13201

မာတိကာသို့

အခေါ်ရှိနှင့် တကယ်ရှိ အရှိနှစ်ပါး ခွဲခြားရန်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မင်္ဂလာတိုက်၌ ဟောကြားဆုံးမတော်မူအပ်သော

(အခေါ်ရှိနှင့် တကယ်ရှိ အရှိနှစ်ပါး ခွဲခြားရန်)အလုပ်ပေးတရားတော်

(၂၈-၃-၆၀)

အရှိနှစ်မျိုး ဆိုတာက

ဒကာ ဒကာမတွေ ဒီနေ့ အရှိနှစ်မျိုးကို ဟောရမယ်၊ အရှိနှစ်မျိုး ဆိုတာက အခေါ်ရှိတစ်မျိုး၊ ခေါ်ရုံမျှရှိတာ တစ်မျိုးလို့ မှတ်ပါ (မှန်ပါ့) ပင်ကိုရှိတာက တစ်မျိုးလို့ မှတ်ထားပါ၊ အခေါ်ရှိတာက (တစ်မျိုးပါ ဘုရား)။ ပင်ကိုရှိတာက (တစ်မျိုးပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် အခုနှစ်မျိုးကို ဒကာ ဒကာမတွေ ဝတ္ထုသက်သေ သာဓကနဲ့ နိဗ္ဗာန်ရောက်ပုံကို ရှင်းလင်းပြီး သကာလ ပြမယ်၊ ပထမအရှိက အခေါ်ရှိ၊ ဒုတိယအရှိက ပင်ကိုအရှိ၊ အရှိ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား) အခေါ်ရှိ ဒကာ ဒကာမတွေ လိုက်စားနေကြလို့ရှိရင် သေမင်းနိုင်ငံသွားရမယ် (မှန်ပါ) တကယ်ရှိကို ဒကာ ဒကာမတွေ သိလို့ရှိရင် သေမင်းလွတ်ရာ သွားမှာပဲ (မှန်ပါ့) သဂါထာဝဂ္ဂသံယုတ် ပါဠိတော်မှာ ဟောသည်လို့ မှတ်ထားကြပါ (မှန်ပါ့)။

အခေါ်ရှိ လိုက်စားကြလို့ရှိရင် (သေမင်းနိုင်ငံရောက်မှာပါ ဘုရား) သေမင်းနိုင်ငံချည်း ရောက်နေမယ်လို့ မှတ်ထားကြပါ၊ တကယ်ရှိကို လိုက်စားကြလို့ရှိရင် သေမင်းလွတ်ရာ ရောက်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ ဒီနေ့ နတ်က မေးလို့ ဘုရားသခင် ကိုယ်တော်မြတ်နဲ့တကွ ရှင်သမိဒ္ဓိတို့ ဖြေခန်း၊ မေးခန်းကို ဒကာ ဒကာမတွေ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်ကြီး (နှာ-ဂ) မှာလာတဲ့အတွက် ဪ ဒါဟာ တို့အတွက် ထားတာပါကလားဆိုတာ ပေါ်လာလိမ့်မယ် (မှန်ပါ့ ဘုရား)။

အခေါ်ရှိတာက ဒကာ ဒကာမတို့ ယောက်ျားပဲ၊ မိန်းမပဲ၊ သားပဲ၊ သမီးပဲ၊ ဆွေပဲ၊ မျိုးပဲ၊ ရွှေပဲ၊ ကျောက်ပဲ၊ ဒါမျိုးတွေဟာ အခေါ်ရှိပေါ့ (မှန်ပါ့) အခေါ်သာရှိတာနော် တကယ်တော့ မရှိဘူး (မှန်ပါ့) တကယ် ရှိတာကတော့ ဒကာ ဒကာမတို့ ခန္ဓာငါးပါးပဲ (မှန်ပါ့ ဘုရား)။

ယောက်ျားတို့ မိန်းမတို့၊ အမေတို့၊ အဖေတို့ဆိုတာ ဘာပါလိမ့် (အခေါ်ရှိပါ ဘုရား) ခန္ဓာငါးပါး ဆိုတာက (တကယ်ရှိပါ ဘုရား)။

အခေါ်ရှိလိုက်စားရင် ဘယ်ရောက်မတုံး

အခေါ်ရှိလိုက်စားရင် ဘယ်ရောက်မတုံး (သေမင်းနိုင်ငံ ရောက်ပါမယ်) တကယ်ရှိကို လိုက်စားကြမယ် ဆိုလို့ရှိရင် သေမင်းလွတ်ရာကို ရောက်ပါတယ် (မှန်ပါ့) ခန္ဓာငါးပါးဟာ ဒကာ ဒကာမတွေ တကယ်ရှိ ဖြစ်နေသောကြောင့် အဲဒါကို ပိုင်ပိုင်နိုင်နိုင်သိကြမယ်ဆိုလို့ရှိရင် သေမင်း နိုင်ငံမှ ထွက်ရာကို ရောက်ပါလိမ့်မယ်လို့ ဘုရားက ဟောသည် (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်နဲ့ စဉ်းစားပြီး သကာလ ဪ ဒီနေ့ တို့ကို နှိပ်စက်တဲ့ ရန်သူတော့ဖြင့် ဆရာဘုန်းကြီး ဖမ်းပေးပြီး တို့ကို နှိပ်စက်တတ်တဲ့ ရန်သူနဲ့ တို့ခွဲကြမှ တော်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးတော့ ယနေ့ ရှင်းပြပါ့မယ် (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် ယောက်ျားဆိုတာ အခေါ်ရှိ၊ မိန်းမဆိုတာကော (အခေါ်ရှိပါ ဘုရား) သမီးဆိုတာ (အခေါ်ရှိပါ ဘုရား) တကယ်တော့ (မရှိပါ ဘုရား) သို့သော် ဒကာ ဒကာမတွေ ယောက်ျားအတွက် ပူကြတယ်၊ မိန်းမအတွက် ပူကြတယ်၊ သားအတွက် ပူကြတယ်၊ ဆွေမျိုးအတွက် ပူကြ ဆွေးကြတယ်၊ ခင်ကြ မင်ကြ ပူဆွေးကြ ဒီဥစ္စာသည် ဒကာ ဒကာမတို့ တကယ်ရှိကြောင့်လား၊ အခေါ်ရှိကြောင့်လား (အခေါ်ရှိကြောင့်ပါ ဘုရား) ဪ တကယ်ရှိကြောင့် မဟုတ်ပါလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူငိုနေသတဲ့၊ ဘယ်သူပြုံးနေသတဲ့၊ ဘယ်သူဟာ ရင်တုန်နေသတဲ့၊ ဘယ်သူဟာ ကြမ်းခုန်နေသတဲ့၊ ဘယ်သူဟာ မြေလူးနေသတဲ့ ဦးဘတင်တို့ စဉ်းစား၊ ဦးဝတို့ စဉ်းစားပါ၊ အခေါ်ရှိကြောင့် ဖြစ်ကြတာလား၊ တကယ်ရှိကြောင့် ဖြစ်ကြတာလား (အခေါ်ရှိကြောင့် ဖြစ်ကြတာပါ ဘုရား) ဒါဖြင့် အခေါ်သာရှိတယ်၊ တကယ်တော့ (မရှိပါ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မရှိတဲ့ ဒုတ်နဲ့ ရိုက်တာသိပ်နာနေပါပေါ့ကလား (မှန်ပါ့ ဘုရား) ဦးဘအုန်း ရှိတဲ့ဒုတ်နဲ့ ရိုက်လို့နာရတာက တော်တယ်နော်၊ မရှိတဲ့ဒုတ်နဲ့ ရိုက်ပြီး အော်ရတာက နေရာကျပါ့မလား (မကျပါ ဘုရား)။

မရှိတဲ့ဒုတ်နဲ့ ရိုက်တာနဲ့

အဲဒါ ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့ ဒီနေ့ ဒကာ ဒကာမတွေ အပေါ်ရောက်မည့်တရားလို့ တို့အမှားကြီး မှားတာ ယနေ့ဖြင့် ဆရာဘုန်းကြီးက ရှင်းလင်းပြီး သကာလ အတင်းပြပေးတော့မှပဲ တို့မှားတဲ့ဥစ္စာကလဲ ကြီးလိုက်တာ၊ ပြင်ပေးမည့်ပုဂ္ဂိုလ်နဲ့ မတွေ့ဘူးဆိုရင် မရှိတဲ့ဒုတ်နဲ့ ရိုက်တာနဲ့ သေခြင်းဆိုးချည်းသေရတဲ့ဘဝက သိပ်များတယ် (မှန်ပါ့ ဘုရား)။

တချို့ သားသေလို့တဲ့ အမေမစားနိုင် မသောက်နိုင်နဲ့ သားစိတ်နဲ့ သေသွားတယ်ဆိုတာလဲ ကြားဖူးကြပါလိမ့်မယ် (ကြားဖူးပါတယ် ဘုရား) အဲဒါ တကယ်အရှိကြောင့် သေရတာလား အခေါ်ရှိကြောင့်လား (အခေါ်ရှိကြောင့်ပါ ဘုရား) ဒါဖြင့် အခေါ်ရှိဆိုတော့ နာမည်ကလေး ရှိတာပေါ့ (မှန်ပါ့ ဘုရား) တကယ်တော့ ဒကာ ဒကာမတို့ အမေမှာ ချုံးပိန်လိမ် ခြောက်ပြီး သကာလ သေပွဲရောက်သွားတယ် (မှန်ပါ့) ဘယ်သူကများ နှိပ်စက်လိုက်တာတုံး (အခေါ်ရှိက နှိပ်စက်တာပါ ဘုရား)။

ဒါဖြင့် တကယ်ရှိက နှိပ်စက်လို့ရှိရင်ဖြင့် တကယ့်ရှားသားဒုတ်နဲ့ တကယ်အရိုက်ခံပြီး သေရတယ်ဆိုတော့ ဦးဘတင် ယုံဖို့ပေါ့ဗျာ (မှန်ပါ့) အခုတော့ဖြင့် မရှိတဲ့ ဒုတ်နဲ့ရိုက်တာနဲ့ ဒီအမေဟာ သေရရှာသတဲ့(မှန်ပါ့) ဒီတော့ သူ့အတွက်ဟာ ဒကာ ဒကာမတို့ သူ့ရူးချက်နဲ့ သူသေတာပဲလို့ ဆိုရလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာတို့ ဒီဥစ္စာ ပေါ်လွင်အောင်လဲ ပြောနေတယ် (မှန်ပါ့) ပေါ်လွင်အောင် ပြောနေတော့ ဒကာ ဒကာမတွေက ဪ သားသေလို့ အမေပါရောလိုက်ပြီး သကာလ ချုံးပိန်လိမ်ခြောက်ပြီး သကာလ မစားနိုင် မအိပ်နိုင်ဘဲ သေပွဲဝင်သွားတယ်ဆိုတဲ့ဥစ္စာ ဦးဝတို့ စဉ်းစားကြည့်ပါ၊ အရှိကြောင့် သေတာလား၊ မရှိနဲ့သေတာလား (မရှိတာနဲ့ သေတာပါ ဘုရား) မရှိတာက နှိပ်စက်တာနော် (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ မရှိတဲ့သားက နှိပ်စက်လိုက်တာ အမေအပါယ် သွားရတယ် (မှန်ပါ့ ဘုရား)။

ဟိုအိမ် ဒီအိမ် လျှောက်ကြည့်စမ်းပါ

ဒကာ ဒကာမတို့ မြို့ထဲရွာထဲ လျှောက်ပြီး ကြည့်စမ်း၊ ဟိုအိမ် ဒီအိမ် လျှောက်ကြည့်စမ်းပါ၊ ဟိုအိမ်ကြည့်လိုက်လဲ မျက်ရည်နဲ့မျက်ခွက်၊ ဟိုအိမ်မှာ ကြည့်လိုက်လဲ စိတ်မချမ်းသာ လက်မချမ်းသာနဲ့ ဖြစ်နေကြတဲ့ အိမ်တွေ လျှောက်ကြည့်တော့ အခေါ်ရှိတာက နှိပ်စက်တာလား တကယ်ရှိက နှိပ်စက်တာလား၊ အကဲခတ်ကြည့်စမ်းပါဦး (အခေါ်ရှိက နှိပ်စက်နေတာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ ခက်တယ်၊ ဒကာ ဒကာမတွေ အင်မတန် ခက်နေပြီ၊ အခေါ်ရှိက နှိပ်စက်နေတာ၊ တကယ်ရှိက နှိပ်စက်နေတာ မဟုတ်ဘူး၊ တကယ်ရှိက ခန္ဓာငါးပါး (မှန်ပါ့) အခေါ်ရှိတာက သားသမီး ဆွေမျိုးဉာတကာ သား၊ လင်၊ ခင်ပွန်း၊ အဘိုးအဘွား၊ အမိအဘ ဒါတွေက ဆိုင်းဘုတ်တွေ မဟုတ်လားဗျာ (မှန်ပါ့)။

အဲဒါတွေနဲ့ အဘိုးပျက်စီးသွားလို့၊ အဘွားပျက်စီးသွားလို့၊ အဖေက ဖောက်ပြန်သွားလို့၊ အမေက ဖောက်ပြန်သွားလို့၊ ခင်ပွန်းသည်က ဖောက်ပြန်သွားလို့၊ မြေးသားက ဖောက်ပြန်သွားလို့၊ တစ်ခါတည်း အိမ်တိုင်းစေ့ အိမ်တိုင်းစေ့မှာ စိတ်မချမ်းသာ လက်မချမ်းသာနဲ့ နေရတဲ့သဘောဟာ ဦးဘတင် မြင်ဖူးပါတယ် (မြင်ဖူးပါတယ် ဘုရား) ဘာနှိပ်စက်ကြတာတုံး (အခေါ်ရှိက နှိပ်စက်တာပါ ဘုရား)။

