13012

မာတိကာသို့

ခင်ရာ မင်ရာမှ တဏှာလာပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြားဆုံးမတော်မူသော

ခင်ရာ မင်ရာမှ တဏှာလာပုံ

(သမ္မသ သုတ်တော်ထွက်)နေ့အလုပ်ပေးတရားတော်

(၆-၃-၆၀)

ခန္ဓာကိုယ်ထဲမှာ အကြောင်းတွေရှိတယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကုရုတိုင်းမှာ သီတင်းသုံးနေတဲ့အခါကျတော့ ရဟန်းတွေက တရားဓမ္မ နာချင်လို့ ဘုရားဆီမှာ ဆည်းကပ် ဝိုင်းနေကြတယ်။

အဲဒီတော့ ကိုယ်တော်မြတ်ကြီးက မေးတယ်၊ ရဟန်းတို့ မင်းတို့ခန္ဓာကိုယ်ထဲမှာ အကြောင်းတွေရှိတယ်၊ ခန္ဓာကိုယ်ဆိုတာ အကြောင်းမရှိဘဲနဲ့မဖြစ်ဘူး၊ မင်းတို့ခန္ဓာကိုယ်ထဲမှာ အကြောင်းတရားတွေရှိတယ်၊ အကြောင်းတရားများ မင်းတို့ သေသေချာချာ သုံးသပ်ကြရဲ့လား၊ ဆင်ခြင်ကြရဲ့လား လို့ မေးတယ်၊ မေးတော့ ရဟန်းတပါးက လျှောက်တယ်၊ တပည့်တော်များ သုံးသပ်ပါတယ်ဘုရား လို့ ရဟန်းတပါးက လျှောက်တယ် (မှန်ပါ့)။

မင်း-သုံးသပ်တာ ပြောစမ်းပါကွာ လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မေးတော့ သူက “ကေသာ လောမာ နခါ ဒန္တာ တစော”ဆိုတဲ့ တစ ပဉ္စက ကမ္မဋ္ဌာန်းကို အသုဘကမ္မဋ္ဌာန်းကို ဒါတွေ သူက သုံးဆယ့်နှစ်ပုံ-ပုံပြီး သကာလ နှလုံးသွင်းနေပါတယ်လို့ လျှောက်တယ် (မှန်ပါ့)။

ဒါက သူ့ဟာက အသုဘကမ္မဋ္ဌာန်းဘဲရှိတာ အကြောင်း-အကျိုးမှ မဟုတ်ဘဲ၊ ဘုရားကမေးတာက အကြောင်းကို ခန္ဓာကိုယ်တွင်းကို သုံးသပ်ကြရဲ့လား၊ ဆင်ခြင်ကြရဲ့လား မေးတာကို ခန္ဓာကိုယ် သုံးဆယ့်နှစ်ပုံ-ပုံပြီး သကာလ အသုဘ ဘာဝနာ ပွားတာကို ပြောနေတော့ အလိုတော်မကျဘူးလို့ မှတ်ရမယ် (မှန်ပါ့)။

ဒီလိုသုံးသပ်ရတယ်

အဲဒီလိုဖြစ်နေတော့ ရှင်အာနန္ဒာက အနားမှာရှိတော့ အရှင်ဘုရားဟောမှ၊ အရှင်ဘုရားဆုံးမမှ သိရတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်ဘုရား လို့ သုံးသပ်ရမယ်ဆိုတဲ့ဥစ္စာ၊ အဲဒါကြောင့် အရှင်ဘုရား ပြောရမည့်ကာလပါဘုရား၊ အရှင်ဘုရား ဆုံးမရမည့် ကာလပါဘုရား၊ တပည့်တော်များ ပြောဆိုဆုံးမမှ သိရမည့် ပုဂ္ဂိုလ်အချိုးအစားတွေ ဖြစ်ပါတယ် လျှောက်တော့မှ မင်းတို့ ကောင်းမွန်စွာ နာကြ-ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုံးသပ်ပုံကို ဟောတော်မူတယ်၊ ဒီလိုသုံးသပ်ရတယ်၊ သစ္စာမြင်အောင် သုံးသပ်ရတယ် (မှန်ပ့ါ)။

ဒကာ ဒကာမတို့ ဘယ်လိုသုံးသပ်သတုံး (သစ္စာမြင်အောင် သုံးသပ်ရပါတယ် ဘုရား) သစ္စာမြင်အောင် သုံးသပ်ရတယ်၊ သစ္စာဆိုတာ အကြောင်းသစ္စာ၊ အကျိုးသစ္စာရယ်လို့ ရှိတယ်၊ သစ္စာမသိရင် သံသရာရှည်တယ်၊ သစ္စာသိမှ သံသရာ ပြတ်တယ်၊ ဒါကြောင့် အကြောင်းဆိုတဲ့ဥစ္စာ သုံးသပ်ရတယ်။

အကြောင်းသစ္စာ၊ အကျိုးသစ္စာ ခွဲတတ်မှသာလျှင် သံသရာစခန်းကို ဘယ်ကနေဖြတ်လို့ ဘယ်ကနေ သတ်ရလို့ ရှိရင်ဖြင့် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရောက်နိုင်တယ်ဆိုတာ ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အကြောင်းသုံးသပ်ဖို့ သိပ်အရေးကြီးပါတယ်တဲ့ (မှန်ပါ့)။

အကြောင်းသုံးသပ်ပုံ ရှင်းပြမယ်

ဘာအရေးကြီးသလဲ (အကြောင်းသုံးသပ်ဖို့ အရေးကြီးပါတယ် ဘုရား) ကိုင်း သေသေချာချာနာကြ၊ အကြောင်းသုံးသပ်ပုံ ရှင်းပြမယ်ဆိုရင် အခု ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ခန္ဓာကိုယ်ကို စမ်းကြည့်ကြစမ်း၊ နည်းနည်းတော့ ပူတာတွေ့ပါလိမ့်မယ် (မှန်ပါ့) အဲဒါ ဘာဖြစ်နေတာတုံး ဆိုလို့ရှိရင်ဖြင့် ဇရာမီးလောင်နေတာ (မှန်ပါ့)။

ဘာဖြစ်နေတာတုံး (ဇရာမီးလောင်နေတာပါ) ဇရာမီးလောင်နေတာတဲ့ ဒကာဒကာမတို့၊ ဒါဟာ အမြဲတမ်း လောင်နေတော့ ဦးခင်မောင်တို့ ဦးဘအုန်းတို့ ကျွမ်းကုန်တော့မှာဘဲ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ဟာ ထိုင်ပြီး ကျွေးမွေးပြုပြင်၊ ထိုင်ပြီး အဝတ်အစားတွေ အမျိုးမျိုး လဲပေးနေငြားသော်လဲ ဒီမီးလောက်မှု ရပ်စဲရဲ့လား (မရပ်စဲပါ ဘုရား)။

အဲဒီ ဇရာမီး အမြဲလောက်နေသောကြောင့် ဒကာ ဒကာမတွေ အခု ဘာဖြစ်နေကြသတုံး ဆိုလို့ရှိရင် ယခု ရင့်ရော်ကြပါပြီဘုရား လို့ ဖြေရမှာဘဲ (မှန်ပါ့)။

လောင်ပါများလို့ရှိရင်ဖြင့် ဦးခင်မောင် ဥပမာ-ဝါးပင်ကြီးကို မီးလောင်တယ်၊ လောင်ပါများရင် ဒီဝါးပင်ကြီး လဲရမှာဘဲ (မှန်ပါ့) အဲဒီလိုပဲ ဒီမှာလဲ ဇရာများလို့ရှိရင် ဗျာဓိဆိုတဲ့ လဲမှုကြီးဟာ ကြုံရမှာဘဲ (မှန်ပါ့) လဲမှုကြုံလို့ရှိရင်ဖြင့် သစ်ပင်ကြီး ပျောက်မှုဆိုတာလဲ ဧကန်ကြုံရမည့် အလုပ် ဝတ္တရားဘဲဆိုတာ မလွဲဘူးပေါ့ဗျာ (မှန်ပါ့)။

အခု ဇရာမီးကလဲ လောင်နေတယ်

အဲဒီတော့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ အခု ဇရာမီးကလဲ လောင်နေတယ်၊ ဗျာဓိမီးဆိုတာလဲ ခဏခဏ ဟိုဘက် ပြောင်းရ ဒီဘက်ပြောင်းရဆိုတာ ဗျာဓိမီးလောင်တာနော် (မှန်ပါ့) ဟိုစောင်းရ ဒီငဲ့ရဆိုတာ ဘာဖြစ်တာတုံး (ဗျာဓိမီးလောင်တာပါ ဘုရား)။

ဗျာဓိမီးဆိုတာ အနာပေါက်တာပေါ့ဗျာ (မှန်ပါ့) အနာကလဲ ခဏခဏ ဒကာဒကာမတွေ ပေါက်နေတော့ ဟိုပြောင်းလိုက်ရ ဒီပြောင်းလိုက်ရနဲ့ ကိုယ်ကထုံးစံအတိုင်း ညောင်းလွန်းလို့ ပြောင်းလိုက်ရတယ်ဆိုတဲ့ဥစ္စာသည် ကိုက်တာ နာတာ ပူတာတွေလဲ ခန္ဓာကိုယ်ထဲ အနာပေါက်လို့ ပြောင်းရလွှဲရတာတွေ ဖြစ်နေတော့ ဗျာဓိမီးကလဲ လောင်လျက်ဘဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

လောင်ပါများရင်လဲ ဦးဘတင်ရေ သွားဖို့သာ စိတ်ကူးတော့နော် (မှန်ပါ့) သုသာန်ရောက်ဖို့သာ စိတ်ကူးတော့ ဒကာ ဒကာမတို့။

အဲဒီတော့ ဇရာ၊ဗျာဓိ၊မရဏဆိုတဲ့ တရားသုံးခုဟာ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာရှိတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား) မရဏကလဲ ရောက်မှာဘဲနော် (မှန်ပါ့) မရောက်ပါနဲ့ဆိုလို့ ဘယ်သူကတားတား မရပါဘူး (မရပါ) မရဘူး ဦးခင်မောင် ဒါကိုမတားနဲ့၊ သေတတ်တဲ့တရားကြီး ရထားရင်တော့ သေမှာဘဲ၊ အဲဒါ ခန္ဓာကိုယ်ရှိလျက်နဲ့ မသေပါနဲ့ ဆုတောင်းလို့ မရဘူး၊ ပြည့်မှာလဲ မဟုတ်ဘူး (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဇရာ ဗျာဓိ မရဏတို့ ခန္ဓာကိုယ်ထဲမှာရှိနေတော့ ဒကာဒကာမတွေသိကြပါပြီနော် (မှန်ပါ့) ဒါဟာအမြဲနှိပ်စက်နေသောကြောင့် ဒုက္ခသစ္စာ (မှန်ပါ့) ဘယ်အချိန် မနှိပ်စက်တဲ့အချိန် ရှိပါလိမ့် (မရှိပါ ဘုရား)။

မနှိပ်စက်တဲ့အချိန် မရှိ

ဘယ်အချိန် မနှိပ်စက်တဲ့အချိန် မရှိသောကြောင့် ဦးခင်မောင်တို့ ဦးဘအုန်းတို့ ဘာသစ္စာဖွဲ့ကြမလဲ (ဒုက္ခသစ္စာပါ) ဘုရားကော ညှာသေးသလား (မညှာပါ ဘုရား) မညှာဘူး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆောင်းတွင်း နေစာလှုံနေတော့ ရှင်အာနန္ဒာက အနားမှာရှိတော့ အရှင်ဘုရား ရွှေတုံး ရွှေခဲကြီးနဲ့တူတဲ့ ခန္ဓာကိုယ်တော်ကြီးမှာ ယခုတော့ အရေကလေးတွေ တွန့်လိပ်ကုန်ပါပေါ့ဘုရားလို့ လျှောက်ရသေးတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာ ခန္ဓာကိုယ် အမြဲနှိပ်စက်ခံနေရတာ ဇရာမီးလောင်နေတဲ့ဥစ္စာကြီးအရေတွန့်တာများတော့ မည်သူူတစ်ဦးတစ်ယောက်မှ မလွတ်ပါဘူးတဲ့ (မှန်ပါ့) အတုမရှိဆိုတာက ဒါမျိုးတွေဆိုလိုရင်းမဟုတ်သေးပါဘူး၊ ဘုရားမှာလဲ ဇရာရှိတာဘဲ၊ ဗျာဓိရှိတာဘဲ ဦးခင်မောင် (မှန်ပါ့) ကျုပ်တို့ ကျုပ်တို့မှာကော (ရှိပါတယ် ဘုရား)။

ရှိကြတာချည့်ဘဲဆိုတာ ဒကာ ဒကာမတွေ မှတ်ထားတော့ ဒကာဒကာမတွေက တွေးလိမ့်မယ်၊ လူကြီးတွေက ကြီးကြပြီတဲ့၊ ကိုယ်ကြီးနေတာတော့ ပြန်မကြည့်လို့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကိုယ့်မှာလဲ ဒီလိုလဲ လူကြီးတွေကြီးသလို ကြီးလိုက်နေတဲ့ဥစ္စာက လူကြီးတွေကကြီးလှပြီး သူတို့တော့ သေခါနီးတွေဘဲ ထင်နေတယ် (မှန်ပါ့) မဟုတ်ပါဘူးတဲ့ သူ့လမ်းနဲ့သူ့စခန်း မရှောင်တန်း သွားနေရတဲ့ တန်းတူတွေပါလို့ မှတ်လိုက်ရင် ဒါဟာ ပြီးသွားတာဘဲ (မှန်ပါ့ ဘုရား)။

ဘာသစ္စာတွေရှိသတုံး

ကောင်းပြီ ဒါဖြင့် ဇရာ-ဗျာဓိ-မရဏ ခန္ဓာကိုယ်ထဲမှာ ရှိကြရဲ့လား (ရှိပါတယ်) ဘာသစ္စာတွေရှိသတုံး (ဒုက္ခသစ္စာပါ) ဪ ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် ဘယ်သစ္စာမှမရောပါလား (မရောပါ ဘုရား) ဘယ်သစ္စာမှမရောဘူး ဒုက္ခသစ္စာဘဲ ရှိပြီး သကာလ နေတယ်ဆိုတာတော့ သိကြပြီ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့်ဒုက္ခသစ္စာကို ဦးခင်မောင်တို့ ဦးဘအုန်းတို့ သိကြပြီနော် (သိပါပြီ) ဒီဒုက္ခသစ္စာ သိလို့ရှိရင် ဒီဒုက္ခသစ္စာဘယ်ကလာသတုံး၊ ဘယ်သူ့ကြောင့်ဖြစ်သတုံး ဆိုတဲ့အကြောင်းများ သုံးသပ်ကြရဲ့လားလို့ ဘုရားကမေးတယ် (မှန်ပါ့ ဘုရား)။

