွေ အခုတော့ လှည့်မှန်း သိအောင်လဲ ဆရာဘုန်းကြီးက ပြောတော့ နားလည်ကြပြီ၊ မြုပ်မှာလဲ ကြောက်လာတော့ အလှည့်ရပ်မှပဲ အမြုပ်ပျောက်မှာကိုး (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (အလှည့်ရပ်မှ အမြုပ်ပျောက်မှာပါ ဘုရား)။
ကာမောဃက အောက်သံသရာ လှည့်ချလိုက်တယ် (မှန်ပါ့) သဝေါဃကတော့ အထက်သံသရာလှည့်ပြီး အောက်သံသရာပို့လိုက်တယ် (မှန်ပါ့) ကာမောဃက ကာမဘုံ သုဂတိလှည့် နောက်ကျတော့ အပါယ်လေးပါးကို ပို့ချလိုက်တယ် (မှန်ပါ့) ဘဝေါဃက ရူပအရူပဘုံက လှည့်ပြီးနေတာပဲ၊ နောက်ကျတော့ လူ့ပြည်ရင်လဲ လှည့်ချလိုက်တာပဲ၊ လူ့ပြည်ကျတော့ တစ်ဖန် ငရဲကို လှည့်ရပြန်တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒိဋ္ဌောဃကလဲ လှည့်နေတာပဲ
ဒိဋ္ဌောဃကလဲ ဒကာ ဒကာမတွေ လှည့်နေတာပဲ၊ ဟိုဟာ ငါ့သမီး၊ ဟိုဥစ္စာ ငါ့သား၊ ဟိုဟာ ငါ့ရွှေ၊ ဟိုဟာ ငါ့ငွေ၊ ငါချည်းပဲ၊ ရှုပ်နေတာပဲ (မှန်ပါ့) ဦးခင်မောင် ငါစွဲ ဒိဋ္ဌိချည်း လှည့်နေတာပဲ (မှန်ပါ့) ငါချည်းလှည့်နေတော့ ဒီဥစ္စာ ဟိုအိမ်လဲ ငါသွားမှ၊ ဒီအိမ်လဲ ငါသွားမှ၊ ငါ့အိမ် ငါသိမ်းမှ ငါဆည်းမှ၊ တစ်ခါတည်း ငါတွေ လှည့်နေလိုက်တာ အိမ်ပေါ်မှာတင် ရှုပ်နေတယ် (မှန်ပါ့ ဘုရား)။
အိမ်ပေါ်တင် ရှုပ်နေတာကော တွေ့ဖူးကြရဲ့လား (တွေ့ဖူးပါတယ် ဘုရား) ဒီကိစ္စအရင် လုပ်ရမလား၊ ဟိုဟာကလေး ပြတ်အောင် အရင်လုပ်ရမလား၊ ဟိုအိမ်ကဟာတွေ အရင်သိမ်းရမလား ဦးခင်မောင် ရှုပ်ပွေလို့ (မှန်ပါ့) ဒါဟာ ဘာလှည့်တာပါလိမ့် (ဩဃလှည့်တာပါ) လှည့်ပါများတော့ ဘာဖြစ်မယ် ထင်ကြသတုံး (မြုပ်မှာပါ ဘုရား)။
အဝိဇ္ဇောဃဆိုတာလဲ ဒကာ ဒကာမတွေ ခန္ဓာကြီးက ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲပျက်ပျက် သိသေးရဲ့လား (မသိပါ ဘုရား) မသိတော့ မသိတာတွေချည်း လှည့်မနေဘူးလား (လှည့်နေပါတယ် ဘုရား) အသံထွက် လာတာကိုလဲ ဖြစ်ပျက်လို့ ပေါ်လာတာကော (ဖြစ်ပျက်မသိလို့ပါ) ဝေဒနာ ပေါ်လာတာကော (ဖြစ်ပျက်မသိလို့ပါ) မသိတာဟာ အဝိဇ္ဇာ၊ အဲ မသိတာတွေချည်း လှည့်နေတာပဲ (မှန်ပါ့) ပထမပေါ်လာတာလဲ မသိ၊ ဒုတိယပေါ်လာတာလဲ မသိ၊ တတိယပေါ်လာတာကော (မသိပါ ဘုရား) မသိတာချည်းလှည့်နေတာ ဘာခေါ်ကြမလဲ (အဝိဇ္ဇောဃပါ ဘုရား)။
ဒါဖြင့် မသိတာလှည့်နေတော့ သစ်တုံးကလေးဟာ ဝဲထဲလှည့်နေတယ်လို့ သိရဲ့လား (မသိပါ ဘုရား) ဝဲထဲ လှည့်တာပဲ မသွားရဘူးလား (သွားရပါတယ် ဘုရား) အဲဒီတော့ လူ့သစ်တုံးဖြစ်နေတဲ့ ခင်ဗျားတို့၊ ခင်ဗျားတို့ခန္ဓာထဲမှာ သစ္စာတွေ ပေါ်လာတာကို မသိဘဲနဲ့ ဟိုရောက် ဒီရောက် ရောက်နေကြတယ်၊ လူလား သစ်တုံးလားဆိုတာ စဉ်းစားကြစမ်းပါ (လူသစ်တုံးပါ ဘုရား) သစ်တုံးသည် ဒကာ ဒကာမတို့ ဝဲချယ်လှယ်ရာ သွားသလို၊ ဒကာ ဒကာမတွေလဲ အဝိဇ္ဇောဃ ချယ်လှယ်သလို အောက်မြုပ်ကြရလိမ့်မယ် (မှန်ပါ့) မမြုပ်ပေဘူးလား (မြုပ်ပါတယ် ဘုရား)။
မသေသေးလို့ မမြုပ်သေးတာပဲ
အဲဒီဩဃ အင်မတန် စိုးရိမ်စရာ ကောင်းလွန်းလို့ ဒီတရားကို ဆရာဘုန်းကြီးကလဲ ကရုဏာရှေ့ထားပြီး ပြောနေတယ်၊ ဒကာ ဒကာမတွေကလဲ အင်း တယ်ဆိုးပါလားဟေ့ မနက်မိုးလင်းလာလျှင် ဝဲဩဃလေးမျိုးထဲမှာ လှည့်နေရတာပဲ၊ တစ်ဝဲပြီး တစ်ဝဲ လှည့်၊ တစ်ဝဲပြီး တစ်ဝဲလှည့်နဲ့ တစ်နေ့လုံးဟာ ဒီဝဲလေးမျိုးတွေသာ လှည့်ပြီး သွားနေတော့တာပဲ (မှန်ပါ့) မသေသေးလို့ မမြုပ်သေးတာပဲ၊ အခု လှည့်တုန်းပဲလို့ မှတ်ကြ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (မသေသေးလို့ မမြုပ်သေးတာပါ) အခု လှည့်နေတုန်းပါဘုရား။
ဒါဖြင့် ဒီဩဃလေးပါးက မနက်မိုးလင်းရင်ပဲ စဉ်းစားပါ ကိုသစ်တို့ ကိုမြရွှေတို့ ငါ ဘယ်သွားမလို့တုံးတဲ့ (မှန်ပါ့) ဘယ်သွားမလို့တုံး ဆိုတော့ ဒိဋ္ဌောဃက စတယ် (မှန်ပါ့ ဘုရား)။
ငါ ဒီနေ့ အရင်ဆုံး ဘယ်သွားမလို့တုံးဆိုတော့ ဘာတုံး (ဒိဋ္ဌောဃကစပါတယ်) ဒိဋ္ဌောဃက စလိုက်တာ တဏှာက ဆောင်ရာ လှည့်သွားတယ်ကွ၊ အဲဒီကျတော့ တဏှာခိုင်း မသွားဘူးလား (သွားပါတယ် ဘုရား) သွားတော့ ကာမောဃက လှည့်ပြန်တယ်၊ ပထမတော့ ဒိဋ္ဌောဃက အရင် လှည့်လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ပြီးတော့ အဝိဇ္ဇာက ခန္ဓာကိုယ်ကြီးက လှုပ်လိုက် ငြိမ်လိုက်၊ ယားလိုက် ကောင်းလာလိုက်၊ ဟိုစိတ် ဒီစိတ်တွေ ပေါ်လာတာ မသိဘူး၊ လမ်းသွားတာလဲ အဝိဇ္ဇောဃက လှည့်ပြီးသွားတာပဲ (မှန်ပါ့)၊ လမ်းသွားတော့ သိရသေးရဲ့လား ဖြစ်ပျက်ကို (မသိပါ ဘုရား)။
မသိတော့ ပထမ ဒိဋ္ဌောဃ အလှည့်ခံရတယ်၊ နောက်ကျတော့ ကာမောဃ အလှည့်ခံရတယ်၊ နောက်ကျတော့ ဘာမှ မသိဘူး၊ အဝိဇ္ဇောဃ သွားမြဲတိုင်း သွားတော့ အဝိဇ္ဇောဃနဲ့ အလှည့်ခံရတယ် (မှန်ပါ့) ဪ ဒီ ဒကာ ဒကာမတွေမှာ ပေါ်လမ်းများ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် အများအားဖြင့် ဩဃသုံးပါးတည်း လှည့်နေတာပဲ (မှန်ပါ့) ဘဝေါဃဆိုတာကတော့ ရူပ အရူပ ရောက်လိုတဲ့ပုဂ္ဂိုလ်များ ဟောတာ ထားပါတော့၊ ဒါကတော့ ခင်ဗျားတို့ တောင့်တခဲပါတယ် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌောဃကတော့ မနက်ကျလာလို့ရှိရင်ပဲ ဟို ငါ့သားသမီးက နေကောင်းရဲ့လား၊ ဟို ငါ့ပစ္စည်းက စီစဉ်ပြီးပလား၊ ငါ့ဟာ ကလေးတွေ လုံခြုံအောင်မှ ထည့်ထားရဲ့လား၊ ငါပဲ လုံခြုံအောင် ထိန်းသိမ်းရမှာပဲ ဆိုပြီး ငါ့ဟာကလေး မပျောက်အောင် ငါသိမ်းဆည်းပြီး သွားရတယ်ဆိုတာက ဒိဋ္ဌောဃကလဲ တန်းလန်းကြီးဗျ (မှန်ပါ့ ဘုရား)။
ကာမောဃကလဲ
ကာမောဃကလဲ ရထားတဲ့ပစ္စည်းကို ရောင်းချင်တဲ့တဏှာက ဟိုလိုက်ပြီးပြောရ၊ ဒီလိုက်ပြီးပြောရ၊ ဟိုလိုက်ပြီး အကြောင်းကြားရ ဒီလိုက်ပြီး သတိပေးရနဲ့လဲ ရှိတာပဲ (မှန်ပါ့) ဒိဋ္ဌောဃကလဲ လက်ကမလွှတ်ဘူး၊ ငါ့ဟာကလေး မပျောက်စေနဲ့၊ သူများဆီမှာ ရှိတာကလေးလဲ ရအောင် လိုက်လိုက်ဆိုတော့ ကာမောဃကလဲ အလှည့်သမား (မှန်ပါ့) ဒိဋ္ဌောဃက လှည့်လျက်ပဲ (မှန်ပါ့ ဘုရား)။
