ပုထုဇဉ်တပါးအမေးကို ရဟန္တာလေးပါး ဖြေတော်မူကြပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြား ဆုံးမတော်မူသော
ပုထုဇဉ်တပါးအမေးကို ရဟန္တာလေးပါး ဖြေတော်မူကြပုံ
အမြင်မှန်မရပဲ အလောင်းထမ်းသမားဘဝမှ မလွတ်ပုံ
နေ့အလုပ်ပေးတရားတော်
(၆-၃-၅၉)
ဝိပဿနာကို ဘယ်လိုမြင်ကြပါလိမ့်
ဝိပဿနာကို ဘယ်လိုမြင်ကြပါလိမ့်မလဲ၊ အဲဒါ ရဟန်းတပါးက သံသယရှိလို့ ရဟန္တာတွေကို သွားပြီးမေးလို့ ရဟန္တာ ၄-ပါးက အဖြေထွက်တာကို ဒကာ ဒကာမတွေ နားလည်ရလိမ့်မယ်လို့ မှတ်ထားရလိမ့်မယ် (မှန်ပါ့)။
ဒါ သံယုတ်ပါဠိတော်မှာ လာပါတယ် (မှန်ပါ့) သံယုတ်ပါဠိတော်ဆိုတဲ့ဥစ္စာ ကိုယ်တော်တိုင် ဟောထားတာလို့ ဦးဝတို့မှတ်ကြပါ (မှန်ပါ့) မေးတဲ့ရဟန်းက ပုထုဇဉ်၊ ဖြေတဲ့ ကိုယ်တော်တွေက ရဟန္တာလို့ မှတ်ထားကြပါ (မှန်ပါ့)။
အဲဒီ ရဟန္တာလေးပါးကို ပုထုဇဉ်တပါးက လှည့်ပတ်ပြီး သကာလ မေးတယ်၊ ရဟန္တာလေးပါးက အသီးသီး သီတင်းသုံးနေတော်မူကြပါတယ်၊ ပုထုဇဉ် ရဟန်းတပါးက နိဗ္ဗာန်ရောက်ကြောင်းကို ကျင့်ချင်တယ်၊ ကျင့်ပေမယ့်လဲ သူက လက်တွေ့နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်တွေထံမှာ သူတို့သည် ဘယ်ကနေ စပြီးတက်လို့ နိဗ္ဗာန်မြင်တယ်ဆိုတာကို သိချင်လို့ ပုထုဇဉ်က သူလဲ အလွယ်တကူနဲ့ နိဗ္ဗာန်မဂ်ဖိုလ်ကြီးကို ရယူချင်တဲ့ပုဂ္ဂိုလ် ဖြစ်နေတာနဲ့ ရဟန္တာလေးပါးထံ သွားပြီး သကာလ မေးမြန်းပါတယ် (မှန်ပါ့)။
ကိတ္တာဝတာ နုခေါ၊ အာဝုသော ဘိက္ခုနော
ဒဿနံ သုဝိသုဒ္ဓံ ဟောတိ။
နိဗ္ဗာန်ရောက်တဲ့အမြင်ဟာ
မြန်မာလိုကျတော့ အရှင်ဘုရား နိဗ္ဗာန်ရောက်တဲ့အမြင်ဟာ ဘယ်လိုစမြင်ပြီး သကာလ နိဗ္ဗာန်ရောက်တယ် ဆိုတာ တပည့်တော် သိချင်ပါတယ်လို့ ပဌမရဟန္တာကို ဦးဘအုန်း မေးလိုက်တယ်နော် (မှန်ပါ့) ဘယ်သူကမေးပါလိမ့် (ပုထုဇဉ်ရဟန်းကမေးပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ပုထုဇဉ်ကမေးလို့ ရဟန္တာကဖြေတာဆိုတော့ ရဟန္တာဆိုတာက ဒကာ ဒကာမတို့ ကျင့်စဉ်နဲ့တက်ပြီး သကာလ ရဟန္တာဖြစ်လာတယ်ဆိုတာ ဦးဝတို့ သံသယရှိဖို့မလိုဘူး (မလိုပါ ဘုရား)။
အဲဒီတော့ ပုထုဇဉ်ရဟန်းက အရှင်ဘုရား၏အမြင်၊ သောတာပတ္တိမဂ်ရတဲ့အမြင်၊ ဘယ်လိုမြင်ပြီး သကာလ နိဗ္ဗာန်ရောက်ကြပါသလဲလို့ ဦးဝတို့ ဦးဘအုန်းတို့ မေးသပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ မှတ်ရမှာက အခု ရဟန္တာက ဖြေလိမ့်မယ် (မှန်ပါ့) ဖြေတဲ့အခါကျလို့ရှိရင်ဖြင့် သူဟာ ဒီကစပြီးမြင်ပါတယ်လို့ ဖြေတာပဲ (မှန်ပါ့) ဒီတော့ ဦးဘအုန်း ဒါဟာ လက်တွေ့တရားဖြစ်တော့မှာပဲ (မှန်ပါ့)။
ဒကာ ဒကာမတွေ အားငယ်စရာမလိုပါဘူး၊ လက်တွေ့ဖြစ်မယ်ဆိုတာ မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား) ရဟန္တာက သူ-ဒီလမ်းကတက်လာပြီး ရဟန္တာဖြစ်တယ်၊ ဒါဖြင့် သူစမြင်တဲ့ ဥစ္စာ သူဖြေရတော့မယ် (မှန်ပါ့) ဒါနဲ့ ပဌမရဟန္တာက ဖြေလိုက်တယ်။
ပဌမရဟန္တာ အဖြေ
ဆန္နံ အာယတနာနံ သမုဒယဉ္စအတ္ထင်္ဂမဉ္စ၊ ဧတ္တာဝတာခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိ
သုဒ္ဓံ ဟောတိ။
ဒါက ပါဠိလိုဖြေတာ၊ မြန်မာလိုကတော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယမနလို့၊ အာယတနခြောက်ခု မရှိဘူးလား (ရှိပါတယ် ဘုရား)။
စက္ခုဆိုတာက မျက်လုံးရုပ်ပဲ၊ သောတဆိုတာက ကြားတဲ့နားရုပ်ပဲ၊ ဃာနဆိုတာက နံတဲ့နှာခေါင်းရုပ်ကလေး (မှန်ပါ့ ဘုရား) ဇိဝှါဆိုတာက လျှာရုပ်ကလေး၊ ကာယ ဆိုတာက ကိုယ်ရုပ်ကလေး၊ မနဆိုတာက စိတ် (မှန်ပါ့) ဘယ်နှစ်ခုရှိသတုံး (ခြောက်ခုပါ ဘုရား)။
အဲဒီမှာ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန ကျအောင် အဲဒါက ရုပ်လို့ မှတ်ထားပါ (မှန်ပါ့ ဘုရား) အားလုံးဟာ ရုပ်ကလာပ်ကလေးတွေလို့မှတ်ပါ (မှန်ပါ့) ဒီတခုကတော့ စိတ်လို့ပဲ မှတ်ထားပါ (မှန်ပါ့)။
ဒို့သည်ကား လို့ဆိုရင် ဟောဒီတရား ကြည့်လိုက်ပြန်လဲ စက္ခုကြည့်လိုက်ပြန်လဲ ဖြစ်ပျက်မြင်တာပဲ (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတွေ ရုပ်ကြည့်ပြန်လဲ ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ် (မှန်ပါ့) ဒီဟာ ရုပ်ငါးခုမနေဘူးလား (နေပါတယ် ဘုရား) အဲဒီ ရုပ်ငါးကြည့်လိုက်တဲ့အခါ ရုပ်တခုခုကို ကြည့်လိုက်တဲ့အခါ ဘာမြင်ရမတုံး (ဖြစ်ပျက် မြင်ရပါမယ် ဘုရား)။
နာမ်ဘက်က စိတ်ကြည့်လိုက်ပြန်လဲ ဒကာ ဒကာမတို့ စိတ်တွေ့ရမှာလား ဖြစ်ပျက်တွေ့ရမှာလား (ဖြစ်ပျက်တွေ့ရမှာပါ ဘုရား)။
ဒါကို ကြပ်ကြပ်သတိထားကြပါ ဒကာ ဒကာမတို့၊ ဪ ဒို့ဆရာဘုန်းကြီးက ဖြစ်ပျက်တွေ့အောင်ရှာကြ၊ ဖြစ်ပျက်တွေ့အောင် ရှာကြဆိုတဲ့ဥစ္စာသည် ဘာပါလိမ့်မလဲလို့ သံသယရှိပြီး သကာလ မနေကြပါနဲ့ ရဟန္တာဟာ ဒီဖြစ်ပျက်ကစပြီး မြင်တာလို့မှတ်လိုက် (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ရဟန္တာက ဖြစ်ပျက်ကစပြီး မြင်တာပါ ဘုရား) ရဟန္တာဟာ ဖြစ်ပျက်စပြီး မြင်တာပဲ၊ ဒကာ ဒကာမတို့ ရုပ်ကြည့်လိုက်ပြန်လဲ သူဘာတွေ့သလဲ (ဖြစ်ပျက်တွေ့ပါတယ် ဘုရား) စိတ်ကြည့်လိုက်ပြန်လဲ (ဖြစ်ပျက်တွေ့ပါတယ် ဘုရား)။
ဒီခြောက်ခု တခုခုမှာ ဖြစ်ပျက်ချည့် တွေ့တာပဲ
အဲဒါကြောင့် ဒီက ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ဆန္နံ အာယတနာနံဆိုတာပဲ၊ ဒီခြောက်ခုကိုပြောတာ (မှန်ပါ့) သမုဒယဉ္စဆိုတာ ဖြစ်တာ၊ အတ္ထင်္ဂမဉ္စဆိုတာ ချုပ်တာ၊ မြန်မာလို ပြန်လိုက်တော့ ဒီခြောက်ခု တခုခုမှာ ဖြစ်ပျက်ချည့် တွေ့တာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီခြောက်ခုထဲက တခုခု ဖြစ်ပျက်ချည့်ပဲ တွေ့တယ်၊ အဲဒီလိုမြင်လို့ ရှိရင် ဒီဥစ္စာ နိဗ္ဗာန်ရောက်ဖို့ရန် အမြင်မှန်လို့ မှတ်လိုက်စမ်းပါတဲ့ (မှန်ပါ့)။
နိဗ္ဗာန်ရောက်ဖို့ အမြင်မှန်သည် ဒကာ ဒကာမတို့ ဒီဘက်ကရုပ်၏ဖြစ်ပျက်ကို မြင်လို့ရှိရင်လဲ အမြင်မှန်ပေါ့ဗျာ (မှန်ပါ့) ဒီဘက်က စိတ်က ဖြစ်ပျက်ကို မြင်လို့ရှိရင်လဲ (အမြင်မှန်ပါ ဘုရား) ဒါဘယ်သူကဖြေတာတုံး (ပထမ ရဟန္တာက ဖြေတာပါ ဘုရား)။
ပထမရဟန္တာက သူ့အမြင်ကို ဖြေလိုက်တယ်၊ ဦးဇံရင်-သဘောကျပလား (ကျပါပြီ ဘုရား) ပထမရဟန္တာက ဘာတွေ့သတဲ့လဲ (ဖြစ်ပျက်တွေ့ပါတယ်) ရုပ်ကြည့်ပြန်တော့လဲ ဘာတွေ့သလဲ (ဖြစ်ပျက်တွေ့ပါတယ်) စိတ်ကြည့်ပြန်တော့လဲ (ဖြစ်ပျက်တွေ့ပါတယ် ဘုရား)။
အဲဒါကြောင့် “ဆန္နံ အာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ၊ ဧတ္တာဝတာ ခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ” ဒါအမြင်မှန်ပဲ တဲ့၊ နိဗ္ဗာန်ရောက်ဖို့ စမြင်တဲ့အမြင်ဟာ အမြင်မှန်ပဲတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်ကို မြင်မှ အမြင်မှန်
နိဗ္ဗာန်ရောက်ဖို့အမြင်မှန်ဟာ ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်ကို မြင်မှ အမြင်မှန်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ဒါ ဘယ်သူက ဖြေတာပါလိမ့် (ပထမရဟန္တာက ဖြေတာပါ ဘုရား) ဒကာ ဒကာမတို့ ရဟန္တာက ဖြေတယ်ဆိုတော့ ဘုန်းကြီးက ရှင်းလင်းပြီး ဦးဘအုန်းတို့ ဦးဝတို့ ပြောရမှာပေါ့ဗျာ၊ ဒီကတက်လာလို့ ဒီက မြင်ပြီး သကာလ နောက်ဆုံးပိတ် နိဗ္ဗာန်မြင်တာပဲတဲ့ (မှန်ပါ့) ဒီဟာမှမမြင်လို့ရှိရင် နိဗ္ဗာန်ကို မမြင်နိုင်ဘူးတဲ့ (မှန်ပါ့) ရဟန္တာက ဖြေနေတယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ကို ဘုန်းကြီး သင်ထားတာက ရှေးဦးစွာ ဘာမြင်ဖို့ အရေးကြီးသတုံး (ဖြစ်ပျက်မြင်ဖို့ အရေးကြီးပါတယ် ဘုရား)။
ဪ ဒါတွေဟာ ရဟန္တာကြီးတွေဖြေတာနဲ့ ဒို့ဆရာသမား သင်ထားတာနဲ့တထပ်တည်းပဲလို့ဆိုပြီး ရဲရဲတင်းတင်း ကြိုးစားပါလို့ တိုက်တွန်းလိုက်တယ် (မှန်ပါ့) ရဟန္တာတွေအမြင်က ဒါပဲတဲ့၊ ပထမရဟန္တာအမြင်က ဒကာ ဒကာမတို့ ဘာတဲ့ (ရုပ်အာယတနဖြစ်ပျက်မှု၊ နာမ်အာယတန ဖြစ်ပျက်မှုကိုမြင်ပါတယ် ဘုရား)။
ဒါပဲရှိတယ်၊ ခန္ဓာကိုယ်ထဲ နာမ်ရုပ်ရှိတာကိုးဗျ (မှန်ပါ့) ရှိတဲ့အနက်ကလဲ နာမ်ရုပ်တွေ့ဖို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
နာမ်ရုပ်တော့ ခွဲပြလိုက်ရင် တွေ့ပါတယ်၊ သို့သော် ရုပ်၏ဖြစ်ပျက်သဘော၊ နာမ်၏ဖြစ်ပျက်သဘော၊ ဒါတွေ့ဖို့ရာက အရေးကြီးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်ကို မြင်မှ
အဲဒါကြောင့် ရုပ်-နာမ်-သိရုံနဲ့ နိဗ္ဗာန်ရောက်ဖို့ လိုရင်းမရောက်သေးဘူး ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ်ဟာသိမှပါလိမ့် (ဖြစ်ပျက်ကို မြင်မှပါ ဘုရား) ရုပ်နာမ်၏ဖြစ်ပျက်ကိုမြင်မှ အမြင်မှန်တဲ့ (မှန်ပါ့)။
