ဝဋ်သုံးပါးမှ လွတ်မြောက်ရာနိဗ္ဗာန်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူသော
ဝဋ်သုံးပါးမှ လွတ်မြောက်ရာနိဗ္ဗာန်
နေရအလုပ်ပေးတရားတော်
(၃၀-၁၁-၅၈)
ဝဋ်သုံးပါးမှ လွတ်မြောက်ရာနိဗ္ဗာန်
ဒကာ ဒကာမတို့ ဝဋ်သုံးပါးမှ လွတ်မြောက်ရာနိဗ္ဗာန်လို့ခေါ်တယ်၊ ကိလေသာဝဋ် ရှိနေပြန်လို့ရှိရင်လဲ ကိလေသာ ဆိုတာ မီးတို့အားလုံး ဒကာ ဒကာမတွေသိကြပြီနော် (မှန်ပါ့) ကိလေသာရှိနေပြန်လို့ရှိရင်လဲ ကိလေသာမီးက ခန္ဓာကြီးကိုလောင်နေတယ် အဲ့ဒီတော့ ဒါလဲ နိဗ္ဗာန်မဟုတ်နိုင်ဘူး (မှန်ပါ့ ဘုရား)။
ကမ္မဝဋ်ဆိုတာ ကိလေသာရှိလို့ ကိလေသာလုပ်ထားတဲ့ ကယကံ ဝစီကံ မနောကံတွေ အဲ့ဒီကံတွေရှိနေသေးလို့ရှိ ရင်လဲ အကျိုးပေးတွေလာဦးမှာဘဲ (မှန်ပါ့ ဘုရား)။
အဲ့ဒီကံတွေတည်းဟူသော အကြောင်းတရားလဲ နိဗ္ဗာန်မှာမရှိတော့ဘူး၊ ကမ္မဝဋ်မှလွတ်သွားတယ် ကံမရှိတဲ့အတွက် သူက အကျိုးပေးတဲ့ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မခန္ဓာတွေ ဆိုတာတွေ လူ့ဘုံ နတ်ဘုံ ဗြဟ္မဘုံ ဆိုတာတွေလဲ မရှိတော့ဘူး ရှိရင် ဒါတွေက အနိစ္စတရားတွေ ပျက်ဦးမှာဘဲ (မှန်ပါ့)။
အဲ့ဒီတော့ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မခန္ဓာ လူ့ဘုံ နတ်ဘုံ ဗြဟ္မဘုံ တွေမရှိပါဘူး အဲ့ဒီလိုမရှိတော့ ဒါက ဝိပါကအကျိုး ပေးခေါ်တယ် အဲ့ဒီဝိပါကဝဋ်လည်းလွတ်မြောက်ရာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)။
ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်
ဒါဖြင့် ဝဋ်သုံးပါးလွတ်မြောက်ရာကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ကိလေသဝဋ်ဆိုတဲ့ အပူဓာတ် အလောင်ဓာတ် လဲ ဒကာကြွယ်တို့ ဒကာသိုက်တို့ မရှိဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ကမ္မဝဋ်ဆိုတဲ့အားထုတ်မှုတွေကော (မရှိပါ ဘုရား) ဝိပါကဝဋ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးတွေ့ရတဲ့ သဘောတွေကော (မရှိပါ) ခန္ဓာကိုယ်ရရင် အို နာ သေကြီးက ပါနေဦးမှာကိုးဗျ (မှန်ပါ့) အဲ့ဒီတော့ ဒီဝိပါကဝဋ်ဟာ ဒကာ ဒကာမတွေ နိဗ္ဗာန်မှာရှိနေမယ် ဆိုရင် ဘယ့်နှယ့်ချမ်းသာအစစ် ဖြစ်နိုင်တော့မတုံး (မှန်ပါ့ ဘုရား)။
ဒါကြောင့် နိရောဓဿ နိဿရဏဌော၊ နိရောဓဿ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ၏ နိဿရဏဋ္ဌော ဒုက္ခဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ရာထွက်မြောက်ကြောင်းဖြစ်သော သဘောသည်လည်းကောင်း ဒုက္ခဝဋ်မှ ထွက်မြောက်သွားတာ (မှန်ပါ့) အဲ့ဒါ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ ဘာပါလိမ့်မတုံး အောက်မေ့တယ် ဝဋ်ကျွတ်သွားတာဟာ နိဗ္ဗာန် (မှန်ပါ့) ကိလေသာ ဝဋ်မှ ကျွတ်လွတ်သွားတာဟာ နိဗ္ဗာန် ကမ္မဝဋ်မှ ကျွတ်လွတ်သွားရင် (နိဗ္ဗာန်ပါ) အဲ ဝဋ်သုံးပါးမှ လုံးလုံးကျွတ်သွားရင် (နိဗ္ဗာန်ပါ ဘုရား)။
ဪ နိဗ္ဗာန်ဆိုတာသည် ဒကာ ဒကာမတို့ ဝဋ်ကျွတ်တဲ့သဘောကို ဆိုတာပါလားလို့ ဒကာသိုက် ဒကာကြွယ်တို့က မှတ်ရလိမ့်မယ် (မှန်ပါ့)။
အားလုံး ဒကာ ဒကာမတွေ နိဗ္ဗာန်ကို ရှင်းလင်းပြီး သကာလ ပြောရလိမ့်မယ် နိဗ္ဗာန်ကို လေးရက်တိတိ ဆက်ပြောရမှာ ဘဲ ဒကာသိုက် ဒကာကြွယ်တို့ရဲ့ နော် (မှန်ပါ့) ဘုရားက လေးမျိုးဟောတော့ကို လေးရက်ဘဲ ပြောရမယ် သမုဒယသစ္စာတုန်းက လဲ လေးရက်ပဲ ပြောခဲ့တယ် ဒုက္ခဝဋ်မှ ကျွတ်သွားတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားလည်မှ
ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် နားလည်မှ သူ့ကိုပိုမိုရှင်းတယ်လို့ မှတ်ထားပါ (မှန်ပါ့) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကို လမ်းခင်းကြဦးပေါ့ဗျာ (မှန်ပါ့)။
ဒီဝဋ်တွေမှ ကျွတ်တာကို နိဗ္ဗာန်လို့ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ထဲမှာ ကိလေသာဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ပါနေတယ်ဆိုတာ သိမှ ခင်ဗျားတို့ ဪ ဒီဝဋ်ကျွတ်မှ နိဗ္ဗာန်ကိုးဆိုတာ အားလုံး ဒကာ ဒကာမတွေ ပိုမိုရှင်းလာလိမ့်မယ် (မှန်ပါ့)။
ကဲ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်လမ်းခင်းပြမယ် (မှန်ပါ့) ထုံးစံပဋိစ္စသမုပ္ပါဒ်ကို ဖြန့်ပြီး ကောက်ကြပါဦးစို့ ဒကာ ဒကာမတို့ နော် (မှန်ပါ့)။
ဒီဘက်ကတစ်လုံးတည်းချတာ ဘာတုံး (အဝိဇ္ဇာပါ ဘုရား) ဒီဘက်က နှစ်လုံးချတာက (သင်္ခါရပါ ဘုရား) အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတော့ မမေ့စေနဲ့ (မှန်ပါ့)။
ဒါက ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရလို့ သင်္ခါရကသုံးမျိုးပေါ့ဗျာနော် (မှန်ပါ့) လိုရင်းတော့ ကာယကံ ဝစီကံ မနောကံပါဘဲ (မှန်ပါ့)။
ကဲ သင်္ခါရပစ္စရာ (ဝိညာဏံပါ ဘုရား) ဝိညာဏံဆိုတာ ဒကာ ဒကာမတွေ ပဋိသန္ဓေနေတာ လို့မှတ်ရမယ် (မှန်ပါ့)။
မသိလို့ အားထုတ်တာ
အဝိဇ္ဇာက မသိတာ ဒီကံတွေက မသိလို့ အားထုတ်တာ မသိခြင်းကြောင့် ဒီကံတွေပေါ်လာ ပေါ်လာလို့ အားထုတ် ခြင်းကြောင့် ဒီအကျိုးပေး ပဋိသန္ဓေနေရတယ် (မှန်ပါ့) အဲ့ဒီတော့ ပဋိသန္ဓေနေရာက ကြီးပွားလာရမယ်ဆိုတာ ဓမ္မတာ ထုံးစံပါပဲ (မှန်ပါ့)။
အဲ့ဒီတော့ ဝိညာဏ်ရှိလာလို့ရှိရင်ဖြင့် ဝိညာဏပစ္စယာ (နာမရူပံ) နာမ်ရုပ်ဆိုတာ လာရမယ် နာမ်နဲ့ရုပ် နှစ်ပါးပေါ်လာ ရမယ် နာမ်နဲ့ရုပ် နှစ်ပါးပေါ်လာတယ် နာမ်နဲ့ရုပ် နှစ်ပါးပေါ်လာတော့ ဒကာ ဒကာမတို့ ပဋိသန္ဓေကြီး ရင့်လာတာဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။
ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်ဟာ နောင်ကြီးရင့်လာတော့ နာမ်ရုပ် မလာဘူးလား (လာပါတယ် ဘုရား) နာမရူပပစ္စယာ (သဠာယတနံပါ ဘုရား) သဠာယတနံဆိုတော့ အာယတန ခြောက်ပါးပေါ့ဗျာ (မှန်ပါ့)။
စက္ခု သောတ ဃာန ဇိဝှါ ကာယ မန ဘယ်နှစ်ခုပါလိမ့် (ခြောက်ခုပါ ဘုရား) အဲ့ဒါလဲ ပဋိသန္ဓေက ကြီးပွားလာတာလို့ ဆိုရင် လွဲသလား (မလွဲပါ ဘုရား) ဒါက ခြောက်ပါးလို့ ဒကာ ဒကာမတွေ မှတ်ထားတာပေါ့နော် (မှန်ပါ့)။
ဒီမှာ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ပေါ်လာတာဘဲ (မှန်ပါ့) ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်သည် ကြီးပွားလာတာ အခု နာမ်ရုပ်လဲ ပဋိသန္ဓေနေမိလို့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ကော (ပေါ်လာပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
နာမရူပပစ္စယာ သဠာယတနံ သဠာယတနပစ္စယာ ဘာတဲ့ (ဖဿပါ ဘုရား) မျက်လုံးရှိတယ်ဆိုတော့ မျက်လုံးနဲ့တွေ့ ချင် နားနဲ့တွေ့ချင်ဆိုတဲ့ ဖဿလာမှာပဲ ဖဿခြောက်မျိုးလာမယ် (မှန်ပါ့) ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဝေဒနာလည်း ခြောက်မျိုးလာမှာပဲ ခြောက်ပေါက်ရှိတယ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ကိုင်း ဝေဒနာပစ္စယာ တဏှာက ထုံးစံအတိုင်း ဒီမှာ ဝေဒနာရှိနေလို့ရှိရင်ဖြင့် ဝိပဿနာ မရှုတဲ့ပုဂ္ဂိုလ် တဏှာပေါ်ရမယ် (မှန်ပါ့)။
တဏှာလာလို့ရှိရင်ဖြင့်
