ဘုရားက အလေးပြုရသည့်အရာ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြား ဆုံးမတော်မူသော
”ဘုရားက အလေးပြုရသည့်အရာ”
နေ့အလုပ်ပေးတရားတော်
(၄-၁-၆၀)
အလေးပြုစရာ အားထားစရာ
မနေ့ကအဆက်ကို ဒကာ ဒကာမတွေ နားထောင်ရမှာပဲ (မှန်ပါ့) သို့ရာတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားတာကလေး နည်းနည်းကလေး ရှေ့ပိုင်းမှာ ဒကာ ဒကာမတွေ မှတ်စေချင်တယ် (မှန်ပါ့)။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘုရားဖြစ်ပြီးစ အဇပါလ ညောင်ပင်မှာ သီတင်းသုံး နေတဲ့အခါမှာ စိတ်ကူး ပေါ်ပေါက် လာတော်မူတယ်၊ ဘယ်လိုစိတ်ကူး ပေါ်ပေါက်လာပါလိမ့်မလဲ ဆိုတော့ ဒကာ ဒကာမတွေ သူ-အကြီးဆုံး ကိုယ်တော်မြတ်ကြီး ဖြစ်ပြီး သကာလ လောကကြီးထဲမှာ အလေးပြုစရာ အားထားစရာမရှိလို့ရှိရင်ဖြင့် မသင့်လျော်ဘူးလို့ စိတ်ထဲမှာ အောက်မေ့တယ် (မှန်ပါ့)။
ငါသည် အလေးပြုစရာ၊ အားထားစရာမရှိပဲ နေခဲ့သော် မတော်ဘူးလို့ သူ့စိတ်ထဲမှာ အောက်မေ့တယ် (မှန်ပါ့) မတော်တော့ အလေးပြုစရာရှာရမှာပေါ့ဗျာ (မှန်ပါ့)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏အလေးပြုရာ အားထားရာရှာပုံကို သတိထားကြပါ (မှန်ပါ့)။
လေးချက်တွေးလိုက်တယ်
ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတွေးလိုက်တယ်၊ ငါသည် ကိုးစားစရာ၊ အားထားစရာ မရှိပဲနေလို့တော့ မတော်ဘူး (မှန်ပါ့) ကိုးစားစရာ၊ အားထားရာကို ရှာမှပဲဆိုပြီး သကာလ လောကကြီးထဲမှာဖြင့် ငါ့ထက် သီလသာလို့ရှိရင်လဲ ဒီပုဂ္ဂိုလ်ကို ငါ-အားထားပြီးနေရမယ်၊ ငါ့ထက် သမာဓိသာတဲ့ ပုဂ္ဂိုလ် ရှိလို့ရှိရင်လဲ သူ့ဆီကသမာဓိကို ဖြည့်စွက်ယူပြီး သကာလ ငါ့သမာဓိပြည့်သည်ထက်ပြည့်အောင် ငါ-ယူမယ်၊ ငါ့ထက် ပညာသာတဲ့ပုဂ္ဂိုလ် ရှိလို့ရှိရင်လဲ အလေးပြုပြီး ငါနေမယ်၊ ငါ့ထက် အရဟတ္တဖိုလ် ဝိမုတ္တိကြီးတဲ့ပုဂ္ဂိုလ်ရှိလို့ရှိရင်လဲ အလေးပြုပြီး ငါနေမယ်ဆိုပြီး လေးချက်တွေးလိုက်တယ် (မှန်ပါ့)။
လေးချက်က သူ့ထက် သီလသာရင်လဲ အလေးပြုမယ်ပေါ့ဗျာ (မှန်ပါ့) သူ့ထက်သမာဓိသာရင်ကော (အလေးပြုပါမယ်) ဘုရားက အလေးပြုဆည်းကပ်မှာနော် (မှန်ပါ့) သူ့ထက်ပညာသာရင်လဲ ဘာတုံး (အလေးပြု ဆည်းကပ်ပါ့မယ်) သူ့ထက် ဝိမုတ္တိဆိုတဲ့ အရဟတ္တဖိုလ်သာရင်ကော (အလေးပြု ဆည်းကပ်ပါ့မယ် ဘုရား)။
အလေးပြု ဆည်းကပ်မယ်လို့ ဒကာ ဒကာမတို့ မြတ်စွာဘုရားဟာ ဘုရားဖြစ်ကာစ ရှိသေးတယ်၊ အလေးပြု ဆည်းကပ်စရာမရှိလို့ရှိရင် မတော်ဘူး၊ ပြုစရာရှိမှ တော်မယ်ဆိုတဲ့စိတ်ပေါ်ပြီး သကာလ နေတော့ လေးမျိုး ရွေးခြယ်လိုက်တယ်နော် (မှန်ပါ့)။
သူ့ထက် သီလသာရင်လဲ အလေးပြုမယ်၊ သူ့ထက်သမာဓိသာရင်လဲ (အလေးပြုဆည်းကပ်ပါ့မယ်) သူ့ထက် ပညာသာရင်ကော (အလေးပြုဆည်းကပ်ပါ့မယ်) သူ့ထက် ဝိမုတ္တိဆိုတဲ့ အရဟတ္တဖိုလ်တွေ သာရင်ကော (အလေးပြုဆည်းကပ်ပ့ါမယ် ဘုရား)။
တယောက်မျှ မတွေ့ဘူး
ဒီလိုစိတ်ကူးပြီး သီလကစပြီး သကာလ ငါ့ထက်သီလသာတဲ့ပုဂ္ဂိုလ်ကို ငါ-သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ကြည့်မယ်ဆိုပြီး လူ့လောက၊ နတ်လောက၊ ဗြဟ္မာလောကတွေကို ဒကာကြွယ်-ကြည့်လိုက်တယ်နော် (မှန်ပါ့) သူ့ထက် သီလသာတဲ့ပုဂ္ဂိုလ် တယောက်မျှ မတွေ့ဘူး (မှန်ပါ့)။
ဪ ဒါဖြင့် သီလသာတဲ့ပုဂ္ဂိုလ် တယောက်မျှ မတွေ့လို့ရှိရင်ဖြင့် ရှိပါစေတော့၊ သီလဘက်ဖြင့် ငါ့ထက်သာတဲ့ပုဂ္ဂိုလ်မရှိလို့ အလေးပြု ဆည်းကပ်ရမည့်ပုဂ္ဂိုလ်ကဖြင့် မဲ့ပေါ့၊ သမာဓိသာတဲ့ပုဂ္ဂိုလ် ရှာဦးမယ်ဆိုပြီး ဒကာသစ်-ရှာပြန်တယ် (မှန်ပါ့) သမာဓိသာတဲ့ပုဂ္ဂိုလ် ရှာပြန်တော့လဲ လူ့လောက၊ နတ်လောက၊ ဗြဟ္မာလောကထဲမှာ တယောက်မှ မတွေ့ဘူး (မှန်ပါ့)။
ဒါနဲ့ တခါဆက်ပြီး သကာလ သူ့ထက်ပညာသာတဲ့ပုဂ္ဂိုလ်တွေ့လို့ရှိရင်လဲ အလေးပြုမဟ ဆည်းကပ်မဟ ဆိုပြီး ဒကာသစ်-ရှာလိုက်ပြန်လဲ မတွေ့ဘူး (မှန်လှပါ)။
အရဟတ္တဖိုလ် ဝိမုတ္တိရတဲ့အထဲမှာ သူ့ထက်သာတဲ့ပုဂ္ဂိုလ်ရှာပြီး သကာလ အလေးပြုဆည်းကပ်မယ်ဆိုပြီး သကာလ ရှာပြန်တော့လဲ သူရထားတဲ့အရဟတ္တဖိုလ်ထက်သာတဲ့ ပုဂ္ဂိုလ်ကိုမတွေ့ဘူး (မှန်ပါ့)။
ဘာကို ကိုးကွယ်ရပါမလဲ
ရှာလို့မတွေ့တော့ ဪ အလေးပြု ဆည်းကပ်ရမည့်ပုဂ္ဂိုလ်မဲ့ ဖြစ်နေပါပေါ့လား ငါ့ထက်သာတဲ့ ပုဂ္ဂိုလ်အနေဖြင့် သီလအားဖြင့်လဲမရှိ၊ သမာဓိအားဖြင့်လဲမရှိ၊ ပညာအားဖြင့်လဲမရှိ၊ ဝိမုတ္တိအားဖြင့်လဲမရှိဘဲ ဖြစ်ပြီး သကာလ နေတော့ ကိုးကွယ်ရာဖြင့် မဲ့နေပြီ၊ ဘာကို ကိုးကွယ်ရပါမလဲလို့ စဉ်းစားလိုက်ပြန်တယ် (မှန်ပါ့)။
အခုလေးမျိုးတော့ဖြင့် ရှာမတွေ့ဘူးပေါ့ဗျာ (မှန်ပါ့) ဒါနဲ့ ဘုရားသခင်ကိုယတော်မြတ်ကြီးက အဇပါလ ညောင်ပင်ရင်းမှာ ဪ ငါသည် ဘယ့်နှယ်ကြောင့် အလုံးစုံသိတဲ့ ဘုရားအဖြစ်သို့ ရောက်လာပါလိမ့်မတုံးဆိုတော့ တရားကြောင့် ဘုရားဖြစ်လာတာကိုး လို့တွေးမိတယ် (မှန်ပါ့) ဘယ်လိုတွေးမိပါလိမ့် (တရားကြောင့် ဘုရားဖြစ်လာတာပါ ဘုရား)။
တရားပဲအလေးပြုကိုးကွယ်ဆည်းကပ်
အဲဒီလို တရားကြောင့်ဖြစ်လာတယ်လို့တွေးမိတော့ တရားပဲအလေးပြုကိုးကွယ်ဆည်းကပ်မှ တော်တော့မယ်ဆိုပြီး ဒီဉာဏ်တော်ပေါ်လာတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သူ့ထက် သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိသာတဲ့ ပုဂ္ဂိုလ်မရှိပဲ နေပြန်တော့ အလေးပြုစရာမဲ့နေခြင်းဖြင့် မတော်ဘူးလို့ သူ့စိတ်ထဲမှာနေသောကြောင့် အလေးပြုပြီးနေစရာရှာလိုက်တဲ့အခါ တရားကြောင့် ဘုရားဖြစ်လာသောကြောင့် မိမိ သိရှိတော်မူတဲ့တရားကိုပဲ နှလုံးသွင်းပြီး သကာလ နေဖို့ပဲ ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့)။
ဒီဟာက ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ ဒီတရားဟောပါလိမ့်မလဲလို့ မေးလို့ရှိရင် ဒကာ ဒကာမတို့ ဘုရားအလေးပြုတာသည် ဘုရားအဓိကထားတာသည် တရားကိုအဓိကထားသောကြောင့် ခင်ဗျားတို့မှာ ဘယ်အချိန်၊ ဘယ်နာရီ ဘယ်စက္ကန့်မဆို တရားပဲနှလုံးသွင်းကြပါ (မှန်ပါ့) သဘောပါ ကြပလား (ပါ-ပါပြီ ဘုရား)။
ဘာကို နှလုံးသွင်းရမလဲ (တရားကို နှလုံးသွင်းရပါမယ် ဘုရား) တရားကို ကိုးကွယ်၊ တရားကို နှလုံးသွင်းရမယ် ဆိုတဲ့အဓိပ္ပာယ် ပါသွားပြီ (မှန်ပါ့)။
သဟမ္ပတိဗြဟ္မာကြီး
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တရားပဲ အလေးပြုမှပဲ၊ တရားပဲ အားထားမှပဲ ဆိုပြီး သကာလ ဆုံးဖြတ်ချက်လဲ ချပါရော ရှေးဘုရားတွေကိုမှီတဲ့ သဟမ္ပတိဗြဟ္မာကြီးဆိုတာ ဒကာသစ်ကြားဖူးပါလိမ့်မယ် (မှန်ပါ့)။
ရှေးဘုရားတွေကိုမှီတဲ့သဟမ္ပတိဗြဟ္မာကြီးကကွေးတဲ့လက်ဆန့်သလောက်နဲ့ အဇပါလညောင်ပင်ရင်းမှာ လက်ဝဲဘက်ပုခုံးပေါ်မှာ တဘက်တင်ပြီး သကာလ ဝတ်ချရှိခိုးပြီး အရှင်ဘုရား အရှင်ဘုရားတွေးလုံးဟာသိပ်မှန်ပါတယ် ဘုရား တဲ့၊ ဘုရားစိတ်တော်ကိုသိတာကိုး (မှန်လှပါ ဘုရား)။
အရှင်ဘုရားတွေးလုံးဟာ သိပ်မှန်ပါတယ်ဘုရား တဲ့၊ လွန်ခဲ့တဲ့ ဘုရားမြတ်စွာတွေကိုလဲ တပည့်တော် မှီလိုက်ပါတယ် (မှန်ပါ့)။
ရှေးဘုရားတွေလဲ ဒီလိုတွေးပြီး သကာလ သူတို့ထက် သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိသာတဲ့ပုဂ္ဂိုလ် ရှာကြပါတယ်၊ မတွေ့ကြတာနဲ့ ဒီတရားကိုပဲ အလေးပြုကြတယ်ဆိုတဲ့ဥစ္စာ လွန်ပြီးခဲ့တဲ့ အတိတ် မြတ်စွာဘုရား တွေဟာလဲ ဒီအတိုင်းပါပဲ ဘုရား တဲ့ (မှန်ပါ့ ဘုရား)။
ဒါတွင်မှ မကသေးပါဘူး၊ တပည့်တော် ဉာဏ်မှီသလောက်လျှောက်ရလို့ရှိရင် အနာဂတ်ဘုရားတွေလဲ တရားပဲ အလေးပြုနေကြပါလိမ့်မယ်တဲ့ (မှန်ပါ့)။
အရှင်ဘုရားလဲ တရားပဲ အလေးပြုနေတယ်ဆိုတာ တပည့်တော် ထောက်ခံချက်ပေးပါတယ် (မှန်ပါ့ ဘုရား) ဒါပဲ အလေးပြုထိုက်တယ်ဆိုတာ ထောက်ခံချက်ပေးပါတယ် (မှန်ပါ့ ဘုရား)။
