13106

မာတိကာသို့

ရှင်ခေမက ဥပမာပြ အနိစ္စနှင့် အနိစ္စလက္ခဏာ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရား

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားတော်မူတော်သော

ရှင်ခေမက ဥပမာပြ အနိစ္စနှင့် အနိစ္စလက္ခဏာ

အလုပ်ပေးတရားတော်

(၂၆-၁-၆၀)

သမ္မာဒိဋ္ဌိသာ လာလို့ရှိရင်

သမ္မာဒိဋ္ဌိသာ လာလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ အကုန်ပြုတ်ပါတယ် (မှန်ပါ) တကယ်တမ်းပြုသွားလို့ ရှိရင်ဖြင့် သောတာပန်တည်တယ်လို့ မှတ်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေ ဘာအရေးကြီးပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိဆိုတဲ့ မိစ္ဆာဒိဋ္ဌိ ပြုတ်ဖို့ အရေးကြီးတယ် (မှန်ပါ) အဲဒီတော့ သက္ကာယဒိဋ္ဌိ ဆိုတဲ့မိစ္ဆာဒိဋ္ဌိ မပြုတ်တာ ဘာကြောင့်ပါလိမ့်မလဲလို့ မေးတဲ့အခါကျ တော့ သမ္မာဒိဋ္ဌိ မဖြစ်လို့ (မှန်ပါ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေဟာ သမ္မာဒိဋ္ဌိဖြစ်အောင် ဆရာသမားက ကူညီလို့ ဒကာ ဒကာမတွေက သတိသမ္ပဇညနဲ့ အသိတရား ပညာတရားနဲ့ ခန္ဓကြည့်ကြမယ် ဆိုလို့ရှိရင်ဖြင့် သမ္မာဒိဋ္ဌိဖြစ်ပါလိမ့်လို့ မှတ်ရမယ် (မှန်ပါ ဘုရား)။

သမ္မာဒိဋ္ဌိဖြစ်ဖို့ အရေးသည် ဒကာ ဒကာမတို့၊ ကိုယ်ကိုယ်တိုင် ကြံစည်လို့ဖြစ်တဲ့ အရေးမဟုတ်ဘူး၊ ကလျာဏမိတ္တ ဆရာကောင်း သမားကောင်းရဖို့ သမ္မာဒိဋ္ဌိဖြစ်တဲ့အရေးဆိုတာ မှတ်ကြပါ (မှန်ပါ ဘုရား)။

သူတော်ကောင်းနဲ့ မပေါင်းသင်းရင်

ဒါကြောင့် သောတာပန်တည်ခြင်းအကြောင်းမှာ သူတော်ကောင်းနဲ့ မပေါင်းသင်းရင် သောတာပန် မတည်နိုင်ပါ ဘူးဆိုတာ ဘုရားကဟောတော်မူခဲ့တယ် (မှန်ပါ) သစ္စာတရားကို မနာရလို့ရှိရင်လဲ သောတာပန်မတည်ပါဘူးတဲ့ (မှန်ပါ) သစ္စာတရားနာရငြားသော် သမ္မာဒိဋ္ဌိဖြစ်အောင် နှလုံးမသွင်းလို့ရှိရင်လဲ သောတာပန်မတည်နိုင်ပါဘူးတဲ့ (မှန်ပါ) သစ္စာ တရားကို နာထားရုံနဲ့လဲ မပြီးဘူး၊ သမ္မာဒိဋ္ဌိဉာဏ်နဲ့ သစ္စဉာဏ်နဲ့ ခန္ဓာကြည့်လိုက်တဲ့အခါကျလို့ရှိရင် သမ္မာဒိဋ္ဌိဖြစ်လောက် အောင် နှလုံးသွင်းနိုင်ဦးမှဖြစ်ဦးမှာတဲ့ (၃) နံပါတ်လဲ မှတ်ရလိမ့်မယ် (မှန်ပါ)။

တစ်ခါ မြင်တော့ မြင်ပါရဲ့၊ မပွားများ ပြန်ဘူး၊ ဓမ္မာနုဓမ္မပ္ပဋိပတ္တိဖြစ်တဲ့အလုပ်ကို မပွားများပြန်ဘူးလို့ ဆိုပြန်လို့ရှိရင်လဲ သမ္မာဒိဋ္ဌိမဖြစ် (ဝါ) သောတာပန်မတည် နိုင်ဆိုတော့ သောတာပန်တည်ခြင်း အကြောင်းကို အင်္ဂုတ္တိုရ်မှာလေးပါး ဟောပြီးထားတဲ့ အတွက် ယနေ့တော့ဖြင့် ဒကာ ဒကာမတို့ ခေမတို့ ဒါသကတို့ ဝတ္တုကို နောက်မှာ ထားပြီး ခေမကတို့ ဒါသကတို့ ရဟန်းကြီးခြောက်ဆယ်တို့ ဘာကြောင့် သောတာပန် တည်သွားတယ်ဆိုတဲ့ဥစ္စာ သိရှိဖို့အရေးဟာဖြင့် ဪ သမ္မာဒိဋ္ဌိဖြစ်လို့ပဲလို့ ဆုံးဖြတ်ချက်ချပါနော် (မှန်ပါ ဘုရား)။

သမ္မာဒိဋ္ဌိဖြစ်အောင်

ကိုင်း ဒါဖြင့် သမ္မာဒိဋ္ဌိဖြစ်အောင် လေးလေးစားစားနဲ့ ဒကာ ဒကာမတို့ နားထောင်ကြစို့ (မှန်ပါ ဘုရား)။

အနိစ္စညေဝ ဘိက္ခဝေ ဘိက္ခု ဝိညာဏံ “အနိစ္စ” န္တိ ပဿတိ။

သာဿ ဟောတိ သမ္မာဒိဋ္ဌိ။ သမ္မာ ပဿံ နိဗ္ဗိန္ဒတိ။

(ခန္ဓဝဂ္ဂသံယုတ်ပါဠိ၊ နန္ဒိကယသုတ်၊ နှာ – ၄၂)

ဘိက္ခဝေ-ရဟန်းတို့၊ ဘိက္ခု-ရဟန်းသည်၊ အနိစ္စညေဝ-မမြဲသည်သာလျှင်သော၊ ဝိညာဏံ-ဝညာဏံကို၊ အနိစ္စန္တိ- မမြဲဟူ၍၊ ပဿတိ-ရှုအံ၊ အဿ-ထိုရဟန်း၏၊ သာ-ထိုအနိစ္စဟု ရှုခြင်းသည်၊ သမ္မာဒိဋ္ဌိ-မှန်ကန်သော သိမြင်ခြင်း သမ္မာဒိဋ္ဌသည်၊ ဟောတိ ဖြစ်၏။ သမ္မာ-ဟုတ်မှန်သောအားဖြင့်၊ ပဿံ-ရှုသည်ရှိသော၊ နိဗ္ဗိန္ဒတိ-ငြီးငွေ့၏။

ဒီစိတ်ကလေး ပထမတော့ စိတ်ကလေးပဲတဲ့၊ စိတ်ကလေးကို ဪ အနိစ္စ၊ စိတ်ကလေး ပျောက်ပျက်သွားတာ ကလေးမြင်လိုက်တော့ စိတ်ဆိုပေမဲ့ အနိစ္စပါကလား (မှန်ပါ) စိတ်ဆိုတာ ပေါ်တုန်းက စိတ်၊ နောက်ကျတော့ သူသည် ပျောက်ပျက်ပြီးပြသွားတော့ သူ့လက္ခဏာကို ပြသွားတယ် (မှန်ပါ ဘုရား)။

ဝိညာဏ်ဆိုတဲ့စိတ်ဟာ အနိစ္စပါကလား

ဒါဖြင့် ပြတာက ဝိဉာဏ်စိတ်၊ နောက်ဉာဏ်နဲ့ စိုက်ကြည့်လိုက်တဲ့အခါကျတော့ သူဟာ အမြဲတဲ့လက္ခဏာ၊ ပျောက်ပျက်တဲ့လက္ခဏာ၊ ဒါကလေးကို သူပြသွားတယ် (မှန်ပါ) အဲဒီကဲ့သို့ ပြသွားတဲ့အခါကျတော့ “ဝိညာဏံ အနိစ္စန္တိ ပဿတိ”၊ ဪ ဝိညာဏ်ဆိုတဲ့စိတ်ဟာ အနိစ္စပါကလားလို့ ကိုယ်က ရှုလိုက်မိပါတယ် (မှန်ပါ) အနိစ္စစိတ်ကလေးပဲ၊ အနိစ္စလို့ ရှုလိုက်မိပါတယ်။

သာယံ၊ ထို့သို့ အနိစ္စစိတ်ကို အနိစ္စစိတ်ပဲလို့ ရှုလိုက်ခြင်းသည်၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိမည်၏၊ ဒါဟာ မဂ်ရတာပဲ (မှန်ပါ ဘုရား)။

အနိစ္စစိတ်ကို အနိစ္စစိတ်လို့ အမှန်အကန်မြင်လိုက်လို့ရှိရင်ဖြင့် သမ္မာဒိဋ္ဌိ ဖြစ်ပါပြီ သက္ကယဒိဋ္ဌိနဲ့ မိစ္ဆာဒိဋ္ဌိစင် ပြေးပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ကိုယ်ခန္ဓာကိုယ်ထဲမှာ စားချင်တဲ့စိတ်ကလေးပေါ်လာတယ်၊ ဝတ်ချင်တဲ့စိတ် ကလေး၊ သွားချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊ (မှန်ပါ) ထိုကဲ့သို့ ပေါ်လာတာကလေးကို ဒကာကြွယ် ဒကာသစ်တို့က ဖျတ်ကနဲ့ ကြည့်လိုက်၊ ခုနင်က စားချင်တဲ့စိတ်ကလေး ရှိ-မရှိ ကြည့်လိုက်၊ ဘာတွေ့သေးတုံး (မရှိတာပဲ တွေ့ပါတယ် ဘုရား)။

မရှိတာပဲ တွေ့တယ်

မရှိတာပဲ တွေ့တယ် (မှန်ပါ)၊ မရှိတာပဲ တွေ့လိုက်တော့၊ ဪ စိတ်ဆိုတဲ့ တရားကလေးဟ ပေါ်တုန်းက စိတ်၊ ကြည့်တော့ မရှိတာ တွေ့တယ် (မှန်ပါ) မရှိတာတွေ့တော့ ဪ စိတ်ဟာ မရှိတာပဲ၊ စိတ်ဟာ မရှိတာပဲလို့ မသိဘူးလား (သိပါတယ် ဘုရား) စိတ်ဟာဆိုတာ ဖြစ်တာကို သိတယ်၊ မရှိတာပဲလို့ သိတာ စိတ်၏ပျက်တာကိုသိတယ် (မှန်ပါ) ဪ စိတ်ဟာ မရှိတာပဲလို့ သိလို့ရှိရင်ဖြင့် မိမိသန္တာန်ဖြစ်တဲ့စိတ်ဟာ မရှိတာသိခဲ့လို့ ရှိရင်ဖြင့် အဲဒါဟာ ဒကာကြွယ် ဒကာသစ်တို့ သမ္မာဒိဋ္ဌိလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။

စိတ်ကလေးဟာ ဖြစ်တယ်နော် (မှန်ပါ) ဖြစ်ပြီး ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ (မရှိတော့ပါဘူး) ဒါဖြင့် စိတ်ဆိုတဲ့ဥစ္စာဖြစ်တာ ကြည့်လိုက်တော့ မရှိတာ တွေ့တယ် စိတ်၏မရှိတာတွေ့တယ် (မှန်ပါ ဘုရား)။

စိတ်၏မရှိတာကို တွေ့တယ်ဆိုသဖြင့် ဪ-မရှိတတ်တဲ့ တရားကို မရှိဘူးလို့ တွေ့ခြင်းကြောင့် ဒါအမှန်တွေ့ တာပဲလို့ ဆိုတာကြောင့် အမှန်သိတာပဲလို့ ဖြစ်သွားသောကြောင့် “သာဿ ဟောတိ သမ္မာဒိဋ္ဌိ”၊ အဿ- ထိုရဟန်း၏၊ သာ-ထိုစိတ်မရှိတာကို မြင်ခြင်းသည်၊ သမ္မာဒိဋ္ဌိ – သမ္မာဒိဋ္ဌိမဂ္ဂင် မည်သည်။ ဟောတိ-ဖြစ်၏ (မှန်ပါ)၊ ဒါဖြင့် မိစ္ဆာဒိဋ္ဌိ ပြေးပြီ (မှန်ပါ ဘုရား)။

စိတ်ဟာ မရှိတာ လမ်းဆုံးတယ်

စားချင်တဲ့စိတ် ပေါ်လာတယ်၊ ကြည့်ပေး (မှန်ပါ) သူများကို ငြူစူချင်တဲ့စိတ်ကလေးပေါ်လာရင်တော့ (ကြည့်ပေးရပါမယ်)၊ သံသယရှိတဲ့ စိတ်ကလေးပေါ်လာရင်ကော (ကြည့်ပေးရပါမယ်)၊ ကြည့်ပေးလိုက်၊ ကြည့်ပေးလိုက် တော့ ဒကာကြွယ်၊ ဒကာသစ်တို့ ဘာတွေ့မတုံး (မရှိတာ တွေ့ပါတယ်) ဪ ဒါဖြင့် စိတ်ဟာ မရှိတာ လမ်းဆုံးတယ် (မှန်ပါ ဘုရား)။

စိတ်ဟာ ဘယ်မှာ လမ်းဆုံးပါလိမ့် (မရှိတာ လမ်းဆုံးပါတယ် ဘုရား) မရှိတာ လမ်းဆုံးတာကို သိလိုက်တော့ “ဝိညာဏံ အနိစ္စံ” နဲ့ သွားပြီးကိုက်တယ် (မှန်ပါ) အနိစ္စံ-အနိစ္စဖြစ်သော၊ ဝိညာဏံ – ဝိညာဏ်ပဲ (ဝါ) စိတ်ပဲ (ဝါ) စိတ်ဟာ အနိစ္စပဲ (မှန်ပါ) အနိစ္စညေဝ ဝိညာဏံ အနိစ္စန္တိ ပဿတိ၊ ဪ ဒီဥစ္စာသည် အနိစ္စစစိတ်ပဲလို့ သိလိုက်ပါ တယ် (မှန်ပါ) အနိစ္စစိတ်ကို အနိစ္စစိတ်လို့ပဲ သိလိုက်တယ်၊ အဲဒါ သမ္မာဒိဋ္ဌိပဲ (မှန်ပါ ဘုရား)။

အနိစ္စလို့မသိမှာ ကြောက်ပါ

အနိစ္စစိတ်ကို အနိစ္စလို့ သိရင် (သမ္မာဒိဋ္ဌိပါ ဘုရား) သမ္မာဒိဋ္ဌိလို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ထား ပါ၊ အဲဒီတော့ ကိုယ့်သန္တာန်မှာ ဒကာ ဒကာမတွေ သိတဲ့အတိင်း စိတ်ဟာ အမျိုးမျိုး ပေါ်နေတယ် (မှန်ပါ) ပေါ်ချင်တာ ပေါ်ပါစေ၊ ပေါ်တာကို မကြောက်ပါနဲ့ အနိစ္စလို့မသိမှာ ကြောက်ပါ (မှန်ပါ ဘုရား)။

အနိစ္စလို့ မသိလို့ရှိရင်ဖြင့် ငါရင်လဲ ဝင်လာလိမ့်မယ်၊ မသိတဲ့ အဝိဇ္ဇာရင်လဲ (ဝင်လာမှာပါ ဘုရား) ငါဝင်လာမယ် ဆိုတဲ့ဥစ္စာက ငါ့စိတ်ကို ဒိဋ္ဌိနဲ့ တွဲချင် တွဲပစ်လိုက်လိမ့်မယ် (မှန်ပါ) သို့မဟုတ် ကိုယ့်စိတ်မှ ကိုယ်မသိလိုက်တဲ့သဘော ပေါ်လာလို့ရှိရင်လဲ အဝိဇ္ဇာ ဝင်ပစ်လိုက်တယ် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုယူကြပါစို့၊ ဒကာ ဒကာမတို့ သန္တာန် ဘယ်စိတ်ပဲ ပေါ်ပေါ်၊ ပေါ်ချင်တာ ပေါ်ပါ၊ ပုထုဇဉ်သန္တာန်မှာ ပုထုဇဉ်စိတ်မှတစ်ပါး တခြားဘာမှ ပေါ်စရာမရှိဘူးလို့မှတ်ပါ (မှန်ပါ) တခြား ဘာမှပေါ်စရာ မရှိတော့ကို ပေါ်တဲ့စိတ်ကလေးကို ဒကာ ဒကာမတွေက ကြည့်၊ ပေါ်တဲ့စိတ်ဟာ သူအရင်ပေါ်မှာပဲ (မှန်ပါ) ရှိ-မရှိ ကြည့်တာကလေးနောက်မှ ပေါ်မှာပဲ (မှန်ပါ ဘုရား)။

