သေမင်းထံပို့သည့် ဇရာလက်ထဲမှာ ပျော်ပိုက်လျက်ရှိကြပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူသော
သေမင်းထံပို့သည့် ဇရာလက်ထဲမှာ ပျော်ပိုက်လျက်ရှိကြပုံ
နွားသတ်ရုံပို့မည့်နွားပမာ
နေ့အလုပ်ပေးတရားတော်
(၅-၁-၅၉)
ခန္ဓာချုပ်နိဗ္ဗာန်ဆိုတာ
ခန္ဓာချုပ်နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတွေက မှတ်လိုက်တော့ ဒါကြောင့် ခဏခဏ ဒီသေနည်းကိုလဲ ဦးခင်မောင်တို့ သင်ရတယ်နော် (မှန်ပါ့) လက်ရှိခန္ဓာကို ဖြစ်ပျက်မြင်ပြီး မခင်ဘဲနဲ့နေပါ၊ လက်မဲ့ခန္ဓာကလဲ ဒီဖြစ်ပျက်ဒုက္ခသစ္စာဘဲလာမှာဘဲ ဆိုတာကလဲ ဒီခန္ဓာနဲ့ တတန်းတည်း တစားတည်း ဖြစ်နေသောကြောင့် တောင့်တစရာများရှိသေးသလား (မရှိပါ ဘုရား)။
အဲဒီ့တော့ လက်ရှိခန္ဓာ ဖြစ်ပျက်မြင်ပြီး ဖြစ်ပျက်ကြည့်ရင်း မတ္တနဲ့ပစ္စဝေက္ခဏာကျပြီး သကာလ သေလိုက်လို့ရှိရင် သေခါနီးမှာ သမသီသီရဟန္တာတောင် ဖြစ်နိုင်ပါတယ် (မှန်ပါ့) သေတာနဲ့တချက်တည်း ရဟန္တာဖြစ်တယ် (မှန်ပါ့)
အဲဒါကြောင့် သေတတ်ကြပလားလို့မေးတယ် (မှန်ပါ့) ဘယ်လိုရှုပြီးသေမယ် (ဝိပဿနာရှုသေရပါမယ် ဘုရား) ဝိပဿနာရှုသေမယ်၊ ဒီအချိန်မှာ နိဗ္ဗာန်ကို မြင်ချင်လဲ မြင်လာမယ်၊ မမြင်ချင်လဲ ခန္ဓာဖြစ်ပျက်မြင်လာမယ် (မှန်ပါ့)။
ခန္ဓာဖြစ်ပျက်ကိုရှုပြီးသေတဲ့နည်း
မြင်ချင်တာမြင်၊ ခန္ဓာဖြစ်ပျက်နဲ့သေလဲ အထွဋ်အထိပ်မဂ်များ ရခဲ့ပါလျှင် နောက်ထပ် ဂတိမရှိဘူး၊ နောက်ခန္ဓာ မလာမှာဘဲ၊ ခန္ဓာဖြစ်ပျက်မြင်ပြီး နိရောဓ မျက်မှောက်ပြုပြီးမှ သေပြန်တယ်ဆိုလို့ရှိရင်လဲ နောက်ခန္ဓာ မလာတာဘဲ (မှန်ပါ့) အဲ့ဒါကြောင့် ခန္ဓာဖြစ်ပျက်ကိုရှုပြီးသေတဲ့နည်းသည် အကောင်းဆုံးဘဲလို့ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီခန္ဓာကိုမခင်နဲ့၊ နောက်ခန္ဓာ မကောင်းတာနဲ့ ဤသေနည်းဟာ အကောင်းဆုံး (မှန်ပါ့) ဒါသေနည်းသင်လိုက်တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ငါ ဘယ်လိုများ သေရပါလိမ့်မတုံး ဆိုတဲ့ ဝိစိကိစ္ဆာမလာစေနဲ့၊ လက်ရှိခန္ဓာဖြစ်ပျက်ရှုပြီး သကာလ မခင်အောင် ဖြစ်ပျက်ရှုနေမယ်၊ လက်မဲ့ခန္ဓာကြီးကိုလဲ မတောင့်တတော့ဘူးဆိုလို့ရှိရင် ဘုရားက ဆန္နသုတ်မှာ ဟောတော်မူသောကြောင့် လေးလေးနက်နက် မှတ်ထားကြပါလို့ သတိပေးလိုက်တယ်နော် (မှန်ပါ့)။
ခန္ဓာဆိုတာ စွဲလမ်းလို့ရတာ
ကောင်းပြီ ဒကာ ဒကာမတို့ ခန္ဓာဆိုတာ စွဲလမ်းလို့ရတာလို့ မှတ်ထားစမ်းပါ (မှန်ပါ့)။
ခန္ဓာငါးပါးဆိုတာ ဘာတုံး (စွဲလမ်းလို့ရတာပါ ဘုရား) ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယခု ခန္ဓာငါးပါးကြီး ရထားတာဟာ အခု ဆရာဘုန်းကြီးဟောလိုက်တော့လဲ ဒီခန္ဓာငါးပါးကြီး ဒုက္ခသစ္စာတွေဆိုတာ သိလျက်နဲ့လဲ ခွဲမရ-ခွါမရဖြစ်ပြီး သကာလ နေလိုက်တာ ဘယ့်နှယ့်ကြောင့်ပါလိမ့်မလဲလို့ မေးဖို့လိုတော့ စွဲလမ်းပြီး တပည့်တော်တို့ယူထားလို့ပါဘုရား လို့ အဖြေထွက်ရမယ် (မှန်ပါ့) စွဲလမ်းတဲ့ဥပါဒါန်ကြောင့် ရထားတယ် (မှန်ပါ့)။
အဲဒါကြောင့် စွဲလမ်းတဲ့ဥပါဒါန်ကြောင့် ရထားခြင်းကြောင့် ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာဇာတိ ဆိုတဲ့ ခန္ဓာငါးပါးကြီး ခင်ဗျားတို့ ရထားတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အခုခန္ဓာငါးပါးကြီး ရထားတာဟာ လက်သည်ရှာရင် အရင်ဘဝက စွဲလမ်းတဲ့ဥပါဒါန်ကြောင့် ရထားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ယခုခန္ဓာငါးပါးကြီးရထားတာ ဒကာ ဒကာမတို့ ဘယ်အတွက်ကြောင့် ရထားတာပါလိမ့် (အရင်ဘဝက စွဲလမ်းတဲ့ဥပါဒါန်ကြောင့်ပါ ဘုရား)။
အေး နောက်ဘဝက စွဲလမ်းခဲ့တယ်၊ မိမိခန္ဓာကြီး မိမိစွဲလမ်းတဲ့ဥပါဒါန်ကြောင့် ဥပါဒါနပစ္စယာ ကမ္မဘဝပစ္စယာလို့ အခုတော့ဖြင့် ဇာတိတို့ ဇရာတို့နဲ့ အတူတူမနေရဘူးလား (နေရပါတယ် ဘုရား) ဇာတိပဋိသန္ဓေကပြီးခဲ့တော့ အခုဇရာနဲ့အဖော်လုပ်မနေရဘူးလား (နေရပါတယ် ဘုရား) ဇရာရုပ်နာမ်ကြီးနဲ့ ဘာလုပ်နေကြရသတုံး (အဖော်လုပ်နေကြရပါတယ် ဘုရား)။
ဇရာခန္ဓာကိုယ်ကြီးနဲ့ အဖော်လုပ်နေရတယ်
ဘာဖြစ်လို့ အဖော်လုပ်ပြီးနေကြပါလိမ့်မတုံး ဆိုတော့ နောက်တုန်းက ဘုရားတပည့်တော်တို့ လက်ရှိခန္ဓာငါးပါးစွဲခဲ့လို့ ယခု ဇရာခန္ဓာကိုယ်ကြီးနဲ့ အဖော်လုပ်နေရတယ်ဘုရာ့၊ မရဏခန္ဓာကိုယ်ကြီးကလဲ အခု တပည့်တော်တို့မှာ ရောက်မည့်ဆဲဆဲ ဘုရာ့ဆိုရင်ကော (မလွဲပါ ဘုရား)။
အခု အဖော်လုပ်နေရတာက ဘယ်သူပါလိမ့် (ဇရာပါ ဘုရား) ဇရာခန္ဓာငါးပါး သူနဲ့ချည့်နေရလို့ရှိရင်လဲ မဟုတ်ဘူးဆိုရင် တော်သေးရဲ့ပေါ့ဗျာ (မှန်ပါ့) နောက်ကျတော့ ဇရာက တော်ပြီ မင်းနဲ့ ငါနဲ့ပေါင်းရတာကြာပြီ၊ မရဏလက်တွင်းကို အပ်ပါတော့မယ်ဆိုပြီး သကာလ အပ်လိုက်တော့ ခင်ဗျားတို့ ဘယ်သူနဲ့အဖော်လုပ်ရမှာတုံး (မရဏနဲ့အဖော်လုပ်ရမှာပါ) သူသတ်ယောကျ်ားနဲ့ အဖော်လုပ်ရမှာ ဝေးကြသေးရဲ့လား (မဝေးပါ ဘုရား)။
အဲ ဒါဖြင့် ဒကာ ဒကာမတို့ နွားသတ်ရုံဆွဲသွားတဲ့နွားက တွန်နိုင်စရာမြူးနိုင်စရာ မရှိလောက်အောင်ဘဲ သူ့မှာဖြင့် နွားသတ်ရုံကို နွားသတ်ကုလား ဆွဲသွားတာတောင် တွန်လိုက်၊မြူးလိုက်၊ ခွါကလေးယက်လိုက်၊ ချိုကလေး သွေးလိုက်တယ် ဆိုရင်ဖြင့် တိရစ္ဆာန်စိတ် ပေါ်တာဘဲလို့ တွေးကြရလိမ့်မယ်နော် (မှန်ပါ့) တိရစ္ဆာန်စိတ်ပေါ်တာ (မှန်ပါ့)။
ဘယ်လိုတွေးမိကြပါလိမ့် (တိရစ္ဆာန်စိတ်ပေါ်တာပါ ဘုရား) ဘာဖြစ်လို့တုံး၊ နွားသတ်ရုံကိုဆွဲမှန်းမသိဘူး (မှန်ပါ့) မရဏဆိုတဲ့ သေမင်းနဲ့ပေါင်းရမှာ သူ သိရဲ့လား (မသိပါ ဘုရား) မသိတော့ သူဟာ ဇရာလက်တွင်းမှာ သူပျော်နိုင်တယ် (မှန်ပါ့)။
ဘယ်နေရာပျော်နေသလဲ (ဇရာလက်တွင်းမှာ ပျော်နေပါတယ် ဘုရား) ဇရာလက်တွင်းမှာ ပျော်နေတယ် ဆိုတော့ မသေခင်ပျော်၊ သေခါနီးပျော်ပေါ့ဗျာ (မှန်ပါ့) အဲ သေချင်ပျော်ကြပါတော့ ဒကာ ဒကာမတို့ရဲ့၊ သေခါနီးပျော်ဘဲ (မှန်ပါ့)။
သေခါနီးပျော်ပါ
ဘယ်လိုဆိုကြပါ့မယ် (သေခါနီးပျော်ပါ ဘုရား) ခုနင်က နွားဟာ နွားသတ်ရုံ ဆွဲသွားတုန်းဘဲ ဦးဘတင်၊ လမ်းမှာ တွန်လိုက်တာနဲ့ ခွါကလေးနဲ့မြေကိုယက်လိုက်တာနဲ့ ဟင် (မှန်ပါ့) ဒါဟာ ဘာပျော်ဆိုကြမလဲ (သေခါနီးပျော်ပါ ဘုရား) သေခါနီးပျော်ဆိုတော့ ရှေ့နားရောက်သည်နဲ့၊ နွားသတ်ရုံမှာရောက်သည်နဲ့ တပြိုင်နက်တည်း လည်လှီးဒါးနဲ့ အလှီးခံရတော့မယ် ဆိုတာကတော့ဖြင့် ဧကန်ဘဲမဟုတ်လား (ဧကန်ပါ ဘုရား) အဲဒီကျလို့ရှိရင် မရဏနဲ့ သူအဖော်လုပ်ရလိမ့်မယ်၊ သေမင်းနဲ့အဖော်လုပ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနွားကိုမြင်သဖြင့် ဪ တိရစ္ဆာန်များ မသိလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့တဲ့၊ ခင်ဗျားတို့က ဘေးကနေကြည့်တယ် (မှန်ပါ့)။
နွားသတ်ရုံဆွဲသွားတဲ့နွား ဦးဘတင် ခွါယက်ပြီး မြူးလိုက်တာနဲ့ တွန်လိုက်တာနဲ့ဆိုတော့ တိရစ္ဆာန်၏မသိမှုဟာ တယ်ဆိုးဝါးပါလား ဆိုတဲ့ အခြေအနေကို ခင်ဗျားတို့ ဝေဖန်နိုင်ပါတယ် (မှန်ပါ့) မဝေဖန်နိုင်ဘူးလား (ဝေဖန်နိုင်ပါတယ် ဘုရား)။
နောက်များမကြာမီဘဲ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ၊ လေးနာရီအတွင်းမှာ နွားသတ်ကုလား၏လက်ထဲမှာဘဲ သူသည်ဆုံးရှုံးခြင်းသို့ မရောက်ရဘူးလား (ရောက်ပါတယ်) ဒါဖြင့် ဒကာ ဒကာမတို့ သေမင်းနဲ့အဖော်လုပ်သွားပြီ (မှန်ပါ့) နဂိုရ်တုန်းကတော့ သေမင်းဆီပို့တဲ့လူနဲ့ အဖော်လုပ်တယ် (မှန်ပါ့)။
လမ်းတုန်းက ဘယ်သူနဲ့အဖော်လုပ်သတုံး (သေမင်းဆီပို့တဲ့လူနဲ့ အဖော်လုပ်ပါတယ်) အေး ဇရာဆိုတာ သေမင်းဆီပို့တဲ့လူဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သေမင်းဆီပို့တဲ့လူနဲ့အဖော်လုပ်နေတယ်
သေမင်းဆီပို့တဲ့လူနဲ့အဖော်လုပ်နေတယ်၊ နောက်ကျတော့ သေမင်းဆီပို့တဲ့လူက နွားသတ်ရုံထဲလဲ ပို့လိုက်ပါရော သေမင်းနဲ့အဖော်လုပ်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် နွားမိုက်သည်ကား လို့ဆိုရင် တွန်တယ် မြူးတယ် ဆိုတာ တိရစ္ဆာန်စိတ်ပေါ်လို့သာလျှင် တွန်နိုင်တယ် မြူးနိုင်တယ်လို့ ဦးဘတင် ဆိုဗျာ (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေ ဆိုထိုက်ပလား (ဆိုထိုက်ပါပြီ ဘုရား)။
တွန်နိုင်တယ်၊ မြူးနိုင်တယ်ဆိုတာ ဘယ်စိတ်ကြောင့်ပါလိမ့် (တိရစ္ဆာန်စိတ်ပေါက်နေလို့ပါ ဘုရား) တိရစ္ဆာန်စိတ်ပေါက်နေတဲ့အတွက် ဪ ငါသည်ကား နွားသတ်ရုံပို့တဲ့လူနဲ့ဖြင့် နည်းနည်းမှ စိတ်ချမ်းသာစရာမရှိဘူး၊ သူ့ဆီကနေပြီး ရုန်းကန်ထွက်ဖို့သာ သူ့မှာ စိတ်ကူးရှိဖို့ကောင်းတယ် (မှန်ပါ့)။
