13005

မာတိကာသို့

ရုပ်နာမ်ကို ပညာနှင့်အကဲခတ်ပါ

အသံဖိုင်ခေါင်းစဉ်= ခန္ဓာကိုယ်ကိုစေခိုင်း၍နိဗ္ဗာန်ရောက်ကြောင်းတရားတော်

စာအုပ်ထဲမှခေါင်းစဉ်= ရုပ်နာမ်ကို ပညာနှင့်အကဲခတ်ပါ

အသံဖိုင်ရက်စွဲ= (၁၃-၈-၁၉၅၈)

စာအုပ်ထဲမှရက်စွဲ= (၂၈-၅-၁၉၅၉)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြား ဆုံးမတော်မူသော

”ရုပ်နာမ်ကို ပညာနှင့်အကဲခတ်ပါ”

နေ့အလုပ်ပေးတရားတော်

(၂၈-၅-၁၉၅၉)

ဒီခန္ဓာကြီးကလဲ နိဗ္ဗာန်ရောက်အောင် ပို့နိုင်တယ်

ဒီခန္ဓာကြီးကလဲ နိဗ္ဗာန်ရောက်အောင် ပို့နိုင်တယ်လို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချထားပါ (မှန်ပါ့) ဥပမာ-မြစ်ကြီးတခုရှိတယ်ဆိုတော့ ခန္ဓာကြီးက လှေကြီး၊ လှေထိုးသမားက ဉာဏ်ထားမယ်ဆိုလို့ရှိရင်ဖြင့် ခန္ဓာကိုယ်လှေကြီးနဲ့ လှေထိုးသမားသည် ဟိုဘက်မရောက်ပေဘူးလား (ရောက်ရပါတယ်) ဒါဟာ ခန္ဓာကိုယ်လှေကြောင့်လဲ ဟိုဘက် ရောက်တယ်၊ လှေထိုးသမား လှေလှော် လှေခတ်သမားကြောင့်လဲ ရောက်တယ်လို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါတွေ စဉ်းစားလိုက်တော့မှ ဪ နိဗ္ဗာန်ရောက်ကြောင်းဟာ ဘယ်မှာနေပါလိမ့်မတုံးဆိုတော့ ရောက်ကြောင်းလို့ဆိုသဖြင့် ဪ ခန္ဓာရောက်အောင် ပို့နိုင်တဲ့စွမ်းရည်သတ္တိတော့ရှိတယ်၊ ဟိုဘက်ကတော့ ကုန်းပေါ်ရောက်အောင်တော့ သူမပါဘူးပေါ့ဗျာ (မှန်ပါ့) နိဗ္ဗာန်တည်းဟူသော ဟိုမှာဘက်ကမ်းရောက်အောင်တော့ သူမပါဘူး၊ ရောက်အောင်တော့သူ့ကိုခိုင်းစေပြီး သွားကြမယ်ဆိုလို့ရှိရင် မရ-ရနိုင်ပါလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို ရုပ်ကိုလှေသဖွယ်၊ ဉာဏ်ကို လှေထိုးသမားသဖွယ်ထားပြီးတော့ သကာလ ကူးကြမယ်ဆိုလို့ရှိရင် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးသည်ကားလို့ဆိုရင် နိဗ္ဗာန်ရောက်ကြောင်းတမျိုးပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

လှေရယ်၊ လှေထိုးသမားရယ်

ဒါ့ကြောင့် နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်မှာ ရှင်သာရိပုတ္တရာကဟောတယ်၊ နိဗ္ဗာန်ရောက်ချင်တဲ့ဒကာ ဒကာမတွေ ဘယ်လိုများနှလုံးသွင်းပြီးတော့ ဘယ်လိုရောက်ရမှာတုံးလို့ မေးလို့ရှိရင် ဒီခန္ဓာကိုယ်ကြီးမှာ ခုနင်ကပြောခဲ့တဲ့အတိုင်း လှေရယ်၊ လှေထိုးသမားရယ် နှစ်မျိုးရှိသလို ခန္ဓာကိုယ်ကြီးထဲမှာ ဒကာ ဒကာမတို့ ရုပ်နဲ့နာမ်ပဲရှိတယ်ဆိုတာတော့ မှတ်မိကြမှာပေါ့ (မှတ်မိပါတယ် ဘုရား)။

ရုပ်နာမ်ပဲရှိတယ်ဆိုတာ ဒကာ ဒကာမတွေမှာ စားချင်၊ သွားချင်၊ လာချင်၊ ပြောချင်၊ ဆိုချင်တာတွေနာမ်ပေါ့ဗျာ (မှန်ပါ့) သွားချင်လို့အသွားခိုင်းလို့ သွားရတဲ့အထည်ကြီးကရုပ်ပေါ့ဗျာ (မှန်ပါ့) စားချင်တဲ့သဘောကလေးက နာမ်တရား၊ ဟိုက ဒီက ဝါးရတဲ့အထည်ကြီးကရုပ်တရားပေါ့ဗျာ (မှန်ပါ့ ဘုရား) ပြောချင်တာကလေးက နာမ်၊ အသံက ရုပ် ဒါတွေက ထင်ရှားရှိပြီး သကာလ နေတော့ ဪ ဒီနာမ်ရုပ်နှစ်ပါးသာလျှင် ရှိပါကလားဆိုတာ ဒကာ ဒကာမတွေက သတိထားကြရမယ် (မှန်ပါ့) သိလဲ သိပြီးသားတွေပါနော် (မှန်ပါ့) ဘာရှိကြသလဲ (ရုပ်နာမ်နှစ်ပါးသာရှိပါတယ် ဘုရား)။

အဲဒီ ရုပ်နာမ်နှစ်ပါးထဲမှာ ဘုန်းကြီးက ဒကာ ဒကာမတွေသန္တာန်မှာထည့်ပေးလိုတာက ဘာပါလိမ့်မတုံး ဆိုတော့ အဲဒီရုပ်နာမ်နှစ်ပါးထဲမှာ ပညာရှိတယောက်သာ သွင်းပါတော့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ့)။

ပညာရှိတယောက် သွင်းလိုက်ပါ

နာမ်ရုပ် နှစ်ပါးထဲမှာ ပညာရှိတယောက် သွင်းလိုက်ပါဆိုတော့ ပညာရှိဆိုတာက နာမ်သဘောကို အကဲခတ်တဲ့သူ၊ ရုပ်သဘောကို အကဲခတ်တဲ့သူ အဲဒါ ပညာရှိတယောက်သွင်းလိုက်ပါ (မှန်ပါ့)။

ရုပ်နာမ် နှစ်ပါးထဲမှာ ဘာသွင်းပေးရမတုံး (ပညာရှိတယောက် သွင်းပေးရပါမယ် ဘုရား) ပညာစေတသိက်ဆိုတဲ့ ပညာနာမ်ကို ဒကာ ဒကာမတွေက သွင်းပေးလိုက်စမ်းပါ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်မှာရှိရင်းစွဲက ရုပ်နဲ့နာမ်ပေါ့ဗျာ (မှန်ပါ့)။

အဲဒီမှာ ဘုရားပွင့်လာလို့ ဒီလူတယောက်တော့ထည့်ပါဦး၊ ဆရာဘုန်းကြီးကလဲ ဆုံးဖြတ်ချက်ချမည့် လူတယောက် တော့ ထည့်ပေးပါဦးဆိုလို့ ဒကာ ဒကာမတွေကလဲ ပညာစေတသိက်ကလေးထည့်ပေးလိုက်တယ်၊ ပညာဉာဏ်ကလေး ထည့်ပေးလိုက်တယ်နော် (မှန်ပါ့)။

အဲဒီတော့ သုံးယောက်ပြည့်မသွားဘူးလား (ပြည့်သွားပါတယ် ဘုရား) သုံးယောက်ပြည့်တော့ နှစ်ယောက်ကိုတော့ တယောက်ကအကဲခတ်ပါ (မှန်ပါ့) နှစ်ယောက်ဆိုတာက ရုပ်နဲ့နာမ်၊ တယောက်ဆိုတာက ဉာဏ် (မှန်ပါ့) အဲဒီနှစ်ယောက်ကို တယောက်ကအကဲခတ်ပါ (မှန်ပါ့) ဒါဟာ ဝိပဿနာအလုပ်လို့မှတ်ပါ (မှန်ပါ့)။

ရုပ်နာမ်နှစ်ခုကို ပညာတခုကအကဲခတ်တာ ဘာခေါ်ကြမယ် (ဝိပဿနာအလုပ်ပါ ဘုရား)။

ဪ ဝိပဿနာအလုပ်ဆိုတဲ့ဥစ္စာ ဒို့သိနေတာက ရှည်လိုက်တာ၊ အခု ဆရာဘုန်းကြီးက ရှင်သာရိပုတ္တရာ ဟောတဲ့နည်းကိုယူပြီးပြောတော့လဲ ဝိပဿနာအလုပ်ဆိုတာ ရုပ်နာမ် နှစ်ခုကို ပညာတခုက အကဲခတ်လိုက်ရင် ပြီးတာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လို အကဲခတ်ကြမယ် (ရုပ်နာမ်နှစ်ခုကို ပညာတခုက အကဲခတ်လိုက်ရင် ပြီးပါတယ် ဘုရား) အဲဒါ သေသည့် တိုင်အောင် မမေ့ကြနဲ့ဒကာ ဒကာမတို့ (မှန်ပါ့) ရှိတာကဘာတုံး ခင်ဗျားတို့မှာ (ရုပ်နာမ်နှစ်ခုပါ ဘုရား)။

ရုပ်နာမ်နှစ်ခုရှိတော့ ဘုရားပွင့်လာတဲ့အခါ သူပေးတဲ့ဒါကလေးတခု ထည့်ပါဆိုတာက ဘာပါလိမ့် (ပညာပါ ဘုရား)။

အဲ ရုပ်နာမ်နှစ်ခုကလဲ ကျုပ်တို့ကံက ပေးထားလို့ ရထားပါပြီ၊ ပညာကတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သော်လည်းကောင်း ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းကသော်လည်းကောင်း ပေးမှရမယ် (မှန်ပါ့)။

ရုပ်နာမ်နှစ်ခုကို ပညာတခုနဲ့အကဲခတ်ပါ

ဒါဖြင့် ရုပ်နာမ်နှစ်ခုကို ပညာတခုနဲ့အကဲခတ်ပါ (မှန်ပါ့ ဘုရား) ဘယ်လိုဆိုကြပါ့မယ် (ရုပ်နာမ်နှစ်ခုကို ပညာတခုနဲ့ အကဲခတ်ပါ ဘုရား) ဒါကိုဘာအလုပ်ခေါ်ကြမယ် (ဝိပဿနာအလုပ်ပါ ဘုရား)။

ဪ ဝိပဿနာအလုပ်ဆိုတာ ရှည်ရှည်ပြောနေရင် ရှည်တာပဲ ဒကာ ဒကာမတို့ တိုတိုနဲ့ပြောလိုက်တော့လဲ ဒါပဲရှိပါတယ် (မှန်ပါ့) ရုပ်နာမ်နှစ်ခုကို ပညာတခုနဲ့အကဲခတ်ရပါမယ် ဘုရား)။

ပညာတခုနဲ့အကဲခတ်ပါဆိုတော့ ခင်ဗျားတို့ ဘယ်မှာနေနေရုပ်နာမ်ခွဲပြီးနေလို့ရရဲ့လား (မရပါ ဘုရား)။

အဲဒီအထဲမှာ ဘုရားပွင့်လာမှ အထူးတလည် ကျေးဇူးပြုတဲ့ပညာတခုသာ ခင်ဗျားတို့က သွင်းလိုက်ပါတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပညာတခုသွင်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ ဝိပဿနာအလုပ်ဖြစ်ပြီလို့မှတ်ပါ (မှန်ပါ့)။

ပညာတခုသွင်းနိုင်တဲ့ပုဂ္ဂိုလ် (ဝိပဿနာအလုပ် ဖြစ်ပါပြီ ဘုရား) ဪ ဝိပဿနာအလုပ်ဆိုတာ ဒကာ ဒကာမတို့ တော်တော်ခဲယဉ်းတဲ့အလုပ်လား ဆိုတော့ ဝိပဿနာဆိုတာ ဟိုစာကြည့် ဒီစာကြည့်ရမှာလားလို့ဆိုတော့ စာကြည့်ရုံကြည့် နေရင်တော့ ဝိပဿနာတွေ့မှာမဟုတ်ဘူး (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဟိုစာကြည့် ဒီစာကြည့် (ဝိပဿနာမတွေ့ပါ ဘုရား) စာကနည်းကိုသာ ပြတာပါ (မှန်ပါ့) ကိုယ်ရှိတဲ့ ရုပ်နာမ်နှစ်ခုကို ပညာနဲ့ကြည့်လိုက်ရင် (ဝိပဿနာတွေ့ပါတယ် ဘုရား) အဲ ဝိပဿနာရှုစရာတွေ တွေ့လာတာပဲ (မှန်ပါ့)။

ဪ ဒါဖြင့် ကိုသစ်တို့ လူစုတွေ၊ ကိုမြရွှေတို့ လူစုတွေ ရှေးကလိုက်နေကြတာ မှားနေကြတာပေါ့ဗျာ (မှန်ပါ့)။

စာအုပ်ရှာနေတာနဲ့ပဲ အချိန်ကုန်နေတာ

ဟိုစာကြည့်တော့ အလုပ်-လုပ်ဖြစ်မလားလို့ဆိုပြီး စာအုပ်ရှာနေတာနဲ့ပဲ အချိန်ကုန်နေတာပေါ့ဗျာ (မှန်ပါ့) အချိန်ပင်ကုန်ငြားသော်လည်း တွေ့ရဲ့လား (မတွေ့ပါ ဘုရား) မတွေ့ဘူးတဲ့၊ ဝိပဿနာအစစ် မတွေ့ဘူး ဝိပဿနာမှတ်တမ်း တွေတော့တွေ့ပါရဲ့ (မှန်ပါ့) ဝိပဿနာအစစ်တော့ (မတွေ့ပါ ဘုရား) ဘာတွေ့မလဲ (မှတ်တမ်းတွေ တွေ့ပါတယ် ဘုရား)။

ဪ ဒါဖြင့် တပည့်တော်တို့ဘုရား ဝိပဿနာအစစ်မတွေ့တာ ကြာပါပေါ့၊ မှတ်တမ်းနဲ့ အချိန်ကုန်နေကြတယ်လို့ ဆိုလို့ရှိရင်လဲ မလွဲဘူး ခင်ဗျားတို့ပြောကြရမှာပဲ (မှန်ပါ့)။

ယနေ့က စပြီး သကာလ ဘုန်းကြီးတို့ဟောတဲ့နေ့ကစပြီး ဒကာ ဒကာမတွေက ပြင်လိုက်ကြတော့ ဝိပဿနာအလုပ်ဆိုတာဟေ့ နိဗ္ဗာန်ပို့နိုင်တာပဲ၊ ရုပ်ကလဲနိဗ္ဗာန်ပို့နိုင်တာပဲ နာမ်ကလဲ နိဗ္ဗာန်ပို့နိုင်တာပဲဆိုတော့ ခုနင်က လှေပေါ်မှာ လှေထိုးသမားနဲ့လှေ နှစ်မျိုးရှိပြီဆိုမှဖြင့် လှေပေါ်မှာ ပစ္စည်းတွေ ဘယ်ပုဂ္ဂိုလ်တင်တင် ဟိုဘက်သို့ရောက်မှာပဲ (မှန်ပါ့) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

သူတို့နှစ်ခုပို့တာပဲဆိုရင်ကော လှေကလဲပို့တယ်၊ လှေထိုးသမားကလဲပို့တော့ လှေပေါ်မှာစီးလိုက်တဲ့ ပုဂ္ဂိုလ်တွေ ဘယ့်နှယ်တုံး (ရောက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီအတိုင်းပဲ ရုပ်နာမ်နှစ်ခုကို ကျုပ်တို့စီးပြီးလိုက်လို့ရှိရင်ဖြင့် ဉာဏ်သမားဟာ နိဗ္ဗာန်ရောက်မယ် (မှန်ပါ့) ဒါဖြင့် အလွယ်ကလေးပါလား ဒကာ ဒကာမတို့ (မှန်ပါ့) ခက်သလား-လွယ်နိုင်သလား (လွယ်နိုင်ပါတယ်) လွယ်ရင်လွယ်ငြားသော်လဲ နည်းမရှိလို့မဖြစ်ပဲ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

