လူမိုက်နှင့် လူမိုက်ထက် ပိုမိုက်သောသူ တရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရား
အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူသော
လူမိုက်နှင့် လူမိုက်ထက် ပိုမိုက်သောသူ တရားတော်
(၂၁-၁-၆၀)
လူမိုက်တစ်မျိုး မှတ်ထားရမယ်။ လူမိုက်ထက်ပိုမိုက်တဲ့လူ တစ်မျိုးမှတ်ထားရမယ် (မှန်ပါ) ရှေးဦးစွာ(၁) နံပါတ်က လူမိုက် တစ်မျိုးလို့ မှတ်ထားပါ၊ (၂) နံပါတ်က အဲဒီလူမိုက် ပိုပြီး သကာလ မိုက်တဲ့ပုဂ္ဂိုလ် တစ်မျိုးလို့မှတ်ထားရ မယ် (မှန်ပါ) ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးပါ ဘုရား)။
ခန္ဓာငါးပါးနဲ့ နာနေကြတယ်
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတွေ ရှင်းရအောင် ပြောနေပါတယ်။ အခု လက်ရှိတရားနာနေကြတာ ခန္ဓာငါးပါးနဲ့ နာနေကြတယ်ဆိုတာ ရှင်းလင်းပြီးသား ဖြစ်နေတာပဲ (မှန်ပါ)၊ ခန္ဓာငါးပါးနဲ့ တရားနာနေကြတော့ ဒီက အသံက ပြောင်းတိုင်း ဒကာ ဒကာမတွေ ခန္ဓာကလဲ ပြောင်းတာပဲ (မှန်ပါ ဘုရား)၊ တရားသံပြောင်းလိုက်တိုင်း ခန္ဓာက ပြောင်းတယ်။
တရားသံပြောင်းတိုင်း ခန္ဓာကပြောင်းတယ်ဆိုတာ ဒကာကြွယ်တို့ ဒကာသစ်တို့ မှတ်ရလိမ့်မယ်၊ ကြားမှုက ပြောင်းပြောင်း မသွားဘူးလား (ပြောင်းပါတယ်) ကြားမှုကလေး ပြောင်းသွားတော့ ကြားမှုကလေးဟာ ကြားတဲ့ စိတ်ကလေး ပြောင်းသွားတယ် (မှန်ပါ)။
အဲဒီကြားတဲ့စိတ်ကလေးဟာက ပြောင်းသွားတော့ ကြားတဲ့စိတ်ကလေးဟာ ဝိညာဏက္ခန္ဓာလို့ မှတ်ကြပါ (မှန်ပါ ဘုရား) ကြားစိတ်ကလေးက ဘာခန္ဓာ (ဝိညာဏက္ခန္ဓာပါ ဘုရား) ဝိညာဏက္ခန္ဓာ သူချည်းသက်သက်ဖြစ်တာ မဟုတ်တော့ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနဲ့ တွဲနေတယ် (မှန်ပါ) တွဲပြီး သကာလ နေတော့ ဒီတရားကလေး ကို နာမက္ခန္ဓာလေးပါးနဲ့ကြားတယ်၊ သို့သော် ကြားတတ် တဲ့ရုပ်ကလေးအခံမရှိဘဲနဲ့ ကြားပါ့မလား (မကြားပါ ဘုရား) လူသေကျတော့ ကြားတတ်တဲ့ ရုပ်ကလေးက ကမ္မဇရုပ်ကလေးက ပျက်စီးသွားတော့ မကြားတော့ဘူး (မှန်ပါ)။
ကြားတဲ့ခန္ဓာငါးပါး
ဪ ဒါဖြင့် ဘုန်းကြီးက လူမိုက်လို့ ဒီကနေ အသံထုတ်လိုက်တဲ့အခါ ဒကာ ဒကာမတွေက လူမိုက်လို့ကြားပြန် တယ်၊ ကြားတဲ့စိတ်ကလေး ပေါ်ကြတယ်၊ ကြားတဲ့ခန္ဓာငါးပါးကလေး မပေါ်ဘူးလား (ပေါ်ပါတယ်)၊ လူမိုက်ထက် ပိုမိုက်တဲ့ပုဂ္ဂိုလ်တစ်ယောက် ရှိသေးတယ်ဆိုတဲ့ဥစ္စာ ဒုတိယဆင့်ပြီး မပြောဘူးလား (ပြောပါတယ်) အဲဒါလဲ မကြားလိုက် ဘူးလား (ကြားပါတယ် ဘုရား)။
ကြားလိုက်တော့ ဒကာ ဒကာမတွေသည် ဪ ဒီခန္ဓာကြီးဟာ လူမိုက်လို့ကြားတဲ့ခန္ဓာငါးပါးက တစ်ယောက်၊ လူမိုက်ထက်ပိုမိုက်တဲ့ ပုဂ္ဂိုလ်ရှိသေးတယ်၊ လူမိုက်တစ်မျိုးရှိသေးတယ်လို့ ဟောတာကလဲ ကြားလိုက်ပြန်တော့ အဲဒါကလဲ တစ်ယောက် (မှန်ပါ) ဒီခန္ဓာကြီးဟာ ဒကာသစ်တို့ ခဏခဏ ကြားရုပ်တည်းဟူသော အသံနဲ့တိုက်ပြီဆိုမှဖြင့် ဟိုကခန္ဓာ ငါးပါးလဲ ပြောင်းပြောင်း ပြောင်းပြောင်းပြီး သကာလ မကြားဘူးလား (ကြားပါတယ် ဘုရား)။
အနိစ္စခန္ဓာနဲ့ နားထောင်နေတယ်
ဪ ဒါဖြင့် အနိစ္စခန္ဓာနဲ့ နားထောင်နေတယ်ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား) လူမိုက်လို့ကြားတာကလဲ ဒကာကြွယ်တစ်ယောက်၊ လူမိုက်ထက်မိုက်တဲ့ ပုဂ္ဂိုလ်ရှိသေးတယ်လို့ ဟောတာကြားပြန်တာကလဲ (တစ်ယောက်ပါ ဘုရား) တစ်ယောက်ဆိုတော့ ဒကာကြွယ် ခန္ဓာကလဲ လဲလဲပြီး သကာလ မနေဘူးလား (နေပါတယ် ဘုရား)။
ပထမလူမိုက်လို့ကြားတဲ့ခန္ဓာငါးပါးက အနိစ္စ၊ နောက်မိုက်သည်ထက် မိုက်တယ်လို့ ကြားရတဲ့ ခန္ဓာငါးပါးကတော့ (အနိစ္စပါ ဘုရား) ဪ ဒါဖြင့် အနိစ္စခန္ဓာနဲ့ တရားနာနေတယ်ဆိုတာ သူ့ဖော်ပြောတော့ သိပါပြီ (သိပါပြီ ဘုရား) ဖော်ပြောတော့ မသိဘူးလား (သိပါတယ် ဘုရား)။
ဖော်ပြတော့ ဒကာ ဒကာမတွေက သိသွားတယ်၊ ဪ တရားနာနေရင်းလဲ ခန္ဓာငါးပါးဟာ လဲလဲပြီး နာ နေရတာပါကလား (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ဘယ်လို နာကြရပါလိမ့် (ခန္ဓာငါးပါးလဲလဲပြီး နာနေရပါတယ်) ခန္ဓာငါးပါးပြောင်းလွဲ ပြောင်းလွဲပြီး သကာလ နာနေကြရတယ်၊ ဪ ဒါဖြင့် အနိစ္စနဲ့တရားနာနေကြတာပေါ့ဗျာ (မှန်ပါ)၊ ပထမနာတာလဲ အနိစ္စခန္ဓာငါးပါး၊ ဒုတိယနာတာလဲ (အနိစ္စခန္ဓာငါးပါးပါ) အနိစ္စခန္ဓာငါးပါးနဲ့ တရားနာနေတော့ ဒါကိုလဲ ယခု ဖော်ပြောလို့သာ ဒကာ ဒကာမတွေက သိလိုက်ကြပါတယ် (မှန်ပါ ဘုရား)။
ဖော်မပြောဘူးဆိုလို့ရှိရင်ဖြင့် တရားတစ်ပွဲလုံးဟာ ငါတစ်ယောက်တည်း နာနေတယ်ထင်ကြဦးမှာပဲ (မှန်ပါ) တရားတစ်ပွဲလုံးက တောက်လျှောက်နာတာ ငါပဲ (မှန်ပါ) တရားတစ်ပွဲလုံးက ယူကြမှာ တောက်လျှောက်နာတာ ငါပဲဟေ့ဆိုတဲ့ အဓိပ္ပာယ်ရောက်နေတယ် (ရောက်ပါတယ် ဘုရား)။
အဲဒီကဲ့သို့ ရောက်ပြီး သကာလ နေတော့၊ ဪ ဒီခန္ဓာငါးပါးကို ဒီကဲ့သို့ တရားနာနေတာသည်ကားလို့ ဆိုလို့ရှိရင် ဣရိယာပုတ်ပြောင်းမှပဲ ခင်ဗျားတို့က ပြောင်းတယ်လို့ သိတယ် (မှန်ပါ) ကြားမှုခန္ဓာငါးပါး ပြောင်းနေတာကို ခင်ဗျားတို့ က မသိလိုက်ဘူး (မသိပါ ဘုရား)။
မသိမှုနဲ့ တရားနာနေတော့လူမိုက်
မသိလိုက်တော့ ဪ ဒီခန္ဓာကြီးကို အနိစ္စခန္ဓာကိုယ်ကြီးနဲ့ တရားနာနေပါကလားလို့ဆိုပြီး ဉာဏ်ကလေးက ခန္ဓာမလှည့်လိုက်တော့ မသိမှုနဲ့ တရားနာနေတော့ ဪ ဒါဟာ လူမိုက်တွေပဲ (မှန်ပါ) လူမိုက်တွေပဲ မသိမှုနဲ့နာနေတယ် (မှန်ပါ ဘုရား)။
ဘယ့်နှယ်ဆိုကြပါ့မလဲ (လူမိုက်တွေပါ ဘုရား) လူမိုက်လို့ပဲ ဆိုရတော့မှာပဲ၊ ဒီဥစ္စာ ဘယ့်နှယ်နည်းနဲ့မှ သူ့ကိုဖြင့် မဆိုနိုင်တော့ဘူး (မှန်ပါ) မသိတာက ဘာတုံး၊ အဝိဇ္ဇာ၊ မိုက်တာက ဘယ်သူတုံးဆိုတော့ အဝိဇ္ဇာက မိုက်တာ (မှန်ပါ) မသိတဲ့အဝိဇ္ဇာက မိုက်တော့ ဒီဟာကို မသိတဲ့ပုဂ္ဂိုလ် မသိသလို နာနေတော့ လူမိုက်တရားနာနေတယ် (မှန်ပါ) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
လူမိုက် တရားနာနေတယ်လို့ ဆိုလိုက်လို့ရှိရင် ဒကာ ဒကာမတွေက အို တို့ကို ဆိုရက်လိုက်တာ ဆရာဘုန်းကြီး က၊ လူမိုက်တရားနာနေသတဲ့၊ လူမိုက်တွေက တခြားမှာနေတာ၊ ဘုရားနား တရားနားမှာ ကပ်တာမဟုတ်ဘူး၊ တို့ကို လူမိုက်ဆိုပြန်ပြီး၊ ဒကာကြွယ်တို့ ဒကာသစ်တို့က နာချင်လဲ နာသွားမယ်ပေါ့ဗျာ (မှန်ပါ)၊ သို့သော်လဲ အဓိပ္ပာယ်ကို ရှေ့ပိုင်းက ရှင်းလင်းပြီးထားတဲ့အတွက် ဪ ဒါကလေး မသိလိုက်လို့ရှိရင် အဝိဇ္ဇာ မိုက်မှုပဲ (မှန်ပါ)။
တရားသာ မှတ်နေတာပဲ၊ ခန္ဓာက ပြောင်းလဲတာ မသိဘူးဆိုလို့ရှိရင် ဘယ့်နှယ်တုံး (လူမိုက်ပါ ဘုရား) အဝိဇ္ဇာ တည်းဟူသောတရားက မိုက်ချက်ဝင်နေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ပထမခန္ဓာငါးပါးကလဲ “ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ” ဆိုတော့ ကြားပြီး ပျောက်သွားတာပဲ (မှန်ပါ) ဒုတိယ ခန္ဓာငါးပါးကလဲ “ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ” ဆိုပြီး ကြားပြီးဒုက္ခရောက်သွားတာပဲ (မှန်ပါ) ဒုက္ခခန္ဓာကိုယ်လို့လဲ သိလိုက်ရဲ့လား (မသိလိုက်ပါ ဘုရား)။
လူမိုက်တရားနာနေတယ်
မသိလိုက်တော့ ဘယ်သူတရားနာနေတာတုံးမေးရင် ဘယ့်နှယ်ဖြေရမလဲ (လူမိုက်တရားနာနေပါတယ် ဘုရား) ဟာ ဒကာကြွယ် ကန့်လန့်ကြီးပြောနေပြီလို့ ထင်ချင်ထင်နေဦးမှာ (မှန်ပါ) အခုတော့ တရားအကွက်ကျကျနဲ့ အမှန်ကို စိပ်ပြောလိုက်တော့ ဒကာသစ်တို့ပေါ်ရောပေါ့ဗျာ (ပေါ်ပါပြီ ဘုရား)။
အခုတရားနာနေတာ ဝိပရိဏိမ ဒုက္ခသစ္စာကြီး၊ ခန္ဓာငါးပါးစလုံး ပျောက်ပျက်-ပျောက်ပျက်သွားတာတို့ မမြင်ဘူး (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) မြင်ကြသေးရဲ့လား (မမြင်ပါ ဘုရား) မမြင်တော့ ဒီဥစ္စာသည်ကားလို့ ဆိုရင် ဘာပါလိမ့်မတုံးဆိုလို့ရှိရင် အဝိဇ္ဇာ မိုက်ပြစ်ကြောင့် (မှန်ပါ)။
ဒုက္ခသစ္စာကြီးဟာ ခဏခဏ ဖောက်ပြန်ပျက်စီးနေတာကို သိလိုက်ကဲ့လား (မသိလိုက်ပါ ဘုရား) ဪ ဒါဖြင့် တို့ဟာ တော်တော် လိမ္မာပြီမို့ တရားနာနေကြတာပဲဆိုတော့ အလိမ္မာအစစ် မရောက်သေးပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ ဘုရား)။
ဘုရားလက်ထက်တော်က တရားနာတာက ဒီလိုမှမဟုတ်ဘဲ၊ “ဒေသနာဉာဏာနုသာရေန ဉာဏုတ္တရဿ ဟောတိ”၊ ဒေသနာဉာဏနုသာရေန-ဒေသနာဉာဏ်ကို အစဉ်လျှောက်သဖြင့်။ အဿ-ထိုသူအား၊ ဉာဏုတ္တရော-သစ္စာကို သိတဲ့ဉာဏ် ထက်မြက်မှုသည်၊ ဟောတိ-ဖြစ်၏။ ဘုရားကဟောတဲ့ဒေသနာကို အစဉ်လျှောက်ပြီး ခန္ဓာကိုယ် ဉာဏ် လှည့်ပစ်လိုက်တာကိုး (မှန်ပါ)။
ဉာဏ်လှည့်ပစ်လိုက်တော့ ဝိပရိဏမ ဒုက္ခသစ္စာကြီးတစ်ခု ပျောက်ပျက်သွားပြန်ပြီ၊ နောက်တစ်ခု ပျောက်ပျက် သွားပြန်ပြီ၊ နောက်တစ်ခုပျောက်ပျက် သွားပြန်ပြီလို့ဆိုတဲ့ ဒီက အနိစ္စ ဟောတိုင်း ဟောတိုင်း၊ သစ္စာ ဟောတိုင်း ဟောတိုင်း ဟိုက သစ္စာတွေ သိတဲ့ဉာဏ်က နောက်နေ လိုက်လိုက် မနေဘူးလား (လိုက်ပါတယ် ဘုရား)။
တရားပွဲအဆုံး မဂ်ဆိုက် ဖိုလ်ဆိုက်တယ် ဆိုတာ