တကယ်ရှိက နှိပ်စက်လို့ရှိရင် ကူညီနိုင်သေးတယ်နော် (မှန်ပါ့) အခုဟာက တကယ်မရှိတာက အခေါ်ကလေးလောက်ရှိတဲ့ အရှိကနေပြီး ဒကာ ဒကာမတွေ မျက်ရည်မျက်ခွက်ကျအောင် လုပ်နေတော့ ဦးဘအုပ်ရေ မတတ်နိုင်အောင် ဖြစ်နေတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန်မှ ခင်ဗျားတို့ မသိဆိုးဝါးလွန်းလို့ (မှန်ပါ့) ဘယ့်နှယ် မသိဆိုးဝါးလွန်းလို့ ဆရာဘုန်းကြီးက အပြစ်တင်ရသတုံးဆိုတော့ သားဆိုတာကလဲ မရှိ သမီးဆိုတာကလဲ မရှိ၊ ခန္ဓာငါးပါးသာ ရှိတာကိုးဗျ (မှန်ပါ့) အဲဒီဥစ္စာတွေနဲ့ သားစိတ်နဲ့ အမေဒုက္ခ ရောက်ရတယ် (မှန်ပါ့) သမီးစိတ်နဲ့ အမေအဖေ ဒုက္ခရောက်ရသတဲ့ဆိုတော့ ဦးဘတင်ရေ မရှိတာက နှိပ်စက်တာနော် (မှန်ပါ့ ဘုရား)။

မရှိတာက နှိပ်စက်နေတာ

မရှိတာက နှိပ်စက်နေတာဆိုတော့ ခင်ဗျားတို့ တော်တော်ခက် သွားတယ်၊ ခွေးတစ်ကောင်က လိုက်လာတယ်၊ လူတစ်ယောက်က ဘာမှ မတွေ့ဘူး၊ ခဲကောက်သလိုလို ဘာလိုလို လုပ်ပြီး သကာလ ချောက်လိုက်တာနဲ့ ဒကာသစ်တို့ ကိုမြရွှေတို့ ဒီခွေးဟာ မပြေးဘူးလား (ပြေးပါတယ် ဘုရား)။

ခွေးတစ်ကောင်က ကိုက်မလို့လာတယ်၊ ဒီကနေ ခဲနဲ့ ဘာနဲ့ ပေါက် မလိုလို လက်သီးထုတ်ပြလိုက်တာနဲ့ မပြေးဘူးလား (ပြေးပါတယ် ဘုရား) လက်သီးထဲမှာ ခဲကော ပါရဲ့လား (မပါပါ ဘုရား) နို့ ခွေးပြေးရတာသည် ဒကာ ဒကာမတွေပဲ စဉ်းစားပါတော့ အရှိကြောင့် ပြေးတာလား၊ မရှိဘဲနဲ့ လန့်ပြေးတာလား (မရှိဘဲနဲ့ လန့်ပြေးပါတယ် ဘုရား)။

ဘယ်နှယ့်ကြောင့် ဒီခွေးသည် လန့်ပြေးပါလိမ့်မလဲ၊ ဒီက မရှိတာနဲ့ ဟန်လုပ်လိုက်တာနဲ့ ဒီခွေးဟာ အလန့်ကြီး လန့်သွားတယ်ဆိုရင်ဖြင့် မမှားဘူးပေါ့ဗျာ (မှန်ပါ့) ဒါဖြင့် ဒီခွေးမှာ အရှိနှိပ်စက်တာလား၊ မရှိနှိပ်စက်တာလား (မရှိနှိပ်စက်တာပါ ဘုရား)။

ဪ ခွေးဆိုတာကတော့ ဒကာ ဒကာမတို့ ဒီလိုပဲ မသိရှားဘူး၊ မသိရှာလို့ နှိပ်စက်ခံရတယ်၊ အပြေးကြီး ပြေးရတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေ ပုံရိုင်းရိုင်း ပြောငြားသော်လဲ အနာကြနဲ့၊ ခင်ဗျားတို့မှာ မရှိနှိပ်စက်နေတာ (မှန်ပါ့) သားဆိုတာရှိရဲ့လား (မရှိပါ ဘုရား) သားဆိုတာ မလာမချင်း အိပ်မပျော်ဘူး၊ အမေမိဘက နှိပ်စက် နေလိုက်တာဟင် (မှန်ပါ့) လာပြန်တော့လဲ နှေးနှေးလာမယ်ဆိုလို့ရှိရင် စိတ်ထဲမှာ ဒေါင်ချာစိုင်းလို့ ဆိုတာတွေ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား) အရှိနှိပ်စက်တာလား မရှိနှိပ်စက်တာလား (မရှိနှိပ်စက်တာပါ ဘုရား)။

ခဲမပါဘဲနဲ့ အပြေးကြီး ပြေးရတော့

ဪ ဒါဖြင့် ဒကာ ဒကာမတို့ မရှိနှိပ်စက်တာ ခုနင်က ခွေးဟာ ခဲမပါဘဲနဲ့ အပြေးကြီးပြေးရတာ နာလိုက်တာ (မှန်ပါ့) ခဲမပါဘဲနဲ့ အပြေးကြီး ပြေးရတော့ ဘယ့်နှယ်ပါလိမ့် (နာပါတယ် ဘုရား) တိရစ္ဆာန်ကိုးဗျ (မှန်ပါ) ခင်ဗျားတို့တော့ မဆိုပါဘူး၊ ဆိုစရာ မလိုပါဘူး (မှန်ပါ့) ခင်ဗျားတို့လဲ မဆိုပါဘူးဗျ ဆိုရတယ် အဓိပ္ပာယ်တော့ ရောက်တယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ သားကြောင့်၊ သမီးကြောင့်၊ ဆွေကြောင့် မျိုးကြောင့်ဆိုတော့ သွားပြီ၊ ကိုင်ကြည့်တော့လဲ ပထဝီဓာတ်တွေ့တယ်၊ မာတာတွေတွေ့၊ ပျောတာတွေတွေ့၊ ကြည့်လိုက်ပြန်တော့ အဆင်းတွေ ဆိုတော့ ခန္ဓာတွေပဲ တွေ့နေကြတယ်၊ အဲဒီခန္ဓာတွေက နှိပ်စက်တာလား သားဆိုတဲ့ ပညတ်မရှိတာက နှိပ်စက်တာလား (သားဆိုတဲ့ ပညတ်မရှိတာက နှိပ်စက်တာပါ ဘုရား)။

သမီးဆိုတဲ့ ပညတ်မရှိတာက နှိပ်စက်တယ်၊ အမေနဲ့ ဘယ်တော့မှ မခွဲဘူး၊ အခု အမေက စွန့်သွားလို့ဆိုတော့ ဒကာ ဒကာမတို့ သားတစ်ယောက် အမေဆိုရင် အမေအဖေ ပစ်သွားရင် သမီးဟာ ချုံးပွဲချပြီး သကာလ ဒုက္ခရောက်ကြတယ် (မှန်ပါ့) ဒါဟာ အရှိနှိပ်စက်တာလား၊ မရှိနှိပ်စက်တာလား (မရှိနှိပ်စက်တာပါ ဘုရား)။

မရှိနှိပ်စက်မှုကြောင့် အပါယ်သွားကြသလား

ဪ ဒါကြောင့် လောကကြီးထဲမှာ အပါယ်သွားတာ အရှိကြောင့် အပါယ်သွားကြတာလား၊ မရှိနှိပ်စက်မှုကြောင့် အပါယ်သွားကြသလားဆိုတာ ဝေဖန်ကြ (မရှိနှိပ်စက်မှုကြောင့် အပါယ်သွား ကြရပါတယ် ဘုရား) ဒါဖြင့် ကျုပ်တို့သည် ခွေးနှိပ်စက်သလို ဖြစ်နေတာပဲ (မှန်ပါ့) ဦးဝ မနာနဲ့နော် (မနာပါ ဘုရား)။

တကယ်အရှိက နှိပ်စက်လို့ရှိရင် သွေးတွေ ဘာတွေ ထွက်လို့ ဒဏ်ရာတွေ ကြီးကြီးကျယ်ကျယ်နဲ့ ယောင်ဖောပြီး သကာလ လာလို့ပေါ့ဗျာ (မှန်ပါ့) အခုဟာက မဟုတ်ဘူး၊ ချုံးပိန်လိမ် ခြောက်ပြီးသွားတာပဲ (မှန်ပါ့ ဘုရား)။ဒဏ်ရာတွေ ဘာတွေနဲ့ စွဲချက်တင်လောက်အောင်ကို ရရဲ့လား (မရပါ ဘုရား) အဲ တကယ်မရှိခဲ့လို့ပေါ့ဗျ (မှန်ပါ့)

ဒဏ်ရာရှိတော့ ခင်ဗျားတို့ ဒဏ်ရာပြပြီး ဘယ်သူ ဘာနဲ့ရိုက်လိုက်လို့ဆိုတော့ ခင်ဗျားတို့မှာ သက်သေလဲ မလုံလောက်ဘူး၊ သေပွဲလဲ ဝင်ရသေးတယ်၊ မနာဘူးလား (နာပါတယ် ဘုရား)။

အဲဒီတော့ ဘုန်ကြီးတို့ ဒကာ ဒကာမတွေ တစ်သံသရာလုံးမှာဖြင့် ဘယ်သူနှိပ်စက်လာတယ်ဆိုတာဖြင့် သိလောက်ပါပြီ (မရှိနှိပ်စက်ပါတယ် ဘုရား) အခေါ်ရှိတာက နှိပ်စက်တာ၊ အခေါ်လောက်ပဲ ရှိတယ် (မှန်ပါ့) တကယ်တော့ ရှိရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒါကို ပိုင်ပိုင်နိုင်နိုင် မသိသေးလို့ရှိရင်ဖြင့် သူနှိပ်စက်တာနဲ့ အပါယ်လေးပါးသွား သေမင်းနိုင်ငံရောက်ပေါ့ဗျာ (မှန်ပါ့) ဦးဘတင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံး နစ်နာခဲ့တဲ့အဖြစ်တွေဟာ ဘာပါလိမ့်မတုံးမေးတော့ အခေါ်ရှိနဲ့ တကယ်ရှိကို မကွဲတဲ့အတွက် တို့မှာဖြင့် ခွေးသေသေခဲ့ရတယ်ဟ၊ ခွေးပြေး ပြေးခဲ့ရတယ်၊ ခွေးနေနေရတယ်ဟ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) နာစရာများ ပါသေးသလား (မပါပါ ဘုရား) သဘောပါကြရဲ့လား (ပါပါပြီ ဘုရား)။

သူ့မှာတော့ ငွေပျောက်လို့ ဒုက္ခရောက်သတဲ့

ဒကာ ဒကာမတို့ တချို့မှာ ရွှေပျောက်တယ်၊ ရွှေလဲ မဟုတ်ဘူး၊ ရွှေပျောက်လို့ သူ့မှာ ဒုက္ခရောက်တယ် (မှန်ပါ့)၊ ငွေပျောက်လို့တဲ့ ငွေလဲ မဟုတ်ဘူး၊ ကိုမြရွှေ ငွေကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) သွားပြီး ကိုင်ကြည့်တော့ ပထဝီဓာတ်၊ အာပေါဓာတ်တွေပေါ့ဗျာ၊ သို့သော် သူ့မှာတော့ ငွေပျောက်လို့ ဒုက္ခရောက်သတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတွေ တချို့ စိန်ပျောက်လို့ ဒုက္ခရောက်သတဲ့၊ တချို့ စီးပွားပျက်တာနဲ့ ဒီဟာတွေပေါင်သုံး၊ တချို့လဲ အမျိုးမျိုး သူခိုး ဓားပြတွေကယူ၊ တစ်နည်းအားဖြင့် ကုန်ကူးလွဲလို့ဆုံး၊ အမြတ်လိုချင်လို့ ပေးလိုက်တာနဲ့ အရှုံးနဲ့တွေ့၊ ဒီလိုနဲ့ပဲ ဥစ္စာရူးဆိုပြီး သကာလ ရူး၊ ရူးရာက နေပြီး သေပွဲဝင်တယ် (မှန်ပါ့) အရှိနှိပ်စက်တာလား (မရှိနှိပ်စက်တာပါ ဘုရား)။

သွားပြီးမေးတော့ ဘာပျောက်လို့၊ စိန်ပျောက်လို့၊ ရွှေပျောက်လို့၊ ငွေပျောက်လို့၊ ကားပျောက်လို့ စသည်နဲ့ ပြောသာ ပြောနေတယ် သူတို့ အခု ပြောတဲ့အထဲမှာ ရှိတာတွေ တစ်ခုမှ မပါဘူး (မပါပါ ဘုရား)။

ဦးဘတင် ဒါဖြင့် စဉ်းစားကြစို့ဗျာ၊ ဒကာ ဒကာမတွေ သေပွဲဝင်ရတာဟာ လူကောင်းသေပဲလား၊ လူရူးသေပဲလား ဆိုတာ အကဲခတ်ကြည့်စမ်း (လူရူးသေပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အရှိနှိပ်စက်တာလား မရှိနှိပ်စက်တာလား (မရှိနှိပ်စက်တာပါ ဘုရား) ပွဲသွားကြည့်၊ ဟိုမှာ အရုပ်ချင်း ရိုက်နှက်တာနဲ့ ခင်ဗျားတို့က ငိုတာနဲ့ တူနေတယ် (မှန်ပါ့) ဒီလိုဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

