12902

မာတိကာသို့

နိဗ္ဗာန်သွားရာ လမ်းမတော်ကြီး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့မင်္ဂလာရိပ်သာ ဓမ္မာရုံကြီးပေါ်တွင်

ဟောကြားပြသဆုံးမတော်မူသော

နိဗ္ဗာန်သွားရာ လမ်းမတော်ကြီး

အလုပ်ပေးတရားတော်

ဘယ်ကလာမှန်းမသိပါဘုရား

ဒကာ ဒကာမတွေ ဘယ်ကလာကြသတုံးလို့ မေးလို့ရှိရင်ဖြင့် ဘယ်ကလာမှန်းမသိပါဘုရားလို့ ဖြေကြမှာပဲ (မှန်ပါ) ဘယ်ဘဝကလာကြတာတုံးလို့ မေးလို့ရှိရင်ဖြင့် ဘယ်ဘဝကလာမှန်း မသိပါဘုရားလို့ဆို ဖြေရမှာပဲ (မှန်ပါ ဘုရား)။

ဒီဘဝ စုတေမနေ သေလွန်လို့ရှိရင်ဖြင့် ဘယ်သွားရမှာတုံးလို့ မေးလို့ရှိရင်လဲ မသိပါဘုရားပဲ ဖြေရမှာပဲ (မှန်ပါ့ ဘုရား)။

အဲဒီ မသိပါဘုရားဆိုတဲ့ အလုံးတစ်လုံးဟာ မောင်နိုင်တို့ ကိုစံလှတို့ အလွန်ဆိုးတဲ့စကားလို့ မှတ်ရမယ် (မှန်ပါ) ဘယ်သွားကြမှာတုံး၊ ဒီကနေ-စုတေမနေ သေလွန်လို့ရှိရင် ဘယ်သွားကြမှာတုံးလို့ မေးလို့ရှိရင် မသိပါဘုရား လို့ ဖြေရတဲ့ဥစ္စာသည် ဒါဟာ ဝိပဿနာမဂ်ဉာဏ်မရတဲ့ ပုဂ္ဂိုလ်ဖြေလုံးလို့ မှတ်ပါ (မှန်ပါ)။

စုတေမနေသေလွန်ရင် ဘယ်ကိုသွားကြမှာတုံးလို့ မေးလို့ရှိရင်ဖြင့် အလုပ်မရှိတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သွားရမှန်း မသိပါဘုရားလို့ ဖြေလိမ့်မယ် (မှန်ပါ)။

အလုပ်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ တပည့်တော်တို့ စုတေမနေ သေလွန်လို့ရှိရင် ခန္ဓာဇာတ်သိမ်း၍ ငြိမ်းရာသွားရမှာ ပဲလို့ အဖြေထွက်မယ် (မှန်ပါ) မကွာဘူးလား (ကွာပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ အလုပ်လက်ရှိကလေးဖြင့် နေကြပါဆိုတဲ့ဥစ္စာ သတိပေးပါတယ်နော် (မှန်ပါ)။

ရက်ကန်းသည်၏သမီးကုမာရီ

ရက်ကန်းသည်၏သမီး ကုမာရီကို ဘုရားမေးတော့ မောင်နိုင်တို့ ခဏခဏကြားဖူးကြတယ်၊ ကိုစံလှတို့လဲ ကြားဖူးကြတယ်၊ ကုမာရီ သင်ဘယ်ကလာသတုံးဆိုတော့ မသိပါဘုရားပဲ ဖြေတယ် (မှန်ပါ) သင် ဘယ်သွားရမှာတုံး မေးတဲ့အခါကျတော့ (မသိပါ ဘုရား) သင် မသိဘူးလား မေးတဲ့အခါကျတော့ သိပါတယ်ဘုရားလို့ ဖြေပြန်တယ်၊ သင်သိသလားလို့ မေးတဲ့အခါကျတော့ မသိဘူးလို့ ဖြေပြန်တယ် (မှန်ပါ) သူက စကားလေးခွန်းပေါ့ မောင်နိုင်ရာ (မှန်ပါ)။

သင်ဘယ်ကလာသတုံး မေးတဲ့အခါ ဘယ့်နှယ်ဖြေသတုံး (မသိပါ ဘုရား) မသိပါဘူးတဲ့၊ တပည့်တော် ဘယ်ဘဝက လာမှန်းမသိပါဘူးဘုရားလို့ ဖြေခြင်းဖြစ်တယ်ဆိုတော့ သူ့ဥစ္စာတည့်နေတယ် (မှန်ပါ)။

သင်ဘယ်သွားမှာတုံးလို့ မေးတဲ့အခါကျတော့ ဘယ့်နှယ်ဖြေသတုံး (မသိပါ ဘုရား) ဟုတ်တယ်တဲ့၊ စုတေမနေ သေလွန်ရင် ဘယ်သွားရမှန်း မသိဘူးဆိုတော့ ဘယ်ကလာမှန်းမသိ၊ ဘယ်သွားရမှန်းလဲမသိ၊ လောကကြီးထဲမှာ ကလေးတစ်ယောက် မျက်စိလည်နေတာ ဟင် နင်ဘယ်က လာသတုံးမေးလို့ရှိရင် ဘယ်ကလာမှန်းမသိ၊ ဘယ်သွားရမှာ တုံးလို့ မေးတဲ့အခါ ဘယ်သွားရမှန်းလဲမသိ၊ ဪ ကလေးကိုးလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကလေးဖြစ်နေတဲ့ အဓိပ္ပါယ်

ဘယ်ကလာမှန်းမသိ၊ ဘယ်သွားရမှန်းလဲမသိဘူးတဲ့၊ ဒီကလေး ကလေးရဲ့ဖြစ်ထွေဟာ တယ်ဆိုးပါကလားလို့ လူကြီးတွေ အပြစ်တင်မယ်ဆိုရင် ကလေးမို့လို့ဆိုတဲ့ အဖြေလုံးသာ အဖြေထွက်လာတယ် (မှန်ပါ့ ဘုရား)။

ကလေးဆိုတော့ ဘယ်ကလာသတုံး မသိဘူး၊ ဘယ်သွားရမှာတုံး မသိဘူးဆိုတော့ ဒကာ ဒကာမတို့ ကလေးဖြစ်နေတဲ့ အဓိပ္ပါယ်ဟာ ရှင်းနေတယ် (မှန်ပါ့ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေ ဘယ်ကလာသတုံးမေးတော့ (မသိပါ ဘုရား) ဘယ်သွားရမှာတုံး (မသိပါ ဘုရား) မသိဘူးဆိုတော့ ဪ ကလေးလိုပဲရှိပြီး သကာလ နေကြတာ တစ်သံသရာလုံးဟာ ကလေးလိုပဲနေကြတယ်၊ ဘယ်ကလာမှန်းလဲမသိဘူး၊ ဘယ်သွားရမှန်းလဲမသိ၊ အဲ့ဒါဆရာကောင်း သမားကောင်းမကြုံ၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် လမ်းပြမည့်ပုဂ္ဂိုလ်ကမရှိ၊ တကယ်တမ်းအားထုတ်ပြီး တကယ်တမ်း နိဗ္ဗာန်မြင်နေတဲ့ ပုဂ္ဂိုလ်ကတော့ ဪ အခုလဲ နိဗ္ဗာန်မြင်ရပြီ၊ သေတော့လဲ ဒီနေရာရောက်တော့မှာပဲဆိုတော့ သွားရမှာ သူမသိဘူးလား (သိပါတယ် ဘုရား)။

အဲဒါကြောင့် ကလေးသံသရာ ဖြုတ် သကာလ ဒကာ ဒကာမတို့ လူကြီးနဲ့တူအောင် လုပ်ပါဆိုတဲ့ဥစ္စာကို သွားရာ ခရီးသိအောင် ဒကာ ဒကာမတို့ လုပ်ဖြစ်အောင်လုပ်ပါဆိုတာကိုဖြင့် တိုက်တွန်းရတယ် (မှန်ပါ) သွားရာခရီးသိဖို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သွားရာခရီးဆိုတာ ဘယ်ဟာပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ဘိက္ခဝေ၊ ရဟန်းတို့။ အယံမဂ္ဂေါ၊ ဤသတိပဋ္ဌာန်ဟူသော ပုဗ္ဗဘာဂမဂ်ခရီးသည်။ ဧကာယနော၊ နိဗ္ဗာန်ရောက်ကြောင်း တစ်ခုတည်းသောလမ်းကြောင်းပေတည်း လို့ဆိုတော့ ကိုယ့်သန္တာန်မှာ မဂ္ဂင်ရောက်နေတဲ့ ပုဂ္ဂိုလ်က တော့ နိဗ္ဗာန်မြင်နေတာပဲ (မှန်ပါ) မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

မဂ္ဂင်လုပ်ထားတဲ့ ပုဂ္ဂိုလ်

ထိုကဲ့သို့ မြင်တဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်သွားရမှာတုံး စုတေမနေ သေလွန်ရင် ဘယ်သွားရမှာတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေပါ့မလဲ (နိဗ္ဗာန် သွားကြရမှာပါ) အဲ မဂ္ဂင်လုပ်ထားတဲ့ ပုဂ္ဂိုလ်ကတော့ အဖြေကို ထွက်လာတယ် (မှန်ပါ)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘယ်ကလာမှန်းမသိ၊ ဘယ်သွားရမှန်းလဲမသိဆိုတဲ့ ဒီမသိ နှစ်လုံးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အလွန်အရုပ်ဆိုး အကျည်းတန်ပြီး သကာလ လူကြီးပင်ဖြစ်ငြားသော်လည်း လူကြီးဆိုတဲ့ အဓိပ္ပါယ် သေသေချာချာ သက်ရောက်နေတဲ့အတွက် သွားရာခရီးကို သိအောင်လို့ ဆရာဘုန်းကြီးက လမ်းပြတယ်၊ ဒကာ ဒကာမတွေကလဲ ကိုယ့်လမ်းကို ကိုယ့်ဉာဏ်ထဲမှာ ပေါ်ပြီး သကာလ ကိုယ်သွားမည့် နေရာဌာန မြင်သည့်တိုင်အောင် အားထုတ်ကြပါဆိုတဲ့ဥစ္စာ တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)။

မဂ္ဂင်သာရလို့ရှိရင် ဒကာ ဒကာမတို့ ဘယ်သွားရမှာတုံးလို့ မေးစရာမလိုတော့ပါဘူး (မလိုပါ ဘုရား) နိဗ္ဗာန်ပဲ သွားရမယ်ဆိုတဲ့ဥစ္စာ အဖြေထွက်လာတယ် (မှန်ပါ ဘုရား)။

အဲ့ဒါကြောင့် ဘယ်ကလာမှန်းလဲမသိ၊ ဘယ်သွားရမှန်းလဲမသိဆိုတဲ့ မသိတွေအကုန်ဖြုတ်ပြီး သကာလ ဘယ်က လာမှန်းမသိတာကို အသာထားပြီး သကာလ သွားရမည့်ခရီး ဒီဘဝဖြင့် အသိလုပ်ပါဆိုတာကို တိုက်တွန်းပြန်ပါတယ် (မှန်ပါ) မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်တယ် ဘုရား)။

ကိုင်း ဒါဖြင့် လေးလေးစားစား လုပ်ကြပါဆိုတာကိုဖြင့် ဒကာ ဒကာမတို့ အင်မတန်မှ သတိပေးတယ် (မှန်ပါ ဘုရား) ဒကာ ဒကာမတွေ သေခါနီး လူမမာတွေကို မမေးဖူးတဲ့ပုဂ္ဂိုလ်နီးကပ်လို့ရှိရင် မသွားဖူးတဲ့ပုဂ္ဂိုလ် မရှိကြပေဘူးနော် (မရှိပါ) မရှိကြဘူးလား၊ သွားမေးကြတာပဲ၊ ဝိညာဉ် ချုပ်ခါနီးအခါမှာ တစ်ချို့ရောက်သွားတော့ မမေးကြဘူးလား (မေးကြပါတယ် ဘုရား)။

မေးကြတဲ့အခါကျတော့ သွားရမည့်ခရီးမသိ ကြတဲ့ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့ ဝိညာဉ်ချုပ်တာကို ကြာလိုက်တဲ့ဖြစ်ခြင်း၊ ဝိညာဉ်ချုပ်တာ ကြာတယ်နော် မောင်နိုင် (မှန်ပါ ဘုရား)။

ဝိညာဉ်ချုပ်တာ ဘယ့်နှယ်ကြောင့် ကြာပါလိမ့်

အဲဒါ ဝိညာဉ်ချုပ်တာ ဘယ့်နှယ်ကြောင့် ကြာပါလိမ့်မတုံးလို့မေးတော့ သွားရမည့်ခရီးရမ်းနေလို့ မှတ်ပေတော့ (မှန်ပါ) ကိုစံလှ ဘယ့်နှယ်မှတ်မယ် (သွားရမည့်ခရီး ရမ်းနေလို့ပါ ဘုရား)။

သွားရမည့်ခရီး ရမ်းနေလို့တဲ့ ဒကာ ဒကာမတို့၊ အဲ့ဒီပုဂ္ဂိုလ်ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အခုတရားနာနေတဲ့ အလုပ်လက်ရှိ ဒကာ ဒကာမတွေက အကဲခတ်ကြည့်၊ ဪ သူဟာ နည်းနည်း ခန္ဓာကိုယ်ပေါ်မှာ ဖြင့် အလုပ်လုပ်ထားတာ အထမြောက်အောင် လုပ်ထားပုံမရဘူးဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်ချက်ချ ကိုက်နေတယ် (မှန်ပါ) ခင်ဗျားတို့သာ ဆုံးဖြတ်ချက်ချ၊ သေသေချာချာ ကိုက်တာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အလုပ်မလုပ်ထားတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဝိညာဉ်ချုပ်ခါနီးမှာ ဖြုန်းခနဲမချုပ်ဘူး (မှန်ပါ) ဘာဖြစ်လို့ ဖြုန်းခနဲ မချုပ်ပါလိမ့်မတုံးဆိုတော့ သူပြုထားတဲ့ ကံတွေက ဘယ်ကံအားကြီးသတုံးဆိုတော့ ဒီကံတွေက ငါကအကျိုးပေးတယ်၊ သူကအကျိုးပေးမယ်လို့ ကံတွေကလုပြီး သကာလ သူ့နိမိတ်ကိုပြမယ်၊ ငါ့နိမိတ်ကိုပြမယ်ဆိုပြီး သကာလ ကံတွေအမျိုးမျိုး နိမိတ်တွေက အမျိုးမျိုး၊ နိမိတ်တွေကို ဝေဖန်နေကြတာနဲ့ ကံဝေဖန်နေတာ ကြာနေတာနဲ့ပဲ မောင်နိုင်ရေ တော်တော်နဲ့ မချုပ်ဘူး (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ မချုပ်တော့ကို ဘာဖြစ်လို့ မချုပ်သေးသတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) လမ်းမတွေ့သေးလို့ (မှန်ပါ)။

