12908

မာတိကာသို့

ဗုဒ္ဓဘာသာ ဝါဒရေးရာကို တည့်မတ်စွာ

ယူနိုင်သည့် ချိန်ခွင်တစ်လက်

ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားပြသ ဆုံးမတော်မူသော

ဗုဒ္ဓဘာသာ ဝါဒရေးရာကို တည့်မတ်စွာ

ယူနိုင်သည့် ချိန်ခွင်တစ်လက်

အလုပ်ပေးတရားတော်

(၂၅-၂-၅၉)

အဆင်းကလဲ ရုပ်ပဲ၊ မျက်လုံးထဲမှာ ပင်ကိုရှိနေတဲ့ မျက်လုံးရုပ်၊ အဲဒီတော့ အဆင်းနဲ့တည့်နေတယ်လို့ အောက်မေ့လိုက်တာပေါ့ ဒကာ ဒကာမတွေနော် (မှန်ပါ့) တည့်နေလို့ရှိရင်လဲ ဘာပေါ်ရမတုံး (မြင်စိတ်ပေါ်ရပါမယ် ဘုရား) ဒီအနီကလေးဟာ မြင်စိတ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

ဪ-ဒါဖြင့် “စက္ခုံ စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဆိုတာ ဒါပါပဲ၊ စက္ခုဝိညာဏံဆိုတာ အခုမြင်စိတ် ကလေးပါပဲ၊ ပါဠိတော်နဲ့ကိုက်ပလား (ကိုက်ပါပြီ ဘုရား)။

စက္ခုံ စ ပဋိစ္စ-ဆိုတာက ဒီမျက်လုံးရုပ်ကလေးကို ဆိုတယ်၊ ရူပေစ ပဋိစ္စ-ဆိုတာ အဆင်းရုပ်ကို ဆိုသည်၊ ရူပါရုံကိုဆိုပါသည်၊ စက္ခုဝိညာဏံ-ဆိုတာက ဒကာ ဒကာမ ဒီမှာ ဖျတ်ခနဲ အခုမှပေါ်လာတဲ့ သဘောကလေးနော် (မှန်လှပါ)။

ဒါဖြင့် ကြည့်ရုပ်နဲ့ မြင်စရာရုပ်နဲ့ နှစ်ခုတိုက်ဆိုင်လို့ရှိရင်ဖြင့် မြင်တတ်တဲ့ နာမ်ကလေးဟာ ပေါ်တယ်လို့ ဒကာ ဒကာမတွေ မှတ်ထားရမယ် (မှန်ပါ့)။

မာဂဏ္ဍီပရိဗိုဇ်တို့ အယူက

မာဂဏ္ဍီပရိဗိုဇ်တို့ အယူက မြင်တယ်လို့ဆိုရင်ဖြင့် လိုချင်မှု ပွားပစေ၊ ဒီလိုအယူရှိတယ်၊ သူတို့ အယူဝါဒကနော် (မှန်ပါ)လိုချင်မှု ပွားပါစေ ဆိုတော့ ဒကာ ဒကာမတို့ ဒီမှာ လိုချင်မှုကလေး မလာဘူးလား (လာပါတယ် ဘုရား) မဖြတ်နဲ့တဲ့၊ ဒီဥစ္စာပွားများခြင်းကို အလိုရှိရမယ်၊ သူတို့စာက ဆိုထားတယ်တဲ့ (မှန်ပါ)။

ဒါကြောင့် မနေ့က ပြောခဲ့တယ်၊ မြင်ရင် လိုချင်လို့ရှိရင်ဖြင့် စွဲလမ်းဆိုတာ နောက်ကလိုက်လာတယ်၊ ဥပါဒါန်ပေါ့ဗျာ (မှန်ပါ) စွဲလမ်းရင် ဘာလုပ်သတုံး (အားထုတ်ပါတယ် ဘုရား) အားထုတ်လို့ိရှိရင်ဖြင့် အထည်ပေါ်ရတော့မယ်။

ဒကာ ဒကာမတို့ ဘယ်လိုဆိုကြမလဲ (အားထုတ်ရင် အထည်ပေါ်ရမယ်) ခန္ဓာငါးပါး အထည်ပေါ်ရမယ်၊ မပေါ်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား) အားထုတ်လို့ရှိရင် ခန္ဓာငါးပါး အထည်ပေါ်တယ် (မှန်ပါ)။

ဒါဖြင့် ပွားစီးတဲ့ပုဂ္ဂိုလ်မှာ ခန္ဓာငါးပါး နောက်ထပ်ရတယ် (မှန်ပါ) ဘယ်လို ဆိုကြပါ့မယ် (ပွားစီးတဲ့ပုဂ္ဂိုလ်မှာ ခန္ဓာငါးပါး နောက်ထပ်ရပါတယ် ဘုရား)။

မပွားစီးတဲ့ပုဂ္ဂိုလ်မှာ တစ်မျိုး

ကောင်းပြီ-ပွားစီးတဲ့ပုဂ္ဂိုလ်မှာ တစ်မျိုး၊ မပွားစီးတဲ့ပုဂ္ဂိုလ်မှာ တစ်မျိုး (မှန်ပါ) မာဂဏ္ဍီပရိဗိုဇ်ကတော့ မြင်တယ် ဆိုလို့ရှိရင်ဖြင့် ဆိုချင်တာ၊ စွဲလမ်းတာ၊ အားထုတ်တာပေါ်မှကိုက်တယ်၊ ဒါမှသာလျှင် သံသရာမှာ ပွားစီးတယ် (မှန်ပါ) မာဂဏ္ဍီက ပွားစီးမှုနော် (မှန်ပါ့)။

အဲဒါ ပွားစီးမှု အလိုရှိတော့ ဒကာ ဒကာမတို့ ဒီမှာဇာတိဆိုတဲ့ ခန္ဓာငါးပါးကြီး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပွားလို့ပေါ်တာလား၊ မပွားလို့ပေါ်တာလား (ပွားလို့ပေါ်တာပါ ဘုရား)။

အဲ-မြင်တော့လိုချင်၊ လိုချင်တော့ စွဲလမ်း၊ စွဲလမ်းတော့ (အားထုတ်ပါတယ်) အားထုတ်တော့ (ရပါတယ် ဘုရား) အားထုတ်လို့ရတော့ ဖြစ်ပေါ်လာတော့ ခန္ဓာငါးပါး (မှန်ပါ) ခန္ဓာငါးပါးဟာ ဇာတိပဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ့်အကြောင်း ကိုယ်သိကြပြီပေါ့ဗျာ (မှန်ပါ) အခုနေကြတာ ခန္ဓာငါးပါးနဲ့နေကြတာပဲ ဦးခင်​မောင်တို့နော် (မှန်ပါ) ဒီခန္ဓာငါးပါးကြီးဟာ ဒကာ ဒကာမတွေ သူများပေးလို့ ရတာလား၊ ကိုယ်ကိုယ်တိုင် လိုချင်လို့ရတာလား၊ ယနေ့ အကဲခတ် ကြည့်ပါ၊ (ကိုယ်ကိုယ်တိုင် လိုချင်လို့ရတာပါ ဘုရား)။

လိုချင်လို့စွဲလမ်း၊ စွဲလမ်းလို့အားထုတ်

ဪ-ဒီမှာ လိုချင်လို့စွဲလမ်း၊ စွဲလမ်းလို့အားထုတ်၊ အားထုတ်လို့ ကိုယ်ကိုယ်တိုင် ခန္ဓာငါးပါးဖြစ်၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ်နဲ့ကော ဒကာ ဒကာမတွေ ကိုက်ပလား (ကိုက်ပါပြီ ဘုရား) အေး-တဏှာ ဥပါဒါန် ကံ ဇာတိ ခန္ဓာငါးပါး ဇာတိမလာဘူးလား (လာပါတယ် ဘုရား)။

ဒါက ဦးခင်မောင်တို့ ဦးဘတင်တို့ ဒါ ပွားစီးတဲ့ ပုဂ္ဂိုလ်ဆိုတာနော် (မှန်ပါ့)။

ကောင်းပြီ-ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ပွားစီးခြင်းကို အလိုရှိပါသလား (မရှိပါ ဘုရား) ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ပွားစီးခြင်း၊ အလိုမရှိပါဘူး၊ မာဂဏ္ဍီပရိဗိုဇ်ကြီးကတော့ မနေ့က ပြောခဲ့တဲ့မြက်ခင်းကလေးကို မြင်လိုက်ရင်ပဲ ဂေါတမမြတ်စွာဘုရား သီတင်းသုံးဖို့နေရာဆိုတော့ သူ့စိတ်ထဲမှာ ဂေါတမဆိုတဲ့အသံ မကြားချင်ဘူးတဲ့ ဒကာ ဒကာမတို့၊ ပွားစီးခြင်းကို ဖြတ်တောက်တဲ့ပုဂ္ဂိုလ်မို့တဲ့ (မှန်ပါ) ပွားစီးခြင်းဖြတ်တဲ့ပုဂ္ဂိုလ်မို့ သူ့အသံကြားရတာနဲ့ သူစိတ် အပျက်ကြီးပျက်နေတယ်တဲ့။

ဒီတွင်မှ ဘာရဒွါဇပုဏ္ဏားက အသင်ဟာ စကားကို အရမ်းမသုံးပါနဲ့၊ ဂေါတမမြတ်စွာဘုရားဆိုတာ သာမညပုဂ္ဂိုလ် မဟုတ်ပါဘူး၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်ဦးခိုက်ရတဲ့ပုဂ္ဂိုလ်ပါ၊ အဲဒီ ပုဂ္ဂိုလ်ကြီးကို အသင်သည်ကားလို့ဆိုရင် သူ့အသံကြားရတာနဲ့ မကောင်းသဖြင့်မြင်ရတယ်၊ မကောင်းသဖြင့် ကြားရတယ်လို့ အသင်က ပြောတဲ့ဥစ္စာ မတော်ပါဘူး၊ စကားကိုစောင့်စည်းပြီး ပြောပါလို့ ဘာရဒွါဇပုဏ္ဏားက သူ့ကို တောင်းပန်တယ်နော် (မှန်ပါ)။

တောင်းပန်ပင် တောင်းပန်ငြားသော်လဲ သူကမရဘူး၊ ပွားစီးခြင်းဆိုတာ တို့စာမှာပွားအောင် လုပ်ရမယ်ဆိုတာ ရှိတယ်တဲ့ (မှန်ပါ)။

စာလွတ်ပေလွတ်ပြောတာ မဟုတ်ဘူးတဲ့

သူက စာလွတ်ပေလွတ်ပြောတာ မဟုတ်ဘူးတဲ့၊ ပွားစီးရမယ်ဆိုတာ စက္ခုအာရုံက မြင်စရာတွေ့လဲ ပွားရမယ် (မှန်ပါ) သံသရာမှာ ခန္ဓာတစ်မျိုးမျိုး ဆုတောင်းရမယ်၊ ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ-ခင်ဗျားတို့ နဂိုက သံသရာဆုတောင်းနေတဲ့ ဒကာ ဒကာမတွေ ဘာအလိုရှိတာပါလိမ့် (ခန္ဓာငါးပါး အလိုရှိတာပါ ဘုရား) ပွားစီးခြင်းကို အလိုရှိတာ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

လူ့ပြည် နတ်ပြည် အကြိမ်ကြိမ်ခံစားဖို့ ဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာ ဘာအလိုရှိတာပါလိမ့် (ပွားစီးခြင်း အလိုရှိပါတယ် ဘုရား) ပွားစီးခြင်း အလိုရှိတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ-တို့ ဆုတောင်းနေတာ ဘာမျိုးပါလိမ့်မတုံးဆိုတော့ ပွားစီးခြင်းအလိုရှိတဲ့ မာဂဏ္ဍီပရိဗိုဇ်မျိုးတွေပေါ့ဗျာ (မှန်ပါ) ဦးခင်မောင် တယ်အရုပ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ ဆရာတွင်လမ်းဆုံး၊ ရှေးလူကြီးတွင် လမ်းဆုံးပြီးဆုံးတာလေးကလဲ အကြိုက်နဲ့သွားတွေ့၊ ရှေးလူကြီးတွေကလဲ ဘုံဘဝဆိုတာ ဆုတောင်းရသဟ၊ ဒီကလဲ လူ နတ် ဗြဟ္မာ သတ္တဝါဆိုတာ ခပ်ကြိုက်ကြိုက် ဖြစ်နေတာနဲ့ သူ့အပြောနဲ့ ကိုယ့်အကြိုက်နဲ့ ကိုက်တော့ တစ်ခါတည်း ပွားတဲ့အလုပ်တွေမလုပ်ခဲ့ဘူးလား (လုပ်ခဲ့ပါတယ် ဘုရား)။

ဒုက္ခသစ္စာခန္ဓာကြီး ကိုယ်ပိုင်ရမနေဘူးလား

လုပ်တော့ ဒကာ ဒကာမတွေ အခုတော့ ဒုက္ခသစ္စာခန္ဓာကြီး ကိုယ်ပိုင်ရမနေဘူးလား (ရပါတယ် ဘုရား) ဒါ ဘာလုပ်လို့ ရတာပါလိမ့် (ပွားစီးခြင်းလုပ်လို့ ရတာပါ ဘုရား) ပွားစီးခြင်းလုပ်တဲ့အတွက် ဦးခင်မောင်ရေ ရတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဒါဖြင့် ဘယ်သူ့အယူလဲ ဒီအယူက (မာဂဏ္ဍီအယူပါ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ငါကတော့ ဒီလို မယူပါဘူးတဲ့၊ ဘုရားကတော့ ပွားစီးခြင်းဖြတ်တဲ့ ပုဂ္ဂိုလ်မို့ပေါ့ဗျာ (မှန်ပါ)။

အဲဒါကြောင့်ပဲ ခုနက ပြောသလို မာဂဏ္ဍီပရိဗိုဇ်က ပြောတော့ ဘာရဒွါဇပုဏ္ဏားက အမျိုးမျိုးအဖုံဖုံ တောင်းပန်တယ်၊ အသင်သည်ကားလို့ဆိုရင် ဒီစကားတွေ မသုံးပါနဲ့၊ ပွားစီးခြင်း ဖြတ်တောက်တဲ့ပုဂ္ဂိုလ်မို့ မတွေ့ချင်ဘူး၊ မမြင်ချင်ဘူးဆိုတဲ့ စကားမျိုးတွေ မသုံးပါနဲ့၊ စည်းစောင့်ပြီး သကာလ စကားပြောပါလို့ ပုဏ္ဏားက ပညာရှိသံနဲ့ တောင်းပန်တယ်နော် (မှန်ပါ)။

တောင်းပန်ပင် တောင်းပန်ငြားသော်လဲ သူက ကျုပ်တို့မှာ ဒီလိုပဲလာတယ်၊ ပွားစီးမှ အဖိုးတန်တယ်လို့လာတယ်၊

အဲ-မာဂဏ္ဍီပရိဗိုဇ်ကြီးကလဲ ဘုရားမပွင့်ခင်က သူတို့ ဘာသာအလျောက် ရေးထားတဲ့စာညွှန်ပြချက်ကို အခိုင်အမာကြီး လုပ်ပြီးပြောနေတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာ ဥပါဒါန် ကံ တွေဆက်ပြီး

တဏှာ ဥပါဒါန် ကံ တွေဆက်ပြီး ခန္ဓာရမည့် စာကို ဦးဘအုန်းတို့က ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (စာမှားပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာပြတ်တယ် ဥပါဒါန်ပြတ်တယ် ကံပြတ်တယ်၊ ဒီကပြတ်တဲ့အလုပ်တွေကို ရေးထားတဲ့စာအုပ်ဖြစ်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပွားစီးခြင်းကို ဖြတ်တောက်သောကြောင့် စာမှန်လို့ဆိုလိုက်ပါ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ထိုထို အကျဉ်းချုပ်မှတ်ချင်ရင်တော့ ဦးခင်မောင်တို့၊ ဦးဘအုန်းတို့ ပဋိစ္စသမုပ္ပာဒ်ပြတ်စာသည် စာမှန် (မှန်ပါ ဘုရား) ပဋိစ္စသမုပ္ပာဒ်ဆက်တဲ့စာသည် စာမှား (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ဆက်တဲ့စာသည် စာမှားပဲ၊ ဒီဥစ္စာ ဒုက္ခသစ္စာပွားစီးခြင်းသို့ မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ် ဘုရား)။