အရုပ်ချင်းနှိပ်စက်တော့ ခင်ဗျားတို့ ဘယ့်နှယ် ဖြစ်နေကြသလဲ (ငိုပါတယ် ဘုရား) ဪ ဟိုက ရူးအောင်လုပ်တာနဲ့ ခင်ဗျားတို့လဲ ရူးနိုင်သေးတယ်ဆိုတော့ ရူးသားရလို့ပေါ့ဗျာ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ရူးသားမရခဲ့လို့ရှိရင် ဘယ်နည်းနဲ့မှ ဒကာ ဒကာမတွေ ဒီအဖြစ်ဟာ ကြုံစရာမလိုဘူး (မလိုပါ ဘုရား) ဦးဘတင် အခု ဒီဥစ္စာတွေ ဘုန်းကြီး ဟောနေတာက ဘုရားဟောကို ချဲ့ပြီး ပြောနေတာ ပါဠိတော်မှာ ပါတယ်နော် (မှန်ပါ့ ဘုရား)။

ခေါ်ဝေါ်သမုတ်ထားတာကလေးတဲ့

အက္ခေယျသညိနော သတ္တာ၊ အက္ခေယျသ္မိံ ပတိဋ္ဌိတာ၊

အက္ခေယျံ အပရိညာယ၊ ယောဂမာယန္တိ မစ္စုနော။

(သဂါထာဝဂ္ဂသံယုတ်ပါဠိ၊ သမိဒ္ဓိသုတ်၊နှာ-၁၁)

ဒါဟောလိုက်တယ်၊ နတ်ကိုဟောတာ (မှန်ပါ့)အက္ခေယျသညိနော ဆိုတာ သမုတ်ထားတာကလေးကွာ တဲ့၊ လူတို့၊ နတ်တို့၊ သားတို့၊ သမီးတို့ ခေါ်ဝေါ်သမုတ်ထားတာကလေးတဲ့ (မှန်ပါ့ ဘုရား)။

လူသတ္တဝါ၊ နတ်သတ္တဝါ၊ ဗြဟ္မာသတ္တဝါဆိုတာ ဘာပါလိမ့် ဒကာ ဒကာမတို့ (ခေါ်ဝေါ် သမုတ်ထားတာပါ ဘုရား) ရှိတာတော့ ဟုတ်ကဲ့လား (မရှိပါ ဘုရား) ရှိတာတော့ မဟုတ်ဘူးတဲ့၊ ခေါ်ဝေါ်သမုတ် ထားတာတွေပါတဲ့။

အက္ခေယျသ္မိံ ပတိဋ္ဌိတာတဲ့၊ အဲဒီဥစ္စာကို တကယ်ပဲလို့ ခင်ဗျားတို့ စွဲလိုက်တယ်၊ တကယ်သား၊ တကယ်သမီး၊ တကယ်အမေ၊ တကယ် အဖေလို့ စွဲယူလိုက်တယ် (မှန်ပါ့ ဘုရား)။

အက္ခေယျံ အပရိညာယတဲ့၊ ဪ ဒီဥစ္စာသည်ကား အခေါ်သမား မဟုတ်ပါလား၊ အရှိမဟုတ်ပါလားလို့ ခင်ဗျားတို့က ပိုင်းခြား မသိဘူးတဲ့ (မှန်ပါ့) သိရဲ့လား (မသိပါ ဘုရား) “ယောဂမာယန္တိ မစ္စုနော” တဲ့၊ အဲဒီမှာ ယောဂလေးပါးက ဆွဲချလိုက်တာ တစ်ခါတည်း သေမင်းနိုင်ငံချည်း နေရတာပဲတဲ့ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ပါဠိတော် သဘောကျပလား (ကျပါပြီ ဘုရား) သမုတိသစ္စာက နှိပ်စက်ချလိုက်တဲ့ဖြစ်ခြင်း၊ သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာကို ဝေဖန်ပိုင်းခြားတဲ့ဉာဏ်မရဘဲနဲ့ သမုတိသစ္စာကို လမ်းဆုံးပြီး သကာလ နေတာနဲ့ သေမင်းနိုင်ငံလိုက်ခဲ့ရတယ်ဟေ့ဆိုတော့ ခန္ဓာ၊ ဇာတိ၊ ဇရာ၊ မရဏ တွေ့ရခဲ့တာ ကံမကောင်း အကြောင်းမသင့်လို့ချည်း မမှတ်လိုက်ပါနဲ့ ဒကာ ဒကာမတို့ စင်စစ်မှာတော့ သမုတိသစ္စာမကျော်နိုင်လို့ ဖြစ်ရတာပါ (မှန်ပါ ဘုရား)။

သမုတိသစ္စာဆိုတာ

ဦးဘတင် ဘယ်လိုမှတ်မယ် (သမုတိသစ္စာမကျော်နိုင်လို့ ဖြစ်ရတာပါ ဘုရား) သမုတိသစ္စာဆိုတာ သမုတ်ရုံကလေး သမုတ်ထားတာ၊ တကယ်ရှိတာ မဟုတ်ဘူးနော် (မှန်ပါ့) သားဆိုတာ တကယ်ရှိရဲ့လား (မရှိပါ ဘုရား) သမီးဆိုတာ (မရှိပါ ဘုရား) မရှိတာကို သွားပြီး ကိုင်တွယ်ကြည့်လို့ရှိရင် ပူတာ အေးတာရင်လဲ တွေ့ပါလိမ့်မယ်၊ လေးတာ ပေါ့တာရင်လဲ တွေ့ပါလိမ့်မယ်၊ ပူတာ အေးတာတွေ့ရင် မီးဆိုတဲ့ သဘောပေါ့ဗျာ ဒီလိုသာနေရမယ်မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒါ အရှိမဟုတ်လား (မှန်ပါ့) အဲဒီဥစ္စာကို ဒကာ ဒကာမတွေက ပိုင်းခြားပြီး သကာလ မသိဘူးတဲ့၊ သားနဲ့အရှိနဲ့ ခွဲခြားပြီး သကာလ မသိကြပါဘူး (မှန်ပါ့) သားဆိုတဲ့ ဆိုင်းဘုတ်ကို တစ်ခါတည်း အစွဲလဲတကယ် သားပဲ၊ တကယ်ပဲအားကိုးရမှာပဲ သူသေသွားလဲ ကိုယ်သေမှာပဲဆိုတဲ့ အသွားမျိုးကြောင့် ဒကာ ဒကာမတို့ မရှိတာကို အရှိလုပ်ပြီး သကာလ မကျော်နိုင် မပိုင်းခြားနိုင်တာနဲ့ တစ်သံသရာလုံး သားကိစ္စ၊ သမီးကိစ္စ၊ ခင်ပွန်းကိစ္စတွေနဲ့ချည်းပဲ အရူးထပြီး အပါယ်ချည့် ရောက်ခဲ့ရတယ်ဆိုတာ သေသေချာချာ မှတ်ပါလို့ ဘုရားက ဟောလိုရင်းပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။

ဒါဖြင့် “အက္ခေယျသညိနော သတ္တာ” ဆိုတဲ့ဥစ္စာ သမုတိသစ္စာဆိုတာ သမုတ်ထားတာကို အဟုတ်ထင်တာနဲ့ ဒကာဝတို့ သေပွဲချည်းဝင်နေခဲ့ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သမုတိသစ္စာဆိုတာ ဒကာ ဒကာမတွေ တကယ်အရှိမဟုတ်ပါဘူးနော် (မှန်ပါ့) သမုတိသစ္စာဆိုတာ ဒကာ ဒကာမတို့ သိတဲ့အတိုင်း အခေါ်ပဲရှိတာပဲ (မှန်ပါ့) မရမတ္ထ သစ္စာဆိုတာ တကယ်ရှိတာ (မှန်ပါ့) ခန္ဓာငါးပါးကတော့ တကယ်ရှိတယ်၊ သား၊ သမီး၊ မြေး၊ မြစ်ကတော့ (မရှိပါ ဘုရား) အခေါ်သာရှိတာ၊ တကယ်တော့ မရှိဘူး (မှန်ပါ့ ဘုရား)။

အခေါ်ရှိကို အခေါ်ရှိလောက်တင် ရပ်ပြီး

ကောင်းပြီ၊ အဲဒီအခေါ်ရှိကို ဒကာ ဒကာမတွေက ကျော်လွန်ပြီး သကာလ ဪ တကယ်ရှိ ဆိုလို့ရှိရင်ဖြင့် တို့ပူရမှာပဲ၊ ဆွေးရမှာပဲ၊ အခေါ် ရှိလောက်ဆိုရင်ဖြင့် အခေါ်ရှိကို အခေါ်ရှိလောက်တင် ရပ်ပြီး သကာလ တကယ်မရှိဘူးဆိုတာနဲ့ ပိုင်းခြားနိုင်တဲ့ ဉာဏ်ရမယ်ဆိုလို့ရှိရင် ဒကာ ဒကာမတွေ သေမင်းနိုင်ငံမရောက်ပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သေမင်းနိုင်ငံ အဖန်ဖန်ရောက်ခဲ့ရတာ အခေါ်ရှိကို တကယ်ရှိ လုပ်နေကြလို့ သေမင်းနိုင်င့ အဖန်ဖန်ရောက်ခဲ့ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် သေမင်းနိုင်ငံရောက်ပုံဆိုတော့ ပဋိစ္စသမုပ္ပာဒ်နဲ့ပြရင် ပိုရှင်းတာပေါ့ဗျာ (မှန်ပါ့) ကြည့်ကြ ဒကာ ဒကာမတို့ သေမင်းနိုင်ငံ ရောက်ပုံဟောတာ ဒကာ ဒကာမတို့၏ အင်မတန် ချစ်လှစွာသော သမီး ကလေးတစ်ယောက်ပေါ့လေ (မှန်ပါ့) အဲဒါကို မအေလုပ်တဲ့ပုဂ္ဂိုလ်က သမီးလို့ လုပ်တယ်၊ မလုပ်လိုက်ဘူးလား (လုပ်ပါတယ် ဘုရား)။

တကယ့်သမီးလား မေးတော့ အို ဘယ်နေ့ ဘယ်ရောက်မွေးဖွားတယ်၊ ဘယ်နေ့ ဘယ်ရက် မွေးဖွားတယ် ဆို ထားလိုက်တာပဲ၊ မယုံရင် သူကြီးအိမ် သွားကြည့်ပါ၊ ဆယ်အိမ်ခေါင်းအိမ် သွားကြည့်ပါ၊ မွေးစာရင်းကိုတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) သူကြီး ဆယ်အိမ်ခေါင်းအိမ် သွားကြည့်ပါ မွေးနေ့ မှတ်တမ်းရှိတယ်၊ မလာဘူးလား (လာပါတယ်) ဒါဖြင့် ဒါဟာ တကယ်ရှိလုပ်လိုက်တာဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ရှိတာက ခန္ဓာငါးပါး၊ သမီးလဲ ခန္ဓာငါးပါးပဲ (မှန်ပါ့) သို့သော် ခင်ဗျားတို့က ဘာလုပ်လိုက်သတုံး (သမီးလုပ်လိုက်ပါတယ်) သမီးလုပ်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒါဟာ အမှတ်က မှားသွားပြီ (မှန်ပါ့)။

ဘုရားက ခေါ်ရုံကလေး သမုတိကို အသုံးချတာနော် (မှန်ပါ့) ခေါ်ရုံကလေးလုပ်တာကို ခင်ဗျာတို့က မဟုတ်ဘူး တကယ်ရှိတယ် ယူပစ်လိုက်တယ် (မှန်ပါ့) သမီးရှိသေးသလားဆိုတော့ မရှိဘူးမေးလိုက်မှာကို သိပ်ကြောက်တယ် (မှန်ပါ့) ကျုပ်ဟာ ဥတစ်လုံး တစ်ကောင်ကြွက် မဟုတ်ဘူး စသည်နဲ့ တစ်ခါတည်း လာတော့တာပဲ (မှန်ပါ့) မလာဘူးလား၊ လာသလား (လာပါတယ် ဘုရား)။

ဒီအသံမျိုး နောက်ဖြင့် လူထူထူဖြင့် မမေးပါနဲ့ စသည်နဲ့ တော်တော့ကို လာတော့တာပဲ (မှန်ပါ့) နည်းနည်းနောနော မဟုတ်ဘူးနော်၊ ဒကာ ဒကာမတို့ စိတ်တောင်နာသေးတယ်၊ ဒီလိုများ မေးလို့ရှိရင် (မှန်ပါ့ ဘုရား)။

မွေးစားတယ်လို့များ ပြောလိုက်လို့ရှိရင်

သူများဟာ မွေးစားတာတောင် မွေးစားတယ်လို့များ ပြောလိုက်လို့ရှိရင် အို ဘယ့်နှယ်ပြောပါလိမ့် လူ့အလိုက် မသိတာ (မှန်ပါ့) ဒီလိုလာတာကိုးဗျာ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ ဒါဟာ သမုတိသစ္စာဟာ ဒကာ ဒကာမတို့ တကယ်ရှိတာ ဟုတ်ပါရဲ့လား သမုတ်ထားတာလား (သမုတ်ထားတာပါ ဘုရား) သမုတ်ထားတာကိုလဲ ခင်ဗျားတို့က သမုတ်ထားတာကိုလဲ မသိတော့ဘူး (မှန်ပါ့) မသိတော့သညာဝိပလ္လာသဆိုတာကအမှား၊ အမှတ်မှားဝင်လာတယ် (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်သူနှိပ်စက်တယ်ဆိုတာ ပေါ်လာပြီ (ပေါ်လာပါပြီ) ဘာနှိပ်စက်ပါလိမ့် (သညာဝိပလ္လာသ နှိပ်စက်ပါတယ်) သညာဝိပလ္လာသဆိုတော့ စာလိုသုံးတော့ မသိဘဲနေမယ်၊ အမှတ်မှား နှိပ်စက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ နှိပ်စက်တာပါလိမ့် (အမှတ်မှား နှိပ်စက်တာပါ) အမှတ်မှားနှိပ်စက်လာတဲ့အခါကျလို့ရှိရင်ဖြင့် ဒါဟာ သမီးမဟုတ်တာကို သမီး လုပ်လိုက်တဲ့အတွက် အမှတ်မှားလာတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဟောဒီ အသိမှားလိုက်လာတယ် (မှန်ပါ့ ဘုရား)။

