12905

မာတိကာသို့

ခန္ဓာငါးပါး ချည်တိုင်က မလွတ်နိုင်ကြပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး

အမရပူမြို့- မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားပြသဆုံးမတော်မူသော

ခန္ဓာငါးပါး ချည်တိုင်က မလွတ်နိုင်ကြပုံ

အလုပ်ပေးတရားတော်

(၁၄-၂-၅၉)

သံသရာအစဟာ အဝိဇ္ဇာက

ဒကာ ဒကာမတို့ သံသရာအစဟာ အဝိဇ္ဇာကလို့ မှတ်ထားပါ၊ သံသရာအဆုံးဟာ ဘုရားပွင့်မှဆုံးလို့ မှတ်ထားလိုက်ကြပါ (မှန်ပါ) အဲဒီတော့ ဒကာ ဒကာမတွေ သံသရာအစ အဝိဇ္ဇာက၊ သံသရာ ဘယ်တော့ စခန်းသတ်ပါ့မတုံးဆိုတော့ ဘုရားပွင့်လာမှ ဘုရားဟောတရားဓမ္မတွေ ပျံ့နှံ့ပြီး သာသနာတော် ရှိနေမှသာလျှင် သံသရာ ဆုံးကြတော့မယ်ဆိုတော့ ဒကာ ဒကာမတွေ အခုလူ ဖြစ်ပြီး သကာလ လာကြတာ၊ နောက် လူပြန်ဖြစ်တယ်ဆိုရင် သာသနာ (၂၅၀၀)လောက် ကျန်တော့တယ်၊ သာသနာ (၅၀၀၀)ပြည့်ပြီးသည့်နောက်မှ လူဖြစ်တဲ့ ပုဂ္ဂိုလ်တွေကျလို့ရှိရင်ဖြင့် ဘုရားသာသနာတော်ကြီးက ကုန်သွားလို့ သူတို့မှာ သံသရာအစရှိသော်လဲ သံသရာအဆုံး မရှိသေးဘူး (မှန်ပါ ဘုရား)။

အခုတရားနာလာကြတဲ့ ဒကာ ဒကာမတွေမှာတော့ သံသရာအစလဲ ရှိခဲ့တယ်၊ ခန္ဓာကြီးပေါက်ပွားလာတာ ထင်ရှားပါတယ်၊ သံသရာအဆုံးကတော့ ယခု ဘုရားသာသနာနဲ့ကြုံလို့ ဆရာဘုန်းကြီးများက ဘုရားရဲ့ အမွေအနှစ်တွေကို ဒကာ ဒကာမတွေအား စိန်၊ကျောက်၊မြ၊ပတ္တမြားတို့ထက် အဖိုးတန်အောင် ကြဲဖြန့်ပြီး သကာလ ပေးနေတယ် (မှန်ပါ) အဲဒါခင်ဗျားတို့ သံသရာဆုံးတဲ့ နည်းတွေကို တွေ့တာပဲ (မှန်ပါ)။

သံသရာအဆုံး ဘုရားသာသနာတော်

သံသရာအစ ဘာကပါလိမ့် (အဝိဇ္ဇာကပါ ဘုရား) သံသရာအဆုံး (ဘုရားသာသနာတော်ပါ ဘုရား) အဲ၊ခင်ဗျားတို့ မီလိုက်သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တော်သေးတယ်၊ တို့သံသရာအဆုံးနဲ့တွေ့လို့ သံသရာဆုံးဖို့ရှိသေးလို့ဆိုတာ ကိုယ့်ဟာကိုယ် အားတက်ကြပါ (မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် သံသရာဆုံးဖို့ရာ တပည့်တော်တို့ တော်သေးရဲ့၊ ဘုရားသာသနာအတွင်း လူဖြစ်ရလို့ ဟောကြားညွှန်ပြဆုံးမတဲ့ ဆရာသမားနဲ့လဲ ကြုံပြန်လို့ သံသရာဆုံးရဦးတော့မယ်၊ တပည့်တော်တို့ နောက်တုန်းက ဘယ်လိုနေခဲ့ရပါသတုံးဆိုတော့ ဒုက္ခစက်လည်နေခဲ့ရတယ် (မှန်ပါ)။

ဘဝများစွာ သံသရာက ဘယ်လိုနေခဲ့ကြရတယ်ဆိုတာ ဒကာ ဒကာမတွေ (ဒုက္ခစက်လည်နေခဲ့ရပါတယ် ဘုရား) ဒုက္ခစက်လည်နေခဲ့ရတယ်၊ တိုတိုလည်တော့ ဇာတိပိ ဒုက္ခာ၊ ပြီးတော့ ဇရာပိ ဒုက္ခာရောက်လာတယ် (မှန်ပါ) ဇရာပိဒုက္ခာပြီးတော့ ဗျာဓိပိဒုက္ခော ရောက်လာတယ် (မှန်ပါ)။

ဘယ်နှစ်ခုရှိသွားသတုံး (လေးခုရှိသွားပါတယ် ဘုရား) မရဏမ္ပိ ဒုက္ခံပြီးတော့ ဇာတိပိဒုက္ခာ ပြန်ပြီး လှည့်တယ် (မှန်ပါ) အဲဒါ သံသရာပဲ (မှန်ပါ)။

ဇာတိက ဘယ်ရောက်သတုံး (ဇရာရောက်ပါတယ် ဘုရား) ဇရာက ဘယ်ရောက်သတုံး (ဗျာဓိရောက်ပါတယ်) ဗျာဓိရောက်ပါတယ်ယ) ဗျာဓိက (မရဏရောက်ပါတယ်) မရဏက ပြန်လှည့်လိုက်စမ်း (ဇာတိပြန်ရောက်ပါတယ် ဘုရား)။

ဒီလိုပဲဆိုတော့ ဪ-တပည့်တော်တို့ နောက်တုန်းက နေခဲ့ပုံကဖြင့် တိုတိုတော့ ဒါပဲလို့ မှတ်လိုက်တာပေါ့ (မှန်ပါ) ဇာတိဒုက္ခပြီးတော့ ဇရာဒုက္ခ၊ ဇရာဒုက္ခပြီးတော့ ဗျာဓိဒုက္ခ၊ ဗျာဓိဒုက္ခပြီးတော့ မရဏဒုက္ခ၊ ပြီးတော့ ဘယ်ပြန်လှည့်ရသတုံး (ဇာတိကူးရပါတယ် ဘုရား)။

ခန္ဓာငါးပါးနဲ့နေ ခန္ဓာငါးပါးနဲ့သေတာပဲ

ဒကာ ဒကာမတို့ နောက်တုန်းကနေခဲ့ရတာဖြင့် ခန္ဓာငါးပါးနဲ့နေ ခန္ဓာငါးပါးနဲ့သေတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါးနဲ့နေ ခန္ဓာငါးပါးနဲ့သေတာပဲဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာငါးပါးနဲ့ခွဲရတဲ့ဘဝရှိသလား (မရှိပါ ဘုရား) ဒါဖြင့် ဒုက္ခသစ္စာနဲ့ ဘယ်တော့မှ မခွဲခဲ့ရဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားပွင့်မှ သံသရာဆုံးတယ်ဆိုတော့ ဒုက္ခသစ္စာနဲ့ ခွဲရတော့မယ်ဆိုတာ ဒကာဒကာမတို့ ဝမ်းသာကြပါ (မှန်ပါ ဘုရား) ဘာနဲ့ခွဲရမှာတုံး (ဒုက္ခသစ္စာနဲ့ ခွဲရတော့မှာပါ ဘုရား)။

ဘုရားပွင့်လာပြီး သာသနာတော်ကြီးနဲ့ ကြုံကြိုက်လို့ တရားနာရတဲ့အတွက် ခင်ဗျားတို့ ဒုက္ခသစ္စာနဲ့ အိုးစားကွဲရတော့မယ်ဆိုတာ ဒကာ ဒကာမတို့ သဘောကျပလား (ကျပါပြီ ဘုရား) နောက်တုန်းကတော့ ဒုက္ခသစ္စာ စက်ရဟတ်ကြီးသာ လည်နေခဲ့တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီလည်မှု ဒုက္ခမှုတွေဟာ ဘုရားပွင့်တဲ့သာသနာ ဆရာကောင်း သမားကောင်းနဲ့ ကြုံတဲ့အခါ ဆုံးမပေးတော့မယ်ဆိုတော့ ဪ-တို့သည် ဘယ်သူနဲ့ခွဲရမှာပါလိမ့်မလဲဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဘာနဲ့ခွဲရမှာတုံး (ဒုက္ခနဲ့ခွဲရမှာပါ ဘုရား)။

အဲ-ဒုက္ခသစ္စာနဲ့ ခွဲရမှာတော့ ခင်ဗျားတို့ ဝမ်းမြောက်ဖို့ သိပ်ကောင်းတယ် (ကောင်းပါတယ် ဘုရား) ဒုက္ခသစ္စာနဲ့ခွဲရတော့ ဪ-ဒုက္ခသစ္စာပွဲ တို့ရောက်တာကိုး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်သံသရာလုံးမှာတော့ ဒုက္ခသစ္စာပွဲတွေချည်း လှည့်နွှဲနေရတယ် (မှန်ပါ) ဇာတိပွဲကြီးထဲများ၊ အမိဝမ်းခေါင်းထဲ အောင်းနေလိုက်တာများ၊ ဒုက္ခပင်လယ်ဝေလို့ပေါ့ဗျာ (မှန်ပါ)။

ထွက်လာပြီးတဲ့အခါကျတော့ ဘာမှမကြာသေးဘူး၊ ဇရာဒုက္ခပွဲကြီးထဲမှာများ တစ်ခါတည်း အားလုံးပဲ နွှဲနေလိုက်ကြတာ၊ ဇရာပွဲကြီးနော် (မှန်ပါ)။

မရဏပွဲကြီးကျပြန်တော့

နောက်ကျတော့ မကြာလှပါဘူး၊ ဘယ်နှယ့်နေသတုံး၊ ဘယ်တော့သေမှာတုံး၊ အဓိပ္ပာယ်နဲ့မေးတဲ့ လူတွေ တစ်ပြုံကြီး ဗျာဓိပွဲကြီးကလေ (မှန်ပါ) နောက် မရဏပွဲကြီးကျပြန်တော့လဲ ရွာကနေပြီး မောင်းထုတ်လိုက်တဲ့ပွဲကြီးကလဲ မြို့ကနေ မောင်းထုတ်လိုက်လို့ ရက်တိုတိုနဲ့ သိမ်းပါဆိုလို့ မရဏပွဲကြီးကလဲ နွှဲခဲ့ကြပြီ (မှန်ပါ) ဘယ်ပွဲများ ပွဲကောင်းတွေ့ခဲ့ကြသတုံး (မတွေ့ပါ ဘုရား)။

စဉ်းစားစမ်းပါဦး ဒကာ ဒကာမတို့ ပွဲကောင်းကလေးများတွေ့ခဲ့သေးရင် ပြန်ကြည့်သေးတာပေါ့ဗျာ (မတွေ့ပါ ဘုရား)။ ဦးခင်မောင် ပွဲကောင်းများတွေ့ခဲ့သေးသလား (မတွေ့ပါ ဘုရား)။

ဇာတိပွဲဆိုတာကလည်း အငတ်ပွဲ၊ ဇရာပွဲက အရိုက်ခံပွဲ (မှန်ပါ ဘုရား) ဇရာပွဲဆိုတာက ခုနက တေဇောတွေ ရိုက်လွန်းလို့ တစ်ခါတည်း မျက်စိမှုန် နားထိုင်း သွားကျိုး ဒါက အရိုက်ခံပွဲ (မှန်ပါ)။

ဗျာဓိပွဲဆိုတာက ဒကာ ဒကာမတို့ ဗျာဓိပွဲသည်ကားလို့ဆိုရင်ဖြင့် လူဝိုင်းပြီး သကာလ မကြည့်ချင်တဲ့ပွဲ (မှန်ပါ) ဒီပွဲတော့ နွှဲချင်သေးသလား (မနွှဲချင်ပါ ဘုရား) မတတ်သာလို့သာမေးကြတာနော် ကြည်ကြည်ညိုညိုနဲ့ ရှိခိုးမလို့ လာတာမဟုတ်ဘူး (မှန်ပါ)။

ခင်ဗျားတို့ ဗျာဓိဖြစ်တဲ့အခါမှာလေ ဘယ့်နှယ် နေသတုံးဟေ့ သွားကြည့်ကြဦးစို့ဟေ့၊ဒီတောင်ကတက်မှာ တက်ပါ့မလားဟေ့၊ မကောင်းဘူး သွားမမေးရင် (မှန်ပါ ဘုရား) ကောင်းလို့လာတဲ့ပုဂ္ဂိုလ်များ ရှိပါရဲ့လား (မရှိပါ ဘုရား)။

မကောင်းဘူးကွာ-တဲ့၊ သွားမမေးလို့ရှိရင် ကဲ-ဒါဖြင့် မကောင်းဘူးကွာ ဆိုကတည်းက သူတို့ လာကြတာဟာ ကောင်းလို့လာကြတာလား၊ မကောင်းလို့ လာကြတာလား (မကောင်းလို့ လာတာပါ ဘုရား) ဒါဖြင့် ဗျာဓိပေါ့ဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီပွဲကြီးကော ခင်ဗျားတို့ ဘယ်နှစ်ကြိမ် နွှဲပြီးပတုံး (မရေတွက်နိုင်ပါ ဘုရား) ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ကောင်းပြီ၊ နောက် ဗျာဓိပွဲပြီးတဲ့အခါကျတော့ မရဏပွဲကြီးတစ်ခါ နွှဲရပြန်တယ်၊ သေပွဲကြီးကို မနွှဲရဘူးလား (နွှဲရပါတယ် ဘုရား)။

မောင်းထုတ်တဲ့ပွဲကိုးဗျ

အဲဒီအခါကျတော့ ရွာကမောင်းထုတ် မြို့က မောင်းထုတ်တဲ့ပွဲကိုးဗျ (မှန်ပါ) ဒီပွဲ တယ်ကျက်သရေရှိရဲ့လား (မရှိပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

လိုက်ပို့တဲ့ပုဂ္ဂိုလ်တွေ ကြည့်ပြန်လို့ရှိရင် ဘယ်လိုပုဂ္ဂိုလ်တွေလဲလို့မေးလို့ရှိရင် မျက်နှာညှိုးညှိုး ငယ်ငယ်လေးနဲ့ တံတွေးထွေးလိုက်တဲ့သူက များများပဲ (မှန်ပါ)။