နည်းမရှိလို့ မမြင်ဘူး

ဘယ့်နှယ်ဖြစ်သွားသတုံး (နည်းမရှိလို့ မမြင်ပဲဖြစ်သွားနေပါတယ် ဘုရား) နည်းမရှိလို့ မမြင်ဘူးဆိုတော့ ဒကာ ဒကာမတွေက နည်းမရှိလို့မမြင်တာလဲ တခြားမဟုတ်ပါဘူး၊ ကိုယ့်မျက်တောင်မွှေးဟာ မျက်လုံးနဲ့အနီးဆုံးပဲ (မှန်ပါ့) မြင်ကြရဲ့လား (မမြင်ပါ) ဘယ့်နှယ်ဖြစ်နေတာတုံး (နီးလို့မမြင်တာပါ ဘုရား)။

ဦးခင်မောင်-ဘယ့်နှယ်ဖြစ်နေသတုံး (နီးလျက်နဲ့ဝေးပါတယ် ဘုရား) နီးလျက်နဲ့ဝေးနေတာပေါ်ပလား (ပေါ်ပါပြီ) မျက်တောင်မွှေးနဲ့မျက်လုံးဟာ သူ့ထက်နီးတာများ ရှိသေးသလား (မရှိပါ) ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့်မတုံးဆိုတော့ အဝေးကိုကြည့်နေလို့ (မှန်ပါ့) အနီးကြည့်ရင်တော့ဖြင့် (မြင်မှာပါ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတို့ ဝိပဿနာဆိုတာသည် ခင်ဗျားတို့က ဟိုသွားရှာနေရတော့မလို၊ ဒီသွားရှာနေရတော့ မလိုဆိုတော့ အဝေးကြည့်-ကြည့်နေတာ (မှန်ပါ့) အဝေးကြည့်-ကြည့်နေတော့ ဝိပဿနာတွေ့ရဲ့လား (မတွေ့ပါ ဘုရား)။

ကဲ ဒီတခါတော့ အနီးဆုံးသာကြည့်ပါတော့ (မတွေ့ပါ ဘုရား) အနီးဆုံးကဘာပါလိမ့် (ရုပ်နာမ်ပါ ဘုရား) ရုပ်နာမ်ထက်နီးတာကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါ ဘုရားပွင့်လာမှ ခင်ဗျားတို့ ကျုပ်တို့ ထူးထူးခြားခြားရတဲ့ ဉာဏ်တခုကို ထည့်ပြီးကြည့်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာထည့်ကြည့်ရမတုံး (ဉာဏ်ထည့်ကြည့်ရပါမယ် ဘုရား) ဉာဏ်ထည့်ကြည့်လိုက်တော့ ဒီဉာဏ်ကလေးက ရုပ်ကိုပဲကြည့်ကြည့် နာမ်ကိုပဲကြည့်ကြည့် ကြည့်ချင်ရာကြည့် ကြည့်လို့ရှိရင် ဝိပဿနာဖြစ်ပြီလို့ အောက်မေ့ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာအလုပ်လုပ်မယ်လို့ကြံလို့ရှိရင်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာအလုပ်လုပ်မယ်လို့ကြံလို့ရှိရင်ဖြင့် ရုပ်နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ ကြည့်လိုက်ရင် ပြီးစီးနိုင်တယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဦးဝကြီးပေါ်ပလား (ပေါ်ပါပြီ ဘုရား) နောက်က ဒကာ ဒကာမတွေကော (ပေါ်ပါပြီ ဘုရား) ဘယ်လိုများလုပ်ကြမယ် (ရုပ်နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ကြည့်ရပါမယ် ဘုရား)။

အဲဒါကို တသက်လုံးမမေ့ပါနဲ့ (မှန်ပါ့) ရုပ်နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ကြည့်မှုကို တသက်လုံးမမေ့ပါနဲ့ ကိုသစ်တို့မှာ ရတယ် (မှန်ပါ့) ဦးဘတင် မှာသင့်-မမှာသင့် (မှာသင့်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ရုပ်နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ကြည့်လိုက်ပြီဆိုတဲ့အခါကျတော့ ဆိတ်ငြိမ်တဲ့နေရာ ကြည့်ကြပါလို့ ပြောလိုက်တယ်၊ မလှုပ်မရှားပဲနဲ့ကြည့်ပါ၊ ကြည့်တဲ့အခါမှာ (မှန်ပါ့) လှုပ်ရှားလာလို့ရှိရင် အင်း လှုပ်ရှားတာက ဘယ်သူလှုပ်တာတုံးလို့ လှုပ်တဲ့သူကိုလဲကြည့် လှုပ်တဲ့သဘောကိုလဲကြည့်လို့ဆိုတာပေါ့ဗျာ (မှန်ပါ့) ငြိမ်နေပြန်လို့ရှိရင်လဲ ငြိမ်တဲ့သဘောကိုကြည့် (မှန်ပါ့ ဘုရား)။

လှုပ်နေရင် (လှုပ်တဲ့သဘောကိုကြည့်ရပါမယ်) ငြိမ်နေရင် (ငြိမ်တဲ့သဘောကိုကြည့်ရပါမယ်) ငြိမ်တဲ့သဘော၊ လှုပ်တဲ့သဘောကိုကြည့်လို့ ဉာဏ်တခုနဲ့သာဆုံးဖြတ်ချက်ချလို့ရှိရင်ဖြင့် လှုပ်တာသည် ပင်ကိုယ်လှုပ်လား – အခုမှလှုပ်လား အကဲခတ်ကြည့် (အခုမှလှုပ်တာပါ) ပင်ကိုယ်က ငြိမ်တယ် ဥပမာ၊ လေတိုက်ရင် (လှုပ်ပါတယ်) လေမရှိရင် (ငြိမ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့လှုပ်တာလဲစိတ် လေတိုက်လို့လှုပ်တာ၊ စိတ်လေမတိုက်ရင် (မလှုပ်ပါ ဘုရား) စိတ်ငြိမ်ရင် (ငြိမ်ပါတယ် ဘုရား) စိတ်မငြိမ်ရင် (မငြိမ်ပါ) စိတ်မငြိမ်လို့ရှိရင်လဲမငြိမ်ဘူး လှုပ်နေတယ်ဆိုတာ ထင်ရှားပြီ။

စိတ်ကလဲငြိမ်စိတ်-မငြိမ်စိတ်

ဪ ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ကလဲငြိမ်စိတ်-မငြိမ်စိတ်ပဲ၊ ရုပ်ကလဲ ငြိမ်ရုပ်-မငြိမ်ရုပ်ပဲ (မှန်ပါ့) ခွဲတတ်ပလား (ခွဲတတ်ပါပြီ ဘုရား)။

အဲဒါကိုသာ အကဲခတ်နေလို့ရှိရင် သူတို့ဟာ အတည်မကျပြောင်းသွားနေကြတယ်ဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်ပါ့) မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

အင်း ဒါဟာဘယ်သူကပြောတာပါလိမ့် ဒကာ ဒကာမတို့ (ခန္ဓာက ပြောတာပါ ဘုရား) ဒီလိုဆိုကြပါစို့ ရုပ်နာမ်ကပြောတယ် (မှန်ပါ့) ဦးဘတင် (မှန်ပါ့ ရုပ်နာမ်ကပြောပါတယ် ဘုရား) ကျုပ်တို့က ရုပ်နာမ်အကဲခတ်နေတာကိုး (မှန်ပါ့)။

ရုပ်နာမ်ကိုပဲ အကဲခတ်နေတော့ ရုပ်ကလဲ ကျုပ်ဟာအရင်ရုပ်မဟုတ်ဘူး၊ နောက်ရုပ်၊ နာမ်လဲ ကျုပ်လဲ အရင်နာမ်မဟုတ်ဘူး၊ နောက်နာမ်၊ ဘယ်သူက ပြောသတုံး (ရုပ်နာမ်က ပြောပါတယ် ဘုရား)။

ဒါဖြင့် ရုပ်နာမ်ကပြောတာဖြင့် နဂိုရ်က ကိုယ့်ကိုယ်ထင်နေတဲ့ဥစ္စာ သူတို့က အရင်ဟာမဟုတ်ဘူး၊ နောက်ဟာ၊ အရင်စိတ်မဟုတ်ဘူး၊ နောက်စိတ်၊ အရင်ဟာမဟုတ်ဘူး၊ နောက်ဟာ၊ အရင်နာမ်မဟုတ်ဘူး၊ နောက်နာမ်၊ အရင်ရုပ်မဟုတ်ဘူး၊ နောက်ရုပ်လို့ သူတို့က ပြောနေတော့ ကျုပ်တို့က ဒီအထဲမှာ ကိုယ်ပိုင်တော့ မရှိလို့ပဲ သူတို့ ဒါလောက်ပြောနေရင် (မှန်ပါ့) နဂိုရ်က ကိုယ်ပိုင်ထင်နေတဲ့ဥစ္စာတွေ အလွဲချည့်ပဲဟာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ကိုယ်ပိုင် ထင်နေတာတွေအလွဲချည့်ပါ ဘုရား) အလွဲချည့်ပဲ ဆိုလို့ရှိရင်ဖြင့် အခုအမြင်မှန်လို့ပဲ (မှန်ပါ့)။

အလွဲချည့်ပဲလို့ သိလာရင်တော့ ဘာမြင်လို့ပါလိမ့် (အမှန်မြင်လို့ပါ ဘုရား) အမှန်မြင်ရင် ဒါဟာ သမ္မာဒိဋ္ဌိ၊ ဝိပဿနာဖြစ်လာပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်မတန်မိတဲ့ တရားကိုပြောတာ ဒကာ ဒကာမတို့ (မှန်ပါ့) ကောင်းကောင်းနားလည်ကြပလား (နားလည်ပါပြီ ဘုရား)။

ရုပ်ကလဲအရင်ရုပ်မဟုတ်

ဒါဖြင့် ရုပ်နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ကြည့် ဆိုတဲ့စကားဟာ မမိသေးဘူးလား (မိပါတယ် ဘုရား) ဉာဏ်တခုနဲ့ ကြည့်လိုက်တော့ ရုပ်ကလဲအရင်ရုပ်မဟုတ်၊ နောက်ရုပ် (မှန်ပါ့) နာမ်ကလဲ အရင်နာမ်မဟုတ်ဘူး၊ နောက်နာမ် (မှန်ပါ့)။

သူတို့သည် စိုက်ကြည့်နေတဲ့ပုဂ္ဂိုလ်၊ စိုက်ကြည့်နေတဲ့ဉာဏ်သမားကို အမြဲတမ်း သူတို့ကပြောမယ် (မှန်ပါ့) မပြောပေဘူးလား (ပြောပါတယ် ဘုရား) ဘယ်သူကပြောသတုံး (ရုပ်နာမ်က ပြောပါတယ်) စိုက်ကြည့်မနေတဲ့လူကိုတော့ မပြောဘူး၊ စိုက်ကြည့်နေတဲ့လူကျတော့ ပြောတယ် (မှန်ပါ့)။

ပြောတော့ကို ဒါ ဘယ်သူကပြောတာတုံး လို့ ဦးဘတင်-မေးပြီဗျာ (ရုပ်နာမ်က ပြောတာပါ ဘုရား) ဦးဘအုန်း-ဘယ်သူကပြောသတုံး (ရုပ်နာမ်ကပြောပါတယ်) ရုပ်နာမ်က ပြောတော့ကို သူများပြောဖြင့် မယုံချင်နေ၊ ရုပ်နာမ်က ပြောတာကိုဖြင့် (ယုံရမှာပါ ဘုရား) ယုံရမှာပဲ၊ ကျုပ်-အရင်ရုပ်မဟုတ်ဘူး၊ နောက်ရုပ်၊ ရုပ်ကပြောမယ်၊ နာမ်ကကော (အရင်နာမ်မဟုတ်ပါ-နောက်နာမ်လို့ ပြောပါတယ် ဘုရား)။

ဒါဖြင့် သူတို့ပြောတဲ့စကားထဲမှာ ခဏခဏဖြစ်နေပါတယ်ဆိုတဲ့စကား ပါ-မပါ (ပါ-ပါတယ် ဘုရား) အဲဒီပါတော့ ကျုပ်တို့က ဉာဏ်ကလေးနဲ့ဟုတ်ပေတယ်၊ ဟုတ်ပေတယ်လို့ ခေါင်းငြိမ့်လိုက်စမ်းပါ (မှန်ပါ့) မလိုက်သင့်ဘူးလား (လိုက်သင့်ပါတယ် ဘုရား)။

ဘယ်သူကပြောလို့ ခေါင်းငြိမ့်လိုက်နေသတုံး (ရုပ်နာမ်ကပြောလို့ပါ) ဘုန်းကြီးကဟောလို့၊ မငြိမ့်ချင်နေပါ၊ ရုပ်နာမ်ကပြောရင်တော့ ငြိမ့်ကြစမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နာမရူပ ပရိစ္ဆေဒဉာဏ်

ဒီဥစ္စာဖြင့် ဟုတ်မှဟုတ်ပါ့မလား ငါ-ရှုနေတာဖြင့် ဟုတ်မှဟုတ်ပါ့မလားဆိုရင်တော့ဖြင့် ဒကာ ဒကာမတွေ ကိုယ်ပိုင်ထင်နေတဲ့ ရုပ်နာမ်က သူကသက်သေခံပါလျက်သားနဲ့ ငါရှုတာဟာ ဟုတ်မှဟုတ်ပါရဲ့လားလို့ သံသယရှိဖို့ မလိုတော့ဘူး (မှန်ပါ့) သံသယ-ဝိစိကိစ္ဆာသေတယ်၊ ရုပ်နာမ်ရှိတယ်လို့ သိသွားတော့ နာမရူပ ပရိစ္ဆေဒဉာဏ်ကိုလဲ ရရှိတယ် (မှန်ပါ့)။

သူကလဲ ခဏခဏပြောင်းလွဲပြပြီးနေတဲ့အတွက် ဒီသစ္စာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သံသယရှိစရာမလိုပါဘူး၊ အရင်ရုပ်လဲမဟုတ်ဘူး၊ ဒါဟာ နောက်ရုပ်၊ အရင်နာမ်လဲမဟုတ်ဘူး၊ နောက်နာမ်လို့ ခဏခဏ သူကဆက်လက်ပြီး မပြောပေဘူးလား (ပြောပါတယ်) ဘယ်သူကပြောပါလိမ့် (ရုပ်နာမ်ကပြောပါတယ်) ရုပ်နာမ်က ပြောတယ်ဆိုတာ ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။

ရုပ်နာမ်က ပြောတာကို ဘယ်သူက ကြည့်တာပါလိမ့် (ဉာဏ်ကကြည့်ပါတယ်) ဉာဏ်ကကြည့်တော့ ဉာဏ်ကလဲ မိမိသန္တာန်ပေါ်လာတဲ့ဉာဏ်၊ ရုပ်နာမ်ကလဲ မိမိဆုတောင်းထားလို့ရတဲ့ ရုပ်နာမ် (မှန်ပါ့) အဲဒီတော့ မိမိဆုတောင်းထားတဲ့ ရုပ်နာမ်ကို ဘုရားပွင့်လာမှရနိုင်တဲ့ဉာဏ်နဲ့ကြည့်လိုက်တော့ ကိုယ့်ဟာကိုယ် ကိုယ့်ဥစ္စာဆို မပါဘူးဆိုတာ ရုပ်နာမ်ကပြောလိမ့်မယ် (မှန်ပါ့)။

ကိုယ်ပိုင်၊ ကိုယ့်ဟာ၊ ကိုယ့်ဥစ္စာဆိုတာ (မပါ-ပါ ဘုရား) ဘယ်သူကပြောတာတုံး (ရုပ်နာမ်ကပြောပါတယ် ဘုရား) ရုပ်နာမ်ကပြောတော့ ဟာ ကိုယ်ပိုင်၊ ကိုယ့်ဟာ၊ ကိုယ့်ဥစ္စာဆိုတာ သေသေချာချာကြည့်တော့ မဟုတ်ဘူးဟေ့၊ အစိုးမရ အနတ္တတွေသာ ဟုတ်တယ်ဆိုတာ ပေါ်မလာပေဘူးလား (ပေါ်လာပါတယ်) ဘယ်သူပြောသွားသတုံး (ရုပ်နာမ်ကပဲ ပြောသွားပါတယ် ဘုရား)။