ကြည့်စမ်း ဒကာ ဒကာမတို့ ဘုရားနှစ်ဆူ သုံးဆူမှီတဲ့ သဟမ္ပတိဗြဟ္မာကြီးက ထောက်ခံချက် လာပေးတယ် (မှန်ပါ့ ဘုရား)။
တထပ်ထဲသွားကျတယ်
ဘုရားအကြံအစည်တော်နဲ့ ဒီက ထောက်ခံချက်ပေးတာနဲ့ ဒကာသစ် တထပ်ထဲသွားကျတယ် (မှန်ပါ့) မကျဘူးလား (ကျပါတယ် ဘုရား)။
တထပ်တည်းသွားကျတော့မှတရားပဲ ဆည်းကပ်အလေးပြုနေဖို့အရေးဟာ ငါ့အရေးပဲဆိုပြီး ဘယ်အချိန်မဆို မြတ်စွာဘုရားသည် တရားဟောစရာရှိရင်ဟော၊ ဟောပြီးရင် တခါတည်း ဖြစ်ပျက်တွေရှုပြီး ဖလသမာပတ်တွေဝင်စားတယ်၊ ဝင်စားပြီး နိဗ္ဗာန်အာရုံပြုနေလိုက်တာပဲ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ ပေါ့ပေါ့တန်တန်မနေပဲနဲ့ ဪ ငါ့မှာ ဘယ်သူ့အားကိုးနေရတယ် ဆိုတာက အားကိုးလုံးတွေကတော့ ဒီ့ပြင်အားကိုးလို့ရှိရင် ဖျပ်ကနဲ ဖျပ်ကနဲ ပျက်စီးသွားတယ် (မှန်ပါ့) သား၊ လင်၊ ခင်ပွန်း အားကိုးလိုက်ပြန်ကော (ဖျပ်ကနဲ ပျက်စီးပါတယ် ဘုရား) ဖျပ်ကနဲနာမှုကြီးက ဗိုင်းကနဲ လဲကျလိုက် (မှန်ပါ့) သေမှုကြီးက ဗိုင်းကနဲ လဲကျလိုက် (မှန်ပ့ါ)။
ဪ ဒါဖြင့် ဒို့ ဘာကိုအားကိုးရပါမလဲလို့ ဒကာ ဒကာမတွေ ရှာလို့ရှိရင်လဲ ဖြစ်ပျက်မြင်တဲ့ဉာဏ်ကိုပဲ အားကိုးကြ (မှန်ပ့ါ) ဖြစ်ပျက်မုန်းတဲ့ဉာဏ်ကိုလဲ (အားကိုးရမှာပါ ဘုရား) ဖြစ်ပျက်အဆုံးရှိတဲ့နိဗ္ဗာန်ကို မြင်လို့ရှိရင် အဲဒါကို အားကိုးကြ (မှန်ပါ့)။
တရားကြောင့်ဘုရားဖြစ်လာတာ
အဲဒါပဲ အားကိုးရမယ်ဆိုတာ ဘယ်သူကနည်းပေးပါလိမ့်မတုံးမေးတော့ တရားကြောင့်ဘုရားဖြစ်လာတာ၊ တရားကြောင့်ဘုရားဖြစ်လာသောကြောင့် ဒကာ ဒကာမတို့ ဘုရားသည်တရားပဲ အားကိုးနေတော်မူတယ် (မှန်ပါ့)။
ဒါကြောင့် ခင်ဗျားတို့ တိုတိုနဲ့ရှင်းရှင်း ဒကာ ဒကာမတွေ အရင်းတွေမို့ပြောရလို့ရှိရင် ဒကာသစ် တခြားတော့ သွားအားမကိုးလိုက်နဲ့နော် (မှန်ပါ့)။
သမီးအားကိုးရင် သမီးကဖောက်ပြန်ပျက်စီးသွားပြန်လို့ရှိရင် မျက်ရည်နဲ့မျက်ခွက်ပဲ ကျန်ရစ်တယ် (မှန်ပါ့ ဘုရား) ရွှေကလေး အားကိုးထားတာ ရွှေကလေးက ပျောက်ပျက်ဆုံးပါးသွားမယ်ဆိုရင်လဲ သွားပြန်တာပဲ (မှန်ပါ့) တိုက်ကလေး အားကိုးထားပြန်လဲ တိုက်က ရန်သူမျိုးငါးပါးကြောင့် ပျက်စီးသွားသတဲ့ ဆိုလို့ရှိရင်လဲ ဘာမှမတတ်နိုင်ဘူး (မှန်ပါ ဘုရား) ကား အားကိုးထားလို့လဲ ထို့အတူပဲ ပျက်စီးသွားနိုင်သဖြင့် မဖြစ်ဘူး (မှန်ပါ့) ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
ဘာအားကိုးကြမလဲ
အဲဒီတော့ ဘာအားကိုးကြမလဲ၊ ခန္ဓာကိုယ် အားကိုးရမှာကလဲ ခန္ဓာကိုယ်က ဘေးအမျိုးမျိုးနဲ့ တွေ့ကြုံနိုင်သဖြင့် ဘေးနဲ့တွေ့ကြုံလျှင် ဘယ့်နှယ်တုံး (အားကိုးလို့မဖြစ်ပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ဘာအားကိုးကြမှာတုံး (တရားပဲ အားကိုးရမှာပါ ဘုရား)။
အဲ တရားအားကိုးတော့မှ တရားကမှ ဒကာ ဒကာမတို့ မျက်ရည်ကြီးငယ်မကျစေတာ၊ ခန္ဓာအားကိုးလို့ရှိရင် ခန္ဓာအတွက်စိတ်ပျက်ပြီး ကျုပ်-ဒီအလုပ်ကြီးလုပ်ရမှာ စိတ်ပျက်လှချည်ရဲ့ဆိုပြီး မျက်ရည်ကြီးငယ်ကျတယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ အားကိုးရာအစစ်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ရွေးချယ်သလို ရွေးချယ်လိုက်တော့ ဪ ဘုရားဟောတဲ့အတိုင်း ဒို့ဆရာဘုန်းကြီး ဆုံးမထားတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်တဲ့ဉာဏ်ဟ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မုန်းတဲ့ဉာဏ်ဟ၊ အနိစ္စ၊ ဒုက္ခ မရှိပဲ အဆုံးဖြစ်တဲ့ နိဗ္ဗာန်မြင်တဲ့ဉာဏ်ဟ၊ ဒီဉာဏ်တွေသာလျှင်ငါတို့ အားထားရာ ကိုးစားရာဖြစ်ခဲ့လို့ရှိရင်ဖြင့် မျက်ရည်မျက်ခွက် ဇာတ်သိမ်းပါတယ် (မှန်ပ့ါ) ရင်ထုမနာဇာတ်လဲ (သိမ်းပါတယ် ဘုရား)။
ဒါ အားကိုးလွဲမှာစိုးလို့ ဒီဥစ္စာ ရှေ့ပိုင်းကနေ ထုတ်ပါတယ် (မှန်ပါ့)။
ဒကာကြွယ် ဒါဖြင့် ဘာအားကိုးတော့မယ် (တရားပဲအားကိုးပါတော့မယ် ဘုရား)။
တရားအားကိုးရမည့်အကြောင်းကို ဆရာဘုန်းကြီး ချဲ့ထွင်ပြီး သကာလ ပြောလိုက်လို့ရှိရင် ဒကာသစ် ပိုမိုပြီး သကာလ သဘောကျဖို့ရာ အချက်တွေရှိပါသေးတယ် (မှန်ပ့ါ)။
တရားပို့လိုက်လို့ ရောက်ရတာ
ဒကာသစ်တို့ အမိဝမ်းခေါင်းထဲ ရောက်ပြီး သကာလ ကိုယ်ကိုယ်တိုင် ခြေလျင်နဲ့ ကိုယ်ကိုယ်တိုင် လေယာဉ်နဲ့ ကိုယ်ကိုယ်တိုင် လှည်းနဲ့လာပြီး အမိဝမ်းခေါင်းထဲရောက်တာလား၊ တရားစီမံသလို တရားပို့လိုက်လို့ ရောက်ရတာလားလို့ ဆိုတာ အကဲခတ်ကြ (တရားစီမံသလို တရားပို့လိုက်လို့ ရောက်ရတာပါ ဘုရား)။
ဒါဖြင့် တရားစီမံသလိုခံရတော့ ကောင်းတဲ့တရား အားကိုးလိုက်လို့ရှိရင် ကောင်းတဲ့တရားစီမံသလိုခံရလိမ့်မယ် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ကျုပ်တို့က ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်တွေကို အားကိုးလိုက်လို့ရှိရင်ဖြင့် သူစီမံတာခံရလို့ရှိရင်ဖြင့် ကျုပ်တို့နိဗ္ဗာန်မှတပါး သွားစရာ၊ စွဲစရာ၊ ချော်စရာ၊ ချွတ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အားကိုးလွဲလို့ရှိရင်ဖြင့် အင်မတန် ကိုယ်ကျိုးနည်း လိမ့်မယ် (မှန်ပါ့) အားကိုးလွဲရင် (ကိုယ်ကျိုးနည်းမှာပါ ဘုရား)။
အဲဒါကြောင့် အခု မျက်ရည်ကျနေတဲ့ပုဂ္ဂိုလ်တွေ ရင်ထုနေရတဲ့ပုဂ္ဂိုလ်တွေ၊ နှလုံးမသာယာနေတဲ့ပုဂ္ဂိုလ်တွေ၊ အိပ်မပျော်စားမဝင်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဟာ ဒကာသစ်ရောအကဲခတ်တော့ ဘာလွဲတယ်ဆိုတာ ပေါ်လာလိမ့်မယ် (အားကိုးလွဲပါတယ် ဘုရား) သဘောကျကြပလား (ကျပါပြီ ဘုရား)။
အားကိုးလွဲပါတယ်
ဘယ့်နှယ်ဖြစ်သလဲ (အားကိုးလွဲပါတယ် ဘုရား) ကြောက်စရာကောင်းလိုက်တာ (မှန်ပါ့) ဪ ဒီလို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြားညွှန်ပြ ဆုံးမတော်မူတယ်၊ ငါ-အားကိုးမရှိလဲ မတော်ဘူး၊ ဘာအားကိုးရမလဲဆိုတော့လဲ မကိုးရဘူးလို့ ဘုရားကမဆိုလိုပါဘူး၊ အားကိုးတော့ မလွဲစေနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒကာ ဒကာမတွေ သတိပေးရတယ် (မှန်ပါ့)။
အခု အားကိုးလွဲတဲ့ပုဂ္ဂိုလ်တွေဟူသ၍ ဟိုအိမ်ကြည့်လိုက်လဲ မျက်ရည်နဲ့မျက်ခွက်၊ ဒီအိမ်ကြည့်လိုက်လဲ မျက်နှာညှိုးငယ်နဲ့ ဦးလှဘူးတို့ ဒကာသစ်တို့ ဘာဖြစ်နေကြပါလိမ့်မတုံးလို့ မေးလို့ရှိရင် မကြားဘူးလားလို့ သူတို့က ပြောမှာပဲ (မှန်ပါ့) ဘယ်သူ ဘာဖြစ်သွားလို့ပါတဲ့ (မှန်ပါ့) အဓိပ္ပာယ်က ဘယ်ရောက်သွားသတုံး (အားကိုးလွဲလို့ပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ဟိုအိမ်၊ ဒီအိမ်မှာ မျက်စိမျက်နှာ မကြည်မသာဖြစ်ပြီး သကာလ သုံးဆယ့်တစ်ဘုံ နတ်ဗြဟ္မာပြည်က စပြီး သကာလ မကြည်မသာဖြစ်တာတွေ၊ သောက၊ ပရိဒေဝတွေ မငြိမ်းတာသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ခုနင်က သတိပဋ္ဌာန်ရှုတဲ့ဉာဏ်တို့ ဖြစ်ပျက် အဆုံးမြင်တဲ့ဉာဏ်တွေကိုသာ အားကိုးထားမယ်ဆိုလို့ရှိရင်ဖြင့် ဒါတွေကတော့ဖြင့် နိဗ္ဗာန်အရောက်ပို့နေတဲ့အတွက် ပြုံးလို့ ရွှင်လို့ပေါ့ဗျာ ဒီလိုမနေရပေဘူးလား (နေရပါတယ် ဘုရား)။
အခု သုံးဆယ့်တစ်ဘုံသားတွေ ကြည့်လိုက်ပြီ ဆိုမှဖြင့် ဒကာသစ်ရေ ဘယ်အိမ်မှာဖြင့် သူတို့စီးပွားရေး ဖြောင့် နေတယ်၊ တအိမ်လုံး တပြုံးပြုံးနဲ့နေတယ်ဆိုပြီး တော်တော်ကြာ တအိမ်လုံး ရင်ထုမနာ ဖြစ်နေပြန်ပြီ (မှန်ပါ့) တောက်လျှောက်သွားတဲ့အိမ်ရယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။
အသုဘတွေကလဲ စုနေတာတမျိုး
မရှိပါဘူးတဲ့ အသုဘတွေကလဲ စုနေတာတမျိုး (မှန်ပါ့) ဝေဒနာသည်တွေ စုနေတာက (တမျိုးပါ ဘုရား) ဒုက္ခသစ္စာ တွေ စုနေတာက (တမျိုးပါ ဘုရား)။
