12712

မာတိကာသို့

အဓိပတိ သုံးပါးထား၍ တရားအားထုတ်ပါ

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မင်္ဂလာတိုက်ကျောင်း၌ ဟောကြားတော်မူုအပ်သော

အဓိပတိ သုံးပါးထား၍ တရားအားထုတ်ပါ

အဓိပတိ ပဋိစ္စသမုပ္ပါဒ်ကိုသာ ဝိပဿနာရှုပါ

နေ့အလုပ်ပေး တရားတော်

(၁၁-၈-၅၈)

ဆင်းရဲလွတ်ချင်လို့

တရားနာခြင်းသည် ဒကာ ဒကာမတွေ ဘယ်အကျိုးငှာတုန်းဆိုလို့ရှိရင် ပဋိသန္ဓေနေခြင်း ဆင်းရဲလွတ်ချင်လို့ (မှန်ပါ့)၊ အိုခြင်း ဆင်းရဲ (လွတ်ချင်လို့ပါ ဘုရား) နာခြင်းဆင်းရဲ (လွတ်ချင်လို့ပါ ဘုရား) သေခြင်းဆင်းရဲ (လွတ်ချင်လို့ ပါ ဘုရား)၊ ကွဲခြင်းခွဲခြင်း ဆင်းရဲ (လွတ်ချင်လို့ပါ ဘုရား) သောကပရိဒေဝ ဆင်းရဲ (လွတ်ချင်လို့ပါ ဘုရား) ဒုက္ခဒေါမနဿ (လွတ်ချင်လို့ပါ ဘုရား)။

အဲဒီတော့ ဆင်းရဲလွတ်ချင်လို့ တရားနာကြ, တရားအားထုတ်ကြတာ ဖြစ်လေသောကြောင့် ဆင်းရဲလွတ်ချင်လို့ ရှိရင်ဖြင့် အကြီးအကဲသုံးခုထားပြီး ကြိုးစားပါလို့ ဘုရားက ဟောတော်မူတယ် (မှန်ပါ့)။

အကြီးအကဲ သုံးခုဆိုတာ ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ၁-နံပါတ် မိမိကိုယ်ကို အကြီးအကဲပြုပြီး သကာလ အားထုတ်နည်းတစ်မျိုး (မှန်ပါ့ ဘုရား) ၂-သူတစ်ပါးကို အကြီးအကဲထားပြီး သကာလ အားထုတ်နည်း တစ်မျိုး၊ ၃-တရားကို အကြီးအကဲထားပြီး သကာလ အားထုတ်နည်းတစ်မျိုး၊ ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)။

ဒါ သေသေချာချာ မှတ်ထားကြစမ်းပါ ဒကာ ဒကာမတို့၊ မိမိကိုယ်ကို အကြီးအကဲထား၍ အားထုတ်နည်းတစ်မျိုး (မှန်ပါ့)၊ သူတစ်ပါးကို အကြီးအကဲထား၍ (အားထုတ်နည်းတစ်မျိုးပါ ဘုရား)၊ တရားကို အကြီးအကဲထား၍ (အားထုတ် နည်း တစ်မျိုးပါ ဘုရား)။

မမေ့စေနဲ့ မမေ့စေနဲ့ ဒကာ ဒကာမတွေ၊ ပဋိစ္စသမုပ္ပါဒ်မပြမီ ဒီဥစ္စာ သတိပေးတာကို ရှေ့ပိုင်းကထားပါတယ်။

၁-နံပါတ်က ဘယ်သူ့ အကြီးအကဲထားရမယ် (မိမိကိုယ်ကို အကြီးအကဲထားရပါမယ် ဘုရား)၊ ၂-နံပါတ်က (သူတစ်ပါးကို အကြီးအကဲထားရပါမယ် ဘုရား)၊ ၃-နံပါတ်က (တရားကို အကြီးအကဲထားရမယ် ဘုရား)။

ကြိုးစားနည်းသုံးမျိုး

ဤကြိုးစားနည်းသုံးမျိုးနဲ့ ဒကာ ဒကာမတွေ ကြိုးစားကြပါမူကား အင်္ဂုတ္တိုရ်ပါဠိတာ်မှာ သေသေချာချာ ဒီဘဝမှာ ပင် ခုနင်ကပြောခဲ့တဲ့ ဒုက္ခတွေ ကျွတ်ပါလိမ့်မယ်၊ လွတ်ပါလိမ့်မယ်လို့ ဘုရားဟောတယ်လို့ မှတ်ရမယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်မပြမီ ဒါကို ရှေ့ပိုင်းက ဒကာ ဒကာမတွေ ဪ တို့ ကြိုးစားနည်းဟာ ဒီအကြီးအကဲ သုံးမျိုးနဲ့ ကြိုးစားမှ တို့ ဒီဘဝမှ ဆင်းရဲမျိုးစုံ အကုန်လွတ်ပါလားလို့ မှတ်ထားကြပါ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ မိမိတို့ တရားအားထုတ်နေတယ်၊ စိတ်ကလေးဖြစ်ပျက် အားထုတ်, အားထုတ် ဝေဒနာကလေး၏ ဖြစ်ပျက်ကိုပဲ အားထုတ်, အားထုတ်, အားထုတ်တဲ့အခါမှာ မိမိကိုယ်ကို အကြီးအကဲထားပြီး အားထုတ်ရမယ် (မှန်ပါ့)။

ဘယ်လို အကြီးအကဲထားပြီးအားထုတ်ရမှာတုံးဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကိုယ့်ကိုယ်ကို မြှောက်ပေးရမယ် (မှန်ပါ့)။

ငါသည် အဝတ်လိုလို့လဲ တရားအားထုတ်တာမဟုတ်ဘူူး၊ အစားလိုလို့လဲ အားထုတ်တာ မဟုတ်ဘူး၊ နေရာ ထိုင်ခင်းလိုလို့လဲ တရားအားထုတ်တာ မဟုတ်ဘူး၊ အဝတ်အစား နေရာထိုင်ခင်းပေါ့ဗျာ (မှန်ပါ့)။

ဟိုဘဝက ဒီဘဝကိုရောက်ချင်လို့ အားထုတ်တာလဲ မဟုတ်ဘူး၊ မူလက ပြောခဲ့တဲ့ ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတို့မှ ကျွတ်လိုလွတ်လိုလို့ အားထုတ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မိမိအားထုတ်တာသည် ဇာတိ,ဇရာ,မရဏ စသည်တို့မှ ကျွတ်လိုလွတ်လိုလို့ အားထုတ်တာဆိုပြီး သကာလ မိမိတို့၏ ဒီတရားကလေးတွေကို တစ်ခါတည်း ပေါ်တိုင်း, ပေါ်တိုင်း အပျက်ကလေးတွေ မြင်အောင် ကြည့်ကြည့်, ကြည့်ကြည့်ပြီး သကာလ ဒကာ ဒကာမတွေသည် ကြိုးစာရမယ် (မှန်ပါ့ ဘုရား)။

မိမိကိုယ်ကို အကြီးအကဲထားပြီး ကြိုးစား

ဒကာ ဒကာမတွေ ကြိုးစားရမှာက မိမိကိုယ်ကို အကြီးအကဲထားပြီး ကြိုးစားရမယ်နော် (မှန်ပါ့)။

ကိုယ့်ကိုယ်ကို မြှောက်တင်ပါ၊ ငါသည် အဝတ်လိုလို့ တရားအားထုတ်တာ မဟုတ်ဘူး၊ အစားလိုလို့ (တရားအား ထုတ်တာ မဟုတ်ပါ ဘုရား)။

နေရာထိုင်ခင်းလိုလို့ကော (တရားအားထုတ်တာမဟုတ်ပါ ဘုရား)၊ ဟိုဘဝ ဒီဘဝရောင်ချင်လို့ အားထုတ်တာ လား (မဟုတ်ပါ ဘုရား)။

ဒီလိုလဲမဟုတ်တော့ ဒါ မိမိကိုယ်ကို အဓိပတိ ထားရမယ်နော် (မှန်ပါ့)။

ထိုကဲ့သို့ အကြီးအကဲထားပြီး သကာလ ငါသည် ဇာတိ ဇရာ ဗျာဓိ မရဏတို့မှ လွတ်လိုလို့ ကြိုးစားတာဆိုပြီး သကာလ မိမိတို့၏ ဝေဒနာဖြစ်ပျက်ပေါ်၌လည်းကောင်း၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်က စိတ်ဖြစ်ပျက်ပေါ်၌လည်းကောင်း စူးစူး စိုက်စိုက်သာရှုပြီး သကာလ အားထုတ်ကြမယ်ဆိုလို့ရှိရင်လဲ ဒီဘဝမှာ ခုနင်ကပြောခဲ့တဲ့ ဒုက္ခတွေ အကုန်သိမ်းပါလိမ့်မယ် (မှန်ပါ့)။

ဒါ ဘယ်သူ့ကို အကြီးအကဲထားပြီး အားထုတ်တာတုံး (မိမိကိုယ်ကို အကြီးအကဲထားပြီး အားထုတ်တာပါ ဘုရား) မိမိသည် အဝတ်လိုလို့လဲ တရားအားထုတ်တာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

အစားလိုလို့လဲ (အားထုတ်တာ မဟုတ်ပါ ဘုရား)၊ နေရာထိုင်ခင်း လိုလို့လဲ (အားထုတ်တာ မဟုတ်ပါ ဘုရား)။

ဟိုဘဝ ဒီဘဝရောင်ချင်လို့လဲ (အားထုတ်တာမဟုတ်ပါ ဘုရား) ၊ ဇာတိ ဇရာ ဗျာဓိ မရဏတို့မှ ကျွတ်လိုလွတ်လို လို့ အားထုတ်တာလို့ မိမိကိုယ်ကို အကြီးအကဲထားပြီး အားထုတ်ပါမူကား ဒကာ ဒကာမတွေ ဒီဘဝမှာ ဒုက္ခခပ်သိမ်း ငြိမ်းပါလိမ့်မယ် လို့ ဘုရားက ဟောတော်မူတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

၁-နံပါတ် အားထုတ်နည်းကို အားထုတ်တတ်ကြပလား (အားထုတ်တတ်ပါပြီ)၊ ဘယ်သူ့ကို အကြီးအကဲထားပြီး အားထုတ်ရမလဲ (မိမိကိုယ်ကို အကြီးအကဲထားပြီး အားထုတ်ရပါမယ် ဘုရား)။

ကောင်းပြီ ၁-နံပါတ် အတိုင်း ကြိုးစားပါ။

သူတစ်ပါးကို အကြီးအကဲထားပြီး ကြိုးစား

၂-နံပါတ်က သူတစ်ပါးကို အကြီးအကဲထားပြီး ကြိုးစားရမယ်တဲ့၊ တရားအားထုတ်တဲ့ အခါမှာနော် (မှန်ပါ့)။

သူတစ်ပါး အကြီးအကဲထားပြီး အားထုတ်ရမယ်ဆိုတာသည် ဒကာ ဒကာမတို့ မိမိက တရားအားထုတ်နေတယ်၊ အဖြစ်အပျက်ကလေး မြင်အောင်ကြည့်ပြီး သကာလ အားထုတ်နေတုန်း လောဘကလေး ဝင်လာမယ်၊ ဒေါသကလေး ဝင်လာမယ်၊ သားရေး, သမီးရေး, စီးပွားရေးနဲ့ ပတ်သက်တဲ့အကြောင်းကလေး ဝင်လာမယ်ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဖြေဖျောက်ရမယ် (မှန်ပါ့)။

သူတစ်ပါးကို အကြီးအကဲထားပြီး သကာလ ဖြေဖျောက်ပစ်ရမယ် (မှန်ပါ့)၊ ဘယ်လို အကြီးအကဲထားပြီး သကာလ ဖြေဖျောက်ရမလဲလို့ မေးခွန်းထုတ်လို့ရှိရင်ဖြင့် ဪ မင်းသည်ကားဆိုလို့ရှိရင်ဖြင့် အဝတ်အစား နေရာ ထိုင်ခင်း ဟိုဘဝ ဒီဘဝလိုလို့လဲ တရားအားထုတ်တာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

မင်း တရားအားထုတ်နေတဲ့အချိန်မှာ မင်းသန္တာန်မှာ အခု လောဘကလေး ဝင်လာတယ်၊ ဒေါသကလေး ဝင်လာတယ်၊ မောဟကလေး ဝင်လာတယ် မင်းမရှက်ဘူးလား၊ သူတစ်ပါးက မင်းကိုသိတယ် (မှန်ပါ့)။

အသိဉာဏ်ရတဲ့ ပုဂ္ဂိုလ်တွေက မသိပေဘူးလား (သိပါတယ် ဘုရား)၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်တွေ ကကော (သိပါတယ် ဘုရား)။

မင်းမရှက်ဘူးလား

မင်းမရှက်ဘူးလား၊ မင့်ဟာ အဝတ်အစား, ဘုံဘဝလိုလို့ အားထုတ်တာမဟုတ်ဘဲနဲ့ အိုဘေး, နာဘေး, သေဘေး လွတ်အောင်လို့ အားထုတ်တာ မင်းက ယခုကြည့်စမ်း တရားကိုကန့်ကွက်တဲ့ တရားတွေ လက်ခံတယ်။

လောဘ, ဒေါသ, မောဟဆိုတဲ့ တရားတွေ လက်ခံလာတယ်၊ သားရေး, သမီးရေး, စီးပွားရေးတွေ မင်းဝမ်းထဲ ဝင်ပြီး သကာလ အကြောင်းတိုက်ဆိုင်ချင်လို့ ပေါ်လာတာတွေ မင်းကထိုင်တာကတော့ တရားအားထုတ်နေတယ်၊ ဝင်လာ တဲ့ တရားတွေက သားရေး သမီးရေး ဆိုတဲ့ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ဝိဟိသ ဝိတက်တွေ ဝင်လာတယ်

မင်းမရှက်ဘူးလား၊ မင်းကိုယ်စောင့်နတ်လဲ မင်းမရှက်၊ တရားအားထုတ်နေတာ မဟုတ်ဘူး၊ မင်းဒီဝိတက်တွေ လက်ခံနေတာ (မှန်ပါ့ ဘုရား)။

