အလုပ်ကင်းရင် အရူးကျန်တယ်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားပြသ ဆုံးမတော်မူသော
အလုပ်ကင်းရင် အရူးကျန်တယ်
အလုပ်ပေးတရားတော်
(၂၇-၂-၅၉)
ဒိဋ္ဌိလေးမျိုးဆိုတာ
ဒိဋ္ဌိလေးမျိုးဆိုတာ အရူးလေးမျိုးပဲလို့ မှတ်သားမှာပဲ၊ အနိစ္စကို နိစ္စလို့ထင်တဲ့ဒိဋ္ဌိ၊ အသုဘကို သုဘလို့ထင်တဲ့ ဒိဋ္ဌိ၊ အနတ္တကို အတ္တလို့ထင်တဲ့ ဒိဋ္ဌိ၊ ဒုက္ခကို သုခလို့ထင်တဲ့ ဒိဋ္ဌိ၊ ဒိဋ္ဌိလေးမျိုး (မှန်ပါ)။
အနိစ္စကျတော့ သူ့ဟာက နိစ္စလို့အယူရှိတယ်၊ ဒုက္ခတရားတွေကျတော့ သုခလို့အယူရှိတယ်၊ အနတ္တ မပိုင်တဲ့တရားတွေကျတော့ ပိုင်ပါတယ်လို့ အယူရှိနေတယ်၊ အသုဘတွေကျပြန်တော့လဲ မတင့်တယ်တာကို တင့်တယ် တယ်လို့အယူရှိနေပါတယ်၊ ဒါဟာဒိဋ္ဌိလေးမျိုးပေါ့ဗျာ (မှန်ပါ)။
အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သောတာပန်မတည်သရွေ့ ဝိပဿနာအလုပ်ကို လုပ်နေတဲ့ အခိုက်အတန့်မှာ ဒီတရားလေးခုက ရှောင်ရှားနေတယ်၊ သောတာပန်တည်ပြီးမှသာလျှင် အလုံးစုံပယ်တယ်၊ အဲ့ဒီတော့ အလုပ်ကင်းရင် အရူးကျန်တယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ)။
အလုပ်ကင်းရင် (အရူးကျန်ပါတယ်) အနိစ္စကို ဘယ်လိုထင်သတုန်း (နိစ္စလို့ထင်ပါတယ်) ဒါအလုပ် ကင်းတဲ့ အချိန်နော် (မှန်ပါ)။
ဒုက္ခကို (သုခလို့ထင်ပါတယ်) ဘယ်အချိန်ပါလိမ့်ဗျာ (အလုပ်ကင်းတဲ့အချိန်ပါ) အေး ဖြစ်ပျက်ရှုတာမှ ကင်းနေတဲ့အချိန်ဟာ အရူးထတဲ့အချိန်ပဲမှတ်ပါ (မှန်ပါ)။
အနတ္တဆိုတဲ့ ရုပ်နာမ်ဓမ္မတွေသာ ဘယ်သူမှမပိုင်လို့ ခဏခဏ သူ့သဘောနဲ့သူဖြစ်ပြီး ပျက်စီးနေကြတာတွေကို ဘယ်လိုထင်လေ့ရှိသတုန်း (အတ္တလို့ထင်လေ့ရှိပါတယ်) အတ္တလို့အယူရှိတယ်။ ထင်တာမဟုတ်ဘူးနော်။
အတ္တလို့အယူရှိနေတာ ဒီဥစ္စာ ဝိပဿနာအလုပ်ကင်းနေလို့ရှိရင် အတ္တဆိုတဲ့အယူကိုတော့ ယူတော့တာပဲ၊ အတ္တဒိဋ္ဌိဖြစ်နေတာပေါ့ဗျာ (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာကိုယ်ဟာ အသုဘတွေပဲ၊ သွေး သလိပ် ပြည် နှပ် တံတွေးစတဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသ အသုဘတွေဟာ ဧကန်ရှိနေငြားသော်လဲ ချောတယ်၊ လှတယ်အစရှိသည်နဲ့ ဖြစ်ပေါ်လာတာလဲ အသုဘကို ဘယ်လိုထင်ကြသတုံး (သုဘလို့ထင်ပါတယ် ဘုရား) သုဘလို့အယူရှိလာကြတယ်နော် (မှန်ပါ့) အဲ့ဒီတော့ ဒိဋ္ဌိဘယ်နှစ်မျိုးပါလိမ့် (လေးမျိုးပါ ဘုရား)။
ဝိပဿနာအလုပ် ကင်းနေတဲ့အခါ
အဲ ဝိပဿနာအလုပ် ကင်းနေတဲ့အခါမှာ ဒီလေးမျိုးအရူးဟာ ဦးခင်မောင်ရှိနေတယ်မှတ်ပါ၊ မဂ်နဲ့မပယ်သေး ဘူးဆိုတဲ့ အချိန်မှာလဲရှိနေသေးတယ်၊ အဲဒီတော့ ကျုပ်တို့မှာ ဒီအရူးလွတ်တဲ့အချိန်က ဝိပဿနာ ရှုနေတဲ့အချိန်ရယ်၊ မဂ်ပေါ်ပြီးတဲ့အချိန်ရယ်၊ ဒီနှစ်ချိန်သာကင်းတယ်၊ မဂ်မပေါ်သေးရင်ဖြင့် ဝိပဿနာလုပ်တုန်းပဲ လွတ်တယ်လို့ မှတ်ရမယ် (မှန်လှပါ)။ ဝိပဿနာ မလုပ်တော့ပါဘူးဆိုရင် ဒီအရူးဟာဖြင့် ရှိနေတာပဲ၊ ဪ ဒါဖြင့် တို့မှာအရူးနာသည်ကား လို့ဆိုရင်ဖြင့် မကင်းသေးပါလားဆိုတာ အားလုံး ဒကာ ဒကာမတွေ မှတ်ကြပါ(မှန်ပါ)။
ဘယ်နှစ်နာပါလိမ့် (လေးနာပါ ဘုရား) လေးနာရှိနေတယ်၊ သောတာပန် မတည်သေးရင် ဒီလေးနာ ရှိတယ် ဆိုတော့ ဒီနေ့တစ်ခါ လေးနာကိုလဲ ထပ်ထည့်ပေးရဦးမယ်၊ သောတာပန် မတည်သေးရင်ရှစ်နာရှိတယ်ဆိုတာ သိရအောင်လို့ (မှန်ပါ့)။
သောတာပန် မတည်သေး၊ ဖြစ်ပျက်ကို မမြင်ကြသေးတဲ့ ဒကာ ဒကာမ၊ အလုပ်မလုပ်သေးတဲ့ ဒကာ ဒကာမတွေ မှာ ဤအယူမှားကြီးတွေသည် ရှိနေတယ်လို့ ဦးဘအုန်းတို့ မှတ်ရလိမ့်မယ် (မှန်ပါ)။
ဒါက အယူမှားလေးခု (မှန်ပါ) အမှတ်မှား နှစ်ခုထည့်ပါဦးတဲ့၊ အမှတ်မှားနှစ်ခုထည့် (မှန်ပါ့)။
အခုထည့်မှာ ဘာပါလိမ့် (အမှတ်မှား နှစ်ခုပါ ဘုရား) အမှတ်မှားနှစ်ခုတဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့) အနိစ္စကို နိစ္စတဲ့ မှတ်နေတယ်၊ အနတ္တကို အတ္တလို့မှတ်နေတယ် (မှန်ပါ့ ဘုရား)။
ဒီဘက် လေးခုကဘာပါလိမ့် (အယူမှားလေးခုပါ ဘုရား) ဒီဘက်နှစ်ခုက (အမှတ်မှားနှစ်ခုပါ) ကိုင်း-သွားဦး ဒကာ ဒကာမတို့၊ ဒီဘက်နှစ်ခုထည့်ပါဦး၊ သောတာပန် မတည်သေးလို့ရှိရင် ဒီရှစ်ခုရှိတယ်ဆိုတာ သိရအောင်လို့ (မှန်ပါ့) နောက်နှစ်ခုက ဘာတုံးလို့ဆိုလို့ရှိရင် အသိမှားလို့ မှတ်ကြပါ (မှန်ပါ)။
အယူမှား အမှတ်မှား အသိမှား
ဒါဖြင့် ဒီဘက်က အယူမှား၊ ဒီဘက်က အမှတ်မှား၊ ဒီဘက်ကကော (အသိမှားပါ) အမှားကို မနည်းပါလား ဒကာ ဒကာမတို့ (မှန်ပါ့)။
ကိုင်း အသိမှားက ဘာပါလိမ့်မတုံးဆိုလို့ရှိရင် အနိစ္စကို နိစ္စလို့သိတယ်၊ အနတ္တကို အတ္တလို့သိနေတယ် (မှန်ပါ့) ဒါဖြင့် အသိမှားကလဲ နှစ်မျိုးပေါ့ဗျာ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ သောတာပန် မတည်သေးလို့ရှိရင် အယူမှားလေးမျိုး၊ အမှတ်မှားနှစ်မျိုး၊ အသိမှား နှစ်မျိုးရှိသေးသပေါ့ (မှန်ပါ)။
ဒီဟာ ဦးခင်မောင်တို့ မှတ်ကြစမ်းပါ၊အယူမှားက ဒိဋ္ဌိနော် (မှန်ပါ) အမှတ်မှားက သညာနော် (မှန်ပါ) အသိမှားကစိတ် (မှန်ပါ)။
အဲ့ဒါကြောင့် ဒီဘက်က ဒိဋ္ဌိဝိပလ္လာသ၊ ဒီဘက်က သညာဝိပလ္လာသ၊ ဒီဘက်ကစိတ္တဝိပလ္လာသ၊ ဝိပလ္လာသ ဘယ်နှစ်မျိုးပါလိမ့် (ရှစ်မျိုးပါ ဘုရား) ရှင်းပလား ဦးခင်မောင် (ရှင်းပါပြီ ဘုရား)။
ဒီဟာက သောတာပန် မတည်သေးလို့ရှိရင်ဖြင့် အရူးရှစ်မျိုးရှိသေးတယ် (မှန်ပါ) သောတာပန် မဖြစ်သေးလို့ရှိ ရင် ငါတော်ပြီလို့များ အောက်မေ့ပြီး သကာလ ဘုန်းကြီးတို့ဒကာ ဒကာမတွေ မနေလိုက်ပါနဲ့လို့ ပြောလိုက်တယ်နော် (မှန်ပါ ဘုရား)။
အရူးရှစ်မျိုးရှိသေးတယ်
ဒီအရူးနာတွေဟာ ရှိနေသေးတယ်ဆိုတာဖြင့် သဘောကျပလား (ကျပါပြီ ဘုရား) အယူမှားက (လေးမျိုးပါ) အမှတ်မှားက (နှစ်မျိုးပါ) အသိမှားက (နှစ်မျိုးပါ) အမှားချည်းဆိုတော့ ဒါဟာ အရူးချည်းလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ အရူးနှစ်မျိုးကျန်နေသေးတယ် (မှန်ပါ) ဒါကြောင့်ပုထုဇဉ်အဖြစ်ကဖြင့် ဦးခင်မောင် လွတ်အောင်လုပ်ရပါ့မယ် (မှန်ပါ့) မလွတ်လို့ရှိရင် ဒီအရူးရှစ်မျိုးက ကျုပ်တို့ကို ကိုင်ပြီး သကာလ နေတော့တယ်ဆိုတာ မှတ်ရမှာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီအရူးသည်ကားလို့ဆိုရင် ဘယ်တော့များ လမ်းဖြောင့်လိမ့်မလဲဆိုတာ တွေးကြည့်စမ်းပါဦး၊ ဦးဘအုန်း တို့၊ ဦးခင်မောင်တို့ အဖြောင့်သွားပါ့မလား (မသွားပါ ဘုရား) ကိုမြရွှေတို့ အဖြောင့်သွားပါ့မလား (မသွားပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဒါကို မပယ်သရွေ့ မဂ္ဂင်လမ်းမတော်မရောက်ဘူး (မရောက်ပါ ဘုရား) ဘာဖြစ်လို့တုံး သူတို့က အရူးဆိုတော့ အကောက်သွားတယ် (မှန်ပါ)။
ဒကာ ဒကာမတွေ မဂ္ဂင်လမ်းမတော် မသွားလို့ရှိရင် နိဗ္ဗာန်မြို့ကြီး ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား) ဒါဖြင့် ဒါတွေဟာ အကောက်သွားတာ ဘယ်နှစ်မျိုးပါလိမ့် (ရှစ်မျိုးပါ ဘုရား)။
ဪ ကျုပ်တို့သန္တာန်မှာ အယူကကောက်လိုက်၊ အမှတ်ကကောက်လိုက်၊ အသိကကောက်လိုက်နဲ့ အမှားတွေ ပေါ့ဗျာ (မှန်ပါ) သိပ်မများဘူးလား (များပါတယ် ဘုရား)။
ဒီတော့ တရားရှစ်ခုကို ဝမ်းထဲမှာ မပယ်နိုင်သေး၊ သောတာပတ္တိမဂ်ရမှ ပယ်နိုင်တယ်၊ သောတာပတ္တိမဂ်မရခင် ဝိပဿနာရှုတုန်းသာ ခေတ္တရပ်စဲနေသည်လို့ ဦးခင်မောင်တို့မှတ်ရမယ် (မှန်ပါ) သဘောပါပလား (ပါ ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ အရောင်းအဝယ်နဲ့နေတဲ့ ပုဂ္ဂိုလ်တွေမှာဖြင့် အယူမှားလဲ ရှိတာပဲ (မှန်ပါ) အမှတ်မှားလဲ (ရှိပါတယ်) အသိမှားလဲ (ရှိပါတယ် ဘုရား)။
ဪ – သူတို့လုပ်နေတာ ဟူသရွေ့ကဖြင့် ဘယ်တော့မှ အမှန်ဘက်သို့ မရောက်သေးပါကလားဆိုတာ စွဲချက်တင်လိုက် လို့ရှိရင်ဖြင့် မလွဲဘူးလို့ ဆုံးဖြတ်ချက်ချရမှာပဲ (မလွဲပါ ဘုရား)။
ဖြစ်ပျက်အဆုံးကို တစ်ကြိမ်တည်း မြင်လိုက်ရင်
ဘယ်အချိန်ကျမှ ကျုပ်တို့သည် အဖြောင့်ဖြစ်တော့မယ်ဆိုတာ စဉ်းစားကြစမ်း (သောတာပတ္တိမဂ် ရမှပါ ဘုရား) သောတာပတ္တိမဂ်နဲ့ ဖျတ်ခနဲ ဖြစ်ပျက်အဆုံးကို တစ်ကြိမ်တည်း မြင်လိုက်ရင် ဒီအမှားတွေ တစ်ခါတည်း ပယ်ပြီးသား ဖြစ်သွားတယ် (မှန်ပါ)။
သောတာပတ္တိမဂ်နဲ့ဖြစ်ပျက်အဆုံးကို တစ်ကြိမ်တည်းသာ မြင်လိုက်ပါ၊ ဒကာ ဒကာမတို့ ဒီအမှားမှာ ဘယ့်နှယ် နေသလဲ (မမှားပါ ဘုရား) အယူမှားလဲ ဘယ်တော့မှ မမှားဘူး၊ အမှတ်မှားကော (ဘယ်တော့မှ မမှားပါ) အသိမှားကော (ဘယ်တော့မှ မမှားပါ ဘုရား)။
ဘယ်တော့မှ မမှားဘူးဆိုတော့ ဒါဖြင့် ယခုတပည့်တော်တို့က မဂ်မဆိုက်ဖိုလ်မဆိုက်နေရသေးတဲ့ ပုဂ္ဂိုလ်တွေ တပည့်တော်တို့ အခြေအနေ ဘယ်လိုပါလိမ့်မတုံးလို့ မေးလို့ရှိရင် မင်းတို့အယူမှားလဲ ရှိသေးသကွ၊ အမှတ်မှားလဲ ရှိသေးသကွ၊ အသိမှားလဲ ရှိသေးသကွလို့ ဒီအဖြေပေးရုံရှိတယ် (မှန်ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အခုလို ဆရာကောင်းသမားကောင်းတွေ့တုန်း ဒီဟာကို ဘယ်လိုလုပ်ပြီး ပယ်ရပါ့မတုံး ဘုရားလို့ဆိုရင်ဖြင့် အနိစ္စတွေ့တိုင်း အနိစ္စလို့မှတ်၊ အနိစ္စလို့သိ၊ အနိစ္စလို့ရှု၊ ဟုတ်လား ဒီလိုဆိုရင်တည့်သွားတာပဲ (မှန်ပါ)။
