အရိယသာဝကမှ အရိယာသို့လှမ်းတက်နည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူမြို့- မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားပြသဆုံးမတော်မူသော
အရိယသာဝကမှ အရိယာသို့လှမ်းတက်နည်း
အလုပ်ပေးတရားတော်
(၁၅-၂-၅၉)
ဒုတိယဂဒ္ဒုလ ဗဒ္ဓသုတ်
ဒကာ ဒကာမတို့ မြတ်စွာဘုရားက ဒုတိယဂဒ္ဒုလ ဗဒ္ဓသုတ်ဆိုပြီး သံယုတ်ပါဠိတော်မှာ ဟောတော်မူတယ်၊ အဲဒီမှာ လက်သည်ကြီးကို ကျကျနနရှာလို့ရှိရင်တော့ဖြင့် အဝိဇ္ဇာနဲ့တဏှာပဲ (မှန်ပါ)။
ဒီတိုင်ကြီးကို မချိုးနိုင်တာလဲ ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့တဏှာကြောင့် မချိုးနိုင်တာပဲ၊ ကြိုးမပြတ်တာလဲ အဝိဇ္ဇာကြောင့်ပဲလို့ မှတ်ကြပါနော် (မှန်ပါ)။
အဲဒီတော့ ဒီတိုင်ကျိုးပြီး ကြိုးပြတ်ပြီး လည်ပတ်ပြုတ်ဖို့အလုပ်ဟာဖြင့် အခုလို တရားမနာဘဲနဲ့ သူတော်ကောင်းအလုပ်ကို မလုပ်ဘဲနဲ့ တရားလဲမနာဘူး၊ သူတော်ကောင်းအလုပ်လဲ မလုပ်ဘူး၊ နာတဲ့အတိုင်း မလုပ်တာနော် (မှန်ပါ) တရားလဲမနာဘူး၊ နာတဲ့အတိုင်းလဲ မလုပ်ဘူးဆိုလို့ရှိရင် ဘုရားက ဥပမာပြတယ် သမုဒ္ဒရာကြီးတွေရှိတယ်၊ ကမ္ဘာပျက်တဲ့အခါ နေငါးစင်းထိအောင်ထွက်ရင် ခြောက်ခန်းသွားလိမ့်မယ်၊ မင်းတို့ သည်ကားလို့ဆိုရင် တိုင်ကျိုးပြီး သကာလ ကြိုးပြတ်လည်ပတ်ပြုတ်ဖို့ရာ ငါမမြင်ဘူးတဲ့ (မှန်ပါ) သမုဒ္ဒရာသာခန်းဖို့ရာမြင်သတဲ့ (မှန်ပါ)။
ကမ္ဘာပျက်တော့ နေ(၅)စင်းထွက်တော့ ဒကာ ဒကာမတို့ မဟာသမုဒ္ဒရာကြီးရှိသေးရဲ့လား(မရှိပါ ဘုရား) မဟာသမုဒ္ဒရာဆိုတာ ထောက်လို့မမှီဘူး ဒကာ ဒကာမတို့နော်(မှန်ပါ) များလိုက်တဲ့ ရေဆိုတာ ပြောစရာ မရှိဘူး (မှန်ပါ)။
အဲဒါကြီး ခန်းခြောက်တဲ့အခါသာရှိတယ်၊ သတ္တဝါတွေတိုင်ကျိုးပြီး လည်ပတ်ပြုတ်ပြီး ကြိုးပြတ်ဖို့ရာ အလုပ်တော့ ငါမမြင်ဘူးတဲ့ (မှန်ပါ) အဲဒါကြောင့် သုတဝါ အရိယသာဝကော ဖြစ်အောင် လုပ်ကြပါတဲ့ (မှန်ပါ)။
အကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်အောင်ဖြင့် အားလုံး ဒကာ ဒကာမတို့ လုပ်ပါတဲ့နော် (မှန်ပါ)။
အကြားအမြင်များတဲ့ တပည့်ဖြစ်အောင်လုပ်
ဘာလုပ်ရမတုံး (သုတဝါ အရိယသာဝကော ဖြစ်အောင် လုပ်ရပါမယ်) သုတဝါက အကြားအမြင်များတာ၊ သာဝကောက တပည့်၊ အကြားအမြင်များတဲ့ တပည့်ဖြစ်အောင် လုပ်ကြပါတဲ့ (မှန်ပါ)။
နို့မဟုတ်လို့ရှိရင် သမုဒ္ဒရာရေလေးစင်း ခန်းစရာ မြင်သေးတယ်၊ မင်းတို့ တိုင်ကျိုးကြိုးပြတ်ပြီး လည်ပတ်ပြုတ်ဆိုတာ ငါမမြင်ဘူးတဲ့ (မှန်ပါ) ဒီတိုင်ခြေမှာပဲမွေး၊ ဒီမှာသေ၊ ဒီမှာနေ၊ ဒကာ ဒကာမတို့ ဘယ်လောက် ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
သမုဒ္ဒရာကြီးတွေ ခန်းစရာ မြင်သတဲ့နော် (မှန်ပါ ဘုရား) တိုင်ကျိုး ကြိုးပြတ်လည်ပတ်ပြုတ်ဖို့တော့ ဘယ့်နှယ်တုံး (မမြင်ပါ ဘုရား)။
ဒါ့ကြောင့် ဦးခင်မောင်တို့၊ ဦးဘတင်တို့ အရေးတကြီးဟောရတာနော် (မှန်ပါ) ပြီးတော့ တစ်ခါ ဥပမာ ပြလိုက်ပါသေးတယ်၊ မဟာပထဝီမြေကြီးဆိုတာ အင်မတန်ကျယ်ဝန်းပါတယ်၊ အဲဒါပျောက်ဖို့ မြင်တယ်တဲ့၊ ကမ္ဘာပျက်တဲ့အခါ မီးလောင်တော့ မြေပါပျောက်သွားရသကိုးနော် (မှန်ပါ ဘုရား)။
သုတဝါ အရိယသာဝက မဖြစ်လို့ရှိရင် တိုင်ကျိုးပြီး ကြိုးပြတ်ပြီး လည်ပတ်ပြုတ်ဖို့ရာတော့ မမြင်ပြန်ဘူးတဲ့ (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ မြေကြီးတွေ အကုန်ပျောက်စရာတော့ မြင်ပါတယ်-တဲ့၊ မင်းတို့ ဒီဝဋ် ကျွတ်ဖို့တော့ မမြင်ပါဘူးတဲ့ (မှန်ပါ) ဘုရားဉာဏ်တော်နဲ့ချိန်တာနော် (မှန်ပါ)။
ဒကာ ဒကာမတို့ ပေါ့ပေါ့နားနဲ့ မထောင်လိုက်ပါနဲ့၊ ဘုရားအမြင်သည် အဆုံးအစမရှိ အလုံးစုံ အကုန်သိတဲ့ ဉာဏ်၊ အမြင်တော်ကြီးနဲ့ ဟောနေတာဖြစ်တော့ ဪ -သုတဝါအရိယသာဝကောဖြစ်ဖို့ တယ်အရေးကြီးပါကလားဆိုတာဖြင့် လေးလေးနက်နက်မှတ်ပါ (မှန်ပါ)။
သုတဝါက အကြားအမြင်ရှိတာ၊ သာဝကောက တပည့်၊ အကြားအမြင်ရှိတဲ့ တပည့်ဖြစ်အောင်တော့ မင်းတို့လုပ်စမ်းပါဟဲ့ (မှန်ပါ)။
တိုင်ကျိုး ကြိုးပြတ်လည်ပတ်ပြုတ်မယ်
ဒကာ ဒကာမတို့ အကြားအမြင်ရှိသော တပည့်ဖြစ်အောင်လုပ်ပါမှ တိုင်ကျိုး ကြိုးပြတ် လည်ပတ်ပြုတ် ပါမယ်တဲ့ (မှန်ပါ) နို့မဟုတ်ရင် တိုင်မကျိုး ကြိုးမပြတ် လည်ပတ်မပြုတ်ပါဘူးတဲ့ (မှန်ပါ)။
မြေကြီးတွေ ပျောက်ဖို့တော့ မြင်တယ်-တဲ့၊ မင်းတို့ တိုင်ကျိုးကြိုးပြတ် လည်ပတ်ပြုတ်ဖို့တော့ ငါမမြင်ဘူးတဲ့ (မှန်ပါ) ဘယ်လောက်များ ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
စဉ်းစားကြည့်ပါ စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့၊ ဘုရားက ဟောနေတာ ဘုရားအမြင်ဖြင့် မသိတာမှမရှိလို့ သဗ္ဗညုဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူးကြီးရတော်မူတာ မဟုတ်လား (မှန်ပါ)။
သဗ္ဗညုဆိုတဲ့အတိုင်း အလုံးစုံသိတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တော်မူလို့ ဘာမှခြွင်းချက်မရှိ အပိတ်အပင်မရှိအောင် သိတဲ့ပုဂ္ဂိုလ်ကြီး(မှန်ပါ) အဲဒီ ပုဂ္ဂိုလ်ကြီးအမြင်တော်နဲ့ ယခုဟောနေတာ၊ မြင့်မိုရ်တောင်ကြီးဆိုတာလဲ ဒကာ ဒကာမတို့ အောက်မှာလဲ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်၊ အပေါ်မှာလဲ တက်လိုက်တာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်တက်တဲ့မြင့်မိုရ်တောင်ကြီး ပျောက်ဖို့ကွယ်ဖို့ ငါမြင်ပါတယ်ကွာ-တဲ့၊ ဘယ်တော့ ပျောက်လိမ့်မယ်ဆိုတာ သိတော်မူသတဲ့ (မှန်ပါ ဘုရား)။
သုတဝါ အရိယသာဝကော မဖြစ်ခဲ့လို့ရှိရင် တိုင်ကျိုး ကြိုးပြတ် လည်ပတ်ပြုတ်ပြီးတော့ မင်းတို့ လွတ်ကျွတ်ဆိုတာကို ငါ မမြင်ဘူးတဲ့ (မှန်ပါ)။
ဘယ်လောက် ဟောတယ်ဆိုတာကို ဒကာ ဒကာမတွေ ကိုယ့်အတွက်ကိုယ် စဉ်းစားကြည့်ကြစမ်းပါတဲ့၊ အပိတ်အပင် မရှိတဲ့ ဉာဏ်တော်နဲ့ ကိုယ်တော်မြတ်ကြီးအမြင်နဲ့ ပြောတာဖြစ်လေသောကြောင့် သာမညနားနဲ့ ထောင်ပြီး သကာလ သာမညသဒ္ဓါနဲ့ မယုံလိုက်ပါနဲ့ (မှန်ပါ) ကြီးကျယ်သော နားနဲ့ထောင်ပြီး သကာလ အဟုတ်ကို သဒ္ဓိန္ဒြေဖြစ်တဲ့ သဒ္ဓါတရားနဲ့ယုံလိုက်စမ်းပါဆိုတာ မှတ်ကြစမ်းပါ (မှန်ပါ)။
အရိယသာဝက မဖြစ်ရင်တော့
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ မြေကြီးတို့ မြင့်မိုရ်တောင်တို့ မဟာသမုဒ္ဒရာရေတို့ပျောက်စရာ ရှိသတဲ့နော် (မှန်ပါ) အရိယသာဝက မဖြစ်ရင်တော့ (တိုင်ငုတ်က မကျွတ်ပါ ဘုရား)။
အဲ-ခုနကပြောတဲ့ တိုင်ကျိုး ကြိုးပြတ် လည်ပတ် ပြုတ်ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ သုတဝါ အရိယသာဝကောဖြစ်မှနေရာကျမယ်(မှန်ပါ) ဒီနေ့တော့ဖြင့် သုတဝါ အရိယသာဝကောဖြစ်အောင် ဒကာ ဒကာမတွေ ကယ်တင်ရလိမ့်မယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ)။