သူတစ်ပါးစိတ်ကို အသိညာဏ်သိတဲ့ အသိညာဏ်ရတဲ့ ပုဂ္ဂိုလ်တွေက မင်းကိုသိတယ်၊ မင်း တရားအားထုတ် နေတာမဟုတ်ဘူး၊ မင်း ဒါတွေ လက်ခံနေတယ်ဆိုတာ မင်းကိုသိတယ် (မှန်ပါ့)။

သူတစ်ပါးစိတ်ကို ပိုင်းခြားသိတဲ့ ပုဂ္ဂိုလ်တွေကလဲ မင်းဖြစ်နေတဲ့ ဖြစ်စဉ်ကြီး အကုန်သိတယ်၊ မင်း သူတစ်ပါးကို မရှက်ဘူးလား၊ သူတစ်ပါးကို မလေးစားဘူးလား တစ်ပါးပေါ်၌ မင်းသည်ကားလို့ဆိုလို့ရှိရင် ရှက်ကြောက်မှုကင်းပြီး သကာလ လက်ခံတာလားဆိုပြီး သူ့ကို အကြီးအကဲထားပြီး သကာလ သူတစ်ပါးကိုငဲ့ပြီး သူတစ်ပါး သိလိမ့်မယ်ဆိုပြီး သကာလ ဒီဝိတက်တွေလာလို့ရှိရင် ဒကာ ဒကာမတွေ ရှုနေရင်းမတ္တနဲ့ ခုနင်က သားရေး, သမီးရေးဆိုတဲ့ ကာမဝိတက် တွေ ဝင်လာမယ်။

စားရေး သောက်ရေးဆိုတဲ့ စိုးရမ်မှု ဗျာပါဒဝိတက် ဝင်လာမယ်၊ သူတစ်ပါးကို ညှဉ်းဆဲချင်တဲ့စိတ်တွေ ဝင်လာမယ်ဆိုရင်ဖြင့် မင်းမရှက်ဘူးလား။

မင့်ကို စိုက်ကြည့်ရင် သိတာပဲ

မင်းသည်ကားလို့ဆိုရင်ဖြင့် တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်ကတော့ မင်းဟုတ်ပါရဲ့၊ မင်း လက်ခံထားတာတွေ ကတော့ ငါးပါးအာရုံ ကာမဂုဏ်ဝိတက်တွေ ဒေါသစိတ်တွေ ဗျာပါဒဝိတက်စိတ်တွေ ဒါတွေ ဝင်လာတာ မင့်ကိုယ်စောင့် နတ်ကလဲ မင့်ကို စိုက်ကြည့်ရင် သိတာပဲ။

လောကကြီးမှာ သူတစ်ပါးစိတ်သိတဲ့ အဘိညာဏ်ရတဲ့ပုဂ္ဂိုလ်တွေကလဲ မင့်ဖြစ်နေတဲ့ ဖြစ်စဉ်ကိုသိတယ်၊ မင်းဟာ သူတစ်ပါးမှ မငဲ့ဘဲနဲ့ မင်းလက်ခံမှုလုပ်နေတာ မင်း အင်မတန်ဆိုးတယ်ဆိုပြီး သူတစ်ပါးကို အကြီးအကဲထားပြီး သူတစ်ပါးမြင်မှာ၊ သူတစ်ပါးသိမှာ၊ သူတစ်ပါးစိတ်ကူးထဲပေါ်မှာ စိုးတာနဲ့ ကိုယ့်အလုပ်ကို ရဲရဲတင်းတင်း ဒါတွေ ခွါပြီး သကာလ ဖြစ်ပျက်လုပ်လို့ရှိရင် သူတစ်ပါးကို အကြီးအကဲထားပြီး ကြိုးစားသောကြောင့်လဲ မဂ်ဖိုလ်ကို ဒီဘဝ ရပါတယ် (မှန်ပါ့) ဒုက္ခခပ်သိမ်း ငြိမ်းပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

၁-နံပါတ်က ဘယ်သူအကြီးအကဲ ထားရမယ်၊ (မိမိကိုယ်ကို အကြီးအကဲထားရမယ်) ၂-နံပါတ်က (သူတစ်ပါး ကို အကြီးအကဲ ထားရပါမယ် ဘုရား)။

အဲ သူတစ်ပါးကို အကြီးအကဲထားပြီး ကြိုးစားလို့ရှိရင်လဲ မဂ်ဖိုလ်ဆိုက်ပါတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တရားကို အကြီးအကဲထားပြီး အားထုတ်

၃-နံပါတ်ဆိုတာက ဘာကို အကြီးအကဲထားပြီး အားထုတ်ရမှာတုံး (တရားကို အကြီးအကဲထားပြီး အားထုတ်ရ မှာပါ ဘုရား)။

တရားကို အကြီးအကဲထားပြီး ကြိုးစားရမယ် ဒကာ ဒကာမတို့၊ ဒကာ ဒကာမတို့၊ ဒကာ ဒကာမတွေက တရား အားထုတ်နေတယ်၊ ဘယ်သူဟောတာ အားထုတ်ပါလိမ့်မတုံးဆိုတော့ ဘုရားဟောတာ၊ ဘုရားဟောအတိုင်း ဆရာ ဘုန်းကြီးတို့က ဟောတာ (မှန်ပါ့ ဘုရား)။

ဒါတွေအားထုတ်ပြီး ဖြစ်ပျက်ရှုနေကြတယ်၊ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် ရှုနေကြတယ်။

ဒီစိတ်ကလေးလိုပဲ၊ ဒီဝေဒနာကလေးကိုပဲ ဖြစ်ပျက်ရှုပြီးနေတဲ့အချိန်မျာ ခင်ဗျားတို့ ဒီလိုစဉ်းစားလိုက်တော့ သွာက္ခာတော ဘဂဝတာဓမ္မော၊ ဘဂဝတာ=မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်၊ ဓမ္မော=တရားကို၊ သွက္ခာတော=ကောင်းစွာဟောတော်မူအပ်၏။ ဘုရားဟောတော်မူတဲ့ တရားက တရားကောင်း မဟုတ်လား (မှန်ပါ့)။

တရားကောင်းတွေ ဟောထားတော့ တစ်ခါ သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်လာလိမ့်မယ်ဆိုတာက မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

အကာသိကော=အခါမလင့် အကျိုးပေးမယ်ဆိုတာကော (မှန်ပါတယ် ဘုရား)၊ ဒါ တရားလုပ်ရင် ဒီအတိုင်း လာရမယ် မဟုတ်လား (မှန်ပါ့)။

ကောင်းစွာဟောတဲ့တရား

အဲဒီတော့ ဒီတရားတွေကို အားထုတ်နေတဲ့အချိန်မှာ၊ ဖြစ်ပျက်တွေ အားထုတ်နေတဲ့အချိန်မှာ ဒကာ ဒကာမတွေ က ဪ တရားကိုကလဲ ကောင်းစွာဟောတဲ့တရား အားထုတ်လိုက်လို့ရှိရင်လဲ ကိုယ်တိုင်မြင်မယ့်တရား၊ ကိုယ်တိုင် မြင်ပြီး သကာလ ကိုယ်တိုင်အကျိုးခံစားရမယ့်တရား၊ မိမိအားထုတ်နေတာ ဖြစ်ပါလျက်သားနဲ့ မင်းသည်ကားလို့ဆိုလို့ ရှိရင်ဖြင့် ဤကဲ့သို့ တရားတွေဟာ ကောင်းစွာ ဟောတော်မူတဲ့တရား ဖြစ်ပါလျက်၊ ကိုယ်တိုင်မြင်ရမယ့်တရား ဧကန် ဖြစ်ပါလျက်၊ အကျိုးချက်ချင်းပေးမယ့်တရား ဧကန်ဖြစ်ပါလျက် မင်းသည်ကာလို့ဆိုလို့ရှိရင်ဖြင့် ကောင်းစွာဟောတော်မူ တဲ့ တရားတွေဟာလဲ ပျက်ကုန်မှာပဲ (မှန်ပါ့)။

တရားတွေ ဖျက်ပစ်တာနဲ့ မတူဘူးလား (တူပါတယ် ဘုရား) ကိုယ်တိုင်မြင်ရမယ့်တရားတွေကို ဘုရားက ဟောထားပါလျက်သားနဲ့ ရှုရင် ကိုယ်တိုင်မြင်ရပါမယ်ဆိုတဲ့ ဥစ္စာလဲ မင်းဖျက်ပစ်တာနဲ့ အတူတူပဲ (မှန်ပါ့)။

အခါမလင့် အကျိုးပေးမယ်ဆိုတာကိုလဲ တရားသဘောက အကျိုးပေးတာ မှန်ပါလျက်သားနဲ့ မင်းမမြင်ဘူး ဆိုလို့ရှိရင်ဖြင့် မင်း တရားကို အကြီးအကဲထားပြီး သကာလ ဒီလိုဖြစ်လိမ့်မယ်ဆိုလို့ ဒီလိုကြိုးစားတာပဲလို့ ရဲရဲတင်းတင်း ကြိုးစားရမယ့်အလုပ်ဟာ မင်းသန္တာန် မပေါ်လာဘူးလားဆိုရင်ဖြင့် တရားသဘောတွေက ဧကန်အမှန် အကျိုးပေးပါ လျက်သားနဲ့ မင်းဖျက်တဲ့ ပုဂ္ဂိုလ်ဆိုပြီး သကာလ တရားကိုပဲ ဖြစ်ထိုက်တဲ့တရားမို့ ဖြစ်အောင်လုပ်မဟဲ့ဆိုတဲ့ ဝီရိယပြင်ပြီး သကာလ တရားကိုအကြီးအကဲထားပြီး ကြိုးစားလိုက်လို့ရှိရင်လဲ ဒီဘဝမဂ်ရရမယ်တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဘယ်နှမျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)။

သုံးမျိုးထားပြီး ကြိုးစားရမယ်

ဒါဖြင့် ဒကာ ဒကာမတို့ တရားကြိုးစားတဲ့ ပုဂ္ဂိုလ်မှာ သုံးမျိုးထားပြီး ကြိုးစားရမယ်နော် (မှန်ပါ့) မိမိကိုယ်ကို အကြီးအကဲထား၍လဲ (ကြိုးစားရပါမယ် ဘုရား)။

သူတစ်ပါးမြင်မှာတွေကို ကြောက်သဖြင့်လဲ (ကြိုးစားရပါမယ်) တရားက ကောင်းစွာဟောတဲ့တရားမို့ ကောင်း ကျိုးပေးမှာကိုပင်လျှင် ဧကန်သိသောကြောင့်လဲ (ကြိုးစားရပါမယ် ဘုရား)။

ကြိုးစားမယ်ဆိုတော့ အဓိပတိဘယ်နှပါးနဲ့ ကြိုးစားရမလဲ (သုံးပါးနဲ့ ကြိုးစားရပါမယ် ဘုရား)။

ဤကဲ့သို့ ဒကာ ဒကာမတွေ ဤသုံးမျိုးနဲ့ ကြိုးစားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဆိုတဲ့ ဝဋ်ပဋိစ္စသမုပ္ပါဒ်ကြီးမှ မုချကျွတ်လွတ်ပြီး သကာလ ဒုက္ခခပ်သိမ်း ငြိမ်းပါလိမ့် မယ်လို့ ဘုရားက ဟောတော်မူလိုက်တယ် (မှန်ပါ့)။

အဓိပတိ ဘယ်နှမျိုးထားပြီး ကြိုးစားရမလဲ (သုံးမျိုးထားပြီး ကြိုးစားရမယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဒီသုံးမျိုးမွေးဖြစ်အောင် မွေးပါလို့ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့)၊ ဘယ်နှမျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)။

ကိုယ့်ကို အဓိပတိထားသဖြင့် (ကြိုးစားရပါမယ် ဘုရား) သူတစ်ပါးတွေက မြင်မှာ စိုးရိမ်သဖြင့် (ကြိုးစားရပါ မယ် ဘုရား)။

တရားတွေ ကောင်းစွာ ဟောပါလျက်သားနဲ့ ကိုယ့်သန္တာန် မကောင်းတဲ့တရား ဝင်လာလို့ရှိရင် တရားကို အဓိပတိမထားလို့ရှိရင်လဲ မကောင်းတဲ့တရားတွေ ဝင်မှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ တရားကြိုးစားနည်း သုံးမျိုးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ကို ပြကြစို့

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ်ကို ပြကြစို့။

ဒကာ ဒကာမတို့ သန္တာန်မှာ တရားနာတဲ့ ပုဂ္ဂိုလ်တွေမှာ အိုမှု, သေမှုအတွင်းမှာ ရှိပါရဲ့လားလို့မေးရင် (ရှိပါတယ် ဘုရား)။

အိုမှုလဲ ရှိတယ်နော် (မှန်ပါ့) သေမှုကော (ရှိပါတယ် ဘုရား)၊ အိုမှုကလဲ မီးလောင်လို့အိုတာပဲ (မှန်ပါ့)၊ သေတာလဲ မီးလောင်လို့ ပြောင်တာပဲ (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတွေ သန္တာန်မှာ အိုမှု, သေမှုဆိုတာ ရှိနေတယ်ဆိုတာဖြင့် သူများပြောလား၊ ကိုယ့်လက် ကိုယ်စမ်းကြည့်၊ ကိုယ့်ရင်ဘတ်ကိုယ် စမ်းကြည့်ရင် မတွေ့နိုင်ဘူးလား (တွေ့နိုင်ပါတယ် ဘုရား)။

ပူမှုကလေး မတွေ့လား (တွေ့ပါတယ် ဘုရား) အဲဒါ အိုအောင်လုပ်နေတဲ့ သူပဲ (မှန်ပါ့) သေအောင် လုပ်နေတာ ကော (သူပါပဲ ဘုရား)။

ဒါဖြင့် အိုမှု, သေမှု မရှိတော့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ သေမင်းများပါရဲ့လား (ပါ ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူတို့နှစ်ခုရှိနေလို့ရှိရင်ဖြင့် ငါတို့ဒီဘဝဖြင့် နေကောင်းပါရဲ့၊ ကျန်းမာပါရဲ့၊ ချမ်းသာပါရဲ့ ဆိုငြားသော်လဲ စမ်းမကြည့်လို့ ပြောတာ (မှန်ပါ့)။