မျက်နှာညှိုးငယ်တာတွေက ဆွေမျိုးဉာတကာက တံတွေးထွေးလိုက်တာာက ပုပ်လွန်းညှီလွန်းလို့၊ နောက်က လူတွေ မတတ်သာလို့ လိုက်လာတဲ့လူတွေ (မှန်ပါ) ဒီလို ပုဂ္ဂိုလ်တွေချည်း စုမနေဘူးလား (စုနေပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ အဲဒီပွဲကဖြင့် အငတ်ပွဲရယ်၊ အရိုက်ခံပွဲရယ်၊ မတတ်သာလို့ လာကြည့် ရတဲ့ပွဲရယ်၊ နောက်ကျတော့ မောင်းထုတ်ရတဲ့ပွဲရယ်၊ ဘယ်ပွဲကို ခင်ဗျားတို့ လွမ်းစရာကောင်းသတုံး (ဘယ်ပွဲမှ လွမ်းစရာ မကောင်းပါ ဘုရား)။

လွမ်းစရာမကောင်းပေမယ့် ခင်ဗျားတို့က ဒီပွဲချည်း ထပ်ခင်းလေ့ရှိတယ် (မှန်ပါ) ဒီပွဲချည်း ထပ်ခင်းလေ့ရှိတယ်ဆိုတော့ ခင်ဗျားတို့သည်ကားလို့ဆိုရင် ဒီပွဲကို ကြိုက်လို့ပေါ့ (မှန်ပါ)။

ခင်ဗျားတို့ကသာ မကောင်းဘူးပြောနေတာ၊ ဒီပွဲကိုကြိုက်နေတဲ့ပုဂ္ဂိုလ် ဒီအထဲမှာ အကုန်ပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီပွဲကို ကြိုက်တယ် မကြိုက်တယ် ခင်ဗျားတို့ ဟိုဆုတောင်း ဒီဆုတောင်းတာတွေသာ ကြည့်ပေတော့ (မှန်ပါ) ဒီပွဲကြိုက်လို့လား မကြိုက်လို့လား (ကြိုက်လို့ပါ ဘုရား)။

ရူးလိုက်တဲ့ဖြစ်ခြင်း

လူချမ်းသာ နတ်ချမ်းသာ ဖြစ်ရပါလို၏ဆိုတာ စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့၊ ဒီပွဲထပ်နွှဲချင်တာလား၊ မနွှဲချင်တာလား (နွှဲချင်တာပါ ဘုရား) ရူးလိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့ (မှန်ပါ) ဦးဘသွင် သွက်သွက်ခါနေပြီဗျ။

ဒကာ ဒကာမတို့ ဘယ့်နှယ်များ ဖြစ်နေကြသတုံး (သွက်သွက်ခါနေပါတယ်) သိပလား ကိုယ့်ဟာကိုယ် သွက်သွက်ခါတာ (သိပါပြီ ဘုရား)။

တော်-တော်သေးတယ်ဗျာ အခုသိလာလို့ (မှန်ပါ) သွက်သွက်ခါတာကိုပင် မသိတာတွေက ရှိသေးတယ်၊ မရှိကြဘူးလား (ရှိပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် နောက်ကနွှဲခဲ့တဲ့လေးပွဲကို ဘယ်ပွဲ ကြိုက်ခဲ့သတုံး (ဘယ်ပွဲမှ မကြိုက်ပါ ဘုရား) ဒါဖြင့် နောက်ထပ် လူချမ်းသာ နတ်ချမ်းသာ လိုချင်တဲ့ ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ ဒီပွဲလေးပွဲကိုဖြင့် ကိုယ်တိုင်နွှဲချင်လို့ (မှန်ပါ) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)

အဲဒီ ပုဂ္ဂိုလ်စဉ်းစားကြည့်ပါ၊ ဒီပွဲတွေကို ပွဲကောင်းထင်နေလို့ နွှဲချင်တာပေါ့ (မှန်ပါ) ဒီပွဲလေးပွဲဟာ သူကိုယ်တိုင်ခံခဲ့ရတဲ့ပွဲ၊ ပွဲကောင်းတစ်ခုပါရဲ့လား (မပါပါ ဘုရား)။

သစ္စာသိတဲ့ပုဂ္ဂိုလ်ဟာ ပွဲကောင်းတစ်ခုမှမပါဘူး၊ သစ္စာမသိနားမလည်တော့ နောက်ပွဲတွေနွှဲချင်လို့ ဆုတောင်းတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါဟာ သစ္စာမသိလို့ နောက်ပွဲခံတာပေါ့ဗျ (မှန်ပါ)။

နောက်ပွဲခံချင်တဲ့ ပုဂ္ဂိုလ်

နောက်ပွဲခံချင်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ့်နှယ်ကြောင့် နောက်ပွဲခံချင်ပါလိမ့်မတုံး ဆိုတော့ ယခုလေးပါးကော သစ္စာမသိလို့ (မှန်ပါ)။

ဇာတိပိ ဒုက္ခာကိုလဲ မသိဘူး၊ ဇရာပိ ဒုက္ခာကိုရော (မသိပါ ဘုရား) ဗျာဓိပိ ဒုက္ခောကိုရော (မသိပါ ဘုရား) မရဏမ္ပိ ဒုက္ခံကိုကော (မသိပါ ဘုရား) ဒါ့ကြောင့် နွှဲချင်တာကိုး၊ ဒါ့ကြောင့် နွှဲချင်တာ ဒကာ ဒကာမတို့၊ အနာဂတ်ပွဲတွေ နွှဲချင်တာ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီသစ္စာလေးချက် သိသေးရဲ့လား (မသိပါ ဘုရား) ဒီဒုက္ခသစ္စာလေးချက် တိုတိုလေးချက်ကို သိသေးရဲ့လား (မသိပါ ဘုရား) မသိတော့ သူဟာ ဘယ်ပွဲနွှဲချင်သတုံး (အနာဂတ်ပွဲနွှဲချင်ပါတယ် ဘုရား) အနာဂတ် ဒီလေးပွဲလာမယ်ဆိုတာကော သူသိသေးရဲ့လား (မသိပါ ဘုရား)။

ဪ-ဒါကြောင့် အဝိဇ္ဇာသည်ကားလို့ဆိုရင် အတိတ်လဲမသိ၊ ပစ္စုပ္ပန်လဲမသိ၊ အနာဂတ်လဲမသိဆိုတာ ပေါ်ရောပေါ့ (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြိးက ဟောတော်မူတယ်၊ သစ္စာမသိတဲ့ ဖြစ်ထွေကဖြင့် ကိုယ့်ပွဲကိုယ်ခံတာတောင်မှ အကောင်းအဆိုး ရွေးတတ်တဲ့သူမပါပါဘူး၊ ကိုယ့်ပွဲ ကိုယ်ခံတာပဲ အကောင်းအဆိုးသိရဲ့လား (မသိပါ ဘုရား)။

ဒါ့ကြောင့် နောက်ထပ်ခံချင်တာပေါ့ဗျ (မှန်ပါ) သူတစ်ပါး တံတွေးထွေးတဲ့ပွဲလဲ ပွဲကောင်းမှတ်နေကြတာပဲ၊ သူတစ်ပါး နှာခေါင်းရှုံ့တဲ့ပွဲတွေကော (ပွဲကောင်းမှတ်ပါတယ်) ဒါကြောင့် နောက်ထပ် ခံချင်တာပေါ့ဗျ (မှန်ပါ)။

သူတစ်ပါးတံတွေးထွေးတဲ့ပွဲ

သူတစ်ပါးက လူမမာ လာမေးတယ်ဆိုရင် ထွီ-ထွမ်-နဲ့ အိမ်ရှင်ရှေ့မှာသာ မထွေးတာကိုးဗျ (မှန်ပါ) အပြင်ဘက်ကျတော့ ထွေးသွားကြတာပဲ (မှန်ပါ) မထွေးကြဘူးလား (ထွေးပါတယ် ဘုရား) ဒါသည်ကားလို့ဆိုရင် သူတစ်ပါးတံတွေးထွေးတဲ့ပွဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

မသာလိုက်ပို့ပြန်လဲ နံလိုက်တာ စော်လိုက်တာတဲ့၊ တစ်ခါတည်း အဝေးက သစ်ပင်အောက်မှာပဲ ဟိုထိုင်ဒီထိုင် မသာခေါင်းနားနီးမှာကို စိုးရိမ်လွန်းလို့လေ အောက်ဆိုရင် လုံးဝမလာ၊ ဒီလိုမနေကြဘူးလား (နေကြပါတယ်) ဒီဥစ္စာကလဲ ဒကာ ဒကာမတို့ သူတစ်ပါးမောင်းထုတ်တဲ့ပွဲ မဟုတ်လား (မှန်ပါ) အဲဒါ ကိုယ်ခံတဲ့ပွဲဗျ (မှန်ပါ)။

အဲဒီကိုယ်ခံတဲ့ပွဲကို ဒကာ ဒကာမတွေကလဲ ကိုယ်မသိဘူး (မှန်ပါ) ငါ့ကို တံတွေးထွေးတဲ့ပွဲ၊ ငါ့ကို မောင်းထုတ်တဲ့ပွဲလို့ သူမသိဘူး၊ နောက် ဒီပွဲခံဦးမယ်၊ ဒါပဲ သိတယ် (မှန်ပါ) ဘယ်လောက်များ ရူးချက်သန်သတုံး (သန်ပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဦးဇံရင်တို့ နောက်ထပ် ဒီပွဲမျိုးခံချင်သေးသလား (မခံချင်ပါ ဘုရား) ဒီအထဲ ဒီပွဲမျိုးတွေ့ချင်တဲ့ ဒကာ ဒကာမတွေ ပါသေးသလား (မပါပါ ဘုရား) ဟုတ်ကြရဲ့လား၊ ခင်ဗျားတို့ ဒီပွဲကဖြင့် ကိုယ်တိုင် နွှဲကတည်းက ဘယ်သူမှ မကြည်ညိုတဲ့ပွဲ (မှန်ပါ)။

ပဋိသန္ဓေနေတုန်းကလဲ

ပဋိသန္ဓေနေတုန်းကလဲ ဒကာ ဒကာမတို့ အမိဝမ်းခေါင်းထဲ နေစဉ်အခါတုန်းကလဲ ငတ်လိုက်တာ လွန်နေတာပဲ၊ ဘယ်သူက လာကျွေးသတုံး (မကျွေးပါ ဘုရား) ကိုးလခွဲဆယ်လနေရတာ ဝဋ်ကောင်မို့မသေတာ(မှန်ပါ) အဲဒီဝဋ်ကော ခင်ဗျားတို့ တွေ့ချင်သေးသလား (မတွေ့ချင်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အပြင်ဘက်ကျတော့လဲ တစ်နေ့တစ်ခြား အသားအရေတွေရင့်ပြီး နေပူ-လေပူတွေနဲ့အတွင်း တေဇောတွေက ရိုက်နှက်ပြီး ထုတ်လိုက်တာ တစ်ခါတည်းသေနိမိတ်တွေ ပြလောက်အောင် အိုပွဲကြီး ဖြစ်လာတယ် (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီအိုပွဲကြီးဟာ အရိုက်ခံပွဲကြီး၊ သူများ တွေ့ရတာလား၊ ကိုယ်တွေ့ရတာလား (ကိုယ်တွေ့ရတာပါ ဘုရား) ဒါတောင်ထပ်ပြီး ဆုတောင်းသေးတယ်၊ နောက်ဘဝ လူဖြစ်ရပါလို၏တဲ့၊ အရိုက်ခံရပါလို၏ဆိုတဲ့ အဓိပ္ပာယ်ကကော ပါသေးသလား (ပါပါတယ် ဘုရား)။

အရိုက်ခံရတာ ပါ-မပါ (ပါ-ပါတယ် ဘုရား) ဒီဘဝလဲ အရိုက်ခံရတယ်ဆိုတာ အပြင်တေဇော အတွင်း တေဇောတွေက လောင်မှု ရိုက်မှုတွေပေါ့ဗျာ၊ ဟုတ်လား (မှန်ပါ) အဲဒါတွေ ဖြစ်လာတဲ့အခါကျတော့ အိုမှုကြီး ဖြစ်မလာသေးဘူးလား (ဖြစ်လာပါတယ် ဘုရား) ဒါဖြင့် ဒီပွဲ ဘာပွဲဆိုကြမလဲ (အရိုက်ခံရတဲ့ပွဲပါ ဘုရား)။

ဒါဖြင့် နောက်ဘဝ လူဖြစ်ရပါလို၏ တောင့်တတဲ့ပုဂ္ဂိုလ်သည် အခု အရိုက်ခံရတာ မကျေနပ်သေး လို့ပေါ့ဗျာ (မှန်ပါ ဘုရား)။

နောက်ထပ် ဆုတောင်းရင်တော့ အ,လို့ပဲ

အားလုံး ဒကာ ဒကာမတွေ သဘောပါကြပလား (ပါပါပြီ ဘုရား) ရူး/မရူးကော သိပလား (သိပါပြီ ဘုရား) ထူ မထူကော (သိပါပြီ ဘုရား) အ,မအ ကော (သိပါပြီ ဘုရား) နောက်ထပ် ဆုတောင်းရင်တော့ အ,လို့ပဲ၊ ထူလို့ပဲ, ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခု အရိုက်ခံရတဲ့ပွဲသည် ဒကာ ဒကာမတို့ ခံရဆဲပဲ မဟုတ်လား (မှန်ပါ)။

အဲဒီခံရဆဲမှာ နောက်ဘဝလူဖြစ်ရပါလို၏လို့ ခင်ဗျားတို့ တောင်းကြဦးမယ်ဆိုလို့ရှိရင် တယ်အရိုက်က ခံချင်တဲ့ဥစ္စာ လောဘကြီးသကိုးလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

နာပွဲတွေ တွေ့ပြန်လဲ သူတစ်ပါးက တံတွေးထွေးတဲ့ပွဲ (မှန်ပါ) ကြည့်မကောင်းတဲ့ပွဲ ကိုယ့်အဝတ်မှ ကိုယ်မဝတ်နိုင်တဲ့ပွဲ ခင်းပြန်ပြီ (မှန်ပါ ဘုရား) မခင်းဘူးလား (ခင်းပါတယ် ဘုရား)။

စောင်ကလေးတွေ ဘာကလေးတွေ သူများခံပေးမှ အဝတ်ကလေးတွေ သူများဝတ်ပေးမှ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