ဒီသုံးချက်နဲ့ အဖြောင့်ယူလိုက်မယ်
အနိစ္စလို့ မှတ်ပေါ့ဗျာ၊ အနိစ္စလို့ သိပေါ့ဗျာ၊ အနိစ္စလို့ ယူပေါ့ဗျာ (မှန်ပါ) ဒီသုံးချက်နဲ့ အဖြောင့်ယူလိုက်မယ် ဆိုရင်လဲ ဒါဟာအမှတ်မှား၊ အယူမှား၊ အသိမှားတွေ ကုန်သွားတာပဲ (မှန်ပါ) မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတွေ အားလုံးကို မေတ္တာရှေ့ထားပြီး ဆရာသမားက တရားဟောတော့ ဆရာသမားက ဒီလိုမှမကယ်တင်တော့ပါဘူးဆိုရင် ဒီအရူးရှစ်မျိုးနဲ့တို့ဖြင့် မွေးတုန်းကလဲဒါနဲ့မွေးခဲ့တယ်၊ နေတော့လဲ ဒါနဲ့နေခဲ့တယ်၊ သေတော့လဲ ဒါနဲ့သေတော့မယ်ဆိုရင် တို့ဖြင့် လမ်းကောင်းလမ်းမှန်တော့ ဒီဘဝမရောက်တော့ဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
ဒါဘယ်အချိန်ကစပြီး ယူရတာတုံးဆိုလို့ရှိရင်ဖြင့် ယခုဘဝလဲ ဝမ်းထဲမှာ မွေးကတည်းကပဲ စလိုက်တာပဲနော် (မှန်ပါ)။
အလယ်မှာလဲ ဆရာကောင်းသမားကောင်း မတွေ့ရင် ဒီအရူးရှစ်မျိုးရှိတယ် (မှန်ပါ) သေခါနီးလဲ ဆရာကောင်း သမားကောင်းမတွေ့ပြန်ရင် (ဒီအရူးရှစ်မျိုးရှိပါတယ်)။
ဒါဖြင့် အရူးကလေးမွေးပြီး သကာလ အသက်ရှည်နေတာပဲမဟုတ်လား၊ အရူးမသာ ဖြစ်ရတာမှတစ်ပါး ဘာများ ပါသေးသတုံး (ဘာမှမပါပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါ နာအောင် ဟောတယ်လို့ မယူလိုက်ပါနဲ့၊ သောတာပတ္တမဂ်မရသေးရင် ဒါအကုန်ရှိနေတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီအရူးပျောက်တယ် အောက်မေ့နေတယ်
ကဲ ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ တို့သိရတာ ထူးထူးဆန်းဆန်းပါလား၊ တို့မှာ ဒီအရူးဟာ နဂိုက ဥပုသ်စောင့် နေတော့ ဒီအရူးပျောက်တယ် အောက်မေ့နေတယ်၊ ပေးလှူနေတော့လဲ ဒီအရူးပျောက်တယ်လို့ အောက်မေ့နေကြတယ်၊ သမထကလေးလုပ်ပြီး ထွက်သက်ဝင်သက်ကလေးများ လုပ်နေတော့လဲ ဒီအရူးပျောက်တယ်လို့ အောက်မေ့နေတယ်၊ မပျောက်လိုက်တာမှ လွန်လို့ဗျာ၊ ဝိပဿနာတောင်မှ ရှုတုန်းသာပျောက်တယ်၊ သဘောကျပလား (မှန်လှပါ) ဒါန သီလ သမထလောက်က အရူးပယ်နိုင်စွမ်းရည် သတ္တိရှိရဲ့လား (မရှိပါ ဘုရား) ဝိပဿနာက တဒင်္ဂပယ်တယ်၊ မဂ်က လုံးလုံးပယ်တယ် (မှန်ပါ ဘုရား)။
ဝိပဿနာက (တဒင်္ဂပယ်ပါတယ်) မဂ်က (လုံးလုံးပယ်ပါတယ် ဘုရား) အဲ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အေးစက်စက်ဖြင့် မနေကြပါနဲ့၊ ရူးတာကလေးတွေ ရှိသေးတယ်လို့ပြောနေပေါ့၊ ဆေးမရှာဘဲနေလို့တော့ မတော်ဘူးဆိုတဲ့ အဓိပ္ပါယ်ဟာ ရှင်းသွားပြီ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုယ့်အနေနဲ့ ကိုယ့်အထိုင်နဲ့ဖြင့် ကောင်းတယ်လို့ပဲ ခင်ဗျားတို့ ထင်ကြမှာပဲတဲ့၊ ဆေးသမားမျက်လုံးနဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးတည်းဟူသော ဆေးကုလိုတဲ့ဆေးနားလည်တဲ့ ပုဂ္ဂိုလ်၏ မျက်လုံးနဲ့ ကြည့်လိုက်တော့ ဒါတွေ အရူးတွေပါလားဆိုတာသိလာပါတယ် (မှန်ပါ) ကိုယ့်ဟာကိုယ်နေတော့ မသိပါဘူး၊ ရူးတာကိုပင် ရူးမှန်းမသိဘူး (မှန်လှပါ ဘုရား)။ ဆေးသမားများ မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ (အရူးမှန်း သိပါတယ် ဘုရား)။
အရူးရှစ်မျိုး မသေသေးပါလား
အဲ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးတည်းဟူသော ဆေးသမားကြီး၊ တပည့်သာဝကတွေတည်း ဟူသော ဆေးသမား၊ ဒါတွေနဲ့ကြည့်လိုက်တဲ့အခါ ဒကာ ဒကာမတွေ အရူးရှစ်မျိုး မသေသေးပါလားဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
ကြပ်ကြပ်စဉ်းစားပြီး နားထောင်ကြ၊ တို့မှာ အရူးဘယ်နှစ်မျိုးရှိသေးပါလိမ့် (ရှစ်မျိုးရှိပါသေးတယ်) ရှစ်မျိုး ရှိသေးတယ်၊ ဒါဟာ အနည်းဆုံးပြောတာနော် (မှန်ပါ) သောတာပန်ဖြစ်မှ ဒီရှစ်မျိုးပယ်နိုင်တာကိုးဗျ (မှန်ပါ ဘုရား)။
သောတာပန်မဖြစ်သေးရင် (မပယ်နိုင်ပါ ဘုရား) ဝိပဿနာရှုနေတုန်း သူပယ်တယ်၊ တဒင်္ဂပယ်တယ်၊ ကဲ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဦးခင်မောင် ကျုပ်တို့လက်ခမောင်း မခတ်ကြပါနဲ့ဦး၊ လုပ်လိုက်ပါဦးဆိုတာများ ဘုန်းကြီးတိုက်တွန်းနေဖို့ မလိုပါဘူး၊ ကိုယ့်အရူး ကိုယ်သိပြီး ကိုယ်ကုဖို့အရေးကြီးပါတယ် (မှန်ပါ ဘုရား)။
ဦးဘတင် ဒါဟာ လေးလေးနက်နက် မှတ်ကြရမှာနော်၊ လေးလေးနက်နက် ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ်ဆို တဲ့ဥစ္စာ မသိလို့ဖော်ပြောပြီ၊ ဖော်ပြောလို့ ကိုယ်ကိုယ်တိုင်လဲ ဒီအရူးရှိရင် လမ်းဖြောင့်ကိုမရောက်၊ လမ်းဖြောင့်ဆိုတာ မဂ္ဂင်လမ်းမတော်ပဲနော် (မှန်ပါ ဘုရား)။
ဒီအရူးရှိရင် မဂ္ဂင်လမ်းမတော်ကို (မရောက်ပါ ဘုရား) မရောက်တော့ သူကသုံးဆယ့်တစ်ဘုံပဲ လှည့်နေတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဪ-ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာပယ်နည်းကို ဆရာသမားတို့ကပဲ လမ်းပြပြီး သကာလ ဒီဟာကို ဒီလိုပယ် ဒီလိုပယ်လို့ မလုပ်တော့ဘူးဆိုရင်ဖြင့် ဒီအရူးကို ရူးလျက်နဲ့ပစ်ထားခဲ့တာနဲ့ အတူတူကျမယ် (မှန်ပါ) ကယ်မည့်သူ ယူမည့်သူတွေ့ဖို့ကလဲ သိပ်မလွယ်လှဘူး (မလွယ်ပါ ဘုရား)။
သာမညဆရာနဲ့တွေ့ပြန်တော့ ဒါနကလေး လုပ်တာပေါ့ကွာ၊ မင်းတို့နိဗ္ဗာန်ရောက်တာပဲဆိုပြီး သကာလ သူတတ်သလောက်နဲ့ပဲ ဟောမှာပြောမှာပဲ (မှန်ပါ) သီလကလေး ဆောက်တည်တာပေါ့ကွာ၊ ဒါလောက်ဆိုရင်လဲ နေပျော် သေပျော်ရှိပါပြီ စသည်ဖြင့် ပြောမှာပဲ (မှန်ပါ) ဒီအရူးတွေက ပျောက်ပါ့မလား (မပျောက်ပါ ဘုရား)။
ဝိပဿနာလုပ်မှ တဒင်္ဂပျောက်မှာ
ဒီအရူးက စဉ်းစားကြည့်စမ်းပါ၊ ဝိပဿနာလုပ်မှ တဒင်္ဂပျောက်မှာ (မှန်ပါ) မဂ်ရမှ အကုန်ပျောက် ဆိုတော့ သူတို့နဲ့ကိစ္စပြီးနိုင်ပါ့မလား (မပြီးနိုင်ပါ) ဒါနသီလသမထတွေနဲ့ ကိစ္စပြည့်စုံနိုင်ပြီလား (မပြည့်စုံသေးပါ ဘုရား) မပြည့်စုံသေးတော့ အရူးမပျောက်လို့ရှိရင် မဂ္ဂင်လမ်းမတော် အဖြောင့်လမ်းကြီးရောက်ပါ့မလား (မရောက်ပါ ဘုရား) အရူးဆိုတာ ကောက်ကောက်ကွေ့ကွေ့သွားတာ၊ အရူးဟာ ဘယ်တော့မှ လမ်းဖြောင့်မသွားဘူး၊ သွားကြရဲ့လား (မသွားပါ ဘုရား)။
ကဲ ဦးခင်မောင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဦးဘတင်တို့ကော (ရိပ်မိပါပြီ ဘုရား) အရေးကြီးဆုံးပေါ်ကြ ပလား (ပေါ်ပါပြီ) အရူးပယ်ဖို့ ဒကာ ဒကာမတို့ အထူးတလည်ပဲ တိုက်တွန်းပါတယ်၊ ခင်ဗျားတို့ စိတ္တုပ္ပာဒ်ကို မသိလို့ ဒီကနေပြီး ဖော်ပြောနေတော့ ဒကာ ဒကာမတွေက အင်း တို့မှာ အရူးရှိနေသေးတာကိုး၊ တို့က ရှိမှန်းသိတော့ ပျောက်ဆေး တော့ ရှာမှပဲဆိုတာကို ဆုံဖြတ်ချက်ချကြပါ (မှန်ပါ ဘုရား)။
ဘာရှာကြမယ်တဲ့ (ပျောက်ဆေးရှာကြပါမယ် ဘုရား) ရှာဖြစ်အောင် ရှာကြပါ (မှန်ပါ) ဒကာ ဒကာမတို့ ဘယ်လိုမှာပါလိမ့် (ရှာဖြစ်အောင်ရှာပါ ဘုရား) ရှာဖြစ်အောင် ရှာကြပါဆိုတာ အရူးရှိနေလို့ပဲနော်(မှန်ပါ ဘုရား)။
ကိုင်း-ဒါဖြင့် ဒီရှစ်မျိုး နားလည်ပလား (နားလည်ပါပြီ) ဒီရှစ်မျိုးကို သုံးမျိုးနဲ့ပေါင်းပြမယ် ဒကာ ဒကာမတို့၊ အမှတ်မှား (မှန်ပါ)၊ ၁-နံပါတ်က ဒကာ ဒကာမတို့ အမှတ်မှား (မှန်ပါ)၊ ၂-နံပါတ်ကအသိမှား၊ ၃-နံပါတ်ကအယူမှား၊ သဘောကျပလား (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ ခုနကဟာချုံးလိုက်တော့ ဒီသုံးမျိုးထဲလာဝင်တယ်လို့တော့ အကျယ်ကို ဖျောက်မပစ်နဲ့ (မှန်ပါ) ဦးခင်မောင် အကျယ်ကိုမဖျောက်နဲ့၊ ဒါကကျဉ်းပစ်တာ (မှန်လှပါ) အကျယ်သိထားတာက မမှားဘူးနော် (မှန်ပါ့ ဘုရား)။
သုံးမျိုးက ပွားလာတာ
ကိုင်း-ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ခုနကအရူးရှစ်မျိုးလို့ ပြောလိုက်တယ်နော်၊ အရူးရှစ်မျိုးကို ချုံးလိုက်တဲ့အခါကျတော့ သုံးမျိုးက ပွားလာတာပဲ မှတ်ရုံပေါ့ဗျာ (မှန်ပါ) ဒီဘက်က ဘာပါလိမ့် ဒကာ ဒကာမတို့ (အမှတ်မှားပါ) ဒီဘက်က (အသိမှားပါ) ဒီဘက်က (အယူမှားပါ ဘုရား)။
ဪ ဒါဖြင့် ဘုရားဟောတဲ့နည်းအတိုင်း ဆရာဘုန်းကြီးက တို့မှာ ဒီအမှားသုံးချက်ရှိသေးတယ် အရူးသုံးချက် ရှိသေးတယ်လို့ ဟောလိုက်တယ်၊ ဟုတ် မဟုတ်တော့လက်တွေ့ စမ်းကြစို့တော့၊ ဒကာ ဒကာမတွေ သန္တာန်၌ ရှိမရှိ လက်တွေ့စမ်းကြစို့တော့ (မှန်လှပါ ဘုရား)။
ဦးခင်မောင် လက်တွေ့စမ်းလို့ရူးရင်ဖြင့် အဟုတ်ရူးပြီဆိုတာ ဘယ်လိုမှငြင်းမနေနဲ့တော့ (မငြင်းပါ ဘုရား) လက်တွေ့စမ်းလို့ ရူးနေလို့ရှိရင်ဖြင့် ဒါဟာဆေးသာ ရှာမယ်လို့ ပြင်ကြပေတော့ပေါ့ဗျာ (မှန်ပါ ဘုရား)။
ကဲဒါစမ်းကြည့်တော့မယ် ဒကာ ဒကာမတို့၊ ဆေးနဲ့စမ်းကြည့်တော့မယ်၊ ခင်ဗျားတို့ ဘယ့်နှယ်များနေသတုံးလို့ ဆေးနဲ့စမ်းကြည့်တော့ ဒီဘက်ကအမှတ်မှားနော်၊ ဒီဘက်က (အသိမှားပါ) ဒီဘက်က (အယူမှားပါ ဘုရား)။