ယထာဘူတဉာဏ်

ဒါဖြင့် ခင်ဗျားတို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့ ကိုယ့်ရုပ် ရုပ်နာမ်မဟုတ်လို့ ခဏခဏ ပြောင်းလွဲနေတာပဲ၊ ကိုယ်ထားသလို၊ ကိုယ်ကြိုက်သလိုမနေဘူး (မှန်ပါ့) နာမ်ကလဲ ကိုယ်ထားသလို၊ ကိုယ်ကြိုက်သလို (မနေပါ ဘုရား) ရုပ်ကလဲ ကိုယ်ထားသလို၊ ကိုယ်ကြိုက်သလို (မနေပါ ဘုရား) အင်း ဘယ်သူကပြောသတုံး (ရုပ်နာမ်ကပြောပါတယ် ဘုရား)။

ရုပ်နာမ်ကပြောတော့ ခင်ဗျားတို့က ဉာဏ်ကလေးနဲ့ ခေါင်းငြိမ့်ပြီးနေတာပေါ့ (မှန်ပါ့ ဘုရား) ငါ့ကိုယ်၊ ငါ့ဟာဆိုတာ ဪ နဂိုရ်ကတော့ ပါးစပ်ကပြောအောက်မေ့တယ်၊ အခုတော့ဖြင့် ကိုယ်ဆုတောင်းထားတဲ့ ရုပ်နာမ်က၊ ကိုယ်ရထားတဲ့ရုပ်နာမ်က ကိုယ့်ပြောနေတာကိုး လို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီလိုဆိုနိုင်ကြလို့ရှိရင် ဒကာ ဒကာမတို့ ဒီဉာဏ်ကို ဘာဉာဏ်ခေါ်ကြပါ့မတုံးဆိုတော့ ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိတဲ့ ယထာဘူတဉာဏ်ပဲ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမယ် (ယထာဘူတဉာဏ်ပါ) ကိုယ့်ရုပ်နာမ်အကြောင်း ကိုယ် ကောင်းကောင်းသိတဲ့ ယထာဘူတဉာဏ် (မှန်ပါ့)။

ဪ တယ်လွယ်ပါကလား ဒကာ ဒကာမတို့ (မှန်ပါ့) ကိုယ့်ခန္ဓာပြောတဲ့အကြောင်းကို ကိုယ်-ကိုယ်တိုင်ဉာဏ်နဲ့ ကောင်းကောင်းသိသောကြောင့်လဲ ဘာဉာဏ်ခေါ်ကြမယ် (ယထာဘူတဉာဏ်ပါ ဘုရား)။

ဒကာ ဒကာမတွေ အဲဒီအချိန်ကစပြီး အရူးအကန်းပျောက်သွားတယ် (မှန်ပါ့) ကြည့်တတ်တော့လဲ အရူးအကန်းပျောက်လွယ်လိုက်တာ (မှန်ပါ့)။

ဒကာ ဒကာမတွေကလဲ ရှိတာတခြား၊ ကြည့်တာတခြားဖြစ်ပြီး သကာလ နေတော့ ဝိပဿနာဆိုတာ ဘုရားရဟန္တာတို့အလုပ်ဟေ့ ဆိုပြီး သူများကိုများလွှဲပြီးပြောလိုက်သေးတယ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဘုရားရဟန္တာအစရှိတဲ့ အရိယာသူတော်စဉ်ပုဂ္ဂိုလ်ကြီးတွေမှာလဲ သူတို့ရုပ်နာမ်က သူတို့ကိုပြောလို့ သူတို့ရုပ်နာမ်ကိုမြင်၊ သူတို့ရုပ်နာမ်ကို သူတို့မုန်းလို့ ကိစ္စပြီးသွားတော်မူကြတာ (မှန်ပါ့)။

သူတို့မုန်းတာက နိဗ္ဗိန္ဒဉာဏ်

သူတို့ရုပ်နာမ်ကို သူတို့မြင်တာက ယထာဘူတဉာဏ်၊ သူတို့ရုပ်နာမ် သူတို့မုန်းတာက နိဗ္ဗိန္ဒဉာဏ်၊ သူတို့ ရုပ်နာမ်ကြီးကို သူတို့မလိုချင်တာက သူတို့မဂ်ဉာဏ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သူတို့မဂ်ဉာဏ်ကို ဘယ်သူပေးလို့ရသတုံး (ရုပ်နာမ်ကပေးတာပါ ဘုရား) ဟိုဘက်ကမ်းရောက်သွားတာ ရုပ်နာမ်ကပို့တာ (မှန်ပါ့) လှေနဲ့လှေထိုးသမားက ပို့တာ (မှန်ပါ့) စီးတဲ့ပုဂ္ဂိုလ် ဟိုဘက်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒီမှာလဲ ဉာဏ်သမားတယောက်ဟာ နိဗ္ဗာန်ဘက်မရောက်ပေဘူးလား (ရောက်ရပါတယ်) ဉာဏ်သမား လှေထိုးသမားပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဪ သေပျော်နိုင်တဲ့တရားပဲလို့ ခင်ဗျားတို့ဆုံးဖြတ်ချက်ချတော့ (မှန်ပါ့)။

ဦးဘအုန်းရေ တသက်လုံးမကြားဖူးတဲ့စကားပဲ (မှန်ပါ့ ဘုရား) ရှင်းသွားပလား (ရှင်းပါပြီ ဘုရား) ရုပ်နာမ်ကို စိုက်ကြည့်က ဝိပဿနာ (မှန်ပါ့)။

ဦးခင်မောင်-ဒါကြောင့် သေပျော်တယ် ပြောတော့ သမထ ဝိပဿနာကွဲသွားပြီ (မှန်ပါ့) ဦးဘတင်-ကွဲပလား (မှန်ပါ့) ဘေးကြည့်တော့ ဘာတွေဖြစ်နေသတုံး (သမထပါ ဘုရား) ကိုယ့်ရုပ်နာမ်ကို ကိုယ်ကြည့်တော့ (ဝိပဿနာပါ ဘုရား)။

မရောက်တဲ့အကြောင်းသည်ကားလို့ဆိုရင် ဒို့သည် အရှိကိုမကြည့်မိ၊ မရှိကို ကြည့်မိတဲ့အတွက် ဒုက္ခရောက်နေတာ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဦးဇံရင်-နေရာကျပလား (ကျပါပြီ ဘုရား)။

ဆရာမပြ-နည်းမရဖြစ်နေတာ

ဪ ဒါဖြင့် ဝိပဿနာအလုပ်ဟာ အခက်အခဲဆုံးအလုပ်ဆိုတာ ခင်ဗျားတို့ ဆရာမပြ-နည်းမရဖြစ်နေတာ (မှန်ပါ့) နည်းရရင် ခက်နိုင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ရုပ်-နာမ်-နှစ်ခုကို ဉာဏ်တခုနဲ့ကြည့် (မှန်ပါ့) ဉာဏ်နဲ့ကြည့်လိုက်တော့ ဘယ်သူက အပြောသမား၊ ဘယ်သူက ယုံကြည်သမားဆိုတာကော (ရုပ်နာမ်က အပြောသမား၊ ဉာဏ်က အယုံကြည်သမားပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ သူများသိလား၊ ကိုယ်တိုင်သိလား (ကိုယ်တိုင်သိပါ ဘုရား)။

ဘယ်လိုနိဗ္ဗာန်ရောက်မတုံးဆိုတော့ ဒိဌဓမ္မောတဲ့၊ ကိုယ်တိုင်မြင်မှရောက်မယ် (မှန်ပါ့) ပတ္တဓမ္မော တဲ့၊ ကိုယ့်ဉာဏ်ထဲကို သူတို့ကပြောတာ ရောက်ရမယ် (မှန်ပါ့)။

ဒါဖြင့် ဒို့-ဒုက္ခခပ်သိမ်းငြိမ်းတဲ့နိဗ္ဗာန် ရောက်ချင်လို့ရှိရင် ကိုယ့်ရုပ်နာမ်အကြောင်းကို ကိုယ်-ကောင်းကောင်းသိရင် ရောက်စမြဲလို့မှတ်လိုက် (မှန်ပါ့)။

ဘယ့်နှယ်တုံး (ကိုယ့်ရုပ်နာမ်အကြောင်း ကိုယ်ကောင်းကောင်းသိရင် ရောက်စမြဲပါ ဘုရား) ဒါဖြင့် ဦးခင်မောင်ရေ အလကားပဲ ကျုပ်တို့အချိန်ကုန်ခံနေကြတယ်နော် (မှန်ပါ့) သို့သော်လဲ ဆရာမပြ-နည်းမရဆိုတာကလေးလဲ ရှိသေးတာကိုး (မှန်ပါ့ ဘုရား)။

ဒီရုပ်နာမ်အကြောင်း ကောင်းကောင်းနားလည်အောင် စာတွေပေတွေကြည့်မှပဲတော်မယ် (မှန်ပါ့) အထင်ကြီးပြီး ဘေးရမ်းပြီ (မှန်ပါ့) ဟာ ဘေးရမ်းလေ မတွေ့လေပဲ (မှန်ပါ့) ရုပ်နာမ်ရှိတဲ့ဆီကို တကယ်ကြည့်ဖြစ်သေးရဲ့လား (မကြည့်ဖြစ်ပါ) မကြည့်လေလေ ဇာတ်မျောလေလေပဲ (မှန်ပါ့)။ စာသိလောက်နှင့် တင်းတိမ်နေလျှင် သညာသိ၊ တကယ်ရုပ်နာမ်မြင်မှပညာသိ။

ဘာဖြစ်လို့ နိဗ္ဗာန်မရောက်ကြတာလဲ

ခင်ဗျားတို့ဘာဖြစ်လို့ နိဗ္ဗာန်မရောက်ကြတာလဲဆိုတာ သဘောကျသွားပလား (ကျပါပြီ) ရုပ်နာမ်ကို ကိုယ်ကောင်းကောင်းမသိလို့ (မှန်ပါ့) ဘယ်ကြည့်နေကြသတုံး (ဘေးကြည့်ကြည့်နေလို့ပါ) ပြောမှာက ရုပ်နာမ်ကပြောမှာ (မှန်ပါ့ ဘုရား)။

ပြောမှာက ရုပ်နာမ်ပြောမှာ (မှန်ပါ့) ဘေးကပြောပါ့မလား (မပြောပါ ဘုရား) ဘေးကြည့်နေလို့ရှိရင် သမထ ဖြစ်သွားမယ် (မှန်ပါ့) ဘေးတည့်ရင် သမထ ဖြစ်မယ် မသာပို့မှာကိုးဗျ (မှန်ပါ့) မသာပို့တော့ မရဏာနုဿတိ သွားဖြစ်မှာပေါ့၊ အသုဘသမထ သွားဖြစ်မှာပေါ့ (မှန်ပါ့)။

အဲဒီတော့ ဘေးကြည့်က သမထကိုး- ဝိဒိတဓမ္မောကိုယ်တိုင်ဆုံးဖြတ်ချက်ချ သိမှ နိဗ္ဗာန်ရောက်တယ်လို့ မပြောဘူးလား (ပြောပါတယ်) ခင်ဗျားတို့ ဘေးကြည့်လို့ ဂွကျနေတာကိုး၊ ဘုရားက တိုက်ရိုက်ဟောခဲ့သား (မှန်ပါ့)။

မင်းတို့ဟာမင်းတို့ ဒိဌဓမ္မောဖြစ်အောင်လုပ်ပါ၊ မင်းတို့ဉာဏ်ထဲ ရောက်အောင် ပတ္တဓမ္မော ဖြစ်အောင်လုပ်ပါ၊ မင်းတို့ဟာမင်းတို့ ဆုံးဖြတ်ချက် ချနိုင်အောင်လုပ်ပါ၊ သူများပြောယုံနေရမှုမှ လွတ်အောင်လုပ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သူများပြောစာတွေ့မှ ကိုယ်တိုင်သိအဖြစ်သို့ရောက်အောင် လုပ်ရတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့်ဘေးကြည့်နဲ့၊ တည့်ကြည့်ဟာ အတော်ကွာပါကလား (ကွာပါတယ်) ဘေးကြည့်လို့ရှိရင် ဘာဖြစ်မယ် (သမထပါ ဘုရား) ကိုယ့်အရှိကိုကြည့်လို့ရှိရင် (ဝိပဿနာပါ) အဲ ဝိပဿနာနဲ့ သမထ ဒီနေရာမျိုးမှာ ဒီလိုကွာခြားတာပဲ ဆိုတာ တော်တော်ထင်ရှားသွားပြီ (မှန်ပါ့) မထင်ရှားသေးဘူးလား (ထင်ရှားပါတယ် ဘုရား)။

တော်တော်အဖိုးတန်ပြီ ဦးခင်မောင်ရေ (တန်ပါတယ် ဘုရား) အင်မတန် အဖိုးတန်သွားပြီ ဒကာ ဒကာမတို့၊ အဲဒီတော့ ဒီဥစ္စာကို ဘုန်းကြီးက ဘယ်ကို အကိုးအကားထားပြီး ပြောပါလိမ့်မတုံးဆိုတော့ ရှင်သာရိပုတ္တရာဟောခဲ့လို့ ဒါလောက် ရဲရဲတင်းပြောတာ (မှန်ပါ့ ဘုရား)။

ကာယမိမံသမ္မသထ၊ ပရိဇာနာထပုနပ္ပုနံ။

ကာယေ သဘာဝံ ဝိဒိတွာန၊ ဒုက္ခဿန္တံ ကရိဿထ၊

ဉာဏ်နဲ့ကြည့်ရပါမယ်

ဣမံကာယံ=ဤရုပ်နာမ်ကို၊ သမ္မသထ=မင်းတို့ဉာဏ်နဲ့သုံးသပ်ပါတဲ့၊ ဉာဏ်နဲ့ကြည့်နေပါတဲ့ (မှန်ပါ့) ရုပ်နာမ်ကိုဘာနဲ့ ကြည့်ရမတုံး (ဉာဏ်နဲ့ကြည့်ရပါမယ်) ပရိဇာနာထပုနပ္ပုနံ = ဆုံးဖြတ်ချက်ချနိုင်အောင် အဖန်ဖန်အထပ်ထပ် ကြည့်ပါတဲ့ သူဟာ ဘာဖြစ်နေတယ် – ဘာဖြစ်နေတယ်လို့၊ သဘောကျပလား (မှန်ပါ့ ဘုရား)။

ဘယ်လိုကြည့်ရမတုံး (ဆုံးဖြတ်ချက်ချနိုင်အောင် ကြည့်ရပါမယ်) ဆုံးဖြတ်ချက်ချနိုင်အောင်ကြည့်ပါ့၊ အနတ္တဖြင့် အနတ္တပြနေလို့ရှိရင် အနတ္တကို “ဖြစ်ထိုက်တယ်” ဒီလိုဆုံးဖြတ်ချက်ချနိုင်အောင်ကြည့်ပါ (မှန်ပါ့) အနိစ္စပြနေလို့ရှိရင် အနိစ္စဟုတ်သားပဲ၊ ဒီလိုဆုံးဖြတ်ချက်ချနိုင်အောင် ကြည့်ပါတဲ့ (မှန်ပါ့ ဘုရား)။

ကာယေ သဘာဝံ ဝိဒိတွာနတဲ့၊ ကာယေ=ခုနင်က ရုပ်ကာယ နာမ်ကာယနှစ်ပါး၌၊ သဘာဝံ=သဘောကို၊ ဝိဒိတွာန = သိ၍သူကိုသိရမယ် တဲ့၊ ရုပ်ကာယ၊ နာမ်ကာယ ဘယ်လိုဖြစ်နေတယ်ဆိုတာနော် ရုပ်သဘော၊ နာမ်သဘောပေါ့ဗျာ (မှန်ပါ့) ဒီလိုသိလို့ရှိရင် ဒုက္ခဿန္တံ ကရိဿထ = ဒုက္ခဆုံးတော့မယ်တဲ့ (မှန်ပါ့ ဘုရား)။