နေပင်နေငြားသော်လဲ ဒီပွဲက ကိုယ်က ရှက်ရဲ့လား (မရှက်ပါ ဘုရား) အံမာလေး မျက်နှာရှိရင် မျက်နှာရှိ လူမမာများ လုပ်ချင်သေးတယ်၊ ဒီလိုမှတ်နေတာဗျ၊ ခက်လိုက်တာ မျက်နှာရှိ လူမမာမှတ်နေတာ (မှန်ပါ)။

ဒီလိုများ မမာရရင် ကျုပ်တို့တောင် မမာချင်သေးတယ်လို့ ခင်ဗျားတို့ ဒါလောက်ထိအောင် ခွကျနေတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာမသိတာ မလွန်လွန်းဘူးလား

သစ္စာမသိတာ ပြောပါတယ် (မှန်ပါ) သစ္စာမသိတာ မလွန်လွန်းဘူးလား (လွန်လွန်းပါတယ် ဘုရား) ကဲ-သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီပွဲဟာ ကိုယ်တိုင်တွေ့ရမလား၊ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား) မတွေ့သေးတဲ့ ပုဂ္ဂိုလ်လဲ မတွေ့ဘဲ မပြီးဘူး၊ တွေ့ရမှာပဲ၊ တွေ့ပြီးသား ပုဂ္ဂိုလ်လဲ တွေ့ပြီးပြီပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါတွေ့လိုက်မတ်တတ်နဲ့ ငါ့အတွက် နောက်ဘဝ ကောင်းအောင် ဒီမှာ ငါစုထားတဲ့ ပစ္စည်းကလေး ရှိပါတယ်၊ ဒါကလေး နောက်ဘဝကောင်းအောင် ငါ့အတွက် ကုသိုလ်လုပ်ပေးစမ်းပါတဲ့၊ နောက်ဘဝ ကောင်းအောင်ပဲ ပါသေးသဗျ (မှန်ပါ ဘုရား)။

အခုလဲ မကောင်းပွဲခံနေသေးတယ်။ မကောင်းပွဲခံနေလျက်နဲ့ နောက်ဘဝကောင်းအောင်လို့ သူ့စိတ်မှာ လာပြန်သေးတယ် (မှန်ပါ)။

ဒီတော့ ဆွေတွေမျိုးတွေဟာ မသေခင် သူလှူသွားတာ ကောင်းပါတယ်၊ သူသေမှ လှူတာ သူရချင်မှရမှာ၊ အဘွားကျုပ်တို့လုပ်မယ်၊ အဘိုးကျုပ်တို့လှူပေးမယ်၊ ဆုသာတောင်းအစရှိသည်နဲ့ဆိုတော့ ဒီဘဝ တံတွေးထွေးခံရတာ တင်းမတိမ်နဲ့တဲ့ (မှန်ပါ့ ဘုရား) ပြောရာမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

စုံလုံးကန်းက ပြောနေတာ

ဘေးပုဂ္ဂိုလ်ကလဲ မသိတော့ မစိုးရိမ်နဲ့၊ ဒီဘဝအတွက် အသေကောင်း ကိုယ့်ဟာကိုယ်လှူသွားရတာ သာဟတ္ထိကဒါနဖြစ်တယ်၊ နောက်ဘဝကျလို့ရှိရင် ဘယ်နည်းနဲ့မှ ဒီလိုဟာမျိုးကြုံရမည် မဟုတ်ဘူးတဲ့၊ ဘေးကလဲ ပြောလျက်ပဲဗျ (မှန်ပါ) ဘေးကပြောနေတဲ့ ပုဂ္ဂိုလ်ကလဲ စုံလုံးကန်းက ပြောနေတာကိုးဗျ (မှန်ပါ)။

စုံလုံးကန်းကပြောနေတယ်ဆိုတော့ ခင်ဗျားတို့က မနာနဲ့နော် (မနာပါ ဘုရား) ပြောတဲ့ပုဂ္ဂိုလ်ကလဲ ဒါလောက်ပဲ ပြောတတ်တယ် (မှန်ပါ)။

ကဲ-ဒီဘဝက ဒီတောင်ကလဲ တက်အောင်ပေါ့လေ ဒီတောင်မတက်တောင် နောက်ဘဝဒီအဖြစ်မျိုးကို ထပ်ပြီး သကာလ ကြုံရအောင်တဲ့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ဒါကလဲ သူပြောတာ မလွဲတော့ဘူးဗျ (မှန်ပါ့ ဘုရား) အမှန်တည့်တည့်ပြောရရင် နောက်ဘဝလဲ ဒီဗျာဓိဒုက္ခမျိုး ကြုံရအောင် လုပ်သာလုပ်ပြောတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) အမှန်ဟောရင်လေ ဒီအဓိပ္ပာယ်ကျတယ်မဟုတ်လား (မှန်ပါ)။

ခင်ဗျားတို့ကလဲ ဒီလို ဘဝကောင်းစားရေးဆိုတာတွေ ဘာတွေပါမှ နားထဲမှာလဲ စူးတာကိုးဗျ (မှန်ပါ) ဒီနားမှာလဲ အဘွားရှိတဲ့ပစ္စည်း အဘိုးရှိတဲ့ပစ္စည်းကို နောက်ဘဝ အဘွားအန္တရာယ်ကင်းလို့ ဘေးရှင်းအောင် ရောက်ရာမှာလဲ ချမ်းသာအောင် ကျွန်မတို့ ကျွန်တော်တို့ လှူပေးမယ်ဆိုတော့ လူမမာကလဲ ကျေနပ်တယ်၊ ဘေးပြောတဲ့လူကလဲ သစ္စာမမြင်တော့ သူကလဲ ဒုက္ခသစ္စာရဖို့ ပြောထားတယ် (မှန်ပါ)။

ပြောတဲ့ ပုဂ္ဂိုလ်ကလဲ အလွဲပဲ

အဲ-ပြောတဲ့ ပုဂ္ဂိုလ်ကလဲ အလွဲပဲ (လွဲပါတယ် ဘုရား) ကြိုက်တဲ့ပုဂ္ဂိုလ်ကလဲ အလွဲပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကြိုက်တဲ့ပုဂ္ဂိုလ်က (အလွဲပါ ဘုရား) ဟောတဲ့ ပုဂ္ဂိုလ်ကလဲ (အလွဲပါ ဘုရား) ဪ-လူနှစ်ယောက်တော့ ကျုပ်ရှင်းပြမယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတဲ့ဥပမာလဲပြောပါ့မယ်၊ မျောက်ဆိုတာ ဒကာ ဒကာမတို့ အောက်ကျပြီးတော့ သစ်ကိုင်းကလေးတစ်ကိုင်းတော့ ပါခဲ့ရတယ်၊ အဲဒီ သစ်ကိုင်းကလေးမှ မပါဘူးဆိုရင် ဒီမျောက်ဖျင်းတယ်ဆိုပြီး မျောက်အသင်းအပင်းက ပယ်ချလိုက်တယ်၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

မခိုင်လို့ကျိုးတာ အရေးမကြီးဘူး၊ မမိလို့ဆိုပြီး မျောက်အသင်းအပင်းတွေ ပယ်ချကြတယ် (မှန်ပါ)။

ဒါကြောင့် ခင်ဗျားတို့စကားထဲမှာ မျောက် သစ်ကိုင်းလွတ် မျောက်သစ်ကိုင်းလွတ်လို့ မလာဘူးလား (လာပါတယ် ဘုရား) အဲဒါ မျောက်ဖျင်း၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မျောက်ဆိုတာ ဘယ်ပဲ ခုန်လိုက် ခုန်လိုက် မိအောင်တော့ ခုန်ရမယ် (မှန်ပါ) ခုန်တော့ ဟိုက မခိုင်လို့ ကျိုးကျရင် သူ့လက်တွင်းထဲမှာ သစ်ကိုင်းပါလို့ရှိရင် မျောက်အစွမ်းကိစ္စ မရှိဘူး (မှန်ပါ) သစ်ပင်က ကျိုးတာ၊ သူက လုံ့လဝီရိယ မလျှော့ဘူး၊ သစ်ကိုင်းပါလာတယ်ပေါ့ဗျာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အကယ်၍ သစ်ကိုင်းမှ မပါလာလို့ရှိရင် မျောက်ဝိုင်းက ပယ်တယ် (မှန်ပါ) မျောက်သစ်ကိုင်းလွတ်ဆိုတာကစပြီး ရှင်းနေရတာကို တရားမဟောရသေးဘူးနော် (မှန်ပါ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် ခုနက ဘေးကပြောတဲ့ပုဂ္ဂိုလ်ကလဲ အဘွားတို့ အဘိုးတို့ ကောင်းစားအောင် ရှိတုန်းပဲ လုပ်ပေးမယ်၊ ကောင်းစားအောင်ပေါ့လေ၊ ဟုတ်လား (မှန်ပါ) လူမမာကလဲ ကောင်းစားလိမ့်မယ်ပဲ ထင် မထင် (ထင်ပါတယ် ဘုရား)။

မျောက်သစ်ကိုင်းလွတ် နှစ်ယောက်

ဟာ-မျောက်သစ်ကိုင်းလွတ် နှစ်ယောက်ပဲ၊ သစ္စာ တစ်ယောက်မှ မသိဘူး (မှန်ပါ) သိသေးရဲ့လား(မသိပါ) နာတဲ့ပုဂ္ဂိုလ်ကကော(မသိပါ) ပြောတဲ့ပုဂ္ဂိုလ်ကကော (မသိပါ ဘုရား)။

ဒါဖြင့် ပြောတဲ့ပုဂ္ဂိုလ်က အလွဲ၊ နာတဲ့ပုဂ္ဂိုလ်က ယောင်ဝါးဝါး (မှန်ပါ) ဘယ်ဟာကောင်းသေးသတုံး၊ ဒကာ ဒကာမတို့ (ဘယ်ဟာမှ မကောင်းပါ ဘုရား) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အခုထက်ထိ ရှိသေးတယ် ဒါမျိုးတွေ (မှန်ပါ) အခုထက်ထိရှိ မရှိ (ရှိပါတယ် ဘုရား) ရှိတယ်၊ ခင်ဗျားတို့တောင် ခေါင်းဆောင်တွေ ထင်တာပဲ၊ ဟောတဲ့အထဲမှာ ဦးဘတင် ဒီအထဲမှာ မပါဘူးလို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား)။

အင်း-အသက်ရှိတုန်းလုပ်ထားခဲ့ဆိုပြီးတော့ ဒီအထဲပါသေးတယ်ဗျ၊ ဦးဘတင် (ပါပါတယ် ဘုရား) လူတိုင်းပဲ လူတိုင်းပဲ။

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ မျောက်သစ်ကိုင်းလွတ် နှစ်ယောက် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) မျောက် သစ်ကိုင်းလွတ်ဆိုတာ ဘုရားက ဟောတော်မူတယ်၊ မျောက်နှစ်ကောင် သစ်ပင်ပေါ်မှာ ရန်ဖြစ်ကြတယ် (မှန်ပါ) မျောက်နှစ်ကောင် သစ်ပင်ပေါ်မှာ ရန်ဖြစ်တယ်ဆိုတော့ ဒေါသမကြိးပေဘူးလား (ကြီးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ မျောက်ဆိုတာ သစ်ကိုင်းလွတ်ရင် အောက်ကျဖို့ပဲ၊ သို့သော် ဒေါသကြီးတဲ့အခါကျတော့ ခြေကလဲ သစ်ကိုင်းမဆွဲမိ၊ လက်ကလဲ သစ်ကိုင်း မဆွဲမိ၊ နှစ်ကောင် လုံးထွေးပြီး သကာလ အောက်သို့ မကျပေဘူးလား (ကျပါတယ် ဘုရား)။

ဘာဖြစ်လို့ ကျသတုံး (ဒေါသကြောင့် ကျပါတယ် ဘုရား) လက်ကလဲ ကိုင်မိသေးရဲ့လား (မကိုင်မိပါ ဘုရား) ခြေထောက်ကလဲ ချိတ်မိသေးရဲ့လား (မချိတ်မိပါ ဘုရား)။

ဘာကြောင့်တုံး (ဒေါသဖြစ်နေကြလို့ပါ) တစ်ကောင်တည်းကျသလား၊ နှစ်ကောင်ကျလား (နှစ်ကောင်စလုံးကျပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဘုရားဟောတာပါ၊ ဘုန်းကြီး ကြံဖန်ပြောတာ မဟုတ်ပါဘူး (မှန်ပါ)။

အဲ-ခုနကပြောတဲ့ လူမမာနားမှာနေတဲ့ ပုဂ္ဂိုလ်ရော လူမမာရောတော့ သေချာပြီဗျ၊ ဒုက္ခဝဋ်ကြီးထဲလည်ဖို့ ကျဖို့တော့ (မှန်ပါ) မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။

ဟိုကလဲ နောက်ဘဝ အအို အနာ အသေရအောင် ဆုတောင်းပေးမယ် ဟုတ်လား၊ ဒီကလဲ လုပ်ပေးစမ်းပါ သဘောတူ မတူ (တူပါတယ် ဘုရား) နှစ်ယောက်စလုံး သစ္စာဉာဏ်လွတ်မနေဘူးလား (လွတ်နေပါတယ် ဘုရား) အဲ-သစ္စာလို့ရှိရင် အပါယ်ဆင်းရဲ၊ သံသရာဆင်းရဲတွေက မလွတ်နိုင်သေးဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သုဂတိကို ခဏတော့ ရောက်မယ်

တစ်ယောက်တည်း သွားရမှာလား (နှစ်ယောက်စလုံး သွားရမှာပါ ဘုရား) သုဂတိကို ခဏတော့ ရောက်မယ်၊ ဒကာ ဒကာမတို့၊ သုဂတိအရှိန်အဟုန်ကုန်တော့ နောက် ဘာဖြစ်မယ် ထင်ကြသတုံး (အပါယ်ပြန်ကျမှာပါ ဘုရား) အပါယ်ပြန်ကျမယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာဖြစ်လို့တုံး မျောက်-သစ်ကိုင်းလွတ် ဖြစ်သွားတယ် (မှန်ပါ)။

လူမမာအနားမှာ ရန်ဖြစ်ကြတာကိုး-ဗျ၊ ဟိုတစ်ယောက်ကလဲ တရားဟောသလိုလိုနဲ့ ရန်ဖြစ်တာ (မှန်ပါ) ဒီကလဲ တရားနာသလိုလိုနဲ့ ရန်ဖြစ်နေတာ၊ သစ္စာမသိတာချင်းပြောနေကြတာ (မှန်ပါ) အဲဒါလို ရန်ဖြစ်တယ်လို့ ဆိုလိုပါတယ် (မှန်ပါ)။

