ဒိဋ္ဌိပြုတ်ရင် ပထမနိဗ္ဗာန်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူသော
ဒိဋ္ဌိပြုတ်ရင် ပထမနိဗ္ဗာန်
နေ့အလုပ်ပေး-တရားတော်
၁၃၂၂ခု၊ နယုန်လဆန်း ၅ရက်
(၂၉-၅-၆၀)(ခန့်မှန်း)
ဒိဋ္ဌိပြုတ်ရင် ပထမနိဗ္ဗာန်ရောက်တယ်လို့ အားလုံးဘဲ မှတ်ထားကြပါ (မှန်ပါ့) ဒိဋ္ဌိပြုတ်ရင် (ပထမနိဗ္ဗာန် ရောက်ပါတယ် ဘုရား)။
သောတာပန်တို့၏ ဆိုင်ရာနိဗ္ဗာန်၊ အပါယ်လေးပါးတံခါးပိတ်တဲ့ နိဗ္ဗာန်ရောက်တယ်လို့ မှတ်ထားတော့ ဪ ဒါကိုတို့ဟာ အရေးတစ်ကြီးထားပြီး သကာလ လုပ်ရမည့်အလုပ်ပါလားလို့ဆိုတာ စိတ်ထဲစွဲမြဲပြီး သကာလ အားလုံးမှတ် ထားကြပါ (မှန်ပါ့)။
ဒိဋ္ဌိပြုတ်ရင် ပထမနိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့) ဒါဘယ်တော့မှ မမေ့နဲ့၊ ဪ ဒိဋ္ဌိပြုတ်ဖို့သာ လိုပါကလားဆို တော့ ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင်လဲ ခန္ဓာထဲကဖြစ်ပျက်ကိုမြင်လို့ရှိရင် မောင်နိုင်-ပြုတ်တာပါဘဲ (မှန်ပါ့)။
ငါ,ငါ့ဥစ္စာမဟုတ်လို့ ပျက်တာဘဲ
ဖြစ်တာနဲ့ပျက်တာကိုသာ အဖြစ်မမြင်ရင် နေပါစေတော့ အပျက်မြင်လို့ရှိရင် ဪ အပျက်တွေသာ ရှိနေတာ ဘဲဆိုလို့ရှိရင်လဲ ငါ,ငါ့ဥစ္စာမဟုတ်လို့ ပျက်တာဘဲဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒီကဲ့သို့ပေါ်ခဲ့သည်ရှိသော် ဘုန်းကြီးတို့ဒကာ ဒကာမတွေသည် ဒိဋ္ဌိပြုတ်ရင် နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာ ကိုစောမောင်-ရှင်းနေတာဘဲ (မှန်ပါ့)။
ဒိဋ္ဌိဖြုတ်ပေးဖို့ဆိုတာ အထူးဖြုတ်ပြီး သကာလ မနေပါနဲ့၊ ခန္ဓာစိုက်ကြည့်လိုက်တဲ့အခါကျတော့ ပေါ်လာတဲ့ ဓမ္မကလေးတွေ၏ ပျက်မှုကလေးတွေ မြင်လိုက်လို့ရှိရင် ပြုတ်သွားတာဘဲ (မှန်ပါ့) ဤပျက်မှုကလေး မြင်လိုက်ရင် ပြုတ်တာဘဲဆိုတာ မှတ်ထားဖို့ပါဘဲ။
ကောင်းပြီ ဒါဖြင့် ဝိပဿနာဉာဏ်မပါဘဲနဲ့ မောင်နိုင်-ဒိဋ္ဌိမဖြုတ်နိုင်ဘူး (မှန်ပါ့) ကိုင်း ဒါဖြင့် ဒိဋ္ဌိပြုတ်ရင် ပထမနိဗ္ဗာန် ရောက်တယ်ဆိုတဲ့ဥစ္စာကလေး ရှင်းပေးပါ့မယ်။
မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကိုမေးပါတယ်၊ အရှင်ဘုရား-နိဗ္ဗာန်ဆိုတာ နိရောဓ နိဗ္ဗာနံ၊ ချုပ်တာဟာ နိဗ္ဗာန် လို့ခေါ်တယ်။
ချုပ်တာက ဘာတဲ့ (နိဗ္ဗာန်ပါ ဘုရား) ချုပ်တာဟာ နိဗ္ဗာန်လို့ခေါ်တာ၊ ဘယ်လိုချုပ်တာကို နိဗ္ဗာန်လို့ခေါ်တယ် ဆိုတာ တပည့်တော်အား ရှင်းလင်းပြီး သကာလ ပြစမ်းပါဆိုတဲ့ဥစ္စာမေးတယ်၊ ဒကာတော်မင်းမြတ် ချုပ်တာဟာ နိဗ္ဗာန်ဘဲဆိုတာ မှန်ပါတယ်။
ချုပ်တာဟာ နိဗ္ဗာန်ဘဲ
ချုပ်တာဟာ နိဗ္ဗာန်ဘဲဆိုတာ အားလုံး ဒကာ ဒကာမတွေ ရဟန္တာဖြစ်တော်မူတဲ့ ရှင်နာဂသိန်က သူကိုယ်တိုင် ချုပ်တာ သူကိုယ်တိုင်တွေ့ဖူးလို့ သူကိုယ်တိုင်ဘဲ ချုပ်တာဟာ နိဗ္ဗာန်ဘဲလို့ဆိုတဲ့ဥစ္စာ ရှင်းလင်းပြီး သကာလ ပြပါတယ်။
အဲဒါကြောင့် ဒကာ ဒကာမတွေချုပ်အောင် ရှုပါဆိုတဲ့စကားလေးဟာ ဒီပါဠိတော်တွေက လာပြီး သကာလ နေတော့ချုပ်မှ နိဗ္ဗာန်ဘဲဆိုတာ အားလုံး ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့)။
ချုပ်ရင်ဘာတဲ့ (နိဗ္ဗာန်ပါ) ကိုယ်ရှုနေတဲ့ ဓမ္မကလေး၏ အနိစ္စကလေးချုပ်သွားရင် နိဗ္ဗာန်ဘဲ၊ ဒုက္ခကလေး ချုပ်သွားရင် (နိဗ္ဗာန်ပါ) အနတ္တကလေး ချုပ်သွားရင် (နိဗ္ဗာန်ပါ) ဒုက္ခသစ္စာကလေး ချုပ်သွားရင် (နိဗ္ဗာန်ပါ ဘုရား)။
အဲဒါမျိုးသာ ဘုန်းကြီးက စကားပြောနေတာ၊ စင်စစ်တော့ဖြင့် အနိစ္စလဲဒုက္ခသစ္စာ၊ ဒုက္ခလဲ ဒုက္ခသစ္စာ၊ အနတ္တလဲဒုက္ခသစ္စာဆိုတော့ ချုံးယူလိုက်တော့ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာချည့်လို့ အားလုံးဒကာ ဒကာမတွေ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့) အဲဒီဖြစ်ပျက်ဆုံးသွားလို့ရှိရင်ဖြင့် ရှုရင်းမတ္တနဲ့ ဉာဏ်အောက်မှာ ပျောက်သွားလို့ရှိရင်ဖြင့် ဒါ နိရောဓောနိဗ္ဗာနံလို့မှတ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
နိရောဓော နိဗ္ဗာနံဆိုတာ ချုပ်တာနိဗ္ဗာန်ဘဲလို့ မှတ်ထားလိုက်လို့ရှိရင်ဖြင့် ဪ တို့နိဗ္ဗာန်ဟာ ဝေးသလား အောက်မေ့တယ်၊ တို့ရှုနေတဲ့အောက်မှာ ဖြစ်ပျက်ကလေးတွေပျောက်လို့ မရှိတော့ဘူးဆိုလို့ရှိရင်ဖြင့် တို့ခန္ဓာရှိတဲ့ ဒုက္ခသစ္စာ တို့ဉာဏ်အောက်မှာ ချုပ်သွားတဲ့အတွက် ဒါနိဗ္ဗာန်ဆိုတာ တစ်ခါတည်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) သဘော ပါပလား (ပါပါပြီ ဘုရား)။
မရှုတဲ့ပုဂ္ဂိုလ် မြင်စရာအကြောင်းမှမရှိ
ဒါဖြင့် မရှုတဲ့ပုဂ္ဂိုလ် မြင်စရာအကြောင်းမှမရှိဘဲနဲ့ ကိုစောမောင် ချုပ်စရာအကြောင်းကော (မရှိပါ) သူ့အတွက် မရှိနိုင်ဘူးဆိုတော့ ဪ ဒါဟာ အလုပ်သမားမှ ကျေးဇူးများမည့်တရားပါကလား၊ နိဗ္ဗာန်သွားချင် အလုပ်လုပ်ရမည့် သဘောပါလားဆိုတာ အားလုံးဒကာ ဒကာမတွေ ရှင်းထားကြပါ (မှန်ပါ့) ကိုစံလှ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီအတိုင်း ဆုတောင်းသမားတွေနဲ့ ဒီအတိုင်းပြုလုပ်ပြီး သကာလ နေလို့ရှိရင် ရှုမှုမပါသေးလို့ရှိရင်လဲ ဖြစ်ပျက်ကမတွေ့၊ မတွေ့လို့ရှိရင်လဲ ဖြစ်ပျက်မမုန်း၊ မမုန်းလို့ရှိရင်လဲနိဗ္ဗာန်မပေါ်လာ (မှန်ပါ့) ကိုစောမောင် ပေါ်လာပါ့မလား (မပေါ်လာပါ ဘုရား)။