ပေါ်တဲ့စိတ်က (အရင်ပေါ်မှာပါ ဘုရား) ရှိ-မရှိ ကြည့်တာက (နောက်မှ ပေါ်မှာပါ ဘုရား) နောက်မှပေါ်တော့ ခင်ဗျားတို့ သန္တာန် စိတ်နှစ်ခုကလဲပြိုင်ပြီး မဖြစ်ကောင်းဘူး (မှန်ပါ) ပေါ်တဲ့စိတ် ရှိနေသေးလို့ရှိရင် နောက်က ရှိ-မရှိ လိုက်ကြည့်တဲ့ဉာဏ်စိတ်လဲ မပေါ်နိုင်သေးပါဘူး (မှန်ပါ)။

မဂ်ဆိုက်တဲ့အမြင်

ဒါကြောင့် ဒကာ ဒကာမတို့ ဘိက္ခဝေ-ရဟန်းတို့၊ ဘိက္ခု-ရဟန်းသည်၊ အနိစ္စံ-အနိစ္စ ဖြစ်သော၊ ဝိညာဏံ-ဝိညာဏ်ကို၊ အနိစ္စန္တိ-အနိစ္စဟူ၍၊ ပြဿုတိ-ရှု၏၊ မြင်၏၊

အနိစ္စစိတ်ကို အနိစ္စပဲလို့ မြင်လိုက်တယ်တဲ့ (မှန်ပါ) နောက် ဉာဏ်စိတ်နဲ့ ရှုလိုက်တဲ့အခါကျတော့ ပထမပေါ်နှင့်တဲ့ စိတ်ဟာ အနိစ္စရောက်သွားပြီလို့ သိလိုက်ပါတယ် (မှန်ပါ) “သာဿဟောတိ သမ္မာဒိဋ္ဌိ” အဿ-ထိုရဟန်း၏ သာ-ထိုသို့ ပျောက်သွားတာကိုမြင်လိုက်ခြင်းသည်၊ သမ္မာဒိဋ္ဌိ-သမ္မာဒိဋ္ဌိ အမြင်တည်း (ဝါ) မဂ်ဆိုက်တဲ့အမြင်တည်း၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် စိတ်ပေါ်တိုင်း ပေါ်တိုင်း ကြည့်ပေးလို့ရှိရင်ဖြင့် ပေါ်လဲပေါ်လိမ့်မယ်၊ မရှိတာတွေလဲ တွေ့လိမ့်ဦးမယ်လို့ ကြည့်တဲ့ပုဂ္ဂိုလ်ကို ဆရာဘုန်းကြီးက မှာပါတယ် (မှန်ပါ) စိတ်ကလဲ ပေါ်ပါလိမ့်မယ်၊ ကြည့်လိုက်တဲ့အခါ မရှိတာလဲ သိရပါလိမ့်မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီသိတဲ့ဉာဏ်ဟာ သမ္မာဒိဋ္ဌိ

ဪ – ဒါဖြင့် ဝိညာဏံ အနိစ္စံနဲ့ သွားပြီးကိုက်တယ် (မှန်ပါ) ဝိညာဏံဆိုတာ စိတ်ပေါ်တာ၊ အနိစ္စံဆိုတာက၎င်း စိတ် မရှိတော့ဘူးလို့ပြောတာ (မှန်ပါ)၊ ဪ ဒီစိတ်ကလေးဟာ အနိစ္စ ရောက်သွားပြီလို့ နောက်က ဉာဏ်နဲ့သိလိုက် လို့ရှိရင်ဖြင့် အဲဒီသိတဲ့ဉာဏ်ဟာ သမ္မာဒိဋ္ဌိလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ အနိစ္စညေဝ ဘိက္ခဝေ ဘိက္ခုဝိညာဏံ အနိစ္စန္တိ ပဿသိ၊ သာဿ ဟောတိ သမ္မာဒိဋ္ဌိ။

ဒါ ဘုရားက ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် နန္ဒိက္ခယသုတ်၊ နှာ-၄၂ မှာ ဟောတာနော် (မှန်ပါ) သမ္မာဒိဋ္ဌိများကွာ မင်းတို့က ဆရာကောင်း သမားကောင်းထံမှ နည်းနာရလို့ ရှိရင်ဖြင့် မဂ်လာ လက်ဖျောက်တီးတာကမှ ကြာပါသေးတယ်၊ မရမရှိနိုင်ပါဘူးလို့ သေသေချာချာ ဟောတယ် (မှန်ပါ) ရင့်ကျက်သော ဉာဏ်ပညာလဲ ရှိမယ်၊ ဆရာကောင်း သမား ကောင်းထံမှ နည်းနာလဲရမယ်ဆိုရင် ဒကာ ဒကာမတို့ အချိန်မကြာဘဲနဲ့ သမ္မာဒိဋ္ဌိဝင်လာပြီး မိစ္ဆာဒိဋ္ဌိ ထွက်ပြေးတာပါပဲ (မှန်ပါ ဘုရား)။

ကဲ စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊ ဒကာသစ် ဒကာအုန်းတို့က ရှိ-မရှိနောက်စိတ်နဲ့ တွေးလိုက်ကြစမ်းပါ (မရှိတော့ပါ ဘုရား) ဘယ်သူမရှိတာတုံးမေးတော့ (စားချင်တဲ့စိတ် မရှိတာပါ ဘုရား) စားချင်တယ်ဆိုတဲ့ ပထမစိတ် မရှိတော့ကို စိတ်ဆိုတာက အနိစ္စ၊ မရှိတာက အနိစ္စလက္ခဏာ (မှန်ပါ)။

စိတ်က အနိစ္စတရားပေါ့ဗျာ (မှန်ပါ) ကြည့်လိုက်တဲ့အခါကျတော့ ရောက်မရောက်ကြည့်လိုက်စမ်း၊ ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ရောက်သွားတယ် (မှန်ပါ) ရောက်သွားတော့၊ ဪ သူသည် အနိစ္စတရားမို့ သူ့လက္ခဏာကို ပြသွားတာ (မှန်ပါ ဘုရား)။

အနိစ္စတရားမို့ ဘာတုံး (အနိစ္စလက္ခဏာပြသွားပါတယ် ဘုရား) သူ့လက္ခဏာပြသွားပြီလို့ ဒကာကြွယ် ဒကာသစ် တို့က မသိလိုက်ဘူးလား (သိလိုက်ပါတယ်)၊ သိတာကလေး ဘာခေါ်ကြမယ် (သမ္မာဒိဋ္ဌိပါ ဘုရား)။ သမ္မာဒိဋ္ဌိ။

သက္ကာယဒိဋ္ဌိပြေးပြီ

”သမ္မာ ပဿံ နိဗ္ဗိန္ဒတိ” ကောင်းစွာ မဖောက်မပြန် မြင်ခဲ့သည်ရှိသော် သမ္မာဒိဋ္ဌိဆိုတော့ သက္ကာယဒိဋ္ဌိပြေးပြီ (မှန်ပါ) သဿတဒိဋ္ဌိကော (ပြေးပါပြီ ဘုရား) ဥစ္ဆေဒဒိဋ္ဌိကို နှင်ထုတ်ပစ်တာနဲ့ ကျန်တဲ့ ၆၁-ပါးသော ဒိဋ္ဌိတွေ အကုန်ပြေးပြီ (မှန်ပါ ဘုရား)။

ဒါဖြင့် စိတ်ကလေးပေါ်လာတဲ့အခါ ဪ အနိစ္စပေါ်လာပြီလို့ ကြည့်လိုက် ဉာဏ်နဲ့သာကြည့်၊ ဉာဏ်နဲ့ ကြည့် လိုက်လို့ရှိရင် ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိရင်လက္ခဏာပေါ်တာပဲ (မှန်ပါ) ဒါဖြင့် ပေါင်းလိုက် စိတ်ပေါ်တုန်းက အနိစ္စ၊ နောက်မရှိတာကို မြင်လိုက်တာက လက္ခဏာ၊ အနိစ္စလက္ခဏာကို မြင်ပါတယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။ ဘယ်သူ၏လက္ခဏာ မြင်သလဲ (အနိစ္စ၏လက္ခဏာ မြင်ပါတယ်)။

ဒါဖြင့် ရှေ့ပိုင်းက အနိစ္စနဲ့ လက္ခဏာ၊ နောက်ပိုင်းက မြင်တာက သမ္မာဒိဋ္ဌိ (မှန်ပါ)၊ အနိစ္စလက္ခဏာကို မြင်သောကြောင့် နောက်မြင်မှုသည် သမ္မာဒိဋ္ဌိလို့မှတ် (မှန်ပါ) သေချာပလား (သေချာပါပြီ ဘုရား)။

ဪ တော်တော်ကလေးကို ဒကာ ဒကာမတွေ တစ်လုံးတည်းကိုပဲ ရှင်းသည်ထက် ရှင်းအောင်ပြောနေတယ်၊ ဒီစိတ်တစ်လုံး ပြောလိုက်လို့ရှိရင် ဒကာကြွယ်၊ ဒကာသစ်၊ ဒကာအုန်းတို့ အတူတူပဲနော် (မှန်ပါ ဘုရား)။

ကဲ ပြန်ပြောပါဦးမယ်၊ ဒကာ ဒကာမတို့ သန္တာန်မှာ ဖျတ်ဆို ဝမ်းထဲမှာ စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊ ဒကာ ဒကာမတို့၊ ဒါဘာကလေးပါလိမ့် (စားချင်တဲ့စိတ်ကလေးပါ ဘုရား)၊ စားချင်တဲ့စိတ်ကလေး၊ ဒါဖြင့် သူဟာ အနိစ္စပေါ်လာတာပဲ (မှန်ပါ)။ အနိစ္စပေါ်လာတာပဲ၊ သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ဉာဏ်မပြားကြပါနဲ့

ဒါ တပည့်တော်တို့ ကြားဖူးတာနဲ့ တခြားစီ ဖြစ်နေပါပေါ့လားဆိုတော့ အနိစ္စဆိုတာ မရှိတာကိုသာ တပည့်တော် တို့ ကြားဖူးပါတယ် ဘုရား၊ အခုတော့ ပေါ်တဲ့စိတ်ကလေးကို အနိစ္စလို့ အရှင်ဘုရားကက ဟောနေတယ်ဆိုတော့ အို ဒကာ ဒကာမတို့ ဉာဏ်မပြားကြပါနဲ့၊ အနိစ္စရောက်မည့်တရား ပေါ်လာတယ်လို့ မှတ်သားလိုက်ကြပါ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘာပေါ်လာပါလိမ့် (အနိစ္စရောက်မည့်တရား ပေါ်လာပါတယ် ဘုရား) အနိစ္စရောက်မည့်တရား ပေါ်လာတာမှ မသိလို့ရှိရင် အနိစ္စရောက်တဲ့ လက္ခဏာကို ဘယ်သူမှ သိမယ်မဟုတ်ဘူး (မှန်ပါ) သိနိုင်ပါ့မလား (မသိနိုင်ပါဘူး) အနာပေါက်တာမသိတဲ့ ပုဂ္ဂိုလ်ဟာ အနာပျောက်တာကို သိလိမ့်မယ်ဆိုတာ ဘယ်တော့မှ မတွေးကြနဲ့ (မှန်ပါ ဘုရား)၊ အနာပေါက်တာမှ မသိတဲ့ပုဂ္ဂိုလ်ဟာ အနာပျောက်တာကို (မသိနိုင်ပါဘူး ဘုရား) မသိနိုင်ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) ဒီမှာလဲ အနိစ္စပေါ်လာတာမှ မသိလို့ရှိရင် အနိစ္စလက္ခဏာကို မသိဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)၊ အနိစ္စပေါ်လာတာမှ မသိလို့ရှိရင် အနိစ္စလက္ခဏာကို (မသိနိုင်ပါဘူး ဘုရား)။

ဒါဖြင့် ဪ ပေါ်လာလို့ရှိရင် ဒါက အနိစ္စတရား (မှန်ပါ) အဲဒီပေါ်တုန်းက ဒါပေါ်တာသာ ဘုန်းကြီးက ပြောတာပါ၊ သူပေါ်နေတုန်း ခင်ဗျားတို့အသိလဲ မလာသေးပါဘူး (မှန်ပါ) သို့သော် ရှေ့ ပေါ်သွားတာကို အနိစ္စတရား ကလေးလို့ မှတ်ထားလိုက်ပါ (မှန်ပါ ဘုရား)။

ဘယ်သူ၏လက္ခဏာတွေ့သတုံး

နောက်ကြည့်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ ဘာတွေ့သတုံးဆို လို့ရှိရင်ဖြင့် လက္ခဏာကို တွေ့တယ် (မှန်ပါ) ဘယ်သူ၏လက္ခဏာတွေ့သတုံးလို့ လိုက်လိုက်တော့မှ ဪ အနိစ္စ၏ လက္ခဏာသွားတွေ့တယ် (မှန်ပါ ဘုရား)

ဒါကြောင့် အနိစ္စလက္ခဏာသုတ်၊ ဒုက္ခလက္ခဏသုတ်၊ အနတ္တလက္ခဏသုတ်လို့ ဟောတော်မူတယ်၊ အနိစ္စသုတ်၊ ဒုက္ခသုတ်၊ အနတ္တသုတ်လို့တော့ အမည်မပေးဘူး (မှန်ပါ) လက္ခဏာကို သိဖို့ အရေးကြီးတယ်ကွာ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ပေါ်လာတာကို ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား) ဒါ သူ့ဟာသူ ပေါ်နေတာ အနိစ္စပေါ်နေတာနော် (မှန်လှပါ ဘုရား) အနိစ္စပေါ်နေတာ၊ အဲဒီတော့ အနိစ္စပေါ်နေတယ်လို့ သိထားကတည်းကိုက နောက်ဉာဏ်နဲ့ ဒကာ ဒကာမတွေက ကြည့်လိုက်တာပေါ့၊ ကြည့်လိုက်တဲ့အချိန်ကျတော့ ဒီအနိစ္စတွေ့သလား၊ မရှိတဲ့လက္ခဏာကို တွေ့သလား (မရှိတဲ့ လက္ခဏာကို တွေ့ပါတယ် ဘုရား)။

သိလိုက်တာက လက္ခဏာ

ဒါဖြင့် ဒကာ ဒကာမတို့ နှစ်မျိုးပေါင်းကြပါစို့ဆိုတော့မှ ဪ တပည့်တော်တို့ မသိလိုက်တာက အနိစ္စ (မှန်ပါ) တပည့်တော်တို့ သိလိုက်တာက လက္ခဏာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် အနိစ္စနဲ့ လက္ခဏာကို သွားသိတယ်၊ အနိစ္စလက္ခဏာကို သွားသိတယ် (မှန်ပါ)။

ဒါတွေက ဒကာ ဒကာမတို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာဆရာကြီးကလဲ “အနိစ္စန္တိ ခန္ဓပဉ္စကံ” ခန္ဓာပဉ္စကကိုဆိုတာကွ (မှန်ပါ) ခန္ဓာပေါ်နေတုန်းဆိုတာပေါ့ဗျာ (မှန်ပါ) အနိစ္စလက္ခဏာဆိုတာ ဘာတုန်းဆိုတော့ ဖြစ်ပြီး မရှိတာက လက္ခဏာကွ (မှန်ပါ) မရှိတာက လက္ခဏာ မရှိတာက လက္ခဏာ၊ ရှိတာက အနိစ္စပေါ့ (မှန်ပါ ဘုရား)။