အဲဒီလိုဆိုတော့ တရားပွဲအဆုံး မဂ်ဆိုက် ဖိုလ်ဆိုက်တယ် ဆိုတာ ဒကာသစ် ဖြစ်ထိုက် မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား) သဘောပါ ကြပလား (ပါပါပြီ ဘုရား)။
အဲဒီတော့ ဒီလိုမသိတဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်သူတရားနာနေသတုံးလို့ မေးတဲ့အခါကျတော့ တရားမှတ်မိအောင် နာနေရတော့ ဒါတော့ မရှုနိုင်ဘူးဘုရား၊ ဒကာကြွယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် အခုခန္ဓာကြီးရထားတဲ့ပုဂ္ဂိုလ်၊ တရားနာတဲ့ ပုဂ္ဂိုလ်တောင်မှ ဒါလောက်စိပ်စိပ်ကို မလိုက်နိုင်တော့ တရားမနာသေးတဲ့ပုဂ္ဂိုလ် သွားလား၊ လာလား၊ နေလား၊ ထိုင်လား၊ ရောင်းလား၊ ဝယ်လားနဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒုက္ခသစ္စာအပေါင်း အကြိမ်ပေါင်း သိန်းသန်းကုဋေ ကုဋေပေါင်းများစွာ ပြောင်းငြားသော်လဲ သူသိပါ့မလား (မသိပါ ဘုရား)။
မသိတော့ အဲဒီပုဂ္ဂိုလ်ဟာ မသိတာသည် ဘာတုံး (အဝိဇ္ဇာပါ ဘုရား) မိုက်ဆိုတာဘာတုံး၊ လူက မိုက်တာလား အဝိဇ္ဇာက မိုက်တာလား (အဝိဇ္ဇာက မိုက်တာပါ ဘုရား) မသိဆိုတာ လူက မသိတာလား အဝိဇ္ဇာက မသိတာလား (အဝိဇ္ဇာက မသိတာပါ ဘုရား) အဝိဇ္ဇာက မသိတာဆိုသဖြင့် ဪ ဒါဖြင့် မိုက်နေတာပဲဆိုတဲ့ အဓိပ္ပါယ် သေချာသွား တယ် (မှန်ပါ)။
ဒါက ခပ်စိပ်စိပ်ပြောတာပါ၊ စင်စစ်တော့ ခပ်ရှင်းရှင်း ခပ်ကျဲကျဲနဲ့ ရှင်းရှင်းပြောကြပါစို့ ဆိုလို့ရှိရင်ဖြင့် ကိုယ်ခန္ဓာကြီး ခဏခဏ ဒုက္ခသစ္စာကြီး ဖောက်ပြန်ပျက်စီးမှု အကြိမ်ပေါင်းများစွာ ရှိငြားသော်လဲ သွားရေး၊ လာရေး၊ နေရေး၊ ထိုင်ရေးက တပည့်တော်တို့မှာ ရှုပ်လွန်းလို့ ကိစ္စကြီးငယ်တွေက များလွန်းလို့ ဒါတွေ သတိကို မထားနိုင်ဘူး ဘုရားဆိုတော့ သတိသာ မထားတယ်၊ အတူတူနေတာပဲ (မှန်ပါ ဘုရား)။
အတူနေသတိမထားမိ
သတိတော့ မထားဘူးတဲ့၊ နေတော့ (အတူတူနေပါတယ် ဘုရား) ဒါဖြင့် အတူနေသတိမထားမိ ဆိုတာကတော့ ဒကာကြွယ် ဒီဥစ္စာ ဆင်ခြေလဲတာပဲ မှတ်ရမှာပဲ (မှန်ပါ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဆင်ခြေလဲတာပါ ဘုရား) ဆင်ခြေလဲတာပဲ မှတ်ရမှာပဲ၊ အတူနေပြီး သတိမထားမိဘူးဆို တော့ ခင်ဗျားဟာ ခပ်ကောက်ကောက်စကားပဲလို့ ဆိုမယ်ဆိုလို့ရှိရင်လဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) သဘောပါပြီနော် (ပါပါပြီ ဘုရား)။
ဒါဖြင့် အဲဒီအချိန်ဟာ လိမ္မာနေတဲ့အချိန်လား၊ မိုက်နေတဲ့အချိန်လားလို့ မေးလိုက်တယ် (မိုက်နေတဲ့အချိန်ပါ ဘုရား) ဪ ဒါဖြင့် မိုက်နေတဲ့အချိန် ထားလိုက်ပါတော့ ခန္ဓာငါးပါးဖြစ်ပျက်တရားတွေ ဒုက္ခသစ္စာတရားတွေကို မရှုမိ၊ မမှတ်မိ၊ မသိမ်းဆည်းမိတဲ့အချိန်မှာဖြင့် ဒါဟာ လူမိုက်အချိန်ပဲလို့ ဒကာကြွယ်၊ ဒကာသစ်တို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့) ဒါက လူမိုက် သိသွားပြီ (မှန်ပါ ဘုရား)။
ကိုယ့်ဒုက္ခသစ္စာဖြစ်ပျက်ကို ကိုယ်ကိုယ်တိုင်ရှိပါလျက်သားနဲ့ မသိဘဲနေခြင်းသည် မသိမိုက် မိုက်နေတယ်ဆိုရင် ဖြင့် မလွဲသောကြောင့် ဒါလူမိုက် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
လူမိုက်ဆိုတာ
ဒါဖြင့် လူမိုက်တော့ ရှင်းသွားပြီ၊ လူမိုက်ဆိုတာ ကိုယ့်ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးကို မသိဘဲနေတာလည်း လူ မိုက်လို့ပဲ မှတ်ပါ (မှန်ပါ) ကိုယ့်ခန္ဓာငါးပါးဒုက္ခသစ္စာကြီး ဖြစ်ပျက်ပြီး ဒုက္ခရောက်နေတာ မသိဘဲနေတာ ဘာပါလိမ့် (လူမိုက်ပါ ဘုရား) လူမိုက်ပဲဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)။ လူက မိုက်တာလား၊ အဝိဇ္ဇာက ဝင်ပြီး သကာလ နေလို့ လူနဲ့တွဲပြီခေါ်လိုက်ရတဲ့ လူမိုက်လားလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ (အဝိဇ္ဇာနဲ့တွဲနေလို့ပါ ဘုရား)။
အဲ ဒါ့ကြောင့် အဝိဇ္ဇာက မိုက်တာအမှန်ပါပဲ၊ လူကတော့ မမိုက်ပါဘူး၊ သဘောကျပလား (ကျပါပြီ) လူဆိုတာက ရှိမှမရှိဘဲကိုး၊ ပရမတ္ထအားဖြင့် တကယ်ရှိတာက အဝိဇ္ဇာက ရှိတယ်၊ သူဝင်လာရင် မသိတော့ဘူး၊ မသိတော့ သူက မိုက်တာပေါ့ဗျာ (မှန်ပါ ဘုရား)။
အဲဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ကြီးထဲမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာတရားတွေ ရှိနေတာကို မကြည့်မိတဲ့ အချိန်မှာ လူမိုက် (မှန်ပါ) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) လုံးဝမသိတဲ့ပုဂ္ဂိုလ်တော့ ပြောဖို့တောင် မလို ဘူးပေါ့ဗျာ (မှန်ပါ ဘုရား)။
အဲဒီလူမိုက်သည်ကားလို့ ဆိုလို့ရှိရင် ကိုယ့်ခန္ဓာ ယခုရထားတဲ့ ခန္ဓာကြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဒုက္ခသစ္စာလို့ မသိရင် ဘာခေါ်ကြပါ့မယ် (လူမိုက်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် လူမိုက်က ဒီတစ်ယောက်တည်းလားလို့ မေးတော့ မိုက်သည်ထက် ပိုမိုက်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်လို့ အလဂဒ္ဒူပမသုတ်မှာ မိုက်သည်ထက် ပိုမိုက်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်လို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ) မိုက်သည်ထက် ပိုမိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်သူတုံးဘုရား ရှင်းပါတော့ ဆိုတာကိုသာ ဒကာသစ်တို့လျှောက်ဖို့ အချိန်ရောက်လာပြီ (မှန်ပါ ဘုရား)။
မိုက်သည်ထက် မိုက်ဆိုတာက
မိုက်သည်ထက် မိုက်ဆိုတာက ရောက်ရာမှာ ဒီသားသမီး ဒီမြေး ဒီမြစ်နဲ့ မခွဲချင်ဘဲနဲ့ ရောက်ရာဘဝတွေ တောင့်တတဲ့ပုဂ္ဂိုလ်ဟာ မိုက်သည်ထက် ပိုမိုမိုက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
နောက်ဘဝတွေ ပြန်ပြီးတောင့်တဲ့ပုဂ္ဂိုလ်များကို ဘယ်လိုဆိုကြပါ့မလဲ (မိုက်သည်ထက် မိုက်ပါတယ် ဘုရား) ဪ ဒါဖြင့် ဒကာ ဒကာမတို့ ယခုမိုက်နေတာကလဲ လူမိုက်ပဲ (မှန်ပါ) နောက်တစ်ခါ ဒီဟာမျိုးကို ပြန်ပြီးလိုချင်ပါ သေးတယ်ဆိုတာကကော (မိုက်သည်ထက် မိုက်ပါတယ် ဘုရား)။
ဒါဖြင့် အခုမိုက်နေတာကလဲ တစ်မိုက် (မှန်ပါ) နောက်တစ်ခါ ပြန်ပြီး သကာလ ဒီဟာကြီးကို ပြန်လိုချင်တာက တစ်မိုက်ဆိုတော့ ဒါဘယ့်နှယ်မှ မတတ်နိုင်ဘူးတဲ့၊ မိုက်သည်ထက် ပိုမိုက်တဲ့ပုဂ္ဂိုလ်ဟာ သိပ်များတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အံမာလေး လူမိုက် မိုက်သထက် ပိုမိုက်တယ်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ယနေ့ ခွဲခွဲခြားခြား သိပလား (သိပါပြီ) လက်ရှိခန္ဓာကြီးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာကြီး မမြင်ဘဲနဲ့ နေတာကလဲ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။
အဲဒီလူမိုက်က တစ်ခါ ဘဝများစွာ သံသရာကြီးကိုများ၊ ဆက်ပြီး သကာလ ခန္ဓာတွေများ ရချင်သေးတယ်၊ ယူချင်သေးတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီအဝိဇ္ဇာဦးစီးပြီး အနာဂတ်လှမ်းပြီး သကာလ တဏှာက တောင့်တ လိုက်ပြန်တော့လဲ ဒီအနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာပဲ ပြန်မရဘူးလား၊ ရမလား (ရပါ့မယ် ဘုရား)။
အခုမသိတာက တစ်မိုက်
ဒါဖြင့် အခုမသိတာက တစ်မိုက်၊ နောက်တစ်ခါ ပြန်မိုက်တာက (တစ်မိုက်ပါ ဘုရား) လူမိုက် မိုက်တာထက် ပိုမိုက်တဲ့ပုဂ္ဂိုလ်လဲရှိသေးတယ် (ရှိပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ လူမိုက် လူလိမ္မာဖြစ်ပြီး သကာလ လာဖို့အရေးဟာ အတော်ခဲယဉ်းတယ် (မှန်ပါ) လူမိုက်ထက် ပိုမိုက်တဲ့ပုဂ္ဂိုလ်ကသာ များတယ် (မှန်ပါ)၊ ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) သေသေချာချာ ဉာဏ်နဲ့စဉ်းစားမှ ဦးဘအုန်းတို့ ပေါ်လာမယ်နော် (မှန်ပါ) နို့မဟုတ်ရင် ပေါ်လာပါ့မလား (မပေါ်လာပါ ဘုရား)။
သို့သော် များသောအားဖြင့် သေသေချာချာ စဉ်းစားလို့ရှိရင် ဒကာကြွယ်တို့၊ ဒကာသစ်တို့ ချိန်ကြည့်တာပေါ့ဗျာ (မှန်ပါ) လူမိုက်ပဲ များသလား၊ လူမိုက်ထက် ပိုမိုက်တဲ့ ပုဂ္ဂိုလ်ပဲ များသလားဆိုတာ ခင်ဗျားတို့ ရပ်ထဲ၊ ရွာထဲ၊ မြို့ထဲမှာ နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တော့ ပိုပြီး သကာလ သိလိမ့်အုံးမယ်လို့ဆိုတဲ့ဥစ္စာလဲ ပြောဖို့မလိုပါဘူး (မလိုပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် ဘယ်ဟာက များမယ်ထင်သတုံး (လူမိုက်ထက်ပိုပြီး မိုက်တဲ့လူက ပိုပြီးများပါတယ် ဘုရား) အံမာ လေး လွန်လှချည်လား လွန်လှချည်လား၊ အဲဒါကြောင့် ဒကာ ဒကာမတို့ လူမိုက်သံသရာရှည်တယ်လို့ဆိုတဲ့ဥစ္စာ မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ကဲ လူမိုက် ဘယ်ကစ အဝိဇ္ဇာက စတယ် (မှန်ပါ) လူမိုက် ဘယ်မှာဆုံးသလဲ အဝိဇ္ဇာမှာ ဆုံးတယ် (မှန်ပါ ဘုရား)။
လူမိုက်ဘယ်က စသတုံး