မပေါ်လာလို့ရှိရင် ဒါအလုပ်သမား၏ တာဝန်ဘဲဆိုတဲ့ဥစ္စာ အလုပ်လုပ်ရမည့် သဘောဘဲဆိုတဲ့ဥစ္စာ သေချာမသွားဘူးလား (သေချာပါတယ် ဘုရား)။
ဘယ်လိုဆုတောင်း ဆုတောင်း ဒကာ ဒကာမတို့ အလုပ်တော့လုပ်ယူရမှာဘဲ (မှန်ပါ့) ဘယ်လိုဆုတောင်း ဆုတောင်း ဘယ်လိုမှတ်ကြမယ် (အလုပ်လုပ်ယူရပါမယ်) အလုပ်လုပ်ယူရမယ်ဆိုတာ သေသေချာချာ မှတ်ထားကြပါ။
အဲ့ဒါ အလုပ်လုပ်နည်းတော့ ညတိုင်းဘဲပြောပြီး သကာလ နေသောကြောင့် ရှင်နာဂသိန်က နိရောဓ နိဗ္ဗာနံဆိုတာ လူတိုင်းရသလား မရဘူးလားလို့ မေးတဲ့အခါမှာလဲ နိရောဓမြင်မှ ချုပ်အောင်လုပ်နိုင်တဲ့ ပုဂ္ဂိုလ် ၎င်းချုပ်တာကိုရတယ်ဆိုတာ နိဗ္ဗာန်ဟာ လူတိုင်းမရနိုင်ဘူးလို့ မောင်နိုင်ကမှတ်ထား (မှန်ပါ့ ဘုရား)။
ကိုစောမောင် ဘယ်လိုမှတ်မယ် (နိဗ္ဗာန်ဟာလူတိုင်းမရပါ ဘုရား) နိဗ္ဗာန်ဟာ လူတိုင်းမရနိုင်ဘူးလို့ ဒကာ ဒကာမတွေက မှတ်ထား (မှန်ပ့ါ) ဘယ်လိုမှတ်ပါလိမ့်မတုန်းဆိုတော့ ခင်ဗျားတို့၏ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကြီး ချုပ်တဲ့ ပုဂ္ဂိုလ်မှရတယ် (မှန်ပါ့)။
မချုပ်တဲ့ပုဂ္ဂိုလ်မရဘူးဆိုတာ
ဒါဖြင့်ဘုရား ချုပ်တဲ့ပုဂ္ဂိုလ်မှရတယ် မချုပ်တဲ့ပုဂ္ဂိုလ်မရဘူးဆိုတာ ရှင်းပြစမ်းပါဦး၊ သူကထက်မေးလာတယ် (မှန်ပါ့) ချုပ်တဲ့ပုဂ္ဂိုလ်မှရတယ် မချုပ်တဲ့ပုဂ္ဂိုလ်မရဘူးဆိုတာ ရှင်းလင်းပြီး သကာလ ပြစမ်းပါဦးဆိုတော့ ရဟန္တာပုဂ္ဂိုလ် ကြီးကဘဲ မောင်နိုင်-ရှင်းပြတယ်လို့ မှတ်ထားတာပေါ့ (မှန်ပါ့) ဒါဖြင့်ရဟန္တာဆိုတော့ ကိုမြင့်တို့သိတဲ့အတိုင်း ကိုယ်တွေ့ နိဗ္ဗာန်သူပြောမှာဘဲ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုဟာပြောမှာပါလိမ့် (ကိုယ်တွေ့နိဗ္ဗာန်ပြောမှာပါ) ကိုယ့်တွေ့ ဉာဏ်တွေ့နိဗ္ဗာန် သူပြောမှာဖြစ်နေသောကြောင့် ကျုပ်တို့က သံသယဝိစိကိစ္ဆာ ရှိပြီး သကာလ မနေဘဲနဲ့ ဪ ဒီလမ်းနဲ့ဒီစခန်းရောက် တဲ့လူကပြောတာ၊ မှန်းပြောတဲ့အသွားမျိုးနဲ့ ပြောတာမဟုတ်ပါလားလို့ မှတ်ထားကြပါ (မှန်ပါ့) မှန်းပြောတဲ့ပုဂ္ဂိုလ် ဆုတောင်းသမားက ပြောတာမျိုးမဟုတ်ပါဘူးလို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ လူတိုင်းရသလား-မရဘူးလားဆိုတော့ ချုပ်တဲ့ပုဂ္ဂိုလ်မှရတယ် (မှန်ပါ့) မချုပ်တဲ့ပုဂ္ဂိုလ် (မရပါ ဘုရား)။
နိဗ္ဗာန်ဟာ လူတိုင်းရသလား ဒကာ ဒကာမတို့ မရဘူးလား (မရပါ) ဘယ်လိုပုဂ္ဂိုလ်မှရသတုန်း (ချုပ်တဲ့ပုဂ္ဂိုလ်မှ ရပါတယ်) ချုပ်တဲ့ပုဂ္ဂိုလ်မှ ရတယ်ဆိုတဲ့ဥစ္စာကလေး မှတ်ထားလိုက်တော့မှ ဪ မချုပ်သေးလဲ နိဗ္ဗာန်မရသေး ချုပ်တဲ့အခါကျမှ နိဗ္ဗာန်ရမယ်၊ နိဗ္ဗာန်ရရင် ပထမနိဗ္ဗာန်ရတယ်၊ ချုပ်တော့ဒိဋ္ဌိပြုတ်၊ ဒိဋ္ဌိပြုတ်တော့ ပထမနိဗ္ဗာန်ဆိုတဲ့ ဥစ္စာ အပါယ်လေးပါး တံခါးပိတ်တဲ့နိဗ္ဗာန်ကြီး ရပ်ပြစ်ရှစ်ပါးလွတ်တဲ့ နိဗ္ဗာန်ကြီးကိုရလာတယ်ဆိုတာ သေသေချာချာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ဒါကလေးအရယူထားလိုက်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခုလို ပြောဆိုနိုင်တဲ့ပုဂ္ဂိုလ်နဲ့ကြုံတုန်း ခင်ဗျားတို့လဲ မသေသေးလို့ အားထုတ် နိုင်တဲ့အချိန် အသက်တမ်းကလေးကလဲ ကြုံတုန်းကို ဒါကလေးအရယူထားလိုက် (မှန်ပ့ါ) ကိုစောမောင် အရယူသင့်တယ် နော် (မှန်ပါ့ ဘုရား)။
စားဖို့ သောက်ဖို့ ဘယ့်နှယ်လုပ်မတုန်း၊ ဝတ်ဖို့ဘယ့်နှယ်လုပ်မတုန်း၊ အို စကြဝတေးမန္ဓာတ်မင်းတွေ ဖြစ်ခဲ့လှပါ ပြီ၊ စားခဲ့လှပါပြီ၊ ဝတ်ခဲ့လှပါပြီ၊ ကြွားခဲ့လှပါပြီ၊ မော်ခဲ့မောက်ခဲ့လှပါပြီ၊ သို့သော်လဲ အသေ,အနာ,အအိုက မလွတ်ခဲ့ဘူး ဆိုတာကိုလဲ ကိုယ်တိုင်စဉ်းစားကြည့်တော့ သိပါတယ် (မှန်ပါ့) မသိပေဘူးလား (သိပါတယ် ဘုရား)။
အဲ့ဒါကြောင့် ဒါတွေအပိုထားပြီး သကာလ တစ်ခါမှမချုပ်ဘူးတဲ့ဥစ္စာကို ချုပ်အောင်လုပ်ကြစို့ဆိုတော့ (မှန်ပါ့) ဒါဖြင့် နိဗ္ဗာန်သည် လူတိုင်းရသလားဆိုတော့ ဒုက္ခချုပ်အောင်ရှုနိုင်တဲ့ ပုဂ္ဂိုလ်ရတယ် (မှန်ပ့ါ) ဒုက္ခချုပ်အောင် မရှုနိုင်တဲ့ ပုဂ္ဂိုလ် (မရပါ ဘုရား)။
မရဘူးဆိုတော့ မရတဲ့ပုဂ္ဂိုလ် အရင်ပြောစမ်းပါဘုရား ဘယ်လိုပုဂ္ဂိုလ်တုန်းတဲ့၊ မိလိန္ဒမင်းကြီးက မေးလိုက်တယ်၊ မရတဲ့ပုဂ္ဂိုလ်ဟာ ဘယ်ပုဂ္ဂိုလ်တုန်းလို့ မေးတဲ့အခါကျတော့ မောင်နိုင်စဉ်းစားတာပေါ့၊ ရှင်းပါတယ် ဒကာ ဒကာမတို့ မရတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်တုန်းဆိုတော့ ဥပမာမှာ အဆင်းကလေးကို မြင်လိုက်တယ်၊ ကိုယ့်သားသမီးလေး၏ မျက်နှာကလေးဆိုပါတော့၊ ကိုယ့်သားသမီးကလေး၏ မျက်နှာမြင်လိုက်လို့ရှိရင်ဖြင့် ဖျပ် ဆို စိုးရိမ်တဲ့စိတ်၊ ခင်တဲ့စိတ်တော့ တစ်ခုခုတော့ မလာဘူးလား (လာပါတယ် ဘုရား)။
အင်း ခင်လို့ရှိရင်ဖြင့် မြင်သည်နဲ့တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ တဏှာလာပြီ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဪ သားသမီးမျက်နှာကလေး မြင်လိုက်လို့ရှိရင်ဖြင့် စိုးရိမ်တာသော်၎င်း၊ ခင်မှုကလေးသော်၎င်း မလာပေဘူး လား (လာပါတယ် ဘုရား)။
လာတော့ မြင်တယ်ဆိုလို့ရှိရင်ဖြင့် ဒါသားသမီးကလေး မျက်နှာဘဲထားပါတော့၊ ဒီကနေပြီး ကြည့်လိုက်တာနဲ့ တစ်ပြိုက်နက်တည်း ခင်တယ်ဆိုတာကလေးက တဏှာက မလာပေဘူးလား (လာပါတယ်) ဒီတဏှာကလဲ မောင်နိုင့် ခန္ဓာ, ကိုစောမောင်ခန္ဓာဘဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါကသားသမီးခန္ဓာနော်
