12912

မာတိကာသို့

မဂ်ဖိုလ်ရကြောင်း နည်းလမ်းကောင်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားပြသ ဆုံးမတော်မူသော

မဂ်ဖိုလ်ရကြောင်း နည်းလမ်းကောင်း

အလုပ်ပေးတရားတော်

(၂-၃-၅၉)

သူတော်ဆည်းကပ် မြတ်တရားနာ

”သူတော်ဆည်းကပ် မြတ်တရားနာ”ဆိုရာ၌ သူတော်ကောင်းဆီမှာ ဆည်းကပ်မှလဲရမယ်ဆိုတာ သူတော် ကောင်းဆီမှာလဲ တရားကရှိတယ်၊ အဲဒီတော့ သူတော်ကောင်းဆီမကပ်ဘဲနဲ့လဲ ဦးဝ-တရားထူး တရားမြတ်ရဖို့ အတော်ခဲယဉ်းတယ် (မှန်ပါ့ ဘုရား) ကပ်ရုံကလေး ကပ်နေလို့လဲ မပြီးသေးဘူးပေ့ါဗျာ၊ သူဟောတဲ့တရားကို နာရမယ်ဆိုတဲ့ အဓိပ္ပါယ်လဲပါသွားတယ် (မှန်ပါ့ ဘုရား)။

တစ်ခါနာရုံကလေးနာနေလို့ ပြီးမလားလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) “လျော်စွာကျင့်”ဆိုတော့ ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်အောင်လုပ်ပါ (မှန်ပါ ဘုရား)။

ဘာလုပ်ကြမယ် (ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်အောင် လုပ်ရပါမယ် ဘုရား) ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်အောင် လုပ်မှသာလျှင် ဒကာ ဒကာမတွေ “လျော်စွာကျင့်”ဆိုတာ ညီညွတ်တယ်နော် (မှန်ပါ့ ဘုရား)။

”မဂ်ဖိုလ်ခွင့်” ဆိုတာကတော့ ဒီသုံးချက်နဲ့ညီလို့ရှိရင် မဂ်ဖိုလ်အခွင့်အရေးဟာ ကိုယ်ပိုင်ရမယ်၊ ဧကန်ရမယ်ဆိုတာ ဦးခင်မောင်တို့ သံသယရှိဖို့မလိုပါဘူး (မလိုပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒီနေ့ ဒကာ ဒကာမတွေ ဖြည့်စွက်ပြီး သကာလ ဒီအထဲမှာ ကျမ်းနှစ်စောင်ပေါင်းပြီး ထည့်ချင်တာက ပါသေးတယ် (မှန်ပါ)။

မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး မာဂဏ္ဍီပရိဗိုဇ်ကို အကြောင်းပြုပြီး သကာလ “သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာကျင့်”ဆိုတဲ့ဥစ္စာကို ဘုရားက ဟောထားတယ် (မှန်ပါ)။

သစ္စာတရားနာရမယ်

ပေဋကောပဒေသကျမ်းဆိုတာ ရှိပါတယ်၊ အဲဒါဘုရား၏ တပည့်သားထဲကရေးတာ ဟောတာပေါ့ဗျာ (မှန်ပါ) သူကတော့ သာဝက ပါရမီဉာဏ်ပြည့်စုံချင်လို့ ရှိရင်”မြတ်တရားနာ”ဆိုတဲ့နေရာမှာ ဒါကလေးကို ဖြည့်စွက်လိုက်ပါတယ် (မှန်ပါ) ဘာကလေးကို ဖြည့်စွက်ရမှာတုံးမေးတော့ ဒကာ ဒကာမတွေ တရားတိုင်း မဟုတ်ဘူး၊ “သစ္စာတရားနာရမယ်” ဒါကလေးကို ထည့်လိုက်ကြပါနော် (မှန်ပါ)။

မြတ်တရားနာဆိုတာ ဘယ်တရားနာကြမလဲ (သစ္စာတရား နာကြရပါမယ်) ဪ- သစ္စာတရားကို နာရမှ ဒကာ ဒကာမတို့ ကိစ္စပြီးမယ်ဆိုတဲ့ဥစ္စာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဦးဘတင် ဒါအရေးကြီးတယ်နော် (မှန်ပါ) သစ္စာတရားနာရမှ၊ တစ်ခြားသောတရားတွေ၊ သစ္စာမဆိုက်တဲ့ တရားတွေကျတော့လဲ ခန္ဓာဉာဏ်မရောက်ဘဲနဲ့ ခန္ဓာ၏ဖြစ်ပျက်ကိုမမြင်၊ ခန္ဓာ၏ဒုက္ခသစ္စာကို မပြနိုင်တဲ့တရားတွေမျိုး ကျပြန်တော့လဲ သုဂတိတော့ရောက်နိုင်မယ်၊ နိဗ္ဗာန်ရောက်တရားကတော့ သစ္စာလွှတ်လို့ မရဘူးလို့မှတ်ရမယ် (မှန်ပါ)။

ဒါဖြင့်မြတ်တရားနာ ဆိုတဲ့နေရာမှာ ဘယ်တရားမျိုးနာရမလဲ (သစ္စာတရားပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ဒါကလေးကို ဖြည့်စွက်ပြီး ထည့်ကြပါလို့ ဦးခင်မောင်တို့ သတိပေးလိုက်ပါတယ်နော် (မှန်ပါ)။

ဟိုကတော့ မြတ်တရားနာဆိုတဲ့ဥစ္စာ သာမညမဖြစ်နေဘူးလား (ဖြစ်နေပါတယ် ဘုရား) အဲဒါ ပေဋကောပဒေသလာတဲ့အတိုင်း ဖြည့်စွက်ပြီး မြတ်တရားနာဆိုငြားသော်လဲ သစ္စာနဲ့စပ်တဲ့တရား၊ သစ္စာဆိုက်တဲ့တရားကို နာရမှလို့ ဖြည့်စွက်မှတ်ကြပါ (မှန်ပါ)။

သစ္စာနဲ့စပ်တဲ့တရားကိုနာကြရမှ

သစ္စာနဲ့စပ်တဲ့တရားကိုနာကြရမှ ဒကာ ဒကာမတွေ လိုရာခရီးအပြီးဆုံးသို့ ရောက်နိုင်ကြလိမ့်ဆိုတဲ့ဥစ္စာ မှတ်ပါ (မှန်ပါ)။

သစ္စာနဲ့စပ်တဲ့တရားဆိုတော့ ဘုန်းကြီးကနည်းနည်းချဲ့ပြီး ပြောချင်တာက သစ္စာဆိုတာ တစ်ခြားမှာမရှိပါဘူး၊ ခန္ဓာထဲမှာရှိတာ၊ ခန္ဓာထဲမှာရှိတဲ့ အဖြစ်အပျက်တွေဟာ ဒုက္ခသစ္စာပဲမဟုတ်လား (မှန်ပါ) အဲဒါနဲ့ပတ်သက်တဲ့တရားကိုမှ နာရမှာ (မှန်ပါ) ဦးခင်မောင်ရေ အရေးကြီးတာပေါ့ (ကြီးပါတယ် ဘုရား)။

ကဲ ဒါဖြင့် မြတ်တရားနာဆိုတဲ့နေရာမှာ ဘယ်တရားပါလိမ့် (သစ္စာတရားပါ) သစ္စာကဘယ်မှာရှိပါလိမ့် (ခန္ဓာထဲမှာ ရှိပါတယ် ဘုရား)။

ခန္ဓာထဲမှာ နဂိုရှိနေတာက ဘယ်တရားတွေများ ရှိနေသလဲ (ဒုက္ခသစ္စာတရားတွေ ရှိနေပါတယ် ဘုရား) ဒုက္ခသစ္စာ ရှိကြောင်းကိုလဲ ခန္ဓာကဘယ်လိုများပြသတုံး (ဖြစ်ပျက်တွေနဲ့ပြပါတယ်) ဪ -ဒါဖြင့် ဖြစ်ပျက်နေရတဲ့ဒုက္ခဟာ အကြီးဆုံးပေါ့ဗျာ (မှန်ပါ)။

ဪ ဒါဖြင့် မြတ်တရားနာဆိုပေမယ့် ဖြစ်ပျက်ဒုက္ခသစ္စာကို နာရမှပဲ ဦးဝတို့အားလုံးပဲ နေရာကျမှာပေါ့ (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် နေရာကျပါ့မလား (မကျပါ ဘုရား)။

ခန္ဓာနဲ့စပ်နေတယ်

သစ္စာနဲ့ပတ်သက်တဲ့တရား ဆိုတော့ ခန္ဓာနဲ့စပ်နေတယ်(မှန်ပါ) ခန္ဓာနဲ့စပ်နေတော့ ဒီခန္ဓာကြီးသည်ကားလို့ ဆိုရင် ဒုက္ခသစ္စာကြီးကို ဒီတရားကိုနာရတဲ့ ပုဂ္ဂိုလ်က ဒီဒုက္ခသစ္စာခန္ဓာကြီးကို အတူမနေချင်တဲ့ ဉာဏ်ဟာလိုက်လာမှာပဲ၊ မလိုက်လာဘူးလား (လိုက်လာပါတယ် ဘုရား)။

ဒါကြောင့် မြတ်တရားနာဆိုတဲ့နေရာမှာ ဘာတရားပါလိမ့် (သစ္စာတရားပါ) သစ္စာတရား၊ ဦးခင်မောင် ဒါကိုဖြည့်စွက်နော် (မှန်ပါ) ဦးဘအုန်းကော (ဖြည့်စွက်ရမှာပါ ဘုရား)။

”လျော်စွာကျင့်” ဆိုတဲ့ဥစ္စာတော့ ဒကာ ဒကာမတွေ ရုပ်နာမ်က ဖြစ်ပျက်ဆိုရင် သိတာကလဲ ဖြစ်ပျက်လို့သိရင် ပြီးတာပါပဲ။

ရုပ် နာမ်က ဖြစ်ပျက်ဆိုရင် (သိတာက ဖြစ်ပျက်ဆိုရင် ပြီးတာပါ ဘုရား)။

ပေဋကောပဒေသမှာလဲ ဒီအတိုင်း လာတာပါပဲ၊ သစ္စာနဲ့ပတ်သက်တဲ့တရားကိုနာ နှလုံးသွင်းမှန်အောင်ကျင့်၊ ဒီနှစ်ခုပြည့်စုံရင် သာဝကဆုတောင်း ပြည့်စုံနိုင်တယ်၊ သဘောပလား (ကျပါပြီ ဘုရား)။

သစ္စာတရားနာ၊ နှလုံးသွင်းအမှန်ထား

ဒါဖြင့်သူကတော့ ဦးခင်မောင် ဒါကလေး ထည့်လိုက်ပါတယ်၊ သစ္စာတရားနာ၊ နှလုံးသွင်းအမှန်ထား၊ အတူတူပဲ မနေဘူးလား (နေပါတယ် ဘုရား)။

နှလုံးသွင်းအမှန်ထားဆိုတော့ ဒီကအနိစ္စဖြင့် ဉာဏ်အနိစ္စလို့ နှလုံးသွင်းရုံပေါ့ဗျာ (မှန်ပါ) ခန္ဓာကဒုက္ခဖြင့် (ဉာဏ်က ဒုက္ခလို့နှလုံးသွင်းရုံပါ) ခန္ဓာက အနတ္တပြခဲ့သော် (ဉာဏ်က အနတ္တ နှလုံးသွင်းရုံပါ ဘုရား) ခန္ဓာကအသုဘ ပြခဲ့သော် (ဉာဏ်က အသုဘနှလုံးသွင်းရုံပါ ဘုရား)။

အဲဒီလို နှလုံးသွင်းမှန်လို့ရှိရင်လဲ ပြီးစီးနိုင်တာပဲလို့ ပေဋကောပဒေသမှာ လာပြန်တယ် (မှန်ပါ) ဆိုတော့ ထပ်မသွားဘူးလား (ထပ်သွားပါတယ် ဘုရား)။

ဒါဖြင့် ပေဋကောပဒေသအလိုက် သာဝကပါရမီဉာဏ် သာဝကရိုးရိုးဖြစ်ချင်လို့ သောတာပန်သာဝက၊ သကဒါဂါမ်သာဝက အစရှိသည်ဖြစ်ချင်ကြပါမူကား သစ္စာတရားကိုနာ၊ သစ္စာကို နှလုံးသွင်းမှန်လို့ရှိရင် ကိစ္စပြီးနိုင်တာပဲ (မှန်ပါ ဘုရား)။

သစ္စာတရားကိုနာပါ၊ အဲဒီနာထားတဲ့အတိုင်း ခန္ဓာကို သစ္စာလို့နှလုံးသွင်းနိုင်လို့ရှိရင် ဒုက္ခသစ္စာလို့ နှလုံးသွင်း နိုင်လို့ရှိရင် ပြီးတာပါပဲ (မှန်ပါ)။

ဘယ်လိုပါလိမ့် (ဒုက္ခသစ္စာလို့ နှလုံးသွင်းနိုင်လို့ရှိရင်ပြီးတာပါပဲ ဘုရား) အဲ နာတုန်းကလဲ သစ္စာတရားကိုပဲ နာရမယ်နော်၊ ဒုက္ခသစ္စာတရားကိုပဲ နာရမယ် မဟုတ်လား (မှန်ပါ) နှလုံးသွင်းတော့လဲ ဒီဒုက္ခသစ္စာ တွေ့ရင်ပြီးတာပဲ၊ ဒီနှစ်ခုတည်းပဲ (မှန်ပါ) ဒါဘာပါရမီဖြည့်သတဲ့လဲ (ရိုးရိုးသာဝက ပါရမီဖြည့်နိုင်ပါတယ် ဘုရား) ဆုကြီးပန်မဟုတ်ခဲ့သော် ဒါပြည့်နိုင်တယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ခုပြောခဲ့တဲ့စကားဟာလဲ အင်မတန်ကောင်းတာပဲဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

နေ့တိုင်း ဘာတွေအရှုခိုင်းသတုံး

ဒါဖြင့် ဘုန်းကြီးက အခုဒကာ ဒကာမတွေကို ချီးမြှောက်ထောက်ပင့်ပြီး သကာလ နေတာကဖြင့် နေ့တိုင်းနေ့တိုင်း ဘာတွေအရှုခိုင်းသတုံးဆိုလို့ရှိရင် ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်ကိုဦးခင်မောင် ဒါပဲ အရှုခိုင်းတာပဲ (မှန်ပါ) ဒါပဲ အနာခိုင်းတယ် (မှန်ပါ)။

ရှုလို့ရှိရင်လဲ ဒါပဲရှု၊ နာတော့လဲ ဒါတွေ နေ့တိုင်းတွေ့ရမယ် (မှန်ပါ) သစ္စာနဲ့စပ်ရဲ့လား၊ မစပ်ဘူးလား (စပ်ပါတယ် ဘုရား)။

ဒါဘာသစ္စာတွေလဲ (ဒုက္ခသစ္စာတွေပါ ဘုရား) အဲ-ဒုက္ခသစ္စာတွေချည်းပဲဟောပြီး သကာလ နေတယ်ဆိုတော့ ဒကာ ဒကာမတွေစိတ်ထဲမှာ ကျေကျေနပ်နပ်နဲ့ နာရမှာပဲ(မှန်ပါ့ ဘုရား)။

အဲဒါကို ဒကာ ဒကာမတွေက နှလုံးသွင်းပြီး သကာလ တရားနာရင်းနှလုံးသွင်းတောင် တစ်ပါးသောတရားတွေ မဝင်ဘဲနဲ့နာရင် နာရင်း သောတာပန်ဖြစ်နိုင်တယ် တဲ့၊ ပေဋကောပဒေသမှာ (မှန်ပါ)။

သစ္စာနဲ့ပတ်သက်တဲ့တရားတွေနာတယ်၊ ဟောတဲ့ပုဂ္ဂိုလ်ကဟောနေတယ် (မှန်ပါ) နာတဲ့ပုဂ္ဂိုလ်ကလဲ အဲဒီမှာ ခန္ဓာဉာဏ်ရောက်ပြီး သကာလ သစ္စာတွေများ သိနာ နာမယ်ဆိုရင် သိရင်းမတ္တ ဉာဏ်နဲ့ နှလုံးသွင်းရင်းမတ္တနဲ့ နာနေမယ်၊ တစ်ပါးသောဆီကို စိတ်မပြေးဘူးဆိုရင်ဖြင့် တရားပွဲအဆုံးမှာ သောတာပန် တည်နိုင်သတဲ့ (မှန်ပါ) တယ်ပြီး အဖိုးတန်ပါကလား (တန်ပါတယ် ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေ သောတာပန် တည်ချင်လို့ရှိရင်ဖြင့် သကဒါဂါမ် အနာဂါမ်ရဟန္တာထိအောင် တည်ချင်ကြလို့ရှိရင်ဖြင့် သစ္စာနဲ့ပတ်သက်တဲ့ တရားကိုနာပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာပဲကြည့်ပြီး နှလုံးသွင်းမယ်