နို့မဟုတ်လို့ရှိရင် မြင့်မိုရ်တောင်ကြီးပျောက်ဖို့ ငါမြင်တယ်၊ မင်းတို့ တိုင်ကျိုး ကြိုးပြတ် လည်ပတ်ပြုတ်ဖို့ ငါမမြင်ဘူးတဲ့၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။
အဲဒါက အဿုတဝါ ပုထုဇ္ဇနော အဖြစ်နဲ့နေလို့လို့ ပြောင်းပြန်မှတ်လိုက် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဿုတဝါ ပုထုဇ္ဇနော အဖြစ်နဲ့နေလို့ တိုင်ကျိုး ကြိုးပြတ်ဖို့ရာ မမြင်ဘူး လည်ပတ်ပြုတ်ဖို့ရာ မမြင်ဘူး ပြောတာ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဦးဘအုန်းကြီး အဿုတဝါပုထုဇ္ဇနောအဖြစ်က သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။
အဿုတဝါ-တဲ့၊ အကြားအမြင်ကလဲ မရှိဘူး၊ ပုထုဇ္ဇနော်ဆိုတော့ ကိလေသာကလဲ ဖောက်ပြန်တယ် (မှန်ပါ) ပုထုဇဉ်ဆိုတာ ကိလေသာပေါတာ ပုထုဇဉ် ခေါ်တယ် (မှန်ပါ)။
အကြားအမြင်မရှိ ကိလေသာကပေါဆိုတော့ သူ့အတွက် ဘယ့်နှယ်လုပ်ပြီး သကာလ တိုင်ကျိုးလို့ ကြိုးပြတ်လို့ လည်ပတ်ပြုတ်နိုင်ပါ့မလဲ (မပြတ်နိုင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အင်မတန် ကြောက်စရာ မကောင်းဘူးလား။
ဒကာ ဒကာမတို့ ဒီဥစ္စာကြားလဲ မကြားဖူးဘူး၊ ခင်ဗျားတို့ အခုဖြစ်နေတဲ့ အခြေအနေက ဆရာသမားများနဲ့ မတွေ့တော့ဘူးဆိုရင် အဿုတဝါ ပုထုဇ္ဇနောပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဿုတဝါဆိုတာ အကြားအမြင်ကလဲ သိပ်မရှိဘူး၊ ပုထုဇ္ဇနောဆိုတာကလဲ ကိလေသာကလဲ တောထနေတယ် (မှန်ပါ ဘုရား)။
ကိလေသာကလဲ တောထနေတယ်
ကိလေသာက ဘာတဲ့ (တောထနေပါတယ် ဘုရား) အဿုတဝါလဲ (အကြားအမြင်မရှိပါ ဘုရား) အကြားအမြင်ကလဲမရှိဘူး၊ ကိလေသာကလဲ တောထနေတယ်၊ ခက်နေတာပေါ့ဗျ (မှန်ပါ)။
အကြားအမြင်ကလဲ မရှိ၊ ကိလေသာကလဲ တောထနေတယ်ဆိုတော့ ဘယ့်နှယ်လုပ်ပြီး ဒကာ ဒကာမတို့ တိုင်ကျိုးအောင်လုပ်တဲ့နည်းကော သူသိပါ့မလား (မသိပါ ဘုရား) ကြိုးပြတ်တဲ့နည်းကော (မသိပါ ဘုရား) လည်ပတ်ပြုတ်တဲ့နည်းကော (မသိပါ ဘုရား)။
အဲ-ငါတို့နောက်တုန်းက နေခဲ့ရတာဖြင့် ဘယ်အဖြစ်နဲ့ နေခဲ့ရတယ်ဆိုတာပေါ်ပြီ (ပေါ်ပါပြီ ဘုရား) အဿုတဝါ ပုထုဇ္ဇနောအဖြစ်နဲ့ နေခဲ့ရတယ် (မှန်ပါ)။
ခင်ဗျားတို့က ပုထုဇဉ်ရှိသေးတယ်လို့ လေချိုမသွေးနဲ့၊ အတော်ကို နာမည်ကဆိုးတယ် (မှန်ပါ) ပုထုဇဉ်ဆိုတာက ကိလေသာ တောထတာ ပုထုဇဉ် ခေါ်တာ၊ ခင်ဗျားတို့က မြို့သုံးထဲ ထည့်ထားလို့ ယဉ်တယ်ထင်နေတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မြို့သုံးက ပုထုဇဉ်ကိုးဆိုတော့ လေပျော့တယ်၊ သူ့မှာ နာမည်ကတော့ အတော်ဆိုးနေတယ် (ဆိုးပါတယ် ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဘာတဲ့တုံး (ကိလေသာတောထနေပါတယ် ဘုရား) ကိလေသာ တောထနေတယ်၊ ရှင်း-ရှင်းလို့ကို မရဘူး ပြောတာ (မှန်ပါ)။
အကြားအမြင်ကလဲ မရှိဘူး၊ ကိလေသာကလဲ တောထသေးတယ်ဆိုတော့ သူ့အတွက် ဘယ်လို စဉ်းစားကြမလဲ (ပေါ်နိုင်စရာတောင်မရှိပါ ဘုရား) မြုပ်သမား မျောသမား သက်သက်ပဲဆိုရင်ကော လွဲကြမလား (မလွဲပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သုတဝါ အရိယသာဝကော ဖြစ်အောင် ယနေ့ ကယ်တင်တော့မယ်ဆိုတာ ဦးဝတို့ ဦးခင်မောင်တို့ မှတ်ဖို့ပေါ့ဗျာ (မှန်လှပါ ဘုရား) သုတဝါက အကြားအမြင်များတယ်၊ အရိယသာဝကောက ကိလေသာ ခေါင်းပါးတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အကြားအမြင်မရှိ ကိလေသာ တောထတဲ့ ပုဂ္ဂိုလ်
အဲ-ကိလေသာ ခေါင်းပါးတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ယနေ့ ကယ်တင်ရမှာ၊ ခင်ဗျားတို့နာမည်ရင်းကတေ့ သိပလား(သိပါပြီ ဘုရား) ဘာတဲ့တုံး (အဿုတဝါ ပုထုဇ္ဇနောပါ ဘုရား) မြန်မာလိုပြန်စမ်းပါ (အကြားအမြင်မရှိ ကိလေသာ တောထတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)
အဲဒါကို နာမည်မှတ်ထား၊ နို့မဟုတ်ရင်ဖြင့် အဖေအမေပေးတဲ့နာမည် ငဖြူ၊ ငနီ စသည်တွေ ရှုပ်နေလို့ မဟုတ်သေးဘူးတဲ့ အဲဒါတွေက (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
သေသေချာချာ ကိုယ့်နာမည်ရင်း ကိုယ့်အချိုးကျ ကိုယ့်နာမည်နဲ့ ကိုယ့်အဖြစ်နဲ့ အကိုက်ကတော့ဖြင့် အကြားအမြင်မရှိဘဲ ကိလေသာ တောထနေတဲ့ပုဂ္ဂိုလ်လို့ ဆိုထိုက်ပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါက နာမည်ရင်း (မှန်ပါ ဘုရား) ရွာက ရပါက ချစ်လို့ မြတ်နိုးလို့ မှည့်တဲ့ နာမည် မဟုတ်ဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဦးဘတင် ခင်ဗျား ဦးဘတင်မဟုတ်ဘူးနော် (မှန်ပါ) ဘာတုံးဗျ (အဿုတဝါ ပုထုဇ္ဇနောပါ ဘုရား) နောက်က ဒကာ ဒကာမကြီးတွေကော အဖေအမေ ပေးထားတာက ချစ်လို့မှည့်ထားတဲ့နာမည်တွေ (မှန်ပါ) ပင်ကိုယ်နာမည်ရင်း ဟုတ်ရဲ့လား။
ကိုယ့်အဖြစ်နဲ့ ကိုက်တဲ့နာမည်က ဘာတဲ့တုံး (အဿုတဝါ ပုထုဇ္ဇနောပါ ဘုရား) မြန်မာလိုပြန်စမ်းပါ (အကြားအမြင်နည်းပါးပြီး ကိလေသာ တောထနေပါတယ် ဘုရား)။
အံမာလေး-ဆိုးလိုက်တဲ့နာမည်ပါကလား၊ ကိုယ့်နေရာ ဆိုင်းဘုတ်ဆွဲလို့ရှိရင်ဖြင့် ဒီဆိုင်းဘုတ်ကို ဖတ်ချင်စရာများရှိရဲ့လား (မရှိပါ ဘုရား) ဘာကြောင့်တုံးဗျ (နာမည်ဆိုးလွန်းလို့ပါ ဘုရား)။
အတော်ကို နားခါးစရာ အရုပ်ဆိုးစရာ မကြည့်ချင်စရာ ဆိုင်းဘုတ်မဖြစ်ဘူးလား(ဖြစ်ပါတယ် ဘုရား) အဲဒါနဲ့ ခင်ဗျားတို့ နောက်ကနေခဲ့ရတာ (မှန်ပါ ဘုရား) တစ်သံသရာလုံးပဲ ခင်ဗျားတို့ နေခဲ့ရတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နားကန်းမျက်စိကွယ်၊ ကိလေသာတောထ
အကြားလဲမရှိဘူးဆိုတော့ နားကန်းနေတယ် (မှန်ပါ) အမြင်မရှိဘူးဆိုတော့ မျက်လုံးက စုံလုံးကန်း (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အကြားလဲ မရှိဘူး၊ အမြင်လဲမရှိဘူးဆိုတော့ နားကန်းမျက်စိကွယ်၊ ကိလေသာတောထ (မှန်ပါ) ဒါဖြင့် ဘယ်ဥစ္စာများ အမြတ်ထွက်သေးသတုံး (မထွက်ပါ ဘုရား) ဘယ်လို လေချိုသွေးသွေး ဒါတော့ မရတော့ဘူး (မှန်ပါ) ရပါဦးမလား (မရပါ ဘုရား)။
ဦးဇံရင် ခင်ဗျားနာမည်ရင်းသိပလား (သိပါပြီ ဘုရား) အချို့နာမည်ရင်း မသိကြဘူးဗျ၊ ကွယ်နေတယ် (မှန်ပါ) ကိုသစ်တို့ မောင်မြတို့ လူစုတွေကောကွ (သိပါပြီ ဘုရား)။
ကဲ-ကိုယ့်နာမည်ကလေး ဒါဖြင့် ဒါလောက်ဆိုးလှတဲ့ နာမည်ဟာ အဖြစ်နဲ့ကိုက်အောင် မှည့်ထားတဲ့ နာမည်ဆိုတာတော့ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီနာမည်နဲ့ ဒီဆိုင်းဘုတ်မဖြုတ်သရွေ့ ကာလပတ်လုံး ခင်ဗျားတို့ ကျက်သရေမင်္ဂလာ ဘယ်တော့မှ မရှိဘူး မှတ်ပေတော့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ကိုယ်မသိတဲ့ လူချင်း မြှောက်တာတော့ဖြင့် ခင်ဗျားတို့ ဘဝင်မမြင့်ပါနဲ့၊ တကယ့် သဗ္ဗညုတ ဉာဏ်တော်ရှင်ကြီးက အမှန်ပြောတာဖြင့် ဪ-ဒီနာမည်ဖျောက်မှ တော်မယ် (မှန်ပါ)။