တဏှာလာလို့ရှိရင်ဖြင့် ဖျက်ဆီးလို့မရတော့ပါဘူး ဒကာ ဒကာမတို့ ဥပါဒါန်ဆိုတဲ့ တရားတွေ မလာပေဘူးလား (လာပါ တယ် ဘုရား) လာလို့ရှိရင် ကာယကံ ဝစီကံ မနေကံကော (လာမှာပါ ဘုရား) လာလိမ့်မယ် ကာယကံ ဝစီကံ မနောကံ နော် (မှန်ပါ့)။
ကောင်းပြီ ဒကာ ဒကာမတို့ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဟော ဇာတိဆိုတာ ဒကာသိုက် မှတ် ပဋိသန္ဓေဘဲ ပြန်လာတယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဇာတိပစ္စယာ (ဇရာမရဏပါ ဘုရား) ဇရာမရဏဆိုတာ လာဦးမှာဘဲတဲ့ ဒါ ပဋိစ္စသမုပ္ပါဒ်မှာဖြင့် ရေတွက်ကြည့်မယ် ဆိုရင်တဲ့ နှစ်ခုဘဲရှိမယ်ဆိုတာ သိကြမှာပဲ (မှန်ပါ့ ဘုရား)။
အဲ့ဒီတော့ ဒကာ ဒကာမတွေ ဒီထဲမှာ ဝဋ်သုံးပါး နေတယ်ဆိုတဲ့ဥစ္စာ မှတ်ရလိမ့်မယ် (မှန်ပါ့)။
ကဲ ဝဋ်သုံးပါးမပြောခင် အရင်ဟာလေးပဲ ဒကာ ဒကာမတွေ ရှင်းလင်းအောင်ပြကြပါဦးစို့ (မှန်ပါ့ ဘုရား) ဒီဘက်က အဝိဇ္ဇာနဲ့သင်္ခါရ အတိတ်ဘဝ လွန်ခဲ့တဲ့ဘဝပေါ့ဗျာ (မှန်ပါ့) ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ကံ ဒါက ပစ္စုပ္ပန်ဘဝ (မှန်ပါ့)။
အခု ဒကာ ဒကာမတွေဟာ ဒီထဲမှာဘဲ ဒီကအစ ဒီအဆုံးမှာဘဲရှိတယ် (မှန်ပါ့) ဒီဘက်က ဇာတိ ဇရာ မရဏဆိုတာက နောက်မှတွေ့ရမည့် အနာဂတ်ဘဝ (မှန်ပါ့)။
အတိတ်ဘဝက ဘယ်သူပါလိမ့်
အတိတ်ဘဝက ဘယ်သူပါလိမ့် (အဝိဇ္ဇာသင်္ခါရပါ ဘုရား) အဝိဇ္ဇာသင်္ခါရ ဪ အတိတ်ဘဝက ဒီနှစ်ခုဖြစ်တယ်လို့ မှတ်ထားကြပါ ပစ္စုပ္ပန်ဘဝကတော့ ဘယ်နှစ်ခုတဲ့ (ရှစ်ခုပါ ဘုရား) ဘယ်သူတွေပါလိမ့် (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ကံပါ ဘုရား)။
အနာဂတ်ဘဝက ဘယ်နှစ်ခုပါလိမ့် (နှစ်ခုပါ ဘုရား) ဘယ်သူပါလိမ့် (ဇာတိ ဇရာမရဏပါ ဘုရား) ဇာတိရယ် ဇရာမရဏရယ် (မှန်ပါ့) နှစ်ခုတည်းနော် ဇာတိက တစ်ခု ဇရာမရဏက တွဲလျက်တစ်ခု (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခင်ဗျားတို့ရထားတာကို လျှောက်ရွတ်ရုံပဲ ရွတ်တာပဲ ဘယ်ဟာကအတိတ် ဘဝ ဘယ်ဟာက ယခု တို့သန္တာန်မှာဖြစ်ပေါ်နေတာ ဒါကနောက်မှပေါ်လာမှာမို့ ဝေဖန်ပြီး မသိကြပေဘူးပေါ့ဗျာ (မှန်ပါ့)။
အခုတော့ ဒကာ ဒကာမတွေ ရှင်းကြပြီဆိုကြပါစို့ (မှန်ပါ့ ရှင်းပါပြီ) အတိတ်ဘဝကဘယ်သူပါလိမ့် (အဝိဇ္ဇာ သင်္ခါရပါ ဘုရား)။
ဒါ လွန်ခဲ့တဲ့အတိတ်ဘဝ ဒီဘဝမှာ သူတို့မဟုတ်ပါဘူး ဒီဘဝမှာ ယခုလက်ရှိက ဘာတုံး (ဝိညာဏ် နာမ်ရုပ် သဠာယ တန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ကမ္မဘဝပါ ဘုရား) ဒါက ယခုဘဝမှာ ဖြစ်ပေါ်နေကျတရားတွေ (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ယခုမဖြစ်သေးဘူး နောင်မှ ပဋိစ္စသမုပ္ပါဒ်မပြတ်ရင် ဖြစ်ရမည့်တရားကဘယ်သူပါလိမ့် (ဇာတိ ဇရာမရဏပါ ဘုရား)။
ဝဋ်သုံးပါးကိုမသိလို့ရှိရင်
ဒါဟာ အရင်ဟာကိုပြန်ပြီး အစဖော်လာတာ ဝဋ်သုံးပါးမှကျွတ်လွတ်တာကို နိဗ္ဗာန်ကိုးဗျ (မှန်ပါ့) ဝဋ်သုံးပါးမှ ကျွတ်လွတ်တာ နိဗ္ဗာန်လို့ဆိုသဖြင့် ဝဋ်သုံးပါးကိုမသိလို့ရှိရင် ကျွတ်လွတ်ရာလည်းသိမှာ မဟုတ်ပါဘူး (မှန်ပါ့)။
အဲ့ဒီတော့ ဒကာ ဒကာမတို့ ဝဋ်ဆိုတာ ကိလေသာဝဋ် ကမ္မဝဋ် ဝိပါကဝဋ်လို့ ခုနေက နှုတ်တိုက်ချပေးခဲ့တာ ဘာတဲ့တုံး (ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ပါ ဘုရား)။
ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်ကို အတိုချုံးလိုက်လို့ရှိရင်ဖြင့် ဘဝနဲ့ချုံးလည်း သုံးမျိုးပဲ (မှန်ပါ့) အတိတ်ဘဝ အနာဂတ် ဘဝ ပစ္စုပ္ပန်ဘဝနဲ့ အတိုချုံးလိုက်တော့လဲ ပဋိစ္စသမုပ္ပါဒ်သုံးမျိုးဘဲရတယ် (မှန်ပါ့) ဝဋ်သုံးပါးနဲ့ ချုံးလိုက်လို့ရှိရင်လဲ သုံးမျိုးပဲရတယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကဲ ဝဋ်သုံးပါး အသာထားပါဦး ဒကာ ဒကာမတွေသည် ယခုဘယ်အထဲမှာတုံး လို့ မေးလို့ရှိရင် ဖြေတတ်ကြပြီလား (ဖြေတတ်ပါပြီ ဘုရား) ဘယ်အထဲမှာတုန်း (ဝိညာဏ် နာမ်ရုပ် သဠာယ တန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ကမ္မဘဝပါ ဘုရား)။
ကောင်းပြီ ဒီရှစ်ခုထဲမှာလဲ ဒကာကြွယ်တို့ ဒကာသိုက်တို့က ခေါင်းဆောင်လုပ်ပြီး မှတ်ကြစမ်းပါ ဒီရှစ်ခုတည်းမှာလဲ တဏှာရယ် ဥပါဒါန်ရယ် ကံရယ် မရှိဘူးလား (ရှိပါတယ် ဘုရား)။
အနာဂတ် အကြောင်းသုံးခု
တဏှာ ဥပါဒါန် ကံ သုံးခုဟာ အနာဂတ် အကြောင်းသုံးခု ပစ္စုပ္ပန်ဘဝကနေပြီး အနာဂတ်အတွက် လုပ်နေတဲ့ အကြောင်းသုံးခု (မှန်ပါ့) နေတော့ ပစ္စုပ္ပန်ဘဝမှာနေတာပဲ (မှန်ပါ့)။
ပစ္စုပ္ပန်ဘဝကနေပြီး အနာဂတ်အတွက် လုပ်နေတဲ့တရားသုံးခု (မှန်ပါ့) နေတော့ ပစ္စုပ္ပန်ဘဝမှာနေတာဘဲ သို့သော် အနာဂတ်အတွက် အားထုတ်နေတဲ့ တရားသုံးခု (မှန်ပါ့)။
ဘဝကတော့ ဘယ်ဘဝထဲမှာတုန်း (ပစ္စုပ္ပန်ဘဝထဲမှာပါ ဘုရား) သို့သော် သူဟာ ဘယ်သူ့အတွက် ကြိုးစားနေတာ တုံး (အနာဂတ်အတွက် ကြိုးစားနေပါတယ်) ဘယ်သူပါလိမ့်ဗျာ (တဏှာ ဥပါဒါန် ကမ္မဘဝပါ ဘုရား) အေး တဏှာ ဥပါဒါန် ကံပေါ့ဗျာ (မှန်ပါ့)။
ဒကာကြွယ် ဒီဥစ္စာတွေ သေသေချာချာမှတ်ရလိမ့်မယ် (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေ ဒီဥစ္စာကို သတိထားပေး ပါနော် (မှန်ပါ့) သတိထားပေးပါတဲ့ ဒီဥစ္စာနားမလည်လို့ရှိရင်ဖြင့် ဝဋ်ကျွတ်တာကိုမသိဘူး (မှတ်ပါ့) ဝဋ်ကျွတ်တာ နိဗ္ဗာန်ဆိုတော့ ဒါနားလည်မှ နိဗ္ဗာန်ရှင်းမှာ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒီအနာဂတ်အကြောင်းသုံးခုဆိုတာ တဏှာ ဥပါဒါန် ကံ အဲ့ဒါမပြတ်လို့ရှိရင်ဖြင့် အနာဂတ်ဘဝဆိုတဲ့ အနာဂတ်အကျိုးဟာလာမှာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အခုတရားနာနေကြတဲ့ တရားအားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာတွေလုပ်နေကြတာတုံး ဆိုလို့ရှိရင်ဖြင့် အနာဂတ်အကြောင်းသတ်နေကြတာပါဘုရားလို့ ဖြေရလိမ့်မယ် (မှန်ပါ့ ဘုရား)။
အနာဂတ်အကြောင်းကိုသတ်နေတာ
တရားနာ တရားအားထုတ်နေကြတာဘာပါလိမ့် (အနာဂတ်အကြောင်းကိုသတ်နေကြတာပါ ဘုရား) အနာဂတ်အကြောင်း သတ်နေကြတာ (မှန်ပါ့) အနာဂတ်အကြောင်းက ဘယ်သူပါလိမ့် (တဏှာ ဥပါဒါန် ကံပါ ဘုရား)။
အဲ့ဒီအကြောင်းသုံးခုမပေါ်အောင်လို့ ဒကာ ဒကာမတွေ တရားနာနေတာ တရားအားထုတ် နေကြတယ် ဆိုတော့ အနာဂတ်အကြောင်းသုံးခုဟာ လာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ အနာဂတ်ဘဝ ဆိုတဲ့ အကျိုးနှစ်ခုဟာ လာနိုင်သေး ရဲ့လား (မလာနိုင်ပါ ဘုရား)။
ဪ ဒါဖြင့်ဒကာ ဒကာမတို့ အနာဂတ်လာမည့် ဇာတိ ဇရာ မရဏတွေ ခင်ဗျားတို့သတ်နေကြတာပဲ ဆိုလို့ရှိရင် အမှန်ဘဲ (အမှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ တရားအားထုတ်တာသည် ဘာကိုသတ်ပါလိမ့်မလဲ ဆိုလို့ရှိရင်ဖြင့် အနာဂတ်အကြောင်းသုံးခုကို သတ်တာပဲ (မှန်ပါ့) ဘယ်သူပါလိမ့် အနာဂတ်အကြောင်းသုံးခုက (တဏှာ ဥပါဒါန် ကံပါ ဘုရား)။
တဏှာ ဥပါဒါန် ကံတွေသတ်နေကြတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ကံကောင်းအောင်လို့ လုပ်နေတယ်လို့ အောက်မေ့မနေကြနဲ့နော် (မှန်ပါ့) ဘာလုပ်နေတာပါလိမ့် (ကံကိုသတ်နေတာပါ) တဏှာ ဥပါဒါန် ကံသတ်နေတာ (မှန်ပါ့ ဘုရား)။