ဘာပြောနေကြတာတုံး (သစ္စာမသိမချင်း ပြောနေကြတာပါ ဘုရား) သစ္စာမသိတာချင်းပြောနေတော့ တစ်လုံးမှ ဟုတ်ကြသေးရဲ့လား (မဟုတ်ပါ ဘုရား) မဟုတ်တော့ ဒီဟာဘာတုံး (ရန်ဖြစ်တာပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒါ့ကြောင့် ခင်ဗျားတို့ သစ္စာသိဖို့ အားကြီးဆုံးမပါတယ် ဆိုတာကိုဖြင့် လေးလေးနက်နက် မှတ်ကြမှာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ လုပ်နေတာ မျောက်သစ်ကိုင်းလွတ် ဟုတ်မဟုတ်သာ စဉ်းစားတော့ (ဟုတ်ပါတယ် ဘုရား)။

ဘာလုပ်နေတာ များသတုံး (မျောက်သစ်ကိုင်းလွတ်လုပ်နေတာ များပါတယ် ဘုရား) သစ္စာမသိတဲ့အလုပ် လုပ်နေတာ များတယ် (မှန်ပါ)။

သစ္စာမသိရင်တော့ဖြင့် ခိုင်မြဲတဲ့နိဗ္ဗာန် ရပါ့မလား

သစ္စာမသိရင်တော့ဖြင့် ခိုင်မြဲတဲ့နိဗ္ဗာန် ရပါ့မလား (မရနိုင်ပါ ဘုရား) မရကတည်းက သစ်ကိုင်းလွတ် မကျသေးဘူးလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နောက်ကလုပ်ခဲ့တဲ့ အလုပ်ဟူသရွေ့ဟာဖြင့် များသောအားဖြင့် မျောက်သစ်ကိုင်းလွတ် အလုပ်တွေက များပါလိမ့်မယ် (များပါတယ် ဘုရား) ဒါ့ကြောင့် သစ္စာသိပြီးလုပ်ကြစမ်းပါလို့ ယနေ့ကစပြီး တိုက်တွန်းလိုက်တယ်ဗျာ (မှန်ပါ)။

ဒါဖြင့် သစ္စာမသိတော့ သံသရာကြီးထဲမှာ ခုနကပြောခဲ့တဲ့ ပွဲလေးပွဲလှည့်ပြီး နွှဲရတယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဘာကြောင့် နွှဲရတယ်ဆိုတာ ဘုရားက ဥပမာနဲ့တကွ ဟောပြတယ်၊ ဒကာ ဒကာမတို့ ဘုရားရှင်းလင်းပြတာသာ ကြည့်ကြပေတော့နော် (မှန်ပါ)။

ဒကာ ဒကာမတို့ ဟောဒါ ခန္ဓာငါးပါးလို့ မှတ်ထားကြပါ (မှန်ပါ) ကိုယ့်ခန္ဓာငါးပါးကို ဦးခင်မောင် ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ တယ်ခင်သကိုးဗျ (မှန်ပါ)။

ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ (ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ခင်ပါတယ် ဘုရား) ဘယ်သူ့ကို အခင်ဆုံးတုံး၊ ပြောကြပါ (ကိုယ့်ခန္ဓာငါးပါးပါ ဘုရား)။

ဒါဖြင့် ဒါကလေးဟာ သမုဒယဆိုတဲ့ ခင်ကြိုးကလေးဟာ ဒီဘက်က တန်းလိုက်တာပေါ့ဗျာ (မှန်ပါ) ဒါက ခန္ဓာငါးပါး၊ ဒါက ခင်ကြိုး၊ ပြီးတော့ ဒီခန္ဓာငါးပါးကို ဒကာ ဒကာမတွေက ရူပက္ခန္ဓာလဲ ငါပဲ၊ ဝေဒနာက္ခန္ဓာရော (ငါပါပဲ ဘုရား)။

သညာဟာ (ငါပါ ဘုရား) သင်္ခါရဟာ (ငါပါ ဘုရား) ဝိညာဏ်ကကော (ငါပါ ဘုရား) ငါချည်းစွဲလမ်းနေတယ်၊ ငါချည်းလုပ်နေကြတယ်၊ မနေ့က ပြောပြီးပြီနော် (မှန်ပါ) ငါချည်းလုပ်နေတော့ ခန္ဓာငါးပါးစလုံး ငါချည်း ထင်မနေဘူးလား (ထင်နေပါတယ် ဘုရား)။

ငါထင်တာက သက္ကာယဒိဋ္ဌိ

ခန္ဓာငါးပါး ငါချည်းလုပ်နေတော့ ငါထင်နေတယ်၊ ငါထင်တာက သက္ကာယဒိဋ္ဌိ၊ ခင်မင်တာက တဏှာ၊ ငါထင်တာက ဒိဋ္ဌိ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါသည်ကားလို့ဆိုလို့ရှိရင်ဖြင့် အကြားအမြင်မရှိတဲ့ ပုထုဇဉ်က (မှန်ပါ) ဒီဘက်က ငါးခု၊ ခင်ဆိုတာက အကြားအမြင်မရှိတဲ့ ပုထုဇဉ်က ဒီခန္ဓာငါးပါးကို ဒီပုထုဇဉ်က ခင်တဲ့တဏှာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒီပုထုဇဉ်က ထင်တဲ့ဒိဋ္ဌိပဲ (မှန်ပါ)။

ဒီဟာက ခန္ဓာငါးပါး၊ ဒါက မသိတဲ့ပုထုဇဉ် (မှန်ပါ) ဒီဘက်က ဘာပါလိမ့် (ဒိဋ္ဌိပါ) ဒါကကော (တဏှာပါ ဘုရား) ဒါက ခန္ဓာငါးပါး (မှန်ပါ)။

ကိုင်း-ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဥပမာတကွ ဟောတော့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ၊ ခင်ဗျားတို့ သံသရာထဲမှာ ဘယ်လိုနေခဲ့ရတယ်ဆိုတာ ရှင်းပြပါမယ်၊ ဟောဒါကြီးက မြေထဲမှာ ခိုင်ခံ့စွာ စိုက်ထားတဲ့ ခန္ဓာငါးပါးချည်တိုင်ကြီး (မှန်ပါ)။

ခန္ဓာငါးပါးဟာ ဘာတဲ့ (ချည်တိုင်ကြီးပါ ဘုရား) ခိုင်ခံ့စွာ စိုက်ထားတဲ့ ချည်တိုင်ဟာ ခန္ဓာငါးပါးပဲ (မှန်ပါ) အဲ-ချည်တိုင်မှာ အကြားအမြင်မရှိတဲ့ ပုထုဇဉ်ဟာ ငါ့ကိုယ် ငါ့ဟာဆိုပြီး မခင်ပေဘူးလား (ခင်ပါတယ် ဘုရား) ခင်တော့ ချည်တိုင်နဲ့ ကြိုးနဲ့ဟာ တွဲနေတယ်၊ မတွဲဘူးလား (တွဲပါတယ် ဘုရား)။

တွဲနေတော့ ကိုယ့်ခန္ဓာ ကိုယ်ခင်တဲ့ တဏှာကြိုးက တဏှာသံယောဇဉ် ဆိုတာကြိုးကိုးဗျ (မှန်ပါ) ကြိုးနဲ့ တိုင်နဲ့ဟာ ချည်ပြီးသား ဖြစ်နေတယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အကြားအမြင်မရှိတဲ့ ပုထုဇဉ်

ကြိုးနဲ့တိုင်နဲ့ ဘယ့်နှယ်ဖြစ်နေသတုံး (ချည်ပြီးသားဖြစ်နေပါတယ်) ချည်ပြီးသားဖြစ်နေတော့ တစ်ခါ အကြားအမြင်မရှိတဲ့ ပုထုဇဉ်ဖြစ်ပြီး သကာလ နေပြန်တော့ ဒကာ ဒကာမတွေ ဪ-ဒါ ဘယ်သူတုံးဆိုတော့ ငါလို့ပဲ ပြောတယ် (မှန်ပါတယ် ဘုရား)။

အကြားအမြင်မရှိတဲ့ ပုထုဇဉ် ပုဂ္ဂိုလ်၊ ဒီခန္ဓာ ငါးပါးဘယ်သူတုံးဆိုတော့ ဘယ့်နှယ်ပြောသတုံး (ငါလို့ပဲ ပြောပါတယ် ဘုရား) ငါပဲဆိုတော့ သူ့မှာ ဒိဋ္ဌိမရှိဘူးလား (ရှိပါတယ် ဘုရား) ဒိဋ္ဌိက ဒီပုဂ္ဂိုလ်ကို ချည်ထားတဲ့ လည်ပတ်ကြိုးလို့ မှတ်ထားပါ (မှန်ပါ)။

ဒါဖြင့် ဒီကချည်တိုင်ရယ် ဒီကကြိုးရယ် ဒီက လည်ပတ်ရယ် (မှန်ပါ) ဒီပုထုဇဉ်ပုဂ္ဂိုလ်ကတော့ တစ်ခါတည်း လည်ပတ်ထဲမှာ စွပ်ထားတဲ့ ခွေးနဲ့ အတူတူပဲ-တဲ့၊ ဦးခင်မောင် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တို့တရားပွဲက ခွေးလဲဖြစ်ဖူးပြီလို့ တွေးကြသလား၊ ဒါဘုရားဟောပါ ဒကာ ဒကာမတို့ (မှန်ပါ)။

ဒီခန္ဓာငါးပါးဟာ ဘာတဲ့ (ချည်တိုင်ပါ ဘုရား) ခင်တာက (ကြိုးပါ ဘုရား) ငါထင်နေတာက (လည်ပတ်ပါ ဘုရား) ဒိဋ္ဌိတည်းဟူသောလည်ပတ် (မှန်ပါ) ဒီက အကြားအမြင်မရှိတဲ့ပုထုဇဉ်ကတော့ ခွေးပဲထားပါ (မှန်ပါ)။

ခွေးလည်ပင်းနဲ့ လည်ပတ်နဲ့ကော လျှိုမိပလား

ဒါဖြင့် ခွေးလည်ပင်းနဲ့ လည်ပတ်နဲ့ကော လျှိုမိပလား (လျှိုမိပါပြီ ဘုရား) လည်ပတ်ကွင်းနဲ့ တိုင်နဲ့ကော ကြိုးက ဆက်ပြီးပလား (ဆက်ပြီးပါပြီ ဘုရား) ဆက်ပြီးတော့ ဒီခွေးပြေးကြည့်ဗျာ(လဲရုံပါပဲမလွတ်ပါ) ဘယ့်နှယ်ဆိုကြမလဲ (မလွတ်နိုင်ပါ ဘုရား) အဝိုင်းပြေးလှည့်နေမှာပဲ၊ လည်နေမှာပဲ၊ ပြေးပြန်ရင် ကြိုးအဆုံးပဲ (မှန်ပါ)။

ကဲ-သူ ကျင်ကြီးစွန့်ရင် ဘယ်နားမှာစွန့်မလဲ (ဒီနားမှာ စွန့်ပါတယ်) ဒီချည်တိုင်မှာ စွန့်မယ်၊ ကျင်ငယ် စွန့်ရင်ကော (ဒီချည်တိုင်နားမှာပါပဲ ဘုရား)။

ဪ-ဘယ်အခါကာလမဆို သူ့မှာ ဒီချည် တိုင်ကလေးကျိုးသွားတဲ့အခါရယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား) ရောက်ရာကျတော့ ခန္ဓာငါးပါး အခုစိုက်ပြန်တာပဲ၊ စိုက်ပြန်ရင်ကိုယ့်ခန္ဓာ ကိုယ်ခင်ပြီး ကြိုးလာပြန်တာပဲ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ကိုယ့်ခန္ဓာ ငါထင်တဲ့ ဒိဋ္ဌိကကော (လာပါတယ် ဘုရား)။

အဲ-ဒီတော့ အဿုတဝါပုထုဇဉ်ဖြစ်နေတော့ သစ္စာလေးပါးမသိပြန်တော့ လည်ပတ်စွပ်လျက်ဖြစ်နေတာပဲ (မှန်ပါ) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဖြစ်တော့ ဟိုဘဝကျတော့လဲ လည်ပတ်နဲ့ချည်တိုင်နဲ့ ကြိုးနဲ့ လှည့်ပြေးပြန်တာပဲ၊ ဒီဘက်ဘဝကျပြန်တော့ကော (လည်ပတ်နဲ့ ကြိုးနဲ့ ချည်တိုင်နဲ့ပါပဲ ဘုရား) ပြင်ဘက်မှာ ဘာရှိတယ်လို့ သူသိသေးရဲ့လား (မသိပါ ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ နောက်ကနေခဲ့ရတာကဖြင့် ဒီအတိုင်းပါပဲ (မှန်ပါ) ဒီတိုင်ရယ် ဒီကြိုးရယ် ဒီလည်ပတ်ရယ် ဒီလည်ပင်းစွပ်ပြီး လှည့်နေတာပဲ (မှန်ပါ) ဒီတိုင်ခြေမှတစ်ပါး ဘယ်မှမပြေးဘူးတဲ့ (မပြေးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြောက်စရာကောင်းလှချည်လား ဒကာ ဒကာမတို့ (ကောင်းပါတယ် ဘုရား) လည်ပတ်ကော ပတ်ဖူးရဲ့လား (မပတ်ဖူးပါ ဘုရား) ကြိုးကောပြတ်ဖူးရဲ့လား (မပြတ်ဖူးပါ ဘုရား) တိုင်ကော ကျိုးဖူးရဲ့လား (မကျိုးဖူးပါ ဘုရား)။

ဒါဖြင့် ဘယ်နေရာမှာစားပြီး ဘယ်နေရာမှာ သေပါလိမ့် (ချည်တိုင်နားမှာစားပြီး ချည်တိုင်နားမှာ သေပါတယ် ဘုရား) ဒီအနားစား၊ ဒီအနားကျင်ကြီးစွန့်၊ ဒီအနားကျင်ငယ်စွန့်၊ ဒီအနားပဲ သေပွဲဝင် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောက်ဘဝကျပြန်တော့လဲ ခန္ဓာငါးပါးက တိုင်စိုက်ပြန်တာပဲ၊ စိုက်ပြီးဒီလည်ပတ်နဲ့ ဒီကြိုးနဲ့ ဒီခွေးနဲ့ဟာ ဘယ့်နှယ်နေသတုံး (ဒီအတိုင်း လည်ပါတယ် ဘုရား) လှည့်နေတာပဲ၊ အလွန်သွားနိုင်ပါက ဘယ်လောက်တဲ့တုံး (ကြိုးအဆုံးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားပွင့်မှ လည်ပတ်ဖြုတ်ပေးတာ