အေး ဒါဖြင့် ဒကာ ဒကာမတို့ အမှတ်မှားက ဒကာ ဒကာမတွေမှာ ဒီဟာညီမလေးလို့ မိန်းမကဖြင့်လဲ၊ ယောကျာ်းကဖြင့်လဲ နှမလေးလို့ ဒါ ဘာတော်သတုံးဆိုတော့ နှမကလေး၊ သူ့အစ်မသွားမေးပြန်တော့ ညီမကလေး၊ အဟုတ်ပဲလား၊ အဟုတ်ပါပဲ၊ တစ်မိဝမ်းတွင်း ဆင်းပေါ့၊ တစ်အူတုံဆင်းပါတဲ့၊ တစ်ခါတည်း ပေါ်လာတယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ်) ရုပ်နာမ်ဖြစ်ပျက် ပါသေးရဲ့လား (မပါပါ ဘုရား)။
သူ့အမှတ်ဟာ မမှားဘူးလား
ဒါဖြင့် သူ့အမှတ်ဟာ မမှားဘူးလား (မှားပါတယ်) ညီမလေးဆိုကတည်းက မှားနေပြီနော် (မှန်ပါ) ပြောရုံတင်ပြောတာလား၊ မှတ်ကောမှတ်သေးသလား (မှတ်ပါတယ်) ဒါဖြင့် ဒီဥစ္စာအမှတ်မှားပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ပြန်မေးပါတယ်၊ ညီမလို့ခေါ်တယ် (အမှတ်မှားပါ ဘုရား) ညီမလေးဆိုတော့ ဪ ကိုယ့်ထက်ငယ်တော့ ညီမလေး (မှန်ပါ) နှမတော်ကလေးဆိုတော့လဲ ကိုယ့်အောက်က နှမကလေး(မှန်ပါ) အဟုတ်ပဲလား၊ ဟုတ်ပါတယ် ဟုတ်ပါတယ်လို့ကို တာဝန်ခံတာပဲ (မှန်ပါ) မခံဘူးလား (ခံပါတယ် ဘုရား)။
အဲဒီတော့ ရုပ်နာမ်ပျောက်၊ ဖြစ်ပျက်ပျောက်၊ အကုန်ပျောက်တယ် (ပျောက်ပါတယ်) မပျောက်သေးဘူးလား (ပျောက်ပါတယ်) အဲဒီတော့ သူ့အမှတ်ဟာ ဘယ့်နှယ်နေသတုံး (မှားပါတယ် ဘုရား)။
ဟာ ဒါဖြင့် ဒကာ ဒကာမတို့ အမှတ်မှားကြီးရှိနေတယ် မရှိဘူးလား (ရှိပါတယ်) ဒါကပြောရုံတင်ပြောရမှာကိုး၊ တကယ်ထင်ရမှာက ဪ ဒါက ရုပ်နာမ်ဖြစ်ပျက်ပဲလို့သိရမှာကိုးဗျ (မှန်ပါ) ဒီလိုကော ဉာဏ်သွားက ရောက်ကြရဲ့လား (မရောက်ပါ ဘုရား)။
မရောက်တော့ ဒီအတိုင်းပဲထင်တယ်၊ တကယ့်ညီမကလေးလားဆိုတော့ တကယ့်ညီမကလေးပါ၊ သူနဲ့ကျုပ်နဲ့ ဘယ်နှစ်နှစ်ကွာပါတယ်တောင် ပြောလာတယ် (မှန်ပါ) မပြောဘူးလား (ပြောပါတယ်) အဲဒီတော့ ဘာမှားသတုံး (အမှတ်မှားပါတယ် ဘုရား)။
ဒါဖြင့် တစ်ချက်တော့မှားပြီ၊ နောက်နှစ်ချက်မှားဖို့ အလွယ်ကလေးကျန်တော့တယ်၊ မှတ်ရတော့မယ် (မှန်ပါ) အမှတ်မှားပြီးပြီမဟုတ်လား ဦးဘအုန်း (မှန်ပါ့ ဘုရား)။
ညီမကလေးဆိုရင်ဖြင့် ဒကာ ဒကာမတွေ ဒီ့ပြင်လူ သူစိမ်းနဲ့ဖြင့် သူ့ကိုပိုပြီး မခင်ကြပေဘူးလား (ခင်ပါတယ်) ညီမကလေးကဖြင့်လဲ မခင်မကြင်လို့တော့ မတော်ဘူး၊ တိရစ္ဆာန်လဲမဟုတ်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။
စိတ်နဲ့အသိမှားဖြစ်သွားပြီ
ညီမကလေးကဖြင့် ဘာတဲ့ (မခင်လို့မဖြစ်ပါ ဘုရား) ခင်မှာပဲတဲ့၊ လူပဲ တိရစ္ဆာန်မှမဟုတ်ဘဲကိုး၊ ခင်ရမှာပဲလို့ မလာဘူးလား (လာပါတယ် ဘုရား) ခင်ဆိုတာ စိတ်ကခင်တာ၊ ဒါကြောင့် အသိမှားဖြစ်သွားပြီ၊ စိတ်နဲ့အသိမှားဖြစ်သွားပြီ (မှန်ပါ့) ဘယ့်နှယ်တုန်း (မှန်ပါအသိမှား ဖြစ်သွားပါတယ်) အသိမှားဖြစ်သွားပြီ ဒကာ ဒကာမတို့။
ဪ ညီမကလေးဖြင့်လဲ ခင်မှာပဲဆိုတော့ (အသိမှားဖြစ်သွားပါတယ်) ဒကာ ဒကာမတို့ ခင်မှာပဲလို့ သိတယ်၊ ဒုက္ခသစ္စာလို့ သိသေးရဲ့လား (မသိပါ ဘုရား) ခင်စရာမဟုတ်ဘူး၊ အသုဘလို့ကော (မသိပါ ဘုရား)။
ဟာ တစ်ခါတည်း အရူးတွေစုံလာပြီ၊ မစုံသေးဘူးလား (စုံပါပြီ ဘုရား) စုံပြီ၊ စုံပြီ ဦးဘအုန်း စုံပလား (စုံပါပြီ) ဦးဘတင်တို့ကော (စုံပါပြီ ဘုရား)။
ပြန်ပြောကြပါဦး ဒကာ ဒကာမတို့ ညီမကလေးဆိုတာ ဘာတုံး(အမှတ်မှားပါ) ညီမကလေးဖြင့် ကိုယ့်ညီမကိုယ် ခင်မှဆိုတော့ (အသိမှားပါ) ဪ အရေးကြုံတဲ့အခါ သူစိမ်းအားကိုးရတာမဟုတ်ဘူး၊ သူတို့သာ အားကိုးရတာပဲ၊ အားကိုးလုံးလာပြန်တယ်၊ အယူမှားပြီ (မှန်ပါ ဘုရား)။
အားကိုးလိုက်တော့ ဒုက္ခသစ္စာ အနတ္တကြီး၊ အားကိုးလို့ ရရဲ့လား (မရပါ ဘုရား) မရပေမယ့် အရေးကြုံတော့ သူ့ပဲ အားကိုးရတယ်ဆိုပြီး မကိုးကြဘူးလား (ကိုးပါတယ်) အားကိုးလိုက်တယ်ဆိုတော့ အတ္တဒိဋ္ဌိကြီး ဖြစ်မနေဘူးလား (ဖြစ်ပါတယ်) ဒါဖြင့် သူ့ကို ဘယ့်နှယ် ဆိုကြမလဲ (အယူမှားပါ ဘုရား)။
သုံးချက်ကို ဆင့်လာတယ်
ဦးခင်မောင်လာပြီဗျ ဟင် (မှန်ပါ) သုံးချက်ကို ဆင့်လာတယ် (မှန်ပါ) ဒကာ ဒကာမတို့ ဘယ်နှစ်ချက် ဆင့်လာသတုံး (သုံးချက်ဆင့်လာပါတယ် ဘုရား)။
ပြန်ပြောကြစမ်းပါ ဒကာ ဒကာမတို့ ညီမကလေးဆိုတော့ (အမှတ်မှားပါ) ညီမကလေးဖြင့်လဲ မခင်လို့ မဖြစ်ဘူး (အသိမှားပါ) အရေးကြုံတော့ သူ့ပဲအားကိုးရမှာပဲ (အယူမှားပါ ဘုရား)။
သွားပြီပေါ့ဗျာ၊ ညီမကလေး တစ်ယောက်တည်း ဘယ်နှစ်ချက်လဲ (သုံးချက် မှားပါတယ်) မောင်ကလေး တစ်ယောက်အပေါ်မှာ (သုံးချက် မှားပါတယ်) ခင်ပွန်းတစ်ယောက်အပေါ်မှာ (သုံးချက် မှားပါတယ်) ခင်ပွန်းမ တစ်ယောက်အပေါ်မှာ (သုံးချက် မှားပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အိမ်မှာနေတာ ယောကျ်ားကလဲ ဒီအမှားသုံးချက်နဲ့ နေတာပဲ မိန်းမကကော (အမှား သုံးချက်နဲ့ နေပါတယ် ဘုရား) ယောကျ်ားကလဲ အရူးသုံးခုနဲ့ (မှန်ပါ) မိန်းမကရော (အရူးသုံးခုနဲ့ပါ ဘုရား)။
ဪ ဒါကြောင့်လဲ တည့်ကြပေတာပဲ (မှန်ပါ့ ဘုရား) နို့မဟုတ်ရင်တော့ တည့်စရာမရှိဘူးတဲ့ (မှန်ပါ) ရှိပါ့မလား (မရှိပါ ဘုရား)။
တစ်ယောက်က အရူးပျောက်နေတယ်၊ တစ်ယောက်က ရူးတုန်းဆိုလို့ရှိရင် တာရှည်သုံးလို့ တော်မယ်မထင်ပါဘူး ဆိုတာဖြစ်လာတယ် (မှန်ပါ) အခုတော့ ရိုးမြေကျဆိုတဲ့သဘောက ပါလာတယ် (မှန်ပါ)။
ဘယ့်နှယ်ကြောင့် ပါတာပါလိမ့်မတုံး (အရူးချင်းမို့ပါ ဘုရား) အရူး အရူးချင်းမို့လို့ ရိုးမြေကျပါတာပေါ့ (မှန်ပါ)။
အရူးမဟုတ်လို့ရှိရင်ဖြင့် တစ်ယောက်က အနာဂါမ်ထိအောင် တည်သွားရင် ဝိသာခသူဌေးတို့၊ ဓမ္မဒိန္နာတို့ ကြည့်လိုက်တဲ့အခါကျလို့ရှိရင် ဓမ္မဒိန္နာကို ငါ့မှာပစ္စည်း ကုဋေလေးဆယ်ရှိတယ်၊ အဲဒါကို မင်းသုံးစွဲတော့၊ နောက် အိမ်ထောင်ပြုချင်လဲပြုတော့၊ သို့မဟုတ် မောင်နှမလိုနေချင်လဲနေတော့၊ ငါ့မှာတော့ ဒီအတိုင်းပဲ စားသောက်ပြီး သကာလ ကျွေးလဲစားဖို့ပဲဆိုပြီး အကုန်စွန့်ပစ်တာပဲ (မှန်ပါ)။
ခင်မှု ကြင်မှု တွယ်တာမှုတွေ ဘယ့်နှယ်နေကြသတုံး (မရှိတော့ပါ ဘုရား)။
အရူးနဲ့အကောင်းတွေ့တော့ ခွကျနေတယ်
အရူးပျောက်သွားပြီ၊ အရူးပျောက်သွားတော့ ဓမ္မဒိန္နာက မခံနိုင်ဘူး (မှန်ပါ) သူ့အပေါ်မှာ ဘာအပြစ်ရှိလို့ပါလိမ့် ဆိုပြီး တွေးကုန်ပြီပေါ့ဗျ၊ အရူးနဲ့အကောင်းတွေ့တော့ ခွကျနေတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူ့မှာ ဘာအပြစ်ရှိလို့ပါလိမ့်မတုံးဆိုတော့ တစ်ခါတည်း သူ့စိတ်မှာ ဝိသာခသူဌေးက သူ့အပေါ်မှာ အပြစ်တွေ ထားပြီး သကာလ အတူတူထမင်းမစား၊ အတူတူမနေ၊ အတူတူမထိုင်၊ စကားစမြည်မပြော၊ ပစ္စည်းတွေအကုန်လွှဲပြီး သကာလ နေတော့ သူ့မှာဘာအပြစ်ရှိလိမ့်မလဲဆိုပြီး တွေးတောင် တွေးလိုက် သေးတယ် (မှန်ပါ)။
ဘာနဲ့ဘာ မတည့်ဖြစ်နေကြသတုံး (အရူးနဲ့အကောင်း မတည့်ဘဲဖြစ်နေပါတယ် ဘုရား) အရူးအရူးချင်း ဖြစ်ရင် (တည့်မှာပါ ဘုရား)။
ဪ ဒါဖြင့် ဘယ်အိမ်မှာဖြင့် ခင်ခင်မင်မင်နေကြတယ်ဆိုတာ ခင်ဗျားတို့ကတော့ ဝမ်းသာကြပါ လိမ့်မယ်နော် (မှန်ပါ)။
ဘယ့်နှယ်ဖြစ်နေတာတုံး (အရူး အရူးချင်း တည့်နေတာပါ ဘုရား) တယ်ခွကျနေပါကလား (မှန်ပါ)။
ဟိုအိမ်ကလူတွေ ကြည့်ရတာ ကျက်သရေရှိလိုက်တာဲ့၊ ခင်ဗျားတို့ချင်းပြောနေတာ (မှန်ပါ) ဘယ်တော့မှ ရန်ဖြစ်တယ်မရှိဘူး၊ မျက်နှာချင်း စူအောင့်နေတယ်လို့မရှိဘူး၊ အိမ်နီးချင်းများမှာ သူတို့အတွက် စိတ်မဆင်းရဲရဘူး၊ ပြုံးကာရွှင်ကာနဲ့ နေကြထိုင်ကြတာပဲ၊ ဦးခင်မောင်တို့ လေမျိုးပေါ့ဗျာ (မှန်ပါ) ဒီအတိုင်းမနေဘူးလား (နေပါတယ် ဘုရား) ဝမ်းမသာဘူးလား ခင်ဗျားတို့ (ဝမ်းသာပါတယ် ဘုရား) ဘာကြောင့်တုံးဗျ (အရူးအရူးချင်းမို့ပါ ဘုရား)။
အရူး၊ အရူးချင်းတည့်နေတာ
ဟိုမှာလဲ အရူး၊ အရူးချင်းတည့်နေတာကိုး ကိုယ်ကလဲ အရူးဖြစ်နေတော့ အရူးမျက်လုံးတပ်ကြည့် လိုက်တော့ သူတို့အိမ် တော်တယ်ဖြစ်လာတယ် (မှန်ပါ) ဘယ့်နှယ်ကြောင့်တုံး (အရူးမျက်လုံးတပ်ကြည့်လို့ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ခုနက ညီမလေးဆိုတာ ဘာပါလိမ့် (အမှတ်မှားပါ ဘုရား) ညီမကလေးဖြင့် ခင်မှပဲဆိုတော့ (အသိမှား ပါ ဘုရား) မခင် ဘယ့်နှယ်လုပ်မလဲ၊ အရေးကြီးတော့ သွေးနီးမှ အားကိုးရတယ် (အယူမှားပါ ဘုရား) မဟုတ်ဘူးလား၊ ဟုတ်သလားတဲ့ ဘုရားဟောတော်မူတာ (ဟုတ်ပါတယ် ဘုရား)။
ခင်ဗျားတို့အထင်နဲ့ကော ကိုက်ရဲ့လား (ကိုက်ပါတယ် ဘုရား) ခင်ဗျားတို့အထင်နဲ့ကိုက်လို့ရှိရင် ဒီဥစ္စာနာမ် ဖြစ်ပျက်ပါသေးရဲ့လား (မပါပါ ဘုရား) မပါလို့ရှိရင် ခင်ဗျားတို့အထင်ဟာ အရူးချည်းပဲသာမှတ်ပေတော့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးဘအုန်း ဘာတဲ့ (အရူးချည်းပဲသာ မှတ်ပေတော့) တယ်ကြောက်စရာကောင်းပါလား ဒကာ ဒကာမတို့ (ကြောက်စရာကောင်းပါတယ် ဘုရား)။
