ဒိဋ္ဌိရောဂါသည်ကြီး မာဂဏ္ဍိအားဘုရားဟောပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့မင်္ဂလာရိပ်သာဓမ္မာရုံကြီး၌
ဟောကြားဆုံးမတော်မူသော
ဒိဋ္ဌိရောဂါသည်ကြီး မာဂဏ္ဍိအားဘုရားဟောပုံ
ညအလုပ်ပေး-တရားတော်
(၂၆-၂-၅၉)
ရောဂါရှိနေတယ်လို့ မှတ်ရမယ်
ဒကာ ဒကာမတွေမှာ ရောဂါရှိနေတယ်လို့ မှတ်ရမယ်၊ ရောဂါဆိုတာ ဘာရောဂါလဲလို့ဆိုရင်ဖြင့် အမှားကို အမှန်ထင်နေလို့ရှိရင်ဖြင့် ဒါဟာ ရောဂါတစ်မျိုးပဲလို့ အားလုံးမှတ်ကြရမယ် (မှန်ပါ) အမှန်ကို အမှားထင်နေရင်လဲ ရောဂါတစ်မျိုးပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) အဲဒီရောဂါ ဒကာ ဒကာမတွေမှာ ရှိနေတယ်။
ဒါဖြင့် ရောဂါရှိနေတဲ့ပုဂ္ဂိုလ်ဟာဖြင့် ရောဂါပျောက်ဖို့ရာဆေးကို မသောက်သရွေ့ ကာလပတ်လုံးသူသည် မသင့်တဲ့အစာကိုပဲ စားချင်ရာစားပြီးသာလနေမှာပဲ (မှန်ပါ)။
ရောဂါကလဲရှိတယ်၊ ရောဂါရှိမှန်းလဲမသိဘူး၊ အဲဒါ မသင့်တဲ့အစာကို စားလိမ့်မလား၊ မစားလိမ့်ဘူးလားဆို တာ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (စားမှာပါ ဘုရား)။
စားတဲ့အခါကျတော့ ရောဂါသည်ကားလို့ဆိုရင် ထကြွသောင်းကျန်းပြီး သကာလ လာလိမ့်မယ်ဆိုတာကလဲ သူ့ အစဉ်အတိုင်းပေါ့ဗျာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာရောဂါလဲမေးတော့ ခင်ဗျားတို့ သန္တာန်မှာ ဒိဋ္ဌိဆိုတဲ့ ရောဂါတစ်ခုရှိတယ် (မှန်ပါ) ဒါမာဂဏ္ဍီကို ဟော မလို့ ဒကာ ဒကာမတို့ (မှန်ပါ)။
ဒိဋ္ဌိရောဂါရှိတယ်
ဘာရောဂါရှိသတုံး (ဒိဋ္ဌိရောဂါရှိပါတယ်) ဒိဋ္ဌိရောဂါရှိတော့ကို အနိစ္စတရားတွေကိုလဲ နိစ္စလို့ ထင်နေတယ်၊ ဒိဋ္ဌိရောဂါရှိတဲ့ပုဂ္ဂိုလ်မှာ (မှန်ပါ)။
အနတ္တတရားကိုလဲ အတ္တလို့ ထင်နေတာပဲ၊ အသုဘတရားတွေကို သုဘလို့ထင်တယ်၊ ဒုက္ခတရားတွေကိုလဲ (သုခလို့ ထင်ပါတယ် ဘုရား) သုခဒိဋ္ဌိဖြစ်မနေဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဪ-ဒါဖြင့် အနိစ္စကို နိစ္စဒိဋ္ဌိဖြစ်နေတယ်၊ အနတ္တကို အတ္တဒိဋ္ဌိဖြစ်နေတယ်၊ အသုဘကို (သုဘဒိဋ္ဌိဖြစ်နေပါ တယ်) ဒုက္ခကို (သုခဒိဋ္ဌိဖြစ်နေပါတယ်) ဒီတော့ ဒကာ ဒကာမတွေမှာ ဒိဋ္ဌိရောဂါရှိနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
ဘာရှိနေသတုံး (ဒိဋ္ဌိရောဂါရှိနေပါတယ် ဘုရား) ဒိဋ္ဌိဆိုတာ “မိစ္ဆာ ပဿတီတိ ဒိဋ္ဌိမိစ္ဆာ၊ မှားသောအားဖြင့်။ ပဿတိ၊ မြင်တတ်၏ (ဝါ) တွေ့တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏-ဆိုတဲ့အတိုင်း ခင်ဗျားတို့မှာ ဒိဋ္ဌိရောဂါရှိနေတယ်လို့ ဦးခင်မောင်တို့ ဦးဘအုန်းတို့ မှတ်ရလိမ့်မယ် (မှန်ပါ)။
ဒိဋ္ဌိရောဂါရှိနေတော့ အနိစ္စကို သူဘယ်လိုထင်နေသတုံး (နိစ္စထင်ပါတယ် ဘုရား) ဪ-ဒါဟာ သူဒိဋ္ဌိရောဂါရှိ နေလို့ အနိစ္စကို နိစ္စထင်တာပဲ (မှန်ပါ) အနတ္တတရားတွေကိုလဲ သူ့စိတ်ထဲ ဘယ်လိုထင်နေသတုံး (အတ္တထင်နေပါတယ် ဘုရား)။
အတ္တဒိဋ္ဌိဖြစ်နေတယ်နော် (မှန်ပါ) အသုဘတရားတွေကို (သုဘထင်နေပါတယ် ဘုရား) တင့်တယ်တယ်လို့ ထင်တဲ့ဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ) ဒုက္ခတရားတွေကိုတော့ (သုခလို့ ထင်ပါတယ် ဘုရား)။
ပင်ကိုအရှိက အနိစ္စ
သုခလို့ ထင်တော့ ဦးဘတင်တို့ ဒီ ဒိဋ္ဌိသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ပင်ကိုအရှိမှ ဖောက်ပြန်ပြီး သကာလ သူ့အမှားတော်ပုံနဲ့ မှားမနေဘူးလား (မှားနေပါတယ် ဘုရား)။
ပင်ကိုအရှိက အနိစ္စ၊ ပင်ကိုအရှိက ဒုက္ခ၊ ပင်ကိုအရှိက အနတ္တ၊ ပင်ကိုအရှိက အသုဘ၊ အဲဒါကို ဒိဋ္ဌိတည်းဟူ သော ရောဂါရှိနေတဲ့ ပုဂ္ဂိုလ်က အနိစ္စကို နိစ္စထင်နေတယ်၊ ဒုက္ခကို သုခထင်နေတယ်၊ အနတ္တကို အတ္တလို့ မြင်နေတယ်၊ အသုဘကို သုဘလို့မြင်နေတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ရှိတာကတစ်မျိုး၊ သူရောဂါစွဲကပ်နေတာနဲ့ သူ့အမြင်က တစ်မျိုးဖြစ်နေတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
သူ့အယူက တစ်မျိုးဖြစ်နေတယ်၊ ဒိဋ္ဌိဆိုတာ မယုံနဲ့နော် (မှန်ပါ) ဒါဖြင့် သူ့အယူက တစ်မျိုးဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဒါလေးလေးနက်နက် မှတ်ပါ၊ မဂဏ္ဍီပရိဗိုဇ်ကို ဟောတဲ့အခါကျလို့ရှိရင် ရှင်းနေအောင်လို့ ဒီလေးချက်ကို ပြပေးနေတယ်လို့ မှတ်ကြရမယ် (မှန်ပါ)။
ဒိဋ္ဌိရောဂါရှိတဲ့ ပုဂ္ဂိုလ်ဟာ အနိစ္စကို ဘယ်လိုများ အယူရှိပါလိမ့် (နိစ္စလို့ ယူပါတယ်) အနတ္တကိုတော့ (အတ္တလို့ ယူပါတယ်) အသုဘကိုတော့ (သုဘလို့ ယူပါတယ်) ဒုက္ခတွေကိုတော့ (သုခလို့ယူပါတယ် ဘုရား)။
ဟာ-ဦးခင်မောင်တို့ ဦးဘအုန်းတို့ တစ်လုံးမှ မမှန်ပါကလား (မမှန်ပါ ဘုရား) ဘာရောဂါစွဲနေသတုံး (ဒိဋ္ဌိ ရောဂါစွဲနေပါတယ် ဘုရား)။
ဪ-ဒါဖြင့် ဒီရောဂါစွဲနေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည်ကားလို့ဆိုရင်ဖြင့် ဘယ်နည်းနဲ့မှ သူသည် ဆေးမစားလို့ရှိရင်ဖြင့် အမှန်ဖြင့် ဖြစ်တော့မှာ မဟုတ်ပါဘူး (မှန်ပါ) ဒကာ ဒကာမတို့ ဒါဒိဋ္ဌိလေးမျိုးကို ပြလိုက်တာ ပဲနော် (မှန်ပါ ဘုရား)။
သောတာပတ္တိမဂ် မရသေးသရွေ့
ဒကာ ဒကာမတွေ ယနေ့ ထူးထူးခြားခြား မှတ်ရမှာက သောတာပတ္တိမဂ် မရသေးသရွေ့ ဒီအမှားလေးချက် ဘယ်တော့မှ မပြင်နိုင်ဘူး (မှန်ပါ)။
ဒကာ ဒကာမတွေ ယနေ့ ထူးထူးခြားခြားမှတ်။
သောတာပတ္တိမဂ် မရသေးသရွေ့ (ဒီအမှားလေးချက် မပြင်နိုင်ပါဘူရား) ဒါဖြင့် အရူးမပျောက်သေးဘူးတဲ့ (မှန်ပါ) အနာပျောက်ပြီလို့ကော ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား) သူ့မှာအနာရှိတယ် (မှန်ပါ)။
ဪ-အရူးနာရှိတယ်ဆိုတော့ ဦးခင်မောင်ရေ ဒါဖြင့် ဒီအရူးနာပျောက်လို့ရှိရင် သောတာပတ္တိမဂ်ရအောင် လုပ်ရလိမ့်မယ် (မှန်ပါ)။
နို့မဟုတ်လို့ရှိရင်ဖြင့် အားလုံး ဒကာ ဒကာမတို့ ဒီအရူးဟာ ဆက်ရူးသွားမှာပဲ (မှန်ပါ) ဆက်ရူးသွားမှာပဲ ဒကာ ဒကာမတို့၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါသောတာပတ္တိမဂ် မရသေးရင် ရှစ်မျိုးတောင် ရူးတယ်ဆိုတာ များနေမှာစိုးတဲ့အတွက် ဒကာ ဒကာမတို့ မှတ်မိလွယ်စေနိုင်ဖို့ လေးမျိုးပဲ ယနေ့ပြမယ် (မှန်ပါ) နက်ဖြန်လောက်မှ လေးမျိုးထပ်ပြမယ် (မှန်ပါ) ဒါက ဒိဋ္ဌိလေး မျိုးကို ဦးဘတင် ပြလိုက်တယ်နော် (မှန်ပါ)။
အနိစ္စကို နိစ္စဒိဋ္ဌိဖြစ်နေတာကတစ်မျိုး၊ အနတ္တကို (အတ္တဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) အသုဘကို (သုဘဒိဋ္ဌိဖြစ်နေ ပါတယ်) ဒုက္ခကို (သုခဒိဋ္ဌိဖြစ်နေပါတယ်) ဒါဟာ ဒိဋ္ဌိလေးမျိုးရောဂါစွဲနေတဲ့ ပုဂ္ဂိုလ်တွေကို ဒကာ ဒကာမတွေ မှတ် ကြစမ်းပါ (မှန်ပါ)။
တို့သန္တာန်မှာ ဟိုပုဂ္ဂိုလ်ကြည့်လိုက်ရတာလဲ ကျားကိုးစီးစားလို့ မကုန်ဘူးဆိုပြီး သကာလ နိစ္စဒိဋ္ဌိက ထင်နေတယ် နော် (မှန်ပါ) သူတို့မှာ ပစ္စည်းရော လူရော နေရာကျလိုက်တာ၊ ကြာလှပြီ၊ ဘာမှ မချွတ်ယွင်းဘူး၊ အနတ္တကို အတ္တ ထင်နေတယ် (မှန်ပါ)။
တို့သားသမီးတွေကြည့်ရတာ ချောလိုက်၊ လှလိုက်တာ၊ ယဉ်ကျေးလိုက်တာဆိုတော့ အသုဘတွေ ဘာထင်သတုံး (သုဘထင်နေပါတယ် ဘုရား)။
သူတို့ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ၊ သူတို့မြင်ရတာ ရင်ထဲကို အေးသွားတာပဲလို့ တစ်ခါတည်း ဒုက္ခရောက် နေတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါလျက် ဒုက္ခသစ္စာတွေကို ကြည့်ပြီး သကာလ ချမ်းသာနေတယ် ထင်နေကြတယ် (မှန်ပါ) ဦးဘ အုန်း ဘာအရူးတုံးဗျ (ဒိဋ္ဌိအရူးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီအရူးဟာ ဒကာ ဒကာမတို့ သောတာပတ္တိမဂ်မရရင် ဦးဘအုန်းတို့ ဦးခင်မောင်တို့ ဘယ်တော့မှ ပျောက် မယ်မဟုတ်တော့ဘူး (မှန်ပါ) သောတာပတ္တိမဂ်ကမှ ပယ်ရမှာ (မှန်ပါ ဘုရား)။
ဒါဖြင့် တို့မှာသည် အရူးသည်ကားလို့ဆိုရင် ရှိနေသေးတော့တယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ) ဘယ်မဂ်ရ မှ အရူးလေးချက်ပျောက်ပါ့မယ် (သောတာပတ္တိမဂ်ရမှ ပျောက်မှာပါ ဘုရား)။
ပုထုဇဉ်တွေကို အရူးဆိုတာမနာပါနဲ့
ဒါဖြင့် ကျုပ်တို့ပုထုဇဉ်တွေကို အရူးဆိုတာများ ဦးဘတင်တို့ ကိုမြရွှေတို့က မနာပါနဲ့ (မနာပါ ဘုရား) သောတာ ပတ္တိမဂ်ရမှ ပယ်နိုင်သတဲ့ (မှန်ပါ) ကြောက်စရာကောင်းလိုက်တာ ဒကာ ဒကာမတို့ (မှန်ပါ) ကြောက်စရာမကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)။
အဲဒါ အနိစ္စတော့ သူက ဘယ့်နှယ်ထင်သတဲ့ (နိစ္စလို့ ထင်ပါတယ် ဘုရား) ဪ-ခက်လိုက်တဲ့ဖြစ်ခြင်း၊ အနိစ္စကျပြန်တော့လဲ သူက နိစ္စထင်နေတယ်၊ အနတ္တ ကျပြန်တော့ကော (အတ္တထင်ပါတယ် ဘုရား)။
အနတ္တကိုလဲ အတ္တလို့ ခိုင်မြဲတယ်လို့ အယူရှိပြန်တယ်၊ အသုဘတွေ မတင့်တယ်တာတွေကျတော့ သူက ဘယ့်နှယ်ထင်သလဲ (သုဘလို့ ထင်ပါတယ် ဘုရား) ချောလိုက်တာ၊ လှလိုက်တာ၊ ယဉ်ကျေးလိုက်တာလို့ သုဘ ဒိဋ္ဌိဖြစ်နေ တယ် (မှန်ပါ)။
ဟို-ဒုက္ခသစ္စာတွေကြည့်ပြီးတော့လဲ စိတ်ချမ်းသာလိုက်တာ သူ့တို့ဆီရောက်လို့ရှိရင်ဖြင့် တယ်ပြီးနေရာကျတယ် ဆိုပြီး လူမြင်ရတာလဲ စိတ်ချမ်းသာ၊ အိမ်တွေ တိုက်တွေ ကားတွေမြင်ရတာလဲ စိတ်ချမ်းသာလိုက်တာတဲ့၊ အင်း-ဒုက္ခ တွေကြည့်ပြီး ဘာဖြစ်နေသတုံး (သုခထင်နေပါတယ် ဘုရား) သုခထင်နေတော့ ဒါ အမြင်မှန်လား၊ အမြင်မှားလားဆို တာ ဒကာ ဒကာမတွေ စဉ်းစားရမယ် (အမြင်မှားပါ ဘုရား)။
အမြင်မှားရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ငါမှားမှန်လဲ မသိတဲ့အခါကျလို့ရှိရင်ဖြင့် ဆေးရှာပါ့မလား (မရှာပါ ဘုရား) ဆေးမရှာတော့ ဒီဟာချည်းပဲ ထပ်မှားနေမှာပေါ့ (မှန်ပါ့ ဘုရား) ဒါဖြင့် ရူးသည်ထက်ရူးပြီး ရူးသက်ရှည်နေဖို့မှတစ်ပါး တစ်ခြားသောအကြောင်း မရှိပါဘူး (မရှိပါ ဘုရား) ဆိုထိုက်ပလား (ဆိုထိုက်ပါပြီ ဘုရား)။
အရူးပျောက်မှ နိဗ္ဗာန်ရောက်မှာ
ဪ-ဒါဖြင့် ဒကာ ဒကာမတို့ အခုလို ဆရာကောင်း သမားကောင်းနဲ့တွေ့တုန်း ဒီအရူးလေးချက်ကိုဖြင့် ပျောက်မှသာလျှင် ခင်ဗျားတို့ အရူးပျောက်မှ နိဗ္ဗာန်ရောက်မှာကိုးဗျ (မှန်ပါ) ဒါက ဒိဋ္ဌိအရူးခေါ်တယ် (မှန်ပါ)။