အဲဒီတော့ ရှိတုန်းကတော့ ဒကာ ဒကာမတွေ ဉာဏ်မှ မဝင်နိုင်သေးပဲကိုး (မှန်ပါ) ဒီတော့ အနိစ္စရောက်မည့် တရား ပေါ်လာတာပဲ (မှန်ပါ) နောက် ဒကာသစ်၊ ဒကာအုန်းတို့ ဉာဏ်နဲ့ကြည့်လိုက်တော့ ခုနင်က ပေါ်နေတဲ့စိတ်က လေး ဘယ့်နှယ်တုံး (မရှိတော့ပါ ဘုရား) မရှိတာက လက္ခဏာ (မှန်ပါ) ဘယ်သူ၏ လက္ခဏာတုံးဆိုတော့ အနိစ္စ၏ လက္ခဏာ (မှန်ပါ)၊ ဘယ်သူ၏ လက္ခဏာပါလိမ့် (အနိစ္စ၏ လက္ခဏာပါ ဘုရား)။

အနိစ္စ၏ လက္ခဏာ

အနိစ္စ၏ လက္ခဏာဆိုတော့ ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့သည် အနိစ္စ လက္ခဏာဆိုတဲ့ ဥစ္စာကို ဒီလိုကွဲပြားပြီး သကာလ သိထားတော့မှ နဂိုတုန်းကလို ပေါ်လာတဲ့ဓမ္မာကလေးကိုလဲ ငါ သူမစွဲတော့ဘူး၊ အင်း အနိစ္စ ကလေး ပေါ်လာတာပဲ (မှန်ပါ) နောက်ပျောက်သွားတာကလေး မြင်လိုက်တော့လဲ လက္ခဏာပြသွားတာပဲ၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ အဖြစ်မှာလဲ ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ) ပျောက်ပျက်သွားတဲ့အခါမှာကော (ပြုတ်ပါတယ် ဘုရား) ပြုတ်တာပဲ၊ ဖြစ်တုန်းကလဲ ဪ ဒါဟာ အနိစ္စပေါ်လာတာပဲလို့ ခင်ဗျားတို့ ဉာဏ်နဲ့မှန်းလိုက်လို့ ရှိရင်လဲ ပုဂ္ဂိုလ်သတ္တဝါ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတဲ့လက္ခဏာပြတယ်

နောက်ပုဂ္ဂိုလ်သတ္တဝါ ပေါ်တာလဲ မဟုတ်ဘူး၊ ကြည့်လိုက်အုန်းမယ်၊ သေသေချာချာ ဆိုတော့လဲ သူ့လက္ခဏာ ပြသွားတယ် (မှန်ပါ) မရှိတဲ့လက္ခဏာပြတယ် (မှန်ပါ) မပြဘူးလား (ပြပါတယ် ဘုရား) မရှိတဲ့ လက္ခဏာပြသွားတော့ ပေါင်းလိုက် ဒကာကြွယ်၊ ဒကာသစ်တို့က (အနိစ္စလက္ခဏာပါ ဘုရား) ကဲ ဒါဖြင့် ပေါ်တုန်းက အနိစ္စ၊ မရှိတော့ လက္ခဏာ၊ ပေါင်းလိုက်ပါ (အနိစ္စလက္ခဏာပါ ဘုရား)။

အဲဒီ အနိစ္စလက္ခဏာကို ခင်ဗျားတို့ နောက်က ဉာဏ်နဲ့ မြင်လို့ရှိရင် “သာဿ ဟောတိ သမ္မာဒိဋ္ဌိ”၊ အနိစ္စလက္ခဏာကို မြင်လို့ရှိရင် အဲဒါ သမ္မာဒိဋ္ဌိပဲတဲ့ (မှန်ပါ) အဿ-ထိုရဟန်း၏ သာ-ထိုကဲ့သို့ မြင်ခြင်းသည်၊ သမ္မာဒိဋ္ဌိ-သမ္မာဒိဋ္ဌိမည်သည်၊ ဟောတိ-ဖြစ်၏။

ဪ ဒါဖြင့် ဖြစ်ပေါ်လာတာက ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား) ကြည့်လိုက်တော့ မရှိတာက (လက္ခဏာပါ ဘုရား) ပေါင်းလိုက်စမ်း (အနိစ္စလက္ခဏာပါ ဘုရား) အနိစ္စလက္ခဏာကို နောက်ဉာဏ်က မမြင်ဘူးလား (မြင်ပါတယ်) မြင်တဲ့ဉာဏ်ဟာ သမ္မာဒိဋ္ဌိ (မှန်ပါ) ရှေ့ပိုင်းက အနိစ္စနဲ့ လက္ခဏာ (မှန်ပါ) နောက်ပိုင်းက (သမ္မာဒိဋ္ဌိပါ ဘုရား)။

သက္ကာယဒိဋ္ဌိ ဖြုတ်နည်းဟာ

အဲ ဒါမှသာလျှင် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ အစောကြီးက ဖြုတ်နည်းဟာ ဒီနည်းနဲ့သာ ရှုလို့ရှိရင်ဖြင့် ခင်ဗျားတို့ သမ္မာဒိဋ္ဌိမဂ္ဂင် မပေါ်ပါနဲ့ဆိုလို့ မရတော့ပါဘူး (မှန်ပါ ဘုရား)။

ဒကာ ဒကာမတွေ သုံးခေါက်ထိအောင် ပြန်ပြောပါဦးမယ် ရှင်းအောင်နော် (မှန်ပါ) ကဲ စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊ လောဘစိတ်ပေါ်တယ်ဆိုပါတော့ ဘာပေါ်လာသတုံး (အနိစ္စပေါ်လာတယ်) သို့သော် ယောဂီက ဒါပေါ် လာတာကို သိသလားလို့မေးတာ့ ပေါ်ခိုက်မှာ ဘယ်သိမတုံး၊ သိတဲ့စိတ်က တခြားပဲ၊ နောက်မှ ပေါ်ရမှာ (မှန်ပါ ဘုရား)။

နောက်ကျတော့ ဒီစိတ်ကလေးကို ဘုန်းကြီးက “သရာဂံဝါစိတ္တံ သရာဂံ စိတ္တန္တိပဇာနတိ” လို့ နောက်ကသိအောင် လုပ်ဟေ့ဆိုပြီး သိအောင်လုပ်တဲ့အချိန်ကျတော့၊ သိတဲ့စိတ်နဲ့ သိနေရတော့် ခုနင်က ရှိတာက မရှိတော့ဘူး (မှန်ပါ) ဦးဘအုန်း ရှိသေးသလား (မရှိတော့ပါ ဘုရား) မရှိတော့ကို ဘယ်သူ မရှိတာတုံးဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အနိစ္စကလေးဟာ မရှိတဲ့လက္ခဏာကို ပြသွားတယ် (မှန်ပါ) ဒါဖြင့် အနိစ္စလက္ခဏာကို နောက်က မသိဘူးလား (သိပါတယ်) အဲဒါ ဘာခေါ်ကြမယ် (သမ္မာဒိဋ္ဌိပါ ဘုရား)။

သမ္မာဒိဋ္ဌိဖြစ်ဖို့ဆိုတာ

ဪ သမ္မာဒိဋ္ဌိဖြစ်ဖို့ဆိုတာ ဒီလိုပါကလား (မှန်ပါ) ပေါ်လာတာက အနိစ္စ မရှိတာက လက္ခဏာ၊ အနိစ္စ လက္ခဏာကို နောက်နေ သိတာက (သမ္မာဒိဋ္ဌိပါ ဘုရား)။

ထို့အတူ ပေါ်လာတာက ဒုက္ခ၊ ကြည့်လိုက်တော့ မရှိတာက လက္ခဏာ၊ နောက်ကသိတာက (သမ္မာဒိဋ္ဌိပါ ဘုရား)။

ပေါ်လာတာကလေးဟာ အနတ္တ၊ ကြည့်လိုက်တော့ မရှိတာက လက္ခဏာ၊ သိတာက (သမ္မာဒိဋ္ဌပါ ဘုရား) အဲဒီ သမ္မာဒိဋ္ဌိက ဘာကို သိသတုံးဆိုတော့ အနတ္တ၏လက္ခဏာကို သိတယ် (မှန်ပါ) အနိစ္စ၏ လက္ခဏာကို သတိတယ် (မှန်ပါ) ဒုက္ခ၏ (လက္ခဏာကို သိပါတယ် ဘုရား)။

အဲ လက္ခဏာကို သိမှ ဒကာ ဒကာမတို့၊ နို့မဟုတ်၊ ရှိတာကို သိနေတယ်ဆိုလို့ရှိရင်ဖြင့် ခိုင်တာသိ၊ မြဲတာသိ၊ ဖြစ်နေမှာပေါ့၊ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ရှိတာသိဆိုလို့ရှိရင် သဿတဝင်နေမယ် (မှန်ပါ) အတ္တရင်လဲ ဝင်နေမယ် (မှန်ပါ) ရှိတာကိုတော့ဖြင့် ဒကာ ဒကာမတို့ နှစ်စိတ်မပြိုင်နိုင်တဲ့အတွက် ရှိတုန်းက သူ့ဟာသူ ရှိတာပဲ၊ ကျုပ်တို့ မသိဘူး (မှန်ပါ) ကျုပ်တို့ သိတဲ့အချိန်ကျတော့ မရှိတာပဲ သိတယ် (မှန်ပါ ဘုရား)။

ကျုပ်တို့ သိတဲ့အချိန်မှာ (မရှိတာပဲ သိပါတယ် ဘုရား)။

ဒါဖြင့် ရှိတုန်းက ဘာခေါ်ကြမလဲ (အနိစ္စပါ ဘုရား) ကြည့်လိုက်တော့ မရှိတာကဘာတုံး (လက္ခဏာပါ ဘုရား) အဲဒီလက္ခဏာကို ဒကာ ဒကာမတွေ ရှိရာက မရှိတဲ့လက္ခဏာကို မသိလိုက်ဘူးလား (သိပါတယ် ဘုရား) သိတာကလေး ဘာခေါ်ကြမယ် (သမ္မာဒိဋ္ဌိပါ ဘုရား)။

အမှန်အကန်မြင်တယ်

ဒီသမ္မာဒိဋ္ဌိသည် သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက မြင်တာ၊ ပေါင်းလိုက်တော့ အမှန်အကန်မြင်တယ် (မှန်ပါ) အမှန်အကန် ဘယ်လိုမြင်သတုံးဆိုတော့ အနိစ္စ၏လက္ခဏာကို အမှန်အကန်မြင်တယ် (မှန်ပါ ဘုရား)။

ဒါက တရားသားချည်း ပြောနေရတဲ့အတွက် တကယ့်အလုပ်ခွင်မှာ အမြင်မှန်ကို ပြနေရတဲ့အတွက် ဒကာ ဒကာမတို့ ပိုမိုဂရုစိုက်ရမည့်နေ့လို့ မှတ်ပါ (မှန်ပါ) အလုပ်ခွင်ကို အမှန်အကန် ပြနေရလို့နော် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဘယ်တရားပေါ်ပေါ် ပုထုဇဉ်စိတ်ပေါ်ချင်တာပေါ်၊ ပေါ်လာရင် ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား) ကြည့်လိုက်၊ ဉာဏ်နဲ့ကြည့်လိုက်စမ်း၊ မရှိတော့ဘူး၊ မရှိတာက အနိစ္စ၏လက္ခဏာ (မှန်ပါ) ဒါဖြင့် နောက်က သိတာ ကလေးက ဘာကိုသိသတုံး မေးလို့ရှိရင် ဘယ့်နှယ်ပြောမလဲ (အနိစ္စလက္ခဏာကို သိပါတယ်) အဲ နောက်က ကြည့်တိုင်း ကြည့်တိုင်း အနိစ္စ၏လက္ခဏာကိုသိရမယ် (မှန်ပါ) နောက်က ကြည့်တိုင်းကြည့်တိုင်း ဒုက္ခ၏လက္ခဏာကို သိရမယ် (မှန်လှပါ ဘုရား)၊ နောက်က ကြည့်တိုင်းကြည့်တိုင်း (အနတ္တ၏လက္ခဏာကို သိရပါမယ်) အနတ္တ၏လက္ခဏာကို သိရပါမယ်ဆိုသဖြင့် ဪ ဒါဖြင့် ပေါ်တာ အနိစ္စ၊ မရှိတာက လက္ခဏာ၊ ပေါ်တာက ဒုက္ခ၊ မရှိတာက (လက္ခဏာ) ပေါ်တာက အနတ္တ၊ မရှိတာက (လက္ခဏာပါ ဘုရား)။

လက္ခဏာက ဘာလက္ခဏာတုံး

လိုရင်းကတော့ ဒီလိုပါ၊ အနတ္တရောက်မည့်တရား ပေါ်လာတယ်၊ အနိစ္စရောက်မည့်တရား ပေါ်လာတယ်၊ ဒုက္ခရောက်မည့်တရား (ပေါ်လာပါတယ်) အဲဒီပေါ်လာတုန်းကလဲ ဒကာသစ် ဒကာအုန်းတို့ သူပေါ်နေတုန်း နောက်စိတ်၊ ကျုပ်တို့ ရှုတဲ့စိတ်ကလဲ မပေါ်နိုင်သေးဘူး (မှန်ပါ) မပေါ်နိုင်သေးတော့ သူ့ကို ကျုပ်တို့က မြင်တယ်လို့မဆိုနဲ့ (မှန်ပါ) နောက်သေသေချာချာပြန်ပြီး ကြည့်လိုက်တဲ့အခါကျတော့ သူ့ကို တွေ့သလား လက္ခဏာသွားပြီး တွေ့သလား (လက္ခဏာ သွားပြီး တွေ့ပါတယ်) လက္ခဏာက ဘာလက္ခဏာတုံးမေးတော့ မရှိတဲ့လက္ခဏာ (မှန်ပါ ဘုရား)။

လက္ခဏာက ဘာပါလိမ့် (မရှိတဲ့လက္ခဏာပါ ဘုရား) မရှိတဲ့ လက္ခဏာကိုသွားပြီးတွေ့လိုက်တော့ မရှိတာက ဒကာ ဒကာမတို့ ပင်ကိုယ်က ဘာမှမရှိတာလား ပေါ်ပြီးမှ ပျက်သွားတဲ့အနိစ္စသဘော မရှိတာလား (ပေါ်ပြီးမှ ပျက်သွားတဲ့ အနိစ္စသဘောမရှိတာပါ) အနိစ္စရောက်မည့်တရား၏ မရှိတဲ့လက္ခဏာကို တွေ့ပါတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မရှိမှသာလျှင် သူ့လက္ခဏာက ထင်ရှားတယ်

ဒါဖြင့် ရှိနေရင် နိစ္စ၊ မရှိမှသာလျှင် သူ့လက္ခဏာက ထင်ရှားတယ် (မှန်ပါ ဘုရား)။

ဒါကြောင့် လူတစ်ဉီးတစ်ယောက် မင်းတို့ သိပ်မယုံကြနဲ့ဦးဟေ့နော်၊ အကဲခတ်ဦးဆိုတာ ဒကာ ဒကာမတို့ လူတစ်ဦး တစ်ယောက်ကို ခင်ဗျားတို့ အိမ်မှာ မွေးကြတဲ့အခါကျလို့ရှိရင် သိပ်မချီးမွမ်းကြနဲ့၊ သိပ်မရောနှောကြနဲ့၊ အကဲခတ်ဦးဆိုတာ ဒကာ ဒကာမတို့ နောက် သူ့လက္ခဏာကို အကဲခတ်မှာ (မှန်ပါ ဘုရား)။

ဘာကို အကဲခတ်မှာတုံး (သူ့လက္ခဏာကို အကဲခတ်မှာပါ ဘုရား) သူ့ကို အခုအကဲခတ်နေလို့ အပိုပဲ (မှန်ပါ) နောက်ကျမှ အကဲခတ်ရမှာ မဟုတ်လား (မှန်ပါ) သူဟာ ခိုးတတ်သလား ဝှက်တတ်သလား ကောက်ကျစ်တတ်သလား ကုန်းတိုက်တတ်သလား အစရှိသည်နဲ့ သူ့လက္ခဏာ နောက်မှပေါ်လာမယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလဲ ပေါ်နေတုန်းက ဘယ့်နှယ်ခေါ်ကြမလဲ (အနိစ္စပါ ဘုရား) ကြည့်လိုက်တတဲ့ အချိန်ကျတော့ (လက္ခဏာပါ ဘုရား) မရှိတော့ဘူး၊ မရှိတာက သူ့လက္ခဏာပေါ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ပေါင်းလိုက်ဦး (အနိစ္စလက္ခဏာပါ ဘုရား) အဲဒါကို နောက်ကနေပြီး သိတာက ဘာဒိဋ္ဌိတုံး (သမ္မာဒိဋ္ဌိပါ ဘုရား)။