ဒီနွားဟာ ဘယ်လိုကောင်းပါလိမ့် (ရုန်းကန်ထွက်ဖို့သာကောင်းပါတယ် ဘုရား) အခုတော့ ရုန်းကန် ထွက်ချင်တဲ့စိတ်လား၊ သွားရင်းပျော်နေတဲ့စိတ်လာလို့ အကဲခတ်စမ်းပါဦး (သွားရင်းပျော်နေတဲ့စိတ်ပါ ဘုရား)။
သွားရင်းပျော်နေတဲ့စိတ်ဖြစ်လေ သောကြောင့် ဪ မသိတတ်လိုက်တာ တိရစ္ဆာန်များမှာ ဟိုနားကျတော့ နွားသတ်ကုလား၏ လက်တွင်းမှာ ခေါင်းစင်းသေရတော့မယ်ဆိုတာ မသိရှာလို့၊ အခုလဲ နွားသတ်ကုလား ဆီပို့တဲ့လူနဲ့ အတူနေရတယ် ဆိုတာသည် သူသည် မသိရှာဘူး (မှန်ပါ့) ရိပ်မိသေးရဲ့လား (မရိပ်မိပါ) တယ်လဲဆိုးဝါးနေပါလား (ဆိုးဝါးပါတယ် ဘုရား) လမ်းမှာလဲမသိ၊ ရောက်တော့လဲမသိဖြစ်နေပါလား (မှန်ပါ့)။
မသိချက်ပြင်းထန်နေတာပဲ
ဦးခင်မောင် လမ်းတုန်းက အဖော်ဟာလဲ ငါ့အဖော်လို့ ရန်သူလို့ သိရဲ့လား (မသိပါ ဘုရား) ဟိုရောက်ရင်လဲ ငါ့မှာ ရန်သူအစစ်နဲ့တွေ့ရလိမ့်မယ်လို့ ဆိုတာကော (မရိပ်မိပါ ဘုရား)။
ဪ သူ မသိချက်သည် တိရစ္ဆာန်စိတ်ရှိနေလို့ မသိချက်ပြင်းထန်နေတာပဲလို့ ဆိုလိုက်ပါတော့ (မှန်ပါ့) ဘာစိတ်ရှိနေသတုံး (တိရစ္ဆာန်စိတ်ရှိနေပါတယ်) မသိချက်ဟာ ဘယ်နှယ်တုံး (ပြင်းထန်ပါတယ် ဘုရား)။
အဲ တိရစ္ဆာန်စိတ်ရှိရင် မသိချက် ပြင်းထန်တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်ပါ့) ခုနင်က တိရစ္ဆာန်ကို ကြည့်လို့ရှိရင်လဲ ခင်ဗျားတို့ ရမ်းပြောတဲ့စကားလို့ ဆိုရမှာလား၊ အမြင်အထင်ပြောတဲ့စကားလို့ ဆိုရမှာလား (အမြင်အထင်ပြောတာပါ ဘုရား)။
ဒီတိရစ္ဆာန်စိတ်ရှိလို့ပေါ့ဗျာ မသိချက် ပြင်းထန်နေတာ၊ သေမင်းဆီပို့တဲ့လူ လွှတ်တဲ့လူကိုကော သူသည် သိသေးရဲ့လား (မသိပါ ဘုရား) ရောက်တော့ သေရမယ်ဆိုတာတေကာ (မသိပါ ဘုရား)။
သေမင်းဆီပို့တဲ့လူကိုလဲ သူ မသိဘူး၊ ရှေ့ကကြိုးဆွဲသွားတဲ့လူဟာ သေမင်းဆီပို့တာပဲ (မှန်ပါ့) ဟိုရောက်တော့ သေမင်းနဲ့ တွေ့ရလိမ့်မယ်ဆိုတာကော သူ သိသေးရဲ့လား (မသိပါ ဘုရား)။
ဒါဖြင့် ပို့တဲ့လူကိုလဲမသိ၊ သေမင်းနဲ့တွေ့မှာလဲ မသိဆိုတော့ တိရစ္ဆာန်စိတ်ပဲ၊ တိရစ္ဆာန်များ၏ ဖြစ်ထွေဟာ ကြောက်စရာကောင်းလိုက်တာလို့ ဦးခင်မောင်တို့မြင်ရင် ညည်းမှာပဲ (မှန်လှပါ) ဘာကြောင့် ညည်းသတုံး၊ နှစ်ဖက်မသိလို့ဗျာ (မှန်ပါ့)။
တိရစ္ဆာန်စိတ်မို့ပါ
ဆွဲသွားတဲ့လူကိုကော သိရဲ့လား (မသိပါ ဘုရား) ရောက်တဲ့နေရာဌာနမှာ အသက်ဆုံးရှုံးရမှာကော (မသိပါ ဘုရား) တယ်လဲ နစ်နာပါလား ဒကာ ဒကာမတို့၊ ဘာစိတ်မို့တုံး (တိရစ္ဆာန်စိတ်မို့ပါ ဘုရား)။
ကိုင်း ဒီစိတ်မျိုးဟာ ကျုပ်တို့အပေါ်ကောင်းဘူး ဆိုတာတော့ဖြင့် လူစင်စစ်မှာဖြင့် မပေါ်ကောင်းတာ အမှန်ပဲလို့ဘုန်းကြီးများက သတိပေးလိုက်တယ် (မှန်လှပါ)။
လူစင်စစ်မှာတော့ (မပေါ်ကောင်းပါ ဘုရား) ဦးဝတို့ကလန့်နေပြီထင်တယ်၊ ဒီစိတ်ရှိရမှာ လန့်ပြီထင်တယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ကျုပ်တို့ ခင်ဗျားတို့လဲ ချိန်ကြည့်တဲ့အခါကျလို့ရှိရင် ယခုဇရာထဲမှာ လူတိုင်း ရောက်နေပြီ (မှန်ပါ့) ဘယ်နှယ်ဆိုကြမလဲ (ဇရာထဲ လူတိုင်းရောက်နေပါပြီ ဘုရား) ဇရာထဲမှာ ချွင်းချက်မရှိ လူတိုင်း ရောက်နေပါပြီဆိုရင်ကော ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) ဇရာထဲမှာ မုချရောက်ပြီ (မှန်ပါ့)။
ဒါဖြင့် နွားသတ်သမားဆီဆွဲပို့တဲ့ ဇရာလက်တွင်းမှာဖြင့် ကျုပ်တို့ရောက်ပြီဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီဇရာထဲ ရောက်နေလျက်နဲ့ ကျုပ်တို့သည်ကားလို့ ဆိုရင် သားနဲ့ပျော်၊ သမီးနဲ့ပျော်၊ ဟိုလူနဲ့ဣဿာဖြစ်၊ ဒီလူနဲ့မစ္ဆိရိယဖြစ်၊ ဟိုလူနဲ့မတည့်၊ ဒီလူနဲ့မတည့်၊ ဟိုလူ့အပေါ်မောက်ချင်၊ ဒီလူ့အပေါ်ကြွားချင်နဲ့ဆိုတာက လမ်းမှာ တွန်ချင်တဲ့သဘောတွေ၊ ခွါယက်တဲ့သဘောတွေ သိပ်ပါတယ် (မှန်ပါ့) မပါကြဘူးလား (ပါ-ပါတယ် ဘုရား)။
ပုံသဏ္ဍာန်သာ ပြောင်းတယ်၊ စိတ်ထားတော့ အတူတူပဲ
ဘာပါတာတုံး တွန်တာတွေ၊ ခွါယက်တာတွေ ပါတယ်ဆိုတော့ ကျုပ်တို့ဟာ ခုနင်ကနွားတော့ မသိရှာဘူးလို့ ဆိုငြာသော်လဲ ကိုယ်၏ဖြစ်စဉ်တွေလဲ ကိုယ်မသိတဲ့အဓိပ္ပာယ် ရောက်နေတယ် (မှန်ပါ့) ဒါဖြင့် ပုံသဏ္ဍာန်သာ ပြောင်းတယ်၊ စိတ်ထားတော့ အတူတူပဲ (မှန်ပါ့)။
ဘယ်လိုဆိုကြမလဲ (ပုံသဏ္ဍာန်သာပြောင်းတယ်၊ စိတ်ထားအတူတူပါ ဘုရား) ပုံသဏ္ဍာန်ကတော့ လူကနှစ်ချောင်း၊ နွားကလေးချောင်း (မှန်ပါ့ ဘုရား) စိတ်ကတော့ (အတူတူပါပဲ ဘုရား)။
ဦးခင်မောင် စိတ်မဆိုးနဲ့နော် (မဆိုးပါ ဘုရား) သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ပျော်ပြီး သကာလ သူတော်ကောင်းဖက် လစ်ဟင်းနေတဲ့အဖြစ်ကို ကြည့်လိုက်လို့ရှိရင်ဖြင့် ဒါပျော်လို့လစ်ဟင်းနေတာပဲ (မှန်ပါ့) စိတ်ကြောင့်ကျလို့ သားအတွက်စိုးရိမ်၊ သမီးအတွက်စိုးရိမ်နေလို့ လစ်ဟင်းနေတာပေါ့ဗျာ (မှန်ပါ့) တနည်းအားဖြင့်လဲ သူတို့နဲ့ပြုံးရွှင်ပြီး ပျော်နေရလို့ကော (လစ်ဟင်းပါတယ် ဘုရား)။
ဒါဖြင့် လစ်ဟင်းတဲ့အဖြစ်သည်ကား လို့ဆိုရင် ဒကာ ဒကာမတို့ မသိလို့လစ်ဟင်းတာ (မှန်ပါ့) ကိုယ့်မှာတော့ဖြင့် နွားသတ်ရုံပို့တဲ့နွားဆွဲသမားနဲ့ အတူတူနေရပြီဆိုတာ ဇရာနဲ့ပဲအဖော်လုပ်နေရတာ သေချာတယ် (သေချာပါတယ် ဘုရား) ဇရာဘယ်ရောက်အောင်ပို့မှာပါလိမ့် (သေမင်းဆီပို့မှာပါ) သေမင်းဆိုတော့ မရဏဆီ အရောက်ပို့မှာဆိုတာက အထူးသေချာတယ် (သေချာပါတယ်) ရှောင်လို့ကွင်းလို့ကိုပဲ အထူးလွတ်ရေး ကျွတ်ရေး မြင်သလား (မမြင်ပါ ဘုရား)။
မာန်ကလေး ဘာကလေးတက်လိုက်ပေါ့ဗျာ
ရှောင်လို့ ကွင်းလို့ လွတ်ရေး ကျွတ်ရေး မမြင်တာလဲ အထင်အရှားပါပဲ (မှန်ပါ) အဲဒီအထဲမှာ သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ ပြုံးကြ၊ ရွှင်ကြ၊ ရောင်းကြ၊ ဝယ်ကြ နေတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တခါတလေ မာန်ကလေးတက်လိုက်၊ တခါတလေပြုံးလိုက်၊ တခါတလေ အရောင်းအဝယ်ကလေး ဖြောင့်လာလို့ရှိရင် စီးပွားဂုဏ်နဲ့ မာန်ကလေး ဘာကလေးတက်လိုက်ပေါ့ဗျာ (မှန်ပါ့)။
တခါတလေကျတော့ အရောင်းအဝယ်ရှုံးတဲ့အခါကျတော့ ဒေါမနဿတွေဖြစ်လိုက်နဲ့ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ပြီး သကာလ လာခဲ့ကြတော့ ဪ ငါသည်ကားလို့ ဆိုရင်ဖြင့် အခု သေမင်းဆီပို့နေတဲ့ ဇရာနဲ့နေရတာ ပါကလားလို့ ပြန်ပြီးမတွေးမိဘူး (မတွေးမိပါ ဘုရား)။
ဒီနေရာက ရုန်းမည့် ကန်မည့်ဆိုတဲ့ စေတနာကကော လာရဲ့လား (မလာပါ ဘုရား) မဂ္ဂင်အလုပ်တွေ လုပ်ပြီး ရုန်းကန်ထွက်ပါတော့မယ်လို့ကော (မလာပါ ဘုရား)။
မလာတော့ကို ခုနင်က နွားသတ်ယောကျ်ားဆီဆွဲတဲ့ နွားသည်ကား လို့ ဆိုရင်ဖြင့် ရုန်းချင် ကန်ချင်တဲ့စိတ်ပဲ လာသလား၊ အဆင့်ဆင့်ပဲ ပျော်ရင်း ရွှင်ရင်းနဲ့ပဲ ပါသွားသလားဆိုတာ သတိထားကြပေတော့ (ပျော်ပျော်ရွှင်ရွှင်နဲ့ ပါသွားပါတယ်) ပျော်ရွှင်ရင်းနဲ့ပါသွားတယ်ဆိုတာ ဒကာ ဒကာမတွေငြင်းဆန်ဖို့လိုသေးသလား (မလိုပါ ဘုရား)။
ဪ ဒို့အနေသည်ကားလို့ဆိုရင် သေမင်းဆီပို့တဲ့ဇရာတည်းဟူသော နွားဆွဲသမားနဲ့တူတဲ့ ဇရာနဲ့နေရတာ တောင်မှ ဒို့သည် တိရစ္ဆာန်စိတ် မပျောက်သေးပါကလား၊ ဆရာဘုန်းကြီးသာ သတိမပေးလို့ရှိရင် ဒီစိတ်ဟာ တိရစ္ဆာန် အစစ်ပဲ (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ဘာစိတ်ပါလိမ့် (တိရစ္ဆာန်စိတ်ပါ ဘုရား) ဒါပြင်လိုက်ပါဦး လို့ပြောလိုက်တယ် (မှန်ပါ့)။
ပြင်လိုက်ပါဦး အချိန်ကလေးရတဲ့အခါ၊ အိမ်မှာနေတဲ့အခါဖြစ်လို့ရှိရင် ဒီခန္ဓာကြီးနဲ့ဖြင့် လွတ်အောင်ရုန်းပါ့မယ်၊ နို့မဟုတ်ရင် တဏှာနဲ့အဖော်လုပ်နေဦးမှာပဲ (မှန်ပါ့)။
သေမင်းနဲ့အဖော်လုပ်နေဦးမှာပဲ
သူနဲ့အခွဲလို့ရှိရင် သေမင်းနဲ့အဖော်လုပ်နေဦးမှာပဲ (မှန်ပါ့) ဒီခန္ဓာနဲ့မခွဲရင် ဇရာနဲ့ကော (အဖော်လုပ်နေ ရဦးမှာပါ ဘုရား) သေမင်းဆိုတဲ့မရဏနဲ့ကော (အဖော်လုပ်နေရဦးမှာပါ ဘုရား)။
ဪ မင်းအတွက်နဲ့ မင်းနဲ့ အတူတူနေရတဲ့ အဖြစ်ကဖြင့် နွားသတ်ရုံပို့တဲ့လူနဲ့ အတူတူနေရသလိုပဲ ဇရာနဲ့အတူတူနေရတယ်ဆိုတာကော ဒကာ ဒကာမတွေ မမှန်ဘူးလား (မှန်ပါတယ် ဘုရား) ဒီကရှေ့ သေမင်းနဲ့ အဖော် လုပ်ရမယ်ဆိုတာကော (မှန်ပါတယ် ဘုရား)။
ဒါ ခန္ဓာရှိလို့လုပ်ရတာ (မှန်ပါ့ ဘုရား) နဂိုရ်က ခန္ဓာကိုစွဲလမ်းခဲ့တဲ့သတ္တိဟာ အခုတော့ဖြင့် ကိုယ်ကျိုးလှလှ နည်းပေါ့ ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