ဒါကသားသမီးခန္ဓာနော် (မှန်ပါ့) ဒီဘက်ကဟာက ချစ်နေတာက ဘယ်သူ့ခန္ဓာပါလိမ့် (ကြည့်သောပုဂ္ဂိုလ် ၏ခန္ဓာပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူ၏ခန္ဓာပါလိမ့် (ကြည့်သောပုဂ္ဂိုလ်၏ခန္ဓာပါ) ကြည့်သောပုဂ္ဂိုလ်ခန္ဓာဆိုတာ လောဘစိတ်တုန်း မောင်နိုင် ရ ဝိညာဏက္ခန္ဓာဘဲ (မှန်ပါ့) ဒါဖြင့် မောင်နိုင် ဒါကလေးနဲ့အသက်ရှင်နေတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒီတဏှာလာပြီး သကာလ ဒီတဏှာလဲ ချုပ်သွားပါရော ဒကာ ဒကာမတို့ ခင်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း စွဲလမ်းတယ်ဆိုတာကတော့ သူ့နိယာမမို့ မလာရပေဘူးလား (လာရပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သားသမီးမျက်နှာကလေး မြင်လိုက်တယ်ဆိုလို့ရှိရင်ဖြင့် ခင်မင်မှု, စွဲလမ်းမှုလာတယ်၊ အားထုတ်မှုကော မလာဘူးလား လာမလား (လာပါတယ် ဘုရား)။
သူတို့အတွက်တော့ဖြင့် လုပ်ကိုင်ထားဦးမှဘဲ၊ ပေးနိုင်တဲ့ငွေကလေးပေးနိုင်ရအောင် သူတို့ လူချင်းတူတူ၊ သူချင်းမျှမျှဖြစ်အောင်ဖြင့် အဝတ်လဲလူတိုင်းနဲ့တူအောင်၊ အစားလဲ လူတိုင်းနဲ့တူအောင်ဖြင့် အားထုတ်မှဘဲဆိုတဲ့ စိတ်ကလေးဟာ တစ်ခါတည်းပေါ်လာတာဘဲ (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
မြင်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တဏှာ၊ ဥပါဒါန်၊ ကံလာပြီ (လာပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံလာလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ အသက်အတိုင်းနေလို့ သေတယ်ဘဲ ထားပါတော့ နောက်ဘဝ ဇာတိမလာဘူးလား (လာပါတယ် ဘုရား) ဇာတိလာလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီတရားအတိုင်း ဇရာမရဏတွေက မလာဘူးလား (လာပါတယ် ဘုရား)။
ဇရာ မရဏတွေလာတော့ ဒီပုဂ္ဂိုလ်ဟာ ယခုဘဝက ဒီဘက်ကသေလို့ ဖြစ်မည့်ဘဝက ဒီဘက်ကဆိုတော့ နှစ်ဘဝဆက်မသွားဘူးလား (သွားပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား) နိဗ္ဗာန်ရတာလား၊ ဘဝဆက်သွားတာ လား (ဘဝဆက်သွားတာပါ ဘုရား)။
ဘဝဆက်တယ်ဆိုတော့
ဘဝဆက်တယ်ဆိုတော့ ဘဝဆိုတော့ ဘာတုန်း ခန္ဓာဆက်သွားတာ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (ခန္ဓာဆက် သွားကြတာပါ ဘုရား) ဒီခန္ဓာပြီး ဒီခန္ဓာ၊ ဒီခန္ဓာပြီး ဒီခန္ဓာ၊ ဒီခန္ဓာပြီး ဒီခန္ဓာ၊ ဒီခန္ဓာပြီး ဒီခန္ဓာ၊ ဆက်မသွားဘူးလား (ဆက်သွားပါတယ်) ဒါဖြင့် ဒါကိုသံသရာလို့ခေါ်တာဘဲ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဘာခေါ်ကြပါ့မယ် (သံသရာလို့ ခေါ်ပါတယ်) သံသရာလို့ခေါ်တာဘဲတဲ့၊ ဪ ဒါဟာ မောင်နိုင် စဉ်းစားစမ်း နှစ်သံသရာဆက်ကတည်းက ဒီဘက်သံသရာနဲ့ဟိုဘက်သံသရာ ဆက်ကတည်းက နိဗ္ဗာန်ရတာလား တဲ့၊ သံသရာဆက် သွားတာလား (သံသရာဆက်သွားတာပါ ဘုရား)။
အားလုံးဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (သံသရာဆက်သွားကြတာပါ) သံသရာဆက်သွားတယ်နော်၊ သံသရာဆက်သွားတယ်ဆိုတော့ ဒကာ ဒကာမတို့ ဒါဘယ်လောက်ဆက်မှာတုန်းလို့ မေးလို့ရှိရင်ဖြင့် မပြောတတ်ပါဘူး၊ ဒီကံများသလောက် ဆက်ရမှာဘဲ (မှန်ပါ့)။
မောင်နိုင် ဘယ့်နှယ်တုန်း (ကံများသလောက် ဆက်ရမှာပါ ဘုရား) ကိုစံလှ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)
ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ သံသရာရှည်သွားတယ်လို့ဆိုရင် ဒီဘက်မှာ ဇာတိ ဇရာ မရဏပေါင်း ဘယ်လောက်လာမ တုန်းဆိုတော့ အို ဒီကံလုပ်သလောက်ပေါ့၊ ဒီကံဘယ်လောက်များမယ်မှမသိဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီကံဘယ်လောက်များမယ်မှမသိတော့ ဒီဘဝပေါင်း ဇာတိ ဇရာ မရဏပေါင်းကလဲ ဘယ်လောက်လာမယ်လို့ ဆိုနိုင်ပါ့မလဲ (မဆိုနိုင်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ရှည်ပါလိမ့်မတုန်း
ဒါဖြင့် ရှည်သွားပြီ (မှန်ပါ့) ဘယ့်နှယ်ကြောင့် ရှည်ပါလိမ့်မတုန်းလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) ရှည်တာသည် ဒကာ ဒကာမတို့ ဒီရှေ့ပိုင်းကရှိတဲ့ ခုနင်ကပြောခဲ့တဲ့သားသမီးမျက်နှာ၊ သားသမီးရဲ့ ပြောသံဆိုသံ၊ သားသမီးတို့ကို ခင်မှု၊ ကြင်မှု သားသမီးတည်း ဟူသော ခန္ဓာငါးပါးကို ရူပက္ခန္ဓ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးကို ငါးပါးစလုံး သူခင်တယ် (မှန်ပါ့) မခင်ဘူးလား (ခင်ပါတယ် ဘုရား)။
ခင်တော့ ခင်တာက တဏှာ၊ စွဲလမ်းတာက ဥပါဒါန်၊ အားထုတ်တာက ကံ၊ သေလို့ရမှာက ဇာတိ ဇရာ မရဏ မရပေဘူးလား (ရပါတယ် ဘုရား)။
အဲ နိဗ္ဗာန်မရထိုက်တဲ့ပုဂ္ဂိုလ်မှာ ဒီလိုနှစ်ဘဝဆက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ၁-၂-၃ က ပစ္စုပ္ပန်ဘဝ၊ ယခုဘဝ၊ နောက် ၁-၂-၃ က အနာဂတ်ဘဝ၊ နှစ်ဘဝဆက်တဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်မရလို့ ဆက်တာဘဲ (မှန်ပါ့ ဘုရား)။
ကိုစောမောင် ဘယ်နှယ့်ဆိုပါ့မလဲ (နှစ်ဘဝဆက်တဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်မရလို့ ဆက်တာပါ ဘုရား)။