ကိုင်း-ကိုယ့်သန္တာန်မှာ ဒီအရူးလေးချက် ဦးခင်မောင် ရှိ မရှိသာ အကဲခတ်ပါတော့ဗျာ (ရှိပါတယ် ဘုရား) ရှိတတ်တဲ့ အနိစ္စတွေကိုး၊ သားကလေးတွေ သမီးကလေးတွေ ကြည့်လိုက်ပြီဆိုမှဖြင့် အနိစ္စကို မမြင်ဘူး (မှန်ပါ) မြင် သေးရဲ့လား (မမြင်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့် (ဒိဋ္ဌိရူး ရူးနေလို့ပါ ဘုရား) မိမိခန္ဓာပြန်ကြည့်လဲ အနိစ္စမတွေ့ဘူး၊ သားသမီးနဲ့ ခင်ပွန်းခန္ဓာတွေကြည့်လိုက်ပြန်လဲ (အနိစ္စမတွေ့ပါဘူး) အနိစ္စမတွေ့တော့ရှိတာက “သဗ္ဗေသင်္ခါရာ အနိစ္စာ”၊ သိတာက နိစ္စဖြစ်နေတော့ သူ့အရူးသည်ကားလို့ဆိုရင်ဖြင့် သေသေချာချာ ရူးတော့တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
သားသမီးနဲ့ပစ္စည်း အခြွေအရံတွေဟာ အနတ္တတွေ မဟုတ်လားဗျာ (မှန်ပါ) ခဏ ခဏ ဖောက်ပြန်ပျက်စီးနေ တဲ့ အနတ္တတွေ၊ ဘယ်သူမှ တားလို့ဆီးလို့မရတဲ့ အနတ္တတွေ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲဒါကိုပင်လျှင် တစ်ခါတည်း ခိုင်တယ် မြဲတယ် တည်တံ့တယ် အားကိုးရတယ် ကိုးစားရတယ်လို့ ဦးခင်မောင် တို့ ဦးဘအုန်းတို့ မလာလား (လာပါတယ် ဘုရား)။
အနတ္တကို အတ္တဒိဋ္ဌိအရူး ရူးမနေသေးဘူးလား (ရူးပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ့်သား ကိုယ့်သမီး ကိုယ့်ခင်ပွန်း ယောကျ်ား ကိုယ့်ခင်ပွန်းမတွေ ကြည့်လိုက်လို့ ရှိရင်ဖြင့် ကြည့်ကောင်း နေကောင်းစိတ်ချမ်းသာလိုက်တာ သူတို့ကြည့်ရတာ၊ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ နေတဲ့အခါကျလို့ရှိရင် ကျန်းမာချမ်းသာ နေလို့ နေရာကျလိုက်တာဆိုပြီး သကာလ သူတို့ကြည့်ရတာ ဝမ်းသာနေတယ်ဆိုတော့ အသုဘကလေးတွေကြည့်ပြီး သုဘထင်နေတော့ သူ့စိတ်ထဲမှာ သုဘဒိဋ္ဌိဖြစ်ပြီး ဝမ်းများ ဝမ်းသာနေတယ် (မှန်ပါ) မသာကြဘူးလား (သာပါတယ် ဘုရား) တယ်လဲဆိုးပါလား ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)။
စားချိန်မရှိအောင် ဒုက္ခရောက်နေတာ
ကိုင်း-တစ်ခါသွားပါဦး-တဲ့၊ ဒုက္ခရောက်ပြီး သကာလ ချွေးဒီးဒီးကျပြီး ဟိုမှာ စီးပွားရှာနေကြတာတွေ ကြည့် လိုက်တယ်၊ အို-သူတို့ကြည့်ရတာ အလုပ်နဲ့အကိုင်နဲ့ ဖြောင့်နေလိုက်တာ၊ စိတ်ချမ်းသာလိုက်တာတဲ့၊ ဟိုမှာတော့ ဒုက္ခ ရောက်နေတာမှ ထမင်းမှ စားချိန်မရှိအောင် ဒုက္ခရောက်နေတာ (မှန်ပါ)။
အဲဒါ သူ့ကိုကြည့်ရတာဖြင့် အရောင်းနဲ့ အဝယ်နဲ့ ပြေပြစ်လိုက်တာ တယ်ပြီးစိတ်ချမ်းသာတယ်။ သူတို့ ဆိုင် နားသွားရင်ဖြင့်လို့ ပြောကြတယ်၊ ဒကာ ဒကာမတွေ ဟိုမှာ အမောဆိုက်နေတာ ဒီက ဘာဖြစ်နေသတုံး (ဝမ်းသာပါ တယ် ဘုရား) ခွကျလိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့၊ ဘယ့်နှယ်ပြောကြသတုံး (ဝမ်းသာတယ် ပြောပါတယ် ဘုရား)။
တို့ဆိုင်များကြည့်တော့ ခြောက်လို့ ကျီးနဲ့ဖုတ်ဖုတ် မဆိုကြဘူးလား (ဆိုကြပါတယ် ဘုရား)။
သူတို့ကြည့်ရတာဖြင့် ခြေမအား လက်မအား ရေးတဲ့ လူနဲ့ ချွတ်တဲ့လူနဲ့ ပြောတဲ့သူနဲ့ ချိန်တဲ့လူနဲ့ ပြောတဲ့သူနဲ့ ချိန်တဲ့လူနဲ့ တွယ်တဲ့လူနဲ့ ဟုတ်လား၊ စာတွေ အမျိုးမျိုးအဖုံဖုံရောက်၊ ငွေတွေက အဝင်အထွက်တွေနဲ့ နေရာကျလိုက် တာ၊ သူတို့ကြည့်ရတာ အလုပ်နဲ့ လက်နဲ့ကို မပြတ်ဘူး၊ ကြည့်ရတာ ကျက်သရေရှိလိုက်တာတဲ့၊ ဟိုမှာဖြင့် ဒုက္ခရောက် နေလို့ သေလုနေပြီ၊ ဒီက နေရာကျတုန်းရှိသေးတယ် (မှန်ပါ)။
ဘယ့်နှယ်ဖြစ်နေတာတုံး (ရူးတာပါ ဘုရား) စဉ်းစားပါဦး ခင်ဗျားတို့ဟာ (ဒိဋ္ဌိအရူးပါ ဘုရား) ဒိဋ္ဌိက ဘာတွေ ရူးတာတုံး (ဒုက္ခကို သုခထင်နေပါတယ်) အဲ-ဒုက္ခကို သုခထင်တဲ့ ဒိဋ္ဌိအမှားနဲ့သူ ကြည့်တာကိုးဗျ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာဖြစ်နေကြတာတုံး ဒကာ ဒကာမတွေရဲ့ (ဒိဋ္ဌိရူး ရူးနေကြတာပါ) ဘယ်နှစ်ရူးတုံး (လေးရူးပါ ဘုရား) အံ မာအရူးတော့ဖြင့် ကုလို့ရသေးတယ် (မှန်ပါ) ဘယ်နှစ်ရူးများ ရူးနေသတုံး (လေးရူးရူးပါတယ် ဘုရား)။
မဂ်တည်းဟူသော ဆေးမှတစ်ပါး
လေးရူးတောင် ရူးနေတော့ ဒကာ ဒကာမတို့ ဒါဟာ မဂ်တည်းဟူသော ဆေးမှ တစ်ပါးဖြင့် ဆေးချက်မရှိ တော့ဘူး (မှန်ပါ)။
ဦးဘအုန်း ဘာတဲ့တုံး (မဂ်တည်းဟူသော ဆေးမှတစ်ပါး ဆေးမရှိပါ ဘုရား) သောတာပတ္တိမဂ်တည်းဟူသော ဆေးမှတစ်ပါး ဆေးချက်မရှိဘူး (မှန်ပါ)။
ဒကာ ဒကာမတို့ ဆေးချက်ဟာ ဒါပဲ၊ သောတာပတ္တိမဂ်ကိုပဲ ရအောင် ကြိုးစားလိုက်တာပေါ့ (မှန်ပါ) ဒီ့ပြင်နည်း နဲ့ဖြင့် (မရပါ ဘုရား) မရဘူး၊ ဒီနေရာမှာ ဆရာက ပြင်ပေးလိုက်၊ ဟိုအိမ်ကျတော့ အကုန်ဖောက်မှာပဲ၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒီနေရာ သွေးဆေးကလေးတို့ပေးလိုက်ဟုတ်လား၊ ဟိုနေရာကျတော့ သွေးဆေးပြယ်ပြီး သကာလ ကိုယ့်အရူးက ထမြဲ ထနေတာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တရားနာတုန်းတော့ တော်သလိုလိုနဲ့ပေါ့ဗျာ၊ ကိုယ့်သား ကိုယ့်သမီးနဲ့ ကိုယ့်အိမ်ကိုယ့်ရာ ရောက်သွားလို့ရှိ ရင် ဒီအရူး ဘယ့်နှယ်ဖြစ်လာသတုံး (အရူးပြန်ထလာပါတယ် ဘုရား) ပြန်ထလာတာပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ-ဒိဋ္ဌိမပြုတ်သေးသရွေ့ ကာလပတ်လုံး အနုသယသဘောနဲ့ နေတာကိုးဗျ (မှန်ပါ) ဟိုက အာရုံ၊ ဟိုက သားသမီးနဲ့ ပစ္စည်းအာရုံတွေ့ပြီဆိုမှဖြင့် (ဖောက်ပါပြီ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌာနုသယဆိုတဲ့ အရူး
ဒါဖြင့် ဒီအရူးကို ဒကာ ဒကာမတို့ အနုသယ ကိန်းနေတဲ့အရူးကို ဒိဋ္ဌာနုသယဆိုတဲ့ အရူးကို သောတာပတ္တိမဂ် နဲ့ မပယ်သရွေ့ ကာလပတ်လုံးဖြင့် တစ်ခါတည်း ဦးဘအုန်းတို့ ဦးခင်မောင်တို့ ဒီအရူးပျောက်ပါ့မလား (မပျောက်ပါ ဘုရား)။
ခဏတော့ ပျောက်တာပေါ့ဗျာ (မှန်ပါ) တော်တော်ကြာ ကိုယ့်အိမ်၊ ကိုယ့်ရာ အာရုံတွေနဲ့ တွေ့ပြီဆိုမှဖြင့် ဘယ့်နှယ်ဖြစ်လာသတုံး (အရူးပြန်ထလာပါတယ် ဘုရား) ပြန်ဖောက်ပြန်လာတာပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရူး သက်ရှည်နေသရွေ့ကာလပတ်လုံးဖြင့် ကျုပ်တို့သည် သူရူးတာ ကလဲ အသုဘကို ဘာထင်နေသတုံး (သုဘထင်နေပါတယ် ဘုရား)။
အင်း-အသုဘကို သုဘထင်နေတယ်ဆိုတော့ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ ဒုက္ခကို သုခထင်နေ ပါတယ်ဘုရား။
အရောင်းအဝယ်များ ပါးလိုက်တာတဲ့၊ စိတ်ပျက်လိုက်တာ၊ အရောင်းအဝယ်ပါးတော့ စိတ်ပျက်ကြတယ် ဒကာ ဒကာမတို့ (မှန်ပါ) ဘာဖြစ်လို့တုံး၊ ဒုက္ခမရောက်လို့လား (ဟုတ်ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့်တုံးဗျ (ဒုက္ခမရောက်လို့ပါ ဘုရား) ဒုက္ခမရောက်လို့ စိတ်ပျက်နေတယ်ဆိုပါတော့ (မှန်ပါ) ဖြစ်မှ ဖြစ်ရပလေဗျာ၊ ဒုက္ခမရောက်ရင်ဖြင့် ချမ်းသာရမှာမဟုတ်လား (မှန်ပါ)။
ယခုတော့ ဒုက္ခမရောက်ရရင်လဲ ဒကာ ဒကာမတို့ ဒီပုံတော့ အခက်သားပဲတဲ့၊ နဂိုက ခက်တာ သူသိသေးရဲ့ လား (မသိပါ ဘုရား) နဂိုက ဒုက္ခရောက်လို့ခက်တာကို ဦးခင်မောင်တွေးမိရဲ့လား (မတွေးမိပါ ဘုရား)။
ဒါဖြင့် သူတို့သည်ကားလို့ဆိုရင် ဒုက္ခကို ဘာထင်နေကြသတုံး (သုခထင်နေပါတယ် ဘုရား) ဒါ ဘာ အရူးတဲ့ တုံးဗျာ (ဒိဋ္ဌိအရူးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်ကလေး တွေ နှလုံးသွင်းနေတဲ့အချိန်
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ တရားနာနေတဲ့ အခိုက်အတန့်မှာ အရူးပျောက်တယ်၊ ဖြစ်ပျက်ကလေး တွေ နှလုံးသွင်းနေတဲ့အချိန်မှာ အရူးပျောက်တယ် (မှန်ပါ) ကျန်တဲ့ အချိန်မှာ ဘာအချိန်ဆိုကြမလဲ (အရူးထချိန်ပါ ဘုရား)။
အရူးချိန်က တစ်နေ့ ဘယ်နှစ်နာရီထားကြသတုံး (များပါတယ် ဘုရား) အတော်မများဘူးလား (များပါတယ် ဘုရား) အတော်များပါတယ်တဲ့၊ တစ်နာရီ၊ နှစ်နာရီ ထိုင်ကြတဲ့ပုဂ္ဂိုလ် နှလုံးသွင်းတဲ့ပုဂ္ဂိုလ်က ဦးခင်မောင်ရဲ့ ရှားတယ် (မှန်ပါ) အရူးချိန်များများထတာက များတယ်ဆိုတာ ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။
အခုစဉ်းစားကြည့်ပါတဲ့၊ ကိုယ့်ခန္ဓာကိုယ်ကြီးဟာ အနိစ္စခန္ဓာကိုယ်ကြီး၊ ခဏ ခဏ ပူလိုက်အေးလိုက်၊ ရုပ်တွေ က ပျက်လိုက်၊ စိတ်တွေက ပျက်လိုက်ဆိုတာ အနိစ္စ ခန္ဓာကိုယ်ကြီးက မသေသေးပါဘူး တော်တော်နဲ့တော့၊ နိစ္စထင် မနေဘူးလား (ထင်နေပါတယ် ဘုရား)။
ကိုယ့်ခန္ဓာကိုယ်ကြီး ဘယ်နေရာမှ မပိုင်တာကြီးကိုပင်လျှင် ဟာ-ကျုပ်သွားချင်တယ်ဆို ထသွားလိုက်တာပဲ (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ်တော့ နိုင်ပါရဲ့၊ သူတစ်ပါးတော့ မပြောတတ်ဘူးတဲ့ (မှန်ပါ) ကိုယ့်ကိုယ်ကိုယ်နိုင်တယ်လို့ ပြောတာ (မှန်ပါ ဘုရား)။
အနတ္တကို ဘာထင်ကြသတုံး (အတ္တထင်ပါတယ် ဘုရား) အတ္တထင်နေကြတော့ ဒိဋ္ဌိအရူးဆိုတာ သဘောကျပ လား (ကျပါပြီ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် နိုင်တယ်တဲ့
ရှိတာက ဘာပါလိမ့် (အနတ္တပါ ဘုရား) ကိုယ့်ကိုယ်ကိုယ် နိုင်တယ်တဲ့၊ သားနဲ့ သမီးတွေလဲ ပြောမရဆိုမရဘူး၊ ဒါကြောင့် ကိုယ့်ကိုယ်တော့ ကိုယ်နိုင်တော့ ကိုယ်နိုင်တဲ့ ဘက်က ကိုယ်ပဲလုပ်တာပဲ၊ သွားစရာရှိကိုယ်၊ စားစာရှိကိုယ်ပဲ၊ ကိုယ့်ကိုယ်တော့ ကိုယ်ပိုင်သကိုး၊ သူတို့ကျတော့ဖြင့် မတတ်နိုင်ဘူး ဒီလိုလာတာ (မှန်ပါ)။
ဦးဘတင်ရေ ကိုယ့်ကိုယ်တော့ ကိုယ်ပိုင်တဲ့သဘော မသုံးဘူးလား (သုံးပါတယ် ဘုရား) အဲဒါ အနတ္တကို ဘာ ထင်သတုံး (အတ္တထင်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အသုဘတွေကိုတော့ဖြင့် သုဘလို့ ထင်တာပဲ၊ လမ်းမှာတံတွေးထွေး နှပ်တွေ ညှစ်ခဲ့ရတယ်၊ အမူးအဝေးတွေ ကြောင့် ဆေးတွေ ဘာတွေ အမျိုးမျိုးကုခဲ့ရတယ်၊ မကုရသေးဘူးလား (ကုရပါတယ် ဘုရား)။
ကျင်ကြီး ကျင်ငယ်တွေလဲ စွန့်ခဲ့ရတယ်၊ ပြုခဲ့ရတယ်ဆိုတာကော မလုပ်ခဲ့ရဘူးလား (လုပ်ခဲ့ရပါတယ် ဘုရား) အင်း-ဒါတောင်မှာ ကျန်းမာလို့ လာနိုင်တာနော်လို့ ပြောချင်ပြောနေမှာဟုတ်လား (မှန်ပါ)။
နေထိုင်ကောင်းပြီး သကာလ ကျုပ်သည်ကားလို့ဆိုရင် လူထဲမဝင်ချင်မည့်စိတ်ရှိမယ်ဆိုရင်တော့ မလာပါဘူးတဲ့၊ အခုတော့ လူထဲဝင်လဲ နည်းနည်းကလေး ကြည့်ကောင်းရှုကောင်းခြင်းရှိနေသေးလို့ လာခဲ့တာပဲတဲ့၊ အင်း-ဘာဖြစ်နေတာ တုံး သူ့ဟာက (အသုဘကို သုဘထင်နေပါတယ် ဘုရား) အသုဘကို သုဘထင်နေပါတယ် ဒကာ ဒကာမတွေရဲ့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
