12807

မာတိကာသို့

အပါယ်လေးပါး အမြဲနေအိမ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြားဆုံးမတော်မူသော

အပါယ်လေးပါး အမြဲနေအိမ်

နေ့ အလုပ်ပေး တရားတော်

၁၃၂၂ ခု၊ နယုန်လဆန်း ၄ ရက်

(၂၈-၅-၆၀)(ခန့်မှန်း)

အပါယ်လေးဘုံ ကိုယ့်နေရာ

”စက္တာရော အပါယာသက ဂေဟသဒိသာ” လို့ ဓမ္မပဒ အဋ္ဌကထာက ဆိုထားတယ် (မှန်ပါ့)။

ပမတ္တဿနာမ စတ္တာရော အပါယာ သကာဂေဟသဒိသာ၊ ပမတ္တဿနာမ = နာမ်ရုပ်ဖြစ်ပျက်တို့ကို မေ့လျော့သော ပုဂ္ဂိုလ်အား၊ စတ္တာရော အပါယာ = အပါယ်လေးဘုံတို့သည်၊ သကာ ဂေဟသဒိသာ = အမြဲနေရာ မိမိတို့ အိမ်ဂေဟာကြီးနဲ့ တူပါပေကုန်၏ တဲ့၊ ရုပ်နာမ် ဖြစ်ပျက် မေ့နေတဲ့ ပုဂ္ဂိုလ်ဟာ အပါယ်လေးဘုံ ကိုယ့်နေရာလို့ မှတ်ထားတဲ့ (မှန်ပါ့)။

ရုပ်နာမ် ဖြစ်ပျက် မေ့နေတဲ့ ပုဂ္ဂိုလ်ဟာ အပါယ်လေးဘုံ ဘာတဲ့ (အမြဲအိမ်ပါ ဘုရား)။

ဪ ဒါဖြင့် ပမတ္တဿနာမ (ပ) အမြဲနေရာ မိမိ အိမ်ဂေဟာကြီး ဖြစ်ပါပေကုန်၏ လို့၊ ဪ ရုပ်နာမ်မသိဖြစ်ပျက် မသိလို့ရှိရင်ဖြင့် ဒီအပေါ်မှာ မေ့လျော့ပြီး သကာလ နေကြမယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို့ အပါယ်လေးဘုံဟာ ကိုယ်အမြဲ နေတဲ့အိမ်လို့ မှတ်လိုက်ပါ (မှန်ပါ့)။

ရုပ်နာမ်လဲမသိ၊ ၎င်းရုပ်နာမ်မှ မသိတော့ ဖြစ်ပျက်ဆိုတာကလဲ အနိစ္စဆိုတဲ့တရားလို့ မသိဘဲ ဖြစ်နေတော့ ဘယ်သူက နေပြီး သကာလ ဒီအထဲမှာ အပါယ်ပို့ပါလိမ့်မလဲဆိုတာ မေးစရာရှိတော့ ကိုစံလှရေ ဒိဋ္ဌိကပို့နေတာ (မှန်ပါ့)။

ဒိဋ္ဌိကပို့နေတာ

ဘယ်သူက ပို့နေတာလဲ (ဒိဋ္ဌိကပို့နေတာပါ)။

ဪ ငါ့သာ ငါ့သမီး ငါ့ကိုယ် ငါ့ဟာ ထင်နေတဲ့ ဒိဋ္ဌိ၊ ရုပ်နာမလဲမသိတော့ ဒါတွေဟာ ငါဘဲ ငါ့ဥစ္စာဘဲ ငါ့သာတွေဘဲ ငါ့သမီးတွေဘဲဆိုတော့ ဒိဋ္ဌိက ဦးစီးမလာဘူးလား (လာပါတယ် ဘုရား)။

အဲ့ဒါ မေ့တဲ့ပုဂ္ဂိုလ်မှာ တခါငါ့သားဘဲ ငါ့သမီးဘဲ ငါ့ဟာဘဲ ငါ့ဥစ္စာဘဲလို့ မလာပေဘူးလား၊ လာကြသလား (လာပါတယ် ဘုရား)။

ထိုကဲ့သို့ လာခဲ့သည်ရှိသော် ဒီဒိဋ္ဌိသည် ဒကာ ဒကာမတို့ အပါယ်ကို အကြောင်းပြုရတော့မယ်ဆိုတာ မနေ့က ပဋိစ္စသမုပ္ပါဒ် တန်းပြလိုက်တယ်နော် (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတို့ ရုပ်နာမ်ဖြစ်ပျက်ကို မေ့လို့ရှိရင် အပါယ်လေးဘုံဟာ မိမိတို့အိမ်ရာကြီး အစစ်ဖြစ်တယ်လို့ ဆိုတာ မှတ်လိုက်ပါတော့ (မှန်ပါ့)။

ရုပ်နာမ် မေ့လို့ရှိရင် အပါယ်လေးဘုံဟာ မိမိတို့အိမ်နေရာလို့ အမြဲမှတ်ပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

သိပ်ကြောက်စရာ ကောင်းပါလား ဒကာ ဒကာမတို့ (မှန်ပါ့) သင်ကြား ညွှန်ပြတဲ့ ဆရာသမားကလဲ မတွေ့၊ ခင်ဗျားတို့ကလဲ လိုက်မရှာ၊ ရှာလို့တွေ့ပြန်တော့လဲ ရှုတဲ့အလုပ်ကို ရုပ်ကို ဖြစ်ပျက်ရှုလို့၊ နာမ်ကိုဖြစ်ပျက်ရှုလို့ တခုခုရှုရင် တစ်ခုပြီးတယ်ဆိုတာ ဆရာသမားက ဟောထားတာ သိလျက်သားနဲ့ သားရေး၊ သမီးရေး၊ စီးပွားရေးတွေကြောင့် မရှုအား မမှတ်အားနေခဲ့သော် ဪ တို့သည်ကား လို့ ဆိုရင်ဖြင့် အပါယ်လေးဘုံဟာ တို့ အမြဲနေတဲ့ အိမ်ဘဲဆိုတဲ့ ဥစ္စာကို ဓမ္မပဒမှာ လာတဲ့ အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ် (မှန်ပါ့)။

ကောင်းကင်မြှောက်တဲ့ ကျောက်ခဲ

ဒါကြောင့် တသံသရာလုံးဟာ ဒကာ ဒကာမတို့ လူ့ပြည်ကို ဘုရား ဉာဏ်နဲ့ချိန်တဲ့နေရာမှာ မောင်နိုင် စဉ်းစားကြည့် စမ်းပါ၊ ကျောက်ခဲကလေးတခု မောင်နိုင်က ကောင်းကင်မြှောက်လိုက်တာပေါ့နော် (မှန်ပါ့)။

မြေကြီးပေါ်ရှိတဲ့ ကျောက်ခဲကလေး ကောင်းကင်မြှောက်လိုက်၊ မင်း-လက်အရှိန်ကောင်းသဘောက် ကောင်းကင်မှာ တည်တယ်ဆိုရုံကလေးတည်မှာဘဲ (မှန်ပါ့) ပြီးတော့ အောက်ပြန်ကျတာဘဲ (မှန်ပါ့)။

နဂိုရ်ကလဲ အောက်မှာနေတာကိုး၊ နဂိုရ်ကလဲ အောက်မှာနေတော့ လက်ရှိန်ရှိသလောက်အပေါ်တက်သွားပြီ နောက်ဒီ နေရာပြန်ကျတယ် (မှန်ပါ့)။

ဒါဖြင့် ကျောက်ခဲ၏အမြဲနေရာဟာ နဂိုရ်ကလဲ အောက်၊ အားထုတ်ပြီး မြှောက်လိုက်ပြန်တော့လဲ အပေါ်မှာ ခဏသာ နေသလိုလိုရှိပြီး အောက်ဘဲ ပြန်ကျတယ် (မှန်ပါ့)။

ဒါဖြင့် ကျောက်ခဲတို့၏နေရာသည် နဂိုရ်က အောက်၊ ကံကောင်းအကြောင်းသင့်ပြီး သကာလ မြှောက်တဲ့ ပုဂ္ဂိုလ်နဲ့ လာပြန်တော့လဲ ခဏတည်သလိုလိုနဲ့အောက်ဘဲ ပြန်ကျတာ၊ သဘောကျ့ပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သူ့နေရာဟာ အောက်နေရာသာ မြဲတော့တယ် ဆိုတာ ဒကာ ဒကာမတွေ ရှင်းပြီပေါ့ (မှန်ပါ့)။

ဒီမှာလဲ ခင်ဗျားတို့ ပြုထားတဲ့ ဒါနကလေး ခင်ဗျားတို့ ဆောက်တည်ထားတဲ့ သီလကလေးဟာ ဒီခန္ဓာကိုယ်ကြီးကို သူတို့က မြှောက်ပြီး တင်လိုက်တဲ့အခါ ဒါနသီလကလေးက မြှောက်တင်လိုက်တဲ့ အခါ အပေါ်မှာ ခဲအရှိန်သတ်သလောက်သာ ကြာတယ် (မှန်ပါ့) နောက်ဒီခဲကြီးအောက်ပြန်ကျတော့ အချိန်များစွာဘဲ မြေပေါ်မှာ မနေဘူးလား (နေရပါတယ် ဘုရား)။

အဲ့ဒီလိုဘဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အပါယ်မှာဘဲ အမြဲပင်နေရယ်၊ နဂိုရ်ကလဲ အပါယ်က တက်လာတယ် (မှန်ပါ့) အခု လူ့ပြည်လာတာ အပါယ်သက်နဲ့ နှိုင်းချိန်လိုက်တော့ ဒကာ ဒကာတို့ ခဲကောင်းကင်မှာ အရှိန်သတ်သလောက်ရှိပါတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အောက်အချိန်က များပြီး

ဒါဘာကြောင့် တပည့်တော်တို့ အောက်အချိန်က များပြီး အထက်အချိန်က နည်းလွန်းလှတယ်၊ ကောင်းကင်မြှောက်ပြီး ကောင်းကင်မှာ တည်တံ့သလိုလိုကလေးက အရှိန်ကလေး ရသလောက်သာ တက်လို့ရတယ်လို့ တွက်ယူတဲ့ အယူသည် ဘယ့်နှယ့်ကြောင့် ပါလိမ့်မတုံးဆိုတော့ တနေ့လုံး ဖြစ်တာ စဉ်းစားကြည့်ပါ၊ ငါ့သမီးနဲ့ ငါကိုယ်နဲ့ ငါ့သားနဲ့ ငါ့ဟာနဲ့ ဒိဋ္ဌိသာ လွှမ်းမိုးနေတော့တယ် (မှန်ပါ့)။

ဘာတွေလွှမ်းမိုးနေကြသလဲ (ဒိဋ္ဌိ လွှမ်းမိုးနေပါတယ်) ဒိဋ္ဌိတဏှာ လွှမ်းမိုးပြီး သကာလ နေလိုက်တဲ့အတွက် ဪ တနေ့လုံးမှာ မျက်လုံးမဖွင့်လေနဲ့၊ ဖွင့်လို့ရှိရင် ဟိုဟာ ငါ့သား ဆိုတာ ဒိဋ္ဌိအရင်လာတော့ တာဘဲ (မှန်ပါ့)။

နာကြားလို့ရှိရင် ငါ့သား ငါ့သမီး အသံပါလား ဆိုတာ ဒိဋ္ဌိချည့် အရင်ပြေးပြေးလာတယ် (မှန်ပါ့) ဒါကလေးဟာ အသံရုပ်ပါလား၊ အဆင်းရုပ်ပလား၊ ဖြစ်ပျက်ပါလား ကတယ်ပြီးလာခဲတယ် (မှန်ပါ့) မလာခဲ့ဘူးလား (လာခဲပါတယ် ဘုရား)။

အဲ့ဒါကို သေသေချာချာ ဒကာ ဒကာမတွေက ကျကျနန ဝေဖန်တော့မှ ဪ ကိုယ့်စိတ်ဖြစ်စဉ်နဲ့လဲ ကိုယ့် ပဋိစ္စသမုပ္ပါဒ်နဲ့လဲ အပါယ်သွားတဲ့ ပဋိစ္စသမုပ္ပါဒ်၊ ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒကသာ များ၍ ဉာဏ်နဲ့ရှုတဲ့အလုပ်က အင်မတန် အနည်းဘူးလား (နည်းပါတယ် ဘုရား)။

ဒွါရခြောက်ပေါက်မှာ ဘယ်သူကချည့်အရင်ဦးစီး

အဲ့ဒီတော့ ဒွါရခြောက်ပေါက်မှာ ဘယ်သူကချည့်အရင်ဦးစီးပြီး သကာလ လာနေပါလိမ့်မလဲဆိုတာ မျက်လုံးပေါက် ကြည့်လိုက်ပြန်လဲ ဟိုဟာ ဘယ်သူတုံး လို့ မေးလိုက်ပြန်လဲ ကျွန်တော့သားဘဲ၊ ကျွန်တော့သမီးဘဲ၊ ဟုတ်မှ ဟုတ်ပါရဲ့လား ဟုတ်ပါတယ်၊ ဘယ်နေ့ ဘယ်ရက် ဘယ်သက္ကရာဇ်က မွေးဖွားတာ ဆိုပြီး တခါတည်း ဒိဋ္ဌိကသာ ဦးစီးလာတော့တာဘဲ၊ မြင်တာ ဖြစ်ပျက်၊ ကြားတာဖြစ်ပျက်ဆိုတဲ့ မြင်တဲ့အဆင်းရုပ်ကို ဖြစ်ပျက်၊ ကြားတဲ့အသံရုပ်ကို ဖြစ်ပြီး ပျက်တဲ့ အနိစ္စပါလား ဆိုတာ မလာသလောက်ဖြစ်နေတယ် (မှန်ပါ့)။

ကိုစောမောင် ဘယ့်နှယ့်မလဲ (မလာသလောက်ဖြစ်နေပါတယ် ဘုရား)။

မလာသလောက် ဖြစ်ပြီး သကာလ နေတော့ ခင်ဗျားတို့မှာ မျက်လုံးပေါက်၊ နားပေါက်၊ နှာခေါင်းပေါက်၊ လျှာပေါက်၊ ကိုယ်ပေါက်၊ မနောပေါက် ဆိုတဲ့ ဒွါရ ခြောက်ပေါက်ရှိတဲ့ အနက်က ခြောက်ပါးစလုံးက သားဘဲဆိုပြီး သကာလ တခါတည်း ဒိဋ္ဌိက မလာဘူးလား (လာပါတယ် ဘုရား)။