ဒကာ ဒကာမတွေ ရုပ်၏ဖြစ်ပျက်ကို မြင်လို့ရှိရင်လဲ ခင်ဗျားတို့ဉာဏ်ဟာ အမြင်မှန်ပဲနော် (မှန်ပါ့) စိတ်၏ဖြစ်ပျက်ကိုမြင်လို့ရှိရင်လဲ (အမြင်မှန်ပါ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ ဒါတွေ့တဲ့ပုဂ္ဂိုလ်ဟာဖြင့် ဒီဘဝရဟန္တာမျိုးစေ့ပဲ၊ ဒီဘဝတွင် ရဟန္တာအဆုံးတောင် ရောက်နိုင်တယ်လို့ မှတ်ရမယ် (မှန်ပါ့)။
သောတာပန်ပုဂ္ဂိုလ်ဖြစ်မှာဖြင့်လဲ ရုပ်ဖြစ်ပျက် တွေ့ပါတယ်ဘုရား၊ နာမ်ဖြစ်ပျက် တွေ့ပါတယ်ဆိုရင် ဪ ဒါဟာ သောတာပန် တည်နိုင်တာပဲဆိုတာ သူ့မှာစောဒနာနေစရာ မလိုတော့ဘူး (မှန်ပါ့)။
ဘာဖြစ်လို့တုံး သောတာပန်အမြင်လဲ ဒီကစတယ်၊ ရဟန္တာအမြင်ကော (ဒီကစပါတယ် ဘုရား) အခုဖြေတာ ဘယ်သူဖြေတာတုံး (ရဟန္တာဖြေတာပါ) ရဟန္တာဆိုတာလဲ ဒီကတက်တာကိုးဗျ (မှန်ပါ့) ဒီကမတက်လို့ရှိရင် အမြင်မှန်လို့ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား) ကိုသစ်တို့ကော (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒါကလေးမှ မမြင်သေးတဲ့ပုဂ္ဂိုလ်ဖြင့် ကြိုးစားလုပ်ဖို့ရာ ဆရာဘုန်းကြီးက တိုက်တွန်းတယ် (မှန်ပါ့) ဒါကလေးမှ မမြင်တော့ဘူး၊ တခုခု၏ဖြစ်ပျက်ကို မမြင်တော့ပါဘူးဆိုလို့ရှိရင်ဖြင့် သူဟာသောတာပန်မျိုးစေ့ကို မရသေးဘူး (မှန်ပါ့) ဆိုနိုင်ပါ့မလား (ဆိုနိုင်ပါတယ် ဘုရား)။
သောတာပန်မျိုးစေ့ မရသေးတော့
သောတာပန်မျိုးစေ့ မရသေးတော့ကို အပါယ်လေးပါးတံခါး မပိတ်သေးဘူး (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့သည် ယခုလို ဆရာကောင်း သမားကောင်း ကြုံတဲ့အခိုက်၊ သာသနာတွင်းနဲ့ ကြုံတဲ့အခိုက် မှာဖြင့် ဒီတရားစစ်မှ ဒီဟာ ရှိတာကိုမှ တွေ့အောင် မရှာနိုင်ကြပါဘူးဆိုရင်ဖြင့် ခင်ဗျားတို့ သာသနာကျောပေးနေတဲ့ ပုဂ္ဂိုလ်အထဲမှာ အပါအဝင်ဖြစ်တယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဒါက သာသနာတွင်းတရားကိုးဗျ (မှန်ပါ့ ဘုရား)။
ဘာတရားပါလိမ့် (သာသနာတွင်းတရားပါ ဘုရား) အဲဒါကျောပေးမနေလိုက်ပါနဲ့၊ အချိန်ရှိတုန်းကို မသေမီကလေး မြန်မြန်လုပ်လိုက်ကြပါလို့ တိုက်တွန်းပါတယ် (မှန်လှပါ)။
ဦးဇံရင်-တိုက်တွန်းသင့် မတိုက်တွန်းသင့် (တိုက်တွန်းသင့်ပါတယ် ဘုရား) ဘာဖြစ်လို့လဲလို့ အမေးထုတ်ရမယ် ဒကာ ဒကာမတို့၊ ဒီခြောက်ပါးသော အာယတနတို့၏ဖြစ်ပျက်ကို မြင်လိုက်လို့ရှိရင်ဖြင့် ဆန္နံ အာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ၊ ဧတ္တာဝတာ ခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ = ဒါဟာ အမြင်မှန်ပဲ၊ ဒါတွေဖြစ်ပျက်မြင်လို့ရှိရင် ဒကာ ဒကာမတွေ အမြင်မှန်ရပါပြီတဲ့ (မှန်ပါ့)။
ဒါဖြင့် တပည့်တော်တို့ဘုရား ဖြစ်ပျက်ကိုပဲ မတွေ့သေးပါဘူး၊ ဖြစ်ပြီး ပျက်ပျက်သွားတဲ့ ရုပ်ဓမ္မကလေးကိုလဲ မတွေ့သေးဘူး၊ စိတ်ဓမ္မကလေးကိုလဲ မတွေ့သေးပါဘူး ဆိုလို့ရှိရင် ဒကာ ဒကာမတွေ အမြင်မှန်ကို မရသေးဘူးလို့ဆိုပါ (မှန်ပါ့)။
ဖြစ်ပျက်မြင်မှ အမြင်စင်ကြယ်တာ
ဧတ္တာဝတာ ခေါ (ပ) သုဝိသုဒ္ဓံ ဟောတိ ဆိုရာ၌ သု-ကကောင်းတာ၊ ဝိသုဒ္ဓက စင်ကြယ်တာ၊ အမြင်စင်ကြယ်တယ် ဆိုတာ ဖြစ်ပျက်မြင်မှ အမြင်စင်ကြယ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဒါဟာ အရေးကြီးလို့ပြောနေတယ် (မှန်ပါ့) ဒါဖြင့် ခန္ဓာကိုယ်ကို တနေ့ကပြောတဲ့အတိုင်း ဒကာ ဒကာမတို့ ထိုင်ပြီး သကာလ ခန္ဓာကိုယ်က ဘာပြတယ်ဆိုတာ ကြည့်ကြတာပေါ့ဗျာ (မှန်ပါ့)။
သူ-ပြစရာ အထူးတော့ ဦးဘအုန်း- ဘာမှမရှိဘူး၊ ဖြစ်ပြီးပျက်တာမှတပါး ဘာမှပြစရာ သူ့မှာရှိရဲ့လား (မရှိပါ ဘုရား) မရှိတော့ ဒီဖြစ်ပျက်ကိုပြလို့ ခင်ဗျားတို့က မြင်ပြီဆိုလို့ရှိရင်ဖြင့် ဪ ဒါဟာရဟန္တာဖြစ်နိုင်တဲ့ အမြင်ပါလားလို့ မှတ်လိုက် (မှန်ပါ့)။
ဖြစ်ပျက်မြင်တဲ့အမြင်သည်
ဒီအမြင်ဟာ သေးသေးသိမ်သိမ် မဟုတ်ဘူးဆိုတာ ဒကာ ဒကာမတွေ ယနေ့မှတ်ရတော့မယ် (မှန်ပါ့) ဖြစ်ပျက်မြင်တဲ့အမြင်သည် သေးသေးသိမ်သိမ်အမြင်လား၊ အရိယာအမြင်လား (အရိယာအမြင်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အရိယာဖြစ်နိုင်ဖို့ကို အရိယာမြင်တဲ့အမြင်ကို ကိုယ်ပိုင်ရတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကဲ ဒီဟာကလေးတော့ အခု ပြောနေတဲ့ တရားကိုဖြင့် ရဟန္တာက သူ့အမြင်သူပြောသာ (မှန်ပါ့) အရှင်ဘုရား နိဗ္ဗာန်ရောက်တဲ့အမြင်ဟာ ဘယ်က စမြင်ရသလဲ အမြင်မှန်ပြောစမ်းပါ တဲ့၊ ပုထုဇဉ်ရဟန်းက မေးတယ်၊ ဆန္နံ အာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဒီအာယတန ခြောက်ပါးရှိတယ်၊ ရုပ်ကိုလဲ ဖြစ်ပျက်မြင်ဖို့ပဲ တဲ့၊ ဒီစိတ်ကိုကော (ဖြစ်ပျက်မြင်ဖို့ပါ ဘုရား) အဲဒီလို အာယတနခြောက်ပါးကို မြင်ခဲ့လို့ရှိရင်ဖြင့် ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ – ဒီအမြင်ဟာဖြင့် အမြင်မှန်လို့သာ မှတ်တော့ တဲ့၊ သောတာပန်ဖြစ်မည့်အမြင်မှန် (မှန်ပါ့) ရဟန္တာဖြစ်မည့် အမြင်မှန် (မှန်ပါ့) ရဟန္တာဖြစ်မည့် (အမြင်မှန်ပါ ဘုရား)။
ဦးဘအုန်း- ဒီစကားဟာ တော်တော် အရေးကြီးတယ် (ကြီးပါတယ် ဘုရား) အားလုံး ဒကာ ဒကာမတွေ ဘယ့်နှယ့်နေကြသတုံး (အရေးကြီးပါတယ် ဘုရား) ကြည့်လေ အခုသူက ဘယ်လိုဖြေတာတုံး (ရဟန္တာကဖြေတာပါ) မေးတာက (ပုထုဇဉ်ရဟန်းက မေးတာပါ ဘုရား)။
နိဗ္ဗာန်ရောက်ဖို့ အမြင်မှန် ရတယ်ဆိုတာ
အရှင်ဘုရား နိဗ္ဗာန်ရောက်ဖို့ အမြင်မှန် ရတယ်ဆိုတာ တပည့်တော်ကို တဆိတ်အမိန့်ရှိပါ တဲ့၊ ခင်ဗျားတို့ လောကအပြောနဲ့ဆိုရင် (မှန်ပါ့) ခြောက်ပါးသော အာယတနတို့တွင် မျက်လုံးရုပ်ကလေးကိုလဲ ဖြစ်ပျက်မြင်ဖို့၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့ အာယတန ငါးခုပေါ့ဗျာ ၊ ဒီဘက်က မနာယတနဆိုတဲ့ စိတ်တမျိုး၊ အဲဒါတွေရဲ့ဖြစ်ပျက်ကို မြင်လို့ရှိရင်ဖြင့် အရိယာဖြစ်မည့် အမြင်မှန်လို့သာ မှတ်လိုက်ပါတော့ တဲ့ (မှန်ပါ့) နိဗ္ဗာန်မြင်မည့် (အမြင်မှန်ပါ ဘုရား)။
ဒါဖြင့် ဦးဘတင်ရေ အမြင်မှန်ဟာ ဒါဟောပါလား (မှန်ပါ့) ဒဿနံ = အမြင်သည်၊ သုဝိသုဒ္ဓံ = အလွန်စင်ကြယ်သည်၊ ဟောတိ = ဖြစ်၏တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အာယတန ခြောက်ပါး၏ဖြစ်ပျက်ကို မြင်ရင် ဘာတဲ့ (အမြင်မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်-ဆိုတာက ရုပ်ငါးပါးမနေဘူးလား (မှန်ပါ့) စိတ်ဆိုတာက တပါးမနေဘူးလား (မှန်ပါ့) အဲဒီခြောက်ပါးကို ဖြစ်ပျက် အလှည့်အပတ်နဲ့မြင်နေလို့ရှိရင်ဖြင့် ဘာအမြင်တဲ့ဗျာ (အမြင်မှန်ပါ ဘုရား) ဘယ်သူတို့၏အမြင်မှန်ပါလိမ့် (အရိယာတို့၏အမြင်မှန်ပါ ဘုရား)။
အရိယာတို့၏အမြင်မှန်အစစ်ကို ရတော့တာပဲလို့ သဠာ ံယတန သံယုတ်ပါဠိတော်မှာလာတယ်၊ နောက်ဆုံးပိတ်ကျတော့ ဘုရားကိုယ်တော်တိုင် ဒီဥစ္စာကို ထောက်ခံချက်ပေးလိမ့်ဦးမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဦးဝတို့ ဦးဘအုန်းတို့ အလွန်လေးနက်မည့်တရားပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ်) အခုဖြေနေတာက ဘယ်သူတုံး (ရဟန္တာပါ ဘုရား)။
ရဟန္တာဖြေနေကတည်းက သံသယရှိဖို့မလိုဘူး
ရဟန္တာဖြေနေတော့ ဒကာ ဒကာမတို့ ရဟန္တာဖြေနေကတည်းက ကျုပ်တို့ သံသယရှိဖို့မလိုဘူး (မှန်ပါ့) ဒီအထဲမှာဘုရားက ထောက်ခံချက်ပေးဦးမယ်ဆိုတော့ သာလို့ပင် လေးနက်တော့မယ် (မှန်ပါ့)။
ဒါကြောင့် အခုလို ဆရာသမားနဲ့ကြုံ၊ အခုလို ခေတ်ကောင်းကြုံ၊ အခုလို ထောင်နိုင်တဲ့နား – ကြုံတုန်းဖြင့် ဒီဖြစ်ပျက်ကိုဖြင့် ဦးဘတင်တို့ ဦးဝတို့ မတွေ့-တွေ့အောင် ကြိုးစားလိုက်ကြပါ (မှန်ပါ့) မကြိုးစားသင့်ဘူးလား (ကြိုးစားသင့်ပါတယ် ဘုရား)။
ဒါမှ မရသေးလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အသက်တရာရှည်ငြားသော်လဲ အမြင်မှန်ရပြီး သေသွားတယ်လို့ မဆိုလိုက်နဲ့တော့ (မဆိုရပါ ဘုရား) အမြင်မှားနဲ့ပဲသေလေရဲ့ (မှန်ပါ့) ကြောက်စရာသိပ်ကောင်းတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ အခုလို အေးအေးဆေးဆေးနဲ့ နှေးနှေးပြောနေတာ ခင်ဗျားတို့ လှိုက်လှိုက်လှဲလှဲ ဒီဥစ္စာကို လုပ်ချင်တဲ့စိတ် ပေါ်ပါစေဆိုတာလဲ တကြောင်း (မှန်ပါ့) ဒီလိုမှ အမြင်မှန်မရလို့ရှိရင်ဖြင့် ခင်ဗျားတို့ အမြင်အများနဲ့ သေသွားလေရဲ့ ဆိုတဲ့မသာဖြစ်မယ် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အမြင်မှားနဲ့သေသွားလေရဲ့
ဘယ်နှယ့်ဆိုကြမလဲ (အမြင်မှားနဲ့သေသွားလေရဲ့) အမြင်မှန် ရမသွားဘူး (မှန်ပါ့) ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