ဒိဋ္ဌောဃဆိုတဲ့ ကိုယ်သွားတဲ့ အလုပ်ကလေးကလဲ လက်ထဲကလဲ လွှတ်ကဲ့လား (မလွှတ်ပါ ဘုရား) မလွှတ်တော့ အဲဒါ ငါ့ဟာ ပျောက်မှာစိုးလို့ ဒိဋ္ဌောက လှည့်ထားတာ (မှန်ပါ့) ဒီအတိုင်း လမ်းသွားတော့ကလဲ ခပ်မြန်မြန် ရောက်ချင်တဲ့ သဘောမရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါက ကာမောဃ လှည့်ထားတာ (မှန်ပါ့) ဒိဋ္ဌောဃလဲ မလွှတ် ကာမောဃလဲလှည့် (မှန်ပါ့) ဒီကြားထဲမှာ ခန္ဓာတွေကဖြင့် အသေတွေ စပ်ပြီးဖြစ်ကာ ပျက်ကာ၊ ဖြစ်တာ ပျက်တာ ရှုမိကြသေးရဲ့လား (မရှုမိပါ ဘုရား) မရှုမိတော့ အဝိဇ္ဇောဃက လှည့်လျက်ပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အိမ်မှာ အလုပ်ပြင်စဉ်အခါတုန်းက ဒိဋ္ဌောဃ သွားတော့ ကာမောဃ ဘာမှ နှလုံးမသွင်းနိုင်တဲ့အတွက် သစ္စာမသိတော့ အဝိဇ္ဇောဃ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ဘာများလုပ်နေကြတုံးလို့ မေးရင် ဘယ့်နှယ် ပြောမလဲ (ဩဃလှည့်နေပါတယ်) ဘာကြောင့် လှည့်ကြပါလိမ့်၊ နစ်ချင် မြုပ်ချင်လို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာကြောင့် လှည့်ကြပါလိမ့် (နစ်ချင်လို့ပါ ဘုရား) ဒကာ ဒကာမတွေ ဘုရားရှေ့သွားတဲ့အခါကျတော့ အပါယ်ငရဲလွတ်ရပါလို၏တဲ့၊ လုပ်တာကတော့ မြုပ်အောင်ချည်း လုပ်နေတယ် (မှန်ပါ့) ပါးစပ်က တောင်းရုံ တောင်းနေတာနဲ့ တကယ်သွားဖို့ လုပ်နေတာနဲ့ ဘယ်သူက ဆုတောင်ပြည့်မယ် ထင်သတုံး (သွားဖို့ လုပ်နေတာက ပြည့်မှာပါ ဘုရား)။
ဒါဖြင့် တကယ့်တကယ်သွားချင်တာက ဒိဋ္ဌောဃကိုယ်တိုင် လှည့်နေတာ (မှန်ပါ့) ကာမောဃကကော (ကိုယ်တိုင်လှည့်နေတာပါ) အဝိဇ္ဇောဃ ကကော (ကိုယ်တိုင် လှည့်နေတာပါ ဘုရား)။
တောင်းတာက ရမှာလား၊ ကိုယ်တိုင်လှည့်တာက ရမှာကများသလား (ကိုယ်တိုင်လှည့်နေတာက ရမှာက များနေပါတယ် ဘုရား) ဒီလိုဆိုရင် ခင်ဗျားတို့ တောင်ရုံတောင်းတာက ကိုယ်တိုင်လှည့်နေတာကို ကျော်နိုင်ပါမလား (မကျော်နိုင်ပါ ဘုရား) ကိုယ်တိုင်လှည့်နေတာ ရောက်ဖို့များတယ်လို့ ဦးခင်မောင် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒီဝဲပြီး ဟိုဝဲသွားတွေ့တာပဲ
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကယ်မည့်ယူမည့် ဆရာသမားများ မတွေ့တော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ဒီလည်လိုက် မြုပ်လိုက် ဒီဝဲပြီး ဟိုဝဲသွားတွေ့တာပဲ (မှန်ပါ့) အဲဒီတော့ စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့၊ သစ်ရွက်ကလေးတစ်ခု ဒီဝဲထဲကနေ လှည့်ပြီး မြုပ်သွားပြီ ဦးဘတင် (မှန်ပါ့ ဘုရား)။
သူဟာ မြုပ်ပြီးပေါ်လာတဲ့အခါ နောက်ဝဲနဲ့ သွားမတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား) တွေ့ရင် ဒီလိုလည်ပြီး ဒီလိုမြုပ်သွားဦးမှာ (မှန်ပါ့) ရှင်းပလား။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဩဃလေးပါးမှ မလွတ်လို့ရှိရင် လည်လမ်းနဲ့ မြုပ်လမ်းသာ တို့လမ်းလို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ ဘုရား) ဘယ်လို မှတ်ကြမယ် (လည်လမ်းနဲ့ မြုပ်လမ်းသာ တို့လမ်းပါ ဘုရား)။
ဦးခင်မောင် ဒီဟာ လောကွတ်ပြောနေတာလဲ မဟုတ်ဘူးနော် (မှန်ပါ့) ခင်ဗျားတို့ ဖြစ်စဉ်လဲ ဦးဘတင် သေသေချာချာ ကိုက်တယ် (မှန်ပါ့) ကိုမြရွှေ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။
စဉ်းစားပါ၊ စဉ်းစားပါ ဆရာဘုန်းကြီး ဟောတာ ကြပ်ကြပ် စဉ်းစားပါ၊ ငါသည် သွားလို့ ယူငင်စရာပစ္စည်းပြင်ကတည်းက ဘယ်ဩဃထဲ ငါလှည့်ပြီဆိုတာ စဉ်းစားပါ (ဒိဋ္ဌောဃထဲ လှည့်ပါတယ် ဘုရား)။
ကဲ သွားပြီ၊ သွားတဲ့အခါ ကိုယ့်နေရာ ကိုယ့်ဌာန ရောက်ချင်တဲ့ လောဘ မပြင်းထန်ဘူးလား (ပြင်းထန်ပါတယ် ဘုရား) အဲဒီကျတော့ ဘာဆိုကြမယ် (ကာမောဃပါ) ဟိုကျတော့ ရောင်းဖို့ ဝယ်ဖို့လောက်သာ စိတ်ကူးတော့တယ်၊ ခန္ဓာကြီးဖြစ်နေတာ စိတ်မကူးတော့ကို ဘာမှ မသိတော့ ဘယ့်နှယ်ဆိုကြမလဲ (အဝိဇ္ဇောဃ လှည့်တာပါ ဘုရား)။
ဪ ဒါဖြင့် အိမ်မှာတော့ ဒိဋ္ဌောဃက၊ လမ်းမှာတော့ ကာမောဃ ဆိုတော့ ဆိုင်ကျတော့ကော အဝိဇ္ဇောဃတွေ များနေပါကလား (မှန်ပါ့)
ခန္ဓာထဲမှာ အဘိဓမ္မာဖြစ်စဉ်ကို ဟောနေတာ
သံဝေဂရအောင် ပြောနေတယ်လို့ ဒကာ ဒကာမတွေနည်းနည်းမှ မယူဆကြပါနဲ့၊ ငါတို့ဖြစ်စဉ်နဲ့ မလွဲအောင် ပြောနေတယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ့) မှန်ကော မှန်ကြရဲ့လား (မှန်ပါတယ် ဘုရား) မှန်လဲ မှန်ပါတယ်၊ ဒီဥစ္စာ ကတော့ဖြင့် ဒကာ ဒကာမတွေ ခန္ဓာထဲမှာ အဘိဓမ္မာဖြစ်စဉ်ကို ဟောနေတာပါ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ခန္ဓာထဲမှာ သွားဖို့ လာဖို့ စီစဉ်ရင်ဖြင့် ငါဟာရှိတာပဲ၊ ဒိဋ္ဌောဃမဟုတ်ဘူးလား (မှန်ပါ့ ဘုရား) သွားတဲ့အခါကျတော့ သွားချင်တဲ့ နေရာကို ဘယ်သူဖြစ်ဖြစ် မြန်မြန်ရောက်ချင်တာပဲ၊ မြန်မြန်ရောက်ချင် ပြီးချင်တော့ ဘာပါလိမ့် (ကာမေဃပါ) ဟိုကျတော့ အချိန်ကျလို့ရှိရင် ရောင်းဖို့ ဝယ်ဖို့စိတ်ကူးတော့တယ်၊ ခန္ဓာအကြောင်းကို စိတ်ကူးသေးရဲ့လား (မကူးပါ ဘုရား) မကူးတော့ ဘယ့်နှယ်ဆိုကြမလဲ (အဝိဇ္ဇောဃပါ ဘုရား)။
ဪ ဒါဖြင့် ညနေကျပြန်တော့ ဒကာ ဒကာမတွေ ဒီသေတ္တာ ကလေးတွေ ဒီအထုပ်ကလေးတွေ သိမ်းကြပြန်တော့ ဘာလုပ်ပြန်သတုံး (ဒိဋ္ဌောဃ ပြန်ပြန်လာပါတယ်) ဒိဋ္ဌောဃ ပြန်လာပြန်တယ်၊ အိမ်မှာ သားတွေ သမီးတွေ နေမှကောင်းပါ့မလား၊ မြန်မြန်ရောက်တာ အေးပါတယ်ဆိုတော့ (ကာမောဃပါ ဘုရား)။
အိမ်ကျတော့ သားတွေ သမီးတွေနဲ့ စားလိုက်သောက်လိုက် နေလိုက် ထိုင်လိုက် လေညှင်းကလေး ဘာလေးခံလိုက်၊ တောင်တောင် ဤဤ ရယ်စရာမောစရာ ပြောလိုက်ဆိုတော့ ဘာဖြစ်နေပြန်သတုံး (အဝိဇ္ဇောဃပါ ဘုရား)။
ဪ သွားပြီ ဒကာ ဒကာမတို့၊ အသွားတုန်းကလဲ ဩဃသုံးပါးနဲ့ အပြန်ကျတော့ကော (ဩဃသုံးပါးနဲ့ပါ ဘုရား) ဒါဖြင့် သေတော့ ဒီဝဲ ခြောက်ဝဲထဲမှာဖြင့် မြုပ်ရတော့မှာပဲဆိုတာ သေသေချာချာ မှတ်ထားပေတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဇစ်ဇစ်မြစ်မြစ်ကျအောင် ဟောပြောတာ
ကြောက်စရာ ကောင်းလွန်းလို့ ဟောနေပါတယ် (မှန်ပါ့) ဒါက ဒကာ ဒကာမတွေ ဒါလောက်ခန္ဓာကိုယ်ထဲမှာ ဇစ်ဇစ်မြစ်မြစ်ကျအောင် ဟောပြောတာကြားရဖို့ မလွယ်လှပါဘူး ဦးခင်မောင် (မှန်ပါ့) စာပေ ကျမ်းဂန်တွေ ကြည့်ရင် အကျဉ်းချုပ် ဖော်ပြထားတာတွေကျတော့ ခင်ဗျားတို့ သဘောကျအောင် ယူတတ်ဖို့ မလွယ်လှပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုန်းကြီးဟောနေတာက ခင်ဗျားတို့ နားလည်အောင် ခင်ဗျားတို့ နေ့စဉ် ဖြစ်နေတာနဲ့ ကိုက်အောင် ပြောနေတာ (မှန်ပါ့) ခင်ဗျားတို့ အိမ်က ထွက်တော့မလို့ ပြင်ဆင်ရင်ပဲ လာပြီ၊ ဒိဋ္ဌောဃ လာပြီ (မှန်ပါ့ ဘုရား)။
