ပဋိစ္စသမုပ္ပါဒ် စက်လည်ပုံ
(ကောင်းသော အကျင့်၊ မကောင်းသော အကျင့်)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ် ဆရာတော်ဘုရားကြီး
မင်္ဂလာတိုက်ကျောင်း၌ ဟောကြားတော်မူအပ်သော
ပဋိစ္စသမုပ္ပါဒ် စက်လည်ပုံ
နေ့အလုပ်ပေး တရားတော်
(၉-၈-၅၈)
ကောင်းသော အကျင့်၊ မကောင်းသော အကျင့်
ကောင်းသော အကျင့်၊ မကောင်းသော အကျင့်လို့ နှစ်မျိုးရှိတယ်လို့ မှတ်ထားလိုက်ကြပါ (မှန်ပါ့)။
ဘာပါလိမ့် (ကောင်းသောအကျင့်၊ မကောင်းသောအကျင့်လို့ နှစ်မျိုးရှိပါတယ် ဘုရား)။
ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ဆိုပြီး သကာလ သံယုတ်ပါဠိတော်မှာ နှစ်မျိုးဟောတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ရှိရင်ဖြင့်၊ ပဋိစ္စသမုပ္ပာဒ်အတိုင်း စိတ်အစဉ်တွေဟာ ဖြစ်နေလို့ရှိရင်ဖြင့် ဒါမကောင်းသော အကျင့်ဟုမှတ်ပါ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပာဒ်အတိုင်း ဖြစ်နေရင် ဘာဆိုကြပါလိမ် (မကောင်းသော အကျင့်ပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ဖြတ်တဲ့အကျင့်ကို ကျင့်နေလို့ရှိရင် ကောင်းသောအကျင့် (မှန်ပါ့)။
ပဋိစ္စသမုပ္ပာဒ်အတိုင်း ဆက်ပြီး သကာလ နေကြရင်ဘာဆိုကြမယ် (မကောင်းသော အကျင့်ပါ ဘုရား) ပဋိစ္စ သမုပ္ပါဒ် ဖြတ်ပြီး သကာလ ကျင့်နေကြရင် (ကောင်းသောအကျင့်ပါ ဘုရား)
ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ တရားချီးကတည်းက ဪ ကောင်းသောအကျင့်၊ မကောင်းသော အကျင့်လို့ သံယုတ်ပါဠိတော်မှာ ဟောတဲ့ဥစ္စာသည် ပဋိစ္စသမုပ္ပါဒ်အတိုင်း သွားလာနေကြတာကိုကား မကောင်းသော အကျင့်လို့ မှတ်လိုက်ပါ (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ်ကို သူက ဘယ်လိုပင် သွားချင်ငြားသော်လဲ ဆရာအကူအညီနဲ့ ဒကာ ဒကာမတွေက ဒီနေရာ ဖြတ်လိုက်မဟဲ့ ဆိုလို့ရှိရင် ဒါ ကောင်းသောအကျင့် ဖြစ်သွားတာပဲ (မှန်ပါ့ ဘုရား)။
ကောင်းသောအကျင့်ဆိုတာသည် သံသရာပြတ်တဲ့အကျင့် မကောင်းသောအကျင့်ဆိုတာ သံသရာဆက်တဲ့ အကျင့်လို့မှတ်လိုက်စမ်းပါ (မှတ်ပါ့)။
ကောင်းသောအကျင့်ဆိုတာ ဘာပါလိမ့်
ကောင်းသောအကျင့်ဆိုတာ ဘာပါလိမ့် (သံသရာပြတ်တဲ့အကျင့်ပါ ဘုရား) မကောင်းသော အကျင့်ဆိုတာက (သံသရာဆက်တဲ့အကျင့်ပါ ဘုရား)။
သံသရာဆက်တဲ့ အကျင့်ဆိုတာကတော့ မျက်လုံးဖွင့်လိုက်ရင်၊ မဖြတ်တတ်ရင် ဆက်တော့တာပဲ (မှန်ပါ့)။
မျက်လုံးဖွင့်လိုက်သည်နဲ့ တစ်ပြိုက်နက်တည်း ဝိပဿနာဉာဏ်သွင်းလိုက်လို့ရှိရင် ပြတ်ထွက်သွားလို့ သံသရာ ပြတ်တာပဲ (မှန်ပါ့)။
သံသရာပြတ်တာ နိဗ္ဗာန်ရောက်တာလို့ ဒကာ ဒကာမတွေက မှတ်ထားပါ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကြည့်ကြပါ၊ ဒီဘက်က နှစ်လုံးချလိုက်တယ်၊ အပြားကလေးနှစ်ခု ချလိုက်တယ်၊ ဒကာ ဒကာမတို့ အားလုံးမြင်ကြရဲ့လား (မြင်ပါတယ် ဘုရား)။
အဲဒါသည်ကားလို့ ဆိုရင်ဖြင့် ဇရာနဲ့ မရဏလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီနှစ်ခုဟာ ဘာပါလိမ့် (ဇရာနဲ့ မရဏပါ ဘုရား) မြန်မာလိုပြန်လိုက်တော့ အိုမှု နဲ့ သေမှု (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီနေ့မှ လာတဲ့ ဒကာ ဒကာမတို့ ယခုပြထားတဲ့ အပြားကလေး နှစ်ခုဟာ အိုမှု, သေမှုလို့ နာမည်တပ်ပြီး ဆရာဘုန်းကြီးက ဟောလိုက်ပါတယ် (မှန်ပါ့) ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲရှိတဲ့ နှစ်ခုလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။
ဘယ်မှာ ရှိတာပါလိမ့် (ခန္ဓာကိုယ်ထဲမှာရှိတဲ့ နှစ်ခုပါဘုရား ) ခန္ဓာကိုယ်ထဲမှာရှိတဲ့နှစ်ခုလို့ သေသေချာချာမှတ်ပါ (မှန်ပါ့) ခန္ဓာကိုယ်ထဲမှာရှိတဲ့ နှစ်ခုဟာ ဒီဘဝဟာဖြင့် အိုမှုလဲရှိနေပြီ သေမှုလဲရှိနေပြီ ဆိုတဲ့ ဥစ္စာလဲ ငြင်းစရာမလို ပါဘူး (မလိုပါဘူး)။
အိုမှုကလဲ တစ်နေ့တခြား ရင့်ရော်တယ်ဆိုတာ ခန္ဓာကိုယ်မှာ တေဇောဓာတ်က ရှိနေသောကြောင့် တေဇော လောင်လို့ အိုမှုကလဲရှိတယ် (ရှိပါတယ် ဘုရား) တေဇောလောင်လို့ ပြောင်တဲ့အခါကျတော့ သေမှုရှိတော့တယ် (မှန်ပါ့)။
လောင်တေဇောကတော့ အိုမှုပေါ့ဗျာ
လောင်တေဇောကတော့ အိုမှုပေါ့ဗျာ (မှန်ပါ့) တေဇောလောင်လို့ ပြောင်တဲ့အခါကျတော့ (မှန်ပါ့)။
ကိုင်း ဒကာ ဒကာမတွေ သန္တာန်မှာ စမ်းကြည့်စမ်းပါ အပူငွေ့ကလေး ရှိသလားလို့ အမေးရှိလို့ ရှိရင်ဖြင့် ကိုယ်တိုင်စမ်းကြည့်စမ်း ဒကာ ဒကာမတို့ အပူငွေ့ကလေး မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါ လောင်နေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
သူလောင်လွန်းမက လောင်လို့ ပြောင်သွားတဲ့အခါကျလို့ရှိရင် သေမှုပဲလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ့)။
အဲဒီတော့ သေမင်း ဝမ်းထဲရှိ မရှိဆိုတာ သူများပြောလား လက်တွေ့စမ်းကြည့်လိုက်စမ်းပါ (အပူငွေ့ရှိ ပါတယ် ဘုရား) စမ်းကြည့်လိုက်တော့ အပူငွေ့ကလေးများတွေ့ရဲ့လား (တွေ့ပါတယ် ဘုရား)။
အဲဒါကလေးဟာ ကိုယ့်စမ်းနိုင်လို့ ကိုယ်တွေ့နေတာကလေးဟာ အိုမှုကလေးလုပ်နေတဲ့ တေဇောလို့ မှတ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီတေဇောလောင်မှ လောင်လို့ရှိရင် ပြောင်တော့မှာပဲ ဆိုတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား) ပြောင်တော့ သေမှု မဖြစ်ကြဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဒါ့ဖြင့် ဒကာ ဒကာမတို့ လက်တွေ့ ဝိပဿနာဆိုတာ ကိုယ်ခန္ဓာ ကိုယ်စမ်းကြည့်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် အိုမှုကလဲ သူများပြော မဟုတ်ပါဘူး၊ လက်တွေ့ပါပဲ (မှန်ပါ့)။
စမ်းကြည့်ပါ၊ ပူနွေးနွေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘာကလေး ပေါင်းကြည့်ကြည့် ပေါင်းချောင်နဲ့ ထည့်ပေါင်းလို့ရှိရင် အမာသည်ကား လို့ဆိုရင်ပျော့သွားတယ်ဆိုတာ ထင်ရှားတယ် (မှန်ပါ့)။
အဲဒါ အိုမှုလုပ်တဲ့ တေဇောဥပမာနဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တေဇောကလဲ ဒီလိုပဲ၊ ခန္ဓာကိုယ်ကြီးကို ရင့်ရော် အောင် ဆွေးမြည့်အောင် လုပ်နေတယ်ဆိုတာလဲ ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘုရား)။
အဲဒါ တေဇော တွေ့တိုင်း တွေ့တိုင်း ဇရာပိဒုက္ခာဆိုတာ ဪ တို့များပြောလား အောက်မေ့တယ်၊ ကိုယ့် ကိုယ်ကို စမ်းကြည့်လဲ ဇရာ, ဒုက္ခဆိုတာက အရှိသားပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒကာကြွက်ရေ လက်တွေ့ပဲမဟုတ်လား (လက်တွေ့ပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ စမ်းကြည့်ကြစမ်းပါ၊ ကိုယ့်ကိုယ်ကို ကိုယ့်လက်မောင်းကလေးစမ်းစမ်း၊ ကိုယ့်ရင် ကိုယ်စမ်းစမ်း စမ်းချင်တဲ့နေရာ စမ်းပါ နွေးသေးတယ်မဟုတ်လား (နွေးပါတယ် ဘုရား)။
အနွေးဆိုတာကလေးဟာ မီးဓာတ်ကလေး
အဲဒီ အနွေးဆိုတာကလေးဟာ မီးဓာတ်ကလေး၊ တေဇောဓာတ်ကလေး၊ ဘာလုပ်နေတာပါလိမ့်၊ သူက ဒီအထဲ မှာပဲ (လောင်နေတာပါ ဘုရား)။
ခန္ဓာရင့်အောင် လုပ်နေတယ်ဆိုတာကော မမှန်လား (မှန်ပါ့ ဘုရား) ဒါဖြင့် အိုအောင်လုပ်နေတာကော (မှန်ပါတယ် ဘုရား)။
သူလောင်နေတုန်းတော့ အိုတာလဲ သူလောင်စရာ မရှိလို့ငြိမ်းသွားတော့ လူသေစမ်းတော့ အေးတယ် (မှန်ပါ့) အဲဒါ သူမလောင်ဘဲ နေလိုက်တော့ ဒကာ ဒကာမတွေ သေပြီလို့ မသမုတ်ကြဘူးလား (သမုတ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လောင်ဆဲမှာ အိုမှု (မှန်ပါ့) သူလောင်စရာ မရှိတဲ့အခါကျတော့ ဒကာ ဒကာမတွေ သုဿာန်ပို့လိုက်ရတယ် (မှန်ပါ့)။
ဒါဖြင့် တေဇောသည် ဒကာ ဒကာမတို့ အိုမှုကိုလဲ လုပ်တယ်၊ သေမှုကိုလဲ (လုပ်ပါတယ် ဘုရား) ဘယ်မှာရှိပါ လိမ့်မလဲ (ခန္ဓာမှာ ရှိပါတယ် ဘုရား)။
လက်တွေ့စမ်းပါ၊ လက်တွေ့စမ်းပါ ဒကာ ဒကာမတို့ ဘယ်မှာရှိပါလိမ့် (ခန္ဓာကိုယ်မှာ ရှိပါတယ် ဘုရား) အနှံ့အပြားလား (အနှံအပြားပါ ဘုရား)။
အနှံအပြား ရှိနေတော့ အင်း ဒါဟာ တို့၏ အိုခြင်းဆိုးလုပ်နေတာ သူပဲ (မှန်ပါ့) တွေ့ကြပလား (တွေ့ပါပြီ ဘုရား) သေခြင်းဆိုး လုပ်နေတာကော (သူပါပဲ ဘုရား)။
ဒါဖြင့် ဒကာ ဒကာတို့ “ဇရာပိ ဒုက္ခာ၊ မရဏမ္ပိဒုက္ခံ” ဆိုတာကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
သူလောင်စရာ မရှိတော့ အေးသွားတယ်တဲ့၊ လောင်စရာကုန်တော့ မလောင်တော့ဘူး (မှန်ပါ့)။
သူပါ ချုပ်ငြိမ်း ရုပ်သိမ်းသွားတော့ ဒကာ ဒကာမတွေပဲ စဉ်းစားကြပါတော့ သွေးတွေ အေးကုန်ပြီလို့ ပြောကြတယ် (မှန်ပါ့)။
စင်စစ် တေဇောက လောင်စရာမရှိလို့ အသေသတ်ပြီး သကာလ သူလဲ မရှိတော့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာကိုယ်ထဲမှာ အိုမှုတရား