အဲဒီတော့ ဒုက္ခသစ္စာက ဝိပရိဏာမ လက္ခဏ့ ဒုက္ခသစ္စံ ဆိုပြီး ဒုက္ခသစ္စာတွေက ဖောက်ပြလိုက်ပြန်တော့ ဒီလိုများ ဖြစ်လိမ့်မယ်မထင်ဘူး (မှန်ပါ့ ခင်ဗျားတို့ အသွားကလေ (မှန်ပါ့) အားကိုးလွဲတာတွေ အားကိုးလွဲတာတွေ (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့အားကိုးလွဲသလောက် အနှိပ်အစက်ခံရတာတော့ ဒကာကြွယ်-မရှိဘူးဗျ (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ပြောတဲ့တရားကို သေးသေးသိမ်သိမ်မမှတ်ပဲနဲ့ ဪ ဟိုအိမ်ကြည့်လိုက်လဲ အားကိုးလွဲလို့ ဒုက္ခရောက်နေပြီ၊ ဒီအိမ်ကြည့်လိုက်လဲ (အားကိုးလွဲလို့ ဒုက္ခ ရောက်နေပါတယ်) ကိုယ့်ကိုယ်ကြည့်လိုက်လဲ (အားကိုးလွဲလို့ ဒုက္ခရောက်နေပါတယ်)။
ကိုယ့်ကိုယ်ကလဲ လေးလုံးခြောက်ဘက်နဲ့ သွားဟဲ့-လာဟဲ့-လုပ်ဟဲ့-ကိုင်ဟဲ့နဲ့ဆိုလျက်သားနဲ့ ဗိုင်းကနဲ လဲလိုက်ပြန်တယ် (မှန်ပါ့) ဗိုင်းကနဲ သွက်ချာပါဒနဲ့ လဲလိုက်ပြန်တော့လဲ ငါ့အိမ် ငါမှမရှိရင် ခက်ရချေရဲ့ဆိုတဲ့ မျက်ရည်တွေက ထွက်လာတယ် (မှန်ပါ့) ဒါဘာဖြစ်တာပါလိမ့် (အားကိုးလွဲတာပါ ဘုရား)။
အားကိုးလွဲတာလောက် မျက်ရည်ထွက်ရတာမရှိ
ဪ ဒါဖြင့် ဒကာ ဒကာမတို့ အားကိုးလွဲတဲ့ အဖြစ်လောက် မျက်ရည်ထွက်ရတာဖြင့် မရှိတော့ပါဘူး (မှန်ပါ့)။
ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (အားကိုးလွဲတာလောက် မျက်ရည်ထွက်ရတာ မရှိပါ ဘုရား) အားကိုးလွဲတာထက် အမှားကြီးတာဖြင့် ရှိကြသေးရဲ့လား (မရှိပါ ဘုရား)။
အေး ဒါကြောင့် မျက်ရည် ဘယ်ကလာပါလိမ့် (အားကိုးလွဲကလာပါတယ် ဘုရား) အိပ်မပျော်တာက ဘယ်ကလာ ပါလိမ့် (အားကိုးလွဲကလာပါတယ်) ဆေးလိပ်သောက်လို့မှ အရသာမရှိတာ ဘယ်ကလာပါလိမ့် (အားကိုးလွဲကလာပါတယ် ဘုရား)။
အချိန်အရွယ်မရောက်ပဲနဲ့ အိုမင်းမစွမ်းဖြစ်ပြီး သကာလ မျက်နှာကြည့်လို့မှ မဖြစ်လောက်အောင် ညှိုးငယ်ပြီးများ ပိန်ခြောက်ပြီး သကာလ ၊ အသားစားလို့ အဆီစားလို့ အသားမဖြစ်ဆိုတာတွေဟာလဲ ဘယ်ကလာတာပါလိမ့် (အားကိုးလွဲက လာပါတယ် ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ အားကိုးမရှိပဲ သူ-မနေဘူးလို့ ဟောပါတယ် (မှန်ပါ့)။
အားကိုးအစစ် ရှာလိုက်တဲ့အခါ တရားကြောင့် ဘုရားဖြစ်လာတယ်၊ တရားပဲ နှလုံးသွင်းနေတော့မယ် ဆိုပြီးတော့လဲ အားကိုးတည့်သွားတယ် (မှန်ပါ့) မတည့်ဘူးလား (တည့်ပါတယ် ဘုရား)။
နိစ္စ နိဗ္ဗာန်၊ ဓုဝနိဗ္ဗာန်၊ သုခနိဗ္ဗာန်
ဒီမှာလဲ ဒကာ ဒကာမတို့ ကိုယ့်ဝိပဿနာတရားကလေးကို အားကိုးပြီး နိဗ္ဗာန်မြင်နိုင်တဲ့ဉာဏ် ရောက်ပြန်လို့ရှိရင် နိဗ္ဗာန်တည်း ဟူသော အဆုံးကို မြင်အောင် လုပ်နေလိုက်လို့ အားကိုးကလေး ထားလိုက်လို့ရှိရင်လဲ နိစ္စ နိဗ္ဗာန်၊ ဓုဝနိဗ္ဗာန်၊ သုခနိဗ္ဗာန် ဆိုတာကြောင့် သူကဖြင့် တိမ်းတယ်၊ စောင်းတယ်၊ ရွဲ့တယ်၊ လဲတယ်၊ ပြိုတယ်၊ ပျက်တယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဪ ဒါကြောင့် အားကိုးမလွဲကြစေနဲ့ဆိုတာကိုဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ သူကိုယ်တိုင် တွေးလုံးကမှန်တဲ့အပြင် သဟမ္ပတိဗြဟ္မာကြီးထောက်ခံချက်ပေးပြန်တော့ ပိုမိုပြီး သကာလ ဂရုစိုက်သင့်တယ် (မှန်ပါ့)။
အဲဒါကြောင့် ဒကာ ဒကာမတို့ တရားပဲ အားကိုးကြစို့ (မှန်ပါ့ ဘုရား) တရားဂုဏ်ကို အားကိုးပြီး သကာလ တရားနဲ့ပဲ ခင်ဗျားတို့အချိန်ကုန်ကြလို့ရှိရင်ဖြင့် အဘိဇ္ဇာ၊ ဒေါမနဿတွေလဲချုပ်ပါတယ် (မှန်ပါ့) သောက၊ ပရိဒေဝတွေကော (ချုပ်ပါတယ် ဘုရား) ဒုက္ခ၊ ဒေါမနဿတွေ (ချုပ်ပါတယ် ဘုရား)။
အေး ဒါကြောင့် သတိပဋ္ဌာန်ဝိပဿနာတရားကြီးမှတပါး ခင်ဗျားတို့ အဘိဇ္ဈ၊ ဒေါမနဿကို ကုန်စေနိုင်တဲ့ တရား မရှိ၊ ဒုက္ခ၊ ဒေါမနဿကိုလဲ ချုပ်စေနိုင်တဲ့တရားမရှိ၊ သောပရိဒေဝတို့ကို လွန်မြောက်စေတဲ့ တရားလဲ မရှိသောကြောင့် အားကိုးဖြင့် ယနေ့ကစပြီး သကာလ မလွဲအောင်လုပ်ပါ (မှန်ပါ့) လွဲရင် မျက်ရည်ထွက်ရလိမ့်မယ် (မှန်ပါ့) လွဲရင် အိပ်မပျော်ဖြစ်ရလိမ့်မယ် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီရုပ်နာမ်ကြီးကိုတောင် အားမကိုးလိုက်ပါနဲ့
ယုတ်စွအဆုံး ကိုယ့်ကိုယ်ဆိုတဲ့ဒီရုပ်နာမ်ကြီးကိုတောင် အားမကိုးလိုက်ပါနဲ့ (မှန်ပါ့ ဘုရား) အားကိုးရင် ရုပ်နာမ်ကြီးက ဗိုင်းကနဲသွက်ချာပါဒကိုင်၊ ဗိုင်းကနဲ မျက်စိနာလာတယ်၊ ဖြုတ်ကနဲကျလာတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား) သွားရင်းလာရင်းနဲ့ပဲ ခေါင်းခဲလာတယ် (မှန်ပါ့) သွားရင်းလာရင်းနဲ့ နှလုံးရောဂါ တဲ့၊ သွားရင်းလာရင်းနဲ့ သွေးတိုးတဲ့ (မှန်ပါ့ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါကြောင့် သူ့ကိုလဲ အားကိုးရမယ်လို့မဆိုပဲနဲ့ တခါတည်း ဖြစ်ပျက်မြင်တဲ့ဉာဏ်၊ ဖြစ်ပျက်မုန်းတဲ့ဉာဏ်၊ ဖြစ်ပျက် အဆုံးမြင်တဲ့ဉာဏ်၊ ဒီဉာဏ်တွေကို ဒကာ ဒကာမတို့ ကိုယ်ရရာကိုယ်အားကိုးကြပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အားကိုးရမည့်တရားကိုပဲ ပြပါတော့မယ် (မှန်ပါ့) ဒကာ ဒကာမတို့ အားကိုးလွဲရင် မျက်ရည်ပွဲနဲ့ နွှဲခဲ့ရတယ်နော် (မှန်ပါ့) ဒကာ ဒကာမတို့ အားကိုးလွဲရင် မျက်ရည်ပွဲနဲ့ နွှဲခဲ့ရတယ်နော် (မှန်ပါ့) အားကိုးမှန်လို့ရှိရင်ဖြင့် ပြုံးတဲ့ဉာဏ်ကလေးနဲ့နေကြရလိမ့်မယ် (မှန်ပါ့)။
အားကိုးမှန်ရင် (ပြုံးတဲ့ဉာဏ်ကလေးနဲ့ နေရမှာပါ ဘုရား)။
နှလုံးထဲ ငြိမ်းအေးခြင်း လက္ခဏာ
ဟဒယ သုသီတလ မဂ္ဂ ဒဿနေန-ဆိုတဲ့အတိုင်း နှလုံး၌ ငြိမ်းအေးခြင်းလက္ခဏာရှိတဲ့၊ မဂ္ဂသစ္စာလာမှ သန္တာပဌ -ငြိမ်းတယ်လို့ ဆိုထားတယ် (မှန်ပါ့) ဟဒယ သုသီတလမဂ္ဂ ဒဿနေန= နှလုံးထဲ ငြိမ်းအေးခြင်း လက္ခဏာရှိသော နိဗ္ဗာန် မြင်တဲ့ မဂ္ဂသစ္စာ ရမှသာလျှင်၊ သန္တာပဌော = မျက်ရည်ထွက်သည့် အပူဇာတ်တွေသည် ငြိမ်းသွား၏ (မှန်ပါ့)။
ဝိပဿနာမဂ်ဉာဏ်ရမှ ငြိမ်းမတဲ့ (မှန်ပါ့) နို့မဟုတ်ရင် ဒီအပူတွေငြိမ်းပါ့မလား (မငြိမ်းနိုင်ပါ ဘုရား) အေး အားကိုးလွဲလို့ ပူတယ် (မှန်ပါ့) အားကိုးမှန်တော့ အပူသိမ်းတယ် (မှန်ပါ့)။
အားကိုးလွဲတော့ (အပူရပါတယ်) အားကိုးမှန်တော့ (အပူငြိမ်းပါတယ် ဘုရား) အဲဒီတော့ ဒကာ ဒကာမတို့ အားမကိုးရဘူးလို့ ဘုရားကမဟောဘူး၊ အားကိုးမလွဲဖို့သာ ဟောတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ယနေ့တရားမှာဖြင့် အားကိုးပြပါတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ မနေ့ကပြောခဲ့တဲ့ ရှင်ဆန္နမမာတော့ ရှင်သာရိပုတ္တရာကမေးတဲ့အခါမှာ သူ-လည်ပင်း ဓားနဲ့လှီးပြီး သေပါ့မယ်လို့ဆိုတော့ ဟ ရှင်ဆန္နဒီလိုမလုပ်ပါနဲ့ကွ၊ မင့်မှာပြုမည့်သူမရှိလဲ ငါပြုစုပါ့မယ်၊ ဓာတ်စာမရှိလဲ ငါရှာပေးပါ့မယ်လို့ ရှင်သာရိပုတ္တရာက ရှင်ဆန္နလူမမာအတွက် တာဝန်မခံလား (တာဝန်ခံပါတယ် ဘုရား)။
ရှင်ဆန္န
ဒါတွေတပည့်တော်တော့ မစွဲလမ်းပါဘူးဘုရားတဲ့၊ အခု တပည့်တော်က ဓားနဲ့လှီးပြီး သေမယ်ဆိုတဲ့ အဓိပ္ပာယ်က နောက်တဖန် ပဋိသန္ဓေ မနေရမည့်ပုဂ္ဂိုလ် အဖြစ်ကို တပည့်တော်ကရောက်နေလို့ ဒီခန္ဓာကြီး သယ်ပိုးပြီး ဒီခန္ဓာကြီး ဝိပါကဝဋ်ကြွေးကြီးခံနေရတဲ့အဖြစ်ကို တပည့်တော် ရွံလွန်းလို့၊ မုန်းလွန်းလို့၊ ဝိပါဝဋ်ကိုဆုံးအောင်လို့ နောက်ပဋိသန္ဓေကိုမနေမှာ၊ ဧကန် တပည့်တော်တရားထူးရတဲ့အတွက် လည်ပင်း ဓားနဲ့လှီးပြီး တပည့်တော်သေမယ်လို့ စိတ်ကူးတာပါဆိုတော့ ဒကာသစ်-အတော်ရဲတဲ့ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။
သာမညရဲတာလား၊ အကြီးအကျယ်ရဲတာလား (အကြီးအကျယ်ရဲတာပါ ဘုရား) သဘောပါလား (ပါ-ပါပြီ ဘုရား)။
အလုပ်လုပ်ထားတာကလဲ သူက တော်တော်လုပ်ထားတာနော် (မှန်ပါ့) ဒကာ ဒကာမတို့ဘယ်လိုပါလိမ့် (အလုပ်လုပ်ထားတာ တော်တော်လုပ်တာပါ ဘုရား)။