ငါးလမ်းလောက် ရှိနေတယ်

သွားစရာလမ်းတွေက သူ့မှာ ငရဲသွားစရာ၊ တိရစ္ဆာန်သွားစရာ၊ ပြိတ္တာသွားစရာ၊ လူ့ပြည်သွားစရာ၊ နတ်ပြည် သွားစရာ၊ ဒါတွေက ငါးလမ်းလောက် ရှိနေတယ်၊ ငါးလမ်းလောက်ရှိပြီး သကာလ နေတော့ ငါးလမ်းမှာပဲ အကုသိုလ်ကံက များလို့ရှိရင်ဖြင့် လောဘကများလို့ရှိရင်လဲ ပြိတ္တာလမ်းသွားဖို့၊ ဒေါသကများလို့ရှိရင်လဲ ငရဲသွားဖို့၊ မောဟက များလို့ ရှိရင်လဲ တိရစ္ဆာန်ဘုံသွားဖို့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပြုထားတဲ့ကုသိုလ်တွေက များပြန်လို့ရှိရင်လဲ နတ်ရွာသုဂတိ လူ့ပြည်သွားဖို့ဆိုတော့ ဒါတွေက သေခါနီး ကျတော့ သူနိုင်၊ငါနိုင်ဆိုပြီး သကာလ ဒကာ ဒကာမတို့လုနေကြတာ (မှန်ပါ) အဲဒီလုနေတဲ့အချိန်မှာ ဒီကဝိညာဉ် ချုပ်လို့မရနိုင်ဘူး (မှန်ပါ) မသေချာသေးဘဲကိုး မောင်နိုင်ရ (မှန်ပါ) သေချာတဲ့အခါကျတော့ စုတိပြီး ပဋိသန္ဓေက လာရမှာကိုး (မှန်ပါ)။

အဲဒီကျတော့ ခုနင်ကကံတွေက အမျိုးမျိုးခြယ်လှယ်ပြီး သကာလ နေတော့ သူကအားကြီးသူက အကျိုးပေး၊ ငါကအားကြီး၊ ငါကအကျိုးပေး ဒီလိုဖြစ်ပြီး သကာလ မနေတတ်ဘူးလား (နေတတ်ပါတယ် ဘုရား) အဲဒါကြောင့် ဝိညာဉ်ချုပ်တာကြာတဲ့ ပုဂ္ဂိုလ်များ သဘောပါကြပလား (ပါပါပြီ ဘုရား) လမ်းမှန်တွေ့မထားလို့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်လမ်းမတော်ကြီး

မဂ္ဂင်လမ်းမတော်ကြီးကို ကိုယ်ပိုင်ရမထားတဲ့အတွက် ဒီလမ်းမကြီးမှနေပြီး တစ်ဖြောင့်တည်း ကြည့်လိုက်ရင် နိဗ္ဗာန်ဟာ ရှင်းနေတာပဲ (မှန်ပါ) အဲဒီ နိဗ္ဗာန်ရှင်းနေတဲ့ လမ်းမတော်ကြီးအလုပ်ကိုလဲ ဒကာ ဒကာမတို့ လုပ်ထားရမယ် နော် (မှန်ပါ ဘုရား)။

လုပ်ထားတော့ ဒီအလုပ်လက်ရှိပုဂ္ဂိုလ်သေတဲ့အခါကျတော့ ဖျတ်ခနဲချုပ်ပြီး သကာလ တစ်ခါတည်း သောတာပန်တည်လို့ ရှိရင်ဖြင့် ခုနစ်ဘဝ၊ ခုနစ်ဘဝပေမယ့် သုဂတိနိမိတ်ချည်းပဲမောင်နိုင်၊ တစ်ဖြောင့်တည်းလာတယ် ထင်တယ် (မှန်ပါ့) ဒီပြင် ဒုဂ္ဂတိဆိုတဲ့ အပါယ်ဘေးတွေလာထင်သေးရဲ့လား (မထင်ပါ ဘုရား)။

အဲ သူ့ကျတော့ ဖြောင့်ထွက်သွားတယ် (မှန်ပါ) ရဟန္တာပုဂ္ဂိုလ်ကျတော့လဲ နိဗ္ဗာန်ကို ဖြောင့်ထွက်သွားတာပဲ (မှန်ပါ) ဒါ မဂ္ဂင်ကချည်း ကျေးဇူးပြုတယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိညာဉ်ချုပ်တဲ့အခါလဲ မပင်ပန်းအောင် သွားရမည့်လမ်းကိုလဲ ကိုယ်တိုင် သိပြီး သကာလ ထားရအောင် ဘုန်းကြီးပြောတဲ့ ကြိုက်တဲ့သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို အားထုတ်လို့ရှိရင်ဖြင့် သတိပဋ္ဌာန်လေးပါးဆိုတာ အရှုခံတရားပါ (မှန်ပါ) ရှုဉာဏ်ကတော့ မဂ္ဂင်ချည့်ပဲ (မှန်ပါ့)။

သတိပဋ္ဌာန်လေးပါးဆိုတာ အရှုခံတရား

အရှုခံတရားကတော့ ကာယာနုပဿနာက ရုပ်ပေါ့ဗျာ၊ ဝေဒနာနုပဿနာက ဝေဒနာမဟုတ်ဘူးလား (မှန်ပါ) စိတ္တာနုပဿနာကစိတ်၊ ဓမ္မာနုပဿနာက သညာတို့၊ သင်္ခါရတို့ကျန်တဲ့ စေတသိက်တွေပေါ့ဗျာ (မှန်ပါ)။

သို့သော် သူတို့ကတော့ ဒါကရုပ်၊ ဒါကဝေဒနာ၊ ဒါကစိတ်၊ ဒါကကျန်စေတသိက်တွေ၊ ဒီလိုပင်များနေငြား သော်လဲ ရှုတဲ့ပုဂ္ဂိုလ်၊ ရှုလိုက်တဲ့အခါကျလို့ရှိရင် သူရှုတော့လဲ ဖြစ်ပျက်တွေ့ဖို့ပဲ (မှန်ပါ) သူရှုလဲ (ဖြစ်ပျက်တွေ့ဖို့ ပါ ဘုရား)။ သူရှုကော (ဖြစ်ပျက်တွေ့ဖို့ပါ) ဓမ္မာနုပဿနာရှုကော (ဖြစ်ပျက်တွေ့ဖို့ပါ ဘုရား)။

ဖြစ်ပျက်တွေ့ဖို့ဆိုတော့ သူရှုချင်တာရှု၊ ခင်ဗျားတို့က ဖြစ်ပျက်တွေ့တော့ မဂ်ကတော့ဒီတစ်မျိုး လာတာပဲ (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ မဂ်က ဒီတစ်မျိုးလာတော့ ဒါကြီးဟာ လမ်းမတော်ကြီးဖြစ်ပြီး သကာလ ဒကာ ဒကာမတွေသေခါနီး ကျတော့ ဒီမဂ္ဂင်တည်းဟူသော တရားက နိဗ္ဗာန်ကိုသာ သွားဖို့ရာ ဒီလမ်းကြီးက ပေါ်လာတယ်၊ မဂ္ဂင်ပေါ်လာတယ် (မှန်ပါ)။

မဂ္ဂင်ရှစ်ပါးပေါ်လာတော့ မဂ္ဂင်ရှစ်ပါးလမ်းလို့ ဟောတာက မဂ္ဂင်ရှစ်ပါးက ဒီဘက်နိဗ္ဗာန်ဘက်ကိုသာ သူမြင်နေတယ် (မှန်ပါ)။

အဲဒီတော့ ကိုယ့်ဝမ်းထဲမှာလဲ မဂ္ဂင်ရှိတယ်၊ သူမြင်နေတာက ဘာမြင်နေသတုံး (နိဗ္ဗာန်မြင်နေပါတယ်) ဒါနဲ့ ဒီမဂ္ဂင်နဲ့မြင်ပြီး သကာလ စုတိစိတ်ကျသွားတယ်(မှန်ပါ) စုတိစိတ်ကျပြီး သကာလ သွားတော့တာပဲဆိုတော့ မြင်ပြီးမှ သူကသေတာကိုး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မြင်ပြီးမှသေတာဖြစ်ပြီး သကာလ နေတော့ ဒကာ ဒကာမတို့ မသေခင်သူက အရင်မြင်နေတယ်၊ စုတိစိတ်က နောက်ကျမယ် (မှန်ပါ) မဂ္ဂင်ကအရင်မြင်တယ်နော် (မှန်ပါ ဘုရား)။

သောတပန်ဖြစ်ခဲ့သော် သုဂတိမြင်တယ်

ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ရှုထားတဲ့ မဂ္ဂင်ရှိတဲ့ပုဂ္ဂိုလ်ဖြင့် ဒကာ ဒကာမတို့ မသေခင်ကသွားရာခရီးကို မြင်ပြီး သကာလ သောတပန်ဖြစ်ခဲ့သော် သုဂတိမြင်တယ်၊ သကဒါဂါမ်အနာဂါမ်ဖြစ်ခဲ့သော် သုဂတိမြင်တယ်၊ ရဟန္တာဖြစ် ခဲ့သော် တစ်ခါတည်းနိဗ္ဗာန်ကိုသွားရတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)၊အဲဒီတော့ သူကတော့မမြင်တာရယ် လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ ဒကာ ဒကာမတို့ သူကတော့ ရွေးနေစရာရှိသေးလား (မရှိပါ ဘုရား)။

ဖျတ်ဆို သူကတော့ ဒီမဂ္ဂင်လဲမြင်ပြီးရော ဒီဘက်ကနေပြီး သကာလ မြင်တဲ့မဂ္ဂင်ပြီးရင် စုတိစိတ်ကျတယ် (မှန်ပါ) စုတိစိတ်ကျပြီး သကာလ ဒီပုဂ္ဂိုလ်ဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ခဲ့သော် သုဂတိပဲ ဒီပုဂ္ဂိုလ် ရောက်တယ် (မှန်ပါ) မဂ္ဂင်သမားက ဒီရောက်တယ် (မှန်ပါ)၊ အဲ့ဒီတော့ သူူ့အတွက်မှာဖြင့် ဒကာ ဒကာမတို့ တစ်ဖြောင့် တည်းသွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါကြောင့် ဘိက္ခဝေ၊ ရဟန်းတို့။ အယံမဂ္ဂေါ၊ ဤသတိပဋ္ဌာန်ဟူသော ပုဗ္ဗဘာဂမဂ်ခရီးသည်၊ ဧကာယနော၊ နိဗ္ဗာန်ရောက်ကြောင်း တစ်ခုတည်းသော လမ်းကြောင်းပေတည်းဆိုတော့ ဒကာ ဒကာမတို့ မလုပ်ထိုက်ဘူးလား (လုပ်ထိုက်ပါတယ် ဘုရား)။

ဝိညာဉ်ချုပ်ဖို့ရာတယ်ခက်ပါကလား

နို့မဟုတ်ရင် မသေခင်ကတည်းက ဪ ချုပ်ခဲလိုက်တာ ဝိညာဉ်ချုပ်ဖို့ရာတယ်ခက်ပါကလား၊ ဘေးကတောင် ပင်ပန်းတယ် (မှန်ပါ) မပင်ပန်းဘူးလား (ပင်ပန်းပါတယ် ဘုရား)။

ကြည့်ရတဲ့ လူမမာမေးတွေကတောင် အင်း-ပြောကောင်း မပြောကောင်း မြန်မြန်သေတာ ကောင်းပါတယ်၊ သူ့ဟာ ပင်ပန်းလိုက်တာ ရှိုက်ကြီးတငင်ငင်နဲ့ မောနေလိုက်တာ တောင်ပြော မြောက်ပြောနဲ့၊ ချုပ်တာပဲ ချုပ်လိုက်ပါတော့၊ မထူးတော့ပါဘူး၊ အလကားတငင်ငင်နဲ့ အမောဆိုက်နေတဲ့ဥစ္စာဆိုပြီး သကာလ ဘေးကလဲ ပင်ပန်းတယ် (မှန်ပါ ဘုရား)။

ဘေးကသာ ပင်ပန်းတယ်၊ သူ့ခမျာလဲ သွားစရာလမ်းတွေ ကုန်ပြီး သကာလ ဟိုသွားရတော့မလိုလို ဒီသွားရတော့မလိုလို ကံကလဲ မကုန်သေး၊ မကုန်သေးတာက တစ်ခြားမဟုတ်ဘူး ဒကာ ဒကာမတို့၊ သူဆုံးဖြတ်ချက် မချသေးလို့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ပြုထားတဲ့ ကံတွေက သူနိုင်ငါနိုင်လုနေတာ၊ သူနိုင်ငါနိုင် လုနေတုန်းမှာတော့ ဝိညာဉ်မချုပ်နိုင်ဘူး၊ အဲဒီအချိန် မှာ ကြာနေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ဆရာဘုန်းကြီးကလဲ သေပုံနဲ့တကွပြပါပြီ၊ မဂ္ဂင်ရှိတဲ့ပုဂ္ဂိုလ်နဲ့ မရှိတဲ့ပုဂ္ဂိုလ် အတော်ကိုခြားနားပါတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒီလမ်းနဲ့ဒီစခန်းကလဲ မလွတ်တမ်း သွားကြရမယ်၊ ဘုန်းကြီးနဲ့တကွ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မလွတ်တမ်းသွားကြရမှာပဲ (မှန်ပါ) အဲဒီတော့ အဖြောင့်လုပ်ထားပါ ဆိုတာကိုဖြင့် ဘုန်းကြီးက တိုက်တွန်းတယ် (မှန်ပါ)။

မဂ္ဂင်လောက်တော့ မဖြောင့်ပါ

ဒီ့ပြင်ဟာ အားကိုးရာရှိငြားသော်လဲတဲ့ သူ့လောက်တော့ မဖြောင့်ဘူးလို့မှတ် (မှန်ပါ) မောင်နိုင်မဂ္ဂင်လောက် တော့ (မဖြောင့်ပါ) အားလုံးကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒီတော့ ဪ ဒါမတွေ့လမ်းဖြစ်လဲ ဆရာဘုန်းကြီးက တင်ကြိုပြီး သကာလ မမှာပါဘူး၊ လူတိုင်းတွေ့ကြုံရမည့် လမ်းခရီးကြီးဖြစ်နေတော့ လမ်းကောင်းတော့ ပေးပါရစေဆိုတာ ပြောပါရစေ (မှန်ပါ) မပြောရပေဘူးလား (ပြောရပါတယ် ဘုရား)။

ဒီလိုပြောမယ့်လူမရှိလို့ရှိရင်လဲ အနားကနေပြီး မင်းပြုထားတဲ့ ကုသိုလ်ဘယ်ဟာ ဘယ်ဟာရှိသားပဲ၊ သို့ပေမယ့် သူက နားကထိုင်းနေတော့ မကြားဘူး မောင်နိုင်ရ (မှန်ပါ) ဒီကကံတွေက ဝေဖန်နေတော့လဲ သူကတွေဝေနေတယ် (မှန်ပါ) တွေဝေနေတော့ ဘယ်လိုပဲပြောပြော မကြားဘူး (မှန်ပါ) ကြားပါ့မလား (မကြားပါ ဘုရား)။

ပြီးတော့ နားဆိုတာ ကမ္မဇရုပ်၊ ကံကုန်ခါနီးကျတော့ ဒီနားတွေက တစ်ခါတည်းလေးပြီး သကာလ သူတို့ကလဲ ဆုတ်တော့မည့်ဆဲဆဲဖြစ်နေတော့ ဒီကဘယ်လိုပဲပြောပြော မကြားတော့ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မျက်လုံးကလဲမမြင်၊ နားကလဲမကြားဖြစ်နေတော့ ဘေးကသတိသာပေးနေရတယ်၊ သူကြား-မကြားတော့ သူ့ဟာသူပဲ ဆုံးဖြတ်ချက်ချမယ် (မှန်ပါ ဘုရား)။