နာရင်းမတ္တနဲ့တစ်ပါးဆီသို့ စိတ်မသွားဘဲနဲ့ သစ္စာပဲကြည့်ပြီး နှလုံးသွင်းမယ်ဆိုလို့ရှိရင်ဖြင့် တရားနာရင်း ကိစ္စပြီးစီးနိုင်ပါတယ် (မှန်ပါ)။

ဦးဘတင်ရေ တယ်ကျေးဇူးများပါကလား (များပါတယ် ဘုရား) ဒကာ ဒကာမတွေ ဒီဥစ္စာအထူးတလည် မှတ်ရမည့်စကားနှစ်ခွန်း (မှန်ပါ)။

ဘာတရားကိုနာရမယ် (ဒုက္ခသစ္စာတရားကို နာရပါမယ်) ဒီလိုဆိုလိုက်ပါတော့ သစ္စာတရား ဆိုလိုက်ပါတော့ ခင်ဗျားတို့ကြည့်ရမှာကလဲ ဒုက္ခသစ္စာကိုး (မှန်ပါ) သစ္စာတရားနာပြီး သကာလ နေတော့ ဘာကို နှလုံးသွင်းနေရမလဲ (သစ္စာကိုနှလုံးသွင်းနေရပါမယ် ဘုရား)။

အဲ ဆရာဘုန်းကြီးကလဲ ဒါပဲဟောရမယ်၊ ဒကာ ဒကာမတွေကလဲ ကိုယ့်ခန္ဓာဒုက္ခသစ္စာကြည့်ပြီး နှလုံးသွင်းရမယ် (မှန်ပါ)။

ဒီအချိန်မှာစိတ်ဟာ တစ်ခြားတစ်ပါးသို့ မရောယှက်ဘဲနဲ့ နေကြမယ်ဆိုလို့ရှိရင် တရားပွဲမှာပဲ သောတာပန်စသည် ဖြစ်နိုင်ပါတယ် (မှန်ပါ) စိတ်က တစ်ခြားသို့မသွားရင် ပြီးစီးနိုင်တာပဲ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတွေ ခက်သလားလွယ်သလားဆိုတဲ့ အမေးထုတ်လို့ရှိရင် ဪ တို့ဘုန်းကြီး ပြောနေကျအတိုင်း ပြောရလို့ရှိရင် ဆရာကောင်း၏လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍ အဆုံးအမတိုင်းလိုက်နာ အားထုတ်ရင်ရနိုင်သကိုးဆိုတာ ပေါ်သွားတယ် (မှန်ပါ ဘုရား)။

စိတ်ကတစ်ခြားပြင်ဘက်ကို မထွက်စေနဲ့နော်

ဘယ်လိုများ ပေါ်လာပါလိမ့် (ဆရာကောင်း၏ လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍ အဆုံးအမတိုင်း လိုက်နာအားထုတ်ရင် ရနိုင်ပါတယ် ဘုရား) နာရင်းမတ္တနဲ့တရားကလဲ သစ္စာနဲ့ပတ်သက်တဲ့တရား ဆရာဘုန်းကြီးက ဟောနေတယ်၊ ဒကာ ဒကာမတွေကလဲ သစ္စာပဲကြည့်နေပါ၊ သဘောကျပလား (ကျပါပြီ ဘုရား) ကိုယ့်ခန္ဓာဒုက္ခသစ္စာပဲ ကြည့်နေပါ၊ စိတ်ကတစ်ခြားပြင်ဘက်ကို မထွက်စေနဲ့နော် (မှန်ပါ ဘုရား)။

အဲဒီကဲ့သို့ မထွက်လို့ရှိရင်ဖြင့် ဒီတရားပွဲမှာ ဘာဖြစ်နိုင်သတုံး (သောတာပန်တည်နိုင်တယ် ဘုရား) သောတာပန် သကဒါဂါမ် အနာဂါမ် ထိုက်သလို တက်သွားနိုင်တယ် (မှန်ပါ ဘုရား)။

ဒါဖြင့် တပည့်တော်တို့ ဘာလို့နေပါလိမ့်မတုံးဆိုတဲ့ လိုမှုကလေးကို လျှောက်ရှာခဲ့သည်ရှိသော် ဪ တို့တရားနာရင်း ခန္ဓာနှလုံးသွင်းတဲ့အခါမှာ ပြတ်တောင်း ပြတ်တောင်းဖြစ်နေလို့ (မှန်ပါ ဘုရား)။

ဘယ်လိုဆိုကြမတုံး (ပြတ်တောင်း ပြတ်တောင်း ဖြစ်နေလို့ပါ ဘုရား) ဘယ်လို ပြတ်တောင်း ပြတ်တောင်းပါလိမ့် (ခန္ဓာကို နှလုံးသွင်းတဲ့အခါမှာ ပြတ်တောင်း ပြတ်တောင်းဖြစ်ပါတယ်) ဘယ်သူ့ကြောင့် ပြတ်သွားပါလိမ့်မလဲ (ကိလေသာကြောင့်ပါ) ကိလေသာကြားခိုလို့ ဒါကလေးကို ထည့်ပေးပါ (မှန်ပါ့ ဘုရား)။

ကိလေသာကြားခိုလို့ပါ

ဘယ့်နှယ်ကြောင့် ပြတ်တောင်း ပြတ်တောင်းဖြစ်ပါလိမ့် (ကိလေသာကြားခိုလို့ပါ ဘုရား) မရှက်ပါနဲ့ မရှက်နဲ့၊ ဒီဥစ္စာ ရှက်စရာမလိုဘူး၊ လူတိုင်းသိပြီးသားပဲ (မှန်ပါ့ ဘုရား)။

ကိလေသာကြားခိုတယ်ဆိုတာက ယားတဲ့စိတ်ကလေးကိုလဲ သည်းမခံနိုင်၊ နာတဲ့စိတ်ကလေးလဲ သည်းမခံနိုင်၊ အိုက်တာကလေးလဲ သည်းမခံနိုင်တော့ ဒေါသ စိတ်ကလေးကြားညှပ်ညှပ်နေတယ် (မှန်ပါ ဘုရား)။

ဘာညှပ်နေသတုံး (ဒေါသစိတ်ကလေးက ကြားညှပ်နေပါတယ်) ဒေါသစိတ်ကလေးကလဲ ကြားညှပ်ညှက်နေတယ်၊ တစ်ခါတစ်လေ စိတ်ကလေးကလဲ ဟိုပြေးဒီပြေးကလေးကော (ရှိပါတယ် ဘုရား) ဒါဟာပြေးတဲ့ စိတ်ဟာလဲ ကာမစိတ်တို့ ဗျာပါဒဝိတက်တို့ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား) ဖြစ်နိုင်တော ဒါကလေးကလဲ ဘာဖြစ်တယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ကြားခိုနေရာတာ (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်တာတုံး (ကိလေသာကြားခိုတာပါ ဘုရား) ဦးခင်မောင်ရေ ဒါကြောင့်မရတာပါကလား (မှန်ပါ) ဒကာ ဒကာမတွေ မရတဲ့ကိုယ့်အဖြစ် ကောင်းကောင်းကြီးပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘယ်လိုများပေါ်ပါလိမ့် (ကိလေသာကြားခိုလို့ မရတာပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်က တန်းလိုက်၊ မဂ်ကဖြတ်လိုက်

ကိလေသာကြားခိုတော့ကို တော်တော်နေပြန်ရှုလိုက်၊ တောက်လျှောက်မသွားဘူး (မှန်ပါ) မသွားတော့ ကိလေသာက ကြားခိုခိုပြီးနေတော့ ပဋိစ္စသမုပ္ပါဒ်က တန်းလိုက်၊ မဂ်ကဖြတ်လိုက်၊ ပဋိစ္စသမုပ္ပါဒ်က အတင်းဝင်တန်းလိုက်၊ မဂ်ကဖြတ်လိုက်၊ ဒီလိုချည်းဖြစ်နေတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်လိုဖြစ်နေသတုံး (ပဋိစ္စသမုပ္ပါဒ်ကတန်းလိုက်၊ မဂ်ကဖြတ်လိုက် ဖြစ်နေပါတယ် ဘုရား) ပြီးတော့ တစ်ခါလာပြန်ပြီ၊ ပဋိစ္စသမုပ္ပါဒ် တန်းထွက်လာပြန်ပြီ၊ မလာဘူးလား (လာပါတယ် ဘုရား)။

ကဲ ကိုသစ်တို့ ဪ တို့ဟာ ဘယ့်နှယ်ကြောင့်များ ဘာများဖြစ်နေကြပါလိမ့်မတုံးဆိုတဲ့ ဥစ္စာမတွေးပါနဲ့တော့ (မှန်လှပါ ဘုရား) တွေးလိုက်လို့ရှိရင် အဆင်သင့်ပေါ်လာပြီ (မှန်ပါ) ဘယ်လိုများ ပေါ်လာသလဲ (ပဋိစ္စသမုပ္ပါဒ် တန်းထွက်လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှက်စရာကြီးဗျာ (မှန်ပါရှက်စရာကြီးပါ ဘုရား) အခုဒါဟာ ရှက်တတ်လာရင် ဒကာ ဒကာမတွေ အများကြီး တော်လာတာပဲ (မှန်ပါ) တစ်ခါတည်း ကိလေသာ တောထနေတာဟာ ဒကာ ဒကာမတွေ သိမှမသိဘဲ (မှန်ပါ) အခုတော့ ကြားညှပ်တာကလေးကို ရှက်လာပြီဆိုတော့ တောထလာတော့ ကြောက်သွားတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကြားညှပ်တာကလေး ဘယ့်နှယ်ဖြစ်လာသတုံး (ရှက်လာပါတယ် ဘုရား) ရှက်တယ် (မှန်ပါ) ဒါကရှက်ရုံပဲရှိသေးတာ၊ တောထလာတာကို ပြန်တွေးလိုက်တော့ (ကြောက်ပါတယ် ဘုရား)။

ဟိရီနဲ့ဩတ္တပ္ပကပ်လာတယ်

အဲ အခုမှ အရှက်အကြောက်ကလေးတွေ ခင်ဗျားတို့ကပ်လာတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်လာကြသတုံး (အရှက်အကြောက်ကလေးတွေ ကပ်ပါလာပါတယ် ဘုရား) အရှက်အကြောက် ဆိုတော့ ဟိရီနဲ့ဩတ္တပ္ပကပ်လာတယ် (မှန်ပါ)။

ဟိရီနဲ့ဩတ္တပ္ပ ကပ်လာတယ်ဆိုတော့ လောကပါလတရားနှစ်ခုဟာ ယခုရောက်ခါရှိသေးတယ် (မှန်ပါ ဘုရား) လောကကို စောင့်ရှောက်နေတဲ့ တရားနှစ်ခု ယခုခန္ဓာကိုယ်ထဲရောက်ပြီ (မှန်ပါ)။

နဂိုက လောကစောင့်နေတဲ့ တရားနှစ်ခုဆိုတဲ့ ဥစ္စာသည် အထက်ဝတ်နဲ့ အောက်ဝတ်ပါပဲ၊ အထက်က ဝတ်တဲ့အဝတ်တစ်ထည်၊ အောက်ကဝတ်တဲ့အဝတ်တစ်ထည်၊အဲ့ဒီနှစ်ခုစလုံး နဂိုကဗလာဖြစ်နေတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာတုံးဗျ (အထက်အဝတ်နဲ့ အောက်အဝတ်ပါပဲ ဘုရား) လုံချည်အင်္ကျီဆိုလိုက်ပါတော့ ရှင်းသွားအောင် (မှန်ပါ ဘုရား)။

နဂိုက ဘာတုံး (ဗလာဖြစ်နေပါတယ် ဘုရား) လုံချည် အင်္ကျီဗလာဖြစ်နေတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာဖြစ်လို့တုံးဆိုတော့ ရှက်လဲမရှက်၊ ကြောက်လဲမကြောက် (မှန်ပါ) အဲ မရှက်မကြောက်တော့ နဂိုကအဝတ်ဝတ်ထားငြားသော်လဲ ဒီအဝတ်က လုံတဲ့အဝတ်မဟုတ်ပါဘူး (မှန်ပါ) သူ့ဟာဟိရိဩတ္တပ္ပနှစ်ပါးခံမှ လုံတာကိုး (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အခုအဝတ်တွေက ငရဲမီးလောင်ကြည့်ပါလား ဒကာ ဒကာမတို့ သူပါပြာကျကျွမ်းသွားနိုင်တယ် (မှန်ပါ) ဘာဖြစ်လို့တုံး ၊ မလုံလို့ပေါ့ဗျ (မှန်ပါ မလုံလို့ပါ ဘုရား)။

ဟိရိဩတ္တပ္ပကတော့ လုံတဲ့အဝတ်

ဟိရိဩတ္တပ္ပတရားနှစ်ခုသာ ဝတ်ကြည့်စမ်းပါ၊ ငရဲမီးလာပါ့မလား (မလာပါ ဘုရား) ဪ ဒါဖြင့် တို့ အဝတ်က မလုံတဲ့အဝတ်ပါလား (မှန်ပါ) ဟိရိဩတ္တပ္ပကတော့ (လုံတဲ့အဝတ်ပါ ဘုရား)။

လုံတဲ့အဝတ် ဘယ်အချိန်ကျမှ စပြီးဝတ်ရသတုံး ဆိုတဲ့ဥစ္စာ ကြားခိုမှန်းသိမှ လုံတဲ့အဝတ်ကို စဝတ်ရတယ် (မှန်ပါ)။

အလုပ်လုပ်တဲ့အခါကျမှ ဟာ ကြားခိုသွားပြီဆိုပြီမှ ရှက်လာတယ် ဟုတ်လား (မှန်ပါ) အဲမဝတ်ဘဲနေရင် တောထနေတာပါကလားဆိုတော့ ကိုယ့်ဟာကိုယ် ကြောက်လာတယ် (မှန်ပါ) သဘောပါလား (ပါပါပြီ ဘုရား)။

အဲဒီကဲ့သို့ အရှက်အကြောက်နှစ်ခုရှိတာတော့မှ ဟိရီဆိုတဲ့ ရှက်စရာကောင်းတာကိုလဲသိ၊ ကြောက်တတ်တဲ့ သဘောကလေးကိုလဲ သူသိသွားပြီဆိုတော့ ဩတ္တပ္ပလန့်တဲ့ သဘောကလေးဖြစ်သွားတယ် (မှန်ပါ)။

အဲဒီတော့ နဂိုက အဟီရိက အနောတ္တပ္ပနဲ့နေတာ၊ ဟိရီဩတ္တပ္ပတရားနှစ်ခုရောက်လာတယ် (မှန်ပါ) အောက်အဝတ်ရော၊ အထက်အဝတ်ရောစုံသွားတယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား) နဂိုကတော့ တုံးလုံးပေါ့ဗျာ (မှန်ပါ) နဂိုက ဘာတုံး (တုံးလုံးပါ ဘုရား) ဦးဝတို့ တုံးလုံးနေခဲ့တာ အတော်ကြာခဲ့ပြီ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒီအရွယ်ကျမှ တုံးလုံးပြောခံရတာ

ဒီလို လျစ်လျူရှုရင် ဘာတဲ့ဗျာ (တုံးလုံးပါ ဘုရား) တုံးလုံးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) ဦးဝရေ ဒီအရွယ်ကျမှ တုံးလုံးပြောခံရတာ မနာနဲ့နော် (မှန်ပါ မနာပါ)။

နာစရာမလိုပါဘူး၊ အရင်တုန်းက ကြားခိုနေရတာမှန်း ဦးခင်မောင်တို့ သိရဲ့လား (မသိပါ ဘုရား) ကြားခို နေရတာမသိတော့ တောထနေတာကော (မသိပါ ဘုရား)။