အမှတ်မှားနောက်က ဘာလိုက်လာသတုံး (အသိမှားလိုက်လာပါတယ်) အသိမှားလိုက်တော့ ဒီဥစ္စာဖြင့် နောက်ကနေပြီး အယူမှားလဲ လိုက်တာပဲ (မှန်ပါ့) သုံးချက်ကို ဆင့်လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုမြရွှေ ဘယ်နှစ်ခုလိုက်ပါလိမ့် (သုံးခုလိုက်ပါတယ်) အမှတ်မှား အသိမှား အယူမှား (မှန်ပါ့) အမှတ်မှားက ဘာတုံး (သညာဝိပလ္လာသ) အသိမှားက (စိတ္တဝိပလ္လာသ) အယူမှားက (ဒိဋ္ဌိဝိပလ္လာသ) သုံးချက် လိုက်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်ကျအောင် ဒုက္ခရောက်သွားသတုံးဆိုရင် အယူတောင်မှားပေါ့၊ ငရဲကိုသွားမှ သွားပါ့မလားလို့ ဦးဘအုန်း မေးစရာ လိုသေးသလား (မလိုပါ ဘုရား)။

အခေါ်ရှိနဲ့ တကယ်ရှိမကွဲလို့

ဒါဟာ ဘာတုံးလို့ ဦးဘတင်တို့ မေးမေး၊ ကိုမြရွှေတို့ မေးမေး ဟာ-ဒီဥစ္စာ ဒကာ ဒကာမတို့ အခေါ်ရှိနဲ့ တကယ်ရှိမကွဲလို့ အမှတ်မှားလာတာ (မှန်ပါ့) မလာဘူးလား (လာပါတယ်) အမှတ်မှားနောက်က ဘာလိုက်တယ် (အသိမှားလိုက်ပါတယ်) အသိမှားနောက်က (အယူမှား လိုက်ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် အမှတ်မှားနောက်က အသိမှား၊ အသိမှားနောက်က အယူမှားဆိုတော့ ဒကာ ဒကာမတို့ အမှားသုံးချက် ဆက်လိုက်တယ် (မှန်ပါ့) အမှန်တစ်ချက်ချက်ပါသေးရဲ့လား (မပါပါ ဘုရား)။

အမှန်တစ်ချက်မပါကတည်းက ဒကာ ဒကာမတို့ ဒီအခြေအနေနဲ့ဖြင့် ဘယ်လိုများ သေရှာကြမလဲလို့ မေးတဲ့အခါကျတော့ အယူမှားနဲ့ သေတယ် (မှန်ပါ့) ဦးဇံရင် ဘာနဲ့သေသွားသလဲ (အယူမှားနဲ့ သေသွားပါတယ် ဘုရား)။

အယူမှားနဲ့ သေတာများတယ်

ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာဉာဏ်မပါတဲ့ပုဂ္ဂိုလ်ကို ကိုမြရွှေတို့ ဦးဘတင်တို့က ဆုံးဖြတ်ချက်ချ၊ ဘာနဲ့ သေသွားသတုံး (အယူမှားနဲ့သေပါတယ်) ဒါဖြင့် မသာတွေမှာ ဘာတွေ များမယ်ထင်ကြသတုံး (အယူမှားနဲ့ သေတာများပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ကတော့ ပွဲထဲပြသလို အယူတိမ်းလို့ နတ်စိမ်းဖြစ်သွားတာ သဘောကျတာ (မှန်ပါ့) ကိုယ်ကိုယ်တိုင် စဉ်းစားကြည့်၊ ဒါနဲ့ သေတယ်ဆိုတာ (အယူမှားနဲ့ သေပါတယ် ဘုရား)။

ဆွေမျိုးဉာတကာတွေဆီမှာ စာချုပ်စာတမ်းရော သားတစ်ယောက်အတွက်ဖြင့် တစ်ခါတည်း အပ်နှံတဲ့ ပုဂ္ဂိုလ်ဟာ သားကလေးအတွက် မှာကြားသွားတာပဲ (မှန်ပါ့) မှာချိန်မှမရ ငါ့သမီး ဘယ်လိုနေရစ်မလဲ ဆိုတဲ့ အရူးကော (ရူးပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဘာမှားနဲ့သေသွားသတုံး (အယူမှားနဲ့ သေပါတယ် ဘုရား)။

ကဲ တရားတစ်ပွဲလုံး ဆုံးဖြတ်ချက်ချ၊ အားလုံးသော ပုဂ္ဂိုလ်တို့သည် ဒီဝိပဿနာအလုပ်ကို ဟောပေးမည့်ဆရာနဲ့လဲ မတွေ့တော့ဘူး၊ ဘာနဲ့သေသွားသတုံး (အယူမှားနဲ့ သေသွားတယ် ဘုရား) ဘယ်နှစ်ယောက် ရှိလိမ့်မယ် ထင်ကြသတုံး (မရေမတွက်နိုင်ပါ ဘုရား) အတော်ကို ခက်နေပါပေါ့လား (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာ သဘောကျပလား (ကျပါတယ်) လူတစ်သိန်း သေလို့ တစ်ယောက် သုဂတိမရောက်ဘူးတဲ့ (မှန်ပါ့) လူတစ်သိန်းသေလို့ လူတစ်ယောက် နတ်ပြည် သုဂတိမရောက်နိုင်ဘူးတဲ့ (မှန်ပါ့) ဘာတွေနဲ့ သေကြသတုံး (အယူမှားနဲ့ သေကြပါတယ် ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့ ရှေ့တုန်းကတော့ ဒီလူ အမှားနဲ့ သေသွားရှာတယ်တဲ့၊ ပြောတဲ့လူကလဲ အယူမှားပဲ (မှန်ပါ့) ဘေးက အိမ်နီးချင်းတွေကလဲ ထိုပုဂ္ဂိုလ်တော့ အယူမှားသွားလိုက်တာ သူ့သားကြောင့် နောက်တချွတ်ချွတ်လိုက်နေတယ် (မှန်ပါ့ ဘုရား)။

တစ်လမ်းသွားဆိုတော့ ဆွမ်းသွတ်ချိန်မရဘူး

ဒီဟာသာ ထင်နေတာ ဆွမ်းသွတ်ချိန်မရနိုင်တဲ့ အယူမှားက သာဆိုးတယ်၊ သူက တစ်လမ်းသွားကိုး (မှန်ပါ့) တစ်လမ်းသွားဆိုတော့ ဆွမ်းသွတ်ချိန်မရဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါ၊ အဲဒါက သမီးကလေး တစ်ယောက်တည်းတဲ့၊ အဲဒါ အမေ့စိတ်က ဒါသမီးကလေးတစ်ယောက်တည်းလို့ မမှတ်ဘူးလား (မှတ်ပါတယ်) သူများလိုလဲ မောင်နှမ သားချင်း ရှိတာမဟုတ်ဘူး၊ သမီးတစ်ယောက်တည်းတဲ့၊ အမှတ်မှားတော့ လာပြီနော် (မှန်ပါ့ ဘုရား)။

အမှတ်မှားတဲ့အခါကျတော့ ခုနင်က ဒကာ ဒကာမတွေ အင်မတန် ခင်မင်တဲ့ စိတ်ဆိုတဲ့ အမှားတစ်ခု မလာပေဘူးလား (လာပါတယ်) သမီးမဟုတ်တာကို သမီးလုပ်ပြီး အထင်မှားကြီး မလာဘူးလား (လာပါတယ်) အဲဒါ စိတ်နဲ့မှားတာ (မှန်ပါ့ ဘုရား)။

ကိုယ့်မျက်လုံး မှိတ်သွားရမယ်ဆိုလို့ရှိရင်ဖြင့် စိတ်ချ လက်ချနဲ့ပဲလား၊ ငါ့သမီး ဘယ်လိုနေရစ်မလဲဆိုတဲ့ အမှားနဲ့ပဲ သေမလား (အမှားနဲ့ သေမှာပါ ဘုရား) ဒါဖြင့် ဘာအမှားနဲ့ သေသတုံး (အယူမှားနဲ့သေပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့သေတော့ ဘာနဲ့သေကြသတုံး (အမှားနဲ့ သေပါတယ်) နေတော့ကော ဘာအမှားနဲ့နေကြသတုံး (ဒီအမှား သုံးချက်နဲ့ပဲနေပါတယ်) သေတော့လဲ ဒီသုံးချက်ကို တော်လှန်ပြီး သေသလား၊ ဒီသုံးချက်နဲ့ သေသလား (ဒီ သုံးချက်နဲ့ပါ ဘုရား) ဒါကြောင့် တစ်သိန်းသေလို့ လူတစ်ယောက် သုဂတိ မရောက်နိုင်ဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ငြိမ်ငြိမ်နဲ့ အပါယ်သွားနေကြတာ

ကိုင်း ဒီဥစ္စာကို တရားဆက်ပြီး နာမှပဲ ပြင်ပေးလို့ ရမှာနော် ဦးဘတင် (မှန်ပါ့) နို့မဟုတ်လို့ရှိရင် မရဘူး (မရပါ ဘုရား) ခင်ဗျားတို့ ဖြစ်စဉ်တွေ ခင်ဗျားတို့က ကျုပ်တော့ဖြင့် ကိုယ့်သား ကိုယ့်သမီးနဲ့ မှန်မှန်နေတာပဲ၊ ဘယ့်သူ့ဟာမှ မခိုးဘူး၊ ဘာမုသားမှလဲ မပြောဘူး၊ ကိုယ့်သား ကိုယ့်သမီးနဲ့ ဆုံးမသွန်သင်ပြီး သကာလ ကောင်းကောင်းမွန်မွန် ကိုယ့်သား ကိုယ့်သမီးနဲ့ ဒီလိုပဲနော်လိုက်တာပဲ၊ အဲဒီတော့ ကျုပ်တို့တော့ အပြစ်မရှိဘူးတဲ့၊ သူများအိမ်လိုလဲ ဆူတာမဟုတ်ဘူးတဲ့ ကျုပ်တို့အိမ်တော့ ငြိမ်ငြိမ်ပဲတဲ့၊ ငြိမ်ငြိမ်နဲ့ အပါယ်သွားနေကြတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လိုနဲ့ သွားတာပါလိမ့် (ငြိမ်ငြိမ်နဲ့ သွားတာပါ) ငြိမ်ငြိမ်နဲ့ သွားတာ၊ အယူမှားနဲ့ သွားတာ (မှန်ပါ့) ငြိမ်တာသာဆိုတာကိုးဗျ၊ ကြည့်ပါလား၊ သမီးဆိုတဲ့ အမှတ်မှားကို စွန့်ရဲ့လား (မစွန့်ပါ ဘုရား)၊ သမီးဆိုတဲ့ အသိမှားကော (မစွန့်ပါ ဘုရား) သမီးဆိုတဲ့အယူမှားကော (မစွန့်ပါ ဘုရား)။

ဒါဖြင့် သူက ငြိမ်ငြိမ်ကလေးနဲ့ အပါယ်သွားတာ (မှန်ပါ့) ဒီ့ပြင်လူတွေက ဆူဆူပူပူနဲ့ အပါယ်သွားတာ (မှန်ပါ့) ဘယ်မှာတုံး သုဂတိသွားကို မပါကြဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါပါ ဘုရား)။

ဘယ်လိုနဲ့ သွားတာပါလိမ့် (ငြိမ်ငြိမ်နဲ့ သွားတာပါ ဘုရား) ငြိမ်ငြိမ်နဲ့ သွားတာ အယူမှားနဲ့သွားတာ (မှန်ပါ့) ငြိမ်တာသာဆိုတာကိုးဗျ ကြည့်ပါလား၊ သမီးဆိုတဲ့ အမှတ်မှားလဲ စွန့်ရဲ့လား (မစွန့်ပါ ဘုရား) သမီးဆိုတဲ့ အသိမှားကော (မစွန့်ပါ ဘုရား)။

ဒါဖြင့် သူက ငြိမ်ငြိမ်နဲ့ အပါယ်သွားတာ (မှန်ပါ့) ဘယ်မှာတုံး သုဂတိသွားတာကို မပါကြဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါပါ ဘုရား)။

ခေါ်ဝေါ်ရုံမျှသာ ရှိတာကို မသိကြဘူး

အဲဒါလောက် ခင်ဗျားတို့မှာ ဆိုးဝါးပြီး သကာလ နေတော့ ဒါဘယ်နှယ်ကြောင့်တုံးဆိုတော့ ခေါ်ဝေါ်ရုံမျှသာ ရှိတာကို မသိကြဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ခုနင်က အမှားနှစ်ချက် ပြောခဲ့တယ် မဟုတ်လား (မှန်ပါ့) ဒကာ ဒကာမတွေ ခေါ်ရုံသာ ခေါ်ရမည့်တရားဟာ သမုတိသစ္စာ၊ တကယ်ရှိတာက ပရမတ္တသစ္စာ (မှန်ပါ့ ဘုရား)။

တကယ်ရှိတာက ခန္ဓာငါးပါး၊ အဲဒီလို တကယ်သမီးပဲလို့ မှတ်လိုက်ရင် သညာအမှား၊ တကယ်သမီးပဲလို့ ထင်လိုက်ရင် (စိတ်မှား) ဒါဖြင့် ကိုယ့်ဟာမှ ကိုယ့်ဟာပဲ ကျုပ်တို့ သူများဟာကို ဂရုမစိုက်နိုင်ဘူးဆိုတော့ (အယူမှားပါ) ဟော ကိုယ့်ဟာကိုယ် ဂရုမစိုက်ပါ (မှန်ပါ့ ဘုရား)။