လက္ခဏာမပါဘဲနဲ့ မပြီးဘူးကွ

ဒါဖြင့် သမ္မာဒိဋ္ဌိဆိုတာ အနိစ္စလက္ခဏာသိမှ သမ္မာဒိဋ္ဌိ (မှန်ပါ) ဒုက္ခလက္ခဏာသိမှ (သမ္မာဒိဋ္ဌိ) အနတ္တလက္ခဏာ (သမ္မာဒိဋ္ဌိပါ) ဒါကြောင့် ဘုရားက အနိစ္စလက္ခဏာသုတ်၊ ဒုက္ခလက္ခဏာသုတ်၊ အနတ္တက္ခဏာသုတ်လို့ ဟောပါတယ် (မှန်ပါ) လက္ခဏာမပါဘဲနဲ့ မပြီးဘူးကွ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာသစ်တို့ ရှုတိုင်း ရှုတိုင်း ထင်ရှားအောင်လို့သာ ပြောတယ် ခင်ဗျားတို့ တွေ့တာကတော့ လက္ခဏာချည်း တွေ့တာပါပဲ (မှန်ပါ) မရှိတဲ့လက္ခဏာ၊ မရှိတဲ့လက္ခဏာ၊ မရှိတဲ့လက္ခဏာချည်း တွေ့တာပါပဲ (မှန်ပါ)။ သဘောပါပလား (ပါပါပြီ ဘုရား)။

မရှိတဲ့လက္ခဏာက အနိစ္စလက္ခဏာ

အဲဒီတော့ မရှိတဲ့လက္ခဏာက အနိစ္စလက္ခဏာ (မှန်ပါ ဘုရား) မရှိတဲ့လက္ခဏာကိုသိတာက (သမ္မာဒိဋ္ဌိပါ ဘုရား) ဒါဖြင့် သမ္မာ မှန်ကန်တာ၊ ဒိဋ္ဌိက မြင်တာ ပေါင်းလိုက်တော့ (အမှန်အကန်မြင်တာပါ ဘုရား) အမှန်အကန်မြင်တာဆိုတော့ အနိစ္စလက္ခဏာကို သွားပြီး မြင်တယ် (မှန်ပါ ဘုရား)။

ခင်ဗျားတို့ ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံမိတဲ့ လူကိုပြောကြတော့ ဒါ့ကြောင့် ငါမပြောဘူးလား၊ ဒီပုဂ္ဂိုလ်ဆိုးတယ် ဆိုတာဆိုတော့ သူ့လက္ခဏာကို နောက်မှသိတယ် (မှန်ပါ ဘုရား)။

သူ့ကို ပထမကတည်းက သိတာလား သူ့လက္ခဏာကို နောက်မှ သူ့အလုပ်ပေါ်မှသိတာလား (အလုပ်ပေါ်လာမှ သိတာပါ ဘုရား)။

အဲ သူ့သဘောကို သတ္တိအဆုံးပေါ်လာတာသိမှ လက္ခဏာရေးသိတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှိနေတဲ့ သဘောကလေးဟာက ဖြစ်ခိုက် ရှိနေစဉ် ပေါ်နေစဉ် သူအနိစ္စရောက်မည့် သဘောကလေးပေါ်လာလို့ အနိစ္စလို့ ဆိုလိုက်ပါတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ပေါ်တဲ့သဘောကလေးဟာ ဘာတုံး (အနိစ္စပါ ဘုရား) အနိစ္စရောက်မှာလား မရောက်ဘဲနေမှာလား (ရောက်မှာ ပါ ဘုရား) အဲဒါကြောင့် ပေါ်လာတဲ့ဓမ္မကလေးကို ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား) ဉာဏ်နဲ့ကြည့်လိုက်တော့ (မရှိတာ တွေ့ပါတယ်) မရှိတော့လက္ခဏာကို တွေ့တယ်၊ ပေါင်းလိုက်ကြစမ်းပါ (အနိစ္စလက္ခဏာပါ ဘုရား)။

သက္ကာယဒိဋ္ဌိကြီး ကြားခိုသေးရဲ့လား

အဲဒီတော့ နဂိုတုန်းကတည်းက အနိစ္စတွေ့ထားတော့ ငါပဲ သူပဲလို့ဆိုတဲ့ သက္ကာယဒိဋ္ဌိကြီး ကြားခိုသေးရဲ့လား (မခိုပါ ဘုရား) နောက်ကို မရှိတာတွေ့တော့လဲ ဪ ဒီဥစ္စာ ငါမဟုတ်တာ သေချာလိုက်တာ၊ ဒီလို နှစ်ချက်ဝေဖန်လို့ ရတယ် (မှန်ပါ ဘုရား)။

ပထမတွေ့တုန်းကတည်းက ဖြစ်ပေါ်လာတဲ့တရားကလေး အနိစ္စလို့ တွေ့ထားတယ် (မှန်ပါ) နောက်ဉာဏ်နဲ့ ကြည့်လိုက်တော့ (မရှိတဲ့လက္ခဏာတွေ့ပါတယ်) မရှိတဲ့ လက္ခဏာတွေ့လိုက်တော့ ဒကာသစ်တို့ ဒကာအုန်းတို့က စဉ်းစားပါလား ဪ ဒီဥစ္စာသည်ကားလို့ဆိုရင်ဖြင့် အနိစ္စဆိုတဲ့တရားဟာ အနိစ္စရောက်မည့်တရားမို့၊ အနိစ္စလက္ခဏာပဲ ပြသွားတယ်လို့ သမ္မာဒိဋ္ဌိက ဆုံးဖြတ်ချက် မချဘူးလား (ချပါတယ် ဘုရား)၊

အဲဒီဆုံးဖြတ်ချက်ချတဲ့သဘောကလေး ဘာခေါ်ကြမယ် (သမ္မာဒိဋ္ဌိပါ ဘုရား) ဒီသမ္မာဒိဋ္ဌိဆိုတာ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိကမြင်တာ၊ အမှန်အကန်ကို မြင်တယ်တဲ့ (မှန်ပါ) ဖြစ်ပေါ်တုန်းကလဲ သူအနိစ္စလို့မြင်မယ်၊ နောက်ကျတဲ့ အခါကျရင်လို့ရှိရင် တကယ်တမ်းဉာဏ်နဲ့ စူးစိုက်ပြီး ကြည့်လိုက်တဲ့အခါကျတော့ သူ့လက္ခဏာကို သေသေချာချာ မြင် လိုက်ရတယ် (မှန်ပါ) မမြင်လိုက်ဘူးလား (မြင်လိုက်ရပါတယ် ဘုရား)။

အနိစ္စမရှိဘဲနဲ့ အနိစ္စလက္ခဏာကို ပြောလို့မရဘူး

ဒါဖြင့် အနိစ္စလက္ခဏာ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ အနိစ္စမရှိဘဲနဲ့ အနိစ္စလက္ခဏာကို ပြောလို့မရဘူး (မှန်ပါ) ဒါကြောင့် ပေါ်လာတဲ့ဓမ္မကလေးကို ဘာခေါ်ကြမယ် (အနိစ္စလို့ ခေါ်ပါမယ်) ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ ဘာတွေ့သတုံး (မရှိတဲ့လက္ခဏာ တွေ့ပါတယ်) မရှိတဲ့လက္ခဏာပေါ်လိုက်တော့ ဪ-အနိစ္စနဲ့လက္ခဏာဟာ တခြားစီပါ ကလား (မှန်ပါ) သေသေချာချာမှတ်ပါ ခင်ဗျားတို့ သေသေချာချာ မမှတ်မိလို့ရှိရင် ဒီဥစ္စာပြောရတာက လွယ်ကူတာ မဟုတ်ဘူး (မှန်ပါ ဘုရား) စကားတော့ဖြင့် နှစ်လုံးတည်းနဲ့ (မှန်ပါ) စကားကတော့ နှစ်လုံးတည်းပဲ ဒကာ ဒကာမတို့၊ သို့သော် အယူအဆမှာ သိပ်အရေးကြီးတယ် (မှန်ပါ ဘုရား)။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ အနတ္တလက္ခဏာသုတ်လို့ဆိုတော့ အနတ္တက ဘယ်သူတုံး လက္ခဏာက ဘယ်သူတုံးလို့ ခင်ဗျားတို့ နှစ်ခုခွဲမေးရင် ဘယ်သူမှ ဖြေတတ်တော့မှာ မဟုတဘူး (မှန်ပါ) ဖြေတတ်ပါ့မလား (မဖြေတတ်ပါ ဘုရား)။

အခုတော့ ဒီလိုယူလိုက်ပါ၊ ဝိသုဒ္ဓိမဂ်အဋ္ဌအထာဆရာများက အနိစ္စန္တိ ခန္ဓပဉ္စကံ ခန္ဓာငါးပါး အပေါင်းက အနိစ္စပဲ (မှန်ပါ) ဒါ့ကြောင့် ခန္ဓာငါးပါး တစ်ပါးပါး ပေါ်လာရင် အနိစ္စသာ မှတ်လိုက် (မှန်ပါ ဘုရား)။

လက္ခဏာကျတော့ ဘယ်လိုမှတ်မတုံး

နို့ လက္ခဏာကျတော့ ဘယ်လိုမှတ်မတုံးဆိုတာ ဟုတွာ အဘာဝဋ္ဌေန လက္ခဏ-ဖြစ်ပြီးတော့ မရှိတဲ့ သဘော ကလေးက သူ့လက္ခဏာပဲ (မှန်ပါ) သေမယ်လို့ ပေါ်လာတဲ့တရားကလေးဟာ သေသွားတယ်၊ ဟော သူ့လက္ခဏာ မရှင်းဘူးလားကွ (ရှင်းပါတယ် ဘုရား) သေမလို့ ပေါ်လာတာက သေခါနီးပေါ်လာတာက အနိစ္စ (မှန်ပါ) သေပြလိုက် တာက လက္ခဏာဆိုတော့ ငါပြောတာ မမှန်ဘူူးလား၊ နဂိုကတည်းက ဒီလူ လက်မခံနဲ့၊ လက်ခံလို့ရှိရင် ဒီလိုဖြစ်လိမ့်မယ်ဆို တာ သူ့လက္ခဏာမပြဘူးလား (ပြပါတယ် ဘုရား) ဒီလို နှစ်ခုတွဲယူမှ ရတော့မပေါ့ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီဥစ္စာကို ဒကာ ဒကာမတွေက သာမညနားနဲ့ ထောင်လို့မရဘူး (မှန်ပါ) နို့မဟုတ်ရင် အနိစ္စနဲ့လက္ခဏာကို ခင်ဗျားတို့ ရှုပ်ထွေးနေချေရဲ့ (မှန်ပါ ဘုရား)၊ မရှုဘူးလား၊ ရှုပ်မလား (ရှုပ်မှပါ ဘုရား)။

ဒါဖြင့် ပေါ်လာတဲ့တရားကလေး ဘာတရားပေါ်လာလာ ကိုယ့်သန္တာန်မှာ ပေါ်လာတာ ဘာဆိုကြမလဲ (အနိစ္စပါ)၊ အဲ အနိစ္စလို့ သိလိုက်ကတည်းက သမ္မာဒိဋ္ဌိ ဖြစ်ပြီ (မှန်ပါ) သမ္မာဒိဋ္ဌိ ဖြစ်နေပြီ၊ အနိစ္စဆိုပေမဲ့ အနိစ္စရောက် မည့် တရားပေါ့ဗျာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒီကတည်းက ငါပေါ်လာတာ သူပေါ်လာတာ ယောကျာ်းပေါ်လာတာ၊ မိန်းမပေါ်လာတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) သေချာသွားပြီ (မှန်ပါ) နောက်ကြည့်လိုက်တဲ့အခါကျတော့ လောဘကလေးဖြစ်တယ်၊ ဒေါသကလေး ဖြစ်တယ်ဆိုရင် ပျောက်ပျက်သွားတဲ့ လက္ခဏာကလေး မပြလား (ပြပါတယ် ဘုရား) သူ့လက္ခဏာကို သူထွန်းပြသွားပြီ ထိုးပြသွားပြီလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အနိစ္စရှိမှ လက္ခဏာပြနိုင်တယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဪ အနိစ္စက္ခဏာဆိုတာ အနိစ္စရှိမှ လက္ခဏာပြနိုင်တယ် (မှန်ပါ) ဒုက္ခရှိမှ (လက္ခဏာပြနိုင်တယ်) အနတ္တရှိမှ (အနတ္တလက္ခဏာ ပြနိုင်ပါတယ်)၊ နို့ နဂိုကမှ ဘာမှမရှိတဲ့ဥစ္စာ လက္ခဏာက ဘာ သွားပြမတုံး (မပြနိုင်ပါ ဘုရား)။

အဲဒီလို မဝဖန်တတ်ပြီဆိုမှဖြင့် ဒကာကြွယ်ရေ သိပ်ဆိုးဝါးသွားတယ်နော် (မှန်ပါ) ကဲ အခု ရှင်းပလား (ရှင်းပါပြီ ဘုရား) အနိစ္စနဲ့ လက္ခဏာကွဲပလား (ကွဲပါပြီ ဘုရား) ဖြစ်ပေါ်လာရင် ဘယ့်နှယ်ဆိုကြမယ် (အနိစ္စပါ) ကြည့် လိုက်လို့ မရှိတဲ့အခါ (လက္ခဏာပါ ဘုရား) ပေါင်းလိုက်ပါ (အနိစ္စလက္ခဏာပါ ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ဟာ အနိစ္စနဲ့ လက္ခဏာနဲ့ဟာ ဒကာ ဒကာမတို့ အနိစ္စရှိမှ လက္ခဏာပြတာနော် (မှန်ပါ) အနိစ္စရောက်မည့် တရားမှမရှိလို့ရှိရင် လက္ခဏာပြဖို့ ခဲယဉ်းပါတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အနာပေါက်တာမှ မသိတဲ့ပုဂ္ဂိုလ်ဟာ

ကောင်းပြီ၊ ဒါဖြင့် ခုနင်က ပြောခဲ့တဲ့စကားကို ပြန်ပြီး နိဂုံးချုပ်ပါ၊ အနာပေါက်တာမှ မသိတဲ့ပုဂ္ဂိုလ်ဟာ အနာပျောက်တာလဲ မသိပါဘူး (မှန်ပါ)၊ သိပါ့မလား (မသိပါ ဘုရား)၊ ဒါဖြင့် အရူးတစ်မျိုး ဖြစ်နေတာပေါ့ဗျာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အနိစ္စရောက်မည့်တရားပေါ်လာတာက ဘာကလေးပေါ်လာပေါ်လာ အနိစ္စရောက်မည့် တရားပေါ်လာတာပဲ (မှန်ပါ) ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ မရှိတော့ဘူး၊ ပျောက်ပျက်သွားပြီ၊ ဒါဖြင့်ပေါင်းလိုက် (အနိစ္စလက္ခဏာပါ ဘုရား)။

ဒါဖြင့် အနိစ္စနဲ့လက္ခဏာနဲ့ဟာ ဒကာ ဒကာမတို့ အနိစ္စရှိမှ လက္ခဏာပြမှာပဲ (မှန်ပါ) အနာပေါက်မှ ပျောက်တာ ပြမှာပဲ (မှန်ပါ) အနာပေါက်တာမှ မသိတဲ့ပုဂ္ဂိုလ်ဟာ ပျောက်တာကိုလဲ သူသိမှာ မဟုတ်ပါဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် အဘိဓမ္မာတရားဒေသနာတော်ကြီးတွေဟာ အင်မတန်မှ သိမ်မွေ့နက်နဲ့ခက်ခဲတယ်ဆိုတာ ဒကာအုန်း တို့ ယုံပလား (ယုံပါပြီ ဘုရား) ဒါ့ကြောင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာဆရာက “အနိစ္စန္တိ ခန္ဓပဉ္စကံ” ခန္ဓငါးပါးအပေါင်းမှာ အနိစ္စခန္ဓာငါးပါး တစ်ပါးပါးယူကွ၊ အနိစ္စဆိုတာ အဲဒါယူမှတည့်တာ (မှန်ပါ) လက္ခဏာ ပြောစမ်းပါအုံးဆိုတော့ အို ဖြစ်ပြီးမရှိတဲ့ သဘောလေးဟာ သူလက္ခဏာပေါ့ကွတဲ့ (မှန်ပါ ဘုရား)။

