12907

မာတိကာသို့

မာဂဏ္ဍီသုတ် (၁)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရား

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားပြသ ဆုံးမတော်မူသော

မာဂဏ္ဍီသုတ် (၁)

အလုပ်ပေးတရားတော်

(၂၄-၂-၅၉)

မာဂဏ္ဍီပရိဗိုဇ်အား ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လာရောက်စောင့်ရှောက်ပြီး သကာလ ချွတ်လို့ ကျွတ် တမ်းဝင်ပုံ မာဂဏ္ဍီယသုတ်ကို ဟောလိမ့်မယ်လို့ မှတ်ယူရမယ်။

မာဂဏ္ဍီယသုတ်တော် ဆိုတာက မာဂဏ္ဍီပဏ္ဏာသ ပါဠိတော်(စာမျက်နှာ – ၁၆၉) မှာရှိတယ်၊ ကိုယ်တော်တိုင် ဟောတဲ့ ဒေသနာလို့ မှတ်ကြပါ (မှန်ပါ) အရင်ဟောခဲ့တဲ့တရား ယမသုတ်** (ယမကသုတ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၊ နှာ-၈၉။) ဆိုတာက ရှင်သာရိပုတ္တရာဟောလို့ တဏှာသတ်လို့ နိဗ္ဗာန် ဝင်သွားတဲ့ သုတ် (မှန်ပါ)။

မြင်စရာ အဆင်းဆိုတာ

အဲဒီတော့ သူ့ကို မဟောမီ ဒကာ ဒကာမတွေ ရှေ့ပိုင်းက သိထားနှင့်ဖို့ ရှင်းလင်းပြီး ပေးပါဦးမယ်။

ကြည့်မြင်စရာဟာ အဆင်းလို့မှတ်ရမယ်၊ မြင်စရာ အဆင်းဆိုတာ ဒကာ ဒကာမတွေ ကြည့်လိုက်တဲ့ အခါကျ တော့ ဟိုမှာဖြူတယ်၊ ဒီမှာလှတယ်၊ ဒီက ရုပ်ဆိုးတယ်၊ ဒီက နီတယ်၊ ဒီက ဝါတယ်ဆိုတာ အဲဒါ အဆင်းအချည်းပဲ မှတ်လိုက် (မှန်ပါ)။

အမြင်ခံဟူသရွေ့ ဘာခေါ်ကြမလဲ (အဆင်းပါ ဘုရား) အဆင်းချည်းပဲလို့ ဒကာ ဒကာမတွေက မှတ်ထားပါတဲ့။

အဲဒီတော့ ဒကာ ဒကာမတတွေ အဆင်းကတော့ ရှိပြီး သကာလ နေတာပဲ၊ မိမိမျက်လုံးက သူ့ဘက်ကို မလှည့် တော့ဘူး၊ ကျောပေးနေမယ်ဆိုလို့ရှိရင်လဲ ဒါမြင်တယ်လို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)။

ဒါဖြင့် မိမိမျက်လုံးဆိုတဲ့ ရုပ်မျက်လုံးကလေးလဲ ဒကာ ဒကာမတို့ အဲဒီအဆင်းရှိတဲ့ဘက်ကို တည့်နေမှ မြင်စိတ်ပေါ်နိုင်တယ် (မှန်ပါ)။

ဒါဖြင့် ဒီဘက်က မြင်စရာအဆင်းနဲ့ ဒကာ ဒကာမတွေ သန္တာန်မှာရှိတဲ့ မျက်လုံးကလေးနဲ့ တည့်ပေးပါ၊ တည့်ပေးတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မြင်စိတ်ကလေး တစ်ခုပေါ်လာတယ် (မှန်ပါ)။

ဘာပေါ်လာသတုံး (မြင်စိတ်ကလေး ပေါ်လာပါတယ်) ဒီမြင်စိတ်ကလေးက ဘယ်မှာပေါ်လာသတုံး မေးတော့ ခုနကပြောတဲ့ အဆင်းရှိတဲ့ဘက် တည့်ပေးတဲ့ မျက်လုံးဆိုတဲ့ ရုပ်ပေါ်မှာ မြင်တဲ့စိတ်ဆိုတဲ့ နာမ်ကလေးက ဒီပေါ်မှာ ထပ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အောက်က ဘာပါလိမ့်ဗျာ (မြင်ရုပ် စက္ခုပသာဒ) အပေါ်က ဘာပါလိမ့် (မြင်စိတ်ပါ ဘုရား)။

ဪ-ဒါဖြင့် ဒီမြင်စိတ်ကလေးဟာ ဒကာ ဒကာမတို့ ယခင်က ရှိနေတာလား၊ အခုမှ အကြောင်း တိုက်ဆိုင် လို့ ပေါ်တာလားဆိုရင်ဖြင့် အကြောင်းတိုက်ဆိုင်လို့ ပေါ်တယ်ဖြေရမှာပဲ (မှန်ပါ)။

ဒီဘက်က မြင်စရာအဆင်း၊ ဒီက ဒကာ ဒကာမတွေမှာရှိတဲ့ ပင်ကိုမျက်လုံးရုပ်ကို မျက်လုံးဖွင့်ပြီး ဒီဘက်က အဆင်းရှိတဲ့ဆီကို တည့်ပေးလိုက်တာပေါ့၊ တည့်လိုက်တဲ့အခါမှ ဖျတ်ခနဲဆိုပြီး သကာလ မြင်စိတ်ကလေး ဒီအပေါ်မှာ ပေါ်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မြင်စိတ်ကလေးသည် ဒကာ ဒကာမတို့ မြင်စရာအဆင်း၊ တည့်နေတဲ့ရုပ်၊ အဲဒီ နှစ်ခုတို့၏ နောက်ကျမှ ပေါ်တာပဲ (မှန်ပါ)။

သူတို့ရှေ့ကျ မနေဘူးလား၊ မြင်စရာ အဆင်းကလေး ရှေ့ကပေါ်နှင့်တယ်၊ မြင်ရုပ်ကလေးကလဲ သူ့ဘက် လှည့်နှင့်တယ်၊ လှည့်လို့ တည့်တဲ့အခါကျတော့ ဖျတ်ခနဲဆို ဒီမြင်စိတ်က ပေါ်လာတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါ တယ် ဘုရား)။

နဂိုက ရှိနှင့်တာလား

ဒါဖြင့် ဒီမြင်စိတ်ကလေးသည် ဒကာ ဒကာမတို့ နဂိုက ရှိနှင့်တာလား၊ အခုမှ တည့်လို့ ပေါ်တာလား (အခုမှ တည့်လို့ပေါ်လာတာပါ) အဆင်းရုပ်နဲ့ မြင်ရုပ်နဲ့ တည့်တဲ့အခါကျတော့ မြင်ဆိုတဲ့သဘောကလေး နာမ်ဓမ္မကလေး ပေါ်လာတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြင်တဲ့နာမ်ကလေး ပေါ်လာတယ်၊ အဲဒါကို စက္ခုဝိညာဏ်လို့လဲခေါ်တယ်၊ မြင်စိတ်လို့လဲခေါ်တယ်လို့ ဒကာ ဒကာမတွေ မှတ်ထားလိုက်စမ်းပါ (မှန်ပါ)။

ဒါမာဂဏ္ဍီသုတ်ကို ဟောမလို့ ဒကာ ဒကာမတို့ အခြေအမြစ်ကိုင်ပြောနေတာ (မှန်ပါ) မာဂဏ္ဍီပရိဗိုဇ် အကြောင်းကို ဟောမလို့ ဒကာ ဒကာမတွေ ရှေ့ပိုင်းကနေပြီး ရှင်းလင်းပြီး သကာလ အခြေအမြစ်ကိုပြနေတယ်လို့ အားလုံး ဒကာ ဒကာမတွေ မှတ်ကြရမယ်နော် (မှန်ပါ)။

ကောင်းပြီ ဒကာ ဒကာမတို့၊ ဒီဘက်က ဘာပါလိမ့် (အဆင်းပါ ဘုရား) ဒီအောက်ကဟာကလေးက ဘာပါလိမ့် (မြင်တဲ့ရုပ်) သူတို့နှစ်ခုသည် ဒီမြင်ရုပ်ကလေးက ဒီဆင်းရှိတဲ့ဘက်ကို တည့်လိုက်ပါတဲ့၊ တည့်လိုက်လို့ရှိရင်ဖြင့် ဒီမြင်ရုပ်နဲ့ ဒီမြင်စရာအဆင်းနဲ့ တည့်လိုက်လို့ရှိရင် ဘာပေါ်ပါ့မလဲ (မြင်စိတ်ပေါ်ပါတယ်) ဪ-မြင်တဲ့သဘောကလေး မြင် စိတ်ပေါ်ပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီမှာ ၁-ရယ်၊ ၂-ရယ်၊ ၃-ရယ်ရှိရာတွင် ဒကာ ဒကာမတို့ သိတဲ့အတိုင်း ၃-ဟာ နောက်မှ ပေါ်လာတာပဲ၊ မြင်စိတ်ဟာ နောက်မှပေါ်လာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နဂိုကရှိနှင့်အပ်တဲ့သဘောလား၊ ဒီနှစ်ခု တည့်တဲ့အခါကျတော့မှ ချိန်သားကိုက်မှပေါ်လာတဲ့တရားလား ဆိုတာ စဉ်းစားကြည့်ပါ (နှစ်ခုချိန်သားကိုက်မှ ပေါ်လာတဲ့တရားပါ ဘုရား)။

ဒါဖြင့် ဒီတရားကလေးဟာ ဧည်သည့်ကလေးပေါ့ဗျာ အခုမှ ပေါ်လာတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဟာ နာမ်ဓမ္မဖြစ်သောကြောင့် အသက်တမ်းကတော့ ဒကာ ဒကာမတွေ နာမ်ဟူသရွေ့ တစ် သဘောတည်းနေသောကြောင့် အသက်တမ်းကတော့ ၁-၂ ဖြစ်ပြီးပျက်ပဲ မှတ်ရမယ်၊ ၁-၂ ဆိုရင်ဖြစ်ပြီးရင် သူက ချုပ်ပျောက်သွားတာ (မှန်ပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် မြင်တယ်ဆိုတဲ့ဥစ္စာက ဒကာ ဒကာမတို့ မြင်စိတ်ကလေးမြင်တာလို့မှတ်ပါ (မှန်ပါ) မြင်တယ်ဆိုတာ ဘာပါလိမ့် (မြင်စိတ်ကလေး မြင်တာပါ) ဘာကိုမြင်သတုံးမေးတော့ အဆင်းကိုမြင်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာကိုမြင်ပါလိမ့် (အဆင်းကို မြင်ပါတယ် ဘုရား) အဆင်းကို သူမြင်ချင်လို့ မြင်ရတာလား၊ မြင်ရုပ်ကလေးက ဒီဘက်တည့်လို့ မြင်ရတာလား (မြင်ရုပ်ကလေးက ဒီဘက်တည့်လို့ မြင်ရတာပါ ဘုရား) ရုပ်ကလေးတည့်လို့ မြင်စိတ် ကလေးက ဖျတ်ဆိုပေါ်လာပြီး မြင်တာ (မှန်ပါ ဘုရား)။

ဆိုင်းထဲမှာပါတဲ့ လင်းကွင်းဆိုတာ

အဲဒီတော့ ဘုန်းကြီးတို့ ဥပမာနဲ့ပြောလို့ရှိရင် သဘောကျမယ်ဆိုတာတော့ အထင်အရှားပေါ့ဗျာ (မှန်ပါ) ဒကာ ဒကာမတို့ ဆိုင်းထဲမှာပါတဲ့ လင်းကွင်းဆိုတာ ရှိတယ်နော် (မှန်ပါ) တစ်ဖက်ကလဲကိုင်ရတာပဲ၊ ဒီဘက်ကလဲ ကိုင်ရတာပဲ၊ ကိုင်နေတုန်းမှာ ဘယ်ဘက်ဟာမှာ အသံပါတယ်လို့ရှိရဲ့လား (မရှိပါ ဘုရား)။

သို့သော် နှစ်ခုတီးခတ်တဲ့ အခါကျတော့ အသံဖြစ်လာတယ် (မှန်ပါ) ဒါဖြင့် ဒီအသံသည် ဒကာ ဒကာမတို့ သူတို့နှစ်ခု၏ စွမ်းရည်သတ္တိကြောင့် ပေါ်လာတဲ့ အသစ်တရား တစ်ခုပဲလို့ ဆိုထိုက်ရဲ့လား (ဆိုထိုက်ပါတယ် ဘုရား) ဒီဘက်က ကိုင်ထားတာကတော့ (ကြေးပြားကြီးပါ) ဘယ်မှာ အသံပါလိမ့်မတုံး (မပါပါ ဘုရား) သို့သော် နှစ်ခု ထိခိုက်မိတဲ့ အခါကျတော့ (အသံပေါ်လာပါတယ် ဘုရား)။

အဲဒီအသံကလေးဟာ ပထဝီ အာပေါ တေဇေ ဝါယောဆိုတဲ့ လင်းကွင်း၏ ကြေးရုပ်လား အသံရုပ်လားဆိုရင် ဘယ့်နှယ်ပြောကြမလဲ (အသံရုပ်ပါ) ဟာ-ဒါဖြင့် အသံရုပ်က ကြေးမဟုတ်ဘူး ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။

ဒါဖြင့် ကြေးပြားမှာ အသံရှိနေတာ မဟုတ်ပါဘူး (မှန်ပါ) ပထမ ဘယ်လက်ကကိုင်တဲ့ ကြေးပြားမှာလဲ အသံမပါပါဘူး၊ ညာဘက်က ကိုင်တဲ့ကြေးပြားထဲမှာကော (မပါပါ ဘုရား) ဒါဖြင့် ဘယ့်နှယ်ဖြစ်လို့ ဒီအသံ ဖြစ်လာပါ လိမ့်မတုံးလို့ အမေးထုတ်ကြရင် ဘယ့်နှယ်ဖြေကြမလဲ (ထိခိုက်လို့ပေါ်လာတာပါ ဘုရား) နှစ်ခု ထိခိုက်လို့ ဒီအသံပေါ် လာတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလဲတဲ့ ဟောဒီက အဆင်းနဲ့ ဟောဒီက မျက်လုံးရုပ်နဲ့ဆုံမိပြီး နှစ်ခုထိခိုက်တာနဲ့ ဒါအသံပေါ်သလို မြင်စိတ်ကလေးပေါ်လာတာ (မှန်ပါ) ဥပမာမှာ ဟိုက အသံ ပေါ်ပုံနှင့်တူတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဟာ ဒါလဲရုပ်ပဲ ဦးခင်မောင်ရေ (မှန်ပါ) မြင်စရာ ရူပါရုံကလဲ (ရုပ်ပါပဲ) ရုပ်နှစ်ခုတိုက်တာနဲ့ ဘာပေါ်လာသတုံး (နာမ်ဓမ္မမြင်စိတ်ကလေးပေါ်ပါတယ်) ကြေးနှစ်ခုတိုက်တော့ အသံပေါ်သလို ရုပ်နှစ်ခုတိုက်တာနဲ့ နာမ်ဓမ္မကလေးပေါ်လာတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူတို့နှစ်ခုတည့်မှ ပေါ်လာတာ

