ပဋိစ္စသမုပ္ပာဒ် အကြောင်းနဲ့အကျိုး တရားနာနေကြပုံ တရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာ ဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူသော
ပဋိစ္စသမုပ္ပာဒ် အကြောင်းနဲ့အကျိုး တရားနာနေကြပုံ တရားတော်
(၂၂-၁-၆၀)
တရားနာနေကြတာ ဘယ်သူတွေတုံး
ယခု တရားနာနေကြတာ ဘယ်သူတွေတုံးလို့ မေးဖို့လိုတယ် (မှန်ပါ)၊ တရားနာနေကြတာ ဘယ်သူတွေတုံးလို့ မေးလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပာဒ်အကြောင်းအကျိုးတွေပါ ဘုရားလို့ဖြေရမှာပဲ (မှန်ပါ ဘုရား)။
တရားနာနေကြာတာဟာ ပဋိစ္စသမုပ္ပာဒ်အကြောင်းအကျိုးတွေပဲ၊ ဒါပဲရှိတာပဲ (မှန်ပါ)၊ အဲဒီပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုးတွေဟာ အကြောင်းက ပဋိစ္စသမုပ္ပာဒ်၊ ပဋိစ္စသမုပ္ပာဒ်ဆိုတာ အကြောင်း၊ ပဋိစ္စသမုပ္ပန္နဆိုတာ အကျိုး အဲဒီအကြောင်းအကျိုးတွေနဲ့ တရားနာနေကြတာပဲ (မှန်ပါ ဘုရား)။
အကြောင်းချုပ်လိုက်၊ အကျိုးနဲ့နာလိုက်၊ အဲဒီအကျိုးက အကြောင်းဖြစ်ပြန်ပြီး ချုပ်သွားလိုက်၊ နောက်တစ်ခါ အကျိုးတရားနဲ့နာလိုက်၊ ဒီလိုပဲနေကြတော့ ဪ တရားနာရင်းဟာလဲ အကြောင်းပေါ်လိုက်၊ အကြောင်းချုပ်သွားလိုက်၊ နောက်တစ်ခါ အကျိုးတရားပေါ်လိုက်၊ အကျိုးတရားကလေး တစ်ခါချုပ်သွားပြန်တော့ ချုပ်သွားတာသည်ပင် အကြောင်းဖြစ်လိုက်၊ ဒီလိုနဲ့ တရားနာပြီး သကာလ နေကြတယ်ဆိုတဲ့ဥစ္စ၊ မှတ်ထားတော့ ဒါဟာ ပညာရှိတဲ့ပုဂ္ဂိုလ်မှာလဲ ဒီအတိုင်းပဲ၊ ပညာမရှိတဲ့ပုဂ္ဂိုလ်မှာလဲ အကြောင်းအကျိုးတော့ ပေါ်နေတာပဲ (မှန်ပါ)။
ဗာလနဲ့ ပဏ္ဍိတ ဘယ်လိုထူးခြားသတုံး
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လူမိုက်နဲ့ လူလိမ္မာ ဗာလနဲ့ ပဏ္ဍိတ ဘယ်လိုထူးခြားသတုံး ဆိုတာ ယနေ့ နိဒါနဝဂ္ဂသံယုတ် ပါဠိတော် (နှာ – ၂၆၂)၊ ဗလပဏ္ဍိတသုတ်) မှာလာတဲ့ လူမိုက်နဲ့ လူလိမ္မာ လာကြပုံမှာ မထူး ဘဲနဲ့ သွားရာမှာ ထူးတာကို ပြလိမ့်မယ် (မှန်ပါ ဘုရား)။
လာပုံမှာတော့ (မထူးပါ ဘုရား) သွားပုံမှာ (ထူးပါတယ်)၊ ထူးတယ်၊ ဪ ဒါဖြင့် ဒကာ ဒကာမတို့ သေသေ ချာချာမှတ်ကြပေတော့၊ လာပုံမှာ တူငြားသော်လဲ သွားပုံမှာ မတူဘူး၊ ထူးခြားတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဘရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းပြတာကို ဒကာကြွယ်တို့၊ ဒကာသစ်တို့ သေသေချာချာ မှတ်ကြရလိမ့်မယ် (မှန်ပါ ဘုရား)။
လာပုံမှာတော့ လူမိုက်နဲ့ လူလိမ္မာ (အတူတူပါပဲ ဘုရား) သွားပုံကျတော့ လူမိုက်သွားပုံက တစ်မျိုး၊ လူလိမ္မာ သွားပုံက (တစ်မျိုးပါ ဘုရား) တစ်မျိုးဖြစ်နေတော့ ကျုပ်တို့မှာ နောက်မှ ပြင်ရမှာလား၊ အခု ပြင်ရမှာလားဆိုတာ ပေါ်လာတယ် (မှန်ပါ) ဘယ်လိုများ ပေါ်လာကြသတုံး (အခုပြင်ရမှာပါ ဘုရား) အခုပြင်ရမှာ ပေါ်လာတယ်ဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ)။
ပြင်ချိန်ဆင်ချိန် ရှိပါသေးတယ်
ဒါကြောင့် အခုတရားနာနေကြတဲ့ ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုး သမားတွေလည်း ပြင်ချိန်ဆင်ချိန် ရှိပါသေး တယ်ဆိုတာ ဆရာဘုန်းကြီးက ရဲဝံ့စွာတာဝန်ခံတယ် (မှန်ပါ ဘုရား)။
သို့ရာတွင် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လူမိုက်ဖြစ်လဲ အဝိဇ္ဇာ တဏှာ ဝဋ်မြစ်နှစ်ပါး ကြောင့် လာတာပဲ (မှန်ပါ)၊ လူမိုက်မှာလဲ သင်္ခါကြောင့် ပဋိသန္ဓေဝိညာဏ်နေခဲ့ရတာပဲ (မှန်ပါ ဘုရား)။
ဒါဖြင့် ပဋိသန္ဓေနေတာဟာ လူမိုက်မှာလဲ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်ဆိုတဲ့ အခု ဒကာ ဒကာမတွေ ပဋိသန္ဓေဝိညာဏ်တွေ ပဝတ္တိဝိညာဏ်တွေ မဖြစ်ဘူလား (ဖြစ်ပါတယ်) လူမိုက်မှာလဲ ဒီ ဝိညာဏ်ပေါ်နေတာပဲ၊ သူ့မှာလဲ စိတ်ရှိတာပဲ (မှန်ပါ) ဒါက ဒကာ ဒကာမတို့ နဂိုက လာပုံကိုပြောနေတာ (မှန်ပါ ဘုရား)။
လူလိမ္မာကျတော့ အဝိဇ္ဇာတဏှာ ဝဋ်မြစ်နှစ်ပါးကြောင့် လာတာပဲ (မှန်ပါ) သင်္ခါရပစ္စယာ (ဝိညာဏံပါ) ဝိညာဏံပဲဆိုတော့ ဪ လာပုံမှာ တူကြတယ်၊ မတူကြဘူးလား (တူပါတယ် ဘုရား)၊ ဝိညာဏ်ဖြစ်တဲ့နေရာမှာတော့ဖြစ် သူ့နောက်ပြန်ကြည့်လိုက်လို့ရှိရင် လူမိုက်မှာလဲ သင်္ခါရ၊ သင်္ခါရနောက်မှာ ပြည်ကြည့်ရင် အဝိဇ္ဇာ (မှန်ပါ)၊ လူလိမ္မာမှာလဲ ဝိညာဏ်နောက် ပြန်ကြည့်တော့ သင်္ခါရပဲရှိတယ်၊ သင်္ခါရ နောက်ပြန်ကြည့်လိုက်ပြန်တော့ (အဝိဇ္ဇာပဲရှိပါတယ် ဘုရား)၊ အဝိဇ္ဇာပဲရှိတယ်ဆိုတော့ ဒကာ ဒကာတို့ လာပုံမှာ တူနေကြတယ် (မှန်ပါ)၊ မတူကြဘူးလား (တူပါတယ် ဘုရား)။
လာပုံမှာဖြင့် တူနေကြပြီ
လာပုံမှာဖြင့် တူနေကြပြီဆိုတာ ဒကာ ဒကာမတွေ လေးလေးနက်နက် မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ဒီဘဝအစ ဝိညာဏ်ကလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) ဒီဘဝအစ (ဝိညာဏ်ကပါ ဘုရား)။ ဪ ဒီဘဝအစ ဝိညာဏ်ဖြစ်လာပါတယ်၊ လူမိုက်လဲ ပဋိသန္ဓေ ဝိညာဏ်၊ လူလိမ္မာကော (ပဋိသန္ဓေဝိညာဏ်ပါ ဘုရား)။
ဒါဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ ဒကာအုန်းတို့ စဉ်းစားစရာက ဪ လာပုံမှာတော့ဖြင့် အဝိဇ္ဇာသင်္ခါရ ကြောင့် ဝိညာဏ်ဖြစ်ကြတာချည်းပဲ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) လူလိမ္မာမှာလဲ အဝိဇ္ဇာသင်္ခါရ ကြောင့် ဝိညာဏ်ဖြစ်ကြတာပဲဆိုတော့ လာပုံမှာတော့ အတူတူပါပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတို့ လူမိုက်နဲ့ လူလိမ္မာလာပုံမှာ တူပြီးသာကာလ သွြးရာမှာမတူဘဲ ထူးခြားတာကို ယနေ့ သိရတော့မယ်ဆိုတော့ ဪ တို့သည် ပြောင်းဖိ့ုရာ အချိန်ရသေးတယ် ဆိုတာ ပေါ်လာတော့ လာပုံမှာ တူတူပင်ဖြစ်ငြား သော်လဲ သွားရာအခါကျတော့ လူမိုက်က ဘယ်သွားတယ်၊ လူလိမ္မာက ဘယ်သွားတယ်ဆိုတဲ့ဥစ္စာဟာ ပေါ်လာပါ လိမ့်မယ်ဆိုတာ ဒကာသစ်တို့၊ ဒကာကြွယ်တို့ သေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီတွင် တူတာ မဟုတ်သေးပါဘူးတဲ့ ဒကာ ဒကာမတို့၊ ဝိညာဏ်ပြီး ဝိညာဏပစ္စယာ ဘယ့်နှယ်ဆိုကြမလဲ (နာမရူပံပါ ဘုရား)၊ ဒါဖြင့် လူမိုက်မှလဲ နာမ်ရုပ်နဲ့ပဲ (မှန်ပါ) လူလိမ္မာမှာကော (နာမ်ရုပ်နဲ့ပါပဲ ဘုရား) နာမ်ရုပ်ချင်း အတူတူပဲတဲ့ ဒကာကြွယ်ရေ (မှန်ပါ)။
”နာမရူပပစ္စယာ သဠာယတနံ” ဆိုတော့လဲ လူမိုက်မှာလဲ သဠာယတနပေါ်တာပဲ၊ လူလိမ္မာမှာကော (သဠာ ယတန ပေါ်ပါတယ် ဘုရား) စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မနဆိုတဲ့ သဠာယတနတွေ မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား) ပေါ်တယ်တဲ့။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ “သဠာယတနပစ္စယာ ဖဿော” ဆိုတဲ့ ဥစ္စာမပေါ်ဘူးလား (ပေါ်ပါတယ်) လူမိုက်မှာလဲ ပေါ်တာပဲ၊ လူလိမ္မာမှာလဲ (ပေါ်ပါတယ် ဘုရား)။ ဖဿခြောက်မျိုးတော့ ပေါ်ကြတာပဲ၊ စက္ခုသမ္ဖဿ(လ) မနောသမ္ဖဿနဲ့ ပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား) လူလိမ္မာကော (ပေါ်ပါတယ် ဘုရား)။
လူလိမ္မာမှာလဲ သုခ ဒုက္ခပေါ်တာပဲ
ဒကာ ဒကာမတို့ “ဖဿပစ္စယာ ဝေဒနာ” ဆိုတာ လူမိုက်မှာလဲ သုခဝေဒနာလဲ ပေါ်တာပဲ၊ ဒုက္ခဝေဒနာကော (ပေါ်ပါတယ်) ပေါ်လာတာပဲ၊ လူလိမ္မာမှာလဲ သုခ ဒုက္ခပေါ်တာပဲ၊ လူမိုက်မှာကော (ပေါ်ပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒီကျအောင်ဖြင့် လူမိုက်နဲ့ လူလိမ္မာ မထူးခြားသေးဘူးဆိုတာ ဒကာသစ်တို့ မြင်တဲ့အတိုင်း (မှန်ပါ) ထူးခြားပလား (မထူးခြားပါ ဘုရား) မထူးခြားသေးဘူး ဒကာ ဒကာမတွေ၊ လူမိုက်လဲ ဒီလမ်းနင်းလျှောက်လာ ခဲ့တာပဲ၊ ဒီခန္ဓာဖြစ်စဉ်ပဲ၊ ဒီပဋိစ္စသမုပ္ပာဒ်ဖြစ်စဉ်ပဲ၊ လူလိမ္မာမှာလဲ ဒီအတိုင်းဖြစ်စဉ်ပဲ၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်နဲ့ လူလိမ္မာ ဒီလိုဖြင့် ပဋိစ္စသမုပ္ပာဒ်မှာ အလာတူပြီး သကာလ အသွားလဲ တူကြမယ်ဆိုလို့ရှိရင်ဖြင့် သံသရာခရီးသည်ချည်း ဖြစ်ကြမှာပဲ (မှန်ပါ) မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒီတော့ သံသရာ့ခရီးသည် မဖြစ်တာက၊ ဒကာ ဒကာမတွေ လူလိမ္မာက သံသရာ့ခရီးသည် မဖြစ်ဘူး၊ လူမိုက် သံသရာ့ခရီးသည် ဖြစ်မယ် (မှန်ပါ ဘုရား)။
ကဲ-ဒါဖြင့် ဒီဘက်တော့ နိဂိုးချုပ်ဖြစ် သကာလ ပြကြပါစို့၊ ဒီဘက် ပဋိစ္စသမုပ္ပာဒ်အဆုံးပေါ့ဗျာ၊ ပုံစံတွေပြတာ စားပွဲလဲ မဆံ့ပါဘူး (မှန်ပါ) အဲဒီတော့ ဒါဟာ လူမိုက်ဖြစ်တော့ ဒီဥစ္စာ နိဂုံးချုပ် ပါဠိတော်ကို ရွတ်လိုက်တာပေါ့ (မှန်ပါ)။
နိဂုံးချုပ်ပါဠိတော်