ဖြစ်ပြီး မရှိတဲ့သဘော

ဖြစ်ပြီး မရှိတဲ့သဘောကလေးဟာက (သူ့လက္ခဏာပါ ဘုရား) ဒါဖြင့် ဒီလိုယူမှ “သဗ္ဗေ သင်္ခါရ အနိစ္စာ” နဲ့လဲ သွားကိုက်တယ် (မှန်ပါ) “သဗ္ဗေ သင်္ခါရ ဒုက္ခာ” နဲ့ကော (ကိုက်ပါတယ် ဘုရား) “သဗ္ဗေ ဓမ္မာ အနတ္တာ” နဲ့ကော (ကိုက်ပါတယ် ဘုရား) ပြီးတော့မှ ခင်ဗျားတို့ နာနေကျဖြစ်တဲ့ အနိစ္စလက္ခဏာသုတ်၊ ဒုက္ခလက္ခဏာသုတ်၊ အနတ္တလက္ခဏာ သုတ်ဆိုတာတွေဟာ၊ လက္ခဏာကလေးတွေဟာ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

တကယ်လို့ လက္ခဏာကို မသိဘဲနဲ့ ခင်ဗျားတို့ အနိစ္စကို သိနေမယ်ဆိုလို့ရှိရင်လဲ အထည်ရှိနေဦးမှာပဲ (မှန်ပါ) မရှိပေဘူးလား (ရှိပါတယ် ဘုရား) ဒါဖြင့် အနိစ္စနဲ့ လက္ခဏာဖြင့် ဒကာကြွယ်တို့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ်တို့ သန္တာန်၊ ဒကာသစ်တို့ သန္တာန်၌ ဖျတ်ဆို အိပ်ချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊ ဘာတွေးကြမလဲ (အနိစ္စပါ ဘုရား) အနိစ္စ ပေါ်လာတာပဲ၊ ပေါ်နေတုန်းကတော့ မသိဘူးပေါ့ဗျာ၊ ဉာဏ်နဲ့တော့ သိတာပေါ့ (မှန်ပါ)၊ နောက်ကျတော့ အိပ်ချင်တဲ့စိတ်ကလေးကို ကြည့်လိုက်စမ်း (ပျက်သွားပါတယ်) ကြည့်ဖြစ်အောင်လဲ ကြည့်နော် (မှန်ပါ) မကြည့်ရင်လဲ အိပ်သွားလိမ့်မယ် (မှန်ပါ) မကြည့်ရင်တော့ အိပ်တော့မှာပဲ (မှန်ပါ) ကြည့်ရင်တော့ အိပ်သေးရဲ့လား (မအိပ်ပါ ဘုရား)။

ကြည့်လိုက်တဲ့အခါကျတော့ ကြည့်တဲ့စိတ် ပေါ်လာကတည်းက မျက်လုံးကျယ်လာကတည်းက ဒကာ ဒကာမတို့ အိပ်ချင်တဲ့ ထိနမိဒ္ဓစိတ်ကလေးဟာ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) မရှိတော့ ဘာပြောသွားသတုံး (အနိစ္စလက္ခဏာ ကို ပြောသွားပါတယ်) လက္ခဏာကို ပြောသွားတော့ ဪ ဒါကလေးဟာလဲ ငါအိပ်ချင်တာ မဟုတ်ပါလား အနိစ္စ လက္ခဏာ ကလေးပါလား၊ သူအိပ်ချင်တာ မဟုတ်ပါလား အနိစ္စလက္ခဏာလေးပါလား (မှန်ပါ) ဒီမှာ ရှင်းသွားတယ် (မှန်ပါ) မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။

ရှေ့ပိုင်းက အနိစ္စလက္ခဏာ

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားကို လေးစားစွာမှတ်တော့မှ ရှေ့ပိုင်းက အနိစ္စလက္ခဏာ၊ နောက်ပိုင်းက ကြည့်တာက သမ္မာဒိဋ္ဌိ (မှန်ပါ) ဒီနှစ်ခုဟာ ခင်ဗျားတို့ ကိုက်ကိုက်သွားရမယ် (မှန်ပါ ဘုရား) ရှေ့ပိုင်းက ဒုက္ခလက္ခဏာ၊ နောက်ပိုင်းက (သမ္မာဒိဋ္ဌိ) ရှေ့ပိုင်းက (အနတ္တလက္ခဏာ) နောက်ပိုင်းက (သမ္မာဒိဋ္ဌိ)၊ အဲဒီလိုသာ ကိုက်ကိုက်သွားမယ် ဆိုတော့ ခင်ဗျားတို့က သမ္မာဒိဋ္ဌိချည်း နောက်ပိုင်းက မများဘူးလား (များပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ရှေ့ပိုင်းက အနိစ္စလက္ခဏာ၊ နောက်ပိုင်းက သမ္မာဒိဋ္ဌိဆိုတော့ ဘယ်မှာတုံး ကိလေသာ ကြားခိုတာ ပါသေးသလား (မပါ-ပါ ဘုရား) ကိလေသာ ကြားမခိုဘူး၊ အနိစ္စလက္ခဏာ၊ နောက်ပိုင်းက မဂ္ဂင်ငါးပါးဆိုတော့ သမ္မာဒိဋ္ဌိ (မှန်ပါ) ဒီကြားမှာ ဘာဝင်သေးသတုံး (မဝင်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တခြားသောပုဂ္ဂိုလ်တွေမှာတော့ သမ္မာဒိဋ္ဌိအလုပ်ကို မလုပ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ရှေ့ပိုင်းက အနိစ္စလဲရှိတယ်၊ အနိစ္စလက္ခဏာလဲ ရှိတယ်၊ ခင်ဗျားတို့ မသိလဲ သူကတော့ အနိစ္စရော၊ လက္ခဏာရော ပြောနေတာပဲ (မှန်ပါ) ပြောပေမဲ့ ခင်ဗျားတို့ မကြည့်မိဘူး၊ မကြည့်မိတော့ ဘာဖြစ်နေသတုံးဆိုတော့ ငါဆိုတဲ့ဒိဋ္ဌိရင်ထဲ ဝင်လာတယ်၊ မဝင်ပေဘူးလား (ဝင်ပါတယ် ဘုရား)။

ဪ ဒီဥစ္စာ ငါစားချင်တာပဲ၊ ခုနင်က ငါစားချင်တာပဲလို့ မလာဘူးလား (လာပါတယ် ဘုရား) ငါစားချင်တာပဲ ဆိုတော့ ငါဆိုတာ ဒိဋ္ဌိ၊ ဒိဋ္ဌိတွဲနေတယ်၊ ဒိဋ္ဌိဂတသမ္ပယုတ္တကိုး၊ ဒိဋ္ဌိဂတသမယုတ် လောဘမူစိတ်များမှာ လောဘနဲ့ ဒိဋ္ဌိက တွဲနေတယ် (မှန်ပါ ဘုရား)။

လောဘနဲ့ ဒိဋ္ဌိက တွဲနေတယ်

တွဲနေတော့ ဒိဋ္ဌိဆိုတဲ့ ပဋိစ္စသမုပ္ပာဒ်ကို သူ့ကိုခေါင်းတပ်ပြီး မဆိုတော့ဘဲ တဏှာကို ခေါင်းတပ်ပြီးဆိုလိုက် (မှန်ပါ) တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ဟော ကံကျအောင် သွားလိုက်တယ် (မှန်ပါ) အနိစ္စ လက္ခဏာကို မကြည့်လိုက်လို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံလာတယ် (မှန်ပါ) ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှင်းသည်ထက် ရှင်းအောင်ဆိုတော့ ဒိဋ္ဌိ၊ ဥပါဒါန်၊ ကံသဘောကျလား (ကျပါပြီ ဘုရား)။ ဒိဋ္ဌိ-အဲ။

ဒိဋ္ဌိပြီးတော့ ဒိဋ္ဌုပါဒါန်ဆိုတာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဒိဋ္ဌုပါဒါန်ဆိုတော့ “ဥပါဒါ ပစ္စယာ ကမ္မဘဝေါ” ဒီလိုသွားမှာကိုး (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဘုရား။

ဪ ဒါဟာ အနိစ္စလက္ခဏာကို မကြည့်မိလိုက်တဲ့အတွက် ဘာများဖြစ်သွားပါလမ့်မတုံးဆိုတော့ ပဋိစ္စသမုပ္ပာဒ် ဟာ ဒကာ ဒကာမတို့ အလယ်က ဖောက်ပြီး စလာတယ် (မှန်ပါ) အလယ်က ဖောက်စတယ်၊ အဝိဇ္ဇာက မစဘူး (မှန် ပါ) ဥပါဒါန်ကံကနေ စနေတယ် (မှန်ပါ ဘုရား)။

တဏှာ၊ ဥပါဒါန်၊ ကံကနေ စနေတော့ ဒကာ ဒကာမတို့ ဒီဥစ္စာ ခင်ဗျားတို့ ဘာလုပ်ထားသတုံးလို့ မေးဖို့မလို ဘူးလား၊ ကံပြုလုပ်ထားတယ်ဘုရား (မှန်ပါ) ကံလုပ်ထားတော့ ဘာလုပ်ဖို့တုံးလို့ မေးလို့ရှိရင်ဖြင့် အို ကံအမိ၊ ကံအဖ ကံစီမံရာ သွားမလို့ ကံလုပ်ထားတာ (မှိပါ) ဘယ့်နှယ်ဆိုကြမလဲ (ကံစီမံရာ သွားမလို့ ကံလုပ်ထားပါတယ် ဘုရား) ကံစံမံရာ သွားမလို့ ကံလုပ်ထားတာ (မှန်ပါ)။

ကံပေါင်း ဘယ်လောက်လုပ်သတုံး

ကောင်းပြီ၊ တစ်နေ့ ကံစီမံရာသွားဖို့ ကံပေါင်း ဘယ်လောက်လုပ်သတုံး သမ္မာဒိဋ္ဌိ မဝင်လို့ရှိရင် (မရေတွက်နိုင် ပါ ဘုရား) မရေတွက်နိုင်အောင် လုပ်တယ်ဆိုတော့ ဒကာ ဒကာမတွေ ကံတွေဟာ အများကြီး စုမိတယ်လို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဘယ်လောက်စုမိပါလိမ့်မလဲ (အများကြီးပါ ဘုရား) မရေတွက်နိုင်အောင် စုမိတယ်။

ကောင်းပြီ၊ ဘယ်သူက စုထားသတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) ဒီကံတွေဟာ လေလိုလွင့်သွား သလား၊ ပြာတွေကို ကောင်းကင်ယူပြီး ပစ်လိုက်တဲ့အခါ လေကနေ ယူဆောင်သွားလို့ ဒီနေရာမှာပြာမရှိသလို ဒီကံတွေဟာ လွင့်သွားဖို့ ကောင်းတယ် သူလဲ အနိစ္စတရားတွေပဲ၊ လွင့်သွားဖို့ ကောင်းတယ်လို့ ခင်ဗျားတို့မေးရင်ကောင်းတယ်နော် (မှန်ပါ ဘုရား)။

ဒီလိုယူပါတဲ့ ဒကာ ဒကာမတို့ ဒီကံတွေဟာ ပြာလိုလွင့်မသွားဘူး (မှန်ပါ) ဘာဖြစ်လို့တုံးဆိုတော့ သူ့ရှေ့နားက တဏှာတို့ ဥပါဒါန်တို့ မရှိဘူးလား (ရှိပါတယ် ဘုရား) တဏှာ၊ ဥပါဒါန်တို့က တစ်ခါတည်း သိမ်းဆည်းထားတယ် (မှန်ပါ ဘုရား)။

တဏှာ၊ ဥပါဒါန်နှစ်ခုဟာ ဘာလုပ်ပြီးထားသတုံး (သိမ်းဆည်းထားပါတယ် ဘုရား) သိမ်းဆည်းထားတယ်၊ ဒါဖြင့် တဏှာ၊ ဥပါဒါန်တို့က သိမ်းဆည်းပြီး သကာလ ထားတော့ တဏှာမချုပ်သရွေ့ ကံမချုပ်ဘူး သဘောကျကြပလား (ကျပါပြီ ဘုရား) တဏှာမချုပ်သရွေ့ (ကံမချုပ်ပါဘူး ဘုရား)။

ဒါဖြင့် တဏှာမချုပ်သရွေ့ ကံမချုပ်တော့ကို တဏှာက ကျုပ်တို့ သန္တာန်မှာ အနုသယသဘောနဲ့ ကိန်းမ နေဘူးလား (ကိန်းနေပါတယ်) ကိန်းနေတော့ ခင်ဗျားတို့က စုထားတဲ့ကံလေးတစ်ကံကို တဏှာဥပါဒါန်တို့က လွှတ်ပေး လိုက်တယ်၊ ငရဲအိုးတစ်ခု လွှတ်ပေးလိုက်တယ် (မှန်ပါ) ဟိုကံ ကုန်ပလား အကျိုးပေးကုန်လို့ရှိရင် သူစုထားတဲ့ကံတစ်ကံ လွှတ်ပြန်တာပဲ (မှန်ပါ) သူက စုသမားကိုး (မှန်ပါ ဘုရား)။

အပ်ချုပ်သမားနှင့် တူ၏

ဒါကြောင့် “တဏှာ သိဗ္ဗိနီ” လို့ အင်္ဂုတ္တိုရ်မှာ ဟောတော်မူတယ်၊ တဏှာ-တဏှာသည်၊ သိဗ္ဗိနီ-အပ်ချုပ်သမားနှင့် တူ၏ကွတဲ့၊ တစ်ခါတည်း အဆက်မပြတ်အောင် ဆက်စပ်ပြီး သကာလ ထားတယ်ကွ (မှန်ပါ) သဘောကျပလား (ကျပါပြီ) စုဆောင်းထားတယ်ကွ (မှန်ပါ) ခင်ဗျားတို့ ကံတွေကို အဟောသိကံမဖြစ်ဘဲ ပြာလို လေထဲလွင့်မသွားရအောင် တဏှာ ဥပါဒါန်က ဒကာကြွယ် အမြဲစုထားတယ် (မှန်ပါ ဘုရား)။

ဒီတစ်ခါ ငရဲကျအောင် ပေးလိုက်၊ နှစ်ပေါင်း ငါးရာ တစ်ထောင်ငရဲကျနေပြီ၊ ကဲ ကံလွတ်ပြီးလာပြီဆိုတော့ ဒကာသစ် တက်နိုင်ပါ့မလားလို့မေးတော့ ဟိုက တက်မည့်ကြံတော့ ကံကုန်ခါနီး ဒီက တစ်ကံကို လွှတ်ပြန်တာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဟိုကနှစ်ပေါင်း ငါးရာတစ်ထောင် ခံပြီးပြန်ပြီ၊ ဒကာကြွယ်၊ ဒကာအုန်းတို့ ကုန်းပလား (မကုန်သေးပါ) ဘယ်သူက လွှတ်နေသတုံး (တဏှဥပါဒါန်က လွှတ်နေပါတယ် ဘုရား) နိဂိုက သူစုထားတာကိုး၊ သူစုထားတော့ သူက၊ ကုန်ရင်း လွှတ်ပေးရင်း ကုန်ရင်း လွှတ်ပေးရင်းဆိုတော့ ကျုပ်တို့ တက်ခွင့်ကော ပါရဲ့လား (မပါပါ ဘုရား)။

ကောင်းပြီ ဒီကံတွေ စုထားတာ ဘယ်သူတုံးသာ လက်သည်ရှာ (တဏှာ ဥပါဒါန်ပါ ဘုရား) တဏှာ ဥပါဒါန်သည် ကားလို့ဆိုရင် အပ်ချုပ်သမားတဲ့၊ သူသည်ကားလို့ဆိုရင် တစ်ခါတည်း ဒီဟာတွေကို မပျောက်မပျက်ရအောင် ဟိုအဝတ်နဲ့ ဒီအဝတ်နဲ့ ကွဲမသွားရအောင် တစ်ခါတည်း သူကနေပြီး ဆက်စပ်ထားသလို ဟိုဘဝနဲ့ ဒီဘဝ ကွဲမသွားရအောင် တဏှာက ဆက်စပ်ထားတယ်၊ ပျောက်ပျက်သွားအောင် လုပ်ရဲ့လား (မလုပ်ပါ ဘုရား)။