နှစ်ဘဝဆက်တယ်ဆိုကတည်းက ခင်ဗျားတို့နိဗ္ဗာန်ဟာ သေသည်၏အခြားမဲ့၌ ရ-ရမည့်အလုပ် (မှန်ပါ့) ပစ္စုန်ပ္ပန်မြင်ထားတဲ့ပုဂ္ဂိုလ်ဟာ ရ-ရမည့်ပုဂ္ဂိုလ်၊ ထိုကဲ့သို့ မရတဲ့အပြင် ပဋိသန္ဓေပြန်နေရပါတယ်ဆိုကတည်းက ဒီဘဝ ဒုက္ခပြီး ဟိုဘဝ ဒုက္ခလာတာဘဲဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား)။
နိဗ္ဗာန်မရမည့်ပုဂ္ဂိုလ်ဟာ
အဲ့ဒါကြောင့် နိဗ္ဗာန်မရမည့်ပုဂ္ဂိုလ်ဟာ ဒီဟာတွေကိုချုပ်အောင် မလုပ်နိုင်လို့ (မှန်ပါ့) ဒီဘက်က သားသမီး ခန္ဓာငါးပါးဖြစ်ဖြစ်၊ မိမိခန္ဓာငါးပါးဖြစ်ဖြစ် မောင်နိုင်ရေ ဖြစ်ပျက်မြင်အောင်၊ ဖြစ်ပျက်မုန်းပြီး ဖြစ်ပျက်အဆုံးဆိုတဲ့ ချုပ်အောင် သူမလုပ်နိုင်တဲ့အတွက် သံသရာဆက်လာတာ (မှန်ပါ့)။
ပစ္စုပ္ပန်သံသရာနဲ့ အနာဂတ်သံသရာ ဘယ့်နှယ်နေကြသတုန်း (ဆက်ပါတယ် ဘုရား) ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား) ဒါဟာ နိဗ္ဗာန်မရမည့်ပုဂ္ဂိုလ်ဒီအတိုင်းဘဲ (မှန်ပါ့) ကိုစံလှ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝက ယခုပစ္စုပ္ပန်ဘဝပေါ့ (မှန်ပါ့) နောက်လာမည့် ဇာတိ ဇရာ မရဏက အနာဂတ် ဘဝမဟုတ်လား (မှန်ပါ့) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။
ဒီကံက ဆက်ပေးထားတယ်၊ ကိုစောမောင် မဆက်ဘူးလား (ဆက်ပါတယ်) အားလုံး ဒကာ ဒကာမတွေ ဆက်ပုံသဘောကျပလား (ကျပါပြီ) ဒါက နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်လား၊ မရတဲ့ပုဂ္ဂိုလ်လား (မရတဲ့ပုဂ္ဂိုလ်ပါ ဘုရား)။
ဪ နိဗ္ဗာန်မရတဲ့ပုဂ္ဂိုလ်ဟာ ဒီလိုဆက်သကိုး ဆိုတော့ ဒါရှင်းလင်းပြီး သကာလ ဉာဏ်ထဲမှာထားလိုက်ပါ၊ နိဗ္ဗာန်မရတဲ့ပုဂ္ဂိုလ် ပြောစမ်းပါဆိုတော့ ဒါထုတ်ပြ၊ ကိုစံလှ-ကျေနပ်ပြီ (ကျေနပ်ပါပြီ ဘုရား)။
နိဗ္ဗာန်မရတဲ့ပုဂ္ဂိုလ်မှာ ဘယ်နှစ်ဘဝဆက်ပါလိမ့် (နှစ်ဘဝပါ ဘုရား) ဒါက အရင်နှစ်ဘဝနော်၊ ဒီကံများ သလောက် အများကြီးဆက်မယ်ဆိုတာကော (မလွဲပါ ဘုရား) မလွဲနိုင်ပါဘူးဆိုတာ ဒကာ ဒကာမတွေ သဘောထားကြပါ ဆိုတာကိုလဲ ရှင်းလင်းပြနေတယ် (မှန်ပါ့)။
ကဲ ဒါဖြင့် နိဗ္ဗာန်မရတဲ့ပုဂ္ဂိုလ်ဟာ ဒီလိုဘဲ ဆက်နေတော့မယ်ဆိုတော့ ဒီအဆက်ကြီးဟာ ဆုံးနိုင်ပါ့မလား (မဆုံးနိုင်ပါ ဘုရား)။
ကိုယ့်အလောင်းကိုယ်ထမ်း
မဆုံးနိုင်တော့ ဪ ကိုယ့်အလောင်းကိုယ်ထမ်းပြီးလည်တဲ့ သံသရာ့ခရီးသည် ဖြစ်ရမှာဘဲ (မှန်ပါ့) မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဘယ်သူ့အလောင်း ဘယ်သူထမ်းလည်တာပါလိမ့် (ကိုယ့်အလောင်းကိုယ် ထမ်းလည်တာပါ ဘုရား)။
သေရာဌာနသာ မသိတာ၊ အလောင်းကတော့ထမ်းလျက်ဘဲ (မှန်ပါ့) ဘယ်နေရာမှာ ကိုယ်ထမ်းနေတဲ့အလောင်း ကြီး မြှုပ်ရမယ်ဆိုတာ ကိုယ်ကိုယ်တိုင်တော့ မသိဘူးပေါ့ဗျာ၊ ထမ်းလျက်ကတော့ သေချာတယ် (မှန်ပါ့)။
ထမ်းလျက်က ဘယ့်နှယ်တုံး (သေချာပါတယ် ဘုရား) မြှုပ်ရမယ့် နေရာဌာနကတော့ (မသေချာပါ ဘုရား) သို့သော် တစ်နေရာရာမြှုပ်ရမယ်ဆိုတာကတော့ (သေချာပါတယ် ဘုရား)။
သူများပါးစပ်ထဲ မြှုပ်ရမလား၊ မြေပေါ်မှာဘဲ မြှုပ်ရမလား၊ ကောင်းကင်မှာဘဲ ဆုံးရှုံးမလားဆိုတာ မသိနိုင်ဘူး (မှန်ပါ့) သိနိုင်ပါ့မလား (မသိနိုင်ပါ ဘုရား)။
ဖားဖြစ်တဲ့ဘဝကျတော့ မြွေပါးစပ်ထဲ လမ်းဆုံးတယ် (မှန်ပါ့) ငါးကလေး ဘာကလေးဖြစ်တဲ့အခါ ပုဇွန်ကလေး ဘာကလေးဖြစ်တဲ့အခါကျတော့ စွန့်ပါးစပ်ထဲမှာ သင်္ချိုင်းသွားဖြစ်တယ် (မှန်ပါ့) ဒီအတိုင်းမဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
နှစ်ဘဝဆက်တဲ့ဥစ္စာ နိဗ္ဗာန်မရတဲ့ပုဂ္ဂိုလ်
ဒါဖြင့် ဒကာ ဒကာမတို့ နှစ်ဘဝဆက်တဲ့ဥစ္စာ နိဗ္ဗာန်မရတဲ့ပုဂ္ဂိုလ်လို့ ရှင်နာဂသိန်က ပြလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ် ပြောစမ်းပါဦးဘုရားလို့ မိလိန္ဒမင်းကြီးက ကိုစောမောင် မေးပြန်တယ် (မှန်ပါ့) နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်ကတော့ မိမိခန္ဓာဖြစ်စေ၊ သူတစ်ပါးခန္ဓာဖြစ်စေ၊ ခန္ဓာငါးပါး တစ်ပါးပါးကို အနိစ္စရှုပြီး သကာလ နေတော့ မောင်နိုင်တို့ သိပြီးသားအတိုင်း ရှုနေတဲ့မဂ်ဟာ ဒီကြားမှာလာဝင်တာဘဲ၊ မဝင်ဘူးလား (ဝင်ပါတယ်) ပစ္စုပ္ပန်ဘဝ ရှေ့နားဝင်လာတယ် ကိုစံလှရေ ပစ္စုပ္ပန်ဘဝ ရှေ့နားဝင်လာတယ်၊ မဝင်လာဘူးလား (ဝင်လာပါတယ် ဘုရား)။
ဒါဟာ မိမိခန္ဓာဖြစ်စေ၊ သားသမီးခန္ဓာဖြစ်စေပေါ့ဗျာ၊ ကြိုက်တာရှုပါတဲ့၊ ဘယ်သူ့မှာဖြစ်ဖြစ် ခန္ဓာငါးပါးရှိတာ ချည့်ဘဲ (မှန်ပါ့) ခန္ဓာငါးပါး တစ်ပါးပါးတော့ ဖြင့် မောင်နိုင်ဝိပဿနာရှုရလိမ့်မယ် (မှန်ပါ့) ဒါဖြင့် ရူပက္ခန္ဓာ သားသမီးခန္ဓာရှုရှု၊ မိမိခန္ဓာရှုရှု အတူတူဘဲ ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်ကိုမြင်တဲ့အခါကျလို့ရှိရင် မြင်တဲ့မဂ်ဟာ ပေါ်လာတယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာတယ်ဆိုကတည်းက မြင်လို့ခင်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံလာသေးရဲ့လား (မလာပါ) ဖြစ်ပျက်မြင်တဲ့ မဂ်သာလျှင် ရှေ့ပိုင်းကလာနေတော့၊ တဏှာ၊ ဥပါဒါန် ဘယ့်နှယ်နေသတုန်း (ချုပ်ပါတယ် ဘုရား) ဒါဖြင့် ပစ္စုပ္ပန်ဘဝကိုက ချုပ်တယ်ကိုစောမောင် (မှန်ပ့ါ ဘုရား)။
ပစ္စုပ္ပန်ဘဝကိုကဘာချုပ်သတုန်း (တဏှာ၊ ဥပါဒါန်၊ ကံ ချုပ်ပါတယ်) ဒါဖြင့် အနာဂတ်ဘဝက ဇာတိ၊ ဇရာ၊ မရဏတွေလဲ ဘယ်လိုစဉ်းစားကြမလဲ (ချုပ်တယ်) ချုပ်တယ်လို့ဘဲ စဉ်းစားရမယ် (မှန်ပါ့ ဘုရား)။
အလုပ်လုပ်တဲ့ပုဂ္ဂိုလ်