ဘယ်လိုလုပ်ကြမလဲ (ဒီနာမည်ဖျောက်မှ တော်ပါမယ် ဘုရား) မဖျောက်ချင်သေးဘူးလားဗျ (ဖျောက်ချင်ပါပြီ ဘုရား) ဦးဝပဲလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမြင်လဲ မရှိ၊ အကြားလဲမရှိဘဲ ကိလေသာ တောထတာ၊ ဒီလိုဆိုရင် ခင်ဗျားတို့ ကြည်ညိုစရာ တစ်ကွက်ပါသေးရဲ့လား (မပါပါ ဘုရား)။
ကိုယ့်နာမည် ကိုယ် မသိကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်တောင်မှကိုယ် ကြည်ညိုစရာ များပါသေးရဲ့လား (မပါပါ ဘုရား)။
နာမည်ရင်း သိပလား
ဦးခင်မောင် ခင်ဗျားနာမည်လဲ နာမည်ရင်း မဟုတ်ဘူးနော် (မှန်ပါ မဟုတ်ပါ ဘုရား) နာမည်ရင်း သိပလား (သိပါပြီ၊ အကြားအမြင်မရှိ ကိလေသာ တောထတဲ့ ပုထုဇဉ်ပါ ဘုရား)။
အကြားအမြင်မရှိဆိုတော့ မျက်စိကန်း၊ နားပင်း၊ ကိလေသာ တောထ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲဒါ နာမည်ရင်းပဲ (မှန်ပါ) ဘယ်နေရာအသုံးချမလဲ ခင်ဗျားတို့ (ချလို့မရပါ ဘုရား)။
ဘုန်းကြီးနှယ် ပြောရက်လိုက်တာလို့ဆိုမလား၊ ဘုရားက ဟောထားလို့ ပြောတာလို့ဆိုမလား (ဘုရားက ဟောထားလို့ ပြောတာပါ) အဿုတဝါ ပုထုဇ္ဇနောလို့ ဘုရားက ဟောထားတာ (မှန်ပါ)။
ဦးဘအုန်း အမေပေးထားတဲ့ နာမည်ကဖြင့် သိပ်ယဉ်ပါကလားဗျာ (မှန်ပါ) ကိုယ့်ဖြစ်စဉ်ကဖြင့် (ဆိုးပါတယ် ဘုရား) ခေါ်ဝံ့စရာရှိရဲ့လား (မရှိပါ ဘုရား)။
သို့သော်လဲ ဒကာ ဒကာမတွေ စဉ်းစားတဲ့အခါကျတော့ အို-ပုထုဇဉ်ဆိုတော့ မှားသေးတာပေါ့၊ ပုထုဇဉ်ဆိုတော့ မှားသေးတာပေါ့၊ ဒီလိုကော မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။
သူကတော့ ဂုဏ်ရှိတယ်မှတ်ပြီး ပုထုဇဉ် ပုထုဇဉ် လို့ ရေလဲနဲ့ သုံးနေတယ် (မှန်ပါ) သေသေချာချာ သိတော့ သူ့နာမ်သူပြန်ပြီး ဖော်လိုက်တာတင်ပဲ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) ကျုပ် ကိလေသာ တောထနေလို့ သည်းခံပါ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိလေသာ တောထနေလို့ ဗွေမယူပါနဲ့တဲ့၊ သည်းခံပါ၊ ဒီအဓိပ္ပာယ်ငုံမနေဘူးလား (မှန်ပါ) ဦးဇံရင် အတော်ဆိုးသွားပြီ (ဆိုးပါတယ် ဘုရား)။
ကျုပ်က ပုထုဇဉ်ပဲ
နောက်က ဒကာ ဒကာမတွေ ကျုပ်က ပုထုဇဉ်ပဲ၊ ဒါ့ကြောင့် မမှားသောရှေ့နေလဲ မရှိဘူး၊ မသေသော ဆေးသမားလဲ မရှိဘူး၊ သည်းခံပါ၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား) အဲဒါ သေသေချာချာ ဖော်တော့ ဘာတုံး (ကိလေသာ တောထနေလို့ သည်းခံပါ ဘုရား)။
ကိုမြရွှေဆိုရင် ခင်ဗျားတို့ နာမည်သိပ်ကောင်းတယ်၊ မြလဲပါတယ်၊ ရွှေလဲပါတယ်၊ သိပ်ကောင်းတဲ့နာမည် ဒကာ ဒကာမတို့၊ သို့သော် ကိုယ့်အမေက ချစ်မြတ်နိုးလို့ မှည့်တာကိုး၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
အရှိနဲ့ကိုက်တဲ့ နာမည်တော့ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) အရှိနဲ့ကိုက်တဲ့ နာမည်ကတော့ အဿုတဝါ ပုထုဇ္ဇနော၊ မျက်စိကန်း နားပင်း ကိလေသာ တောထ(မှန်ပါ)။
ဦးခင်မောင် ဘယ်ဘက်အသုံးချမတုံး (ဘယ်ဘက်မှ အသုံးချလို့မရပါ ဘုရား) ကဲ-ဒီနေ့ ကယ်တင်ရမှာက သုတဝါ အရိယသာဝကော ဖြစ်ရမယ် (မှန်ပါ)။
ဘာတဲ့တုံး (သုတဝါ အရိယသာဝကော ဖြစ်ရပါမယ် ဘုရား) သုတဝါ အရိယသာဝကော ဖြစ်အောင် လုပ်ရမယ် ဒကာ ဒကာမတို့ ဒီနေ့ ကယ်တင်ရမှာက (မှန်ပါ)။
ခင်ဗျားတို့ ပင်ကိုဖြစ်နေတာက (အဿုတဝါ ပုထုဇ္ဇနောပါ ဘုရား)။ ဒီနေ့ ကယ်တင်ရမှာက (သုတဝါ အရိယသာဝကောဖြစ်အောင် လုပ်ရပါမယ် ဘုရား) ကဲ-ပြောင်းပြန်ဖြစ်အောင် လုပ်ရမှာဗျ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ နာမည်ကောင်းကလေးဖြစ်အောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပေးတဲ့ နာမည်ကောင်း အဖြစ်နဲ့ ကိုက်အောင်ကို မနည်းကယ်တင်ရဦးမှာ ပါကလား (မှန်ပါ ဘုရား) ဦးဇံရင် နည်းနည်း ကယ်တင်ရမှာလား၊ များများကယ်တင်ရမှာလား (များများကယ်တင်ရမှာပါ ဘုရား)။
ခန္ဓာငါးပါးဟာ ချည်တိုင်
ကိုင်း-ဒါဖြင့် ခန္ဓာငါးပါးဟာ မနေ့က ချည်တိုင်လို့ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား) ကိုယ့်ကိုယ် ခင်ကြရဲ့လား ဒကာ ဒကာမတို့ (ခင်ပါတယ် ဘုရား)။
တစ်ခါတလေများ ယပ်ကလေးခတ်ပြီး ပူဇော်နေလိုက်တာ (မှန်ပါ) ယပ်ကလေးခတ်ပြီး ပူဇော်နေတဲ့အခါပါသေးတယ်၊ ကိုယ့်ကိုယ်ကို ခင်လွန်းလို့ (မှန်ပါ) တစ်ခါတလေ ရေချိုးတဲ့အခါများ ချေးကလေးတွန်းပြီး ပူဇော်နေလိုက်သေးတယ် (မှန်ပါ) ဘာဖြစ်လို့ပါလိမ့် (ခင်လွန်းလို့ပါ ဘုရား)။
အဝတ်အထည်ကလေးများ နူးနူညံ့ညံ့ ခံပေးတဲ့အခါပါကြရဲ့လား (ပါပါတယ် ဘုရား) ဒါ ဘာလုပ်တာပါလိမ့် (ခင်လွန်းလို့ပါ ဘုရား) ခင်လွန်းလို့ ဘာလုပ်ကြတာတုံး (ပူဇော်တာပါ ဘုရား)။
လွန်လွန်းလှချည်လား၊ ဘုရားရှေ့ကို ဒါလောက် မလာဘူး၊ ခင်ဗျားတို့လာကြရဲ့လား (မလာပါ ဘုရား) ဘုရားကို တန်ခူးလကျမှ ရွှေကလေး ဘာလေးနဲ့ သပ္ပာယ်တယ်၊ ချေးချွတ်ဆေး နဲ့ပွတ်တယ်၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ကိုယ့်ကိုယ်ကျတော့ နေ့စဉ် နူးညံ့ပေ့ဆိုတဲ့ ဆပ်ပြာနဲ့ခင်ဗျားတို့ ပူဇော်ကြတာ (မှန်ပါ့ ဘုရား) ကိုယ့်ကိုယ်ကိုယ် ခင်လို့လား၊ မခင်လို့လား (ခင်လို့ပါ ဘုရား)။
ဒါဖြင့် ခင်တာက တဏှာပေါ့၊ ချည်တိုင်က ခန္ဓာငါးပါးနော် (မှန်ပါ) ခင်လွန်းလို့ ယပ်ကလေးနဲ့ ပူဇော်နေတာက ဘာပါလိမ့် (ခင်တာပါ ဘုရား) အို-ကိုယ်မပြုပြင်ရင် ဘယ်သူက လာပြီး ပြုပြင်ပေးမှာတုံး၊ ကိုယ့်ကိုယ်ပဲတဲ့၊ ဒိဋ္ဌိလာပြီ (မှန်ပါ) မလာသေးဘူးလား (လာပါတယ် ဘုရား)။
ကိုယ်မပြုပြင်ရင် ဘာတဲ့ (ဘယ်သူက ပြုမှာတုံး) ကိုယ်ပြုမှ ကိုယ်နုမှာကိုး (မှန်ပါ ဘုရား) မလာဘူးလားဗျ (လာပါတယ် ဘုရား) ကိုယ်ပြုမှ ကိုယ်နုမှာ ဆိုတာလဲ သုံးနေကြတာပဲ (မှန်ပါ)။
ကိုယ်ပြုမှကိုယ်နုမှာပဲဆိုတဲ့ သက္ကာယဒိဋ္ဌိ
ခင်တဲ့အခါဆိုလို့ရှိရင် ကိုယ်ပြုမှကိုယ်နုမှာပဲဆိုတဲ့ သက္ကာယဒိဋ္ဌိကကော မလာသေးဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် သူသည် ခန္ဓာငါးပါးကော သိသေးရဲ့လား (မသိပါ ဘုရား) တဏှာကော (မသိပါ ဘုရား) လည်ပတ်ကော (မသိပါ ဘုရား) မသိတော့ကို ဒီလည်ပတ်ဟာ ဘယ်သူ့ရှိတဲ့ လည်ပတ်ပါလိမ့်မတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) အဿုတဝါ ပုထုဇ္ဇနောမှာရှိတဲ့ လည်ပတ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အကြားအမြင်မရှိတော့ ဒိဋ္ဌိဟာလဲ သူနဲ့ တွဲနေတာပဲ၊ တဏှာလဲ သူနဲ့စပ်နေတာပဲ (မှန်ပါ) ချည်တိုင်ကကော ငါ့ကိုယ် ငါ့ဟာလို့ ထင်မနေဘူးလား (ထင်ပါတယ် ဘုရား) ထင်တော့ကို ဒါ ဒကာ ဒကာမတို့ သိပြီးသားအတိုင်း အဿုတဝါ ပုထုဇ္ဇနောက ဒီလည်ပတ်နဲ့စွပ်နေတာ (မှန်ပါ ဘုရား)။
ဒီလည်ပတ်နဲ့စွပ်နေတော့ ဒီကြိုးက ဒီတိုင်နဲ့ ဒီလည်ပတ်နဲ့တွဲထားလိုက်တဲ့အခါကျတော့ အဿုတဝါ ပုထုဇ္ဇနောဟာ တိုင်ကို လှည့်ပတ်ပြေးနေတယ် (မှန်ပါ) မပြေးသေးဘူးလား (ပြေးပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ရိပ်ကော ရိပ်မိကြပါရဲ့လားလို့မေးရင် ဘယ့်နှယ်ပြောမလဲ (ရိပ်မိပါတယ် ဘုရား)။