သူများဟာကျတော့ လမ်းမှာ မော်တော်ကားတိုက်နေဦးတော့ တို့ပါ သက်သေပါနေဦးမယ်၊ မြန်မြန်ပြေးဟ လုပ်ချင်လုပ်မှာ ခင်ဗျားတို့ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီမှာ အမှားပြင်ပြီး သေသွားတဲ့ပုဂ္ဂိုလ်တွေပါကြရဲ့လားဆိုတော့ အတော်ရှားပါလိမ့်မယ် (ရှားပါတယ် ဘုရား) အသက်ကြီးလေ ဆိုးလေပဲ ဦးဘအုန်း (မှန်ပါ့) အသက်ကြီးရင် မြေးလိုက်ရှာနေတာပဲ၊ မရှာဘူးလား (ရှာပါတယ် ဘုရား) သူ့အမေ အဖေက ငယ်ငယ်ကတည်းက ပစ်ထားတာ၊ အဘိုးနဲ့ကြီးလာတာ လုပ်ချင်လုပ်မယ် ခင်ဗျားတို့ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

ဦးဘတင် ခင်ဗျားတို့ စောင်းပြောတာ မဟုတ်ဘူးနော်၊ ရိပ်မိပလား ဒကာ ဒကာမတို့ (ရိပ်မိပါပြီ) အင်မတန် ဆိုးဝါးတာတဲ့၊ သူများလို အများအပြားရှိတာမဟုတ်၊ သူကတစ်ယောက်တည်းဆိုတော့ ပခုံးပေါ်က အောက်ချမှာ မဟုတ်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝိပဿနာမလုပ်သရွေ့ ဘယ်တော့မှ မစွန့်နိုင်ဘူး

အဲဒီတော့ ဒကာ ဒကာမတို့ ဒါကြီးကို ကျော်လွန်သွားပြီး သကာလ ခန္ဓာငါးပါးပေါ်လာဖို့ရာ ဦးဘတင် လွယ်ပါ့မလား (မလွယ်ပါ ဘုရား) ဒါဖြင့် အမှတ်မှား အသိမှား ဒီဘက်က ဝိပဿနာမလုပ်သရွေ့ ဘယ်တော့မှ မစွန့်နိုင်ဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာမလုပ်တဲ့ပုဂ္ဂိုလ်များမှာ ဒါန၊ သီလတွေနဲ့ သုဂတိတော့ရောက်တော့ ရောက်မှာပေါ့လေ၊ သို့သော်လဲ ဒီအမှားကို ဒကာ ဒကာမတို့ စွန့်နိုင်တဲ့ အဘောသတ္တိ မရှိသောကြောင့် ဒီအမှားက အပါယ်လေးပါးဆွဲချမယ် (မှန်ပါ့) မချဘူးလား (ချပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီအမှားတွေကို စွန့်မှတော်မယ်ဆိုလို့ ရှိရင်ဖြင့် တစ်သံသရာလုံးဟာ ဘယ်လိုများ သေခဲ့ကြသတုံးဆိုတော့ သား၊ လင်၊ ခင်ပွန်းနဲ့ နေခဲ့ကြတာ တိရစ္ဆာန်ဖြစ်လဲ သား၊ လင်၊ ခင်ပွန်းနဲ့ ချည်းပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် တိရစ္ဆာန်သေတုန်းကလဲ တိရစ္ဆာန်သေပဲလား၊ အယူမှားပါသေးလား (အယူမှားပါပါတယ် ဘုရား) ကျောင်းဒကာ ဘုရားဒကာ သေတော့ကော (အယူမှား ပါပါတယ် ဘုရား) ဒါဖြင့် စဉ်စားကြည့် ကျောင်းဒကာ ဘုရားဒကာကပဲ ကယ်မလား၊ အယူမှားကပဲ နိုင်မလားဆိုတဲ့ဥစ္စာ စဉ်းစားကြည့် (အယူမှားက နိုင်မှာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိဝိပလ္လာသက အယူမှား

အယူမှားက ဒိဋ္ဌိဝိပလ္လာသဗျာ (မှန်ပါ့) ဒိဋ္ဌိဝိပလ္လာသက အယူမှား ဟုတ်လား (မှန်ပါ့) ဒိဋ္ဌိက မမှန်တာသိတဲ့ဒိဋ္ဌိ၊ မမှန်တာ သိတဲ့အထဲ အရူးက ပါနေသေးတယ် (မှန်ပါ့) သိတာက (မမှန်တာ) စိတ်က ရူးလိုက်သေးတယ်၊ အသိကလဲ မှား၊ ရူးကလဲ ရူးလိုက်သေးတယ် ဆိုတော့ ဆေး ချက်ကုန်နေတယ် (ကုန်ပါတယ် ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ဆေးချက်ကုန်နေပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) တစ်သံသရာလုံး ဆရာကောင်း၊ သမားကောင်း မတွေ့မယ်ဆိုရင် ခင်ဗျားတို့ ဆေးချက်ကုန်ပြီး သကာလ အရူးမှားနဲ့ချည်း သေခဲ့ရတယ် (မှန်ပါ့) မီးနဲ့ မစင်ကို မကွဲအောင် ဖြစ်ခဲ့တယ် (မှန်ပါ့) မီးကလဲ အဝါ၊ မစင်ကလဲ အဝါကိုးဗျ (မှန်ပါ့) ကွဲသေးရဲ့လား (မကွဲပါ ဘုရား) ဘယ်လောက်များ ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဘယ်လိုသေပါလိမ့်ဗျာ (မီးနဲ့မစင်ကို မကွဲဘဲ သေပါတယ် ဘုရား) ဘယ်လောက်ထိအောင် ဆိုးခဲ့တယ်ဆိုတာ သေပုံရှင်းပြပါ့မယ် (မှန်ပါ့ ဘုရား)။

အဲဒါ မီးနဲ့မစင်မကွဲတဲ့ဥစ္စာသည်ကား ဘာဖြစ်လို့တုံးဆိုလို့ရှိရင် အယူမှားသမားပဲ (မှန်ပါ့) အယူမှားဆိုတော့ ဒိဋ္ဌိဝိပလ္လာသ၊ ဒိဋ္ဌိက မှားတာ၊ ဝိပလ္လာသက ရူးတာ (မှန်ပါ့) မှားပြီးရူးတာ (မှန်ပါ့) ဆေးချက်ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် တစ်သံသရာလုံး ဘယ်လိုသေခဲ့သလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) ဟာ-အယူမှားပြီး သေသွားရှာတယ်ကွ (မှန်ပါ့) ရူးပြီးတော့ ရူးတဲ့အပြင် အမှားဖက်ပြီး သေသွားရှာတယ် (မှန်ပါ့) ရူးလဲ ရူးသေးတယ်၊ အမှားကလဲ ဖက်သေးတယ်ဆိုတော့ ဦးဘတင် ဆေးချက်မရှိဘူး (မရှိပါ ဘုရား) ဒါကြောင့် ဒိဋ္ဌိဝိပလ္လာသ မပယ်ရင် ဘယ်တော့မှ အပါယ်မလွတ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဒီဟာကို ဖြုတ်ရမယ်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့ ဒကာ ဒကာမတွေ မြန်မြန် ဒီဟာကို ဖြုတ်ရမယ်၊ မြန်မြန် မဖြုတ်လို့ ခင်ဗျား ဒီအတိုင်းသာ ဆရာဘုန်းကြီးကလဲ ပစ်ထားမယ် ဆိုလို့ရှိရင်ဖြင့် အယူမှားနဲ့ သွားလေရဲ့ (မှန်ပါ ဘုရား) သေသေချာချာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ဦးဘတင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (အယူမှားနဲ့သေသွားလေရဲ့) မဟုတ်ဘူးလား၊ ဒီလူဟာ တော်တော် သဒ္ဓါတရားကောင်းတယ်၊ ကျောင်းတွေ၊ ကန်တွေ၊ ဘုရားတွေ အတော်လုပ်သွားတာ၊ ရွာထဲ ရပ်ထဲ မှာဖြင့် သူတို့ပဲ ဝေယျာဝစ္စများနေတာဟာ များများ၊ မများများ အယူကတော့ မှားနေတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သားဟူသော အထိမ်းအမှတ် စွန့်ထားပလား (မစွန့်ပါ ဘုရား) သမီးဟူသော အထိမ်းအမှတ် (မစွန့်ပါ ဘုရား) ငါဟူသော အထိမ်းအမှတ် (မစွန့်ပါ ဘုရား) ဒါဖြင့် ဘယ်လို သေသွားသတုံး (အယူမှားနဲ့ သေသွားပါတယ်) အဲ အယူမှားနဲ့သေတော့ ခုနက ပြုတဲ့ကုသိုလ်တွေက သုဂတိသွား၊ အယူမှားက အောက်ပြန်ဆွဲချ (မှန်ပါ့) မချပေဘူးလား (ချပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အခေါ်ရှိနဲ့ တကယ်ရှိ မကွဲလို့ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (အခေါ်ရှိနဲ့ တကယ်ရှိ မကွဲလို့ပါ ဘုရား) အဲ အခေါ်ရှိကို ခင်ဗျားတို့က အခေါ်ရှိလို့သာ ထားလိုက်ပါ (မှန်ပါ့) သားရယ်လို့မှ ကမ္ဘာဦးက နာမည်ပေးမထားလို့ရှိရင်ဖြင့် ဒါဟာ မောင်လို့ ခေါ်ရမှာလားဆိုတဲ့ အဓိပ္ပာယ်ရောက်ချင် ရောက်လာမယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ကိုယ့်ရင်က မွေးလာရင် သားပေါ့ကွာ၊ သမုတ်ထားကြတာပဲကွ၊ အရှိကတော့ ခန္ဓာငါးပါးပဲကွ၊ ဒီလိုနှစ်ခုခွဲသိရမှာကို ခင်ဗျားတို့က တကယ်ရှိသားမို့ တကယ်သား၊ ကျုပ်တို့ကတော့ သားမဟုတ်ဘူး ဆိုမှာကို အင်မတန် စိုးရိမ်တယ်ဆိုတော့ ခုနင်က ပြောသလို သားမဟုတ်ဘူးဆိုမှာကို အင်မတန်ကြောက်တယ်၊ မကြောက်ပေဘူးလား (ကြောက်ပါတယ် ဘုရား) သူတို့မို့ ဆိုရက်ပေတယ်၊ ကျုပ်တို့ အင်မတန် ယုယပြီး ရွှေပေါ်မြတင်ထားတာတဲ့ (မှန်ပါ့) ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ရွှေပေါ်မြတင်ထားတယ်တဲ့

ကိုမြရွှေ ဘယ်လိုများထားသတုံး (ရွှေပေါ်မြတင်ထားပါတယ်) ရွှေပေါ်မြတင်ထားတယ်တဲ့၊ သူတို့မို့ ဒီအကြောင်း မေးရက်ပါပေတယ်၊ ဆွေမစာမျိုးမစာ ပြောချလိုက်တာ (မှန်ပါ့ ဘုရား)။

ဒီလို ပြောတာကို လုံးဝမခံနိုင်ဘူး၊ ဒါဟာ ဝိပလ္လာသ ပါမပါ ဦးဘတင်တို့ စဉ်းစားစမ်း (ပါပါတယ် ဘုရား) ဦးဘအုန်း (ပါပါတယ် ဘုရား) သေသေချာချာပါတာမှ တကယ့်ကို စူးစူးစိုက်စိုက်ကြီး (မှန်ပါ့ ဘုရား)။

စူးစူးစိုက်စိုက်ကြီး ဖြစ်နေတော့ဖြင့် ဒါဖြင့် အမှတ်မှား အသိမှား အယူမှားဆိုတဲ့ အမှားသုံးချက်နဲ့ သေသွားတယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်နှယ်နည်းနဲ့ ဒီပုဂ္ဂိုလ် သေမင်းနိုင်ငံက လွတ်မတုံး (မလွတ်ပါ ဘုရား) သေမင်းနိုင်ငံက လွတ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဟာ ဘာတုံးဆိုလို့ရှိရင် အခေါ်ရှိနဲ့ တကယ်ရှိကို မကွဲတာပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

တကယ်ရှိကို သိတော့ ဟောဒါက သမီးကလေး တစ်ယောက်တည်း၊ တစ်ယောက်တည်းပေမယ့် ခန္ဓာငါးပါးပဲ ဆိုတော့ ဒကာ ဒကာမတွေ ခုနင်က အမှတ်မှားက အမှတ်မှန်ဖြစ်တယ် (မှန်ပါ့ ဘုရား) အခေါ်သာ သမီးပါ၊ တကယ်ရှိတာကတော့ ခန္ဓာငါးပါးဆိုတော့ အမှတ်မှန် ဖြစ်မနေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါ ခင်စရာ မင်စရာ မရှိပါဘူးတဲ့ အသိမှန်ကော (ဖြစ်ပါတယ်) အသိမှန်ရောက်သွားလို့ရှိရင်ဖြင့် ဒီဥစ္စာ ငါလဲ မဟုတ်ဘူး၊ ငါ့သမီးလဲ မဟုတ်နိုင်ဘူး၊ ငါ့ကိုယ်မှ ငါမဟုတ်လို့ ငါ့သမီးဆိုတာလဲ မဟုတ်နိုင်ဘူး ဆိုတဲ့ အယူမှန်ရော (ရောက်ပါတယ် ဘုရား) အဲဒီကျတော့ အမှန်သုံးချက် လိုက်တယ် (မှန်ပါ့ ဘုရား)။