လူမိုက်ဘယ်က စသတုံး (အဝိဇ္ဇာက စပါတယ် ဘုရား) နောက်ကျတော့ အသာကပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿဆို ပြီး ပဋိစ္စသမုပ္ပာဒ်အဆုံးမှာ မလာဘူးလား (လာပါတယ်) အဲဒီသောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတာ သည် မသိလို့ဖြစ်တာလား၊ သိလို့ဖြစ်တာလား (မသိလို့ဖြစ်တာပါ) မသိလို့ဖြစ်တော့ အဲဒီအထဲမှာ အဝိဇ္ဇာကပါနေတယ် (မှန်ပါ ဘုရား)။
”ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒီဘဝ ပဋိစ္စသမုပ္ပာဒ်ဆုံးတော့လဲ အဝိဇ္ဇာနဲ့ သူဆုံးတယ် (မှန်ပါ) သူစတုန်းကလဲ (အဝိဇ္ဇာက စပါတယ် ဘုရား) ဒီဘဝပဋိစ္စသမုပ္ပါဒ် ဆုံးပြန်တော့ (အဝိဇ္ဇာမှာ ဆုံးပါတယ် ဘုရား)။ တယ်ခက်ကုန်ပြီ (မှန်ပါ) ခက်သေးဘူးလား (ခက်ပါတယ် ဘုရား) ဘာနဲ့စပြီး ဘာနဲ့ဆုံးတုံး (အဝိဇ္ဇာနဲ့ စ၍ အဝိဇ္ဇာနဲ့ဆုံးပါတယ် ဘုရား)။
ဒကာကြွယ် သွားပြီဗျ (မှန်ပါ) မသွားသေးဘူးလား (သွားပါတယ် ဘုရား) ပထမအစလဲ အဝိဇ္ဇာနဲ့စတယ်၊ အဆုံးမှာလဲ (အဝိဇ္ဇာနဲ့ဆုံးပါတယ် ဘုရား) နောက်တစ်ခါပြန်စပြန်တော့ကော (အဝိဇ္ဇာနဲ့ စပါတယ်) ဒါဖြင့် ဒကာ ဒကာမတို့ အမှောင်ထဲမွေး၍ အမှောင်ထဲ သေလေဲရဲ့ (မှန်ပါ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (အမှောင်ထဲမွေးပြီး အမှောင်ထဲသေပါတယ် ဘုရား) ဘယ့်နှယ်မှ မငြင်းနဲ့တော့ဗျ၊ ငြင်းရင် လွဲရုံပဲရှိမှာပဲ (မှန်ပါ) ဘယ့်နှယ်ဆိုကြမယ် (အမှောင်ထဲ မွေးပြီး အမှောင်ထဲ သေပါတယ် ဘုရား) အမှောင်ထဲမွေးပြီးတော့ (အမှောင်ထဲသေပါတယ်)။ ဒါဖြင့် အမှောင်ထဲမွေး အမှောင်ထဲနေ အမှောင်ထဲသေပေါ့ (မှန်ပါ)၊ အမှောင်က စပြီး သကာလ အမှောင်အလယ်ရောက်တယ်၊ အမှောင်အလယ်က ပြီးတော့ အမှောင်နဲ့ ဇာတ်သိမ်းတယ် (မှန်ပါ) ဒါပဲ ရောက်တော့တယ်၊ သဘောပါလား (ပါပါပြီ ဘုရား)။
ဒကာကြွယ် ဒီနေ့တရားက သေသေချာချာ စဉ်းစားကြည့်မှ လူမိုက်ထက် လူမိုက်ရှိသေးတယ်ဆိုတာ ပေါ်လာ တယ်။ (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဖြစ်ပျက်မမြင်တာက တစ်မိုက်
ဒီကိုယ့်ခန္ဓာကိုယ်ကြီး ဖြစ်ပျက်မမြင်တာက တစ်မိုက်ကိုးဗျ (မှန်ပါ) ဖြစ်ပျက်ဒုက္ခမမြင်လို့ နောက်ခန္ဓာကြီး တောင့်တတာကလဲဘာတုံး (တစ်မိုက်ပါ ဘုရား) ဒီတော့ ဒီတစ်မိုက်ထက် ဟိုတစ်မိုက် ပိုတယ်ဆိုရင်ကော (မလွဲပါ ဘုရား) ဒါဖြင့် မသိတာက တစ်မိုက်၊ နောက် မရ-ရကြောင်း လုပ်ယူတာက တစ်မိုက် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် လူမိုက်ထက် လူမိုက်ရှိသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာဖြင့် ဧကန်ပေါ်တော့တာပဲ (ပေါ်ပါတယ် ဘုရား) ဒကာကြွယ် ကြံလုံးစည်လုံးနဲ့ ပြောနေတယ်လို့ မအောက်မေ့ပါနဲ့၊ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ဒါအလဂဒ္ဒူပမသုတ်မှာ ဒီအတိုင်း ဘုရားက လူမိုက်လဲရှိတယ်၊ လူမိုကထက်ပို မိုက်တဲ့ပုဂ္ဂိုလ်လဲ ရှိတယ်၊ မင်းတို့ ဘယ်လို စဉ်းစားမလဲဆိုတော့ ရဟန်းတွေက ဟုတ်ပါတယ်ဘုရား၊ လူမိုက်ထက် မိုက်တဲ့ပုဂ္ဂိုလ်လဲ ရှိပါသေးတယ်လို့ တာဝန်ကို ခံရတယ် (မှန်ပါ ဘုရား)၊ မခံရဘူးလား၊ ခံရသလား (ခံရပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ လူမိုက်ဘယ်ကစ (အဝိဇ္ဇာက စပါတယ် ဘုရား) လူမိုက်ဘယ်လိုနေ (အဝိဇ္ဇာနဲ့ နေပါတယ်) လူမိုက် ဘယ်လိုသေ (အဝိဇ္ဇာနဲ့သေပါတယ် ဘုရား) သွားပြီကော (မှန်ပါ ဘုရား)။
အဝိဇ္ဇာဆိုတာက အမှောင်တိကျတာကို ဆိုသည်၊ သဘောကျပလာ (ကျပါပြီ ဘုရား) ဒါဖြင့် သူဟာ မွေးတုန်းက ဘာနဲ့မွေး (အဝိဇ္ဇာနဲ့ မွေးပါတယ်) နေတာ့ဘာနဲ့နေ (အဝိဇ္ဇာနဲ့ နေပါတယ်) သေတော့ ဘယ်အထဲသေ (အဝိဇ္ဇာထဲ သေပါတယ်) ကိုင်း ဒကာကြွယ်သွားပြီဗျ (မှန်ပါ) ဘယ်တော့များ ဒီအမှောင်ထဲ နေရောင်၊ လရောင်၊ ဘုရားရောင်၊ တရားရောင်၊ သံဃာရောင်တော်ဆိုတဲ့ ဥစ္စာတွေ ဦးဘအုန်း ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ) သဘောပါကြပြီနော် (ပါပါပြီ ဘုရား)။
အဝိဇ္ဇာနဲ့ဆုံးသွားကြတာပဲ
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေပြောရတယ်၊ ဒီ “အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုပြီး သကာလ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘာဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဆိုတဲ့ ပဋိစ္စပမုပ္ပာဒ်ကြီးဟာ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ ဒီအတိုင်းသာနေကြလို့ရှိရင် ဒုက္ခကြီး အဝိဇ္ဇာနဲ့ စပြီး အဝိဇ္ဇာနဲ့အလယ်မှာနေပြီး သကာလ အဝိဇ္ဇာနဲ့ဆုံးသွားကြတာပဲ (မှန်ပါ ဘုရား)။
နောက်တစ်ခါစပြန်တော့ ဘယ်ကနေစပြန်သလဲ (အဝိဇ္ဇာကနေ စပါတယ် ဘုရား) စတာပေါ့ဗျာ “အာသဝ သမုဒယာ အဝိဇ္ဇာ သမုဒယော” ဆိုပြီး လာပြန်တာပဲ (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီကဲ့သို့ လာပြန်တော့ ဪ တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လကွယ်သန်းခေါင် မိုးမှောင်တိမ်တိုက်ဆိုတဲ့ အထဲမှာ ဒီအထဲမှာပဲ ထမင်းစား၊ ဒီအထဲမှာပဲ အိမ်ထောင်ပြု၊ ဒီအထဲမှာပဲသေ၊ ဒီလိုပဲ မနေကြဘူးလား (နေပါတယ် ဘုရား)။
နောက်တစ်ခါ မွေးပြန်တော့ ဒီအမှောင်ထဲ မွေး၊ ဒီအမှောင်ထဲနေ၊ ဒီအမှောင်ထဲသေ (မှန်ပါ) ဒါကြောင့် ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေပွင့်သွားတာ တပည့်တော်တို့ ဘာဖြစ်နေရစ်လို့တုံး မမေးနဲ့တော့၊ အဖြေထွက်သွားပြီ (မှန်ပါ) မထွက်သေးဘူးလား (ထွက်ပါပြီ ဘုရား)။
အမှောင်ထဲမွေး၊ အမှောင်ထဲနေ၊ အမှောင်ထဲ သေ
ဘယ်လိုထွက်ပါလိမ့်ဗျာ (အမှောင်ထဲမွေး၊ အမှောင်ထဲနေ၊ အမှောင်ထဲ သေပါ ဘုရား) နောက်တစ်ခါ ပြန်ဖြစ် ပြန်တော့ (အမှောင်ထဲမွေး၊ အမှောင်ထဲနေ၊ အမှောင်ထဲ သေပါ ဘုရား) နောက်တစ်ခါ ပြန်ဖြစ်ပြန်တော့ (အမှောင်ထဲပဲ ပြန်ဖြစ်ပါတယ် ဘုရား) နေပြန်တော့ကော (အမှောင်ထဲပဲ နေပါတယ် ဘုရား) အမှောင်ထဲနေ၊ နောက်တစ်ခါ သေပြန် တော့ကော (အမှောင်ထဲ သေပါတယ် ဘုရား)။
ဒါဖြင့် ဂင်္ဂါဝါဠုသဲစုအမျှ ပွင့်တော်မူတဲ့ ဘုရားတွေဆိုတာလဲ မရေတွက်နိုင်ဘူးလို့ ပြောတာပါပဲ (မှန်ပါ) အဲဒီမရေတွက်နိုင်တဲ့အထဲမှာ ကျုပ်တို့မပါတာသည် ဘာဖြစ်လို့တုံးဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခုနင်က ပြောသလို အမှောင်ထဲစဖြစ်၊ အမှောင်ထဲပဲနေလိုက်၊ အမှောင်ထဲပဲ သေလိုက်နဲ့ချည်းနေခဲ့ရလို့ (မှန်ပါ ဘုရား)။
ဒါကြောင့် ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူခဲ့ကြတဲ့ ဘုရားတွေ ဘယ်လိုပင် အလင်းရောင်တွေ ထိုးပြခဲ့ပေမဲ့ ကျုပ်တို့နဲ့ မဆိုင်ဘဲဖြစ်ခဲ့ကြရတယ် (မှန်ပါ) ဆိုင်ပါ့မလား (မဆိုင်ခဲ့ပါ ဘုရား) သဘောပါပလား (ပါပါပြီ) ဒီတစ်ခါ လွတ်လို့ရှိရင် ဒကာသစ် သွားပြီ (မှန်ပါ) ဘယ့်နှယ်မှ မတက်နိုင်ဘူးဆိုတာ စဉ်းစားကြည့်ပါတော့ (မှန်ပါ) ဒီအမှောင် ဇာတ်ကိုလဲ ယခုဖွင့်ပေးနေတာပဲ၊ ဖွင့်ပေးနေတာပဲ၊ ကဲ ဒါဖြင့် လူမိုက်ထက် လူမိုက် မဖြစ်ကောင်းဘူးဆိုတာတော့ ယနေ့တရားချီးလာကတည်းက ပေါ်ပါပြီ (မှန်ပါ ဘုရား)။
မိမိခန္ဓာကြီး၏ အဖြစ်အပျက် ဒုက္ခသစ္စာမတွေ့တာက တစ်မိုက် (မှန်ပါ) ဒါကြီး မတွေ့သရွေ့ ကာလပတ်လုံးလဲ ဒကာသစ်တို့က စဉ်းစားစရာ နောက်ဘဝကို တောင်းဦးမှာပဲ (မှန်ပါ) တောင်းလို့ရှိရင် ဘယ့်နှယ်ဆိုမလဲ (တစ်မိုက်ပိုပါတယ် ဘုရား)။
ဒါဖြင့် အရင်မိုက်တာထက် ပိုမိုက်တဲ့ လူမိုက်လဲ ရှိသေးတယ် (မှန်ပါ) အရင်က လက်ရှိခန္ဓာ မသိတာက တစ်ခါမိုက်၊ လက်မဲ့ခန္ဓာ ဒုက္ခသစ္စာကြီး ပြန်တောင်းတာက (တစ်ခါမိုက်ပါ ဘုရား)၊ ဒါဖြင့် လူမိုက်ထက် မိုက်တဲ့ပုဂ္ဂိုလ်လဲ ရှိသေးတယ်ဆိုတာ ဘုရားဟောတော်မူတာကိုဖြင့် ယုံကြည်ကြပါတော့ (မှန်ပါ)၊ ယုံသင့်ပလား (ယုံသင့်ပါပြီ ဘုရား)၊ ယုံသင့်ပြီနော် (မှန်လှပါ ဘုရား)။
အဲဒါကို ဘာကြေင့် ဆရာဘုန်းကြီးက ဒါကို အသားပေးပြီး သကာလ ဘုရားဟောကို အကျင်တဝင့် ချဲ့ထွင်ပြီး ဆုံးမရပါလိမ့်မလဲလို့မေးတော့ ခင်ဗျားတို့ ဒုတိယမှားချက် ပထမမှားချက်ကိုတော့ ဘုန်းကြီးက ပြင်ပေးနိုင်တယ်၊ ပထမမှားချက် ပြင်ပေးလိုက်တဲ့အခါကျတော့ ခင်ဗျားတို့က အိမ်ရောက် ဘယ်ရောက်နဲ့ ရောက်ချင်တဲ့ဆီ ရောက်ပြီး သကာလ သွားတော့ ဒုတိယမှားချက် လာမှာ သိပ်စိုးရိမ်မိတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒုတိယမှားချက် လာမှာ သိပ်စိုးရိမ်မိတယ်
ပထမမှားချက်အပေါ်မှာ ဒုတိယမှားချက်က လိုက်သွားမှာ အင်မတန် စိုးရိမ်ရတယ်၊ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ်) ဟိုကျတော့ သားက အိမ်မှာလှည့်လိုက်၊ သမီးက အိမ်မှာ လှည့်လိုက်၊ ခင်ပွန်းမက အိမ်မှာလှည့် လိုက်၊ စီးပွားဥစ္စာရတနာတွေက လှည့်လိုက်ပြီဆိုမှဖြင့် ယောင်ထွက်ပြီး သကာလ သွားတတ်တယ် (မှန်ပါ ဘုရား)။