နဂိုကရှိနှင့်တာလား သူတို့နှစ်ခုတည့်မှ ပေါ်လာတာလား (သူတို့နှစ်ခုတည့်မှ ပေါ်လာတာပါ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒါကလေးဟာ မြင်တယ် မြင်တယ်ဆိုတာဟာ ဘယ်သူက မြင်တာပါလိမ့် ဒကာ ဒကာမတို့ (မြင်စိတ်ကမြင်တာပါ) မြင်စိတ်ကလေးက အဆင်းကိုမြင်တယ် (မှန်ပါ ဘုရား)။

ဖြူတယ် ကြောင်တယ် ချောတယ် လှတယ် အရုပ်ဆိုးတယ် အကွက်ကလေး အပြောက်ကလလေး စသည့်နဲ့ မမြင်ဘူးလား (မြင်ပါတယ် ဘုရား) သူ့အသက်တမ်းက မြင်ပြီး ချုပ်သွားတာပဲ (မှန်ပါ ဘုရား)။

ဘာဖြစ်သွားသတုံး (မြင်ပြီးချုပ်သွားပါတယ် ဘုရား) ချုပ်သွားလို့ရှိရင်ဖြင့် သူသည်ကားလို့ဆိုရင် ဘာလုပ်ပစ်ခဲ သတုံးလို့ မေးတဲ့အခါ သူချုပ်သွားငြားသောလဲ တရားမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ မြင်ပြီး သကာလ ချုပ်သွားငြားသော်လဲ ဒီဟာကလေးကို လိုချင်တဲ့စိတ်ကို သူက အစားထိုးပစ်ခဲ့တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာလုပ်ပစ်ခဲ့သလဲ (လိုချင်တဲ့စိတ်ကို အစားထိုးပစ်ခဲ့ပါတယ်) မြင်တဲ့စိတ်က ချုပ်သွားပြီ (မှန်ပါ) ဘာကလေး ကျန်ရစ်နေသတုံး (လိုချင်တဲ့စိတ် ကျန်ရစ်ပေါတယ်ဘုရား(။

ဒီလိုချင်တဲ့စိတ်ကလေးကလဲ ဘာကို လိုချင်တာပါလိမ့်မတုံးမေးတော့ သူမြင်တာကို လိုချင်တယ် (မှန်ပါ ဘုရား) ခုနက မြင်သွားတဲ့တရားက မြင်တာကို ဒီစိတ်ကလိုချင်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် မြင်တာက တခြား၊ လိုချင်တာက တခြားဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ဒီလိုလဲ ပြောင်း ပြန်လှည့်လိုက်တော့ မြင်တာက တခြား၊ မုန်းတာက တခြားဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

မြင်တာက တခြား၊ လျစ်လျူရှုတာက တခြားဆိုရင်ကော (သေချာပါတယ် ဘုရား) သေချာတယ်ဆိုတာ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒီနေ့ ရှေ့ပိုင်းတရားမှာ သေသေချာချာမှတ်ပါ၊ ရှေ့ပိုင်းတရားမှာ သဘာဝတ္ထ အစစ်ကို ပြောနေတယ် ဦးဘတင် (မှန်ပါ)၊ ဒါက ဖြစ်စဉ်ကိုက် ပြောနေရတယ်နော် (မှန်ပါ)။

လိုချင်တာကြောင့် အပြစ်ရှိတာ

ဒါဖြင့် မြင်တဲ့စိတ်ကလေး ချုပ်သွားပြီး ဘာကလေး အစားထိုးထားခဲ့ပါလိမ့် (လိုချင်တာ အစားထိုးထားခဲ့ ပါတယ် ဘုရား)။

မှတ်ချက်။ *အနန္တာရသတ္တိဖြင့် ကျေးဇူးပြုမှုကို မဆိုပါ၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ သဘောကို နားလည်စေရန် အတွက် ဥပနိဿယသတ္တိ ကျေးဇူးပြုမှုမျိုးကို ဆိုလိုပါသည်။

ဪ-ဒါဖြင့် ဒကာ ဒကာမတို့ မြင်တာ အပြစ်မရှိသေးဘူးနော်၊ လိုချင်တာကြောင့် အပြစ်ရှိတာ (မှန်ပါ)။

မြင်တာက (အပြစ်မရှိပါ ဘုရား) အပြစ်မရှိသေးဘူး၊ မြင်တာက မြင်ကာမျှမတ္တဆို ချုပ်သွားတာပဲ (မှန်ပါ) မြင်ပြီးဘာဖြစ်နေတာလဲ (ချုပ်သွားပါတယ် ဘုရား) မြင်ပြီးနော်ကို ချုပ်သွားတာပဲ (မှန်ပါ) မြင်ပြီးဘာဖြစ်နေသဲ (ချုပ်သွား ပါတယ် ဘုရား) မြင်ပြီးနောက်ကို ချုပ်သွားတော့ ဒကာ ဒကာမတို့ နောက်က ဘာပေါ်လာသတုံး (လိုချင်တာ ပေါ်လာ တယ်) အဲ-လိုချင်လို့ အပြစ်ရှိတာ (မှန်ပါ)။

လိုချင်တာက လောဘကိုး၊ မြင်တာကတော့ ဥပေက္ခာသဟဂတံဆိုသောကြောင့် ဥပေက္ခာကြီးဖြစ်နေတာ သူ့မှာ အပြစ်ရှိစရာ လိုသေးသလား (မလိုပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မြင်ပြီး သကာလ လိုချင်တယ်၊ လိုချင်လို့ရှိရင် ဒကာ ဒကာမတွေ စွဲလမ်းလာမယ် (မှန်ပါ) စွဲလမ်းလာရင် အားထုတ်မယ်၊ အားထုတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အားထုတ်သလောက်တော့ ရမှာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ရှေ့ပိုင်းက မြင်ပေ့ါဗျာ၊ လိုချင်၊ လိုချင်ပြီးတော့ စွဲလမ်းပါတယ်၊ စွဲလမ်းလို့ (အားထုတ်ပါတယ်) အားထုတ်လို့ (ရပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မြင်ရင် လိုချင်တာက တဏှာ၊ စွဲလမ်းတာက ဥပါဒါန်၊ အားထုတ်တာက ကမ္မဘဝ၊ ကာယကံ၊ ဝစီကံ ဆိုတာ အားထုတ်တာပဲ (မှန်ပါ) အားထုတ်လို့ ရတာက ဇာတိ (မှန်ပါ) ဒါပဲ ပြန်လှည့်တယ် (မှန်ပါ) ဒါ မျက်လုံးပေါက် ကနေပြီး ပဋိစ္စသမုပ္ပာဒ်ဖြစ်ပုံ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ-ခင်ဗျားတို့ နားလည်မှုမှာဖြင့် ဒါ အရှင်းဆုံးပါပဲ (မှန်ပါ)၊ ရှင်းပြီမဟုတ်ဘား (မှန်ပါ)။

ကောင်းပြီ၊ ဒါလောက်နားလည်ရင် တော်ပြီတဲ့၊ ဒီကြားထဲမှာ ဘာရှိသေးသလဲ၊ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ စသည်က ခင်ဗျားတို့နဲ့မဆိုင်ပါဘူး၊ ဘုရား၏ အရောတွေပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာရှုနိုင်တဲ့ အခြေအနေကိုသာ ပြောတာ

ဘုရားအရာတွေပါ၊ ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး (မှန်ပါ) အခု ဝိပဿနာရှုနိုင်တဲ့ အခြေအနေကိုသာ ပြောတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) ဘုရားဖြစ်လို့ သိတဲ့အခြေအနေ ခင်ဗျားတို့သိတာ မဟုတ်ပါဘူး (မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် မြင်တယ်၊ ဒီအဆင်းကလေးကို မြင်ရုပ်နဲ့ပေါင်းလိုက်တဲ့အခါကျတော့ မြင်စိတ် ကလေးပေါ်တယ်၊ မြင်ပြီး ဘာလုပ်သလဲ (ချုပ်သွားပါတယ် ဘုရား) မြင်တဲ့စိတ်ကလေး ချုပ်သွားပြီး ဘယ်သူအစားထိုး သလဲ (လိုချင်တာ အစားထိုးပါတယ် ဘုရား)။

လိုချင်တဲ့စိတ်ကလေး ချုပ်သွားပြီး ဘယ်သူ့အစားထိုးသလဲ (စွဲလမ်းတာ အစားထိုးပါတယ်) စွဲလမ်းတာကလေး ချုပ်သွားတော့ (အားထုတ်တာ အစားထိုးပါတယ်) အားထုတ်တာ ချုပ်သွားတော့ (ရပါတယ် ဘုရား) ရတဲ့ ဇာတိပဋိသန္ဓေ၊ ဟိုဘက်ကပဋိသန္ဓေကျတော့ ဒီက ကံတွေက ချုပ်ပြီးပါပြီ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အမိဝမ်းခေါင်းထဲ ရောက်သွားပြီ (မှန်ပါ) သေရင် အမိဝမ်းခေါင်းထဲ ရောက်တဲ့ ပဋိသန္ဓေဆိုတာ ဒါပဲ (မှန်ပါ) ဒါဇာတိပဲ၊ ဇာတိဟာ သေသေချာချာ စဉ်းစားကြည့်ရင် ခန္ဓာငါးပါး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)

ကောင်းပြီ၊ ဒါဟာ ခင်ဗျားတို့က မြင်ရုံကလေးပဲ ဘာများအပြစ်ရှိသလဲလို့ သာမညပြောမှာစိုးလို့ ဒါ ဘုရား ဟောပါဠိတော်ကို သေသေချာချာ ထုတ်ပြမယ် (မှန်ပါ)။

တပည့်တော်တို့ မြင်ရုံနဲ့ ဘာအပြစ်ရှိသတုံး၊ ဟာ မြင်တာက ရိုးရိုးမှ မဟုတ်ဘဲ၊ မြင်ပြီး ဘာဖြစ်သတုံး (လိုချင်ပါတယ် ဘုရား) လိုချင်ပြီး ဘာဖြစ်သတုံး (စွဲလမ်းပါတယ် ဘုရား) စွဲလမ်းပြီးတော့ (အားထုတ်ပါတယ် ဘုရား) အားထုတ်တော့ ဘာဖြစ်သတုံး (ရပါတယ် ဘုရား)။

ဒါဖြင့် မြင်တာချုပ်သွားပြီး လိုချင်တာ ပေါ်တာပဲ၊ လိုချင်တာချုပ်ပြီး စွဲလမ်းတာကလေးပေါ်လာတယ်၊ စွဲလမ်း တာပေါ်လာပြီး (အားထုတ်တာ ပေါ်ပါတယ်) အားထုတ်တာပြီးသွားတော့ (ရတာ ပေါ်လာပါတယ်) အားထုတ်တာပေါ် လာတော့ ဒါက အားထုတ်တာကံ၊ ဒါက အကျိုးပေး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သဘာဝတ္ထသိဖို့ အရေးကြီးတယ်

ဦးခင်မောင်ရေ၊ မာဂဏ္ဍီဟောမယ်ဆိုတော့ ရှေ့ပိုင်းက အတော်ရှင်းနေရတယ် (မှန်ပါ) ဒါ မာဂဏ္ဍီကျွတ်တမ်းဝင်တာ ဟောမလို့၊ ဒကာ ဒကာမတို့ မပျင်းကြနဲ့နော် (မှန်ပါ) ဒီဟာ သဘာဝတ္ထသိဖို့ အရေးကြီးတယ် (မှန်ပါ ဘုရား)။

ကိုင်း-ဒါဖြင့် မြင်တယ်ဆိုလို့ရှိရင် လိုချင်တာ လာတာ့တာပဲနော် (မှန်ပါ) လိုချင်တော့ (စွဲလမ်းပါတယ်) စွဲလမ်းရင် (အားထုတ်ပါတယ်) အားထုတ်ရင် (ရပါတယ် ဘုရား)။

ဪ-ဒါဖြင့် ခင်ဗျားတို့ ခန္ဓာဆိုတာ ဒါပဲ (မှန်ပါ) အပါယ်ခန္ဓာဟာလဲ ဒါပဲ ယခု ခန္ဓာကော (ဒါပါပဲ ဘုရား)။

ဒကာ ဒကာမတွေ ဒီခန္ဓာကြီးရထားတာဟာ သူများပေးလို့ ရတာလား၊ အားထုတ်လို့ ရတာလား (အားထုတ် လို့ရတာပါ ဘုရား)။

ခင်ဗျားတို့ ရထားတဲ့ ခန္ဓာငါးပါး၊ ဦးဇံရင်ရေ သဘောကျပလား (ကျပါပြီ ဘုရား) အခု ရထားတဲ့ခန္ဓာငါးပါးပဲ ဆိုလိုက်ပါတော့ (မှန်ပါ)။

အလိုလိုပဲ ပေါ်တာလား ဒကာ ဒကာမတို့ အားထုတ်လို့ရတာလား (အားထုတ်လို့ရတာပါ) ဘယ့်နှယ်ကြောင့် ခင်ဗျားတို့က အားထုတ်ပါလိမ့်မတုံး (စွဲလမ်းလို့ပါ ဘုရား) စွဲလမ်းလို့ အားထုတ်တာ၊ ဒီဘက် နောက်ဆုတ်လာပါ (မှန်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးရနေပါလိမ့်မတုံး (အားထုတ်ခဲ့လို့ ရတာပါ ဘုရား)။

ခင်ဗျားတို့ကလဲ လွန်ပဲလွန်းတယ်၊ ဘယ့်နှယ်ကြောင့် အားထုတ်ရတာတုံးလို့မေးလို့ရှိရင် (စွဲလမ်းလို့ပါ ဘုရား) ဪ-ခင်ဗျားတို့က စွဲလမ်းတာကလဲ လွန်ပဲလွန်လွန်းတယ်၊ ဘယ့်နှယ်ကြောင့် ဒါလောက်တောင် စွဲလမ်းရတာတုံး မေးတော့ (လိုချင်လို့ပါ ဘုရား) ဟော-ဒီရောက်တယ်၊ လိုချင်လို့ပဲ ရောက်တယ် (မှန်ပါ)။

လိုချင်တာက ဘယ့်နှယ်ကြောင့် လိုချင်ရတာတုံး

ခင်ဗျားတို့က လိုချင်တာက ဘယ့်နှယ်ကြောင့် လိုချင်ရတာတုံးဆိုတော့ မြင်လို့ပါဘုရား (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် လိုချင်ပါလိမ့် (မြင်လို့ပါ ဘုရား) ခင်ဗျားတို့ဖြင့် အမြင်ကို မခံမှတော်မှာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့က မြင်လို့ရှိရင် လိုချင်တာနဲ့ မုန်းတာနဲ့ဒါပဲရှိတယ်၊ ခင်ဗျားတို့အသွားကလေ (မှန်ပါ) အဲဒီတော့ ခင်ဗျားတို့ နည်းနည်းမှ စည်းစောင့်တဲ့ ဒကာ ဒကာမတွေ မပါပါဘူး (မှန်ပါ) ပါသေးရဲ့လား (မပါပါ ဘုရား) မပါဘူး၊ မြင်ရင် လိုချင်တာရယ် မုန်းတာရယ် ကမ္မဿကာ ထားတာရယ် ဒါပဲရှိတော့တယ်၊ ခင်ဗျားတို့ တစ်ခြား ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