ရှင်သာရိပုတ္တရာက သူပဲတာဝန်ယူပြီး အလုံးစုံပြုစုပါမယ်ဆိုငြားသော်လဲ ရှင်ဆန္နက ပြောလိုက်တာက ဒုက္ခအဆုံးကိုသူမြင်နေပြီပေါ့ဗျာ (မှန်ပါ့) သူ-ရဟန္တာဖြစ်နေပြီလို့ ပြောတာ (မှန်ပါ့)။
ရဟန္တာ ဖြစ်နေတဲ့အတွက ဒီခန္ဓာကြီးစွန့်ရငြားသော်လဲ ခရီးဆုံးနေတဲ့ပုဂ္ဂိုလ်မို့ လည်ပင်းဓားနဲ့လှီးသတ်ငြားသော်လဲ စုတိပြီး ပဋိသန္ဓေ မလာတော့ဘူး ပြောလိုက်တာ (မှန်ပါ့) ဒကာကြွယ်သူ့အထင် တော်တော်ကြီးတယ်နော် (ကြီးပါတယ် ဘုရား)။
ဒါနဲ့ရှင်သာရိပုတ္တရာက ဪ ဆန္နကဖြင့် သိပ်ပြီး သကာလ သူ-အထင်ကြီးနေပါပေါ့လားဆိုပြီး သူ့ကိုယ်တိုင်တွေ့ တရားလေး မေးဦးမှပဲ တဲ့ (မှန်ပါ့)။
အလုပ်စဉ်ပြောတော့မယ်
ဒကာ ဒကာမတို့ ဒါ ဒကာ ဒကာမတို့အလုပ်စဉ်ပြောတော့မယ် (မှန်ပါ့) သူကိုယ်တိုင်မြင်ပုံလေး ငါမေးမှ တော်တော့မယ်ဆိုပြီး ရှင်သာရိပုတ္တရာက မေးလိုက်တယ် (မှန်ပါ့) မင်းသည်ကားလို့ဆိုရင်ကွာ တဲ့ (မှန်ပါ့) ဒီဟာ အဆင်းရုပ်၊ ဒီက မျက်စိရုပ်၊ ဒီက မျက်စိနာမ်၊ စက္ခုဝိဉာဏ်၊ အဲဒီသုံးခု မင်းသန္တာန်မှာရှိတယ်၊ ဒါ သူ့ခန္ဓာပေါ့ဗျာ (မှန်ပါ့)။
အဲဒါတွေကို မင်းသည်ကားလို့ဆိုရင် ဧတံမမ၊ ဧသောဟမသ္မိ၊ ဧသော မေအတ္တာ=ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ စွဲသေးလားလို့မေးလိုက်တယ် (မှန်ပါ့) သူက ဘယ့်နှယ်ဖြေသလဲ (မစွဲပါ ဘုရား)။
အံမာ မစွဲဘူးလို့ဖြေတော့ တဏှာ-မာန-ဒိဌိသေနေတဲ့ပုံ ဒိဌိသေတော့ သောတာပန်၊ တဏှာသေတော့ ရဟန္တာကိုးဗျ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သူ့မှာ တဏှာရော ဒိဌိရော သေတဲ့ပုဂ္ဂိုလ် ဖြစ်ပြီး သကာလ နေတဲ့အတွက် သူ့ဟာသူ ဒါတွေကို တပည့်တော် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာရယ်လို့ မစွဲပါဘူးဘုရားတဲ့ (မှန်ပါ့)။
ကောင်းပါပြီကွာ-သို့သော်လဲ ဒီဟာတွေမစွဲတာက ဒီတရားတွေက ဘယ်လိုပြောလို့မစွဲတာလဲ (မှန်ပါ့) ဒါအလုပ်သမားအတွက်မှာ တော်တော်အရေးကြီးတာ (မှန်ပါ့)။
ချုပ်ပျောက်သွားတာပဲ မြင်တယ်တဲ့
ဒီတရားတွေက ဘယ်လိုပြောလို့ မင်း-ရတာတုံး၊ မစွဲပုံကလေး ရှင်းစမ်းပါဦးဆိုတော့ ဒီတရားတွေကဘုရား တဲ့ စိတ်ကလေးကြည့်လိုက်ပြန်လဲ ချုပ်ပျောက်သွားတာပဲ မြင်တယ်တဲ့ (မှန်ပါ့) ရုပ်ကလေးကြည့်လိုက်ပြန်လဲ (ချုပ်ပျောက်သွားတာပဲမြင်ပါတယ်) ကုန်တာ ပျောက်တာပဲ မြင်သတဲ့ (မှန်ပါ့) အဲဒီ ကုန်တာပျောက်တာချည့် မြင်နေတော့ တပည့်တော်က ဘယ်မှာငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ စွဲမလဲတဲ့ (မှန်ပါ့)။
ကုန်တာ ပျောက်တာ ဒကာ ဒကာမတို့သိတဲ့အတိုင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ (မှန်ပါ့) ကုန်တာ ပျောက်တာ မြင်တာက လောကီမဂ္ဂ (မှန်ပါ့)။
ဒီလိုမြင်တော့ တဏှာ၊ ဥပါဒါန်၊ ကံတွေက ဒီအနားမှာ ခဏသေမနေဘူးလား (သေပါတယ် ဘုရား) တဏှာ၊ မာန၊ ဒိဌိတွေက မသေလားဗျာ (သေပါတယ် ဘုရား)။
သူအမြင်ကလေးကို ဒကာ ဒကာမတွေ ဝိပဿနာဘုန်းကြီးနဲ့ ဝိပဿနာ ဒကာ ဒကာမတွေ ဒီနေရာတော်တော် အရေးကြီးနေပါလားဆိုတာလဲ သတိထားကြပါ (မှန်ပါ့)။
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ မစွဲပါဘူးတဲ့
ကုန်တာ ပျောက်တာ မြင်ပါတယ်ဘုရာ့ တဲ့၊ “နိရောဓံ ဒိသွာ၊ နိရောဓံ အဘိညာယ နေတံမမ နေသောဟမသ္မိ နမေသောအတ္တာ”လို့ ပါဠိလိုရွတ်လိုက်တယ် (မှန်ပါ့) မြန်မာလို ပြောကြပါစို့ဆိုတော့ ဒကာသစ်-ကုန်တာ ပျောက်တာကလေးကို ဒကာသစ်-ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ မစွဲပါဘူးတဲ့ (မှန်ပါ့) ဒီလိုဆိုတော့ အမြင်ကတော့ တည့်နေတယ် (တည့်ပါတယ် ဘုရား)။
ကုန်တာ ပျောက်တာတွေမြင်တော့ သူကဘာတဲ့ (ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ မစွဲပါ ဘုရား) ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ မစွဲပါဘူးဆိုတော့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုတာက ဒိဌိတဏှာပေါ့ဗျာ (မှန်ပါ့) ငါ့ဟာဆိုတာက မာန၊ ငါ့ဥစ္စာဆိုတာက ဒိဌိ (မှန်ပါ့) အဲ့ဒီမှာ တဏှာ၊ မာန၊ ဒိဌိနဲ့သူ့မှာမစွဲပါဘူးတဲ့ (မှန်ပါ့)။
ကုန်တာ ပျောက်တာကလေး မြင်လိုက်တဲ့အခါကျတော့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ မစွဲပါဘူးဘုရားဆိုတော့ ကုန်တာ ပျောက်တာသည် ဒုက္ခသစ္စာ (မှန်ပါ့) ကုန်တာ ပျောက်တာ မြင်တာက မဂ္ဂသစ္စာပါ ဘုရား)။
အဲ လောကီမဂ္ဂသစ္စာကလေး သူရနေတော့ လောကီမဂ္ဂသစ္စာနဲ့ပဲ သူ့စိတ်ထဲမှာ အမြစ်နဲ့တကွ ပြတ်ပြီလို့ ဒီလိုထင်လိုက်တယ် (မှန်ပါ့)။
ရှင်ဆန္နက လောကီမဂ္ဂင်နဲ့ပဲ
ရှင်ဆန္နက လောကီမဂ္ဂင်နဲ့ပဲ သူက အမြစ်နဲ့တကွ ပြတ်ပြီလို့ထင်လိုက်တယ်၊ ခဏချုပ်နေတာ (မှန်ပါ့) ဒကာကြွယ်-မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။
အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ ဒီအရေးဟာက ရှင်ဆန္နဝတ္ထုတခုလုံးမှာ ဒီအရေး တော်တော်အရေးကြီး ပါတယ် (မှန်ပါ့) ဒါ သေသေချာချာမှတ်ကြပါ (မှန်ပါ့)။
ကုန်တာ ပျောက်တာကလေးက ဒုက္ခသစ္စာ (မှန်ပါ့) မြင်တာက (မဂ္ဂသစ္စာပါ) မဂ္ဂကလဲ လောကီမဂ် ရှိသေးတယ် ဒကာကြွယ် (မှန်ပါ့) နောက် တဏှာ မာန ဒိဌိက လာသေးသလား (မလာပါ ဘုရား) မလာပေမယ့် အမြစ်နဲ့တကွ ပြတ်သွားတာလား၊ ခေတ္တရပ်စဲနေတာလား (ခေတ္တရပ်စဲနေတာပါ ဘုရား)။
အဲဒီတော့ ဝိပဿနာဉာဏ်ပဲမကျဘူးလား (ကျပါတယ် ဘုရား) ဝိပဿနာမဂ်ပဲ တကာကြွယ် ဖြစ်နေတယ် (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ နောက်ပိုင်းက ဒကာ ဒကာမတွေ၊ ဘေးကနေတဲ့ ဒကာ ဒကာမတွေ ဪ ကုန်တာ ပျောက်တာ မြင်တာတော့ အမြင်တော့ အမြင်မှန်ပဲ၊ သို့သော် အမြင်မဆုံးသေးဘူးလို့မှတ်ကြရမယ် (မှန်ပါ့) ဘယ်လိုမှတ်ကြရမယ် (အမြင်မဆုံးသေးဘူးလို့ မှတ်ကြရပါမယ် ဘုရား)။
အမြင် မဆုံးသေးဘူး
အမြင် မဆုံးသေးဘူးဆိုတဲ့ အဓိပ္ပာယ်ကလေး စောစောက ရှင်းထားစမ်းပါ (မှန်ပါ့) ဘာကြောင့် အမြင်မဆုံး သေးလဲလို့မေးတဲ့အခါကျတော့လို့ရှိရင်ဖြင့် ကုန်တာ ပျောက်တာသည် သဗ္ဗေသင်္ခါရာအနိစ္စာ၊ သင်္ခါရတရားတွေ အနိစ္စလို့ သူမြင်နေတယ် (မှန်ပါ့ ဘုရား)။
သဗ္ဗေသင်္ခါရာဒုက္ခာ၊ သဗ္ဗေဓမ္မာ အနတ္တာမြင်နေတယ် (မှန်ပါ့) ‘သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ’ လို့ဆိုတာ သူဒါတွေချည့် မြင်နေတယ် (မှန်ပါ့) အနိစ္စ၊ ဒုက္ခသစ္စာတွေသာ မြင်နေတယ် (မှန်ပါ့ ဘုရား)။
မြင်နေတော့ သင်္ခါရနယ်က လွတ်ပလား (မလွတ်သေးပါ ဘုရား) မလွတ်သေးဘူးဗျ၊ သင်္ခါရတရားတို့၏ ဖြစ်ပျက်ကို သူမြင်နေတယ် (မှန်ပါ့ ဘုရား)။
အားလုံးမှတ်ကြစမ်းပါ၊ သူမြင်နေတဲ့အဖြစ်အပျက်က သင်္ခါရဖြစ်ပျက်မြင်နေတယ် (မှန်ပါ့) သင်္ခါရတို့၏ ခယဝယကိုမြင်နေတယ် (မှန်ပါ့) အသင်္ခတနိဗ္ဗာန် သူမြင်ပလား (မမြင်သေးပါ ဘုရား)။
မမြင်သေးပေမယ့် သူကရတယ်လို့ အထင်ကြီးနေတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ သူမြင်နေတာက ဒါပဲ၊ အဲဒီတော့ သူသေလို့ရှိရင်ဖြင့် တဏှာ၊ မာန၊ ဒိဌိကချုပ်နေပြီတဲ့၊ နောက်ခန္ဓာ ပဋိသန္ဓေနေစရာ အကြောင်းမရှိဘူး၊ ဒါ့ကြောင့် ဓားနဲ့လှီးပြီးသေလိုက်မယ်တဲ့ (မှန်ပါ့) အဲဒီတော့ အမြင်က ဝိပဿနာ အထင်ကရဟန္တာ (မှန်ပါ့ ဘုရား)။
အမြင်ကဝိပဿနာ အထင်ကရဟန္တာ
အမြင်က (ဝိပဿနာပါ ဘုရား) အထင်ကတော့ (ရဟန္တာပါ ဘုရား) ဒီလိုလွဲမှာစိုးရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သေသေချာချာ မှတ်ကြပါ ဒကာ ဒကာမတို့ ဒီနေရာ အေးအေးဆေးဆေး ပြောပြီး သကာလ နေတာဟာ ဒကာကြွယ် သာမညအရေးမဟုတ်လို့ ပြောတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကုန်တာ ပျောက်တာက သင်္ခတနယ်လား၊ အသင်္ခတနယ်လား (သင်္ခတနယ်ပါ ဘုရား) သင်္ခတနယ်ပဲရှိသေးတယ်၊ ကုန်တာ ပျောက်တာ မြင်တာကလဲ လောကီမဂ်ပဲဖြစ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အေး လောကီမဂ်ဖြစ်နေတော့ တဏှာ၊ မာန၊ ဒိဌိ မသေဘူးလို့ ဘုန်းကြီးတို့က မဆိုပါဘူး၊ သေတော့ သေပါတယ်တဲ့ ခဏကလေး သေနေတာ (မှန်ပါ့) အမြစ်နဲ့တကွ အနုသယတွေပါသေတာလို့ ဆိုလို့ရရဲ့လား (မရပါ ဘုရား)။