ဒါကြောင့် အရင်တုန်းက ဒကာ ဒကာမတွေကိုပြောခဲ့တယ် ဘုရားဘယ်နေရာမှာပွင့်တာတုံး ဘုရား ဘယ်နေရာမှာ ဖြစ်တာတုံးလို့မေးဖို့လိုလာတယ် (မှန်ပါ့) မှတ်မိကြသေးရဲ့လား (မှတ်မိပါတယ် ဘုရား) ဘယ်မှာဖြစ်ပါလိမ့် (ဝေဒနာနဲ့ တဏှာ အကြားမှာပါ ဘုရား)။
ဝေဒနာနဲ့ တဏှာ ကြားမှာဘုရားဖြစ်တယ်
အေး ဟောဒီ ခပ်မြင့်မြင့်ကလေးဟာ ဝေဒနာနဲ့ တဏှာ ကြားမှာဘုရားဖြစ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) ခင်ဗျားတို့ သောတာပန်တည်ရင်လဲ ဒီနေရာမှာတည်ရမှာပဲ (မှန်ပါ့) အနာဂါမ် ရဟန္တာဖြစ်ကြရင်ကော (ဒီနေရာမှာ ဖြစ်ရမှာပါ ဘုရား) ဘုရားဖြစ်တာကော (ဒီနေရာမှာဖြစ်ရမှာပါပဲ ဘုရား)။
ဒါကြောင့် ဘုန်းကြီးက ခပ်ရှင်းရှင်းပြောပါတယ် အမြင်အထင်တော့ ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ ဘုရားဖြစ်တယ်လို့ သိနေကြပါတယ် အဲ့ဒါက ဘုရားဖြစ်တော်မူရာ ဌာနပါ (မှန်ပါ) စင်စစ်ဝမ်းတွင်းမှာ ဘုရားဖြစ်တာကတော့ဖြင့် ဒီနေရာမှာ သဗ္ဗေညုတဉာဏ်တော်ရတယ် (မှန်ပါ့ ဘုရား)။
ဝေဒနာနဲ့ တဏှာအကြားမှာရသွားပါတယ် (မှန်ပါ့) ဝေဒနာကနေပြီး တဏှာမကူးတော့ဘူးဆိုလိုပါတယ် (မှန်ပါ့) ဝေဒနာနဲ့ တဏှာအကြားမှာ သဗ္ဗေညုတဉာဏ် မဂ်ဉာဏ် ရလိုက်တော့ အနာဂတ်အကြောင်းတွေ ပေါ်လာသေးရဲ့လား (မလာပါ ဘုရား) အနာဂတ်အကျိုးတွေကော (မလာပါ ဘုရား)။
အဲ့ဒီတော့ မြတ်စွာဘုရားက ဘုရားဖြစ်သည်နဲ့တပြိုင်နက်တည်း ဒကာကြွယ်တို့ ဒကာသိုက်တို့ အနေကဇာတိသံသာရံ သန္ဓာဝိဿံ အနိဗ္ဗိသံ ဂဟကာရံ ဂဝေသန္တော ဒုက္ခဇာတိ ပုနပုနံ လို့ဆိုတာ ကြားဖူးကြပါလိမ့်မယ် အနေကဇာတင်တဲ့အခါ မှာလေ (ကြားဖူးပါတယ် ဘုရား) တဏှာယောကျာ်း လက်သမားမင်းဟာ ခန္ဓာအိမ်ကို ဆောက်ရမလိမ့်မယ် မဟုတ်တော့ဘူး (မှန်ပါ့ ဘုရား)။
တဏှာယောကျာ်း လက်သမား
အဲ့ဒါဘာပြောတာတုံး (တဏှာယောကျာ်း လက်သမား မင်းခန္ဓာအိမ်ကို ဆောက်ရလိမ့်မယ် မဟုတ်ပါဘူး တဲ့ ဘုရား) တဏှာလာသေးရဲ့လား (မလာပါ) မလာရင် ဒီခန္ဓာအိမ်ဆောက်လိုရ (မရပါ ဘုရား) အနာဂတ်ခန္ဓာဆောက်နိုင်သေးရဲ့လား (မဆောက်နိုင်ပါ) အဲ့ဒါကြောင့် တဏှာယောကျ်ား လက်သမားဆိုတာ သူပဲ (မှန်ပါ့) သူလာသေးရဲ့လား (မလာပါ) ကဲ မင် ခန္ဓာအိမ်ဆောက်ရလိမ့်မယ်လို့ မအောက်မေ့နဲ့ မင်းကိုငါနိုင်ပြီတဲ့ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ငါသည်ကားလို့ဆိုရင်ဖြင့် မင်းတို့၏နယ်မှ ကျွတ်လွတ်ပြီလို့ မပြောဘူးလား (ပြောပါတယ် ဘုရား) အဲ့ဒါ ဗောဒိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ စိတ်ကပြောတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဝေဒနာနဲ့ တဏှာအကြားမှာ သဗ္ဗေညုတဉာဏ်ပေါ်လာတယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်လာပါပြီ) အဲ့ဒီတော့ ဒကာ ဒကာမတွေက အမြင် အထင်ဖြစ်တဲ့ ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ ဘုရားဖြစ်တယ်လို့ပြောတာက ဘုရားသတင်းသုံးတဲ့နေရာ ဌာနကိုသာ ပြောခြင်းဖြစ်ပါတယ် စင်စစ်တော့ ပဋိစ္စသမုပ္ပါဒ်နဲ့ပြောရင် ဒီပဋိစ္စသမုပ္ပါဒ်ကြီးကိုဖြတ်တဲ့နေရာမှာ ဘုရားဖြစ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်နေရာမှာဖြစ်လိုက်ပါလိမ့် (ဝေဒနာနဲ့ တဏှာအကြားမှာဖြစ်ပါတယ်) အဲ ဝေဒနာတွေ ဖြစ်ပျက် ရှုလိုက်တော့ တဏှာကလာသေးရဲ့လား (မလာပါ ဘုရား) အဲ ဝေဒနာဖြစ်ပျက်ဆုံးသွားတော့ ဒီမှာသဗ္ဗေညုတဉာဏ်နဲ့ မဂ်ဉာဏ်ပေါ်လာတယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်လာတော့ ဒီနေရာမှာဘုရားမဖြစ်ဘူးလား (ဖြစ်ပါတယ်) အဲ ဘုရားဖြစ်တဲ့ နေရာအစစ်က ဒီလိုမှတ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီနေရာမှာမဂ်ဉာဏ်ပေါ်ရမယ်
ခင်ဗျားတို့ မဂ်ဉာဏ်တည်ချင်ရင်လည်း ဒီနေရာမှာမဂ်ဉာဏ်ပေါ်ရမယ် (မှန်ပါ့) သကဒါဂါမ် တည်ချင်ရင် (ဒီနေရာမှာ မဂ်ဉာဏ်ပေါ်ရပါတယ် ဘုရား)။
အဲ့ဒီတော့ အရှေ့ပိုင်းကဟာတွေမရှုရင်တော့ ဘယ်နည်းနဲ့မှ ခင်ဗျားတို့ဒီနေရာမှာ ဉာဏ်ပေါ်မှာမဟုတ်ဘူး (မှန်ပါ့) ဝေဒနာရှုချင်ရှု သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဖဿရှုချင်ရှု စက္ခု သောတ ဃာန ဇိဝှါ ကာယတွေရှုချင်ရှု မနဆိုတဲ့စိတ်ကိုရှုချင်ရှု နာမ်ကလေးတွေ ကွက်ပြီးရှုချင်ရှု ရုပ်ကိုရှုချင်ရှု စိတ်ကိုရှုချင်ရှု ရှုချင်တာရှု ရှေ့ပိုင်းငါးပါးဟာ ရှုစရာချည်းမှတ်ပါ (မှန်ပါ့) ရှေ့ပိုင်းငါးပါးရှုလိုက်လို့ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးလို့ရှိရင် တဏှာနေရာမှာ ဉာဏ်ပေါ်တာပဲ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့ အားထုတ်လို့ရှိရင် တို့ဘယ်နေရာများ သောတာပန်တည်ပါ့မလဲလို့ အောက်မေ့မနေပါနဲ့ တဏှာ မလာအောင် လုပ်နိုင်တဲ့နေရာမှာ သောတာပန်တည်တာဘဲ (မှန်ပါ့ ဘုရား) နေရာက လိုရင်းမဟုတ်ပါဘူး ဒကာ ဒကာမတို့ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။
ဒီနေရာမှာတစ်ခါတည်း ဖြစ်ပျက်ရှုလို့ မဂ်ပေါ်လာတဲ့နေရာမှာ ဝေဒနာနောက်ကနေပြီး မဂ်ပေါ်ရမယ် ဝေဒနာနောက် ကနေပြီး မဂ်စစ်ပေါ်လာရင် တဏှာပေါ်ခွင့်ရသေးရဲ့လား (မရပါ ဘုရား) အဲ တဏှာပေါ်ခွင့်မရလို့ရှိရင် ဒီနေရာမှာ သောတာ ပန်တည်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ရှုတုန်းကလဲ ဒီနေရာကနေရှုတာပဲ ပထမ ဝိပဿနာမဂ်ပေါ်တော့လဲ ဒီနေရာမှာ ပေါ်တာပါပဲ နောက်တစ်ခါ မဂ်အစစ်ပေါ်တော့ကော (ဒီနေရာမှာပေါ်ပါတယ် ဘုရား)။
ဝိပဿနာမဂ်ဆိုတော့ ငါးခု
ကဲ ဝိပဿနာမဂ်ဆိုတော့ ငါးခု။ မဂ်စစ်ဆိုတော့ (ရှစ်ခုပါ ဘုရား) စာလိုသုံးတော့ ပုဗ္ဗဘာဂမဂ်ငါးပါး တကယ့်မဂ်ဉာဏ် အစစ်ကရှစ် ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) အဲ့ဒါ ဘယ်နေရာမှာ ပေါ်တာတုံး (ဝေဒနာနောက်မှပေါ်ပါတယ် ဘုရား)။
အဲ သောတာပန်တည်ရင် ဒီနေရာမှာဘဲ တည်မှာဘဲ (မှန်ပါ့) တကာကြွယ်တို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) ဘုရားဖြစ်ရင်ကော (ဒီနေရာမှာဖြစ်တာပါ ဘုရား)။
ဗောဓိပင် ရွှေပလ္လင်ဆိုတာက ဒါနကုသိုလ်ကံတို့၏ အကျိုးတွေပေါ်လာပြီး ကိုယ်တော်မြတ်ကြီး သတင်းသုံးရာဌာန ပါ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဖြတ်ပြီး ဉာဏ်တော်ဘုရား ဘယ်နေရာမှာဖြစ်တာတုံးမေးလို့ရှိရင် ဝေဒနာနဲ့ တဏှာကြားမှာ တဏှာ နေရာမှာ တဏှာမပေါ်ဘဲ ဉာဏ်တော်ပေါ်တာပါပဲ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သဏ္ဌာန်တော်ဘုရားက သဏ္ဌာနပညတ် ဘုရားကတော့ဖြင့် ဗောဓိပင်နဲ့ရွှေပလ္လင်ပေါ်မှာ ဉာဏ်ဘုရားကတော့ (ဝေဒနာနဲ့တဏှာကြားမှာပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့လဲ ဒီဓမ္မာရုံပေါ်မှာ မဂ်ရအောင် လုပ်နိုင်ကြလို့ရှိရင် ဒါဟာ ခင်ဗျားတို့ ဗောဓိပင် ရွှေပလ္လင် လိုဖြစ်ရာဌာနဘဲ မဂ်ရတာကတော့ ဝေဒနာနဲ့တဏှာကြားမှာဘဲ (မှန်ပါ့) အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ဪ ဒီနေရာမှာ မဂ်ပေါ်တဲ့နေရာပါကလားလို့ မှတ်ထားရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီမဂ်ဟာဘယ်လိုများ သတ္တိရှိပါလိမ့်