ဒကာ ဒကာမတွေ မှီလိုက်သေးသပေါ့ဗျာ (မှန်ပါ့) အမြင်မှန်ရဖို့ မှီသေးသပေါ့ (မှီပါသေးတယ် ဘုရား) ကိုင်း ဒါဖြင့် ကိုယ့်စိတ်ကလေး ကိုယ်ရှုလို့ရှိရင်လဲ စားချင်တဲ့စိတ်ကလေးဟာ ပြန်တွေးကြည့်ရင် ဘယ့်နှယ်တုံး (မရှိတော့ပါ ဘုရား) မရှိဘူးလို့သိရင် အဲဒါအမြင်မှန်ပဲ (မှန်ပါ့)။
သားကလေးခင်တဲ့ စိတ်ကလေးဟာ ဖျပ် – ဆို ဒီသားကလေးမြင်လိုက်တော့ ခင်လိုက်တယ် (မှန်ပါ့) ဟာ ဒီဥစ္စာကလေး ဘယ်ရောက်သွားပါလိမ့်မတုံး လို့ ဘုန်းကြီးကတွေးပါလို့၊ “သရာဂစိတ္တ ံ သရာဂစိတ္တန္တိ ပဇာနတိ” လို့ နောက်ကနေပြီး တွေးလိုက်စမ်းပါ၊ ဒီစိတ် ရှိ-မရှိ (မရှိပါ ဘုရား) ဖြစ်ပြီး ပျက်သွားတာပဲမဟုတ်လား (မှန်ပါ့)။
သားကလေး ခင်တဲ့စိတ်ဟာ ဘာတဲ့ (ဖြစ်ပြီး ပျက်သွားပါတယ်) မမြင်ရဘူးလားဗျာ (မြင်ရပါတယ် ဘုရား) မြင်ရပါတယ် တဲ့၊ ဒီနေရာမှာ ဖြစ်တုန်းကလဲ မှန်းကြည့်လိုက် ဖြစ်သွားတာပဲ၊ ကြည့်လိုက်တော့လဲ မရှိတော့ ပျက်သွားလို့ပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီအမြင်ကို ဘာမြင်ဆိုကြမလဲ (အမြင်မှန်ပါ ဘုရား) ဘယ်သူတို့၏ အမြင်မှန်ပါလိမ့် (အရိယာတို့၏ အမြင်မှန်ပါ ဘုရား) အရိယာတို့၏အမြင်မှန်ဆိုတာ ဒကာ ဒကာမတို့ ဖြစ်ပျက်ကိုမြင်လို့ရှိရင် အမြင်မှန်အစစ်ပဲ (မှန်ပါ့)။
ဒါဖြင့် ဖြစ်ပျက်မမြင်ပဲနဲ့ သေသွားတဲ့ပုဂ္ဂိုလ်ဖြင့် အမြင်အမှားနဲ့သေသွားလေရဲ့ (မှန်ပါ့) ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)။
မိစ္ဆာဒိဋ္ဌိနဲ့ပဲ သေသွားတယ်
မိစ္ဆာဒိဋ္ဌိနဲ့ပဲ သေသွားတယ်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒကာ ဒကာမတို့ ဒါဟာလှိုက်လှိုက်လှဲလှဲ ပြောပြီး သကာလ နေတော့ ခင်ဗျားတို့ကလဲ မှတ်မှတ်သားသား အားလဲ ထုတ်ပါ့မယ် ဆိုတဲ့စိတ်ထားနဲ့ တရားနာမှရမယ်-(မှန်ပါ့ ဘုရား) အားလဲ ထုတ်ပါ့မယ်ဆိုတဲ့စိတ်ထားနဲ့ နာကြစမ်းပါလို့ သတိပေးရတယ် (မှန်ပါ့)။
ဘယ်ဘဝ ဘယ်အခါကာလမှ ဒီအမြင်မှန်ကို မရခဲ့လို့ ခင်ဗျားတို့သည် သားဒုက္ခ၊ သမီးဒုက္ခ၊ ဆွေဒုက္ခ၊ ခန္ဓာကိုယ်ကြီးကို အိုခြင်းဆိုး၊ နာခြင်းဆိုး၊ သေခြင်းဆိုးနဲ့ပြည့်စုံတဲ့ ခန္ဓာကိုယ်ကြီးထမ်းပြီး သုံးဆယ့်တစ်ဘုံလည်ရ၊ ဒီလို မနေရဘူးလား (နေရပါတယ် ဘုရား) အဲဒါ ဘာမရခဲ့တာပါလိမ့် (အမြင်မှန် မရခဲ့တာပါ ဘုရား)။
တယ်နာပါလား ဒကာ ဒကာမတို့-အမြင်မှန်မရတာ အနာဆုံးပဲနော် (မှန်ပါ့) အမြင်မှန် မရဘူးဆိုတော့ ဒီကပဋိစ္စသမုပ္ပါဒ်ကို ဒကာ ဒကာမတွေက ကြည့်လိုက်ရင် သိပါတယ်၊ အမြင်မှန်မရဘူးဆိုတော့ ဒကာ ဒကာမတို့ အမြင်မှားမနေဘူးလား (မှားပါတယ် ဘုရား)။
အမြင်မှားဆိုတော့ မိစ္ဆာဒိဋ္ဌိ
အမြင်မှားဆိုတော့ မိစ္ဆာဒိဋ္ဌိ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) လောဘ သဟဂတံ ဒိဋ္ဌိကတ သမ္ပယုတ္တံ – မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) လောဘနဲ့ဒိဋ္ဌိဟာ တွဲလျက်နော် (မှန်ပါ့)။
ဒါဖြင့် လောဘဖြင့် တဏှာ၊ တဏှာဖြင့် ဥပါဒါန်၊ ဥပါဒါန်ဖြင့် (ကံပါ ဘုရား) ကံလာရင် ဇာတိ၊ ဇရာ၊ မရဏ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဪ အမြင်မှားနဲ့သေတဲ့ပုဂ္ဂိုလ်ဟာ ဒီလမ်းပဲ၊ အသေလမ်းပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အမြင်မှားနဲ့သေသွားတဲ့ပုဂ္ဂိုလ်ကဖြင့် အိုလမ်း၊ နာလမ်း၊ သေလမ်း၊ အပါယ်လေးပါးလမ်းပဲ (မှန်ပါ့) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။
ဒါဖြင့် အခုအချိန်ပိုင်းကလေး ကျန်ကြပါသေးတယ်၊ မသေသေးလို့ တရားနာကြတာကိုး (မှန်ပါ့) ဒီလမ်းကို လွှဲချိန်ကလေး အိုလမ်း၊ နာလမ်း၊ သေလမ်းကို ရှောင်ချိန်-ရှားချိန်ကလေး ခင်ဗျားတို့ ကျန်ပါသေးတယ် (မှန်ပါ့) မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။
ဒါ-မရလို့ရှိရင်လဲ သေပေစေကွ
အဲဒါကလေး ကျန်နေတဲ့အတွက် အမြင်မှန်ကိုဖြင့် အရိယာတို့၏အမြင်မှန်ကို မရ-ရအောင် ကြိုးစာလိုက်ပါ၊ ဒါ-မရလို့ရှိရင်လဲ သေပေစေကွ၊ အပါယ်လေးပါးတော့ မသွားဘူးကွ၊ ဒါလောက် ထိအောင် တင်းပစ်လိုက်ပါ (မှန်ပါ့) ဦးဘတင်-တင်းထိုက်-မတင်းထိုက် (တင်းထိုက်ပါတယ် ဘုရား)။
ဒီအမြင်မှန်ကိုလဲ ဒီ သာသနာကြီးနဲ့ ဒီဆရာသမားတွေနဲ့ကြုံတုန်းသာ ဦးဝတို့ ဦးဘအုန်းတို့ ရမှာကိုးဗျ (မှန်ပါ့) နောက်-ရစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
နောက်ကျတော့ဖြင့် ဒကာ ဒကာမတို့ ဘာဖြစ်ဖြစ် အမြင်အမှားနဲ့ဖြစ်ပြီး အမြင်မှားနဲ့ သေချည့်နေရမှာပဲ (မှန်ပါ့) သေရင် အပါယ်လေးပါးမှတပါး သွားစရာ၊ လာစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချကြပါ့မလဲ (အမြင်အမှားနဲ့ သေသွားပါတယ် ဘုရား)။
ကိုင်း အရိုးကျေကျေ အရေချောက်ချောက် အမြင်အမှန်ကိုဖြင့် ရအောင်လုပ်ပါတော့မယ်လို့ဆိုတာ ယနေ့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အမြင်မှန် မရလို့ရှိရင်ဖြင့် မသေပါရစေနဲ့လို့ ဆုတောင်းရုံ လုပ်မနေနဲ့၊ အမြင်မှန်ရအောင်ကို ကိုယ်တိုင် ကြည့်နေပါ၊ ခန္ဓာကြီးကို (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဥပမာ ဒီဘက်ထိုင်နေတော့ နာတယ်၊ တဖက်တည်း ထိုင်နေတော့ မနာကြဘူးလား (နာပါတယ်) နာတော့ ဟိုဘက်ရွေ့လိုက်တာပေါ့၊ ဒကာ ဒကာမတို့ ဘုန်းကြီးက မရွေ့ရဘူးဆိုတာမှ မဟုတ်ပဲ၊ ရွေ့လိုက်ပါ (မှန်ပါ့)။
အင်း ဒီနာတဲ့ဟာကလေးဟာလဲ ဖြစ်ပြီးပျက်သွားတာပဲလို့ အမြင်မှန် ရ-ရပြီးတော့ ရွေ့လိုက်တာပေါ့ (မှန်ပါ့) ဘယ်လိုဆိုကြမယ် (အမြင်မှန် ရ-ရပြီးတော့ ရွေ့ရပါမယ် ဘုရား)။
ခင်ဗျားတို့က မကြည့်လို့ အမြင်မှန်မရတာ
အမြင်မှန် ရပြီး သကာလ ရွေ့တော့ ဒါဟာ အမြင်မှန်ဟာ သူ့ခန္ဓာကိုယ်က ပြောနေလျက်သားနဲ့ ခင်ဗျားတို့က မကြည့်လို့ အမြင်မှန်မရတာ (မှန်ပါ့) ဘယ်လိုဆိုကြမလဲ (ခန္ဓာကိုယ်က ပြပါတယ်၊ တပည့်တော်တို့က မကြည့်လို့ အမြင်မှန်မရတာပါ ဘုရား)။
သူကတော့ ပြနေတယ်၊ ကိုယ်က မကြည့်လို့ အမြင်မှန် မရတာ (မှန်ပါ့) ကဲ အခုလိုကြည့်မယ်ဆိုတော့ ဪ နာတာကလေးဟာလဲ ဟိုဘက် ပြောင်းလိုက်၊ ဒီဘက်ပြောင်းလိုက်၊ တပြိုင်နက်တည်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။
တခါ ဟိုဘက်ပြောင်းလိုက်သည်နဲ့တပြိုင်နက်တည်း နာတာကလေးတခု ပေါ်လာပြန်တယ်၊ ဒုက္ခ သဟဂုတ် ကာယဝိညာဏ်စိတ်ကလေးပေါ်လာမယ်၊ ဒီစိတ်ကလေးပေါ့ဗျာ (မှန်ပါ့) ပေါ်လာပြန်တော့ မနေနိုင်ရင် ပြောင်းလိုက်တာ ပေါ့၊ ဒကာ ဒကာမတွေက မပြောင်းရဘူးဆိုတာမှ မဟုတ်ပဲ (မှန်ပါ့) ပြောင်းတဲ့အခါကျတော့ သူရှိ မရှိကြည့်ဦး၊ ပြောင်းလိုက်သည်နဲ့တပြိုင်နက်တည်း ဘယ့်နှယ့်တုံး (မရှိပါ ဘုရား) ဒုက္ခစိတ်ကလေးဖြစ်ပြီး ပျက်သွားတယ် (မှန်ပါ့)။
အဲဒီလို ဖြစ်ပြီး ပျက်သွားပြီလို့ဆိုပြီး ပြောင်းလိုက်ကြလို့ဆိုလို့ရှိရင် ဒါဟာအမြင်မှန်မရဘူးလား (ရပါတယ် ဘုရား) ဪ ဒီခန္ဓာကိုယ်ထဲမှာ ဘယ်ဘက်လှည့်လှည့် ဒကာ ဒကာမတွေ ဖြစ်ပျက်နဲ့နေရမှာပဲ (မှန်ပါ့)။
ဘယ်ဘက် ကုန်းလိုက် ကုန်းလိုက်၊ ဘယ်ဘက်ကို ကွလိုက် ကွလိုက်၊ ဘယ်ဘက် စောင်းလိုက် စောင်းလိုက်၊ ဘယ်လိုပဲ တည့်လိုက် တည့်လိုက် ဘာတွေ့ရမလဲ (ဖြစ်ပျက်တွေ့ရပါတယ် ဘုရား)။
အဲ ဖြစ်ပျက်တွေသိပြီး သကာလ ပြောင်းလိုက်၊ ရွှေ့လိုက်၊ သွားလိုက်၊ လာလိုက်ပြီဆိုမှဖြင့် ဪ ဒီ ပုဂ္ဂိုလ် အမြင်မှန်ရပြီး သကာလ သေသွားတယ်လို့ နားနဲ့လဲ ကြုံခြင်းကြောင့် အမြင်မှန်နဲ့သေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မဂ်နဲ့ သေတာ (မှန်ပါ့) အမြင်မှန်တာက ဘာပါလိမ့် (မဂ်နဲ့သေတာပါ) အမြင်မှန်တာသည် သမ္မာဒိဋ္ဌိမဂ္ဂင်မဟုတ်လား (မှန်ပါ့)။
သမ္မာဒိဋ္ဌိမဂ္ဂင်လာကတည်းက
သမ္မာဒိဋ္ဌိမဂ္ဂင်လာကတည်းက ဒကာ ဒကာမတို့ အမြင်မှန်ရပါတယ်ဆိုကတည်းက ဒါတွေက မြင်စရာတွေ ဖြစ်နေလို့ ဒီကမဂ္ဂင်တွေက ငါးပါးထဲထားပါဦးတော့ ဒီမဂ္ဂင်တွေနဲ့ သူတို့ အမြင်မှန်မရဘူးလား (ရပါတယ် ဘုရား)။
ရတယ်ဆိုကတည်းက သူက အမြင်မှန်မဂ္ဂင် ဖြစ်ပြီး သကာလ နေတော့ မဂ်ဆိုတာသည် ဘာလုပ်တတ်သတုံး ဆိုတော့ ဒိဋ္ဌိတဏှာတွေ သတ်တတ်တယ်ဆိုတာကလဲ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
ဒါဖြင့် ဒီမဂ်ဘာလုပ်တတ်သလဲ၊ တဏှာဒိဋ္ဌိ သတ်တယ် (မှန်ပါ့) မသေနိုင်ဘူးလား (သေနိုင်ပါတယ် ဘုရား) တဏှာသေတော့ ဥပါဒါန်လဲသေတာပဲ၊ ကံတွေကော (သေပါတယ် ဘုရား) ဇရာ မရဏတွေကော (သေပါတယ် ဘုရား)။
ဪ ဒါဟာအမြင်မှန်ရတဲ့အခါကျတော့ သံသရာစခန်းသတ်ပြီး သေပါကလား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အမြင်မှန်ရတဲ့ပုဂ္ဂိုလ်ဟာ (သံသရာစခန်းသတ်ပြီး သေနိုင်ပါတယ် ဘုရား) အမြင်မှန်မရတဲ့ပုဂ္ဂိုလ်က သံသရာ ဆက်ပြီး သေလေရဲ့ (မှန်ပါ့) ဒီအလောင်းပြီး ဟိုအလောင်းကို သူ-ကိုယ်ပိုင်ရတာပဲ (မှန်ပါ့) ဟိုအလောင်း စွန့်ပြီးတော့ကော (နောက်အလောင်းကို ရပါတယ် ဘုရား)။