သူ့သဘောသိရင် ဘာတဲ့ (ဒုက္ခဆုံးပါလိမ့်မယ် ဘုရား) ဆုံးမှာပေါ့၊ ဒုက္ခမှန်းသိသွားတော့ကို ခင်ဗျားတို့ဒီဒုက္ခကြီးကို မလိုချင်ပါဘူး၊ မရချင်ပါဘူးဆိုတော့ နိဗ္ဗာန်ရရုံပဲရှိတော့တယ် (မှန်ပါ့) ဒီ့ပြင်ဘာရစရာရှိသေးသတုံး (မရှိပါ) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သူကဟောမှ ကျုပ်တို့ဆုံးဖြတ်ချက်အမှန်ကျမှာနော် (မှန်ပါ့) အနာတွေပေါက်လာတာ သူများကပျောက်လိမ့်မယ်ဆိုလို့တော့ ဒကာ ဒကာမတွေပျောက်လိမ့်မယ်မထင်နဲ့နော် (မှန်ပါ့ ဘုရား)။

မှန်းပြောကြတာ ဒကာ ဒကာမတွေက ဘာနာတုံး၊ ဘာနာပဲလို့ပြောရင် အို ပျောက်မယ် ဒီအနာ သိပ်ကြာမှာ မဟုတ်ဘူးတဲ့၊ ဟိုမှာ ခံရတဲ့လူကတော့ မသက်သာဘူး (မှန်ပါ့) သူက လောကွတ် လုပ်သွားတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပျောက်ပါလိမ့်မယ် စိတ်သာချဆိုရင်

သူက အထကောင်းအောင်လို့လုပ်သွားတာ၊ သူလူနာလာမေးတာလဲ မကောင်းလို့လာမေးတာ (မှန်ပါ့) ပြန်ချင်တဲ့အခါကျတော့ အေး ပျောက်ပါလိမ့်မယ် စိတ်သာချဆိုရင် သူပြန်တော့မလို့သာ မှတ်ပေတော့ (မှန်ပါ့) မပြောကြဘူးလား ခင်ဗျားတို့ (ပြောပါတယ် ဘုရား)။

လာတုန်းကလဲ မကောင်းတတ်လို့ လာတာကိုး၊ ပြန်ချင်တော့လဲ အထကလေးလွယ်အောင် လုပ်ရသေးတယ်၊ မလုပ်ကြရဘူးလား (လုပ်ရပါတယ် ဘုရား) ပျောက်ပါလိမ့်မယ် ခင်ဗျားစိတ်သာချ၊ အားမငယ်နဲ့နော် ဒီလိုဖြစ်တာတွေ အများကြီးပဲ ပျောက်တာချည့် ကျုပ်တွေ့ပါတယ် (မှန်ပါ့) အဲဒီလိုပြောပေမယ့် လူမမာကတော့ဖြင့် ခံရတာသက်သာရဲ့လား (မသက်သာပါ ဘုရား) သူ့အပြောနဲ့ ကိုယ့်လက်တွေ့နဲ့ကိုက်ရဲ့လား (မကိုက်ပါ ဘုရား)။

အဲဒီလိုပဲ သူများပြောလောက်နဲ့တင်းတိမ်မနေနဲ့ (မှန်ပါ့) ရုပ်နာမ်ကပြောရင် (ကိုက်ပါပြီ ဘုရား) ရုပ်နာမ်က ခင်စရာပြောရင်လဲ ခင်နိုင်စရာပေါ့၊ မုန်းစရာပြောရင်လဲ (မုန်းစရာပါ ဘုရား)။

အဲဒီတော့ သူ-ဘယ်လိုပြောလိမ့်မယ်ထင်သတုံး (မုန်းအောင်ပြောမှာပါ ဘုရား) မုန်းအောင်ပြောမယ်၊ မင်းတို့ဆုတောင်းလွဲမကွ-ဆိုတာလဲ သူကပြောမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူက ဘယ်လိုပြောမယ်ထင်သတုံး (မုန်းအောင်ပြောမှာ၊ ရွံအောင်ပြောမှာပါ ဘုရား) မင်းတို့အကြိုက်နဲ့မင်းတို့ အကိုက်ကို ရုပ်ကလဲ ငါ-မနေဘူးပြောတာပဲ (မှန်ပါ့) နာမ်ကကော (ငါမနေဘူးပြောတာပါပဲ) ငါမနေဘူးလို့ သူတို့က အချိန်တိုင်း မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

အချိန်တိုင်း ပြောကတည်းက မြင်တဲ့လူက တဆင့်တက်ရုံပဲ ရှိတော့တယ်၊ မင်းနဲ့မပေါင်းတော့ပါဘူးလို့၊ ဒီဟာလဲတလုံးပဲ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

နဂိုရ်က ဒို့-အမှားကြီး မှားခဲ့တယ်၊ မင်းကို ဆုတောင်းယူခဲ့တာ၊ ဟုတ်ပလား (မှန်ပါ့) ယနေ့ကစပြီး မင်းနဲ့တော့ မပေါင်းတော့ဘူး၊ မင်းကိုဖြင့် နောက်လဲ မယူတော့ဘူး၊ အခုလဲ မကြည်ညိုတော့ဘူး ဆိုရင်ဖြင့် အခုတဏှာသေသွားတယ် (မှန်ပါ့) အခု တဏှာသေသွားတာ သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာသေရင် နိဗ္ဗာန်ရနိုင်တာပဲ

အခု တဏှာသေရင် နိဗ္ဗာန်ရနိုင်တာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဪ ဒကာ ဒကာမတွေ တော်ပဲတော်သေးတယ်၊ ကံကောင်း-ထောက်မပြီး ဒါကလေးကြားရသေးတယ်ဟင် (မှန်ပါ့)။

ဪ ဒကာ ဒကာမတွေ တော်ပဲတော်သေးတယ်၊ ကံကောင်းထောက်မပြီး ဒါကလေး ကြားခွင့်ရသေးတယ်နော် (မှန်ပါ့) ကိုမြရွှေတို့ ဘယ့်နှယ်တုံး (ကံကောင်း ထောက်မလို့ ကြားရပါသေးတယ်) သေချာပလား (သေချာပါပြီ ဘုရား)။

ရှင်သာရိပုတ္တရာက ဟောတာလား (ရှင်သာရိပုတ္တရာကဟောတာပါ) ရှင်သာရိပုတ္တရာ ဟောတာပဲ တဲ့ ဒကာ ဒကာမတို့၊ နိဗ္ဗာန်သွားချင်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ့် ရုပ်-နာမ် ကိုယ်ကြည့်ရင် ပြီးတာပါပဲတဲ့ (မှန်ပါ့) ကဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

နိဗ္ဗာန်သွားချင်တဲ့ပုဂ္ဂိုလ် (ကိုယ့်ရုပ်နာမ် ကိုယ်ကြည့်ရင်ပြီးတာပါပဲ ဘုရား) ကိုယ့်ရုပ်နာမ်ကို ကိုယ်-ဘာကြည့်ရမတုံးဆိုတော့ ဘုန်းကြီးက ဖြည့်စွက်လိုက်တယ်၊ ဘုရားပွင့်တော်မူမှပေါ်လာတဲ့ ဘုရားပေးထားတဲ့ ဉာဏ်ကလေးနဲ့ ကြည့်-ဆိုတော့ သုံးခုဖြစ်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သုံးခု တခုတိုးတာ ခင်ဗျားတို့မှာဖြင့် ဘုရားပွင့်လို့ပေးထားတဲ့ဉာဏ်ကလေးဟာ ဒါကလေး အကူအညီ ကလေးထားပြီး သကာလ ကြည့်ပါ၊ ဘာကိုကြည့်ရမတုံး (ရုပ်နာမ်ကိုကြည့်ရပါ့မယ် ဘုရား)။

ဘုရားမပွင့်ခင်တုန်းကတော့ ဒီဉာဏ်ကလေးပေးမည့်သူ မရှိဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အဲဒီတော့ ခင်ဗျားတို့ နောက်-ဘုရားပွင့်မှာကို စောင့်နေရင် တွေ့ချင်မှတွေ့မှာနော် (မှန်ပါ့) ဘုရားပွင့်လာတာဟာ ဒီဉာဏ်ကို နည်းပေးလာတာ (မှန်ပါ့) သွားတော့ ကိုယ့်ခန္ဓာရုပ်နာမ်က လှေလုပ်ပြီးပို့လိုက်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက မသိတော့ နောက်ဘုရားမှကျွတ်တမ်းဝင်ပါမယ် ထင်တယ်ဆိုတော့ ဘုရားကိုပဲ ခင်ဗျားတို့က အပို့ခိုင်းဦးမည့်ပုံ (မှန်ပါ့) မဟုတ်ဘူး၊ ဒီရုပ်နာမ်က ပို့ရမှာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ့်ရုပ်နာမ် ကိုယ်ကြည့်ရပါ့မယ်

ကိုင်း ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး (ကိုယ့်ရုပ်နာမ် ကိုယ်ကြည့်ရပါ့မယ်) ကိုယ့်ရုပ်နဲ့နာမ် နှစ်ခုကို ဘုရားပွင့်မှရတဲ့ဉာဏ်တခုနဲ့ကြည့်၊ သုံးခုတော့ ပြည့်ပစေ (မှန်ပါ့)။

ကဲ ခင်ဗျားတို့သန္တာန်မှာ ဒီဉာဏ်ကလေး ရှိနေသ၍ကာလပတ်လုံး ဘုရားရှိနေသေးတယ် အောက်မေ့ပါ (မှန်ပါ့ ဘုရား) ဒီဉာဏ်ကလေးကွယ်တဲ့နေ့မှာ ခင်ဗျားတို့ ဘုရားမရှိဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဉာဏ်ကလေးကွယ်တဲ့နေ့ ဘာတဲ့တုံး (ဘုရားမရှိပါ ဘုရား) အဲဒီတော့ ခင်ဗျားတို့သန္တာန်မှာဆိုရင် ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဆိုင်များ ထိုင်နေတဲ့အခါ ကိုယ့်အိမ်ရာမှာ သားနဲ့သမီးနဲ့ ပြုံးပြုံးနေတဲ့အခါကျတော့ကို ကြည့်မိသေးရဲ့လား (မကြည့်မိပါ ဘုရား) အဲဒီအချိန်မှာ ဘုရားမရှိဘူး ခင်ဗျားတို့သန္တာန်မှာ (မှန်ပါ့ ကွယ်နေပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီအချိန်မှာ ခင်ဗျားတို့သန္တာန်မှာ ဘုရားမရှိတဲ့အချိန်ပဲ၊ ဘုရားပေးထားတာလဲ သူမယူဘူး၊ ဘုရားပေးထားတဲ့ တရားဆိုတဲ့ ဉာဏ်ကလေးကော (မယူပါ ဘုရား)။

ဪ အိမ်မှာ သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ အရောင်းမဝယ်တွေနဲ့ ပျော်ရွှင်ပြီး သကာလ နေတဲ့ပုဂ္ဂိုလ်များမှာ ခန္ဓာက ဘယ်လိုပြောပြော သူ့မှာဉာဏ်မရှိတော့ ဘုရားပေးတဲ့ပစ္စည်းရှိသေးရဲ့လား (မရှိပါ ဘုရား) သူလက်ခံပြီး ယူသေးရဲ့လား (မယူပါ ဘုရား)။

ဟာ လက်မခံလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သန္တာန်မှာ ဘုရားမရှိဘူး၊ ဘုရားပေးတဲ့ပစ္စည်းလဲ မရလိုက်ဘူး (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါ ဘယ်အချိန်တုန်းဆိုရင်ကော သိကြပလား (သိကြပါပြီ ဘုရား) သားသမီးနဲ့ အရောင်းအဝယ် ရှုပ်နေတဲ့အချိန် (မှန်ပါ့) အဲဒီအချိန် ဘုရားပေးတဲ့လက်ဆောင်ကို ဘုရားက အကောင်းပေးထားတာ ခင်ဗျားတို့ လွှင့်ပစ်တဲ့အချိန်ပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားပွင့်တဲ့အချိန်

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ ဘုရားပွင့်တဲ့အချိန်ကို ခွဲတတ်ပလား (ခွဲတတ်ပါပြီ) ဉာဏ်ကလေးနဲ့ ခန္ဓာကြည့်နေတဲ့အချိန်ကျတော့ (ဘုရားပွင့်တဲ့အချိန်ပါ) ဉာဏ်ကလေးနဲ့ခန္ဓာမကြည့်တဲ့အချိန်ကျတော့ (ဘုရားမပွင့်တဲ့ အချိန်ပါ ဘုရား)။

ဒါဖြင့် ဒို့သည်ကား လို့ ဆိုလို့ရှိရင်ဖြင့် တော်တော် လိုပါသေးကလား၊ ဘုရားမပွင့်တဲ့အချိန်က များပြီးတော့ ဘုရားကလဲ ကိုယ်တိုင်ဒိဋ္ဌိဓမ္မမြင်အောင် လုပ်ရမယ်လို့ ဟောတော်မူတော့ ဒီဉာဏ်ကလေးကလဲ ဘုရားပေးထားတဲ့ ဉာဏ်ကလေးကလဲ ရုပ်နာမ်က ဘယ်လိုပြောနေနေ သိသေးရဲ့လား (မသိပါ ဘုရား)။

ဒါကြောင့် ရုပ်နာမ်အကြောင်းတော့ သဗ္ဗေ ဓမ္မာ အနတ္တာတဲ့၊ ဘယ်အချိန်မဆို အနတ္တပဲ (မှန်ပါ့) ခင်ဗျားတို့ အနတ္တဉာဏ်မရတာကတော့ ဘုရားမပွင့်လို့ မရလိုက်တာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အနတ္တမရှိလို့ အနတ္တမရတာလား၊ ဘုရားပေးတဲ့ အနတ္တဉာဏ် ကိုယ့်သန္တာန်မရောက်လို့ အနတ္တမဖြစ်ရတာလား (ဘုရားပေးတဲ့ အနတ္တဉာဏ် ကိုယ့်သန္တာန်မရောက်လို့ အနတ္တ မဖြစ်ရတာပါ ဘုရား)။

ဒါဖြင့် ဘုရားအပြစ်လား၊ ကိုယ့်အပြစ်လား (ကိုယ့်အပြစ်ပါ ဘုရား) ကိုယ့်အပြစ်ကလဲ နည်းနည်းလား၊ များများလား (များများပါ ဘုရား) ဟာ အလွန်ဆိုးကုန်ပါပေ့ါလား (မှန်ပါ့) ဦးဇံရင်-ဘယ့်နှယ်တုံး၊ ဆိုးတာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကျုပ်တို့ကလဲ ဆုတောင်းထားပြီး သူတော်ကောင်းစိတ်က မပျောက်ပါဘူး၊ သက်သက်မပေးလို့သာ စီးပွားရေးအကြောင်း မညီညွတ်လို့ သားရေး၊ သမီးရေး၊ ဆွေရေး၊ မျိုးရေး ပစ္စည်းတွေကလဲ ကစင့်ကရဲဖြစ်ရတာ၊ ဘုရား တရားတော့ လက်မလွတ်ပါဘူး တဲ့၊ အင်း သူက ဒါနဲ့ဧည့်ခံသေးတယ် (မှန်ပါ့) အပြောတော့ မလျှော့ဘူး (မှန်ပါ့) ဒါနဲ့ဧည့်ခံတယ် ဦးဘတင်ရေ၊ မခံဘူးလား (ခံပါတယ် ဘုရား)။