လမ်းမသိဘဲနဲ့ သွားနေလို့ရှိရင်

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လမ်းကိုသတိထားဖို့အရေးဟာ ကိုယ့်အရေးမဟုတ်ဘူးလား (မှန်ပါ) ဥပမာမယ် ရန်ကုန်ကို သွားမယ်လို့ စိတ်ကူးတယ် လမ်းမသိဘဲနဲ့ သွားနေလို့ရှိရင်တော့ ရောက်ကြမယ် မဟုတ်ဘူး (မှန်ပါ) အဲဒီတော့ လမ်းကိုအရင်တွေ့အောင်လုပ်ပြီးမှ သွားချင်တဲ့အချိန်ထသွားတော့ မရောက်မရှိဘူး (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒါကြောင့် မဂ္ဂင်တစ်ခုကိုလမ်းမတော်လို့ ဘုရားကဟောထားတယ် (မှန်ပါ) အဲဒီတော့ ဝိပဿနာရှုတဲ့ ဉာဏ်ကို ဘာခေါ်ကြမယ် (မဂ်ဉာဏ်ပါ) မဂ္ဂင်လို့ခေါ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုတဲ့ဉာဏ်ကို (မဂ္ဂင်လို့ခေါ်ပါတယ် ဘုရား) အဲဒီမဂ္ဂင် လမ်းမတော်မှတစ်ပါး ငါဘုရား သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ မွှေနှောက်ပြီး သကာလ သုံးဆယ့်တစ်ဘုံထဲ တရားမျိုးစုံနဲ့ ရှာလိုက်တာ ဒီတစ်လမ်းပဲ အဖြောင့်သွားတာ ရှိသဟေ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီတစ်လမ်းပ အဖြောင့်သွားတာ ရှိသဟေ့လို့ သေသေချာချာ ဟောသဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက် ဒီရှေ့က တရားတွေ ဖြစ်ပြီးပျက်တဲ့ အနိစ္စတရားတွေပေါ့လေ (မှန်ပါ) ခယဝယ သဘောတွေပေါ့လေ (မှန်ပါ) အဲဒီခယဝယ သဘောတွေဖြစ်အောင် ကြည့်နေလို့ရှိရင် ခင်ဗျားတို့ လမ်းတွေ့ပြီလို့ အောက်မေ့ပါ (မှန်ပါ ဘုရား)။

ဖြစ်ပျက်မြင်ရင် လမ်းတွေ့ပြီ

ဖြစ်ပျက်မြင်ရင် လမ်းတွေ့ပြီနော် (မှန်ပါ) ဘာလမ်းတွေ့တာတုံးဆိုရင်တော့ သဘောကျပလား (ကျပါပြီ) ဘာလမ်းပါလိမ့် (မဂ္ဂင်လမ်းပါ)။

မဂ္ဂင်လမ်းဆိုတာ ဘုရားက ဧကာယနော အယံဘက္ခဝေ မဂ္ဂေါ (မှန်ပါ) “မဂ္ဂါနံ အဋ္ဌင်္ဂိကော သေဋ္ဌော” မဂ္ဂါနံ၊ လမ်းအပေါင်းတို့တွင်။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော မဂ်သည်သာ။ သေဋ္ဌော၊ လမ်းမှန်အစစ်အမြတ်ဆုံး ဖြစ်၏။ ဓမ္မပဒပါဠိတော်မှာ ဟောတယ်နော် (မှန်ပါ ဘုရား)။

မဂ္ဂင်ရှစ်ပါး လမ်းမတော်ကြီးသည်သာလျှင် ဒကာ ဒကာမတို့ အဖြောင့်လမ်းအစစ်တဲ့ (မှန်ပါ) ဒီ့ပြင်သုဂတိလမ်း မရှိဘူးလား မောင်နိုင် (ရှိပါတယ် ဘုရား)။

အဲဒီဟာတွေကတော့ မဖြောင့်ဘူး၊ သုဂတိသွားတော့မလိုလိုနဲ့ ဒုဂ္ဂိကျချင်လဲ ကျသွားတာ (မှန်ပါ) ဒုဂ္ဂတိသွား မလိုလိုနဲ့ သုဂတိရောက်ချင်လဲ ရောက်လာတာ (မှန်ပါ ဘုရား)။ မဂ္ဂင်လမ်းကတော့ ဒီလိုအကွေ့အကောက်မရှိဘူးကွတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လမ်းကိုယ်ပိုင်ရထားဖို့ အရေးကြီးပါလိမ့် (မဂ္ဂင်လမ်းကိုယ်ပိုင်ရထားဖို့ အရေးကြီးပါတယ် ဘုရား)။

ဝေဒနာကြိုက်လို့ရှိရင် ဝေဒနာဖြစ်ပျက်ကို မိမိဉာဏ်ကမြင်လို့ရှိရင်ဖြင့် အဲဒါမဂ္ဂင်ရတာပဲ (မှန်ပါ) စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ဖြစ်ပျက်ကို မြင်လို့ရှိရင် မဂ္ဂင်ရပြီ၊ ရုပ်ရှုတဲ့ပုဂ္ဂိုလ်ဟာ ရုပ်တို့၏ အပျက်ကိုမြင်ရင် (မဂ္ဂင်ရပါပြီ) ဓမ္မာနုပဿနာရှုတဲ့ ပုဂ္ဂိုလ်ဟာ သညာ၊ သင်္ခါရ၊ ဖဿတို့၏ ဖြစ်ပျက်ကိုမြင်ရင် (မဂ္ဂင်ရပါပြီ ဘုရား)။

ဒါဖြင့်ဒကာ ဒကာမတို့ ရှုနည်းကိုလဲ ဆရာဘုန်းကြီးက သေသေချာချာပြောပါပြီ (မှန်ပါ) မပြောဘူးလား (ပြောပါတယ် ဘုရား) ဝမ်းထဲမှာကို ပေါ်လာတယ်နော် (မှန်ပါ ဘုရား) ရှုတဲ့မဂ်ဟာ ဘယ်ရောက်လာသတုံး (ဝမ်းထဲ ရောက်လာပါတယ် ဘုရား)။

မဂ္ဂင်ဝမ်းထဲရောက်လာလို့ရှိရင်

ဝမ်းထဲရောက်လာတော့ ဒကာ ဒကာမတို့ ဒီမဂ္ဂင်ဝမ်းထဲရောက်လာလို့ရှိရင်တော့ မပူပါနဲ့တော့၊ သူကအဖြောင့် ပို့ပါလိမ့်မယ် (မှန်ပါ) သူမရောက်တဲ့ ပုဂ္ဂိုလ်ကျတော့ အဖြောင့်ပိုပါမယ်လို့ သူတာဝန်မယူဘူး (မှန်ပါ)။

ဒါကြောင့် ဘုရားက “မဂ္ဂါနံ အဋ္ဌင်္ဂိကော သေဋ္ဌော” မဂ္ဂါနံ၊ ခရီးများစွာရှိရာတို့တွင် ခင်ဗျားတို့ ကျုပ်တို့ သွားစရာတွေ ခရီးကမနည်းဘူး (မှန်ပါ)။

တိရစ္ဆာန်လဲအမျိုးမျိုးဆိုတော့ တိရစ္ဆာန်ပေါင်းကို မောင်နိုင် ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ ဘုရား)။

အဲဒါ နွားဖြစ်ချင်လဲ ဖြစ်မယ်၊ ခွေးဖြစ်ချင်လဲ ဖြစ်မယ်၊ ကြက်ဖြစ်ချင်လဲဖြစ်မယ်၊ ဝက်ဖြစ်ချင်လဲ ဖြစ်မယ်၊ ဆင်ဖြစ်ချင်လဲဖြစ်မယ်ဆိုတော့ တိရစ္ဆာန်ခရီးပေါင်းက ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါ ဘုရား) သွားရမည့် ခရီး ပေါင်းက ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါ ဘုရား) သွားရမည့် ခရီးပေါင်းကပေါ့ကွာ (မှန်ပါ)။

ပြိတ္တာခရီးပေါင်းကလဲ ပြိတ္တာက ဝေမာနိကပြိတ္တာ၊ ဒီ့ပြင်အမျိုးမျိုးပြိတ္တာတွေကကော ပြိတ္တာလမ်းကကော လမ်းပေါင်းဘယ်လောက်ရှိသလဲ (မရေတွက်နိုင်ပါ ဘုရား)။

ငရဲကြီးရှစ်ထပ် ငရဲပယ်များစွာဆိုတော့ ငရဲလမ်းလဲ များစွာရှိမပေါ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) လမ်းတွေက မများဘူးလား (များပါတယ် ဘုရား)။

အဲဒါကြောင့် မဂ္ဂါနံ၊ လမ်းရှိသမျှအပေါင်းတို့တွင် အဋ္ဌက အင်္ဂါရှစ်ပါးရှိတဲ့မဂ်သည်သာလျှင် သေဋ္ဌော နိဗ္ဗာန်သို့ အရောက်ပို့တတ်သောကြောင့် အမြတ်ဆုံးလမ်းပေတည်း (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သာသနာတွင်းမို့ ပြောနိုင်တယ်

ဒါကြောင့် ဒါပဲဘုန်းကြီးတို့ ဒကာ ဒကာမတို့ကို သာသနာတွင်းမို့လဲပြောနိုင်ပါတယ် (မှန်ပါ) သာသနာတွင်းမို့ ပြောနိုင်တယ်နော် (မှန်ပါ) သာသနာပဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီမဂ်အကြောင်း မတွက်နိုင်ဘူး ဘုန်းကြီးလဲ မပြောနိုင်ဘူး ဒကာ ဒကာမတွေလဲ မကြားရဘူး (မှန်ပါ ဘုရား)။

အဲဒီတော့ လမ်းတွေက အများကြီးရှိတဲ့အနက် ဘယ်လမ်းသည်သာလျှင် ဘုန်းကြီးတို့အလိုက်မလွဲတဲ့ လမ်းလဲ (မဂ္ဂင်လမ်းပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီမဂ္ဂင်လမ်းကို လိုချင်တဲ့ပုဂ္ဂိုလ်ဟာ အနိစ္စရှုပါမှ ဖြစ်ပျက်ကိုရှုပါမှ မဂ္ဂင်ဖြစ်တယ် (မှန်ပါ) မရှုရင် မဂ္ဂင်မဖြစ်ဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒီလိုသေချာတော့မှ ဪ တို့သည်ကားလို့ဆိုရင် သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့တွင်းရေး၊ ကျင်းရေး အရောင်းအဝယ်ရေးနဲ့ အချိန်ကုန်နေတဲ့ဥစ္စာ တို့မှာလမ်းကိုယ်ပိုင်မရသေးပါကလား၊ လမ်းကိုမဖြောင့်သေးပါကလား၊ သွားရမှာက လမ်းတွေကလဲမနည်းဘူး၊ အဖြောင့်လမ်းကို တို့မရထားလို့ရှိရင်ဖြင့် တို့အတွက် တစ်ခါတည်း ခုနက ကလေးလို ဖြစ်နေပြီ၊ ဘယ်ကလာလို့ ဘယ်ကိုသွားရမှန်းမသိတဲ့ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကို ဘုန်းကြီးများကရော၊ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကရော စိုးရိမ်လို့ ဒကာ ဒကာမတွေကလဲ ဆက်လက်ပြီး ကိုယ့်အတွက်တော့ စိုးရိမ်ပါတော့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူ့အတွက်စိုးရိမ်ရမလဲ (ကိုယ့်အတွက် စိုးရိမ်ရပါမယ် ဘုရား)။

လမ်းကောင်းရှာထားပါ

ကိုယ့်အတွက် စိုးရိမ်ပြီး သကာလ လမ်းကောင်းရှာထားပါတော့ ဆိုတဲ့ဥစ္စာကိုဖြင့် ဘုန်းကြီးက ဖော်ထုတ်ပြီး တိုက်တွန်းတဲ့အတွက် ဒကာ ဒကာမတွေကလဲ ကိုယ့်အရေးကိုယ်ကြည့်ပြီး ရမ်းပြီး သကာလ ဝိညာဉ်မချုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ လူမမာမေးဖူးကြသဖြင့် ကိုင်း တို့တော့ဖြင့် အဖြောင့်လမ်း အပိုင်ယူ ထားပါတော့မယ် ဆိုပြီး သကာလ နိုးနိုးကြားကြားနဲ့ ကြိုးကြိုးစားစား ကိုယ်ပိုင်ရအောင် လုပ်ထားပါဆိုတာ တိုက်တွန်းပါတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

အင်မတန်အရေးကြီးလို့ပါ ဒကာ ဒကာမတို့ တကယ်စေတနာကြီးကြီးနဲ့ပြောနေတာလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား) ဒီလမ်းမတွေ့မည့်လူတော့ ဘယ်သူမှမရှိဘူး (မရှိပါ ဘုရား)။

ကိုင်း လမ်းပေါင်းကလဲ ဘယ်လောက်တဲ့ မောင်နိုင် (မရေတွက်နိုင်ပါ ဘုရား) အဲဒီလမ်းပေါင်း မရေတွက် နိုင်အောင် ကျုပ်တို့မှာ သွားစရာကံကတွေကတော့ (မရေတွက်နိုင်ပါ ဘုရား)။

အဲဒီမရေတွက်နိုင်တဲ့လမ်းတွေ သွားစရာရှိပြီး သကာလ နေတော့ မဂ္ဂင်လမ်းမတော်ကို ကိုယ်ပိုင်လုပ်ထား ရရင် ဟိုလမ်းတွေအကုန်ပျောက်ပြီး ဒီလမ်းတစ်ခုတည်းပေါ်လာလိမ့်မယ် (မှန်ပါ) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ကျုပ်တို့ခင်ဗျားတို့ဟာ ကံကောင်းအကြောင်းသင့်ပြီး ဒီအချိန်ဒီကာလမှာ လမ်းပြမည့်ပုဂ္ဂိုလ်နဲ့ လမ်းလိုချင်တဲ့ပုဂ္ဂိုလ် ယခုဆုံကြပါပြီ (မှန်ပါ) မဆုံဘူးလား (ဆုံပါတယ် ဘုရား)။

ဆရာဘုန်းကြီးက လမ်းပြပုဂ္ဂိုလ်

ဆရာဘုန်းကြီးက လမ်းပြပုဂ္ဂိုလ်၊ ဒကာ ဒကာမတွေကလဲ လမ်းရှာတဲ့ပုဂ္ဂိုလ် (မှန်ပါ) အင်း – လမ်းပြနဲ့ လမ်းရှာလို့နဲ့တွေ့နေလို့ရှိရင် လမ်းပြနောက်ကို လမ်းရှာတွေ့က တစ်ခါတည်း ဒီလမ်းကိုတို့လဲ ကိုယ်ပိုင်ရအောင် ယူတော့မယ်ဆိုပြီး သကာလ တစ်ခါတည်း ပြတဲ့ပုဂ္ဂိုလ်ကလဲပြ၊ ယူတဲ့ပုဂ္ဂိုလ်ကလဲယူ ဆိုလို့ရှိရင်ဖြင့် ဒါဟာ ဒကာ ဒကာမတွေ ဝိညာဉ်ချုပ်တဲ့အခါမှာလဲ မရမ်းတော့ပါဘူး (မှန်ပါ) ရမ်းပါဦးမလား (မရမ်းပါ ဘုရား)။