ကောင်းပြီ ဒါဖြင့် ဘယ့်နှယ့်ကြောင့် ဒီမဂ်ဟာဘယ်လိုများ သတ္တိရှိပါလိမ့်မလဲလို့ မေးတော့မှ ခုနင်က ဒကာ ဒကာမ တွေက သင်ထားတဲ့စကားနဲ့ ဆက်ကြည့် အနာဂတ်အကြောင်းကို ဖြတ်ချလိုက်တာ (မှန်ပါ့ ဘုရား)။
ဘာတွေဖြတ်ချသလဲ (အနာဂတ်အကြောင်းကို ဖြတ်ချပါတယ်) ဘယ်သူပါလိမ့် အနာဂတ်အကြောင်းက (တဏှာ ဥပါဒါန် ကံပါ ဘုရား) အဲ တဏှာ ဥပါဒါန် ကံတွေဖြတ်ချလိုက်တာ ခုနေကပြောခဲ့တဲ့ အနာဂတ်အကျိုးဖြစ်တဲ့ ဇာတိ ဇရာ မရဏလာသေးရဲ့လား (မလာပါ ဘုရား)။
ဪ ဒါကြောင့်လဲ သောတာပန် ဒီနေရာမှာ ဖြစ်တာဘဲ (မှန်ပါ့) သကဒါဂါမ် (ဒီနေရာမှာဖြစ်ပါတယ် ဘုရား) အနာဂါမ် (ဒီနေရာမှာဖြစ်ပါတယ်) ရဟန္တာ (ဒီနေရာမှာ ဖြစ်ပါတယ်) ပစ္စေကဗုဒ္ဓါ (ဒီနေရာမှာ ဖြစ်ပါတယ် ဘုရား) ဒီနေရာမှာ ချည်းပဲဖြစ်ကြရတာဘဲ (မှန်ပါ့) အဲ ဒကာကြွယ် ဒီနေရာမှာ ဒီမဂ်သွင်းရင် ပြီးတာဘဲ (မှန်ပါ့ ဘုရား)။
ဘာလုပ်ကြမယ် (ဒီနေရာမှာ ဒီမဂ်သွင်းရင်ပြီးပါတယ်) ဒီနေရာမှာ ဒီမဂ်ပေါ်အောင် လုပ်ဖို့ပဲ ဒကာ ဒကာမတို့ (မှန်ပါ့) ဘာမှ နေရာတွေရွေးမနေနဲ့ ခန္ဓာကိုယ်ထဲမှာ ဒီမဂ်ပေါ်ဖို့ဘဲ (မှန်ပါ့) ဒီမဂ်ဟာ ဘာလုပ်ပါလိမ့်မတုံး မေးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ကြီးကို ပစ္စုပ္ပန်ဘဝမှာ ဖြတ်ချလိုက်တယ် (မှန်ပါ့ ဘုရား)။
ပစ္စုပ္ပန်ဘဝမှာ ငါးခုနဲ့ သုံးခုကြားဝင်လိုက်တယ် (မှန်ပါ့) ရှေ့ကဘယ်နှစ်ခုရှိသလဲ (ငါးခုပါ) နောက်က (သုံးခုပါ) အဲ့ ငါးခုနဲ့ သုံးခုကြားထဲမှာ မဂ်ဝင်လိုက်တဲ့အခါကျတော့ သုံးခုကပြတ်တယ် မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
သုံးခုပြတ်တော့ကို နောက်တစ်ခုကတော့ဖြင့် ဒကာ ဒကာမတို့ ပြတ်ပါစေဆုတောင်ရတာမဟုတ်ဘူး အလိုလိုပြတ် တယ်(မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သောတာပန်တည်နိုင်တဲ့ နေရာ
ဒါဖြင့် ဒီလိုဆိုတော့ ရှေ့ငါးခုကို ရှုလို့ရှိရင် နောက်ငါးခုပြတ်မယ် (မှန်ပါ့) ဒါဖြင့် ဒီနေရာမှာ သောတာပန်တည်နိုင်တဲ့ နေရာ သကဒါဂါမ် အနာဂါမ် ရဟန္တာ ပစ္စေကဗုဒ္ဓါ သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်တဲ့ နေရာဘဲဆိုတာ ဒကာ ဒကာမတွေ ယနေ့ အမြင်နဲ့ပြတာဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့ သောတာပန်ဖြစ်ချင်ရင် ရှေ့ငါးခု ရှုရုံပဲ (မှန်ပါ့) ရှေ့ငါးခုက ဝိညာဏ် နာမ်ရုပ် သဠယတန ဖဿ ဝေဒနာ ဒါကိုရှုပေးပါ (မှန်ပါ့) ဒါတစ်ခုခုရှုလို့ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးလို့ရှိရင် ဒီနေရာမှာ သောတာပတ္တိ မဂ်ပေါ်မှာဘဲ (မှန်ပါ့) သကဒါမိမဂ် (ပေါ်မှာပါ ဘုရား)။
အနာဂါမိမဂ် (ပေါ်မှာပါ) အရဟတ္တမဂ် (ပေါ်မှာပါ ဘုရား) ဒီနေရာချည်းပေါ်တာပဲ (မှန်ပါ့) ဒကာ ဒကာမတွေ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒီနေရာမှာ ကျုပ်တို့အလုပ်လုပ်တဲ့နေရာ ဒီကထိုင်လုပ်ရမှာပဲဆိုတာတော့ဖြင့် မှတ်ကြပေတော့ (မှန်ပါ့) ဒီနေရာကနေပြီး သကာလ ရှေ့ဘယ်နှစ်ခုကိုရှုရမှာတုံး (ငါးခုကိုရှုရမှာပါ ဘုရား)။
အဲ့ဒါကြောင့် ရှေ့ငါးခုကိုပေါင်းလိုက်လို့ရှိရင် ဟောဒါက ဝေဒနာနုပဿနာ သဘောကျပြီလား (မှန်ပါ့ ဘုရား) ဒါတွေ က ဓမ္မာနုပဿနာတွေ၊ ဒီဘက်ကဟာတွေက ဘာတွေတုံးဆိုလို့ရှိရင် စိတ်တွေ၊ သဠာယတနထဲကလဲ မနာယတနဆိုတာ ကလဲ စိတ်ဆိုတော့ သူတို့က စိတ္တာနုပဿနာ ကျန်ခဲ့တဲ့ရုပ်တွေက ကာယာနုပဿနာသွားဖြစ်တယ် (မှန်ပါ့) ဝေဒနာနဲ့ စိတ်မှ တစ်ပါးသော နာမ်ဓမ္မတွေကတော့ ဓမ္မာနုပဿနာထဲသွင်းလိုက် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သတိပဋ္ဌာန်ကို ဝေဖန်လိုက်ရင်
ဒါဖြင့် ရှေ့ပိုင်းမှာ သတိပဋ္ဌာန်ကို ဝေဖန်လိုက်ရင် ဘယ်နှစ်မျိုးရှိသလဲ (လေးပါးရှိပါတယ် ဘုရား) သတိပဋ္ဌာန်အလို လေးပါးပဲရှိတယ် ပဋိစ္စသမုပ္ပါဒါအလိုတော့ ငါးပါး (မှန်ပါ့ ဘုရား)။
အဲ သတိပဋ္ဌာန်အလိုတော့ လေးပါးပဲရှိတယ် အဲ့ဒီရှေ့ပိုင်းသတိပဋ္ဌာန် လေးခုထဲက တစ်ခုရှု ကျန်တဲ့သုံးပါး ပါတာပဲ (မှန်ပါ့) မပါဘူးလား (ပါ ပါတယ် ဘုရား) အဲ့ ဒါသေသေချာချာမှတ်ပါ၊ ခင်ဗျားတို့ တရားပြမနေနဲ့၊ မရှုပဲနဲ့တော့ မရဘူး (မှန်ပါ့ ဘုရား)။
ရှု ဆိုတာသည် အဖြစ်အပျက်ကိုမြင်ဖို့ရာသည် အရေးကြီးဆုံးပဲ (မှန်ပါ့) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲလို့ မေးထားတယ်၊ ဒီနေ့ နိဗ္ဗာန်ကိုဟောရမှာကိုး နိဗ္ဗာန်ဟောမည့်ဥစ္စာ ပဋိစ္စသမုပ္ပါဒ်ပြရတာက ဒီထဲမှာ ဝဋ်တွေ ကပါနေလို့ုပြရတာ (မှန်ပါ့) ကဲ ဒါဖြင့် ဒီဇာတ်ကိုသိမ်းလိုက် (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် အင်္ဂါက ဆယ့်နှစ်ခုရှိတာမှတ်ထားမှ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲ နိရောဓဿ နိဿရဏဋ္ဌောလို့ ဟောထားသောကြောင့် ဒုက္ခဝဋ်မှ ကျွတ်လွတ်တာ နိဗ္ဗာန်ပဲ (မှန်ပါ့) ဒုက္ခဝဋ်က ဘယ်နှစ်မျိုး ဘယ်နှစ်ခုရှိသတုံးမေးတော့ ကိလေသာဝဋ် ကာမဝဋ် ဝိပါကဝဋ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝဋ်ကျွတ်တာ နိဗ္ဗာန်လို့ဆိုထားတယ်နော် (မှန်ပါ့ ဘုရား) ဝေဒနာနဲ့ တဏှာကြားမှာ ခင်ဗျားတို့ဖြစ်ပျက်ရှုတဲ့ မဂ်ဉာဏ်ဝင်လိုက်ကရော မဟုတ်လား (မှန်ပါ့)။
ဝင်လိုက်တဲ့အခါကျလို့ရှိရင် ဒါကလည်း အဝိဇ္ဇာ၊ ဒီက တဏှာ၊ ဒီက ဥပါဒါန်ဆိုတော့ ကိလေသာမနေဘူးလား (နေပါတယ် ဘုရား) ဟောဒီ ကိလေသာဝဋ်ကစပြီး ကျွတ်တယ် (မှန်ပါ့)။
ကိလေသာဝဋ်ကျွတ်သွားတော့
ကိလေသာဝဋ်ကျွတ်သွားတော့ တဏှာနိရောဓာ ဥပါဒါနနိရောဓော ဥပါဒါနနိရောဓာ ကမ္မဘဝနိရောဓော ဆိုတော့ ဟော ကမ္မဝဋ်ကျွတ်ပြီ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
မဂ်ဝင်လိုက်တာ ကိလေသာဝဋ်ကော မကျွတ်ဘူးလား (ကျွတ်ပါတယ် ဘုရား) သူ့နောက်က ဘာကျွတ်သတုံး (ကမ္မဝဋ် ကျွတ်ပါတယ် ဘုရား) ဇာတိ ဇရာ မရဏဆိုတာ ဝိပါကဝဋ် သုံးပါးမှ ကျွတ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါ သေသေချာချာ လက်ထပ့်ပြလို့မှ ဒကာကြွယ်တို့မရှင်းသေးလို့ရှိရင်ဖြင့် စာထဲနဲ့တော့ ဝေးပါသေးရဲ့ (မှန်ပါ့) တဏှာ ဥပါဒါန်လာသေးရဲ့လား (မလာပါ ဘုရား) အဲ့ဒါ ကိလေသဝဋ်ချုပ်တာ (မှန်ပါ့)။
မဂ်လာတော့ တဏှာ ဥပါဒါန်လာသေးရဲ့လား (မလာပါ ဘုရား) အဲ့ဒါ ဘယ်ဝဋ်ချုပ်သွားတာတုံး (ကမ္မဝဋ်ချုပ်ပါတယ် ဘုရား)။
မဂ်လိုက်တာ ရှေးဦးစွာ ကိလေသဝဋ်ချူက်တယ်၊ နောက်ဘာချုပ်လဲ (ကမ္မဝဋ်ချုပ်ပါတယ် ဘုရား) ကဲ ကမ္မဘဝ နိရောဓာ (ဇာတိနိရောဓော) ဇာတိနိရောဓာ (ဇရာမရဏနိရောဓော) ဇာတိ ဇရာ မရဏက ဝိပါကဝဋ်ကိုး ဗျ၊ အကျိုးပေးတဲ့ ဝိပါကဝဋ်မကျွတ်ဘူးလား (ကျွတ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မဂ်လာလိုက်တာသည် ကိလေသာဝဋ်လည်းကျွတ်တယ် (မှန်ပါ့) ကမ္မဝဋ်ကော (ကျွတ်ပါတယ် ဘုရား) ဝိပါကဝဋ်ကော (ကျွတ်ပါတယ် ဘုရား) ဝဋ်သုံးပါးမှကျွတ်တယ် (မှန်ပါ့)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ဝဋ်သုံးပါးမှကျွတ်တာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဘယ်ဝဋ် ဘယ်ဝဋ် ကျွတ် ပါလိမ့် (ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ကျွတ်ပါတယ် ဘုရား)။