မေးတာကို ဒီဒကာဒကာမတွေကို မနေ့ကသင်ထားတော့ ဒကာဒကာမတို့ ဒီဇရာ ဗျာဓိ မရဏတွေဟာ ဘယ်ကများ လာပါလိမ့်မတုံးလို့ စဉ်းစားကြည့်ကြစမ်း (ခန္ဓာငါးပါးက လာပါတယ် ဘုရား) ဟုတ်ပြီ ဒကာ ဒကာမတွေ ခန္ဓာငါးပါး ရှိလို့လာတာနော် (မှန်ပါ့ ဘုရား)။

ဘယ်အထဲက ပေါ်လာသတုံး (ခန္ဓာငါးပါးထဲက ပေါ်လာပါတယ်) ခန္ဓာငါးပါးထဲက ပေါ်လာတော့ ခန္ဓာငါးပါးထဲက အကြောင်း သမုဒယသစ္စာ ဇရာ ဗျာဓိ မရဏက အကျိုးဒုက္ခသစ္စာ (မှန်ပါ့) တိုတိုပြောကြပါစို့ ဆိုတာ့ ခန္ဓာငါးပါးက သမုဒယသစ္စာ ဇရာ ဗျာဓိ မရဏက ဒုက္ခသစ္စာ (မှန်ပါ့)။

ဒီနေ့ သစ္စာကိုထည့်လာပြီ

ဒါဟာ မနေ့ကနဲက မတူတော့ဘူး ဒကာဒကာမတို့၊ ဒီနေ့ သစ္စာကိုထည့်လာပြီဆိုတာကို သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဦးဘအုန်း ခန္ဓာငါးပါးဟာ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) သူက အကြောင်းကိုးဗျနော် (မှန်ပါ့) ခင်ဗျားတို့က လောဘတစ်ခုတည်းရယ်လို့ သမုဒယကို မှတ်မထားနဲ့၊ ဒီခန္ဓာမရှိရင် ဒီဇရာ ဗျာဓိ မရဏ မရှိပါဘူး၊ ရှိပါ့မလား (မရှိပါ ဘုရား)။

ဒါဖြင့် ဒီခန္ဓာကအကြောင်း သမုဒယသစ္စာ၊ ဇရာ၊ ဗျာဓိ၊ မရဏတို့က (ဒုက္ခသစ္စာပါ ဘုရား) အကျိုးဒုက္ခသစ္စာဆိုတော့ ဪ ဒကာ ဒကာမတို့မှာ မူတည်တုန်းကလဲ အမိဝမ်းခေါင်းထဲမှာ ခန္ဓာငါးပါးနဲ့ မူတည်ခဲ့တယ် အခုအပြင်ရောက်သည်နဲ့ တပြိုင်နက်တည်းလဲ ဒကာ ဒကာမတို့မှာ ဇရာ ဗျာဓိ မရဏတွေနဲ့ မလွဲတမ်း နေရတယ်ဆိုတာလဲ ရှင်းကြပြီ(မှန်ပါ့) ဒကာဒကာမတွေ ဘယ်သစ္စာနှစ်ပါးနဲ့ နေကြရပါလိမ့်မတုံးဆိုတော့ ခန္ဓာငါးပါးက သမုဒယသစ္စာ ဒီထဲမှာ အိုတတ်-နာတတ်-သေတတ်တာက ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးက (သမုဒယသစ္စာပါ) အို၊နာ၊သေက (ဒုက္ခသစ္စာပါ) ခန္ဓာငါးပါးရှိကြရဲ့လား ခင်ဗျားတို့မှာ (ရှိပါတယ်) အကြောင်းသမုဒယကလဲရှိလျက်ဘဲ၊ အကျိုးဒုက္ခသစ္စာကြီးကလဲ ဒကာ ဒကာမတို့ ကိုယ်တိုင်ဘဲ တွေ့နေကြသလားလို့ မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာဉာဏ်နဲ့ သစ္စာသိတဲ့ဉာဏ်နဲ့ ဘုရားက ဟောလိုက်တော့မှ ဪ ဒို့မျာ ခန္ဓာငါးပါးရလာတုန်းကလဲ ရလာတာကို ဒို့က လူ့ဘဝ မရစဘူး အရထူးတယ် ဆိုပြီး ဦးခင်မောင်တို့က အောက်မေ့ကြတယ် (မှန်ပါ့)။

မကောင်းတဲ့ အကြောင်းတရားကြီးပေါ်လာတာ (မှန်ပါ့) ဒါကြောင့် မကောင်းတဲ့တရားက မကောင်းတဲ့အကျိုးတရားကြီးကို ဖြစ်စေတာဘဲ (မှန်ပါ့) သဘောကျပလား(ကျပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးက သမုဒယသစ္စာ၊ ဦးခင်မောင် ဒီဉာဏ်ကလေး ရပလား (ရပါပြီ ဘုရား) ဇရာ၊ ဗျာဓိ၊ မရဏ (ဒုက္ခသစ္စာပါ ဘုရား) ဪ သစ္စာနှစ်ခု သိသွားပြီ (မှန်ပါ့)။

ဒီခန္ဓာငါးပါးများ ချုပ်သွားလို့ရှိရင်

ကဲ တခါသွားကြဦးစို့ တဲ့၊ ဒီခန္ဓာငါးပါးများ ချုပ်သွားလို့ရှိရင်ဖြင့် ချုပ်အောင်ကျင့်ကြလို့ရှိရင်ဖြင့် ဇရာ၊ဗျာဓိ၊မရဏက မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား) သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးချုပ်အောင် ကျင့်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရင် ဇရာ၊ဗျာဓိ၊မရဏချုပ်ပါစေတော့လို့ ဆုတောင်းရသေးရဲ့လား (မတောင်းရပါ ဘုရား) ခန္ဓာငါးပါးချုပ်သွားတာက ဘာသစ္စာဆိုကြမလဲ (နိရောဓသစ္စာပါ) ချုပ်အောင်ကျင့်တဲ့အကျင့်ကိုတော့ ဘာသစ္စာဆိုကြမလဲ (မဂ္ဂသစ္စာပါ ဘုရား)။

ဒီလို အကြောင်းအကျိုးဆက်ပြီး သစ္စာသိသွားကြမယ်ဆိုလို့ရှိရင် ဒီခန္ဓာကြီးကိုလဲ မလိုချင်၊ မလိုချင်လို့ ဇရာ၊မရဏတွေလဲ ကိုယ်ပိုင်ပစ္စည်းမဖြစ်ရ၊ ခန္ဓာဝဋ် ကျွတ်သွားတာပေါ့၊ နတ္ထိ ခန္ဓပရမာ ဒုက္ခာ-ဆိုတဲ့အတိုင်း ခန္ဓာထက်ကြီးတဲ့ဒုက္ခ မရှိဘူးဆိုတဲ့ ဥစ္စာ ဒီဒုက္ခချုပ်ကတည်းကိုက ဇရာ၊ဗျာဓိ၊မရဏတွေ ဒကာသစ်တို့ ကိုမြရွှေတို့ ချုပ်မချုပ် (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ကို နေ့တိုင်း အလုပ်ခိုင်းတာ ဒီခန္ဓာ အရှုခိုင်းတာက ဒီခန္ဓာငါးပါး တပါးပါး အကြည့်ခိုင်းတာက ဦးခင်မောင်တို့ ရိပ်မိရောပေါ့၊ အို၊နာ၊သေ လွတ်အောင် ခိုင်းနေတာ (မှန်လှပါ)။

ခန္ဓာငါးပါး ဖြစ်ပျက်အရှုခိုင်းတာက ဘာပါလိမ့် (အို၊နာ၊သေ လွတ်အောင်အရှုခိုင်းတာပါ) ခင်ဗျားတို့က မရှုချင်ဘူး ဆိုရင် အို၊နာ၊သေနဲ့ နေပါရစေဦး (မှန်ပါ့) ဒီသဘော မသက်ရောက်ဘူးလား (သက်ရောက်ပါတယ် ဘုရား)။

အို၊နာ၊သေနဲ့ နေပါရစေဦး

မရှုချင်ရင် ဘာနဲ့နေပါရစေဦးလဲ (အို၊နာ၊သေနဲ့ နေပါရစေဦး) အို၊နာ၊သေနဲ့ နေပါရစေဦး ဆိုတော့ ဒီနေ့တော့ ကျုပ်တို့လဲ ညောင်းလာတာနဲ့ စားလို့သောက်လို့ကလဲ မကောင်းတာနဲ့ ခေါင်းကလေးကလဲ ခဲသလို၊ လည်က နာသလိုလိုရှိတာနဲ့ မရှုသေးပါဘူးဆိုတော့ မရှုချင်သေးရင် ဒီအနာနဲ့ နေရုံဘဲရှိတယ် (မှန်ပါ့)။

မရှုသေးရင် ဘယ့်နှယ်ဆိုကြမလဲ (ဒီအနာနဲ့ နေရုံပါဘဲ) ဒီဗျာဓိတွေနဲ့ နေရုံဘဲ၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဪ ခင်ဗျားတို့သည်ကား လို့ဆိုရင် မနေချင်ရင် ရှုရမယ်၊ နေချင်လို့ရှိရင် မရှုဘဲနေရင် ဒီအနာနဲ့နေရုံဘဲရှိတယ် (မှန်ပါ့) ဦးဝတို့ အရုပ်ဆိုးနေလိုက်တာ (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

တပည့်တော်ဘုရား မထိုင်နိုင်လို့ မရှုဘူးဘုရာ့၊ ဒီနေ့တော့ အစာမကြေလို့ မရှုဘူးဘုရာ့၊ ဝမ်းသွားနေလို့ မရှုဘူးဘုရာ့၊ ခေါင်းကိုက်နေလို့ မရှုဘူးဘုရာ့-ဆိုရင် အံမာလေး ဖျင်းလိုက်တဲ့ ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုလို့ရှိရင် ဒါတွေမရှိအောင်လို့ အရှုခိုင်းနေတာ ဒါတွေနဲ့ နေပရစေဦးဆိုရင် မရှုဘဲ နေလိုက်ရုံဘဲ (မှန်ပါ့) ဆိုးဝါးတဲ့ စိတ်ထားဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီနေ့မရှုလို့ရှိရင် ဒီနေ့ စိတ်ထား အတော်ရိုင်းစိုင်းတယ် (မှန်ပါ့) ဒီဟာနဲ့နေချင်သေးတဲ့အဓိပ္ပာယ် ရောက်သွားတယ် (မှန်ပ့ါ)။

ရှုလိုက်လို့ရှိရင် ဒီခန္ဓာငါးပါးဟာ ဦးခင်မောင် မင်း မကောင်းဘူး၊ မင်း မကောင်းဘူးဆိုလို့ရှိရင် သက်သက်နှိပ်စက်နေတာဘဲ ဆိုလိုက်လို့ရှိရင် ဒုက္ခသစ္စာဟာ ခင်ဗျားတို့ ဉာဏ်အောက်တွင် ရှုရင်းမတ္တနဲ့ မလိုချင်တာနဲ့ ချုပ်သွားမယ် (မှန်ပါ့)။

မရှုရင် ညှင်းဆဲခံချင်လို့

ချုပ်သွားရင် ခင်ဗျားတို့ ခုနင်က ကပ်ရောက်နေတဲ့ အနာတွေ ရှိပါဦးမလား (မရှိပါဘရား) ရှုရင်မရှိဘူးဗျ၊ မရှုရင် ညှင်းဆဲခံချင်လို့၊ ဝေဒနာနဲ့ အတူတူနေချင်လို့ ဒီအဓိပ္ပာယ် မရဘူးလား (ရပါတယ် ဘုရား)။

နောက်တော့ ဒကာ ဒကာမတို့ ဘုန်းကြီး အတိအကျ သတိပေးရလို့ရှိရင်ဖြင့် ဝေဒနာဖြစ်လာလို့ရှိရင် ရှုသာရှုလိုက် (မှန်ပါ့) ရှုလိုက်လို့ရှိရင် ဒီဝေဒနာဟာ ဝေဒနာက္ခန္ဓာ ဖြစ်သွားတာဘဲ၊ ဝေဒနာချုပ်ပျောက်သွားတယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဝေဒနာရှိလို့ မရှုဘူးဆိုရင် ဝေဒနာ မမြဲနှိပ်စက် နေမယ် (မှန်ပ့ါ)။

ဝေဒနာရှိလို့ ဝေဒနာက္ခန္ဓာကိုဖြစ်စေ၊ ကျန်ခန္ဓာဖြစ်စေ၊ ကြိုက်ရာရှုလို့ သူတို့သည်ကား လို့ ဆိုရင်ဖြင့် အနိစ္စအချက်ပေါ်လာရင်ဘဲ ခင်ဗျားတို့နှိပ်စက်တာ အားသေးသွားမယ် (မှန်ပါ့)။

ဟာ မင်းကို မလိုချင်တော့ပါဘူးဆိုပြီး မဂ်ဉာဏ်ပေါ်လာအောင် ရှုလိုက်လို့ရှိရင် ခန္ဓာပါ ပျောက်ထွက်သွားတယ်၊ နိဗ္ဗာန်ပေါ်လာရင် သူ နှိပ်စက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ စိတ်ကူးလွဲတယ်လို့ ဘုန်းကြီးပြောတာ ခင်ဗျားတို့ဟာ ဘုန်းကြီးက လွန်လွန်းတယ်လို့ မဆိုပါနဲ့၊ ရှုလိုက်ရင် ဘာဖြစ်သွားသတုံး (ဝေဒနာ ချုပ်သွားပါမယ် ဘုရား)။

ခုနင်က ခံစားနေရတဲ့ ဝေဒနာတွေ ချုပ်သွားတော့ကို ခင်ဗျားတို့က ဆင်ခြေလဲတာက တပည့်တော်- ဝေဒနာက ပြင်းထန်တာနဲ့ ဝေဒနာက နှိပ်စက်နေတာနဲ့ မရှုနိုင်အောင် ဖြစ်နေတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဒီလိုမလုပ်ရဘူး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလိုဆုံးမထားတယ်၊ ခန္ဓာရှိလို့ ဇရာ၊ဗျာဓိရှိတယ် လို့ ခုနင်က ဒီလိုပြောခဲ့ပြီမဟုတ်လား (မှန်ပါ့)။