ပါဠိတော် အဌာကထာဋီကာဆိုတဲ့ ပိဋကတော်နဲ့ မလွဲအောင် ရေးသားထားတဲ့ စာကိုသာ အနှစ်သာရ ပြုကြပါလို့ စာချိန်တွယ်နည်းကိုလဲ ဆရာဘုန်းကြီးက ယနေ့ပေးလိုက်ပါတယ် (မှန်ပါ)။

ဘယ်လိုပေးပါလိမ့် (ပဋိစ္စသမုပ္ပာဒ်ဖြတ်တဲ့စာဟာ စာမှန်ပါ ဘုရား) ပဋိစ္စသမုပ္ပာဒ်ဆက်အောင်ရေးလို့ရှိရင် စာမှား (မှန်ပါ)။

ပဋိစ္စသမုပ္ပာဒ်ထဲနေတဲ့ ပုဂ္ဂိုလ်က နောက်ထပ်ဆက်နေရင် မမှားသေးဘူးလား (မှားပါတယ် ဘုရား) ကိုယ်ကိုယ်တိုင် ပဋိစ္စသမုပ္ပာဒ် ခန္ဓာကိုယ်ကြီးမဟုတ်လား (မှန်လှပါ ဘုရား)။ အဲဒါကြီးထဲမှာ တစ်ခါ နောက်ထပ်ဆက်ရဦးမယ် ဆိုတော့ ဒီစာ ဘယ့်နှယ့်ဆိုကြမလဲ (စာမှားပါ ဘုရား) ဒုက္ခဝဋ်လည်တဲ့စာ (မှန်ပါ ဘုရား) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပာဒ် ပြတ်တဲ့စာဆိုရင် (စာမှန်ပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ စာဆိုသဖြင့်

ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ စာဆိုသဖြင့် ဦးဝတို့ ဒါကို အယုံအကြည်ရှိတော့၊ သဘောကျပလား (ကျပါပြီ ဘုရား) ပဋိစ္စသမုပ္ပာဒ် မပြတ်တဲ့စာဆိုလို့ရှိရင်ဖြင့် စာမှားပဲ၊ သူထင်တာ သူရေးတာသာ မှတ်ပေတော့ (မှန်ပါ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့တရားမှန်ရင်တော့ “သစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ” သစ္စဝိနိမုတ္တော၊ သစ္စာမှလွတ်သော၊ ဓမ္မောနာမ၊ တရားမည်သည်၊ နတ္ထိ၊ ဘုရားဟောရိုး ထုံးစံမရှိတဲ့ (မှန်ပါ) ဘုရားက သစ္စာကို ဟောတာတဲ့၊ ဒုက္ခသစ္စာကို ပရိညေယျနဲ့ပိုင်းခြားသိဖို့ပဲ၊ ပြတ်အောင်လုပ်ဖို့ပဲ၊ သမုဒယသစ္စာကိုပယ်ဖို့ ဟောတာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ-သမုဒယသစ္စာကို ပယ်ကတည်းက ပဋိစ္စသမုပ္ပာဒ် မပြတ်သေးဘူးလား (ပြတ်ပါတယ် ဘုရား) ဒုက္ခသစ္စာ ပိုင်းခြားဆိုကတည်းက ပဋိစ္စသမုပ္ပာဒ်လာသေးရဲ့လား (မလာပါ ဘုရား)။

အဲ-သစ္စာနဲ့လွတ်တဲ့တရားကို ဘုရားမဟောဘူးလို့ အဲဒီမှာလဲ တစ်ချက်မှတ်လိုက်တော့ ဪ-ဒါဖြင့် ဆရာဘုန်းကြီး မှာထားတာ တို့အတည်ပြုမှပဲလို့မှတ် (မှန်ပါ)။

ဘယ်လို အတည်ပြုမလဲ ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ တရားဆိုရင် (စာမှန်ပါ ဘုရား) ပဋိစ္စသမုပ္ပာဒ်ဆက်တဲ့ တရားဆိုလို့ရှိရင် (စာမှားပါ ဘုရား)။

ဒီချိန်ခွင်နဲ့ချိန်ပါ

အဲဒီတော့ ခင်ဗျားတို့ကို အခုချိန်ခွင် တစ်ခုပေးထားတယ်၊ ဒီချိန်ခွင်နဲ့ချိန်ပါ၊ စာအုပ်တစ်အုပ် ကောက်ကြည့် လိုက်တယ်ဆိုရင် ဒီချိန်ခွင်နဲ့ချိန်ပါ၊ တရား ဓမ္မဟောလာတဲ့ပုဂ္ဂိုလ်ဆိုရင်လဲ ဒီချိန်ခွင်နဲ့ချိန်ကြည့်ပါ၊ အခုပေးထားတဲ့ ချိန်ခွင်နဲ့ချိန်ကြည့်ပါ၊ ပဋိစ္စသမုပ္ပာဒ်ပြတ်သလား၊ ဆက်သလား၊ ဒါကို ချိန်ပါ (မှန်ပါ)။

ချိန်လိုက်တော့ကို ပြတ်တဲ့တရားဆိုလို့ရှိရင် ခင်ဗျားတို့ နာကြ၊ ကြိုးစားကြ၊ အားထုတ်ကြပါ၊ ဟုတ်လား (မှန်ပါ ဘုရား) ပဋိစ္စသမုပ္ပာဒ် ဆက်တဲ့တရားဆိုရင် ပယ်ကြ ရှားကြပါ၊ ဒါပဲ ဆုံးမစရာရှိတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ ချိန်ခွင်ပေးတာပဲ၊ ဦးခင်မောင် ဘာချိန်ခွင်ပါလိမ့် (ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့တရားဆိုလို့ရှိရင် စာမှန်ပါ) ပဋိစ္စ သမုပ္ပာဒ် ဆက်တဲ့ တရားဆိုလို့ရှိရင် (စာမှားပါ ဘုရား)။

ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ပဋိစ္စသမုပ္ပာဒ် အဆက်မှ မပြတ်ရသေးပဲနဲ့ နောက်ထပ်ဆက်တဲ့စာဆိုလို့ရှိရင် ခင်ဗျားတို့ ကိုးစားအားထား လိုက်မယ်ဆိုလို့ရှိရင် ငါးပါးမှောက်ပြီ (မှန်ပါ) မမှောက်သေးဘူးလား (မှောက်ပါတယ် ဘုရား)။

နဂိုက အနာပေါက်နေတဲ့လူ တုတ်နဲ့ဆွတာနဲ့သွားတူတယ် (မှန်ပါ) တုတ်နဲ့ဆွတော့ အနာကြီးလာတယ် (မှန်ပါ)ပဋိစ္စသမုပ္ပာဒ် နဂိုက ဆက်နေရတဲ့အထဲ ပြန်ဆက်ပါဦးဆိုတော့ တုတ်နဲ့ထိုးတာနဲ့ အနာက ကြီးလာတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့ကတော့ မသိဘူး မိန်းမဆိုတော့ ဒီလိုလေး လေပြေထိုးမနေနဲ့၊ အပါယ်ရောက်သွား မယ်၊ မိန်းမတွေက တပည့်တော်တို့ ဘာမှ မသိဘူးဘုရားဆိုပြီး ဂုဏ်ယူမနေလိုက်ပါနဲ့၊ မသိသလို နစ်နာသွားမယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ယောကျ်ားတွေကလဲ ကျုပ်တို့ကတော့ ငယ်ငယ်က စာပေကျမ်းဂန် မသင်ရတော့ ပြောတာ မှတ်ရတာပဲလို့ လုပ်မနေကြနဲ့ဦး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အမှတ်လွဲရင် အပါယ်ရောက်နိုင်တယ်

ပြောတာ မှတ်ရတာပဲလို့ လုပ်မနေနဲ့၊ အမှတ်လွဲရင် အပါယ်ရောက်နိုင်တယ် (မှန်ပါ) ချိန်မိကြပလား (ချိန်မိပါပြီ ဘုရား)။

အဲဒါ တစ်သက်လုံးချိန်ဖို့ပေးထားတဲ့ချိန်ခွင်လို့ မှတ်ပါ (မှန်ပါ) ဘယ်လိုချိန်ရမတုံး (ပဋိစ္စသမုပ္ပာဒ်ပြတ်ရင် စာမှန်ပါ ပဋိစ္စသမုပ္ပာဒ်ဆက်ရင် စာမှားပါ ဘုရား) အဲဒီတော့ ချိန်တတ်ပြီ ခင်ဗျားတို့ (မှန်ပါ)။

ကျုပ်တို့က ဘာမှမသိဘူး၊ လက်ဦးဆရာ ပြောတာကို ကျုပ်တို့က အမှန်ယူလိုက်တာပဲ၊ ကျုပ်တို့ငယ်ဆရာက ဒီလိုပြောထားတယ်၊ သူဒီလိုပြောပြော မပြောပြော ဘုန်းကြီးတို့က အတည်မပြုနဲ့ဦး၊ အခုကိုယ်ပိုင်ဉာဏ် ရှိလာပြီ (မှန်ပါ)။

သူရှေ့က ဘယ်လိုပဲပြောထားထား၊ ပဋိစ္စသမုပ္ပာဒ် ဆက်တာကို ပြောထားရင် (စာမှား) ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ တရားဆိုရင်ဖြင့် (စာမှန်ပါ ဘုရား) စာမှန်လို့ ယူလိုက်ပါ (မှန်ပါ)။

ဦးခင်မောင် ကျေနပ်ပလား (ကျေနပ်ပါပြီ) အဲဒီတော့ ဒီချိန်ခွင်မရှိသရွေ့ ခင်ဗျားတို့မှာ သူများပါးစပ်လမ်းဆုံးတယ် (မှန်လှပါ)။

သူများပါးစပ်က ပြောတာသော်လည်းကောင်း ပါးစပ်က ပြောတာကို မှတ်တမ်းတင်ထားတဲ့သူ ရေးထားတဲ့ စာနဲ့သော်လည်းကောင်း လမ်းမဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား)။

ဒါဟာ ချိန်ခွင်မရှိလို့ပေါ့

ဘယ်လောက်ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား) ဒါဟာ ချိန်ခွင်မရှိလို့ပေါ့ (မှန်ပါ)။

ဒါကြောင့် အမျိုးသမီး ဒကာမတွေကို အထူးတလည် သတိပေးပါတယ်၊ အို-ကျုပ်တို့ကတော့ ဘာမသိ ညာမသိမို့ မှတ်နေရတာပဲ၊ ဘယ်ဆရာလာတယ် ဆိုရင် ဗဟုသုတပဲလု့ိ သွားလုပ်မနေကြနဲ့၊ ဒီဗဟုသုတက တဏှာသွားလိမ့်မယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဗဟုသုတရှိအောင်လို့ သွားနာလိုက်တော့ ကိုယ်က ချိန်ခွင်မပါတော့ သူပေးတာ ၇၅-ကျပ်သားဟာ တစ်ပိဿာ ဖြစ်သွားတယ် (မှန်ပါ) သူကပြည့်မှမပြည့်ပဲ၊ ကိုယ့်မှာ ချိန်ခွင်မပါတော့ တစ်ပိဿာ ဖြစ်သွားတယ် (မှန်ပါ) အဲဒီလိုကြုံရင် မနာဘူးလား (နာပါတယ် ဘုရား) အဲဒီလို ခင်ဗျားတို့ တစ်ပိဿာဖြစ်သွားမှာစိုးလို့ ပြောနေတာ (မှန်ပါ)။

အခု ချိန်ခွင်ပေးထားတာ ရပလား (ရပါပြီ ဘုရား) ဘယ့်နှယ်ချိန်မတုံး (ပဋိစ္စသမုပ္ပာဒ် ဆက်ရင် စာမှားပါ၊ ပဋိစ္စသမုပ္ပာဒ် ပြတ်ရင် စာမှန်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဆုံးဖြတ်ချက်ကို ဒီချိန်ခွင်ထည့်ပေးရသတုံးဆိုတော့ နဂိုကတည်းက ဒုက္ခသစ္စာကြီး ပဋိစ္စသမုပ္ပာဒ် ဆက်ထားလို့ ဒုက္ခရောက်နေတာ (မှန်ပါ) နောက်ထပ် ဆက်ရဦးမယ်ဆိုတော့ ငါးပါးမမှောက်ဘူးလား (မှောက်ပါတယ် ဘုရား)။

အဲဒါ ကျုပ်တို့တော့ဖြင့် ဗဟုသုတရှိအောင် အမျိုးမျိုးလိုက်ပြီး နားထောင်ရတယ်၊ လုပ်မနေနဲ့၊ နားထောင်ရင် ဒီချိန်ခွင်ယူသွားပြီးနားထောင် (မှန်ပါ) နောက်ထပ် ဆက်ရဦးမယ်ဆိုတော့ ငါးပါးမမှောက်ဘူးလား (မှောက်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ဆက်ထားလို့ ဒုက္ခရောက်နေတာ

ဘယ့်နှယ်ကြောင့် ဒီဆုံးဖြတ်ချက်ကို ဒီချိန်ခွင်ထည့်ပေးရသတုံးဆိုတော့ နဂိုကတည်းက ဒုက္ခသစ္စာကြီး ပဋိစ္စသမုပ္ပာဒ်ဆက်ထားလို့ ဒုက္ခရောက်နေတာ (မှန်ပါ) နောက်ထပ် ဆက်ရဦးမယ်ဆိုတော့ ငါးပါးမမှောက်ဘူးလား (မှောက်ပါတယ် ဘုရား)။

အဲဒါ ကျုပ်တို့တော့ဖြင့် ဗဟုသုတရှိအောင် အမျိုးမျိုးလိုက်ပြီး နားထောင်ရတယ်၊ လုပ်မနေနဲ့၊ နားထောင်ရင် ဒီချိန်ခွင်ယူသွားပြီးနားထောင် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဦးခင်မောင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဘာပေးထားသတုံး ခင်ဗျားတို့ကို (ချိန်ခွင် ပေးထားပါတယ် ဘုရား) နို့မဟုတ်ရင် ခင်ဗျားတို့က ဟိုက အစိတ်သားထည့်ပေး၊ ငါးဆယ်သားဆိုပြီးယူမှာ ခင်ဗျားတို့က (မှန်ပါ) ကိုယ့်မှာ ချိန်ခွင်မရှိပဲကိုးဗျ၊ မယူပေဘူးလား (ယူမှာပါ ဘုရား) အဲ-၈၅ ကျပ်သား ထည့်ပေးပြီး တစ်ပိဿာပါ ဆိုရင်ကော (ယူမှာပါ) ဘာဖြစ်လို့တုံး (ချိန်ခွင်မပါလို့ပါ ဘုရား) ကိုယ်ကချိန်ခွင်မပါဘူးတဲ့ (မှန်ပါ့)။

အဲဒီတော့ ချိန်ခွင်ကလေး ဆရာဘုန်းကြီးက ပေးထားတာကလေး မှတ်ထားကြပါ၊ ဒါပျောက်သွားလို့ ရှိရင်ဖြင့် သူများပါးစပ်လမ်းဆုံးတော့မှာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီချိန်ခွင်ကို ဘယ့်နှယ်လုပ်ကြမလဲ (မပျောက်အောင် လုပ်ကြရပါမယ် ဘုရား) အဲ-မပျောက်အောင်သိမ်းထားပါ၊ ဘယ်တရားပဲနာနာ ဘယ်စာအုပ်ပဲ ကြည့်ကြည့် ဒီချိန်ခွင်နဲ့သွား (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

တရားမှားနဲ့ တရားမှန်ကို သိနိုင်တဲ့ချိန်ခွင်

ဦးဘအုန်း ဘယ်ချိန်ခွင်ယူသွားရမှာတုံး (တရားမှားနဲ့ တရားမှန်ချိန်တဲ့ ချိန်ခွင်ပါ ဘုရား) အဲ တရားမှားနဲ့ တရားမှန်ကို သိနိုင်တဲ့ချိန်ခွင် (မှန်ပါ) အဲဒါ ပဋိစ္စသမုပ္ပာဒ်နဲ့ ချိန်လိုက်တာပေါ့ဗျာ (မှန်ပါ) ပဋိစ္စသမုပ္ပာဒ်ပြတ်ရင် (တရားမှန် စာမှန်ပါ ဘုရား) ပဋိစ္စသမုပ္ပာဒ်ဆက်ရင် (တရားမှား စာမှားပါ ဘုရား)။