သားဖြစ်ရင် ခင်မှဘဲဆိုတာ ကလေးကလဲ လာတော့တာဘဲ (မှန်ပါ့) ခင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ စွဲလမ်းမှဘဲဆို တဲ့ ဥပါဒါန်လာတယ် (လာပါတယ်) ကံကလဲ တခါတည်း သူတော့ ပြောဦးမှဘဲ၊ သူတော့ ဆိုဦးမှဘဲဆိုတဲ့ ကာယကံ၊ ဝစီကံ တွေကကော (လာပါတယ် ဘုရား)။

ဒါဖြင့် ဒီကံတွေက မျက်လုံးပေါက်ကဖွင့်လို့ ဒီကံလာတော့ နားပေါက်ကဖွင့်လို့ သူအသံကြား လိုက်ပြန်တော့ကော (ဒီကံတွေလာတာပါဘဲ ဘုရား)။

ဒီအတိုင်းဘဲ ဒီအတိုင်းဘဲ သားဘဲ ဆိုတဲ့ ဒိဋ္ဌိက အရင်လာပြီး သကာလ သားဖြင့် ခင်မှဘဲ၊ စွဲလမ်းမှဘဲ၊ သူ့ကိုဖြင့် ပြောဦး ဆိုဦးမှဘဲဆိုတော့ ကံဘဲ လာတာဘဲ (မှန်ပါ့)။

နားပေါက်က ကြားလဲကံ၊ နှာခေါင်းပေါက်ကနေပြီး သကာလ ရှူလိုက် ရှိုက်လိုက်ပြန်လို့ ရှိပြန်လို့ရှိရင်လဲ သားလွမ်းတဲ့ စိတ်၊ သားဆွေးတဲ့စိတ်၊ သားကိုစိုးရိမ်တဲ့စိတ်လို့ ရှူ ရှိုက်နေကြသေးတာကိုးဗျ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

လျှာပေါက်က စားတာတောင်မှ ဟင်းကောင်းကလေးများ စားမိလို့ ကိုယ့်သားကလေးက ဒီအထဲမပါ၊ ကိုယ့်သမီးကလေးက ဒီအထဲမပါ၊ စားစေချင်လိုက်တာ သားကလေး သမီးကလေးဆိုတာက လျှာပေါက် သူကဘဲလာတယ် (မှန်ပါ့) သဘောပါပြီလား (ပါ ပါပြီ ဘုရား) လျှာပေါက်ကလဲ ဒိဋ္ဌိကဘဲ အရင်ဦးစီးလာတယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ်ပေါက်ကနေပြီး ကြည့်လိုက်ပြန်တော့ ကိုယ်ကျန်းမာသလို သူတို့ ကျန်းမာစေချင်တယ်ဆိုတော့ သူတို့ ကျန်းမာစေချင်တယ်ဆိုတဲ့ဥစ္စာကလဲ လာသေးတာဘဲ (မှန်ပါ့)။

ကိုယ်ကဖြင့် ကျန်းမာပါတယ်၊ သူတို့ ကျန်းမာစေချင်သေးတယ်ဆိုတာကဘဲ သူတို့ ဆိုကတည်းကိုက ဒကာ ဒကာမတို့က စဉ်းစားသာကြည့်တဲ့ အဖိုးတဲ့၊ ငါ့သာ ငါ့သမီးကို စကားလွှဲသုံးလိုက်တာလဲ ရှိတာဘဲ (မှန်ပါ့) ဒိဋ္ဌိဘဲမလာဘူးလား (လာပါတယ် ဘုရား)။

မနေပေါက်ကနေပြီး သကာလ သူတို့ကျွေးရေး ဘယ်လိုကျွေးရပါ့မလဲ မလာဘူးလား မောင်နိုင် (လာပါတယ် ဘုရား) သူတို့လူလားမြောက်ပြီး လိမ္မာရေးခြားရှိအောင် လူပုံအလည်မှာ တင့်တင့်တယ်တယ်ကလေး နေရစ် ကျန်ရစ်အောင် ဘယ်လိုများ စိတ်ကူးရပါ့မတုံး၊ သားတွေ သမီးတွေကိုနော် (မှန်ပါ့ ဘုရား)။

စိတ်ကူးဘက်က ကြည့်လိုက်ပြန်လဲ သားသမီးဘဲ စိတ်ကူးမိတယ် (မှန်ပါ့) တခါတည်း သားမဟုတ်တာသား၊ သမီး မဟုတ်တာ သမီးဖြစ်ပြီး တကယ်ထင်လို့ တကယ်ကူးတာ ဖြစ်နေသောကြောင့် ဒိဋ္ဌိဘဲလာပြန်တယ် (မှန်ပါ့)။

ဒိဋ္ဌိ တဏှာ ဥပါဒါန် ကံ

ဒါဖြင့် ဒွါရခြောက်ပေါက်မှာ ဒကာ ဒကာမတို့ ကံမြောက်အောင် မသွားဘူးလား (သွားပါတယ် ဘုရား) ဒိဋ္ဌိ တဏှာ ဥပါဒါန် ကံ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုစောမောင် ဘာတဲ့ (ဒိဋ္ဌိ တဏှာ ဥပါဒါန် ကံပါ) မျက်လုံးပေါက်ကလဲ ဒိဋ္ဌိ တဏှာ ဥပါဒါန် ကံ နားပေါက်ကလဲ ဒိဋ္ဌိ တဏှာ ဥပါဒါန် ကံ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်ပေါက်ကလာလာ ဒီကံတွေချည့်ဖြစ်နေတော့ ဘယ်သူဦးစီးတဲ့ ကံတုံး ဆိုတော့ သူ့ခေါင်းဆောင် ကြည့်လိုက်တော့ ဒိဋ္ဌိ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီကံတွေက ဒကာ ဒကာမတွေ တနေ့ ဘယ်နှစ်ကြိမ်လောက် ဖြစ်ပါလိမ့်မလဲလို့မေးလို့ရှိရင်ဖြင့် မပြောပါနဲ့တော့ဘုရား သူတို့စိတ်နဲ့ သေရမလိုလိုဖြစ်နေတာ၊ အမယ်လေး ဒီကျအောင်ဘဲ အသုံးအနှုန်းကလာတာ (မှန်ပါ့)။

ဒီသားတွေ ဒီသမီးတွေ ဒီစိတ်နဲ့ဘဲ တပည့်တော်တို့ဖြင့် သေတောင် ဖြောင့်ပုံမရဘူး တဲ့၊ မဖြောင့်ဘူး စိတ်သာချ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သေတောင် ဖြောင့်ပုံမရဘူးဆိုတဲ့ဥစ္စာ သူ့ဟာသူ ဗျာဒိတ်ပေးနေတာ (မှန်ပါ့) ဖြောင့်ဖို့ရာကောပါရဲ့လား (မပါ ပါ ဘုရား)။

များနေတဲ့ကံတွေကိုက အကျိုးပေးစရာ အများကြီးကျန်သေးတယ် သေတောင် ဖြောင့်ပုံမရဘူးဆိုတာ သေခါနီး ဒီကံလုပ်ဦးမယ်ပြောတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

သေခါနီးဘာတဲ့

သေခါနီးဘာတဲ့ (ဒီကံလုပ်ဦးမယ် ဘုရား) ဒီကံလုပ်ဦးမယ်၊ အပါယ်ရောက်တဲ့ကံ လုပ်ဦးမယ်ပြောတော့ အသစ်ကလေးများ တာင် ထည့်လိုက်ချင်သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်နေတယ် (မှန်ပါ့) မောင်နိုင် ဘယ်လောက်ဆိုးဝါး သတုံး (ဆိုးဝါးပါတယ် ဘုရား)။

ဪ သားနဲ့ သမီးနဲ့ဟာ တယ်ခက်ပါလားလို့ ဆိုလို့ရှိရင် ဒိဋ္ဌိက ဦးစီးလာပြီ (မှန်ပါ့) သားတွေ သမီးတွေက သိပ်ခက်ပါလား၊ အခုကာလ သားသမီးတွေဟာ အစားလွယ်လွယ်၊ အဝတ်လွယ်လွယ်၊ အနေလွယ်လွယ် ကျုပ်ဖြင့် ခက်ပါသေးတယ် တဲ့၊ အဲ့ဒါ ဒိဋ္ဌိက လာတာသာ မှတ်ပေတော့ (မှန်ပါ့) ခက်ပါသေးတယ်ဆိုတဲ့ ညည်းလုံးသည်ကားလို့ဆိုရင် ဒေါမနဿကံ လာတာဘဲ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အပါယ်ကြောင်းကံတွေ တနေ့ အကြိမ်ပေငါး ဘယ်လောက် စုမိပါလိမ့် (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်အောင်ဘဲ မများကြဘူးလား (များပါတယ် ဘုရား)။

မျက်လုံးနှစ်စုံ မှိတ်သွားဘို့ကို မလွယ်ဘူး တဲ့၊ ကိုစောမောင် ဒီလိုများ လာနိုင်သေးတယ်၊ မျက်လုံးမှိတ်သွားဖို့ရာ ကို မောင်နိုင် မလွယ်လို့များ ပြောကြသေးတယ် (မှန်ပါ့ ဘုရား) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဘယ်သူကခေါင်းဆောင်နေတာပါလိမ့်

မျက်လုံးမှိတ်သွားဖို့ရာကို စိတ်မချ လက်မချနဲ့ သွားရတယ်၊ ဘယ်သူတုံးဆိုတော့ သားနဲ့ သမီးနဲ့ (မှန်ပါ့) ဆွေမျိုးညာ တကာသားချင်း တဲ့၊ တခါတည်း ဒိဋ္ဌိကချည့်ဘဲ ခေါင်းဆောင်သွားတယ် (မှန်ပါ့)။

ကိုပေါ် နေရာကျပြီလား (ကျပါပြီ ဘုရား) ဒါဘယ်သူကခေါင်းဆောင်နေတာပါလိမ့် (ဒိဋ္ဌိက ခေါင်းဆောင်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒီဒိဋ္ဌိကိုလဲ ရုပ်နာမ်တွေကလဲ မပေါ်ရ၊ ဖြစ်ပျက်တွေကလဲ မပေါ်လာဆိုတော့ ဉာဏ်စခန်းကို ပါသေးရဲ့လား (မပါ ပါ ဘုရား) ဒါဖြင့် ဉာဏ်စခန်းကို မပါတော့ ဪ ဒီပုဂ္ဂိုလ်တွေ ဘယ်များသွားကြမှာပါလိမ့်မတုံး (အပါယ်ပါ ဘုရား)။

ဒကာ ဒကာမတွေ လေပြော့နေဖို့မလိုပါဘူး၊ ဘယ်မှာ သွားကြမှာတုံးသာ ပြေကြစမ်းပါ (အပါယ်ပါ) အပါယ် သွားကြမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

နဂိုရ်က ဘယ်ကလာခဲ့တာတုံး (အပါယ်က လာခဲ့တာပါ) အခုစုထားတာလဲ ဘယ်သွားဖို့ စုထားတာလဲ (အပါယ်သွားဖို့ စုတာပါ) အခု စုမိထားတာတွေက ရေတွက်လို့ ရကြရဲ့လား (မရပါ ဘုရား)။

မရတော့ တစ်ကံမှာ အပါယ်မှာ တစ်ဘဝ၊ နောက်ကကံကျတော့ တစ်ဘဝဆိုတော့ တနေ့ ကံပေါင်းက အနန္တများတယ် (မှန်ပါ့ ဘုရား) ဒီတော့ တက်ရေးရှိသေးရဲ့လား (မရှိပါ ဘုရား)။

တက်ဖို့ရာအရေးမရှိတော့ ဘုန်းကြီးကို ဒကာ ဒကာမတွေ ပမတ္တဿနာမ = ရုပ်နာမ်ဖြစ်ပျက်ကို မေ့ချော့သော ပုဂ္ဂိုလ်သည်ကား၊ စတ္တာရော အပါယာ = အပါယ်လေးဘုံတို့သည်၊ သက ဂေဟသဒိသာ = မိမိတို့အမြဲနေတဲ့အိမ်နဲ့ တူကုန်၏ ဆိုတော့ လူ့ပြည် နတ်ပြည်ဆိုတာ ပျမ်းမျှကြေးတွက်ကြည့်တော့ အလည်လာတာဘဲရှိတယ် (မှန်ပါ့)။

အမြဲနေတာက ဘယ်မှာပါလိမ့်

အမြဲနေတာက ဘယ်မှာပါလိမ့် (အပါယ်ပါ ဘုရား) ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးပါး ဘဲဆိုတာ ကောင်းကောင်း သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့ ခဏခဏ သတိပေးရတယ်၊ ဆရာဘုန်းကြီးက သားနဲ့ပြုံး၊ သမီးနဲ့ပြုံး၊ ပစ္စည်းနဲ့ပြုံးနေတာ ပြုံးသလောက် မဲ့ရလိမ့်မယ်နော် ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ပြုံးသလောက် (မဲ့ရမှာပါ) ကိစ္စများသလောက်ကော (မဲ့ရမှာပါ) အရောင်းအဝယ်ရှုပ်သလောက်ကော (မဲ့ရမှာပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ယုတ်စွအဆုံး ဒီဒိဋ္ဌိက မောင်နိုင့်နှယ် ဒါနလုပ်တာတောင်မှ ငါနောက်ဘဝကောင်းစားရေး အတွက်ဆိုတော့ ဒိဋ္ဌိ ဘယ်မှာ ပြုတ်သလဲ၊ ငါ နောက်ဘဝ ကောင်းစားရေးက မပါဘူုးလား (ပါ ပါတယ်) ရုပ်နာမ်ကိုငါမထင်ဘူးလား (ထင်ပါတယ် ဘုရား)။

အဲ ဒါနများလောက်နဲ့ ဒိဋ္ဌိ မပယ်ပါဘူးဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) သီလကလဲ အသက်ရှည်ဖို့ ဆောက်တည် တာ၊ ငါမပါဘူးလား ပါသလား (ပါ ပါတယ် ဘုရား) တကယ်တမ်းလဲ မစွဲဘူုး (စွဲပါတယ် ဘုရား)။

ဒီဘဝအသက်တိုတာတွေမြင်ရတော့ အသက်ရှည်အောင်တော့ ကြိုးစားဦးမှဘဲ၊ ယခုဘဝငါလဲ အသက်ရှည်ဖို့ ဆိုတော့ ဒီငါက ခေါင်းချည့်ဆောင်နေတယ် (မှန်ပါ့)။