အိမ်က ထွက်တော့မယ်ဆိုရင်ဖြင့် (ကောမောဃလာပါပြီ) ဆိုင်ရောက်သွားလို့ ရောင်းဝယ်ကြရင် (အဝိဇ္ဇောဃလာပါပြီ) ညနေ ပြန်ဦးမယ် ဆိုရင် (ဒိဋ္ဌောဃလာပါပြီ) လမ်းကျတော့ (ကာမောဃ လာပါပြီ)၊ အိမ်ကျတော့ သားနဲ့ သမီးစားကာ သောက်ကာ နေကြတာ (အဝိဇ္ဇောဃလာပါပြီ ဘုရား) ကိုင်း ဒကာ ဒကာမတို့ ဘယ့်နှယ် လုပ်ကြမတုံး၊ ဒီဩဃလက်ချက်ကို လွတ်စရာအကြောင်း မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ကျုပ်ရေတွင်းလဲ တူးပြီးပြီ၊ ရေကန်လည်း တူးပြီးပြီ။ သားလဲရှင်ပြုပြီးပြီ၊ ကိုယ့်မှာလဲ ပိုတာကလေးတွေလဲ လှူခဲ့ တန်းခဲ့ပါပြီ၊ ကျုပ်တို့ဖြင့် သေပျော်ပြီတဲ့၊ ဟိုဟာက နည်းသေးတယ်၊ ဦးခင်မောင်တို့ဟာ အကြိမ်ပေါင်း ဘယ်လောက်တုံး (မရေတွက်နိုင်ပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ကိုယ်ဟာကိုယ် ချိန်မိကြရဲ့လား (ချိန်မိပါတယ် ဘုရား) ဘာတွေက များနေသတုံး (ဝဲလှည့်နေတာက များပါတယ်) ဩဃက များနေတော့ ဒကာ ဒကာမတို့ သိပ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ကဲ ယနေ့ တရားဖြင့် ဒကာ ဒကာမတို့ ပေါ်ပါပြီ၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဘယ့်နှယ်လုပ်ကြမတုံး၊ ဒီဘဝ အနာခံပြီး မြုပ်တော့မလားလို့ မေးလိုက်တော့တယ် (မှန်ပါ့) ဦးဘတင် မေးစရာ အကြောင်းပေါ်ပါပြီ (ပေါ်လာပါပြီ ဘုရား)။
ခင်ဗျားတို့ လျှောက်စရာက ဟာ တပည့်တော်တို့ ဩဃကို လွန်မြောက်အောင် လုပ်ပါတော့မယ်ဘုရား၊ သူ့အကြောင်း ကောင်းကောင်း သိပါပြီဆိုပြီး ခင်ဗျားတို့ လျှောက်စရာ ဒါပဲ ရှိတော့တယ် (မှန်ပါ့ ဘုရား)။
အပတ်ပေါင်း ဘယ်လောက် ရှိခဲ့ပလဲ
ဦးခင်မောင် ဘယ်လို လျှောက်ချင်သတုံး (ဩဃကိုလွန်မြောက်အောင် လုပ်ပါတော့မယ် ဘုရား) လွန်မြောက်ဖို့ပဲ လိုတော့တယ်၊ ဩဃအကြောင်းတော့ဖြင့် ကိုယ်ကိုယ်တိုင်လဲကြုံ၊ ကိုယ်ကိုယ်တိုင်လဲတွေ့၊ ကိုယ်ကိုယ်လဲ အပတ်ပေါင်း ဘယ်လောက် ရှိခဲ့ပလဲ၊ လည်ပတ်ခဲ့ပြီးခဲ့တာ (မရေတွက်နိုင်တော့ပါ ဘုရား)။
မရေတွက်နိုင်ဘူး၊ အိမ်တစ်အိမ်များ လှည့်ပတ်ပြီး ကြည့်နေလိုက်တဲ့အခါကျတော့ ဟိုဟာကလေးကလဲ ပျက်လို့ ပြင်ဆင်မယ်ဆိုတော့ ဒိဋ္ဌောဃ ပေါ့ဗျာ (မှန်ပါ့) ဒီဟာကလေး ပြင်ဆင်လို့ ဒီလိုနေရ ထိုင်ရ တော်သေးရဲ့ဆိုတော့ ကာမောဃ (မှန်ပါ့) ဒီဟာတွေ ကြည့်ရင်းနဲ့ ခန္ဓာက ဘာဖြစ်နေမှန်း မသိတော့ အဝိဇ္ဇောဃ၊ ဒီလိုပဲ မလာဘူးလား (လာနေပါတယ် ဘုရား)။
လွန်လှချည်လား ဒကာ ဒကာမတို့၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ကဲ ဒါဖြင့် ဒီဩဃကိုမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသတ်နိုင်ဘူးဆိုရင် လည်လမ်း မြုပ်လမ်းသာ တို့မှာ ရှိနေပါကလား (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါကြောင့် ဒီတရားကို ဟောတော့မယ် ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးထံ နတ်သားတစ်ဦး လာတယ်၊ ထိုနတ်သားက ကဿပဘုရား လက်ထက်မှာ ဘုရားနဲ့ တွေ့ဖူးပါတယ်၊ ဩဃအကြောင်းလဲ နာကြားဖူးတယ်၊ ဩဃရဲ့မြုပ်ကြောင်း မျောကြောင်းကိုတော့ နာဖူးတယ်၊ ကူးမြောက်ကြောင်း ကိုတော့ သူ နားမလည်ဘူး (မှန်ပါ့ ဘုရား)။
အလုပ်ခွင်ကိုတော့ သူမသိဘဲ ဖြစ်နေတယ်
အဲဒီနတ်မှာလဲ ခက်လိုက်တာ (မှန်ပါ့) ကဿပဘုရား လက်ထက်မှာ တရားနာဖူးလို့ ဩဃလေးပါးကို သူသိတယ်၊ ဒီဩဃ လေးပါးမှ လွတ်မြောက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အလုပ်ခွင်ကိုတော့ သူမသိဘဲ ဖြစ်နေတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဘာတော့သိသလဲ (ဩဃတော့ သိပါတယ်) ဩဃမှ ကူးမြောက်ကြောင်းတော့ (မသိပါ ဘုရား) ဒကာ ဒကာမတို့ သူဟာ ကဿပဘုရား လက်ထက်က နာခဲ့ရတာနော် (မှန်ပါ) ဂေါတမ မြတ်စွာဘုရားပွင့်လာတော့ သူလာပြီး မေးလာတယ်။
”ကထံ နု တွံ မာရိသ ဩဃံ မတရိ”
(သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ နှာ-၁)
မာရိသာ ဘုန်းကြီးတော်မူသော မြတ်စွာဘုရား၊ တွံ- အရှင်ဘုရားသည်၊ ကထံ ကေနကာရဏေန- အဘယ်အကြောင်းဖြင့် (ဝါ) ဘယ် အကြောင်းကြောင့်၊ ဩဃံ-ဩဃ လေးပါးကို၊ အတရိနု-ကူးမြောက်ပါသနည်း (မှန်ပါ့) အရှင်ဘုရားဩဃ လေးပါးကို ဘယ်လိုကူးမြောက်ပြီး ဘုရားအဖြစ်သို့ ရောက်လာပါသလဲ ဘုရားတဲ့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) နတ်သားက မေးတာနော်၊ အရှင်ဘုရားတဲ့ ဩဃလေးပါးမှ ကူးမြောက်ပြီး သကာလ နိဗ္ဗာန် အရှင်ဘုရား ရောက်လာတဲ့ဥစ္စာ ဘယ်လိုလုပ်လို့ ကူးမြောက်လာခဲ့တယ်ဆိုတာ တပည့်တော်ကို ဟောတော်မူပါတဲ့ (မှန်ပါ့ ဘုရား)။
ဩဃ လေးပါကို သူသိတယ်
ဒီနတ်က ညံ့တာမဟုတ်ဘူးနော် ကိုမြရွှေ (မှန်ပါ့) ဩဃ လေးပါကို သူသိတယ်၊ ကူးမြောက်ကြောင်းတော့ (မသိပါ ဘုရား) ဒကာ ဒကာမတွေ ဒါဖြင့် ဘုန်ကြီးတို့ ဒကာ ဒကာမတွေထက် အများကြီးသာပါတယ်၊ ဒီကဩဃလေးပါးကို နားလည်ဖို့ အတော်ရှင်းပြနေရတယ်၊ ကူးမြောက်ဖို့ မေးဖို့ရာ အသာထားစမ်းပါဦး (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒီနတ်သားသည် ဘယ်ဘုရားကို မီလို့ ဩဃလေးပါး နားလည်ရသလဲဆိုတော့ ကဿပဘုရားလက်ထက် သူဘုရားနဲ့ တွေ့ခဲ့ရတယ်၊ ဘုရားကို မီလိုက်တယ်ဆိုပါတော့ (မှန်ပါ့) ကဿပမြတ်စွာဘုရားရှင်ကို မီလိုက်တဲ့အတွက် ဩဃလေးပါးအကြောင်းကို လည်တယ်၊ မြုပ်တယ်ဆိုတာ သူကောင်းကောင်းသိတယ် (မှန်ပါ့) လွတ်အောင် လုပ်နည်းကို သူမသိဘူး (မှန်ပါ့) ဒါ့ကြောင့် သူက မေးတယ်၊ အရှင်ဘုရား ဩဃလေးပါးမှ လွန်မြောက်ပြီး အရှင်ဘုရားလာခဲ့တာ ဘယ်လိုကူးမြောက်ခဲ့သတုံးတဲ့ (မှန်ပါ့ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြေကြားတော်မူတယ်၊ ငါ သည် ရပ်လဲမနေဘူး၊ အားလဲ အလွန်မထုတ်ဘူးတဲ့ (မှန်ပါ့) အလုပ်တစ်ခုကို ရပ်လဲမနေဘူးကွတဲ့၊ အလွန်လဲ အားမထုတ်ဘဲနဲ့ ဩဃ လေးပါးမှ ကူးမြောက်လာခဲ့တယ်။
ရပ်လဲ မနေဘူးတဲ့နော် (မှန်ပါ့) အလွန်လဲ (အားမထုတ်ပါ ဘုရား) ဒါဖြင့် ရပ်လဲ မနေဘဲနဲ့၊ အလွန်လဲ အားမထုတ်ဘဲ ငါသည် ဩဃလေးပါးမှ မြောက်လာခဲ့တယ် (မှန်ပါ့) ဒါကလေးမှတ်ထား၊ ဒီနှစ်လုံးပဲ မှတ်ကြစမ်းပါ (မှန်ပါ့) ဒီနေ့ည ဒီနှစ်လုံးကိုပဲ ရှင်းလင်းပြီး ဒကာ ဒကာမတွေ မဂ်ဖိုလ်ဆိုက်နိုင်တဲ့နည်းကို ဟောလိမ့်မယ် (မှန်ပါ့ ဘုရား) ဘုရားက ဖြေပြီး ငါသည်ရပ်လဲ မနေဘူးကွ၊ အလွန်လဲ အားမထုတ်ဘဲနဲ့ ဩဃလေးပါးမှ လွန်မြောက်ပြီး ကူးမြောက်ခဲ့တယ်တဲ့ (မှန်ပါ့) ဦးဘတင် သဘောပေါ်လိမ့်နော် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဒီနှစ်လုံးတည်း ဟောတာကို ဒကာ ဒကာမတွေ အိမ်ပြန်ရင်လဲ ပါရလိမ့်မယ်၊ မပါရင် မဖြစ်ဘူး၊ ဘုန်းကြီးကလဲ ကရုဏာရှိသလောက် ဒကာ ဒကာမတွေအပေါ်ပေးငြားသော်လဲ လက်ခံတာက နည်းနေလို့ရှိရင်လဲ ကရုဏာ မမြောက်ဘူး (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့ကလဲ ရအောင်သိမ်းပိုက်ပါ၊ ဒီကလဲ မရရအောင် ပေးတယ် (မှန်ပါ့) မရ- ရအောင်ပေးတော့ ပေးတဲ့အတိုင်း သိမ်းပိုက်မှလဲ ဦးခင်မောင် အဖိုးတန်တယ် (မှန်ပါ့) ဒီက မွန်မွန်မြတ်မြတ် သန့်သန့်ရှင်းရှင်း ချက်ပြီးပေးလိုက်တယ်၊ ဟိုက စားတော့ ပေးလိုက်တဲ့ပုဂ္ဂိုလ်က အလွန်ကျေနပ်တယ် (မှန်ပါ့) ဟိုက မစားဘူး။ သွန်ပစ်တယ် ဆိုရင် (မကျေနပ်ပါ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတို့ အင်မတန်ကောင်းတဲ့ ဟင်းတွေ မရ- ရအောင် ခင်ဗျားတို့ဆီပို့ပါတယ်၊ ခင်ဗျားတို့က ဖျောက်ဖျက်ပစ်ရင်တော့ သွန်ပစ်တာနဲ့ အတူတူပဲ (မှန်ပါ့) အဲဒီတော့ အကောင်းကို အကောင်းမှန်း မသိရင်လဲ ကလေးလို ဖြစ်နေလိမ့်မယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