သူ့ဉာဏ်နဲ့ ခန္ဓာနဲ့တော့ ကွဲနေတယ်

သူ့ဉာဏ်နဲ့ ခန္ဓာနဲ့တော့ ကွဲနေတယ် (မှန်ပါ့) မကွဲဘူးလား (ကွဲပါတယ်) ကွဲပေမယ့် သူ-ဘုရားတရားတော့ လက်မလွတ်ပါဘူးတဲ့ (မှန်ပါ့) ဘုရား-တရားနဲ့ လက်မလွတ်ဘူးဆိုတော့ ဘုရားပေးတဲ့ဉာဏ်ကော သူ့လက်ထဲရောက်ရဲ့လား (မရောက်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် ဘယ်မှာသာလျှင် ဘုရားရှိသတုံး၊ ဘုရားပေးတဲ့တရားကော (မရှိပါ ဘုရား) ဒါတောင် သူကလက်မလွှတ်ဘူးပြောနေတယ် (မှန်ပါ့) သူက ဘယ့်နှယ်ပြောသတုံး (လက်မလွှတ်ဘူးပြောပါတယ်) နို့ လက်လွှတ်ထားတာကတော့ နှစ်ခုစလုံးပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဪ သူပြောတာက ဘုရား-တရားတော့ လက်မလွှတ်ပါဘူးတဲ့ (မှန်ပါ့) သူ-လွှတ်နေတာကတော့ ခန္ဓာကပြောတာ သူသိသေးရဲ့လား (မသိပါ ဘုရား) ဘာလက်လွတ်နေသတုံး (ဘုရား-တရား လက်လွတ်နေပါတယ်) ပြီးတော့ ဧည့်ခံတော့ (ဘုရား-တရားနဲ့ဧည့်ခံပါတယ် ဘုရား)။

ဘုရား-တရားကို လက်မလွှတ်ပါဘူး တဲ့၊ ကျုပ်တို့ သတိဝီရိယရှိတာပါပဲ တဲ့၊ ဦးဝတို့ ချင့်ပြီးယုံနော် (မှန်ပါ့) ဦးခင်မောင်ကော (မှန်ပါ့-ချင့်ယုံမှာပါ ဘုရား) ခင်ဗျားတို့က မချင့်ပါဘူး၊ သာဓုသာ ရမ်းခေါ်လိုက်တာ ဘုရား-တရားလက်မလွတ်ဘူး တဲ့၊ တော်လိုက်တာ အရင်တုန်းက စီးပွားရေး တော်တုန်းကတောင် လက်မလွတ်ဘူး တဲ့၊ အခု စီးပွားပျက်လဲ လက်မလွတ်ဘူးတဲ့၊ တော်လိုက်တာလို့ ဦးခင်မောင်တို့လို နှုတ်သွက်တဲ့လူက သာဓုခေါ် စောချင်စောပစ် လိုက်မှာပေါ့ (မှန်ပါ့) စောပေမယ့် ခင်ဗျားသာဓုက ထိခိုက်ရဲ့လား (မထိခိုက်ပါ ဘုရား)။

သာဓုဆိုတာ ကောင်းပါတယ်

သာဓုဆိုတာ ကောင်းပါတယ်၊ ဝမ်းမြောက်ပါတယ်၊ ဒီလိုပြောတာမဟုတ်လား (မှန်ပါ့) ဟိုက လိမ်တာ ခင်ဗျားတို့က ဘယ့်နှယ်ဖြစ်နေသတုံး (ကောင်းပါတယ်၊ ဝမ်းမြောက်ပါတယ်လို့ ဆိုရာကျပါတယ်) ရှင်းပလား ဒကာ ဒကာမတွေ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်ချင်ရင် ရုပ်နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ကြည့် (မှန်ပါ့) ကြည့်တဲ့အခါကျတော့ ဘယ်သူဟာ အနာသမားဆိုတာကော ခွဲတတ်ပလား (ခွဲတတ်ပါပြီ ဘုရား) ကဲ ဘယ်သူကဟောမတုံး (ရုပ်နာမ်ကဟောပါတယ်၊ ဉာဏ်ကအနာသမားပါ ဘုရား)။

ရုပ်နာမ်ကတော့ဖြင့် သူက အနတ္တမို့ အနတ္တပဲဟောမှာပဲ၊ ဒီ့ပြင်ဘာများဟောသတုံး (မဟောပါ ဘုရား) သူက ဒုက္ခသစ္စာမို့ ကျုပ်-ဒုက္ခသစ္စာပဲလို့ ဟောမှာပဲ (မှန်ပါ့) ဒီ့ပြင် ဘာဟောဦးမတုံး (မဟောပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလို သူက ကျုပ်ဟာ အနတ္တ၊ ခင်ဗျားတို့နဲ့မဆိုင်ပါဘူး၊ ကျုပ်ကိုသာ ခင်ဗျားတို့ ဂရုစိုက်ကြည့်၊ ခင်ဗျားတို့အလို လိုက်မယ်လို့ ကျုပ်လာတာမဟုတ်ဘူးလို့ သူက ကန့်လန့်ချည့် ပြောနေမှာပဲ (မှန်ပါ့) ရုပ်ကလဲ ကန့်လန့်ပြောမယ်၊ နာမ်ကကော (ကန့်လန့်ပြောမှာပါ ဘုရား)။

ခင်ဗျားတို့ ဖီးလိမ်းချင်တိုင်းဖီးလိမ်း ခင်ဗျားတို့ အလိုကို ကျုပ်က တစက်မှမလိုက်ဘူး၊ မပြောဘူးလား (ပြောပါတယ် ဘုရား) ပြောပေမယ့်လဲ ခြယ်စမ်းပါရစေဦး (မှန်ပါ့) ခင်ဗျားတို့က ပေတာကိုးဗျ (မှန်ပါ့) ပြောပေမယ့် ခင်ဗျားတို့က ယုံရဲ့လား (မယုံပါ ဘုရား)။

ဪ ဒါဖြင့် ကိုယ့်ခန္ဓာက ပြောတာမှ မယုံလို့ရှိရင် ဘုရားငုံပြောလဲ အလကားနေမှာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ့်ခန္ဓာပြောတာမှ ကိုယ်-မယုံဘူး

ကိုယ့်ခန္ဓာပြောတာမှ ကိုယ်-မယုံဘူးဆိုတော့ ရှင်ဥပဂုတ်-ရှင်သီဝလိ ငုံပြောလဲ အလကားနေမှာပဲ (မှန်ပါ့) ဒါဖြင့် အတော်ဆိုးတဲ့လူတွေပေါ့ (ဆိုးပါတယ် ဘုရား) ဒါဖြင့် လူကောင်းပါပလား (နည်းပါသေးတယ် ဘုရား) အတော်ခက်နေပြီ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒီကရှေ့ဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးတို့ပြောတာ မယုံချင်နေပါ ခန္ဓာပြောတာကိုဖြင့် (ယုံရပါမယ် ဘုရား) ခန္ဓာက ဘယ်လိုပြောလေ့ရှိသတုံး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘပါ ဘုရား) ဒီလေးချက်ပြောမယ်၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ခန္ဓာက ဘယ်လိုပြောမလဲ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘပါ ဘုရား) အဲ သူက ဒါချည့်ပဲပြောမယ် (မှန်ပါ့) ကျုပ်တို့တော့ မယုံပါဘူးတဲ့လို့ မလုပ်နဲ့ (မှန်ပါ့) မယုံပါဘူးဆိုရင် ခင်ဗျားတို့ သန္တာန်မှာ ဘုရားမပွင့်ဘူး၊ ဘုရားဟောထားတဲ့ဉာဏ်မှမရပဲကိုးဗျ (မှန်ပါ့) ဒီတော့ ဘုရားပွင့်တယ်ဆိုလို့ရဦးမလား (မရပါ ဘုရား)။

ကဲ ဘုရားပွင့်မှအထူးပေါ်လာတဲ့ဉာဏ်ကလေးလို့ ခုနင်ကဆရာဘုန်းကြီးက ပြောခဲ့တယ် (မှန်ပါ့) ဒါဖြင့် ဒီဉာဏ်ကလေးတော့ဖြင့် ဖျောက်မပစ်ပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားပွင့်မှ ဒီဉာဏ်ကလေးပေါ်လာတာမဟုတ်လား၊ ခန္ဓာကိုယ် စိုက်ကြည့်ရမည့်ဉာဏ်ကလေးဟာလေ (မှန်ပါ့)။

အဲဒီတော့ ဒီဉာဏ်ကလေးနဲ့စိုက်ကြည့်နေတော့ ခန္ဓာကိုယ်ကတော့ဖြင့် ပရမတ် တဲ့၊ ရုပ်ပရမတ်၊ နာမ်ပရမတ်၊ သူဟာ ဘယ်တော့မှ လိမ်လည်ကောက်ကျစ်ပြီး မပြောပါဘူးတဲ့ (မှန်ပါ့) ကျုပ်-သဘောရိုးကို ကျုပ်ပြောပါ့မယ်တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာကိုယ်ဟာ ပရမတ်လား၊ ပညတ်လား (ပရမတ် ပညတ်ပါ ဘုရား) ကဲ ခန္ဓာငါးပါးဟာ ပရမတ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးဟာ ပရမတ်

ပရမတ်ဆိုတော့ ဖောက်ဖောက်ပြန်ပြန်ပြမှာလား၊ သူ့ပင်ကိုယ်သဘောအမှန်ပြမှာလား (သူ့ပင်ကိုယ်သဘော အမှန် ပြမှာပါ ဘုရား)။

အဲ အမှန်ပြတာကို အမှန်ဉာဏ်နဲ့သာ ကြည့်လိုက်လို့ရှိရင် ခင်ဗျားတို့ နိဗ္ဗာန်ရောက်နိုင်တယ် (မှန်ပါ့) စိတ်သာချ အမှန်ပြတာကို အမှန်ဉာဏ်နဲ့သာကြည့်ပါ၊ နိဗ္ဗာန် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အမှန်ပြတော့ကို အနိစ္စပြတော့လဲ ဪ အနိစ္စ၊ ဒုက္ခ ပြပြန်တော့လဲ (ဒုက္ခပါ ဘုရား)၊ အနတ္တ ပြပြန်တော့ (အနတ္တပါ ဘုရား)၊ အသုဘ ပြပြန်တော့ကော (အသုဘပါ ဘုရား)။

ခန္ဓာက ပြောလိုက်တာကလေးဟာ အသုဘကိုး လို့ ခင်ဗျားတို့က စိုက်ကြည့်နေဦး ဒါတော့ ယုံပြီ၊ ဒီ့ပြင် ဘာပြောဦးမတုံး၊ စိုက်ကြည့်ဦး ဆက်ပြီးစိုက်ကြည့်၊ ဆက်ပြီးစိုက်ကြည့်တော့ သူက ဘာမှထမပြောဘူး၊ ဒီလေးချက် လှည့်ပြောနေမှာပဲ (မှန်ပါ့) ဒီ့ပြင် ဘာပြောဦးမယ်ထင်သတုံး (မပြောပါ ဘုရား) ဒီလေးချက်ပဲ ပြောမနော် (မှန်ပါ့)။

ဒီလေးချက်ပဲပြောလာတော့ ဪ နားခါးလှပြီလို့ ခင်ဗျားတို့ ပြောဖို့ကောင်းတယ် (မှန်ပါ့) နားခါးလှပြီ သူ-ပြောနေတာ၊ ဒါပဲ ထပ်ပြောနေတာပဲ (မှန်ပါ့) ဘာတွေထပ်ပြောနေသတုံး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘပဲပြောပါတယ်) ဒါတွေချည့် ထပ်ပြောနေတာပဲ။

ထပ်ထပ်ပြောနေတော့ နားခါးလှပြီ၊ မကြည့်ချင်တော့ဘူးဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား) မကြည့်ချင်တော့ဘူးဆိုတာ ရွံမုန်းတော့ နိဗ္ဗိန္ဒဉာဏ် တက်လာတယ် (မှန်ပါ့) မတက်သေးဘူးလား (တက်ပါတယ် ဘုရား)။

အဲဒီလို စိုက်ကြည့်-စိုက်ကြည့်လိုက်လို့ ရှိရင်တော့ ခင်ဗျားတို့ နိဗ္ဗိန္ဒ ငြီးငွေ့တဲ့ဉာဏ် မတက်ချင်ပါဘူးဆိုလို့ကို ဦးဘအုန်းတို့ရပါ့မလား (မရပါ ဘုရား) နောက်က ဒကာ ဒကာမတွေကော (မရပါ ဘုရား)။

ခန္ဓာအဆုံးလိုက်ရမယ်

မရပေမယ့်လဲ ဘုန်းကြီးက မှာထားတာ ဒကာ ဒကာမတွေ ခန္တာအဆုံး လိုက်ရမယ်လို့ ပြောထားတယ် (မှန်ပါ့) ဘယ်လိုသင်ထားပါလိမ့် (ခန္ဓာအဆုံးလိုက်ရမယ်လို့ သင်ထားပါတယ်) မဆုံးသေးလို့၊ မဆုံးသေးခင် သူပြောနေတာ၊ ဆုံးအောင်ကြည့်ပါ (မှန်ပါ့)။

ဆုံးအောင် ဆက်ကြည့်စမ်း ဒကာ ဒကာမတွေ သူ-ဘာတွေပြနေမယ်ထင်သတုံး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘပါ) ဒီလေးချက် ဆက်ပြနေတော့ ကျုပ်တို့က ကိုင်း မင်း-သဘော ကောင်းကောင်းသိပါပြီကွာ မင်းသည်ကား-လို့ဆိုရင် အနိစ္စဆိုတာလဲ သေတာပြတာပဲ (မှန်ပါ့) ဒုက္ခဆိုတာလဲ (သေတာပြတာပါပဲ) အနတ္တဆိုတာလဲ (သေတာပါပဲ) အသုဘဆိုတာကော (သေတာပြတာပါပဲ) အသုဘမသာများသွားကြည့်တော့ အသေတွေ့တာပဲမဟုတ်လား ခင်ဗျားတို့ (မှန်ပါ့) မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် သူဟာ ဒီခန္ဓာကိုယ်ကြီးဟာ အသေတွေချည့် တွေ့နေတယ်ဆိုတော့ ဒကာ ဒကာမတွေ ဒီအသေကြီးဖြင့် မလိုချင်တော့ပါဘူးဆိုတာ လာမလား၊ မလာဘူးလား (လာပါတယ် ဘုရား)။

စိုက်ကြည့်လို့နော် (မှန်ပါ့) စိုက်ကြည့်လို့ ဘယ့်နှယ်နေကြသတုံး (အသေတွေ တွေ့ပါတယ် ဘုရား) တွေ့တော့ ဘယ့်နှယ်နေသတုံး (မလိုချင်ပါ ဘုရား) ဘယ်သူပြောင်းသွားပါလိမ့်ဗျာ (ဉာဏ်ပြောင်းသွားပါတယ် ဘုရား)။

မလိုချင်တဲ့ဉာဏ်သာ ရောက်ပစေ

ဉာဏ်ပြောင်းသွားတော့ တခါတည်း ဘုန်းကြီးက ဒကာ ဒကာမတွေကို နည်းပေးလိုက်တယ်၊ မလိုချင်လို့ရှိရင် ခုနင်က ကြည့်နေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘဟာ အကုန်ပျောက်ထွက်သွားမယ်၊ မလိုချင်တဲ့ဉာဏ်သာ ရောက်ပစေ (မှန်ပါ့) ဘာပျောက်သွားမယ်ထင်သတုံး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ပျောက်သွားပါ့မယ် ဘုရား)။

ဒါဖြင့် ဒီနေရာမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တပျောက်လို့ရှိရင်ဖြင့် နိစ္စ၊ သုခ၊ သုဘဆိုတာ သေသေချာချာပြမယ် (မှန်ပါ့) မပြပေဘူးလား (ပြပါမယ်) မကောင်းတာတွေပျောက်ပြီး ဘာရောက်လာမယ် (ကောင်းတာ ရောက်လာ ပါမယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မလိုချင်တဲ့ဉာဏ်အစစ်သည် ဝိရာဂခေါ်သော မဂ်ဉာဏ်ပင်ဖြစ်၏၊ မဂ်ဉာဏ်ပေါ်လျှင် နိဗ္ဗာန်အာရုံပေါ်လာမည်၊ နိဗ္ဗာန်ကား-နိစ္စ၊ သုခ၊ အနတ္တ၊ သုဘဖြစ်ကြောင်း ပြလိုရင်း။