ကြားခိုတော မသိတော့ကို မရှက်ဘူး၊ တောထနေတာ မသိတော့ (မကြောက်ပါ ဘုရား) မလန့်ဘူး သဘောကျပလား (ကျပါပြီ ဘုရား) အဲဒီတော့ ဟိရီ ဩတ္တပ္ပတရားနှစ်ခု ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အခုတော့ဖြင့် အလုပ်ကလေး လုပ်ကြည့်တော့ တယ်ပြီးဝိတက်တွေက ရှုပ်တယ်၊ ကိလေသာတွေ ရှုပ်တယ်လို့ ဒီလိုဖြစ်နေတာ၊ အခုတော့ ပြောတတ်လာပြီ (မှန်ပါ) မပြောတတ်ဘူးလား (ပြောတတ်ပါတယ် ဘုရား)။

ပြောတတ်လာတဲ့အခါကျတော့ ရှက်လာပြီ အင်း ဒီပြင်အခါများဆိုရင် အခက်သားပါလား မလာဘူးလား (လာပါတယ် ဘုရား)။

တစ်ခြားသောအခါဆိုရင်ဖြင့် ကိလေသာ တောထနေတဲ့အတွက် တကယ့်ကိုပဲ ကြောက်စရာကြီးပါလား ဆိုတာ ပြန်မတွေးနိုင်ဘူးလား (တွေးနိုင်ပါတယ် ဘုရား)။

အခုတော့ဖြင့် ဟိရီတရား ဩတ္တပ္ပတရားနှစ်ခုဆိုတဲ့ အောက်ဝတ်အထက်ဝတ်ကို ဝတ်ကြပလားလို့ မေးရတယ် (ဝတ်ပါပြီ ဘုရား)။

ရှက်အောင်ပြောနေတာ မဟုတ်ပါဘူး

ဘယ်အရွယ်ကျမှ ဝတ်ကြသတုံး (အခုအရွယ်ကျမှ ဝတ်ရပါတယ်) ဒါရှက်အောင်ပြောနေတာ မဟုတ်ပါဘူး၊ ဖြစ်စဉ်ကိုက်ပြောတာပါ (မှန်ပါ)။

ဦးဘအုန်း ဆရာဘုန်းကြီးစကားတတ်လို့ ပြောတာလား၊ ပင်ကိုဖြစ်စဉ်အတိုင်းလား (ပင်ကိုဖြစ်စဉ်အတိုင်း ပါ ဘုရား) တရားဖြစ်စဉ်အတိုင်း ပြောပြီး သကာလ နေတော့ ဦးဝတို့ ၅၀ကျော် ၆၀၊ နောက်က ဒကာ ဒကာမတွေလဲ ၄၀-၅၀ အရွယ်တွေပဲ၊ ဪ တို့မှာဖြင့် မကြာသေးဘူးဟေ့၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

နဂိုကသင်တိုင်းကလေးနဲ့ နေသလိုဖြစ်နေတယ် (မှန်ပါ) ဒီလိုကျမနေဘူးလား (နေပါတယ် ဘုရား) နဂိုက သင်တိုင်းကလေးနဲ့နေသလိုလို၊ ဂါဝန်ကလေးနဲ့နေသလိုလို မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) အခုတော့ဖြင့် အထက်ဝတ် အောက်ဝတ်စုံကြပလား (စုံပါပြီ ဘုရား)။

ဒါ ဘယ်အချိန်ကစပြီး စုံသတုံးဆိုတော့ အလုပ်လုပ်ကြည့်မှစုံတယ် (မှန်ပါ) အလုပ်လုပ်ကြည့်တော့ ဖြစ်ပျက်နဲ့မဂ်ဟာ မကိုက်တဲ့အခါကော မပါဘူးလား (ပါပါတယ်) ဘာဖြစ်လို့ပါလိမ့် (ကိလေသာ ကြားခိုလို့ပါ ဘုရား)။

ကိလေသာကြားခိုနေလို့ ရှက်စရာ

ဪ သိပြီ၊ ဒကာ ဒကာမတွေက သိပြီ၊ ကိလေသာကြားခိုပြီး ဘေးကသူတော်ကောင်းတွေက ကိုယ်စောင့်နတ် ရွာစောင့်နတ်တွေက ကြည့်နေမယ်ဆိုရင် ရှက်စရာကြီးပဲ (မှန်လှပါ) ကိလေသာကြားခိုနေလို့ ရှက်စရာမကောင်းဘူးလား (ရှက်စရာကောင်းပါတယ်)။

ပြီးတော့မှ ကိုယ့်ဟာကိုယ် ဆက်လက်ပြီး တွေးလိုက်တဲ့အခါ အားထုတ်တဲ့အချိန်တောင် ကြားခိုသေးတယ် ဆိုတော့ အားမထုတ်တဲ့အချိန်ကျတော့ ဘယ်လိုများ ဖြစ်နေကြသတုံး (တောထနေပါတယ် ဘုရား)။

တောထတော့ စိတ်ထဲမှာ ဘယ့်နှယ်ဖြစ်လာသတုံး (လန့်လာပါတယ်) ဒကာ ဒကာမတို့ တစ်ခါတည်း လန့်ခြင်းက ဖြစ်လာကြရင် အပါယ်ငရဲမှ ခေါင်းပြူစရာမရှိတော့ပါကလား၊ မလန့်ဘူးလား (လန့်ပါတယ် ဘုရား)၊

ဒါဖြင့် ရှက်ခြင်း၊ ကြောက်ခြင်းဟာ အလုပ်လုပ်တဲ့ပုဂ္ဂိုလ်မှ စပြီးလာတာ (မှန်ပါ) နဂိုကဆိုရင်ဖြင့် ဒါတွေဟာ ဘယ်မှာပါလိမ့်မလဲဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

ဒကာ ဒကာမတွေ အခုမှ အထက်အဝတ်၊ အောက် အဝတ်စုံတော့တယ်ဆိုတာကို ကိုယ်တိုင်လဲ သဘောပါကြပလား (ပါပါပြီ ဘုရား)။

သာဝကပါရမီဉာဏ်ပြည့်ဖို့

ဒါဖြင့် ဒကာ ဒကာမတွေ ဒီအလုပ်ဆက်ပြီး ပေါက်သွားမယ်ဆိုရင် ကျေးဇူးပေါ့ဗျာ (များပါတယ် ဘုရား)။

သာဝကပါရမီဉာဏ် မပြည့်သေးဘူးလား (ပြည့်ပါတယ် ဘုရား) သာဝကပါရမီဉာဏ်ပြည့်ဖို့ အလုပ်ကလဲ နှစ်နည်းပဲရှိတယ်နော်၊ သစ္စာတရားနာမှု သစ္စာနဲ့လျော်အောင်နှလုံးသွင်းမှု (မှန်ပါ) ဒီနှစ်ခုရှိရင် ဘာဖြစ်သတဲ့ဗျာ (သာဝကပါရမီဉာဏ်ပြည့်ပါတယ် ဘုရား)။

ပကတိသာဝကရိုးရိုးဖြစ်နိုင်တယ်၊ သောတာပန်သာဝက၊ သကဒါဂါမ်သာဝက၊ အနာဂါမ်သာဝက ဖြစ်နိုင်တယ် (မှန်ပါ)။

ဒါဖြင့် အားလျှော့စရာ ပါသေးသလား (မပါပါ ဘုရား)။

ဘာနဲ့ဘာပါလိမ့်ဗျာ (သစ္စာတရားနာဖို့နဲ့ သစ္စာတရားနှလုံးသွင်းဖို့ပါ ဘုရား)။

အဲ သစ္စာတရားနာမှုရယ်၊ သစ္စာတရား နှလုံးသွင်းမှန်မှုရယ် အဲဒီနှစ်မျိုးပဲ၊ ဟောထားတဲ့တရားနဲ့ ကိုယ်နှလုံးသွင်းနဲ့ကိုက်အောင် နှလုံးသွင်းလိုက်လို့ရှိရင်ဖြင့် ဒီနှစ်ခုပြည့်စုံရင် သောတာပန်တည်နိုင်တယ် (မှန်ပါ) ဒီ အဓိပ္ပါယ်မရဘူးလား (ရပါတယ် ဘုရား)။

ကဲ ဒီတစ်ခါ မနေ့ကပြောခဲ့တဲ့ မာဂပဏ္ဍီပရိဗိုဇ်ကို ဟောတဲ့အတိုင်း သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာကျင့်ဆိုတဲ့ အင်္ဂါသုံးချက် ပြည့်စုံလို့ရှိရင် မဂ်ဖိုလ်ဧကန်ရမှာပဲလို့ ဟောထားပါတယ် (မှန်ပါ)။

ဒီနေ့ နှစ်ချက်ပေးလိုက်တာ

ကဲ ဒါဖြင့် ဒီနေ့ နှစ်ချက်ပေးလိုက်တာက မြတ်တရားနာဆိုတဲ့နေရာမှာ ဘယ်တရားမျိုးကို နာရမတုံး (သစ္စာတရားကို နာရပါမယ် ဘုရား)။

သစ္စာတရားနာလို့ရှိရင် ဒကာ ဒကာမတွေ လိုရာကိစ္စပြီးမယ်ဆိုတာ သစ္စာတရားမှလဲလမ်းဆုံးတယ် ဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်ပါ)၊ သစ္စာတရားဆိုတာလဲ သေသေချာချာ စဉ်းစားကြည့်ပါ၊ ဒုက္ခသစ္စာတရားကိုပဲ ကျုပ်တို့က မြင်အောင်ကြည့်ရမှာက နောက်ကနေပြီးဉာဏ်က (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဟောတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာ ဟောပါတယ် ဘုရား) နှလုံးသွင်းတဲ့အခါကျတော့ (ဒုက္ခသစ္စာကို နှလုံးသွင်းရပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာမြင်တော့ အမြင်ခံရတာက ဒုက္ခသစ္စာ၊ မြင်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား) သေနေတာက (သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာဆိုတဲ့ ဟိုဘက်သံသရာကြီး စခန်းသတ်သွားတာက (နိရောဓသစ္စာပါ ဘုရား) ဟော-ကိုက်နေတာပဲ(မှန်ပါ)။

သမုဒယသစ္စာသေတော့ ဦးဘအုန်းတို့ဘက် ဥပါဒါန် ကံတို့ ဇာတိ ဇရာ မရဏ ဒုက္ခတွေ လာသေးသလား (မလာပါ ဘုရား) ဒါဖြင့် ဒုက္ခနိရောဓော နိဗ္ဗာနံနဲ့ကော (ကိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီတရားနှစ်လုံးနဲ့ပဲ ပေဋကောပဒေသလာတဲ့ ဒီနေ့ပေးလိုက်တဲ့ နှစ်လုံးဟာလဲ ဦးဘတင်တို့ ကိုသစ်တို့ သိပ်အဖိုးတန်တဲ့ နှစ်လုံးပါလား (မှန်ပါ့ ဘုရား) သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်ချင်ကြလို့ ရှိရင် သစ္စာတရားနာ၍ သစ္စာနဲ့လျော်အောင် နှလုံးသွင်းတဲ့ဉာဏ်ပါရင်ပြီးတာပဲ (မှန်ပါ)။

ကိလေသာကြားမညှပ်စေနဲ့

ဘာလုပ်ရမယ် (သစ္စာတရားနာ၊ သစ္စာနဲ့လျော်ညီစွာ နှလုံးသွင်းရပါမယ် ဘုရား) ဒီအထဲမှာ ခြွင်းချက်ကလေးက နှလုံးသွင်းတဲ့အချိန်မှာ ကိလေသာကြားမညှပ်စေနဲ့ (မှန်ပါ) ဒီအချက်ကတော့ဖြင့် ဒကာ ဒကာမတို့ ဖြတ်လို့ သတိပေးတာပဲ (မှန်ပါ)။

ဘယ်လိုပါလိမ့် (ဖြတ်လို့သတိပေးတာပါ ဘုရား) ဟုတ်ကော ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား) ဟုတ်တယ်၊ တစ်ခါတစ်လေများ ဖြစ်ပျက်ကလေးရှုနေလိုက်တာ ရှုရင်းမတ္တနဲ့တစ်ခါတည်း “ဖျတ်” ဆိုဖြစ်ပျက်နဲ့ ဉာဏ်နဲ့ အဆက်ပြတ်ပြီး သကာလ ပဋိစ္စသမုပ္ပါဒါကြီးများဆက် နေလိုက်တဲ့ဖြစ်ခြင်း၊ တော်တော်နဲ့ မပြတ်နိုင်ပါဘူး (မှန်လှပါ ဘုရား)။

ဦးဘတင် တော်တော်နဲ့အဆက်ပြတ်ရဲ့လား (မပြတ်ပါ ဘုရား) စိတ်ကူးရှည်တယ်ဆိုတာ ဘာဖြစ်နေတာတုံး (ပဋိစ္စသမုပ္ပါဒ် ဆက်နေတာပါ ဘုရား)။

စိတ်ကူးရှည်တယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ် ဆက်နေတာနော် (မှန်ပါ) အဲဒီတော့ ခင်ဗျားတို့ စိတ်ကူးရှည်သလောက် ပဋိစ္စသမုပ္ပါဒ်ဆက်နေလေလေ၊ ဖြစ်ပျက်နဲ့မဂ်နဲ့အဆက်ပြတ်နေတာပဲ (မှန်ပါ)။

ဘာနဲ့အဆက်ပြတ်နေတာလဲ (ဖြစ်ပျက်နဲ့မဂ်နဲ့ အဆက်ပြတ်နေပါတယ် ဘုရား) ဘာဝင်ပြီး ရှည်နေတာပါလိမ့် (ပဋိစ္စသမုပ္ပါဒ် ဝင်ပြီးရှည်နေတာပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကြီးက ရှည်နေလိုက်တာ

ပဋိစ္စသမုပ္ပါဒ်ကြီးက ရှည်နေလိုက်တာ၊ ဘယ်နှစ်ပတ်များ လှည့်သွားမယ်ထင်သတုံး၊ (မရေတွက်နိုင်ပါ ဘုရား) ဒါဖြင့် ကိလေသာကြားထဲမှာ တောထသွားသေးတယ် (မှန်လှပါ ဘုရား) မထဘူးလား (ထပါတယ် ဘုရား) တယ်လဲကြောက်စရာကောင်းပါလား ဒကာ ဒကာမတို့ (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဘယ်လိုနေမှ ဘယ်လိုထိုင်မှ သင့်မယ်ဆိုတာကိုလဲ ဦးခင်မောင်တို့ ရိပ်မိရောပေါ့ဗျာ (မှန်လှပါ ဘုရား) မရိပ်မိသေးဘူးလား (ရိပ်မိပါပြီ ဘုရား) ကိလေသာကြားမခိုဖို့အလုပ်ဟာ ကိုယ့်အလုပ်၊ သစ္စာတရား ဟောဖို့က ဆရာ့အလုပ် (မှန်ပါ)။

ကိလေသာ ကြားမခိုအောင်လုပ်မှုက (ကိုယ့်အလုပ်ပါ ဘုရား) ယောဂီပုဂ္ဂိုလ်တို့၏အလုပ် (မှန်ပါ) သစ္စာတရားဟောမှုက (ဆရာ့အလုပ်ပါ ဘုရား)။

ခင်ဗျားတို့က နာပြီဗျာ၊ နာရင်းမတ္တနဲ့ ခန္ဓာကို နှလုံးသွင်းတဲ့အခါကျလို့ရှိရင် ကိလေသာကြားမခိုအောင် ကိုယ်ကစောင့်ရှောက်မှုသည် ယောဂီပုဂ္ဂိုလ်တို့၏ အလုပ်ဆိုတာပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီနှစ်ခုစုံခဲ့လို့ ကိလေသာ ကြားခိုတဲ့အလုပ်မရှိခဲ့သော် သောတာပန် ချက်ချင်းတောင်တည်နိုင်ပါတယ် (မှန်ပါ) ဘာဖြစ်လို့တုံးဆိုတော့ ဒကာ ဒကာမတို့နာတဲ့တရားနဲ့ လုပ်တဲ့တရားကိုက်သွားလို့ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (နာတဲ့တရားနဲ့ လုပ်တဲ့တရား ကိုက်သွားလို့ပါ ဘုရား) နာတဲ့တရားက ဘာကိုနာရမလဲ (သစ္စာတရားနာရပါမယ် ဘုရား)။