အိုတတ်တဲ့ တရားက အမြဲတမ်း အိုအောင်လုပ်နေတယ်၊ သေအောင်လုပ်တဲ့ တရားကကော (အမြဲတမ်း သေအောင်လုပ်ပါတယ် ဘုရား)။

အိုမှု, သေမှုရှိနေသရွေ့

ကောင်းပြီ အဲဒီ အိုမှု, သေမှုရှိနေသရွေ့ ကာလပတ်လုံးဖြင့် ချမ်းသာသည်ဆိုတဲ့စိတ် ဘယ်တော့မှ မတွေးပါနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ချမ်းသာတဲ့စိတ် ဘယ်တော့မှ မတွေးပါနဲ့၊ ဘာရှိနေလို့ပါလိမ့် (အိုတဲ့တရား ရှိနေလို့ပါ ဘုရား)။

လက်တွေ့စမ်းကြည့်ပါ၊ ခန္ဓာကိုယ်ထဲမှာ ပူပူနွေးနွေးရှိပါရဲ့လား (ရှိပါတယ်) အဲဒါ မီးဓာတ်မဟုတ်လား (မီးဓာတ်ပါ ဘုရား)၊ ဘာလုပ်နေတာပါလိမ့် (လောင်နေတာပါ ဘုရား)။

လောင်လာတာ၊ ဘယ်လိုဖြစ်အောင် လောင်တာပါလိမ့် (အိုအောင်လောင်တာပါ)၊ နောက်ကျတော့ ပြောင် အောင်လောင်တာ (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဘာလာမယ်ထင်ကြသတုံး (ပြောင်အောင်လောင်တာ လာပါမယ်) အိုအောင်လဲ လောင်မှာပဲ၊ ပြောင်အောင် ကော (လောင်မှာပါ ဘုရား)။

ဒါဖြင့် သူတို့ကို ပါဠိသုံးတဲ့ အခါကျတော့ ဘယ့်နှယ်သုံးကြမလဲ (ဇရာ မရဏပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါဖြင့် ပဋိစ္စသမုပ္ပာဒ်အဆုံးမှာ ဇရာ မရဏရှိတယ်ဆိုတာ မှတ်ထားပါ (မှန်ပါ့)။

ဒီဘက်က ဇာရာ၊ ဒီဘက်က မရဏ၊ ဒကာ ဒကာမတွေ အားလုံးမြင်ကြရဲ့လား (မြင်ရပါတယ် ဘုရား)၊ ဘာတဲ့ ဒီနှစ်ခုက (ဇရာ မရဏပါ ဘုရား)၊ အိုအောင်လုပ်တဲ့ တရားနဲ့ သေအောင်လုပ်တဲ့ တရား (မှန်ပါ့)။

ဪ ဘယ်မှာနေပါလိမ့် (ခန္ဓာကိုယ်ထဲမှာပါ ဘုရား) ခန္ဓာကိုယ်ထဲမှာ ရှိတယ်ဆိုတော့ တေဇောဓာတ်ဆိုတာ ပေါ်ကြပြီ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီဘဝဖြင့် အိုမှုဒုက္ခကြီးလဲတို့မှာ အပြည့်ရှိနေတာပဲလို့ ခန္ဓာကိုယ်ထဲ စွဲချက်တင်လိုက် ပါတော့ (မှန်ပါ့)။

သေမှုဒုက္ခလဲတို့မှာ ကြုံရတော့မှာပဲ၊ ဆုံရတော့မှာပဲဆိုတာ မှတ်လိုက်ပါတော့ (မှန်ပါ့)၊ ရှိမနေဘူးလား (ရှိပါ တယ် ဘုရား)၊ ဘယ်အထဲမှာ ရှိပါလိမ့် (ခန္ဓာကိုယ်ထဲမှာပါ ဘုရား)။

ရှုကြ, ရှာကြပါ၊ ခန္ဓာကိုယ်ထဲရှာတော့ ဒကာ ဒကာမတွေ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

ခန္ဓာကိုယ်ထဲရှာတော့ တွေ့တော့ ဪ ဇရာ မရဏသည်ကားလို့ဆိုရင် တို့ကို နှိပ်စက်တဲ့ တရားပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

နှိပ်စက်တတ်တဲ့တရား

ဒါဖြင့် တေဇောက နှိပ်စက်သမား၊ တေဇောမှ တစ်ပါးသောကျန်တဲ့ရုပ်နာမ်တွေက အနှိပ်စက်ခံသမား (မှန်ပါ့) နှိပ်စက်တတ်တဲ့တရားနဲ့ အနှိပ်စက်ခံတတ်တဲ့တရားနဲ့ တွဲလျက်ကြီးဖြစ်နေတယ် (မှန်ပ့ါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နှိပ်စက်တတ်တဲ့ တရားနဲ့ အနှိပ်စက်ခံတဲ့တရားနဲ့ ဘာဖြစ်နေသတုံး (တွဲလျက်ကြီးပါ ဘုရား)။

ဒါ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ ဇရာဖြစ်အောင်လုပ်တဲ့ တေဇော၊ မရဏပြောင်အောင်လုပ်, သေအောင်လုပ်တဲ့ တေဇောဆိုတာက ဒကာ ဒကာမတွေ အပြည့်ရှိပြီး သကာလ နေသောကြောင့် သူနှိပ်စက်သရွေ့ဖြင့် ကျုပ်တို့ မငြင်းမဆန်ခံနေရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မငြင်းမဆန်ဘဲနဲ့ ခံနေရတယ်ဆိုတာက ထ, သွားလဲပါတာပဲ (မှန်ပါ့)၊ ထ,နေကော (ပါ-ပါတယ် ဘုရား) နှိပ်စက်တတ်တဲ့ တေဇောကပါတော့ အနှိပ်စက်ခံရတဲ့ ကျန်တဲ့ရုပ်နာမ်တွေက မငြင်းမဆန် ခံရတော့တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ယခုလက်ရှိ ခန္ဓာကိုယ်ကြီးမှာ တေဇောလဲရှိ၊ တေဇောအလောင်ခံရတဲ့ မီးလဲရှိ၊ ထင်းလဲ ရှိပေါ့ဗျာ (မှန်ပါ့)၊ အဲ မီးနဲ့ထင်းနဲ့ အတူတူနေရတယ် (မှန်ပါ့)။

ဒါဖြင့် ဒီခန္ဓာကြီးသည် ဘာသစ္စာ ခေါ်ကြမလဲ (ဒုက္ခသစ္စာပါ) ဒါကြောင့် ဇရာပိ ဒုက္ခာ မရဏမ္ပိ (ဒုက္ခံပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါ ထပ်ပြီး သကာလ ပြောပါတယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ကောင်းပြီ လက်ရှိခန္ဓာကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

နှိပ်စက်တတ်တဲ့ တရားက ဘယ်သူပါလိမ့် (တေဇောပါ ဘုရား) အနှိပါစက်ခံရတာက ကျန်တဲ့ရုပ်နာမ် (မှန်ပါ့)။

နှိပ်စက်တတ်တဲ့ (တေဇောပါ ဘုရား) အနှိပ်စက်ခံရတဲ့တရားက (ကျန်တဲ့ရုပ်နာမ်ပါ) တေဇောနဲ့ ကျန်တဲ့ ရုပ်နာမ်နဲ့ တွဲမနေဘူးလား (တွဲနေပါတယ် ဘုရား)။

တရစပ်မပြတ် အနှိပ်စက်ခံနေခြင်း

ဒါဖြင့် နှိပ်စက်တတ်တဲ့ တရားရယ်၊ အနှိပ်စက်ခံရတဲ့တရားရယ် တွဲနေသောကြောင့် တရစပ်မပြတ် အနှိပ်စက် ခံ နေခြင်းကြောင့် လက်ရှိခန္ဓာကို ဘာသစ္စာဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)

ဒါဖြင့် ခင်ဗျားတို့ ဇရာပိ ဘယ့်နှယ့်ဆိုကြမယ် (ဒုက္ခာပါ ဘုရား) မရဏမ္ပိ (ဒုက္ခံပါ ဘုရား)။

ဒါဖြင့် တရားနာနေကြတာ ဘယ်သူတွေပါလိမ့်မတုန်းမေးရင် ဖြေတတ်ကြပလား (ဖြေတတ်ပါပြီ) ဘယ်သူတွေ ပါလိမ့်မတုံးဗျာ (ဒုက္ခသစ္စာတွေပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သေသေချာချာ ဝိပဿနာဉာဏ်, သစ္စာဉာဏ် ဆိုက်အောင် ပြောနေတယ် (မှန်ပါ့)။

သစ္စာဉာဏ်ဆိုက်အောင် ပြောနေတယ် ဒကာ ဒကာမတွေ၊ ဒီအချိန်ဟာ သောတာပန် တည်ချင်တည်နိုင်တဲ့ အချိန်ပါပဲ (မှန်ပါ့) ခန္ဓာကိုယ်သာ ဉာဏ်ကလေး လှည့်ပေးလိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မီးနဲ့ ထင်းနဲ့တွဲလျက် မနေဘူးလား

ဒါဖြင့် ယခုရှင်းသာ ရှင်းနေရတယ် ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ မီးနဲ့ ထင်းနဲ့တွဲလျက် မနေဘူးလား (နေပါတယ် ဘုရား) ဒါဖြင့် ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

တရားနာနေကြတာ ကျန်းမာ ချမ်းသာလို့ နာနိုင်ကြသလား ဒုက္ခရောက်လျက်နဲ့ နာနေရတာလား (ဒုက္ခရောက် လျက် နာနေရတာပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အေး မီးလောင်ခံပြီး နာနေရသောကြောင့် အအိုခံပြီး နာရ၊ အသေခံပြီး နာရ၊ ဒကာသိုက် ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဪ တို့သည်ကားလို့ဆိုရင်ဖြင့် ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးဆိုတာ ထင်ရှားတယ် (ထင်ရှား ပါတယ် ဘုရား)

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဇရာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် အလိုလိုလား၊ လက်သည် ရှိသေးသလားဆိုတာ မေးပါ (လက်သည် ရှိပါတယ် ဘုရား)

လက်သည် ဘယ်သူပါလိမ့် (ဇာတိပါ ဘုရား) ဪ ဇာတိကြောင့် ဘာဖြစ်ပါလိမ့် (ဇရာ မရဏဖြစ်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဇာတိပစ္စယာ=ပဋိသန္ဓေနေမှုကြောင့်၊ ဇရာ မရဏ=အိုတတ် သေတတ်တဲ့ သဘောကြီး ဖြစ်ရသည်။ ဟောတိ= ဖြစ်၏။

ပဋိသန္ဓေနေမှုကြောင့် ဘာဖြစ်ရပါလိမ့်

ဪ ဒကာ ဒကာမတို့ ပဋိသန္ဓေနေမှုကြောင့် ဘာဖြစ်ရပါလိမ့် (ဇရာ မရဏဖြစ်ပါတယ် ဘုရား) မြန်မာလို ဆိုတော့ အိုမှု, သေမှုဖြစ်ရသည် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိသန္ဓေနေမှုကြောင့် (အိုမှု, နာမှု, သေမှုဖြစ်ရပါတယ်) နာမှုမထည့်ပါနဲ့တော့၊ စာအတိုင်းပဲ သွားကြပါစို့ (မှန်ပါ့)။

အိုမှု, သေမှုဖြစ်ရသည်၊ ရှေ့က နှစ်လုံးပြထားတယ်၊ မြင်ကြပလား (မြင်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အိုမှု, သေမှုဟာ ဘယ်ကလာပါလိမ့် (ဇာတိက လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိသန္ဓေနေမှုက သမုဒယသစ္စာ၊ အိုမှု, သေမှုက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါက သူ့အကြောင်း သူပြောရတယ် ဒကာသိုက်ရဲ့၊ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ဟောတော်မူတယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ အမိဝမ်းခေါင်းထဲမှာ အောင်းရခြင်းက ဇာတိ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီအထဲက တစ်ခါတည်း လောင်လာရပြီး သကာလ တစ်နေ့တခြား အိုပြီ တစ်နေ့တခြားသေခါနီးဖြစ်ပြီး ပြောင်းသွားရတဲ့ ဥစ္စာသည် ဇရာ မရဏဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဇရာ မရဏ၏ လက်သည်ဟာ ဘယ်သူပါလိမ့် (ဇာတိပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဇာတိရှိလို့ ဇရာ မရဏ လာတာပဲဆိုတာ ကောင်းကောင်းသဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ အကြောင်းနဲ့အကျိုး ခဲပစ်တဲ့လူနဲ့ခဲ ဘယ်ဟာက ကြောက်စရာ ကောင်းသတုံးလို့ မေးလို့ရှိရင် ဘယ်နှယ့်ဖြေကြမလဲ (ခဲပစ်တဲ့လူက ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ခဲက ကြောက်စရာ မဟုတ်ဘူူး၊ ခဲပစ်တဲ့လူက ပိုကြောက်စရာ ကောင်းတယ် (မှန်ပါ့)၊ ခဲပစ်တဲ့သူက ဒကာ ဒကာမ တွေကို နှိပ်စက်တာ၊ ခဲက နှိပ်စက်တာ မဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခဲပစ်တဲ့သူနဲ့ ခဲ

ဒါဖြင့် ခဲပစ်တဲ့သူနဲ့ ခဲဟာ ဘယ်ဟာက သာကြောက်စရာကောင်းသလဲ (ခဲပစ်တဲ့လူက သာပြီး ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဇရာ မရဏနဲ့ ဇာတိ ဘယ်ဟာကသာပြီး ကြောက်စရာ ကောင်းသတုံး (ဇာတိကသာပြီး ကြောက်စရာ ကောင်းပါတယ် ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ဇာတိက ခဲပစ်သမား၊ ဇရာ မရဏက ခဲတွေ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဇာတိနဲ့ ဇရာ မရဏ ဘယ်ဟာက ကြောက်စရာ ကောင်းသတုံး (ဇာတိက ကြောက်စရာ ကောင်းပါ တယ် ဘုရား) ဇာတိက ကြောက်စရာကောင်းတာပေါ့၊ ဇာတိရှိလို့ ဒကာသိုက်တို့ ဦးလှဘူးတို့ ဇရာ မရဏဆိုတဲ့ အိုမှု, သေမှု တွေ့ရတယ် (မှန်ပါ့)၊ သူသာမရှိမယ်ဆိုရင် (မတွေ့ပါ ဘုရား)၊ ဒါဖြင့် အကြောင်းနဲ့ အကျိုးကော ဆက်စပ်မိပါ သလား (ဆက်စပ်မိပါတယ် ဘုရား)။