ဒီရူးချက်ပေါ်တာသိလို့ ဆရာကောင်းသမားကောင်းနဲ့တွေ့တုန်းမှ မပြင်တော့ပါဘူးလို့ဆိုရင် အရူးကလေး မွေးလာ၊ အရူးကလေး ကြီးလား၊ အရူးကလေး သေသွားပေါ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ် မွေးလာရင် (အရူးကလေး မွေးလာပါတယ်) မွေးတုန်းကလဲ (အရူးကလေး မွေးလာပါတယ်) အတော်လေး လူလားမြောက်လာတော့ (အရူးကြီးလာပါတယ်) သေသွားပြန်တော့ (အရူးကလေး သေသွားပါတယ် ဘုရား) ဒီလိုပဲ တစ်သံသရာလုံး လာခဲ့ပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
ကဲ ပြင်ကြဆင်ကြဖို့ အချိန်ရောက်ပလား ဒကာ ဒကာမတို့ (ရောက်ပါပြီ ဘုရား) အရင်ကတော့ဖြင့် နှုတ်ခမ်းပဲ့ ချင်း မီးမှုတ်နေလို့ မသိကြဘူးပေါ့ဗျာ (မှန်ပါ) သိသေးရဲ့လား (မသိပါ ဘုရား)။
တစ်ယောက်အရူးကို တစ်ယောက်ဗုံတီးပြီး မြှောက်တာ
အခုတော့ဖြင့် ဆရာဘုန်းကြီးက ဖော်ပြလာတဲ့အခါ တို့အိမ်မှာတည့်ပြီး ခင်ခင်မင်မင် ကြင်ကြင်နာနာနဲ့ နေကြတာဟူသရွေ့ တစ်ယောက်အရူးကို တစ်ယောက်ဗုံတီးပြီး မြှောက်တာသာ မှတ်ပေတော့ (မှန်ပါ)။
ယောကျ်ားရူးတာကို မိန်းမကဗုံတီးမြှောက်၊ မိန်းမရူးတာကို (ယောကျ်ားကဗုံတီး မြှောက်ပါတယ်) အဲ့ဒါကြောင့် တည့်တာကိုးဗျ (မှန်ပါ)။
ဦးဘတင် ခင်ဗျားတို့လဲ သင့်သင့်မြတ်မြတ်ရှိရဲ့လား (ရှိပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒကာ ဒကာမတို့ ကဲ ဒီအတိုင်းချည်းပဲ မနေကြဘူးလား (နေပါတယ် ဘုရား)။
ဦးခင်မောင်ကော ဘယ့်နှယ်တုံး (အတူတူပါပဲ ဘုရား) အတူတူမှပဲ နေရာကျတော့မယ်။
ကဲ ဒါဖြင့်ဒကာ ဒကာမတို့ ဖြောင့်ကြပါစို့ဆိုတော့ အရူးဆိုတာ ဦးဘတင်ရေ လမ်းဖြောင့်တော့မသွားဘူးနော် (မှန်ပါ) လမ်းဖြောင့်ဆိုတာ ဘာဟောသတုံး ဘုရားက (မဂ္ဂင်လမ်းပါ ဘုရား)။
ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ၊ ဤသတိပဋ္ဌာန်ဟူသော ပုဗ္ဗဘာဂမဂ်ခရီးသည် နိဗ္ဗာန်ရောက်ကြောင်း တစ်ခု တည်းသော လမ်းကြောင်းတည်းလို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား) ဒီတော့ ခင်ဗျားတို့သွားပုံက မိစ္ဆာမဂ္ဂင်ကြီး ဖြစ်မနေဘူးလားဗျာ (ဖြစ်ပါတယ် ဘုရား) မိစ္ဆာက အကောက်လမ်း ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။
အမြင်မှန်မှ အဖြောင့်ဖြစ်မှာပဲ
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ် ဒကာ ဒကာမတို့ (အဖြောင့်သွားရပါမယ် ဘုရား) အဖြောင့်သွားရဖို့ဆိုတာ အမြင်မှန်မှ အဖြောင့်ဖြစ်မှာပဲဗျ (မှန်ပါ) အမှန်မမြင်ရင် (အဖြောင့်မဖြစ်ပါ ဘုရား) မဖြောင့်နိုင်ဘူးဆိုတာ သဘော ကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ အိမ်မှာ မျက်လုံးဖွင့်လိုက်သည်နဲ့တစ်ပြိုင်နက်တည်း အမှတ်မှားကစတယ် (မှန်ပါ) သားကလေး အခုထက်ထိ မထသေးဘူးလား၊ ဘာပါလိမ့် ဒီဥစ္စာ (အမှတ်မှားပါ ဘုရား)။
အိုအမေလို့ ခေါ်လိုက်လို့ရှိရင်ဖြင့် ဒီကဝမ်းထဲက ဝမ်းသာသွားတယ်၊ သားလေးရယ်လို့ သိလိုက်တာကိုးဗျ (မှန်ပါ)။
ဒီဥစ္စာ လိမ်လိမ်မာမာနဲ့ပြန်ပြီး ထူးရှာတယ်၊ အားကိုးရမှာ ဒီသားကလေးတစ်ယောက်တော့ မလာဘူးလား (လာပါတယ် ဘုရား) ဘာဖြစ်တာတုံးဗျ (အယူမှားပါ ဘုရား) အယူမှားပြီ၊ ဒကာ ဒကာမတွေရဲ့ (မှန်ပါ) ရှိကြရဲ့လား ကိုယ်ပိုင်ကော (မရှိပါ ဘုရား) အရူးဘယ်နှစ်မျိုးရှိသတုံး (သုံးမျိုးပါ ဘုရား) ဖြန့်လိုက်ရင် ရှစ်မျိုး (မှန်ပါ) စုလိုက်ရင် (သုံးမျိုးပါ ဘုရား) ဖြန့်လိုက်ရင် (ရှစ်မျိုးပါ ဘုရား) အမယ်လေး ခင်ဗျားတို့ ကုမ္ပဏီတွေပါလား ဒါဖြင့် (မှန်ပါဆက်စပ် ပါတယ် ဘုရား) ဆက်စပ်တယ်။
ဒကာ ဒကာမတို့ ဒီဥစ္စာ ကိုယ့်အဖြစ်ကိုယ်မသိတာလောက်ဆိုးတာ မရှိတော့ဘူး (မှန်ပါ) အနာပေါက်နေမှ ပေါက်မှန်းမသိတဲ့ တစ်ဦးတစ်ယောက်ဟာ ဆေးရှာလိမ့်မယ်ဆိုတဲ့ဥစ္စာ မျှော်လင့်ချက်များ မြင်ကြသေးရဲ့လား (မမြင်ပါ ဘုရား) ဘာဖြစ်လို့ပါလိမ့် (အနာပေါက်တာ ပေါက်မှန်းမသိလို့ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ အခုတော့ဖြင့် ဒကာ ဒကာမတွေ အနာဘယ်နှစ်မျိုးရှိသတုံး (အနာရှစ်မျိုးပါ ဘုရား) ချုံးလိုက်ရင် (သုံးမျိုးပါ ဘုရား) အေး အရူးသုံးမျိုးပေါ့ဗျာ အရူးနာ (မှန်ပါ) ဦးဇံရင် သဘောကျပလား (ကျပါပြီ ဘုရား)။
အရူးက လုပ်နေတာနဲ့ အတူတူ
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီအရူးသုံးမျိုးရှိပြီး သကာလ နေတဲ့ပုဂ္ဂိုလ်လှူတဲ့ ဒါန သီလ သမထဟာ အမှန်ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) အရူးက လုပ်နေတာနဲ့ အတူတူလိုပဲ (မှန်ပါ)။
အရူးကလုပ်နေတဲ့ ဒါန သီလ သမထဟာ ဘယ့်နှယ်လုပ်ပြီး သကာလ နိဗ္ဗာန်လမ်းမှန်ကို အဖြောင့်သွားပါ့မတုံး (သွားဖို့ ခဲယဉ်းပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပျောက်အောင်လုပ်စမ်းပါဦး၊ အကောင်းချည်းဖြစ်အောင် အဖတ်တင်အောင် (မှန်ပါ ဘုရား) မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား)။
ဒီအရူးပျောက်ပြီးမှသာလျှင် ဒကာ ဒကာမတွေ ဒါ့ကြောင့် အစလသဒ္ဓါတရားလို့ သောတာပန်များကျတော့ ခေါ်ရတယ်၊ အနာထပိဏ်သူဋ္ဌေးကြီးဆင်းရဲ သွားတော့ တုန်လှုပ်သေးရဲ့လား (မတုန်လှုပ်ပါ ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ ခုနကပြောခဲ့သလို အရူးပျောက်ပြီးမှ လှူတဲ့အလှူဆိုတော့ တုန်လှုပ်သေးရဲ့လား (မတုန်လှုပ်ပါ ဘုရား)။
အရူးမပျောက်သေးတဲ့အလှူကဖြင့် ဒကာ ဒကာမတို့ အသေရှိလျက်တဲ့ အသေရှာလဲလာဦးမှာပဲ၊ မလာပေဘူး လား (လာပါတယ် ဘုရား) အနာရှိလျက်နဲ့ (အနာရှာမှာပါ ဘုရား) အအိုရှိလျက်နဲ့ (အအိုရှာမှာပါ ဘုရား)။
ဒီဘဝမှာ အိုတုန်းပဲ နောက်ဘဝ နတ်ဖြစ်ရပါလို၏ဆိုတဲ့ဆုတောင်းတော့ နတ်အိုတွေလာဦးမယ် (မှန်ပါ)။
ဗြဟ္မာဖြစ်ရပါလို၏ ဆိုတော့ ဗြဟ္မာအို လာဦးမယ်ဆိုတော့ ဒါဟာအရူးမို့ ဒီအအိုရှိတာကိုလဲ မသိလို့ ဟိုအအို ဆုတောင်းပြီး သကာလ ယူကြတာပေါ့ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒီအရူးမပျောက်လို့ မှားတာပဲ
ဒါဖြင့် ဒကာ ဒကာမတွေ ကျုပ်တို့လုပ်သရွေ့ အမှားချည်းဟာ ဒီအရူးမပျောက်လို့ မှားတာပဲလို့ ဆုံးဖြတ်ချက်ချ စမ်းပါ (မှန်လှပါ ဘုရား) လုပ်သရွေ့ အမှားချည်းပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘာဖြစ်လို့တုံး (အရူးမပျောက် လို့ပါ ဘုရား) အရူးဘယ့်နှစ်ချက်ရှိနေသတုံး (သုံးချက်ရှိပါတယ် ဘုရား) အမှတ်မှားကလဲ ရှိ၊ အသိမှားကလဲ ရှိ၊ အယူမှားက ကော (ရှိပါတယ် ဘုရား)။
ဒါဖြင့် ဦးခင်မောင်ရေ အရူးလုပ်တဲ့ အလုပ်ဟူသရွေ့ ဒါအမှန်လို့ ကျုပ်တို့ ဆုံးဖြတ်ချက်ချရင်တော့ လွဲချည်ရဲ့ (လွဲပါတယ် ဘုရား) သဘောပါကြပလား (ပါပါတယ် ဘုရား)။ တယ်လဲအရေးကြီးပါလား ဒကာ ဒကာမတို့ (ကြီးပါတယ် ဘုရား) ဒီကျအောင်တရားနာနိုင်တာကို ဘုန်းကြီးက ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ် (မှန်ပါ) သာမညတရားဆိုတော့ ဒါတွေက ပါမှာမဟုတ်ဘဲကိုးဗျ (မပါပါ ဘုရား) ထည့်လို့ရပါ့မလား (မရပါ ဘုရား)။
မရတော့ ဒါမျိုးလဲမနာရဘူး၊ သာမညတရားနဲ့ပဲ ဒါန သီလ သမထကလေးလောက်နဲ့ပဲ နိဗ္ဗာန် ရောက်လိမ့်မယ် ဆိုပြီး တင်းတိမ်နေကြမယ်ဆိုရင် ရောက်တော့ရောက်တာပေါ့ဗျာ၊ အင်မတန်ဝေးသပေါ့ဗျာ (မှန်ပါ) ဒါတွေတော့ ပယ်ကြဦးမှပဲ၊ ဒါတွေပယ်ပြီးမှ ရောက်ရမှာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ဒီကျအောင် တရားနာနိုင်တာက ဘုန်းကြီးက အပင်ပန်းခံဟောငြားသော်လဲ ခင်ဗျားတို့ အတော်ကံကောင်းတယ်လို့ဆိုတာ ဆုံးဖြတ်ချက်ချပေးပါ (မှန်ပါ) နို့မဟုတ်ရင် ကိုယ့်အရူးကိုယ်ဘာမှမသိတော့ဘူး (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်ဦးက ပြောလိုက်ပြန်ရော၊ တစ်ခါတည်း မင်းတော့ကွ သေရင်လဲနတ်ပြည်ပါပဲကွတဲ့၊ ဗုံတီးမြှောက်တယ် (မှန်ပါ ဘုရား)။
နတ်ရူးရူးရမယ်
ဟိုဘုံမှာ နတ်ရူး ရူးရမှာတော့ဖြင့် မမြင်ဘူး (မှန်ပါ) နတ်ရူးရူးရမယ်၊ နတ်သေသေပြီး နတ်နာ နာရမည့် အချက်တွေတော့ ထည့်ပြီးပြောရဲ့လား (မပြောပါ ဘုရား)။
မပြောတော့ ဟိုပုဂ္ဂိုလ်ကလဲ သူပြုလုပ်နေတာပဲ၊ ဒီက ဗုံတီးမြှောက်တဲ့ ပုဂ္ဂိုလ်ကလဲ သိပ်မြှောက်နေတာပဲ၊ မမြှောက်ဘူးလား (မြှောက်ပါတယ် ဘုရား)။
အဲဒီတော့ ဟိုကလဲသူ့မှာ ကျေနပ်နေတဲ့ အဓိပ္ပာယ် မပါဘူးလား (ပါပါတယ် ဘုရား) အဲဒါ သောတာပတ္တိမဂ် မရသေးသရွေ့ ကာလပတ်လုံးဖြင့် ခင်ဗျားတို့ အရူးအနှမ်းပျောက်ပြီလို့ ဆိုစရာအကွက် မပါသေးဘူး ပါပါ့မလား (မပါပါ ဘုရား)။
ဒါဖြင့် မပါသေးသရွေ့ ကာလပတ်လုံးလဲ လမ်းဖြောင့် မဂ္ဂင်လမ်းမတော်ကြီးလျှောက်ပြီး နိဗ္ဗာန်ရောက်လိမ့်မယ် လို့ မယူနဲ့ဦးတဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ယူလို့သင့်ပါ့မလား (မသင့်ပါ ဘုရား)။
အဲဒါ ခင်ဗျားတို့ နားကြီးလာတာ (မှန်ပါ) ဪ တို့သည်ကားလို့ဆိုရင် ဘယ့်နှယ်ကြောင့် နိဗ္ဗာန်မရောက်ပါ လိမ့်မလဲဆိုရင် အရူးမပျောက်လို့သာဟေ့လို့ ဒီကရှေ့ ဆုံးဖြတ်ချက်ချ(မှန်ပါ)။
အမှတ်မှားဆိုတာလဲ အရူးဗျ၊ အသိမှားကော (အရူးပါ ဘုရား) အယူမှားကော (အရူးပါ ဘုရား)။