ဒါတွေနဲ့ သွားရာလာရာနေရာမှာ နိဗ္ဗာန်အတူတူဝင်ဖို့ဆိုပြီး သကာလ ယောင်တတ်တယ် (မှန်ပါ) မယောင်ပေ ဘူးလား (ယောင်ပါတယ် ဘုရား) ယောင်တော့ ဘဝတဏှာ အဝိဇ္ဇာကနေပြီး မသိအောင်လုပ်လိုက်တော့ တဏှာကနေ ပြီး ဆုတောင်းပစ်လိုက်တယ် (မှန်ပါ)၊ တောင်းပစ်လိုက်တော့ ဒုတိယအမိုက် ပိုမလာဘူးလား (ပိုလာပါတယ် ဘုရား) နဂိုက ကိုယ့်ခန္ဓာ မသိတာက (တစ်မိုက်ပါ ဘုရား)၊ ဒုတိယဘဝကို မသိလို့ တောင်းယူပြန်တာက (တစ်မိုက်ပါ ဘုရား)၊ ဒါကြောင့် ဘုရားက လူမိုက်ထက် ပိုမိုက်တာလဲ ရှိသေးတယ်ကွလို့ ဟောတာ (မှန်ပါ)။
ဒကာ ဒကာမတွေ နားရှိလို့ ကြားရတာနော် (မှန်ပါ)၊ များသောအားဖြင့် ဒကာသစ်တို့ ဦးဘအုန်းတို့ ဒီပုဂ္ဂိုလ် တွေဟာ နည်းလှမယ်မဟုတ်ဘူး (မှန်ပါ ဘုရား) ဒကာကြွယ် ဘယ့်နှယ်တုံး (မနည်းပါ ဘုရား) များတယ်လို့ပဲ မဲခွဲကြည့် ရင်ဖြင့် သူ့ဘက်က အတော်များလိမ့်မယ် (မှန်ပါ) မများပေဘူးလား (များပါတယ် ဘုရား)။
လူမိုက်ထက် မိုက်တဲ့ပုဂ္ဂိုလ်က သာပေါနေတယ်
ဒါဖြင့် လောကကြီးထဲမှာ ဒကာကြွယ်တို့ ဒကာသစ်တို့က သုံးတယ်၊ လူမိုက်က တယ်ပေါတယ် (မှန်ပါ)၊ ဘုရားဟောကြည့်တော့ လူမိုက်ထက် မိုက်တဲ့ပုဂ္ဂိုလ်က သာပေါနေတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာတဲ့တုံး (လူမိုက်ထက် မိုက်တဲ့ပုဂ္ဂိုလ်ကပေါပါတယ်) လူမိုက်ထက် မိုက်တဲ့ပုဂ္ဂိုက သာပေါတယ် (မှန်ပါ)။
ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ ဒီဥစ္စာ အင်မတန် အရေးကြီးတဲ့စကားဆိုတာ ပေါ်လာပလား (ပေါ်ပါပြီ ဘုရား) ဪ ဘုံဘဝတွေများ တောင့်တပြီး သကာလ နေတဲ့ပုဂ္ဂိုလ်ဟာဖြင့် လူမိုက်ထက် ပိုမိုက်တဲ့ ဒုတိယဆင့် မိုက်တဲ့လူမိုက်ပဲဆို တဲ့ဥစ္စာဖြင့် ဘာမှသံသယမရှိအောင် ရှင်းသွားပြီ (မှန်ပါ) ကဲ-နေရာကျကြပါလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒီဘဝ မိုက်လက်စ သိမ်းလိုက်ရလို့ရှိရင်ဖြင့် လူမိုက်ထက် ပိုမိုက်တဲ့ဘဝ လွတ်သွားလို့ရှိရင် ဖြင့် ဒီဘဝမှာ လူမိုက်အဖြစ်မှ လူလိမ္မာအဖြစ်သို့ ရောက်ခဲ့သည်ရှိသော် နောက် ပိုမိုက်မှာတွေလဲ အကုန်သိမ်းသွား တယ် (မှန်ပါ ဘုရား)။
ပိုမိုက်မှာတွေ ဘာဖြစ်သွားသတုံး (အကုန်သိမ်းသွားပါတယ် ဘုရား) ဒီဘဝမှာ မသိမ်းရင်တော့ နောက် ပို မိုက်မှာတွေက ထုတက်လာဦးမယ် (မှန်ပါ) မလာပေဘူးလား (လာပါတယ် ဘုရား)။
အမေမိဘတွေက တတ်သလောက် သင်လွှတ်လိုက်တာတွေက မနည်းဘူး (မှန်ပါ) ဒါ နင်ကမွေးတော့ နင့်သား၊ နင့်သမီး၊ နင့်မြေး၊ နင့်မြစ်ဟုတ်လား (မှန်ပါ) ဒါတွေ နင်ပစ်ထားရင် နင်ဘယ့်နှယ်လုပ်မတုံး၊ နင်ပဲ သယ်ပိုးရမှာပေါ့ ဆိုပြီး ဒါတွေချည်း သယ်ပိုးနေမည့်ဥစ္စာတွေကလဲ နင်တို့ဘဝအကြောင်းက ရေစက်ဆုံလာကြတာကိုး (မှန်ပါ) အကြောင်း က ဆုံလာတယ်လို့ ပြောချင်ပြောသေးတယ်၊ ဒီဘဝမှာတွေ့ကြတဲ့ ကိလေသာတို့၏ သောင်းကျန်းမှုကြောင့်လို့တော့ ထည့်မပြောဘူး၊ ပြောရဲ့လား (မပြောပါ ဘုရား)။
ကိလေသာတို့၏ သောင်းကျန်းမှုကြောင့်
နောက်ဘဝက အကြောင်းတဲ့၊ ဟုတ်ကြရဲ့လား၊ နောက်ဘဝ အကြောင်းချည်းသက်သက် မဟုတ်ပါဘူး၊ နောက်ဘဝအကြောင်းက အင်မတန်နည်းပါလိမ့်မယ် (မှန်ပါ) ဒီဘဝတွေ့ဆုံပေါင်းသင်းမှုစတဲ့ ကိလေသာ သောင်း ကျန်းမှုကြောင့်သာလျှင် ဖြစ်ရတာများပါတယ် ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ကောင်းပြီ၊ ဒါတွေ အသာထားပါတော့၊ ဒါဖြင့် ဒီနေ့တရားမှာ အခု နာရီဝက်ရှိသွား ဒကာကြွယ်၊ ဘာကို ဘုန်းကြီးစိုးရိမ်သတုံးဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဘုရားဘာစိုးရိမ်သတုံး (လူမိုက်ထက် ပိုမိုက်မှာ စိုးရိမ်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါတောင် ခင်ဗျားတို့ မနည်းဖျက်ရဦးမှာ၊ မိုက်ပြီးသားတွေနော် (မှန်ပါ) လူမိုက်ထက် ပိုမိုက်ထားတာတွေ အတော်စုံခဲ့ပြီ (မှန်ပါ) မစုံဘူးလား (စုံပါတယ် ဘုရား)။
ဒကာကြွယ် မငြင်းနဲ့တော်နော် (မှန်ပါ) မသိခင်တုန်းက နဂိုကလဲ ခန္ဓာကိုယ် ဖြစ်ပျက်ဒုက္ခသစ္စာ မသိတုန်းကလဲ တစ်ခါမိုက်ခဲ့ပြီ (မှန်ပါ) နောက်ကျတော့ ဆွမ်းကွမ်းစသည် အလှူအတန်းတွေ ပေးတဲ့ အခါကျတော့လဲ ဘဝတဏှာဦးစီးပြီး နောက်ခန္ဓာဒုက္ခကြီး ပြန်ရအောင် ဆုတောင်းကြတော့ လူမိုက်ထက်ပိုမိုက်တဲ့အလုပ်ကိုလဲ လုပ်ချင်လုပ်လိုက်သေးတယ် (မှန်ပါ ဘုရား)။
တောင်းလိုက်သေးတယ် ဆုတွေ ဘာတွေက (မှန်ပါ ဘုရား) မတောင်းကြဘူးလား (တောင်းပါတယ် ဘုရား) အဲဒါက ဘယ့်နှယ်ဖြစ်သွားသတုံး (လူမိုက်ထက် ပိုပြီးမိုက်ပါတယ် ဘုရား) လူမိုက်ထက် ပိုမိုက်တဲ့ အလုပ်ကလဲ ပါလိုက် သေးတယ် (မှန်ပါဘရား)။
သို့သော် ဒါတွေ အသာထားပါတော့၊ မကောင်းအစဉ် ပြင်ခဏနဲ့ ပြင်လိုက်ရင် ရပါတယ် (မှန်ပါ) ဟိံသက ခိုးသူကြီးဟာ ဘဝပေါင်းများစွာကလဲ လူမိုက်ပဲ၊ နိဗ္ဗာန်ရမည့်ဘဝမှာ ပိုပြီးမိုက်လိုက်သေးတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ပိုမိုက်ပေမဲ့ ပြင်လိုက်ပြန်တော့လဲ ဘယ့်နှယ်နေသတုံး (ရပါတယ် ဘုရား) အနာဂတ်မိုက်တွေ သေတာပေါ့ဗျာ။ (မှန်ပါ) အနာဂတ် ကိလေသာမိုက်တွေတော့ ဇာတ်မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။
ပထမမဂ် မရသရွေ့
ဒါဖြင့် ဒကာ ဒကာမတို့ ပထမမဂ် မရသရွေ့ကာလပတ်လုံး လူမိုက်ထက်ပိုပြီး မိုက်လိမ့်ဦးမယ် ဆိုတာ ကိုတော့ ကိုယ့်အတွက် ကိုယ် ဗျာဒိတ်ပေးထားကြပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပထမမဂ်မှ မရသေးလို့ရှိရင်ဖြင့် ငါသည် လူမိုက်ထက် ပိုမိုက်လိမ့်ဦးမယ်ဆိုတဲ့ဥစ္စက သေချာပါတယ် (သေချာပါ တယ်) ဒါဖြင့် ဒီအမိုက်ဇာတ်ကိုဖြင့် ပထမမဂ်နဲ့ပဲ သိမ်းမှသာလျှင် ဒါဟာ နေရာကျတော့မှာပဲ (မှန်ပါ)၊ ဒီမဂ်မှမရသေးဘူး ဆိုရင် ကိုယ့်အတွက် ကိုယ် ဗျာဒိတ်ပေးကြမယ်ဆိုရင် ဘယ်လိုပေးကြမယ်၊ လူမိုက်ထက် ပိုမိုက်တဲ့ပုဂ္ဂိုလ်ဟာ တို့ဖြစ်ရ အုံးမယ် (မှန်ပါ)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အခုတရားဟောနေတာ ဘာပါလိမ့်မလဲလို့ မေးတော့ နရိုက လူမိုက်ကို လူလိမ္မာဖြစ်အောင် လုပ်နေပါတယ် (မှန်ပါ) အခု လူလိမ္မာဖြစ်တော့ကို လူမိုက်ထက် ပိုမိုက်တဲ့ဇာတ်ကော သိမ်းသွားဘူး လား (သိမ်းပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် တစ်ခါမိုက်က သိမ်းလို့ဖြစ်တယ် (မှန်ပါ( နှစ်ခါ မိုက်ဆိုလို့ရှိရင်ဖြင့် သိမ်းလို့ မဖြစ်တော့ဘူး (မှန်ပါ) ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)၊ တစ်ခါမိုက်ဆိုလို့ရှိရင် ပြင်လို့ဆင်လို့လွယ်တယ် (မှန်ပါ)။
နောက်တစ်ခါ ဆက်ပြီး ဘုံဘဝအကြိမ်ကြိမ် ခံစားတာတွေ ဘာတွေနဲ့ ရှုပ်လာလို့ရှိရင်ဖြင့် အတော်ခဲယဉ်း သွားပြီ (မှန်ပါ)၊ မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ် ဘုရား) ကဲ ဒါဖြင့် အခု အားလုံးတရားနာလာကြတဲ့ ဒကာ ဒကာမတွေကို တစ်ခါမိုက်ပြင်ဖို့ရာ အရေးကိုတော့ တာဝန်လဲယူပါတယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီတစ်ခါမိုက်ကို ပြင်ထားတာကလေးကို မပျောက်မပျက်အောင် ခင်ဗျားတို့ ပြင်ထားကြ ဆင်ထားကြမယ်ဆိုလို့ရှိရင်ဖြင့် လူမိုက်ပိုမိုက်တဲ့ အလုပ်ဟာဖြင့် ဒီဝိပဿနာဉာဏ်က တဒင်္ဂ ဖြတ်နိုင်တယ် (မှန်ပါ) မဂ်ဉာဏ်ဆိုတာကတော့ လုံးဝလူမိုက်ထက် ပိုမိုက်တဲ့အလုပ်ကို ဘယ်နည်းနဲ့မဆို သူဖြတ်တောက်ပေးပြီလို့ မှတ်ပါ (မှန်ပါ ဘုရား)။
လူမိုက်ထက် ပိုမိုက်မှာစိုးလို့
ဒါဖြင့်အခု ကျုပ်တို့ တရားဟောနေတာ ဘယ်အကျိုးငှာ ဟောတာတုံးလို့ မေးတဲ့အခါကျတော့ လူမိုက်ထက် ပိုမိုက်မှာစိုးလို့ ဟောနေတာ (မှန်ပါ ဘုရား) အခုမှ တရားအကွက် ပေါ်ပေတော့တယ် ခင်ဗျားနို့ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုန်းကြီးက နေ့တိုင်း ဟောနေတာ ဘယ်အကျိုးငှာပါလိမ့်မတုံး ဆိုတာကော ရိပ်မိကြပါလား (ရိပ်မိပါပြီ) ဘယ်လိုပါလိမ့်ဗျာ (လူမိုက် ပိုမိုက်မှာ စိုးရိမ်လို့ပါ ဘုရား)။ အဲ လူမိုက်ထက် ပိုမိုက်မှာစိုးရိမ်လို့ ဟောနေတဲ့အခါကျတော့ ဒီဘဝ လူလိမ္မာအဖြစ်ရောက်အောင် ကြိုးစားကြပါ၊ မိုက်တယ်ဆိုတာ အဝိဇ္ဇာ၊ လိမ္မာတယ်ဆိုတာ သမ္မာဒိဋ္ဌိ၊ သဘောကျ ပလား (ကျပါပြ ဘုရား)။
အမိုက်ကို သမ္မာဒိဋ္ဌိနဲ့ ဖြတ်တောက်ပစ်လိုက်လို့ရှိရင်ဖြင့် ဒါဟာ အလိမ္မာဘက်ဝင်သွားတော့တာပဲ၊ သမ္မာဒိဋ္ဌိဆို ကတည်းက ဒကာ ဒကာမတို့ ဘဝကို မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)။
”နိဗ္ဗာနံ မဂ္ဂတီတိ မဂ္ဂေါ၊ ကိလေသေ မာရေန္တော ဂစ္ဆတီတိ မဂ္ဂေါ” ဆိုတော့ သမ္မာဒိဋ္ဌိက မဂ္ဂင်ဖြစ်နေတော့ ဒုတိယအမိုက် ဖြတ်တယ်ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အင်္ဂုလိမာလခိုးသူကြီးကို ဒကာ ဒကာမတို့ မြတ်စွာဘုရားသခင် အမြန်လိုက်ပြီး ဟောရတာသည် မိုက်သည်ထက် ပိုပြီးမိုက်မည့်ဇာတ်ကြီးကို တားမြစ်တာပဲဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ့်နှယ်ကြောင့် သွားပါလိမ့် (မိုက်သည်ထက် ပိုမိုက်မှာ စိုးရိမ်လို့ပါ ဘုရား)။