ဪ ဇာတိပစ်လိုက်တဲ့ ခဲကြောင့် ဇရာ မရဏကို တို့ ကိုယ်ပိုင်ကိုယ်ဆိုင် ခံနေရတယ်ဆိုတာ မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ ကြောက်စရာ ကောင်းသတုံး (ဇာတိ ကြောက်စရာ ကောင်းပါတယ် ဘုရား)၊ ဇာတိဆိုတာ ပဋိသန္ဓေနေ မှုနော် (မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီး မေးလိုက်ပါတယ်၊ လူဖြစ်ရပါလို၏ဆိုတော့ ဘယ်ကစ,မလဲ (ဇာတိက စပါမယ် ဘုရား)၊ နတ်ဖြစ်ရပါလို၏ (ဇာတိက စပါတယ် ဘုရား)။

ဒါဖြင့် ဇာတိနဲ့ မရဏ ဘယ်ဟာ ကြောက်စရာကောင်းသတုန်း (ဇာတိက ကြောက်စရာ ကောင်းပါတယ် ဘုရား) ဇာတိက ခဲပစ်သမားကိုး မဟုတ်ဘူးလား (မှန်ပါ့)၊ ဇရာမရဏတို့က ခဲကိုး (မှန်ပါ့)၊ ကြောက်စရာကောင်းတာကို ခင်ဗျားတို့က ဆုတောင်းယူတယ် (မှန်ပါ့)။

ဘာပါလိမ့် (ကြောက်စရာကောင်းတာကို ဆုတောင်းယူပါတယ် ဘုရား) အဲဒါသည် ခင်ဗျားတို့ ဇာတိကို သမုဒယသစ္စာလို့ မသိလို့ ဆုတောင်းယူတာ (မှန်ပါ့)။

ဇာတိဟာ ဇရာ မရဏဖြစ်ကြောင်း သမုဒယသစ္စာလို့မသိကြလို့ ခင်ဗျားတို့ လူဖြစ်ရပါလို၏ဆိုတော့ ဇာတိ ဖြစ်ရပါလို၏ (မှန်ပါ့)၊ နတ်ဖြစ်ရပါလို၏ကော (ဇာတိဖြစ်ရပါလို၏ ဘုရား) ဗြဟ္မာဖြစ်ရပါလို၏ကော (ဇာတိဖြစ်ရပါလို၏ ဘုရား)။

ဇာတိနဲ့ ဇရာ မရဏက ဘယ်ဟာ ကြောက်စရာကောင်းပါသတုန်း (ဇာတိက ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ကြောက်စရာကောင်းတာကို ဆုတောင်းယူ

ဒါဖြင့် ကြောက်စရာကောင်းတာကို ဒကာ ဒကာမတွေက ဘယ်လို လုပ်ယူကြပါလိမ့် (ဆုတောင်းယူပါတယ် ဘုရား) ဒီထက်လွဲပြီးများ ရှိသေးလား (မရှိပါ ဘုရား)၊ အတော့်ကို ဆိုးနေပါပေါ့လား (ဆိုးပါတယ် ဘုရား)။

အဲဒါ ဇာတိက သုမဒယသစ္စာ၊ ဇရာ မရဏက ဒုက္ခသစ္စာဆိုတဲ့နှစ်ခုကို သစ္စာဉာဏ်နဲ့ ကိုယ်ပိုင်မသိလို့ ဆုတောင်းတာ (မှန်ပါ့ ဘုရား) သစ္စာမသိလို့ ဆုတောင်းလိုက်တာပါ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်နှယ်ကြောင့် ဆုတောင်းလိုက်တာပါလိမ့်(သစ္စာမသိလို့ ဆုတောင်းလိုက်တာပါ ဘုရား) ဇာတိက ဘာ သစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) ဇရာ မရဏကကော (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ရမ်းပြောလို့မရဘူး၊ ခင်ဗျားတို့ ထင်ထားတာတွေ မပြောပါနဲ့၊ ခင်ဗျားတို့ တင်ထားတာတွေက အလွဲချည့်ပဲ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒါ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ရှင်သာရိပုတ္တရာဟောလို့ ဘုရားကထောက်ခံချက်ပေးတယ်တဲ့၊ ပဋိစ္စသမုပ္ပါဒ်ထဲမှာ ခွဲရတဲ့ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာလို့ မှတ်လိုက်စမ်းပါ ဒကာသိုက်ရေ (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် ဒီပြထားတာကိုလဲကြည့်ပါ၊ ပြထားတာမကြည့်ဘဲ ပါးစပ်က ရမ်းပြောနေရင် အလွဲချည့်ဖြစ်နေ မှာပဲ (မှန်ပါ့)၊ ဇရာမရဏ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဇာတိက (သမုဒယသစ္စာပါ ဘုရား)။

ဇာတိကြောင့် ဇရာ မရဏ ဖြစ်ပါတယ်ဆိုတော့ သူက သမုဒယဆိုတာ အကြောင်းဟောတာ (မှန်ပါ့)၊ ဇာတိကြောင့် ဘာဖြစ်တာလဲ (ဇရာမရဏဖြစ်ပါတယ် ဘုရား) ဇာတိက ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား) ဇရာ မရဏ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါမှ အမေးနဲ့ အဖြေ ခင်ဗျားတို့ ပါဠိတော် ကိုက်တော့မပေါ့ (မှန်ပါ့)၊ ကိုယ်ဖြေချင်တာ ဖြေနေလို့ရှိရင်ဖြင့် အကျိုးပေးရင် အကြောင်းဖြေဖြစ်နေဦးမှာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာမပိုင်သေးသရွေ့

ဒါဟာ သစ္စာမပိုင်သေးသရွေ့ ရမ်းနေကြမယ်ဆိုတာ ပေါ်ပလား (ပေါ်လာပါပြီ ဘုရား)၊ ဒါကြောင့်လဲ သံသရာ ရှည်နေတာပဲ (မှန်ပါ့)။

ဇရာမရဏက ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) ဇာတိက (သမုဒယသစ္စာပါ ဘုရား) ဟုတ်သားပဲ။ ဇာတိကြောင့် ဇရာ မရဏဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ဇာတိကြောင့်ဆိုတော့ အကြောင်း သမုဒယ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဇရာ မရဏက အကျိုး ဒုက္ခဆိုတာ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏၊ ဗြဟ္မာဖြစ်ရပါလို၏ဆိုတော့ ဇာတိနဲ့ မရဏက ဘယ်ဟာက အရင်စ ပြီးရမှာတုံး (ဇာတိက စ,ပြီးရမှာပါ ဘုရား) ဒါဖြင့် သမုဒယသစ္စာ စပြီးရတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါြ့ပီ ဘုရား)။

ဒါဖြင့် ခဲပစ်တတ်တဲ့လူရတာပေါ့ (မှန်ပါ့)၊ ခဲပစ်တတ်တဲ့ လူ ရလို့ရှိရင်ဖြင့် ခဲပစ်ခံရပါလို၏ ဆိုတာကော (လာပါတယ် ဘုရား) မပါဘူးလား (ပါ ပါတယ်ဘုရား)။

ကောင်းပြီ ဒါဖြင့် ဇာတိက ဘာသစ္စာလဲ (သမုဒယသစ္စာပါ) ဇရာ မရဏက (ဒုက္ခသစ္စာပါ) သစ္စာဘယ်နှပါး သိသလဲ (နှစ်ပါးသိပါတယ်) သိတာက ဘာပါလိမ့် (မဂ္ဂပါ ဘုရား)။

အဲဒီ မဂ္ဂသစ္စာနဲ့ ဇာတိက သမုဒယသစ္စာ၊ ဇရာမရဏက ဒုက္ခသစ္စာလို့ ယခုလို ပုံချပြီး သကာလ ခန္ဓာကိုယ် ဖြစ်စဉ်၌ မသိသောကြောင့် ခင်ဗျားတို့သည် ဇာတိပဲ ဆုတောင်းယူတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာ ဆုတောင်းယူပါလိမ့်

ဘာ ဆုတောင်းယူပါလိမ့် (ဇာတိပဲ ဆုတောင်းယူပါတယ် ဘုရား)၊ ဇာတိဆုတောင်းယူတော့ ဇရာ မရဏ လိုက်ခဲ့ဦးမယ် (မှန်ပါ့) မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

ဇာတိ ဆုတောင်းယူတဲ့ ပုဂ္ဂိုလ် ဘယ်သူလိုက်ဦးမလဲ (ဇရာ မရဏက လိုက်ဦးမှာပါ)။

ဒါဖြင့် သမုဒယသစ္စာရော ဒုက္ခသစ္စာရော အပြည့်အစုံရပါလို၏ ဘုရား ဆိုတော့ ပယ်ရမယ့် သစ္စာနှစ်ခုကို ခင်ဗျားတို့က ပြည့်စုံရပါလို၏ ဆုတောင်းယူလိုက်တယ် (မှန်ပါ့) လွဲပုံများ ဘယ်လောက် ကြီးကျယ်တယ်ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီဘုရားါ်)။

ဘုရားက ဒီသစ္စာနှစ်ပါး သမုဒယနဲ့ ဒုက္ခကို သမုဒယ သစ္စာပယ်၊ ဒုက္ခကို ပိုင်းခြားထားခဲ့လို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ခင်ဗျားတို့က ဒီသစ္စာနှစ်ခု မသိတော့ကို သမုဒယမှန်းလဲမသိ၊ ဒုက္ခမှန်းကော (မသိပါ ဘုရား)၊ မသိလို့ လူဖြစ်ရ ပါလို၏ဆိုတော့ ဇာတိရတယ် (မှန်ပါ့)၊ ဇရာ မရဏလဲ လိုက်လာတယ် (မှန်ပါ့)။

ဘယ်သစ္စာ နှစ်ပါးရသတုံးဆိုတော့ ဘုရားမကြိုက်တဲ့ သစ္စာနှစ်ပါးကို ဆုတောင်းယူလိုက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားမကြိုက်တာလဲလုပ်သေးရဲ့

ပြီးတော့ ခင်ဗျားတို့က ဗုဒ္ဓဘာသာတဲ့ (မှန်ပါ့) ဘုရားမကြိုက်တာလဲလုပ်သေးရဲ့၊ ပြီးတော့ ဘာ ဘာသာလို့ နာမည်ခံသတုံး (ဗုဒ္ဓဘာသာလို့ နာမည်ခံပါတယ် ဘုရား)။

ဘုရားက သမုဒယသစ္စာကို ပယ်ကွ၊ ဟုတ်လား (မှန်ပါ့)၊ ဒုက္ခသစ္စာကို ပိုင်းခြားထားခဲ့၊ မင်းတို့နောက် မလိုက်စေနဲ့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

သမုဒယသစ္စာတော့ ဘာတဲ့ (ပယ်ရပါမယ် ဘုရား)၊ ဒုက္ခသစ္စာကို (ပိုင်းခြားထားခဲ့ရပါမယ်)။

အဲဒီ သစ္စာနှစ်ပါးကို မင်းတို့ကိုယ်တိုင် မလုပ်နဲ့လို့ မဟောဘူးလား (ဟောပါတယ် ဘုရား) ဟောတာကို ခင်ဗျားတို့က လူဖြစ်ရပါလို၏ဆိုတော့ ဇာတိဖြစ်ရပါလို၏ (မှန်ပါ့)၊ နတ် ဖြစ်ရပါလို၏ (ဇာတိဖြစ်ရပါလို၏) ဗြဟ္မာ ဖြစ်ရပါလို၏ (ဇာတိဖြစ်ရပါလို၏) လူချမ်းသာကြီး ဖြစ်ရပါလို၏ (ဇာတိဖြစ်ရပါလို၏)နတ်မင်းကြီး ဖြစ်ရပါလို၏ (ဇာတိဖြစ်ရပါလို၏) စကြဝတေးမင်း ဖြစ်ရပါလို၏ (ဇာတိဖြစ်ရပါလို၏)။

ဒါဖြင့် ဇရာ မရဏက ဘယ့်နှယ့်ပြောသတုံး (လိုက်မှာပါ ဘုရား) လိုက်ခဲ့ဦးမယ် ပြောတာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဇာတိပါလာတော့ ဒကာသိုက်ရာ ဇရာ မရဏ မလိုက်ဘဲနေပါ့မလား (မနေပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီသစ္စာနှစ်ပါးဟာ ဘုရားက ပယ်ရမယ့် ပိုင်းခြင်းသိရမယ့် သစ္စာနှစ်ပါးတဲ့ (မှန်ပါ့)။

ခင်ဗျားတို့ကတော့ ဆုတောင်းယူတဲ့ သစ္စာနှစ်ပါး (မှန်ပါ့ ဘုရား) ရှည်မှ ရှည်ပါ့မလား သံသရာ (ရှည်ပါတယ် ဘုရား)။

ဘုရားက ဘာတဲ့ (ပယ်ရပါမယ် ဘုရား) ခင်ဗျားတို့က ဘာလုပ်သလဲ (တောင်းယူပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဘယ်တော့မှ ဒီသစ္စာကိုသိတဲ့ မဂ်ဉာဏ်သံသရာ တစ်ခွင်လုံးမှာ မပေါ်ခဲ့ဘူး (မှန်ပါ့)၊ ဇရာ မရဏက ဒုက္ခသစ္စာလို့ အခုပါးစပ်ထဲ ထည့်ဖူးတာပဲ (မှန်ပါ့)။

ရှေးကဖြင့် ဒီဥစ္စာကို သစ္စာသဘောနဲ့ မသိဘူူး၊ ကိုယ်ပိုင်လုပ်ချင်တဲ့သဘော တဏှာနဲ့သာ ယူနေတာပဲ (မှန်ပါ့)၊ သစ္စာသဘောနဲ့ သိသေးရဲ့လား (မသိပါ ဘုရား)။