ဪ ကြာတော့ ခင်ဗျားတို့ အယူမှားက ခက်လိုက်တာနော်၊ အယူမှားလို့ နတ်စိမ်းဖြစ်တယ်လို့သာ ခင်ဗျားတို့က ထင်နေကြတာ၊ ကိုယ်မှားနေတာတော့ သိတာမှမဟုတ်ဘဲ (မသိပါ ဘုရား)။
အယူတိမ်းပြီး သူ့မှာတော့ နတ်စိမ်းဖြစ်တယ်
အယူတိမ်းပြီး သူ့မှာတော့ နတ်စိမ်းဖြစ်တယ်ဆိုတော့ ကိုယ့်မှာတော့ အယူမှန်ကြီးကျနေတာပေါ့လေ (မှန်ပါ) ခက်နေလိုက်တဲ့ဖြစ်ခြင်း၊ မပြောပါနဲ့တော့ (မှန်ပါ) အတော်မဆိုးဘူးလား ဦးဘတင် (ဆိုးပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ကိုယ့်အယူအတိမ်းကော သိပလား (သိပါပြီ ဘုရား) အနိစ္စကို နိစ္စလို့ယူကတည်းက အယူမှားပေါ့ဗျာ (မှန်ပါ) အသုဘကို သုဘလို့ ယူကတည်းက (အယူမှားပါ ဘုရား) အနတ္တကို အတ္တလို့ယူကတည်းက (အယူမှားပါ ဘုရား) ဒုက္ခသစ္စာကို သုခလို့ယူကတည်းက (အယူမှားပါ ဘုရား) အမှားဘယ်နှစ်ချက်ရှိနေသလဲ (လေးချက်ပါ ဘုရား)။
အမှားလေးချက်တဲ့၊ ဒကာ ဒကာမတို့ သောတာပန် မတည်သေးသရွေ့ ကာလပတ်လုံး ဒီအမှားကြီးဟာ ပျောက်စရာများ မြင်ကြသေးရဲ့လား (မမြင်ပါ ဘုရား)။
ဒါကြောင့်ခင်ဗျားတို့ ဖြစ်ပျက်မြင်အောင် လုပ်ပါဆိုတာဖြစ်ပျက် စမြင်ရင်ပဲ အရူးကပျောက်စပြုလာတယ် (မှန်ပါ ဘုရား) ဖြစ်ပျက်မုန်းလာတဲ့ အခြေအနေကျလို့ရှိရင်ဖြင့် ဆေးစားလို့အတော်ခရီးရောက်ပြီ (မှန်ပါ) မရောက်သေး ဘူးလား (ရောက်ပါတယ် ဘုရား)။
ဖြစ်ပျက်တွေမရှိတော့ဘူး ဆုံးသွားပြီ၊ နိဗ္ဗာန်မြင်ပါပြီဆိုလို့ရှိရင်ဖြင့် အရူးရှစ်မျိုးအကုန်ပျောက်ပါတယ် (မှန်ပါ) မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ အရူးမှန်းလဲသိပြီ၊ ဒီအရူးပျောက်ဖို့ကို ပျောက်ဆေးကြိုးစားစားဖို့ရာဟာ ခင်ဗျား တို့၏ တာဝန်ပဲရှိတော့တယ် (မှန်ပါ) မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဘာလုပ်ရမယ် (ပျောက်ဆေးကြိုးစား စားရပါမယ်) ပျောက်ဆေးဟာ ဘာပါလိမ့်မတုံးဆိုတော့ ဒကာ ဒကာမတို့ ဆေးဟာ အနာကိုကြွအောင်လုပ်တဲ့ဆေး၊ အမြစ်ပြတ်ဆေး၊ အနာကိုနှိမ်ရုံကလေး သောက်တဲ့ဆေးဟုတ်လား (မှန်ပါ) ဆေးမှာလဲ အမျိုးမျိုး မထားရဘူးလား (ထားရပါတယ် ဘုရား)။
ဖြစ်ပျက်မြင်လို့ရှိရင်
အဲ ဒီမှာလဲ ဒကာ ဒကာမတို့ အနာကိုနှိမ်တဲ့ဥစ္စာ ဖြစ်ပျက်မြင်လို့ရှိရင် အနာတော့ တော်တော်နှိမ်မိပြီ (မှန်ပါ ဘုရား) ဖြစ်ပျက်မြင်ရင်လဲ ခန္ဓာကြီးတစ်ခုလုံးမှာ တစ်ခုခုကြိုက်ရာဖြစ်ပျက်မြင်ရင်လဲ အနာအတော်နှိမ်မိပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်တွေ မုန်းလာတယ်ဆိုလို့ရှိရင်ဖြင့် ဒီဥစ္စာအနာပျောက်ဖို့ရာ အတော့ကိုနီးပြီး (မှန်ပါ) နိဗ္ဗိန္ဒဉာဏ် တက်ပြီကောဗျာ (မှန်ပါ) နောက်ကျတော့ တစ်ခါတည်း ဖြစ်ပျက်တွေဆုံးသည့် နိဗ္ဗာန်ကြီးမြင်လိုက်သည်နှင့် တစ်ပြိုင်နက် တည်း ခုနကပြောခဲ့တဲ့ အရူးအနာရှစ်မျိုးဟာဖြင့် တစ်ပြုံလုံးသွားတယ် (မှန်ပါ ဘုရား) ဘယ်သူမှမကျန်ဘူး (မှန်ပါ) ကျန်သေးရဲ့လား (မကျန်ပါ ဘုရား)။
ဒါဖြင့်အခုအချိန်မှာ အရူးနာဘယ်နှစ်မျိုး ကျန်ကြသတုံး (သုံးမျိုးပါ ဘုရား) ကျဉ်းလိုက်ရင် သုံးမျိုး၊ ကျယ်လိုက် ရင် (ရှစ်မျိုးပါ ဘုရား) ရှစ်မျိုးကျန်သေးတယ်ဆိုတော့ ဪ တို့ဝေဒနာသည်တွေ ဖောက်ပြန်နေတဲ့ ပုဂ္ဂိုလ်တွေပါကလား လို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဝေဒနာသည်တွေ ဖောက်ပြန်နေတာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အခု ကိုယ်ဖောက်ပြန်တာကိုလဲ ဖော်ပြနေပြီနော် (မှန်ပါ)။
ဖော်ပြနေတော့ ကိုယ်ဖောက်ပြန်နေတာလဲ ခုနက သုံးချက်ပြောလိုက်တယ်၊ ညီမလေးဆိုတော့ တကယ် ညီမလေးဆိုတော့ အို-တစ်အူတုံဆင်းပါလို့ ပြောလာတယ် ဒီကတည်းက အမှတ်မမှားသေးဘူးလား (မှားပါတယ် ဘုရား) တကယ်ရူးသလား၊ မရူးသေးဘူးလား (ရူးပါတယ် ဘုရား)။
ညီမလေးဖြစ်ရင် စိတ်ထဲကဘယ့်နှယ်ဖြစ်လာကြသတုံး (ခင်မိပါတယ် ဘုရား) အင်း-ရုပ် နာမ်ပျောက်၊ ဖြစ်ပျက် ပျောက်၊ ဒုက္ခသစ္စာပျောက်သွားပြီ၊ မပျောက်သေးဘူးလား (ပျောက်ပါတယ် ဘုရား)။
အဲဒီတော့ သူခင်တယ်ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် ဒီဟာအသိကတော့ ဘယ့်နှယ်နေကြ သတုံး (မှားပါတယ် ဘုရား)။
သူမှားပြီ ဒကာ ဒကာမတို့ ဒါဖြင့် အရူးနှစ်ချက်ရှိသွားပြီနော (မှန်ပါ) သုံးချက်မြောက်ရူးသေးသလားလို့ မေးတဲ့အခါ သူ့ကိုအားကိုးကြသလားလို့မေးရင် ဘယ့်နှယ်တုံး (အားကိုးပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ရုပ်နာမ် ဖြစ်ပျက်ကြီးဟာ ဘယ်သူအားကိုးခံတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ကဲဒါကို အားကိုးတယ် ဆိုတာဖြင့် ရုပ်နာမ် ဖြစ်ပျက်ဒုက္ခသစ္စာ အချက်အလက်တွေ မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ဒီကတည်းက ဘာမှားဖြစ်သွားသတုံး (အယူမှားပါ ဘုရား)။
ကျုပ်တို့မှာ အမှားသုံးချက်ရှိပြီး
ဒါဖြင့် ကျုပ်တို့မှာ အမှားသုံးချက်ရှိပြီး သကာလ နေတော့ ဪ တို့အရူးမပျောက်သေးပါကလားဆိုတာ ပေါ်လာတယ် (ပေါ်လာတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
တစ်ချို့က မြှောက်ပေးနေတာဗျ၊ ဒီသားကလေး သမီးကလေး နှစ်ယောက်ပဲရှိပါတယ်၊ သုံးယောက်ရှိပါတယ်၊ လိမ်လိမ်မာမာချည်းပဲ၊ ကြိုးစားပြုနော်၊ အားကိုးရမှာတွေ၊ ဦးခင်မောင်ဒီလိုဟောတဲ့လူများ ရှိသေးတယ် မဟုတ်လား (ရှိပါတယ် ဘုရား)။
ညီမသားချင်းဆိုပေမယ့် သူများညီမသားချင်းလို ထော်လော်ကန့်လန့်လုပ်တာမဟုတ်ဘူး၊ လိမ်လိမ်မာမာတွေ၊ အားကိုးကြ၊ ပြုစုပြီး စောင်မကြ၊ အပေါင်းအသင်းမလွဲစေနဲ့ နို့မဟုတ်ရင် ကိုယ့်အားကိုးစရာလေးတွေ ပျောက်ပျက်သွား လိမ့်မယ်ဆိုပြီး သကာလ ခင်ဗျားတို့မှာ အိမ်မှာနေကြလို့ရှိရင်ဖြင့် အားကိုးမရှိတဲ့အခါ ဒကာ ဒကာမတို့ တောင်ကြီးပိပြီး လက်မောင်းကြီးပြုတ်ပြီ၊ လာတာပဲဗျ (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။
နဂိုက ဘယ်လောက်ထိအောင် အားကိုးထားသတုံး (လက်ရုံးတစ်ဆူဖြစ်အောင် အားကိုးပါတယ်) သဘောကျ ပလား (ကျပါပြီ) အင်မတန်အားကိုးထားတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
နဂိုက အားကိုးအားထားတဲ့တရားက အားကိုးမခံရတာလဲ ပြလိုက်ပါရော၊ ခင်ဗျားတို့မှာ အနတ္တလဲ တွေ့ပါရော၊ ငိုချင်းကြီးချတော့တာပဲ (မှန်ပါ ဘုရား)။
အနတ္တနဲ့လဲတွေ့ ပါရော
ဘယ့်နှယ်ဖြစ်ကြသတုံး (အနတ္တနဲ့တွေ့ပါရော ငိုချင်းကြီးချရပါတယ် ဘုရား) ဖြစ်မှဖြစ်ရပလေ၊ အနတ္တနဲ့လဲတွေ့ ပါရော ပဉ္စဝဂ္ဂီငါးဦးဟာ တစ်ခါတည်း ရဟန္တာဖြစ်တယ် (မှန်ပါ) အနတ္တနဲ့တွေ့ရင် ခင်ဗျားတို့ကတော့ ငိုချင်းချတယ် (မှန်ပါ) ဒါဖြင့် အတော်ရူးပါကလား (မှန်ပါ ဘုရား)။
ဟိုမှာ အနတ္တနဲ့လဲဟောပါရော ဦးဘတင်ရေ ရဟန္တာဖြစ်ကုန်ပြီ မဟုတ်လား (မှန်ပါ) ဒီဒကာ ဒကာမတွေက အနတ္တပြရင် အိမ်ဆူပြီ (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် ကိုယ့်သန္တာန်မှာ အရူးရှိတာ သိပလား (သိပါပြီ ဘုရား) သဘောပါပလား (ပါပါတယ်) ဒါဖြင့် အရူးရှိတာသိမှသာလျှင် ဒကာ ဒကာမတို့ ဆေးရှာချင်တယ်ဆိုတဲ့စိတ်ဟာ ဦးခင်မောင်ပါမယ်နော် (မှန်လှပါ) အရူးရှိမှန်း မသိတဲ့ ပုဂ္ဂိုလ်ဟာ ဆေးရှာပါ့မလား (မရှာပါ ဘုရား)။
ကိုင်း ဒါဖြင့် အမှတ်မှားအရူးကော ရှိပလား (ရှိပါတယ် ဘုရား) အသိမှား (ရှိပါတယ်) အယူမှား (ရှိပါတယ် ဘုရား) သားကလေးဆိုရင် ဘာပါလိမ့် (အမှတ်မှားပါ) ခင်မှပဲဆိုတာ (အသိမှားပါ) အားကိုးရမှာပဲဆိုတော့ (အယူမှားပါ ဘုရား)။
အဲ့ဒါတစ်ယောက်ယောက်မှာ ဒီသုံးချက်ရှိတာပဲ (မှန်ပါ) ညီမလေးလဲ အတူတူပဲ ခင်ပွန်းဆိုရင်ကော (အတူတူပါ ပဲ ဘုရား) ခင်ပွန်းဆိုရင် ၁-နံပါတ်က ဘာတုံး (အမှတ်မှားပါ) ခင်ပွန်းရယ်လို့ မှတ်ထားတာကိုးဗျာ (မှန်ပါ့ ဘုရား) ခင်ပွန်းဖြစ်ရင် ခင်မှကြင်မှပဲဆိုရင်ကော (အသိမှားပါ) ခင်ရကြင်ရမယ်ဆိုတဲ့ စိတ်နဲ့သိတာကိုး (မှန်ပါ) သူ့ပဲ အားကိုးနေရတာဆိုတော့ (အယူမှားပါ ဘုရား)။
အမှားသုံးချက်နဲ့နေရင် မိစ္ဆာဒိဋ္ဌိ
သွားပြီကော ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘာနဲ့များနေကြသတုံး၊ အမှားသုံးချက်နဲ့နေကြတယ် (မှန်ပါ) ဒါဖြင့် အမှားသုံးချက်ဆိုတော့ “မိစ္ဆာ ပဿတီတိ မိစ္ဆာဒိဋ္ဌိ”၊ “သမ္မာ ပဿတီတိ သမ္မာဒိဋ္ဌိ” (မှန်ပါ ဘုရား)။
မိစ္ဆာ၊ မှားသောအားဖြင့်။ ပဿတိ၊ မြင်တတ်၏။ ဣတိသ္မာ၊ ထို့ကြောင့်။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိမည်၏ ဆိုတဲ့အတိုင်း အမှားသုံးချက်နဲ့နေရင် မိစ္ဆာဒိဋ္ဌိ (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဘာဒိဋ္ဌိနဲ့နေတာ များသတုံး (မိစ္ဆာဒိဋ္ဌိနဲ့ပဲ နေတာများပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါကို ပဋိစ္စသမုပ္ပါဒ်ဆက်ပြမယ်ဆိုရင် ဒီနေ့ည ဆုံးမှာမဟုတ်ဘူး၊ မာဂဏ္ဍီဆီကို ရောက်မှာ မဟုတ်ဘူး၊ မာဂဏ္ဍီနဲ့ပြန်ကောက်ရဦးမှာ သူ့ဟာက (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ အိမ်ကျတော့ ဆင်ခြင်ကြနော် (မှန်ပါ) သားကလေးဆိုရင် အမှတ်မှားပြီ၊ စင်စစ်တော့ ရုပ်နာမ်ကလေးပါလား၊ သားကလေးဆိုတာ အခေါ်သာရှိပါကလား၊ ဒီလိုပြောင်းပစ်ကြရမှာ (မှန်ပါ)။
