အဆိပ်ရောသည့်ရေ မသောက်မိစေရန်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားဆုံးမတော်မူသော
(၇-၃-၆၀)
အကြောင်းတွေကို သုံးသပ်ကြစမ်းပါ
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန်းတွေ မေးတာကို မှတ်ထားဖို့ လိုတယ်၊ ဒကာ ဒကာမတွေ ကိုလဲ မေးတယ်လို့ သဘောထားပြီး သကာလ မှတ်ထားကြရမယ်။
ဒီခန္ဓာကိုယ်ကြီးထဲမှာ ဘာတွေများရှိနေသလဲလို့ မေးဖို့လိုလာတယ်၊ ဒီခန္ဓာကိုယ်ကြီးထဲမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အတွင်းမှာရှိတဲ့အကြောင်းတွေကို သုံးသပ်ကြစမ်းပါကွာတဲ့၊ သုံးသပ်လို့ရှိရင် မင်းတို့ နိဗ္ဗာန် မဂ်ဖိုလ်ရောက်ခြင်း၏အကြောင်းဟာ တွေ့ပါလိမ့်မယ်တဲ့၊ မင်းတို့အတွင်းကို မသုံးသပ်တဲ့အတွက် နိဗ္ဗာန်ရောက်ကြောင်း ကို မတွေ့ဘဲဖြစ်နေတာ။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်အတွင်းကို သုံးသပ်လို့ရှိရင် နိဗ္ဗာန်ရောက်ကြောင်းဟာ တွေ့မယ်ပေါ့ (မှန်ပါ) ခန္ဓာကိုယ်အတွင်း မသုံးသပ်တဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့် ခန္ဓာကိုယ်အတွင်းမှာ အကြောင်းတရားတွေရှိတယ်၊ အဲဒီအကြောင်းတရားတွေကို မသုံးသပ်တော့ပါဘူးလို့ဆိုလို့ရှိရင် ဒုက္ခခပ်သိမ်းငြိမ်းခြင်း၏ အကြောင်းဖြစ်တဲ့မဂ္ဂင်လဲ ခန္ဓာကိုယ်ထဲပေါ်လာမယ်မဟုတ်ဘူး (မှန်ပါ) မဂ္ဂင်နဲ့ သတ်ရမည့်တရားကိုလဲ သတ်စရာတရားရယ်လို့ သိမှာမဟုတ် ဘူး (မှန်ပါ)။
ဤကဲ့သို့သော ချို့ယွင်းချက်တွေ အများကြီးလာစရာရှိလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ခန္ဓာ ကိုယ်အတွင်းမှာကွာ အကြောင်းတရားတွေရှိတယ်၊ အဲဒီအကြောင်းတရားတွေကို သုံးသပ်ကြပါဆိုပြီး ဘုရားသခင်ကိုယ် တော်မြတ်ကြီးက မိန့်တော်မူထားတယ် (မှန်ပါ ဘုရား)။
ပြောင်းပြန်သုံးသပ်ရတယ်နော်
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ သုံးသပ်တဲ့အခါကျလို့ရှိရင်လဲ ဦးဝတို့ ဦးခင်မောင်တို့ ပြောင်းပြန်သုံးသပ်ရတယ်နော် (မှန်ပါ) ပြောင်းပြန် သုံးသပ်တယ်ဆိုတာ ဘာဖြစ်လို့တုံးဆိုတော့ အကျိုးကနေပြီး သကာလ အကြောင်းရှာလိုက်လို့ရှိရင် ဖြင့် ပဋိလောမရှာလိုက်ရင်တွေ့တာပဲ (မှန်ပါ) နွယ်တစ်ပင်ကို အဖျားကနေ မပြီး ရှာလိုက်မယ်ဆိုရင် ဦးဝတို့ ဦးခင် မောင်တို့အမြစ်ကတော့ တွေ့မှာပဲ၊ အဖျားကမှ မတွေ့လို့ရှိရင်ဖြင့် အမြစ်က သူပေါက်ချင်ရာပေါက်နေမယ်ဆိုလို့ရှိရင် ဘယ်နည်းနဲ့မှ ဒကာ ဒကာမတွေ ရှာလို့ တွေ့စရာအကြောင်းမမြင်ဘူး (မှန်ပါ ဘုရား)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ခန္ဓာကိုယ်ထဲမှာ အကြောင်းတွေ သုံးသပ်ကြစမ်းပါလို့ဆို တော့ ဒကာ ဒကာမတို့ ဘုန်းကြီးတို့ကလဲ ဒီကနေ သုံးသပ်ရလို့ရှိရင်ဖြင့် မူလဖြစ်တဲ့အကြောင်း နောက်ဆုတ်တွေးလိုက် ရင် တွေ့မယ် (မှန်ပါ) တွေ့ရင် ဒီအကြောင်းကို မင်းကလာတာပဲ၊ မင်းမကောင်းတာပဲ၊ မင်းကို ဖြတ်မယ်ဆိုလို့ရှိရင် ဖြင့် မကောင်းကျိုးတွေဟူသရွေ့ ဘယ်လိုပဲ အကိုင်းအခက်အရွက်တွေ ဖြာနေစေကာမူ မူလအကြောင်းဖြစ်တဲ့ အမြစ်ကို ဖြတ်လိုက်လို့ ရှိရင်ဖြင့် မပြတ်စရာမရှိပါဘူးဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ) သဘောပါပြီနော် (ပါပါပြီ ဘုရား)။
အို,နာ,သေ ဘယ်က လာသတုံး
ကဲ ဒါဖြင့် ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ အို နာ သေ ဆိုတာတော့ဖြင့် ဪ အိုလာပြီ၊ အိုလာပြီ ဆိုတာလဲ ကိုယ်တိုင်လဲပြောကြတယ်၊ တစ်နေ့တခြား ဝေဒနာများလာပြီဆိုတာလဲ ကိုယ်တိုင်လဲပြောကြတယ်၊ တစ်နေ့တ ခြား ဝေဒနာများလာပြီဆိုတာလဲ ကိုယ်တိုင်လဲပြောကြတယ်၊ တစ်နေ့တခြား သချိုင်းမျက်စောင်းထိုးပါပေါ့ဆိုတာလဲ ကိုယ်တိုင်လဲ ပြောကြတယ် မပြောကြဘူးလား (ပြောပါတယ် ဘုရား)၊ အို နာ သေကြီး ရှိပြီး သကာလ နေတယ်။
ဒီ အို နာ သေသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ဘယ်က လာသတုံးဆိုတဲ့အကြောင်းကို ခင်ဗျားတို့ မ တွေးလို့ရှိရင်ဖြင့် မှိတ်ခံနေရုံပဲရှိမှာပဲ (မှန်ပါ) နောက်တစ်ခါတွေ့လဲ မှိတ်ခံရုံပဲ (မှန်ပါ) ဘာဖြစ်လို့တုံးဆိုတော့ သူ့အ ကြောင်းကို မသိတော့ အကြောင်းမဖြတ်တတ်၊ မဖြတ်တတ်လို့ရှိရင်လဲ ခဏခဏ တွေ့တိုင်း တွေ့တိုင်း ခေါင်းစင်းခံရုံဆို တဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါ့ကြောင့် အားလုံး ဒကာ ဒကာမတွေ ဒီခန္ဓာကိုယ်ကြီးထဲမှာ အို နာ သေဆိုတဲ့ တရားတွေဟာ အပြည့်အနှက် ရှိနေတယ်နော် (မှန်ပါ) ပြန်ပြီး သကာလ သုံးသပ်ကြစမ်းပါတဲ့ ဘုရားက နိဒါနဝဂ္ဂသံယုတ် ပါဠိတော်၊ နှာ-၃၂၉ မှာ “သမ္မသသုတ်” ဆိုပြီး သကာလ အကြောင်းသုံးသပ်စမ်းပါ၊ သူ ဘယ်က လာသတုံးဆိုတဲ့ ဥစ္စာ လက်သည်အကြောင်းရင်း ရှာစမ်းပါကွဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ရှာလို့ မတွေ့ဘူး၊ ငါကိုယ်တိုင်ပဲရှာရတော့မယ်ဆိုပြီး ရှာတော့ “ဥပဓိနိဒါနံ” လို့ စာလိုဆိုတယ်၊ မြန်မာလို ပြန်လိုက်တော့ ခန္ဓာငါးပါးဖြစ်လို့ အို နာ သေရှိတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးဖြစ်လို့ အို နာ သေရှိတာ
ဒါဖြင့် အို နာ သေ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာပါတယ်) ဟုတ်တယ် ဒကာ ဒကာမတို့ အိုတတ် နာတတ် သေတတ်တဲ့ တရားဟာ ခန္ဓာငါးပါးထဲက ထွက်လာတာနော် (မှန်ပါ) ဘယ်လိုပင် ပရိတ်တော်တွေ ပရိတ် ကြီး ၁၁-သုတ်ရှိတာကို အကုန်ရွတ်ထားစမ်းပါ ဦးခင်မောင်၊ နေ့တိုင်းပဲ ရွတ်ပါ၊ အိုတာလဲ မရပ်ဘူး၊ နာတာကော (မရပ်ပါ ဘုရား) သေတာကော မရပ်ပါဘုရား၊ ဟာ ဘယ့်နှယ်ကြောင့်ပါလိမ့်၊ အန္တရာယ်ကင်းအောင် တပည့်တော်တို့ နေ့တိုင်းဝိုင်းထားတာ ဘယ့်နှယ်ကြောင့် အတွင်းအန္တရာယ်တွေ ရောက်နေပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ကိုယ် ရထားတဲ့ခန္ဓာထဲက ပေါ်ပေါက်လာတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်အထဲက ပေါ်ပေါက်လာသတုံး (ကိုယ်ရထားတဲ့ခန္ဓာထဲက ပေါ်ပေါက်လာတာပါ) ဒါဖြင့် ဒီ အို နာ သေ ဆိုတဲ့ ဇရာဗျာဓိမရဏတို့ကို ပရိတ်မတတ်နိုင်ဘူး (မှန်ပါ) ပရိတ်တော်များဟာ အင်မတန် အာနိသင်ထက်မြက်ပြီး အန္တရာယ်ကင်းလို့ ဘေးရှင်းတယ်ဆိုတာ အပြင်အန္တရာယ်ကိုသာ ကင်းအောင်းလုပ်နိုင်တယ်၊ အတွင်းအန္တရာယ် သူ့ ဟာသူပေါက်ပွားလာတာတော့ မတတ်နိုင်တော့ဘူး (မှန်ပါ)။
ပရိတ်တော် ဘယ်သူက ဟောသလဲ၊ ဘုရားကိုယ်တော် တိုင်ဟောတာပဲ၊ ဘုရားသည်ပင် ဇရာဓမ္မ အနှိပ်စက်ခံရ၊ ဗျာဓိဓမ္မအနှိပ်စက်ခံရ၊ ပရိနိဗ္ဗာန်တောင် ပြုတော်မူရဆိုတော့ ဒီသဘာဝ အန္တရာယ်ကြီးသုံးပါး ကင်းရဲ့လား (မကင်းပါ ဘုရား) ဘယ်ကနေများလာလို့ ဘုရားပရိနိဗ္ဗာန်စံရပါလိမ့်မတုံး မေးတော့မှ ခန္ဓာထဲက ပေါက်ပွားလာတာကိုး (မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ ဘယ်ကပေါက်ပွားလာ သလဲ (ခန္ဓာထဲက ပေါက်ပွားလာပါတယ် ဘုရား)။
ဆုတောင်းပြည့် ဘေးရန်ဆိုတာ
အဲဒါကြောင့် ခင်ဗျားတို့က အရေးကြီးရင် ဘာလုပ်ကြ ညာလုပ်ကြနဲ့ဆိုတော့ ဟုတ်ပါတယ်၊ ပြင်ဘက်ဘေးရန် တော့ တားဆီးနိုင်ပါတယ်၊ အတွင်းကပါလာတဲ့ ဆုတောင်းပြည့်ဘေးရန်တော့ မတတ်နိုင်ဘူး (မှန်ပါ) ဆုတောင်းပြည့် ဘေးရန်ဆိုတာ ခန္ဓာရရပါလို၏ဆိုတော့ အိုရ၊ နာရ၊ သေရပါလို၏ဆိုတဲ့ ဒုက္ခသစ္စာကြီးက တစ်ခါတည်း အတွဲလိုက် အပြုံလိုက်ပါမလာဘူးလား (လာပါတယ်) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဦးခင်မောင် အို နာ သေဆိုတဲ့ ဘေးကြီးကို ပရိတ်နဲ့ တားလို့ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား) ဘုရား တောင်မှ ပရိနိဗ္ဗာန်စံရသေးတယ် (မှန်ပါ) တန်ခိုးကြီးတဲ့ ရှင်မောဂ္ဂလ္လာန်ကိုယ်တော်ကြီး ခိုးသားရိုက်ခံရတယ် (မှန်ပါ) ပညာဧတဒဂ်ရတဲ့ ရှင်သာရိပုတ္တရာကိုယ်တော်ကြီးဝမ်းထဲက သွေးတွေပါလို့ သွေးအန်ပြီး ပရိနိဗ္ဗာန်စံရတယ် (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အဲဒါသိကြပါပြီတဲ့၊ ဒုက္ခသစ္စာမို့ ပီဠနဋ္ဌောသဘောနဲ့ နှိပ်စက်လိုက်တော့ “ဒုက္ခဿ ပီဠနဋ္ဌော” ဆိုတဲ့အတိုင်း တစ်ခါတည်း နှိပ်စက်လိုက်တာ ဆင်ပြောင်ငါးစီးအား၊ ဆယ်စီးအားဆောင်နိုင်တဲ့ ကိုယ်တော် ကြီးတွေတောင် မခံနိုင်ဘူး (မှန်ပါ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးသည်ကားလို့ဆိုရင် ဒုက္ခသစ္စာ အဖန်ဖန် နှိပ်စက်တတ်တဲ့ သဘော ကြီးဟာ သူ့အထဲမှာပါပြီးဖြစ်နေတော့ ဒကာ ဒကာမတို့ အို နာ သေသည်ကားလို့ဆိုရင် ဘယ်ကလာတယ် ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား) ဘယ်ကလာသတုံး (ခန္ဓာက လာပါတယ် ဘုရား)။
ဘယ်ခန္ဓာမှ မဖြစ်စေနဲ့နော်
ဪ ဒါဖြင့် ဒီနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်စမ်းပါ၊ ဘယ်ခန္ဓာမှ မဖြစ်စေနဲ့နော် (မှန်ပါ ဘုရား)။
ဘယ်လိုသတိပေးပါလိမ့် (ဘယ်ခန္ဓာမှ မဖြစ်စေနဲ့) ဘယ်ခန္ဓာမှ ခင်ဗျားတို့က ကံကောင်း အကြောင်းသင့်ရင် မဖြစ်ချင်ပါနဲ့၊ ဖြစ်ချင်ရင် တဏှာကသာမှတ် (မှန်ပါ ဘုရား)။