ဇရာ မရဏ ဒုက္ခချည့် လှည့်နေတယ်

အဲဒါကြောင့် တစ်သံသရာလုံး ကိုယ်ကျိုးနည်းပြီး ဇာတိဒုက္ခ၊ ဇရာ မရဏ ဒုက္ခချည့် လှည့်နေတယ် (မှန်ပါ့)၊ ဘာ မသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီ သစ္စာနှစ်ပါးကို ဘုရားက ဘာလုပ်ရမယ်တဲ့ (ပယ်ရမယ်၊ ပိုင်းခြားသိရပါမယ်) ခင်ဗျားတို့က (ဆုတောင်း ယူ ပါတယ် ဘုရား)။

ဖြစ်မှဖြစ်ရလေ ဗုဒ္ဓဘာသာလားဗျာ ဗုဒ္ဓဘာသာဆိုတာလား (ဗုဒ္ဓဘာသာ မစစ်သလိုပါ ဘုရား) ဘုရားက ပယ်ဆိုရင်ပယ်မှ ဘုရား အယူအစစ်လိုက်တာကိုး (မှန်ပါ့)။

ဘုရားက ဒီဥစ္စာ ကိုယ်ပိုင်ထားဆိုလို့ ကိုယ်ပိုင်ထားရင် ဘုရားအယူ (မှန်ပါ့)၊ ဘုရားက ပယ်ခိုင်းတာ ခင်ဗျား တို့က ကိုယ်ပိုင်ထားတော့ ဒါဘယ့်နှယ်ဆိုကြမလဲ (ဘုရားအရွဲ့တိုက်ရာ ကျပါတယ်) ရှင်းပလား (ရှင်ပါပြီ ဘုရား)။

ဆိုင်းဘုတ်တော့ သူ့အမေအဖေကလဲ ဗုဒ္ဓဘာသာဆိုင်းဘုတ်ဆွဲလို့၊ သူ့သားသမီးတွေလဲ ဗုဒ္ဓဘာသာဆိုတဲ့ ဆိုင်းဘုတ်တော့ ဆွဲလိုက်တာပဲ၊ ရုံးတော့ မှတ်ပုံတင်လိုက်တာပဲ (မှန်ပါ့)၊ တင်ပင်တင်ငြားသော်လဲ ဝမ်းထဲကတင်ထား တာ မဟုတ်ဘူး၊ ရိုးရာတင်တာလို့ မှတ်လိုက်ကြပါ (မှန်ပါ့)။

ဘုရားက ဇာတိ သမုဒယသစ္စာနဲ့ ဇရာ မရဏ ဒုက္ခသစ္စာကို ဘာလုပ်ရမတဲ့တုံး (ပယ်ရပါမယ် ဘုရား)။

ခင်ဗျားတို့ ဘုရားဆီမှာ သွားပြီး သကာလ နောက်ဘဝ လူချမ်းသာ ဖြစ်ရပါလို၏၊ နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ ဖြစ်ရပါလို၏ ဆုတောင်းလိုက်တော့ ဘုရားက ပယ်လို့ခိုင်းတဲ့တရားကို ကိုယ်တော် မြတ်ကြီးဆီမှာ အရတောင်းနေကြတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာ မသိလို့ တောင်းတာ

ဒါဖြင့် ဒကာ ဒကာမတို့သည် သစ္စာ မသိလို့ တောင်းတာ (မှန်ပါ့)၊ ဘုရားက ငါလဲ သစ္စာမသိလို့ သံသရာရှည် ခဲ့ရတယ် (မှန်ပါ့)။

အိုဘေး, နာဘေး, သေဘေးနဲ့ အဖော်လုပ်ခဲ့ရတယ် (မှန်ပါ့)၊ မင်းတို့လဲ သစ္စာမသိရင် သံသရာရှည်ရမယ်၊ အိုဘေး, နာဘေး, သေဘေးနဲ့ အဖော်လုပ်ရမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဒီတရားကို ရေရေလည်လည် ဟောတာသည် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ် ဟောနေတာသည် သစ္စာနဲ့တွဲဟော နေတာမို့ ဆက်ပြီးတော့ နာပါ (မှန်ပါ့)၊ တစ်နေ့တည်းပြီးတဲ့ တရားမျိုးကလဲ မဖြစ်နိုင်ဘူး (မှန်ပါ့)၊ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ တစ်သက်လုံး မည်းလာတဲ့ အနှစ်အစိတ်လောက် သုတ်လာတဲ့ လက်သုတ်ပဝါက ဆီသည် တစ်ခါမှ မဖွပ်ရသေးဘဲကိုး၊ အခုမှ သုံးလေးရက် ဖွပ်ရုံနဲ့တော့ ဖြူပါ့မလား (မဖြူပါ ဘုရား)။

ခင်ဗျားတို့ တစ်သံသရာလုံး အဝိဇ္ဇာဓာတ်နဲ့မည်းလာတဲ့၊ အဝိဇ္ဇာကြောင့် မသိမှုကြောင့် မည်းလာတဲ့ သစ္စာနှစ်ပါး ကို ဒီနေ့ တစ်ခါတည်း မဂ်ဉာဏ်,ဖိုလ်ဉာဏ်ဆိုက်အောင်ဆိုတာ မဖြစ်နိုင်ဘူး (မှန်ပါ့)

အခုမှဖွပ်စ, လျှော်စကလေးရှိသေးတယ်လို့ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဇာတိက ဘာသစ္စာ (သမုဒယသစ္စာပါ) ဇရာမရဏက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိနဲ့ ဇရာမ မရဏဘယ်ဟာ ကြောက်စရာ ကောင်းသတုံး (ဇာတိက ကြောက်စရာ ကောင်းပါတယ် ဘုရား)။

အကြောင်းနဲ့အကျိုးကိုးဗျ၊ အကြောင်းသာ ကြောက်စရာကောင်းတာပေါ့၊ အကြောင်းရှိနေတော့ အကျိုးက မလာပါနဲ့ဆိုလို့ ကန့်ကွက်လို့ ရသေးသလား (မရပါ ဘုရား)။

အလုပ်မလုပ်ခင် ဟောနေတာ

ဒါဖြင့် ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ၊ အလုပ်မလုပ်ခင် ဟောနေတာ (မှန်ပါ့)။

အလုပ်လုပ်တာ ဒီလို သစ္စာသိပြီး အလုပ်လုပ်လိုက်ရင် ခဏကလေး ပေါက်သွားမယ် (မှန်ပါ့)၊ သစ္စာမသိဘဲနဲ့မှ ဆရာက ပေးတာ ရမ်းမှန်းပြီးလုပ်နေတော့ ဘယ်နည်းနဲ့မှ မပေါက်ဘူးလို့မှတ်ပါ (မှန်ပါ့)။

သစ္စာသိလိုက်တော့ ယထာဘူတဉာဏ် မဝင်လာဘူးလား (ဝင်လာပါတယ်) ယထာဘူဉာဏ်ရရင် နိဗ္ဗိန္ဒိဉာဏ် ဝင်ဖို့ရာ နီးသွားပြီ (မှန်ပါ့)။

နိဗ္ဗိန္ဒဉာဏ် ငြီးငွေ့လာတဲ့ တစ်နေ့ကျတော့ ဇာတိရော၊ ဇရာ မရဏရော မလိုချင်ဘူးဆိုတဲ့ မဂ်ဉာဏ် ချက်ချင်း ဝင်မယ် (မှန်ပါ့) မဝင်ဘူးလား (ဝင်ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဇာတိ ဘာသစ္စာလဲ (သမုဒယသစ္စာပါ) ဇရာမရဏက (ဒုက္ခသစ္စာပါ ဘုရား)။

ပါရမီဆယ်ပါးအပြားသုံးဆယ်

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘုရားဖြစ်လာတာဟာ ဘယ့်နှယ်ကြောင့် ဘုရားဖြစ်လာ ပါလိမ့်မေးတော့ ခင်ဗျားတို့ ပါရမီဆယ်ပါးအပြားသုံးဆယ်ကြောင့် ဘုရားဖြစ်တယ်လို့ ပြောလိမ့်မယ် (မှန်ပါ့)။

ဘုရားဖြစ်တာ ဘယ်လိုကြောင့် ဘုရားဖြစ်လာပါလိမ့်မယ် (ပါရမီဆယ်ပါး အပြားသုံးဆယ် ဖြည့်ကျင့်လို့ပါ ဘုရား) ပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီး ငါးပါးတွေ စွန့်ခဲ့လို့ ဒါကို အကုန်သိထားတယ် ဘုရားဖြစ်ကြောင်း (မှန်ပါ့ ဘုရား)။

ဒါတွေဟာ ပဓာန မဟုတ်ပါဘူး ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ ဒါတွေချည့်လုပ်ပြီး သကာလ နေငြားသော်လဲ ဥပမာ ပါရမီဆယ်ပါး ဒါနပါရမီ၊ သီလပါရမီ အစရှိသော ပါရမီဆယ်ပါး အပြားသုံးဆယ်ဆိုတာ သူ့ကို တစ်ခုလျှင် သုံးခုစီ ပြလိုက်လို့ သုံးဆယ်ဖြစ်တာကိုး (မှန်ပါ့)။

စွန့်ခြင်းကြီး ငါးပါးဆိုတာကတော့ သိပြီးသားအတိုင်း အင်္ဂပရိစာဂ ပုတ္တပရီစာဂ စတဲ့စွန့်ခြင်းကြီး ငါးပါးပေါ့ဗျာ (မှန်ပါ့)။

ခင်ဗျားတို့က ဒါကြောင့် ဘုရားဖြစ်တယ်လို့ အောက်မေ့ကြတယ် (မှန်ပ့ါ)၊ ဒကာ ဒကာမတို့ အဲဒါက ဝေးသော အကြောင်းတွေပါ (မှန်ပါ့)။

နီးသော အကြောင်းကို ရှင်းပြပါမယ်

နီးသော အကြောင်းကို ရှင်းပြပါမယ့် နီးသောအကြောင်းရှင်းပြမှ ဒကာ ဒကာမတွေ သေချာသွားမယ် (မှန်ပါ့ ဘုရား)၊ နီးသော အကြောင်းကတော့ ဇရာ မရဏတို့မှ လွတ်ပြီးဘုရားအဖြစ်ကို ယူတော်မူတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာ လွတ်ချင်လို့ပါလိမ့် (ဇရာ မရဏတို့မှ လွတ်ချင်လို့ပါ ဘုရား)။

ဒါဖြင့် ဇရာ မရဏတို့ ကြောက်ပြီး ဘုရားဆုတောင်းပြီး ဘုရားဖြစ်လာတာ (မှန်ပါ့) ဇရာ မရဏသာ မရှိ မယ်ဆိုရင် သူအိုက မအိုဘူး၊ သေလဲမသေဘူူး၊ သူအမြဲ ဖြစ်နေမယ်ဆိုလို့ရှိရင်ဖြင့် ဇရာမရဏ မရှိတဲ့ ပုဂ္ဂိုလ်ဟာ ဇရာမရဏ လွတ်ကြောင်းဆိုတဲ့ ဘုရားဖြစ်ကြောင်းတွေ လုပ်ပါ့မလား (မလုပ်ပါ ဘုရား)။

ဇရာ မရဏရှိနေတဲ့အတွက်တ ဇရာ မရဏ လွတ်ကြောင်းဆိုတဲ့ ဘုရားဆုတောင်းပြီး လုပ်ပါတယ် (မှန်ပါ့)။

ဒါဖြင့် ဘုရားဖြစ်လာတာ ဒကာ ဒကာမတို့ ဘယ်သူ့ကြောင့် ဘုရားဖြစ်လာတယ် ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား)။

ဘယ်သူ့ကြောင့်ပါလိမ့် (ဇရာ မရဏကြောင့်ပါ ဘုရား)။

ကိုယ့်အနာရှိလို့ ကိုယ်ဆေးကုချင်တာဗျာ (မှန်ပါ့) ကိုယ့်အနာမရှိရင် (ကိုယ် ဆေးမကုချင်ပါ)။

အဲဒီတော့ ဘုရားအလောင်းမှာ နုစဉ်အခါကတည်းက ဇရာ မရဏ ရှိ မရှိ (ရှိပါတယ် ဘုရား) အဲဒီ ဇရာ မရဏကိုဖြင့် ငါ လွတ်အောင် ကျွတ်အောင်တော့ လုပ်မှာပဲ၊ ဇရာ မရဏ အကြောင်း သိအောင်လုပ်မှပဲဆိုပြီး သကာလ ဖြစ်လာတာ (မှန်ပါ့)။

ဘုရားဖြစ်ခြင်း အစ

ဒါကြောင့် ဘုရားဖြစ်ခြင်း အစ ဇရာ မရဏက (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားဖြစ်ခြင်းအစ ဘယ်က စပါလိမ့် (ဇရာ မရဏကပါ)၊ ဇရာ မရဏ တွေးလုံးပေါ်ပြီး ဘုရားဖြစ်ချင်လို့ ဘုရားဖြစ်ကြောင်းတွေ လုပ်တယ် (မှန်ပါ့)။

ဇရာ မရဏ မရှိရင် ဘုရားအလုပ်ကို လုပ်ဖြစ်တော့မယ် မဟုတ်ပါဘူး (မှန်ပါ့)၊ ဇရာ မရဏမရှိရင် နိဗ္ဗာန် ရောက်နေမှာကိုး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသည် ဘယ်သူ့ကြောင့် ဘုရားအဖြစ်ကို ယူပါလိမ့်မတုံး (ဇရာ မရဏကြောင့်ပါ ဘုရား)။

အဲ ဇရာ မရဏကြောင့် ဘုရားဖြစ်လာတာ၊ ဇရာ မရဏကို ရွံလွန်းလို့၊ မုန်းလွန်းလို့ ဇရာ မရဏမှ ထွက်ကြောင်း ကိုဖြင့် ရှာတော့မယ်ဆိုပြီး ရှာလိုက်တော့ သဗ္ဗညုတဉာဏ်တော်ကြီးရလို့ ဇရာ မရဏမှ လွတ်သွားတယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားဖြစ်လာတာ ဘယ်သူ့ကြောင့်တုံး (ဇရာ မရဏကြောင့်ပါ ဘုရား)။