အဲဒီတော့ ဘုရားပွင့်မှ လည်ပတ်ဖြုတ်ပေးတာဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဘုရားပွင့်မှ ကြိုးဖြတ်ပေးတာ၊ ဘုရားပွင့်မှ တိုင်ချိုးပေးတာ၊ နို့မဟုတ်ရင် ဒီအတိုင်းသာ မှတ်ပါတဲ့ (မှန်ပါ) ဘယ်လောက်များ ဆိုးဝါးသတုံး (ဆိုးဝါးပါတယ် ဘုရား) ဒါဟာ ခန္ဓဝဂ္ဂသံယုတ်မှာလာတာ (မှန်ပါ ဘုရား) သေးသေးသွယ်သွယ်စကား မဟုတ်ပါဘူး၊ သံယုတ်ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောတာပါ (မှန်ပါ)။

သတ္တဝါတစ်ဦးတစ်ယောက် သံသရာမှာ ဘယ်လိုနေခဲ့ရသလဲဆိုတော့ ဒီချည်တိုင်ရယ် ဒီကြိုးရယ် ဒီလည်ပတ်ရယ် လျှိုပြီး ဒီတွင် လှည့်ပြေးနေတာကွ-တဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လောက်များဆိုးသတုံး ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)။

ယခုလဲ ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါ၊ ကိုယ့်ခန္ဓာကိုယ်ခင်ကြရဲ့လား (ခင်ပါတယ် ဘုရား) ခင်ကြလွန်းလို့ပေါ့ဗျာ သူကြိုက်တဲ့အထည် သူစားချင်တဲ့အစာ ကျွေးမွေးဆင်ယင်ပြီး သူ့ကို ခင်ဗျားတို့ ဘယ်လောက်များခင်နေတယ်ဆိုတာ နေ့တိုင်း မအားတာဟာ သူ့အတွက်ဗျ (မှန်ပါ) သူ့ဆင်ဖို့ သူ့ကျွေးဖို့ ဟုတ်လား (မှန်ပါ) သံဃာရဟန်းတော်တွေ လှူတယ်ဆိုတာ ပိုလျှံမှ စဉ်းစားကြတာကိုးဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပိုမှစဉ်းစားတာဟာ သူ့အတွက် အရေးကြီးနေတာ ချည်တိုင်ပြေးဖို့ အရေးကြီးတာ (မှန်ပါ) ဘာဖြစ်လို့တုံးဆိုတော့ ခင်လို့ ကြိုးကသွယ်နေပြီ (မှန်ပါ) ကြိုးမသွယ်သေးဘူးလား (သွယ်ပါပြီ) ခင်မှာလား၊ ဒါဟာ ကိုယ့်ကိုယ်လို့ဆိုတော့ ဒိဋ္ဌိကပါနေပြီ (မှန်ပါ) မပါသေးဘူးလား (ပါပါတယ် ဘုရား)။

အဲဒီတော့ အဿုတဝါ ပုထုဇဉ်မို့ ဒီဒိဋ္ဌိက တွဲမနေဘူးလား (တွဲနေပါတယ်) ဒါဖြင့် လည်ပတ်နဲ့ သူနဲ့ စွပ်မိနေတယ်၊ ဘယ်ပြေးမတုံး သူဟာ (မပြေးနိုင်ပါ ဘုရား) ပြေးချင်ပြေးလေ လှည့်ရုံပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်တုန်းက ဘယ်လိုနေခဲ့သတုံး

ဒါဖြင့် မွေးလဲ (ဒီနေရာပါ ဘုရား) သေလဲ (ဒီနေရာပါ) ကျင်ကြီးကျင်ငယ်စွန့်ရင်ကော (ဒီနေရာပါ ဘုရား) ဪ-တပည့်တော်တို့ နောက်တုန်းက ဘယ်လိုနေခဲ့သတုံး ဟောဒီခွေးအတိုင်းသာမှတ်ပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဘုရားက ခွေးဥပမာနဲ့ပြတာ၊ ခွေးဥပမာနဲ့ပြလိုက်တော့ ဒကာ ဒကာမတွေက ဪ-တို့ဖြစ်ထွေက်လဲ ဒီအတိုင်းပါပဲကလားဆိုတာတော့ဖြင့် မငြင်းနဲ့တော့ (မှန်ပါ) ကိုမြရွှေတို့ ငြင်းချင်သေးသလား (မငြင်းပါ ဘုရား)။

ဒီအထဲမှာ ငြင်းမည့်သူ ပါသေးသလား (မပါပါ ဘုရား) မပါနဲ့တဲ့၊ ငြင်းရင်လဲ လွဲရုံပဲ ရှိမှာပဲ၊ ဒီ့ပြင်တော့ ဘာမှမရှိဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ငြင်းမယ့်ပုဂ္ဂိုလ်များ ပါသေးသလား (မပါပါ) နေရာကျသွားပြီ၊ ငြင်းရင်လဲ မှားမှာပဲ (မှန်ပါ့ ဘုရား)။

ကိုင်း-ဒါက အကြားအမြင်မရှိတဲ့ ပုထုဇဉ်နော် (မှန်ပါ) သူ ဘာနဲ့တွဲနေသတုံး (လည်ပတ်နဲ့တွဲနေပါတယ်) လည်ပတ်နဲ့သူနဲ့ ချည်ပြီးသား (မှန်ပါ ဘုရား)။

အကြားအမြင်မရှိတော့ စွန့်ဖို့ပစ်ဖို့ရာ သူကြိုက်နိုင်ပါ့မလား (မကြိုက်နိုင်ပါ) သူမြဲလေ ကြိုက်လေ၊ ဒါ့ကြောင့် အသက်ရှည်ပါရစေတဲ့၊ လာပြီ (မှန်ပါ) ဒကာ ဒကာမတို့ ချည်တိုင်ကျွတ်သွားမှာ သိပ်စိုးရိမ်တယ် (မှန်ပါ) ဘာဖြစ်လို့တုံး၊ လှည့်မပြေးရမှာစိုးလို့ (မှန်ပါ ဘုရား)။

ဖြစ်မှဖြစ်ရလေဗျာ၊ ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ သဘောကျပလား (ကျပါပြီ ဘုရား) ကိုယ့်အဖြစ်တွေကဖြင့် အဖြစ်ကောင်းလား အဖြစ်ဆိုးလား (အဖြစ်ဆိုးပါ ဘုရား)။

ဒီနေ့ညတော့ ဒကာ ဒကာမတွေ မစိုးရိမ်နဲ့တော့ မစိုးရိမ်နဲ့၊ ခင်ဗျားတို့ ဒီနေ့တော့ ဘေးမဲ့လွှတ်ပေးမယ် (မှန်ပါ) ရိပ်မိပါလား (ရိပ်မိပါပြီ ဘုရား)။

ဘေးမဲ့လွှတ်တာတောင်

ဘာလုပ်ပေးမှာတုံး (ဘေးမဲ့လွှတ်ပေးမှာပါ ဘုရား) ဘေးမဲ့လွှတ်တာတောင် ခင်ဗျားတို့က မပြေးပါဘူးဗျ၊ အခုပြောသာနေရတယ် (မှန်ပါ) ဦးခင်မောင် ပင်စင်လဲ ယူလေဗျာ၊ ခင်ဗျားသားတွေ သမီးတွေလဲ မနှင်းအေးက တာဝန်ခံပြီး ခင်ဗျား တောကျောင်း တောင်ကျောင်း သွားတော့ဆိုရင် ဟာ ဒီတိုင်နားက မသွားနိုင်သေးဘူး (မှန်ပါ) ပြေးပါ့မလား (မပြေးပါ ဘုရား) ကြိုးဖြေလွှတ်တာတောင် (မပြေးပါ ဘုရား) လည်ပတ်ဖြုတ်ပေးရင်လဲ မရပါဘူးဗျ၊ ဒီတိုင်လှည့်ပတ်နေမှာပါပဲ၊ ဒါ လူတိုင်းအလုပ်ပါ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါ၊ ဆွမ်းတော် ကွမ်းတော်တင်လို့ရှိရင်လဲ ဒီခန္ဓာကြီးအသက်ရှည်ဖို့ဆိုတော့ ဒီတိုင်မြဲဖို့ပေါ့ဗျာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာဖြစ်လို့ မြဲချင်တုံးဆိုတော့ ဒီခန္ဓာနဲ့ မခွဲချင်လို့၊ ခင်လုံးက ကြိုးပါနေတယ် (မှန်ပါ) မပါဘူးလား (ပါပါတယ်) ဘာကြောင့် ခင်သတုံးဆိုတော့ အို-ဒါဟာ ငါ့ကိုယ်ပဲဆိုတဲ့ ဒိဋ္ဌိကစွဲနေတယ်၊ မစွဲဘူးလား (စွဲပါတယ် ဘုရား)။

အဲဒီတော့ သူအကြားအမြင် မရှိလို့လား ရှိလို့လား (မရှိလို့ပါ ဘုရား) အကြားအမြင်မရှိတော့ လည်ပတ်နဲ့မတွဲသေးဘူးလား (တွဲပါတယ် ဘုရား) လည်ပတ်နဲ့တွဲတော့ ကြိုးနဲ့ကောဆက် ဆက်လျက်သား တိုင်နဲ့လဲ ချည်ပြီးသား (မှန်ပါ) ဒါဖြင့် လှည့်နေမယ်၊ ဒါပဲရှိတော့တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီကနေ ဘယ်ပြန်မှာတုံး

ခင်ဗျားတို့ ကိုယ်တိုင် စဉ်းစားကြည့်ပါတဲ့၊ ဘုရားဟောတော်မူတာ မှန်-မမှန် (မှန်ပါတယ် ဘုရား) ဒီကနေ ဘယ်ပြန်မှာတုံး၊ ချည်တိုင်ပြန်မှာဘုရား (မှန်ပါ) တရားပွဲသိမ်းရင် (ပြန်မှာပါ ဘုရား) ချည်တိုင်ပြန်ကြမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်ပြန်မှာတုံးဆိုတော့ (ချည်တိုင်ပြန်မှာပါ ဘုရား) အခုပြေးလာတာ ကြိုးတစ်ဆုံးဗျ (မှန်ပါ) ဒီထက်ကျော်ရင် ရန်ကင်းတောင်လောက် ဘုန်းကြီးရောက်ရင် မလိုက်ဘူး စိတ်ချတော့ (မှန်ပါ) လိုက်နိုင်ပါ့မလား ခင်ဗျားတို့ (မလိုက်နိုင်ပါ ဘုရား) အဲ-ကြိုးတစ်ဆုံးလောက်လိုက်တာပဲ၊ ချည်တိုင်က မလွတ်ရုံကလေး ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ-ဒီ့ပြင်နေရာမှာ ဘုရားပွင့်နေတယ်ဆိုပေမယ့် အို-ပွင့်ချင်ပွင့်လေ၊ ကိုယ်မှ မအားသေးဘဲ၊ အင်း-ကိုယ့် ချည်တိုင်တစ်ဆုံးသာ လိုက်မယ်ပြောတာ (မှန်ပါ) အသွားအပြန် လွယ်တဲ့နေရာမှာ လုပ်မယ် မပြောဘူးလား ပြောသလား (ပြောပါတယ် ဘုရား)။

တစ်ချို့ တရားနာ မလာနိုင်ဘူး၊ တရားကို သဘောကျပါတယ်၊ အသွားအပြန်ကခက်တယ်တဲ့ (မှန်ပါ) တာရှည်ကြိုးနဲ့ တိုင်နဲ့ ဝေးမှာစိုးတယ် (မှန်ပါ) မစိုးဘူးလား (စိုးပါတယ်) မတော်လို့ ဖြည်းဖြည်းပြန်နေရလို့ရှိရင်ဖြင့် သူကခပ်နီးနီး လှည့်ပြောရမှ ကျေနပ်တာကိုးဗျ (မှန်ပါ) အဝေးပြေးဆိုရင် (မကြိုက်ပါ ဘုရား) ကဲ-သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ချည်တိုင်ထဲ ကိုယ်ဝပ်တယ်

တစ်နည်းအားဖြင့်လဲ ကိုယ့်ကိုယ်က နေမကောင်းလို့ဆိုပြီး ကိုယ့်ချည်တိုင်ထဲ ကိုယ်ဝပ်တယ် (မှန်ပါ ဘုရား) ကိုယ့်ကိုယ်က နေမကောင်းတာနဲ့ ဒီနေ့တော့ မသွားသေးဘူးတဲ့ (မှန်ပါ) ဘယ်ချည်တိုင်မှာ ဝပ်နေသတုံး (ကိုယ့်ချည်တိုင် ကိုယ်ဝပ်ပါတယ် ဘုရား)။

တစ်ခါတလေကျတော့ သားသမီးနေမကောင်းလို့ဆိုတော့ ချည်တိုင်ကလေးတွေ သွားပြီးဝပ်တယ်၊ ချည်တိုင်အပိုကလေးတွေက ရှိသေးသကိုးဗျ (မှန်ပါ) ဒကာ ဒကာမတွေ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ အဖြစ်ကဖြင့် ချည်တိုင်လဲ ပေါပါရဲ့၊ ကြိုးလဲ ပေါပါရဲ့၊ ပြေးကွက်ကတော့ မပါဘူး (မှန်ပါ) လွတ်ရေးကျွတ်ရေးကတော့ (မပါပါ ဘုရား) တယ်လဲ နစ်နာပါကလား (နစ်နာပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ အဖြစ်တွေကဖြင့် ဒီတိုင်ခြေမှာပဲ ခေါင်းစင်းပြီး သေပွဲဝင်ပါ့မယ်ဘုရားဆိုတာနဲ့ ထူးသေးရဲ့လား (မထူးပါ ဘုရား) ဆုတောင် တောင်းလိုက်သေးတယ် (မှန်ပါ) သားသမီး တိုင်ခြေ သေရပါလို၏ မိမိခန္ဓာ ကိုယ့်တိုင်ခြေမှာ (သေရပါလို၏)။

သားသမီးများနဲ့ မခွဲမခွါဘဲနဲ့ ဒီအိမ်မှာပဲ (သေရပါလို၏) ဒီနေရာမှာပဲ (သေရပါလို၏) ဒီခန္ဓာကြီးက ဒီနေရာမှာပဲ (သေရပါလို၏) ဘယ်လောက်များ ဆိုးနေသတုံး (ဆိုးပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီခွေး ဥပမာလို ဒီတိုင်ခြေမှာပဲ