လူမခေါ်ချင် သူမခေါ်ချင်နဲ့ဆိုရင်တော့ ကျုပ် ဒီရောက်အောင်တော့ မလာဘူးတဲ့၊ အခုတော့ လူထဲ သူထဲဝင် လို့ သိပ်ပြီး အရုပ်မဆိုးသေးပါဘူးတဲ့ (မှန်ပါ) ဒါကြောင့် မျက်စိမျက်နှာကလေး လာပြရသေးတယ်ပေါ့ဗျာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာလုပ်ကြတာတုံး (အသုဘကို သုဘထင်နေတာပါ ဘုရား) အသုဘကို သုဘထင်ပြီး ဂုဏ်ထုတ်နေတာ ဟို ကျမှ (မှန်ပါ) မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။
အသုဘကို သုဘထင်ပြီး ဂုဏ်ထုတ်ပြီး သကာလ နေတယ်၊ လာခဲ့ရတာ ကျုပ်ဖြင့် ဒီလာရမယ်ထင်တယ် ပင် ပန်းတယ်မထင်ပါဘူး၊ ကိုယ်ချစ်ခင်တဲ့ ကြင်နာတဲ့ အိမ်သွားကြရတော့မယ်ဆိုတော့ ပင်ပန်းတယ်များ ထင်ကြသေးသ လား (မထင်ပါ ဘုရား)။
မပင်ပန်းပါဘူးတဲ့၊ ကျုပ်လာခဲ့တာ ဒီကမေတ္တာနဲ့မို့ စသည်နဲ့တောင် သုံးချင်သုံးလိုက်ကြသေးတယ် (မှန်ပါ) ပြီးတော့ သူ့ပစ္စည်းသူသယ်လာခဲ့တဲ့ ဒုက္ခ၊ ချွေးတွေနဲ့ (မှန်ပါ ဘုရား) ပြီးတော့ မပင်ပန်းဘူး ပြောသေးတယ် (မှန်ပါ ဘုရား)။
ဒုက္ခသစ္စာကြီးထမ်းလာပြီး သူက ဘယ့်နှယ်ပြောသတုံး (မပင်ပန်းဘူးပြောပါတယ်) ပင်ပန်းတယ်လို့ သူက နည်းနည်းမှ မညည်းဘူး (မှန်ပါ) ညည်းရဲ့လား (မညည်းပါ ဘုရား)။
ခန္ဓာပေါ်၌ အမှားဘယ်နှစ်ချက်ရှိသတုံး
ထိုကဲ့သို့ မညည်းတာ ထောက်လို့ရှိရင် သူ့ကိုယ်သူ ဒုက္ခသစ္စာမြင်သေးရဲ့လား (မမြင်ပါ ဘုရား) မမြင်တော့ သုခထင်ပြီး သကာလ သူသည်ကားလို့ဆိုရင် ထမ်းလာခဲ့တဲ့ အဓိပ္ပာယ်မပေါ်ဘူးလား (ပေါ်ပါတယ်) အဲဒီတော့ မိမိ ခန္ဓာပေါ်၌ အမှားဘယ်နှစ်ချက်ရှိသတုံး (လေးချက်ရှိပါတယ် ဘုရား)။
အဲဒီလေးချက် မပျောက်သရွေ့ကာလပတ်လုံး ဒကာ ဒကာမတို့ အပါယ်လေးပါးနဲ့ သေခန်းရှင်ခန်း မပြတ် သေးဘူး၊ ဒိဋ္ဌိရှိနေတာကိုးဗျ (မှန်ပါ) သောတာပတ္တိမဂ်ရမှ ဒီဒိဋ္ဌိကပယ်မှာ (မှန်ပါ့ ဘုရား)။
ဦးဘတင် သောတာပတ္တိမဂ်ရမှ ဒိဋ္ဌိပယ်နိုင်တယ်မဟုတ်လား (မှန်ပါ) သောတာပတ္တိမဂ်မရသရွေ့ ကာလ ပတ်လုံး ဒိဋ္ဌိရူးဟူသရွေ့ကို ဘယ်သူမှ မပယ်နိုင်ဘူးလို့ ဦးဘအုန်းတို့ ဦးခင်မောင်တို့က ဆုံးဖြတ်ချက်ချ (မှန်ပါ) ရှင်း ပလား (ရှင်းပါပြီ ဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ သားနဲ့ သမီးနဲ့၊ သားသမီးနဲ့ အိမ်ထောင်ကျနေကြ၊ နေကြ ထိုင်ကြ ချစ်ကြ ခင်ကြ တယ်ဆိုတဲ့ ဥစ္စာသည် အသုဘကို သုဘထင်ပြီး သကာလ သုဘဒိဋ္ဌိဖြစ်လို့ပဲ ပေါင်းသင်နေထိုင်ကြတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သားတွေ သမီးတွေ ကျွေးရ မွေးရ ဆူကြ ပူကြ နေ့မအိပ်ရ ညမအိပ်ရနဲ့ ဒီလိုနေတဲ့ အမေမိဘတွေတောင်မှ ဒုက္ခကို ဘယ့်နှယ်ထင်သတုံး (သုခထင်ပါတယ် ဘုရား) ထင်တယ်တဲ့၊ သားကလေးတစ်ယောက် လူလားမြောက်လာတာ ဝမ်းသာရသေးတယ်၊ အံမာလေး၊ ပြုစုခဲ့ရတဲ့ဒုက္ခက နည်းသလား (မနည်းပါ ဘုရား) ဒုက္ခသစ္စာတွေကို နည်းသလား (မနည်းပါ ဘုရား)။
သို့သော်လဲ သူ့စိတ်ထဲမှာ ဒီဒုက္ခသစ္စာကို မြင်သလား ဝမ်းသာသလား (ဝမ်းသာပါတယ် ဘုရား) မိန်းကလေး မွေးရင်သာ ဝမ်းမသာရှိရမယ်၊ ယောကျ်ားကလေးမွေးရင်တော့ ဝမ်းသာသကိုးဗျ (မှန်ပါ့ ဘုရား)။
ဒီလို မလာဘူးလား (လာပါတယ်) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဒုက္ခကို ဘာထင်နေသတုံး (သုခထင်နေပါတယ် ဘုရား) ခက်ပကောဗျ၊ ဒီအရူးကို ဘယ့်နှယ်လုပ်ကြပါ့မတုံး (သောတာပတ္တိမဂ်ရမှ ဒီအရူးပျောက်မှာ ပါ ဘုရား)။
အကောင်းလည်လား၊ အရူးလည်လား
ဒါဖြင့် ဒီသံသရာမှာ ဥမ္မတ္တက အရူးအဖြစ်နဲ့ လည်နေရတယ်ဆိုတာများ ခင်ဗျားတို့ မနာကြပါနဲ့ (မနာပါ ဘုရား) ရှင်းပလား (မှန်ပါ) သံသရာထဲ ကျင်လည်ခဲ့ရတာ အကောင်းလည်လား၊ အရူးလည်လား (အရူးလည်ပါ ဘုရား) သံသရာခရီးကလဲ လမ်းဆိုး လမ်းကြမ်းကြီး သဘောကျပလား (ကျပါပြီ) ၉၆-ပါး လမ်းခရီးကြမ်းထဲမှာ အရူးဖြစ်ပြီး သကာလ သွားတော့ ခရောင်းမှန်း၊ ကျင်းမှန်း၊ ချိုင့်မှန်းသိသေးရဲ့လား (မသိပါ ဘုရား)။
ဒါဖြင့် နောက်တုန်းက ဘယ်လိုများ နေခဲ့ရပါလိမ့်မတုံးဆိုတော့ အို-လမ်းဆိုး လမ်းကြမ်းမှာ ကျွမ်းထိုးမှောက် ခုံ သေခြင်းဆိုးနဲ့ သေခဲ့ရတာချည်းပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) လမ်းဆိုး လမ်းကြမ်း မှာ အရူးသွား သွားခဲ့တော့ သေခြင်းဆိုး သေခဲ့ကြရတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဦးဘတင် ဘာတဲ့ (လမ်းဆိုး လမ်းကြမ်းပါ ဘုရား) ၉၆-ပါး လမ်းဆိုး လမ်းကြမ်းကြီး မဟုတ်လား (ဟုတ်ပါ တယ်) ဒီလမ်းကြမ်းကြီးထဲမှာ အကောင်းသွားလား၊ အရူးသွားလား (အရူးသွားပါ ဘုရား)။
အရူးသွားဆိုတာ တောင်မသိ မြောက်မသိ သွားတာပေါ့ (မှန်ပါ) အဲဒီတော့ လမ်းကြမ်းကလဲ ခလုတ်ကန် သင်းကလဲရှိ၊ တောင်မသိ မြောက်မသိကလဲ သွားပြန်၊ ဒိဋ္ဌိတည်းဟူသော မျက်လုံးကလဲ ကန်းပြန်၊ အရူးကလဲထပြန် ဆိုတော့ ဪ-တပည့်တော်တို့နောက်တုန်းက ဘယ်လိုများ နေခဲ့ပါလိမ့်မတုံးလို့ မမေးပါနဲ့တော့နော် (မှန်ပါ) လမ်း ကြမ်းမှာ သေခြင်းဆိုးသေခဲ့တယ်သာ မှတ်ပေတော့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (လမ်းကြမ်းမှာ သေခြင်းဆိုးနဲ့ သေခဲ့ရပါတယ် ဘုရား) နောက်တုန်းက နောက်တုန်းက နော် (မှန်ပါ) ရှေ့ကလဲ ဒိဋ္ဌိမပယ်သေးလို့ ရှိရင် ရှေ့လမ်းကြမ်းနဲ့ ဒီသေခြင်းဆိုးသွားရမယ့် ခရီးဖြင့် တန်းနေတာပဲ (မှန်ပါ) မတန်ဘူးလား (တန်းပါတယ် ဘုရား)။
ဦးဘအုန်း မနာနဲ့နော်၊ ဒါအမှန်ပြောနေတာ (မှန်ပါ) ဦးဘတင် ဘုန်းကြီးပြောတာ နည်းတယ်နော်၊ ကိုယ်သွား ရတဲ့လမ်းက ဒီထက်ကြမ်းတယ် (မှန်ပါ) ကိုယ်သေခဲ့ရတာ၊ သူများပါးစပ်ထဲမှာ လမ်းဆုံးခဲ့တာ နည်းသလား (မနည်းပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါ အသေဆိုးလား အသေကောင်းလား ကြည့်ပါ (အသေဆိုးပါ ဘုရား) လမ်းကလဲဘာတုံး (လမ်းကြမ်းပါ ဘုရား) ကြမ်းလိုက်တာ ထော်လို့၊ သွားတဲ့လူကလဲ ရူးလိုက်တာ နောက်လို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်လိုများ သေရှာပါလိမ့်မတုံး
ဘယ်လိုများ သေရှာပါလိမ့်မတုံး (သေခြင်းဆိုး သေပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ) ဒါနောက် ကနေခဲ့တဲ့အဖြစ်ပဲ၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဒီအသွားမျိုးနဲ့ ဒီလမ်းမျိုးနနဲ့ ဒီအရူးနဲ့ ဒီအသေနဲ့ဖြင့် နောက်ထပ်သွားချင်တဲ့လူဖြင့် ဒီထက်မိုက်တာ ရှာမတွေ့ဘူး (မှန်ပါ) ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒကာ ဒကာမတွေ ဒါ သေသေချာချာ ဆရာဘုန်းကြီးက ရှင်းပေးနေတာနော် (မှန်ပါ) သေသေချာချာ ရှင်း ပေးနေတာ၊ ခင်ဗျားတို့ မသိလို့ဖော်ပေးနေတာ (မှန်ပါ) နောက်တုန်းက ၉၆-ပါး လမ်းကြမ်းကြီးမှာ အရူးအနှမ်းကြီး အဖြစ်နဲ့ တောင်ရောက် မြောက်ရောက်ပြီး သကာလ ခလုတ်မှန်းမသိ ကျင်းမှန်းမသိ ကျားတော ဆင်တောမှန်းလဲမသိ၊ အရမ်းသွားပြီး သကာလ အရမ်းကျွမ်းထိုးမှောက်ခုံနဲ့ သေခဲ့ကြတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဘယ်လောက် များဆိုးသတုံး (ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတို့ နောက်က တပည့်တော်တို့ အဖြစ်ကဖြင့်ဘုရား၊ မရှုဝံ့ မကြားဝံ့အောင်ပဲ ဖြစ်နေပြီဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) လမ်းက ဘာလမ်းတဲ့ ဒကာ ဒကာမတို့ (လမ်းကြမ်းပါ ဘုရား)။
တည့်ပါဦး ထည့်ပါဦး ၉၆-ပါးလမ်းကြမ်း၊ ၉၆-ပါးဝေဒနာတွေချည်းပဲ၊ လေအောက်သွားလဲ (လေက နှိပ်စက် ပါတယ် ဘုရား) အညှော်အောက်သွားပြန်တော့ကာ (အညှော်က နှိပ်စက်ပါတယ် ဘုရား)။
အနံ့အသက်တွေဘက် သွားပြန်ကော (အနံ့အသက်တွေက နှိပ်စက်ပါတယ် ဘုရား) မြွေတော ကင်းတောသွားရ ပြန်တော့ကော (မြွေကင်းတို့က နှိပ်စက်ပါတယ်) ဒါဖြင့် ၉၆-ပါး လမ်းကြမ်းမှာ ခင်ဗျားတို့ မျက်စိမှိတ်သွားနေတော့ (မှန်ပါ့ ဘုရား)။
၉၆-ပါးလမ်းကြမ်းကြီးမှာ
ဘယ့်နှယ်ဆိုကြမလဲ (၉၆-ပါးလမ်းကြမ်းကြီးမှာ မျက်စိမှတ်သွားနေတာပါ) မျက်စိမှိတ်ပြီး လမ်းသွားနေတာ အနိစ္စလဲ မသိဘူး၊ နိစ္စထင်ပြီး ပြေးနေတာပဲ (မှန်ပါ) ဒုက္ခမှန်းလဲ မသိဘူး၊ သုခထင်ပြီး ပြေးနေတာပဲ၊ အသုဘမှန်းလဲ မသိဘူး (သုဘထင်ပြီး ပြေးနေပါတယ်) အသုဘကျတော့ ငိုပွဲဆင်ပြီး သေလိုက်၊ ဒီလိုကော မနေဘူးလား (နေပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခမသိဘဲနဲ့ သုခထင်ပြီး သွားလိုက်တဲ့အခါ ကိုယ့်ခန္ဓာကြီးက ဒုက္ခတွေပြလာတဲ့အခါ ဒီလိုများဖြစ် လိမ့်မယ် မထင်ဘူးဆိုပြီး သကာလ ငိုပွဲဝင်လိုက် သေပွဲဝင်လိုက် (မှန်ပါ) ဒီလိုပဲ မနေဘူးလား (နေပါတယ် ဘုရား)။
ဦးဇံရင် ဒီလမ်းသွားချင်သေးရဲ့လား (မသွားချင်ပါ) ဒီလမ်းလဲ မသွားချင်မှ ဒီအရူးလဲပျောက်မှ (မှန်ပါ) ဒီလမ်းကလဲ လမ်းကြမ်းနော် (မှန်ပါ) ဘေးပေါင်းရန်ပေါင်း ဘယ်လောက်ရှိသတုံး (၉၆-ပါး ရှိပါတယ် ဘုရား)။
၉၆-ပါးဟာဖြင့် ၉၆-ပါးလုံး ကိုယ့်ကိုမသေအောင် လုပ်နိုင်တဲ့ လျှော့ဈေးတစ်ပါးများပါသေးသလား(မပါပါ) ရိပ်မိပလားဗျ) (ရိပ်မိပါပြီ ဘုရား) လျှော့ဈေးတစ်ပါး မပါဘူး၊ ၉၆-ပါး၊ တစ်ချက်ထိရင် သေမှာချည်းပဲ (မှန်ပါ) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ၉၆-ပါး လမ်းကြမ်းထဲမှာ သွားရတဲ့အခါ အရူးသွားလား အကောင်းသွားလားလဲ တစ်ခါစဉ်းစားပါဦး (အရူးသွားပါ ဘုရား) အင်း-ခက်ပြီကော၊ ကိုယ့်အဖြစ်က ဒီထက်ဆိုးတော့ ရှာမတွေ့တော့ဘူး (မှန်ပါ) တွေ့သေးရဲ့လား (မတွေ့ပါ) ကိုမြရွှေရှေ့များ ဒီလမ်းကြီး ဘယ့်နှယ်တုံး (မသွားချင်ပါ ဘုရား) တော်လောက် ကြပလား (တော်လောက်ပါပြီ ဘုရား)။
ဦးဘအုန်း တော်လောက်ပလားဗျ ဒီလမ်း (တော်လောက်ပါပြီ ဘုရား) ဘယ့်နှစ်ကြိမ်လျှောက်လို့ ဘယ့်နှစ်ကြိမ် များ ငါးပါးမှောက်ခဲ့ပြီတုံးလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား) ဒါကြောင့် ခင်ဗျားတို့ အရိုးမြေ တွေကိုပဲ ခင်ဗျားတို့ သစ်ပင်စိုက်စားနေတယ်လို့ ပြောတာများ ယုံပလား (ယုံပါပြီ ဘုရား)။