ဒါလဲ ပဋိစ္စသမုပ္ပာဒ်မှနော်၊ ဥစ္ဆေဒဒိဌိနဲ့ပြတ်တာမျိုး သွားပြီးမယူနဲ့ (မှန်ပါ) ပဋိစ္စသမုပ္ပာဒ် ပြတ်တာယူမှ၊ ဟုတ်လား (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ-ဒါဖြင့် ဒါဟာ ဦးခင်မောင် တစ်သက်လုံးမရတဲ့ချိန်ခွင် ယနေ့ရတာပဲ (မှန်ပါ) နို့မဟုတ်ရင် ခင်ဗျားတို့ ကိုယ်ကချိန်ခွင်မရှိပြီဆိုတော့ သူများပြောတာ အဟုတ်ချည်း မှတ်နေတယ် (မှန်ပါ) ယုတ္တိယုတ္တာနဲ့သာပြော၊ အဟုတ်မှတ်နေတာပဲ (မှန်ပါ့)။

အဟုတ်မှတ်လို့ရှိရင်ဖြင့် ယူလိုက်မှာပဲ၊ ယူလိုက်တော့ ကိုယ်က ချိန်ခွင်မရှိတော့ကိုဆက်တဲ့တရားကိုလဲ ပြတ်တဲ့တရားလို့ ထင်ချင်ထင်မှာပါ၊ ပြတ်တရားကိုလဲ ကြောက်ချင်ကြောက်သွားမယ်၊ မယူလိုဘူး (မှန်ပါ) ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ တစ်သက်လုံး ဒီဟာ မသေမချင်း ကိုယ်အကျိုးယုတ်မှာစိုးတဲ့အတွက် ချိန်ခွင်ပေးထားတာ (မှန်ပါ ဘုရား)။

မပျောက်ကောင်းတဲ့ချိန်ခွင်ပဲ

အဲဒါ နားကြီးကြီးသမားတွေမှာဖြင့် ဪ- ဒီချိန်ခွင်ဟာ မပျောက်ကောင်းတဲ့ချိန်ခွင်ပဲ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) နဂိုက ခင်ဗျားတို့ တစ်လက်မှ မရှိဘူး ချိန်ခွင်က (မှန်ပါ)။

ဦးဘအုန်း ဘယ့်နှယ် ဖြစ်နေသတုံးဗျ (ချိန်ခွင်မရှိပါ ဘုရား) ချိန်ခွင်မရှိ၊ ဘာထည့်ပေးပေး တစ်ပိဿချည်းထင်နေတာပဲ (မှန်ပါ) ပေးသမျှကို ကျေနပ်နေတာပဲ (မှန်ပါ) လျော့ပေးလဲ ကျေနပ်ဟုတ်လား၊ အပုပ်အဆွေးတွေမို့ သာသာထိုးပေးလဲ (ကျေနပ်ပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့ဟာ ကိုယ်ပိုင်ဉာဏ်ပါသေးရဲ့လား (မပါပါ ဘုရား)။

ကဲ-ဦးခင်မောင် ဒီဥစ္စာ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) အရေးကြီးတယ်၊ ဘုရားပွင့်လာတာ ခင်ဗျားတို့စဉ်းစားကြည့်ပါ၊ ပဋိစ္စသမုပ္ပာဒ် ဖြတ်ဖို့ ပွင့်လာတယ် (မှန်ပါ) ဒီ့ပြင် ဘာအကြောင်းရှိသတုံး (မရှိပါ ဘုရား)။

ဘုရားပွင့်လာတာ ထောက်ကြည့်ပါလား၊ ဒကာ ဒကာမတွေက ဘုန်းကြီးပြောတာ ဪ-ဘုန်းကြီး လက်ထက်ကျမှ ချိန်ခွင်ပေါ်လာတယ် အောက်မေ့မနေပါနဲ့ (မှန်ပါ) ဘုရားပွင့်လာတာ ဘာလုပ်ဖို့တုံး (ပဋိစ္စသမုပ္ပာဒ် ဖြတ်ဖို့ပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ဖြတ်လို့ ဘုရားဖြစ်လာတာ

သူ ကိုယ်တော်တိုင်လဲ ပဋိစ္စသမုပ္ပာဒ်ဖြတ်လို့ ဘုရားဖြစ်လာတာ (မှန်ပါ) ခင်ဗျားတို့ ကျုပ်တို့ကို တရားဟောနေ တာကော (ပဋိစ္စသမုပ္ပာဒ် ဖြတ်ဖို့ပါ ဘုရား) ဖြတ်ဖို့ပဲ ဟောတယ် (မှန်ပါ)။

ဒါဖြင့် ဆက်တဲ့တရားဟူသရွေ့ ဘုရားရွံရှာ မုန်းတီးတဲ့တရား (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဘဝကိုများ ဘုရားက စက်ဆုပ်လိုက်တာ၊ အင်မတန် စက်ဆုပ်တော်မူတယ်၊ ဘဝကို သိပ်ကြောက်တာပဲ (မှန်ပါ) မကြောက်ဘူးလား (ကြောက်ပါတယ် ဘုရား)။

အဲ-ဘဝဆိုတာ ကျင်ကြီးကျင်ငယ်ကဲ့သို့ စက်ဆုပ်တော်မူတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) အဲဒါ ပဋိစ္စသမုပ္ပာဒ် ဆက်လို့ကြောက်တာ (မှန်ပါ)။

ကိုင်း-တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ချိန်ခွင်လေး တစ်ယောက်တစ်ယောက်ဆီမှာ ကိုယ်ပိုင်ရှိကြပလားလို့ မေးတယ် (ရှိပါတယ် ဘုရား)။

မရှိပဲနဲ့ဖြင့် ခင်ဗျားတို့သည် ဘယ်စာအုပ်မှလဲ မကြည့်နဲ့၊ ဘယ်ဆရာတရားမှလဲ မနာနဲ့။

ကိုယ့်မှာ ချိန်ခွင်ပါသွားရင်တော့ ဘယ်စာအုပ် မဆိုကြည့်ပါ၊ ဘယ်တရားဟောဆရာမဆိုနာပါ၊ အဲဒါ ဆိုရင် အဖြောင့်ချည်းဖြစ်မယ် (မှန်ပါ)။

နို့မဟုတ်ရင် ပေးသရွေ့ တင်းတိမ်ပြန်ဆိုလို့ရှိရင်တော့ ခင်ဗျားတို့သွားပြီး အင်မတန် နစ်နာသွားမယ် ဦးဘအုန်း (မှန်ပါ)။

ဒီနေ့မဆုံးတဲ့ အချက်အလက်ဟာ ဒကာ ဒကာမတို့ သာမညအရေးကြီးရင် ဘုန်းကြီး ထပ်ပြန်တလဲလဲ ပြောမနေဘူး၊ အင်မတန် အရေးကြီးလို့ ပြောတာ (မှန်ပါ) ဦးဘတင်တို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ခင်ဗျားတို့ကို လွန်ခဲ့တဲ့တစ်လလောက်ကပဲ ဆိုပါတော့ သူများပါးစပ်လမ်းဆုံးမှာ ကြောက်ပါလို့ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား)။

ဝါဂွမ်းများလို ဖြစ်သွားမယ်

အဲဒါဟာ ဘုရားဟော အဓိပ္ပာယ်အတိုင်း နားလည်အောင်ပြောခဲ့တာ (မှန်ပါ) ဝါဂွမ်းများလို ဖြစ်သွားမယ်၊ ဟိုမှုတ်လိုက်လွင့်သွား၊ ဒီမှုတ်လိုက်လွင့်သွားနဲ့ဆိုတာ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား)။

အဲဒါဟာ ခင်ဗျားတို့က ဒီချိန်ခွင်မပါရင် သူများ ပါးစပ်လမ်းဆုံးမယ် (မှန်ပါ ဘုရား) မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား)

ဆုံးခဲ့လို့ရှိရင် ခင်ဗျားတို့သည် သူများပါးစပ်က မှုတ်တဲ့ဝါဂွမ်းလိုပဲ တည်ရာဌာနရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ ခင်ဗျားတို့မရောက်တဲ့ သံသရာရယ်လို့ ရှိပါဦးမလား (မရှိပါ ဘုရား) မရှိတော့ အဲဒါဟာ သူများ ပါးစပ်လမ်းဆုံး သူများရေးတဲ့စာမှာ လမ်းဆုံးလို့ ချိန်ခွင်မပါတဲ့ ပုဂ္ဂိုလ်တွေမို့ ဟိုလွင့် ဒီလွင့် လွင့်တာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခု ချိန်ခွင်ရကြပလား (ရပါပြီ ဘုရား) ဘာတဲ့ ခင်ဗျားတို့ ရထားတဲ့ ချိန်ခွင်က (ပဋိစ္စသမုပ္ပာဒ် ဆက်ရင် တရားမှားပါ၊ မဆက်ရင် တရားမှန်ပါ ဘုရား)။

ဝိပါကဝဋ်ကြီးနဲ့နေရတယ်

အဲ-ပဋိစ္စသမုပ္ပာဒ် ဆက်ရင် တရားမှားပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) ဆက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘယ်နည်းမှ မတော်ဘူးဆိုတာဖြင့် သေသေချာချာ မှတ်ရလိမ့်မယ်၊ ကျုပ်တို့က ပဋိစ္စသမုပ္ပာဒ်ဝဋ်မှ မကျွတ်သေးတဲ့ပုဂ္ဂိုလ်၊ ဟုတ်ပလား (မှန်ပါ ဘုရား) အခု ဝဋ်ကျွတ်ပလား (မကျွတ်သေးပါ ဘုရား) ဝိပါကဝဋ်ကြီးနဲ့နေရတယ်၊

ကြည့်လေ-အခု တဏှာ ဥပါဒါန် ကံ ဇာတိ ဆိုတဲ့ အထဲမှာ အခုနေကြတဲ့ ဒကာ ဒကာမတွေ ဇရာထဲမှာနေတယ် (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဇရာထဲမှာ နေတုန်းဆိုတော့ ဝဋ်ကျွတ်ပလား (မကျွတ်သေးပါ ဘုရား) မကျွတ်သေးခင်က ဇရာထဲမှာပဲ နောင်ဘဝရဖို့ ခင်ဗျားတို့ လုပ်ကြဦးမယ်ဆိုလို့ရှိရင်ဖြင့် ဒါဘယ့်နှယ်ဆိုကြမလဲ (မကောင်းပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် ပြတ်သွားသလား၊ ဆက်သွားသလား (ဆက်သွားပါတယ် ဘုရား) ဆက်သွားလို့ရှိရင် ပဋိစ္စသမုပ္ပာဒ် တစ်ခုလုံးက ဒုက္ခက္ခန္ဓဿ (မှန်ပါ)။

ဘာတဲ့တုံး (ဒုက္ခက္ခန္ဓဿပါ) ဒုက္ခက္ခန္ဓဿ ဆိုတာ မြန်မာလိုပြန်တော့ (ဒုက္ခအစုပါ) ပဋိစ္စသမုပ္ပာဒ်တစ်ခုလုံး ဒုက္ခအစုကွတဲ့ (မှန်ပါ) အဲဒါ ဆက်သွားရင် ဆိုကတည်းက ဘာအစုတွေ ဆက်လာသတုံး (ဒုက္ခအစုတွေ ဆက်လာပါတယ် ဘုရား)။

ပြတ်တဲ့တရားမှန်တယ်

ဒါဖြင့် ဒီလိုဆက်တဲ့တရားတွေ မမှန်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) ဆက်တဲ့တရား ဟူသရွေ့ မမှန်သေးဘူး၊ ပြတ်တဲ့တရားမှန်တယ်ဆိုတာတော့ ဦးခင်မောင် သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ ဒီအရွယ်ကျမှ ချိန်ခွင်ကိုင်တတ်လာတာ တော်ပဲ တော်သေးတယ် (မှန်ပါ) တော်သေးတယ် ကိုသစ်တို့လူစု၊ ကိုမြရွှေကော ချိန်ခွင်ရပလား (ရပါပြီ ဘုရား) ရွှေချိန်တဲ့ ချိန်ခွင်တော့ မဟုတ်ဘူးနော်၊ ဒါကို ကြပ်ကြပ်သတိထားပါ (မှန်ပါ) တရားချိန်တဲ့ ချိန်ခွင်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အေး-ဒါကြောင့် ဒကာ ဒကာမတို့ သူများပါးစပ် လမ်းဆုံးမှာစိုးလို့ မြတ်စွာဘုရားမှာတော်မူတယ်ဆိုတာကို ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါ ဘုန်းကြီး စကားအားဖြင့်သာ လောကစကား ထည့်ပြောတာပါ၊ ပင်ကိုရင်းကတော့ သစ္စသံယုတ်မှာ ဟောတဲ့စကားကို ပြောတာပါပဲ (မှန်ပါ) သူများပါးစပ် လမ်းဆုံးမယ် ဝါဂွမ်းဖြစ်မယ်ဆိုတော့ ခင်ဗျားတို့မှာ ချိန်ဆတာ မပါဘူးပြောတာ မဟုတ်ဘူးလား (မှန်ပါ)။

သူများပါးစပ်မှာ လမ်းဆုံးတယ်

ကိုင်း ဒါဖြင့် မာဂဏ္ဍီဝတ္ထု ဆက်သွားကြပါစို့၊ မာဂဏ္ဍီပရိဗိုဇ်ကြီးဟာ ဘယ်သူ့မှာ လမ်းဆုံးသွားသလဲ၊ သူများပါးစပ်မှာ လမ်းဆုံးတယ် (မှန်ပါ)။

ပွားစီးခြင်း၊ တိုးတက်ခြင်း လုပ်ရမယ်-တဲ့၊ သူတို့ စာက (မှန်ပါ) ပွားစီးခြင်းလုပ်တာ အခု ဒကာ ဒကာမတွေ မြင်တဲ့အတိုင်းပဲ၊ တဏှာကနေပြီး ဥပါဒါန်သွားတယ်၊ ဥပါဒါန်ကနေပြီး (ကံသွားပါတယ်) ကံကနေပြီး ဘယ်သွားသတုံး (ဇာတိသွားပါမယ် ဘုရား)။

ဇာတိကနေပြီး ဆက်လိုက်သွားဦးမယ်ဆို ဆုံးပါ့မလား (မဆုံးပါ ဘုရား) အဲ-ပွားစီးခြင်းဟာ သုခပွားသလား၊ ဒုက္ခပွားသလား (ဒုက္ခပွားပါတယ် ဘုရား)။

ပွားစီးခြင်းအလိုရှိရမယ်လို့ သူက ဒီလို အယူအဆရှိတော့ ပွားစီးခြင်းကို ဖြတ်တောက်ဖို့ ဟောကြားတော်မူတဲ့ တရားသံကို သူကြောက်တယ်၊ ကြားနိုင်သေးရဲ့လား (မကြားနိုင်တော့ပါ ဘုရား)။

ကြည့်-ဘာမကြားနိုင်တာတုံးဆိုတော့မှ ဦးဘတင် ခုနကစကားထဲဝင်လာတယ်၊ ပဋိစ္စသမုပ္ပာဒ်ဖြတ်သံ မကြားနိုင်ဘူး (မှန်ပါ) တယ်လဲဆိုးရွားပါလား ဒကာ ဒကာမတို့ (ဆိုးရွားပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ဖြတ်တယ် ဆိုတာကို သူ့စိတ်ထဲမှာ မကြားနိုင်ဘူးတဲ့၊ ပွားစီးခြင်းဖြတ်တာကလဲ ပဋိစ္စသမုပ္ပာဒ်ကိုးဗျ (မှန်ပါ) အဲဒီတော့ ကြားနိုင်ရဲ့လား (မကြားနိုင်ပါ ဘုရား)။

ဒါနဲ့ပဲ ဘာရဒွါဇ ပုဏ္ဏားက သင် ဒီလိုမပြောပါနဲ့၊ ပွားစီးခြင်းဖြတ်တဲ့ ကိုယ်တော်ကြီး၊ ဒါ့ကြောင့် ဒီလို မမြင်ချင်ဘူး၊ သူ့ပြောသံလဲ မကြားချင်ဘူး၊ ဒီလိုစကားတွေ မပြောနဲ့လို့ တောင်းပန်တယ် (မှန်ပါ)။