ဪ ဒါဖြင့် အလုပ်လုပ်တဲ့ပုဂ္ဂိုလ် ပစ္စုန်ပ္ပန်အကြောင်းတွေလဲ ချုပ်လို့ အနာဂတ်အကျိုးတွေလဲ (ချုပ်သွားပါ တယ် ဘုရား) ကိုစံလှ ဒါအမြင်ပြောနေတယ်နော် (မှန်ပါ့) အားလုံးဒကာ ဒကာမတွေ ဒါကျေကျေနပ်နပ် သဘောကျပလား (ကျပါတယ် ဘုရား) ဒါလာကို မလာဘူး၊ တဏှာ၊ ဥပါဒါန်၊ ကံလာသေးရဲ့လား (မလာပါ ဘုရား)။
မလာတဲ့အတွက် ပစ္စုပ္ပန်ဘဝမှာကိုက မီးသိမ်းတယ်၊ အနာဂတ်ဘဝဆိုတော့ လောင်စာတွေသိမ်းတယ်၊ ဇာတိ, ဇရာ, မရဏ ဆိုတော့ မောင်နိုင် လောင်စာတွေမနေဘူးလား (မှန်ပါ့) ဒီကမီးသိမ်းလို့ ဒီလောင်စာတွေကော (သိမ်းပါတယ် ဘုရား) ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ဟာ မီးကို အရင်ငြိမ်းလိုက်တဲ့အတွက် လောင်စာတွေပါမပေါ်လာတော့ဘူး (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဪ ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ဆိုလို့ရှိရင် ချုပ်တာနိဗ္ဗာန်လို့ဆိုသဖြင့် ၁-၂-၃ဆိုတဲ့ ပစ္စုပ္ပန်ဘဝချုပ်တာလဲ နိဗ္ဗာန်ဘဲ (မှန်ပါ့) ဒါကိလေသာသိမ်းတဲ့နိဗ္ဗာန် (မှန်ပါ့ ဘုရား)။
ကိုစံလှ ဘာတဲ့တုန်း (ကိလေသာသိမ်းတဲ့ နိဗ္ဗာန်ပါ ဘုရား) တဏှာ၊ ဥပါဒါန်၊ ကံတို့ဟာ ကိလေသာပေါ့ဗျာ (မှန်ပါ့) ကိလေသာသိမ်းတဲ့နိဗ္ဗာန်၊ ဒီဘက်ကခန္ဓာသိမ်းတဲ့ (နိဗ္ဗာန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါရှုတဲ့ပုဂ္ဂိုလ်မှာနော် (မှန်ပါ့) ရှုတဲ့ပုဂ္ဂိုလ်မှာ ရှေးဦးစွာမီးငြိမ်းတဲ့နိဗ္ဗာန်ဟုတ်လား (မှန်ပါ့) နောက်ဘဝကျလို့ ရှိရင် ထင်းသိမ်းနဲ့နိဗ္ဗာန် (မှန်ပါ့) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ရှုတဲ့ပုဂ္ဂိုလ်မှာ ဒီဘဝဘာဖြစ်ပါလိမ့် (မီးငြိမ်းတဲ့နိဗ္ဗာန်ပါ ဘုရား) နောက်ခန္ဓာကြီးမလာသောကြောင့် ထင်းသိမ်း တဲ့ နိဗ္ဗာန်ဆိုရင်ကော (မလွဲပါ) ဒါဖြင့် ဒကာ ဒကာမတို့ ဒီမီးကြောင့်ဘဲ ထင်းတွေဆက်ပြီးတော့ ဖြစ်စေနိုင်မှာ ကိလေသာမီးမှ မရှိတော့ဘဲနဲ့ ခန္ဓာထင်းဖြစ်စရာ လိုသေးသလား (မလိုပါ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
အဲ ဒါဖြင့် တို့ဆရာဘုန်းကြီးဟောနေတာ အလုပ်လုပ်လိုက်ရင်ဖြင့် အလွယ်သားဘဲဆိုတာကို ခင်ဗျားတို့ရှင်းပါပြီ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ကလေး မြင်အောင်ကြည့်ကြပါ
အလုပ်လုပ်လိုက်ရင်ဖြင့် (အလွယ်သားဘဲ) လွယ်ပါတယ် ဒကာ ဒကာမတို့ အလုပ်လုပ်လို့ရှိရင် အင်တန်လွယ်ပါ တယ်၊ ဒါကြောင့် မိမိခန္ဓာထဲတစ်ပါးပါးကို ဖြစ်မှုပျက်မှုကလေး ဖြစ်ပျက်ကလေး မြင်အောင်ကြည့်ကြပါ၊ ကြည့်ကြပါဆိုတာ တဖွဖွပြောပြီး တိုက်တွန်းရတာဟာ ဘယ်အကျိုးငှာတုန်း အမေးထုတ်တော့မှ ဒကာ ဒကာမတွေ ဪ မီးသိမ်း၍ထင်းတွေပြောင်အောင် လုပ်နေတာကိုးဆိုတာ ကိုစံလှကောင်းကောင်းပေါ်ပြီ (ပေါ်ပါပြီ ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ရှေ့ပိုင်းကခန္ဓာဆိုတဲ့တရားကိုမှ အနိစ္စမြင်တဲ့ မဂ်ပေါ်မလာလို့ရှိရင် ဘယ်မှာဒီမီးငြိမ်းအောင် လုပ်နိုင်ပါ့မလဲ (မလုပ်နိုင်ပါ) ဒီမီးမှမငြိမ်းလို့ရှိရင်ဖြင့် ဒီထင်းတွေသိမ်းပါ့မလား (မသိမ်းပါ) နောက်ထပ်ပေါ်ဦးမှာဘဲဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ဘာမှသံသယမရှိပါနဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ ဒကာ ဒကာမတို့ မိမိခန္ဓာကို ဖြစ်ပျက်မြင်အောင် ကြည့်ပြီး သကာလ နေလို့ရှိရင် ဖြင့် မဂ်ဟာမဖြစ်ဘူးလား (ဖြစ်ပါတယ်) ဖြစ်ပြီး သကာလ နေတော့ မိမိခန္ဓာကြီးကို မလိုချင်ပါဘူး၊ ဒါသည် ဒုက္ခသစ္စာဘဲလို့ ဒီဉာဏ်ကနေပြီး ရှုတိုင်းရှုတိုင်း ပိုင်းပိုင်းခြားခြား ပိုင်ပိုင်နိုင်နိုင်သိမယ်ဆိုလို့ရှိရင် ဒီဒုက္ခချုပ်ဘယ် (မှန်ပါ့) မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)
ကောင်းပြီ ဒီဒုက္ခချုပ်တော့ ဒီဒုက္ခချုပ်လို့ရှိရင် ဒကာ ဒကာမတို့သိတဲ့အတိုင်း တဏှာ၊ ဥပါဒါန်၊ ကံတွေဟာလဲ ချုပ်ရမှာဘဲ (မှန်ပါ့) ဒါဖြင့် ဒီဘက်က ဇာတိ၊ ဇရာ၊ မရဏတွေကော (ချုပ်ရမှာပါ) ဒါဖြင့် ချုပ်တဲ့နိဗ္ဗာန်ဘဲဆိုတာ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။
ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာချုပ်ဖို့
ရှေ့လဲချုပ်ရင် (နိဗ္ဗာန်ပါ ဘုရား) ရှေ့ကချုပ်နေလို့နောက်က အစဉ်အတိုင်း မဖြစ်တာကော (နိဗ္ဗာန်ပါ ဘုရား) ဒါဖြင့်ဒကာ ဒကာမတို့ အရေးတကြီး ပြောချင်တာကတော့ ဘာပါလိမ့်မလဲဆိုတော့ ဒီအလုပ်သမားတွေအတွက်မှာ ဒကာ ဒကာမတို့ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာချုပ်ဖို့အရေးကြီးတယ် (မှန်ပါ့ ဘုရား)။
စိတ်ရှုတဲ့ပုဂ္ဂိုလ်ဟာ (စိတ်ချုပ်ဖို့အရေးကြီးပါတယ်) ချုပ်သွားတဲ့အခါကျတော့ သူကချုပ်သွားတော့ ဒီက မဂ်စစ်ဖြစ်ပြီး သကာလ ကိလေသာမီးဆိုတဲ့ တဏှာ၊ဥပါဒါန်၊ကံတွေဟာ ဘယ်နည်းနဲ့အညွန့်ပေါက်ဦးမလဲ (မပေါက်ပါ ဘုရား)။
ဘယ်နည်းနဲ့မှ အညွန့်မပေါက်တော့ ဒီခန္ဓာပင်ကြီးဆိုတဲ့ထင်းပင်ကြီး ပေါ်စရာလိုသေးသလား (မလိုပါ ဘုရား) ဒါဖြင့်ကိုစောမောင် ဘယ်အပေါ်မှာ ရှိနေသတုန်းဆိုရင် ချုပ်အောင်ရှုနိုင်တဲ့အပေါ်မှာ ရှိနေတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ယနေ့တရားသဘောကျပလား (ကျပါပြီ ဘုရား) ဘယ်လိုလုပ်မှ ကိစ္စပြီးမှာပါလိမ့် (ချုပ်အောင် လုပ်မှ ပြီးမှာပါ ဘုရား)။