ဟောဒီက ခန္ဓာငါးပါးကြီးကို စွန့်ရတော့မယ်ဆိုလို့ရှိရင် ဘယ်သူမှ မစွန့်ချင်ဘူး (မှန်ပါ) ဒီချည်တိုင် ကျိုးသွားမှာ သိပ်ကြောက်တယ် (မှန်ပါ)။
ခက်လိုက်တာကလဲ ချည်တိုင်ဆိုတဲ့ ခန္ဓာငါးပါးကြီး မခင်ကြဘူးလား (ခင်ပါတယ် ဘုရား) ငါ့ဟာလို့ကော မထင်ဘူးလား (ထင်ပါတယ် ဘုရား) ခင်တာက တဏှာ၊ ထင်တာက ဒိဋ္ဌိ(မှန်ပါ ဘုရား) အဲဒီဒိဋ္ဌိက ဘယ်သူ့မှာ ရှိသတုံးဆိုတော့ အဿုတဝါ ပုထုဇ္ဇနောမှာ ရှိတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လည်ပတ်ရှိနေတယ်
အဿုတဝါ ပုထုဇ္ဇနောမှာ လည်ပတ်ရှိနေတယ်လို့ ဆိုလိုက်ပါတော့ (မှန်ပါ) ကြိုးရှိတယ်ဆိုပါတော့ (မှန်ပါ ဘုရား) တိုင်ရှိတယ်ကော (ဆိုရပါတယ် ဘုရား) ဘယ်သူ့မှာရှိတာတုံး (အဿုတဝါ ပုထုဇ္ဇနောမှာ ရှိပါတယ် ဘုရား)။
ဒါကြောင့် အဿုတဝါ ပုထုဇ္ဇနောဆိုတာ ကမ္ဘာပျက်တောင် သူတို့ ချည်နှောင်မှုကြီးမပျက်ပါဘူးဆိုတာ (မှန်ပါ) ကမ္ဘာပျက်တောင် သူတို့တိုင်ခြေ လှည့်ပတ်ပြေးနေမှာပဲ (မှန်ပါ ဘုရား)။
မြေတွေပျောက်ကုန်လဲ သူကတော့ပြေးလျက်ပါပဲ (မှန်ပါ) ရေတွေပျောက်ကော (ပြေးလျက်ပါ ဘုရား) ဒီမွေးဒီသေပေါ့ဗျာ၊ ဒီလိုမနေကြဘူလား (နေပါတယ် ဘုရား)။
ဘာဖြစ်လို့ နေပါလိမ့်မတုံးမေးတော့ မနေ့ကတော့ အဿုတဝါ ပုထုဇ္ဇနောကို ခွေးဥပမာနဲ့ပြခဲ့တယ် (မှန်ပါ)။
ဒီနေ့တော့ဖြင့် ဒကာ ဒကာမတွေ နည်းနည်းသက်သာအောင်လို့ အဿုတဝါ ပုထုဇ္ဇနောကို ခွေးဥပမာနဲ့ ပြခဲ့တယ် (မှန်ပါ)။
ဒီနေ့တော့ဖြင့် ဒကာ ဒကာမတွေ နည်းနည်းသက်သာအောင်လို့ အဿုတဝါ ပုထုဇ္ဇနောနဲ့ပြောတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နို့ မနေ့ကဟာထက်တော့ နည်းနည်း မသက်သာလား (သက်သာပါတယ် ဘုရား) မျက်စိကန်း နားပင်း ကိလေသာ တောထတယ်ဆိုတော့ တော်သေးတယ်ပေါ့ဗျာ (မှန်ပါ) ဒကာ ဒကာမတို့ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီတိုင်ခြေမွေး၊ ဒီတိုင်ခြေသေပဲ
မျက်စိကန်း နားပင်း ကိလေသာ တောထနေတဲ့ ပုဂ္ဂိုလ်ဟာ မြေကြီးတွေ ကမ္ဘာပျက်လို့ ကုန်သော်လဲ သူတို့ မကုန်သေးဘူးတဲ့၊ ခန္ဓာ ရုပ်နာမ်တွေ မပြတ်ဖြစ်ပြီး သူလှည့်ပြီးပြေးနေရမှာပဲ၊ ဒီတိုင်ခြေမွေး၊ ဒီတိုင်ခြေသေပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
မြင့်မိုရ်တောင်ကြီး ကမ္ဘာပျက်လို့ ပျောက်လဲ (သူလှည့်ပြေးနေရမှာပါ ဘုရား) လှည့်ပြေးပြီး ဒီနေ ဒီသေ ဒီနေရာပေါ့ဗျာ ထပ်ပြီးတော့ဖြစ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ဒါဟာ ဘယ်ပုဂ္ဂိုလ်မို့ ဒီအခြေအနေဆိုက်ပါလိမ့် (အဿုတဝါ ပုထုဇ္ဇနောမို့ပါ ဘုရား) ဘယ်လောက် ကြောက်စရာကောင်းသတုံး (မှန်ပါ) ဒကာ ဒကာမတို့ ဘယ်လောက်ကြောက်စရာကောင်းတုံးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒါလောက် လေးလေးနက်နက်လဲ ဘုရားက ဟောတယ်၊ ဆရာသမားကလဲ ချဲ့နိုင်သရွေ့ ဒီဥစ္စာကို ချဲ့ပြီးပြောတယ်၊ ခင်ဗျားတို့ နားမလည် မရှိရအောင်လို့ (မှန်ပါ)။
အဲဒီထဲကဖြင့် ခင်ဗျားတို့က ပေတေတေ ကတ်သတ်သတ်လုပ်ပြီး သကာလ ကိုယ့်လည်ပတ် ဖြုတ်ပေးမှာကိုပင်လျှင် ဖြုတ်တာကို မကြိုက်တဲ့ပုံ မလုပ်ပါနဲ့(မှန်ပါ) ကြိုးဖြတ်ပေးတာကို (မကြိုက်တဲ့ပုံ မလုပ်ပါနဲ့) တိုင်ချိုးပေးတာကို (မကြိုက်တဲ့ပုံ မလုပ်ပါနဲ့ ဘုရား)။
ဝဋ်ကျွတ်အောင် လုပ်ပေးနေတာ၊ ခင်ဗျားတို့က ဟာ-ဝဋ်ကျွတ်တဲ့နည်းတော့ဖြင့် တပည့်တော်တို့တော့ ဖြင့်ဘုရား အရိုးကြေကြေ အရေခြောက်ခြောက်လိုက်မှာပေါ့၊ မသိသေးခင်ကသာ တိုင်လှည့်ပတ် ပြေးနေတာ (မှန်ပါ)။
အရိုးကြေကြေအရေခြောက် ခြောက်လုပ်တော့မယ်
အခု အသိဉာဏ်ရှိလာတဲ့ တစ်နေ့ကျတော့ တပည့်တော်တို့ ဒီဥစ္စာ အရိုးကြေကြေအရေခြောက် ခြောက်လုပ်တော့မယ်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ စိတ်ဆုံးဖြတ်ကြပါ(မှန်ပါ)။
ဒါအင်မတန် သိနိုင်တာကိုးဗျာ(မှန်ပါ)အခုသိတဲ့ဘဝကတော့ ဪ- တစ်သံသရာလုံးဟာ တို့သည်ကားလို့ ဆိုရင် ဒီတိုင်ခြေမှာ ဒီကြိုးနဲ့ ဒီလိုပဲသေ ဒီလိုပဲနေရတဲ့ဥစ္စာ ဘယ်တော့မှလဲ လွတ်ရက်မရှိဘူးလို့ ဆိုတာကလဲ အဿုတဝါ ပုထုဇ္ဇနော ဆိုတာကလဲ သေသေချာချာပြတယ် (မှန်ပါ) မပြဘူးလား (ပြပါတယ် ဘုရား)။
ဒါဖြင့် အခုအခါမှာ ဒီဆရာနဲ့တွေ့တယ်၊ ခင်ဗျားတို့လဲ ဒီဥစ္စာ ဪ-သေချာတယ်လို့ပဲ ဆုံးဖြတ်ချက် ချရမယ် (ချရပါမယ် ဘုရား) ကိုယ့်အဖြစ်နဲ့ ဘုရားဟောနဲ့လေ (ကိုက်ပါတယ် ဘုရား)။
ခင်ဗျားတို့ကလဲ ခန္ဓာငါးပါးကို ဘယ်နည်းနဲ့မှ မခင်ဘူးလို့ရှိရဲ့လား (မရှိပါ ဘုရား) အို-နေ့တိုင်း ကျွေးမွေးပြီး ယ်တောင်နဲ့ပူဇော်၊ မီးနဲ့ ပူဇော်၊ အဝတ်အစားနဲ့ ပူဇော်၊ ထမင်းခဲဖွယ်ကလေးနဲ့ ပူဇော်၊ ဟင်းတွေ ဆွမ်းတွေ များများပြင်ထားတဲ့အခါကျလို့ရှိရင် ခင်ဗျားတို့ဟာက ဆွမ်းတော်ပွဲထက်တောင် လှသေးတယ်၊ ကိုယ်စားဖို့ ပြင်ထားတာလေ (မှန်ပါ) ဘယ်သူ့ပူဇော်တာတုံး (ကိုယ့်ကို ပူဇော်တာပါ ဘုရား) ဘာဖြစ်လို့တုံးဗျ (ခင်လွန်းလို့ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကြမ်းပိုးကလေး ဘာလေးလဲ ကိုက်မယ်ဆိုရင်လဲ ဒကာ ဒကာမတွေ ကြမ်းပိုးသာ သေပစေ၊ ငါမသေပါစေနဲ့၊ နင်တို့သာ သေရမယ်ထဲက မဟုတ်ဘူးလား (မှန်ပါ)။
ဘယ်သူ့ပူဇော်တာတုံဗျ (မိမိကိုယ်ကို မိမိပူဇော်တာပါ ဘုရား) ဘုရားကို ခြင်ထောင်လှူဖူးကြရဲ့လားမေးတော့ ဘယ့်နှယ်ဖြေပါ့မတုံး (မလှူဖူးပါ ဘုရား) ဒါဖြင့် မိမိကိုယ်ကို ဘုရားထက် ကြည်ညိုလို့ လှူတာပေါ့ဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားကို ခြင်ထောင် မလှူဖူးဘူး
ဘုရားနဲ့ ခင်ဗျားတို့ ခန္ဓာကိုယ်နဲ့ ဘယ်သူ့ကိုများ အရေးစိုက်ကြသတုံး (ကိုယ့်ကိုယ်အရေးပိုစိုက်ပါတယ် ဘုရား) ဘုရားကို ခြင်ထောင် မလှူဖူးဘူးဆိုတာ လူတိုင်း သိတယ် (မှန်ပါ ဘုရား)။
ဘယ်နည်းနဲ့မှ မလှူခဲ့ကြပါဘူး၊ ဘယ်ဘုရား ရေစက်ချရင်ဖြင့် ခြင်ထောင်ပါရဲ့လားလို့မေးရင် ဘုရားတော့ ခြင်တောထဲပဲ ဒီအတိုင်းမနေဘူးလား (နေပါတယ် ဘုရား)။
နောက်ပြီးတော့ ကိုယ့်ကိုယ်ကို ခြင်မကိုက်ချင်တဲ့ အကျိုးလိုလို့ သံဃာတော်များခြင်ထောင်လှူတာတောင် ပါပါသေးတယ်၊ ကိုယ့်ကိုယ် ခြင်မကိုက်စေချင်တဲ့ အကျိုးရအောင်လို့ လှူတာ မဟုတ်ဘူးလား (မှန်ပါ)။