ခင်မှပဲဆိုလို့ရှိရင် ဟာ-ဒါ ခင်စရာမဟုတ်ဘူး၊ ဒီဥစ္စာ အသုဘကလေး၊ ရုပ်နာမ်ကလေ၊ ဒီလိုနှလုံးသွင်းကြနော် (မှန်ပါ) အားကိုးရမှာပဲဆိုရင် ဒါတွေဟာ အနတ္တတွေပါလားဆိုတာ ပြင်ဆင်ပစ်ရမယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ပြင်တတ်ကြပလား (ပြင်တတ်ပါပြီ ဘုရား)။
ပြင်တတ်ရင် တွေ့တဲ့အခါ ပြင်မှနော်၊ ဒီကနေ့ ပြင်တာလိုရင်းမဟုတ်ဘူး (မှန်ပါ) အိမ်ရောက်သွားရင်ဘယ့်နှယ် လုပ်ကြမလဲ (ပြင်ရမှာပါ) ဘယ်ကစပြင်မတုံး (အမှတ်မှားကစပြီး ပြင်ရပါမယ်) အမှတ်မှားပြင်ပြီးရင် ဘာပြင်မယ် (အသိမှားကို ပြင်ရပါမယ်) အသိမှားပြီးတော့ (အယူမှားကို ပြင်ရပါမယ်)။
အဲ့ဒါ အိမ်မှာတစ်နေ့လုံး ပြင်ကြပေတော့ ဒကာ ဒကာမတို့နော် (မှန်ပါ) ဦးခင်မောင်ပြင်ရလိမ့်မယ်၊ ဦးဘတင်တို့ ကော မပြင်ရင် တော်ပါ့မလား (မတော်ပါ) မတော်ဘူး၊ ဒကာ ဒကာမတို့၊ မတော်တာက ဘယ့်နှယ်ကြောင့် မတော်သတုံး မေးတော့ အရူးပြန်ဖြစ်နေလို့ ဟုတ်လား (မှန်ပါ)။
ဆေးမသောက်ချင်လို့ ပြောတာနော်
ကဲ ဒါဖြင့် အရှင်ဘုရား တရားနာရတာမလွယ်ဘူး ဘုရားလို့များ ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား) မလွယ်ဘူးဘုရားဆိုတာ ဆေးမသောက်ချင်လို့ ပြောတာနော် သူ့ဟာက (မှန်ပါ) တပည့်တော် သွက်သွက်ခါခါနေရပါလို ၏ဆိုတဲ့ အဓိပ္ပါယ်ရောက်နေတယ် (မှန်ပါ) ကိုယ့်ဟာကိုယ်သွက်သွက်ခါခါနဲ့ နေရပါလို၏ဆိုတဲ့ အဓိပ္ပါယ်ရောက်တော့လဲ မကောင်းဘူး (မှန်ပါ) ကောင်းပါ့မလား (မကောင်းပါ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ မာဂဏ္ဍီ ပရိဗိုဇ်က သူ့ဟာ အမှားတွေအကုန်စုနေရင် ဦးဘအုန်း သူကြိုက် သနော် (မှန်ပါ) အမှားပွားစီးရင်ဘာတုံး (ကြိုက်ပါတယ် ဘုရား) ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ အမှားဇာတ်သိမ်းရမယ်လို့ မဟောဘူးလား (ဟောပါတယ်) ဘုရားက အရူးပျောက်တာကို ကြိုက်တယ်၊ မာဂဏ္ဍီက အရူးပွားတာကို ကြိုက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ မြတ်စွာဘုရားက မာဂဏ္ဍီပရိဗိုဇ်မင်းက ကိုယ့်အနာရှိတာမှ အနာရှိတယ်လို့ မသိတဲ့ပုဂ္ဂိုလ်ဖြစ်နေ တော့ အတော်ခဲယဉ်းတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပြောပြီး မနေ့ကဦးခင်မောင်တို့ တရားသိမ်းခါနီးကျတော့ နူနာရှိတဲ့ပုဂ္ဂိုလ် မီးလှုံတဲ့အကြောင်းကို ဘုရားမဟောဘူးလား (ဟောပါတယ် ဘုရား)။
နူနာရှိတဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ နူနာရဲ့အတွင်းပိုးဆိုတာလဲ သိကြပြီပေါ့ဗျာ (မှန်ပါ) အတွင်းပိုးကိုက်တဲ့ အခါကျလို့ရှိရင် ဟိုကယား-ဒီကယား၊ ဟိုကုတ်ရ ဒီကုတ်ရနဲ့သွေးသံတွေထွက် ၊ ပြည်တွေထွက်မနေဘူးလားဗျာ (နေပါတယ် ဘုရား)။
အနာကလေးတွေ ကင်ကြရတယ်
အဲဒီကျတော့ ဒါတွေမနေနိုင်တော့ ပိုးတွေက ဟိုကကိုက်၊ ဒီကကိုက်ပြီး သကာလ နေတော့ ပိုးကိုက်မှု သက်သာ စေခြင်းအကျိုးငှာဆိုပြီး မီးဖိုကလေးတွေ မီးထည့်ပြီး အနာကလေးတွေ ကင်ကြရတယ် (မှန်ပါ) ကင်တော့ ပိုးကအရိုးထဲ ဝင်သွားတယ်၊ ဒီတော့ အသားတွေကိုက်သေးရဲ့လား (မကိုက်ပါ ဘုရား)။
သို့သော် ဆာလောင်မွတ်သိပ်လာပြန်တော့ (ထွက်လာပြန်ပါတယ်) အဲဒီတော့ သူဟာမီးဖိုနဲ့ကို ပြတ်ရဲ့လား (မပြတ်ပါ ဘုရား)။
မီးဖိုဆိုတာ ဒကာ ဒကာမတို့ အအေးလား၊အပူလား (အပူပါ ဘုရား) ရှင်းပြီနော် (ရှင်ပါပြီ ဘုရား)။
သို့သော် ပူပင်ပူငြားသော်လဲ သူဘယ့်နှယ်ကြောင့် မီးလှုံရပါလိမ့်မတုံးဆိုတာရိပ်မိကြပလား (ပိုးကိုက်လို့ပါ ဘုရား) ပိုးကိုက်တော့ ဘာလုပ်ရသတုံး (မီးကင်ရပါတယ် ဘုရား)။
ကောင်းပြီ ဒါကိုမှတ်ထားတာပေါ့ ပိုးကိုက်လို့ မီးကင်ရတယ်ဆိုတာ သေသေချာချာမှတ်ထားကြပါနော် (မှန်ပါ) အဲဒီ နူနာရှိတဲ့ပုဂ္ဂိုလ်ကို ဆေးဆရာနဲ့မိဘတွေက ပျောက်အောင်ကုပြီး သကာလ ပေးလိုက်တော့ ပိုးတွေဘာတွေ သေပြီး သကာလ အသားတွေဘာတွေ၊ အသားနုတွေ ဘာတွေတက်ပြီး ပင်ကိုယ်အသားရောင်အတိုင်းဖြစ်လာတဲ့အခါ ကျတော့ တစ်ပါးသောပုဂ္ဂိုလ် နူနာမပျောက်သေးလို့ မီးကင်နေတာမြင်တော့ သူ့စိတ်ထဲမှာ အရင်လိုမီးကင်ချင်တဲ့စိတ် လာသေးရဲ့လား (မလာပါ ဘုရား) ဘယ့်နှယ်ကြောင့် မလာပါလိမ့် (ပိုးကိုက်ပျောက်လို့ပါ ဘုရား) ရောဂါပျောက်ပြီ (မှန်ပါ)။
နဂိုတုန်းကတော့ သူလဲမီးကင်တဲ့အထဲ အပါအဝင်ပေါ့ဗျာ (မှန်ပါ) အခုတော့ ဘယ့်နှယ်ကြောင့်ပါလိမ့် (နူနာ ပျောက်သွားလို့ပါ ဘုရား)။
သူများ မီးကင်တာမြင်ရင်
နူနာ ပျောက်သွားတော့ သူများ မီးကင်တာမြင်ရင် အားကျသေးရဲ့လား (မကျပါ ဘုရား) မီးကိုတောင့်တ သေးရဲ့လား (မတောင့်တပါ ဘုရား) ဘာဖြစ်လို့တုံး (ရောဂါပျောက်လို့ပါ ဘုရား)။
ဒါဖြင့် နူနာရှိလို့ မီးကင်ချင်တာ၊နူနာပျောက်ရင် မီးကြောက်တယ် (မှန်ပါ) ဒါကလေးမှတ်ထားရမယ်။
နူနာရှိရင် မီးကင်ချင်တယ်ဗျ၊ နူနာပျောက်တော့ (မီးကြောက်ပါတယ်) မှတ်မိပလား (မှတ်မိပါပြီ ဘုရား) အရကျက်ထားကြနော်၊ ဒီဥစ္စာကိုယ့်ဖြစ်စဉ်နဲ့ ကိုက်အောင်လို့ ကျက်ထားရမှာ (မှန်ပါ)။
သေသေချာချာ မှတ်ထားကြ ဒကာ ဒကာမတွေ၊ ကိုယ့်မှာလဲ နူနာရှိသေးသလား၊ မီးကင်ချင်သလား မီးကြောက် ပလားဆိုတာ ကိုယ့်ဟာကိုယ် ဝေဖန်နိုင်တယ် (မှန်ပါ) မဝေဖန်နိုင်ဘူးလား (ဝေဖန်နိုင်ပါတယ် ဘုရား) မီးကင်ချင်ရင် (နူနာရှိပါတယ်) နူနာပျောက်ရင် (မီးကြောက်ပါတယ် ဘုရား)။
အဲဒီတော့ မာဂဏ္ဍီကို နူနာရှိတုန်းက မီးကင်တယ်ကွာတဲ့၊ နူနာပိုးက ကိုက်လွန်းလို့နောက်ကျတော့ သူသည် နူနာပျောက်တော့ သူများမီးကင်တာမြင်တာတောင် သူ့စိတ်ထဲမှာ မီးတွေကို ကင်ချင်တဲ့စိတ်များ ပေါ်သေးသလားတဲ့ (မပေါ်ပါ ဘုရား)။
အနာရှိလို့ရှိရင် ဆေးအလိုရှိမှာပဲလို့ သူကဖြေလိုက်တယ်၊ အနာမရှိတဲ့ပုဂ္ဂိုလ်ဟာ ဆေးမလိုတော့ဘူးလို့ဖြေတယ် (မှန်ပါ) သူဖြေတာ မတည့်သေးဘူးလား (တည့်ပါတယ် ဘုရား)။
အနာရှိတဲ့ပုဂ္ဂိုလ်ကျတော့ ဆေးအလိုရှိမှာပဲတဲ့၊ အနာမရှိတဲ့ပုဂ္ဂိုလ်ကျတော့ (ဆေးအလိုမရှိပါ ဘုရား) အဲဒီ အတိုင်းပဲကွာတဲ့၊ မင်းတို့က အနာရှိနေတော့ကို ကိလေသာပွားမှုကို ကြိုက်နေတယ်တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)
ဒီမှာလဲ ဒကာ ဒကာမတွေ ကိလေသာပွားမှုကို ခင်ဗျားတို့ နူနာရှိတဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်နည်းနဲ့မဆို သားနား ကိုလဲသွားချင်တာပဲ၊ သားဆိုတာ သားပူကပ်တာကိုးဗျ (မှန်ပါ) သမီးမီးဖိုနားကော (ကပ်တယ်) ပစ္စည်းမီးဖိုနားကော (ကပ်ပါတယ်) ဘာဖြစ်လို့တုံး (နူနာရှိလို့ပါ ဘုရား) နူနာရှိလို့ ပိုးကိုက်တာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နူနာရှိလို့ပိုးကိုက်တော့
ဘာဖြစ်တာပါလိမ့် (နူနာရှိလို့ ပိုးကိုက်တာပါ ဘုရား) နူနာရှိလို့ပိုးကိုက်တော့ ဘယ်နားကပ်ပါလိမ့် (မီးနား ကပ်ပါတယ် ဘုရား)။
ဒါကြောင့် သားတည်းဟူသောမီး၊ သမီးတည်းဟူသောမီး၊ ပစ္စည်းတည်းဟူသောမီးတွေပေါ့ဗျ၊ အဲဒါ မီးနားကို မကပ်ဘဲနဲ့ကို နေနိုင်ရဲ့လား (မနေနိုင်ပါ ဘုရား)။
ပူစရာရှိတာတောင် ကျုပ်ကနီးနီးနားနား ပူချင်တယ်ပြောနေတာ (မှန်ပါ) မပြောဘူးလား (ပြောပါတယ် ဘုရား) အဝေးကနေပြီး အောင့်သက်သက်ဖြစ်ရတာ ကျုပ်မကျေနပ်ဘူးတဲ့၊ ဒီအတိုင်း မလာဘူးလား (လာပါတယ် ဘုရား)။
အဝေးအပူကြိုက်သလား၊ အနီးအပူကြိုက်သလား (အနီးအပူကြိုက်ပါတယ် ဘုရား) ဖြစ်မှဖြစ်ရပလေ၊ နူနာက တယ်ကြီးသကိုး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
နူနာကြီးတော့ အဝေးအပူနဲ့အနီးအပူ ဘယ်ဟာနှစ်သက်ကြသတုံး၊ (အနီးပူနှစ်သက်ပါတယ်) ဒါ့ကြောင့် သားတွေသမီးတွေ သိုက်သိုက်ဝန်းဝန်းနဲ့ အိမ်ထဲမှာဝိုင်းပြီး သကာလ အိမ်ထောင်ကျတာတောင် မခွဲချင်ဘူး (မှန်ပါ) မီးဖိုတွေနဲ့ ဝေးသွားမှာစိုးရိမ်လို့ပါ (မှန်ပါ)။
မီးဖိုနဲ့ဝေးသွားမယ်ဆိုလို့ရှိရင် သွားပြီးလောင်ရတာ ကြာလွန်းလို့ (မှန်ပါ) နီးနီးနားနားလောင်ရတာ ကောင်းတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် သားရှင်သမီးရှင်များ စိတ်ကူးကြပလား၊ ဒီနားမှာ ဝိုင်းပြီးနေမယ်လို့များ စိတ်ကူးကြသလား၊ မေးရသေး တယ်ဗျ၊ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။
အဲဒါဘယ့််နှယ်ကြောင့်တုံး ဆိုတော့ ခပ်ဝေးဝေး နေချင်ကြသလာား၊ အိမ်ထောင်ကျပြီးတော့မှ သွားကြတော့ ဟုတ်လား၊ တော်ပြီတန်ပြီ၊ အကပ်မခံချင်တော့ဘူး သွားကြတော့ ဒီလိုများ လုပ်ရဲ့လား၊ ဟိုလိုပဲ သိုက်သိုက်ဝန်းဝန်းပဲ နေချင်ကြသလားမေးရင် ဦးခင်မောင် ဘယ့်နှယ်ဖြေပါ့မယ် (သိုက်သိုက်ဝန်းဝန်း နေချင်ကြမှာပါ ဘုရား) နေချင်ကြမှာပါ လို့ မလုပ်ပါနဲ့လေ တည့်တည့်ပြောကြစမ်းပါ (ရှိပါတယ်ဘုရား ဒီအတိုင်းပါပဲ)။
မီးဖိုဝေးဝေးနဲ့ မီးဖိုနီးနီး ဘယ်ဟာကြိုက်သတုံး