ဒါဖြင့် ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ အိုမှုတရား ထင်ရှား ရှိပါရဲ့လား (ရှိပါတယ် ဘုရား)။
စမ်းကြည့် စမ်းကြည့် စမ်းကြည့်ပါ ဒကာ ဒကာမတို့ သူများပြောလား ၊လက်တွေ့လား (လက်တွေ့ပါ ဘုရား) ပူကြသေးရဲ့လား (ပူပါတယ် ဘုရား) ဒါ ဘာဖြစ်နေတာပါလိမ့် (လောင်နေတာပါ ဘုရား) ဘာလို့ လောင်တာပါလိမ့် (အိုဖို့ လောင်တာပါ ဘုရား) အိုသည်ထက် အိုအောင်လို့ လောင်နေတာ (မှန်ပါ့)။
ဘာလုပ်နေကြတာပါလိမ့် (အိုသည်ထက် အိုအောင် လောင်တာပါ ဘုရား) အိုသည်ထက် အိုအောင်လို့ လောင်နေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အိုသည်ထက်အိုအောင် လောင်တဲ့အခါကျလို့ရှိရင်ဖြင့် နောက်ကျတော့ သေအောင်လောင်တဲ့ အဓိပ္ပာယ်ကော သူကမရွက်ဆောင်ပေဘူးလား (ရွက်ဆောင်ပါတယ် ဘုရား)။
ထိုကဲ့သို့ ရွက်ဆောင်သည် ဖြစ်လေသောကြောင့်လဲ သေမှုလဲ တေဇောက သတ်လိုက်တာပဲ (မှန်ပါ့)
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်မှာ စိတ်ချလက်ချ နေစရာ ရှိပါရဲ့လား (ရှိပါတယ် ဘုရား)။
ဒီအထဲကနေပြီး သကာလ တို့တော့ဖြင့် အေးပဟေ့ စိတ်ချလက်ချ နေကြတော့လို့ပြောတာ ရူးလို့ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာဖြစ်လို့ ပြောတာပါလိမ့် (ရူးလို့ပြောတာပါ ဘုရား)။
အိုအောင်လုပ်တဲ့ တရားလဲ အထင်အရှား ရှိသားပဲ (ရှိပါတယ် ဘုရား) သေအောင်လုပ်တဲ့ တရားလဲ (အထင် အရှားရှိပါတယ် ဘုရား)။
ဒါကို စိတ်ချလက်ချ နေကြတာဆိုတော့ ဘာပြောတာတုံး (ရူးလို့ပြောတာပါ ဘုရား) အရူးပြော ပြောတာဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သေအောင်လုပ်တဲ့ တရားဟောဖြင့် ဒုက္ခသစ္စာပဲ
ဒါဖြင့် ဒကာ ဒကာမတို့ ဇရာပိ ဒုက္ခာဆိုတာ ရှင်းသွားပြီ (ရှင်းပါပြီ) ဒုက္ခရနေတာပဲ (မှန်ပါ့) မရဏမ္ပိ ဒုက္ခံ ဆိုတာလဲ သေအောင်လုပ်တဲ့ တရားဟောဖြင့် ဒုက္ခသစ္စာပဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ ဝိပဿီ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတ္တဝါတွေ ကြည့်လိုက်တော့ သူ့မှာလဲ တေဇောနဲ့ ငါ့မှာလဲ တေဇောနဲ့ အိုအောင်လုပ်တဲ့ တရားကလဲ ဝမ်းထဲမှာ, ခန္ဓာထဲမှာ အပြည့်၊ သေအောင်လုပ်မယ် တရားကကော (အပြည့်ပါ ဘုရား)။
ဒီလိုချည့်ပဲ နေကြမယ်ဆိုလို့ရှိရင်ဖြင့် အိုသေနဲ့ ချည့်ပဲလမ်းဆုံးနေရတာဖြင့် ပင်ပန်းလိုက်တာ၊ ဒီအိုသေကို ဘယ်လိုများ လက်စသိမ်းရပါ့မလဲ မြင်ရတာကဖြင့် အိုသေလက်ရှိနဲ့ ချည့်ပဲဆိုပြီး ဘုရားမဖြစ်ခင် ကတည်းက ဒီအိုသေ ကြီးက လူတိုင်းလက်ရှိဖြစ်ပြီး သကာလ နေတယ်၊ သတ္တဝါတွေကြည့်ရတာ ပင်ပန်းလိုက်တာတွေ့တော့တယ်၊ ကိုယ့်ပြန် ကြည့်တော့လဲ ပင်ပန်းလိုက်တာတွေ့တော့တယ်၊ ဒီ အိုသေသည် ဘယ်ကလာပါလိမ့်မလဲ၊ လက်သည်ရှာမှ တော်မယ် ဆိုပြီး သကာလ လက်သည်ရှာတယ်၊ ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့နော် (မှန်ပါ့)။
လက်သည်ရှာလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဒီမှာကြည့်၊ ဒီနှစ်ခုဟာ အိုသေဆိုတာ သိပြီ (သိပါပြီ ဘုရား)။
အိုသေ ဘယ်ကလာသလဲလို့ လက်သည် ရှာလိုက်တဲ့အခါကျတော့ ဝိပဿီ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီးဘုရားမဖြစ်ခင်ကတည်းက အိုသေဆိုတာ ပဋိပန္ဓေနေမှုဆိုတဲ့ ဇာတိကလာတာ (မှန်ပါ့)။
ဒီတစ်လုံးဟာ ဘာပါလိမ့် (ဇာတိပါ ဘုရား) ဒီနှစ်လုံးက ဘာပါလိမ့် (အိုသေပါ ဘုရား) ဇရာ, မရဏ, မြန်မာလို ပြောတော့ (အိုသေပါ ဘုရား)။
အိုသေပဲဆိုတော့ အားလုံး ဒကာ ဒကာမတွေ ရှင်းလိုက်စမ်းပါဦး၊ အိုသေသည် ဘယ်က လာပါလိမ့် (ဇာတိက လာပါတယ် ဘုရား)။
အိုသေ၏ လက်သည်
ဪ အိုသေ၏ လက်သည်ဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ ဖမ်းမိပြီ (မှန်ပါ့) အိုသေ၏ လက်သည် မိကြပလား (မိပါပြီ ဘုရား)။
ဘာတွေပါလိမ့် (ဇာတိပါ ဘုရား) ဇာတိဆိုတဲ့ ပဋ်ပန္ဓေနေမှုရှိတဲ့ ပုဂ္ဂိုလ်မှာ အိုသေတွေ့ရတယ် (မှန်ပါ့)။
ဒါဖြင့် ပဋိသန္ဓေနေမှုက အကြောင်း (မှန်ပါ့) အိုသေက (အကျိုးပါ ဘုရား)။
ကောင်းပြီး ဒါဖြင့် ဒကာ ဒကာမတို့ ဪ ပဋိသန္ဓေနေမှုရှိတဲ့ပုဂ္ဂိုလ်မှာဖြင့် အိုသေ ရ ရမှာပဲဆိုတာ မြေကြီးလက်ခတ် မလွဲပေါ့ဗျာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘုရားအလောင်းဖြစ်စဉ် အခါတုန်းက ကြံလိုက်တဲ့ အကြံအစည်ချက်တွေ ဦးလှဘူးတို့ မတည့်လားဗျာ (တည့်ပါ တယ် ဘုရား)။
အိုသေ ဘယ်ကလာပါလိမ့် (ဇာတိကပါ ဘုရား) ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်မှာ ဇာတိပစ္စယာ ဇရာမရဏဆိုတာ ဒကာကြွယ်တို့ ရ, ထားတာ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။
ရှေးကတော့ နှုတ်ကရွတ်ရုံတင် ရွတ်တယ်၊ အခုတော့ဖြင့် ဇရာလဲရှိတယ်၊ မရဏလဲရှိတယ် (မှန်ပါ့) စမ်းကြည့်တော့ ပူပူနွေးနွေးကိုးဗျ (မှန်ပါ့)။
ဇရာ, မရဏ မရှိဘူးလား (ရှိပါတယ် ဘုရား) ဒီဇရာ, မရဏ ဘယ်က လာပါလိမ့် ဒကာ ဒကာမတို့ (ဇာတိက လာပါတယ် ဘုရား)။
ဪ ခင်ဗျားတို့က ပဋိသန္ဓေနေကတည်းက သူပါလာတယ်၊ ပဋိသန္ဓေနေကတည်းက ဓာတ်လေးပါးနဲ့ ပဋိသန္ဓေနေတာ (မှန်ပါ့) မပါဘူးလား (ပါပါတယ် ဘုရား)။
ပဋိသန္ဓေနေကတည်းက ပါလာတဲ့ အိုသေ
ပဋိသန္ဓေနေကတည်းက ပါလာတဲ့ အိုသေပါလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် အိုသေ၏ လက်သည် အကြောင်းရင်း ရှာတဲ့သူ ဒကာ ဒကာမတို့ ဘာတွေ့ကြပါလိမ့် (ဇာတိပါ ဘုရား)။
ဒါဖြင့် လူ့ပြည်အစ ဇာတိက (မှန်ပါ့) နတ်ပြည်အစ (ဇာတိကပါ ဘုရား) ငရဲအစ (ဇာတိကပါ ဘုရား) တိရစ္ဆာန် အစ (ဇာတိကပါ ဘုရား) ပြိတ္တာအစ (ဇာတိကပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဇာတိ မချုပ်သရွေ့ ကာလပတ်လုံး အိုသေ ဇာတ်မသိမ်းပါဘူး (မှန်ပါ့) ဒကာကြွယ်သဘောကျပလား (ကျပါပြီ ဘုရား) နောက်က ဒကာ ဒကာမတွေ (ကျပါပြီ ဘုရား)။
ဇာတိ လက်စမသတ်သရွေ့ ကာလပတ်လုံး အိုသေ လက်စက သိမ်းပါ့မလား ( မသိမ်းပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဇရာ မရဏနဲ့ ဇာတိဟာ ဇာတိက အကြောင်း၊ အိုသေက အကျိုးဆိုတော့ သိသွား တော့ အကြောင့်အကျိုး ဘယ်ဟာကသာပြီး ကြောက်စရာကောင်းသတုံး (အကြောင်းက ကြောက်စရာ ကောင်းပါတယ် ဘုရား) ရှင်းကြပလား ( ရှင်းပါပြီ ဘုရား)။
အကြောင်းက သာပြီးကြောက်စရာကောင်းတယ်ဆိုတော့ ဒကာ ဒကာမတို့သည် သစ္စာကလေး သွင်းလိုက်ပါဦး လို့ ဒကာ ဒကာမတွေ သတိပေးလိုက်တယ်၊ ပဋိစ္စသမုပ္ပာဒ်ထဲမှာ သစ္စာကလေး သွင်းလိုက်ပါဦး (မှန်ပါ့)
သွင်းတော့ သွင်းပြီးသားပါပဲ၊ နားမလည်လို့ သွင်းလိုက်ပါဦးလို့ ပြောလိုက်ပါတယ် (မှန်ပါ့)။
နားမလည်လို့ သွင်းရတော့ ဇာတိပိဒုက္ခာ တဲ့ ဘုရားက (မှန်ပါ့ ဘုရား) ဇာတိပိ ဒုက္ခာ၊ မရဏမ္ပိ၊ ဒုက္ခံလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ လူ့ပြည့်အစ ဘယ်ကပါလိမ့် (ဇာတိကပါ ဘုရား)၊ နတ်ပြည်အစ (ဇာတိကပါ ဘုရား)၊ ဗြဟ္မာ့ပြည့်အစ (ဇာတိကပါ ဘုရား)၊ ဇာတိပိ ဘာတဲ့တုံး (ဒုက္ခာပါ ဘုရား)။
ဪ ဒုက္ခသစ္စာ မသိတော့ နတ်ပြည် ရောက်ရပါလို၏။ လူ့ပြည်ရောက်ရပါလို၏။ ဗြဟ္မာ့ပြည် ရောက်ရပါ လို၏ ဆိုတော့ ဇာတိဒုက္ခသစ္စာ ကိုယ်တိုင် ရ-ရပါလို၏ (မှန်ပါ့) သွားပေါ့ ဒကာကြွယ် (မှန်ပါ့ ဘုရား) မှားလိုက်တဲ့ ဖြစ်ထွေ (မှန်ပါ့ ဘုရား)။
မှားလိုက်တဲ့ ဖြစ်ထွေ
ဒကာ ဒကာမတို့ မှားလိုက်တဲ့ ဖြစ်ထွေကဖြင့် ဘာမှပြင်လို့ ဆင်လို့ မရလောက်အောင်ကိုဘဲ ဆိုးရွားပါတယ် (ဆိုးရွားပါတယ် ဘုရား) ဇာတိပိ ဘာတဲ့ဗျာ (ဒုက္ခာပါ ဘုရား)။
အင်း ဇာတိကြည့်တော့ ဇာတိက အကြောင်း၊ ဇရာ မရဏက (အကျိုးပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီ ဇာတိကို ဒကာ ဒကာမတွေက အလှူကြီး ပေးပြီး သကာလ ဇာတိရအောင်တောင်း၊ သီလယူပြီး ဇာတိ ရအောင်တောင်း၊ သမထဝိပဿနာ အားထုတ်ပြီး သကာလ ဇာတိရအောင်တောင်းလိုက်တော့ ဒုက္ခသစ္စကြီး ပြည့်လာ တယ် (မှန်ပါ့)။
ဒကာသိုက် ဘာတွေ့ပါလိမ့် (ဒုက္ခသစ္စကြီး တွေ့ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘာများတွေ့ပါလိမ့် (ဒုက္ခသစ္စာကြီး တွေ့ပါတယ် ဘုရား) အဲဒါ သစ္စာမသိတဲ့ပုဂ္ဂိုလ် ဆုတောင်း၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် လောကကြီးထဲမှာ ရွှေမချမ်းသာ၊ ငွေမချမ်းသာ၊ စိန်မချမ်းသာ မြမချမ်းသာမှာကို မစိုးရိမ်ပါနဲ့ (မှန်ပါ့ ဘုရား) ပန်းတစ်ပွင့်နဲ့ ဆုတောင်းပြီး သကာလ ရပါတယ် (မှန်ပါ့)။
ဇာတိပိဒုက္ခာတစ်လုံး မိသလို့ရှိရင်ဖြင့် ကိုယ့်လည်ပင်းကိုယ်ကြိုးတပ်ပြီး သေတဲ့ဆိုကိုတောင်းယူတယ် (မှန်ပါ့) မတောင်းယူဘူးလား (တောင်းယူပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုနေ့တရားအဖြစ်နဲ့ သနားလို့ ဪ ဒကာ ဒကာမတွေ သစ္စာမသိလို့ရှိရင်ဖြင့် ဒုက္ခကို သုခဆိုပြီး သကာလ ပွေ့ပိုက်တော့မှာပဲဆိုတာ သေချာနေလို့ နေ့တရားဖွင့်ပေးတာ (မှန်ပါ့) ဉာဏ်ရောင်ကြပလား (ရောက်ပါပြီ ဘုရား) တော်တော်အရေးကြီးတယ် ဆိုတာကော သိပလား (သိပါပြီ ဘုရား)။