အဲဒါကလေးတွေ သေသေချာချာကြည့်တော့မှ ဪ အမြင်ကဝိပဿနာ အထင်က ရဟန္တာ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
အမြင်က ဘာတဲ့ (ဝိပဿနာပါ) ဝိပဿနာဉာဏ်နဲ့မြင်နေတာ (မှန်ပါ့) သူကရဟန္တာတို့၏ မဂ်လေးပါး အမြင်နဲ့ယူထားတယ် (မှန်ပါ့) ယူမထားဘူးလား (ယူထားပါတယ် ဘုရား)။
အမြင်ကလေးတော့ မှန်သားပဲ
အဲဒီတော့ ရှင်သာရိပုတ္တရာက အမေးကလေး ရပ်လိုက်တယ်၊ ဪ ရှင်ဆန္န၊ အမြင်ကလေးတော့ မှန်သားပဲ၊ အမြင်က မဆုံးသေးဘူး (မှန်ပါ့) သိတော်မူတာပေါ့ဗျာ (မှန်ပါ့)။
ကဲ ဒကာ ဒကာမတွေကော အကဲခတ်မိပလား (ခတ်မိပါပြီ ဘုရား) ကိုယ်လုပ်တဲ့အခါမှာလဲ ဒီအတိုင်းပဲထင်ရလိမ့်မယ် (မှန်ပါ့) ဪ ဒါလောက်မြင်နေသေးလို့ရှိရင် ဒို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် အမြင်တော့မှန်ရဲ့၊ အမြင်ကျန်သေးတယ်လို့ယူလိုက် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ဒါက ဘယ်လိုမှမရှိနဲ့ ပါဠိတော်မှာ တိုက်ရိုက်ရှိနေလို့ တိုက်ရိုက်ဟောနေတဲ့ ဆရာပဲလို့ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပေတော့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒီလိုသွားရမှာကိုးဗျ၊ ဥဂ္ဂစ္ဆတိယထာ ဒိစ္စော၊ ပုရက္ခိတွာဂုဏံတထာ၊ နာမရူပ ပရိစ္ဆေကျမ်းမှာဆိုတယ် (မှန်ပါ့) အခုဟာ ဘာဖြစ်နေသတုံးဆိုတော့ အာရုဏ်တက်ရုံရှိသေးတာပဲ၊ နေမှမထွက်သေးပဲ (မှန်ပါ့ ဘုရား)။
ဝိပဿနာမဂ်ဆုံးမှ လောကုတ္တရာမဂ်
ဝိပဿနံ ပုရက္ခိတွာ၊ ဝိပဿ ရှေ့သွားပဲရှိသေးတယ် (မှန်ပါ့) မဂ္ဂဓမ္မောဥပ္ပဇ္ဇတိ ဆိုတော့ ဝိပဿနာမဂ်ဆုံးမှ လောကုတ္တရာမဂ်လာမှာကိုးဗျ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဝိပဿနာမဂ်ဆုံးပလား (မဆုံးသေးပါ ဘုရား)။
မဆုံးသေးတာကိုဝိပဿနံပုရက္ခိတွာမဂ္ဂဓမ္မောပဝတ္တတိဆိုတဲ့ ဝိပဿနာရှေ့သွားကလေး အခုမှ အာရုဏ်တက်တာ ကလေးကိုပင်လျှင် နေထွက်ပြီလို့ ရှင်ဆန္နက တကယ်ထင်နေတယ် (မှန်ပါ့) ဒကာ ဒကာမတို့ အထင်ကြီးလွန်းသွားတယ် (ကြီးပါတယ် ဘုရား)။
ဒါကြောင့်သူတော့ ရဟန္တာဖြစ်ပြီ၊ လည်ပင်းဓားနဲ့လှီးသေမယ်၊ နောက်ပဋိသန္ဓေ နေစရာမရှိဘူးလို့ ရှင်သာရိပုတ္တရာ ကိုလျှောက်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အမြင်က မကျန်ဘူးလား (ကျန်ပါတယ် ဘုရား) အေး ဒါကြောင့် ဆရာဘုန်းကြီးက ကျန်တဲ့ အမြင်ကလေးကို ထုတ်ပြဦးမယ် (မှန်ပါ့) ခင်ဗျားတို့ ဒီအမြင်ရောက်မှ ကျန်တဲ့အမြင်ရောက်မှ ကိုယ့်ဟာကိုယ်လဲ စိတ်ချကြဆိုတဲ့အရေးကို တခါတည်း ကိုယ့်ဆုံးဖြတ်ချက်ကလေးနဲ့ ကိုယ်မှန် သွားအောင်နော် (မှန်ပါ့ ဘုရား)။
ခယဝယအဆုံးကိုလွန်ရမယ်တဲ့
ဝိပဿနံပုရက္ခိတွာ မဂ္ဂဓမ္မောပဝတ္တတိ ဆိုသဖြင့် ဝိပဿနာမဂ်ပဲ ရှိသေးတယ်၊ တကယ့်လောကုတ္တရာမဂ် မလာသေးဘူး (မှန်ပါ့ ဘုရား) မလာသေးတော့ ဒီခယဝယတွေဟာ ဒကာ ဒကာမတို့မနေ့ကလဲ ပြောခဲ့ပါတယ်၊
သိကြားမင်းက လျှောက်တဲ့အခါမှာ တဏှာအမြန်ဆုံးကုန်ပြီး ခယဝယအဆုံးသို့ ရောက်တဲ့တရား တပည့်တော် ဟောပါလို့ မူလပဏ္ဏာသ ပါဠိတော် စူဠတဏှာသင်္ခယသုတ်မှာ လာပြန်သေးတယ် (မှန်ပါ့) ခယဝယအဆုံးကိုလွန်ရမယ်တဲ့ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာလွန်ရမလဲ (ခယဝယအဆုံးကိုလွန်ရပါမယ်) ဒကာသစ် သေသေချာချာမှတ်နော် (မှန်ပါ့) ခယဝယဆိုတာ ကုန်တာ၊ ပျောက်တာ၊ အဲဒီ ကုန်တာ ပျောက်တာကို မလာရဘူး (မှန်ပါ့) သူဆုံးသွားရမယ်တဲ့ (မှန်ပါ့ ဘုရား)။
ခယဝယသင်္ခါတံ အန္တံအတီတာလို့ အဋ္ဌကထာမှာ ဖွင့်သကိုး ခယဝယကို လွန်သွားရမယ်ဆိုတော့ ရှုနေတဲ့ ခယဝယကုန်ပြီး ဒကာ ဒကာမတို့ ရှုနေရင်မတ္တနဲ့ မလာတော့ဘူး သစ္စာပိုင်းခြားပြီးပြီ ဆိုတော့မှ နိဗ္ဗာန် မြင်တာကိုး (မှန်ပါ့) အဲဒီတော့မှ ဒီမဂ်ကလေး လောကုတ္တရာမဂ် သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။
ခုနင်ကရှုနေတဲ့မဂ်ကဘာတုံး (လောကီမဂ်ပါ ဘုရား) ဘာလွန်သွားသတုံးဆိုတော့ ခယဝယကုန်သွားတာ မြင်တယ် (မှန်ပါ့ ဘုရား)။
ခယဝယဆိုတဲ့ ဖြစ်ပျက်မလာတော့ဘူး (မှန်ပါ့) အဲဒီမလာတဲ့အဆုံးရောက်အောင်မြင်မှသာလျှင် ဝိပဿနာ ရှေ့သွား ပြီးတော့မှ မဂ္ဂဓမ္မော ပဝတ္တတိဆိုတဲ့ အတိုင်းတဲ့ ဒီကျတော့မှ လောကုတ္တရာမဂ် သေသေချာချာ ထွက်လာတယ် (မှန်ပါ့ ဘုရား)။
လောကုတ္တရာမဂ်ပေါ်လာတော့မှ
လောကုတ္တရာမဂ်ပေါ်လာတော့မှ နိဗ္ဗာနံ မဂ္ဂဿအာရမ္မဏပစ္စယေန ပစ္စယော၊ နိဗ္ဗာန်နဲ့ လောကုတ္တရာမဂ်ဟာ အာရုံ အာရမ္မဏိက အဖြစ်ဖြင့် ပေါ်လာကြပြီ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တပည့်တော်တို့ ဘယ်လိုရှုရမှာပါလိမ့်မတုံး၊ ခယဝယဖြစ်တာ ပျက်တာကလေးမြင်ရင် ဆုံးအောင်လိုက်ဟေ့ (မှန်ပါ့) ဘယ်လိုပါလိမ့် (ခယဝယမြင်ရင် ဆုံးအောင်လိုက်ရပါ့မယ် ဘုရား)။
ဆုံးအောင်လိုက်တဲ့ အခါကျတော့ ခယဝယ ကုန်မသွားပေဘူးလား (ကုန်သွားပါတယ်) ဖြစ်ပျက်တွေ ကုန်သွားတဲ့အခါကျတော့ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ (မှန်ပါ့) ဒုက္ခဿအန္တံ ကရိဿတိ ဒုက္ခ၏ အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို မဂ်ဉာဏ်က မျက်မှောက်ပြုနိုင်လိမ့်မယ်တဲ့ (မှန်ပါ့)။
ဒုက္ခအဆုံးမြင်မှနိဗ္ဗာန်
ဒီလို ဒကာ ဒကာမတို့ သံယုတ်ပါဠိတော်ကြီးမှာလာတော့ ဒုက္ခအဆုံးမြင်မှနိဗ္ဗာန်ကိုး (မှန်ပါ့) အခုဒီမှာတော့ သူ့ဟာက သင်္ခါရဒုက္ခကြီးမြင်ပြီး ရဟန္တာဖြစ်နေတယ်ထင်နေတာ (မှန်ပါ့ ဘုရား)။
သူကဘယ်လိုထင်ပါလိမ့် (သင်္ခါရဒုက္ခကြီး မြင်ပြီးရဟန္တာထင်နေပါတယ်) သင်္ခါရဒုက္ခမြင်ပြီး သူ့ကိုရဟန္တာ ထင်နေတာ၊ အင်္ခါရဒုက္ခဆုံးပလား (မဆုံးသေးပါ ဘုရား)။
အဲ မဆုံးသေးတဲ့အခါ သူကရဟန္တာဖြစ်တယ် ထင်နေလို့ ရှင်သာရိပုတ္တရာက အမေးရပ်လိုက်တယ်၊ သင်္ခါရဒုက္ခ မြင်ကာမျှနဲ့ သူ့ဟာသူ ရဟန္တာဖြစ်တယ်လို့ အဓိမာန (အထင်ကြီးခြင်း) ဖြစ်ပြီး သကာလ နေတော့တယ်ဆိုတော့ ရှင်စုန္ဒကလဲ နောက်ကပါသေးတယ် (မှန်ပါ့ ဘုရား)။
ဝိဇ္ဈကုဋ်တောင်ပေါ်က ဆင်းလာတုံး ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒညီအကိုနှစ်ပါး လူမမာမေးကြတာ မဟုတ်လား (မှန်ပါ့) ဒီတော့ ရှင်စုန္ဒက အနားမှာရှိတယ် ၊ သူကလဲ ရဟန္တာပုဂ္ဂိုလ်ပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ရှင်စုန္ဒက အနားမှာရှိတော့ ရှင်ဆန္နဟာ ဘာမှမဟုတ်သေးဘူး၊ ဝိပဿနာဉာဏ်ပဲ ရှိသေးတယ်၊ ဝိပဿနာမဂ်ပဲ ရှိသေးတယ်၊ ဒါကို ရဟန္တာထင်ပြီး သကာလ နေတဲ့အတွက် ရှင်စုန္ဒက ကြားပေါက်ပြီး သကာလ ပြောလိုက်တယ် (မှန်ပါ့)။
တရားကိုဖြည့်စွက်တယ်
အရှင်ဘုရား မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး အမြဲဆုံးမပြီး နှလုံးသွင်းဖို့ ဟောထားတာ ရှိပါတယ်၊ တရားကိုဖြည့်စွက်တယ် (မှန်ပါ့ ဘုရား)။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဝိပဿနာယောဂီတွေကို ဆုံးမထားတာရှိပါသေးတယ်ဘုရား၊ ဒါကလေးကိုအရှင်ဘုရား နှလုံးသွင်းပါဦးတဲ့ (မှန်ပါ့) အရှင်ဘုရား အမြင်လိုသေးတယ်လို့မပြောဘူး (မှန်ပါ့) လူမမာ ချော့ကျွေးသလိုပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒါကလေးတော့ ဥပါဒါန်လဲမဖြစ်နိုင်ပါဘူး အားလဲရှိအောင်စားလိုက်ပါဦးဆိုတဲ့ အဓိပ္ပာယ်မျိုး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) အဲဒီတွင်မှ နိဿိတဿ စလိတံ အနိဿိတဿ စလိတံနတ္ထိ၊ ဒီပါဠိကိုရွတ်လိုက်တယ် (မှန်ပါ့ ဘုရား)။