ဦးခင်မောင် ခင်ဗျားလှူတဲ့ခြင်ထောင်က ကိုယ့်အရေးလား၊ ကိုယ်တော်တွေအရေးလား (ကိုယ့်အရေး တောင့်တလို့ပါ ဘုရား) သေချာပါလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် ကြည်ညိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အဲ-ကိုယ့်ကိုယ်ကို အကြည်ညိုဆုံးလို့ မှတ်ကြပါ (မှန်ပါ) ဘယ်လောက်များ တိုင်ကျိုးမှာ ကြောက်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒီကိုယ်နဲ့ ခင်ဗျားနဲ့ ဘာတော်သတုံး၊ ဒီခန္ဓာ ငါးပါးနဲ့ ခင်ဗျား ဘာတော်သတုံးလို့ဆိုလိုက်ရမယ်ဆိုရင် မင်းရူးသလားလို့ မေးလိမ့်မယ် သူက (မှန်ပါ) ငါ့ကိုယ်တဲ့ ဒီဥစ္စာ၊ ဒီ့ပြင် လူကိုရူးသလားလို့ မေးလိမ့်မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီခန္ဓာငါးပါးနဲ့ မင်းနဲ့ ဘာတော်သတုံးလို့ မေးလို့ ရှိရင် ဘယ့်နှယ်ပြောကြမယ် (ငါ့ကိုယ်လို့ ပြောမှာပါ ဘုရား) မေးတဲ့လူကို မင်းရူးသလား၊ ဒါဟာ ငါ့ကိုယ်မို့ ငါယုယပြီး နေတာပေါ့လို့ ပြောလိမ့်မယ်၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ငါ့ထိလို့ ငါမချိအောင် နာတာပေါ့
သူများပြောလို့ရှိရင် ငါမချိအောင်နာတယ်လို့ မရှိကြပါဘူး၊ ငါ့ထိလို့ ငါမချိအောင် နာတာပေါ့လို့ ဆိုတော့ ငါ့ကိုယ်လို့စွဲတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဪ-ခက်လိုက်တဲ့ဖြစ်ခြင်း၊ ခန္ဓာငါးပါးလို့လဲ မသိဘူး၊ ငါ့ကိုယ် စိတ်မချရဘူး၊ ခန္ဓာလို့ သိသေးရဲ့လား (မသိပါ ဘုရား) မသိတော့ ဒီငါစွဲငြိနေပြီဆိုတာတော့ ခင်ဗျားတို့ သိပြီ၊ ခန္ဓာငါးပါးတော့ သူမသိဘူး (မှန်ပါ) အနိစ္စ ဒုက္ခတရားလို့ကော (မသိပါ ဘုရား) အို ကိုယ့်ထိလို့ မချိအောင်နာတာ၊ ဒီအတိုင်း မသုံးဘူးလား (သုံးပါတယ် ဘုရား)။
ဒါဖြင့် ကိုယ်ဆိုတဲ့ဥစ္စာ ငါ့ကိုယ်လို့ဆိုတာပဲ မဟုတ်လား (မှန်ပါ) ဒါဖြင့် ဒိဋ္ဌိပေါ့ (မှန်ပါ) ငါ့ကိုယ် ထိသွားတာ ဘာများ ဖြစ်ရဦးမှာတုံးလို့ ဆက်ပြောလို့ရှိရင် အို-လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ခင်တယ်၊ ကျုပ် တိရစ္ဆာန် မဟုတ်ဘူး၊ ဒီကိုလာမှာပါ (မှန်ပါ) မလာဘူးလား လာသလား (လာပါတယ် ဘုရား)။
ဘယ်သူက သုံးတာတုံး ဒါတွေဟာ (အဿုတဝါ ပုထုဇ္ဇနောကပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ငါ့ကိုယ်များကော ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။
ကဲ-ခင်ဗျားတို့ ငါ့ကိုယ်ထင်နေတာကတော့ မသေချာဘူးလားဗျာ (သေချာပါတယ် ဘုရား) ကိုယ့်ကိုယ်ကိုယ် မခင်ရင် ဘယ်သူ့ခင်ရမှာတုံးဆိုတော့ တဏှာကကော မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ဒီဟာနဲ့ ခွဲပါလားဆိုတော့ မင်းရူးသလားလို့ မေးမယ် (မှန်ပါ) ဒါနဲ့နေရတာ အင်မတန်ပျော်တဲ့ အကြောင်း၊ ဒါကြီးနဲ့ သွားလာနေရတာ သူရှိလို့ပဲ သွားကာ လာကာ လူထဲတိုးနိုင်တာပေါ့ ဆိုပြီး သကာလ သူ မမာမှာပဲ စိုးရိမ်နေတယ် (မှန်ပါ) မစိုးရိမ်ဘူးလား (စိုးရိမ်ပါတယ် ဘုရား)။
အဲဒီတော့ ဒီတိုင်ကျိုးမှာနဲ့ ဒီတိုင်ပျက်မှာများ ခင်ဗျားတို့က သိပ်ကြောက်တယ် (မှန်ပါ) ဘုရားကလဲ ဒီတိုင်မကျိုးသရွေ့ မကျွတ်သရွေ့တော့ မလွတ်နိုင်ပါဘူးတဲ့ (မှန်ပါ) ခင်ဗျားတို့ကလဲ တိုင်ကျိုးမှာကို စိုးရိမ်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ) မစိုးရိမ်ကြဘူးလား (စိုးရိမ်ပါတယ် ဘုရား)။
အို-ဒီတိုင်သာ ကျိုးမယ် ပျက်မယ် ပဲ့မယ်ဆိုလို့ ရှိရင်ဖြင့် ရှာထားတာတွေ အကုန်ပုံတိုက်တယ်(မှန်ပါ) ဒီခန္ဓာငါးပါးကို အကုန်ပုံတိုက်တာပဲ (မှန်ပါ) မတိုက်ဘူးလား (တိုက်ပါတယ် ဘုရား)။
ဟာ-လူမသေ ငွေမရှားပေါ့၊ ဘေးကလဲ တွန်းတယ် (မှန်ပါ) ဘေးကလဲ မတွန်းဘူးလား (တွန်းပါတယ် ဘုရား) ကိုယ်ကလဲ နှမြောတဲ့စိတ်များရှိသေးသလား (မရှိပါ ဘုရား) တယ်ကြည်ညိုစရာပါကလားဗျ (ကြည်ညိုပါတယ် ဘုရား) ဒီတိုင်ကျိုးမှာ ဒကာ ဒကာမတွေ စိုးရိမ်ကြသလား (စိုးရိမ်ကြပါတယ် ဘုရား) ဒါဖြင့် အဿုတဝါ ပုထုဇ္ဇနော၊ ကိုက်ပလား (ကိုက်ပါပြီ ဘုရား)။
မပိုင်တဲ့တရားနဲ့ အတူတူနေလို့ဖြစ်ပါ့မလား
သုတဝါ အရိယသာဝကော ဆိုလို့ရှိရင် ဒါအနတ္တ သူနဲ့ အတူတူနေလို့မဖြစ်ဘူး၊ မပိုင်တဲ့တရားနဲ့ အတူတူနေလို့ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) မပိုင်တဲ့ တရားကို ခင်နေလို့လဲ အပိုပဲ (မှန်ပါ ဘုရား) ဒီလိုစသည်တွေ မလာဘူးလား (လာပါတယ် ဘုရား) ဟို-အတ္တဒိဋ္ဌိကိုလဲ အနတ္တဉာဏ် ရင့်ကျက်သွားလို့ရှိရင်ဖြင့် ဒီတိုင်ကျိုးမှာ စိုးရိမ်သေးရဲ့လား (မစိုးရိမ်ပါ ဘုရား)။
ဒါဖြင့်ကြိုးပြတ်မှာကော (မစိုးရိမ်ပါ ဘုရား) လည်ပတ်ပြုတ်မှာကော (မစိုးရိမ်ပါ ဘုရား) ကျွတ်ပြီ လွတ်ပြီလို့ မလာပေဘူးလား (လာမှာပါ ဘုရား)။
သို့သော် ခင်ဗျားတို့က တိုင်ကျိုးမှာလဲ စိုးရိမ်၊ ကြိုးပြတ်မျာလဲ (စိုးရိမ်ပါတယ်) လည်ပတ်ပြုတ်မှာကော (စိုးရိမ်ပါတယ်) တယ်ဆိုးပါလား (ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဒီတရားကို နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား) ခင်ဗျားတို့ ဖြစ်စဉ်နဲ့များ ကိုက်ရဲ့လား (ကိုက်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကိုယ့်နာမည်ကိုယ်ပေးတော့ ကိုယ့်ဖြစ်စဉ်ကိုက်တယ် (မှန်ပါ) ဘာနာမည်တဲ့ (အဿုတဝါ ပုထုဇ္ဇနောပါ ဘုရား) အင်း-မျက်စိကန်း နားပင်း ကိလေသာတောထ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နာမည်ရင်းကဖြင့်ဗျာ ခေါ်စရာကို မပါပါဘူး၊ ပါသေးရဲ့လား (မပါပါ ဘုရား) တစ်ယောက်နဲ့တစ်ယောက် နောက်ကို ဒီလိုခေါ်ကြည့်စမ်းပါ (အရိုက်ခံရမှာပါ ဘုရား) အရိုက်ခံရလို့ရှိရင် ဒီတိုင်ကျိုးမှာ စိုးရိမ်လို့ပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ သုတဝါ အရိယသာဝကောဖြစ်မှပဲ နေရာကျတော့မှာပေါ့ (မှန်လှပါ ဘုရား)။
နှစ်လုံးတည်းနော်၊ ဒီနေ့ ဟောနေတဲ့တရား မများပါဘူး (မှန်ပါ) များသေးရဲ့လား (မများပါ ဘုရား) မများပါဘူး ဒကာ ဒကာမတို့ နှစ်လုံးတည်းပါပဲ၊ ကိုယ့်ဖြစ်စဉ်ကဖြင့် ဘာတဲ့ (အဿုတဝါ ပုထုဇ္ဇနောပါ ဘုရား)။
အဿုတဝါ ပုထုဇ္ဇနောက တိုင်လှည့်ပတ်ပြေးသွားတယ် ဟုတ်လား(မှန်ပါ) သုတဝါအရိယသာဝကောကတော့ တိုင်ကျိုးကြိုးပြတ်ပြီး လည်ပတ်ပြတ်ပြီး လွတ်လပ်တဲ့ သဘော (မှန်ပါ) မကွာဘူးလား (ကွာပါတယ် ဘုရား)။
ဒီနှစ်လုံးတည်းဟောနေတာ
ကိုင်း-ဒါဖြင့် ဒီနှစ်လုံးတည်းဟောနေတာဖြင့် ပြန်သွားရင် မေ့လဲမပစ်ကြပါနဲ့ဗျာ (မှန်ပါ) ဟာ-ဘုန်းကြီးကဟောတာ တရားများလွန်းတယ်ဆိုရင်တော့ မေ့ချင်မေ့တာပေါ့ ဦးခင်မောင်၊ အခုဟာကတော့ နှစ်လုံးတည်းဟောနေတာပါ (မှန်ပါ) ဘယ်လောက်ပဲ စကားတွေများနေနေ ဒီတရားပွဲမှာ နှစ်လုံးတည်းပါပဲ (မှန်ပါ)။
ပထမက ဘာတဲ့ (အဿုတဝါ ပုထုဇ္ဇနောပါ) အဲဒါက ခင်ဗျားတို့ နာမည်ရင်းဖြစ်စဉ်ဟုတ်လား (မှန်ပါ) အခုကယ်တင်ရမှာက ဘုရားပွင့်လာလို့ သာသနာနဲ့ ကြုံလာလို့ ကယ်တင်ရမှာက ဘာတုံး (သုတဝါ အရိယသာဝကောပါ ဘုရား)။
ဒကာ ဒကာမတို့ ဘုရားသာ မပွင့်လို့ရင်ဖြင့် သုတဝါ အရိယသာဝကောတော့ မဖြစ်တော့ဘူးဗျ၊ (မှန်ပါ) မဖြစ်လို့ရှိရင်ဖြင့် ခွေးသေသေ၊ ခွေးနေ-နေမှတစ်ပါး ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ အခု သေသေချာချာ ရေရေလည်လည် စေတနာသုံးတန်ပြဋ္ဌာန်းပြီး ကျွပါစေ လွတ်ပါစေ ဆိုတဲ့ စေတနာနဲ့ တကယ် အတိအလင်း ပြောနေတာပဲ (မှန်ပါ)။