ဇာတိဒုက္ခသစ္စာ ရ,ရပါလို၏
ကိုင်း ဦးလှဘူးတို့၊ ဒကာကြွယ်တို့၊ ဒကာသိုက်တို့က စဉ်းစားပါ၊ လူဖြစ်ရပါလို၏ဆိုတော့ ဘာရ, ရပါလို၏လဲ (ဇာတိရ, ရပါလို၏ ဘုရား) ဇာတိဒုက္ခသစ္စာ ရ,ရပါလို၏ (မှန်ပါ့) နတ်ပြည်ရောက်ရပါလို၏ ဆိုတော့ (ဇာတိဒုက္ခသစ္စာ ရ, ရပါလို၏ ဘုရား) ဗြဟ္မာဖြစ်ပါလို၏ ဆိုတော့ (ဇာတိ ဒုက္ခသစ္စ ရ, ရပါလို၏ ဘုရား) အဲဒီလိုတောင်းလို့ ရှိရင်လဲ တောင်းဖြစ်တော့မှာ မဟုတ်တော့ပါဘူး (မှန်ပါ့)။
အခုတော့ ဇာတိပိဒုက္ခာဆိုတာ ဘယ်အခါမှ မကြားဘူးတော့ တစ်ခါတည်း ဒီဇာတိဆိုတာ အကောင်းပဲထင်ပြီး ဒကာ ဒကာမတွေက မတောင်းပေဘူးလား (တောင်းပါတယ် ဘုရား) တောင်းလိုက်တော့ ပြည့်လာတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ခက်လိုက်တဲ့ဖြစ်ခြင်း၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာဆုတောင်းယူကြပါလိမ့် (ဇာတိဆု တောင်းယူပါ တယ် ဘုရား)။
အကုန်ပြင်ပါ ဒကာ ဒကာမတို့၊ နောက်ကိုဘယ်တော့မှ မတောင်းပါနဲ့ (မှန်ပါ့) ဘယ်တော့မှ မတောင်းပါနဲ့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ့)။
ဘာ့ကြောင့်ပေးရတယ် ဆိုတာလဲ ခင်ဗျားတို့ သစ္စာသိအောင် ပြောပြီးလို့ ဒကာ ဒကာမတွေ မတောင်းပါနဲ့လို့ ပြောလိုက်ရတယ် (မှန်ပါ့) သိပလား (သိပါပြီ ဘုရား)။
ဇာတိပိ (ဒုက္ခာ) ဒုက္ခသစ္စာသည် ဘယ်အခါကာလများ သုခသစ္စာဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။
သုခဖြစ်မယ်ဆိုရင် နောက်ကသစ္စာကို မတည့်ဘူး၊ အခုတော့ ဇာတိဒုက္ခသစ္စာလို့ ခေါ်ရတယ် (မှန်ပါ့) သို့သော် ဒကာ ဒကာမတွေက စုံလုံးကန်းဖြစ်နေတော့ ရမ်းတောင်းတယ်၊ မရမ်းဘူးလား (ရမ်းပါတယ် ဘုရား)။
စုံလုံးကန်းဖြစ်နေတော့
စုံလုံးကန်းဖြစ်နေတော့ ဒကာ ဒကာမတွေ ရမ်းတာက အလှူအတန်းတွေလုပ်၊ ဆွမ်းတော်ကြီးတင်၊ ဆွမ်းတွေ လောင်းပြီး သကာလ နောက်ဘဝ ချမ်းသာအောင်တော့ လုပ်မှပဲကွာ ဆိုတော့ ဝဋ်ကုသိုလ်မျိုး ကိုသာ လုပ်လေ့ရှိကြတယ်၊ နောက်ဘဝချမ်းသာတာ မချမ်းသာတာတော့ ဘုန်းကြီးမပြောလိုဘူး၊ သစ္စာမျက်စိနဲ့ ကြည့်လိုက်တော့ စ, တာတော့ ဘယ်က စ, သတုန်း (ဇာတိက စ, ပါတယ် ဘုရား)။
ဇာတိက ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ချမ်းသာပါသေးသလား (မပါ-ပါ ဘုရား)။
ချမ်းသာမပါတာကို ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့်တောင်းပါလိမ့်မလဲလို့ ဒကာသိုက်တို့၊ ဒကာကြွယ် တို့ မေးခွန်းထုတ်ရင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သစ္စာမသိလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘာမသိပါလိမ့် ( သစ္စာမသိတာပါ ဘုရား) ဘုရားက ဘယ့်နှယ်ဟောသတုံး (ဇာတိပိဒုက္ခာပါ ဘုရား) ရှင်ပလား (ရှင်းပါပြီ ဘုရား)။
သစ္စာမသိရင် သံသရာရှည်မယ်ဆိုတာ
ဒါဖြင့် ဒကာကြွယ်တို့၊ ဒကာသိုက်တို့ သစ္စာမသိရင် သံသရာရှည်မယ်ဆိုတာများ သူများပြောလား၊ ကိုယ့် ကိုယ်တိုင်လွန်ကျူးပြီးသားလားသာ မေးလိုက်စမ်း (ကိုယ့် ကိုယ်တိုင် လွန်ကျူးပြီးသားပါ) ဒါ မသိတုန်းကလေ (မှန်ပါ့)။
သစ္စာမသိတုန်းက ဒီဘဝချမ်းသာလို့ရှိရင် နောက်ဘဝဒီထက် ချမ်းသာအောင်လို့၊ ပေါအောင်လို့၊ များအောင် လို့ဟေ့၊ ဆွမ်းဆန်တွေ လောင်းတာတောင် မောက်မောက်ကလေး လောင်းပါ (မှန်ပါ့)။
ငါက ပိုပိုလျှံလျှံမှ ကြိုက်တယ်ကွ (မှန်ပါ့) ပိုတာ မမှားဘူးကွ၊ ပိုတာလဲ ကိုယ့်အိတ်ထဲဖိတ်တာပဲ၊ ကုသိုလ်ချည့်ပဲ နောက်ဘဝမှာ ပေါပေါများများရှိအောင်ပေါ့ကွ၊ အစရှိသည်နဲ့ဘဝသမ္ပတ္တိလောက် ရည်ရွယ်ပြီး ဒီလိုကျူးလွန်ပြီးသား ပုဂ္ဂိုလ်ရောလဲ ဒီအထဲအပြည့်ပါမှာပဲ (ပါ-ပါတယ် ဘုရား)။
လူအစကဘယ်ကပါလိမ့်
အဲဒါ ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား) ဘာသစ္စာမသိလို့ပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။
ကဲ ရွတ်ပါဦး (ဇာတိပိဒုက္ခာပါ ဘုရား) လူအစကဘယ်ကပါလိမ့် (ဇာတိကပါ ဘုရား)၊ နတ်အစ (ဇာတိကပါ ဘုရား) ဗြဟ္မာအစ (ဇာတိကပါ ဘုရား) ဘာသစ္စာတဲ့တုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် လူဖြစ်ချင်လို့ရှိရင်လဲ အစ, မပါဘဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူး (မဖြစ်ပါ ဘုရား) နတ်ဖြစ်ချင်တော့ ဖြစ်မှာ မဟုတ်ဘူး (မဖြစ်ပါ ဘုရား) နတ်ဖြစ်ချင်ရင်ကော (အစ, မပါဘဲနဲ့ မဖြစ်ပါ ဘုရား) ဗြဟ္မာဖြစ်ချင်ရင်ကော (အစ,မပါ ဘဲနဲ့ မဖြစ်ပါ ဘုရား) အစ, ကလဲ ဘာသစ္စာတဲ့တုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ဖြစ်မှဖြစ်ရလေဗျာ၊ ဒီလိုများသိမယ်ဆိုလဲ ဒီဥစ္စာ ဘုရားရှေ့ လက်အုပ်ချီပြီး မတောင်းပါဘူးဗျာ (မှန်ပါ့) ဒကာ ဒကာမတို့ အမောခံတောင်းပါ့မလား (မတောင်းပါ ဘုရား) ဒီက ရှေ့များတောင်းချင်သေးသလား (မတောင်း ချင်ပါ ဘုရား)။
ဒုက္ခကို ကိုယ်တိုင် ရ, ရပါလို၏လို့ ခင်ဗျားတို့ ဆုတောင်းပြည့်ဘုရားမှာ တောင်းချင်သေးသလား (မတောင်း ချင်ပါ ဘုရား) ဘုရားလဲ မကြိုက်းဘူးဗျာ၊ ဒီအတောင်းကို (မှန်ပါ့) ကြိုက်ပါရဲ့လား (မကြိုက်ပါ ဘုရား)။
ဘုရားက ငါသည် ဒီသစ္စာမသိခဲ့လို့ သံသရာရှည်ခဲ့တယ်ကွာတဲ့ မင်းတို့လဲ ဒါမသိရင် ရှည်လိမ့်မယ် သိအောင် လုပ်ပါလို့ မမှာဘူးလား (မှာပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
သစ္စာသိအောင် ဟောပါကွာ
ရုပ်အာနန္ဒာကို မှာလိုက်တာများ သိပြီး သကာလ ဒကာ ဒကာမတွေ မှတ်စရာသိပ်ကောင်းတယ် (မှန်ပါ့) အာနန္ဒာ မင့်အမျိုးတွေ မင့်အဆွေတွေ မင့်ဒကာ ဒကာမတွေများ မင်း သနားလို့ရှိရင် သစ္စာသိအောင် ဟောပါကွာ (မှန်ပါ့) ကြည့်စမ်း မှာတော်မူလိုက်တာ (မှန်ပါ့)။
မင့်အဆွေတွေ မင့်ဒကာ ဒကာမတွေ မင်းတကယ်သနားတယ်ဆိုလို့ရှိရင် လောကွတ်လုပ်မနေနဲ့၊ ရွှေတွေ, ငွေတွေ ပေးမနေနဲ့ သစ္စာသိအောင် လုပ်ပေး၊ ဒါမှ သနားရာ, ခင်ရာ, မင်ရာ, ချီးမြှောက်ရာ ရောင်သကွလို့ သေသေ ချာချာ သစ္စသံယုတ်မှာ မှာတော်မူတယ် (မှန်ပါ့) မမှာသင့်ဘူးလား (မှာသင့်ပါတယ် ဘုရား)။
ဒါဖြင့် ဘုန်းကြီးကလဲ ဘုရား၏ တပည့်သားဖြစ်တဲ့အတွက် ဒကာ ဒကာမတွေ ခင်ဗျားတို့ သားတွေ, သမီးတွေ, ဆွေတွေ, မျိုးတွေ အလုံးစုံ အကုန်ချစ်ပါတယ်၊ ခင်ပါတယ်၊ ကြင်နာပါတယ်၊ သနားပါတယ် ဆိုခဲ့လို့ရှိရင် ယခုပြောတဲ့ ပဋိစ္စသမုပ္ပါဒ်ကိုဖြင့် ဒါက ဒုက္ခသစ္စာ၊ ဒါက သမုဒယသစ္စာလို့ ဆိုတာဖြင့် သိအောင်ဟောကြပါ (မှန်ပါ့)။
ဒါမဟောလို့ ရှိရင်ဖြင့် ရွှေတွေပုံပေးလေလေ ဒုက္ခရောက်လေပဲ (မှန်ပါ့) ငွေတွေပုံပေးလေ (ဒုက္ခရောက်လေ ပါ ဘုရား) ဘာဖြစ်လို့တုံးဆိုလို့ရှိရင် ဒီရွှေငွေတွေနဲ့ သုံးစားပြီး ဇာတိဖြစ်ကြောင်းတွေ လုပ်ဦးမှာကိုးဗျ (မှန်ပါ့) မလုပ်ပေ ဘူးလား (လုပ်ပါတယ် ဘုရား) လုပ်တော့ ဘာသစ္စာတွေ ရသလဲ (ဒုက္ခသစ္စာတွေ ရပါတယ် ဘုရား)။
ဒါဖြင့် အမေအဖေ ပေးခဲ့တဲ့အမွေကြောင့် ကလေးမှာ ဒုက္ခရောက်ပေါ့ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး မှာတော်မူတာ မင့်ဆွေ, မင့်မျိုးတွေ, မင့်ဒကာ ဒကာမတွေ သနားလို့ ဆိုရင်ဖြင့် သစ္စာသိအောင် ဟောပါကွာလို့ ဆိုတာ အင်မတန်အရေးကြီးလို့ မှာတဲ့စကား (မှန်ပါ့) သဘောပေါက်ပြီး ဉာဏ်ရောက်ကြပလား (ရောက်ပါပြီ ဘုရား)။
ဇာတိက ဘာသစ္စာတုံး
ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒီဒုက္ခသစ္စာ ရတဲ့အခါကျတော့ ဇာတိက အကြောင်းလား၊ အကျိုးလား (အကြောင်းပါ ဘုရား) ဇရာ, မရဏက (အကျိုးပါ ဘုရား)။
အင်း ငါ့သားသမီးတွေ, ကလေးတွေ ကျန်းမာရစ်စေတော့၊ ချမ်းသာရစ်စေတော့ ဆိုပြီး သကာလ သစ္စာ မဟောဘဲနဲ့ အမွေသာပေးသွားကြမယ်ဆိုရင် မင်းသည်ကားလို့ဆိုရင် ဒုက္ခမျိုးစုံ မင့်မှာ အကုန်ဖြစ်စေ သတည်းလို့ ဆိုတာနဲ့ အတူတူပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သစ္စာမှတစ်ပါး ဒကာ ဒကာမတို့ ကိုးစားရာ, အားထားရာ, မရှိဘူး (မှန်ပါ့)။
အခု ဒုက္ခသစ္စာဟောနေတယ်၊ နောက် နိရောဓသစ္စာကို ဆရာဘုန်းကြီးက ဒီပဋိစ္စသမုပ္ပါဒ်မှာပဲ ဟောမှာပဲ (မှန်ပါ့ ဘုရား)၊ နိရောဓသစ္စာဟောမှ ချမ်းသာမှာကိုးဗျ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဇရာ, မရဏ၏ လက်သည် တွေ့ပလား (တွေ့ပါပြီ ဘုရား) ဘယ်သူပါလိမ့် (ဇာတိပါ ဘုရား)။
ကောင်းပြီး ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိဟာ ဆုမတောင်းကောင်းတဲ့ တရားပဲဆိုတာတော့ သေချာပလား (သေချာပါပြီ ဘုရား)။