ဒီကနေ့ နှလုံးသွင်းနေရတာက ဘာကိုနှလုံးသွင်းနေရသတုံး (သစ္စာတရားကို နှလုံးသွင်းနေရပါမယ် ဘုရား) သစ္စာတရားပဲ နှလုံးသွင်းနေ၊ ဒုက္ခသစ္စာပဲ နှလုံးသွင်းနေပါ (မှန်ပါ ဘုရား) ဖြစ်ပျက်ဒုက္ခသစ္စာပဲ နှလုံးမသွင်းကြဘူးလား (သွင်းပါတယ် ဘုရား)။

နာတဲ့တရားနဲ့ အားထုတ်တဲ့တရားနဲ့ ကိုက်လို့ရှိရင်

အဲဒီတော့ နာတဲ့တရားနဲ့ အားထုတ်တဲ့တရားနဲ့ ကိုက်လို့ရှိရင်ဖြင့် ကိလေသာကြားမညှပ်ရင် ဒီတရားပွဲမှာပဲ ရနိုင်ပါတယ် (မှန်ပါ) ဘာဖြစ်လို့တုံး၊ အလုပ်လဲပါသွားတာကိုးဗျ မပါဘူးလား (ပါပါတယ် ဘုရား) အဲ မလုပ်နဲ့ အဟောနဲ့ သွားပြီးကိုက်တယ် (မှန်ပါ)။

ဪ ဒါဖြင့် မြတ်စွာဘုရားလက်ထက်က တရားပွဲမှာ ထောင်သောင်းချီ၍ အများကြီးကျွတ်သွားတာတွေလဲ ဝတ္ထုသက်သေသာဓကတွေ အများကြီးရှိပါတယ် (မှန်ပါ ဘုရား)။

ဘယ်လိုပုဂ္ဂိုလ်တွေပါလိမ့်မတုံးလို့ အမေးထုတ်ခဲ့သော် ဒီနှစ်ချက်နဲ့ ညီတဲ့ပုဂ္ဂိုလ်တွေလားလို့ ပေါ်လာတယ် (မှန်ပါ) ဒီနှစ်ချက်ဆိုတာ ဘာပါလိမ့် (သစ္စာတရားနာမှုရယ် သစ္စာတရားကို နှလုံးသွင်း အားထုတ်မှုရယ်ပါ ဘုရား) ကိလေသာ ကြားမခိုရဘူးနော် (မှန်ပါ ဘုရား) ကိလေသာ ကြားမခိုတဲ့ ပုဂ္ဂိုလ်တွေက ဘာဖြစ်သွားသတုံး တရားပွဲလဲ ပြီးရော (သောတပန်စသည် ဖြစ်သွားပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားလက်ထက်က ပါရမီကြောင့်တင်ပဲလား၊ အလုပ်မှန်သွားလို့လား လို့လဲ တစ်ခါဝေဖန်ပါဦး (အလုပ်လဲ မှန်သွားလို့ပါ ဘုရား)။

သစ္စာတရားနာမှု၊ သစ္စာနဲ့ပတ်သက်တာ နှလုံးသွင်းမှု၊ ဒီနှစ်ခုပြည့်စုံရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်တယ် (မှန်ပါ) ဒီနှစ်ခုညီညွတ်ဖို့ အရေးကြီးတယ် (မှန်ပါ)။ *

* သစ္စာတရားနာနိုင်မှုနှင့် သစ္စာတရားနှလုံးသွင်းမှု နှစ်မျိုးကို အားထုတ်နိုင်တာ သည်ပင်လျှင် ပါရမီအတွင်း ဝင်ပြီးသား ဖြစ်နေသည်ကို ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်သည်။

အလုပ်ညီညွတ်လို့ပါလို့ အောက်မေ့လိုက်ပါ

အဲဒါကြောင့် ဘုရားလက်ထက်က တရားနာရင်း ကိစ္စပြီးသွားကြတဲ့ ပုဂ္ဂိုလ်တွေကို ထောက်ကြည့်လိုက်လို့ ရှိရင်ဖြင့် သူတို့က မီးခဲပြာဖုံးတွေကိုးလို့ချည်းသာ မအောက်မေ့လိုက်ပါနဲ့၊ အလုပ်ညီညွတ်လို့ပါလို့ အောက်မေ့လိုက်ပါ (မှန်ပါ)တို့ ဘာဖြစ်နေသတုံးမေး (အလုပ်ညီညွတ်လို့ပါ ဘုရား)။

ကိုယ့်အလုပ်တွေ ပေါ်လာအောင်လို့ ပြောရတယ် (မှန်ပါ) ပေါ်ပလား (ပေါ်လာပါပြီ) ဘယ်လိုပေါ်လာပါလိမ့် (ကိလေသာ ကြားညှပ်လို့ဆိုတာ ပေါ်လာပါတယ် ဘုရား) ကိလေသာကြားညှပ်လို့ဆိုတာ ကိုယ့်ဟာကိုယ်ပြောရတာပင် ရှက်စရာကြီး (မှန်ပါ)။

ရှက်စရာပေမယ့်လဲ ဆရာသမားရှေ့မှာ ပြောရငြားသော်လဲ-တဲ့၊ ရှေ့က ဒါလောက်မှမသိလို့ တောထနေတာမှန်း မသိတာ၊ အခုကြားကလေးညှပ်တာ သိတယ်ဆိုရင် အများကြီးတော်သွားတယ် (မှန်ပါ)။

ဦးဘတင်ဘယ့်နှယ်တုံး (ကိလေသာကြားညှပ်တာ သိတာကိုပဲ အများကြီးတော်သွားပါတယ် ဘုရား) အများကြီး တော်သွားတယ် အလုပ်လုပ်လို့ဗျ (မှန်ပါ) အလုပ်မလုပ်လို့ရှိရင် (မသိပါ ဘုရား)။

အလုပ်မလုပ်လို့ရှိရင် တစ်ခါတည်း သူချည်း တောထနေတော့ ဘာမှမသိတော့ပါဘူး (မှန်ပါ) သိသေးရဲ့လား (မသိပါ ဘုရား)။

ကိုင်း-ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဘုရားလက်ထက်ကတော့ မီးခဲပြာဖုံးတွေမို့လို့ချည်း မဆိုလိုက်ပါနဲ့တော့ (မှန်ပါ) ဘယ်လိုဆိုကြမလဲ (အလုပ်လဲ မှန်လို့ပါ ဘုရား)။

အလုပ်မမှန်လို့ ဆိုရမလား

ဒီ ဒကာ ဒကာမတွေ မီးခဲပြာဖုံးတွေမို့လို့ ဆိုရမလား၊ မီးခဲရေဖုံးတွေမို့လို့ ဆိုရမလား၊ အလုပ်မမှန်လို့ ဆိုရမလား (အလုပ်မမှန်လို့ပါ ဘုရား)။

ဟာ မီးခဲရေဖုံးတော့ ဒီအထဲမှာ ပါမှာမဟုတ်ပါဘူး၊ စိတ်သာချ၊ သဘောကျပလား (ကျပါပြီ ဘုရား) မီးခဲ ရေဖုံးရင်ဖြင့် ဘယ်တော့မှ ရဲတော့မှာ မဟုတ်ဘူး၊ ရဲစရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒီလို ဆရာကောင်း သမားကောင်းနဲ့ ကို တွေ့စရာကော (မရှိပါ)။

အဲ မီးခဲရေဖုံးတော့ မဟုတ်ပါဘူး၊ ခင်ဗျားတို့ အလုပ်မမှန်တာတစ်ခုပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုပါလိမ့် (မီးခဲရေဖုံးတော့ မဟုတ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ-ဒါဖြင့် ကိုယ့်အဖြစ် ကိုယ်သိကြပြီ (သိပါပြီ ဘုရား) ပြင်တတ်ကြပလား (ပြင်တတ်ပါပြီ ဘုရား) ဘယ်လိုပြင်ပါ့မလဲ (ကိလေသာကြားမခိုအောင် အားထုတ်ရမှာပါ ဘုရား)။

ဒါဖြင့် တရားဟောတာ ဘုန်းကြီးတစ်နေ့ ဘယ်နှစ်နာရီဟောပါလိမ့် (တစ်နာရီဟောပါတယ် ဘုရား) ဒီအတွင်း ကိလေသာကြားခိုသေးရင်လဲ ခက်ချည့်ရဲ့ (မှန်ပါ) နာရီများ ရှည်ရှည်ဟောနေတယ်ဆိုရင်ဖြင့် ကိလေသာ တောထနေမှာပဲ (မှန်ပါ)။

တစ်နာရီတည်း ဟောတာတောင်

တစ်နာရီတည်း ဟောတာတောင် ဘာဖြစ်သတုံး (ကြားခိုနေပါတယ် ဘုရား) ကဲ နောက်တော့ တစ်နာရီတောင် ဟောဖို့ မသင့်ဘူးထင်တယ်၊ ကြားခိုများမှာ စိုးတာနဲ့ (မှန်ပါ) နာရီဝက်လောက်ခိုသွားလို့ မသိမ်းနိုင်တော့ဘူးဘုရာ့ ဖြစ်လာလိမ့်မယ် (မှန်ပါ) ကိလေသာကို မသိမ်းနိုင်တဲ့ အခြေအနေရောက်နေလိမ့်မယ် (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒီတစ်နာရီကြားမှာဖြင့် နက်ဖြန်ကျရင် အဓိဋ္ဌာန်ထားပါ၊ မဓိဋ္ဌာန်နိုင်ဘူးလား (ဓိဋ္ဌာန်နိုင်ပါတယ် ဘုရား) ဘယ်နည်းနဲ့မဆို သစ္စာတရားနာမှု၊ သစ္စာတရားကို နှလုံးသွင်းမှု၊ ဒီနှစ်ခုသာလျှင် ရှိစေမယ်၊ ကိလေသာကြားခိုတော့ မခံဘူးကွ (မှန်ပါ) ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)။

ဒီ အဓိဋ္ဌာန်ချက်နဲ့ နက်ဖြန်လာခဲ့ရပါလိမ့်မယ် (မှန်ပါ) သစ္စာတရားနာမှုရယ်၊ သစ္စာတရားနာရင်း သစ္စာတရား နှလုံးသွင်းမှုမှတစ်ပါး ငါတို့သည် ကိလေသာ ကြားခိုမခံဘူး (မှန်ပါ) အဓိဋ္ဌာန်မရဲဘူးလား ခင်ဗျားတို့ (အဓိဋ္ဌာန်ရဲပါတယ် ဘုရား)။

အားလုံး အဓိဋ္ဌာန်ရဲရဲ့လား

အားလုံး အားလုံး အဓိဋ္ဌာန်ရဲရဲ့လား (ရဲပါတယ် ဘုရား) အဓိဋ္ဌာန်ရဲလို့ရှိရင် အိမ်ကကိုက ဒီရည်ရွယ်ချက်နဲ့ လာခဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီရည်ရွယ်ချက်နဲ့ လာလို့ရှိရင် ဘုန်းကြီးကလဲ သစ္စာကိုလဲပြနေမှာပဲ၊ ခင်ဗျားတို့ကလဲ ပြနေတဲ့အတိုင်း ဉာဏ်က ခန္ဓာကိုပဲ ကြည့်နေပါ၊ ဟုတ်ပလား (မှန်ပါ)။

ကြည့်နေလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် မြင်ရင်မြင်တယ်၊ မမြင်ရင်ဖြင့် မမြင်ဘူးပြောရုံပဲ၊ မမြင်မြင်အောင် ဆရာဘုန်းကြီးက ဒါကိုတန်ဆာဆင်ပေးတော့မှာပဲ (မှန်ပါ) ဒီလိုဆိုလို့ရှိရင် ခင်ဗျားတို့သည် တရားသားနှစ်ရက် သုံးရက် ရလာမယ်ဆိုလို့ရှိရင် ကိစ္စပြီးသွားနိုင်တယ် (မှန်ပါ) ဦးဘတင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် နက်ဖြန် အဓိဋ္ဌာန်ခဲ့ရမှာက ဘယ်လိုပါလိမ့် ခင်ဗျားတို့ (တရားနာရင်းနဲ့ ဉာဏ်ကခန္ဓာကိုပဲ ကြည့်တော့မယ်) ကိလေသာ ကြားဝင်မခံဘူးဆိုပါစို့ (မှန်ပါ)။

နားကလဲ တရားနာမယ်၊ ဉာဏ်ကလဲ ခန္ဓာကိုယ့်လှည့်ပြီး နာမယ်ဆိုလို့ရှိရင်ဖြင့် ကိလေသာကြားခိုစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကျင့်ထားပါ၊ ကျင့်ထားပါ၊ ဘာဖြစ်လို့တုံးဆိုလို့ရှိရင် ဒကာ ဒကာမတွေ မြို့ထဲမှာသေကြတာတွေ ခင်ဗျားတို့ လာလာလျှောက်တော့ ဘုန်းကြီးက ကြားတယ်၊ သေကြတာကတစ်လုတ်ပဲစားရတယ်၊ နောက်တစ်လုတ် စားခွင့်မပေးဘူး၊ သေသွားတာကော မတွေ့ကြဘူးလား (တွေ့ပါတယ် ဘုရား)။

ညကတောင် လည်နေသေးတယ်၊ မနက်ကျတော့ သေပြီကြားရတယ်၊ ဒီလိုပုဂ္ဂိုလ်တွေကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါမျိုးတွေ ဒီနားကို ၄-၅-၆ယောက်ပဲ သဘောကျပလား (ကျပါပြီ ဘုရား)။

သေခြင်းတရားဟာ နီးသလား၊ ဝေးသလား

အဲဒီတော့ သေခြင်းတရားဟာ နီးသလား၊ဝေးသလား (နီးပါတယ် ဘုရား) နီးတော့မဂ်မဆိုက် ဖိုလ်မဆိုက်နဲ့ သေသွားလို့ရှိရင် ဒကာ ဒကာမတွေ ကိုယ်ကျိုးနည်းချည်ရဲ့ (မှန်ပါ) အဲဒါမျိုးမှ ကိုယ်ကျိုးနည်းအစစ်ဗျ (မှန်ပါ)။

သားသေလင်ဆုံး ပစ္စည်းပန်းလို့ ကိုယ်ကျိုးနည်းပေါ့လို့ဆိုတာက ကိုယ်ကျန်သေးတယ် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကိုယ်ကျိုးနည်းပြီဆိုငြား သော်လဲ ဘယ့်နှယ်တုံး (ကိုယ်ကျန်ပါသေးတယ်) အဲဒါကလိမ်တာ၊ မမှန်ဘူး။

လူတစ်ယောက်က ကိုယ်ကျိုးနည်းပြီ၊ ကိုယ်ကျိုးနည်းပြီလို့ဆိုတာ ကိုယ်အရှိသားပဲ၊ ကိုယ်ဒီမှာ၊ သူများအတွက်သာ ပြောနေတာ (မှန်ပါ) ကိုယ့်ကိုယ်ကျိုး ဒါလောက်နည်းသလား (မနည်းပါ ဘုရား)။

ကိုယ်က သူတို့သေတဲ့အထဲ ရောပြီးပါသေးသလား (မပါပါ ဘုရား) မပါပေမယ့် ဒီဥစ္စာက ကိုယ်ကျိုးနည်းပေါ့ဆို တာ ထုံးစံမို့အော်တာ (မှန်ပါ ဘုရား) ကိုယ်ပါ ပါသွားတာမှ ကိုယ်ကျိုးနည်းတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ရှေးက ကိုယ်ကျိုးနည်းပြီလို့ ပြောတာတွေဟာ မဟုတ်သေးပါဘူး၊ ကိုယ်ကျန်ကျန် နေရစ်တယ် (မှန်ပါ) ဦးဘတင် အဲဒါ ကိုယ်ကျိုးနည်းဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

အသေစောသွားတာမှဘာတုံး

အဲ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရဘဲနဲ့ အသေစောသွားတာမှဘာတုံး (ကိုယ်ကျိုးနည်းတာပါ) အဲဒါစိုးရိမ်လို့ နက်ဖြန်ကျတော့ အဓိဋ္ဌာန်ပြီးလာကြလို့ပြောလိုက်တယ်၊ ကိုယ်ကျိုးနည်းသွားမှာစိုးလို့ (မှန်ပါ)။