ပုဗ္ဗာဘာဂမဂ်ခေါ် ဝိပဿနာမဂ်ကတော့ အဖျင်းဆုံး ဖြစ်ပေါ်နေပြီ။
အလောင်းထမ်းသမား
ဪ သူသည် အလောင်းထမ်းသမားအဖြစ်မှ လွတ်သေးရဲ့လား (မလွတ်ပါ ဘုရား) အခုတော့ စွန့်ပစ်မည့် အလောင်းကြီး ထမ်းထားရတယ် (မှန်ပါ့) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကဲ သေတဲ့အခါကျတော့ ဘာပြန်ရသတုံး (အလောင်းပဲပြန်ရပါတယ် ဘုရား) ဒီအလောင်းကလဲ ဘာလုပ်ရမှာတုံး (စွန့်ပစ်ရဦးမှာပါ ဘုရား) ဒါဖြင့် အလောင်းထမ်းသမားဘဝမှ မလွတ်ပါဘူး (မလွတ်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘာဘဝပါလိမ့် (အလောင်းထမ်းသမားဘဝပါ ဘုရား) ကြောက်စရာကောင်းလွန်းလို့ပါ၊ ခင်ဗျားတို့က ဂုဏ်ယူမနေကြပါနဲ့ပြောလိုက်ပါတယ် (မှန်ပါ့) ဂုဏ်ယူစရာလား (မဟုတ်ပါ ဘုရား)။
ယခု ဒီမှာ တရားနာလာကြတယ်ဆိုလို့ရှိရင် ကိုယ့်ခန္ဓာကြီးကို စိတ္တဇဝါယောက ထမ်းလာတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
စိတ်ကြောင့်ဖြစ်တဲ့ ဝါယော၊ ဝါယောကနေ ဦးဘတင်-ထမ်းတာမဟုတ်လား (မှန်ပါ့) အဲဒီတော့ ဘယ်သူ့အလောင်းကို ဘယ်သူထမ်းလာကြသတုံး (ကိုယ့်အလောင်းကို ကိုယ်ထမ်းလာပါတယ် ဘုရား)။
ဒီကနေ ပြန်ကြပြန်တော့ကော (ကိုယ့်အလောင်းကို ကိုယ်ပြန်ထမ်းလာပါတယ် ဘုရား) နောက်-မထမ်းနိုင်တဲ့တနေ့ ကိုယ့်အလောင်း စွန့်ရပြန်တော့ အလောင်း ဘယ်သူချပါလိမ့် (ကိုယ်ပဲချပါတယ်) ကိုယ်ပဲချတယ်၊ မထမ်းနိုင်တဲ့ အဆုံးကျတော့ ကိုယ့်အလောင်းကိုယ်ချရတယ် အိပ်ရာပေါ်မှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အိပ်ရာပေါ်မှာ သူများကြည့်လို့မကောင်းတော့မှ အရပ်ကနေပြီး ဝိုင်းပြီး ချရတယ် (မှန်ပါ့) ပထမ ရှေးဦးစွာ ကိုယ့်အလောင်း ကိုယ်ချရတော့ ကိုယ်ကအရင်ဗျ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရားဝ။
ဒါဖြင့် ဘယ့်နှယ့်လုပ်ကြမတုံး၊ ဒီလိုပဲ အလောင်းထမ်းဘဝနဲ့အချိန်ကုန်ကြတော့မှာလားလို့ မေးလိုက်တယ် (မှန်ပါ့) အလောင်းထမ်းသမားဘဝနဲ့ပဲ အချိန်ကုန်မှာပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အမြင်မှန်ရရင် အလောင်းထမ်းဘဝမှလွတ်မယ်
ဒါဖြင့် ဒကာ ဒကာမတို့ အမြင်မှန်ရရင် အလောင်းထမ်းဘဝမှလွတ်မယ် (မှန်ပါ့) အမြင်မှန်မရရင် (အလောင်းထမ်း ဘဝမှ မလွတ်ပါ ဘုရား) ဒီအလောင်းပြီးရင် (ဟိုအလောင်းထမ်းရမှာပါ) ဟိုအလောင်းပြီးရင် (နောက်အလောင်းထမ်းရမှာပါ ဘုရား)။
ဪ ကျုပ်တို့ တကယ့်ဝဋ်ပါကလား (မှန်ပါ့) ဝဋ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘာဝဋ်တုံးဗျ (အလောင်းထမ်းတဲ့ဝဋ်ပါ ဘုရား)။
အလောင်းထမ်းတဲ့ဝဋ်ဟာ သေးသလားဗျ (မသေးပါ ဘုရား) ဘယ်နေရာချပစ်ခဲ့လို့ရသတုံး (မရပါ ဘုရား) ဟောဒီအလောင်းလဲ အခုချရော ဟိုအလောင်းကိုလဲ ချက်ခြင်း ထမ်းတာပဲ (မှန်ပါ့) စုတိပြီး ပဋိသန္ဓေလာတာကိုး၊ စုတိအလောင်းချလိုက်ပြီး ဟိုဘက် ပဋိသန္ဓေကျတော့ ထမ်းတာပဲ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ နောက်တုန်းက ဘယ်အလုပ်နဲ့ အချိန်ကုန်ခဲ့သလဲလို့ အမေးထုတ်စမ်း ကိုယ့်ကိုယ်ကို (အလောင်းထမ်းနေရတာနဲ့ အချိန်ကုန်ပါတယ် ဘုရား)။
ရှေ့ကိုလဲ အမြင်မှန်မရသေးရင် ဘာလုပ်ကြဦးမှာပါလိမ့် (အလောင်းထမ်းသမားဘဝနဲ့ နေရမှာပါ ဘုရား) ရှက်ကြပါတော့ဗျာ (မှန်ပါ့) မရှက်ကြသေးဘူးလား (ရှက်ပါပြီ ဘုရား) နောက်က ဒကာ ဒကာမတွေကော မရှက်သေးဘူးလား (ရှက်ပါပြီ ဘုရား)။
ဒကာ ဒကာမတို့ နည်းမသိတုန်းက ထမ်းနေရတာကတော့ဖြင့် ဪ မသိလို့ မှားတဲ့အမှားလို့ ဆုံးဖြတ်ချက် ချတာပေါ့ဗျာ (မှန်ပါ့) အခုသိတဲ့အခါကျလို့ရှိရင် တော်ပြီ-တန်ပြီကွ၊ ဒီတခါ ထမ်းပြီးချပြီး နောက်တော့ဖြင့် ဆက်မထမ်းချင်ပါဘူူး၊ ဒီဘဝဖြင့် လွတ်အောင် ကျွတ်အောင်ပဲ ရုန်းပါတော့မယ်လို့ ခင်ဗျားတို့ ကြိုးစားဖို့သိပ်ကောင်းတယ် (မှန်ပါ့) ဆုံးဖြတ်ချက်ကော ချရဲ့လား (ချပါတယ် ဘုရား)။
အမြင်မှန်ရမှ ပြီးမှာ
ကဲ ဒါဖြင့် အဲဒါ ဆုံးဖြတ်ချက်ချနေရုံနဲ့ မပြီးသေးဘူး၊ အမြင်မှန်ရအောင် ကြိုးစားပြီးမှ ပြီးမယ် (မှန်ပါ့) ဘယ်လိုပါလိမ့် (အမြင်မှန်ရမှ ပြီးမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်ကိုဖြင့် ဒီဘဝ စုတေမနေ သေလွန်လို့ရှိရင် ဘယ်အလောင်းမှ မထမ်းပါရစေနဲ့ ဆိုနေရုံလောက်နဲ့တော့ ဦးဝတို့-ဦးဘအုန်းတို့ ရကို မရနိုင်ဘူး (မှန်ပါ့-မရနိုင်ပါ ဘုရား) မရသေးဘူး၊ တလောင်းလောင်းတော့ ထမ်းရမှာပဲ (မှန်ပါ့) မထမ်းရပေဘူးလား (ထမ်းရပါတယ် ဘုရား)။
ဒါဖြင့် အမြင်မှန်ရတဲ့ပုဂ္ဂိုလ်ကျတော့ နောက်အလောင်းကိုဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင်ပါ ဘုရား) ဉာဏ်လာတော့ တဏှာပြတ်ပြီ၊ ဥပါဒါန်ကော (ပြတ်ပါတယ် ဘုရား)။
အလောင်းပေးသမားတွေကိုက မပေးတော့ဘူး၊ တဏှာတို့ ဥပါဒါန်၊ ကံတို့က အလောင်းပေးတာ (မှန်ပါ့) သူတို့က ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် အလောင်းပေးသမား မရှိတော့ကို ကျုပ်တို့မှာ ထမ်းစရာအထည်ကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် ဒီပုဂ္ဂိုလ်အတွက် ဘယ်လို စဉ်းစားရမလဲ၊ အထမ်းလွတ် ဝန်ကျသွားပြီ (မှန်ပါ့ ဘုရား) ဆိုနိုင်ပလား (ဆိုနိုင်ပါတယ် ဘုရား)
ဘယ်လိုဆိုကြမလဲ (အထမ်းလွတ် ဝန်ကျသွားပါပြီ ဘုရား) အခုတော့ဖြင့် ဒကာ ဒကာမတွေ ဘယ်သူ့ကိုဘယ်သူကြည့်ပြီး ကျက်သရေလဲ မရှိဘူး၊ ရှိကြရဲ့လား (မရှိပါ ဘုရား)။
ခင်ဗျားတို့ချင်း မြှောက်တာတော့ ကျုပ်မပြောတတ်ဘူးပေါ့ဗျာ (မှန်ပါ့) သူကြည့်ရတာ သူ့ဝန်နဲ့သူ ကျက်သရေရှိလိုက်တာတဲ့၊ ဒါ ခင်ဗျားတို့ချင်း မြှောက်တာတော့ ကျုပ်နားမလည်ဘူး-ဒီဥစ္စာတော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အရူးဗုံတီးမြှောက်တာ
ခင်ဗျားတို့ချင်း မြှောက်တာကတော့ အရူးဗုံတီးမြှောက်တာကိုး (မှန်ပါ့) အရူးဗုံတီးမြှောက်တော့ မြှောက်တဲ့လူလဲ အရူးကိုးဗျ (မှန်ပါ့) ဟိုကလဲ အရူးဖြစ်နေတော့ သူကပြုံးတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခု သေသေချာချာ ဉာဏ်မျက်လုံးကလေးတပ်ကြည့်တော့ ဒကာ ဒကာမတွေ ဘာတွေများ ထမ်းနေကြပါလိမ့် (အလောင်းတွေ ထမ်းနေပါတယ် ဘုရား) ဘယ်တော့ချကြမှာတုံး မေးတဲ့အခါကျတော့ စုတေကျတော့ ကိုယ့်အလောင်း ချပစ်ခဲ့တာပဲ (မှန်ပါ့) ပြီးရဲ့လား ၊ ဒါဖြင့် သူ့ကိစ္စဟာ အလောင်းထမ်းဘဝ ဝဋ်ကျွတ်ပေါ့လို့ ဆိုရမှာလား (မဆိုရပါ ဘုရား)။
ဟိုဘဝမှာ တခုခုအထည်ဖြစ်ဦးမှာပဲ၊ ဖြစ်ရင် ဘာလုပ်ရဦးမလဲ (ထမ်းရဦးမှာပါ ဘုရား) ဒါ ဘယ်နဲ့ကြောင့် ထမ်းရသတုံး (အမြင်မှန်မရလို့ပါ ဘုရား) ဒီအဖြေကို ကြပ်ကြပ်မှတ်ပါ (မှန်ပါ့) ရဟန္တာအမြင်ကို မရသ၍ကာလပတ်လုံး ဒီအလောင်းထမ်းဘဝက မလွတ်သေးပါဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အမြင်မှန်ရလို့ရှိရင် ဘာလွတ်သွားပါလိမ့်
ဪ ဒါဖြင့် အမြင်မှန်ဟာ ဦးဝတို့-ဦးဘအုန်းတို့ မည်မျှလောက် အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အမြင်မှန်ရလို့ရှိရင် ဘာလွတ်သွားပါလိမ့် (အလောင်းထမ်းသမားဘဝမှ လွတ်သားပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခုတော့ဖြင့် ဒကာ ဒကာမတွေ တယောက်ကြည့်ရတာလဲ ကျက်သရေမရှိဘူး၊ ဟိုဘက်တယောက်ကြည့် ပြန်တော့ကော (ကျက်သရေမရှိပါ ဘုရား) ဘာဖြစ်လို့တုံး (အလောင်းထမ်းရလို့ပါ ဘုရား) ဒီအပုတ်ကောင်ကြီး ထမ်းနေရတယ် (မှန်ပါ့) မထမ်းရဘူးလား (ထမ်းရပါတယ် ဘုရား)။
အဲဒီကဲ့သို့ထမ်းတော့ကို သူဖြင့် ဘယ်တော့မှ ချပစ်ခဲ့လို့ရရဲ့လား (မရပါ ဘုရား) အခု တရားနာတဲ့နေရာမှာလဲ သူပါလာတာပဲ (မှန်ပါ့) ဒီကနေ ပြန်ပြန်တော့ကော (သူပါ-ပါတယ် ဘုရား) သူ့ကိုထမ်းပြီး ပြန်ကြရမှာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ သူနဲ့ခင်ဗျားတို့နဲ့ ခွဲလို့ရရဲ့လား (မရပါ ဘုရား) သူကလဲ သေမယ်သေမယ် ခဏခဏ ပြောနေတာ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ခေါင်းကိုက်ပြလိုက်၊ လေထိုးပြလိုက်နဲ့ သေတော့မယ် သေလိုက်မယ်နဲ့ပြောနေတာ (မှန်ပါ့) ခင်ဗျားတို့ ခဏခဏချော့ထားလို့ သူ-နည်းနည်းကလေးရပ်နေတာ (မှန်ပါ့)။
ခင်ဗျားတို့က နှာကလေးနဲ့ချော့လိုက်၊ လေဆေးကလေးနဲ့ချော့လိုက်၊ သွေးဆေးကလေးနဲ့ချော့လိုက်၊ ဒါကလေးနဲ့ခင်ဗျားတို့က တောင်းပန်ထားတာနဲ့ နေရသေးတာ (မှန်ပါ့) သူက ထိုးလဲမယ် ခဏခဏပြောတာ (မှန်ပါ့)။
အလောင်းလုပ်လိုက်တော့မယ်