အမေကို သားသတ်မိသွားလို့ရှိရင် သူဟာ ရဟန္တာမဖြစ်နိုင်တော့ဘူး၊ ဒီနေ့က အမေကို သတ်မည့်နေ့ကိုး (မှန်ပါ) သဘောကျပလား (ကျပါပြီ) သူနဂိုက မိုက်နေတာတော့ ရိုးရိုးလူသတ်မှုပဲ ရှိသေးတယ်၊ ပဉ္စာနန္တရိယကံ မပါသေးဘူး (မှန်ပါ) အဲဒီလူမိုက်ထက် ပိုပြီးမိုက်သွားမှာစိုးတာနဲ့ အမြန်သွားလိုက်ရတယ် (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
တရားအားထုတ်ကြပါလို့ ပြောတာ
ဒီမှာလဲ ဒကာ ဒကာမတွေ တရားအားထုတ်ကြပါ၊ တရားအားထုတ်ကြပါလို့ ပြောတာ ဒကာကြွယ် ယနေ့တော့ ဇာတ်ကွက်ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ဘယ်လိုပေါ်လာပါသတုံး (လူမိုက်ထက်ပိုပြီး မိုက်မှာစိုးလို့ပါ ဘုရား) လူမိုက်ထက် ပိုမိုက်မှာစိုးလို့ ပြောရတယ်ဆိုတာ အင်မတန် ရှင်းသွားပါပြီ (မှန်ပါ ဘုရား)။
ဒီနေ့ ဘာတရားဟောသတုံးဆိုရင် ဒကာကြွယ် နာမည်တပ်တတ်ပလား (တပ်တတ်ပါပြီ ဘုရား) လူမိုက်ထက် ပိုမိုက်တဲ့အမိုက်ဇာတ်သိမ်းနေတာပဲ ဆိုနိုင်ကြပလား (ဆိုနိုင်ပါပြီ ဘုရား) ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က ကျန်နေတဲ့ ယမကဝတ္တုကိုပဲ ပြန်ဆက်ကြပါစို့ (မှန်ပါ ဘုရား)။
ယမကရဟန်းက ဘာဖြစ်သလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးလို့ဆိုတာ သူ့အယူမဟုတ်လားဗျာ (မှန်ပါ) တရားဟောတော်မူတာ သူသိပါရဲ့တဲ့၊ ရဟန္တာသေရင် ဘာမျှမဖြစ်တော့ဘူးတဲ့၊ ဒဘာဒိဋ္ဌိ ပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူး ဆိုတော့ ဥစ္ဆေဒအစွန်းမလွတ်တဲ့ဒိဋ္ဌိ ယူထားတယ် (မှန်ပါ ဘုရား)။
ဪ-ဒီဥစ္ဆေဒဒိဋ္ဌိ ဘယ်ကများ လာပါလိမ့်မလဲလို့ ခင်ဗျားတို့ မေးဖို့လိုလာတယ် (မှန်ပါ)။
”ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိပမုခေနေဝ ဥပ္ပဇ္ဇန္တိ” (မှန်ပါ)။
ဒွါသဋ္ဌိဒိဋ္ဌိယော-(၆၂)ပါးသော ဒိဋ္ဌိတို့သည်၊ ဥပ္ပဇ္ဇမာနာ-ဖြစ်ကုန်သည်ရှိသော်၊ သက္ကာယဒိဋ္ဌိပမုခေနေဝ-သက္ကာယဒိဋ္ဌိဦးဆောင်သဖြင့်သာလျှင်၊ ဥပ္ပဇ္ဇန္တိ-ဖြစ်ကုန်၏၊ သက္ကာယဒိဋ္ဌိကြောင့် ဖြစ်လာတာ (မှန်ပါ ဘုရား)။
သက္ကာယဒိဋ္ဌိကြောင့် ဖြစ်လာတာ
ဒီဥစ္ဆေဒဒိဋ္ဌိဟာ ဘယ်သူ့ကြောင့် ယမကမှာ ဖြစ်လာသတုံးဆိုတဲ့ လက်သည်ကို ရှာလိုက်တော့ သက္ကာယဒိဋ္ဌိကြောင့် ဖြစ်လာတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကြည့်ပါလားတဲ့ အင်း ရဟန္တာသေတယ်ဆိုရင် ရဟန္တာလို့ သူထင်နေတဲ့ ခန္ဓာငါးပါးကို သူရဟန္တာလို့ လုပ်ထား တာကိုကပဲ စဉ်းစားကြည့်ပါလားတဲ့၊ ဒီဥစ္စ သက္ကာယဒိဋ္ဌိက လုပ်ထားတာ၊ အဲဒီကပွားပြီး သကာလ ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးလို့ ယူတော့ကို ဥစ္ဆေဒဒိဋ္ဌိဘက် ကူးမသွားဘူးလား (ကူးသွားပါတယ်) ခန္ဓာငါးပါး အနိစ္စတရားကို ရဟန္တာလို့ ပညတ်အားဖြင့် သူထင်နေကတည်းက အတ္တဒိဋ္ဌိက ရှိမနေဘူးလား (ရှိနေပါတယ် ဘုရား)။
ဒါဖြင့် အဲဒီ ဥစ္ဆေဒဒိဋ္ဌိကြီးတွန့်တက်ပြီး အညွန့်ထွက်လာလိုက်တာဟာ ဘယ်သူ့ကြောင့်ပါလိမ့်မလဲဆိုတာ ပေါ်သွားပြီ (မှန်ပါ) သက္ကာယဒိဋ္ဌိကြောင့် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ သက္ကာယဒိဋ္ဌိကြောင့် ဥစ္ဆေဒဒိဋ္ဌိ ပိုပြီးပွားလာတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်မှာတုံး ရဟန္တာ
အဲဒီတော့ ယမကကို ရှင်သာရိပုတ္တရာက တရားဟောတယ် (မှန်ပါ) တရားဟောတဲ့အခါကျတော့ ခန္ဓာငါးပါးကို ပြပြီး သကာလ “ဘယ်မှာတုံး ရဟန္တာ၊ ဘယ်မှာတုံး ရဟန္တာ” ဆိုပြီး ခန္ဓာငါးပါးတွေ ပြလိုက်တယ် မဟုတ်ဘူးလားဗျာ (မှန်ပါ) ပြလိုက်တော့ ခန္ဓာငါးပါးထဲ ရဟန္တာပါသေးသလား (မပါပါ ဘုရား) ရဟန္တာမပါတာကိုသိတော့ နောက်တစ်ခါ ခန္ဓာငါးပါးကို ပြလိုက်တဲ့အခါ သက္ကာယဒိဋ္ဌိ ဖြုတ်လိုက်တယ် ဆိုတာလဲ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
၎င်းင်းခန္ဓာငါးပါးတို့၏ ဖြစ်ပုံပျက်ပုံကလေးတွေ အနိစ္စလား နိစ္စလားမေးပြီး အပျက်ကလေးတွေ ပြလိုက်ပြန်တော့ လဲ ရဟန္တာလုံးလုံး ပျောက်မသွားဘူးလား (ပျောက်သွားပါတယ်) အဲဒီမှာ ရဟန္တာဆိုတဲ့ သမုတ်လဲ လုံးလုံးပျောက်သွား ပါရော သက္ကာယဒိဋ္ဌိ အစိုင်အခဲရှိသေးရဲ့လား (မရှိပါ ဘုရား)။
ရဟန္တာရယ်လို့ ပုဂ္ဂိုလ်အနေဖြင့် မရှိတော့ပါဘူး၊ ခန္ဓာငါးပါး အနိစ္စတရားသာ ရှိပါတော့တယ်လို့ သူ့စိတ်ထဲမှာ ဒိဋ္ဌိက ပါးမသွားဘူးလား (ပါးသွားပါတယ်)၊ ပါးသွားတဲ့အခါကျတော့မှ သစ္စာဟောလိုက်တော့ ဖြစ်မှုပျက်မှုဟာ
”ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာန့ နိရုဇ္ဈတိ” (ဆန္ဒသုတ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိ၊ နာ-၁၁၀)ဆိုတဲ့ အတိုင်း ဒုက္ခဖြစ်၍ ဒုက္ဓချုပ်တာသာရှိပါတော့တယ်ဆိုတာ သူသဘောကျမသွားဘူးလား (ကျသွားပါတယ်) သဘောကျ သွားတော့ ခုနင်က ပြောခဲ့သလို သက္ကာယဒိဋ္ဌိလဲ ပြုတ်ပြီ၊ သစ္စာလဲမြင်လိုက်တော့ သောတာပန်မတည်လား (တည်ပါတယ် ဘုရား)။
သောတာပန်တည်သွားပြီ
ကိုင်း ဒါနဲ့ သောတာပန်တည်တဲ့အခါကျတော့ မေးလိုက်တယ်၊ သောတာပန်တည်သွားပြီ ဒကာ ဒကာမတို့၊ ဒါတွေက ဟောပြီးသားမို့ အထူးအကျယ်မပြောဘူး (မှန်ပါ) သူ သောတာပန်တည်ကြောင်း၊ မတည်ကြောင်း မေးတဲ့အခါလဲ ဟောခဲ့ပြီးသားတွေ ဒကာသစ်တို့ မှတ်မိကြပါလိမ့်မယ် (မှန်ပါ ဘုရား)။
အခု ဘယ့်နှယ်ဖြေမတုံး၊ ရဟန္တာသေလို့ရှိရင်ဖြင့် ဘာမှမဖြစ်တော့ပါဘူးဆိုတာ ယူသေးရဲ့လား၊ တပည့်တော် ဟာ အခုအရှင်ဘုရား၏ တရားထူး တရားမြတ်ဆိုတဲ့တရားတွေကို သစ္စာလေးပါးထိုးထွင်းပြီး သိရတဲ့တရားတွေ နာရသော ကြောင့် တပည့်တော်မှာ ဤအယူမရှိတော့ပါဘူးဘုရားလို့ ဝန်မခံဘူးလား (ခံပါတယ် ဘုရား) အဲ ဒိဋ္ဌိပြုတ်တယ်လို့ တာဝန်ခံတာ (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒိဋ္ဌိပြုတ်သွားသောကြောင့် ဒီအယူမျိုး မရှိတော့ပါဘူး၊ သစ္စာသိပါပြီဘုရား၊ ရဟန္တာသေရင် ဘာမှမဖြစ်တော့ပါဘူး ဆိုတဲ့အယူကို ဖျောက်လိုက်ပါပြီဆိုကတည်းကိုက ဒိဋ္ဌိပြုတ်သွားပြီလို့ သူပြောတာပဲ (မှန်ပါ) ဒိဋ္ဌိပြုတ်တော့ သောတာပန်မတည်လား (တည်ပါတယ် ဘုရား)။
ဒါကြောင့် သောတာပန်တည်ချင်ရင် ဒိဋ္ဌိကို ဦးတည်ဖြုတ်ပါ (မှန်ပါ) သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ချင်ရင် (တဏှာကို ဖြုတ်ရပါမယ်) တဏှာကို ဦးတည်ဖြုတ်ပါလို့ မနေ့ကလဲ အစီအစဉ်နဲ့ ပြောခဲ့ပြီနော် (မှန်ပါ ဘုရား)။
ဒိဋ္ဌိဖြုတ်တဲ့ဥစ္စာ လုံလောက်အောင် တစ်ခါမေးလိုက်ပြန်တော့ ကဲ-ကွာတဲ့ မင်းအခုတော့ ဒီအယူ ဖျောက်လိုက်ပြီ ဆိုတော့ မင်းကို ယခုအချိန်များ ဘေးက ရဟန်းတွေက မင်း အရင်တုန်း ကြော်ငြာထားတဲ့အတိုင်း ရဟန္တာသေလို့ရှိရင် ဘာများသွားသတုံး မေးလို့ရှိရင် မင်းဘယ့်နှယ်ဖြေမတုံး ဆိုတော့ သူသစ္စာနဲ့ဖြေတယ် (မှန်ပါ) မဖြေဘူးလား (ဖြေပါတယ် ဘုရား)။
ဒုက္ခကုန်ဆုံးသွားပြီလို့ ဖြေမှာပဲ
ရဟန္တာရယ်လို့ မရှိပါဘူးလို့ ဒီလိုမဖြေဘူး၊ ရဟန္တာရယ်လို့ မရှိဘူးလို့ မဖြေပါဘူး၊ ဘယ်လိုဖြေသတုံး ဆိုတော့ အကြင်ခန္ဓာငါးပါး တရားဟာ အနိစ္စတရား၊ ထိုအနိစ္စတရား၊ ထိုအနိစ္စတရားဟာ ဒုက္ခပါပဲ၊ အဲဒီအနိစ္စ ဒုက္ခဖြစ်တဲ့ တရားဟာ ကုန်သွားပြီ ဆုံးသွားပြီလို့ တပည့်တော်ဖြေမှာပဲ၊ ဒုက္ခကုန်ဆုံးသွားပြီလို့ ဖြေမှာပဲဆိုတော့ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။
”ဒုက္ခဿန္တံ ကရိဿတိ” ဆိုတဲ့အတိုင်း ဒုက္ခဆုံးသွားပြီလို့ သူဖြေတယ် မဟုတ်လား (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သူဟာ သစ္စာမြင်လို့ နိဗ္ဗာန်ဝင်တာပဲ (မှန်ပါ) သစ္စာမြင်မှ နိဗ္ဗာန်ဝင်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ) တခြားနဲ့ နိဗ္ဗာန်မဝင်နိုင်ပါဘူး၊ သစ္စာမြင်မှ နိဗ္ဗာန်ဝင်နိုင်တယ် (မှန်ပါ) သဘောကျပြီနော် (ကျပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် အကိုးအကား အထူးအကျယ် ထုတ်မနေတော့ပါဘူး သစ္စာမပါဘဲနဲ့ နိဗ္ဗာန်ဝင်တယ် ဆိုတာ မယုံကြည်ပါနဲ့လို သစ္စယံယုတ်ကို ဘုန်းကြီးတို့ ခဏခဏပဲ မဟောခဲ့ဘူးလား (ဟောခဲ့ပါတယ် ဘုရား)။
သစ္စာဆိုက်မှ နိဗ္ဗာန်ဝင်တယ်
ငါဟာ တိုင်မပါဘဲနဲ့ အပေါ်မှာ အချင်တွေ ဒိုင်းမျှားတွေ တင်ခဲ့တယ်ဆိုရင် မယုံနဲ့တဲ့၊ ယုံမလား (မယုံပါ ဘုရား)၊ အဲဒီကဲ့သို့ပဲ သစ္စာမပါဘဲနဲ့များ သောတာပန် တည်ခဲ့တယ်ဆိုရင် မယုံနဲ့တဲ့၊ သစ္စသံယုတ်မှာ ဘုရားက ဟောထားခဲ့ပါတယ် (မှန်ပါ ဘုရား)၊ သစ္စာဆိုက်မှ နိဗ္ဗာန်ဝင်တယ်ဆိုတာ ရှင်းသွားပြီနော် (ရှင်းပါပြီ ဘုရား)။
အခုဖြေတော့ ကြည့်စမ်း၊ သစ္စာနဲ့ သူမဖြေဘူးလား (ဖြေပါတယ်) ဒုက္ခဆုံးသွားပြီလို့ တပည့်တော် ဖြေမှာပါတဲ့၊ ရဟန္တာသေရင် ဘယ်များသွားသတုံးမေးရင် အနိစ္စတရား၊ ဒုက္ခတရား အဲဒီဒုက္ခတရားကုန်ပြီ၊ ဆုံးသွားပြီလို့ တပည့်တော် ဖြေရုံပါပဲဆိုတော့ သာဓု သာဓု ခေါ်တော်မူတယ် (မှန်ပါ ဘုရား)။