ခန္ဓာရချင်တာ ဘယ်သူကပါလိမ့် (တဏှာကပါ ဘုရား) ဦးခင်မောင်ရေ ဘာခန္ဓာများ ကြီးကြီးကျယ်ကျယ်ကြီး ဖြစ်ချင်သေးသတုံး (ဘာခန္ဓာမှ မဖြစ်ချင်ပါ ဘုရား) ခန္ဓာဖြစ်ရင် ဘုရားတောင် ပရိနိဗ္ဗာန်စံရပါတယ်ဆိုတော့ သွား ရောပေါ့ဗျာ (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာက ပေါက်ပွားလာတာကျတော့ ခုနင်က ပရိတ်မတားနိုင်ဘူး ဆိုတာတော့ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား) ဒုက္ခသစ္စာကို ပရိတ်က သုခသစ္စာဖြစ်အောင်မှ မလုပ်နိုင်ပဲကိုးဗျ (မှန်ပါ) လုပ်နိုင်ပါ့ မလား (မလုပ်နိုင်ပါ ဘုရား) ဒုက္ခသစ္စာကို သုခသစ္စာဖြစ်အောင် အမှန်တကယ်လုပ်နိုင်တာကတော့ဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်ပဲ တတ်နိုင်တယ် (မှန်ပါ) ကျန်တဲ့ဟာကတော့ ဒုက္ခကို သုခဖြစ်အောင် ဘယ်နည်းနဲ့မှ မတတ်နိုင်ဘူး (မှန်ပါ ဘုရား)။
မဂ္ဂင်တစ်ခုပဲ
မဂ္ဂင်တစ်ခုပဲ ဒုက္ခချုပ်ငြိမ်းအောင် သုခကို အာရုံပြုနိုင်အောင် ဘာဝေတဗ္ဗကိစ္စနဲ့ ကြိုးစားရင် သူပဲဒုက္ခကို ပိုင်းခြားနိုင် တယ်၊ သူပဲ မျက်မှောက်ပြုနိုင်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ သူ့ကိုပဲ အားကိုးကြရတော့မယ်ဆိုတာ “အတ္တာ ဟိ အတ္တနော နာထော” ဆိုသလို အတ္တာဟိ အတ္တာဧဝ -မိမိအားထုတ်တဲ့ သတိပဋ္ဌာန်လေးပါးတစ်ပါးပါး အားထုတ်တဲ့ မဂ္ဂင်သည်သာလျှင်၊ အတ္တနော- မိမိ၏၊ နာထော-ကိုးကွယ်ရာ ဆည်းကပ်ရာ ပူဇော်ရာအစစ်တည်း၊ မဂ္ဂင်ပဲ အားကိုးကြပေတော့ (မှန်ပါ) ပေါ်ကြပ လား (ပေါ်ပါပြီ ဘုရား)၊ ဘာအားကိုးရမယ် (မဂ္ဂင်အားကိုးရမှာပါ ဘုရား)။
ကိုင်း ဒါဖြင့် ကိုယ့်ကိုယ်ကို အားကိုးဆိုတာ ဒီခန္ဓာကြီးအားမကိုးနဲ့နော် (မှန်ပါ) အို နာ သေ ဘယ်ကလာသ တုံး (ခန္ဓာငါးပါးက လာပါတယ် ဘုရား) ဒါဖြင့် ခန္ဓာငါးပါးက အကြောင်း၊ အို နာ သေက အကျိုး၊ ခန္ဓာငါးပါးက သမုဒယသစ္စာ၊ အို နာ သေက (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် ဒီခန္ဓာငါးပါး ချုပ်ငြိမ်းရုပ်သိမ်းအောင်ကျင့်နိုင်တဲ့ အကျင့်ဟာ ဘာပါလိမ့် (မဂ္ဂသစ္စာပါ) ကျင့်လို့ ချုပ်ငြိမ်းသွားတာ (နိရောဓသစ္စာပါ) အဲဒီလိုသိမှပဲ အို နာ သေ ဇာတ်သိမ်းမှာပါ လားဆိုတာ ပေါ်လာတော့တယ် ဒကာ ဒကာမတို့နော် (မှန်ပါ ဘုရား)။
ခန္ဓာငါးပါးက ဘယ်က လာသလဲ
ကိုင်း ဒီဥစ္စာသုံးရက်ရှိပါပြီ ဒကာ ဒကာမတို့၊ အလုပ်ဟောချင်လို့ သမ္မသသုတ်ကို ပြောလာရပါတယ်၊ ကဲ ခန္ဓာငါးပါးက ဘယ်က လာသလဲဆိုတာ လက်သည်ရှာကြဦး (တဏှာက လာပါတယ် ဘုရား) ငြင်းစရာ မရှိအောင်မှန် နေပါပြီ (မှန်ပါ) မမှန်ကြဘူးလား (မှန်ပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ကြည့်စမ်းပါလား၊ တစ်နေ့သော်လဲ မအားဘူး ဆိုတယ် ဘာက မအားတာတုံး တဏှာက လိုချင်မှုရှိနေတော့ ဈေးထွက်တဲ့ ပုဂ္ဂိုလ်လဲ ဈေးထွက်လို့ မပြီးနိုင်ဘူး (မှန်ပါ) ဈေးရောင်းတဲ့ပုဂ္ဂိုလ်ကလဲ (ဈေးရောင်းလို့ မပြီးနိုင်ပါ ဘုရား) စက်မှုလက်မှုတွေ အမျိုးမျိုး တည်ထောင် လုပ်တဲ့ ပုဂ္ဂိုလ်လဲ တစ်နေ့မှ စက်မရပ်ရဘူးဆိုတာ ဒီတဏှာ ခိုင်းချက်ကြောင့် ဒကာ ဒကာမတို့ ပင်ပန်းပြီး သကာလ နေတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။
အေး ဒါကြောင့် တဏှာဆိုတာ အင်မတန်ကြောက်စရာ ကောင်းတယ်နော်၊ ခိုင်းနိုင်သရွေ့ ခိုင်းပြီးတော့မှ နွားကို ခိုင်းနိုင်သရွေ့ ခိုင်းပြီးတော့ နွားသတ်ရုံရောင်းစားတဲ့ နွားရှင်လောက် ဆိုးဝါးတာတော့ဖြင့် ဦးဝတို့၊ ဦးဘအုန်း တို့ ရှိသေးရဲ့လား (မရှိပါ ဘုရား) ခိုင်းနိုင်သလောက် ခိုင်းတယ်၊ ခိုင်းလို့မဖြစ်တော့ နွားသတ်ရုံပို့ဆိုတော့ ဘယ်ဟာ ကောင်းသေးသတုံး (မကောင်းပါ ဘုရား)။
သူကချည်းခိုင်းနေတာပဲ
ဒီမှာလဲ တဏှာက ခင်ဗျားတို့ကို ခိုင်းနိုင်သလောက် အိုသော ပျိုသော မရွေးဘူး၊ သွားဟဲ့၊ လုပ်ဟဲ့၊ ကိုင်ဟဲ့၊ နေပူမရှောင် မိုးရွာမရှောင်သွားဟဲ့၊ ဆီးချုပ် ဝမ်းချုပ်ခံပြီး လုပ်ဟ၊ တစ်နေ့လုံးလဲ ထိုင်ပြီး သကာလ ဈေးဝယ်မျှော်ဟ၊ တစ်ခါတည်း ခိုင်းနေလိုက်တဲ့ဖြစ်ခြင်း၊ သူကချည်းခိုင်းနေတာပဲ (မှန်ပါ ဘုရား)။
ခိုင်းလှမက ခိုင်းတော့ ဒီပုဂ္ဂိုလ်ကိုဖြင့် ချုံးပိန် လိမ်ခြောက် ဝေဒနာတွေက အမျိုးမျိုးရောက်ပြီး သကာလ နေ တာလဲ အထင်အရှားပဲ (မှန်ပါ) ချုံးပိန်ပြီး ခြောက်တာလဲ သူ့ခိုင်းချက်ကြောင့်ပေါ့ဗျာ (မှန်ပါ) သေတော့ အပါယ်တွန်း ချလိုက်လဲ (သူ့ကြောင့်ပါ ဘုရား) သူ့ကြောင့်ပဲဆိုတော့ ခိုင်းနိုင်သလောက်ခိုင်း၊ ပိန်ခြောက်ပြီး ဝေဒနာရတော့ နွားသတ် ရုံပို့တဲ့ နွားရှင်ထက်ဆိုးသေးတယ် (မှန်ပါ) ဦးခင်မောင် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ခိုင်းနိုင်သလောက် ခိုင်းပြီးတော့ ပိန်ခြောက်ပြီးတော့ ရောဂါဝေဒနာတွေ အများကြီးရပါတယ် (မှန်ပါ) အဲ ဒီရပြီးတဲ့အပြင် နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဒီနွားကို နွားသတ်ရုံရောင်းလိုက်ပြန်တယ်ဆိုသလို ဒီမှာ အပါယ်လေး ပါးပို့လိုက်တာပဲ၊ ခိုင်းနိုင်သရွေ့ ခိုင်းသေးတယ်၊ ပြီးတော့လဲ အပါယ်ပို့လိုက်သေးတယ်ဆိုတော့ ဪ အပါယ်ခန္ဓာပေါ် အောင် လုပ်ပြန်ပါပေါ့လား၊ အို နာ သေထဲမှာ အပါယ်ခန္ဓာတောင်မှ ဖြည့်စွက်ပြန်ပါပေါ့လားဆိုတော့ အကောင်းတစ် ခုမှမပါဘူး (မပါပါ ဘုရား) ပါကြသေးရဲ့လား (မပါပါ ဘုရား)။
လုံးဝ မပေါင်းကောင်းတာ
အဲဒါ ဉာဏ်နဲ့ စဉ်းစားတော့မှ ဪ လုံးဝ မပေါင်းကောင်းတာ ဘယ်သူပါလိမ့်မတုံး (တဏှာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
လုံးဝ မပေါင်းကောင်းတာ တဏှာပဲဆိုတာ သေသေချာချာ မှတ်ကြပါ၊ ပစ္စုပ္ပန်မှာ အမျိုးမျိုးဆင်းရဲပေးလေ သမျှလဲ တဏှာပဲ၊ သံသရာမှာ ဆင်းရဲပေးလေသမျှလဲ (တဏှာပါ) ဪ ဒါ့ကြောင့် ဒီ့ပြင် တရားတွေ ဆိုးတယ်ဆို တဲ့ဥစ္စာ ဘုရားက သူ့လောက်တော့ မဆိုးဘူးကွ၊ သူတစ်လုံးကို သမုဒယသစ္စာဖွဲ့ရတယ်၊ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်တဲ့အခါ သူအဆိုးဆုံးမို့ သူ့ကို သမုဒယဆိုတဲ့နာမည်လေးပေးလိုက်တယ် (မှန်ပါ) သူပြတ်လို့ရှိရင် ထောင့် ငါးရာကိလေသာ ကွင်းလုံးကျွတ် လွတ်ပါတယ် (မှန်ပါ) ဒါဖြင့် သူတစ်လုံးနိုင်ရင် အကုန်နိုင်မှာပေါ့ဗျာ (မှန်ပါ) ပေါ် ကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ခန္ဓာငါးပါးဘယ်က လာသတုံး (တဏှာက လာပါတယ်) တဏှာက ဘာသစ္စာ (သမုဒယ သစ္စာပါ) ဒီပေါ်လာတဲ့ခန္ဓာငါးပါးက (ဒုက္ခသစ္စာပါ) တဏှာချုပ်အောင်လုပ်နိုင်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ) ချုပ်သွားတာ က (နိရောဓသစ္စာပါ) သစ္စာကို ခင်ဗျားတို့ ဒီလိုသိသိ သိသိပြီး သကာလ သွားမှသာလျှင် ဪ သူ့ကိုချုပ်အောင်မလုပ် နိုင်တဲ့ လူဖြင့် ဒုက္ခလက်စသတ်စရာအကြောင်း မမြင်ဘူးဆိုတာ သေသေချာချာ ပေါ်သွားတယ် (မှန်ပါ) ဦးခင်မောင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါဟာ သုံးရက်တောင်ရှိလာလို့ တော်တော်လဲ သစ္စာဖွဲ့တတ်ပါပြီ၊ ဆိုးကြောင်းကို လဲ သိပါပြီ၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုကိုင်ရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတဲ့ဥစ္စာလဲ အရင်းကျကျသိရအောင် ရှေ့ကို သွားကြဦးစို့ (မှန်ပါ)။
ဒီတဏှာက ဘယ်ကလာပါလိမ့်မတုံး
ဒီတဏှာက ဘယ်ကလာပါလိမ့်မတုံး (ခင်ရာမင်ရာက လာပါတယ်) ခင်ရာ မင်ရာဆိုတာ ဘယ် သူပါလိမ့်ဗျာ (အာယတန ၁၂-ပါးပါ) အေး အာယတန ၁၂-ပါးက လာတယ်နော် (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နောက်ဆုတ်တွေးလိုက်တဲ့အခါကျတော့ ခင်ရာမင်ရာ အာယတနက သမုဒယ သစ္စာ၊ သဘောကျတယ်နော်၊ တဏှာက ဒုက္ခသစ္စာဖြစ်ပြန်ရော (မှန်ပါ) အကြောင်းအကျိုး ဆက်ပြန်တာကိုး (မှန်ပါ) ခင်ရာ မင်ရာ အာယတနတွေက (သမုဒယသစ္စာပါ ဘုရား) တဏှာက (ဒုက္ခသစ္စာပါ ဘုရား) ခင်ရာ မင်ရာများ ချုပ် သွားမယ်ဆိုရင်ဖြင့် နိရောဓသစ္စချုပ်အောင် ကျင့်တဲ့အကျင့်က (မဂ္ဂသစ္စာပါ ဘုရား)။
ဒါဖြင့် ဝိပဿနာအလုပ်ဆိုတာ ဒီဘက်က ခင်ရာ မင်ရာကို ဝိပဿနာလုပ်ကြရမယ် (မှန်ပါ) ဒါကြောင့် ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ ဒါကို ဝိပဿနာရှုကြဆိုတဲ့ဥစ္စာ ဦးခင်မောင်တို့ ကောင်းကောင်းသဘော ကျလောက်ပါပြီ (ကျပါပြီ) ခင်ရာမင်ရာကို ဖြတ်ချလိုက်တယ် (မှန်ပါ) ခင်ရာ မင်ရာကို ဖြတ်ချလိုက်တော့ ခင်တာ မင်တာဆိုတဲ့ တဏှာသေသွားတယ် (မှန်ပါ ဘုရား)။
ခင်ရာ မင်ရာကို ဖြတ်လိုက်တော့
ခင်ရာ မင်ရာကို ဖြတ်လိုက်တော့ (ခင်တာမင်တာဆိုတဲ့ တဏှာသေသွားပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ရာ မင်ရာကို ကျုပ်တို့ ခင်ဗျားတို့သည် ဝိပဿနာရှုမှ နေရာကျမယ် (မှန်ပါ) ဦးဘအုန်း ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်ဟာ ရှုကြမလဲ (ခင်ရာ မင်ရာကို ရှုကြရပါ့မယ် ဘုရား) ခင်ရာ မင်ရာကို ဝိပဿနာရှုတော့ တဏှာကို နင်သွားတော့လို့ ဆိုဖို့လိုသေးသလား (မလိုပါ ဘုရား) ဒကာ ဒကာမတို့ ဝိပဿနာရှုတဲ့အကြောင်း သမ္မသသုတ် နိဒါနဝဂ္ဂသံယုတ်ကို အခုလို တွေးလိုက်တော့ ဪ ဝိပဿနာ ဘယ်ကစရမှာပါလိမ့်မတုံးဆိုတဲ့ဥစ္စာ တစ်ခါတည်း ပေါ လောကြီးပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဪ ခင်ရာ မင်ရာကို ရှုရမှာပါကလား (မှန်ပါ ဘုရား)။