အဲ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာကိုချုပ်ငြိမ်း ရုပ်သိမ်းအောင်လုပ်ပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) စိတ်ရှုတဲ့ပုဂ္ဂိုလ် ကလဲ (စိတ်ချုပ်အောင် လုပ်ရပါမယ် ဘုရား)။
ဒါဖြင့် သူချုပ်စေချင်လို့ရှိရင် ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်မှ ချုပ်တာနော် (မှန်ပါ့) မရှိဘူး၊ မရှိဘူး၊ မရှိဘူး သိလာတဲ့ ပုဂ္ဂိုလ်မှာ မိမိသေတာ မိမိသိပြီး သကာလ နေတဲ့ပုဂ္ဂိုလ်မှ မိမိအသေကောင်ကြီးနဲ့ဖြင့် နေလဲမနေချင်ပါဘူးဆိုတော့ မိမိအသေကောင်ဖြစ်တဲ့ ခန္ဓာကိုယ်ကြီးဟာ ချုပ်သွားပြီး ဉာဏ်ကျန်ရစ်နေတာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာကျန်နေခဲ့သလဲ (ဉာဏ်ကျန်နေခဲ့ပါတယ်) ဉာဏ်ကျန်ပြီး သကာလ နေရစ်တော့ ဪ ဒါဖြင့် ခန္ဓာတော့ချုပ် သွားပြီ၊ ဉာဏ်ဘဲကျန်တော့တယ်၊ ဒီဉာဏ်ကလဲ ဘာလုပ်နေပါလိမ့်တုန်းမေးတော့ နောက်က တဏှာ၊ ဥပါဒါန်၊ ကံတွေ သတ်နေတာဘဲ (မှန်ပါ့) လာလတ္တံ့ဖြစ်တဲ့ အနာဂတ် ဇာတိ၊ ဇရာ၊ မရဏတွေကော (သတ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒီဉာဏ်သည်ကားလို့ဆိုရင်ဖြင့် လောင်စာသိမ်း၍ မီးငြိမ်းအောင်လုပ်နိုင်တာ ဒီဉာဏ် (မှန်ပါ့)။
လောင်စာသိမ်း၍ မီးငြိမ်းအောင်လုပ်နိုင်တာ (ဒီဉာဏ်ပါ ဘုရား) ဒါကမီးဗျာ၊ ဒီဘက်က လောင်စာ (မှန်ပါ့ ဘုရား)။
ကိုစောမောင် ဒီဘက်က တဏှာ၊ ဥပါဒါန်၊ ကံက ဘာပါလိမ့် (မီးပါ ဘုရား) နောက်ပေါ်မည့် ခန္ဓာကြီး ဇာတိ၊ ဇရာ၊ မရဏက (လောင်စာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီမဂ်သည် ဆုံးအောင် ရှုနိုင်တဲ့မဂ်သည် ဘာများလုပ်ပါလိမ့်မလဲဆိုလို့ရှိရင် လောင်စာသိမ်း၍ မီးငြိမ်းတယ် (မှန်ပါ့)။
မဂ်ကိစ္စက ဘာများလုပ်ခဲ့ပါလိမ့်
ဒကာ ဒကာမတို့ မဂ်ကိစ္စက ဘာများလုပ်ခဲ့ပါလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းပါတယ် ဘုရား) အဲ အဲဒီဘက်က လောင်စာလဲသိမ်းပါသတဲ့၊ ဒီမီးလဲ ငြိမ်းပါသတဲ့ ဒကာ ဒကာမတွေ (မှန်ပါ့)။
ဒါဖြင့် လောင်စာသိမ်း၍မီးငြိမ်းတာ ဘယ်ပုဂ္ဂိုလ်တုန်းလို့မေးတဲ့အခါကျတော့ ဒီဉာဏ်ရှိတဲ့ပုဂ္ဂိုလ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘာများ သူလုပ်ပါလိမ့်မတုန်း (လောင်စာသိမ်း၍ မီးငြိမ်းပါတယ် ဘုရား) လောင်စာ သိမ်း၍ မီးငြိမ်းတယ်ဆိုတာ ကောင်းကောင်းသဘောကျပလား (ကျပါပြီ ဘုရား)။
နို့မဟုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ဒီမီးတွေကနေပြီး ဒီလောင်စာတွေနဲ့သွားတွေ့ဦးမှာဘဲ (မှန်ပါ့) မတွေ့ပေဘူး လား (တွေ့ပါတယ် ဘုရား)။
ဒါကြောင့် နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုန်းဆိုတော့ ချုပ်ငြိမ်း ရုပ်သိမ်းတာ နိဗ္ဗာန်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီဘက်ကမီးတွေက သိမ်းတာလဲ မီးကုန်တာဘဲ၊ ဒီဘက်ကထင်းတွေကုန်တာဘဲ ဒကာ ဒကာမတို့ ထင်းချုပ်ငြိမ်းတာဘဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ထင်းချုပ်ငြိမ်းတာရယ် မီးကုန်ပျောက်တာရယ် ဒါကိုဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။
နိဗ္ဗာန်မဝေးပါဘူး
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မဝေးပါဘူး၊ အနီးကလေး ရှိလျက်သားနဲ့ ဆရာပြနည်းလို၍သော်၎င်း၊ ကိုယ်ပျင်းကိုယ်ဖျင်း၍သော်၎င်း ဒါဘဲအပြစ်ဆိုစရာအကြောင်းရှိတယ် (မှန်ပါ့)။
ဆရာနည်းပေးညံ့လို့ရှိရင်လဲ ဒကာ ဒကာမတွေ သံသရာရှည်ချင်လဲ ရှည်သွားကြမယ်၊ သို့မဟုတ် ကိုယ်တိုင်ပျင်းမှု ဖျင်းမှုတွေက ရှုပ်ထွေးနေလို့လဲ လောင်စာလဲမသိမ်း၊မီးလဲမငြိမ်းဘဲနဲ့ တဟုန်းဟုန်း တောက်နေရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မောင်နိုင်ရေ ရှုတဲ့အခါမှာ ဘယ်ကျအောင် ရှုမှသာလျှင် ခရီးပေါက်မယ်ဆိုတာရော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဘယ်ကျအောင် ရှုရမလဲ (ပျောက်အောင်ရှုရပါမယ် ဘုရား) ရှေ့ပိုင်းက ပျောက်အောင်ကို ရှုရပါမယ် ဒါ အရေးကြီးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ရှေ့ပိုင်းက ကိုယ်ရှုနေတဲ့ ဝေဒနာ ကိုယ်ရှုနေတဲ့စိတ်ကို ဖြစ်ပျက်မြင်ပြီး ဖြစ်ပျက်မုန်းပြီး ဒီဖြစ်ပျက်ဟာ ဟောဒီရှုနေတဲ့ ဉာဏ်အောက်မှာ ဆုံးသွားရမယ် (မှန်ပါ့) ကိုစံလှ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒီလိုမဆုံးသေးလို့ရှိရင်ဖြင့် ခင်ဗျားတို့နောက်ဘဝ လောင်စာနဲ့မီး တွဲလျက်ကြီးဆိုတာ လာဦးမှာဘဲ (လာမှာပါ ဘုရား)။
အခုကို ဒကာ ဒကာမတွေမှာ ကြည့်စမ်း၊ ဝမ်းထဲမှာ တစ်ခါတစ်လေ သားပူ၊ သမီးပူတွေဟာ ပူလိုက်တာ၊ ဝမ်းထဲမှာ မီးမရှိနေဘူးလား (ရှိပါတယ် ဘုရား)။
မီးခြစ်ဆံက ဖြစ်တဲ့မီး
ဘယ်သူလောင်ပါလိမ့်မတုန်း မေးတဲ့အခါကျတော့ မီးခြစ်ဆံက ဖြစ်တဲ့မီး မီးခြစ်ဆံကို ပြန်ပြီး လောင်တာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မီးခြစ်ဆံ ကလေးက ဖြစ်တဲ့မီးသည် ဘယ်သူ့လောင်သတုန်း (မီးခြစ်ဆံလောင်ပါတယ် ဘုရား)။