တစ်ခါတည်း ဒကာ ဒကာမတို့ မီးဖိုဝေးဝေးနဲ့ မီးဖိုနီးနီး ဘယ်ဟာကြိုက်သတုံး (မီးဖိုနီးနီး ကြိုက်ပါတယ် ဘုရား) မီးဖိုနီးနီးကြိုက်လို့ရှိရင် မီးဆိုတာ ဝေးအောင် ရှောင်ရတာဗျ (မှန်ပါ)။
ခင်ဗျားတို့ ဆုတောင်းကြတော့ ရေဘေး မီးဘေး သူခိုးဘေးနဲ့ ကင်းဝေးရပါလို၏ (မှန်ပါ) ကင်းလဲကင်းရမယ် ဝေးလဲဝေးရမယ်လို့ ဆုတောင်းတာကတစ်မျိုး၊ အခုတော့အရေးကြုံတော့ ခိုကပ်ချင်တာက တစ်မျိုး၊ အဲဒီနားကို သွားပြီးခိုကပ်ချင်တယ် (မှန်ပါ) ဆုတောင်းတာက ဝေးချင်တယ်၊ နေချင်တာက အနီးအနား (မှန်ပါ) ဘယ်ဘုရား ပြည့်အောင်ပေးမလဲ (မပေးနိုင်ပါ ဘုရား) ပြည့်စရာဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။
ဆုတောင်းတာကတော့ ဘာတဲ့ (ဝေးချင်ပါတယ် ဘုရား) အနေကတော့ (နီးချင်ပါတယ် ဘုရား) ကဲ ဦးခင်မောင် ပဲ စဉ်းစားကြည့်ပါ၊ ဖြစ်နိုင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) တတ်နိုင်ပါ့မလား (မတတ်နိုင်ပါ ဘုရား) ဆုပေးလို့ကို ဖြစ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) ဦးဘတင် ဘယ်လိုလဲ စကားတတ်တယ်ဗျာ၊ မရတော့ဘူး (မှန်ပါ့) ကန့်လန့်ကြီး မနေဘူးလား (နေပါတယ် ဘုရား)။
မင်းဘေး စိုးဘေး သူခိုးဘေး ကင်းဝေးရပါလို၏ဆိုပြီး သကာလ ဆုတွေများတောင်း ပရိတ်တော်တွေရွတ်ပြီး နှင်ကြသေးတယ် (မှန်ပါ)။
ပြီးတော့ဖြင့် တော်တော်ကြာ သားမီးဖို သမီးဖို ဆွေမျိုးမီးဖို ပစ္စည်းမီးဖိုနားထားပြီး သကာလ မကပ်ကြဘူးလား (ကပ်ပါတယ် ဘုရား) ပရိတ်ရွတ်ပြီး နှင်လိုက်၊ ပြန်ပြီးဆွဲလိုက်၊ ဒီလိုကျမနေဘူးလား (ကျနေပါတယ် ဘုရား)။
သွက်သွက်ခါရူးလို့ပေါ့
ဒါဟာသာမညရူးရုံဆိုရင် ဒီမီးဖိုနားမကပ်ချင်ဘူး (မှန်ပါ) ဘယ့်နှယ်ကြောင့် ဒီအလုပ်ကို စွဲစွဲမြဲမြဲလုပ်နိုင်ပါလိမ့် (တော်တော်ရူးလို့ပါ ဘုရား) သွက်သွက်ခါရူးလို့ပေါ့ (မှန်ပါ ဘုရား)။
သွားရင်လဲ သွားရောဟဲ့၊ လာရင်လဲ လာရောဟဲ့၊ ဒီလိုနေဖို့မဟုတ်လား (မှန်ပါ) အခုတော့ ဒီလိုမဖြစ်နိုင်ဘူး ဘုရားဆိုတာ ခက်လိုက်တာ (မှန်ပါ) ဘယ့်နှယ်ဖြစ်နေသတုံး ဒကာ ဒကာမတို့ (သွက်သွက်ခါ ရူးနေပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
တစ်ခါတစ်လေလများ ဆုတောင်းတာ ကြည့်ပါလား။ သေခြင်းသေလို့ရှိရင် ကိုယ်ပဲအရင်သေပါရစေ၊ သူတို့တော့ မသေပါရစေနဲ့၊ သားငယ်သမီးငယ်တွေရှိတဲ့ပုဂ္ဂိုလ် ဒီဘက်ကလာသေးတယ်ဗျ (မှန်ပါ)။
သေခြင်းသေရင် ဘာပါလိမ့်မလဲ (ကိုယ်သာ အရင်သေပါရစေ ဘုရား) ကိုယ်သာအရင်သေပါရစေတဲ့၊ သူတို့ဖြင့် နေရစ်ကြပါစေဆိုတဲ့ စိတ်ထားဟာ မပါဘူးလား (ပါပါတယ် ဘုရား)။
တော်တော်ကြာကျတော့ သားသမီးများကဝေဒနာရလို့ ပျက်စီးသွားတော့ဆုတောင်းကမပြည့်ဘူး၊ လာပြီ (မှန်ပါ့ ဘုရား)။
ခန္ဓာကိုယ်ရရင် သေရမှာချည်းပဲ
နို့ မပြည့်တာကြီးလဲ တောင်းထားသေးတာဗျာ (မှန်ပါ) သေရမှာကို မသေပါရစေနဲ့ဆုတောင်းလို့ မဖြစ်ဘူး၊ ခန္ဓာကိုယ်ရရင် သေရမှာချည်းပဲ၊ ဘယ်သူဖြစ် မသေပါစေနဲ့လို့ဆုမတောင်းနဲ့၊ တောင်းရင်လဲ ဘယ်တော့မှ မပြည့်ဘူးလို့ ဘုရားကဟောထားတယ်။
သူကဘာတွေတောင်းထားသတုံး (မပြည့်တာ တောင်းထားပါတယ် ဘုရား) မပြည့်တာတောင်းထားတော့ ပြည့်ကောပြည့်နိုင်ရဲ့လား (မပြည့်နိုင်ပါ ဘုရား) အဲဒီတော့ဘုရားနဲ့ရန်ဖြစ်ကရော (မှန်ပါ) ဒီလိုကော မနေဘူးလား (နေပါတယ် ဘုရား)။
တောင်းတာက ဘာတုံး (မပြည့်နိုင်တာ တောင်းပါတယ် ဘုရား) မပြည့်တာတောင်းတော့ ဘယ်သူတတ်နိုင်သေး သတုံး (မတတ်နိုင်ပါ ဘုရား) မတတ်နိုင်တော့ မပြည့်ရမလားဆိုပြီး အဲဒီဘုရားနဲ့ သူနဲ့ရန်ဖြစ်တာပဲ (မှန်ပါ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မီးကင်တာသည် ရူးလို့လား မရူးလို့လား အသာအကဲခတ် (ရူးလို့ပါ ဘုရား) ဒါ ရူးနာရှိလို့မီးကင်တာ (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
နူနာရှိတော့ (မီးကင်ပါတယ် ဘုရား) ကိုင်း-ဆွေအိမ် မျိုးအိမ်ကို တစ်နေ့တစ်ခေါက်နှစ်ခေါက်မှ မသွားလိုက်ရလို့ ရှိရင် သားကလေး သမီးကလေး ဆွေကလေး မျိုးကလေးကို မကြည့်ရရင် ခင်ဗျားတို့ စိတ်ထဲမှာ ကျေနပ်ကြရဲ့လား (မကျေနပ်ပါ ဘုရား) ဘာဖြစ်လို့တုံး (မီးမလှုံရလို့ပါ ဘုရား) ဒါဟာ နူနာရှိနေလို့ မီးနားကပ်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခုနကပြောခဲ့တဲ့ သညာနူနာ၊ စိတ်နူနာ၊ ဒိဋ္ဌိနူနာ မရှိဘူးလား (ရှိပါတယ် ဘုရား)။
နူနာသုံးမျိုးကို မစွန့်နိုင်သေးဘူး
ဒါ့ပြင် အမှတ်မှား၊ အသိမှား အယူမှားဆိုတဲ့ နူနာသုံးမျိုးကို ခင်ဗျားတို့ မစွန့်နိုင်သေးဘူး (မှန်ပါ မစွန့်နိုင်သေးပါ ဘုရား) မစွန့်နိုင်သေးတော့ နူနာပိုးကိုက်လေလေ မီးနားကပ်လေလေပဲ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)
နူနာပိုးကိုက်လေလေ (မီးနားကပ်လေလေပါ ဘုရား) မတွေ့ရတာကြာပြီဆိုလေလေ ကပ်လေလေပဲ (မှန်ပါ) မမြင်ရတာကြာပြီဆိုလေလေ (ကပ်လေလေပါ ဘုရား)။
ဒီပစ္စည်းလေး မရတာကြာပြီဆိုလေလေ ရှာလေလေပဲ၊ ဒီအတိုင်းမနေဘူးလား (နေပါတယ် ဘုရား) ဘာနာ ထနေသတုံး (နူနာထနေတာပါ ဘုရား) နူနာဘာပိုးကိုက်တာတုံးမေးပါ (ကိလေသာပိုးကိုက်တာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးဘတင် ဘာပိုးပါလိမ့် (ကိလေသာပိုးပါ ဘုရား) ဘာဖြစ်သတုံး (နူနာထပါတယ် ဘုရား) နူနာထတော့ ဘာဖြစ်သတုံး (မီးကင်ချင်ပါတယ် ဘုရား) ဟော-သွားပါပြီဗျာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ပိုးက ဘာပိုး ပါလိမ့် (ကိလေသာပိုးပါ ဘုရား) ကိလေသာပိုးကိုက်တော့ ဘာဖြစ်သတဲ့ (နူနာထပါတယ် ဘုရား) နူနာထတော့ (မီးကင် ချင်ပါတယ် ဘုရား) သားသမီး ဆွေမျိုးဉာတကာတွေတည်းဟူသော မီးတွေနား မကပ်ချင်ဘူးလား (ကပ်ချင် ပါတယ် ဘုရား)။
ငါနင်တို့နဲ့ မတွေ့ရတာကြာလို့ လာခဲ့တာပဲလို့ သေသေချာချာပြောတာပဲ (မှန်ပါ) မပြောဘူးလား (ပြောပါတယ် ဘုရား) ဒါဘယ်နားကပ်လို့လဲ (မီးနားကပ်လို့ပါ ဘုရား)။
မြန်မြန်သေခြင်းဆိုးသေမှာကိုး
ဘယ့်နှယ်များနေကြသတုံး၊ မင်းတို့အဝေးက နေရတာ နေရာမကျပါဘူး၊ မဟုတ်ဘူးလား (မှန်ပါ) လှံတံကို အနီးကနေထိုးတာနဲ့ အဝေးကနေထိုးတာနဲ့ ဘယ်ဟာကကြိုက်တယ်ပြောသလဲ (နီးရာကထိုးတာ ကြိုက်တယ် ပြောမှာပါ ဘုရား) ဒါမှ မြန်မြန်သေခြင်းဆိုးသေမှာကိုး၊ အဲဒါကိုကြိုက်တာ သူ့ဟာက (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဝေးကနေ တွေးနေတော့ ခင်ဗျားတို့ အားရကြရဲ့လား (အားမရပါ ဘုရား) အနီးမှာတွေ့လိုက်ရတော့ (အားကိုးရပါတယ် ဘုရား) ဘာအားရတာတုံး၊ ခင်ဗျားတို့ဟာက သေစရာရှိ “ဖျတ်”ခနဲရှိအောင် မဟုတ်ဘူးလား (မှန်ပါ) ဟိုက်ခနဲဖြစ်ပြီး သကာလ သေရအောင်လို့ အနီးကိုသဘောကျနေကြတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဘာဖြစ်လို့ ဒါလောက် မီးဖိုနားကပ်တာပါလိမ့် (ကိလေသာနူနာရှိလို့ပါ) ကိလေသာ နူနာ ဒါလောက် ဘာဖြစ်လို့ထရသတုံး (ကိလေသာပိုးကိုက်လို့ပါ ဘုရား) ကိလေသာပိုးကိုက်လို့ နူနာထရသည်၊ နူနာထလို့ မီးဖိုနားကပ် သည်လို့ မာဂဏ္ဍီကို ဘုရားကဟောတယ် (မှန်ပါ)။
ဆွေမျိုးဉာတကာတို့က အဲဒီနူနာရှိတဲ့ပုဂ္ဂိုလ် ပျောက်စေတတ်တဲ့ဆေးတွေနဲ့ ပျောက်အောင်ကုပြီးတဲ့ ပုဂ္ဂိုလ်ကျတော့ သူများမီးနား ကပ်နေတာမြင်တော့ ကပ်ချင်သေးသလားလို့ မေးတာပဲ၊ ဘယ့်နှယ်တုံး အဲဒီကျတော့ (မကပ်ချင်ပါ ဘုရား) ဘာဖြစ်လို့တုံး (အနာပျောက်သွားလို့ပါ ဘုရား)။
အဲဒီမှာလဲ ဒကာ ဒကာမတို့ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ ခင်ကြမင်ကြကြင်နာကြ ပူကြဆွေးကြတာ ပူစရာရှိ ကိုယ်သာပူမယ်၊ ငိုစရာရှိ ကိုယ်ငိုမယ်၊ ပင်ပန်းစရာဆိုရင်ကော ကိုယ်သာအပင်ပန်းခံမယ်၊ သူတို့ချမ်းသာပြီးရောတဲ့၊ အံမာလေး ဒကာ ဒကာမတွေ လောကဝတ်တွေက များလှချည့်လား၊ သေစရာရှိတာတောင် သူသေမယ်ပြောတာ၊ အပါယ်သွားစရာရှိ ကျုပ်သွားမယ်ပြောတာ၊ အဓိပ္ပာယ်က ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် ပြောနေကြတာပေါ့လေ (မှန်ပါ)။
ပူစရာရှိတော့ ကျုပ်ပူမယ်
ငြိမ်ငြိမ်သာနေ၊ အေးအေးသာနေ၊ ပူစရာရှိတော့ ကျုပ်ပူမယ်၊ အဟုတ်ခင်လာပြီဆိုတော့ မပြောဘူးလား (ပြောပါတယ် ဘုရား) စိုးရိမ်စရာကော ကျုပ်စိုးရိမ်မယ်၊ အပါယ်သွားစရာရှိတော့ကော (ကျုပ်သွားပါမယ်) ဒီ အဓိပ္ပါယ် မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)
အံမာ-တယ်ခင်ကြပါလား ခင်ဗျားတို့ (မှန်ပါ) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
အဲဒါ နူနာမပျောက်သေးတော့ ဒီအသံတွေဟာ တစ်ခါတည်း မီးဟူသရွေ့ ကျုပ်ယူမယ်ပြောတာပဲ (မှန်ပါ)။
ဘယ့်နှယ်ဆိုသတုံး (မီးဟူသရွေ့ ကျုပ်ယူမယ် ပြောပါတယ် ဘုရား)။