ခင်ရာ မင်ရာကို ရှုရမှာ
ဒကာ ဒကာမတို့ ဘယ်လိုများ ပေါ်လာသတုံး (ခင်ရာ မင်ရာကို ရှုရမှာပါ ဘုရား) နေရာကျလိုက်တာ ဦးခင်မောင်၊ အကြောင်းအကျိုးတွေ နောက်ပြန်ဆုတ်ပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောလိုက်တော့ ဘယ့်နှယ် ကြောင့် ဒီအာယတနတွေ ဝိပဿနာရှုရပါလိမ့်မတုံးဆိုတော့ ခင်ဗျားတို့ ယနေ့တော့ သေချာသိပါပြီ၊ တဏှာလာမှာစိုး လို့ အရှုခိုင်းတာကိုး (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အတော်နေရာကျသွားပြီ ကိုမြရွှေတို့ (မှန်ပါ) အတော်နေရာကျသွားကြပြီ ခင်ဗျားတို့ ဝိပဿနာရှု ရှုရှုရှုဆို လို့ ရှုပြီးနေရငြားသော်လဲ အကြောင်းအကျိုးက ဤမျှလောက် ဘုရားဟောတော်မှုသလို နားမလည်ကြသေးတော့ ဆရာ က ရှုဆိုလို့ ရှုနေရတာပဲ၊ သူက ဒါရှုရင် နိဗ္ဗာန်ရောက်တယ်ဆိုတာနဲ့ ကျုပ်တော့ ရှုနေတာပဲ၊ အေကြောင်းအကျိုး ဒါ လောက်ဆက်ပြီး နားမလည်တော့ ရှုအား ဒါလောက်မသန်ဘူးပေါ့ဗျာ (မသန်ပါ ဘုရား)။
အခုတော့ မသန်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) ဘယ့်နှယ်ကြောင့် ခင်ရာမင်ရာကို ဝိပဿနာရှုရပါလိမ့် မလဲ (ခင်တာ မင်တာ ချုပ်အောင်ပါ ဘုရား) ခင်တာ မင်တာဆိုတဲ့ တဏှာချုပ်အောင် ရှုတာ (မှန်ပါ) တဏှာချုပ် တော့ ဒီဘက်က ခန္ဓာက (မလာပါ ဘုရား) ဒီဘက်က ခန္ဓာချုပ်တော့ ဒီဘက်က အို နာ သေလဲ ချုပ်ရတယ် (မှန်ပါ ဘုရား)။
ခင်ရာမင်ရာဆိုတဲ့ ခန္ဓာငါးပါး
ဦးဘအုန်း ဘာတဲ့ဗျာ (ခင်စရာ မင်စရာက အနှိပ်စက်ဆုံးတရားပါ ဘုရား) ခင်ရာမင်ရာဆိုတဲ့ ခန္ဓာငါးပါး၊ ခင်ရာ မင်ရာဆိုတဲ့ အာယတန ၁၂-ပါး၊ ခင်ရာမင်ရာဆိုတဲ့ ဓာတ် ၁၈-ပါးသည် ခင်ဗျားတို့ကို နှိပ်စက်နေတဲ့တရား ပဲ (မှန်ပါ)။
နှိပ်သာ နှိပ်စက်နေတယ်၊ နှိပ်စက်မှန်းလဲ မသိကြဘူး (မှန်ပါ) နှိပ်စက်မှန်းမသိတာက ဘာဖြစ်လို့ မသိတာ တုံးဆိုတော့ ခင်ဗျားတို့ လက်ရှိခန္ဓာပဲ ထားပါတော့၊ လက်ရှိ အာယတနပဲ ထားပါတော့ ဦးခင်မောင်နော် (မှန်ပါ ဘုရား)။
လက်ရှိခန္ဓာအတွက်ဆိုရင်ဖြင့် သူ့အတွက် ခလုတ်မထိ ဆူးမငြိအောင် ပူပင်တယ် (မှန်ပါ) သူ့လဲ တယ်ကျွေး ချင် မွေးချင်သကိုး (မှန်ပါ) ဘယ်လောက်များ ချစ်သတုံးဗျ (ချစ်ပါတယ် ဘုရား) သူ့ကိုလှပဖို့ အရေးကိုလဲ အတော် ဂရုစိုက်တယ်၊ မစိုက်ပေဘူးလား (စိုက်ပါတယ် ဘုရား)။
ထီးကလေးနဲ့ ကာကွယ်တယ်၊ သူ အလှပျက်မှာစိုးလို့ (မှန်ပါ) ဖိနပ်ကလေးနဲ့ ကာကွယ်တာကော (အလှပျက် မှာစိုးလို့ပါ ဘုရား) အံမာလေး တယ်ခင်ကြပါကလား ဒကာ ဒကာမတို့၊ ထီးနဲ့ ပူဇော်ရတာလဲ ခင်ရာ မင်ရာပဲ (မှန်ပါ) ဖိနပ်နဲ့ ပူဇော်ရတာကော (ခင်ရာမင်ရာပါပဲ ဘုရား)။
ဦးခင်မောင် တော်တော်ကလေးကို အရေးတကြီးထားကြပါကလား (မှန်ပါ ဒီခန္ဓာငါးပါးကို၊ ဒီအာယတန ၁၂-ပါးကို၊ ဒီဓာတ် ၁၈-ပါးကို အတူတူပါပဲ ဒကာ ဒကာမတို့ စုလိုက်တော့ ဒါပဲပြန်ရတာပဲနော် (မှန်ပါ) တော်တော် ကြည်ညိုပါရဲ့လားလို့ ဦးခင်မောင်မေးရင် (ကြည်ညိုပါတယ် ဘုရား)၊
ဒီကြည်ညိုမှု အပြစ်သင့်နေတာဗျ
ဒကာ ဒကာမတွေကော ကိုယ့်ခန္ဓာကို တော်တော် ကြည်ညိုကြရဲ့လား (ကြည်ညိုပါတယ် ဘုရား) ခက်လိုက်တဲ့ ဖြစ်ခြင်းမှ မပြောပါနဲ့တော့၊ ဦးဘအုန်း ဒီကြည်ညိုမှု အပြစ်သင့်နေတာဗျ (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊
ဘာအပြစ်သင့်နေတာတုံး (ကြည်ညိုမှုအပြစ်သင့်နေတာပါ ဘုရား) ခင်ဗျားတို့ကလဲ ခက်လိုက်တဲ့ဖြစ်ခြင်း၊ အဆိပ်ပင်ကြီးကိုသွားပြီး ကြည်ညိုလေလေ ခင်ဗျားတို့မှာ အဆိပ်နံ့သင့်ပြီး သေပွဲဝင်ရလေလေပေါ့ဗျ (မှန်ပါ) အဆိပ် ပင်ကြီးက အနံ့ကလဲ သေစေတတ်တဲ့အနံ့ပဲ အသီးကလဲ စားမိမယ်ဆိုရင် သေစေတတ်တဲ့ အသီးပဲ (မှန်ပါ) အခေါက် တွေခွါပြီး လိမ်းမယ်ဆိုရင်လဲ သေစေတတ်တဲ့ ဆေးဖြစ်ပြီး သကာလ ခင်ဗျားတို့သေမှာပဲ (မှန်ပါ ဘုရား)။
အဲဒီအဆိပ်ပင်ကြီးကို ခင်ဗျားတို့ ကြည်ညိုလုံးက ကဲလွန်းတယ် (မှန်ပါ) ဒါ့ကြောင့် ခဏခဏ တဏှာလာ၊ တဏှာလာလို့ ခန္ဓာလာပြီး ခဏခဏ အိုပွဲ-နာပွဲ-သေပွဲတွေရတာ၊ ဒီအဆိပ်ပင်ကြီး ခင်မှုကြောင့် ဒီဟာတွေ တွေ့နေရ တယ် (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒီအဆိပ်ပင်ကြီးကို ခင်ခြင်း မင်ခြင်း ပူဇော်ပသခြင်းများလေလေ ဒီ အို နာ သေပွဲကြီးက အမြဲတမ်း နွှဲရ လေလေ (မှန်ပါ) ဆိုထိုက်ပလား (ဆိုထိုက်ပါပြီ ဘုရား)။
ခန္ဓာငါးပါးကအဆိပ်ပင်
ဦးခင်မောင် နားထဲများ ကန့်လန့်ကြီးများနေသလား (မနေပါ ဘုရား) နောက်က ဒကာ ဒကာမတွေ နားထဲမှာ ကန့်လန့်များနေသလား (မနေပါ ဘုရား) နားထဲမှာ ကန့်လန့်နေရင်တော့ ခင်ဗျားတို့အခက်ပဲ (မှန်ပါ) ဘာဖြစ်လို့ ခက်သတုံးဆိုတော့ ဒါအဆိပ်ပင်ပါ၊ ခန္ဓာငါးပါးက (မှန်ပါ) အဆိပ်ပင်ကြီးကို ကြည်ညိုလို့ အနားကပ်လေလေ အဆိပ် သင့်လို့ သေပွဲဝင်ရလေလေပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က မသိတော့ ဒကာ ဒကာမတို့ ဒီဘက်ကနေပြီး ဘုရားက ပွင့်ရတယ် (မှန်ပါ) ခင်ဗျား တို့က ကိုယ့်ခန္ဓာအဆိပ်ပင်ကြီးကို တစ်ခါတည်း ယုယချင်လိုက်တာ၊ ပြုစုချင်လိုက်တာ၊ ကြည်ညိုချင်လိုက်တာ၊ ခင်ချင် လိုက်တာ၊ ဒါငါပဲ၊ ငါ့ဥစ္စာပဲ၊ “ဧတံ မမ”၊ ဧတံ -ဤခန္ဓာငါးပါး ခင်ရာမင်ရာသည်၊ မမ-ငါ၏၊ သန္တကံ-ဥစ္စာပဲ (မှန်ပါ) ငါ့ဥစ္စာပဲ မထင်ကြဘူးလား (ထင်ပါတယ် ဘုရား) “ဧသောဟ မသ္မိ” တဲ့၊ ဧသော-ဤခန္ဓာငါးပါးသည်၊ အဟံ-ငါသည်၊ အသ္မိ-ဖြစ်၏။ ငါပဲတဲ့ ခင်ဗျားတို့ ယူထားတာကလေ (မှန်ပါ) “ဧသော မေ အတ္တာ” တဲ့၊ ဧသော-ဤခန္ဓာငါးပါးသည်၊ မေ-ငါ၏၊ အတ္တာ-အတ္တဖြစ်၏။ ငါ့ကိုယ်ပဲ ငါ့အတ္တပဲလို့ ယူတယ်၊ အံမာလေး တစ်ခါတည်း ဒီခန္ဓာငါးပါးကြီးကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ လုပ်နေကြတာပဲ (မှန်ပါ)။
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ လုပ်နေကြတယ်
ဒကာ ဒကာမတို့ ဒါကြီးကို ဘယ့်နှယ်လုပ်နေကြသတုံး (ငါ့ကိုယ် ငါ့ဟာလုပ်နေကြပါတယ်) ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ လုပ်နေကြတယ်။
ဘုရားက ဒီနားက ရပ်ကြည့်တယ်၊ ပြုံးတော်မူတယ်၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုတပြီး ခန္ဓာငါးပါးကြီးကို သူတို့သည်ကား ခင်တဲ့သဘောနဲ့ မျိုသိပ်နေကြပြီ၊ ဘုရားက ဒီအနားကကြည့်တယ်၊ ဒီအတိုင်းသာ ဒီအဆိပ်ကို သူတို့ မျိုကြတော့မယ်ဆိုလို့ရှိရင်ဖြင့် ဒီအဆိပ်ရေတွေ သင့်ပြီး သကာလ တဏှာနဲ့မျို၊ တဏှာနဲ့မျိုလို့ရှိရင်ဖြင့် ဒီခန္ဓာရပြီး ဒီ သေပွဲတော့ဖြင့် တွေ့ရှာကြတော့မှာပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီနားရပ်ပြီး သကာလ ဘုရားပွင့်လာတော့မှ ဒကာ ဒကာမတွေ အဆိပ်ပင်ကြီးနားက လူတိုင်းကို စောင့်ပြောနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ) ဟောဒါကြီးဟာဟေ့ ငါ့ကိုယ် ငါ့ ဟာ ငါ့ဥစ္စာမဟုတ်ဘူးကွ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ငါ့ကိုယ်လဲ မဟုတ်ဘူးကွ၊ ငါ့ဟာလဲ မဟုတ်ဘူးလကွ၊ ငါ့ဥစ္စာလဲ မဟုတ်ဘူးကွ၊ မင်းတို့ မခင်ကြနဲ့ မမင်ကြနဲ့၊ ခင်လို့ရှိရင် မင်းတို့သည် ငါ့ကိုယ် ငါ့ဟာဆိုရင် မျိုမိသိပ်မိမယ်ဆိုတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ်) မျိုမိ သိပ်မိလို့ရှိရင် ဒီခန္ဓာမရပေဘူးလား (ရပါတယ်) ဒီခန္ဓာရရင် ဒီအိုပွဲ နာပွဲ သေပွဲတွေဟာလဲ လွဲလို့ကို ဖြစ်ပါဦးမလား (မဖြစ်ပါ ဘုရား)။
အဆိပ်ပင်က အဆိပ်သီးစားမိမှာ
ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်လာတာ ခင်ဗျားတို့ အဆိပ်ပင်က အဆိပ်သီးစားမိမှာ အဆိပ်နံ့သင့်မှာ၊ အဆိပ်ခေါက်လိမ်းမိမှာ အလွန်စိုးရိမ်မိတယ် (မှန်လှပါ ဘုရား) ဒါကြောင့် ဘုရားပွင့်လာတာ (မှန်လှ ပါ ဘုရား) ကဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘုရားက ဘယ်အကျိုးငှာ ပွင့်လာသတုံး (အဆိပ်ပင်နားကနေပြီး ပြောဖို့ပါ) အဆိပ်ပင်နားမှာ တစ်ခါတည်း သေပွဲဝင်ချင်တဲ့ လူမိုက်တွေက ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာမှတ်ပြီး သကာလ သုံးကြ မျိုကြ သိပ်ကြမှာစိုးသောကြောင့် ဒီ အနားမှာရပ်ပြီး အမြဲစောင့်နေတယ်၊ ဒါ အနိစ္စကွ၊ ဒါ ဒုက္ခကွ၊ ဒါ အနတ္တကွ၊ သွားပြီးတော့များ မမျိုလိုက် မသိပ်လိုက် ပါနဲ့နော် မျိုသိပ်လိုက်လို့ရှိရင် မင်းတို့ ငါးပါးမှောက်တော့မယ်၊ ဟိုမှာ သေပွဲဝင်နေပြီဆိုတဲ့ အဓိပ္ပာယ်မျိုးပြောနေတာပဲ (မှန်ပါ)၊ ဒကာ ဒကာမတွေကလဲ အကဲကလဲ မခတ်တတ်၊ ခက်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ ဘုရား)။