ခင်ဗျားတို့ သိထားတာက ဘာတဲ့ (ပါရမီဆယ်ပါး အပြားသုံးဆယ်ပါ) အဲဒါက ဝေးသောအကြောင်းတွေပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အကယ်၍ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ ဇရာ မရဏ မရှိတော့ဘူးဆိုလို့ရှိရင် သူ ဘယ်သူ့ကြောင့် သံဝေဂဉာဏ် ဝင်မတုံး (ဝင်စရာမရှိနိုင်ပါ ဘုရား)၊ ဝင်စရာမရှိနိုင်ရင် ဘုရားဖြစ်ချင်စိတ် ပေါ်ပါဦး မလား (မပေါ်ပါ ဘုရား)

ဇရာ မရဏမှ လွတ်ချင်တဲ့သဘော ရှိလာတော့ ဪ ဒါသည် သဗ္ဗညုတဉာဏ်ရမှ လွတ်မှာပါလား၊ ဒီအတိုင်း တွေးနေလို့တော့ သိမှာမဟုတ်ပါဘူးဆိုပြီး သကာလ ဇရာ မရဏကတော့ သိရဲ့၊ ဇရာ မရဏလွတ်ကြောင်းကို ဇရာ မရဏကနေပြီး တိုက်တွန်းတာနဲ့ ဘုရားအဖြစ်ကို မရ အရယူလိုက်တယ် လို့မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ အရင်သိထားပုံနဲ့တော့ အတော်ကွာနေပြီ (မှန်ပါ့)၊ ဒါက အရင်းကျကျ၊ ဟိုဟာက အဖျားတွေ (မှန်ပါ့ ဘုရား)။

ဒီဟာ တွေးလုံးပေါ်ပြီးတော့မှ

ဒီဟာ တွေးလုံးပေါ်ပြီးတော့မှ ပါရမီဆယ်ပါး အပြားသုံးဆယ်က လုပ်တယ်(မှန်ပါ့) ဒါကအစ, ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသည် ဘယ်သူ့ကြောင့် ဘုရားဖြစ်လာပါလိမ့် (ဇရာ မရဏကြောင့်ပါ) ဇရာ မရဏကို ကိုယ်တိုင် တွေးလိုက်တော့ ရွံခြင်း၊ မုန်းခြင်းတွေ ဖြစ်ပြီးလာတော့မှ ဘုရားလုပ်မှပဲ၊ သဗ္ဗညုတဉာဏ်ရမှ ဒီဇရာ မရဏလက်သည် တွေ့မှာပဲဆိုပြီး သကာလ ဇရာ မရဏ၏ တိုက်တွန်းနှိုးဆော်ချက် အကူအညီကြောင့် ဘုရားဖြစ်ချင်လာတယ်၊ နောက်မှ ပါရမီဆယ်ပါး အပြားသုံးဆယ်တွေ လုပ်တာပါ (မှန်ပါ့)။

ဘုရားဖြစ်ဖို့ရာ မူလတိုက်တွန်းချက်ကတော့ ဘယ်သူဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဘယ်သူပါ လိမ့် (ဇရာ မရဏပါ ဘုရား)။

ဒါ တစ်သက်လုံး တစ်ခါမှ ခင်ဗျားတို့ ကြားဖူးကြမယ် မဟုတ်သေးပါဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ မှတ်ထားတာက ဘုရားဟာ ဘယ်သူ့ကြောင့် ဘုရားဖြစ်လာသတုံး (ပါရမီဆယ်ပါး အပြားသုံးဆယ် ကြောင့်ပါ ဘုရား) ဝေးသောအကြောင်းတွေပါ (မှန်ပါ့) ဘုရား၏ စိတ်ကူးပေါ်လာပုံကို တွေးပါ (မှန်ပါ့)။

ဇရာမရဏမှ ဘယ်လို လွတ်အောင်

ဘယ်လိုတွေးမိကြသတုံး (ဇရာ မရဏလွတ်ချင်လို့ပါ) ဇရာမရဏမှ ဘယ်လို လွတ်အောင် လုပ်ရမတုံး၊ သူ့ကိုယ်မှာ ဇရာနဲ့ မရဏကလဲ ရှိနေတယ်၊ အိုလာတာကိုလဲ သိတော်မူတယ်၊ သေမှာကော (သိပါတယ် ဘုရား)။

နောက်တစ်ခါ အိုမှာကော (သိပါတယ်) နောက်တစ်ခါ သေမှာကော (သိပါတယ်) အဖန်ဖန် အိုမှာကော (သိပါတယ် ဘုရား)။

အဖန်ဖန် သေမှာကော (သိပါတယ် ဘုရား)၊ ဒါဘယ်လို လွတ်အောင် ရုန်းရပါ့မတုံး (မှန်ပါ့)။

သဗ္ဗညုတဉာဏ်ရမှ ဒီဥစ္စာလွတ်မှာပဲ (မှန်ပါ့) ဉာဏ်မရရငတော့ (မလွတ်ပါ ဘုရား)။

အဲဒီတော့ ဇရာ မရဏကြောင့် သဗ္ဗညုတဉာဏ်တော်ကို လိုက်ရှာတာ (မှန်ပါ့) ရှာတော့ ပါရမီဆယ်ပါး အပြားသုံးဆယ်နဲ့ ရှာရတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘုရားဖြစ်ခြင်းအစ, ဘယ်က ကျေးဇူးပြုတာတုံး (ဇရာ မရဏကပါ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ကိုလဲ ဇရာ မရဏက စပြောနေတယ်၊ သောတာပန်, သကဒါဂါမ် အပြန်ပြန် တည်နိုင် အောင်လို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ယောင်ချာချာလုပ်ပြီး မနေကြပါနဲ့၊ ဘုရားတောင် ဒီက စရတယ်, သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဇရာ မရဏက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဇာတိက (သမုဒယ သစ္စာပါ ဘုရား)

ဒါဖြင့် ဘုရားက ဒီတရားနှစ်ဆူကို သူပယ်ချင်လွန်းလို့ သဗ္ဗညုတဉာဏ်ရအောင် ကြိုးစားထား (မှန်ပါ့)၊ ခင်ဗျားတို့က ဆုတောင်းယူရင် ဗုဒ္ဓဘာသာ စစ်နိုင်ပါဦးမလား (မှန်ပါ့) ရှင်းပါပြီ ဘုရား)။

ဗုဒ္ဓဘာသာအစစ်ကတော့

ဒါဖြင့် ခင်ဗျားတို့ ဘုရားအလိုကျအောင် ဗုဒ္ဓဘာသာအစစ်ကတော့ ယနေ့မှ စရတယ် (မှန်ပါ့)၊ သဘောပါရဲ့ လား (ပါ ပါတယ် ဘုရား)။

အင်မတန်အရေးကြီးတဲ့ တရားဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဗုဒ္ဓဘာသာတရားမှာ အခြေအမြစ်ကို ကိုင်ပြီး ပြောနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိ၏လက်သည်ကို နောက်ဆုတ်ရှာပါဦးတဲ့ ဘုရားကနော် (မှန်ပါ့)၊ ဇာတိ ဘယ်က လာသတုံးလို့ မေးခွန်းထုတ်ပြန်တယ် (မှန်ပါ့)။

ဘယ့်နှယ့်တုံး (ကမ္မဘဝက လာပါတယ် ဘုရား)၊ ကမ္မဘဝဆိုတာ ကာယကံ, ဝစီကံ, မနောကံပေါ့ဗျာ (မှန်ပါ့)။

ခင်ဗျားတို့ရပြီးသား ပါဠိတော်အတိုင်းဆိုရင်တော့ ဘဝ(မှန်ပါ့)၊ ဘဝလို့သုံးချင်သုံး၊ သို့သော် ထင်ရှားအောင်လို့ ကမ္မဘဝလို့ သုံးလိုက်ပါ (မှန်ပါ့)။

ဒီသုံးခုက ဘာပါလိမ့် (ကမ္မဘဝပါ) ကာယကံဆိုတော့ ကံပဲ မဟုတ်လား (မှန်ပါ့)၊ ဝစီကံ (ကံပါပဲ) မနောကံ (ကံပါပဲ) ဒါဖြင့် ကမ္မဘဝပေါ့ (မှန်ပါ့)၊ သဘောကျ (ကျပါပြီ ဘုရား)။

ကမ္မဘဝပစ္စယာ ဇာတိဆိုတော့ သူက အကြောင်း၊ သူက အကျိုးဖြစ်တယ် (မှန်ပါ့)။

ဒါဖြင့် ကမ္မဘဝက သမုဒယသစ္စာ၊ ဇာတိက (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီလိုသွားရမှာ ဒကာသိုက်ရေ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဖြေမှန်ကလေး ရဖို့ရာ မနည်းကြိုးစားရတယ်

သုံးလေးရက်ဟောမှ ခင်ဗျားတို့ နည်းနည်းကလေး ဖြေတတ်လာတာ (မှန်ပါ့)၊ သိဖို့ရာ အသာထားစမ်း ပါဦး အဖြေမှန်ကလေး ရဖို့ရာ မနည်းကြိုးစားရတယ် (မှန်ပါ့) ဒကာသိုက် လွယ်ရဲ့လား (မလွယ်ပါ ဘုရား)။

မိဘရိုးရာ သိထားတာ ဒီအသိမှ မဟုတ်ဘဲ၊ အခုတော့ သေသေချာချာ မကြောင်းအကျိုးဆက်တော့ ဒကာသိုက် တို့ ဦးလှဘူးတို့ ယုံပလား (ယုံပါပြီ ဘုရား)။

ဒီကမ္မဘဝကြောင့် ဇာတိဖြစ်တယ် (မှန်ပါ့)၊ ဒါဖြင့် ကမ္မဘဝက အကြောင်းသမုဒယ၊ ဇာတိက အကျိုးဒုက္ခ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီလို နောက်ဆုတ်သွားရမှာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကာယကံ, ဝစီကံ, မနောကံ, ခင်ဗျားတို့ ဆွမ်းတော် ကွမ်းတော်တင် ဟုတ်လား သားတွေ သမီးတွေ ပြောဆိုမြည်တွန်ဆိုတော့ ကာယကံ, ဝစီကံ, မနောကံတွေ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

အကုသိုလ်လဲ လုပ်မှာပဲ၊ အကုသိုလ် ကာယကံ, ဝစီကံ, အနောကံ (လုပ်ပါတယ် ဘုရား) နောက်ဘဝ ကောင်းစား ရေးမလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

လုပ်လို့ရှိရင် ကမ္မဘဝ ပစ္စယာ (ဇာတိ) ကမ္မဘဝ ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား) ဇာတိက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒီကံ လုပ်တုန်းကလဲ သမုဒယ၊ နောက် ရတာကော (ဒုက္ခပါ ဘုရား)။

ဇာတိပိ ဒုက္ခာလို့ဆိုတာ ဒီအချိန်ကျမှ

ဒါဖြင့် ဇာတိပိ ဒုက္ခာလို့ဆိုတာ ဒီအချိန်ကျမှ ဟောရတယ်၊ ခုနတုန်းက သမုဒယသစ္စာ ဟောရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)

ဒီလို အကွက်ချပြောမှ ဒကာသိုက်ရ သိသွားမှာ၊ နို့မဟုတ် ခင်ဗျားတို့ဟာ တောက်လျှောက်ကြီး ဖြစ်နေမှာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)

ကမ္မဘဝက ဘာတဲ့ (သမုဒယသစ္စာပါ) ဇာတိက ဘာတဲ့ (ဒုက္ခသစ္စာပါ) သူနဲ့ထောက်မှ ဒုက္ခဖြစ်တာ၊ သူနဲ့ မထောက်ခင်တုန်းက သူဟာ သမုဒယဖြစ်နေတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကာယကံ, ဝစီကံ, မနောကံတည်းဟူသော အကုသိုလ်ကံတွေကိုလဲ ခင်ဗျားတို့ ဖြတ်ကြပါ (မှန်ပါ့)။

ဇာတိဖြစ်မယ့် ကာယကံ, ဝစီကံ, မနောကံဆိုတဲ့ ကုသိုလ်ကံတွေကိုလဲ ဖြတ်ကြပါ (မှန်ပါ့)၊ လုပ်တော့ လုပ်ကြပါ၊ လှူဒါန်းပေးကမ်းကြပါ၊ ဇာတိဒုက္ခမှ လွတ်ရပါလို၏ဆိုပြီး လုပ်ကြပါ (မှန်ပါ့)၊ လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ ဘုရား)။

ဇာတိဒုက္ခမှ လွတ်ရပါလို၏

ကုသိုလ်လုပ်တိုင်း လုပ်တိုင်း ဘာလုပ်ရမယ် (ဇာတိဒုက္ခမှ လွတ်ရပါလို၏ ဘုရား)။

အဲဒီ ကံတွေကျတော့လဲ ဇာတိချုပ်ရာ နိဗ္ဗာန်ကျေးဇူးပြုတယ် (မှန်ပါ့) ဇာတိချုပ်တော့ ဇရာ မရဏကကော (ချုပ်ပါတယ် ဘုရား)၊ နိဗ္ဗာန်ရောက်တဲ့အခါကျတော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဇာတိကိုသာ ဆုတောင်းယူရင်တော့ဖြင့် ဒုက္ခရောက်မှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ကမ္မဘဝ က ဘာသစ္စာလဲ (သမုဒယသစ္စာပါ) ဇာတိက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် နောက်ဘဝ လူကောင်းဖြစ်ချင်လို့ရှိရင်ဖြင့် ဒုက္ခသစ္စာဖြစ်ရပါလို၏ (မှန်ပါ့)၊ နတ်ကောင်း ဖြစ်ချင်ရင် (ဒုက္ခသစ္စာဖြစ်ပါလို၏) ဗြဟ္မာကောင်းဖြစ်ချင်ရင် (ဒုက္ခသစ္စာ ဖြစ်ရပါလို၏ ဘုရား)။

ဒကာ ဒကာမတို့ သေသေချာချာ အခုလို အကွက်ချပြတော့မှ ဪ တို့လုပ်သရွေ့ဟာ အလွဲချည်းပဲကိုး၊ ကိုယ့်ပစ္စည်းနဲ့ကိုယ် ထောင်ကျခံတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါန သီလ ကံတွေက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) ဇာတိက (ဒုက္ခသစ္စာပါ ဘုရား) မလုပ်ကောင်းဘူး တဲ့ (မှန်ပါ့ ဘုရား)။