လောကမီးတင်မဆိုနဲ့၊ ဒယ်အိုးကလာတဲ့ မီးတောင် ကျုပ်ယူမယ်ပြောလိုက်တာပဲ (မှန်ပါ) ဒယ်အိုးနဲ့လဲ တွဲနေတဲ့ မီးလဲ ကျုပ်ယူမယ်ပြောတာပါ၊ မပြောဘူးလား၊ ပြောသလား (ပြောပါတယ် ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီဒယ်အိုးနဲ့တွဲနေတဲ့မီးတောင် ကျုပ်ယူမယ်ပြောရတာတုံး (ကိလေသာနူနာရှိလို့ပါ) ကိလေသာနူနာရှိလို့ မီးနားကပ်ရလေလေ ဟန်ကျလေလေပဲ (မှန်ပါ)။
နောက်နူနာလဲ ပျောက်ပါရော ခင်မှုမင်မှုကြင်နာမှုဆိုတဲ့ ခုနကပြောခဲ့တဲ့ အမှားရှစ်ချက်လဲ ဦးခင်မောင် ပျောက်ပါရော၊ ကပ်ချင်သေးရဲ့လား (မကပ်ချင်ပါ ဘုရား) ဘယ့်နှယ်ဖြစ်သွားတာတုံးဗျ (နူနာပျောက်သွားလို့ပါ ဘုရား)။
နူနာပျောက်တော့ မီးနားမကပ်ချင်ဘူး
နူနာပျောက်တော့ မီးနားမကပ်ချင်ဘူးလို့ မာဂဏ္ဍီကို ဘုရားကဟောတာများ လွဲသလား (မလွဲပါ ဘုရား)။
အဲ မင်း ဒါလောက်တောင် မကပ်ချင်လှတယ်ဆိုပြီး ဦးခင်မောင်အဲဒီနူနာပျောက်တဲ့ ပုဂ္ဂိုလ်ကို အားကောင်းတဲ့ လူနှစ်ယောက်က လက်မောင်းကိုဆွဲပြီး မီးဖိုထဲပစ်ထည့်စမ်း၊ ရပါ့မလား (မရပါ ဘုရား) တစ်ခါတည်း လိမ်တွန့်ပြီး မလုပ်ပါနဲ့ဆိုတာ မအော်ပေဘူးလား (အော်ပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် အော်တာတုံး (နူနာပျောက်လို့ပါ ဘုရား) နူနာပျောက်တော့တကယ် တွန်းထိုးထည့်တာတောင် မှ သူပျော်သေးရဲ့လား (မပျော်ပါ ဘုရား)။
မီးနားကို ရောက်ချင်သေးရဲ့လား (မရောက်ချင်ပါ ဘုရား) ဘယ့်နှယ်ကြောင့်တုံးလို့မေးလို့ရှိရင် နူနာပျောက်လို့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မီးဟာ နူနာရှိတုန်းကလဲ အပူပဲ၊နူနာ မရှိတော့ကော (အပူပါ ဘုရား) သို့သော် နူနာရှိတုန်းကတော့ ဒကာ ဒကာမတို့ အပူပေမယ့်လဲ သူ့စိတ်ထဲမှာ အပူလို့မထင်ဘူးတဲ့၊ သူ့စိတ်ထဲမှာ နူနာရူး ရူးနေလို့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) နူနာကလေးလဲ ပျောက်ပါရော ပင်ကိုယ်ပူကို သိလာတယ် (မှန်ပါ)။
ဒါဖြင့် မီးကိုပူမှန်းမသိတုန်းက အရူး၊ ပူမှန်းသိလာတော့ အကောင်း (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ရူးလို့ကောင်းတုန်း
ခင်ဗျားတို့ အခုသားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ စိတ်ချမ်းသာတယ်လို့ထင်တာ မီးကိုအပူမှန်းမသိတဲ့အချိန် (မှန်ပါ့ ဘုရား) ဒါဖြင့် အရူးတော်တော် သက်သာပလားလို့မေးလိုက်တယ် (ရူးလို့ကောင်းတုန်းပါ ဘုရား) ရူးကောင်းတုန်းပဲ ဗျ (မှန်လှပါ ဘုရား) မီးကိုမီးမှန်းမသိသေးဘဲ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ သိုက်သိုက်မြိုက်မြိုက် အုန်းအုန်းရုန်းရုန်း နေချင်တဲ့သဘောတွေက မရှိဘူးလား (ရှိပါတယ် ဘုရား) ဒါတွေဟာ မီးတွေပဲမဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲဒီမီးတွေနဲ့ပဲ ခင်ဗျားတို့သည် ခပ်ဝေးဝေးနေချင်သလား၊ ခပ်ကပ်ကပ်နေချင်သလားမေးပါ (ခပ်ကပ်ကပ် နေချင်ပါတယ် ဘုရား) ဒါနူနာမပျောက်သေးလို့ (မပျောက်သေးပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း နူနာပျောက်တော့ ခုနက ပွေ့ချတာတောင်မှ မီးဖိုထဲဆင်းသေးရဲ့လား မဆင်ပါဘုရား ဘာဖြစ်လို့တုံးဗျ (နူနာပျောက်သွားလို့ပါ ဘုရား)။
ဒါဖြင့် သူသည် နဂိုတုန်းက နူနာကြောင့် မီးမှန်းမသိတာ (မှန်ပါ) နူနာပျောက်တော့ (မီးမှန်းသိပါတယ် ဘုရား) မီးဟာ နူနာမပျောက်ခင်တုန်းကတော့ ပူတာပဲမဟုတ်လား ဒကာ ဒကာမတို့ (မှန်ပါ) ပျောက်တော့ကော (ပူတာပါပဲ ဘုရား) ပူတာကတော့ ထူးသေးရဲ့လား (မထူးပါ ဘုရား) သို့သော် နူနာရှိတုန်းကတော့ အပူထင်ရဲ့လား (မထင်ပါ ဘုရား) မီးနားကပ်နေရမှ နေရာကျတယ်လို့ အအေးထင်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မီးကိုအအေး ထင်နေတယ်
နူနာရှိတုန်းကတော့ မီးဟာ အပူလား အအေးလား (အအေးပါ ဘုရား) ဟောခွကျလိုက်တာ၊ မီးကိုအအေး ထင်နေတယ်၊ တကယ်ရူးတဲ့နူနာပါကလား (မှန်ပါ) နူနာပျောက်တော့ ပွေ့ချတာတောင် ရသေးရဲ့လား (မရပါ ဘုရား) ပျောက်ပြန်တော့လဲ သူဟာအပူကို အပူမှန်းသိရဲ့လား (သိပါတယ် ဘုရား) ဒါဖြင့် သာမညရူးတာလား၊ ခင်ဗျားတို့ အကဲခတ် (သွက်သွက်ခါ ရူးတာပါ ဘုရား)။
တို့တကယ် သည်းခြေအရူးက မီးကိုကိုင်တယ် ဆိုပေမယ့် ဖျတ်ဆို လွှင့်ပစ်လိုက်တယ် (မှန်ပါ) သူက ကိုင်တောင် ကိုင်လိုက်သေးတယ်၊ တကယ်ရူးတဲ့ပုဂ္ဂိုလ်က ဒါပေမယ့် လွှင့်ပစ်လိုက်သေးတယ် (မှန်ပါ)။
ခင်ဗျားတို့က မလွှတ်ဘူး တစ်ခါတည်းပွေ့ထားတာပဲ၊ ပိုက်ထားတာပဲ (မှန်ပါ) ဘယ်သူက ပိုရူးသတုံး (တပည့်တော်တို့က ပိုရူးပါတယ် ဘုရား) သဘောပါပလား (ပါ ပါပြီ ဘုရား) ဘယ်လိုသဘောပါကြလဲ၊ ကိုယ်အရူးကြီးတာ ပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် သည်းခြေရူးထက် ကိလေသာရူးက (ဆိုးပါတယ် ဘုရား) သည်းခြေရူးက ဒါလောက်မီးဆိုရင် လက်နဲ့ကိုင်မိတယ်ဆိုရင် ဖျတ်ဆိုလွှင့်ပစ်လိုက်တာပဲ၊ ရှင်းပလား (ရှင်ပါပြီ ဘုရား)။
ကိလေသာရူးက လွှင့်ပစ်ရဲ့လား (မလွှင့်ပစ်ပါ ဘုရား) အလောင်းကျအောင် ပွေ့တုန်း (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။
သူ့ဘေးနားများသွားတဲ့အခါ မသာပို့တာတောင် ရောငိုခဲ့သေးတယ်၊ ကိလေသာပူကလေ (မှန်ပါ) ဒီအရူးက ပျောက်တယ်လို့ရှိရဲ့လား (မရှိပါ ဘုရား)။
ကိလေသာရူးနဲ့ သည်းခြေရူး
ဒါဖြင့် ဒကာ ဒကာမတို့ကိလေသာရူးနဲ့ သည်းခြေရူး ဘယ်ဟာကသာပြီး ကြောက်စရာကောင်းသတုံး (ကိလေသာရူးက ကြောက်စရာ ကောင်းပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာရူးသည်ကားလို့ဆိုရင် သမုဒယသစ္စာ၊ အဲဒီသမုဒယသစ္စာ ရှိနေတဲ့အတွက် ဘယ်နည်းနဲ့မှ နိဗ္ဗာန်မရောက်နိုင်ဘူး၊ ကိလေသာရူးရူးနေတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) နေရာကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရူးပျောက်အောင် မီးမကင်ချင်မှ နေရာကျမယ်နော် (မှန်ပါ) ဘယ်လိုဆိုကြမလဲ (မီးမကင်ချင်မှ နေရာကျမယ်ပါ ဘုရား)။
မီးဆိုတာ သားကလဲမီး၊ သမီးကကော (မီးပါ ဘုရား) ကိုယ့်ကိုခင်တာကော (မီးပါ) ခင်ပွန်းသည်တွေ ပစ္စည်းတွေ ခင်တာကော (မီးပါ ဘုရား)။
အဲဒီနားမကပ်ချင်လို့ရှိရင်ဖြင့် သူတော်တော်ဆေးတည့်ပြီ၊ အနာနဲ့ဆေးနဲ့ တော်တော်တည့်လာပြီ (မှန်ပါ) ဆေးတည့်ရင် သားအကြောင်းလဲမကြားချင်ဘူး၊ သမီးအကြောင်းလဲမကြားချင်ဘူး၊ ပစ္စည်းအကြောင်းလဲ မကြားချင်ဘူး၊ ဒါ ဒေါသနဲ့မကြားချင်တာမျိုး မဟုတ်ဘူးနော်၊ ဉာဏ်နဲ့ပြောတာ (မှန်ပါ ဘုရား)။
ခင်ဗျားတို့က ဆင်ခြေက သိပ်များတာ (မှန်လှပါ) ဦးဘတင်ရဲ့ ဒီအပြောတွေကို တရားလိုလို ဘာလိုလို ထင်ကြသေးတာ (မှန်ပါ)။
ကျုပ်က သား သမီး လင်စိတ် သားစိတ်တွေ ကုန်ပြီ၊ ဘာမှမရှိဘူးတဲ့၊ အပြီးသတ်တော့ သူဟာစိတ်ပျက်နေတာ၊ ဘာမှမဟုတ်ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။
ဉာဏ်နဲ့မှ မီးမကင်ချင်မှ
အဲဒီတော့ ဒကာ ဒကာမတွေ ဉာဏ်နဲ့ခွါတဲ့၊ ဉာဏ်နဲ့မှ မီးမကင်ချင်မှ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဉာဏ်နဲ့ မီးမကင်ချင်မှပါ ဘုရား) ဒါတွေဟာ အနိစ္စတွေပဲ၊ ဒုက္ခသစ္စာတွေ ဒီဒုက္ခနဲ့မတည့် ချင်ဘူး၊ မသွားချင်ဘူးဆိုမှ ဒါဟာအနာပျောက်တာ (မှန်ပါ) နို့မဟုတ်ရင် ပျောက်ပါ့မလား (မပျောက်ပါ ဘုရား)။
ဒေါသနဲ့ပြတ်တာကတော့ အပိုပဲ (မှန်ပါ) ဒေါသဆိုတာလဲ ပြတ်တာတော့မဟုတ်ဘူး၊ ဒေါသဆိုတာလဲ ကိလေသာမီးပဲ၊ ကိလေသာ ဆယ်ပါးထဲမှာ အပါအဝင် မနေဘူးလား (နေပါတယ် ဘုရား)။
အဲဒီတော့ ဒေါသထွက်လို့ ပြတ်တာဟာ ပြတ်တယ်လို့မဆိုနဲ့၊ အကြောင်းမညီညွတ်သေးလို့ ဖြစ်နေတာပါ(မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အကြောင်းညီညွတ်တဲ့အခါကျတော့ မပြတ်ပါဘူး (မှန်ပါ)။
ဒေါသနဲ့မပြတ်တဲ့အတွက်
အဲဒါကြောင့် ဒေါသနဲ့မပြတ်တဲ့အတွက် ဟိုကိုချည်း အာရုံရောက်နေတာ ကြည့်ပါလား (မှန်ပါ) တွေးတိုင်း တွေးတိုင်း ဥပမာ-ခင်ပွန်းဆိုးနဲ့တွေ့မယ်၊ ခင်ပွန်းမဆိုးနဲ့ တွေ့မယ်ဆို သူ့စိတ်ထဲမှာ ဒီဟာချည်း အာရုံရောက်နေ ကတည်းက ပြတ်လို့လား၊ မပြတ်လို့လား (မပြတ်လို့ပါ ဘုရား)။
ဒီအကြောင်း မပြောစမ်းပါနဲ့ဗျာ၊ ဒါတွေးလို့ရှိရင် စိတ်ပျက်လွန်းလို့ ဆိုကတည်းက သူဆက်နေလို့ ပြတ်တာလား၊ လုံးဝပြတ်နေလို့ပြတ်တာလား (ဆက်နေလို့ပြတ်တာပါ) ဒါဖြင့် သံယောဇဉ်ပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အရူးပျောက်မှ နိဗ္ဗာန်ကလက်ခံတာ
ဒါဖြင့် ဒကာ ဒကာမတို့ မီးဖိုနဲ့သူနဲ့ကပ်တုန်းရှိသေးတယ် (မှန်ပါ) ခွါပလား (မခွါပါ ဘုရား)။
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံးဆိုလို့ရှိရင် မဂ်နဲ့ပယ်မှ ဒကာ ဒကာမတွေ၊ မဂ်နဲ့ပယ်လို့ရှိရင် မီးကိုမီးမှန်း မသိပေဘူးလား (သိပါတယ် ဘုရား) အဲဒီကျမှ အရူးပျောက်မှ နိဗ္ဗာန်ကလက်ခံတာ (မှန်ပါ)။
နိဗ္ဗာန်က ဘယ်လိုလူ လက်ခံသတုံး (အရူးပျောက်တဲ့လူ လက်ခံပါတယ် ဘုရား) အရူးသာလက်ခံရင် နိဗ္ဗာန် တောင်ဆန့်ပါ့မလား၊ မဆန့်ဘူးနော်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြစို့။
သာဓု သာဓု သာဓု။