ဖြစ်ပျက်ရှုပြီး ဖြစ်ပျက်ဆုံးအောင် လိုက်စမ်းပါလား

ခန္ဓာမရှိလောက်အောင် ခင်ဗျားတို့က ဖြစ်ပျက်ရှုပြီး ဖြစ်ပျက်ဆုံးအောင် လိုက်စမ်းပါလား ဦးခင်မောင်တို့က (မှန်ပါ့) လိုက် လိုက်ရင် ဘာဖြစ်သွားမယ်ထင်သတုံး (ခန္ဓာပျောက်သွားပါမယ်) ပျောက်သွားတော့ ဇရာ၊ဗျာဓိတွေ ဘယ်သွားမတုံး (ချုပ်သွားပါမယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က ဒီနေ့တော့ နေမကောင်း ထိုင်မသာရှိလို့ မရှုသေးဘူးဆိုတော့ ရှုရမည့်အချက်ကြီး သူ့ဟာက (မှန်ပါ့) နေကောင်းထိုင်သာဖြစ်အောင်ကို ရှုရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးက ဇွတ်တိုးလို့ ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား) ဇွတ်တိုးကိုမဆိုနဲ့၊ ခင်ဗျားတို့က ဇွတ်လုပ်နေတာ (မှန်ပါ့) အနာတော့ကင်းချင်တယ်၊ အနာကင်းကြောင်းတော့ မလုပ်ဘူး(မှန်ပါ့)။

ဦးဇံရင် ဘယ့်နှယ်တုံး (အနာတော့ ကင်းချင်ပါတယ် ဘုရား) အနာတော့ ကင်းချင်တယ်၊ အနာကင်းကြောင်းတော့ မလုပ်ဘူးဆိုတော့ ဒီအနာ ဘယ်တော့ ကင်းမှာတုံး(မှန်ပါ့) ကဲ နောက်ကို ပါးကြမလားလို့ မေးလိုကပါတယ် (ပါးပါပြီ ဘုရား)။

အနာရောက်လာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဝေဒနာကြိုက်ရင် ဝေဒနာရှု၊ သို့မဟုတ် စိတ်ကြိုက်ရင် စိတ်ရှုပါ၊ ရှုချင်တာရှု တခုချုပ်ရင် အကုန်ချုပ်တာဘဲ (မှန်ပါ့) ဦးဘအုန်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာရောက်တဲ့အချိန်မှာ ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) အဲဒါ ခင်ဗျားတို့ လဲထားတဲ့ဆင်ခြေ ယနေ့က စပြီးတော့ ဪ ဒို့ဟာ အလွဲကြီး လွဲထားတာကိုး လို့ဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဝေဒနာကို ဖြစ်ပျက်ရှုရမှာ

ဘုန်းကြီးကလဲ မေးတယ်ထားပါတော့၊ ဒကာ ဒကာမတွေ မနေ့ကပြန်သွားတော့ ရှုကြရဲ့လား၊ ဟာ တပည့်တော်တို့ ဒီကပြန်ရင် ညောင်းတာနဲ့ ကိုက်တာနဲ့ မရှုမိဘူးဘုရာ့၊ ဝေဒနာက နှိပ်စက်တော့ ခက်နေတယ် (မှန်ပါ့) ဪ ဖျင်းလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လိုလုပ်ပစ်ရမှာတုံး (ဝေဒနာကို ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် ခန္ဓာပါပျောက်သွားမယ်၊ အနိစ္စတွေ့ရင် အနိစ္စဆုံးမသွားပေဘူးလား (ဆုံးသွားပါတယ် ဘုရား)။

ဆုံးသွားသည်နဲ့ တပြိုင်နက်တည်း ခင်ဗျားတို့ နှိပ်စက်တဲ့ သဘောဟာက ခန္ဓာရှိလို့ နှိပ်စက်နေတာ ခန္ဓာပျောက်အောင် လုပ်လိုက်လို့ရှိရင် နှိပ်စက်စရာအကွက် ပါသေးရဲ့လား (မပါပါ ဘုရား) ကဲ ဒါဖြင့် အသုံးချတတ်ပလား (ချတတ်ပါပြီ ဘုရား)။

ဒါဖြင့် မာရင်လဲရှုပါ ဦးခင်မောင်၊ မမာရင်လဲ (ရှုရမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါကို ယုံလောက်အောင်ဘဲ အကိုးအကားနဲ့ ဦးဘတင်တို့ ထုတ်ပြဦးမယ်နော် (မှန်ပါ့)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ ဗောဇ္ဈင်သုတ်ဆိုတာ ကြားဘူးပါလိမ့်မယ် (ကြားဘူးပါတယ် ဘုရား) ဗောဇ္ဈင်သုတ်ဟာ ခင်ဗျားတို့ ဘယ်အချိန်မှာ ခင်ဗျားတို့ ရွတ်ကြသတုံးလို့ မေးကြလို့ရှိရင်ဖြင့် မမာတဲ့အခါမှာ ရွတ်ကြတယ် (မှန်ပါ့ ဘုရား)။

ဒါ ဘယ်ကလာသတုံး၊ ဗောဇ္ဈင်သုတ်မမာတဲ့အခါမှာ ရွတ်ရမယ်ဆိုတဲ့ဥစ္စာ ဘယ်ကလာသတုံး လို့ အကြောင်းလက်သည်ရှာဖို့ ဒကာသစ်တို့ ကိုမြရွှေတို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်မေဂ္ဂလာန်တို့ ရှင်မဟာကဿပတို့ မမာတဲ့အချိန်မှာ သူတို့ခေါင်းကိုက် ၊လေနာ၊ စသည်တွေဖြစ်နေတယ် ဦးခင်မောင်(မှန်ပါ့) ဖြစ်နေတဲ့အချိန်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို ပျောက်စေရန် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လူမမာရှိရာ ကြွတယ်၊ ဘယ့်နှယ်နေသတုံး စသည်ဖြင့် လူမမာမေးကြွတော့ ခေါင်းကိုက်၊ လေနာ၊ ရင်နာ စသည်တွေ ဖြစ်နေကြောင်း လျှောက်တော့ မင်းတို့ ဗောဇ္ဈင်ကို နှလုံးသွင်းကြစေရန် ဗောဇ္ဈင်ကို ဟောတယ်၊ ဗောဇ္ဈင်ထဲမှာ ဓမ္မ ဝိစယ သမ္ဗောဇ္ဈင်ဆိုတာ ခင်ဗျားတို့ ဖြစ်ပျက်မြင်တဲ့ဉာဏ်ကိုဆိုတာ (မှန်ပါ့ ဘုရား)။

ဝီရိယ သမ္ဗောဇ္ဈင် ဆိုတာ ခင်ဗျားတို့ မဂ္ဂင်ထဲ ပါပြီးသား မနေဘူးလား (ပါပါတယ်) ပီတိပဿဒ္ဓိ သမ္ဗောဇ္ဈင်ဆိုတာ သူနဲ့ သဟဇာတအဖြစ်နဲ့ ပါပြီးသား ဦးခင်မောင် (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ကို ရှုကြရန် ခိုင်းတာ

အဲဒီတော့ ခန္ဓာကိုယ်ကို ရှုကြရန် ခိုင်းတာ (မှန်ပါ့ ဘုရား) ဒီတော့ ခန္ဓာကိုယ်ကို ပြန်ပြီး နှလုံးသွင်းလိုက်တယ်၊ ချက်ချင်းဘဲ ဝေဒနာကင်းရှင်းသွားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဟာ ဝေဒနာရှုလို့ ကျေးဇူးများပုံလဲ (မှန်ပါ့) ခင်ဗျားတို့က်တော့ ရှုရမှာကို ရွတ်ရမှာလောက် လုပ်နေကြလို့ ခက်နေတာ (မှန်ပါ့)။

ဘာလုပ်ရမှာတုံး (ရှုရမှာပါ) ဘာဝိတာ ဗဟုလီကတာ-လို့ ဗောဇ္ဈင်အကျယ်မှာ မလာဘူးလား (လာပါတယ် ဘုရား) ဘာဝိတာ=ပွားများရမယ်၊ ဗဟုလီကတာ=ကြိမ်ဖန်များစွာ ရှုရမယ်ဆိုတာ ဦးဘအုန်း သံသယရှိဖို့ လိုသေးသလား (မလိုပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီကရှေ့ကို ဒီနေ့တော့ နေမကောင်းလို့ မရှုနိုင်ဘူး၊ လေနာနေလို့ မရှုနိုင်ဘူး၊ အညောင်းတွေက ထူလွန်းလို့ မရှုနိုင်ဘူး၊ နေ့လည်က ပန်းလာလို့ အမောဆိုက်လို့ မရှုနိုင်ဘူးလို့ မလုပ်ကြနဲ့၊ အဲဒါတွေ အကုန်ပျောက်နိုင်တဲ့ဆေးကို မရှုနိုင်ဘူးဆိုတော့ ပျောက်တဲ့ဆေးကို မသောက်ဘူးလို့ ပြောတာနဲက အတူတူကျနေတယ် (ကျနေပါတယ်) သဘောပါပလား (ပါပါပြီ ဘုရား)။

မာလဲရှု မမာလဲရှု

ကဲ ဒီကရှေ့ကို မူကလေးပြောင်းဦးဗျ၊ ပြောင်းတတ်ပလား (ပြောင်းတတ်ပါပြီ) ဘယ်လိုပြောင်မလဲ (မာလဲရှု မမာလဲရှုရမှာပါ) မမာရင် ပိုရှုဖို့ပေါ့ဗျာ မာတဲ့အခါလဲရှု၊ မာတဲ့အခါရှုရင် ဝေဒနာကို တားပြီးသာဖြစ်တယ်၊ မမာတဲ့အခါ ရှုလို့ရှိရင် ဝေဒနာပျောက်စေတဲ့ဆေးကိုစားပြီသားဖြစ်တယ် (မှန်ပါ့) ကဲ ဒါဖြင့် နေတတ်ကြပလား (နေတတ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုရှုရမှန်းသိတာက မဂ္ဂသစ္စာ၊ မဂ်စစ်ဝင်တော့ ဝေဒနာနဲ့တကွ ခန္ဓာပါ ပျောက်မသွားဘူးလား (ပျောက်သွားပါတယ် ဘုရား)။

အဲဒါက ဘာသစ္စာတုံး (နိရောဓသစ္စာပါ) အဲဒီလိုလုပ်ပါ ဒီလိုအကြောင်းအကျိုး ဆက်ကြစမ်းပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပြန်မေးတယ်၊ ပြန်မေးတယ် ဒကာ ဒကာမတို့ ဒီတရားဟာ အင်မတန် အရေးကြီးနေပါတယ်၊ ခန္ဓာကိုယ်တွင်း အကြောင်း သုံးသပ်ကြရဲ့လား ဆိုတာ သစ္စာလေးပါးကို သိပြီး လုပ်ကြရဲ့လားလို့ မေးလိုရင်းဘဲ (မှန်ပါ့)။

ဇရာ၊ ဗျာဓိ၊ မရဏက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ခန္ဓာငါးပါးက (သမုဒယသစ္စာပါ) ချုပ်အောင်ကျင့်တဲ့ အကျင့်က (မဂ္ဂသစ္စာပါ) ချုပ်သွားတော့ (နိရောဓသစ္စာပါ ဘုရား) ဒီတော့ ခန္ဓာငါးပါးမှာ ရှုပွားမှုမဂ္ဂ လုပ်မှ နိရောဓ ဖြစ်မှာပါလားဆိုတာ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ခေါင်းကိုက်တယ်၊ ခေါင်းကိုက်တဲ့နေရာကိုသာ ဖြစ်ပျက်ရှုချ၊ သဘောကျပလား(ကျပါပြီ ဘုရား) လည်နာတယ် (လည်နာတဲ့နေရာကို ဖြစ်ပျက်ရှုရပါမယ် ဘုရား) အဲဒီလိုရှုတော့ ဘုရားတောင်မှ ပြန်မကြွသေးဘူး၊ ဝေဒနာခံစားနေရတဲ့ ပုဂ္ဂိုလ်တွေ ပျောက်ကုန်ပါပြီဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

သူတို့မှာ ဝေဒနာချုပ်ကုန်တယ်

ရှင်မဟာကဿပတို့က ဗောဇ္ဈင်ပြန်ရှုလိုက်သည်နဲ့ တပြိုင်နက်တည်း ဦးခင်မောင် ဘုရားကြွလာပြီး လူမမာမေးတာ ဘုရားတောင် မပြန်သေးဘူး သူတို့မှာ ဝေဒနာချုပ်ကုန်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဦးခင်မောင် နေရာတိုင်း ဆရာဝန်ခေါ်ဖို့ လိုသေးသလား (မလိုပါ ဘုရား) ဝေဒနာလဲ သက်သာသေးတယ်၊ နိဗ္ဗာန်လဲ ရောက်နိုင်သေးတယ်နော် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

စရိတ်လဲ သက်သာသေးတယ်၊ နိဗ္ဗာန်လဲ ရောက်နိုင်သေးတယ် ဆိုတဲ့ဥစ္စာ ဒီ့ထက်ဆေးကောင်းတော့ ဦးဘတင် ရှိသေးရဲ့လား (မရှိပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကဲ ဒါဖြင့် သစ္စာဘယ်နှစ်ပါးသိသွားကြပလဲ (လေးပါးသိသွာပါတယ်) တခေါက်ပြောပါဦး၊ ဇရာ၊ဗျာဓိ၊မရဏက (ဒုက္ခသစ္စာပါ) ခန္ဓာငါးပါးက (သမုဒယသစ္စာပါ) ချုပ်အောင်ကျင့်တဲ့ အကျင့်က (မဂ္ဂသစ္စာပါ) ချုပ်သွားလို့ရှိရင် (နိရောဓသစ္စာပါ) ဪ နိရောဓသစ္စာဆိုတာ ဒီခန္ဓာအဆုံးမှာ နိရောဓပါကလားဆိုတာ ပေါ်သွားတယ် (မှန်ပါ့)။

နိဗ္ဗာန်ဟာ ဘယ်မှာရှိသတုံး (ခန္ဓာအဆုံးမှာ ရှိပါတယ်) ဒီခန္ဓာအဆုံးဆိုတော့ တလံမျှလောက်သော ခန္ဓာအဆုံးဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နိဗ္ဗာန်က ခန္ဓာအဆုံးမှာရှိနေတာ

အဲဒီတော့ နိဗ္ဗာန်ရောက်ချင်လို့ရှိရင် ခင်ဗျားတို့ကနေပြီး သကာလ ဟိုသွား ဒီသွားနဲက သွားပေမဲ့ လမ်းမမှန် နည်းမကျရင် မရနိုင်သေးဘူး၊ နိဗ္ဗာန်က ခန္ဓာအဆုံးမှာရှိနေတာ ဟုတ်လား (မှန်ပါ့) ဒီခန္ဓာအဆုံးမှာရှိနေတော့ ခန္ဓာတော့ ဆုံးအောင် မလုပ်ရဘူးဆိုလို့ရှိရင် ဦးခင်မောင် ဘယ်သွားသွား ရမှာမဟုတ်သေးဘူး (မှန်ပါ့)။

ဒါ ဝတ္ထုသက်သေ ရောဟိတဿ နတ်သားတို့ဟာ ဒီအတိုင်းဘဲ လောကဆုံးရာဆိုတာကို ရှာဖွေခဲ့တယ်၊ ခြေလျင် ရှောက်ပြီး ရှာလို့ တွေ့ခဲ့တယ်လို့ ရှိခဲ့ရဲ့လား (မရှိပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ရှုတတ်ကြပလား (ရှုတတ်ပါပြီ ဘုရား) ရှုတတ်တဲ့ ဉာဏ်က ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ) ရှုလို့ ချုပ်သွားတာက (နိရောဓသစ္စာပါ ဘုရား)။

ဒါကြောင့် ဝေဒနာနိရောဓော နိဗ္ဗာနံ (မှန်ပါ့) ဝေဒနာနံခယာ ဘိက္ခု၊ နိစ္ဆာတော ပရိနိဗ္ဗုတော့ တဲ့၊ ဝေဒနာနံ=ဝေဒနာတို့၏၊ ခယာ-ကုန်ခြင်းကြောင့်၊ ဘိက္ခု=ရဟန်းသည်၊ နိစ္ဆာတော=တဏှာမရှိသည်ဖြစ်၍၊ ပရိနိဗ္ဗုတော=ကိလေသာနိဗ္ဗာန်စံသည်၊ ဟောတိ=ဖြစ်၏တဲ့၊ ခန္ဓာရှိသေးတယ်၊ ကိလေသာတော့ ချုပ်ငြိမ်းသွားပြီ (မှန်ပါ့)။

သစ္စာသိတဲ့ သုံးသပ်နည်း

အဲဒါလဲ သံယုတ်ပါဠိတော်မှာ လာတာဘဲ၊ ဪ ဒို့ဒီလို သုံးသပ်တဲ့နည်းဟာ သစ္စာသိတဲ့ သုံးသပ်နည်း ပါကလား ဆိုတာ ပေါ်လာတယ်(မှန်ပါ့)။

သစ္စာဘယ်နှစ်ပါးသိသတုံး (လေးပါးသိပါတယ် ဘုရား) အဲဒါ အနုဓမ္မစာရီတဲ့ အခုဟာ အလုပ်လုပ် နေတာဘဲ (မှန်ပါ့)။

တရားအတိုင်းကျင့်လို့ ဒုက္ခသစ္စာရှိလို့ ဒုက္ခသစ္စာ သိနေတာဘဲ (မှန်ပါ့) ၎င်းင်းဒုက္ခသစ္စာဆုံးသွားတော့ နိရောဓသစ္စာ သိနေတာဆိုတော့ ကိုင်း တရားရှိလို့ တရားသိနေတာက ဦးခင်မောင် တရားရှိတာက ဒုက္ခသစ္စာ၊ တရားသိနေတာက (မဂ္ဂသစ္စာပါ) အသိခံနေရတဲ့တရား ချုပ်သွားတာက (နိရောဓသစ္စာပါ) ချုပ်ကြောင်းကျင့်တာက (မဂ္ဂသစ္စာပါ ဘုရား)။

ဒီအတိုင်း ခင်ဗျားတို့ နေလိုက်လို့ရှိရင် နိဗ္ဗာန်ဟာ ဦးဘအုန်းတို့ နီးပါတယ် (နီးပါတယ် ဘုရား) အခု ဝေဒနာချုပ်၊ အခု ဒီနေရာဟာ နိဗ္ဗာန်ဘဲ (မှန်ပါ့) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒီလိုသုံးသပ်သွားရမှာ၊ ကဲ ပထမသုံးသပ်ကတည်းက သစ္စာလေးပါး ပေါ်လာတယ်၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကိုင်း ရှေ့ကို ဆက်ကြဦးစို့ ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးဟာ ဘယ်ကများ လာပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

ဒကာ ဒကာမတို့ မနေ့က ဘယ့်နှယ်ဖြေကြသလဲ (တဏှာက လာပါတယ်) ဒီကျတော့ သွားကြဦးစို့ ဦးခင်မောင် တဏှာက သမုဒယသစ္စာ၊ ခန္ဓာငါးပါးက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် သမုဒယသစ္စာကိုလဲ သိပြီ၊ ဒုက္ခသစ္စာကိုလဲ သိပြီ၊ ရှုတဲ့ဉာဏ်လဲ မဂ္ဂသစ္စာဆိုသဖြင့် ဒီသမုဒယနဲ့ ဒုက္ခများ ချုပ်သွားရင် ဘာဖြစ်မယ်ထင်ကြသတုံး (နိရောဓသစ္စာပါ ဘုရား) ဒီလို သစ္စာကိုပြန်သိပါ (မှန်ပါ့)။

ဘုရားပွင့်တော်မူမှ ပေါ်တဲ့တရား

ကိုင်း ပြောကြစမ်းပါဦး၊ ဘုရားပွင့်တော်မူမှ ပေါ်တဲ့ တရားမျိုးဆိုတာ ဒီတရားတွေဘဲ (မှန်ပါ့) ဘုရားဟာ ရှေးဦးစွာ တရားဦးဟောနိုင်တယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ သစ္စာဟောတာ (မှန်ပါ့ ဘုရား)။

ဘယ်ဘုရားပွင့်လာလာ ဘာကိုဟောလိမ့်မတုံးလို့ ခင်ဗျားတို့ စဉ်းစားမနေကြပါနဲ့ ဒီသစ္စာဘဲ ဟောမှာပါဘဲ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာကဘာသစ္စာတုံး (သမုဒယသစ္စာပါ) ဖြစ်ပေါ်လာတဲ့ အကျိုးခန္ဓာငါးပါးက (ဒုက္ခသစ္စာပါ) သိတာကလေးက (မဂ္ဂသစ္စာပါ) သူတို့နှစ်ခုချုပ်သွားအောင် ကျင့်မယ်ဆိုရင် ချုပ်သွားတာကလေးက ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)။

ဪ ဒီလို ဒီလိုခင်ဗျားတို့ အကြောင်းကို သိသိသွားကြစမ်းပါဆိုတာကော ဒကာ ဒကာမတို့ ဒီနေ့ရေလည်ပလား (ရေလည်ပါပြီ ဘုရား) ရှင်းသွားပြီ ဦးခင်မောင် (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ကျင့်ရမှာကတော့ဖြင့် ခုနင်က နှစ်ခုကျင့်လဲ နိဗ္ဗာန်ရောက်တာလဲ၊ ယခု နောက်ပြောတဲ့ နှစ်ခုကျင့်နိုင်ရင်ကော (နိဗ္ဗာန်ရောက်ပါတယ်) နိဗ္ဗာန်ရောက်တာချည့်ပါတဲ့၊ ဒီအထဲကတော့ နိဗ္ဗာန်မရောက်တဲ့တရား မရှိပါဘူး (မှန်ပါ့ ဘုရား)။

ပြန်ပြောပါဦး ဒကာ ဒကာမတို့ ခန္ဓာငါးပါးကဘာသစ္စာ (ဒုက္ခသစ္စာပါ) သူ့အကြောင်းက (သမုဒယသစ္စာပါ ဘုရား) ဒါကြောင့် အကြောင်း သမုဒယကြောင့် အကျိုးဒုက္ခသစ္စာပေါ်တယ်၊ ဒီလိုသိနေတဲ့ ဉာဏ်ကလေးက (မဂ္ဂသစ္စာပါ ဘုရား)။

တဏှာနိရောဓော နိဗ္ဗာနံ

သူတို့နှစ်ခု ချုပ်အောင် ကျင့်လိုက်လို့ ချုပ်များသွားရင် ဘာသစ္စာတုံး (နိရောဓသစ္စာပါ) အဲဒီကျတော့လဲ တဏှာနိရောဓော နိဗ္ဗာနံဖြစ်သွားတာဘဲ (မှန်ပါ့) တဏှာချုပ်သွားရင် ခန္ဓာချုပ်သွားတာဘဲ၊ ခန္ဓာနိရောဓော နိဗ္ဗာနံဖြစ်တာဘဲ (မှန်ပါ့ ဘုရား)။

တဏှာချုပ်သွားရင် ခန္ဓာချုပ်သွားတာဘဲ (မှန်ပါ့) နိရောဓော နိဗ္ဗာနံဖြစ်သွားတာဘဲ (မှန်ပါ့) ခုနင်ကဟာကတော့ ခန္ဓာနိရောဓော နိဗ္ဗာနံ၊ အခုဟာကတော့ (တဏှာနိရောဓော နိဗ္ဗာနံပါ) ဟော နိဗ္ဗာန်ဟာ ဒီနှစ်မျိုးထက် ပိုပြီးမရှိဘူး (မှန်ပါ့) တဏှာချုပ်အောင်ရှုလဲ နိဗ္ဗာန်ရောက်တာဘဲ၊ ခန္ဓာချုပ်အောင်ရှုလဲ (နိဗ္ဗာန်ရောက်တာပါလဲ ဘုရား)။

ဪ ခင်ဗျားတို့ နိဗ္ဗာန်ရောက်တရား ဘယ်မှများရှိပါလိမ့်မတုံးလို့ဆိုတော့ ကိုယ့်ခန္ဓာထဲမှာဘဲ ရှိနေတယ် (မှန်ပါ့) နိဗ္ဗာန်ကလဲ ဒီခန္ဓာအဆုံးမှာဘဲ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ တလှမ်းတက်ကြပါဦးစို့၊ သစ္စာလေးပါး နှစ်ခါတွေ့သွားကြပြီနော် (မှန်ပါ့) တဏှာဘယ်က လာပါလိမ့်မတုံး (အာယတန ၁၂ပါးက လာပါတယ် ဘုရား) အေး အာယတန ၁၂ပါးကလာတယ်၊ အာယတန ၁၂ပါးကို မြန်မာလို အဓိပ္ပာယ်ရှင်အောင် သုံးလိုက်တော့ ခင်ရာမင်ရာ ပစ္စည်းဖြစ်သွားတယ် (မှန်ပါ့) ခင်စရာမင်စရာဆိုရင်လဲ မှန်တာဘဲနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်စရာမင်စရာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ) တဏှာက (ဒုက္ခသစ္စာပါ) ဒီလိုသွားရမှာ၊ ဒါကသုတ္တန်နည်း၊ ခင်ဗျားတို့က သမုဒယသစ္စာကို တဏှာကိုသာယူထားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ရာမင်ရာမရှိဘဲနဲက တဏှာပေါ်ပါ့မလား (မပေါ်ပါ ဘုရား) ဒါဖြင့် ခင်ရာမင်ရာက (သမုဒယသစ္စာပါ) တဏှာက (ဒုက္ခသစ္စာပါ) သိတဲ့ဉာဏ်ကလေးက (မဂ္ဂသစ္စာပါ ဘုရား)။

ခင်ရာမင်ရာဆုံးအောင်လိုက်မယ်ဆိုရင် ဘာဖြစ်သွားမယ် ထင်သတုံး (နိရောဓသစ္စာပါ) အကုန်နိဗ္ဗာန်ရောက်တဲ့ တရားချည့်ဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီဟာရှုလဲ နိဗ္ဗာန်ရောက်မှာဘဲ

နိဗ္ဗာန်ရောက်တဲ့ တရားတွေဟာ ဒီဟာရှုလဲ နိဗ္ဗာန်ရောက်မှာဘဲ (မှန်ပါ့) ဒါကိုရှုလဲ (ရောက်ပါတယ်) ဒီကဟာရှုကော (ရောက်ပါတယ်) ဪ နိဗ္ဗာန်ရောက်တရားတွေ ပုံနေပါလျက်သားနဲ့ ဒီထဲမှာ ဘယ်ဟာများလုပ်ရပါ့မတုံး၊ ကျုပ်ဖြင့် နိဗ္ဗာန်ရောက်တရားမတွေ့သေးပါဘူးဆိုရင်ဖြင့် ပုတီးကိုလည်ပင်းစွပ်ပြီး ရှာတာဘဲ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

ပုတီးလည်ပင်းစွပ်ပြီး သကာလ ဘေးမှာ လျှောက်ရှာတယ်၊ ဘေးမှာ လျှောက်ရှာတော့ရှာလေဝေးလေဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီ နိဗ္ဗာန်ရောက် တရားဟာ ဘယ်များရှိပါလိမ့်မတုံး၊ ကျုပ်ဖြင့် အခုရောက်ရင် အခုလိုချင်တယ်တဲ့၊ နိဗ္ဗာန်ရောက်တရားတွေက ခန္ဓာရင်လဲ ပြုံးပါလိမ့်မယ်၊ တဏှာရင်လဲ (ပြုံးပါလိမ့်မယ်) ဘာဖြစ်လို့ ပြုံးတာတုံးဆိုတော့ မသိတဲ့ အတွက် ဟိုကနေပြီး သကာလ ပြုံးမှာဘဲ (မှန်ပါ့)။

နိဗ္ဗာန်ရောက်တရားက ပြုံးတတ်မယ်ဆိုရင် ပြုံးမှာဘဲ (မှန်ပါ့) နိဗ္ဗာန်ရောက်တရားဆိုတာက တဏှာကို ဖြစ်ပျက်ရှုလဲ နိဗ္ဗာန်ရောက်တာဘဲ (မှန်ပါ့) ခန္ဓာဖြစ်ပျက်ရှုကော (နိဗ္ဗာန်ရောက်မှာပါ) အာယတနသိ ဖြစ်ပျက်ရှုကော (နိဗ္ဗာန်ရောက်မှာပါ ဘုရား) ဆုံးအောင်ရှုရင် အကုန်ရောက်မှာချည့်ဘဲ (မှန်ပါ့) ဦးခင်မောင် မရောက်တာပါသေးရဲ့လား (မပါပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ကျုပ်ဖြင့် အသက်လဲကြီးပြီ ဝေဒနာကလဲထူ နိဗ္ဗာန်မှရောက်ပါ့မလား (မှန်ပါ့) ဪ နိဗ္ဗာန်ရောက်တဲ့တရားတွေဘဲ အသက်ကလဲ ကြီးလာတော့ ဇရာရှုလိုက်ရင် နိဗ္ဗာန်ရောက်တော့မယ် (မှန်ပါ့) ဝေဒနာကများတယ်ဆို ဝေဒနာရှုလိုက်ရင် နိဗ္ဗာန်ရောက်မှာဘဲ၊ အဲဒါကို သူကညည်းလုံးများ ထုတ်နေသေးတယ် (မှန်ပါ့ ဘုရား)။

တရားတွေ့ပြီးတော့ ဘာဖြစ်နေတာတုံး

အသက်ကလဲကြီးပြန်၊ ဝေဒနာကလဲ ထူပြန်၊ ဒီဘဝ ဒီမျှ ထင်ပါရဲ့တဲ့၊ လျှော့များပစ်လိုက်တယ် (မှန်ပါ့) ဖြစ်မှဖြစ်ရလေဗျာ တရားတွေ့ပြီးတော့ ဘာဖြစ်နေတာတုံး (တွန့်နေပါတယ် ဘုရား)။

တွေ့နေတယ်လို့ သူက စိတ်ထဲမှာထင်ရဲ့လား (မထင်ပါ ဘုရား) သူညည်းပုံကြည့်လေ အသက်ကလဲ ကြီးပြန်ဆိုတော့ အသက်ကြီးလို့ရှိရင် ဝမ်းထဲက တေဇောရှုလိုက်လို့ရှိရင် မရဘူးလား၊ ရမလား (ရမှာပါ ဘုရား)။

အဲဒီတော့ သူ စိတ်ကူးတာကို အသက်သာ ကြီးတယ်ဆိုတယ်၊ ကြီးနေတယ်လို့သာ သိတယ်၊ ဘယ်သူ့ကြောင့် ကြီးတယ်လို့ မသိတော့ မရှုတတ်ဘူးပေါ့ဗျာ (မှန်ပါ့)။

အခုတော့ တေဇောကြောင့် ရင့်ကျက်ရတယ်ဆိုတာသိတော့ ခန္ဓာကိုယ်ထဲက တေဇောဓာတ် ရှုနေလိုက်လို့ရှိရင်ဖြင့် ဦးဘအုန်း နိဗ္ဗာန်မရောက်ဘူးလား၊ ရောက်မလား (ရောက်ပါမယ် ဘုရား) သဘောကျပလား (ကျပါပြိ ဘုရား) တေဇောသိမ်းရင် ကမ္ဘာကြီးပါ သိမ်းတာဗျ (မှန်ပါ့)။

ဝေဒနာကလဲ ထူနေတယ်၊ ဒါ့ကြောင့် ဒီဘဝ ဒီမျှ ထင်ပါရဲ့လို့ ဦးခင်မောင် ခင်ဗျားတို့ ညည်းချင် ညည်းမယ် (မှန်ပါ့) သစ္စာမသိရင် ညည်းကြမယ် (ညည်းပါမယ် ဘုရား)။

အသက်ကလဲ ကြီးပြန်၊ ဝေဒနာကလဲ ပေါ်ပြန်၊ အခုမှလဲ တရားတွေ့တော့ မရပါဘူး ကျုပ်တို့တော့ (မှန်ပါ့) တချို့ ဒကာ ဒကာမတွေ တခါတည်း ဗိုင်းဗိုင်းလဲ နောက် ထိုင်လိုက်တယ်၊ အတော် ရှော်နေတယ်၊ မရှော်ဘူးလား (ရှော်ပါတယ် ဘုရား)။

သူပြောတာက သူ့ထဲမှာ အသက်ကလဲ ကြီးပြန် ဆိုတော့ ဇရာကို သူသိနေတာဘဲ၊ ဇရာကို သူသိနေတော့ ဇရာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ ဖြစ်နိုင်ပါလျက်သားနဲ့ ဒကာ ဒကာမတွေက ဒါတွေ မဂ္ဂသစ္စာလို့လဲ မသိလိုက်ဘူး၊ မဂ္ဂသစ္စာ သဘောရောက်အောင်လဲ မရှုဘူး (မှန်ပါ့)။

ရနိုင်တဲ့ပစ္စည်း မြင်ပြီး

အဲဒါကြောင့် ဦးခင်မောင်- သူ့ညည်းလုံးသည်ကား လို့ဆိုလို့ရှိရင်ဖြင့် ရနိုင်တဲ့ပစ္စည်း မြင်ပြီး သကာလ မလိုချင် ညည်းလုံးဖြစ်နေတယ် (မှန်ပါ့) ဘယ်လောက်ဆိုးဝါးသွားသတုံး (ဆိုးဝါးပါတယ် ဘုရား)။

သူညည်းပုံကလေး ဦးခင်မောင်တို့ ခင်ဗျားတို့လဲ ညည်းတတ်မှာဘဲ၊ ဘယ့်နှယ်ညည်းကြသတုံး အသက်ကလဲကြီးပြန်၊ ဝေဒနာကလဲ ထူတယ်၊ ကျုပ်တော့ဖြင့် ရမယ်မထင်ပါဘူး၊ ဂွကျလိုက်တာ၊ ဒကာ ဒကာမတွေ အခုဂွကျလိုက်တာဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အသက်ကြီးရင် အသက်ကြီးတဲ့ဇရာကို ဖြစ်ပျက်ရှု၊ ဒါနိဗ္ဗာန်ရသွားတာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အနာက များပြန်ရင်ကော (အနာကို ဖြစ်ပျက်ရှုပါ) အနာကို ဖြစ်ပျက်ရှုလိုက်လို့ရှိရင်လဲ ဦးခင်မောင် ဘာဖြစ်မယ်ထင်သတုံး (နိဗ္ဗာန်ရပါမယ်) နိဗ္ဗာန်ရနိုင်တဲ့တရား ပေါ်နေတယ် သူ့သန္တာန်မှာ (မှန်ပါ့) အဲဒါ သူရနိုင်မှာ မဟုတ်ပါဘူးတဲ့ (မှန်ပါ့) ဂွကျလိုက်တာ ထီပေါက်နေတာ နံပါတ်မမှတ်မိတာနဲ့ကို မသိတော့ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဟာ ရှုစရာတွေပေါ်နေတာ

ကိုင်း ဒါဖြင့်နောက်ညည်းတဲ့အထဲမှာ နိဗ္ဗာန်ရောက်တရား ပါဝင်နေသေးတယ်လို့ မှတ်ကြ (မှန်ပါ့) ခင်ဗျားတို့ ဘယ့်နှယ်မှား ညည်းကြသတုံး အသက်ကလဲ ကြီးလာပြီ၊ ဝေဒနာကလဲ ထူပြန်ဆိုတော့ ဒါဟာ ရှုစရာတွေပေါ်နေတာ (မှန်ပါ့ ဘုရား)။

အသက်ကြီးတော့ ဇရာကိုရှုဗျ (မှန်ပါ့) ဇရာဆိုတော့ အခု ဆရာဘုန်းကြီးကလဲ ဖော်ပြောတယ်၊ တေဇောဆိုတဲ့ ဒီအပူရုပ်ကလေးတွေ နည်းနည်းပူလိုက်၊ များများပူလိုက်နဲ့ ခဏခဏ ဖြစ်ပျက်တွေ မတွေ့ရဘူးလားဗျာ (တွေ့ရပါတယ် ဘုရား)။

သူက နှိပ်စက်နေတဲ့ ပိဠနဋ္ဌသဘောကို မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီ ပိဠနဋ္ဌသဘောကို နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီလို့သာ ရှုနေပါ၊ ဦးခင်မောင် မရဘူးလား၊ ရသလား (ရပါတယ် ဘုရား)။

နှိပ်စက်ပြန်ပြီလို့ သိတော့ ဒီနှိပ်စက်တာနဲ့ မလိုချင်ဘူးဆိုတဲ့ ဉာဏ်မလာဘူးလား (လာပါတယ် ဘုရား) လာလို့ရှိရင်လဲ နှိပ်စက်တာတွေ အကုန်ချုပ်သွားလို့ရှိရင်လဲ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

ဒါနဲ့ ကျုပ်က အသက်ကလဲ ကြီးပြန်ဆိုတော့ ခက်ပေါ့၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား) ဒီအထဲမှာ အသက်ကြီးတွေများနေလို့ စောင်းပြောနေတယ်လို့ အောက်မေ့မနေကြပါနဲ့ဦး၊ ဦးဝက ဒီအထဲမှာ အသက်အကြီးဆုံးဖြစ်နေတယ် (မှန်ပါ့) ဘယ်လိုမှမထင်နဲ့ အသက်ကြီးလေ သူ့ဟာက သစ္စာပေါ်လေ (မှန်ပါ့) ဝေဒနာထူလေလေ သစ္စာပေါ်လေလေဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာကလဲ ဒုက္ခသစ္စာဘဲ

ဒီတော့ ဒီသစ္စာသည် ဝေဒနာကလဲ ဒုက္ခသစ္စာဘဲ (မှန်ပါ့) အိုတတ်တဲ့ဇရာကလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဆိုလို့ရှိရင် ဒုက္ခသစ္စာကို ပရိညေယျနဲက ကျုပ်တို့က ပိုင်းခြားနိုင်အောင် မဂ်နဲ့ပိုင်းခြားပါလား၊ မရမည့်တရားလို့ ဆိုလို့ရပါဦးမလား (ဆိုလို့မရပါ ဘုရား)။

ဒုက္ခမပိုင်းခြားဘဲနဲ့ နိဗ္ဗာန်ရောက်တဲ့တရားများ တွေ့ဘူးရဲ့လား (မတွေ့ဘူးပါ ဘုရား) နိဗ္ဗာန်ရောက်တဲ့ ရဟန္တာကော (မတွေ့ဘူးပါ ဘုရား) ဘာဖြစ်လို့ ညည်းလုံးထုတ်နေဦးမလဲ၊ ဒုက္ခရောက်တဲ့တရားကို ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်နေရင် မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

အခုတော့ ဒုက္ခရောက်တာနဲ့ ကျုပ်တော့ မရတော့ပါဘူးတဲ့ ဂွကျလိုက်တာ၊ ရ-ရမည့်ဥစ္စာ ဘယ့်နှယ်ဖြစ်သွားသတုံး၊ ရှောင်တဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဦးခင်မောင် မသိတဲ့လူဟာ တော်တော်ခက်ပါလား (ခက်ပါတယ် ဘုရား)။

ခလေးကလေး ရွှေကောက်ရသလို ဖြစ်နေတယ်၊ ခလေးကလေးက ရွှေကောက်ရတော့ ဦးခင်မောင် သုံးတတ်ကဲ့လား (မသုံးတတ်ပါ ဘုရား)။

ဒီမှာ ဒကာ ဒကာမတွေ ဘယ့်နှယ်ဖြစ်နေသတုံး (ရွှေကောက်ရသလိုဖြစ်နေပါတယ်) ရွှေကောက်ရသလို ဖြစ်နေတော့ သုံးတတ်ကြရဲ့လား (မသုံးတတ်ပါ ဘုရား) သုံးနိုင်မယ်ဆိုရင်ဖြင့် ဒါဟာ အင်မတန် အဖိုးတန်တဲ့ဉာဏ်ဘဲလို့ ဆိုရင်လဲ မလွဲဘူးပေါ့ (မလွဲပါဘူး) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် အသက်ကြီးလာရင် ဘာလုပ်မလဲ (ဖြစ်ပျက်ရှုပါမယ်) ကြီးရင့်အောင်လုပ်နေတဲ့ တေဇောကို ဖြစ်ပျက်ရှုပါ (မှန်ပါ့) ဝေဒနာတူလာရင် (ဝေဒနာကို ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ဆုံးရင် ဘာခေါ်ကြမယ်

အဲဒီဖြစ်ပျက်ဆုံးရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ရှုတဲ့ဉာဏ်က (မဂ်ဉာဏ်ပါ) အဲ မဂ်ဉာဏ်နဲ့ နိဗ္ဗာန်ပေါ်ဖို့ရာ ခင်ဗျားတို့ကို တရားက ငါ့ကိုရှုပါလို့ ဧဟိ ပဿိကော၊ ဧဟိ=လာခဲ့၊ ပဿ=ရှုပါ၊ ကဲ ပါဠိတော်နဲ့ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

ဧဟိကဘာတုံး (လာလှည့်) ပဿက (ရှုပါ) လာလှည့်မဆိုနဲ့ ဦးခင်မောင် ပေါ်လွင်အောင် လာခဲ့ပါလို့ဆိုပါ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဧဟိကဘာတုံး (လာခဲ့ပါ) လာခဲ့တဲ့၊ ဝေဒနာက လာခဲ့-လာခဲ့လို့ခေါ်နေတယ် ခင်ဗျားတို့က ဘာလုပ်ရမလဲ (ရှုရပါမယ်) ပဿကဘာတုံး (ရှုရပါမယ်) အဲ လာခဲ့ ရှုပါလို့ ခေါ်နေတယ်၊ ဒီနေရာရှု ဒီနေရာရှုလို့ ခေါ်နေတာ၊ မရှုနိုင်ဘူး မင်းနဲ့ငါနဲ့ ရန်ဖြစ်ရလိမ့်မယ် ဆိုရင်တော့ မတတ်နိုင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့က ရန်ဖြစ်နေတာက များပါတယ် (မှန်ပါ့) ဝေဒနာပေါ်ရင် ဘာလုပ်နေကြသတုံး (ရန်ဖြစ်နေကြပါတယ် ဘုရား) ရန်ဖြစ်နေကြတယ်၊ ဖြစ်ပျက်ကို မရှုဘူး (မှန်ပါ့ ဘုရား)။

ဖြစ်မှ ဖြစ်ရပလေတယ်၊ ကြည့်စမ်းပါဦး ခြေထောက်ကလေး အနာပေါက် လူလာတိုင်း ထိုးပြနေတာဘဲ (မှန်ပါ့) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်မည့် တရားကိုပင်လျှင် နိဗ္ဗာန်ရောက်မည့်တရားက ဧဟိ ပဿိကော= လာခဲ့ရှုပါလို့ ပြောလျက်သားနဲ့ ခင်ဗျားတို့က မရှုချင်ဘူး၊ ဒီဟာကို ကြက်သရေမရှိဘူး၊ ဒီလိုတောင် လုပ်တတ်ကြတယ် (မှန်ပါ့)။

တရားက ခေါ်နေတာကို မသိတော့

ဒီအနာဟာ ကြက်သရေမရှိဘူး တဲ့၊ နိဗ္ဗာန်ရောက်မည့် တရားက ခေါ်နေတာကို မသိတော့ ကြက်သရေ မရှိဘူးချည့် ထင်နေတယ် (မှန်ပါ့) ဒါလောက်တောင် အသိခေါင်းပါးနေရင်ဖြင့် နိဗ္ဗာန်ရမှရပါ့မလား ဒကာဒကာမတို့ (မရပါ ဘုရား) ဒီကရှေ့ကို ပြောင်းလွဲတတ်ပလား (ပြောင်းလွဲတတ်ပါပြီ ဘုရား)။

အသက်ကြီးရင်လဲ ဘာရှုကြမယ် (တေဇောဓာတ်ကို ရှုရပါမယ်) ဝေဒနာများရင်လဲ (အနာကို ရှုရပါမယ် ဘုရား) အဲဒီတော့ ခင်ဗျားတို့ ပါးစပ်ကထွက်လာတာဟာ သူတို့က ခေါ်လို့ထွက်တာ (မှန်ပါ့) အနာကခေါ်လို့ အနာရှိမှန်း သိတာမဟုတ်လား (မှန်ပါ့)။

အိုတာက ခေါ်လို့အိုတာ သိတဲ့ဉာဏ် မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) အဲဒီတော့ ငါ့ကိုရှုပါ၊ ငါ့ကိုရှုပါဆိုလျက်သားနဲ့ ခင်ဗျားတို့က သူနဲ့သွား-သွားပြီး ရန်ဖြစ်တာက သစ္စာမသိလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာသိတော့ နိဗ္ဗာန်ရတယ် (မှန်ပါ့) သစ္စာမသိတော့ ရန်ဖြစ်တော့ ဒေါသ၊ သောက၊ ပရိဒေဝ စသည်ဖြစ်ပြီး အပါယ်ရောက်သွားနိုင်တယ် (မှန်ပါ့) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဦးခင်မောင် ဒီကရှေ့ကို မူပြောင်းတတ်ပလား (ပြောင်းတတ်ပါပြီ ဘုရား) ဘယ်လိုပြောင်းမလဲ (မာလဲရှု၊ မမာလဲ ရှုရပါမယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတို့ အို၊နာ၊သေကို ခင်ဗျားတို့ အဖော်မလုပ်ရအောင်လို့ ဒီဥစ္စာ အိုရမှာများ ကြောက်လိုက်တာ၊ ကြောက်သာကြောက်နေတယ်၊ အတွင်းရောက်နေပြီ (မှန်ပါ့ ဘုရား) ကြောက်တော့ ကြောက်နေတာဘဲ၊ အတွင်းရောက်ပလား (ရောက်ပါပြီ ဘုရား)။

နာရမှာလဲ ကြောက်တယ် တဲ့

နာရမှာလဲ ကြောက်တယ် တဲ့၊ နာရမှာ ကြောက်လို့ရှိရင်လဲ ခင်ဗျားတို့ နိဗ္ဗာန်ရောက်အောင် လုပ်ရမှာဘဲ၊ ခင်ဗျားတို့ ဒီခန္ဓာရှိနေရင်တော့ နာမှာဘဲ(မှန်ပါ့) သေရမှာ ကြောက်တယ်ဆိုရင်ကော (သေမှာပါပဲ) သေတတ်တဲ့တရားဟာ ဝမ်းထဲမှာရှိနေတာဘဲ၊ သေတတ်တဲ့တရာတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေတာ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်တွေက သူသတ် ယောက်ျားတွေလို့ ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒီတော့ သေတတ်တဲ့တရားတွေ ရှိနေတော့ သေရမှာ ကြောက်နေပေမဲ့ သူတို့သတ်တာနဲ့ သေရမှာဘဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ နောက်ဆုတ်တွေးကြဦးစို့၊ ဇရာ မရဏ ဘယ်ကလာသတုံး (ခန္ဓာငါးပါးကလာပါတယ်) ဒီခန္ဓာငါးပါးက ဘယ်ကလာသတုံး (တဏှာကလာပါတယ်) တဏှာ ဘယ်ကလာသတုံး (အာယတန ၁၂-ပါးက လာပါတယ်) မြန်မာလိုရှင်းအောင်ပြောလိုက်တော့ (ခင်ရာမင်ရာကလာပါတယ်) ခင်စရာ မင်စရာက လာတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့က ခင်စရာ မင်စရာမရှိရင် ဒီအရပ် မပျော်ကြဘူး ပြောတယ် (မှန်ပါ့) အရင်တုန်းက ဒီနေရာကွာ သားနဲ့ သမီးနဲ့ နေခဲ့တာ အခုတော့ ချောက်တောက်ကြီး ပျင်းစရာကြီးတဲ့၊ သားသမီးတွေက ခွဲကုန်လို့ရှိရင် (မှန်ပါ့)။

ဘာဖြစ်လို့တုံး (ခင်စရာ မင်စရာမရှိလို့ပါ ဘုရား) ဒါဖြင့် တဏှာမဖြစ်ရလို့ပေါ့ဗျာ (မှန်ပါ့) တဏှာဖြစ်ရရင်လဲ ခန္ဓာဖြစ်ဦးမှာဘဲ၊ ခန္ဓာဖြစ်ရင်လဲ အို၊နာ၊သေ ကိုယ်ပိုင်ရဦးမှာဘဲ (မှန်ပါ့)။

ကဲ ဒီတော့ ခင်ဗျားတို့ကလဲ ခင်စရာ မင်စရာမရှိရင် ခင်ဗျားတို့က နေလို့ဖြစ်ကြရဲ့လား (မဖြစ်ပါ ဘုရား) မဖြစ်ဘူးတဲ့၊ ခင်စရာ မင်စရာမရှိလို့ ရှိရင်ဖြင့် ကျုပ်စိတ်ထဲ ဘယ့်နှယ်ဖြစ်နေတယ် မပြောတတ်ပါဘူးတဲ့၊ ဘာဖြစ်နေတာတုံး (ခင်စရာ မင်စရာမရှိလို့ပါ ဘုရား) ခင်စရာ မင်စရာမရှိတော့ ခင်တဲ့တဏှာက ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ခင်တဲ့တဏှာမဖြစ်ရတော့ သူ့မှာ ဘာဝင်လာသတုံးဆိုတော့ ပျင်းတတ်တဲ့ ကောသဇ္ဇဆိုတဲ့ ဒေါမနဿ အနုစားဝင်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒေါမနဿ ဝင်လာတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီဒေါမနဿက ပဋိစ္စသမုပ္ပာဒ် မစသေးဘူးလား (စပါတယ် ဘုရား) ဒါဖြင့် ပျင်းတဲ့ပုဂ္ဂိုလ်ဟာ ပျင်းခြင်းကြောင့် ဦးဘတင် အပါယ်သွားရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အလုပ်ကို စကြစို့ဆိုတော့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်ကို စကြစို့ဆိုတော့ (မှန်ပါ့) ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အခုလေးမျိုး ပြထားတာ ဒကာ ဒကာမတို့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒီလေးမျိုးဟာ သူ့အကြောင်း အကျိုး ဆက်တက်ကြပလား (ဆက်တက်ပါပြီ ဘုရား)။

ဇရာ၊ ဗျာဓိ၊ မရဏ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာပါတယ်) ခန္ဓာငါးပါးဘယ်ကလာသတုံး (တဏှာကလာပါတယ်) တဏှာဘယ်ကလာသတုံး (ခင်ရာ မင်ရာက လာပါတယ် ဘုရား) ခင်ရာ မင်ရာ အာယတနကလာတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ဒီအို၊နာ၊သေကြီးဟာ တဘဝမှာလဲ ကျုပ်တို့ဒါနဲ့တွေ့ကြရတယ်၊ နောက်ဘဝကျတော့ကော (ဒါနဲ့တွေ့ကြရပါတယ်) ဘဝတိုင်း ကျုပ်တို့သည် ဒါနဲ့အသက်ထွက်ခဲ့ရတယ် (မှန်ပါ့) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဪ ဘယ့်နှယ်ကြောင့် ဘဝများစွာ သံသရာမှာ အို၊နာ၊ သေတွေနဲ့ချည့် ဇာတ်သိမ်းခဲ့ရပါလိမ့်မလဲ လို့မေးတော့ ခင်ရာမင်ရာကို ကျုပ်တို့ ဘယ်အခါကာလမှ ခင်စရာ မင်စရာ မဟုတ်လို့ မတွေးခဲ့ကြဘူးလို့ ဒီကျအောင် လမ်းဆုံး-ဆုံးသွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ ကြပ်ကြပ်စဉ်းသားပါ၊ တရားသားကို ဟောတော့မလို့ (မှန်ပါ့) တရားသားဟောတော့မလို့ ဒကာ ဒကာမတွေ ကြပ်ကြပ်စဉ်းစားပါ၊ ဘဝများစွာ သံသရာက လွန်ခဲ့တဲ့ ဘဝကလဲ ကျုပ်တို့ အို၊နာ၊သေမှာ ဇာတ်သိမ်းခဲ့တယ်၊ ဒီဘဝမှာလဲ ဘယ်မှာ ဇာတ်သိမ်းမယ်ထင်သတုံး (အို၊နာ၊သေမှာ ဇာတ်သိမ်းပါမယ် ဘုရား) နောက်ဘဝမှာလဲ သစ္စာမမြင်သေးရင် (အို၊နာ၊သေမှာဘဲ ဇာတ်သိမ်းပါ) သုံးချက် ဘုရားကဟောတယ် (မှန်ပါ့)။

အို၊နာ၊သေချည့် အဖော်လုပ်ပြီးနေတာ

သတ္တဝါတွေ အို၊နာ၊သေချည့် အဖော်လုပ်ပြီး သကာလ နေတာဟာ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံးလို့ မေးတဲ့အခါ ဘယ်လိုစဉ်းစားဆင်ခြင်သလဲ ဆိုတော့ စဉ်းစားပုံတော့ဖြင့် ဦးဘအုန်း ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)။

အို၊နာ၊သေဘယ်ကလာ (ခန္ဓာက လာပါတယ် ဘုရား) ခန္ဓာငါးပါး ဘယ်ကလာ (တဏှာက လာပါတယ် ဘုရား) တဏှာ ဘယ်ကလာပါလိမ့် (ခင်ရာ မင်ရာက လာပါတယ် ဘုရား)။

ဪ ဒါဖြင့် ခင်ရာ မင်ရာဆိုတဲ့ဥစ္စာ ခင်ဗျားတို့၏ခန္ဓာဆို ဟုတ်တာဘဲ၊ သားသမီးခန္ဓာဆိုရင်လဲ (ဟုတ်ပါတယ် ဘုရား) ဟုတ်တာဘဲဆိုတော့ ဒကာ ဒကာမတိုက ဘုရားပွင့်လာတာသည် ဘယ်အကျိုးငှာ ပွင့်လာသတုံးဆိုတော့ သတ္တဝါတွေ ကြည့်ရတဲ့အခါမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်တဲ့အခါမှာ တစ်ယောက်ကြည့်လိုက်ပြန်လဲ အို၊နာ၊သေက ပါနေလို့ အန္တရာယ်ကင်းလို့ ဘေးရှင်းတာမပါ (မှန်ပါ့)။

ဟိုဘက်တစ်ယောက် ကြည့်လိုက်ပြန်လဲ အို၊နာ၊သေကြီးအပြည့် အစုံက ပါလာတယ် (မှန်ပါ့) အန္တရာယ်ကင်းလို့ ဘေးရှင်းတာမြင်ရဲ့လား (မမြင်ပါ ဘုရား)။

ခင်ဗျားတို့ ကျုပ်တို့ကို ကြည့်ရတာ ဘုရားမှာ သိပ်ပင်ပန်းသနားတော်မူတာဘဲ (မှန်ပါ့) ခင်ဗျားတို့ကတော့ ဖီးလိမ်းကြွားဝါနေလို့ ကိုယ့်ကိုယ်တော့ ဟုတ်နေတာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အရူးပြုံးပြုံးနေတာကိုး

ဘုရားဉာဏ်တော်ကြီးနဲ့ အမြင်ကျယ်ကျယ်နဲ့ကြည့်လိုက်တော့ အခုဟာက အရူးပြုံးပြုံးနေတာကိုး (မှန်ပါ့) အို၊နာ၊သေတွေက ဆိုက်နေတာ (မှန်ပါ့) အို၊နာ၊သေတွေက ခန္ဓာကြီးက ဆိုက်မနေဘူးလား (ဆိုက်နေပါတယ် ဘုရား)။

အဲဒီတော့ ဘုရားကတော့ဖြင့် သနားတော်မူလိုက်တာ၊ ခင်ဗျားတို့ကတော့ ပြုံးများနေလိုက်သေးတယ် ၊အို၊နာ၊သေလက်ရှိနဲ့ (မှန်ပါ့)။

ဦးခင်မောင်တို့က ဘယ်လိုများ နေသတုံး(ပြုံးများနေလိုက်ပါသေးတယ်) အို၊နာ၊သေလက်ရှိနဲ့ ပြုံးများနေလိုက်သေးတယ် (မှန်ပါ့) သူများသာဖြစ်တယ်၊ ငါမဖြစ်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူများမသာပို့ပြီး ပြုံးပြီးတော့ ကိုယ်ကပြန်လာသေးတယ်၊ ဒို့ကတော့ နေနိုင်ပါသေးတယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဘုရားက ဒီလိုပြုံးနေတဲ့ပုဂ္ဂိုလ်များ ဪ အရူးပြုံးဘဲ၊ ဦးခင်မောင်လွဲမလား၊ မလွဲဘူးလား (လွဲပါတယ် ဘုရား)။

သူ့မှာ အို၊နာ၊သေ ပါမပါ (ပါပါတယ် ဘုရား) ပါနေလျက်နဲ့ သူကပြုံးနေတာ ဘာဖြစ်နေတာတုံး (အရူးပြုံးပါ ဘုရား)။

အရူးပြုံးက အန္တရာယ်ကင်းလို့ ဘေးကင်းလို့ ပြုံးတာလား (မဟုတ်ပါ ဘုရား) ရူးလို့ပြုံးတာ (မှန်ပါ့) ဘယ်လိုရူးတာတုံးဆိုတော့ မောဟုမ္မတ္တက တဲ့၊ အဝိဇ္ဇာရူး-ရူးနေတာ (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာရူး၊ မသိရူး

ဘာရူးတဲ့တုံး (မောဟုမ္မတ္တကပါ) မောဟုမ္မတ္တကဆိုတာ အဝိဇ္ဇာရူး၊ မသိရူး-ရူးနေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မသိရူးက ဘာမသိတာတုံးဆိုတော့ သစ္စာလေးပါးမသိတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မသိတာက ဘာမသိတာတုံး (သစ္စာလေးပါးမသိတာပါ) ဪ သားနဲ့ သမီးနဲ့၊ ဆွေနဲ့ မျိုးနဲ့၊ သားကလေး၊ လူလားမြောက်လာလို့ သမီးကလေး လူလားမြောက်လာလို့ ဒိုးတူဘောင်ဖက်ကလေးရှိလာလို့ ကူညီဖော်ကလေးရလာလို့ အားထားဖို့ရာကလေး အကြောင်းကလေး ပေါ်လာလို့ ပြုံးများနေလိုက်သေးတယ် အမေမိဘုတွေက ဟင်(မှန်ပါ့ ဘုရား)။

အို၊နာ၊သေတော့၊ လှည့်မကြည့်ဘူး (မှန်ပါ့) ဘုရားဉာဏ်တော်ကြီးနဲ့ ကြည့်တော့ တော်တော်ရူးသေးတယ်ဟေံ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဘာဖြစ်လို့ ပြုံးနေသတုံးဆိုတော့ မသိပြုံး-ပြုံးတာ (မှန်ပါ့) မသိတာက ဘာမသိတာတုံး (သစ္စာလေးပါးမသိတာပါ) သစ္စာလေးပါးမသိရင် အဝိဇ္ဇာမဟုတ်လား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဦးဘအုန်း ဒီအပြုံးသည်ကားလို့ ဆိုလို့ရှိရင် အကောင်းပြုံးလို့ ဘယ်နည်းနဲကမှ ဆိုလို့မရဘူး (မရပါ) ရနိုင်ကြပါ့မလား (မရနိုင်ပါ ဘုရား)။

ရူးတာ အဖော်ညှိများ ပြုံးနေလိုက်သေးတယ်

ဒကာ ဒကာမတို့ ဘာအပြုံးတုံး (အရူးပြုံးပါ ဘုရား) အဲဒီတော့ ခင်ဗျားတို့ကလဲ ခက်လိုက်တဲ့ဖြစ်ခြင်း လက်တို့ပြီး တစ်ယောက်နဲ့ တစ်ယောက်များ ပြုံးများနေလိုက်တဲ့အခါ ကြည့်လိုက်တော့ ဘုရားက သဗ္ဗညုတဉာဏ်တော်နဲ့ ကြည့်လိုက်တော့ ဪ ရူးတာ အဖော်ညှိများ ပြုံးနေလိုက်သေးတယ် (မှန်ပါ့) ဆိုနိုင်-မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား) ခင်ဗျားတို့ လက်တို့ပြီး ပြုံးများမနေကြနဲ့ဦး၊ ကိုယ်သဘောကျတာကလေးတွေ တွေ့တွေ့နေလို့ (မှန်ပါ့ ဘုရား)။

သားကလေး လူလားမြောက်လို့ သမီးကလေး အကြောင်းညီညွတ်လို့ ရောဂါဝေဒနာ တစ်အိမ်လုံးကင်းပြီး စီးပွားရေးကလေးက ဖြောင့်နေလို့ ပြုံးများမနေနဲ့ အို၊နာ၊သေကို ပွေ့ထားရတာ (မှန်ပါ့ ဘုရား)။

အို၊နာ၊သေက တစ်ချက်ဖောက်ရင် ဘယ့်နှယ်နေသတုံး (သေမှာပါ) တစ်ချက်ဖောက်ရင် ဗိုင်းဗိုင်းလဲတာပေါ့ ဒကာ ဒကာမတို့ (မှန်ပါ့) ဘာမသိလို့ ဒါလောက်ပြုံးနေတာတုံး (သစ္စာမသိလို့ပါ ဘုရား)။

သစ္စာမသိတာက ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာရူးရူးတယ်ဆိုတော့ မောဟုမ္မတ္တကဆိုတာ မကိုက်သေးဘူးလား (ကိုက်ပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ပြုံးချိန်မရောက်သေးပါဘူး၊ ယခုအချိန်မှာ မျက်နှာမှန်မှန်ထားပြီး သကာလ လွတ်ရေး ကျွတ်ရေးကြိုးစားတဲ့စိတ်ထား လွတ်ရေး ကျွတ်ရေးကြိုးစားတဲ့ မျက်နှာနဲကနေကြပါ၊ ပြုံးချိန်မရောက်သေးဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပြုံးချိန်မရောက်သေးပါ

ဘယ့်နှယ် မှာသတုံး ဆရာဘုန်းကြီးက (ပြုံးချိန်မရောက်သေးပါ ဘုရား) မျက်နှာတင်းတင်းထားပြီး လွတ်အောင်လုပ်မဟဲ့ဆိုတဲ့စိတ်နဲ့ လုပ်ကြစမ်းပါ ခင်ဗျားတို့ အရူးပြုံးတော့ မပြုံးပါနဲ့ ရှက်စရာကောင်းလို့ (မှန်ပါ့) မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဦးခင်မောင် ပေါ်ပလားရူးပုံ (ပေါ်ပါပြီ ဘုရား) ပြုံးတိုင်း ပြုံးတိုင်းဟာ ကိုယ့်ခန္ဓာကြည့်ပြီးကျန်းမာလို့ ပြုံးတာကတမျိုး ကိုယ့်သားသမီးကလေး အကြောင်းညီညွတ်လို့ ပြုံးတာကတမျိုး စီးပွားရေး အကြောင်းညီညွတ်လို့ ပြုံးတာကတမျိုး၊ ပြုံးတာဟူသ၍ဟာ ကိုယ့်သန္တာန်ထဲမှာရှိတဲ့ အို၊နာ၊သေဆိုတဲ့ ဒုက္ခသစ္စာကြီးပွေ့ပိုက်ပြီး သကာလ ပြုံးနေတော့ ဒကာ ဒကာမတို့ ခွေးနာကိုလောက်ကိုက်ရင်း ပြုံးနေတာနဲ့တူနေတယ် (မှန်ပါ့) နာတော့မနာကြနဲ့ တူတော့တူနေတယ် (မှန်ပါ့ ဘုရား)။

နာတော့မနာကြနဲ့လို့ ဖုံးရသေးတယ်၊ တူတာတော့ဧကန်ဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ခွေးနာလောက်ကိုက်ပြုံးဆိုတော့ ဒကာ ဒကာမတွေ ဘယ်မှာ ကောင်းတော့မတုံးဗျ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ပြုံးတာဟူသ၍သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သေသေချာချာလွဲတယ် (လွဲပါတယ် ဘုရား)အို၊နာ၊သေကို တခါတည်းခန္ဓာထဲကြည့်လိုက်ပါ ခန္ဓာပါပျောက်ပြီး သကာလ အို၊နာ၊သေကိုရှာမတွေ့ဘူး၊ ဟာ နေရာကျပြီ ဒုက္ခသစ္စာကြီးနဲ့ အိုးစားကွဲပြီ (မှန်ပါ့)။

အဲဒီလို မြင်ပြီးရင်တော့ ဦးခင်မောင် ပြုံးတော့၊ကွာ မင်းနှိပ်နိုင်လှ ဘဝအနည်းငယ်ပေါ့ကွာ မင်းကိုနိုင်ပါပြီ၊ ခန္ဓမာရ်ကို အောင်တော့မည် (မှန်ပါ့)။

အဲဒီတော့ ပြုံးချိန်ရောက်လို့ ပြုံးတာကတော့ဖြင့် ဒကာ ဒကာမတို့ နေရာကျတာပေါ့နော် (မှန်ပါ့) ပြုံးချိန်မရောက်ဘဲနဲ့ ပြုံးနေတာကတော့ဖြင့် မသိပြုံးသော်၎င်းင်း ဖြစ်ပါလိမ့်မယ်၊ မသိပြုံးမှတပါးလဲ ဘာမှမပါပါဘူး (မပါပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒီခန္ဓာကိုယ်ကြီးထဲမှာ ဘာရှိသတဲ့တုံး

ဒါဖြင့် ခင်ဗျားတို့ တစ်ယောက်နဲ့ တစ်ယောက်ပြုံးမယ်ကြံရင် လက်တို့ကြဦး၊ မပြုံးနဲ့ ဆရာဘုန်းကြီး ပြောထားတာ မကြားဘူးလား လက်တို့ကြဦး (မှန်ပါ့) ဒီခန္ဓာကိုယ်ကြီးထဲမှာ ဘာရှိသတဲ့တုံး (အို၊နာ၊သေ ရှိပါတယ် ဘုရား)။

အို၊နာ၊သေရှိတဲ့ပုဂ္ဂိုလ်ဟာ အို၊နာ၊သေ ပျောက်တဲ့ဆေးကိုသာ ကြိုးစား-စားနေရမှာ ပြုံးချိန်မဟုတ်သေးဘူး၊ ကိုယ့်ဟာကိုယ်ဆုံးမပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူတပါးကိုလဲ လက်တို့ပြီး သကာလ ဉာဏ်ချင်းသဘောချင်း တိုက်ဆိုင်ကြရင် ဆုံးမပေးကြပါ (မှန်ပါ့) ဦးခင်မောင် နေတတ်ကြပလား (နေတတ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်သွားကြစို့ဆိုတော့၊ ဘုရားကကြည့်လိုက်တယ်နော်၊ လူတွေကြည့်လိုက်ပြန်လဲ အို၊နာ၊သေတွေနဲ့ ဘယ်ကများ လာပါလိမ့်မတုံး၊ ခင်ရာမင်ရာကလာတာဘဲ၊ ဒါကြောင့် ကိုယ်ပိုင်ရနေကြတာ၊ ဘယ်သူကြည့်လိုက်ကြည့်လိုက် ဒီလိုချည့်ဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူကြည့်လိုက်ကြည့်လိုက် ဘာတွေမြင်သတုံး (အို၊နာ၊သေတွေမြင်ပါတယ်) အို၊နာ၊သေဟာ ဘယ်ကများ လာပါလိမ့်မတုံး ကြည့်လိုက်ပြန်တော့လဲ (ခင်ရာ မင်ရာကလာပါတယ် ဘုရား)။

ဪ ဒါဖြင့် ခင်ရာ မင်ရာကိုဖြင့် မသိခင် ခင်နေတဲ့ဥစ္စာကို သိပ်မုန်းအောင် ကြိုးစားရတော့မယ်ဆိုတာ ပေါ်လာတယ် (မှန်ပါ့) အဲဒီမှာ တရားဟောချင်တဲ့စိတ် ပေါ်လာတယ် (မှန်ပါ့)။

မသိလို့ ခင်နေတဲ့ဥစ္စာကို ဒကာ ဒကာမတို့ ခင်ရာမင်ရာဆိုတာ မသိလို့ခင်တာ (မှန်ပါ့) ဒီက တဏှာက ဘာတုံး (မသိလို့ခင်တာပါ ဘုရား) မသိလို့ ခင်တာပေါ့ ဦးခင်မောင်၊ တဏှာဆိုတာ အဝိဇ္ဇာက တွဲလျက်ကြီး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မသိလို့ ခင်တဲ့ဥစ္စာ

အဝိဇ္ဇာနဲ့တဏှာ ခွဲလို့ရရဲ့လား (မရပါ ဘုရား) မရတော့ မသိလို့ ခင်တဲ့ဥစ္စာကို ခင်ခြင်းကြောင့် ဒကာ ဒကာမတို့ ဒီတဏှာရတယ်၊ ဒီတဏှာရလို့ ဒီခန္ဓာရတယ် (မှန်ပါ့) ဒီခန္ဓာရလို့ အို၊နာ၊သေကြီးနဲ့ အိုးစားမကွဘဲ အတူတကွ နေကြရတယ် ဆိုတာရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဘုရားမြင်တော်မူပုံ ဘယ်လောက်ရှင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် အို၊နာ၊သေ၏ လက်သည်အစ ခင်ရာ မင်ရာကသာ မှတ်လိုက်ပါတော့ (မှန်ပါ့) ဦးခင်မောင် တရားကွက်တော့ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

ဒါ သမ္မသနသုတ် တဲ့၊ အကြောင်း ပြန်သုံးသပ်လိုက်တော့မှ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ယနေ့တော့ဖြင့် မင်းတို့ကို အကြောင်းဖြတ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်ဟာဖြင့် ရှင်းပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။

ဟောဒီအကြောင်းသာ ဒကာ ဒကာမတို့ ခင်ရာ မင်ရာကို မုန်းရာသာ ဖြစ်လိုက်မယ်ဆိုလို့ရှိရင် ဦးဘတင် ကျေနပ်စရာကောင်းပြီ(မှန်ပါ့)။

ခင်ရာ မင်ရာကို မုန်းတတ်တဲ့ဉာဏ်သာ လာပေစေဗျ၊ သဘောကျပလား (ကျပါပြီ ဘုရား) ခင်ရာ မင်ရာကို မုန်းစရာ ဖြစ်သွားတဲ့အခါကျတော့ မုန်းတဲ့ဉာဏ် ဒီမှာ မလာဘူးလား (လာပါတယ် ဘုရား)။

ဉာဏ်လာသောကြောင့် ဒကာ ဒကာမတို့ တဏှာနေရာမှာ ဉာဏ်လာသောကြောင့် ဉာဏ်က တဏှာကို သတ်ပစ်လိုက်တယ် (မှန်ပါ့) တဏှာသတ်ပစ်လိုက်တော့ ဒီခန္ဓာ လာဦးမလား (မလာပါ ဘုရား) ဒီခန္ဓာမှ မလာဘဲနဲ့ အို၊နာ၊သေ လာဦးမလား (မလာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနှစ်ခုကြောက်ဖို့အရေးကြီးတယ် (မှန်ပါ့) ခင်ရာ မင်ရာကလဲ မုန်းစရာဖြစ်လို့ (မှန်ပါ့) ခင်တာ မင်တာကလဲ ဒကာ ဒကာမတို့ ခင်စရာ မင်စရာ မဟုတ်ဘူးလို့ အမှန်သိဖို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဒါက မုန်းစရာဖြစ်ဖို့၊ ဒါက အမှန်သိဖို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါက ဘာတုံး (မုန်းစရာဖြစ်ဖို့ပါ) မုန်းစရာ မလိုချင်စရာဖြစ်ဖို့၊ ဒါကဘာတုံး (အမှန်သိဖို့ပါ) မုန်းစရာ မလိုချင်စရာကို အမှန်သိဖို့ (မှန်ပါ့) ဒီနှစ်ခုကို ပြင်လိုက်လို့ရှိရင် ဒီဘက်က ပြီးတယ် (မှန်ပါ့) မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။

နှစ်ခုပြင်ရမယ်

လေးခုရှိတဲ့အနက်က ကျုပ်တို့ ဘာပြင်ရမလဲ (နှစ်ခုပြင်ရပါမယ်) အဲ ၁-နံပါတ်နဲ့ ၂-နံပါတ်ကို ပြင်လိုက်လို့ရှိရင်ဖြင့် ၃-၄ အလိုလိုပြုတ်တယ် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဘာပြင်ရမှာပါလိမ့် (၁နဲ့ ၂ကို ပြင်ရမှာပါ) ၁နဲ့၂ကို ပြင်လိုက်လို့ရှိရင်ဖြင့် ၃နဲ့၄ ဟာ ပြင်စရာလိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် အိုရမှာလဲ မကြောက်ပါနဲ့၊ နာရမှာလဲ မကြောက်ပါနဲ့၊ သေရမှာလဲ မကြောက်ပါနဲ့၊ ခင်တာ မင်တာကို ကြောက်ပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဪ ဒီဆေးဟာ အသောက်အခက်ဆုံးပဲလို့တော့ မပြောနဲ့နော် (မှန်ပါ့) ဒီဆေးအသောက်အခက်ဆုံးပဲလို့ ဦးခင်မောင်တို့က ထင်ချင်ထင်ကြမယ် (မှန်ပါ့) ဘာဖြစ်လို့တုံး-ဆိုတော့ ကိုယ်က တသံသရာလုံး လာခဲ့တာက ဟိုဘဝမှာလဲ သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ နေခဲ့တယ် ခင်တဲ့ဥစ္စာ ဝ ပြီးကျေနပ်ပြီး သေခဲ့ရတဲ့မသာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒီလို ဝ ပြီးသေခဲ့ရတဲ့မသာကို မဖြစ်ဘူး၊ ခင်လျက် တန်းလန်း၊ မင်လျက်တန်းလန်းနဲ့ဘဲ ခေါင်းထဲ ဝင်ခဲ့ကြရတယ် (မှန်ပါ့)။

အဲဒီတော့ ဒီမသာတွေကို ဒကာ ဒကာမတွေက စဉ်းစားကြည့်ပါ၊ ဘဝများစွာက သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ နောက်ဘဝက ခင်လုံး မင်လုံးတွေ အကုန်-ကုန်ပြီး သကာလ သေလာတဲ့ မသာများ ဖြစ်နိုင်ကြပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ ခင်လျက်တန်းလန်း မင်လျက်တန်းလန်းနဲ့ သေသွားတယ်လို့ ဆိုရင်ကော (မလွဲပါ ဘုရား)။

နဂိုကလဲ ငတ်လာခဲ့ပြန်တယ်

ဒီတော့ ဒီဘဝမှာ ဒါမျိုးတွေ့မယ်ဆိုတော့ သူဟာ နဂိုကလဲ ငတ်လာခဲ့ပြန်တယ်၊ ဒီဘဝတွေ့ပြန်တော့လဲ ဒီအာရုံတွေကို သူသည် ခင်မိမယ်၊ မင်မိမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဪ ခက်ပြီ-ခက်ပြီ ဒကာ ဒကာမတို့ ဒါဖြင့် နောက်ကလဲ ငတ်လာခဲ့ပြန်တယ်၊ ဒီဘဝ တွေ့ပြန်တော့လဲ အငတ်သဘောအတိုင်းဘဲ တွေ့ရာကို ခင်ချင် မင်ချင်တဲ့စိတ်က လာပြန်တော့ တသံသရာလုံးဟာက အငတ်ကလဲ မပြေခဲ့၊ တွေ့ရာမှာလဲ ဇွတ်အတင်းစွဲပြီးခင်၊ ခင်တာကိုလဲ မဝဘဲနဲ့ သေပွဲဝင်ပြန်တော့ အငတ်ဘေးချည့် သေလာခဲ့တော့ ဒကာ ဒကာမတို့ ရောက်ရာမှာ တခါတည်း အဆိပ်ချည့် သောက်တော့တာဘဲ (မှန်ပါ့ ဘုရား)။

ရောက်ရာမှာ ဘာဖြစ်သတုံး (အဆိပ်သောက်ပါတယ် ဘုရား) အဆိပ်သောက်တော့ ဒကာဒကာမတို့ ဒီဒုက္ခတွေ မလာပါနဲ့ဆိုလို့ (မရပါဘူး) သဘောပါပလား (ပါပါပြီ ဘုရား)။

ဪ ဒကာ ဒကာမတို့ နောက်ဘဝ ဘယ်လိုများ သေခဲ့ကြသတုံးလို့ ဖြေတတ်ကြပလား (ဖြေတတ်ပါပြီ) တပည့်တော်တို့ ရှင်မဝ၊ သေမဝ၊ အငတ်ဘဝနဲ့ သေခဲ့ရပါတယ်ဘုရား၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်ဘဝက ဘယ်လိုနေခဲ့သတုံး (အငတ်ဘဝနဲ့ နေခဲ့ရပါတယ်) ခင်လို့လဲ မဝဘူး၊ ကြင်နာလို့ကော (မဝပါ ဘုရား)။

ဪ မဝဘဲနဲ့သေခဲ့ရတယ် (မှန်ပါ့) ဒီဘဝလဲ တွေ့တဲ့အာရုံတွေနဲ့ကျတော့ ဘယ်လိုများဖြစ်မယ် ထင်ကြသတုံး၊ တခါတည်း နွားငတ် ရေထဲချဖြစ်မယ် (မှန်ပါ့)။

ဘယ်လိုဆိုကြမလဲ (နွားငတ်ရေချဖြစ်ပါမယ်) နွားငတ်ရေချ ဖြစ်ပြီး သကာလ တွေ့ရာကို ဇွတ်ခင်ချ တာဘဲ (မှန်ပါ့) ဘာဖြစ်လို့တုန်း နောက်က ငတ်ခဲ့လို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သူတို့က ဇွတ်ခင်တော့ ဦးခင်မောင် ဝပြီးသေမှာလား၊ မဝဘဲနဲ့သေမှာလား (မဝဘဲနဲ့ သေမှာပါ ဘုရား) နောက်ဘဝ တွေ့ပြန်တော့ကော (မဝဘဲနဲ့ သေမှာပါ ဘုရား)။

သေရင်ခန္ဓာဘဲရမယ်

ဒါဖြင့် ခင်စရာ မင်စရာ ဒကာ ဒကာမတို့ ခင်တတ်တာနဲ့ သေသွားမှာဘဲ၊ သေရင်ခန္ဓာဘဲရမယ် (မှန်ပါ့) ခန္ဓာရရင် အို၊နာ၊သေနဲ့လမ်းဆုံးမယ် (မှန်ပ့ါ)။

နောက်တစ်ခါ အို၊နာ၊သေနဲ့လမ်းဆုံးပြီး ဘဝတစ်ခု ရပြန်တော့ အငတ်သေ သေသွားတဲ့အတွက် ခင်ရာမင်ရာနဲ့ တွေ့ပြန်တော့ ဘာတွေ့ပြန်သတုံး (အို၊နာ၊သေနဲ့ တွေ့ပြန်ပါတယ် ဘုရား)။

ခင်ပြန်လို့ရှိရင် ခင်ခြင်းကြောင့် ခန္ဓာငါးပါး မရဘူးလား (ရပါတယ် ဘုရား) ခန္ဓာငါးပါးရတော့ (အို၊နာ၊သေရပါမယ် ဘုရား)။

အို၊နာ၊သေရတော့ ဒီဘဝလဲ ဒကာ ဒကာမတို့ ဝပြီးသေတာလား၊ အငတ်နဲ့ သေတာလား (အငတ်နဲ့ သေသွားတာပါ ဘုရား) ဒါဖြင့် ဒုတိယဘဝရောက်ပြန်ပြီ ဦးခင်မောင် (မှန်ပါ့ ဘုရား)။

တွေ့ရာကို ဘာလုပ်ပြန်တယ် (ခင်ပါတယ်) ခင်ပြန်ရင် ဘာလာဦးမယ်(ခန္ဓာငါးပါးလာပါမယ်) ခန္ဓာငါးပါးလာရင် ဘာဖြစ်မယ် (အို၊နာ၊သေလာပါမယ်) ဒါက သံသရာလည်ပုံနည်းတစ်မျိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒီပဋိစ္စသမုပ္ပာဒ်လေးမျိုးနဲ့ လှည့်တယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသာ မပွင့်တော့ဘူးဆိုရင်ဖြင့် ခင်ဗျားတို့ အငတ်ပြဿနာကို ဖြေရှင်းပေးမည့် ပုဂ္ဂိုလ်တော့ မရှိတော့ပါဘူး (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်စရာ၊ မင်စရာ၊ မုန်းစရာ၊ ရွံစရာ ဖြစ်မှသာလျှင် နေရာကျတော့မယ် (မှန်ပါ့) ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။

လက်သည် အခုမှတွေ့တာ

ဒါဖြင့် ဝိပဿနာဆိုတာက ဘယ်ကပေါ်တာတုံးဆိုတာ ဦးခင်မောင် လက်သည် အခုမှတွေ့တာ၊ ဪ ဒို့တသံသရာလုံးက ငတ်ပြီး ရမ်းခင်လာတာတွေဟာ ဘာမှမဟုတ်တာတွေကို ဒို့သည်ကား လို့ ဆိုရင် အကောင်အထည်လုပ်ပြီး သကာလ ခင်လာခဲ့တဲ့အတွက် တသံသရာလုံးမှာ အို၊နာ၊သေနဲ့ချည့် ဇာတ်သိမ်းခဲ့ရတာ ဒို့သည်ကား လို့ဆိုရင်ဖြင့် ခင်စရာ မင်စရာကို မုန်းစရာမလုပ်တဲ့အတွက်ဘဲ (မှန်ပါ့) စင်စစ်ကတော့ မုန်းစရာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်စရာ မုန်းစရာဟာ စင်စစ်ကတော့ ဘာတုံး (မုန်းစရာပါ ဘုရား) ကြည့်ပါ၊ အာယတန ၁၂-ပါးသည် သဗ္ဗေ သင်္ခါရာ အနိစ္စထဲက မထွက်ဘူး (မှန်ပါ့) သဗ္ဗေ သင်္ခါရာ ဒုက္ခထဲကကော (မထွက်ပါ ဘုရား)။

အားလုံး သစ္စာဖွဲ့ရင် ဘာသစ္စာဖွဲ့မလဲ (ဒုက္ခသစ္စာဖွဲ့ပါမယ် ဘုရား) ဘယ့်မှာတုံး ကျုပ်တို့ ခင်စရာ မင်စရာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒီ ခင်စရာ မင်စရာ မဟုတ်တာကို ကျုပ်တို့က တခါတည်း ခင်စရာ မင်စရာ လုပ်ပြီး သကာလ သမုဒယသစ္စာလာ၊ သမုဒယသစ္စာလာသောကြောင့် ခန္ဓာငါးပါးရ၊ ခန္ဓာငါးပါးရလို့ အို၊နာ၊သေနဲ့ တွေ့ရ၊ သေသွားပြန်တော့လဲ ခင်လျက် မင်လျက်တန်းလန်းနဲ့ အငတ်ကမပြေ၊ မပြေလို့ ရောက်ရာမှာ အာယတနတွေနဲ့ တွေ့ပြန်တော့လဲ ဘာဖြစ်ပြန်သတုံး (ခင်ပါတယ်) ခင်ပြန်တော့ ဘာရပြန်သလဲ (ခန္ဓာငါးပါးရပါတယ်) ခန္ဓာငါးပါးရပြန်တော့လဲ ဘာဖြစ်ပြန်သလဲ (အို၊နာ၊သေ တွေ့ပါတယ် ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ သံသရာ၊ ကျုပ်တို့သံသရာ ဘယ်တော့များ ဆုံးစရာမြင်သေးသတုံး (မမြင်ပါ ဘုရား) အားကြီးနစ်နာပြီဆိုတာ သဘောပါပလား(ပါပါပြီ ဘုရား)။

ခင်စရာ မင်စရာဟာ မူလအကြောင်းပဲ

ဒါဖြင့် ခင်စရာ မင်စရာဟာ မူလအကြောင်းပဲဆိုတာပေါ်လာကြပလား (ပေါ်လာပါပြီ) ဒါကို ဝိပဿနာရှုမှဘဲ ကိစ္စပြီးတော့တယ်ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ ဝိပဿနာအစ ခင်စရာ မင်စရာက စပြီးရှုရမယ် (မှန်ပါ့) ခင်ရာ မင်ရာကို ဝိပဿနာ စရလိမ့်မယ် (မှန်ပါ့) အဲဒီတော့ ခင်စရာ မင်စရာက ဝိပဿနာ စရမယ်ဆိုတော့ တီကောင်ကို ဆားနဲ့တို့သလိုလဲ ဖြစ်နေမှာစိုးရသေးတယ် (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ ဝိပဿနာအစ ခင်စရာ မင်စရာက(မှန်ပါ့) ခင်စရာ မင်စရာကို စပြီးရှုရမယ် (မှန်ပါ့) သဘောပါကြပလား(ပါပါပြီ ဘုရား)။

ကဲ နက်ဖြန်မှ စကြစို့။

သာဓု သာဓု သာဓု။