နိဿိတဿ=မှီသောပုဂ္ဂိုလ်အား၊ စိတ္တံ = စိတ်သည်၊ စလိတံ=လှုပ်သည် ဟောတိ=ဖြစ်၏၊ အနိဿိတဿ=မမှီသောပုဂ္ဂိုလ်အား စလိတံ=လှုပ်သည်၊ နတ္ထိမရှိဘူးတဲ့ (မှန်ပါ့) မှီနေရင်လဲ လှုပ်တယ်၊ မမှီရင် (မလှုပ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
မှီနေရင်လှုပ်တယ်၊ မမှီနေရင် မလှုပ်ဘူး
ဒကာ ဒကာမတွေ မှီနေရင်လှုပ်တယ်၊ မမှီနေရင် မလှုပ်ဘူးဆိုတော့ ဒီတရား အသာချိတ်ထား၊ ခင်ဗျားတို့အတွက် နည်းနည်းဖြည့်စွက်မနော် (မှန်ပါ့)။
ဒကာသစ်ရေ ဒကာသစ်ကတော့ ဒီမှာနေတာပဲ၊ နေပင်နေငြားသော်လဲ ဆိုင်တွေရှိတယ်၊ သားနဲ့မယားနဲ့ တိုက်တာတွေရှိတယ်၊ ဟိုမှာ ဘာဖြစ်သတဲ့ ကားတိုက်သတဲ့လို့ကြားလိုက်ရင်ပဲ ဒကာသစ်ကားနဲ့ တိုက်သတဲ့လို့ကြားလိုက်ရင် ဒီကနေပြီး ဟိုက်ကနဲသွားတယ် (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။
ဪ ဒကာသစ်တဏှာနဲ့ ဟိုကကားနဲ့ဟာမှီနေတယ် ဟိုကကားလှုပ်ရင် ဒီကလှုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာကြွယ်က ဒီမှာလာပြီး တရားနာနေတယ်၊ အိမ်မှာ ကားတိုက်သတဲ့လို့ ကြားလိုက်ရင် ကားနီကြီးနဲ့ပဲတိုက်သတဲ့ကြားလိုက်ရင် ဟာ ဆိုတာကလေးက လာလိမ့်မယ် (လာပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် လာပါလိမ့်မတုံး၊ ကားနဲ့ဒီလောဘကလေးနဲ့က ဟိုမှာ သွားဆက်နေတယ်၊ နဂိုရ်ကိုက သွားဆက်နေတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် နိဿိတဿ=ကားပေါ်မှာလောဘစိတ် မှီနေသောပုဂ္ဂိုလ်အား၊ စလိတံ = ဟိုကကား လှုပ်သည်ရှိသော် ဒီမှာရှိတဲ့စိတ် လှုပ်သည်၊ ဟောတိ = ဖြစ်၏ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဝေးကြီးပေမယ့် လှုပ်တယ်
အမလေး အဝေးကြီးပေမယ့် လှုပ်တယ်ဒကာသစ်ရေ (မှန်ပါ့) မလှုပ်ဘူးလား (လှုပ်ပါတယ် ဘုရား)။
ဟိုမှာ ရန်ကုန်ကောလိပ်ကျောင်းမှာ ကိုယ့်သားသမီး ကလေးတယောက် ထားတယ်ဟုတ်လား (မှန်ပါ့) အဲဒီ သမီးကလေးတယောက်ဆီက ကြေးနန်းကလေးတစောင် မလာသည့်တိုင်အောင် လူကြုံကလေးက ပြောလိုက်တော့ ကလေးတော့ဖြင့်မျက်နှာကြည့်မကောင်းဘူး၊ ပြောသူက ယဉ်ယဉ်သုံးလိုက်တယ်၊ ဖျပ်-ဆို ဒီကအမေမိဘက လှုပ်တယ် (မှန်ပါ့) ဘာဖြစ်လို့တုံး-(မှီနေလို့ပါ) ဟိုမှာအမြဲဆက်ပြီးမှီနေတယ် (မှန်ပါ့)။
ကလေးမကလေးဆီမှာ အမေမိဘစိတ်က တခါတည်းသွားမှီနေတယ်၊ မှီနေတော့ ကလေးမကလေးက ဣန္ဒြေပျက်လိုက်ရင်ပဲ ဒီက ဘယ့်နှယ်တုံး (လှုပ်ပါတယ် ဘုရား)။
ဒါကြောင့်နိဿိတဿ=မှီနေသောပုဂ္ဂိုလ်အား၊ စလိတံ=အဝေးကြီးကနေပြီး လှုပ်သည်၊ ဟောတိ=ဖြစ်၏ (မှန်ပါ့) ခင်ဗျားတို့ကသာ ဝေးတယ်ထင်တာဟုတ်လား၊ အာရုံ အာရမ္မဏိက အဖြစ်နဲ့တော့ မှီနေတယ် (မှန်ပါ့)။
အာရုံအာရမ္မဏိကအဖြစ်နဲ့ မှီနေတယ်
ဘယ်လိုဆိုကြပါ့မလဲ (အာရုံအာရမ္မဏိကအဖြစ်နဲ့ မှီနေပါတယ် ဘုရား) မှီနေတော့ တတ်နိုင်လို့ မိုင်ခြောက်ထောင် ကျော်ဝေးတဲ့ အင်္ဂလန်ကျွန်းမှာ သွားပြီးထား၊ ဟိုက ဘာတဲ့ဆိုရင် ဒီမှာလှုပ်ပြီ (မှန်ပါ့) မလှုပ်ဘူးလား (လှုပ်ပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတွေ သွားသွားမှီရင်တော့ လှုပ်မှာပဲ (လှုပ်ပါတယ် ဘုရား) သွားသွားမမှီရင်တော့ (မလှုပ်ပါ ဘုရား)။
အခုတော့ဖြင့် သေသူ ပြန်အောင်မေ့လိုက်၊ လှုပ်လိုက်၊ ရှင်သူ ပြန်အောက်မေ့လိုက် (လှုပ်လိုက်ပါ ဘုရား) သွားသွားမှီသကိုး ခင်ဗျားတို့က လောကွတ်က တယ်ချော်တာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
လောကွတ်ချော်တော့ လှုပ်ချင်လို့ချော်တာ (မှန်ပါ့) ဒကာကြွယ်-ဘယ်အာရုံ ဘယ်သားသမီးနဲ့မှ မဆက်တော့ပါဘူးဆိုရင် လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား) ဆက်သွယ်နေရင် (လှုပ်ပါတယ် ဘုရား)။
ဒါဖြင့် နိဿိတဿ = ဆက်သွယ်၍နေသော ပုဂ္ဂိုလ်အား၊ စိတ္တံ = စိတ်သည်၊ စလိတံ = ဟိုကအကြောင်းသည် ရှိသော် ဒီက လှုပ်သည်၊ ဟောတိ = ဖြစ်၏ (မှန်ပါ့) အမလေး ကြောက်စရာကြီးပါလား (မှန်ပါ့)။
မှီနေတာက လိုရင်း
ခင်ဗျားတို့ဟာက ဝေးတာ နီးတာ လိုရင်းဟုတ်ရဲ့လား၊ မှီနေတာက လိုရင်းလား (မှီနေတာက လိုရင်းပါ) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
အဲ မှီတာလိုရင်းဖြစ်တော့ တုံးမှီနေတဲ့ပုဂ္ဂိုလ်အား တုံးလှုပ်တော့ မှီနေတဲ့လူဟာ (လှုပ်ပါတယ် ဘုရား) တိုက်မှီနေတဲ့ပုဂ္ဂိုလ်ကလဲ တိုက်ငလျင်လှုပ်လိုက်တော့ (လှုပ်ပါတယ် ဘုရား) တိုက်လှုပ်တာနဲ့ရောပြီးလှုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာ မျက်ရည်နဲ့မျက်ခွက်၊ သောက၊ ပရိဒေဝ၊ ဗျာပါဒတွေနဲ့ နေကြရတာ မှီမှီနေလို့ ဒါတွေ ခဏခဏ မျက်ရည်နဲ့မျက်ခွက် ပေါ်ပေါ်နေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မမှီတော့ပါဘူးဆိုတော့ (မပေါ်တော့ပါ ဘုရား)။
ဪ ခင်ဗျားတို့ကလဲ အမှီမရှိရင် ဘုရားတောင်မပွင့်ဘူးလို့ ခင်ဗျားတို့ဘက်က ရှေ့နေကလဲ အတော်ကြီးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့ဘက်က ရှေ့နေက ဘာတဲ့၊ ဘုရားတောင် အမှီနဲ့နေရသေးတယ်ဆိုတော့ ဘုရားတောင် ဆွဲထည့်လိုက်သေးတယ်၊ ကိုယ့်ဘက်ရှေ့နေလိုက်ပါလို့ (မှန်ပါ့)။
မခိုင်တာကြီး မှီပြီး
ဒကာ ဒကာမတို့ အလွန်ဆိုးနေပါကလား (ဆိုးပါတယ် ဘုရား) အခုတော့ အမှီကလေးတွေက ခင်ဗျားတို့ကလဲ မခိုင်တာကြီး မှီပြီးသာ နေတော့ မခိုင်တာတွေ အမိုးပြုတ်-ပြုတ်ပြီး ပျက်ကျတဲ့ အခါကျတော့ ခင်ဗျားတို့ ဘယ်လိုနေရစ်ရသတုံး (လှုပ်ပါတယ် ဘုရား) လှုပ်နေရတယ်၊ သောကနဲ့ လှုပ်နေရတယ်၊ သောကနဲ့လှုပ်လိုက်၊ ပရိဒေဝနဲ့ (လှုပ်ပါတယ် ဘုရား)။
ရှေ့ရေးတွေးပြီး လှုပ်လိုက်၊ နောက်ရေးတွေးပြီး (လှုပ်ပါတယ် ဘုရား) အခုအရေးတွေး (လှုပ်လိုက်ပါ ဘုရား) လှုပ်စရာရှိနေတာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမလေး ဒကာ ဒကာမတွေကလဲ လှုပ်စရာမရှိလို့ တုံးရှာတဲ့ပုဂ္ဂိုလ်တွေကလဲ အများကြီးပါလား (မှန်ပါ့)။
ဒကာကြွယ်-တယောက်တည်းနေလို့ရှိရင် လှုပ်စရာ ရှိရဲ့လား (မရှိပါ ဘုရား) ဟာ ဒါဖြင့် မှီစရာရှာဦးမှပဲ၊ လှုပ်ရအောင်ဟေ့ (မှန်ပါ့)။
ဘယ့်နှယ်ပါလိမ့် (မှီစရာရှာပါတယ်) မှီစရာ ရှာဦးမှာပဲ လှုပ်ရအောင် (မှန်ပါ့)။
ခင်ဗျားတို့ကိုကလဲ တခါတည်း အမှီကိုက မငြိမ်တဲ့ငှက်ကလေးနဲ့တူနေတယ် (မှန်ပါ့) မလှုပ်ရရင် မဖြစ်သလိုဖြစ်နေတယ် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ရွှေလေးရှိ ရွှေကြောင့်လှုပ်တယ်
အေး ဒါ့ကြောင့် ဘယ်သူမှ မမှီရင် ဘယ်သူမှမလှုပ်ပါဘူး (မှန်ပါ့) အဲဒီတော့ ခင်ဗျားတို့က ဟိုမှီနေ ဒီမှီနေ ရွှေလေးရှိ ရွှေကြောင့်လှုပ်တယ် (မှန်ပါ့) ဒကာ ဒကာမတို့ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ရွှေကလေးကို ကိုယ်က စုထားတယ်၊ ရွှေဈေးက ဖျပ်ကနဲကျသွားရင် ဒကာသစ်ဘယ့်နှယ်နေသလဲ (လှုပ်ပါတယ် ဘုရား) ဘာဖြစ်လို့တုံးဗျ (မှီနေလို့ပါ ဘုရား)။
ကားကလေးတစ်စင်းဝယ်ထားတယ်၊ အခု နောက်ကားတွေက လာလိုက်ပြန်တဲ့အခါ ဒီဟာတွေဟာ ဈေးတွေကျကုန်ပြီတဲ့ဆိုရင် ဘယ့်နှယ်တုံး (လှုပ်ပါတယ် ဘုရား)။
အထည်တွေဟာ အခု ကိုယ့်ဟာမျိုးတွေဟာ ဈေးလျော့ပြီးနိုင်ငံခြားက ဝင်လာသတဲ့ဆိုရင်ကော (လှုပ်ပါတယ်) ဘာဖြစ်လို့တုံး (မှီနေလို့ပါ ဘုရား)။
ခင်ဗျားတို့ကလဲ မလှုပ်ရလို့ရှိရင် မှီစရာမရှိရင် ဘုရားတောင် မပွင့်ဘူးဆိုတာကလေးကလဲ သံမှိုစွဲသလို စွဲထားတာပဲ (မှန်ပါ့)။