အမှန်သုံးချက်ဆိုတာ

ဟိုဘက်က ဘာပါလိမ့် (အမှားသုံးချက်ပါ) ဒီဘက် ဘာပါလိမ့် (အမှန်သုံးချက်ပါ) အမှန်သုံးချက်ဆိုတာ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒကာ ဒကာမတွေ တစ်သံသရာလုံး ဘယ်လိုများနေခဲ့ကြတယ် ဆိုတဲ့ဥစ္စာ အခုညပဲ တွေးကြပါတော့၊ အမှန်သုံးချက်နဲ့သာ ကြည့်ခဲ့ကြလို့ ရှိရင်လဲ ဒကာ ဒကာမတို့ အခုအခါ သောတာပန်တည်နေပြီ၊ ဘာနဲ့သာ အချိန်ကုန်လာကြတယ်ဆိုတာတော့ ဦးဝတို့ စဉ်းစားပါ (အမှားသုံးချက်နဲ့ အချိန်ကုန်ခဲ့ပါတယ် ဘုရား)။

ဒီဘဝမှာလဲ အသက်အရွယ်ကြီးကြပြီနော်၊ ဒကာ ဒကာမတို့ ဒီအမှား သုံးချက်ကိုမှ မပယ်ဖျက်နိုင်ဘူးဆိုရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဗေဒင်မမေးနဲ့တော့၊ ငွေကုန်ရုံပဲလို့ ဆိုရုံပါပဲ၊ အပါယ်သွားကြမှာတွေ များတယ် (မှန်ပါ့) မသွားရပေဘူးလား (သွားရပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပြင်ပေးရတော့မှာပဲ၊ မပြင်ရင် တော်ပါ့မလား (မတော်ပါ ဘုရား) ဒီတော့ ဒီဘက်က အမှန်သုံးချက်လိုက်ရလိမ့်မယ် (မှန်ပါ့) ဒါဟာ သမီးတော့သမီးပဲ၊ သို့သော် အခေါ်သမီး၊ အရှိက ခန္ဓာငါးပါး (မှန်ပါ့ ဘုရား)။

အခေါ်ကတော့ (သမီးပါ) အရှိက (ခန္ဓာငါးပါး) ခန္ဓာငါးပါးဆိုတော့ အမှတ်က မှန်မသွားပေဘူးလား (မှန်သွားပါတယ်) အမှတ်မှန်လို့ ရှိရင်ဖြင့် အသိကလဲ ခင်စရာမင်စရာ မရှိဘူး၊ မိဘဝတ္တရားအတိုင်း ထောက်ပံ့ရုံပဲ (မှန်ပါ့ ဘုရား)။

သားသမီးများ သင်္ဂြိုဟ် ထောက်ပံ့ရုံပဲ

”ပုတ္တဒါရဿ သင်္ဂဟော” သားသမီးများ သင်္ဂြိုဟ် ထောက်ပံ့ရုံပဲ (မှန်ပါ့) အိမ်ထောင်ချပေးဖို့ ပြင်ဆင်ပေးဖို့ ပညာသင်ပေးဖို့ ဒါပဲဆိုတော့ အသိမှန်မသွားဘူးလား (မှန်သွားပါတယ် ဘုရား)။

အဲဒါ ငါမရှိလို့ ငါ့သမီး မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ကော မရဘူးလား (ရပါတယ်) အဲဒီကျတော့ ဒကာ ဒကာမတို့ အယူလဲ မမှန်ဘူးလား (မှန်ပါ့) အဲဒီတော့ ဒီပုဂ္ဂိုလ် သေသွားတဲ့အခါကျတော့ ငါလဲ မရှိဘူးဆိုတဲ့ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒိဋ္ဌိပြုတ်သေရင်ဖြင့် သောတာပန်သေတာ (မှန်ပါ့) အပါယ် သွားစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဪ တို့သည်ကားလို့ဆိုလို့ရှိရင် တစ်သံသရာလုံး အမှားသုံးချက်နဲ့ သေခဲ့ရသောကြောင့် သေမင်းနိုင်ငံထဲမှာသာ လှည့်ပြီး သကာလ သေမင်း၏ စားဖတ် ဝါးဖတ် အဖြစ်နဲ့ပဲ အချိန်ကုန်ခဲ့ရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာကြောင့်တုံး၊ အမှားသုံးချက် ဟောပေးနိုင်တဲ့ ဆရာအမှန်၊ သုံးချက် သိနိုင်တဲ့ဉာဏ်၊ တို့မှာ ဆရာလဲမတွေ့ ကိုယ်ပိုင်ဉာဏ်မရ ဤအချက်နှစ်ချက်ဟာ အနစ်နာဆုံးပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ပြင်ပေးမည့်ဆရာလဲမတွေ့

အမှန်သုံးချက် ပြင်ပေးမည့်ဆရာလဲမတွေ့ (မှန်ပါ့) အမှန်သုံးချက်ကို ထောင်နိုင်တဲ့နားကလဲ မပါ၊ အဲဒါကြောင့် သေမင်းနိုင်ငံမှာ ခန္ဓာထိုးအပ်ခဲ့ရတာချည်းပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် ဘဝပေါင်းများစွာ သံသရာက ဘာဖြစ်ခဲ့တုံးလို့ ဒကာ ဒကာမတို့ မေးလို့ရှိရင်ဖြင့် ဘာဖြစ်တာ ညာဖြစ်တာ အသာထား၊ သေမင်း လက်ကို ခန္ဓာအပ်ခဲ့ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ် ဘာဖြစ်ကတော့ အသေချည်းဗျာ (မှန်ပါ့) နောက်ဆုံးပိတ်ကျတော့ ကိုမြရွှေ ဘယ်သူ့အပ်ရသတုံး (သေမင်း အပ်ရပါတယ်) သေမင်းကို ခန္ဓာထိုးအပ်ခဲ့တယ် (မှန်ပါ့) သေမင်း ဘာဖြစ်တယ်၊ ဘာဖြစ်တယ်က လိုရင်းကျသေးသလား (မကျပါ ဘုရား) သေမင်းနိုင်ငံ လွန်ပါရဲ့လား (မလွန်ပါ ဘုရား)။

ဒါဖြင့် အဲဒီသေမင်းနိုင်ငံ မလွန်တာသည် ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုတာ လက်သည်ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) အမှားသုံးချက်နဲ့ အသက်ထွက်ခဲ့လို့ (မှန်ပါ့) အမှားသုံးချက်နဲ့ လမ်းဆုံးခဲ့လို့ ဒကာ ဒကာမတို့ သေမင်းနိုင်ငံချည်းမှာပဲ လမ်းဆုံးခဲ့ရတယ် (မှန်ပါ့) နောက်တစ်ခါ ဖြစ်လာရင်ကော (သေမင်းနိုင်ငံမှာပဲ လမ်းဆုံးခဲ့ရပါတယ်) ဒါဟာ ဒကာ ဒကာမတို့ နားလည်ထားတဲ့စကားပုံလို သမင်မွေးရင်း ဘာတဲ့ (ကျားစားရင်းပါ) အဲ ခင်ဗျားတို့ဖြစ်ခဲ့တာ အဲဒီဥစ္စာသာမှတ်ပါ (မှန်ပါ့) ခန္ဓာမစွန့်ရရင် သေမင်းစာရင်းပဲ (မှန်ပါ့ ဘုရား) အခု ခင်ဗျားတို့ ဘုန်းကြီးတရားကို နာလဲနာ၊ ကြိုးလဲ ကြိုးစားပြီး သကာလ နေကြတာ ဘာတုံး အိုသေမင်းကို ထိုးအပ်ဖို့ ပြင်ထားတာဘုရား (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (သေမင်းကို ထိုးအပ်ဖို့ ပြင်ထားတာပါ ဘုရား) တစ်ချို့လဲ အဝတ်အစားကောင်းကောင်းကလေးတွေ ဝတ်နေကြတာ၊ တချို့လဲ ရွှေငွေကလေးဆွဲပြီး သကာလ အမျိုးမျိုးအဖုံဖုံ စားကောင်း သောက်ဖွယ်တွေ စားနေကြတယ်၊ နေရာထိုင်ခင်း ကောင်းကောင်းတွေနဲ့ နေကြတယ်၊ ဒါ ဘာလုပ်မတုံး၊ အိုသေမင်းအပ်တဲ့အခါ အပ်ဖို့ရာ စောင့်နေတာပါဘုရား (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် ခင်ဗျားတို့က စောင့်နေတာတုံးလို့ မေးစရာရှိတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် ခင်ဗျားတို့က စောင့်နေတာတုံးလို့ မေးစရာရှိတယ်၊ တပည့်တော်တို့မှာ ဝိပလ္လာသ သုံးချက် မပြုတ်လို့ စောင့်နေတယ် (မှန်ပါ့) ရှင်းပလား( ရှင်းပါပြီ ဘုရား) ဝိပလ္လာသုံးချက် ပျောက်လို့ရှိရင် သေမင်းနိုင်ငံက လွတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သေမင်းနိုင်ငံက လွတ်တယ်

ဝိပလ္လာသ သုံးချက်ပြုတ်ရင် (သေမင်းနိုင်ငံက လွတ်ပါတယ်) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဖြုတ်လဲ ဖြုတ်ပေးရမှာပဲ၊ ဒီ ဒကာ ဒကာမတွေ ဘဝသံသရာတခွင်မှာ မိဘဆွေမျိုးဉာတကာ မတော်ဖူးသူ မရှိနိုင်သလောက်မို့ ဒီအတိုင်းသာ ပစ်ထားလို့ရှိရင်တော့ ဒီအမှားသုံးချက်ဟာ စွန့်နိုင်မှာ မဟုတ်ဘူး (မှန်ပါ့) ဒကာသစ် စွန့်နိုင်ပါဦးမလား (မစွန့်နိုင်ပါ ဘုရား)။

ကဲ ဒါကလေး သမီးကလေးထားပါတော့၊ ဒါကလေးက အမေ ထားပါတော့၊ ဒါကလေးက အဖေထားပါတော့နော် (မှန်ပါ့) အမေက ဒါလေး ဘာတော်သတုံးမေးတော့ ဘယ်နှယ်ပြောသတုံး (သမီးတော်တယ် ပြောပါတယ်) သမီးလို့ ပြောတာပဲ၊ တော်တယ်မပြောဘူး၊ တော်တယ် ပြောတော့ သူများပေးတာထင်နေလိမ့်မယ်၊ တော်တယ် ပြောတာ တော်တယ် မဟုတ်ဘူး၊ သူ့ဟာက သမီးကို ပြောနေတာ (မှန်ပါ့ ဘုရား)။

သမီးဆိုကတည်းက အဟုတ်ကို သမီးလားလို့ မေးလို့ရှိရင်ဖြင့် မေးရက်ပါပေတယ်ဆိုတဲ့ဟာမျိုး လာတာပဲ (မှန်ပါ့) မေးရက်ပါပေတယ်၊ မျက်စိမျက်နှာမှ အကဲမခတ်တတ်ဘူးလား လာတာပဲ၊ လူကတယ်ထူတဲ့ လူကိုး၊ ဒီဟာမျိုး လာချင်လာဦးမှာ (မှန်ပါ့)၊ သူ့အမေနဲ့ သမီးက မျက်နှာချင်းသိပ်ကွာတာမှ မဟုတ်ဘဲ ဟုတ်လား၊ ပျိုတာနဲ့ အိုတာလောက်ပဲ ကွာကြတာပဲ၊ အဲဒါကို မေးရက်ပါပေတယ်၊ တကယ်ဆို သမီးလေး ဟုတ်ပါရဲ့လား၊ စိတ် မရှိပါနဲ့လို့ မေးတာတောင်မှ မကျေနပ်ဘူး၊ ဟိုကလဲ စိတ် မရှိပါနဲ့လို့ မေးတာတောင် (မှန်ပါ့ ဘုရား)။

စိတ်မရှိပါနဲ့လို့ မေးတာတောင် ဘယ့်နှယ်ဖြစ်လာသတုံး (စိတ်ရှိလာပါတယ်) ဖြစ်မှ ဖြစ်ရပလေတယ်၊ ဘယ်လောက် အသည်းသန်သတုံးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် ဒါကို ဘာအမှားဆိုကြမယ် (အမှတ်မှားပါ ဘုရား) အမှတ်ကစပြီးမှားပြီ (မှန်ပါ့) တကယ့် သမီးလားလို့မေးတော့ ဘယ့်နှယ်ဖြေကြသတုံး ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်က မွေးထားတာ မွေးဖွားရုံမှာတောင် မှတ်ပုံတင် ထားပါတယ် အစရှိသည်နဲ့ တစ်ခါတည်း ဒကာ ဒကာမတို့ အမှတ်မှားကြီးက မကြီးကျယ်ဘူးလား (ကြီးကျယ်ပါတယ် ဘုရား)။

ဒီဥစ္စာ အသိမှား

အဲဒီတော့ သမီးဟုတ်ကဲ့လားလို့ မေးတော့ ဟုတ်ပါတယ်ဆိုပြီး တာဝန်ခံလိုက်တယ်နော် (မှန်ပါ့) နို့- ခင်ခင်မင်မင် ကြင်ကြင်နာနာပဲလားလို့ မေးတော့လဲ စိတ်ဆိုးတာပဲ (မှန်ပါ့) ဪ ဒီလူ့နှယ် တိရစ္ဆာန်စိတ် ပေါက်လို့မေးတာ (မှန်ပါ့) လာပြန်ပြီ ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာ ဒကာမတို့ ဒီဥစ္စာ တကယ်ထင်တယ် ပြောလိုက်တာ (မှန်ပါ့) ဒါဖြင့် ဒီဥစ္စာ အသိမှား (မှန်ပါ့ ဘုရား)။