နဂိုရ်ကတော့ ခင်ဗျားတို့ ခန္ဓာစွဲလမ်းလို့ ခန္ဓာရခဲ့ကြတယ် (မှန်ပါ့) နောက်ဘဝ ခန္ဓာစွဲလမ်းလို့ ဒီဘဝ ခန္ဓာရခဲ့ကြတယ် (မှန်ပါ့)။
ဒီဘဝ ခန္ဓာ ဘာဖြစ်လို့ရခဲ့ကြသလဲ (နောက်ဘဝက ခန္ဓာစွဲလမ်းလို့ပါ) နောက်ဘဝက ကိုယ့်ခန္ဓာ မစွန့်နိုင်တဲ့ စွဲလမ်းမှုကြောင့် ဒီဘဝမှာ ဘာရပြန်သတုံး (ခန္ဓာရပါတယ် ဘုရား)။
နောက်ဘဝက ခန္ဓာမစွန့်နိုင်လို့
ခန္ဓာငါးပါးပဲ ပြန်ရတယ်၊ ရချင်လို့ရတာလား၊ နောက်ဘဝက ခန္ဓာမစွန့်နိုင်လို့ ရခဲ့တာလား (နောက်ဘဝက ခန္ဓာမစွန့်နိုင်လို့ ရခဲ့တာပါ ဘုရား)။
ဒါ သေသေချာချာ မှတ်ပါဦး ဦးခင်မောင် (မှန်ပါ့) နောက်ဘဝက ခန္ဓာစွန့်နိုင်တဲ့ပုဂ္ဂိုလ် ဒီဘဝခန္ဓာ မရဘူး (မှန်ပါ့)။
နောက်ဘဝ ခန္ဓာမစွန့်နိုင်ပဲနဲ့ သေမင်းလက်တွင်း အပ်လိုက်ရလို့သာ စွန့်ခဲ့ရတယ်၊ စွဲလမ်းမှုကတော့ မပြေသေးဘူးဆိုရင် ဒီဘဝ ခန္ဓာပြန်ရတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီခန္ဓာရခြင်း၏အကြောင်းကို ဒကာ ဒကာမတို့ပဲ စဉ်းစားပါတော့၊ ဘယ့်နှယ်ကြောင့် ဒီခန္ဓာရပါလိမ့်မလဲဆိုတဲ့လက်သည် ဖော်စမ်းပါဦး (ခန္ဓာကို စွဲလမ်းလို့ပါ ဘုရား)။
အတိတ်ဘဝ ခန္ဓာကို စွဲလမ်းခဲ့တယ်၊ ခင်ခဲ့တယ် (မှန်ပါ့) စွဲလမ်းခဲ့ ခင်ခဲ့တော့ ဥပါဒါန် မဖြစ်ခဲ့ဘူးလား (ဖြစ်ခဲ့ပါတယ် ဘုရား) ဒါ့ကြောင့် ယခုဘဝမှာ ဘာနဲ့အတူတူ နေရသတုံး (ခန္ဓာငါးပါးနဲ့ အတူတူ နေရပါတယ် ဘုရား)။
ဪ ဒါဖြင့် ဟိုဘဝကစွဲလမ်းခဲ့တဲ့ တဏှာကြောင့် ဒီဘဝမှာ ခန္ဓာအသစ်နဲ့ အဖော်လုပ်နေရတာပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာကိုယ်ကြီး ရ ရတာဟာ ရချင်လို့ ရ ရတာလား
တရားမများသေးပါဘူး၊ နှစ်လုံးတည်းရှိသေးတယ် ဒကာ ဒကာမတို့၊ နှစ်လုံးတည်း ရှိပါသေးတယ် (မှန်ပါ့) ယခု အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ ရောထွေးနေတဲ့ ခန္ဓာကိုယ်ကြီး ရ ရတာဟာ ရချင်လို့ ရ ရတာလား၊ အလကား ရတာလား၊ သိကြား ဗြဟ္မာ ဘုရား ဖန်ဆင်းပြီး သူတို့က ဂွတိုက်ပြီး ပေးလို့ ယူထားရတာလားလို့ မေးဖို့လိုပါတယ် (မှန်ပါ့) ဘယ်လိုရ ရတာပါလိမ့် (အတိတ်ဘဝက ခန္ဓာကို စွဲလမ်းလို့ပါ ဘုရား) အတိတ်ဘဝက ခန္ဓာကို စွဲလမ်းသောကြောင့် ယခုဘဝခန္ဓာကြီးနဲ့ လှလှရ ရပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့်အတိတ်ဘဝက ခန္ဓာမှာ သူ ဥပါဒါန် ရှိတာပေါ့ (မှန်ပါ့) ရှိတော့ ဒီဘက် ပစ္စုပ္ပန်ခန္ဓာကြီးဟာ မရပေဘူးလား (ရပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဟိုဘက်ဘဝက ဥပါဒါန်ကြောင့် ဒီဘက်ဘဝ ခန္ဓာပေါ်တာပဲ (မှန်ပါ့) အတိတ်ဘဝက ဥပါဒါန်ကြောင့် (ဒီဘဝခန္ဓာပေါ်ပါတယ် ဘုရား) ဒီခန္ဓာ ပေါ်တယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ပျော်ရွှင်နေတာသည် နွားပျော် တိရစ္ဆာန်ပျော်ဆိုတာကော ဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား) အခု ဘယ်သူနဲ့ အဖော်လုပ်နေရသတုံး (ဇရာ မရဏနဲ့ အဖော်လုပ်နေရပါတယ် ဘုရား)။
နွားဆွဲကုလားနဲ့ပျော်နေတယ်
ဇရာဆိုတာ နွားသတ်ရုံကိုဆွဲပို့နေတဲ့ နွားဆွဲကုလားနဲ့ပျော်နေတယ် (မှန်ပါ့) နွားသတ်ရုံကို ဆွဲပို့နေတဲ့ နွားဆွဲကုလားသည်ကား လို့ ဆိုရင်ဖြင့် နွားသတ်ရုံမှတပါး လမ်း ဘယ်မှမကွေ့မကောက်တော့ပါဘူး၊ အဲဒီကိုပဲ အဖြောင့် ပို့မယ်ဆိုတာကတော့ သေချာပါတယ် (မှန်ပါ့) ရှောင်လို့ လွှဲလို့ သူပို့ဦးမှာလား (မပို့ပါ ဘုရား)။
ခင်ဗျားတို့လဲ အခု ဇရာနဲ့အဖော်လုပ်ပြီး သကာလ နေတာရုန်းချိန်ကန်ချိန်ဟာ အခုအချိန်ပဲနော် (မှန်ပါ့)။
အားလုံး ဒကာ ဒကာမတွေ ဒီအချိန်ဟာ ဘာအချိန်ပါလိမ့် (ရုန်းချိန်ကန်ချိန်ပါ ဘုရား) အဲ ရုန်းချိန်ကန်ချိန်ဆိုတာ ဘုန်းကြီး တခြားဟောတာ မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ အလုပ် လုပ်ချိန်ကိုဆိုပါသည် (မှန်ပါ့ ဘုရား)။
ရုန်းချိန်ကန်ချိန်ဆိုတာ ဘာပါလိမ့် (အလုပ် လုပ်ချိန်ပါ ဘုရား) သူ့ကို မုန်းချိန်ကိုဆိုတာ (မှန်ပါ့)။
သူ့ကို မုန်းချိန်၊ စွန့်ချိန်၊ ဒါဟာ ရုန်းချိန် ကန်ချိန်ပဲ (မှန်ပါ့) သူ့ကို မုန်းအောင် ရွံအောင် လုပ်ရမယ် (မှန်ပါ့) ဟိုဘက် သတ်ကာနီးမှဆိုတော့ ဘယ့်နှယ်တတ်နိုင်ဦးမှာလဲ (မတတ်နိုင်ပါ ဘုရား) မတတ်နိုင်ဘူးဆိုတော့ ယခုအချိန်ဟာ ရုန်းချိန်ကန်ချိန်လဲရောက်ပြီ၊ တွန်ချိန်မြူးချိန်တော့ မဟုတ်တော့ဘူး (မှန်ပါ့)။
ဦးခင်မောင် အရေးမကြီးဘူးလားဗျာ (ကြီးပါတယ် ဘုရား)
ကိုင်း ဒါဖြင့် စီးပွားရေးကို တိုးတက်ပြီး ရှာမည်ကြံလိုက် ဪ မင်းနှယ် ဖျင်းလိုက်တာကွာ၊ နွားသတ်ရုံနဲ့ နီးနီးကလေးကွ၊ အခုဆွဲနေတဲ့ ဇရာကလဲ အဲဒီအရောက်ပို့မည့်အထဲ မင်းက စီးပွား လိုချင်သေးသလား၊ စီးပွားရလို့ မင်းက ပြုံးချင်သေးလား၊ မင့်သားတွေ သမီးတွေအတွက်လဲ မစိုးရိမ်ဘူးလားလို့ ကိုယ့်ကိုယ်လဲ မေးပါဦး (မှန်ပါ့) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။
သားတွေ သမီးတွေအတွက် မင်း ထိုက်တန်သလောက် ထားခဲ့ပေါ့ကွာ၊ ကိုယ့်အတွက်ကတော့ ကိုယ်ရုန်းချိန် ကန်ချိန်ရောက်တဲ့ဥစ္စာပဲ ရုန်းပါတော့လားလို့ မဆိုသင့်ဘူးလား (ဆိုသင့်ပါတယ် ဘုရား)။
ရုန်းဖြစ်အောင် ရုန်းပါဆိုတာ
အဲ ရုန်းချိန်ကန်ချိန်ရောက်လို့ ရုန်းရမည့်အချိန်ကာလကို ဒကာ ဒကာမတွေ ရုန်းဖြစ်အောင် ရုန်းပါဆိုတာကို သတိပေးရတယ် (မှန်ပါ့) ရှေ့ကို ရုန်းနိုင်လိမ့်မယ်လို့ အခြေမရှိတော့ဘူး (မှန်လှပါ ဘုရား) ဒါဖြင့် အခုအချိန်ဟာ ရုန်းချိန်ကန်ချိန်ပဲ (မှန်ပါ့)။
ဘာချိန်ပါလိမ့် (ရုန်းချိန်ကန်ချိန်ပါ ဘုရား) ရုန်းချိန် ကန်ချိန်မှာ ကန်ပြီး သကာလ ရုန်းပါဆိုတဲ့အဓိပ္ပာယ် ပြောတာပါပဲ (မှန်ပါ့)။
အဲဒါလောက်ပြောနေတာသည် တခြားမဟုတ်ဘူး၊ အခုအချိန်မှာ ဉာဏ်ကလေးကောင်းတုန်း (မှန်ပါ့) စားသောက်လို့ နေလို့ထိုင်လို့လဲ ကောင်းတုန်းမို့ ခန္ဓာကိုယ်ကြီးက ခိုင်းလို့ စေလို့ကောင်းတုန်း၊ ဉာဏ်ကလေးက ရွှင်ရွှင်ပျပျနဲ့ အလုပ်ဝတ္တရားမြင်နိုင်တဲ့အခြေအနေရှိတုန်းမို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကားလို့ဆိုရင် လုပ်လိုက်ကြပါလို့ ပြောတာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်ရမှာပါလိမ့် (ဝိပဿနာလုပ်ရမှာပါ ဘုရား) အဲ ဝိပဿနာလုပ်တာသည် ရုန်းကန်တဲ့အလုပ်ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ကဲ ဒါဖြင့် ရုန်းကန်ချိန်ဟာ ဘယ်အချိန်မှာပါလိမ့်ဗျာ (ယခုအချိန်ပါ ဘုရား) ယခုအချိန်ဆိုတာ သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ငြီးငွေ့တဲ့ဉာဏ်မပေါ် ပေါ်အောင် လုပ်ပါ
ကောင်းပြီ အခုအချိန်ပဲဆိုတာ သဘောပါတော့မှ ဪ ဒို့ဖြင့် အချိန်တိုင်း အချိန်တိုင်း ခန္ဓာကိုယ်ကြီးကို ရွံပြီး မုန်းပြီး ငြီးငွေ့တဲ့ဉာဏ်မပေါ် ပေါ်အောင် လုပ်ပါတော့မယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ရွံမုန်း ငြီးငွေ့တဲ့ဉာဏ် ဘာလုပ်ရမတုံး (မပေါ်-ပေါ်အောင် လုပ်ရပါမယ် ဘုရား) ဒါဟာ ရုန်းကန်တာပဲ (မှန်ပါ့ ဘုရား)။
မင်းသည်ကားလို့ဆိုရင် မင်းရှိတဲ့အတွက် ဇရာနဲ့ အဖော်လုပ်ရတယ် (မှန်ပါ့) မင်းရှိတဲ့အတွက် မရဏနဲ့ (အဖော်လုပ်ရပါတယ် ဘုရား) ဘယ်မှာ ကောင်းသတုံး၊ ခန္ဓာငါးပါးရှိတာ ဘယ်သူနဲ့ အဖော်လုပ်ရသတုံး (ဇရာနဲ့ အဖော်လုပ်ရတယ်၊ မရဏနဲ့အဖော်လုပ်ရပါတယ် ဘုရား)။
ဒါဖြင့် မင်းရှိလို့ ဇရာနဲ့အဖော်လုပ်ရ၊ မရဏနဲ့ အဖော်လုပ်ရတယ်၊ မင်းကိုပဲ ရွံအောင် မုန်းအောင်လုပ်တဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ် မရ အရ လုပ်ပါတော့မယ် ဆိုလို့ရှိရင်ဖြင့် ခုနက ဇရာနဲ့ အဖော်လုပ်ရတဲ့ ခန္ဓာနဲ့လဲ အိုးစားကွဲမှာပဲ (မှန်ပါ့) မရဏနဲ့အဖော်လုပ်တဲ့ ခန္ဓာနဲ့ကော (အိုးစားကွဲမှာပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ကို ဟောနေတာကို အအိုလွတ်၊ အသေလွတ်ဟောနေတာ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ဘုန်းကြီးက အအိုလွတ် အသေလွတ်ဟောပြီးတော့နေတယ်၊ ခင်ဗျားတို့က သားတွေ သမီးတွေ၊ ဆွေတွေမျိုးတွေနဲ့ ပြောချင်ရာပြော ဆိုချင်ရာဆို၊ ဝတ်ချင်ရာဝတ်၊ စားချင်ရာစားပြီး သကာလ နေမယ်၊ ရုန်းကန်တဲ့အလုပ်ကို မလုပ်ဘူးဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ခုနင်က နွားသတ်ရုံဆွဲတဲ့ နွား တွန်ယက်ပြီး သကာလ နေသလို တိရစ္ဆာန်စိတ်ပေါက်နေတဲ့ အခြေအနေဟာ ကိုယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒါဖြင့် လူတိရစ္ဆာန်တွေ လို့ပြောရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။