အခုတော့ နိဗ္ဗာန်ကို ဘုန်းကြီးကမဟောသေးပါဘူး၊ မဂ်ကြောင့်ကျွတ်တယ်လို့ပဲ မှတ်ထားပါဦး (မှန်ပါ့ ဘုရား) သဘော ကျပြီလား (ကျပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာသည်
မဂ်ကြောင့် ကျွတ်တယ်လို့ပဲ မှတ်ထားပါဦး အခုဟာက ပေါ်လာပါလိမ့်မယ် (မှန်ပါ့) နိဗ္ဗာန်ဆိုတာသည် ဝဋ်သုံးပါး မှကျွတ်ရာ နိဗ္ဗာန်ကိုဆိုတဲ့ဥစ္စာတော့ အစောကြီးကပြောထားပါတယ် (မှန်ပါ့)။
ကဲ အခုတော့ဖြင့် မဂ်လဲဝင်လိုက်ပါရော ဘယ်ဝဋ်ကစပြီးကျွတ်သလဲ (ကိလေသဝဋ်ကစပြီး ကျွတ်ပါတယ် ဘုရား) နောက် ဘယ်သူကျွတ်သတုံး (ကမ္မဝဋ်ကျွတ်ပါတယ် ဘုရား) နောက် ဘယ်သူကျွတ်သတုံး (ဝိပါကဝဋ် ကျွတ်ပါတယ် ဘုရား)။
စင်စစ်တော့ဖြင့် တပြိုင်နက်ကျွတ်တယ်လို့သာမှတ်ပါ၊ ပဋိစ္စသမုပ္ပါဒ်တန်းပြလို့သာ (မှန်ပါ့ ဘုရား) ကိလေသဝဋ် ကျွတ်ကတည်းကဟိုဟာတွေပေါ်သေးရဲ့လား (မပေါ်တော့ပါ ဘုရား) မပေါ်ဘူးဆိုတာ ထင်ရှားမနေဘူးလား (ထင်ရှားနေပါ တယ် ဘုရား) တကာကြွယ်တို့ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
တယ်ပြီးတော့ တို့အားထုတ်နေတဲ့မဂ်ဟာဖြင့် ဝဋ်ကျွတ်အောင်လုပ်နိုင်ပါပေတယ်ဆိုတာ ခင်ဗျားတို့ သူများပြောလား မျက်မြင်လား (မျက်မြင်ပါ ဘုရား) ဉာဏ်မျက်မြင်ပဲ ထင်ရှားပါတယ် (မှန်ပါ့)။
ရှေးကတော့ ဝဋ်ဘဝတိုတိုနဲ့သာဆိုတာ ဒါတွေတိုပါရစေပြောတာ (မှန်ပါ့) ဝိပါကဝဋ်ကော (တိုပါရစေ) ဝဋ်ဘဝ တိုတိုနဲ့ မဂ်ဖိုလ်ရ ရပါလို၏ဆိုတော့ သူတို့လည်းတိုမှ မဂ်ဖိုလ်ရမှာ (မှန်ပါ့)။
ဘုန်းကြီးတို့က အဲ့ဒါရှာမနေတော့ဘူး ဒကာကြွယ် (မှန်ပါ့) အခုလုပ်ပါ၊ အခုကို တိုတာတောင် မဟုတ်တော့ဘူး ပျောက်သွားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘယ့်နှယ့်ဆိုမလဲ (တိုရုံမဟုတ်ဘူး ပျောက်သွားနိုင်ပါတယ် ဘုရား) ပျောက်သွားနိုင်တယ်ဆိုသဖြင့် ကိလေသာချုပ် လဲနိဗ္ဗာန် ကံချုပ်လဲ (နိဗ္ဗာန်ပါ ဘုရား) အကျိုးပေးချုပ်လဲ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘယ်သူ့ကြောင့် ကျွတ်ပါလိမ့်
ဒါကြောင့် ဝဋ်ကျွတ်တယ်ဆိုတာကျေပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) ဘယ်သူ့ကြောင့် ကျွတ်ပါလိမ့် အခုမြင်ပြော ကြစမ်း (မဂ်ကြောင့်ကျွတ်တာပါ ဘုရား)။
ဒကာ ဒကာမတို့ အခုဝဋ်ကျွတ်သွားတာဟာ မဂ်ဉာဏ်လိုက်လာလို့ ဒါတွေမလာတာ (မှန်ပါ့ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မဂ်ဉာဏ်တန်ခိုးဟာဖြင့် ဒကာကြွယ်တို့ ဒကာသိုက်တို့ အလွန်ကျေးဇူးများတယ် (မှန်ပါ့) ဘဝများစွာ သံသရာက ဒီနေရာမှာ ခင်ဗျားတို့တစ်ခါမှမလာဖူးဘူးဆိုတာ သာမှတ်ပေတော့ (မှန်ပါ့)။
ဒီနေရာမှာ တစ်ခါမှမလာဖူးဘူး၊ ဝေဒနာနဲ့ တဏှာကြားမှာ မဂ်နဲ့တူတာတော့ဖြင့် မလာဖူးဘူး၊ ဒီနေရာမှာ ခင်ဗျားတို့ လာလို့ရှိရင် ဘာလာမတုံးလို့မေးလို့ရှိရင် ဒီနေရာမှာ ဒါနကုသိုလ်လဲလုပ်တယ်၊ သီလကုသိုလ်လည်းလုပ်တယ်၊ သမထကုသိုလ် လဲ လုပ်ခဲ့တယ်၊ အဲ့ဒါတွေက ဒါတွေကိုလည်းမချွတ်နိုင်ဘူး (မှန်ပါ့) ချွတ်ကို မချွတ်နိုင်ဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ပြတ်အောင်လုပ်နိုင်ပါ့မလား (မလုပ်နိုင်ပါ ဘုရား) မလုပ်နိုင်ဘူး၊ မဂ်မှမဟုတ်ဘဲကိုးဗျ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီမဂ်ကလေး တို့သန္တာန်မှာ ပေါ်လိုက်လို့ရှိရင်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဪ ဒီမဂ်ကလေး တို့သန္တာန်မှာ ပေါ်လိုက်လို့ရှိရင် ဝဋ်ကျွတ်တယ် ဆိုတာကော ယနေ့ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အနာဂတ်အကြောင်းတွေ ကုန်ပေါ့ဗျာ၊ အနာဂတ်အကျိုး ဘယ့်နှယ့်နေမလဲ (ကုန်ပါတယ် ဘုရား) ကုန်တာပဲဆိုတာ ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်အမြင်နဲ့ ပြလိုက်သဖြင့် ဪ ဝဋ်ကျွတ်ဆိုတာ တဏှာ ဥပါဒါန် ကျွတ်တာကိုး ဒီဘက်က ဇာတိ ဇရာ မရဏဆိုတဲ့ အကျိုးပေးကျွတ်တာကိုးလို့ဆိုတာ မသိကြဘူးလား (သိကြပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ကိလေသာနဲ့ ကံက သမုဒယသစ္စာ၊ ဒီဘက်ဟာက ဒုက္ခသစ္စာ (မှန်ပါ့) မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား)။
ကိလေသဝဋ်နဲ့ ကမ္မဝဋ်ကက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) ဝိပါကဝဋ်က (ဒုက္ခသစ္စာပါ ဘုရား) သမုဒယ သစ္စာနဲ့ ဒုက္ခသစ္စာချုပ်သွားတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာချုပ်သွားပါလိမ့် (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာချုပ်သွားပါတယ် ဘုရား) သစ္စာဖွဲ့လိုက်တော့ သူတို့ ဒါပဲရတယ် (မှန်ပါ့)။
အကြောင်းသမုဒယ သစ္စာချည်းမှတ်
ကဲ ဒကာကြွယ်တို့ သေပျော်ပါပြီ၊ ဒီတရားမျိုးနာရတာ (မှန်ပါ့ ဘုရား) ကိလေသဝဋ်နဲ့ ကမ္မဝဋ် ပေါင်းလိုက်တဲ့အခါ သူတို့က အကြောင်းနှစ်ခုဖြစ်သောကြောင့် အကြောင်းသမုဒယ သစ္စာချည်းမှတ် (မှန်ပါ့)။
သူတို့က အကျိုးပေးလို့ ဒီမှာ ဇာတိ ဇရာ မရဏမလာပေဘူးလား (လာပါတယ် ဘုရား) အဲ့ဒါက အကျိုးဒုက္ခချည်းမှတ် (မှန်ပါ့)။
ဒါဖြင့် ဒီဘက်ကနှစ်ခုကဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား) ဒီဘက်ကဟာက (ဒုက္ခသစ္စာပါ ဘုရား) မဂ်ပေါ်ရင် လာသေးရဲ့လား (မလာပါ ဘုရား)။
ဒါဖြင့် မဂ်က သမုဒယသစ္စာလဲဖြတ်တယ်၊ ဒုက္ခသစ္စာကိုလည်း နေရစ်တော့လို့ ပိုင်းခြားတယ် (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သမုဒယသစ္စာကိုလည်း (ဖြတ်ပါတယ်) ဖြတ်တယ်၊ ပယ်တယ်၊ ဒုက္ခသစ္စာကိုလဲ မလိုက်နိုင်အောင် ပိုင်းခြားထားပစ် ခဲ့တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ဇာတိ ဇရာ မရဏတွေ လိုက်နိုင်သေးရဲ့လား (မလိုက်နိုင်ပါ ဘုရား)။
ဒကာကြွယ် နေရာကျပြီ၊ ဒီနေရာ ခင်ဗျားတို့ ကြိုးစားဖြစ်အောင် ကြိုးစားပါ ဒကာ ဒကာမတို့၊ ဒီနေရာမှာမကြိုးစား လို့ရှိရင်ဖြင့် ဒီဘက်ကိုဆက်လို့ ဆုံးမှာမဟုတ်ဘူး (မှန်ပါ့) ဆုံးပါ့မလား (မဆုံးပါ ဘုရား) မဆုံးတော့ဘူး၊ ဒကာ ဒကာမတို့ ဒီနေ့တော့ နိဗ္ဗာန်ကိုပြောချင်လို့ ဒီဥစ္စာကိုမူတည်ပေးတာ ရှိပါသေးတယ် (မှန်ပါ့)။
သမုဒယနဲ့ ဒုက္ခချုပ်သွားတာ
ကဲ ဒါဖြင့် မဂ်လာလိုက်ရင် သမုဒယနဲ့ ဒုက္ခချုပ်သွားတာကော သေချာပြီလား (သေချာပါပြီ ဘုရား) ဝဋ်လို့ပြောတော့ ကိလေသဝဋ်လည်းချုပ်၊ ကမ္မဝဋ်လည်းချုပ်၊ ဝိပါကဝဋ်ကော မချုပ်ဘူးလား (ချုပ်ပါတယ်) အဲ ဘယ်သူလာလို့ပါလိမ့် (မဂ်လာလို့ ပါ ဘုရား)။
ဪ ဒါဖြင့် နေရာကျပြီ၊ ဒကာ ဒကာမတို့ မဂ်လာလို့ချုပ်သွားတာ (မှန်ပါ့) ကောင်းပြီ ဒါမဂ်သည်ကားလို့ဆိုလို့ ရှိရင် ဒကာ ဒကာမတို့က စဉ်းစားရမယ်၊ မဂ်ဆိုတဲ့ဥစ္စာသည် ဆရာသမား အကူအညီမရရင် မဂ်ကို ဒီနေရာမှာဝင်လို့ရမယ် လို့မသိဘူး (မှန်ပါ့) သိပါ့မလား (မသိပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီနေရာမှာ မဂ်ပေါ်လိုက်တာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာချုပ်တယ် (မှန်ပါ့) ဝဋ်တွေကော (ချုပ်ပါတယ်) ဝဋ်တွေလည်းချုပ်ပျောက်သွားတာဘဲ (မှန်ပါ့) သစ္စာအားဖြင့် နှစ်ပါး၊ ဝဋ်အားဖြင့်သုံးပါး (မှန်ပါ့ ဘုရား)။