ဒီသမီးကလေး တစ်ယောက်တည်း ဂယောင်ချောက်ချားဖြစ်သွားရင် ဘယ့်နှယ် နေမလဲ၊ ကိုယ်ရူးရုံအပြင် ဘယ်ရှိမလဲ (မှန်ပါ့) အရူးနဲ့အသေ နှစ်လမ်းပဲရှိတယ် (မှန်ပါ့) ဒီလိုကော မပြောပေဘူးလား (ပြောပါတယ်) ဒါဖြင့် အယူမှား ရှိ-မရှိ (ရှိပါတယ် ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူက မသေရစ်လို့ရှိရင်လဲ ထားပစ်ခဲ့ဖို့ရာ အယူမှားနဲ့ပဲ သေမှာပဲ၊ သူက သေလို့ရှိရင်လဲ ခုနင်က ပြောသလို အယူမှားနဲ့သေမယ် (မှန်ပါ့) သူက ဦးသွားရင်လဲ အယူမှားနဲ့သေမယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဆုတောင်းတာက အရင်လာမလား၊ အယူမှားက အရင်လာမလား (အယူမှားက အရင်လာမှာပါ) ဟာ ဒါဖြင့် သူက အာသန္နာကံ ဖြစ်တယ်၊ အာသန္နကံဆိုတာ သဘောကျပလား (ကျပါပြီ) အာသန္နကံ ဆိုတာ ဒကာ ဒကာမတို့ သေခါနီးမှ လာတဲ့ကံ၊ သေတာနဲ့ ကံဖြစ်သောကြောင့် အခုဒီဥစ္စာက ကမ္မဘဝ ဖြစ်သွားပြီ (မှန်ပါ့) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

သူက အာသန္နကံဖြစ်ရင်

အဲဒီတော့ သူက အာသန္နကံဖြစ်ရင် သူကအရင် အကျိုးပေးနိုင်တယ် (မှန်ပါ့) သူက အရင်အကျိုးပေးတော့ အပြင်ကံတွေ ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ ဘုရား) မဝင်နိုင်တော့ သူက အာသန္နကံဖြစ်ပြီးတော့ သူက အာသန္နကံဆိုတာ ဒီဘဝမှာ နောက်ဆုံးပိတ် ပေါ်တဲ့ကံပဲ၊ သေမည့် နေရာမှာ အမှားနဲ့လာတာကိုး (မှန်ပါ့) လာတော့ ဖျတ်ဆို ဒီနားက စုတိပြီးတော့ ဒီမှာ ပဋိသန္ဓေမလာပေဘူးလား (လာပါတယ်) လာတော့ ဒကာ ဒကာမတွေမှာ မှားတဲ့အရူးသေ သေသွားတယ်၊ ဘယ်တော့မှ မပြင်ဖူးတဲ့ အမှားနဲ့ သေသွားတယ် (မှန်ပါ့) ဘယ်တော့မှ မပြင်ဖူးတဲ့ အမှားနော် (မှန်ပါ့) သေတော့ ဘယ်လိုသေသတုံး (အရူးသေ သေသွားပါတယ် ဘုရား)။

ဪ ဒါဖြင့် ဘယ်တော့မှ မပြင်ဖူးတဲ့အမှားနဲ့ အရူးသေ သေသွားတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်များ သွားပါလိမ့်မတုံးဆိုလို့ရှိရင် ပရမ်းပတာကျဖို့က များနေတယ် (မှန်ပါ့) ပရမ်းပတာဆိုတာ အပါယ်လေးပါးတစ်ခုခုကျတာ၊ ဝိနိပါတိကဘေးသင့်တယ် (မှန်ပါ့) မသင့်သေးဘူးလား (သင့်ပါတယ်) ဝိနိပါတိကဘေးဆိုတာ အပါယ်လေးပါးသင့်သွားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နင်တို့အတွက်နဲ့ အပါယ်သွားရလိမ့်မယ်၊ လေချိုမသွေးနဲ့ သွားလိမ့်မယ် မှတ်ထားပါ (မှန်ပါ့) လေချိုသွေးမနေနဲ့ ဒီဥစ္စာ၊ ရိပ်မိမလား (ရိပ်မိပါပြီ) ခင်ဗျားတို့ တစ်ခါ တစ်ခါ စိတ်ပျက်တဲ့အခါ မပြောဘူးလား (ပြောပါတယ်) ဒီကလေးတွေ ဒီသားသမီးတွေနဲ့တော့ ငါတော့ ခက်ပါသေးတယ်၊ နင်တို့အတွက်နဲ့ အပါယ်ရောက်ရပုံ ရနေရတယ်တဲ့ (မှန်ပါ့) ရောက်ရပုံတောင် မဟုတ်ဘူး၊ သေချာသလောက်ပဲ (မှန်ပါ့) ဘာဖြစ်လို့တုံးဆိုတော့ ဒိဋ္ဌိပလ္လာသကို စွန့်ပါရဲ့လား ဦးဘတင် (မစွန့်ပါ ဘုရား)။

လောကွတ်သွားမချော်နဲ့

အဲဒါက သားရှင် သမီးရှင် ဆွေမျိုးရှင်တွေဟာ ဒကာ ဒကာမတို့ ကျုပ်က ခင်တယ်လို့များ သွားပြီး လောကွတ်တော့ မလုပ်ပါနဲ့နော် (မှန်ပါ့) တူမကလေးလို့ မှတ်နေတယ်ဆိုကတည်းက သညာမှားပြီပေါ့ (မှန်ပါ့) ဒါဖြင့် သညာကလေးက ထင်တာပေါ့ (မှန်ပါ့) သညာပေးလို့လဲ ဒိဋ္ဌိကကော တကယ်ပဲ အားကိုးရတယ်လို့ မယူလိုက်ပေဘူးလား (ယူလိုက်ပါတယ် ဘုရား) ဒါဖြင့် ဘယ်သူ့မှ ခင်ဗျားတို့ လောကွတ်သွားမချော်နဲ့၊ ချော်ရင် အပါယ်သွားတော့မယ် (မှန်ပါ့) ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့က လောကွတ်မချော်ရလို့ရှိရင်ကိုပဲ စကားနည်းလိုက်တာ လောကဝတ်လဲမကျေတဲ့၊ ပြန်များပြောကြသေးတယ်၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား) ဟာ တူမတန်ရင် တူမ ခေါ်ရတယ်၊ နှမတန်ရင် (နှမခေါ်ရတယ်) ခေါ်ရုံတင်မဟုတ်ဘူး၊ တော်တော်ကြာကျတော့ ခင်ကြ မင်ကြတာက အကုန်လိုက်လာမှာ (မှန်ပါ့) မလိုက်လာပေဘူးလား (လိုက်လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တရားသားကို ပြန်စစ်ကြပါဦးစို့ အခု ဟာက အကြောင်းနားလည်ရုံပြောနေတာပါ၊ အခေါ်ရှိနဲ့ တကယ်ရှိ မကွဲလို့ ဖြစ်ရတဲ့ ဝိပလ္လာသ (မှန်ပါ့) သေချာပလား (သေချာပါပြီ) သမီးဆိုတာ ဘာတုံး (အခေါ်ရှိပါ) အခေါ်ရှိတာ၊ အခေါ်သာရှိတယ်လို့ မှတ်ထားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒါဟာ သညာလဲ မှန်ပြီ အယူကော (မှန်ပါပြီ ဘုရား) ဒါဖြင့် သညာမှတ်၊ စိတ်မှန်၊ အယူမှန် ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါကို တကယ်ရှိလို့ ထင်လိုက်ရင်တော့ အမှတ်မှား၊ အသိမှား၊ အယူမှား၊ အကုန်လိုက်တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နှိပ်စက်တတ်တဲ့ တရား သုံးခု

ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ကို နှိပ်စက်တတ်တဲ့ တရား သုံးခုတော့ဖြင့် ယနေ့ ပေါ်ပါပြီ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီဟာ မပေါ်နိုင်သရွေ့ကာလပတ်လုံး အပါယ်ဘေးဟာ လွတ်ပါ့မလား (မလွတ်ပါ ဘုရား) ကြည့်လေ ဒါဘာဝိပလ္လာသတုံး (ဒိဋ္ဌိဝိပလ္လာသပါ) “စတုဟာပါယေတိစ ဝိပ္ပမုတ္တော” အပါယ်လေးပါးမှ လွတ်တယ်ဆိုတာ သက္ကာယဒိဋ္ဌိပယ်မှ လွတ်မှာ (မှန်ပါ့) ဒါကို မပယ်ရသေးဘဲနဲ့ ဒီအတိုင်း သေသွားတယ်ဆိုကတည်းက ဒကာ ဒကာမတွေ စဉ်းစားပါတော့၊ အပါယ်လေးပါးက လွတ်ပါ့မလား (မလွတ်ပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာကိုပယ်ကြပါစို့ ဆိုလို့ရှိရင် ဒီဝိပလ္လာသ သုံးချက်ကို ပယ်ကြပါစို့၊ မပယ်ရသေးဘူးလား (ပယ်ရမှာပါ) သောတာပန်ဖြစ်ချင်ရင် ဒီသုံးချက်ကို စပယ်ရမယ်၊ ဒါမပယ်ရင် သောတာပန်ကိုမဖြစ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ ဝတ္ထုအဆုံးအတွက် မပြီးသေးဘူး၊ ရှင်သမိဒ္ဓိက ရှင်းကြရဦးမှာ၊ ဘုရားနဲ့တွေ့ရဦးမှာ (မှန်ပါ့) ရှင်သမိဒ္ဓိထံ နတ်သားတစ်ဦးက လာမေးလို့ ရှင်သမိဒ္ဓိက ဖြေ၊ နောက်ပြီးတော့ သူတို့ ဘုရားဆီရောက်သွားလို့ ဘုရားက တစ်ခါ ထပ်မံပြီး အဖြေပေး၊ အဖြေပေးတော့ ခုနင်က မေးတဲ့ နတ်သားဟာ သောတပန် တည်သွားတယ် (မှန်ပါ့ ဘုရား)။

အဲဒါ သဂါထာဝဂ္ဂသံယုတ်ပါဠိတော် သမိဒ္ဓိ သုတ်မှာ လာပါတယ်၊ သို့သော်လဲ ဒီနေ့ ဒကာ ဒကာမတွေ သိစေချင်တဲ့ သဘောဆန္ဒများတဲ့ အတွက် ဪ တို့ဟာ အဖေအမေလို့ ခေါ်နေတာ၊ တကယ် အဖေ အမေ ထင်ရင် အမှတ်မှား၊ တကယ် အဖေ အမေလို့ သိလိုက်ရင် (အသိမှား) ငါတို့ အဖေ အမေ အစစ်ပါပဲလို့ ယူလိုက်လို့ရှိရင် (အယူမှားပါတယ် ဘုရား)။

ဒီသုံးချက်ဖြုတ်မှ ရမယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီသုံးချက်ဖြုတ်မှ ရမယ် (မှန်ပါ့) ဒီသုံးချက်ပြုတ်ရင်ဖြင့် ကိုမြရွှေ ဒကာသစ်တို့ နေရာကျပြီ (ကျပါပြီ ဘုရား)။

ဒီဥစ္စာ သမီးဆိုတာ ဒကာ ဒကာမတို့မှာ ရှေးကမ္ဘာဦးက စခဲ့တဲ့ ပုဂ္ဂိုလ်များက အကြင်လင်မယားက မွေးလို့ရှိရင်ဖြင့် သားမွေးမွေး သမီးမွေးမွေး ယောက်ျားမွေးဖွားရင် သား၊ မိန်းကလေးမွေးဖွားရင် သမီးဆိုတာ တို့သမုတ်ကြစို့ဆိုပြီး သမုတ်ထားတာ (မှန်ပါ့) တကယ်တော့ဖြင့် ဒါဟာ ခန္ဓာငါးပါးလို့ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးမှတ်လိုက်တော့ အမှတ်မှန်မကျဘူးလား (ကျပါတယ် ဘုရား) အမှတ်မှန်ဖြစ်နေတော့ ခန္ဓာငါးပါးဖြင့် ခင်စရာ မင်စရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ခန္ဓာငါးပါးဖြင့် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုလို့ကော (မရပါ ဘုရား)။

ဒီတော့ သညာဝိပလ္လာသ၊ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသ လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား) မလိုက်တော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ် မပြတ်ဘူးလား (ပြတ်ပါတယ်) ပဋိစ္စသမုပ္ပာဒ် ပြတ်တယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ စင်စစ်တော့ ဒီအမှား သုံးချက်တွေကြောင့် အပါယ်သွားရတာ၊ အပါယ်ပဋိသန္ဓေမလာရပေဘူးလား (လာပါတယ် ဘုရား) အပါယ်ပဋိသန္ဓေဆိုတာ ငရဲဒယ်အိုးထဲမှာ ဖြစ်တာ၊ တိရစ္ဆာန်ဘုံမှာ သွားဖြစ်တာ၊ သဘောကျပလား (ကျပါပြီ) အဲဒါ အမှားသုံးချက်ကြောင့်လာတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တကယ် သမီးမဟုတ်တာကို တကယ့် သမီးလုပ်လို့ရှိရင်ဖြင့် အမှတ်မှား (မှန်ပါ့) ထင်လိုက်လို့ရှိရင် (အသိမှားပါ) ငါအားကိုးရမှာပဲလို့ ယူလိုက်လို့ရှိရင် (အယူမှားပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

တသံသရာလုံး စွဲလာတာ

ဒါဖြင့် ဘုန်းကြီးက မေးပါ့မယ်၊ သားကလေးဆိုလို့ရှိရင် ဘယ့်နှယ်တုံး (အမှတ်မှားပါ) ခင်မှပဲဆိုရင် (အသိမှားပါ) အားကိုးရမှာပဲဆိုရင် (အယူမှား) ခင်ဗျားတို့မှာ အဲဒါ ပြုတ်ဖို့ တော်တော် ခဲယဉ်းတယ်နော်၊ တစ်သံသရာလုံး စွဲလာတာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ပြောကြတာက သူတို့ကို အခု တပည့်တော်တို့က ပြုစုရတယ်ဘုရာ့၊ နောက်သူတို့ အားကိုးရမှာတဲ့၊ ဒကာ ဒကာမတွေက ဒါကို အသားထုတ်နေကြတယ်၊ ထင်လဲ မထင်ကြဘူးလား (ထင်ပါတယ် ဘုရား) ဘယ်ကျအောင် ရောက်သွားသတုံး (အယူမှားကျအောင် ရောက်ပါတယ် ဘုရား)။