နို့မဟုတ်ရင်ဖြင့် အို ဟိုဟာ ဆွဲကိုင်လဲမရ၊ ဒီဆွဲကိုင်လဲမရနဲ့ ရမ်းလိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့ ဒကာ ဒကာမတို့ သိပ်ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)။

ဒီနေ့ ဘုန်းကြီးဝတ္ထုတိုကလေးတစ်ခု သာမည ပြောပါမယ်၊ သူ့သားက ရဟန်း၊ သူ့အဖေကမုဆိုး၊ သူ့သားက ရှင်သာမဏတဲ့၊ သူ့အဖေက မုဆိုးကြီးဖြစ်နေတယ် (မှန်ပါ) သူ့သားကရဟန်းမို့ မောင်နိုင်၊ ကိုစံလှ အမျိုးမျိုး ဟောတယ်၊ ဒကာကြီး ပါဏာတိပါတကံတွေ မလုပ်ပါနဲ့၊ ဒါတွေနဲ့ အသက်မမွေးနဲ့ဆိုပေမယ့် ဝါသနာပါလာတဲ့ သူဟာ အထုံက ပါလာတော့ ကိုစံလှ တားလို့မရဘူး (မှန်ပါ)။

တားလို့မရတော့ အသက်ကြီးလာတဲ့အခါကျတော့မှ သူ့သားဆီကပ်ပြီး သကာလ လာတော့ အသက်အရွယ်က ကြီးလာတော့ သေခါကနီးလာတယ် (မှန်ပါ) သေခါကနီးလာတော့ ရောဂါဝေဒနာတွေနဲ့ ဖြစ်လာတော့ သေဖို့ရာ အချိန်က အိပ်ရာညောင်စောင်းရောက်လာတယ် (မှန်ပါ)။

ခွေးနက်ကြီးတွေက ကိုက်တော့မယ်တဲ့

ရောက်လာတဲ့အခါကျတော့ သူ့သား ရှင်သောဏကလဲ အနီးမှာရှိတယ်၊ အနီးမှာရှိတော့ “သားသောဏ လာပါဦး၊ ဟောဒီမှာ ခွေးနက်ကြီးတွေက ကိုက်တော့မယ်၊ ခွေးတွေကငါ့ကိုကိုက်တော့မယ်လို့ လာကုန်ပြီ၊ ခြောက်ပေးပါဦး မောင်းပေးပါဦး” ဘယ်ဟုတ်လိမ့်မလဲ၊ ခွေးလာတာအစစ်မဟုတ်ဘူး၊ သူသွားရမယ့် နိမိတ်တွေက လာထင်တာ (မှန်ပါ)။

ဒကာ ဒကာမတို့ သူသွားရမယ့်နိမိတ်ထင်နေတာ အပါယ်ငရဲနိမိတ်ထင်နေတာ၊ ခွေးနက်တွေက ကိုက်စားတဲ့ အပါယ်ငရဲသူသွားရမှာကြောင့် အဲဒီနိမိတ်တွေလာထင်လို့ မောင်းပေးပါဦးနဲ့ အော်လိုက်ပြုလိုက်ဖြစ်နေတာ ဝိညာဉ်က မချုပ်သေးဘူး၊ အော်နေရတယ်။

သားကရဟန်းဖြစ်နေတော့ ဒါ သားသာ မကယ်ရင် မောင်နိုင် သူဟာဒီလမ်းသွားရမှာ (မှန်ပါ) တကယ် လာတာလား သူတင်ပဲမြင်နေရသလား (သူတင်ပဲမြင်နေရတာပါ ဘုရား)။

အဲ သားကသိတယ်၊ ဪ ကမ္မနိမတ်တွေထင်ကုန်ပြီ၊ သွားရာဂတိကဖြင့် အပါယ်ငရဲလမ်းပဲထင်နေပြီ၊ ငါလိုသားကောင်း တစ်ယောက်ရှိပါလျက်နဲ့သားနဲ့ ဒီအဖေကြီး အပါယ်ငရဲသွားရမယ်ဆိုတာ အင်မတန်အရုပ်ဆိုးတော့ မယ်ဆိုပြီး ပန်းတွေကို ကပျာကယာ ကိုရင်တွေကို အခူးခိုင်းတယ်၊ သူမြင်လောက်တဲ့နေရာမှာ ပန်းကလေးတွေပြတယ်၊ ဟောဒါဘုရားပူဇော်၊ ပူဇော်စမ်း၊ ကိုယ်တိုင်ပူဇော်၊ ဒါတပည့်တော် ပူဇော်ပါတယ် ဘုရားလို့ဆို၊ ဟိုဟာ စေတီတော်ကြီး ဆိုပြီး ပြင်ပေးလိုက်တယ် (မှန်ပါ)။

ချက်ချင်းပြောင်းပေးလိုက်တယ်

ပြင်ပေးလိုက်တာ့ တစ်ခါတည်း အော်ပြန်တာပဲ၊ သောဏ လာပါဦး လာပါဦး၊ သင့်မိထွေးတွေ လာနေပြီဆိုတော့ နတ်ပြည်က နတ်သမီးနိမိတ်တွေလာထင်တယ်၊ ချက်ချင်းပြောင်းပေးလိုက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကြည့်စမ်း၊ မရမ်းဘူးနော် (မှန်ပါ) ဒါသားကောင်းနဲ့ တွေ့ပေလို့သာ၊ မဂ္ဂင်လမ်းကတော့ ရမထားတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ရကိုမရထားလို့ တစ်ခါတည်း သားက ပူဇော်ဖွယ်ရာနဲ့ ပြောင်းယူတယ် (မှန်ပါ)။

ပြောင်းတော့မှ သားကဝမ်းသာတယ်၊ အင်း တော်သွားပြီ တော်သွားပြီ၊ တစ်သက်လုံး မုဆိုး မလုပ်ပါနဲ့ ဆိုတာလဲ မုဆိုးက လုပ်ခဲ့၊ အခုထင်လာတဲ့ နိမိတ်ကလဲ ငရဲနိမိတ်တွေ ထင်လာပြီ၊ အဲဒါ သူအချိန်ကလေး ကျန်နေသေးတဲ့ အတွက် လမ်းပြောင်းပေးလိုက်ရသေးတယ်ဆိုပြီး သားကပြောင်းပေးလို့ သုဂတိရောက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) လမ်းဘယ်လောက် ရမ်းနေတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကဲ ဒကာ ဒကာမတို့ သောဏမထေရ်က ပြောင်းပေးတဲ့လမ်းဟာ ဒုဂ္ဂနိက သုဂတိပြောင်းပေးတာ (မှန်ပါ) ခဏယာယီသာ သူဟာသုဂတိရောက်မယ်၊ နောက်သူလုပ်ထားတဲ့ အလုပ်က အပါယ်ပြန်ကျနိုင်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) မြဲပါ့မလား (မမြဲပါ ဘုရား)။

အဲ မဂ္ဂင်ကတော့ဖြင့် ဒကာ ဒကာမတို့ သမ္မတ္တနိယတာ ဓမ္မာ၊ မဖောက်မပြန်မြဲတဲ့လမ်း၊ သူကျပြန်တဲ့လမ်း မဟုတ်ဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခုနက ပြောင်းပေးတဲ့လမ်းက (ပြန်ကျမည့်လမ်းပါ ဘုရား) သို့သော် သူ့ရှေ့မှာဖြင့် မကောင်းသဖြင့် မလားပါစေနဲ့ဆိုပြီး သားက ပြောင်းပေးလိုက်တယ် (မှန်ပါ)။

သားကောင်းရှိလို့ အချိန်ကလေးကလဲမီသေးလို့

ဒါကလဲ သားကောင်းရှိလို့ အချိန်ကလေးကလဲမီသေးလို့ပါ ဒကာ ဒကာမတို့၊ သို့သော်အဲဒီပထမလမ်းထက် ဒုတိယလမ်းဟာ အလတ်စား၊ တော်သေးရဲ့ဆိုလို့ ဆိုရပါတယ် (မှန်ပါ) မဆိုရပေဘူးလား (ဆိုရပါတယ် ဘုရား)။

သားကောင်းလဲရှိ အချိန်ကလေးလဲမီသေးလို့ပါ ဒကာ ဒကာမတို့၊ သို့သော် အဲ့ဒီပထမလမ်းထက် ဒုတိယလမ်းဟာ အလတ်စား၊ တော်သေးရဲ့ဆိုလို့ ဆိုရပါတယ် (မှန်ပါ) မဆိုရပေဘူးလား (ဆိုရပါတယ် ဘုရား)။

အခုပြောချင်တာက ဒကာ ဒကာမတွေ သိသည်ထက် သိစေချင်တာက ဪ လမ်းရမ်းတွေရယ်လို့ သိအောင်လို့ ပြောတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

လမ်းဘယ့်နှယ်ဖြစ်နေသလဲ၊ (ရမ်းနေပါတယ် ဘုရား) သွားရမည့်လမ်းဟာ မရမ်းကြဘူးလား (ရမ်းပါတယ် ဘုရား)။

အဲဒီတော့ အဲဒါ ဘယ်အတွက်ရမ်းတယ်ဆိုတာ အားလုံးတရားပွဲလာတဲ့ ဒကာ ဒကာမတွေ အဖြေသာထုတ်ပါ တော့ (မဂ္ဂင်အလုပ် မလုပ်ရသေးလို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာပါလိမ့် (မဂ္ဂင်အလုပ် လုပ်မထားလို့ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အခုအချိန်မီကြ ပါသေးတယ်နော် (မှန်ပါ) အားလုံးတရားနာလာကြတဲ့ ဒကာ ဒကာမတွေ အချိန်မီပါသေးတော့ ဒီလမ်းကိုကိုယ်တိုင်ရအောင် လုပ်ထားပါ (မှန်ပါ ဘုရား)။

သူက ဆောင်ပို့တယ်တဲ့

ဘယ်သူ့အကူအညီမှ မယူနဲ့တော့တဲ့၊ “ဓာရေတီတိ ဓမ္မော”၊ ဓာရေတိ၊ သူ့ကိုဝမ်းထဲထားတဲ့ ပုဂ္ဂိုလ်ကို သူက ဆောင်ပို့တယ်တဲ့ (မှန်ပါ)။

သူ့ကိုသာ ဝမ်းထဲရောက်ပါစေ၊ ခင်ဗျားတို့ကို သူကဆောင်ပို့မယ်တဲ့ (မှန်ပါ) ဘာကြောင့်တုံးဆိုတော့ သူက ဓမ္မောတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဓာရေတိ၊ ပို့ဆောင်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဓမ္မော၊ ဓမ္မမည်၏ဆိုတော့ ကိန်းရာပုဂ္ဂိုလ်ကို သူက ဆောင်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဆောင်တတ်တဲ့တရား ဝမ်းထဲရောက်လို့ရှိရင်ဖြင့် ကျုပ်တို့က သွားချင်လို့လား၊ သူကဆောင်ပို့မလား (သူကဆောင်ပို့မှာပါ ဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဪ နေရာကျပေါ့ဟ အချိန်မီတုံးကို လမ်းပြကောင်းလမ်းမှန်ကောင်း၊ လမ်းကြောင်းကိုပြတဲ့ ဆရာသမားနဲ့တော့ တွေ့နေပြီ၊ တို့ဝိပဿနာရှုမယ်ဆိုတာ တို့ရှာစရာမလိုပါဘူး၊ လိုသေးသလား (မလိုပါ ဘုရား)။

ကိုယ့်ခန္ဓာ့ငါးပါးထဲက တစ်ပါးပါး ကြိုက်ရာသာရှု၊ မဂ္ဂင်ပေါ်တယ် (မှန်ပါ) ခန္ဓာငါးပါးကလဲ ကြည့်ချင်တာကြည့်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာအနတ္တာ၊ ဒါမှတစ်ပါး အနိစ္စနဲ့ ဒုက္ခ၊ အနတ္တမှတစ်ပါး ဘာမှမပြောဘူး (မှန်ပါ) ဒါပဲပြောမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်လက်မောင်းကို လက်သည်းနဲ့ကုတ်ကြည့်

ရှုပါ ဒကာ ဒကာမတို့၊ မယုံလို့ရှိရင် ကိုယ့်လက်မောင်းကို လက်သည်းနဲ့ကုတ်ကြည့်နော် (မှန်ပါ) ကိုယ့်လက်မောင်းကလေး လက်သည်းနဲ့ ကုတ်ကြည့်လို့ရှိရင် လက်သည်းကလေးနဲ့ လျှောက်ပြီးဆွဲသွား၊ ဟိုနောက်က နာတာကလေးတွေဟာ ချုပ်ချုပ်လိုက်တယ် (မှန်ပါ) ရှေ့ဆွဲတာကတော့ နာတုံးပဲ (မှန်ပါ) နောက်က နာတာကတော့ (ချုပ်ချုပ်လိုက်ပါတယ် ဘုရား)။

ဒါဖြင့် အရင်ဝေဒနာကလေးတွေဟာ ပျက်တယ် ပျက်တယ် ပျက်တယ်လို့ ခင်ဗျားတို့ သိနေမယ်ဆိုလို့ ရှိရင် တောင် ဒါထင်ရှားအောင်ပြတာပါ (မှန်ပါ ဘုရား) ဖြစ်လဲဖြစ်တယ် လက်သည်းနဲ့ထိလို့နော် (မှန်ပါ) နောက်တော့ လက်သည်းအရှိန်ကုန်သွားတဲ့အခါကျတော့ ပျောက်ကော (ပျောက်ပါတယ် ဘုရား)။

အင်း ဒီနေရာ ထိတဲ့ဝေဒနာက ဒီနေရာမှာပျောက်၊ နောက်နေရာ ထိတဲ့ဝေဒနာက နောက်နေရာမှာပေါ်ပြီး နောက်နေရာမှာပျောက် (မှန်ပါ ဘုရား) တတိယဆွဲလို့ ထိနေတဲ့ဝေဒနာက တတိယနေရာမှာပေါ်ပြီး တတိယနေရာမှာ ပျောက်၊ ဒီလိုမနေပေဘူးလား (နေပါတယ် ဘုရား)။

အဲဒါ ကိုယ့်လက်ညှိုးနဲ့ကိုယ်ဆွဲသလို ခင်ဗျားတို့နောက်က ပျောက်ပျောက်နေရစ်တာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား) ဒါဘယ်သူပျောက်တာတုံး မေးလို့ရှိရင် မောင်နိုင်တို့ ကိုစံလှတို့က ဘယ့်နှယ်ဖြေပါ့မလဲ (ဝေဒနာပျောက်တာပါ ဘုရား)။

ဒါဖြင့် ဝေဒနာကို ကျုပ်တို့က မတွေ့ပါဘူးတဲ့ ဪ ပေါ်လဲပေါ်တယ်၊ ပျောက်လဲပျောက်တယ်ဆိုတာတော့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ပေါ်လဲပေါ် ပျောက်လဲပျောက်တာ

အဲဒီတော့ ပေါ်လဲပေါ် ပျောက်လဲပျောက်တာက ဝေဒနာ၊ ပျောက်မှန်းသိတာက မဂ္ဂင်တရားဆိုတော့ ဝေဒနာက လက်မောင်းပေါ်တယ်၊ မဂ္ဂင်တရားက ဝမ်းထဲရောက်နေတယ် (မှန်ပါ) သူကဝမ်းထဲကနေပြီး ရှုရတာကိုး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒီပုဂ္ဂိုလ်မှာ ဘာကိုယ်ပိုင်ရှိသတုံးလို့မေးလို့ မလိုဘူးလား (လိုပါတယ် ဘုရား) မဂ္ဂင်ကိုယ်ပိုင်ရှိတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့်ဘုရားက