သစ္စာအားဖြင့် နှစ်ပါးချုပ်မယ်၊ ဝဋ်အားဖြင့် သုံးပါးချုပ်တယ်ဆိုတာ ပေါင်းတာနဲ့မပေါင်းတာ ကွာတာပါပဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်ကို ရှာမှီးတတ်သောကြောင့် မဂ်
ဪ ဒါဖြင့် မဂ်သတ္တိတယ်ပြီး တန်ခိုးကြီးပါလားလို့ ဒကာ ဒကာမတွေ သိကြမှာပဲ (မှန်ပါ့) ကိလေသ မာရန္တော ဂစ္ဆတီတိမဂ္ဂေါ၊ ကိလေသေ = ကိလေသာတို့ကို၊ မာရေန္တော = သတ်လျက်၊ ဂစ္ဆတိ = သွားတတ်၏၊ ဣတိသ္မာ = ထို့ကြောင့် မဂ္ဂေါ = မဂ်မည်၏ဆိုတဲ့ဥစ္စာနဲ့၊ နိဗ္ဗာနံ မဂ္ဂတိ ဂဝေသတိ မဂ္ဂေါ ဆိုတဲ့အတိုင်း နိဗ္ဗာန်ကို ရှာမှီးတတ်သောကြောင့်လဲ မဂ်လို့ ဆိုတာ မှန်လိုက်တာ (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒီမဂ်ဟာ ဒကာ ဒကာမတို့ မြင်စရာမရှိဘဲနဲ့ မြင်တာတော့ မပေါ်ပါဘူး (မှန်ပါ့) မြင်စရာမရှိဘဲနဲ့ (မြင်တာမပေါ်ပါ ဘုရား) မြင်စရာဘာမှမရှိဘဲနဲ့ ကျုပ်မြင်တယ် ဆိုတဲ့ မြင်တတ်တဲ့သဘောကလေးတွေ ပေါ်ပါ့မလား (မပေါ် ပါ) ဒါဖြင့် မြင်စရာမရှိဘဲနဲ့ မြင်တာမပေါ်ဘူးလို့ မှတ်ထားပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
မဂ်ဆိုတာ မြင်တတ်တာ သမ္မာဒိဋ္ဌိမျက်လုံးဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) မြင်စရာရှိမှ သူမြင်တတ်တဲ့ သဘောပေါ်မှာဘဲ (မှန်ပါ့) မြင်စရာမှမရှိဘဲနဲ့ (မြင်တတ်တဲ့ သဘောမပေါ်ပါ ဘုရား)။
အဲ့ဒါကြောင့် ဒီမဂ္ဂင်သည် ပထမရှေးဦးစွာ ငါးပါးလို့ ဆရာဘုန်းကြီးကပြောတယ် (မှန်ပါ့) ပုဗ္ဗဘာဂမဂ်ဟာ ငါးပါး ရှေးဦးစွာဖြစ်တဲ့ မဂ်ကငါးပါး၊ ဘုရားကစပြီး ဘုရားလဲ ဒီငါးပါးက ရှစ်ပါး တတ်သာဘဲ (မှန်ပါ့) ဒါကျော်လို့တော့ ဒကာကြွယ် မရဘူး (မှန်ပါ့) ရှေးဦးစွာဖြင့် ဘယ်လိုရှုရှု ငါးပါးထက် ဘယ်သူမှ ပိုပြီးမရဘူး (မှန်ပါ့ ဘုရား)။
သတိပဋ္ဌာန်ဘယ်နှစ်ပါး ရှိသလဲ
ကိုင်း ဒါဖြင့်ရှေ့ပိုင်းမှာ သတိပဋ္ဌာန်ဘယ်နှစ်ပါး ရှိသလဲ (လေးပါးပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် အလိုတော့ (ငါးပါးပါ) အဲ ပဋိစ္စသမုပ္ပါဒ်အလိုတော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ (မှန်ပါ့ ဘုရား)။
သတိပဋ္ဌာန်အလိုတော့ ကာယနုပဿနာ၊ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာ လေးခုရှိတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) သတိပဋ္ဌာန်က ပေါင်းလိုက်တယ်၊ ပဋိစ္စသမုပ္ပါဒ်ကတော့ တန်းပြတယ် (မှန်ပါ့)။
မယူတတ်တော့ ရှုပ်နေမှာဘဲ၊ ယူတတ်တော့ ဒါနဲ့ ဒါဘဲဆိုတာ သိသွားတယ် (မှန်ပါ့) ကျေနပ်ကြပြီလား (ကျေနပ် ပါပြီ ဘုရား) အဲ့ဒီတော့ ရှေ့ပိုင်းက ရှုစရာဘယ်နှစ်ခုတဲ့တုံး (ငါးခုပါ ဘုရား) အဲ့ဒီငါးခုထဲက တစ်ခုခုကိုရှုပါလို့ ဘုန်းကြီးက သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ မဂ်ပေါ်ချင်ရင် တစ်ခုခုရှု (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) မဂ်ပေါ်ချင်ရင် သတိပဋ္ဌာန်လေးပါး ထဲက တစ်ပါးပါးကိုရှု (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ငါးခုထဲက တစ်ပါးပါးရှုရင် ဘာပေါ်မယ်ထင်တုံး (မဂ်ပေါ်ပါမယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီမဂ်သည်ကားလို့ ဆိုရင်ဖြင့် ရှုစရာရှိလို့ပေါ်တာ (မှန်ပါ့) ရှုစရာမရှိလို့ရှိရင် (မပေါ်ပါ ဘုရား) ရှုစရာမရှိလို့ရှိရင် ရှုတာဆိုတဲ့မဂ်ဟာ ဘယ်နည်းနဲ့မှ မပေါ်နိုင်ဘူး (မှန်ပ့ါ) ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် အလိုငါးပါး
အေး ဒါကြောင့် ဒီအထဲကဟာကို ရှုပါလို့ပြောတော့ ဒကာ ဒကာမတွေ ပေါင်းလိုက်တော့ သတိပဋ္ဌာန် အလို လေးပါး ပဋိစ္စသမုပ္ပါဒ် အလိုငါးပါး သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကဲ နာမ်ရုပ်ပေါင်းကြစို့ ဆိုတော့ နာမ်နဲ့ရုပ်ပဲရှိတယ် (မှန်ပါ့) ဝိညာဏ်ဆိုတာလဲ ဒကာ ဒကာမတို့ စိတ်မဟုတ်လား (မှန်ပါ့) ဒီအထဲက မနာယတနဆိုတာကော (စိတ်ပါပဲ ဘုရား) အဲ စိတ် စိတ်ချင်းပေါင်းလိုက်တော့ တစ်ခုပဲရှိတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ ဒီအထဲမှာ နာမ်ရုပ်ဆိုတာ ဒီဘက်ကရုပ်ပေါ့ဗျာ (မှန်ပါ့) စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ တွေလဲရုပ်၊ ရုပ်ပဲရှိတယ် သဘောကျပြီလား (ကျပါပြီ) ဒီဘက်ကနေပြီး သကာလ သညာတို့ ဖဿတို့ ဝေဒနာတို့ကို နာမ်ထဲပေါင်းလိုက် ပေါင်းလိုက်တော့ နာမ်နဲ့ ရုပ်ပဲရှိတယ် (မှန်ပါ့ ဘုရား)။
ရှေ့ပိုင်းကပေါင်းလိုက်တော့ ဘာပဲရှိသတုံး (ရုပ်ပဲရှိပါတယ်) အဲ ရုပ်ရှိရင် နာမ်ပါမယ်၊ နာမ်ရှုရင်ရုပ်ပါမယ် (မှန်ပါ့) ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
အဲ့ဒါတွေနားလည်တော့မှ ဪ ဘယ်သူကမှန်တယ်၊ ဘယ်သူကမှားတယ်လို့ ခင်ဗျားတို့တွက်မနေနဲ့နော် (မှန်ပါ့) မှားတယ်၊ မှန်တယ်တွက်မနေနဲ့၊ ပေါင်းတတ်လို့ ရှုတတ်လို့ သဘောမှာညီမျှသွားကြလို့ရှိရင် နေရာကျတာချည်းပဲ ဆုံးဖြတ်ချက် ချ (မှန်ပါ့ ဘုရား)။
ကိုင်း နာမ်ထဲကနေပြီး ဘုန်းကြီးတို့က ဟောနေတယ်၊ ဒကာ ဒကာမတွေကိုနော် (မှန်ပါ့ ဘုရား) နာမ်ထဲကနေပြီး ဟောနေတော့ နာမ်ဆိုတာ ဒီမှာကြည့်လိုက်တော့ ဒကာ ဒကာမတွေ လေးပါးပဲရှိတယ်၊ အောက်ကနှစ်ပါး၊ အပေါ်ကနှစ်ပါး လေးပါး (မှန်ပါ့) ရုပ်ဆိုတာ နှစ်ဆယ့်ရှစ်ခုရှိတယ်ဆိုတာ ရုပ်တစ်မျိုးတည်းပါပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
နာမ်ရုပ်ပဲရှိတယ်
နာမ်ရုပ်ပဲရှိတယ် (မှန်ပါ့) အဲ့ဒီတော့ နာမ်ဆိုတာ ခွဲလို့ရတာမဟုတ်ဘူး (မှန်ပါ့) သဟဇာတ ဖြစ်ဖော်ဖြစ်ဖက်ကြီးပဲ (မှန်ပါ့) အဲ တစ်ခုရှုလို့ တစ်ခုပျက်နေရင် ကျန်တာတွေလဲ ပျက်တာပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီထဲကနေပြီး သကာလ ဒကာ ဒကာမတို့ ဝေဒနာလေးတစ်လုံးကိုရှုလိုက် သဘောကျပြီလား (ကျပါပြီ ဘုရား) ဝေဒနာရှုတော့ နာမ်ရှုတာလား ရုပ်ရှုတာလား (နာမ်ရှုတာပါ ဘုရား)။
အဲ နာမ်ရှုတာဆိုတော့ ဝေဒနာကလေးကို ဒကာ ဒကာမတွေက ဘုရားဟောတော်မူတဲ့အတိုင်း သုခဝေဒနာ ဒုက္ခ ဝေဒနာ ဥပေက္ခာဝေဒနာကို ပေါ်ရာကို ဒကာကြွယ်တို့က လိုက်ရှု (မှန်ပါ့ ဘုရား)။
ရှုလိုက်တော့ ဘာတွေတွေ့လဲ၊ ဝေဒနာတွေ့မလား အနိစ္စတွေ့မလား (အနိစ္စတွေ့ပါမယ်) ရှင်းပြီနော် (ရှင်းပါပြီ) ဖြစ်ပြီး ပျက်သွားတာကလေးတွေ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား) ဒါကလေးတွေက ဘာပါလိမ့် (အနိစ္စပါ ဘုရား)။
အနိစ္စမြင်တဲ့ ငါးခုပေါ်လာတယ်
ဒါဖြင့် သူက အနိစ္စပြတော့မှ ဒီကအနိစ္စမြင်တဲ့ ငါးခုပေါ်လာတယ် (မှန်ပါ့) ဒီငါးခုကလဲ ဒကာ ဒကာမတို့ ဒီအနိစ္စ မရှိဘဲနဲ့ပေါ်တာလား အနိစ္စရှိလို့ပေါ်တာလား (အနိစ္စရှိလို့ပေါ်လာတာပါ) အနိစ္စရှိလို့ အနိစ္စသိတာ လို့မှတ်ပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (အနိစ္စရှိလို့ အနိစ္စသိတာပေါ်တာပါ ဘုရား) ဒါဖြင့် သိတာကနောက်ကျတာပေါ့ (မှန်ပါ့) အနိစ္စ ရှိလို့ အနိစ္စသိတော့ မဂ္ဂင်ငါးပါး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အနိစ္စကတော့ဖြင့် ရှိတာဘဲ၊ ရှိပင်ရှိငြားသော်လည်း ခင်ဗျားတို့ ဆရာသမားကောင်း နည်းမရရင် မသိပါဘူး (မှန်ပါ့) မသိတော့ ဒီနေရာမှာ မဂ်မလာဘဲနဲ့ တဏှာ ဥပါဒါန်ပဲလာပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။