ဒါဖြင့် ဒီဝမ်းထဲမှာ ဖြစ်တဲ့မီးသည် ဒီပုဂ္ဂိုလ်ဘဲ လောင်ရမယ် (မှန်ပါ့) ဒီ ရုပ်နာမ်ဘဲ လောင်ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ မီးလဲမသိမ်း၊ထင်းလဲမကုန်ဘဲနဲ့ နေကြမှာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တပည့်တော်တို့ ယခုချုပ်အောင် ထင်းလဲ မသိမ်းဘဲနဲ့ တွဲလျက်ကြီး လောင်နေပါလိမ့်မယ်ဆိုတာ ရောက်ရာဘဝက မှတ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရောက်ရာဘဝမှာ ဘာဖြစ်ကြရမှာတုန်း (တွဲလျက်ကြီးလောင်ရမှာပါ ဘုရား) မီးနဲ့ထင်း တွဲလျက်ကြီး လောင်ချက် ပြင်းထန်ပြီး သကာလ ကိုစောမောင် အချိန်ကုန်ရမယ် (မှန်ပါ့)။
ဒါဖြင့် ရောက်ရာဘဝမှာ တပည့်တော်တို့ ဘုံဘဝဆုတောင်းတဲ့ပုဂ္ဂိုလ်များမှာ ပြင်းထန်စွာသော မီးနဲ့ခန္ဓာ ထင်းကြီးနဲ့ဖြင့် အလောင်းကြီးလောင်ပြီး အကျွမ်းကြီးကျွမ်းပြီး သကာလ သေရပါလို၏ ဒါမလုပ်တဲ့ ပုဂ္ဂိုလ်မှာ (မှန်ပ့ါ) သဘောကျပလာ (ကျပါပြီ ဘုရား)။
ဒီမီးကလဲ ရောက်ရာလောင်မှာဘဲ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒီထင်းကလဲ ခန္ဓာရှိတဲ့ပုဂ္ဂိုလ်မှာ ခန္ဓာကမပြတ်သေးတော့ ခန္ဓာမချုပ်သေးတော့ ဇာတိ၊ ဇရာ၊ မရဏထင်းတွေက လဲ ပေါ်ရမှာဘဲ (မှန်ပါ့) မပေါ်ရပေဘူးလား (ပေါ်ရပါတယ် ဘုရား)။
ဘဝကိုလိုချင်တဲ့ပုဂ္ဂိုလ်များ
အဲ့ဒီတော့ ဒကာ ဒကာမတို့ ဘဝကိုလိုချင်တဲ့ပုဂ္ဂိုလ်များ ထင်းနဲ့မီးတွဲလျက်ကြီး လောင်ခြင်းကြီးလောင်ပြီး သကာလ သေရပါလို၏၊ ဒီအဓိပ္ပါယ်ကို သေသေချာချာရောက် (ရောက်ပါတယ် ဘုရား) မရောက်ကြဘူးလား (ရောက်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့်ဒကာ ဒကာမတို့ ဒီအလုပ်ဟာဘာအလုပ်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ဖြစ်ပျက်ကုန်ဆုံးအောင် ရှုတဲ့အလုပ်ဟာ လောင်စာသိမ်း၍ မီးငြိမ်းအောင်လုပ်တဲ့အလုပ်ဘဲ (မှန်ပါ့ ဘုရား) ကိုယ့်ခန္ဓာထဲမီးလဲသေရမယ် (မှန်ပါ့) ထင်းကောကုန်ရမယ် (မှန်ပါ့)။
ဪ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်လို့မှတ်လိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
လောင်စာတည်းဟူသော ခန္ဓာသိမ်း၍ကိလေသာမီးငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
လောင်စာသိမ်း၍ မီးငြိမ်းတာဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ကိုစောမောင် ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဘယ်လိုပုဂ္ဂိုလ်မှ လောင်စာသိမ်း၍ မီးငြိမ်းမှာပါလိမ့်မလဲလို့ မောင်နိုင် မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
မိမိခန္ဓာကြီးကို ဒုက္ခသစ္စာလို့ ပိုင်းခြားပြီးပျောက်အောင် ရှုနိုင်တဲ့ပုဂ္ဂိုလ်မှ လောင်စာသိမ်း၍ မီးငြိမ်းမှာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
လောင်စာနဲ့မီး ငြိမ်းပါပေါ့လားဆိုတာ
ဒုက္ခသစ္စာကြီးကို ပိုင်းပိုင်းခြားခြားသိလို့ ရှေ့ပိုင်းက သူဘာသက်သေခံမှ သူကပျောက်ပြီး သကာလ ဪ ယခုခန္ဓာကြီးကို လောင်စာနဲ့မီး ငြိမ်းပါပေါ့လားဆိုတာ နောက်ခန္ဓာလာဦးမလား (မလာပါ ဘုရား) ကဲ ကိုစံလှ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
အခုခန္ဓာကြီးဟာ လောင်စာနဲ့မီး တွဲလျက်ကြီး ဉာဏ်ရှေ့တွင် ဒကာ ဒကာမတို့ အကုန်ပျောက်ထွက်သွားတယ် (မှန်ပါ့ ဘုရား) မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။
အဲဒီပျောက်တာကို ထောက်တော့မှ ဪ တစ်ခုကိုလောင်စာသိမ်း၍ မီးငြိမ်းတာမြင်တော့မှ စုတေ မနေသေလွန်တဲ့အခါကျတော့လဲ ဘာများဖြစ်မှာပါလိမ့်မလဲလို့ မေးတော့ ဒီမြင်တဲ့ပုဂ္ဂိုလ်ဟာ လောင်စာသိမ်း၍ မီးငြိမ်းတဲ့သဘောဘဲဖြစ်ရမယ် (မှန်ပါ့)။
ဘာများဖြစ်စရာရှိသေးသလဲ (မရှိပါ ဘုရား) လောင်စာသိမ်း၍ မီးငြိမ်းတဲ့သဘောနဲ့ဘဲ နေရုံဘဲမဟုတ်လား (မှန်ပါ့) အခု တစ်သံသရာလုံးနေခဲ့ရတာ လောင်စာနဲ့မီးတွဲလျက်ကြီးနေခဲ့ရတယ် (မှန်ပါ့)။
တစ်သံသရာလုံးနေခဲ့ရတာဖြင့် (လောင်စာနဲ့မီး တွဲလျက်ကြီးပါ ဘုရား)။
ဒီလိုချည့်ဘဲ နေခဲ့ရတဲ့အထဲမှာ လောင်စာနဲ့မီးက လောင်စာဆိုတာက ခန္ဓာကိုယ်၊ မီးဆိုတာက ကိလေသာမီး၊ သားခင်၊သမီးခင်၊ ဆွေခင်၊ မျိုးခင်၊ ဟိုလူ ဒီလူဆိုတာတွေက ဘယ်လောင်ပါလိမ့် (ကိုယ့်ခန္ဓာလောင်ပါတယ်) ကိုယ့်ခန္ဓာလောင်တယ်၊ ဒီဘဝမှာ မိမိခန္ဓာဖြစ်တဲ့မီးဟာ ဘယ်သူ့လောင်မှာတုန်း (မိမိခန္ဓာလောင်ပါတယ် ဘုရား)။
ဒါဖြင့် ဒီခန္ဓာကြောင့် ဖြစ်တဲ့မီးဟာ ဒီခန္ဓာမှတစ်ပါး ဘယ်လောင်စရာရှိသေးတုန်း (မရှိပါ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ တစ်ခါတစ်ခါကျတော့ ဒီအပူဘာပူနဲ့မှ မတူပါဘူး ဆိုပြီးတော့ ငိုချင်းများချလိုက် သေးတယ်၊ လောင်လွန်းလို့ပြောတာ (မှန်ပါ့) လောင်လွန်းလို့ပြောတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီအပူမျိုးတွေ့လိမ့်မယ် ကျုပ်မထင်ဘူး၊ အကြီးဆုံးဘဲ တဲ့၊ အံမာလေး ဆုံးဖြတ်ချက်ချနေလိုက်တာ (မှန်ပါ့) အကြီးဆုံးဘဲ တဲ့၊ ကိုစောမောင် (မှန်ပါ့)။
အင်မတန် ချစ်လှစွာသော သမီးကလေးတို့ နှမြောစရာကောင်းလိုက်တာလို့များ သေကျေပျက်စီးသွားတဲ့ အခါကျလို့ရှိရင်ဖြင့် ဒီအပူဘာနဲ့မှမတူဘူး၊ လောင်လိုက်တဲ့ဖြစ်ခြင်း တစ်ခါတည်း ရေတွေဘာတွေအများကြီးပေးတာ တောင်မှ သောက်နိုင်တယ်၊ အပူငြိမ်းတယ်လို့ရှိရဲ့လား (မရှိပါ ဘုရား) မရှိလို့ထပ်ထပ်ငိုတယ် (မှန်ပါ့)။