ကိုင်း-ဒါဖြင့် မာဂဏ္ဍီမဟောခင် ဦးခင်မောင် ဒါကို ရှင်းရတယ် (မှန်ပါ) မရှင်းရင် တော်ပါ့မလား (မတော်ပါ ဘုရား) မရှင်းရင် ခင်ဗျားတို့ ဒီပဋိစ္စသမုပ္ပာဒ် “မျက်လုံးပေါက်က ပဋိစ္စသမုပ္ပာဒ်” ခေါ်တယ် ဒီဥစ္စာ (မှန်ပါ)။

ဒါက ခင်ဗျားတို့ ခန္ဓာငါးပါး၊ ဒါ ဦးခင်မောင်ကြီး ထားပါတော့ဗျာ (မှန်ပါ) ဦးခင်မောင် ခန္ဓာငါးပါး ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဦးခင်မောင် ခင်ဗျားခန္ဓာငါးပါးဒုက္ခသစ္စာကြီးဟာ သူများပေးလို့ ရတာလား (အားထုတ်လို့ ရတာပါ ဘုရား)။

ဘယ်သူက အားထုတ်တာတုံးဗျ (တပည့်တော်တို့ အားထုတ်တာပါ) ဦးခင်မောင် အားထုတ်ခဲ့လို့ရတာ (မှန်ပါ) မြင်ပလား အားထုတ်လို့ရတာ (မှန်ပါ)။

ဦးခင်မောင်ကြီး ဟာဗျာ ဘယ့်နှယ်ကြောင့် ဒီဥစ္စာကြီးကို အားထုတ်ချင်ရပါလိမ့်မတုံးလို့မေးရင် (စွဲလမ်းလို့ပါ) စွဲလမ်းလို့ဆိုတော့ ဥပါဒါန်ကြောင့် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒါလောက် စွဲလမ်းနေပါလိမ့်မတုံးလို့ မေးရင် (လိုချင်လို့ပါ ဘုရား) လိုချင်လို့၊ ဒါဖြင့် တဏှာ ကြောင့် ဥပါဒါန်ဖြစ်တာ သေချာသွားပြီ (မှန်ပါ)။

ဘယ့်နှယ်ကြောင့် လိုချင်ရပါလိမ့်မတုံး

ဦးခင်မောင်ကြီးကလဲ ဘယ့်နှယ်ကြောင့် လိုချင်ရပါလိမ့်မတုံးမေးရင် (မြင်လို့ပါ ဘုရား) ဒါဖြင့် သူ့မျက်လုံး ဖောက်ထားမှဖြစ်မယ်၊ မဟုတ်ဘူးလား (မှန်လှပါ)။’

သူဟာ မြင်ရင် လိုချင်နေမှာပဲ၊ မြင်ရင် မုန်းနေမှာပဲ (မှန်ပါ) အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ မမြင်မှ တော်မှာပဲဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဟာ မျက်လုံးမှိတ်ထားလိုလဲ မရဘူး၊ ဒီဥစ္စာကို ဟောပါလိမ့်မယ် (မှန်ပါ) ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ တရားနာနေကြတာ ယခုအထဲမှာ ခန္ဓာငါးပါးထဲမှာ မနေကြဘူးလား (နေပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ခန္ဓာငါးပါး ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာကြီးဟာ ဘယ်သူပေးလို့ရပါလိမ့် (အားထုတ်လို့ရပါတယ် ဘုရား) ဘယ်သူ အားထုတ်တာတုံး (တပည့်တော်တို့ အားထုတ်တာပါ) မသိတဲ့လူတွေ အားထုတ် တာ၊ မသိတာ အတော်မသိတာပဲ (မှန်ပါ)။

ဘယ့်နှယ်ကြောင့်ပါလိမ့် (မသိလို့အားထုတ်တာပါ ဘုရား) ဘာမသိတာတုံး (ဒုက္ခသစ္စာမှန်း မသိတာပါ ဘုရား)။

ဒုက္ခသစ္စာမသိလို့ အားထုတ်တယ်၊ ခက်ကြပြီ ဒကာ ဒကာမတို့၊ ဒုက္ခမသိလို့ အားထုတ်တယ်၊ ဒါဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) မသိတော့ အားထုတ်တယ် အားထုတ်တော့ ဒီဒုက္ခကြီးမရဘူးလား (ရပါတယ် ဘုရား)။

ဪ-ဒါဖြင့် ဦးခင်မောင်ရေ၊ ဒီဒုက္ခဟာ သိကြားဗြဟ္မာဘုရားလာပေးလို့ ရတာလား ကိုယ်ကိုယ်တိုင် အရယူ ထားတာလား (ကိုယ်ကိုယ်တိုင် အရယူထားတာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ကိုယ်တိုင်အရယူပြီး အားထုတ်ထား တာဆိုတော့ သဘောပါကြပလား (ပါပါပြီ ဘုရား)။

တပည့်တော်တို့ဘုရား ဒီခန္ဓာကြီး အခုတော့ အရ ဆိုးမှန်းတော့ သိပါပြီဘုရား၊ သို့သော်လဲ ခွဲမရခွါမရ ဖြစ် နေတယ်ဆိုတာ ဘယ့်နှယ်ကြောင့် ခွဲမရခွါမရ ဖြစ်နေတာတုံးလို့ အမေးထုတ်လို့ရှိရင် ကိုယ်တိုင် အားထုတ်ထားတာ ကိုယ်တိုင် ဆုတောင်းပြီး ကြိုးစားထားတာ (မှန်ပါ) ကြိုးစားထားတော့ ဘာရသတုံး (ခန္ဓာငါးပါး ဒုက္ခသစ္စာရပါ တယ် ဘုရား)။

ကိုယ်တိုင်အားထုတ်ထားတာ

ကောင်းပြီ၊ အခုတရားနာနေကြတဲ့ ဒကာ ဒကာမတွေ အခုရထားတာဟာ သိကြား ဗြဟ္မာဘုရား လာပေးတာ မဟုတ်ဘူးတဲ့၊ ခင်ဗျားတို့ ခန္ဓာငါးပါးဟာ (မဟုတ်ပါ ဘုရား)။

ဘယ်သူ လုပ်ထားတာပါလိမ့် (ကိုယ်တိုင်အားထုတ်ထားတာပါ) အားထုတ်ဆိုတာ ကမ္မဘဝပဲ (မှန်ပါ) ကမ္မဘဝဆို တာ ကာယကံ ဝစီကံ မနောကံနဲ့ အားထုတ်ထားတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဒုက္ခရောက်နေတာက သနားစရာများပါရဲ့လား (မပါပါ ဘုရား) ဘာဖြစ်လို့တုံး (ကိုယ်တိုင် အားထုတ်ထားလို့ပါ ဘုရား) မလိုချင်ဘဲနဲ့ အားထုတ်တာလား တကယ်လိုချင်လို့ အားထုတ်တာလား မေးရင် (လိုချင် လို့ပါ ဘုရား)။

လိုချင်လို့ ပွေ့ပိုက်ထားတာချည်းဆိုရင်တော့ ဘုရားက မီးခဲကြီးပွေ့ပိုက်မထားပါနဲ့ကွာ ဟောပေမယ့် သူတို့က လိုချင်လို့ ပွေ့ပိုက်ထားတဲ့ ပုဂ္ဂိုလ်ကိုး၊ အတော်ဟောခက်တယ်ဗျ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးကြီး ခင်ဗျားတို့ အလကား ရတာလား၊ လိုချင်လို့ ရတာလား (လိုချင်လို့ ရတာပါ ဘုရား) သဘောပါပ လား (ပါပါပြီ ဘုရား)။

အဲဒါကြီးနဲ့ အခုအိုးစားကွဲအောင် ဟောနေတဲ့ အခါကျတော့ ခင်ဗျားတို့ အဟောရတယ်ကျပ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နဲ့ကော ကိုက်ရဲ့လား (ကိုက်ပါတယ် ဘုရား) ကမ္မဘဝပစ္စယော (ဇာတိပါ ဘုရား) ဟော ကမ္မဘဝ ပစ္စယာဆိုတာ ကာယကံ ဝစီကံနဲ့ အားထုတ်ထားတာ (မှန်ပါ)။

ဒါဖြင့် အခုရထားတဲ့ ခန္ဓာငါးပါးကြီး အနာပေါက်လဲ ဒကာ ဒကာမတို့ မအော်နဲ့နော် (မှန်ပါ) မအော်နဲ့၊ ဘာ ဖြစ်လို့တုံး (ကိုယ်တိုင်အားထုတ်တာပါ ဘုရား) လိုချင်လို့ရထားတာ ဒကာ ဒကာမတို့ (မှန်ပါ)။

မျက်လုံးမွဲလဲ စိတ်ပျက်မနေနဲ့၊ နားထိုင်းရင်ကော (စိတ်ပျက်မနေနဲ့) ခါးနာ လေနာ ရင်နာကျနေရင်ကော (စိတ်ပျက်မနေနဲ့) ဘာဖြစ်လို့တုံး (လိုချင်လို့ရထားတာပါ) အဲဒါ မညည်းကြနဲ့၊ ခင်ဗျားတို့ ယီးတီးယားတား ဒီကရှေ့ မလုပ်ပါနဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လိုချင်လို့ရထားတာ

ဦးဘအုန်းတို့ ညည်းချင်သေးသလား (မညည်းချင်ပါ ဘုရား) ဘယ့်နှယ်ကြောင့်တုံးဗျ (လိုချင်လို့ရထားတာပါ) လိုချင်လို့ရထားတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကမ္မဘဝပစ္စယော (ဇာတိ) ဇာတိဆိုတာ ခန္ဓာငါးပါး(မှန်ပါ) ဇရာဆိုတာလဲ ဒီခန္ဓာငါးပါး (မှန်ပါ)

ဒါဖြင့် ဦးဇံရင် ဒီဟာ သူများပေးထားတာလား (ကိုယ်တိုင်အားထုတ်တာပါ ဘုရား) ဘယ့်နှယ်ကြောင့် ဦးဘတင် ဦးခင်မောင်တို့က အားထုတ်ထားတာတုံး (လိုချင်လို့ပါ ဘုရား) ဒုက္ခသစ္စာမှန်းမသိလို့ကို အရအားထုတ်ထားတယ် (မှန်ပါ) ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ကလဲ အားထုတ်ချင်ပါလိမ့်မတုံးဗျာ၊ ဆက်လက်သွားကြမယ်ဆိုလို့ရှိရင် ဘယ်လို ဖြေပါ့မလဲ၊ ပဋိစ္စသမုပ္ပာဒ် နောက်ဆုတ်တွေးပါ (စွဲလမ်းလို့ပါ ဘုရား) စွဲလမ်းတယ်၊ ဒါ ကမ္မဘဝမဟုတ်လား၊ ကာမုပါဒါန်နဲ့ စွဲလမ်းတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဥပါဒါန်မပြတ်ရင် နိဗ္ဗာန်မရဘူးဆိုတာ ဥပါဒါန်မပြတ်ရင် ဒါပဲရမယ် (မှန်ပါ) ဥပါဒါန် ပြတ်လို့ရှိရင် ဒါပေါ်ဦးမလား (မပေါ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဥပါဒါန်သတ်ရလိမ့်မယ် (မှန်ပါ)။

ကောင်းပြီ၊ ဘယ်နှယ့်ကြောင့် ဦးခင်မောင်ကြီးတို့ ဒါကို စွဲစွဲလမ်းလမ်းကြီး ယူထားပါလိမ့်မတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (လိုချင်လို့ပါ) ဒါဖြင့် လိုချင်တာက တဏှာ၊ စွဲလမ်းတာက ဥပါဒါန် (မှန်ပါ)။

ဒါဖြင့် တဏှာနဲ့ ဥပါဒါန်ဟာ အနု-အရင့်သာကွာတယ်၊ တဏှာသတ်ရင် ဥပါဒါန်ပါတာပဲ (မှန်ပါ) ဥပါဒါန် သတ်ရင် တဏှာပါတယ်၊ အနု-အရင့်ပဲလို့မှတ်ပါ (မှန်ပါ ဘုရား)။

တဏှာနဲ့ဥပါဒါန်ဘယ်လိုမှတ်ကြမယ်

တဏှာနဲ့ဥပါဒါန်ဘယ်လိုမှတ်ကြမယ် (အနု-အရင့်ပါ ဘုရား) အနု-အရင့်ပဲ၊ လောဘချည်းပဲ (မှန်ပါ) လောဘပဲ၊ ဥပါဒါန်လဲ လောဘပဲ (မှန်ပါ) အနု-အရင့်ပဲကွာတော့ တဏှာသတ်ရင် ဥပါဒါန်ပါတယ်။ ဥပါဒါန်သတ်ရင် (တဏှာ ပါပါတယ် ဘုရား)။

ဒါကြောင့် သစ္စာအဖွဲ့တော့ တဏှာလဲ သမုဒယသစ္စာ၊ ဥပါဒါန်လဲ သမုဒယသစ္စာ၊ သူ့ကိုသတ်ရင် ပြီးတာပဲ (မှန်ပါ) မပြီးဘူးလား (ပြီးပါတယ် ဘုရား) ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

ဦးဘတင် ခင်ဗျား ဘယ့်နှယ်ကြောင့် လိုချင်ရတာတုံးဗျ ဒီခန္ဓာငါးပါးကြီးကို (မြင်လို့ပါ ဘုရား) ဪ-ခက် လိုက်တာ၊ မြင်တာကလဲ ခင်ဗျားတို့က အကုန်းမြင် ဖြစ်နေတယ် (မှန်ပါ) မြင်တာကလဲ ခင်ဗျားတို့အမြင်က အမြင်မှား ကြီး (မှန်ပါ)။

ဘယ့်နှယ်ကြောင့် အမြင်မှားကြီးတုံးဆိုတော့ ဒီဟာ မြင်တာကိုးဗျ၊ သူများ ခန္ဓာငါးပါးကြီး သွားမြင်တယ်၊ ချောလိုက်တာ လှလိုက်တာ သူဌေးသူကြွယ်ကြီးပဲဆိုပြီး သွားမြင်တာကိုး (မှန်ပါ) ဒုက္ခသစ္စာရယ်လို့ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ကဲ-အမြင်က မှန်သလား၊ မှားသလား (မှားပါတယ် ဘုရား)။

ဒါဖြင့် အမြင်မှားကြောင့် ဒကာ ဒကာမတို့ လိုချင်တယ် (မှန်ပါ) လိုချင်လို့ (စွဲလမ်းပါတယ်) စွဲလမ်းလို့ (အားထုတ်ပါတယ်) အားထုတ်လို့ (ရပါတယ် ဘုရား)။

ရတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတွေက ရတဲ့နေရာမှာ ဒီဘက်က တဏှာကထပ်ပြီး သာယာပြန်တာပဲ (မှန်ပါ)။