နိဂုံးချုပ်ပါဠိတော် ရွတ်လိုက်တော့ ဒကာသစ်တို့ ဒကာကြွယ်တို့ သိပြီးသား ရပြီးသားပါဠိအတိုင်း ခန္ဓာကိုယ် ဖြစ်စဉ် ရွတ်ကြည့်လိုက်တော့ “ဒုက္ဓက္ခန္ဓဿ-ဒုက္ခအစုကြီး၏ သမုဒယော-ဖြစ်ခြင်းသည်၊ ဟောတိ-ဖြစ်၏ သဘောကျ ပလား (ကျပါပြီ) လူမိုက်ပဋိစ္စသမုပ္ပာဒ်က ဒီမှာလမ်းဆုံးတယ် ဒီဘဝအတွက်မှာ (မှန်ပါ ဘုရား)။
လူလိမ္မာရဲ့ ပဋိစ္စသမုပ္ပာဒ်က “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဒုက္ခက္ခန္ဓဿ-ဒုက္ခအစိုကြီး၏ နိရောဓော-ချုပ်ခြင်းသည်၊ ဟောတိ-ဖြစ်၏။ လူလိမ္မာက ဒုက္ခချုပ်တယ် (မှန်ပါ) လူမိုက်တော့ (ဒုက္ခဖြစ်တယ်ပါတယ် ဘုရား) ဒုက္ခဖြစ်တယ်။
ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ္မာရဲ့ပဋိစ္စသမုပ္ပာဒ်နဲ့ လူမိုက်ရဲ့ပဋိစ္စသမုပ္ပာဒ်ဟာ ဒုက္ခဆုံးတာနဲ့ ဒုက္ခဆက်တာ ကွာပါလား (မှန်ပါ) ဒုက္ခက္ခန္ဓဿ-ဒုက္ခအစုကြီး၏ သမုဒယော-ဖြစ်ခြင်းသည်။ ဟောတိ-ဖြစ်၏။ ဒါဟာ လူမိုက်ပေါ့ဗျာ (မှန်ပါ ဘုရား)၊ လူလိမ္မာကတော့ ဒကာကြွယ် “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဒုက္ခအစုကြီးချုပ်သွားတယ်တဲ့ (မှန်ပါ) မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။
အဆုံးမှာ မတူဘူးဆိုတာ
ဒါဖြင့် လာပုံမှာ တူငြားသော်လဲ ဒကာ ဒကာမတို့ ရှေ့ဖြစ်စဉ်မှာ တူငြားသော်လဲ အဆုံးမှာ မတူဘူး (မှန်ပါ) အဖြစ်မှာ တူငြားသော်လဲ (အဆုံးမှာ မတူပါ ဘုရား) အဆုံးမှာ မတူဘူးဆိုတာ သေသေချာချာမှတ်ပါလို့ ဒကာ ဒကာမတွေကို လေးစားစွာနဲ့ သတိပေးလိုက်ပါတယ် (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်ကတော့ မကြည့်ပါနဲ့တဲ့ ဒီကျအောင် လူမိုက်နဲ့ လူလိမ္မာ တစ်တန်းတည်းပဲ (မှန်ပါ) ဆုံးတဲ့နေရာကျတော့ လူမိုက်ကတော့ ဘာတဲ့ ဒုက္ခက္ခန္ဓဿ (သမုဒယော ဟောတိပါ ဘုရား) ဒုက္ခက္ခန္ဓဿ၊ ဒုက္ခအစု၏ သမုဒယော၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ဪ သူ့မှာ ဒုက္ခအစုကြီးဖြစ်နေတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)၊ လူလိမ္မာကတော့ “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ၊ ဒုက္ခက္ခန္ဓဿ ဒုက္ခအစု၏၊ နိရောဓော-ချုပ်ခြင်းသည်၊ ဟောတိ-ဖြစ်၏။ သူက ဒုက္ခချုပ်သွားရှာတယ် (မှန်လှပါ ဘုရား)၊ လူလိမ္မာက ဒုက္ခချုပ်တယ်၊ လူမိုက်က (ဒုက္ခဖြစ်ပါတယ် ဘုရား) ဒုက္ခဖြစ်တယ်။ ဒါက ဘုန်းကြီးက တန်ဆာဆင်ပြောတာလားဆိုတော့ ဒီပဋိစ္စသမုပ္ပာဒါကို ကြည့်ခြင်းဖြင့် လူမိုက်၏ ခန္ဓာတန်းစဉ်ကြီး ဘဝဆုံးပုံနဲ့ လူလိမ္မာ၏ခန္ဓာအစ ပေါ်လာပြီး အဆုံးသတ်ပုံနဲ့ တယ်ခြားနားပါကလား ဆိုတာ ပေါ်လာပါတယ် (ပေါ်လာ ပါတယ် ဘုရား)။ ထူးခြားပလား (ထူးခြားပါတယ် ဘုရား)။
ကောင်းပြီ၊ ဒကာ ဒကာမတို့ ဒီလိုဟာတွေ နားမလည်လို့ရှိရင်ဖြင့် လူမိုက်နဲ့လူလိမ္မာဟာ ဘယ်မှာသာလျှင် ထူးခြားတဲ့အကွက် မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဟာ ရောက်သွားပါတယ် (မှန်ပါ ဘုရား)။
လူမိုက်အစလဲ အဝိဇ္ဇာ သင်္ခါရ
အခုတော့ဖြင့် ရှေ့ပိုင်းမှာ တရားမဟောခင်ပဲ ရှင်းအောင်ပြပြီး ထားလိုက်တော့ ဪ လူမိုက်အစလဲ အဝိဇ္ဇာ သင်္ခါရ၊ ဆုံးတော့လဲ ဒုက္ခဖြစ်တာ သွားပြီးဆုံးတယ် (မှန်ပါ) လူလိမ္မာက အဝိဇ္ဇာ သင်္ခါရကစပြီး သကာလ ဆုံးတော့ ဒုက္ခချုပ်တဲ့ဆီသွားပြီးဆုံးတယ် (မှန်ပါ) မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒါဟာ တစ်ဘဝအဆုံးချင်း အတူတူ ဖြစ်ပါလျက်သားနဲ့ လူမိုက်မှာလဲ ဒီနေရာ ဒီဘဝ လက်စသတ်တာပဲ (မှန်ပါ ဘုရား) ဒုက္ခအစုအပုံကြီး တွေ့ရရှာတယ်နော် (မှန်ပါ) လူလိမ္မာကျတော့ ဒုက္ခဆုံးသွားပြီး သကာလ သွားရရှာတယ်။ ဟိုက ဒုက္ခဖြစ်ပြီး သွားရရှာတယ် (မှန်ပါ) မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဪ ဒီဥစ္စာ ဘုရားသခင် ကိုယ်တော် မြတ်ကြီး နှိုင်းယှဉ်ပြပေလို့ သာလျှင် ထူးခြားရပေတယ်ဆိုတဲ့ ဥစ္စာ ယနေ့တော့ဖြင့် ရှင်းသွားပါပြီ (ရှင်းသွားပါပြီ ဘုရား) နှိုင်းယှဉ်ပြလိုက်တယ်၊ မပြ သင့်ဘူးလား (ပြသင့်ပါတယ် ဘုရား) ဒီပဋိစ္စသမုပ္ပာဒ်က ဒီလို စပြီး ဒီလိုပဲ ရှိနေကြတာပဲဆိုတာဖြင့် ငြင်းဖို့ရာ မလိုတော့ပါ (မလိုပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်က လူလိမ္မာမှာလဲ အတိတ်ဘဝကစတာ ဒကာ ဒကာမတို့ သိတဲ့အတိုင်း အတိတ်ဘဝ အစနှစ်ခုကဖြင့် အတူတူပဲ (မှန်ပါ) ပစ္စုပ္ပန်ဘဝမှာလဲ ၁-၂-၃-၄-၅ ကျအောင် အတူတူပဲရှိသေးတယ် (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာကိုဆိုလိုသည်) နောက်ဆုံးပိတ် ဒီဘက်ကျတော့ ကြားထဲကဟာတွေ ဖြုတ်ပြီး အဆုံးကို ပြလိုက်တဲ့အခါကျတော့ (၆)နံပါတ်ကျတော့ ထူးကုန်ကြတယ် (မှန်ပါ) မထူးဘူးလား (ထူးပါတယ် ဘုရား)။
ပစ္စ္ပုပ္ပန်ဘဝ (၆)နံပါတ်ကျတော့ ထူးသွားတယ်
ပစ္စ္ပုပ္ပန်ဘဝ (၆)နံပါတ်ကျတော့ ထူးသွားတယ်၊ လူမိုက်ကတော့ဖြင့် ဒုက္ခဖြစ်ရရှာတယ်၊ လူလိမ္မာက ဒုက္ခသိမ်း ရတယ် (မှန်ပါ) ဒါဖြင့် အလာတူငြားသော်လဲ အသိမ်းမတူ၊ အစတူငြားသော် အဆုံးမတူပါလား (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) နေရာကျပြီ နေရာကျပြီ ဒကာ ဒကာမတို့ နေရာကျပါပြီတဲ့။
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန်းတွေကို မေးလိုက်တယ်၊ လူမိုက်မှာလဲ အဝိဇ္ဇာသင်္ခါရက စပြီး သကာလ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတာ ပေါ်ကြတာပဲ (မှန်ပါ) လူလိမ္မာလဲ အဝိဇ္ဇာ သင်္ခါရကစပြီး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတွေ ပေါ်ကြတာပဲ (မှန်ပါ) ဘာများထူးသတုံးလို့ ဘုရားက ရဟန်းတွေကို မေးလိုက်တယ် (မှန်ပါ ဘုရား)။
နိဒါနဝဂ္ဂသံယုတ် ဗာလပဏ္ဍိတသုတ်တော် (နှာ-၂၆၂) မှာမေးတာ ဘာများထူးသတုံးလို့ (မှန်ပါ)၊ စကားလုပ် ပြောနေတာ ဒကာ ဒကာမတွေ မမှတ်မိမှာစိုးလို့။ ပဋိစ္စသမုပ္ပာဒ်နှစ်ခု ယှဉ်ပြလိုက်တော့ ဪ အစလဲ တူတာပဲ၊ အလယ်မှာလဲ တူတာပဲ။ အဆုံးမှာ ကွာကြတာကိုး (မှန်ပါ ဘုရား)။
အဆုံးကျတော့ ဒကာ ဒကာမတွေ ထပ်ပြီးပြောပါတယ်၊ လူမိုက်မှာတော့ ဒုက္ခတွေ ပြန်ဖြစ်တယ်၊ လူလိမ္မာက ဒုက္ခသိမ်းသွားတယ် (မှန်ပါ ဘုရား)။
လူမိုက်က “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဆိုတော့ သူဟာ ဒုက္ခတွေပြန်ဖြစ်တယ် (မှန်ပါ) လူလိမ္မာက တော့ဖြင့် ဒုက္ခချုပ်သွားတယ် (မှန်ပါ) ဒုက္ခက္ခန္ဓဿ ဒုက္ခအစုကြီး၏ နိရောဓော-ချုပ်ခြင်းသည်၊ ဟောတိ-ဖြစ်၏၊ ဪ လူလိမ္မာက ဒုက္ခချုပ်သွားတယ်၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒုက္ခမချုပ်ခဲ့လို့ အခု ခန္ဓာကြီးရနေကြတယ်
အင်း တို့ဖြင့် တစ်သံသရာလုံးက မိုက်ခဲ့လေသလား၊ လိမ္မာခဲ့လေသလားဆိုတာ ဒီပဋိစ္စသမုပ္ပာဒ်နှစ်ခုကို ယှဉ်ပြလိုက်သဖြင့် ကျုပ်တို့ ဒုက္ခမချုပ်ခဲ့လို့ အခု ခန္ဓာကြီးရနေကြတယ် (မှန်ပါ) ဒါဟာ အလယ်ပိုင်းက ခန္ဓာပေါ့ဗျာ (မှန်ပါ ဘုရား)။
အော် တို့တစ်သံသရာလုံး ဒုက္ခချုပ်တာဖြင့် မကြုံခဲ့မတွေ့ခဲ့ရိုး ဧကန်အမှန်ပါပဲဆိုတာဥစ္စာ ထင်ရှားသွားတယ် (ထင်ရှားပါတယ် ဘုရား) မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား) ဘယ်တော့မှ ဒုက္ခလက်စမသတ်ခဲ့ဘူးဆိုတဲ့ဥစ္စ ဖြင့် ဘာမှ သက်သေရှာနေစရာ မလိုတော့ဘူး (မလိုပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဆရာသမားများနဲ့တွေ့၊ ဒီလိုအခါကောင်း အခွင့်ကောင်းနဲ့လဲကြုံ ဒီလို ထောင်တတ်တဲ့ နားတွေနဲ့ ကြုံပြီး သကာလ ဘုန်းကြီး သယ်ပိုးရွက်တောင်ပြီး သကာလ တော့ တစ်ခါမှ မကြုံဖူးတာဖြင့် ကြုံရတော့မှာပဲ (မှန်ပါ)၊ ဒကာသစ်ဆိုရတော့မယ် (ဆိုရမှာပါ ဘုရား)။
ဆိုရတော့မယ် ဒကာ ဒကာမတို့၊ အင်မတန် အားကျစရာကောင်းပါတယ်၊ ဪ မကြုံစဖူးဖြင့် အကြုံထူးပေါ့ ဆိုနိုင်ကြ မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား) သေသေချာချာ စဉ်းစားမှနော် (မှန်ပါ ဘုရား)။
ဘယ်တုန်းကမှ ကျုပ်တို့ လူလိမ္မာမဖြစ်ခဲ့ကြဖူးလို့ပါ၊ လူလိမ္မာသာဖြစ်ခဲ့ကြဖူးလို့ရှိရင် “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဖြစ်ပြီး အခု တရားနာနေတဲ့ ရုပ်နမ်တွေဟာ မရှိတော့ဘူး (မှန်ပါ) ရှိနိုင်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ရှိနိုင်စရာမမြင်တော့ဘူး ဆိုတော့ ကျုပ်တို့က တစ်သံသရာလုံး ဘယ်လိုများ စခဲ့ပြီး ဘယ်လိုများ ဇာတ်သိမ်းခဲ့ ပါလိမ့်မတုံးဆိုတော့ အဝိဇ္ဇာသင်္ခါရနဲ့ စခဲ့တယ်၊ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” နဲ့ဆုံးခဲ့တယ် (မှန်ပါ) ဒါပဲ အဖြေထွက် တယ် (မှန်ပါ ဘုရား)။