လုပ်ပါဆိုပြီး ဆရာဘုန်းကြီး ပြောတဲ့နည်းလုပ် (မှန်ပါ့)၊ ဒါနတွေလှူကြပါ၊ သီလတွေစောင့်၊ သမထဝိပဿနာ တွေ လုပ်ပါ၊ လုပ်တိုင်း လုပ်တိုင်း ဇာတိဒုက္ခမှ ကျွတ်ရပါလို၏ (မှန်ပါ့ ဘုရား)။

ဇရာ မရဏဒုက္ခမှ (ကျွတ်ရပါလို၏) အဲ ဇာတိဒုက္ခ ကျွတ်ရပါလို၏ဆိုရင်ပြီးတာပဲ (မှန်ပါ့)၊ ကျန်တာ အလိုလို ကျွတ်သွားတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒါန, သီလတွေ လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ ဘုရား) မလုပ်တတ်လို့ရှိရင်တော့ ကမ္မဘဝပစ္စယာ (ဇာတိ) ဇာတိပစ္စယာ (ဇရာ မရဏပါ) ဒီလိုချည့်သွားမှာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကမ္မဘဝက ဘယ်ကလာပါလိမ့်မတုံး

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ မပြီးဘဲနေလိမ့်မယ်၊ ကမ္မဘဝက ဘယ်ကလာပါလိမ့်မတုံး (ဥပါဒါန်က လာပါတယ်ဘုရား ဥပါဒါန်ဆိုတာ စွဲလမ်းတာ (မှန်ပါ့)။

ဥပါဒါန်ဆိုတာသည် ဒကာ ဒကာမတို့ ဘာတဲ့ (စွဲလမ်းတာပါ) စွဲလမ်းတာ ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗဘု ပါဒါန်၊ သတ္တဝါဒုပါဒါန်လို့ ဥပါဒါန်ကိ လေးမျိုးတော့ ရှိတယ် မှန်ပါ့။

သို့သော် ဖြည်းဖြည်းမှ ချဲ့ပါမယ်လို့ ဥပါဒါန်ကို ဥပါဒါန်ပဲ မှတ်ထားပါဦး (မှန်ပါ့)။

ဒါဖြင့် ဥပါဒါန်ကြောင့် ဘာဖြစ်သတုံး (ကမ္မဘဝဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကံတွေသည်ကားလို့ဆိုရင်ဖြင့် ဒုက္ခသစ္စာတွေ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် နောက်ဆုံးပိတ် တရားနိဂုံးချုပ်တော့ ကေဝလဿ ဒုက္ခက္ခန္ဓဿ ဒုက္ခအစုကြီးလို့ မလာဘူးလား။(လာပါတယ် ဘုရား) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဒီအထဲမှာ သုခကို မပါဘူး၊ ခင်ဗျားတို့ဟာ ခင်ဗျားတို့ ကြံဖန်ရှာရင်တော့ မတတ်နိုင်ဘူး၊ သုခတော့ မပါတာ အမှန်ဘဲ (မှန်ပါ့)၊ ပါသေးရဲ့လား (မပါ ပါ ဘုရား)။

အဲဒါ ရွတ်တော့ ပါးစပ်က ရွတ်လိုက်တာပဲ ဘယ်ဟာတွေပါ ပါလိမ့်မတုံးလို့လဲ မတွေးဘူး (မှန်ပါ့)၊ မတွေးတော့ ခင်ဗျားတို့ ကာယကံ, ဝစီကံဟာလဲ ဒုကသစ္စာပဲ၊ နောက်လာမယ့်ဇာတိတကော (ဒုက္ခသစ္စာပါ) နောက် လာလတ္တံ့သော ဇရာမရဏကော (ဒုက္ခသစ္စာပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဥပါဒါန်က သမုဒယသစ္စာ၊ ကံတွေက (ဒုက္ခသစ္စာပါ ဘုရား)။

ဥပါဒါန်က ဘယ်ကလာသတုံး

ဥပါဒါန်က ဘယ်ကလာသတုံး (တဏှာက လာပါတယ်) ဒါဖြင့် တဏှာက အကြောင်းဖြစ်ပြန်တယ် (မှန်ပါ့) တဏှာက ဘာသစ္စာ (သမုဒယသစ္စာပါ) ဥပါဒါန်က (ဒုက္ခသစ္စာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြည့် ဒါလဲဒုက္ခ၊ ဒါလဲဒုက္ခ၊ ဒါလဲဒုက္ခ ဖြစ်လာပြီး နောက်ဆုတ်လာတော့ အကုန်ဒုက္ခချည့်လာပြီ (မှန်ပါ့) မလာသေးဘူးလား (လာပါပြီ ဘုရား)။

မြင်ကြရဲ့လား (မြင်ပါတယ် ဘုရား) ဒါမှ မမြင်ရင်တော့ မပြောတတ်ဘူး၊ တော်တော့်ကို ရှင်းအောင်ပြနေပြီ၊ ပစ္စည်းကလဲကြီးတယ် (မှန်ပါ့)။

တဏှာ ဘယ်ကလာသတုံး ဒကာ ဒကာမတို့ (ဝေဒနာက လာပါတယ် ) အေး ဝေဒနာကလာတယ်၊ ဝေဒနာက လဲ သုံးပါးတောင်ရှိ၊ ငါးပါးတောင်ရှိ ရှိပစေ၊ ဝေဒနာအကြောင်းတော့ နှစ် နှစ် သုံး နှစ်လောက် ဟောလာလို့ နားလည် တယ်ထားပါတော့ (မှန်ပါ့)။

ဝေဒနာကြောင့် ဘာဖြစ်သတုံး (တဏှာဖြစ်ပါတယ်) ဝေဒနာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ)၊ တဏှာက (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒီပြင်နေရာမှာတော့ တဏှာ့ကို သမုဒယအဖြစ်နဲ့သာ သုံးတယ်၊ ဒုက္ခသစ္စာအဖြစ်နဲ့ မသုံးဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အခု ဒီမှာတော့ ဝေဒနာက (သမုဒယသစ္စာပါ) တဏှာက (ဒုက္ခသစ္စာပါ ဘုရား)။

နောက်ဆုတ်တွေးတော့သူ့ကို ဘာချည့်ဆိုသတုံး

ကိုင်း ၁-၂-၃-၄-၅တွေ့ပြီ ၊ ဒါဒုက္ခချည့်ပဲ (မှန်ပါ့)၊ နောက်ဆုတ်တွေးတော့သူ့ကို ဘာချည့်ဆိုသတုံး (ဒုက္ခခည့်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားဘယ်နေရာမှာ ပွင့်သတုံးလို့ မေးပြန်တော့ ဘယ်လိုဖြေကြသလဲ (ဝေဒနာနဲ့ တဏှာကြားမှာ ပွင့်ပါတယ် ဘုရား)။

သောတာပန်ဖြစ်ချင်ရင် ဘယ်ကြားမှာ အားထုတ်ရမလဲ (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနာဂါမ် ရဟန္တာဖြစ်ချင်ရင်ကော (ဝေဒနာနဲ့ တဏှာကြားမှာပါ) ပစ္စေကဗုဒ္ဓါ ဖြစ်ချင်ရင်ကော (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား)။

အဲ ဝေဒနာနဲ့ တဏှာကြားမှာ ဖြစ်ပျက်ရှုတဲ့မဂ်ပေါ်လာတယ်(မှန်ပါ့)။

ဒီ ဝိပဿနာမဂ်က မဂ်စစ်ဖြစ်သွားတဲ့ အခါကျတော့ ဒီနေရာမှာ ဘုရားဖြစ်တယ်၊ ပစ္စေကဗုဒ္ဓါဖြစ်တယ်၊ သောတာပန်, သကဒါဂါမ်, အနာဂါမ် ဒီနေရာဖြစ်တာချည့်မှတ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး (မှန်ပါ့)၊ ဝေဒနာလဲ ခင်ဗျားတို့ ခန္ဓာကိုယ်၊ တဏှာကော (ခန္ဓာကိုယ်ပါ) ဥပါဒါန်ကော (ခန္ဓာကိုယ်ပါ ဘုရား)။

သောတာပတ္တိမဂ် ရောက်ရမယ်

ဒီဘက်က ကာယကံ, ဝစီကံတွေဆိုတာ ရှင်တုန်းလုပ်တာ၊ ခင်ဗျားတို့ ခန္ဓာပဲ မဟုတ်လား (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ သောတာပန်တည်ရမှာ (မှန်ပါ့) သောတာပတ္တိမဂ် ရောက်ရမယ် သကဒါဂါမိမဂ်ကော (ရောက်ရမှာ) ရှင်းပလား (ရှင်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုရားလဲ ခန္ဓာထဲမှာ ဝေဒနာနဲ့ တဏှာကြားမှာ မဂ်လေးပါးဆိုက်ပြီး သကာလ ပွားတာနဲ့ ဪ ဒီနေရာမှာ ဘုရားဖြစ်တယ် (မှန်ပါ့)။

ဘုရားဆိုတာ သောတာပန် စ, တည်ရတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရား ဘယ်က စ, တည်ရသလဲ (သောတာပန်ကစ, တည်ရပါတယ်) ဒါဖြင့် ဘုရား သောတာပန်တည်တာ ဘယ်နေရာတုံး (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား)။

သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်တာကော (ဝေဒနာနဲ့တဏှာကြားမှာပါ) ဘုရားဖြစ်တာကော (ဝေဒနာနဲ့ တဏှာကြားမှာပါ) အဲဒါ ဗောဓိပင်နဲ့ ရွှေပလ္လင်ပါပဲ (မှန်ပါ့)။

ဘုရားအဖြစ်ကိုခံယူတာ ဒီအချိန်ပဲ

ဒီမှာ ကိုယ်တော်မြတ်ကြီးသည် ဘုရားအဖြစ်ကိုခံယူတာ ဒီအချိန်ပဲလို့မှတ်ပါ(မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာဆုံးအောင်ပဲ ပြပါဦးမယ်တဲ့ ဝေဒနာသုံးပါးရှိတယ် ဒကာ ဒကာမတို့ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ (မှန်ပါ့)။

ဝေဒနာဟာ သုံးမျိုးလုံးရှုမှနော် (မှန်ပါ့)၊ ဒုက္ခဝေဒနာကလေးတစ်ခုတည်း ရှုနေလို့လဲမဖြစ်ဘူူး (မှန်ပါ့)၊ ဝေဒနာ က နဂိုက ဘယ်နှပါးရှိသတုံး (သုံးပါးရှိပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခဝေဒနာကလေးသာ ရှာပြီးရှုနေကြမယ်ဆိုရင်ဖြင့် သုခဝေဒနာ ပေါ်လာချိန် မသိတော့ အဝိဇ္ဇာ ဖြစ်တယ် (မှန်ပါ့)။

ဥပေက္ခာပေါ်တဲ့အချိန် မသိတော့ (အဝိဇ္ဇာဖြစ်ပါတယ် ) အဲ ဝေဒနာကို ဒုက္ခကလေးတစ်ခုသာရှာပြီး ရှုနေရင် တော့ မဖြစ်ဘူး (မှန်ပါ့)။

ဘာဖြစ်လို့တုံးဆိုတော့ သုခဝေဒနာ လှည့်ပေါ်လာတာလဲ သိလိုက်သေးရဲ့လား (မသိပါ ဘုရား)၊ ဥပေက္ခာ လှည့်ပေါ်လာတာကော (မသိပါ ဘုရား)။

မသိတဲ့ အချိန် ဘာဖြစ်နေသလဲ (အဝိဇ္ဇာဖြစ်ပါတယ်) မသိတော့ အဝိဇ္ဇာဖြစ်တော့ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်လို့ လှည့်သွားလိမ့်မယ် (မှန်ပါ့) မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။

ဒါ့ကြောင့် ဒုက္ခဝေဒနာတစ်ပါးတည်း မရှုကောင်းဘူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အပျက် မြင်အောင်ရှု

ကောင်းပြီ ဒါဖြင့် သုခဝေဒနာ ပေါ်လို့ရှိရင်လဲ သုခဝေဒနာ မရှုပါနဲ့ (မှန်ပါ့) ဘာရှုရမလဲ (ဖြစ်ပျက်ရှုရပါ မယ်) အပျက် မြင်အောင်ရှု (မှန်ပါ့)။

ဒုက္ခဝေဒနာ ပေါ်လာလဲ ဘာတုံး (အပျက် မြင်အောင် ရှုရပါမယ်) ဥပေက္ခာဝေဒနာ ပေါ်လာရင်ကော (အပျက်မြင်အောင် ရှုရပါမယ် ဘုရား)။

ဒါဖြင့် သူတို့သုံးခုက အပျက် (မှန်ပါ့) ရှုတာက (မဂ်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်ဖြစ်သွားတော့ ဒီဘက်က တဏှာ, ဥပါဒါန်ဘယ့်နှယ်နေသလဲ (ချုပ်သွားပါတယ်) ဒီဘက်က ဒုက္ခတွေ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်ကဒုက္ခတွေ ချုပ်သွားသောကြောင့် ဒုက္ခတို့၏ ချုပ်ငြိမ်းရာ ဘာခေါ် မလဲ (နိဗ္ဗာန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခတွေဟာ မဂ်နောက်မှာ ချုပ်တယ်ဆိုတာ ကောင်းကောင်းကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား)။

မဂ်ရှေ့မှာ ဖြစ်ပျက်ပဲ မြင်ပါတယ်၊ တကယ်ချုပ်တာက မဂ်နောက်မှ မလာတာတွေကိုဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကြောင့် ဒီတဏှာဖြစ်တယ်ဆိုတာ သိပလား (သိပါပြီ) ဒါရှုတဲ့ ပုဂ္ဂိုလ်လား၊ မရှုတဲ့ပုဂ္ဂိုလ်လား (မရှုတဲ့ပုဂ္ဂိုလ်ပါ ဘုရား)။

မရှုတဲ့ ပုဂ္ဂိုလ်မှာ သံသရာ ဘာတုံး(ဆက်ပါတယ် ဘုရား)၊ ရှုတဲ့ပုဂ္ဂိုလ်မှာ (ပြတ်ပါတယ် ဘုရား)၊ ဒီသံသရာ ပြတ်တယ် (မှန်ပ့ါ)။