လည်ခြင်း မြုပ်ခြင်း လွတ်တဲ့တရား
အဲဒါကြောင့် ဒကာ ဒကာမတွေ ဘုန်းကြီးကလဲ သေသေချာချာပဲ ခင်ဗျားတို့ကို ဘုရားဟောတဲ့နည်းကို ဩဃမှ ကူးမြောက်ဖို့၊ လည်ခြင်း မြုပ်ခြင်း လွတ်တဲ့တရားကို ငါတို့အရယူပြီး ငါတို့ လုပ်ပါတော့မယ် ဆိုရင် ခင်ဗျားတို့လည်ခြင်း မြုပ်ခြင်းမှ လွတ်သွားမှာပဲ (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် အရေးကြီးလို့ တရားကို ဘယ်တော့မှ များများ မပြောဘူး၊ ဒီစကားတစ်နာရီ ပြောငြားသော်လဲ တရားဟာ နှစ်လုံး သုံးလုံးထက် ပိုပြီး မပါဘူး၊ တစ်ခါတလေ တစ်လုံးတည်းများပါတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နတ်က မေးလိုက်တယ်၊ အရှင်ဘုရား ဩဃလေးပါးမှ ဘယ်လိုကူးမြောက်လာပါသလဲလို့ (၁)နံပါတ် မေးလိုက်တယ် (မှန်ပါ့) အဲဒီတော့ ဘုရားက ငါသည် ရပ်လဲမနေဘူး၊ အလွန်လဲ အားမထုတ်ဘူး၊ ဒီလိုနဲ့ ကူးမြောက်တယ်လို့ ဖြေလိုက်တယ် (မှန်ပါ့) မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။
ဘယ်လိုပါလိမ့်ဗျာ (ရပ်လဲမနေဘူး၊ အလွန်လဲ အားမထုတ်ပါ ဘုရား) ရှင်းပြပါမယ် ဒကာ ဒကာမတို့၊ ရပ်နေတယ်ဆိုတာက မိဘရိုးရာအတိုင်း ရောင်းလိုက်၊ ဝယ်လိုက်၊ စားလိုက်၊ သောက်လိုက်၊ နေလိုက် ဆိုတော့ ရိုးရာအတိုင်း သွားလိုက်၊ လာလိုက်၊ ရောင်းလိုက်၊ ဝယ်လိုက်၊ ပြောလိုက်၊ ဆိုလိုက်ဆိုတာတွေက ဘာအလုပ်မှ မဟုတ်ဘူး၊ ရိုးရာအလုပ်ပဲ (မှန်ပါ့ ဘုရား)။
ရိုးရာ သဘောမကျဘူးလား (ကျပါတယ် ဘုရား) ရိုးရာသဘော ကျနေတော့ ဒါတွေဟာ သူ့အလုပ် အထူးလုပ်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) အဲဒီတော့ မိဘရိုးရာအတိုင်း လုပ်နေတာက ရပ်တာနဲ့ တူတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဲ ရပ်နေလို့ရှိရင်လဲ နေရာ မကျဘူးတဲ့၊ အားထုတ်လွန်းပြန်ရင်လဲ နေရာမကျဘူးတဲ့၊ ခုနင်က ပြောခဲ့တယ် မဟုတ်လား (ပြောခဲ့ပါတယ် ဘုရား) ရပ်နေတာက မြုပ်နေတယ်၊ သဘောကျပလား (ကျပါပြီ) အားထုတ်လွန်းပြန်တော့လဲ မျောတယ် (မှန်ပါ့ ဘုရား)။
ရပ်နေတော့ (မြုပ်တယ်) အားထုတ်လွန်းပြန်တော့ (မျောပါတယ်) ဒါကို သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့၊ ဒီတရားကြားရခဲတယ် (မှန်ပါ့ ဘုရား)။
ရပ်နေတာနဲ့တူတယ်တဲ့
အားလုံးနဲ့ ဆွေမျိုးဉာတကာတွေနဲ့ မိဘရိုးရာအတိုင်း နေပြန်တော့လဲ ဘာမှ ထူးချွန်တဲ့အလုပ်ကို မလုပ်သောကြောင့် ရပ်နေတာနဲ့တူတယ်တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ရပ်နေတော့လဲ ဦးခင်မောင် မြုပ်သတဲ့ (မှန်ပါ့) ကယ်မယ့်တရား ပါသေးရဲ့လား (မပါပါ ဘုရား) ဝိပဿနာတရားတွေ လာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ ဘယ့်နှယ်ဆိုကြမလဲ (ရပ်နေပါတယ် ဘုရား)။
အဲ တို့မိဘရိုးရာအတိုင်း အိမ်ရာတည်ထောင်၊ တည်ထောင်ရာက နေပြီး အရောင်းအဝယ်လုပ်၊ လုပ်ရာကနေပြီး သကာလ ဒီအတိုင်းပဲ မြေး မြစ်ကျအောင် စောင့်ရှောက်ပြီး သကာလ နေကြလို့ရှိရင် ဒါဟာ ရပ်နေတဲ့ ပုဂ္ဂိုလ်ပဲ၊ ဒကာ ဒကာမတို့ သဘောကျပလား (မှန်ပါ့) ရပ်နေရင်လဲ မြုပ်တယ်ကွတဲ့ (မှန်ပါ့ ဘုရား)။
ရပ်နေရင် (မြုပ်ပါတယ်) တစ်ခါ ဆရာမှားတွေနဲ့များ တွေ့ပြန်တော့လဲ မဟုတ်တဲ့တရားတွေ အားထုတ်မိပြန်တော့လဲ ဒကာ ဒကာမတို့ ပဉ္စာတပ အကျင့်၊ အတ္တကိလမထ အကျင့်တွေပေါ့ဗျာ (မှန်ပါ့) အဲဒီလို အကျင့်တွေ ကျင့်မိပြန်တော့လဲ ကိုယ့်ကိုယ်ညှဉ်းဆဲတဲ့ အလုပ်တွေ လုပ်မိပြန်လို့ရှိရင်လဲ မျောတယ်ကွတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မိဘရိုးရာအတိုင်းနေတော့ (မြုပ်ပါတယ်) ကိုင်း ဒကာ ဒကာမတို့ ရှင်းအောင် ပြောကြစို့ဆိုတော့ ဘုံဘဝ တောင့်တပြီး လှူတာ တန်းတာ ပေးတာ ကမ်းတာတွေကျတော့ (ဝဋ္ဋကုသိုလ် သက်သက်) မျောတယ် (မှန်ပါ့) မိဘရိုးရာအတိုင်းနေတော့ (မြုပ်ပါတယ် ဘုရား)။
ဒါဖြင့် မိဘရိုးရာအတိုင်း ဘာမှ မလုပ်ဘဲ နေပြန်တော့ (မြုပ်ပါတယ် ဘုရား) ကိုင်း ဒကာ ဒကာမတို့ ရှင်းအောင် ပြောကြစို့ဆိုတော့ ဘုံဘဝ တောင့်တပြီး လှူဒါန်းပေးကမ်းဆိုတော့ ပေးရ၊ ကမ်းရမယ် ဆိုလို့သာ ဟောတာ၊ ဘုံဘဝတောင့်တရင်တော့ ဟိုဘုံပြောင်း၊ ဒီဘုံပြောင်း နေဦးမှာပဲ (မှန်ပါ့) အဲဒီကျတော့ ဟိုမျောပြန်ရော၊ ဟိုမျောသွား ဒီမျောသွားပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မိဘရိုးရာအတိုင်း နေပြန်တော့လဲ
ဒါဖြင့် ဒကာ ဒကာမတို့ မိဘရိုးရာအတိုင်း နေပြန်တော့လဲ (မြုပ်ပါတယ် ဘုရား) ဘုံဘဝတောင့်တပြီး သင်္ခါရကုသိုလ်တွေ လုပ်ပြန်တော့လဲ (မျောပါတယ် ဘုရား) ဦးခင်မောင် ဒါကိုလဲ သတိထား (မှန်ပါ့) ဝိဝဋ္ဋကုသိုလ် ဖြစ်အောင် လုပ်ပေါ့လေ (မှန်ပါ့) ရှင်ပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဒီအတိုင်း မိဘရိုးရာအတိုင်း ရောင်းလိုက်ဝယ်လိုက်၊ စားလိုက်၊ သောက်လိုက်၊ ပျော်လိုက်၊ ပါးလိုက်၊ ဓာတ်ရှင် ဘိုင်စကုတ်တွေနဲ့ နေလိုက် ထိုက်လိုက်ကြပြီဆိုတော့ ဦးဘတင် ဘယ်လိုဆုံးဖြတ်ချက် ချမလဲ (မြုပ်ပါတယ် ဘုရား)။
ဟာ ဒီထဲကမှ ဒီလိုနေလို့တော့ မတော်သေးဘူးလေ၊ နောက်ဘဝ ကောင်းစားရေးလေးကလဲ ရှိသေးတယ်၊ နောက်ဘဝ တောင့်တပြီး နောက်ဘဝ ကောင်းစားရေးဆိုတဲ့ ဒါန သီလတွေ လုပ်လိုက်ပြန်တော့လဲ သူ အားထုတ်တာကိုးဗျ (မှန်ပါ့ ဘုရား)
အဲဒါကျတော့ ကျုပ်ဗျာ တော်တော့်ကို စုရတယ်ဗျ၊ တော်တော့်ကို စုဆောင်းရတယ်ဗျ၊ တော်တော့်ကို အားထုတ်ရတယ် ဒါလေး ဖြစ်ဖို့ (မှန်ပါ့ ဘုရား) အားထုတ်တာ မပါဘူးလား (ပါပါတယ် ဘုရား)။
အဲဒီလို ဘုံဘဝ တောင့်တပြီး သကာလ မလှူတတ် မပေးတတ် မကမ်းတတ် ပြန်ဘဲနဲ့ လှူဒါန်းပေးကမ်းပြန်တော့လဲ ဘာဖြစ်သတုံး (မျောပါတယ် ဘုရား) ဪ မိဘရိုးရာအတိုင်း နေပြန်တော့လဲ (မြုပ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဘုံဘဝတောင့်တတဲ့ သဘိသင်္ခါရ ကုသိုလ်တွေ လုပ်လိုက်ပြန်တော့လဲ (မျောပါတယ် ဘုရား)။
ဒီနှစ်ခုကို ရှောင်တယ်