ဘယ့်နှယ်နေသတုံး၊ ရပြီးလွှတ်ပစ်ချင်သလား၊ နှမြောနေသလား (နှမြောနေပါတယ် ဘုရား) သွားပါပြီဗျာ ဒါဖြင့် (မှန်ပါ) ဘုံဘဝလှည့်နေတော့တာပေါ့ဗျ။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရပြီး ဘာဖြစ်နေသတုံး (နှမြောနေပါတယ် ဘုရား) အခုခန္ဓာကြီး ခင်ဗျားတို့ သေရတော့မယ်ဆိုတော့ ဘယ့်နှယ် နေသတုံး (နှမြောပါတယ် ဘုရား) ဟောဒီဘက်မှာ နှမြောတာတွေလာလိမ့်ဦးမယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာတွေလာဦးမယ်ထင်သတုံး (နှမြောတာတွေ လာဦးမှာပါ ဘုရား) နှမြောတာတွေ လာဦးမယ် ဆိုတော့ ဪ- ခင်ဗျားတို့ဟာ မီးခဲရယ်လို့တော့ တစ်ခါတလေမှ မသိတော့ဘူး ရထားတာ မီးခဲ၊ ပွေ့ထားတာလဲ မီးခဲ၊ မစွန့်ချင်တာလဲ (မီးခဲပါ ဘုရား)။

ရူးချက် မသန်ဘူးလား

မီးလောင်လို့ သေရမှာကိုလဲ သေလို့လွှတ်ပစ်ပါလားဆိုတော့ သူနဲ့ပဲ သေရပါစေဆိုတာလဲ ခင်ဗျားတို့က ဒီစိတ် ကို မွေးပြီးသားဖြစ်နေတယ် (မှန်ပါ) ဘယ်လောက်ဆိုးသလဲ (ဆိုးပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ရူးချက် မသန်ဘူးလား (သန်ပါတယ် ဘုရား)။

ကဲ-ရူးချက်သန်ပုံကတော့ဖြင့် ဘာမှပြောစရာ မရှိတော့ပါဘူး ကိုသစ်တို့ ဟင် (မှန်ပါ) ရပြန်တော့ ဘာတဲ့ (နှမြောပါတယ် ဘုရား)။

ဒီဘဝ ဒီခန္ဓာကြီးစွန့်ရတော့မယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဆေးမကူနိုင်ဘူးလား၊ ဝါးမကူနိုင်ဘူးလား၊ ဆွေ တွေ မျိုးတွေ မဝိုင်းနိုင်တော့ဘူးလား၊ ငွေကောရှာတာ ဘာလုပ်ဖို့တုံး။ ဒီဥစ္စာ မရ-ရအောင်ကယ်ကြပါဆိုတော့ ခန္ဓာကြီးကို မစွန့်ချင်လို့ပြောတာ (မှန်ပါ) မပြောဘူးလား (ပြောပါတယ် ဘုရား) ဒါဖြင့် ရထားတာကော ဒုက္ခသစ္စာလို့သိရဲ့လား (မသိပါ ဘုရား) လိုချင်တုန်းကကော (မသိပါ ဘုရား) သွားပြီဗျ ဒီပုဂ္ဂိုလ်ဟာ (မှန်ပါ) ဘယ့်နှယ်မှ ထွက်ပေါက် ရှာမတွေ့ ဘူး (မှန်ပါ) ရအောင်အားထုတ်တုန်းကလဲ ဒုက္ခသစ္စာရယ်လို့ သိရဲ့လား (မသိပါ ဘုရား) ရအောင်အားထုတ်တော့ မရဘူးလား (ရပါတယ် ဘုရား)။

စွန့်ပါတော့လားဆိုတော့လဲ ဘယ့်နှယ်တုံး

အဲဒီတုန်းကလဲ ဒုက္ခသစ္စာရယ်လို့ သိလို့အားထုတ်တာလား၊ မသိလို့အားထုတ်တာလား (မသိလို့ အားထုတ်တာပါ) မသိလို့အားထုတ်ပြန်တော့ တစ်ခါရပြန်တယ်၊ ရတော့စွန့်ပါတော့လား၊ ဒါကြီးဟာ ခန္ဓာငါးပါး သူသတ်ယောကျာ်းလို့ ဘုရားက ဟောထားတယ်၊ သူနဲ့ချည်း သေကြတာပဲ မဟုတ်လား (မှန်ပါ) စွန့်ပါတော့လားဆိုတော့လဲ ဘယ့်နှယ်တုံး (မစွန့်နိုင်ပါ ဘုရား) စွန့်ပါလားဆိုတော့ ဘာဖြစ်လာသတုံး (နှမြောပါတယ် ဘုရား)။

ဒါဖြင့် ဒီဥစ္စာ နှမြောတယ်ဆိုကတည်းက နဂိုကလဲ အကောင်းထင်၊ နောက်မစွန့်နိုင်တော့လဲ အကောင်းထင် တယ်ဆိုတော့ ဒုက္ခသစ္စာကို ခင်ဗျားတို့စိတ်ထဲမှာ တစ်ခါတည်း သုခသစ္စာထင်နေတယ် (မှန်ပါ)။

ဘယ်လိုထင်သတုံး (သုခသစ္စာထင်ပါတယ်) ဘုရားက ဘယ်လိုဟောသလဲ (ဒုက္ခသစ္စာလို့ဟောပါတယ်) ခင်ဗျား တို့ ဘုရားကို ကန့်လန့်လုပ်ပြီး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားက နိဗ္ဗာန်သွား၊ တို့ကတော့ အပါယ်သွားမဟေ့ (မှန်ပါ) ကန့်လန့်လုပ်ရင် ဒါပဲရှိတော့တာပဲ၊ ဒီ့ပြင် ဘာလိုသေးသတုံး (မရှိပါ ဘုရား) ကဲ-ဒကာ ဒကာမတွေ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘုရားက ဘာသစ္စာလို့ ဟောသတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဖြင့် စွန့်ပစ်လိုက်တဲ့ (မှန်ပါ) ခင်ဗျားတို့က ဒုက္ခသစ္စာလို့ သိသေးရဲ့လား (မသိပါ ဘုရား) မသိတော့ ဒါကြီးကိုဖြင့် ကျုပ်မခွဲနိုင်ဘူး (မှန်ပါ ဘုရား) မသိတော့ ဒါကြီးကိုဖြင့် ကျုပ်မခွဲနိုင်ဘူး (မှန်ပါ ဘုရား)။

ခင်ပွန်း ဒုက္ခသစ္စာနဲ့ (မခွဲနိုင်ပါ) သားသမီး ဒုက္ခသစ္စာနဲ့ (မခွဲနိုင်ပါ) မိမိဒုက္ခသစ္စာနဲ့ (မခွဲနိုင်ပါ ဘုရား) ခက်နေပြီ (မှန်ပါ) အတော်ကို ခက်နေပြီ (မှန်ပါ ခက်နေပါတယ် ဘုရား) ဦးဇံရင် ခက်တဲ့ပုံ ပေါ်ပလား (ပေါ်ပါပြီ) ဦးသာဒင်တို့ကော (ပေါ်ပါပြီ ဘုရား)။

ဒုက္ခသစ္စာမှန်း မသိလို့

မရခင်တုန်းက အားထုတ်တာလဲ ဒုက္ခသစ္စာမှန်း မသိလို့ (မှန်ပါ) ရပြီးလို့ မစွန့်နိုင်တာကော (ဒုက္ခသစ္စာမှန်း မသိလို့ပါ) နောက်တစ်ခါ ဆက်ပြီးတော့ ဆုတောင်းပြန်တာကော (ဒုက္ခသစ္စာမှန်း မသိလို့ပါ) ဪ-မသိခြင်းကို ထပ်နေပြီ (မှန်ပါ့ ဘုရား)။

မရခင်တုန်းက အားထုတ်တာလဲ ဒုက္ခသစ္စာမှန်း မသိလို့ (မှန်ပါ) ရပြီးလို့ မစွန့်နိုင်တာကော (ဒုက္ခသစ္စာမှန်း မသိလို့ပါ) နောက်တစ်ခါ ဆက်ပြီးတော့ ဆုတောင်း ပြန်တာကော (ဒုက္ခသစ္စာမှန်း မသိလို့ပါ) ဪ-မသိခြင်းကို ထပ်နေပြီ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (မသိခြင်းထပ်နေပြီ ဘုရား) ဒီပုဂ္ဂိုလ်အတွက် ဘယ်လိုစဉ်းစားမလဲ၊ ဘယ်လိုမှ မစဉ်းစား နဲ့တော့ သူဟာ အဝိုင်းပြေး ပြေးနေတာပဲ (မှန်ပါ ဘုရား)။

ဘယ်လိုပြောကြမယ် (အဝိုင်ပြေး ပြေးနေမှာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒါ ဘာမသိတာတုံး ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီဘုရာဒ) ဒုက္ခသစ္စာ မသိတာ (မှန်ပါ ဘုရား)။

ကဲ-ဘယ်အချိန်ကစပြီး မသိတာတုံးဆိုတာ့ ယခုမြင်ရင် ခင်ဗျားတို့ မသိတော့ဘူး၊ ကြားရင်လဲ သိပါဦးမလား (မသိပါ ဘုရား) မိမိကိုယ်က ဒုက္ခသစ္စာ ဖြစ်နေတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နေရာကျပလား ဦးခင်မောင်ရေ (ကျပါပြီ ဘုရား) ပဋိစ္စသမုပ္ပဒ် မျက်လုံးပေါက် ပဋိစ္စသမုပ္ပာဒ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဆင်းနဲ့မြင်ရုပ်တည့်ရင် ဘာပေါ်မယ်

ဒါဖြင့် ဒီအောက်ကဟာကလေးက ဘာတုံး (မြင်ရုပ်ပါ) အဆင်းနဲ့မြင်ရုပ်တည့်ရင် ဘာပေါ်မယ် (မြင်စိတ် ပေါ်ပါမယ် ဘုရား) မြင်စိတ်ပေါ်တယ်ဆိုတော့ “စက္ခုံ စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဆိုတော့ မြင်စိတ် ပေါ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြင်စိတ်ပေါ်လာတော့ မြင်ပြီး ဒကာ ဒကာမတွေက မြင်ရုံတွင် ရပ်နိုင်ပါ့မလားလို့ မေးတဲ့အခါ ဘယ့်နှယ်ဖြေ ကြမလဲ (မရပ်နိုင်ပါ ဘုရား) မရပ်နိုင်တော့ ဘာဖြစ်သတုံး (လိုချင်လာပါတယ်) လိုချင်လာတော့ လိုချင်တာတွင် ရပ်လိုက်ပါတော့လား၊ မစွဲလမ်းနဲ့ဆိုလို့ကော (မရပါ ဘုရား) လိုချင်လို့ရှိရင် စွဲလမ်းရဦးမှာပေါ့၊ မစွဲလမ်းရင် လက်လွတ် သွားမှာပေါ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် စွဲလမ်းပြီးရင် ဦးခင်မောင်ကြီးက ဒီအတိုင်းနေသလား (မနေပါ ဘုရား) စွဲလမ်းပြီး သူ့ဟာသူ သေခြင်းဆိုးနဲ့ သေပြီး အားမထုတ်ဘဲနေရင် ဒါကြီးရပါ့မလား (မရပါ ဘုရား) စွဲလမ်းတဲ့ပုဂ္ဂိုလ်က ဘာလုပ်ပြန်သတုံး (အားထုတ်ပါ တယ် ဘုရား) ကဲ-အားထုတ်တော့ ဘာပေါ်သတုံး (ခန္ဓာပေါ်ပါတယ်) ခန္ဓာငါးပါး မရကြဘူးလား (ရပါတယ် ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာကို တပည့်တော်တို့ ကံမကောင်း အကြောင်းမသင့်လို့ ရတာဘုရား၊ တပည့်တော်တို့အတွက်ဖြင့် တွေးလေ ဆွေးလေ ဖြစ်နေတယ်၊ ကံမကောင်း အကြောင်းမသင့်လို့တဲ့၊ အပြီးသတ်တော့ ကိုယ်တိုင်ယူထားတာ (မှန်ပါ)။

ကံမကောင်း အကြောင်းမသင့်လို့

ကိုယ်တိုင်အားထုတ်လို့ ရထားတာမဟုတ်လား (မှန်ပါ) အဲဒါကို ဧည့်သည်လာတော့ ဘာနဲ့ ဧည့်ခံကြသတုံး (ကံမကောင်း အကြောင်းမသင့်လို့ဆိုပြီး ဧည့်ခံပါတယ် ဘုရား)။

ဒီမှာကြည့်ပါလား၊ ဒီခန္ဓာကြီးဟာ တစ်နေ့ရွှေ တစ်နေ့ငွေတဲ့ ငယ်ငယ်တုန်းက (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာတဲ့တုံး (တစ်နေ့ရွှေ တစ်နေ့ငွေပါ ဘုရား) အံမာလေး ဒါတောင် ပြင်သုံးသေးတာဗျ၊ ဒီနေ့ ဒုက္ခနက်ဖြန်သည်ကားလို့ ဆိုရင်ဖြင့် ဒီထက်ကြီးတဲ့ဒုက္ခ၊ မနေ့က သေခါနီးဒုက္ခ၊ ဒီနေ့သေမည့်ဒုက္ခဆိုတာကို ဆီလိုလုပ် သုံးနေတယ် (မှန်ပါ စကားယဉ်လို့ပါ ဘုရား) ယဉ်သာ ယဉ်တယ် အဖြစ်က ဘယ့်နှယ်နေသတုံး (ဆိုးပါတယ် ဘုရား)။

တစ်နေ့ရွှေ တစ်နေ့ငွေတဲ့၊ ဖြစ်မှဖြစ်ရလေဗျာ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ သုံးတာများ အပြီးသတ်တော့ တစ်နေ့ ရွှေဆိုတာကသေခါနီး၊ နောက်တစ်နေ့ကျတော့အသေ ဟုတ်လား (မှန်ပါ) သေခါနီးနဲ့အသေ ဘယ်ဟာ ကောင်းသတုံး (ဘယ်ဟာမှ မကောင်းပါ ဘုရား)။

အဲဒါများ ရွှေငွေလုပ်သုံးသေးတယ် (မှန်ပါ ဘုရား) ဖြစ်မှဖြစ်ရလေ ဦးဘတင်၊ မြို့သုံးက သိပ်အရေးကြီး နေပါ ကလားဟင် (မှန်ပါ) ဘာတွေ ဖုံးလွှမ်းအောင်သုံးနေကြတာတုံး (သစ္စာဖုံးအောင် သုံးနေကြပါတယ် ဘုရား) သစ္စာမသိ အောင် ဖုံးပြီးသုံးတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်နေ့ရွှေ တစ်နေ့ငွေ

နောက်ရွှေငွေများ သုံးချင်ကြသေးလား (မသုံးချင်ပါ ဘုရား) လူလာမှ ဧည့်ခံလေ့ရှိတယ်၊ ဘယ့်နှယ်နေသတုံး၊ အို တစ်နေ့ရွှေ တစ်နေ့ငွေ (မှန်ပါ ဘုရား) လူမလာသေးရင် ဒီအသံထွက်ရဲ့လား (မထွက်ပါ ဘုရား)။

စင်စစ်တော့ ဒီထဲမှာ ရွှေငွေကော ပါရဲ့လား (မပါပါ ဘုရား) နာမှုနဲ့သေမှုပဲပါတယ် (မှန်ပါ) နာမှုက ရွှေထား ပါတော့၊ သေမှုက (ငွေပါ ဘုရား) ဘယ်ဟာ ကြိုက်သတုံး (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)။