န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ။

ယထာတ္တနာ သုဒန္တေန၊ ဒန္တော ဒန္တေန ဂစ္ဆတိ။

ဧတေဟိ ယာနေဟိ၊ လောကမှာရှိသော ယာဉ်တို့ဖြင့်။ အဂတံ၊ အိမ်မက်ဖြင့်မျှ မမြင်ဖူးမရောက်ဖူးသော၊ ဒိသံ၊ နိဗ္ဗာန်ဆိုတဲ့အရပ်ကို နဟိဂစ္ဆေယျ၊ မရောက်ရာ။ လောကမှာရှိတဲ့ ယာဉ်ရထားနဲ့ သွားလို့တော့ နိဗ္ဗာန်မရောက်ဘူးကွ တဲ့ (မှန်ပါ့ ဘုရား)။

အတ္တနာ၊ မိမိသည်။ သုဒန္တေန၊ ဖြစ်ပျက်ကို ရှုသဖြင့် မဂ္ဂင်တည်းဟူသော ယာဉ်ရထားဖြင့်သာလျှင် မဂ္ဂင်ရထား ဟောတယ် (မှန်ပါ)။

အဂတံ၊ အိပ်မက်ဖြင့်မျှ မမြင်ဖူးမရောက်ဖူးသော။ ဒိသံ၊ နိဗ္ဗာန်ဆိုတဲ့အရပ်ကို ဂစ္ဆေယျ၊ သူကရောက်အောင် ပို့ရာ၏ဆိုတော့ သေသေချာချာ ဟောထားတယ် (မှန်ပါ) အဲဒါ ဓမ္မပဒပါဠိတော်ပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ သူကပို့မှာပါလားဟ၊ သူကပို့မှာပါလား၊ တို့သွားစရာမသိတာ မဟုတ်သေးပါဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား) သိအောင်လုပ်တာလဲ သိတာပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သိတာ ဘယ်သူပါလိမ့်

သိအောင်လုပ်ရင် သိတယ်ဆိုတာ ဒကာ ဒကာမတွေက သေသေချာချာမှတ်ထားတော့မှ ဪ သိတာ ဘယ်သူပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ဝမ်းထဲရောက်တဲ့မဂ္ဂင်က၊ မဂ္ဂင်ဆိုတာ နာမ်နော်(မှန်) နာမ်ဆိုတာ ဒကာ ဒကာမတို့ နာမ်စေတသိက်တွေပဲ၊ ဘယ်နည်းနဲ့သူသည် အာရုံနဲ့ကင်း၍ မဖြစ်ဘူးဆိုတာသဘောကျပလား (ကျပါပြီ ဘုရား) သောတာပန်ဖြစ်ခဲ့လို့ရှိရင် အာရုံနဲ့တိုက်ဆိုင်ပြီး ဒီမဂ္ဂင်ပေါ်တာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့်ဖြစ်တဲ့မဂ္ဂင်သည် သူသည် ဘယ်ကိုပို့ပါလိမ့်မတုံးဆိုရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်ခဲ့ သော် သုဂတိပို့သည် (မှန်ပါ) ရဟန္တာဖြစ်ခဲ့သော် နိဗ္ဗာန်ပို့တယ် (မှန်ပါ ဘုရား) သုဂတိပို့ပြီးရင်လဲ သုဂတိက မဆင်းပြန်ဘူး၊ သုဂတိကနေပြီး နိဗ္ဗာန်ဆက်ကူးတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လောကမှာ ဘယ်ယာဉ်ရထားနဲ့မှလဲ နိဗ္ဗာန်ကို မသွားနိုင်ဘူး၊ မဂ္ဂင်တည်းဟူသော ယာဉ်ရထားနဲ့သာ သွားနိုင်တယ်ဆိုတဲ့ဥစ္စာလဲ ဓမ္မပဒ ပါဠိတော်မှာသေသေချာချာ ကိုယ်တော်တိုင် ဟောခဲ့တဲ့အတွက် ဪ သူ့ကို ရထားလို့လဲဟောတယ် သဘောကျပလား (ကျပါပြီ ဘုရား)။

လမ်းဆိုတာလဲ ဒီအတိုင်း လိုက်ပြောတာပဲ (မှန်ပါ) ရထားဆိုတာလဲ သူကပို့လိမ့်မယ်လို့ ပြောတာပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်ဒကာ ဒကာမတို့ သူ့ကိုကိုယ်ပိုင်ရအောင် ကျုပ်တို့ ဘယ့်နှယ့်လုပ်မလဲဆိုတဲ့ အမေးထွက်လာတယ် (မှန်ပါ) ဘယ့်နှယ်ပြောကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

သုံးဉာဏ်ရပြီ

အဲဖြစ်ပျက်ရှု၊ ဖြစ်ပျက်ရှုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ တစ်ခါတည်း မနေ့ကပြောခဲ့တဲ့အတိုင်း ဖြစ်ပျက်တွေ မြင်လာမယ် (မှန်ပါ) မြင်ရင်ခင်ဗျားတို့ ဘုန်းကြီးပြောပြီကောဗျ၊ သုံးဉာဏ်ရပြီလို့ ပြောလိုက်တယ် (မှန်ပါ) သမ္မသနဉာဏ်၊ ဥဒယဗ္ဗဉာဏ်၊ ဘင်္ဂဉာဏ်ကျအောင်ရတယ် (မှန်ပါ)။

ခယဝယတွေ သာမြင်လို့ရှိရင် ဘယ်နှစ်ဉာဏ်ရသတုံး (သုံးဉာဏ်ရပါတယ်) ဘယ်ဉာဏ်များတုံး (သမ္မယနဉာဏ် ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်ပါ ဘုရား) ဒါကိုပေါင်းခေါ်တော့ မောင်နိုင် ဘယ့်နှယ်ခေါ်မတုံး (ယထာဘူတဉာဏ်ပါ ဘုရား)။

သုံးဉာဏ်ကို ယထာဘူတဉာဏ် အဖြစ်နဲ့ရတော့ ဪ သူသည်ကားလို့ဆိုရင် ကိုယ့်ခန္ဓာအကြောင်း ကိုယ် ကောင်းကောင်းသိလို့ ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်လို့ ဘုရားက ပေါင်းဟောလိုက်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ-သူ့နာမည်ကလေးနဲ့ သူမှတ်ချင်လို့ရှိရင်တော့ သမ္မသနဉာဏ်၊ ဖြစ်ပျက်မြင်တဲ့ဥဒယဗ္ဗဉာဏ်၊ အပျက်ချည်း မြင်တဲ့ ဘင်္ဂဉာဏ်ဆိုတာ ပေါ်လာတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်ငါးပါးပေါ်ပြီလို့ မှတ်လိုက်

အဲဒီကဲ့သို့ ဒကာ ဒကာမတို့ ဉာဏ်သုံးဉာဏ် ရပါတယ်ဆိုကတည်းက ဒါဟာမဂ္ဂင်ငါးပါးပေါ်ပြီလို့ မှတ်လိုက် (မှန်ပါ ဘုရား)။

ဉာဏ်သုံးဉာဏ်ရရင် မဂ္ဂင်ဘယ်နှစ်ပါးပေါ်သလဲ (ငါးပါးပေါ်ပါတယ် ဘုရား)။

အဲ-ဖြစ်ပျက်ချည်း မြင်လို့ရှိရင်ပဲ ခင်ဗျားတို့ ဉာဏ်သုံးဉာဏ် ပေါင်းခေါ်ရင်တော့ (ယထာဘူတဉာဏ်ပါ ဘုရား)၊ စိတ်ပြီးခေါ်ရင် (သုံးဉာဏ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ်ပြီးခေါ်ရင် သမ္မသနဉာဏ်၊ ဥဒယဗ္ဗဉာဏ်၊ ဘင်္ဂဉာဏ် (မှန်ပါ့ ဘုရား) ပေါင်းခေါ်လိုက်ရင် (ယထာဘူတ ဉာဏ်ပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ဉာဏ်တွေသိပ်ကျယ်ပြီး သကာလ နေလို့ရှိရင်ဖြင့် သွားရမည့်ခရီးဟာ အဆင့် ဆင့်ဆိုတော့ လှေကားအဆင့်ဆင့်တက်တာ ပျင်းတာနဲ့ မတက်မှာစိုးလို့ သုံးဉာဏ်နဲ့ဟောတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဖြစ်ပျက်မြင်ရင် မဂ္ဂင်ဘယ်နှစ်ပါးရသလဲ (ငါးပါးရပါတယ် ဘုရား) အဲ-ယထာဘူတ ဉာဏ်ရရင် မဂ္ဂင်ငါးပါးရတယ် (မှန်ပါ) သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ကိုမြင်ရင် ဘာဉာဏ် (ယထာဘူတဉာဏ်ပါ ဘုရား) စိတ်ပြောစမ်းပါဆိုရင် (သမ္မသနဉာဏ်၊ ဥဒယဗ္ဗဉာဏ်၊ ဘင်္ဂဉာဏ်ပါ ဘုရား) အဲ ပေါင်းခေါ်လိုက်တော့ (ယထာဘူတဉာဏ်ပါ ဘုရား)။

ဒါပဲတဲ့ ဒကာ ဒကာမတို့ ကျမ်းဂန်တွေမှာလဲ ဒီအတိုင်းပဲ သေသေချာချာပြောထားပါတယ် (မှန်ပါ) သဘော ပါပလား (ပါပါပြီ ဘုရား)။

ယထာဘူတဉာဏ်ရပါပြီ

ကောင်းပြီ-ဒါဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးကသင်ထားတာဟာ ခင်ဗျားတို့ ဖြစ်ပျက်မြင်လို့ ယထာဘူတ ဉာဏ်ရပါပြီ၊ သုံးဉာဏ်လဲကိုယ်ပိုင်ရပါပြီ၊ စိပ်လိုက်ရင်လဲ သုံးဉာဏ်ကိုယ်ပိုင်ရပါတယ်၊ ပေါင်းခေါ်ရင် တစ်ဉာဏ်တည်း ကိုယ်ပိုင်ရပါတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဘုန်းကြီးက တစ်ခါဆုံးမပြန်တယ်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဖြစ်စေ၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဖြစ်စေ၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် က ဝေဒနာမတွေ့ပါဘုရား၊ ပျက်တာတွေပဲ တွေ့ကြတယ်၊ တွေ့ကြလို့ရှိရင်ဖြင့် တွေ့ပေမယ့်လဲ မင်းတို့သည်ကားလို့ဆိုရင် ဆက်ရှုပါဦး၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

တပည့်တော်ဖြင့် အပျက်ချည်းမြင်နေပြီဘုရား၊ အို-နေကြပါဦး၊ အပျက်ချည်းမြင်ငြားသော်လဲ ဆက်ရှုပါဦး၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ပြောရတဲ့အခါကျတော့ကို ဒကာ ဒကာမတို့ အပျက်တွေကို ဒီအပျက်မြင်ပြီး သကာလ ဘယ်ဉာဏ်ဘေး ထင်တယ်၊ ဒီအပျက်တွေကို ဘေးသင့်နေတယ်လို့ ကိုယ့်ဟာကိုယ်ထင်ချင်လဲ ထင်လာတယ် (မှန်ပါ) ဒီအပျက်တွေဟာ အပြစ်သင့်နေတာလို့ကော (ထင်ပါတယ် ဘုရား)။

ဒါဖြင့်ဘယတို့ အာဒီနဝတို့ မလာဘူးလား (လာပါတယ် ဘုရား) ဒီအပျက်တွေမြင်ပြီး သကာလ လ အမုန်းတွေ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် အပျက်ကို မုန်းအောင်ရှုလိုက်တော့ ဒီအထဲမှာ အာဒီနဝ၊ နိဗ္ဗိန္ဒ ပါပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မုန်းတဲ့ဉာဏ်ရရင်ပဲ ဘယ်နှစ်ဉာဏ်ပါလိမ့်

မုန်းတဲ့ဉာဏ်ရရင်ပဲ ဘယ်နှစ်ဉာဏ်ပါလိမ့် (သုံးဉာဏ်ပါ ဘုရား) သုံးဉာဏ်ပဲ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်မြင်တုန်းက ဘယ်နှစ်ဉာဏ်ပါလိမ့် (သုံးဉာဏ်ပါ ဘုရား) အဲဒီသုံးဉာဏ်ကို ပေါင်းခေါ်လိုက်တော့ (ယထာဘူတဉာဏ်ပါ ဘုရား) ဖြစ်ပျက်မုန်းတော့လဲ ဘယ်နှစ်ဉာဏ်ရသလဲ (သုံးဉာဏ်ပါ ဘုရား) သုံးဉာဏ်ပဲ ဘယ၊ အာဒီနဝ၊ နိဗ္ဗိန္ဒ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မုန်းအောင်ရှုလို့ ဘုရားဟောတောာ်မူတာကော သဘောကျပလား (ကျပါပြီ ဘုရား) “ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ” ဆိုပြီး ယထာဘူတဉာဏ်ကို ဟောလိုက်တယ် (မှန်ပါ)။

”ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ စာရိယသာဝကော ဝေဒနာယပိ နိဗ္ဗိန္ဒတိ” စသည် စိတ်ရှုရင် စိတ်ကိုငြီးငွေ့ လာတာပဲ၊ ဝေဒနာရှုရင် ဝေဒနာငြီးငွေ့လာတာပဲဆိုပြီး ငြီးငွေ့တဲ့ဉာဏ်ကို ဘုရားက ကိုးကားပြီး ဟောလိုက်တယ် (မှန်ပါ)။

ဟိုဟာတွေကြာတာလဲ မဟုတ်ဘူး၊ သိပ်လဲထင်ရှားတာ မဟုတ်တော့ ငြီးငွေ့တာသာ ထင်ရှားတယ်ဆိုပြီး ငြီးငွေ့တာကို ဟောလိုက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ငြီးငွေ့ရင်ပဲ ဘယ၊ အာဒီနဝ၊ နိဗ္ဗိန္ဒ မပါသေးဘူးလား (ပါပါတယ် ဘုရား) အေး-သဘောကျပြီ၊ ငြီးငွေ့ပြီး သကာလ အပျက်ကလေးတွေ ငြီးငွေ့ပြီးနေလို့ရှိရင် ဘယ်နှစ်ဉာဏ်ရသတုံး (သုံးဉာဏ်ရပါတယ် ဘုရား)။

ဒါမနေ့ကဟာ ထပ်ပြောတယ်နော် (မှန်ပါ) သို့သော် မဂ္ဂင်က ငါးပါးပဲရှိသေးတယ် (မှန်ပါ) ငါးပါးက ငြီးငွေ့နေတာ၊ ဟုတ်တိုင်းမှန်စွာ မြင်တာကော (ငါးပါးပါ ဘုရား) ငြီးငွေ့နေတာကော (ငါးပါးပါ ဘုရား)။

ဟုတ်တိုင်းမှန်စွာ မြင်တုန်းကလည်း ဉာဏ်သုံးပါး၊ ငြီးငွေ့တာလဲ (ဉာဏ်သုံးပါးပါ ဘုရား) ဘယ၊ အာဒီနဝ၊ နိဗ္ဗိန္ဒပါပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