အခု တပည့်တော်တို့က ဒါလောက် ပြုရတယ်၊ နောက်ကျတော့ သူတို့က ပြန်ပြုဖို့ရာ တပည့်တော်တို့က မျှော်လင့်ပြီး သကာလ လုပ်နေတာ၊ ပြီးတော့ ဒီသား ဒီသမီးကလေးတွေက သူများ သားသမီး ကလေးတွေနဲ့ မတူဘူးဘုရာ့၊ လိမ်လိမ်မာမာ အားကိုးရမှာတွေ မလာဘူးလား၊ လာသလား (လာပါတယ် ဘုရား)။

အဲဒီကျတော့ ဘယ်အမှားကျအောင် ဆိုက်သွားသတုံး (အယူမှားကျအောင် ဆိုက်ပါတယ် ဘုရား) ဒကာ ဒကာမတို့ အယူမှား ဆိုတာက ဒီနေရာမှာ မဲ့ပြီးမှားတာလား၊ ပြုံးပြီးမှားတာလား (ပြုံးပြီး မှားတာပါ ဘုရား) ဒါက ကိုယ်မှားမှန်းမသိလို့ ကိုယ်ပြုံးတာ (မှန်ပါ့) အမှားအမှန်မသိလို့ ပြုံးတာ၊ မဲ့မှားတာက သေခါနီးများမှာ အခုဟာက စောစောပြုံးနေတာ (မှန်ပါ့) ရှင်းပြီနော် ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

အမှားပြုံးပဲ၊ မသိပြုံးပဲ

ဒါ ဘယ့်နှယ်ကြောင့် ဒါလောက်ပြုံးနိုင်သတုံး ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ပြောနေကျအတိုင်း ပြောရလို့ရှိရင် အမှားပြုံးပဲ၊ မသိပြုံးပဲ (မှန်ပါ့) မသိတာကဒိဋ္ဌိ ပြုံးတာက အရူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မသိတာက (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိဆိုတာက အမှားပေါ့ဗျာ၊ ပြုံးတာက ရူးတာ (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ မှားရူးပေါ့၊ သေချာပလား (သေချာပါပြီ ဘုရား)။

ဪ ဒီလိုဆိုရင်ဖြင့် တပည့်တော်တို့ နိဗ္ဗာန်သွားဖို့ မလွယ်ပါလား (မလွယ်ပါ ဘုရား) လွယ်အောင် ကြိုးစားရင်ဖြင့် လွယ်ပါတယ် ဒကာ ဒကာမတို့၊ မကောင်းအစဉ် ပြင်ခဏပေါ့ (မှန်ပါ့ ဘုရား)။

သားလို့ ခေါ်သာခေါ်၊ သမီးလို့ ခေါ်သာခေါ်၊ အခေါ်သာရှိပါစေ (မှန်ပါ့) အခေါ်သာရှိတယ် ဆိုကတည်းက အမှတ်က ဘယ့်နှယ်နေသတုံး (ပြုတ်ပါတယ်) အခေါ်သာရှိတယ်ဆိုကတည်းက တကယ်အားကိုးစရာကော လိုသေးရဲ့လား (မလိုပါ ဘုရား) ဒီလိုဆိုတော့ မှန်မသွားဘူးလား (မှန်သွားပါတယ် ဘုရား) အမှတ်မှန်၊ အသိမှန်၊ အယူမှန်၊ သုံးချက်စလုံး မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါဟာ သေခါနီးမှ ဖြုတ်ရမလား၊ အခုဖြုတ်ရမှာလားဆိုတာ စဉ်းစားကြည့်စမ်း (အခုဖြုတ်ရမှာပါ ဘုရား) ကိုင်း ဒီတိုင်းတော့ဖြင့် မရတော့ဘူး၊ ဒီအတိုင်းတော့ တပည့်တော်က ငယ်ငယ်က ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်ကတည်းက မွေးဖွားလာတာ ပြောဦးမှာကိုး၊ ခင်ဗျားတို့က ချေးက တယ်များတယ် (မှန်ပါ့) မလာဘူးလား (လာမှာပါ ဘုရား)။

အဲဒါတွေက ပေါ်ပြီး သကာလ နေတော့ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်က စပေတော့ (မှန်ပါ့) ကိုယ့်ကိုယ်ဟုတ်မဟုတ် စကြပေတော့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘယ်က စကြမလဲ (ကိုယ့်ကိုယ် ဟုတ်မဟုတ်က စရပါမယ် ဘုရား)။

ဒါကသမုတိသစ္စာမို့ သမုတ်တာပဲ

ဒါဖြင့် ကိုယ့်ကိုယ်အများက သမုတ်ကြတယ်၊ ယောက်ျားလို့ သမုတ်ကြတယ်၊ ဒါကသမုတိသစ္စာမို့ သမုတ်တာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား) စင်စစ်တော့ ယောက်ျားရှိသလား၊ ခန္ဓာငါးပါးပဲ ရှိသလား (ခန္ဓာငါးပါးပဲ ရှိပါတယ် ဘုရား)။

အဲ ခန္ဓာငါးပါးပဲရှိတယ်ဆိုကတည်းက ခန္ဓာဆိုတာသည် ဇာတိ၊ ဇရာ၊ မရဏတို့၏ စားဖတ် ဝါးဖတ်ဖြစ်လေသောကြောင့် ခင်စရာ မင်စရာ လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား) ကိုးစားစရာ အားထားစရာ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဒီလို ခင်ဗျားတို့ ဝိပဿနာဉာဏ်နဲ့သာ ရှုရှုပေးပါ (မှန်ပါ့) ဝိပဿနာဉာဏ်နဲ့ ရှုလိုက်လို့ရှိရင် အမှတ်မှားက စပြုတ်ပြီး အသိမှားပြုတ်၊ အယူမှားပြုတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါး တစ်ပါးပါးကို ဝိပဿနာ ရှုရလိမ့်မယ်၊ မရှုရင်တော့ဖြင့် ဒီအမှားသုံးချက် မပြုတ်ဘူး (မပြုတ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အားလုံးသော ပုဂ္ဂိုလ်တွေသည် တစ်သံသရာလုံး အပါယ်သွားနေကြတာဖြင့် ယနေ့လက်သည် အကြီးဆုံးပေါ်လာပြီ (ပေါ်ပါပြီ ဘုရား) ဘယ်နှစ်ယောက်ပါလိမ့် (သုံးယောက်ပါ ဘုရား) ဘာများပါလိမ့် (အမှတ်မှား၊ အသိမှား၊ အယူမှားပါ ဘုရား) ဝိပလ္လာသ သုံးပါး ခေါ်တယ်နော် (မှန်ပါ့ ဘုရား)။

မှတ်ထားကြ၊ ဒါဟာ အိမ်ကျရင်လာလိမ့်မယ် (မှန်ပါ့) အခုတရားနာနေတုန်းဆိုတော့ ဉာတပရိညာအဆင့်နဲ့ ပြုတ်တန်သလောက် ပြုတ်နေတော့ မလာသေးဘူးဆိုပါတော့ ဒကာ ဒကာမတို့ ဘယ်ကျရင် ဘာမယ်ထင်သတုံး (အိမ်ကျရင်လာမှာပါ ဘုရား)။

အခု သားသမီးပါလာကြလို့ရှိရင်လဲ အခုတွေ့လိမ့်မယ် တရားပွဲ သိမ်းလို့ရှိရင် ဒကာ ဒကာမတို့ ကြပ်ကြပ်သတိထားပါ၊ ဒီဥစ္စာ အင်မတန် ကြောက်စရာ ကောင်းတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုယ့်ခန္ဓာကိုယ် ဝိပဿနာရှု

ကောင်းပြီ ဒါဖြင့် ကိုယ့်ခန္ဓာကိုယ် ဝိပဿနာရှု၊ ကိုယ့်ခန္ဓာဟုတ် မဟုတ် (မဟုတ်ပါ ဘုရား) ကိုယ့်ခန္ဓာ ဘယ်ဟုတ်မလဲ ဒကာ ဒကာမတို့ နဂိုတည်းက ခန္ဓာငါးပါးပဲ ရှိတယ်ဆိုတာ သေချာပလား (သေချာပါပြီ) ခန္ဓာငါးပါးရှိတဲ့အနက် တစ်ပါးပါးကို ဒကာ ဒကာမတွေက ဖြစ်ပျက်ရှု (မှန်ပါ့) ဥပမာ ဝေဒနာကလေး ပေါ်လာတယ် ဦးဘတင် ဘာလုပ်မယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဝေဒနာကို ဒကာ ဒကာမတွေက မဂ္ဂင်ငါးပါးနဲ့ ဖြစ်ပျက်ရှုလိုက်၊ ရှုလိုက်တဲ့အခါ ကျတော့ ဝေဒနာက္ခန္ဓာဖြစ်နေတော့ ဝေဒနာက္ခန္ဓာက ဝေဒနာ၊ ခန္ဓာက အစု (မှန်ပါ့) ဝေဒနာအစုကြီးကို ဒကာ ဒကာမတွေက ဝေဒနာဆိုတာသည် သူကိုယ်တိုင်ကလဲ ဝေဒနာ သူနဲ့အတူတူ ဝေဒနာတွေလဲ များတယ် (မှန်ပါ့ ဘုရား)။

သူနဲ့အတူတူ ဖြစ်နေတဲကသညာ၊ သင်္ခါရ၊ ဝိညာဏ်တွေကော (ရှိပါတယ် ဘုရား) ဒါဖြင့် ဝေဒနာသည် သူများနဲ့တကွရောဖြစ်နေတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီ ဝေဒနာအစုကြီးကို ဝေဒနာကလေးက ခန္ဓာထဲမှ ယားနေတယ်၊ ယားနေတဲ့နေရာကလေး ရှုလိုက်၊ ဖြစ်ပြီး ပျက်သွားတာပဲ ကောင်းတယ်၊ ကောင်းတဲ့နေရာကလေး ကြည့်လိုက်စမ်း (ဖြစ်ပြီး ပျက်သွားတာပဲ ဘုရား) ဖြစ်ပြီး ပျက်သွားတော့ကို ဪ ဒီဥစ္စာသည်ကားလို့ဆိုရင် ဖြစ်ပြီး ပျက်တယ်ဆိုကတည်းက ဝေဒနာမို့ ဖြစ်ပြီးပျက်သွားတာပဲဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။

ဝေဒနာမို့ဆိုကတည်းက ဒကာ ဒကာမတို့ သမီးဆိုတဲ့သညာ ပြုတ်တယ်၊ သားဆိုတဲ့သညာကော (ပြုတ်ပါတယ်) ပျက်တာမြင်လို့ရှိရင် ပျက်တာဖြင့် မလိုချင်ဘူးဆိုတဲ့ စိတ္တဝိပလ္လာသပြုတ်တယ် (မှန်ပါ့ ဘုရား)။

သညာအရင်ပြုတ်တယ်

ဒါဖြင့် သညာအရင်ပြုတ်တယ် (မှန်ပါ့) ပြီးတော့ စိတ်ကော (ပြုတ်ပါတယ်) ပျက်တာဖြင့် မလိုချင်ဘူးဆိုတဲ့ စိတ္တဝိပလ္လာသ မပြုတ်သေးဘူးလား (ပြုတ်ပါတယ် ဘုရား) မလိုချင်လို့ရှိရင်ဖြင့် မလိုချင်တာက မခင်တာပဲ (မှန်ပါ့)။

ဒါဖြင့် စိတ္တဝိပလ္လာသ မပြုတ်သေးဘူးလား (ပြုတ်ပါတယ်) ပျက်တာသည် ဒကာ ဒကာမတို့ ဘယ်မှ ကိုးစားစရာ အားထားစရာ ဖြစ်နိုင်ပါ့မတုံး (မဖြစ်နိုင်ပါ ဘုရား) မဖြစ်နိုင်ရင် ဒိဋ္ဌိကလဲ ပြုတ်တယ် (မှန်ပါ့ ဘုရား)။

ဒီတော့ သညာဝိပလ္လာသ၊ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသပြုတ်ပြီး သကာလ သေတော့ သောတာပန်သေတာ၊ အပါယ်လေးပါး မသွားဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီသုံးခု သေသွားတာက

ဒါဖြင့် ဒကာ ဒကာမတို့ ဒါက ဒုက္ခသစ္စာထားပါ၊ ဒီဟာက (မဂ္ဂသစ္စာပါ ဘုရား) ဒီသုံးခု သေသွားတာက သမုဒယပြုတ်တာ (မှန်ပါ့) အပါယ်လေးပါးမှ လွတ်သွားတာက (နိရောဓသစ္စာပါ ဘုရား) အပါယ် နိရောဓပေါ့ဗျာ၊ အောက်သံသရာ နိရောဓပဲ၊ ဒါ ပထမနိရောဓရတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ကဲ ပြန်ပြောပါဦး ဒကာ ဒကာမတို့၊ ဖြစ်ပျက်က ဘာတုံး (ဒုက္ခသစ္စာပါ) ရှုတာက (မဂ္ဂသစ္စာပါ) ဝိပလ္လာသ သုံးချက် ပြုတ်တာက (သမုဒယသေတာပါ ဘုရား) ဒီတော့ အပါယ်သံသရာသို့ ရောက်သေးရဲ့လား (မရောက်ပါ ဘုရား) မရောက်တော့ ပထမမဂ်ဖြင့်မြင်အပ်သော နိဗ္ဗာန်ရတယ်၊ သောတာပန်သည် ပထမမဂ်ဖြင့်မြင်အပ်သော နိဗ္ဗာန်ရတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။