သို့သော်လဲ နှုတ်ဖျားကလေးမှာ ပြောရင်လဲ ကျေနပ်ပါပြီဆိုပြီး သကာလ ဒုက္ခသစ္စာနှစ်ခုကို ရွှေငွေလုပ်ပစ် လိုက်တယ် (မှန်ပါ) “ဗျာဓိပိ ဒုက္ခာ မရဏမ္ပိ ဒုက္ခံ” ဆိုတဲ့ ဒုက္ခသစ္စာနှစ်ခုကို ဦးဘတင်တို့က ဘယ်လိုသုံးလိုက်သတုံး (ရွှေငွေလုပ်သုံးလိုက်ပါတယ် ဘုရား) အံမလေး ကြောက်စရာ ဒကာ ဒကာမတွေပါလား၊ ဆိုင်းဘုတ်ကို တင်စရာမရှိ တင်တယ်၊ ဟုတ်ပလား (မှန်ပါ ဘုရား)။

ဘာတင်တာတုံး (ဆိုင်းဘုတ်တင်တာပါ) ဆိုင်းဘုတ်တင်တော့ အတင်က ကိုက်ရဲ့လား (မကိုက်ပါ ဘုရား) မကိုက်ပေမယ့် ငါကြိုးစားတင်ဦးမယ်ပဲ (မှန်ပါ ဘုရား)။

ကိုင်း-ဒကာ ဒကာမတို့ ရွှေလား ငွေလား သေခါနီးနဲ့သေတာပဲလား (သေခါနီးနဲ့သေတာပါ ဘုရား) အဲဒါကို ဘာလုပ်ကြသတုံးဗျ (ရွှေငွေလုပ်ပါတယ် ဘုရား)။

ဪ-ဖြစ်မှဖြစ်ရလေဗျာ၊ နောက်ကို ဒီအသုံးကိုဖြုတ်ကြပါနော် (မှန်ပါ) ဘယ့်နှယ်နေသတုံးမေးရင် အို နာ သေ ပေါ်တာနဲ့ သေမှာပါပဲ၊ ကျုပ်တော့ အဲဒီလိုဖြေ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရိုင်းလွန်းလှပါတယ်ဘုရား၊ ဒီလိုများ ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား) မဆိုနဲ့၊ အဖြစ်နဲ့ဒါမှ ကိုက်တယ်၊ သစ္စာကိုးဗျ (မှန်ပါ) ဒါမှ သစ္စာဆိုက်တယ် (မှန်ပါ)။

သစ္စာဆိုက်အောင် ပြောကြစမ်းပါ

ဒါဖြင့် သစ္စာဆိုက်အောင် ပြောကြစမ်းပါ၊ ဘယ့်နှယ် နေသတုံး အို သေခါနီးနဲ့ သေမှာနဲ့ကို ကပ်နေပြီ ဒီလို ဖြေ (မှန်ပါ) ဦးဘအုန်းကြီး ဖြေရဲပါ့မလား (ဖြေရဲပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဒါ မျက်လုံးပေါက်ကလေးက လာနေတယ်နော် (မှန်ပါ) နိဗ္ဗာန်သွားချင်လဲ ဦးခင်မောင် ဒီမျက်လုံးပေါက်မဖွင့်ရင် မဖြစ်တော့ဘူး (မှန်ပါ) ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) ဒီမျက်လုံးပေါက်ကနေ တဏှာ ဥပါဒါန် ကံ ကိလေသာသုံးမျိုး မလာဘူးလား (လာပါတယ် ဘုရား)။

တဏှာတည်းဟူသော ကိလေသာ၊ ဥပါဒါန်တည်း ဟူသော ကိလေသာ (မှန်ပါ) ဒီကံဟာလဲ ကိလေသာ အုပ် ချုပ်တာပါပဲ၊ သူလဲလိုချင်တာပါပဲ မထူးလှပါဘူး၊ ကမ္မဝဋ်ဆိုတာ ကိလေသာ အုပ်ချုပ်ရေး ခံနေရတာပါပဲ (မှန်ပါ) ထူးသေးရဲ့လား (မထူးပါ ဘုရား)။

ဒီတော့ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ မျက်လုံးပေါက်က နေပြီး သကာလ မြင်ရုံကလေးပဲလို့ အောက်မေ့ပြီး သကာလ မနေလိုက်ပါနဲ့၊ မျက်လုံးဖွင့်ရင် ဒီနားရောက်တာပါပဲ (မှန်ပါ) ဒီရောက်အောင်သွားတယ်၊ သေရင် ဒီဟာ တွေ့ရမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မျက်လုံးဖွင့်ရဲကြပါ့မလား (မဖွင့်ရဲအောင် ရှိပါတယ် ဘုရား) ဒီတစ်ခါတော့ ဖွင့်သာဖွင့်၊ ဘုန်းကြီးက ဖွင့်နည်းကို ပြောပေးမယ်၊ မိဘရိုးရာတော့မဖွင့်နဲ့ သဘောကျပလား (ကျပါပြီ ဘုရား)။

မိဘရိုးရာဖွင့်ရင် ဘယ်လိုများတွေ့ဦးမှာလိမ့်မလဲဆိုရင် ဒီမျက်လုံးကို အတော်ခက်နေပြီ (မှန်ပါ) မဟုတ် ဘူးလား (ဟုတ်ပါတယ် ဘုရား) သူများတကာ ဖွင့်တတ်တာကလဲ ဘယ်လိုဖွင့်တတ်သတုံး (မိဘရိုးရာ ဖွင့်တတ်ပါတယ် ဘုရား) မိဘရိုးရာဖွင့်တော့ ဘုရားပေးတဲ့ ဖွင့်နည်း ပြောင်းလိုက်၊ အရိယာရိုးရာဖွင့်ပါ (မှန်ပါ) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

အရိယာရိုးရာ ပြောင်းရမယ်

ဘာရိုးရာ ပြောင်းရမှာတုံး (အရိယာရိုးရာ ပြောင်းရပါမယ် ဘုရား) ခင်ဗျားတို့က ဘာရိုးရာဖြစ်နေသလဲ (မိဘရိုးရာဖြစ်နေပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် အရိယာတို့၏ ရိုးရာဖွင့်လို့ရှိရင် ဒီဒုက္ခလွတ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) အရိယာရိုးရာဖွင့်ရင် ဒီဇာတိဒုက္ခတွေ ဇရာဒုက္ခတွေ ဗျာဓိဒုက္ခတွေ ဘယ့်နှယ်နေပါ့မလဲ (လွတ်ပါတယ် ဘုရား) ဦးဘအုန်း သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် မိဘရိုးရာကဖြင့် ဒီမှာ ဆိုက်နေတာ အခု ဘုန်းကြီး နာရီသုံးမတ်လောက်ရှိပြီ ပြောလာတာ (မှန်ပါ) မိဘရိုးရာကဖြင့် ဒီဇာတိလမ်းချည် သွားတယ် (မှန်ပါ)။

ဒါကြောင့် ဇာတိမရှိတဲ့လမ်းကို သွားအောင် လုပ်မယ်၊ ဇာတိမရှိတဲ့လမ်း (မှန်ပါ) ဇာတိမရှိတဲ့လမ်းဆိုရင် နိဗ္ဗာန်ပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဇာတိမရှိတဲ့လမ်းက (နိဗ္ဗာန်ပါ) ဇာတိရှိတဲ့လမ်းက (သံသရာပါ ဘုရား) ဇာတိလမ်းသွားတာက သံသရာခရီးသည် (မှန်ပါ) ဇာတိလမ်းချည်း မသွားတဲ့ပုဂ္ဂိုလ် သံသရာ လမ်းဆုံးတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မိဘရိုးရာပစ်ပြီး အရိယာရိုးရာကို လုပ်မယ်ဆိုလို့ရှိရင် သံသရာခရီးဆုံးမယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် သံသရာခရီးသွားနဲ့ သံသရာခရီးဆုံး ဒီနေ့ မှတ်ရမယ် (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (သံသရာခရီးသွားနဲ့ သံသရာခရီးဆုံးပါတယ် ဘုရား) သံသရာခရီးသွားကတော့ လမ်းဆုံး ရှိသေးရဲ့လား (မရှိပါ ဘုရား) အဝိုင်းပြေးကိုးဗျ (မှန်ပါ) အဝိုင်းဆိုတာ ဒကာ ဒကာမတို့ ဘယ်တော့များ အစတွေ့ရဲ့လား (မတွေ့ပါ ဘုရား) အဆုံးကော (မတွေ့ပါ ဘုရား)။

ဟာ-ဒါ သံသရာခရီးသည်ပဲ (မှန်ပါ) သံသသရာခရီးအဆုံးသမားကတော့ဖြင့် ဒကာ ဒကာမတို့ တစ်ခါတည်း ခရီးဆုံးပြီး သကာလ သွားတော့မှာပဲ၊ ဇာတိ ဇရာ ဗျာဓိ မရဏ လာပါဦးမလား (မလာပါ ဘုရား)။

ဦးဘတင်ရေ ဒါကို ကြိုးစားမှတ်ရလိမ့်မယ်နော် (မှန်ပါ ဘုရား)။

အရိယာတို့၏ မျက်လုံးကို ပြောင်းကြပါ

ဒါဖြင့် မိဘရိုးရာ မျက်လုံးကို ပြင်၍ အရိယာတို့၏ မျက်လုံးကို ပြောင်းကြပါလို့ သတိပေးလိုက်ပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ ခင်ဗျားတို့ သဘောနဲ့တော့ လုံးဝမတတ်နိုင်ပါဘူး၊ တတ်နိုင်ပါ့မလား (မတတ်နိုင်ပါ ဘုရား) အဲ-ဆရာ ကောင်း သမားကောင်းဆီက နည်းယူပြီး သကာလ ဦးခင်မောင်မျက်လုံးပြောင်းတပ်ပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာဖြင့် တစ်ကိုယ်လုံး အင်္ဂါအစိတ်အပိုင်းတွေ ပြောင်းရမှာပါလား၊ နက်ဖြန်ကျရင် နား ပြောင်းလိမ့်မယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သန်ဖက်ခါကျရင် နှာခေါင်း၊ ဟိုဘက်နေ့တွေကျလို့ရှိရင် လျှာ၊ ကိုယ်၊ တော်တော်ကြာတော့ တစ်ကိုယ်လုံး ပြောင်းသည်အထိ ရောက်အောင် လုပ်ကြဦးမှာ (မှန်ပါ)။

ဘာဖြစ်လို့တုံးဆိုတော့ အရိယာရဟန္တာဖြစ်တော့ မပုပ်တဲ့ ခန္ဓာကိုယ်နဲ့ အရိုးတောင် ချိတ်ဆက်ဖြစ်လာတာ ကြည့်ပါလား၊ အကုန်ပြောင်းလဲသွားတာပဲ (မှန်ပါ) ပုထုဇဉ်ဘဝတုန်းကတော့ ပုပ်တဲ့ခန္ဓာကိုယ်နဲ့ အရိုးတေ့ဆက်ပဲ ဖြစ်တယ် (မှန်ပါ) ကဲ-မပြောင်းရပေဘူးလား (ပြောင်းရပါတယ် ဘုရား)။

ဒါပြောင်းမှရမယ်နော် (မှန်ပါ) တေ့ဆက်နဲ့ ပုပ်တာ ကြိုက်သလား၊ ချိတ်ဆက်နဲ့ မပုပ်တာ ကြိုက်သလား (ချိတ်ဆက်နဲ့ မပုပ်တာ ကြိုက်ပါတယ် ဘုရား)။

မဂ်ဉာဏ် ဖိုလ်ဉာဏ်က ပြောင်းတာ

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ အဲဒါဟာ အရိယာဖြစ်မှ ပြောင်းတဲ့ရုပ်၊ အရိယာဖြစ်မှ ပြောင်းတဲ့အရိုးပါ (မှန်ပါ) နဂိုကမွေးတုန်းကတော့ သူများလို မွေးတာ တေ့ဆက်ပဲ မွေးတာပဲ၊ နောက်မှ ပြောင်းသွားတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်က ပြောင်းတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီမျက်လုံးပြောင်းရင် အကုန်ပြောင်း မကျပေဘူးလား (ကျပါတယ် ဘုရား) မပြောင်းချင်ဘူးလား (ပြောင်းချင်ပါတယ် ဘုရား)။

တပည့်တော်တို့ မိဘရိုးရာ မျက်လုံးနဲ့ခွဲရတော့မယ်ဆိုတော့ ကိုယ်ကျိုးများ နည်းမှာလားလို့ ဒီအထဲ ငိုချင်းချချင် သေးသလားလို့ မေးရသေးတယ် (မချချင်ပါ ဘုရား) ဟုတ်ပါ့မလား (ဟုတ်ပါတယ် ဘုရား)။

ငယ်ပေါင်း ဖြစ်နေတာဗျ (မှန်ပါ) မကောင်းရင်တော့ ကွာရ ရှင်းရမှာပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီလမ်းကဖြင့် ဇာတိလမ်းဖြစ်နေတော့ ဦခင်မောင် လွမ်းစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြစို့ဆိုတော့ ဒကာ ဒကာမတို့ မြင်တယ်ဆိုတာ ဒီက မျက်လုံးနဲ့အဆင်းနဲ့တည့်တော့ မြင်စိတ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

မြင်တဲ့အခါကျလို့ရှိရင်ဖြင့် ဪ-ဒါဟာ အဆင်းလို့ပဲ ဒီကနေ သိပေးတာပေါ့ဗျာနော် (မှန်ပါ) အဆင်းလို့လဲ ဒကာ ဒကာမတွေကသိ၊ အဆင်းမရှိဘူးလို့လဲသိ၊ နှစ်ချက် သိရမယ် (မှန်ပါ)။

အဆင်းလို့လဲ (သိရပါမယ်) အဆင်းမရှိဘူးလို့လဲ (သိရပါမယ် ဘုရား) ဟာ-ဒါဖြင့် ဖြစ်ပျက်သိပေး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အသိသာ လိုက်ပေးပါ

မြင်ပြီးတော့ အသိသာ လိုက်ပေးပါ၊ ဖြစ်ပျက်သိလိုက်တော့ ဒါတွေဟာမဂ်လာမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) မဂ်လာဖြစ်တော့ ခုနကလိုက်မည့် လိုချင် စွဲလမ်း အားထုတ်လာသေးရဲ့လား (မလာပါ ဘုရား) အားထုတ်လို့ကော ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ တဏှာ ဥပါဒါန် ကံသေတယ်-တဲ့၊ မြင်တာတွေ ဖြစ်ပျက်ရှုလိုက်တဲ့အတွက် (မှန်ပါ ဘုရား)။

ဒါဖြင့် ဇာတိလာသေးရဲ့လား (မလာပါ ဘုရား) ဇာတိမလာတော့ ဇရာ မရဏကော (မလာပါ ဘုရား) မလာက တည်းက သံသရာ ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ် ဘုရား) သံသရာခရီးဆုံးတယ်၊ မဆုံးဘူးလား (ဆုံးပါတယ် ဘုရား)။

ခုနတုန်းကဟာကတော့ ခရီးမဆက်ဘူးလား (ဆက်ပါတယ် ဘုရား) အခုတော့ ဘယ့်နှယ်နေသတုံး (ဆုံးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံးကို ဘုန်းကြီးက မပြောင်းတော့ဘူး၊ နောက်က ဆက်လာမည့်ဟာကလေး ပြောင်းပစ်လိုက်ပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) မြင်ပြီး သကာလ လိုချင်တာ မလာဘူးလား (လာပါပြီ ဘုရား)။