ကိုစောမောင် ဘယ့်နှယ့်ဆိုပါ့မလဲ (ငါက ခေါင်းဆောင်နေပါတယ်) ဒကာ ဒကာမတွေ ငါကဘာတဲ့ (ခေါင်းဆောင်နေပါတယ် ဘုရား)။

ဒါဖြင့် ငါက မျက်လုံးဖွင့်လိုက်ရင်လဲ ငါဘဲ နားက ကြားလိုက်ရင်လဲ (ငါပါ ဘုရား)။

ဒါဖြင့် တနေ့မှာ ဒွါရခြောက်ပေါက်က မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနေ ဆိုတဲ့ ဒွါရ ခြောက်ပေါက် ရှိတဲ့အနက်က ဘယ်အပေါက်ကမှ ဉာဏ်ဦးစီးမလာဘူး၊ မိစ္ဆာဒိဋ္ဌိကချည့် ဦးစီးလာတယ် (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိကချည့် ဦးစီးလာတယ်

ကိုစောမောင်ရေ သမ္မာဒိဋ္ဌိက (ဦးစီးမလာပါ ဘုရား) မိစ္ဆာဒိဋ္ဌိ (ဦးစီးလာပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ဒီဒိဋ္ဌိမဖြုတ်ရင် မဖြစ်ပါဘူးဆိုတာ ဒီနေ့ သေသေချာချာ ပြောပါတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒီဒိဋ္ဌိမှ ဒကာ ဒကာမတွေ ကိုယ်တိုင်ဖြစ်စေ၊ ဆရာသမားက ရေရေလည်လည် ဖြုတ်လို့ မပေးလို့ရှိရင် တပည့်တော်တို့ လူ့ပြည်အလည်လာတာဘုရာ့၊ အမျှမဝေနဲ့ဘုရား အလကားဘဲ စရိတ်ကုန်ပါလိမ့်မယ်၊ ငရဲရောက်နေရင် အမျှဝေလို့မရဘူး (မှန်ပ့ါ) ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အားလုံးဒကာ ဒကာမတို့ ခုနေက ဓမ္မပဒမှာလာတဲ့ ပမတ္တဿနာမ = ရုပ်နာမ်ဖြစ်ပျက်ကို မေ့လျော့နေသည့် ပုဂ္ဂိုလ်သည်ကား၊ စတ္တာရောအပါယာ = အပါယ်လေးဘုံတို့သည်၊ သကဂေဟသဒိသာ = မိမိအမြဲနေရာအိမ်ကြီး ဖြစ်ပါပေ တသည်းလို့ဆိုတဲ့စကားဟာ ဒွါရခြောက်ပေါက်က ဖြစ်နေပုံတွေကို ဝေဖန်ကြည့်တော့မှ မောင်နိုင် မလွဲဘူး (မလွဲပါဘူး) ဒကာ ဒကာမတွေ အားလုံး ဘယ့်နှယ့် (မလွဲပါ ဘုရား)။

အပါယ် သွားဖို့ ရိက္ခာစုနေ

ဪ ဒါဖြင့် နေတော့ နေတာဘဲ၊ ကျန်းမာပါရဲ့လား၊ ကျန်းမာပါတယ်၊ ကျန်းမာရင် ဘာလုပ်နေသတုံးဓ အပါယ် သွားဖို့ ရိက္ခာစုနေတယ် (မှန်ပါ့)။

ကိုစောမောင် ဘယ့်နှယ့်ဆိုပါ့မလဲ (အပါယ်သွားဖို့ ရိက္ခာစုနေပါတယ် ဘုရား)။

နေကောင်းရဲ့လား၊ ကောင်းပါတယ်၊ ကောင်းလို့ဘဲ လုပ်နိုင် ကိုင်နိုင်သေးတယ်၊ ကျုပ်မှာ ဒီစားအိုးကြီးကို ကျုပ်ဘဲ ရွက်ဆောင်ပြီးနေတယ်ဆိုတော့ ကျန်းမာတာဟာ သူ ဒိဋ္ဌိ စုနေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကျန်းမာတာ ဘာလုပ်နေသတုံး (ဒိဋ္ဌိစုနေပါတယ်)။

ကျုပ်ဖြင့် မကျန်းမာလေ ကျုပ်စိတ်ထဲမှာ နေရာမကျလေဘဲ သူ့ကိုယ်သူ မကျန်းမာတာကိုလဲ ငါဖြင့် ခက်ချေရဲ့၊ ဒီသား ဒီသမီးတွေနဲ့ ငါခေါင်းဆောင်နေတာ၊ မကျန်းမာပြန်တော့လဲ ငါမကျန်းမာလို့ခက်တယ်က လာတယ် (မှန်ပါ့)။

ကျန်းမာတော့လဲ အပါယ် သွားကြောင်းရတယ် (မှန်ပါ့) မကျန်းမာတော့ကော (အပါယ်သွားကြောင်း ရပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ တောင့်တသက် လွတ်ရက်မရှိဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းနေတော့တယ်၊ မရှင်းကြသေးဘူးလား (ရှင်းပါတယ် ဘုရား)။

ဒိဋ္ဌိပေါင်း ကြွေးဘယ်လောက်ရှိမတုံး

ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိပေါင်း ကြွေးဘယ်လောက်ရှိမတုံး ဆိုလို့ရှိရင် တနေ့တနေ့မှာ မောင်နိုင် ရေတွက်နိုင်ပါ့ မလား (မရေတွက်နိုင်ပါ ဘုရား)။

ဒီဒိဋ္ဌိက ကံမြောက်အောင်ချည့်ဘဲ ဒိဋ္ဌိ တဏှာ ဥပါဒါန် ကံ ဒီကျအောင် သွားတာချည့်ဘဲ (မှန်ပါ့) မသွားတဲ့ ပုဂ္ဂိုလ်များ ရှိသေးသလား (မရှိပါဘုူး)။

ဒါဖြင့် ဒကာ ဒကာမတို့ ကံပေါင်း ဘယ်လောက်များ စုမိကြပါလိမ့် (မရေတွက်နိုင်ပါ ဘုရား) တစ်ကံဟာ တခါတည်း အပါယ်မှာ နှစ် တစ်သောင်းနေရမယ်ဆိုရင် နောက်တစ်ကံကကော (တစ်သောင်းနေရမှာပါ) ကိုစောမောင် ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ ဘုရား)။

အဲ့ဒါတွေဟာ ခင်ဗျားတို့ ကံကြွေးပေါင်း ဘယ်လောက်တင်နေကြသတုံး လို့ မေးလို့ရှိရင် ဘယ့်နှယ့်ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကံဖြတ်အလုပ်ကို လုပ်ရင်လုပ်၊ ကိုစောမောင် (မှန်ပါ့) မလုပ်လို့ရှိရင်တော့ဖြင့် ကျောင်းဒကာ သော ဘုရားဒကာသော သွား သဘောကျပြီလား (ကျပါပြီ ဘုရား) လူ့ပြဘ် နတ်ပြည်တော့ ခဏတက်မယ်ပေါ့ဗျာ၊ နောက်တော့ သွားဘဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဥက္ခိတ္တာ ပုညတေဇေန ဆိုတဲ့ အတိုင်းဘဲ၊ ပစ်တင်လိုကတုန်းကတော့ ခဏဘဲကွာ တဲ့၊ ခုနေက ခဲအရှိန်သတ်သ လောက်မင်းပြုထားတဲ့ ဒါန သီလကလေး ရမှာဘဲ၊ နောက်တော့ ငါ ဆွဲချပါမယ်၊ ဘယ်သူက ပြောပါလိမ့် (ဒိဋ္ဌိကပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးနေသလဲဆိုတာ ပေါ်ပြန်ပြ၊ ကိုစောမောင် ဘာဖြုတ်ရမလဲ (ဒိဋ္ဌိဖြုတ်ရပါ့မယ် ဘုရား)။

အဲ ဒိဋ္ဌိဖြုတ်ဖို့ရာ ဒကာ ဒကာမတို့ မနေ့က ရင်ဝလှံစူးတာ ဖြေးဖြေးမှရှောင်၊ ရင်ဝလှံကြီးလာနေတာ ဖြေးဖြေးမှရှောင်၊ ဦးခေါင်း မီးလောင်နေတာ ဖြေးဖြေးမှ ငြိမ်း၊ ဒိဋ္ဌိကို ဒီထက်ရေးတကြီး သိမ်းရမယ်ဆိုတဲ့ အဓိပ္ပာယ်ကို မနေ့က မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား) ဘုရားဟောတော်မူလို့လဲ ပြောပါတယ်ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကျုပ်တို့ ဘာအပြစ်ရှိသတုံး

အဲ့ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခု ကျုပ်တို့ ဘာအပြစ်ရှိသတုံးလို့ဆိုတော့ ကျုပ်တို့ကောင်းသော ရောင်းခြင်း၊ ကောင်းသောဝယ်ခြင်း၊ သူများပစ္စည်းခိုးတာမဟုတ်ဘူး၊ မလိမ်ဘူး၊ သူတို့ရောင်းနိုင်တဲ့ဈေးနဲ့ ကိုယ်ပေးနိုင်တဲ့ဈေးနဲ့ ကိုက်ရင် ဝယ်လိုက်တာဘဲ၊ ကျုပ်တို့ ဘာပြစ်များရှိသတုံး ဆိုတော့ ဪ သူမသိရှာဘူး၊ သူ သီလမပျက်တာလောက် ပြောနေ တယ် (မှန်ပါ့)။

ကိုစောမောင် ဘာပြောနေသတုံး (သီလ မပျက်တာလောက်သာပြောနေပါတယ်) ပြီးတော့ ရတာနဲ့ လှူတာနဲ့ဆိုရင် ကျုပ်တို့က စားတာနဲ့ လှူတာနဲ့ လှူတာကတောင် များသေးတယ်လို့ လောကွတ်ချော်ချင်လဲ ချော်လိုက်တာ (မှန်ပါ့) မချော်ပေ ဘူးလား (ချော်ပါတယ် ဘုရား)။

အဲ့ဒီလိုချော်လိုက်ပြန်တော့ ဩာ် သူသည်ကားလို့ ဆိုရင် လှူတာများတော့ အလှူရှင်ဘဲဆိုပြီး သကာလ ဒိဋ္ဌိကလဲ ဦးစီးလိုက်သေးတာဘဲ (မှန်ပါ့) ဦးမစီးပေဘူးလား (ဦးစီးပါတယ် ဘုရား)။

အဲ့ဒီတော့ ဒကာ ဒကာမတို့ ဒီဒါန သီလတွေ တန်ခိုးကြောင့် ခဲအရှိန်သတ်သလောက်တော့ သုဂတိ သေသေချာချာ ရောက်ပါတယ်၊ ကမ္မေ သတ္တေဝိဘဇတိက ရှိတော့ အကျိုးမပေးဘူးလို့တော့ ဟောလို့မဖြစ်ဘူး၊ သို့သော် ဒိဋ္ဌိမဖြုတ်တဲ့အတွက် ဆွဲချလိမ့်မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိမဖြုတ်တဲ့အတွက် (ဆွဲချမှာပါ ဘုရား) အဲ့ဒီတော့ ခင်ဗျားတို့ အားမကိုးလောက်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ရှင်းလောက် ပါပြီ (မှန်ပါ့)။

ဒါဖြင့် ဒိဋ္ဌိဖြုတ်ပြီးမှ လှူကြ ပေးကြ ကမ်းကြ တန်းကြလို့ ရှိရင် မြှောက်တဲ့ခဲသည် အပေါ်မှသာ တင်နေဘွယ်ရာရှိတယ်၊ မကျဘူး (မှန်ပါ့) ကျပါ့မလား (မကျပါ ဘုရား)။

ရှေ့နောက်လွဲနေတယ်

ဒါဖြင့် ခင်ဗျားတို့ ရှေ့နောက်လွဲနေတယ်လို့ ဆိုချင်တယ် (မှန်ပါ့) ကိုစောမောင် မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်) ရှေ့နောက်လွဲနေတယ်ဆိုရင် ကိုစောမောင် ဘယ့်နှယ့်တုံး (မှန်ပါတယ် ဘုရား)။

ဒိဋ္ဌိ အရင်ဖြုတ်ပြီး သကာလ ကိုစောမောင်ရေ ဒါန သီလတွေ လုပ်လိုက်မယ်ဆိုရင်ဖြင့် ပြန်စရာလမ်း ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် ရှေ့နောက်ကလေး ပြောင်းတာများ ခင်ဗျားတို့ ဝန်လေးစရာလိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် ဝိပဿနညာရှေ့ထား၊ သဘောကျပြီလား (ကျပါပြီ ဘုရား) လှူမှု တန်းမှုကို နောက်ထား သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာရှေ့ထားရမယ် (ဝိပဿနာ ရှေ့ထားရပါမယ်) လှူမှု တန်းမှုကို (နောက်ထားရပါ့မယ်) ထားချင်လို့ ထားတာက အပြစ်မရှိပါဘူး၊ အကျိုးရှိသည်ထက် အကျိုးရှိအောင်လို့ ကယ်တင်နေတယ်ဆိုတဲ့ သဘောနဲ့သာ နားထောင်ပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒိဋ္ဌိတော်တော် အရည်လည်သွားပြီ ဒကာ ဒကာမတို့ မျက်လုံးဖွင့်လဲ ဒိဋ္ဌိက စလိုက်တာ ကံအဆုံး (မှန်ပါ့) နားထောင်လိုက်ပြန်တော့ (ဒိဋ္ဌိအစ ကံအဆုံးပါ) နှာခေါင်းကလေးနဲ့ ရှုလိုက် ရှိုက်လိုက်၊ ပန်းကလေး ဘာကလေး မွှေးတဲ့အခါကျတော့ကော (ဒိဋ္ဌိကအစ ကံအဆုံးပါ) ထမင်းကလေး စားလိုက်ပြန်တော့ကော (ဒိဋ္ဌိကအစ ကံအဆုံးပါ ဘုရား)။