ပြင်ချိန်က နည်းနည်းပဲကျန်တော့လို့
ဒါကြောင့် ဆရာသမားတွေ့နေတဲ့အချိန်မှာ ဒကာ ဒကာမတွေက ရုန်းကန်ပြီး သကာလ လူတိရစ္ဆာန် အလုပ်ကို တော်ပြီကွာ သိမ်းတော့မယ်ကွာ ဟုတ်လား (မှန်ပါ့) ဇာတ်သိမ်းတော့မယ်ကွာ ဆိုပြီး ပြင်ဖြစ်အောင် သတိပေးလိုက်ပါတယ် (မှန်ပါ့) ပြင်ချိန်က နည်းနည်းပဲကျန်တော့လို့ အခုပြောတာ (မှန်ပါ့)။
ပြင်ချိန်က ဘယ်လောက်များ ကျန်သေးသလဲ (နည်းနည်းပဲကျန်ပါတော့တယ် ဘုရား) နည်းနည်းပဲ ကျန်တော့တယ်၊ ရှေ့နေခဲ့တာကတော့ နေပြီးပြီလို့ ဪ နေလို့ရတယ်လို့ ဆိုရပါတယ်၊ နှစ်ပေါင်းဘယ်လောက်ဆိုတာ (မှန်ပါ့) ရှေ့ နေရမှာကတော့ ဘယ်လောက်တုံးဆိုတော့ မသိဘူးဆိုပါတော့ ဒီဘက်က နည်းမနေဘူးလား (နည်းနေပါတယ် ဘုရား)။
ဒါဖြင့် နည်းတာကို နည်းတဲ့အထဲမှာဖြင့် မနှုတ်ပါနဲ့ ဆိုတာကို ခဏခဏ သတိပေးတယ် (မှန်ပါ့) နည်းတဲ့ အထဲကနေပြီး သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ မနှုတ်ကြပါနဲ့တော့၊ ရုန်းကန်တဲ့အလုပ်နဲ့သာ နေကြပါတော့ဆိုတာ သတိပေးရတယ် (မှန်ပါ့) မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဟာ သံဝေဂလောက် ပြောနေတာလား၊ ဖြစ်စဉ်ကိုက်လားဆိုတာလဲ စဉ်းစားပါဦး (ဖြစ်စဉ်ကိုက်ပါ ဘုရား) ဖြစ်စဉ်ကိုက် တဲ့၊ တကယ် တွေ့နေလို့ တကယ်ပြောနေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အရိယာမျက်လုံး တပ်ပေးလိမ့်မယ်
ဒါဖြင့် ခင်ဗျားတို့ ယနေ့ အရိယာမျက်လုံး တပ်ပေးလိမ့်မယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ခင်ဗျားတို့ ပြုံးတယ်၊ ရွှင်တယ်ဆိုတာ အရိယာမျက်လုံး မရှိလို့ ပြုံးတာ (မှန်ပါ့) ပြုံးနိုင်တယ်၊ ရွှင်နိုင်တယ်၊ သားနဲ့သမီးနဲ့ ပျော်နိုင်တယ်၊ စီးပွားဥစ္စာ ရတနာတွေကို မရောင့်ရဲအောင် ရှာနိုင်တယ်ဆိုတာ ဘယ်မျက်လုံးမရှိလို့ပါလိမ့် (အရိယာမျက်လုံးမရှိလို့ပါ)။
ဘယ်မှာ အရိယာမျက်လုံး ရှိမလဲ တဲ့၊ ဘာကြောင့်တုံးဆိုတော့ မိမိခန္ဓာအတွက်လဲ ရှာတာပဲ (မှန်ပါ့) သားသမီးခန္ဓာအတွက်ကော (ရှာပါတယ်) ဒါတွေဟာ မိမိဖြစ်နေကတည်းက အရိယာမျက်လုံးမဟုတ်ဘူး (မှန်ပါ့)
သားသမီးဖြစ်နေကတည်းက (အရိယာမျက်လုံး မဟုတ်ပါ ဘုရား) ဆွေမျိုးဉာတကာ ဖြစ်နေကတည်းက (အရိယာမျက်လုံး မဟုတ်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ရှာဖွေတာသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ဦးခင်မောင် မျက်လုံးအမှားနဲ့ရှာတာ (မှန်ပါ့)။
ဘယ်လိုဆိုကြပါ့မလဲ (မျက်လုံးအမှားနဲ့ရှာတာပါ ဘုရား) ပုထုဇဉ် မျက်လုံးရှိနေတဲ့အတွက် ဒကာ ဒကာမတွေ အမှားတွေချည့် လုပ်နေတယ်နော် (မှန်ပါ့) အရိယာမျက်လုံးကလေး တပ်ပေးလိုက်မယ်ဆိုလို့ရှိရင် ဒို့လုပ်သ၍ဟာ အမှားချည့်ပါလားဆိုတာ လာတော့မယ် (မှန်ပါ့) မလာပါနဲ့လို့ ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)။
ကိုင်း ဒါဖြင့် အရိယာမျက်လုံးတပ်ကြပါစို့ (မှန်ပါ့) ဒါဟာ မာဂဏ္ဍီပရဗိုဇ်ကြီး အရိယာမျက်လုံး တပ်တဲ့နေ့ပဲလို့ ဦးခင်မောင် မှတ်ရလိမ့်မယ်နော် (မှန်ပါ့)။
ဒီ ငါးခုဟာ ဘယ်သူပါလိမ့်
ဒကာ ဒကာမတို့ ဒီဘက်က ၁-နံပါတ်က ရူပက္ခန္ဓာထားပါ၊ ၂-နံပါတ်က ဝေနက္ခန္ဓာ၊ ၃-နံပါတ်က သညာက္ခန္ဓာ၊ ၄-နံပါတ်က သင်္ခါရက္ခန္ဓာ၊ ၅-နံပါတ်က စိတ်ဆိုတဲ့ဝိညာဏက္ခန္ဓာ၊ ဆိုတော့ ဒါဟာ ခန္ဓာငါးပါး (မှန်ပါ့) ဒါဟာ တရားနာနေတဲ့ပုဂ္ဂိုလ်တွေပဲ (မှန်ပါ့)။
ဒီ ငါးခုဟာ ဘယ်သူပါလိမ့် (တရားနာတဲ့ပုဂ္ဂိုလ်တွေပါ ဘုရား)။
ယောကျ်ားလို့ ဆိုတာလဲ ဒီငါးပါးပဲ (မှန်ပါ့) မိန်းမလို့ ဆိုတာလဲ (ဒီငါးပါးပါပဲ ဘုရား) ဒီငါးပါးပဲရှိတယ် ဒကာ ဒကာမတို့၊ ဒီအထဲမှာ လေးပါးရှိတဲ့ပုဂ္ဂိုလ်လဲမပါဘူး၊ သုံးပါးရှိတဲ့ပုဂ္ဂိုလ်လဲ မပါဘူး၊ ဘယ်နှစ်ပါးသာရှိသလဲ (ငါးပါးသာရှိကြပါတယ် ဘုရား)။
ငါးပါးရှိတဲ့အထဲကလဲ ဒကာ ဒကာမတွေ ရုပ်က တရားတစ်ပါး၊ နာမ်က တရားလေးပါးပေါ့ဗျာ (မှန်ပါ့) ဒါပဲရှိပါတယ်၊ တခြား ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား) ကောင်းပြီ ရုပ်တရားကတစ်ပါး၊ နာမ်တရားက လေးပါးဆိုတော့ ဒါကို ခန္ဓာငါးပါးလို့ခေါ်တယ် (မှန်ပါ့)။
အဲဒီတော့ သေသေချာချာစဉ်းစားကြည့်တော့ ရုပ်တရားက ဆေးရုံကြီးပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဝိညာဏက္ခန္ဓာဆိုတဲ့စိတ်တရားက လူနာသည်ပဲ (မှန်ပါ့)။
စိတ်တရားက ဘာတဲ့ (လူနာသည်ပါ ဘုရား) ရုပ်တရားက (ဆေးရုံကြီးပါ ဘုရား)။
စိတ်နာတယ်လို့ပြောတာ
ဒီငါးပါးထဲမှာ ဒကာ ဒကာမတို့ ဝေဒနာဆိုတာ မရှိဘူးလား (ရှိပါတယ် ဘုရား) ဝေဒနာဆိုတာရှိတော့ကို ဒီစိတ်ပေါ်မှာ စိတ်နာတယ်လို့ မပြောကြဘူးလား (ပြောပါတယ် ဘုရား) အဲ ဒါက စိတ်ပေါ်မှာ ဝေဒနာကိန်းတာကို စိတ်နာတယ်လို့ပြောတာ (မှန်ပါ့) ဒါက ဝေဒနက္ခန္ဓာလာပြီး ကပ်တယ်၊ ခန္ဓာ ဘယ်နှစ်ပါးရှိသွားပလဲ (သုံးပါးရှိသွားပါပြီ ဘုရား)။
ကောင်းပြီ ရုပ်တရားက ဆေးရုံ၊ စိတ်တရားက လူနာသည်ပေါ့ဗျာ (မှန်ပါ့) ဝေဒနာကတော့ အနာ သက်သက်ပဲ၊ လူအပေါ်မှာအနာပေါက်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) စိတ်တရားက လူနာသည်နော် (မှန်ပါ့ ဘုရား) ဝေဒနာက အနာ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ခန္ဓာကိုယ်ထဲမှာ ရုပ်တရားကြီးက ဆေးရုံ၊ စိတ်တရားက လူနာ၊ ဝေဒနက္ခန္ဓာ အနာသက်သက် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
သညာက္ခန္ဓာကတော့ ဒကာ ဒကာမတို့ မှတ်တာပေါ့ တဲ့၊ ဒါက မသင့်တဲ့အစာ အနာ ကြီးပွားအောင် လုပ်ပေးတယ် (မှန်ပါ့)။
သညာက္ခန္ဓာက ဘာတုံး (အနာကြီးပွားအောင် လုပ်ပေးတယ်) မသင့်တဲ့အစာပဲ (မှန်ပါ့)။
မသင့်တဲ့အစာဆိုတာ ဒကာ ဒကာမတို့ သညာက သားလို့ မှားလိုက်လို့ ရှိရင်ဖြင့် သားဆိုလို့ရှိရင် သိပ်ခင်တဲ့ဝေဒနာကြီး သုခဝေဒနာကြီးရောက်လာတယ်၊ သားကလေး တစ်ခုခုဒုက္ခ ဖြစ်တယ်ဆိုရင် သိပ်စိတ်ဆိုးတဲ့ ဝေဒနာကြီး ရောက်လာတယ် (မှန်ပါ ဘုရား) ဒါဖြင့် သညာကြောင့် ဝေဒနာကြီးရတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
သညာက မသင့်တဲ့အစာ
ဒါဖြင့် သညာက ဘာပါလိမ့် (မသင့်တဲ့အစာပါ ဘုရား) မသင့်တဲ့အစာ ဟုတ်တယ် မဟုတ်တယ် ဘုန်းကြီးပြောပြမယ်၊ သညာက မသင့်တဲ့အစာအမှန်ပါပဲ တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)။
သညာဆိုတာကသားရယ်လို့ မှတ်ထားတာလဲ သညာ၊ သမီးရယ်လို့ မှတ်ထားတာလဲ သညာပဲ မဟုတ်လား (မှန်ပါ့) မိမိကိုယ်ရုပ်လို့ မှတ်ထားတာလဲ သညာပဲမဟုတ်လား (မှန်ပါ့ ဘုရား)။
အဲဒီတော့ မိမိကိုယ်မှာ ကြည့်လိုက်တဲ့အခါမှာ အင်ပြင်တွေ ဘာတွေထ၊ ထိပ်ကနဲသွားတယ်ဆိုရင် ဒေါမနဿနဝေဒနာက ကြီးလာတယ် (မှန်ပါ့)။
ကြည့်လိုက်တဲ့အခါကျတော့ ပြေပြေပြစ်ပြစ်နဲ့ ကြည့်လိုက်ပြန်လဲ သောမနဿဝေဒနာက ကြီးလာတယ် (မှန်ပါ့) ဒါဖြင့် အဲဒါဟာ အမှတ်ကြောင့် ကြီး ကြီးလာတာ (မှန်ပါ့) အမှတ်မပါရင် (မကြီးပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သညာက ဘာနဲ့တူသတုံး (မသင့်တဲ့အစာနဲ့ တူပါတယ် ဘုရား) အဲ သူ့ကြောင့် ဝေဒနာ အမျိုးမျိုး မကြီးဘူးလား (ကြီးပါတယ် ဘုရား)၊
ဝိညာဏက္ခန္ဓာက အနာလက်ခံသမား
ဒါဖြင့် ဒကာ ဒကာမတို့ ရူပက္ခန္ဓာဆေးရုံ၊ စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာက အနာလက်ခံသမား၊ ဝေဒနာက အနာ၊ သညာကြောင့် ဝေဒနာသည်ဖြစ်ရတော့ ဒကာ ဒကာမတို့ သညာဟာ မသင့်တဲ့အစာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ခန္ဓာ ဘယ်နှစ်ပါးကုန်သွားပလဲ (လေးပါးပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် သညာက မသင့်တဲ့အစာ စားမိတယ်၊ မသင့်တဲ့ဥစ္စာကို အားပေးတဲ့ဥစ္စာ သဘာဝပဲ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာ သညာလဲ ခင်ဗျားတို့၏ဝေဒနာကြီးရာ ကြီးကြောင်းကို အားပေးတာပဲ လို့ဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား)။
သင်္ခါရက္ခန္ဓာဆိုတဲ့ စေတနာ စသည်ကလဲ ဒကာ ဒကာမတို့ကို ဘယ်လိုလုပ်လေ့ရှိပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် အနာမရ ရအောင် အနာရှိတဲ့ဆီချည့် တိုက်တွန်းတယ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြပါ့မလဲ (အနာရှိတဲ့ဆီချည့် တိုက်တွန်းပါတယ် ဘုရား) အနာရအောင်ချည့် တိုက်တွန်းတယ် (မှန်ပါ့) စေတနာဆိုတော့ သားဆီကို သွားလိုက်ဦးဆိုတော့ သားနာရပြန်တယ်၊ သမီးဆီသွားလိုက်ဦး ဆိုတော့ စေတနာက မတိုက်တွန်းဘူးလား (တိုက်တွန်းပါတယ် ဘုရား)။