ရှင်သာရိပုတ္တာရာ သာဓု သာဓု ခေါ်လိုက်တယ် (မှန်ပါ) နိဗ္ဗာန်ဆိုတာ အဲဒီမှာ တစ်ချက်ပေါ်လာတယ်ဆိုတာလဲ လေးစားစွာနဲ့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား) ဒုက္ခဆုံးသွားတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
အဲဒါ ယမကသောတာပန်တည်လို့ ဒုက္ခဆုံးတာကို နိဗ္ဗာန်လို့ သူဖြေတာပဲဆိုတာ သေချာပလား (သေချာပါပြီ) ခင်ဗျားတို့ရထားတဲ့ ပါဠိတော် အကိုးအကား ထုတ်လိုက်တော့ “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဆိုတာလဲ ဒါနိဗ္ဗာန်ကို ဆိုတာပဲ (မှန်ပါ) ဒုက္ခက္ခန္ဓဿ-ဒုက္ခအစု၏ နိရောဓော-ချုပ်ခြင်းသည်၊ ဟောတိ-ဖြစ်၏ (မှန်ပါ)၊ ဒုက္ခချုပ်တာကို ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား) အဲဒီမှာလဲ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ဒုက္ခချုပ်တာပါ ဘုရား) ဒုက္ခချုပ်သွားတာ၊ ဒုက္ခဆုံးသွားတာ၊ ဒုက္ခမရှိတာပဲ (မှန်ပါ) ဪ ဒါဖြင့် နိဗ္ဗာန်ဆိုတာမျိုးဟာ အနာပေါက်နေတဲ့ ပုဂ္ဂိုလ်၏အနာပေါက်မှုပါကလား (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်၏ ဒုက္ခသိမ်းမှုကိုဆိုတာ (မှန်ပါ)။
ဒါနဲ့ရှင်သာရိပုတ္တရာက ငါ့ရှင်တော့ သောတာပန်တည်နေပြီ ရဟန္တာဖြစ်အောင် ဆက်လက်ပြီး ချီးမြှင့်ဦးမယ်ဆိုတဲ့ စိတ်တော်နဲ့ဆက်ပြီး ဟောပြန်တယ် (မှန်ပါ) ဒီနေ့ဟာ ယမက ရဟန္တာဖြစ်အောင် ဟောမည့်တရားပဲ (မှန်ပါ)။
လူငါးယောက်ရှိတယ်ကွာတဲ့
ရဟန္တာဖြစ်အောင်ဟောတော့ သူဥပမာလေးနဲ့ပြတယ်၊ လူငါးယောက်ရှိတယ်ကွာတဲ့၊ သဌေးသားက နှစ်ယောက်၊ သတ်မည့်သူက ငါးယောက်ရှိတယ်တဲ့၊ သဌေးသားနှစ်ယောက်ကလဲ တစ်ယောက် လိမ္မာတယ်တကွတဲ့၊ တစ်ယောက်က တော့ မိုက်တယ်ကွတဲ့၊ လူငါးယောက်ကလဲ ဒီသူဌေးသား နှစ်ယောက်ကို သတ်မလို့ ရည်ရွယ်ချက်ရှိတယ်။
အဲဒီလို ရည်ရွယ်ချက်ရှိတော့ သတ်မည့်သူငါးယောက် ကြံစည်တယ်တဲ့၊ တို့သည်ကားလို့ဆိုရင် ဒီသူဌေးသား နှစ်ယောက်ဆီသွားပြီး ဒီအတိုင်း အတင်းဝင်သတ်လို့တော့ မဖြစ်ပေဘူး၊ သူ့ဆီမှာ အတွင်းလူအဖြစ်နဲ့ သူအလိုလိုက် သူ့အကြိုက်ကို ကို့ကပြုပြင်ပြီး သကာလ နေမှသာလျှင် သူဟာ တို့ကို ယုံကြည်မြတ်နိုး လာမယ် (မှန်ပါ ဘုရား)။
အဲ မြတ်နိုးခင်မင်လို့ ထမင်းတစ်ပွဲတည်းစားလို့ အတူနေလို့ အတူအိပ်တဲ့အခါကျမှ သတ်မယ်ဆိုရင် အချိန်မရွေး ဖြစ်နိုင်တယ် (မှန်ပါ)၊ ဒီတော့ အတွင်းသူ အတွင်းသားဖြစ်အောင် ငါတို့ပေါင်းသင်းမှာပဲ ဆိုပြီး ပညာမရှိတဲ့သဌေးသားဆီ ဝင်ပြီး သကာလ ဒီငါးယောက်က အခစားဝင်လိုက်တယ်။
အရှင်သူဌေးသား အကျွန်ုပ်တို့သည်ကားလို့ဆိုရင်ဖြင့် အရှင်သူဌေးသားကို ကြည်ညိုလေးစားသည် ဖြစ်လေသော ကြောင့် အလိုရှိရာကို ရွက်ဆောင်ဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ၊ အဲဒါကြောင့် အရှင်သူဌေးသားသည် အကျွန်ုပ်တို့ ပြုစုခြင်းကို လက်ခံပါဆိုတော့ ပညာမရှိတဲ့ သဌေးသားက ဪ ဟုတ်ထင်ပါရဲ့ဆိုပြီး လက်ခံလိုက်ပါတယ်၊ သဘောကျပ လား (ကျပါပြီ ဘုရား)။
ပညာမရှိတဲ့ သူဌေးသားက
ပညာမရှိတဲ့ သူဌေးသားက သူသတ်သမားငါးယောက် သတ်မလို့လာတာကို အချော့ကောင်းတာနဲ့ သူ့ကို ပြုစုမယ်လို့ ပြောတာနဲ့ပဲ လက်ခံလိုက်ပါတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့က ဒကာကြွယ်ဆိုတဲ့ ဝဋ္ဋနိဿိတပုထုဇဉ်ပုဂ္ဂိုလ်က နတ်ခန္ဓာငါးပါးကြီး ရ-ရပါလို၏၊ ခင်ဗျားတို့ပုထုဇဉ် က တောင်းယူတာ (မှန်ပါ)၊ ဗြဟ္မာခန္ဓာငါးပါးကြီး ရ-ရပါလို၏၊ ဝဋ္ဋဿိတပုဂ္ဂိုလ်က တောင်းမယူဘူးလား (တောင်းယူပါတယ်)၊ အဲဒါကို အခစားရောက်လာတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အခစားရောက်လာတော့ ခင်ဗျားတို့က ကိုယ်ခန္ဓာငါးပါးကြီးကိုပဲ တစ်ခါတည်းရူပက္ခန္ဓာကြီးကိုပဲ ခင်ဗျားတို့က ရေချိုး မိုးချိုးပေါ့ဗျာ (မှန်ပါ)၊ ဝေဒနာက္ခန္ဓာကြီးကိုလဲ ကြိုက်တာချက်ကျွေးပေါ့ဗျာ (မှန်လှပါ ဘုရား)။ သညာက္ခန္ဓာကြီးကိုလဲ ခင်ဗျားတို့သည် တစ်ခါတည်း ဖြူနီ အကြောင်းအကြားတွေနဲ့ လှအောင် ပအောင်ဆိုပြီး သူ့ကိုမှတ်သားကောင်းအောင် ဆိုပြီး ပေးကြတယ် (မှန်ပါ ဘုရား)။
သင်္ခါရက္ခန္ဓာ စေတနာကြီးကလဲ သူသွားချင်တယ်ဆိုရင် အကုန်လိုက်ပို့တယ် ဝဋ္ဋပဂ္ဂိုလ်ကလေ (မှန်ပါ)၊ သူက ပွဲသွားချင် ပွဲလိုက်ပို့၊ ရုပ်ရှင်သွားချင် ရုပ်ရှင်လိုက်ပို့၊ ဒီတဏှာက သွားချင်တာကိုးဗျ (မှန်ပါ) အဲဒါ ခင်ဗျားတို့ ဝဋ္ဋနိဿိတ ပုဂ္ဂိုလ်က လိုက်ပို့တော့ ဪ ခန္ဓာငါးပါး သူသတ်ယောကျ်ားက သိပြီ၊ အင်း ငါတို့ကို ယုယပြီး ယုယလို့ရှိရင်ဖြင့် နေရာကျပြီဆိုပြီး သကာလ ဒီခန္ဓာငါးပါးကပဲ ဒကာ ဒကာမတို့ ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို သတ်တာပဲ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ)။
ခန္ဓာငါးပါးကိုတောင်းယူတဲ့ ပုဂ္ဂိုလ်များဟာ
ဒါဖြင့် ဆုတောင်းတဲ့ပုဂ္ဂိုလ်များ ခန္ဓာငါးပါးကိုတောင်းယူတဲ့ ပုဂ္ဂိုလ်များဟာ သူသတ်ငါးယောက်ကို ကျုပ်တို့သည် ကားလို့ဆိုရင် ဒီဘဝမှာဖြင့် သေပြီးပါပြီ၊ မသေသေးခင် ဟိုမှာ သတ်မည့်သူငါးယောက်ကို ကျုပ်တို့မျှော်လင့်တောင့်တပြီး ထားတဲ့ပုဂ္ဂိုလ်နဲ့ မတူလား (တူပါတယ် ဘုရား)။
အဲဒါ ယမက ဟောလိုက်တယ်၊ ခန္ဓာငါးပါးဟာ သူသတ်ယောကျ်ားကွဆိုတော့ ဝဓကတောနဲ့ သူဟောပါတယ် (မှန်ပါ) အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ သင်္ခတဝေ – ဝဓကတော ဆိုပြီးသကာလ ဒါဟာ သူသတ်ယောကျ်ားတွေကွ၊ မင်းကိုသတ်မဲ့ ခန္ဓာငါးပါးကွဆိုတော့ တစ်နေ့ကလဲ ယမကအကြောင်းကို အကျယ်ဟောပြီးလို့ သိကြ (မှန်ပါ ဘုရား)။
ရူပက္ခန္ဓာက သတ်လိုက်တာ ပထဝီပျက်ပြီး ဓာတ်လျောပြီး သတ်လိုက်တာပဲ (မှန်ပါ) ဝေဒနာက္ခန္ဓာကနေပြီး တစ်ခါတလေ အစားလွန်ပြီးများ သေသွားတဲ့အခါမရှိဘူးလား (ရှိပါတယ် ဘုရား) ဒုက္ခဝေဒနာရောက်ပြီး သေသွားတာ ကော (ရှိပါတယ် ဘုရား)။ ဒါ-ဝေဒနာက္ခန္ဓာ သတ်လိုက်တာ (မှန်ပါ)
သညာက္ခန္ဓာကနေပြီး အစားမှား၊ အနေမှားနဲ့- သညာဝိပလ္လာသကနေပြီး သတ်ချလိုက်တာ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ စေတနာ-သင်္ခါရက္ခန္ဓာကလဲ မသွား ကောင်းတဲ့လမ်းတွေများ တိုက်တွန်း လွှတ်လိုက်လို့ ငှက်ဖျား-မြွေကိုက်သေကြ စသည်တွေဟာ စေတနာဆိုတဲ့ သင်္ခါရက္ခန္ဓာ က သတ်လိုက်တာ (မှန်ပါ)။
ဝိညာဏက္ခန္ဓာက တစ်ခါတည်း စိတ်အလိုမကျတော့ တစ်ချို့မှာ ရေထဲခုန်ချပြီး သေ- ရေတွင်းထဲ ဆင်းသေကြ မရှိကြဘူးလား (ရှိပါတယ်) လူ ရူးနောက်ပြီး သကာလ (သေကြပါတယ် ဘုရား)၊ ဒါက စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာက သူ့စိတ် သူမနိုင်လို့ သေရရှာ- စိတ်က သတ်ချလိုက်တာ (မှန်ပါ ဘုရား)။
ခန္ဓာငါးပါးကို ဖြစ်ပျက်ချည်း အရှုခိုင်းတယ်
ဒါဖြင့် ခန္ဓာငါးပါးဟာ သူသတ်ယောကျ်ားကွ၊ သူသတ်ယောကျ်ားကွဆို- ခန္ဓာငါးပါးကို ဖြစ်ပျက်ချည်း အရှုခိုင်းတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)၊ ခန္ဓာကို ဖြစ်ပျက်ချည်းရှု၊ “မင်း သူသတ်ယောကျ်ားတွေပဲ၊ မင်း သူသတ်ယောက်ျားတွေပဲ ရှုစမ်း ရှုစမ်း၊ ဝဓကတော ဝဓကတောနဲ့ ရှုစမ်းကွ၊ မင်းသတ်မည့်ပုဂ္ဂိုလ်တွေပဲ၊ သတ်နိုင်ရင် သတ်၊ မင်းက ဝေးအောင် ရှောင်နိုင်ရင်ရှောင်၊ မရှောင်နိုင်ရင် မင်းကိုသတ်မှာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရောက်ရာမှာ ခင်ဗျားတို့ သေခဲ့ရတာသည် ကံမကောင်းအကြောင်းမသင့်လို့ သေခဲ့ရ တယ်လို့ ဒကာ ဒကာမတွေက ထင်ကြတယ် (မှန်ပါ) မဟုတ်ပါဘူးတဲ့၊ ကံကောင်းတဲ့ ပုဂ္ဂိုလ်တေလဲ ရွှေပုံ ငွေပုံပေါ်မှာ ထိုင်ပြီးသေတယ် (မှန်ပါ) ဘယ်သူသတ်လိုက်တာပါလိမ့် (ခန္ဓာက သတ်တာပါ ဘုရား) ခန္ဓာငါးပါး တစ်ပါးပါးက သတ်ချ လိုက်တာ (မှန်ပါ)။
ဪ ခင်ဗျားတို့က ခက်လိုက်တာ၊ ဒီပုဂ္ဂိုလ်တွေဟာ ကံကုန်လို့ သေသွားရှာတယ်တဲ့၊ ကံကုန်လို့ သေရတာလို့ ခင်ဗျားတို့က ထင်လိုက်တယ် (မှန်ပါ) ကံကုန်လို့သေတာလား ဒကာ ဒကာမတို့ ခန္ဓာငါးပါး၏ သတ်မှုကြောင့် သေရတာလား (ခန္ဓာငါးပါး၏သတ်မှုကြောင့် သေရတာပါ)။
သေမင်းကို တပည့်တော်သိချင်ပါတယ်ဘုရား
ဒါ့ကြောင့် ရာဓသံယုတ်၊ မာရသုတ်တွေမှာ ဟောတော်မူတာကို ထောက်ကြည့်တော့မှ ပေါ်လာတယ် ဒကာကြွယ် (မှန်ပါ) ရာဓသံယုတ်၊ မာရသုတ်(သံယုတ်ပါဠိ၊ ဒု၊နှာ-၁၅၄) မှာ ရာဓဆိုတဲ့ ရဟန်းကလျှောက်ပုံ ဒါကလေး နည်းနည်း နားထောင်ကြည့်ကြတာပေါ့၊ ရာဓ-က “အရှင်ဘုရား သေမင်းလို့ လောကကြီးထဲမှာ အတော်ပြောကြပါတယ်၊ အဲဒီ သေမင်းကို တပည့်တော်သိချင်ပါတယ်ဘုရား” တဲ့၊ ရာဓရဟန်းက လျှောက်တယ် (မှန်ပါ ဘုရား)။