မာဂဏ္ဍီက ဘုရားကို ရန်လုပ်နေတယ်၊ ဘုရားနဲ့ ရန်ဖြစ်လိုတယ်ဆိုပါတော့ (မှန်ပါ) ဘုရားနဲ့ ဘာအကြောင်းရင်းခံ ရန်ဖြစ်တာတုံး (ဘုရားက ပဋိစ္စသမုပ္ပာဒ် ဖြတ်လို့ပါ ဘုရား) ဘုရားက ဖြတ်တဲ့ပုဂ္ဂိုလ် (မှန်ပါ) သူက ပွားတဲ့ပုဂ္ဂိုလ် ဆက်တဲ့ပုဂ္ဂိုလ် (မှန်ပါ) သူက ဆက်မှုကိုကြိုက်တယ်၊ ဒုက္ခသစ္စာဆက်တာ ကြိုက်နေတယ် (မှန်ပါ) ဒုက္ခရယ်လို့တော့ မသိလို့ပေါ့ဗျာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခမသိတော့ ဒုက္ခဆက်တာကြိုက်တယ်

သူက ဒုက္ခမသိတော့ ဒုက္ခဆက်တာကြိုက်တယ်၊ ဘုရားကတော့ ဒုက္ခသိတော်မူလို့ ဒုက္ခပြတ်တာကြိုက်တယ် (မှန်ပါ) အကြိုက်ချင်းက ဘယ့်နှယ်နေသတုံး (အင်မတန် ခြားနားပါတယ် ဘုရား)။

ပြီးတော့ သူက အကိုးအကားက ဘာတုံး၊ သူတို့ စာကလာတယ်တဲ့၊ သူတို့စာကလာတယ်ဆိုတော့ ဦးခင်မောင်တို့ ဦးဘအုန်းတို့က တွေးတာပေါ့၊ အင်း-ဒီစာဖြင့် ငါးပါးမှောက်မယ့်စာပဲဟေ့ (မှန်လှပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဘာဖြစ်နေလို့လဲ ပဋိစ္စသမုပ္ပာဒ် ဆက်နေလို့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ကျုပ်က စာလွတ်ပေလွတ် ပြောတာမဟုတ်ဘူးလို့ ပြောပေမယ့် မယုံနဲ့ဦးနော် (မှန်ပါ) သူ့စာက ဘယ်လိုစာမှန်းမသိပဲနဲ့၊ သူကသာ စာလွတ်ပေလွတ် မဟုတ်ဘူးပြောနေတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် မပြတ်တဲ့စာဖြင့် စာမှားပဲ၊ ပဋိစ္စသမုပ္ပာဒ် ပြတ်တဲ့စာဖြင့် စာမှန်ပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း-ဒါက ဘယ်သူ့ကို အကြောင်းရင်းခံပြီး ပြောနေတာတုံးဆိုတော့ မာဂဏ္ဍီပရိဗိုဇ်မှာ စာကြောင့် လွဲနေတာ (မှန်ပါ) သူ့စာက ဒီလိုဆိုတယ်ဆိုတော့ သူ ဒီစာနဲ့ငြင်းမှာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခရောက်အောင်ရေးထားတဲ့စာကို ခင်ဗျားတို့က စာကဒီလိုရေးထားလို့ ကျုပ်တော့ဖြင့် စာကို လက်မလွှတ်နိုင်ဘူးဆိုရင် ဒုက္ခရောက်ပေတော့ (မှန်ပါ) ဒါပဲ ရှိတော့တယ် (မှန်ပါ) ဦးဘတင် ဒီ့ပြင်ဘာရှိသေးသတုံး (မရှိပါ ဘုရား) မလိုတော့ပါဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ တရားဆိုရင်

ကိုင်း- ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ တရားဆိုရင် ဒုက္ခပြတ်တဲ့တရားမို့ အမှန်ယူပါ (မှန်ပါ) ပဋိစ္စသမုပ္ပာဒ် ဆက်တဲ့တရားဆိုရင် ဒုက္ခရောက်မယ့်တရားမို့ အမှား လို့ယူပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) တော်တော် အဖိုးတန်သွားပြီနော် (မှန်ပါ)။

ခင်ဗျားတို့ ဒီမှာလုံးလောက် အရေးကြီးတာတော့ မရှိတော့ဘူး (မရှိပါ ဘုရား) ဒီမှာလုံးက သိပ်အရေးကြီးတာပဲ ဆိုတာ မှတ်ရမယ် (မှန်ပါ)။

ကိုင်း- ဒါဖြင့် မာဂဏ္ဍီပရိဗိုဇ်နဲ့ ဘာရဒွါဇပုဏ္ဏား အငြင်းပွားပြီးနေတုန်းပဲ မြတ်စွာဘုရားက ဒိဗ္ဗသောတ ဆိုတဲ့ အဘိညာဉ်နားနဲ့ကြားတယ်၊ သူတို့နှစ်ယောက် ပြောနေတာ (မှန်ပါ) မြက်ခင်းနဲ့ပတ်သက်ပြီးတော့ ဘုရားအကြောင်း ပြောနေတယ် (မှန်ပါ)။

ကြားတော့ ချက်ချင်းကြွလာတယ်၊ ဘာရဒွါဇပုဏ္ဏားကို ကောက်၍ မေးတာပဲ၊ ဘာရဒွါဇပုဏ္ဏား မြက်ခင်းနဲ့ ပတ်သက်ပြီး မာဂဏ္ဍီပရိဗိုဇ်နဲ့ မင်းနဲ့ ဘာများပြောနေကြသတုံးကွ ဆိုပြီးမေးတာပဲ (မှန်ပါ)။

အဲဒီလိုမေးလိုက်တော့ မာဂဏ္ဍီက တစ်ခါတည်း ကြက်သီးမွေးညင်း ထလာတယ်၊ တစ်ကိုယ်လုံး (မှန်ပါ) ဘယ့်နှယ်တုံး နှစ်ယောက်တည်းပြောတဲ့စကားကို သုံးယောက်ကြားဖြစ်နေပါပေါ့လား (မှန်ပါ) ဒီနားမှာ ဘယ်သူမှ မရှိဘူး၊ တတိယ ပုဂ္ဂိုလ်မရှိဘူး၊ ပထမနဲ့ဒုတိယ ပုဂ္ဂိုလ်ပဲရှိတာ၊ ဘယ်ကနေများ ကြားသလဲ ဆိုပြီး သူ့စိတ်ထဲမှာ လန့်ပြီး ကြက်သီးမွေးညင်းထတယ် (မှန်ပါ) ဧကန် ဒီပုဂ္ဂိုလ်ဟာ နားထူးရှိတဲ့ ပုဂ္ဂိုလ်ပဲလို့ ယူလိုက်တယ် (မှန်ပါ)။

ကြက်သီးမွေးညင်းကလဲ ထနေတယ်၊ ကြောက်လဲ ကြောက်တယ်၊ ဪ- တကယ်သိတဲ့ပုဂ္ဂိုလ်ပါလား ဆိုတဲ့ ဉာဏ်ကလေးကလဲ ပေါ်လာတယ် (မှန်ပါ)။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီနေရာ မြက်ခင်းကလေးမှာပဲ ထိုင်ပြီး သကာလ တရားဟော လိုက်တယ်၊ တရားဟောလိုက်တော့ ဒကာ ဒကာမတို့ “စက္ခုံ ခေါ မာဏ္ဍိယ ရူပါရာမံ ရူပရတံ ရူပသမ္မုဒိတံ၊ တံ တထာဂတဿ ဒန္တံ ဂုတ္တံ ရက္ခိတံ သံဝုတံ” စသည်ဖြင့် ဒီလိုဟောလိုက်တယ် (မှန်ပါ)။

မျက်လုံးသည်ကားလို့ ဆိုရင်ဖြင့် ရူပါရုံနဲ့ တည့်တဲ့အခါ မြင်စိတ်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အဲဒီ ပေါ်တဲ့အခါကျလို့ရှိရင် ဒီဟာကို စောင့်စည်းလိုက်တယ်၊ တဏှာ ဥပါဒါန် ကံ မဖြစ်အောင် စောင့်စည်းတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

လုံခြုံအောင်လုပ်ရမယ်

ဒီဟာတွေမလာအောင် လုံခြုံအောင်လုပ်ရမယ်၊ တဏှာ ဥပါဒါန် ကံ မလာအောင်လုပ်ရမယ်၊ အဲဒီတော့ တဏှာ ဥပါဒါန် ကံ မလာတော့ ဒကာ ဒကာမတို့ ဒီဘက်က ဇာတိ ဇရာ မရဏ ဘာဖြစ်မယ်ထင်သတုံး (ချုပ်ပါတယ် ဘုရား)။

ဇာတိပိ ဒုက္ခာ (ချုပ်ပါတယ် ဘုရား) ဇရာပိဒုက္ခာ (ချုပ်ပါတယ် ဘုရား) ဗျာဓိပိဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ (ချုပ်ပါတယ် ဘုရား) သောကပရိဒေဝ ဒုက္ခဒေါမနဿမ္ပိ (ချုပ်ပါတယ် ဘုရား) ဘာမလာလို့ပါလိမ့်ဗျာ (တဏှာ ဥပါဒါန် မလာလို့ပါ ဘုရား) ဪ ဒါဖြင့် ပွားစီးတဲ့အမှု မလာဘူး (မှန်ပါ)။

တဏှာကတော့ ပထမတော့ တဏှာပဲ၊ နောက် ကြီးကျယ်လာတော့ ဥပါဒါန်ဖြစ်တယ် (မှန်ပါ) ဥပါဒါန်ကြီးလာတော့ ကံဖြစ်လာတာပဲ၊ ကံကြီးကျယ်လာတော့ အကျိုးပေးကြီးကျယ်လာတယ် (မှန်ပါ) အဲဒါ ပွားစီးတာ ဟုတ် မဟုတ် (ဟုတ်ပါတယ် ဘုရား)။

ပထမတဏှာက ခပ်သေးသေးပဲ၊ တဏှာကြီးကျယ်လာတော့ ဘာဖြစ်သတုံး (ဥပါဒါန်ဖြစ်ပါတယ်) ဥပါဒါန်ကြီးကျယ်လာတော့ (ကံဖြစ်ပါတယ်) ကံကြီးကျယ်လာတော့ အကျိုးပေးကြီးကျယ်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဦးဘအုန်း ကြီးကျယ်၊ ကြီးကျယ်လာတော့ အကျိုးပေးပုံ ပေါ်ပလား (ပေါ်ပါပြီဘုရား ဒုက္ခဖြစ်ပါတယ် ဘုရား) ဒီ့ထက်ကြီးကျယ်တဲ့ ပွားစီးမှုဒုက္ခတွေ ဖြစ်မလာဘူးလား (ဖြစ်လာပါတယ် ဘုရား)။

အဲဒီတော့ မြတ်စွာဘုရားက ငါကတော့ ပွားစီးမှုကို စောင့်စည်းဖို့ ဟောတယ်ကွာတဲ့ (မှန်ပါ) အယူကတော့ ဒကာ ဒကာမတို့ ဒီတဏှာ ဥပါဒါန် ကံ မလာရအောင် မြင်တယ်ဆိုရင် မြင်သည်နဲ့တစ်ပြိုင်နက်တည်း မြင်တာကို ဝိပဿနာရှုလိုက်ဖို့ပါပဲ (မှန်ပါ)။

ဝိပဿနာရှုရမယ်

ဒကာ ဒကာမတို့ ဒီမြင်တဲ့အဆင်းရုပ်ကို ဘာလုပ်ရမလဲ (ဝိပဿနာရှုရပါမယ်) ဝိပဿနာရှုလိုက်တဲ့ အခါကျတော့ မြင်တာက အနိစ္စ၊ ရှုတာက မဂ္ဂဖြစ်တော့ တဏှာ ဥပါဒါန် ကံ ပွားသေးရဲ့လား (မပွားပါ ဘုရား) ဇာတိ ဇရာ မရဏ ပွားသေးရဲ့လား (မပွားပါ ဘုရား)။

ဪ-ဘုရားကတော့ ပွားစီးခြင်းကို စခန်းသတ်တဲ့ပုဂ္ဂိုလ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) မာဂဏ္ဍီကတော့ ပွားစီးခြင်းကို အလိုရှိတယ် (မှန်ပါ)။

ပွားစီးခြင်းဆိုတာ ဘာပွားတာတုံး (ဒုက္ခပွားတာပါ) အဲဒါ ဒုက္ခပွားမှန်း မသိတော့ သူကပွားစီးခြင်းကို အလိုရှိတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ကော သားကလေး၊ သမီးကလေး၊ မြေးကလေးများ ထွန်းကားချင်ကြသလားလို့မေးလို့ရှိရင် ဘယ့်နှယ်ပြောမယ် (ထွန်းကားချင်ပါတယ် ဘုရား)။

ဪ-ပွားစီးမှုကို အလိုရှိတယ်၊ နဂိုက ချည်စရာမရှိလို့ ချည်စရာရှာတာ (မှန်ပါ) ငိုစရာမရှိလို့ (ငိုစရာရှာတာပါ) ကျွေးစရာမရှိလို့ (ကျွေးစရာရှာတာပါ) ပူစရာမရှိလို့ (ပူစရာရှာတာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပွားစီးခြင်းအလိုရှိတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ပူစရာရှာ၊ ပေးစရာရှာ၊ ကျွေးစရာရှာ၊ ငိုစရာရှာတာပါပဲ (မှန်ပါ) တစ်ခြား ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

ဒါဖြင့် ပွားစီးခြင်း၊ အလိုရှိတဲ့ပုဂ္ဂိုလ်ဟာ ပူဖို့၊ ဆွေးဖို့ကို ရှာတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နို့ခင်ဗျားတို့က သားကလေး၊ သမီးကလေး၊ မြေးကလေး၊ မြစ်ကလေးများ ထွန်းကားချင်ကြသေးလား၊ အားလုံး ဒကာ ဒကာမတွေ ထွန်းကားချင်ရင် ဘာတဲ့တုံးဆိုတာ သဘောကျပလား (ပွားစီးခြင်းပါ ဘုရား)။

ပွားစီးခြင်းအလိုရှိရင် ပူစရာ ဆွေးစရာ ကြီးကျယ်ချင်လို့ (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒုက္ခကျယ်ဝန်းလာတာ

တစ်ယောက်တည်းနေရတာ ခင်ဗျားတို့က ဘာဖြစ်သတုံး၊ ပျင်းခြောက်ခြောက်ဟုတ်လား (မှန်ပါ) မြေးနဲ့ သားနဲ့ ထွေထွေရာရာ နေရတဲ့အခါကျလို့ရှိရင်ဖြင့် စိုပြည်တယ်၊ မဆိုဘူးလား (ဆိုပါတယ် ဘုရား) စိုတာ မဟုတ်ပါဘူးတဲ့၊ ခင်ဗျားတို့သည်ကားလို့ဆိုရင်ဖြင့် ဒုက္ခကျယ်ဝန်းလာတာလို့ မှတ်ပါ (မှန်ပါ ဘုရား)။

ဘုရားကတော့ ဒုက္ခဖြတ်တယ်၊ ပွားစီးခြင်းဖြတ်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) ပွားစီးခြင်းဖြတ်တော့ကို မြင်ရာကို ဖြစ်ပျက်ရှု (မှန်ပါ) ဖြစ်ပျက်ရှုလိုက်ရင် ပွားစီးခြင်း ဘာဖြစ်သတုံး (ပြတ်ပါတယ်) ဖြစ်ပျက် မရှုတော့ဘူးလို့ ဆိုလို့ိရှိရင် မြင်ရင်လိုချင်တာပဲ (မှန်ပါ့ ဘုရား) လိုချင် စွဲလမ်း အားထုတ်ဖြစ်ပေါ် မလာပေဘူးလား (လာပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် မာဂဏ္ဍီ အသွားက ဒုက္ခပွားတယ်၊ ဘုရားအသွားက (ဒုက္ခသိမ်းပါတယ်) ဘုရားအလိုက ဒုက္ခသိမ်းတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဒုက္ခသိမ်းတာကို ရှာကြပါ၊ ကြိုက်ကြပါ (မှန်ပါ) ဘယ်လိုဆုံးဖြတ်ချက်ချပေးသလဲ (ဒုက္ခသိမ်းတာကိုသာ ကြိုက်ကြပါတယ် ဘုရား)။