ကိုယ့်ခန္ဓာကိုယ်ခင်ပြီး သကာလ နေတော့ ကိုယ့်သားချင်းတွေပဲ ခင်ရင်းမတ္တနဲ့ပဲ သုဿာန်ပို့လိုက်ရတာတွေ ခင်တဲ့ဇောနဲ့ပဲ၊ သားခင်ဇော၊ သမီးခင်ဇော၊ ခင်လျက်တန်းလန်း၊ ကိုယ်ခန္ဓာခင်လျက်တန်းလန်းနဲ့ သုဿန်ချည်း လိုက် ပို့ကြရတာ မသာပေါင်း ဘယ်လောက်ရှိသတုံး (မရေတွက်နိုင်ပါ ဘုရား) ဪ သူလဲမသာဖြစ်တယ်၊ ငါလဲ ငါ့ကိုယ်လဲ မသာဖြစ်ဦးမယ်ဆိုပြီး လာပြန်တာပဲ (မှန်ပါ) ဆိုးလှချည့်လား ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)။
မသာပေါင်း ဘယ်လောက်ပို့ဖူးသတုံး
ခင်ပြီးသေသွားတဲ့ ပုဂ္ဂိုလ်တွေဟာ ဦးခင်မောင် မသာပေါင်း ဘယ်လောက်ပို့ဖူးသတုံး (မရေတွက်နိုင်ပါ ဘုရား) မရေနိုင်ဘူး၊ ဒီဘဝတွင်ပြောတာနော် (မှန်ပါ) ကျန်တဲ့ပုဂ္ဂိုလ်တွေကလဲ ဪ ဒီခန္ဓာကို ခင်လို့ရှိရင်ဖြင့် တဏှာသတ် တာနဲ့ နောက် ဇာတိဇရာ မရဏတွေ အကုန်လာဦးမှာပဲဆိုတာ အထူးတလည် ပြောစရာလိုသေးသလား (မလိုပါ ဘုရား) ဒါကို နောက်ပုဂ္ဂိုလ်တွေကလဲ ခင်တုန်းပဲရှိသေးတယ်၊ ကိုယ့်ကိုယ်ကို မခင်ရင် လူမဟုတ်ဘူးတောင် ပြောနေသေးတယ် (မှန်ပါ ဘုရား)။
ဘယ့်နှယ်များ ပြောကြသတုံး (ကိုယ့်ကိုယ်မခင်ရင် လူမဟုတ်ဘူးပြောပါတယ်) ဒီကောင်ကလေးက ကိုယ့် ကိုယ်မှ မခင်ရင် လူမဟုတ်ဘူး၊ လူစိတ်ကို မပေါက်သေးပါဘူးလို့ ပြောချင်ပြောနေတာ (မှန်ပါ ဘုရား)။
အဲဒီလိုပြောပြီး သကာလ နေတော့ ဒကာ ဒကာမတွေ တတ်ထားတာကလဲ ကိုယ့်ကိုယ်ခင်ဖို့ မင်ဖို့ပဲ တတ်ထား တော့ အဆိပ်ကို မျိုဖို့ပဲ တတ်ထားတာကိုးဗျ (မှန်ပါ ဘုရား) အဆိပ်ကို မျိုဖို့တတ်ထားတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒီနားကရပ်ပြီး သကာလ ဟေ့ ယောဂီပုဂ္ဂိုလ် အပေါင်းတို့ ဟောဒီ မင်းတို့ ခန္ဓာငါးပါးကြီးသည်ကားလို့ဆိုရင် အရက်ခွက်နဲ့ တူသကွ (မှန်ပါ ဘုရား)၊ အရက်ခွက်နဲ့ တူသကွ။
အဆိပ်နှင့် ရောထားတယ်ကွ
ဘာနဲ့တူသတဲ့ ဦးခင်မောင် (အရက်ခွက်နှင့် တူပါတယ် ဘုရား) အဲဒီအထဲမှာ ပါတဲ့အရက်ဟာ အနံ့လဲ ကောင်းတယ်ကွ၊ အရသာလဲ ကောင်းတယ်ကွ၊ သွားပြီးတော့ မသောက်လေနဲ့နော်၊ အဆိပ်နှင့် ရောထားတယ်ကွ (မှန်ပါ) သောက်လို့ရှိရင်ဖြင့် မင်းတို့သည် ကားလို့ဆိုလို့ရှိရင်ဖြင့် သောက်တယ်ဆိုတာ ခင်မိတာနော် (မှန်ပါ) ခင်မိလို့ ရှိရင်ဖြင့် ခံတွင်းထဲရောက်ရင် မျိုမိနေလိမ့်မယ် (မှန်ပါ ဘုရား)။
သောက်တယ်ဆိုရင် တဏှာနဲ့သောက်ရင် ခန္ဓာပေါ်ပေါက်မယ် (မှန်ပါ) ခန္ဓာပေါ်သည်နှင့် တစ်ပြိုင်နက်တည်း သူ့သဘောကြောင့် အို နာ သေဒုက္ခအများကြီး မတွေ့ရဘူးလား (တွေ့ရပါတယ်) ဒါဟာ အဆိပ်သင့်သေတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဆိပ်သင့် သေတာသည် အို နာ သေနဲ့ သေတာတွေ ဟူသရွေ့ အရက်ခွက်ကို အမျိုးမျိုးသော အရသာတွေ နဲ့ရောပြီး အဆိပ်တွေထည့်ထားတာကို ပုထုဇဉ်အမိုက်က မစဉ်းစားဘဲနဲ့ အငတ်တန်းလန်းနဲ့ မနေ့ကပြောသလို သေ လာတော့ ရောက်ရာခန္ဓာကို ခင်ပြန်တာကိုးဗျ (မှန်ပါ) ရောက်ရာခန္ဓာကို တစ်ခါတည်း ခင်မိ မျိုမိ သိပ်မိပြန်တယ်ဆို တော့ နောက်ဘဝက အငတ်မပြေဘဲနဲ့ သေခဲ့တော့ ဒီဘဝတွေ့တဲ့ခန္ဓာကိုယ်ပဲ အဆိပ်နဲ့ ရောထားတယ်လို့ မယူဘဲနဲ့ သောက်မျိုပြီး သကာလ သွားတော့တာပဲ (မှန်ပါ) သွားတော့ ဒီတဏှာနဲ့ မျိုသိပ်တဲ့အခါကျတော့ ဒီခန္ဓာကော မရပေ ဘူးလား (ရပါတယ်) ဒီခန္ဓာရလို့ရှိရင် ဒီ အို နာ သေပွဲကြီးဟာဖြင့် ဘယ်နည်းနဲ့မှ လွဲလို့ မရတော့ဘူး (မရပါ ဘုရား) မခံရပေဘူးလား၊ ခံရသလား (ခံရပါတယ် ဘုရား)။
သောက်မိမှာ စိုးတယ်ဆိုတာ
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီနားမှာ စောင့်နေရတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ခင်ဗျားတို့ သောက်မိမှာစိုးလို့ (မှန်ပါ) ဘုန်းကြီးများ သောက်မိမှာ စိုးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ ဒါကို မင်းတို့ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဘူးနော်၊ စင်စစ် အနိစ္စတွေ ဒုက္ခ တွေ အနတ္တတွေ ဒုက္ခသစ္စာတွေဆိုပြီး ဒီနားကနေပြီး စောင့်ပြောနေတာ၊ ဘုရားပွင့်လာတာ ဒီနားက ပွင့်လာတာ (မှန်ပါ) သဘောကျပလား (မှန်ပါ ဘုရား)။
ဘုရားပွင့်တာလည်း ခန္ဓာငါးပါးနားက စောင့်နေပြီး ခန္ဓာငါးပါးကို ခင်တဲ့ပုဂ္ဂိုလ် ခန္ဓာငါးပါးကို အဆိပ်နဲ့ ရောထားတဲ့အရက်တွေကို သောက်မိမှာစိုးလို့ တရားလည် ဟောနေတာ (မှန်ပါ) သဘောကျပလား (မှန်လှပါ ဘုရား)။
ဘုရား တရားလည်း ဟောတာသည် ခန္ဓာငါးပါးခင်တဲ့ပုဂ္ဂိုလ်တွေ အဆိပ်ရောထားတဲ့ခွက်နဲ့ အရက်တွေကို သောက်မိမှာစိုးတာနဲ့ လည်ပြီးဟောလိုက်တာ (မှန်လှပါ) သောက်လို့ရှိရင်လဲ တဏှာနဲ့ သောက်လို့ရှိရင် ဒိဋ္ဌိနဲ့သောက် သောက် မာနနဲ့သောက်သောက် သောက်သည်နဲ့ တစ်ပြိုင်နက်တည်း ခန္ဓာရမယ်၊ ခန္ဓာရသည်နှင့် တစ်ပြိုင်နက်တည်း သေပွဲသာဝင်ပေတော့ (မှန်ပါ ဘုရား) နဂိုက အဆိပ်ပါသကိုး (မှန်ပါ ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား) သဘောပါ ကြပလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုတော့ဖြင့် ခန္ဓာကြီးရထားတော့ ဒီဘဝမှာတော့ ဒကာ ဒကာမတို့ သေပွဲဝင်ကြရဦးမှာပေါ့ဗျာ (မှန်ပါ) နောက်ဘဝမသေရအောင် ဒီဥစ္စာ မသောက်လို့ရှိရင်တော့ မသေတော့ ပါဘူး (မှန်ပါ ဘုရား)။
သောက်မျိုမိလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းချေရဲ့
ဒါဖြင့် ဒကာ ဒကာမတို့ ဒါသည်ကားလို့ဆိုလို့ရှိရင် နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်မှာ ဟောတဲ့နည်းကို မှီး၍ ဘုရားပွင့်လာတာ ဒီအကျိုးငှာဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ကိုယ့်ခန္ဓာငါးပါးတည်းဟူသော အဆိပ်နဲ့ရောထား တဲ့ အရက်ကြီးကို မင်းတို့သောက်မျိုမိလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းချေရဲ့ဆိုတာ ငါသေသေချာချာ မြင်တဲ့အတွက် မင်းတို့ကတော့ သံသရာ့ခရီးသည် အငတ်သမား၊ အငတ်သမားဆိုတာ ဦးခင်မောင် မနာနဲ့နော် (မှန်ပါ) ဘယ်ဘဝမှာ မဆို သားခင်လျက်၊ သမီးခင်လျက်၊ ပစ္စည်းခင်လျက် တန်းလန်းနဲ့ သေခဲ့ကြတာချည်းပဲ (မှန်ပါ) ဝပြီးသေခဲ့ရတဲ့ဘဝမရှိပါ ဘူး (မှန်ပါ ဘုရား)။
ကဲ ဒီလိုသေတဲ့ပုဂ္ဂိုလ်ဟာ ခန္ဓာတစ်ခုကို ရပြန်ပြီဆိုကြပါစို့၊ ရတော့ သူဟာ အငတ်ကမပြေတော့ တွေ့ရာကို ကြက်ကန်းဆွဲ မဆွဲပေဘူးလား (ဆွဲပါတယ် ဘုရား) အဲဒီမှာ သောက်မိမှာ သိပ်စိုးတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ သောက်မိမှာစိုးတဲ့အတွက် ဘုရားက ဒီအနားနေပြီး အမြဲစောင့်တယ်၊ မင်းခန္ဓာကြည့်နော် မင်း ခန္ဓာဟာ အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်ပစေ၊ သာယာစရာ၊ နှစ်သက်စရာ၊ သောက်စရာ မျိုချင်စရာ မဖြစ်စေနဲ့ကွဆို ပြီး ဒီနားကနေပြီး အမြဲစောင့်ပြောနေတယ် (မှန်ပါ) မပြောရပေဘူးလား (ပြောပါတယ်) ဦးဘအုန်းပေါ်ပလားဗျ (ပေါ်ပါပြီ ဘုရား)။
ဪ-ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သတ္တဝါတွေ မည်မျှလောက်သနားတယ်ဆိုတဲ့ဥစ္စာ ကောင်း ကောင်းကြီးပေါ်ပါပြီ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား) ခန္ဓာငါးပါးသည် အဆိပ်နဲ့ရောထားတဲ့ အရက်တွေပါပဲတဲ့၊ သတ္တဝါတွေကလဲ သံသရာ့ခရီးသည်တွေပဲ၊ ဘယ်ဘဝမှာမှ ဝပြီးသေခဲ့ရတာမရှိတော့ ဒီဘဝ ဒီခန္ဓာကြီးကိုလဲ အငတ် မျို မျိုပြီး အငတ်ခင် ခင်တော့မှာ သူစိုးရိမ်တယ် (မှန်ပါ)။
သက္ကာယဒိဋ္ဌိအဆိပ်က ဝင်သွားပြီ
သူကလဲ အဆိပ်တွေနဲ့ဆိုတော့ ဒကာ ဒကာမတို့ အဆိပ်ဆိုတာ ဘာတုံးဆိုလို့ရှိရင် ဒီအထဲမှာ ငါလို့ ထင်လိုက် လို့ရှိရင် သက္ကာယဒိဋ္ဌိအဆိပ်က ဝင်သွားပြီ (မှန်ပါ) ငါ့ကိုယ်လို့ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိဖြစ်ပြီ (မှန်ပါ) ငါ့ဟာဆိုရင် မာနဖြစ်ပြီ (မှန်ပါ) ငါ့ဥစ္စာဆိုရင်တဏှာဖြစ်ပြီ (မှန်ပါ) ဒီထဲမှာ တဏှာမာနဒိဋ္ဌိဆိုတဲ့ အဆိပ်တွေက ပါနေတယ် (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။
အဲဒီအဆိပ်တွေပါနေတော့ ဒီကနေပြီး ရမ်းပြီး သကာလ မျိုလိုက်မယ်ဆိုလို့ရှိရင် ဒီအဆိပ်တွေက မျိုတဲ့ပုဂ္ဂိုလ်၏ ပါးစပ်တွင်း ပါသွားမှာပဲ (မှန်ပါ) မပါပေဘူးလား (ပါပါတယ် ဘုရား) ဒီခန္ဓာဖြစ်ပြီး မသေပေဘူးလား (သေပါတယ် ဘုရား) အဲဒီလိုသေမှာ စိုးရိမ်တဲ့အတွက် ဟေ့ အဆိပ်နဲ့ ရောထားတယ်၊ အဆိပ်နဲ့ ရောထားတယ်၊ မသောက်နဲ့၊ မ သောက်နဲ့၊ မသောက်နဲ့ဆိုတာ ငါဖြုတ်လိုက်၊ ငါ့ဥစ္စာဖြုတ်လိုက်၊ ငါ့ကိုယ်ဖြုတ်လိုက်ခိုင်းတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ငါ့ကိုယ်လဲ ဖြုတ်လိုက်ပါ၊ ငါ့ဟာကော (ဖြုတ်လိုက်) ငါ့ဥစ္စာကော (ဖြုတ်လိုက်ပါ) အဲ ငါ့ကိုယ် ငါ့ဟာ ငါ့ ဥစ္စာ ဖြုတ်လိုက်၊ မသောက်နဲ့၊ ဒါကိုဖက်မထားနဲ့၊ ဆွဲမထားနဲ့၊ တဏှာ မာန ဒိဋ္ဌိတို့ ပပဉ္စတရားနဲ့ မသိမ်းပိုက်နဲ့၊ ဦး ဘတင် မဟောပေဘူးလား (ဟောပါတယ် ဘုရား) သောက်မိမျိုမိမှာ စိုးရိမ်ရှာတယ်နော် (မှန်ပါ) တဏှာ မာန ဒိဋ္ဌိနဲ့ သိမ်းပိုက်မိမှာ စိုးရိမ်တဲ့အတွက် အဲဒါ မင်းတို့ ငါ့ကိုယ်လဲ မဟုတ်ဘူး၊ ငါ့ဟာလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာလဲ မဟုတ်ဘူးကွ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာမဟုတ်တာတုံးဆိုတော့ ငါ့ကိုယ်လဲ မဟုတ်တာကွာ၊ ငါ့ကိုယ်လဲ မဟုတ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိစွဲသေးရဲ့လား (မစွဲပါ ဘုရား) ငါ့ဟာလဲ မဟုတ်ဆိုတော့ မာနစွဲသေးရဲ့လား (မစွဲပါ ဘုရား) ငါ့ဥစ္စာလဲ မဟုတ်ဆိုလို့ရှိ ရင်ကော (တဏှာလဲ မစွဲပါ ဘုရား) တဏှာ၊ မာန၊ ဒိဋ္ဌိစွဲသေးရဲ့လား (မစွဲပါ ဘုရား)။