အလောင်းလုပ်လိုက်တော့မယ်၊ အလောင်းလုပ်လိုက်တော့မယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား) ခင်ဗျားတို့က ဘယ့်နှယ်လုပ်နေရသတုံး (ဆေးဝါးနဲ့တောင်းပန်နေရပါတယ် ဘုရား) အမွှေးအကြိုင်ကလေးနဲ့ (တောင်းပန်နေရပါတယ် ဘုရား) အထည်အလိပ်ကလေးခြုံရုံအုပ်ပြီးတော့ကော (တောင်းပန်ရပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ကို သူက ထိုးလဲမယ်ဆိုတာ ဘယ်နှစ်ကြိမ်ပြောသလဲ (အကြိမ်များစွာပြောပါတယ် ဘုရား) တောင်းပန်ရတာလဲ ပြောသလောက် ဘယ့်နှယ့်တုံး (တောင်းပန်ရပါတယ် ဘုရား) အမလေး ကျွန်ပီလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့ ဘုရား)။
ဘယ်နှယ့်ဆိုကြပါ့မလဲ (ကျွန်ပီလိုက်တဲ့ဖြစ်ခြင်းပါ ဘုရား) ကျွန်ပီလိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအထဲမှာလဲ နောက်ဆုံးပိတ် တနေ့ကျတော့ မင်းတို့တောင်းပန်တာကြာပြီကွာ ငါ-ထိုးလဲမယ်လို့ ပြောလိုက်တော့လဲ ခင်ဗျားတို့သည်ကားလို့ဆိုရင်ဖြင့် ဒီခန္ဓာကြီးကိုချလိုက်ရတော့တာပဲ တဲ့၊ အလောင်းကျမသွားဘူးလား (ကျသွားပါတယ် ဘုရား) ကျသွားသည်နဲ့ တပြိုင်နက်တည်း နောက်အလောင်းက ဂျီးထူထူအလောင်း လာပြန်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဂျီးထူထူ အလောင်းဆိုတာ
ဂျီးထူထူ အလောင်းဆိုတာ တခြားမဟုတ်ပါဘူး၊ သူကသာပြီး နွဲ့ဆိုး-ဆိုးဦးမှာ (မှန်ပါ့) မဆိုးပေဘူးလား (ဆိုးပါတယ် ဘုရား)။
ကလေးဖြစ်နေပြန်တာကိုးဗျ၊ အားလုံးထူမှကြွမယ်ဆိုတာမျိုး သူကမူလိုက်သေးတယ် (မှန်ပါ့) ကလေးဆိုတော့ အားလုံးထူမှကြွမယ်လို့ သူကပြောနေလိုက်သေးတယ် (မှန်ပါ့) နောက်အလောင်းက သာမဆိုးဘူးလား (ဆိုးပါတယ် ဘုရား) သဘောပါပလာ (ပါ-ပါပြီ ဘုရား)။
အဲဒါများ ဖြစ်ချင်သေးသလား (မဖြစ်ချင်ပါ ဘုရား) ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား) အမလေး ခင်ဗျားတို့ ကံကောင်းလို့ ထမ်းနေကြရတာလား ဘယ့်နှယ်ပါလိမ့် (ကံဆိုးလို့ပါ ဘုရား) ကံဆိုးလို့ ထမ်းနေကြရတာ (မှန်ပါ့)။
ကံချုပ်တဲ့ပုဂ္ဂိုလ်တွေများကျတော့ဗျာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ အလောင်းတော် တွေ့သေးသလား၊ ကက္ကုသန် ကောဏဂုံ မြတ်စွာဘုရားသခင်တို့၏ အလောင်းတော် တွေ့သေးသလား မေးတော့ (မတွေ့ပါ ဘုရား) အလောင်းချသွားကြပြီ သူတို့က (မှန်ပါ့) တော်ပြီ ကျွတ်ပြီ ဝိပါကဝဋ်ကျွတ်ပြီ ဆိုပြီး သကာလ ကြွသွားတော်မူကြတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့က ကျွတ်ပလား (မကျွတ်သေးပါ ဘုရား) မကျွတ်သေးတဲ့အထဲမှာ အမြင်မှန်မရတဲ့ပုဂ္ဂိုလ်က ဪ စုတေမနေသေလွန်ရင် နတ်အလောင်းထမ်းရပါလို၏ များတောင်တောင်း လိုက်သေးတယ် (မှန်ပါ့)။
နတ်အလောင်းဆိုတာ
ဖြစ်မှဖြစ်ရပလေ၊ နတ်အလောင်းဆိုတာ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ဟာ သုံးဂါဝုတ်လောက်ရှိတယ်၊ တဂါဝုတ်မှာ ၃-မိုင်လောက်ရှိတယ်ဆိုတော့ တွက်ကြည့်ပေါ့၊ ၉-မိုင် ပတ်ဝန်းကျင်မှာ မနေဘူးလား (နေပါတယ် ဘုရား) အဲဒါလောက်ကြီးတဲ့သဏ္ဍာန်ရှိတယ်၊ တကယ့် နတ်အစစ်တဦးမှာပေါ့ဗျာ (မှန်ပါ့)။
အဲဒါလောက် အလောင်းထမ်းဖို့ရာ ဒကာ ဒကာမတွေကော တချို့ဆုမတောင်းကြဘူးလား (တောင်းပါတယ် ဘုရား)။
ဒီဘဝ စုတေမနေ သေလွန်လို့ရှိရင် ဟိုအလောင်းကြီးထမ်းရပါလို၏၊ မပါဘူးလား-ပါသလား (ပါ-ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်ဟာထမ်းချင်ကြသလဲ၊ အခုကို လေးလှပါပြီခင်ဗျားတို့၊ မလေးကြဘူးလား (လေးပါတယ် ဘုရား) လေးပါတယ် တဲ့၊ ခင်ဗျားတို့ ထမင်းစားပြီးသွားရတာနဲ့ ထမင်းမစားခင်သွားရတာနဲ့ ဘယ့်နှယ်နေသတုံး (ထမင်းစားပြီးမှ သွားရတာက ပိုလေးပါတယ် ဘုရား)။
တခါတည်း ရောဂါတွေပြင်းထန်လာတဲ့အချိန်သွားရတာနဲ့ ရောဂါကလေးတွေခေတ္တငြိမ်းတဲ့အချိန်သွားရတာနဲ့ ဘယ်ဟာကလေးသတုံး (ရောဂါနဲ့သွားရတာက ပိုလေးပါတယ် ဘုရား) အတော်ထမ်းရတယ်မဟုတ်လား (ထမ်းရပါတယ်) တောင်ဝှေးကူရတာနဲ့ ဝိုင်းမပေးတဲ့လူ ပါရသေးတယ် (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။
အဝတ် ခါးစည်းပေးတဲ့လူ ပါရသေးတယ် (မှန်ပါ့ ဘုရား) ဒါများ နောက်ထပ် ဒီဥစ္စာကို လိုချင်သေးသလား (မလိုချင်ပါ ဘုရား) ဒါဖြင့် အမြင်မှန်ရအောင် ကြိုးစားကြပါ (မှန်ပါ့ ဘုရား)။
အမြင်မှန်ရအောင် ကြိုးစားရမယ်
ဘာရအောင်ကြိုးစားရမလဲ (အမြင်မှန်ရအောင် ကြိုးစားရပါ့မယ်) ဒါ ခင်ဗျားတို့ကိုဖြေခိုင်းနေတာပဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ဝဋ်ကျွတ်ဖို့ကို ခင်ဗျားတို့ဉာဏ်ထဲမှာပဲ ကျန်ရစ်ပါစေတော့ဆိုပြီး အဖြေပေးနိုင်အောင်ကို ပြောနေတာပဲ (မှန်လှပါ) ပြောနိုင်ကြပလား (ပြောနိုင်ပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးပြောတာက အရိယာမျက်လုံးတပ်ပြီးတော့ကြည့်ပါလို့ပြောတာ (မှန်ပါ့) ခင်ဗျားတို့ အရပ်မျက်လုံးနဲ့ကြည့်မယ်ဆိုလို့ရှိရင် သူ့ကြည့်ရတာ တနေ့တခြား ဝဖြိုးလာတယ်၊ ကျက်သရေတွေ တိုးလာတယ်လို့ ခင်ဗျားတို့ချင်းတော့ပြောနေတာပဲ၊ အဲဒီအပြောတွေကတော့ လုံးဝမယုံနဲ့ (မှန်ပါ့ ဘုရား)။
သူ့မှာ အိုခြင်းဆိုး နေ့တိုင်း တိုးနေတာကို နောက်က လူကမြှောက်တုန်းရှိသေးတယ်၊ အခုမှ ကြည့်ကောင်းတယ်လို့ ပြောချင်ပြောနေတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။
တိုးတာက ဘာတိုးနေတာတုံး (အိုခြင်းဆိုး တိုးနေတာပါ ဘုရား) တနေ့တခြား အိုခြင်းဆိုး မတိုးဘူးလား (တိုးပါတယ် ဘုရား) ဒါတောင် အင်း ကြီးမှ ကြည့်ကောင်းတယ်လို့များ ဘေးကနေပြီး မြှောက်နေသေးတယ် (မှန်ပါ့)။
ငယ်ငယ်တုန်းက ဒါလောက်မဟုတ်ဘူး၊ အခုကြီးမှ ကြည့်ကောင်းသလိုလို ဖြစ်နေလိုက်တဲ့ ဖြစ်စဉ်ကကြည့် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါခင်ဗျားတို့ချင်းဖြစ်နေတဲ့ ဖြစ်စဉ်ကတော့နဂိုရ်က ဝမ်းတွင်းကန်းတွေက ပြောနေတဲ့စကားကို အမှန်ယူလို့ (မဖြစ်ပါ ဘုရား) တော်ပါ့မလား (မတော်ပါ ဘုရား)။
သူ့အမြင်မှန်ကိုပြောလိုက်တယ်
ကဲ ဒါဖြင့် ခုနင်က ရဟန္တာပုဂ္ဂိုလ်က သူ့အမြင်မှန်ကိုပြောလိုက်တယ်၊ သူ့အမြင်ကဖြင့် ရုပ်အာယတန ငါးပါးလဲ ဖြစ်ပျက်မြင်တာပဲ၊ နာမ်ဆိုတဲ့စိတ်ကိုလဲ ဘာတဲ့ (ဖြစ်ပျက်မြင်ပါတယ်) အဲဒါ အမြင်မှန်ပဲတဲ့ (မှန်ပါ့) ဒါ-ရဟန္တာတို့၏ အမြင်မှန်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အမြင်မှန်ဆိုတာ ဘာပါလိမ့် (ဖြစ်ပျက်မြင်ရင် အမြင်မှန်ပါ ဘုရား) ရုပ်ဖြစ်ပျက်မြင်ရင်လဲ (အမြင်မှန်ပါ) စိတ်ဖြစ်ပျက်မြင်ရင်လဲ (အမြင်မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဘယ်သူတို့၏အမြင်တဲ့ဗျာ (ရဟန္တာတို့၏ အမြင်ပါ ဘုရား) ပုထုဇဉ်ကမေးလို့ ရဟန္တက ဖြေတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
အမြင်မှန်ရမှ ဒကာ ဒကာမတို့နေရာကျတယ်၊ ဒါလောက်တောင် ဖြစ်ပျက်နေတဲ့ မပိုင်မဆိုင်တဲ့ အနတ္တ ခန္ဓာကိုယ်ကြီး သူ့ဟာသူဖြစ်ပြီး ပျက်နေတဲ့ဥစ္စာ တားလို့ဆီးလို့ မရတာကြီးပါလားဆိုတော့ ဉာဏ်ကအမြင်မှန် မရသေးဘူးလား (ရပါတယ် ဘုရား)။
အမြင်မှန်ရတဲ့ပုဂ္ဂိုလ် ဟူသ၍ဖြင့် ဒီဖြစ်ပျက်ခန္ဓာကိုယ်ကြီး မပိုင်မဆိုင်တဲ့ ခန္ဓာကိုယ်ကြီးဖြင့် နောက်ကိုဘယ်တော့မှ မရပါရစေနဲ့ဆိုတဲ့ဉာဏ်ဟာ ထက်မလား-မထက်ဘူးလား (ထက်ပါတယ် ဘုရား) မြင်ပြီးမှထက်တယ် (မှန်ပါ့) မမြင်သေးရင် (မထက်ပါ ဘုရား)။
မြင်ပြီးမှမုန်းတယ်ဆိုတာ
ဒါဖြင့် မြင်ပြီးမှမုန်းတယ်ဆိုတာ ဒကာ ဒကာမတို့ စင်စစ်တော့မုန်းတာမဟုတ်ဘူး၊ ထက်မြက်လာတာပဲ (မှန်ပါ့) မြင်တာက ထက်စ၊ မုန်းတာထက်လာတာ တော်တော်ခရီးပေါက်လာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်ကျတော့ လိုကိုမလိုချင်ဘူးကွ ဒီဖြစ်ပျက်တွေကို (မှန်ပါ့) လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား) မလိုချင်တော့ ဒကာ ဒကာမတွေ ရသေးရဲ့လား (မရပါ ဘုရား) မလိုချင်တာသည် အမြင်မှားလား၊ အမြင်မှန်လား (အမြင်မှန်ပါ ဘုရား)။
ဘာကိုမလိုချင်တာတုံး (ခန္ဓာငါးပါးကို မလိုချင်တာပါ) ဒီလိုမဆိုနဲ့၊ ဖြစ်ပျက်ကို မလိုချင်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာငါးပါးဆိုရင် သူ-မပျက်တဲ့အဓိပ္ပာယ်ပြောနေလိမ့်မယ် (မှန်ပါ့) ဘာကိုမလိုချင်တာပါလိမ့် (ဖြစ်ပျက်ကို မလိုချင်တာပါ ဘုရား)။
အဲဒီတော့ ဖြစ်ပျက်ဟူသ၍သည် ဒကာ ဒကာမတို့ အာယတနလဲဖြစ်ပျက်၊ ဓာတ်ကော (ဖြစ်ပျက်ပါ ဘုရား) သစ္စာကော (ဖြစ်ပျက်ပါပဲ ဘုရား) ဒုက္ခသမုဒယတွေက ဖြစ်ပျက်ပဲ (မှန်ပါ့) ခန္ဓာငါးပါးဆိုရင်ကော (ဖြစ်ပျက်ပါပဲ ဘုရား) အဲ ဖြစ်ပျက်ကတော့ အကုန်လုံးမိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘာမလိုချင်တာတုံး (ဖြစ်ပျက် မလိုချင်တာပါ ဘုရား) အဲ ဖြစ်ပျက်မလိုချင်တော့ ခန္ဓာဟူသ၍ ဦးဝ-ဖြစ်ပျက်ချည့်ပဲ (မှန်ပါ့)။