အသေကမြန်သကိုး၊ ဦးခင်မောင် မမြန်ဘူးလား (မြန်ပါတယ် ဘုရား) အဲဒီတော့ အသေက မြန်တာလဲ ဒကာ ဒကာမတွေ မြန်သင့်လို့မြန်တာလား၊ ဇာတာကုန်လို့လား (မြန်သင့်လို့မြန်တာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဇာတာကုန်သွားပြီလို့ ပုဏ္ဏားတို့ရေးတာကလဲ အတော်ရှေ့ကျော်ရေးထားတာ (မှန်ပါ)ဇာတာက ဘယ့်နှယ်ဖြစ်နေသတုံး (ကုန်သွားပါပြီ ဘုရား) ကုန်သွားပြီ-တဲ့၊ ရုပ်သက်နာမ်သက်နဲ့ ကြည့်ရမှာကိုး (မှန်ပါ) ရုပ်သက် နာမ်သက်နဲ့ ကြည့်လိုက်တော့ ဘယ့်နှယ်နေသတုံး၊ လွန်ကုန်ပြီ (မှန်ပါ လွန်ကုန်ပါပြီ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ လွန်တဲ့အထဲမှာ ဆိုလို့ရှိရင် ရှေးကလို ဝေဒနာတွေပြုနေတဲ့အချိန် ဘယ်လောက်လဲလို့ မရှိတော့ဘူး၊ ဝေဒနာပြုချိန် စုချိန်ရှိသေးရဲ့လား (မရှိပါ ဘုရား)။

စားရင်းမတ္တနဲ့ တစ်လုပ်စားရတယ်၊ နောက်တစ်လုတ် မစားရတော့ဘူး၊ ဘယ်သူမှမပြုစုနဲ့တော့ ခေါင်းထဲဝင်လိုက်တော့မယ်ကစပြီး ပြောလာတယ် (မှန်ပါ) မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒါတွေ ထောက်ကြည့်တဲ့အခါကျတော့ ကိုယ်ကျိုးနည်းတာက အစစ်ကျမနေဘူးလား (ကျပါတယ် ဘုရား) အဲဒီတော့ ဒကာ ဒကာမတွေ ကိုယ်ကျိုးမနည်းတဲ့ အလုပ်ကို အခုဆရာဘုန်းကြီးက တန်ဆာဆင်ပေးထားတယ်၊ ဦးခင်မောင် မလုပ်သင့်ဘူးလား (လုပ်သင့်ပါတယ် ဘုရား)။

ကိလေသာ ကြားမညှပ်အောင်နာရမယ်

သစ္စာနဲ့ပတ်သက်တဲ့တရား ဘာတဲ့တုံး (နာရပါမယ်) နာနေရင်းမတ္တနဲ့ သစ္စာတရားနှလုံးသွင်းတဲ့အခါမှာလဲ ကိလေသာ ကြားမညှပ်အောင်နာရမယ်ဆိုရင် ချက်ချင်းပဲ သာဝကပါရမီဉာဏ်ဆိုတဲ့ သောတာပန်စသည် ဖြစ်နိုင်စရာ မရှိပေဘူးလား (ရှိပါတယ် ဘုရား) သေပြီးတော့မှ ကိုယ်ကျိုးနည်းစရာ ရှိသေးရဲ့လား (မရှိပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ကိုယ်ကျိုးနည်းမှာ ကြောက်တဲ့ပုဂ္ဂိုလ်များ ပါကြရဲ့လား (ပါကြပါတယ် ဘုရား) ဟုတ်မှဟုတ်ကြရဲ့လား၊ ကိုယ်ကျိုးကလဲ နည်းဖို့ရာ တည်းတည်း ကျန်တော့တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ-တည်းတည်းကျန်ကိုလဲ သိနေပြီဆိုတာ ခုနကဦးခင်မောင် ရှင်းပြခဲ့ပြီးပြီနော် (မှန်ပါ) ဇာတာရှင် ဆိုတာထက် ပိုကုန်ပြီနော်၊ မပိုသေးဘူးလား (ပိုပါတယ် ဘုရား)။

ဇာတာထက်ပိုတာ သိနေလို့ရှိရင်ဖြင့် ဪ ဒါကလေးဟာလဲ ပုဏ္ဏားမမှန်ပေလို့သာ၊ မှန်မယ်ဆိုလို့ရှိရင် ဘယ်မှာရှိတောင်မရှိတော့ဘူး၊ ကြာလှပြီ-တဲ့၊ အဲဒီကနေပြီး ခြွင်းချက်နဲ့အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်ဟာ ကံဟောင်း ကံမင်းကလေးနဲ့လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကံဟောင်း ကံမင်းဆိုတာ အိမ်အိုအိမ်မင်းဆိုတော့ လေတစ်ချက် တိုက်လိုက်ရင်ပိတာပဲ (မှန်ပါ) ဒီမှာလဲ ကံဟောင်းကံမင်းနဲ့ နေရတဲ့ခန္ဓာကျတော့ စိတ်ဖောက်ပြန်မှုနဲ့ တစ်ချက်တိုက်လိုက်ရင် သွားမှာပဲ၊ ဥတုဖောက်ပြန်တာ တစ်ချက်ကြုံရင်ကော (သွားမှာပါ) အာဟာရဖောက်ပြန်တာနဲ့တစ်ချက်ကြုံရင်ကော (သွားမှာပါ ဘုရား) စိတ်ထိတ်လန့် တာနဲ့ တစ်ချက်ကြုံရင်ကော (သွားမှာပါ ဘုရား) ဘာဖြစ်လို့တုံး၊ နဂိုက အအိုအမင်းကိုးဗျ (မှန်ပါ)။

မြန်မြန်တည်အောင် လုပ်ပါ

အဲဒီမှာ ကိုယ်ကျိုးနည်းသွားမှာစိုးလို့ မြန်မြန်တည်အောင် လုပ်ပါလို့သတိပေးလိုက်ပါတယ် (မှန်ပါ) ဘယ်လိုလုပ်မယ် (သစ္စာတရားကို နာရပါမယ်) ပြီးတော့ကော (ကိလေသာကြားဝင်မခိုအောင် သစ္စာနှလုံးသွင်းရပါ့မယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဉာဏ်စိုက် (စိုက်တတ်ပါပြီ ဘုရား)။

ကဲ ဒါလောက် တိုတဲ့တရားတော့ ဦးခင်မောင် မရှိဘူးဗျ (မှန်ပါ) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

သို့သော်လဲ ဘုန်းကြီးတို့က ကြံဖန်ပြီး သကာလ ဒကာ ဒကာမတွေ စိတ်ဓာတ်ပြင်းပြအောင်လို့ ဆွဲတယ်လို့ မအောက်မေ့ပါနဲ့ (မှန်ပါ)။

ပေဋကောပဒေသပါဠိတော်မှာလာလို့ ပြောတာပဲ (မှန်ပါ) နို့မဟုတ်ရင် အဓမ္မကိုဓမ္မလုပ်တော့မယ်၊ ဓမ္မကို အဓမ္မလုပ်ပြီး ဟောမယ်ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးများမှာ အပြစ်ရှိပါတယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ကို ကယ်တင်ရာမှာ ဘုရားဟောနဲ့လုံးဝကိုက်ညီတာကိုပဲပြောနေရတော့ နှစ်ဖက်ကြည့်ရတာ (မှန်ပါ့ ဘုရား)။

အပါယ်ရောက်သွားမှာစိုးရတာ တစ်မျိုး

ဒကာ ဒကာမတွေကို သနားတာတွေကတစ်မျိုး၊ ဒီကဘုရားဟော ကျမ်းဂန်တွေနဲ့လဲ လွဲသွားရင်ဟောရင်း အပါယ်ရောက်သွားမှာစိုးရတာ တစ်မျိုး၊ ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)။

အဲဒီကြားထဲမှာ နှစ်ခုတို့လဲ ကယ်တင်ဖြစ်အောင်၊ ဒီကလဲ အမှန်ရောက်အောင်ဦးဘတင် ဒီလိုလုပ်နေရတာဗျ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ကဲ-ဒါဖြင့် ခင်ဗျားတို့ တရားနဲ့လဲညီပါပြီ၊ ညီအောင်နေမှုဟာ ခင်ဗျားတို့တာဝန် တရားရှာမှု တရားသင်ပြမှုက ဘုန်းကြီးတို့တာဝန် (မှန်ပါ) သင်ပြတဲ့အတိုင်း တရားနဲ့အညီနေထိုင်မှုက ဒကာ ဒကာမတွေ၏ တာဝန် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ကိုယ် ကိုယ်ကျိုးနည်းမှာ စိုးလို့ရှိရင် သစ္စာတရားကိုနာပါ (မှန်ပါ) သစ္စာနဲ့ပတ်သက်တာကို နှလုံးသွင်းတဲ့အချိန်မှာ ကိလေသာကြားမခိုစေနဲ့ (မှန်ပါ) ဒါ သေသေချာချာမှာတာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကိုမေ့လဲမမေ့ကြပါနဲ့ဦး၊ ဟိုနားကျသွားတော့ ဘုန်းကြီးက နှစ်ချက်တော့ ပြောလိုက်တာပဲ၊ ဘာပါလိမ့်မလဲ လုပ်ရင် ကြားခိုပြီ (မှန်ပါ) မခိုသေးဘူးလား (ခိုပါပြီ ဘုရား)။

မာဂဏ္ဍီပရိဗိုဇ် ဝတ္ထုကို ဆက်ကြပါဦးစို့

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ မာဂဏ္ဍီပရိဗိုဇ် ဝတ္ထုကို ဆက်ကြပါဦးစို့၊ မာဂဏ္ဍီက ဘုရားသခင် ကိုယ်တော် မြတ်ကြီးနဲ့ အတိုက်အခံလုပ်ပြီး သကာလ နေတာကိုလဲ လွန်ခဲ့တဲ့သုံးရက်လောက်က ဒကာ ဒကာမတွေ ကြားရပြီနော် (မှန်ပါ့ ဘုရား)။

မာဂဏ္ဍီက ကာမဂုဏ်ပွားစီးခြင်း ပဋိစ္စသမုပ္ပါဒ် ဆက်တဲ့အလုပ်ကို ကြိုက်တယ် (မှန်ပါ) ဘုရားကတော့ (ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့အလုပ်ကို ကြိုက်ပါတယ် ဘုရား) ဒါကိုသေသေချာချာမှတ်ထားပါ (မှန်ပါ)။

အဲဒီလိုဖြစ်နေရာက ဘုရားကပြောလိုက်ပါတယ်၊ မင်းသည်ကားလို့ဆိုရင် ကိလေသာအနာမပျောက်သေးလို့ မီးကင်ချင်တဲ့အဓိပ္ပါယ် မပြောဘူးလား (ပြောပါတယ်) ဒီတော့ မီးကင်ချင်တာဟာ လူကောင်း၏ အလုပ်လား၊ လူနာ၏အလုပ်လား (လူနာ၏အလုပ်ပါ ဘုရား)။

လူကောင်းနဲ့ လူနာဆိုတာသည် ဒကာ ဒကာမတို့ အတော်ခြားနားတယ် (ခြားနားပါတယ် ဘုရား) မီးဟာနဂိုကလဲ ပူတာပဲ (မှန်ပါ) လှုံနေတုန်းကို အနာရှိလို့လှုံလဲ ပူတာပဲ၊ အနာမရှိဘဲလှုံရင်ကော (ပူပါတယ် ဘုရား)။

မီးပူမှုကတော့ ဖောက်ပြန်သေးရဲ့လား (မဖောက်ပြန်ပါ ဘုရား) သို့သော် သူဘာဖြစ်လို့ လှုံဖြစ်သွားပါလိမ့်၊ နွေရောမိုးရော (ပိုးကိုက်လို့ပါ ဘုရား) နူနာပိုးကိုက်တာနဲ့ ဒကာ ဒကာမတွေဘာဖြစ်ပါလိမ့် (မီးလှုံပါတယ် ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့ ဒီ့ပြင်ဟာမကြည့်ပါနဲ့တဲ့၊ ခင်ဗျားတို့ဈေးချိုထဲမှာ လူတွေကြည့်ပါ၊ အပေါ်ကလဲ ပူလိုက်တာ နွေအခါများကျရင် မပူဘူးလား (ပူပါတယ် ဘုရား) ဘေးကဝင်သွားတဲ့ပုဂ္ဂိုလ်ဟာ ရှိန်းခနဲပဲ၊ တစ်ခါတည်း ဦးဘတင် ဘယ့်နှယ်တုံး ခင်ဗျားတို့ဝင်ရဲတဲ့သတ္တိရှိရဲ့လား (မရှိပါ ဘုရား)။

အင်မတန်ပူတဲ့ရာသီဗျာ ဝါဆိုဝါခေါင်စသည်ဆိုလို့ရှိရင် (မှန်ပါ) ဟိုမှာအဖြီးမပျက်အလိမ်းမပျက်နဲ့ နေကြတဲ့ ပုဂ္ဂိုလ်တွေဘာတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ကိလေသာပိုးကိုက်နေတာပါ ဘုရား) ဒီအပူနဲ့ပဲ ကျေနပ်နေတယ် (မှန်ပါ) မကျေနပ်ကြဘူးလား (ကျေနပ်ပါတယ်) ဘာဖြစ်လို့ ကျေနပ်သတုံး (ကိလေသာ ပိုးကိုက်လို့ပါ ဘုရား)။

ကိလေသာနူနာထနေတော့

ကိလေသာနူနာထနေတော့ ဒီနေရာမှာ ငွေရတယ်ဆိုတဲ့ လောဘတစ်ခါတည်း ဒီနေရာနေမှ၊ ဒီမီးဖိုမှာ နေမှဆိုတဲ့အဓိပ္ပာယ်ရတယ် (ရပါတယ် ဘုရား) ဒီနေရာမှတစ်ပါး တစ်ခြားကော နေချင်တဲ့စိတ်ရှိရဲ့လား (မရှိပါ ဘုရား)။

နက်ဖြန် ဘယ်နေရာမှာနေတုံး (ဒီနေရာပါပဲ) ဒီအခန်းနဲ့ဒီနံပါတ်ပါပဲ (မှန်ပါ) သဘက်ခါကျတော့ကော (ဒီအခန်းနဲ့ဒီနံပါတ်ပါပဲ ဘုရား) ဘာဖြစ်လို့ ဒီမီးဖိုကြီး လာရသတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ကိလေသာနူနာ ပိုးကိုက်လို့ပါ ဘုရား) ကိလေသာ နူနာထနေတော ဒီနေရာပဲ ပူချင်ပူ အိုက်ချင်အိုက်၊ ဒူလာစွဲစွဲ၊ မီးယပ်ကျိုးပဲ ကျိုးကျိုး ဒီနေရာမှာပဲ (မှန်ပါ ဘုရား) မနေကြဘူးလား နေကြမလား (နေမှာပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဘာဖြစ်လို့ ဒါလောက်တောင် သူများဖြင့်မနေနိုင်ပါဘူး ဆိုငြားသော်လဲ သူ့ကိလေသာပိုးနဲ့ သူမီးလှုံနေတာ သဘောကျပလား (ကျပါပြီ ဘုရား) သူ့ကိလေသာနဲ့ သူ့ပစ္စည်းတွေကုန်တွေနားက ခွါရဲရဲ့လား (မခွါရဲပါ ဘုရား)။

အဲဒီဟာတွေက မီးဖိုတွေတဲ့၊ ကိလေသာ နူနာထနေတဲ့ ပုဂ္ဂိုလ်ဟာ ရောင်းဝယ်နေတဲ့ပုဂ္ဂိုလ်၊ ကုန်တွေက မီးဖို (မှန်ပါ) သဘောကျပလား (ကျပါပြီ) ရောင်းဝယ်နေတဲ့ပုဂ္ဂိုလ်က မီးလှုံသမား (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကုန်တွေကဘာတဲ့ (မီးဖိုကြီးပါ ဘုရား) ရောင်းဝယ်နေတဲ့ပုဂ္ဂိုလ်က (မီးလှုံနေတဲ့ ပုဂ္ဂိုလ်ပါ) ဒီနားကခွါလို့ရရဲ့လား (မရပါ ဘုရား) အိမ်သာဆီသွားတာတောင် ကပျာကယာပြန်လာတယ် (မှန်ပါ) မပြန်ဘူးလား (ပြန်လာပါတယ်) ဘာဖြစ်လို့ ပြန်လာကြသတုံး၊ ကဲ (မီးဖိုနဲ့ဝေးနေလို့ပါ ဘုရား)။