တဏှာက ဘာပဲ ဟောနေနေ၊ ဘုရားဟောတော်မူတာကိုသာ အမှန်ထားပြီး သကာလ တဏှာက အိမ်ကျရင် သူတော်အောင် ရော်အောင်တော့ လုပ်မှာပဲ၊ တို့မှာ သားကလဲရှိ၊ သမီးကလဲရှိ၊ စီးပွားကလဲ ခပ်ပါးပါးဖြစ်နေတယ်၊ ကြိုးစားရှာဦးမှ ထင်ပါရဲ့လို့ တဏှာကတော့ ချော့ပြီးဟောနေမှာပဲ၊ ဘုန်းကြီးကတော့ အိမ်မှာလိုက်ပြီး မဟောနိုင်ဘူး၊ ဒီကနေပြောနေရတာပဲ (မှန်ပါ့ ဘုရား)။

တဏှာကတော့ လက်တို့ပြီး နေ့တိုင်းဟောနေတာ၊ ဦးခင်မောင် မဟောဘူးလား (ဟောပါတယ် ဘုရား) ထမင်းစားရင်းလဲ ဟောလျက်ပဲ၊ သားကလေးတွေမျက်နှာ ကြည့်လဲ သူတို့ကျောင်းထားဖို့စရိတ်ရှာဦးမှ ထင်ပါရဲ့၊ တရားချည့်လိုက်နေလို့ ဖြစ်သေးမထင်ပါဘူး၊ တဏှာက ဟောလိုက်ပြီကော (မှန်ပါ) သဘောကျပလား (မှန်ပါ့ ဘုရား)။

သူချည်း ဟောနေတာ

အဲဒီတော့ တဏှာက ဘယ်အချိန်သူ ဟောလေ့ရှိသတုံးမေးလို့ရှိရင်ဖြင့် ဘုန်းကြီးဆီကိုမလာတဲ့အချိန် သူ့အချိန်ဖြစ်နေတယ် (မှန်ပါ သူ့အချိန်ပါ ဘုရား) သူချည်း ဟောနေတာပဲ (မှန်ပါ့ ဘုရား)။

သူ့ချည်းဟောနေတော့ ခင်ဗျားတို့ကလဲ တစ်ခါတစ်လေများစိုက်ပြီး သူ့တရားများ နားထောင်နေလိုက်တာ တွေးပြီးတော့ မထောင်ဘူးလား (ထောင်ပါတယ်) ပထမစိတ်ကူးကလေးအတိုင်း ဆက်ပြီးများ ကူးနေတဲ့အချိန် တစ်ယောက်တည်းများ ခေါင်းညိတ်နေတဲ့ အချိန်ပါသေးတယ် (ပါပါတယ်) တဏှာက တရားဟောလို့ ကျနေတာကိုးဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကျတယ်၊ မကျတယ်၊ တော်တော်ကြာကျလို့ရှိရင်ဖြင့် ဒီလူဟာ ဟိုပြောစရာရှိတဲ့ဆီသွား၊ ဒီရစရာရှိတဲ့ဆီသွား၊ မသွားဘူးလား ဦးခင်မောင် (သွားပါတယ်) ဘယ်သူ တရားဟောနေတာနဲ့ ဘယ်သူတရားကျပြီးသွားတယ်ဆိုတာ နားလည်လား (နားလည်ပါပြီ ဘုရား)။

တဏှာတရားဟောနေတာနဲ့ တဏှာကျွန်က သဘောကျသွားပြီး အိမ်တောင်နေသေးရဲ့လား (မနေပါ ဘုရား) ပြေးတော့တာပဲ၊ ဟုတ်ပလား (မှန်ပါ) နဂိုက ငြိမ်ငြိမ်ကလေးနေတာဟာ အခုဘာဖြစ်လာသတုံး (လှုပ်ရှားလာပါတယ်) လှုပ်ရှားပြေးလွှားလာတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ မိုးလင်းရင် ဟိုပြေး ဒီပြေးဆိုတာ ဘယ်သူ့တရားနာမိလို့တုံး (တဏှာတရားနာမိလို့ပါ ဘုရား) အဲဒါချည်းနာနေရင်တော့ ခင်ဗျားတို့ မြင်းမျိုး ဖြစ်နေမှာပဲ၊ စိတ်သာချပေတော့ (မှန်ပါ) မြင်းမျိုးက ပြေးရမှာပဲ (မှန်ပါ့ ဘုရား)။

မြင်းများ ဒကာ ဒကာမတို့ မွေးမွေးချင်းပဲ အမေကို ပတ်ပြေးတယ်ဆိုတာ သဘောကျတယ်မဟုတ်လား (မှန်ပါ) အမေ၏ဝမ်းဗိုက်ထဲက ထွက်ခါစရှိသေးတယ် သူ့မှာ ပြေးရမည့်ဝါသနာပါလာတော့ ဘယ့်နှယ်တုံး (ပတ်ပြေးပါတယ်) အမေပတ်ပြီး ပြေးနေတော့တာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာစကားသာ နားထောင်ရင်

ခင်ဗျားတို့ကလဲ တဏှာစကားသာ နားထောင်ရင် ဘယ်လိုဆိုကြမယ် (ပတ်ပြေးကြရမှာပါ ဘုရား) မပြေးရပေဘူးလား (ပြေးရမှာပါ) သူက ခပ်သုတ်သုတ် သွားဆိုလို့ရှိရင်ကော (သွားရမှာပါ ဘုရား)။

ခလုတ်တွေ ဘာတွေကြည့်မနေနဲ့၊ ရောက်ဖို့သာ အရေးကြီးတယ်ဆိုရင်လဲ အလဲခံပြီးသွားရမှာပဲ (မှန်ပါ) မသွားရပေဘူးလား (သွားရပါတယ် ဘုရား) နေပူနေ ပြန်တယ်ဆိုရင်ကော ငြင်းနိုင်သေးရဲ့လား (မငြင်းနိုင်ပါ) အဲ နေပူတာ မိုးရွာတာမှတ်လို့ သွားသာသွား တဏှာက (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာက နေပူတာပဲ မိုးရွာတာမှတ်လို့ သွားသာသွား၊ မိုးရွာပြန်လို့ရှိရင်လဲ မိုးရွာတာပဲ နေပူတာမှတ်လို့ သွားသာသွား၊ သူက ဘယ်များပါသေးသတုံး ကောင်းတာ (ဘယ်မှ မပါပါ ဘုရား) ဦးဘအုန်း ဘယ်တော့များ အငြိမ်နေရသတုံး (မနေရပါ ဘုရား)။

အငြိမ်မနေရပေမယ့် ခင်ဗျားတို့ကလဲ သွားကျိုးနပ်တယ်လို့ ပြုံးလိုက်သေးတယ် (မှန်ပါ) ခလုတ်တိုက် တယ်ဆိုလို့ရှိရင် ဘယ်သူက မျှော်လို့ပါလိမ့်မတုံးဆိုပြီး မြန်မြန်တောင် ပြေးလိုက်သေးတယ် (မှန်ပါ) ခလုတ်တိုက်တာတွေတောင် မကြည့်နိုင်ဘူး (မှန်ပါ့ ဘုရား)။

အဲဒါ တဏှာဝင်လာလို့ရှိရင်ဖြင့် ပွားစီးတဲ့ ဒုက္ခတွေဟာ ပြေးလွှားပြီးနေရတဲ့ ဒုက္ခတွေ ဟိုက အပူတွေ ယူလာ၊ ဒီကအပူတွေယူလာနဲ့ မယူလာပေဘူးလား (ယူလာပါတယ် ဘုရား) ဒါ-ဘယ်သူ့အသွားပါလိမ့်ဗျာ (တဏှာက ခိုင်းလို့ပါ) တဏှာကခိုင်းလို့ မာဂဏ္ဍီရဲ့အသွား (မှန်ပါ) ရှင်းပလား ဦးဘအုန်း (ရှင်းပါပြီ) မာဂဏ္ဍီအသွားက ပွားစီးခြင်းအလိုရှိတယ်နော် (မှန်ပါ) ဘုရားအသွားက ပွားစီးခြင်းကို ရုပ်သိမ်းရမယ် (မှန်ပါ) ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ပွားစီးခြင်းကို ဘာလုပ်ရမလဲ (ရုပ်သိမ်းရပါမယ် ဘုရား) အဲ-ရုပ်သိမ်းဆိုတာ ဝိပဿနာနဲ့မှ ရုပ်သိမ်းလို့ရတယ် (မှန်ပါ့ ဘုရား)။

စာမှာတော့ ရုပ်သိမ်းတာပါတယ်၊ ဒကာ ဒကာမတွေ မရုပ်သိမ်းတတ်မှာစိုးတဲ့အတွက် အကျယ် ပြောပြရတယ်၊ ဒကာ ဒကာမတွေ နဂိုက ဒါ့ကြောင့် ပွားစီးတယ် မဟုတ်လား၊ အဆင်းကြောင့် ပွားစီးတာ မဟုတ်လား (မှန်ပါ)။

အဲဒီအဆင်းကို ဖြစ်ပျက်သာ ရှုစမ်းပါလား၊ ခင်ဗျားတို့ သွင်းပေးလိုက်စမ်းပါလား၊ ပွားစီးဦးမလား (မပွားစီးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပွားစီးခြင်း မဖြစ်စေနဲ့

စာမှာကတော့ ဒီလိုရှုလို့ဆိုပြီး အကျယ်တော့ မပါဘူးပေါ့၊ အညွှန်းလောက်ပဲပါမယ်၊ ပွားစီးခြင်း မဖြစ်စေနဲ့၊ ဒါလောက်ပဲ ပါတာပဲ (မှန်ပါ)။

ခင်ဗျားတို့ အခု နည်းရပလား (ရပါပြီ ဘုရား) ပွားမည့်အာရုံကို ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အဲ-အဆင်းကို ဖြစ်ပျက်ရှုလိုက်၊ ရှုလိုက်တော့ ဒီမဂ်က ဝင်မလာဘူးလား (ဝင်လာပါတယ် ဘုရား) ဝင်လာတော့ တဏှာ ဥပါဒါန် ကံတွေ ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ် ဘုရား) ချုပ်တော့ ဇာတိ ဇရာ မရဏ ပွားသေးရဲ့လား (မပွားပါ ဘုရား) ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် ပြတ် မပြတ် (ပြတ်ပါတယ် ဘုရား) ခင်ဗျားတို့ ချိန်ခွင်နဲ့ကိုက်ပလား (ကိုက်ပါပြီ ဘုရား) ပဋိစ္စသမုပ္ပာဒ်ဖြတ်တဲ့ တရားဆိုလို့ရှိရင် ခင်ဗျားတို့ ကြိုးစားမှတ်သား နာယူကြပါ၊ အားလဲ ထုတ်ကြပါ (မှန်ပါ) ပွားစီးတဲ့တရားမျိုးကိုတော့ မလုပ်သင့်ဘူးပေါ့ (မှန်ပါ) လုပ်လေမှားလေပဲ (မှန်ပါ)။

ဒါက ရူပါရုံအတွက်ဟောတယ်လို့ ဦးခင်မောင်က မှတ်ရမယ်နော် (မှန်ပါ) ကဲ သဒ္ဒါရုံလဲ ဒီအတိုင်းပေါ့ဗျာ၊ အသံကြားရင်လဲ ဒီအတိုင်းပဲပေါ့ (မှန်ပါ) အနံ့ကော (ဒီအတိုင်းပါပဲ ဘုရား) အရသာကော (ဒီအတိုင်းပါပဲ ဘုရား) အတွေ့အထိကော (ဒီအတိုင်းပါပဲ ဘုရား)။

ဓမ္မာရုံကို ပြောလိုက်ဦးမယ်

ကိုင်း-ဓမ္မာရုံကို ပြောလိုက်ဦးမယ် (မှန်ပါ) ဓမ္မာရုံပြောတော့ ပိုရှင်းတာပေါ့၊ ခင်ဗျားတို့ စိတ္တာနုပဿနာ ဟောတော့မှာပဲ (မှန်ပါ) စိတ်စေတသိက်တွေကို ဟောတာကိုးဗျ (မှန်ပါ့ ဘုရား)။

ဓမ္မာရုံဆိုတာ တွေးမှသိမယ်နော်၊ ဒကာ ဒကာမတွေ တိုက်ရိုက်မြင်တာမဟုတ်ဘူး (မှန်ပါ) ခုနင်ကပြောသလို စားချင်တဲ့စိတ်ကလေးဖြစ်တယ်၊ ဒီနေရာမှာ ဒီက နေပြီး သကာလ စားတဲ့စိတ်ကလေးမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဥပေက္ခာသဟဂတံ ဇိဝှာဝိညာဏံ ပေါ်တာပဲ (မှန်ပါ့ ဘုရား)။

စားတဲ့စိတ်ကလေး ဝိပဿနာမရှုတော့ ဒကာ ဒကာမတို့ ဒါက စားစရာ၊ ဒါက စားတဲ့စိတ်၊ အဲဒီ စားစိတ်ကလေးကို ခင်ဗျားတို့သည်ကားလို့ဆိုလို့ရှိရင် ပေါ်လာတာကို မသိတဲ့အခါကျတော့ စားလို့ကောင်းတယ်ဆိုတဲ့ တဏှာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဟာ-အလွန်သဘောကျတယ်ဆိုတဲ့ ဥပါဒါန်ကော (လာပါတယ်) နောက်တော့ဖြင့် မရရအောင်ဝယ်ဦးမယ်ဆိုတဲ့ ကံတွေကော (လာပါတယ် ဘုရား)။

အဲဒီကံတွေ အားထုတ်ကတည်းက ဒီဥစ္စာ အကုသိုလ်ကံတွေဖြစ်နေသောကြောင့် ဒီကံတွေသည် ကမ္မဘဝပစ္စယာ ဇာတိတော့ သူမပေးပဲ မနေတော့ဘူး (ပေးပါတယ် ဘုရား) ပေးမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် စားစိတ်ကလေးကိုကော ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) စိတ်ဟူသရွေ့ ဘယ်စိတ်လာလာ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုလို့ရှိရင် ဒကာ ဒကာမတို့ တဏှာ ဥပါဒါန် ကံချုပ်တယ်၊ မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)။

ဓမ္မာရုံကို ရှုလိုက်တဲ့အတွက် ဒကာ ဒကာမတို့မဂ်ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား) မဂ်ပေါ်တော့ ပွားစီးခြင်း တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ ဘာဖြစ်သွားသလဲ (ချုပ်သွားပါတယ် ဘုရား) ကဲ-ဦးခင်မောင် သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သူက ဓမ္မာရုံပေါ့ဗျာ၊ မနေ့ကပေးခဲ့တာ ဓမ္မာရုံမရောက်သေးလို့နော် (မှန်ပါ) ဦးဘတင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီး ဘုရား)။

စိတ်ဓမ္မာရုံပဲ ရှုပါ

ဒါဖြင့် ခင်ဗျားတို့ လုပ်နေကျ အလုပ်နဲ့ဖြင့် စိတ်ဓမ္မာရုံပဲ ရှုပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာရှုကြမတုံး (စိတ်ကိုရှုကြရပါမယ်) စိတ်ဟာ ဓမ္မာရုံပဲ ဘယ့်နှယ်ကြောင့် သူ့ကို ဓမ္မာရုံခေါ်ကြသတုံး၊ ဓမ္မအာရုံကိုးဗျ၊ တွေးမှပေါ်တဲ့တရားဖြစ်တယ် (မှန်ပါ ဘုရား) တွေးမှပေါ်တာပေါ့၊ ဒီကရှုတော့မယ်ဆိုတော့ သူက ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ တွေးမှ ခုနတုန်းက ဒီနေရာမှာ ဖြစ်လဲ ဖြစ်သွားတယ်၊ ပျက်လဲပျက်သွားတယ်လို့ သူက တွေးမှ ပေါ်တာ (မှန်ပါ)။

သူဖြစ်ပျက်နေတုန်း သိဖို့မလွယ်ဘူး (မှန်ပါ) ရှုမယ်လို့ ကြံတော့ သူရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ မတွေးရပေဘူးလား (တွေးရပါတယ် ဘုရား)။

ဒီနေရာမှာ ခုနက စားချင်တဲ့စိတ်ကလေးဟာ ပေါ်လဲပေါ်တယ်၊ အခုကြည့်လိုက်တဲ့အခါ ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ ဪ-အရင်က ဖြစ်ပျက်သွားလေရဲ့ဆိုတာ တွေးတော့ မသိဘူးလား (သိပါတယ် ဘုရား)။