တခါတည်း ဒကာ ဒကာမတို့သည်ကား လို့ဆိုလို့ရှိရင် နေလို့မဖြစ်ဘူး (မှန်ပါ့) ဒကာကြွယ်-လှုပ်ချင်လို့ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြပါမလဲ (လှုပ်ချင်လို့ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သမီးကလေး အားကိုးနေတာ သမီးကလေးက ဖျပ်ကနဲဆို ဘယ်လိုဖြစ်သွားတယ်ဆိုတော့လဲ မှီလို့ လှုပ်နေတာ (မှန်ပါ့) သားကလေး အားကိုးနေတာ သူက သားမယားနောက် လိုက်သွားသတဲ့ဆိုတော့ မှီလို့လှုပ်တာ (မှန်လှပါ) မမှီရင် (မလှုပ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အရှင်ဘုရားခန္ဓာကိုမှီနေလို့
အဲဒီတော့ ရှင်စုန္ဒက နိဿိတဿ စလိတံ – ဆိုပြီး သကာလ အရှင်ဘုရားခန္ဓာကိုမှီနေလို့ ဓားနဲ့လည်ပင်း လှီးပြီး သေတော့မယ်ဆိုတာ အရှင်ဘုရားခန္ဓာကိုယ် အရှင်ဘုရား မှီနေသေးတယ် (မှန်ပါ့)။
ဒါ့ကြောင့် အရှင်ဘုရားခန္ဓာကို ဝေဒနာတွေ နှိပ်စက်နေတော့ သေတာ ကောင်းတယ်လို့ဆိုတာ အရှင်ဘုရား လှုပ်တာလို့ ဆိုလိုရင်း (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တရားနဲ့ပြောနေရတာကိုး ရိပ်မိအောင်လို့ ရှင်စုန္ဒက နိဿိတဿ စလိတံ (မှန်ပါ့) နိဿိတဿ = အရှင်ဘုရား ခန္ဓာကို မှီနေသော အရှင်ဘုရား၊ စလိတံ = ဓားနဲ့လှီးသတ်မည်ဟု လှုပ်ခြင်းသည်၊ ဟောတိ = ဖြစ်၏လို့ ပြောလိုတာပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် ရှင်ဆန္နသည် ဝိပဿနာဉာဏ်အမြင်တော့ မမှန်ဘူးလား (မှန်ပါတယ်) တဏှာဒိဌိ လုံးလုံးမကုန်သေးဘူး ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒါ့ကြောင့် သူ့ခန္ဓာကြီး ဓားနဲ့လှီးသတ်ပါတော့မယ်၊ နောက်-ပဋိသန္ဓေမနေရတဲ့ ပုဂ္ဂိုလ်ပဲဆိုတာတော့ စကားတော့ ကြီးသပေါ့ဗျာ (မှန်ပါ့) သို့သော်-ဒီခန္ဓာကြီးကို သူဟာ ဒီလိုတော့ ဝေဒနာ ခံစားမနေချင်ဘူး၊ သေတာ အေးတယ် ဆိုတဲ့ ဒေါသ ပါ-မပါ (ပါ-ပါတယ်) အဲဒီတော့ ခင်လို့ ဒေါသဖြစ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နိဿိတဿ စလိတံ – ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ) ဒကာကြွယ် – အင်္ဂလန်မှာရှိတဲ့သားသမီး ဖြစ်စေကာမူ ဒီကနေပြီး အာရုံပြုလိုက်ရင် လှုပ်တာပဲ (လှုပ်ပါတယ် ဘုရား) နဂိုရ်က ဆက်နေတာကိုး (မှန်ပါ့) မှီနေသကိုး ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သူစိမ်းပြင်ပလို ထားလိုက်စမ်းပါ
ဒါ့ကြောင့် ဝေးတာ နီးတာက လိုရင်းလား၊ မှီတာက လိုရင်းလား (မှီတာက လိုရင်းပါ) အဲ အနားမှာရှိပေမယ့် မဆိုင်ဘူးဆိုတဲ့ ပရတော – သူစိမ်းပြင်ပလို ထားလိုက်စမ်းပါ၊ အနတ္တသဘော ထားလိုက်စမ်းပါ ဆိုတော့ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)။
ခင်ဗျားတို့ အိမ်နီးချင်းများ ဟိုဘက် ဥပမာမယ် တယောက်ယောက်သေသတဲ့ အခုရွှေ့လာတာ တယ်မကြာ သေးဘူး၊ ကျုပ်တို့ဖြင့် မိတ်ဆွေတောင် မဖြစ်သေးဘူး၊ ဖျပ်ကနဲရောက်လာတာ သုံးလေးရက်ပဲ ရှိသေးတယ် သေသတဲ့ ဆိုတော့ မလှုပ်ပါဘူး ဒီဘက်က (မှန်ပါ့) ဘာမှ မခင်သေးပဲကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နည်းနည်းကလေး လပေါင်းများစွာ ဟင်းပေး ဟင်းယူကလေး ညရေး ညတာ အကူအညီကလေး ရလာပြီ ဆိုမှဖြင့် ဖြစ်မှဖြစ်ရလေဗျာ၊ လာပြီဗျာ (မှန်ပါ့) မလာသေးဘူးလား (လာပါပြီ ဘုရား) အဲ့ဒီကျတော့ မှီကြပကောဗျ (မှန်ပါ့) မှီတော့ ဘယ့်နှယ်ဖြစ်နေသလဲ (လှုပ်ပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီဥစ္စာ လှုပ်-မလှုပ်တာဟာ
ဒါဖြင့် ဒီဥစ္စာ လှုပ်-မလှုပ်တာဟာ ဒကာ ဒကာမတို့ မှီမမှီ အပေါ်မှာ မူတည်နေတယ်ဆိုတဲ့ အဓိပ္ပာယ် ဆုံးဖြတ်ချက် ချရမယ်ဆိုတာ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
အေး ဒါ့ကြောင့် ခင်ဗျားတို့ သားကလေးတစ်ယောက်ထွန်းကားလာပြန်လဲ အားကိုးရချေရဲ့ (မှန်ပါ့) သမီးကလေးတစ်ယောက် ထွန်းကားလာပြန်လဲ (အားကိုးရချေသေးရဲ့) ခင်ဗျားတို့က မှီမယ်လို့ စိတ်ကူးနေတာပဲ (မှန်ပါ့) တယ်လဲလှုပ်ချင်သကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
လှုပ်ချင်လို့ိရှိရင် လှုပ်ဆိုတာ ဘာတုံး၊ မျက်ရည်နဲ့မျက်ခွက်ဖြစ်တယ်ဆိုတာ (မှန်ပါ့)။
ဒါ့ကြောင့် တဏှာ၊ ဥပါဒါန် မချုပ်သ၍ ကာလပတ်လုံးတလှုပ်တည်း လှုပ်နေလိမ့်မယ်ဆိုတာ ဒကာကြွယ်-ဦးလှဘူး-ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ ဒီတဏှာကိုဖြင့် မသတ်ရင်မဖြစ်ဘူး (မှန်ပါ့) တဏှာရှိလို့ ဥပါဒါန်၊ ဥပါဒါန်ဆိုတာ စွဲပြီး ကပ်ပြီးမှီနေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဥပါဒါန်ဆိုတာ ဖြုတ်လို့မရတာ ဆိုတာ (မှန်ပါ့ ဘုရား)။
ဖြုတ်လို့မရဘူး ဆိုကတည်းက ဒကာ ဒကာမတို့ ဟိုကအနိစ္စပေါ်မှာ သူက အမြဲဆုပ်ထားပြီဆိုမှဖြင့် ဟိုကလဲ အနိစ္စရောက်၊ ဒီကလဲ လှုပ်လို့ကောင်းပေါ့ဗျာ (မှန်ပါ့) ဒီအတိုင်း မနေဘူးလား(နေပါတယ် ဘုရား)။
ရှင်စုန္ဒဟောတဲ့ တရားကလေး
အဲဒါကြောင့် ရှင်စုန္ဒဟောတဲ့ တရားကလေးဟာလဲ နိဗ္ဗာန်ဟောတာပါ (မှန်ပါ့) ရောက်ပါလိမ့်မယ် ဒကာ ဒကာမတို့ ဒီတရားဟာ နိဗ္ဗာန်ကိုး (မှန်ပါ့)။
ကဲ လှုပ်-မလှုပ် ဒကာသစ်တို့ ရိပ်မိပလား (ရိပ်မိပါပြီ) အာရုံအားဖြင့် မှီနေရင်ဘာတုံး (လှုပ်ပါတယ်) မမှီတော့ (မလှုပ်ပါ ဘုရား)။
ကဲ နင့်လဲ ဆွေပြတ် မျိုးပြတ် ကြော်ငြာလိုက်ပြီး ကိုယ့်သားသမီးကအချိုးမကျရင် (မှန်ပါ့) ဆွေပြတ် မျိုးပြတ် ကြော်ငြာလိုက်ပြီဆိုတော့လဲ ကြော်ငြာတုန်းက သူ-မလှုပ်လို့ ကြော်ငြာတာပါပဲ (မှန်ပါ့) နောက်တော့ ဟိုမှာပဲ ဣန္ဒြေတွေမရ၊ ဘာတွေမရလို့ ရောဂါဝေဒနာရပြီး ပျက်စီးတယ်ဆိုတော့ လှုပ်သေးသလား (မလှုပ်ပါ ဘုရား)။
တဏှာနဲ့မမှီတော့ သူက မလှုပ်ဘူး (မှန်ပါ့) သေတာကောင်းတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
စဉ်းစားကြည့်ပါလား ဥပမာမယ် ဟို-အနောက်နိုင်ငံကျွန်းမှာ ကျွန်းပါ မြေမျိုသွားသတဲ့၊ ပင်လယ်ရေလွှမ်းပြီး မီးတောင်ပေါက်ကွဲသွားလို့ (မှန်ပါ့) မြန်မာပြည်က ဘယ်သူမှရွှေမျိုးမရှိလို့ ဪ ကမ္မဿကာပဲတဲ့ (မှန်ပါ့) မှီမှ မမှီပဲကိုးဗျ (မှန်ပါ့) မမှီတော့ ဘယ့်နှယ်တုံး၊ လှုပ်သေးသလား (မလှုပ်ပါ ဘုရား) မလှုပ်ပါဘူး၊ ကမ္မဿကာနဲ့ထိုင်များနေလိုက်သေးတယ် (မှန်ပါ့) တဏှာမပါတော့ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)။
တဏှာပါတော့ ဟိုသားတွေ သမီးတွေ ကျောင်းသွားထားတယ်ဆိုရင် ကိုယ်ကျိုးဖြင့်နည်းပေါ့၊ အော်ပြီ ဒီကျရင်တော့ (မှန်ပါ့) ဒီကျရင်တော့ မအော်သေးဘူးလား (အော်ပါတယ် ဘုရား)။
လှုပ်မလှုပ်ဟာ ဘယ်ဟာ အကဲခတ်ရမတုံး
အဲ မှီနေရင်တော့ (လှုပ်ပါတယ် ဘုရား) မမှီရင်တော့ (မလှုပ်ပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ လှုပ်မလှုပ်ဟာ ဘယ်ဟာ အကဲခတ်ရမတုံး (မှီတာ မမှီတာ အကဲခတ်ပါမယ်) မှီ မမှီမှာ အကဲခတ်ရပါမယ်ဆိုတော့လဲ၊ ခင်ဗျားတို့ကလဲ အကဲခတ်လိုက်တဲ့ဖြစ်ခြင်းက အမှီမရှိ ဘုရားတောင် မပွင့်တာပဲ ဘယ်သူက သင်ထားတယ် မပြောတတ်ပါဘူး (မှန်ပါ့ ဘုရား)။
ဒကာကြွယ်တို့ သင်ထားတာကလေး (မှန်ပါ့ ဘုရား) ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပေ့ါကွ၊ ယောကျ်ားနဲ့မိန်းမများ ပြောနေလိုက်တာ (မှန်ပါ့ ဘုရား) ငိုချင်လို့ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမလေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့၊ ဘယ်ကများ စကားတွေသင်ထားသလဲ တဏှာကသင်ထားတာကိုးဗျ (မှန်ပါ့ ဘုရား)။
ဒကာသစ် ဘယ်သူကသင်ထားသလဲ (တဏှာကသင်ထားပါတယ် ဘုရား) အဲဒီတော့ တဏှာက သင်ထားတဲ့အတိုင်းသာလုပ်နေလို့ရှိရင် ငိုပွဲချည့်ဆင်မယ်စိတ်ကူးပါ (မှန်ပါ့)။
တဏှာက သင်ထားတဲ့အတိုင်းသာ လုပ်နေရင် (ငိုပွဲချည့်ဆင်ရပါမယ်) ငိုပွဲချည့်ဆင်ရမယ်၊ တဏှာက သင်ထားတာက မှီသာမှီကွဆိုတော့ သူကလဲ အနိစ္စတွေချည့် အမှီခိုင်းတယ် (မှန်ပါ့ ဘုရား)။