မြင်-လိုချင်တာလို့ ဒကာ ဒကာမတို့ ဒီလိုမဖြစ်ပါစေနဲ့၊ မြင်ပြီး သကာလ လိုချင်တာ မလာဘဲနဲ့သိပါ၊ ဘယ်လို သိရမတုံး၊ ဒါကို အဆင်းလို့သိ၊ အဆင်းလို့ကြည့်တာကောသိ၊ အဆင်းပျက်တာကော (သိရပါမယ် ဘုရား) အဲဒီလို နောက်က အသိလိုက်ပေးပါ (မှန်ပါ)။

ဖြစ်တာလဲသိ၊ ပျက်တာလဲသိ

မြင်ပြီးတာ့ အသိလိုက်ပေးပါ၊ ဖြစ်တာလဲသိ၊ ပျက်တာကော (သိရမှာပါ ဘုရား) ဒါဖြင့် ဖြစ်ပျက်တာက အနိစ္စ၊ သိတာက (မဂ္ဂပါ) မဂ္ဂဖြစ်တော့ တဏှာ ဥပါဒါန် ကံသေတာက ပစ္စုပ္ပန်အကြောင်းတွေသေတာ (မှန်ပါ) မသေဘူးလား (သေပါတယ် ဘုရား)။

သူလာတော့ မဂ်လာတော့ ဇာတိ ဇရာ မရဏ လာသေးသလား (မလာပါ ဘုရား) ဒါဖြင့် အနာဂတ် အကျိုးတွေ ကော (မလာပါ ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန်အကြောင်းသုံးခု သေအာင်လဲ မဂ်ပဲ၊ အနာဂတ်အကျိုးတွေ သေအောင်ကော (မဂ်ပါပဲ) မဂ်ပဲ ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါဟာ ဘုရားအစရှိသော အရိယာ သူတော်စင်တို့က ပြောင်းပေးတဲ့ မျက်လုံးပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပြောင်းတတ်ပလား (ပြောင်းတတ်ပါပြီ ဘုရား) ဘယ်အချိန်ပြောင်းကြမှာတုံး (မြင်တဲ့အချိန်မှာ ပြောင်းကြရမှာပါ ဘုရား)။

မဟုတ်ဘူးဘုရား၊ တပည့်တော်တို့က မိဘရိုးရာနဲ့ မြင်တယ်ဆိုရင် လိုချင်တာရယ် မုန်းတာရယ် ဒါပဲများနေတယ်၊ မများစေနဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ) အဲဒီတော့ ဒီဟာ ဖြစ်ခဲ့တဲ့တရား တယ်တော့မလွယ်ဘူး၊ ဒကာ ဒကာမတွေ ညည်းချင်လဲညည်းမယ်၊ ညည်းမယ့် ဒကာ ဒကာမတွေ ဒီအထဲမပါပေဘူးလား (ပါပါတယ်) ပါလိမ့်မယ် ဘာဖြစ်လို့ တုံးဆိုတော့ တပည့်တော်တို့ မိဘရိုးရာက အတော်စူးနေတယ် (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒီတော့ ဒီလိုလုပ်၊ ဘုန်းကြီး သင်ပေးလိုက်မယ် ဒကာ ဒကာမတို့ အိမ်ကသွားတဲ့အခါကျလို့ရှိရင် တစ်ခုခုနဲ့ ဆိုင်မှာတွေ့ရတော့မယ် မြင်ရတော့မယ်၊ မြင်ရတော့မယ်ဆိုတာတော့ ဘယ်သူမဆို ရှိပြီးသားပေါ့ဗျာ (မှန်ပါ) မရှိပေ ဘူးလား (ရှိပါတယ် ဘုရား)။

အကျိုးရှိတဲ့အလုပ်ကို လုပ်တော့မယ်

တွေ့လို့ရှိရင်ဖြင့် မြင်သည်နှင့်တစ်ပြိုင်နက်တည်း ငါသည် အကျိုးရှိတဲ့အလုပ်ကို လုပ်တော့မယ် ဒီကတည်းက စောစောစီးစီး ဆုံးဖြတ်ချက်ချသွား (မှန်ပါ) ဟိုတိုက်ပွဲကျလို့ရှိရင် နို့မဟုတ်ရင် ရှုံးနေလိမ့်မယ် (မှန်ပါ ဘုရား)။

သာတ္ထက သမ္ပဇညနဲ့ ဟိုကျရင် အကျိုးရှိတဲ့ အလုပ်ကို လုပ်မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဒီကတည်းက တစ်ခါတည်း လက်နက်ပြင်သွားရမယ် (မှန်ပါ) လက်နက်ပြင်သွားလို့ရှိရင် အကျိုးရှိအောင် ဟိုကျလို့ရှိရင် မျက်လုံးဖွင့်ပါ၊ ဖွင့်သည်နှင့်တစ်ပြိုင်နက်တည်း မြင်တဲ့ဥစ္စာကလေးကို ဘာလုပ်ပစ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက် ရှုလိုက်တော့ ဒကာ ဒကာမတို့ ဒီမဂ် မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။’

မြင်တယ်၊ မြင်ပြီးတော့ ဒီဖြစ်ပျက်ကို သိတယ်၊ ဖြစ်ပျက်ကိုသိတော့ ဖြစ်ပျက်က ဖြစ်ပျက်၊ သိတာကမဂ်၊ မဟုတ်ဘူးလား (မှန်ပါ) ဒီဘက်က ဘာတွေသေသတုံး (တဏှာဥပါဒါန် ကံ သေပါတယ် ဘုရား)။

လိုချင်-စွဲလမ်း အားထုတ်ဆိုတာ မသေသေးဘူးလား (သေပါတယ် ဘုရား) အားမှမထုတ်တဲ့ဥစ္စာ အထည်ပေါ် ဦးမလား (မပေါ်ပါ ဘုရား) ဒီက အနာဂတ် အကျိုးမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲဒါ ဒကာ ဒကာမတို့ တိုက်ပွဲဆင်မယ်ဆိုလို့ရှိရင် ဟိုကျတော့ မျက်လုံးဖွင့်မည့်ဥစ္စာ ဒီကနေပြီး သကာလ ဘယ်နည်းနဲ့ဖွင့်မည်ဆိုတဲ့ဥစ္စာ ဒီကနေပြီး စောစောစီးစီး စီစဉ်သွားမှ (မှန်ပါ) ရောက် ရောက်ချင်းသာ ကပျာကယာ ဖွင့်လိုက်ရင် မြင်လိုချင်က လာပစ်လိုက်မှာပဲ (မှန်ပါ) မြင်မုန်းကကော (လာမှာပါ ဘုရား)။

သာတ္ထကသမ္ပဇဉ်

အဲဒီလိုမလာရအောင် ဒီကတည်းက ဟိုကျရင် မြင်လိုချင်လဲ မလာရအောင် မြင်မုန်းလဲမလာရအောင် မြင်တာ ကို ဖြစ်ပျက်ရှုနိုင်အောင် ကြိုးစားမယ်ဆိုပြီး ဒီကတေးသွားပါ။ ဦးခင်မောင် ဒီကနေ တေးသွားတဲ့အခါကျတော့ အဲဒါ က သာတ္ထကသမ္ပဇဉ်ထဲ ဝင်သွားတယ်၊ သတိပဋ္ဌာန် ဒီကနေပြီး လုပ်သွားတာ (မှန်ပါ) အကျိုးရှိအောင်သာလုပ် မျက်လုံးဖွင့်လိုက်ရင် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုဖွင့်ကြမယ် (အကျိုးရှိအောင် မျက်လုံးဖွင့်ကြရပါမယ်) အကျိုးရှိအောင် မျက်လုံးဖွင့်မယ်ဆိုတာ မဂ် ပေါ်အောင် ဖွင့်မယ်ပြောတာ (မှန်ပါ)။

ဘယ်လိုပါလိမ့် (မဂ်ပေါ်အောင် ဖွင့်မယ်ပြောတာပါ ဘုရား) အဲ-မဂ်ပေါ်အောင် ဖွင့်မယ်ဆိုတာ ကြိုးစားရတယ်၊ ဒီလိုမှ မဖွင့်ဘူးဆိုရင်ဖြင့် ဒီဘက်က ကိလေသာတွေ မပွားပေဘူးလား (ပွားပါတယ် ဘုရား) တဏှာ ကိလေသာ၊ ဥပါဒါန်ကိလေသာ၊ ကံကိလေသာ မပွားပေဘူးလား (ပွားပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာ ပွားအောင်လုပ်တဲ့နည်းကတော့ဖြင့် မြင်ရင်လိုချင်၊ လိုချင်ရင် စွဲလမ်း၊ စွဲလမ်းတော့ အားထုတ်ဆိုတာ ဒါကိလေသာ ပွားတဲ့လမ်း (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိလေသာ မပွားတဲ့လမ်းကတော့ဖြင့် မြင်တာကို ဖြစ်ပျက်ရှုနိုင်မှ (မှန်ပါ) ဒီလိုမှ မရှုနိုင်လို့ရှိရင်ဖြင့် မြင်စိတ် ဖြစ်ပျက်ရှု၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာကို ဖြစ်ပျက်ရှုရမတုံး (မြင်စိတ်ဖြစ်ပျက် ရှုရပါမယ်) ဒါ မရှုနိုင်သေးဘူးဆိုရင် မြင်ရုပ်ကို (ဖြစ်ပျက်ရှုရပါမယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) အဲဒါက အရိယာတို့၏ ထုံးတမ်း (မှန်ပါ)။

ပုထုဇဉ်ထုံးတမ်းနဲ့ အရိယာထုံးတမ်း

ပုထုဇဉ်ထုံးတမ်းနဲ့ အရိယာထုံးတမ်းက မကွာဘူးလား (ကွာပါတယ် ဘုရား) မိဘရိုးရာထုံးတမ်းက သံသရာ ခရီးဆက်တယ် (မှန်ပါ) အရိယာထုံးတမ်းက သံသရာခရီးဆုံးတယ် (မှန်ပါ) ပဋိသန္ဓေလာသေးသလား (မလာပါ ဘုရား)။

မျက်လုံးဖွင့်တတ်ကြပလား (ဖွင့်တတ်ပါပြီ ဘုရား) ဘယ်လိုဖွင့်မယ် ခင်ဗျားတို့က (မြင်တာဖြစ်ပျက်ရှုရပါမယ်) မြင်တဲ့အာရုံကိုဖြစ်ပျက်ရှုပစ် (မှန်ပါ)။

ဪ-ဒကာ ဒကာမတို့ မျက်လုံးဖွင့်နည်းကစပြီး သင်ရတယ်ဆိုတော့ ကုန်ပါပြီ၊ ခင်ဗျားတို့ နဂိုက ဘာမှ မပါပါဘူး (မှန်ပါ) ပါသေးရဲ့လား (မပါပါ ဘုရား)။

အင်း-မျက်လုံးဖွင့်တတ်ဖို့ လုပ်ပေးနေရဦးမှာ ထင်ပါရဲ့ (မှန်ပါ) ကလေးများ သွားတတ်တဲ့အခါကျတော့ သွားတတ်ပေ့ သွားတတ်ပေ့ လုပ်ပေးနေရတယ်၊ ဘာဖြစ်လို့တုံး၊ ကျဲကျဲလှမ်းတတ်ပါစေလို့ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့လဲ ဖွင့်တတ်ပေ့ လုပ်ပေးနေရဦးမှာပဲ (မှန်ပါ) မလုပ်ပေးရင် ရပါ့မလား (မရပါ ဘုရား)။

ဘာကြောင့်တုံးဆိုတာ အရွယ်ကလေးတွေကလဲ ကြီးကုန်တော့ ဖွင့်ဖို့ကို သင်ဦးမှဖြစ်မှာဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရိယာတို့ဖွင့်နည်း

ဦးဘအုန်းရေ ဆံပင်ဖြူပေမဲ့ မလွယ်ဘူးနော် (မှန်ပါ) ဖွင့်နည်းကလဲ သူဟာ အရိယာတို့ဖွင့်နည်း ပုထုဇဉ်တို့ ဖွင့်နည်းကလဲ ရှိသေးတာကိုး (မှန်ပါ) ပုထုဇဉ်တို့၏ ဖွင့်နည်းက သံသရာခရီး ဆက်တယ်၊ အရိယာတို့၏ ဖွင့်နည်းက သံသရာခရီးဆုံးတယ် (မှန်ပါ) ခရီးဆက်တာနဲ့ ခရီးဆုံးတာ မကွာဘူူးလား (ကွာပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ မိဘရိုးရာဖွင့်နည်းကဖြင့် သံသရာခရီးဆက်တဲ့အတွက် ဘယ်အခါ ကာလမှ သူသည်ကား အမြင်မှန်တော့ မရတော့ဘူး (မှန်ပါ) ရပါ့မလား (မရပါ ဘုရား) အရိယာတို့၏ ဖွင့်နည်းကတော့ အမြင်မှန် ရတယ်၊ ဒါဖြစ်ပျက်မို့ ဖြစ်ပျက်ကို သိတာကိုးဗျ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ-ဒါဖြင့် မာဂဏ္ဍီဝတ္ထုကို စတော့မယ် ဒကာ ဒကာမတို့၊ ဒီနှစ်လမ်း မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား) အဲဒါ မာဂဏ္ဍီကို ဟောမလို့ (မှန်ပါ)။

မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကြီးက သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးပြီး သကာလ နေတော့ ဘာရဒွါဇ ပုဏ္ဏားရှိတယ်၊ အဲဒီ ဘာရဒွါဇ ပုဏ္ဏားကလဲ သူ့မှာ တဲကလေးနဲ့ မီးပူဇော်တဲ့နေရာတော့ ပုဏ္ဏား ထုံးစံအတိုင်း ရှိတာပေါ့ဗျာ (မှန်ပါ)။

အဲဒီနားမှာ သူက မြက်ကလေးတွေကို သူတော်ကောင်းများလာရင် ထိုင်ရအောင်ဆိုပြီး မြက်ဖျာကလေး လုပ်ထားတယ် (မှန်ပါ)။

မာဂဏ္ဍီပရိဗိုဇ်တော့ ကျွတ်မှာပဲ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ဉာဏ်တော်နဲ့ ကြည့်တယ်၊ ဒီမြက်ခင်းကို ငါသွားပြီး နှစ်ရက် သုံးရက် တော့ထိုင်မှာပဲ၊ ဒီမြက်ခင်းကို ထိုင်လို့ရှိရင်ဖြင့် မာဂဏ္ဍီပရိဗိုဇ်တော့ ကျွတ်မှာပဲ၊ မြက်ခင်းကို ထိုင်တာနဲ့ စကားပြော ဖွယ်ဖြစ်လာပြီး မာဂဏ္ဍီကျွတ်မယ်ဆိုတာ မြင်တော်မူတယ် (မှန်ပါ ဘုရား) ဘာရဒွါဇ ပုဏ္ဏားကလဲ ဘုရားကလာထိုင် တယ်ဆိုတာနဲ့ အလွန်ကျေနပ်ပြီး ထိုင်ချင်စဖွယ် ဖြစ်အောင်ထုပ်ထားလိုက်တာပဲ (မှန်ပါ)။