ဒါကြောင့် တွေးမှသိခြင်းကြောင့် သူ့ကို ဘာခေါ်ကြမယ် (ဓမ္မာရုံပါ ဘုရား) စိတ်ဟူသရွေ့ ဓမ္မာရုံဟုမှတ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ်ဟူသရွေ့ (ဓမ္မာရုံပါ) ဘာဖြစ်လို့ ဓမ္မာရုံခေါ်ရသတုံး (တွေးမှပေါ်ပါတယ်) အဲ-ဝိပဿနာ ရှုတဲ့အခါ စိတ်ရှုရင် တွေးရှုချည်းမှတ် (မှန်ပါ)။

တွေးရှုဆိုတာ ဘယ့်နှယ်ကြောင့်

တွေးရှုဆိုတာ ဘယ့်နှယ်ကြောင့်ပါလိမ့်၊ ဦးခင်မောင် ရှင်းစမ်းပါဦး (ဓမ္မာရုံမို့ပါ ဘုရား) ဓမ္မာရုံဆိုတာ ဘယ့်နှယ်ကြောင့်ပါလိမ့် (တွေးမှပေါ်လို့ပါ ဘုရား) တွေးမှပေါ်တယ်၊ သူက ပေါ်ပြီးချုပ်သွားပြီးပြီဗျ (မှန်ပါ) ချုပ်သွားပြီး နောက်ထပ်တွေးမှသာလျှင် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် တွေးစရာအာရုံသည် ဓမ္မာရုံ၊ တွေးတာသည်ကားလို့ဆိုရင်ဖြင့် ဉာဏ်ပဲဗျ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်စိတ်ဖြစ်ဖြစ် ခင်ဗျားတို့ရှိတာ ရှုရမှာလား၊ တွေးပြီးမှ မရှိတာကို သိရတာလား (တွေးပြီးမှ မရှိတာကို သိရမှာပါ ဘုရား)။

ဒါဖြင့် အနိစ္စနဲ့သွားကိုက်တယ် (မှန်လှပါ)၊ ဖြစ်ပြီးမရှိတာကို ဘာခေါ်မယ် (အနိစ္စပါ ဘုရား) အဲ-တွေးလိုက်တဲ့အခါ သူရှိသေးရဲ့လား (မရှိပါ ဘုရား) သူလဲ ဖြစ်ပြီးမရှိတာပဲ မဟုတ်လား (မှန်ပါ)။

ဒါဖြင့် မရှိတာက အနိစ္စ၊ မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား) အဲဒီမှာ သွားကိုက်တယ် ဦးခင်မောင်ရေ (ကိုက်ပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် အဲဒီဓမ္မာရုံကို ခင်ဗျားတို့က မရှုပဲ နေပြန်လို့ရှိရင်လဲ တွေးပြီးသာယာတယ်၊ စွဲလမ်းတယ်ဆိုတာ လာဦးမှာပဲ (မှန်ပါ)။

မနေ့ညက သန်းခေါင်ကျော် တွေးလိုက်တဲ့ အတွေးကလေးဟာ ကျုပ်ဖြင့် မနက်မှာသဘောကျနေတုန်း ရှိသေးတယ် (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။

အဲ-သဘောကျတာက တဏှာ၊ သဘောကျပြီး စွဲလမ်းတာက ဘာတုံး (ဥပါဒါန်ပါ ဘုရား) အဲဒီအတွေးကလေး အတိုင်း ဒီတစ်ခါတော့ လုပ်ရဦးတော့မှာပဲဆိုတာက ကံ (မှန်ပါ) လုပ်တဲ့အခါကျတော့ အမောအပန်း ဆိုက်လာတာသည် ဒကာ ဒကာမတို့ အကျိုးတစ်မျိုးလို့သာ မှတ်ပေတော့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဓမ္မာရုံဆိုတာ ဘယ်လိုအာရုံပါလိမ့်

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ကို စိတ္တာနုပဿနာ အရှုခိုင်းပြီး အာရုံခြောက်ပါးထဲက ဘယ်အာရုံတုံး မေးရင်တော့ သိပလား (ဓမ္မာရုံပါ ဘုရား) ဓမ္မာရုံဆိုတာ ဘယ်လိုအာရုံပါလိမ့် (တွေးရှုရတဲ့အာရုံပါ ဘုရား)။

အဲ-တွေးပြီးရှုရတယ် (မှန်ပါ) တွေးရှုတော့ ရှိတာ တွေးရတာလား၊ ပျောက်သွားတာ တွေးရတာလား (ပျောက်သွားတာ တွေးရတာပါ ဘုရား)။

အဲ-နဂိုကရှိတယ်၊ ပျောက်သွားပြီလို့သိရမယ် (မှန်ပါ) ဒါဖြင့် ပျောက်သွားတာက (အနိစ္စပါ ဘုရား) ပျောက်သွားမှန်းသိတာက (မဂ္ဂပါ ဘုရား) မဂ္ဂလို့ ဒီက လာလိုက်သည်နှင့်တစ်ပြိုင်နက်တည်း ဒီက တဏှာ ဥပါဒါန် ကံ တွေက ဘယ့်နှယ်ဖြစ်သတုံး (ချုပ်သွားပါတယ် ဘုရား) သူချုပ်တော့ ဇာတိ ဇရာ မရဏ တွေကော (ချုပ်ပါတယ် ဘုရား) အဲဒါ ဘုရားအယူ (မှန်ပါ့)။

ဦးဘအုန်း ဓမ္မာရုံဆိုတာ ဘာတဲ့တုံး (တွေးမှပေါ်တာပါ ဘုရား) တွေးမှပေါ်တယ်နော် (မှန်ပါ) တွေးလိုက်တဲ့အခါ သူရှိသေးရဲ့လား (မရှိပါ ဘုရား) နဂိုကတော့ ရှိတယ်နော် (မှန်ပါ) တွေးလိုက်တဲ့အခါကျတော့ ဒါကလေး ဘယ်ရောက်သွားပါလိမ့်မတုံးလို့ မတွေးရဘူးလား (တွေးရပါတယ် ဘုရား)။

အဲ-တွေးရတဲ့အခါကျလို့ရှိရင်ဖြင့် ဪ-ဒီနေရာမှာ ဖြစ်ပြီးပျက်သွားလေရဲ့ ဆိုတာကလေးတော့ မသိရဘူးလား (သိရပါတယ် ဘုရား) အဲဒီ သွားလေရဲ့က အနိစ္စ၊ သွားလေရဲ့လို့သိတာက (မဂ္ဂပါ ဘုရား)။

ဒီလိုဆိုတော့ ကိလေသာ ပွားသေးရဲ့လား (မပွားပါ ဘုရား) အဲဒါကို ဘုရားဟောတော်မူလိုက်တယ် (မှန်ပါ ဘုရား)။

မာဂဏ္ဍီပရိဗိုဇ်ကတော့ တဏှာ ဥပါဒါန် ကံကျအောင်ပွားမှ ဦးခင်မောင်ရေ သူ့အလုပ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြင်တဲ့ အာရုံကို ဖြစ်ပျက်ရှုပါ

ဒါဖြင့် ဒကာ ဒကာမတွေ မျက်လုံးပေါက်ကလဲ ဝိပဿနာ ရှုတတ်ပလား (ရှုတတ်ပါပြီ ဘုရား) မြင်တဲ့ အာရုံကို ဖြစ်ပျက်ရှုပါ (မှန်ပါ) ဒီလိုမှ မရှုချင်လို့ရှိရင် မြင်စိတ်ကလေး ဖြစ်ပျက်ရှု၊ ဟုတ်လား (မှန်ပါ) မြင်စိတ်ကလေး၊ ဖြစ်ပျက်ရှု၊ ကြားစိတ်ကို ဖြစ်ပျက်မှု သဘောကျပလား (ကျပါပြီ ဘုရား)။

စိတ္တာနုပဿနာရှုချင်တော့ မြင်စိတ်ကို ဖြစ်ပျက်ရှု၊ ဟိုဘက်လှည့်မနေနဲ့တော့ (မှန်ပါ) နံစိတ်ကိုရှု၊ စားစိတ်ကိုရှု၊ ယားစိတ်ကိုရှု၊ ကောင်းစိတ်ကို (ရှုရပါမယ် ဘုရား)။

အဲဒါတွေ ရှုလိုက်ရင် ဘာဝိပဿနာ ဖြစ်သွားသတုံး (စိတ္တာနုပဿနာ ဖြစ်ပါတယ် ဘုရား) အေး-အဲဒါတွေ တွေးရတာချည်းပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ မာဂဏ္ဍီပရိဗိုဇ်ကို ဘုရားက ဒီလိုဟောလိုက်တယ်၊ ငါကတော့ ပွားစီးခြင်းကို စောင့်ရှောက်တယ်ကွတဲ့၊ မပွားရအောင်လို့ (မှန်ပါ) သူကတော့ ဒုက္ခသစ္စာမဖြစ်ရလို့ ပွားစီးခြင်း သဘောကျနေတာကိုး မာဂဏ္ဍီက (မှန်ပါ)။

အဲဒီလို ဘုရားက ဟောလိုက်တော့ မာဂဏ္ဍီပရိဗိုဇ် နည်းနည်းရိပ်မိသွားပြီ ဒကာ ဒကာမတို့ (မှန်ပါ)။

သူကတော့ ပွားစီးခြင်းအလိုရှိတယ်ဆိုတာ သူတို့ စာကလာတော့ မှိတ်ပြီး ငြင်းမိတာပဲ အခုရှင်ကြီး ဂေါတမဟောတဲ့အခါကျတော့ ပွားစီးခြင်းဖြတ်မှ နေရာကျမယ် ဆိုတာပေါ်လာတယ်(မှန်ပါ)။

မာဂဏ္ဍီ နည်းနည်းသဘောကျလာပြီ (ကျပါပြီ ဘုရား) သို့သော် အလွန့်အလွန်တော့ သဘောမကျသေးဘူး (မှန်ပါ ဘုရား)။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆက်ဟောတယ် (မှန်ပါ) ဒီပွားစီးခြင်းကို ဖြတ်တာက တစ်ခြားကြောင့် ဖြတ်ရတာမဟုတ်ဘူး၊ ငါဖြတ်ပုံကို ရှင်းပြဦးမယ် (မှန်ပါ)။

ကဲ-ဒကာ ဒကာမတို့ ပထမအကြောင်းကို ပြန်စနော် (မှန်ပါ) ပထမအကြောင်းကို ပြန်စတော့ ဒကာ ဒကာမတို့ သိပြီးသားအတိုင်း မြင်စရာကို မြင်တယ်ဆိုတော့ ဒါကမြင်စရာမို့ ဒီက မြင်တဲ့စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) မြင်တဲ့အခါကျတော့ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ် ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အနိစ္စလား၊ နိစ္စလား

အဲဒီတော့ ဒီမြင်တာကလေးလဲ ဒကာ ဒကာမတို့ အနိစ္စလား၊ နိစ္စလား (အနိစ္စပါ ဘုရား) အနိစ္စရောက်သွားတဲ့ အခါကျတော့ ဒါကလေးက အနိစ္စသဘော ရောက်တဲ့အခါကျတော့ ဒီရချင် လိုချင်စွဲလမ်းနေတဲ့ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ မြင်တဲ့စိတ်ကလေးဟာ ပျောက်သွားတယ် (မှန်ပါ)။

ပျောက်ထွက်သွားတော့ သူဘာလိုက်မတုံးဆိုတော့ ဒီဘက်က မြင်တာကို စွဲလမ်းတယ်၊ လိုချင်တယ်၊ အားထုတ်တယ်၊ ဒါကလေးဟာ ပျောက်သွားတော့ ရလိုက်သေးရဲ့လား (မရပါ ဘုရား) မရလိုက်တော့ ဒီဘက်က သောက ပရိဒေဝ ဒုက္ခ ဒေါမနဿလိုက်မလား၊ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

ဘုရားက ဒီမြင်တာကလေးကို စွဲလမ်းနေလို့ရှိရင် ဒီဒုက္ခတွေလိုက်မှာမြင်တဲ့အတွက် တစ်ခါတည်း တဏှာ ဥပါဒါန် မလာအောင် ဖြတ်လိုက်တယ် (မှန်ပါ) မဖြတ်လို့ရှိရင် ဒီဒုက္ခတွေ လိုက်မယ် (လိုက်ပါမယ် ဘုရား) သောကပရိဒေဝ ဒုက္ခဒေါမနဿ မလာပေဘူးလား (လာပါတယ် ဘုရား) ဒါက တရားတစ်ပုဒ်လို့မှတ်ပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြင်တာကလေးကို မဖြတ်လိုက်တဲ့အတွက် ဘာလိုက်လာသလဲ (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လိုက်လာပါတယ် ဘုရား)။

မြင်တာကိုလိုချင်တယ်၊ လိုချင်တော့ စွဲလမ်း၊ စွဲလမ်းတော့ အားထုတ်၊ စွဲလမ်းတော့ ဒီမှာ အားမထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။

အားထုတ်တဲ့အချိန်ကျတော့ ဒါကလေးက မြင်တာကလေးက သူလိုချင်တာကလေးက ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘာတရားမို့လို့တုံးဗျာ (အနိစ္စတရားမို့ပါ ဘုရား)။

အနိစ္စတရားမို့ ပျောက်မသွားဘူးလား (ပျောက်သွားပါတယ် ဘုရား) ပျောက်သွားတဲ့အခါကျတော့ အားထုတ်ရင်းမတ္တနဲ့ပဲ ဒါကလေးဟာ မရလိုက်ဘူး (မှန်ပါ) ရလိုက်သေးရဲ့လား (မရလိုက်ပါ ဘုရား)။

မရလိုက်တော့ ဘာတွေလိုက်သတုံး (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လိုက်ပါလာပါတယ် ဘုရား) ဒါတွေဟာ ဘာပါလိမ့်မတုံး ဒကာ ဒကာမတို့ (ဒုက္ခက္ခန္ဓဿ ဒုက္ခအစုတွေပါ ဘုရား)။

ဒါဟာ ဒီသုံးခုမဖြတ်မိတော့ ဒါတွေလိုက်လာတယ် (မှန်ပါ) ဒါက သေမှလိုက်လာတာ မဟုတ်ဘူး၊ အခုကို လိုက်တာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြင်စရာ အာရုံကလေးကို မြင်လိုက်တယ်

ပထမ ဒီမြင်စရာ အာရုံကလေးကို မြင်လိုက်တယ်၊ မြင်တဲ့အခါကျတော့ ဦးခင်မောင် လိုချင်ပြီ၊ နောက်တော့ ဘာလုပ်သတုံး (စွဲလမ်းပါတယ်) စွဲလမ်းပြီးတော့ အားထုတ်တယ် (မှန်ပါ) အားထုတ်တဲ့အချိန်ကျတော့ကို ခုနက မြင်တဲ့အာရုံကလေးဟာ မရှိဘူး (မရှိပါ ဘုရား)။

ပျောက်သွားတဲ့အခါကျတော့ ဘယ့်နှယ့်နေသတုံး၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လိုက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သူသည် တစ်ခုသော ပစ္စည်းကို ဒီကနေ မမြင်လား (မြင်ပါတယ် ဘုရား) မြင်တဲ့အခါကျလို့ရှိရင် သူဟာ စောင့်ရှောက်ရမည့်နေရာကို မစောင့်ရှောက်တော့ မြင်ရင် လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ် (မှန်ပါ)။

သူ အားထုတ်တဲ့အချိန်ကျတော့ ဒီဥစ္စာလေးက ရှိ-မရှိ (မရှိပါ ဘုရား) သားသမီးတွေ လူလားမြောက်အောင် အားထုတ်ပြီး စောင့်ကြည့်နေတုန်းပဲ ဖျတ်ဆို သားကလေးက သေ၊ ကိုယ်ကရင်လဲ သေ၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) နေတော့ သူ အားထုတ်တာတွေ ဘယ့်နှယ်ဖြစ်ကုန်သလဲ (သောကစသည် လိုက်လာပါတယ် ဘုရား)။

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ နောက်က လိုက်လာတာပေါ့ (မှန်ပါ) မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) သေမှလိုက်တာလား၊ အခုလိုက်တာလား (အခုလိုက်ပါတယ် ဘုရား)