ကိုယ့်အပေါ်မှာ အထည်ကလေး ဝတ်တာတောင်မှ ကိုယ်မဝတ်ရဘူး၊ သူတို့ ဝတ်စေချင်တယ်ဆိုတော့ သူတို့ တခါတည်း လာတော့တာဘဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ကိုယ်ပေါက်က ဖွင့်လိုက်ပြန်တော့လဲ ဘာအစ ဘာအဆုံးလဲ (ဒိဋ္ဌိကအစ ကံအဆုံးပါတယ်) မနေပေါက်ကလဲ ဒို့အရေး ကတော့ ကိုယ်နာတာ မထူးပါဘူး၊ ကြီးလဲကြီးပါပြီ၊ ဒိဟယတွေ လူမမယ်တွေက လူလားမမြောက်၊ မရောင်းတတ်မဝယ်တတ် ဖြင့် အလိမ္မာကလဲ နည်းတော့ သူတို့ အတွက် ခက်တယ် ဆိုတော့ ကြံလုံးလာပြန်တော့လဲ ဒိဋ္ဌိကစပြီး ကံဆိုးတယ် (မှန်ပါ့)။

ဒိဋ္ဌိကအစ ကံဆုံးတယ်

ကြံလုံးလာပါတော့ (ဒိဋ္ဌိကအစ ကံဆုံးပါတယ် ဘုရား) ဒိဋ္ဌိကအစ ကံဆုံးတယ်ဆိုတော့ ဒွါရ ခြောက်ပေါက် ဘယ်နှစ်ခါလှည့်ကြသတုံး လို့မေးရင် ကိုစောမောင် ဖြေစမ်း (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိပေါင်းဘယ်လောက်တုံး (မရေတွက်နိုင်ပါ) ကံပေါင်း (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်လို့ရှိရင် မရေတွက်နိုင်တဲ့ အဖြစ်ဆိုးသို့ ရောက်ကြရတော့မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိကို အဓိကထားပြီး သကာလ အရေးကြီးလို့ ကိုစောမောင် ဒိဋ္ဌိကိုပြောတာ (မှန်ပါ့) ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်ကျတော့ အပါယ်သွားသေးရဲ့လား (မသွားပါ ဘုရား) ထုံးစံရှိရဲ့လား (မရှိပါ ဘုရား)။

အဲ့ ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်ဟာ အပါယ်မသွားတော့ဘူးလား၊ ရှင်းပြီလား (ရှင်းပါပြီ) ကဲ ဒါဖြင့် အပါယ်သွားတဲ့ တရားဟာ ဘယ်သူ အကြီးမားဆုံး ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ) ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိအကြီးမားဆုံး၊ ဒိဋ္ဌိအထွား ကြိုင်းဆုံးဆိုတာ ဒကာ ဒကာမတွေ ကြီးကြီး ကျယ်ကျယ်ဘဲ ကြောက်ပါတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒိဋ္ဌိမဖြုတ်ရင်ဖြင့် မဖြစ်သေးတာဖြင့် သေချာပါပြီ (သေချာပါပြီ) သဘောပါပလား (ပါ ပါပြီ) ကောင်းပြီ ဒီဒိဋ္ဌိဘယ်ကလာသတုံးဆိုတာ လက်သည်ရှာကြစို့၊ ဒကာ ဒကာမတွေ ဒီဒိဋ္ဌိဘယ်ကလာပါလိမ့်မတုံး (ခန္ဓာငါးပါး မသိတာကလာပါတယ်) ဪ ခန္ဓာငါးပါးမသိတာကလာတယ်။

ခန္ဓာငါးပါးမသိတာက လာတယ်

ခန္ဓာငါးပါးမသိတာက လာတယ်ဆိုတော့ ဪ ဒါသည်ကားလို့ဆိုလိုရှိရင် ဒကာ ဒကာမတို့ အိုးပစ် အိမ်ပစ် နဲ့ကို သူ့ကိုသိအောင်လုပ်ဖို့ကောင်းတယ် (မှန်ပါ့) ကိုယ့် အပါယ်တံခါး ကိုယ်ပိတ်တာကို အိုးပစ် အိမ်ပစ် ပိတ်ရလို့ ခင်ဗျားတို့က ဘာများဈေးကိုင်စရာလိုသေးသတုံး (မလိုပါ) မလိုပါဘုရားဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အိုးပစ် အိမ်ပစ်ကလေးလို့ အပါယ်တံခါး ပိတ်ရတာကိုကိုယ်သေရင် အပါယ်သွားရမှာစိုးလို့ ကိုယ့်အပါယ်တံခါး ကိုယ်ပိတ်တဲ့အခါကျတော့ အိုးပစ် အိမ်ပစ်လုပ်ပြီး တရားကို ကြိုးစားလိုက်လို့ရှိရင်လဲ ခင်ဗျားတို့ အရှုံးထွက်သေးသလားလို့ မေးလိုက်ပါတယ် (မထွက်ပါ) ကိုစံလှ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ခင်ဗျားတို့က အိမ်အတွက် စိတ်မချလို့ ရွာစိတ်မချလို့နဲ့ ကိုယ့်ကိုယ်ကော စိတ်ချလို့လားလို့မေးချင်တယ် (မှန်ပါ့) မေးဖို့ကော မလိုဘူးလား (လိုပါတယ် ဘုရား)။

အိမ်စိတ်မချ၊ သမီးစိတ်မချ၊ သားစိတ်မချနဲ့ ကိုယ့်ကိုယ်က စိတ်ချရပါ့မလားလို့ မေးခွန်းထုတ်တယ် (မချရပါ ဘုရား) မချရသေးလို့ရှိရင် “အတ္တသမာ ပေမာနတ္ထိ” လို့ ခင်ဗျားတို့က ပါဠိတွေတော့ ရွတ်ပြီး သကာလ ကိုယ့်အရေးဟာ မကြီးဘဲ ထားတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မိုက်လုံးသန်လို့ဘဲ အဖြေထွက်မယ် (မှန်ပါ့) ဒီ့ပြင်ဘာထွက်ပါလိမ့် (ဘာမှမထွက်ပါ ဘုရား) ဘာမှထွက်စရာမရှိဘူးဆိုတာ ကောင်းကောင်းသေချာပြီလား (သေချာပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ခန္ဓာငါးပါးမသိလို့ဘာဖြစ်ရသတုံး (ဒိဋ္ဌိဖြစ်ရပါတယ်) ဒိဋ္ဌိတွေ ဒီကလာတယ်၊ ဒိဋ္ဌိလာလို့ရှိရင် တဏှ ဥပါဒါန် ကံဟာ မောင်နိုင် ရုန်းနိုင် ကန်နိုင်သေးရဲ့လား (မကန်နိုင်ပါ) ဒီအစဉ်ကြီးဟာ ပြောင်းလို့ရသေးရဲ့လား (မရပါ ဘုရား)။

အဲ့ဒါကြောင့် ကြပ်ကြပ်ဂရုစိုက်ပြီး မှတ်လဲမှတ်ပါ ခွဲလဲခွဲပါ (မှန်ပါ့) ကိုပေါ်မှတ်လဲ (မှတ်ရပါမယ်) ခွါလဲ (ခွါရပါမယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါးမသိတာ သိအောင်မှတ်ရလိမ့်မယ်

ကောင်းပြီ ဒါဖြင့် ခန္ဓာငါးပါးမသိတာ သိအောင်မှတ်ရလိမ့်မယ် (မှန်ပါ့) သိပြီးသည်၏အခြားမဲ့၌ ခန္ဓာငါးပါးဟာ ဪ ငါလဲမဟုတ်ပါလား၊ သူလဲမဟုတ်ပါလားဆိုတာ ခွါရလိမ့်မယ် (မှန်ပါ့) မခွါရင် တော်ပ့ါမလား (မတော်ပါ ဘုရား)။

အေး ဒါကြောင့် လေးစားစွာနဲ့ ဒီတရားကိုမှတ်ရလိမ့်မယ်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ပေါ့ပေါ့တန်တန်နဲ့ မနာပါနဲ့ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ကိုစံလှ ပေါ့လို့ရပါ့မလား (မရပါ) မသိလို့ပေါ့နေတာနော်၊ ဟိုက အနုမြူဗုံးချမှာကို မသိလို့ပေါ့နေတာ ခင်ဗျားတို့ က (မှန်ပါ့) ရောက်ရမှာက အပါယ်လေးပါး၊ အနုမြူဗုံးထက်ဆိုးတော့ မပေါ့ (မှန်ပါ့) မသိလု့ိသာ ဩာ် ကျုပ်တို့မှာ သားနဲ့ သမီးနဲ့ နေမိတော့လဲ ဒီလိုဘဲနေရတာဘဲဆိုတာ လေချိုသွေးမနေနဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုစံလှတို့တိုင်ပင်တာ ဒီအတိုင်း ဘုန်းကြီးပြောတာ အင်မတန်မှန်တယ်၊ အပါယ်လဲ ကျုပ်အင်မတန်ကြောက်ပါတယ်၊ ဖြစ်တေယ့ ဘယ့်နှယ့်မှ မတတ်နိုင်ဘူး၊ မတတ်နိုင်တော့ ကျုပ်ဒီလိုဘဲ ကြိုကြား ကြိုကြားကလေးဘဲခွါနေရတယ်၊ ကိုစောမောင် ဒီလို လာချင်လာပစ်လိုက်တာ (မှန်ပါ့ ဘုရား)။

ကြိုကြား ကြိုကြားကလေး ခွါနေရတော့ ဟိုဟာ ငရဲမီးငြိမ်းပြီး ငရဲအိုး သိမ်းရင်တော့ တော်ပါတယ် (မှန်ပါ့ ဘုရား) အခုတော့ ဟုန်းဟုန်းတောက်ပြီးစောင့်နေတာ ဘယ်တော့လာပါ့မတုံး၊ ဘယ်တော့လာပါ့မတုံးလို့ မျှော်လင့်နေတာ (မှန်ပါ့ ဘုရား)။

ကိုစောမောင် ဘယ့်နှယ့်တုံး (မျှော်လင့်နေပါတယ်) မျှော်လင့်နေတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ) မျှော်လင့် နေတယ်ဆိုတာ ဒယ်အိုး မျှော်တာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒယ်အိုးကမျှော်တာ

ဘယ်သူမျှော်တာပါလိမ့် (ဒယ်အိုးကမျှော်တာပါ) အဲ ဆူပွက်နေတဲ့ ဒယ်အိုးကြီးက မီဒကလဲ တဟုန်းဟုန်းတောက်ပြီး စောင့်နေတာဘဲ၊ ကြေးရေတွေ ထည့်ကြိုထားတဲ့ ဒယ်အိုးကြီးကလဲ ဗွက်ဗွက် ဗွက်ဗွက်နဲ့ စောင့်နေတာဘဲ၊ ဒီဒိဋ္ဌိသမားက စောင့်နေတာဘဲ၊ ဒီဒိဋ္ဌိသမားက စောင့်နေတာ (မှန်ပါ့ ဘုရား)။

ကိုစောမောင် ဘယ်သူစောင့်နေသတုံး (ဒိဋ္ဌိသမားကစောင့်နေပါတယ်) ကဲ ကိုစံလှ ကျေနပ်ပြီလား (ကျေနပ်ပါပြီ) မစောင့်နိုင်ဘူးလား၊ စောင့်နိုင်မလား (စောင့်နိုင်ပါတယ် ဘုရား)။

အို စောင့်နိုင်တယ်ဆိုတာ ဘုန်းကြီးက သက်သေခံကလေး လုံလောက်အောင်ပြောပါဦးမယ်နော် (မှန်ပါ့) ဘယ်လိုလုံအောင်ပြောမတုံး ဆိုလို့ရှိရင်ဖြင့် နန္ဒိယလူ့ပြည် ကျောင်းဆောက်တော့ သူမသေခင် နတ်ပြည်မှာ ဘုံပေါက်နေတယ် (မှန်ပါ့) ဒါတော့ ခင်ဗျားတို့က ပြုံးကြိုက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါကြောင့် မသေခင်ကဘာတဲ့ (ဘုံပေါက်နေပါတယ်) ကျောင်းများဆောက်လိုက်ရရင် သိပ်နေရာကျမှာ ဘယ့်နှယ့်တုံး မသေခင်က ဘုံပေါက်နေတယ်။

ရှင်မောဂ္ဂလန်ကြီး ကြွသွားတော့ နတ်သမီးတွေက ထွက်ပြီး နန္ဒိယကို မြေအိုးနဲ့တူတဲ့ လူ့ပြည်ကိုစွန့်ပြီး ရွှေအိုးနဲ့တူတဲ့ နတ်ပြည်သိမ်းဆည်းလှည့်ပါလို့ မှာလိုက်တယ်လို့ ပြောလိုက်စမ်းပါဘုရား ဆိုတာမျိုးကျတော့ ခင်ဗျားတို့က သိပ်ကြိုက်တယ် (မှန်ပါ့) ဘာဖြစ်လို့တုံး စောစောစီးစီးက သူ့အကျိုးပေးကစောင့်နေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

မသေခင်ကစောင့်တာ

သူ့အကျိုးပေးကဘာတုံး (စောင့်နေပါတယ်) မသေခင်ကစောင့်တာလား သေပြီးမှ စောင့်တာလား (မသေခင်က စောင့်တာပါ ဘုရား) အံမာ သိပ်နေရာကျပါလား ဒကာ ဒကာမတို့။

ဒိဋ္ဌိလုပ်သွားတော့လဲ ဘယ်သူက စောင့်သတုံး (ငရဲအိုးက စောင့်ပါတယ်) ဒယ်အိုးကစောင့်တာပေါ့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဘယ်ကစောင့်သလဲ (ဒယ်အိုးကစောင့်ပါတယ်) ဒယ်အိုးက ဘယ်လိုများ စောင့်သတုံးဆိုတော့ မီးမသေဘဲနဲ့ကို စောင့်နေတယ် (မှန်ပါ့ ဘုရား)။

ဆီပွက်က ဗွက်ဗွက်နဲ့ ဘာလုပ်သလဲ (စောင့်နေပါတယ်) အစစ်ခံချိန်များ ရှိသေးသလား (မရှိပါ ဘုရား) မရှိတော့ ကိုယ့်ကျောင်းမှာ ကိုယ်တက်နေသလိုပေါ့၊ ကျောင်းဆောက်ထားတဲ့လူက လူ့ပြည်က စုတိစိတ်ကျတော့ နတ်ပြည်မှာ နတ်သား ကြီးသွားဖြစ်တော့ ဒီဘုံထဲမှာကိုယ်ပိုင်သွားဖြစ်သလို ဒီမှာလဲ ဒယ်အိုးထဲ ကိုယ်ပိုင်သွားဖြစ်တာဘဲ၊ ရိပ်မိပြီလား (မှန်ပါ့)။

အဲ့ဒီတော့ ဒကာ ဒကာမတို့ ကျောင်းဆောက်တာ အုံပေါက် သဘောကျလို့ရှိရင် ဒိဋ္ဌိလုပ်တာ ဒယ်အိုးပေါက်တာလဲ ကိုစောမောင် (သဘောကျရမှာပါ) သဘောကျမယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