ခင်ဗျားတို့ အိမ်ဝင်းကလေးတွေထဲမှာ ခင်ဗျားတို့ အရိုးတွေဟာ နှံ့နေတာပဲ၊ ကိုယ်သေခဲ့ရတဲ့အရိုးတွေ (မှန်ပါ) အဲဒါ မြေကောင်းကလေးတွေလုပ်ပြီး သကာလ ဒကာ ဒကာမတွေက ဒီနေရာက မြေကောင်းတယ်၊ ဒီနေရာ ဆလပ် ပင်စိုက် ဒီနေရာမှာ မုံညင်းပင်စိုက်နဲ့ ဒီအပင်ကပဲ ဆွတ်စားနေကြတာပဲ (မှန်လှပါ) အဲဒီမြေတွေဟာ ဘယ်သူ့အရိုး တွေနဲ့ ဘယ်သူ့အသားတွေက ဖြစ်နေတာတုံး (တပည့်တော်တို့ အရိုးအသားတွေက ဖြစ်နေတာတွေပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။
အရူးသွားသွားနေတဲ့ဥစ္စာ
အဲဒီတော့ ဒကာ ဒကာမတို့ ၉၆-ပါး လမ်းကြမ်းကြီးသွားတော့ သေတာနေရာရွေးသေးရဲ့လား (မရွေးပါ ဘုရား) ဟာ ထပ်ဖြင့် မသေတော့ပါဘူးလို့ကော ရှိရဲ့လား (မရှိပါ ဘုရား) အရူးသွားသွားနေတဲ့ဥစ္စာ ဒကာ ဒကာမတွေ အရူးကလဲ သံသရာက အရှည်ကြီးဆိုတော့ ဘဝတိုင်း တစ်ဘဝလာလဲ ဒီလမ်းသွား ဟိုလမ်းသွားနဲ့ သူ့ခြေရာချည်းဖြစ် နေတယ် (မှန်ပါ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (သူ့ခြေရာချည်း ဖြစ်နေပါတယ်) ဒါ သံဝေဂဉာဏ်ရအောင်လို့ ဟောတာ မဟုတ်ဘူး၊ ဖြစ်စဉ်ကိုက်ဟောတာလို့လဲ မှတ်ပါဦး (မှန်ပါ) ဘယ်လိုဟောကြမယ် (ဖြစ်စဉ်ကိုက် ဟောတာပါ ဘုရား)။
အဲ-ဒါကြောင့် ခင်ဗျားတို့ အခုအချိန်မှာ ဆရာ ဘုန်းကြီးက မှာတယ်၊ ဦးဘတင်တို့ ကိုလဲ မှာရတယ်နော်၊ မပြုံးပါနဲ့ဦး၊ ဦးဘတင်တို့ဆိုတာ မမှာသင့်ဘူးလား (မှာသင့်ပါတယ် ဘုရား)။
ဘာကြောင့်တုံးဆိုတော့ ဒီအရူးဟာ မပျောက်သေးလို့ (မှန်ပါ) ပျောက်ပလား (မပျောက်သေးပါ ဘုရား) ပျောက်တော့ မပျောက်သေးဘူး၊ အိမ်ကျတော့ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ စီးပွားရေးတွေသာ စကားပြောကြည့်ပါ၊ တစ်ခါတည်း ဗွေဖောက်လာတာပဲ (မှန်ပါ) မဖောက်ဘူးလား (ဖောက်ပါတယ် ဘုရား)။
အသုဘတွေလဲ ဘယ့်နှယ်ထင်လာသတုံး (သုဘထင်ပါတယ် ဘုရား) ပစ္စည်းတွေ ရှာဖွေရ သိမ်းဆည်းရစတဲ့ ဒုက္ခတွေလဲ ဘယ့်နှယ်ထင်လာသတုံး (သုခထင်လာပါတယ်) သုခထင်လာတယ်၊ ဒီလိုရမယ်ဆိုရင် ကျေနပ်ပါတယ်ဆို ပြီးတော့ ဒုက္ခပွေ့ပိုက်ပြီး သုခများ ထင်နေလိုက်သေးတယ် (မှန်ပါ) မထင်ဘူးလား (ထင်ပါတယ် ဘုရား)။
အသုဘတွေကျတော့ ဘယ့်နှယ်ထင်နေသတုံး (သုဘထင်ပါတယ် ဘုရား) မတင့်တယ်တာတွေကျတော့လဲ ထင်လွယ်လိုက်တာ၊ အရွယ်ကလေးကြီးလာလို့ ဝမ်းသာရသေးတယ်၊ သမီးကလေးကလဲ အရွယ်ကလေးကြီးလာလို့ ဝမ်းသာရသေးတယ်၊ သမီးကလေးလဲ အရွယ်ကလေးရောက်လာ၊ သားကလေးကလဲ ခိုင်းစေဖို့ဆိုတော့ သူတို့ကြည့်ရ တာ ကျက်သရေရှိလိုက်တာ၊ မင်္ဂလာရှိလိုက်တာ (မှန်ပါ) အသုဘကလေးတွေကို ဘယ့်နှယ်ထင်နေသတုံး (သုဘထင် ပါတယ် ဘုရား)။
ဘယ့်နှယ်ဖြစ်နေကြတာတုံး (ရူးနေတာပါ ဘုရား) နည်းနည်းလား များများလား (များများရူးပါတယ် ဘုရား) အရူးဘယ်တော့မှ ပျောက်ပါ့မတုံး (သောတာပတ္တိမဂ်ရမှ ပျောက်ပါမယ် ဘုရား)။
ခင်ဗျားတို့ကလဲ သောတာပတ္တိမဂ်ရမည့် အလုပ်ဆိုလို့ရှိရင် တစ်စတစ်စ လုပ်ရမှာပဲတဲ့၊ အရူးတာရှည် စေ ချင်တဲ့ သဘောပေါ်တယ် (မှန်ပါ)။
ဘယ်လိုပေါ်ပါလိမ့် (အရူးတာရှည်စေချင်တဲ့ သဘောပေါ်ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အခု အရူးထလိုက်ဦးမှာပဲ
ခင်ဗျားတို့ တစ်စ တစ်စလုပ်မယ်၊ တပည့်တော် ဘုန်းကြီးဟောထားတဲ့ တရားတော့ မလျှော့ဘူး၊ ဖြည်းဖြည်း တော့ လုပ်မှာပဲဆိုတော့ ဒါဖြင့် အခု အရူးထလိုက်ဦးမှာပဲ၊ ဒီအဓိပ္ပာယ်ကော မပါဘူးလား၊ ပါသလား (ပါပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဖြည်းဖြည်းသမားသည် ဘယ်လို အာဘော်နှလုံးသွင်းရှိတယ်ဆိုတာ ကိုယ့်ဟာကိုယ်လဲ ရိပ်မိကြပါပြီ (မှန်ပါ ရိပ်မိပါပြီ ဘုရား) ဘယ်လိုများ ရိပ်မိသတုံး (အခုအရူးထချင်လို့ပါ) နည်းနည်းကလေး တပည့် တော်တို့ ဖြုန်းခနဲပျောက်သွားရင် မကောင်းတတ်ဘူး၊ မတော်လူရယ်စရာဖြစ်နေလိမ့်မယ် မဟုတ်ဘူးလား (မှန်ပါ)။
ဖြည်းဖြည်းဆေးဆေးပျောက်လို့ရှိရင် ကျေနပ်တယ် မဟုတ်ဘူးလား (မှန်ပါ) ဒီအဓိပ္ပာယ်စကားကတော့ မ ရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါလဲ ခင်ဗျားတို့ စင်စစ်တော့ ရူးချက်က ကောင်းနေသေးတော့ အရူးပျောက်မှာကို ကြောက်နေတယ် (မှန်ပါ ဘုရား)။
ဒါဖြင့် ဝက်ရူးပြန်တဲ့လူနဲ့ ရေနဲ့မတည့်သလို ဖြစ်နေတယ် (မှန်ပါ) ဝက်ရူးပြန်တဲ့လူဟာ ဘယ့်နှယ် ဖြစ်နေသတုံး (ရေနဲ့ မတည့်ပါ ဘုရား) ရေဆိုတာအေးတော့ ဝက်ရူးပြန်တဲ့ လူဟာ ရေနဲ့မတည့်ဘူး (မတည့်ပါ ဘုရား) ဪ-ဒီလို ကိုး ကိုယ့်ဝေဒနာက (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်ဝေဒနာက ဘာဝေဒနာရှိသတုံး (ဝက်ရူးပြန်တဲ့ရောဂါရှိနေပါတယ် ဘုရား) ဝက်ရူးပြန်ရှိနေတော့ မဂ် ရေစင်နဲ့ကျတော့ ဘယ့်နှယ်ဖြစ်နေသတုံး (ကြောက်ပါတယ် ဘုရား)။
ကြောက်နေတယ်၊ တစ်စတစ်စ သောက်ပါရစေ၊ မတော်လုံးလုံး ပျောက်သွားရင် ဦးခင်မောင်ခက်မှာ စိုးလို့ ထင်ပါရဲ့၊ သူရောစရာလူ မရှိမှာစိုးလို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်လိုဖြစ်နေကြသတုံး (ရောစရာလူမရှိမှာ စိုးလို့ပါ ဘုရား) ရှိပါတယ်ကိုသစ်ရဲ့၊ သောတာပန်တွေနဲ့ ကျတော့ တည့်သွားရော (မှန်ပါ) အခုတော့ အရူးထဲကို ကိုယ်က လက်လျှိုချင်ပြီးနေတဲ့အတွက် ဒီလိုဖြစ်နေရတာကိုး (မှန်ပါ)။
ရောဂါလေးမျိုးပြောထားတယ်
အဲဒီတော့ ခင်ဗျားတို့ ရောဂါရှိတုန်းမှာ ရောဂါရှိပါတယ်လို့ သိလို့ရှိရင်ဖြင့် ဆေးရှာကြပါဆိုတဲ့ဥစ္စာ ဒီနေ့ ရောဂါလေးမျိုးပြောထားတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရောဂါဘယ်နှစ်မျိုးရှိသတုံး (လေးမျိုးရှိပါတယ် ဘုရား) ဒါဖြင့် တစ်စကုရင်တော့ ခင်ဗျားတို့ ရောဂါက ဦး ထောင်ပဲ့ထောင် လာပါလိမ့်မယ်ထင်သနော် (မှန်ပါ)။
ရောဂါက တစ်စတည်းကုရတာမဟုတ်ဘူး၊ ဘယ့်နှယ်ကုရသလဲ (လေးမျိုးကုရပါတယ်) လေးမျိုးကုနေရတယ်၊ တစ်စကုရင် ဘာဖြစ်မယ်ထင်ကြသတုံး (ဦးထောင်ပဲ့ထောင်ဖြစ်မှာပါ ဘုရား) နှစ်စကုလိုက်ရင် (နှစ်စထောင်ဦးမှာပါ ဘုရား)။
ဒါကြောင့် ဘုရားအဆူဆူ ကုသွားငြားသော်လဲ ဒီလူတွေ မပျောက်လို့ ကျန်ရစ်နေတာ (မှန်ပါ ဘုရား) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား) ဘုရားအဆူဆူမကုဘူးလား (ကုပါတယ်) ကုလျက်သားနဲ့ ကျန်နေရစ်ပုံထောက်ရတော့ ဦး ထောင် ပဲ့ထောင်သမားတွေပဲဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား)။
ကဲ-ဒီကရှေ့တော့ ဦးထောင် ပဲ့ထောင် ဇာတ်သိမ်းကြပါတော့ဗျာ၊ ကြိုက်ကြိုက် မကြိုက်ကြိုက် မှိတ်သာ မျို တော့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မှိတ်မျိုမှ ဒီအရူးပျောက်မှာ (မှန်ပါ) ကိုယ်သောက်ချင်မှ သောက်မယ်ဆိုရင်တော့ ရူးနေတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်သောက်ချင်ဆိုတာ မလာဘူး (မှန်ပါ)။
အဲဒီတော့ ကိုယ်သောက်ချင်မှ သောက်တယ်ဆိုတဲ့ဥစ္စာတော့ လာမယ်မဟုတ်ဘူး၊ ခင်ဗျားတို့အတွက် မစဉ်းစား နဲ့၊ ဘာဖြစ်လို့တုံး၊ အရူးမှ မပျောက်သေးဘဲ (မှန်ပါ) အရူးက ဆေးသောက်ချင်တယ်ဆိုတာ ထုံးစံရှိရဲ့လား (မရှိပါ ဘုရား) ဆေးခွက်ကိုင်ရင် ပြေးမှာပဲ (မှန်ပါ)။
အဲဒီတော့ ဒီလိုစိတ်ကူးမနေနဲ့၊ ခင်ဗျားတို့ အခုအရည်လည်ပြီ မဟုတ်လား (မှန်ပါ) အရည်လည်တော့ ငါမ သောက်ချင်သောက်ချင် ဆရာဘုန်းကြီးတိုက်တာတော့ မှိတ်သောက်မယ် (မှန်ပါ) ဒီလိုကိုလုပ် (မှန်ပါ)။
ဘယ်လိုလုပ်ကြမှာတုံး (မှိတ်ပြီးသောက်ရမှာပါ ဘုရား) မှိတ်ပြီး သောက်ရမှာပဲ၊ ဒကာ ဒကာမတွေ ကိုယ် သောက်ချင်တာဖြင့် စောင့်မနေနဲ့တော့၊ ဘယ်တော့မှ သောက်ချင်မှာ မဟုတ်ဘူး (မှန်ပါ)။
ဘာဖြစ်လို့တုံး၊ သားနဲ့လဲ ပျော်နေမှကိုး၊ သမီးနဲ့ကော (ပျော်နေမှာပါ ဘုရား) တစ်ခါတည်း ဒိဋ္ဌိနဲ့ပဲ အနိစ္စက နိစ္စဖြစ်ပြီးပျော်၊ ဒုက္ခက သုခဖြစ်ပြီးပျော် (ပျော်ပါတယ် ဘုရား) အနတ္တက (အတ္တဖြစ်ပြီး ပျော်ပါတယ် ဘုရား) အသုဘ က (သုဘဖြစ်ပြီးပျော်ပါတယ် ဘုရား) ပျော်နေတော့ သူက အရူးကို ပျောက်သေးရဲ့လား (မပျောက်ပါ ဘုရား)။
အဲ-အရူးမပျောက်တဲ့ပုဂ္ဂိုလ် ဆေးရှာဦးမလား (မရှာပါ ဘုရား) အဲ-ကိုယ်မရှာတတ်တဲ့အတူတူတော့ဖြင့် အခု အရည်လည်နေတဲ့ အချိန်ကလေးပေါ့ဗျာ၊ ခဏလောက်ပေါ့နော် (မှန်ပါ)။
ဆေးချက်ကို နှောင့်နှေးနေရင်
အိမ်ရောက်ရင်လဲ ဒီအရူးပြန်ထမှာ၊ အခု မြန်မြန်လုပ်မှ ဆေးချက်ကို နှောင့်နှေးနေရင် ရမှာမဟုတ်ဘူး (မှန်ပါ) ရမယ်များ ထင်သလား (မထင်ပါ ဘုရား) အိမ်ကျလို့ရှိရင် ခင်ဗျားတို့ ဘယ်နည်းနဲ့မှ မသောက်ဘူး၊ ဝက်ရူးပြန် နဲ့ ရေနဲ့ မတည့်သလိုဖြစ်လာမှာပဲ (မှန်ပါ့ ဘုရား) မဖြစ်ပေဘူးလား ဖြစ်မလား (ဖြစ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါနာအောင် ပြောတာ မဟုတ်ပါဘူးတဲ့၊ ဒကာ ဒကာမတွေဖြစ်စဉ်က ဒီအတိုင်းပဲ (မှန်ပါ)။
ဦးဘအုန်း ဒါ နာအောင်ပြောတာလား၊ ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ်ကိုက်ပါ ဘုရား) ဖြစ်စဉ်ကိုက်ပါပဲ၊ အိမ်ကျ တော့ တရားနှလုံးမသွင်းနိုင်ဘူးလားဆိုတာ လာသေးတယ် (မှန်ပါ) ဘာဖြစ်လို့တုံးဗျ (အရူးပြန်ထတာပါဘုရား။)
ဒီကျတော့ ဆရာဘုန်းကြီးနဲ့ တွေ့တဲ့အခါကျတော့ တပည့်တော်တို့ စိတ်ထဲမှာလဲ အေးပြီး သကာလ အားထုတ် မဟဲ့ဆိုတဲ့စိတ်ကို တစ်ခါတည်း သန်သန် ထွားထွား မွေးတာပဲ၊ အိမ်ရောက်သည်နှင့် တစ်ပြိုင်နက်တည်း အဖြစ်ဆိုး ဝိပါကဝဋ်မကုန်တော့ လုပ်ဖြစ်တယ်လို့ကို မရှိဘူးဆိုတာ အရူးထရတာနဲ့ အချိန်ကုန်သွားတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးဘတင် ဘာနဲ့ အချိန်ကုန်သလဲ (အရူးထရတာနဲ့ အချိန်ကုန်ပါတယ် ဘုရား) အမလေး ၂၄-နာရီတောင် ပိုလိုက်ချင်သေးထင်ပါရဲ့၊ ရှိတာက ၂၄ နာရီရှိပေလို့သာ ဟင် (မှန်ပါ) နို့မဟုတ်ရင် ပိုဦးမယ် (မှန်ပါ) မပိုဘူးလား (ပိုပါတယ် ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ရာတမ်းလူလာဖြစ်ရတာ မကောင်းဘူး၊ သိန်းသန်းတမ်းများ လူဖြစ်ရတာ ကောင်းတယ်လို့ မထင်ပေဘူးလား ဒကာ ဒကာမတို့ (မှန်ပါ) ဒါမှ အရူးသက်ရှည်မှာကိုး ဒကာ ဒကာမတို့ (မှန်ပါ)။
ကိုင်း- ဒါဖြင့် အရူးသည်ကားလို့ဆိုရင် သောတာပတ္တိမဂ် မရသရွေ့ ကာလပတ်လုံး ဘယ်သူဆေး တိုက်တိုက် မပျောက်လို့မှတ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သောတာပတ္တိမဂ် ဆေးမှတစ်ပါး