ဘာနာရပြန်သတုံး (သမီးနာရပြန်တယ်) ပစ္စည်းဆီ သွားပြန်ဦးဆိုတော့လဲ စေတနာက တိုက်တွန်းတော့လဲ မသွားရဘူးလား (သွားရပါတယ် ဘုရား)။
သင်္ခါရက္ခန္ဓာက အနာဖြစ်ကြောင်း
ဘာနာရပြန်သတုံး (ပစ္စည်းနာရပါတယ် ဘုရား) ပစ္စည်းနာရခဲ့ပြန်တယ်ဆိုတော့ တောင်းရမ်းလို့ ရခဲ့ပြန်လဲ သောမနဿဝေဒနာကြီးတယ်၊ တောင်းရမ်းလိုရ မရခဲ့ပြန်တော့ကော (ဒေါမနဿဝေဒနာ ကြီးပါတယ် ဘုရား) အဲဒီတော့ ဒကာ ဒကာမတို့ အဲဒါ အနာဖြစ်ကြောင်း (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သင်္ခါရက္ခန္ဓာက ဘာတဲ့ (အနာဖြစ်ကြောင်းပါ ဘုရား)။
ကဲ ကဲ ပြန်ကြဦးစို့ ပြန်ကြဦးစို့၊ ခင်ဗျားတို့ခန္ခာကိုယ်ကြီးထဲမှာ ဘယ်ဟာများ ကောင်းသလဲဆိုတာ ဝေဖန်ကြဦးစို့နော် (မှန်ပါ့)။
ရူပက္ခန္ဓာဆိုတဲ့ ရုပ်တရားကြီးဟာ ဘာနဲ့တူသတဲ့ (ဆေးရုံကြီးနဲ့ တူပါတယ်) ဝေဒနက္ခန္ဓာက ဘာနဲ့တူသတဲ့ (အနာရောဂါနဲ့တူပါတယ်) သညာက္ခန္ဓာက ဘာတဲ့ (မသင့်တဲ့အစာနဲ့တူပါတယ်) မသင့်တဲ့အစာနဲ့တူတယ်၊ သူ့ကို သေသေချာချာစားမိလို့ရှိရင် ဝေဒနာကြီးတာပဲ (မှန်ပါ့)။
သင်္ခါရက္ခန္ဓာဆိုတဲ့ စေတနာတွေက ဘာတဲ့ (အနာဖြစ်ကြောင်းနဲ့တူပါတယ်) အနာဖြစ်ကြောင်းနဲ့ တူတယ်၊ သူက အနာမဖြစ် ဖြစ်အောင်ကို အားပေးတယ် (မှန်ပါ့) မပေးဘူးလား (ပေးပါတယ် ဘုရား)။
ရုပ်လှလှဖြစ်ရပါလို၏ ဆိုရင်
ဒါဖြင့် ခင်ဗျားတို့ခန္ဓာငါးပါးထဲမှာ ရုပ်လှလှဖြစ်ရပါလို၏ ဆိုရင်လဲ ဆေးရုံလှလှဖြစ်ရပါလို၏ (မှန်ပါ့) နောက်ဘဝ စိတ်ကောင်းကြီးနဲ့ဖြစ်ရပါလို၏ ဆိုရင်လဲ လူနာကြီးဖြစ်ရပါလို၏၊ လက်ခံနိုင်တဲ့လူမမာ ဖြစ်ရပါလို၏ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
နောက်ဘဝ ကောင်းကောင်းမွန်မွန် ဖြစ်ရပါလို၏၊ ခံစားရပါလို၏ဆိုရင် ဝေဒနာမျိုးစုံ တွေ့ရပါလို၏ ဟုတ်လား (မှန်ပါ့) နောက်ဘဝ အမှတ်သညာ ကောင်းရပါလို၏ဆိုရင် မသင့်တဲ့အစာကြီး စားမိပါရစေ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ နောက်ဘဝလဲ ဒီလိုပဲ စေတနာကောင်းကြပြီဆိုလို့ရှိရင်ဖြင့် အနာရအောင် တွန်းတဲ့လူကိုပင်လျှင် ကျုပ်တို့သည် မခွဲမခွါပဲနဲ့ နေရပါလို၏၊ ဒါပဲရှိတယ် ခင်ဗျားတို့ (မှန်ပါ့) ဒီ့ပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါ) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
အင်း ဒါဖြင့် ခန္ဓာငါးပါးမှာ စွဲလမ်းစရာများ ပါရဲ့လား (မပါ-ပါ ဘုရား) ဘယ်ဟာကြိုက်ကြသတုံး (ဘယ်ဟာမှမကြိုက်ပါ ဘုရား)။
ဆေးရုံဖြစ်ချင်သလား
ဆေးရုံဖြစ်ချင်သလား (မဖြစ်ချင်ပါ ဘုရား) လူနာ လက်ခံဖြစ်ချင်သလား (မဖြစ်ချင်ပါ ဘုရား) အနာကြီးကြီး ပေါက်ချင်သလား (မပေါက်ချင်ပါ ဘုရား) မသင့်တဲ့အစာများ စားမိချင်သလား (မစားမိချင်ပါ ဘုရား) ဒါဖြင့် အနာဖြစ်ကြောင်းတွေကို ကြိုးစားချင်သလား (မကြိုးစားချင်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာဖြင့် ဒကာ ဒကာမတို့ သာယာနှစ်သက်စရာ တခုမှ မပါဘူး (မပါ-ပါ ဘုရား) ပါသေးရဲ့လား (မပါ-ပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာကြီးသည် နောက်ဘဝ ဒီလိုလူ့ခန္ဓာ ဖြစ်ရပါလို၏ ဆိုတဲ့ စွဲလမ်းတဲ့ ဥပါဒါန်လာလို့ရှိရင်ဖြင့် ဥပါဒါနပစ္စယာ ကမ္မဘဝေါ လာမှာပဲ (မှန်ပါ့) ကမ္မဘဝ ပစ္စယာ ဇာတိဆိုလို့ရှိရင် ဒီခန္ဓာငါးပါးပြန်လာမယ် (မှန်ပါ့)။
ဇာတိဆိုရင် ခန္ဓာ ဘယ်နှစ်ပါးလာကြမလဲ (ငါးပါးပါ ဘုရား) ဇာတိဆိုတာ ပြောတော့ဇာတိ ဖြစ်တော့ ခန္ဓာငါးပါးပဲ (မှန်ပါ့)။
ဪ ဒီခန္ဓာငါးပါး ဘယ့်နှယ့်ကြောင့် ရပါလိမ့်မတုံးလို့မေးတော့ ဒီကံကြောင့်ရတာ၊ ဒီကမ္မဘဝကြောင့်ရတာ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒီကမ္မဘဝက ဘယ့်နှယ့်ကြောင့် ဒီကံဖြစ်ရပါလိမ့်မတုံးဆိုတော့ (ဥပါဒါန်ကြောင့်ပါ) စွဲလမ်းလို့၊ သူက ဘယ်သူ့စွဲလမ်းသတုံးလို့ မေးတော့ (ခန္ဓာငါးပါး စွဲလမ်းပါတယ် ဘုရား)။
ဥပါဒါန်ကြောင့်ရတဲ့ ခန္ဓာငါးပါး
အတိတ်ဘဝက ခန္ဓာငါးပါး စွဲလမ်းတယ်၊ စွဲလမ်းလို့ ကံပေါ်လာလို့ အနာဂတ်ဘဝမှာ ခန္ဓာငါးပါးပြန်ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲ ခင်ဗျားတို့ ခန္ဓာငါးပါးဟာ သိကြား၊ ဗြဟ္မာ၊ ဘုရားကလာပြီးပေးတာ မဟုတ်ဘူး (မှန်ပါ့) ပေးတာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ခင်ဗျားတို့ စွဲလမ်းလို့ ဥပါဒါန်ကြောင့်ရတဲ့ ခန္ဓာငါးပါး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာကြောင့် ရပါလိမ့်ဗျာ (စွဲလမ်းလို့ရတဲ့ ခန္ဓာငါးပါးပါ ဘုရား) ဒီလိုဆိုတော့ သိကြား၊ ဗြဟ္မာ၊ ဘုရားလာပြီး ဖန်ဆင်းတယ်ဆိုတာ မပြုတ်သေးဘူးလား (ပြုတ်ပါပြီ ဘုရား) သိကြား၊ ဗြဟ္မာ၊ ဘုရား ဖန်ဆင်းနိုင်ရဲ့လား (မဖန်ဆင်းနိုင်ပါ ဘုရား)။
ဒကာ ဒကာမတို့ ဒါကို ယခုဘဝ ထားစမ်းပါနော် (မှန်ပါ့) ယခုဘဝမထားချင်လို့ရှိရင် ဒါကိုလာလတံ့ဘဝထားပါ၊ ကဲ ယခုဘဝ ခန္ဓာငါးပါးကြီးထားပါ၊ ဒီခန္ဓာငါးပါးကြီးထားပါ၊ ဒီခန္ဓာငါးပါးကြီးကို ဒကာ ဒကာမတွေက ဪ ကိုယ့်အသားအရေကလေးကြည့်လိုက်ပြန်လဲ အင်း နေရာကျပါသေးရဲ့၊ ဒါ ဥပါဒါန်ဗျ (မှန်ပါ့) စိတ်ကူး စိတ်သန်းကလေး ကြည့်လိုက်ပြန်တော့ (နေရာကျပါသေးတယ် ဘုရား) ဪ လောကီခန္ဓာငါးပါးကြီးကို ခင်ဗျားတို့က နေရာကျပါသေးရဲ့ ဆိုတော့ စွဲလမ်းနေသေးတယ် (မှန်ပါ့)။
မိမိခန္ဓာကိုယ်ပေါ်မှာလဲ သားသမီးခန္ဓာ ဖြစ်ခဲ့ရင်ကော (စွဲလမ်းပါတယ် ဘုရား) ခင်ပွန်းခန္ဓာဖြစ်ခဲ့ရင်ကော (စွဲလမ်းပါတယ် ဘုရား) ခင်ပွန်းမခန္ဓာဖြစ်ခဲ့သော် (စွဲလမ်းပါတယ် ဘုရား)။
ဪ ဒီဥစ္စာသည် ခုနင်က ပြောခဲ့တဲ့ခန္ဓာငါးချက်ရဲ့ သဘောကိုမသိဘူး (မှန်ပါ့) ဪ ရောဂါတုံး၊ ရောဂါဆိုးကြီးပါလား၊ ရောဂါနဲ့ပတ်သက်တာကြီး ရှိနေပါကလားလို့ သိရဲ့လား (မသိပါ ဘုရား) မသိလို့ စွဲလမ်းတယ်၊ စွဲလမ်းလို့အားထုတ်တယ်၊ အားထုတ်လို့ အနာဂတ်ဘဝခန္ဓာငါးပါးကြီးဖြစ်ရတယ် (မှန်ပါ့)။
အနာဂတ်ဘဝရမည့်ခန္ဓာငါးပါး
ဒါဖြင့် ဒကာ ဒကာမတို့ အနာဂတ်ဘဝရမည့်ခန္ဓာငါးပါး ဘယ်သူမှလုပ်ပေးတာမဟုတ်ဘူး၊ ကိုယ့်စွဲလမ်းမှု ကြောင့် ကိုယ်ရတာ (မှန်ပါ့)။
ဘယ်လို ဆုံးဖြတ်ချက် ချကြမလဲ (ကိုယ့်စွဲလမ်းကြောင့် ကိုယ်ရတာပါ ဘုရား) ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။
နောက်ဘဝရမည့် ခန္ဓာငါးပါးကို ဒကာ ဒကာမတို့ ဘယ့်နှယ့်ကြောင့် နောက်ဘဝ ခန္ဓာငါးပါးရပါသလဲလို့ မေးတော့ လက်ရှိခန္ဓာငါးပါးကို ဘုရားဟောသလို ဆရာသမားပြောတဲ့အတိုင်း ဆေးရုံအဖြစ်လဲမသိဘူး (မသိပါ ဘုရား) မသင့်တဲ့အစာအဖြစ်ကော (မသိပါ ဘုရား) ချောက်တွန်းတဲ့ စေတနာအဖြစ်ကော (မသိပါ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါး၏ အပြစ်အနာအဆာကို မသိတဲ့အတွက် စွဲလမ်းတာ၊ စွဲလမ်းတော့ (အားထုတ်ပါတယ် ဘုရား) အားထုတ်တော့ အနာဂတ်မှာ (ခန္ဓာငါးပါးရပါတယ် ဘုရား) ရပြန်တော့ ရတဲ့နေရာမှာ ခင်ဗျားတို့က စွဲလမ်းဦးမယ် (မှန်ပါ့) မစွဲလမ်းပေဘူးလား (စွဲလမ်းပါတယ် ဘုရား) စွဲလမ်းရင် အားထုတ်ဦးမှာပဲ (မှန်ပါ့) အားထုတ်ရင် ဘာတုံး (ရဦးမှာပါ ဘုရား)။
ဒါဖြင့် လှည့်နေဦးမှာပဲ (မှန်ပါ့) မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။
ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့တုန်း
ဒါ အခု ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့တုန်းမှ ခင်ဗျားတို့သည် ဒီအလှည့်အပတ်ကြီးကို မဖြုတ်တော့ပါဘူး ဆိုရင်ဖြင့် ဖြုတ်ချိန်မရှိတော့ဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဖြုတ်ချိန် ဘယ်တော့မှမရှိတော့ပါဘူး၊ ဒီအတိုင်းပဲ ဒီလူမမာကြီးနဲ့ပဲ သံသရာခရီးသည်အဖြစ်နဲ့ နွားသတ်ရုံဆွဲတဲ့လူနဲ့ပေါင်းလိုက်၊ နွားသတ်သမားဆိုတာနဲ့ ဒီခန္ဓာနဲ့ပေါင်းလိုက်ဟုတ်လား (မှန်ပါ့)။
ဦးခင်မောင် ဒါနဲ့ပဲ လှည့်လို့ အချိန်ကုန်မှာပဲ (မှန်ပါ့) ဘယ်လောက်များ နစ်နာတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အရတောလေစွ လို့ ခင်ဗျားတို့ မထင်လိုက်ပါနဲ့၊ နဂိုရ်က ရတာလေ (မှန်ပါ့) ဘာ့ကြောင့် ရတာတုံးဆိုတော့ (စွဲလမ်းလို့ပါ ဘုရား)။