ဖြစ်ပျက်လိုချင်တဲ့ပုဂ္ဂိုလ်ဟာ ခန္ဓာရမယ်
ဖြစ်ပျက်လိုချင်တဲ့ပုဂ္ဂိုလ်ဟာ ခန္ဓာရမယ် (မှန်ပါ့ ဘုရား) အလောင်းထမ်းသမားဘဝကို ပြန်ပြီးရမယ် (မှန်ပါ့) မရပေဘူးလား (ရပါမယ်) ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် အမှန်မြင်ဆိုတာ ဘာပါလိမ့် (ဖြစ်ပျက်မြင်တာပါ ဘုရား) အဲဒီအမှန်လဲမြင်ပါရော ဒကာ ဒကာမတို့ ဘာမှဝဋ်ကျွတ်သွားသတုံးဆိုတော့ အလောင်းထမ်းဝဋ်မှကျွတ်သွားချေရဲ့ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (အလောင်းထမ်းဝဋ်မှ ကျွတ်ပါတယ် ဘုရား) ဘာမြင်လို့ပါလိမ့် (ဖြစ်ပျက်မြင်လို့ပါ ဘုရား)။
ဪ ဖြစ်ပျက်ကို အမှန်မြင်တဲ့အချက်ဟာ ဝဋ်ကျွတ်ပါကလား၊ အလောင်းထမ်းရတဲ့ဝဋ် ကျွတ်သွားပါလား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရဟန္တာအမြင်ဟာ တယ်ကောင်းပါကလားလို့ ဆုံးဖြတ်ချက်ချကြ (မှန်ပါ့)။
ဒါ-ပထမရဟန္တာက ဖြေလိုက်ပုံကလေးဟာ ဒကာ ဒကာမတို့ အမြင်မှန်ဆို ရုပ်ဘက်က ငါးခု၊ နာမ်ဘက်စိတ်တခု ပေါင်းတော့ အာယတနခြောက်ခုကို ဖြစ်ပျက်သာ မြင်လို့ရှိရင် အမြင်မှန်ပါပဲတဲ့ (မှန်ပါ့) ဦးဘအုန်း-အလွန် အဖြေ ကောင်းတယ်နော် (မှန်ပါ့) ဟုတ်ကောဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။
အမြင်မှန်ရအောင်လုပ်ပြီးမှ သေကြပါ
ဒါဖြင့် အားလုံးဒကာ ဒကာမတွေဘုန်းကြီးက အမြင်မှန်ရအောင်လုပ်ပြီးမှ သေကြပါလို့ ပြောလိုက်တယ် (မှန်ပါ့) ဘယ်လိုများတောင်းပန်ပါလိမ့် (အမြင်မှန်ရပြီးမှ သေကြပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ဘုန်းကြီး ဒါလောက်စိုးရိမ်နေပါလိမ့်မတုံးဆိုတော့ ဒီလိုကို အမြင်မှန်မရဘဲနဲ့ သေသွားရင် အမြင်မှားနဲ့ သွားရှာလေရဲ့ဆိုတော့ ဘယ်ကောင်းပါ့မတုံး၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒိဋ္ဌိနဲ့သေသွားတယ်ဆိုတော့ အပါယ်လေးပါးသွားမှာစိုးလို့ဆိုတဲ့ အဓိပ္ပာယ်ကော ခင်ဗျားတို့အပေါ်မှာ ဘုန်းကြီးစေတနာ သက်ရောက်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်လိုသေမယ်စိတ်ကူးကြသလဲ (အမြင်မှန်နဲ့သေမယ်စိတ်ကူးပါတယ်) ဒါဟာ ဆုတောင်းနဲ့ရမလား (မရပါ ဘုရား) ဘယ်လိုလုပ်ကြရမှာပါလိမ့် (ကိုယ်တိုင် အားထုတ်ကြရမှာပါ ဘုရား)။
ကိုယ်တိုင် ခန္ဓာကိုယ်ကြည့်ပါ၊ စိတ်ကြည့်ချင်တဲ့ပုဂ္ဂိုလ်က စိတ်ကြည့်ပါ၊ ရုပ်ကြည့်ချင်တဲ့ပုဂ္ဂိုလ်က ရုပ်ကြည့်ပါ (မှန်ပါ့) ရုပ်ကြည့်ရင် ရုပ်ကဘာပြောမလဲ (ဖြစ်ပျက်ပြောမှာပါ) ပြောတဲ့အတိုင်း ခင်ဗျားတို့မြင်လို့ရှိရင် ဘယ့်နှယ်ဆိုကြမလဲ (အမြင်မှန်ပါ ဘုရား)။
ဟာ အမြင်မှန်ရလို့ရှိရင် အလောင်းအထမ်းလွတ်ပြီ (မှန်ပါ့) အလောင်းထမ်းဝဋ်ကျွတ်ပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အရိယာပုဂ္ဂိုလ်တို့၏အမြင်
ဒါ-ဘယ်သူ့အမြင်တဲ့ (အရိယာပုဂ္ဂိုလ်တို့၏အမြင်ပါ) အေး ဒီလိုအဖြစ်မျိုးကိုဖြင့် ဒို့-ရမှ အေးကြမှာပဲ ဆိုတာကိုဖြင့် လေးလေးနက်နက် မှတ်ရလိမ့်မယ် (မှန်ပါ့)။
အခု ရဟန္တာကတော့ အဖြေပေးလိုက်တာရုပ်ဘက်က ဘယ်နှစ်ခုပါလိမ့် (ငါးခုပါ ဘုရား) စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ဆိုတဲ့ ရုပ်ဘက်ကငါးခု၊ နာမ်ဘက်ကတော့ (စိတ်တစ်ခုပါ ဘုရား) ပေါင်းလိုက်တော့ ရုပ်-နာမ်-မရဘူးလား (ရပါတယ်) တူတာပါပဲ ရုပ်နာမ်ပဲနော် (မှန်ပါ့)။
သို့သော်လဲ ရုပ်နာမ် သိရုံလောက်နဲ့မပြီးသေးဘူး၊ ရုပ်ကိုကြည့်လိုက်ပြန်လဲ ဘာတွေ့ရမလဲ (ဖြစ်ပျက်တွေ့ရပါမယ်) နာမ်ဘက် ကြည့်လိုက်ပြန်လဲ (ဖြစ်ပျက်တွေ့ရပါမယ်) အဲ ဖြစ်ပျက်မြင်ရင် ဘာတဲ့ (အမြင်မှန်ပါ့ ဘုရား) အမြင်မှန်ဆိုတာ ဘယ်သူတို့၏အမြင်ပါလိမ့် (ရဟန္တာတို့၏အမြင်ပါ ဘုရား)။
ဒါဖြင့် အမြင်မှန်ရလို့ သေတဲ့ပုဂ္ဂိုလ်ဟာ ဘာကျွတ်လွတ်ပြီးသေပါလိမ့် (အလောင်းထမ်း ကျွတ်လွတ်ပြီးသေပါလိမ့် (အလောင်းထမ်း ကျွတ်လွတ်သေပါတယ် ဘုရား) ကိုင်း ဒကာ ဒကာမတို့ အားထုတ်ထိုက်-မထုတ်ထိုက် (ထုတ်ထိုက်ပါတယ် ဘုရား)။
ပုံရိုင်းရိုင်းပြောကြပါစို့ ဆိုတော့ သုသာန်မှာ တဲ့ အလောင်းထမ်းတွေ မရှိကြဘူးလား (ရှိပါတယ် ဘုရား) ဒကာ ဒကာမတွေက မြို့ထဲကနေပြီး ကြည့်ပါ၊ ဒီဘဝမျိုး ဖြစ်ချင်သလား၊ မဖြစ်ချင်ဘူးလား (မဖြစ်ချင် ဘုရား) အလောင်း ထမ်းရတော့ ဪ စဏ္ဍာလဆိုတာ အတော်ပဲကုသိုလ်ဆိုးလို့ဖြစ်ရတာပဲ၊ မတွေ့ကြပေဘူးလား (တွေ့ပါတယ် ဘုရား)။
ကောင်းပြီ တခါ မသာတို့ ဘာတို့ ရောက်ပြန်တဲ့အခါကျလို့ရှိရင်လဲ ဆေးလိပ်တို့ ဘာတို့ဟာလဲ သူတို့မှာ အမြတ်ပဲ၊ ကွမ်းကလေး လက်ဖက်ကလေး အကြွင်းအကျန်ကလေးတွေကော (အမြတ်ပါ ဘုရား) မုန့်ကမ်းလို့ မုန့်ကျန်နေပြန်တော့ ကော (အမြတ်ပါ ဘုရား) သစ်သီးဝလံကမ်းလို့ ကျန်နေရင်ကော (အမြတ်ပါ ဘုရား)။
ထမ်းတော့မသာကိုထမ်း၊ စားတော့ မသာပစ္စည်းစား
စားတော့ သူတို့က ဘယ်လိုဟာ စားရပါသတုံးဆိုလို့ရှိရင်ဖြင့် မသာပစ္စည်းပဲ စားကြရတယ်၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ဒီလူ ရည်မှန်းလုပ်ရတာကိုး (မှန်ပါ့) အဲဒီတော့စားတော့ ဘာပစ္စည်းစားရသတုံး (မသာပစ္စည်း စားရပါတယ် ဘုရား) ထမ်းတော့ ဘာထမ်းရသတုံး (အလောင်းထမ်းရပါတယ် ဘုရား)။
ထမ်းတော့မသာကိုထမ်း၊ စားတော့ မသာပစ္စည်းစား၊ အတော်ဆိုးတဲ့ကံပါကလား (မှန်ပါ့) ဆိုထိုက်- မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဒီထက်ကံဆိုးများ (မရှိပါ ဘုရား) ဘယ်ကနေ ကြည့်တာတုံး ခင်ဗျားတို့အမြင်က (မြို့ထဲကနေပြီး ကြည့်တဲ့အမြင်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ရဟန္တာပုဂ္ဂိုလ်ကလဲ သူက နိဗ္ဗာန်မြို့ထဲကနေကြည့်တော့ ခင်ဗျားတို့ ကျုပ်တို့ကို ဘာထင်မယ် ထင်ကြသတုံး (အလောင်းထမ်းတဲ့လူပါ ဘုရား) စားတော့ ဘာစားနေသတုံး (မသာပစ္စည်းစားနေပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ရဟန္တာပုဂ္ဂိုလ်ကကြည့်တော့ ဒီလိုမြင်မယ်မဟုတ်လား သူက နိဗ္ဗာန်မြို့ထဲကကြည့်တာကိုး (မှန်ပါ့) ခင်ဗျားတို့ စားသောက်ပြီး ဝတ်ခြုံရုံနေတာတွေ ဘယ်ကများပါလိမ့်မတုံး (မသာကရတဲ့ပစ္စည်းပါ ဘုရား)။
အမလေး ဒါဖြင့် ကျွတ်အောင် လုပ်ပါတော့ဗျာ (မှန်ပါ့) မတော်လောက်သေးဘူးလား (တော်လောက်ပါပြီ ဘုရား)။
ဒါလောက်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ သိပ်လဲကြွားမနေကြပါနဲ့တော့ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) ကြွားစရာများပါသေးသလား (မပါ-ပါ ဘုရား)။
တယောက်နဲ့တယောက် ကျုပ်-ဒီအဝတ်နဲ့လိုက်ရဲ့လားလို့ မေးမနေကြနဲ့နော် (မှန်ပါ့) မလိုက်ဘူးသာဖြေပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်ဘဝကလဲ ဘာဘဝတုံး
လိုက်များလိုက်သေးသလား (မလိုက်ပါ ဘုရား) မလိုက်ပါဘူး၊ မလိုက်ပါဘူး၊ သေသေချာချာမှတ်ပါ တဲ့၊ ကိုယ့်ဘဝကလဲ ဘာဘဝတုံး (စဏ္ဍာလဘဝမျိုးပါ) ခင်ဗျားတို့ မြို့ကနေပြီး မျက်စိနဲ့ကြည့်လေဗျာ (မှန်ပါ့)။
မြို့ထဲကနေပြီး ကြည့်တော့ရတိုင်း သင်္ချိုင်းမှာ ရှိတာ၊ သင်္ချိုင်းတော်မှာရှိတာ၊ ဆင်ဖြူကန်မှာ ရှိတာတွေ သွားကြည့်လိုက်တော့ ဪ အဖြစ်ဆိုးလိုက်တာ တဲ့၊ ဘာဖြစ်လို့တုံး၊ မြို့ထဲက မျက်စိနဲ့ကြည့်တာကိုး (မှန်ပါ့) ဒီမှာလဲ ရဟန္တာကနေပြီး နိဗ္ဗာန်မြို့ထဲကနေကြည့်တော့ ခင်ဗျားတို့ ဘယ့်နှယ်ထင်သလဲ (ဒီအတိုင်းပဲထင်မှာပါပဲ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ သိပ်ဘဝင်မြင့်ချိန် ရောက်ပလား (မရောက်သေးပါ ဘုရား) မရောက်သေးလို့ရှိရင် ဒီအလောင်းထမ်းဘဝကို ကျွတ်အောင်လုပ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အမြင်မှန်ဆိုတာ ဘာပါလိမ့်
ကျွတ်အောင်လုပ်တော့ ဘယ်လိုမှကျွတ်မှာပါလိမ့် (ဖြစ်ပျက်မြင်မှကျွတ်မှာပါ) အမြင်မှန်ဆိုတာ ဘာပါလိမ့် (ဖြစ်ပျက်မြင်တာပါ ဘုရား) ဖြစ်ပျက်ကိုမြင်ရမယ်၊ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပြီးပျက်တာပဲရှိတယ်၊ တခြားဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား) အဲ ဖြစ်ပျက်မြင်လို့ရှိရင် သူ့ကိုဘာဆိုမယ် (အမြင်မှန်ပါ ဘုရား)။
အမြင်မှန်ရလို့ရှိရင် ဘာကျွတ်သွားသတုံး (အလောင်းထမ်းသမားဘဝမှ ကျွတ်သွားပါတယ်) အလောင်းထမ်း သမားဘဝမှလဲလွတ်၊ မသာစားမှုမှလဲ မလွတ်သေးဘူးလား (လွတ်ပါတယ်) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဪ ဒို့ဆရာဘုန်းကြီးသည် ဒို့ကို မည်ကဲ့သို့ ကယ်တင်နေတယ်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ကို မြို့သူမြို့သားနဲ့ ဒွန်းစဏ္ဍားကိုလဲ နှိုင်းစားပြီး ပြောပြီးပြီ (မှန်ပါ့) ဒါက ခင်ဗျားတို့ လက်တွေ့ပေါ့လေ (မှန်ပါ့)။