ဒါနဲ့မြက်ခင်းပေါ်မှာ ဘုရားက ညနေကျရင် လာ-လာထိုင်တယ်၊ သုံးရက်လောက်ထိုင်မိတဲ့အခါကျတော့ မာဂဏ္ဍီ ပရိဗိုဇ်က ဘာရဒွါဇပုဏ္ဏားဆီ အညောင်းပြေ အညာပြေ လမ်းလျှောက်ရင်း လာလာလည်တာကိုး (မှန်ပါ)။

သူကကြည့်တာပေါ့၊ ဒီနားမှာ မြက်ခင်းကလေးကြည့်၊ ဘာရဒွါဇပုဏ္ဏားနေတဲ့ တဲကလေးကို ကြည့်ပြီး ဪ- ဒီမြက်ခင်းကလေးတော့ဖြင့် တကယ့် သူတော်ကောင်းများနေတဲ့ မြက်ခင်းကလေးနဲ့ တယ်ပြီးတူအောင်၊ သူတော်ကောင်းဖို့ လုပ်ထားတာနဲ့ တူတယ်ဆိုး ဘာရဒွါဇပုဏ္ဏားကို ဒီမြက်ခင်းကလေးကတော့ဖြင့် ရဟန်းများ သူတော်ကောင်းများနဲ့ လျောက်ပတ်ပြီး သကာလ သူတို့နေထိုင်ဖို့ရာ လုပ်ထားတာနဲ့ တူတယ်၊ သူက အကဲခတ်လိုက်တယ် (မှန်ပါ)။

ဟုတ်တယ်-တဲ့၊ ဂေါတမ မြတ်စွာဘုရား အေးအေးချမ်းချမ်း နေချင်တဲ့အခါကျလို့ရှိရင် ဒီနေရာကို လာလာ ထိုင်ပါတယ်လို့ ဖြေလိုက်တယ် (မှန်ပါ)။

အသံကြားလိုက်ရရင်ပဲ သူက စိတ်ပျက်တယ်

ဒီတော့ မာဂဏ္ဍီက မိစ္ဆာဒိဋ္ဌိမို့ ဂေါတမဆိုတဲ့ အသံကြားလိုက်ရရင်ပဲ သူက စိတ်ပျက်တယ်၊ ဂေါတမဆိုတဲ့ အသံကို မကြားချင်ဘူး၊ ဘယ်လောက်ဆိုးနေသတုံး (ဆိုးပါတယ် ဘုရား)။

ဂေါတမဆိုတဲ့အသံကို မကြားချင်ဘူး ဒကာ ဒကာမတို့၊ ဘာဖြစ်လို့ မကြားချင်တာတုံးဆိုတော့ ဘုရားဟာ အလောင်းတော်မင်းသားဘဝက ယသောဓရာနဲ့ ပေါင်းသင်းပြီး သားကလေးတစ်ယောက်ရတော့ စွန့်ပြီး တောထွက် သွားတယ်။ စကြာရတနာတွေရမယ်ဆိုတာလဲ စွန့်သွား၊ သူ့ဆွေမျိုးတွေလဲ အကုန်စွန့်သွား၊ ကြီးပွားရေး ဘာမှ မလုပ်ခဲ့ဘူး။ အကုန်စွန့်ပြီး သကာလ သွားတာပဲ၊ တိုင်းပြည် ကောင်းစားကြီးပွားရေးလဲ ဘာမှလုပ်မသွားဘူး၊ ဆွေပြတ်လူမျိုးပြတ် လုပ်တဲ့ အလုပ်ပေါ့ဗျာ (မှန်ပါ ဘုရား) အဲ-ဆွေပြတ် မျိုးပြတ်လုပ်တဲ့ပုဂ္ဂိုလ်လို့ သူ့စိတ်ထဲမှာ အယူရှိတယ် (မှန်ပါ)။

ဘုရားကို သူက ဘယ်လိုအယူရှိပါလိမ့် (ကြီးပွားရေး မလုပ်တဲ့ပုဂ္ဂိုလ်လို့ အယူရှိပါတယ် ဘုရား) ဆွေပြတ် မျိုးပြတ် ကြီးပွားရေး မလုပ်တဲ့ ပုဂ္ဂိုလ်လို့ အယူရှိတယ် (မှန်ပါ)။

အဲဒီ ပုဂ္ဂိုလ်ထိုင်နေတဲ့ နေရာလို့ကြားရတော့ ကျုပ်က စိတ်ပျက်တာပေါ့၊ ဆွေပြတ် မျိုးပြတ် ကြီးပွားရေး အလုံးစုံဖြတ်ပြီး သကာလ သွားတဲ့ ပုဂ္ဂိုလ် ဆွေမျိုး ဉာတကာတွေပါ၊ အမျိုးအနွယ်ပါ ဒုက္ခရောက်အောင်လုပ်တဲ့ ပုဂ္ဂိုလ်အမျိုးအနွယ်ပြတ်အောင် တစ်ခါထဲဖြတ်သွားတဲ့ပုဂ္ဂိုလ် ဒီအသံကြားရတာ ကျုပ်စိတ်ထဲမှာ နည်းနည်းမှ မကောင်းဘူးတဲ့ (မှန်ပါ) ဘယ်လောက်များ ဒကာ ဒကာမတို့ ဆိုးနေသတုံး (ဆိုးပါတယ် ဘုရား)။

စာတွင် လမ်းဆုံးတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ

ကျုပ်စိတ်ထဲမှာ နည်းနည်းမှ ဒီအသံကို မကြားချင်ဘူးတဲ့၊ ဂေါတမဆိုတဲ့အသံကို မကြားချင်ဘူးတဲ့၊ ဆွေပြတ် မျိုးပြတ်လုပ်တဲ့ပုဂ္ဂိုလ် အားလုံးဆိုးဝါးတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ အသံကြားရတာ ဒါ ကျုပ်က ပါးစပ်က ရမ်းပြောတာ မဟုတ်ပါဘူးတဲ့ ကျုပ်တို့ရဲ့ရှေးစာပေ ကျမ်းဂန်တွေထဲမှာလဲ ဒီလိုဆွေပြတ် မျိုးပြတ်လုပ်တဲ့ ပုဂ္ဂိုလ်ဟာ မပေါင်းထိုက်ဘူး လို့ စာထဲမှာ ပါတယ်တဲ့၊ သူတို့ပုဏ္ဏားစာထဲမှာ (မှန်ပါ ဘုရား)။

စာတွင် လမ်းဆုံးတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ၊ မခက်သေးဘူးလား (ခက်ပါတယ် ဘုရား)။

ဒါကြောင့် အားလုံး ဒကာ ဒကာမတို့ မငြင်းကြပါနဲ့၊ ငြင်းချင်လို့ရှိရင်ဖြင့် မသိလို့ရှိရင် ခန္ဓာကို မေးကြပါ (မှန်ပါ)။

ဘယ်မေးကြရမလဲ (ခန္ဓာမေးကြရပါမယ်) ခန္ဓာမေးလိုက်တော့ ခန္ဓာက မပြောဘူးလား (ပြောပါတယ် ဘုရား) တစ်နေ့ကလဲ ပြောခဲ့သေးတယ်၊ ခန္ဓာသာ စိုက်ကြည့်နေပါ ဒကာ ဒကာမတို့၊ ခန္ဓာပြောတာကို လိုက်နာလို့ရှိရင် နိဗ္ဗာန် ရောက်မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သေသေချာချာဘေးကနေ ပညာရှိကြည့်တဲ့အခါကျလို့ရှိရင် ခင်ဗျားတို့ အင်မတန်မှပဲ အရုပ်ဆိုးတဲ့ လူနှစ်ယောက် စကားပြောနေတာ လက်သီး လက်မောင်း တန်းပြီးများ စကားပြောနေတာများ အတော် အရုပ်ဆိုးဆယ်၊ ဒါဖြင့် ရှိတဲ့နေရာငြင်းတာလား၊ မရှိတဲ့နေရာငြင်းတာလား (မရှိတဲ့နေရာ ငြင်းတာပါ ဘုရား) အံမယ် မရှိတဲ့နေရာ ငြင်းနေကြတာဖြင့် ပထမငြင်းတဲ့ပုဂ္ဂိုလ်ကလဲ မမှန်ဘူး၊ ဒုတိယငြင်းတဲ့ ပုဂ္ဂိုလ်ကကော (မမှန်ပါဘူး ဘုရား) ဒါဖြင့် မမှန်တဲ့လူချင် ထသတ်နေကြတာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်ဆိုလို့ ရှိရင် ကျေနပ်မယ် မဟုတ်ဘူး။ ကိုယ့်ဟာကိုယ်တော့ အမှန်ထင်နေကြမှာပဲ (မှန်ပါ ဘုရား)။

ခန္ဓာကိုသာ သုံးသပ်ကြည့်ပါ

အဲဒါကြောင့် ကာယမိမံ သမ္မသထ-ခန္ဓာကိုသာ သုံးသပ်ကြည့်ပါ၊ သူကပြောပါလိမ့်မယ် သဘာဝအမှန်ကို သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီမှာ မာဂဏ္ဍီ က သူတို့စာကလာလို့ ဒီလိုပြောတာပဲ၊ ဟော ခွကျသွားပြီ (မှန်ပါ) ရှင်ကြီး ဂေါတမဟာ ကြီးပွားရေးကို ပြတ်တဲ့ပုဂ္ဂိုလ်လို့ (မှန်ပါ) သူတို့ အလိုအတိုင်းပွားစီးခြင်း ကြီးပွားရေးဆိုတာ ကိလေသာ ပွားရမှာပဲ (မှန်ပါ)။

ဆွေမျိုးဉာတကာတွေ အများကြီးဖြစ်ရမယ်၊ ပစ္စည်းဥစ္စာတွေ အများကြီးဖြစ်အောင် ရှုရမယ်၊ ရှုပါရုံ မြင်ကွင်း၊ သဒ္ဒါရုံ မြင်ကွင်းတွေ အများကြီးကျယ်ပြန့်ပြီး ပွားလာအောင် လုပ်ရမယ်၊ သူက လောကီ ပြောနေတာ (မှန်ပါ) ဘုရား ကတော့ လောကီကြီးပွားရေး ပွားစီးမှုတွေကို အာရုံငါးပါးတွေကို နည်းဖို့ ဖြတ်ဖို့ဟောတာကိုး (မှန်ပါ)။

အဲဒီတော့ ညနေကျရင် ရှင်ကြီးဂေါတမ ဒီမြက်ခင်းပေါ်မှာ လာလာပြီး သီတင်းသုံးတယ်လို့ ဘာရဒွါဇပုဏ္ဏား ကပြောတော့ သူက ဒီအသံကြားရတာနဲ့ ရှင်ကြီးဂေါတမ အကြောင်းကြားရတာ မကောင်းသဖြင့် ကြားရတာပဲ-တဲ့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အကောင်းကြားတဲ့လား၊ အဆိုးကြားတဲ့လား (အဆိုးကြားပါ ဘုရား) အံမလေး-ဘယ်လောက်များ ကြောက်စရာ ကောင်းသတုံးနော် (မှန်ပါ)။

ဘုရားဟူသောအသံကို

ဘုရားဟူသောအသံကို ကြားရဖို့တောင် ခဲယဉ်းတယ်မဟုတ်လား၊ ဒုလ္လဘတရားတစ်မျိုးပဲ (မှန်ပါ) သူ့မှာတော့ ကြားရတာနဲ့ ဘယ့်နှယ်နေသတုံး (ဆိုးပါတယ် ဘုရား) ကြားရလေဆိုးလေ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) အတော့ကို ဒီပရိဗိုဇ် ရိုင်းတယ်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒီ ပရိဗိုဇ်ရိုင်းတာက နောက်ခဏလေးနေရင် ကျွတ်တမ်းဝင်မယ်၊ ခင်ဗျားတို့ရိုင်းတာက ဒီထက်ဆိုးမယ် (မှန်ပါ) ကြည့်လေ လိုချင်တော့ဘာတဲ့ (စွဲလမ်းပါတယ် ဘုရား) စွဲလမ်းတော့ (အားထုတ်ပါတယ် ဘုရား) အားထုတ်တော့ (ရပါတယ် ဘုရား)။

ရပြန်တော့လဲ မစွန့်နိုင်ပြန်ဘူး၊ ဘာရသတုံး၊ ရတာက (ဒုက္ခသစ္စာရပါတယ် ဘုရား) စွန့်နိုင်ရဲ့လား (မစွန့်နိုင်ပါ ဘုရား) မစွန့်နိုင်တော့ မဂဏ္ဍီဆိုးတာနဲ့ ခင်ဗျားတို့ဆိုးတာနဲ့ ဘယ့်နှယ်နေသတုံး (တပည့်တော်တို့က ဆိုးပါတယ် ဘုရား) ခင်ဗျားတို့ကလဲ ကြီးပွားခြင်းအလိုရှိတာပဲ ဒုက္ခကြီးပွားခြင်းကို (မှန်ပါ ဘုရား)။

ဘာအလိုရှိသတုံး (ဒုက္ခကြီးပွားခြင်းကို အလိုရှိပါတယ်) ဒါဖြင့် မာဂဏ္ဍီကျွတ်တမ်းဝင်သွားတာမို့ တော်သေးတယ်၊ ဒီလူတွေ ကျွတ်တမ်းဝင်တာကာ ကြောက်စရာကောင်းမယ်နော် (မှန်ပါ) အဲ-ကျွတ်တမ်းဝင်အောင် ကြိုးစားရမယ် (မှန်ပါ)။

နှုတ်ဆိုတာ စောင့်စည်းမှ ကောင်းပါတယ်တဲ့

ဒါနဲ့ဘာရဒွါဇပုဏ္ဏားက ဒီလိုမပြောနဲ့၊ နှုတ်ဆိုတာ စောင့်စည်းမှ ကောင်းပါတယ်တဲ့ (မှန်ပါ) နှုတ်ဆိုတာ စောင့်စည်းမှကောင်းတယ်၊ ခင်ဗျား ဒီလိုမပြောနဲ့၊ ဒီပုဂ္ဂိုလ်ဟာ ရဟန်း၊ ပညာရှိ၊ လူပညာရှိ၊ မင်းပညာရှိ၊ သဌေးပညာရှိ တွေက ဘယ်လိုပဲ သူတို့က ဓနဂုဏ် အဆင်းဂုဏ် မင်းဂုဏ်တွေနဲ့ အမျိုးမျိုးတက်ကြွငြား သော်လည်း နောက်ဆုံးပိတ် သူ့တပည့်ခံပြီး ကျွတ်တမ်းဝင်သွားကြတာချည်း များပါတယ်တဲ့ (မှန်ပါ)။

အဲဒီတော့ ဒါလောက်အဖိုးတန်တဲ့ပုဂ္ဂိုလ်ကိုခင်ဗျားတို့က သူ့အသံကြားရတာနဲ့ ကျုပ်နားခါးတယ်ဆိုတော့ မကောင်းဘူး၊ မပြောပါနဲ့လို့ ကောင်းကောင်းမွန်မွန် တောင်းပန်တယ် (မှန်ပါ)။