လမ်းမြှောင်ကလေးဖြစ်နေတယ်

သို့သော် ဘုန်းကြီးက တစ်ခါသင်ပြန်တယ်၊ ဒကာ ဒကာမတွေ မဂ္ဂင်ရှစ်ပါးမပြည့်သေးဘဲကို (မှန်ပါ) ရှစ်ပါး မပြည့်သေးတော့ လမ်းမတော်က ကောင်းကောင်းမဖြစ်သေးဘူး၊ လမ်းမြှောင်ကလေးဖြစ်နေတယ် (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ရှစ်ပါးမပြည့်သေးတော့ ဘာလမ်းဖြစ်နေသတုံး (လမ်းမြှောင်ကလေး ဖြစ်နေပါတယ် ဘုရား) လမ်းမြှောင် ကလေးဖြစ်တော့ လမ်းမြှောင်ကလေးအတိုင်း ပြန်လိုက်တော့ လမ်းမတော်တွေ့ရမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ စဉ်းစားကြည့်ကြပါ၊ ဈေးကနေပြီး သကာလ ဒီဘက်တံတားကူးတယ်၊ လမ်းမြှောင်ကလေးအတိုင်း လိုက်လာတော့ အနောက်ပိုင်းသွားတဲ့ လမ်းမတော်ကြီးတွေ့မယ် (မှန်ပါ) အဲဒီလမ်းမြှောင်ကလေးမှ မလိုက်ခဲ့ဘူးဆိုရင် (မတွေ့ပါ ဘုရား)။

ဈေးမြောက်ဘက်သွားတဲ့ လမ်းမြှောင်ကလေးကနေပြီး လိုက်လိုက်ပြန်လို့ရှိရင်လဲ မိုးကုတ်ဝင်တဲ့လမ်းနဲ့ အနောက်ပိုင်းသွားတဲ့လမ်း၊ သပိတ်ကျင်းသွားတဲ့ လမ်းမတော်ကြီး မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

အဲဒီတော့ လမ်းမြှောင်ကလေးကို အရင်လိုက်ပါမှ လမ်းမတော်တွေ့မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သံယုတ်ပါဋ္ဌိတော်ကျတော့လဲ ဒကာ ဒကာမတို့ သိပ်ရှင်းပါတယ်၊ ဘုရားမဖြစ်ခင် လမ်းမြှောင်ကလေး အတော် ရှာရတယ်ဟေ့တဲ့၊ မဂ္ဂင်ငါးပါး အတော်ရှုရတယ် ပြောတာ (မှန်ပါ့ ဘုရား)။

အစဉ်အတိုင်း လိုက်သွားတော့မှ

အဲ့ဒီလမ်းမြှောင်ကလေးက အစဉ်အတိုင်း လိုက်သွားတော့မှကွာတဲ့၊ လမ်းမတော်ကြီးတွေ့မယ်၊ လမ်းမတော်ကြီး အတိုင်း လိုက်သွားမှ နိဗ္ဗာန်မြို့တော်ကြီးတွေ့တယ်တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လမ်းမြှောင်မတွေ့ဘဲနဲ့ လမ်းမတော်ရောက်ချင်လို့လဲ (မရပါ ဘုရား) ဒါကြောင့်ယထာဘူတဉာဏ်နဲ့လဲ လမ်းမြှောင်ကလေးတွေ့ရမယ် (မှန်ပါ) နိဗ္ဗိန္ဒဉာဏ်နဲ့ကော (လမ်းမြှောင်တွေ့ရပါမယ် ဘုရား)။

အဲဒီတော့ လမ်းမြှောင်ကလေး တွေ့တာချည်းပဲမှ လမ်းမြှောင်ကလေးဆုံးပလားလို့မေးရင် မဆုံးသေးဘူး (မှန်ပါ) မဆုံးသေးပါဘူးတဲ့ ဒကာ ဒကာမတို့၊ မဂ္ဂင်ငါးပါး ရှိသေးတာပဲ (မှန်ပါ) ငါးပါးဟာ လမ်းငယ်ကလေးချည်းမှတ် (မှန်ပါ) ရှစ်ပါးပြည့်ရင် လမ်းမတော်ကြီးပြည့်ပြီလို့မှတ် (မှန်ပါ) သဘောပါပလား (ပါပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ဘုန်းကြီးသင်ပြန်တယ် ဒကာ ဒကာမတွေ၊ မုန်းနေပြီဘုရား၊ တပည့်တော်တို့ရှုရတာ ထ-တောင် ပြေးချင်တယ်၊ ရှုတောင် မရှုချင်တော့ဘူး၊ ဝိပဿနာ ယောဂီပုဂ္ဂိုလ်တစ်ချို့ ဒီလိုသာလျှောက်တယ် (မှန်ပါ ဘုရား)။

အေး-မင်းတို့ ထမပြေးခဲ့နဲ့၊ ဒီဥစ္စာ ထပြေးခဲ့လို့ရှိရင် ကမ္မဋ္ဌာန်းအောက်ကျသွားလိမ့်မယ်၊ ယထာဘူတဉာဏ် ပြန်ကျသွားလိမ့်မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါအလုပ်သင်နေတယ်

ဒါအလုပ်သင်နေတယ်နော် ဒီနေ့ညတရားက (မှန်ပါ) အလုပ်သင်ပြီး သကာလ အလုပ်မှန်ကို ပြောနေတယ် ဆိုတာ သတိထားပါ (မှန်ပါ ဘုရား)။

ရှုတာတော့ ခင်ဗျားတို့ အပျက်မြင်အောင်ရှုရင် ဘာပဲရှုရှုဆိုတာတော့ မောင်နိုင် ပြောပြီးပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း-ဒါနဲ့ နိဗ္ဗိန္ဒဉာဏ်ကျအောင်ပဲ ဉာဏ်သုံးဆင့်မှာ နှစ်ဆင့်တက်လာပြီ၊ သဘောကျပလား (ကျပါပြီ) နှစ်ဆင့်သာတက်လာတယ်၊ ဉာဏ်ကခြောက်ခုတောင် ပြည့်သွားပြီ၊ မပြည့်သေးဘူးလား (ပြည့်ပါပြီ ဘုရား)။

ခြောက်ခုပြည့်ငြားသော်လည်း လမ်းမြှောင်ကလေးပဲ ရှိသေးတယ် (မှန်ပါ) မဂ္ဂင်က ဘယ်နှစ်ပါးတုံး (ငါးပါးပါ) ဒါဖြင့် မဂ္ဂင်လမ်းမြှောင်ကလေးပဲရှိသေးတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလမ်းမြှောင်ကလေးနဲ့လဲ စိတ်အေးလက်အေး မနေလိုက်ပါနဲ့ဆိုတာ ဆရာဘုန်းကြီးက ပြောပြန်တယ် (မှန်ပါ) ပြောပြန်တာက လမ်းမြှောင်ကလေးဆိုတာမျိုးဟာ မသေချာဘူး၊ လမ်းမတော်မရောက်သေးဘူး၊ လမ်းမတော် ရောက်မှသာလျှင် နိဗ္ဗာန်ကြီးကိုသူ တိုက်ရိုက် ဖြူးဖြူးဖြောင့်ဖြောင့် မြင်မှာကိုး (မှန်ပါ ဘုရား)။

လမ်းမြှောင်ကလေးကနေ ကြည့်တော့တစောင်းကြည့် ဖြစ်နေတယ်၊ တစ်စောင်းကြည့်ဆိုတော့ မြင်ပါ့မလား (မမြင်ရပါ ဘုရား) အဖြောင့်အကျယ်ကနေ ကြည့်လိုက်ရင်တော့ (မြင်ရပါတယ် ဘုရား)။

လက်မလျှော့လိုက်ပါနဲ့ဦး

အဲဒါကြောင့် ရှစ်ပါးမပြည့်သရွေ့ကာလပတ်လုံး ဒကာ ဒကာမတို့ လမ်းမြှောင်ကလေးလို့ ဘုရားက ဟောတယ် (မှန်ပါ) သံယုတ်ပါဋ္ဌိတော်မှာ လာတယ်၊ သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ ကျုပ်တို့ဖြင့် ဝိပဿနာရှုနေပြီ၊ ဖြစ်ပျက်တွေလဲ မြင်ပါပြီ၊ ဖြစ်ပျက်တွေလဲ ကျုပ်တို့ဖြင့် မုန်းပါပြီလို့ လက်မလျှော့လိုက်ပါနဲ့ဦးဆိုတာ တောင်းပန်ပါတယ် (မှန်ပါ) ဘာကြောင့်တုံး လမ်းမြှောင်ကလေး သွားတုန်းရှိသေးတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) လမ်းမတော် တက်မိကြပလား (မတက်မိကြသေးပါ ဘုရား)။

မတက်မိတော့ ဒကာ ဒကာမတို့တက်မိအောင် ကြိုးစားပါဦး၊ ဒီလမ်းမြှောင်ကလေးက မှားချင်လဲ မှားနိုင်သေးတယ် (မှန်ပါ ဘုရား) လမ်းမတော်ပေါ် ကျုပ်တို့ မရောက်သေးတော့ ဟောဟိုက ကျုပ်တို့သွားချင်တဲ့ နေရာပဲဆိုလို့ရရဲ့လား (မရပါ ဘုရား) လမ်းမကြီး ရှာနေတုန်း ဖြစ်နေတယ် (မှန်ပါ)။

လမ်းမြှောင်ကလေးက ဘာရှာနေသတုံး (လမ်းမကြီး ရှာနေပါတယ်) အဲဒါကြောင့် ဒကာ ဒကာမတို့ သာသနာတွင်းတရားကိုပဲ ဘုန်းကြီးက ပြောဆိုနေတဲ့အတွက် မုန်းပေမယ့်လဲ ဒကာ ဒကာမတို့ သန္တာန်ရှိတဲ့ စိတ်ဖြစ်ပျက်၊ ဝေဒနာ၏ဖြစ်ပျက် ကြိုက်ရာကို ဉာဏ်နဲ့လျော်ရာကိုဖြင့် ဒကာ ဒကာမတွေ ဆက်ပြီးရှုပါဦး သတိပေးလိုက်တယ် (မှန်ပါ) မုန်းမုန်းနဲ့ပဲ ဆက်လက်ပြီးရှုပါဦး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မုန်းမုန်းနဲ့ ဘာလုပ်ရတုံး (ဆက်လက်ပြီး ရှုရပါမယ်) ဆက်လက်ပြီး ရှုလိုက်ပါဦးလို့ သတိပေးလိုက်တယ် (မှန်ပါ) သတိပေးလိုက်တော့ ဆက်ရှုတယ်ဆိုပါတော့ မောင်နိုင်တို့၊ ကိုစံလှတို့ကနော် (မှန်ပါ) ဒါ အလုပ်လုပ်တဲ့နေရာမှာ မှာတမ်းတွေပါ အကုန်ပါပြီ ခင်ဗျားတို့ (မှန်ပါ) မပါသေးဘူးလား (ပါပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ လမ်းမတော်ကြီးရောက်အောင်တော့ ဆက်ရှုမှပဲရောက်မယ် (မှန်ပါ) အဲ အခုတော့ဖြင့် ငြီးငွေ့နေပြီဆို ဆိုကြပါစို့နော် (မှန်ပါ) ငြီးငွေ့နေရုံနဲ့ မရသေးပါဘူး၊ မရပ်ပါနဲ့ဦးလို့ ဒကာ ဒကာမတွေ ပြောရမယ် (မှန်ပါ ဘုရား)။

နိဗ္ဗိန္ဒဉာဏ်ပြီးတော့ကို ဒကာ ဒကာမတို့ လွတ်ချင်တဲ့ဉာဏ်ဖြစ်အောင်၊ ဪ – ဒီဖြစ်ပျက်မှ လွတ်ချင်တဲ့သဘော၊ ဖြစ်ပျက်တွေနဲ့ဖြင့် နေပဲမနေချင်ဘူး၊ လွတ်ချင်ပြီ၊ ကျွတ်ချင်ပြီ၊ ဒီအထဲတဲ့ ကျွတ်ချင်လှချည့်ရဲ့၊ ကြည့်လိုက်တာက ခန္ဓာမှာမြင်နေတာကို (မှန်ပါ ဘုရား)။

ခန္ဓာဖြစ်ပျက်မြင်တော့ ဒီခန္ဓာမှ ကျွတ်ချင်လွတ်ချင်တဲ့သဘော မလာဘူးလား (လာပါတယ်) လာပါပြီဆိုလို့ရှိရင် မုစ္စိတုကမျတာဉာဏ်နော် (မှန်ပါ ဘုရား)။

ပေရှုလို့ ရှိရင်ဖြင့် ပဋိသင်္ခါဉာဏ်

ဟာ ဒါဖြင့် ပေရှုဦးမယ်ဆိုပြီး ပေရှုလို့ ရှိရင်ဖြင့် ပဋိသင်္ခါဉာဏ်တဲ့၊ ကဲ လွတ်လို့မှမရသေးဘဲ၊ ဒီလို ကြည့်ရှုနေရမှာပဲတဲ့၊ ဉာဏ်မလာပေဘူးလား (လာပါတယ်) အဲ ပဋိသင်္ခါဉာဏ်လာတယ်။

အဲ -ပဋိသင်္ခါဉာဏ်ပြီးတော့မှ သင်္ခါရုပက္ခာဉာဏ်၊ ကဲ လွတ်လဲ မလွတ်သေးတော့ကွာ အရှိကို အသိနဲ့ကြည့်နေရ တော့မှာပဲဆိုပြီး ကြည့်နေတဲ့ဥစ္စာ သာယာနှစ်သက်မှုမရှိဘဲ ရှုနေတော့ သူ့ကို သင်္ခါရုပေက္ခာဉာဏ် ခေါ်တာပဲ (မှန်ပါ) သဘောကျပလား (ကျသွားပါပြီ ဘုရား) နောက်ဆိုရင် အနုလောမဉာဏ်နဲ့ မဂ်ဉာဏ်လိုက်လာတာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သင်္ခါရုပေက္ခာဉာဏ်ပြီးရင် အခုပြောတဲ့ ဒကာ ဒကာမတွေ သိပြီးသားဖြစ်တဲ့ လွတ်ချင်တဲ့ဉာဏ်ဆိုတာလဲ တဏှာသေစပြုပြီ (မှန်ပါ) ပဋိသင်္ခါဉာဏ် ဆက်ရှုတာလဲ သေစပြုတာပဲ (မှန်ပါ့ ဘုရား)။

သင်္ခါရုပေက္ခာဉာဏ်ဆိုပြီး

တစ်ခါ သင်္ခါရုပေက္ခာဉာဏ်ဆိုပြီး သကာလ ကဲ မင့်ဟာ မင်းတက်စမ်းပါ၊ ငါ့ဟာငါ ကြည့်နေ လိုက်မယ်လို့ ကြည့်နေတယ် (မှန်ပါ့) မတက်နိုင်လို့သာ ကြည့်တာလား၊ သူ့ကိုလိုချင်လို့ ကြည့်တာလား (မဟုတ်ပါ ဘုရား) ဥပေက္ခာ သဘောနဲ့ ကြည့်နေတာတော့ သူလဲလွတ်ချင်တဲ့သဘော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲ-နောက်ကျလာတော့ ဒကာ ဒကာမတို့ ဒါတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မလိုချင်တဲ့ဉာဏ်ထဲ အကုန် ပါတယ် (မှန်ပါ) မပါဘူးလား (ပါပါတယ် ဘုရား)။