အနိစ္စမရှိမှန်း မသိတော့ ခိုင်တယ် မြဲတယ်လို့ ယူပြီး တဏှာနဲ့ ခင်လိုက်တယ်၊ ခင်လိုက်တော့ ဥပါဒါန်လာတာပဲ၊ ဥပါဒါန်လာရင် ကံတွေလာဦးမှာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အနိစ္စရှိလို့ အနိစ္စသိအောင်ကတော့ဖြင့် ဆရာဘုန်းကြီးက ကူပေးမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကူပေးလိုက်တဲ့အခါကျတော့ ခင်ဗျားတို့သန္တာန်မှာ ယားတဲ့ဝေဒနာကလေးကိုလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ်) နာတဲ့ဝေဒနာကလေးကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ကောင်းတဲ့ဝေဒနာ မကောင်းတဲ့ ဝေဒနာကြားထဲကသွားတဲ့မြင်ကာမတ္တဆိုတဲ့ ဥပေက္ခာဝေဒနာကလေး ကိုကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်ရှုပေးနေဆိုတော့ သူတို့က ဖြစ်ပျက်၊ ရှုပေးပါဆိုလို့ ရှုတာက (မဂ်ပါ ဘုရား) ဟော မဂ္ဂင်ငါးပါးပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အနိစ္စတည်းဟူသော အာရုံကြောင့် ပေါ်တာပဲ
ဒါဖြင့် ဒီမဂ္ဂင်ဟာ ဒကာ ဒကာမတို့ ဒီဘက်က အနိစ္စတည်းဟူသော အာရုံကြောင့် ပေါ်တာပဲ (မှန်ပါ့) ဒါကြောင့် အာရမ္မဏပစ္စည်းအရ ပဋ္ဌာန်းနည်းနဲ့ ဟောလိုက်တော့ သူကအာရုံ၊ သူက အာရာမ္မဏိက သွားပြီးဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။
ဒါဖြင့် မဂ်ဟာ ဒကာကြွယ်တို့ ဒကာသိုက်တို့ အလိုလိုပေါ်တာလား၊ အနိစ္စကြောင့်ပေါ်လာတာလား (အနိစ္စကြောင့် ပေါ်ပါတယ် ဘုရား) ရှင်းပြီနော် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စကြောင့်ပေါ်တယ်ဆိုတာတော့ သေချာသွားကြပြီ (မှန်ပါ့) သေချာပြီ မဟုတ်လား (သေချာပါပြီ ဘုရား)။
ကဲ ရုပ်ကိုအသာထားလိုက်ပါဦး၊ ဝေဒနာကလေးတစ်လုံးဒီအထဲက ထုတ်ထားတယ်နော် (မှန်ပါ့) ဒီအနိစ္စကလေးကို ဆရာဘုန်းကြီးသင်ထားတာက ဖြစ်ပျက်မြင်ရုံနဲ့ မကျေနပ်နဲ့ဦးလို့ ဒကာ ဒကာမတွေကို ဆုံးမထားတယ် (မှန်ပါ့)။
ဖြစ်ပျက်မြင်ရုံနဲ့မကျေနပ်နဲ့ဦး၊ အနိစ္စမြင်ရုံနဲ့ မကျေနပ်နဲ့ဦးပြောတော့ အနိစ္စကို မုန်းအောင်ရှု မပြောဘူးလား (ပြောပါ တယ် ဘုရား)။
အနိစ္စကို မုန်းအောင်ရှုရမယ် (မှန်ပါ့) အနိစ္စ တွေ့တိုင်း တွေ့တိုင်း ထပ်ပြန်တလဲလဲသာရှု၊ ကြာရင် မုန်းလာတာပဲ (မှန်ပါ့) မမုန်းပေဘူးလား (မုန်းပါတယ် ဘုရား)။
အဲ့ဒီတော့ ဒီအနိစ္စကလေး ဝေဒနာကလေးကို ဒကာကြွယ်တို့က ရှုပါများလာတော့ ဘာဖြစ်လာတာတုံး (မုန်းလာပါ တယ် ဘုရား)။
မုန်းစရာကြောင့်မုန်းတာ
ဒါဖြင့် မုန်းစရာကြောင့်မုန်းတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မုန်းစရာနဲ့ မုန်းတာသည် ဘယ်သူကရှေ့၊ ဘယ်သူကနောက်တုံး (မုန်းစရာက ရှေ့ပါ ဘုရား) မုန်းစရာကရှေ့ မုန်းတာကနောက် (မှန်ပါ့)။
ဒါဖြင့် မုန်းစရာကြောင့် မုန်းတာပေါ်တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူ့ကြောင့် ဘာပေါ်ပါလိမ့် (မုန်းစရာကြောင့် မုန်းတာပေါ်ပါတယ်) အဲ မုန်းစရာဖြစ်တဲ့သဘောကြောင့် မုန်းတဲ့ ဉာဏ်ပေါ်လာတယ် (မှန်ပါ့) မုန်းတဲ့ မဂ္ဂင်ငါးပါးမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ကြောင့်လဲငါးပါးပေါ်တယ်၊ မုန်းစရာဖြစ်ပျက်ကြောင့် မုန်းတဲ့ငါးပါးပေါ် တယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
သို့သော် ဆရာဘုန်းကြီးက သင်ထားတယ်၊ ဒီလိုအခြေအနေထိလာရင် ခင်ဗျားတို့ နှစ်ဉာဏ်ပဲရသေးတယ်၊ ဖြစ်ပျက် မြင်တာက ယထာဘူတဉာဏ်၊ ဖြစ်ပျက်မုန်းတာက နိဗ္ဗိန္ဒဉာဏ် ဖြစ်ပျက်အဆုံးကျအောင် လိုက်ရှာပါ (မှန်ပါ့) သင်မထားဘူး လား (သင်ထားပါတယ် ဘုရား)။
ဖြစ်ပျက်အဆုံးကျအောင်လုပ်ကြပါလို့ သင်ထားတော့ ဒကာ ဒကာမတွေကလဲ မုန်းတဲ့ဥစ္စာကိုဘဲ ဆက်လက်ပြီး ရှုရမှာပဲ (မှန်ပါ့) ဒကာကြွယ် မရှုရပေဘူးလား (ရှုရပါတယ် ဘုရား)။
အဲ့ဒီကဲ့သို့ ရှုတဲ့အခါကျတော့ ဒီဟာဖြင့် မလိုချင်ပါဘူး၊ ဒီဟာကြီးဟာ သက်သက် ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ အကောင်းတစ်ခုမပါဘူး၊ ဆင်းရဲကြီးမြင်နေရတာပဲဆိုပြီး ဒုက္ခပိုင်းခြားလိုက်တဲ့ အခါကျလို့ရှိရင် သူဆုံးသွားတယ် (မှန်ပါ့) မဆုံးသွားဘူးလား (ဆုံးသွားပါတယ် ဘုရား)။
အဆုံးမြင်တဲ့ဉာဏ်ပေါ်လာတယ်
ဆုံးသွားတော့ ရှေ့ကအာရုံလည်းဆုံးပါရော ဒကာ ဒကာမတို့ အဆုံးမြင်တဲ့ဉာဏ်ပေါ်လာတယ် (မှန်ပါ့) အဆုံးမြင် တဲ့ဉာဏ်ဆိုတော့ မဂ္ဂင်ရှစ်ပါး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
မဂ္ဂင်ရှစ်ပါးသည် ဘာကြောင့် ပေါ်ပါလိမ့်မတုံးဆိုတော့ ဒုက္ခအဆုံးကြောင့် ပေါ်လာတယ် (မှန်ပါ့) ဘယ်လိုဆိုကြမလဲ (ဒုက္ခအဆုံးကြောင့် ပေါ်ပါတယ် ဘုရား)။
ဒကာသိုက်တို့ ဒကာကြွယ်တို့ မဂ္ဂင်ရှစ်ပါး အလိုလိုပေါ်တာလား (မဟုတ်ပါ ဘုရား) ဒုက္ခအဆုံးက ကျေးဇူးပြုလို့ ပေါ်လာတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူက ကျေးဇူးပြုလို့ပါလိမ့် (ဒုက္ခအဆုံးက ကျေးဇူးပြုလို့ပါ ဘုရား) ဒုက္ခဆုံးရာမြင်လိုက်တော့ ဘာပေါ်လာသတုံး (မဂ်ဉာဏ်အစစ် ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခဆုံးတာက ဘာသစ္စာတုံး (နိရောဓသစ္စာပါ) မြင်တာက (မဂ္ဂသစ္စာပါ)။
ဒါဖြင့် မဂ္ဂသစ္စာ အလိုလိုပေါ်သလား၊ ဒုက္ခအဆုံးကြောင့် ပေါ်သလား (ဒုက္ခအဆုံးကြောင့် ပေါ်လာပါတယ်) ဒီတော့ မဂ်က ဒကာ ဒကာမတို့ ဒုက္ခအဆုံး နိဗ္ဗာန်ကြောင့်ပေါ်တာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘယ်သူ့ကြောင့်ပေါ်ပါလိမ့်
ဘယ်သူ့ကြောင့်ပေါ်ပါလိမ့် (နိဗ္ဗာန်ကြောင့် ပေါ်တာပါ ဘုရား) ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် အစတုန်းက ဘုန်းကြီးဟောထားခဲ့တယ်၊ ဒကာ ဒကာမတွေ ဝဋ်သုံးပါးမှ ကျွတ်လွတ်တာ ဘာတဲ့ (နိဗ္ဗာန်ပါ ဘုရား)။
အဲ့ဒီတော့ လက်သည်ရှာ မဂ်ဘယ်သူကြောင့် ပေါ်သတုံး (နိဗ္ဗာန်ကြောင့်ပေါ်ပါတယ် ဘုရား) ဒုက္ခအဆုံးမြင်လို့ ပေါ်တာ (မှန်ပါ့) ဒုက္ခအဆုံးမြင်လို့ ပေါ်လာတာပဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ဒီကသာ အဆုံးနိဗ္ဗာန်ဟာ ဒုက္ခတွေချုပ်မပြသေးပါဘူး ဆိုလို့ရှိရင် ဒီမဂ်ပေါ်ပါ့မလား (မပေါ်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မဂ်သည် ဒကာ ဒကာမတို့ ဘာကိုမြင်သတုံးမေးရင် အဆုံးကိုမြင်တယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ အဆုံးကိုမြင်လို့သာလျှင် ဒါတွေက သေတာ (မှန်ပါ့) အဆုံးကိုမမြင်ရင် သူက မဂ်ကိုမဟုတ်သေးလို့ မဂ်အစစ် မဟုတ်သေးဘူး၊ ဒါတွေ ကောင်းကောင်းကို မသေသေးဘူး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အဆုံးကိုမြင်မှ ဘာဖြစ်သတုံး (ဝဋ်ကျွတ်ပါတယ် ဘုရား) အဆုံးမြင်မှ ဝဋ်ကျွတ်တယ်ဆိုတော့ အဆုံးကြောင့် ကျွတ်တာဘဲ (မှန်ပါ့) အဆုံးဆိုတာ ဘာသစ္စာပါလိမ့် (နိရောဓသစ္စာပါ ဘုရား) အဲ နိဗ္ဗာန်ကြောင့်ဖြစ်တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