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဖြေတာ ကိုမြရွှေတို့ ဒကာသစ်တို့ ပေါ်လာပြီလား (ပေါ်ပါပြီ ဘုရား) ငါသည် ရပ်လဲ မနေဘူးကွတဲ့၊ အားလဲ သိပ်မထုတ်ဘဲနဲ့ ငါသည် ဩဃလေးပါးမှ ကူးမြောက်ခဲ့တယ်ဆိုတော့ ဒီနှစ်ခုကို ရှောင်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) မြုပ်လမ်းနဲ့ မျောလမ်းကို ရှောင်တယ်၊ ရှင်းကြပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား) ဘယ်လို မှတ်ကြမယ် (မြုပ်လမ်းနဲ့ မျောလမ်း ရှောင်ရပါမယ်) မြုပ်လမ်းနဲ့ မျောလမ်း ရှောင်ရမယ် (မှန်ပါ့) သဘောကျပြီနော် (ကျပါပြီ ဘုရား)။
ဒါဖြင့် လှူကြ၊ ပေးကြ၊ ကမ်းကြတဲ့အခါကျတော့ ဒီခန္ဓာဝဋ်ဒုက္ခမှ ကျွတ်ရပါလို၏ဆိုလို့ရှိရင်တော့ ဒါမဖြစ်ပါဘူး (မှန်ပါ့) ဒီခန္ဓာကြီး ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ ဒုက္ခခမ်သိမ်းငြိမ်းတဲ့နိဗ္ဗာန်လိုချင်လို့ လှူတယ်ဆိုရင် လူကိုတောင် ပေါင်လှူပါ၊ လူပါ ရောင်းလှူပါ၊ ဝိဝဋ္ဋကုသိုလ်၊ မျောလမ်း မဟုတ်ဘူး၊ ထွက်လမ်း (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကို နတ်ကမေးတာ ဦးခင်မောင် မှတ်မိတယ် မဟုတ်လား (မှတ်မိပါတယ် ဘုရား) အရှင်ဘုရား ဩဃလေးပါးမှ ဘယ်လို ကူးမြောက်လာခဲ့သတုံး ဆိုတော့ ငါသည်ကားလို့ ဆိုရင်ကွာတဲ့ ရပ်လဲ မနေဘူး၊ အလွန်လဲ အားမထုတ်ဘဲနဲ့ ဩဃလေးပါးမှ ကူးမြောက်လာတယ်တဲ့ (မှန်ပါ့ ဘုရား)။
ရပ်နေပြန်တော့လဲ မိဘရိုးရာအတိုင်း နေပြန်တော့လဲ ဘာတဲ့ (မြုပ်ပါတယ်) မိဘရိုးရာအတိုင်းနေပြန်တော့ သူ့မှာ ဘာမှ ထူးထူးလည်လည် ထွက်မြောက်ရေး လုပ်တာမှ မဟုတ်ဘဲကိုး အဲဒီလိုကျပြန်တော့လဲ ရပ်နေတာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။
အဲဒီလို ရပ်နေပြန်တော့လဲ ဘာဖြစ်သလဲ (မြုပ်ပါတယ် ဘုရား) ဒီဘဝတော့ ကိစ္စမရှိဘူး၊ နောင်ဘဝ ကောင်းစားရေးဆိုတဲ့ ပုညာဘိသင်္ခါရတွေ လုပ်မယ်ဆိုပြန်တော့လဲ ဒကာ ဒကာမတွေ ဘာဖြစ်ကြမလဲ (မျော လမ်းပါ ဘုရား) ဟိုဘုံ ဒီဘုံ မျောရချေရဲ့ (မှန်ပါ့)။
အဲဒီတော့ သူကတွန်းရတဲ့အထဲ ခင်ဗျားတို့က အကြိမ်ကြိမ်ခံစားချင်တယ်၊ သွားပြီးမလုပ်စမ်းပါနဲ့ဦး (မှန်ပါ့) သူက နဂိုက မျောအောင် လုပ်နေရတဲ့ကြားမှာ ခင်ဗျားတို့က လူ့ပြည် နတ်ပြည် အကြိမ်ကြိမ် ခံစား၍ ဆိုတော့ သူမျောသည်ထက်မျောတာ အရှိန်ကြီးသွားပါလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။
ဦးခင်မောင် မကြီးပေဘူးလား (ကြီးပါတယ် ဘုရား) နဂိုကတည်းက အစုန်မျောရတဲ့အထဲမှာ နောက်က တွန်းပေးနေဦးမယ်၊ ထိုဝါးနဲ့ကူညီမယ်ဆိုရင် သွားရော့ (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို နတ်က မေးတာမှာ ရပ်တော့ ဘာဖြစ်သတုံးဆိုတော့ မိဘရိုးရာအတိုင်း ရပ်နေပြန်တော့လဲ မြုပ်သွားတယ်ကွ တဲ့၊ သူတစ်ပါး ပါးစပ်လမ်းဆုံးပြီး အားထုတ်လိုက်ပြန်တော့လဲ (မျောသွားပါတယ် ဘုရား)။
အလယ်လမ်းစဉ်လုပ်ပြီး
အဲဒါတွေကြောင့် ငါသည် မြုပ်ခြင်းအလုပ် မျောခြင်းအလုပ်ကို မလုပ်ဘဲနဲ့ အလယ်လမ်းစဉ်လုပ်ပြီး သကာလ ဩဃလေးပါးမှ ကူးမြောက်ခဲ့တယ်ကွ တဲ့၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဩဃလေးပါးမှ ကူးမြောက်လာပုံ ဦးခင်မောင် သိပ်အဖိုးတန်တယ်နော် (တန်ပါတယ် ဘုရား)။
ဒီဥစ္စာ ဒကာ ဒကာမတွေ တိုတိုပြောကြစို့ဆိုတော့ အကုသိုလ်လုပ်နေတော့ မြုပ်တယ်၊ ရှင်းပလား (ရှင်းပါပြီ) ဘုံဘဝတောင့်တတဲ့ ကုသိုလ်တွေ လုပ်ပြန်တော့လဲ (မျောပါတယ် ဘုရား) အဲ အဲဒါကတော့ အားထုတ်လို့မျောတာ (မှန်ပါ့) ဒီအတိုင်းနေတော့ မြုပ်တယ် (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေ နားလည်ကြရဲ့လား (လည်ပါတယ် ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါသည် ဒီနှစ်ခုရှောင်ခဲ့လို့ ဩဃလေးပါးမှ ကူးမြောက်ခဲ့တယ်ဆိုတော့ သူသည် ဒီနှစ်ခုကို သေသေချာချာ ရှောင်တယ် (ရှောင်ပါတယ် ဘုရား) ဦးဘအုန်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ တစ်နည်း ပြောပါဦးမယ်၊ ကိုယ့်ကိုယ် ခိုင်မြဲတယ် ထင်တာက သဿတဒိဋ္ဌိနော် (မှန်ပါ့) သေရင် ပြတ်သွားရောလို့ ယူတာက (ဥစ္ဆေဒဒိဋ္ဌိပါ) အဲ သဿတဒိဋ္ဌိနဲ့ နေပြန်တော့လဲ မြုပ်သတဲ့၊ ဥစ္ဆေဒဒိဋ္ဌိနဲ့ နေပြန်တော့ကော (မျောပါတယ် ဘုရား)။
အဲဒီ သဿတ ဥစ္ဆေဒကြားမှာ ငါသည် အလုပ်လုပ်တဲ့အတွက် မြုပ်ခြင်း၊ မျောခြင်းမှ လွတ်တယ်လို့လဲ မှတ်ကြ (မှန်ပါ့) ကျေနပ်ကြပလား ဒကာ ဒကာမတွေ (ကျေနပ်ပါပြီ ဘုရား)။
မဇ္ဈိမပဋိပဒါလမ်းကို လိုက်သောကြောင့်
သဿတအလုပ်ကို ဘာတုံး (မလုပ်ပါ ဘုရား) ဥစ္ဆေဒ အလုပ်ကော (မလုပ်ပါ ဘုရား) အလုပ်လုပ်ခြင်း ကြောင့် သဿတ ဥစ္ဆေဒ လွတ်ရာ ဖြစ်တဲ့ မဇ္ဈိမပဋိပဒါလမ်းကို လိုက်သောကြောင့်လဲ ငါသည် ဩဃလေးပါးမှ ကူးမြောက်ခဲ့တယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ) နေရာကျပြီနော် (ကျပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ မိမိကိုယ်ကို တဏှာအကြိုက် လိုက်နေလို့ရှိရင်လဲ မြုပ်မှာပဲ (မှန်ပါ့) တဏှာအကြိုက်မလိုက်ဘဲနဲ့ ဒကာ ဒကာမတွေ ဆရာမှားနဲ့တွေ့ပြီး ကျင့်ချင်ရာကျင့် ကြံချင်ရာကြံကြမယ် ဆိုရင်လဲ မျောဦးမှာပဲ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဒီစကားတွေဟာ ဩဃမှ ဪ မြုပ်ခြင်း မျောခြင်း လွတ်ဖို့ အရေးဟာကလဲ အတော်အရေးကြီးနေပါပေါ့လား၊ မိဘရိုးရာအတိုင်း နေပြန်တော့လဲ မဟုတ်သေးဘူး၊ ဘုံဘဝတောင့်တတဲ့ အလုပ်တွေ လုပ်ပြန်လဲ (မဟုတ်သေးပါ ဘုရား) ကိုယ့်ကိုယ်ကို မြဲတယ်လို့ ယူရင်လဲ ဒကာ ဒကာမတို့ ဒီဥစ္စာလဲ သဿတဒိဋ္ဌိဖြစ်ပြီး သကာလ နေပြန်တော့ နစ်ပြန်တာပဲ (မှန်ပါ့) ပြတ်သွားတယ်လို့ ယူပြန်တော့လဲ (မျောဦးမှာပဲ) မျောဦးမှာပဲ၊ ဥစ္ဆေဒဒိဋ္ဌိဘက် လှည့်သွားတယ် (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ ဘယ့်နှယ် လုပ်ကြမှာတုံးလို့ မေးဖို့ အချိန်ရောက်လာပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရပ်လဲမနေနဲ့၊ အားလဲမထုတ်နဲ့၊ သဘော ကျပလား (ကျပါပြီ) အလယ်လမ်းစဉ်မှာနေပါ (မှန်ပါ့ ဘုရား) အလယ် လမ်းစဉ်ဆိုတာ ဒကာ ဒကာမတို့ လွယ်ပါတယ်၊ အလယ် လမ်းစဉ်ကို ဘုန်ကြီးနေ့တိုင်း ဟောနေတာပဲ (မှန်ပါ့) မဇ္ဈိမပဋိပဒါလမ်းချည်း ဟောနေတယ် (မှန်ပါ့ ဘုရား)။
ကာမသုခလ္လိကာနုယောဂဆိုတဲ့ ကာမဂုဏ်ခံစားတဲ့လမ်းက ဦးဘတင် မြုပ်တယ် (မှန်ပါ့) အတ္တကိလမထခေါ်တဲ့ ကိုယ့်ကိုယ်ညှဉ်းဆဲ ပြီး သကာလ ပင်ပန်းတဲ့ အကျင့်မျိုးဆီသို့ ရောက်မသွားစေနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တရားကျင့်တဲ့အခါ ဘယ်လိုကျင့်ရမယ်