လက်ရှိခန္ဓာကြီးစွဲလမ်းတာက ဥပါဒါန်မဟုတ်လား (မှန်ပါ့ ဘုရား) ဥပါဒါန်ကြောင့် ဘာဖြစ်သတုံး (ကမ္မဘဝ ဖြစ်ပါတယ် ဘုရား) ကံဖြစ်လို့ ဘာဖြစ်သတုံး (ရပါတယ် ဘုရား) နောက်ခန္ဓာငါးပါးပြန်ပေါ်တယ် (မှန်ပါ့) နောက်ခန္ဓာငါးပါးဆိုတဲ့ဇာတိပြန်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်ရင် ဇရာဆိုတဲ့ ခုနင်က နွားဆွဲတဲ့လူနဲ့အဖော်လုပ်ရတော့မယ် (မှန်ပါ့) မရဏဆိုတဲ့ နွားသတ်သမားနဲ့ကော (တွေ့ရမှာပါ ဘုရား)။
ဪ ခင်ဗျားတို့မသိတဲ့ပုဂ္ဂိုလ်တွေအတွက်မှာဖြင့် အသေခံဘဝချည့် ဆုတောင်းသကိုး (မှန်ပါ့) ဘယ်လိုဆိုကြမလဲ (အသေခံဘဝချည့်ဆုတောင်းပါတယ် ဘုရား)။
ဦးခင်မောင် ဒါဟာ အရမ်းပြောတဲ့စကားမဟုတ်ဘူးနော် (မှန်ပါ့) ဖြစ်စဉ်ကိုက်ပြောတာ (မှန်လှပါ ဘုရား) ဦးဘအုန်းတို့ ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
အသေခံဘဝဖြစ်ရပါလို၏
လူ့ဘဝ-နတ်ဘဝရ ရပါလို၏ လို့ ဒကာ ဒကာမတွေ ဆုတောင်းကြပြီဆိုမှဖြင့် အသေခံဘဝဖြစ်ရပါလို၏ အဓိပ္ပာယ် သေသေချာချာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒီလောက်ထိအောင်တော့ဖြင့် ဒကာ ဒကာမတို့ မိုက်လုံးသန်ဖို့တော့ မကောင်းဘူးလို့ ဆိုထိုက်တယ် (ဆိုထိုက်ပါတယ် ဘုရား)။
ဒါ ဒီအဖြစ်ကို မှန်မှန်ကြီးပြောစမ်းပါဆိုလို့ရှိရင် ဒီထက်နည်းပြောလို့တော့ မရတော့ဘူး ဦးခင်မောင်ရေ (မှန်ပါ့) ဒါ ဒီအတိုင်းပဲ သွားရမှာပဲ (မှန်ပါ့)။
သာမည ခင်ဗျားတို့ကို လှည့်တော့မယ်ဆိုလို့ရှိရင်တော့ ဒါဟာ ဒီဘဝ ဒီခန္ဓာနဲ့နေရင် နောက်ဘဝ နတ်ခန္ဓာနဲ့ နေရမယ် ဟောမှာပဲ (မှန်ပါ့) မဟောရပေဘူးလား (မှန်ပါ့-ဟောရမှာပါ ဘုရား)။
ဒီဘဝက စုတေပြီး နောက်ဗြဟ္မာခန္ဓာကြီးနဲ့နေရမယ်ဆိုလို့ရှိရင်ဖြင့် ခုနင်ကပြောခဲ့တဲ့ နွားဆွဲကုလားနဲ့လဲ ကင်းမှာမဟုတ်ဘူး (မှန်ပါ့ ဘုရား) နွားသတ်ကုလားနဲ့ကော (မကင်းပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နောက်ဘဝ အအိုလွတ် အနာလွတ်ဖြစ်ချင်ကြပါမူကား အလွယ်ကလေးပါ (မှန်ပါ့) ဒါ နောက်ဘဝထားပါတော့ (မှန်ပါ့) အအိုလွတ် အနာလွတ် ဖြစ်ချင်ရင် အလွယ်ကလေးပါ၊ လက်ရှိခန္ဓာကို ခုနင်ကအကြောင်းသိပြီးမစွဲရင် ဘာတဲ့ (မှန်ပါ့)။
ဘယ့်နှယ့်လုပ်ကြမလဲ (လက်ရှိခန္ဓာ အကြောင်းသိပြီး မစွဲလမ်းရင် ပြီးတာပါပဲ ဘုရား) လက်ရှိခန္ဓာ သိဖို့ကလဲ တော်တော့ဆရာသမားနဲ့မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား)။
လက်ရှိခန္ဓာအကြောင်း သိမှ
လက်ရှိခန္ဓာအကြောင်း သိမှဆိုတဲ့ဥစ္စာ လွယ်လွယ်စကားမှမဟုတ်ပဲ ဦးဘတင်ရာ (မှန်ပါ့) လက်ရှိခန္ဓာကို သေသေချာချာ ရေရေလည်လည် အရုပ်ဆိုး အကျည်းတန်တာ သိမှသာလျှင် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို မစွဲကြမှာပေါ့ (မှန်ပါ့) နို့ မရှိလို့ရှိရင် ကိုယ်မသိနိုင်ဘူး လာကြဦးမှာပဲ (မှန်ပါ့) ကိုယ့်ထိမခံနိုင်ကြဘူး၊ မလာကြဘူးလား (လာမှာပါ ဘုရား) ကိုယ့်သားသမီးထိရင်ကော (မခံနိုင်ပါ ဘုရား) ဒါ စွဲလမ်းတာကို မခံနိုင်တာ (မှန်ပါ့ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒီခန္ဓာကြီးအကြောင်း ခင်ဗျားတို့မသိတော့ ရန်သူမှန်း မသိသေးတော့ကို မိတ်ဆွေထင်ပြီး စွဲလမ်းတယ် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဘယ်လိုစွဲလမ်းကြသတုံး (မိတ်ဆွေထင်ပြီးတော့ စွဲလမ်းပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နောက်ခန္ဓာရခြင်း၏အကြောင်း ယနေ့လက်သည်ဖမ်းပေးတယ် (မှန်ပါ့) လက်သည်ဖမ်းပေးလိုက်တော့ ဘယ်သူပါလိမ့် (ဥပါဒါန်ပါ ဘုရား) ဟောဒီဥပါဒါန်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီဥပါဒါန်က ဘယ်နှစ်မျိုးရှိသတုံး မေးတော့မှ ဒကာ ဒကာမတွေ ရှင်းသည်ထက်ရှင်းအောင် ပြောပေးပါ့မယ်၊ လက်ရှိဘဝမှာ ခင်ဗျားတို့ ဥပါဒါန်က ဘယ်နှစ်မျိုး စွဲနေတယ်ဆိုတာ ရှင်းပြမယ်နော် (မှန်ပါ့)။
ဥပါဒါန်က ဘယ်နှစ်မျိုး စွဲနေတယ်ဆိုတာ
ဒီခန္ဓာငါးပါးကြီးဟာ ဥပမာ-ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ပေါ့ဗျာ (မှန်ပါ့) ကိုယ့်ခန္ဓာ၊ ကိုယ့်ဥပါဒါန်က ဒါမှချောတယ်၊ လှတယ်၊ ယဉ်တယ်၊ ခန့်တယ်လို့ ယူလိုက်လို့ရှိရင် ကာမုပါဒါန် (မှန်ပါ့)။
ဘယ့်နှယ့်ဆိုကြမလဲ (ကိုယ့်ခန္ဓာချောတယ်၊ လှတယ်၊ ယဉ်တယ်ဆိုရင် ကာမုပါဒါန်ပါ) ဒါတွေဟာ တော်တော်နဲ့မပျက်နိုင်သေးဘူး၊ ပျက်တာမမြင်သ၍ကာလပတ်လုံး ဘယ့်နှယ်ဆိုကြမလဲ (ဒိဌုပါဒါန်ပါ ဘုရား) ဒါဟာ ငါ့ဟာထင်နေသေးသ၍ အတ္တဝါဒုပါဒါန် (မှန်ပါ့)။
၁-နံပါတ်က ကာမုပါဒါန်၊ ၂-နံပါတ်က ဒိဌုပါဒါန်၊ ၃-နံပါတ်က အတ္တဝါဒုပါဒါန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဥပါဒါန် ဘယ်နှစ်မျိုးရှိသတုံး (သုံးမျိုးရှိပါတယ် ဘုရား) သုံးမျိုးရှိတယ်ဆိုတာ သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဒါကြောင့် ဥပါဒါန် ပစ္စယာ ကမ္မဘဝေါလာတာ (မှန်ပါ့)။
ဒါဖြင့် လက်ရှိခန္ဓာကြီးဟာ ချောတယ်၊ လှတယ်၊ ယဉ်တယ် ဆိုလို့ရှိရင် ဘာပါလိမ့် (ကာမုပါဒါန်ပါ ဘုရား) ဒီကာမုပါဒါန်က စွဲလမ်းတယ် (မှန်ပါ့) ဒါက ကာမကိုး၊ ဒါက မစွဲလမ်းဘူးလား (စွဲလမ်းပါတယ်) ကာမနဲ့ဥပါဒါန်ပေါင်းလိုက်ရင် ဘယ့်နှယ့်ဆိုကြမလဲ (ကာမုပါဒါန်ပါ ဘုရား)။
လွယ်ပါတယ် ခင်ဗျားတို့အလွယ်ကလေးပါ (မှန်ပါ့) ကာမနဲ့ဥပါဒါန်ပေါင်းရင် (ကာမုပါဒါန်ပါ) အပျက်တွေ မမြင်တော့ဘူးဆိုလို့ရှိရင် ခိုင်တယ်လို့ မထင်ပေဘူးလား (ထင်ပါတယ် ဘုရား)။
အဲဒါက ဒိဋ္ဌိ ဥပါဒါန်ပဲ၊ မှားတဲ့ ဒိဋ္ဌိ ဒီအပေါ်မှာ မရှိဘူးလား (ရှိပါတယ် ဘုရား) ဒီကျတော့ ဒိဌုပါဒါန် ဖြစ်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီဟာ ငါ့ကိုယ် ငါ့ဟာပဲလို့ဆိုရင် အတ္တဝါဒုပါဒါန်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဥပါဒါန်က ဘယ်နှစ်ချက်စွဲသတုံး (သုံးချက်ပါ ဘုရား)။
ဥပါဒါန် ဘယ်နှစ်မျိုးစွဲသတုံး
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးအကြောင်းကို ခင်ဗျားတို့ ကောင်းကောင်းမသိလို့စွဲတာ (မှန်ပါ့ ဘုရား) ကောင်းကောင်းမသိလို့ ဥပါဒါန် ဘယ်နှစ်မျိုးစွဲသတုံး (သုံးမျိုးစွဲပါတယ် ဘုရား)။
ကဲ စွဲလိုက်တော့ ဥပါဒါန ပစ္စယာ (ဘဝေါ) ဘဝပစ္စယာ (ဇာတိပါ) ဟော သေတော့ ဇာတိဖြစ်လာတယ် (မှန်ပါ့) ဇာတိဟာ ဘယ်နှစ်ပါးပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။
ဪ ဒီခန္ဓာငါးပါးဟာ ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် အသစ်ပေါ်ပြန်ပါလိမ့်မတုံး၊ ဇရာ မရဏနဲ့ အဖော်လုပ်တတ်တဲ့ ခန္ဓာငါးပါး၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီခန္ဓာငါးပါးဟာ ဘာနဲ့အဖော်လုပ်သလဲ (ဇရာမရဏနဲ့အဖော်လုပ်ပါတယ်) ဒီမှာ အရုပ်ဆိုးတာနဲ့ချည့် အဖော်လုပ်တယ် (မှန်ပါ့) ဇရာဆိုတာ သူ့ကို ရိုက်နှက်တာ (မှန်ပါ့) မရဏဆိုတာ သတ်တာ (မှန်ပါ့) အဲ့ဒါနဲ့သူက အဖော်လုပ်တယ် (မှန်ပါ့) ခန္ဓာငါးပါးကလေ (မှန်ပါ့)။
ဦးဘတင်ရေ ဘာနဲ့အဖော်လုပ်သတုံး (ဇရာ မရဏနဲ့အဖော်လုပ်ပါတယ်) ဇရာဆိုတာက သူ့ကို ရိုက်နှက်နေတာ၊ အဲဒါ ရိုက်နှက်တတ်တဲ့ တရားနဲ့မှ သူက ဘာလုပ်ပါလိမ့် (အဖော်လုပ်ပါတယ် ဘုရား) အင်း တယ်ဆိုးဝါးပါကလား (ဆိုးဝါးပါတယ် ဘုရား) သတ်တဲ့တရားနဲ့မှ (အဖော် လုပ်နေပါတယ် ဘုရား)။
ကျွေးရှင်မွေးရှင်တွေကို ငဲ့ပါရဲ့လား
ဪ ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ ရထားတဲ့ခန္ဓာကိုယ်ဟာဖြင့် ကျုပ်တို့ပစ္စည်းမဟုတ်ဘူး၊ ကျုပ်တို့ကို ဘာမှ ငဲ့လုံးမရှိဘူး (မှန်ပါ့) ရှိရဲ့လား (မရှိပါ ဘုရား) ကျွေးရှင်မွေးရှင်တွေကို ငဲ့ပါရဲ့လား (မငဲ့ပါ ဘုရား)။
ခင်ဗျားတို့ကဖြင့် ဖီးလိုက်ကြရတာ လိမ်းလိုက်ကြရတာ သူ့အတွက် ရွှေဆင်ရ၊ မြဆင်ရ၊ စိန်ဆင်ရ၊ အမျိုးမျိုးအဖုံဖုံခြယ်ရ၊ လှယ်ရ၊ အမွှေးအကြိုင်တွေပေးရနဲ့ သူကဖြင့် အဖော်လုပ်နေတာက ဇရာနဲ့အဖော်လုပ်နေတယ် (မှန်ပါ့) သတ်မည့်မရဏနဲ့ (အဖော်လုပ်ပါတယ် ဘုရား)။
ခင်ဗျားတို့ ပြုပြင်ထားတဲ့ပုဂ္ဂိုလ်များ အလိုလိုက် အကြိုက်ကလေးနဲ့များနေမယ်လို့ တခါတလေများ ပြောဖူးရဲ့လား (မပြောပါ ဘုရား)။