မရှိလို့ ထပ်ထပ်ငိုတယ်ဆိုကတည်းက ဒကာ ဒကာမတွေ တစ်ခါမျက်ရည်များကြည့်လိုက်စမ်း ဒကာ ဒကာမတွေ နွေးပြီးများထွက်လာတယ် (မှန်ပါ့)။
မျက်ရည်များကြည့်လိုက်တဲ့အခါ (နွေးပြီး ထွက်လာပါတယ် ဘုရား) ခင်ဗျားတို့ လက်ကိုင်ပုဝါနဲ့သုတ်တဲ့အခါမှာ အေးထွက်လာသလား၊ ဒကာ ဒကာမတွေ နွေးထွက်လာသလား (နွေးလာပါတယ် ဘုရား)။
လောင်စာကဖြင့် ဆူပွက်နေတယ်
ဘယ်လောက်ထိအောင် ပြင်းတဲ့မီးပူနေတယ်ဆိုတာ အတော်အဝေးကြီးထွက်လာတာတောင် နွေးတုန်းရှိသေး တယ် (မှန်ပါ့ ဘုရား) ဒါ ပထမလောင်စာကဖြင့် ဆူပွက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ရှင်းလို့ (မှန်ပါ့)။
ခန္ဓာကိုယ်ရော လူချင်း၊သူချင်းတူသေးရဲ့လား (မတူပါ ဘုရား) လောင်ချက်နာထားတာ ဘယ်မှာတူလိမ့်မတုန်း ဗျ (မှန်ပါ့) လောင်ချက်နာထားတဲ့အတွက် တူသေးရဲ့လား (မတူပါ ဘုရား)။
အဲ့ဒါ တစ်သံသရာလုံး တပည့်တော်တို့ နောက်တုန်းက ဘာများဖြစ်ခဲ့သတုန်း၊ အို ဒီလိုဘဲ လောင်စာနဲ့မီး တွဲလျက်ကြီးနဲ့အချိန်ကုန်ခဲ့တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်သံသရာလုံး ဘာနဲ့နေခဲ့ရသလဲ (လောင်စာနဲ့မီးတွဲလျက်ကြီးနဲ့ နေခဲ့ရပါတယ် ဘုရား) ဘယ်တော့များ ဒကာ ဒကာမတို့ မီးနဲ့ခန္ဓာနဲ့ဟာ ကင်းနေတယ်လို့များ ရှိရဲ့လား (မရှိပါ ဘုရား)။
အဲ့ဒါအခုဉာဏ်နဲ့ သေသေချာချာကြည့်တော့မှ ဪ တို့သည်ကားလို့ဆိုရင်ဖြင့် နောက်ဘဝက ဘာများဖြစ်ခဲ့ ပါလိမ့် ဘာမှမဖြစ်ဘူး ဒကာ ဒကာမတို့၊ မီးနဲ့ထင်းဖြစ်ခဲ့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်ဘဝက ဘာများဖြစ်ခဲ့ပါလိမ့် (မီးနဲ့ထင်းဖြစ်ခဲ့ပါတယ် ဘုရား) ရှေ့လဲ ယခုခန္ဓာကြီးထဲမှာ ပျောက်အောင် မရှုနိုင်လို့ရှိရင် မောင်နိုင်ဘာဖြစ်မယ်ထင်သတုန်း (မီးနဲ့ထင်း ဖြစ်မှာပါဘဲ ဘုရား) မီးနဲ့ထင်းနဲ့တွဲလျက်ဘဲ ဖြစ်ရမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တစ်မှိုင်မှိုင် တစ်ထွေထွေ တစ်ဆွေးဆွေး တစ်ကြောင့်ကျကျနဲ့နေတာ ဘာဖြစ်နေတာတုန်း၊ မီးလောင်နေတာ ထင်းတွေကို (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မီးတွေက ဘာလောင်နေပါလိမ့် (ထင်းတွေလောင်နေပါတယ် ဘုရား) ထင်းဆိုတာ ရူပက္ခန္ဓာ၊ မီးဆိုတာ နာမက္ခန္ဓာ (မှန်ပါ့)။
နာမက္ခန္ဓာ ကိလေသာမီးတွေက
နာမက္ခန္ဓာ ကိလေသာမီးတွေက ထင်းတည်းဟူသော ရူပက္ခန္ဓာ၊ ရုပ်နဲ့နာမ်ဟာ တွဲလျက်ကိုး တစ်ခါတည်း လောင်ပြီး သကာလ နေလိုက်တဲ့ဖြစ်ခြင်းဟာ လူစဉ်များမှီသေးရဲ့လား (မမှီပါ ဘုရား)။
ကျုပ်ဖြင့် သေလိုက်ချင်တော့တယ်ဆိုတဲ့ဥစ္စာ သူတို့ဆည်မရတဲ့အဓိပ္ပါယ်ဘဲ (မှန်ပါ့) ကျွမ်းနေတဲ့အဓိပ္ပါယ် ပြောတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ နောက်ဘဝက ဘာဖြစ်ခဲ့ပါလိမ့် (လောင်စာနဲ့မီးဖြစ်ခဲ့ရပါတယ် ဘုရား) လောင်စာ နဲ့ မီးနဲ့ဟာတွဲပြီး လောင်နေတာဘဲ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒီဘဝထဲ ဝိပဿနာလုပ် လောင်စာသိမ်း၍ မီးငြိမ်းအောင်မမြင်တဲ့ပုဂ္ဂိုလ်ဟာ မောင်နိုင် (လောင်စာနဲ့မီး တွဲပြီး လောင်နေပါတယ် ဘုရား)ဒါဘဲ ကိုစံလှ သွားလိမ့်မယ်ဆိုတာ ကောင်းကောင်းရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒီတော့ကို ဒကာ ဒကာမတို့ ဒီအရေးဟာ သူများအရေးလား ကိုယ့်မီးနဲ့ကိုယ်ထင်းသိမ်းတဲ့ အရေးဟာ၊ ကိုယ့်အိမ်မှာ လောင်တဲ့မီး ကိုယ်ငြိမ်းရတဲ့အရေးဟာဖြင့် သူများထက်ပြာရလိမ့်မယ် (မှန်ပါ့) ကိုယ့်အိမ်လောင်တာကိုး ဒကာ ဒကာမတို့ရဲ့ (မှန်ပါ့)။
ဘယ်အိမ် လောင်တာပါလိမ့် (ကိုယ့်အိမ် လောင်တာပါ ဘုရား) ကိုယ့်ခန္ဓာအိမ်လောင်တာ ဟုတ်လား (မှန်ပါ့ ဘုရား) သူများကငြိမ်းပေးဖို့ စောင့်ဖို့လိုသလား၊ ကိုယ့်အိမ်လောင်တဲ့မီးဟာ သူတစ်ပါးထက် ကိုယ်ကအရေးကြီးမှာ လား (သူတစ်ပါးထက် ကိုယ်ကအရေးကြီးရမှာပါ ဘုရား) ကိုစောမောင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
အဲ့ဒါလောက်ကျအောင် ဉာဏ်ကမရောက်ကျသေးတော့ ဒကာ ဒကာမတွေက တစ်စတစ်စလုပ်ရမှာဘဲဆိုတဲ့ လေချိုသွေးသေးတယ်၊ အင်မတန် ညံ့ဖျင်းတဲ့စိတ်လို့ဆိုရင် ကိုစံလှ ဘယ့်နှယ်တုန်း (မလွဲပါ ဘုရား) ကိုယ့်အိမ်ကိုယ်လောင်နေတာ ပြာရမှာလား မပြာရဘူးလား (ပြာရမှာပါ ဘုရား) သူများထက် ဘယ်နှစ်ဆပိုပြာရမလဲ (များစွာ ပိုပြာရပါမယ် ဘုရား) အစွမ်းကုန်ရှိသလောက် ပြာရမယ်၊ ဘာဖြစ်လို့တုန်း၊ ကိုယ့်ခန္ဓာအိမ်ကို ကိုယ့်မီးကလောင်နေတယ် (မှန်ပါ့)။
ကိုယ့်မဂ်နဲ့ကပြာကယာ ငြိမ်းတဲ့နည်း
ဒီဥစ္စာကိုဖြင့် ကိုယ့်မဂ်နဲ့ကပြာကယာ ငြိမ်းတဲ့နည်း ဆရာဘုန်းကြီးကပေးတော့ ဒါဖြင့် ဒကာ ဒကာမတို့ ထင်းကိုဖြစ်စေ ဖြစ်ပျက်ရှုပါ (မှန်ပါ့ ဘုရား) ထင်းဆိုတော့ ရူပက္ခန္ဓာပေါ့ (မှန်ပါ့) နာမက္ခန္ဓာဆိုတဲ့ ကိလေသာမီးကိုလဲ ဖြစ်ပျက်ရှုပါ၊ အဲ့ဒါဟာ မီးကို ငြိမ်းသတ်တဲ့နည်းဘဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိလေသာမီးကို ဘယ်လိုသတ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှုတော့ ဘာသေတုန်း (မီးသေပါတယ် ဘုရား)။
ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား) သေတာက သမုဒယသစ္စာ၊ နောင်၌လောင်စာ ထင်းတွေ မီးတွေငြိမ်းတာက ဘာတုန်း (နိရောဓသစ္စာပါ ဘုရား) ရှင်းကြပါလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။