တရားကျင့်တဲ့အခါ ဘယ်လိုကျင့်ရမယ် (မဇ္ဈိမပဋိပဒါလမ်းကို ကျင့်ရမယ်) ဘုရားဟာ ဒုက္ကရစရိယာကျင့်တုန်းက ဘုရားဖြစ်တဲ့လား (မဖြစ်ပါ ဘုရား) ကိုယ့်ကို ညှင်းဆဲတဲ့ အတ္တကိလမထ အစွန်းရောက်နေလို့ (မှန်ပါ့) နန်းတော်မှာ မိန်းမအပေါင်းနဲ့ ခြံရံနေတုန်းကကော ကာမသုခလ္လိကလမ်းမို့ ဩဃမှ မကူးမြောက်ခဲ့ဘူး (မှန်ပါ့ ဘုရား)။
တောထွက်ပြီး ဒုက္ကရစရိယာအကျင့်ကို ကျင့်ပြန်တော့လဲ ကိုယ့်ကိုယ်ကို ညှင်းဆဲတဲ့အကျင့်ကို ကျင့်ပြီးနေတဲ့အတွက် မရခဲ့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) နောက်ကျမှ မဇ္ဈိမပဋိပဒါလမ်းကို လိုက်မှပဲဆိုပြီး သကာလ မဇ္ဈိမပဋိပဒါခေါ် ဝိပဿနာလမ်းကို လိုက်တဲ့အတွက် ဩဃမှ ကူးမြောက်ပြီး ဘုရားဖြစ်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်လမ်းလိုက်ကြမယ် (အလယ် လမ်းလိုက်ရပါမယ်) မိဘရိုးရာလမ်းကိုလဲ ရှောင်ရလိမ့်မယ် (မှန်ပါ့) အလွန်အားထုတ်ပြီး အကျိုးမရတဲ့ အတ္တကိလမထလမ်းကိုလဲ (ရှောင်ရမှာပါ ဘုရား) အလယ်လမ်းဆိုတာ ဝိပဿနာလမ်း၊ မဂ္ဂင်လမ်းပဲ (မှန်ပါ့) ဒါဖြင့် ယောနိသောမနသိကာရလမ်းလိုက်ပါ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ယောနိသောမနသိကာရလမ်း လိုက်ရမယ်ဆိုလို့ရှိရင်ဖြင့် ဝိပဿနာမဂ္ဂင်လမ်း ဆိုတာ ဦးဘတင် ယောနိသော မနသိကာရလမ်းနော် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ယောနိသော မနသိကာရလမ်းလဲ ပိုင်ပိုင်နိုင်နိုင်ပြမှရတော့မယ် (မှန်ပါ့) ကဲ-ဒါဖြင့် နတ်သား မေးတာ ပြေပလား ဒကာ ဒကာမတို့ (ပြေပါပြီ ဘုရား)။
အရှင်ဘုရား ဩဃလေးပါးမှ ဘယ်လို ကူးမြောက်ခဲ့ပါသတုံးလို့ မေးလိုက်တယ် ငါသည် ဒီအတိုင်းရပ်နေတဲ့သဘောလဲ ငါမနေဘူး၊ အားလဲ မထုတ်ဘူး (မှန်ပါ့) ရပ်လဲမနေဘူး၊ အလွန်လဲ အားမထုတ်ဘဲနဲ့ ငါသည် ဩဃလေးပါးမှ ကူးမြောက်ခဲ့တယ် ရပ်နေတော့ ငါမြုပ်တယ်ကွတဲ့၊ အားထုတ်ပြန်တော့ ငါမျောတယ်ကွတဲ့ (မှန်ပါ့) ဒါကြောင့် မြုပ်ခြင်း မျောခြင်းမှ လွတ်တဲ့ အလယ်လမ်းကို လိုက်ခဲ့သဖြင့် ဩဃလေးပါးမှ ကူးမြောက်တယ်ကွတဲ့ (မှန်ပါ့ ဘုရား)။
နှလုံးသွင်းမှန်တဲ့လမ်း
အလယ်လမ်းဆိုတာ ဒကာ ဒကာမတို့ နှလုံးသွင်းမှန်တဲ့လမ်း (မှန်ပါ့) ခုနင်က ပြောခဲ့တဲ့ ယောနိသောမနသိကာရဆိုတာ နှလုံးသွင်းမှန်တဲ့လမ်း (မှန်ပါ့) ခန္ဓာက အနိစ္စရှိလို့ အနိစ္စသိနေရင် ဒါ နှလုံးသွင်းမှန်တာပဲ၊ ဒုက္ခရှိလို့ ဒုက္ခသိနေရင် (နှလုံးသွင်းမှန်ပါတယ် ဘုရား) အနတ္တရှိလို့ အနတ္တသိနေရင် (နှလုံးသွင်းမှန်ပါတယ် ဘုရား) ဒုက္ခသစ္စာရှိ၍ ဒုက္ခသစ္စာသိရင် (နှလုံးသွင်းမှန်ပါတယ် ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မြုပ်လမ်းလဲ မလိုက်ပါနဲ့တော့ မျောလမ်းလဲ (မလိုက်ပါနဲ့) နှလုံးသွင်းမှန်တဲ့ အလယ်လမ်းကို လိုက်ကြပါစို့လို့ ဒီတရားပွဲမှာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။ ဒီတရားပွဲကို ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (နှလုံးသွင်းမှန်တဲ့လမ်းကို လိုက်ရမှာပါ ဘုရား) မြုပ်လမ်းလဲ (ရှောင်ရမှာပါ) မျောလမ်းလဲ (ရှောင်ရမှာပါ) ဒါဖြင့် ဘယ်လမ်းလိုက်မလဲ (အလယ်လမ်း လိုက်ရမှာပါ) အလယ်လမ်းဆိုတာ ဘာပါလိမ့် (နှလုံးသွင်းမှန်တဲ့လမ်းပါ ဘုရား)။
ကိုင်း ဒါဖြင့် တွေ့ပြီ ဦးဘတင် (မှန်ပါ့) တွေ့ပြီ တွေ့ပြီ ဘုရား ဘယ်လမ်းက ဘုရားဖြစ်တယ်ဆိုတာ သိပြီ၊ ဘုရားဟာ အလယ်လမ်းက ဘုရားဖြစ်တယ် (မှန်ပါ့) သောတာပန် ဘယ်လမ်းက ဖြစ်ပါသလဲ (အလယ်လမ်းပါ) သကဒါဂါမ် (အလယ်လမ်းကပါ ဘုရား) အနာဂါမ် ရဟန္တာတွေ (အလယ်လမ်းကပါ ဘုရား)။
နိဗ္ဗာန်ရောက်ချင်လို့ လှူတဲ့လမ်းကိုတော့ မရှောင်နဲ့
ဒါဖြင့် ကျုပ်တို့သည်ကားလို့ဆိုရင်ဖြင့် ခုနင်က ပြောခဲ့တဲ့ အကုသိုလ်လမ်းကိုလဲ ရှောင် (မှန်ပါ့) ဘုံဘဝတောင့်တပြီး လှူတဲ့လမ်းကိုလဲ (ရှောင်ရပါ့မယ်) နိဗ္ဗာန်ရောက်ချင်လို့ လှူတဲ့လမ်းကိုတော့ မရှောင်နဲ့ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဘုံဘဝ လှည့်ပြီးခံစားချင်လို့ လှူတဲ့လမ်းကတော့ဖြင့် ဟိုဘုံ အသေကြီး မျောသွားလိုက်၊ ဒီဘုံမျောလာလိုက်၊ ဟိုဘုံ အသေပြလိုက်၊ ဒီဘုံ အသေပြလိုက်ရနဲ့ အရှက်တကွဲ အကျိုးနည်းလမ်းပေါ့ဗျာ (မှန်ပါ့) ဘုံပြောင်းကြရတယ်ဆိုကတည်းက အလမ္ပာယ်ပခြုပ်အတွင်းမှာ ထားတဲ့ မြွေဟာ တစ်နေရာတည်း ထားပြလို့ရှိရင် ဘယ်သူမှ မကြည့်ဘူး (မှန်ပါ့) ဒီတော့ ဘယ်လို လုပ်ရသတုံးဆိုတော့ ဟိုရွာ ဒီရွာ လှည့်ပြီးပြရတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ မြွေဟာ တစ်ရွာတည်းမှာပဲ အရှက်ကွဲတာလား၊ ဒကာ ဒကာမတို့ ရွာပေါင်းများစွာမှာ အရှက်ကွဲတာလား (ရွာပေါင်းများစွာမှာ အရှက်ကွဲတာပါ) အဲဟိုဘဝ ဒီဘဝ အကြိမ်ကြိမ်ခံစား၍ဆိုတော့ ဘဝပေါင်းများစွာမှာ သေပွဲနဲ့ အရှက်ကွဲချည်း များများတွေ့ရပါလို၏ (မှန်ပါ့ ဘုရား) ဒါက အားထုတ်တဲ့လမ်း (မှန်ပါ့) ဦးဘတင် ဘာလမ်းပါလိမ့် (အားထုတ်တဲ့လမ်းပါ) အားထုတ်တဲ့လမ်းက ဘာဖြစ်သွားပါလိမ့် (မျောသွားပါတယ်)။
သေကွဲ ရှင်ကွဲ အမျိုးမျိုးသော အရှက်ကွဲတွေဟာ နည်းသလား၊ ဘုံပေါင်းဘဝပေါင်းများပြီး သေပွဲချည်း နွှဲလာပြီး သကာလ ဟိုဘုံပြရ ဒီဘုံပြရနဲ့ မလာရဘူးလား (လာရပါတယ် ဘုရား) အင်မတန် ရုပ်ဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) ခင်ဗျားတို့ အမှားတွေရှိတော့ ပြင်လိုက်တော့ ခဏပါပဲဆိုတော့ သဘောပါပလား (ပါပါပြီ ဘုရား)။
အနိစ္စကို အနိစ္စလို့သိရင်
ကိုင်း ဒါဖြင့် ဦးဘတင် ဘယ်လမ်းလိုက်မှ ကျုပ်တို့ သင့်မယ် (အလယ်လမ်းလိုက်မျ သင့်ပါ့မယ်) အလယ်လမ်းဆိုတာ နှလုံးသွင်းမှန်တဲ့လမ်း၊ အနိစ္စကို အနိစ္စလို့သိရင် နှလုံးသွင်းမှန်ပြီ၊ ရှင်းပလား (ရှင်းပါပြီ) ဒုက္ခကို ဒုက္ခလို့ သိရင် (နှလုံးသွင်းမှန်ပါတယ် ဘုရား)။