မပြောဘူးတာတောင် ခင်ဗျားတို့ကလဲ ဒီခန္ဓာငါးပါးကို ဥပါဒါန်သုံးမျိုးနဲ့များ စွဲနေလိုက်သေးတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မပြောပဲနဲ့တောင် စွဲလမ်းလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့ ဘုရား) ပြောများပြောမယ်ဆိုရင် ထွေထွေရာရာ ချွဲချွဲပြစ်ပြစ်ပြောမည်ဆိုလို့ရှိရင် ခင်ဗျားတို့ဥပါဒါန်တောင် တိုးရမလိုကျနေဦးမယ် (မှန်ပါ့) ဘယ်လောက်များ ဆိုးနေသတုံး (ဆိုးပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အမလေး ဒကာ ဒကာမတို့ အရုပ်ဆိုး အကျည်းတန်ပုံတော့ ကမ်းကုန်နေပါပေါ့လား (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အနာဂတ်ခန္ဓာငါးပါး ဘယ့်နှယ်ကြောင့် ရသတုံး (စွဲလမ်းလို့ပါ ဘုရား) ဘယ်ဟာကို စွဲလမ်းတာပါလိမ့် (ခန္ဓာငါးပါးကို စွဲလမ်းပါတယ် ဘုရား) ပစ္စုပ္ပန်ခန္ဓာငါးပါးကို စွဲလမ်းတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အနာဂတ်ခန္ဓာငါးပါး ဘယ့်နှယ့်ကြောင့် ရပါလိမ့်
အနာဂတ်ခန္ဓာငါးပါး ဘယ့်နှယ့်ကြောင့် ရပါလိမ့် (ပစ္စုပ္ပန်ခန္ဓာငါးပါးစွဲလမ်းလို့ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ပစ္စုန်ပ္ပန်ခန္ဓာငါးပါးဟာ တကယ်အရုပ်ဆိုး အကျည်းတန်၊ ခန္ဓာငါးပါး မသိမှုကြောင့် ဥပါဒါန်သုံးပါးနဲ့စွဲတာပဲ (မှန်ပါ့ ဘုရား) ဥပါဒါန်သုံးပါးနဲ့ နောက်လိုက်ဆိုတော့ အားထုတ်ရရှာတာပဲ (မှန်ပါ့) အားထုတ်တော့ ဒီခန္ဓာငါးပါး ဘယ့်နှယ့်နေသတုံး (ရပါတယ် ဘုရား) ရလာတော့ သူကဘယ်သူနဲ့ အဖော်လုပ်နေသတုံး (ဇရာ၊ မရဏနဲ့အဖော်လုပ်နေပါတယ် ဘုရား) သူကလဲ ဇရာ၊ မရဏနဲ့အဖော်လုပ်နေရတော့ ဒကာ ဒကာမတို့ကို ငဲ့သေးရဲ့လား (မငဲ့ပါ ဘုရား) ရိုက်မည့်လူနဲ့သတ်မည့်လူနဲ့မှ ခန္ဓာငါးပါးက အဖော်လုပ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူနဲ့အဖော်လုပ်ပါလိမ့် (ရိုက်မည့်လူ သတ်မည့်လူနဲ့မှအဖော်လုပ်ပါတယ်) ခင်ဗျားတို့များ ငဲ့သေးရဲ့လား (မငဲ့ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အရိယာမျက်လုံး တပ်ပေးပါတော့မယ် တဲ့၊ ဒါဟာ အမှားတွေချည့် ပြနေတာ (မှန်ပါ့) ဒီခန္ဓာငါးပါး ခင်တာလဲ မသိလို့ ခင်တာ (မှန်ပါ့ ဘုရား)။
ဒီဥပါဒါန်တွေ စွဲလမ်းတာလေ မသိလို့ မဟုတ်လား (မှန်ပါ့) မသိတော့ ဒကာ ဒကာမတွေ ဒီခန္ဓာငါးပါးက မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်တာလဲ မသိလို့ပေါ်တာ (မှန်ပါ့) ခင်မိတာလဲ (မသိလို့ပါ ဘုရား)။
မသိလို့ခင်မိတော့ ဒကာ ဒကာမတွေ မသိတာက တမျိုးပေါ်လာတာပဲ၊ မပေါ်လာဘူးလား (ပေါ်လာပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အနာကင်းခြင်းသည် လွန်ကဲသော လာဘ်ကြီးပဲ
အဲဒီတော့ အာရောဂျံ ပရမံ လာဘံလို့ ဘုရားက ဟောတော်မူတယ်၊ အနာကင်းခြင်းသည် လွန်ကဲသော လာဘ်ကြီးပဲလို့ မာဂဏ္ဍီကိုဟောတယ် (မှန်ပါ့)။
နိဗ္ဗာနံ ပရမံ သုခံ=နိဗ္ဗာန်သာလျှင် ချမ်းသာအစစ်ပဲ တဲ့၊ အဌင်္ဂိကော မဂ္ဂါနံ ဆိုတော့ မဂ္ဂင်ရှစ်ပါးသည်သာလျှင်၊ ခေမံ အမတဂါမိနံ = မသေရာ နိဗ္ဗာန်ရောက်တဲ့တရားပဲလို့ အဲဒါကို ဟောလိုက်တော့ မာဂဏ္ဍီက သူ့ခန္ဓာကြီးကိုသူပုတ်ပြပြီး ဒါပဲဘုရာ့တဲ့၊ အနာကင်းတယ်ဆိုတာ ဒီခန္ဓာငါးပါးပဲတဲ့ (မှန်ပါ့)။
နိဗ္ဗာန်ဆိုတာလဲ ဒီခန္ဓာငါးပါးပဲ တဲ့၊ ဒကာ ဒကာမတို့ မာဂဏ္ဍီက မပြောဘူးလား (ပြောပါတယ် ဘုရား) အနာကင်းတယ်ဆိုတာလဲ (ခန္ဓာငါးပါးပဲ ဘုရား) သူ့ခန္ဓာငါးပါးပါပဲ တဲ့၊ သူ-ခန္ဓာငါးပါးကို ပုတ်ပြတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အနာကင်းတယ်ဆိုတာလဲ (သူ့ခန္ဓာငါးပါးပါပဲ ဘုရား) နိဗ္ဗာန်ဆိုတာကော (သူ့ခန္ဓာငါးပါးပါပဲ ဘုရား) သူ့ခန္ဓာကိုယ်ကြီး ပုတ်ပြတယ် (မှန်ပါ့)။
ဪ ဒါဖြင့် ခုနင်တုန်းက စချီတဲ့တရားနဲ့ ဦးခင်မောင်ရေ အများကြီးလွဲသွားပြီ (လွဲသွားပါပြီ) မလွဲသေးဘူးလား (လွဲသွားပါတယ် ဘုရား)။
ဗြဟ္မဏစာပေထဲ ရောက်သွားတယ်
ဘုရား အာရောဂျံ ပရမံလာဘံ ဂါထာကို ရွတ်တော့ မာဂဏ္ဍီက တပည့်တော်တို့ စာပေကျန်းဂန်အဆိုနဲ့ သိပ်ညီညွတ်တယ်လို့ လျှောက်တော့ ဒီဂါထာကို ရှေးဘုရားတွေ လက်ထက်ကတည်းက ဟောကြားခဲ့တဲ့ တရားတော်ပဲ၊ သို့သော် တစတစနဲ့ ဒီတရားတော်ဟာ ဗြဟ္မဏစာပေထဲ ရောက်သွားတယ်၊ အစဉ်အဆက် သူတို့ဆောင်လာကြတယ်၊ ဆောင်ပေမယ့် ဂါထာမှာ ၄-ပိုဒ်၌ ၈*၄-လီ ၃၂-လုံးရှိရာမှာ ၈*၂-လီ ၁၆-လုံး(၂-ပိုဒ်)ကိုသာ သူတို့က ယူထားတယ်၊ ကျန်တဲ့(၂-ပိုဒ်) ချက်ကောင်းကိုတော့ မယူကြဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အာရောဂျံ ပရမံ လာဘံ၊ နိဗ္ဗာနံ ပရမံ သုခံ-လာပါတယ်၊ အဌင်္ဂိကော မဂ္ဂါနံ၊ ခေမာ အမတ ဂါမိနံ-ဆိုတဲ့ မဂ္ဂင်လမ်းကျတော့ သူတို့စာပေမှာ မပါတော့ဘူး (မှန်ပါ့) သူတို့ ယူချင်တာလောက် ယူထားတယ် (မှန်ပါ့)။
ခင်ဗျားတို့ ဥုံ-တွေ ခံပြီး ရွတ်နေကြတဲ့ လောကီအစီအမံတွေမှာတောင် ပါနေကြတတ်တယ်၊ ဥုံခံရင် ဘုရားဖျက်တာ (မှန်ပါ့ ဘုရား) တချို့မှာ ဘုရားဘွဲ့အမည်တော်တွေ တစိတ်တဒေသတောင်ပါတယ်၊ ကက္ကုသန်၊ ဂေါဏဂုံ စသည်ဖြင့်ပါတော့ပါတယ် (ပါ-ပါတယ် ဘုရား) နာမည်သာပါတာနော်၊ ဘုရားဟောလုပ်စဉ်တွေ ပါတာမဟုတ်ဘူး (မှန်ပါ့)။
အဲဒီလိုပဲ ဂါထာက တပိုင်းပျောက်ပြီးတော့ တပိုင်းသာဗြဟ္မဏစာပေတွေမှာ ရှိနေတော့ သူတို့မှာ၊ ဒီပုဏ္ဏားတွေမှာ ဘယ်လိုအခါများ ရွတ်လေ့ရှိသတုံး မေးတော့ စီးပွားဥစ္စာရတနာရလို-တိုးတက်လိုတဲ့အခါ စသည်မှာ ရွတ်လေ့ရှိကြတယ်၊ သားသမီး-မြေး-မြစ်-ရတနာ-ရလိုရင် ဒါကိုရွတ်တယ် (မှန်ပါ့ ဘုရား)။
အာရောဂျံ ပရမံ လာဘံ၊ နိဗ္ဗာနံ ပရမံ သုခံ၊ ဒီ ၂-ပိုဒ်လောက်သာ ရွတ်နိုင်ကြတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဂါထာရွတ်သလိုကျနေပြီ
ခင်ဗျားတို့ စိန္တာမဏိ ဂါထာရွတ်သလိုကျနေပြီ၊ စိတ်အလိုအတိုင်း ပြီးတယ်ကိုး (မှန်ပါ့) သူတို့ရွတ်တာနဲ့ ပြီးရမှာလား ဒကာ ဒကာမတို့၊ ပုဏ္ဏားတွေက စိန္တာမဏိဂါထာကို လာပြီးရွတ်တယ်၊ ခင်ဗျားတို့က သူပြောတဲ့အတိုင်း ပြည့်ပါလို၏တော့ စိတ်၏ အလိုဆန္ဒကြံစည်တိုင်း ပြည့်ရမှာကိုးဗျ (မှန်ပါ့)။
ပုဂ္ဂိုလ်တဦးက ရွတ်ပေးရုံနဲ့ ဒီပုဂ္ဂိုလ်၏ စိတ်အလိုကို ပြည့်ရမှာလား (မပြည့်နိုင်ပါ ဘုရား) ကိုယ့်ဟာကိုယ် ပြည့်အောင်လုပ်ပါလား (မှန်ပါ့) သူများက ရွတ်ပေးတာနဲ့ ကိုယ့်မှာပြည့်ရမယ်ဆိုတော့ ဟုတ်နိုင်ပါ့မလား (မဟုတ်နိုင်ပါ ဘုရား) ဒါဖြင့် ဘယ့်နှယ့်လုပ်ရမှာတုံး (ကိုယ့်ဟာကိုယ် ပြည့်အောင်လုပ်ယူရမှာပါ ဘုရား) ကိုယ့်ဟာကိုယ် လုပ်ယူရင် ပြည့်နိုင်မယ် မဟုတ်လား (မှန်ပါ့)။
အခုတော့ အငှားရွတ်တာနဲ့ ပြည့်လိမ့်မယ်ထင်တော့ ဘုရားကိုးဆူ ပူဇော်တာနဲ့တူနေတယ်၊ ဟို-ရွတ်တဲ့လူကချည့် အော်နေတာပဲ၊ အိမ်ရှင်ကတော့ ဘာမှမလုပ်ဘူး (မှန်ပါ့) ဒီလိုကျမနေဘူးလား (ကျပါတယ် ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဗြဟ္မဏပုဏ္ဏားတော့ စာပေထဲမှာ ရောက်နေတာက အဌင်္ဂိကောမဂ္ဂါနံ-ဆိုတဲ့ စာပိုဒ်တော့ မပါဘူးနော် (မှန်ပါ့) ခေမံ အမဘ ဂါမိနံ-ဆိုတဲ့ အပိုဒ်ကော (မပါ-ပါ ဘုရား)။
ဒါဖြင့် ဂါထာ ၄-ပိုဒ်ရှိတဲ့အနက်က ဒကာ ဒကာမတို့တဝက်သာပါတော့တယ်၊ ၁၆-လုံးရေသာပါတယ်၊ ကျန်တဲ့ ၁၆-လုံးကတော့ကွယ်သွားတယ် (မှန်ပါ့) ကာလရှည်လျားတာကိုးဗျ (မှန်ပါ့)။
မိစ္ဆာဒိဋ္ဌိတွေလက်ထဲရောက်သွားတော့
တမျိုးဆိုသော် မိစ္ဆာဒိဋ္ဌိတွေလက်ထဲရောက်သွားတော့ သူတို့လိုတာပဲ သုံးနိုင်တော့တာပေါ့ဗျာ (မှန်ပါ့) ကျင့်စရာပါသေးရဲ့လား (မပါ-ပါ ဘုရား) ကျင့်စရာမပါတော့ဘူး၊ ဒါ ရွတ်ရင် အကျိုးပေးတယ်၊ ဒါလောက်သာ ယူထားကြတော့တာကိုး (မှန်ပါ့)။
အဲဒါကြောင့် မာဂဏ္ဍီက ရှင်ကြီးဂေါတမ ကျုပ်တို့ဟာစာပေမှာလဲ ဒီအတိုင်းလာတဲ့အတွက် ရှင်ဂေါတမ ရွတ်လိုက်တာနဲ့တော့ ကျုပ်တို့ သိပ်သဘောကျတယ် (မှန်ပါ့ ဘုရား) အာရောဂျံ ပရမံ သုခံဆိုတာ သူ့ခန္ဓာကိုယ်ကြီးပဲဆိုပြီး ပုတ်ပြတယ် (မှန်ပါ့) နိဗ္ဗာနံ သုခံဆိုတာလဲ ဒီခန္ဓာကြီးပဲဆိုပြီး ပုတ်ပြတာပဲ (မှန်ပါ့)။
အာရောဂျံ ပရမံ လာဘံဆိုတာ မင်းခန္ဓာ မဟုတ်ဘူးကွ၊ နိဗ္ဗာနံ ပရမံ သုခံဆိုတာလဲ မင်း ခန္ဓာငါးပါး မဟုတ်ဘူးကွဆိုတော့ သူဟာ ကျန်းမာနေတယ် ချမ်းသာနေတယ် ဒီလိုယူထားတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်လိုယူထားပါလိမ့် (ကျန်းမာနေတယ်၊ ချမ်းသာနေတယ် ဒီလိုယူထားပါတယ် ဘုရား)။
ဒကာ ဒကာမတွေလဲ ဒီအတိုင်းလိုလို ယူထားကြတာပဲ၊ ခန္ဓာကိုယ်ကြီးဟာ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် အိပ်ရာထဲမလဲသေးရင် ကျန်းမာတယ်ပြောနေတာပဲ (မှန်ပါ့ ဘုရား) ခင်ဗျားတို့က အိပ်ယာထဲ လဲမှပဲ မကျန်းမာတယ်လို့ သိနေကြတယ် (မှန်ပါ့) ဒီအတိုင်း ပကတိရှိလျက်နဲ့ မကျန်းမမာဖြစ်တာတော့ (မသိပါ ဘုရား) ဝိပဿနာမျက်လုံးကလေးတပ်ကြည့်စမ်းပါ ဒီအတိုင်းမမာတာတွေ့ပါလိမ့်မယ် (မှန်ပါ့)။