အဲ-ဒါကြောင့် မဂ်ဉာဏ်ဟာ သူတို့နောက်တစ်ခါဆက်ပြီး အနုလောမဉာဏ်ပြီး ဂေါတြဘူဉာဏ်၊ မဂ်ဉာဏ် ဆိုတာက ဆိုင်းဘုတ်သာဆွဲတာ၊ ဒကာ ဒကာမတို့ ရပ်လို့မရတဲ့ တရားတွေပါ (မှန်ပါ) ရပ်လို့မရဘူး ဆိုတဲ့ဥစ္စာက အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်ဆိုတဲ့ဥစ္စာက တစ်ဝီထိတည်း (မှန်ပါ)။

အဲဒီ တစ်ဝီထိကို သိကြား ဗြဟ္မာဘုရားလာပြီး ဖျက်လဲ ဒီလေးချက်က ကြားဖျက်လို့ မရဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်ဉာဏ်ထဲ သူတို့အပါအဝင်ပဲ

အဲဒါကြောင့် ဒါများလှတယ်၊ မဂ်ဉာဏ်ထဲ သူတို့အပါအဝင်ပဲ ဆိုပြီး သကာလ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ်၊ မဂ်ဉာဏ်တွေ ဒီအထဲ အကုန်သွင်းပစ် လိုက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

စင်စစ် မလိုချင်တာချင်း အတူတူပဲ၊ မလိုချင်တာကလေးနဲ့ မလိုချင်တာကြီးပဲကွာတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် မဂ်ဉာဏ်ထဲမှာ ဒကာ ဒကာမတို့ ခုနကပြောတာတွေ လွတ်ချင်တဲ့ဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခရု ပေက္ခာဉာဏ်၊ အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ်ဆိုတာ ဆိုင်းဘုတ်သာဆွဲတာ မဂ်ဉာဏ်ထဲ ဝင်သွားနိုင်တာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ကျန်တဲ့ဉာဏ်တွေ မဂ်ဉာဏ်ထဲသာ သွင်းလိုက်တော့ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီမဂ်ဉာဏ်ရတဲ့အချိန်ကျတော့ ဘာဖြစ်သွားသတုံးမေးတော့ ဖျတ်ဆို ရှစ်ပါးပြည့် သွားတယ် (မှန်ပါ)။

မလိုချင်တာ အစစ်ဖြစ်သွားတဲ့အခါကျတော့ ဒီမဂ္ဂင်ဘယ်နှစ်ပါးဖြစ်သွားသလဲ (ရှစ်ပါးဖြစ်သွားပါတယ် ဘုရား)။

အဲ-ရှေ့ပိုင်းက ရှုနေတာတွေ မလိုချင်တာ အစစ်ဖြစ်တဲ့အခါကျတော့ ဘာဉာဏ်ဖြစ်လာသလဲ (မဂ်ဉာဏ်ဖြစ်လာပါတယ်) မဂ်ဉာဏ်အစစ်ဖြစ်တယ် (မှန်ပါ)။

လောကမှ ထွက်မြောက်တဲ့ဉာဏ်

ဒါဖြင့်သူက “လောကတော ဥတ္တရတီတိ လောကုတ္တရံ” လောကမှ ထွက်မြောက်တဲ့ဉာဏ် ဖြစ်လာတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်လောကတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) လောကမှထွက်မြောက်တဲ့ဉာဏ်ဖြစ်လာတော့ ဒကာ ဒကာမတို့ ခါတိုင်းဟာ ဘယ်အခါကာလမဆို ကျုပ်တို့မှာတဏှာခြယ်လှယ်တဲ့ လောကထဲမှာ ကျုပ်တို့နေရတယ် (မှန်ပါ ဘုရား)။

တဏှာက သားခင်လိုက်၊ သမီးခင်လိုက်၊ ပစ္စည်းတွယ်လိုက် တဏှာချည်း မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)။

အဲဒီတဏှာခြယ်လှယ်ထားတဲ့ လောကထဲမှာ ကျုပ်တို့သည် ကိုယ့်ခန္ဓာကိုယ် မလိုချင်တဲ့အတွက် လောကုတ္တရာဆို တဲ့ မဂ္ဂင်ရှစ်ပါးသွားဖြစ်တယ် (မှန်ပါ့)။

ဒါဖြင့် တဏှာသေလို့ဖြစ်တာ (မှန်ပါ) ဒိဋ္ဌိသေလို့ (ဖြစ်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ငါ့သား၊ ငါ့သမီး၊ ငါ့မြေးလဲ ဒီအချိန်မှာ မပြတ်လား (ပြတ်ပါတယ် ဘုရား) ဒါဖြင့် ဒိဋ္ဌိလောကမှလဲ (ထွက်ပါတယ် ဘုရား) တဏှာလောကမှလည်း (ထွက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဒီမဂ္ဂင်ရှစ်ပါးကိုတော့ သူ့ကိုဘယ့်နှယ် ခေါ်ကြပါ့မယ် (လောကုတ္တရာပါ ဘုရား) လောကုတ္တရာမဂ်။

ဒါဖြင့် လောကကြီးထဲကမှလဲ သူထွက်တယ်၊ လမ်းကလဲဖြစ်တယ် (မှန်ပါ) ဒါဖြင့်လောကကြီးထဲက ထွက်တဲ့လမ်း (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား) ဘယ်လိုဆိုကြပါ့မယ် (လောကကြီးထဲက ထွက်တဲ့လမ်းပါ ဘုရား)။

ခါတိုင်း ကျုပ်တို့သွားလာနေတာဟာ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခါတိုင်း ကျုပ်တို့သွားလာနေတာဟာ လောကထဲကသာ လှည့်နေတယ် (မှန်ပါ့ ဘုရား) လောကမှ ထွက်တဲ့လမ်း မတွေ့ခဲ့ဘူး (မတွေ့ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အခါတိုင်းသွားလာခဲ့တာ (လောကထဲသာသွား လာနေကြပါတယ် ဘုရား) လောကလမ်းတွေထဲသာ လျှောက်ပြီး သွားလာနေကြတယ်၊ လူ့လောကလမ်းက သွားလိုက်၊ နတ်လောကလမ်းသွားလိုက်၊ အပါယ်လောကလမ်းကော (သွားပါတယ် ဘုရား)။

ဒီလိုချည်းပဲ ဒကာ ဒကာမတွေ သွားပြီး သကာလ နေလိုက်တာ ဘယ်တော့မှလောကပြင်ဘက်ကလမ်းကို ကျုပ်တို့ မျှော်မှန်းလို့မှ ရှိတယ်လို့မသိဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) လောကထဲကသာ ကျုပ်တို့ လျှောက်ပြေးနေတာပဲ (မှန်ပါ)။

လောကထဲကလျှောက်ပြေးတာတော့ ဒကာ ဒကာမတို့ စုံလုံးကန်းလို့ ပြေးတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဘယ်ပြေးပြေး အသေတွေ့တာချည်းပဲ (မှန်ပါ့)။

လောကထဲသာ လျှောက်ပြေးစမ်း၊ အသေမတွေ့တဲ့လမ်း ရှိပါ့မလား (မရှိပါ ဘုရား) လူ့လောကထဲပြေးလဲ လူ့လောကထဲအသေတွေ့တာပဲ၊ နတ်လောကထဲပြေးရင်လဲ (နတ်လောကထဲ အသေတွေ့ပါတယ်) ဗြဟ္မာလောကထဲ ပြေးလိုက်ရင်လဲ (ဗြဟ္မာလောကထဲ အသေတွေ့ပါတယ် ဘုရား)။

ဒီလမ်းတွေ ကျုပ်တို့မှားနေလို့ အသေလမ်းချည်း လျှောက်ခဲ့ကြတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် လောကပြင်ဘက်ကလမ်းကို ကျုပ်တို့မရောက်ဘူးတာ သေချာတယ် (သေချာပါတယ် ဘုရား)။

ခန္ဓာလောကကို မလိုချင်လို့ရှိရင်

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာလောကကို မလိုချင်လို့ရှိရင်ဖြင့် လောကုတ္တရာလမ်းမတော်ကြီးပေါ်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မလိုချင်တာသည် မဂ္ဂင်ရှစ်ပါးပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) အဲဒီတော့သူဟာ လောကုတ္တရာလို့ ခေါ်တာ ဒကာ ဒကာမတို့ ဘယ်လမ်းတွေ ရှောင်တာတုံးလို့ မေးတော့ သုံးဆယ့်တစ်ဘုံလောက သုံးလောကပေါ့လေ (မှန်ပါ)။

အဲဒီသုံးလောကမှ ခင်ဗျားတို့လွတ်သွားတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) လူ့လောက၊ နတ်လောက၊ ဗြဟ္မာလောက (မှန်ပါ) သုံးလောကမှ လွတ်သွားတော့ လောကုတ္တရာ လမ်းမတော်ကြီး မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် လောကအပြင်ဘက်ကလမ်း (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လမ်းပါလိမ့် (လောကအပြင်ဘက်က လမ်းပါ ဘုရား) လောကအပြင်ဘက်ကလမ်းဟာ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာမလိုချင်တဲ့ အချိန်ကျမှပေါ်လာတယ် (မှန်ပါ)။

လောကအပြင်ဘက်ကလမ်းဟာ ဘယ်အချိန်ကျမှ ပေါ်တာပါလိမ့် (ကိုယ့်ခန္ဓာ မလိုချင်တဲ့အချိန်ကျမှ ပေါ်တယ် ဘုရား)။

ကိုင်း-ဒါဖြင့် မဂ်အားကြီးတဲ့ပုဂ္ဂိုလ်မှာသာ ရှိတယ်တဲ့၊ မဂ်အားသေးတဲ့ ပုဂ္ဂိုလ်မှာ (မရှိပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။

အားထုတ်တဲ့ပုဂ္ဂိုလ်မှာတော့ဖြင့် (ရှိပါတယ် ဘုရား) အားမထုတ်တဲ့ပုဂ္ဂိုလ်မှာ (မရှိပါ ဘုရား)။

ဒါဖြင့် ကိုယ့်ခန္ဓာကြီးက လောကကြီးမှာ ကိုယ့်ဉာဏ်နဲ့ လိုချင်မှုကို စွန့်ပြီးပလား (မစွန့်ရသေးပါ ဘုရား) မစွန့်သေးဘဲနဲ့ ဆိုလို့ရှိရင် ဒီမဂ္ဂင်က ပေါ်ကိုမပေါ်ဘူး (မှန်ပါ) ထုံးစံရှိရဲ့လား (မရှိပါ ဘုရား)။

အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်မှာ လမ်းပျောက်နေတယ်

သူ့မှာ မဂ္ဂင်ကွယ်နေတယ် (မှန်ပါ) လောကအပြင်ဘက်က အသေလွတ်တဲ့ အသေမရှိရာသို့ သွားတဲ့လမ်းကြီး သူ့မှာကွယ်နေတယ် (မှန်ပါ) အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်မှာ လမ်းပျောက်နေတယ် (မှန်ပါ) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့သည် ဪ-လောကကြီးထဲမှာဖြင့် အမျိုးမျိုးကြုံတွေ့ရပါပြီဘုရား၊ ခင်ဗျားတို့ အားလုံးကပြောကြပါတယ် (မှန်ပါ)။

လူ့လောကဖြင့် တပည့်တော်တို့ အဆိုးလဲတွေ့ခဲ့ပြီဘုရား၊ အကောင်းလဲတွေ့ခဲ့ပြီဘုရား၊ မျက်ရည်ကြီးငယ်ကျ ခဲ့ပြီဘုရား၊ ဒေါသမောဟတွေနဲ့လဲ တပည့်တော်တို့ အများကြီးဖြစ်ခဲ့ပြီ အမျိုးမျိုးလဲတွေ့ခဲ့ပြီဘုရား၊ လောကကြီးဖြင့် ဘုရား ငြီးငွေ့ပါပြ၊ီ အဲ့ဒါ အပြောလို့မှတ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

လောကကြီးငြီးငွေ့ပါပြီဆိုတာ ကိုစံလှ ဘာတဲ့ (အပြောပါ ဘုရား) လောကကြီးအသာထားစမ်းပါ၊ ကိုယ့်ခန္ဓာ လောကကြီးကို ငြီးငွေ့ရမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာငြီးငွေ့ရမလဲ (ကိုယ့်ခန္ဓာလောကကြီးကို ငြီးငွေ့ရပါမယ် ဘုရား) အဲ-ကိုယ့်ခန္ဓာလောကဆိုတာ လုဇ္ဇန ပလုဇ္ဇနဋ္ဌေန လောကော၊ ခဏခဏဖြစ်ပျက်နေတဲ့ လောကကြီးကိုငြီးငွေ့ပါ (မှန်ပါ) ခန္ဓာကိုယ်ထဲမှာ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလောကကြီးကို မလိုချင်မှ မဂ်ဉာဏ်ကပေါ်မှာ (မှန်ပါ) လူ့ပြည်စစ်ဘေးတွေ တွေ့ရတဲ့ဒုက္ခ၊ ဒါဘာမှ မဆိုင်လှသေးဘူး (မှန်ပါ) ဆိုင်ပါ့မလား (မဆိုင်ပါ ဘုရား)။

သားသေ၊ သမီးသေလို့ တွေ့ရတဲ့ဒုက္ခ (မဆိုင်လှသေးပါ ဘုရား) ကိုယ့်အသေတွေ့ရတဲ့ဒုက္ခမှ ဆိုင်သည်လို့မှတ် (မှန်ပါ ဘုရား) ပျက်ဆိုတာ ဘယ်သူ့အသေတုံး (ကိုယ့်အသေပါ ဘုရား)။

ကိုယ့်အသေကိုမလိုချင်တာမှ

ကိုယ့်အသေကိုမလိုချင်တာမှ ဒကာ ဒကာမတို့ ကိုယ့်ဒုက္ခကိုယ်ပိုင်းခြားပြီးတော့ မလိုချင်တဲ့ လောဘသေတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်ကိုယ့်ဒုက္ခကိုမှ ဒကာ ဒကာမတွေ ကိုယ်ကမသိဘူးလို့ဆိုတဲ့ဥစ္စာသည် ကိုယ့်ဖြစ်ပျက်ဒုက္ခတစ်ခုကို ဆိုတာနော် (မှန်ပါ ဘုရား)။

ခင်ဗျားတို့သိနေတာက ဘယ်လိုသိနေသတုံး၊ ကိုယ့်ဒုက္ခကိုယ် မသိဘူးလားလို့ မေးတဲ့အခါကျလို့ရှိရင် ခင်ဗျားတို့က သာမညဒုက္ခတွေပဲ၊ မီးလောင်ခံရတဲ့ဒုက္ခ၊ ရေမရတဲ့ဒုက္ခ ဟုတ်လား (မှန်ပ့ါ) အစားအသောက်ရှားပါးတဲ့ ဒုက္ခ၊ အမျိုးမျိုးအဖုံဖုံ ခါးကိုင်းနားထိုင်းတဲ့ဒုက္ခ အဲဒီဒုက္ခတွေက နိဗ္ဗာန်ကို သိပ်ကျေးဇူးပြုတဲ့ ဒုက္ခမဟုတ်ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဟာ ပါကဋဒုက္ခ (မှန်ပါ) ပါကဋဆိုတာ မျက်လုံးနဲ့မြင်နိုင်တယ်၊ ဉာဏ်မြင်ဒုက္ခမဟုတ်ဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဟာ မဂ္ဂင်ထဲ ဉာဏ်ဦးစီးနေတယ် (မှန်ပါ) ဒါကြောင့်ဉာဏ်မြင်ဒုက္ခသာလျှင် ဒကာ ဒကာမတို့ မဂ္ဂင်ဖြစ်မယ် (မှန်ပါ) မျက်မြင်ဒုက္ခကတော့ မဂ္ဂင်မဖြစ်ဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မျက်မြင်နဲ့ ဉာဏ်အမြင်ကော ထူးခြားပလား (ထူးခြားပါပြီ ဘုရား) ဒါဖြင့်ဒုက္ခကို ဘာနဲ့မြင်မှ မဂ္ဂင်အစစ် ဖြစ်မလဲ (ကိုယ့်ဒုက္ခကို ဉာဏ်နဲ့မြင်မှပါ ဘုရား)။