”ကုသလာဓမ္မာ အကုသလာဓမ္မာ” တဲ့ ဘုရားကဟောတယ်၊ အကုသလာ ဒုက္ခဝိပါက လက္ခဏာ အကုသိုလ်ဟာ မကောင်းတဲ့ အကျိုးပေးမယ်လို့ စောင့်နေတယ်၊ ကုသလာသုခ ဝိပါက ခက္ခဏာတဲ့ ကုသိုလ်ဟာ ကောင်းတဲ့အကျိုးပေးမယ်လို့ သူကလဲ စောင့်နေတာဘဲဆိုတာကော သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒယ်အိုးက စောင့်နေတာမှတ်

အဲ့ဒီတော့ ဒါ ပါဠိတော်တွေက ရှင်းရှင်းလင်းလင်းရှိပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတာ ဖြစ်နေသောကြောင့် ဒီဒကာ ဒကာမတွေ ဘယ်သူကများစောင့်နေပါလိမ့်မလဲဆိုရင် ဒိဋ္ဌိမဖြုတ်သေးတဲ့ ပုဂ္ဂိုလ်မှာ ဒယ်အိုးက စောင့်နေတာမှတ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ဒယ်အိုးကစောင့်နေပါတယ် ဘုရား) ဒယ်အိုးက မီးသေပြီးစောင့်နေတာလား မသေဘဲနဲ့ ဟုန်း ဟုန်းတောက်စောင့်နေတာလား (မသေဘဲနဲ့ ဟုန်းဟုန်းတောက်စောင့်နေတာပါ ဘုရား)။

အထဲမှာရှိတဲ့ အရည်တွေက ပွက်ပွက်ဆူပြီး စောင့်သလား အရည်မရှိသေးဘူး သူမလာသေးလို့ ဒီလိုများ ထင်ကြသလား (မဟုတ်ပါ ဘုရား) ကိုစောမောင် တခါတည်းစောင့်နေတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

အဲ့ဒါ ဆရာဘုန်းကြီး ကြောက်အောင်ဟောတာလား၊ လန့်အောင် ဟောတာလား၊ ဖြစ်စဉ်ကိုက်ပြောတာလား ဆိုတာ ခင်ဗျားတို့ ဝေဖန်ကြည့် (ုဖြစ်စဉ်ကိုက်ပြောတာပါ) နန္ဒိယကျောင်းကြီးဆောက်လို့ ဘုံပေါက်နေတာ ကိုစံလှ ငြင်းချင်သေးသလား (မငြင်းချင်ပါ ဘုရား)။

ရှင်မောဂ္ဂလန်က ဟ ဒါ ဘယ်သူ့ဘုံတုံးလို့မေးတော့ အရှင်ဘုရား လူ့ပြည်ကနန္ဒိယအတွက် ဘုံပေါက်နေတာဘုရာ့၊ အဲ့ဒါ တပည့်တော်တို့က ဒီမှာ စောင့်နှင့်ရတာပါ ကြိုနှင့်ရတာပါဘုရားလို့ နတ်သမီးတွေကတောင် မှာလိုက်သေးတယ်၊ သူ့ဘုံ ပါဘုရားလို့မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲ့ဒါတွေရှိနေတော့ ကျုပ်တို့များ ဘယ်သူများ စောင့်နေပါလိမ့်မတုံးဆိုတာ အဲ့ဒါ မျက်စောင်းကလေးများ ထိုးကြည့် ကြပါဦးဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့) ဘယ်သူကများ စောင့်နေပါလိမ့် (ဒယ်အိုးကစောင့်နေပါတယ်) မီးငြိမ်းပြီး စောင့်သလား မီးတောက်ပြီးစောင့်သလား (မီးတောက်ပြီးစောင့်ပါတယ်) ဒါမှ အဆင်သင့်ဖြစ်မှာကိုး (မှန်ပါ့) ဒါမှ အဆင်သင့် ဖြစ်မယ်ဆိုတာ ကောင်းကောင်းကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

နာအောင်ပြောတယ်လို့ မယူလိုက်ပါနဲ့

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ နာအောင်ပြောတယ်လို့ မယူလိုက်ပါနဲ့၊ ဖြစ်စဉ် ဒီအတိုင်းပါဘဲလို့ပြောတာ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါနာအောင်ပြောတာလား ဖြစ်စဉ်ဒီအတိုင်း (ဖြစ်စဉ်ဒီအတိုင်းပါ ဘုရား) ခုနင်က ကျောင်းဆောက်တာ နန္ဒိယဝတ္တု ဓမ္မပဒမှာလာတဲ့ဟာကို သဘောကျလို့ရှိရင် ကိုစံလှ အပါယ်က စောင့်နေတယ်ဆိုတာ သဘောကျစရာပါပြီလား (ပါပါပြီ ဘုရား) မကောင်းတာကိုလည်း မကောင်းတဲ့အကျိုးပေးက စောင့်တာဘဲ၊ ကောင်းတဲ့တရားကိုလဲ (ကောင်းသောအကျိုးပေးကစောင့်ပါတယ်) ကောင်းသော အကျိုးပေးက စောင့်တာဘဲဆိုတော့ ဟိုဟာတော့ မကြိုက်ဘူး၊ မကြိုက်လို့ရှိရင် ပရမတ်ဖောက်သွားမှာပေါ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

မကြိုက်ရင်ဘာတုံး (ပရမတ်ဖောက်သွားမှာပါ) ပရမတ်ဖောက်သွားမယ်၊ ပရမတ်ဆိုတာက ကုသိုလ်ကလဲ ကောင်းကျိုး သာပေးရမယ်၊ မကောင်းကျိုးကိုဖောက်ပြီး မပေးနိုင်ဘူး (မှန်ပါ့) အကုသိုလ်ကလဲ မကောင်းကျိုးကိုသာ ပေးရမယ်၊ ကောင်းကျိုးကို သူဖောက်ပြီးတော့ (မပေးနိုင်ပါ ဘုရား)။

ပရမတ်ဆိုတော့ ပရမော ဥတ္တမော အဝိပရိတော တိပရမတ္တောဆိုတဲ့အတိုင်း မဖောက်ပါဘူးတဲ့ သူ့အကြောင်းနဲ့ သူ သူ့အကျိုးပေးချည့်လာတာပါ (မှန်ပါ့) အဖြူက အဖြူအကျိုးပေးတယ် ကိုစောမောင် (မှန်ပါ့ ဘုရား)။

အမည်း အဖြူအကျိုးပေးတာဘဲ

အမည်းအဖြူက (အမည်းအဖြူ အကျိုးပေးပါတယ်) အမည်း အဖြူအကျိုးပေးတာဘဲဆိုတာ အင်္ဂုတ္ထိုရ် ပါဠိတော်ကြီးမှာ ရှင်းရှင်းလင်းလင်း ပြထားတာလဲ ရှိနေတော့ မောင်နိုင်ရေ ဒီဒိဋ္ဌိအရေးကြီးတာ သိပါစေတော့လို့ ဒကာ ဒကာမတွေ ပြောနေတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဒိဋ္ဌိ ဘယ်ကလာ (ခန္ဓာငါးပါး မသိတာက လာပါတယ်) ခန္ဓာငါးပါးမသိတာက လာတယ်ဆိုတော့ ဟုတ်ရော ဟုတ်ပေတာဘဲလို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချလိုက်ပါတော့နော် (မှန်ပါ့)။

ခန္ဓာငါးပါး ဘယ်လိုမသိသတုံးဆိုတော့ ဒါဘယ်သူတုံး လို့ဆိုရင် သားဘဲ သမီးဘဲဆိုတော့ ခန္ဓာသိသေးရဲ့လား (မသိပါ ဘုရား) မသိတော့ဘူး ဒကာ ဒကာမတို့၊ မြင်တဲ့ အဆင်း ရုပ်ကလေးဟာ ရူပက္ခန္ဓာလို့ သိသေးရဲ့လား (မသိပါ ဘုရား)။

ကြားတဲ့ အသံကလေးဟာလဲ သဒ္ဒရုပ် ရူပက္ခန္ဓာလို့ကော သိသေးရဲ့လား (မသိပါ ဘုရား) မသိတာက မိုးမွှန်သွားတော့ တာဘဲ (မှန်ပါ့)။

မသိတာ မိုးမွှန်သွားတဲ့အခါကျလို့ရှိရင်ဖြင့် ဒါသားရဲ့အသံဘဲ၊ သားအသံဖြင့်လဲ ဝမ်းထဲ ထိတ်ကနဲ ဖြစ်သွားတယ် ဆိုတာ ခင်လုံးကလေး ဟိုက်ကနဲသွားတာ မလာဘူးလား (လာပါတယ် ဘုရား) စွဲစွဲလမ်းလမ်း ဥပါဒါန်ကကော မလာပေဘူးလား (လာပါတယ် ဘုရား)။

ရူပက္ခန္ဓာလို့ သိသေးရဲ့လား

ကာယကံ ဝစီကံနဲ့လဲ သူ့အကြောင်း ပြောချင်လိုက်တာ၊ သူ့ဆိုချင်လိုက်တာ၊ သူ့တွေ့ချင်လိုက်တာ၊ သူ့ကို ကိုင်ချင်လိုက်တာ၊ သူ့တွယ်ချင်လိုက်တာဆိုတဲ့ ကာယကံ ဝစီကံတွေကကော (လာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာမသိတာက လာတယ် ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒီသားအသံက ရူပက္ခန္ဓာ၊ ရူပက္ခန္ဓာလို့ သိသေးရဲ့လား (မသိပါ ဘုရား)။

မြင်လိုက်တဲ့အဆင်းကလေးကလဲ ရူပက္ခန္ဓာ၊ ရူပက္ခန္ဓာလို့ သိသေးရဲ့လား (မသိပါ ဘုရား) သားရယ်လို့ဖြစ်နေတယ် မောင်နိုင်ရ (မှန်ပါ့) မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် မသိတာက လာတယ်ဆိုတာ မနေ့ကထက် ပိုမို ရှင်းပေးလိုက်ပါတယ် (မှန်ပါ့) ဘယ်ကလာပါလိမ့် (မသိတာက လာပါတယ်) ခန္ဓာငါးပါး ရူပက္ခန္ဓာလို့ကော သိသေးရဲ့လား (မသိပါ ဘုရား) ဘယ်သိမတုံး၊ တခါတည်းသွားစမ်းရင် နဖူးကလေးများ သွားစမ်းရင် ငါ့သား ပူလိုက်တာ (မှန်ပါ့)။

နဖူးကလေးများ သွားစမ်းတော့ ဘယ့်နှယ့် တဲ့၊ ငါ့သားပူလိုက်တာ၊ ငါ့သမီးပူလိုက်တာ အစရှိသည်နဲ့ ပူတဲ့ အပူကို ငါ့သား ငါ့သမီးဖြစ်အောင် လုပ်နေတာ (မှန်ပါ့) ပူတာဟာ တေဇောရုပ်မဟုတ်လား (မှန်ပါ့) တေဇောရုပ်ဆိုရင် ရူပက္ခန္ဓာမဟုတ် လား (မှန်ပါ့)။

ကိုစောမောင် ဘာတဲ့တုံး (ရူပက္ခန္ဓာပါ ဘုရား) ရူပက္ခန္ဓာကို ဘာလုပ်ပစ်လိုက်သတုံး (သားလုပ်ပစ်လိုက်ပါတယ်) ငါ့သား ငါ့သမီး လုပ်မပစ်လိုက်ဘူးလား (လုပ်ပစ်လိုက်ပါတယ် ဘုရား) အဲ့ဒီကတည်းက ခန္ဓာသိသေးရဲ့လား (မသိပါ ဘုရား) ခန္ဓာမသိလို့ ဒိဋ္ဌိဖြစ်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ကယ်တင်နိုင်တဲ့ ဆရာသမားက ခင်ဗျားတို့ကို ပြုပြင်သင်ပေးနေတဲ့ အဓိပ္ပာယ် ရှင်းနေတော့ ဪ ဘယ့်နှယ့်ကြောင့် ဆရာဘုန်းကြီး ပြောပါလိမ့်မလဲလို့ မောင်နိုင်တို့က မေးခွန်းထုတ်ခဲ့သည်ရှိသော် မသိမှား မှားနေတာတွေ လွန်လွန်းလို့၊ မသိမှားကလဲ နည်းနည်းမှားတာလား၊ များများမှားတာလား (များများမှားပါတယ် ဘုရား)။

များများမှားတော့ များများအကျိုးပေး

များများမှားတော့ များများအကျိုးပေးကျတော့လဲ အမြဲနေစရာအိမ်ဖြစ်သွားလိမ့်မယ် အပါယ်လေးပါးက (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒါကြောင့် အခု မပေါ့ပါနဲ့ဆိုတာ ခင်ဗျားတို့ အသက်တမ်းကလေးကလဲ တိုလိုက်တာ၊ ဘုန်းကြီးတို့ အသက်တမ်း ကလဲ တိုလိုက်တာ၊ ဘုန်းကြီးတို့ အသက်တမ်းကလဲ အခုရှုနေတဲ့စိတ်လာတယ်၊ ပြန်ထုတ်တဲ့စိတ်မလာရင် သေပြီ(မှန်ပါ့) ဒီအသက်တမ်းကြားထဲမှာ ကယ်တင်နေရမယ်ဆိုတာလဲ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ကယ်တင်တဲ့ ပုဂ္ဂိုလ်များကလဲ အနိစ္စခန္ဓာ လက်ကိုင်ထားပြီး ကယ်တင်ခြင်း ခံရတယ် (မှန်ပါ့) အင်း ဘယ်သူ့ ဘယ်သူအစိုးရလို့ ကယ်တင်နိုင်တာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် ပေးတဲ့ ပုဂ္ဂိုလ်ကလဲ မြန်မြန်ပေး၊ ယူတဲ့ပုဂ္ဂိုလ်ကလဲ မြန်မြန်ယူမှသာလျှင် အဆင်ပြေတော့မယ် (မှန်ပါ့) ပေးတဲ့ ပုဂ္ဂိုလ်က (မြန်မြန်ပေးရပါ့မယ်) မြန်မြန်ပေး၊ သူကလဲ သက်တမ်းတိုတိုကိုး (မှန်ပါ့) ယူတဲ့ပုဂ္ဂိုလ်ကလဲ (မြန်မြန်ယူပါ့မယ်) ယနေ့ နက်ဖြန်ပြောင်းနေဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဒါကြောင့်လဲ “အဇ္ဇေဝကိစ္စ ကာတဗ္ဗ” ဆို့ပြီး ယနေ့လား နက်ဖြန်လားမသိဘူး၊ မြန်မြန်ပါကွ မြန်မြန်လုပ်ပါကွ အစရှိသည်နဲ့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ ဘုန်းကြီးက တိုက်တွန်းရှာတယ်ဆိုဘဲ၊ ရှာသံများ မသုံးလိုက်ပါနဲ့ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့) တိုက်တွန်းရှာတာမဟုတ်ဘူး၊ တိုလွန်းလို့ပြောနေတာလို့ အဓိပ္ပာယ်က ယူလိုက် (မှန်ပါ့)။