ဪ ဒါဖြင့် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်လို့ရှိရင် ဒီဥစ္စာ အနိစ္စ ဒုက္ခ အနတ္တသက်သက်ပဲ (မှန်ပါ) ရှင်းပ လား (ရှင်းပါပြီ) အနိစ္စ ဒုက္ခ အနတ္တသက်သက်ပဲဆိုတော့ မျိုမိသေးရဲ့လား (မမျိုပါ ဘုရား) ခင်မိသေးရဲ့လား (မခင်မိပါ ဘုရား)။
မခင်မိတဲ့အခါကျတော့
မခင်မိတဲ့အခါကျတော့ ဘုရားက ဒီအနားကနေပြီး သကာလ ကိုင်း မင်းပညာနဲ့ ဆင်ခြင်ပြီး မင်းမသောက်လို့ရှိ ရင် မင်းအန္တရာယ်ကင်းမှာပဲဆိုပြီး မသောက်တော့ တဏှာချုပ်တယ် (မှန်ပါ) တဏှာနဲ့မှ မျိုမိသောက်မိမှာကိုး (မှန်ပါ) သဘောကျပလား (ကျပါပြီ) တဏှာချုပ်တော့ ဒီခန္ဓာကကော (ချုပ်ပါတယ် ဘုရား) ဒီခန္ဓာချုပ်တော့ကို ဒီအိုသေက လာဦးမလား (မလာပါ ဘုရား)။
ဪ ဒါဟာ မသောက်တဲ့ပုဂ္ဂိုလ်မှာတော့လဲ ဒကာ ဒကာမတို့ အဆိပ်သင့်ခြင်း ကင်းပြီး သကာလ သေပွဲမ ဝင်ရတော့ဘူး (မှန်ပါ) သောက်မိမျိုမိတဲ့ပုဂ္ဂိုလ်ကျတော့ အဆိပ်သင့်ပြီး သေပွဲချည်းဝင်ရတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ဝိပဿနာဉာဏ်နဲ့ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်မှာ သောက်ချည်းနေတာပဲလို့မှတ် (မှန်ပါ) အဆိပ်နဲ့ရောထားတဲ့အရက်ကို သောက်ပစ်နေတာပဲ (မှန်ပါ) ဦးခင်မောင် ကောင်းကောင်းသဘောပါပလား (ပါပါပြီ) ဒီနေ့ အရေးကြီးတယ်ဆိုတာကော သိကြပလား (သိပါပြီ ဘုရား)။
ဒါဖြင့် ဒီခင်စရာ မင်စရာဆိုတဲ့ ခန္ဓာငါးပါးသည် ဒကာ ဒကာမတို့ ခင်စရာ မင်စရာ မဟုတ်ပါဘူး၊ သူက “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေဓမ္မာ အနတ္တာ” ဆိုတော့ အနိစ္စ ဒုက္ခ အနတ္တ တရားတွေဖြစ်ပြီး သကာလ နေတာကို ခင်ဗျားတို့က အနိစ္စ ဒုက္ခ အနတ္တ ပျောက်ပြီး သကာလ နိစ္စ သုခ အတ္တ ဖြစ်ပြီး သကာလ ခင်ကြ မင်ကြတာကိုးဗျ (မှန်ပါ)။
အဲဒီတော့ ခင်ကြ မင်ကြတော့ မျိုမိရော၊ မျိုမိတော့ ခန္ဓာပေါ်တယ် (မှန်ပါ) တဏှာကြောင့် ခန္ဓာမဖြစ်ပေဘူး လား (ဖြစ်ပါတယ် ဘုရား) ခန္ဓာရတဲ့အခါကျတော့ အို နာ သေပါလာတယ် (မှန်ပါ) အို နာ သေပါလာတော့ ဒကာ ဒကာမတို့ သေချင်လို့ သေရတာလား၊ ဒီအဆိပ်သင့်တာလားလို့မေးရရင် (အဆိပ်သင့်တာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဆိပ်သင့်လို့ သေပွဲဝင်ခဲ့တာ
ဪ အဆိပ်သင့်လို့ သေပွဲဝင်ခဲ့တာ ဘယ်လောက်များခဲ့ပလဲလို့ မေးကြရင် ဒကာ ဒကာမတွေ ဘယ်လိုဖြေကြ ပါမလဲ (မရေတွက်နိုင်ပါ ဘုရား) ဒါဖြင့် တစ်ခါမှ ခင်ဗျားတို့သည် ဒီအဆိပ်ကို ရှောင်ကြဉ်ပြီး သကာလ လာခဲ့တာမဟုတ် ပါဘူးဆိုကတည်းက ဝိပဿနာဘယ်တော့မှ မလုပ်ဖူးဘူးဆိုတာလဲ ပါသွားတယ် (ပါပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဝိပဿနာ ဘယ်တော့မှ မလုပ်ဖူးဘူး၊ ဟန်ရ ပန်ရ တဏှာသေအောင် ဘယ်တော့မှ မလုပ်ဖူးဘူး၊ ဒိဋ္ဌိသေ အောင် ဘယ်တော့မှ မလုပ်ဖူးဘူး၊ မာနသေအောင် ဘယ်တော့မှ မလုပ်ဖူးဘူးဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းလင်နေတော့ တယ် (မှန်ပါ ရှင်းပါတယ် ဘုရား)။
ဒါ့ကြောင့် အခု ခန္ဓာကြီးဟာလဲ သေပွဲဝင်ရဦးမယ်ဆိုတာ နောက်ဘဝက မလုပ်ခဲ့လို့ ဒီဘဝ မလုပ်ဘူးဆိုလို့ ရှိရင် နောက်ခန္ဓာပေါ်ပြီး သကာလ ဒကာ ဒကာမတို့ ဘာဖြစ်မယ်ထင်ကြသတုံး (သေပွဲဝင်ရပါ့မယ် ဘုရား)။
ကိုင်း တော်လောက်ပြီ၊ တန်လောက်ပြီ ဒီအဆိပ်ဖြင့် မမျိုတော့ပါဘူး၊ မသိပ်တော့ပါဘူး၊ သေစေတတ်တဲ့ တရားမှန်းသိတဲ့အတွက် သူ့ကို တဏှာ မာန ဒိဋ္ဌိနဲ့ မခင်တော့ပါဘူး၊ တဏှာလဲ စွန့်ပါတော့မယ်၊ ဒိဋ္ဌိလဲခွါပါတော့ မယ်၊ မာနလဲဖြုတ်ပါတော့မယ်ဆိုပြီး ဝိပဿနာရှုရင် မမျိုတော့ပါဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာရှုရင် (မမျိုတော့ပါ ဘုရား) မမျိုသည်နှင့် တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ တဏှာမရှိလို့ ခန္ဓာဖြစ်ပါဦးမလား (မဖြစ်ပါ ဘုရား) ခန္ဓာမှမဖြစ်ဘဲနဲ့ အို နာ သေကြီး တွေ့ချင်လို့ (မရပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မမျိုတဲ့ပုဂ္ဂိုလ်မှာ အန္တရာယ်ကင်းလို့ ဘေးရှင်းတယ် (မှန်ပါ) မျိုသိပ်တဲ့ပုဂ္ဂိုလ် အန္တ ရာယ်ရလို့ ဘေးတွေ အကုန်လုံးခင်ဗျားတို့ သန္တာန်၌ အကုန်တွေ့ကြရတယ် ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါမသောက်နဲ့ချည်းပြောနေတာ
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်လာတာ ဘယ်နားကတုံးဆိုလို့ရှိရင် ရိပ်မိကြရောပေါ့ (ရိပ်မိပါပြီ) ၁-နံပါတ်နားက စတယ် (မှန်ပါ) ဒီက ၁-၂-၃-၄ ပဋိစ္စသမုပ္ပာဒ် လေးမျိုးကိုးဗျ၊ ၁-နံပါတ်နားကနေရပ်ပြီး ကိုယ်တော် မြတ်ကြီးက ပုဂ္ဂိုလ်တစ်ယောက် တစ်ယောက်၏ အနားနားက နေပြီး တစ်ချို့လဲ ပုဂ္ဂိုလ်တွေ အများကြီး၊ တရားပွဲနားကနေ ရပ်ပြီး သကာလ ဒါမသောက်နဲ့၊ ဒါမသောက်နဲ့၊ တရားဟောတာ ဒါမသောက်နဲ့ချည်းပြောနေတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်တရားပွဲ ဘယ်တရားဟောတယ်ဆိုတာ ဦးခင်မောင် ပညတ်နယ်ကနော်၊ စင်စစ်တော့ ဒါအရက်နဲ့ ရောထားတာ၊ ဒီခန္ဓာကြီးကို မခင်ကြနဲ့၊ မမင်ကြနဲ့၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသာရှုကြ၊ မခင်ကြနဲ့၊ မမင်ကြနဲ့၊ မမျိုကြနဲ့၊ မသိပ်ကြနဲ့၊ ဒါပဲဟောနေတာ (မှန်ပါ) ဒီ့ပြင် ဘာမှ မဟောဘူး (မှန်ပါ ဘုရား)။
ဦးဘအုန်း ဒီ့ပြင် ဘာတရားများ ဟောသေးသတုံး (မဟောပါ ဘုရား) ဘာမှမဟောဘူး၊ ဒါချည်းဟောနေတာ ပဲ၊ ခင်ဗျားတို့ကတော့ ဘုရားဟာ ဘယ်နေရာကျတော့ ဘာတရားဟောသွားတာ၊ ဟိုနေရာကျတော့ကို ဟိုတရားက တစ်မျိုး၊ ဘယ်ဟုတ်လိမ့်မတုံး နိဗ္ဗာန်ပေါက်ဆိုရင် ဒါကနေချည်းဟောတာပဲ (မှန်ပါ) ရိပ်မိပလား (မှန်ပါ) နိဗ္ဗာန်ပေါက် ချင်လို့ရှိရင် အနိစ္စ ဒုက္ခ အနတ္တ ဒုက္ခသစ္စာဆိုက်အောင် ဟောသွားတာပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုရားဟာ ဘယ်နေရာ ဘာတရားဟောသတုံးဆိုလို့ရှိရင် အရက်မသောက်ဖို့ တရားပဲ ဟောတယ်လို့ မှတ်ကြပါ၊ ခန္ဓာဟာ အရက်နဲ့ရောနေတယ်၊ အဆိပ်နဲ့ ရောနေတယ်၊ အရက်နဲ့ ရောတဲ့အဆိပ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) အဲဒါကြီး မခင်ရအောင် မမင်ရအောင် ဟောတာချည်းပဲလို့ဆိုတာ အားလုံးဒကာ ဒကာမတွေ သိပလား (သိပါပြီ ဘုရား)။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဒုက္ခသစ္စာ
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးတရားကို အကျဉ်းချုံးလိုက်လို့ရှိရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဒုက္ခသစ္စာ ဒါပဲဟောတယ် ဘယ်နေရာဖြစ်ဖြစ် (မှန်ပါ ဘုရား)။
ဦးခင်မောင် ဘယ်နေရာ ဘာဟောသလဲ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာပဲ ဟောပါတယ် ဘုရား) ရှည်တော့ ရှည်လိမ့်မယ်၊ ရှည်ပင် ရှည်ငြားသော်လဲ ပဓာနချုပ်တော့ ဒါချည်းပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ရှည်တော့ရှည်မှာပဲ၊ တရားဟောအမျိုးမျိုးရှည်မှာပဲ၊ တာဝတိံသာနတ်ပြည်မှာ ဘယ်လောက်ဟောတယ်၊ ဘာတွေဟော တယ်၊ ဟောချင်တာဟော၊ နောက်ဆုံးပိတ် ဒါပဲ နိဂုံးချုပ်သွားတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုရားပွင့်လာတာဟာ အဆိပ်နဲ့ ရောထားတဲ့ အရက်ခွက်နဲ့ တူတဲ့ခန္ဓာကြီး မခင်ရအောင်၊ မသောက် မိအောင်၊ မမျိုမိအောင် ဒီနား ဘုရားပွင့်တော်မူတာ၊ တရားဟောတော်မူတာသည် ဤအရေးပဲဆိုတာ မှတ်ကြ (မှန်ပါ ဘုရား)။
ခန္ဓာငါးပါး အဆိပ်နဲ့ရောထားတဲ့ အရက်တရားကြီးကို တဏှာနဲ့ မမျိုမိအောင်၊ ဒိဋ္ဌိနဲ့ မမျိုမိအောင်၊ မာနနဲ့ မမျိုမိအောင်လို့ ဒီနားမှာရပ်ပြီး သကာလ ဟောချင်လို့ သေပွဲဝင်မည့် ပုဂ္ဂိုလ်တွေ မသေရအောင်လို့ ကိုယ်တော်မြတ်ကြီး ဒီအနားမှာ အမြဲရှိတယ်ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ ဘုရား)။
မရှုမိတဲ့အချိန်ကျတော့