သောတာပတ္တိမဂ် မရသရွေ့ကာလပတ်လုံး (ဘယ်သူ ဆေးတိုက်တိုက် မပျောက်ပါ ဘုရား) မပျောက်ပါဘူးး ဒကာ ဒကာမတို့၊ သောတာပတ္တိမဂ် ဆေးမှတစ်ပါး ပျောက်ရေးမရှိဘူးလို့မှတ်ပါ (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် (သောတာပတ္တိမဂ်ဆေးမှတစ်ပါး ပျောက်ရေးမရှိပါ ဘုရား) ပျောက်ရေးမရှိဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့ ကြည့်ပါလား၊ ကိုယ့်သားကလေး သမီးကလေး ညီမ သားချင်းကလေးများ ပျက်စီးတဲ့အခါကျတော့ လူလာရင် ဧည့်ခံတယ် ကြည့်စမ်းပါလား၊ လှလိုက်တာဆိုတာ ပြောနေတယ်၊ ဟိုမှာဖြင့် အသုဘဖြစ်နေပြီ (မှန်ပါ) အသုဘဖြစ်တာတောင် ဘယ့်နှယ်နေတယ် ပြောကြသတုံး (လှတယ်ပြောပါတယ် ဘုရား) အလှနဲ့ ဧည့်ခံတုန်းရှိနေသေး တယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) အဲဒါ ဘာဖြစ်နေတာတုံး (အသုဘကို သုဘထင်နေတာပါ ဘုရား) သုဘဒိဋ္ဌိဖြစ်နေတာ (မှန်ပါ)။
အဲဒီတော့ ဆင်းရဲပြီး သကာလ ဒုက္ခရောက်ပြီး သကာလ နေငြားသော်လဲ သူ့ဟာသူ ရှာစားတတ်လို့ ဝမ်းသာ ရသေးတယ် ပြောချင်ပြောနေတာ (မှန်ပါ) ဟိုမှာဖြင့် ဒုက္ခရောက်လို့ကို မူးနေပြီ (မှန်ပါ)။
ဒီအမေမိဘက ဘာဖြစ်နေသတုံး (သုခထင်နေပါတယ် ဘုရား) သုခထင်နေတယ်၊ သူတို့လက်ကလေး သူတို့ခြေ ကလေးနဲ့ သူတို့ရှာစားနေတယ်-တဲ့၊ ဝမ်းသာရတယ်၊ အမေမိဘက ဟိုမှာဖြင့် ဒုက္ခရောက်လို့ လဲသေတော့မယ်ဗျ (မှန်ပါ) ခင်ဗျားတို့က ဘယ့်နှယ်ဖြစ်နေသတုံး (ဝမ်းသာနေပါတယ် ဘုရား)။
အခုကြည့်ပါလား၊ သားကလေးတွေ သမီးကလေးတွေ အခုအချိန် အမေမိဘမှီနေတုန်းတော့ ဒါလောက် ဝမ်းမသာသေးဘူး မဟုတ်လား (မှန်ပါ)။
အိမ်ထောင်ကလေးချပြီးတော့ သူ့လက်သူ့ခြေနဲ့ စီးပွားရေးကလေးဖြစ်လာတော့ ဦးခင်မောင် ဘယ့်နှယ်နေသ တုံး (ဝမ်းသာသွားပါတယ် ဘုရား)။
နဂိုက အိမ်မှာနေတုန်းက မိဘမှီခိုနေပြီး ချမ်းသာနေတုန်းကတော့ ဝမ်းသာရဲ့လား ဒါလောက် (မသာပါ ဘုရား) ဟိုမှာ ဒုက္ခရောက်မှ (ဝမ်းသာပါတယ် ဘုရား) ဖြစ်မှဖြစ်ရလေ ခင်ဗျားတို့က အရူးကလဲ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
ဟိုမှာ တစ်ခါတည်း သူ့သားနဲ့ မယားနဲ့ အိမ်မြောင်အမြီးပြတ်လုပ်ပြီးတော့မှ ချာချာလည်နေတော့မှပဲ အမေ မိဘတွေက သေပျော်ပြီ၊ သူတို့အိုးနဲ့ သူတို့ ထမ်းနိုင်ပြီတဲ့ (မှန်ပါ)။
အံမာလေး ပြောပဲမပြောချင်ပါဘူး၊ ခင်ဗျားတို့ ရူးပုံများတော့ (မှန်ပါ့ ဘုရား) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
အခု ခင်ဗျားတို့ ဘာမျှော်လင့်နေကြတာတုံး၊ သားလေး သမီးငယ်ကလေးတွေကို သူ့ဟာနဲ့သူချထား၊ ကိုယ်က မဖေးရ၊ မမ,ရဘဲနဲ့ သူ့ဟာသူရှာစားတတ်ရင် အမေမိဘတွေက ဘယ့်နှယ်ဖြစ်နေသတုံး (ကျေနပ်ပါတယ် ဘုရား)။
ဘာဖြစ်လို့ ကျေနပ်တာတုံး၊ ကလေး ဒုက္ခရောက်လို့လား (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား) ကလေးဒုက္ခရောက်လေလေ၊ ခင်ဗျားတို့က ဘာတုံး (ဝမ်းသာလေလေပါ ဘုရား)။
ဒုက္ခရောက်တာ စောစောကြည့်ချင်လို့
ဒါကြောင့် ငယ်ငယ်ကပဲ ဒီကလေးကို နေရာချထားပေးရတယ်တဲ့၊ လာပြီကောဗျ (မှန်ပါ) ဘာဖြစ်လို့တုံး ဒုက္ခရောက်တာ စောစောကြည့်ချင်လို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ ဒုက္ခလား၊ သုခလား၊ ခင်ဗျားတို့ စဉ်းစားကြည့်ပါ (ဒုက္ခပါ ဘုရား) အဲ-ဒုက္ခရောက်တာကို အမေမိဘတို့က ကြည့်ချင် မကြည့်ချင် (ကြည့်ချင်သလို ဖြစ်နေပါတယ် ဘုရား)။
ဟောဒီ အမေမိဘဟာ အမှန်လား-အရူးလား ခင်ဗျားတို့ စဉ်းစားကြည့် (အရူးပါ ဘုရား) ဟော အမေ မိဘက ရူးတာ သားတွေ သွက်ချာပါဒလိုက်ကုန်တာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့ ဒဏ်ချက်ကို မပျောက်သေးဘူး (မှန်ပါ ဘုရား) ပျောက်ပလား (မပျောက်သေးပါ ဘုရား) ဘယ့်နှယ်နေကြသတုံး၊ ဒါဖြင့် နာတုန်းပဲလား ကျင်တုန်းပဲလား (ကျင်တုန်းပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား။)
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတွေ ဒီအရူး ဘယ်တော့မှ ပျောက်ပါ့မတုံး (သောတာပတ္တိမဂ်ရမှ ပျောက်မှာပါ ဘုရား) ဒါဖြင့် ရူးမှန်းသိလို့ရှိရင်လဲ သောတာပတ္တိမဂ်ရအောင် ဦးဘတင် ကြိုးစားဗျ (မှန်ပါ) ရူးမှန်းမသိရင်တော့ မကြိုးစားပေဘူးပေါ့ဗျာ (မှန်ပါ)။
ရူးမှန်းမသိတဲ့ပုဂ္ဂိုလ်ကို ဘယ်လိုဆုံးဖြတ်ချက်ချမတုံး (ရူးတုန်းပါ ဘုရား) ဒီလိုမဆိုနဲ့၊ အရူးမှန်းမသိသေးဘူး၊ ရူးတော့ ရူးနေပြီ (မှန်ပါ)။
သူ့ဟာသူတော့ ဘယ့်နှယ်တုံး (ရူးမှန်းမသိသေးပါ ဘုရား) ခက်ပြီကော၊ အဲဒါသာခက်တယ် (မှန်ပါ) မခက်ဘူး လား ဒကာ ဒကာမတို့ (ခက်ပါတယ် ဘုရား)။
ရူးတဲ့ပုဂ္ဂိုလ်က ရူးမှန်းသိလို့ရှိရင်
ရူးတဲ့ ပုဂ္ဂိုလ်က ရူးမှန်းမသိတာ ဘယ့်နှယ်တုံး (ခက်ပါတယ် ဘုရား) ရူးတဲ့ပုဂ္ဂိုလ်က ရူးမှန်းသိလို့ ရှိရင်ဖြင့် သူဆေးရှာလိမ့်ဦးမယ်၊ ဆရာရှာလိမ့်ဦးမယ်ဆိုတာ သေချာတယ် (မှန်ပါ)။
ရူးနေလျက်နဲ့ပဲ ကျုပ်မှာ ဘာဝေဒနာရှိလို့တုံး မေးရင်တော့ ခက်ပြီ ဒီဥစ္စာ (မှန်ပါ) မခက်သေးဘူးလား (ခက်ပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ရူးမှန်းသိပလား (သိပါပြီ ဘုရား) ဘာရူးပါလိမ့်ဗျာ (ဒိဋ္ဌိရူးပါ ဘုရား) ဘယ်လောက်ကြာခဲ့ပြီတုံး (တစ်သံသရာလုံးပါ ဘုရား) ဘေတောင်မကဘူး၊ ကျောက်တုံးကြီးများ ဖြစ်နေပလား မပြောတတ်ဘူး ဟင် (မှန်ပါ ဘုရား)။
ငှက်ဖျားကျတော့ ဘေလုံးကလေးသေးသေးကလေးရှိတယ်၊ ဒီမှာတော့ ကျောက်တုံးကြီးများ ဖြစ်နေပလား မပြောတတ်ဘူး၊ ဖြေလို့မှရပါ့မလား ဒကာ ဒကာမတို့ ဟင် (မှန်ပါ) အတော်ကို ဆိုးရွားနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဒီဥစ္စာ သောတာပတ္တိမဂ်ရမှ ပယ်နိုင်မယ်ဆိုတာကတော့ ဧကန်မှတ်ကြပါတော့ဗျာ (မှန်ပါ)။
အနိစ္စမြင်အောင် ကြည့်
ဒါကြောင့် သောတာပတ္တိမဂ်ရချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မိမိတို့ ခန္ဓာကိုယ်ကိုအနိစ္စမြင်အောင် ကြည့် ဖို့ပေါ့ဗျာ (မှန်ပါ) အနိစ္စမုန်းအောင် (ကြည့်ရပါမယ် ဘုရား) အနိစ္စဆုံးအောင် (ကြည့်ရပါမယ် ဘုရား)။
ကြည့်ရင် ဘာတွေ့မတုံး၊ နိစ္စနိဗ္ဗာန်တွေ့မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သောတာပတ္တိမဂ်ရချင်လို့ရှိရင် ဘာလုပ်ကြရမယ် (အနိစ္စမြင်အောင်ကြည့်ရပါမယ် ဘုရား) အနိစ္စကို ရှေးဦးစွာ မြင်အောင်ကြည့်၊ ပြီးတော့ကာ (အနိစ္စမုန်းအောင် ကြည့်ရပါမယ် ဘုရား) နောက်ကျတော့ ဘယ့်နှယ်လုပ် မယ် (အနိစ္စဆုံးအောင် ကြည့်ရပါမယ်) အနိစ္စဆုံးတော့ ဘာတွေ့မယ်ထင်သတုံး (နိစ္စနိဗ္ဗာန် တွေ့ပါမယ် ဘုရား)။
အဲဒီနိစ္စနိဗ္ဗာန်ကို ဖျတ်ခနဲလဲတွေ့ရော ဒီအရူးပျောက်သွားမယ် (မှန်ပါ) မပျောက်သေးဘူးလား (ပျောက်ပါ မယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပဋာစာရီ အဝတ်မကပ်ခင်တုန်းက ဒီအရူးပဲဗျ (မှန်ပါ) ဒီဒိဋ္ဌိရူးနေတာ ဒိဋ္ဌိမကွာသေးလို့ (မှန်ပါ) ဒိဋ္ဌိမကွာ တော့ တစ်ခါတည်း ခင်ပွန်းကလဲသေ၊ သားက လဲသေ၊ အမေမိဘတွေက လဲသေ၊ အိမ်ကြီးကလဲ မီးလောင်ဟုတ်လား၊ ဒီတော့ တစ်ခါတည်း အဝတ်ကပ်သေးရဲ့လား (မကပ်ပါ ဘုရား)။
ဒုက္ခလဲဟောလိုက်ပါရော
မြတ်စွာဘုရားက “န သန္တိ ပုတ္တာ တာဏာယ” ဆိုတဲ့ ဂါထာကလေးနဲ့ မျက်ရည်ကျခဲ့တဲ့ ဒုက္ခသစ္စာကြီးဟာ သမုဒ္ဒရာရေလေးစင်းလောက် ဒုက္ခရောက်ခဲ့ပြီစသည်ဖြင့် ဒုက္ခလဲဟောလိုက်ပါရော အဝတ်ကောက်ဝတ်တယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့ အဝတ်ကောက်ဝတ်သတုံး (ဒုက္ခမြင်သွားလို့ပါ ဘုရား) အဲ-ဒုက္ခသစ္စာမြင်တော့ ဒိဋ္ဌိအရူးပျောက် တယ် (ပျောက်ပါတယ် ဘုရား) သောတာပန် တည်သွားတာကိုးဗျ (မှန်ပါ)။
ဦးဘတင် ဒိဋ္ဌိအရူးမပျောက်သေးဘူးလား (ပျောက်ပါတယ် ဘုရား) ဒီဒိဋ္ဌိအရူးပျောက်တော့ သူဘယ့်နှယ်ဖြစ် နေသလဲ (သောတာပန်တည်ပါတယ် ဘုရား) အဝတ်ဝတ်ပလား (ဝတ်ပါပြီ ဘုရား)။
အဲ-ဒါဖြင့် အခုဝတ်ထားတဲ့ အဝတ်တွေကတော့ အရူးအဝတ်တွေရှိသေးတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သောတာပန်တည်တဲ့ အဝတ်ကျမှ မြဲမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီၤ ဘုရား)။
အခုဝတ်ထားတဲ့ အဝတ်တွေကတော့ (အရူးအဝတ်ပါ ဘုရား) တွေ့ရာကောက်ဝတ်ထားတာ အရူူးဝတ်ရှိသေး တယ် (မှန်ပါ) သောတာပတ္တိမဂ်ရတဲ့ အဝတ်ကတော့ (အဝတ်မြဲပါတယ် ဘုရား)။
အဲ-သောတာပတ္တိမဂ်ရမှ သီလအဝတ်က မြဲတယ်၊ အခုဟာက အရူးဝတ်ပဲရှိသေးတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲ-သောတာပတ္တိမဂ်ရမှ သီလအဝတ်က မြဲတယ်၊ အခုဟာက အရူူးဝတ်ပဲရှိသေးတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ-ကိုယ့်အဝတ်နဲ့ ကိုယ်တော့လိုက်တယ် ထင်ကြမှာပဲ၊ ထင်ပင်ထင်ငြားသော်လဲ တွေ့ကရာ လျှောက်ဝတ်နေတဲ့ အတွက် အရူးအဝတ်လို့ပဲ မှတ်ကြပါဦးတော့ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
မာဂဏ္ဍီ ပရိဗိုဇ်ဝတ္ထုကို စကြဦးစို့
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ မာဂဏ္ဍီ ပရိဗိုဇ်ဝတ္ထုကို စကြဦးစို့၊ ဒါ မာဂဏ္ဍီဝတ္ထုဟောမလို့ ရှေ့ပိုင်းခင်းတာပဲ၊ ဦးဘအုန်း (မှန်ပါ)။
မာဂဏ္ဍီအကြောင်းကို ဒကာ ဒကာမတွေကို ဟောထားတာက သူက ကိလေသာပွားစီးခြင်းကို ကြိုက်တယ် (မှန်ပါ) ဘုရားက ကိလေသာချုပ်ငြိမ်းမှုကို ကြိုက်တယ် (မှန်ပါ ဘုရား)။
ဘုရားအကြိုက်နဲ့ မာဂဏ္ဍီအကြိုက်နဲ့ ဒကာ ဒကာမတွေ ခြားခြားနားနား ကွာနေတယ် (မှန်ပါ) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။
ကဲ-ဘုရားအကြိုက်က ဘယ့်နှယ်ကြောင့် ကွာရတယ်၊ မာဂဏ္ဍီ ဘယ်လိုကြောင့် ကွာရသတုံးဆိုတော့ မာဂဏ္ဍီ ကတော့ ဒကာ ဒကာမတို့ မာဂဏ္ဍီဝတ္ထု မာဂဏ္ဍီၤဖြစ်စဉ်ကို ရှေ့ကတန်းပြမယ် (မှန်ပါ)။
ဦးခင်မောင် ဒီဘက်က အဆင်းပေါ့ဗျာ (မှန်ပါ) ဒီကနေပြီး သကာလ မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ မြင်ရဲ့လား (မြင်ပါတယ် ဘုရား)။