ရဟန္တာကနေပြီး ခင်ဗျားတို့ကျုပ်တို့ပုထုဇဉ်တွေကို ကြည့်လိုက်ပြန်တော့လဲ ဒီလူတွေအလောင်းထမ်း သမားဘဝနဲ့ မသာစာတွေ စားနေတာပဲဆိုတာ သူကသိတယ် (မှန်ပါ့) ကျွတ်ရှာပါစေ၊ လွတ်ရှာပါစေလို့ ရည်ရွယ်ချက် မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဘုရားကလဲ ဒါ့ကြောင့် သနားတယ်ဆိုတာကော (ထင်ရှားပါတယ် ဘုရား) စားနေရတာလဲ အသုံးမကျ၊ ထမ်းနေရတာကလဲ (အလောင်းထမ်းနေရပါတယ်) ဒါဖြင့် သူတို့မှာအဖိုးတန်တာကို လုပ်နေရတဲ့အချိန်ကို ပါသေးရဲ့လား (မပါ-ပါ ဘုရား) ကျွတ်ဖို့ လွတ်ဖို့ကို မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အဲဒါကြောင့် အမြင်မှန်ရအောင်လို့ ဒကာ ဒကာမတွေ တရားဟောနေတာဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ) အဲဒီအထဲကနေပြီး ခင်ဗျားတို့ တရားကလေး နာမယ်ကြံရင် သမီးကြောင့်၊ သားကြောင့်၊ ဆွေကြောင့်၊ မျိုးကြောင့်လုပ်မနေနဲ့ မြန်မြန်လုပ်၊ အမြင်မှန်ရဖို့ ကိုယ့်အရေးကိုယ်ကြီးတယ် (မှန်ပါ့) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဒါဖြင့် ပထမရဟန္တာဖြေပုံကျေနပ်ပလား (ကျေနပ်ပါပြီ) သို့သော် ဒီပုထုဇဉ်ရဟန်းက ဒီရဟန္တာကိုယ်တော်ကြီး ဖြေတာဖြင့် ခြောက်ခုကိုဖြစ်ပျက်မြင်လို့ရှိရင် ရဟန္တာအမြင်လို့ သူဆိုတာပဲ သူကမကျေနပ်ဘူး (မှန်ပါ့ ဘုရား)။
ဘယ်ကျေနပ်မလဲ ဦးဘတင်ရဲ့ သူကဖြစ်ပျက်မြင်တာမဟုတ်တော့ကျေနပ်စရာကောရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ အဲဒီ ပထမရဟန္တာဆီက ပြန်လာခဲ့ပြီး ဒုတိယရဟန္တာဆီကို ပုထုဇဉ်ရဟန်းကသွားပြန်တယ် (မှန်ပါ့ ဘုရား)။
ဒုတိယရဟန္တာ အဖြေ
အရှင်ဘုရား၊ အရှင်ဘုရားတို့၏ အမြင်ဟာ ဘယ်လိုမြင်မှအမြင်မှန်တုံး၊ ရဟန္တာဖြစ်တဲ့ အမြင်မှန်တုံးလို့ မေးပြန်တယ်၊ ဒီတော့ ဒုတိယရဟန္တာက
ပဉ္စန္နံ ခန္ဓာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ
ပဇာနာတိ၊ ဧတ္တာဝတာခေါ အာဝုသော ဘိက္ခုနော
ဒဿနံသုဝိ သုဒ္ဓံ ဟောတိ ။
ခန္ဓာငါးပါး၏ဖြစ်ပျက်ကိုမြင်လို့ ရှိရင် အမြင်မှန်ပဲလို့ပြောလိုက်တယ် (မှန်ပါ့) ပထမရဟန္တာကဖြေတာက ၆-ပါး၊ ဒုတိယရဟန္တာဖြေတာက ၅-ပါးဖြစ်နေပြီ၊ ဒီတော့ပုထုဇဉ်ရဟန်းမှာ နားရှုပ်နေပြီ (မှန်ပါ့)။
ပထမရဟန္တာက ဘယ်လောက်ဖြေသလဲ (၆-ပါး-ပါ) ဒုတိယရဟန္တာက (၅-ပါးပါ ဘုရား) ဒီတော့ သူ့မှာနားရှုပ်နေပြီ၊ သူတို့ရဟန္တာဖြစ်ပုံခြင်း မတူပဲတယ်ထူးတယ်ထင်နေပြီ (မှန်ပါ့) သူက သဘောမှမပါပဲ ၆- နဲ့ ၅- ကွဲလွဲနေတာကိုသာ သူသိနေတာ၊ ဖြစ်ပျက်မှာသွားပြီးတူနေတာတော့ သူမရိပ်မိဘူး (မှန်ပါ့ ဘုရား)။
တူတာက ဘာတူနေသတုံး
တူတာက ဘာတူနေသတုံး (ဖြစ်ပျက်ခြင်းတူနေပါတယ်) ၅-ဆိုတာလဲ ခန္ဓာငါးပါးတင်လား – ဖြစ်ပျက်လား (ဖြစ်ပျက်ပါ ဘုရား) ဖြစ်ပြီး ပျက်တာချည့်ဆိုတော့ ၅-ဂဏန်းပဓာနဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဖြစ်ပြီးပျက်တာ ချည့်ဆိုတော့ ၆-ဂဏန်းကော ပဓာနဟုတ်သေးရဲ့လား (မဟုတ်တော့ပါ ဘုရား)။
ပဓာန ဘာထွက်နေသတုံး (ဖြစ်ပျက်မှုပဓာနထွက်နေပါ ဘုရား) အဖြစ်နဲ့ အပျက်ဆိုတဲ့ ၁-နဲ့ ၂-ချည့်ထွက်နေတယ် (မှန်ပါ့) ၆-လဲမထွက်ဘူး ၅-လဲမထွက်ဘူး နိဗ္ဗာန်ရောက်မည့်တရားကစင်စစ်တော့အဖြစ်နဲ့အပျက်ဆိုတဲ့ ၂-ဂဏန်းပဲထွက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ၂-ဆိုတာဘာတုံး၊ ဖြစ်တာ(၁) ပျက်တာ(၂)ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
သူက အဲဒီရောက်ရဲ့လား (မရောက်ပါ) သူက ၅-၆-မှာစောဒနာတယ် (မှန်ပါ့ ဘုရား) သဘောတူတာကတော့ ပထမရဟန္တာလဲ ဖြစ်ပျက်ပဲ၊ ဒုတိယရဟန္တာကကော (ဖြစ်ပျက်ပါပဲ ဘုရား)။
ဒုတိယရဟန္တာက ‘ပဉ္စန္နံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ’ တဲ့၊ ခန္ဓာငါးပါးတို့၏ဖြစ်တာနဲ့ပျက်တာကိုသိဖို့အရေးကြီးတယ်၊ အဲဒီအမြင်ဟာ အမြင်မှန်ပဲ၊ ဒါဟာနိဗ္ဗာန်ရမည့် အမြင်ပဲတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နိဗ္ဗာန်ရောက်မည့် အမြင်
ဒကာ ဒကာမတို့ကလဲ ခန္ဓာငါးပါး တပါးပါးဖြစ်ပျက်မြင်ရင် ဘာမြင်ပါလိမ့် (အမြင်မှန်ပါ့ ဘုရား) ဘယ်ကိုရောက်မည့်အမြင်လဲ (နိဗ္ဗာန်ရောက်မည့် အမြင်ပါ ဘုရား) ဘာဝဋ်ကျွတ်မည့်အမြင်လဲ (အလောင်းထမ်းသမား ဝဋ်ကျွတ်မည့်အမြင်ပါ ဘုရား) မှတ်ထားပါ မှတ်ထားပါ၊ နိဗ္ဗာန်ရောက်မည့်အမြင်မှ အလောင်းထမ်းဝဋ်ကျွတ်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီ)။
သို့သော် ပုထုဇဉ်ဆိုတာမျိုးက လျှာရှည်တတ်တယ်ဆိုတာ ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား) ပထမရဟန္တာက ဘယ်နှစ်ပါးတဲ့တုံး (ခြောက်ပါးပါ ဘုရား) ဒုတိယရဟန္တာက (ငါးပါးပါ ဘုရား) ငါးပါးထဲက တပါးပါးဖြစ်ပျက် မြင်လို့ရှိရင်ဖြင့် ဒါဟာရဟန္တာအမြင်ပါပဲတဲ့ (မှန်ပါ့) ဒီတော့ ပထမရဟန္တာအဖြေနဲ့ ဒုတိယရဟန္တာအဖြေအားလုံးပဲ စဉ်းစား ကြည့်ပါ တထပ်တည်းမနေဘူးလား (နေပါတယ် ဘုရား) ဘာကိုဆုံးဖြတ်ချက်ချသလဲ (ဖြစ်ပျက်ပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ကို နေ့တိုင်း နေ့တိုင်း ဟောနေတာဗျ၊ ဘာရှုရှုဖြစ်ပျက်မြင်ဖို့အရေးကြီးတယ် (မှန်ပါ့) ဘာရှုရှု ရုပ်ရှုတဲ့ပုဂ္ဂိုလ်ကလဲ ရုပ်ချည့်မြင်နေဖို့မလိုဘူး (မှန်ပါ့) ဘာလိုသတုံး (ဖြစ်ပျက်ကိုမြင်ဖို့လိုပါတယ်) စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလဲ စိတ်ချည့်မြင်နေဖို့မလိုပါဘူး၊ စိတ်ကလေး၏ဖြစ်ပျက်သွားတာကလေးကို မြင်ဖို့ပဲလိုပါတယ် (မှန်ပါ့) တခြားဘာလိုသေးသတုံး (ဘာမှမလိုပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပုထုဇဉ်ရဟန်းက ၆-၅-ကိုလိုက်နေတယ်
သို့သော် ပုထုဇဉ်ရဟန်းကတော့ ကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား) ပထမရဟန္တာက ဘယ်နှစ်ပါး ဖြစ်ပျက် တဲ့တုံး (ခြောက်ပါးဖြစ်ပျက်ပါ) ဒုတိယရဟန္တာက (ငါးပါးဖြစ်ပျက်ပါ ဘုရား) ပုထုဇဉ်ရဟန်းကတော့ ဦးဝရေ ဗျာများနေတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ပုထုဇဉ်ရဟန်းက ၆-၅-ကိုလိုက်နေတယ်၊ သဘောတူနှစ်ခုကို မတွေးမိဘူး (မှန်ပါ့) အရင် ရဟန္တာကဖြေတာဘာတုံး (၆-ပါး ဘုရား) ၆-ပေမယ့် နိဂုံးချုပ်လိုက်တော့ (ဖြစ်ပျက်ပါ ဘုရား) နောက်ပုဂ္ဂိုလ်ကလဲ ၅-သာပြောတာ စင်စစ်တော့ (ဖြစ်ပျက်ပါ ဘုရား) ဖြစ်ပျက်ပဲ၊ ဖြစ်ပြီးပျက်တာကိုမြင်ဖို့အရေးကြီးပါတယ်၊ ဒါက ရဟန္တာအမြင်ပဲ၊ ရဟန္တာဖြစ်မည့်အမြင်ပဲတဲ့ (မှန်ပါ့)။
ဒီတော့ ဒကာ ဒကာမတွေက ရဟန္တာအရှင်မြတ်တွေ ဖြေတာကတော့ တကြောင်းတည်း မဂ္ဂင်ရှစ်ပါးနဲ့သွားတော့ တလမ်းတည်းနိဗ္ဗာန်ရောက်ကြတာပဲ၊ ပုထုဇဉ်ရဟန်းမှာတော့ ၆-၅-ရှုပ်နေတယ် (မှန်ပါ့) မရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား)။
ဖြစ်ပျက်တွေ့လို့ရှိရင် ဘယ်ဟာဖြစ်ဖြစ်အတူတူပဲ
အဲဒါကြောင့် ခင်ဗျားတို့ ဪ ဘယ်နေရာကဖြင့် ဘယ်ကမ္မဌာန်းပေးနေတယ် မတူကြဘူးနော်လို့ ခင်ဗျားတို့လဲ ခုနင်ကရဟန်းလိုမထင်ကြနဲ့ (မှန်ပါ့) နောက်ဆုံးပိတ်ကျတော့ ဖြစ်ပျက်တွေ့လို့ရှိရင် ဘယ်ဟာဖြစ်ဖြစ်အတူတူပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နောက်ဆုံးပိတ် ဘာတွေ့ရမှာတုံး (ဖြစ်ပျက်တွေ့ရမှာပါ ဘုရား) ဖြစ်ပျက်တွေ့ရမှာဖြင့် ဖြစ်ပျက်ကို တွေ့အောင် ရှာနိုင်တဲ့ ကမ္မဌာန်းတိုက်မှန်လို့ရှိရင် ဒါဟာ တသဘောတည်းသာမှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်ကို တွေ့အောင်ရှာနိုင်၊ ပြောနိုင်တဲ့ဆရာ၊ ခင်ဗျားတို့ကလဲဖြစ်ပျက်ကို တွေ့အောင်ရှာနိုင်တဲ့တပည့်ဖြစ်ကြပါ မူကား ဒါဟာ တရားတမျိုးတည်းပဲမှတ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
သို့သော် ဒီကတမျိုး၊ ဒီကတမျိုးလို့ခင်ဗျားတို့ထင်ပြီး သကာလ နေရင် ဒီပုထုဇဉ်ရဟန်းလိုဖြစ်နေမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးဇံရင် ပုထုဇဉ်ရဟန်းက ဘာကိုမရိပ်မိတာတုံး (ဖြစ်ပျက်ကိုမရိပ်မိတာပါ) ဒါနဲ့ သူ့စိတ်ထဲမှာမကျေနပ်ဘူး ဒကာ ဒကာမတို့၊ တတိယရဟန္တာပုဂ္ဂိုလ်ထံသွားပြန်တယ်၊ တတိယရဟန္တာဆီရောက်တော့ ‘အရှင်ဘုရား-အရှင်ဘုရားတို့အမြင်မှန်ရပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုတာ ဘယ်လိုမြင်မှတုံး’လို့မေးပြန်တယ်၊ တတိယရဟန္တာက
စတုန္နံ မဟာဘူတာနံ သမုဒယဉ္စ
အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ။