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် နောက်တုန်းက ဘယ်လိုနေခဲ့ရတယ်ဆိုတာ ဒီကြိုးလဲမပြတ်ခဲ့၊ ဒီလည်ပတ်လဲ မပြုတ်ခဲ့၊ ဒီတိုင်လဲ မကျိုးခဲ့တော့ ဒီခွေး ဥပမာလို ဒီတိုင်ခြေမှာပဲသေ ဒီမှာ ကျင်ကြီးစွန့်၊ ဒီမှာ ကျင်ငယ်စွန့်၊ ဒါပဲ (မှန်ပါ) ဒီ့ပြင် ဘာပါသေးသတုံး (ဘာမှမပါပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ-နောက်လဲ ဘယ်လိုနေမယ်လို့ စိတ်ကူးသတုံး (ချည်တိုင်ကျိုးအောင် လုပ်ရပါမယ်) ကြိုးပြတ်အောင် (လုပ်ရပါမယ်) လည်ပတ်ပြုတ်အောင် (လုပ်ရပါမယ်) မလုပ်ရင်တော့ ခင်ဗျားတို့မှာ ခွေးသေပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခက်တယ် ခင်ဗျားတို့ဥစ္စာ ဒီလို လမ်းပြနေတဲ့ ပုဂ္ဂိုလ်ရှိလို့ ရှိရင်လဲ ဟာ-ဒီချည်တိုင်လဲ ကျိုးအောင်ဟ ဆိုပြီး လုပ်မှပေါ့ဗျာ၊ (မှန်ပါ) ဒီကြိုးတော့ (ပြတ်အောင် လုပ်ရမှာပါ) ဒီလည်ပတ်ကော (ပြုတ်ထွက်အောင် လုပ်ရပါမယ် ဘုရား)။

အဲဒီတော့ စဉ်းစားကြပါ၊ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် ဒီအတိုင်းသွားမှာပဲ (မှန်ပါ) သစ္စာလေးပါးသိတဲ့ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒါဟာလွတ်မယ် (မှန်ပါ ဘုရား)။

သစ္စာလေးပါးမသိတဲ့

သစ္စာလေးပါးမသိတဲ့ အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ် ဆိုရင်တော့ ဒီကြိုး ဒီတိုင် ဒီလည်ပတ်ဟာ ဘယ်တော့မှပြုတ်လိမ့်ပြတ်လိမ့်မယ်လို့ မရှိတော့ဘူး၊ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘာမသိလို့တုံး (သစ္စာမသိလို့ပါ ဘုရား) သစ္စာလေးပါးမသိ၊ ဆရာကောင်းသမားကောင်း မဆည်းကပ်မိ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ဘယ်အသုဘသွားပို့ိပို့ ချည်တိုင်မှာ သေတာများသနော်၊ ကြိုးတန်းလန်း သေသွားကြတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ခွေးတွေ ကြိုးတန်းလန်းနဲ့ဆွဲပစ်တော့ ကြိုးတန်းလန်းနဲ့ ဒီခွေးက ဖြုတ်မသွားကြဘူးတဲ့ နို့-ခင်ဗျားတို့ကကော (ကြိုးတန်းလန်းပါ ဘုရား) မမြင်ရတဲ့ကြိုးပေါ့ဗျာ (မှန်ပါ) မမြင်ရတဲ့ကြိုးတန်းလန်းနဲ့ သားခင်လျက်တန်းလန်း, သမီးခင်လျက်တန်းလန်း, ကိုယ့်ဘဝကလေး ကိုယ်ခင်လျက်တန်းလန်း မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါ ဘာနဲ့ သေသွားကြသတုံး (ကြိုးတန်းလန်းနဲ့သေသွားကြပါတယ် ဘုရား)။

ကြိုးတန်းလန်းနဲ့ သေသွားတာဟာလဲ ခင်ဗျားတို့ ကြိုးတန်းလန်းနဲ့သေရင် ဒီနေရာမှာ သူများဆွဲထုတ်လို့၊ မထုတ်ရင် ဒီအိမ်ကမသွားဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မှန်းခြေက ဘယ်မှာတုံး (ဒီမှာပါ ဘုရား)။

ဒီသားနား သမီးနား ခြေရင်းမှာ စိတ်ကူးတယ် သူက (မှန်ပါ) မယုံရင် မေးကြည့်ပါ၊ ဒီအထဲက ဒကာ ဒကာမတွေ ဘယ်နားများ သေချင်ကြသတုံး၊ သေရမှာတော့ ဧကန်ပဲ၊ ဟိုသားနဲ့ သမီးနဲ့နီးနီးသေပါရစေဘုရား၊ ဆွေနဲ့မျိုးနဲ့ပဲ သေပါရစေ (မှန်ပါ) ကြိုးများ ဖြုတ်သွားရင် ဘယ့်နှယ်တုံး၊ မဖြုတ်ပါနဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကြိုးဖြုတ်မယ်ဆိုရင် ဘယ့်နှယ်တုံး (မဖြုတ်ပါရစေနဲ့) မဖြုတ်ပါရစေနဲ့-တဲ့၊ သားသမီးနဲ့ကွဲမသေပါရစေနဲ့ဆိုတာ မဖြုတ်ပါနဲ့ဆိုတာ ပြောတာပေါ့ဗျာ (မှန်ပါ) သားသမီးနဲ့ ကွဲပြီး မသေပါရစေနဲ့ကိုး (မှန်ပါ ဘုရား)။

ခွေးသေ သေချင်တာ

သားတစ်ခြား အမေတစ်ခြား အဖေတစ်ခြား မသေပါရစေနဲ့ဆိုတော့ ကြိုးဖြုတ်မယ်ဆိုတော့ ဘယ့်နှယ်တုံး (မဖြုတ်ပါရစေနဲ့ ဘုရား) ဒါဖြင့် လည်ပတ်ကလေးတွေ ဖြုတ်ပါရစေဆိုတော့ကော (မဖြုတ်ပါရစေနဲ့) ဘာသေသေချင်တာတုံးဗျ (ခွေးသေ သေချင်တာပါ ဘုရား) ရိပ်မိပလား ဒကာ ဒကာမတို့ ဆိုးလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ ဘုရား)။

နားကြီးကြီးနဲ့ထောင်ပါ၊ ဖြစ်ထွေကတော့ မှန်တယ် (မှန်ပါ) ဘုန်းကြီးက ဟောတာမဟုတ်ဘူးလို့လဲ မှတ်ဦး၊ ဘယ်သူက ဟောတာပါလိမ့် (ဘုရားဟောတာပါ ဘုရား) အဲ-ဘုရားဟောတာကို ခင်ဗျားတို့ နားလည်စေရန်ဘုန်းကြီးက စကားသိုင်းဝိုင်းပြီး တန်ဆာဆင်ပြောနေရတာ (မှန်ပါ ဘုရား)။

ကိုင်း-ဒါဖြင့် ကိုယ့်ဖြစ်ထွေကို ဘုရားမို့သိတာ၊ နို့မဟုတ်ရင် ကိုယ်အရတော်တယ်ချည်း ဖြစ်နေတာပဲ (မှန်ပါ ဘုရား)။

ဒကာ ဒကာမတွေ လူ့ဘဝဟာ ဘာပြောနေကြတာတုံး (အရတော်တယ် ပြောနေကြပါတယ်) ဘယ်မှာအရတော်တယ် ဟုတ်မတုံးဗျ၊ လည်ပတ်ကြီးပါလာတာပဲ (မှန်ပါ) ကြိုးကော (ပါပါတယ် ဘုရား) တိုင်ကော (ပါပါတယ် ဘုရား) ဒီလှည့်ပြေးနေကတည်းက ခင်ဗျားတို့ တိရစ္ဆာန်ပြေး ပြေးနေရတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မယုံရင် ခင်ဗျားတို့ တောင်ဘက်သွားလိုက် ချည်တိုင်ပြန်မှာပဲ၊ ပိုက်ကျုံးဘက်ပြန်လှည့်မယ် (မှန်ပါ) မြောက်ဘက်လွှတ်လိုက်ရင်ကော (ပိုက်ကျုံးပဲ ပြန်မှာပါပဲ ဘုရား) ချည်တိုင်ပဲ ပြန်မယ်၊ ဘာဖြစ်လို့တုံး၊ လည်ပတ် မပြုတ်ဘဲကိုးဗျ (မှန်ပါ ဘုရား)။

ကြိုးကကော (မပြတ်ပါ ဘုရား) ဒီတော့ ချည်တိုင်ပဲ ပြန်ရမှာပဲဗျ (မှန်ပါ) ကြိုးတစ်ဆုံးသွားတာကိုး သူ့ဟာက၊ အပိုသွားသေးသလား (မသွားပါ ဘုရား) အပိုသွားရလို့ရှိရင် ညဉ့်အိပ်ညဉ့်နေဆိုရင် ငါမသွားဘူးကွာ၊ ဒီလိုဖြစ်လာတာ၊ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အသက်ကြီးလေ တိုင်ရင်းကပ်လေ

အဲဒီတော့ အသက်အရွယ်ကြီးပြီကွ၊ ဒီကရှေ့ကို ကျွေးချင်လဲ ကျွေးကြ မကျွေးချင်နေကြပေတော့၊ ငါတော့ ဒီလို ထိုင်နေတော့မှာပဲဆိုတော့လဲ ဒီနားမှာနေတာဗျ၊ ဒီ့ပြင် ဘယ်သွားနေသတုံး (မနေပါ ဘုရား) ဟ-အသက်ကြီးလေ တိုင်ရင်းကပ်လေပါလား (မှန်ပါ ဘုရား)။

အသက်ငယ်တဲ့ပုဂ္ဂိုလ်ကကော ဘယ်များ ကပ်နေသတုံး အို-ဥမကွဲ သိုက်မပျက်နေချင်တယ်၊ သူက လာပြန်ပြီတစ်မျိုး (မှန်ပါ) သူက ချည်တိုင်နားက မပြေးချင်ဘူးပြောတာပေါ့ဗျာ (မှန်ပါ) အသက်ငယ်တဲ့ ပုဂ္ဂိုလ်ကလဲ ချည်တိုင်ပဲ၊ အသက်ကြီးတဲ့ပုဂ္ဂိုလ်ကကော (ချည်တိုင်ပါ ဘုရား)။

ဒါဖြင့် ဘယ်ဘဝမှာချည်တိုင်ကျိုးပြီး သကာလ သေတဲ့ ဘဝရှိခဲ့သတုံး (မရှိခဲ့ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခွေးကို ဆွဲတော့မယ်ဆိုတော့ တစ်ခုခု ခြေထောက်သော်လည်းကောင်း၊ လည်ပင်းကိုသော်လည်းကောင်း၊ ကြိုးတပ်ပြီးဆွဲကြရတယ်၊ မဟုတ်လားဗျ (မှန်ပါ) ဆွဲပြီး သကာလ လိုရာခရီးမပစ်ကြရဘူးလား (ပစ်ရပါတယ် ဘုရား) အဲဒီတော့ လည်ပတ်ကော ပြုတ်တာမြင်ရဲ့လား အဲဒီခွေးမှာတောင် (မပြတ်ပါ ဘုရား) ကြိုးကကော (တန်းလန်းပါ ဘုရား)။

သူဟာ သေချင်လို့ သေသွားတာလား၊ မတတ်သာလို့ စွန့်သွားတာလား (မတတ်သာလို့ စွန့်သွားတာပါ ဘုရား) မတတ်သာလို့စွန့်သွားတယ်ဆိုတော့ သူသည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ငါ့ကိုယ် ငါ့ဟာ ပြုတ်သွားရဲ့လား(မပြုတ်ပါ ဘုရား) ဒါဖြင့် သက္ကာယဒိဋ္ဌိ တန်းလန်းနဲ့ပေါ့ဗျာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိတန်းလန်းနဲ့

ဘာတန်းလန်းနဲ့တုံး (သက္ကာယဒိဋ္ဌိတန်းလန်းနဲ့ပါ ဘုရား)။

အဲနောက်က နေခဲ့တာ သေခဲ့တာကဖြင့် ခွေးသေ ခွေးနေချည်းမှတ်ပါ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လိုပါလိမ့်ဗျာ (ခွေးသေပါ ဘုရား) နေတော့ကော (ခွေးနေပါ ဘုရား) ဒီတိုင်ကို လှည့်ပတ်ပြေးနေတာပဲ (မှန်ပါ) ကြောက်စရာကောင်းလှချည်လား၊ ဒကာ ဒကာမတွေ ဒီဆုတော့ မတောင်းကြပါနဲ့၊ ရွံလွန်းလို့ (မှန်ပါ)။

နောက်ဘဝဆိုတာမျိုးတွေ ဘဝပတ္ထနာမှုတွေ မထည့်ကြနဲ့နော်၊ ခွေးသေ သေရတာမျိုး တော်ကြပါတော့ (မှန်ပါ) ဒီထက်များ နှစ်ထပ်သုံးထပ် ဘယ့်နှယ်နေသတုံး (မတောင်းချင်ပါ ဘုရား) ရှက်ကြပလား (ရှက်ကြပါပြီ ဘုရား) ဟုတ်ကြရဲ့လား ခင်ဗျားတို့ဉ္စာ၊ မျက်နှာက ခပ်ပြုံးပြုံးဖြစ်နေသေးတယ်၊ တကယ်ရှက်တဲ့မျက်နှာ ဟုတ်သေးမယ်မထင်ပါဘူး၊ ပြုံးနေသေးတယ် (အဟုတ်ရှက်တာပါ ဘုရား)။

ကိုင်း-အားလုံး ဒကာ ဒကာမတွေ သတိထားမိကြပလား (ထားမိပါပြီ ဘုရား) ခန္ဓာငါးပါးဟာ ဘာနဲ့တူသလဲ (ချည်တိုင်နဲ့တူပါတယ် ဘုရား) ကိုယ့်ခန္ဓာကိုယ် ခင်နေတာက ဘာနဲ့တူသတုံး (ကြိုးနဲ့တူပါတယ် ဘုရား) ကြိုးနဲ့တူတာပေါ့၊ တဏှာသမုဒယကိုးဗျ (မှန်ပါ)။

တဏှာဟာ ကြိုးကိုး၊ သံယောဇဉ်ကြိုး ဘဝတဏှာကြိုးလို့မဆိုဘူးလား (ဆိုပါတယ် ဘုရား) ပြီးတော့ ဒီခန္ဓာငါးပါးကို ငါ ငါ့ဥစ္စာ မထင်ဘူးလား (ထင်ပါတယ် ဘုရား)။