အဝိဇ္ဇာသင်္ခါရနဲ့ စခဲ့တယ်
စတော့ ဘာနဲ့စခဲ့သတုံး (အဝိဇ္ဇာသင်္ခါရနဲ့ စခဲ့တယ်) ဆုံးတော့ ဘာနဲ့ဆုံးခဲ့သတုံး(ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” နဲ့ဆုံးပါတယ်) ဒုက္ခက္ခန္ဓဿ ဒုက္ခအစုကြီး၏ သမုဒယော-ဖြစ်ကြောင်းသည်။ ဟောတိ-ဖြစ်၏။ ဖြစ်ကြောင်းနဲ့ပဲ လမ်းဆုံးခဲ့တယ် (မှန်ပါ) ဒါဖြင့် ဒုက္ခဖြစ်ကြောင်း လမ်းဆုံးတယ်၊ နောက်ဘဝပြန်ဆက်မှာပဲ (မှန်ပါ) မဆက်ပေဘူးလား (ဆက်ပါတယ် ဘုရား)။
အဲဒါတွေ ထောက်ကြည့်တော့မှ ဪ သံသရာမှာ ဒီပဋိစ္စသမုပ္ပာဒ်နှစ်ခု ယှဉ်လိုက်ပြန်တော့ ဒီဘက်ကရှိတဲ့ လူလိမ္မာ ဒီပဋိစ္စသမုပ္ပာဒ်ဘယ်တော့မှ မပေါ်ခဲ့ဘူး၊ ဟိုဘက်ကရှိတဲ့လူမိုက် ဒီပဋိစ္စသမုပ္ပာဒ်နဲ့ချည်း ကျုပ်တို့ လှည့်နေခဲ့ ရတယ်ဆိုတာဖြင့် ငြင်းစရာမရှိအောင် မှန်ကြပါပြီ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒကာသစ်တို့၊ ဒကာကြွယ်တို့ ဒကာအုန်းတို့ အရေးကြီးတယ်နော် (မှန်ပါ) ဒီဘက်က ဒီပဋိစ္စသမုပ္ပာဒ် ဘယ် တော့ကြုံဖူးသတုံးမေးရင် (မကြုံဖူးပါ ဘုရား) ဘယ်တော့မှ မတွေ့ဖူးဘူး (မှန်ပါ) တွေ့ဖူးရင် ဒီခန္ဓာငါးပါး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတာတွေဟာ ဒကာ ဒကာမတွေ သိတဲ့အတိုင်း အခုခန္ဓာတွေပါပဲ၊ အဲဒါတွေ တွေ့စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဒုက္ခအစုနဲ့ တရားနာနေ ကြတယ်
ဒါတွေဟာ ဒုက္ခအစုတွေ မဟုတ်ဘူးလားဗျာ (မှန်ပါ) အဲ ဒုက္ခအစုတွေဟာလဲ အခုလဲ ဒုက္ခအစုနဲ့ တရားနာနေ ကြတယ် (မှန်ပါ) နောက်တုန်းကလဲ ဒုက္ခအစုနဲ့ပဲ သံသရာမှာ လျှောက်ပြီး ပြေးနေတယ်ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဖြစ်မှ လူလိမ္မာ (မှန်ပါ) ဒုက္ခက္ခန္ဓဿ-ဒုက္ခအစုကြီး၏ နိရောဓော-ချုပ်ခြင်းသည်၊ ဟောတိ-ဖြစ်၏လို့ တစ်နေ့က ပြောခဲ့ပြီ (မှန်ပါ) ဒုက္ခချုပ်တဲ့အခါများ ဒကာကြွယ်၊ ဒကာသစ်၊ ဒကာအုန်းတွေ့ခဲ့ကြပလား (မတွေ့ခဲ့သေးပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့သည် ဘယ်အဖြစ်နေခဲ့ရတယ်ဆိုတာဖြင့် မေးစရာမလိုတော့ပါဘူး (မလိုပါ ဘုရား) လူမိုက်၏ ပဋိစ္စသမုပ္ပာဒ်နဲ့ချည်းနေခဲ့တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) လူမိုက် ပဋိစ္စသမုပ္ပာဒ်ဆိုတာ လူမိုက်ခန္ဓာကြီးနဲ့ နေခဲ့တယ်လို့ ဆိုကြပါစို့ (မှန်ပါ)။
ပဋိစ္စသမုပ္ပာဒ်ဆိုတော့ စာလိုသုံးထားတော့ စာထဲပြေးသွားနေဦးမယ် (မှန်ပါ) ကြည့် အခုကော ခင်ဗျားတို့ ကြားတယ်ဆိုတဲ့ ဝိညာဏ်တွေ မရှိဘူးလား (ရှိပါတယ် ကြားတတ်တဲ့ နာမ်ရုပ်တွေကော (ရှိပါတယ်) ဖဿကော (ရှိပါတယ် ဘုရား)။
ခံစားတတ်တဲ့ ဝေဒနာကော (ရှိပါတယ်) အဲ အခုလဲ ရှိနေတာပဲ (မှန်ပါ) လူမိုက်လဲ ရှိတာပဲနော် (ရှိပါတယ်) လူလိမ္မာလဲ ရှိတာပဲ (ရှိပါတယ်) ဒုက္ခကြီးနဲ့ နေရတယ်၊ ဒီဟာတွေဟာ ဒုက္ခသစ္စာတွေပဲ (မှန်ပါ ဘုရား)။
ဒုက္ခဖြစ်ကြောင်းနဲ့ ဇာတ်သိမ်းတယ်
အဲဒါတွေနဲ့ နေပြီး သကာလ တစ်သံသရာလုံးဟာ ဒီလိုပဲ နေခဲ့ရတယ်၊ ဆုံးတော့ ဘယ်လိုဆုံးသတုံး ဆိုတော့ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒုက္ခဖြစ်ကြောင်းနဲ့ ဇာတ်သိမ်းတယ် (မှန်ပါ) ဒုက္ခဖြစ်ကြောင်းနဲ့ ဒီဘဝဇာတ် သိမ်းတော့ သူဒုက္ခဖြစ်ကြောင်းတွေနဲ့ စုတိစိတ်ကျသွားတော့ အကြောင်းတွေက ကျန်နေရစ်တော့ နောက်တစ်ခါ ပြန်ပြီ သကာလ ဒကာ ဒကာမတို့ အဝိဇ္ဇာပြန်ပြန်လှည့်တယ် (မှန်ပါ) မလှည့်တော့ဘူးလား (လှည့်ပါတယ် ဘုရား)။
လူမိုက်ကတော့ ဝိုင်းသွားတယ်ဆိုရင် လွဲပါ့မလား၊ (မလွဲပါ ဘုရား) လူလိမ္မာကတော့ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဒုက္ခတွေအကုန်ချုပ်သွားတော့ ဒကာ ဒကာမတို့ အဝိဇ္ဇာ ပြန်လှည့်သေးရဲ့လား (မလှည့်ပါ ဘုရား) အဝိဇ္ဇာ ပြန်မလှည့်တော့ဘူး။
ဪ ဒါဖြင့် တို့ကြွားနေလို့ဖြင့် လူဖြစ်ခဲ့လေလား နတ်ဖြစ်ခဲ့လေလား စကြဝတေးများဖြစ်ခဲ့လေလား၊ မန္ဓာတ် ဖြစ်ခဲ့လေလားလို့ ဒကာကြွယ်က မေးမေး၊ ဒကာသစ်၊ ဒကာအုန်းတို့ကပဲ မေးမေး၊ အို ဖြစ်တော့ ဖြစ်ခဲ့တယ်၊ သံသရာ အရှည်ကြီးပဲ (မှန်ပါ ဘုရား)။
ဖြစ်ပေမဲ့ လူမိုက်တွေဖြစ်ခဲ့တယ်၊ ဖြစ်တော့ ဖြစ်ခဲ့တယ်၊ မဖြစ်တာတော့ မရှိဘူး စကြဝတေး မန္ဓာတ် အလုံးစုံ အကုန်မဖြစ်ဖူးတော့ ရှိကြရဲ့လား (မရှိပါ ဘုရား) ဖြစ်ပင်ဖြစ်ငြားသော်လဲ ဘယ်လိုပုဂ္ဂိုလ်ဖြစ်ခဲ့သတုံး မေးနေစရာ မလိုပါဘူး၊ လူမိုက်ခန္ဓာဖြစ်ခဲ့တယ်ဆိုတာကတော့ (မလွဲပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကျွန်တော်ဗျာ နောက်ဘဝက အားလုံးဝတ္ထု သက်သေသာဓက ဘုရားဟောတာ ထောက်ကြည့်တော့ ဪ သံသရာကြီးဟာ ရှည်လိုက်တာ၊ စကြဝတေး မန္ဓာတ် သိကြားမင်း အကြိမ်ပေါင်းများစွာ၊ လေးကျွန်းသနင်း စကြာမင်း အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ပါတယ်၊ ရဟန်းသာမဏေလဲ ဖြစ်ခဲ့ပါတယ်၊ ဖြစ်ပင်ဖြစ်ငြားသော်လဲ ဒကာ ဒကာမတို့ မြင်တဲ့အတိုင်းပဲ အခု ခန္ဓာကြီးပေါ်နေတာ ထောက်သဖြင့် နောက်ဘဝများစွာက ဒုက္ခသိမ်းခဲ့တာ မပါဘူးဆိုတာ သေချာပါတယ် (သေချာပါတယ် ဘုရား)။
ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ် လူလိမ္မာ
ဒါဖြင့် ဒုက္ခသိမ်းခဲ့တာ မပါတော့ ဒုက္ခမသိမ်းတဲ့ပုဂ္ဂိုလ်ကို ဘုရားက လူမိုက် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒုက္ခသိမ်းတဲ့ ပုဂ္ဂိုလ် (လူလိမ္မာပါ ဘုရား)။ ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ပုဂ္ဂိုလ် ဒုက္ခတွေ ချုပ်သွားတဲ့ ပုဂ္ဂိုလ်ကိုတော့ လူလိမ္မာ (မှန်ပါ) မချုပ်သေးတဲ့ပုဂ္ဂိုလ်၊ ဒုက္ခတွေဖြစ်ကြောင်းနဲ့ ဇာတ်သိမ်းသွားတဲ့ပုဂ္ဂိုလ်ကျတော့ ဘာဆိုကြမယ် (လူမိုက်ပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့ တစ်သံသရာလုံးဟာ တော်တော်ပညာရှိတွေများ ဖြစ်ခဲ့လေရော့သလား၊ လူလိမ္မာတွေများ တော်တော်များများ ဖြစ်ခဲ့လေရော့လားလို့ ဘာမှမတွေးနဲ့ (မှန်ပါ) ဘာတွေချည်း ဖြစ်ခဲ့သတုံး (လူမိုက်တွေချည်းဖြစ် ခဲ့ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒီတစ်ခါ မိုက်လက်စ မသိမ်းတော့ပါဘူးဆိုရင်ဖြင့် သိမ်းပေးမည့်သူလဲ မတွေ့၊ သိမ်းနိုင်တဲ့ဉာဏ်လဲ ကိုယ်ပိုင် ရှိမယ် မဟုတ်ပါဘူ (မှန်ပါ) အင်မတန်ခဲယဉ်းသွားကြပြီဆိုတာ ခင်ဗျားတို့ ပြုံးကိုမနေပါနဲ့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ)။
ပြုံးကို မနေပါနဲ့၊ ဒုက္ခသိမ်းဖို့ရာကိုသာလျှင် အရေးကြီးကြီး ဂရုစိုက်ပါတော့၊ တစ်သံသရာလုံး ဒုက္ခဖြစ်ကြောင်း တွေနဲ့ချည်းပဲ ဘဝတွေ စုတေခဲ့တယ်၊ စုတေပြန်တော့ ဒုက္ခဖြစ်ကြောင်းကို လက်ကိုင်ထားပြီး စုတေးခဲ့တော့ နောက်ဒုက္ခပြန် ဆက်ပြန်တာပဲ (မှန်ပါ)၊ ဒုက္ခချုပ်သွားပြီဆိုပြီး ဇာတ်သိမ်းခဲ့ရင်လဲ ဒီတရားပွဲမှာလာပြီး နာနေဖို့ရာ ခင်ဗျားတို့ အကြောင်းလဲ မရှိတော့ပါဘူး (မှန်ပါ ဘုရား)။
လူမိုက်ဘဝနဲ့ပဲ ဇာတ်သိမ်းခဲ့တယ်
ဒါဖြင့် တစ်သံသရာလုံး တို့လူလိမ္မာအဖြစ်နဲ့ နေခဲ့လေရော့လား လူမိုက်အဖြစ်နဲ့ အချိန်ကုန်ခဲ့လေရော့ သလားဆို တာ ဒီပဋိစ္စသမုပ္ပာဒ်ဖြစ်ကြောင်းနဲ့ ထုတ်သိမ်းပြီး သကာလ တစ်ဘဝ တစ်ဘဝ ဇာတ်သိမ်းခဲ့တာနဲ့ ဒကာကြွယ်၊ ဒကာသစ် တို့ သေချာပါပြီ (မှန်ပါ)၊ ဘယ်လိုသေချာပါလိမ့် (လူမိုက်ဘဝနဲ့ပဲ ဇာတ်သိမ်းခဲ့ရပါတယ်)၊ လူမိုက်ချည်း ဖြစ်ခဲ့ရတယ် ဆိုတာဖြင့် ငြင်းမနေပါနဲ့တော့ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က သုတ္တန်တွေကြည့်ပြီး သကာလ တို့ကွာ စကြဝတေး မန္ဓာတ် ဖြစ်ဖူးခဲ့လှပါပြီကွ၊ ဒီလို များ ကြွားလုံးထုတ်မနေပါနဲ့၊ အဲဒါ ပုဂ္ဂိုလ်နဲ့ ကြွားလုံးထုတ်တာပါ၊ သမုတိပညတ်ပုဂ္ဂိုလ်စွဲနဲ့ ကြွားလုံးထုတ်တာပါ၊ ဓမ္မဖြစ်စဉ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ လူလိမ္မာကို မဖြစ်ခဲ့သေးဘူး (မှန်ပါ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (လူလိမ္မာကို မဖြစ်ခဲ့သေးပါဘူး) ကြည့်လေ အခု ပဋိစ္စသမုပ္ပာဒ်နှစ်ခု ပြပြီးပါပြီ၊ လူလိမ္မာပဋိစ္စသမုပ္ပာဒ်က ဒုက္ခချုပ်သွားတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) လူမိုက်ပဋိစ္စသမုပ္ပာဒ်က ဒုက္ခချုပ်သွားတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) လူမိုက်ပဋိစ္စသမုပ္ပာဒ်က ဒုက္ခဖြစ်ကြောင်းနဲ့ပဲ ဒီဘဝ ဖြစ်ကြောင်းနဲ့ပဲ ဒီဘဝဇာတ်သိမ်းတယ် (မှန်ပါ) မကွာခြားဘူးလား (ကွာခြားပါတယ် ဘုရား)။