ခင်ဗျားတို့က အနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှုမိတဲ့အချိန်ကျတော့ သောက်လိုက်ဦးမကွ၊ မျိုလိုက်ဦးမကွ၊ မသေဖူးသေး လို့လားလို့ မေးချင်တယ်၊ သဘောကျမလား (မှန်ပါ ဘုရား) မရှုမိတဲ့အချိန်မှာ (မျိုနေပါတယ်) ဪ ကိုယ့်ကိုယ်ကို ခင်ရတယ်၊ သားကလေးခင်လိုက်၊ သမီးကလေး ခင်လိုက်၊ ဘာလုပ်နေကြတာတုံး (အဆိပ်မျိုနေတာပါ ဘုရား) ဘာဖြစ် လို့မျိုချင်ရသတုံး၊ သေချင်လို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့ မျိုနေတာတုံး (သေချင်လို့ပါ ဘုရား) မျိုတယ်ဆိုတော့ တဏှာ၊ တဏှာရှိရင် နောက်ခန္ဓာလာမယ်၊ ခန္ဓာလာရင် သေဖို့ရာကြီးက (ပါလာပါတယ် ဘုရား) ပါမလာဘူးလား (ပါလာပါတယ်) အဲဒီတော့ ဒကာ ဒကာမတို့ ဝိပဿနာမရှုတဲ့ပုဂ္ဂိုလ်ဟာ မျိုသိပ်တဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ဟာ ဆင်ခြင်ပြီး သကာလ ဒီဥစ္စာမမျိုပါဘူး၊ တဏှာနဲ့ မျိုလိုက်လို့ရှိရင်ဖြင့် ခင်မိရင်မှားလိမ့် မယ်၊ မှားလို့ရှိရင် ခန္ဓာရမယ်၊ ခန္ဓာရရင် သေပွဲဝင်ရလိမ့်မယ်၊ ကဲ မင်းကိုဖြင့် မခင်တော့ပါဘူးဆိုပြီး မခင်အောင်လုပ် နေတဲ့ နိဗ္ဗိန္ဒဉာဏ်ဟာ အလွန်အရေးကြီးတယ် (မှန်ပါ) ဦးဘအုန်း ဘယ်လောက်အရေးကြီးသတုံး (ကြီးပါတယ် ဘုရား)။
ဒါဖြင့် သူ့ကို မလုပ်ဘဲနဲ့ တဏှာသေလိမ့်မယ်ဆိုတာများ ယုံကြည်စရာရှိရဲ့လား (မရှိပါ ဘုရား) ဒီတဏှာ မသေဘဲနဲ့ ဒီခန္ဓာအလိုလို ပျောက်လိမ့်မယ်ဆိုတာကော (ယုံကြည်စရာမရှိပါ) ဒီခန္ဓာရှိနေသရွေ့ ကာလပတ်လုံးတော့ ဒီအို-နာ-သေပွဲ ခွဲလို့ရလိမ့်မယ်ဆိုတာကော (မယုံပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အို နာ သေလဲ မကြောက်နဲ့၊ ဒီခန္ဓာလဲ မကြောက်နဲ့၊ ခင်ရာ မင်ရာကို မမျိုမိ ဖို့ကြောက် (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ရာ မင်ရာကို မမျိုမိဖို့ရာ
ခင်ရာ မင်ရာကို မမျိုမိဖို့ရာ အလွန်အရေးကြီးတယ်၊ ခင်ဗျားတို့က ခင်ရာမင်ရာအနားမှာ အမြဲ မျက်စိ မျက်နှာကလေးကြည့်ပြီးနေရမှ မျိုသိပ်နေရမှ စိတ်ချမ်းသာတယ်တဲ့၊ ဦးဝတို့ ဖြစ်ပုံက (မှန်ပါ) ခင်ရာ မင်ရာကလေးများ မျက်စိမျက်နှာကလေးကြည့်ပြီး ဖျားတာတောင် ကိုယ့်နားမှာ ဖျားရမှ (မှန်ပါ ဘုရား)၊ ပျော်စရာ ကစားနေတာပဲ။
ဒီ့ပြင်အိမ်သွားပြီး ကစားနေတာ ကြိုက်သလား၊ ခင်ရာကလေး ကိုယ့်အနားမှာ ကစားနေတာ ကြိုက်သလား (ကိုယ့်အနားမှာ ကစားနေတာ ကြိုက်ပါတယ် ဘုရား) သွားပြီဗျ၊ ဒါ ဘာဖြစ်နေတာတုံး မျိုနေတာ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။
မျိုရင် ဘာဖြစ်မယ် (ခန္ဓာရပါ့မယ်) တဏှာနဲ့ မျိုမိရင် တဏှာကြောင့် နောက်ခန္ဓာပြန်ရမယ် (မှန်ပါ) နောက်ခန္ဓာပြန်ရရင် ဘာဖြစ်မလဲ (အို-နာ-သေပြန်ရပါမယ်) အို၊ နာ၊ သေနဲ့ ခင်ဗျားတို့သည်ကားလို့ဆိုရင်ဖြင့် ဝိညာဏ်ချုပ်ရမယ် (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ကလဲ မမျိုရရင် ငိုတော့မည့်ပုံ မိုက်လိုက်တဲ့ကလေး မီးခဲကလေးကို သွားကိုင်တော့ အမေက လက်ကို ဆွဲလိုက်တယ်၊ အဲဒါသူက မီးခဲမကိုင်ရလို့ ငိုတော့ ဒီကလေးက ဘာမှမသိလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ ကိုယ့်ခန္ဓာဖြစ်စေ၊ သားသမီးခန္ဓာဖြစ်စေ မခင်နဲ့နော် မခင်နဲ့နော်၊ အဲဒါမီးခဲတွေ၊ ခင်ဗျားတို့ ကို လောင်မှာ၊ ခင်ဗျားတို့ သေပွဲဝင်အောင်လုပ်မှာ၊ သူပဲဆိုလို့ရှိရင် ခင်ဗျားတို့ကတော့ ခက်လိုက်တာ၊ တရားတော့ အားထုတ်ချင်ပါရဲ့၊ ဒီဥစ္စာကလဲ ဖြစ်လာပြန်တော့ ဘယ့်နှယ်လုပ်မတုံး၊ ဘယ့်နှယ်မှ မလုပ်နဲ့၊ သေလိုက်ပြောရုံရှိတော့ တာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ် လုပ်စရာရှိသေးသလား (မရှိပါ ဘုရား) ဘာဖြစ်ရမှာတုံး ဒါဖြင့် (သေပွဲဝင်ရုံရှိပါတော့တယ် ဘုရား) သေဖို့ပဲရှိတော့တယ်၊ သေတော့ အလိုလေးမတနဲ့လေ (မှန်ပါ ဘုရား)။
သေခါနီးကျလာတော့ ဦးခင်မောင်တို့က မကယ်နိုင်ကြတော့ဘူးလား၊ မယူနိုင်ကြတော့ဘူးလားနဲ့ မလာဘူး လားဗျာ (လာပါတယ် ဘုရား) ကိုယ်သောက်ထားတဲ့အဆိပ်တွေက သင့်လာပေါ့၊ ဘယ်သူက တတ်နိုင်သေးသတုံး (ဘယ်သူမှမတတ်နိုင်ပါ ဘုရား)၊ မတတ်နိုင်ဘူး။
မတတ်နိုင်တဲ့အချိန်ကျတော့ အော်ဖော်ရတယ် (မှန်ပါ) မသောက်ခင်က ပျောက်အောင်လုပ်ပါဆိုတော့လဲ ခင်ဗျားတို့က ကိလေသာအငတ်ပြဿနာကြီးက ဘဝအဆက်ဆက်ကပါလာတော့ မျိုချင်တဲ့စိတ်ကလဲ သိပ်များလွန်း တယ် (များပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ရမင်ရာဟာ အဆိပ်နဲ့ရောထားတဲ့ အရက်တွေ
ဒါဖြင့် ဒီဘဝမှာဖြင့် ဆရာသမားနဲ့လဲ မတွေ့၊ ဘုရားကလဲ ဒီလိုဟောပြန်တော့ ငါပွင့်လာတာ ဟောဒီနားမှာ ပွင့်တာဟေ့၊ မင်းတို့ မသောက်ဖြစ်အောင်လို့ (မှန်ပါ) ရိပ်မိပလား (မှန်ပါရိပ်မိပါပြီ ဘုရား) ခင်ရာ မင်ရာ ဘေးနား မှာ ဘုရားရပ်ပြီး သတိပေးနေတယ်လို့ အောက်မေ့ပါ (မှန်ပါ) ခင်ရာ မင်ရာဟာ အဆိပ်နဲ့ ရောထားတဲ့ အရက်တွေ ပဲတဲ့ (မှန်ပါ)။
ခင်ရာမင်ရာ အာရုံတွေဟာ ဘာပါလိမ့် (အဆိပ်နဲ့ ရောထားတဲ့အရက်တွေပါ ဘုရား) အဲဒီအနားမှာ ဘုရား အမြဲ စောင့်နေတယ်၊ မမျိုနဲ့ မမျိုနဲ့၊ မင်းတို့က အငတ်၊ မင်းတို့က သံသရာက အငတ်ပြေပြီး သကာလ ဒီရောက်လာ တာမဟုတ်ဘူး၊ ငတ်လျက်တန်းလန်းနဲ့ ဒီရောက်လာတာ (မှန်ပါ) အဲဒါသွားပြီး မမျိုနဲ့၊ မမျိုနဲ့၊ ဒီဥစ္စာမျိုကောင်းတာ မဟုတ်ဘူး၊ မင်းသေလိမ့်မယ်၊ သေလိမ့်မယ်၊ သေလိမ့်မယ်လို့သာ ရှုနေကွ၊ သွားပြီး မမျိုလေနဲ့ဆိုတာ ဒီနားက အမြဲ ရပ်နေတယ် (မှန်ပါ ဘုရား)။
ဒါဖြင့် ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ ဘုရားစောင့်နေတယ် (မှန်ပါ) ဝိပဿနာမရှုတဲ့ ပုဂ္ဂိုလ်သည်ကားလို့ဆိုရင် ဖြင့် ခင်ဗျားတို့ဟာ ခင်ဗျားတို့ သေချင်လို့ သောက်နေတယ် (မှန်ပါ) အဆိပ်နဲ့ ရောထားတဲ့အရက်ကို သေချင်လို့ သောက်နေတယ် (မှန်ပါ) ကိုယ့်ခန္ဓာငါးပါးပေါ့ဗျာ (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာရှုနေပါ
ဪ ဒါဖြင့် တို့ဝိပဿနာမရှုတာ ဘာလုပ်နေပါလိမ့်မတုံးဆိုတာ ကိုယ့်ဟာကိုယ်ပေါ်ပြီ (ပေါ်ပါပြီ) ဝိပဿနာရှု တာသည် ဘာလုပ်နေတာတုံးဆိုတာလဲ ပေါ်ပါပြီ (မှန်ပါ) ဝိပဿနာရှုနေတော့ ဘုရားဒီနားမှာရှိနေလို့ ဪ ကိုယ် တော်မြတ်ကြီးရှိနေလို့ မလုပ်ကောင်းတာဖြင့် သူက မသောက်နဲ့ဆိုတာကိုဖြင့် မသောက်တော့ပါဘူးဆိုပြီး သကာလ ခင်ဗျားတို့ ဝိပဿနာရှုနေပါ (မှန်လှပါ ဘုရား)။
ဝိပဿနာမရှုတဲ့ အချိန်ကျလာတဲ့အခါကျတော့ ကဲ ဘုရားလဲ အနားမှာ ရှိပင်ရှိငြားသော်လဲ ပေပြီး အရွဲ့ တိုက်လိုက်ဦးမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခင်လိုက်၊ သားသမီးတွေကို (ခင်လိုက်ပါ ဘုရား) ခင်လိုက်ဆိုတော့ ကိုယ်တော် မြတ်ကြီးကလဲ တားမြစ်တယ်၊ ခင်ဗျားတို့ကလဲ အရွဲ့တိုက်တယ်ဆိုတော့ ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပါရမီဆယ်ပါး၊ အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါးစသည်တွေ သူတို့အတွက် လုပ်လာတာ၊ တကယ်တော့ ပြောင်တိုက် လှချည်လားလို့ ခင်ဗျားတို့ပြောစရာကြီးပေါ်လာတယ် (မှန်ပါ) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အတော်ဆိုးတဲ့ ဒကာ ဒကာမတွေပါလားဆိုရင်ဖြင့် ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။
ကိုင်း ဒါဖြင့် ဝိပဿနာလုပ်မှ ရမယ်ဆိုတာဖြင့် ပေါ်ကြပြီနော် (ပေါ်ပါပြီ) ဝိပဿနာမလုပ်ရင် ခင်မိမှာပဲ (မှန်ပါ ဘုရား)။
အမြတ်ဆုံးနဲ့ ပူဇော်နေတာ
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ဒီအနားမှာ စကားလေးနည်းနည်း ခင်ဗျားတို့ မှတ်လိုက်ပါဦး၊ သံယုတ်ပါဠိတော်မှာ လာတယ်၊ အာနန္ဒာ မင်း ဒကာ ဒကာမတွေဖြစ်စေ၊ တပည့် သားမြေးတွေဖြစ်စေ၊ ဓမ္မာနုဓမ္မပဋိပန္နအကျင့်ကို ကျင့်ပါစေတဲ့၊ အဲဒါငါဘုရားကို အရိုအသေပြုနေတာ ပူဇော်နေတာ၊ ပူဇော့်တကာ ပူဇော်ထဲ မှာဖြင့် အမြတ်ဆုံးနဲ့ ပူဇော်နေတာပဲတဲ့၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုပါတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်များမှာ ငါဘုရားအနားရှိနေလို့ ဒီပုဂ္ဂိုလ်များ တရားကျင့်နေတဲ့ ပုဂ္ဂိုလ်များ ဖြစ်ပျက် တွေ နှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်များ ငါဘုရားကို အလွန်ကို အရိုအသေပြုနေတာ၊ အလွန်ကို ပူဇော်နေတာ၊ ပူဇော့်တကာ ပူဇော်ထဲမှာ အမြတ်ဆုံးနဲ့ ပူဇော်နေတာလို့ ဟောလိုရင်း (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ပူဇော့်တကာ ပူဇော်ထဲမှာ တရားအားထုတ်နေတာသည် ဘုရားကြိုက်တဲ့ ပူဇော်အစစ် (မှန်ပါ) တရားအားထုတ်နေတာသည် (ဘုရားကြိုက်တဲ့ ပူဇော်အစစ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဒီ့ပြင် ပန်းရေချမ်း တို့နဲ့ ပူဇော်တာ အမြတ်ဆုံး ပူဇော်တာလို့ မဆိုရဘူး၊ ပူဇော်တော့ ပူဇော်ရတာပေါ့ဗျာ (မှန်ပါ) သို့သော် ဘုရားအကြိုက် ဆုံးပူဇော်တာက ဘာတုံး (တရားနဲ့ပူဇော်တာပါ) တရားအားထုတ်ပြီး ကျင့်ကြံနေတာဟာ ငါဘုရားကို အင်မတန်နှစ်ခြိုက် တာနဲ့ ပူဇော်နေတာ (မှန်ပါ ဘုရား)။
ဓမ္မာနုဓမ္မပဋိပန္နအကျင့်