အဆင်းကလေးကိုမြင်သည်နှင့် တစ်ပြိုင်နက်တည်း အဆင်းနဲ့ အဆင်းရုပ်နှစ်ခုတည့်တယ်ဆိုရင် မြင်စိတ်ပေါ် တယ်လို့ မနေ့ကပြောခဲ့တယ် (ပြောခဲ့ပါတယ် ဘုရား) ဒီတော့ တစ်ခါတည်း ဒီမြင်တာကလေးကိုပင်လျှင် လိုချင်တယ်၊ လိုချင်ပြီး ဘာတဲ့ (စွဲလမ်းပါတယ်) စွဲလမ်းပြီး သကာလ ဘာတဲ့ (အားထုတ်ပါတယ်) အားထုတ်တယ်၊ အဲဒီမှာ အသာ ထားလိုက်ဦး။
အဲဒီတော့ကို ဘယ်သူ့ကို အားထုတ်တာတုံးဆိုတော့ ဒါကလေးရဖို့ အားထုတ်တာ (မှန်ပါ) အာရုံရဖို့ အား ထုတ်တာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာရဖို့ အားထုတ်တာတုံး (အာရုံရဖို့ အားထုတ်ပါတယ် ဘုရား) အဲ ခုနက သူမြင်တာကလေးရဖို့ပေါ့ဗျာ၊ ရွှေဖြင့်ရွှေ၊ ငွေဖြင့်ငွေ၊ လူဖြင့်လူပေါ့ဗျာ (မှန်ပါ) မြင်တာကလေးရဖို့ အားမထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။
သူကအနိစ္စမို့ အပျက်စောတယ်
အဲ-သူက အားထုတ်တဲ့အချိန်မှာ သူကအများကြီး နောက်ကျသွားတယ် (မှန်ပါ) သူကအနိစ္စမို့ ဦးခင်မောင် အပျက်စောတယ် (မှန်ပါ) သူက အားထုတ်တုန်းရှိသေးတယ်၊ ဒီက ပျက်သွားပြီ (မှန်ပါ)။
ပျက်သွားတဲ့အခါကျတော့ ဪ-ဖြစ်မှဖြစ်ရလေခြင်းဆိုတဲ့ မနေ့ကပြောတဲ့ သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လာပြီ (မှန်လှပါ) မလာဘူးလား (လာပါပြီ ဘုရား)။
ဘာဖြစ်လို့ လာတာပါလိမ့်မတုံး အကဲခတ်ကြပေတော့ (ပွားစီးလို့ပါ ဘုရား) ဒီဟာတွေ ပွားစီးအောင် လုပ် တယ် (မှန်ပါ)။
တဏှာကနေ ဥပါဒါန်၊ ဥပါဒါန်ကနေပြီး ကံ၊ ဒီပွားစီးမှု သုံးခုလုပ်လိုက်တာနဲ့ ဒကာ ဒကာမတို့ ဒါ မရ ရ အောင်သူကြိုးစားတာပဲ (မှန်ပါ) မကြိုးစားဘူးလား (ကြိုးစားပါတယ် ဘုရား)။
မြင်တာကလေးလိုချင်တယ်ဆိုတာ လိုချင်တာလဲ ဒါပဲမဟုတ်လား (မှန်ပါ) စွဲလမ်းတယ်ဆိုတာလဲ ဒါပဲ၊ မရရ အောင် အားထုတ်တာကော (ဒါပါပဲ ဘုရား)။
ဒီဟာကလေးတွေဟာ သူအားထုတ်တဲ့အချိန်မှာ သူအနိစ္စလား နိစ္စလား (အနိစ္စပါ) အဲ-သူက ရုပ်ဖြစ်ဖြစ်၊ နာမ်ဖြစ်ဖြစ်၊ အဆင်းဖြစ်ဖြစ် ဘာတုံး (အနိစ္စပါ ဘုရား) အနိစ္စရောက်သွားတဲ့အခါကျတော့ ဒီအားထုတ်ကျိုးနပ်သေးရဲ့ လား (မနပ်ပါ ဘုရား) ခဲလေသမျှ သဲရေကျဖြစ်ရလေခြင်းဆိုတာ လာတာပဲ (မှန်ပါ) သောက ပရိဒေဝ ဒုက္ခဒေါမနဿ တွေ မလာဘူးလား (လာပါတယ်) ဟာ ဦးခင်မောင် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒါက မာဂဏ္ဍီဖြစ်စဉ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) တဏှာ ဥပါဒါန် ကံနောက်က ဘာတွေလိုက်လာ သတုံး (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လိုက်လာပါတယ် ဘုရား)။
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လိုက်တယ်၊ သောကဆိုတာ စိုးရိမ်တာ၊ ပရိဒေဝဆိုတာ မျက်ရည်ကျတာ၊ ဒုက္ခဆိုတာ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းဖြစ်တာ (မှန်ပါ) ဒေါမနဿဆိုတာ မကျေနပ် ပွဲခင်းတာ (မှန်ပါ) ဥပါယာသဆိုတာ တစ်ခါတည်းထိုင်ပြီး သကာလ ဝမ်းထဲမှာ မီးတောက်ပြီး သကာလ ရေပေးကြပါ ဦးလို့ တောင်းတဲ့ အခြေအနေရောက်တာ (မှန်ပါ)။
သုသာန်များပို့တဲ့အခါ ရေပေးကြပါဦးလို့ တောင်းတဲ့အခါ မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါ ဥပယာသလို့ ခေါ်တယ် (မှန်ပါ)။
ဘယ့်နှယ်ကြောင့် ဒီငါးခုလိုက်လာတုံး
အဲဒါ ဘယ့်နှယ်ကြောင့် ဒီငါးခုလိုက်လာတုံးဆိုတာ ဒကာ ဒကာမတွေ ဒီသုံးခုပွားစီးခြင်းလုပ်လို့ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒါက ခိုင်မြဲတာလား၊ မခိုင်တာ မမြဲတာလား (မခိုင်တာ မမြဲတာပါ ဘုရား) ကဲ-နေရာကျပလား ကိုမြရွှေတို့ (ကျပါပြီ ဘုရား)။
မခိုင်တာ မမြဲတာ အားထုတ်တော့ကို ရပါ့မလား (မရပါ ဘုရား) မရတော့ ဘာလိုက်လာသတုံး (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လိုက်ပါတယ် ဘုရား)။
အဲ-မာဂဏ္ဍီလိုပွားစီးခြင်းကို အလိုရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒါရမယ်တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား) ဘာတွေ့ရမယ် (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တွေ့ရပါမယ် ဘုရား) ခင်ဗျားတို့ အသီးသီးရှိပါတယ်၊ မရပေဘူးလား (ရမှာပါ ဘုရား)။
ဒါသားကလေးထားပါတော့၊ ဒါသမီးကလေးထားပါတော့ ဒါပစ္စည်းကလေးထားပါတော့၊ ဒါအနိစ္စဖြစ်မှာလား မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒီတော့ အနိစ္စဖြစ်မည့် တရားကို ခင်ဗျားတို့က ဒါကလေးမြင်လိုက်တယ်တဲ့၊ နိစ္စလို့ မမြင်ဘူးလား (မြင်ပါ တယ် ဘုရား) မြင်တဲ့အခါကျတော့ နိစ္စလို့ မြင်သောကြောင့် ဪ-ဒါကလေးနဲ့ တာရှည်နေဦးမှာပဲဆိုတော့ ခင်တယ်၊ စွဲလမ်းတယ်ဟုတ်လား (မှန်ပါ) ဒါကလေး ပွေ့တယ် ချီတယ်ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။
တော်တော်ကြာတော့ ဒါကလေးဟာ ဘာဖြစ်သွားသတုံး (အနိစ္စဖြစ်သွားပါတယ်) အနိစ္စဖြစ်သွားတော့ ဒီလို များဖြစ်လိမ့်မယ်မထင်ဘူးဆိုတဲ့ ဒီဘက်ငါးခုလာတာပဲ (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။
ဘာတွေပါလိမ့်၊ ဒီဘက်ငါးခုက (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသပါ) အဲဒါ အိမ်တိုင်းရှိလေရဲ့၊ ဒါကိုသာ ခင်နေတဲ့ပုဂ္ဂိုလ်ဖြင့် အိမ်တိုင်းရှိတယ် (မှန်ပါ) ဒါအိမ်တိုင်းလာမည့်အလုပ် (မှန်ပါ) လူရွေးဦးမလား မရွေး ဘူးလား (မရွေးပါ ဘုရား)။
ဘာဖြစ်လို့ မရွေးသတုံးဆိုတော့ သူအနိစ္စကိုး၊ အနိစ္စကိုခင်၊ အနိစ္စကိုစွဲလမ်း၊ အနိစ္စကို မရရအောင် အား ထုတ်တော့ ပျောက်သွားတာပေါ့ (မှန်ပါ)။
နိစ္စမြင်ရင်ရမှာပေါ့၊ အနိစ္စဆိုတော့ ပျောက်ပျက်သွားမှာပေါ့ (မှန်ပါ) ပျောက်ပျက်သွားတော့ ဘယ့်နှယ်ဖြစ်ကြ ပါလိမ့် (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဖြစ်ပါတယ် ဘုရား)။
ဟာ-ဒါဖြင့် ဒီတစ်ခါ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသရတာ၊ နောက်တော့ဖြင့် ဒါမျိုးကို မလို ချင်ပါဘူးလို့ကော လာသေးရဲ့လား (မလာပါ ဘုရား)။
နောက်တစ်မျိုးလာပြန်ပြီ၊ နောက်တစ်မျိုးလာရင် နောက်တစ်မျိုး ပစ္စည်းနဲ့ပဲ မြင်ပြန်ပြီ၊ ဒီကုန်မကောင်း ဟိုကုန် ပြောင်းတာပေါ့၊ လာပြန်ပြီ၊ ကုန်ပြောင်းပြန်ပြီ၊ မြင်တော့ လိုချင်တယ်၊ လိုချင်ပြန်တော့ ဘာလုပ်သလဲ (စွဲလမ်း ပါတယ် ဘုရား)။
စွဲလမ်းတော့ အားထုတ်တယ်၊ အားထုတ်ရင်းမတ္တနဲ့ ဒီကုန်တစ်ခုက ပျက်စီးသွားပြန်ပြီ၊ ဘာလိုက်ပြန်သတုံး (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လိုက်ပါတယ် ဘုရား)။
ဘာဇာတ်ထုပ်ချည်း ခင်းကြတာတုံး
ကဲ-ဒါဖြင့် ခင်ဗျားတို့ဟာ ဘာဇာတ်ထုပ်ချည်း ခင်းကြတာတုံးမေးကြပါတော့ဗျာ (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ဇာတ်ထုပ်ခင်းနေပါတယ်) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါ-ခင်ဗျားတို့ တွေ့ပြီးကြပလားလို့ မေးတယ် (တွေ့ပြီးပါပြီ ဘုရား) အို-ခင်ဗျားတို့ တစ်ခါတလေများ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသနဲ့ စားမဝင် အိပ်မပျော်တွေများဖြစ်နေတယ် (မှန်ပါ) ဒီလို မရှိဘူးလား (ရှိပါ တယ် ဘုရား)။
အခုလဲ ဝဋ်ကျွတ်ပလားလို့မေးပြန်တော့ (မကျွတ်သေးပါ ဘုရား) ကြည့်လေ ဒါကလေးကျတော့ တွေးလေ ဆွေးလေဆိုတာ ဒီကလာတာ (မှန်ပါ) ဒါကလေးလဲ ခင်ဗျားတို့က တွေးလိုက်တော့ ဆွေးတာလိုက်လာတယ် (မှန်ပါ) မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ရှေ့တွေးကလဲ ဆွေးတာပဲ၊ နောက်ပြန်တွေးပြန်တော့ (ဆွေးပါတယ် ဘုရား) ခင်ဗျားတို့ဟာ အဆွေးပါရမီဖြည့် နေတာပေါ့ (မှန်ပါ) ဒီ့ပြင်ကော ဘာရှိသေးသတုံး (မရှိပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီဇာတ်လမ်း ဘယ့်နှယ်လုပ်ကြမတုံး (သိမ်းရပါမယ် ဘုရား) ဘာနဲ့သိမ်းရပါ့မယ် (မဂ်နဲ့ သိမ်းရပါမယ် ဘုရား) ဒီဇာတ်ကို သိမ်းချင်တဲ့အခါကျတော့ ဒါကိုဖြစ်ပျက်ရှုပေး (မှန်ပါ) ဖြစ်ပျက်ရှုနိုင်ရင် ကိုက်တယ် (မှန်ပါ)။
အဆင်းကလေးတွေ့ပြီဆိုလို့ရှိရင် မြင်တဲ့အဆင်းကလေးကို ဒကာ ဒကာမတွေက နေပြီး သကာလ ဘာလုပ်ရ မတုံး (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုတော့ မဂ်လိုက် မလာပေဘူးလား (လာပါတယ် ဘုရား) မဂ်လိုက်လာတဲ့အခါကျ တော့ တဏှာ ဥပါဒါန်ကံ သောကပရိဒေဝ အကုန်ချုပ်တယ် (မှန်ပါ) မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ချုပ်တော့ ဪ-တပည့်တော်တို့သည်ကားလို့ ဆိုရင်ဖြင့် အမှန်ကို၊ အနိစ္စကို အနိစ္စလို့မြင်တာနဲ့ တပည့်တော် တို့ တဏှာဥပါဒါန် ကံချုပ်တယ် (မှန်ပါ) သောကပရိဒေဝ ဒုက္ခ ဒေါမနဿကော (ချုပ်ပါတယ် ဘုရား)။
ဒီအမြင်မှန်မရသေးသရွေ့
ဒီလိုမြင်တဲ့ မှန်လိုက်တဲ့အချိန်ကျတော့ ခုနက သောကပရိဒေဝ ဒုက္ခ ဒေါမနဿ အရူးတွေဟာ ဘယ့်နှယ်ဖြစ် လာသတုံး (ပျောက်သွားပါတယ် ဘုရား) ဒီအမြင်မှန်မရသေးသရွေ့ ကာလပတ်လုံး အနိစ္စကို နိစ္စထင်နေသရွေ့ ကာလ ပတ်လုံး ဒီအရူးမပျောက်ဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အနိစ္စလို့မြင်သည်နဲ့ တစ်ပြိုင်နက်တည်း ဟောဒီ မဂ်နဲ့လဲမြင်ပါရော ဒီဟာတွေ လာသေးရဲ့လား (မလာပါ ဘုရား) ဒီအရူးတွေ ဘယ့်နှယ်နေသတုံး (ပျောက်ပါတယ် ဘုရား)။
ဒီအရူးတွေဟာ ဝိပဿနာဉာဏ်နဲ့တောင် ခင်ဗျားတို့ သက်သာခွင့်ရတယ် (မှန်ပါ) တကယ့်မဂ်အစစ်ဆိုလို့ရှိ ရင် လုံးလုံးပျောက်ပါတယ် (မှန်ပါ) မပျောက်ပေဘူးလား (ပျောက်ပါတယ်) ကဲ-သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုရားကတော့ ပွားစီးခြင်းကို ဖြတ်တယ် (မှန်ပါ) မာဂဏ္ဍီကတော့ ပွားစီးခြင်းကို (အလိုရှိပါတယ်) မာဂဏ္ဍီတို့က ပွားစီးခြင်းကို အလိုရှိတယ်ဆိုတော့ သူက ဝိပလ္လာသသမား၊ အနိစ္စကို နိစ္စဖြစ်လေလို့ ပွားစီးခြင်း အ လိုရှိတာ (မှန်ပါ)။
ဘုရားကတော့ အနိစ္စကို အနိစ္စလို့သိသောကြောင့် ပွားစီးခြင်းချုပ်တယ် (မှန်ပါ) ပွားစီးခြင်းချုပ်အောင် လုပ်ပစ်လိုက်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အနိစ္စအလုပ်နဲ့ ကင်း၍ဖြင့် မတော်တော့ဘူး (မှန်ပါ ဘုရား) ကင်းရင် ဒီအရူးထမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဆိုတာ ဘာတုံး၊ အရူးတရားချည်းပဲ (မှန်ပါ) အကောင်းတရားများ ပါကြသေးရဲ့လား (မပါပါ ဘုရား)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရူးပျောက်ချင်လို့ရှိရင်ဖြင့် ဝိပဿနာက အရင်စပေတော့ (မှန်ပါ) ဒီ့ ပြင်ဟာကဖြင့် ဒါနလှူလို့လဲ ဟောဒီအရူးတော့ မပျောက်တာအမှန်ပဲ၊ သီလဆောက်တည်လို့ကော (မပျောက်ပါ ဘုရား)။