ခင်ဗျားတို့ကသိလဲ သိပါပြီ-တဲ့၊ ဒီဥစ္စာကိုဖြင့် လိုက်လဲလိုက်နာကြပါတော့ (မှန်ပါ)ဘုရားကလဲ မြင့်မိုရ်တောင် ပျောက်သွားတောင် သူပျောက်ဖို့ မမြင်ဘူး၊ ဟောတော်မူတာကိုးဗျ (မှန်ပါ)။
သမုဒ္ဒရာလေးစင်းခန်းဖို့ရာ မြင်သေးတယ်၊ သူတို့ ကုန်ဆုံးဖို့ မမြင်ဘူး (မှန်ပါ) သုတဝါ အရိယသာဝကော မဖြစ်ရင် ဒီတိုင်ခြေလှည့်ပတ်နေမှာပဲ၊ ဒီပဲ ခေါင်းစိုက်သေမှာပဲ၊ နောက်ထပ်မွေးပြန်တော့လဲ ဒီနေရာမှာ မွေးဦးမှာပဲ (မှန်ပါ ဘုရား)။
ကဲ-ဒကာ ဒကာမတွေ ကိုယ့်အတွက်သိကြပလား (သိပါပြီ ဘုရား) နောက်က ဖြစ်စဉ်ကဖြင့် ကိုယ့်နာမည် ကိုယ့်ဆိုင်းဘုတ်ဆွဲလိုက် (အဿုတဝါ ပုထုဇ္ဇနောပါ) ယနေ့စဖြစ်ရမှာက (သုတဝါ အရိယသာဝကောပါ ဘုရား)။
ဪ-ယခုမှပဲ တော်ပဲတော်သေးတယ်ဗျာ၊ ဆရာသမားများနဲ့ လာတွေ့လို့ ခင်ဗျားတို့ (မှန်ပါ) နို့မဟုတ်ရင် ဒီနာမည်ကလေးတောင် ရဖို့ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ခင်ဗျားတို့ နောက်ကလဲ တရားတွေဘာတွေနာ၊ အမျိုးမျိုးအဖုံဖုံ လှူဒါန်းပေးကမ်းလာကြတယ်၊ များသောအားဖြင့် အဿုတဝါ ပုထုဇ္ဇနောချည်းပဲ (မှန်ပါ)။
ဘာဖြစ်လို့တုံး၊ လှူတုန်းကလဲ ဘုံဘဝ ကောင်းစားချင်တဲ့တဏှာက ပါလျက်ပဲ၊ ငါ ကောင်းစားဖို့တဲ့ ဒိဋ္ဌိကကော (ပါလျက်ပါ ဘုရား) ငါပဲ ဟိုမှာပြန်ပြီး အခြေစိုက်ဖို့ဆိုတဲ့ ခန္ဓာငါးပါးကကော (ပါပါတယ် ဘုရား) တိုင်ရွှေ့တာ ဒီကြိုးရော ဒီလည်ပတ်ရော ရွှေ့သွားတာပဲ ရှိတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဆိုင်းဘုတ်ရွှေ့တာ၊ နယ်ပြောင်းတာ
ဆိုင်းဘုတ်ရွှေ့တာပဲ၊ နယ်ပြောင်းတာပေါ့ဗျာ (မှန်ပါ) ဒီဆက်ကပ်ရုံကနေပြီး ဟိုဆက်ကပ်ရုံပြောင်းတာပဲ၊ တိရစ္ဆာန်တော့ တိရစ္ဆာန်ပါပဲ(မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာပြောင်းတာတုံး (နယ်ပြောင်းတာပါ ဘုရား) ဘုံပြောင်းပြီးအဖြစ်လဲတာပဲ၊ တိရစ္ဆာန်ဘဝကတော့ မလွတ်သေးဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ရုံပြောင်းပဲ ကြိုက်သလား-တဲ့၊ တိရစ္ဆာန်ဘဝမှ ကျွတ်တာ ကြိုက်သလား (တိရစ္ဆာန်ဘဝမှ ကျွတ်တာ ကြိုက်ပါတယ် ဘုရား)။
ကဲ-ကျွတ်တာကြိုက်လို့ရှိရင်ဖြင့် နေရာကျပြီ၊ အခု အားလုံးလုပ်နေကြတာ တဏှာ ဥပါဒါန်တွေနဲ့ လှူကြ တန်းကြတာတွေက ရုံပြောင်းတွေပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
(ဣတိ ဘဝါဘဝ ဟေတု-ခေါ် ဘုံဘဝကို တောင့်တလှူသော အလှူမျိုးကိုဆိုသည်၊ ဝဋ္ဋကုသိုလ်မျိုး။)
ဘာတဲ့ (တဏှာ ဥပါဒါန်တွေနဲ့ လှူကြတန်းကြ တာတွေက ရုံပြောင်းတွေပါ) ရုံပြောင်းတာတွေပဲတဲ့၊ ဒီကြိုးနဲ့ ဒီလည်ပတ်နဲ့ “အဿုတဝါ ပုထုဇ္ဇနော” အဖြစ် တဏှာ ဥပါဒါန်နဲ့ လှူကြ ပေးကြ ကမ်းတာကတော့ ဒီရုံမှာတော့ဖြင့် ဒီတိုင်နဲ့ လှည့်ပတ်ပြီးပြေးခဲ့ရတာတွေ အများမြင်ရပြီ ဟုတ်ပလား (မှန်ပါ ဘုရား)။
ဟို-နတ်ပြည်မှာ အရှက်မကွဲသေးဘူး၊ အဲဒီကို ကျုပ်အရှက်ကွဲသွားလိုက်ဦးမယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာတုံး ဒကာ ဒကာမတွေ (နတ်ပြည် အရှက်ကွဲ သွားတာပါ) နတ်ပြည်မှာ အရှက်ကွဲသွားလိုက်ဦးမယ်၊ လူ့ပြည်မှာဖြင့် အားလုံးအရှက်တွေကိုဖြင့် လူတိုင်းသိသွားပါပြီ (မှန်ပါ) ကျုပ်တို့ဖြစ်စဉ်ပေါ့ဗျာ၊ ကျုပ်တို့ မိုက်ပုံ (မှန်ပါ) ဘယ်သွားပြမလို့ စိတ်ကူးတာတုံး (နတ်ပြည်သွားပြမလို့ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်မှာသွားပြပြ တယ်ပြီး ထူးလှစရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဘယ်ရုံများပြချင် ကချင် သေးသတုံး (ဘယ်ရုံမှမကချင်ပါ ဘုရား) ဟုတ်ကြရဲ့လား၊ တစ်သံသရာလုံးဟာ ဒါ ရုံပြောင်း ပြတာ (မှန်လှပါ ဘုရား)။
”ဦးဇံရင်” ဘယ်ရုံများ ပြချင်သေးသတုံး (ဘယ်ရုံမှ မပြချင်ပါ ဘုရား) မပြောင်းချင်တော့ဘူးလား၊ သံသရာရုံတွေ ဘုံတွေအဖြစ်ကို တော်တော်ရိပ်မိသွားတာဗျ (မှန်ပါ) နို့မဟုတ်ရင် နတ်ပြည်ရောက် ကောင်းနိုးနိုး လာဦးမယ်၊ ရုံပြောင်းဖို့ (မှန်ပါ) ဘယ့်နှယ်တုံး (နတ်ပြည်လဲ မကောင်းပါ ဘုရား) ကောင်းနိုးနိုး ထင်တာပေါ့ဗျ (မှန်ပါ ဘုရား)။
ကိုမြရွှေ ဒါဟာ ရုံပြောင်းပဲ မကျဘူးလား (ကျပါတယ်) ဒီတိုင် နေရစ်ရဲ့လား မနေရစ်ပါ ဘုရား) ဟိုမှာ ခန္ဓာငါးပါး အသစ်ထပ်ဖြစ်ရတာပဲ မဟုတ်လား (မှန်ပါ) တဏှာကကော (ပါပါတယ်) ငါဆိုတဲ့ ဒိဋ္ဌိကကော (ပါ ပါတယ် ဘုရား)။
အကြားအမြင်မရှိတဲ့ ပုထုဇဉ်အဖြစ်ကော (ပါပါတယ်) ဟာ-ဒါဖြင့် အဲဒီသွားပြီး နေပြန်ပြီ၊ ပျော်လိုက် ပါးလိုက်နဲ့ဟုတ်လား (မှန်ပါ) အဲဒီမှာ ရုံဝင်ခ များများတော့ ရမလား မပြောတတ်ပါဘူး၊ သို့သော်လဲ သခင်သာရမှာပါ၊ တိရစ္ဆာန်ကတော့ မစားရပါဘူး (မှန်ပါ)သူကပြရုံပဲ ဒီ့ပြင် ဘာမှမရှိပါဘူး (မှန်ပါ) ရှိသေးရဲ့လား (မရှိပါ ဘုရား)။
နတ်ပြည်ရုံကတော့
နတ်ပြည်ရုံကတော့ ဒကာ ဒကာမတို့ နာမည်ကတော့ကြီးမယ်၊ က,ချင်သေးရဲ့လား (မကချင်ပါ ဘုရား) ဒါဖြင့် နတ်ပြည်ရုံ မကချင်ရင် ဗြဟ္မာရုံဘက် က,ပါလား၊ က,ချင်စရာကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒီတိုင်ပါဦး မှာပဲ (ပါမှာပါ ဘုရား) ဒီကြိုးကော (ပါပါတယ် ဘုရား) ဒီလည်ပတ်ကော (ပါပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သူကဖြင့် အဿုတဝါ ပုထုဇ္ဇနော နာမည်နဲ့ ဒါပဲနေရမှာပဲ (မှန်ပါ) နာမည်ကောင်းများ ရသေးသလား (မရပါ ဘုရား) သို့သော် သူ့မှာ အမြတ်ထွက်ခဲ့တာ ရှင်းလင်းပြောပါရစေ ဆိုတော့ အရှက်တကွဲ အကျိုးနည်းဖြင့် ကြုံခဲ့ပေါ့၊ ကျုပ်မရောက်ဖူးတဲ့ နေရာမရှိဘူး (မှန်ပါ) ဒါပဲ သူအမြတ်ထွက်တယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အကျိုးအမြတ် သိကြပလား (သိပါပြီ ဘုရား) ဘယ်လိုများသိသတုံး (အရှက်တကွဲအကျိုးနည်း ကြုံခဲ့ပါပြီ ဘုရား) ကြုံခဲ့ပြီတဲ့၊ ဘယ်သူမှ ကျုပ်ကို မမြင်ဖူးတဲ့ သူမရှိဘူး၊ ကျုပ်မျက်နှာကြီးဟုတ်လား (မှန်ပါ) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ မရောက်ဖူးတဲ့နေရာရယ်လို့များ ရှိသေးသလား (မရှိပါ ဘုရား) ဘုံသုံးပါးမှာ စုံနေပြီ၊ ခြေချစရာ မရှိသလောက်ပဲ (မှန်ပါ) ရှင်သာရိပုတ္တရာကြီးအကြောင်း ဘုန်းကြီး မနှစ်က ပြောခဲ့ဖူးတယ် မဟုတ်လား (မှန်ပါ)။
မသေဖူးတဲ့နေရာ ဆွမ်းတက်စားပါမယ်ဆိုပြီး ရှာတာပဲ (မှန်ပါ ဘုရား) သမုဒ္ဒရာထဲ ရေလယ်မှာထိုင်ပြီး ဆွမ်းစားနိုင်တဲ့ ကိုယ်တော်ကြီးဟာ (မှန်ပါ) အဲဒီ သမုဒ္ဒရာအလယ်မှာ သူ မသေဖူးတဲ့နေရာရှာတယ်တဲ့ အဲဒီမှာ (မှန်ပါ ဘုရား)။