ဦးခင်မောင် ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား) အဲ ကိုယ့်အိမ်ကိုယ်ရာလဲ ဒီအတိုင်းပဲနေကြမှာပါပဲ (မှန်ပါ) ပူလဲ ပြန်လာကြမှာပဲ၊ အေးရင်ကော (လာမှာပါ) ဒီ့ပြင်နေရာမှာ မီးလှုံလို့ အချိုးမကျဘူး (မှန်ပါ ဘုရား)။

ကိလေသာနူနာ၏ စွမ်းရည်သတ္တိ

ကောင်းပြီ-ဒါဖြင့် ကိလေသာနူနာ၏ စွမ်းရည်သတ္တိသဘောကျပလား (ကျပါပြီ ဘုရား) ပူစရာက ဇရပ်ပေါ်တက်နေလို့ရှိရင် ဇရပ်ပျက်နေလဲ ပူစရာမရှိဘူး၊ ဇရပ်ယိုင်နေကော (ပူစရာမရှိပါ) ဘာဖြစ်လို့တုံး ကိုယ်နဲ့မဆိုင်လို့ (မှန်ပါ) ဇရပ်ပူကပ်သေးရဲ့လား (မကပ်ပါ ဘုရား)။

ဇရပ်ပေါ်နေရတာ ပျင်းတယ်၊ ကိုယ့်အိမ်ကိုယ့်ရာ နေရမယ်ဆိုရင် ကိုယ့်အိမ်ကိုယ့်ရာဆိုတော့ သားပူ သမီးပူ ဆွေပူ မျိုးပူ ဟုတ်လား (မှန်ပါ) အိမ်ပျက်နေတဲ့အပူ၊ အိမ်မလုံတဲ့အပူ ဒါတွေမရှိတော့ဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဘယ်ကိုပြန်ကြသတုံး ခင်ဗျားတို့ (ကိုယ့်အိမ်ကိုယ်ရာပြန်ကြပါတယ် ဘုရား) ဇရပ်ပေါ်နေရဲရဲ့လား (မနေရဲပါ) ဘာဖြစ်လို့တုံး၊ မီးဖိုမရှိလို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မီးဖိုမရှိလို့ မနေရဲတာကို ထောက်လို့ရှိရင်ဖြင့် သူ့မှာက အနာကဖြင့်ရှိပေါ့ဆိုတာ သေသေချာချာ ဆုံးဖြတ်ချက်ချပါ (သေချာပါတယ် ဘုရား)။

ကဲ အနာကင်းကြပလားလို့မေးရင် (မကင်းသေးပါ) မကင်းသေးလို့ ဘာကိုးစားအားထားရသတုံး (မီးဖိုကို ကိုးစားအားထားရပါတယ် ဘုရား)။

အေး အခုဘုန်းကြီးပြောတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ ဖြစ်ကြပြီဆိုမှဖြင့် အဲဒီမီးဖိုကို တွန်းထုတ် ကြည့်ပါခင်ဗျားတို့ (မှန်ပါ) သွားပါ့မလား (မသွားပါ ဘုရား) ဘာဖြစ်လို့တုံး (အနာပျောက်လို့ပါ ဘုရား) ဦးခင်မောင်ရေ အနာပျောက်တောာ့ သွားသေးရဲ့လား (မသွားပါ ဘုရား)။

ဓမ္မဒိန္နာက ရဟန္တာဖြစ်ပြီး ပြန်လာတဲ့အခါ

ဓမ္မဒိန္နာက ရဟန္တာဖြစ်ပြီး ပြန်လာတဲ့အခါ သူ့ခင်ပွန်းသည် စိတ်ကူးများလွဲနေလိုက်သေးတယ်၊ အိမ်များလွမ်း လို့လား၊ ပြန်လာပါပေါ့လို့ (မှန်ပါ) ဒီအတိုင်းမေးလို့မတော်ဘူး မပျော်လို့များ ပြန်လာသေးသလားလို့ မေးရတယ် (မှန်ပါ ဘုရား)။

အဲဒီ မဂ္ဂင်ရှစ်ပါးတွေ အကုန်ဖြေတော့မှ သူကျေနပ်သွားတယ်၊ ဪ ငါ့ထက်တောင် အထက်တန်းကျလို့ ပြန်လာပါကလားလို့ ဆိုပြီးတော့ ကျေနပ်သွားတယ်၊ နဂိုတုန်းကတော့ မီးဖိုဆီပြန်လာသလားလို့ ထင်ခဲ့တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) အဲဒီတော့ ပြန်ချင်တဲ့စိတ်ကော လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ဘူး၊ နဂိုက ဝိသာခသူဌေး၊ ကုဋေရှစ်ဆယ်နဲ့အိမ်ကိုပါ လွှဲပေးတာတောင်မှ ပြန်ပေးရဲ့လား (မပြန်တော့ပါ ဘုရား) ဘာဖြစ်လို့တုံး၊ မီးဖိုတွေသိသွားပြီ (မှန်ပါ) အနာပျောက်တဲ့ပုဂ္ဂိုလ်မို့ မီးကင်ချင်တဲ့စွမ်းရည်သတ္တိ (မရှိတော့ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့်တို့လဲ အနာပျောက်ရင်တော့ဖြင့် ဘယ်နည်းနဲ့မှ သားပူ သမီးပူ ဆွေပူ မျိုးပူ ကုန်ပူ အိမ်ပူ တိုက်ပူတော့ဖြင့် ခံတော့မှာ မဟုတ်တော့ဘူး (မှန်ပါ)။

အနာမပျောက်သေးလို့သာလျှင် ဒီအခြေအနေ ဆိုက်နေသေးတယ် ဆိုတာကိုလဲ ကိုယ့်ဟာကိုယ် အခုပြောတာနဲ့ သိလိုက်ပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မာဂဏ္ဍီနဲ့ဘုရားနဲ့ ဒီအတိုင်းပြောပြီး သကာလ နေကြတော့ မာဂဏ္ဍီက နည်းနည်းကလေး ရိပ်မိသယောင်ယောင် မလာဘူးလား (လာပါတယ် ဘုရား)။

ကိလေသာအပူမရှိလို့ရှိရင် မီးမကင်ချင်ဘူး

ဪ ကိလေသာအပူရှိလို့ မီးကင်ချင်တာကိုး၊ ကိလေသာအပူမရှိလို့ရှိရင် မီးမကင်ချင်ဘူးဆိုတာ သိစေချင်တော့ ဘုရားက ဆက်ဟောတယ် (မှန်ပါ)။

အနာပျောက်တဲ့ပုဂ္ဂိုလ်ကို မီးဖိုထဲကို အားကောင်းတဲ့လူနှစ်ယောက် အတင်းပွေ့ယူပြီးချတာတောင် မီးဖိုနား ကပ်ချင်သေးရဲ့လား (မကပ်ချင်တော့ပါ ဘုရား)။

နူနာရှိတဲ့ပုဂ္ဂိုလ်ဟာ အမေ မိဘ ဆွေမျိုး ဉာတကာတွေက ဆေးကောင်း ဝါးကောင်း သမားကောင်းတွေနဲ့ ကုလိုက်လို့ ပျောက်သွားတဲ့အခါကျလို့ရှိရင် တစ်ပါးသောပုဂ္ဂိုလ် မီးကင်နေတာမြင်တော့ကော သူအားကျသေးရဲ့လား (မကျပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ရဟန္တာတွေများ ဈေးထဲဘာထဲ စသည် လူ့ကိစ္စဌာနတွေများ ကြွလာလိမ့်မယ်လို့ ထင်ကြသေးသလား ခင်ဗျားတို့ (မကြွပါ ဘုရား) ကြွမယ်မဟုတ်ဘူး စိတ်သာချ၊ မီးဖိုတွေ ဒါလောက်များနေတာပါ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါတွေသိထားတော့မှ ဪ ဓမ္မဒိန္နာ မပြန်တာကို ထောက်လိုက်တဲ့ဥစ္စာ အနာပျောက်တဲ့ပုဂ္ဂိုလ်ကို အားကောင်းတဲ့ ယောကျာ်းနှစ်ယောက်က မီးဖိုထဲဆွဲထည့်တာတောင် တစ်ခါတည်း မလုပ်ပါနဲ့၊ ကျုပ်ကို ဒီလိုမနှိပ်စက်ပါနဲ့၊ ဒီလိုဖြစ်လာတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ရောဂါပျောက်တော့ အားကောင်းတဲ့ လူနှစ်ယောက်ဟာ မီးဖိုထဲကို ဆွဲထည့်ကြည့်စမ်းပါ၊ ဦးခင်မောင် လက်ခံသေးရဲ့လား (မခံပါ ဘုရား) ထို့အတူပဲ ကိလေသာ အနာကင်းတဲ့ ပုဂ္ဂိုလ်ကလဲ သားနား သမီးနား ဆွေနား မျိုးနား ပြန်ပါသလားဆိုတော့ကော (မပြန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကလေးကို လုပ်ကျွေးပါလို့ သုံးခါပြောတယ်

ရှေးက ဝတ္ထုကလေးတစ်ခုလာတယ်၊ သူ့ခင်ပွန်းသည်က ဘုရားနောက်လိုက်ပြီး ရဟန္တာဖြစ်သွားတယ်၊ ကလေး ကလေးတစ်ယောက်နဲ့ ထားပစ်ခဲ့တယ်ကိုး ဒကာမတစ်ယောက်ကို (မှန်ပါ)။

ဒကာမက သူ့ခင်ပွန်းသည် ဆွမ်းခံလာတယ်လို့ ကြားတော့ ကလေးကလေးနဲ့လာတယ်၊ လာပြီးတော့ ရဟန်းကလေးကို လုပ်ကျွေးပါ-တဲ့၊ ဟိုက ဘာမှမလှုပ်ဘူး ရဟန္တာက (မှန်ပါ) ကလေးကို လုပ်ကျွေးပါလို့ သုံးခါပြောတယ် သူက၊ ဟိုက ဘာမှမလှုပ်ဘူး၊ လုပ်ကျွေးမယ် မလုပ်ကျွေးဘူး ဘာမှမပြောဘူး မီးဖိုမှန်းသိလို့ ကပ်သေးရဲ့လား (မကပ်ပါ ဘုရား)။

အဲဒီတွင် ဒကာမက အကဲစမ်းတာပေါ့လေ၊ ကဲ-ဒကာမက သူ့ခင်ပွန်းသည် ဆွမ်းခံလာတယ်လို့ကြားတော့ ကလေးကလေးနဲ့လာတယ်၊ လာပြီးတော့ ရဟန်းဍ ကလေးကိုလုပ်ကျွေးပါ၊ လုပ်ကျွေးချင်ကျွေး မကျွေးချင်နေ၊ သူ့ဆီပဲ ကလေးကလေး တွန်းပစ်ထားခဲ့တယ်၊ တွန်းထားပြီးတော့ သူပြန်သွားတယ် (မှန်ပါ) ပြန်သွားပေမယ့် သူကမီးဖိုထဲ ရှိတဲ့လူဆိုတော့ အကဲကလဲခတ်သေးတာကိုး၊ ကလေးကိုပဲထိန်းသိမ်းမလား၊ မထိန်းသိမ်းဘဲ နေမလား၊ ဒီလိုနဲ့ နောက်ပြန် ကြည့် ပြန်ကြည့်နဲ့ သွားနေတယ် (မှန်ပါ)၊ ရဟန္တာအရှင်မြတ်က ထိုင်ဦး နေဦး လာဦး စသည်ဖြင့် ဘာမှပြောဖော်ဆိုဖော် မရတော့ သူ့ဟာသူ ပြန်ခေါ်ရတယ် ဒီကလေးကို (မှန်ပါ) ရိပ်မိပလား ဒကာ ဒကာမတို့ (မှန်ပါရိပ်မိပါပြီ ဘုရား)။

ဟိုက မီးဖိုမှန်းသိတော့ လှုံသေးရဲ့လား (မလှုံပါ ဘုရား) ဒီကပဲ မီးဖိုပျောက်မှာစိုးတော့ ကလေးကို ပြန်ပြီးဆွဲရတယ် (မှန်ပါ)။

ဘယ်သူက မီးလှုံများတယ်ဆိုတာ

ဘာဖြစ်လို့ပါလိမ့် (မီးဖိုပျောက်မှာစိုးလို့ ပြန်ပြီး ဆွဲရပါတယ် ဘုရား) ဒါဖြင့် လင်နဲ့မယားကွဲတဲ့အခါ သားသမီးတွေ ဘယ်သူ့ဆီမှာ ကျန်တာများသတုံး (မိန်းမဆီမှာ ကျန်ရစ်တာ များပါတယ် ဘုရား) ဘယ်သူက မီးလှုံများတယ်ဆိုတာ ပေါ်ရောပေါ့ဗျာ (မှန်ပါ) မပေါ်သေးဘူးလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။

ဒကာလုပ်တဲ့ ပုဂ္ဂိုလ်ကတော့ များသောအားဖြင့် ကြာကြာထားတော့ မီးဖိုပျောက်တာပဲကိုး၊ ကိုယ်ကအပျောက်မခံနိုင်ဘူးဆိုတော့ မီးဖို (မှန်ပါ) ဘာအပျောက်မခံနိုင်တာတုံး (မီးဖိုအပျောက် မခံနိုင်တာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီအမိုက်တွေကလဲ အခုတော့ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ပေါ်ပေမယ့် မိုက်ပါရစေ ဦးပဲလား (မှန်ပါ)။

ကဲ ဒါဖြင့် မာဂဏ္ဍီကို ဆက်ပြီးတရားဟောတော့ ဟုတ်ပါပြီဘုရား-တဲ့၊ နူနာရှိတဲ့ပုဂ္ဂိုလ်သာ မီးကင်ချင်တာ၊ နူနာမရှိတဲ့ ပုဂ္ဂိုလ်မီးဖိုနား ဆွဲထည့်တော့ တွန့်လိမ်ပြီး သကာလ မလုပ်ပါနဲ့ဆိုတာ အော်လာတယ် (မှန်ပါ) ရောဂါပျောက်သွားတာကိုးဗျ (မှန်လှပါ)။

အနာမပျောက်တဲ့ပုဂ္ဂိုလ်၏ အကြိုက်မျိုး

ဟုတ်ပါပြီတဲ့၊ တပည့်တော် အရှင်ဘုရားပြောတာ သဘောကျပါပြီတဲ့၊ တပည့်တော်တို့က ကိလေသာ ပွားစီးခြင်းကို ကြိုက်တယ်ဆိုတဲ့ဥစ္စာ အနာမပျောက်တဲ့ပုဂ္ဂိုလ်၏ အကြိုက်မျိုးဆိုတာ တပည့်တော် ရိပ်မိပါပြီတဲ့၊ သူနည်းနည်းကလေး တရားကျလာတယ် (မှန်ပါ)။

သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ခင်မှုကြင်နာမှုရှိတဲ့ ပုဂ္ဂိုလ်ဟာ ချမ်းသာတယ်ဆိုတာ မယုံနဲ့ (မှန်ပါ) သားနဲ့ သမီးနဲ့ ဆွေနဲ့မျိုးနဲ့ ပစ္စည်းဥစ္စာနဲ့နေတဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ ဒီအနားက မခွါနိုင်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ လူချမ်းသာဆိုတာ မယုံနဲ့တဲ့ (မှန်ပါ)။

ဒါတစ်နည်းနည်းနဲ့ စောင့်ရှောက်ပြီး သကာလ ပူပင်သောက ဗျာပါဒတွေးလုံးနဲ့ နေတာပဲတဲ့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တွေးလုံးကဖြင့် ဘယ်တော့မှ မလွတ်ဘူး (မှန်ပါ) သားမြင်ရင် သားတွေးလုံးပဲ၊ ပစ္စည်းမြင်ရင် (ပစ္စည်းတွေးလုံးပါ ဘုရား) ကိုယ့်တိုက်တာမြင်လိုက်ရင် (ကိုယ့်တိုက်တာတွေးလုံးပါ ဘုရား) ကိုယ့်ကားတွေ မြင်လိုက်ရင် (ကိုယ့်ကားတွေးလုံးပါ ဘုရား)။

တွေးလုံးလာတာချည်းပဲ (မှန်ပါ) ဒါကလေး ဘယ်လိုဖြစ်သွားမလဲ၊ ဘယ်လိုဖြစ်သွားမလဲဆိုပြီး တစ်ခါတည်း အပူကလေးတွေ ရောက်ရောက်လာတယ် (မှန်ပါ)။