ဘယ်ဇာတိကြိုက်သတုံး (ဘယ်ဇာတိမှ မကြိုက်ပါ ဘုရား) ဘာသံနဲ့ ပြောတာပါလိမ့် ခင်ဗျားတို့ (သစ္စာသံနဲ့ ပြောတာပါ ဘုရား) ဘာဉာဏ်နဲ့ ပြောပါလိမ့် (သစ္စာဉာဏ်နဲ့ ပြောပါတယ် ဘုရား)။
ဆွေမျိုးတွေကိုဖြင့် ဘယ်လိုပြောကြမယ် (သစ္စာကို ပြောပါမယ် ဘုရား) ဘယ်ဇာတိမှ မလိုချင်ပါနဲ့ (မှန်ပါ့) ဘယ်ဘဝမှ (မလိုချင်ပါနဲ့ ဘုရား)။
အံမာ ဒါဖြင့် ဝါဒဖြန့်ကြပါ (မှန်ပါ့) ချစ်ကြ, ခင်ကြ, ကြင်နာကြလို့ ရှိရင်ဖြင့် ဘယ်ဘဝမှ မတောင်းနဲ့ဟေ့ ဇာတိဟာ ဒုက္ခသစ္စာကြီးဟ (မှန်ပါ့)။
ဒကာကြွယ် ပြောတတ်ပလား (ပြောတတ်ပါပြီ ဘုရား)။
ချစ်တယ်, ခင်တယ်, ကြင်နာပါတယ်ဆိုရင်ဖြင့် ဒကာ ဒကာမတွေ သစ္စာကိုပဲ သိအောင် ပြောပေးကြပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့်ဒကာ ဒကာမတို့ ဒီဇာတိသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒုက္ခသစ္စာပဲဆိုတာ သိသွားကြပြီ (မှန်ပါ့ ဘုရား)။
ဘယ်ဘဝမှ ဆုမတောင်းတော့ပါဘူး
ဘုရားကဟောတော်မူတယ် “ဇာတိပိ ဒုက္ခာ၊ ဇရာပိဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ” လို့ မဟောဘူးလား (ဟောပါတယ် ဘုရား) လွဲသေးသလား (မလွဲပါ ဘုရား)။
ကောင်းပြီ၊ ဘုရားလဲ ဒီဒုက္ခတွေ သိတော်မူလို့ ဘုရားဖြစ်တာ (မှန်ပါ့) ခင်ဗျားတို့လဲ ဒါတွေသိတဲ့ အခါကျတော့ ဘယ်ဘဝမှ ဆုမတောင်းတော့ပါဘူးလို့ဆိုတာ ဒီဇာတိ ဒုက္ခသစ္စာကိုမြင်လို့ မတောင်းတာ (မှန်ပါ့)။
မတောင်းချင်တော့ဘူးဆိုတော့ ဇာတိက ဒုက္ခသစ္စ (မှန်ပါ့) ဇာတိဟာ ဒုက္ခသစ္စာလို့ ဒကာ ဒကာမတွေ ဉာဏ်ထဲ မှာမရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား) အဲဒီဉာဏ်က မဂ္ဂသစ္စာ (မှန်ပါ့)။
ဇာတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) မတောင်းတော့ပါဘူးလို့ ဆုံးဖြတ်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။
ဒါဖြင့် မတောင်းတော့ပါဘူးဆိုတော့ တောင်းချင်တဲ့တဏှာသေတာက သမုဒယချုပ်တာ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သမုဒယချုပ်ကတည်းကိုက ဒကာ ဒကာမတို့ ဒုက္ခတွေ နောက်လာဦးမလား (မလာပါ ဘုရား) အဲဒီ မလာတာက နိရောဓသစ္စာ (မှန်ပါ့)။
သစ္စာသိလိုက်တဲ့အတွက် ဘယ်လောက်များ အဖိုးတန်သွားသတုံး (တန်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ အသက်အရွယ်ကြီးပြီး အသေနှင့်ပေလို့ ဆရာကလဲ မသေနှင့်ပေလို့ပေါ့ဗျာ နို့မဟုတ်ရင် အကုန် ချောက်ကျတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿီဘုရားအလောင်းတော် လက်သည်ရှာသလို ဘုန်းကြီးတို့ကလဲ ဘုရား၏ တပည့်သားတွေ ဖြစ်လို့ ရှာကြဦးစို့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဇာတိဟာလဲ အကြောင်းမရှိဘဲနဲ့ ဖြစ်မယ်မဟုတ်ပါဘူး (မှန်ပါ့) ဇာတိက အကြောင်းမရှိဘဲနဲ့ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဘဝပစ္စယာဆိုတာ လာပါဦး (မှန်ပါ့)။
ပဋိသန္ဓေနေမှုဟာ ဘယ်သူ့ကြောင့် ဖြစ်ရပါလိမ့်
ဒီဘက်ကသုံးခုက ဘာပါလိမ့် (ဘဝပါ ဘုရား) ဘဝပစ္စယာ (ဇာတိပါ ဘုရား) ဪ ဇာတိက လက်သည်ရှာ လိုက်တော့ ဘဝကြောင့်ဖြစ်ရတာပါလိမ့် (မှန်ပါ့)။
အားလုံး ဒကာ ဒကာမတွေ ဇာတိဆိုတဲ့ ပဋိသန္ဓေနေမှုဟာ ဘယ်သူ့ကြောင့် ဖြစ်ရပါလိမ့် (ဘဝကြောင့် ဖြစ်ရပါတယ် ဘုရား)။
ဘဝပေမယ့်လဲ ဒီနေရာကလေး၊ နှုတ်ကလေး တက်နေတာကလေးကို ဖျောက်ပြီး သကာလ အသစ်ကလေး ထည့်ပေးလိုက်စမ်းပါ၊ ကမ္မဘဝပစ္စယာ ဇာတိ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာတဲ့ (ကမ္မဘဝပစ္စယာ ဇာတိပါ ဘုရား) ကမ္မဘဝပစ္စယာ ဇာတိဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့သည်ကားလို့ဆိုရင် ကမ္မဘဝကြောင့် ဘာဖြစ်ရသတုံး (ဇာတိဖြစ်ရပါတယ် ဘုရား)
ဪ ဒါဖြင့် ခင်ဗျားတို့ကလဲ ကံကောင်းချင်လိုက်တဲ့ဖြစ်ခြင်း၊ ဇာတိဒုက္ခကို မတွေ့ရမှာ စိုးလွန်းလို့ ဒကာကြွယ် တို့ကံကောင်းချင်လိုက်တာ လွန်နေတာပဲ (မှန်ပါ့) ပန်းသပြေနဲ့ ညောင်ရေလောင်းပြီးတော့ ကံကောင်းချင်တဲ့ အလုပ်ချည့် လုပ်နေတော့ ကမ္မဘဝပစ္စယာ ဘာတဲ့ (ဇာတိပါ ဘုရား)။
ဘာတဲ့တုံး (ကံကောင်းမှ ဒုက္ခရောက်မှာပါ ဘုရား) ဗေဒင်များ မေးချင်သေးသလား (မမေးချင်ပါ ဘုရား) ကံများမေးလို့ ကျုပ်ကံကလေး အစအန ဘယ့်နှယ်နေသေးသတုံး၊ ဒုက္ခမှ လွတ်ပါ့မလား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကျုပ်ကံကလေး ဘယ့်နှယ်နေသတုံး ဒုက္ခမှ ရောက်ပေါ့မလားဆိုတာ ထည့်မေးလို့ရှိရင် မမေးဖြစ်တော့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလို ဆရာကောင်းသမားကောင်းမျိုးနဲ့ မတွေ့လို့ရှိရင် ကံမကောင်းလို့ ကံကောင်းနဲ့ဆက်ချင်၊ ဆက်ချင်ကြတာတွေလဲ ဒီအထဲ တပုံကြီးပါမယ် (ပါ ပါတယ် ဘုရား)။
ဒါဖြင့် အဲဒီကံကလဲ ကမ္မဘဝပစ္စယာ ( ဇာတိပါ ဘုရား) ဪ သူဆက်ချင်တာလဲ ကံမကောင်းလို့ ၊ ကံကောင်းနဲ့ ဆက်ပြန်လဲ (ဇာတိ) ကံမကောင်းနဲ့ ဆက်ပြန်ကော (ဇာတိပါ ဘုရား)။
ဒါဖြင့် ကောင်းတာနဲ့ ဆက်တာ ကြိုက်သလား ၊ မကောင်းတာနဲ့ ဆက်တာ ကြိုက်သလား (ဘာနဲ့ ဆက်တာနဲ့မှ မကြိုက်ပါ ဘုရား) ရမှာ ဒုက္ခသစ္စာကြီးပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ကံကောင်းကုသိုလ်လဲ ပယ်လို့ ဘုရားဖြစ်လာပြီး ကံမကောင်းတဲ့ ကိလေသာတွေပယ်လို့ ဘုရားဖြစ်လာရတာ (မှန်ပါ့)။
ကံပယ်လို့ ဘုရားဖြစ်လာတာ
ကံပယ်လို့ ဘုရားဖြစ်လာတာ (မှန်ပါ့) ဇာတိ မလာဘူး လာသေးရဲ့လား (မလာပါ ဘုရား)၊ မပေါ်ကြသေးဘူး လာ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ စဉ်းစားကြည့်စမ်းပါဦး ဒီဆရာကောင်း, သမားကောင်းနဲ့ တွေ့တုန်းကို ဉာဏ်ကလေးနဲ့ နားကြီးကြီးနဲ့ထောင်ပြီး စဉ်းစားပါ (မှန်ပါ့)။
ဘုံဘဝကို လိုချင်တဲ့ ကုသိုလ်ကံတွေဟူသရွေ့လဲ ဘုံဘဝကို ဖြစ်စေတတ်တဲ့ ပဋိသန္ဓေကို ဖြစ်စေတတ်တဲ့ ကံဟူသရွေ့လဲ ဒကာ ဒကာမတို့ ဇာတိဒုက္ခပေးတယ် (မှန်ပါ့) အကုသိုလ်ကံတွေ ဟူသရွေ့ကာ (ဇာတိဒုက္ခပေးပါတယ် ဘုရား)။
ဒါဖြင့် ဘုံဘဝကို မတောင့်တတဲ့ အလုပ်သာလျှင် ဒကာ ဒကာမတို့ အရေးတကြီး ထားကြပါ (မှန်ပါ့)။
ဘုံဘဝတောင့်တလုပ်တဲ့ ကုသိုလ်ဟူသရွေ့ကလဲ ဇာတိရမှာပဲ (မှန်ပါ့) မတောင့်တဘဲနဲ့ မိဘရိုးရာနဲ့ နေပြန်ရင် ကော (ဇာတိ ရမှာပါပဲ ဘုရား) အကုသိုလ်ကံတွေနဲ့ နေတော့လဲ ဇာတိပေါ့ဗျာ (မှန်ပါ့) ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။
ဒါဖြင့် ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား) အဲ ဘယ်ကံဟူသရွေ့မဆိုတော့ဘူးပေါ့ မင်းတို့ ကံဟူသရွေ့ဟာ ဇာတိလုပ်မှာ မှတ်ပေတော (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာကြွယ်ရေ ပဋိစ္စသမုပ္ပါဒ် အကိုက်ရှင်း, သစ္စာသွင်းလိုက်တော့ သိပ်အဖိုးတန်တယ် (တန်ပါတယ် ဘုရား)။
ဝိပဿနာဉာဏ်ကို နောက်သုံးလေးရက်ဆိုရင် ရောက်မယ်
ဆက်နာပါ၊ ဆက်နာပါ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်ကို နောက်သုံးလေးရက်ဆိုရင် ရောက်မယ်၊ အခု တော့ဖြင့် ကိုယ့်အဖြစ်ဆိုးကြီး, ကိုယ့်အမှားတော်ပုံကြီး ပြင်တုန်းရှိသေးတယ် (မှန်ပါ့) တစ်နေ့တည့်ပြင်ပေးတော့ မပြီးနိုင်ပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်နေ့တော့ ပြင်လို့တော့ မပြီးနိုင်ဘူး၊ မှားတာက ကမ္ဘာအသင်္ချေက မှားထားတာ၊ ပြင်ပေးတဲ့ ဘုန်းကြီးက တစ်နာရီနဲ့ ပြင်ပေးတော့ အပြီးနိုင်ဘူး (မှန်ပါ့) ပေးနိုင်ပါမလား (မပေးနိုင်ပါ ဘုရား)။
ကဲ ဦးလှဘူးရေ ဂဏန်းပြည့်ကြီး မှာထားတဲ့ ဥစ္စာ အတော်တွက်ယူရမှာပါဗျာ (မှန်ပါ့)။
ကိုင်း ဒကာ ဒကာမတို့ ဇာတိက ဘယ်က လာသတုန်း (ကမ္မဘဝကလာပါတယ် ဘုရား) ကမ္မဘဝကလာသည် ပါဠိရွတ်လိုက်တော့ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ခင်ဗျားတို့ ရ,ထားတာတွေက နှုတ်ကသာ ရထားတာနော် (မှန်ပါ့) ခန္ဓာကိုယ်ထဲ ဉာဏ်ရောက်တဲ့လား (မရောက် ပါ ဘုရား) ခုနင်တုန်းက ဇရာ, မရဏက ဇာတိ, မရဏ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ရမ်းရွတ်တယ်၊ စာကျေအောင်လို့ ရွတ်တာနဲ့ တူသပေါ့ဗျာ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိ ဘယ်ကလာသတုန်း (ကမ္မဘဝက လာပါတယ် ဘုရား)။
ကိုင်း ကမ္မဘဝဆိုတာ ဒကာကြွယ်၊ ဒကာသိုက်တို့ ဦးလှဘူးတို့ မှတ်လိုက်စမ်းပါဗျာ ကာယကံ, ဝစီကံ, မနောကံ (မှန်ပါ့) ကုသိုလ် ကာယကံ, ဝစီကံ, မနောကံ (မှန်ပါ့)။
ဘုံဘဝလိုချင်တဲ့ ကာယကံ, ဝစီကံ , မနောကံတွေကော မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား) ဘုံဘဝ သံသရာထဲ မှာတောင် သံသရာကြီးလည်စေတတ်တဲ့ အကုသိုလ် ကာယကံ, ဝစီကံ, မနောကံတွေကော မလုပ်ကြဘူးလား (လုပ်ပါ တယ် ဘုရား)။