သမ္မာဒိဋ္ဌိမဂ္ဂင်ကို ဒီကြားကနေပြီး သွင်းလိုက်

အဲဒီတော့ ခင်ဗျားတို့ အခုအရေးကြီးနေတာက သမ္မာဒိဋ္ဌိရှိဖို့ ဆရာဘုန်းကြီးက ပြောနေတယ် (မှန်ပါ) အမှန်အကန်မြင်တာ ဘာတဲ့ (သမ္မာဒိဋ္ဌိပါ ဘုရား) အဲ သမ္မာဒိဋ္ဌိမဂ္ဂင်ကို ဒီကြားကနေပြီး သွင်းလိုက်မှ ဒီတဏှာ ဥပါဒါန်က ချုပ်မှာ (မှန်ပါ) သိမ်းဆည်းထားတဲ့လူ ချုပ်သွားတော့ကို သိမ်းဆည်းတဲ့လူမှ မရှိဘဲနဲ့ ဒီကံ အထုပ်ကြီးဟာ ပျောက်ရမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ကုသလာကုသလံ ဇဟံ” ကုသိုလ်နှင့်အကုသိုလ်နှစ်ခုစလုံးကို စွန့်တော်မူတယ်လို့ဆိုရတာ၊ ကုသိုလ် အကုသိုလ်နှစ်ခုစလုံးကို စွန့်တော်မူကြလို့ ဘုရားရဟန္တာဖြစ်တော် မူလာကြတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဝဋ္ဋကုသိုလ်ကံတွေကိုလဲ တဏှာဥပါဒါန်က ချုပ်ထားတာပဲ (မှန်ပါ) အပါယ် သွားမည့် အကုသိုလ်တွေကိုကော (တဏှာဥပါဒါန်က ချုပ်ထားပါတယ်) အဲဒီတော့ စုထားတဲ့လူကို ခင်ဗျားတို့က မဂ်နဲ့ သတ်နိုင်ရင်သတ်၊ မသတ်နိုင်ရင် ဒီကံက အဟောသိကံ ဖြစ်မယ်မဟုတ်ဘူး (မှန်ပါ) ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဒါကြောင့် သစ္စာလေးပါး ဟောတော့ကို သမုဒယသစ္စာသေရင် ဟောဒီကံတွေ အကုန်သေတယ်လို့ဆိုတာ (မှန်ပါ) ဒါက သမုဒယသစ္စာ (မှန်ပါ) သူသေရင် ကံတွေ ဘယ့်နှယ်နေသတုံး (သေပါတယ် ဘုရား) ဒါဖြင့် ကံသတ်ရမှာ လား၊ သမုဒယသစ္စာ သတ်ရမှာလား (သမုဒယသစ္စာ သတ်ရမှာပေါ့) အဲ- သမုဒယသစ္စာကို သတ်လိုက်လို့ရှိရင် ဒကာ ဒကာမတို့ လိုရာကိစ္စပြီးတယ် (မှန်ပါ ဘုရား)။

ဒီဥစ္စာတွေသည်ကားလို့ဆိုရင် သတ်ဆိုတာက ရှိပြီးသား သတ်ရမှာလား မရှိတာ သတ်ရမှာလားလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) မေးဖို့လိုတော့ကို ဒကာ ဒကာမတို့ သတ်ဆိုတဲ့တရားသည်ကားလို့ဆိုလို့ရှိရင်ဖြင့် အကြောင်းတိုက်ဆိုင်လို့ရှိရင်ဖြင့် မဂ်မလာလို့ရှိရင် ကျုပ်တို့သန္တာန်မှာ တဏှာဥပါဒါန်က စုထားတဲ့ကံပေါင်းက ရေတွက် နိုင်ရဲ့လား (မရေတွက်နိုင်ပါ ဘုရား) အခု မြင်ရသလားလို့ မေးပြန်တော့လဲ (မမြင်ရပါ ဘုရား)။

မမြင်ရပေမဲ့လို့ မရှိဘူး လားလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် တဏှာဥပါဒါန်က စုထားတဲ့အတွက် ကံဒြပ် အထည်တွေ ချုပ်ပျောက်ပြီး နေငြား သော်လဲ သတ္တိတွေက ရှိတယ် (မှန်ပါ) အထည်တော့ ချုပ်တယ်တဲ့၊ သတ္တိကတော့ (ရှိပါတယ်) သတ္တိက ပျောက်မသွားတာ ဘယ်သူ့ကြောင့် ပျောက်မသွားတာတုံးဆိုတော့ ရိပ်မိကြပလား (ရိပ်မိပါပြီ) တဏှာဥပါဒါန် ရှိနေလို့ (မှန်ပါ ဘုရား)။

လက္ခဏာကို မြင်အောင် ကြည့်လိုက်စမ်း

ဒါဖြင့် ဝိပဿနာဉာဏ်နဲ့ ရှေ့ကအနိစ္စနဲ့ လက္ခဏာကို မြင်အောင် ကြည့်လိုက်စမ်း မြင်အောင် ကြည့်လိုက်တော့ ဒါဟာ ဘာဒိဋ္ဌိဖြစ်သွားတုံး (သမ္မာဒိဋ္ဌိပါ ဘုရား) သမ္မာဒိဋ္ဌိ ဖြစ်သွားတော့ ဒကာ ဒကာမတို့ ဒီအပေါ်မှာ သက္ကာယစွဲ ငါကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ငါ့ဥစ္စာကော (မရှိပါ ဘုရား)။

ဒီအပေါ်မှာ မရှိတော့ကို ဒကာ ဒကာမတို့ သူဝင်လိုက်တဲ့အတွက် သူတို့ဝင်ခွင့်မရဘူး (မှန်ပါ) ရသေးရဲ့လား (မရပါ ဘုရား) နို့မဟုတ်ရင် သူတို့နှစ်ခုက ငါ ငါ့ဥစ္စာ လုပ်မယ် (မှန်ပါ) အဲဒီတော့ စုထားတတ်တဲ့တရားကို သတ်လိုက် ပါတယ် (မှန်ပါ) စုထားတတ်တဲ့တရားကို သတ်လိုက်တော့ စုပြီးသားတွေက အလကားဖြစ်သွားတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စုထားတတ်တဲ့တရားကို သတ်လိုက်တဲ့အတွက် စုပြီးသားပစ္စည်းတွေ ဘာဖြစ်သွားသတုံး (အလကားဖြစ်သွား ပါတယ်)။

ဘုန်းကြီး လုံလောက်အောင် ပြောပြပါ့မယ် ဝေဿန္တရာမင်းလက်ထက်က လှူလိုက်တဲ့ အလှူကြီးဟာ အကျိုးသာ ပေးနေမယ်ဆိုလို့ရှိရင် ဘုရားကို မဖြစ်ဘူး၊ စိတ်ချ (မှန်လှပါ ဘုရား) ပေးလို့ လက်စတောင် သတ်မှာမဟုတ်ဘူး၊ လူပြည့် နတ်ပြည်တွေ အကျိုးပေးလို့ ကုန်နိုင်ပါ့မလား (မကုန်နိုင်ပါ ဘုရား) သို့သော် ဘာဖြစ်လို့ ကုန်သွားပါလိမ့်မတုံး လို့ ဘုရားအဖြစ်သို့ရောက်ပြီး နိဗ္ဗာန်ဝင်သွားပါလိမ့်မလဲလို့ မေးဖို့မလိုဘူူးလား (လိုပါတယ်) စုထားတဲ့တရားတွေ ဗောဓိ ပင်နဲ့ ရွှေပလ္လင်ရင်းမှာ တဏှာ ယောကျာ်း လက်သမားကို သတ်ပစ်လိုက်တယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာယောကျ်ား လက်သမားကို

တဏှာယောကျ်ား လက်သမားကို သတ်လိုက်တဲ့အတွက် ဝဋ္ဋဖြစ်တဲ့ဝဋ်ထဲ လည်ရမယ့် အကုသိုလ်ကံတွေကော (ကုန်ပါတယ်) ဒါကြောင့် ခင်ဗျားတို့ သင်ခဲ့ရတဲ့ နမက္ကာရ ဘုရားရှိခိုးမှာ ကုသလာကုသလံ ဇဟံ၊ ကုသိုလ်နဲ့ အကုသိုလ် စွန့်ပယ်တော်မူတယ်လို့ ဒါ့ကြောင့် ပြောတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူ့ကို စွန့်တာလားတဲ့၊ စင်စစ်တော့ စုထားတဲ့အကြောင်းကို သတ်ပစ်လိုက်လို့ သူ့ကို စွန့်ပြီးသား ဖြစ်သွားတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကံနဲ့ ကိလေသာ ဘယ်ဟာ ကြောက်စရာအကောင်းဆုံးလဲ (ကိလေသာက ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ဒါကြောင့် စဉ်းစားကြည့်ပါလား၊ ဝဋ်သုံးပါးကျတော့ သူ့ကို ဘာဝဋ်ဆိုကြမလဲ (ကိလေသဝဋ်ပါ ဘုရား) ဒီကံတွေ က (ကမ္မဝဋ်ပါ ဘုရား) ပြီးတော့မှ ငရဲတွေ ဘာတွေ (ဝိပါကဝဋ်ပါ ဘုရား) ဒါဖြင့် သူက ရေသောက်မြစ်ပါလား (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ရေသောက်မြစ် ဖြတ်လိုက်လို့ရှိရင်ဖြင့် အလယ်ပင်လုံးကြီးကတော့ ထပြီး အညွန့်ပေါက်ဖို့ မရှိဘူး (မရှိပါ ဘုရား) ရှိသေးရဲ့လား (မရှိပါ ဘုရား) ကဲ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ အရှုခိုင်းတဲ့ အချက်ကလေးဟာက ဝဋ်ပြတ်အောင် လုပ်နေတာကိုး ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) သမ္မာဒိဋ္ဌိသာ ခင်ဗျားတို့ မလာဘူးဆိုရင် မိစ္ဆာဒိဋ္ဌိက နောက်ကလိုက်မလို့ (မှန်ပါ) မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

စားချင်တဲ့စိတ်ကလေးဟာ ဘာတုံး

ဒါဖြင့် ဒကာ ဒကာမတို့ ရှေ့ပိုင်းက စားချင်တဲ့စိတ်ကလေးဟာ ဘာတုံး (အနိစ္စပါ ဘုရား) ဉာဏ်နဲ့ကြည့် လိုက်စမ်း၊ နောက်က ဟောဒီ ဒီဉာဏ်နဲ့ (မရှိတော့ပါ ဘုရား) မရှိတဲ့လက္ခဏာကလေး မတွေ့ရဘူးလား (တွေ့ရပါတယ်) ဘာတွေ့သတုံး (အနိစ္စလက္ခဏာတွေ့ပါတယ် ဘုရား) ဘာနဲ့တွေ့သတုံးလို့မေးတော့ (သမ္မာဒိဋ္ဌိနဲ့ တွေ့ပါတယ် ဘုရား) သမ္မာဒိဋ္ဌိနဲ့တွေ့တော့ မိစ္ဆာဒိဋ္ဌိတွေက ငါစားချင်တာလို့ လိုက်မည့် ဒိဋ္ဌိတွေက သေကုန်တယ် (မှန်ပါ ဘုရား)။

ဒိဋ္ဌိသောတော့ ဒိဋ္ဌုဥပါဒါန်ကကော မသေဘူးလား (သေပါတယ် ဘုရား) သေတော့ ဥပါဒါနပစ္စယာ ကမ္မဘဝေါက လာချင်လို့ကော (မရပါ ဘုရား) ဟော ကံလဲ မလာတော့ ကမ္မဘဝပစ္စယာ ဇာတိဆိုတဲ့ ဒုက္ခတွေကော (မလာတော့ပါ ဘုရား) ဪ ဒါဖြင့် လက္ခဏာမြင်မှုဟာ နောက်ကဒိဋ္ဌိကိုလဲ သေစေပါကလား (မှန်ပါ) ကိလေသဝဋ် လဲ ဖြတ်မှုပါကလား (မှန်ပါ ဘုရား) ကမ္မဝဋ်ကော (ဖြတ်ပါတယ် ဘုရား) ဝိပါကဝဋ်ကော (ဖြတ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒိဋ္ဌဓမ္မ အကျိုးပေးတာပါကလားဆိုတော့ မဂ်ဟာ အကာလိကောဆိုတော့ သူလဲဝင်ရော သူလဲထွက် ကရော၊ သမ္မာဒိဋ္ဌိလဲ ဝင်ရော မိစ္ဆာဒိဋ္ဌိလဲ ထွက်ကရော (မှန်ပါ) သူမဝင်ရင်တော့ သူတက်လာမှာပဲ (မှန်ပါ) ဒါကို အနိစ္စသာ မမြင်လို့ရှိရင် ဒိဋ္ဌိဝင်တာပဲ၊ တစ်ခါတည်း ဒီဥစ္စာ ငါစားချင်တယ်ဆိုလို့ရှိရင် ဒီ ဒိဋ္ဌိက ဝင်လာတာပဲ (မှန်ပါ)၊

ခုနင်က စားချင်တာကလေးက ငါပဲလို့ သူက လုပ်ပစ်လိုက်တယ် (မှန်ပါ) တစ်ခါတည်း ဒိဋ္ဌုပါဒါန်ကော မလာဘူးလား (လာပါတယ်) ငါစားချင်တာ ကြာလှပြီဆိုတဲ့ ဒိဋ္ဌုပါဒါန်ကြီးက မရှိဘူးလား (ရှိပါတယ် ဘုရား) ဒိဋ္ဌုပါဒါန်ဆို တော့ ဥပါဒါန်မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ) ကမ္မဘဝေါဆိုတော့ ကာယကံ ဝစီကံနဲ့ တစ်ခါတည်း ပုံဂဆေးလိုဆေး၊ အိုးခွက်ရှိတဲ့ဆီ သွားလိုသွား (မှန်ပါ) မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီဟာ မဂ်ဉာဏ်မဝင်နိုင်သေးသရွေ့ကာလပတ်လုံး ဒိဋ္ဌုပါဒါန်နဲ့ ကံတွေဟာ လိုက်နေမှာပဲ (မှန်ပါ ဘုရား)။

ကဲ မဂ်ဉာဏ်ကလေးနဲ့ ဒကာ ဒကာမတွေက အနိစ္စ၏လက္ခဏာကို မဂ်ဉာဏ်က မြင်လိုက်ပြီဗျာ၊ ဒိဋ္ဌုပါဒါန် ကစပြီး မချုပ်ဘူးလား (ချုပ်ပါတယ်) သေချာပလား (သေချာပါပြီ) ဒါဖြင့် ဒိဋ္ဌိသတ်ဆိုတာ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

သောတာပန်တည်ချင်ရင် ဘာကိုသတ်ရမလဲ

ဒါဖြင့် သောတာပန်တည်ချင်ရင် ဘာကိုသတ်ရမလဲ (ဒိဋ္ဌိကို သတ်ရပါမယ်) ဒိဋ္ဌိသတ်ရမယ်ဆိုတာ ပေါ်မလာ ဘူးလား (ပေါ်လာပါတယ် ဘုရား)၊ ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်စိတ်ပေါ်ပေါ် ပေါ်လာတာ ဘာပါလိမ့် (အနိစ္စပါ ဘုရား) ဉာဏ်နဲ့ကြည့်လိုက်တော့ (မရှိတာက လက္ခဏာပါ ဘုရား) ပေါင်းလိုက်စမ်းပါ (အနိစ္စလက္ခဏာပါ) ဒါဖြင့် ရှေ့ပိုင်းက အနိစ္စ လက္ခဏာ၊ နောက်ပိုင်းက မရှိတာကို သိတာက ဘာတုံး (သမ္မာဒိဋ္ဌိပါ) ဒါဖြင့် အနိစ္စလက္ခဏာနောက်က သမ္မာဒိဋ္ဌလိုက်သောကြောင့် သက္ကာယဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ) ဒိဋ္ဌိပြုတ်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ) ကောင်းပြီ၊ ဒိဋ္ဌိပြုတ်ရင် သောတာပန် တည်ရမယ် (မှန်ပါ ဘုရား)၊ မတည်နဲ့ဆိုလို့ (မရပါ ဘုရား) မရဘူးဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာကို ရှုပေးကြပါ၊ မရှုဘဲနဲ့ ဒိဋ္ဌိပြုတ်တယ်ဆိုတာကတော့ အလကား ပြောနေတာ လို့သာ မှတ်ပေတော့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဒီတော့ ဘယ်တရား ပေါ်လာလာ ပေါ်လာတာက အနိစ္စ၊ ကြည့်လိုက်လို့ မရှိတာက အနိစ္စလက္ခဏာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်တရားပေါ်လာလာ၊ ပေါ်လာတာက ဒုက္ခ၊ ကြည့်လိုက်လို့ မရှိတာက (လက္ခဏာပါ ဘုရား)၊ အဲ ဒုက္ခလက္ခဏာ (မှန်ပါ)။