ကြည့်လေ ဒကာ ဒကာမတွေ ဒီဥစ္စာကို ဘုန်းကြီးက ဆောင်ပြောတယ်လို့လဲ မဆိုလိုက်ပါနဲ့၊ ဘုရားကိုယ်တိုင် ဖွင့်ဟောထားပါတယ်နော် (မှန်ပါ) အာနန္ဒာ ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ ဓမ္မာနုဓမ္မပဋိပန္နအကျင့်ကို ကျင့်နေလို့ရှိရင် ဖြင့် ငါဘုရားက တထာဂတံသက္ကရောတိ၊ ဂရုံကရောတိ၊ ပရမာယ ပူဇာယ ဒါသူ့ပါဠိတော်နော် (မှန်ပါ) ငါဘုရားကိုတဲ့ အရိုအသေပြုတာမှာလဲ အကြီးဆုံးကွ၊ ပူဇော်တာမှာလဲ အကြီးဆုံးကွ ဟုတ်လား (မှန်ပါ ဘုရား)၊ အမြတ်ဆုံးနဲ့လဲ ပူဇော်နေတယ်ဆိုတာ ဒါပါပဲတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုရားပူဇော်တာ ပူဇော်တကာ့ပူဇော်ထဲမှာ ဘာနဲ့ပူဇော်တာ ကိုယ်တော်မြတ်ကြီး အနှစ်သက်ဆုံး၊ အမြတ်ဆုံး၊ အကြိုက်ဆုံးလို့ ဆုံးဖြတ်ချက်ချသွားပါလိမ့် (တရားအားထုတ်ပြီးနေတာ အကြိုက်ဆုံးပါ ဘုရား) တရားအား ထုတ်ပြီးနေတာ သူအကြိုက်ဆုံးပဲ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း သေသေချာချာ စဉ်းစားကြည့်တော့မှ ရှင်ဘုရင်တစ်ဦး တစ်ယောက်ရှိတယ်၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ် နေတဲ့ ရှင်ဘုရင်၊ သူ့ကို ရွှေငွေတွေ ကျုပ်တို့သွားပေးလို့ သူ ဒါလောက်သာယာပါ့မလား (မသာယာပါ ဘုရား) တော ထဲမှာရှိတဲ့ မရစဖူးအရထူးတဲ့ ဆင်ဖြူတော်များနဲ့ ပူဇော်မယ်ဆိုတော့ အလွန်မကြိုက် မနှစ်သက်ပေဘူးလား (ကြိုက်ပါ တယ်) ဘာဖြစ်လို့တုံး ရခဲလို့ (မှန်ပါ) ပူဇော်တကာ့ ပူဇော်ထဲမှာ ဆင်ဖြူတော်နဲ့ ပူဇော်တာသည် ဦးဘအုန်း ရှင်ဘုရင် အကြိုက်ဆုံးနေမှာပဲ (အကြိုက်ဆုံးပါ ဘုရား)။
ထို့အတူပဲတဲ့ ဒီ့ပြင် ပူဇော်မှုတွေနဲ့ ပူဇော်တာ ဘုရားမှာ ပြည့်နှက်လို့ရှိပါတယ်၊ ရွှေအိုးတွေ၊ အခြွေအရံတွေ စွန့်ပယ်ပြီး တောထွက်လာတာဖြစ်တော့ အခြွေအရံပစ္စည်းနဲ့ ပူဇော်တာလဲ သာယာမှုမဖြစ်ပါဘူး (မှန်ပါ) ဘာနဲ့ ပူဇော်တာ အကြိုက်ဆုံးတုံးဆိုတော့မှ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေအတွက် သုမေဓာရသေ့ လက်ထက် ကတည်းက နိဗ္ဗာန်ရနိုင်တာကို စွန့်ပယ်ပြီး၊ ဝေနေယျသတ္တဝါတွေအတွက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအားထုတ်လာ ရတယ် (မှန်ပါ)။
အားထုတ်တဲ့အခါကျတော့ သူ့မှာ နိဗ္ဗာန်ရောက်တဲ့တရားကို ဟောနိုင်ပြောနိုင်အောင် ငါကြိုးစားမယ် ဆိုပြီး ဘုရားအဖြစ်ကို ယူရတယ်မဟုတ်လား (မှန်ပါ)။
ဘုရားကို ပူဇော်ရာ ရောက်သေးရဲ့လား
အဲဒီတော့ သူများအတွက် သူ့မှာ အချိန်တွေအများကြီး မကုန် ခဲ့ဘူးလား (ကုန်ခဲ့ပါတယ် ဘုရား) အဲဒီသူများအတွက် အချိန်တွေအများကြီးကုန်တော့ သူများက ပေတေတေလုပ်နေ မယ်ဆိုရင် ဘုရားကို ပူဇော်ရာ ရောက်သေးရဲ့လား (မရောက်ပါ ဘုရား) ကဲ ကိုယ်တော်မြတ်ကြီး ကြိုက်တာနဲ့ ပူဇော် တော့မယ်ဆိုရင် ဘယ်လောက်များကြိုက်မတုံး (ကြိုက်ပါတယ် ဘုရား)။
ဒါဖြင့် ကိုယ်တော်မြတ်ကြီး အကြိုက်ဆုံးဟာ ဘာပါလိမ့် ဒကာ ဒကာမတို့ (တရားအားထုတ်တာပါ ဘုရား) တရားအားထုတ်နေတာ ပူဇော်နေတာပဲဆိုတော့ လေးစားစွာ မှတ်လိုက်ပါ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ ဘုရားအကြိုက်ဆုံးနဲ့ ပူဇော်ကြစမ်းပါ (မှန်ပါ) ဘုရားအကြိုက်ဆုံးက ဘာပါ လိမ့် (တရားအားထုတ်တာပါ ဘုရား) ရှင်ဘုရင် အကြိုက်ဆုံးဟာ ဆင်ဖြူတော်၊ ဘုရားအကြိုက်ဆုံးဟာ (တရားအားထုတ် တာပါ ဘုရား) တရားအားထုတ်ပြီး သကာလ နေတာ၊ အဲဒါသူ့ကို ပရမာယပူဇယတဲ့၊ လွန်ကဲသော ပူဇော်ခြင်းဖြင့် ပူဇော်သည်မည်ပါသတဲ့ (မှန်ပါ) ငါဘုရားအကြိုက်ဆုံးနဲ့ ပူဇော်သည်မည်ပါသတဲ့ (မှန်ပါ) ဘုရားအကြိုက်ဆုံးနဲ့ ပူဇော် နေတာပဲ၊ ငါ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း သူတို့အတွက် ပါရမီဖြည့်လာရတာ၊ ဒီတရားကို အားထုတ်စေချင်တယ်၊ ဒီတရားနဲ့ သံသရာခရီးကို လွတ်ကြမှာဖြစ်နေတော့ အဲဒီအလုပ်ကို သူလုပ်နေတာသည် ငါဘုရားစကားကို တသွေ မတိမ်းလိုက်နာပြီးနေတော့ အဲဒါဟာ ပူဇော်နေတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားက ပူဇော်တကာ့ ပူဇော်ထဲမှာ ဘယ်အပူဇော်အကြိုက်ဆုံးပါလိမ့် (တရားအားထုတ်ပြီး ပူဇော်တာ အကြိုက်ဆုံးပါ ဘုရား) တရားအားထုတ်ပြီး ပူဇော်တာ အကြိုက်ဆုံးပဲဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
ငါနည်းကလေး ပေးပါဦးမယ်
ကိုင်း ဒါဖြင့်် တရားအားထုတ်ပြီး ပူဇော်လို့ရှိရင်လဲကွာ ငါနည်းကလေး ပေးပါဦးမယ် (မှန်ပါ) ဘုရားအကြိုက်ဆုံး ပူဇော်လို့ရှိရင်လဲ တရားတရားအားထုတ်ပြီး ပူဇော်ပါ (မှန်ပါ) ဘုရားရှိခိုးနေမှ မဟုတ်ပါဘူး တရားအားထုတ်နေရင်လဲ ပူဇော်နေတာပါပဲ (မှန်ပါ ဘုရား)။
အဲဒီကဲ့သို့ ပူဇော်လို့ရှိရင် ပူဇော်ပုံနည်းကိုလဲ ငါပြောပါဦးမယ် (မှန်ပါ) ဦးခင်မောင် သိပ်အဖိုးတန်တဲ့စကား နော် (မှန်ပါ) ငါဘုရားသည် သင့်တင့်မှန်ကန်စွာ နှလုံးသွင်းပြီး အားထုတ်လိုက်တာနဲ့ အို-နာ-သေမရှိတဲ့ နိဗ္ဗာန်ကြီး ကို ရောက်ခဲ့တယ်တဲ့ (မှန်ပါ ဘုရား)။
သင့်တင့်စွာ နှလုံးသွင်းတာ ယောနိသောမနသိကာရပေါ့ဗျာ (မှန်ပါ) ယောနိသောမနသိကာရနဲ့ သင့်တင့်စွာ နှလုံးသွင်းမှန်ပြီး အားထုတ်လိုက်တာနဲ့ ငါသည် ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရတယ်၊ ငါ၏တပည့်သားများ လဲ ငါ့ကို ပူဇော်သည်လည်းမည်အောင် မင်းတို့လဲ ငါကဲ့သို့ အို-နာ-သေ လွတ်အောင်ဆိုလို့ရှိရင်ဖြင့် သင့်တင့်စွာ နှလုံးသွင်းပြီး အားထုတ်ကြပါလို့ သေချာတိုက်တွန်းတော်မူတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီလိုပူဇော်ကြပေါ့ဗျာ၊ နှလုံးသွင်းမှန်ကန်စွာ အားထုတ်ပြီး ပူဇော်ကြ၊ ကိုယ့်ကိုယ်ကို သနားသဖြင့် လည်းကောင်း၊ ဘုရားကို ပူဇော်ချင်သဖြင့်လည်းကောင်း၊ ဒီနည်းဟာ အကောင်းဆုံး (မှန်ပါ) ကိုယ့်ကိုယ်ကို အသေ လွတ်ချင်ရင်လဲ ဒါပဲ လုပ်ပေါ့ဗျာ (မှန်ပါ) ဘုရားကိုလဲ အကြီးဆုံးပူဇော်ချင်ရင် (ဒါပဲလုပ်ရပါမယ် ဘုရား)။
တရားကို အားထုတ်ရမယ်
ဘုရားကို အကြိုက်ဆုံးပူဇော်ချင်ရင်လဲ (တရားကို အားထုတ်ရပါမယ်) တရားကို အားထုတ်ရမယ်၊ ကိုယ့်ကိုယ် အသေလွတ်ကို ရှာချင်ရင်လဲ (တရားအားထုတ်ရပါ့မယ် ဘုရား)။
ကိုင်း ဒါလောက်ဆိုရင်ဖြင့် တရားအားမထုတ်လို့ရှိရင်ဖြင့် ဘုရားကိုလဲ သာမညကြည်ညိုတာ၊ အကြီးဆုံးနဲ့ ပူဇော်ရာ မရောက်သေးပါဘူး (မှန်ပါ) တရားအားမထုတ်တဲ့အခါကျတော့ ငါ့ကိုယ်လဲ ပစ်ထားလိုက်တာပဲ၊ သေချင် သေပေတော့ (မှန်ပါ) ကိုယ့်ကိုယ်လဲ သနားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူး (မှန်ပါ) ဘုရားလဲ အလွန်ကြည်ညိုတဲ့ ပုဂ္ဂိုလ်လို့ဆို လို့ရရဲ့လား (မရပါ ဘုရား) ကန့်လန့်ချည်းပါလား (ကန့်လန့်ချည်းပါ ဘုရား)။
ဒါဖြင့် တရားအားမထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဘုရားအလွန်ကြည်ညိုတဲ့အထဲလဲ ပါသေးရဲ့လား (မပါပါ ဘုရား) ကိုယ့်ကိုယ် အသေလွတ်ရှောင်တဲ့အထဲကော (မပါပါ ဘုရား) ဒီလူထက် မိုက်တာတော့ မရှိတော့ဘူး (မှန်ပါ ဘုရား)။
သေသေချာချာ ဒီစကားနှစ်ခွန်းကို စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့၊ သေသေချာချာ စဉ်းစားပြီးမှ ဒီဥစ္စာ ပေါ်လာတယ် (မှန်ပါ ဘုရား)။
ကဲ ဘုရားက ပူဇော်တကာ့ ပူဇော်ထဲမှာ ဘယ်ပူဇော် အကြိုက်ဆုံးတဲ့လဲ ဦးခင်မောင် (တရားအားထုတ်မှုနဲ့ ပူဇော်တာကြိုက်ပါတယ်) အဲ ရတဲ့တရားနဲ့ သူ့ကို ပူဇော်တာ အကြိုက်ဆုံး၊ တရားအားထုတ်မှုနဲ့ ပူဇော်တာ အကြိုက် ဆုံး (မှန်ပါ) ကိုယ့်ကိုယ်ကို အသေလွတ်ရှောင်ချင်ကြလို့ရှိရင်လဲ ဒကာ ဒကာမတို့ တရားပဲ အားထုတ်ရမှာပဲ (မှန်ပါ ဘုရား)။
အဲဒီတော့ တရားအားမထုတ်တဲ့ပုဂ္ဂိုလ်မှာ သူဘုရားကို ကြည်ညိုတယ်ဆိုတာလဲ သာမည မိဘရိုးရာနယ်ထဲက လောက် ရှိပါလိမ့်မယ် (မှန်ပါ) ကိုယ့်ကိုယ်ကို ခင်ပါတယ်ဆိုပေမယ့်လဲ သေပွဲချည်း တိုးနေတဲ့ပုဂ္ဂိုလ်ထဲမှာ အပါအဝင် ဖြစ်ပါလိမ့်မယ် (ဖြစ်ပါတယ် ဘုရား) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဓမ္မနဲ့ ပူဇော်တာ ငါအကြိုက်ဆုံး
ဒါဘုန်းကြီးက စကားတတ်လို့ ပြောနေတာလား၊ ဘုရားစကားတော်နှစ်ခွန်းကို ခင်ဗျားတို့ နားလည်မှု ရှိအောင် ပြောတာလား သေသေချာချာစဉ်းစားပါ (ဘုရားစကားတော်နှစ်ခွန်းတို့ကို နားလည်အောင် ပြောတာပါ ဘုရား) ဘုရား က ပူဇော့်တကာ ပူဇော်ထဲမှာလဲ ဓမ္မနဲ့ ပူဇော်တာ ငါအကြိုက်ဆုံး (မှန်ပါ) ကိုယ့်ကိုယ်ကို အသေလွတ်ကို ရှာချင်ကြလို့ရှိရင် လဲ တရားနဲ့ရှာမှ ဒီတဏှာချုပ်တယ် (မှန်ပါ) တဏှာချုပ်မှ ခန္ဓာမရ၊ ခန္ဓာမရမှ မသေတာကိုးဗျ (မှန်ပါ) သဘောပါ ပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် တရားအားမထုတ်တဲ့ အချိန်ကျတော့ အားလုံး ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကို စွပ်စွဲကြပေတော့၊ မင်းဟာ ဗုဒ္ဓဘာသာဆိုပြီး ဘုရားကို ကြည်ညိုတယ်ဆိုပေမယ့်လဲ မဟုတ်သေးပါဘူး၊ သဘောကျပလား (ကျပါပြီ) မင်းဟာ မင်းကို မင်းချစ်ပါတယ်လို့ ဆေးတွေ ဝါးတွေနဲ့ ဝိုင်းထားပေမဲ့ မင်းက သေပွဲကို ဝင်ချင်းသားပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ) အမျိုးမျိုးခြင်မကိုက်ပါစေနဲ့လို့ ခြင်ထောင်တွေ ဝယ်ပေးပြီး ပူဇော်ထားပေမဲ့လဲ ခြင်သာ မင်းက မကိုက်စေချင်တာ၊ သေပွဲကျတော့ မင်း အဝင်သားပဲ (မှန်ပါ ဘုရား)။