အဲဒီတော့ တစ်သံသရာလုံး ဘာဖြစ်တာ ညာဖြစ်တာတော့ မပြောချင်ပါဘူး၊ ဘုရားကလဲ ပြောလို့မဆုံးဘူး ဟောထားလို့နော် (မှန်ပါ) လူမိုက်ဖြစ်ခဲ့တာတော့ဖြင့် သေချာပါတယ် (မှန်ပါ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (လူမိုက်ဖြစ်ခဲ့တာ သေချာပါတယ် ဘုရား) လူမိုက်ဖြစ်ခဲ့တာကဖြင့် ဘာမှ ခင်ဗျား တို့အထူးတလည် စောဒက မတက်ပါနဲ့၊ ဒုက္ခဆုံးခဲ့တဲ့ဘဝကို မတွေ့ခဲ့ပါဘူး (မှန်ပါ မတွေ့ခဲ့ပါ ဘုရား) မတွေ့ခဲ့တော့၊ ဪ – ဘာကြောင့် မတွေ့ပါလိမ့်မတုံးဆိုတဲ့ မေးခွန်းဟာ ထွက်လာတယ် (မှန်ပါထွက်ပါတယ်) မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)၊
အဆုံးမှာ မတူဘူးတဲ့
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လူမိုက်နဲ့ လူလိမ္မာ ပဋိစ္စသမုပ္ပာဒ် အစမှာလဲ တူတယ်၊ အလယ် မှာလဲ တူတယ်၊ အလယ်မှာ မတူဘူးလား (တူပါတယ် ဘုရား)၊ အဆုံးမှာ မတူဘူးတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အစဆိုတဲ့ အတိတ်မှာ တူတယ်၊ အလယ်မှာလဲတူတယ်၊ အလယ်ဆိုတာ အခုပစ္စုပ္ပန်ဘဝပဲ (မှန်ပါ)၊ အဆုံးကျ တော့ မတူဘူးတဲ့၊ အဲဒါ မတူပုံ မင်းတို့ ရဟန်းတွေ သိကြရဲ့လားလို့ ဘုရားက မေးလိုက်တယ် (မှန်ပါ) လူမိုက်မှာလဲ “ဖဿပစ္စယာ ဝေဒနာ” ပေါ်တာပဲ၊ သုခ၊ ဒုက္ခ ဥပေက္ခာပေါ်တာပဲ (မှန်ပါ) လူလိမ္မာလဲ “ဖဿပစ္စယာ ဝေဒနာ” ဆို တာတွေက (ပေါ်ပါတယ် ဘုရား) ပေါ်တာပဲကွ၊ သုခ ဒုက္ခ ခံစားကြတာချည်းပဲတဲ့ (မှန်ပါ) ဘာထူူးသတုံးဆိုတော့ ရဟန်းတွေက အရှင်ဘုရား တပည့်တော်တို့မှာ အရှင်ဘုရားပဲ ကိုးစားရာရှိပါတယ်၊ အရှင်ဘုရားပဲ ပုန်းအောင်းရာ ရှိပါတယ်၊ တပည့်တော်တို့ဖြင့် မဖြေတတ်ပါဘူးတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ရဟန်းတွေ မဖြေတတ်ပါဘူးတဲ့၊ ဒီတရားက ရဟန်းတွေကို ဟောတာကိုး (မှန်ပါ) အဲဒီတော့ အရှင်ဘုရားပဲ ကိုးစားရာ အားထားရာ ရှိပါတော့တယ်တဲ့၊ တပည့်တော်တို့က ကဿပဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ကစပြီး ဒီလူမိုက်နဲ့ လူလိမ္မာ ခွဲတဲ့တရားတွေ ဘယ်သူမှ ထုတ်ဖော်ဟောမည့်သူ မရှိလို့၊ အဲဒီအချိန်ကစပြီး ဒီတရားတွေ ကွယ်ခဲ့ပါတယ် (မှန်ပါ) ကိုင်း ဒကာ ဒကာမတို့ ကွယ်တာ ဘယ်လောက်ကြပလဲ (ကြာပါပြီ ဘုရား) ကြာပြီမဟုတ်လားဗျ (ကြာပါပြီ ဘုရား) ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်စံကတည်းက ကွယ်လိုက်တဲ့ဥစ္စာ ဂေါတမမြတ်စွာဘုရား ပွင့်တော့်မူမှပဲ ပေါ်တော့တယ် (မှန်ပါ ဘုရား)။
လူမိုက်နဲ့ လူလိမ္မာဆိုတာ
ဒါဖြင့် ကျုပ်တို့မှာ လူမိုက်နဲ့ လူလိမ္မာဆိုတာ မင်္ဂလသုတ်တော်မှာ လာတာလောက်ပဲ သိပြီး သကာလ နေရတော့ သိထားတာကလဲ တစ်နေ့က ဟောခဲ့သလို အလွဲဖြစ်နေကြသေးတယ် (မှန်ပါ ဘုရား)။ အလွဲမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ကွယ်လာခဲ့တာကလဲ ကြာတော့ အရှင်ဘုရားဟောမှပဲ သိရပါမယ်၊ အရှင်ဘုရားပြောမှပဲ သိရပါမယ်၊ အရှင် ဘုရားပဲ ကိုးစားရာ အားထားရာရှိပါတယ်၊ အရှင်ဘုရားပဲ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ အောင်မြင်သည်နှင့်တစ်ပြိုင်နက်ထဲ လူမိုက်၏ ပဋိစ္စသမုပ္ပာဒ်ခန္ဓာစဉ်၊ လူလိမ္မာ၏ ပဋိစ္စသမုပ္ပာဒ်ခန္ဓာစဉ်ကို အရှင်ဘုရားပဲ သိပါတော့တယ်ဘုရား၊ ဒါကြောင့် အရှင်ဘုရားပဲ ဖြေတော်မူပါဆိုတော့ ဒကာ ဒကာမတို့ လိုရင်းပါလာပြီ (မှန်ပါ)။
ကဲ မင်းတို့ တိုတိုမှတ်စမ်းလိုက်ပါတဲ့ (မှန်ပါ) လူမိုက်က မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်ဘူးတဲ့ (မှန်ပါ) လူလိမ္မာက မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တယ်ကွတဲ့ (မှန်ပါ) ကဲ ဒါက စာဖြေသလို ဖြေလိုက်တာ (မှန်ပါ) တိုတိုပြော ကြပါစို့ဆိုတာ လူမိုက်က ဝိပဿနာမရှုဘူးကွ ပြောတာ (မှန်ပါ) လူလိမ္မာက (ဝိပဿနာရှုပါတယ် ဘုရား) ဒီကြားမှာ ဝိပဿနာသွင်းတာနဲ့ မသွင်းတာ ကွာတယ် (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကျင့်/မကျင့် ကွာတယ်ကွ
ဟောဒီသုခဒုက္ခဝေဒနာနောက်မှာ မဂ္ဂင်ငါးပါးဆိုတဲ့တရားသွင်းတာနဲ့ မသွင်းတာကွာတယ်ကွ (မှန်ပါ) မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့် မကျင့် ကွာတယ်ကွဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
တော်တော်နေရာကျသွားပြီး ဒကာ ဒကာမတို့ ဪ ဒါဖြင့် တို့သည်ကား ဆိုလို့ရှိရင်ဖြင့် လူမိုက်နဲ့ လူလိမ္မာ အထူးအခုပဲ သိရတော့တယ်ဆိုတာဖြင့် ဒကာ ဒကာမတို့ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒကာကြွယ်တို့၊ ဒကာသစ်တို့ ဒကာအုန်းတို့ကပဲ လူမိုက်မှာ မဂ္ဂဗြဟ္မစရိယအကျင့် ဘာတဲ့ (မကျင့်ပါဘူး ဘုရား) လူလိမ္မာမှာတော့ (ကျင့်ပါတယ် ဘုရား) ဘယ်နောက်မှာ ကျင့်သတုံးဆိုတော့ ဟောဒီ ဝေဒနာနောက်ကနေ ကျင့်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)၊ ဝေဒနာနောက်နေ ကျင့်တယ်ကွတဲ့။
ကြည့်လေ သူပြောလာတာက လူမိုက်မှာလဲ သုခဝေဒနာ၊ ဒုက္ခဝေဒနာ ပေါ်တာပဲ လူလိမ္မာမှာကော (ပေါ်ပါတယ်) အဲ လူလိမ္မာမှာလဲ ပေါ်တာပဲ၊ လူမိုက်မှာလဲ ပေါ်တာပဲ သို့သော် လူလိမ္မာမှာတော့ ဝေဒနာနောက်က မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတဲ့ မဂ္ဂင်ငါးပါး၊ မဂ္ဂင်ရှစ်ပါးပေါ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
လူမိုက်ကတော့ လုံးဝမပေါ်ဘူးတဲ့ (မှန်ပါ) မဂ္ဂင်ငါးပါးဆိုတဲ့ ပဉ္စင်္ဂိကမဂ်၊ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အဋ္ဌင်္ဂိကမဂ် လောကုတ္တရာမဂ် လူမိုက်မှာ ဘယ်တော့မှ မပေါ်လာဘူး (မှန်ပါ) လူလိမ္မာကတော့ မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တယ်ကွ တဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်နဲ့ လူလိမ္မာသည် လာပုံမှာ အတူတူ၊ အလယ်မှာ နည်းနည်းထူးခြားတယ် (မှန်ပါ) အသွားကျတော့ ပိုမိုထူးသွားတယ် (မှန်ပါ) ပဋိစ္စသမုပ္ပာဒ်ရွတ်ကြည့်မှ၊ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်တဲ့ပုဂ္ဂိုလ်ကျ တော့ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီမဂ္ဂ ဗြဟ္မစရိယအကျင့်ကို မကျင့်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တစ်သံသရာလုံး မိုက်လာခဲ့တာနော်
ဪ တော်တော်အရေးကြီးပါကလား (အရေးကြီးပါတယ် ဘုရား) ဒကာကြွယ်၊ ဒကာသစ်၊ ဒကာအုန်းတို့ ဒီတရားဟာ တော်တော်အရေးကြီးတယ်နော် (မှန်ပါ) သံသရာကိုလဲ ကျုပ်တို့ မျှော်မှန်းပြီး သကာလ သိလိုက်ပါတယ်၊ တစ်သံသရာလုံး မိုက်လာခဲ့တာနော် (မှန်ပါ) တစ်ခါမှ မလိမ္မာဖူးဘူးဆိုတာလဲပေါ်လာတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်ခါမှ မလိမ္မာဖူးဘူးဆိုတာလဲ သိပြီ၊ ဒါက ခင်ဗျားတို့ မနုဿတ္တဘာဝေါ ဒုလ္လဘော၊ သဒ္ဓါသမ္ပတ္တိ ဒုလ္လဘာ”နဲ့ သွားပြီး မနှိုင်းစာနဲ့ (မှန်ပါ) လူ့ဘဝ ရခဲတာကို ရလာတယ်လို့ပြောတာနဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ ခဲယဉ်းတယ်လို့ ပြောတာပဲ ရှိတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သို့သော် မိုက်လက်စ သတ်ပလား၊ မသတ်ဘူးလားဆိုပြန်တော့ (မသတ်သေးပါ ဘုရား) မသတ်ဘူးတဲ့၊ မိုက်လက်စ သတ်မှုကို ဘုရားက ဟောလိုရင်းဖြစ်ပါတယ် (မှန်ပါ) လူလိမ္မာကတော့ မဂ္ဂဗြဟ္မစရိယ အကျင့်ကိုကျင့်တယ် ဝေဒနာနောက်က (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) လူမိုက်ကတော့ ဝေဒနာနောက်က မဂ္ဂဗြဟ္မစရိယအကျင့် မလာဘူးကွ (မှန်ပါ) ကဲ ဘယ်လောက်ထူးခြားသတုံး (ထူးခြားပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ္မာနဲ့ လူမိုက်ကိုဖြင့် တပည့်တော်တို့ ယနေ့ ထူးထူးခြားခြားပဲ ကွဲသွားပါပေါ့ဆိုတဲ့ အဓိပ္ပာယ် ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဒကာအုန်းတို့ နေရာကျပြီ (ကျပါပြီ ဘုရား) ဘာအကျင့် ကွာသွားပါလိမ့် (မဂ္ဂဗြဟ္မစရိယကျင့်တာ)၊ မကျင့်တာ ကွာသွားပါတယ် ဘုရား) ဒါပါဠိတော်မှာ ဒီအတိုင်းလာပါတယ်၊ အဋ္ဌကထာမှာလဲ ဒီအတိုင်းဖွင့်ပါတယ် (မှန်ပါ ဘုရား)။
ဝိပဿနာမဂ်က ရှေ့ပြေး
ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယအကျင့်ကို ဝိပဿနာမဂ် လောကုတ္တရာမဂ်နှစ်ခုမှာ ဝိပဿနာမဂ်က ရှေ့ပြေး၊ ဝိပဿနာမဂ်အားထုတ်မှ လောကုတ္တရာမဂ် ပြည့်တာကိုးဗျ (မှန်ပါ) အဲဒီတော့ ဒီမဂ်မှ မကျင့်ဖူးသေးတဲ့ ပုဂ္ဂိုလ်ဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ချည်းပဲတဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒုက္ခဖြစ်ကြောင်းချည်းဆုံးနေတယ်၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ကို နေ့တိုင်း ဘုန်းကြီးက စိတ်ကြိုက်တဲ့ပုဂ္ဂိုလ် စိတ်ကို ဖြစ်ပျက်ရှုပါ၊ ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ် ဝေဒနာကိုဖြစ်ပျက်ရှုပါ၊ ထင်ရှားပေါ်လွင်ရာကို ရှုပါ၊ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဖြစ်တာနဲ့ ပျက်တာမှာ လာပြီး ဆုံးတာပဲ (မှန်ပါ) မဆုံးဘူးလား (ဆုံးပါတယ် ဘုရား) အဲဒါတွေဆုံးတဲ့ဟာတွေ ကြည့်တော့ ဒါတွေကို မြင်အောင်ကြည့် နေပါဆိုတာ မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ခိုင်းနေတာ (မှန်ပါ ဘုရား)။
ဒါဖြင့် မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တဲ့ဘဝသည် ဒကာ ဒကာမတို့ လူလိမ္မာဖြစ်တဲ့ဘဝ (မှန်ပါ) မဂ္ဂဗြဟ္မစရိယ အကျင့်ကို မကျင့်သေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သွားပေဦးတော့ (မှန်ပါ) သူဘယ်မှာ လမ်းဆုံးသတုံးဆိုတော့ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒုက္ခအစုကြီး နောက်ဖြစ်လိမ့်ဦးမယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ပြီး ဒီပုဂ္ဂိုလ် “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒုက္ခအစုကြီး ကုန်ပြီတဲ့ (မှန်ပါ) ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နောက်တုန်းက မိုက်ခဲ့တာတွေလဲ မရေတွက်နိုင်အောင် မိုက်ခဲ့တဲ့အဖြစ်ကိုလဲ ပဋိစသမုပ္ပာဒ်က တာဝန်ခံတယ် (မှန်ပါ) ခန္ဓာက တာဝန်ခံတယ် (မှန်ပါ) ခန္ဓာဆိုတာက ပဋိစသမုပ္ပာဒ် (မှန်ပါ ဘုရား)။
လူမိုက်တို့၏ သွားရာလမ်း
အခုလဲ ဒီအတိုင်းပဲ မဂ္ဂဗြဟ္မစရိယဆိုတဲ့ ဝိပဿနာအလုပ်တွေကို မလုပ်သေးဘူးဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လူမိုက်အဖြစ်နဲ့လာခဲ့လို့ လူမိုက်တို့၏ သွားရာလမ်းပဲ ဒုက္ခရှိတဲ့လမ်းပဲ သွားရမယ် (မှန်ပါ) တခြားသွားစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒါတွေ ဉာဏ်လှည့်ပြီး ကြည့်လိုက်တော့မှ ဪ – ဇာတ်သိမ်းရင်သိမ်း၊ မသိမ်းရင် ကိုယ်ကျိုးနည်းပေါ့ (မှန်ပါ) ဒုက္ခဖြစ်ကြောင်းကို ဇာတ်သိမ်းရင် သိမ်းပေါ့ဗျာ၊ မသိမ်းရင် ကိုယ်ကျိုးနည်းပေါ့ (မှန်ပါ) ဆုံးဖြတ်ချက်ချဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
အခုတိုက်ကလေား ဘာကလေး ရွှေကလေး စိန်ကလေး ကားကလေးတွေနဲ့ ဒကာ ဒကာမတွေက ဘယ်လိုပင် နေရငြားသော်လဲ မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်သေးလို့ရှိရင်ဖြင့် သူသေရင် ဘာနဲ့သေမှာတုံးလို့ မေးတော့ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” နဲ့ သေမယ်၊ ဒုက္ခဖြစ်ကြောင်းကို လက်ကိုင်ရပြီး သေသွားမယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဒီနေ့ ဒီဥစ္စာ သေသေချာချာမှတ်ပါ၊ တစ်နေ့ထက်တစ်နေ့ ပိုမိုပြီး သကာလ ဪ အလုပ်မလုပ်ရင် မဖြစ်ဘူးဆိုတဲ့ဥစ္စာ ထောက်ခံချက်ပေးနေတယ် (မှန်ပါ) မပေးသေးဘူးလား (ပေးပါတယ် ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်ကိုကျင့်မှ
အလုပ်မလုပ်ရင် မဖြစ်ဘူးဆိုတဲ့ ထောက်ခံချက်ကို မဂ္ဂဗြဟ္မစရိယအကျင့်၊ မဂ္ဂကဝိပဿနာမဂ်လဲ ဆိုနိုင်တယ်၊ လောကုတ္တရာမဂ်လဲ ဆိုနိုင်တယ်၊ ဗြဟ္မစရိယဆိုတဲ့ဥစ္စာ မြတ်သောအကျင့်၊ မဂ္ဂဗြဟ္မစရိယအကျင့်ကို ဆိုပါတယ် (မှန်လှ ပါ ဘုရား) မဂ္ဂဗြဟ္မစရိယအကျင့်ကိုကျင့်မှသာလျှင် ဒကာ ဒကာမတို့ လူလိမ္မာဖြစ်ပါလိမ့်မယ် (မှန်ပါ ဘုရား)။
မဂ္ဂဗြဟ္မစရိယ အကျင့်ကို ဒကာသစ်တို့ ဒကာအုန်းတို့က မကျင့်ဘူးဆိုရင်ဖြင့် လူမိုက်အစရယ်၊ လူမိုက် အဆုံးရယ် အလယ်မှာပဲ လူမိုက်အဖြစ်နဲ့နေတာရယ် (မှန်ပါ) ဒါပဲရှိတော့တယ်ဆိုတာ သေသေချာချာ ဘုရားဟောတာပဲ (မှန်ပါ) အဲဒါ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဗာလပဏ္ဍိတသုတ်ဆိုပြီး သေချာဟောပါတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တော်တော့်အရေးကြီးနေပါပေါ့လားဆိုတာ ဒီဥစ္စာတရားကို နာစေချင်လို့ စွဲပြီးတော့ ပြောတာလဲ မဟုတ်ဘူး (မှန်ပါ) တစ်သံသရာလုံး မိုက်ကြောင်းကိုလည်း ယခု ဦးဘအုန်းတို့ သိသွားပြီ (မှန်ပါ) မသိ သေးဘူးလား (သိပါပြီ ဘုရား)။
အခုလဲ ဒီအလုပ်မလုပ်သေးလို့ရှိရင်ဖြင့် လူမိုက်တို့၏ လာပုံနဲ့ လူမိုက်တို့ ပစ္စုပ္ပန်မှာနေပုံနဲ့ လူမိုက်တို့ သေပြီး သကာလ ဒုက္ခဖြစ်ကြောင်း ပွေ့ပိုက်သွားတာနဲ့ အတူတူပဲ နေဦးမှာပဲ (မှန်ပါ) မနေပေဘူးလား (နေပါတယ် ဘုရား)၊
ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ရဟန်းတွေက အရှင်ဘုရားပဲ ဖြေတော်မူပါ၊ အရှင်ဘုရားပဲ ကိုးစားရာ အားထားရာရှိပါတယ်၊ ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူကတည်းက ကွယ်လာတာ အရှင်ဘုရားဟော တော်မူမှပဲ လူမိုက်နဲ့ လူလိမ္မာအကြောင်း တပည့်တော်တို့ ကောင်းကောင်းရှင်းရပါတော့မယ်ဆိုတော့ လူမိုက်က မဂ္ဂဗြဟ္မစရိယ အကျင့်ကို မကျင့်ဘူး (မှန်ပါ) လူမိုက်က ဒုက္ခဖြစ်ကြောင်းတွေ ပွေ့ပိုက်သွားတယ်၊ လူလိမ္မာက ဒုက္ခချုပ် ငြိမ်းသွားတယ်တဲ့ (မှန်ပါ ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်တဲ့ပုဂ္ဂိုလ်က ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ (မှန်ပါ) ဒုက္ခဖြစ်ကြောင်းတွေ ယူပြီးသွားပဟေ့ (မှန်ပါ) ဘယ်လိုဆိုကြမယ် (ဒုက္ခတွေယူပြီး သွားပါတယ် ဘုရား)။ မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တဲ့ ပုဂ္ဂိုလ်ကျတော့ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒုက္ခခပ်သိမ်း ချုပ်သွားတယ်ဟေ့တဲ့ (မှန်ပါ ဘုရား)။
ဒုက္ခနိရောဓောဆိုတာ နိဗ္ဗာန်
”ဒုက္ခနိရောဓောတိ နိဗ္ဗာနံ” ဆိုတော့ ဒုက္ခနိရောဓောဆိုတာ နိဗ္ဗာန် ရောက်သွားတယ် ပြောတာ (မှန်ပါ) ဒီကြားမှာ မဂ္ဂဗြဟ္မစရိယ သွင်းလိုက်တော့ ဘယ်လောက်အရေးကြီးသတုံး (ကြီးပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် (၁) နံပါတ်အဖြေတော့ ပြီးပြီ၊ ကျင့်ပုံ ကျင့်နည်းမပြောရသေးပါဘူး ဒကာကြွယ်ရ ထူးခြားတာ တွေ သိအောင်လို့ ဘုရားပြောတာပါ (မှန်ပါ) ထူးခြားပလား (ထူးခြားပါပြီ ဘုရား) လူမိုက်က ဘာမကျင့်တာတုံး (မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်တာပါ ဘုရား)။
အဲ ဝေဒနာ နောက်ကနေပြီးတော့ မဂ္ဂဗြဟ္မစရိယဆိုတဲ့ ဝိပဿနာအကျင့်ကို မသွင်းဘူး (မှန်ပါ) ကြည့်လေ ပဋိစ္စသမုပ္ပာဒ်ပြတော့ ဝေဒနာနောက်ကနေပြီးတော့ မဂ္ဂင်ငါးပါးပေါ်ရမယ် (မှန်ပါ) အဲဒီမဂ္ဂင်ပေါ်အောင် မကျင့်ဘူး (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
လူလိမ္မာကတော့ ဝေဒနာနောက်ကနေပြီး ဘာပေါ်သတုံး (မဂ္ဂဗြဟ္မစရိယအကျင့် ပေါ်ပါတယ်) မဂ္ဂဗြဟ္မစရိယ ဟုတ်လား (မှန်ပါ) မဂ်လဲဖြစ်တယ်၊ မြတ်သောအကျင့်ကို ကျင့်တဲ့ ဖြစ်ပျက်ရှုတဲ့ အလုပ်ပါတယ်ကွ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် သူ့မှာ ဒုက္ခချုပ်ပြီး သကာလ ဇာတ်သိမ်းသွားတယ် (မှန်ပါ) လူမိုက်ကတော့ ဒုက္ခဖြစ်ကြောင်းတွေ ပွေ့ပိုက်ပြီး သကာလ သံသရာကူးလေရဲ့ (မှန်ပါ) သံသရာကြီး ကူးခတ်လေရဲ့ သံသရာကြီးလည်လေရဲ့၊ ဒါမှ တစ်ပါးဆို စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဪ ဒါဖြင့် တော်တော့်အရေးမဟုတ်ပါလားဆိုတာ ဒကာသစ်တို့ ပေါ်ပြီ (မှန်ပါ) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ) ကြည့် ဘုရားက ဟောတာကို ကြည့်ကြပါ ဒကာ ဒကာမတို့၊ ခင်ဗျားတို့က အားလုံးပဲ အင်း ဘယ်သူကဖြင့် တော်လိုက်တာ၊ ဘယ်ဝါကဖြင့် တော်လိုက်တာဆိုတာ ဒီနေ့ အကုန်ဖြုတ်၊ ဘယ်သူမှ တကယ်တော့ မတော်သေးဘူး ဘယ်သူမှ မတော်သေးဘူး၊ ဒီခန္ဓာကြီး ရှိနေကတည်းက နောက် မိုက်ခဲ့တဲ့ လူချည်းပဲ (မှန်ပါ ဘုရား)။
ဘယ်သူ တော်ပြီလို့ဆိုလို့ ရရဲ့လား
ဘယ်သူ တော်ပြီလို့ဆိုလို့ ရရဲ့လား (မရပါ ဘုရား) ဘာကြောင့်တုံးဆိုတော့ ဒီပဋိစ္စသမုပ္ပာဒ်ကြီးက ရှိနေသေးတာ ကိုး (မှန်ပါ) ဒီပဋိစ္စသမုပ္ပာဒ် ဒုက္ခသစ္စာကြီး သိမ်းနိုင်ကြပလား (မသိမ်းနိုင်ပါ ဘုရား) မသိမ်းနိုင်သေးတော့ ဘယ်သူက ဘယ်သူ့ကို တစ်ခါတည်း အရပ်သဘောနဲ့ မြှောပြီးမနေပါနဲ့ဦး (မှန်ပါ) မဂ္ဂဗြဟ္မစရိယအကျင့်လို့ ဘုန်းကြီးပြောတဲ့ ဒုက္ခအဆုံးတွေ မြင်တဲ့ပုဂ္ဂိုလ်မှသာလျှင် လူလိမ္မာဖြစ်သွားပြီး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) နို့မဟုတ်ရင် လူလိမ္မာဖြစ်စရာအကြောင်းကို ပါရဲ့လား (မပါပါ ဘုရား)။