အနတ္တကို အတ္တလုပ်ပြီး ငါထင်နေရင် (နှလုံးသွင်းမှားပါတယ် ဘုရား) ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့မသိရင် (နှလုံးသွင်းမှားပါတယ် ဘုရား) ဒုက္ခသစ္စာကို သူနဲ့နေရမှ ချမ်းသာမယ်ထင်ရင် (နှလုံးသွင်းမှားပါတယ်) ဒါဖြင့် ကျုပ်တို့သည် အလယ်လမ်းဆိုတာ နှလုံးသွင်းမှန်တဲ့လမ်း (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း အားလုံး ဒကာ ဒကာမတွေ ယနေ့ ဘုန်းကြီး ဘယ်လမ်းကို ညွှန်ပြပါလိမ့် (အလယ်လမ်းကို ညွှန်ပြပါတယ်) အလယ်လမ်းဆိုတာ ဘယ်လိုပါလိမ့် (နှလုံးသွင်းမှန်တဲ့လမ်းပါ) နှလုံးသွင်းမှန်တဲ့လမ်းကိုပဲ ပြပါတော့မယ်ဆိုတော့ ဒကာ ဒကာမတွေ ဉာဏ်နဲ့သာ စဉ်းစာကြပါတော့တဲ့၊ နှလုံးသွင်းမှန်တယ်ဆိုတဲ့ဥစ္စာ ဘယ်သူ့အပေါ်မှာ နှလုံးသွင်း မှန်ရမှာတုံးလို့ မေးတဲ့အခါကျတော့ ကိုယ့်ခန္ဓာအပေါ်၌ ဦးခင်မောင် နှလုံးသွင်း မှန်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်ခန္ဓာငါးပါးမှန်လို့ရှိရင် သူတစ်ပါးခန္ဓာလဲ ဒီလိုပဲ နေမှာပဲဆိုတာ ဉာဏ်ဖွင့်လို့ရပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှန်တဲ့လမ်းဆိုတာ ကိုယ့်ခန္ဓာပေါ်မှာ ပင်ကိုရှိနဲ့ အခုအသိနဲ့ ကိုက်နေလို့ရှိရင် နှလုံးသွင်းမှန်ပြီ (မှန်ပါ့ ဘုရား)။
အရှိကို အသိနဲ့ကိုက်ရင် (နှလုံးသွင်းမှန်ပါပြီ) အရှိနဲ့ အသိ မကိုက်ရင် (နှလုံးသွင်းမှားပါတယ်) နှလုံးသွင်းမှားတယ်ဆိုတော့ ဪ တော်တော် အရေးကြီးပါလား၊ တို့တစ်သံသရာလုံးဟာ အရှိနဲ့အသိဟာ ဘယ်တော့မှ မကိုက်ခဲ့ဘူး (မှန်ပါ့ ဘုရား)။
ဝေဒနာယားတာ (မှန်ပါ့) ဝေဒနာပဲ စပေးပါ့မယ်၊ ဝေဒနာ ကြိုးစားရင် ရတာပဲ၊ မျက်လုံးကလေးက ယားတယ်၊ ကိုယ်ထဲက ယားတယ်၊ ယားချင်တဲ့နေရာ ယားပေါ့ဗျာ၊ ငါယားတယ် မလုပ်နဲ့၊ ဘယ်သူယားတာတုံး (ဝေဒနာက ယားတာပါ ဘုရား)။
ယားတာက ဝေဒနာပဲ
ဝေဒနာက ယားတာ (မှန်ပါ့) ငါ့နှယ် ယားလိုက်တာဆိုတော့ ဝေဒနာ ငါမဖြစ်သွားဘူးလား (မှန်ပါ့) သွားပြီ ဒကာ ဒကာမတို့၊ ယားတာက ဝေဒနာပဲ ဝေဒနာက ငါမဖြစ်နိုင်တာတော့ အမှန်ပဲ (မှန်ပါ့ ဘုရား)။
အဲဒါကို ဒကာ ဒကာမတွေ နှလုံးသွင်းမှားတော့ ဝေဒနာဟာလဲ ငါပဲလို့ ဆိုတော့ နှလုံးသွင်းမှားတဲ့လမ်း လိုက်မိပြီ (မှန်ပါ့) ဝေဒနာဟာ ငါပဲဆိုတော့ (နှလုံးသွင်းမှားတဲ့လမ်းကို လိုက်မိပါတယ် ဘုရား)။
အဲဒီတော့ ဝေဒနာကို ဝေဒနာပဲ၊ ယားတာလဲ ဝေဒနာပဲလို့ သိလိုက်စမ်းပါ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (ဝေဒနာလို့ သိရမှာပါ) ဝေဒနာပဲလို့ သိတဲ့ပုဂ္ဂိုလ်ဟာ အဖြစ်ကို သိတဲ့အတွက် အပျက်လဲသိတယ် (မှန်ပါ့) အဖြစ်ကို သိတဲ့အတွက် (အပျက်လဲ သိပါတယ်) ဒါဖြင့် ဝေဒနာပဲလို့သိရင် အပျက်လဲသိပြီ (မှန်ပါ့) ဝေဒနာပဲလို့သိရင် (အပျက်လဲသိပါပြီ) အပျက်လဲ သိသွားတော့ ဝေဒနာသိတုန်းကလဲ နှလုံးသွင်းမှန်ခဲ့တယ်၊ အပျက်သိတဲ့ အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပျက်တတ်တဲ့တရားမို့ ပျက်တယ် ဆိုတော့ ဉာဏ်လဲ ဝင်နိုင်တယ်ဆိုတော့ ဦးခင်မောင်နေရာကျပါပြီ (မှန်ပါ့) ယောနိသော မနသိကာရနဲ့ သမ္မာဒိဋ္ဌိ တွဲဝင်တယ် (မှန်ပါ့) မနသိကာရ စေတသိက်နဲ့ သမ္မာဒိဋ္ဌိစေတသိက်ဟာ ဒကာ ဒကာမတို့ တွဲဝင်လာတယ် (မှန်ပါ့) ဒါ သေသေချာချာ မှတ်ပါ ဦးခင်မောင် (မှန်ပါ့ ဘုရား)။
နှလုံးသွင်းမှန်တာက မနသိကာရ၊ အပျက်မြင်လိုက်တာက သမ္မာဒိဋ္ဌိ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နှလုံးသွင်းမှန်ဖို့ရာ ဒကာ ဒကာမတွေ ရှေ့ပိုင်းမှာ အရေးကြီးတယ် (မှန်ပါ့) ဘယ်နေရာ ယားယား ယားတာ ဘာခေါ်ကြမယ် (ဝေဒနာပါ ဘုရား) ဝေဒနာလို့သာ ယူလိုက်ပေတော့ (မှန်ပါ့) ဝေဒနာလို့ ယူလိုက်တော့ ယားတာဟာ ဝေဒနာပဲလို့သိရင်းမတ္တနဲ့ ဝေဒနာရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှန်တဲ့အတွက် နောက်က သမ္မာဒိဋ္ဌိတစ်ခါတည်း လိုက်လာတယ် (မှန်ပါ့ ဘုရား)။
နှလုံးသွင်းမှန်ရင် သမ္မာဒိဋ္ဌိ လိုက်ပါတယ်
နှလုံးသွင်းမှားရင် မိစ္ဆာဒိဋ္ဌိလိုက်တယ်၊ နှလုံးသွင်းမှန်ရင် (သမ္မာဒိဋ္ဌိ လိုက်ပါတယ်) အဲ ဒကာ ဒကာမတို့ တော်တော်ဉာဏ်ရောက်ပါပြီ (မှန်ပါ့) အဲဒီကဲ့သို့ ဉာဏ်ရောက်လာတော့ ဪ တို့သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ယားတာလဲ ဝေဒနာ၊ ကောင်းတာလဲ ဝေဒနာ၊ အလတ်စားဟာလဲ (ဝေဒနာပါ ဘုရား)။
ဝေဒနာဖြစ်၍ ဝေဒနာပျက်တာပါပဲ၊ အဲ သုခဝေဒနာပေါ်လဲ သုခဖြစ်၍ သုခပျက်တာပါပဲ (မှန်ပါ့) ဒုက္ခပေါ်လဲ (ဒုက္ခဖြစ်၍ ဒုက္ခပျက်ပါတယ် ဘုရား) ဥပေက္ခာပေါ်ရင် (ဝေဒနာဖြစ်ြ၍ု ဝေဒနာပျက်ပါတယ် ဘုရား)။
ဒါ ဝမ်းသာတာပေါ်ရင်ကော (ဝေဒနာဖြစ်ြ၍ု ဝေဒနာပျက်ပါတယ်) ဒေါမနဿပေါ်ရင်ကော (ဒေါမနဿ ပျက်ပါတယ် ဘုရား) ဒေါမနဿဖြစ်၍ ဒေါမနဿပျက်တာပဲ (မှန်ပါ့) အဲဒီကဲ့သို့ ဘာလေး ပေါ်ပေါ် ဪ ဖြစ်ပျက်လို့ လိုက်နေပါ၊ လိုက်နေတော့ နှလုံးသွင်းမှန်တဲ့ သမ္မာဒိဋ္ဌိဖြစ်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နှလုံးသွင်း မမှန်တော့ အဝိဇ္ဇာ၊ နှလုံးသွင်းမှန်တော့ ဝိဇ္ဇာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဝိဇ္ဇာဆိုတဲ့ဥစ္စာ မဂ္ဂင်ပဲ၊ မဂ္ဂင်ဖြင့် အလယ်လမ်းပဲ (မှန်ပါ့) ဝိဇ္ဇာဆိုတော့ မဂ္ဂင်မဖြစ်သေးဘူးလား (ဖြစ်ပါတယ်) နှလုံးသွင်းမှန်တော့ ဝိဇ္ဇာဖြစ်တယ် (မှန်ပါ့) ဝိဇ္ဇာဖြစ်တော့ မဂ္ဂင်မဆိုက်ဘူးလား (ဆိုက်ပါတယ်) မဂ္ဂင်ဆိုတော့ ဘယ်လမ်းပါလိမ့် (အလယ်လမ်းပါ) အဲ ဒါဖြင့် အလယ်လမ်းကို လိုက်မှ ဩဃလေးပါးမှ ကူးမြောက်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်သွားပြီ၊ ဖြစ်ပျက်ရှုရင် အလယ်လမ်းကို ရောက်ပါတယ် (မှန်ပါ့) ဥပမာ သုခဝေဒနာကလေး ရှုပြန်တော့လဲ သူကလဲ ဖြစ်ပျက်တဲ့၊ ဒုက္ခဝေဒနာကလေး ဉာဏ်နဲ့ရှုပြန်တော့ကော (ဖြစ်ပျက်ပါ ဘုရား) ဒီကနေပြီး မဂ္ဂင် ငါးပါးနဲသာရှု၊ ဖြစ်ပျက်ချည်းလာမှာပဲ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား) အဲ ခန္ဓာကိုယ်ထဲမှာ ဒီဝေဒနာ သုံးပါးမှတစ်ပါး ဘာမှမရှိဘူး (မှန်ပါ့ ဘုရား)။
ဘယ်နေရာ ပေါ်ပေါ် လိုက်ရှု
တစ်ခု တစ်ခုစီပဲ ပေါ်မယ်၊ သုံးခုစလုံး ဘယ်တော့မှ ပြိုင်မပေါ်ရဘူး (မှန်ပ့ါ) အဲဒီတော့ တစ်ခုခုပေါ်တိုင်း ဘယ်နေရာ ပေါ်ပေါ် လိုက်ရှု၊ ဖြစ်ပျက်သာရှု၊ ဟိုက ဖြစ်ပျက်ဆိုတော့ သူက မဇ္ဈိမပဋိပဒါလမ်း မဂ္ဂင်လမ်း မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာတော့ ဒီမဂ္ဂင်ပေါ်လာတဲ့အတွက် ဒကာ ဒကာမတွေ ဒီအပေါ်မှာ ဖြစ်ပျက်ဆိုတဲ့တရားတွေကို မဂ္ဂင်နဲ့ ရှုလိုက်တော့ ဖြစ်ပျက်ရယ်လို့ သိတော့ ဒီဘက်က လိုချင်တဲ့တဏှာ လာသေးရဲ့လား (မလာပါ ဘုရား) ဖြစ်ပျက်မသိရင်တော့ ဒါတွေဟာ သုခဝေဒနာဆိုရင် ခံစားချင်တာတွေ လာမှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒုက္ခဝေဒနာလာရင်လဲ ပျောက်ချင်တဲ့ဝေဒနာ လာမှာပဲ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား) အဲဒီတော့ ဖြစ်ပျက်၊ ရှုတာကမဂ် မဖြစ်သွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။