ဒါဖြင့် ဒီကံသည် ကုသိုလ်ကာယကံ, ဝစီကံ, မနောကံ အကုသိုလ် ကာယကံ, ဝစီကံ, မနောကံ ၊ ဘာအကျိုးပေး ပါလိမ့် (ဇာတိပေးပါတယ် ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့်ဒကာ ဒကာမတို့ ခင်ဗျားတို့သည်ကား ဆိုလို့ရှိရင် ကမ္မဘဝလုပ်နေမယ်ဆိုလို့ရှိရင် ကာယကံ, ဝစီကံတွေ ကုသိုလ်ဘက်က လုပ်ပြန်လဲ ဘုံဘဝလိုချင်လို့ လုပ်လို့ရှိရင်ဖြင့် ဇာတိပဲ ရတယ် (မှန်ပါ့) အကုသိုလ်ကံတွေ လုပ်ပြန် တော့လဲ ဘာရသတုံး (ဇာတိပဲရပါတယ် ဘုရား) ဇာတိက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား ) ဒုက္ခသစ္စာဟာ အလိုလိုပေါ် တာလား၊ ကမ္မဘဝကြောင့် ပေါ်တာလား (ကမ္မဘဝကြောင့် ပေါ်တာပါ ဘုရား)။
ကမ္မဘဝကြောင့်ဆိုတော့
ဒါဖြင့် ကမ္မဘဝကြောင့်ဆိုတော့ စာသံ ပေသံပါနေတယ်၊ ကာယကံ, ဝစီကံ, မနောကံကြောင့် ဖြစ်တယ် (မှန်ပါ့) အကုသိုလ် ကာယကံ, ဝစီကံ, မနောကံကြောင့်ကော (ဇာတိဖြစ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ သေချာသွားပြီးတဲ့ ပဋိစ္စသမုပ္ပာဒ်ကို နောက်ပြန်လှန်တာက မှန်ထားလိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီနေ့ အရောင်းအဝယ်ကလေးများ နည်းနည်းဖြစ်ကြပါရဲ့လား မေးလို့ရှိရင် ထိုက်တန်သလောက်ဖြစ်ပါရဲ့ ဖြေကြမှာပဲ (မှန်ပါ့)။
ဘယ့်နှယ်တုံး ဒကာ ဒကာမတွေ ဒီနေ့ အရောင်းအဝယ်ဘယ့်နှယ်နေသတုံး (ထိုက်တန်သလောက် ဖြစ်ပါတယ် ဘုရား) ထိုက်တန်သလောက်ဖြစ်တော့ ကာယကံနဲ့ကော ပြကြရတယ် (ပြရပါတယ် ဘုရား)။
ဝစီကံနဲ့လဲ ဒီအဖိုး, ဒီအဖိုးပြောရတယ် (ပြောရပါတယ် ဘုရား) မနောကံလဲ ဒီပုဂ္ဂိုလ် ဒီလိုပြောမှ ကြိုက်မှာက စိတ်ထဲမှာ တွေးလုံးနဲ့ကော မကြံရဘူးလား (ကြံပါတယ် ဘုရား)။
ကာယကံ, ဝစီကံ, မနောကံ ပါကြရဲ့လား (ပါပါတယ် ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) သွားပေါ့ (မှန်ပေါ့) မသွားသေးဘူးလား (သွားပါပြီ ဘုရား)။
ဒီအထဲက ခေါင်းထဲသွားပါတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါ ခင်ဗျားတို့က ချီးမွမ်းနေသပေါ့ (မှန်ပေါ့) သူတို့ အရောင်းအဝယ်ကလေး ဖြစ်တယ်၊ အပြောကလဲ ဟုတ်တယ် အပြောကလဲ ဟိတ်နဲ့, ဟန်နဲ့ဆိုတော့ နေရာကျတာပေါ့ (မှန်ပါ ဘုရား)။
အင်း သူ့ခမျာဖြင့် ကိုယ်ကျိုးနည်းနေသော ဘယ်သူမှ မသိဘူး (မသိပါ ဘုရား) အခု ကိုယ်ကျိုးနည်းတာ သိပလား (သိပါပြီ ဘုရား)။
ကာယကံနဲ့ကော မပြကြ, မပြုကြရဘူးလား (ပြုကြရပါတယ် ဘုရား) ဝစီကံနဲ့ ချိုသာစွာကော (ပြောရပါတယ် ဘုရား) ဝစီကံနဲ့ ချိုသာစွာကော (ပြောရပါတယ် ဘုရား) မနောကံနဲ့လဲ လူကဲခတ်, စိတ်ကဲခတ် ပါ-ပါရဲ့လား (ပါ,ပါ တယ် ဘုရား)။
ဒါဖြင့် ကံသုံးပါးလုပ်ပြီးကြပလားလို့မေးရင် (လုပ်ပြီးပါပြီ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပိ (ဒုက္ခာပါ ဘုရား)။
ဪ ဒီဥစ္စာ ဘယ်က လာပါလိမ့် ဒကာကြွယ်ရေ (ကမ္မဘဝပစ္စယာကပါ ဘုရား) ကာယကံ, ဝစီကံ, မနောကံ ကလာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒုက္ခရောက်ဖို့ အပြစ်ရှာပေါ့
ဒါဖြင့် သူတို့အကျိုးပေးနေတာ ကံကောင်းလို့ အကျိုးပေးနေတယ်လို့ ဆိုကြမလား၊ ဒုက္ခရောက်ဖို့ အပြစ်ရှာပေါ့ လို့ဆိုကြမလား (ဒုက္ခရောက်ဖို့ အပြစ်ရှာပေါ့လို့ ဆိုရပါမယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် စီးပွားရှာချိန် မရှိဘူးဘုရား ဒကာကြွယ်တို့က ဆိုချင် ဆိုမပေါ့ဗျာ (မှန်ပါ့) ဒကာ ဒကာမတွေက တော့ မဆိုရပေဘူးလား (ဆိုရမှာပါ ဘုရား)။
ခင်ဗျားတို့က အစွဲအလမ်း ဖြစ်နေတာ (မှန်ပါ့) စီးပွားရှာချင်တယ် ဆိုကတည်းကိုက ခင်ဗျားတို့ ဒုက္ခရောက် ပြီးမှ စားချင်တာ (မှန်ပါ့)။
ဒုက္ခမရောက်ဘဲနဲ့ ချမ်းချမ်းသာသာနဲ့ ပြည့်စုံတာ မကြိုက်လို့ပြောတဲ့စကား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုန်းကြီးနှယ် ကတ်ကတ်သတ်သတ် ပြောတယ်လို့များ မအောက်မေ့ပါနဲ့ (မှန်ပါ့) မအောက်မေ့ပါနဲ့ ဒကာ ဒကာမတို့ ကတ်ကတ်သတ်သတ် ပြောတယ်လို့ အောက်မေ့မနေပါနဲ့ (မှန်ပါ့ ဘုရား)။
မဂ္ဂင်အလုပ်ကို လုပ်စမ်းပါ၊ လုပ်မှသာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင် ဇာတိ, ဒုက္ခသစ္စာကော လာပါ့မလား (မလာပါ ဘုရား) ဇရာ, မရဏဒုက္ခသစ္စာကော (မလာပါ ဘုရား)။
ဒါဖြင့် ဇာတိတို့၏ ချုပ်ရာ, ဇရာ မရဏတို့၏ ချုပ်ရာသိမ်းရာ နိဗ္ဗာန်လို့ မဆိုရပေဘူးလား (ဆိုရပါတယ် ဘုရား) နိဗ္ဗာန်ဆိုတာ ငြိမ်းအေးချမ်းသာ မဟုတ်လား (မှန်ပါ့)
အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ စီးပွားရှာချင်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဘုန်းကြီးရဲ့ စွဲချက်တင်လိုက်တာ မလွဲပါဘူး (မလွဲပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂင်အလုပ်, လုပ်ရင် ချမ်းသာစစ်ရမယ်
မဂ္ဂင်အလုပ်, လုပ်ရင် ချမ်းသာစစ်ရမယ် (မှန်ပါ့) ခင်ဗျားတို့ ကာယကံ, ဝစီကံ, မနောကံတွေ လျှောက်လုပ်နေ ရင် ဒုက္ခသစ္စာရမယ် (မှန်ပါ့)။
ကာယကံ, ဝစီကံ, မနောကံဆိုတော့ ကမ္မဘဝကိုး (မှန်ပါ့) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပိ (ဒုက္ခ သစ္စာပါ ဘုရား) ဪ သွားပြီး (မှန်ပါ့)။
ဒါဖြင့် စီးပွားရှာတဲ့ အလုပ်ဟူသရွေ့ သံသရာတက်ဖို့ပဲ (မှန်ပါ့) စီးပွားရှာတဲ့ပုဂ္ဂိုလ်မှာ ကာယကံ, ဝစီကံ, မနောကံ လွတ်ပါ့မလား (မလွတ်ပါ ဘုရား) ဒါဖြင့် ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပိ (ဒုက္ခပါ ဘုရား)။
ဪ ခင်ဗျားတို့က ဒုက္ခသစ္စာကြိုက်တော့ စီးပွားရှာဖွေ စားသောက်ဖို့တောင် အကွက်မရှိတော့ဘူး၊ တပည့် တော်ဖြင့် ဘုန်းကြီးတရား နာနေတာ စိတ်များပျက်ပါပေါ့ ဆိုချင်ကြသလား (မဆိုချင်ပါ ဘုရား) နောက်က ဒကာ ဒကာမတွေက ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား) လူထဲမို့သာ မဆိုရဲတယ်၊ ဝမ်းထဲကတော့ ဒေါသများ ထွက်နေဦးမှာ လား။
အဲဒါသည် ဒကာ ဒကာမတို့ သေသေချာချာ မှတ်ပါတဲ့ ကံကုန်မှ နိဗ္ဗာန်ရောက်မှာ (မှန်ပါ့ ဘုရား) ကံဆက်နေ ရင် ဇာတိဆက်မယ် (မှန်ပါ့) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ခဏခဏပြောတယ် ခင်ဗျားတို့က ကံဇာတာကလေးက သေကိန်း၊ ပျောက်ကိန်း ရှိတယ်လို့ ဗေဒင်ဆရာကဖြစ်စေ၊ အရပ်သားကဖြစ်စေ ပြောလိုက်လို့ရှိရင် ငါးလွှတ်တယ်၊ စာကလေးလွှတ်တယ် (မှန်ပါ့) မလွှတ်ဘူး လား (လွှတ်ပါတယ် ဘုရား)။
စာကလေး ဆုတောင်း၊ ငါးဆုတောင်း
နင့်တစ်ခါလွှတ်, ငါ့ကိုဆယ်ခါလွှတ် ဆိုတာမျိုးတွေ မလာဘူးလား (လာပါတယ် ဘုရား) ငါလဲ ငါးဆယ်ခါဖြစ်စေ သတည်း၊ စာကလေး ဆယ်ခါ ဖြစ်စေသတည်း၊ ငါလဲ ချောက်ထဲကျနေရင် မင်းလဲ ဆယ်ခါလွှတ် (မှန်ပါ့) စာကလေး ဆုတောင်း၊ ငါးဆုတောင်းသလို ကျမနေဘူးလား (ကျနေပါတယ် ဘုရား)။
ဒကာသိုက်တို့ လွှတ်ဖူးသေးလား (လွှတ်ဖူးပါတယ် ဘုရား) သွားပြီ (မှန်ပါ)။
အဲဒါ ကံဆက်တာ (မှန်ပါ့) ကံဆက်တော့ ဒကာ ဒကာမတို့ ဇာတိဆက်တယ်၊ ဇာတိဆက်တော့ အကောင်ဖြစ် မှာပဲ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံသည်ကား ဆိုလို့ရှိရင်ဖြင့် မဂ္ဂင်တရားမှ ဒီကံကို ဖြတ်နိုင်တယ် (မှန်ပါ့) ဒီကံ ဆက်နေသရွေ့ ကာလပတ်လုံး ဇာတိဆက်မှာပဲ (မှန်ပါ့) ဇာတိက ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာဆက်မှာပေါ့ (ဆက်မှာပါ ဘုရား) ဒကာကြွယ် ကြိုက်သေးရဲ့လား (မကြိုက်ပါ ဘုရား) ဉာဏ် ရောက်ကြပလား (ရောက်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံက ဘယ်ကလာသတုံးဆိုတဲ့ မေးခွန်းထုတ်ကြစို့ (မှန်ပါ့) ဥပါဒါနပစ္စယာ ကမ္မဘဝေါကိုး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ဘုန်းကြီးပြောတာက ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ်ကို ခန္ဓာကိုယ်ထဲမှာ ပြောနေတာ (မှန်ပါ့) ကာယကံ, ဝစီကံတွေနဲ့ ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ ငွေလိုချင်တဲ့ ဥပါဒါန်လာလို့ (မှန်ပါ့ ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကာယကံ, ဝစီကံ, မနောကံတွေနဲ့ နေ့တိုင်း မအားလပ်အောင် ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘာကိုစွဲလမ်းလို့ လုပ်တာတုံး (ဥပါဒါန် စွဲလမ်းလို့ပါ ဘုရား)။
ဘာအပေါ်မှာ ဥပါဒါန် စွဲလမ်းပါလိမ့်
ဘာအပေါ်မှာ ဥပါဒါန် စွဲလမ်းပါလိမ့် (ငွေပေါ်မှာ ဥပါဒါန် စွဲလမ်းပါတယ်) ငွေကို စွဲလမ်းတယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဥပါဒါနပစ္စယာငွေကို စွဲလမ်းခြင်း တည်းဟူသော ဥပါဒါန်ကြောင့် ကမ္မဘဝေါ ကာယကံ, ဝစီကံ, မနောကံတို့နဲ့ အရောင်းအဝယ် နှုတ်ချိုသည်, လက်တိုသည်, ဟောတိဖြစ်၏ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဥပါဒါန်ကြောင့် ဘာဖြစ်ပါလိမ့် (ကမ္မဘဝပါ ဘုရား) ကမ္မဘဝဆိုတဲ့ ကာယကံ, ဝစီကံ, မနောကံ ဖြစ်တယ် (မှန်ပါ့)။
ဥပါဒါန်ကလဲ ဘာကို စွဲလမ်းတယ်ဆိုတာကော သိပလား (သိပါပြီ ဘုရား) ဘာကို စွဲလမ်းသတုံး (ငွေကို စွဲလမ်းပါတယ် ဘုရား)။
ငွေကို စွဲလမ်းတယ်၊ သားသမီးနဲ့ အိမ်ရာတိုက်တာတို့ ကြီးပွားရေး၊ ပြင်ဆင်ရေး ဟုတ်လား (မှန်ပါ့) ဒါတွေ စွဲလမ်းတယ်, မစွဲလမ်းဘူးလား (စွဲလမ်းပါတယ် ဘုရား)။
စွဲလမ်းတာ ဘာခေါ်ကြမယ် (ဥပါဒါန်ပါ ဘုရား) အဲဒီဥပါဒါန်ကြောင့် ကာယကံ, ဝစီကံ, မနောကံနဲ့ ရောင်းကြ ဝယ်ကြ မလုပ်ရပေဘူးလား (လုပ်ရပါတယ် ဘုရား)။
ဒါဖြင့် ကံလုပ်ရောလို့ ဆိုကြပါစို့ (မှန်ပါ့) ကမ္မံဝိပါကဿလို့ ဘုရားဟောသောကြောင့် ကံကြောင့် ဝိပါကဆိုတဲ့ ပဋိသန္ဓေဇာတ် မလာရပေဘူးလား (လာရပါတယ် ဘုရား)။
အရောင်းအဝယ်လုပ်နေတဲ့ ပုဂ္ဂိုလ်များ
ဪ ဒါဖြင့် အိမ်မှာ အရောင်းအဝယ်လုပ်နေတဲ့ ပုဂ္ဂိုလ်များမှာ ဘာများ လုပ်နေကြပါလိမ့်မတုံးဆိုတော့ ဥပါဒါန်ကြောင့် ကံလုပ်နေပါတယ်ဘုရား ကံလုပ်မှ တပည့်တော်တို့ နောင်ဘဝ ဇာတိချောက် ကျမှာဘုရာ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဇာတိချောက်ကျမှ ဇရာရောက်ပါမှ မရဏနဲ့ အသက်ထွက်ရမှာ၊ ဒါကြောင့် ကြိုးစားနေရတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အံမလေး ဆိုးရွားလိုက်တဲ့ ဒကာ ဒကာမတွေ ကိုယ့်ဆိုးရွားပုံပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒီထဲကများ ဒီကံတွေ မလုပ်ရတဲ့အခါကျတော့ ဒီအရောင်းအဝယ် မလုပ်ရဘူး ဆိုပါတော့ဗျာ (မှန်ပါ့)။
အရောင်းအဝယ် မလုပ်ရတဲ့အခါကျတော့ စိတ်ပျက်တယ်၊ နေရထိုင်ရတာ (မှန်ပါ့) ကိုယ့်အတွက်လဲ ပျက်တာပဲ မြို့ရွာပြည်ကို ကြည့်လိုက်ပြန်လဲ ပျက်တာပဲ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါကလဲ ပျက်တာပဲ ဆိုတာကလဲ ဝစီကံတွေဗျ (မှန်ပါ့ ဘုရား) ကာယကံနဲ့လဲ ဆိုတာကလဲ ဟိုအိမ်သွားပြီး မေးလိုက်ပါဦးမလေဆိုတော့ ဟိုအိမ်သွားပြီး မေးလိုက်ပါဦးမလေ ဆိုတော့ ကာယကံက လာပြန်တယ် (မှန်ပါ့)။
မနောကံကလဲ သူတို့အတွက် ကျုပ်ဖြင့်ဗျာ အိပ်တောင်မပျော်ဘူးတဲ့ (မှန်ပါ့) မလာဘူးလား(လာပါတယ် ဘုရား)။
ကံသုံးပါးမစုံဘူးလား
အဲဒီ အခါကျလို့ရှိရင်လဲ ကံသုံးပါးမစုံဘူးလား (စုံပါတယ် ဘုရား)ကဲ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီကံက ဘယ်ကလာပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ဆွေမျိုးတွေ, သားတွေ, သမီးတွေအပေါ်မှာ စွဲလမ်းတဲ့ ဥပါဒါန်က လာတာ (မှန်ပါ့) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပစ္စယာ (ဇရာမရဏပါ ဘုရား) ဇရာ မရဏဆိုတော့ ဒကာ ဒကာမတို့ သေပေါက်သေဝ သူတိုးတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာတိုးသလဲ (သေပေါက်သေဝ သူတိုးပါတယ် ဘုရား) ကြက်ကလေးတွေ ကျော့ကွက်းထိုးတဲ့အခါ ကြက်မို့ မိုက်လိုက်တာလို့ ခင်ဗျားတို့ ပြောသေးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီတိရစ္ဆာန်များ သေပေါက်တိုး တိုးနေတာ တိရစ္ဆာန်များ တကယ်မသိတာပါကလား ဒါသူတို့ကို ထောင်ထားတာ မသိလို့ (မှန်ပါ့)။
အံမာ-ခင်ဗျားတို့က သွေးကြီးမွေးကြီးနဲ့ မပြောဘူးလား (ပြောပါတယ် ဘုရား) ခင်ဗျားတို့က ငွေလိုချင်တာက ဘာလုပ်တာ (သေပေါက်တိုးတာပါ ဘုရား) ဥပါဒါန်ဆိုတဲ့ ငွေများများ လိုချင်တာက ဘာပါလိမ့် (သေပေါက်တိုး တာပါ ဘုရား) ဥပါဒါန်အားကြီးနေတဲ့ ပုဂ္ဂိုလ်ကျတော့ ကံတွေ, လုပ်မှာလား၊ မလုပ်ဘူးလား (လုပ်မှာပါ ဘုရား) ကာယကံ, ဝစီကံ မနောကံဆိုတဲ့ ကမ္မဘဝ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
လုပ်တဲ့အခါကျတော့ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဟော ဇာတိချောက်ထဲ သူများကို ကျော့ကွင်းတိုး နေတာ မဟုတ်ဘူး၊ တို့က ထိုးချလိုက်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အတော် မဆိုးဘူးလား (ဆိုးပါတယ်) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။
ကိုင်း ခင်ဗျားတို့ ခင်တွယ်မှုတွေကြောင့် သေပွဲကို တစ်ခါတည်း ဝင်ရတယ် (မှန်ပါ့) မဝင်ရဘူးလား (ဝင်ရပါ တယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥပါဒါန်ဆိုတဲ့ ငွေကို စွဲလမ်း၊ သားကို စွဲလမ်း၊ သမီးကို စွဲလမ်းဆိုတာ ဥပါဒါန် နော် (မှန်ပါ့ ဘုရား)။
ဥပါဒါန် ဘယ်က လာပါလိမ့်
ဥပါဒါန် ဘယ်က လာပါလိမ့်မလဲလို့ လက်သည်ရှာ၊ ရှာလိုက်တော့ တဏှာ (မှန်ပါ့)။
ဒီမှာကြည့် ဒကာ ဒကာမတို့ အခု ချလိုက်တာဘာပါလိမ့် (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား) ဟော တဏှာကြောင့် ဥပါဒါန် ဖြစ်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အချဉ်ကလေးက တဏှာ (မှန်ပါ့) အချဉ်ကြီးက (ဥပါဒါန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူကြောင့်ပါလိမ့်ဗျာ (တဏှာကြောင့်ပါ ဘုရား) အချဉ်ကလေးကြောင့် အချဉ်ကြီး ဖြစ်လာတာ (မှန်ပါ့) အချဉ်ကလေးက တဏှာ (မှန်ပါ့) အချဉ်ကြီးက (ဥပါဒါန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အချဉ်ကလေး အစကို လက်မခံပါမှ အချဉ်ကြီး ဥပါဒါန်ကွဲသွားမယ် (မှန်ပါ့)။
အချဉ်ကြီး ဥပါဒါန်နဲ့ မကွဲသရွေ့ ကာလပတ်လုံး ကာကံ, ဝစီကံဆိုတဲ့ ကံတွေ လုပ်လိမ့်ဦးမယ် (မှန်ပါ့ ဘုရား) လုပ်ရင် ချောက်ကျဦးမယ် (မှန်ပါ့) မကျပေဘူးလား (ကျပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တဏှာကြောင့် ဘာဖြစ်သတဲ့ (ဥပါဒါန် ဖြစ်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာဟာ အတော်ဆိုးတယ် (မှန်ပါ့) သေဝ သေပေါက် ချောက်တွေ တွန်းတဲ့အထဲ သူပါတာပဲဆိုရင်ကော (မလွဲပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
တဏှာကို လက်သည်ရှာကြ
ကောင်းပြီး ဒီတဏှာကို လက်သည်ရှာကြ၊ ရှာပါဒကာကြွယ်ရေ (မှန်ပါ့) လက်သည်ရှာကြပါ ဒကာ ဒကာမ တို့ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ဟာ ဝေဒနာက လာတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်က လာပါလိမ့် (ဝေဒနာကလာပါတယ် ဘုရား) ဝေဒနာ တယ်ကြောက်စရာ ကောင်း ပါလား (ကောင်းပါတယ် ဘုရား) ဝေဒနာကြောင့် ဘာဖြစ်ရသတုံး (တဏှာဖြစ်ရတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကြောင့် တဏှာဖြစ်တယ်၊ တဏှာကြောင့် စွဲလမ်းတဲ့ ဥပါဒါန်ဖြစ်တယ် ဥပါဒါန်ဖြစ်လို့ ကာယကံ, ဝစီကံတွေ လုပ်ပြန်တယ် (မှန်ပါ့) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။
အဲ လုပ်တော့ ကမ္မဘဝ ပစ္စယာ ဇာတိဆိုတဲ့ ချောက်ကျတယ် (မှန်ပါ့) ချောက်ကျပြီး သကာလ အရိုက်အနှက်ခံ ပြီး သေပွဲဝင်တဲ့ ဇရာ မရဏဘက် လှည့်မသွားဘူးလား (သွာပါတယ် ဘုရား)။
လက်သည်ကို အခု နောက်ဆုတ်, နောက်ဆုတ် ရှာလာတော့ ဘာတွေ့သတုံး (ဝေဒနာတွေ့ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ ပြောရတယ် ဒီဝေဒနာသည်ကားလို့ ဆိုလို့ရှိရင် သူ့ကို ဒီအတိုင်းသာ ဝေဒနာအတိုင်းသာ ထားမယ်ဆိုရင် ဝေဒနာပစ္စယာ တဏှာဖြစ်တယ် (မှန်ပါ့)။
ဝိပဿနာရှုပေးပါ
ဝေဒနာကို ဝေဒနာအတိုင်း မထားရဘူး၊ ဝိပဿနာရှုပေးပါ (မှန်ပါ့)။
ဝေဒနာဟာ ဖြစ်ပြီးတဲ့တရာ မဟုတ်လား (မှန်ပါ့) ဖြစ်ပြီး ပျက်တဲ့တရားကို ခင်ဗျားတို့က ဒီကြားထဲကနေပြီး သကာလ ဉာဏ်သွင်းလိုက်ပါလို့ ဟောလိုက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီဟာ ဝေဒနာနဲ့ တဏှာဖြတ်တဲ့ ဉာဏ်ကလေးပါလား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီနေရာ ဉာဏ်သွင်းလိုက်ရင် ဝေဒနာခွါပြီး သကာလ ဝေဒနာဟာ ဝေဒနာပဲလားမေး၊ ခင်ဗျားတို့ ရှုတဲ့ဉာဏ်နဲ့ အနိစ္စပဲလားလို့ မေးစမ်းပါ (မှန်ပါ့) မေးတော့ သူဘယ်လို ပြောမလဲ (အနိစ္စလို့ ပြောပါမယ် ဘုရား)။
အနိစ္စလို့ပြောမှာ သူဟာ အသက်မပါဘဲနဲ့ တပည့်တော်တို့ကို ဘယ်လိုလုပ်ပြီး အနိစ္စလို့ ပြောမလဲဘုရာ့လို့ မေးခွန်းထုတ်စရာ မလိုဘူးလား (လိုပါတယ် ဘုရား)။
ပြောလာမယ် ဒကာ ဒကာမတို့ ဝေဒနာချုပ်ပြီးမှ ရှုတဲ့ဉာဏ်က ဖော်ရတာ (မှန်ပါ့) အဲဒီတော့ သူ အနိစ္စလို့ ပြောပြီးသား မနေဘူးလား (နေပါတယ် ဘုရား)။
သတ္တဝါသန္တာန်မှာ ဒီဝေဒနာနဲ့ ရှုဉာဏ်နဲ့ဟာ ပြိုင်ပြီး ပေါ်ကောင်းပါရဲ့လား (မပေါ်ကောင်းပါ ဘုရား) မပေါ် ကောင်းတော့ ဝေဒနာချုပ်ပြီးမှ တဏှာက မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ချုပ်သွားတဲ့ တရားက အနိစ္စကိုးဗျ (မှန်ပါ့) ဝေဒနာကိုကာ ကျုပ်က အနိစ္စပါလို့ ပြောတယ် (မှန်ပါ့) ပြောတော့ ခင်ဗျားတို့က မဂ်က ခေါင်းညိတ်ပြီး သကာလ ဪ အနိစ္စပါလားလို့ ရှုလိုက် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
မဂ်နဲ့ဖြတ်လိုက်တယ်
ကြည့်ပါလား ဒီကအနိစ္စ၊ ဒီနာမ်က မဂ္ဂ၊ ဒီဘက်က တဏှာချုပ်၊ မဂ်နဲ့ဖြတ်လိုက်တယ် (မှန်ပါ့)။