သက်တမ်းတော့ ဘယ့်နှယ့်တုံး

သက်တမ်းတော့ ဘယ့်နှယ့်တုံး (တိုလွန်းပါတယ် ဘုရား) တိုလွန်းလို့ဆိုတော့ မရလိုက်မှာ စိုးသွားတယ် (မှန်ပါ့) ဒီကပေးတဲ့ ပုဂ္ဂိုလ်ကလဲ မပေးနိုင်မှာစိုးတယ် (မှန်ပါ့) ဒါကြောင့် မြန်မြန်လုပ်ပါဆိုတဲ့ အဓိပ္ပာယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဒိဋ္ဌိ ဘယ်ကလာပါလိမ့် (ခန္ဓာငါးပါးမသိတာက လာပါတယ်) မသိတာက လာတယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီဒိဋ္ဌိသည်ကား လို့ဆိုရင် “မိစ္ဆာ ပဿတီတိ ဒိဋ္ဌိ” မိစ္ဆာ = မှားသောအားဖြင့်၊ ပဿတိ = မြင်၏ ဆိုတော့ ဪ သူဟာ အမှားဖြစ်ရာက လာတာကိုး (မှန်ပါ့)။

ရူပက္ခန္ဓာကို သားသမီးလုပ်တာလဲ အမှားပေါ့ဗျာ (မှန်ပါ့ ဘုရား) ဝေဒနာက္ခန္ဓာ သားသမီးလုပ်တာကော (အမှားပါ ဘုရား) သညာက္ခန္ဓာ သားသမီးလုပ်တာကော (အမှားပါ) သင်္ခါရက္ခန္ဓာ သားသမီးလုပ်တာကော (အမှားပါ ဘုရား)။

စိတ်ကို သားသမီးလုပ်တာကော (အမှားပါ) စိတ်ကို မိမိလုပ်တာကော (အမှားပါ) အမှားချည့်ဘဲ ဆိုတော့ အဲ့ဒီတော့ ခန္ဓာမသိလို့ ဒိဋ္ဌိဖြစ်ရတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

တချို့သာ ပြောကြပါသေးတယ် ဒကာ ဒကာမတို့ ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း ရှစ်ပါးတောင်ရှိတယ်၊ အခု တစ်ချက်တွင် ပြောနေတာနော် (မှန်ပါ့)။

အဲ့ဒါတွေ ဒကာ ဒကာမတွေက မသိတော့ကို ဪ ဒီလို ပုဂ္ဂိုလ် ဒီလိုတွေ့မှ ကယ်ယူနိုင်တော့မှာဘဲ၊ တို့ အလိုဖြင့် ဘာမှ မဟုတ်တော့ပါလားဆိုတာ မောင်နိုင် သေသေချာချာပေါ်တယ် (မှန်ပါ့)။

ဒိဋ္ဌိက ဘယ်ကလာတယ်လို့မှ သိရဲ့လား

ကိုစံလှတို့အလိုဆိုရင် ဘာမှန်းသိသေးရဲ့လား (မသိပါ ဘုရား) ဒိဋ္ဌိက ဘယ်ကလာတယ်လို့မှ သိရဲ့လား (မသိပါ ဘုရား) အခုတော့ဖြင့် ရှင်းသွားပြီ၊ ခန္ဓာကို ခန္ဓာလို့မသိတာကလာတယ် (မှန်ပါ့)။

ဒကာကြီးလှိုင် ဘယ်ကလာသတုံး (ခန္ဓာကို ခန္ဓာလို့ မသိတာက လာပါတယ်) ခန္ဓာကို ခန္ဓာလို့မသိတာကလာတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အမေမိဘဆီကလာတဲ့အတတ်ကလဲ ဒိဋ္ဌိချည့် သင်လွှတ်လိုက်တယ် (မှန်ပါ့ ဘုရား) ကိုစံလှ ဘာတွေများ သင်လွှတ်လိုက်သလဲ (ဒိဋ္ဌိချည့်သင်လွှတ်လိုက်ပါတယ် ဘုရား)။

ဟော နင့်ကိုယ်လို့ မှတ်ထား၊ နင့်ကိုယ်ကြည့်လိုက်တော့ နင် ထမင်းစားချိန်ကျတော့ စားရမှာဘဲ၊ နင်ထမင်းစားချိန် နင် မြန်မြန်ပြန်ခဲ့၊ နင့်ကိုယ်မှ နင် မသနားဘူးလား၊ အမေမိဘက ဒီအတိုင်း ဆုံးမတယ် (မှန်ပါ့) မဆုံးမဘူးလား (ဆုံးမပါတယ် ဘုရား)။

ဒိဋ္ဌိသင်လွှတ်လိုက်တယ်

အဲ့ဒီတော့ ဘာသင်လွှတ်လိုက်ပါလိမ့်မလဲ (ဒိဋ္ဌိသင်လွှတ်လိုက်ပါတယ်) နင့်ကိုယ်မှ နင်မရှက်လို့ရှိရင် နင် တိရစ္ဆာန် လားလို့မေးလိုက်မယ်၊ မမေးဘူုးလား (မေးပါတယ် ဘုရား)။

ဒါကို သားသမီးကလဲ ဒီအတိုင်းမှတ်ပြီး သကာလ ထားတော့ ဪ ဒါဟာ ငါ့ကိုယ်တဲ့နော်၊ ငါ့ကိုယ် ငါစောင့်ရှောက်မှ ငါ ခင်မှပေါ့ ဆိုတော့ အင်း ဒိဋ္ဌိက တန်းထွက်သွားတယ် (မှန်ပါ့) မသွားပေးဘူးလား (သွားပါတယ် ဘုရား)။

ဪ ဒါတွေဟာ ဒကာ ဒကာမတွေ စကားတတ်လို့ပြောတာ မဟုတ်ပါဘူး၊ အမှားများလို့ ဒီစကားထွက်တယ်ဆိုတာ ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါပြီ) အမှားက သိပ်မများဘူးလား (များပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် အခုတော့ဖြင့် သိပါပြီ ဒကာ ဒကာမတို့၊ အဲ့ဒီတော့ ခန္ဓာငါးပါးမသိတာက လာတယ်ဆိုသဖြင့် ဘုန်းကြီး က ခန္ဓာငါးပါးသိအောင် ပြောလိုက်မယ်၊ ခင်ဗျားတို့ ဒိဋ္ဌိကွာ မကွာ (ကွာပါတယ် ဘုရား) ဒိဋ္ဌိကွာလို့ရှိရင်ဖြင့် မိစ္ဆာဒိဋ္ဌိကွာရင် သမ္မာဒိဋ္ဌိဖြစ်ရမယ် (မှန်ပါ့)။

သမ္မာဒိဋ္ဌိဖြစ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိလဲ ဖြစ်ပါရော တဏှာ ဥပါဒါန် ကံက ချုပ်တယ် (မှန်ပါ့ ဘုရား) ချုပ်တော့ အပါယ်မှာစောင့်နေတာတွေဟာ ငရဲမီးငြိမ်း၍ အိုးသိမ်းပါတယ် (မှန်ပါ့)။

ငရဲမီးငြိမ်း၍ (ငရဲအိုးသိမ်းပါတယ် ဘုရား) ဒါဟာ သမ္မာဒိဋ္ဌိတလုံး ပေါ်လိုက်တာ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

သမ္မာဒိဋ္ဌိ တလုံးတည်း ပေါ်လိုက်တာ

မှန်ကန်စွာသိတဲ့ သမ္မာဒိဋ္ဌိ တလုံးတည်း ပေါ်လိုက်တာနဲ့ ကိုစောမောင် အရေးပါ အရာရောက်တယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် တလုံးတည်းဖြင့် တို့ အရိုးကျေကျေ အရေခမ်းခမ်း ဒီတလုံးသိမှုနဲ့ ဒီတလုံးသိမှုနဲ့ ဒီတလုံး မြင်မှုကိုဖြင့် တို့ လုပ်ထိုက်တယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) မလုပ်ထိုက်ဘူးလား လုပ်ထိုက်သလား (လုပ်ထိုက်ပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒါလောက်ကျအောင် အရေးတကြီးဟောမည့်ဆရာကလဲ တွေ့ဖို့ရာမလွယ်ဘူးနော် (မလွယ်ပါ ဘုရား) မှန်တာကလဲ အင်မတန် မှန်နေပြီ (မှန်ပါ့) မမှန်ဘူးလား (မှန်ပါ့တယ် ဘုရား)။

သေတာပန် ဘာကြောင့် အပါယ်မကျသတုံး (ဒိဋ္ဌိပြုတ်ပြုတ်လို့မကျတာပါ ဘုရား)။

ဒါဖြင့် အပါယ်သွားကြောင်းမှာ ဒိဋ္ဌိခေါင်းဆောင်ဆိုတာက (သေချာပါတယ် ဘုရား) ခင်ဗျားတို့က ပါဏာတိပါတစတဲ့ ငါးပါးသီလမလုံလို့ အပါယ်ကျတယ်ထင်တယ်၊ ဒီငါးပါးစီလမလုံတာက ဒိဋ္ဌိကြောင့် မလုံတာ (မှန်ပါ့) ငါ့သားစားဖို့ ငါလုပ်ရမယ်၊ မတတ်နိုင်ဘူး၊ ဟောဒီဒိဋ္ဌိက လာတာ (မှန်ပါ့)။

ငါ့သားစားဖို့ မုသားပြောရ ပြောရ၊ ဘာလုပ်ရ လုပ်ရ ငါ့အိမ်မှာ ငါခေါင်းဆောင်ပြီး သကာလ နေတော့ ဒါ သီလပျက် တာကို ပဓာနမထားနိုင်ဘူးဆိုတော့ ဒိဋ္ဌိကြောင့် သူ သီလအပျက်ခံတာ (မှန်ပါ့)။

တခါ ပေးမယ် ကမ်းမယ်လို့ စိတ်ကူးတော့လဲ ကိုယ်မချိအမိသော် သားတော်ခဲ မပေးနိုင်ဘူး၊ ကိုယ့်သားသမီးတွေက ရှိသေးတယ်၊ ဘယ်သူက ကန့်ကွက်လိုက်သလဲ (ဒိဋ္ဌိက ကန့်ကွက်လိုက်ပါတယ် ဘုရား)။

ဒိဋ္ဌိကြောင့် အကုသိုလ်တွေဖြစ်ရတယ်

ဒါဖြင့် ကိုစောမောင် ဒိဋ္ဌိကြောင့် အကုသိုလ်တွေဖြစ်ရတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ဘယ်သူခေါင်းဆောင်ပါလိမ့် (ဒိဋ္ဌိခေါင်းဆောင်ပါ ဘုရား) ဘယ်သူခေါင်းဆောင်ပါလိမ့် (ဒိဋ္ဌိခေါင်းဆောင်ပါ ဘုရား) အကုသိုလ်၏ ထောင့်ငါးရာကိလေသာတို့၏ ခေါင်းဆောင် ဟုတ်လား၊ အပါယ်လေးဘုံတို့သို့ ရောက်ရာရောက်ကြောင်း ခေါင်းဆောင် ဘယ်သူထင်ကြသတုံး (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိဘဲပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် သောတာပန် အပါယ်မကျအောင် ဘာများဖြုတ်လိုက်လို့ပါလိမ့် (ဒိဋ္ဌိဖြုတ်လိုက်လို့ပါ ဘုရား) သေချာပြီလား (သေချာပါပြီ ဘုရား)။

အဲ့ဒီလောက် လုံလောက်အောင် ပြောနေတော့ ဪ တို့သည်ကားဆိုလို့ရှိရင် ဒိဋ္ဌိသည်ကားလို့ဆိုရင် အကြီးတကာ့အကြီးထဲမှာ အကြီးဆုံးအရေးဆိုတာ ကောင်းကောင်း ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်လာပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးပြောလိုက်တယ်၊ ဝေဒနာသုံးပါး ခန္ဓာထဲမှာ ပေါ်လာလိမ့်မယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား) ဝေဒနာသိရင်လဲ ဒိဋ္ဌိတော်တော်ပဲ့နေပြီ (မှန်ပါ့ ဘုရား) ဒိဋ္ဌိ တော်တော်ပဲ့သွားပြီ။

ဘာကြောင့်တုံး ဆိုတော့ မင်းတို့ ခန္ဓာကြည့်ဟေ့ ခံသာရင် သုခဝေဒနာ၊ မခံသာရင် ဒုက္ခဝေဒနာကွ၊ ခံသာနဲ့ မခံသာ ကြားထဲမှာ ပေါ်နေတာ ဥပေက္ခာဝေဒနာကွ၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဟောလိုက်တော့ ဒကာ ဒကာမတွေ ဉာဏ်နဲ့ ကောင်းကောင်းကြီး ကြည့်နေတော့ ဝေဒနာကလေးတွေပေါ်ပေါ် လာတယ်၊ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား) ဒီကတည်းက ဝေဒနာရယ်လို့ သူသိသွားပြီ၊ မသိသေးဘူးလား (သိပါပြီ ဘုရား)။

ဝေဒနာရယ်လို့ သိသွားတော့

ဝေဒနာရယ်လို့ သိသွားတော့ ငါနာတာ ငါကောင်းစားတာ ငါအလတ်စားဖြစ်နေတယ်လို့ ဒီလိုလာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိက တော်တော်ပဲ့ပြီ ကိုစောမောင်ရေ (မှန်ပါ့) မပဲ့သေးဘူးလား (ပဲ့ပါပြီ ဘုရား)။