ထိုကဲ့သို့ ဖြစ်သွားတဲ့အခါကျတော့ ဒကာ ဒကာမတွေ သူ့အပေါ်မှာ လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား) မလိုချင်တာ ဘယ့်နှယ်ကြောင့်တုံး ဖြစ်ပျက်မြင်လို့ မလိုချင်တာ (မှန်ပါ့) ဒါဖြင့် ကာမေဃ ဆိုတဲ့ လောဘချုပ်တယ် (မှန်ပါ့) ကာမောဃ လောဘမချုပ်ဘူးလား (ချုပ်ပါတယ်) ဒီဘက်က တဏှာ ဥပါဒါန် လာသေးရဲ့လား (မလာပါ ဘုရား) ဒါဖြင့် ကာမောဃ ချုပ်ပြီတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဖြစ်ပြီး ပျက်တယ်ဆိုကတည်းက ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဒီကနေ မဂ်က မသိဘူးလား (သိပါတယ်) ဖြစ်ပျက်သာ ရှိတယ်၊ ဘယ်မှာ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ဟုတ်ရမလဲ ဆိုတဲ့ဥစ္စာ မသေချာဘူးလား (သေချာပါတယ် ဘုရား) သေချာတော့ ဖြစ်ပျက်ရှုတဲ့ပုဂ္ဂိုလ်မို့ ဒိဋ္ဌောဃလဲ နောက်က ချုပ်တယ် (မှန်ပါ့)။
ဖြစ်ပျက်မြင်လို့ ဘာချုပ်ပါလိမ့် (ဒိဋ္ဌောဃ ချုပ်ပါတယ်) ဖြစ်ပျက်မြင်လို့ ခုနင်က ကာမောဃလဲ ချုပ်တယ်၊ ဖြစ်ပျက်မြင်လို့ (ဒိဋ္ဌောဃလဲ ချုပ်ပါတယ် ဘုရား) ဖြစ်ပျက်ဟာ လူတိုင်း မမြင်နိုင်ဘူး ဒကာ ဒကာမတို့၊ နှလုံးသွင်းမှန်လို့ ဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်မှ မြင်တာ (မှန်ပါ့)။
ဝိဇ္ဇာမရှိတဲ့ပုဂ္ဂိုလ်မှာ (မမြင်ပါ ဘုရား) မမြင်နိုင်တော့ ဒီအထဲမှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပက မပါဘူးလား (ပါပါတယ် ဘုရား) အဲဒါကလေးက သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပက လာတဲ့အတွက် ဝိဇ္ဇာဖြစ်နေတော့ ဒီအဖြစ်အပျက် မြင်တော့ အဝိဇ္ဇာရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာကလဲ နောက်က ချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘယ်ဘုံဘယ်ဌာန ဘယ်ဘဝရောက်ရောက် ဝေဒနာတွေပဲ ပေါ်ကြမှာပဲ၊ ဒီဝေဒနာပေါ်တဲ့အခါကျတော့ ကာမဘုံလဲ ဒီဝေဒနာ၊ ရူပဘုံလဲ ဒီဝေဒနာ၊ အရူပဘုံလဲ ဒီဝေဒနာ၊ ကာမဘုံလဲ ဒီဝေဒနာ ဆိုတော့ ဝေဒနာက္ခန္ဓာတွေချည်း ရှိကြမှာပဲ (မှန်ပါ့)။
အာသဝေါလေးပါး ကုန်တယ်
အဲဒါတွေဟာ အကုန် အနိစ္စချည်းပဲလို့ဆိုတော့ ဒကာ ဒကာမတွေ ဘယ်ဘဝများ လိုချင်သေးသတုံး (ဘယ်ဘဝမှ မလိုချင်ပါ ဘုရား) ဘယ်ဘဝမှ မလိုချင်ရင် ဘဝါသဝကော လာသေးရဲ့လား (မလာပါ ဘုရား) ဒါဖြင့် ဖြစ်ပျက် တစ်လုံးတည်းသည် ဦးဘတင် အာသဝေါလေးပါး ကုန်တယ် (မှန်ပါ့) ရှင်းကြမလား (ရှင်းပါပြီ ဘုရား)။
ဒါ ဖြစ်ပျက်မြင်လို့ရှိရင် ဘာတဲ့ (အာသဝေါလေးပါး ကုန်ပါတယ် ဘုရား) ဒါဟာ ဖြစ်ပျက်ရှုရတာ ပင်ပန်းသလားတဲ့ (မပင်ပန်းပါ ဘုရား) အဆင်းရဲကော ခံရသေးသလား (မခံရပါ ဘုရား) မခံရပါဘူး ဒကာ ဒကာမတို့၊ ဖြစ်ပျက်တစ်လုံး မြင်လိုက်တာနဲ့ အာသဝေါလေးပါး ဘာဖြစ်တယ် ဆိုတာကော သေချာသွားပြီ (သေချာပါပြီ) ကုန် မကုန် (ကုန်ပါတယ် ဘုရား)။
ဒါဖြင့် ဦးဘတင်တို့က စဉ်းစားရမယ်၊ ဒီလုပ်ငန်းသည် ကာမဂုဏ် ခံစားတဲ့ လမ်းကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) အလွန် ပင်ပန်းခံပြီး အကျိုးမရ အားထုတ်တာမျိုးကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
ဒီတော့ ဒီဥစ္စာကို ဘယ်လမ်းလို့ ခေါ်ကြမလဲ (အလယ်လမ်းပါ ဘုရား) အလယ်လမ်းမို့ အာသဝေါတရား လေးပါးကုန်တယ် နောက်က (မှန်ပါ့) အလယ်လမ်း မဟုတ်ခဲ့သော် (အာသဝေါတရား လေးပါး မကုန်ပါ ဘုရား)။
ဒါဖြင့် ပထမမဂ် ဖြစ်ပျက်မြင်တုန်းကလဲ ကိုယ့်ကိုယ် ဖြစ်ပျက်မြင်တော့ ကိုယ့်ကိုယ်ခင်တဲ့ တဏှာမသေဘူးလား (သေပါတယ် ဘုရား) ဒါဖြင့် ကာမာသဝသေတယ် (မှန်ပါ့) ဖြစ်ပျက်မြင်တော့ ကိုယ့်ကိုယ် မဟုတ်လို့ ပျက်တယ်လို့ကော မသိဘူးလား (သိပါတယ်) သိတော့ ဒိဋ္ဌာသဝကော (သေပါတယ် ဘုရား)။
ဒီဖြစ်ပျက်ဆိုတာ လူတိုင်းမြင်တာ မဟုတ်ဘူး ဒကာ ဒကာမတို့၊ ဒီအထဲမှာ သမ္မာဒိဋ္ဌိဝိဇ္ဇာပါမှ မြင်နိုင်တာ (မှန်ပါ့) သမ္မာဒိဋ္ဌိဝိဇ္ဇာမပါရင် (မမြင်နိုင်ပါ ဘုရား) သမ္မာဒိဋ္ဌိဝိဇ္ဇာရှိသောကြောင့် ဖြစ်ပျက်ကို မြင်ပါတယ် ဆိုကတည်းက မမြင်တဲ့အဝိဇ္ဇာ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာသဝကော (သေပါတယ် ဘုရား)။
သုံးဆယ့်တစ်ဘုံထဲမှာ ဖြစ်ပျက်သာရှိပါတယ်
သုံးဆယ့်တစ်ဘုံထဲမှာ ဖြစ်ပျက်သာရှိပါတယ်၊ ဒီ့ပြင် ဘာမှ မရှိပါဘူးဆိုကတည်းက ရူပဘုံ အရူပဘုံ ခင်တွယ်တဲ့ ဘဝါသဝကော (သေပါတယ်) ဒါဖြင့် မဂ္ဂင်နဲ့ နောက်ကရှုလိုက်တော့ အာသဝေါတရား ဘယ်နှစ်ပါး သေသတုံး (လေးပါးသေပါတယ်) လေးပါးသေတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် လေးပါးသေတော့ သူတို့ လေးပါးရှိမှ လှည့်မှာ (မှန်ပါ့) သူတို့ လေးပါးရှိမှ မြုပ်မှာ၊ သူတို့လေးပါးဆိုတဲ့ လှည့်စရာ လာသေးရဲ့လား (မလာပါ ဘုရား) လှည့်စရာမှ မလာရင် မြုပ်စရာ သူတို့ လုပ်နိုင်သေးလား (မလုပ်နိုင်ပါ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်ရှုတဲ့ ဒကာ ဒကာမတွေ မြုပ်ခြင်း၊ မျောခြင်းမှ မုချလွတ်တယ်လို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့) ဒါ့ကြောင့် ဘုရားက ငါသည် မြုပ်လမ်းကိုလဲ မလိုက်ခဲ့ဘူးတဲ့၊ ဒီအတိုင်းနေရင်တော့ မြုပ်တယ် (မှန်ပါ့) မျောလမ်းဆိုတာက ခုနင်က ပြောတဲ့ ဘုံဘဝကိုတောင်းတဲ့ အလှူမျိုး၊ ကိုယ့်ကိုယ် ညှင်းဆဲတဲ့အလုပ်မျိုး၊ ဒါမျိုးကျတော့ ငါက အားမထုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရပ်လဲ မတည်နေဘူး၊ အားလဲ မထုတ်ဘဲနဲ့ အလယ်လမ်းစဉ်ဖြင့် ဩဃလေးပါးမှ ကူးမြောက်ခဲ့တယ်လို့ ဟောလိုက်တယ် (မှန်ပါ့) နတ်သားကလဲ ဩဃလေးပါးမှ လွန်မြောက်အောင် ဖြစ်ပျက်ရှုရမှာပဲ ဆိုပြီးတော့ ရှုလိုက်တော့ ချက်ချင်း သောတာပန် တည်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သောတာပန်တည်သွားတော့
ချက်ချင်း သောတာပန်တည်သွားတော့ အောက်သံသရာမှာ သွားတတ်တဲ့ ဩဃတွေ ဘာဖြစ်သွားသတုံး (ချုပ်သွားပါတယ် ဘုရား) အောက်သံသရာသွားမည့် ဒိဋ္ဌာသဝဆိုတာကော ရှိသေးရဲ့လား (မရှိပါ ဘုရား) အောက်သံသရာသွားမည့် ကာမာသဝကော (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ အောက်သံသရာသွားမည့် အာသဝေါ တရားလေးပါး အောက်သံသရာ လည်တတ် မြုပ်တတ်သောတရား အကုန်ချုပ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဆက်ပြီး အားထုတ်သွားရင် အာသဝေါတရားလေးပါး မကုန်ပေဘူးလား (ကုန်ပါတယ် ဘုရား)။
ဒါဖြင့် အာသဝေါကုန်ချင်ရင် ဒကာ ဒကာမတို့ အလယ်လမ်းလိုက်၊ နှလုံးသွင်းမှန်တဲ့လမ်းကို လိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု
