13007

မာတိကာသို့

ဗာလပဏ္ဍိတသုတ်တော်

ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြား ဆုံးမတော်မူသော

”ဗာလပဏ္ဍိတသုတ်တော်”

နေ့အလုပ်ပေးတရားတော်

(၂၅-၂-၆၀)

လူမိုက်နဲ့လူလိမ္မာများ ခွဲခြားတတ်ကြရဲ့လား

အားလုံး ဒကာ ဒကာမတွေ လူမိုက်နဲ့လူလိမ္မာ ဘာထူးသလဲဆိုတဲ့ ဗာလပဏ္ဍိတသုတ်ကို သေသေချာချာ ဒကာ ဒကာမတွေ နားလည်ဖို့ဟောမယ်လို့ မှတ်ထားရမယ် (မှန်ပါ့) ဗာလဆိုတာက လူမိုက်၊ ပဏ္ဍိတဆိုတာက ပညာရှိ၊

ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတဲ့အခါမှာ ရဟန်းတွေကို မင်းတို့လူမိုက်နဲ့လူလိမ္မာများ ခွဲခြားတတ်ကြရဲ့လားကွာ လို့ မေးလိုက်တယ်၊ မေးလိုက်တော့ ရဟန်းတွေက လျှောက်ပါတယ်၊ အရှင်ဘုရား တဲ့၊ လူမိုက်နဲ့လူလိမ္မာခွဲဖို့အရေးဟာက ကဿပမြတ်စွာဘုရား မရှိကတည်းက ဘယ်တရားကမိုက်လို့ ဘယ်တရားက လိမ္မာတယ်ဆိုတာ ကွယ်ပျောက်ပြီး သကာလ လာခဲ့ပါတယ်၊ အရှင်ဘုရားလက်ထက်ကျမှ လူမိုက်နဲ့လူလိမ္မာ သိပါသလားလို့ မေးတော့ တပည့်တော်တို့ အရှင်ဘုရားမေးလို့ပဲ ကြားရပါတယ်၊ စင်စစ်တော့ ဘယ်ဟာလူမိုက်၊ ဘယ်ဟာလူလိမ္မာရယ်လို့ မသိပါဘူးဘုရား၊ အရှင်ဘုရားပဲ ကိုးကွယ်ရာရှိပါတယ်၊ အရှင်ဘုရားပဲ ဆောင်ပြီး သကာလ ဟောတော်မူပါလို့ လျှောက်တယ် (မှန်ပါ့)။

လူမိုက်နဲ့လူလိမ္မာ ထူးခြားပုံ

ဘုရားက ဒါဖြင့် လူမိုက်နဲ့လူလိမ္မာ ထူးခြားပုံကိုဟောမယ် ဆိုပြီး သကာလ ဘုရားရှင် ကိုယ်တော်မြတ် ကြီးသည် ဟောတော်မူတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ တနေ့ကလဲ နာခဲ့ကြရတယ် ဒီဥစ္စာကို၊ ဒါကြောင့် ရှေ့ပိုင်းမှာ ခပ်ကျဉ်းကျဉ်း နောက်ပိုင်းမှာ အလုပ်တရားကို ဟောလိမ့်မယ်လို့မှတ်ထားပါ (မှန်ပါ့)။

လူမိုက်ကလဲ အဝိဇ္ဇာ သင်္ခါရကြောင့် ဒကာ ဒကာမတို့ ဝိညာဏ်၊ နာမ်ရုပ်ဖြစ်ပါတယ် (မှန်ပါ့) ဝိညာဏ်ဆိုတာ ပဋိသန္ဓေနေခဲ့တာ၊ ပဋိသန္ဓေဝိညာဏ်၊ ပဝတ္တိဝိညာဏ်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) လူမိုက်မှာ ခန္ဓာငါးပါးဆိုကြပါစို့ (မှန်ပါ့ ဘုရား)။

လာပုံကတော့ ဒကာ ဒကာမတို့ အဝိဇ္ဇာ သင်္ခါရကြောင့် အဝိဇ္ဇာတဏှာကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်တော့ ဝေဒနာဖြစ်အောင် ပေါ်တော့ ဝေဒနာဟာ လူမိုက်မှာလဲ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဆိုတဲ့ ဝေဒနာသုံးမျိုးနဲ့ပဲ ခန္ဓာမှာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဝေဒနာသုံးပါး ခံစားတာပဲ

လူမိုက်မှာလဲ ဒကာ ဒကာမတို့ ဝေဒနာသုံးပါး ခံစားတာပဲ၊ အဝိဇ္ဇာ သင်္ခါရက လာပြီးတော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ဝေဒနာသုံးမျိုး ခံစားတာပဲ (မှန်ပါ့ ဘုရား)။

လူလိမ္မာမှာလဲ ထိုနည်းအတူပဲ အဝိဇ္ဇာ သင်္ခါရ အဝိဇ္ဇာ တဏှာတို့က လာပြီး သကာလ ဒကာ ဒကာမတို့ သိတဲ့အတိုင်းခန္ဓာပဲပေါ်တာပဲ ထူးသေးသလား (မထူးပါ ဘုရား) ဝိညာဏ် နာမ်ရုပ် သဠယတန ဖဿ ဝေဒနာ ဆိုတဲ့ ခန္ဓာပဲပေါ်လာတယ်လို့ ဒကာ ဒကာမတို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

သူလဲ ဝေဒနာခံစားတာပဲ (မှန်ပါ့) သူများလိုပဲ ကောင်းတာလဲ ခံစားတာပဲ၊ မကောင်းတဲ့ဝေဒနာ ဖြစ်လို့ရှိရင်လဲ ဒေါသဖြစ်တာပဲ (မှန်ပါ့) တခါတလေ ဥပေက္ခာလဲ ထားနိုင်တဲ့အခါ ထားတာပဲ၊ လူလိမ္မာလဲ ဝေဒနာသုံးပါးနဲ့ နေတာပဲ၊ ထူးကြသေးရဲ့လား (မထူးပါ ဘုရား)။

ဒါဖြင့် အလာမှာလဲတူတယ်၊ ဒီဘဝမှာလဲဒကာ ဒကာမတို့ ခန္ဓာငါးပါးပေါ်ပုံ၊ ဝေဒနာခံစားပုံ အတူတူမကျဘူးလား (အတူတူပါပဲ ဘုရား)။

လာပုံမှာတော့ အတူတူပဲ၊ နေပုံမှာ ထူးတယ်

ဒါဖြင့် လူမိုက်နဲ့လူလိမ္မာ ဘာများထူးသတုံးဆိုတဲ့ အမေးကို ရှင်းသည်ထက်ရှင်းအောင် ပြောရမယ်ဆိုလို့ရှိရင်ဖြင့် လာပုံမှာတော့ အတူတူပဲ၊ နေပုံမှာ ထူးတယ် (မှန်ပါ့ ဘုရား)။

ဦးဘအုန်း ဘာတဲ့တုံး၊ (နေပုံမှာထူးပါတယ် ဘုရား) နေပုံမှာ ထူးတယ်တဲ့ ဒကာ ဒကာမတို့၊ လာပုံကျတော့ အဝိဇ္ဇာ သင်္ခါရက လာတာပဲ၊ ခန္ဓာငါးပါးပဲ မရဘူးလား (ရပါတယ်) နေပုံကျတော့ ထူးတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နေပုံထူးရင် သေပုံထူးတယ် (မှန်ပါ့) ဒါကို သေသေချာချာ ဒကာ ဒကာမတွေ လေးလေးစားစားနဲ့ မှတ်ပြီးထားကြပါ ဤအရေးကို ရှင်းလိမ့်မယ်ဆိုတာ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် နေပုံမှာထူးရမယ်ကွတဲ့၊ လူမိုက်နဲ့လူလိမ္မာသည် လာပုံမှာတူငြားသော်လဲ နေပုံမှာထူးမယ် (မှန်ပါ့) ဒါမှသာလျှင် သေပုံမှာခြားနားမယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းသွားပြီ (မှန်ပါ့) ဦးဇံရင် သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် လူမိုက်နဲ့လူလိမ္မာ လာပုံမှာဘယ်နှယ်နေကြသတုံး (တူပါတယ်) အဝိဇ္ဇာ တဏှာကြောင့် ခန္ဓာငါးပါး ဖြစ်ကြတာပဲ (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်မှာလဲ အဝိဇ္ဇာ တဏှာကြောင့် ခန္ဓာငါးပါး ဖြစ်တော့ လာပုံမှာတူတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

နေပုံမှာ ဘယ်လိုထူးသလဲ

နေပုံမှာ ဘယ်လိုထူးသလဲ ဆိုလို့ရှိရင် လူမိုက်မှာတော့ ဝေဒနာနောက်က တဏှာ၊ ဥပါဒါန်၊ ကံလိုက်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

လူမိုက်မှာ ဘာလိုက်ပါလိမ့် (တဏှာ၊ ဥပါဒါန်၊ ကံ လိုက်ပါတယ်) ဝေဒနာနောက်က လိုက်တယ် (မှန်ပါ့) ဝေဒနာနောက်က တဏှာ၊ ဥပါဒါန်၊ ကံ လိုက်တော့ ဇာတိ၊ ဇရာ၊ မရဏ ဆိုတဲ့ အနာဂတ်ဘဝ လာရမှာလား-မလာရဘူးလား (လာရမှာပါ ဘုရား) လူမိုက်က ဒီလိုပါကလားဆိုတဲ့ အဓိပ္ပာယ်ရတယ်နော် (မှန်ပါ့ ဘုရား)။

လူလိမ္မာကတော့ ဒကာ ဒကာမတို့ တဏှာ၊ ဥပါဒါန်၊ ကံ မလာဘူး (မှန်ပါ့) တဏှာ၊ ဥပါဒါန်၊ ကံ နေရာ ဘာလာသတုံးလို့ မေးတဲ့အခါကျတော့ လူလိမ္မာမှာတော့ ဒကာ ဒကာမတွေ တဏှာချုပ်တဲ့ ဥပါဒါန်ချုပ်တဲ့ ကံချုပ်တဲ့ မဂ္ဂင်လာပေါ်တယ် (မှန်ပါ့ ဘုရား)။

လူလိမ္မာက ဘာလာပါလိမ့် (မဂ္ဂင် လာပါတယ်) ဒါဖြင့် ဒီကစ၍ ဒီဆုံးတယ်၊ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဒါပစ္စုပ္ပန်ဘဝပေါ့ဗျာ (မှန်ပါ့) အဝိဇ္ဇာ သင်္ခါရ က အတိတ်ဘဝနော် လူမိုက်မှာကော ထူးကြရဲ့လား (မထူးပါ ဘုရား)။

ပစ္စုပ္ပန်ဘဝမှာတော့ ထူးကြတယ်

လူလိမ္မာမှာကော (မထူးပါ ဘုရား) ပစ္စုပ္ပန်ဘဝမှာတော့ ထူးကြတယ် (မှန်ပါ့) ပစ္စုပ္ပန်ဘဝမှာ လူမိုက်မှာတော့ ဝေဒနာနောက်က တဏှာ၊ ဥပါဒါန်၊ ကံ လိုက်တယ် (မှန်ပါ့) လူလိမ္မာမှာတော့ ဘာလိုက်သတုံးဆိုတော့ တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်အောင် လုပ်နိုင်တဲ့ မဂ္ဂင်လိုက်သည် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာလိုက်ပါလိမ့် (မဂ္ဂင်လိုက်ပါတယ်) ဟောဒီအဖြူကလေးဆိုတဲ့ မဂ္ဂင်လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ ဒါဖြင့်ပစ္စုပ္ပန်ဘဝအနေမှာတော့ တယ်ထူးပါကလား (ထူးပါတယ် ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ပစ္စုပ္ပန်ဘဝ အနေထူးတဲ့အခါကျတော့ အသေကျတော့လဲ ဒကာ ဒကာမတို့ လူမိုက်က စုတိပြီးတော့ ဇရာ၊ မရဏဆိုတဲ့ အို၊နာ၊သေတွေ မလာရပေဘူးလား (လာရပါတယ် ဘုရား) လူလိမ္မာကတော့ ဒကာ ဒကာမတို့ တဏှာ၊ ဥပါဒါန်၊ ကံ မလာတဲ့အတွက် စုတိပြီးတော့ ပဋိသန္ဓေ မလာတော့ဘူး (မှန်ပါ့) လာသေးရဲ့လား (မလာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြပါစို့၊ အလာမှာ တူငြားသော်လည်း အနေမတူတဲ့အတွက် အသေကျတော့လဲ (ထူးပါတယ် ဘုရား) ရှင်းကြပလား( ရှင်းပါပြီ ဘုရား)။

အလာမှာတော့ (တူပါတယ် ဘုရား) အနေမှာတော့ (ထူးပါတယ်) အသေကျတော့ (ထူးပါတယ် ဘုရား)။

အသေကျတော့ တော်တော့ကို ခြားနားတယ်

အသေကျတော့ တော်တော့ကို ခြားနားတယ် (မှန်ပါ့) လူမိုက်က စုတိပြီးတော့ ပဋိသန္ဓေဒုက္ခ၊ အိုမှု၊ နာမှု၊ သေမှုဒုက္ခ၊ နောက်-အနာဂတ်ဘဝ ဒုက္ခမျိုးစုံ အကုန်လုံး မလာဘူးလား (လာပါတယ် ဘုရား)။

လူလိမ္မာကတော့ ဒီဘဝမှာ အနေမှာ ထူးလိုက်တဲ့အတွက်သေပြီးသည်၏အခြားမဲ့၌ ဇာတိ၊ ဇရာ၊ မရဏ ဆိုတဲ့ အနာဂတ် ဒုက္ခတွေလာကြသေးရဲ့လား (မလာပါ ဘုရား) ဘာကြောင့်မလာပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမေးထုတ်ဖို့ လိုသည်၊ အနေထူးလို့ (မှန်ပါ့) ဘယ်လိုဆိုကြမလဲ (အနေထူးလို့ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေကို ဘုန်းကြီးခေါင်းဆောင်ပြီး သကာလ ကယ်တင်နေတဲ့ တရားပွဲလဲ ဖြစ်နေတော့ ဒကာ ဒကာမတို့ ဘုန်းကြီးတရားဟောတာ ဘာပါလိမ့်မတုံး-ဆိုလို့ရှိရင် လူမိုက်နဲ့လူလိမ္မာ တရားကိုဟောတော့ ခင်ဗျားတို့ နောက်ဘဝက လာကြတာ မထူးငြားသော်လဲ ဒီဘဝမှာ အနေထူးအောင် လုပ်လိုက်ကြစမ်းပါ၊ ဒါကို တရားဟောပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

လာပုံတူငြားသော်လဲ အနေမှာ (ထူးရပါမယ် ဘုရား) ဒါမှအသေမှာ ခြားနားမယ် (မှန်လှပါ) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

လူလိမ္မာက သေပြီးသည်၏ အခြားမဲ့၌

အသေမှာ ခြားနားမယ်ဆိုတာ ဒကာ ဒကာမတို့ လူမိုက်က သေပြီးတော့ နောက် ဒုက္ခတွေ အကုန်ပြန်ရတယ် (မှန်ပါ့) လူလိမ္မာက သေပြီးသည်၏ အခြားမဲ့၌ နောက်ဒုက္ခ အကုန်ချုပ်တယ် (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ-ဘယ့်နှယ်ကြောင့် ဒီဟာ ထူးထူးခြားခြားကြီး ဖြစ်ရပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမေးထုတ်လို့ရှိရင် အဖြေတလုံးတည်းနဲ့ ပြီးတယ်၊ ဘယ်လိုများ ပြီးတာပါလိမ့် (အနေထူးလို့ပါ ဘုရား)။

ဒါဖြင့် ဦးဘအုန်း-ဘာလုပ်ဖို့အရေးကြီးတယ်ဆိုတာ ပေါ်လာပြီ၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) ဘယ်လိုများ ပေါ်လာပါလိမ့် (အနေထူးဖို့ အရေးကြီးပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘာထူးဖို့အရေးကြီးပါလိမ့် (အနေထူးဖို့အရေးကြီးပါတယ် ဘုရား) သူများရောင်း သလိုရောင်း၊ သူများဝယ်သလိုဝယ်၊ သူများစားသလိုစား၊ သူများဝတ်သလိုဝတ်၊ သူများနေသလိုနေမယ်ဆိုရင် ဒါဟာ အနေတူကြမယ် (မှန်ပ့ါ) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီလိုမလုပ်ပဲနဲ့ အနေထူးဆိုတဲ့ ဥစ္စာ ဘုရားကရှင်းပြတယ်၊ အနေထူးဆိုတဲ့ဥစ္စာ ဒီလိုပါ တဲ့၊ ဗြဟ္မစရိယအကျင့်ကို ကျင့်တာနဲ့မကျင့်တာ ထူးတာပဲ (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အနေထူးဆိုတာ ဘာပါလိမ့်

အနေထူးဆိုတာ ဘာပါလိမ့် (မဂ္ဂ ဗြဟ္မစရိယာ အကျင့်ကို ကျင့်တာနဲ့မကျင့်တာ ထူးပါတယ်) ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာအလုပ်-လုပ်၊ မလုပ် ထူးတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာထူးပါလိမ့် (ဝိပဿနာ အလုပ်ကိုလုပ်၊ မလုပ် ထူးပါတယ် ဘုရား)။

ဒါဖြင့် အားလုံးတရားနာကြတဲ့ ဒကာ ဒကာမတွေဟာ ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သူဟောပေလို့ လူမိုက်နဲ့လူလိမ္မာအထူးကိုလဲ ဒို့-သိရပေတယ်၊ အဲဒီတော့ ဒို့သည်ကား လို့ဆိုရင် ဒုက္ခမျိုးစုံအကုန်ကိုကြောက်ပါမူကား လူလိမ္မာလမ်းကို လိုက်မှသာလျှင် အသေမှာ ခြားနားတော့မယ် (မှန်ပ့ါ)။

လူမိုက်လမ်း လိုက်နေလို့ရှိရင် အသေမှာ ခြားနားစရာမရှိတော့ဘူး (မရှိပါ ဘုရား) ဒီဒုက္ခပြီး ဟိုဒုက္ခလာမှာပဲ (မှန်ပါ့) ဆိုထိုက်ကြပလား (ဆိုထိုက်ပါပြီ ဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အနေထူးအောင် နေရလိမ့်မယ် (မှန်ပ့ါ)။

အားလုံး ဒကာ ဒကာမတွေ ဘယ်လိုစိတ်ထား ရှိကြရမလဲ (အနေထူးအောင် နေရပါမယ် ဘုရား) အနေထူးဆိုတဲ့ အဓိပ္ပာယ် ဘာပါလိမ့် (မဂ္ဂဗြဟ္မစရိယာအကျင့်ကို ကျင့်ရပါမယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မဂ္ဂဗြဟ္မစရိယာအကျင့်

မဂ္ဂဗြဟ္မစရိယာအကျင့် ဆိုတော့ ဦးဝတို့ ဦးဘအုန်းတို့က မသိပဲနေမှာစိုးရတော့ ဝိပဿနာအလုပ်ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပ့ါ) ဝိပဿနာမဂ်ကို မဂ္ဂဗြဟ္မစရိယာအကျင့်ခေါ်တာပဲ (မှန်ပါ့)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ သူများရောင်းသလိုရောင်းမယ်၊ ဝယ်သလိုဝယ်မယ်၊ သူများဝတ်သလို ဝတ်တယ်၊ သူများကားဝယ်နိုင်သလို ဝယ်နိုင်တယ်၊ သူများတိုက်တည်သလို တည်နိုင်တယ်ဆိုတာ ဒါကိုဆိုမဟုတ်ပါဘူး (မှန်ပါ့)။

ပုခုံးနှစ်ခုကြားက ခေါင်းပေါက်တာချင်းတူတာဆိုတာ မဟုတ်ပါဘူး (မှန်ပါ့) ခင်ဗျားတို့ပြောနေတာက သူလဲ ပုခုံးနဲ့လက်ရုံးနဲ့ပဲ၊ ငါ့မှာလဲ ပုခုံးနဲ့လက်ရုံးနဲ့ပဲ၊ ဘာပူစရာရှိသတုံးကွ သူများလုပ်စားသလို စားမှာပေါ့ အစရှိသည်နဲ့ဆိုတော့ ဒါတွေကဖြင့် ထူးခြားတဲ့သဘော ပါသေးရဲ့လား (မပါ-ပါ ဘုရား) သူများနဲ့ တန်းတူလိုက်တဲ့သဘော သေသေချာချာရောက်တယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေ လူမိုက်နဲ့လူလိမ္မာဟာ ထူးရမယ်လို့ ဘုရားက ဟောထားပါလျက်သားနဲ့ ခင်ဗျားတို့က ပုခုံးနှစ်ခုကြားက ခေါင်းပေါက်ကြတာပဲ၊ သူများရှာရင် ငါလဲရှာမှာပေါ့၊ အစရှိသည်နဲ့ ဒကာ ဒကာမတွေ၏ ပြောမှုဆိုမှု စိတ်ထားတွေ တူမျှမှုတွေဟာဖြင့် မိုက်လမ်းချည့် လိုက်နေတယ်ဆိုရင် မထူးပါဘူး (မှန်ပါ့)။

အနေမတူလို့ရှိရင်

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတို့အလာတူငြားသော်လဲ အနေမတူလို့ရှိရင် အသေမှာခြားနားပါတယ်ဆိုတဲ့ဥစ္စာ အလွန်အဖိုးတန်တဲ့စကား (မှန်ပါ့)။

အလာတော့ ဘယ့်နှယ်တုံး (တူပါတယ်) သူလဲ အဝိဇ္ဇာ တဏှာကြောင့် ဖြစ်တာပဲ (မှန်ပါ့) အဝိဇ္ဇာ တဏှာကြောင့် ခန္ဓာငါးပါး ဖြစ်ပါသတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)။

ခန္ဓာငါးပါး ရတဲ့ပုဂ္ဂိုလ်ချည့်ပါပဲ၊ ခန္ဓာငါးပါးရတဲ့ဘဝဘုန်းကြီးတို့ ဒကာ ဒကာမတွေ စဉ်းစားတာပေါ့၊ ခန္ဓာငါးပါးနောက်ကနေပြီး သကာလ တဏှာ၊ ဥပါဒါန်၊ ကံ လိုက်လို့ရှိရင်ဖြင့် အနာဂတ် ဇာတိ၊ ဇရာ၊ မရဏ မလာပါနဲ့ဆိုလို့ ဘယ့်နှယ်တုံး (မရပါ ဘုရား) မရပါဘူး၊ လာရမယ် ဒီဥစ္စာက၊ နိယာမတရားကိုးဗျ (မှန်ပါ့) နိယာမတရားဆိုတာ ပြောင်းလို့လွှဲလို့ ရကြပါရဲ့လား (မရပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယခုအခြေအနေမှာဖြင့် ပြောင်းချိန်ကတော့ဖြင့် ရှိသေးတယ်လို့ ဆိုထိုက်ပါတယ် (မှန်ပါ့) ဘယ်လိုအဓိပ္ပာယ်ရသတုံး (ပြောင်းချိန်ရှိပါသေးတယ် ဘုရား) ပြောင်းချိန်လဲ မှီပါသေးတယ် (မှန်ပါ့)။

ပြောင်းချိန်လဲ မှီပါသေးတယ်

ပြောင်းချိန်လဲ မှီပါသေးတယ်ဆိုတာကလဲ ဦးဘအုန်း-လူတိုင်းမဖြစ်နိုင်ဘူး (မှန်ပါ့) ဒီတရားများကို နာဖူး၊ ကြားဖူးတဲ့ ပုဂ္ဂိုလ်မှသာလျှင် ဪ ငါသည်ကားလို့ဆိုရင် မဂ္ဂဗြဟ္မစရိယာအကျင့်နဲ့ ပြောင်းရမှာပါကလား (မှန်ပါ့)။

ဘာနဲ့ပြောင်းရမှာတုံး (မဂ္ဂဗြဟ္မစရိယာအကျင့်နဲ့ ပြောင်းရမှာပါ) မဂ္ဂဗြဟ္မစရိယာအကျင့်နဲ့ ပြောင်းရလိမ့်မယ် ဒကာ ဒကာမတို့၊ ပြောင်းဆိုပေမယ့်လဲ တခြားနည်းနဲ့ပြောင်းလို့ရှိရင် ဒါ-နည်းမမှန်သေးဘူး (မှန်ပါ့) တကယ့် အရေးကြီးတာက ဘာနဲ့ပြောင်းရမလဲ (မဂ္ဂဗြဟ္မစရိယာ အကျင့်နဲ့ ပြောင်းရပါမယ် ဘုရား)။

အဲဒီတော့ မဂ္ဂဗြဟ္မစရိယာအကျင့်နဲ့ဆိုတာ ဘုန်းကြီးက ဒကာ ဒကာမတွေကို ဆုံးမပြီး သကာလ ထားတယ်၊ ဒီလိုရှုပါ၊ ဒီလိုဖြစ်ပျက်မြင်အောင်လုပ်စမ်းပါ၊ အဲဒီမြင်တဲ့ ဉာဏ်ကလေးတွေ မဂ္ဂဗြဟ္မစရိယာပဲ (မှန်ပါ့)။

မြင်တဲ့ဉာဏ်ကလေးတွေဟာ ဘာပါလိမ့် (မဂ္ဂဗြဟ္မစရိယာပါ ဘုရား) မဂ္ဂက နိဗ္ဗာန်ရောက်တဲ့မဂ်၊ ဗြဟ္မစရိယက မြတ်သောအကျင့်၊ နိဗ္ဗာန်ရောက်တဲ့အကျင့်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာနဲ့ပြည့်စုံရမယ် (မဂ္ဂဗြဟ္မစရိယအကျင့်နဲ့ပြည့်စုံရပါမယ် ဘုရား) မဂ္ဂဗြဟ္မစရိယအကျင့်နဲ့ ဦးဘအုန်းတို့ ဦးဝတို့ပြည့်စုံမှရမယ် (မှန်ပါ့)။

ဆရာမပါလို့ ရှိရင်ဖြင့်

ကောင်းပြီ ဒါကလဲ ဒကာ ဒကာမတို့ ဆရာမပါလို့ ရှိရင်ဖြင့် ဘယ်နည်းနဲ့မှမကြည့်တတ်ဘူး (မှန်ပါ့) မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတာ ဘယ်ဟာကိုမူတည်ပြီး သကာလ ကျင့်ရမှာတုံးဘုရားလို့ ဦးဘအုန်းတို့ မေးဖို့လာတယ် (မှန်ပါ့)။

ဒီပဋိစ္စသမုပ္ပာဒ်ကြီး ဒကာ ဒကာမတွေ ကြည့်စမ်းပါလား ဒီဘက်က အဝိဇ္ဇာ၊ တဏှာ၊ ဒီဟာကတော့ ဘာမှမဆိုင်တော့ပါဘူး၊ လူမိုက်လဲမဆိုင်ပါဘူး၊ လူလိမ္မာလဲမဆိုင်ပါဘူး (မှန်ပါ့) မဆိုင်ပါဘူး၊ ဒကာ ဒကာမတို့ ဒါဖြင့် လက်ရှိ ဘယ်သူတုံးလို့ မေးတဲ့အခါကျတော့ သူ့နောက်က ခန္ဓာငါးပါးမရှိဘူးလား (ရှိပါတယ်) ဒီမှာ ခန္ဓာငါးပါးပဲ၊ အဲဒီ ခန္ဓာငါးပါးကို ဒကာ ဒကာမတွေက ဆရာပေးတဲ့ မဂ္ဂဗြဟ္မစရိယကျင့်နည်းကိုကျင့်တယ် (မှန်ပါ့) ဦးဘအုန်း-ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ထိုကဲ့သို့ ကျင့်လိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အနေမှာ ထူးသွားတယ် (မှန်ပါ့) မထူးဘူးလား (ထူးပါတယ် ဘုရား)။

ဥပုသ်ကလေးစောင့်တာနဲ့၊ လမ်းမှာ တံမြက်စည်းလှဲတာနဲ့၊ ရေအိုးစင်ကလေးတည်တာနဲ့ ဒီလောက်တင် မဟုတ်ဘူး (မှန်ပါ့) မဂ္ဂဗြဟ္မစရိယအကျင့်ကို ခိုင်ခိုင်မြဲမြဲကျင့်ရမယ် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

အဲဒါတွေက ဒိဋ္ဌိမကွာဘူး

ခုနင်ကဟာတွေကို လုပ်တော့လုပ်ပါ၊ ဥပုသ်စောင့်ခြင်း၊ တံမြက်စည်းလှဲခြင်း စသည်ကိုလဲ လုပ်ပါ၊ မလုပ်ကောင်းတာ မဟုတ်ပါဘူး၊ ဒါတွေဟာလဲ ဆည်းပူးရမည့် ကုသိုလ်တွေပဲ တဲ့၊ လုပ်ကောင်းပါတယ်၊ သို့သော်လဲ အဲဒါတွေက ဒိဋ္ဌိမကွာဘူး ဝိပဿနာမပါရင် (မှန်ပါ့)။

ကမ္မဿကတဉာဏ်နဲ့ ငါလုပ်ငါရမယ်ဆိုတော့ ဒကာ ဒကာမတို့ ကုသလ ကမ္မပထတရား ဆယ်ပါးထဲက သမ္မာဒိဋ္ဌိ ဖြစ်နေတယ်၊ သက္ကာယဒိဋ္ဌိမကွာဘူး (မှန်ပါ့) မဂ္ဂဗြဟ္မစရိယ အကျင့်ကတော့ ဘုန်းကြီးတို့ဒကာ ဒကာမတွေ လေးစားစွာနဲ့မှတ်ပါ၊ သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) ဒကာသစ်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

မဂ္ဂဗြဟ္မစရိယအကျင့်ကတော့ ဘာတဲ့ (သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား) ပြုတ်တယ်ဆိုတော့ မဂ္ဂဗြဟ္မစရိယ အကျင့်ကြောင့် ထူးတယ်လို့ ဘုရားက ဟောတော်မူတော့ ကျုပ်တို့က ဘာကိုလေးစားရမလဲဆိုတာ ယနေ့ပေါ်လာပြီ (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) ဘယ်ဟာကို လေးစားရမလဲ (မဂ္ဂဗြဟ္မစရိယအကျင့်ကို လေးစားရပါမယ် ဘုရား)။

ကိုယ့်ခန္ဓာငါးပါးကို ကိုယ့်မဂ္ဂင်နဲ့

ဒါဖြင့် ကိုယ့်ခန္ဓာငါးပါးကို ကိုယ့်မဂ္ဂင်နဲ့ဆရာနည်းပေးထားတဲ့အတိုင်း ရှုလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေသည် အလာမှာလူမိုက်နဲ့တူငြားသော်လဲ အနေမှာမတူတဲ့အတွက် အသေမှာဖြင့်ခြားနားပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အလာမှာတော့ (တူပါတယ် ဘုရား) အနေမှာ (ထူးပါတယ် ဘုရား) အနေမှာ ထူးထူးခြားခြား နေလိုက်တဲ့အတွက် ဒကာ ဒကာမတို့ အသေကျတော့ ခြားနားတဲ့အဓိပ္ပာယ်ဟာ ဘာမှပြောဖို့မလိုဘူး (မှန်ပါ့) လိုသေးသလား (မလိုပါ ဘုရား)။

ဪ ဒါဖြင့် ဒို့ဟာ သူများဝတ်သလိုလဲ ဝတ်ပါတယ်၊ သူများရှာသလိုလဲ (ရှာတတ်ပါတယ်) အဲဒါကို မဆိုလိုပါဘူး (မှန်ပါ့) ဒါကို မဆိုလိုပါဘူး ဒကာ ဒကာမတို့၊ ဒါကလိုရင်းမဟုတ်ပါဘူး၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ခန္ဓာငါးပါးနောက်က တဏှာ၊ ဥပါဒါန်၊ ကံ လိုက်ခဲ့သော် လူမိုက်တို့၏ရိုးရာနေနည်း (မှန်ပါ့) ခန္ဓာငါးပါးနောက်က မဂ္ဂင်လိုက်ခဲ့သော် ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယအကျင့်ပါလာတယ် (မှန်ပါ့) ဒါဖြင့် အနေမှာထူးခြားတယ် (မှန်ပါ့) အနေမှာမထူးဘူးလား (ထူးပါတယ် ဘုရား)။

အသေမှာက မဂ္ဂလိုက်လာတယ် ဆိုကတည်းက တဏှာ၊ ဥပါဒါန်၊ ကံ ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ် ဘုရား) တဏှာ၊ ဥပါဒါန်၊ ကံ ကချုပ်ပြီး သကာလ နေတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တဏှာလဲရှိမှ၊ ဥပါဒါန်လဲ ရှိမှ၊ ကံလဲရှိမှ ဦးဘအုန်း နောက်ခန္ဓာရမှာကိုး (မှန်ပါ့)။

ကံကိုသိမ်းဆည်းတဲ့တရား

ဒါဖြင့် တဏှာ၊ ဥပါဒါန်၊ ကံ ဒကာ ဒကာမတို့ နည်းနည်းကလေး လူမိုက်မှာ ဂရုစိုက်ပြီး မှတ်လိုက်စမ်း၊ တဏှာ ဥပါဒါန်သည် ကံကိုသိမ်းဆည်းတဲ့တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

တဏှာ ဥပါဒါန်သည်ဘာတုံး (ကံကိုသိမ်းဆည်းပါတယ် ဘုရား) ကံကို မပျောက်မပျက်အောင် စောင့်ရှောက် နေတာ ဘယ်သူပါလိမ့် (တဏှာ၊ ဥပါဒါန်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ တဏှာ၊ ဥပါဒါန်ကို သတ်လိုက်ရလို့ ရှိရင်ဖြင့် ကံသည်ကားလို့ ဆိုလို့ရှိရင် ဗလပွေကျဲပြီး သကာလ လွင့်ပြီးပျောက်ကွယ်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယ အကျင့်မှတပါး ဦးဘအုန်းတို့ တဏှာ ဥပါဒါန် သတ်တဲ့တရား ရှိသေးရဲ့လား (မရှိပါ) ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့မှာ ကံကိုစုဆောင်းထားမည့် တရားကို သတ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဘာသတ်ပစ်လိုက်သလဲ (ကံကိုစုဆောင်းထားမည့် တရားကို သတ်ပစ်ပါတယ် ဘုရား) ကံကို စုဆောင်းထားမည့် ကမ္မသမင်္ဂီ ဆိုတဲ့ဥစ္စာ ကံနဲ့ပြည့်စုံတယ်ဆိုတာ တဏှာ၊ ဥပါဒါန်ရှိတဲ့ပုဂ္ဂိုလ်ကို ဆိုလိုတာ (မှန်ပါ့ ဘုရား)။

တဏှာ ဥပါဒါန်က စုဆောင်းထားတာ

တဏှာ၊ ဥပါဒါန်ရှိနေတဲ့ပုဂ္ဂိုလ်ဟာ ကံဘယ်တော့မှ လေလိုလွင့်သွားပါမလဲလို့ မအောက်မေ့ပါနဲ့ (မှန်ပါ့) အတိတ်ကခင်ဗျားတို့ မိုက်ပဲထားတဲ့ ကံတွေလဲ တဏှာ၊ ဥပါဒါန်ကစုဆောင်းထားတာပဲ၊ ယခုဘဝ မိုက်မဲထားတဲ့ကံတွေကော (တဏှာ ဥပါဒါန်က စုဆောင်းထားတာပါပဲ ဘုရား)။

ဪ ဒီတဏှာ၊ ဥပါဒါန်ဟာ ဒကာ ဒကာမတို့ ကံထက်ကြောက်စရာ ကောင်းတယ် (မှန်ပါ့) ကံကိုလေလွင့် မသွားရအောင်၊ မီးခိုးလိုပျောက်မသွားရအောင် ဘယ်သူက စုဆောင်းသလဲ (တဏှာ ဥပါဒါန်က စုပါတယ် ဘုရား)။

တဏှာ ဥပါဒါန်က စုထားတော့ ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယအကျင့်နဲ့မှ မသတ်တော့ပါဘူးဆိုရင် ဒီအစုလိုက်ကြီးနဲ့ ကျုပ်တို့သည်ကားလို့ ဆိုရင်ဖြင့် တဏှာ ဥပါဒါန်စုထားတဲ့ကံတွေက ပျောက်သေးရဲ့လား (မပျောက်ပါ ဘုရား)။

မပျောက်တော့ ငရဲသို့ရောက်ဖို့ကံတွေကလဲ သူကလွှတ်ပေးလိုက်တယ်၊ စုထားတာထဲက တခုလွှတ် ပေးလိုက် ပြန်တာပဲ (မှန်ပါ့) အဲဒါကလေးက နှစ်စေ့ပြန်တောာ့ စုထားတဲ့ဥစ္စာတခု လွှတ်ပေး လိုက်ပြန်တယ် (မှန်ပါ့) ဒါဖြင့် လွှတ်ပေးလို့ကိုကုန်နိုင်သေးရဲ့လား (မကုန်နိုင်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကံကြောက်ရမှာလား၊ တဏှာ ဥပါဒါန်ကိုပိုပြီး ကြောက်ရမှာလား (တဏှာ ဥပါဒါန်ကို ပိုပြီးကြောက်ရမှာပါ ဘုရား)။

မဂ္ဂဗြဟ္မစရိယအကျင့်မှတပါး

ဒါဖြင့် တဏှာ ဥပါဒါန် နိုင်တဲ့လမ်းကိုလည်း တပည့်တော်တို့ အရေးတကြီးပေးတော်မူပါလို့ ဒကာ ဒကာမတွေ တောင်းပန်လို့ရှိခဲ့ရင်ဖြင့် မဂ္ဂဗြဟ္မစရိယအကျင့်မှတပါး ကံသိမ်းတဲ့ တဏှာ ဥပါဒါန်ကို သတ်နိုင်တဲ့တရားမရှိ (မှန်ပါ့ ဘုရား) ဘယ်လောက်အရေးကြီးသတုံး (ကြီးပါတယ် ဘုရား) ဦးဇံရင် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အားလုံးနောက်က ဒကာ ဒကာမတွေ ဒီဥစ္စာ အင်မတန်ကံကောင်း အကြောင်းသင့်ပြီး နာရတာနော် (မှန်ပါ့ ဘုရား) အင်မတန်ကံကောင်း အကြောင်းသင့်ပြီး နာရတာ ကံတွေကို ခင်ဗျားတို့ မကောင်းတဲ့ကံ အဟောသိကံ ဖြစ်ချင်ပါတယ်ဆိုရင် တဏှာ ဥပါဒါန်သတ်၊ ဝဋ်သံသရာထဲ အကျိုးပေးမည့်ကုသိုလ်ကံတွေကို ခင်ဗျားတို့ ဝဋ်ကြောက်လို့ ရှိရင်ကံ၊ ဦးဝတို့၊ ဦးဘအုန်းတို့ ဘာလုပ်ကြမယ် (တဏှာ ဥပါဒါန်ကို သတ်ရပါမယ် ဘုရား)။

ကံကို စုဆောင်းထားတာက ဘယ်သူပါလိမ့် (တဏှာ ဥပါဒါန်ပါ ဘုရား) ဪ ဒါဖြင့် စုဆောင်းထားတဲ့ လူကိုသတ်မိလို့ရှိရင်ဖြင့် အထုပ်နဲ့တကွ ပျောက်ပါတယ် (မှန်ပ့ါ) မပျောက်သေးဘူးလား (ပျောက်ပါတယ် ဘုရား)။

ကံကိုတိုက်ရိုက်သတ်ရမှာလား

ဒါဖြင့် ဒကာ ဒကာမတွေ ကံသတ်ကို လုပ်ကြမှတော်ရော့မယ် (မှန်ပါ့) ဒါဖြင့် ကံကိုတိုက်ရိုက် သတ်ရမှာလား၊ တဏှာ ဥပါဒါန်ကိုသတ်ရမှာလား (တဏှာ ဥပါဒါန်ကို သတ်ရမှာပါ ဘုရား)။

နေရာကျလိုက်တာ ဒကာ ဒကာမတို့အတွက်၊ အချက်အလက်တွေကို သိပြီး သကာလ သွားပြန်တော့လဲ ဪ ဒီကကံကိုသတ်ရမှာလားလို့ အောက်မေ့ရတယ်၊ ကံကိုသတ်လိုက်လို့ရှိရင်ဖြင့် ဘယ်မှာနေရာကျမလဲ၊ သူ့ကို မိမှာမှ မဟုတ်ပဲ၊ သူ့ကို စုထားတဲ့ တဏှာ၊ ဥပါဒါန် သတ်လိုက်ရလို့ ရှိရင်ဖြင့် ကံကုန်မှာပဲဆိုတာ ဒကာ ဒကာမတို့ လေးစားစွာနဲ့မှတ်ရမယ် (မှန်ပါ့) ဒါကို အင်မတန်နားကြီးမှရမယ်နော် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ဘယ်လိုဖြစ်နေသတုံး လို့မေးလို့ရှိရင်မကောင်းတဲ့ကံတွေ ဝင်လာမှာကို သိပ်ကြောက်တာပဲ (မှန်ပါ့) ကောင်းတဲ့ကံ ဝင်လာလို့ရှိရင်ဖြင့် ပြုံးမယ်ပေ့ါဗျာ (မှန်ပါ့ ဘုရား)။

မကောင်းတဲ့ကံ ဝင်လာမှာတော့ (ကြောက်ပါတယ် ဘုရား) ကောင်းတဲ့ကံ ဝင်လာမယ်ဆိုရင် (ပြုံးပါတယ် ဘုရား) အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့နောက်ကတော့ ကောင်းတဲ့ကံနဲ့၊ မကောင်းတဲ့ကံ အားလုံးစဉ်းစားကြည့်ပါ၊ ဘယ်ဟာကများမယ်ထင်သလဲ (မကောင်းတဲ့ကံက များပါတယ် ဘုရား)။

နေပုံနေနည်းနဲ့ ပြောင်းရုံပဲ

ကောင်းပြီ ဒါဖြင့် မကောင်းတဲ့ကံက များတယ်ဆိုတော့ လာပုံလဲကြည့်ကြပါဦး၊ လာပုံက ဒီဘက်က ဘာပါလိမ့် (အဝိဇ္ဇာနဲ့တဏှာ) ဒီဘက်ဘာပါလိမ့် (ကံပါ ဘုရား) အဝိဇ္ဇာနဲ့တဏှာနဲ့လာတော့ လာပုံကိုက ဪ ငါဟာကောင်းတဲ့ဆီက လာတာလား၊ မကောင်းတဲ့ဆီက လာတာလားဆိုတာကို ပင်ရင်းမေးလိုက်ကတည်းက သဘောကျမယ် လာပုံကိုက မဟန်ဘူး (မှန်ပ့ါ) ဟန်ကြရဲ့လား (မဟန်ပါ ဘုရား) လာပုံကိုက မဟန်တော့ ဒကာ ဒကာမတို့ နေပုံနေနည်းနဲ့ ပြောင်းရုံပဲရှိ တော့တယ် (မှန်ပါ့ ဘုရား)။

လာပုံကိုမဟန်တော့ ဘာနဲ့ပြောင်းကြမလဲ (နေပုံနေနည်းနဲ့ပြောင်းကြရုံပဲ ရှိပါတယ် ဘုရား) နေပုံနေနည်းနဲ့ ပြောင်းကြတော့မယ်ဆိုတော့ ဦးဘအုန်းတို့ ဒကာသစ်တို့ သိပ်အရေးကြီးတယ် (မှန်ပါ့) ကိုမြရွှေတို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ညဟောနေတဲ့ တရားဟာ သိပ်မများသေးပါဘူး၊ အနေပြောင်းဖို့ အလွန် အရေးကြီးတယ် (မှန်ပါ့) ဪ ဒါဖြင့် ဒကာ ဒကာမတို့ လာပုံမှာတူငြားသော်လဲ အနေပြောင်းလို့ရှိရင် အသေခြားနားတယ် ဆိုတာ နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်နဲ့ မရောက်မည့် ပုဂ္ဂိုလ်ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နေပုံထူးပြီး သေပုံခြားနားမှာ

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယခုသည် ဘယ်အချိန်တုံးလို့ မေးဖို့လိုလာတယ်၊ ဪ ယခုသည်ကား မဂ္ဂဗြဟ္မစရိယကျင့်မယ် ဆိုလို့ရှိရင် နည်းရတဲ့အချိန် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ့်ဆိုကြမလဲ (မဂ္ဂဗြဟ္မစရိယာကျင့်မယ် ဆိုလို့ရှိရင်နည်းရတဲ့အချိန်ပါ ဘုရား) သာသနာပ ဆိုလို့ရှိရင်ဖြင့် ဒကာသစ်တို့ ကိုမြရွှေတို့ ဘယ့်နှယ်လုပ်ပြီး နည်းရမလဲ (မရပါ ဘုရား) မရပါဘူး (မှန်ပါ့)။

ဒါဖြင့် နည်းရတာသည်ကားလို့ ဆိုလို့ရင်ဖြင့် သာသနာတွင်း ကြုံမှဆိုတဲ့ အဓိပ္ပာယ်တော့ ရှင်းသွားပြီ (မှန်ပါ့) အဲဒီတော့ နည်းသာရနေတယ်ဘုရား၊ အသုံးတော့မချဘူး ဆိုလို့ရှိရင်လဲ နေပုံမှာထူးသေးရဲ့လား (မထူးပါ ဘုရား)။

နည်းလဲ ရတယ်ဘုရာ့၊ အသုံးလဲချမယ်ဘုရာ့ဆိုမှသာလျှင် နေပုံထူးပြီး သေပုံခြားနားမှာကိုး (မှန်ပါ့) နို့မဟုတ်ရင်ခြားနားနိုင်စရာ အကြောင်းမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲ ဒါကြောင့် ဒကာ ဒကာမတို့ ယခုသည် ဘယ်အချိန်တုံးဆိုလို့ရင် ခြားခြားနားနား နေရမည့် အချိန်ရောက်ပြီ (မှန်ပါ့ ဘုရား) ဘယ်လိုဆရာဘုန်းကြီး တိုက်တွန်းပါလိမ့် (ခြားခြားနားနား နေရမည့် အချိန်ရောက်ပါပြီ ဘုရား)။

ဘယ်သူနဲ့ခြားနားရမှာတုံးလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် တပည့်တော်တို့၏ မိတ်ဆွေသင်္ဂဟတွေ ဒီလိုတရားထူး တရားမြတ်ကိုမနာရ၊ ကျင့်နည်းမရတဲ့ပုဂ္ဂိုလ်တွေနဲ့ ခြားခြားနားနားနေရမယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဒါဟာ လူသင်းခွဲလိုက်တယ်လို့ မအောက်မေ့ပါနဲ့ သူကမရှာမှီးလို့မရတာ (မှန်ပါ့) ရှာမှီးရင်တော့ (ရပါတယ် ဘုရား)။

အဲဒီတော့ ခြားနားတတ်ပါပလားလို့ မေးလို့ရှိရင်ဖြင့် နေပုံမှာ ထူးထူးခြားခြားနေတတ်အောင် နေကြပါဆိုတာ ဒီနေရာကတိုက်တွန်းတယ် (မှန်ပါ့) ကဲ ဦးဇံရင် တိုက်တွန်းထိုက်-မတွန်းထိုက် (တိုက်တွန်းထိုက်ပါတယ် ဘုရား)။

တိုက်တွန်းထိုက်တယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အသေမှာမခြားပဲဖြစ်နေတယ် (မှန်ပါ့) ဘယ်သူနဲ့မခြား သတုံးဆိုတော့ တဏှာအုပ်စိုးသမားနဲ့မခြားနားတာ (မှန်ပါ့) တဏှာအုပ်စိုးတော့ နောက်ဇာတိ၊ ဇရာ၊ မရဏ မလာပေ ဘူးလား လာမလား (လာပါမယ် ဘုရား) ခင်ဗျားတို့ကော (လာပါတယ် ဘုရား)။

ဒုက္ခထဲကလာပြီး ဒုက္ခထဲပြန်ဆင်းချင်တာ

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဒုက္ခထဲကလာပြီး သကာလ ဒုက္ခထဲပြန်ဆင်းချင်တာပဲ (မှန်ပါ့) ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် အမှောင်ထဲကလာပြီး အမှောင်ထဲနေပြီး သကာလ အမှောင်ထဲပဲ သွားလေရဲ့ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (အမှောင်ထဲကလာ၊ အမှောင်ထဲမှာနေပြီး အမှောင်ထဲသွားပါတယ်) ဖြစ်မှ-ဖြစ်ရလေ ကိုမြရွှေ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် မဂ္ဂဗြဟ္မစရိယ အကျင့်ဟာ ခုနင်က တရားချီစက ဒကာ ဒကာမတွေကို ပြောခဲ့ပြီး၊ ရဟန်းတွေကို ဘုရားမေးတဲ့အခါကျတော့ တပည့်တော်တို့ လူမိုက်နဲ့လူလိမ္မာနဲ့မထူးတတ်ပါဘူးဘုရား၊ ဒီတရားဟာ ကဿပဘုရားရှင် မရှိကတည်းက ကွယ်ခဲ့ပါတယ်လို့ ပြောထားခဲ့တယ် (မှန်ပါ့)။

ခု ခင်ဗျားတို့သန္တာန်မှာလဲ အခုပေါ်တာပါပဲ (မှန်ပါ့) ကွယ်တာ ဘယ်လောက်ကြာပလဲ (ကဿပဘုရားမရှိ ကတည်းကပါ ဘုရား) ကဿပဘုရား မရှိကတည်းကကွယ်တယ်၊ တခါ ဂေါတမမြတ်စွာဘုရားကျတော့လဲ ခင်ဗျားတို့ ကျုပ်တို့ မမှီပြန်ဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကျုပ်တို့မှာ ယခုမှ စ ရတယ်ဆိုရင်ရော လွဲပါ့မလား (မလွဲပါ ဘုရား) မလွဲတော့ဘူးဆိုရင်ဖြင့် ကဿပ မြတ်စွာဘုရား လက်ထက်ကတည်းကကွယ်တာ အခုမှ တွေ့ရတော့တယ်ဆိုပါတော့ (မှန်ပါ့) မဆိုထိုက်-ဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ မကြုံစဖူး အကြုံထူးတဲ့ ကိုယ့်ဘဝကလေးအနေကလေးဖြင့် ပြင်မိအောင်ပြင်ဖို့ အချိန်လဲရောက်ပါပြီ (မှန်ပါ့ ဘုရား)။

ပြင်မိအောင်ပြင်ဖို့ အချိန်ရောက်ပါပြီ

ဘယ်လိုဆိုကြပါမလဲ (ပြင်မိအောင်ပြင်ဖို့ အချိန်ရောက်ပါပြီ ဘုရား) ဒီအချိန်က နောက်ကိုသွားတော့မယ် ဆိုလို့ရှိရင်ဖြင့် အခုအသက်အရွယ်ကြီးလာကြလို့ တရားရှာကြတယ် (မှန်ပါ့ ဘုရား)။

အသက်အရွယ်ကြီးလို့ တရားရှာကြတာကို သူများ နေသလိုနေဦးမယ်၊ ခန္ဓာငါးပါးနောက်က တဏှာ၊ ဥပါဒါန်၊ ကံနဲ့သာ အလုပ်-လုပ်နေကြဦးမယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့သိတဲ့ အချိန်ကလေးထဲက နှုတ်ယူတဲ့အဓိပ္ပာယ်ကို တနေ့ကလဲ ပြောပြီးပြီ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

သိတဲ့အချိန်ထဲက နှုတ်ယူလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ သိတဲ့အချိန်ကလဲ ကြီးမှသိတာ (မှန်ပါ့) ကြီးမှသိရတော့ ဒီရှိတဲ့အချိန်ကလေးကိုသာ ပြန်နှုတ်ယူနေကြဦးမယ်ဆိုရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

ဒီတော့ သိရုံနဲ့ကိစ္စကပြီးသေးတာ မဟုတ်ဘူး ကျင့်ဦးမှလဲရကြမှာ (မှန်ပါ့) မဂ္ဂဗြဟ္မစရိယ မကျင့်ပဲနဲ့ ရပါ့မလား (မရပါ ဘုရား) မဂ္ဂဗြဟ္မစရိယခေါ်တဲ့ ဝိပဿနာအကျင့်ကို မကျင့်ရင် ရကိုမရဘူးဆိုတာ ဒကာ ဒကာမတို့ ကျေကျေနပ်နပ်သဘောကျပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီလိုသဘောကျတော့ ဪ ဒို့သည်ကားလို့ဆိုရင်ဖြင့် တနေ့က ဘုန်းကြီးက မှာလိုက်တယ် ဒကာ ဒကာမတွေ မိုးလင်းရင် ဘယ်သွားကြမှာတုံးဆိုတော့ နေချိန်ထဲကနေပြီ နှုတ်တော့ သေချိန်ကျဉ်းအောင် အလုပ်ကို လုပ်ရဦးမယ် ဘုရာ့လို့ဆိုပြီးတော့ ခင်ဗျားတို့ သွားမယ်လို့ စဉ်းစားပြီးသွားကြပါဆိုတာ ဦးဘအုန်း မှာထိုက်-မမှာထိုက် (မှာထိုက်ပါတယ် ဘုရား)။

အိမ်ကျတော့လဲ စဉ်းစားမိပြီး တိုးထွက်သလား ထိုက်တန်သလောက်ပြန်ပြီးတော့ နှလုံးသွင်းဖြစ်သလား လို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ထိုက်တန်သလောက်ပါ ဘုရား)။

လေအရှိန် အတော် ပျော့သွားတယ်

လေအရှိန် အတော် ပျော့သွားတယ်၊ ပြန်ဖြေတဲ့လေကို အတော်ပျော့သွားတယ်၊ ဘယ့်နှယ်ကြောင့် လေအတော်ပျော့သွားသလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) နှလုံးလဲသွင်းမိပါရော မဖြစ်သေးတဲ့ကိစ္စမို့ သွားလိုက်ရဦးမယ် (မှန်ပါ့) ဒီအဓိပ္ပာယ်ရောက်သွားတယ် (ရောက်ပါတယ် ဘုရား)။

အဲဒီကျတော့ ခင်ဗျားတို့ဟာ နေခြင်းဆိုးကို သိပ်သဘောကျနေတယ် (မှန်ပါ့) နေခြင်းဆိုး သဘောကျနေတော့ တခါသေခြင်းဆိုးက လာတော့မယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြပါ့မလဲ (နေခြင်းဆိုး သဘောကျနေလို့ သေခြင်းဆိုးလာပါတော့မယ် ဘုရား) လာမှာပဲ ဒီဥစ္စာ၊ ရှောင်လို့ ကွင်းလို့ လွတ်ကင်းနိုင်စရာမြင်ကြရဲ့လား (မမြင်ကြပါ ဘုရား)။

နေခြင်းဆိုးအလုပ်ကိုလုပ်တာ

အဲဒါကြောင့် နာစေချင်လို့ ပြောတဲ့တရားလား ကိုယ့်ကိုက နေခြင်းဆိုးအလုပ်ကို လုပ်တာလား (ကိုယ့်ကိုယ်က နေခြင်းဆိုးအလုပ်ကိုလုပ်တာပါ ဘုရား)။

ကိုယ့်ကိုယ်က နေခြင်းဆိုးအလုပ်ကိုလုပ်ပြီး မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်တော့ ဪ သေတဲ့အခါလဲ ဇာတိ၊ ဇရာ၊ မရဏဘက်ကို သူဟာ ခုန်ဆင်းရမှာပဲ (မှန်ပါ့) မဆင်းချင်ပါဘူးဆိုလို့ (မရပါ ဘုရား) သားကလဲမကယ်နိုင် သမီးကလဲ မကယ်နိုင် ပစ္စည်းကကော (မကယ်နိုင်ပါ ဘုရား)။

သို့သော်လဲ အဲဒါတွေကို တခါအရှာထွက်တယ်၊ ဘာကိုအရှာထွက်သတုံး ပစ္စည်းအရှာထွက်တယ် (မှန်ပါ့) ကယ်နိုင်တာတော့ သပိတ်မှောက်ထားခဲ့တယ် (မှန်ပါ့) ဦးဘအုန်း-ဟုတ်မှဟုတ်ရဲ့လား (မှန်ပါ့ ဘုရား)။

မကယ်နိုင်တာကို ဘာလုပ်သလဲ (အရှာထွက်ပါတယ်) ကယ်နိုင်တာတော့ ဘာလုပ်သလဲ (သပိတ်မှောက်ထားခဲ့ ပါတယ် ဘုရား) သပိတ်မှောက်ထားပစ်ခဲ့တယ်၊ ဖြစ်မှဖြစ်ရလေ၊ ဒါလောက်ရိုင်းတဲ့ ဒကာ ဒကာမတွေ ဒီဘုန်းကြီးမို့ပေဟော နေတာ သေသေချာချာဆိုလို့ရှိရင် ဒီအဓိပ္ပာယ်ရောက်မရောက် (ရောက်ပါတယ် ဘုရား)။

သေသေချာချာ ရောက်တယ်ဆိုတာ စကားတတ်လို့ပြောတယ်မအောက်မေ့ပါနဲ့ လုပ်ပုံရိုင်းလွန်းလို့ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခု ဖီးလိမ်းပြီး သကာလ ဒကာ ဒကာမတွေဟာ အဝတ်အစားကလေး ဖုံးလွှမ်းနေတာဟာ ဒီဟာ အရှက်ရှိတယ်လို့ မဟုတ်သေးပါဘူး၊ သံသရာ သွားရမှာကြီး ကြောက်တာ (မှန်ပါ့ ဘုရား)။

သံသရာ့ဘေးကြီး

သံသရာကျတော့ အပါယ်ကျသွားတယ်ဆိုတဲ့ဥစ္စာ ကြောက်စရာကြီး (မှန်ပါ့) သံသရာမှာ သံသရာ့ဘေးကြီးနဲ့ တွေ့ရမှာလဲ ကြောက်စရာကြီး (မှန်ပါ့ ဘုရား)။

အဲဒီ အရှက်အကြောက်မရှိလို့ ခင်ဗျားတို့သိပြီး သကာလ သိတဲ့နေချိန်ထဲကနှုတ်ပြီး သေချိန်ကျဉ်းအောင် လုပ်ပြီး သကာလ နေတဲ့ဒကာ ဒကာမတွေလို့ စွဲချက်တင်လိုက်ပါတယ် (မှန်ပါ့) တင်ထိုက်- မတင်ထိုက် (တင်ထိုက်ပါတယ် ဘုရား)။

ဦးဘတင် ဘုန်းကြီးပြောတာ လွန်များနေသလား (မလွန်ပါ ဘုရား) မလွန်ဘူးနော်၊ ဘုန်းကြီးကို ထောက်ခံချက် ပေးဖို့ စကားတောင်းတာ မဟုတ်ပါဘူး (မှန်ပါ့) ထောက်ခံချက်ပေးဖို့ စကားတောင်းတာ မဟုတ်ပါဘူး ခင်ဗျားတို့၏ဆိုးဝါးပုံကို ပြောတာပါ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လာပုံမှာ တူထားတာကတော့ဖြင့် ဪ ဒို့ဟာ အတော်ဆိုးခဲ့ကြသကိုး ဆိုတာ ပေါ်လာတယ် (မှန်ပါ့) အဝိဇ္ဇာ တဏှာကြောင့် ခန္ဓာငါးပါးရတယ် (မှန်ပ့ါ) နေပုံကလေးမှ မပြင်တော့ပါဘူး ဆိုရင် အခက်ပေါ့ (မှန်ပါ့ ဘုရား)။

နေပုံကလေးမှ မပြင်တော့ပါဘူးဆိုရင်

ဘယ်လိုဆိုကြပါ့မလဲ (နေပုံကလေးမှ မပြင်တော့ပါဘူးဆိုရင် ခက်ပါတယ် ဘုရား)။

ဟိုမှာ သူများလဲ သားတွေ သမီးတွေ ကျောင်းပို့ကျောင်းယူနဲ့ သူများလဲ မအားအောင် လုပ်ရတာပဲ၊ ဒို့မှာလဲ သားနဲ့သမီးနဲ့ ဒီအတိုင်းပဲ လုပ်ရမှာပဲ ဘယ်တတ်နိုင်ပါ့မတုံး ဖြစ်ပေ့ါကိုး စသည်နဲ့ ရှုပ်ပွေ နေလိုက်တဲ့ ကိစ္စတွေ (မှန်ပ့ါ) ရိပ်မိရဲ့လား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတွေက မဟုတ်တာတွေကို တခါတည်းရမယ်ရှာနေကြတာပဲ (မှန်ပါ့) ဘုရားကတော့ဖြင့် အနေထူးအောင်လုပ်ရလို့ရှိရင် တော်သေးတယ်ပြောတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ခင်ဗျားတို့က မထူးချင်ဘူး၊ ဘာဖြစ်လို့တုံး ဆိုလို့ရှိရင် အနေဆိုးနေပြီး အသေဆိုးသေချင်တဲ့ အဓိပ္ပာယ်ကို ခင်ဗျားတို့က မတောင့်တသော်လဲ အလုပ်သွားက ရောက်အောင်လုပ်နေတယ် (မှန်လှပါ ဘုရား)။

ဦးဘအုန်း-ဘယ့်နှယ်တုံး (မှန်ပါတယ် ဘုရား) တောင့်တတော့ မတောင့်တဘူးပေါ့ဗျာ၊ အလုပ်သွားက ဘယ့်နှယ်ဖြစ်နေသတုံး (ရောက်အောင်လုပ်နေပါတယ်) ရောက်အောင်လုပ်နေတယ်ဆိုတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့အလုပ်ဟာ ဆွမ်းသွတ်လို့တောင် ရနိုင်စရာမရှိဘူး (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

နှုတ်ရင် အသေကျဉ်းမယ်

ဆွမ်းသွတ်လို့တောင် ရနိုင်စရာမရှိဘူးဆိုတော့ စကားများရိုင်းနေသလားလို့ဆိုတော့ ဆွမ်းသွတ်လို့ရတဲ့ဝတ္ထုက နည်းပါတယ်၊ တောက်လျှောက်သွားတာတွေက များပါတယ် (မှန်ပါ့) တောက်လျှောက်သွားတာ များတယ်ဆိုသဖြင့် ဒကာ ဒကာမတွေ အနေကလေးကို ပြင်ချိန်ရောက်ပြီ (မှန်ပါ့) ဒီပြင်ချိန်သိတဲ့ အထဲကတော့ နှုတ်ဖို့လိုသေးသလား (မလိုပါ ဘုရား) နှုတ်ရင် အသေကျဉ်းမယ်လို့ တနေ့က ပြောလိုက်တယ် (မှန်ပါ့)။

ဘာဖြစ်လို့တုံး၊ ကြီးမှသိရတာကိုးဗျ (မှန်ပါ့) ကြီးမှ သိရကတည်းက တခါနှုတ်ဦးမယ်ဆိုတော့ ဘယ့်နှယ်ဆိုကြမလဲ (အသေကျဉ်းပါတယ် ဘုရား) အသေကျဉ်းအောင်လို့ ဪ သွားလိုက်ဦးမယ်ဘုရာ့ မလွှဲသာလို့ အစရှိသည်နဲ့ ဒကာ ဒကာမတွေက ဒီဟာမျိုးတွေက အတော်များတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မလွှဲသာလို့ ဘုရား တဲ့၊ ဘာမလွှဲသာတာတုံး-ပြောစမ်းပါဦး၊ အို တဏှာကခိုင်းနေတဲ့ မလွှဲသာပါပဲ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (တဏှာကခိုင်းနေတဲ့မလွှဲသာပါပဲ) တဏှာက ခိုင်းလို့ရှိရင်ဖြင့် ဥပါဒါန်ကတော့ဖြင့် ခင်ဗျားတို့ လုပ်တော့မှာပဲ (မှန်ပါ့) အဲဒီတော့ ကံတွေကို ခင်ဗျားတို့ ကိုယ်ပိုင်ရတော့မယ်၊ ဒါဖြင့် ကံစီမံသလို ခံကြပေတော့ (မှန်ပါ့) အဓိပ္ပာယ် ဒါပဲရှိတယ် (မှန်ပါ့-ဒါပါပဲ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ်ကလဲ ဘုရားကပြင်နည်းသာပေးနိုင်တယ်၊ ပြင်တာကတော့ ကိုယ်ပိုင်ဉာဏ်နဲ့ပြင်ရမှာ (မှန်ပါ့) ဦးဇံရင်-ဘယ့်နှယ်ဆိုကြမလဲ (ပြင်နည်းသာပေးနိုင်ပါတယ်၊ ပြင်တာကတော့ ကိုယ်ပိုင်ဉာဏ်နဲ့ပြင်ရမှာပါ ဘုရား)။

ကိုယ်ပိုင်ဉာဏ်နဲ့ပြင်ရမှာ

ပြင်နည်းတော့ အများကြီးပေးခဲ့ပါတယ်၊ ပြင်တာကတော့ (ကိုယ်ပိုင်ဉာဏ်နဲ့ပြင်ရမှာပါ) တခါ ကိုယ်ပိုင်ဉာဏ်တောင်မှ မရှိလို့ ဘုန်းကြီးက ဒီကိုလာပြီး သကာလ ခင်ဗျားတို့ကို အမိ၊ အဘ၊ ဆွေမျိုးဉာတကာတွေလိုထားပြီး ဟာ ဒီလိုပြင်ရမယ် ဒကာကြီး ဦးဝ၊ ဦးဘတင်-မဟောဘူးလား (ဟောပါတယ် ဘုရား) အဲဒီအထဲကမှ နှုတ်ပါရစေဦးဆိုရင်တော့ ဦးဝ-အတော်ရိုင်းပြီ (ရိုင်းပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဒီအထဲက နှုတ်ပါရစေဦးဆိုရင် မရိုင်းဘူးလား (ရိုင်းပါတယ် ဘုရား) ရိုင်းတာက စဉ်းစားစမ်းပါ၊ (ကိုယ့်ကိုယ်-ကိုယ် သနားလို့ရိုင်းတာလား၊ မသနားလောက်အောင် ရိုင်းတာလား (မသနားလောက်အောင် ရိုင်းတာပါ ဘုရား)။

ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဦးဘတင်-ဒါနဲ့ဆိုတော့ သာဆိုးသွားပြီ (မှန်ပါ့) မသနားလို့ပဲ ရိုင်းတဲ့အဓိပ္ပာယ် ရောက်နေတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့က ရွှံ့ထဲပေနေပေမယ့် ဘုန်းကြီးက ရေချိုးတော့ ပေချင်သေးတာပဲ (မှန်ပါ့) ခင်ဗျားတို့က နှပ်ထွက်နေပေမယ့် အမေမိဘနဲ့တူတဲ့ ဆရာဘုန်းကြီးက သုတ်သင်ပေးချင်သေးတယ် (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့က အရုပ်ဆိုးနဲ့မြို့ထဲသွားမယ် ဆိုငြားသော်လဲ နည်းနည်းတော့ တားချင်တယ် (မှန်ပါ့) သွားမှာက အရုပ်ဆိုးနဲ့သွားမှာကိုး၊ ဘာဖြစ်လို့တုံး၊ လိုချင် ရချင်လို့သွားမှာ (မှန်ပါ့)။

ဘာလုပ်ဖို့သွားတာပါလိမ့် (လိုချင် ရချင်လို့သွားတာပါ ဘုရား) လိုချင် ရချင်လို့ သွားတဲ့ဥစ္စာက တဏှာ၊ ဥပါဒါန်နဲ့သွားတာ (မှန်ပါ့) တဏှာ ဥပါဒါန်နဲ့သွားရင်တော့ ကံ မြောက်-မမြောက် ဦးဘအုန်း (မြောက်ပါတယ် ဘုရား) ကံ မြောက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကယ်နိုင် ယူနိုင်စရာအကြောင်းမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ကိုယ့်အရေး ကိုယ်သိကြပါတော့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အရေး ကိုယ်သိကြပါတော့၊ အနေထူးအောင်လုပ်ပါ (မှန်ပါ့) အနေထူးအောင် ဘာလုပ်ကြမယ် (မဂ္ဂဗြဟ္မစရိယ လုပ်ရပါမယ်) ဒါပဲရှိတော့တယ်၊ ဒီ့ပြင် ဆေးချက်ကုန်ပြီ (ကုန်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒီ့ပြင်တော့ (ဆေးချက်ကုန်ပါပြီ ဘုရား) ဆေးချက်ကုန်တယ်ဆိုတာ ဒကာ ဒကာမတွေ သတိထားစမ်းပါ၊ ဆေးချက်ကုန်တယ်ဆိုတဲ့စကားဟာက အသက်ကလဲကြီးပြီးသေမည့်ဆဲဆဲ (မှန်ပါ့) သေမည့်ဆဲဆဲမှာ ဒီဆေးတွေ့လိုက်လို့ရှိရင်ဖြင့် လွတ်နိုင်တယ် (မှန်ပါ့) ဒီဆေး မသောက်တော့ဘူးဆိုလို့ရှိရင်ဖြင့် ဆေးချက်ကုန်ပြီ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ တိုက်တွန်းတာလား၊ ဖြစ်စဉ်ကို အမှန်ပြောပေးနေတာလား စဉ်းစားပါ (ဖြစ်စဉ်ကို အမှန်ပြောပေးနေတာပါ ဘုရား)။

ဖြစ်စဉ်ကို အမှန်ပြောပေးနေတာ စဉ်းစားတော့ ခင်ဗျားတို့အိမ်ကျတော့ ဘုန်းကြီးပြောတဲ့စိတ်တွေ မပြောင်းနဲ့ (မှန်ပါ့) ပြောင်းလို့ကော တော်ပါ့မလား (မတော်ပါ ဘုရား)။

မပြောင်းပါနဲ့၊ ဘယ်သူက တိုက်တွန်းတိုက်တွန်း၊ ဘယ်သူက ဘာပြောပြော သား၊ လင်၊ ခင်ပွန်းက ဘာပြောပြော အရွဲ့သာတိုက် ကျုပ်တို့တော့ အနေထူးအောင် နေတော့မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

ဘာဖြစ်လို့ အနေထူးအောင် နေရမလဲဆိုတော့ ကိုယ့်ကိုယ်ကို အရုပ်ဆိုးမှန်း ဘုန်းကြီးဆီကသိခဲ့တယ်၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဆွဲခြင်းကလေး ဘာကလေးကိုင်ပြီး ဈေးထဲသွားကြတယ်၊ မဂ္ဂဗြဟ္မစရိယအကျင့်ကို သပိတ်မှောက်ပြီး ထွက်လာခဲ့တယ် (မှန်ပါ့) အရုပ်ဆိုးတဲ့အလုပ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကံပေါင်း ဘယ်လောက်ရှိမလဲ

အဲဒီ အရုပ်ဆိုးကိုဖြင့် အနေကောင်းနဲ့မှ မပြင်တော့ပါဘူးဆိုလို့ရှိရင် တနေ့တနေ့ဟာ ဦးဘအုန်းတို့ ဦးဘတင်တို့ ကံပေါင်း ဘယ်လောက်ရှိမလဲ (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီကံတွေဟာ ဘယ်သူက သိမ်း-သိမ်းထားသတုံး (တဏှာ၊ ဥပါဒါန်က သိမ်းထားပါတယ် ဘုရား) တနေ့သိမ်းထားတဲ့ကံပေါင်းဟာ ဘယ်လောက်တုံး (မရေတွက်နိုင်ပါ ဘုရား)။

နောက်ကဟာတွေ မပျောက်အောင် သိမ်းထားတာကော-(မရေတွက်နိုင်ပါ ဘုရား) ရှေ့ကို နိဗ္ဗာန်မရသေးရင် သူက အထုပ်ကြီး ထုပ်ဦးမှာကော (မရေတွက်နိုင်ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့၏ကျေးဇူးရှင်ကဖြင့် တဏှာ၊ ဥပါဒါန်ပဲ၊ မဂ္ဂဗြဟ္မစရိယအကျင့်ကို ခင်ဗျားတို့ကို ဆရာဘုန်းကြီးက သင်ပေးပြီး သကာလ ခင်ဗျားတို့ကလဲ မဂ္ဂဗြဟ္မစရိယ အကျင့်နဲ့မှဖြတ်ခြင်း တောက်ခြင်း အလုပ်ကို မလုပ်တော့ပါဘူး ဆိုရင် နောက်ခန္ဓာတွေ ဆက်ဆက် ရနေလို့ရှိရင် မျှော်လင့်ချက်မရှိဘူး (မှန်ပါ့) ရှိပါ့မလား (မရှိပါ ဘုရား)။

ဒကာ ဒကာမတို့ နောက်ခန္ဓာသည်ကား လို့ ဆိုရင် ကြောက်စရာအကောင်းဆုံးခန္ဓာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီကနေ့ကစပြီး သကာလ မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ကြပါ (မှန်ပါ့) မဂ္ဂဗြဟ္မစရိယအကျင့်မှာ ခေါင်းဆောင်နေတာက သမ္မာဒိဋ္ဌိ၊ သဘောကျပလား (ကျပါပြီ ဘုရား) လူတိုင်းလိုနေတာက မိစ္ဆာဒိဋ္ဌိ (မှန်ပါ့)။

လူတိုင်းလိုနေတာက (မိစ္ဆာဒိဋ္ဌိပါ) မဂ္ဂဗြဟ္မစရိယအကျင့်မှာ ခေါင်းဆောင်နေတာက (သမ္မာဒိဋ္ဌိပါ ဘုရား) ဒါဖြင့် မိစ္ဆာဒိဋ္ဌိက အမိုက်တရား (မှန်ပါ့) သမ္မာဒိဋ္ဌိက ပညာရှိတရား (မှန်ပါ့)။

ဒီတော့ ဒကာ ဒကာမတို့ အသေဝနာစ ဗာလာနံကို ပယ်ပြီး ပဏ္ဍိတာနဉ္စ သေဝနာလုပ်ရလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မိစ္ဆာဒိဋ္ဌိဟာ အမိုက်ဆုံး

ပဏ္ဍိတဖြစ်တဲ့ မဂ္ဂဗြဟ္မစရိယအကျင့်ဟာ ဒကာ ဒကာမတွေ ဝမ်းထဲရောက်ပါစေ (မှန်ပါ့) ငါ့ပစ္စည်း၊ ငါ့ဟာဖြစ်လို့ဆိုတဲ့ မိစ္ဆာဒိဋ္ဌိတရားဟာ အင်မတန်မိုက်တဲ့တရား၊ အမိုက်တကာ့ အမိုက်ဆုံး မိစ္ဆာဒိဋ္ဌိဟာ အမိုက်ဆုံး၊ ပဉ္စနန္တရိယကံထက် မိုက်သေးတယ် (မှန်ပါ့)။

ပဉ္စနန္တရိယကံက အပြစ်ပေါ့လျော့သေးတယ်၊ သူကတော့အပြစ် အလွန်ကြီးတယ် (မှန်ပါ့) ဒါကြောင့် သူက ဗာလတရား (မှန်ပါ့) သမ္မာဒိဋ္ဌိက ပဏ္ဍိတ-တရား (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေ ဪ ကျုပ်တို့ ဘယ်သွားလိုက်ဦးမယ်၊ ဒီနေ့တော့ အရောင်းအဝယ် ကိစ္စကလေးက မပြီးပြတ်တာကလေးကလဲ ရှိနေသေးတယ်တဲ့ (မှန်ပါ့) ဘယ်တော့မှလဲ ပြီးပြတ်မည့် ကိစ္စမျိုးတွေလဲ မဟုတ်ပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မပြီးပြတ်တာ ရှိတယ်ဆိုတာ အထွက်ကောင်းအောင် လုပ်သွားတာ၊ ဘယ်တော့များ ပြီးပြတ်သတုံး မေးတော့ (မပြီးပြတ်ပါ ဘုရား) ဘယ်တော့မှ မပြီးပြတ်ဘူး၊ ချိန်းထားတာပဲဗျ၊ ဒီကုန် ကုန်မည့်ကြံရင် ဟိုကုန် ဝယ်ထားပြီးပေါ့၊ ဘယ်တော့ပြီးပြတ်မှာတုံး (ဘယ်တော့မှ မပြီးပြတ်ပါ ဘုရား)။

အဲဒါ အထွက်ကောင်းအောင်ကျတော့ ဘယ့်နှယ်ဆိုသတုံး ဟာ ပြောဆိုထားတာကလေးက တန်းလန်းကလေးတွေ ဖြစ်တော့ ထွက်ရဦးမယ်ပေါ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဗာလကို မှီဝဲမိတာ

အဲဒါဟာ သူသည်ကား လို့ဆိုရင် ဘာကိုမှီဝဲတာတုံး ဆိုတော့ မိစ္ဆာဒိဋ္ဌိကို မှီဝဲတာ၊ ဗာလကို မှီဝဲမိတာ (မှန်ပါ့) ပုဂ္ဂိုလ်ကို မှီဝဲတာလားဆိုတော့ ဝမ်းထဲမှာ သူရောက်တဲ့အချိန်ကစပြီး အပြင်ထွက်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ မင်္ဂလသုတ်ကလဲ ခင်ဗျားတို့က သိထားတာက အသေဝနာစ ဗာလာနံ-ဒကာဝရဲ့သားကလေးဖြစ်စေ၊ ကိုမြရွှေရဲ့သားကလေးဖြစ်စေ၊ ကိုယ့်သားကလေးတွေ ဟိုကောင်ကြီးနဲ့မပေါင်းနဲ့ ဘုရားက ဟောထားတယ်၊ အသေဝနာစဗာလာနံ တဲ့၊ ဟိုကောင်ကြီးနဲ့ပေါင်းရင် မင်း-မိုက်တော့မှာပဲ (မှန်ပါ့)။

ဘယ်မှာတုန်းဗျ ကိုယ်က ပေါင်းနေတာက ဟိုကောင်ကြီးထက်ဆိုးတဲ့လူနဲ့ပေါင်းနေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူနဲ့ပေါင်းနေသတုံး (ဟိုကောင်ကြီးထက်ဆိုးတာထက် ပေါင်းနေပါတယ်) ဟိုကောင်ကြီး ထက်ဆိုးတာနဲ့ ပေါင်းနေတယ်၊ မိစ္ဆာဒိဋ္ဌိက ဒကာ ဒကာမတို့ ငါ့ကိုယ်၊ ငါ့ဟာ ဖြစ်ဖို့၊ ငါ့ကြီးပွားဖို့၊ ငါ့သား၊ ငါ့သမီး ဖောဖောသီသီစားဖို့သောက်ဖို့၊ လူချင်းတူတူ သူချင်းမျှမျှဝတ်ဖို့ အဲ့ဒါကြောင့် ငါသွားရမယ်ဆိုပြီး သကာလ ဗာလဝင်လာလို့ ထွက်သွားရတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပဏ္ဍိတဝင်လာတဲ့အခါကျတော့

ပဏ္ဍိတဝင်လာတဲ့အခါကျတော့ ဒီအလုပ်ကလေးလဲ လုပ်လိုက်ဦးမယ်လေ သံသရာပြတ်တဲ့အလုပ်ကလေး၊ ဒီလိုမလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့အိမ်က ထွက်လို့ရှိရင်ဖြင့် ဪ ဒါသည် ဘယ်သူဝင်လာပါလိမ့်၊ ဘယ်သူ့ကိုမှီဝဲမိပါလိမ့်မတုံးဆိုတာ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

အသေဝနာစ ဗာလာနံကို ပြောင်းပြန်ဖြစ်ပြီး သေဝနာစ ဗာလာနံ မှီဝဲမိတာ (မှန်ပါ့) ဗာလာနံ = မိုက်တဲ့မိစ္ဆာဒိဋ္ဌိအသင်းအပင်း တရားအစုတို့ကို၊ သေဝနာစ = မှီဝဲ ဆည်းကပ်ရခြင်းသည်လည်းကောင်း (မှန်ပါ့)။

မိုက်တဲ့တရားကို ဘာလုပ်သလဲ (မှီဝဲ ဆည်းကပ်ပါတယ် ဘုရား) မှီဝဲဆည်းကပ်လိုက်တာနဲ့ သူရောက်လာတဲ့ အချိန်က စပြီး သကာလ ခင်ဗျားတို့အငြိမ်နေလို့ရသေးရဲ့လား (မရပါ ဘုရား)။

ဘယ်သူ့ကို မှီဝဲဆည်းကပ်မိလို့ပါလိမ့် (ဗာလကို မှီဝဲဆည်းကပ်မိလို့ပါ) ဘုရားပွင့်ရင် သွားချင်မှတောင် ခင်ဗျားတို့သွားမယ်၊ သူရောက်လာရင်တော့ ဒကာ ဒကာမတွေ အထုပ်ပြင်လို့ ဖီးကာလိမ်းကာနဲ့ မသွားကြဘူးလား (သွားပါတယ် ဘုရား) ဒါ-ဘာဝင်လာလို့ပါလိမ့် (ဗာလ ဝင်လာလို့ပါ ဘုရား)။

ဗာလဝင်လာတယ်ဆိုတာ တခြားက တစိမ်းလူမိုက် ဝင်လာတာလား၊ မမှီဝဲထိုက်တာ မှီဝဲတဲ့တရား ဝင်လာတာလား (မမှီဝဲထိုက်တာ မှီဝဲတဲ့တရား ဝင်လာတာပါ ဘုရား)။

မိုက်တတ်တဲ့တရားကို မမှီဝဲရဘူးလို့

အဲဒီတော့ ခင်ဗျားတို့ မင်္ဂလသုတ်တော်က ဆိုထားတာကို သေသေချာချာမှတ်ကြပါ၊ “အသေဝနာစ ဗာလာနံ” ဗာလာနံ=လူမိုက်ကို (ဝါ) မိုက်တတ်တဲ့တရားကို၊ အသေဝနာစ = မမှီဝဲရခြင်းသည် လည်းကောင်း ဆိုတော့ မိုက်တတ်တဲ့တရားကို မမှီဝဲရဘူး (မှန်ပါ့)။

ဘာလုပ်ရမတုံး (မိုက်တတ်တဲ့တရားကို မမှီဝဲရပါ ဘုရား) ဟိုပုဂ္ဂိုလ်က တခါတလေ လိမ္မာချင် လိမ္မာသေးတယ်၊ ငါမိုက်တယ်ဆိုပေမယ့် ငါဒီဥစ္စာတော့ မလုပ်ဘူးကွ-လာသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုရားက လူမိုက်ကို မမှီဝဲနဲ့ဆိုတာ ပုဂ္ဂိုလ်ကိုတင်စားဟောတာ၊ စင်စစ်တော့ မိုက်တဲ့တရားပါ မမှီဝဲရင် ပိုကောင်းပါတယ် (မှန်ပါ့) ဒါ့ကြောင့် ခင်ဗျားတို့သန္တာန်မှာ မိစ္ဆာဒိဋ္ဌိ မမှီဝဲရင် မမှီဝဲပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သမ္မာဒိဋ္ဌိကို မှီဝဲပါ

ပဏ္ဍိတာနဉ္စ သေဝနာဆိုတာလဲ သမ္မာဒိဋ္ဌိကို မှီဝဲစမ်းပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သမ္မာဒိဋ္ဌိမှီဝဲတော့ ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိံ ဘာဝေဟိ သမ္မာဒိဋ္ဌိကို မှီဝဲပါ၊ ပွားများပါလို့ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ချမ်းသာချင်ရင် သူနဲ့အလုပ်-လုပ်၊ ဆင်းရဲချင်ရင် ခုနင်က မိစ္ဆာဒိဋ္ဌိကို လက်ခံ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အသေဝနာစ ဗာလာနံ-ဆိုတာ ရှင်းပါရဲ့လား (ရှင်းပါတယ် ဘုရား) မိစ္ဆာဒိဋ္ဌိဝမ်းထဲမှာ လက်ခံတာသည် ဒကာ ဒကာမတို့ မမှီဝဲကောင်းတာ မှီဝဲတာပဲ (မှန်ပါ့) မိုက်တတ်တဲ့တရားကို မှီဝဲလက်ခံတာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပဏ္ဍိတာနဉ္စ သေဝနာဆိုတာ မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တဲ့အချိန်ကိုဆိုတာ (မှန်ပါ့) သမ္မာဒိဋ္ဌိ ခေါင်းဆောင်တဲ့အခါဆိုတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မယုံရင် စဉ်းစားကြည့်ပါ တဲ့၊ အခု ဘုန်းကြီးပြောတဲ့ဥစ္စာကို၊ ပူဇာစ ပူဇနေယျာနံ-ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်တဲ့အချိန်ကစပြီး အလေးပြုပူဇော်စရာကို ရှာလိုက်တာ နတ်ပြည်မှာလဲ မတွေ့ဘူး (မှန်ပါ့) ငါသိတဲ့တရားပဲ အလေးပြုမှပဲဆိုပြီး လောကုတ္တရာ တရားကိုပဲ အလေးဂရုပြုနေတယ်၊ အဲဒါ ပူဇာစ ပူဇနေယျာနံဆိုတာနဲ့ကိုက်ပလား (ကိုက်ပါပြီ ဘုရား)။

လောကုတ္တရာတရားကို အလေးအမြတ် ပြုမှပဲတဲ့

ဦးဘတင်တို့ ဒီဥစ္စာ သိပ်အရေးကြီးတယ်နော် (မှန်ပါ့) ပူဇာစ ပူဇနေယျာနံ-ပူဇော်ထိုက်တာကို ပူဇော်ရမယ် ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သုံးဆယ့်တစ်ဘုံကို ရှာကြည့်တာ ငါ့ထက် သီလလွန်တဲ့ပုဂ္ဂိုလ် ရှိသေးလား (မရှိပါ ဘုရား) ငါ့ထက် သီလသမာဓိလွန်တဲ့ပုဂ္ဂိုလ် (မရှိပါ ဘုရား) ငါ့ထက် ပညာလွန်တဲ့ပုဂ္ဂိုလ် (မရှိပါ ဘုရား)။

မရှိဘူးဆိုတော့ ငါဟာ ဘာကိုပူဇော်အလေးပြုနေရပါ့မတုံးဆိုတော့ ငါဟာ တရားကြောင့် ဘုရားဖြစ်လာတဲ့ လောကုတ္တရာတရားကို အလေးအမြတ် ပြုမှပဲတဲ့ (မှန်ပါ့) သမ္မာဒိဋ္ဌိကို ဝမ်းထဲမှာထားတယ်၊ ဒါနဲ့ပဲ ဖြစ်ပျက်ရှုနေတယ်၊ နိဗ္ဗာန်ကို အာရုံပြုနေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဟာ မြတ်စွာဘုရားသည်ပင် ပူဇာစ ပူဇနေယျာနံ လုပ်နေတာမဟုတ်လား (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့လုပ်ပုံနဲ့ ပူဇာစ ပူဇနေယျာနံ ဆိုတာနဲ့ အတော်ကွာနေတယ် (မှန်ပါ့) ခင်ဗျားတို့ကလဲ ငါ့ကိုယ်၊ ငါ့ဟာဖြစ်ဖို့ သိပ်အရေးကြီးနေတယ် (မှန်ပါ့)။

ဘာအရေးကြီးနေကြပါလိမ့် (ငါ့ကိုယ်၊ ငါ့ဟာဖြစ်ဖို့အရေးကြီးနေပါတယ်) ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ပစ္စည်းဖြစ်ဖို့ အရေးကြီးနေတော့ ခင်ဗျားတို့က မပူဇော်ထိုက်တာကို ပူဇော်နေတယ် (မှန်ပါ့)။

ဘယ်လောက်ထိအောင် ပူဇော်တယ်ဆိုတာ ဘုန်းကြီးရှင်းပြပါ့မယ် ဪ ဒီနေ့ ကိုယ်စွမ်းရည်နဲ့ ကိုယ်သွားမိပေလို့ ဒီနေ့ ဒီအမြတ်အစွန်းကလေး ရလာတယ်၊ တော်-တော်သေးရဲ့တဲ့ ပူဇော်သကိုးဗျ (မှန်ပါ့)။

ကိုယ့်စွမ်းရည်နဲ့ကိုယ် ဒီနေ့ သွားလိုက်တဲ့အတွက် ငါ-ဝင်ပြောလိုက်တဲ့အတွက် ဒီအမြတ်အစွန်းကလေးဟာ ပိုထွက်လာခဲ့တယ်၊ ငါသွားမိလို့ပေါ့ မသွားမိလို့ရှိရင် ဒီဖောက်သည်ဟာ လွဲသွားမှာပေ့ါ အစရှိသည်နဲ့ တခါတည်း မိစ္ဆာဒိဋ္ဌိကို တော်-တော်သေးရဲ့ဆိုပြီး ပူဇော်ချလိုက်တယ် (မှန်ပါ့)။

ဒါဖြင့် ပူဇာစ ပူဇနေယျာနံ=ပူဇော်ထိုက်တာကို ပူဇော်တာကျသေးရဲ့လား (မကျပါ ဘုရား) ခင်ဗျားတို့ တော်-တော်သေးရဲ့ဆိုတာ ဝမ်းသာတာပဲမဟုတ်လား (မှန်ပါ့) ဒီဟာကလေးဝင်လာလို့ တော်-တော်သေးရဲ့၊ ကျေးဇူးရှင်ပဲ၊ ဦးဘတင်-လာမလား (လာပါတယ် ဘုရား)။

ဘာကိုပူဇော်တာပါလိမ့် (မိစ္ဆာဒိဋ္ဌိကို ပူဇော်ပါတယ်) မိစ္ဆာဒိဋ္ဌိကို တော်-တော်သေးရဲ့၊ ဦးဘအုန်းတို့ တခါတလေများ သုံးစွဲလာလိုက်ကြတာ၊ ဒီနေ့သွားမိတာကလေးဟာ တော်ပဲတော်သေးရဲ့၊ ငါသွားမိလို့၊ ငါပြောမိလို့၊ သူတို့တခြားသောပုဂ္ဂိုလ်တွေနဲ့ လွှဲထားမိမယ်ဆိုလို့ရှိရင် ဂျွမ်းပြန်သွားမှာပေါ့ အစရှိသည်နဲ့ဒကာ ဒကာမတွေ စဉ်းစားကြည့် ပါတဲ့၊ ပူဇော်ထိုက်တာကို ပူဇော်တာလား၊ မပူဇော်ထိုက်တာကို ပူဇော်တာလား၊ (မပူဇော်ထိုက်တာကို ပူဇော်တာပါ ဘုရား)။

မိစ္ဆာဒိဋ္ဌိ ပူဇော်ထွက်ကြတာ

ဒါဖြင့် ခင်ဗျားတို့ နေ့တိုင်းအရောင်းအဝယ်ထွက်ကြတာ ဘာပူဇော်ကြတာပါလိမ့် (မပူဇော်ထိုက်တာကို ပူဇော်တာပါ ဘုရား) မိစ္ဆာဒိဋ္ဌိ ပူဇော်ထွက်ကြတာ (မှန်ပါ့)။

ဖြစ်မှဖြစ်ရပလေ ကြောက်စရာကောင်းလှချည့်လား ဒကာ ဒကာမတို့၊ သဘောပါကြရဲ့လား (ပါ-ပါတယ် ဘုရား) ဘုန်းကြီးက ဒို့ကိုချည့် စောင်းဟောနေတာပဲလို့များ ထင်သေးသလား (မထင်ပါ ဘုရား)။

ဒို့ကိုချည့် စောင်းဟောနေတယ်လို့ မထင်နဲ့၊ အားလုံးလိုလိုအပူဇော်က သေသေချာချာ လွဲနေတာ (မှန်ပါ့) မလွဲကြဘူးလား (လွဲပါတယ် ဘုရား)။

ဒါဖြင့် မပူဇော်ထိုက်တာကို (ပူဇော်နေပါတယ်) ပူဇော်ထိုက်တာကိုတော့ (မပူဇော်ပါ ဘုရား) ဒါဖြင့် ဧတံ မင်္ဂလ မုတ္တမံ မဖြစ်ဘူး (မှန်ပါ့) ဧတံ=ဤခင်ဗျားတို့ပူဇော်ထိုက်တာကိုတော့ မပူဇော်၊ မပူဇော်ထိုက်တာ ပူဇော်လို့ရှိရင်ဖြင့်၊ ဥတ္တမံ=မြတ်သော၊ မင်္ဂလံ=မင်္ဂလာမည်၏ဆိုတာ ဘယ်တော့မှမဖြစ်ဘူး (မှန်ပါ့) နိဗ္ဗာန် ဘယ်တော့မှ မရဘူးဆိုလိုတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဧတံ မင်္ဂလ မုတ္တမံ ဆိုတာ နိဗ္ဗာန်ကို အထွဋ်အထိပ်ထားပြီးဆိုတာ၊ မြတ်တဲ့မင်္ဂလာဆိုတာ နိဗ္ဗာန်ထက် ကြီးတဲ့ မြတ်တဲ့ မင်္ဂလာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

နိဗ္ဗာန်ဟာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့၊ အင်မတန် မင်္ဂလာရှိတဲ့တရားဆိုတာ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပူဇော်ပသ တာကလေးပြောင်းကြပါဦး

ကိုင်း ဒါဖြင့် ပူဇော်ပသ တာကလေးပြောင်းကြပါဦး (မှန်ပါ့)။

ဘာဟောလိမ့် (ပူဇော်ပသတာကလေး ပြောင်းကြပါဦး) မိစ္ဆာဒိဋ္ဌိကို (မပူဇော်ရပါ ဘုရား) သမ္မာဒိဋ္ဌိကို (ပူဇော်ရပါမယ် ဘုရား) မိစ္ဆာဒိဋ္ဌိကို မမှီဝဲပါနဲ့၊ သမ္မာဒိဋ္ဌိကို မှီဝဲပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဗာလပဏ္ဍိသုတ်ကလာတဲ့ ခင်ဗျားတို့ မင်္ဂလသုတ်က အစပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဗာလပဏ္ဍိတသုတ်တော်နဲ့ မင်္ဂလသုတ်တော်က အသေဝနာစဗာလာနံ ပဏ္ဍိတာနဉ္စ သေဝနာနဲ့ ဦးဘအုန်း တထပ်တည်းဟောတာ (မှန်ပါ့) ဦးဘတင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒီဟာ အင်မတန်အရေးကြီးတဲ့တရား အင်မတန်အရေးကြီးတဲ့နေရာမို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဗာလပဏ္ဍိတလို့ခွဲပြီး ဟောတာ (မှန်ပါ့)။

ခင်ဗျားတို့ ယူထားတာက ပုဂ္ဂိုလ်ကိုမပေါင်းနဲ့၊ မိုက်တဲ့ပုဂ္ဂိုလ်ကို မပေါင်းနဲ့၊ ပညာရှိတဲ့ပုဂ္ဂိုလ်ကို ပေါင်း၊ ဒို့မှာ ငယ်ရာကကြီးလာတာ၊ ဒို့မှာ လူပေါင်းကောင်းတော့ ဘယ့်နှယ်နေသတုံး စသည်နဲ့ ခင်ဗျားတို့က ပုဂ္ဂိုလ်လောက်ကိုသာ ထင်မှတ်နေတာ (မှန်ပါ့) စင်စစ်တော့ ပုဂ္ဂိုလ်ဆိုတာက သေသေချာချာရှာပါတဲ့ (မရှိပါ ဘုရား) မိုက်တာဟာ ပုဂ္ဂိုလ်က မိုက်တာလား၊ အတွင်းမှာကိန်းတဲ့တရားက မိုက်တာလား (အတွင်းမှာကိန်းတဲ့တရားက မိုက်တာပါ ဘုရား) အဲဒါကို မမှီဝဲနဲ့ပြောတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပုဂ္ဂိုလ်က လိမ္မာတာလား

လိမ္မာတာဟာ ပုဂ္ဂိုလ်က လိမ္မာတာလား၊ အတွင်းမှာကိန်းတဲ့တရားက လိမ္မာတာလား (ကိန်းတဲ့တရားက လိမ္မာတာပါ ဘုရား) အတွင်းက ကိန်းတဲ့ အောင်းတဲ့တရားက လိမ္မာတာ (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ အယူအဆတွေ ဦးဘတင် ဘယ့်နှယ်နေသတုံး (မှားပါတယ် ဘုရား) မှားတာကလဲ စဉ်တိုက်ဗျ (မှန်ပါ့) ကိုယ့်ဘိုးဘွားလဲ ဒါ-သင်တာပဲ၊ ကိုယ်ကျတော့လဲ ဒါပဲ တတ်တာပဲ (မှန်ပါ့) ကိုယ်ကသင်တဲ့သားသမီး ကျတော့လဲ (ဒါပဲ တတ်ပါတယ် ဘုရား)။

ဒါဖြင့် စင်စစ်ပုဂ္ဂိုလ်မိုက်တယ်လို့ ဆိုတဲ့ဥစ္စာ သေသေချာချာ အတွင်းရှာ၊ ကိုမြရွှေတို့ ပုဂ္ဂိုလ်ကျတော့ ဘယ်သူမှ မမိုက်ပါဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ယောကျ်ားက မိုက်တာလား- မိန်းမက မိုက်တာလား၊ ဝမ်းတွင်းကိန်းတဲ့တရားက မိုက်တာလား (ဝမ်းတွင်းကိန်းတဲ့ တရားက မိုက်တာပါ ဘုရား) ဒါဖြင့် အဲဒါကို မမှီဝဲနဲ့ (မှန်ပါ့) ဝမ်းတွင်းမှာ မှန်ကန်တဲ့သမ္မာဒိဋ္ဌိကို (မှီဝဲရပါမယ် ဘုရား) မိစ္ဆာဒိဋ္ဌိကို (မမှီဝဲရပါ ဘုရား)။

အဲဒီတော့ မိစ္ဆာဒိဋ္ဌိကို မမှီဝဲနဲ့၊ သမ္မာဒိဋ္ဌိကို မှီဝဲပါ-(မှန်ပါ့ ဘုရား) ဤကဲ့သို့ မှီဝဲမှန်တဲ့လူကျတော့ ဧတံ=ဤတရားသည်၊ ဥတ္တမံ=မြတ်သော၊ မင်္ဂလံ=နိဗ္ဗာန်ရောက်တဲ့ မင်္ဂလာမည်သည်၊ ဟောတိ=ဖြစ်၏၊ မဂ္ဂင်ရှစ်ပါးဟာ မင်္ဂလာပဲ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အပေါင်းအသင်း မလွဲပါစေနဲ့

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အပေါင်းအသင်း မလွဲပါစေနဲ့ (မှန်ပါ့) မိစ္ဆာဒိဋ္ဌိကို (မပေါင်းရပါ ဘုရား) သမ္မာဒိဋ္ဌိကို (ပေါင်းရပါမယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီအချိန်ဟာ မိစ္ဆာဒိဋ္ဌိက ဝင်လာပြီး သွားဟဲ့ လာဟဲ့လို့ တွန်းနေတာ ဘယ့်နှယ့်လုပ်ကြမလဲ၊ ကိုင်း မင်းတို့ မပေါင်းကောင်းဘူးကွ-မမှီဝဲရဘူးလို့ ဘုရားကဟောတယ်၊ အဲဒါကြောင့် မင်းသည် ငါတို့ကို အထဲကနေပြီး အသေကျဉ်းအောင် နှုတ်မလို့ မင်းလုပ်ပြန်ပြီ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အသိဉာဏ်ရှိတဲ့ နေချိန်ကလေးထဲမှာ အသေကျဉ်းအောင်လုပ်မလို့ သူလာတာ (မှန်ပါ့) ခင်ဗျားတို့ အကျိုးရှိအောင်လာတာလား-အကျိုးမရှိအောင် လာတာလား (အကျိုးမရှိအောင်လာတာပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကို ခင်ဗျားတို့က ရှေးမူကြီးများ လုပ်ချင်သေးသလား (မလုပ်ချင်ပါ ဘုရား) လက်မောင်းကြီးပြုတ်သွားပြီလို့ ငိုများငိုချင်သေးလား (မငိုချင်ပါ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

မှီဝဲထိုက်တဲ့တရား

ဒါဖြင့် ဘုန်းကြီးတို့-ဒကာ ဒကာမတွေမှာ မှီဝဲထိုက်တဲ့တရားကိုလဲ ယနေ့ရှင်းပါတယ် (မှန်ပါ့) မမှီဝဲထိုက်တဲ့တရားကော (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ဘုရားကို နေယျတ္ထ ဒေသနာနည်းအားဖြင့် ပုဂ္ဂိုလ်ကိုဟောတာ (မှန်ပါ့) သေသေချာချာ စဉ်းစားတော့ ပုဂ္ဂိုလ်ဆိုတာ နဂိုရ်ကလဲမရှိပါဘူး (မှန်ပါ့) မရှိတဲ့တရားမို့ မိုက်စရာကော (မရှိပါ ဘုရား) ဓမ္မကဝင်ပြီး မိုက်တာဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူက ဝင်မိုက်တာတုံး (ဓမ္မက ဝင်မိုက်တာပါ ဘုရား) အဲဒါကို မမှီဝဲနဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ့ကြောင့် မိစ္ဆာဒိဋ္ဌိ ပဟာနာယ = မမှီဝဲနဲ့ကွ သူ့ကိုပယ်-သူ့ကိုပယ်၊ သမ္မာဒိဋ္ဌိကျတော့ ဘာဝေဟိ = သူ့ကိုတော့ ပွားများလို့ တိုက်ရိုက်ကို ဟောထားတာ (မှန်ပါ့) ခင်ဗျားတို့ကတော့ ပုဂ္ဂိုလ်ချည့်ယူထားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မဂ္ဂဗြဟ္မစရိယအကျင့်မှတပါး ပေါင်းသင်းစရာမရှိ

ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယအကျင့်မှတပါး ပေါင်းသင်းစရာမရှိပါဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့တရားဆုံးတော့ မဆုံးဘူးပေါ့ဗျာ အလာမှာဘယ့်နှယ်နေကြသလဲ (တူပါတယ် ဘုရား) လူမိုက်နဲ့လူလိမ္မာတူတယ်နော် (မှန်ပါ့) အနေမှာတော့ ဘာတဲ့ (ထူးပါတယ် ဘုရား) အနေမှာ ထူးခြားရမယ် (မှန်ပါ့)။

ဘယ်လိုထူးခြားရမတုံး အပေါင်းအသင်းမလွဲဖို့ (မှန်ပါ့ ဘုရား)။

ဒါမှသာလျှင် အသေမှာ ဘာဖြစ်မတုံး (ထူးပါမယ် ဘုရား) အသေခြားနားမယ်ဆိုတာ ကောင်းကောင်း သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အလုပ်-လုပ်မှ ကိစ္စပြီးမယ် (မှန်ပါ့) အလုပ်မလုပ်လို့ရှိရင် (ကိစ္စမပြီးပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ နက်ဖြန်မှ အလုပ်သင်မယ်။

သာဓု သာဓု သာဓု။