ဘေးနားကြည့်လဲ မသေဖူးတဲ့နေရာမရှိဘူး၊ ကုန်နေပြီပေါ့ဗျာ၊ မြေပေါ်မှာဆိုတာ ရှာမတွေ့ဘူး (မှန်ပါ) ဒီတိုင်နဲ့ လှည့်ပတ်ပြီး သကာလ ဒီဇာတ်ခုံ ခင်းဖူးတာချည်းပဲ (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ မသေဖူးတဲ့နေရာကို မရှိဘူးတဲ့၊ ပုရွက်ဆိတ်ဖြစ်လို့ က,ခဲ့ရတာတွေ၊ မြွေဖြစ်လို့ က,ခဲ့ရတာတွေ စသည်ဖြင့် အများကြီးပေါ့ (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ အမေအဖြစ်နဲ့ က,ခဲ့ရတာကော (ရှိပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဦးဝရေ မြန်မြန်တော့ ဖြုတ်သင့်တယ်နော် (မှန်ပါ) ဘာဖြုတ်ရမှာတုံး (လည်ပတ်ပါ ဘုရား) ကြိုးကော (ဖြတ်ဖို့ကောင်းတာပါ ဘုရား) ဒီအရွယ်ကြီး သာပြီးကြည့်လို့ မဆိုးဘူးလားဗျာ (ဆိုးပါတယ် ဘုရား)။
ဒီတိုင်နဲ့ ကြိုးနဲ့ ဒီလည်ပတ်နဲ့
ကဲ-ဒီတိုင်နဲ့ ကြိုးနဲ့ ဒီလည်ပတ်နဲ့ ဒီခန္ဓာကြီး သက္ကာယဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဖြင့် မက,ဖူးတဲ့နေရာမရှိဘူးလို့ ရှင်သာရိပုတ္တရာပြောတယ် (မှန်ပါ) နေရာကို ရှာမတွေ့ဘူး ဆိုကြပါစို့ဗျာ (မှန်ပါ့ ဘုရား)။
နောက်ကို အဘိညာဉ်နဲ့ကြည့်လိုက်တဲ့အခါကျတော့မှ တောင်ထွဋ်ကလေးတစ်ခု သွားတွေ့တယ်၊ သေးသေးကလေး လက်ညှိုးတစ်ချွန်လောက်ရှိတယ်၊ အဲဒီ လက်ညှိုးတစ်ချွန်လောက်မှာ တန်ခိုးနဲ့တက်ပြီး သူဆွမ်းစားတယ် (မှန်ပါ ဘုရား)။
ကိုယ်တော်မြတ်ကြီးက ဒီလိုကိုး၊ နောင်လာနောင်သားလဲ မှတ်မိအောင် သူတန်ခိုးကြီးမှန်းလဲ သိအောင်လို့ (မှန်ပါ) နောင်လာနောင်သားများကလဲ မသေဖူးတဲ့နေရာ မရှိကြောင်းကို သိစေချင်တယ် (မှန်ပါ ဘုရား)။
တန်ခိုးကြီးကြောင်းကိုလဲ အရိယာတန်ခိုးဟာ ဒါလောက်ကြီးပါကလားဆိုတာလဲ သိစေချင်တယ် (မှန်ပါ) ဒါနဲ့ အဲဒီတောင်ထွဋ်ကလေးတက်ပြီး ဆွမ်းစားတယ်၊ ဒီ့ပြင်လဲ ရှာမတွေ့ဘူးနော် (မှန်ပါ) တောင်တွေပေါ်ကော ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။
မြေကြီးပေါ်ကော (မတွေ့ပါ ဘုရား) ရေထဲကြည့်ပြန်လဲ ဒီနေရာမှာ သေဖူးတာပဲ ဘာဖြစ်တုံးက ညာဖြစ်တုံးက ဆိုတာ လျှောက်ကြည့်တော့ အကုန်ပေါ်လာတာပဲ (မှန်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အဲဒါတွေ ထောက်ကြည့်တောာ့ ကျုပ်တို့လဲ မသေဖူးတဲ့နေရာရယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား) မက,ဖူးတဲ့ ဇာတ်ရုံရယ်လို့ (မရှိပါ ဘုရား) မရှိပါဘူး၊ အရှက်တကွဲ အကျိုးနည်းဖြင့် တန်းကုန်ခဲ့ပါပြီ (မှန်ပါ)။
ဘယ့်နှယ်ဆိုကြမလဲ (တန်းကုန်ခဲ့ပါပြီ ဘုရား) တန်းကုန်ခဲ့ပြီ၊ မြွေဖြစ်လို့လဲ မြွေရုပ်အဖြစ်နဲ့ ကျုပ်တို့ အမှုထမ်းခဲ့ရပြီ (မှန်ပါ) ကင်းခြေများဖြစ်လို့ ကင်းခြေများ အဖြစ်နဲ့ (အမှုထမ်းခဲ့ရပါတယ်) ဘယ်မှာတုံးဗျ၊ ကြိုးနဲ့ လည်ပတ်နဲ့ချည်းပဲ မနေဘူးလား (မှန်လှပါ)။
ပုံသဏ္ဌာန်သာ ပြောင်းတာကိုးဗျ (မှန်ပါ) ပုသဏ္ဌာန်တော့ဖြင့် ပြောင်းပါတယ်၊ ကမ္မဝိပါကော အစိန္တေယျော ဆိုတဲ့အတိုင်း ဘီလူးပုံသဏ္ဌာန်ထွက်ပြလိုက်တာပေါ့ဗျာ၊ တိုင်တို့ ကြိုးတို့ လည်ပတ်တို့ကလဲ ချည်နှောင်လျက်ပေါ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အဲဒီတိုင်တို့ ကြိုးတို့ လည်ပတ်တို့ ပြုတ်ဖို့ဆိုတော့ ဖြစ်ပျက်ရှုရလိမ့်မယ် (မှန်ပါ) ဖြစ်ပျက်မြင်လို့ရှိရင် အရိယသာဝက ဖြစ်ပါလိမ့်မယ် (မှန်ပါ)။
ဖြစ်ပျက်မြင်ရင် အရိယသာဝက
ဘယ်လိုဆိုကြမလဲ (ဖြစ်ပျက်မြင်ရင် အရိယသာဝကဖြစ်ပါတယ် ဘုရား) အဲ-သုတဝါအရိယသာဝကောသာ ဖြစ်သေးတယ်၊ သူ့ရဲ့ တပည့်သာ ဖြစ်သေးတယ်၊ အရိယာအစစ်တော့ မဖြစ်သေးဘူး (မှန်ပါ) အဲ-အစစ်ဖြစ်အောင်လုပ်ကြဖို့ ယနေ့ဟောပါမယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သာဝကောဆိုတဲ့အတိုင်း တပည့်တော့ဖြစ်ပြီ မဟုတ်လား (မှန်ပါ) အဲ-ဖြစ်ပျက်မြင်နေရင် တပည့်တော့ဖြစ်ပြီ (မှန်ပါ) ဒီလိုဖြစ်နေရင် လည်ပတ်တော့ပြုတ်ပြီ (မှန်ပါ) နဂိုက မိစ္ဆာဒိဋ္ဌိကိုး (မှန်ပါ)။
ဖြစ်ပျက်မြင်တော့ သမ္မာဒိဋ္ဌိမဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) သမ္မာဒိဋ္ဌိဖြစ်သွားကတည်းက လည်ပတ်ပြုတ်ပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်မြင်သဖြင့် သူ့ကို ခိုင်တယ်၊ မြဲတယ်လိုပ ဒီတိုင်ကြီးကို ယူသေးရဲ့လား (မယူပါ ဘုရား) မယူတော့ အနိစ္စဆိုတော့ ဖြစ်ပြီးမရှိတဲ့သဘော သိသွားပြီ (မှန်ပါ) တိုင်ကော မကျိုးသေးဘူးလား (ကျိုးပါတယ် ဘုရား)။
ဖြစ်ပြီးပျက်တဲ့သဘောရှိတဲ့အတွက် ခင်ဆိုတာက လာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ ကြိုးကလဲ ပြတ်တယ်(မှန်ပါ) ဒါ ဘယ်ပုဂ္ဂိုလ်ပါလိမ့်ဗျာ (သုတဝါ အရိယသာဝကောပါ ဘုရား)။
ဒါဖြင့် တပည့်တင်ပဲ ရှိသေးတယ်၊ ခင်ဗျားတို့ အရိယသာဝကဆိုတဲ့ တပည့်သာဖြစ်သေးတော့ ကိုယ်ကိုယ်တိုင် အရိယာအစစ်ဖြစ်သေးဘူး (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ အစစ်ဖြစ်နိုင်အောင်လုပ်ဖို့ ဟောမယ်တဲ့၊ အခု တပည့်နဲ့တော့ ကျေးဇူးများတာ သိပလား (သိပါပြီ ဘုရား)။
ကောင်းပြီ၊ တပည့်အဖြစ်တော့ ဖြစ်ပါပြီ-တဲ့၊ မြင်နေရင်ဖြစ်ပြီ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) မမြင်တဲ့ပုဂ္ဂိုလ်မှာ (မဖြစ်ပါ ဘုရား)။
မမြင်တဲ့ပုဂ္ဂိုလ်ကျတော့ သူ့နာမည်အရင်းအတိုင်းပေါ့ဗျာ(မှန်ပါ) ဘာတဲ့ သူ့နာမည်က (အဿုတဝါ ပုထုဇ္ဇနောပါ) မြန်မာလိုပြန်ပါဦး (မျက်စိကန်း နားပင်း ကိလေသာ တောထပါ ဘုရား)။
အဲဒါကလေး မမေ့နဲ့၊ အိမ်ကျတော့ရွတ်နေ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲဒါ သူတော်ကောင်း အလုပ်၊ မေ့တိုင်း မေ့တိုင်း အဲဒီပုဂ္ဂိုလ်စိတ် ပြန်ဝင်တာပဲ (မှန်ပါ)။
ဘာတုံး သူ့နာမည်က
ဖြစ်ပျက်မရှုတိုင်း မရှုတိုင်း ဘာတုံး သူ့နာမည်က (မျက်စိကန်း နားပင်း ကိလေသာတောထပါ ဘုရား) အဲဒါကိုယ့်နာမည်ရင်းပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက် မြင်တိုင်း မြင်တိုင်း ဒကာ ဒကာမတို့ မျက်စိလင်းပြီ၊ ဒကာ ဒကာမတို့ နားကလဲ ရှင်းသွားပြီ၊ ကိလေသာကလဲ ပါးသွားပြီ၊ နာမည်အကုန်ပြောင်းတယ်၊ (မှန်ပါ ဘုရား) မပြောင်းဘူးလား (ပြောင်းပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒါက အရိယသာဝက ဖြစ်သွားပြီ (မှန်ပါ) သို့သော် ကိုယ်ကိုယ်တိုင် အရိယာအစစ်ဖြစ်အောင် လုပ်ဖို့ဟောဦးမယ် (မှန်ပါ)ကိုယ်ကိုယ်တိုင် အရိယာ အစစ်ဖြစ်ဖို့ဆိုတော့ ဒါက ဒီခန္ဓာငါးပါးထဲက တစ်ပါးပါးကို ခင်ဗျားတို့ ဖြစ်ပျက်ရှုလိုက်တော့ ခုနက တဏှာရော ဒိဋ္ဌိရော သေသွားတယ် မဟုတ်လား (မှန်ပါ) ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ဟာ အရိယသာဝကဖြစ်တယ် (မှန်ပါ) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
နောက်ကျတော့ ဒကာ ဒကာမတို့ ဖြစ်ပျက်ဆိုတာ စိတ်ဖြင့် စိတ်ဖြစ်ပျက်၊ ရုပ်ဖြင့် ရုပ်ဖြစ်ပျက်ပေါ့ဗျာ အဲဒါတွေ ကုန်အောင် လိုက်ရမယ် (မှန်ပါ)။
ဒကာ ဒကာမတွေ ဘာလုပ်ရမတုံး (ကုန်အောင် လိုက်ရပါမယ် ဘုရား)။