ဝိပဿနာမျက်လုံးတပ်ကြည့်စမ်းပါ
ဝိပဿနာမျက်လုံးတပ်ကြည့်စမ်းပါ ဒကာ ဒကာမတို့ ရုပ်ကလေးမမာတာကိုလဲ ခဏခဏဖျားပြီး ခဏခဏသေတာ တွေ့ပါမယ် (မှန်ပါ့) နာမ်ကလေးတွေမမာတာကော (တွေ့မှာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါ ဝိပဿနာမျက်လုံးကလေးတပ်ကြည့်လိုက် တဲ့၊ တပ်ကြည့်လိုက်ပြီဆိုမှဖြင့် ခဏခဏဖျား၍ ခဏခဏသေတာကလေးတွေဟာ တွေ့ပါလိမ့်မယ် (မှန်ပါ့) ခဏခဏအိုပြီး ခဏခဏသေတာကလေးတွေဟာ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။
နို့ မာဂဏ္ဍီက အာရောဂျံ ပရမံ လာဘံဆိုတော့ ခန္ဓာကိုယ်ကို ပုတ်ပြတော့ မှန်သေးရဲ့လား (မမှန်ပါ ဘုရား)။
အဲဒီတော့ ဝိပဿနာနဲ့လဲ သူကြည့်ပြောတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဒါဖြင့် စုံလုံးကန်းပြောတာပေါ့ (မှန်ပါ့ ဘုရား)။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေကိုလဲ ဘုန်းကြီးက သင်ထားတယ်၊ တချို့လဲ လက်တွေ့နားလည်အောင် အားထုတ်ထားကြတော့ ဒီခန္ဓာငါးပါး ချုပ်ဆုံးသွားသော်လဲ ဒုက္ခဆုံးတော့ နိဗ္ဗာန်လို့မဆိုဘူးလား (ဆိုပါတယ် ဘုရား)။
မဂ္ဂင်ရှစ်ပါးနဲ့ကျတော့ အနာဆုံးတာမြင်တယ်
အဲဒါကျတော့ မဂ္ဂင်ရှစ်ပါးက မမြင်ဘူးလား (မြင်ပါတယ် ဘုရား) မဂ္ဂင်ငါးပါးနဲ့တော့ အနာရှိတာမြင်တယ် (မှန်ပါ့ ဘုရား) မဂ္ဂင်ရှစ်ပါးနဲ့ကျတော့ အနာဆုံးတာမြင်တယ် (မှန်ပါ့ ဘုရား)။
မဂ္ဂင်ငါးပါးနဲ့ကျတော့ (အနာရှိတာမြင်ပါတယ် ဘုရား) မဂ္ဂင်ရှစ်ပါးနဲ့ကျတော့ (အနာဆုံးတာမြင်ပါတယ် ဘုရား)
အနာမရှိတာကိုမြင်တယ်ဆိုကြပါစို့၊ စကားအလိုက်တိုင်းနော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် အနာမရှိတာနိဗ္ဗာန်၊ အနာရှိတာက ခန္ဓာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မာဂဏ္ဍီကတခါတည်း အာရောဂျံ ပရမံ လာဘံဆိုတော့ ခန္ဓာကြီးပုတ်ပြတော့ အနာရှိတာကော သိသေးရဲ့လား (မသိပါ ဘုရား) နိဗ္ဗာနံ ပရံ သုခံဆိုတော့ ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးကို သူက နိဗ္ဗာန် လုပ်နေပြန်တော့ သာပြီး မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
အခု ဘုန်းကြီး ရှင်းပြလိုက်တော့ ဝိပဿနာမဂ်နဲ့ကြည့်လိုက်တော့ အနာရှိတာက ခန္ဓာ၊ အနာမရှိတာက (နိဗ္ဗာန်ပါ ဘုရား) ဟောဒီလိုကြည့်ရမှာ (မှန်ပါ့)။
အဲဒီတော့ ဦးခင်မောင် – မျက်လုံးတပ်ပြီး ဒီနေ့ (မှန်ပါ့) ကိုယ့်ခန္ဓာကြည့်လိုက်စမ်း အနာရှိတာ မြင်လို့ရှိရင်ဖြင့် (အမှန်မြင်ပါတယ် ဘုရား)။
ခန္ဓာကြည့်လိုက်လို့ရှိရင်ဖြင့် အနာသက်သက်ပဲ ခဏခဏဖြစ်ပျက်နေတာ မဟုတ်လား (မှန်ပါ့) ဒီတော့ ခန္ဓာကြီးဟာ ဘယ်အခါမှ အနာမကင်းဘူးလို့ မသိဘူးလား (သိပါတယ် ဘုရား) ကောင်းပြီ ဒါဟာ မဂ္ဂင်ငါးပါးနဲ့မြင်တာ (မှန်ပါ့ ဘုရား)၊
နောက်ကျတော့ ဒကာ ဒကာမတွေက ဉာဏ်စဉ်ရင့်တက်ပြီး ဆုံးသွားတဲ့အခါကျတော့ မဂ္ဂင်ရှစ်ပါးလဲ စုံပါရော၊ ခန္ဓာမပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား) ခန္ဓာ ပျောက်သွားတော့ အနာမရှိတာကော မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။
အနာရှိတာက ခန္ဓာပါ
ဒါဖြင့် အနာရှိတာက (ခန္ဓာပါ ဘုရား) ရှင်းပြီနော် (မှန်ပါ့) ဒါဟာ ခင်ဗျားတို့ ကြိုးစားဖို့မျက်လုံး၊ အနာရှိအောင်ကို ကြည့်ရမယ် (မှန်ပါ့) အနာရှိနေလို့ အနာရှိတာ အကြည့်ခိုင်းတာ (မှန်ပါ့) ရုပ်နာမ်တွေ မပြတ်မလပ်ရအောင် ဖြစ်ပျက်နေတယ်ဆိုတာ ခဏခဏမွေး၊ ခဏခဏသေ၊ ခဏခဏနာနေတာပဲမဟုတ်လား (မှန်ပါ့) ဒါကို အနာကင်းတယ်လို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)။
အဲဒီလို ဖြစ်ပျက်မြင်ရင်ပဲ ဒကာ ဒကာမတို့ မဂ်မျက်လုံးတခုရပြီ (မှန်ပါ့) ဖြစ်ပျက်ဆုံးသွားလို့ရှိရင် ဒီခန္ဓာငါးပါးတော့ မမြင်တော့ပါဘုရား၊ ဆုံးသွားပြီဘုရာ့၊ သူ့ကိုမလိုချင်ပဲနဲ့ဆုံးသွားတယ်ဘုရာ့ဆိုရင် အနာကင်းတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အနာရှိတာသိမှု ဝိပဿနာမဂ်၊ အနာပျောက်တာသိမှု လောကုတ္တရာမဂ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီမဂ်နှစ်ခုခွဲပြီး ဖွင့်ရမယ် (မှန်ပါ့)။
အဲဒီတော့ ဒီမျက်လုံးနှစ်လုံးစလုံးဟာ ဒကာ ဒကာမတို့ ဆေးကုလို့ ပျောက်တဲ့မျက်လုံးချည့်ပဲ (မှန်ပါ့)။
အဲ့ဒါ ရွာထဲရပ်ထဲမှာ ဝိပဿနာ ဘာမှဝါသနာမပါတဲ့ပုဂ္ဂိုလ်သွားမေးလို့ ရှိရင်ဖြင့် ကျန်းမာရဲ့လား မေးရင်ဖြင့် အိပ်ယာထဲမနေပဲနဲ့ ကျုပ်လာတာကို ကျန်းမာရဲ့လား မေးတာ ခင်ဗျားတို့ ရူးနေသလားလို့ ဆိုချင်တောင် ဆိုဦးမှာ သူက (မှန်ပါ့) မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)။
အဲဒီတော့ အာရောဂျံ ပရမံ လာဘံဆိုတာ ဒကာ ဒကာမတို့ ယနေ့ရိပ်မိသွားတယ် (မှန်ပါ့ ဘုရား) ဒီခန္ဓာကြီးမရှိရင် အာရောဂျံ ပရမံ လာဘံ အစစ်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါမှ နိဗ္ဗာနံ ပရမံ သုခံလဲဖြစ်ပါတယ် (မှန်ပါ့) ခန္ဓာရှိနေရင်တော့ ဘယ်တော့မှ အနာမကင်းဘူး (မှန်ပါ့ ဘုရား) ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် ဖောက်ပြန်နေတာပဲ၊ မတွေ့ရပေဘူးလား (တွေ့ရပါတယ် ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
မဂ္ဂင်ငါးပါးနဲ့မြင်တဲ့ပုဂ္ဂိုလ်ဟာ
ဒါဖြင့် မဂ္ဂင်ငါးပါးနဲ့မြင်တဲ့ပုဂ္ဂိုလ်ဟာ ဖြစ်ပျက်မြင်ပါလိမ့်မယ် (မှန်ပါ့) မဂ္ဂင်ရှစ်ပါးနဲ့မြင်တဲ့ပုဂ္ဂိုလ်ဟာ ဖြစ်ပျက်ဆုံးတာ မြင်ပါလိမ့်မယ်၊ ခန္ဓာငါးပါး ဖြစ်ပျက်ဆုံးတာကို (မှန်ပါ့ ဘုရား)။
ဒီလိုမြင်တဲ့ပုဂ္ဂိုလ်ဟာ အနာရှိတာသိတယ် (မှန်ပါ့ ဘုရား) ဖြစ်ပျက်အဆုံးမြင်တဲ့ပုဂ္ဂိုလ်ဟာ (အနာကင်းတာကို သိပါတယ် ဘုရား) အနာမရှိတာကို သိတယ် (မှန်ပါ့)။
ဒါဖြင့် အနာရှိတာကိုသိတာလဲ ခင်ဗျားတို့ ဥပါဒါန်ချုပ်တာပဲ (မှန်ပါ့) အနာမရှိတာသိတာလဲ (ဥပါဒါန်ချုပ်တာ သိပါတယ် ဘုရား) အနာမရှိတော့ ဥပါဒါန်က ခန္ဓာငါးပါးကို စွဲလမ်းသေးရဲ့လား (မစွဲလမ်းပါ ဘုရား)။
အဲ ဝိပဿနာမဂ်ကလဲ ဒကာ ဒကာမတို့ အနာမရှိတာကို သိတဲ့အတွက် ဥပါဒါန်ချုပ်၊ ကံချုပ် ဟုတ်လား၊ နောက်-ခန္ဓာငါးပါး လာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ဘူး၊ သူလဲ ပျက်တော့တာပဲ ဒကာ ဒကာမတို့ မျိုးစေ့အောင်ပြီ (မှန်ပါ့)။
ကဲ တခါ ဒီထက်အောင်ပဲ အခုချက်ခြင်းပဲ ဒီခန္ဓာငါးပါးကြီးကို မလိုချင်ပါဘူးဆိုပြီး ချုပ်အောင်ရှုလိုက်၊ မရပေဘူးလား (ရပါတယ် ဘုရား)။
အဲဒီကဲ့သို့ ချုပ်အောင်ရှုလိုက်ပြီဆိုတော့လဲ ဒီက ဥပါဒါန်က မချုပ်သေးဘူးလား (ချုပ်ပါပြီ ဘုရား) မလိုချင်တော့ ချုပ်တယ်၊ ဥပါဒါန်ချုပ်တော့ ကံကကော (ချုပ်ပါတယ် ဘုရား) ဒီဘက်ကကော (ခန္ဓာငါးပါး ချုပ်ပါတယ် ဘုရား)။
ဥပါဒါန်နှိပ်စက်နေတာကိုး
ခန္ဓာငါးပါး ချုပ်သွားတဲ့အခါကျလို့ ရှိရင်ဖြင့် ဪ ဒီအထဲမှာ ဥပါဒါန်နှိပ်စက်နေတာကိုး ဆိုတာ ပေါ်လာတယ် (မှန်ပါ့)။
ပစ္စုပ္ပန် ခန္ဓာငါးပါးကို ခင်ခြင်းကြောင့် ဥပါဒါန်ဖြစ်တယ်၊ ဥပါဒါန်ဖြစ်လို့ အနာဂတ် ခန္ဓာငါးပါးဆိုတဲ့တရား ရပြန်တယ် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ မျက်လုံး ဘယ်နှစ်လုံး တပ်ပေးလိုက်သလဲ (နှစ်လုံးတပ်ပေးပါတယ် ဘုရား) ဝိပဿနာမျက်လုံးတလုံး၊ လောကုတ္တရာမျက်လုံး တလုံး (မှန်ပါ့) ဘယ်နှစ်လုံးတပ်ပေးသလဲ (နှစ်လုံးတပ်ပေးပါတယ်)။
အနာမရှိတာဟာ နိဗ္ဗာန်ပဲ
ဝိပဿနာမျက်လုံး ဘာကိုမြင်သလဲ (အနာရှိတာကိုမြင်ပါတယ် ဘုရား) ခန္ဓာငါးပါး ဖြစ်ပျက် အနာတွေကိုမြင်တယ် (မှန်ပါ့) လောကုတ္တရာမျက်လုံးက (အနာမရှိတာကို မြင်ပါတယ် ဘုရား) အနာပျောက်တာ၊ အနာမရှိတာကိုမြင်တယ်၊ အနာမရှိတာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အနာရှိတာက ခန္ဓာ (မှန်ပါ့) အနာမရှိတာက (နိဗ္ဗာန်ပါ ဘုရား) ဒါဖြင့် မျက်လုံးဘယ်နှစ်လုံး ဒီနေ့တပ်ပေးသလဲ (နှစ်လုံးပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားထုတ်ကြည့် အနာသိတဲ့မျက်လုံးကို အရင်ရလိမ့်မယ် (မှန်ပါ့) နောက်မှအနာပျောက်တဲ့မျက်လုံးကို ဒုတိယအဆင့်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ယနေ့ဒီတွင်တော်ကြဦးစို့။
သာဓု သာဓု သာဓု။