ဒါဖြင့် သံသရာမှ စတြဝတေး မန္ဓာတ်တွေ ဘာတွေဖြစ်တာ၊ မဖြစ်တာ အသာထား၊ လူလိမ္မာဖြစ်ခဲ့ဖူးပလား မေးကြည့် (မဖြစ်ခဲ့ဖူးပါ ဘုရား) ကဲ ဒကာကြွယ် ပေါ်ပြီဗျ (မှန်ပါ) ဦးဘအုန်း မပေါ်သေးဘူးလား (ပေါ်ပါပြီ) နည်းနည်းကလေးမှ လူလိမ္မာမဖြစ်ခဲ့ဘူးဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား)။
အကယ်၍ ဖြစ်ခဲ့ဖူးလို့ရှိရင် ဒုက္ခချုပ်လို့ အခုခန္ဓာကြီးပေါ်ပါဦးမလား (မပေါ်ပါ ဘုရား)၊ အဲဒီကတည်းက တစ်သံသရာလုံးတို့သည်ကားလို့ဆိုရင် ဘာတွေ ညာတွေကတော့ မပြောတတ်ဘူး၊ လူမိုက်တော့ သေချာတယ်ဟေ့ (မှန်ပါ) လူ့ပြည် နတ်ပြည်၊ ဗြဟ္မာ့ပြည် အကြိမ်ကြိမ်ခံစား၊ အဲဒါတော့ ခံစားဖူးတယ်ဆိုတာတော့ မငြင်းပါဘူး၊ သို့သော် လူလိမ္မာအဖြစ်နဲ့လားလို့မေးပါ (မဟုတ်ပါ ဘုရား) လူမိုက်အဖြစ်နဲ့ပဲ ဒကာကြွယ် နေခဲ့ရတယ် (မှန်ပါ)။
လူမိုက်ဇာတ် မသိမ်းသေးပါဘူး
ဒီဘဝမှာလဲ ဒကာ ဒကာမတွေက မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတဲ့ အလုပ်ကို မလုပ်သေးသရွေ့ကာလပတ်လုံး လုပ်ပြန်လဲ အထမြောက်မှုကို မယူနိုင်သေးသရွေ့ ကာလပတ်လုံး ဪ လူမိုက်ဇာတ် မသိမ်းသေးပါဘူး (မှန်ပါ ဘုရား)။
ဒါဖြင့် တစ်သံသရာလုံး ခုနင်က ရဟန်းတွေ လျှောက်တယ်၊ ကဿပဘုရား ပရိနိဗ္ဗာန်စံကတည်းက လူမိုက်နဲ့ လူလိမ္မာ မတူဆိုတဲ့တရားတွေ ကွယ်ခဲ့ပါတယ်ဘုရား၊ တပည့်တော်တို့ မသိပါဘူးလို့ဆိုလိုက်တယ် (မှန်ပါ) အခု အရှင် ဘုရား ပွင့်တော်မူလာမှ ဟောမှသိရမည့်ပုဂ္ဂိုလ်တွေဖြစ်ပါတယ် ဘုရားဆိုတော့ ဒကာ ဒကာမတွေ မြေကြီးတစ်ယူဇနာ တက်တယ် ဘုရားတစ်ဆူ တစ်ဆူကြားမှာ ပျမ်းမျှကြေး (မှန်ပါ ဘုရား)။
အဲဒီမှာ ကွယ်လာခဲ့တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်) အခု ပြန်ပေါ်တဲ့အချိန်ကလေးမှာ အမိအရယူလိုက်လို့ အရေးကြီးပြီ (မှန်ပါ) မကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ မြေကြီးက တစ်ယူဇနာတက်တယ်ဆိုတော့ ခင်ဗျားတို့ ကျုပ်တို့ အရိုးအသားတွေက မြေကြီး တစ်ယူဇနာ ပျမ်းမျှကြေးတက်ရမှာဗျ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်ယူဇနာဆိုတာ ဆယ့်သုံးမိုင်ကျော်ကျော်ရှိတယ်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ) အားလုံး တစ်ကမ္ဘာလုံးမှာ ဆယ့်သုံးမိုင်ကျော်ကျော် ပျမ်းမျှကြေး တက်ရမယ်ဆိုတော့ ဘုရားတစ်ဆူ တစ်ဆူကြားတောင်မှ အတော်ကြာပါကလားဆို တာ ပေါ်လာတယ် (မှန်ပါ) ဒါတွေဟာ လူမိုက်တွေမို့ မြေကြီးဩဇာတွေ ပွားလာပါတယ်ဆိုတာကော ငြင်းဖို့လိုသေး သလား (မလိုပါ ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ပါတော့မယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သိမ်းကြပါတော့ဆိုတော့ လူမိုက်အဖြစ်ဖြင့် တပည့်တော် သိမ်းပါတော့မယ်ဆိုရုံနဲ့ မပြီးသေးဘူး (မှန်ပါ) မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ပါတော့မယ်ဆိုမှ နေရာကျမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)
အဲ ဒါကြောင့် ယခုအချိန်မှာ ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဦးဘအုန်းတို့ ဘုန်းကြီးက ရင်းရင်းနှီးနှီးနဲ့ သတိ ပေးလိုက်ပါတယ်၊ ပြုံးချိန် မဟုတ်သေးဘူးနော် (မှန်ပါ) ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား) ပြုံးချိန် မဟုတ်သေးပါဘူးဆိုတာကို ကောင်းကောင်းပဲ သတိပေးလိုက်ပါတယ် (မှန်ပါ ဘုရား)။’
ဘာကြောင့်တုံး မဂ္ဂဗြဟ္မစရိယအကျင့်ကိုတော့ စပြီးကျင့်ကြပါပြီ၊ အကျင့်လမ်းဆုံးပလားဆိုတော့ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဆိုတဲ့ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကြီးကို တပည့်တော်တို့ မမြင်သေးပါဘူးဘုရား (မှန်ပါ) နိဗ္ဗာန်ကိုမမြင်သေး ရင် မဂ္ဂဗြဟ္မစရိယအကျင့်ဟာ မပြည့်စုံသေးဘူး၊ ဒါကြောင့် မပြုံးနဲ့ဦးဟေ့ (မှန်ပါဘုရား “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဘက်ကို လှည့်လိမ့်ဦးမယ် (မှန်ပါ) မဆိုနိုင်သေးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါလောက် အရေးကြီးနေတဲ့အချိန်မှာ အရေးကြီးသလို ဒကာကြွယ် ဒကာသစ်တို့က မှတ်ကြရမှာ (မှန်ပါ) ဪ ဒီဥစ္စာ ခင်ဗျားတို့ အဖေအမေကတော့ ဒီအဓိပ္ပာယ်ပြောပေးမယ် မဟုတ်ဘူး (မပေးပါ ဘုရား) ပြောဖို့လဲ သူတို့မှာ ဝမ်းတွင်းပညာလဲ မရှိဘူး (မှန်ပါ) အင်မတန်ခဲယဉ်းပါတယ် (မှန်ပါခဲယဉ်းပါတယ် ဘုရား)။
ရိုးရာနဲ့အချိန်ကုန်ပြီး
အဲဒါကြောင့် ဒကာ ဒကာမတို့ ရိုးရာနဲ့အချိန်ကုန်ပြီး သကာလ သေပျော်ပေါ့၊ နေပျော်ပေါ့ဆိုတာတွေ အကုန် ဖြုတ်ပြီး သကာလ မဂ္ဂဗြဟ္မစရိယအကျင့်မှ မကျင့်သေးလို့ရှိရင် ဘာတွေလုပ်နေနေ လူမိုက်ဇာတ်မသိမ်းသေးဘူး ဆိုတာ ဘုရားက တာဝန်ခံလိုက်ပါတယ်၊ ဒီသုတ်တော်အရ ထင်ရှားပါတယ် (ထင်ရှားပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်သေးရင် (လူမိုက်ဇာတ် မသိမ်းသေးပါ ဘုရား)။ လူမိုက်ဇာတ် မသိမ်းသေးတာ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒုက္ခဖြစ်ကြောင်းကို မင်းတို့ ရွတ်ဆောင်နေသေးလို့ပဲ ဆိုတဲ့အဓိပ္ပာယ် ကောင်း ကောင်းရှင်းတယ် (မှန်ပါ) ဒုက္ခက္ခန္ဓဿ-ဒုက္ခအစုကြီးဖြစ်ကြောင်းတွေရှိသေးတယ်ဆိုသဖြင့် ကျုပ်တို့ ဘယ်တော့ချမ်းသာ ဦးမှာတုံး (မချမ်းသာပါ ဘုရား)။
အပါယ်ဒုက္ခတွေဟာလဲ ကိုယ်ပိုင်ပစ္စည်းပဲ မှတ်ယူလိုက်ကြတာပေါ့ (မှန်ပါ) ငရဲဒုက္ခတွေကော (ကိုယ်ပိုင်ပစ္စည်း ပါ ဘုရား) ပြိတ္တဒုက္ခတွေကော (ကိုယ်ပိုင်ပစ္စည်းပါ)၊ လူ့ပြည်အဖန်ဖန်သေဖို့ရာတွေကော (ကိုယ်ပိုင်ပစ္စည်းပါ ဘုရား) နတ်ပြည်အဖန်ဖန် သေဖို့ရာတွေကော (ကိုင်ပိုင်ပစ္စည်းပါ ဘုရား)။
ဒုက္ခသစ္စာချည်းပဲ ကိုယ်ပိုင်ပစ္စည်း
ဒါဖြင့် အဲဒါတွေ ဒုက္ခသစ္စာချည်းပဲ ကိုယ်ပိုင်ပစ္စည်းလုပ်ပြီး သကာလ ခင်ဗျားတို့သည် တစ်ခါတည်း နေကြရဦး မယ်ဆိုလို့ရှိရင်ဖြင့် ဦးဘအုန်းတို့ ဘယ်မှာ ပြုံးစရာအချက်ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါကြောင့် ပြုံးချင်ရင် ဘာကိုလုပ်ရမယ်ဆိုတာဖြင့် ယနေ့ ပေါလောကြီးပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဘာကျင့်ရမယ် (မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ရပါမယ်) မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ရမယ်လို့ ပြောရုံနဲ့လဲ မပြီးသေး ဘူး (မှန်ပါ) မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တော့မယ်ကြံလို့ရှိရင် အတိတ်ဘဝချန်လှန်ပြီး ပစ္စုပ္ပန်ဘဝ ရှေ့နားမှာ ဘယ်နှစ်ခု ရှိတယ်ဆိုတာ ကြည့်လိုက်၊ ကြည့်လိုက်တော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဘယ်နှစ်ခု ရှိသလဲ (ငါးခုရှိပါတယ် ဘုရား)။
အဲဒီ ငါးခု တစ်ခုခုကျင့်ရမယ် (မှန်ပါ) ဒီငါးခုဟာ ခန္ဓာငါးပါး ဆိုလဲဟုတ်ပါတယ် ပစ္စုပ္ပန်ဘဝ ပဋိစ္စသမုပ္ပာဒ် ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား) အဲဒါ ဟုတ်နေသောကြောင့် ခင်ဗျားတို့သည် ဒီငါးခုထဲက ကြိုက်ရာ တစ်ခုခုကို ဖြစ်ပျက်ရှုရလိမ့်မယ် (မှန်ပါ) မရှုလို့ရှိရင် မဂ္ဂဗြဟ္မစရိယအကျင့်ဟာ ပေါ်လာလိမ့်မယ် မဟုတ်ဘူး (မှန်ပါ) မပေါ်လာ တော့ မဂ္ဂဗြဟ္မစရိယအကျင့် မဟုတ်တော့ဘူး၊ သမ္မာမဂ္ဂဗြဟ္မစရိယအကျင့် မဟုတ်လို့ရှိရင် မိစ္ဆာမဂ္ဂဗြဟ္မစရိယအကျင့် ဟာ ပေါ်လာလိမ့်မယ် (မှန်ပါ ဘုရား)။
လူမိုက်မှာမကျင့်တာ
ပေါ်လာတော့ မယုံရင် ကြည့်ပါလား၊ လူမိုက်မှာမကျင့်တာ ထင်ရှားအောင် ပြောလိုက်တော့ ဒကာ ဒကာမတို့ သုခ ဒုက္ခဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ်) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ဟော သူ မဂ္ဂဗြဟ္မစရိယ မလာ ဘူး (မှန်ပါ) တဏှပစ္စယ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝပစ္စယော (ဇာတိ) ဇာတိပစ္စယော (ဇရာမရဏံ) ဒုက္ခက္ခန္ဓဿကျအောင် မသွားဘူးလား (သွားပါတယ် ဘုရား)။
မဂ္ဂဗြဟ္မစရိယ ကြားညှပ်သေးရဲ့လား (မညှပ်ပါ ဘုရား) ကိုင်း ဒကာ ဒကာမတို့ဝေဒနာနောက်ကနေပြီး တဏှာလှည့်သွားတယ် (မှန်ပါ) ဒုက္ခက္ခန္ဓဿထိအောင် လှည့်သွားတယ်၊၊ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” လူမိုက်လမ်း၊ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား) မဂ္ဂဗြဟ္မစရိယ အကျင့်ပါသေးရဲ့လား (မပါပါ ဘုရား)။