ဘာတွေအမှီခိုင်းသတုံး (အနိစ္စတွေချည့်အမှီခိုင်းပါတယ်) အနိစ္စမှီခိုင်း၊ ဒုက္ခမှီခိုင်း၊ အနတ္တမှီခိုင်း၊ ဒုက္ခသစ္စာမှီခိုင်းနဲ့ပျက်စီးမှာချည့် အမှီခိုင်းနေတာပဲ (မှန်ပါ့ ဘုရား)။
ပျက်စီးမှာတွေကလဲ များလေလေ
အဲဒီပျက်စီးမှာချည့် အမှီခိုင်းလို့ရှိရင်ဖြင့် ပျက်စီးမှာတွေကလဲ များလေလေ အရိုးနဲ့အရေကျန်လေလေ (မှန်ပါ့ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဿိတဿ စလိတံတော့ကျေနပ်ပလား (ကျေနပ်ပါပြီ) ဒါဖြင့် ရှင်ဆန္နက ဒကာ ဒကာမတို့ မှီလို့လှုပ်တာလား-မမှီပဲနဲ့ဓားနဲ့လည်ပင်းလှီးသေမယ်လို့ပြောတာလား (မှီလို့ပြောတာပါ) သူ့ခန္ဓာကို သူမှီနေသေးတယ်ဗျ (မှန်ပါ့) ဒီခန္ဓာကြီးကို စိတ်ပျက်ပြီး သကာလ အကောင်းမှမဟုတ်ပဲ သေပစ်တာအေးတယ်ကွာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အကောင်းမှမဟုတ်ပဲ (သေပစ်တာအေးပါတယ်) အကောင်းဖြင့် သူခင်ဦးမှာ (မှန်ပါ့) သေပစ်တာအေးတယ် ဆိုတော့ ဒေါသပါနေတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် လောဘကြောင့်ဖြစ်တဲ့ ဒေါသနဲ့သူမှီနေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) လောဘနဲ့ခွဲမရလို့ ဒေါသနဲ့သွားမှီနေတယ် (မှန်ပါ့) မမှီဘူးလား (မှီပါတယ် ဘုရား)။
အဲဒီကဲ့သို့ မှီနေတဲ့အတွက် နိဿိတဿ စလိတံလို့ ရှင်စုန္ဒက အနားကနေရွတ်တာဟာ ဦးဘအုန်း မှားသေးသလား (မမှားပါ ဘုရား) ကဲ ဒါဖြင့် အထင်ကြီးနေတယ်ဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ ဘုရား)။
အနိဿိတဿ စလိတံ နတ္ထိ၊ အနိဿိတဿ = ဘယ်သူမှမှီမနေသောပုဂ္ဂိုလ်အား၊ စလိတံ = လှုပ်ခြင်းသည်၊ နတ္ထိ = မရှိဘူးတဲ့၊ ကိုယ့်ခန္ဓာတောင်မှ ပရတောလုပ်လိုက် – သူစိမ်းပြင်ပပဲ ၊ မရဏတောလုပ်လိုက် နဂိုရ်က မင်းအသေပဲ (မှန်ပါ့ ဘုရား)။
အခုသေနေတာပဲလို့ မြင်နေတဲ့ပုဂ္ဂိုလ်
နဂိုရ်က မင်းအသေလို့ အခုသေနေတာပဲလို့ မြင်နေတဲ့ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့ တစိမ်းပြင်ပလို ကြည့်ထားလိုက်တော့ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)။
အဲ တစိမ်းပြင်ပလို ကြည့်လိုက်တဲ့အခါ ဒုက္ခသစ္စာမို့ ဒုက္ခသဘော ပြောတဲ့အခါ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား) အဲ တဏှာ၊ ဒိဌိနဲ့မမှီတော့ (မလှုပ်ပါ ဘုရား) တဏှာ၊ ဒိဌိကင်းတဲ့ဉာဏ်နဲ့သာ ကြည့်လိုက်တော့ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)။
ဒါကြောင့် ခန္ဓာကြီးက ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ဒကာ ဒကာမတွေသန္တာန်မှာများ ပျက်စီးနေတာတွေ ကြည့်လိုက်တော့ ဒကာကြွယ် လှုပ်သေးသလား (မလှုပ်ပါ ဘုရား) တဏှာမပါပဲကိုးဗျ (မှန်ပါ့) ရှုလို့ကောင်းလိုက်တာဆိုတာ ဉာဏ်နဲ့ချည့်ရှုနေတော့ ခန္ဓာတော့ သေနေတာအမှန်ပဲ (မှန်ပါ့)။
ခန္ဓာကတော့ ဘာတုံး (သေနေတာ အမှန်ပါ ဘုရား) သို့သော် ခင်ဗျားတို့က ခုနင်က တဏှာ၊ ဒိဌိလို မျက်ရည် ကြီးငယ်ထွက်သေးသလား (မထွက်ပါ) ဉာဏ်ကလေးနဲ့ ရှုလို့ကောင်းတယ်တောင် ဖြစ်သေးတယ် (မှန်ပါ့ ဘုရား)။
ဉာဏ်ကလေးနဲ့ ရှုလို့ကောင်းတယ်
ဘယ့်နှယ်ဖြစ်ပါလိမ့် (ဉာဏ်ကလေးနဲ့ ရှုလို့ကောင်းတယ်တောင်ဖြစ်ပါတယ်) ရှုလို့ကောင်းလို့ ကောင်းတယ်တောင် ဖြစ်ပြီး သကာလ နေတဲ့အတွက် ဪ တဏှာမပါတဲ့အချိန်ကျတော့ ရှုကောင်းတယ် (မှန်ပါ့)။
တဏှာနဲ့ကြည့်လိုက်တဲ့အခါကျတော့ ခေါင်းကလေးပူတာသွားစမ်း၊ နင်ဘာဖြစ်သတုံးဆို ထိတ်ကနဲသွားတယ် (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။
အဲဒီလို ဖြစ်ပြီ သကာလ နေတဲ့အခါကျတော့ မှီတတ်တာနဲ့ မမှီတတ်တာသည် လှုပ်မှု၊ မလှုပ်မှုကွာတယ် (မှန်ပါ့) မှီတာနဲ့မမှီတာ ဘာကွာပါလိမ့် (လှုပ်မှု မလှုပ်မှုကွာပါတယ် ဘုရား)။
ရှုလို့ကောင်းတယ်တောင် ဖြစ်ပြီး သကာလ နေတဲ့အတွက် ဪ တဏှာမပါတဲ့ အချိန်ကျတော့ ရှုကောင်းတယ် (မှန်ပါ့) တဏှာနဲ့ကြည့်လိုက်တဲ့အခါကျတော့ ခေါင်းကလေးပူတာသွားစမ်း နင်ဘာဖြစ်သတုံးဆို ထိတ်ကနဲသွားတယ် (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။
အဲဒီလို ဖြစ်ပြီး သကာလ နေတဲ့အခါကျတော့ မှီတတ်တာနဲ့ မမှီတတ်တာသည် လှုပ်မှု၊ မလှုပ်မှုကွာတယ် (မှန်ပါ့) မှီတာနဲ့ မမှီတာ ဘာကွာပါလိမ့် (လှုပ်မှုမလှုပ်မှုကွာပါတယ် ဘုရား)။
ရှင်ဆန္န လှုပ်သလား
ဒါဖြင့် ရှင်ဆန္န လှုပ်သလား-မလှုပ်ဘူးလား တရားတပွဲလုံး အကဲခတ်စမ်း (လှုပ်ပါတယ် ဘုရား) ဒါဖြင့် သူ့ခန္ဓာသူမှီပြီ (မှန်ပါ့) သူ့ခန္ဓာမှာ တဏှာ၊ ဥပါဒါန်နဲ့ မမှီသေးဘူးလား (မှီပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ မှီနေတယ်ဆိုတာသိလို့ ရှင်စုန္ဒက နိဿိတဿ စလိတံ – နှလုံးသွင်းပါ ဘုရား (မှန်ပါ့) မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား)။
အနိဿိတဿ စလိတံ နတ္ထိ-မမှီလို့ရှိရင် ဘယ်လိုမှ လှုပ်မှာမဟုတ်ဘူး (မှန်ပါ့) သူ့ခန္ဓာကို သူရှုပြီးနေမှာပဲ (မှန်ပါ့) ဓားနဲ့လှီးသတ်မလေး ဘာလေး ဆိုတာ လာပါ့မလား (မလာပါ ဘုရား) အဲ ဖော်၍သာမပြောတာ အဓိပ္ပာယ်ကတော့ ဒီရောက်နေတယ် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
”စလိတေ အသတိ ပဿဒ္ဓိ” စလိတေ = လှုပ်ခြင်းသည်၊ အသတိ = မရှိခဲ့သည်ရှိသော် ၊ ပဿဒ္ဓိ = ကိုယ်လဲငြိမ်းပါတယ်၊ စိတ်လဲငြိမ်းပါတယ်၊ ကိလေသာလဲ ငြိမ်းသောကြောင့် လှုပ်ခြင်းမရှိပါဘူး (မှန်ပါ့)။
ဒါ့ကြောင့် ခင်ဗျားတို့ ဖြစ်ပျက်ချုပ်ငြိမ်းတဲ့နိဗ္ဗာန်ပဲ အာရုံပြုနေသေးတော့ ကိုယ်လဲငြိမ်းတယ်၊ စိတ်ကော (ငြိမ်းပါတယ် ဘုရား) ကိလေသာကော (ငြိမ်းပါတယ် ဘုရား) ငြိမ်းနေတာပဲ ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါ တဏှာ၊ မာန၊ ဒိဌိ ချုပ်နေတဲ့အခါကျလို့ ရှိရင် ကိုယ်လဲငြိမ်း (မှန်ပါ့) စိတ်ကော (ငြိမ်းပါတယ်) ကိလေသာကော (ငြိမ်းပါတယ်) ကိလေသာလဲငြိမ်းတယ်၊ သူနဲ့တန်သလောက်ပေါ့ဗျာ (မှန်ပါ့)။
ကိုယ်ငြိမ်း၊ စိတ်ငြိမ်း၊ ကိလေသာငြိမ်း
အဲ တန်သလောက်ငြိမ်းနေလို့ရှိရင်ဖြင့် ဪ ဒါဟာ တဏှာ၊ ဒိဌိ မမှီပဲနဲ့ ဉာဏ်နဲ့အာရုံပြုနေတဲ့အတွက် ဉာဏ်နဲ့ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ဆီကို အာရုံပြုနေလို့ရှိရင် ကိုယ်ငြိမ်း၊ စိတ်ငြိမ်း၊ ကိလေသာငြိမ်း ဖြစ်ပါလိမ့်မယ်ဆိုတဲ့ဥစ္စာ သေသေချာချာဟောတယ် (မှန်ပ့ါ)။
ဒါဖြင့် ဒီကိုမရောက်-ရောက်အောင် လုပ်ရမှာပေါ့ (မှန်ပါ့) တဏှာ၊ ဒိဌိ မမှီအောင် ဖြစ်ပျက်ဆုံးသည်အထိ လိုက်ကြည့် ဒကာကြွယ်ရေ (မှန်ပါ့)။
ဒကာသစ်-ဘယ်ကျအောင်လိုက်ရမှာတုံး (ဖြစ်ပျက်ဆုံးသည်တိုင်အောင် လိုက်ရမှာပါ) ဖြစ်ပျက်ဆုံးသည် တိုင်အောင် လိုက်လို့ရှိရင် ကိုယ်ရော (ငြိမ်းပါတယ်) စိတ်ကလေးရော (ငြိမ်းပါတယ်) ကိလေသာ ထိုက်တန်သလောက်ရော (ငြိမ်းပါတယ်) အဲ သူ့မဂ်နဲ့သူပေါ့ဗျာ (မှန်ပါ့)။
ထိုက်တန်သလောက် ငြိမ်းမှာပဲ
အဲ ကိလေသာ ထိုက်တန်သလောက်၊ လောကီမဂ်ဖြင့် လောကီမဂ်နဲ့ ထိုက်တန်သလောက် ငြိမ်းမှာပဲ (မှန်ပါ့) လောကုတ္တရာမဂ်ဖြင့် လောကုတ္တရာမဂ်လောက် ငြိမ်းမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီ အငြိမ်းသုံးခုကို ခင်ဗျားတို့ ဖြစ်ပျက်ဆုံးရင် ဒီအငြိမ်းသုံးခုရမှာပဲ (မှန်ပါ့) မရပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား) လှုပ်တာတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲ လှုပ်နေရင် မဟုတ်သေးဘူး၊ အငြိမ်းသုံးခုရမှ ဟုတ်တယ်ဆိုတာ သေသေချာချာမှတ်ရမယ် (မှန်ပါ့)။ တရားက မဆုံးသေးဘူး။
ယနေ့ ဒီတွင်တော်ကြဦးစို့။
သာဓု သာဓု သာဓု