ဒါဖြင့် မြင်တုန်းက ဒါတွေမလာအောင် လုပ်လို့ရှိရင် ဒါလိုက်ပါ့မလား (မလိုက်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်မှု ပျက်မှုကို မြင်သောကြောင့်

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားက ဒါတွေက ဖြစ်မှု ပျက်မှုကို မြင်သောကြောင့် ပွားစီးခြင်းကို မလုပ်ဘူးလို့ ဟောတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

တဏှာ ဥပါဒါန် ကံ ပွားစီးခြင်းကို လုပ်ရဲ့လား (မလုပ်ပါ ဘုရား) လုပ်ရင် ဒါတွေလိုက်မယ်တဲ့ (မှန်ပါ) သောကပရိဒေဝ မလိုက်ပေဘူးလား (လိုက်ပါတယ်) သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဒါ ဒီနေ့ ထိုးတဲ့ တရားပဲ၊ ပွားစီးခြင်းကို လိုက်တဲ့အတွက် ဘာတွေလိုက်သတုံး (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လိုက်ပါတယ် ဘုရား)။

အဲ-ဒီအထဲမှာ အဝိဇ္ဇာက မပါသေးဘူးလား (ပါပါတယ် ဘုရား) အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဒီဘက်တန်းမယ် (မှန်ပါ) မတန်းပေဘူးလား၊ တန်းမလား (တန်းမှာပါ ဘုရား) ကဲ-ဘယ်လောက်ဆိုးသွားသတုံး (ဆိုးပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ ဒီဟာကို အနိစ္စ မရနိုင်သရွေ့ ကာလပတ်လုံး ဒီဟာတွေပွားမှာပဲ (မှန်ပါ) ဒါတွေ ပွားရင် ဒါတွေရမယ်၊ မရပေဘူးလား (ရပါတယ် ဘုရား)။

ခင်ဗျားတို့ သောကဖြစ်ရမှာ ကျုပ်မျက်ရည် ကြီးငယ်ကျရမှာများ ကြောက်လိုက်တာတဲ့၊ ပရိဒေဝ ဖြစ်ရမှာပေါ့နော် (မှန်ပါ)။

ကြောက်သာကြောက်တယ်၊ ဒါကို ဝိပဿနာရှုပါဆိုတော့ မရှုဘူး၊ မရှုရင် ဒါတွေ့မယ် (မှန်ပါ) ဒါကတော့ ပျောက်ရမှာနဲ့ပျက်ရမှာ၊ ခင်ဗျားတို့အိမ်မှာ ဒါပဲရှိတယ် (မှန်ပါ) ဒီ့ပြင်ဘာတွေများ ရှိသေးသတုံး (မရှိပါ ဘုရား)။

လိုက်ကြည့်လိုက်ပြန်တော့လဲ (ပျောက်ရမှာ ပျက်မှာပါ) ရွှေငွေကြည့်လိုက်ပြန်တော့ကော (ပျောက်ရမှာ ပျက်ရမှာပါ ဘုရား) သားသမီးတွေကြည့်ပါ (ပျောက်ရမှာ ပျက်ရမှာပါ ဘုရား) မိမိကိုယ်ကိုကြည့်ပါ (ပျောက်ရမှာ ပျက်ရမှာပါ ဘုရား)။

အဲဒါတွေ ခင်ဗျားတို့က ခင်တွယ်ပြီး သကာလ စွဲလမ်းပြီးအားထုတ်နေမယ် ဆိုလို့ရှိရင် သူက ပျောက်မှာပဲတဲ့၊ ပျောက်တဲ့အချိန် ခင်ဗျားတို့ ဘာလာမယ်ထင်သတုံး (သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လာပါမယ် ဘုရား)။

သေခြင်းဆိုးသေချင်လို့ လာတာ

အဲဒါဟာ သေခြင်းဆိုးသေချင်လို့ လာတာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတွေ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) လိုက်တော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဟာ သိတဲ့ပုဂ္ဂိုလ်မှာ ဖြစ်တာလား၊ မသိတဲ့ပုဂ္ဂိုလ်မှာ ဖြစ်တာလား (မသိတဲ့ ပုဂ္ဂိုလ်မှာဖြစ်တာပါ ဘုရား)။

မသိတဲ့ပုဂ္ဂိုလ်မှာဖြစ်သောကြောင့် သောကထဲလဲ အဝိဇ္ဇာပါတာပဲ (မှန်ပါ) ပရိဒေဝထဲကော (အဝိဇ္ဇာပါပါတယ် ဘုရား) ဒုက္ခထဲမှာကော (အဝိဇ္ဇာပါပါတယ်) ဒေါမနဿထဲမှာ (အဝိဇ္ဇာပါပါတယ်) ဥပါယာသထဲမှာ (အဝိဇ္ဇာပါပါတယ် ဘုရား)။

အဝိဇ္ဇာပါတော့ အဝိဇ္ဇာပစ္စယာသင်္ခါရာ ဆိုပြီး ပြန်လှည့်တယ် (မှန်ပါ) ရပ်ပါ့မလား (မရပ်ပါ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး ခင်ဗျားတို့ (ဖြတ်ရမှာပါ ဘုရား) ဘယ်လိုဖြတ်ရမှာတုံး (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုတာမှတပါး သူ့ကို ဖြတ်စရာမရှိဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဆင်းဆိုရင်လဲ အဆင်းရှု၊ စိတ်ဆိုရင်ကော (စိတ်ရှုရမယ်) ရှုရင်တော့ဖြင့် တဏှာ ဥပါဒါန် ကံ ဘာဖြစ်မတုံး (ပြတ်ပါတယ် ဘုရား) ပြတ်သွားလို့ရှိရင်ဖြင့် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လာသေးရဲ့လား (မလာပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးအလိုကတော့ သူတို့၏ ဖြစ်မှုပျက်မှုကို မြင်သောကြောင့် ဥဒယနဲ့ဝယတွေ မြင်သောကြောင့် ဖြစ်ပျက်တာကို ရှုတယ်၊ ပွားစီးခြင်း မလုပ်ဘူး၊ ပွားစီးခြင်းလုပ်ရင် သောက ပရိဒေဝ လိုက်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာ ဥပါဒါန် လိုက်ရင် ဘာတုံး (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လိုက်ပါမယ်) အဲဒီတော့ ဘုရားအလိုတော်ကတော့ တဏှာ ဥပါဒါန် အလိုက်မခံရဘူး၊ ဒီနေရာမှာ မဂ်လိုက်ရမယ်၊ မဂ်လိုက်ရင် တဏှာ ဥပါဒါန် မချုပ်ဘူးလား (ချုပ်ပါတယ်) ချုပ်တော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသကော (ချုပ်ပါတယ် ဘုရား)။

ဒုက္ခရောက်စရာတွေ ဘာဖြစ်သွားသတုံး

ကဲ-ဒါဖြင့် ဒီဘက်မှာ ဒကာ ဒကာမတို့ ဒုက္ခရောက်စရာတွေ ဘာဖြစ်သွားသတုံး (ချုပ်သွားပါတယ်) အဲ-ပွားစီးခြင်း မလိုက်တဲ့ပုဂ္ဂိုလ်ဟာ ဒီလိုချုပ်တယ်၊ ဒါကြောင့် ဒါတွေကို မခိုင်တာ မမြဲတာ မြင်တဲ့အတွက် ဒါ မစွဲလမ်းတော့ဘူးတဲ့ (မှန်ပါ) ဖြစ်ပျက်သာ ရှုလိုက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) အဲဒီတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ မလာတော့ဘူး (မှန်ပါ့)။

ပွားစီးခြင်းလုပ်တဲ့ပုဂ္ဂိုလ်ကတော့ ဒါက ပျက်သွားတဲ့အခါကျတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေက မလာပေဘူးလား (လာပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သည် အင်မတန်ဆိုးဝါးတဲ့ အလုပ်ကိုလုပ်မိလျက်ကြုံနေကြပြီဆိုရင်လဲ ခင်ဗျားတို့ငြင်းစရာ မလိုဘူး (မှန်ပါ)။

ခင်ဗျားတို့က မြင်တယ်ဆို လိုချင်တယ်၊ လိုချင်ရင် စွဲလမ်း၊ စွဲလမ်းရင် အားထုတ်၊ အားထုတ်ကြည့်တုန်းတော့ တကယ်ရသေးရဲ့လား (မရပါ ဘုရား) အားထုတ်တုန်း ဘယ်ရမတုံးဗျ၊ အနိစ္စတွေ အားထုတ်နေတော့ အနိစ္စတွေပဲ ပြမှာပေါ့ (မှန်ပါ)။

အနိစ္စကလေးဖြစ်တဲ့ ငါ့သားကလေးမာပါစေ ဆိုပေမယ့်လဲ အနိစ္စမို့ တကယ်တမ်းမာနိုင်ပါ့မလား (မမာနိုင်ပါ ဘုရား) ငါ့ပစ္စည်းတွေ တိုးတက်ပါစေ၊ မပျောက်ပါစေနဲ့ ဆိုပေမယ့် အနိစ္စကိုးဗျ၊ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတယ် (မှန်ပါ မတိုးတက်နိုင်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စဉာဏ်သာပေါ်တယ်

အဲဒါတွေကို အနိစ္စကို အနိစ္စမှန်း သိထားတဲ့ အခါကျတော့ အနိစ္စဉာဏ်သာပေါ်တယ်၊ တဏှာ ဥပါဒါန် ကံ လာသေးရဲ့လား (မလာပါ ဘုရား) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿကော (မလာပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

မြတ်စွာဘုရား ဒီလိုမြင်တဲ့အတွက် အနိစ္စကို အနိစ္စမှန်း သိတဲ့အတွက် ဒုက္ခ ဒေါမနဿမလာဘူးတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မြတ်စွာဘုရားဟာ ပွားစီးခြင်းကို အလိုမရှိတဲ့အထဲမှာ ပထမတန်းပဲ (မှန်ပါ) မြတ်စွာဘုရားဟာ သိဒ္ဓတ္ထမင်းသား အဖြစ်နဲ့ အလောင်းတော်ဘဝက မောင်းမပေါင်းများစွာနဲ့နေခဲ့တာပါပဲ၊ ယောကျ်ားဆိုတစ်ယောက်မှအနားမှာ မရှိရပါဘူး၊ ဆောင်းဥတုမှာ စံတဲ့ပြာဿဒ်၊ နွေဥတုမှာ စံတဲ့ပြာဿဒ်၊ မိုးဥတုမှာစံတဲ့ပြာဿဒ်နဲ့ ဥတုစဉ် ပြောင်းလဲပြီး စည်းစိမ်ခံစားနေခဲ့တာပဲ၊ အာရုံငါးပါးတွေကို (မှန်ပါ)။

အဲဒါတွေထဲကနေပြီး ဒါတွေသည်ကားလို့ဆိုရင် အနိစ္စတွေပါလားဆိုပြီး အလောင်းတော် တောထွက်လာတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အနိစ္စမြင်လို့ သူတို့ကို သာယာနှစ်သက်လို့ရှိရင် ဒုက္ခရောက်မယ်ဆိုတာ သိမြင်တော်မူလို့ တောထွက် လာတော်မူတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီကနေ ထွက်လာနိုင်တာ ရိပ်မိကြပလား (ရိပ်မိပါပြီ) ဒုက္ခဒေါမနဿတွေ ပွားမှာစိုးလို့ ထွက်လာတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

နို့မဟုတ်ရင် သိဒ္ဓိတ္ထမင်းသားအဖြစ်က ဒကာ ဒကာမတွေ ထွက်လာနိုင်ဖို့လွယ်ပါ့မလား (မလွယ်ပါ ဘုရား) ရွှေအိုးတွေလဲ လေးလုံးတောင်ရှိတယ်ဆိုတော့ ဘာလိုသေးသတုံး၊ အပြုအစုတွေကလဲ မောင်းမပေါင်းများစွာ ပြုစုနေတယ်ဆိုတော့ လိုသေးရဲ့လား (မလိုပါ ဘုရား)။

ဆောင်း နွေ မိုးအလိုက် စံစရာ ပြာဿဒ်ကလဲ ဒကာ ဒကာမတို့ ဒါကလဲ အပြည့်အစုံဖြစ်နေတော့ လိုလေသေးရှိရဲ့လား (မလိုပါ ဘုရား)။

အဲဒီထဲကနေပြီး သကာလ ဒီအာရုံတွေဟာ အနိစ္စတွေပဲ၊ တော်တော်ကြာ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လိုက်လာမှာပဲ (မှန်ပါ) ဒါကြောင့် အလောင်းတော်ဟာ တောထွက်လာခဲ့တာပဲ (မှန်ပါ)။

ဒီအပြစ်တွေမြင်လို့ တောထွက်လာတာ၊ မာဂဏ္ဍီ တို့က ပွားစီးခြင်းဆိုတော့ ဒုက္ခရောက်မှာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ကော အခု အပြစ်မတွေ့ကြသေးဘူးလား ကိုယ့်အိမ်မှာ (တွေ့ပါတယ် ဘုရား) ဘာဖြစ်လို့ မထွက်သေးသတုံးမေးရင် ကောင်းကောင်းမတွေ့သေးလို့ (မှန်ပါ ဘုရား) ကောင်းကောင်းမတွေ့သေးပါဘူး (မှန်ပါ)။

ကောင်းကောင်းသာ မတွေ့သေးတယ်၊ လူတော့ အရိုးချည်းကျန်တော့တယ်၊ ဟုတ်ပလား (မှန်ပါ) သင်္ချိုင်းတော့ မျက်စောင်းထိုးနေပြီ (မှန်ပါ) သို့သော်လဲ ကောင်းကောင်းမတွေ့သေးဘူးတဲ့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမွဲကလေး မွေးလာတာပဲ

သားက ငယ်တယ်ဟုတ်လား၊ သမီးက စိတ်မချရသေးဘူး၊ ပစ္စည်းမလုံလောက်သေးဘူး၊ ဘယ်တော့မှ လုံလောက်မယ်လဲ မဟုတ်ပါဘူး (မှန်ပါ) လုံလောက်တဲ့ထုံးစံကော ရှိရဲ့လား (မရှိပါ ဘုရား)။

မွေးကတည်းက ဒကာ ဒကာမတို့ သင်တိုင်း ကလေးနဲ့ ရွှေကလေး ငွေကလေး တွဲလဲနဲ့ ပါလာတဲ့ ကလေးများ ကြားဖူးကြရဲ့လား (မကြားဖူးပါ ဘုရား) ဒါဖြင့် အမွဲကလေး မွေးလာတာပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အခုတော့ ရွှေတွဲလွဲ ငွေတွဲလဲနဲ့ ခင်ဗျားတို့ လူတိုင်းမှာလဲထိုက်တန်သလောက်တော့ ရှိကြပါတယ်၊ အဲဒါ မပြည့်စုံသေးဘူးတဲ့ (မှန်ပါ)။

ဘာဖြစ်လို့မပြည့်စုံတာတုန်းလို့ဆိုလို့ရှိရင် (လိုသလောက်မရလို့ပါ ဘုရား) လိုသလောက် မပြည့်စုံသေးဘူး (မှန်ပါ) သို့သော်လဲ သူ့မှာ ရှိတာကဖြင့် နဂိုတုန်းကထက် ချမ်းသာတာ အမှန်ပဲ (မှန်ပါ)။

မွေးစကထက် ဘယ့်နှယ့်နေသတုံး (ချမ်းသာပါတယ် ဘုရား) ဒါလောက်နဲ့ ကျေနပ်ပလား (မကျေနပ်ပါ ဘုရား) မကျေနပ်သေးဘူးဗျ။ မကျေနပ်သေးလို့ ရှာနေကြတာပေါ့ဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လိုကြောင့် ရှာနေတာတုန်း (မကျေနပ်သေးလို့ ရှာနေတာပါ) မကျေနပ်သေးလို့ ရှာနေတော့ ကျုပ်တို့တော့ ဝတ်ချိန် စားချိန် ကုန်ပါပြီဆိုတာတောင် ရှာတုန်းပဲ (မှန်ပါ ဘုရား)။