သားကလေးကြီးရင် ဆိုးများနေမလား

သားကလေးကြီးရင် ဆိုးများနေမလား၊ ကောင်းများနေမလား၊ စီးပွားဥစ္စာက ဒီလိုများနေလေမလား၊ သူတို့လူ လားမြောက်အာင်ပဲ ကိုယ်ကထောက်ပံ့နိုင်တဲ့ အခြေအနေရောက်မလား၊ အပူချည်းလျှောက်တွေးတာပဲ၊ ဘာများတွေးသလဲ (အပူချည်းတွေးပါတယ် ဘုရား) အဲဒီဥစ္စာတစ်ခါတည်း ကိလေသာချုပ်ငြိမ်းရုပ်သိမ်းသွားရင် ဒီအပူဇာတ်တွေ မအေးဘူးလား အေးသလား (အေးပါတယ် ဘုရား)။

အဲဒါကြောင့် ငါးပါးအာရုံ ကာမဂုဏ်တည်းဟူသော တရားတွေကို မိမိခန္ဓာကစပြီး ဖြစ်ပျက်မမြင်၊ ဖြစ်ပျက်မမုန်း၊ ဖြစ်ပျက်မဆုံးသေးတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဘယ်တော့မှ မချမ်းသာဘူးလို့ ဘုရားဟောတော်မူတယ်၊ မာဂဏ္ဍီပရိဗိုဇ်ကို ဟောတော်မူပြီ (မှန်ပါ)။

ဒါဟာ ဖြစ်ပျက်မမြင်တဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ (မှန်ပါ) ငါးပါးအာရုံကာမဂုဏ်တွေကို ဖြစ်ပျက်မမြင်ရင် ဘယ်တော့မှ အပူမငြိမ်းဘူးတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ငါးပါးအားရုံကာမဂုဏ်တွေ ဘာမြင်ရမယ် (ဖြစ်ပျက်မြင်ရပါမယ်) ဖြစ်ပျက်မြင်၊ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးလို့ရှိရင်ဖြင့် ဒီပုဂ္ဂိုလ်ဟာ အေးပြီလို့ ဆုံးဖြတ်ချက်ချပါတဲ့ (မှန်ပါ) ဒါမမြင်သေးလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ အေးပြီဆိုတာ မယုံပါနဲ့ (မှန်ပါ)။

ကျုပ်တို့ကတော့ ခပ်အေးအေးပါပဲ၊ သားရှိပေမယ့်တော်အောင်ပါပဲ၊ ခင်ပွန်းရှိပေမယ့် ခင်ပွန်းကလဲ တော်အောင် ပါပဲ၊ ကြောင့်ကြောင့်ကြကြ တောင့်တောင့်တတကြီးတော့ မရှိတော့ပါဘူးလို့ ဒီလိုပင်ဆိုငြား သော်လဲ မဂ်မဆိုက် ဖိုလ်မဆိုက်ပုဂ္ဂိုလ်တွေ ပြောတာကျတော့ သိပ်မဟုတ်သေးဘူး၊ လောကွတ်လို့မှတ်ပါ (မှန်ပါ)။

မဂ်မဆိုက် ဖိုလ်မဆိုက်သေးရင်

မဂ်ဆိုက် ဖိုလ်ဆိုက်သွားလို့ရှိရင်တော့ ယုံတော့ဗျာ (မှန်ပါ) မဂ်မဆိုက် ဖိုလ်မဆိုက်သေးရင် (လောကွတ်ပါ ဘုရား) လောကွတ်ပါပဲ၊ တကယ်အစစ်မဟုတ်သေးဘူး၊ ကိလေသာ ပါးသွားတာပဲ ရှိသေးတယ်ဆိုတာ ယုံကြပလား (ယုံပါပြီ ဘုရား) အဲဒီလိုပြောလိုက်တော့ မင်းလဲကွာ တဏှာ ဥပါဒါန် ကံမငြိမ်းတဲ့ ပုဂ္ဂိုလ်မှာ ချမ်းသာတယ်ဆိုတာ မင်းလဲယုံသလားလို့ ဘုရားကမေးလိုက်တယ် (မှန်ပါ)။

တဏှာ ဥပါဒါန် ကံ မငြိမ်းတဲ့ပုဂ္ဂိုလ်ဟာအာရုံတွေနဲ့ ဆက်သွယ်နေသေးတာကိုးဗျ (မှန်ပါ) မဆက်သွယ်ဘူးလား (ဆက်သွယ်ပါတယ် ဘုရား) ဆက်သွယ်တော့ ဒီအပူတွေကပ်မနေဘူးလား (ကပ်ပါတယ် ဘုရား) ဘယ်တော့ ချမ်းသာလိမ့်မယ် ဆိုစရာရှိရဲ့လား (မရှိပါ ဘုရား)။

အဲ ငါးပါးအာရုံ ကာမဂုဏ်တွေကို ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်အဆုံးကို မလိုက်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ အပူငြိမ်းတယ်လို့ မရှိဘူးတဲ့ (မှန်ပါ)။

ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး

ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးပေါ့ ဒကာ ဒကာမတို့ (မှန်ပါ) ဒုက္ခသစ္စာမြင်တယ်၊ ဒုက္ခသစ္စာမုန်းတယ်၊ ဒုက္ခသစ္စာဆုံးသွားတယ် ပုဂ္ဂိုလ်မှတစ်ပါး အေးပေါ့ဆိုတဲ့ ပုဂ္ဂိုလ်ဟာမရှိပါဘူး (မှန်ပါ) ရှိပါ့မလား (မရှိပါ ဘုရား)။

ဘယ်လိုမှ ရှိနိုင်သတုံးဆိုတော့ ဒုက္ခသစ္စာကိုမြင်၊ ဒုက္ခသစ္စာကိုမုန်း၊ ဒုက္ခသစ္စာဆုံးသွားတဲ့ ပုဂ္ဂိုလ်မှာ ကျုပ်ဖြင့် အေးပြီလို့ဆိုရင် ယုံတော့တဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဒုက္ခသစ္စာမြင်၊ ဒုက္ခသစ္စာမုန်း၊ ဒုက္ခသစ္စာဆုံးမှသာလျှင် အေးတယ်ဆိုတာ ငါဘုရား ဟောပါတယ်၊ အာရောဂျပရမာ လာဘာ ဆိုတာ ဒီဂါထာဟောတာပဲ (မှန်ပါ)။

အာရောဂျပရမာ လာဘာ၊ နိဗ္ဗာနံ ပရမံ သုခံ။

အဋ္ဌိင်္ဂိကောစ မဂ္ဂါနံ၊ ခေမံ အမတဂါမိနံ။

ပရိဗိုဇ်ကို ဒီဂါထာဟောတာပဲ (မှန်ပါ)။

အနာကင်းခြင်းသည် လွန်ကဲသော လာဘ်ကြီး

အာရောဂျပရမာ လာဘာတဲ့၊ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲ၌ အနာကင်းခြင်းသည် လွန်ကဲသော လာဘ်ကြီး တစ်ခုပဲတဲ့ (မှန်ပါ) နိဗ္ဗာနံ ပရမံ သုခံ၊ နိဗ္ဗာန်သည် ချမ်းသာသောလာဘ်ကြီးတစ်ခုပဲတဲ့ (မှန်ပါ)။

အဋ္ဌင်္ဂိကောစ မဂ္ဂါနံ၊ ခေမံ အမတဂါမိနံ၊ မဂ်တို့တွင် အင်္ဂါရှစ်ပါးရှိသော မဂ်သည် ဘေးမရှိရာသို့ ရောက်စေတတ်၏။ ဒါကိုဟောလိုက်တယ်၊ မာဂဏ္ဍီ ပရိဗိုဇ်ကို ဒါဟောတာပဲ ဒကာ ဒကာမတို့ (မှန်ပါ) ဦးခင်မောင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အာရောဂျပရမာ လာဘာ၊ အနာကင်းခြင်းသည် လာဘ်ကြီးတစ်ခုတဲ့ (မှန်ပါ) နိဗ္ဗာန်သည် အချမ်းသာတကာ့ အချမ်းသာဆုံးဖြစ်၏။ (မှန်ပါ) နိဗ္ဗာန်သွားတဲ့ခရီးမရ အဋ္ဌမင်္ဂိကမဂ်သည်သာလျှင် ရောက်စေနိုင်တယ် (မှန်ပါ)။

ဒါကလေးဟောလိုက်တော့ မာဂဏ္ဍီက တယ်ပြီး သဘောကျပါတယ်တဲ့၊ ရှင်ကြီးဂေါတမဟာတာ သိပ်ပြီး သဘောကျတယ်၊ သူတို့စာနဲ့ သိပ်ပြီးညီပါတယ်တဲ့ (မှန်ပါ) လာပြန်တာပဲဗျ၊ သူကသိပ်ခက်နေတာဗျ၊ သူကစာကို ကိုင်ထားတာ (မှန်ပါ)။

စာနဲ့ညီမှ ယုံမှာကိုး

ဒကာ ဒကာမတို့ စာကိုကိုင်ထားတာ အခက်ဆုံးပဲ၊ စာနဲ့ညီမှ ယုံမှာကိုး၊ သူ့စာကလဲ ဘာစာမှန်းမသိဘူး၊ ခက်လိုက်တဲ့ဖြစ်ခြင်း၊ အရင်အပြောခံရတုန်းကလဲ စာနဲ့ကိုင်ထားလို့ အတော်ကျပ်နေပြီ၊ အခုလဲစာနဲ့ကိုင်ပြန်ပြီ (မှန်ပါ) ဦးခင်မောင် မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ဒီစာထဲက ဒကာ ဒကာမတို့ အာရောဂျ ပရမာ လာဘာဆိုတာ သူတို့ ပုဏ္ဏားအယူက အာရောဂျ ပရမာ လာဘာရွတ်နေရင် လာဘ်ရွှင်တယ်ထင်နေတာ။

ကဲ ပုဏ္ဏားတွေက အဲဒါတွေကို ရွတ်လေ့ရှိတယ် ပုဏ္ဏားတွေ ရည်ရွယ်ချက်ကောသိပလား (သိပါပြီ ဘုရား) အာရောဂျ ပရမာ လာဘာစတဲ့ ဂါထာတွေရွတ်လို့ရှိရင် သားသမီးဆွေမျိုး ပစ္စည်းရမယ်တဲ့ (မှန်ပါ) ဒီဂါထာရွတ်ရင် ရတဲ့ဂါထာလို့ အယူရှိကြတယ် (မှန်ပါ)။

နိဗ္ဗာနံ ပရမံ သုခံဆိုတာ ဒီအနာရောဂါကင်းနေတဲ့ ခန္ဓာကိုယ်ကြီးဟာ နိဗ္ဗာန်တဲ့၊ သူတို့က ဒီလိုယူထားတာတဲ့ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒီဂါထာကို တစ်ခါတည်း အရကျက်ပြီး ရွတ်လေ့ရှိကြတယ် (မှန်ပါ) ဒီဂါထာကလဲ ရှေးဘုရားတွေ လက်ထက်က ကျန်နေရစ်ခဲ့တာ၊ မြတ်စွာဘုရားတော့ ဟောကြားပြီးပြီ၊ ပရိနိဗ္ဗာန် စံသွားကြတော့ ပုဏ္ဏားစာပေတွေထဲ ရောက်သွားပြီ အစဉ်အဆက် ဆောင်ရွက်လာကြတယ် (မှန်ပါ)။

ပုဏ္ဏားတွေ ပါးစပ်ထဲရောက်နေတော့ အဓိပ္ပါယ်ရင်း မမှန်တော့ဘဲ ခုနကပြောသလို အလွဲသုံးစားတွေ ဖြစ်နေတယ် (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒီခန္ဓာကြီး ကျန်းမာရင် နိဗ္ဗာန်ခေါ်တယ်တဲ့

အာရောဂျ ပရမာ လာဘာရွတ်ရင် သားသမီး ဆွေမျိုး ဉာတကာ ပစ္စည်းရမယ် (မှန်ပါ) နိဗ္ဗာနံ ပရမံ သုခံဆိုတာ ဒီခန္ဓာကြီး ကျန်းမာရင် နိဗ္ဗာန်ခေါ်တယ်၊ ဒါနိဗ္ဗာန်အစစ်ပဲ၊ ဒီလိုယူလေ့ရှိကြတယ် (မှန်ပါ) အခုတောင် နည်းနည်းပေါ်နေတယ်၊ နိဗ္ဗာန်ဆိုတာ စားချင်တာစား၊ ဝတ်ချင်တာဝတ်ရရင် နိဗ္ဗာန်ကွတဲ့၊ အခုတောင် ဖြစ်နေကြသေးတာ (မှန်ပါ) မဖြစ်ကြဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကဲ ခင်ဗျားတို့ စလာပြီ၊ ဘုရား ပရိနိဗ္ဗာန်စံသွားပြီ ဒီဂါထာပေါ်ဦးမယ်ထင်တယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါရွတ်လိုက်တော့ မာဂဏ္ဍီ တယ်သဘောကျပါတယ် ရှင်ကြီးဂေါတမ-တဲ့၊ ကျုပ်တို့စာကလဲ ဒီအတိုင်း လာတာနဲ့တော့ တစ်ထပ်တည်း ဖြစ်သွားတာပါပဲတဲ့ (မှန်ပါ)။

အံမာလေး ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဘုရားမို့ အကုန် ဟောနိုင်တာ၊ သူကစာနဲ့ချည်းကိုင်ထားတော့ ဒကာ ဒကာမတွေ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

မာဂဏ္ဍီကို ဘုရားကဟောတော့ သူ့မှာ အန္တရာယ်ကင်းပြီး ကျန်းမာနေတာကြည့်ပါလား တဲ့၊ သူ့ခန္ဓာကိုယ်ကြီးကို ပုတ်ပြတယ်၊ အာရောဂျပရမာ လာဘာဆိုတာ ဒီခန္ဓာကိုယ်ကြီးတဲ့ (မှန်ပါ) သူတို့အယူနဲ့တော့ ခက်ပါသေးတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူ့ခန္ဓာကိုယ် ပုတ်ပြတာပဲ

နိဗ္ဗာနံ ပရမံ သုခံဆိုတော့လဲ သူ့ခန္ဓာကိုယ် ပုတ်ပြတာပဲ၊ ကျုပ်ဟာ နိဗ္ဗာန်ပဲတဲ့၊ ဒါကြောင့် ရှင်ကြီး ဂေါတမရွတ်တဲ့ ဂါထာ ကျုပ်သဘောကျပါတယ်၊ ကျုပ်တို့စာနဲ့ညီလွန်းလို့တဲ့ (မှန်ပါ)။

ဦးဝ ခင်ဗျားတို့လဲ စာကိုင်ငြင်းနေမယ်ဆိုရင် ခက်နေပြီနော် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အာရောဂျပရမာ လာဘာလဲ ခန္ဓာပဲယူထားတယ်၊ နိဗ္ဗာနံ ပရမံ သုခံလဲ ခန္ဓာမှာ အန္တရာယ်ကင်းရှင်းနေတာကို ယူလိုက်တယ် (မှန်ပါ)။

”အဋ္ဌင်္ဂိကောစ မဂ္ဂါနံ၊ ခေ မံ အမတပါမိနံ” အဲဒီဂါထာ နှစ်ပိုဒ်ကတော့ ပျောက်နေတယ်၊ အဲဒါကတော့ ဘုရားကဖော်ပေးမှ ပေါ်လာတယ် (မှန်ပါ) ဂါထာရဲ့ နှစ်ပိုဒ်ပဲ သူတို့ရတော့ နှစ်ပိုဒ်ပဲ သုံးစွဲနေကြတာကိုးဗျ၊ နှစ်ပိုဒ်တော့ ကွယ်သွားတယ် (မှန်ပါ)။

အဲဒီ နှစ်ပိုဒ်တော့ ပုဏ္ဏားတို့က ရနေတယ်၊ သူတို့စာထဲမှာ ရောက်နေတယ် (မှန်ပါ) ရှေးဘုရားတွေလက်ထက် ကတည်းက ဂါထာနှစ်ပိုဒ်ကို သူတို့စာထဲမှာ အစဉ်အဆက်ဆောင်လာရတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတွေလဲ သုံးရတာ ဒီအတိုင်းပဲ နည်းနည်းကလေး စာကလေး ဘာကလေးတော်တော့ အာရောဂျပရမာ လာဘာဆိုတာဟေ့ ကျန်းမာတာ လာဘ်ကြီးတစ်ခု၊ ခင်ဗျားတို့ သုံးတုန်းပါပဲ (သုံးပါတယ် ဘုရား) ပုဏ္ဏားတွေနဲ့ တယ်မထူးတော့ပါဘူး (မှန်ပါ)။