ဒါဖြင့် ငါဆိုတဲ့ဒိဋ္ဌိကကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါ ငါထင်နေတဲ့ ပုဂ္ဂိုလ်ဟာ အကြားအမြင် ရှိတဲ့ပုဂ္ဂိုလ်မို့လား၊ အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ်မို့ ငါထင်နေတာလား (အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မို့ ငါထင်နေတာပါ ဘုရား)။

အကြားအမြင်မရှိတော့ လည်ပတ်နဲ့သူဟာ တွဲ-မတွဲ (တွဲပါတယ် ဘုရား) ကြိုးနဲ့ကော ဆက် မဆက်(ဆက်ပါတယ် ဘုရား) ချည်တိုင်နဲ့ကော တွဲလျက် ဟုတ် မဟုတ် (ဟုတ်ပါတယ် ဘုရား)။

ကဲ-ဒီပုဂ္ဂိုလ်ဟာ တစ်ဘဝလုံးမှာ သူချည်တိုင်အပြင်ဘက် ထွက်သေးရဲ့လား (မထွက်ပါ ဘုရား) ခန္ဓာကိုယ်ချည်တိုင်မှာ လှည့်ပြီးပြေးနေတာပဲ (မှန်ပါ)။

အင်း-ဘယ်သူ့ဖို့ ရှာနေတာတုံး၊ အို ကိုယ်စားဖို့ပေါ့၊ ကိုယ်ကပိုမှ သားမယားများဖို့ (မှန်ပါ) ကိုယ့်အတွက်ကတော့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကိုယ့်အတွက်ဆိုတော့ ဒီချည်တိုင်ကြီးမြဲဖို့ အခု လုပ်ကျွေးနေကြတာ (မှန်ပါ) ဘာဖြစ်လို့ ဒီချည်တိုင်ကြီးမြဲဖို့ လုပ်ကျွေးပါသတုံးဆိုတော့ ခင်လွန်းလို့(မှန်ပါ) ဘယ်သူ့ပစ္စည်းမို့တုံးမေးတော့ ငါ့ကိုယ်မို့ မလာဘူးလားဗျ (လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဘက်ဟာက ဒိဋ္ဌိ၊ ဒီဘက်ဟာက ခန္ဓာ၊ ဒီဘက်က တဏှာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒါကို အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်ကဖြင့် တစ်ခါတည်း ငါမပြုတ်တဲ့အတွက် သူ့လည်ပင်းမှာ တပ်ထားတဲ့ လည်ပတ်ကြိုးလိုပဲ-တဲ့၊ မပြုတ်ဘဲနဲ့ သေတာချည်းပဲ ပုထုဇဉ်သေတာက (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပုထုဇဉ်သေသည် လည်ပတ်ပြုတ်ပါရဲ့လား

ပုထုဇဉ်သေသည် လည်ပတ်ပြုတ်ပါရဲ့လား (မပြုတ်ပါ ဘုရား) ဘာဖြစ်လို့ မပြုတ်သတုံး (အကြားအမြင် မရှိလို့ပါ ဘုရား)။

ဒါ့ကြောင့် “အဿုတဝါ ပုထုဇ္ဇနော၊ သုတဝါ အရိယသာဝကော” လို့ ဘုရားဟောတော်မူသော နှစ်ချက်၊ နှစ်ချက်ဟောတယ်(မှန်ပါ) အဿုတဝါ ပုထုဇ္ဇနော ဆိုတဲ့ ခုနကပြောခဲ့တယ်၊ လည်ပတ်တန်းလန်းနဲ့သေတဲ့ ခွေးသေလိုပဲ (မှန်ပါ) သုတဝါ အရိယသာဝကောဆိုရင် ကြိုးပြတ်ပြီး သေတာမျိုးပဲ (မှန်ပါ) မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့အားလုံး ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဒါဖြင့် ဒီဘဝ ဘယ်နှယ် လုပ်ကြမတုံးဗျ (ကြိုးပြတ်အောင် လုပ်ရမှာပါ ဘုရား) လည်ပတ်လဲ ပြုတ်ဦးမှ ကောင်းမယ် (မှန်ပါ) တိုင်ကော (ကျိုးမှကောင်းမှာပါ ဘုရား) တိုင်လဲကျိုး၊ ကြိုးလဲပြတ်၊ လည်ပတ်လဲ ပြုတ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီသုံးချက်မမိရင် ခင်ဗျားတို့တော့ သွားပြီ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) တိုင်ကျိုး၊ ကြိုးပြတ်၊ လည်ပင်းကွင်းပြတ် ဒီသုံးချက်မိအောင် လုပ်ရမယ် (မှန်ပါ)။

ဒါက အမြဲတွယ်နေလို့ အမြဲချည်နေတဲ့ဥစ္စာ ဘုရားကလဲ ဟောထားတယ်၊ ကျုပ်တို့ဖြစ်စဉ်နဲ့လဲ တစ်သွေ မတိမ်းမှန်ပါတယ် (မှန်ပါ) မမှန်ဘူးလား (မှန်ပါတယ် ဘုရား) ခန္ဓာကိုယ်ကဘာတဲ့ (ချည်တိုင်ပါ ဘုရား) ခင်တာက ကြိုးပါဘုရား၊ ငါ့ဟာထင်တောက (ဒိဋ္ဌိ လည်ပတ်ပါ ဘုရား)။

ဒီဒိဋ္ဌိက ပြုတ်သေးရဲ့လား

အကြားအမြင်မရှိတော့ ဒကာ ဒကာမတို့ ဒီဒိဋ္ဌိက ပြုတ်သေးရဲ့လား (မပြုတ်ပါ ဘုရား) မပြတ်တော့ ဒိဋ္ဌိတည်းဟူသော လည်ပတ်နဲ့ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်နဲ့ တွဲတော့တာပေါ့ဗျာ(မှန်ပါ) မတွဲသေးဘူးလား (တွဲပါတယ် ဘုရား) ဘာငြင်းစရာလိုသေးသလဲ (မလိုပါ ဘုရား)။

ဒကာ ဒကာမတို့ ကိုယ့်အတွက်အဖြစ်ဆိုးကြီး ကိုယ်သိပလား (သိပါပြီ ဘုရား) ဒီအဖြစ်ဆိုးကြီးဘဝမှ ကျွတ်ချင်လွတ်ချင်တဲ့ စိတ်ကလေးများ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တော်တော်ကလေးတော့ နေရာကျတော့လာတာပဲဗျာ၊ ဒီနေရာတော်တာလား၊ အိမ်ကျမှ ပျက်မှာလားတော့ မပြောတတ်ဘူး၊ သို့သော်လဲ ဘယ်မှမပျက်နဲ့၊ ဒီဥစ္စာ အဖြစ်ဆိုးဆိုတာကို သတိထားကြပါ (မှန်ပါ)။

အဖြစ်ဧကန်ဆိုးပါပဲ ဒကာ ဒကာမတို့၊ အခု ဘုန်းကြီးကယ်လို့ ခင်ဗျားတို့ ဒါသိတာ (မှန်ပါ) နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ဒီအတိုင်းသာ သေကြစမ်းပါတဲ့၊ ဘာသေဆိုမလဲ (ခွေးသေလို လည်ပတ်မပြုတ်ဘဲ သေရတာပါ ဘုရား) ငြင်းဖို့ကော လိုသေးသလား (မလိုပါ ဘုရား)။

လည်ပတ်ပြုတ်ရဲ့လား (မပြုတ်ပါ ဘုရား) ကြိုးပြတ်ရဲ့လား (မပြတ်ပါ ဘုရား) တိုင်ကျိုးရဲ့လား (မကျိုးပါ ဘုရား) ဒီအနားမှာ သေတာဗျ (မှန်ပါ)။

မယုံရင် သူ ဘယ်နေရာမှာ ကျင်ကြီးစွန့်သတုံးသာ သွားကြည့် (ဒီတိုင်နားမှာပါ) ဒီချည်တိုင်ပဲ (မှန်ပါ) ဘယ်နေရာ ကျင်ငယ်စွန့်သတုံး ကြည့်လိုက် (ချည်တိုင်နားမှာပါ ဘုရား) ဘယ်နေရာမှာ ခွေးနာဖြစ်သတုံးမေး (ချည်တိုင်နားမှာပါ ဘုရား) ဘယ်မှမရွေ့ဘူး၊ ရွေ့သေးရဲ့လား (မရွေ့ပါ ဘုရား) ဘယ်လောက်များ ဆိုးသတုံး ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)။

လည်ပတ်ရှိမှန်းလဲ ကိုယ်ကိုယ်တိုင်မသိဘူး

ဘုရားက ခင်ဗျားတို့ကို တကယ့်အမြင်နဲ့ပြောတာ၊ ကိုယ်ကတော့ မမြင်ဘူး (မှန်ပါ) လည်ပတ်ရှိမှန်းလဲ ကိုယ်ကိုယ်တိုင်မသိဘူး၊ ကြိုးရှိနေတယ်လို့ကော (မသိပါ ဘုရား) တိုင်ရှိနေတယ်လို့ကော (မသိပါ ဘုရား)။

အဲဒီတော့ ရုန်းရမှန်း သိပါဦးမလား (မသိပါ ဘုရား) ဒါတွေဟာ အနှောင်အဖွဲ့အတုပ်အချည်တွေလို့ သိသေးရဲ့လား (မသိပါ ဘုရား) မသိကတည်းကိုက ရုန်းချင်တဲ့စိတ်လာဦးမလား (မလာပါ ဘုရား) မလာတော့ ဒီနားပဲ လှည့်ပြေးနေမှာပဲ (မှန်ပါ့ ဘုရား) ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။

ဒါ သက္ကာယဒိဋ္ဌိနယ်၊ နိဗ္ဗာန်မရှိဘူး ဒီနားမှာ (မှန်လှပါ ဘုရား) ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘယ်သူ့နယ်တုံး (သက္ကာယဒိဋ္ဌိနယ်ပါ ဘုရား) သက္ကာယဒိဋ္ဌိနယ်ပြင်ဘက်မှာ နိဗ္ဗာန်ကရှိမှာ၊ သူက သက္ကာယဒိဋ္ဌိနယ်တွင် လှည့်နေတာ (မှန်ပါ ဘုရား)။

ဒါက သက္ကာယ၊ ဒီဘက်က ဒိဋ္ဌိ၊ ရှင်းလို့ (မှန်ပါ) ဒါဖြင့် သက္ကာယဒိဋ္ဌိနယ်ထဲတွင် ဒီခွေးက လည်ပတ်စွပ်ပြီး ပြေးနေတာပေါ့ (မှန်ပါ) ဘယ်များပြေးသတုံး (ဘယ်မှ မပြေးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောက်တုန်းက မပြေးနိုင်တာသည်

ဒကာ ဒကာမတို့ နောက်တုန်းက မပြေးနိုင်တာသည် တရားဆိုးတွေက လည်ပင်းပတ်လိုပတ်၊ တိုင်နဲ့တွဲပြီး ချည်လိုချည်၊ ကိုယ်ကလဲ ချည်မှန်းမသိဘူး (မှန်ပါ) သက္ကာယဒိဋ္ဌိပြင်ဘက်မှာ သက္ကာယဒိဋ္ဌိလွတ်ရာ နိဗ္ဗာန်ရှိတယ်လို့ကော သိရဲ့လား (မသိပါ ဘုရား) မသိတော့ ဒီတိုင်ခြေမှာ ပြေးပေါ့ဗျာ (မှန်ပါ)။

တိုင်ခြေမှာပြေး၊ တိုင်ခြေမှာစား၊ တိုင်ခြေမှာအို၊ ဒကာ ဒကာမတို့အကောင်းကိုပါရဲ့လား(မပါပါ ဘုရား) ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား) ရှင်းပလား(ရှင်းပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒီတရားဟာ ဒကာ ဒကာမတို့ ဒီသက္ကာယအဆုံးမှာ ဦးခင်မောင် ဘာရှိသတုံး (နိဗ္ဗာန် ရှိတာပါ ဘုရား) ဒီသက္ကာယအဆုံးမှာမှ ရှိတယ်၊ ဒါက သက္ကာယအဆုံးမှာမှ ရှိတယ်၊ ဒါက သက္ကာယခန္ဓာငါးပါး၊ ဒိဋ္ဌိက ဒီခန္ဓာငါးပါးကို ငါထင်နေတယ် (မှန်ပါ) အဿုတဝါပုထုဇဉ်က ဒီငါးပါးကို ငါထင်နေတာနော် (မှန်ပါ)။

ငါထင်တော့ သူက အဿုတဝါ ပုထုဇဉ် ဖြစ်နေသောကြောင့် ငါကလဲ မပြတ်တော့ဘူး (မှန်ပါ) ဒီငါးပါးကို ငါထင်နေတယ် (မှန်ပါ) ဒိဋ္ဌိနဲ့စွဲတာ (မှန်ပါ) ဆိုနိုင်ပလား (ဆိုင်နိုင်ပါတယ် ဘုရား) ဘာနဲ့စွဲတာတုံး (ဒိဋ္ဌိနဲ့စွဲတာပါ ဘုရား)။

ဒါဖြင့် သက္ကာယဒိဋ္ဌိ (မှန်ပါ ဘုရား) အကြားအမြင်မရှိတဲ့ ပုထုဇဉ်မှာ သက္ကာယဒိဋ္ဌိ (မှန်ပါ)။

ဒါက ဘာတုံး (အကြားအမြင်မရှိတဲ့ ပုထုဇဉ်ပါ ဘုရား) အကြားအမြင်မရှိတဲ့ ပုထုဇဉ်မှာ ဘာဖြစ်နေသတုံး (သက္ကာယဖြစ်ပါတယ် ဘုရား) ပြီးတော့ကော (ဒိဋ္ဌိပါ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်ရင် ဒီတဏှာကလဲ ရောပြီး ပြုတ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဒိဋ္ဌိယှဉ်တဲ့ တဏှာရောပြီးပြုတယ်၊ “ဒိဋ္ဌိဂတသမ္ပယုတ္တံ လောဘသဟဂတံ” ကိုးဗျ၊ ဒိဋ္ဌိကဦးစီးမနေဘူးလား (စီးနေပါတယ် ဘုရား) အဲဒီတော့ ဒိဋ္ဌိပြုတ်ရင် ဒီတဏှာက လိုက်ပြုတ်တယ်၊ သောတာပတ္တိမဂ်မှာ (မှန်ပါ)။

ဘယ်သူ့အပေါ်မှာ ဒိဋ္ဌိဖြစ်ပါလိမ့်

ဒါဖြင့် ခင်ဗျားတို့ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်သည် သက္ကာယဒိဋ္ဌိဖြစ်တယ်၊ ဘယ်သူ့အပေါ်မှာ ဒိဋ္ဌိဖြစ်ပါလိမ့် (ခန္ဓာငါးပါးအပေါ်မှာ ဖြစ်ပါတယ် ဘုရား)။