သေမင်း-သေမင်းလို့ လောကကြီးထဲမှာ စကားမပြောကြဘူးလား (ပြောပါတယ်) အဲဒီသေမင်းဆိုတာကို တပည့် တော်သိချင်ပါတယ်တဲ့၊ အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ရူပေ ခေါ ရာဓ သတိ မာရောဝါ အဿ မာရေတာဝါ” ရူပက္ခခန္ဓာဟာ မင်းရဲ့သေမင်းတဲ့ (မှန်ပါ ဘုရား) “ဝေဒနယာ သတိ မာရောဝါ အဿ မာရေတာဝါ” ဝေဒနာက္ခန္ဓာဟာ မင်းရဲ့သေမင်း (မှန်ပါ ဘုရား)။
”သညာယ သတိ မာရောဝါ အဿ မာရေတာဝါ” သညာက္ခန္ဓာဟာ မင့်သေမင်းဆိုတော့ ခန္ဓာငါးပါးစလုံးဟာ မင်းရဲ့သေမင်း၊ မင်းရဲ့ သူသတ်ယောကျ်ားတွေပဲ (မှန်ပါ)၊ မင်းကိုသတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ပဲကွတဲ့ သေချာမဟော ဘူးလား (ဟောပါတယ် ဘုရား)။
ခန္ဓာငါးပါးဟာ သေမင်းတွေပဲ
အဲ ရာဓသံယုတ်ကျတော့ ခန္ဓာငါးပါးဟာ သေမင်းတွေပဲလို့ ဟောလိုက်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဘယ်သူနဲ့များ ပေါင်းသင်းပြီးနေကြပါလိမ့်မလဲလို့ ဘုန်းကြီးက ပဲ မေးလိုက်ပါတယ် (သူသတ်ယောက်ျားတွေနဲ့ ပေါင်းသင်းနေပါတယ် ဘုရား)၊ သေမင်းငါးယောက်နဲ့ဆိုကြပါစို့ (မှန်ပါ)၊ သေမင်းငါးယောက်နဲ့ ပေါင်းသင်းပြီး သကာလ မနေရဘူးလား (နေရပါတယ်)။
ဪ ဒါဖြင့် ဘယ်တော့များ တပည့်တော်တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် သေမင်းလက်ချက်နဲ့ ဝိညာဏ်ချုပ်ရပါ မတုံးလို့မေးတော့ ဒကာ ဒကာမတို့ မစိုးရိမ်ပါနဲ့ အချိန်ပဲ ကျန်တော့တယ် (မှန်ပါ ဘုရား)။
ဘယ့်နှယ်ဆုံးဖြတ်ချက်မလဲ (အချိန်ပဲ ကျန်ပါတော့တယ် ဘုရား) အချိန်ပဲ ကျန်ပါတော့တယ် ဒကာ ဒကာမတို့၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သေမင်းငါးယောက်ကတော့ဖြင့် ကျုပ်တို့ဆီမှာ အတွင်းသူ အတွင်းသားအဖြစ်နဲ့ ရောက်နေတာဖြင့် ကြာပေါ့ဗျာ (မှန်ပါ)၊ ကြာပြီဆိုတာ ဒကာ ဒကာမတို့ ပဋိသန္ဓေနေတဲ့ အချိန်ကစပြီး သူတို့ ငါးယောက်က လာပြီး ဝပ်စင်းခစားလာတာပဲ (မှန်ပါ)၊ လူ့ပြည်ရောက်ရပါလို၏ဆိုတဲ့ ဝဋ္ဋနိဿိတ ပုဂ္ဂိုလ်လဲ ရောက်ပါရော ခုနင်က သေမင်းငါးယောက်ကလဲ ရောက် လာတာပဲ (မှန်ပါ)၊ မရောက်ဘူးလား (ရောက်လာပါတယ် ဘုရား)။
ဒါဖြင့် တို့သည် လူ့ဘဝရတာသည် ကံကောင်းအကြောင်းသင့်ပြီး သကာလ ရတာလားလို့ မေးတဲ့ အခါကျတော့ သေမင်းလက်တွင်း ခေါင်းစင်းအပ်မလို့ ရလာတာ (မှန်ပါ ဘုရား)။
ဘယ်လိုဆိုပါ့မယ် (သေမင်းလက်တွင်း ခေါင်းစင်းအပ်မလို့ ရလာတာပါ ဘုရား)၊
ပရိနိဗ္ဗာန် စံဝင်တော်မူရတယ်
ဒါကြောင့် ဒကာ ဒကာမတို့ ခန္ဓာသည်ကားလို့ဆိုရင်ဖြင့် လုံးဝမကောင်းဘူးဆိုတာ ပေါ်လာပါပြီ (ပေါ်လာပါပြီ ဘုရား) ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ အနာဂတ်ခန္ဓမရ်ကို အောင်မြင်ပြီးသားပါ (မှန်ပါ ဘုရား)၊ သို့သော် ပစ္စုပ္ပန် ခန္ဓာကြီးက လက်ရှိဖြစ်နေသေးတော့ ဒကာ ဒကာမတို့ ဝမ်းတော်လားပြီး အင်ကြင်းပင်ပျိုတွေ ကြားမှာ ပရိနိဗ္ဗာန် စံဝင်တော်မူရတယ် (မှန်ပါ)၊ မစံရဘူးလား (စံရပါတယ် ဘုရား)၊ ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ခန္ဓာတော် လက်ရှိဖြစ်နေ သေးလို့ (မှန်ပါ ဘုရား)။
ဒါကြောင့် “ရူပ ခေါ ရာဏ သတိမာရောဝါ အဿ မာရေတာ ဝါ” ဆိုတာ ရူပက္ခန္ဓာရှိရင် သေမင်းပဲတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ယခုအတူတူနေကြရတာ ဘယ်သူတွေနဲ့ နေကြပါလိမ့်မလဲလို့ အမေးထုတ်လိုက် ပါတယ် (သေမင်းငါးယောက်နဲ့ အတူတူနေရပါတယ် ဘုရား)။
ဪ ဒါဖြင့် တပည့်တော်တို့သည်ကားလို့ဆိုလို့ရှိရင် ဒီနယ်က မလွတ်နိုင်သရွေ့ကာလပတ်လုံးဖြင့် ဒီသေမင်း ငါးယောက်လက်တွင်းမှာပဲ တပည့်တော်တို့ ခေါင်းစင်းပြီး ထိုးအပ်ရမှာပဲ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒါဟာ သူသတ်ယောက်ျားတွေပဲ၊ ခင်စရာရှိရဲ့လား (မရှိပါ ဘုရား) ဒါကြောင့် တဏှာ သတ်ဟောနေတယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
တဏှာသတ်ဟောနေတာ
ဘာဟောနေပါလိမ့် (တဏှာသတ်ဟောနေပါတယ် ဘုရား) တဏှာသတ်ဟောနေတာဆိုတော့ ခန္ဓာကိုယ်ကို ခင်ဗျားတို့က “ဘဝနိကန္တိက တဏှာ” ဆိုတာ ဘဝစကတည်းက အရင်ဆုံးရောက်လာပါတယ် (မှန်ပါ)၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရာဟုလာအား ဟောတဲ့နေရာမှာ
ဘဝရာဂပရေတေဟိ၊ ဘဝသောတာနုသာရိဘိ၊
မာရဓေယျာနုပန္နေဟိ၊ နာယံ ဓမ္မော သုသမ္ဗုဓော။
(သုတ္တိနိပါတ်၊ ပါ၊ နှာ-၃၉၇)
သတ္တဝါတွေဟာ သေမင်းငါးယောက်ကို အင်မတန်ခက်တယ်၊ သေမင်းငါးယောက်ကို မခွဲချင်ကြဘူးတဲ့ (မှန်ပါ) ဘဝတဏှာက ဆွဲထားလိုက်တော့ သေမင်းငါးယောက်နဲ့ ခွဲရမှာကို ခင်ဗျားတို့က အတော်စိုးရိမ်တယ် (မှန်ပါ ဘုရား)။
တစ်ခုသော ရောဂါဝေဒနာကလေး ရလာတယ်၊ အသက်ဝိညာဏ် ချုပ်ရတော့မယ်လို့ ဒီခန္ဓာငါးပါးဟာ သတ် တော့မယ်ဆိုလို့ရှိရင်ဖြင့် ခန္ဓာငါးပါးနဲ့ ခွဲရမှာကိုးဗျ (မှန်ပါ)၊ ခင်ဗျားတို့ကတဲ့ အသက်ဖိုးပေးပါ့မယ်၊ မခွဲပါရစေနဲ့တဲ့ (မှန်ပါ)၊ ဘယ်သူနဲ့ မခွဲချင်တာပါလိမ့် (သေမင်းငါးယောက်နဲ့ပါ ဘုရား)၊ ခန္ဓာငါးပါးက ဘာတရားတဲ့တုံး (သေမင်းငါး ယောက်ပါ) ဪ မသိတော့လဲ မခွဲချင်ဘူးပေါ့ဗျာ (မှန်ပါ)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ ရဟန္တာတွေကျတော့ ခန္ဓာဝန်ကြီးကို ငြီးငွေ့စက်ဆုပ်ကြသော်လဲ အသက်တို အောင် အထူးအားမထုတ်ဘဲ အချိန်စေ့ရောက်က အလိုအလျောက်ရောက်လာမယ့် ပရိနိဗ္ဗာန်စံရက်ကိုသာ သတိဉာဏ်နဲ့ စောင့်ဆိုင်းနေကြတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊
ကျွန်သက်ရှည်ခဲ့တယ်
ဘယ့်နှယ်ကြောင့် ခွဲချင်ပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့်တဲ့ ဘဝများစွာ သံသရာကလဲ သူ့ထမ်းပိုးခဲ့ရတဲ့ ကျွန်ကြီးကလဲ ကျွန်သက်ရှည်ခဲ့တယ် (မှန်လှပါ ဘုရား) သူတို့က သတ်လို့ သေခဲ့ရတဲ့ ဘဝချည်းပဲရှိတော့ ဒီတစ်ခါဖြင့် သူတို့သတ်တာ နောက်ဆုံးပိတ်သတ်ခြင်းနဲ့ အသေခံပြီး သကာလ ၊ သူတို့ လွတ်ရာပဲ နေချင်ပါတော့တယ်ဆိုတဲ့စိတ်က ချက်ချင်းပေါ်တယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။
ကိုင်း-ဒကာ ဒကာမတို့ ခန္ဓာငါးပါးဟာ ခင်စရာ မင်စရာ တရားလား၊ သူသတ်ယောကျ်ားလား (သူသတ် ယောကျ်ားပါ ဘုရား)၊ အဲဒါကြောင့် ခန္ဓာငါးပါးကို ဖြစ်ပျက်အနိစ္စရှုပါ ဒုက္ခရှုပါ၊ အနတ္တရှုပါ (မှန်ပါ)၊ သင်္ခတဓမ္မကိုလဲ ရှုချင်ရှု၊ နောက်ပြီးတော့ ဖြစ်ပျက်ဟာ သူသတ်ယောကျ်ားလို့လဲ ရှုချင်ရှု (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သူသတ်ယောကျ်ားလို့ ရှုလိုက်တော့ သူသတ်ယောကျ်ားက ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)၊ သူသတ်ယောကျာ်းက ခန္ဓာငါးပါးက (ဒုက္ခသစ္စာပါ ဘုရား)၊ ရှုတဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာဆိုတော့ အင်း မဂ္ဂသစ္စာဆိုကတည်းက ဒကာ ဒကာမတို့ သူသတ်ယောကျ်ားမှန်း သိတဲ့အခါကျတော့ ခင်သေးရဲ့လား၊ (မခင်ပါ ဘုရား)၊ မခင်တော့ သမုဒယသစ္စာက မသေလား (သေပါတယ် ဘုရား) သမုဒယသစ္စာက သပေါတယ် ဒကာ ဒကာမတို့၊ မသေပါနဲ့ ဆိုလို့မရပါဘူး (မှန်ပါ ဘုရား)။
အထက်မဂ်လိုချင်တဲ့အခါ
ဒါကြောင့် အထက်မဂ်လိုချင်တဲ့အခါကျလို့ရှိရင်ဖြင့် ရှုပုံသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သူသတ်ယောက်ျား ဒီလိုရှုမှ သာလျှင် တဏှာသေတယ် (မှန်ပါ)၊ သူသတ်ယောကျ်ားအဖြစ်ကို လည်လည်ပြောပါမှ ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ တဏှာသေတယ် (မှန်ပါ)၊ နို့မဟုတ်ရင် သေပါ့မလား (မသေပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီခန္ဓာကြီးကို ယခုခင်နေတဲ့ပုဂ္ဂိုလ်ဖြင့် အသေခံမိုက်တာပဲ (မှန်ပါ)၊ ဘယ်လိုဆိုကြမယ်၊ (အသေခံ မိုက်တာပါ ဘုရား)၊ နောက်ဆုတောင်းယူတဲ့ပုဂ္ဂိုလ်က (သေချင်သေးလို့ပါ ဘုရား)။
ဒါဖြင့် လောကကြီးထဲမှာ ဒကာကြွယ်၊ ဒကာသစ်တို့၊ ဦးဘအုန်းတို့ စဉ်းစားကြည့်တာပေါ့ဗျာ၊ အသေခံပြီး မိုက်တာရယ်၊ သေချင်သေးလို့ရယ် ဒီပုဂ္ဂိုလ်နှစ်ယောက်ပဲ များပါတယ် (မှန်ပါ)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။
အသေခံပြီး မိုက်တာက ဒီခန္ဓာကြီးကို ခလုတ်မထိ ဆူးမငြိပါစေနဲ့၊ ဒီခန္ဓာကြီး ရေးချိုးချင်တယ်ဆို ချိုးပေး (မှန်ပါ)၊ ဒီဝေဒနာက ခံစားချင်တယ်ဆို ကြိုက်တာဝယ်ပေး (မှန်ပါ)၊ ဒီသညာက ဒီအရောင်ကလေးမှ ကြိုက်တယ်၊ ဒီအဆင်မှကြိုက်တယ်ဆိုလို့ရှိရင် ဒီသညာ ကြိုက်တာဝယ်ပေးတာပဲ (မှန်ပါ)၊ ဒီဖဿဆိုတဲ့တရားကလဲ ဒီနုနုကလေးမှ ဝတ်ချင်တယ်၊ ဒီအကြမ်းကြီးမဝတ်ချင်ဘူးဆိုတဲ့ ဖဿဆိုတဲ့တရားကိုလဲ ဒကာ ဒကာမတို့ သူ့အလိုလိုက်ပြီး ခင်ဗျားတို့က ဝယ်ပေးနေတာပဲ (မှန်ပါ ဘုရား)၊
ခန္ဓာငါးပါးကို တယ်ပူဇော်ရဲပါကလား