လိုတာရနေရင် လောကက နိဗ္ဗာန်ပေါ့

နိဗ္ဗာနံ ပရမံ သုခံ ဆိုတာတွေကွာ လိုတာရနေရင် လောကက နိဗ္ဗာန်ပေါ့၊ဒီအတိုင်း မသုံးစွဲကြဘူးလား (သုံးပါတယ် ဘုရား) ဘာမျိုးတွေတုံး ခင်ဗျားတို့လဲ (ပုဏ္ဏားမျိုးတွေလိုပါပဲ ဘုရား) မာဂဏ္ဍီမျိုးဆိုလိုက်ပါတော့ဗျာ (မှန်ပါ)။

မာဂဏ္ဍီကို ဘုရားက မင်းဟာ မျက်စိနှစ်ကွင်း အလင်းမရတာ ဝမ်းထဲက မရတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မျက်စိနှစ်ကွင်း အလင်းမရတာ ဘယ်ကတည်းက မရတာတုံး (ဝမ်းထဲက မရတာပါ ဘုရား) အလင်းမရတော့ မင်းသည်ကားလို့ဆိုရင် အခုအမိအဘကမွေးလို့ အပြင်ရောက်လာတယ်၊ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်ကို နေ-ရှိပါတယ်၊ လ-ရှိပါတယ်လို့ ဘေးကပုဂ္ဂိုလ်တွေက ပြောငြားသေည်လဲ အလင်းမရတဲ့ပုဂ္ဂိုလ်ကတော့ ယုံပါ့မလား (မယုံပါ ဘုရား) ဘာဖြစ်လို့တုံး ဝမ်းထဲက ကန်းလာတာမို့ (မှန်ပါ)။

အဲဒီတော့ လရှိတယ်၊ နေရှိတယ်ဆိုတဲ့ လောကကြီးရှိတာတွေ သူမြင်သေးရဲ့လား (မမြင်ပါ ဘုရား) မမြင်တော့ ဘယ်မှာတုံး-နေ၊ ဘယ်မှာတုံး-လ ဖြစ်နေတာ (မှန်ပါ ဘုရား) မျက်စိနှစ်ကွင်း အလင်းမရတဲ့ပုဂ္ဂိုလ်ကို တစ်ယောက်သော ပုဂ္ဂိုလ်က ဆီဆွတ်တဲ့အဝတ်မည်းမည်းကြီးကို ပေးလိုက်တယ်တဲ့၊ ဆီတွေပေနေတဲ့ လက်သုတ်ပဝါကြီးကို (မှန်ပါ)။

အဲ လက်သုတ်ပဝါကြီးဝတ်လို့ မင်းနဲ့တယ် လိုက်တယ်လို့ မျက်စိမြင်တဲ့ပုဂ္ဂိုလ်က ပြောလိုက်တယ်၊ ဒါနဲ့သူက ဒီအဝတ်ကို ဝတ်တာပေါ့လေ၊ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်က (မှန်ပါ)။

ဝတ်ပြီး သူကပွဲလမ်းသဘင်ကျလို့ရှိရင် ကျုပ်အဝတ်နဲ့ ကျုပ်နဲ့သိပ်လိုက်တာပဲ၊ ကြည့်ကြပါဦး၊ ကြည့်ကြစမ်းပါဦး၊ သူအော်နေတယ် (မှန်ပါ)။

မျက်စိနှစ်ကွင်း ဝမ်းထဲက ကန်းလာတာ

ခင်ဗျားတို့ပဲ ဘေးကကြည့်နေပါ၊ ဘယ့်နှယ်ကြောင့် အော်နိုင်သတုံး (မမြင်လို့ပါ ဘုရား) မျက်စိနှစ်ကွင်း ဝမ်းထဲက ကန်းလာတာကိုး (မှန်ပါ)။

ဟိုပုဂ္ဂိုလ်ကလဲ သက်သက်ချောက်တွန်း လွှတ်လိုက်တယ် (မှန်ပါ) ဆီသုတ်တဲ့အဝတ်ကြီးဟာ မင်းနဲ့သိပ်လိုက်တယ်၊ အဲဒါမင်းဝတ်ပြီး သကာလ ဘယ်လမ်း ဘယ်ခရီးမဆိုသွားတော့ ဆိုတော့ သူကမြင်မှ မမြင်တော့ ဒီအဝတ်ဟာ မင်းနဲ့လိုက်လို့ ပေးတယ်ဆိုတော့ သူကဟိုအလိုက်ပဲ သူ့ပါးစပ်က ထွက်ရမယ်ဆိုတာ ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

အဲဒီတော့ သူက ကျုပ်နဲ့ ဒီအဝတ်နဲ့ မလိုက်ဘူးလား၊ ကျုပ်နဲ့ဒီအဝတ်အချိုးမကျဘူးလား၊ ဒါပဲ လူထဲပြောနေတာပဲ (မှန်ပါ)။

ဘယ့်နှယ်ဆိုကြမယ်၊ မျက်စိမြင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီလူထဲ ကန်းရတဲ့အထဲမှာ ရူးပြန်ပေါ့ကွာ၊ ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) နဂိုက ကန်းနေတာနော် (မှန်ပါ့ ဘုရား)။

အခုဆီသုတ်တဲ့ အဝတ်ကြီးဝတ်ပြီး မလှဘူးလားလို့မေးတော့ ဘယ့်နှယ်ဆိုကြမလဲ (အကန်းထဲက ရူးနေတာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သူ့အဝတ်ကို ဆီရှိပါတယ်၊ အညစ်အကြေးတွေ ရှုပ်ထွေးပြီး သကာလ နေပါတယ်ဆိုတာ သူသိသေးရဲ့လား (မသိပါ ဘုရား) ပကတိမျက်လုံးကန်းတော့ ဉာဏ်မျက်လုံးကကော မြင်သေးရဲ့လား (မမြင်ပါ ဘုရား) အဲ-ကန်းတဲ့ပုဂ္ဂိုလ်ပြောတာ ဟူသရွေ့သည်ကားလို့ဆိုရင် အမှန်ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)။

ကန်းတဲ့ပုဂ္ဂိုလ်ဆီသုတ်တဲ့ အဝတ်ဝတ်ထားပြီး

အဲ ထို့အတူပဲတဲ့၊ မင်းလဲ မင်းကိုယ်ကို ရောဂါကင်းတယ်၊ ဒါနိဗ္ဗာန်ပဲဆိုတာ ကန်းတဲ့ပုဂ္ဂိုလ်ဆီသုတ်တဲ့ အဝတ်ဝတ်ထားပြီးတော့ မင်းနဲ့မလိုက်ဘူးလား ပြောနေသလိုဟာ အခက်ဆုံးပဲ၊ ဘုရားက ဟောတော်မူတယ် (မှန်ပါ) ဟုတ်ကော မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

သူဟာ အာရောဂျပရမာ လာဘာဆိုတာ ဒီခန္ဓာကိုယ်ကြီးကို ပုတ်ပြတယ်မဟုတ်လား၊ နိဗ္ဗာနံ ပရမံ သုခံဆိုတော့ ကော (ခန္ဓာကိုယ်ကြီး ပုတ်ပြပါတယ် ဘုရား) မင်းကကွာ ဝမ်းတွင်းက မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်ဆီသုတ်တဲ့ အဝတ်ကိုဝတ်ကာ ကျုပ်နဲ့မလိုက်ဘူးလား ပြောနေတော့ ကျုပ်ဟာ အင်မတန်အချိုးကျနေတယ်လို့ ပြောတာပဲ၊ မင်းပြောနေတာ ဒီအတိုင်းပဲတဲ့ (မှန်ပါ)။

ဘုရားကပေးတဲ့ ဥပမာကော သဘောကျပလား (ကျပါပြီ ဘုရား) ပုဏ္ဏားပြောတာကလဲ ဒီအတိုင်းပဲ မနေဘူးလား (နေပါတယ် ဘုရား)။

ကဲကွာ-တဲ့၊ အဲ့ဒီပုဂ္ဂိုလ်ကို မျက်စိနှစ်ကွင်း အလင်းရတဲ့ဆေးကိုပေးလိုက်လို့ မျက်စိနှစ်ကွင်း အလင်းရသွားတော့ ခုနက သူဝတ်ထားတဲ့အဝတ်ကို သူကြည့်လိုက်တဲ့အခါကျတော့ ဘာဖြစ်မယ်ထင်သတုံး ဒေါသဖြစ်မယ် (မှန်ပါ)။

ငါ့ကို သူတစ်သက်လုံးညာလာတာ၊ ဒီပုဂ္ဂိုလ်ကိုတော့ တွေ့ရင် သတ်မယ်ဆိုတာမလာပေဘူးလား (လာပါတယ် ဘုရား) ဘာဖြစ်လို့တုံး (အလင်းရလို့ပါ ဘုရား)။

အရင်တုန်းကတော့ သူ့အဝတ်နဲ့သူ ကောင်းလေစွနဲ့ အင်မတန်ဝမ်းသာနေတာ (မှန်ပါ) ဘာတုံးဆိုတော့ မျက်စိနှစ်ကွင်း အလင်းမရလို့ (မှန်ပါ)။

မျက်စိနှစ်ကွင်း အလင်းရတော့ ဟိုပုဂ္ဂိုလ်ကို သူကစိတ်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) တစ်သက်လုံးနေခဲ့ရတာလဲ ရှက်မနေဘူးလား (ရှက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အရိယာမျက်လုံးမရှိသေးရင်

ဒီလိုပဲ အရိယာမျက်လုံးမရှိသေးရင် ခန္ဓာကိုယ်ထဲမှာ ရောဂါကင်းနေတယ်ထင်နေတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အရိယာမျက်လုံးမရှိသေးရင် (ခန္ဓာကိုယ်ထဲမှာ ရောဂါကင်းတယ်ထင်ပါတယ် ဘုရား) အဲ-အရိယာ မျက်လုံး တပ်ပေးရလို့ရှိရင်ဖြင့် ခန္ဓာကိုယ်ထဲမှာ ရောဂါချည်းပဲတဲ့ (မှန်ပါ) ဘယ်တော့မှ ကျန်းမာတယ်လို့ မရှိဘူး (မှန်ပါ)။

ဒါဖြင့်အရိယာမျက်လုံးရမှ ခင်ဗျားတို့ ခန္ဓာကိုယ်ရောဂါရှိမှန်းသိမယ် (မှန်ပါ) အခုတော့ဖြင့် ကျန်းမာပါတယ်၊ ချမ်းသာပါတယ်လို့ ဘယ်သူက မေးမေးဖြေနေတာပဲ (မှန်ပါ)။

ဘယ့်နှယ်တုံး အိမ်မှာနေကောင်းကြရဲ့လားလို့ မေးတော့ ဘယ့်နှယ်ဖြေပါ့မလဲ (နေကောင်းပါတယ် ဘုရား) ဘယ်လိုမျက်လုံးနဲ့ဖြေတာတုံး၊ စုံလုံးကန်း မျက်လုံးနဲ့ဖြေတာ (မှန်ပါ)။

အဝတ်အစားကော ကိုယ်နဲ့ထိုက်တန်တဲ့အဝတ်ကို ဝတ်ကြ၊ ခံကြရရဲ့လား၊ စီးပွားရေးကော ဘယ့်နှယ်နေကြတုံး မေးတော့ စီးပွားရေးလဲ သင့်ပါရဲ့၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ပြောထိုက်တဲ့အခါကျလို့ရှိရင်ဖြင့် လုံလုံခြုံခြုံဝတ်ရပါရဲ့ ပြောတာပဲ၊ ဝတ်သာ ဝတ်ထားတယ်၊ ခုနင်က ပြောသလိုပဲ တော်အောင် လျော်အောင်ချည်းပဲ မကျဘူးလား (ကျပါတယ် ဘုရား)။

မျက်စိနှစ်ကွင်း အလင်းမရသေးလို့

အဲဒီတော့ ဒကာ ဒကာမတို့ ဆီသုတ်ထားတဲ့အဝတ်ဝတ်ပြီး ကျုပ်နဲ့မလိုက်ဘူးလားချည်း ပြောနေကြတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာဖြစ်လို့တုံး (မျက်စိနှစ်ကွင်း အလင်းမရသေးလို့ ရောဂါကလဲ မကင်းသေးလို့)။

ကျုပ်တို့ ဒီအနေအထိုင်နဲ့ ဒါလောက်လေး ဝတ်ရစားရလို့ရှိရင်လဲ တော်သေးရဲ့နော်လို့ တစ်ယောက်နဲ့ တစ်ယောက်လက်တို့ပြီး ပြောနေကြတာပဲ၊ မပြောကြဘူးလား ဒကာ ဒကာမတို့ (ပြောကြပါတယ် ဘုရား)။

တော်သေးရဲ့၊ ဒီလိုနေရ၊ ဒီလိုထိုင်ရ၊ အန္တရာယ်လေးကလဲကင်း၊ စားဖို့သောက်ဖို့ကလဲ မကြောင့်ကြရဘူး၊ အဝတ်ကလေးကလဲ လိုတယ်ဆိုရ တော်သေးတယ်၊ ဟုတ်လား။

မျက်စိက မြင်ပြီလား (မမြင်ပါ) မမြင်တော့ ခန္ဓာကိုယ်ရောဂါတွေ အပြည့်ရှိနေတာကော သိရဲ့လား (မသိပါ ဘုရား)။

ခုနင်က ဖြစ်ပျက် ဒုက္ခသစ္စာ ရောဂတော ဂဏ္ဍတော တွေကော မြင်ကြသေးရဲ့လား (မမြင်ပါဘူး ဘုရား) အဲဒီတော့ ကိုယ့်ဟာနဲ့ကိုယ်တော့ဖြင့် လက်တို့ပြီး သကာလ မျက်စိနှစ်ကွင်း အလင်းမရတဲ့ လူချင်း၊ ဆီသုတ်ပဝါဝတ်ချင်း ညှိနှိုင်းနေတာကိုး၊ ဒါနဲ့မြို့ထဲ ပျော်နိုင်ကြတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။

တို့အိမ်နဲ့ဒီအိမ်တည့်ကြ၊ တစ်ယောက်နဲ့ တစ်ယောက်ပြောနိုင်ဆိုနိုင်ကြ၊ သွားတဲ့အခါသွားအတူ လာအတူ ဖြီးလိမ်းအတူ အဝတ်ဆင်တူ ဒီလိုနေနိုင်ကြတယ်ဆိုတာဖြင့် ပျော်လို့ပဲဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။

ဝမ်းတွင်းကစပြီး မမြင်ခဲ့တော့

မျက်လုံးတော့ မြင်ကြပြီလား (မမြင်ကြသေးပါ ဘုရား) ဘယ်တုန်းကစပြီး မမြင်ခဲ့ကြတာတုံး (ဝမ်းတွင်းထဲကပါ ဘုရား) ဝမ်းတွင်းကစပြီး မမြင်ခဲ့တော့ ဒါ ဘေးကမမြင်တဲ့ပုဂ္ဂိုလ်ကလဲ ဒီအဆင်းနဲ့ ဒီဥစ္စာလိုက်ပါတယ် ပြောနေတာပဲ၊ ဒီအသွား အလာသည်ကားဆိုရင် ပြေပြစ်ပါတယ်ပြောနေတာပဲ၊ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

အဲဒီတော့ ဟိုပုဂ္ဂိုလ်ကလဲမမြင်၊ ဒီက ပုဂ္ဂိုလ်ကကော (မမြင်ပါ ဘုရား) ဪ ဒါဖြင့် ဒကာ ဒကာမတို့ အကန်းတစ်ရာ စုထားငြားသော်လဲ အပ်တစ်ချောင်းတော့ မကောက်နိုင်တော့ပါဘုရား၊ ဘာဖြစ်လို့ မကောက်နိုင်တာလဲ (မမြင်လို့ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတင် ဘုရားတစ်ဆူထဲ ဖွင့်ရတာ အတော်ခက်တယ်၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ) အဲ-မနက်ဖြန်မှ အရိယာမျက်လုံး တပ်ပေးမယ်။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။