ဒကာကြွယ် မဂ်နဲ့ ဖြတ်လိုက်တော့ ဘယ့်နှယ်နေသတုံး (တဏှာချုပ်ပါတယ်) တဏှာချုပ်တော့ ဥပါဒါန်ကော (ချုပ်ပါတယ် ဘုရား)။
ကံကတော့ (ချုပ်ပါတယ်) ဇာတိ ဇရာ မရဏကော (ချုပ်ပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ဪ ဒီဘက် သမုဒယသစ္စာသေတဲ့ ဟောဒီနှစ်ခုဟာ သမုဒယသစ္စာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီနှစ်ခုက တဏှာနဲ့ ဥပါဒါန်က သမုဒယသစ္စာ ကံတွေ၊ ဇာတိ ဇရာ မရဏတွေ ချုပ်သွားတာကလဲ ဒုက္ခတွေ ချုပ်သွားတာ (မှန်ပါ့) မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မနေ့ကလဲ ပြောခဲ့ရတယ်၊ ဘုရား ဘယ်နေရာမှာ ပွင့်သတုန်းလို့မေးတော့ ဒကာ ဒကာမ တွေက ဘယ့်နှယ်ဖြေကြသတုံး (ဝေဒနာနဲ့ တဏှာ ကြားမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီနေရာမှာ ခင်ဗျားတို့ မဂ်သွင်းရင် ခင်ဗျားတို့ သောတာပန်ဖြစ်တဲ့ နေရာလဲ ဒီနေရာပဲ (မှန်ပါ့) သကဒါဂါမ်ဖြစ် တဲ့နေရာကော (ဒီနေရာပါ ဘုရား) အနာဂါမ်ဖြစ်တဲ့ နေရာကော (ဒီနေရာပါ) ရဟန္တာဖြစ်တဲ့နေရာကော (ဒီနေရာပါ ဘုရား)။
ဒါဖြင့် ဒီနေရာက ဝေဒနာပေါ်တိုင်းသား ရှုနေ (မှန်ပါ့) ဒီဘက်က သံသရာအဆက်ကြီးဟာ ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ် ဒုက္ခစက်ကြီးဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား) ဘာ့ကြောင့် မဆက်နိုင်ပါလိမ့်မတုန်းလို့ မေးခွန်းထုတ်ရင် ဒကာ ဒကာမတွေပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဝေဒနာကို အနိစ္စရှုတဲ့မဂ် ဝင်လာလို့ သံသရာ ပြတ်သွားတာ (မှန်ပါ့ ဘုရား) ဦးလှဘူး ဝမ်းသာစရာ ကောင်း လိုက်တာ (မှန်ပါ့ ဘုရား)။
ဘယ်နေရာမှာ ဘုရားဖြစ်ပါလိမ် (ဝေဒနာနဲ့ တဏှာ ကြားမှပါ) ပစ္စေကဗုဒ္ဓါ (ဝေဒနာနဲ့တဏှာ ကြားမှပါ ဘုရား)။
အေး နန္ဒမူလိုဏ်တွေ ဘာတွေက လိုရင်းမဟုတ်ပါဘူး (မှန်ပါ့) ပဋိစ္စသမုပ္ပာဒ်ကြီးက ဝမ်းထဲမှာ တန်းမနေရဘူး လား (တန်းနေပါတယ် ဘုရား)။
ထုံးစံအတိုင်း ဒီအတိုင်းတန်းနေတဲ့အထဲမှာ ဒီကြားမှာ သူတို့ မဂ်သွင်းကြတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်နေရာမှာ ဘုရားဖြစ်ပါလိမ့်
ဒါကြောင့် ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရား ဖြစ်တယ်ဆိုတာ လိုရင်းမဟုတ်ပါဘူး၊ ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်နေရာမှာ ဘုရားဖြစ်ပါလိမ့် (ဝေဒနာနဲ့ တဏှာ ကြားမှာပါ ဘုရား)။
ဗောဓိပင်နဲ့ ရွှေပလ္လင်ဆိုတာ ဗောဓိပင်က ရုပ်တရားကြီးပါ၊ ရွှေပလ္လင်ကလဲ ရုပ်တရားကြီးပါ (မှန်ပါ့) အဲဒီ အပေါ်မှာ ဘုရားဖြစ်တာ လိုရင်းမဟုတ်ပါဘူး၊ မြတ်စွာဘုရား၏ ဝမ်းထဲမှာ ပဋိစ္စသမုပ္ပာဒ် အစဉ်ပြတ်သွားတာသည် ဝေဒနာနဲ့ တဏှာကြားမှာ ဉာဏ်ဝင်လိုက်ပါတယ် (မှန်ပါ့)။
သဗ္ဗညုတဉာဏ် ဝင်တဲ့အချိန်မှာ ဘာဖြစ်ပါလိမ့် (ဘုရား ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ဗောဓိပင်မှာ ဖြစ်သလား၊ ဒကာ ဒကာမတို့ ဝေဒနာနဲ့ တဏှာ မဆက်မိအောင် လုပ်တဲ့နေရာမှာ ဘုရားဖြစ်သလား (ဝေဒနာနဲ့ တဏှာ မဆက်မိအောင်လုပ်တဲ့ နေရာမှာ ဘုရားဖြစ်ပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးတို့ နေ့တိုင်းဟောနေတယ်၊ ဝေဒနာကျော်ပြီး အနိစ္စမြင်အောင်ရှု (မှန်ပါ့)။
သုခ ဝေဒနာပေါ်လဲ သုခဝေဒနာမရှုနဲ့၊ (အနိစ္စလို့ရှုရပါမယ်) ဥပေက္ခာ ဝေဒနာပေါ်လာရင် (အနိစ္စလို့ရှုရ ပါမယ်)။
ဒါကြောင့် သတိပဋ္ဌာန် ပါဠိတော်က “သမုဒယဓမ္မာ နုပဿိ ဝါ ဝယ ဓမ္မနုပဿိ ဝါ ဝေဒနာသုဝိဟရတိ” ဖြစ်ပျက်သာရှု၊ ဝေဒနာ မရှုနဲ့တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာရှုရမှာတုံး (ဖြစ်ပျက်ကို ရှုရမှာပါ ဘုရား)။
အပျက်ကလေးကို မြင်အောင်ကြည့်
ဝေဒနာတော့ ဝေဒနာပဲ၊ ဝေဒနာကို ရှုမနေနဲ့ (မှန်ပါ့) သူ၏ အပျက်ကလေးကို မြင်အောင်ကြည့် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သူ၏ အပျက်ကလေးကို မြင်အောင်ကြည့်လိုက်တော့ ရှေ့က အပျက် နောက်က မဂ်ဖြစ်သွားတယ် (မှန်ပါ့) မဂ်ဖြစ်သွားတော့ ဒကာ ဒကာမတွေ ဒီနေရာဟာ သောတာပန်တည်တာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဪ ဝိပဿနာရှုရင် တို့ ဘယ်နေရာမှာ ထိုင်ရှုရမှာလဲဆိုတာ ပေါ်သွားပြီ ( ပေါ်ပါပြီ ဘုရား) ဘယ်နေရာထိုင်ရှုမလဲ (ဝေဒနာနဲ့ တဏှာကြားမှာ ရှုရမှာပါ ဘုရား)။
ဝေဒနာနဲ့ တဏှာကြားမှာ ထိုင်ရှုပါ၊ သို့သော် ဝေဒနာကတော့ မရှိတာ ဧကန်ပါဘဲ၊ ဒီကြားထဲမှာ ရှုရမယ်ဆို တာက ပဋိစ္စသမုပ္ပဒ်ဒေသတာတော်မှာ တန်းပြတဲ့အခါကျတော့ ဝေဒနာပြီး တဏှာလာလို့ တဏှာနေရာမှာ မဂ်ဝင် အောင်လုပ်ပါ ပြောတာ (မှန်ပါ့)။
ဒကာကြွယ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) အားလုံး ဒကာ ဒကာမတွေ ကျေနပ်တဲ့လား (ကျေနပ်ပါတယ် ဘုရား)။
ဝေဒနာကို အနိစ္စမြင်အောင် ကြည့်
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကဲ့သို့ အခု ဒီနေ့ တိုးပေးလိုက်မှာက ဝေဒနာကို အနိစ္စမြင်အောင် ကြည့်နိုင်လို့ရှိရင် ဒကာ ဒကာမတို့ မဂ်ဖိုလ်ဆိုက်နိုင်တယ် (မှန်ပါ့)။
မဂ်ကျလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ ဒီဇာတိ ဇရာ မရဏဆိုတဲ့ ဥစ္စာ နည်းနည်းကလေး မှတ်လိုက်စမ်း အနာဂတ်ဘဝ (မှန်ပါ့)။
ဇာတိ ဇရာ မရဏဆိုတာ ဘာပါလိမ့် (အနာဂတ် ဘဝပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) သေပြီမှဖြစ်ကိုးဗျ (မှန်ပါ့) သေပြီးမှ ဖြစ်ကိုးဗျ (မှန်ပါ့) သေပြီမှ ဖြစ်မှာဆိုတော့ သူ့ကို ဘယ်ဘဝ ဆိုကြမလဲ (အနာဂတ် ဘဝပါ ဘုရား)။
တဏှာရယ်, ဥပါဒါန်ရယ်, ကံရယ် ဒီသုံးခုသည်ကားလို့ ဆိုလို့ရှိရင် ပစ္စုပ္ပန် (မှန်ပါ့) ဒါဖြင့် အနာဂတ် အကြောင်းက သုံးခု (မှန်ပါ့) အနာဂတ်အကျိုးက သုံးခု (မှန်ပါ့)။
အနာဂတ်အကြောင်း သုံးခုကို ယနေ့ရှင်းပါ၊ တဏှာဥပါဒါန်, ကံ (မှန်ပါ့)။
ရွတ်ကြစမ်း ဒကာ ဒကာမတို့ အနာဂတ်အကြောင်း ဘယ်သူပါလိမ့် (တဏှာ၊ ဥပါဒါန်, ကံပါ ဘုရား) ဒါ အနာဂတ်အကြောင်း၊ အနာဂတ် ဖြစ်ဖို့ရာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မမေ့စေနဲ့နော် ၊ ပဋိစ္စသမုပ္ပာဒ် မဆုံးသေးဘူး ဒကာ ဒကာမတို့၊ ဆုံးပြီးတော့လဲ ဝိပဿနာဉာဏ်တွေ အများကြီး သွင်းရဦးမှာ (မှန်ပါ့)။
ဒါကြောင့် နည်းနည်း နည်းနည်းနဲ့ ဒကာ ဒကာမတွေ ခွဲပြီး ဟောနေတယ် (မှန်ပါ့) တစ်သံသရာလုံး ဖြတ်လမ်း မတွေ့ခဲ့တာ ဒကာကြွယ် ယနေ့ စ, တွေ့တယ် (မှန်ပါ့)။
တစ်သံသရာလုံးက ဝေဒနာပစ္စယာ, တဏှာနဲ့ သွားတာပဲ (မှန်ပါ့ ဘုရား) တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ (ဇာတိ) ဇာတိပစ္စယာ (ဇရာမရဏပါ ဘုရား)။
အဲ တစ်သံသရာလုံးကတော့ ဒီလမ်းချည့် ချောင်းချောင်းပြေးနေတာပဲ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
သောတာပန်ဖြစ်ချင် ဒီကြားဖြစ်
အခု ဆရာဘုန်းကြီးက ဘုရားဟောတော်မူသော နည်းကို မှီပြီး ဝေဒနာနဲ့ တဏှာကြား ဘုရားပွင့်တယ် (မှန်ပါ့ ဘုရား)။ သောတာပန်ဖြစ်ချင် ဒီကြားဖြစ် (မှန်ပါ့) သကဒါဂါမ်ဖြစ်ချင် (ဒီကြားမှာ ဖြစ်ပါတယ် ဘုရား) အနာဂါမ် ဖြစ်ချင်ရင် (ဒီကြားမှာ ဖြစ်ပါတယ် ဘုရား)။
အဲဒါ အခုမှ အထိုင်ကောင်းမှန်းသိတယ် (မှန်ပါ့ ဘုရား) တစ်သံသရာလုံး ဒီနေရာမှာ ထိုင်ပြီး သကာလ နေရမယ်လို့သိရဲ့လား (မသိပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့သည် သံသရာတစ်ဆက်တည်းသာ ဆက်နေတယ်၊ မပြတ်ခဲ့ပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တဏှာ, ဥပါဒါန်, ကံတို့သည် ဘာတဲ့ (အနာဂတ်အကြောင်းပါ ဘုရား) လာလတ္တံ့ဖြစ်တဲ့ ဇာတိ, ဇရာ, မရဏက ဘာပါလိမ့် (အနာဂတ်အကျိုးပါ ဘုရား)။
တဏှာ, ဥပါဒါန်, ကံရယ်က ဘာတဲ့ (အနာဂတ်အကြောင်းပါ) အဲဒီတော့ နေ့တိုင်း ဒကာ ဒကာမတွေက တဏှာရယ်, ဥပါဒါန်ရယ် , ကာယကံ, ဝစီကံ, မနောကံ တွေရယ်ဆိုတော့ အနာဂတ်အကြောင်း နေ့တိုင်းလုပ်နေတယ် (မှန်ပါ့)။
ဒါဖြင့် အကြောင်း လုပ်ထားပေါ့ ဒကာသိုက်တို့ ဦးလှဘူးတို့ အကျိုးပေးမှ ပေးပါ့မလား (ပေးပါတယ် ဘုရား) အနာဂတ်အကျိုးက ဘာတဲ့ (ဇာတိ, ဇရာ, မရဏပါ ဘုရား)။
အနာဂတ်အကြောင်းက ဘာတဲ့ (တဏှာ, ဥပါဒါန်, ကံပါ ဘုရား) အဲဒီ အနာဂတ်အကြောင်းကို ယခုဘဝက လုပ်ထားတယ် (မှန်ပါ့) လုပ်ထားတာက အခု ဘဝပဲ၊ သို့သော် အနာဂတ်အတွက်လုပ်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လုပ်နေတုန်းကတော့ ယခုဘဝပဲ သို့သော် ဘယ်အတွက်လုပ်တာတုံး (အနာဂတ်အတွက်ပါ ဘုရား) အနာဂတ်မှာ ဇာတိ, ဇရာ, မရဏပေါ်အောင်လို့ လုပ်တာ (မှန်ပါ့)။
ဒါ့ကြောင့် နေ့တိုင်း ဝိပဿနာကင်းနေတဲ့ ပုဂ္ဂိုလ်မှာ တဏှာ, ဥပါဒါန်, ကံတွေချည့် နေ့တိုင်း လုပ်နေတယ် (မှန်ပါ့ ဘုရား) ဘာအကြောင်းတွေ လုပ်ထားပါလိမ့် (အနာဂတ်အကြောင်းတွေ လုပ်ထားပါတယ် ဘုရား)။