စိတ်ကလဲ ဒီဟာမှ ကြိုက်တယ်၊ ဟိုဟာ မကြိုက်ဘူးဆိုရင် စိတ်အကြိုက်ကို ခင်ဗျားတို့ လိုက်မနေရဘူးလား (လိုက်နေရပါတယ်) ခန္ဓာငါးပါးကို တယ်ပူဇော်ရဲပါကလားလို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ ပူဇော်ရပါသကောဘုရား၊ တပည့်တော်တို့က သူသတ်သမားမှန်း မသိတော့ မိတ်ဆွေထင်ပြီး သူကျန်းမာမှ နေရာကျမှာလို့ တပည့်တော်တို့က ထင်မိပါတယ် (မှန်ပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဘယ်လောက်ထိအောင် ဖောက်ပြန်ချက် သန်နေတယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးကို သူသတ်ယောကျ်ားမှန်းသိတဲ့ တစ်နေ့ကျတော့ လွတ်အောင်ရှောင်ချင်လာတယ် (မှန်ပါ)၊ ဒါကြောင့် ခန္ဓာငါးပါးသည် သူသတ်ယောကျ်ားဆိုတော့ “ဒုက္ခဿ ပီဠနဋ္ဌော” ဒုက္ခဿ-ဒုက္ခသစ္စာဆိုတဲ့ ခန္ဓာ၏ ပီဠနဋ္ဌော-ဝဋ္ဋပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်နေတာပဲ (မှန်ပါ)။ ရူပက္ခန္ဓာကြီးကလဲ ငါ့ကို ရေချိုးပေးပါဦး၊ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ဝေဒနာက္ခန္ဓာကလဲ ထမင်းဆာလှပြီပြောနေတာ (မှန်ပါ)၊ ဟိုရူပက္ခန္ဓာက ရေချိုးချင်တယ် ပြောနေ တုန်းရှိသေးတယ်၊ ဝေဒနာက္ဓန္ဓာက ထမင်းဆာလှပြီဆိုတော့ ဝဋ္ဋဿိတပုဂ္ဂိုလ်က ရုန်းနိုင်စရာများ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ သညာက္ခန္ဓာကလဲ ကျုပ်သားတွေ သမီးတွေ သွားကြည့်ချင်တယ်ဆိုတော့ ခင်ဗျားတို့လဲ သေဖို့ပဲ ရှိတော့တယ် (မှန်ပါ)၊ ဝဋ္ဋပုဂ္ဂိုလ်က အကုန် အမှုထမ်းနိုင်သေးရဲ့လား (မထမ်းနိုင်ပါ ဘုရား)။
ရူပက္ခန္ဓာက ရေချိုးချင်သတဲ့
ရူပက္ခန္ဓာက ရေချိုးချင်သတဲ့၊ ဝေဒနာက္ခန္ဓာက ထမင်းဆာလှပြီတဲ့၊ သညာက္ခန္ဓာက သားတွေ သမီးတွေကို မမှတ်မိမှာစိုးလို့ သွားကြည့်ပြီး မှတ်ချင်ပါတယ်တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဖဿကလဲ ဒီအပူကြီးမနင်းနိုင်ဘူး၊ ဒီလမ်းတော့ မသွားနိုင်ဘူး၊ မော်တာ်ကားနဲ့မှ သွားနိုင်မယ်၊ ဖဿကလဲ နူးနူးညံ့ညံ့နဲ့မှ သွားချင်သတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခန္ဓာငါးပါးအလိုကို ခင်ဗျားတို့ လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါ ဘုရား)၊ လုပ်ပေးမည့် ဝဋ္ဋပုဂ္ဂိုလ်က တစ်ယောက်တည်း၊ ခိုင်းတဲ့ပုဂ္ဂိုလ်က (ငါးယောက်ပါ)၊ ငါးယောက်ဆိုတော့ ယခုလောကကြီးထဲမှာ မအိုသင့်ဘဲနဲ့အို၊ မနာသင့်သေးဘဲနဲ့နာ၊ သေချိန်မရောက်သေးဘဲနဲ့သေနေတဲ့ပုဂ္ဂိုလ်များဟာ သူတို့ငါးယောက်၏ ဒဏ်ချက်တွေကြောင့် သေရတယ် (မှန်ပါ)၊ လှည့်ခိုင်းထားလိုက်တာ တစ်ခါတည်း ဆံပင်ဖြူချိန်မရောက်ဘဲနဲ့ ဖြူရ (မှန်ပါ)၊ သွားကျိုးချိန် မရောက်ဘဲနဲ့ (ကျိုးရပါတယ် ဘုရား)၊ ဘာဖြစ်လို့တုံး၊ ခိုင်းချက်ပြင်းထန်လွန်းလို့ (မှန်ပါ ဘုရား)။
သို့သော်လဲ ခင်ဗျားတို့ ဝိပလ္လာသ ရူးနေတော့ ကိုယ့်ကိုယ်ကိုယ်မချစ်၊ ဘယ်သူချစ်မလဲဆိုပြီး ပြုံးများလုပ်ပေးနေ လိုက်ကြသေးတယ် (မှန်ပါ) သူသတ်ယောကျ်ားတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ အခွန်များ ဆက်နေလိုက်သေးတယ်ဆိုတော့ ဒါဟာ ပစ္စုပ္ပန်အမိုက် (မှန်ပါ)၊ နောက်တစ်ခါ ဆုတောင်းတော့ ဘယ့်နှယ်တုံး (မိုက်သည်ထက် မိုက်ပါတယ် ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အခုပြုနိုင်စုနိုင်တာကလဲ မိုက်လို့ (မှန်ပါ)၊ နောက်တစ်ခါ ဆုတောင်းယူပြန်တာကကော (မိုက်သည်ထက် မိုက်လို့ပါ ဘုရား)။
ဒုက္ခသစ္စာတွေပဲလို့ ရှုပေတော့
ဒါဖြင့် ခင်ဗျားတို့ ဒီနေ့ကစပြီးတော့ ဒီတစ်ခါ မိုက်တဲ့ဥစ္စာကို အခု ဘုန်းကြီးက ဖော်ပြောသဖြင့် “သူသတ် ယောကျ်ားတွေနဲ့ မနေလိုဘူး၊ သူသတ်ယောကျ်ားတွေနဲ့ မနေတော့ဘူး” ဆိုပြီး သကာလ ဒုက္ခပေးနေတဲ့တရားတွေ ဒုက္ခသစ္စာတွေပဲလို့ ရှုပေတော့ ဖြစ်ပျက်တွေဟူသရွေ့ကို (မှန်ပါ)၊ သူသတ်ယောကျ်ား ဒုက္ခသစ္စာတရား၊ သူသတ်ယောကျ်ား ဒုက္ခသစ္စာတရားလို့ ဖြစ်ပျက်မြင်တိုင်းသာရှု (မှန်ပါ)၊ ရုပ်ဖြစ်ပျက် မြင်မြင်၊ ဝေဒနာ ဖြစ်ပျက်မြင်မြင်၊ စိတ်ဖြစ်ပျက်မြင်မြင် ရှုပါ (မှန်ပါ)၊ ရှုလိုက်တော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက (မဂ္ဂသစ္စာ)၊ သေတာက (သမုဒယသစ္စာ သေတာပါ)၊ တဏှာသေတော့ ဥပါဒါန်၊ ကံတွေ မချုပ်ဘူးလား (ချုပ်ပါတယ်)၊ ကံချုပ်ကတည်းက ဇာတိ၊ ဇရာ၊ မရဏလာသေးရဲ့လား (မလာပါ ဘုရား)၊ မလာတော့ ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)၊ အဲဒါက နိရောဓသစ္စာဆိုတာ သိပြီ (မှန်လှပါ ဘုရား)။
အဲဒီ နိရောဓသစ္စာကို နောက်မှရမှာဖြစ်သောကြောင့် ယခုပစ္စုပ္ပန် နိရောဓသစ္စာကို မရရအောင်ကြိုးစားပါ (မှန်ပါ)၊ ပစ္စုပ္ပန်နိရောဓသစ္စာကို မရလို့ရှိရင် နောက်တွေက လတ္တံ့ဖြစ်တဲ့နိရောဓသစ္စာကို ဒကာကြွယ် မရနိုင်ဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ရှင်တုန်းကိုက နိဗ္ဗာန်မြင်ထားမှ
ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ပရိနိဗ္ဗာန်စံခါနီး သံယုတ်ပါဠိတော်မှာ ဟောထားတာတွေရှိပါတယ်၊ သန္တိံ အာရဗ္ဘတဲ့၊ ငါတော့ ကွာတဲ့ ဘယ်လိုပဲ သေရသေရ ဘယ်လိုပဲ ကြေရ ကြေရ၊ ငါကိစ္စမရှိပါဘူးတဲ့၊ နိဗ္ဗာန်ကို ငါမြင်ထားတယ် (မှန်ပါ) ရှင်တုန်းက ဟောထားတာလား၊ ပရိနိဗ္ဗာန်ပြုပြီးမှ ဟောတဲ့ စကားလား (ရှင်တုန်းက ဟောထားတာပါ) အဲ ရှင်တုန်းကိုက နိဗ္ဗာန်မြင်ထားမှ သေတော့ နိဗ္ဗာန်ရောက်ကြရမှာ (မှန်ပါ) ရှင်တုန်းက မမြင်ရင်သေတော့ ရောက်နိုင်လိမ့် မယ်ဆိုတာ မယုံပါနဲ့ (မှန်ပါ ဘုရား)။
ဒါဖြင့် ဒီလို ရှုကြပေတော့၊ “ဒီခန္ဓာကြီးဟာ သူသတ်ယောကျ်ား ဒုက္ခသစ္စာ၊ သူသတ်ယောကျ်ား ဒုက္ခသစ္စာ၊ သူသတ်ယောကျ်ား၊ ဒုက္ခသစ္စာ” လို့ ကြပ်ကြပ်ရှုပေး (မှန်ပါ)၊ ဖြစ်ပျက် မြင်တိုင်း “သူသတ်ယောကျ်ား ဒုက္ခသစ္စာ” လို့ ရှုပေး (မှန်ပါ)၊ ရှုလိုက်တဲ့အခါကျတော့ ဒီတရားကို ခင်ဗျားတို့သည်ကားလို့ဆိုရင် သူသတ်ယောကျ်ားမှန်းသိတော့ ခင်သေးရဲ့လား (မခင်ပါ ဘုရား)။
မခင်တော့ မုန်းဉာဏ်တက်တာပဲ (မှန်ပါ)၊ သူနဲ့အတူတူ မနေချင်တာကော မလာပေဘူးလား (လာပါတယ် ဘုရား)၊ လာတဲ့အချကျတော့ သူနဲ့အတူတူ မနေချင်ဘူးဆိုကတည်းက သူ့အပေါ်ခင်တွယ်တဲ့ တဏှာတွေဟာ ခန္ဓာထဲက မချုပ်ဘူးလား (ချုပ်ပါတယ်)၊ ချုပ်သွားတဲ့အခါကျတော့ ရှုနေတဲ့ဉာဏ်ရှေ့မှာပဲ ဒီခန္ဓာပျောက်တာပဲ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)၊ ဒီခန္ဓာငါးပါး ပျောက်မသွားဘူးလား (ပျောက်သွားပါတယ် ဘုရား) ဘယ်သူပျောက်သွားတာပါလိမ့် မတုံးလို့မေးရင် သူသတ် ယောကျ်ားတွေပျောက်သွားတာ (မှန်ပါ ဘုရား)၊ ဘယ်သူပျောက်တာတုံး (သူသတ်ယောကျ်ားတွေ ပျောက်တာပါ ဘုရား)။
မသေရာဆိုတာ ဒါပါကလား
သူသတ်ယောကျ်ားတွေ ပျောက်လို့ရှိရင် ယောဂီပုဂ္ဂိုလ်က ရှင်းသွားတယ်၊ ဪ မသေရာဆိုတာ ဒါပါကလား၊ သူသတ်ယောကျ်ားမရှိတဲ့နေရာ (မှန်ပါ)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ မသေရာဆိုတာ ဘာပါလိမ့်၊ (သူသတ် ယောကျာ်းမရှိတဲ့နေရာပါ ဘုရား)။
အဲဒါ ခန္ဓာငါးပါးကို သူသတ်ယောကျ်ားလို့ သိပြီးသားပုဂ္ဂိုလ်မှ မသေရာကို သဘောကျတယ် (မှန်ပါ)၊ သဘော ကျပလား (မှန်ပါ ဘုရား)။
အဲဒီတော့ မသေရာဆိုတော့ ဒီခန္ဓာငါးပါးဟာ ရှုရင်းမတ္တနဲ့ သူ့ကို မခင်တွယ်တာနဲ့ ဒကာကြွယ်တို့ ဒကာသစ်တို့ ချုပ်သွားတယ် (မှန်ပါ)၊ နဂိုကတော့ ဒီနေရာဟာ အမြဲအသတ်ခံရတဲ့နေရာ (မှန်ပါ)၊ ယခုတော့ ဒီတရားတွေ ဘယ် ရောက်ကုန်သလဲ၊ (ချုပ်သွားပါတယ်)၊ ချုပ်သွားတော့ ဪ သတ်မည့်သူတွေ မရှိတော့ မသေရာဆိုတာ ဒီနေရာပါကလား (မှန်ပါ)၊ အရင်ကတော့ သေရာဆိုတာ ဒီနေရာပါကလား (မှန်ပါ ဘုရား)။
မသေရာက နိဗ္ဗာန်
အရင်ကတော့ သေရာနော် (မှန်ပါ)၊ အခုတော့ ဘယ်လိုတွေ့သတုံး (မသေရာပါ ဘုရား) သတို့ချုပ်သွားတော့ ဘာတွေ့သတုံး (မသေရာတွေ့ပါတယ် ဘုရား)၊ ဒါဖြင့် မသေရာက နိဗ္ဗာန်၊ မြင်တာက မဂ်ဉာဏ် (မှန်ပါ) ခင်တဲ့တရားတွေ ချုပ်သွာတာက သမုဒယသေတာ (မှန်ပါ) ဒါဖြင့် ပစ္စုပ္ပန်မှာကို နိဗ္ဗာန်တွေ့ပြီး (မှန်ပါ)၊ အဲဒီကဲ့သို့တွေ့တဲ့ အခါကျတော့ ဒီပုဂ္ဂိုလ်စုတေမနေသေလွန်လို့ တဏှာ လေးမျိုးစလုံး ချုပ်သွားလို့ရှိရင်ဖြင်တဲ့ နိဗ္ဗာန်ဆိုတဲ့ဥစ္စာ ဒီယောဂီပုဂ္ဂိုလ်၏ပင် လျှင် ကိုယ်ပိုင်ပစ္စည်းဖြစ်သွားပြီ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အထက်ခန်းမှာ တဏှာသတ်တယ်
အဲဒီလို ဟောလိုက်တော့မှ ယမကက ရဟန္တာဖြစ်သွားတော့မှ ယမက ဘယ့်နှယ်နေတုံးဆိုတော့ အရှင်ဘုရားတည်းဟူသော ဆရာကောင်း သမားကောင်းတွေ တွေ့ရတဲ့ တပည့်တော်ဟာဖြင့် အာသဝေါကုန်ခန်း ရဟန္တာဖြစ်ပါပြီလို့ သူကိုယ်တိုင်လျှောက်ပါတယ် (မှန်ပါ)။
ဒါဖြင့် အထက်ခန်းမှာ တဏှာသတ်တယ် (မှန်ပါ ဘုရား)၊ သောတာပန်တည်တုန်းကတော့ (ဒိဋ္ဌိသတ်ပါတယ် ဘုရား)၊ အဲ-သောတာပန်တည်ချင်ရင် ဒိဋ္ဌိသတ် (မှန်လှပါ ဘုရား)၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ချင်ရင် တဏှာသတ်ပါဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့
သာဓု သာဓု သာဓု။