ခန္ဓာငါးပါးကို ဘာခေါ်ကြတယ် သက္ကာယပါ (မှန်ပါ) အဲဒါကြောင့် သက္ကာယဒိဋ္ဌိ သဘောကျပလား (ကျပါပြီ) ဒါက အဿုတဝါ ပုထုဇ္ဇနော (မှန်ပါ)။

ဦးဘရင် ဒီတရားဟာ မလွယ်ဘူးနော် (မှန်ပါ) အင်မတန်ထောက်ပြပြီး ပုံစံချပြမှ ခင်ဗျားတို့ ရိပ်မိရုံရှိတာ (မှန်ပါ)။

ကိုင်း-ဒါဖြင့် ဟောကြစို့ ဒကာ ဒကာမတို့၊ ဒီအတိုင်းနဲ့တော့ဖြင့် ဘဝသံသရာက ခွေးသေသေပြီး ခွေးပြေးပြေးပြီး ခွေးစားစားပြီး ခွေးနေနေခဲ့ရတယ်ဆိုတာတော့ ငြင်းဖို့မလိုတော့ဘူး (မလိုပါ ဘုရား) သွားပြန်တော့လဲ ကြိုးတစ်ဆုံးပဲဟုတ်လား (မှန်ပါ) ဘယ်သွားနိုင်သေးသတုံး (မသွားနိုင်ပါ ဘုရား)။

ခင်ဗျားတို့ ကြိုးတစ်ဆုံးက ပိုပြီးသွားတဲ့ ပုဂ္ဂိုလ်များ ရှိသေးသလား (မရှိပါ ဘုရား) မရှိပါဘူး၊ နတ်ပြည် ဗြဟ္မာ ပြည်တောင်းတယ်ဆိုတာက တဏှာကြိုးတစ်ဆုံးပဲ၊ တဏှာက ဒါလောက်တောင်းနိုင်တာ၊ နိဗ္ဗာန်က တောင်းနိုင်ရဲ့လား (မတောင်းနိုင်ပါ ဘုရား) ရမှမရဘဲကိုးဗျ၊ အဲဒီတော့ ကြိုးတစ်ဆုံးပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ တိုင်ကျိုးပြီး သကာလ ကြိုးပြတ်ပြီး လည်ပတ်ကွင်းပြုတ်မှ ခင်ဗျားတို့ လွတ်လပ်ရေးရမယ် (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် ရစရာမြင်သေးရဲ့လား (မမြင်နိုင်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

အကယ်၍ ဒကာ ဒကာမတွေ တိုင်များ ကျိုးသွားမယ်ဆိုရင် ကျေမှကျေနပ်ပါ့မလား၊ ကိုယ်က ငယ်ပေါင်းဖြစ်နေတယ်၊ ဒီတိုင်နဲ့က ငယ်ကပေါင်းနှစ်တစ်သောင်း မမေ့ကောင်းများဖြစ်နေရင်တော့ အတော်ဆိုးသွားဦးမယ်၊ မဆိုးပေဘူးလား ဆိုးမလား (ဆိုးပါတယ် ဘုရား)။

ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ ဒီတိုင်ကျိုးသွားမှာများ ကြောက်ကြသေးသလား (ကြောက်ပါတယ် ဘုရား) ခပ်သွက်သွက်လုပ်၊ ခင်ဗျားတို့ အတော် ခွကျနေတာ (မှန်ပါ)။

ခွေးလို ဖြစ်နေဦးမယ်

ဒီတိုင်နားပြေးနေရတာ ကျေနပ်လို့ ခွေးလို ဖြစ်နေဦးမယ်၊ သွက်သွက်ပြော၊ ဒီတိုင်ကျိုးရင် ကျေနပ်ပါ့မလား (ကျေနပ်ပါတယ် ဘုရား)။

ဦးခင်မောင် အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ခင်တာကလဲ ဒီခန္ဓာပဲမဟုတ်လား (မှန်လှပါ ဘုရား) ငါထင်ကကော (ဒီခန္ဓာပါပဲ ဘုရား)။

ကဲ-ဒါဖြင့် ဒီခန္ဓာကနေပြီး မကျိုးလို့ရှိရင်ဖြင့် ဒီကြိုးလဲ ပြတ်မှာမဟုတ်ဘူး၊ ဒီလည်ပတ်ကွင်းလဲ ပြုတ်တော့မှာမဟုတ်ဘူး (မပြတ်ပါ ဘုရား) အဿုတဝါ ပုထုဇ္ဇနောအဖြစ်မှလဲ လွတ်ပါဦးမလား (မလွတ်ပါ ဘုရား) သုတဝါ ပုထုဇဉ်ဖြစ်ရင်တော့ အရိယာဘက်ကူးမှာပေါ့ဗျာ (မှန်ပါ)။

အခုတော့ အဿုတဝါပုထုဇ္ဇနောမို့ သက္ကာယဒိဋ္ဌိ ဖြစ်သွားတော့တာပဲ (မှန်ပါ) သက္ကာယဒိဋ္ဌိ အဿုတဝါ ပုထုဇ္ဇနော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒီလိုဆိုကြစို့၊ ဒါကပုထုဇဉ် ဒါက ဒိဋ္ဌိ၊ ဒါက တဏှာ၊ ဒါက ချည်တိုင်ခန္ဓာငါးပါး ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးထဲက တစ်ပါးပါးကို ကျုပ်တို့ ကြည့်ကြစို့၊ ရုပ်နဲ့နာမ်ကို အကုန်လုံး တစ်ပြိုင်နက်တော့ ကြည့်လို့မတော်သေးဘူး၊ ဖြစ်ချုပ်က မတူဘဲကိုးဗျ (မှန်ပါ ဘုရား)။

စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က စိတ်တစ်လုံးကို ကြည့်ပါ

ဖြစ်ချုပ်မတူတာတော့ ဆရာဘုန်းကြီးဟောထားလို့ သိနေတော့ ခင်ဗျားတို့ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က စိတ်တစ်လုံးကို ကြည့်ပါ (မှန်ပါ)။

ဝေဒနာသုံးပါး တစ်ပါးပါးကြိုက်တဲ့ပုဂ္ဂိုလ်က တစ်ပါးပါးရှုပေါ့လေ (မှန်ပါ) သညာကြိုက်ရင် သညာရှုပေါ့ဗျာ (မှန်ပါ) ကဲ-ခန္ဓာငါးပါးထဲက တစ်ပါးပါးဖြင့် ဒကာ ဒကာမတွေ ဟောပြီနော် (မှန်ပါ)။

ဒကာ ဒကာမတို့ ခင်ဗျားတို့သန္တန်မှာ ကုသိုလ်စိတ်ကလေး ပေါ်လာတယ်၊ ဘုရားရှိခိုးတဲ့ ကုသိုလ်စိတ်ကလေးဆိုတော့ ဝီတရာဂစိတ်လို့ ခေါ်တယ်၊ ရာဂကင်းတဲ့စိတ်ပေါ့ဗျာ (မှန်ပါ)။

သို့သော် ဘုရားကဟောတာက ဝီတရာဂစိတ် ပစ်မထားနဲ့၊ “ဝီတရာဂ စိတ္တန္တိပဇာနာတိ” ဖြစ်အောင်လုပ်တဲ့ (မှန်ပါ ဘုရား) ပစ်မထားနဲ့၊ ပစ်ထားရင် မောဟလာမယ် (မှန်ပါ)။

သူ့စိတ်ကလေး ဖြစ်တာပျက်တာပဲ၊ ဒါကလေးဟာ ဖြစ်ပြီးပျက်သွားတာကို သူမသိလိုက်ဘူးဆိုတော့ မသိတဲ့ အဝိဇ္ဇာ ကြားခိုမယ်၊ မခိုဘူးလား (ခိုပါတယ် ဘုရား)။

ဒါကြောင့် ဘုရားက ကြားခိုမှာစိုးလို့ ဒါကလေးဟာ ဘုရားရှိခိုးချင်တဲ့စိတ်ကလေး (မှန်ပါ) ခန္ဓာငါးပါးထဲက တစ်ပါးထုတ်လိုက်တယ်နော် (မှန်ပါ)။

ဘုရားရှိခိုးချင်တဲ့စိတ်ကလေး ပေါ်လာလို့ရှိရင် ဒါကို ဝိပဿနာနဲ့ လိုက်ပေးစမ်းပါ (မှန်ပါ) ဘယ်လိုလိုက်မယ် (ဖြစ်ပျက်လိုက်ရပါမယ် ဘုရား) ဖြစ်ပျက် လိုက်ပေး၊ ရှိခိုးချင်တဲ့စိတ်ကလေးဟာ ရှိခိုးသေးတာ မဟုတ်ဘူး၊ ရှိခိုးချင်တယ်လို့ ထိုင်နေရင်းပေါ်လာတာ (မှန်ပါ) ရှိခိုးချိန် ရောက်ပြီလို့ ပေါ်လာတာ၊ ရှိခိုးသေးတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

ဒီစိတ်ကလေးကို ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ကောင်းပြီ၊ ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် သူသည် ကုသိုလ်စိတ် ဝိညာဏက္ခန္ဓာဖြစ်သလား၊ အနိစ္စဖြစ်သွားသလား (အနိစ္စဖြစ်သွားပါတယ် ဘုရား) ဝိညာဏက္ခန္ဓာလို့လဲ မသိတော့ ငါ့စိတ်ဖြစ်နေမှာပဲ (မှန်ပါ ဘုရား) ငါ့စိတ်ဖြစ်နေရင် ဒါချည်တိုင်ဖြစ်မယ် (မှန်ပါ)။

အနိစ္စအဖြစ်နဲ့ ဉာဏ်နဲ့ ကြည့်လိုက်စမ်း

အခုတော့ အနိစ္စအဖြစ်နဲ့ ဉာဏ်နဲ့ ကြည့်လိုက်စမ်း ဒကာ ဒကာမတို့ သူဟာ ခိုင်သလား၊ မြဲသလား (မမြဲပါ ဘုရား) မမြဲရင်တိုင်ကျိုးပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

တိုင်ကျိုးသွားတဲ့အခါကတော့ ဪ-ဒီဥစ္စာဖြစ်ပြီးပျက်နေတဲ့ တရားကလေးပါကလားလို့ မသိလိုက်ရဘူးလား (သိရပါတယ် ဘုရား) သိလိုက်တဲ့အခါကျတော့ သူကတိုင်ကျိုး (မှန်ပါ) ဘယ့်နှယ်ကြောင့် ကျိုးသွားသတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) မဂ်ဉာဏ်နဲ့ လှီးဖြတ်လိုက်လို့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

တိုင်ကျိုးတာ ဘာနဲ့ချိုးလိုက်ပါလိမ့် (မဂ်ဉာဏ်နဲ့ချိုးလိုက်ပါတယ် ဘုရား) မဂ်ဉာဏ်နဲ့ ချိုးလိုက်ပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နဂိုကတော့ ငါ့စိတ်ငါဘုရားရှိခိုးချင်တယ် မလာဘူးလား (လာပါတယ်) အဲဒီငါရှိသေးရဲ့လား (မရှိပါ ဘုရား) ငါဆိုတဲ့ သက္ကာယဒိဋ္ဌိက နဂိုက ဒီအပေါ်မှာ စွဲတာ၊ မစွဲဘူးလား (စွဲပါတယ် ဘုရား) အခုတော့ ငါရှိသေးရဲ့လား (မရှိပါ ဘုရား) ငါမရှိတော့ ဒကာ ဒကာမတို့ ငါ့ဥစ္စာလို့ လုပ်ဦးမလား (မလုပ်ပါ ဘုရား)။

ငါ မရှိဘူး သိတာက ဒိဋ္ဌိပြုတ်တာ

ဒါဖြင့် ငါ မရှိဘူး သိတာက ဒိဋ္ဌိပြုတ်တာ (မှန်ပါ) ငါမဟုတ်လို့ရှိရင် ငါ့ဥစ္စာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ငါ့ဥစ္စာမဟုတ်လို့ရှိရင် ငါ့ဥစ္စာမဟုတ်လို့ရှိရင် ငါ့ဥစ္စာ ဆိုတာကတော့ တဏှာက လာတာ (မှန်ပါ) အဲဒီ တဏှာကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် အနိစ္စနဲ့ အဂ္ဂပဲ ကျန်ရစ်တယ် (မှန်ပါ)။

ဒီဟာတွေဟာ ဒိဋ္ဌိလဲ ပြတ်သွားတော့ လည်ပတ်လဲ ပြုတ်သွားပြီ (မှန်ပါ) ငါ့ဥစ္စာမဟုတ်မှန်းသိတော့ တဏှာ ကြိုးပြတ်တယ် (မှန်ပါ) ဖြစ်ပျက်မြင်လိုက်တဲ့အခါ တိုင်ကျိုးတယ် (မှန်ပါ)။

ဒါဖြင့် တိုင်ကျိုးပြီး သကာလ ကြိုးပြတ်လည်ပတ် ကွင်းပြုတ်သွားတဲ့ ပုဂ္ဂိုလ်အဖြစ်သို့ရောက်ပြီ (မှန်ပါ) သုတဝါပုထုဇဉ်ဖြစ်ပြီ (မှန်ပါ) ဒါဖြင့် အရိယာဘက်ကူးမယ် (မှန်ပါ) မကူးနိုင်ဘူးလား (ကူးနိုင်ပါတယ် ဘုရား)။

တော်တော်အရေးကြီးတဲ့တရား၊ အခုနောက်ဆုံးပိတ်အချက်ဟာ သိပ်အရေးကြီးတယ်၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဖြစ်ပျက်ရှုလို့ရှိရင်

ဒါဖြင့် သုတဝါ ပုထုဇဉ်ဖြစ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အရိယသာဝကောဖြစ်နိုင်ပြီ (မှန်ပါ)။

ဒါဖြင့် တစ်ခုခု ဖြစ်ပျက်ရှုလို့ရှိရင် တိုင်လဲ ကျိုးပါတယ်၊ ကြိုးလဲ (ပြတ်ပါတယ်) ဒိဋ္ဌိလည်ပတ်ကွင်းကော (ပြုတ်ပါတယ် ဘုရား) သုတဝါ ပုထုဇဉ်ကော (ဖြစ်ပါတယ် ဘုရား) အဲ-ဖြစ်ပျက် တစ်လုံးတည်းမိရင် ခင်ဗျားတို့ အကုန်ရတာပဲ (မှန်ပါ)။

ကိုင်း-ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။