ဒီနေရာ ခွေးသေကောင်ပုပ်ရှိတာ တယ်နံတယ်ဆိုတော့ ခွေးသေကောင်ပုပ်မရှိတော့ ခင်ဗျားတို့ဒီနေရာ ကြိုက်မလား၊ မကြိုက်ဘူူးလား (ကြိုက်ပါတယ်) ဘာဖြစ်လို့တုံး (ခွေးသေကောင်ပုပ်မရှိလို့ပါ ဘုရား) နဂိုရ်က ဒီနေရာမကြိုက်တာက (ခွေးသေကောင်ပုပ်ရှိလို့ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီနေရာကလေး ကြည့်လိုက်တဲ့အခါကျတော့ နဂိုရ်က လူသင်္ချိုင်းဗျ၊ ဒီဥစ္စာ ရုပ်-နာမ် (မှန်ပါ့) လူသင်္ချိုင်း ကြည့်နေရတာကိုး ခင်ဗျားတို့က (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာကြည့်နေရသတုံး (လူသင်္ချိုင်း ကြည့်နေရပါတယ်) မလိုချင်တော့ လူသင်္ချိုင်းအကုန်ပျောက်သွားမယ် (မှန်ပါ့) လူသင်္ချိုင်း အကုန်ပျောက်သွားတဲ့အခါကျတော့ ဒကာ ဒကာမတွေ အခုမှ အန္တရာယ်ကင်းပေတော့တယ်ဆိုတာ မလာဘူးလား (လာပါတယ်) ဒါဟာ နိဗ္ဗာန်မြင်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နဂိုရ်က လူသင်္ချိုင်းကြည့်နေရတာ

နဂိုရ်က လူသင်္ချိုင်းကြည့်နေရတာ (မှန်ပါ့) နောက်ကျတော့ မလိုချင်တော့ဘူးဆိုတော့ လူသင်္ချိုင်း ဘာဖြစ်သွားသတုံး (ပျောက်သွားပါ့မယ်) ဒီအသေတွေ အကုန်မပျောက်သေးဘူးလား (ပျောက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ပျောက်သွားတာ ဒီနေရာ ကျက်သရေရှိတဲ့နေရာ၊ မင်္ဂလာရှိတဲ့နေရာလို့ ခင်ဗျားတို့က ဒီနေရာ ခွဲချင်သေးရဲ့လား (မခွဲချင်ပါ ဘုရား)။

ဒီနေရာ မခွဲချင်တာသည်ကား လို့ဆိုရင် ဒကာ ဒကာမတွေ အလွန်ကောင်းတဲ့နေရာမို့ မခွဲချင်တာ (မှန်ပါ့) ဒါဖြင့် အလွန်ကောင်းတာက နိဗ္ဗာန်၊ မခွဲချင်တာကဉာဏ် (မှန်ပါ့ ဘုရား)။

အလွန်ကောင်းတာက (နိဗ္ဗာန်ပါ) မခွဲချင်တာက (ဉာဏ်ပါ) အဲ နိဗ္ဗာန်နဲ့ ဉာဏ်နဲ့ အဲဒီကျအောင် ခင်ဗျားတို့ ခန္ဓာကိုယ်စိုက်ကြည့်ရမယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဟာ ဒီနေ့ ဒကာ ဒကာမတွေ တိုတိုနဲ့ ရှင်သာရိပုတ္တရာဟောတဲ့တရားကို ဟောလိုက်တဲ့အတွက် ဦးဝတို့လူစု အားလုံးကံကောင်းတယ် (မှန်ပါ့) အင်မတန် ကံကောင်းတယ်၊ တိုတိုနဲ့မိတာကိုး (မှန်ပါ့)။

ရုပ်တွေ၊ နာမ်တွေ ရုပ်ပေါင်းဘယ်လောက်၊ နာမ်ပေါင်းဘယ်လောက်လို့ မခွဲတော့ဘူး၊ သူ့ကိုစိုက်သာကြည့်နေ၊ သူ့ဟာသူပြောသွားမယ် (မှန်ပါ့) ဘယ်သူကပြောမယ် (ရုပ်နာမ်ကပြောမှာပါ ဘုရား)။

ရုပ်နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ကြည့်

ဒါဖြင့် ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်များသည် ဘာနဲ့ကြည့်ရမှာတုံး (ရုပ်နဲ့နာမ်နဲ့ကြည့်ရမှာပါ) ဒီလိုဆိုပါ၊ ရုပ်နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ကြည့် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီ ပြင်ဟာနဲ့ကြည့်လို့မရဘူး (မှန်ပါ့) ဒီ့ပြင်ဟာနဲ့ကြည့်ရင် ဦးဘတင်-တဏှာနဲ့ကြည့်ရင် ချော့နေဦးမှာပဲ (မှန်ပါ့) ဘာနဲ့ကြည့်ရမှာတုံး (ဉာဏ်နဲ့ကြည့်ရမှာပါ) ကဲ ထုံးစံအတိုင်းပြောတော့ ဘယ်လိုပြောမတုံး (ရုပ်-နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ကြည့်ရပါမယ်) အဲဒါ ဝိပဿနာအလုပ် (မှန်ပါ့)။

ဘယ့်နှယ်မှတ်ကြမတုံး (ရုပ်-နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ကြည့်ရပါ့မယ်) ရုပ်-နာမ်က နှစ်ခုရှိတယ်၊ ဉာဏ်က တခုတည်းကနေပြီး ကြည့်ရမယ် (မှန်ပါ့) ဉာဏ်တခုနဲ့ကြည့်လို့ရှိရင် ဒါ ဝိပဿနာ အစဖြစ်ပြီ (မှန်ပါ့) ဉာဏ်တခုနဲ့ကြည့်တဲ့အခါကျတော့ ရုပ်-နာမ် နှစ်ခု မုန်းလာလို့ရှိရင် ဝိပဿနာ အလည်ရောက်ပြီ (မှန်ပါ့) ဉာဏ်တခုနဲ့ကြည့်လို့ ရုပ်နာမ်နှစ်ခု ဆုံးသွားလို့ရှိရင် ဝိပဿနာကိစ္စ ပြီးပြီ (မှန်ပါ့) မပြီးသေးဘူးလား (ပြီးပါပြီ ဘုရား)။

ကဲ ဒီလိုဆိုတော့ မလွယ်နိုင်ဘူးလား (လွယ်နိုင်ပါတယ် ဘုရား) လွယ်နိုင်လျက်နဲ့ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေသည် လိုရာခရီးမပေါက်ရောက်ကြပါလိမ့်မတုံး လို့ မေးလို့ရှိရင်ဖြင့် မကြည့်မိလို့သာ မှတ်ပေတော့ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (အရှိကိုမကြည့်မိလို့ပါ ဘုရား) အရှိက မျက်တောင်မွှေးဟုတ်လား ကြည့်တာက မျက်လုံးဆိုတော့နီးလျက်နဲ့ဝေးနေလို့ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (နီးလျက်နဲ့ဝေးနေလို့ပါ ဘုရား)။

ဪ ခင်ဗျားတို့ ခက်လိုက်တာ နီးလျက်နဲ့ဝေးတာဟာ အဆိုးဆုံးပဲ (မှန်ပါ့) ရုပ်-နာမ်နဲ့ ဉာဏ်နဲ့ဟာ ဘယ့်နှယ်တုံး (အနီးဆုံးပါ) ဘယ့်နှယ်ကြောင့် ဝေးနေသတုံးဆိုတော့ အို မျက်တောင်မွှေးနဲ့ မျက်လုံးဖြစ်နေလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နီးလျက်နဲ့ဝေးနေတယ်

မျက်တောင်မွှေးနဲ့မျက်လုံးဖြစ်နေလို့ နီးလျက်နဲ့ဝေးနေတယ် တဲ့၊ မှန်ထောင်ကြည့်လိုက်တဲ့အခါကျတော့ မျက်တောင်မွှေးလဲ မမြင်ရဘူးလား( မြင်ရပါတယ်) မျက်လုံးကော (မြင်ရပါတယ် ဘုရား)။

အဲ ဘုရားတည်းဟူသော ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ မှန်နဲ့တူပါတယ်၊ ခင်ဗျားတို့ဟာကတော့ နီးလေ-မမြင်လေပဲ၊ ဘုရားတည်းဟူသောမှန်က ထောင်ပြလိုက်တဲ့အခါကျတော့မှ ဪ ဒါကမျက်တောင်မွှေး၊ ဒါက မျက်လုံးပါလားဆိုတာပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒီမှာလဲ ရုပ်နာမ်နှစ်ခုကို ခင်ဗျားတို့ဉာဏ်တခုနဲ့ကြည့်မှသာလျှင် လိုရာခရီးဆိုက်မယ် (မှန်ပါ့) နို့မဟုတ်ရင် (မဆိုက်ပါ ဘုရား)။

ဒါကြည့်ရတဲ့အလုပ်သည် ဒကာ ဒကာမတို့ အတော်ဝန်လေးတဲ့အလုပ်လို့ဆိုမလား၊ အလွယ်ကလေးလို့ဆိုမလားတဲ့ (အလွယ်ကလေးပါ ဘုရား) မရှိတာကြည့်ရတာလား၊ ရှိတာကြည့်ရတာလား (ရှိတာကြည့်ရတာပါ ဘုရား)။

ရှိတာကြည့်တဲ့အခါကျတော့ သူ-အရှိသည်ကား လို့ဆိုရင် ဒကာ ဒကာမတို့ ထုံးစံရှိတာကိုဖြင့် သူပြောမှာပဲ၊ ဒီ့ပြင်ပိုပြောစရာရှိသေးရဲ့လား (မရှိပါ ဘုရား) ဒီရုပ်နာမ်ကပဲ အမှန်ပြောမှာပဲ (မှန်ပါ့)။

အမှန်ပြောတော့ ဘုရားကလဲ ကိုယ်တိုင်သိနဲ့ သူတပါးပြောလို့သိ၊ ဒီနှစ်သိတွင် ဘယ်အသိကိုကြိုက်သလဲ (ကိုယ်တိုင်အသိကိုကြိုက်ပါတယ်) ဒိဋ္ဌဓမ္မောနော် ကိုယ်တိုင် မြင်အောင်လုပ်ပါပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်အောင်

ဝိဒိတ ဓမ္မော တဲ့၊ ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်အောင်လုပ်ကွာ-တဲ့၊ ရှင်းပလား (ရှင်းပါပြီ) ပရိယောဂါဠှဓမ္မော တဲ့ ကိုယ့်ဉာဏ်နဲ့ကိုယ် သက်ဝင်အောင်လုပ်နော် သူများပြောလောက်နဲ့ တင်းတိမ်မနေရဘူးတဲ့ (မှန်ပါ့)။

တိဏ္ဏ ဝိစိကိစ္ဆော = သံသယ ရှင်းသွားရမယ်တဲ့၊ သူများပြောသံကြားဆိုရင် သံသယရှိနေမှာစိုးရတယ်၊ ကိုယ့်ဟာကိုယ် မြင်လိုက်ရင်ဖြင့် သံသယရှိဖို့လိုသေးလား (မလိုပါ ဘုရား)။

ဝေသာရဇ္ဇပ္ပတ္တော တဲ့၊ ရဲရဲတင်းတင်းဖြစ်အောင် လုပ်စမ်းပါ၊ ရဲရဲတင်းတင်း ဖြစ်လာတဲ့အခါ မဟုတ်ဘူးလား (မှန်ပါ့) ရဲရဲတင်းတင်းဖြစ်လာတဲ့အခါ အမှန်မတွေ့ရပေဘူးလား (တွေ့ရပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ နဂိုရ်က နိဗ္ဗာန်မရခဲ့တာ သူများပြောတာလောက်နဲ့ လမ်းဆုံးနေလို့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်ရုပ်နာမ်ကပြောတာကို ခင်ဗျားတို့က ဘယ်အခါကာလမှ သူ့ကို ကြည့်ရတယ်ဆိုတာလဲ နှလုံးမသွင်းမိခဲ့ကြဘူး (မှန်ပါ့) သူက နိဗ္ဗာန်ပို့နိုင်အောင်ဆိုတာလဲ လှေနဲ့လှေထိုးသမား၊ ဥပမာကို ဘုန်းကြီးအစကပြောခဲ့ပြီ (မှန်ပါ့) ဒါမှ လှေပေါ်မှာရှိတဲ့လူတွေ ဟိုဘက်ရောက်မှာကိုးဗျ (မှန်ပါ့)။

လှေချည့်လဲ ဟိုဘက်တော့မရောက်ဘူးဗျ၊ လှေထိုးသမားသက်သက်ကော (မရောက်ပါ ဘုရား) နှစ်ဦးပေါင်းစပ် လိုက်လို့ရှိရင် လှေပေါ်မှာပါသွားတဲ့လူတွေ သူတို့နှစ်မျိုးကြောင့်မရောက်ရပေဘူးလား (ရောက်ရပါတယ် ဘုရား)။

ဒါဖြင့် ရုပ်နာမ်ကိုသာ ခင်ဗျားတို့ရှု၊ ဉာဏ်သမား ရောက်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဦးဘတင်-ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ရှင်သာရိပုတ္တရာဟောတဲ့တရား

ဒါ-ဘယ်သူဟောတဲ့တရားတုံး (ရှင်သာရိပုတ္တရာဟောတဲ့တရားပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒကာ ဒကာမတွေ ရှင်သာရိပုတ္တရာဟောတဲ့တရား တိုတိုနဲ့မိပုံ သဘောကျပလား (ကျပါပြီ) အဲ ခင်ဗျားတို့က သိပ်အရှည်ကြီးကြိုက်တော့ခက်ပါရဲ့၊ စကားတလုံး တောင်လှည့်မြောက်လှည့်နဲ့ တော်တော်နဲ့လိုရင်မရောက်ဘူး (မှန်ပါ့)။

သူများဆီ ငွေကလေး ဘာကလေး ချေးမလို့သွားတော့ ဟိုလိုလို ဒီလိုလိုလုပ်နေတာနဲ့ စကားလှည့်နေတာနဲ့ပဲ ရသေးရဲ့လား (မရပါ ဘုရား) ရှည်နေတာကိုး၊ တိုတိုနဲ့တိုက်ရိုက်ပြောလိုက်လဲ ပြီးတာပဲ၊ ကျုပ်တို့မရှိလို့ ချေးစမ်းပါဦးဆိုရင် ပြီးသွားနိုင်တာပါပဲ (မှန်ပါ့) မဟုတ်ဘူး၊ တိုင်းပြည်က ဘယ်လိုညာလို အရောင်းအဝယ်က ဘယ်လိုညာလိုနဲ့ ရှုပ်နေရင်တော့သွားပြီ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ရှည်လို့ ခရီးမပေါက်တာ၊ အခုတော့ဖြင့် တိုတိုသဘောကျပလား (ကျပါပြီ ဘုရား) ဘာကိုကြည့်မယ် (ရုပ်နာမ်ကို ကြည့်ရပါမယ် ဘုရား)။

အဲ ရုပ်နာမ်နှစ်ခုကို ဉာဏ်တခုနဲ့ကြည့်၊ ဒါမကြည့်တတ်လို့ရှိရင်အကုန်ဖောက်ပြန်တယ် (မှန်ပါ့) မကြည့်တတ်တော့ ဦးခင်မောင်-အနိစ္စက နိစ္စဖြစ်ပြီး၊ ဒုက္ခက (သုခဖြစ်ပါပြီ) အနတ္တက (အတ္တဖြစ်ပါတယ်) အသုဘက (သုဘဖြစ်ပါတယ် ဘုရား)။