လက္ခဏာမြင်မှ အမှန်ရောက်မယ်

ဘယ်တရားပေါ်လာလာ၊ ပေါ်လာတာက အနတ္တ၊ ကြည့်လိုက်တဲ့အခါ မရှိတာက (လက္ခဏာပါ ဘုရား) လက္ခဏာပေါ်လာတယ်၊ အနတ္တလက္ခဏာ၊ ဒါဖြင့် လက္ခဏာမြင်မှ အမှန်ရောက်မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

လက္ခဏာ မြင်လိုက်တော့ကို ငါဆိုတာကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ငါ့ဥစ္စာကော (မရှိတော့ပါ ဘုရား) ဒါဖြင့် အတ္တနဲ့ အတ္တနိယ မပြုတ်ဘူးလား (ပြုတ်ပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် မနေ့က ဝတ္တုကို နည်းနည်း ပြန်ဆက်ကြစို့၊ ဒကာ ဒကာမတို့နော် (မှန်ပါ ဘုရား)။

ရှင်ခေမကဝတ္ထု

ရှင်ခေမကက ဇီးတောကျောင်းမှာ သီတင်းသုံးနေတယ် ဒကာ ဒကာမတို့ ရဟန်းကြီးခြောက်ဆယ်က ကောသမ္ဗီပြည်မှာနေတယ်၊ အဲဒီတော့ ရှင်ဒါသကဆိုတဲ့ သီတင်းငယ်ရဟန်းကို ရှင်ခေမကဆီကို သွားစမ်းပါကွာ၊ သတင်း မေးချေစမ်းပါ၊ ကျန်းမာပါရဲ့လား၊ ချမ်းသာပါရဲ့လားဆိုပြီး ရဟန်းကြီး ခြောက်ဆယ်က ဒါသကဆိုတဲံ အငယ်ဆုံးရဟန်းကို အမေးမလွှတ်လိုက်ဘူးလား (လွှတ်လိုက်ပါတယ် ဘုရား)၊ လွှတ်လိုက်တော့ ဟိုက ရှင်ခေမကဆီရောက်သွားတယ်၊ ရောက်တဲ့ အခါကျတော့ အရှင်ဘုရား ရဟန်းကြီးခြောက်ဆယ်က အမေးခိုင်းပါတယ်ဘုရား၊ ကျန်းမာပါရဲ့လား ချမ်းသာပါရဲ့လား ဆိုတော့ ဟာ – ငါ မကျန်းမာဘူးကွ၊ မချမ်းသာဘူးကွ၊ ဝေဒနာတွေက ရှေ့သာတိုးနေတယ်၊ နောက်မဆုတ်ဘူးကွလို့ မင်း ရဟန်းကြီးခြောက်ဆယ်ကို လျှောက်ထားပါဆိုတော့ ပြန်လာပြီး လျှောက်ထားတယ် (မှန်ပါ) အသွားတစ်ခေါက် အပြန်တစ်ခေါက် ဖြစ်သွားတာပေါ့ဗျာ (မှန်ပါ ဘုရား)။

ဒါနဲ့ ရဟန်းကြီးခြောက်ဆယ်က ဒါသက သွားချေပါဦးကွာ၊ ဒုတိယခေါက် သွားချေပါဦး ဆိုပြီး တိုက်တွန်းလိုက် ပါတယ်၊ တိုက်တွန်းလိုက်လို့ သွားတဲ့အခါကျတော့ ရဟန်းကြီးတွေက ဒုတိယခေါက် သင်လွှတ်လိုက်တယ်၊ မင်းသွားတဲ့အခါ ရှင်ခေမာက ခန္ဓငါးပါးရှိတယ်၊ အဲဒီဥစ္စာကို ငါ၊ ငါ့ဥစ္စာများ စွဲသေးသလားလို့ မေးခဲ့ပါဆိုတော့ ရှင်ဒါသကလဲ ဒုတိယ အခေါက်သွားရပြန်တယ် (မှန်ပါ) ဟာ မင်းလာရပြန်ပလား၊ ဘာများရဟန်းကြီးတွေက လျှောက်ခိုင်းသတုံးလို့ မေးတော့၊ အရှင်ဘုရား ခန္ဓာငါးပါးရှိပါသတဲ့ ဘုရားဟောထားတာ၊ အဲဒါကို ငါ၊ ငါ့ဥစ္စာများ စွဲသေးသလားလို့ မေးခိုင်းပါတယ် ဘုရား၊ အေးကွာ ဘုရားဟောတာတော့ ခန္ဓာငါးပါးရှိတာပဲ၊ သို့သော် ငါ၊ ငါ့ဥစ္စာတော့ မစွဲဘူးလို့ လျှောက်လိုက်စမ်းပါဆို တော့ သူအနာဂါမ်၊ အနာဂါမ် တည်တယ်ဆိုတဲ့အကြောင်းကို ပြောလိုက်တာပါပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ) နှစ်ခေါက်ရှိ သွားပြီနော် (မှန်ပါ ဘုရား)။

ငါ ငါ့ဥစ္စာ မစွဲပါဘူးတဲ့

အဲဒီမှာ ရဟန်းကြီးတွေကို သွားလျှောက်တော့ ရဟန်းကြီးတွေက ဒါသက ဘယ့်နှယ်ဖြေလိုက်သတုံးဟေ့ ခန္ဓာငါးပါးပေါ်၌ ငါ ငါ့ဥစ္စာ မစွဲပါဘူးတဲ့ဘုရားဆိုတော့ ဒါဖြင့်ကွာ သွားမေးချေစမ်းပါဦးကွာ၊ အရှင်ဘုရား ခန္ဓာငါးပါးကို ငါ ငါ့ဥစ္စာမစွဲလို့ရှိရင် အရှင်ဘုရား ရဟန္တာဖြစ်ပြီလားဆိုတာ သေသေချာချာ မေးခဲ့စမ်းပါဆိုပြီး လွှတ်လိုက်တော့ တတိယအခေါက် မသွားရဘူးလား (သွားရပါတယ် ဘုရား)။

ဒါနဲ့ သွားတဲ့အခါကျတော့ ရှင်ခေမကနဲ့သွားတွေ့ပြန်တယ်၊ တွေ့တဲ့အခါကျတော့ ရဟန်းကြီးခြောက်ဆယ်က အမေးလွှတ်ပြန်ပါတယ်ဘုရား၊ အရှင်ဘုရားက ခန္ဓာငါးပါးကို ငါ ငါ့ဥစ္စာမရှိတော့ဘူး သက္ကာယဒိဋ္ဌိပြုတ်ပြီလို့ ပြော လိုက်တဲ့အတွက် ဒီလို ငါ ငါ့ဥစ္စာမစွဲလို့ရှိရင် ရဟန္တာ ဖြစ်ပြီလားလို့ကို အမေးခိုင်းလိုက်ပါတယ်ဘုရားလို့ လျှောက်တော့ ကဲကွာ မင်း ရဟန်းကြီးတွေကို လျှောက်ထားပါ၊ ခန္ဓာငါးပါးကိုတော့ ငါ င့ါဥစ္စာလို့တော့ မစွဲပါဘူးတဲ့၊ အနိစ္စလက္ခဏာကို ငါမြင်တယ်တဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဒုက္ခ လက္ခဏာကို (မြင်ပါတယ် ဘုရား) အနတ္တလက္ခဏာကို (မြင်ပါတယ် ဘုရား)။

ရဟန္တာလဲ မဟုတ်သေးဘူး

အနိစ္စနဲ့ လက္ခဏာက အနိစ္စလက္ခဏာ၊ မြင်တာက သမ္မာဒိဋ္ဌိ (မှန်ပါ) အဲဒါ သမ္မာဒိဋ္ဌိတော့ ဖြစ်နေပြီ၊ သောတာပန်တည်ပြီလို့ ပြောလိုက်တာ (မှန်ပါ) သို့သော်လဲတဲ့ ငါ ငါ့ဥစ္စာလို့တော့ မစွဲပါဘူးတဲ့၊ ငါ ငါ့ဥစ္စာလို့ မစွဲတာလဲ အမှန်ပါပဲ၊ သို့သော် ရဟန္တာလဲ မဟုတ်သေးဘူးလို့ လျှောက်ထားချေပါဦးဆိုပြီး ပြန်လွှတ်လိုက်တယ် ဒကာသစ်ရ (မှန်ပါ)။

အဲဒီမှာ ပြန်သွားလို့ ရောက်တော့၊ ဘယ့်နှယ်တုံးလို့ ရဟန်းကြီး ခြောက်ဆယ်က မေးကြတော့၊ ဟာ ခန္ဓာငါးပါး တော့ ငါ ငါ့ဥစ္စာလို့တော့ မစွဲပါဘုရား၊ အနိစ္စနဲ့လက္ခဏာကို သူ အမှန်အကန်မြင်လို့ သမ္မာဒိဋ္ဌိတော့ ရပါသတဲ့ (မှန် ပါ) သို့သော်လဲ ရဟန္တာတော့ မဟုတ်သေးဘူး၊ သူ သောတာပန် သကဒါဂါမ် အနာဂါမ်တည်တယ်လို့ သေချာပြောတယ် (မှန်ပါ) ရဟန္တာတော့ ဖြစ်ပလား (မဖြစ်သေးပါ ဘုရား)။ ရဟန္တာတော့ မဖြစ်သေးဘူးဆိုတာ သူပြောလိုက်တယ်။

ဒါဖြင့် တစ်ခါ သွားချေပါဦး၊ ရဟန္တာမဖြစ်သေးဘူးဆိုလို့ရှိရင် ခန္ဓာငါးပါးအပေါ်၌ အရှင်ဘုရားသည်ကားလို့ ဆိုရင် ငါ ငါ့ဥစ္စာမစွဲဘူး၊ ရဟန္တာလဲ မဖြစ်သေးဘူးဆိုလို့ရှိရင် ခန္ဓာငါးပါးအနက် ရုပ်ကို ငါ ငါ့ဥစ္စာ မစွဲတာလား၊ သို့ မဟုတ် ရုပ်မှတစ်ပါးကို ငါ ငါ့ဥစ္စာ မစွဲတာလား စသည်နဲ့ သွားမေးချေပါဦးလို့ ခိုင်းလိုက်ပြန်တယ် (မှန်ပါ ဘုရား)။

ဒါနဲ့ ဒါသက သွားမေးတဲ့အခါမှာ ဒကာ ဒကာမတွေ မှတ်ထားကြပါ၊ ခန္ဓာငါးပါးအနက် အသီးသီး တစ်ပါးစီ တစ်ပါးစီ ငါ ငါ့ဥစ္စာ စွဲမှုမရှိတော့ပါဘူး၊ သဘောကျပလား (ကျပါပြီ) ငါ ငါ့ဥစ္စာတော့ စွဲလမ်းမှု တကယ်တော့ မရှိပါ ဘူး၊ သို့သော်လဲ ငါလိုလိုထင်နေတဲ့ အမြင်ကလေးတော့ ရှိသေးတယ် (မှန်ပါ) ဒါကလေး မနေ့ကလဲ ပါသွားပါပြီ မာန ငါကလေးတော့ ကျန်နေသေးတယ် (မှန်ပါ) ဒိဋ္ဌိ ငါမကျန်တော့ဘူး (မှန်ပါ) ဒါကို သူဖြေလိုက်တာ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ငါလိုလိုတော့ ထင်နေသေးတာပဲ

ဘာကျန်နေတာတုံး (မာန ငါကလေး ကျန်နေသေးပါတယ် ဘုရား) ဒိဋ္ဌိ ငါတော့ (မကျန်တော့ပါ ဘုရား) ခန္ဓာငါးပါးအပေါင်းကိုတော့ ငါလိုလိုတော့ ထင်နေသေးတာပဲတဲ့၊ တကယ်ရှုလိုက်တဲ့ အခါကျတော့ ဪ ဒီဥစ္စာ ငါတော့ မဟုတ်ပါဘူး ဆိုတာကို သေသေချာချာ သူမြင်ပါတယ် (မှန်ပါ) ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာကို သူ ဧကန် မြင်ပါတယ်၊ သို့သော် ပေါင်းနေတဲ့အခါကျလို့ ရှိရင်ဖြင့် ငါလိုလိုတော့ ထင်နေသေးတာပဲ။

ဒါကလေး သူဖြေလိုက်တော့ ဒါသကက သွားပြောတယ်၊ အရှင်ဘုရားတို့ ခန္ဓာငါးပါးကို ငါ ငါ့ဥစ္စာတော့ မစွဲပါဘူး၊ သို့သော်လဲ ဒီခန္ဓာငါးပါး အပေါင်းကြီးကိုတော့ဖြင့် ငါလိုလိုထင်တဲ့ အရိပ်ကလေးတော့ ရှိသေးတယ်လို့ ပြောလိုက်ပါတယ် (မှန်ပါ ဘုရား)။

ဒါနဲ့ပဲ ဒါသကရေ သွားချေပါဦးကွာလို့ လွှတ်လိုက်ကြပြန်တယ်၊ ရဟန်းကြီးခြောက်ဆယ်က တရားနာတာနော် (မှန်ပါ) ရှင်ခေမက ဖြေတာကို ဟိုကနေပြီး တရားနာနေတယ်လို့ မှတ်ရမယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ငါ ငါ့ဥစ္စာ စွဲလမ်းမှုမရှိဘူးလို့ ဒီက ရှင်ခေမကက ပြောလိုက်တော့ ဟိုပုဂ္ဂိုလ်တွေကလဲ ခန္ဓာငါးပါး ကို အနိစ္စလက္ခဏာကို မြင်အောင် သူတို့ဟာ သူတို့ ကြည့်ပြီး သကာလ နေတဲ့အတွက် ရှင်ခေမက သင်တဲ့အတိုင်းကြည့် ပြီး သူတို့လုပ်တဲ့အတွက် ရဟန်းကြီးခြောက်ဆယ် သောတာပန် တည်ကြတာပဲ။ ဒီက အပြန်မှာ သောတာပန်တည်တာပဲ (မှန်လှပါ ဘုရား)။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ကျအောင် တည်ကြတယ် (မှန်ပါ)။

ရုပ်တရားကို ငါလိုလို ထင်တာလား

ဒါနဲ့ ရှင်ဒါသက တစ်ခေါက်လာရပြန်ပြီ၊ အရှင်ဘုရား ခန္ဓာငါးပါးကိုတော့ ငါ့ဥစ္စာလို့ မစွဲလမ်းဘူးဆိုတဲ့ အဓိပ္ပာယ်ကို အရှင်ဘုရားပြောပါပြီ၊ ငါလိုလို ထင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ရဟန်းကြီးတွေက အမေးခိုင်းပါတယ်၊ အရှင်ဘုရားဟာ ရုပ်တရားကို ငါလိုလို ထင်တာလား သို့မဟုတ် ရုပ်မှတစ်ပါးကို ငါလိုလိုထင်တာလား၊ အဲဒါကို အမေးခိုင်းပြန်တယ်ဘုရား (မှန်ပါ ဘုရား)။

ကိုင်း မင်းလဲ အခုလာရတာ လေးခေါက်တောင် ရှိနေပြီတဲ့၊ ငါကိုယ်တိုင်လဲ လိုက်ပြီး ဖြေပါတော့ မယ်ကွာ၊ တောင်ဝှေးကလေး ဘာလေးယူခဲ့၊ မင်းနဲ့ငါ သွားရအောင်ဆိုပြီး ရဟန်းကြီး ခြောက်ဆယ်ရှိရာကို သွားကြပါတယ် (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ သဒ္ဓါတရားကလဲ ကောင်းတယ်၊ ဒီအချိန်မှာ ဟောမည့်ပုဂ္ဂိုလ်က အနာဂါမ်တည်ပြီး သားနော် (မှန်ပါ ဘုရား)၊ ဟိုမှာလဲ အနာဂါမ်တည်နှင့်နေပြီ၊ ရဟန္တာဖြစ်ဖို့ လမ်းစဉ်ကိုပဲ ပြောကြမှာပဲလို့ မှတ်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ခန္ဓာငါးပါး အပေါင်းကြီး ကျတော့