နိဗ္ဗာန်မြင်ရလို့ မဂ်ပေါ်တယ်
နိဗ္ဗာန်မြင်ရလို့ မဂ်ပေါ်တယ်၊ ဒါကြောင့် နိဗ္ဗာန်ကြောင့်ဖြစ်တယ် (မှန်ပါ့) နိဗ္ဗာန်မမြင်ရသေးရင် ဒီမဂ်ကို မဖြစ်ဘူး ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) နိဗ္ဗာန်မမြင်ရသေးဘဲနဲ့ ဒီဝဋ်ကျွတ်ချင်လို့ (မရပါ ဘုရား)။
ဒါဖြင့် ဒီမဂ်ဟာ နိဗ္ဗာန်အကြောင်းရင်းခံပြီး ပေါ်လာတယ်၊ ဒါကြောင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မြင်မှ ဝဋ်ကျွတ်တယ် (မှန်ပါ့)။
ဒါကြောင့် နိရောဓဿ နိဿရဏဋ္ဌော၊ နိရောဓဿ = နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ၏၊ နိဿရဏဋ္ဌော၊ ဝဋ်သုံးပါး ကျွတ်ခြင်း လက္ခဏာသဘောသည်လည်းကောင်း (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် နိရောဓဿ နိဿရဏဋ္ဌော (မှန်ပါ့) သူ့ကြောင့် မဂ်ပေါ်တယ်၊ မဂ်ပေါ်လို့ ဒါတွေဘာဖြစ်ရသတုံး (ကျွတ်လွတ်ပါတယ် ဘုရား) ဒီဝဋ်တွေ ပေါ်သေးရဲ့လား (မပေါ်ပါ) ကိလေသဝဋ်ကော ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား) ဝိပါကဝဋ် (မပေါ်နိုင်ပါ ဘုရား) ဘယ့်နှယ့်ကြောင့် မပေါ်နိုင်ပါလိမ့် နိဗ္ဗာန်ကြောင့် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ဆိုလု့ိရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ကိုလဲ မဂ်က မြင်ပါရော ဝဋ်သုံးပါး ကျွတ်သွားရော ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်မြင်တဲ့အချိန်နဲ့ ဝဋ်ကျွတ်တဲ့အချိန်နဲ့ ဒကာ ဒကာမတို့ တပြိုင်နက်လို့မှတ်ပါ (မှန်ပါ့) နိဗ္ဗာန်လဲပေါ်ရော ဝဋ်တွေလည်းမရှိဘူး (မှန်ပါ့) ဒါဖြင့် ဝဋ်ကျွတ်ရာနိဗ္ဗာန် (မှန်ပါ့)။
နိဗ္ဗာန်မြင်လိုက်ရင် ဝဋ်တွေက (ကျွတ်ပါတယ် ဘုရား) ကိလေသဝဋ်ကလဲကျွတ်၊ အဆုံးမဂ်နဲ့ မြင်တဲ့အချိန်မှာ ဝမ်းထဲမှာ အနုသယသဘောနဲ့ကို မရှိပါဘူး (မှန်ပါ) ကိလေသာကမှ အနုသယသဘောနဲ့ကို မရှိပါဘူး (မှန်ပါ့)။
နိဗ္ဗာန်မြင်တဲ့အချိန်မှာ ဝဋ်ကျွတ်ပြီ
ကိလေသာမှ အနုသယသဘောနဲ့ ဝမ်းထဲမှာ ကိန်းတဲ့အောင်းတဲ့သဘောမှ မရှိလို့ရှိရင် ကမ္မဝဋ်ကော (မရှိပါ ဘုရား) ဝိပါကဝဋ်ကော (ကျွတ်ပါတယ် ဘုရား) ဒါဖြင့် နိဗ္ဗာန်မြင်တဲ့အချိန်မှာ ဝဋ်ကျွတ်ပြီ (မှန်လှပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် ဝဋ်သုံးပါးကျွတ်ခြင်း သဘောသတ္တိရှိတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား) နိဗ္ဗာန်ကိုလဲ ‘ဖျက်’ ကနဲ မြင်လိုက်ပါကရော ဒကာ ဒကာမတို့ ဒီဝဋ်တွေ ဘယ့်နှယ့်နေသတုံး (ကျွတ်ပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်မြင်တဲ့အချိန်နဲ့ ဝဋ်ကျွတ်တဲ့အချိန်နဲ့ ဘယ်သူရှေး ဘယ်သူနောက်ကျသတုံး (တချိန်တည်းပါ ဘုရား) ဒါကြောင့် နိဗ္ဗာန်ဟာ ဝဋ်ကျွတ်တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် ဒုက္ခအဆုံး မြင်တဲ့ ပုဂ္ဂိုလ်မှာ ဝဋ်ကျွတ် ပါတယ် (မှန်ပါ့) ဒုက္ခအဆုံးမမြင်သေးရင် (ဝဋ်မကျွတ်သေးပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ဖြစ်ပျက်မြင်အောင်ကြည့်လို့ ဆရာဘုန်းကြီးကပြောလိုက်တယ် (မှန်ပါ့)။
နောက်တစ်ခါ ဒုတိယအဆင့် ဖြစ်ပျက်မုန်းအောင် (ကြည့်ရပါမယ် ဘုရား) ဖြစ်ပျက်ဆုံးအောင်ကြည့်ပါ (မှန်ပါ့ ဘုရား) ဖြစ်ပျက်အဆုံးတော့ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။
အဲ့ဒါမြင်တော့ ဘာကျေးဇူးရှိသတုံး (ဝဋ်ကျွတ်ပါတယ် ဘုရား) ဝဋ်ကျွတ်ခြင်းကျေးဇူးရှိတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်မြင်တာနဲ့ ဒကာ ဒကာမတွေ ဘယ်သူရှေး ဘယ်သူနောက်တုံး (တပြိုင်တည်းပါ ဘုရား) နိဗ္ဗာန်မှာ ဝဋ်ကိုမရှိဘူးဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) တပြိုင်နက် ကျွတ်သွားတယ်ဆိုတော့ နိဗ္ဗာန်ကတော့ရှိတယ် ဝဋ်က ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။
ဝဋ်ကျွတ်ရာကိုမြင်တာပဲ
”နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏပစ္စယေန ပစ္စယော” လို့ ပဋ္ဌာန်းပါဠိတော်မှာ ဟောတော်မူတယ်နော် (မှန်ပါ့)။
အဲ့ဒီတော့ နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်ဟာဖြင့် ဝဋ်ကျွတ်ရာကိုမြင်တာပဲ (မှန်ပါ့) ဒါဖြင့် နိဗ္ဗာန်ဘယ်လက္ခဏာရှိတုံးမေးရင် ဝဋ်မှ ငြိမ်းအေးခြင်း လက္ခဏာရှိတယ် (မှန်ပါ့)။
နိဗ္ဗာန် ဘယ်လက္ခဏာရှိတုန်း (ဒုက္ခဝဋ် ငြိမ်းအေးခြင်း လက္ခဏာရှိပါတယ် ဘုရား) ဒုက္ခဝဋ်မှ ငြိမ်းအေးခြင်း လက္ခဏာ ရှိတယ် (မှန်ပါ့)။
ဒါဖြင့် ဒုက္ခဝဋ်မှ ကျွတ်တာဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ဒုက္ခဝဋ်မှကျွတ်ရာကို မြင်တဲ့ မဂ်ဉာဏ်လဲပေါ်ပါရော ဒကာ ဒကာမတို့ ကိလေသာဝဋ်တွေလည်း ကျွတ်သွားတယ်၊ ကမ္မဝဋ်တွေ (ကျွတ်ပါတယ် ဘုရား) ဝိပါကဝဋ်ကော (ကျွတ်ပါတယ် ဘုရား) သူ့မဂ်အားလျော်စွာ အချိုးကျ ကျွတ်သွားတယ် (မှန်ပါ့) မကျွတ်ပေဘူးလား (ကျွတ်ပါတယ် ဘုရား)။
ငြိမ်းအေးခြင်းလက္ခဏာ
ဒါဖြင့် နိဗ္ဗာန်သည် ဘယ်လက္ခဏာရှိပါလိမ့် (ဒုက္ခဝဋ်မှ ငြိမ်းအေးခြင်းလက္ခဏာ ရှိပါတယ် ဘုရား) ဝဋ်သုံးပါးမှ ကျွတ်ခြင်း ငြိမ်းအေးခြင်း လက္ခဏာရှိတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရောက်ချင်ရင် အခုဆရာဘုန်းကြီးက လမ်းစဉ်ပေးလိုက်ပါပြီ (မှန်ပါ့) ပထမစိတ်ရှုလဲ စိတ်ဖြစ်ပျက်မြင် အောင်ရှု၊ ဒုတိယ စိတ်ဖြစ်ပျက်မုန်းအောင်ရှု (မှန်ပါ့ ဘုရား) နောက် တတိယအဆင့်အနေနဲ့ စိတ်ဖြစ်ပျက်ဆုံးအောင် ရှုလိုက် လို့ရှိရင်ဖြင့် ဘာတွေ့သတုံး (နိဗ္ဗာန်တွေ့ပါတယ် ဘုရား)။
နိဗ္ဗာန်တွေ့တော့ နိဗ္ဗာန်လဲတွေ့ပါရော ဝဋ်တွေကလည်း ကျွတ်ကုန်ပါရော (မှန်ပါ့) ဒါဖြင့် နိဗ္ဗာန်မှာ ဘာမရှိသတုံး ဆိုတော့ ဝဋ်မရှိဘူး (မှန်ပါ့ ဘုရား) ကိလေသာကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် ကိလေသာမရှိအောင် အေးမှာပဲ (မှန်ပါ့ ဘုရား) ဒါကြောင့် နိဗ္ဗာန်သည် သန္တိလက္ခဏာ ရှိတယ် (မှန်ပါ့)။
ကိလေသာနဲ့ မဆက်သွယ်တဲ့အတွက် မအေးဘူးလား (အေးပါတယ် ဘုရား) ဒါကြောင့် သန္တိလက္ခဏာ ငြိမ်းအေးခြင်း လက္ခဏာရှိတယ်၊ ဝဋ်ကျွတ်၍ ငြိမ်းအေးခြင်း လက္ခဏာရှိတယ် (မှန်ပါ့)။
နိဗ္ဗာန်မှာ ဘယ်လက္ခဏာရှိတုန်း (သန္တိလက္ခဏာ ရှိပါတယ် ဘုရား) ရှိမှာပေါ့ဗျ။
ကိလေသဝဋ် ရှိသေးရဲ့လား (မရှိပါ ဘုရား) ကိလေသာ အပူဓာတ် အလောင်ဓာတ်တွေရှိသေးရဲ့လား (မရှိပါ ဘုရား) ကမ္မဝဋ်ဆိုတဲ့ ဗျာပါရတွေကော ရှိသေးရဲ့ လား (မရှိပါ ဘုရား) ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခတွေကော (မရှိပါ ဘုရား) အေး ဒါကြောင့် နိဗ္ဗာန်သည် ငြိမ်းအေးတာတစ်ခုပဲရှိတယ် (မှန်ပါ့)။
ငြိမ်းအေးတာက ဘာသစ္စာတုံး
အေး ဒါဖြင့် ငြိမ်းအေးတာက ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား) ငြိမ်းအေးတာကို မြင်တာက (မဂ္ဂသစ္စာပါ ဘုရား) အပူတွေချုပ်တာက သမုဒယသေတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) အပူတွေချုပ်တဲ့အတွက် အပူလောင်စာတွေ ပါ ငြိမ်းသွားတာက နိရောဓသစ္စာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။