ရှာတာက ဘာဖြစ်လို့တုန်း

ကြည့်လေ၊ ပြောတော့ တစ်မျိုး၊ လုပ်တာက တစ်မျိုး (မှန်ပါ)၊ ဝတ်ချိန် စားချိန်တော့ ကုန်ပါပြီတဲ့၊ နို့-ရှာတာက ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ဝတ်ချိန် စားချိန်ကုန်လို့ ရှာတာလား၊ မပြည့်စုံလို့ ရှာတာလား (မှန်ပါ-မပြည့်စုံလို့ပါ ဘုရား)။

ဝတ်စရာ စားစရာတော့ အပြည့်အစုံရှိပြီ၊ ရှိပြီးတဲ့အပြင် နောက်ထပ်ရှာတာက ဘာလုပ်ဖို့တုံးလို့ မေးလို့ရှိရင်ဖြင့် ဝတ်ချိန် စားချိန်တော့ ကုန်ပြီဆိုတာတော့ ကိုယ့်ကိုကိုယ် ကြည့်လိုက်ရင် မသိသေးဘူးလား (သိပါတယ် ဘုရား)။

ဒီအရွယ်နဲ့ ဒီအဝတ်နဲ့ မလိုက်တော့ဘူးဆိုရင်ပဲ ဝတ်သေးရဲ့လား (မဝတ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

သို့သော် ဘာဖြစ်လို့ပေပြီးရှာနေပါလိမ့်မတုံး မေးတော့ မပြည့်စုံသေးလို့၊ ရှင်းပလား (ရှင်းပါပြီဘုရာ) မပြည့်စုံတာက ဘယ်တုန်းကနဲ့ ချိန်တာပါလိမ့်၊ မွေးစနဲ့ချိန်တာကိုး၊ မွေးစနဲ့ချိန်ရင်တော့ အခု ပိုတောင်နေပါပြီ (မှန်ပါ) မပိုသေးဘူးလား (ပိုပါတယ် ဘုရား) အဲဒီ ပိုတဲ့အထဲကပဲ လိုနေသေးလို့ ခက်နေတာပေါ့ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ပိုတဲ့အထဲကမှ လိုနေသေးတဲ့ ပုဂ္ဂိုလ်ဟာ ပြင်လို့မရတော့ဘူး (မှန်ပါ)။

ကဲ-ဦးခင်မောင် ပိုတဲ့အထဲက ဘယ်နှယ့်တုံး သူထွက်တာက (လိုပါတယ် ဘုရား) ပိုတဲ့အထဲက လိုနေတယ် ဆိုရင်ဖြင့် ဒီလိုဇာတ်က သိမ်းနိုင်ပါဦးမလား (မသိမ်းနိုင်ပါ ဘုရား) ခေါင်းထဲရောက်တောင်မှ ဘယ်နှယ့်တုန်း မှာချင်သေးသလား (မှာချင်ပါတယ် ဘုရား) ဘယ်သူ့ဆီဘယ်လောက်ရစရာရှိသေးတယ် (မှန်ပါ) အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ပွားစီးခြင်းဆိုတာ

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ပွားစီးခြင်းဆိုတာသဘောကျပလား (ကျပါပြီ) အဲဒီလို ပွားစီးတော့ကို သေခါနီးအခါကျတော့ သားတန်းလန်း သမီးတန်းလန်း ဆွေတန်းလန်း မျိုးတန်းလန်း ရစရာတန်းလန်းနဲ့ ပေးစရာတန်းလန်းနဲ့ သေတော့ ဖြောင့်ပါ့မလား (မဖြောင့်ပါ ဘုရား)။

မဖြောင့်တော့ ဘယ်သွားဖို့များနေတုန်း ၊(အပါယ်သွားဖို့ များနေပါတယ်) ဪ-ဒါကြောင့် တပည့်တော်တို့ ဝတ်ချိန် စားချိန် မရှိတာတောင် ဆက်ပြီးကြိုးစားနေရသေးတယ်၊ သဘောကျပလား (မှန်ပါ) ဝတ်ချိန် စားချိန်ကတော့ ရှိကြသေးရဲ့လား (မရှိပါ ဘုရား)။

ဥပမာမယ် ၇၅-နှစ်တန်းလို့ဆိုတော့ ၅၀-လောက်ရှိတဲ့ ပုဂ္ဂိုလ်မှာ ဘယ်မှာဝတ်ချိန် စားချိန်ရှိတော့သတုံး (မရှိပါ ဘုရား) အဲဒါ ဘာလုပ်ဖို့ ရှာပြန်တာတုံး ဆိုတော့ သူတို့ကလဲ ဆင်ခြေကလဲ အများကြီး အိုစာ မင်းစာ ဘုရားတဲ့ (မှန်ပါ) မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

အခု ဘယ်လောက်ရှိပြီတုံးမေးတော့ (သေခါနီးကုန်ပါပြီ) ဒါဖြင့် စားပါတော့လား ဆိုတော့ ဘယ့်နှယ်တုံး၊ ဒီ့ထက်အိုအောင် စောင့်ပါရစေဦး (မှန်ပါ) ဒီ့ထက်အိုရင် မစားတော့ဘူး ပြောတာပါပဲ (မှန်ပါ ဘုရား)။

ဒါဖြင့် မစားဖို့ ရှာနေကြတာလားလို့မေးရင်ကော၊ ဒါပဲ မေးစရာရှိတာပဲ၊ ဒီ့ပြင်လဲ မေးစရာမရှိတော့ဘူး (မှန်ပါ့ မဖြေတတ်တော့ပါ ဘုရား) မဖြေတတ်တော့ဘူး၊ ဆင်ခြေက အမှန်မှ မဟုတ်ပဲကိုးဗျ (မှန်ပါ) ဖြေစရာ မမှန်ဘူး ဦးခင်မောင်ရဲ့၊ ဖြေစရာအကွက် ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။

ပျိုနုတုန်းကို တောထွက်တော်မူတယ်

အဲ-ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ပျိုနုတုန်းကို တောထွက်တော်မူတယ် (မှန်ပါ) ဘာဖြစ်လို့ ပျိုနုတုန်း တောထွက်သတုံးဆိုတော့ ဒါတွေကို မျက်စိမှာ မြင်တော်မူတယ် (မှန်ပါ) မျက်စိမှာမြင်တော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လိုက်မယ်တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် နဂိုက အပျက်မြင်ပြီး တစ်ခါတည်း တောထွက်တော်မူတယ် (မှန်ပါ) တောထွက်တော် မူတော့ ဘုရား မဖြစ်ဘူးလား (ဖြစ်ပါတယ်) ဘုရားဖြစ်တော့ ခုနက အာရုံတွေမြင်သလား နိဗ္ဗာန်မြင်သလား (နိဗ္ဗာန်မြင်ပါတယ်) နိဗ္ဗာန်မြင်တော့ ကိုယ်တော်တိုင် မြင်ရပုံကို သက်သေခံတယ် (မှန်ပါ ဘုရား)။

နဂိုတုန်းကတော့ မောင်းမပေါင်းများစွာနဲ့ နန်းပြာဿဒ်ကြီး သုံးဆောင်နဲ့ နေရတာဟာ ကျက်သရေ ရှိတယ်လို့ အောက်မေ့စရာပဲ၊ အဲဒီကနေ အပြစ်မြင်ပြီး သကာလ တောထွက်တဲ့အခါကျတော့ သူများတွေလဲ ဒီလိုပဲ ဇောတိကလို ဇဋိလလိုသူဌေးတွေမြင်တော့ ဘုရားမှာတော့ တဏှာမြူမျှ လောက်တောင် သာယာတဲ့စိတ်မရှိဘူး၊ သူတို့မှာ သာယာနေကြတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ဘုရားက ဘယ့်နှယ်ကြောင့် မသာယာသတုံးဆိုတော့ ဥပမာမယ် လူ့ပြည်ကလူက သုစရိုက် တရားတွေအားထုတ်ပြီး တာဝတိ ံသာနတ်ပြည် ရောက်သွားတယ်၊ ဥယျာဉ်ဗိမာန် ပဒေသာပင် နတ်သမီးတွေမြင်ရတယ် ဆိုကြပါစို့၊ အဲဒါတွေနဲ့နေရတော့ လူ့ပြည်က စည်းစိမ်လှည့်ကြည့်တော့ သာယာပါဦးမလား (မသာယာပါ ဘုရား) ဘာဖြစ်လို့တုံး၊ ဒီထက်သာယာတာတွေ တွေ့နေလို့ (မှန်ပါ ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတို့ ခင်ဗျားတို့သည် ဒီထက်သာယာတာမတွေ့သေးလို့ ကိုယ့်ဟာကလေးကိုယ် ဟုတ်တယ်ထင်နေတာ (မှန်ပါ့) နိဗ္ဗာန်တွေ့အောင် ရှာကြည့်စမ်းပါ။ ရှာကြည့်ရင် ကိုယ့်စည်းစိမ်ကလေး ဘာဖြစ်မယ်ထင်သလဲ (မသာယာပါ ဘုရား) ရှင်းပလား(ရှင်းပပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အလုပ်ဟာ မဟုတ်ဖူးဆိုတာ သေချာပလား(သေချာပါပြီ) နတ်ပြည်နဲ့ဆိုရင် လူ့ပြည်ဟာ မဟုတ်ဖူးဆိုတာ သေချာပလား(သေချာပါပြီ ဘုရား) နတ်ပြည်နဲ့ဗြဟ္မာပြည်ချိန်ရင်လည်း နတ်ပြည်ဟာ မဟုတ်သေးဖူးဆိုတာ (သေချာပါတယ်) ဗြဟ္မာပြည်နဲ့နိဗ္ဗာန်ချိန်ရင်ကော (ဗြဟ္မာပြည်ဟာ ဘာမှမဟုတ်သေးပါဖူး ဘုရား)။

အဲ့ဒီတော့ ကျုပ်တို့ အစစ်တိုက်ပြီးကြည့်ပါတဲ့၊ ကိုယ်လုပ်နေတဲ့ ရွှေကလေး စိန်ကလေး မြကလေး ကျောက်ကလေးဟာ ဟုတ်လေသရော့လား၊ မဟုတ်ဖူးလား၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေတာလား၊ အများကြိုက်တာလား မေးပါဦး (မဟုတ်ပါ ဘုရား)။

ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေတာ

ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာဖြင့် စွံပုံမရဘူး၊ ဒီဥစ္စာ (မှန်ပါ့) ဈေးထဲအော်ရောင်းပေမယ့် (မရပါ ဘုရား) ဘာဖြစ်လို့တုံး၊ ကိုယ့်ငါးချဉ်သာ ကိုယ်ချဉ်နေတာကို၊ အများကြိုက်တာဟုတ်ရဲ့လား (မဟုတ်ပါ) ကဲ-ဒါဖြင့် အများကြိုက်က နိဗ္ဗာန်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီရောက်အောင် ခင်ဗျားတို့ ဖြစ်ပျက်ရှုရဦးမယ် (မှန်ပါ့) အဲဒီကျတော့ ခင်ဗျားတို့မြင်တဲ့အာရုံတွေဟာ ဪ-တို့ရောက်နေတဲ့ နေရာကနေကြည့်တော့မှ နဂိုက ကလေးကကျင်ကြီးကိုမွှေပြီး ကစားနေသလို ကစားနေပါကလားလို့ ပေါ်လာလိမ့်မယ် (မှန်ပါ့ ဘုရား)။

ကလေးကလေး ငယ်ငယ်ကလေးကျတော့ သူ့ကျင်ကြီးကလေးကို သူမွှေမွှေကစားတယ်၊ လူကြီးတွေမရှိတဲ့အချိန်ပေါ့လေ (မှန်ပါ့) အမေမိဘတွေကဖြင့် ပြောလိုက်ကြတာ ကလေးများ မိုက်လိုက်ကြတာ လာလာလက်ဆေးပေးမယ် အစရှိသည်နဲ့ အမျိုးမျိုးအဖုံဖုံ ပြုပြင်ကြတာမရှိဘူးလား (ရှိပါတယ်) ဒီကလေးကတော့ ကျင်ကြီးကစားနေတာ ကိုယ်ပျော်ဦးမှာပဲ (မှန်ပါ့) ကိုယ့်တိုက်ကလေးနဲ့ ကိုယ့်ကားကလေးနဲ့ အရုပ်ကလေးတွေလိုပေါ့ဗျာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒါကလေးများ ပျော်ပြီး ကိုယ့်တိုက်ကလေးနဲ့ ကိုယ့်အိမ်ကလေးနဲ့ ခဏခဏ ဆေးသုတ် ဘာလုပ်နဲ့၊ ဒါအဟုတ် ထင်ပြီး ပျော်နေတာပဲ၊ ကလေးကလေးတွေလိုပေါ့ (မှန်ပါ့ ဘုရား)။

ကလေးတွေဖို့ အရုပ်သည်က အရုပ်ကလေးလုပ်ပြီး ဟိုနေရာဆေးခြယ် ဒီနေရာဆေးခြယ်လုပ်ထားတာ မြင်တော့ မရမကပူဆာပြီး ရှာဖွေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ ဘာတွေမတွေ့သေးလို့တုန်းဆိုလို့ရှိရင်ဖြင့် နတ်ပြည်စည်းစိမ် မမြင်ဖူးတော့ လူ့ပြည်မှာ အဟုတ်ထင်နေသလို၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေတာ၊ အများကြိုက်တော့ ဟုတ်မလား (မဟုတ်ပါ ဘုရား) မဟုတ်သေးတဲ့၊ အတူတူဖြင့် ဒီဥစ္စာကို ဝေဖန်ရမယ် (မှန်ပါ့) မဝေဖန်သင့်ဘူးလား (ဝေဖန်သင့်ပါတယ် ဘုရား)။

ဖြစ်ပျက်ရှုကြည့်

အဲ-ဝေဖန်တဲ့အခါကျလို့ရှိရင် ဒါ မဟုတ်သေးဘူးဆိုပြီး သကာလ ဖြစ်ပျက်ရှုကြည့်၊ ဖြစ်ပျက်တွေ့တဲ့အခါ နိဗ္ဗာန်တွေ့လိမ့်မယ် (မှန်ပါ့) အဲဒီ့အခါကျတော့ ဒါတွေ ခြေမကန်ပေဘူးလား (ကန်ပါတယ် ဘုရား)။

အဲဒီတော့ ခြေမကန်နိုင်အောင် ခင်ဗျားတို့ စစ်ဆေးပါဦး၊ ငါ ဟုတ်ပလား၊ ငါက ဖြစ်ပျက်မြင်လို့ရှိရင် ဒုက္ခသစ္စာလို့ သိပြီး၊ ဖြစ်ပျက်မုန်းလို့ရှိရင် ဒုက္ခသစ္စာ မုန်းတာပဲ(မှန်ပါ) ဖြစ်ပျက်ဆုံးရင်ကော (ဒုက္ခဆုံးပါတယ် ဘုရား)။

အဲဒီ့ကနေကြည့်လို့ရှိရင်ဖြင့် ခင်ဗျားတို့ အခုရှိတဲ့ ပစ္စည်းတွေဟာ ဘယ်လိုထင်ကြမလဲ၊ ကျင်ကြီးကစား နေတဲ့သဘောကို မြင်လာမှာပဲ (မှန်ပါ)။

ဘယ်လို မြင်ကြသလဲ (ကျင်ကြီးကစားတာ မြင်မှာပါ ဘုရား) ကလေးကလေးတွေ ဘာကစားလေ့ ရှိသလဲ (ကျင်ကြီးကစားလေ့ရှိပါတယ်) ဘာဖြစ်လို့ ကျင်ကြီးကိုကစားသတုန်း (မသိလို့ပါ ဘုရား) သူများကျင်ကြီးကစားတာလား၊ သူ့ကျင်ကြီးကစားတာလား (သူ့ကျင်ကြီးကစားတာပါ ဘုရား)။

ဖြစ်မှဖြစ်ရပလေ၊ ခင်ဗျားတို့ ကျင်ကြီးကစားနေတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူများကျင်ကြီး ကစားတာလား၊ ခင်ဗျားတို့ စွန့်ပစ်ထားတဲ့ ကျင်းကြီးကစားတာလား (ကိုယ်စွန့်ပစ်ထားတာ ကစားတာပါ ဘုရား) တစ်ခါတလေ စာရင်းများကြည့်ပြီး ပြုံးများနေလိုက် သေးတယ်၊ ရစရာကလေးတွေက ရှိနေသေးတာကို (မှန်ပါ)။

ကဲ-ဒီနေ့ တော်ကြဦးစို့။

သာဓု သာဓု သာဓု။