ကိုယ့်ဒုက္ခပေမယ့်လဲ အနာပေါက်နေတဲ့ဒုက္ခမျိုး ရနိုင်ခဲတယ် (မှန်ပါ) ဖျားနေတဲ့ဒုက္ခ (ရနိုင်ခဲပါတယ် ဘုရား) ဒီဒုက္ခမျိုးက တိရစ္ဆာန်များတောင် သိနိုင်တာမျိုး (မှန်ပါ) မသိဘူးလား (သိပါတယ် ဘုရား)၊ ဖျားနေရင်ခွေးများ၊ ဝက်များတောင် အစာကျွေးရင် မစားဘဲနေတာပဲ၊ သူတို့ဟာ သူတို့ဖျားတာ မသိဘူးလား (သိပါတယ် ဘုရား) သိလို့လဲ ညည်းရှာသေးတယ်၊ ခွေးကလဲ ညည်းတာပဲ၊ ဝက်ကလဲ ညည်းတာပဲ၊ မှိုင်ကြတာပဲ (မှန်ပါ ဘုရား)။

ပါကဋဒုက္ခဆိုတာ

အဲဒီဒုက္ခမျိုးကို ပါကဋဒုက္ခလို့ခေါ်တယ်၊ ပါကဋဒုက္ခဆိုတာက ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း မှတ်လိုက်စမ်း ထင်ရှားတဲ့ဒုက္ခ၊ မျက်မြင်မို့တဲ့ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် တကယ်တမ်း အရိယာမျက်လုံးနဲ့ တပ်ကြည့်မှ မြင်တဲ့ဒုက္ခဆိုတာမှ ဒုက္ခသစ္စာအစစ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်သန္တာန်မှာ ဝေဒနာကလေး၏ဖြစ်ပျက်ကိုမြင်၊ စိတ်ကလေးတွေ၏ ဖြစ်ပျက်ကိုမြင်၊ ရုပ်ကလေးတွေ၏ ဖြစ်ပျက်ကိုမြင်၊ ဟုတ်လား (မှန်ပါ) သစ္စာထိုက်တဲ့တရားကလေးတွေ၏ ဖြစ်ပျက်ကိုမြင်မှသာလျှင် ဒကာ ဒကာမတို့၏ ဒုက္ခအစစ်ကိုမြင်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘုရားကဟောလိုက်တယ် “သံခိတ္တေန ပဉ္စုပါဒါနက္ခပိဒုက္ခာ”၊ အဲဒီခန္ဓာငါးပါး၏ ဖြစ်ပျက်ဒုက္ခကို မြင်ပါမှ မဂ္ဂင်လမ်းမတော်ပေါ်ရောက်တယ်လို့ သေသေချာချာဟောတယ် (မှန်ပါ) ဓမ္မစကြာရတဲ့ ပုဂ္ဂိုလ်များဖြင့် လေးလေးနက်နက် သိပါပြီ (မှန်ပါ)။

”သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုတော့ ဒီ့ပြင်ဒုက္ခ မီးလောင်တဲ့ဒုက္ခပါသေးရဲ့လား (မပါပါ ဘုရား) ရေနစ်တဲ့ဒုက္ခ ပါသေးရဲ့လား (မပါပါ ဘုရား) ဘာဒုက္ခတုံး၊ ဒီခန္ဓာငါးပါး ဖြစ်ပျက်တဲ့ဒုက္ခ (မှန်ပါ) ဝိပရိဏာမဒုက္ခတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီဒုက္ခကိုမြင်တော့မှ ကိုယ့်ဒုက္ခခဏခဏသေနေရတဲ့ ဒုက္ခ ဖြစ်ပျက်ဒုက္ခကိုမြင်ပါမှ ဒီကမလိုချင်တဲ့ မဂ္ဂင်ရှစ်ပါး ပေါ်လာတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သံဝေဂဉာဏ်နဲ့ မဂ်နဲ့တစ်ခြားစီ

ကဲ ဒါဖြင့် တိရစ္ဆာန်တောင် သိနိုင်တဲ့ဒုက္ခမျိုး မျက်မြင်ဒုက္ခမျိုး ခရီးမရောက် (မှန်ပါ) အဲဒါသံဝေဂဉာဏ်လို့ မှတ်ပါ (မှန်ပါ) မဂ်ဆိုက်ဖို့မလွယ်ဘူး (မှန်ပါ) သံဝေဂဉာဏ်နဲ့ မဂ်နဲ့တစ်ခြားစီ (မှန်ပါ) သံဝေဂဉာဏ်က မြင်လိုက်လို့ ထိတ်လန့်တယ်၊ မဂ်ဉာဏ်ကမြင်လို့ မလိုချင်တာ (မှန်ပါ) မကွာဘူးလား (ကွာပါတယ် ဘုရား)။

သံဝေဂဉာဏ်က မြင်လိုက်တာနဲ့ (ထိတ်လန့်ပါတယ်) အဲ ထိတ်လန့်ဉာဏ်က သံဝေဂဉာဏ် (မှန်ပါ) မလိုချင် တဲ့ဉာဏ် ဖြစ်ပျက်အဆုံးကို မြင်ရတဲ့ဉာဏ်က (မဂ်ဉာဏ်) မကွာဘူးလား (ကွာပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က သာမညဆိုတော့ ဘယ့်နှယ်ဖြစ်နေသတုံး၊ ဪ သူကအတွေ့အကြုံများတော့ သူကသံဝေဂများရှာတယ်၊ ဒါကြောင့် သူက သံဝေဂဉာဏ်လောက် ဖြစ်နေတယ် (မှန်ပါ) မဂ်ဉာဏ်မဖြစ်သေးဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ) လမ်းမတော်ပေါ် ရောက်ပြီလား (မရောက်သေးပါ ဘုရား)။

ဒါဖြင့် မင်းတို့ချီးမွမ်းနေတာတွေကို ကိုစံလှတို့ ချီးမွမ်းနေတာတွေ သံဝေဂသိပ်ကြီးတယ်၊ ဒါကြောင့် သူက တော်တယ်လို့ဆိုတာ ကိုစံလှ အလကားပဲ၊ လိုသေးတယ် (မှန်ပါ) သို့သော် လူပြိန်းနဲ့စာရင် အများကြီးတော်တယ် (မှန်ပါ) မတော်ဘူးလား (တော်ပါတယ် ဘုရား)။

သူ့အိမ်ကကွာ သေကြ၊ ကြေကြ၊ အဘိုးရော၊ အဘွားတွေရော အကုန်သေကြတော့ သူ့စိတ်ထဲတော့ ဘယ်မှာ သွားပြီး ကောင်းနိုင်မလဲလို့ ဖြစ်ချင်လဲဖြစ်တတ်တယ် (မှန်ပါ)။

သို့သော် မင်းတို့က သံဝေဂဉာဏ်လောက်ကို မဂ်ဉာဏ်နဲ့ အတူတူထားပြီး သကာလ မယူကြပါနဲ့လို့ သတိပေး လိုက်တယ် (မှန်ပါ) သံဝေဂဉာဏ်က ထိတ်လန့်တဲ့ဉာဏ်၊ မဂ်ဉာဏ်က (မလိုချင်တဲ့ဉာဏ် ဖြစ်ပျက်အဆုံးကို မြင်ရတဲ့ဉာဏ်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခအစစ်ပဲလို့ ပိုင်းခြားတာကမှ မဂ်ဉာဏ်

ဒါဖြင့် မလိုချင်တာက ကိုယ့်ခန္ဓာကိုယ်မလိုချင်တာ (မှန်ပါ) ကိုယ့်ခန္ဓာက ဖြစ်ပျက်တွေ ဒုက္ခရောက် နေတယ်၊ တကယ့်ကိုဉာဏ်နဲ့ကြည့်ရင် ဒုက္ခချည်းတွေ့နေလို့ မလိုချင်တာ (မှန်ပါ) ဒုက္ခအစစ်ပဲလို့ ပိုင်းခြားတာကမှ မဂ်ဉာဏ်ကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့်ဒကာ ဒကာမတို့ သံဝေဂဉာဏ်နဲ့ မဂ်ဉာဏ်နဲ့ သဘောကွဲပလား (ကွဲပါပြီ) သံဝေဂဉာဏ်က ဘာတဲ့ (ထိတ်လန့်တဲ့ဉာဏ်ပါ) မဂ်ဉာဏ်က (မလိုချင်တဲ့ဉာဏ် ဖြစ်ပျက်အဆုံးကိုမြင်ရတဲ့ဉာဏ်ပါ) မလိုချင်တဲ့ဉာဏ် ဖြစ်ပျက်အဆုံးကို မြင်ရတဲ့ဉာဏ်ရောက်အောင် ခင်ဗျားတို့ ကြိုးစားရမယ် (မှန်ပါ့)။

သံဝေဂဉာဏ်လောက်နဲ့ ဝိပဿနာရပ်ပြီး မနေလိုက်ပါနဲ့ (မှန်ပါ့) ဒီ့ပြင် ယထာဘူတဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်တွေက သံဝေဂဉာဏ် သာသာပဲရှိတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ဉာဏ်ရောက်အောင် ကြိုးစားရမလဲ (မဂ်ဉာဏ်ရောက်အောင် ကြိုးစားရပါမယ်) မဂ်ဉာဏ်က ဘယ်သဘောသတ္တိရှိပါလိမ့် (မလိုချင်တဲ့သဘော သတ္တိရှိပါတယ် ဘုရား)။

မလိုချင်ဘူးတဲ့၊ ခန္ဓာကြီး၏ ဖြစ်ပျက်တွေကို ကိုယ့်ဒုက္ခကိုယ်မြင်တဲ့အတွက် လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား) ဒါဖြင့် သူတစ်ပါးကို မလိုချင်တာလား၊ ကိုယ့်ဖြစ်ပျက်ကို ကိုယ်မလိုချင်တာလား (ကိုယ့်ဖြစ်ပျက်ကို ကိုယ်မလိုချင် တာပါ ဘုရား) အဲ့-ကိုယ့်ဖြစ်ပျက်ကိုယ်မလိုချင်တော့ မဂ္ဂင်ရှစ်ပါးပြည့်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ကိုယ့်ဖြစ်ပျက် ကိုယ်မလိုချင်တဲ့ဉာဏ်ရောက်အောင် ဒကာ ဒကာမတွေ ကြိုးစားမှသာလျှင် ခင်ဗျားတို့ ကိုယ်တိုင်သိတဲ့မဂ်ဖိုလ် နိဗ္ဗာန်မြို့ကြီးကိုသွားရာလမ်း မဂ်ပေါ်ရောက်တယ် (မှန်ပါ့) နို့မဟုတ်ရင် မရောက်သေး ပါဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့လမ်းသူ ပို့မှာပဲ

အဲဒါကြောင့် ဒါနလောက်ဆိုတာကလဲ သူ့လမ်းသူ ပို့မှာပဲ (မှန်ပါ) သီလသက်သက်လောက်ကကော (သူ့လမ်း သူ ပို့မှာပဲ) သမထသက်သက်ကကော (သူ့လမ်းသူပို့မှာပဲ) အကုသိုလ်တွေကကော (သူ့လမ်းသူပို့မှာပါ ဘုရား)။

ဒါဖြင့်သူတို့သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ လမ်းအမျိုးမျိုးသွားနေတယ်ဆိုတော့ ဒါတွေဟာ လမ်းမြှောင် သက်သက်တွေပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

လမ်းမတော်ပေါ်ရောက်ပလား (မရောက်သေးပါ) လမ်းမတော်ပေါ်ရောက်ချင်ရင် ဘယ်လိုလုပ်ကြမတုံး (ကိုယ့်ဖြစ်ပျက် ကိုယ်မြင်ရပါမယ် ဘုရား) ကိုယ့်ဖြစ်ပျက်ကို ကိုယ်မလိုချင်တဲ့အချိန်မှာ ရောက်တယ်(မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီရောက်အောင်ဖြင့် ဒကာ ဒကာမတွေအားလုံးပဲ ဆွေမျိုးဉာတကာတွေ မတော်တာ မည်သည်မရှိတာကြောင့် ကြိုးစားဖြစ်အောင်ကြိုးစားကြပါတော့၊ ကိုင်း-မင်းဘယ်သွားမှာတုံးလို့ မေးတဲ့အခါ သူကဝမ်းထဲကနေပြီး သကာလ ဒီစိတ်နဲ့ပဲပြောတော့မယ်၊ မပြောဘူးလား (ပြောပါတယ်)၊ သောတာပန်ဖြင့် ကျုပ်သုဂတိပဲသူပြောတော့မယ်၊ သောတာ ပန်ဖြင့် သုဂတိသွားမယ်၊ အနာဂါမ်ဖြင့်လဲ သုဂတိသွားမယ်၊ ရဟန္တာဖြစ်တဲ့ အခြေအနေရောက်အောင် ခင်ဗျားတို့ လေးမဂ်လောက်ရမယ်ဆိုရင်ဖြင့် သူသေရင် နိဗ္ဗာန်သွားမယ်ဆိုတာ သူကပြောတော့မှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါဖြင့်ဒါဟာ လမ်းမတော်အစစ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

နိဗ္ဗာန်တည်းဟူသော ယာဉ်ရထားကြီးကို

ဒါကြောင့် ဒကာ ဒကာမတို့ နတ်သားတစ်ဦးက လာလျှောက်လို့ ဘုရားဟောတယ်၊ အရှင်ဘုရား တပည့်တော် နိဗ္ဗာန်လမ်းမတော်ကြီးကို နိဗ္ဗာန်ကို တပည့်တော်ကိုယ်တိုင် ရောက်ချင်ပါတယ်တဲ့၊ ကိုယ်တိုင် ရောက်ချင်လို့ရှိရင်ကွာတဲ့ နိဗ္ဗာန်တည်းဟူသော ယာဉ်ရထားကြီးကို သူများဆင်ပေးလို့တော့မဖြစ်ဘူး၊ ကိုယ်တိုင်ဆင်းရမယ်တဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတို့ သိတဲ့အတိုင်း နိဗ္ဗာန်တည်းဟူသော ယာဉ်ရထားကြီးပေါ့ဗျာ (မှန်ပါ) ဒီနတ်သားကိုဟော တော့ ယာဉ်ရထားအနေနဲ့ ဟောတယ် (မှန်ပါ့)။

သတိပဋ္ဌာန်ကျတော့ လမ်းမတော်ဟောတယ် (မှန်ပါ) အတူတူပဲနော် (မှန်ပါ့) အသင်နတ်သား ဒီလိုလုပ်တဲ့ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဒီရှစ်ပါးကိုယ်ပိုင်ရဖို့ ကြိုးစားရမယ်တဲ့ (မှန်ပါ့)။

ကဲ ယနေ့ ဒီတွင် နားပါဦး။

သာဓု သာဓု သာဓု။