ရှုတုန်းက မကုန်ခဲ့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာသာ ဒီဘဝမှာ မကုန်လို့ရှိရင်ဖြင့် နောက်ခန္ဓာဟာ ဟိုဘက်မှာ အသစ်သွားပေါ်ပြန်တယ် (မှန်ပါ) ဒီဘဝရှုတုန်း ကုန်တဲ့ပုဂ္ဂိုလ်ကျတော့ မပေါ်တော့ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီအရေးဟာ မကြီးဘူးလား (ကြီးပါတယ် ဘုရား) ကောင်းပြီ၊ ဒါကြောင့် အဂ္ဂိဝစ္ဆကို ပြန်လှည့်လိုက် ဦးခင်မောင်တို့ (မှန်ပါ)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဒီဥပါဒါန် ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးလို့ အဂ္ဂိဝစ္ဆက မမေးဘူးလား (မေးပါတယ် ဘုရား) ဘုရားက ဘယ်သွားတယ်လို့ မဖြေဘူးမဟုတ်လား (မဖြေပါ ဘုရား)။
အဲဒီတော့ ဒီမှာလဲ ဒကာ ဒကာမတို့ ဥပါဒါန်ကုန်တဲ့အခါကျတော့ နောက်ထပ်ရုပ်ကော လာသေးသလား (မလာပါ ဘုရား)။
ဥပါဒါန်ကုန်တော့ ဇာတိမလာ၊ ဇာတိမလာတော့ ရုပ်တွေပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) စိတ်တွေကော နောက်အနာဂတ် ဘဝမှာလေ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။
ဟိုဘက်မှာ သတ္တဝါအဖြစ်နဲ့ လာမယ်
အဲဒီလိုမပေါ်တော့ ဒကာ ဒကာမတို့ ဒီရုပ်ရှိမှာသာလျှင် သတ္တဝါဆိုတာ ဟိုဘက်မှာနာမည်ထွက်မှာ (မှန်ပါ) ရုပ်ချုပ်အောင် မရှုနိုင်၊ ဝေဒနာချုပ်အောင်မရှုနိုင် စိတ်ချုပ်အောင် မရှုနိုင်တဲ့ ပုဂ္ဂိုလ်သာ ဟိုဘက်မှာ သတ္တဝါအဖြစ်နဲ့ လာမယ်တဲ့ (မှန်ပါ) ဒီဘက် ချုပ်အောင် ပျောက်အောင်ရှုနိုင်တဲ့ ပုဂ္ဂိုလ် ဟိုဘက်သတ္တဝါအဖြစ်နဲ့ လာဦးမလား (မလာပါ) သဘောပါပလား (ပါပါတယ် ဘုရား)။
အဲဒါကြောင့် ယေန ရူပေန တထာဂတံ ပညာပယမာနော ပညာပေယျ-ရုပ်နဲ့ ဆိုလို့ရှိရင် သတ္တဝါဆိုတဲ့ ပညတ်ဟာ ထွက်တယ်ကွာ တဲ့ (မှန်ပါ)။
” တံ ရူပံ တထာဂတဿ ပဟီနံ ဥစ္ဆိန္နမူလံ တာလာဝတ္ထကတံ အနဘာဝံကတံ အာယတိံ အနုပ္ပါဒဓမ္မံ” တဲ့ ဒီရုပ်တွေ ပယ်ပြီးပြီ အကုန်ဆုံးအောင် ဖြစ်ပျက်ရှုခိုင်းလိုက်တဲ့အတါက် ထန်းပင်လည်ဆစ် ကျိုးသကဲ့သို့ လုပ်ပြီးပြီတဲ့၊ ဒီရုပ်မျိုးနောက်ထပ် ဘယ်တော့မှ မပေါ်တော့ဘူးတဲ့၊ နိဗ္ဗာန်ဆိုတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
”ရူပသင်္ခယ ဝိမုတ္တော” ရုပ်ခေါ်ဝေါ်ခြင်းမှ လွတ်တာဟာ နိဗ္ဗာန်ပဲတဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဝေဒနာခေါ်ဝေါ်ခြင်းမှ လွတ်တာဟာ (နိဗ္ဗာန်ပါ) သညာခေါ်ဝေါ်ခြင်းမှလွတ်တာဟာ (နိဗ္ဗာန်ပါ)။ သင်္ခါရ ခေါ်ဝေါ်ခြင်းမှ လွတ်တာဟာ (နိဗ္ဗာန်ပါ) ဝိညာဏ်ခေါ်ဝေါ်ခြင်းမှ လွတ်တာဟာ (နိဗ္ဗာန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာခေါ်ဝေါ်ခြင်းမှ လွတ်တာလဲ ပေါင်းလိုက်တော့ (နိဗ္ဗာန်ပါ ဘုရား) ရုပ်ခေါ်ရင် ဒုက္ခသစ္စာကိုးဗျ (မှန်ပါ)။
ဒါဖြင့် နိဗ္ဗာန်သည် ရုပ်ခေါ်ဝေါ်ခြင်းမှလဲလွတ်တယ် သဘောကျပလား (ကျပါပြီ ဘုရား) ဝေဒနာခေါ်ဝေါ်ခြင်းမှလဲ(လွတ်ပါတယ် ဘုရား) သညာခေါ်ဝေါ်ခြင်းမှကော (လွတ်ပါတယ် ဘုရား)၊ သင်္ခါရခေါ်ဝေါ်ခြင်းမှကော (လွတ်ပါတယ် ဘုရား)။
စိတ်ခေါ်ဝေါ်ခြင်းမှကော (လွတ်ပါတယ် ဘုရား) ဒါဖြင့် ချုံပြောကြစို့၊ ခန္ဓာခေါ်ဝေါ်ခြင်းမှကော (လွတ်ပါတယ် ဘုရား)။
ခန္ဓာငါးပါးမှ လွတ်သွားတဲ့အခါ
ခန္ဓာငါးပါး ရှိလို့ရှိရင် သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာဖြစ်သွားတယ် (မှန်ပါ) သူမရှိလို့ ခန္ဓာငါးပါးမှ လွတ်သွားတဲ့အခါကျလို့ရှိရင်ဖြင့် ခန္ဓာအဆုံးသွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့်ဒုက္ခလဲ အန္တံဖြစ်တယ်တဲ့ (မှန်ပါ)ဒုက္ခဿ၊ဒုက္ခ၏။ အန္တံ၊ ဆုံးခြင်းသည်,အဆုံးသည်။ ဟောတိ၊ ဖြစ်၏။ ဒုက္ခဆုံးသွားတယ်တဲ့ (မှန်ပါ) ဒုက္ခဆုံးတာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာပျောက်အောင် ရှုရလိမ့်မယ် (မှန်ပါ) ဒီတော့ဘုန်းကြီးနည်းပေးတာကို ခင်ဗျားတို့က လုပ်ဖြစ်အောင်လုပ်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ဖြစ်ပျက်မြင်အောင်ရှု၊ စိတ်ကို မုန်းအောင် (ရှုရပါမယ်) စိတ်ကို (ဆုံးအောင် ရှုရပါမယ်) သုံးချက်သာပေးလိုက်၊ ဒါ သူဟာ ဉာဏ်နဲ့သာ တက်သွား (မှန်ပါ)။
တက်သွားတဲ့အခါကျလို့ရှိရင်ဖြင့် ဖြစ်ပျက်မြင်အောင် ရှု၊ ဖြစ်ပျက်မုန်းအောင် (ရှုရပါမယ်) ဖြစ်ပျက်ဆုံးအောင် (ရှုရပါမယ်) စိတ်ဖြင့် စိတ်၏ဖြစ်ပျက်ပေါ့ဗျာ (မှန်ပါ) ရုပ်ဖြင့် ရုပ်၏ဖြစ်ပျက်ရှု (မှန်ပါ)။
အဲဒီကဲ့သို့ ဆုံးအောင် ရှုသွားမယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဒီဘဝတင်ပဲ ဆုံးနိုင်တာမဟုတ်လား (မှန်ပါ) ဒီခဏတွင်ကော မဆုံးနိုင်ဘူးလား (ဆုံးနိုင်ပါတယ် ဘုရား)။
ဆုံးတော့ အခုသူဆုံးနေတုန်းကို ဘာတွေရသတုံးလို့ ဆိုတဲ့အခါကျတော့ ဒုက္ခဆုံးတာတွေ့ရတယ် ပြောမှာပဲ (မှန်ပါ) သူ့ရှေ့မှာ ခန္ဓာငါးပါး မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား) တစ်ခုဆုံးတော့ အကုန်ဆုံးတာကိုး (မှန်ပါ)။
ကျုပ်ခန္ဓာအဆုံးတွေ တွေ့တယ်ဗျာ
သူ့ရှေ့ခန္ဓာငါးပါးဆုံးတော့ ဘာတွေ့သတုံးလို့ ယောဂီပုဂ္ဂိုလ်ကို မေးကြည့် (မှန်ပါ) ကျုပ်ခန္ဓာအဆုံးတွေ တွေ့တယ်ဗျာ၊ ဟာ ဒါဖြင့် နိဗ္ဗာန်တွေ့ပြီ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒုက္ခအဆုံးဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့သည် ဝိပဿနကိစ္စ ဘယ်တော့ဆုံးမှာတုံးဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ရှုနေတဲ့စိတ်ရှုရင်း စိတ်ဆုံးမှ ဝိပဿနာ ဆုံးမယ် (မှန်ပါ) ရုပ်ရှုတဲ့ပုဂ္ဂိုလ်က (ရုပ်ဆုံးမှပါ ဘုရား) ရုပ်ဆုံးမှ ဝိပဿနာ ဆုံးမယ် (မှန်ပါ)။
ဒါဖြင့် ဝိပဿနာအစ ဖြစ်ပျက်က (မှန်ပါ) ဝိပဿနာအဆုံးဟာ ဖြစ်ပျက်အဆုံးမှာနေတယ် (မှန်ပါ)။
ကဲ-ဆိုကြစမ်းပါ ဝိပဿနာအစ ဘာတဲ့ (ဖြစ်ပျက်ကပါ ဘုရား) ဝိပဿနာအဆုံးကတော့ (ဖြစ်ပျက်အဆုံးမှာပါ ဘုရား)။
အဲဒါ ကိုယ့်စိတ်ကိုယ်ရှုပါတဲ့၊ ဖြစ်ပျက်တွေ့ရင် ဝိပဿနာစပြီ၊ စလို့ရှိရင်ဖြင့် သုတဝါ အရိယသာဝကော ဖြစ်ပြီ (မှန်ပါ) ဆိုင်းဘုတ်ကို ပြောင်းသွားတာပဲ၊ မပြောင်းဘူးလား (ပြောင်းပါတယ် ဘုရား)။
ကဲ-ဝိပဿနာဆုံးသွားတဲ့အခါကျလို့ရှိရင် သုတဝါအရိယသာဝကော မဟုတ်ဘူးတဲ့၊ ကိုယ်တိုင် အရိယာ ဖြစ်သွားတာ (မှန်ပါ)။
ကိုယ်တိုင်အရိယာဖြစ်ပြီ
ဒါဖြင့် ဖြစ်ပျက်မြင်နဲ့ ဖြစ်ပျက်မုန်းခိုင်မှာ သုတဝါ အရိယသာဝကော (မှန်ပါ) ဖြစ်ပျက်ဖြင့် ဆုံးသွားပြီ ဘုရားဆိုလို့ရှိရင်ဖြင့် ကိုယ်တိုင်အရိယာဖြစ်ပြီ၊ သာဝကကို မဟုတ်တော့ဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အရိယာသာဝကနဲ့ ကိုင်တိုင်အရိယာနဲ့ဟာ မခြားနားဘူးလား (ခြားနားပါတယ် ဘုရား) ဖြစ်ပျက်မြင်လို့ ဖြစ်ပျက်မုန်းရင် (အရိယသာဝကပါ) ဖြစ်ပျက်အဆုံးမြင် လို့ရှိရင် (ကိုယ်တိုင်အရိယာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ ဘုရား)။
ကဲ-ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။