ဘယ့်နှယ်ပျောက်မတုံး၊ ဘာဆိုင်သတုံးဗျ၊ ဒီဥစ္စာဖြစ်ပျက်မှမမြင်တော့ အရူူးမပျောက်နိုင်ဘူးပေါ့ (မှန်ပါ) သမထသက်သက် အားထုတ်နေပြန်တော့ သမထဆိုတာ ခိုင်တာ မြဲတာ ကြည့်ရတာ (မှန်ပါ) မကြည့်ရဘူုးလား (ကြည့်ရပါတယ် ဘုရား)။
အရူးပျောက်ပါ့မလား (မပျောက်ပါ) အဲ-ဝိပဿနာကျတော့မှ ဒီဥစ္စာ အနိစ္စကို အနိစ္စရယ်လို့ ဉာဏ်နဲ့ ရှု ပေးလိုက်တော့ အနိစ္စမို့ အနိစ္စဖြစ်တာကိုးလို့ သိသည်နဲ့ တစ်ပြိုင်နက်တည်းဖြစ်ရလေ စသည်နဲ့ သောကပရိဒေဝ ဒုက္ခ ဒေါမနဿလာသေးရဲ့လား (မလာပါ ဘုရား)။
ဝိပဿနာမှ နိုင်မယ်
ဒါဖြင့် ဘာမှနိုင်တယ်ဆိုတာလဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာမှနိုင်သတုံး (ဖြစ်ပျက်ရှုမှ နိုင်ပါမယ်) ဝိပဿနာမှ နိုင်မယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်ကြရမယ် (ဝိပဿနာလုပ်ကြရပါမယ်) ဝိပဿနာမလုပ်သရွေ့ကာလပတ်လုံး ခင်ဗျားတို့သည် အရူး အနှမ်းအဖြစ်က ဘယ့်နှယ်နေသတုံး (မပျောက်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ မရှက်ရင်သာရှိရမယ်၊ တစ်နေ့ ဒါဟာ ဘယ်နှစ်ခါတွေ့သတုံး၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဟာလေ (မရေတွက်နိုင်ပါ ဘုရား) ဒါဖြင့် တစ်နေ့ဘယ်နှစ်ကြိမ် ရူးသတုံးလို့ ဦးခင်မောင်ကြီးမေးရင် ဘယ့် နှယ်ပြောပါ့မတုံး (မရေတွက်နိုင်ပါ ဘုရား)။
စိတ်မချမ်းသာလို့ အိမ်ပဲမနေချင်ဘူးဆိုပြီး ထွက်များ သွားလိုက်သေးတယ် (မှန်ပါ) ဒီအိမ်နေရတာ စိတ်ရှုပ် လွန်းလို့တဲ့၊ ပြီးတော့လဲ ပြန်လာတာပဲ၊ ပြန်မလာဘဲနေတာ မဟုတ်ဘူး (မှန်ပါ) ပြီးတော့ကော မပြန်ဘဲနေကြရဲ့လား (မနေပါ ဘုရား)။
ဪ-ငါမရှိလဲ မဖြစ်သေးဘူးတဲ့၊ ဘာဖြစ်လို့တုံး၊ ပထမ အရူးတစ်ယောက်ထွက်သွားတာပဲ၊ နောက်တစ်ခါ ကျတော့ အရူးက တာဝန်ခံ ဝင်လာတယ်။ ငါမရှိရင် မဖြစ်သေးဘူးဆိုပြီး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်လိုများ ဝင်လာပါလိမ့် (တာဝန်ခံ ဝင်လာပါတယ် ဘုရား) ဒီတစ်ခါကျတောာ့ ရိုက်လိုရိုက်၊ ထောင်းလို ထောင်း၊ ကျုပ်မပြေးတော့ဘူးပေါ့လေ (မှန်ပါ) ဒီအဓိပ္ပာယ်မကျဘူးလား (ကျပါတယ် ဘုရား)။
အံမာလေး-ဒီရူးချက်က သာဆိုးပါလား (မှန်ပါ) အရင်ထွက်ပြေးတဲ့ အရူးကလော့ တော်ပဲတော် သေးတယ်၊ နောက်တစ်ခါ ပြန်ဝင်တဲ့အရူးက ဘယ့်နှယ်တုံး ဦးခင်မောင် (သာဆိုးပါတယ် ဘုရား)။
အရူးထပြီး ထွက်ပြေးလိုက်တာ
အဲဒီတော့ နေရာတကာလဲ ထွက်ပြေးလိုက် ပြန်ဝင်လိုက်၊ ဒါပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ်) အိမ်မှာနေလို့ သာဖြင့် ပိုက်ဆံဝင်မယ် မဟုတ်ဘူးဆိုတာ အရူးထပြီး ထွက်ပြေးလိုက်တာ (မှန်ပါ) ပြီးတော့ စားချိန်သောက်ချိန်ကျ ပြန်တော့ (ပြန်လာပါတယ် ဘုရား)။
တော်တော်ကြာကျတော့ စားသောက်နေလို့ မဖြစ်သေးပါဘူးဆိုပြီး အရူးထပြန်ပြီ၊ ထွက်သွားပြန်ပြီ (မှန်ပါ) တော်တော်ကြာ စားချိန်သောက်ချိန်ကျတော့ (ပြန်လာပါတယ် ဘုရား)။
အဲဒီအရူးကလဲ ဘာအရူးလဲဆိုတော့ လုံးလုံးလဲ ပြေးတဲ့ အရူးမဟုတ်ဘူး၊ သဘောကျပလား (ကျပါပြီ) ဦး ခင်မောင်ရေ ကိုယ့်အဖြစ်တွေ သိပလား (သိပါပြီ ဘုရား) အားလုံး ဒကာ ဒကာမတွေက (သိပါပြီ ဘုရား)။
ဘယ်လိုများ သိကြသတုံး၊ ထွက်တုန်းကလဲ အရူးထွက်တယ်၊ ပြန်ဝင်လာတော့ကော (အရူးဝင် ဝင်ပါတယ် ဘုရား) တစ်နေရာမှာကို အတည်တကျနေလို့ဖြစ်ရဲ့လား (မဖြစ်ပါ ဘုရား) အဲဒီထဲက အရူးလို့ဆိုတာ သေချာပြီ (မှန်ပါ)။
ထွက်ချင်လို့ရှိရင်လဲ တစ်ခါတည်းထွက်သွား၊ မလာခဲ့နဲ့၊ ဝင်မှာဖြင့်လဲ မပြန်နဲ့တော့၊ ဒီလိုကော နေလို့ဖြစ်ရဲ့ လား (မဖြစ်ပါ ဘုရား) မဖြစ်သေးဘူးတဲ့၊ တပည့်တော်တို့က မျောက်ငရုတ်ဆုံပေါ် ထိုင်မိသလိုဖြစ်နေတာ (မှန်ပါ) ငရုတ်ဆုံဆိုတော့လဲ ငရုတ်သီးက ပူကပူပါဘိသနဲ့၊ အတော်မဆိုးဘူးလား ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)။
ဘုရားနည်းလိုက် ရင် ဝိပဿနာရှု
ကိုင်း-ဒါဖြင့် မာဂဏ္ဍီနည်းလိုက်မလား၊ ဘုရားနည်းလိုက်မလား (ဘုရားနည်းလိုက်ပါမယ်) ဘုရားနည်းလိုက် ရင် ဝိပဿနာရှု (မှန်ပါ)။
မဂဏ္ဍီနည်းလိုက်ရင်ဖြင့် ပွားစီးအောင်လုပ်ရုံပဲ၊ တဏှာဥပါဒါန် ကံကျအောင်လုပ်ချ၊ လုပ်လို့ရှိရင် သောက ပရိဒေဝဒုက္ခဒေါမနဿ ဘာဖြစ်မတုံး (လိုက်လာပါမယ်) လိုက်လို့ရှိရင် သောက ပရိဒေဝဒုက္ခဒေါမနဿထဲမှာ အဝိ ဇ္ဇာက မပါဘူးလား (ပါပါတယ် ဘုရား)။
အဝိဇ္ဇာ ပစ္စယာ ဟိုဘက်က ဘာသွားဦးမလဲ၊ (သင်္ခါရာပါ ဘုရား) အဝိုင်းပြေးကို ဒကာ ဒကာမတွေ မပြေး ရပေဘူးလား (ပြေးရပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ဘယ်နည်းကောင်းသလဲ (ဘုရားနည်းကောင်းပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘုရား နည်းကောင်းတယ်ဆိုရင် ဒကာ ဒကာမတို့ ကိုယ်တိုင်လိုက်ကြ (မှန်ပါ)။
ဘယ်လိုပါလိမ့် (ကိုယ်တိုင်လိုက်ကြရမှာပါ ဘုရား) ကိုယ်တိုင်မလိုက်ချင်ဘူးဘုရား၊ တပည့်တော်တို့က အရွယ် ကလေးတွေကလဲ ငယ်ပါသေးတယ်၊ ငယ်တုန်းဥစ္စာရှာဆိုထားတယ်၊ ငယ်တုန်း ဥစ္စာရူး ရူးဦးမယ် ပြောတာပေါ့ဗျာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် မာဂဏ္ဍီသည်ကားလို့ ဆိုရင်ဖြင့် ပွားစီးခြင်းကို အလိုရှိနေတော့ ဘုရားက ဆက်ဟောတယ်၊ မင်းတို့က ပွားစီးခြင်းကို အလိုရှိတယ်၊ ငါကတော့ ပွားစီးခြင်းကို အလိုမရှိပါဘူး၊ ငါသည် သိဒ္ဓတ္ထမင်းသားအဖြစ်နဲ့ နန်းတော်အိမ်တော်မှာနေကတည်းက ဆောင်း နွေ မိုး စံစရာပြာဿဒ်တွေနဲ့ မောင်းမပေါင်းများစွာနဲ့ စည်းစိမ်ခံစား နေရကတည်းက ဒါတွေဟာဖြင့် နေရာမကျတဲ့ အလုပ်တွေပဲ၊ အနိစ္စအလုပ်တွေ ဒုက္ခအလုပ်တွေ အနတ္တအလုပ်တွေပဲ ဆိုတာ ငါမြင်ပြီး သကာလ တောထွက်လာတယ်တဲ့ (မှန်ပါ)။
ဘုရားတောထွက်တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မရှိလို့ ထွက်တာလား၊ ရှိတဲ့အထဲက တိုးထွက်လာရတာ လား (ရှိတဲ့အထဲက တိုးထွက်လာရတာပါ) ခင်ဗျားတို့ကတော့ ရှိလေ မထွက်လေဘဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ရှိလေ မထွက်လေ
ဘယ့်နှယ်ဖြစ်နေသတုံး (ရှိလေ မထွက်လေပါ ဘုရား) ရှိတော့ အတော်ခဲယဉ်းတယ်ဘုရား၊ မရှိတဲ့လူက ဘယ် သွားအိပ်နေနေ ကိစ္စမရှိဘူး (မှန်ပါ) ခွကျကုန်ပါပြီ၊ ရှိလေလေ ဘယ့်နှယ်ဖြစ်လာသတုံး (မထွက်လေပါ ဘုရား) ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။
ရှိလေလေ ပြိတ္တာစခန်းနီးလေလေ အဓိပ္ပာယ်မရဘူးလား ရသလား (ရပါတယ် ဘုရား)။
ငါတောြ့ဖင့်ကွာ-တဲ့၊ ရှိတဲ့အထဲက ထွက်တာပါပဲတဲ့၊ ဒီဥစ္စာတွေဟာ အနိစ္စ ဒုက္ခ အနတ္တတွေလို့ ငါ့စိတ်ထဲမှာ ဉာဏ်ထဲမှာ ထင်လာတဲ့အတွက် ထွက်လာတာတဲ့ (မှန်ပါ)။
အခုပြောတာက ဒကာ ဒကာမတွေ ထွက်တာကတော့ သားသမီးကရင် ဆိုးမှ၊ ခင်ပွန်းရင်လဲ အချိုးမကျမှ စသည်နဲ့ လာချင်လာတာဗျ (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
အလောင်းတော် တောထွက်လာတာကတော့ ဝိပလ္လာသရူးပျောက်လာလို့ ပါးလာလို့ ထွက်လာတာ (မှန်ပါ) ထွက်လာပြီးတော့ တောထဲမှာ အားထုတ်ရာမှာ ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ တရားထူးရအောင် အားထုတ်လိုက် တယ်၊ အားထုတ်တော့ သူများတွေဟာ ငါလိုပဲ စည်းစိမ်းခံစားနေတာ မြင်ပါတယ်တဲ့၊ သို့သော် ငါက အားမကျဘူး၊ တောင်းလဲ မတောင့်တဘူးတဲ့၊ ဪ-သူရူးတုန်းမို့ ဒီဥစ္စာဟုတ်တယ် ထင်နေတာကိုးလို့ အောက်မေ့တော်မူတယ် (မှန်ပါ)။
ခင်ဗျားတို့မှာတော့ဖြင့် အရူးအရူးချင်း မြှောက်နေတာပဲ (မှန်ပါ) ဘုရားမှာတော့ သူများခံစားတာမြင်တော့ သူ့စိတ်ထဲမှာ တောင့်တသေးရဲ့လား (မတောင့်တပါ ဘုရား) ဘာဖြစ်လို့ မတောင့်တသတုံး (ဝိပလ္လာသ ပျောက်လို့ပါ ဘုရား) ခင်ဗျားတို့မှာတော့ သူတစ်ပါးကျန်းမာ ချမ်းသာပြီး သကာလ စီးပွားဥစ္စာရတနာတွေတက်ပြီး သကာလ အမျိုး မျိုးအဖုံဖုံနေကြတယ်ဆိုလို့ရှိရင် အားကျတယ် (မှန်ပါ) ဘာဖြစ်လို့တုံး (အရူးအားကျပါတယ်) ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။
လူရယ်လို့ ဖြစ်ပြန်တော့လဲ လူလိုမှ မနေရင် မဖြစ်ဘူးကိုး (မှန်ပါ) အရူးထဲနေရင် မရူးမဖြစ်ဘူး၊ ဒီအဓိပ္ပာယ် ပြောတာပဲ (မှန်ပါ) ဒီ့အပြင် ဘာပါသေးသတုံး (မပါပါ ဘုရား)။
ဒီလိုမနေချင်ရင်လဲ ကျောင်းသွားနေလဲ အေးသားကိုး၊ လူထဲနေတော့ လူနဲ့တူအောင်နေမှ တော်တော့မပေါ့၊ ရိပ်မိပလား (မှန်ပါ) အရူးထဲနေရင် လိုက်ရူးမှ၊ မရူးလို့ရှိရင် တော်ပါ့မလား၊ ဒီလိုဆိုရာ မကျဘူးလား (ကျပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အရူးဘက်ကို လေသံပေးနေတာလား
ခင်ဗျားတို့က ဘယ်လိုများ ပြောကြမတုံး၊ ဘယ်လိုမှ မပြောတတ်ဘူးဆိုပါတော့ (မှန်ပါ) ကိုင်း-ဒါဖြင့် ဆင် ခြင်ပြီး ပြောပေါ့ဗျာ၊ မဟုတ်ဘူးလား (မှန်ပါ) ဆင်ခြင်ပြီး ပြောကြပေါ့၊ တို့ပြောတာက အရူးဘက်ကို လေသံပေးနေ တာလား၊ ပျောက်တဲ့ဘက် လေသံပေးနေတာလားလို့ ကိုယ့်အပြောလဲ ဆင်ခြင်ကြ၊ ဟုတ်လား (မှန်ပါ)။
တစ်ယောက် စိတ်ထားစိတ်နေကလေးကောင်းပြီး စိတ်ကောင်းစိတ်ထားနဲ့ တရားဓမ္မကြိုးစားနေလို့ရှိရင်ဖြင့် လူထဲနေရင် ဒီလိုမနေရဘူးလို့ တစ်ယောက်ပြောချင်ပြောတာ (မှန်ပါ) မပြောဘူးလား (ပြောပါတယ် ဘုရား)။
ပြောတဲ့အခါကျတော့ ဟိုတစ်ယောက် အနေမကျပ်ဘူးလား (ကျပ်ပါတယ်) ဘာဖြစ်လို့တုံးဆိုတော့ ကိုယ်အ ရူးလဲဖြစ်ပြန်၊ ဩဇာလဲရှိပြန်တော့ ဟိုလူ ထပ်ရူးရတော့မယ် သေချာပြီ (မှန်ပါ) မသေချာဘူးလား (သေချာပါတယ် ဘုရား။)
တို့က အရူးကလဲဖြစ်ပြန်၊ ဩဇာကလဲရှိနေတယ် (မှန်ပါ) ဒီလိုရှိနေတော့ ပစ္စည်းရှင်လဲဖြစ်မယ်၊ ကြွေးရှင်လဲ ဖြစ်မယ်ဆိုရရင် ကောင်းတဲ့ပုဂ္ဂိုလ်က ထပ်ရူးမှ၊ မရူးရင် ကျေနပ်ပါ့မလား (မကျေနပ်ပါ ဘုရား) မြို့ထဲရွာထဲမှာ အဲဒါ ကြောင့် လင်မယားနှစ်ယောက်သည်ကားလို့ဆိုရင် မတည့်တာဗျ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ-တစ်ယောက်က နည်းနည်းအရူးပျောက်မယ် ကြံလို့ရှိရင် ဒီတစ်ယောက်က ဒီလိုတော့ မတော်ဘူး ဖြည်း ဖြည်းပေါ့ (မှန်ပါ) အဲ-တစ်ယောက်က ဖြည်းဖြည်းဆိုရင် ငါထရူးဦးမယ် (မှန်ပါ) ဒီအဓိပ္ပာယ်မပါဘူးလား (ပါပါတယ်) သဘောပါကြပလား (ပါပါပြီ ဘုရား)။