ဘုရားပေးတဲ့မျက်လုံးနဲ့ မကြည့်ဘူး

ဪ ခင်ဗျားတို့ ကြည့်တော့ကြည့်တာပဲ တဲ့၊ ခင်ဗျားတို့ ကြည့်တာသည်ကား လို့ဆိုရင် ဘုရားပေးတဲ့မျက်လုံးနဲ့ မကြည့်ဘူးဟုတ်လား၊ မိဘရိုးရာ မျက်လုံး၊ သာမည အမေမိဘဆရာ ပေးတဲ့မျက်လုံး၊ ဒါနဲ့ကြည့်နေတာနဲ့ ခင်ဗျားတို့က ဖောက်ပြန်မြင်နေတာကိုး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လိုမြင်တာပါလိမ့် (ဖောက်ပြန် မြင်နေတာပါ ဘုရား) ဒါဟာ ဘုရားပေးတဲ့မျက်လုံးနဲ့လား၊ အရပ်ပေးတဲ့မျက်လုံးနဲ့လား (အရပ်ပေးတဲ့မျက်လုံးနဲ့ပါ) ဒါဖြင့် ခင်ဗျားတို့ဟာ အရပ်နှိပ်စက်နေတာကိုး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူနှိပ်စက်နေတာတုံး (အရပ်နှိပ်စက်နေတာပါ) ခင်ဗျားတို့ကလဲ အရပ်ထဲနေမှပျော်တာ (မှန်ပါ့) ဒီကပြန်ရင် ဘယ်ကိုပြန်ကြမှာတုံး (အရပ်ထဲပြန်မှာပါ) ဘာဖြစ်လို့တုံး အရပ်ပေးတဲ့မျက်လုံး ကျေနပ်လွန်းလို့ (မှန်ပါ့)။

အရပ်ပေးတဲ့မျက်လုံးနဲ့ပဲ ခင်ဗျားတို့အိမ်ထောင်တွေကျ၊ ငိုကြ-ရယ်ကြ၊ သားအတွက်ပူကြ၊ သမီးအတွက်ပူကြ-ဆိုတာ ဘယ်သူပေးတဲ့မျက်လုံးပါလိမ့် (အရပ်ပေးတဲ့မျက်လုံးပါ) ခင်ဗျားတို့ အခုဘယ်ပြန်ကြမှာတုံး (အရပ်ထဲ ပြန်ကြမှာပါ ဘုရား)။

အင်း ငိုရလိမ့်ဦးမယ် ခင်ဗျားတို့ဖြစ်တွေကတော့ (မှန်ပါ့) ဦးဘတင်-သဘောကျရဲ့လား (ကျပါတယ်) အရပ်ပေးတဲ့မျက်လုံးနှိပ်စက်နေတာ၊ ဘုရားပေးတဲ့မျက်လုံးက ဘုရားပွင့်မှပဲရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပဋာစာရီ

ကြည့်လေ ပဋာစာရီဟာ ပထမ ဒါသနဲ့လိုက်ပြေးတဲ့အခါမှာ ဘယ်သူ့မျက်လုံးနဲ့လိုက်တာတုံး (အရပ်မျက်လုံးနဲ့ လိုက်တာပါ) နောက်ကျတော့ ဘုရားပေးတဲ့မျက်လုံးနဲ့တပ်လိုက်တဲ့အခါကျတော့ ရဟန္တာမ ဖြစ်သွားတယ် (မှန်ပါ့)။

ဘုရားပေးတဲ့မျက်လုံးလဲ တပ်ပါရော ဘာဖြစ်သွားသတုံး (ရဟန္တာမ ဖြစ်သွားပါတယ်) အရပ်ပေးတဲ့မျက်လုံး ကြောင့်တော့ အရူးဖြစ်ခဲ့ရသေးတယ်၊ ဘုရားပေးတဲ့မျက်လုံးကြောင့် အကောင်းဖြစ်ရတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်ဟာကြိုက်သတုံး (ဘုရားပေးတဲ့မျက်လုံးကြိုက်ပါတယ်) ပျော်တော့ ဘယ်ပျော်ကြသတုံး (အရပ်ထဲ ပျော်နေကြပါတယ် ဘုရား) ဟာ ဂွကျကုန်တာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ ဒို့ကိုယ်က ကန့်လန့်ပါလား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ကိုယ့်ကိုယ်က ကန့်လန့်လုပ်နေတာ (မှန်ပါ့)။

တော်တော်ကြာကျတော့ အရပ်ထဲကနေပြီး သကာလ ညောင်ရေအိုးကလေး ဆွမ်းတော်ကလေးတင်ပြီး သကာလ အရှင်ဘုရား ဝဋ်ဘဝတိုတိုနဲ့နိဗ္ဗာန်ရ-ရပါလို၏တဲ့၊ အရပ်ထဲကထွက်ပါလားဆိုတော့ (မထွက်နိုင်ပါ ဘုရား) ထွက်နိုင်ရဲ့လား (မထွက်နိုင်ပါ ဘုရား)။

တော်တော်ပေတယ်လို့ပြောတာများ ခင်ဗျားတို့ အခုသေသေချာချာဖော်တော့မှ ဪ ဒို့ဟာပေရုံတင်မကဘူး၊ အတေတွေများ တိုးနေကြသေးသလားဆိုတာ ဂရုစိုက်ပါဦး (မှန်ပါ့ ဘုရား) ပေရုံတင်လား၊ တေသေးလား (တေပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး ဒီကရှေ့ကို (ဘုရားပေးတဲ့မျက်လုံးနဲ့ တပ်ရပါ့မယ်) အရပ်ထဲကနေနေ၊ ဘယ်နေနေ ဘာမျက်လုံးနဲ့ကြည့်ရမတုံး (ဘုရားပေးတဲ့မျက်လုံးနဲ့ ကြည့်ရပါ့မယ်) အရပ်ပေးတဲ့မျက်လုံးနဲ့တော့ (မကြည့်ရပါ ဘုရား) မကြည့်နဲ့၊ အရပ်ပေးတဲ့မျက်လုံးက ပညာရှိတာမဟုတ်ဘူး၊ သူ့မှာလဲ အရူးမျက်လုံးနဲ့မဟုတ်ဘူးလား (မှန်ပါ့)။

အရပ်ပေးတဲ့မျက်လုံးကြောင့်

ဒီက နားထောင်တဲ့လူကလဲ အရူးနားနဲ့ထောင်လိုက်တော့ ကိုယ့်အမြင်တွေကလဲ အရူးမျက်လုံးပြန်ဖြစ်တယ်၊ ဦးဘတင်-ဒီအတိုင်းမနေဘူးလား (မှန်လှပါ)။

ကဲ ဦးခင်မောင်တို့ အခုဆင်းရဲနေတဲ့အဖြစ်ဟာ ဘုရားပေးတဲ့မျက်လုံးကြောင့်လား၊ အရပ်ပေးတဲ့မျက်လုံး ကြောင့်လား (အရပ်ပေးတဲ့မျက်လုံးကြောင့်ပါ ဘုရား)။

သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူ ကပ်နေကြတာ ဘယ့်နှယ်ကြောင့်ပါလိမ့် (အရပ်ပေးတဲ့ မျက်လုံးကြောင့်ပါ ဘုရား) ခင်ဗျားတို့က ဘုရားသပိတ်မှောက်သလိုလုပ်နေကြတာ အနာဆုံးပါပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မဟုတ်ဘူးဗျ တန်းတူလု့ိ မှောက်တာလား၊ ခင်ဗျားတို့က လူစုကောင်းလို့ မှောက်တာလား (လူစုကောင်းလို့ မှောက်တာပါ) အမလေး တကယ့်လူတွေပါကလား (မှန်ပါ့)။

ကိုယ်တော်မြတ်ကြီးကဖြင့် လေးသင်္ချေနဲ့ကမ္ဘာတသိန်းသတ္တဝါတွေဖို့ဆိုပြီး ကျင့်လိုက်ရတာ တကယ်လဲ လက်ဆောင်ပေးမယ်ကြံရော မယူတော့ပါဘူးလို့ဝိုင်းပြီး သပိတ်မှောက်တယ် (မှန်ပါ့) ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ဦးခင်မောင်တို့ ခင်ဗျားတို့ အတော်ပေခဲ့ကြပါကလား (မှန်ပါ့) ဦးခင်မောင်-ဒီလိုအထဲက မကျဘူးလား (မှန်ပါ့- ကျပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ အခုပြောတဲ့ဟာ ရှင်းကြပလား (ရှင်းပါပြီ) ဝိပဿနာဘုရားပေးတဲ့မျက်လုံးက ရုပ်နာမ်နှစ်ခုကို ဘာနဲ့ကြည့်ရမတုံး (ဉာဏ်တခုနဲ့ကြည့်ရပါမယ်) ဉာဏ်တခုနဲ့ကြည့်လိုက်လို့ရှိရင်ဖြင့် ဉာဏ်ဟာ အစဉ်အတိုင်းတက်သွားမယ် (မှန်ပါ့) မတက်ပေဘူးလား (တက်ပါတယ် ဘုရား)။

ပထမ ဘာဉာဏ်ရမယ် (ယထာဘူတဉာဏ်ပါ) ဒုတိယတက်သွားရင် (နိဗ္ဗိန္ဒဉာဏ်ပါ) တတိယ တက်သွားရင် (မဂ်ဉာဏ်ပါ ဘုရား)။

ဒါ-ဘုရားဟောလိုက်တဲ့ မျက်လုံးနဲ့ကြည့်လိုက်တော့လဲ အစဉ်အတိုင်း တက်သွားတာပဲ (မှန်ပါ့) အရပ်ပေးတဲ့ မျက်လုံးနဲ့ဆိုရင် ဒုက္ခတွေတက်သွားတာပဲ (မှန်ပါ့) မတက်ဘူးလား (တက်သွားပါတယ် ဘုရား)။

တော်တော်ကြာ သားကလေးမွေးလာတော့ သားပူ (မှန်ပါ့) သားကလေးအိမ်ထောင်ကျတော့ ချွေးမ ပူပါဆင့်၊ မြေးကလေးမွေးလာတော့ မြေးပူ၊ အရပ်ပေးတဲ့မျက်လုံးကတော့ အပူတွေတက်သွားတယ် (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားပေးတဲ့မျက်လုံး

ဘုရားပေးတဲ့မျက်လုံးကတော့ (အပူတွေသတ်ပါတယ်) အဲ ဘယ်ဟာကြိုက်သတုံး (ဘုရားပေးတဲ့မျက်လုံး ကြိုက်ပါတယ် ဘုရား) ဒါက ဒီတွင်ကြိုက်တာကိုး ခင်ဗျားတို့ဟာကလဲ ခက်လိုက်တာ (မှန်ပါ့) ကဲ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဦးဇံရင်ရေ-ခေါင်းတော့ မကုတ်နဲ့နော် (မှန်ပါ့) ခေါင်းတော့ မကုတ်နဲ့၊ ခေါင်းကုတ်လို့မဖြစ်ဘူး၊ မှိတ်သာ ကြိုက်ပေတော့ (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ မာဂဏ္ဍီပရိဗိုဇ်ကို ဆက်ဖို့ပါပဲ၊ မာဂဏ္ဍီပရိဗိုဇ်မှာ အရပ်ပေးတဲ့မျက်လုံးမှိတ်ပြီးငြင်းနေတာ (မှန်ပါ့) ဘုရားက ကိလေသာဖြတ်တယ်၊ သူက ကိလေသာပွားတာ၊ သားကမြေး၊ မြေးကမြစ် စသည်တိုးပွားလာတာတွေ ကြိုက်တယ် (မှန်ပ့ါ) ဒါ့ကြောင့် ဘုရားကိုပွားစည်းရေး၊ ဖျက်ဆီးသူ ကြီးပွားရေး၊ ဖျက်ဆီးသူ ဆိုပြီး ဘုရားကို မကြည်ညို တာပေါ့ (မှန်ပ့ါ)။

အဲဒီတော့ သူဟာ ဘယ်မျက်လုံးနဲ့ကြီးပွားနေတာတုံး (အရပ်မျက်လုံးနဲ့ကြီးပွားနေတာပါ) ဘုရားပေးတဲ့မျက်လုံးနဲ့ ကျတော့ သူ-စိတ်ကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား)။

နူနေတဲ့ပုဂ္ဂိုလ်တဦးတယောက်ဟာ ကိုယ့်မီးဖိုကလေးနဲ့ကင်ပြီး သကာလ နေရတာကိုပင်လျှင် အနာပေါက်မှန်း မသိတဲ့ပုဂ္ဂိုလ်ကျတော့ မီးကင်ရတာကိုပင် ကျက်သရေမင်္ဂလာထင်နေကြမယ် (မှန်ပါ့) မထင်ဘူးလား (ထင်ပါတယ်) ဘာမသိလို့တုံး (အနာပေါက်မှန်းမသိလို့ပါ ဘုရား)။

အနာပေါက်မှန်းမသိတော့ မီးကင်ရတာကိုပင် ဒကာ ဒကာမတို့ ကျက်သရေရှိတယ်ထင်နေတာ၊ ကျုပ်မို့ မီးလှုံနိုင်တာ ပြောနေတာကိုး (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) မပြောကြပေဘူးလား (ပြောပါတယ် ဘုရား)။

ကျုပ်မို့ အိမ်ကြီးဆောက်နိုင်တာ၊ ကျုပ်မို့တိုက်ကြီးတည်နိုင်တာ၊ ကျုပ်မို့ ဒီသားသမီးတွေကို ရွက်ဆောင်နိုင်တာ စသည်နဲ့ ကျွန်အဖြစ်ကနေပြီး ဂုဏ်ယူနေလိုက်တဲ့ ဖြစ်ခြင်းများမပြောပါနဲ့တော့ (မှန်ပါ့) ပြောစရာရှိသေးလား (မရှိပါ ဘုရား)။

ကြည့်ပါလား သားသမီး ၄-၅-၁၀-ယောက်တွေကို ကျုပ်ချီမ ပြီးကျွေးမွေးလာခဲ့ရတာ ကျုပ်မို့၊ ဟုတ်ပေလိမ့်မယ်၊ ဘေးကလဲ လက်ခုပ်တီးပေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘေးကဘယ်လိုလက်ခုပ်တီးပေးသတုံး (ဟုတ်ပေလိမ့်မယ်) ဟုတ်ပေလိမ့်မယ်ဆိုလို့ရှိရင် ဟိုပုဂ္ဂိုလ်ကလဲ ဒီထက်ဟုတ်ချင်တော့တာပဲ (မှန်ပါ့) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဒုက္ခပွားစည်းခြင်းကိုသူကမသိဘူး

အဲဒါ မာဂဏ္ဍီက ကြီးပွားခြင်းကို အလိုမရှိဘူး၊ ကြီးပွားခြင်းကိုဖြတ်တောက်ပစ်တဲ့ ကိုယ်တော်ကြီးဆိုတာ ခုနင်က ပြောခဲ့တဲ့ဒုက္ခပွားစည်းခြင်း၊ ကြီးပွားခြင်းကိုသူကမသိဘူး၊ (မှန်ပါ့) သူ့မှာဖြင့် ချစ်စရာ၊ ခင်စရာ တဏှာသမုဒယတွေ များပြားလာမှာကို ကြီးပွားခြင်းလို့မှတ်နေတယ် (မှန်ပါ့)။

မဂဏ္ဍီအမြင်နဲ့ သဘာဝနဲ့အင်မတန်မလွဲပေဘူးလား (လွဲပါတယ် ဘုရား) ဒါဖြင့် သူ့မီးဖိုနဲ့သူ ကျက်သရေရှိတယ် ထင်နေတာပေါ့ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (သူ့မီးဖိုနဲ့သူ ကျက်သရေရှိတယ် ထင်နေကြပါတယ်) ဒီတော့ သူ့ကိုယ်သူ ကိလေသာနူနာ စွဲနေတယ်လို့ကော သိသေးရဲ့လား (မသိပါ ဘုရား) မသိတော့ သူမို့မီးလှုံနိုင်တာ လာတော့တာပဲ (မှန်ပါ့)။

ဒီ့ပြင်လူမီးဖို သေးနေလို့ရှိရင်ဖြင့် မင်း-ငါ့လောက်ပါဝါမမြင့်သေးဘူး ဆိုချင်ဆိုလိမ့်မယ်၊ သူကတော့ မီးဖိုကြီး လှုံရတာကိုး (မှန်ပါ့) မီးဖိုကြီး လှုံရတယ်ဆိုတော့ အနာကြီးလို့လား၊ အနာသေးလို့လား (အနာကြီးလို့ပါ ဘုရား)။

သို့သော် သူတို့ကဂုဏ်ယူနေတယ်၊ ခုနင်က ဒကာ ဒကာမတွေလိုပေါ့လေ ကျုပ်မို့ ဒီထမင်းအိုးကြီး ချီနိုင်တာဆိုတော့ ဘယ့်နှယ်နေသတုံး ဦးဇံရင်ရဲ့ (ဂုဏ်ယူတာပါ ဘုရား)။