ဪ ဒီဘဝက စုတေသွားတဲ့အခါကျတော့ နောက်က အနာဂတ်အကျိုး ဒုက္ခသစ္စာ သုံးခုရလိုလို့ လုပ်တာ (မှန်ပါ့ ဘုရား)။
ဘာရအောင် လုပ်ပါလိမ့် (အနာဂတ်အကျိုး ဒုက္ခသစ္စာသုံးခုရအောင် လုပ်တာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်ဘဝက လုပ်တာတုံး
အဲဒါတွေ ဘယ်ဘဝက လုပ်တာတုံးဆိုတော့ ယခုပစ္စုပ္ပန်ဘဝက လုပ်တာ (မှန်ပါ့) ဒါ ပစ္စုပ္ပန်ဘဝ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ ဘယ်ဘဝပါလိမ့် (ပစ္စုပ္ပန်ဘဝပါ ဘုရား) ယခု ပစ္စုပ္ပန်ဘဝထဲက သုံးခုက (မှန်ပါ့) သို့သော် ဘယ်အတွက်လုပ် ထားတာပါလိမ့် (အနာဂတ်အတွက်ပါ ဘုရား) အနာဂတ်အတွက် လုပ်ထားလို့ အနာဂတ်အကြောင်း ဖြစ်ရတယ် (မှန်ပါ့)။
အဲဒီလို အနာဂတ်အကြောင်း ပြည့်စုံပြီးသား ပုဂ္ဂိုလ်ကျလာတော့ အနာဂတ်အကျိုးဖြစ်တဲ့ ဇာတိ, ဇရာ, မရဏလာမလား၊ မလာဘူးလား (လာပါတယ် ဘုရား)။
အခု ဒကာ ဒကာမတွေ ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်ဘာများ လုပ်နေသတုံးမေးရင် ဖြေတတ်ကြပလား (ဖြေတတ်ပါ ပြီ ဘုရား) ဘာလုပ်နေသတုံး ( အနာဂတ်အကြောင်းတွေလုပ်နေပါတယ် ဘုရား) အနာဂတ်အကြောင်းတွေ ဆိုတာ ဘာပါလိမ့် (တဏှာ, ဥပါဒါန်, ကံပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အိမ်မှာ အလကားနေတဲ့ ဒကာ ဒကာမတွေ ၊ ရောင်းဝယ်နေတဲ့ ပုဂ္ဂိုလ်တွေ ဘာတွေများ လုပ်နေသတုံးလို့ မေးခွန်းထုတ်ရင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘယ်အကြောင်းတွေလုပ်နေသတုံး (အနာဂတ်အကြောင်းတွေ လုပ်နေပါ တယ် ဘုရား)။
ဪ ဒါမှ သေကြည့်၊ ဒုက္ခရောက်ဖို့ အဆင်သင့်ပြင်ထားတယ် (မှန်ပါ့)။
ဘာလုပ်ကြတာပါလိမ့် (သေရင်ဒုက္ခရောက်ဖို့ အဆင်သင့် ပြင်ထားပါတယ် ဘုရား) သေပြီး ဒုက္ခရောက်ဖို့ အဆင်သင့်ပြင်ထားတာပဲဆိုတော့ သေချာပလား (သေချာပါပြီ ဘုရား) ဉာဏ်ရောက်ပလား (ရောက်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာအလုပ်သည် “ ဖျတ်” ခနဲ ဒီဝေဒနာတွေ ရှုလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း မဂ်ဝင်လာတယ် (မှန်ပါ့)။
မဂ်ဝင်လာတော့ အနာဂတ်အကြောင်း သုံးခုဟာ ဘယ်နှယ့်နေသတုံး (ပြတ်ပါတယ် ဘုရား) အနာဂတ် အကြောင်းသုံးခုပြတ်တော့ အနာဂတ်အကျိုးသုံခုကော (ပြတ်ပါတယ် ဘုရား) သူများပြောလား ဉာဏ်မြင်လား (ဉာဏ်မြင် ပါ ဘုရား) ဒါဖြင့် ဒီအလုပ်မှတစ်ပါး ခင်ဗျားတို့ ဒီဘက် ဒုက္ခတွေကင်းတဲ့အလုပ်ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဒီအလုပ်ပဲ ဒကာ ဒကာမတွေ အားကိုးရမယ် (မှန်ပါ့) တခြားအားကိုးလို့ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာဖြစ်ပျက်ကို ဝေဒနာမလာအောင် မဂ်သွင်းလိုက် (မှန်ပါ့) ဝေဒနာက ဖြစ်ပျက်ရှုတာက (မဂ်ပါ ဘုရား)။
မဂ်ဆိုတာသည် တဏှာမပြတ်ဘူးလား
မဂ်ဆိုတာသည် တဏှာမပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) တဏှာမဖြစ်တော့ ဥပါဒါန်ကံက အလိုလိုသေ (မှန်ပါ့ ဘုရား) ကံတွေကတော့ (သေပါတယ်) နောက်လာမယ့် ဇာတိ, ဇရာ, မရဏတွေ (ပြတ်ပါတယ် ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ ဒီဘက်က အနာဂတ်အကြောင်းက ဒမုဒယသစ္စာသုံးခု အကုန်သေတယ် (မှန်ပါ့) အနာဂတ်အကျိုးဖြစ်တဲ့ ဒုက္ခသုံးခုကော (အကုန်သေပါတယ် ဘုရား)။
ဒါဖြင့် ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်သည် သမုဒယသစ္စာ သေတယ် (မှန်ပါ့) ဒါလဲ သမုဒယသစ္စာပဲ၊ ဒါလဲ သမုဒယ သစ္စာပဲ ဒါလဲ သမုဒယသစ္စာပဲ (မှန်ပါ့)။
တဏှာလဲ ဘာသစ္စာတုံး (သမုဒယသစ္စာပါ) ဥပါဒါန်ကော (သမုဒယသစ္စာပါ) ကံကော (သမုဒယသစ္စာပါ) သမုဒယဆိုတာ အကြောင်း၊ အကြောင်းကြောင့် အကျိုးလာတယ် (မှန်ပါ့)။
ဒါဖြင့် သမုဒယသစ္စာသုံးခု မသေဘူးလား (သေပါတယ် ဘုရား) ဒုက္ခသစ္စာသုံးခုကော (သေပါတယ် ဘုရား)။
ဒါဖြင့် မဂ်သည် သမုဒယနဲ့ ဒုက္ခကိုပယ်သည် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မဂ်မလုပ်တဲ့ ပုဂ္ဂိုလ်များကျတော့ ဒကာအေးတို့က ဘယ့်နှယ်ဆိုမလဲ သမုဒယလဲ မပယ်၊ အနာဂတ် အကြောင်းကော ပယ်သေးရဲ့လား (မပယ်ပါ ဘုရား)။
မပယ်တော့ ဒုက္ခာကော (မပယ်ပါ ဘုရား) ကိုယ်တိုင်မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား) ဘယ်လောက် ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
ဒါဖြင့် တို့ ဘာကိစ္စရှိသတုံး၊ တို့ကောင်းရောင်းကောင်းဝယ်ခြင်း လုပ်နေတာပဲဆိုတော့ ကောင်းသော ရောင်းဝယ်ခြင်းက အနာဂတ်အကြောင်းလုပ်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သီလအလိုတော့ မပျက်ပါဘူး၊ ဝိပဿနာအလိုတော့ သေသေချာချာ ပျက်တယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ် ပြတ်ပုံကလေးကောသဘောကျပလား (ကျပါပြီဘုရးား) မဂ်မလာလို့ ရှိရင် တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား)။
ဥပါဒါနပစ္စယာ (ဘဝေါ) ဘဝပစ္စယာ ( ဇာတိပါ) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား) ဒါ မဂ်မလာတဲ့ ပုဂ္ဂိုလ် (မှန်ပါ့)။
ဝေဒနာချုပ်တာ ရှုရတာ
မဂ်လာတဲ့ ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့ စဉ်းစားလိုက် ဝေဒနာရှုတာ လာတယ်ဆိုတော့ ဝေဒနာရှုရတာလား ဝေဒနာချုပ်တာ ရှုရတာလား (ဝေဒနာချုပ်တာ ရှုရတာပါ ဘုရား)။
ဝေဒနာချုပ်တာ ရှုတော့ ဝေဒနာကချုပ်တဲ့ တရား (မှန်ပါ့) မဂ်ကတော့ တဏှာချုပ်အောင် လုပ်နိုင်တဲ့ တရား ဆိုရင်တော့ လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါဖြင့် ဝေဒနာ နိရောဓ (တဏှာနိရောဓောပါ ဘုရား) ဒါဖြင့် မဂ်လာရင် တဏှာနိရောဓော ဖြစ်တယ် (မှန်ပါ့)။
ဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား) သွားပြီကော (မှန်ပါ့) ချောက် ဆင်းပြီးကော (မှန်ပါ့)။
ဝိပဿနာ လုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ရွတ်လိုက်စမ်းဝေဒနာ နိရောဓာ (တဏှာ နိရောဓောပါ ဘုရား) ဝေဒနာ နိရောဓာကို မြင်အောင် ရှုလိုက်တော့ ဒီက မဂ်ဝင်မလာဘူးလား (ဝင်လာပါတယ် ဘုရား) တဏှာလာသေးရဲ့လား (မလာပါ ဘုရား) လာလို့ကို ရသေးရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ရှုတဲ့ပုဂ္ဂိုလ်မှာ ပဋိစ္စသမုပ္ပာဒ်ပြတ်၍ မရှုတဲ့ပုဂ္ဂိုလ်မှာ ဆက်၏ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ (ပဋိစ္စသမုပ္ပာဒ် ပြတ်ပါတယ် ဘုရား) ပြတ်တဲ့ ပါဋ္ဌိတော်ကလေး သွင်းလိုက်စမ်းပါ ဝေဒနာရှုတော့ ဝေဒနာ ရှုရတာလား၊ ဝေဒနာချုပ်တာ ရှုရတာလား (ဝေဒနာချုပ်တာ ရှုရတာပါ ဘုရား)။
ဒါဖြင့် ရွတ်လိုက်၊ ဝေဒနာ နိရောဓာ (တဏှာနိရောဓောပါ ဘုရား) တဏှာနိရောဓောဆိုတာက ဒကာသိုက်ရေ ရမ်းရွတ်လို့မရဘူး၊ လာကို လာသေးရဲ့လား (မလာပါ ဘုရား)။
သူ့နေရာ ဘယ်သူရောက်လာသတုံး
သူ့နေရာ ဘယ်သူရောက်လာသတုံး (မဂ်ရောက် လာပါတယ်) အဲ မဂ်ရောက်ခြင်းကြောင့် မဂ်ကို တဏှာ နိရောဓောလို့မှတ် (မှန်ပါ့)။
တဏှာလာပြီး ချုပ်သွားတယ်လို့ မမှတ်လိုက်ပါနဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရွတ်ကြစမ်း၊ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ် ဘယ့်နှယ်ဆိုကြမယ် (ဝေဒနာနိရောဓာ တဏှာနိရောဓောပါ ဘုရား) အဲဒါ ဘယ်လိုပုဂ္ဂိုလ်ဆိုတာပါလိမ့် (ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)၊ ဝေဒနာရှုနေတဲ့ ပုဂ္ဂိုလ်, ဝိပဿနာလုပ်နေတဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ (မှန်ပါ့)။
ကိုင်း ဝိပဿနာကလေးတော့ ဒီနေ့မလုပ်သေးဘူးဟေ့၊ ညမှပဲ အေးအေးဆေးဆေး လုပ်မယ်ဆိုတော့ နေ့လယ်က လူတို့က ထုံးစံအတိုင်း လုပ်ငန်းဆောင်တာတွေ လုပ်နေတဲ့ ပုဂ္ဂိုလ်ကျတော့ ရွတ် (ဝေဒနာပစ္စယာ တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ)။
အဲဒီကျအောင်သွားတယ် (မှန်ပါ့) သေတော့ ဟိုတာက အနာဂတ်ဘဝမို့ ဇာတိ ဇရာမရဏဖြစ်မှာ (မှန်ပါ့)။
ဝိပဿနာမလုပ်လို့ရှိရင်ဖြင့်
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမလုပ်လို့ရှိရင်ဖြင့် ဝေဒနာပစ္စယာ (တဏှာ) တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ဘဝေါဆိုတဲ့ ကမ္မဘဝေါ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ဒါဖြင့် ကံတွေ အကုန် စုထားတာကိုး (မှန်ပါ့)။
ဒါဖြင့် လုပ်တာတဲ့၊ လုပ်တာသည် ပဋိစ္စသမုပ္ပာဒ်ပြတ်တယ် (မှန်ပါ့) မလုပ်တော့ (ဆက်ပါတယ်) ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။
အချိန်က စေ့သွားတယ် ဒကာ ဒကာမတို့ ပြောစရာစကားတွေကတော့ မနည်းဘူးပေါ့ဗျာ။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု…သာဓု…သာဓု။