အဲဒီလိုနဲ့ ခေါင်းထဲသာ စုသာဝင်လိုက်တာပဲ၊ သူတော်ကောင်းအလုပ် လုပ်ဖြစ်တယ်လို့ မရှိဘူး သဘောကျပ လား (ကျပါပြီ) နဂိုက အရူးပျောက်ပြီး သေသွားတဲ့ မသာရယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။
အရူးမသာကြွတော်မူပါ
ဒါဖြင့် မသာဖိတ်ရင်ကော ဘယ့်နှယ်ဖိတ်ကြမယ် (အရူးမသာပါ ဘုရား) အရူးမသာကြွတော်မူပါလို့ ဖိတ် တစ်ခြားဟာတွေ ဘာတွေရှုပ်မနေပါနဲ့တော့ (မှန်ပါ) ဒီအရူးနဲ့ သေသွားတာ ဒီဒိဋ္ဌိမှ မကွာဘဲကိုး (မှန်ပါ) ကွာသေးရဲ့ လား (မကွာပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့က ဘယ်လိုဖိတ်စာတွေရေးပြီး ဘွဲ့ထူးဂုဏ်ထူးတွေ ဘာပဲတပ်တပ် အရူးမသာသာမှတ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးဘတင် ဘာမသာတုံးဗျာ (အရူးမသာပါ ဘုရား) ဒီဒိဋ္ဌိပြုတ်ရဲ့လားဗျာ (မပြုတ်ပါ ဘုရား) မပြုတ်သေးလို့ ရှိရင်လဲ ခုနက လေးချက်ရူးဟာ လာမှာပဲ (လာမှာပါ ဘုရား)။
ကဲ-ဒါဖြင့် ဦးခင်မောင်ရေ အရူးမသာအဖြစ်နဲ့တော့ အချမခံချင်ပါနဲ့ဗျ (မှန်ပါ)။
ဘယ့်နှယ်ဆုံးဖြတ်ချက်ချကြမလဲ (အရူးမသာတော့ အချမခံပါနဲ့) အနှမ်းမသာပဲလား၊ ဒီလိုလဲ မဖြစ်စေကြနဲ့ (မှန်ပါ) အရူးမသာဖြင့် အချမခံကြပါနဲ့ဗျာ၊ တောင်းပန်ပါရစေ၊ သေတာတောင် အရှက်ကွဲတုန်းဖြစ်နေလို့ (မှန်ပါ ဘုရား)။
ဘယ်လိုပါလိမ့်ဗျာ (သေတာတောင် အရှက်ကွဲတုန်းပါ) ဘယ်မှာ ကောင်းလိမ့်ရှိသေးသတုံး ဦးဘတင် (မှန်ပါ) နဂိုက ဂုဏ်ယူလာပြီး အဲဒီကျမှ ငါးပါးမှောက်ကုန်တာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဗောဓိပင်နဲ့ ရွှေပလ္လင်ရောက်တော့ သူများ တွေ ဒီအာရုံတွေ ခံစားနေတယ်၊ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ရွှေနဲ့ ကျောက်နဲ့ မြနဲ့ ခံစားနေတာတွေကို သူက တောင့်တသေးသလား၊ မတောင့်တဘူးလား (မတောင့်တပါ ဘုရား) ဘာဖြစ်လို့ မတောင့်တတာတုံး (အရူးပျောက်လို့ပါ ဘုရား)။
သောတာပတ္တိမဂ်ရပြီးပြီ၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရပတ္တမဂ် မဂ်လေးတန်ကို ရပြီးပြီ (မှန်ပါ) ရပြီး တော့ သူများ ငါးပါးအာရုံ ကာမဂုဏ်တွေ ခံစားနေတာ မြင်တော့ စိတ်ကလေးများ ပါသေးသလား (မပါပါ ဘုရား) ဘာဖြစ်လို့တုံး (အရူးပျောက်သွားလို့ပါ ဘုရား)။
ဒီမှာလူလူချင်း အားကျနေတာတော့ ဒကာ ဒကာမတွေ လောကီဘက်က အားကျနေတာတော့ ရိပ်မိကြပ လား (ရိပ်မိပါပြီ ဘုရား) ဘာဖြစ်လို့ပါလိမ့် (အရူးမပျောက်သေးလို့ပါ ဘုရား)။
သူများရူးသလောက်မှ မရူးရရင် မကျေနပ်ဘူးကွ၊ လောကကြီးမှာ လူတစ်လုံးဖြစ်အောင် လုပ်ဦးမယ်၊ မလာ ဘူးလား (လာပါတယ် ဘုရား)။
ဒါပဲ မာန်တက်နေကြတာပဲ၊ ဒကာ ဒကာမတွေ တစ်ခြားများ ပါသေးသလား (မပါပါ ဘုရား) ဦးခင်မောင်ရေ ဒီလိုသွားနေတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘုရားမှာတော့ အားမကျတော့ဘူး
အဲဒီတော့ ဘုရားကတော့ ဒီဥစ္စာဆေးသောက်ပြီးလို့ မဂ်ဆေးတွေသောက်ပြီးလို့ ပျောက်သွားတဲ့အတွက် သူများတကာ ဒီအာရုံတွေကို ခံစားနေကြငြားသော်လဲ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ စိန်နဲ့ ကျောက်နဲ့ မြနဲ့ နေကြငြား သော်လဲ ဘုရားမှာတော့ အားမကျတော့ဘူး၊ ဘာဖြစ်လို့ အားမကျသတုံး (အရူးပျောက်သွားလို့ပါ ဘုရား)။
ဒါဖြင့် အားကျနေတဲ့ ပုဂ္ဂိုလ်ကတော့ ဘယ်လိုဆိုကြပါမတုံး (ဝိပလ္လာသမကင်းလို့ပါ ဘုရား) ဟိုခံစားနေတဲ့ ပုဂ္ဂိုလ်ကလဲ ဝိပလ္လာသရူးလို့၊ အားကျနေတဲ့ပုဂ္ဂိုလ်ကလဲ (ဝိပလ္လာသရူးလို့ပါ ဘုရား)။
ကဲ-ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး (အရူးပျောက်အောင် လုပ်ကြရပါမယ်) အရူးမပျောက်ရင် နေရာမကျဘူး ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒီအရူးကလဲ ဒကာ ဒကာမတွေ ဘာအရူးတုံးမေးလို့ရှိရင် ကိလေသာရူးပဲဆိုရမယ်၊ ဒိဋ္ဌိကိလေသာရူး (မှန်ပါ) ဒိဋ္ဌိကိလေသာရူးဆိုကတည်းက ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
အဲ-ဒီနေရာမှာ ရူးနိုင်သမျှ ရူးလေလေ ဒိဋ္ဌိက ကြိုးဆွဲသလောက် ကလေလေ ဒိဋ္ဌိက အပါယ်ချလေလေပဲ (မှန်ပါ့ ဘုရား) ဒိဋ္ဌိမရှိသည်နဲ့ အပါယ်မကျတော့ဘူး (မှန်ပါ) ဒိဋ္ဌိရှိရင် (အပါယ်ကျပါမယ် ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ မြတ်စွာဘုရားဟာ ဗောဓိပင်နဲ့ ရွှေပလ္လင်ရောက်တော့ သူများခံစားတာမြင် တော့ သူ သဘောကျသေးရဲ့လား (မကျပါ) ဘယ်ကျတော့မတုံး ဒကာ ဒကာမတို့ ဒိဋ္ဌိဝိပလ္လာသက ပျောက်ခဲ့ပြီ (မှန်ပါ)။
ဘာဖြစ်လို့ မီးကင်ပါလိမ့်
အဲဒီတော့ ဘုရားက ငါ ဥပမာတစ်ခုပြောမယ်ကွာတဲ့၊ လူတစ်ယောက် ကိုယ်အင်္ဂါပျက်နေတယ်၊ ဒကာ ဒကာမတို့ ကိုယ်အင်္ဂါပျက်နေတဲ့ ပိုးကိုက်နေတဲ့ ပုဂ္ဂိုလ်ကို မြင်ဖူးကြရဲ့မဟုတ်လား (မှန်ပါ) လူနူပေါ့ဗျာ (မှန်ပါ) ဒီ ပုဂ္ဂိုလ်သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ပိုးကလေးတွေကိုက်တော့ အနာကလေးတွေကို သူ့လက်နဲ့ သူဖြဲ၊ မီးဖိုနဲ့ မီးထည့်ပြီး သကာလ ကင်ရှာတယ် (မှန်ပါ) ပိုးအတွင်း ဝင်သွားအောင်တဲ့ အတွင်းဝင်သွားတဲ့ အချိန် သက်သာသွားအောင် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့ မီးကင်ပါလိမ့် (ပိုးကိုက်တာ သက်သာအောင်လို့ပါ) ပိုးကိုက်တဲ့အနာရှိလို့ မီးကင်ရတယ်၊ မီးဟာ နဂိုက အအေးလား အပူလား (အပူပါ ဘုရား) အပူဆိုရရင် လောင်တတ်တယ် မဟုတ်ဘူးလား (လောင်တတ်ပါတယ် ဘုရား)။
လောင်ပင်လောင်တတ်ငြားသော်လဲ သူဘယ့်နှယ်ကြောင့် ကင်ရပါလိမ့် (ပိုးကိုက်လို့ပါ ဘုရား) အနာရှိနေတော့ မီးကင်ရတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
မီးဟာ ပူပင်ပူငြားသော်လဲ သူ့အနာက မီးကင်မှ နေရာကျမယ် (မှန်ပါ) မီးမကင်ရင် (နေရာမကျပါ ဘုရား) ဒါဖြင့် အနာရှိတဲ့ပုဂ္ဂိုလ်များ မီးကင်တယ်ဆိုတာ ထုံးတမ်းပဲ မဟုတ်လား (ထုံးတမ်းပါ ဘုရား)။
ဒီမှာလဲ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်းနားကျပ်ချင်တဲ့ ပုဂ္ဂိုလ်မှာ ကိလေသာဒိဋ္ဌိနာရှိလို့ အဲဒီမီးဖိုဆီကင် တာပဲ (မှန်ပါ) သားနား သမီးနား မီးဖိုပေါ့လေ (မှန်ပါ)။
သားသမီးတွေဟာ ဘာနဲ့တူသတုံး (မီးဖိုနဲ့တူပါတယ်) ပစ္စည်းဟာ ဘာနဲ့တူသတုံး (မီးဖိုနဲ့တူပါတယ်) အမေ မိဘတွေ ဆွေမျိုးဉာတကာတွေကို သွားကပ်တာက ဘာပါလိမ့်၊ နူနာထလို့ မီးကင်တာ (မှန်ပါ) ကိလေသာနူနာထလို့ မီးကင်တာ (မှန်ပါ)။
ဟိုက မပူဘူးလား ပူသလား (ပူပါတယ် ဘုရား) သားပူ သမီးပူ ဆွေပူ မျိုးပူလို့ ခင်ဗျားတို့ မပြောကြဘူးလား (ပြောပါတယ် ဘုရား) ဘာဖြစ်လို့ သွားကပ်တာတုံးဆိုတော့ (ကိလေသာနူနာထလို့ပါ ဘုရား)။
သားနား သမီးနားနေတာနဲ့ ကျောင်းကန် ဘုရားနား နေရတာနဲ့ ခင်ဗျားတို့ ဘယ်သူက အေးသတုံး (ကျောင်း ကန် ဘုရားက အေးပါတယ် ဘုရား) နေပါလားဆိုတော့ နေနိုင်ရဲ့လား (မနေနိုင်ပါ ဘုရား) မဟုတ်သေးဘူးဘုရား လာတယ် (မှန်ပါ) မဟုတ်သေးဘူးဘုရားလို့ မလာဘူးလား (လာပါတယ် ဘုရား)။
မီးကို မီးမှန်းမသိဘူး
ဘယ့်နှယ်ဘာမဟုတ်တာတုံး၊ တပည့်တော်တို့က နူနာထတယ်၊ မီးကင်သွားဦးမယ်ကိုး (မှန်ပါ)။
အဲ အနာမပျောက်သရွေ့ ကာလပတ်လုံး မီးကို မီးမှန်းမသိဘူး၊ လောင်ချင်လောင်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နူနာပျောက်တဲ့ပုဂ္ဂိုလ် မီးနားဆွဲကပ်တော့ ဘယ့်နှယ်တုံး (မခံနိုင်ပါ ဘုရား) နောက်ဆုတ်တယ် (မှန်ပါ) အဲ- မီးဟာ နူနာထတုန်းကလဲ အပူပဲ၊ အခုဆွဲကပ်တဲ့အချိန်ကော (အပူပါပဲ ဘုရား)။
အပူချင်းအတူတူ ဘာထူးနေတာတုံးဆိုတော့ နူနာပျောက်သွားပြီး မီးဟာထူးလာတယ်၊ နူနာမပျောက်သေးခင် တော့ (မထူးပါ ဘုရား)။
အဲ-ခင်ဗျားတို့ သားနား သမီးနား ဆွေနား မျိုးနား အပူသည်တွေဖြစ်လျက်သားနဲ့ ဝေးသွားရင် ဘာဖြစ်မှန်း မသိဘူးတဲ့၊ မီးမပူရမှာကိုးဗျ (မှန်ပါ)။
အဲဒီတော့ မီးကို မင်း-ကိုယ် စားဖို့သောက်ဖို့ ဘယ့်နှယ်နေကြသတုံး၊ ပြောသာပြောပါ၊ အားနာမနေနဲ့၊ မရှိ ရှိသလိုပေါ့၊ မရှိလဲ တို့ကြံဖန်ရမှာပေါ့၊ ဟော-သူကြံဖန်တဲ့အပူက ကပ်ချင်လာပြီ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ရှိလဲ ဘွင်းဘွင်းပြောပါ၊ ရှိလဲ ဝမ်းသာရတာပေါ့-တဲ့၊ ရှိလို့ရှိရင်လဲ သူ့လောဘကိလေသာက ထချင်လို့၊ မရှိ ရင် ဒေါသကိလေသာက ထချင်လို့၊ ဒါ့ကြောင့် သိပ်မေးနေတာ သူ့ဟာက (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့ ဒါလောက်တောင် နှိုက်နှိုက်ချွတ်ချွတ် မေးနေပါလိမ့်မတုံး (ကိလေသာထချင်လို့ပါ ဘုရား) ရှိရင် လဲ လောဘကိလေသာ ထချင်တယ် (မှန်ပါ) မရှိတာကြားရလို့ ရှိရင် (ဒေါသကိလေသာထချင်ပါတယ်) အဲဒါကြောင့် ရိုးရိုးပြောစမ်းပါလို့ ပြောနေတာ (မှန်ပါ)။
အဲဒီတော့ ကိလေသာ နူနာရှိနေတဲ့ ပုဂ္ဂိုလ်မို့ သူတို့နားသွားကပ်ပြီး မေးတာဗျ၊ မမေးကြဘူးလား (မေးပါ တယ် ဘုရား)။
ကိလေသာနူနာထချင်လို့
ခြေကလေး သွားစမ်းလိုက်၊ လက်ကလေး သွားစမ်းလိုက်နဲ့ ဘယ့်နှယ်များနေသတုံးတဲ့၊ ဘာဖြစ်ချင်လို့တုံးဗျ (ကိလေသာနူနာထချင်လို့ပါ ဘုရား) သူနူနာထတော့ မသွားဘဲ နေလို့ရှိရင် သူဘာဖြစ်နေနေ ကိုယ့်မှာ သူ့အတွက်ဆေး ရှာ ငါးရှာ ပူစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
နို့-သွားသွားစမ်းတာ ဘာဖြစ်လို့တုံး (မီးဖိုလာ စမ်းတာပါ ဘုရား) မီးဖိုစမ်းတော့ အေးနေလို့ရှိရင်တော့ ဝမ်းသာတဲ့ လောဘမီး ထတောက်တယ်၊ ပူလာပြန်လို့ရှိရင် သောကပေါ်လာတယ် (မှန်ပါ)။
ဒါကြောင့် သူမစမ်းဘဲနဲ့ နေသလား၊ သွား သွားစမ်းသလား (စမ်းပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် စမ်းပါလိမ့် ဗျာ (ကိလေသာနူနာထလို့ပါ) နူနာထလို့ ဒီမီးဖိုကပ်တာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်တာတုံး (နူနာထလို့ မီးဖိုနားကပ်တာပါ ဘုရား)
ကဲ-ပြန်ကြပေတော့ဗျာ၊ ဒီနေ့ တော်ကြဦးစို့နော် (မှန်ပါ)။
သာဓု သာဓု သာဓု။