ဒါတောင် ဆရာဘုန်းကြီးက အဲ့ဒါလောက်တင်မထားနဲ့ကွ၊ ဒါလောက်ဆိုလို့ရှိရင် ဒိဋ္ဌိက ပဲ့ရုံပဲ့သေးတယ်၊ ပြုတ်သွားရင် ကောင်းတယ်ကွ၊ ငရဲမီးငြိမ်း ငရဲအိုးသိမ်းရအောင် ပြုတ်တာ ကောင်းတယ်ကွ၊ ဒီတော့ မင်းသည်ကား လို့ ဆိုရင် ပေါ်တဲ့ ဝေဒနာကလေးကို ဝေဒနာရယ်လို့ မထားနဲ့တော့ အနိစ္စလို့ ရှုပေး၊ ဖြစ်ပျက်လို့ ရှုပေး၊ ကိုစံလှ မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား) ခိုင်းလိုက်တော့ ခင်ဗျားတို့က မရှုပေဘူးလား (ရှုပါတယ် ဘုရား)။

ရှုလိုက်တော့ ဒကာ ဒကာမတွေ ရှုသည်နဲ့ တပြိုင်နက်တည်း အနိစ္စဟုတ်လား (မှန်ပါ့) ဒါဟာ အမှားသိလား အမှန်သိလား (အမှန်သိပါ ဘုရား) အမှန်သိဆိုလို့ရှိရင် ခုနင်ကအမှားသိက မိစ္ဆာဒိဋ္ဌိ (မှန်ပါ့ ဘုရား) အမှန်သိက သမ္မာဒိဋ္ဌိ ပြောင်းသွားတယ်၊ မောင်နိုင် မပြောင်းသေးဘူးလား (ပြောင်းပါတယ် ဘုရား)။

ဒါကြောင့် ဝေဒနာသိပြီး ဖြစ်ပျက်ကို ကြည့်ပါ၊ ဒိဋ္ဌိပြုတ်ပါတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝေဒနာသိပြီး ဖြစ်ပျက်မိအောင် ရှုလိုက်ရင် ကိုစောမောင် ဘာပြုတ်သလဲ (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

ဟာ ဘယ့်နှယ့်ကြောင့် ပြုတ်ပါလိမ့်မလဲဆိုတော့ ဝေဒနာဆိုတော့ ခန္ဓာကိုလဲသိတယ်၊ ဖြစ်ပျက်ဆိုတော့ အနိစ္စလဲ သိတယ်၊ ဒိဋ္ဌိဆိုတော့ ခိုင်တယ် မြဲတယ် ယူထားတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) ခိုင်တယ် မြဲတယ်ယူတဲ့ ဒိဋ္ဌိကလဲ ကပ်သေးသလား (မကပ်ပါ ဘုရား) မကပါတော့ဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ခိုင်တယ် မြဲတယ်လို့ ယူတဲ့ ဒိဋ္ဌိလဲ မကပ်၊ ခန္ဓာမသိလို့လာတဲ့ ဒိဋ္ဌိကလဲ ဝေဒနာက္ခန္ဓာလို့ သိသောကြောင့် ဒိဋ္ဌိက ပြုတ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပြီး ပျက်တာကျအောင် မင်းတို့ ရှုလိုက်

ခန္ဓာမသိတဲ့ ဒိဋ္ဌိဖြစ်တာလဲ ဝေဒနာပေါ်တာလို့ သိလိုက်ကတည်းက ခန္ဓာလို့ မသိတဲ့ ဒိဋ္ဌိရှိသေးရဲ့လား (မရှိပါ ဘုရား) ခိုင်တယ် မြဲတယ်ထင်တဲ့ သဿတ ဝင်လာမှာစိုးလို့ ဖြစ်ပြီး ပျက်တာကျအောင် မင်းတို့ ရှုလိုက်၊ သတိမပေးဘူးလား (ပေးပါတယ် ဘုရား)။

ဖြစ်ပြီးပျက်တာကျအောင် ကြည့်လိုက်ဆိုတော့ ဪ ဖြစ်ပြီးပျောက်သွားတာဘဲလို့ သိလိုက်တော့ ဒီမှာ ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ဉာဏ်နဲ့လဲ ‘ဖျပ်’ ကနဲ ကြည့်လိုက်ပါရော ခန္ဓသိခြင်းကြောင့်လဲ ဒိဋ္ဌိပြုတ်၊ ဖြစ်ပျက်မိခြင်းကြောင့်လဲ (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

ခန္ဓာသိခြင်းကြောင့်လဲ (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား) ဖြစ်ပျက်မိခြင်းကြောင့်လဲ (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

အဲ နှစ်ခုရှင်းပြပါမယ် တဲ့၊ ဒီနေ့ တရားနှစ်လုံးတိုးပြီး ပြောလိုက်ပါမယ်၊ ခန္ဓာသိခြင်းကြောင့်လဲ ဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့ ဘုရား) ဒါဖြင့် ခန္ဓာကြောင့် ဖြစ်တဲ့ ဒိဋ္ဌိဟာ ခန္ဓာသိရင်ပြုတ်ပါတယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

တခါ ခန္ဓာကိုဖြစ်ပျက်လို့သိတော့ အနိစ္စလို့မသိဘူးလား (သိပါတယ် ဘုရား) အနိစ္စလို့သိသောကြောင့် အနိစ္စလို့ မသိတဲ့ အဝိဇ္ဇာကော (ပြုတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာကြောင့် ဒိဋ္ဌိဖြစ်တယ်ဆိုတာ အဝိဇ္ဇာလဲပြုတ်တယ် (မှန်ပ့ါ) အဝိဇ္ဇာပြုတ်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် အစကပြောတယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ် အစက ပြတ်ပါတယ်

အပါယ်လေးပါးသွားဖို့ဝေးလို့ ပဋိစ္စသမုပ္ပါဒ် အစက ပြတ်ပါတယ်ဆိုကတည်းက ကိုစောမောင် ဘာပူစရာရှိသေးသတုံး (မရှိတော့ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာမသိလို့ ဒိဋ္ဌိဖြစ်ရတယ်ဆိုတာ ကိုလဲ ဝေဒနာသိကတည်းက ဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့) အဝိဇ္ဇာရှိလို့ ဒိဋ္ဌိဖြစ်ရတယ်ဆိုတာလဲ ဖြစ်ပျက်သိကတည်းက ဒကာ ဒကာမတို့ ဝိဇ္ဇာလား အဝိဇ္ဇာလား သိတာက (ဝိဇ္ဇာပါ) ဝိဇ္ဇာဖြစ်နေတော့ အဝိဇ္ဇာလဲ မချုပ်ဘူးလား (ချုပ်ပါတယ်) ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာလဲချုပ် ဒိဋ္ဌိလဲပြုတ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာသိတော့ ခန္ဓာကြောင့် ဖြစ်တဲ့ ခန္ဓာမသိလို့ဖြစ်တဲ့ ဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်သိတဲ့အခါကျတော့ ဖြစ်ပျက်မသိခြင်းကြောင့် ဒိဋ္ဌိဖြစ်နေရတဲ့ သဿက ဥစ္ဆေဒ ဒိဋ္ဌိပြုတ်ပြီး သကာလ သမ္မာဒိဋ္ဌိ က ဝင်မလာဘူးလား (ဝင်လာပါတယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာလဲချုပ် ဒိဋ္ဌိလဲပြုတ်တယ် (မှန်ပါ့ ဘုရား) အဝိဇ္ဇာက လေးပိုင်းတပိုင်းချုပ်ပါတယ်၊ ဒိဋ္ဌိကတော့ဖြင့် အကုန်ပြုတ်ပါတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဝေဒနာဖြစ်ပျက်ကို ရှုပါ (မှန်ပါ့) စိတ်ဖြစ်ပျက်ကို (ရှုရပါမယ်) နှစ်ခုစလုံး သိအောင် ပြေနေတာ (မှန်ပါ့) ဝေဒနာလို့ဆိုတော့ ခန္ဓာမသိတဲ့ဒိဋ္ဌိက ပြုတ်ပြီ (မှန်ပါ့)။

ဖြစ်ပျက်ရှုပါဆိုတော့ ဖြစ်တာနဲ့ ပျက်တာကို မြင်အောင်ကြည့်စမ်းပါဆိုတော့ ခိုင်တယ် မြဲတယ်ကို ယူထားတဲ့ အဝိဇ္ဇာသဘော တွေလဲရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ မသိတဲ့ အဝိဇ္ဇာ မလာသောကြောင့် အဝိဇ္ဇာလဲပြုတ်တယ် (ပြုတ်ပါတယ်) အဝိဇ္ဇာဘယ့်နှယ့်ကြောင့် ပြုတ်သတုံး ဆိုတော့ သမ္မာဒိဋ္ဌိဆိုတဲ့ ဝိဇ္ဇာမဂ် ပေါ်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိက အလယ်ခေါင်မှာနေတယ်

အဲ့ဒီတော့ကို မသိတဲ့အဝိဇ္ဇာပြုတ်လို့ ဝိဇ္ဇာမဂ္ဂင် ဝင်တာပေါ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်မှာ ဒိဋ္ဌိက အလယ်ခေါင်မှာနေတယ်၊ အဝိဇ္ဇာက အစမှာနေတယ် (မှန်ပါ့) ဝေဒနာ ဖြစ်ပျက်ကိုမြင်တဲ့ ပုဂ္ဂိုလ်များ ပဋိစ္စသမုပ္ပါဒ် အစလဲပြတ်၊ အလယ်လဲပြတ်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပဋိစသမုပ္ပါဒ်ဘာတဲ့ (အစလဲပြတ် အလယ်လဲ ပြတ်ပါတယ် ဘုရား)။

ဪ အစပြတ်ကတည်းကလဲ အလယ်မပြတ်ချင်နေပါတော့ ကိစ္စမရှိပါဘူး၊ အလယ်ပြတ်ပါမယ်ဆိုတဲ့အခါကျလို့ ရှိရင်ဖြင့် ဒီဥစ္စာ အစကလဲ အမြစ်ကလဲဖြတ်နိုင်တာဘဲ၊ အလယ်ကလဲ ဖြတ်နိုင်ပါတယ်ဆိုတော့ သူအများကြီးပေ့ါသွားတယ် ဆိုတဲ့အဓိပ္ပာယ်ဟာ ရှင်းနေတာဘဲ (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုလုပ်ကြမှာတုံး ဒီဒိဋ္ဌိကို အပါယ်လေးပါး တံခါ ဘယ်လို ပိတ်ကြမှာတုံး ဆိုတော့ အို ဝေဒနာသိ ဖြစ်ပျက်မိအောင်လုပ်၊ စိတ်သိပြီး ဖြစ်ပျက် မိအောင်လုပ် (မှန်ပါ့) ရုပ်သိပြီးတော့ (ဖြစ်ပျက်သိအောင်လုပ် ရပါမယ်) ဒါမိရင် ပြီးတာဘဲ၊ မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။

ဒီဥစ္စာ ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးကိုဖြင့် အခုပြောတဲ့နှစ်လုံးကို မိမှဘဲရမယ် (မှန်ပါ့) ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဖြစ်ပျက်မိရမယ်

ဝေဒနာသိ ဖြစ်ပျက်မိရမယ်၊ စိတ်ရှုတဲ့ ပုဂ္ဒိုလ်ကလဲ (ဖြစ်ပျက်မိရပါမယ်) စိတ်ကိုသိရဦးမယ်၊ စိတ်သိမှသာလျှင် ခန္ဓာကြောင့်လာတဲ့ ဒိဋ္ဌိက စင်မှာကိုး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်တလုံးမိရုံနဲ့ မပြီးသေးပါဘူး တဲ့၊ သူ့ခန္ဓာလဲသိရဦးမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် စိတ်ကိုဆိုတော့ ဝိညာက္ခန္ဓာတွေကို မသိဘူးလား (သိပါတယ် ဘုရား) အဲ့ စိတ်ကိုလဲသိ ဖြစ်ပျက်လဲ မိအောင်လုပ်၊ သဘောကျပြီ လား (ကျပါပြီ ဘုရား)။

စိတ်ကိုလဲ (သိရပါမယ်) စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ စိတ်လို့လဲသိရမယ်၊ ပြီးတော့ ဒီတရားဟာ အနိစ္စလို့လဲမိအောင် ရှုရမယ်၊ ဖြစ်ပျက်လဲ မိအောင်ရှုပေါ့လေ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲ့ဒီလိုမိတော့ ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေပြတ်သတုံး မေးလိုက်မယ် မောင်နိုင်ရေ (အစ ကနေပြတ်ပါတယ်) အစက လဲ ပြတ် အလယ်ကလဲပြတ် ဆိုတော့ ဪ ပဋိစ္စသမုပ္ပါဒ်ဆိုတာ မိမိခန္ဓာတန်းကြီးပါလား (မှန်ပါ့) ရှေ့ဆက်သွားမည့် ခန္ဓာ ရှိသေးသလားလို့ မေးတော့ (မရှိပါ ဘုရား) ခန္ဓာမရှိလို့ရှိရင် အပါယ်ကျရမှာက ခန္ဓာရှိလို့ (မှန်ပါ့ ဘုရား)။

ကိုစောမောင် အပါယ်ကျရတာက (ခန္ဓာရှိလို့ ကျရတာပါ ဘုရား)။

ဪ ငါ့အတွက် ခက်ချေရဲ့၊ ငါသေရင် အပါယ်သွားမှာဘဲဆိုတော့ သွားမှာဘဲဆိုတော့ ခန္ဓာရှိလို့ကြောက်နေရတယ် (မှန်ပါ့) အခု ပဋိစ္စသမုပ္ပါဒ်အစက ပြတ်လိုက်တယ်ဆိုတော့ ကိုယ့်ခန္ဓာအစက ပြတ်တယ် (မှန်ပါ့)။

အစကနေ ပြတ်တယ်

ကိုယ့်ခန္ဓာ အပါယ်သွားတတ်တဲ့ ခန္ဓာကြီးက ဘယ်ကနေ ပြုတ်သလဲ (အစကနေပြတ်ပါတယ်) အစကနေ ပြတ်တယ် ဆိုတော့ ဒကာ ဒကာမတို့ အင်မတန် အားရှိစရာကောင်းပြီ အင်မတန်မှ လုပ်ထိုက်တဲ့တရားဆိုတာ ကျေကျေနပ်နပ် သဘောကျ ပြီလား(ကျပါပြီ) သဘောကော ပါကြပြီလား (ပါ ပါပြီ ဘုရား)။

ဒါကြောင့် ဒီတရားကို ဂရုတစိုက်ကြီးကိုနာပြီး ဂရုတစိုက်လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