ကဲ ဒါဖြင့် ဟိုဘက်က လူမိုက်လမ်းစဉ်ဆိုတာ သိသွားတော့ ဒကာ ဒကာမတို့ အခုရှုရမှာက ဝေဒနာထိအောင် ကြည့်လိုက်တော့ သူ့ရှေ့မှာ ပစ္စုပ္ပန်ဘဝ ဘယ်နှစ်ခုရှိသလဲ (ငါးခုပါ ဘုရား)။
ခင်ဗျားတို့ ကြိုက်ရာရှုပါ
အဲဒီ ငါးခု ကို ဝိညာဏ်ဆိုတဲ့ စိတ္တာနုပဿနာ ကြိုက်ရင် စိတ္တာနုပဿနာရှု (မှန်ပါ) နာမ်ရုပ်ဆိုတဲ့ ရူပရုပ်ကို ရှုချင်လို့ရှိရင် ကာယာနုပဿနာကို ရှု၊ နာမ်ကိုရှုချင်လို့ ရှိရင် ဝေဒနာတို့ သညာတို့ ရှုတာပေါ့ဗျာ (မှန်ပါ) ဖဿရှုချင်လဲ ရှုတာပေါ့ဗျာ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ ဘုရား)။
သဠာယတနဆိုတဲ့ စက္ခု သောတ ဃာန ဇိဝှာ ကာယ မနဆိုတဲ့ အာယတနတွေ ရှုမယ်ဆိုရင်လဲ ရှုနိုင်တယ် (မှန်ပါ) ဖဿရှုမယ်ဆိုရင်ကော (ရှုနိုင်ပါတယ်)၊ ဝေဒနာသုံးမျိုးရှုမယ်ဆိုရင်ကော (ရှုနိုင်ပါတယ်) မဂ္ဂဗြဟ္မစရိယကတော့ ရှေ့နားက ငါးခုရှိတာကို ခင်ဗျားတို့ ကြိုက်ရာရှုပါ၊ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးသွားဖြစ်ရမယ် (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒီအတိုင်း စားကာ သောက်ကာနဲ့ ပုတီးကလေး သာမညစိပ်လို့ တတ်နိုင်သမျှလှူဒါန်းပြီး သကာလ နေကြရုံနဲ့လဲ ကိုယ့်ခန္ဓာ၏အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ (ဝါ) ဒုက္ခသစ္စာ (ဝါ) ပဋိစ္စသမုပ္ပာဒ်ကြီး ဒုက္ခဖြစ်၍ ဒုက္ခပျက်တာကို ခင်ဗျားတို့ မြင်ဖို့ရာ အတော်ကွာဝေးတယ် (ကွာဝေးပါတယ် ဘုရား) မကွာဝေးဘူးလား (ကွာဝေးပါတယ် ဘုရား)။
ဝေဒနာနောက်က ကျင့်ရမယ်
အဲဒါ ကွာဝေးတာ သိလိုက်တဲ့အခါကျတော့ ဪ မဂ္ဂဗြဟ္မစရိယကလဲ ဘယ်နေရာက ကျင့်ရမယ်ဆိုတဲ့ ဥစ္စာ ယနေ့ပေါ်လာတယ် (ပေါ်ပါတယ်) ဘယ်နေရာက ကျင့်ရမယ် (ဝေဒနာနောက်က ကျင့်ရပါမယ်) ရှေ့နားက ကျင့်စရာ ဘယ်နှစ်မျိုးရှိသတုံး (ငါးမျိုးရှိပါတယ်) အဲ ငါးမျိုးကြိုက်ရာ ကျင့်ပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယအကျင့်ကျင့်မှ နိဗ္ဗာန်ရောက်မယ်လို့ သိရုံနဲ့လဲ မပြီးသေးဘူး (မှန်ပါ) အဲ သူ့ရှေ့နားက ငါးမျိုးတစ်ခုခု ဝိပဿနာရှုမှ မဂ္ဂဗြဟ္မစရိယအကျင့်ဖြစ်မယ် (မှန်လှပါ ဘုရား) နို့မို့ရင် ဖြစ်စရာမြင်သေးရဲ့ လား (မမြင်ပါဘူး ဘုရား)။
အဲဒါတွေ သေသေချာချာသိတော့မှ ဪ ရမ်းပြီး အနိစ္စလုပ်နေလို့ မဖြစ်သေးဘူး (မှန်ပါ ဘုရား) ဝိညာဏ် ဆိုတာ ခင်ဗျားတို့ စိတ် မဟုတ်လား (မှန်ပါ) ဒီစိတ်ကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ နာမ်ရုပ်တဲ့၊ ခင်ဗျားတို့ သန္တာန်မှာ ရုပ်တွေကော မရှိဘူးလား (ရှိပါတယ်)၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့ရုပ်တွေကော၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီဟာ သတိပဋ္ဌာန်ပါဠိတော်စသည်မှာ ဟောခံတယ်၊ ဓါတ်လေးပါးကို ဖြစ်ပျက်ရှုရမယ် (မှန်ပါ ဘုရား)။
သမုဒယ ဝယနဲ့ ရှုကွ
သမုဒယဓမ္မာနုပဿီဝါ ဝယဓမ္မာနုပဿီ ဝါနဲ့ သမုဒယ ဝယနဲ့ ရှုကွ၊ မလာဘူးလား (လာပါတယ်) အဲ နာမ်ဘက် ကနေ ရှုမယ်ဆိုရင်လဲ ဝေဒနာတွေ သညာတွေကော ဖြစ်ပျက် မရှုနိုင်ဘူးလား (ရှုနိုင်ပါတယ်) သဠာယတနဆိုတဲ့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယတွေကော (ရှုနိုင်ပါတယ် ဘုရား) ဖဿဆိုတော့ စက္ခုသမ္ဖဿစသည် မရှုနိုင်ဘူးလား (ရှုနိုင်ပါတယ် ဘုရား) ဖဿပစ္စယာ ဝေဒနာသုံးမျိုးလာလို့ရှိရင်ကော (ရှုနိုင်ပါတယ် ဘုရား)
အဲဒါတွေ ရှုလို့ရှိရင်ဖြင့် ရှုတာသည် မဂ္ဂဗြဟ္မစရိယ၊ ရှုစရာ ငါးမျိုး တစ်ခုခုသည်ကားလို့ဆိုလို့ရှိရင်ဖြင့် မဂ္ဂဗြဟ္မစရိယနဲ့ရှုတာ (မှန်ပါ) ရှုစရာက ငါးမျိုး (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ရှုတာက မဂ္ဂဗြဟ္မစရိယ (မှန်ပါ) ဒီလိုဆိုတော့ မဂ်ကနေပြီး သကာလ ဒကာ ဒကာမတွေ သိတဲ့အတိုင်း မဂ်ဆိုတာသည် ရှေ့ပိုင်းက ဒုက္ခသစ္စာ မြင်တယ်၊ နောက်ပိုင်းက သမုဒယကိုဖြတ်တယ် (မှန်ပါ ဘုရား)။ သမုဒယကို ဖြတ်တယ်လား (မှန်လှပါ ဘုရား) မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။
သမုဒယကို ဖြတ်တယ် မဖြတ်တယ် လူမိုက်ကိုကြည့်လိုက်၊ လူမိုက်ကြည့်လိုက်တော့ ရှင်းသွားတယ် (မှန်ပါ) လူမိုက်နောက်ကတော့ ဝေဒနာနောက်က ဘာလိုက်လာသတုံး (တဏှာလိုက်ပါတယ်) တဏှာလိုက်လာတော့ ဝေဒနာ နောက်က တဏှာလိုက်တယ် (မှန်ပါ) လူလိမ္မာကတော့ ဝေဒနာနောက်က မဂ္ဂဗြဟ္မစရိယ မဂ္ဂင်လိုက်တယ် (မှန်ပါ) မဂ္ဂင် လိုက်တော့ ဒီတဏှာဟာ လူလိမ္မာနောက်မှာ သေတယ်ဆိုတာ ပေါ်သွားပြီ (မှန်ပါ)။
တဏှာသေတော့ ဥပါဒါန်ကံတွေကော (သေပါတယ် ဘုရား) ဒုက္ခသမုဒယတွေကော (ချုပ်ပါတယ်) ချုပ်တယ်ဆို သဖြင့် လူလိမ္မာနဲ့ လူမိုက်တို့သည် လာပုံတူငြားသော်လဲ သွားပုံမတူပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ) မပေါ်လာသေး ဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဘာထူးသတုံးဆိုတာကော ထူးကြပလား
ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံးဆိုတာကော ထူးကြပလား (ထူးပါပြီ ဘုရား) လူလိမ္မာ က ဝေဒနာနောက်ကနေပြီး ဘာပေါ်သတုံး (မဂ္ဂဗြဟ္မစရိယ ပေါ်ပါတယ်) ခင်ဗျားတို့ ရှုတဲ့ မဂ်ပေါ်တယ် (မှန်ပါ) လူမိုက် ဝေဒနာနောက်က ဘာပေါ်သတုံး (တဏှာပေါ်ပါတယ်) တဏှာဥပါဒါန်ကံပေါ်တယ် (မှန်ပါ ဘုရား)။
ကဲ ဒကာသစ်ထူးနေပြီဗျ (မှန်ပါ)၊ ခင်ဗျားတို့ ဘာမှ သံသယရှိမနေနဲ့ ဒီပဋိစ္စသမုပ္ပာဒ်ကို မျက်မြင်နဲ့ပဲ ဒကာအုန်းတို့ ဒကာကြွယ်တို့ ထူးပြီဗျ (မှန်ပါ) မထူးသေးဘူးလား (ထူးပါပြီ ဘုရား) ထူးပြီဆိုတာကို ခင်ဗျားတို့ အမြင်အား ဖြင့်လဲ တာဝန်ခံနိုင်ပါတယ်။ ဟုတ်လဲ ဟုတ်ပါတယ်၊ ကျင့်မှရတော့တယ်ဆိုတာလဲ သေချာသွားပါပြီ (သေချာပါပြီ ဘုရား)။
ဝဋ်ဘဝတိုတိုနဲ့ ဒီဘက် နိဗ္ဗာန်ကြီးကို ရရပါလို၏ဆိုရုံနဲ့ မဂ္ဂဗြဟ္မစရိယမပါဘဲ ရပါ့မလား (မရနိုင်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ လေးလေးစားစားနဲ့ဪ ဆရာဘုန်းကြီးကလဲ ပြောရှာပေတယ်၊ မှန်လဲ မှန်လိုက်တာလွန်လို့ပါလား (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ အဲဒါကြောင့် လူလိမ္မာ ဖြစ်ချင်ရင် ဘာအရေး ကြီးတယ်ဆိုတာ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား) ဘာကျင့်ရမတုံး (မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ရပါမယ် ဘုရား)။
ဝေဒနာနောက်က
ကောင်းပြီ၊ ဒါဖြင့် လူလိမ္မာနဲ့ လူမိုက်သည် လူလိမ္မာမှာ ဝေဒနာနောက်က မဂ္ဂဗြဟ္မစရိယပေါ်တယ်၊ လူမိုက်မှာ ဝေဒနာနောက်က တဏှာ ဥပါဒါန်ကံပေါ်တယ် (မှန်ပါ) မထူးခြားဘူးလား (ထူးခြားပါတယ်) သေချာပလား (သေချာပါပြီ)။
တစ်မျိုး ဟောပါသေးတယ် ဘုရားက ဒီသုတ်တော်မှာပဲနော် (မှန်ပါ) လူမိုက်နဲ့ လူလိမ္မာဟာ မဂ္ဂဗြဟ္မစရိယပေါ် တာတင် မကသေးဘူးကွ၊ လူမိုက်က နောင်တစ်ဖန် ပဋိသန္ဓေနေတယ်တဲ့ (မှန်ပါ) တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ မလာသေးဘူးလား (လာပါတယ်) ဇာတိပဋိသန္ဓေ မနေဘူးလား (နေပါတယ် ဘုရား)၊ အဲဒါ ဘယ်သူ့မှာ လာတာပါလိမ့် (လူမိုက်မှာ လာတာပါ ဘုရား) လူမိုက်မှာ ဝေဒနာနောက်က တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိဆိုပြီး ဇာတိဒုက္ခ ဆက်ပြီးလာ တယ် (မှန်ပါ ဘုရား)။
လူလိမ္မာကတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဝေဒနာနောက်ကနေပြီး မဂ္ဂဗြဟ္မစရိယကျင့်လိုက်တယ်၊ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်တော့ တဏှာ ဥပါဒါန် ကံဇာတိ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ဒါဖြင့် လူလိမ္မာကတော့ နောင်တစ်ဖန် ပဋိသန္ဓေ မနေဘူးကွတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
လူလိမ္မာကတော့ နောင်တစ်ဖန် ပဋိသန္ဓေမနေဘူး (မှန်ပါ) လူမိုက်ကတော့ (ပဋိသန္ဓေနေပါတယ်) ပဋိသန္ဓေ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) အဲ လူမိုက်နဲ့ လူလိမ္မာဟာ ဒီလိုလဲ ထူးသေးတယ်တဲ့ (မှန်ပါ) မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်မှု မကျင့်မှု ထူးတာကတစ်မျိုး၊ နောင်ပဋိသန္ဓေနေမှု မနေမှုရှိတာက (တစ်မျိုးပါ ဘုရား) ဒီတော့နှစ်မျိုး မထူးခြား ဘူးလား (ထူးခြားပါတယ် ဘုရား)။
တစ်သံသရာလုံး မိုက်လာတာ
ဒါဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နိဒါနဝဂ္ဂသံယုတ် ဗာလပဏ္ဍိတသုတ်မှာ ခွဲခြားပြီး သကာလ ဟောတာ ဒကာကြွယ် (မှန်ပါ) အင်မတန် အဖိုးမတန်ဘူးလား (တန်ပါတယ် ဘုရား) ဒါကျင့်နည်းကို မပြောရသေးဘူး၊ သူတို့ချင်း ထူးခြားပုံကို ဒကာ ဒကာမတွေ ဪ ဒီလို ထူးခြားပါလားဆိုတာ ပေါ်လာတော့မှ အင်း တစ်သံသရာလုံး မိုက်လာတာလဲ ပေါ်သွားပြီ (မှန်ပါ ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်မိလို့ မိုက်ဆဲလဲ ပေါ်သွားပြီ (မှန်ပါ) မကျင့်တဲ့ပုဂ္ဂိုလ် မိုက်လတ္တံ့ပုဂ္ဂိုလ်တွေ ရှိသေးတယ်ဆိုတာလဲ (ပေါ်သွားပါပြီ ဘုရား) ပေါ်သွားတော့တယ်ဆိုသဖြင့် ခင်ဗျားတို့ သားရေး သမီးရေး စီးပွားရေးတွေ ကို ပျာယာခတ်ပြီး သကာလ ဒကာကြွယ်တို့၊ ဒကာသစ်တို့က မနေလေနဲ့ဦး၊ အဲဒါဟာ ခုနင်က ပဋိစ္စသမုပ္ပာဒ် ဆက်ပြီး တန်းတယ်၊ မတန်းဘူးလား (တန်းပါတယ် ဘုရား) အဲဒါ လူလိမ္မာအလုပ်လား လူမိုက်အလုပ်လား (လူမိုက်အလုပ်ပါ ဘုရား) မအားလို့ ဘုရားဆိုတော့ မိုက်ပါရစေဦး (မှန်ပါ ဘုရား)။
ဒီနေ့ ဘုရားတပည့်တော်တို့ တရားအားမထုတ်ဖြစ်ဘူးဘုရား မအားတာနဲ့ ကိစ္စတွေ များလွန်းလို့ ဘုရား၊ အင်း သူလျှောက်ပုံကတော့ မအားတော့ မအားလဲ ဘယ်အားထုတ်နိုင်ပါ့မလဲ၊ ဘေးကပုဂ္ဂိုလ်ကတော့ ဒါပဲ လိုက်ရုံရှိတယ် (မှန်ပါ) သို့သော် သူ့မှာ အဓိပ္ပာယ်က ဘယ်ရောက် နေသတုံးဆိုတော့ မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်မိဘူးဘုရား (မှန်ပါ) မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်မိဘူးဆိုတော့ ဝေဒနာနောက်က တဏှာ ဥပါဒါန်ကံ လိုက်နေတယ် (မှန်ပါ) နောက်ပဋိသန္ဓေ ရှာနေတယ်၊ နောက် ဒုက္ခရှာနေတယ်၊ အဲဒီရှာနေလို့ မအားတာ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)၊ ဘာရှာနေလို့ မအားတာတုံး (နောက်ဒုက္ခရှာနေလို့ မအားတာပါ ဘုရား)။
လူမိုက်အချိန်လား လူလိမ္မာအချိန်လား
ဒါဖြင့် ဒကာ ဒကာမတွေ မအားတဲ့အကွက်ကလေးလဲ ပေါ်သွားပါပြီ (မှန်ပါ) ဒကာကြွယ်တို့က လူကြီးတွေလဲ ဖြစ်နေပြန်၊ ကိစ္စတွေကလဲ များပြန် မိတ်ဆွေ သင်္ဂဟတွေကလဲ ပေါနေပြန်ဆိုတော့ မအားတဲ့နေ့က နည်းလှမယ် မဟုတ်ပါဘူး (မနည်းပါ ဘုရား) အဲဒါ လူမိုက်နေ့လား လူလိမ္မာနေ့လား (လူမိုက်နေ့ပါ ဘုရား) လူမိုက်အချိန်လား လူလိမ္မာအချိန်လား (လူမိုက်အချိန်ပါ ဘုရား)။
အဲဒါ ခင်ဗျားတို့က မြို့သုံးနဲ့ ဆင်ခြေလဲတော့ ဪ ကိုယ်က အသက်အရွယ်ကလဲ ကြီးလာ၊ မိတ်ဆွေသင်္ဂဟ ခင်မင်တဲ့ပုဂ္ဂိုလ်တွေကလဲ ပေါတော့ မဂ္ဂဗြဟ္မစရိယ အကျင့်ကလေး ဘာလေး မကျင့်လိုက်ရဘူး၊ ဒီအချိန်ကလေးဟာ ဝတ်ထားတာတောင်မှ မဖြည့်လိုက်ရဘူး၊ ဟ ဘာဖြစ်လို့တုံးဆိုတော့ ကိစ္စများလွန်းလို့တဲ့၊ စကားသုံးတော့ ယဉ်တယ် (မှန်ပါ ဘုရား)။
ကိစ္စများလွန်းလို့ဆိုတော့ စကားသုံးက ဘယ့်နှယ်နေသတုံး (ယဉ်ပါတယ် ဘုရား) ယဉ်တယ်၊ သို့သော် အလုပ်က ဘယ်သူ့အလုပ်တုံး (လူမိုက်အလုပ်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ကို ဘုန်းကြီးက ပြောတယ်၊ ခင်ဗျားတို့ မြို့သုံးပြောတာ နားထောင်လို့တော့ ကောင်းပါရဲ့ ဗျာ၊ အဖြစ်က ဆိုးလှတယ် (မှန်ပါ) နားထောင်လို့ သိပ်ကောင်းတာပဲ၊ ယဉ်အောင်သုံးရင် ယဉ်သလောက် ကောင်းတာပဲ (မှန်ပါ) ကိစ္စက မလွှဲသာလို့သာဘုရား၊ တပည့်တော် ဒီဘက်တော့ စိတ်က ရှိပြီးသားပဲဆိုတော့ သူ့ဟာက သာဓု ခေါ် ရဦးတော့မလိုလို (မှန်ပါ) ပြီးတော့ သူ့ဟာ မိုက်ပြီးပြီ (မှန်ပါ ဘုရား)။ ပြီးတော့ ဘယ်နှယ်ဆို (မိုက်ပြီးပါပြီ ဘုရား) မိုက်ပြီးပြီ ဒကာကြွယ်ရ (မှန်ပါ)။
လူမိုက်နဲ့ လူလိမ္မာခွဲလိုက်တော့
အခု သေသေချာချာ လူမိုက်နဲ့ လူလိမ္မာခွဲလိုက်တော့ ဝေဒနာနောက်က တဏှာ ဥပါဒါန် ကံလိုက်ရင် ဘာတဲ့တုံး (လူမိုက်ပါ ဘုရား) အဲဒါ မအားတာ မဟုတ်လား (မှန်ပါ) ခင်လို့ လုပ်ပေးနေရတယ် ဘုရား၊ မကင်းတရားကလေးရှိနေလို့ ကိုယ်ကမှ ကာယကံ ဝစီကံနဲ့ မျက်နှာလေးဆိုတဲ့ ကာယကံ၊ ပါးစပ်ကလေးဆိုတဲ့ ဝစီကံမှ မပြောလို့ရှိရင် ဘယ်ကောင်း တော့မတုံးတဲ့ (မှန်ပါ) သူဟာ ဘယ်ကောင်းတော့မတုံးသာ ပြောနေတယ်၊ ဘယ်မှမကောင်းဘူး၊ အပါယ်နစ်မွန်းဖို့ပဲ၊ စိတ်သာချတော့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီလို ခင်ဗျားတို့က မြို့သုံးတွေ သုံးပြီး သကာလ ဒကာကြွယ်တို့လူစု၊ ဒကာသစ်ဆို့လူစုတွေက မကောင်းတတ် တော့ လုပ်နေရတာပဲတဲ့ (မှန်ပါ) မကောင်းတဲ့ဥစ္စာ လုပ်နေရင်တော့ ခင်ဗျား ဘယ်သွားမှာတုံး မေးဖို့တောင် မလိုပါဘူး (မှန်ပါ) ဘယ့်နှယ်ဆိုကြမယ် (မကောင်းရာ သွားမှာပါ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ် (မကောင်းရာ သွားမှာပါ ဘုရား) မကောင်းရာ သွားရုံပေါ့ဗျ (မှန်လှပါ ဘုရား) ပြောကတည်း က ဒကာကြွယ် ဘယ်လိုသုံးသတုံး (မကောင်းလို့ လုပ်နေရတယ်) မကောင်းလို့ လုပ်နေရတော့ ဘာအကျိုးများပေးမှာပါ လိမ့် (မကောင်းကျိုးပေးမှာပါ ဘုရား) မကောင်းကျိုး ပေးမှာကို ဂုဏ်မယူပါနဲ့ (မှန်ပါ) အဲဒီတော့ မကင်းတရားကလေးက ရှိသေးလို့ဆိုတော့ လေဆွဲသလောက် မကင်းတရားကလေးက နားမှ နားဝင်ချိုတယ် (မှန်ပါ)၊
မကင်းရာက ဘာတုံးဆိုတော့
မကင်းရာက ဘာတုံးဆိုတော့ ဝေဒနာ နောက်ကနေ တဏှာ၊ တဏှာကကြီးလာတော့ ဥပါဒါန် ဒါကြောင့် ပြောဆိုပြီး မျက်နှာကလေး ပြပေးရတယ်၊ မျက်နှာပြပေးတာက ကာယကံ၊ ပါးစပ်က ပြောပေးတာက (ဝစီကံပါ ဘုရား) မျက်နှာပြတယ်ဆိုတာက ကိုယ်နဲ့ပြတာ၊ ဒါကြောင့် ကာယကံ (မှန်ပါ) မင်းဆီကို ငါတိုက်ရိုက်လာခဲ့တာဟေ့ဆိုကတည်းက ကာယကံ သေချာနေပြီ (မှန်ပါ ဘုရား) ဝစီကံကလဲ မပြောလဲ မပြီးဘူးဟေ့ လာပြီကော၊ စပြီကော (မှန်ပါ ဘုရား) ဒီလို ဒီလိုတော့ လုပ်ဦးမှ ကောင်းမယ် မလာပေဘူးလား (လာပါမယ် ဘုရား) အဲဒါက ဘာကံပါလိမ့် (ဝစီကံပါ ဘုရား)။
ဝစီကံဆိုတော့ ကြည့်လေ ဝေဒနာနောက်က မဂ္ဂဗြဟ္မစရိယလိုက်သေးသလား တဏှာဥပါဒါန်ကာယကံ ဝစီကံ လိုက်သလား (တဏှာ ဥပါဒါန် ကာယကံ ဝစီကံ လိုက်ပါတယ်) အဲဒါလိုက်နေလို့ရှိရင် “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒုက္ခဖြစ်ကြောင်းတွေ ယူပြီး သေလေရဲ့ကွ (မှန်ပါ) မဆိုထိုက်ဘူးလား ( ဆိုထိုက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ပဋိသမုပ္ပာဒ်ထဲမှာ အစုံပါပြီး သကာလ မနေဘူးလား (နေပါတယ် ဘုရား) ဒါကြောင့် ကိုယ်က ဖုံးငြားသော်လဲ အလုပ်သွားက ပေါ်နေတယ် (မှန်ပါ) ကိုယ်ကတော့ လောကီမှာ အမျိုးမျိုး စကားတတ်သလို ဖုံးလိုက်လို့ရှိရင် ဒကာသစ်ရေ တစ်ခါတည်း ပြောသလိုလို ကလေးတော့ ရှိသွားတယ် (မှန်ပါ) ပရမတ်က ပြေရဲ့လား (မပြေပါ ဘုရား)။
ပရမတ်ကမပြေတော့ ခင်ဗျားတို့ ဖုံးတာနဲ့ပဲ ပျောက်သွားမှာလား၊ တဏှာဖြစ် လို့ ဥပါဒါန်၊ ဥပါဒါန်ဖြစ်လို့ ကံဖြစ်တယ်၊ ကံဖြစ်လို့ အကျိုးပေးရမယ်ဆိုတဲ့ အပါယ်ဒုက္ခတွေ ဒုက္ခဖြစ်ကြောင်းတွေက ဇာတ်သိမ်းပါ့မလား (မသိမ်းပါ ဘုရား) မသိမ်းတော့ ဒကာကြွယ်တို့ မကင်းတရားကလေးဆိုတာ အတော်ဆိုးတယ်နော် (မှန်ပါ) စကားတော့ မယဉ်ဘူးလား (ယဉ်ပါတယ် ဘုရား) ယဉ်ဆိုးကြီး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ယဉ်လျက်နဲ့ထိုးသတ်တာပဲ
ယဉ်တော့ ယဉ်တယ်၊ ယဉ်ပြီး ဘယ့်နှယ်နေသတုံး (ဆိုးပါတယ် ဘုရား)
ဒါကြောင့် ဆင်ကို ယဉ်တယ်လို့ထားပေမဲ့ တစ်နေ့နေ့ ဆင်ဗွေဖောက်လာလို့ရှိရင် ဆင်ဦးစီးကို ထိုးသတ်တာဟာ ယဉ်လျက်နဲ့ထိုးသတ်တာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယအကျင့်မပါသရွေ့ကာလပတ်လုံး ပဋိစ္စသမုပ္ပာဒ် ဆက်တာ ချည်းမှတ် (မှန်ပါ) မဂ္ဂဗြဟ္မစရိယ အကျင့်ပါခဲ့သော် ပဋိစ္စသမုပ္ပာဒ် ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)။
ဒါဖြင့် ဒကာမတို့ ဒီတရားဟာ အလုပ်ကို ဟောရဦးမည့်တရား၊ သို့သော် မဟောနိုင်တော့ဘူး၊ နာရီစေ့ပြီနော် (မှန်ပါ)၊ အဲဒီတော့ ဒီနေ့မှတ်စရာကလေးနှစ်ခုက လူမိုက်နဲ့ လူလိမ္မာလာပုံ တူငြားသော်လည်း သွားပုံ ဘယ့်နှယ်နေသတုံး (မတူပါ ဘုရား) လူမိုက်က ဒုက္ခဖြစ်ကြောင်းကို ယူဆောင်ပြီး သွားရတယ်၊ လူလိမ္မာက မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်လိုက်တဲ့အတွက် ဒုက္ခချုပ်သွားတယ် (မှန်ပါ)။
ကျင့်-မကျင့်ထူးတယ်
ဒီတော့ လူမိုက်နဲ့ လူလိမ္မာ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်-မကျင့်ထူးတယ် (မှန်ပါ ဘုရား)။
တစ်နည်း လူမိုက်က နောက်ပဋိသန္ဓနေရတယ်၊ လူလိမ္မာက နောက်ပဋိသန္ဓ မနေဘူး (မှန်ပါ) ဒီလိုကော မထူးဘူးလား (ထူးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒါလဲ အခု အပြောတရားသာ ပြီးသေးတယ်၊ အလုပ်တရားမပြီးသေးလို့ ဒကာကြွယ် မှတ်ရလိမ့်မယ် (မှန်ပါ ဘုရား) မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)
အဲ အလုပ်တရားကို နက်ဖြန်မှ စကြစို့။
သာဓု သာဓု သာဓု။