တတိယရဟန္တာအဖြေ
မဟာဘုတ်လေးပါးဆိုတဲ့ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတို့၏ ဖြစ်ပျက်ကိုမြင်ရင် ပြီးတာပါပဲလို့ဖြေတယ် (မှန်ပါ့) ဒီပုဂ္ဂိုလ်ဖြေတာက ပိုပြီးသင်္ချာနည်းတယ်၊ လေးပါးကိုမြင်ရမှာကိုး (မှန်ပါ့) ပုထုဇဉ်ရဟန်းမှာတော့ မျက်စိလည်ဂွကျကုန်ပြီပေါ့ ဒကာ ဒကာမတို့ သူဂဏန်း အရေအတွက်ချည့် တွက်ကြည့်နေတာ (မှန်ပါ့) နိဗ္ဗာန်ရောက်ဖို့က ဂဏန်းပဓာနထားပြီး တွက်နေရတာ မဟုတ်ဘူး၊ ဘယ့်နှယ်သင်္ချာဆရာ နိဗ္ဗာန်ရှာနေတယ်လို့ ပြောဘဲမပြောတတ်တော့ဘူး (မှန်ပါ့)။
ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်နေတဲ့ဥစ္စာက ဒီပုဂ္ဂိုလ်က ဖြေလိုက်ပုံကြည့်စမ်းပါ ဓာတ်လေးပါးရှိတယ်၊ အဲဒါ ဖြစ်ပျက်မြင်ဖို့အရေးကြီးတယ် (မှန်ပါ့) ဘာဟောပြန်သတုံး (ဖြစ်ပျက်မြင်ဖို့ဟောပါတယ်) ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ်ဆိုတော့ ခုနင်ကရဟန္တာနှစ်ပါးနဲ့မစပ်မိဘူးလား (စပ်မိပါတယ် ဘုရား)။
သို့သော် ပုထုဇဉ်က ဖြစ်ပျက်ပဓာနမထားမိပဲနဲ့ ၄-ဂဏန်းကိုပဓာနထားပြီးကြည့်နေတော့ ဂွကျသွားတယ် (မှန်ပါ့) သင်္ချာကိုအဓိကထားနေလို့ သူ့မှာဖြင့်အတော်ခက်သွားပြီ (ခက်သွားပါတယ် ဘုရား)။
ဘာဟောဟော ဖြစ်ပျက်မြင်ဖို့သာ အရေးကြီးတယ်
ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့လဲ ဆရာသမားကိုးကွယ်ဆည်းကပ်နေရတာလဲကြာပြီ တရားနာနေရတာ ကြာတော့ တနေ့သော်လဲ ဘာဟောဟော ဖြစ်ပျက်မြင်ဖို့သာ အရေးကြီးတယ်ဆိုတာ ကြားနေရတော့ ဖြစ်ပျက်ပဲအဓိက ထားကြပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ပုထုဇဉ်ရဟန်းက ဒီတတိယကိုယ်တော်ဖြေတာကသာပြီးနည်းသေးတယ်လို့တွေးပြီ (မှန်ပါ့) ဒါနဲ့ကျေနပ်မှု မရှိပဲနဲ့ စတုတ္ထရဟန္တာတပါးဆီကို သွားပြန်တယ်။
သူဟာ ကျေကျေနပ်နပ်နဲ့သွားတာလား မကျေနပ်ပဲနဲ့သွားတာလား (မကျေနပ်ပဲနဲ့သွားတာပါ) သူသဘောကို မပါဘူး (မှန်ပါ့ ဘုရား)။
ဘယ်လိုမပါတာပါလိမ့် (သဘောမပါတာပါ) ဖြစ်ပျက်ကိုသူ့စိတ်ထဲမှာ နားထဲကိုမရောက်လာဘူး (မှန်ပါ့) နားထဲရောက်တာက ၆-ပါးရယ်၊ ၅-ပါးရယ်၊ ၄-ပါးရယ် ဒါပဲရောက်တယ်၊ ဖြစ်ပျက်တသဘောတည်းဆိုတာတော့ ရောက်ရဲ့လား (မရောက်ပါ ဘုရား) အဲဒီမှာ ရှုပ်နေတာ (မှန်ပါ့)။
ဒကာ ဒကာမတွေ ရှုပ်နေကြတာကော (ဒီမှာပဲရှုပ်နေကြတာပါပဲ) ဟိုကမ္မဌာန်းတိုက်ကတော့ မကောင်းပါဘူး၊ သူတို့ရှုတာတွေ၊ ဒီကမ္မဌာန်းတိုက်ကတော့တမျိုး အစရှိသည်နဲ့ ဒကာ ဒကာမတို့ ဝေဖန်ပြောဆိုလေ့ရှိကြပါတယ် (မှန်ပါ့ ဘုရား)။
နောက်ဆုံးပိတ်ကျတော့ ဒကာ ဒကာမတို့ ဖြစ်ပျက်ကိုတွေ့အောင်ရှာနိုင်တဲ့ ကမ္မဌာန်းတိုက်ဖြစ်ခဲ့လို့ရှိရင် အဲဒါအမှန်ချည့်ပဲ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ဖြစ်ပျက်မပါသေးရင်တော့ လိုရင်းမရောက်သေးဘူး၊ ပဓာနစခန်းဆီမရောက်ပဲ မှားနေသေးတယ်လို့ ဆိုရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်မပါသေးရင်တော့ (မှားနေသေးတယ်လို့ဆုံးဖြတ်ရပါ့မယ်) သမထနဲ့စခန်းကုန်နေတတ်တယ်၊ ဝိပဿနာ ဆီကိုမရောက်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ပုထုဇဉ်ရဟန်းက စတုတ္ထရဟန္တာမထေရ်ထံသွားပြီးမေးတာပဲ၊ ဒကာ ဒကာမတို့ ဒီတခါမေးရင် ဘယ်နှစ်ပါးရှိသွားပလဲ (လေးပါးရှိသွားပါပြီ ဘုရား)။
အရှင်ဘုရား ရဟန္တာတို့၏အမြင်ကိုပြောစမ်းပါ၊ ဘယ်ကစ ရဟန္တာတို့၏အမြင်ဖြစ်ရမှာတုံး၊ သူ အမေးက ဒီလိုဆိုလိုရင်းပဲ (မှန်ပါ့)။
စတုတ္ထရဟန္တာ၏အဖြေ
ယံကိဉ္စ သမုဒယ ဓမ္မံ သဗ္ဗန္တံ နိရောဓ ဓမ္မံ။
ဖြစ်တာနဲ့ပျက်တာမြင်ရင် ပြီးတာပါပဲလို့ဖြေတယ်၊ အမည်သင်္ချာတွေတပ်ပြီးတော့ မဟောလိုက်တော့ဘူး၊ ဒီတော့ ပုထုဇဉ်ရဟန်းအဖို့ ပိုပြီးဆိုးသွားတယ် (မှန်ပါ့) မဆိုးဘူးလား (ဆိုးသွားပါတယ် ဘုရား)။
ဘာမြင်မှတဲ့တုံး (ဖြစ်တာနဲ့ပျက်တာကို မြင်မှပါ ဘုရား) အဲ ဖြစ်တာနဲ့ပျက်တာကိုမြင်ရင် ပြီးတာပဲ တဲ့၊ ယံကိဉ္စ သမုဒယ ဓမ္မံ သဗ္ဗန္တံ နိရောဓ ဓမ္မံ၊ ဒါပဲ စတုတ္ထမထေရ်ကဟောတယ်၊ ဖြစ်တာနဲ့ပျက်တာမြင်ရင် ရဟန္တာအမြင်ပါပဲတဲ့ (မှန်ပါ့) ဘာမြင်မှတဲ့တုံး (ဖြစ်တာနဲ့ပျက်တာကိုမြင်မှပါ ဘုရား)။
သာပြီး သဘောမကျပဲ ဖြစ်သွားမှာပေါ့၊ ပုထုဇဉ်ရဟန်းအဖို့တော့ ခုနင်ကမှ ၄-တို့ ၅-တို့ ၆-တို့ဆိုတော့ တော်သေးရဲ့ အခု ၂-ဆိုတော့ သာပြီးဂွကျသွားတာပေါ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ သဘောကတော့ အတူတူပဲမနေဘူးလား (အတူတူပါပဲ ဘုရား) နောက်ဆုံးပိတ်ကိုယ်တော်နဲ့ အစအဆုံးဖြေတဲ့ကိုယ်တော်လဲ ဘယ့်နှယ်နေကြသတုံး (အတူတူပါပဲ ဘုရား)။
ဘာကိုချည့်ပဓာနထားပြီးလာကြသတုံး (ဖြစ်ပျက်ချည့်ဟောပါတယ်) ဖြစ်ပျက်ချည့်ပဓာနထားပြီး ဟောငြားသော်လဲ ပုထုဇဉ်ရဟန်းက သင်္ချာအရေအတွက်ကိုသာ လိုက်နေတော့ ၆-ရယ်၊ ၅-ရယ်၊ ၄-ရယ်၊ ၂-ရယ်ဆိုလို့ရှိရင် ရဟန္တာဖြစ်ပုံအမျိုးမျိုးကိုးလို့ အောက်မေ့နေမယ်၊ ဂွကျကုန်တာပေါ့ဗျ (မှန်ပါ့)။
ရဟန္တာဖြစ်ပုံက အမျိုးမျိုးလား (မဟုတ်ပါ ဘုရား) ဒကာ ဒကာမတွေ အခုနားလည်ကျတော့ အမျိုးမျိုးဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) သို့သော် ပုထုဇဉ်ရဟန်းမှာတော့ ဘယ့်နှယ်ဖြစ်နေသလဲ (အမျိုးမျိုးဖြစ်နေပါတယ်) ဘယ်သူလွဲနေတာတုံး (ပုထုဇဉ်ရဟန်းလွဲနေတာပါ ဘုရား)။
ဘာကိုတွေ့အောင်ရှုရမလဲ
အဲ ခင်ဗျားတို့လဲ အဲဒီပုထုဇဉ်ရဟန်းလိုဖြစ်မနေကြစေနဲ့ (မှန်ပါ့) ဘာရှု-ရှု ဘာကိုတွေ့အောင်ရှုရမလဲ (ဖြစ်ပျက်တွေ့အောင် ရှုရပါမယ် ဘုရား)။
ရုပ်ရှုလဲ ဖြစ်ပျက်တွေ့ရင် ဘုန်းကြီးတို့ဒကာ ဒကာမတွေ အမြင်မှန်ရတာပဲ (မှန်ပါ့) နာမ်ရှုရင်လဲ (ဖြစ်ပျက်တွေ့ရင် အမြင်မှန်ရပါတယ်) ဖြစ်ပျက်တွေ့ရင် အမြင်မှန်ရတာပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီအမြင်မှန်ရပါမှ မဂ္ဂင်ဖြစ်မယ် (မှန်ပါ့) မဂ္ဂင်ဖြစ်မှ မဂ်သည် ကိလေသာကို ဖြတ်တယ်ဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံတွေ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) ဒီဘက် ဇာတိ၊ ဇရာ၊ မရဏတွေ လာနိုင်သေးရဲ့လား မလာနိုင်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့အမြင်မှန်ရရင် သံသရာပြတ်၏ (မှန်ပါ့) အမြင်မှန်မရသေးရင် (သံသရာမပြတ်ပါ ဘုရား) အလောင်းထမ်းသမားဘဝဆိုပါဗျာ၊ သံသရာဆိုတော့ ခင်ဗျားတို့ကရိုးနေလို့ တယ်ပြီးနာမှာမဟုတ်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမြင်မှန်မရရင်ဘာတုံး (အလောင်းထမ်းသမားဘဝကမလွတ်ပါ ဘုရား) အမြင်မှန်ရရင်တော့ဖြင့် (လွတ်ပါတယ် ဘုရား) အဲ အလောင်းထမ်းသမားဘဝမှ ကျွတ်လွတ်သွားပြီ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ ဒီကိုယ်တော်က သူ့မှာတော့ ဘာမှမဖြစ်သေးဘူး၊ ရဟန္တာမြတ်တွေက အဖြေတွေပေးနေတာတော့ ဦးဝတို့ ဦးဘအုန်းတို့ အမှန်တွေချည့်ပေးနေတယ် (မှန်ပါ့) သူကဘာဖြစ်သွားသတုံး (ဘာမှမဖြစ်သေးပါ ဘုရား)။
ဒီနည်းဘယ်ကရသတုံးလို့ ဆိုရင်
ဒါနဲ့ သူကတွေးတယ်၊ ရဟန္တာလေးပါးကို ဆက်လက်ပြီး သကာလ မေးငြားသော်လဲ တပါးနဲ့တပါးဟာ အမြင်မှန် မတူကြဘူး (မှန်ပါ့)။
အင်း ခက်လိုက်တာ သူ့မှာဘာကွာနေသတုံး ၅-တို့ ၆-တို့ ၄-တို့ ကွာနေတာပေါ့ (မှန်ပါ့) ဒီနည်းဘယ်ကရသတုံးလို့ ဆိုရင် ဘုရားဆီကရတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်သူ့ဆီကရသတုံး (ဘုရားဆီကရပါတယ်) ဘာရသတုံး ဘုရားဆီက (ဖြစ်ပျက်ကြည့်တဲ့ နည်းပါ ဘုရား)။
အဲ ဘုရားပွင့်တော်မူလာမှ ခင်ဗျားတို့ ကျုပ်တို့က ဖြစ်ပျက်ကိုတွေ့ရတာ (မှန်ပါ့) ဘုရားမပွင့်လို့ရှိရင် (မတွေ့ရပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ အခုဖြစ်ပျက်တွေ့ရတယ်ဆိုတာ ဘုရားသာသနာနဲ့ကြုံ၊ ဆရာကောင်း သမားကောင်းနဲ့ ကြုံလို့ တွေ့ရတာ (မှန်ပါ့)။
ဒါနဲ့ ပုထုဇဉ် ရဟန်းကလဲ ဘုရားဆီကိုသွားပြန်တာကိုး (မှန်ပါ့) ကျေနပ်လို့သွားတာလား၊ မကျေနပ်လို့ သွားတာလား (မကျေနပ်လို့သွားတာပါ ဘုရား) မကျေနပ်လို့ပြေးတော့ ဘုရားကသူ့ဖြစ်အင်ကို မြင်ပြီးသားလို့ မှတ်ကြပါ (မှန်ပါ့)။
ဥပမာ-ဥပမေယျနဲ့ ရှင်းပြပါလိမ့်မယ်
အဲဒီတော့ ဘုရားက ဥပမာ-ဥပမေယျနဲ့ ရှင်းပြပါလိမ့်မယ် (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့လဲ ပုထုဇဉ်အရူးဘဝမှလွတ်ကြပလား (မလွတ်သေးပါ ဘုရား) လွတ်အောင် လုပ်ကြရမယ် (မှန်ပါ့) ဖြစ်ပျက်တွေ့နေလို့ရှိရင်ဖြင့် လွတ်ပါလိမ့်မယ် (မှန်ပါ့) ဖြစ်ပျက်မတွေ့သေးရင်တော့ (မလွတ်သေးပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင်တော်ကြဦးစို့။
သာဓု သာဓု သာဓု။