နာတဲ့အခါမှာလဲ (ဂရုစိုက်ပြီး နာရပါမယ် ဘုရား) ဒါဖြင့် ဟောဒီဒိဋ္ဌိပြုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ နောက်က မြူးတာ တွေကော ရူးတာတွေကော မိုက်တာတွေရော လိမ်တာတွေရော ကောက်ကျစ်တာတွေရော ဆိုးဝါးတာတွေရော အမေမိဘ သင်လို့ အမှားတွေ အကုန် ရထားတာတွေဟာ သူပြုတ်ရင် အကုန်ပြုတ်တာဘဲ (မှန်ပါ့) နောက်က ကြွေါ်တွေလဲ ဘာမှ မကြောက်ပါနဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နောက်က ကြွေးတွေ (မကြောက်ရပါ ဘုရား) ဘဝများစွာက ပါလာတဲ့ အပါယ်ကြွေးတွေ အပါယ်ရောက်စေတတ်တဲ့ ကံတွေပေါ့လေ (ပျောင်ပါတယ် ဘုရား) ဒီဘဝမှာ မသိမလိမ္မာလို့ လုပ်ထားတဲ့ ကံတွေကော (ပျောက်ပါမယ် ဘုရား) ကြောက်စရာ မရှိဘူးဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သောတာပန်တည်တယ်ဆိုတာ ဒိဋ္ဌိပြုတ်တာဘဲ

အဲ့ဒါကြောင့် မုဆိုးကြီးတွေ သောတာပန်တည်တယ် (မှန်ပါ့) အင်္ဂုလိမာလတို့ လူပေါင်းများစွာသတ်ပြီး သောတာပန် တည်တယ်ဆိုတာ ဒိဋ္ဌိပြုတ်တာဘဲ၊ ဒီ့ပြင်ဘာမှမပါဘူး (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ အပါယ်ခေါင်းဆောင်သိပြီလား (သိပါပြီ ဘုရား) ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) အဲ့ ဒိဋ္ဌိကတော့ ဘယ်မှာကပ်နေသတုံး မေးတဲ့အခါကျတော့ ခန္ဓာမသိခြင်းကြောင့် ခန္ဓာမှာသွားမကပ်ဘူးလား (ကပ်ပါတယ် ဘုရား) ကောင်းကောင်းရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒိဋ္ဌိနိရောဓော နိဗ္ဗာနံ တဲ့၊ ဟောလိုက်တယ် (မှန်ပါ့) ဒိဋ္ဌိသာ ချုပ်အောင်လုပ်စမ်းပါ၊ ဒိဋ္ဌိချုပ်ရင် နိဗ္ဗာန်ရောက်ပြီ လို့အောက်မေ့လိုက်တဲ့ (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

ဒိဋ္ဌိနိရောဓော (နိဗ္ဓာနံပါ) ဟုတ်ပေတယ် ဒကာ ဒကာမတို့ သောတာပန်ရောက်တဲ့ နိဗ္ဓာန်ဟာ ဒိဋ္ဌိဖြုတ်လို့ သူမြင်ရတဲ့ နိဗ္ဓာန် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

သောတာပန်မြင်ရတဲ့ နိဗ္ဓာန်ကဖြင့် ဘာပါလိမ့် (ဒိဋ္ဌိပြုတ်လို့ မြင်ရတဲ့နိဗ္ဓာန်ပါ ဘုရား) ဒိဋ္ဌိပြုတ်လို့ မြင်ရတာဘဲ တဲ့၊ တဏှာ ပြုတ်လို့ မြင်ရတာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိနဲ့ တဏှာ ဒကာ ဒကာမတို့ ဘယ်ဟာ ကြောက်စရာကောင်းတယ်ဆိုတာကော ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ဘယ်ဟာ ကြောက်စရာကောင်းသတုံး (ဒိဌိက ကြောက်စရာကောင်းပါတယ် ဘုရား)။

အဲ ကြောက်စရာအကောင်းဆုံးမို့ ဒကာ ဒကာမတို့ သူ့ကို အရင်သတ်ရပါတယ် ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဝေဒနာသိ ဖြစ်ပျက်မိအောင်လုပ်ပါ

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသိ ဖြစ်ပျက်မိအောင်လုပ်ပါ (မှန်ပါ့) ရှုလိုက်ရင် ဝေဒနာကလေးလဲ သိရမယ်၊ ဖြစ်ပျက်ကော (မိအောင်လုပ်ရပါမယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)။

မဂ်ဆိုက်နေတဲ့အတွက် မဂ်ဆိုတာ ဘာလုပ်တတ်သတုံး လို့ မေးတော့ အို မဂ်ဆိုတာ ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်နိုင်တယ်၊ မဆိုနုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

”ကိလေသေ မာရေန္တေ နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” အစရှိသည်နဲ့ ကိလေသေ = ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာတို့ကို၊ မာရေန္တော = သတ်လျက်၊ နိဗ္ဗာနံ = အပါယ်လေးပါးမှ လွတ်ပြီး နိဗ္ဗာန်သို့၊ ဂစ္ဆတိ = သွား၏ တဲ့ ကိုစောမောင် (မှန်ပါ့)။

ကိလေသာ သတ်တာလဲ မဂ် နိဗ္ဓာန်ပို့တာကော (မဂ်ပါ ဘုရား) မဂဟာ ဘယ်နှစ်ကိစ္စရှိသတုံး (နှစ်ကိစ္စပါ ဘုရား) နှစ်ကိစ္စရှိတယ်ဆိုတာ ကောင်းကောင်းကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့မှာ ငရဲကျစေတတ်တဲ့ ကံပေါင်းနောက်ကပါလာတာ ဘယ်လောက်များ ရှိပါလိမ့် (မရေတွက်နိုင်ပါ ဘုရား) ဒီဘဝမှာ မသိ မလိမ္မာလို့ ခုနင်က ဒွါရခြောက်ပေါက်က ဒိဋ္ဌဦးစီးထားတဲ့ ကံပေါင်းကလဲ ဘယ်လောက် ပါလိမ့် (မရေတွက်နိုင်ပါ ဘုရား)။

အဲ့ဒါသည် ဒကာ ဒကာမတို့ ဝေဒနာသိ ဖြစ်ပျက်သာ မိပါစေ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝေဒနာသိ (ဖြစ်ပျက်သာမိပါစေ) ဖြစ်ပျက်မိလို့ရှိရင်ဖြင် ဝေဒနာ နိရောဓာ (တဏှာ နိရောဓောပါ) တခါတည်း သူ့ဟာသူ သွားတာဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝေဒနာနိရောဓာ (တဏှာနိရောဓေါပါ) တဏှာနိရောဓောဆိုတော့ ပဋိစ္စသမုပ္ပါဒ် အလယ်ကနေ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ဖြစ်ပျက်မိတဲ့အခါကျလို့ရှိရင်

အင်း ဖြစ်ပျက်မိတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အနိစ္စကိုမြင်တဲ့ ဉာဏ်မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ဉာဏ်ဆိုတာ မောဟလား အမောဟလား (အမောဟပါ ဘုရား) အမောဟဆိုကတည်းက အဝိဇ္ဇာဟာ ပဋိစ္စသမုပ္ပါဒ်အစ ချုပ်တယ် (မှန်ပါ့) မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲပဋိစ္စသမုပ္ပါဒ်ကို ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်များမှာ အလယ်ကလဲ ပြတ်တယ်၊ အစကလဲ ပြတ်နိုင်တဲ့ အခြေအနေ ဧကန် အကြောင်းယုတ္တိနဲ့တကွ လုံလုံလောက်လောက် ပဋိစ္စသမုပ္ပါဒ်ခင်းပြတဲ့အတွက် ခင်ဗျားတို့ ဝေဒနာသိ ဖြစ်ပျက်မိတဲ့အလု် မလုပ်ဖြစ်ဘူး (မှန်ပါ့)။

စိတ်သိပြီး ဖြစ်ပျက်မိတဲ့အလုပ်ကော (မလုပ်ဖြစ်ပါဘူး) ရုပ်သိပြီး ဖြစ်ပျက်မိတဲ့ အလုပ်ဟာကော (မလုပ်ဖြစ်ပါ ဘုရား) မလုပ်မဖြစ်တာဘာကြောင့်တုံးလို့မေးတော့မှ ငရဲမျိုးစေ့ အကြီးဆုံးဖြစ်နေလို့ ဒီ့ပြင်ဟာတွေက မကာကွယ်နိုင်ဘူး၊ ဒီဒိဋ္ဌိပြုတ်မှသာလျှင် ဒကာ ဒကာမိတို့ သုဂတိသွားလဲ မြဲတော့တယ် (မှန်ပါ့) နိဗ္ဗာန်သွားလဲ (မြဲတော့မှာပါ ဘုရား)။

ဒီဒိဋ္ဌိရှိလျက်နဲ့ဆိုရင် သုဂတိသွားတာလဲ ခဲမြှောက်သလောက်သာ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် အင်မတန် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒီဒိဋ္ဌိဟာ အခု ဝိပဿနာအဂ်နဲ့ ပြုတ်တာဘဲရှိသေးတယ်လို့ မောင်နိုင် ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) မဂ္ဂင်ရှစ်ပါးပြည့်ရဲ့လား (မပြည့်ပါ ဘုရား)။

ဘာဖြစ်လို့ မဂ္ဂင်ရှစ်ပါး မပြည့်သေးပါလိမ့်

မပြည့်သေးလို့ရှိရင် ခင်ဗျားတို့ ဘာဖြစ်လို့ မဂ္ဂင်ရှစ်ပါး မပြည့်သေးပါလိမ့်မတုံး ဆိုတော့ ဒီအထဲမှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ရှုနေရင် ဒါဘဲ (မှန်ပါ့)။

ဒါက အလုပ် ဆက်လုပ်နေတာဘဲ၊ ဒါက တဏှာ ဖြတ်နေတာဘဲဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား) သို့သော် သီလ မဂ္ဂင်သုံးပါးမပါသေးဘူး (မှန်ပါ့) သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ မောင်နိုင် ပါပြီလား (မပါသေးပါ ဘုရား)။

ဘာဖြစ်လို့ မပါသေးပါလိမ့်မတုံးဆိုတော့ အို ဒါက ပုထုဇဉ်ရှုနေတာ (မှန်ပါ့) သီလ ဘယ်တော့မှ မမြဲဘူး၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာသိ ဖြစ်ပျက်မိလို့ရှိရင် ပုထုဇဉ်ရှုနေတာ ဖြစ်သောကြောင့် သီလမလုံသေးလို့ သီလမဂ္ဂင်မပါဘူး (မှန်ပါ့) သီလမဂ္ဂင်မပါနိုင်ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သီလမဂ္ဂင်ဘယ်အချိန်မှ ပါပါ့မတုံးဆိုတော့ ဪထုဇဉ်အဖြစ်က ပြောင်းမှဘဲ ကိုစောမောင်ရေ (မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီးပြောတဲ့အတိုင်း နာရီလဲစေ့နေလို့ ခက်ဗျားတို့ ဖြစ်ပျက်မြင်အောင် ရှုနေလို့ရှိရင် ပုထုဇဉ်၊ ဖြစ်ပျက် မုန်းအောင် ရှုနေရင်လဲ (ပုထုဇဉ်ပါဘဲ ဘုရား)။

အဲ့ဒီ ဝေဒနာဖြစ်ပျက်နဲ့တကွ ဝေဒနာ ဖြစ်ပျက်သည် ဒုက္ခသစ္စာဖြစ်ပြီး ဆုံးသွားလို့ရှိရင် ဒကာ ဒကာမတို့ ဝေဒနာနံ ခယာ ဘိက္ခု ဆိုတဲ့ အတိုင်း ဝေဒနာကုန်အောင် ရှုလိုက်ရင် နိစ္ဆာတော ပရိနိဗ္ဗုတော ဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ ဝေဒနာ ချုပ်သွားတာသည် ဒီ့ပြင် နာမ်ရုပ်နဲ့တကွ တွဲချုပ်သောကြောင့် နိဗ္ဗာန်ပေါ်တာဘဲ (မှန်ပါ့)။

နိဗ္ဗာန်ပေါ်လာမှ ဒီက ရှစ်ပါးဖြစ်တယ်

ဆုံးအောင် လိုက် လိုက်လို့ရှိရင် ဘာပေါ်သလဲ (နိဗ္ဗာန် ပေါ်ပါတယ် ဘုရား) နိဗ္ဗာန်ပေါ်လာမှ ဒီက ရှစ်ပါးဖြစ်တယ် (မှန်ပါ့) ရှစ်ပါးဖြစ်တော့ သောတာပန်မို့ သီလလဲမြဲပြီ၊ အခုခံယူတဲ့ သီလတွေ မမြဲဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာဖြစ်ပျက် မြင်အောင်ရှု၊ ဝေဒနာ ဖြစ်ပျက် မုန်းအောင်ရှု၊ ဝေဒနာဖြစ်ပျက် အဆုံး လိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့လုပ်ထားတဲ့ ဒီမှာ မီးတဟုန်းဟုန်းတောက်ပြီးစောင့်နေတဲ့ ဒယ်အိုးကြီး၊ တဗွက်ဗွက်ဆူပြီး သကာလ မျှော်လင့်နေတဲ့ ဘယ်တော့မှ ဒီပုဂ္ဂိုလ်လာပါ့မတုံး လို့ မျှော်နေတာကြီးဟာ ဒီကနေ သိမ်းတယ် (မှန်ပါ့) နဂိုရ်တုန်းက ဒီက တည်ထားတာကိုး (မှန်ပါ့)။

ဒီဒိဋ္ဌိပြုတ်တော့ ဟိုအိုးပျောက်ရမယ်

ဒီဒယ်အိုး ဘယ်သူက လုပ်သတုံး၊ ဒီဒိဋ္ဌိက တည်ထားတာ (မှန်ပါ့) ဒီဒိဋ္ဌိပြုတ်တော့ ဟိုအိုးပျောက်ရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငရဲအိုး ဘယ်သူက တည်သတုံး(ဒိဋ္ဌိတည်ပါတယ်) ငရဲအိုး ဘယ်သူသိမ်းသတုံး ဒိဋ္ဌိသိမ်းလို့ သိမ်းတယ် (မှန်ပါ့) ငရဲအိုးပေါ်လာတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒိဋ္ဌိသိမ်းလို့ (ငရဲအိုးသိမ်းပါတယ်)။

ဒါဖြင့်ဒိဋ္ဌိသိမ်းနည်းသည် မောင်နိုင် ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးမှသိမ်းတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်း ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။