ဟာ-မဟုတ်ဘူးတဲ့၊ သူတို့စာက ဒီလိုလာတယ်၊ ဒီလို ဆွေပြတ် မျိုးပြတ် ကြီးပွားရေးဖြတ်တဲ့ပုဂ္ဂိုလ်လို့ စာက ဒီလိုဆိုထားတယ်တဲ့ (မှန်ပါ)။

ဟော-သူတို့ စာဆိုကို အားကိုးတယ်ဗျ (မှန်ပါ) မခက်ဘူးလား (ခက်ပါတယ် ဘုရား) သူ့စာက စာမှန်လား၊ စားမှားလား (စာမှားပါတယ် ဘုရား)။

တဏှာ ပွားခန်းချည်းရေးထားတယ်

သူတို့စာထဲမှာလဲ ဒီတဏှာဖြတ်ခန်းတွေ ဘာတွေပါရဲ့လား (မပါပါ ဘုရား) တဏှာဖြတ်ခန်းမပါဘူး၊ တဏှာ ပွားခန်းချည်းရေးထားတယ် (မှန်ပါ) သူတို့ အဓိပ္ပာယ် တဏှာပွားရမယ် (မှန်ပါ)။

မြင်ချင် ကြည့်ချင်တာကြည့်၊ ကြည့်ရင် လိုချင်၊ လိုချင်လို့ရှိရင် မရ ရအောင် အားထုတ်၊ ဒါ သူ့အလုပ်ကိုး (မှန်ပါ)။

ဘုရားဟူသော အသံကို ကြားရဖို့တောင် ခဲယဉ်းတယ်၊ သဘောကျပလား၊ (ကျပါပြီ ဘုရား) တကယ် မဆိုးရွား ဘူးလား (ဆိုးရွားပါတယ် ဘုရား)။

ဒါနဲ့သူတို့ချင်း အငြင်းဖြစ်နေကြရော၊ မပြောပါနဲ့လို့ တစ်ဦးက တောင်းပန်တာကို ကျုပ်ပြောရမယ်-တဲ့၊ စာက ဒီအတိုင်းရှိနေတဲ့ဥစ္စာ၊ ဘယ်မှာမပြောဘဲနဲ့ နေနိုင်ပါ့မလဲ၊ ဒီလိုပုဂ္ဂိုလ်ဟာ ဆွေပြတ်မျိုးပြတ် သူသည် ကြီးပွားရေး အလိုရှိတဲ့ပုဂ္ဂိုလ် မဟုတ်တဲ့အတွက် သူ့ကို တွေ့မြင်ရသဖြင့်လည်းကောင်း၊ ခင်ဗျားပြောတာ ကြားရသဖြင့် လည်းကောင်း၊ ကျုပ်မှာဖြင့် မကောင်းသဖြင့် ကြားရတဲ့နေ့၊ မင်္ဂလာမရှိတဲ့နေ့ပဲလို့ ဒီလို ဆုံးဖြတ်ချက်ချတယ် (မှန်ပါ) ဘယ်လောက် များ ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ မဂဏ္ဍီဟာ ဘယ်လောက်ဆိုးရွားနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သူဟာ အကိုးအကားနဲ့ ပြောနေတယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ) သူတို့ပုဏ္ဏားစာမှာ ဒီလိုပဲလာပါတယ်တဲ့၊ ကိလေသာ ပွားများအောင် မလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ ဆွေမျိုးတွေ ပြတ်အောင်လုပ်တဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ လူယုတ်မာတဲ့ ဒီလို လာပါတယ် (မှန်ပါ ဘုရား)။

နောက်ဒီလိုစာတွေ ထွန်းကားလာရင်

ဒကာ ဒကာမတို့ နောက်ဒီလိုစာတွေ ထွန်းကားလာရင် မခက်ဘူးလား၊ ကန့်လန့်လဲ ဖြစ်မနေဘူးလား၊ (ဖြစ်ပါ တယ် ဘုရား) ကိလေသာကြီးပွားရေးတွေ လုပ်နေကြတာ၊ ကိလေသာကြောင့် ဆင်းရဲတာတော့ သိကြသေးရဲ့လား (မသိပါ ဘုရား) မသိဘူး မသိဘူး၊ ကိလေသာ ပွားမှုသာလျှင် လောကကြီး ကြီးပွားတယ် ယူထားတာ၊ ကြီးပွားတာပေါ့ဗျ၊ ဒယ်အိုးမျိုးစုံပေါ်လာတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူတို့ပြောတာတွေ ဒိဗ္ဗသောတအဘိညာဉ်နဲ့ အကုန်ကြားတယ်၊ ဘာရဒွါ ဇပုဏ္ဏားနဲ့ မာဂဏ္ဍီတို့ အငြင်းထုတ်နေတာတွေ အကုန်ကြားတယ် (မှန်ပါ) ဘုရားက ကြွလာတယ်၊ ကြွလာပြီး ဘာရဒွါဇ ပုဏ္ဏားကို မေးတယ်၊ ဘာရဒွါဇပုဏ္ဏား က ဒီမြက်ခင်းနဲ့ပတ်သက်ပြီး မာဂဏ္ဍီနဲ့ဘာတွေ အငြင်းပွားနေကြသတုံးဆိုပြီး စကားစဖော်လိုက်တော့ မာဂဏ္ဍီက ကြောက်သွားတယ်၊ တို့နှစ်ယောက်တည်း စကားပြောနေတာ ဘယ့်နှယ်လုပ်ပြီး ကြားပါလိမ့်မလဲလို့ (မှန်ပါ) တို့ပြောနေတဲ့စကားကို သူကြားနေတယ် ခက်နေပြီဆိုတော့ သူ့စိတ်ထဲမှာ ကြက်သီးမွေး ညင်း ထလာတယ်၊ သိပ်ကြောက်သွားပြီ (မှန်ပါ ဘုရား)။

ထိတ်လန့်သွားတယ်

ဒကာ ဒကာမတွေ မာဂဏ္ဍီဘာဖြစ်သွားသတုံး (ထိတ်လန့်သွားပါတယ်) မကြားစေချင်ဘူးတဲ့၊ မြက်ခင်းနဲ့ ပတ်သက်ပြီး နှစ်ယောက်တည်းပြောတဲ့စကားကို အကုန်ကြားနေပြီ ဆိုပြီးတော့ သူစိတ်ထဲမျာ ကြက်သီးမွေးညင်း ထ လောက်အောင် ကြောက်ထွက်သွားတယ် (မှန်ပါ ဘုရား)။

ဘုရားကလဲ သူ့ကြောင့် ဒီမြက်ခင်းလာလာပြီး သီတင်းသုံးနေတာ (မှန်ပါ) ဒါနဲ့ ဘာရဒွါဇပုဏ္ဏားက ဒီမြက်ခင်းနဲ့ ပတ်သက်ပြီး မာဂဏ္ဍီနဲ့ စကားပြောပုံ လျှောက်တော့ မာဂဏ္ဍီကတော့ ဟိုလိုလို ဒီလိုလိုနဲ့ အသာနေရတော့မှာပေါ့ (မှန်ပါ) ဒီနားမှာ ဟိုလှည့် ဒီလှည့်နဲ့နေရာက နောက်ကျတော့ သူလဲ ဘုရားအနားမှာ ကပ်လာတယ် (မှန်လှပါ ဘုရား)။

မျက်လုံးပေါက်ကနေပြီး သကာလ တဏှာ ဥပါဒါန် ကံလာမှ ဒါတွေက ပွားစီးခြင်း ဖြစ်နိုင်တယ်၊ မျက်လုံး ပေါက်က မြင်ရင် လိုချင်စွဲလမ်းအားထုတ်မှ ဒီဘက် ခန္ဓာ ပွားစီးခြင်းဖြစ်တယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မျက်လုံးပေါက်ကတော့ မြင်တာပဲ၊ လိုချင်မှု စွဲလမ်း၊ အားထုတ်မှုမရှိတဲ့အတွက် ပွားစီးမှု မဖြစ်တော့ဘူး (မှန်ပါ ဘုရား)။

ဒါကြောင့် လိုချင်မှု စွဲလမ်းမှု အားထုတ်မှု မလာအောင် စောင့်ရှောက်ပြီး သကာလ နေရတယ်၊ ဘုရားပေးတဲ့ အလုပ်က သဘောကျပလား (ကျပါပြီ ဘုရား)။

သံသရာပြတ်တဲ့ ဝီထိ

မာဂဏ္ဍီတို့ အယူကတော့ ခင်ဗျားတို့ ပထမ ဝီထိအတိုင်းသွား သံသရာဆက်တဲ့ဝီထိဟုတ်လား (မှန်ပါ) ဘုရား ဟောတာက သံသရာပြတ်တဲ့ ဝီထိ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားက ဘာတုံး (သံသရာပြတ်တဲ့ ဝီထိပါ ဘုရား) မျက်လုံးပေါက်က မြင်တယ်ဆိုလို့ ရှိရင် မြင်သည်နဲ့ တစ်ပြိုင်နက်တည်း ကိလေသာမလာအောင် စောင့်ရှောက်ပါတဲ့၊ လုံခြုံအောင် နေပါဆိုတော့ ဒီမြင်တာကို ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုတော့ တဏှာ ဥပါဒါန် ကံတွေ လာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ ဒီသံသရာ ပွားသေးရဲ့လား (မပွားပါ ဘုရား)။

ငါဘုရားကတော့ ဒါတွေ လုံခြုံအောင် လုပ်ရသတဲ့ နိဗ္ဗာရောက်ချင်လို့ရှိရင် (မှန်ပါ) မင်းကတော့ ဒုက္ခ ရောက်ချင်တဲ့အတွက် ဒါကို ပွားအောင် အလုပ်ခိုင်းတယ်၊ ဒါကြောင့် ငါဘုရားကို မင်းသည်ကားလို့ဆိုရင် ပွားစီးခြင်း၊ ကြီးပွားခြင်းကို ဆုတ်ယုတ်အောင် လုပ်တဲ့ပုဂ္ဂိုလ်လို့ စွပ်စွဲတာဟာ မင်း ဒါကိုကြည့်ပြီးဆိုတာ မဟုတ်လားလို့ ဘုရားက မေးတော်မူတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မာဂဏ္ဍီကတော့ သူက ဇာတိဇာရာ မရဏလမ်းကို ပွားစီးခြင်းထင်နေတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) ဘုရားကတော့ ဇာတိ ဇရာ မရဏချုပ်အောင် လုပ်ခိုင်းနေတာ၊ ဒါ့ကြောင့် ဒါတွေကို မြင်ခြင်း လိုချင်ခြင်း စွဲလမ်းခြင်း စသည်ကို ဖြစ်ပျက်ရှုလို့ မဟောဘူးလား (ဟောပါတယ် ဘုရား) ရှင်းကြပါလား (ရှင်းပါပြီ ဘုရား)။

မာဂဏ္ဍီဂိုဏ်းလား၊ ဘုရားဂိုဏ်းလား

ဒါဖြင့် ခင်ဗျားတို့က ဘယ်ဂိုဏ်းထဲကတုံး၊ မာဂဏ္ဍီဂိုဏ်းလား၊ ဘုရားဂိုဏ်းလား (ဘုရားဂိုဏ်းပါ) ဟုတ်ကြရဲ့ လား ဘုရားဂိုဏ်း၊ ခင်ဗျားတို့က အခုမှ အသစ်ရှိသေးတယ်၊ ကိုယ့်ရိုးရာတွေက ရှိနေသေးတယ်၊ စွန့်နိုင်ပါ့မလား (စွန့်ပစ်နိုင်ပါတယ် ဘုရား)။

ကဲ-ဒါဖြင့် ဘုရားဟောတဲ့ လမ်းကို လိုက်ဖြစ်အောင်လိုက်ပါ၊ မလိုက်ရင်ေ တော်ပါ့မလား (မတော်ပါ ဘုရား) ဘုရားလမ်းလိုက်ရင် သံသရာခရီး ဆုံးမယ် (မှန်ပါ) ဘုရားလမ်းမလိုက်ရင် (သံသရာခရီး ဆက်မှာပါ ဘုရား)။

ဒါကြောင့် မာဂဏ္ဍီတို့ ပွားစီးခြင်းဆိုတာက ဇာတိ ဇာရာ မရဏလာမှုကို ပွားစီးခြင်းဆိုတာ၊ ဘုရားကတော့ မြင်တာကို ဖြစ်ပျက်ရှု၊ ရှုလိုက်လို့ရှိရင် ပွားစီးမှုမရှိအောင် လုပ်ရတယ်၊ တဏှာ ဥပါဒါန် ကံပွားစီးခြင်း ရဦးမလား (မပွားစီးပါ ဘုရား) မပွားစီးတော့ ဇာတိ ဇာရာ မရဏ အညွန့်တွေ ပေါက်ဦးမှာလား (မပေါက်ပါ ဘုရား) ပေါက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ မင်းတို့က ဒါတွေ ပေါက်လာတာကို ပွားစီးခြင်းလို့ဆိုတယ်၊ ငါဘုရားကတော့ ဒါတွေဒုက္ခတွေ သိမ်းနေတာတဲ့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားက ဘာတုံး (ဒုက္ခသိမ်းအောင် လုပ်တာပါ) သူတို့က ဘာတုံး (ဒုက္ခတွေပွားအောင်လုပ်တာပါ) ဒုက္ခသာ ပွားတယ်၊ သူတို့က စာကဒီလိုဆိုတယ် ပြောနေသေးတာဗျ။ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

သူတို့စာက ပွားစီးရမယ်လုပ်နေသေးတာ (မှန်ပါ) အတော်ကလေးကို မှားမနေဘူးလား (မှားနေပါတယ် ဘုရား)။

ဒုက္ခသိမ်းအောင် လုပ်ရမှာ

ဒါဖြင့် ဘယ့်နှယ့်လုပ်ကြမတုံး ဒကာ ဒကာမတို့ (ဒုက္ခသိမ်းအောင် လုပ်ရမှာပါ ဘုရား) သိမ်းအောင်လုပ်ရင် ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဘာတွေ ဖြစ်ပျက်ရှုမယ် (မြင်တာကို ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒီအဆင်းကို မျက်လုံးပေါက်ကနေပြီး ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အဆင်းကိုမြင်ရင် နောက် ကနေ ဖြစ်ပျက်ရှုပေးပါ (မှန်ပါ) မြင်ရုပ်ကို ဖြစ်ပျက်ရှုရင် သံသရာဘာဖြစ်သတုံး (ပြတ်ပါတယ် ဘုရား) ဖြစ်ပျက်ရှုရင် (ပြတ်ပါတယ် ဘုရား) ဖြစ်ပျက်မရှုရင် သံသရာစခန်းကြီး ကျယ်ပွားမလာဘူးလား (ကျယ်ပွားပါတယ် ဘုရား)။

အဲ-မာဂဏ္ဍီတို့လမ်းက သံသရာကျယ်ပွားတဲ့လမ်း၊ ဘုရားလမ်းက သံသရာလမ်းခရီးဆုံးတဲ့လမ်း (မှန်ပါ) ရိပ်မိပ လား (ရိပ်မိပါပြီ ဘုရား)။

ဒီနေ့ စထားတာနော် (မှန်ပါ)။

ကိုင်း နက်ဖြန်မှ သေသေချာချာ နာကြ။

သာဓု သာဓု သာဓု။