ဒါနဲ့ တောင်ဝှေးထောက်ပြီး သွားတဲ့အခါကျတော့ ရဟန်းကြီး ခြောက်ဆယ်နဲ့တွေ့ကြတာပေါ့ဗျာ (မှန်ပါ) တွေ့ကြတော့ ငါ့ရှင် ငါတို့ မေးပါရစေ၊ ငါ့ရှင်က ခန္ဓာငါးပါးကို ငါရယ်လို့တော့ တကယ်မစွဲလမ်းတော့ပါဘူး၊ တစ်ပါးပါးကို ငါရယ်လို့တော့ တကယ်မစွဲလန်းတော့ပါဘူး၊ တစ်ပါးပါးကို ငါရယ်လို့တော့ မယူတော့ပါဘူး၊ ခန္ဓာငါးပါး အပေါင်းကြီး ကျတော့ ငါလိုလို ထင်တယ်ဆိုတဲ့ဥစ္စာ ရုပ်ကိုထိင်တာလား၊ ရုပ်မှတစ်ပါးပါးကို ထင်တာလား၊ ခုနင်ကပြောတဲ့အတိုင်း ပေါ့ဗျာ၊ ခန္ဓာငါးပါးလုံး စေ့အောင် မေးတယ်၊ စိတ်ကို ထင်တာလား စိတ်မှတစ်ပါးကို ထင်တာလားလို့ မေးလိုက်ပါတယ် (မှန်ပါ ဘုရား)။

မေးလိုက်တော့ အရှင်ဘုရားတို့ တပည့်တော်ဟာ ရုပ်ကိုလဲ မထင်ပါဘူး၊ ရုပ်မှတစ်ပါးကိုလဲ မထင်ပါဘူး (ပ) စိတ်ကိုလဲ မထင်ပါဘူး၊ စိတ်မှ တစ်ပါးကိုလည်း တပည့်တော်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ငါ မထင်ပါဘူး (မှန်ပါ ဘုရား)။

သို့သော်လဲ တပည့်တော်အပေါင်းအစုမှာ အရိပ်အရောင်ကလေးတော့ ရှိနေပါတယ်တဲ့ (မှန်ပါ) ခန္ဓာတစ်ပါးပါး စီကျတော့ မထင်ပါဘူးတဲ့၊ ခန္ဓာငါးပါးပေါင်းနေတဲ့အခါကျတော့ (ထင်ပါတယ် ဘုရား) ငါလိုလို ထင်နေသေးတယ် (မှန်ပါ) အဲဒါဟာ မာနစွဲသိမ်မွေ့တဲ့ ငါကလေးလို့ မှတ်ရမယ် (မှန်ပါ) သဘောကျပါပလား (ကျပါပြီ ဘုရား)။

ပဒုမ္မာကြာပန်းဥပမာ

ဒါကို အရှင်ဘုရားတို့အား တပည့်တော့ ဥပမာနဲ့တကွ ပြောပါရစေဆိုပြီး ပဒုမ္မာကြာပန်းဆိုတာ ရှိပါတယ် ဘုရားတဲ့၊ ပဒုမ္မာကြာပန်းမှာ နမ်းကြည့်တဲ့အခါကျတော့ မွှေးတာဟာ အဆင်းကလေးက မွှေးတာလား၊ အရွက်ကလေးက မွှေးတာလား၊ ဝတ်ဆံက မွှေးတာလား၊ အရိုးက မွှေးတာလားလို့ မေးလို့ရှိရင်ဖြင့် ဒါဟာ ဘယ်က မွှေးတယ်လို့ သီးခြား မဆိုနိုင်ပါဘူးတဲ့ (မှန်ပါ ဘုရား)။ မဆိုနိုင်ပါဘူးနော် (မဆိုနိုင်ပါဘူး ဘုရား)။

တစ်ခုလုံး ကြာရိုးကနေကိုင်ပြီး နှာခေါင်းနားကိုင်ပြီး ရှူလိုက်တဲ့အခါကျတော့ ကြာပန်းတစ်ခုလုံးကတော့ မမွှေးဘူးလား (မွှေးပါတယ် ဘုရား) အဲဒီမှာလဲ တပည့်တော်ဟာ အပေါင်းကျတော့ ငါလိုလိုထင်နေပါတယ်တဲ့၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ရုပ်ကိုလဲ ငါမထင်ပါဘူးတဲ့၊ ဝေဒနာချည်းကိုလဲ ငါမထင်ပါဘူးတဲ့၊ ခန္ဓာငါးပါးအစိတ်စိတ်ဆိုရင် ငါမထင်ပါဘူးတဲ့ (မှန်ပါ) အပေါင်းကျလာတော့ (ငါထင်ပါတယ် ဘုရား) အဲဒီငါက ဒကာ ဒကာမတို့ မှတ်ပါ ဒိဋ္ဌိစွဲ ငါမဟုတ်ဘူူး၊ ဘာပါ လိမ့် (မာနစွဲ ငါပါ ဘုရား) သိမ်မွေ့တဲ့ မာနစွဲ ငါကလေးပဲ၊ သူ့မှာ အနာဂါမ်တောင် တည်ပြီးပေါ့ဗျာ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သူပြောတဲ့ဥပမာဟာလဲ ကြည့်ပါ၊ တပည့်တော် ဥပမာနဲ့ ပြောပါမယ် အရှင်ဘုရားတို့တဲ့ (မှန်ပါ) ပဒုမ္မာကြာပန်းရှိပါတယ်၊ ကြာပန်းမွှေးတာဟာ ပွင့်ချပ်ကလေး၏အနံ့လားလို့ မေးလဲ မဟုတ်ဘူး ဖြေရမှာပါပဲတဲ့ (မှန်ပါ ဘုရား)။

အပေါင်းအစုအပေါ်မှာတော့ ငါလိုလို ထင်မှုကလေး

အဆင်း၏အနံ့လားလို့ မေးရင်ကော (မဟုတ်ပါ ဘုရား) မဟုတ်ဘူးလို့ ဖြေရမှာပါပဲတဲ့ (မှန်ပါ) မှန်မှန်ကန်ကန် ဖြေရမယ်ဆိုလို့ရှိရင်ဖြင့် ကြာတစ်ပွင့်လုံး ပေါင်းစုပြီး ဖြစ်လာတဲ့အနံ့လို့တော့ ဆိုရမှာပဲ (မှန်ပါ) ထို့အတူပဲ ခန္ဓာငါးပါး အပေါင်းအစုအပေါ်မှာတော့ ငါလိုလို ထင်မှုကလေး ရှိပါတယ်တဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အစိတ်စိတ်အပေါ်မှာတော့ ငါထင်မှု ဒိဋ္ဌိကွာရင် သောတာပန်ဖြစ်တာပဲ (မှန်ပါ)၊ အပေါင်းပေါ်မှာတော့ သိမ်မွေ့တဲ့မာန ငါစွဲကလေးက ဒါသားပဲ၊ ဒါသမီးပဲဆိုတာ မာနစွဲကလေးစွဲနေတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မာနဆိုတာလဲ လောဘနဲ့ ယှဉ်တာပဲနော် (မှန်ပါ ဘုရား) ဒါကြောင့် ရူပရာဂ၊ အရူပရာဂအားဖြင့် ခင်မှုတွယ်တာ မှုကလေး ကျန်နေသေးတယ်၊ မကုန်သေးဘူး (မှန်ပါ) မာနဟာ ဒိဋ္ဌိဂတဝိပ္ပယုတ်မျိုးကိုးဗျ (မှန်ပါ ဘုရား)။

ဒိဋ္ဌိဂတသမ္ပယုတ်ဆိုတဲ့ တကယ်အပါယ်ကျမည့် ဒိဋ္ဌိစွဲမျိုးတော့ ရှိသေးသလား (မရှိပါ ဘုရား) အဲ ဒိဋ္ဌိဂတဝိပ္ပယုတ် ဆိုတဲ့ အပါယ်မကျတဲ့ မာနနဲ့ တဏှာကလေးက ရှိနေသေးတယ် (မှန်ပါ) ဒါကြောင့် သားတွေ သမီးတွေ ဆွေတွေ မျိုးတွေ ကြားထဲမှာ နေထိုင်မှုက ရှိနေသေးတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အပေါင်းကျတော့လဲသိမ်မွေ့တဲ့ အထင်ကလေးရှိပါသေးတယ်၊ အစိတ်စိတ်ကျတော့ (မရှိတော့ပါ ဘုရား) အစိတ်စိတ်ကျတော့ သူ့မှာ ထင်ရိုးခင်ရိုးမင်ရိုး မရှိတော့ပါဘူး (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

မာနစွဲရှိသေးတယ်လို့ သူလျှောက်တာ

ဒီအတိုင်းသာ အရှင်ဘုရားတို့ မှတ်ပါလို့ ပြောလိုက်တယ်၊ ဒီတော့ ခန္ဓာကိုယ်အပေါင်းမှာတော့ဖြင့် ငါလိုလို ထင်မှတ်မှုကလေးရှိပါသေးတယ်၊ အစိတ်စိတ်မှာတော့ မရှိပါဘူးတဲ့ (မှန်ပါ) ဒါဖြင့် အနာဂါမ်မှာ မာနစွဲရှိသေးတယ်လို့ သူလျှောက်တာပဲ (မှန်ပါ ဘုရား)။ ဒိဋ္ဌိတော့ (ပယ်ပြီးပါပြီ ဘုရား) ဒိဋ္ဌိတော့ ပယ်ပြီးပြီဆိုတာကျေနပ်ပလား (ကျေနပ်ပါ ပြီ ဘုရား)။

အဲဒီတော့ ဒီလို လုပ်ရပါလိမ့်မယ်တဲ့၊ ဒီအပေါင်း အစုအပေါ်မှာ ငါထင်နေတာကလေး ပျောက်ချင်လို့ရှိရင် တော့ ဖြစ်ပျက်ကို ပြန်ရှုရမယ်တဲ့ (မှန်ပါ) ဘာလုပ်ရမလဲ (ဖြစ်ပျက်ကို ပြန်လုပ်ရပါမယ်) ဖြစ်ပျက်ကို ပြန်လုပ်ပါတဲ့၊ ဖြစ်ပျက် ပြန်လုပ်လိုက်လို့ရှိရင် အရှင်ဘုရားတို့ရော တပည့်တော်ရော အားလုံး ရဟန္တာဖြစ်မယ်ဆိုတဲ့ အကြောင်းကို သူပြောတာ (မှန်ပါ) သူလဲ ဖြစ်ပျက်ကို ပြန်ပြီး ရှုတာပဲ (မှန်ပါ ဘုရား)။

အနာဂါမ် တည်ပြီးမှာလဲ ဘာက စရမတုံးဆိုတာ ဒကာ ဒကာမတွေ မေးဖို့ မလိုတော့ပါဘူး၊ ဖြစ်ပျက် ပြန်လုပ်ရမှာပဲ (မှန်ပါ) ဖြစ်ပျက် ပြန်လုပ်လိုက်တဲ့အခါကျလို့ရှိရင် ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီလာတဲ့အခါကျတော့ကို ဒီအနံ့ကလေးလဲ မရှိတော့ပါဘူးတဲ့ (မှန်ပါ) စတုတ္ထလေးကြိမ်မြောက်ရှုလို့ မဂ်နဲ့ ဆုံးသွားလို့ရှိရင် ငါဆိုတဲ့ မာနအနံ့ကလေးတောင် မရှိတော့ပါဘူးတဲ့ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကို တပည့်တော် ဥပမာနဲ့လျှောက်ပါ့မယ်၊ သောတာပန်၊ သကာဒါဂါမ်၊ အနာဂါမ်တို့က ဒိဋ္ဌိတော့ လုံးဝပယ်ပြီး သကာလ မာနမှာ ရူပရာဂ၊ အရူပရာဂနဲ့ သမ္ပယုတ်ဖြစ်တဲ့မာနကျန်နေသေးတာပဲတဲ့၊ ဘာနဲ့ တူပါသတုံးဆိုလို့ရှိရင် တပည့်တော် ဥပမာတစ်ခု လျှောက်ပါမယ်တဲ့ (မှန်ပါ ဘုရား) အရှင်ဘုရားတို့ ရဟန်းကြီးခြောက်ဆယ် နားလည်အောင်။

ခဝါသည်ဥပမာ

ရှေးက ခဝါသည် ဒိုဘီတွေရှိပါတယ်ဘုရားတဲ့၊ ခဝါသည်တွေဟာ ရှေးကတော့ အခုခတ်လို ဆပ်ပြာကောင်း ကောင်းတို့ ဘာတို့ ခေတ်မီတဲ့ဟာတွေ ဘာမှမရှိပါဘူး၊ သူတို့ သုံးတာက ပြာရေရယ်၊ မြင်းချေးရေရယ်၊ သဲဆပ်ပြာရေရယ်၊ ဒီသုံးမျိုးပေါင်းစပ်ပြီး သုံးရတယ် (မှန်ပါ) ဒီသုံးမျိုး ပေါင်းစပ်ပြီး ပြုတ်ကြ၊ ဖွပ်ကြ၊ လျှော်ကြပေါ့ဗျာ၊ ဒါနဲ့ ချေးချွတ်ရတာပဲ (မှန်ပါ ဘုရား)။

ချေးတော့ မကျွတ်ဘူးလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ကျွတ်ပါတယ် ဘုရား) ချေးကျွတ်ပြီး အဝတ်တော့ ဖြူသွားပါရဲ့တဲ့၊ သို့သော် အနံ့ကျန်တယ် (မှန်ပါ) မြင်းချေးနံ့တို့ ဆပ်ပြာနံ့တို့ ပြာနံ့တို့ (ကျန်နေပါတယ် ဘုရား) အဝတ်တော့ မဖြူဘူးလား (ဖြူပါတယ်) အဲဒီလိုပဲ သောတာပန် သကဒါဂါမ် အနာဂါမ်မှာလဲ ဖြူတော့ ဖြူတယ် မာနနံ့ကျန်နေတယ် (မှန်ပါ) အဝတ်မှာ မြင်းချေးနံ့တို့ ဆပ်ပြာနံ့တို့ ကျန်နေသလိုပေါ့ဗျာ (မှန်ပါ ဘုရား)။

မာနနံ့တွေကတော့ ရှိသေးတယ်

ဒါဖြင့် သောတာပန် သကဒါဂါမ် အနာဂါမ်ပုဂ္ဂိုလ်တွေမှာ မာနနံ့တွေကတော့ ရှိသေးတယ် (မှန်ပါ) ဖွပ်တာ့ ဖွပ်ထားတာပဲ၊ လျှော်ရတဲ့အနံ့တွေက ဒကာ ဒကာမတွေ သိတဲ့အတိုင်း မြင်းချေးတို့ ဆပ်ပြာတို့ ပြာရေတို့ ဆိုတာတွေက သူတို့က စွန်းထားတဲ့အနံ့တွေက မရှိပေဘူးလား (ရှိပါတယ်) အနံ့မကျန်ဘူးလားလို့ မေးတော့ (ကျန်ပါတယ် ဘုရား)။

အဲ ဒီ့ပြင် တစ်ခုသော အမွှေးအကြိုင်ရှိတဲ့ကြုပ်ထဲ ထည့်ဦးမှ ရမယ် (မှန်ပါ) နို့မဟုတ်လို့ရှိရင် ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား) ဒါဖြင့် ဖြစ်ပျက် ပြန်ရှုဦးမှရမယ် (မှန်ပါ) အဲဒီ အရဟတ္တမဂ် ကြုပ်ထဲကို ထည့်မိတဲ့ တစ်နေ့ကျရင် တော့ ဒီအနံ့ဟာ အကုန်ပျောက်ပြီး အဲဒီကျမှ မာနအကုန်ပယ်မယ် (မှန်ပါ ဘုရား)။

ဒါ ရှင်ခေမကက ဟောနေတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ နက်ဖြန်မှ ဆုံးကြစို့။

သာဓု သာဓု သာဓု။