မရှုတဲ့ပုဂ္ဂိုလ်မှာ ဆက်ပြပါဆိုတော့ ဝေဒနာပစ္စယာ (တဏှာပါ) တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ)။

ရှုတဲ့ပုဂ္ဂိုလ်ကျတော့ အပျက်ကိုမြင်အောင် ရှုဆိုသောကြောင့် အပျက်ဟာ ချုပ်တယ်၊ ဝေဒနာ ချုပ်သွားတာ မဟုတ်လား (မှန်ပါ့)။

ဝေဒနာ နိရောဓာ (တဏှာနိရောဓော) တဏှာနိရောဓောဆိုတဲ့ မဂ်ပေါ်လာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာချုပ်တာလား မဂ်ပေါ်တာလား

ထိုကဲ့သို့ မဂ်ပေါ်လာလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဝေဒနာနိရောဓာ၊ တဏှာနိရောဓောဖြစ် သောကြောင့် တဏှာနိရောဓာ၊ တဏှာနိရောဓောဟာ တဏှာချုပ်တာလား မဂ်ပေါ်တာလား (မဂ်ပေါ်ပါတယ် ဘုရား)။

တဏှာကို လာသေးရဲ့လား (မလာပါ ဘုရား) ဒါဖြင့် မလာဘဲနဲ့ ချုပ်တာကို နိရောဓ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာနိရောဓာ (တဏှာ နိရောဓာ) သံသရာပြတ်တယ် (မှန်ပါ့) အားမထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာပစ္စယာ (တဏှာ) တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါန ပစ္စယာ (ဘဝေါ)။

ဟော ပစ္စုပ္ပန်ဘဝနဲ့ အနာဂတ်ဘဝ တွဲလိုက်တယ် (မှန်ပါ့)။

အားမထုတ်တဲ့ပုဂ္ဂိုလိမှာ ပစ္စုပ္ပန်ဘဝနဲ့ (အနာဂတ် ဘဝတွဲပါတယ် ဘုရား)။

အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ ဘုရား)၊ တဏှာနိရောဓောဆိုတော့ ပစ္စုပ္ပန် ဘဝမှာလဲ အနာဂတ်အကြောင်းတွေ မပြတ်ဘူးလား (ပြတ်ပါတယ်ဘ ဘုရား)။

ဒါကြောင့် အနာဂတ် အကျိုးသုံးခု လာသေးရဲ့လား (မလာပါ ဘုရား) သေသေချာချာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါက အလုပ် လုပ်တဲ့ပုဂ္ဂိုလ် အကျိုးကိုပြတယ်၊ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ် အပြစ်မြင်တယ်၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာ ဘယ်သူ့ကြောင့်ဖြစ်ပါလိမ့်

ကောင်းပြီ၊ သူ့ကို ဆုံးအောင် သွားကြပါဦးစို့၊ ဒကာ ဒကာမတို့ ဝေဒနာ ဘယ်သူ့ကြောင့်ဖြစ်ပါလိမ့် (ဖဿကြောင့် ဖြစ်ပါတယ် ဘုရား)။

ဖဿဆိုတာ တွေ့ထိတာ၊ ဖဿ (မှန်ပါ့)တွေ့ထိလို့ အကောင်းအဆိုးရွေးတယ် (မှန်ပါ့)၊ အကောင်းအဆိုး ရွေးတဲ့အခါကျတော့ ကြိုက်တယ်၊ ကြိုက်တာက ဘာတုံး (တဏှာပါ ဘုရား)။

မရ မနေနိုင်ဘူး (ဥပါဒါန်ပါ) ကိုယ်တိုင် အားထုတ်မယ်ဆိုတော့ (ကမ္မဘဝပါ) ကာယကံ, ဝစီကံတွေ မလုပ်ပေ ဘူးလား (လုပ်ပါတယ် ဘုရား)။

အဲဒါကြောင့် ခက်နေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဖဿက ဘယ်ကလာပါလိမ့် (သဠာယတနက လာပါတယ်) သဠာယတနဆိုတာ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ် (မှန်ပါ့)။

မျက်စိကမြင်တော့ တွေ့ချင်တယ် (မှန်ပါ့) မြင်တာကလေးကို မတွေ့ချင်ဘူးလား (တွေ့ချင်ပါတယ်) တွေ့ချင် ရင်ဖြင့် အကောင်းအဆိုး ခံစားမှာပဲ၊ ခံစားရင်ဖြင့် နှစ်သက်မှာပဲ၊ နှစ်သက်စွဲလမ်းမယ်၊ စွဲလမ်းရင် ကိုယ်တိုင် အားထုတ် မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ သဠာယတန ဘယ်ကလာပါလိမ့် (နာမ်နဲ့ရုပ်က လာပါတယ်) ခင်ဗျားတို့ နာမ်ရုပ်ရှိလု့ိ လာတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် နာမ်ရုပ်က ဘယ်ကလာသတုံး (ဝိညာဏ်က လာပါတယ်) ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေကလာတာ (မှန်ပါ့)။

ဒီဝိညာဏ်သည် ဘယ်က လာပါလိမ့်မတုံး

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝိညာဏ်သည် ဘယ်က လာပါလိမ့်မတုံး (သင်္ခါရက လာပါတယ်)သင်္ခါရ သုံးမျိုးက လာပြန်တယ် (မှန်ပါ့)။

ဒီသုံးမျိုးက ဘယ်ကလာသတုံးလို့ မေးခွန်းထုတ်ပြန်တယ် (အဝိဇ္ဇာက လာပါတယ် ဘုရား)။

ကောင်းပြီ၊ ဒကာ ဒကာမတို့ ဒါက အတိတ်ဘဝ (မှန်ပါ့ ဘုရား) ဒီ ၁-နဲ့ ဒီ ၂-ကို ဘာခေါ်ကြမယ် (အတိတ် ဘဝပါ ဘုရား)။

တစ်ခါ၃-၄-၅-၆-၇-၈ ဒကာ ဒကာမတို့ ဟောဒီကံ ကျအောင်သည် ပစ္စုပ္ပန်ဘဝလို့ မှတ်လိုက် (မှန်ပါ့)။

ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ, ဒါ ခင်ဗျားတို့ ယခုဘဝ၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

သုံးပိုင်း ပိုင်း၊ ခင်ဗျားတို့ ယခုဘဝကို ဆက်လုပ်တဲ့ ပုဂ္ဂိုလ်များ အနာဂတ်ဘဝ, ဒီနှစ်ခု လာဦးမယ် (မှန်ပါ့)။ ဒါဖြင့် ဇာတိနဲ့ ဇရာ မရဏသည် ဘယ်ဘဝပါလိမ့် (အနာဂတ် ဘဝပါ ဘုရား)။

ဝိညာဏ်က အစ၊ ကမ္မဘဝ အဆုံးဘယ်ဘဝပါလိမ့် (ပစ္စပ္ပန် ဘဝပါ) အဝိဇ္ဇာ သင်္ခါရ (အတိတ်ဘဝပါ) ပဋိစ္စ သမုပ္ပါဒ်ဆိုတာ သုံးဘဝ ဆက်ပြတာလို့မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာနဲ့ သင်္ခါရက ဘယ်ဘဝပါလိမ့် (အတိတ်ဘဝပါ) ဝိညာဏ် အစ၊ ကံ အဆုံး (ပစ္စုပ္ပန်ဘဝပါ) ဇာတိ နဲ့ ဇရာ မရဏက (အနာဂတ်ဘဝပါ ဘုရား)။

ဒီပစ္စုပ္ပန်ဘဝထဲမှာ ရှုရမယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုတော့ကို အနာဂတ်ဘဝလဲမရောက်သေးလို့ မရှုနဲ့ (မှန်ပါ့) အတိတ်ဘဝလဲ လွန်ပြီးသားဖြစ်နေလို့ ရှုစရာမလိုဘူူး (မှန်ပါ့)၊ ဒီပစ္စုပ္ပန်ဘဝထဲမှာ ရှုရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ကိုရှုမယ် (ပစ္စုပ္ပန်ဘဝထဲ ရှုပါမယ် ဘုရား) ခင်ဗျားတို့ အသက်ရှင်တုန်း ရှုရမယ်။

ဒါဖြင့် ခင်ဗျားတို့သည် သေသေချာချာ မှတ်ပါတဲ့၊ ဒိပါဠိ ေသေသေချာချာကြည့်၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဥပါဒါန်, ကံ ဘယ်ဘဝပါလိမ့် (ပစ္စုပ္ပန် ဘဝပါ ဘုရား)။

ပစ္စုပ္ပန်ဘဝဆိုတာ ခင်ဗျားတို့ ယခုဖြစ်နေတာ (မှန်ပါ့)။

ခင်ဗျားတို့ ယခု ဝိညာဏ်ကော မရှိဘူးလား (ရှိပါတယ်) သဠာယတနဆိုတဲ့ မျက်လုံးကလေးးတွေ စသည်ကော (ရှိပါတယ် ဘုရား) ဖဿတွေကော (ရှိပါတယ်) ဝေဒနာတွေကော (ရှိပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါက ဝေဒနာတွေ ရှိနေတယ်၊ တဏှာ အခုရှိသလားလို့မေးတော့ မရှိဘူးဆိုရမယ်၊ ဥပါဒါန်ကော (မရှိပါ ဘုရား) ကံကော (မရှိပါ ဘုရား)။

မရှိတာက တရားနာနေတုန်းမို့မရှိတာ၊ အိမ်ရောက်တော့ ဒီအတိုင်း ဆက်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

တရားနာနေတုန်းတော့ ဝေဒနာနောက်က ဒီတရားနာနေတဲ့ ဝိပဿနာ မဂ်က ဝင်နေတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

တရားမနာတော့ပါဘူးဆိုလို့ရှိရင် ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ (မှန်ပါ့) ဒီကျအောင် သွားနေတယ် (မှန်ပါ့) တရားနာနေတဲ့ အခါကျတော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာမဂ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

တရားနာနေတုန်းတော့ ဒီလိုဖြစ်နေတယ် (မှန်ပါ့) တရားနာနေတုန်းတော့ ပစ္စုပ္ပန်ဘဝမှာပဲ ပြတ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပစ္စုပ္ပန်ဘဝမှာကို ဘာဖြစ်သတုံး

တရားမနာ, တရား အားမထုတ်လို့ရှိရင်ဖြင့် ပစ္စုပ္ပန်ဘဝမှာကို ဘာဖြစ်သတုံး (ဆက်နေပါတယ် ဘုရား)။

ဘယ်ကျအောင် ဆက်သတုန်းလို့ မေးခွန်းထုတ်လို့ရှိရင် သေသည်၏ အခြားမဲ့၌ နောက်ဘဝ ပဋိသန္ဓေနေရ အောင် ဆက်တာပဲ (မှန်ပါ့) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

ဒီကံကျမှ ရပ်တာကိုး၊ ဒီကံပြီး သေတဲ့အခါကျတော့ နောက်ဘဝ ဇာတိရမယ်၊ မရပေဘူးလား (ရပါတယ် ဘုရား)၊ သဘောပါပလား (ပါ ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ်ကို ယနေ့ရှင်းထားပါ၊ နက်ဖြန် ဒါမရှင်းတော့ဘူး (မှန်ပါ့)။

ဒါ ဘယ် ဘဝပါလိမ့်၊ အဝိဇ္ဇာသင်္ခါရ (အတိတ်ဘဝပါ) ဝိညာဏ်က အစ၊ ကံ အဆုံး (ပစ္စုပ္ပန်ဘဝပါ) ဇာတိ အစ၊ ဇရာ မရဏအဆုံး (အနာဂတ်ဘဝပါ)။

ဒါဖြင့် ခင်ဗျားတို့ ရထားတဲ့ ပဋိစ္စသမုပ္ပါဒ် ခင်ဗျားတို့ သွားမယ့်လမ်းကို ခင်ဗျားတို့ ခင်းနေတာနဲ့အတူတူပဲ (မှန်ပါ့) ဆက်လာမယ်ဆိုတာ သိရဲ့လား (သိပါတယ် ဘုရား)။

ဖြတ်ချင်ရင် ဝေဒနာ နောက်ကနေပြီး ဘာလုပ်ရမလဲ (ဝိပဿနာ လုပ်ရပါမယ်) မဂ်သွင်းလိုက် (မှန်ပါ့)၊ ဝေဒနာဖြစ်ပျက်ရှုလဲ မဂ်ဖြစ်မှာပဲ (မှန်ပါ့)။

ရှုစရာက ၁-၂-၃-၄-၅(ဝိညာဏ်,နာမ်ရုပ်,သဠာယတန,ဖဿ,ဝေဒနာ)

ဖဿ ဖြစ်ပျက်ရှုရင်ကော (မဂ်ဖြစ်ပါတယ်) သဠာယတန ရှုရင်ကော (မဂ်ဖြစ်ပါတယ်) နာမ်ရုပ်ဖြစ်ပျက် ရှုရင်ကော (မဂ်ဖြစ်ပါတယ်)၊ စိတ်ကိုဖြစ်ပျက် ရှုရင်ကော (မဂ်ဖြစ်ပါတယ် ဘုရား)။

ကဲ ရှုစရာက ၁-၂-၃-၄-၅ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှုစရာက ရှေ့ပိုင်းက ဘယ်နှခုတုံး (ငါးခုပါ ဘုရား) ရှေ့ပိုင်းက ငါးခုအနက် တစ်ခုခု ရှုလို့ရှိရင် နောက်ပိုင်းက သုံးခုပြတ်တယ်၊ တဏှာ, ဥပါဒါန်, ကံပြတ်တယ် (မှန်ပါ့)။

ရှေ့ပိုင်းက ငါးခု တစ်ခုခုရှုရင် (နောက်ပိုင်းသုံးခု ပြတ်ပါတယ် ဘုရား)။

သုံးခုက ဘာပါလိမ့် (တဏှာ, ဥပါဒါန်, ကမ္မဘဝပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါလောက်နဲ့ပဲ ယနေ့ တော်ကြဦးစို့။

သာဓု….သာဓု….သာဓု။