ဘယ်တော့မှသူများအောက်မကျခဲ့ဘူး

ဒီထမင်းအိုး ချီလာတာ ကျုပ်-ဖဝါးလက်နှစ်လုံး ပုခုံးနှစ်သစ်ကစပြီး ဘယ်တော့မှသူများအောက်မကျခဲ့ဘူး၊ သူများဒီအဝတ်ဝတ်နိုင်ရင် ကျုပ်သားသမီးလဲ ဝတ်ရအောင် လုပ်ခဲ့တာပဲ၊ သူများကျောင်းထား ကျုပ်လဲ ကျောင်းထားခဲ့တာပဲ၊ သူများက မော်တော်ကားဝယ်ပေး ကျုပ်လဲဝယ်ပေးခဲ့တာပဲ၊ ဪ-ကျုပ်မှာ တော်-တော်သေးရဲ့၊ အင်း သူမီးလှုံရတာကို ဘယ့်နှယ်ဖြစ်နေသတုံး (တော်သေးရဲ့ထင်နေပါတယ်) မီးဖိုကြီးလား၊ မီးဖိုလေးလား (မီးဖိုကြီးပါ ဘုရား) နို့ မီးဖိုကြီးနဲ့သူနဲ့ကို အတော်ကျက်သရေရှိနေတယ် ထင်နေတာကိုးဗျ (မှန်ပါ့) မထင်ဘူးလား (ထင်ပါတယ် ဘုရား)။

ဘေးကနေပြီးကြည့်တဲ့အခါကျတော့ ဪ သူ့အနာဟာ ဒီမီးဖိုရမှ ရမှာထင်ပါရဲ့ (မှန်ပါ့) ဘေးကနေကြည့်တော့ ဘယ့်နှယ်နေကြသတုံး (ဒီမီးဖိုမှ ရမှာထင်ပါရဲ့) အမြင်မှန်ကကိုးဗျ (မှန်ပါ့)။

ခုနင်က မီးဖိုသမားကတော့ သူ့ဟာနဲ့သူကို အတော်ကျေနပ်နေတာ (မှန်ပါ့) မကျေနပ်ဘူးလား (ကျေနပ်ပါတယ် ဘုရား)။

ခုနင်က ခင်ဗျားတို့ကျေနပ်နေတာနဲ့ တကိုက်တည်းမနေဘူးလား (နေပါတယ် ဘုရား) ခင်ဗျားတို့လဲ သားဝန်၊ သမီးဝန်၊ ဆွေဝန်၊ မျိုးဝန်ပါ အကုန်ထမ်းရရင် ဘယ့်နှယ်နေသတုံး (ကျေနပ်နေပါတယ် ဘုရား)။

အို ကာမာဝစရရှိလို့ တော်ပဲတော်သေးတယ်၊ အမျိုးပါအောက်မကျအောင် ထိန်းနိုင်တယ်၊ ဒီလိုလာတာဗျ၊ မလာဘူးလား (လာပါတယ် ဘုရား)။

မိုက်ချက်သန်တယ်

ဘယ်လောက်များ မိုက်ချက်သန်တယ်၊ မသိချက်သန်တယ် ဆိုတာတော့ မပြောပါနဲ့တော့၊ ကျုပ်ဟာ ကျွန်ကနေပြီသပေါက်၊ သပေါက်ကနေပြီး သတက်ကျအောင် အိုအောင်မင်းအောင် ကျွေးနိုင်ပါရစေ၊ ဒါလောက်ထိအောင် ဆုတောင်းထားတာ (မှန်ပါ့) မတောင်းဘူးလား (တောင်းပါတယ် ဘုရား)။

သားကလေးတွေလဲ ပုခက်လွှဲခဲ့ပြီ၊ ကျင်ကြီး ကျင်ငယ် ကြုံးခဲ့ပြီ၊ မြေးကလေးတွေကျတော့လဲ ကြုံးနိုင်ပါရစေ (မှန်ပါ့) မြစ်ကလေးတွေကျတော့ကော (ကြုံးနိုင်ပါရစေ)။

ဟာ လွန်လွန်းလှချည့်လားဗျာ မီးဖိုတွေတွေ့တိုင်း တွေ့တိုင်း ကျုပ်မီးဖိုတွေ ဖြစ်ပါရစေကတည်းက (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လောက်ရူးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ မာဂဏ္ဍီကို ဘုရားက မဟောဘူးလားဗျာ (ဟောပါတယ် ဘုရား) မီးဖိုလှုံနေရတာ မင်းကကျက်သရေ ရှိတယ်မှတ်နေတယ်၊ မင်းဟာ အနူရောဂါရှိမှန်း မသိပဲလို့ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ကိုင်းကွာ ငါဥပမာတခု ပြောပါမယ်တဲ့၊ နူနေတဲ့ပုဂ္ဂိုလ်ကို ဆေးဝါးကောင်းနဲ့အမေမိဘ ဆရာသမားတွေက ကုလိုက်လို့ပျောက်သွားပြီကွတဲ့ (မှန်ပါ့) ပျောက်သွားတဲ့အခါကျတော့ ဒီလူကို ဟိုမီးလှုံနေတဲ့ လူကိုသွားပြ၊ ဒီလူက မီးလှုံချင်တဲ့စိတ်ပေါက်-မပေါက် (မပေါက်ပါ ဘုရား) ဘာဖြစ်လို့တုံး (ရောဂါပျောက်လို့ပါ ဘုရား) ဒါဖြင့် အနာပျောက်ရင် တမျိုး အနာမပျောက်ရင် (တမျိုးပါ ဘုရား)။

အဲ ခင်ဗျားတို့ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ သိုက်သိုက်အုံအုံ သူတို့အတွက် ပူပင်သောကဖြစ်ပြီး နေရတာကိုပင် ကျေနပ်နေတာ၊ အဲဒါ အနာမပျောက်ခင် ပေါ်တဲ့စိတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနာမပျောက်ခင် ပေါ်တဲ့စိတ်

ဘာတုံး (အနာမပျောက်ခင် ပေါ်တဲ့စိတ်ပါ ဘုရား) အနာမပျောက်ခင် ပေါ်တဲ့စိတ်မို့ ဒီအပူတွေ အကပ် မခံနိုင်တာပေါ့ဗျ (မှန်ပါ့) မီးဆိုတာ အခုမှပူတာလား နဂိုရ်ပူတာလား (နဂိုရ်ပူပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် နဂိုရ်ပူဖြစ်လို့ရှိရင် အနာပျောက်တဲ့ပုဂ္ဂိုလ်ဟာ ဒီမီးနားကပ်သေးရဲ့လား (မကပ်ပါ ဘုရား) ဟာ ဒါဖြင့် သူသည်ကားလို့ဆိုရင် နဂိုရ်ကဘာဖြစ်လို့မကပ်သတုံး (အနာမပျောက်လို့ပါ) အနာရှိတုန်းက သူကပ်တယ် (မှန်ပါ့) အနာမရှိတဲ့အချိန်ကျတော့ (မကပ်ပါ) မကပ်တော့ဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ အခုအနာပျောက်ကြပလား၊ အနာမပျောက်သေးဘူးလားဆိုတာ ကိုယ့်ဟာကိုယ် အကဲခတ်ကြ မပေါ်ဘူးလား(ပေါ်ပါတယ်) ဘယ်လိုပေါ်ကြသတုံး (အနာမပျောက်သေးပါ) မပျောက်သေးဘူး ပိုးကိုက်တုန်းပဲ (မှန်ပါ့) အဲ မီးနားက ခွါရပလား (မခွါရသေးပါ ဘုရား) ဟာ အတော်ခက်နေပါပေါ့လား (မှန်ပါ့)

ဦးခင်မောင် အနာကကြီးနေတယ်၊ အနာကကြီးနေတော့ အတော်ခက်နေတယ် (မှန်ပါ့) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုပြီး ထားလိုက်ပါတဲ့၊ ခန္ဓာကိုယ်ကြီးကို ဝိပဿနာရှုလိုက်တဲ့အခါကျတော့ မလိုချင်တော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ ခန္ဓာနဲ့သူနဲ့ခွဲချင်သလား မခွဲချင်ဘူးလား (ခွဲချင်ပါတယ် ဘုရား)။

ကိုယ့်ခန္ဓာနဲ့တောင်ခွဲချင်တော့ သားသမီး မြေးမြစ်ခန္ဓာနဲ့ကော (ခွဲချင်ပါတယ် ဘုရား) အဲဒါ ဘာဖြစ်တာတုံးဆိုတော့ အနာပျောက်လာတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အတင်းတွန်းပို့စမ်းပါ ဒီလူကို၊ မီးဖိုနားကို အနာပျောက်တဲ့ပုဂ္ဂိုလ်ကို အတင်းတွန်းပို့စမ်းပါ ဦးဝ (မရပါ) တခါတည်း လိမ်တွန့်ပြီး ကျုပ်ကိုမလုပ်ပါနဲ့ဗျ၊ မနှိပ်စက်ပါနဲ့ဗျ လာတော့တာပဲ (မှန်ပါ့) အရင်တုန်းကတော့ မီးဖိုနားမှာ အတော်ကျက်သရေရှိနေတယ် ထင်တယ်နော် (မှန်ပါ့) အနာပျောက်တော့ မီးဖိုနား တွန်းပို့တော့ ဆင်းချင်သေးရဲ့လား (မဆင်းချင်ပါ အတင်းရုန်းမှာပါ ဘုရား)။

ဘယ်နှယ်ကြောင့် အတင်းရုန်းချင်သတုံး

ဘယ်နှယ်ကြောင့် အတင်းရုန်းချင်သတုံး မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက တွေးလိုက်ရင် ပေါ်ပါတယ်၊ မီးဟာ ဒကာ ဒကာမတို့ ပင်ကိုယ်ကလဲ ပူတာပဲ၊ အခုအနာပျောက်တော့လဲ (ပူတာပါပဲ) အနာပျောက်တော့ ပူမှန်းသိတယ် (မှန်ပါ့) အနာမပျောက်တဲ့ပုဂ္ဂိုလ်မှာတော့ (ပူမှန်းမသိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့နေရတာသည် အနာမပျောက်သေးလို့ ပူမှန်းမသိသေးဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အနာပျောက်တော့ ဒီအနားတွန်းပို့တော့ကော ရသေးရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ဟာ ပင်ကိုယ်စိတ် ရောက်ပလား မရောက်သေးဘူးလား (မရောက်သေးပါ ဘုရား) ဘာဖြစ်လို့တုံး မီးဟာနဂိုရ်လှုံနေတုံးကလဲ ပူတာပါပဲ (မှန်ပါ့) နောက်အနာပျောက်တော့ မလှုံချင်တာတဲ့ ဘာဖြစ်လို့တုန်း ပူလို့ မလှုံချင်တာ (မှန်ပါ့) မီးက ပြောင်းတာလား၊ ကျုပ်တို့က အနာပျောက်-မပျောက် ခဲယဉ်းနေတာလား (အနာပျောက်-မပျောက်ခဲယဉ်းနေတာပါ ဘုရား)။

ဒါဖြင့် မီးအပြစ်လား ဒကာ ဒကာမတို့၊ အနာပေါက်တဲ့လူ၏အပြစ်လား (အနာပေါက်တဲ့လူ၏အပြစ်ပါ ဘုရား) မီးကတော့ဖြင့် အနာရှိတုန်းကလှုံရင်လဲပူတာပဲ၊ အနာမရှိတဲ့အခါ လှုံပြန်တော့ကော (ပူတာပါပဲ ဘုရား) ဒါဖြင့် မီးကတော့ ဖောက်ပြန်သေးတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

မီးလှုံချင်-မလှုံချင်နဲ့အကဲခတ်ပါ

ဒါဖြင့် အနာရှိတဲ့လူက ဖောက်ပြန်တာ (မှန်ပါ့) မီးလှုံတုန်းကတော့ ဘာတုံး (အနာရှိလို့ပါ) နောက်မီးမလှုံချင် တာက (အနာမရှိလို့ပါ) အဲ ခင်ဗျားတို့မှာ ငါဘယ်အခြေအနေဆိုက် မဆိုက်တယ်ဆိုတာ မီးလှုံချင်-မလှုံချင်နဲ့အကဲခတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ငါဘယ်အခြေအနေ ဆိုက်နေပြီဆိုလို့ရှိရင် လှုံချင် မလှုံချင်သာ အကဲခတ်ကြည့် (မှန်ပါ့) အကဲခတ်ကြည့်လို့ ရှိရင် ကိလေသာ ပါးရှားလာလို့ရှိရင်ဖြင့် တယ်မကပ်ချင်တော့ဘူး၊ ကိလေသာထူလာလို့ရှိရင် (ကပ်ချင်ပါတယ်) ရှင်းပလား (ရှင်းပါပြီ) ကပ်ချင်လို့ရှိရင်ဖြင့် ပိုးကိုက်ပြန်ပြီ မီးဖိုရှာပြန်ပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချမယ်ဆိုတာ ဒိဌဓမ္မောဆုံးဖြတ်ချက်ချ (မှန်ပါ့) မီးဖိုနား ကပ်ချင်လို့ရှိရင်ဖြင့် နူနာစွဲတုန်းပဲ (မှန်ပါ့) မီးဖိုနားဖြင့် တပည့်တော်ဖြင့်ဘုရား မကပ်ချင် နည်းနည်းပျောက်လို့ပဲ (မှန်ပါ့) များများမကပ်ချင်ရင် များများပျောက်လို့ပါ ဘုရား)။

ဒါဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချမယ်ဆိုတာ ဒိဌဓမ္မောဆုံးဖြတ်ချက်ချ (မှန်ပါ့) မီးဖိုနား ကပ်ချင်လို့ရှိရင်ဖြင့် နူနာစွဲတုန်းပဲ (မှန်ပါ့) မီးဖိုနားဖြင့် တပည့်တော်ဖြင့်ဘုရား မကပ်ချင် နည်းနည်းပျောက်လို့ပဲ (မှန်ပါ့) များများမကပ်ချင်ရင် များများပျောက်လို့ပါ ဘုရား)။

များများပျောက် ကြိုက်လို့ရှိရင်

ဒါဖြင့် နည်းနည်းပျောက်နဲ့ များများပျောက် ဘယ်ဟာကြိုက်သတုံး (များများပျောက်ကြိုက်ပါတယ် ဘုရား) များများပျောက် ကြိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မီးဖိုမှန်းသိအောင်လုပ်ရမယ်တဲ့ (မှန်ပါ့ ဘုရား)။

သားဟာလဲ မီး၊ သမီးဟာလဲ မီး၊ ခန္ဓာဟာကော (မီးပါ) အဲ ခန္ဓာမှန်းသိလာတော့ ဒီခန္ဓာကြီးကိုခင်တဲ့သဘော ခန္ဓာကပ်သေးရဲ့လား (မကပ်ပါ ဘုရား) မကပ်လို့ရှိရင်ဖြင့် ခန္ဓာနဲ့ဒါဟာ အိုးစားမကွဲဘူးလား (ကွဲပါတယ်) ကွဲတာဟာ ဒုက္ခနဲ့ကွဲတာပဲ (မှန်ပါ့) မီးဒုက္ခနဲ့ကွဲတာ၊ တခြားဟာနဲ့ကွဲတာဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

မီးခန္ဓာကိုယ်ကြီး

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးသည်ကား လို့ ဆိုရင် မီးခန္ဓာကိုယ်ကြီးဆိုတာ သဘောကျပလား (ကျပါပြီ) သူကဆယ့်တစ်မီးလောင်နေတဲ့ မီးဖိုကြီးကိုးဗျ၊ အဲဒါ ကျုပ်တို့က ခင်နေတော့ မီးမှန်းသိသေးရဲ့လား (မသိပါ ဘုရား) ဘာသိမလဲ ရောဂါထနေတာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘယ်လိုပြုပြင်ကြမတုံး (မီးမှန်းသိအောင် ကြည့်ရပါမယ်) မီးမှန်းသိအောင် ကြည့်တော့ တကယ်မီးမှန်းမသိတဲ့နေ့ဟာ အနာမပျောက်လို့ပဲ (မှန်ပါ့) မီးမှန်းမသိသေးရင် (အနာမပျောက်သေးလို့ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။