ကိုယ့်ကိုယ်ကို မြည်ဖို့ တွန်ဖို့ အချက်အလက်အကွက်တွေ အကုန်ပါလာပြီ (မှန်ပါ) မပါသေးဘူးလား (ပါပါ တယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒီစကားနှစ်ခွန်းဟာ ဘယ်လောက်အဖိုးတန်တယ်ဆိုတာ ခင်ဗျားတို့ စဉ်းစားဖို့ ကောင်းပါတယ် (မှန်ပါ) ဘုရားကို အလွန်အထူး ကြည်ညိုရာရောက်အောင် ဘာလုပ်ရမလဲ (တရားအားထုတ်ရပါ့မယ်) တရားအားထုတ် ရမယ်နော်၊ တရားသာ အားထုတ်နေပါ ဦးခင်မောင် ဒါဟာ ပူဇော်ပြီးသား (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) ကိုယ့်ကိုယ်သနားပါတယ်ဆိုရင်လဲ ဘာလုပ်ရမလဲ (တရားအားထုတ်ရပါ့မယ်) ဪ တပည့်တော်ဖြင့် အိုမှာ နာမှာ သေမှာ အလွန်ကြောက်တယ်ဘုရားဆိုပြီး အားတော့ မထုတ်ဘူးဆိုရင် အဲဒါမကြောက်လို့နေတာ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကို အကြည်ညိုဆုံးဖြစ်ချင်ရင် ဘာလုပ်ကြရမယ် (တရားအားထုတ်ရမှာပါ ဘုရား) ကိုယ့်ကိုယ်ကို အသနားဆုံးပုဂ္ဂိုလ်ဖြစ်ချင်ရင် (တရားအားထုတ်ရမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တရားအားမထုတ်တဲ့အချိန်ကျတော့
တရားအားမထုတ်တဲ့အချိန်ကျတော့ ကိုယ့်ကိုယ်ကို မြည်တတ်၊ တွန်တတ်၊ ဆုံးမတတ်ပလားလို့ မေးလိုက်ပါ တယ် (တတ်ပါပြီ ဘုရား) ဘယ်လိုဆုံးမမလဲ၊ မင်းဟာ ဘုရားလဲ ကြည်ညိုတဲ့လူ မဟုတ်ပါဘူး၊ တော်ရုံရော်ရုံပါ (မှန်ပါ) ကိုယ့်ကိုယ်ကိုလဲ ချစ်တဲ့လူ မဟုတ်ပါဘူး၊ မင်းဟာ အသေခံမိုက်နေတဲ့လူပါ (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဒါလောက်တောင်တော့ဖြင့် ခင်ဗျားတို့ဟာ ဗုဒ္ဓဘာသာဆိုတဲံ နာမည်ကောင်းကလေးကို ဆိုင်းဘုတ်ဆွဲရုံနဲ့လဲ မတော်သေးဘူး (မှန်ပါ ဘုရား) တော်ပါ့မလား (မတော်ပါ ဘုရား) အသေလွတ်ရှောင်ရန် ဆရာ ဝန်ချည်း အားကိုးနေလို့လဲ မတော်သေးပါဘူး (မှန်ပါ) တော်ပါ့မလား (မတော်ပါ ဘုရား) ဓမ္မကို အားထုတ်မှ အသေ လွတ်ဆိုတာ ရမယ်မဟုတ်လား (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘုရားက ငါဘုရားသည် သင့်တင့်မှန်ကန်စွာ နှလုံးသွင်းပြီး သကာလ အားထုတ်ခဲ့တာနဲ့ အသေလွတ်ရာကို ငါရောက်ခဲ့ပါတယ်တဲ့ (မှန်ပါ) မင်းတို့အတွက်လဲ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ဝေနေယျတွေအတွက်လုပ်ခဲ့တာ၊ မင်းတို့လဲ သင့်တင့်မှန်ကန်စွာ နှလုံးသွင်းပြီး သကာလ အားထုတ်ကြလို့ရှိရင် ငါကဲ့သို့ အသေလွတ်ရောက်ပါလိမ့်မယ်ကွာ၊ အဲဒီနည်းကို လိုက်စမ်းပါဆိုတာလဲ နည်းကိုပေးပြန်တယ် (မှန်ပါ) ဒါဖြင့် နှလုံးသွင်း မှန်ပြီး အားထုတ်ရင် ရမယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နှလုံးသွင်း မှန်ပြီး အားထုတ်ရင် ရမယ်
ဒါဟာ နဂိုတုန်းက ခင်စရာ မင်စရာဖြစ်နေရင် နှလုံးသွင်းမှားနေတယ် (မှားပါတယ် ဘုရား) အနိစ္စတရားဟာ ခင်စရာဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ဒုက္ခတရားဟာ ခင်စရာဟုတ်ပါရဲ့လား (ခင်စရာမဟုတ်ပါ ဘုရား) အနတ္တ တရားဟာ (ခင်စရာမဟုတ်ပါ ဘုရား) အဲဒါကို ခင်စရာ မင်စရာလုပ်နေတော့ နှလုံးသွင်းမှားနေတယ် (မှန်ပါ)။
ကဲ ဒါဖြင့် နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်ရင် ရမယ်ဆိုတော့ ဪ ဒီဥစ္စဟာ ဖြစ်ပြီးပျက်တဲ့ တရားပဲ၊ ဝေဒနာကလေးဖြင့်လဲ ဖြစ်ပြီးပျက်တဲ့တရား၊ စိတ်ကလေးဖြင့်ကော (ဖြစ်ပြီးပျက်တဲ့တရားပါ) ရုပ်ကလေးဖြင့်ကော (ဖြစ်ပြီး ပျက်တဲ့တရားပါ ဘုရား) ဪ ဖြစ်ပြီးပျက်တဲ့တရား ဖြစ်ပြီးပျက်တဲ့တရားလို့ ခင်ဗျားတို့ ဒီကြားကနေပြီး သကာလ ဒီတဏှာနေရာမှာ မဂ္ဂင်ဝင်ကြတာပဲဗျာ (မှန်ပါ) ဒီတဏှာနေနိုင်သေးရဲ့လား (မနေနိုင်ပါ ဘုရား) မနေနိုင်ဘူး ဒကာ ဒကာမတို့ ဒီနေရာမှာ မဂ္ဂင်သာ ဝင်ကြ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်စရာ မင်စရာဆိုတာ ကိုယ့်ခန္ဓာကိုယ်ဆိုတာ (မှန်ပါ) ဘုရားက “အတ္တာနံစေ ပိယံ ဇညာ” ဆိုတဲ့ အတိုင်း မိမိကိုယ်ကို မိမိအချစ်ဆုံး ဆိုပါကလား (မှန်ပါ) ဒကာ ဒကာမတို့ သားသမီးချစ်ပါတယ်ဆိုတာဟာ အပြော နော် (မှန်ပါ) နင်တို့လား “ဇီးဖြူသျှိသျှားသီးသာဖြင့် ငုံထားချင်သေးတယ်” အစရှိသည်နဲ့ အမေမိဘတွေက ဆိုချင်ဆိုမယ် ပေါ့ဗျာ (မှန်ပါ ဘုရား)။
ဒါဟာ သူအမွှမ်းတင်ပြောတာပါတဲ့၊ မယုံရင် မီးလောင်ကြည့်စမ်းပါ၊ တစ်အိမ်လုံး မီးလောင်ကြည့်ပါ၊ ကိုယ် အရင်ထွက်တယ်၊ သားသမီးပါရဲ့လား (မပါပါ ဘုရား) နောက် ပြန်ဆွဲတန်ဆွဲတယ်၊ ကိုယ်အရင် ထွက်လာတယ် (မှန်ပါ)။
ဘယ်သူ့အခင်ဆုံးပါလိမ့်
ကိုယ်အရင်ထွက်လာတာ ကြည့်လိုက်လို့ရှိရင် ဒကာ ဒကာမတို့ အကဲခတ်မိပလား (အကဲခတ်မိပါပြီ ဘုရား) ဘယ်သူ့အခင်ဆုံးပါလိမ့် (ကိုယ့်ကိုယ်အခင်ဆုံးပါ ဘုရား) ပြီးတော့မှ ဟာ ဘယ်သူကျန်သေးတယ်ဆိုတာ နောက်မှ လာတာ (မှန်ပါ) ဘယ်သူ့ကို အရင်ဆွဲထုတ်သလဲ (ကိုယ့်ကိုယ်ကို အရင်ဆွဲထုတ်ပါတယ်) ဒါဖြင့် ဘယ်သူ့အခင်ဆုံးတုံး (ကိုယ့်ကိုယ်ကို အခင်ဆုံးပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ပြောလာတာတွေ လောကွတ်တွေ ပေါ်ကုန်ပြီ (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့် ကိုယ့်ကိုယ်ကို အခင်ဆုံးဆိုတော့ ခင်စရာ မင်စရာ အစစ်ကိုရှာတော့ ကိုယ့်ခန္ဓာတွေ့တယ် (မှန်ပါ) ဒါဖြင့် ကိုယ့်ခန္ဓာကို ဝိပဿနာရှုရမယ် (မှန်ပါ ဘုရား)။
ကိုယ့်ခန္ဓာကို ဝိပဿနာရှုကြ
ဘာကို ရှုကြရမလဲ (ကိုယ့်ခန္ဓာကို ဝိပဿနာရှုကြရပါ့မယ် ဘုရား) အဲ ကိုယ့်ခန္ဓာကို ဝိပဿနာရှုကြမှ သာလျှင် ဒကာ ဒကာမတို့ ခင်စရာ မင်စရာ ရှုရာရောက်တော့တယ်၊ ကျန်တာတွေကတော့ လောကွတ်ပျူငှာတွေပါ (မှန်ပါ)။
ဦးခင်မောင် ကျန်တာကတော့ ဘာတုံး (လောကွတ်ပျူငှာပါ ဘုရား) “ကိုယ်မချိအမိသော်လဲ သားတော်ခဲကွာ” လာပြီ မလာဘူးလား (လာပါတယ် ဘုရား) မတတ်နိုင်ဘူးကွ၊ ရှိရင်လဲ ကျွေးမှာပဲ မရှိရင်လဲ မတတ်နိုင်ဘူးကွတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ့်ကိုယ်တော့ဖြင့် ဘယ်နည်းနဲ့မဆို ခုနင်က မီးလောင်သလိုပဲ ဆွဲထုတ်မှာပဲ၊ ကိုယ့်အတွက်တော့ဖြင့် အရေးတကြီးပဲ ဆွဲထုတ်လိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဦးခင်မောင်တို့ တစ်ယောက်နဲ့တစ်ယောက်ပြောနေတာ လောကွတ်ဆိုတာမပေါ်ပေဘူးလား (ပေါ်ပါပြီ ဘုရားာ) စင်စစ်တော့ဖြင့် တစ်အိမ်လုံး မီးလောင်ကြည့်ပါ၊ အကြင်လင်မယား အတူအိပ်နေတာတောင် ကိုယ်က အရင်ထွက်ပြေးတယ်၊ မပြေးပေဘူးလား (ပြေးပါတယ် ဘုရား) အရင်တော့ ပြေးမှာပဲ၊ နောက်မှ သတိရလို့ သွားနှိုး တန်နှိုး၊ ခေါ်တန် ခေါ်ရလိမ့်မယ်နော် (မှန်ပါ ဘုရား)။
ကိုယ့်ကိုယ်ကို အချစ်ဆုံး
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူ့အခင်ဆုံးပါလိမ့် (ကိုယ့်ကိုယ်ကို အခင်ဆုံးပါ ဘုရား) သူများအတွက် ခြင်မောင်းပေးတာနဲ့ ကိုယ့်အတွက် ခြင်မောင်းပေးတာနဲ့၊ ခြင်ဟာ အတူတူ နှစ်ကောင် ကိုက်နေတယ်၊ သားမယားလဲ ခြင်ကိုက်နေတယ်၊ ကိုယ့်မှာလဲ ခြင်ကိုက်နေတယ်၊ ဘယ်ခြင်အရင် မောင်းမတုံး ဦးခင်မောင် (ကိုယ့်ကို ကိုက်နေတဲ့ခြင် အရင်မောင်းမှာပါ ဘုရား) ကိုယ့်ကို ကိုက်နေတဲ့ ခြင် အရင်မောင်းမှာပဲ ဒကာ ဒကာမတို့၊ နောက်မှသူများကို မောင်းပေး ကြမှာပဲ (မှန်ပါ) ဒါ ဘယ်သူ့အချစ်ဆုံးတုံးဗျာ (ကိုယ့်ကိုယ်ကို အချစ်ဆုံးပါ ဘုရား) ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ လင်မယားနှစ်ယောက်သွားကြတယ်၊ လမ်းမှာ မြွေကလေး ဘာကလေးတွေ့ ရင် ယောကျ်ားလုပ်တဲ့ ပုဂ္ဂိုလ်က ဒီမြွေကို အရင်ခုန်ပြီး ကျော်လိုက်မယ်၊ မကျော်လိုက်ဘူးလား (ကျော်ပါတယ် ဘုရား) ကိုယ်လွတ်ပြီးတော့မှ ဟေ့ နောက်က လူ ဒီမလာနဲ့လို့ နောက်မှပြောတာ (မှန်ပါ) မပြောဘူးလား ပြောသလား (ပြောပါတယ် ဘုရား) ဦးခင်မောင် ရိပ်မိပလား (မှန်ပါ ဘုရား) ဘယ်သူ့အခင်ဆုံးတုံး (ကိုယ့်ကိုယ်အခင်ဆုံးပါ ဘုရား) ကိုယ့်ကိုယ်ကို အခင်ဆုံးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ့်ခန္ဓာရှုကြရမယ်
ဒါဖြင့် ဒကာ ဒကာမတို့ ခင်မစရာ မင်စရာ တရားပေါ်လာပါပြီ (ပေါ်လာပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဒကာ ဒကာမတို့ ဘယ်ဟာရှုကြရမှာတုံး (ကိုယ့်ခန္ဓာရှုရမယ်) အဲ ကိုယ့်ခန္ဓာရှုကြရမယ် (မှန်ပါ) ကိုယ့်ခန္ဓာကလဲ ဘယ်နှစ်ပါးရှိသတုံး (ငါးပါးပါ ဘုရား) ငါးပါးရှိတယ်ဆိုတာ သေချာပြီဟုတ်လား (သေချာပါပြီ ဘုရား)။
အဲဒီ ငါးပါးထဲမှာလဲ တစ်ခါ စရိုက်ရွေးရဦးမယ်၊ ဒီငါးပါးထဲမှာ မိမိဉာဏ်ထဲမှာ ဝေဒနာထင်လွယ်သွား စိတ် ထင်လွယ်သလား၊ ရုပ်ထင်လွယ်သလား သို့မဟုတ် ဓမ္မာနုပဿနာဆိုတဲ့ သညာသင်္ခါရစသည်တွေပဲ ထင်လွယ်သလား ဆိုတာ အားလုံးချိန်ကြည့်ရဦးမှာ (မှန်ပါ ဘုရား)။
ချိန်ပြီးတော့မှ ဆိုင်ရာ ဆိုင်ရာကိုပဲ အထင်ဆုံးကို ရှေးဦးစွာ ဖြစ်ပျက်ရှုကြရမှာ (မှန်ပါ) နို့မဟုတ်လို့ရှိရင် တော်ပါ့မလား (မတော်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နက်ဖြန်မှ စရိုက်ရွေးကြမယ်။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။